Cover

အမှတ်တရမှတ်တမ်း

ကမ္ဘာပေါ်မှာ
သားသမီးအပေါ်
နားလည်နိုင်စွမ်းအရှိဆုံးသော
အဖေနဲ့ အမေ…၊
ဘ၀ရဲ့ အဓိပ္ပာယ်တွေ ကို
ပိုပြီးလေးနက်လှပ
ပြည့်စုံလာစေခဲ့တဲ့
ဘ၀အဖော်မွန်မောင်နဲ့သမီးလေးကို
အမှတ်တရ မှတ်တမ်းတင်လျက်….

လွန်းထားထား (ဆေးတက္ကသိုလ်)

အခန်း(၁)

သူမ ဖျတ်ခနဲ လန့်နိုးလာခဲ့သည်မှာ အသံတစ်ခုကြောင့် ဖြစ်သည်။ ဟုတ်ပါတယ်… အသံတစ်ခု။ တစ်ခုခုကို ပွတ်တိုက်နေသော အသံ။ ဒီအသံဟာ ဘယ်ကပါလိမ့်။ ဘယ်အချိန် ရှိပြီလဲ။ အခန်းတစ်ခုလုံး မှော င်မိုက်ပိန်းပိတ်နေသော ကြောင့် ခေါင်းရင်းနားက မီးခလုတ်လေးကို စမ်းပြီး ဖွင့်လိုက်သည်။ နာရီကို လှမ်းကြည့်လိုက်တော့ ညတစ်နာရီခွဲနေပြီ။ ည သန်းခေါင်းကျော်ကြီး သူဘာထလုပ်နေတာပါလိမ့်။ ဒီအခန်းဟာ သူမတို့ ဟန်းနီးမွန်း ထွက်လာခဲ့သော ငပလီကမ်းခြေ ဟိုတယ်အခန်း… ဟု သူမ ပြန်မှတ်မိသွားခဲ့ပြီ။ ညနေကမှ ရောက်လာခဲ့တာ။ တကယ်ဆို ခရီးပန်းပန်းနှင့် အိပ်မောကျလို့ အကောင်းဆုံးအချိန်လေ။ တိုက်ချွတ်သံက ရေချိုးခန်းထဲကနေ ထွက်လာနေတာ။

သူမ သက်ပြင်းတစ်ချက် ခပ်ဖွဖွချရင်း မွေ့ရာပေါ်မှ အိပ်ချင်စုတ်မွှားနှင့် ထလိုက်ရသည်။ ရေချိုးခန်းဆီသို့ လျှောက်လာခဲ့ပြီး တံခါးကို ဆွဲဖွင့်လိုက်ချိန်တွင် မြင်လိုက်ရသော မြင်ကွင်းကြောင့် အိပ်ချင်စိတ်တွေ အားလုံး တစ်စမကျန်အောင် ပျောက်ပြယ်လွင့်စဉ်သွားလျက် မျက်လုံးအစုံက ချာချာလည်အောင် ၀ိုင်းစက်ပြူးကျယ်သွားခဲ့တော့သည်။

“မောင်…ဘာတွေ လုပ်နေတာလဲ”

သူ့မျက်နှာက အနည်းငယ် ထူးဆန်းနေပါသည်။ ဒီမျက်နှာမျိုးကို ဟိုတယ်ကိုရောက်ရောက်ချင်းအချိန်က တစ်ခါ သူမ မြင်ခဲ့ရပြီးပြီ။ အခန်းထဲရောက်သည်နှင့် သူ ပထမဆုံးလုပ်သော အလုပ်မှာ သူ့လက်ဆွဲအိတ်ထဲမှာ အသင့်ပါလာသော အခန်းသန့်ဆေးဗူး ကလေးနှင့် တစ်ခန်းလုံးအနှံ့ လိုက်ဖြန်းခဲ့ခြင်း ဖြစ်သည်။ တကယ်တော့ ဒီဟိုတယ်လ်က ကြယ်လေးပွင့်အဆင့်ရှိသော ဟိုတယ်လ်မို့ အခန်းက သန့်ပြန့်မွှေးကြိုင်နေပြီးသားပါ။ သူမက နားမလည်နိုင်စွာ ဖြင့် …

“ဘာနံ့ရလို့လဲ မောင်ရဲ့ …တစ်ခန်းလုံး မွှေးပျံ့နေပြီးသားဟာကို”

သူမက ပြောပြောဆိုဆို မောမောနှင့် ဖြူဖွေးသပ်ရပ်စွာ ခင်းကျင်း ပြင်ဆင်ထားသော မွေ့ရာပေါ် ပစ်လှဲချမည့် ဟန်ပြင်တော့ …

“ဟာ … မအိပ်နဲ့ဦးလေ၊ ဒါ လူပေါင်းစုံ အိပ်ထားခဲ့တဲ့ အိပ်ရာ မောင့်ဒါလင်ရဲ့ ၊ ကိုယ် အဲဒီ အပေါ်မှာ အိပ်ဖို့ စိတ်မသန့်ဘူး၊ သေတ္တာထဲမှာ အိပ်ရာခင်းအသစ် ခေါင်းအုံးစွပ်အသစ် ငါးစုံပါတယ်၊ တစ်ရက်ကို တစ်စုံလဲမယ်၊ မောင့်ဒါလင် ဖယ်လိုက်၊ မောင်လဲပေးမယ်”

အဲဒီ ကတည်းက သူမ ပါးစပ်အဟောင်းသား ပွင့်သွားခဲ့ရတော့တာပါ။

“အခန်းသန့်ဆေးက ကိုယ်ကြိုက်တဲ့ လာဗဲန်ဒါအနံ့လေ၊ ပြီးတော့ ပိုးသတ်ဆေးလည်းပါတယ်၊ ဒီအခန်းထဲက လေထုထဲမှာ ကိုယ်မမြင်နိုင်တဲ့ virus တွေ ၊ bacteria ပိုးတွေ ပျံ့နှံ့နေမှာ ၊ ဆေးဖျန်းထားမှ ကြိုတင်ကာကွယ်ရာရောက်မှာ ပါ၊ မောင့်ဒါလင် လာကူပေးလေ၊ ဒီအတိုင်းကြည့်မနေနဲ့”

