အခန်း (၁)
ကား Parking မှာ ကားထိုးရပ်လိုက်ပြီး ကျောင်းထဲသို့ ခြေချမိတာနှင့် သူ့သတင်းတွေ ကျောင်းမှာ တော်တော် ပျံ့နှံ့လျက်ရှိပြီဆိုသော အသိက အလိုလို ၀င်လာသည်။ သူ့ဘေးနားမှ ဖြတ်သွားသူတွေ ခပ်လှမ်းလှမ်းမှ ရပ်ကာ သူ့ကို စိတ်ဝင်တစား လှမ်းကြည့်နေသူတွေ တော်တော် များများ ၏ မျက်လုံးတွေထဲမှာ အံ့သြရိပ်တွေ ပျံ့သည်းလျက် သူ သက်ပြင်းတစ်ချက် ချမိသည်။ သူ့ကို လူတွေ တော်တော်များများ က သိနေကြပြီ။ သူသည် နာမည်မကြီးချင်ဘဲ၊ မကျော်ကြားချင် ဘဲ လူသိများ ခဲ့ရပြီ။ မျက်ဝန်းပေါင်းများ စွာ ၏ စောင့်ကြည့်၊ အကဲခတ် ခံနေရသော လူတစ်ယောက် ဖြစ်ရတာ လောက် အသက်ရှူရကျပ်တဲ့ဘ၀ မရှိတော့ ထင်သည်။ Celebrities တွေရဲ့ ဘ၀ကို သူ အမြဲတမ်း ကိုယ်ချင်းစာခဲ့ဖူးသည်။ သွားလေရာမှာ လူတကာ၏ မျက်စိဒေါက်ထောက် အကြည့်ခံရ ခြင်း၊ ချစ်ခြင်း၊ မုန်းခြင်း၊ ကဲ့ရဲ့ ခြင်း၊ ချီးကျူးခြင်း၊ ပြစ်တင်ဝေဖန်ခြင်း …. မျိုးစုံကို ခံရသည်မှာ နေစရာပင် မရှိ။ သူကတော့ သာမန် လူတစ်ယောက်ပဲ ဖြစ်သည်။ YUFL မှာ အင်္ဂလိပ်စာအဓိကဖြင့် တက်နေသော သာမန် ကျောင်းသားတစ်ယောက်ပါပဲ။ သို့သော် .. ..ထူးခြားတာကလေးက တစ်ခုပဲရှိသည်။ အဲဒီ ထူးခြားမှု ကလေးက သူ့ဘ၀ကို ရိုးရိုးစင်းစင်း ဘ၀ကနေ ထူးခြားဆန်းပြား သွားအောင် ပြောင်းလဲပစ်ခဲ့ခြင်းလည်း ဖြစ်သည်။ အဲဒါကတော့ သူ့မှာ ပါရမီထူးလို့ ခေါ်ရမလား၊ ရှေးဘ၀က ပြုခဲ့သော ကုသိုလ်ကောင်းမှု တွေကြောင့်ပဲလို့ ပြောရမလား၊ မြတ်စွာ ဘုရားရှင်က ဖန် ဆင်းပေးထားခဲ့တာလို့ပဲ ဆိုရမလား မသိသော စိတ်စွမ်းအင်တစ်မျိုးကို တမင်တကာ ကျင့်ယူထား ခဲ့တာ မဟုတ်ဘဲ ပိုင်ဆိုင်ထားခဲ့ခြင်း ဖြစ်သည်။ လူတွေရဲ့ စိတ်တွေကို အာရုံစူးစိုက်ပြီး ဖတ်နိုင်စွမ်း သော စွမ်းအင်တစ်မျိုးကို သူ အလိုအလျောက်ပင် ရရှိခဲ့သည်။ လူတွေရဲ့ စိတ်တွေကို အာရုံစူးစိုက် ပြီး ဖတ်နိုင်စွမ်းရှိသော စိတ်စွမ်းအင် တစ်မျိုးပဲ ဖြစ်သည်။ အဲဒါကို တချို့က Mind Reader ဟု အမည်တပ်ကြသည်။ ပါရမီထူးခြားသူဟု ဆိုသူတွေက ဆိုကြသည်။ တချို့ကလည်း သူ့ကို ယုံ ကြည်ကြကာ မယုံသူတွေ အတင်းပြောသူတွေလည်း ရှိခဲ့ကြသည်။ သူက ဘာမှ မခံစားရပါ။ ထို ထူးခြားမှု ကို သူ စတင်ပြီး သတိပြု ခံစားမိခဲ့သည်မှာ သူ့အသက် ဆယ့်သုံးနှစ်လောက်မှာ ဖြစ်သည်။ အဲဒီ တုန်းက သူသည် ရှစ်တန်းကျောင်းသား ဘ၀မှာ ပင် ရှိသေး၏ ။ ထူးခြားမှု စတင်ခဲ့ သည်က အတန်းထဲမှာ ပြဿနာဖြစ်သော မိန်းကလေးတစ်ယောက်၏ ငိုယိုနေခြင်းမှ စတင်ခဲ့ပါ သည်။ သူမ၏ နာမည်ကိုပင် သူ အခုအချိန်ထိ မမေ့သေးပါ။ “ဖြူစင်ထွန်း” ဆိုသော ကောင်မလေး။ အခန်းထောင့် စားပွဲခုံပေါ်မှာ မျက်နှာမှော က်ပြီး ရှိုက်ကြီးတငင် ငိုကြွေးနေခဲ့ခြင်း ဖြစ်သည်။ သူမဘေးမှာ ကျောင်းသူတွေ ၀ိုင်းအုံနေကာ ဘာဖြစ်တာလဲဟု ၀ိုင်း၍ မေးမြန်းစပ်စုနေ ကြသည်။ သို့သော် အဖြေ မရကြချေ။ သူမက လုံးဝ မဖြေခြင်း ဖြစ်သည်။ ထိုပြဿနာကို ဆရာမ ရောက်လာတော့လည်း ဖြေရှင်းလို့ မရ။ ဆရာမ မေးတာကိုလည်း သူမက မဖြေပါ။ သူသည် ဖြူ စင်ထွန်းဆီသို့ ငေးစိုက်ကြည့်ရင်း ရုတ်တရက် ရင်ထဲမှာ တစ်ခုခုက သူ့ကို လှုံ့ဆော် တွန်းပို့နေသလို ခံစားမှု တစ်မျိုး ထူးဆန်းစွာ ပေါ်ပေါက်လာခဲ့ကာ ဖြူစင်ထွန်းရှိရာဆီသို့ အိပ်မက်ထဲမှာ ယောင်ယမ်းလမ်းလျှောက်နေသူပမာ လျှောက်သွားခဲ့မိသည်။ ထိုအချိန်မှစပြီး သူ့ဘ၀တွင် ပြောင်းလဲမှု တစ်ခုစတင် ပေါ်ပေါက်ခဲ့ရခြင်းလည်း ဖြစ်သည်။
လူတွေအားလုံးကို သူက အသာအယာ တွန်းဖက်ပစ်မိရင်း ဖြူစင်ထွန်း၏ ခုံပေါ်မှာ မှော က် ထားသော လက်နှစ်ဖက်ပေါ်မှာ သူ့ရဲ့ လက်နှစ်ဖက်ကို ခပ်တင်းတင်း ဖိအုပ်ကိုင်ထားလိုက်မိသည်။ ဆရာမ က တအံ့တသြဖြင့် …
“ဟဲ့ … ဆန်းစ၊ ဒါ ဘာလုပ်တာတုန်း ”
ဟု အော်နေသံသည် သူ့နားထဲမှာ တိုးသွား၏ ။ ဖြူစင်ထွန်း၏ စိတ်ထဲမှာ ပြောနေသော အသံတချို့သည် သူ့ကို ဖြူစင်ထွန်းက လှမ်းပြောပြနေသလိုပင် သူစိတ်ထဲမှာ ပီပီသသပင် ကြားနေခဲ့ရသည်။
“ငါ့ဘ၀က မလုံခြုံတော့ဘူး .. .အမေ့ကိုလည်း မပြောချင်ဘူး၊ အဲဒီ ပထွေးကို အရမ်းမုန်း တယ်၊ ငါ့ကို အမေမသိအောင် အမြဲတမ်း အလစ်ချောင်းနေတယ်၊ မနေ့ကလည်း ရေချိုးနေတာကို ချောင်းကြည့်နေတယ်၊ မနက်တုန်းကလည်း အခန်းထဲမှာ အ၀တ်လဲနေတုန်း ၀ုန်းခနဲ ၀င်လာတယ်၊ အမေက မရှိဘူး … ဈေးသွားနေတယ်၊ ငါ့ကို သူ အတင်းဖက်နမ်းတယ်၊ ငါ ရုန်းတယ် … ရုန်းလို့မ ရဘူး၊ အို . . . ရွံလိုက်တာ အရမ်းပဲ မုန်းလိုက်တာ … သတ်ပစ်ချင်တယ် ပထွေးကို သတ်ပစ်ချင် လိုက်တာ၊ အမေသိရင် ပြဿနာတွေ တတ်မယ်၊ ငါ ရှက်တယ်၊ အိမ်မှာ လည်း မနေချင်တော့ဘူး၊ ငါ အိမ်ကနေ ထွက်ပြေးချင်တယ်၊ ဘယ်ကို သွားရမလဲ၊ ငါ့မှာ သွားစရာနေရာလည်း မရှိဘူး၊ ငါ သေချင်တယ်၊ ငါ သေသွားရင် ကောင်းမယ်”
သူ့စိတ်ထဲမှာ ကြားလိုက်ရသော ထိုစကားတွေကြောင့် သူ အံ့သြထိတ်လန့်သွားကာ ဖြူစင်ထွန်းရဲ့ လက်တွေကို ယောင်ယမ်းပြီး လွှတ်လိုက်မိသည်။ ထို့နောက် ဆရာမ ဆီ လှမ်းကြည့် လိုက်မိကာ …
“ဆရာမ . . . .ဆရာမ ရယ်၊ ဖြူစင်ထွန်းရယ် နှစ်ယောက်တည်းကို ကျွန်တော် စကားပြော ခွင့်ပေးပါ”
ဟု ရုတ်တရက် ပြောလိုက်မိတော့ ဆရာမ က မျက်မှော င်ကြီး ကြုတ်ကာ သူ့ကို ကြည့်သည်။
“မင်းက ဘာပြောမလို့လဲ၊ နေစမ်းပါဦး … မင်းနဲ့ ဘာပတ်သက်နေလို့လဲ ၊ ဖြူစင်ထွန်းကို မင်း ဘာလုပ်ထားသလဲ”
ဟု မယုံသင်္ကာသံဖြင့် မေးခွန်းထုတ်နေသည်။ သူ ဘာပြောရမှန်းမသိ ရုတ်တရက် လှစ်ခနဲ ထွက်သွားသည်မှာ …
“ဖြူစင်ထွန်း ငိုနေတာ သူ့ပထွေးကြောင့်ပါ ဆရာမ ”
သူ့အသံကြောင့် ဖြူစင်ထွန်း၏ ဦးခေါင်းက ဗြုန်းခနဲ မော့လာသည်။ မျက်ရည်လည်ရွဲနှင့် သူ့ကို အံ့သြတကြီး ကြည့်ကာ …
“ဘာ….နင်က ဘယ်လိုသိတာလဲ”
ဟု တအံ့တသြ မေးသည်။
“ငါလည်း မသိဘူး၊ နင့်စိတ်ထဲမှာ ဘာဖြစ်နေသလဲဆိုတာ ငါအလိုလို သိနေတယ်၊ နင် ငါ့ကို လှမ်းပြောနေသလိုပဲ ငါ့စိတ်ထဲမှာ ပြန်ကြားရတယ်၊ ငါပြောတာ မှန်သလား”
ဖြူစင်ထွန်းက မယုံနိုင်သလို မျက်နှာပေးဖြင့် အငိုတိတ်ကာ ခေါင်းညိတ်ပြသည်။ ထို့နောက် သူရယ် ၊ ဖြူစင်ထွန်းရယ် … .ဆရာမ ရယ် သုံးယောက်တည်း အခန်းတစ်ခန်းထဲမှာ တိုးတိုးတိတ်တိတ် သွားစကားပြောဖြစ်ကြသည်။ သူက ဖြူစင်ထွန်းရဲ့ စိတ်ထဲကို သူ လှမ်းဖတ်မိ သမျှ ပြန်ပြောပြလိုက်သောအခါ ဖြူစင်ထွန်းခင်ဗျာ တအံ့တသြ ဆွေ့ဆွေ့ခုန်နေလျက် . .