တဲ့ … ။ သူမ တအံ့တသြဖြင့် ပင် အိပ်ရာခင်း အဖြူဆွတ်ဆွတ် (ကြေမွရာတစ်ချက် မရှိအောင် မီးပူထိုးထားသော ) အသစ်တွေ ကို သူနှင့် အတူ ပြန်လဲခင်းခဲ့ရသေးသည်။ အဲဒီ ကတည်းက စတင်ခဲ့သော အံ့သြမှု သည် ခုလို ညသန်းခေါင်ကြီး ထ,ပြီး ဘောင်းဘီတိုလေးဝတ်ကာ လက်မှာ လက်အိတ်စွပ်လျက်သားဖြင့် ဘေစင်၊ အိမ်သာ၊ ရေချိုး ကြွေဇလုံတွေ အပါအ၀င် ရေချိုးခန်းအခင်းကြွေပြားတွေ ကိုပါ အားပါးတရ တိုက်ချွတ်ဆေးကြော နေသော မြင်ကွင်းကြောင့် တရှိန်ထိုး အမြင့်ဆုံး ဖြစ်သွားခဲ့တော့သည်။

“ရေချိုးခန်းတွေ က မသန့်ဘူး မောင့်ဒါလင်၊ စိတ်မချဘူး၊ဒါကြောင့် ပြန်တိုက်နေတာ၊ တရေး နိုးလာတာလား၊ ဒါဖြင့် လာခဲ့၊ မောင့်ကို ကူတိုက်ပေးပါဦး”

“ ဖြစ်မှ ဖြစ်ရလေ မောင်ရယ်၊ မောင့်ဟာက ဆိုက်ကို ဖြစ်နေမယ်နော်၊ သတိလည်းထားပါဦး၊ မောင့်မှာ ဒီလိုဆိုက်ကိုမျိုးရှိနေမှန်း ရည်းစားဘ၀တုန်းက ကျွန်မ ဘာ ဖြစ်လို့ မသိခဲ့ရတာ ပါလိမ့်”

“ဟိတ်…ကိုယ့်ကို ဆိုက်ကိုဆိုတဲ့ အသုံးအနှုန်း လုံးဝ မသုံးမိစေနဲ့ မောင့်ဒါလင်၊ ကိုယ်မကြိုက်ဘူး၊ ကိုယ် အလှအပ ကြိုက်တာ အသန့်အပြန့် ကြိုက်တာ စည်းစနစ်တကျ ရှိမှကြိုက်တာ ဒါလင် ဘာလို့မသိရမှာ လဲ၊လာ လာ … စကားမများ နဲ့ … ကူတိုက်ပေး”

“ဟင့်အင်း … မောင့်ဘာသာမောင်တိုက်၊ ကျွန်မ အိပ်ချင်တယ်”

သူမက ပြန်လှည့်ပြေးဖို့ကြံစဉ် … သူက ဗြုန်း ခနဲထလာပြီး သူမကို ပွေ့ဖက် ချုပ်ထိန်းထားလိုက်တော့သည်။

“ဒီလို တစ်ကိုယ်ကောင်းမဆန်ကြေးလေ မောင့်ဒါလင်ရဲ့ ၊ လင်မယားဆိုတာ ဘ၀တစ်ခုကို နှစ် ယောက် လက်တွဲ ပြီး ဖြတ်သန်းရမယ့်သူတွေ ၊ မျှမျှတတ အေးအတူပူအမျှရှိရမယ် … လာခဲ့”

“ဟာ ကွာ . . .”

သူမ စိတ်ပျက်လက်ပျက် ညည်းညူမိရင်း သူနှင့် အတူရေချိုးခန်းတစ်ခန်းလုံး ဖိတ်ဖိတ်လက် ပြောင်စင်သွားအောင် တိုက်ချွတ်လိုက်ရသည်မှာ ပထမဆုံး ဟန်းနီးမွန်းရက်၏ မမေ့နိုင်စရာ အမှတ်တရတစ်ခု ဖြစ်ခဲ့ပါသည်။

* * * * ** * * *

အားလုံး တိုက်ချွတ်ဆေးကြောပြီး သူရော သူမပါ သူ့အမိန့်အတိုင်း ရေပြန်ချိုးရပါသည်။ ပြောရင် ဘယ်သူတွေ ယုံနိုင်မလဲ။ မနက် အရုဏ်တက်ခါနီး သုံးနာရီလောက်မှာ ရေချိုးနေရသော သူမ၏ အ ဖြစ်။ တော် ပါသေးရဲ့ ။ ဟိုတယ်က ရေပူတပ်ဆင်ပေးထားလို့ ရေပူနွေးနွေးကလေးနှင့် နှစ် နှစ် ခြိုက်ခြိုက် အိပ်ပျော်သွားချိန်တွင် ပြန်အိပ်မရနိုင်ခဲ့သူက သူမသာလျှင် ဖြစ်တော့သည်။ တစ်ခုခုတော့ မှားခဲ့ပြီ။ သူ့ကို လက်ထပ်ခဲ့ခြင်းက အမှားတစ်ခုလား။ သူ့ကို သူမ ချစ်ခဲ့တာ သေချာပါသည်။ ချစ်ခဲ့လို့ပဲ လက်ထပ်ခဲ့တာပေါ့။ သူကရော…။ သူကလည်း သူမကို သိပ်ချစ်ခဲ့တာ အသေအချာပါ။ ချစ်ခဲ့တာမှ သူများ တကာတွေ အားကျရလောက်တဲ့အထိ အနုပညာဆန်ဆန် ရိုမန်တစ်ကျကျ ချစ်ခဲ့သူပါ။ တစ်ခုပဲပြောစရာရှိသည်မှာ သူ့အကြောင်းကို သူမ သိပ်အသိကြီး မဟုတ်ခဲ့ပါ။ ဆိုလိုတာက ထဲထဲဝင်ဝင် နှိုက်နှိုက်ချွတ်ချွတ် သိခဲ့တာမဟုတ်။ သူနှင့် သူမ၏ ချစ်သူသက်တမ်းသည် တစ်နှစ် အတိသာ။ သူနှင့် စတွေ့ ခဲ့သည်က facebook ပေါ်မှာ ။ ချစ်သူဘ၀တစ်လျှောက်လုံးလည်း သူနှင့် အဆုံများ ခဲ့သည်က facebook . . . g talk နှင့် ဖုန်းပေါ် မှာ သာ။ သူက အလွန်အလုပ်များ သော စီးပွားရေး သမား တစ်ယောက် ဖြစ်သည်။ သူကိုယ်တိုင်က အာခီတက် တစ်ယောက် ၊ အိမ်တွင်းအလှဆင် ကျောင်းဆင်း တစ်ယောက် ဖြစ်ကာ အိမ်ခြံမြေတွေ ကိုယ်တိုင် ဒီဇိုင်းဆွဲဆောက်လုပ်ကာ အိမ်အပြင်အဆင်ကိုပါ စိတ်တိုင်းကျ ၀န်ဆောင်မှု ပေးလျက် ပြန်ရောင်းသော အိမ်ခြံမြေရောင်းဝယ်ပြင်ဆင်ရေး ကုမ္ပဏီတစ်ခုကို ကိုယ်ပိုင်ဦးဆောင်လုပ်ကိုင် နေသူ တစ်ယောက် ဖြစ်သော ကြောင့် သူနှင့် သူမသည် အပြင်မှာ ချိန်းတွေ့ ပြီး ဆုံ ဖြစ်ကြဖို့ အတော် အချိန်ရှားခဲ့သည်။ အထူးသဖြင့် သူ့ဘက်ကချည်းပဲ မအားနိုင်ခဲ့တာပါ။ သူမ ကတော့ သူငယ်ချင်းတွေ နှင့် အတူတူကွန်ပျူတာနှင့် ကျောင်းပြီးခဲ့ပြီးUFL မှာ အင်္ဂလိပ်စာ ဒီပလိုမာ သင်တန်းတက်နေသူမို့ အချိန်ပိုပါသည်။

အပြင်မှာ သိပ်မတွေ့  ဖြစ်ပေမယ့် အချိန်တိုင်း ဖုန်းပြောလိုက်၊ messages တွေ ပို့လိုက်၊ g-talk မှာ ဆုံလိုက်၊ facebook မှာ ဆုံလိုက်နှင့် မို့ သူနှင့် အမြဲလိုလို နီးကပ်ရင်းနှီးနေခဲ့ပါသည်။ သူရဲ့ ထူးခြားမှု က သူကိုယ်တိုင် အလုပ်မအားသည့်ကြားက သူမဆီကို လူလွှတ်ပြီး အံ့သြစရာ suprises ကလေးတွေ နှင့် ဖမ်းစား ညှို့ငင်နိုင်ခဲ့ခြင်း ဖြစ်သည်။ အဲဒီ အတွက်လည်း သူမ ကြည်နူးရင်ခုန်ခဲ့ရတာ အခါခါ …။“မောင့် ဒါလင်” ဟု ဘယ်သူနှင့် မှမတူအောင်လေးနက်ပြီး အချစ်တွေ သီးနေသော အသံမျိုးဖြင့် ခေါ်တတ်သော သူ့အသံကို သူမသိပ်စွဲမက်ခဲ့သည်။ UFL မှာ သူငယ်ချင်းတွေ ရှေ့မှာ ပန်းစည်းလှလှတွေ ချော့ကလက်တွေ အရုပ်လှလှတွေ မိန်းကလေး တစ်ယောက် မက်မောလောက်သည့် အ၀တ်အစား အသုံးအဆောင်ပစ္စည်းလှလှ အဆန်းတကြယ်ကလေးတွေ ၊ တန်ဖိုးကြီးကြီးကလေးတွေ နှင့် ချစ်ပြခဲ့သော သူ့မှာ အခုလို အသန့်အပြန့်ကြိုက်လွန်းသော ၊ ရောဂါ ပိုးဝင်မှာ ကြောက်လွန်းသော ၊ ပစ္စည်းတွေ ကို နည်းနည်း ကလေး ရွဲ့စောင်းနေတာမှ မရှိစေရအောင် စနစ်တကျ စီစီရီရီထားမှကြိုက်သော စိတ် ရောဂါ တစ်မျိုးရှိနေခဲ့မှန်း ဟန်းနီးမွန်းပထမရက်ကျမှပဲ သိခွင့် ရလိုက်သည့်အ ဖြစ်။

သူ လက်ထပ်ခွင့်တောင်းခဲ့ချိန်ကလေးကို မက်မောတသစွာ ပြန်မြင်ယောင်မိတော့ အဲဒီ အချိန်တုန်းက စိတ် လှုပ်ရှားကျေနပ်နှစ် သိမ့်လွန်းစွာ သူမလောက် ကံကောင်းလွန်းသော မိန်းကလေး ဒီကမ္ဘာလောကမှာ ရှိပါသေးရဲ့ လားဟု ဂုဏ်ယူစိတ်ဝင်ကြီးခဲ့မိတာကို အခုအချိန်မှာ သံသယကလေး ဖြစ်ခဲ့ရပြီ။ သူမ တကယ် ကံကောင်းပါရဲ့ လား။ သူ လက်ထပ်ခွင့် တောင်းခဲ့သည်မှာ restaurant တစ်ခုရဲ့ သီးသန့်ခန်းကလေးထဲမှာ ။ ဂျပန်ဆိုင်ကလေးမို့ ကြမ်းပြင်ပေါ်မှာ ဆိုဖာကလေးနှင့် တင်ပလ္လင်ခွေထိုင်နေရာကနေ ဒူးတစ်ဖက်ထောက်လျက် အနေအထားဆီ ပြင်ဆင်လိုက်ရင်း . . .

“will you marry me?”

ဟု ဘိုဆန်ဆန်ကလေး ခွင့်တောင်းခဲ့တာမို့ သူမ ဘယ်လိုမှ ငြင်းဆန်နိုင်စရာ အကြောင်းမရှိခဲ့ပါ။ သူ့လက်ထဲမှာ နက်ပြာရောင် ကတ္တီပါဗူးကလေးကို ဖွင့်လျက်။ အထဲမှာ အပွင့်ခပ်ကြီးကြီး စိန်လက်စွပ်ကလေးတစ်ကွင်း။ သူမ မျက်လုံးပင် မလွှဲနိုင်ခဲ့ပါ။ စိတ်လှုပ်ရှားပျော်ရွှင်လွန်းစွာ မျက်ဝန်းထဲမှာ တောင် မျက်ရည်စ ကလေးတွေ ဝေ့၀ဲခိုသီလာခဲ့ပြီး သူမ ကျေနပ်ရင်ခုန်စွာ ခေါင်းညိတ်ခဲ့မိခြင်းတည်း။ သူက လက်စွပ်ကလေးကို သူမ၏ ညာဘက်လက်သူကြွယ်ကလေးမှာ ချက်ချင်း ပဲ ၀တ်ပေးခဲ့သည်။ ရုပ်ရည်ချောမောသန့်ပြန့် သားနားသော ၊ အပြောအဆို ဆက်ဆံရေး ညက်ညောလိမ္မာ ပါးနပ်သော ၊ ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းတစ်ခုကို အောင်အောင်မြင်မြင် ဦးဆောင်လုပ်ကိုင်လျက်ရှိသော ၊ အရာရာ ပြီးပြည့်စုံခမ်းနားစွာ အပြစ်မြင်စရာတစ်ချက်မှမရှိခဲ့သော သူလိုလူ တစ်ယောက် ကိုမှ လက်မထပ် ခဲ့လျှင် ဘယ်လိုလူမျိုးကိုမှ လက်ထပ်ဖို့ စိတ်မကူးနဲ့တော့ဟု သူမ တွေးခဲ့ဖူးသည်။