“မှန်လိုက်တာ .. .မှန်လိုက်တာ နင် ဘယ်လိုသိသလဲ၊ ငါ့စိတ်ထဲမှာ ခံစားနေရတာ တွေကို နင် ဘယ်လို သိတာလဲဟင်၊ အံ့သြဖို့ ကောင်းလိုက်တာ”
ဟု အော်ဟစ်မြည်တမ်း၍ မဆုံးတော့ချေ။ ဘာကြောင့်ဟု သူ မဖြေနိုင်ပါ။ သူ့မှာ အဖြေလည်း မရှိပါ။ ထိုအဖြစ်အပျက်သည် သူ့အလိုလို ဖြစ်နေခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က ဖြူစင်ထွန်းရဲ့ သွေးမရှိတော့သလို ဖြူလျော်နေသော မျက်နှာကိုလည်း သူ မမေ့ချေ။ ဆရာမ က သူ့ကို အထူးအဆန်း သတ္တ၀ါတစ်ကောင်လို စူးစူးစိုက်စိုက် ကြည့်နေလျက်
“ကဲ … အဲဒါဆိုရင် ဆရာမ ရဲ့ စိတ်ကို မင်း ဖတ်ပေးစမ်း၊ ဆရာမ စိတ်ထဲမှာ အခု ဘာဖြစ်နေသလဲ”
ဟု သူ့ကို စမ်းသပ်ချင်သလို ပုံစံမျိုးဖြင့် ပြောခဲ့သည်။ သူက ဆရာမ ရဲ့ လက်နှစ်ဖက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ကာ စိတ်ကို စုစည်းပြီး အာရုံ စိုက်ကြည့်လိုက်သည်။
“ညနေကျရင် ကျောင်းကအပြန် ဈေးဝင်ဝယ်ရမယ်၊ ဒီနေ့ညနေ ကြက်သားနဲ့ ဘူးသီး ချက်မယ်၊ ငါးပိထောင်း စပ်စပ်ကလေး သုပ်စားမယ်၊ ယောက်ျားအတွက်တော့ ပုစွန် ခပ်စပ်စပ်လေး ကြော်ပေးမှပဲ”
သူ ရယ်ချင် သွားပါသည်။ သူ့စိတ်ထဲမှာ ကြားရသည့်အတိုင်း သူ ပြန်ပြောပြလိုက်တော့ ဆရာမ ၏ မျက်လုံးအစုံက ၀ိုင်းစက်ပြူးကျယ်သွားခဲ့သည်မှာ တော်တော်နှင့်ပင် ပုံမှန် ပြန်မရောက် ချေ။
“ဘုရားရေ ….. ဆန်းစ၊ သားဟာ တကယ်ပဲ ဆရာမ စိတ်ကို ဖတ်နိုင်တာပါလား၊ ထူးဆန်း လိုက်တာ . . .ကြည့်စမ်း၊ အဲဒ ဘုရားပေးတာပဲ၊ Gifted ပဲ၊ မင်းမှာ ဘယ်သူ့မှာ မှ မရှိတဲ့ စိတ်စွမ်း အင်တစ်မျိုး ရှိနေပြီ၊ မင်း ဘယ်အချိန်ကတည်းက အဲဒီ ထူးခြားမှု ကို စသိနေခဲ့တာလဲ”
ဟု တအံ့တသြကြီး မေးသည်။ သူ့ကို ကြည့်သော ဆရာမ ရဲ့ မျက်ဝန်းတွေ အရောင် ပြောင်းလဲသွားခဲ့သည်။
“ဒီနေ့ပဲ ဆရာမ ”
သူ့ကိုယ်သူလည်း မယုံကြည်နိုင်စွာ ၊ အံ့အားသင့်စွာ ဖြင့် သူ ပြန်ဖြေလိုက်သည်။ နောက် တစ်နေ့မှစ၍ သူ့ဘ၀တစ်ခုလုံး သာမန်လူတစ်ယောက်အဖြစ်ကနေ ထူးဆန်းသော လူထူးလူဆန်း တစ်ယောက်အဖြစ်သို့ ဗြုန်းစားဒိုင်းစားကြီး ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။ နောက်တစ်နေ့မှစ၍ သူ့သတင်းသည် တစ်ကျောင်းလုံး ပျံနှံ့လျက် ဟိုးလေးတကြော်ကြော် ဖြစ်သွားခဲ့ရသည်။
တကယ်တော့ သူ နာမည်မကြီးချင်ပါ။ လူသိ မများ ချင်ပါ။ သို့သော်လည်း သူ့မှာ ရှိနေခဲ့ သော ထိုပါဝါကြောင့် လူတိုင်း၏ စိတ်ဝင်စားမှု ကို သူ ခံယူခဲ့ရသည်။ လူတော်တော်များများ က သူ့ဆီသို့ ရောက်လာကြသည်။ သူတို့ရဲ့ စိတ်တွေကို ဖတ်ခိုင်းကြသည်။ သူ စိတ်ညစ်ညူးစွာ ငြင်း ဆန်ပစ်လိုက်သည့်အခါလည်း ရှိသည်။ တစ်ခါတစ်ရံတော့ စိတ်လိုလက်ရပင် ဖတ်ပေးလိုက်မိ သည်။ ထိုအခါ အံ့သြစရာကောင်းလှသော ထူးဆန်းတိုက်ဆိုင်မှု တွေ ရှိလာသည်။ လူတွေက သူ့ကို သာမန် လူမဟုတ်သော စိတ်စွမ်းအားရှင် တစ်ယောက်ကို ကြည့်သလို အကြည့်မျိုးဖြင့် ကြည့်လာကြသည်။ ယုံကြည်ကြသည်။ ပြဿနာတစ်ခုခု ဖြစ်လာသော အခါ သူ့ဆီသို့ အားကိုး တကြီး ရောက်လာကြသည်။ အကူအညီ တောင်းကြသည်။ သူကလည်း စိတ်လိုလက်ရပင် ပြဿနာတွေကို ဖြေရှင်းပေးခဲ့မိပါသည်။ သူ့ရဲ့ ဂုဏ်သတင်းက အဲဒီ အချိန်ကနေ စတင်ပြီး ကျော် စောထင်ရှားခဲ့ခြင်း ဖြစ်သည်။
ဆယ်တန်းအောင်ပြီး တက္ကသိုလ်သို့ သွားသောအခါ သူက စိတ်ပညာ အဓိက ယူခဲ့မိသည်။ အဘယ်ကြောင့် ဆိုသော် သူကိုယ်တိုင်၏ အံ့သြဖွယ် ကောင်းလှသော စိတ်နှင့်တခြား သူတွေ၏ စိတ်တွေကို စိတ်ဝင်တစား လေ့လာချင်မိသောကြောင့် ဖြစ်သည်။ တက္ကသိုလ်မှာ လည်း သူ တတ်နိုင်သ၍ ရိုးရိုးကုပ်ကုပ် သိုသိုသိပ်သိပ် နေထိုင်ခဲ့ပါသည်။ သို့သော် ကံကြမ္မာက သူ့ကို လျှို့ဝှက်သိုသိပ်စွာ နေထိုင်ခွင့် မပေးခဲ့ပါ။ သူ့ရှေ့မှာ ပြဿနာတချို့ ရောက်လာခဲ့လျှင် အလိုအလျှောက်ပင် သူ ကူညီမိရက်သား ဖြစ်သွားတတ်သည်။ များ သောအားဖြင့်တော့ သူရဲ့ ပြဿနာကို ကူညီ ဖြေရှင်းပုံမှာ ပြဿနာဖြစ်နေသူ၏ စိတ်ကို လှမ်းဖတ်ပြီး ထိုသူရဲ့ စိတ်ထဲမှာ ဖြစ်ပေါ်နေသော ခံစားချက်တွေ၊ ပဋိပက္ခတွေ၊ နာကျင်မှု တွေ၊ ဒဏ်ရာအနာတရတွေကို သူက သိမြင်ပြီး ထိုသူနှင့်ထပ်တူ ခံစားကာ ကူညီဖြေရှင်းပေးပုံမျိုး ဖြစ်သည်။ ထို့ကြောင့် တက္ကသိုလ်သက်တမ်း တစ်လျှောက်မှာ လည်း သူ့ရဲ့ ဂုဏ်သတင်းသည် အလိုအလျှောက်ပင် ကျော်စော ထင်ရှားခဲ့ရသည်။ သူ ဘယ်ကိုသွားသွား သူ့ကို လူတွေက အလိုလို သိနေနှင့်ပြီးသား ဖြစ်သည်။ တချို့က ယုံကြည်လေးစားစွာ ဆက်ဆံကြသလို တချို့ကလည်း မနာလို မရှုစိမ့်စွာ ဝေဖန် ကဲ့ရဲ့ တာမျိုး၊ ဂရုမစိုက်သလို ပုံစံမျိုးဖြင့် ဆက်ဆံတတ်ကြသည်။ ဘယ်သူတွေက သူ့ကို ဘယ်လိုပဲ ဆက်ဆံပါစေ သူကတော့ အေးအေးဆေးဆေးပင် ပြဿနာမှန်သမျှကို ရင်ဆိုင် ဖြေရှင်း ခဲ့သည်။ လူတွေရဲ့ ယုံမှားသံသယတွေကို ဖြေရှင်းဖို့အတွက် သူ ရှင်သန်နေသည်မဟုတ်။ သူ့ရှေ့မှာ စိတ်အနာတရ ဖြစ်လျက်ရှိသော လူတချို့ကိုသာ အမြင်မတော်သဖြင့် ကူညီကယ်တင်မိရုံ သက်သက်ဖြင့် အလိုအလျှောက် ရရှိပိုင်ဆိုင်ထားခဲ့သော သူ့ရဲ့ စိတ်စွမ်းအင် တွေကို အကျိုးရှိစွာ အသုံးချခြင်းဖြင့်သာ ရှင်သန်နေခဲ့ခြင်းဖြစ်သည်။ သူ့ကို အရိပ်အယောင် အမျိုးစုံဖြင့် ကြည့်ကြသော လူပေါင်းစုံ၏ မျက်ဝန်းတွေအပေါ်မှာ သူ သာယာနှစ်လိုခြင်းလည်း မရှိ။ စိတ်ဆိုး ဒေါသထွက်တာမျိုးလည်း မရှိ။ ဘာမှကို ထူးထူးခြားခြား ခံစားတုံ့ပြန်ခဲ့ခြင်းမျိုး မရှိခဲ့ခြင်း ဖြစ်သည်။
ကျောင်းပြီးသွားသောအခါ သူ ဘာဆက်လုပ်ရမှန်း မသိချေ။ သူ့ဖေဖေနှင့် မေမေက သူ့ကို နိုင်ငံခြားသို့ ပို့ချင်သည်။ သူ့ဆီမှာ ရှိနေသော ထူးဆန်းသည့် စိတ်စွမ်းအင်ကို အသုံးချပြီး Mind Reader အဖြစ် ကျော်ကြားစေချင်သော ဆန္ဒတွေ ရှိကြသည်။ သူက ခါးခါးသီးသီးပင် ငြင်းဆန်ခဲ့ပါသည်။ လောကမှာ သူ မလိုအပ်ဆုံးက ကျော်ကြားမှု ပင် ဖြစ်သည်။ သူရဲ့ ဆန္ဒက ရိုးရိုး ကလေးပါပဲ။ လူတွေရဲ့ စိတ်တွေကို လှမ်းဖတ်နိုင်စွမ်းရှိသော သူ့ရဲ့ စွမ်းအင်ဖြင့် လူတွေရဲ့ စိတ် တွေကို ကုစားပေးချင်သော ဆန္ဒသာ ဖြစ်သည်။ ဖေဖေနှင့်မေမေက သူ နိုင်ငံခြားသို့ မသွားချင် သောအခါ YUFL မှာ အင်္ဂလိပ်စာဖြင့် Diploma တစ်ခု ထပ်ရအောင် ကြိုးစားစေချင်ပြန်သည်။ ထိုဆန္ဒကိုတော့ သူ မငြင်းဆန်ခဲ့ပါ။ သူကိုယ်တိုင်လည်း ကျောင်းဆက်တတ်ချင်စိတ် ရှိသော ကြောင့် YUFL သို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။
ထုံးစံအတိုင်း YUFL မှာ လည်း သူ့ကို လူတွေ မသိစေချင်ပါ။ သူသည် ရိုးရိုးသားသား သာမန် လူငယ်လေးတစ်ယောက်သာ ဖြစ်ချင်သည်။ သူငယ်ချင်းတွေနှင့် လွတ်လပ်ပျော်ရွှင်စွာ နောက်ပြောင်ရယ်မောရင်း သူ့ရဲ့ ကျောင်းသားဘ၀ကို အပြည့်အ၀ ခံစားကြည့်ချင်သည်။ လူတွေ အားလုံးက ထူးဆန်းသော မျက်ဝန်းများ ဖြင့် ဂရုတစိုက် စောင့်ကြည့်နေကြသော အဖြစ်ကို သူ မခံယူချင်။ သူသည် လူငယ်တစ်ယောက်ပီပီ မိန်းကလေးတစ်ယောက်ကို ချစ်မိချင်လည်း ချစ်မိမည်။ ထိုမိန်းကလေးကို လူငယ်သဘာဝအတိုင်း ရိုးရိုးသားသားပင် လိုက်မိချင်လည်း လိုက်မိ မည်။ ထိုမိန်းကလေးကလည်း သူ့ကို သာမန် ယောက်ျားလေးတစ်ယောက်အဖြစ်သာ ပြန်လည်တုံ့ပြန် ဆက်ဆံတာကို ခံယူချင်သည်။ သူ့ဆီမှာ ရှိနေသော ထို ထူးဆန်းသည့် Will Power ကြောင့် သူ့ကို အထင်ကြီးစွာ ဖြင့် ပြန်လက်ခံတာမျိုးလည်း မဖြစ်စေချင်။
ထို့ကြောင့် YUFL မှာ ကျောင်းစတတ်ချိန်မှစပြီး သူသည် တတ်နိုင်သမျှ ရိုးရိုးကုပ်ကုပ်က လေးသာ နေခဲ့သည်။ သူနှင့် အနီးကပ် ပေါင်းနေသော သူငယ်ချင်းနှစ်ယောက်မှာ YUFL ရောက်မှ တွေ့ကြခြင်း ဖြစ်သည်မို့ သူအကြောင်းကို မသိကြပါ။ အဲဒါကိုလည်း သူက ကျိတ်ပြီး ပျော်ရွှင်နေခဲ့ သည်။
ပြဿနာက မနေ့ကမှ စတင်ခဲ့ခြင်း ဖြစ်သည်။ သူနှင့်အတူ ရွှေပြည်စိုးနှင့်ဖြိုးဝေတို့သုံး ယောက် နေ့ခင်းဘက်အတန်းအားချိန်မှာ အင်းလျားသို့ လာထိုင်မိခဲ့ကြသည်။ သူတို့ ရောက်သွားတော့ အင်းယားကန်စပ်မှာ လူတချို့ ရုတ်ရုတ်သဲသဲ ဖြစ်နေကြသည်။ တစ်ခုခုကို လူ တွေအားလုံး ၀ိုင်းအုံကြည့်နေကြသည့် ပုံစံမျိုး။
“ဟာ … .ဟိုရှေ့မှာ ဘာဖြစ်နေသလဲ မသိဘူး၊ သွားကြည့်ရအောင်”
ရွှေပြည်စိုးက စတင်ပြီး ထို လူအစုအဝေး ရှိရာဆီသို့ စပ်စပ်စုစု လျှောက်သွားခဲ့သဖြင့် သူပါ ရောယောင်ပြီး မနေနိုင်မထိုင်နိုင် လိုက်သွားခဲ့မိသည်။ သူ ရောက်သွားချိန်မှာ မိန်းကလေးတစ်ယောက် အင်းယားကန်ထဲမှာ ရေနစ်နေခဲ့ခြင်းဖြစ်သည်။ လူတွေက ထိုမိန်းကလေး ရေထဲမှာ မြှုပ်ချီ ပေါ်ချီ ဖြစ်နေတာကို ၀ိုင်းအုံကြည့်နေကြရင်း တစ်ယောက်တစ်ပေါက်ဝေဖန် အော်ဟစ် မှတ်ချက်ပေးနေကြခြင်း ဖြစ်သည်။ ဘယ်သူကမှ ထိုမိန်းကလေးကို ဆင်းဆယ်ဖို့ သတိ မရကြ။ ဒါမှမဟုတ် ဘယ်သူမှ ရေကူးတတ်ပုံ မရတာ လည်း ဖြစ်နိုင်ပါသည်။ သူ ချက်ချင်းပင် အင်း ယားရေပြင်ထဲသို့ ၀ုန်းခနဲ ခုန်ဆင်းလိုက်မိကာ ရေနစ်နေသော မိန်းကလေးရှိရာဆီသို့ ခပ်သွက် သွက် ကူးခပ်သွားလိုက်မိသည်။ ထို့နောက် မိန်းကလေးကို မနိုင်မနင်း ကြိုးစားကယ်တင်လာခဲ့ပြီး ကန်စပ်ဆီသို့ ပြန်လာခဲ့သည်။ ကန်စပ်သို့ ရောက်သောအခါ လူတွေအားလုံးက ဘေးသို့ ရှဲပေး ကြသည်။ သူက သတိလစ်နေသော မိန်းကလေးကို သတိပြန်ရလာအောင် ရေတွေအားလုံး ပြန်အန်ထွက်သွားအောင် အလျှင်ဆုံး လုပ်ရသည်။ ခဏအကြာမှာ ထိုမိန်းကလေးက လူးလွန့်လှုပ် ရှားလာကာ သတိရလာသည်။ သူ ထိုမိန်းကလေး၏ လက်နှစ်ဖက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ထားမိရင်း ထိုမိန်းကလေး၏ စိတ်ထဲဆီသို့ လှမ်း၍ အာရုံစိုက်ကာ ဖတ်လိုက်မိသည်။
“ရှင် ဘာဖြစ်လို့ ကျွန်မကို ကယ်ခဲ့ရတာ လဲ၊ ကျွန်မက သေချင်နေတာ၊ လူ့လောကမှာ ကျွန်မ အသက်ဆက်ရှင်နေလို့ ဘာမှ အဓိပ္ပါယ် မရှိတော့ဘူး၊ အားလုံး အရှက်တကွဲ ဖြစ်ကြဖို့ပဲ ရှိတော့တယ်၊ ကျွန်မအတွက် ပြဿနာကို ဖြေရှင်းဖို့ ဒီနည်းလမ်းကလွဲပြီး တခြားထွက်ပေါက် မရှိတော့ဘူး … သိရဲ့ လား၊ ကျွန်မချစ်သူက မနေ့ကဘဲ Accident ဖြစ်ပြီး ဆုံးသွားခဲ့ပြီ၊ ကျွန်မရဲ့ ဗိုက်ထဲမှာ သူ့ရဲ့ ရင်သွေးကလေးက နှစ်လတောင် ကျော်နေပြီ၊ ကျွန်မ ဘာလုပ်ရမလဲ၊ ကျွန်မ အသက်ဆက်ရှင်နေသမျှ လူသိရှင်ကြား အရှက်ကွဲရဖို့ပဲ ရှိတော့တယ်၊ ကျွန်မ မိဘတွေ အစ်ကို တွေ သိရင် ကျွန်မကို သတ်ကြလိမ့်မယ်၊ ကျွန်မ မနေချင်တော့ဘူး”