သူငယ်ချင်းတွေ ကို လက်စွပ်ကလေးပြပြီး ဂုဏ်ယူကျေနပ်စွာ ၀င့်ကြွားပျော်ရွှင်ခဲ့ဖူးသည်။ သူငယ်ချင်းတွေ ကြားထဲမှာ သူမဟာ အောင်မြင်ပြည့်စုံသော အပြစ်ဆိုစရာ မရှိသော လူ တစ်ယောက် ၏ မြတ်မြတ်နိုးနိုးအချစ်ကို ခံယူခွင့်ရသူအ ဖြစ် စိတ်ကြီးဝင်ခဲ့ဖူးသမျှသည် ပထမဆုံး ဟန်းနီးမွန်းရက်မှာ ပင် ပြယ်သွားသော အချိုဓာတ်အောက်က ခါးသက်လွန်းသော အရသာအောက်မှာ နစ်မြုပ်ဖုံးကွယ်သွားခဲ့ရပြီ။ သူ့ကို ကျောခိုင်းထားမိလျက် အိပ်နေမိခဲ့သော ကြောင့် မျက်ဝန်းထဲမှာ ပြည့်အိုင်လာခဲ့သော မျက်ရည်စီးကြောင်းကလေးက နားထင်စွန်းကိုဖြတ်စီးပြီး ခေါင်းအုံးဖြူဖြူကလေးဆီ စီးဆင်းသွားခဲ့ပါသည်။ ဘယ်တုန်းကမှ မကြောက်ခဲ့ဖူးသော အကြောက်တစ်မျိုး၊ ဘယ်တုန်းကမှ မ၀င်ခဲ့ဖူးသော သံသယတစ်မျိုး၊ ဘယ်တုန်းကမှ မ ဖြစ်ခဲ့ဖူးသော စိုးရိမ်ကြောင့်ကြ မှု တစ်မျိုးတို့သည် သူမကိုယ်ခန္ဓာအနှံ့အပြားဆီသို့ နေရာအနှံ့အပြားမှ စိမ့်ဝင်လာခဲ့ကြသော ပိုးမွှားကောင်ကလေးတွေ လို ပျံ့နှံ့သွားခဲ့တော့သည်။

* * * * ** * * *

နံနက်ခင်းစာ ကော်ဖီစားပွဲမှာ ထိုင်ကြစဉ် သူမ စကားပြောချင်စိတ် ထူးဆန်းစွာ ပျောက်ဆုံး နေပါသည်။ ဟိုတယ်လ်မှ စားပွဲထိုးကလေး အနားသို့ ရောက်လာကာ လက်နှစ် ဖက် နောက်ပစ်ရင်း …

“အစ်ကိုတို့ ဘာသုံးဆောင်ပါမလဲခင်ဗျာ”

ဟု လာမေးလျှင် သူ ဘာပြန်ပြောမလဲဟု သူမ အသာစောင့်နားထောင်နေလိုက်သည်။

“ပထမဆုံး ကိုယ်မှာ ချင်တာက ကိုယ်တို့အတွက်သုံးမယ့် ကော်ဖီခွက်တွေ ပန်းကန်တွေ နဲ့ ဇွန်းခက်ရင်းတွေ ကို ရေနွေးဆူဆူနဲ့ အရင်ဆေးပေးခိုင်းပါညီလေး၊ ကော်ဖီဖျော်တာရော အစားအသောက်ပြင်ဆင် ထည့်ပေးတဲ့လူကို တစ်ခါသုံးလက်အိတ်စွပ်ခိုင်းပါ၊ အဲဒါစပယ်ရှယ် request ကွာ၊ ကိုယ်တို့နှစ် ယောက် အတွက် ပေါင်မုန့်မီးကင်ရယ်၊ ၀က်ပေါင်ခြောက်ပြားကြော်ရယ်၊ ကြက်ဥဟာ့(ဖ်)ဖရိုင်း(ဒ်)ရယ်၊ Latte နှစ် ခွက်ရယ် သန့်သန့်လေးလုပ်ပေးနော်”

သူမကို ဘာစားမလဲမမေးဘဲ သူ့စိတ်ကြိုက်သာ နှစ် ယောက် စာမှာ လိုက်သော သူ့ကို သူမ ခပ်စူးစူးတစ်ချက်လှမ်းကြည့်လိုက်မိသည်။

“မောင် . . . ကျွန်မ ဘိုစာ မကြိုက်ဘူးနော်၊ မုန့်ဟင်းခါးစားမယ်၊ မုန့်ဟင်းခါးရလား မောင်လေး၊ အကြော်စုံနော်”

“ရပါတယ် အစ်မ”

“မောင့်ဒါလင် . . . နိုး မုန့်ဟင်းခါး၊ အပြင်မှာ ချက်တာ သန့်မှန်းမသိ မသန့်မှန်းမသိ၊ မစားရဘူးကွာ၊ ညီလေး အစ်ကိုမှာ တာပဲ ယူခဲ့၊ မုန့်ဟင်းခါးမယူလာနဲ့၊ ဒါပဲ သွားတော့. . . ရပြီ”

စားပွဲထိုးကလေးက သူ့ကို ခပ်အမ်းအမ်း တစ်ချက်ကြည့်လျက် ပြန်ထွက်သွားသည်။ သူမရင်ထဲ အစာမကျေနိုင်တော့ပါ။

“မောင် ဘယ်လိုလုပ်တာလဲ၊ ကျွန်မတို့ လက်ထပ်ခဲ့တာ နှစ် ရက်ပဲရှိသေးတယ်နော်၊ ပိုင်စိုးလှချည်လား၊ ကျွန်မ စားချင်တာလေးတောင် မစားရဘူးလား၊ အဲဒါ လုံးဝ မ ဖြစ်သင့်ဘူးနော်၊ မနေ့ညကလည်း . . .”

သူမစကားကို သူက လက်ဖ၀ါးတစ်ချက်ကာလျက် ဖြတ်ချလိုက်ပါသည်။

“မောင့်ဒါလင် . . . မောင့်ဒါလင်ကို ကိုယ်လက်ထပ်ခဲ့ပြီးပြီလေ၊ မောင့်ဒါလင်ကို ကိုယ်ပိုင်သွားပြီ၊ You are my property now”

“ဘာရယ် . . . ဘာproperty လဲ၊ အဓိပ္ပာယ်မရှိလိုက်တာ၊ ကျွန်မကို မောင့်ပိုင်ပစ္စည်းလို့ မောင်မို့ ပြောထွက်တယ် . . . ဟုတ်လား!၊ ဘယ်လောက်ရက်စက်တဲ့ အယူအဆလဲ၊ ကျွန်မက လူနော်၊ လူလူချင်း ဘယ်သူ့ကို ဘယ်သူကမှ မပိုင်ဘူး မောင်နားလည်ထားလိုက်၊ အဲဒီ အတွေးအခေါ်ကြီးက ၁၉ ရာစုက တောတွင်းလူမျိုးတွေ မှာ ပဲရှိတဲ့ အတွေးအခေါ်”

သူမ ဆတ်ဆတ်ထိမခံနိုင်အောင် တရစပ်ပြန်ပြောတော့ သူက ကြွက်ကလေးကို မသေမရှင်ပုတ်ပြီး ကစားနေသော ကြောင်တစ်ကောင်၏ နှစ် သိမ့်ကျေနပ်ပုံမျိုးဖြင့် တသိမ့်သိမ့် ရယ်မောကာ. . .

“ဟား ဟား . . . မောင့်ဒါလင်လေး ဒေါသတွေ ကြီးနေလိုက်တာ ရယ်စရာကောင်းလိုက် တာကွာ၊ အလကား နောက်တာပါ မောင့်ဒါလင်ရယ်၊ ချစ်လို့စတာပါ . . .”

သူ ဖြေလျှော့ချလိုက်မှန်း သူမ ရိပ်မိပါသည်။ သူ စ နေတာမဟုတ်မှန်း တမင်တကာ အနိုင်ယူပြောခဲ့မှန်း သူမ ခံစားမိပါ၏ ။ မကျေနပ်သော အစိုင်အခဲကလေးက သူမရင်ထဲမှာ အရှိန်ယူအသက်ဝင်လာလျက်ရှိသည်။

ခဏနေတော့ စားပွဲထိုးလေးက လက်မှာ တစ်ခါသုံး ပလတ်စတစ်အိတ်ကလေးတွေ စွပ်လျက်သားဖြင့် စားစရာတွေ လာချပေးသည်။ သူမ ဘိုစာတွေ တကယ်မကြိုက်ပါ။ စားလည်း မစားချင်။ မနက်စောစောဆို မုန့်ဟင်းခါးပူပူ ဒါမှမဟုတ် နန်းကြီးသုပ်လို ထမင်းကြော်ပူပူလို မြန်မာဆန်ဆန် အစာကို မြန်မာဆန်ဆန် လက်ဖက်ရည်ပူပူကလေးနှင့် စားနေကျမို့ သူ့ဘိုစာခြောက်ခြောက်ကြီးကို သူမ လုံးဝ မထိမတို့ဘဲ ဆန္ဒပြလိုက်သည်။ ကိုယ်စားချင်တာ မစားရရင် ဘာမှမစားဘူးပေါ့။

“စား . . . မောင့်ဒါလင်၊ ကိုယ့်ကို ဆန္ဒမပြနဲ့နော်၊ ကိုယ် မကြိုက်ဘူး၊ ကိုယ်က စကားနားထောင်မှ လိမ္မာမှကြိုက်တယ် သိလား၊ စားချင်ချင် မစားချင်ချင် စားလိုက်”

“နိုး . . .”

သူမ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။ သူက သူမကို စေ့စေ့စိုက်ကြည့်နေခဲ့သည်။ အစပထမမှာ သူမ အလျှော့ပေးလိုက် ရလျှင် တစ်သက်လုံး တောက်လျှောက် သူ နိုင်စားသွား တော့မှာ ။ သူ ကတော့ သူ့ပန်းကန်ကို စနစ်တကျသပ်ရပ်စွာ စားသောက်ပြီး ကော်ဖီကို စိမ်ပြေနပြေသောက်ရင်း သူမကိုသာ မျက်တောင်မခတ် စိုက်ကြည့်နေခဲ့သည်။ သူမကလည်း မစားဘူးဆို လုံးဝမစား။ ဒီအတိုင်း ပေကပ်စွာ ခပ်တည်တည် ထိုင်နေခဲ့သည်။ အေးစက်ခဲကျဉ်သော လေထုအငွေ့အသက်သည် သူမတို့နှစ် ယောက် ကြားမှာ သိပ်သည်း ကျစ်လျစ်စွာ …။

ထိုအခြေအနေကို အသံတစ်သံက ၀င်ရောက် ဖြိုခွင်းပစ်လိုက်ပါသည်။

“ဟာ…ဟေ့ကောင် ဥရွှေသြ၊ ကြည့်စမ်း မင်းနဲ့ မတွေ့  ဖြစ်တာ ဘယ်လောက် တောင်ကြာပြီလဲ”

လူ တစ်ယောက် သူ့ဆီ ဖက်လှတကင်းနှုတ်ဆက်ဖို့ ၀မ်းသာလှိုက်လှဲစွာ ရောက်လာခဲ့ခြင်း ဖြစ်သည်။ တစ်ဖက်က လက်ဆွဲနှုတ်ဆက်ဖို့ပြင်သည်ကို သူက လက်မပေးပါ။ ဟိုက အတင်းရှေ့တိုးကပ်လာခဲ့သည်ကို သူက ကိုယ်ကို နောက်ဆုတ်ရှောင်တိမ်းကာ အကပ်မခံတာမို့ သူ့အမူအရာက ရယ်စရာပင် ကောင်းနေသည်။

“ဟေ့ကောင် . . .နိုင်ကြီး၊ မင်း ဘာတွေ လုပ်နေတာလဲ၊ ကျောင်းပြီးကတည်းက မတွေ့ ကြတာနော်”

“ငါ ဒီမှာ ပဲ ဟိုတယ်လ်လုပ်ငန်း ဦးစီးပြီးလုပ်နေတာကွ၊ မင်းက ဘာ ဖြစ်နေတာလဲ၊ လက်ဆွဲတောင်နှုတ်မဆက်ဘူး၊ ငါ လက်ပေးရတဲ့သူတောင် လက်ရှက်သွားတယ်၊ ဒီလောက် သူငယ်ချင်း အရင်းကြီးတွေ ပဲဟာကို”

သူ့သူငယ်ချင်း သူ့လက်မောင်းဆီ ခပ်ဖွဖွ လှမ်းထိုးတာကို သူ ကမန်းကတည်း ရှောင်တိမ်းပြန်ကာ. . .