မိန်းကလေး စိတ်ထဲမှ ထိုအသံများ ကို သူ ကြားလိုက်ရသောအခါ ရုတ်တရက် နာကျင်စွာ စိတ်မကောင်းဖြစ်သွားမိသည်။ ထိုမိန်းကလေးအတွက် သူ ဘာလုပ်ပေးရမှန်း မသိချေ။ မိန်းကလေးက ရှိုက်ကြီးတငင်ပင် ငိုကြွေးလျက် ရှိသည်။ သူ ထိုမိန်းကလေးနှင့် မျက်နှာချင်းဆိုင်မှာ ဒူးထောက်ထိုင်ချလိုက်ပြီး …
“မင်းရဲ့ ပြဿနာကို ဒီပုံစံနဲ့ ဖြေရှင်းလို့မှ မရတာ ၊ မင်းချစ်သူ Accident ဖြစ်ပြီး သေဆုံးသွားတဲ့ အကြောင်းကို မင်းရဲ့ မိဘတွေကို ဖွင့်ပြောပြသင့်တယ်၊ ပြီးတော့ .. ..အခု မင်း ရင်ဆိုင်နေရတဲ့ မင်းရဲ့ ပြဿနာကိုလည်း ပွင့်ပွင့်လင်းလင်း ဖွင့်ပြောလိုက်တာ ပိုကောင်းတယ်၊ ဒီလို ဖြေရှင်းတဲ့နည်းက မင်းအတွက်ကော၊ မင်းမိဘအတွက်ကော အကျိုးရှိမဲ့ ဆုံးဖြတ်ချက်မဟုတ်ဘူး၊ မင်းရဲ့ ချစ်သူကလည်း သဘောတူမှာ မဟုတ်ဘူး”
“ရှင် ဘာတွေ လာပြောနေတာလဲ၊ ရှင်က ကျွန်မအကြောင်း ဘယ်လောက် သိထားလို့လဲ၊ ရှင်က ကျွန်မကို အခုမှ တွေ့ဖူးတာ၊ ဒါပေမယ့် ကျွန်မစိတ်ထဲမှာ ဖြစ်နေတဲ့ ခံစားချက်တွေကို ရှင် သိနေသလိုပဲ၊ ရှင်ပြောနေတာတွေ အားလုံးက ကျွန်မ ခံစားနေရတာ တွေကို သိလို့ ပြန်ပြောနေတဲ့ ပုံစံမျိုးကြီး၊ ရှင် ဘာတွေ သိထားသလဲဟင်”
မိန်းမလေးက မျက်လုံးကလေးတွေ ၀ိုင်းစက်လျက် သူ့ကိုကြည့်ကာ တအံ့တသြ မေးသည်။ သူ ဘယ်လိုဖြေရှင်းပြရမယ်မှန်း မသိ။ ထို့ကြောင့် သူ မိန်းကလေး၏ စိတ်ထားကိုသာ ဆက်၍ လှမ်းဖတ်ကြည့်မိသည်။
“ကျွန်မနဲ့ ကျွန်မချစ်သူက လူကြီးတွေ မသိအောင် တရားရုံးမှာ တိတ်တိတ် လက်ထပ်ထားပြီးသားပါ”
သူ မပြောမိဘဲ မနေနိုင်။ မိန်းကလေးကို နှစ်သိမ့်သော အပြုံးကလေးဖြင့် ကြည့်ကာ …
“အဲဒါဆို ပြဿာနာက ရှင်းနေပြီပဲ၊ မင်းနဲ့ မင်းချစ်သူက လူကြီးတွေ မသိအောင် တရားရုံး မှာ လက်ထပ်ထားပြီး သားပဲ၊ မတော်တဆ သူ ဆုံးသွားခဲ့ရတာ ကိုတော့ အပြစ်တင်လို့ မရဘူး၊ ရှေ့ဆက်ပြီး မင်း ပတ်ဝန်းကျင်ကို ဘယ်လို ရင်ဆိုင်မလဲ ဆိုတာကိုပဲ စဉ်းစားရမှာ ၊ ပတ်ဝန်းကျင်က နေ လွတ်မြောက်အရှုံးပေးပြီး ရှောင်ပြေးတဲ့ နည်းဟာ အဓိပ္ပါယ်မရှိဘူး၊ နည်းလမ်းကောင်းလည်း မဟုတ်ဘူး၊ ကိုယ်ပြောတဲ့အတိုင်းသာ မင်းလုပ်ပါ၊ အခု မင်းရဲ့ အိမ်ကို ပြန်ပါ၊ ကိုယ် လိုက်ပို့ပေး ဆိုရင်လည်း လိုက်ပို့ပေးပါမယ်၊ ပြီးတော့ မင်းမိဘနဲ့ မင်းရဲ့ အစ်ကိုတွေကို သေသေချာချာ နားလည်ခွင့်လွှတ်လာတဲ့အထိ ကိုယ် ကူပြီး ရှင်းပြပေးပါ့မယ်”
ထို့နောက် သူက မိန်းကလေး၏ နားထဲသို့ တိုးတိုးကလေး ကပ်ကာ ဘယ်သူမှ မကြား အောင် လေသံ သဲ့သဲ့ကလေးဖြင့် ပြောလိုက်သည်။
“မင်းရဲ့ ကိုယ်ထဲက ကလေး ကလေးမှာ အဖေရှိပြီးသားပဲ၊ အဖေ မပေါ်ဘဲ မွေးတာမှ မဟုတ်တာ၊ ဘာမှရှက်နေစရာ မလိုပါဘူး၊ ကလေးကို ဖြစ်အောင် မွေးလိုက်ပါ”
“ဘာ . . .ရှင်က ဘယ်လိုလုပ်ပြီး သိတာလဲ”
မိန်းကလေး၏ မျက်လုံးများ ချာချာလည်သွားကာ မျက်နှာတစ်ခုလုံး သွေးမရှိတော့သလို ဖြူရော်သွားခဲ့သည်။ ထို့နောက် နှုတ်ခမ်းကလေးများ တဆတ်ဆတ် တုန်ယင်လာတော့သည်။ နံ ဘေးမှာ ပွဲကြည့်ပရိသတ်လို ၀ိုင်းကြည့်နေကြသော လူတွေကလည်း မိန်းကလေး၏ မျက်နှာရိပ် မျက်နှာကဲကို မြင်ရုံဖြင့် သူ့ကို တအံ့တသြ သတိထားမိသွားကြသည်။
“မင်းရဲ့ မေးခွန်းကို ကိုယ် မဖြေနိုင်ပါဘူး၊ ဒါပေမယ့် မင်းရဲ့ စိတ်ထဲမှာ ဖြစ်နေတာတွေကို ကိုယ် လှမ်းဖတ်ကြည့်မိတာပါ၊ ကိုယ်ပြောတာတွေ အမှန်ပဲဆိုရင် ကိုယ့်ရဲ့ စေတနာကို နားလည် တယ်ဆိုရင် ကိုယ်ပေးတဲ့ အကြံကို မင်း လက်ခံလိုက်ပါ၊ မင်း လက်ခံတယ်မှလား”
မိန်းကလေးက သူ့ကို လူထူးလူဆန်းတစ်ယောက်ကို ကြည့်သလို မျက်လုံးဝိုင်းများ ဖြင့် မျက်တောင်မခတ် စိုက်ကြည့်နေရင်း ခေါင်းညိတ်ပြပါသည်။ ထို့နောက် … .သူ ထိုမိန်းကလေးကို လူတွေကြားကနေ ဆွဲထုတ် ခေါ်လာခဲ့ပြီး သူ့ကားပေါ် တင်ကာ မိန်းကလေး၏ အိမ်သို့ အိမ်တိုင် ရာရောက်ပင် လိုက်ပို့ပေးခဲ့ပါသည်။ သူ ကံကောင်းတာလား၊ ကံဆိုးတာလား မသိနိုင်စွာ ကားပေါ် သို့ ရွှေပြည်စိုးနှင့်ဖြိုးဝေတို့က ဒရောသောပါး တက်လိုက်လာကြသဖြင့် အဖြစ်အပျက် အစအဆုံး ကို အားလုံး သိသွားခဲ့ကြသည်။
မိန်းကလေး၏ အိမ်သို့ ရောက်သောအခါ သူ ကတိပေးထားသည့်အတိုင်း မိန်းကလေး၏ မိဘတွေကို အကျိုးအကြောင်း နားလည် သဘောပေါက်သည်အထိ စိတ်ရှည်ရှည် ဇွဲကောင်းကောင်းဖြင့် ရှင်းပြခဲ့သည်။ မိဘတွေက ပထမတော့ မိန်းကလေးကို ကြိမ်းမောင်း အပြစ် တင်ခဲ့ကြပြီး နောက်ဆုံးမှာ တော့ စိတ်လျော့လိုက်ကြပုံဖြင့် လက်ခံ သဘောတူလိုက်ကြပါသည်။ ပြီး တော့ … ထုံးစံအတိုင်း လူအများ မေးခဲ့ကြသော မေးခွန်းကို သူ့အား မေးခဲ့သည်။
“နေစမ်းပါဦး … မောင်ရင်က သမီးရဲ့ စိတ်ထဲမှာ ဖြစ်နေတဲ့ ခံစားချက်တွေ၊ အဖြစ်အပျက်တွေကို ဘယ်လိုလုပ်ပြီးသိနေခဲ့တာလဲ”
“ကျွန်တော် သူ့ရဲ့ စိတ်ကို လှမ်းဖတ်ကြည့်မိတာပါ၊ ဒါကြောင့် သူ့စိတ်ထဲမှာ ဖြစ်နေတဲ့ အကြောင်းအရာတွေကို ကျွန်တော် သိခွင့်ရခဲ့တာပါ”
“ဒါဖြင့် မင်းက ဘာလဲ …. E.S.P အကြားအမြင်ရနေတဲ့ သူလား”
“ဟင့်အင်း . . . ကျွန်တော် အကြားအမြင် မရပါဘူး၊ ကျွန်တော် ဘာမှလည်း မဟုတ်ပါဘူး၊ ရိုးရိုး သာမန်လူတစ်ယောက်ပါပဲ၊ ဒါပေမယ့် ကျွန်တော့်မှာ လူတစ်ယောက် ဒုက္ခဖြစ်နေရင် မနေနိုင် မထိုင်နိုင် ကူညီ ဖြေရှင်းပေးတတ်တဲ့ ဗီဇကလေးတော့ မွေးရာပါ ပါလာခဲ့ပါတယ်၊ အဲဒါနဲ့ အတူ အဲဒီ လူရဲ့ စိတ်ထဲကို အလိုလိုလှမ်းဖတ်ကြည့်မိပြီးသား ဖြစ်သွားတတ်ပါတယ်”
သူ မရှင်းပြ၍ မဖြစ်သောကြောင့်သာ ရှင်းပြလိုက်ရခြင်း ဖြစ်သည်။ မိန်းကလေးနှင့်အတူ မိန်းကလေး၏ မိဘတွေပါ သူ့ကိုကြည့်သော အကြည့်တွေ အရောင် ပြောင်းလဲသွားကုန်ပြီ။ ထို့နောက် တလေးတစား ယုံယုံကြည်ကြည်ပင် သူ့ကို အ၀င်အထွက် အမြဲလုပ်ဖို့ ဖိတ်ခေါ်ကမ်း လှမ်းကြသည်။ သူက ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်ပြီး ထိုအိမ်မှ ပြန်လာခဲ့သည်။
သူ မျှော်လင့်ထားပြီးသားအတိုင်းပင် အပြန်လမ်းမှာ ရွှေပြည်စိုးနှင့် ဖြိုးဝေတို့က သူ့ကို ဂြိုလ်သားတစ်ယောက်ကို ကြည့်သော အကြည့်မျိုးဖြင့် ၀ိုင်းကြည့်ကာ မေးခွန်းတွေ မဆုံးနိုင်အောင် တရစပ် မေးကြတော့သည်။ သူတို့နှစ်ယောက် မေးသမျှ မေးခွန်းတွေကို သူ စိတ်ရှည်လက်ရှည် ဖြင့် မညာစတမ်း ပြန်ဖြေရသည်။ အားလုံးကို သိရှိပြီးသွားသောအခါ ရွှေပြည်စိုးက အကဲစမ်းလို သော မျက်နှာပေးဖြင့် …
“ကဲ … ဒါဖြင့် မင်း အခု ငါ့ရဲ့ စိတ်ကို ဖတ်ကြည့်စမ်း”
ဟု စတင်၍ စမ်းသပ်တော့သည်။ သူ သူငယ်ချင်းကို ငြင်းဆန်ချင်စိတ် မရှိသောကြောင့် ရွှေပြည်စိုး၏ လက်နှစ်ဖက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ကာ ရွှေပြည်စိုး စိတ်ထဲသို့ လှမ်း၍ အာရုံစိုက် ဖတ်ကြည့်လိုက်မိသည်။
“ကြည့်စမ်း …. ဒီကောင် ဘယ်လောက် ထူးဆန်းသလဲ၊ လူတွေရဲ့ စိတ်ကို ဖတ်နိုင်စွမ်းရှိတဲ့ အစွမ်းသတ္တိက နည်းတာမဟုတ်ဘူး၊ ဒီကောင့်ရဲ့ သူငယ်ချင်း ဖြစ်ရတာ ငါဂုဏ်ယူလိုက်တာ၊ နောက်ဆို ဒီကောင့်ကို အသုံးချပြီး ငါ လိုက်နေတဲ့ သိင်္ဂီဇော်ရဲ့ စိတ်ကို ဖတ်ခိုင်းကြည့်ရမယ်၊ သိင်္ဂီဇော်ရဲ့ စိတ်ထဲမှာ ငါ့ကို တကယ် ပြန်ကြိုက်နေသလား၊ မူနေသလားဆိုတာ သိရရင်တော့ အမိုက်စားဘဲ …ဟီး ဟီး ”
သူ အသံထွက်အောင်ပင် ရယ်မောလိုက်မိကာ ရွှေပြည်စိုး၏ စိတ်ထဲမှာ စကားသံတွေ အတိုင်း တစ်လုံးမကျန် သူ ပြန်ရွတ်ပြလိုက်သောအခါ ရွှေပြည်စိုးက အလန့်တကြားပင် ထခုန် အော်ဟစ်တော့သည်။
“ဟိတ်ကောင် .. .မှန်လိုက်တာ မှန်လိုက်တာကွာ၊ ငါ့ရဲ့ စိတ်ထဲကို မင်း တကယ် လှမ်းဖတ်နိုင်တယ် ဟုတ်လား၊ အမလေး … ထူးဆန်းလိုက်တာကွာ၊ မင်းလို လူမျိုး ငါ တစ်ခါမှ မတွေ့ဖူးသေးဘူး၊ အခုလို သူငယ်ချင်းအဖြစ် နီးနီးကပ်ကပ်ကြီး ပေါင်းခွင့်ရတာ ယုံတောင် မယုံနိုင်ဘူး၊ အံ့သြစရာကြီးကွာ … .မင်း တကယ်ထူးဆန်းတယ် ဆန်းစ၊ အဲဒါ Gifted ပဲ၊ မင်းလို လူမျိုး တစ်သန်းမှာ တစ်ယောက် မရှိနိုင်ဘူး၊ မင်းကိုရုံသွင်းပြီး ပြစားရင်တောင် တော်တော် ထောမယ် ဆရာ၊ ဟား …ဟား”
“နေစမ်းပါဦး ဆန်းစ၊ မင်း … အဲဒီ Will Power ကို ဘယ်လိုလုပ်ပြီး ရခဲ့တာလဲ၊ လေ့ကျင့်ယူရတာ လား၊ စိတ်စွမ်းအင်တွေ ဘာတွေကို ငါတော့ အရမ်းယုံတယ်၊ မင်း ဘယ်လိုတွေ လေ့ကျင့်သလဲ၊ ငါ့ကိုလည်း ပြောပြစမ်းပါ၊ ငါလည်း လေ့ကျင့်ချင်လို့”
ဖြိုးဝေက အလေးအနက် မျက်နှာထားကြီးဖြင့် အတည်ပေါက်ကြီး နားပူနားဆာ ဂျီတိုက်နေ ပြန်သည်။ သူက ဖြိုးဝေကို နှစ်သိမ်သည့် သဘောဖြင့် ပခုံးကို တစ်ချက်နှစ်ချက် ပုတ်ကာ ..
“ငါ ဘာမှ တကူးတက တမင်တကာကြီး လေ့ကျင့်ခဲ့တာ မဟုတ်ဘူး ဖြိုးဝေ၊ ငါ ဘာမှမလုပ်ဘဲ အဲဒီ Power ကို သူ့အလိုလို ရခဲ့တာ ၊ ဒါပေမယ့် တစ်ခုတော့ ရှိတယ်၊ အဲဒီ ပါဝါကို အသုံးချပြီး၊ လူတွေကို ကူညီဖို့ ကယ်တင်ဖို့ စေတနာတစ်မျိုးပဲ ငါ့မှာ ရှိတယ်၊ အဲဒီ စိတ်စွမ်းအင်ကို အသုံးချပြီး စီးပွားဖြစ် လုပ်စားမယ်ဆိုတဲ့ အကြံအစည်မျိုး၊ နာမည်ကြီးအောင် လုပ်မယ် … နာမည် ကြီးချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုး ငါ့မှာ လုံးဝ မရှိဘူး၊ အမှန်အတိုင်းပြောရရင် ငါ ဒီ Will Power နဲ့ ပတ်သက်ပြီး လုံးဝ နာမည်မကြီးချင်ဘူး၊ လူသိမများ ချင်ဘူး ၊ ငါ့ဘာသာငါ ရိုးရိုးကလေးပဲ နေချင်တာ၊ ငါ့ရှေ့မှာ ဒုက္ခရောက်နေတဲ့ လူတွေ တွေ့လာရင် ကူညီလိုက်ချင်တယ်၊ ဒါပဲ ရှိတယ် . .အဲဒီ ထက်ပိုပြီး ဒီ စွမ်းအင်ဆီကနေ ဘာမှ ငါ မယူချင်ဘူး၊ မင်းတို့ကိုယ်လည်း ငါ ကြိုပြောထား မယ်နော်၊ ငါနဲ့ ပတ်သက်ပြီး ငါ့ရဲ့ သတင်းတွေကို ကျောင်းမှာ လျှောက်မပြောပါနဲ့ ကွာ၊ လူတွေ အများ ကြီး သိမှာ ငါ စိုးရိမ်လို့ပါ၊ ဖြစ်နိုင်ရင် ဘယ်သူ့မှ မသိစေချင်ဘူး”
“မသိဘဲတော့ နေမှာ မဟုတ်ဘူးကွ၊ ခုနက ဖြစ်သွားတဲ့ ကိစ္စမှာ ၀ိုင်းကြည့်နေကြတဲ့ လူတွေထဲမှာ YUFL က လူတွေ ဘယ်နှစ်ယောက်ပါမှန်းမှ ငါတို့ မပြောနိုင်တာ၊ သိတော့လဲ ဘာဖြစ်သလဲကွာ၊ မင်းကလည်း တခြားလူတွေဆို ကျော်ကြားချင်လွန်းလို့၊ ငါ့မှာ အဲဒီ လို စိတ်စွမ်း အင်မျိုး ရကြည့်လိုက်စမ်းပါ ဟား …ဟား …ဟား၊ မိန်းကလေးတွေ အားလုံးရဲ့ စိတ်တွေကို ငါ တစ်ယောက်ချင်း လိုက်ဖတ်ကြည့်ချင်တာ၊ ဘယ်လိုနေမလဲ မသိဘူး … တော်တော်တော့ အံ့သြ စရာကောင်းမယ်၊ စိတ်ဝင်စားဖို့လည်း ကောင်းမယ်၊ ဒါကြောင့် မင်းကို ငါ သတိထားမိနေတာ ကြာ ပြီ၊ မင်းကြည့်ရတာ တစ်မျိုးပဲလို့”
“ဘာတစ်မျိုးလဲကွ ….”