“ဟေ့ကောင် လက်မပါနဲ့ကွာ၊ မင်းလက်မှာ ဘာပိုးတွေ ကပ်နေမှန်းမသိဘူး၊ ငါက ငါ့ကို သူများ လာထိတာ မကြိုက်ဘူးကွ၊ ဘယ်သူနဲ့မှ လက်ဆွဲမနှုတ်ဆက်ချင်ဘူး၊ မလွှဲသာလို့ လက်ဆွဲ နှုတ်ဆက်လိုက်ရရင်လည်း ချက်ချင်း လက်ပြန်ဆေးပစ်လိုက်ရမှ”

“ဟာကွာ. . . ဟားဟား သေချာတယ် ဟေ့ကောင်၊ မင်းတော့ ဆိုက်ကိုတစ်ခုခု ဖြစ်နေပြီ၊ ဆရာဝန်လေး ဘာလေး ပြကြည့်ဦး၊ မင်းဟာက နော်မယ်လ် မဟုတ်ဘူး”

“ဟေ့ကောင် ငါ့ကို ဆိုက်ကိုဆိုတဲ့ အသုံးအနှုန်း လုံးဝ မသုံးနဲ့ကွာ၊ ငါ မကြိုက်ဘူး၊ နေဦး မင်းကို ငါမိတ်ဆက်ပေးဦးမယ်၊ ဒါ ငါ့ရဲ့ ချစ်ဇနီးချောလေး ‘ခွာညိုငွေရေး ’ မောင့်ဒါလင်ဒါကိုယ့်ရဲ့ best friend နိုင်မင်း တဲ့၊ ငါတို့ ဟန်းနီးမွန်းထွက်လာတာကွ”

“တွေ့ ရတာ ၀မ်းသာပါတယ်ရှင်”

သူမ ကတော့ သူ့ကို အရွဲ့တိုက်ဖို့ ဆုံးဖြတ်ထားသူ ပီပီ ကိုနိုင်မင်းကို လက်ဆွဲနှုတ်ဆက် ပစ်လိုက်သည်။

“ဟာ. . .မင်းမိန်းမက ချောလှချည်လား၊ နတ်မိမယ် ကလေးရထားတာပဲ၊ မင်း တော် တော် ကံကောင်းတဲ့ကောင်ကွာ”

“မင်းကလည်း ငါ ဥရွှေသြလေကွာ၊ သိတယ်မှလား ငါယူရင် အကောင်းဆုံးပဲ ဖြစ်ရမှာ ပေါ့၊ ဟုတ်တယ်မှလား မောင့်ဒါလင်”

သူမ သူ့ကို ခပ်တည်တည်လှမ်းကြည့်နေလိုက်သည်။ ပြုံးတောင် မပြုံးပြမိ။

“သိပါတယ် သိပါတယ် . . . မင်းအကြောင်းတွေ ကို အချိန်ရမှ ညီမကို ပြောပြရဦးမယ်၊ ဒီကောင် ဇီဇာကြောင်တဲ့အကွက်တွေ ကို၊ ဟား ဟား . . . ဟေ့ကောင် ငါ တကယ်ဝမ်းသာတယ်ကွာ၊ မင်းတို့ လင်မယားနဲ့ ငါတို့လင်မယား တစ်ညဆုံရအောင်၊ မင်းတို့ကို ငါ ညစာဖိတ်ကျွေးဦးမယ်၊ မင်း ဒီမှာ ပဲ တည်းတာမှလား၊ ငါ ဖုန်းဆက်လိုက်မယ် သူငယ်ချင်း၊ ညီမ တွေ့ ရတာ အရမ်းဝမ်းသာတယ်နော် . . . ဆုံဦးမယ် သိလား၊ ငါ့ဧည့်သည်တွေ ပါတယ်ကွ၊ မင်းကိုတွေ့ လို့ ၀မ်းသာအားရ လာနှုတ်ဆက်တာ သွားမယ့်ဟေ့ကောင်၊ တွေ့ ဦးမယ်၊ မင်းတို့ ဒီမှာ ဘယ်နှရက်နေမှာ လဲ”

“ငါးရက် နိုင်ကြီး၊ အေးဆေးလုပ်၊ ငါလည်း မင်းနဲ့ပြန်ဆုံရတာ ၀မ်းသာတယ်ဟေ့ကောင်”

ကိုနိုင်မင်း ပြန်ထွက်သွားတော့ သူက သူမကို လက်သွားဆေးခိုင်းပါသည်။

“မောင့်ဒါလင် လက်သွားဆေးလိုက်ဦး”

“ဟင် . . .ဘာလို့ ဆေးရမှာ လဲ၊ ဘာမှမှ မကိုင်ထားတဲ့ဟာကို”

“မောင့်ဒါလင် ဟိုကောင်နဲ့ လက်ဆွဲနှုတ်ဆက်ထားတယ်လေ၊ ဗိုင်းရပ်(စ်)ပိုးတွေ က အဲဒီ လို လက်ဆွဲနှုတ်ဆက်ရာကနေလည်း ကူးနိုင်တာပဲ”

သူမရင်ထဲသို့ မအီမလည်ခံစားမှု ကြီးတစ်မျိုး ဗြုန်းခနဲ ၀င်ရောက်လာသည်။ ရှင် သေလို့ရပြီဟု ပြောလိုက်ချင်စိတ်ကို မနည်းချုပ်ထိန်းမျိုချလိုက်ရသည်။

“သြော် . . .ကိုယ့်မှာ antiseptic hand gel ပါသားပဲ၊ ရော့ ရော့ . . . ဒါလေးပွတ်လိုက်”