“မင်းကို ကြည့်လိုက်ရင် လူတွေကြားထဲမှာ အများ စုနဲ့ ဘယ်တော့မှ ရောမနေဘူးကွာ၊ ငါပြောတာ နားလည်လား၊ လူတွေကြားထဲမှာ မင်းရဲ့ အရောင်အ၀ါက ထင်းနေတယ်၊ ကိုယ်ရောင် ကိုယ်ဝါရှိတဲ့ သဘောမျိုးပေါ့ကွာ၊ အများ ထဲက တစ်ယောက်ပုံစံ ဖြစ်မနေဘူး၊ အများ ထဲမှာ ထူးထူး ခြားခြားနဲ့ ကို ထင်ရှားပေါ်လွင်နေတာ၊ ပြီးတော့ မင်းကို ကြည့်လိုက်ရင် အမြဲတမ်း ရှပ်အင်္ကျီ အဖြူရောင်ကလွဲပြီး တခြား ဘာအရောင်မှ ၀တ်တာ ငါတို့ မတွေ့ဖူးဘူး၊ ပြီးတော့ မင်းက အသား တွေ ငါးတွေလည်း မစားတတ်ဘူး၊ အသီးအရွက် သတ်သတ်လွတ်ပဲ စားတာများ တယ်၊ အဲဒါတွေ ကို ကြည့်ခြင်းအားဖြင့် မင်းဟာ သာမန် လူတစ်ယောက်နဲ့ တော့ မတူဘူးလို့ ငါ ခန့်မှန်းကြည့်မိ ဖူးတယ်၊ ဒါပေမယ့် အခုလောက်အံ့သြစရာ ကောင်းလိမ့်မယ်လို့တော့ မထင်ခဲ့တာ အမှန်ပဲ၊ မင်းက တော်တော် ထူးဆန်းတယ်”
ဟူသာ ဖြိုးဝေရဲ့ အလေးအနက်စကားကို သူက ပေါ့ဆသွားအောင် တမင်သက်သက်ပင် ခပ်ပေါ့ပေါ့ ရယ်မောပစ်ခဲ့သည်။
“လုပ်မနေစမ်းပါနဲ့ ဖြိုးဝေရာ .. ..သူငယ်ချင်းချင်း ကပ်မြှော င်မနေစမ်းပါနဲ့ ကွာ၊ မင်းကို ငါ ဘာမှ မကျွေးနိုင်ဘူး”
ထိုစကားဖြင့် သူက ထိုခေါင်းစဉ်ကို အဆုံးသတ်ပစ်ခဲ့သည်။ သို့သော် … ဒီနေ့ သူ ကျောင်းသို့ရောက်သောအခါ သူနှင့်ပတ်သက်ပြီး တစ်ခုခု အကြီးအကျယ် ထူးခြားပြောင်းလဲနေခဲ့ သည်ကို သူ အလိုလို သတိထားမိခဲ့ခြင်း ဖြစ်သည်။ လူတွေရဲ့ မျက်ဝန်းအကြည့်တွေ၊ တီးတိုးစကားတွေ၊ မှတ်ချက်တွေ၊ ဝေဖန်သံတွေက YUFL ၏ ပတ်ဝန်းကျင်ရှိ လေထုထဲမှာ ပျံ့လွင့် လျက် ရှိပြီ။ သူ ကျိတ်ပြီး သက်ပြင်းချမိရုံမှအပ ဘာမှ မတတ်နိုင်ချေ။ ရွှေပြည်စိုးနှင့် ဖြိုးဝေကို သူလိုက်ရှာကြည့်သည်။ မတွေ့တာနှင့် ကဲန်တင်းသို့ ရောက်လာခဲ့၏ ကဲန်တင်းသို့ ရောက်သော အခါ သူကဘ၀ကို ထူးခြားပြောင်းလဲစေမည့် သူမကို စတင်၍ တွေ့ရှိခဲ့မိခြင်း ဖြစ်သည်။ သူမက သူ့ကို ကျောခိုင်းထားခဲ့ပါသည်။ ထို့ကြောင့် သူဝင်လာတာကို သူမက မမြင်ရပါ။ မမြင်ရသော ကြောင့် သူ့အကြောင်းကို ပယ်ပယ်နယ်နယ် အတင်းအုပ်နေခဲ့ခြင်း ဖြစ်သည်။ သူ့အကြောင်း အတင်းပြောနေသံကို နားနှင့်စပ်စပ် သူ ပြန်ကြားလိုက်ရသောအခါ နားထင်နားရင်းတွေပင် ထူပူ သွားလျက် မျက်နှာတစ်ခုလုံး ရှိန်းမြပူနွေးသွားခဲ့၏ ။ သူမကတော့ ဘယ်လိုနေမည် မသိပါ။ ဤမျှ ချောမောလှပလွန်းသော မိန်းကလေးတစ်ယောက်ဆီမှာ အဲဒီ လို ရက်ရက်စက်စက် အတင်းပြော တတ်သော နှုတ်ခမ်းလှလှများ ရှိနေလိမ့်မည်ဟု သူ မထင်ခဲ့ပါ။ သူနှင့် သူမတို့၏ ဆုံတွေ့ခြင်း အစက ဘယ်လိုမှ မလှပခဲ့ပါ။
++++++++
အခန်း (၂)
“အဲဒါ Gifted ပဲဟာ၊ တော်တော် ထူးဆန်းတယ်နော်၊ လူတွေရဲ့ စိတ်ကို လှမ်းဖတ်နိုင်တယ်ဆိုတဲ့ Mind Reader မျိုး၊ ငါနဲ့ ဆုံဖူးချင်လိုက်တာ”
ထိုအကြောင်းအရာကို စတင်ခဲ့သူမှာ မုဒိတာမောင် ဖြစ်သည်။ ပြီးတော့ မနေ့က အင်းယား မှာ ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကို သူမကိုယ်တိုင်ပင် မြင်တွေ့ခဲ့ရသလို ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောပြနေတော့သည်။
“သူ့နာမည်ကို ငါ သိပါတယ်၊ နာမည်ကလည်း ခပ်ဆန်းဆန်းပါ … ဆန်းစလတဲ့၊ လူပုံက ခပ်ချောချော ရုပ် ခပ်ဖြောင့်ဖြောင့်ပဲ၊ သူ့ကိုကြည့်လိုက်ရင် သန့်ရှင်းကြည်လင်နေတာပဲ၊ ငါ သတိ ထားမိသလောက် အင်္ကျီ အဖြူရောင် အမြဲဝတ်တယ်၊ လူတွေကြားထဲမှာ သူ့ကိုထင်းခနဲ မြင်နိုင် တယ်ဟ၊ အဲဒါကို ဘာခေါ်မလဲ၊ ကိုယ်ရောင် ကိုယ်ဝါ တောက်ပနေသလိုမျိုးပေါ့၊ သူက အင်္ဂလိပ် စာ အတန်းကဟ၊ သူ့ကို ခပ်ချောချော ခပ်သန့်သန့်မို့ သတိထားမိတာပဲ ရှိတာ၊ အခုလို Mind Reader တစ်ယောက်လို့ မသိဘူး”
ရွှေဆည်းဆာကလည်း စိတ်ဝင်တစားပင် ၀င်ရောက် ဆွေးနွေးနေသည်။ စွဲငြိထင်က ထုံးစံအတိုင်း လူအများ ရဲ့ စိတ်ဝင်စားမှု ကို သူမ တစ်ယောက်တည်းသာ သိမ်းပိုက်ရယူချင်တတ် သူဖြစ်ရာ ဒီနေ့မှ ကျောင်းထဲမှာ လူပြောများ လျက်ရှိသော ထို Mind Reader ဆိုသူရဲ့ သတင်းကြီး နေတာကို အမြင်ကတ်ချင်သလိုလို ကလန်ကဆန် ဆန့်ကျင်တော်လှန်ချင်သလိုလို စိတ်တစ်မျိုး ပေါ်ပေါက်လာကာ
“နင်တို့ကလည်းဟာ . .. လူတစ်ယောက်ရဲ့ စိတ်ကို ဖတ်တာပဲ ဘာများ ထူးဆန်းလို့လည်း၊ ငါလည်း ဖတ်နိုင်တာပဲ၊ သူလည်း ရမ်းသမ်းပြီး၊ ဖတ်ရင်း ပြောရင်း တိုက်ဆိုင် သွားတာလည်း ဖြစ်ချင် ဖြစ်မှာ ပါဟာ၊ ငါကတော့ အဲဒါမျိုးတွေ အယုံအကြည် မရှိပါဘူး၊ မဖြစ်နိုင်ပါ ဘူး၊ မတော်တဆ တိုက်ဆိုက်သွားတာပဲ ဖြစ်မှာ ပါ”
ဟု ကန့်လန့်တိုက်ကာ ပြောလိုက်သည်။
“ဟဲ့ . ..စွဲငြိရယ် နင်မသိဘဲ လျှောက်ပြောမနေနဲ့ ၊ မနေ့က အင်းယားမှာ သူ တော်တော နာမည်ကြီးသွားတာ၊ ရေနစ်နေတဲ့ ကောင်မလေးရဲ့ စိတ်ကို ဖတ်နိုင်ပြီး ကောင်မလေးကို အကြံဉာဏ်တွေ … ဘာတွေ ပေးနေတာတဲ့၊ ကောင်မလေးကလည်း သူ့ရဲ့ စိတ်ထဲမှာ ခံစားနေရ တဲ့ အကြောင်းအရာတွေကို သူ ဘယ်လိုသိသလဲဆိုပြီး အံ့သြမဆုံး ဖြစ်နေတာတဲ့၊ နင်ပြောသလို ရမ်းသမ်းပြီး တိုက်ဆိုင်တာ ဖြစ်နိုင်ပါ့မလား၊ ကောင်မလေးမှာ ချစ်သူရှိနေတာ၊ အဲဒီ ချစ်သူက Accident နဲ့ ဆုံးသွားတာ၊ ကောင်မလေးနဲ့ သူ့ချစ်သူ လူကြီးတွေ မသိအောင် တိတ်တဆိတ် လက်ထပ်ထားကြတာတွေပါ အားလုံး ပြောနိုင်တာတဲ့၊ နောက်ဆုံးစကားတစ်ခွန်းကိုတော့ ကောင်မလေးရဲ့ နားထဲ တိုးတိုးကလေး လှမ်းပြောလိုက်တော့ ကောင်မလေးက အံ့သြလွန်းလို့ မျက်လုံးမျက်ဆန်ပြူးပြီး ဆတ်ဆတ်တုန်နေတာပဲတဲ့၊ ရှင်ဘယ်လိုသိတာလဲချည်းပဲ မေးနေတယ်”
မုဒိတာက စွဲငြိထင် မယုံကြည်သလိုလို ပြောနေတာကို မခံချိ မခံသာဖြင့် မျက်ခုံးကိုပင့်ကာ ပင့်ကာဖြင့် တဖွဲ့တနွဲ့ ဆက်ရှင်းပြနေသည်။
“တော်စမ်းပါဟာ .. .နားငြီးလိုက်တာ၊ နင်တို့ အဲဒီ လောက် အဖြစ်သည်းပြီး ညွှန်းနေတာနဲ့ ငါတောင် အဲဒီ လူနဲ့ တွေ့ချင်လာပြီ၊ တွေ့လို့ကတော့ ငါ့စိတ်ကို ဖတ်ခိုင်းကြည့်မယ်၊ မှန်ချင်မှန် .. မမှန်လို့ကတော့ ဟားတိုက်ပြီးတော့ကို ရယ်ပစ်လိုက်မယ်၊ သူ ငါ့ရဲ့ စိတ်ကို ဖတ်နေတုန်းမှာ ငါ့စိတ်ထဲမှာ ဗလာချည်း ထားလိုက်မယ်ဆိုရင် သူ ဘာဖတ်နိုင်ဦးမှာ လဲ၊ မဖြစ်နိုင်တာကြီးကို၊ နင်တို့ကလည်း သူ့ကို လူထူးလူဆန်းကြီးလို စွတ်ပြီး အထင်တွေကြီးနေတယ်၊ ငါကတော့ လုံးဝ ကို မယုံဘူး ဆရာ၊ သူ့မှာ ဘာလျှို့ဝှက်ချက် ရှိသလဲမှ မသိတာ၊ နာမည်ကြီးအောင် သူ့ကို လူတွေ အထင်ကြီးအောင် တမင်သက်သက် ထွင်လုံးတွေနဲ့ လှည့်စားနေတဲ့ မျက်လှည့်ဆရာ ဖြစ်နေဦးမယ်”
စွဲငြိထင်က စိတ်မရှည်နိုင်သလို နှုတ်ခမ်းကလေးကို မဲ့ကာရွဲ့ကာဖြင့် ပြောလျက်ရှိစဉ် သူမတို့ စားပွဲရှေ့မှာ လူတစ်ယောက် လာရပ်သော အရိပ်ကို ဖျတ်ခနဲ တွေ့လိုက်ရသည်။ စွဲငြိထင် က ဘာရယ်မဟုတ် ထိုလူရိပ်ဆီသို့ မော့ကြည့်လိုက်မိစဉ် အင်္ကျီအဖြူရောင် ၀တ်ထားသော၊ အသားအရေ ကြည်လင်သန့်ရှင်းလွန်းသော၊ မျက်ခုံး မျက်လုံးတို့ နက်မှော င်ရွန်းစိုသော လူငယ် တစ်ယောက် ရပ်လျက် သူမကို ငေးစိုက်ကြည့်ကာ ပြုံးပြနေတာကို မြင်လိုက်ရသည်။ ထိုခဏမှာ စွဲငြိထင်သည် မတော်တဆ ဓာတ်လိုက်ခံလိုက်ရသလို တုန့်ခနဲ ဖြစ်သွားလျက် မှင်တက်ကာ ငြိမ်သက်သွားမိ၏ ။ ထိုသူက စွဲငြိထင်ကို ဖော်ရွေနှစ်လိုသော အပြုံးဖြင့် ပြုံးပြလျက် …
“ကျွန်တော့်နာမည် ဆန်းစလပါ၊ ကျွန်တော် ဒီမှာ ခဏလေး ထိုင်လို့ရမလား မသိဘူး”
ဟု ခွင့်တောင်းနေသောအခါ စွဲငြိထင်သည် သူ့အကြောင်း ပယ်ပယ်နယ်နယ် အတင်း ပြောနေခဲ့ချိန်မို့ မျက်နှာပူ အားနာသွားမိကာ ဘာပြန်ပြောရမှန်း မသိဘဲ ဆွံ့အကြောင်အမ်းလျက် ရှိသည်။ ရွှေဆည်းဆာက ခပ်သွက်သွက်ဖြင့် ၀င်၍ …
“အို ….. ထိုင်ပါ ထိုင်ပါ ၊ ကျွန်မတို့က အခုပဲ ကိုဆန်းစလအကြောင်း ပြောနေကြတာ၊ တိုက်တိုက်ဆိုင်ဆိုင်ကြီး ရောက်ချလာတော့ … ဟီး ဟီး ဘယ်လိုပြောရမှန်း မသိဘူး၊ တစ်မျိုးကြီး ကို ဖြစ်သွားတာ၊ ဆောရီးနော် .. .ကိုဆန်းစလရဲ့ မကောင်းကြောင်းတွေပြောနေတာ မဟုတ်ပါဘူး”
“ကျွန်တော် အားလုံး ကြားလိုက်ပါတယ် .. .ကိစ္စမရှိပါဘူး၊ ကျွန်တော် ဘာမှ မဖြစ်ပါဘူး၊ ကျွန်တော့်အကြောင်း ပြောနေသံကြားလို့ ခဏ ၀င်ထိုင်ပြီး နားထောင်ချင်လို့ပါ၊ ဟောဒီက မစွဲငြိ ထင်ကို ကျွန်တော် ကောင်းကောင်းသိပါတယ်၊ နာမည်ကြီးပဲဗျာ …. ခင်ဗျားရဲ့ ကြော်ငြာတွေ … .ဗွီဒီယိုကားတွေ အားလုံး ကျွန်တော် နှစ်နှစ်ခြိုက်ခြိုက်ကို အားပေးနေတဲ့ ပရိသတ်ပါ”
သူက သူ့ရဲ့ မကောင်းကြောင်းကို မိန်ရေယှက်ရေ ပြောနေခဲ့သော စွဲငြိထင်ကို ဘာဃာယာတမှ မရှိသလို မျက်နှာပေးမျိုးဖြင့် ဖော်ဖော်ရွေရွေ ပြောနေသည်။ ဒီကျောင်းမှာ စွဲငြိထင်ကို နာမည်ကြီး Model မင်းသမီးတစ်ယောက်မှန်း လူတိုင်းသိနေပြီးသားမို့ သူ စွဲငြိထင်ကို သိနေသည် ဆိုသည်မှာ လည်း ဆန်းတော့ မဆန်းပါ။ စွဲငြိထင်က အရှုံးမပေးလိုသော ညဉ်ဆိုးက လေးနှင့် …
“ဟုတ်တယ် … ကျွန်မတို့က ရှင့်အကြောင်း ပြောနေကြတာ ၊ သူတို့နှစ်ယောက်ကတော့ ရှင့်ကို အသေအလဲကို ယုံကြည်နေကြတယ်၊ ကျွန်မကတော့ မယုံဘူး … မယုံဘူးဆိုတာက ရှင့်ကို မယုံတာတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် လူတစ်ယောက်ရဲ့ စိတ်ကို တခြားလူတစ်ယောက်က လှမ်း ဖတ်နိုင်တယ် ဆိုတာကိုတော့ အကြောင်းမဲ့ကြီး ကျွန်မက လက်မခံချင်ဘူး၊ ကျွန်မကို ရှင် သက်သေပြနိုင်မလား၊ ဥပမာ ကျွန်မရဲ့ စိတ်ကို ရှင်ဖတ်ကြည့်နိုင်မလား”
စွဲငြိထင်က မျက်ခုံးကလေးကို ပင့်ကာ စိန်ခေါ်သော မျက်နှာပေးကလေးဖြင့် ပြုံး၍ ပြောလိုက်လျှင် ဆန်းစလက အေးအေးဆေးးဆေးပင် ..