သူက ဘောင်းဘီအိတ်ထဲက hand gel ဗူးကလေးနှိုက်ယူကာ သူမလက်ထဲ အတင်းညှစ်ထည့်ပေးလိုက် တာမို့ အောင့်သက်သက်ဖြင့် လက်ချင်းပွတ်လိုက်ရပါသည်။

“ကဲ . . . ရေထဲဆင်းရအောာင်၊ ကျွန်မ ရေထဲဆင်းချင်ပြီ”

“မဆင်းပါနဲ့ကွာ . . . ပင်လယ်ရေတွေ က မသန့်ဘူး၊ ဘိ(ခ်ျ)မှာ ပဲ လမ်းလျှောက်ကြတာပေါ့”

“ဘုရားရေ . . .ဒီလောက်ဝေးတဲ့ခရီးကို လေယာဉ်နဲ့ ကားနဲ့ တကူးတကလာခဲ့ပြီးတော့မှ ရေထဲမဆင်းရဘူး၊ ဘိ(ခ်ျ)မှာ ပဲ လမ်းလျှောက်ရမယ် ဟုတ်လား၊ မောင် ရူးများ ရူးနေပြီလား၊ ကိုယ့်စိတ်ကို နည်းနည်း ပါးပါး ထွက်ပေါက်ကလေးဘာလေး ပေးလိုက် ပါဦး မောင်ရယ်၊ အဲဒီ လောက် အတွေးမခေါင်ပါနဲ့၊ အယူမသည်းပါနဲ့ ကျွန်မ အသက်ရှူလို့မ၀တော့ဘူး၊ မောင်နဲ့ နေရတာ ”

သူမ ခပ်သွက်သွက်ထွက်လာခဲ့သည်။ ‘စိတ်ပျက်တယ်’ ဆိုသော စကားထက်ပိုသော ခံစားမှု သည် သူမရင်ဘတ်ထဲမှာ ၀ဲလှည့်နေခဲ့ပြီ။ သူက သူမနောက်မှ ခပ်သွက်သွက် လိုက်ပါလာကာ သူမ၏ လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ထားလိုက်သည်။

“မောင့်ဒါလင်၊ ကိုယ်တို့ ဟန်းနီးမွန်းထွက်လာတာ ပင်လယ်ထဲမှာ ရေကူးဖို့မဟုတ်ဖူးလေ၊ မောင့်ဒါလင် ရေကူးချင်ရင် ကိုယ့်အိမ်မှာ ရေကူးကန်ရှိတယ်၊ ကြိုက်သလောက်ကူး၊ ခြေကုန် လက်ပန်းကျတဲ့အထိ ကူး၊ ဟန်းနီးမွန်းခရီးဆိုတာ လင်မယား နှစ် ယောက် လွတ်လွတ်လပ်လပ် စိတ်အေးလက်အေးနဲ့ အနှောင့်အယှက်ကင်းကင်း ပျော်ရအောင် လာခဲ့တာ၊ဒီအချိန်ကလေးဟာ ကိုယ်တို့ဘ၀မှာ တစ်သက်လုံး အမှတ်တရ ဖြစ်နေစေမယ့် နောင်ဆယ်နှစ် ကြာ ပြန်ပြော ဖြစ်ရင်တောင် ရင်တသိမ့်သိမ့်နဲ့ တသသ ဖြစ်နေရမယ့် အချိန်ကလေးလေကွာ၊ ဒီအချိန်မျိုးမှာ ဘာပဋိပက္ခမှ အတိုက်အခံမှ မလိုချင်ဘူး၊ မောင့်ဒါလင်က လိမ္မာပါတယ်ကွာ . . . နော်၊ မောင့်ကိုချစ်တယ်မှလား . . . မောင့်ကို ချစ်ရင် မောင့်စကားကိုနားထောင်မှပေါ့၊ နောက်တစ်ခုက မောင့်ဒါလင်က ဘော်ဒီလေး အရမ်းလှတယ်လေ၊ ဒီဘော်ဒီလေး နဲ့ ရေကူးဝတ်စုံကလေးဝတ်ပြီး ရေဆင်းကူးရင် ဘေးနားက မဟာပုရိသတွေ ၀ိုင်းကြည့်ပြီး ပြစ်မှားကုန်မှာ ပေါ့ကွ၊ အဓိက က အဲဒါလည်းပါတယ်၊ ကိုယ် မခံနိုင်ဘူး၊ သ၀န်တိုတယ် . . .”

သူမ သူ့ကို မျက်စောင်းတင်းတင်း ထိုးပစ်လိုက်မိသည်။ နောက်ဆုံးတော့လည်း သူမကပဲ အလျှော့ပေးလိုက် ရပါသည်။

* * * * ** * *

အခန်း(၂)

ဒုတိယညမှာ ကိုနိုင်မင်းတို့ဇနီးမောင်နှံက သူတို့ပိုင်သော ဟိုလ်တယ်ရှိ ဘန်ဂလိုရှေ့ ကမ်းခြေကလေးမှာ ညစာ တည်ခင်းပါသည်။ မီးအိမ်သဏ္ဍာန် မီးလုံးလှလှကလေးတွေ နှင့် ခင်းကျင်းပြင်ဆင်ထားကာ ပင်လယ်စာတွေ နှင့် ၀ိုင်ဖြင့် ဧည့်ခံရင်း ရှေးဟောင်းနှောင်း ဖြစ်တွေ ပြန်ပြောကြသည်။ သူမက ကိုနိုင်မင်းဇနီး မချောပိုနှင့် အဖွဲ့ကျသွားခဲ့သည်။ ကျောက် ပုဇွန်၊ ဂဏန်း၊ ပြည်ကြီးငါး mussels နှင့် ရေဘ၀ဲ စသဖြင့် ပင်လယ်စာမျိုးစုံကို အရသာရှိလွန်းစွာ ချက်ပြုတ်ထားသဖြင့် စားလည်းစား ပြောလည်းပြော။ သူက ကျောက်ပုဇွန်ကင်တစ်မျိုးတည်းကို ၀ိုင်နှင့် သောက်ရင်း အားပါးတရ စားနေသော သူမဆီ မကြာခဏ သတိပေးသော အကြည့် မျိုးဖြင့် လှမ်းလှမ်းကြည့်နေရာကနေ မနေနိုင်သည့် အဆုံးမှာ သူမနားထဲသို့ တိုးတိုးကလေး လှမ်းပြောပါသည်။