“ရပါတယ်. … ကျွန်တော် စွဲငြိထင်ရဲ့ စိတ်ကို ဖတ်ပေးပါ့မယ်၊ ဒါပေမယ့် အဲဒါ ကျွန်တော့်ကို မယုံကြည်တဲ့အတွက် သက်သေပြချင်တဲ့ သဘောမျိုးနဲ့ ဖတ်ပေးမှာ မဟုတ်ဘူးနော်၊ ကျွန်တော် စွဲငြိထင်နဲ့ သူငယ်ချင်းတွေ ဖြစ်ချင်လို့ မိတ်ဖြစ်ဆွေဖြစ် အပျော်သဘောမျိုး ဖတ်ပေးမှာ ၊ မှားတာ … မှန်တာတွေကို ကျွန်တော် ဂရုစိုက်မှာ မဟုတ်ဘူး၊ ကျွန်တော်ဖတ်တာ မှန်ချင်မှလည်း မှန်မယ်၊ မှန်တာ မှားတာကို ကျွန်တော် ဂရုမစိုက်ပါဘူး၊ အကယ်၍ ကျွန်တော်ပြောတဲ့အထဲမှာ စွဲငြိထင်ကို စိတ်အနှောင့်အယှက် ဖြစ်စရာ စကားမျိုးပါလာခဲ့ရင် ကြိုပြီးတော့ တောင်းပန်ထားမယ်နော်”
“အိုကေ … အကယ်၍ ရှင်ပြောတာ မမှန်ခဲ့ရင်တော့ ကျွန်မ ရယ်ရမလား”
စွဲငြိထင်က ခပ်ထေ့ထေ့ ဟန်ကလေးဖြင့် ပြန်ပြောလိုက်သည်။ သူက ပခုံးတစ်ချက် တွန့်ပြ လျက်
“ရယ်နိုင်ပါတယ် … ရယ်ပါ၊ ကျွန်တော် စိတ်မဆိုးတတ်ပါဘူး၊ တစ်ခုတော့ ရှိတယ်၊ ကျွန်တော်က လူတစ်ယောက်ရဲ့ စိတ်ကို ဖတ်တော့မယ်ဆိုရင် ကျွန်တော်ဖတ်မဲ့သူရဲ့ လက်နှစ် ဖက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ကြည့်ပြီးမှ အာရုံစိုက်ပြီး ဖတ်ကြည့်ရတာ ”
“သြော် … ဒီလိုဆိုရင်လည်း လက်ပေးရတာ ပေါ့လေ”
စွဲငြိထင်က မျက်လုံးကလေးတစ်ချက် ဝေ့လျက် အံ့သြဟန်ပြုကာ လက်ကလေးနှစ်ဖက်ကို သူ့ရှေ့သို့လှမ်းထိုးပေးလိုက်သည်။ သူက စွဲငြိထင်ရဲ့ လက်နှစ်ဖက်ကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်ကာ စိတ်ကို စုစည်းပြီး အာရုံစိုက်လိုက်သည်။
“ဟင့်အင်း … ဘာမှမတွေးနဲ့ ၊ အခုအချိန်မှာ ငါ ဘာမှမတွေးရင် သူ ဘာပြောနိုင်မှာ လဲ၊ အထူးသဖြင့် ငါ့ရဲ့ လျှို့ဝှက်ချက်တွေကို မတွေးမိစေနဲ့ ၊ အံမယ် လူကတော့ လူချောတစ်ယောက်ပဲ၊ မိုက်တယ် ဆရာ၊ ဒါပေမယ့် မတော်တဆ ငါ့အကြောင်းကိုများ သူ တကယ် ဖတ်မိသွားနိုင်မလား၊ အို .. မတွေးပါနဲ့ ဆိုနေမှ၊ ကိုထင်စွာ နဲ့ ပတ်သက်တဲ့ အကြောင်းတွေလေ၊ ဟင့်အင်း … အဲဒါကို သူ မသိနိုင်ပါဘူး ၊ ဒုက္ခပါပဲ မတွေးပါဘူးဆိုမှပဲ အဲဒီ အတွေးတွေက ဘယ်ကဘယ်လို ရောက်လာရတာ တုန်း၊ ဘုရား … ဘုရား သူသိသွားတော့မှာ ပဲ၊ ကိုထင်စွာ့ ကို ယသော့်ဆီက ငါ လုခဲ့တာမှ မဟုတ်တာ၊ ယသော့်အပေါ်မှာ မတရား လုပ်ခဲ့တာလဲ မဟုတ်ဘူး၊ ငါ့ရဲ့ လျှို့ဝှက်ချက်ကို သူ သိများ သွားမလား၊ ဒုက္ခပါပဲ .. ငါ ဘာတွေ တွေးနေမိတာလဲ၊ ငါ့စိတ်ကို သူ့ကို ဖတ်ခိုင်းမိတာ မှားများ မှားသွားပြီးလား၊ ငါ တွေးနေတာတွေ သူ တကယ် ဖတ်နိုင်လို့လား၊ အို .. သွားစမ်းပါ၊ သူက ဘာသိမှာ မို့လဲ၊ လုံးဝ မသိစေရဘူး၊ မတွေးနဲ့ … ဆက်မတွေးနဲ့တော့၊ စိတ်ကို ဗလာချည်းထားလိုက်၊ ဗလာ …. ဗလာ ….ဗလာ”
သူ့အာရုံထဲမှာ ထိုအသံတွေကို ပြန်ကြားနေရသည်။ သူ ရယ်လည်း ရယ်ချင်မိကာ ရယ် လည်း မရယ်မောရက်ပြန်ပါ။ ထို့ကြောင့် သူ သက်ပြင်းတရှိုက်ဖြင့် စွဲငြိထင်ဆီ အံ့သြအားနာသော အကြည့်ဖြင့် ကြည့်လိုက်မိရင်း
“ကျွန်တော် ပြောရမှာ တော့ အားနာပါတယ်၊ ဒါပေမယ့် ကျွန်တော် ကြားရတဲ့အတိုင်း ပြန်ပြောပြရမလား၊ စွဲငြိထင်ရဲ့ သူငယ်ချင်းတွေ ရှေ့မှာ လေ”
သူ့စကားကြောင့် စွဲငြိထင်က မျက်ခုံးတွေကို ရှုံ့လိုက်ကာ
“ပြောလေ … ပြောလို့ရပါတယ်၊ ရှင် ဘာတွေများ သိလိုက်ရလို့လဲ”
သူ ကြားရတဲ့အတိုင်းသာ ပြန်ပြောပြလိုက်သည်။ ထင်စွာ ဆိုသော နာမည်နှင့် ယသော်ဆို နာမည်တွေကို ကြားလိုက်ရစဉ်မှာ စွဲငြိထင်၏ မျက်နှာက ကျောက်ရုပ်တစ်ရုပ်လို ရုတ်ခြည်း ငြိမ်သက် ဖြူဖွေးသွားတော့သည်။ သူငယ်ချင်းတွေပါ ပါးစပ်အဟောင်းသားဖြင့် ငြိမ်သက်သွားကြ သည်။ စွဲငြိထင်၏ မျက်ဝန်းတွေဆီမှာ မျက်ရည်စကလေးတွေပင် တွဲ ခိုသီဝေ့လာကာ နှုတ်ခမ်းထောင့်စွန်းကလေးတွေ တဆတ်ဆတ် တုန်ယင်လာကာ
“အဲဒီ နာမည်တွေကို ရှင် ဘယ်လိုလုပ်ပြီး သိတာလဲ၊ ရှင်ဟာ တကယ့် တကယ်ပဲ သိပ်ထူး ဆန်းပါလားဟင်၊ ခုနက ကျွန်မစိတ်ထဲမှာ တွေးနေသမျှ အတွေးတွေကို ရှင် တကယ် ပြန်ပြောပြ နိုင်တာ အံ့သြဖို့ ကောင်းလိုက်တာ၊ ရှင်ပြောတောတွေ အမှန်ပဲ၊ အထူးသဖြင့် နာမည်တွေကို အတိအကျ ပြန်ပြောပြနိုင်တာ သိပ်ထူးဆန်းတယ်၊ ကြည့်စမ်း … ကျွန်မ အခုလိုမျိုး တစ်ခါမှ မကြုံ ဖူးခဲ့ဘူး၊ ကျွန်မ ရှင့်ကို ကြောက်တောင် ကြောက်သွားတယ်၊ ရှင့်ရှေ့မှာ ဘာမှတောင် မတွေးရဲတော့ဘူး၊ ဒါနဲ့ နေပါဦး … အဲဒီ လို Will power ရအောင် ရှင် ဘယ်လို လေ့ကျင့်ယူခဲ့သလဲဟင်”
စွဲငြိထင်၏ မျက်လုံးတွေက အရောင် ပြောင်းလဲသွားကြသည်။ သူ ဖြေနေကျ အဖြေကိုပဲ ရိုးစင်းစွာ အဖြေ ပေးလိုက်ပါသည်။
“အဲဒီ အတွက် ကျွန်တော် တမင်တကာ တကူးတက လေ့ကျင့်တာမျိုးတော့ မရှိခဲ့ပါဘူး၊ ဒါပေမယ့် တစ်ခုတော့ ရှိတယ် .. .ကျွန်တော့်အဖေက ကျွန်တော့်ကို အသက်သုံးနှစ်အရွယ်ကစပြီး သူနဲ့ အတူ ဘုရားခန်းမှာ တရားထိုင်တဲ့ အကျင့်ကို ပုံမှန် လေ့ကျင့်ပေးခဲ့တယ်၊ ငယ်ငယ်တုန်းက တော့ တစ်နေ့ကို ဆယ့်ငါးမိနစ် ထိုင်ရတယ်၊ အသက်ပိုကြီးလာတာနဲ့ အမျှ မိနစ်တွေ ပိုကြာ လာတာပေါ့လေ၊ ကျွန်တော် ရှစ်တန်းကျောင်းသားအရွယ် အသက်ဆယ့်သုံးနှစ်မှာ မနက် တစ်နာရီ ၊ ညတစ်နာရီ တရားထိုင်တတ်တဲ့ အကျင့်တော့ ရှိတယ်။ အဲဒီ အကျင့်က မဖြစ်မနေ လုပ်ကို လုပ်ရမယ်ဆိုတဲ့ အသိမျိုးနဲ့ ကို စွဲနေတာ၊ ပြီးတော့ .. .ကျွန်တော် သားငါးတွေ မစားဘူး၊ ပဲနဲ့ အသီးအရွက်ပဲစားတယ်၊ ငါးပါးသီလကို တတ်နိုင်သမျှ စောင့်ထိန်းတယ်…. အဲဒါပါဘဲ၊ လူတွေရဲ့ စိတ်ကို စပြီး ဖတ်နိုင်ခဲ့တာ ကျွန်တော် ရှစ်တန်းကျောင်းသားအရွယ်မှာ စရခဲ့တာပါ။ ဒီနေ့အထိ ကျွန်တော် အဲဒီ Will Power ကို အသုံးချပြီး ကျွန်တော့်ကိုယ်ကျိုးအတွက် တစ်ခါမှ မသုံးစွဲခဲ့ဖူးဘူး၊ ဒီစိတ်စွမ်းအင်နဲ့ လူတွေကို ကူညီပေးတယ်၊ သူတို့ရဲ့ စိတ်ထဲက ဒဏ်ရာအနာတရတွေ၊ ပြဿနာတွေကို ကူညီဖြေရှင်းပေးတယ်၊ အဲဒီ အတွက် ဘာအကျိုးအမြတ်မှ ကျွန်တော် မယူဘူး၊ သူတို့အတွက် ကျွန်တော် အကြံဉာဏ်တွေ ပေးတယ်၊ ကိုယ်ထိလက်ရောက် လိုအပ်ရင် ကျွန်တော်တတ်နိုင်သလောက် ကူညီပေးတယ်၊ အဲဒါထက် မပိုပါဘူး”
သူသည် စွဲငြိထင်ကို ဘာကြောင့် အခုလောက် တရှည်တလျား၊ ရှင်းပြနေခဲ့မိသည်မသိ။ စွဲငြိထင်၏ မျက်လုံးတွေဆီမှာ သူ့ကို မယုံကြည်ရိပ်တွေ၊ သံသယတွေ၊ မခိုးမခန့်ဖြစ်နေတာတွေ၊ မထီတရီ ရိပ်တွေ လုံးဝ ကင်းရှင်းပျောက်ကွယ်သွားခဲ့ပြီ။
“ရှင်က သိပ်အံ့သြဖို့ ကောင်းတာပဲနော်၊ ရှင်နဲ့ သာ သူငယ်ချင်းဖြစ်ခွင့်ရရင် ကျွန်မ သိပ်ဂုဏ်ယူမိမှာ ပဲ။ ကျွန်မတစ်သက်မှာ လူထူးလူဆန်းတစ်ယောက်နဲ့ သူငယ်ချင်း ဖြစ်ခွင့်ရှိဖူးတာပေါ့”
စွဲငြိထင်က ပြုံး၍ ပြောသည်။ သူက အနည်းငယ် ရှက်ကိုးရှက်ကန်း ပြုံးလိုက်ရင်း
“ကျွန်တော် လူထူးလူဆန်းတစ်ယောက် မဟုတ်ပါဘူးဗျာ၊ သာမန် လူတစ်ယောက်ပါ၊ ကျွန်တော့်ကို လူတွေမသိစေချင်ဘူး၊ ရိုးရိုးသားသား အေးအေဆေးဆေး လူတစ်ယောက်ပဲ ဖြစ်ချင်ပါတယ်၊ ကျော်ကြားရတဲ့ …လူသိများ ခံရတဲ့ ဘ၀ဟာ ဘယ်လောက် မလွတ်လပ်သလဲ .. စိတ်ကျဉ်းကျပ်ရသလဲဆိုတာ စွဲငြိထင်အသိဆုံး ဖြစ်မှာ ပေါ့၊ စွဲငြိထင်က Celebrity တစ်ယောက်ပဲ ဟာ”
“ဒါပေမယ့် ကျွန်မကတော့ Celebrity တစ်ယောက်ဖြစ်ရတဲ့ ဘ၀ကို ကျေနပ်တယ် .. .သာယာတယ်၊ ဂုဏ်ယူတယ်၊ ကိုယ့်ရဲ့ ကျော်ကြားမှု အရှိန်အ၀ါကို ပြန်ခံစားကြည့်ရတာ လောက် အရသာရှိတာ မရှိတော့ဘူးလေ၊ လူတွေက ကျွန်မကို ချစ်ကြတာ … အာရုံစိုက် စိတ်ဝင်စားကြတာ ကို ကျွန်မ စွဲလမ်းတယ်၊ Celebrity တစ်ယောက် ဖြစ်ရတဲ့အတွက် ကျွန်မ ဘယ်တော့မှ နောင်တ မရဘူး၊ ဒီဘ၀ကို ရောက်အောင် ကျွန်မ အတော်လေး ကြိုးစားခဲ့ရတာ ”
စွဲငြိထင်ရဲ့ မျက်ဝန်းကလေးတွေက ရွှန်းလဲ့ဖြာလက်နေသည်။ ကျော်ကြားမှု ရဲ့ အရှိန်အ၀ါကို ဘယ်လောက် မက်မော သာယာနေမှန်း ထိုမျက်လုံးကလေးများ က အထင်ရှားဆုံး သက်သေပင်။ နှုတ်ခမ်း ဖောင်းဖောင်းအိအိကလေးများ က ကျေနပ်စွာ ပြုံးလျက်။ သူသည် သူနှင့် လုံးဝဆန့်ကျင်သော စရိုက်မျိုး ဖြစ်သော်လည်း စွဲငြိထင်ကို သူကောင်းစွာ နားလည်ခံစားလို့ ရပါသည်။ မိန်းကလေးတွေတိုင်းမှာ မကျော်ကြားချင်သူ မရှိသလောက်ဘဲ ထင်ပါရဲ့ ။ အနည်းဆုံး တော့ သူမတို့ရဲ့ အလှအပအတွက် ကျော်ကြားချင်သည်။
“အင်း … ကျွန်မတို့ကိုလည်း ဖတ်ပေးဦးလေ”
ရွှေဆည်းဆာနှင့် မုဒိတာတို့က သူ့ဆီ လက်ကလေးနှစ်ဖက် ဖြန့်လျက် ဗေဒင်ဟောခိုင်း သလို ပုံစံမျိုးဖြင့် ပြုံးစိစိ မျက်နှာပေးကလေးတွေနှင့် ၀ိုင်းပြောနေကြသည်။ ကဲန်တင်းထဲမှာ သူတို့ ၀ိုင်းဆီ လူတော်တော်များများ စောင့်ကြည့်လျက် ရှိကြသည်ကို သူ သတိထားမိပါသည်။ စွဲငြိထင်ကို စိတ်ဝင်စားကြတာရော … အခုတော့ သူ့ကိုပါ စိတ်ဝင်စားတာရော .. .မနာလိုတာရော ပေါင်းပြီး စိတ်ဝင်တစားအကဲခတ် စပ်စုနေကြခြင်း ဖြစ်သည်။ အထူးသဖြင့် စွဲငြိထင်ရဲ့ လက်နှစ် ဖက်ကို အသားလွတ်ကြီး ဆုပ်ကိုင်ခွင့် ရလိုက်သော … .နောက်ထပ် နှစ်ယောက်ကလည်း ကြည် ကြည်ဖြူဖြူပင် လက်နှစ်ဖက် ထိုးပေးနေကြသော သူ့ရဲ့ အနေအထားကို ယောက်ျားလေးတချို့က မနာလို၊ မရှုစိမ့်နိုင်သော အကြည့်များ ဖြင့် မလိုတမာ စောင့်ကြည့်နေကြသည်။ ထိုခဏမှာ ရွှေပြည် စိုးနှင့် ဖြိုးဝေတို့ ကဲန်တင်းထဲသို့ ၀င်လာကြသည်။ သူ့ကို စွဲငြိထင်တို့အုပ်စုနှင့်အဖွဲ့ကျနေတာ တွေ့နေသောအခါ မျက်နှာတွေက မချိုမချဉ် ရွှင်လန်း ပြုံးချိုသွားကြလျက် …
“ဟေ့ကောင် .. .ဆန်းစ မင်းက ဒီမှာ ကိုး၊ ငါတို့က မင်းကို လိုက်ရှာနေတာ”
ဟု ရောတောရှိ လုပ်ကာ ခုံတွေဆွဲပြီး သူတို့စားပွဲမှာ အသီးသီး ၀င်ထိုက်လိုက်ကြသည်။ ပြီးတော့ သူတို့ဘာသာ သူတို့ မိတ်ဆက်နေကြသည်။
“ကျွန်တော် ရွှေပြည်စိုးပါ .. .သူက ဖြိုးဝေ၊ ကျွန်တော်တို့က အင်္ဂလိပ်စာက၊ မစွဲငြိထင်ကို သိတယ်၊ ကျွန်တော်တို့က မစွဲငြိထင်ကို အရမ်းကြိုက်တာဗျ၊ ဟား …ဟား အကြီးစား Fun တွေပါ၊ မစွဲငြိထင်တို့က ကိုရီးယားဘာသာ အတန်းကမှလား၊ ဘာလဲ … ကိုရီးယားကား ရိုက်စရာရှိလို့ ကိုရီးယားသင်တန်း လာတတ်တာလား”
ဟု ရွှန်းရွှန်းဝေေ၀ပင် စကားရော ဖောရှောတွေ လုပ်နေကြသည်။ စွဲငြိထင်က ချိုမြသော အပြုံးကလေးဖြင့် ..
“မဟုတ်ပါဘူး .. .အခု အနုပညာလောကမှာ ကိုရီးယား ရုပ်ရှင်တွေက တော်တော် လွှမ်းမိုးလာပြီဆိုတော့ ကိုရီးယားရုပ်ရှင်တွေကို လေ့လာချင်တာကြောင့်လည်း ပါတယ်၊ ပြီးတော့ ကျွန်မကိုယ်တိုင်လည်း ကိုရီးယားကို သွားလည်ဖို့ အစီအစဉ် ရှိလို့ပါ၊ ကိုရီးယားဘာသာကို စိတ်ဝင်စားလို့ကို လာသင်တာပါ၊ ပြီးတော့ ကျွန်မက တစ်နေ့တစ်နေ့ ကြော်ငြာရိုက်၊ ဗွီဒီယို ရိုက်နဲ့ ပဲ အချိန်တွေ မကုန်ချင်ဘူးလေ၊ ကျောင်းသူဘ၀ကိုလည်း လိုချင်သေးတယ် … အဲဒါကြောင့်”
“မစွဲငြိထင်က Model ကနေ လာတာနော်၊ ကျွန်တော်တို့က မစွဲငြိထင် Model စဖြစ်ကတည်းက အရမ်းစွဲတာ၊ မြန်မာ Model တစ်ယောက်နဲ့ မတူဘဲ နိုင်ငံခြားက Model တွေလို စတိုင် ကျပြီး နိုင်ငံတကာ အဆင့်မီတယ်”
“အမလေး …တော်ပါတော့၊ စွတ်မြှော က်နေတာပဲ၊ ကဲ … မိတ်ဆက်ပေးဦးမယ်၊ ကျွန်မကို တော့ သိပြီးသားနော်၊ သူက ရွှေဆည်းဆာ … သူက မုဒိတာ၊ ကျွန်မတို့က ဆန်းစလရဲ့ အတင်းကို ပယ်ပယ်နှယ်နှယ် အုပ်နေတုန်း သူက ဗြုန်းဆို ရောက်လာတာ၊ သူ ကျွန်မရဲ့ စိတ်ကို ဖတ်တာ အရမ်းမှန်တယ် …. သိလား၊ အခုတော့ သူငယ်ချင်းတွေ ဖြစ်သွားကြပြီ”
တဒင်္ဂအတွင်းမှာ သူတို့နှစ်ဖွဲ့ တရင်းတနှီး ဖြစ်သွားကြသည်။ သူက ရွှေဆည်းဆာနှင့် မုဒိတာတို့ရဲ့ စိတ်တွေကို သူမတို့သဘောကျအောင် ဖတ်ပေးလိုက်သည်။ နှစ်ယောက်စလုံး ထုံး စံအတိုင်း မဆုံးနိုင်သော အံ့အားသင့်မှု တွေနှင့် သူ့ကို တအံ့တသြ ကြည့်ကြသည်။
“ကျွန်မတို့ရဲ့ စိတ်ကို ရှင် ဘယ်လို သိတာလဲဟင်၊ အံ့သြဖို့ ကောင်းလိုက်တာ”
ဟု မရိုးနိုင်သော မေးခွန်းကိုသာ ထပ်တလဲလဲ မေး၍ မဆုံးနိုင်။ သူ ဘာမှ မဖြေတော့။ ဖြေစရာလည်း အဖြေမရှိတော့။ သူ့ကို အထူးအဆန်းကြီးပမာ ၀ိုင်းကြည့်လျက်ရှိသော ထိုမိန်းက လေးတွေကို ပြုံးရုံသာ ပြုံးပြလိုက်သည်။
ထိုနေ့က မှတ်မှတ်ရရ သူ့ဘ၀ဆီသို့ အလွန်လှပကျော်ကြားသော မိန်းကလေးတစ်ယောက် စတင်၍ ၀င်ရောက်လာခဲ့ခြင်း ဖြစ်သည်။ နောက်တစ်နေ့မှာ တော့ သူ့ဘ၀အတွင်းသို့ အလွန် စိတ်ဝင်စားစရာကောင်းသော မိမိကိုယ်မိမိ ပတ်ဝန်းကျင် တစ်ခုလုံးနှင့် အဆက်အသွယ် ဖြတ်ထားခဲ့သော …စိတ်မှာ နက်နက်ရှိုင်းရှိုင်း ဒဏ်ရာတစ်ခု ကိန်းဝပ်ခံစားနေရ သော နောက်ထပ် မိန်းကလေးတစ်ယောက် တိုက်တိုက်ဆိုင်ဆိုင်ပင် ၀င်ရောက်လာခဲ့ပြန်သည်။ ထိုမိန်းကလေးနှစ်ယောက်ဆီမှာ အလွန်ထူးခြားသော အဆက်အစပ် တစ်ခုရှိနေခြင်းကို ဒုတိယ မိန်းကလေး၏ စိတ်ကို ဖတ်မိချိန်မှာ သူ သိခွင့်ရလိုက်သည်။ သူတို့ ဆုံတွေ့ခဲ့ကြသည်မှာ ရိုးရိုးကလေးပင်။
+++++
သူ အိမ်သို့ ပြန်ရောက်ချိန်မှာ မေမေက ဧည့်ခန်းထဲမှာ ဧည့်သည်တချို့နှင့် စကားပြော လျက်ရှိသည်။ သူ့ကိုမြင်တော့ ..
“သားရေ … လာပါဦး ၊ ဒါ မေမေ့မိတ်ဆွေတွေလေ၊ သားနဲ့ တွေ့ချင်လို့ စောင့်နေကြ တာ၊ သူတို့မှာ သား ကူညီမှဖြစ်မယ့် ကိစ္စလေးတစ်ခု ရှိနေလို့”
ဟု လှမ်းခေါ်သဖြင့် သူ ဧည့်ခန်းထဲသို့ လှမ်းဝင်လာခဲ့သည်။ မေမေနှင့် ရွယ်တူလောက်ရှိ မည့် အန်တီက
“သားရယ် …. သားက Mind Reader တစ်ယောက်ဆိုတော့ သားကူညီရင် ရမယ် ထင်ပါ တယ်၊ ပြီးတာ့ သားက စိတ်ဓာတ်ကျနေတာမျိုး .. .စိတ်ဒဏ်ရာရနေတာမျိုးတွေကို ကူညီဖြေရှင်း ပေးနိုင်တယ်ဆို၊ အဲဒါကြောင့် အန်တီ့ရဲ့ သမီးလေးကို သားနဲ့ တွေ့ပေးချင်လို့ပါ၊ သမီးက စိတ်ဓာတ်တွေ အရမ်းကျနေတယ်၊ အခုဆိုရင် သမီးက ဘယ်သူနဲ့ မှ စကားဟဟ မပြောတော့ဘူး၊ တစ်ယောက်တည်း အခန်းအောင်းနေပြီး သူ့ကိုယ်သူ ပတ်ဝန်းကျင်နဲ့ အဆက်သွယ် ဖြတ်ပြီး နေနေတာ တစ်လတောင်ရှိပြီ၊ အဲဒီ မတိုင်ခင်က သမီးဟာ အရမ်းပျော်တတ်ပြီး ရွှင်လန်းတတ်ကြွ နေတဲ့ မိန်းကလေးပါ၊ ဘယ်လိုဖြစ်ပြီး အဲဒီ ပုံစံ ပြောင်းလဲသွားသလဲဆိုတာ အန်တီတို့ မသိဘူး၊ သိအောင် ကြိုးစားလို့လည်း မရဘူး၊ သမီးက အခန်းထဲကကို မထွက်တော့တာ၊ ဘာစကားမှကို မပြောတော့တာဆိုတော့ သူ ဘာဖြစ်နေသလဲ၊ ဘာတွေ ခံစားနေရသလဲ ဆိုတာတွေကို အန်တီတို့ ဘာမှ မသိရဘူး၊ မေးလို့လည်း မရဘူး၊ တစ်နေ့တစ်နေ့ အခန်းထဲမှာ အောင်းပြီး စားလိုက် … အိပ်လိုက်၊ Video တွေ တစ်ချိန်လုံး ထိုင်ကြည့်လိုက်နဲ့ ပဲ ဆိုတော့ တစ်လအတွင်းမှာ ၀ိတ်လည်း တော်တော် တက်လာတယ်၊ အဲဒါ သား ကူညီနိုင်ရင် ကူညီပေးပါဦး သားရယ်၊ သားမေမေနဲ့ အန်တီတို့က သူငယ်ချင်းတွေပါ။ မနေ့ကမှ စကားစပ်မိပြီး သားရဲ့ အကြောင်းကို သိရတာ ၊ သားမေမေက ပြောတယ် … အဲဒီ လို စိတ်ဒဏ်ရာရပြီး Depresion ဖြစ်နေတဲ့ လူမျိုးတွေ ဆို သား ကူညီဖြေရှင်းပေးနေကျတဲ့”
ထိုအန်တီက သူ့ကို အားကိုးတကြီးပင် တိုင်တည် ပြောပြနေခြင်း ဖြစ်သည်။ သူလည်း စိတ်ဝင်စား သွားပါသည်။ ထို့ကြောင့် ဟန်ဆောင်၍ ပင် မငြင်းပါ။
“ဟုတ်ကဲ့ အန်တီ … ကျွန်တော် သူနဲ့ လိုက်ပြီး တွေ့ချင်ပါတယ်၊ ကျွန်တော့်ကို သူ့အကြောင်းတွေ ဘာမှ ကြိုမပြောထားပါနဲ့ ၊ ကျွန်တော့်ဘာသာ သူနဲ့ တွေ့ပြီးမှ သိအောင် လုပ်ပါ့မယ်”
ဟု အဖြေပေးလိုက်သည်။
“ကျေးဇူးတင်လိုက်တာ သားရယ် .. .ဘယ်တော့လောက် လိုက်တွေ့မလဲဟင်”
“ဖြစ်နိုင်ရင် ကျွန်တော် မနက်ဖြန်မနက် ကိုးနာရီလောက် အန်တီတို့အိမ်ကို လာခဲ့ပါ့မယ်၊ ကျွန်တော့်ကို ဘယ်သူဘယ်ဝါဆိုပြီး သူနဲ့ မိတ်ဆက်မပေးစေချင်ဘူး၊ ကျွန်တော့်ဘာသာ ကျွန်တော် ကျွန်တော့်နည်း ကျွန်တော့်ဟန်နဲ့ သူ့ကို ချဉ်းကပ်ပါ့မယ်၊ ကျွန်တော့်ကို အန်တီတို့ရဲ့ အိမ်လိပ်စာကလေးသာ ရေးပေးခဲ့ပါ အန်တီ၊ သူ့ကိုလည်း ဘာမှ ကြိုပြောမထားပါနဲ့ ၊ သူဘာမှ ကြိုတင်ပြင်ဆင်ခွင့် မရရင် ပိုကောင်းပါတယ်၊သူ့စိတ်ထဲမှာ တစ်စဆီ ပြန့်ကြဲနေမယ့် အကြောင်း အရာ အပိုင်းအစတွေကို ကျွန်တော် ပိုပြီး စိတ်ဝင်စားလို့ပါ”
ထိုအန်တီက လိပ်စာရေးပေးခဲ့ကာ ကျေးဇူးတွေ အထပ်ထပ်တင်ပြီး နှုတ်ဆက်ကာ ပြန်သွားသည်။ သူ ရေမိုးချိုးထမင်းစားပြီး ဘုရားခန်းထဲသို့ တန်းဝင်ကာ တရားထိုင်နေကျ ထုံးစံ အတိုင်း တရားထိုင်နေလိုက်သည်။ ဘုရားခန်းထဲမှ သူ ပြန်ထွက်လာချိန်မှာ အိမ်ကကောင်မလေးက သူ့ကို သတင်းတစ်ခု လာပို့ပါသည်။
“အစ်ကိုလေး … အစ်ကိုလေးဆီကို မစွဲငြိထင် ဖုန်းဆက်တယ်၊ မင်းသမီးလေ … ကျွန်မ သူ့ကို အရမ်းကြိုက်တာ၊ အသံလေးက ချိုနေတာပဲရှင် … သဘောကောင်းပုံလည်း ရတယ်၊ ကျွန်မက အစ်ကိုလေး တရားထိုင်နေလို့ ပြီးရင် ပြန်ဆက်ခိုင်းလိုက်ပါ့မယ်လို့ ပြောလိုက်တော့ ဘယ်အချိန်ဖြစ်ဖြစ် ပြန်ဆက်ပါတဲ့၊ ပြောစရာရှိလို့တဲ့၊ အစ်ကိုလေးနဲ့ အရမ်းခင်သလားဟင်”
ဟု အဆက်မပြတ် အသက်မရှူစမ်းပင် ပြောနေ၏ ။
“အေး .. .ငါတို့ကျောင်းမှာ သူက ကိုရီးယားဘာသာ တက်နေတာ၊ ခင်တာက ဒီနေ့မှ ခင်တာပါ။ ကဲ …နင် သူ့ရဲ့ ဓါတ်ပုံ လိုချင်လို့မှလား၊ ပြီးတော့ … အော်တိုစာအုပ်ထဲမှာ လက်မှတ် ထိုးခိုင်းချင်တယ်မှလား၊ စိတ်ချ .. .ငါ မနက်ဖြန် သူနဲ့ တွေ့ရင် အဲဒါတွေအားလုံး တောင်းလာခဲ့ပေး မယ် …ဟုတ်ပြီလား”
ကောင်မလေး ရှည်ရှည်ဝေးဝေး စကားဆက်မပြောရအောင် သူက အဆုံးသတ်ပေးလိုက် သောအခါ ကောင်မလေးက ခေါင်းကလေးတဆတ်ဆတ် ညိတ်လျက်
“ဟုတ်ကဲ့ … အစ်ကိုလေး၊ အစ်ကိုလေးကလည်း ကျွန်မရဲ့ စိတ်ကို သိနေလိုက်တာ”
ဟု ပြောပြီး ပြန်ထွက်သွားလေတော့၏ ။ အံ့သြပုံတော့ မရတော့ပါ။ သူနှင့်ပတ်သက်ပြီး အံ့သြစရာ အဖြစ်အပျက်တွေ အများ ကြီးကို ထိုမိန်းကလေးက သိခဲ့ပြီးသားဖြစ်သည်။ သူ အခန်းထဲ သို့ ပြန်ဝင်လာခဲ့ကာ စွဲငြိထင်ဆီသို့ ဖုန်းခေါ်လိုက်ပါသည်။ စွဲငြိထင်သည် ရုပ်ကလေးကသာ စွဲမက်ဖွယ်အတိ ပြီးသည်မဟုတ် … အသံကလေးကလည်း ငြိနေအောင် ချိုမြလှပါသည်။ တစ်ခုပဲ ပြောစရာရှိသည်မှာ သူမဆီမှာ ကိုထင်စွာ ဆိုသော ချစ်သူတစ်ယောက် ရှိနေခဲ့ခြင်းပင် ဖြစ်သည်။ ချစ်သူရှိနေပြီးသားဖြစ်သော ထိုမိန်းကလေးသည် သူ့ဆီသို့ ဘာဖြစ်လို့ ဖုန်းဆက်တာပါလိမ့်ဟု သူ အနည်းငယ်တော့ စိတ်ဝင်စားသွားမိသည်။ တကယ်တမ်း ဖုန်းပြောဖြစ်သောအခါ စွဲငြိထင်ဆီမှာ သူ့ကို ပြောစရာအကြောင်း အရာထူးထူးဆန်းဆန်း ရှိမနေပါ။
“သတိရလို့ ဆက်လိုက်တာ”
ဟူသော စကားကလေးနှင့်ပင် တခြားအကြောင်းအရာတွေဆီ သူ့ကို ဆွဲခေါ်သွားရင်း အရေ မရ အဖက်မရ စကားတွေ ပြောခဲ့မိသည်မှာ တစ်နာရီကျော်ကျော်ပင် ကြာမြင့်သွားခဲ့၏ ။ ထိုနေ့က သူ အိပ်ရာဝင် နောက်ကျခဲ့လေသည်။
+++++
နောက်တစ်နေ့မနက် ကိုးနာရီမထိုးခင် လိပ်စာထဲကအတိုင်း ထိုအိမ်သို့ သူ ရောက်လာခဲ့သည်။ သူ့ကို အဆင်သင့် စောင့်နေဟန်ရှိသော အန်တီနှင့် အန်ကယ်တို့က ၀မ်းသာ အားရပင် ကြိုဆိုကြပါသည်။ သူတွေ့ရမည့် မိန်းကလေး၏ နာမည်ကိုပင် သူ မေးမထားပါ။
“ကျွန်တော့်ကို သူရှိနေတဲ့ အခန်းကိုပဲ လိုက်ပို့ပေးပါ အန်တီ၊ အန်တီ အဖော် လိုက်ခဲ့ရင် လည်း ရပါတယ်”
“အန်တီ အခန်းဝကနေ စောင့်နေပါ့မယ်၊ သားကိုမြင်ရင် သမီးက ဘယ်သူမှန်း .. .ဘယ်ဝါ မှန်း မသိတော့ ယောက်ျားတစ်ယောက် သူ့အခန်းထဲ ၀င်လာတယ်ဆိုပြီး ကြောက်သွားမှာ ကို စိုးရိမ်လို့ပါ”
“အဲဒါဆိုရင် အန်တီ Intro လေးပဲ ၀င်ပေးပါ၊ သူ့အကြောင်းကို အန်တီတို့ ဘာမှ မပြောရ သေးဘူး၊ သူ့နာမည်တောင် ကျွန်တော့်ကို ပြောပြမထားဘူးဆိုတာနဲ့ ကျွန်တော်က သူ့ရဲစိတ်ကို ဖတ်ပေးမယ့်သူ တစ်ယောက်ဆိုတာ သူသိရင် လုံလောက်ပါပြီ အန်တီ”
ထိုအန်တီက သူ့ကို အခန်းတစ်ခုဆီသို့ ဦးဆောင်ခေါ် သွားပါသည်။ အခန်းတံခါးကို နှစ်ချက်ခေါက်ပြီး တွန်းဖွင့်လိုက်သောအခါ သူတွေ့လိုက်ရသည်က အတော်လေးဝသော မိန်းက လေးတစ်ယောက်ဖြစ်သည်။ Dreamback ပေါ်မှာ ခြေပစ်လက်ပစ်ထိုင်ရင်း လက်ထဲမှာ အာလူး ကြော် ပန်းကန်တစ်ချပ်နှင့် အာလူးချောင်းကြော်တွေကို ၀ါးရင်း Plasma TV Screen ဆီသို့ သဲကြီးမဲကြီး စိုက်ကြည့်နေသည်။ သူမရဲ့ မျက်ဝန်းတွေက အရောင်အဆင်း ကင်းမဲ့လျက် စိတ်ဓာတ် အကြီးအကျယ် ကျဆင်းနေသာ သူတစ်ယောက်၏ မျှော်လင့်ခြင်း ကင်းမဲ့နေသော မျက်ဝန်းများ ဖြစ်သည်။ သူမကြည့်နေသည့် ဗွီဒီယိုကားက တိုက်တိုက်ဆိုင်ဆိုင်ပင် စွဲငြိထင်၏ ကားဖြစ်နေသည်။ ဗွီဒီယိုကားထဲမှာ လှချင်တိုင်း လှပကြော့ရှင်းနေသော စွဲငြိထင်က သူမ၏ ကျော် ကြားလှသော ညှို့ပြုံးကလေးနှင့် သရုပ်ဆောင်လျက် ရှိသည်။
“သမီး … သမီးကို မေမေ လူတစ်ယောက်နဲ့ မိတ်ဆက်ပေးချင်လို့၊ သူက Mind Reader တစ်ယောက်ဆိုပါတော့ သမီးရယ်၊ သမီးနဲ့ ပတ်သက်ပြီး သမီးရဲ့ နာမည်ကိုတောင် မေမေ သူ့ကို ဘာမှ ပြောပြမထားဘူး၊ သူက သမီးရဲ့ စိတ်ကို ဖတ်ကြည့်လိမ့်မယ်၊ ပြီးတော့ သမီးစိတ်ထဲမှာ … ရင်ထဲမှာ ခံစားနေရတဲ့ ဝေဒနာတွေကို ကူညီဖြေရှင်းပေးလိမ့်မယ် ၊ နော် . .. သမီး”
သူမက သူမ၏ မေမေကို ယောင်၍ ပင် လှည့်မကြည့်ပါ။ ပါးစပ်က အာလူးချောင်းကြော်တွေ တစ်ချောင်းပြီး တစ်ချောင်း အဆက်မပြတ် ထိုးသွင်းနေလျက် မျက်လုံးများ က T.V ဆီမှ မခွာချေ။ သူ အန်တီ့ကို မျက်ရိပ်ပြလိုက်ကာ …
“ကဲ … ကျွန်တော် ခင်ဗျားရဲ့ နာမည်ကိုတော့ မသိသေးဘူး၊ ဒါပေမယ့် မကြာခင် သိရမှာ ပါ၊ ခင်ဗျားရဲ့ စိတ်ထဲမှာ ဘာတွေခံစားနေရသလဲဆိုတာ ကျွန်တော် သိခွင့်ရဖို့ ခင်ဗျားရဲ့ လက်နှစ်ဖက်ကို ခဏလေး ကိုင်ခွင့်ပြုပါနော်”
သူက သူမ၏ လက်နှစ်ဖက်ကို လှမ်းကိုင်လိုက်တော့လည်း သူမက မရုန်းပါ။ တုံဏှိဘာဝေနှင့် ထုံပေပေကြီး လုပ်နေသည်။ သို့သော် သူ့ရဲ့ အာရုံတွေကို စုစည်း စူးစိုက်ကြည့်လိုက်သည့်အချိန်မှာ တော့ သူမ၏ စိတ်အတွင်းမှာ ဆူညံလှုပ်ရှားလျက်ရှိသော အသံ တွေကို သူ စတင်၍ ကြားရပါသည်။
“ဘာ Mind Reader လဲ၊ လုပ်မနေနဲ့ ဘာပဲပြောပြော ဘယ်သူ့ကိုမှ မယုံတော့ဘူး၊ ဒီလောကမှာ ဘယ်သူ့ကိုမှ ယုံကြည်လို့ မရတော့ဘူး၊ စဉ်းစားကြည့်လေ … ကိုယ့်ရဲ့ သူငယ်ချင်း တစ်ယောက်ကတောင် ကိုယ့်ရဲ့ နောက်ကျောကို ဓါးနဲ့ ထိုးသွားခဲ့သေးတာ၊ ဘယ်သူ့ကို ယုံကြည် ရတော့မလဲ၊ စွဲငြိထင် … စွဲငြိထင် .. နင်ဟာလေ ရုပ်ကလေးလှသလောက် တော်တော်ရက်စက်တဲ့ မိန်းမ၊ ငါကိုယ်က အစကတည်းက ကြိုသိထားခဲ့ပြီးသားပါ၊ ငါပိုင်ဆိုင်သမျှ အရာအားလုံးကို နင် ဒီလိုပဲ လုလိမ့်မယ်ဆိုတာ ငါ သိပြီးသား၊ အမြဲတမ်းလည်း နင် ငါ့ဆီက လုယူနေခဲ့တာပဲ၊ ငယ်ငယ် တုန်းကတော့ ငါ့ရဲ့ အရုပ်တွေကို နင် လုယူခဲ့တယ်၊ နဲနဲကြီးလာတော့ ငါ့ရဲ့ အ၀တ်အစားတွေ ….နှုတ်ခမ်းနီတွေ …. ရေမွှေးပုလင်းတွေ … အသုံးအဆောင်တွေထဲက နင်ကြိုက်တာမှန်သမျှ လုယူသွားတာချည်းပဲ၊ ဒါကြောင့် ကိုကိုနဲ့ ငါ ချစ်သူတွေ ဖြစ်နေခဲ့တာကိုတောင် နင့်ကို ငါ တမင်သက်သက် လျှို့ဝှက်ထားခဲ့တာ၊ ဒါပေမယ့် … .နင့်ရဲ့ Model Show ကို ကိုကိုနဲ့ အတူတွဲ ပြီး လာကြည့်ခဲ့မိချိန်ကစပြီး ငါ အမှားကြီး မှားသွားတော့တာပဲ၊ နင် ကိုကို့ကို မြင်သွားခဲ့တာလေ၊ ကိုကိုကလည်း နင့်ကို မြင်သွားခဲ့တယ်၊ အဲဒီ အချိန်ကစပြီး ငါ စိုးရိမ်ခဲ့တဲ့အတိုင်း ဖြစ်ခဲ့တာပဲ၊ နင် ငါ့ဆီကနေ ငါသိပ်ချစ်တဲ့ ငါ့ရဲ့ ကိုကိုကို မာယာတွေ … ပရိယာယ်တွေနဲ့ ဖြားယောင်း သွေးဆောင်ပြီး လုယူသွားခဲ့တော့တာ၊ နင့်ကို ငါ သိပ်မုန်းတယ် စွဲငြိထင် … ဘယ်တော့မှ ခွင့်မလွှတ်ဘူး … သိလား၊ ငါ သိပ်ချစ်တဲ့ ငါ့ရဲ့ ချစ်သူကို ငါ့ရင်ခွင်ထဲကနေ နင် ဆွဲထုတ်လုယူသွား ခဲ့ပြီးတဲ့နောက်မှာ ငါ့ရင်ထဲမှာ ဘာမှ မရှိတော့ဘူး၊ ကိုကို့ကို ငါ သိပ်ချစ်တယ်၊ ဒါပေမယ့် … ငါ ဆုံးရှုံးခဲ့ရပြီ၊ ငါ့မှာ ဘာမှ လုပ်စရာ မရှိတော့သလိုပဲ၊ လူတွေနဲ့ လည်း မပတ်သက်ချင်တော့ဘူး၊ လူတွေကိုလည်း စကားပြောချင်စိတ် မရှိတော့ဘူး၊ ငါ အရှုံးကြီး ရှုံးခဲ့ပြီးပါပြီ၊ နင်ကတော့ အခု လောက်ဆို အပျော်ကြီး ပျော်နေလောက်ရောပေါ့၊ ကျေနပ်ချင်တိုင်း ကျေနပ်နေလောက်ရောပေါ့၊ နင်ဖြစ်စေချင်တာ အဲဒါပဲ မဟုတ်လား၊ ငါ ကျဆုံးတာကို နင် မြင်ချင်တယ် မဟုတ်လား၊ အဲဒီ မှာ စိတ်တိုင်းကျ အားရပါးရသာ ပျော်ပေတော့ စွဲငြိထင်၊ ငါ့ဘ၀တစ်ခုလုံး ရစရာမရှိအောင် … စုတ်ပြတ်သတ် ကြေမွသွားအောင် နင် လှည့်စားခဲ့တာကို ငါ ဘယ်တော့မှ မမေ့ဘူး …သိလား”
သူ သူမ၏ လက်နှစ်ဖက်ကို ဗြုန်းခနဲ မြန်လွှတ်လိုက်သည်။ ထို့နောက် သူမ၏ မျက်ဝန်းတွေကို မရ ရအောင် စိုက်ကြည့်လျက် …
“ကိုယ့်မျက်ဝန်းတွေထဲ မင်း တစ်ချက် စိုက်ကြည့်လိုက်ပါ ယသော်၊ မင်းရဲ့ ချစ်သူဟာ ကိုထင်စွာ မဟုတ်လား၊ မင်းရင်ထဲ ခံစားနေရတဲ့ ဝေဒနာဟာ ကိုယ့်ချစ်သူကို စွဲငြိထင်က လှလှပပ လေး သိမ်းသွင်းဆွဲဆောင် လုယူသွားခဲ့လို့ မဟုတ်လား၊ တကယ်တော့ အသည်းကွဲသွားရုံနဲ့ ဘ၀တစ်ခုလုံး အဓိပ္ပါယ် မရှိတော့သလို မရှုံးပေးလိုက်တာဟာ သိပ်ဆိုးတာပေါ့၊ မင်း ဘာဖြစ်လို့ စွဲငြိထင်ကို လက်မြှော က်အရှုံးပေးလိုက်ရတာ လဲ၊ မင်းရဲ့ ချစ်သူကို မင်း တကယ် သိပ်ချစ်တယ်ဆိုရင် သူ့ဆီကနေ မင်းဆီကို ပြန်ရောက်လာအောင် မင်း ပြန်ပြီး သိမ်းသွင်းဆွဲဆောင်ယူရမှာ ပေါ့၊ ဘာဖြစ်လို့ ကိုယ့်ဘ၀ကို အခုလို ဖျက်ဆီးချင်တိုင်း ဖျက်ဆီးပစ် နေရတာ လဲ၊ မင်း သိပ်မှားတာပေါ့”
သူ့စကားကြောင့် ယသော့်၏ မျက်ဝန်းတွေ ချာချာလည်ကာ ၀ိုင်းစက်သွား၏ ။
“ရှင် ဘယ်လိုလုပ်သိတာလဲ၊ ကျွန်မနာမည်နဲ့ ကိုကို့နာမည်ကို ရှင် ဘယ်လိုလုပ်ပြီး သိနေရတာ လဲ၊ ရှင် ဘယ်သူလဲ … စွဲငြိထင် လွှတ်လိုက်တဲ့လူလား၊ စွဲငြိထင်နဲ့ ရော ဘယ်လို ပတ်သက်နေလဲ၊ ရှင်ကရော သူ့ရဲ့ ရည်းစားတွေ အများ ကြီးထဲက တစ်ယောက် အပါအ၀င်ပဲလား”
သူမက အဆက်မပြတ် မေးခွန်းတွေ ထုတ်နေ၏ ။ သူ အသာအယာပင် ပြုံးလိုက်ကာ
“မင်းရဲ့ စိတ်ထဲမှာ စွဲငြိထင်ကို ဘယ်လောက်တောင် မုန်းနေသလဲဆိုတာ ကိုယ် မှန်းဆကြည့်လို့ ရပါတယ်၊ မင်း အလုပ်သင့်ဆုံး အလုပ်တစ်ခုကို ကိုယ်ပြောပြမယ်၊ ဘယ်တော့မှ မရှုံးမပေးပါနဲ့ ၊ သူတစ်ပါးက မင်းကို တွန်းလိုက်လို့ မတော်တဆ မင်း လဲကျသွားခဲ့တယ်ဆိုရင် တောင် အဲဒါဟာ မင်း ရှုံးသွားတာ မဟုတ်ပါဘူး၊ မင်းမှာ နောက်တစ်ကြိမ် ပြန်ထခွင့် .. .မတ်မတ် ရပ်နိုင်အောင် ပြန်ကြိုးစားခွင့် အပြည့်အ၀ ရှိပြီးသားပါ။ အဲဒါအပြင် မင်းကို အနိုင်ကျင့် ဗိုလ်ကျသွား တဲ့ အဲဒီ လူအပေါ် ပြန်ပြီး အနိုင်ယူနိုင်စွမ်းလည်း မင်းမှာ ရှိပြီးသားပါ။ အဲဒီ စွမ်းအင်တွေကို ထုတ်မသုံးဘဲ ကိုယ့်ကိုယ်ကို ဖျက်ဆီးမြှုပ်နှံပစ်လိုက်ရင်တော့ မင်းဘ၀လောက် နှမြောစရာကောင်း တာ မရှိတော့ဘူး ယသော်၊ မင်းဟာ အဆုံးအစမဲ့တဲ့ ခပ်တုံးတုံး မိန်းကလေးတစ်ယောက် မဟုတ်ပါဘူး၊ မင်း ဒီလိုပုံစံကြီးနဲ့ ဘယ်လောက်အထိ ဆက်နေနေမှာ လဲ၊ အခုလို အခန်းအောင်းပြီး ပတ်ဝန်းကျင် တစ်ခုလုံးနဲ့ အဆက်အသွယ် ဖြတ်ထားလိုက်တော့ရော မင်း ရှုံးသွားခဲ့တဲ့ အရှုံးကနေ ပြန်နိုင်လာစရာအကြောင်း ရှိလို့လား၊ မင်းမှာ လုပ်စရာတွေ အများ ကြီး၊ အနည်းဆုံးတော့ မင်းရဲ့ ချစ်သူကို မင်းဘက် ပြန်ပါလာအောင် ဆွဲဆောင်စည်းရုံးနိုင်ရမယ်၊ အခုလို အရှုံးပေးလိုက်တာဟာ မင်းကို အနိုင်ယူသွားတဲ့သူအတွက် ကျေနပ်စရာပေါ့၊ မင်းက ကိုယ့်ရန်သူကို ကျေနပ်စေချင်လို့ လား၊ မင်းမှာ သတ္တိမရှိဘူးလား … အင်အားမရှိဘူးလား၊ စွဲငြိထင်ကို မျက်နှာချင်းဆိုင်ပြီး သူ့ မျက်လုံးတွေထဲ တည့်တည့်စိုက်ကြည့်ပြီး သိပ်လှတဲ့ အပြုံးကလေးတစ်ခု ပြုံးမပြချင်ဘူးလား၊ ပြီးတော့ မင်းရဲ့ ချစ်သူကို သူ လုယူသွားတယ်လို့ မင်း ဘယ်တုန်းကမှ မသတ်မှတ်ခဲ့ပါဘူးလို့ ချို ချိုကလေး ပြန်မပြောချင်ဘူးလား၊ စွဲငြိထင်က မင်းအပေါ်မှာ အခုလောက်ဆို အထင်သေးနေရော ပေါ့၊ သူ မျှော်လင့်မထားတဲ့ ပုံစံတစ်မျိုးနဲ့ သူ့ကိုပြန်ပြီး ရင်ဆိုင်ချင်စိတ် မရှိဘူးလား”
ယသော်က သူ့ရဲ့ စကားတွေကို စိတ်ဝင်တစား အာရုံစူးစိုက်ကာ နားထောင်နေလျက်
“ကျွန်မက ဘာလုပ်ရမှာ လဲ၊ကျွန်မ ဘာမှ လုပ်ချင်စိတ်မရှိတော့ဘူး၊ ကိုကို့ကို သူ လုယူသွားပြီးကတည်းက ကျွန်မ အရှုံးကြီး ရှုံးခဲ့ပြီးသား၊ ဘာမှ လုပ်ချင်စိတ်ကို မရှိတော့တာ”
“အဲဒါ . . . . မင်း မှားတာပေါ့၊ လူတစ်ယောက်ရဲ့ ဘ၀မှာ အရှုံးကြီးရှုံးတယ်ဆိုတာ မရှိပါ ဘူး၊ ခဏတစ်ဖြုတ် အဆင်မပြေတာလေးပဲ ရှိမှာ ပါ၊ အဲဒီ အချိန်မှာ ကိုယ်က အရင်ရှိနေတဲ့ အင်အား ထက် နှစ်ဆသုံးပြီး ပိုကြိုးစားရုန်းကန်ပစ်ရမှာ ၊ အရှုံးပေးပြီး မင်းဘ၀ကို မင်း ပြန်ပြီး ဖျက်ဆီးနေလို့ ကတော့ ကိုယ့်ရဲ့ ရန်သူအတွက် ပိုကျေနပ်စရာပေါ့၊ ကဲ .. ..ကိုယ် မင်းကို မေးခွန်းတစ်ခုပဲ မေးမယ်၊ မင်း . . . .မင်းရဲ့ ချစ်သူကို ပြန်မလိုချင်ဘူးလား”
သူ့မေးခွန်းကြောင့် အရောင်အဆင်း ကင်းမဲ့လျက်ရှိသော ယသော့်၏ မျက်ဝန်းတွေထဲမှာ မျှော်လင့်ရိပ်ကလေးတွေ လင်းခနဲ ပြိုးပြက်သွားတာကို သူ မြင်လိုက်ရ၏
“ပြန်ရမယ်ဆိုရင် ပြန်လိုချင်တာပေါ့ … ဒါပေမယ့် ကျွန်မရဲ့ ချစ်သူက စွဲငြိထင်မှ စွဲငြိထင် ဖြစ်နေပြီ၊ အခု သူတို့ ချစ်သူတွေ ဖြစ်သွားကြပြီ၊ ကျွန်မကို ရက်ရက်စက်စက်ကြီး အဆက်ဖြတ် သွားပြီးမှ သူက ဘယ်လိုလုပ်ပြီး ကျွန်မဆီ ပြန်လာရမှာ လဲ”
ယသော့်မျက်နှာကလေးက ကြေကွဲနာကျင်ရိပ်တွေ လွှမ်းလျက် မျက်လုံးတွေထဲမှာ မျက်ရည်တွေ ပြည့်အိုင်လာသည်။
“ကိုယ်လိုချင်တာ ဒီအဖြေမဟုတ်ဘူးလေ၊ ကိုယ်မေးနေတာ ရှင်းရှင်းလေး၊ မင်း .. .မင်းရဲ့ ချစ်သူကို မင်းဆီ ပြန်လာအောင် ပြန်မခေါ်ချင်ဘူးလား ဆိုတာပဲဖြေ”
“အင်း … ကျွန်မ သူ့ကို ပြန်လာစေချင်တယ်”
“အိုကေ … .ကိုယ်လိုချင်တာ ဒါပဲ၊ အဲဒါဆိုရင် မင်းဘာလုပ်သင့်သလဲဆိုတာ ကိုယ် မင်းကို အကြံပေးမယ်၊ မင်းရဲ့ ချစ်သူ စွဲငြိထင်နောက် ဘာဖြစ်လို့ ပါသွားသလဲဆိုတာ မင်း သိသလား”
ယသော်က မျက်ဝန်းများ ကို နာကြည်းစွာ မှေးကျဉ်းပစ်လိုက်ရင်း ..
“သူက အရမ်းလှလို့ပေါ့၊ ကျွန်မထက် အဆပေါင်းများ စွာ ပိုပြီး ဆွဲဆောင်မှု ရှိလို့ပေါ့၊ ပြီးတော့ သူက ညှို့ဓါတ်ပြင်းတယ်၊ ကိုကို့ကိုမှ မဟုတ်ဘူး …. ယောက်ျားတကာကို သူ ညှို့တတ် တာ”
“မင်းလည်း သာမန်မိန်းကလေးတစ်ယောက် မဟုတ်ပါဘူး ယသော်၊ မင်းဆီမှာ အလှအပ တွေ ရှိပါတယ်၊ အဲဒီ အလှအပတွေကို မင်းက ထုတ်မသုံးတတ်လို့ပါ၊ တကယ်တော့ မိန်းကလေး တိုင်း လှကြတာချည်းပဲ၊ ကိုယ့်ရဲ့ အလှကို ပေါ်လွင်ထင်ရှားအောင်၊ လူသိအောင် ထုတ်မသုံးတတ် တာပဲ ကွာခြားသွားတာပါ၊ မင်းပြောသလို စွဲငြိထင်က သူ့ရဲ့ အလှကို လူတိုင်းသိအောင် အသုံးချ တတ်တယ် … ညှို့တတ်တယ်၊ မင်းလည်း သူ့လို မလှချင်ဘူးလား၊ မင်းရဲ့ အလှတွေနဲ့ မင်းရဲ့ ချစ်သူကို မညှို့မြှူချင်ဘူးလား”
ယသော့်၏ မျက်နှာကလေးမှာ ချက်ချင်းပင် သွေးရောင် ပြန်လွှမ်းလာသည်။ သူမ၏ နှုတ်ခမ်းကလေးဆီမှာ ရှက်ပြုံးရိပ်ကလေး ခိုတွယ်လာကာ ..
“ဟင့်အင်း .. .ကျွန်မကတော့ ကျွန်မကိုယ် ကျွန်မ လှတယ်လို့ မထင်ဘူး၊ အခုဆို ဖက်တီးပုပ်ကြီးတောင် ဖြစ်နေပြီ၊ ဘယ်လိုလုပ်ပြီး ကိုကိုက ပြန်ကြိုက်တော့မှာ လဲ၊ ကိုကိုက အလှအပ အရမ်းကြိုက်တာ”
“အဲဒါ မင်းကိုယ်မင်း ယုံကြည်စိတ်ချမှု မရှိတာကို ပြတာပဲ၊ မင်း ကိုယ့်ကိုယ်ကို လှအောင် ပြန်ပြုပြင်ရမှာ ပေါ့၊ ဒီနေ့ကစပြီး မင်းရဲ့ စိတ်ဓာတ်ကျနေတာတွေကို လွှင့်ပစ်လိုက်၊ ဘာကိုမှ မတွေးနဲ့ ၊ မင်းအတွက် ကိုယ် Personal Trainer တစ်ယောက် ငှားပေးမယ်၊ သူနဲ့ မင်း လေ့ကျင့် ရမယ်၊ မင်းရဲ့ ဘော်ဒီဝိတ်ကို ချပစ်ရမယ်၊ ပြီးတော့ … စွဲငြိထင်ထက် သာအောင် မင်းကိုယ်မင်း အလှဆင်ရမယ်၊ မင်းရဲ့ ချစ်သူ ဘာကြိုက်သလဲဆိုတာ မင်း သိနေပြီးသားပဲ၊ အလှကြိုက်တဲ့ လူတစ်ယောက်ကို အလှအပနဲ့ ပြန်ပြီး ဖြားယောင်းသိမ်းသွင်းဖို့ဆိုတာ လွယ်လွယ်ကလေးပါ၊ အရေးကြီးတဲ့ အချက်က မင်းကိုယ်မင်း သိပ်လှတယ်ဆိုတဲ့ ယုံကြည်မှု ရှိနေဖို့ပဲ၊ တကယ်တော့ ကိုယ့်အထင်ပြောရရင် မင်းကတောင် စွဲငြိထင်ထက် ပိုလှဦးမှာ ပါ၊ ဒါပေမယ့် မင်းကိုယ်မင်း မယုံကြည် စိတ်မချမှု တွေက မင်းရဲ့ အလှအပတွေကို ဖုံးထားတာ၊ ပြီးတော့ မင်းက စွဲငြိထင်ကို လုံးဝကြီး အရှုံးပေးထားခဲ့တာ၊ အဲဒါတွေက မင်းရဲ့ အလှတွေကို ဖုံးကွယ်ထားတာပဲ၊ မနက်ဖြန်ကစ ပြီး မင်း လူသစ်စိတ်သစ်နဲ့ ဘ၀သစ်တစ်ခုကို မဖန်တီးချင်ဘူးလား၊ မင်းကိုယ့်ကို ယုံကြည်တယ်ဆိုရင် ကိုယ်ပေးတဲ့ အကြံဉာဏ်တွေ .. .စိတ်ကူးတွေအတိုင်း လိုက်လုပ်ပါ့မယ်လို့ ကတိမပေးနိုင်ဘူးလား”
ယသော့်၏ မျက်ဝန်းတွေ အရောင်ပြောင်းလဲစပြုလာပြီ။ သူ့ကို လှမ်းကြည့်သော မျက်ဝန်း တွေဆီမှာ ယုံကြည်မှု နှင့် အားကိုးလိုမှု ကို တွေ့ရ၏ ။ သူမက ခေါင်းကလေးတစ်ချက် မသိမသာ ညိတ်ကာ ..
“ကျွန်မ ကတိပေးပါတယ် .. .ကိုကို့ကိုသာ ပြန်ရမယ်ဆိုရင် ရှင့်ရဲ့ စကားကို ကျွန်မ နားထောင်မှာ ပါ၊ ရှင်ပေးတဲ့ အကြံဉာဏ်ကိုလည်း တသဝေမတိမ်း လိုက်နာမှာ ပါ”
“အိုကေ .. .ဒါပဲပေါ့၊ မင်း စွဲငြိထင်ကို ပြန်ပြီး အနိုင်ယူရမယ်၊ မနက်ဖြန်ကစပြီး မင်းကိုယ်မင်း လုံးဝ ပြောင်းလဲပစ်ရမယ်၊ ကိုယ့်မှာ Traniner တစ်ယောက် အသိရှိတယ်၊ သူက အလှမယ်ဟောင်း တစ်ယောက်ပေါ့၊ အခုတော့ မယ်တွေအတွက် သင်တန်းပေးနေတယ်၊ သူ့သင်တန်းမှာ သွားတတ်ရင်လည်းရတယ်၊ ဒါမှမဟုတ် သူနဲ့ နှစ်ယောက်တည်း သီးသန့် အချိန်ယူပြီး လေ့ကျင့်ရင်လည်း ရတယ်၊ မင်းရဲ့ ဒီဘော်ဒီကို တော်တော်ကလေး ပြန်ချယူရမှာ ဆို တော့ အပြင်းအထန်တော့ မင်း ကြိုးစားရလိမ့်မယ်၊ မင်း လုပ်နိုင်တယ်မှလား၊ မင်းခေါင်းထဲမှာ တစ်ခုပဲ ထည့်ထားလိုက်၊ စွဲငြိထင်ကို မင်း ပြန်ပြီးတော့ အနိုင်ယူမယ်ဆိုတဲ့ အသိပေါ့၊ အဲဒါဆိုရင် အဲဒီ အတွေးက မင်းအတွက် ခွန်အားပဲ”
“ရှင့်ကို ကျွန်မ ကျေးဇူးတင်လိုက်တာ၊ မနေ့ကအထိ ကျွန်မကိုယ်ကျွန်မ ဘာမှန်း မသိတော့လောက်အောင် ပျောက်ဆုံးနေခဲ့တာ၊ အခုတော့ ကျွန်မရဲ့ ဘ၀အသစ်တစ်ခုကို လှမ်းပြီး တွေ့လိုက်ရသလိုပဲ၊ ကျွန်မ တကယ်အောင်မြင်မှာ ပါနော်”
“အဲဒါ အရေးအကြီးဆုံးပဲ၊ မင်းကိုယ်မင်း ယုံကြည်မှု အပြည့်အ၀ ထည့်ထားရမယ်၊ ဖြစ်နိုင်ပါ့မလား … မဖြစ်နိုင်ဘူးဆိုတဲ့ အတွေးတွေကို ဒီနေ့ကစပြီး ယောင်လို့တောင် မတွေးနဲ့ ၊ မင်းရဲ့ ရည်ရွယ်ချက်က တစ်ခုတည်းပဲ ရှိတယ်၊ မင်းရဲ့ ချစ်သူကို မင်းဆီ ပြန်လာအောင် ဆွဲဆောင် သိမ်းသွင်းဖို့ပဲ၊ အဲဒီ အတွက် မင်းရဲ့ အစွမ်းအစတွေ အားလုံးကို ထုတ်သုံးရလိမ့်မယ်၊ဟုတ်ပြီလား”
ယသော်က သူ့ကို တစ်ချက်ပြုံးပြပါသည်။ ထိုအပြုံးက စောစောက သူ စတွေ့လိုက်ရ သော ထုံပေပေ အေးတိအေးစက်နှင့် စိတ်ဓာတ်အကြီးအကျယ် ကျနေသော မိန်းမတစ်ယောက်နှင့် ပင် မတူတော့ချေ။ မျှော်လင့်ချက်များ နှင့် ဘ၀အသစ် တစ်ခုဆီသို့ လှမ်းမျှော်ကြည့်နေသော တက်ကြွထက်သန်လာသည့် မိန်းကလေးအသစ်တစ်ယောက်အဖြစ် ယသော့်ကို သူ မြင်လိုက်ရ သည်။
“ကောင်းပြီ . .. ကိုယ်တို့ရဲ့ စီမံကိန်းကို မနက်ဖြန်ကစပြီး အကောင်အထည် ဖော်ကြတာပေါ့ … အခုတော့ ကိုယ့်ကို ခွင့်ပြုဦး”
သူ ယသော့်ကို နှုတ်ဆက်ပြီး အခန်းထဲမှ ပြန်ထွက်လာခဲ့စဉ် ယသော့်ဆီက
“ခဏလေးနေဦးလေ .. .ရှင်နာမည်ကို ကျွန်မ မသိရသေးဘူး”
ဟု လှမ်းမေးသဖြင့် သူ ယသော့်ကို ပြန်လှည့်ကြည့်ကာ ပြုံး၍ အဖြေပေးလိုက်သည်။
“ကိုယ့်နာမည် ဆန်းစလပါ …”
+++++++
![]() မမက်ဖူးတဲ့အိပ်မက် | ![]() လိပ်ပြာတစ်ကောင်ရဲ့ ရင်ခုန်သံ | ![]() ပျားရည်မြစ်တစ်စင်းထဲက ပဉ္စလက်နှင်းဆီ |