“မောင့်ဒါလင်…သိပ်မစားနဲ့လေ၊ ဘယ်လို ဖြစ်လို့ အဲဒီ လောက်ငတ်ကြီးကျနေရတာ လဲ၊ ပင်လယ်စာဆိုတာ စားတိုင်းကောင်းတာမဟုတ်ဘူး”

“ကျွန်မ အရမ်းကြိုက်တယ် မောင်ရဲ့”

ဟုသာပြောပြီး သူမက မသိချင်ဟန်ဆောင်ကာ စားမြဲ။ အဲဒီ လိုစားတာသောက်တာ ကအစ မျက်စိဒေါက်ထောက်ကြည့်ကာ ကလေး တစ်ယောက် ကို ထိန်းကွပ်သလို ချုပ်ထိန်း တတ်မှန်း သူမအစက မသိခဲ့…..။

“ပြောပါဦး….ဆရာကြီးရွှေသြ ၊ ရန်ကုန်မှာ မင်းက အိမ်ခြံမြေတွေ ရောင်းဝယ်ရေး ကုမ္ပဏီ ဖွင့်ထားတာဆိုတော့ မင်းတော် တော် ချမ်းသာနေပြီပေါ့၊ မင်းပုံစံက အရှိန်အ၀ါကြီးနဲ့ကြီးကျယ် ခမ်းနားနေတယ်၊ငါတို့ ကတော့အေးဆေးပဲကိုယ့်လူ၊အရမ်းကြီးလည်းမချမ်းသာချင်ဘူး၊ဒီဟိုတယ်လုပ်ငန်းကလေးနဲ့ ကိုယ့်မိသားစု ပျော်ပျော်ရွှင်ရွှင်စိတ်ချမ်းချမ်းသာသာနေရရင်တော် ပြီ”

“အာ . . . မင်းရဲ့ အတွေးအခေါ်ကြီးက ဘယ်တော့မှ မကြီးပွားမယ့် အတွေးကြီးပါလား နိုင်မင်းရဲ့ ၊ မင်းရဲ့ အယူအဆကို ငါ ကတော့ လုံးဝကြီးဆန့်ကျင်တယ်ဟေ့ကောင်၊ ဘ၀ဆိုတာ စိန်ခေါ်မှု တွေ နဲ့ ပြည့်နေတဲ့ တိုက်ပွဲကွ၊ ငါ ဘာပဲလုပ်လုပ် အားလုံးထက်သာစေရမယ်၊ အားလုံးရဲ့ ထိပ်မှာ ရှိနေရမယ်၊ ဘယ်တော့မှ အလျှော့မပေးဘူး၊ အဲဒါ ငါ့ရဲ့ သင်္ကေတပဲ၊ ငါ့နာမည် ငါ့ရဲ့ ဂုဏ်သိက္ခာ အဲဒီ အရာတွေ ဟာ လူတကာက တလေးတစား ပြောစမှတ်ပြုရမယ့် စံတွေ ဖြစ်ရမယ်၊ ငါ အပြိုင်အဆိုင်ကို ကြိုက်တယ်၊ ငါ့နယ်ပယ်မှာ ဘယ်သူ့ကိုမဆို ငါ စိန်ခေါ်တာပဲ . . . လာထား၊ စိန်ခေါ်ပြီးရင်လည်း မရရအောင် နိုင်အောင် အပြတ်အသတ်သာအောင် ငါလုပ်ပြတယ်၊ အနိုင်ပိုင်းပြတဲ့သဘောဆိုပါတော့၊ အဲဒါကြောင့် ဥရွှေသြကုမ္ပဏီဆိုရင် အရည်အသွေးရော၊ ဂုဏ်သိက္ခာပိုင်းမှာ ပါ ထိပ်ဆုံးမှာ ရှိတယ်၊ ငါ့ကုမ္ပဏီကရောင်းတဲ့အိမ်ဆို စိတ်ချလက်ချ ၀ယ်ချင်သူတွေ ချည်းပဲ”

သူ့စကားလုံးတိုင်းမှာ “ငါ” ဆိုသော မာန်တွေ အပြည့်အ၀ ပါဝင်နေသည်ကို သူမ ခံစားမိရုံဖြင့် ရင်ထဲ ပူလောင်မွန်းကြပ်သွားမိသည်။ နိုင်မင်း ကတော့ ပြောမနာ ဆိုမနာ သူငယ်ချင်းမို့လားမသိ။ သူပြောသမျှကို လက်မခံ . . .။

“ဟေ့ကောင် . . . ငါပြောမယ်၊ ဟုတ်ပြီ မင်းဘ၀မှာ မင်းအတွက် အရေး ပါဆုံးအရာက ထိပ်ဆုံးမှာ ရှိဖို့ အောင်မြင်ဖို့ မြင့်မားတဲ့ဂုဏ်သိက္ခာ ဟုတ်လား၊ မင်း အခုချမ်းသာတယ်ကွာ၊ ခြံတွေ မြေတွေ တိုက်တွေ အလုံးပေါင်းများ စွာ ပိုင်မယ်ကွာ၊ ပိုက်ဆံတွေ သိန်းပေါင်းထောင်သော င်းချီပြီး ဘဏ်ထဲမှာ ရှိမယ်ကွာ၊ ကားတွေ ပိုင်မယ်ကွာ၊ ကဲ . . . မင်း အဲဒါတွေ နဲ့ ဘာလုပ်လို့ရသလဲ၊ အဲဒီ ချမ်းသာကြွယ်ဝမှု တွေ ပိုင်ဆိုင်မှု တွေ ကနေ သြဇာအာဏာအရှိန်အ၀ါနဲ့ ပါဝါတွေ မင်းရချင်ရလိမ့်မယ်၊ ဒါပေမယ့် ချစ်ခြင်းမေတ္တာနဲ့ စိတ်ချမ်းသာပျော်ရွှင်မှု ကို မင်း အဲဒါတွေ ဆီကနေ ဘယ်တော့မှရမှာ မဟုတ်ဘူး၊ ငါလောင်းရဲတယ် သူငယ်ချင်း”

“ကျစ် . . . သွားစမ်းပါကွာ၊ မင်းနဲ့ငါ အတွေးအခေါ် အယူအဆချင်း ပြဒါးတစ်လမ်း သံတစ်လမ်းပဲ၊ အဲဒီ တော့ ဘ၀အကြောင်း ဆက်မဆွေးနွေးနဲ့တော့၊ ကြာရင် ရန်ထ ဖြစ်လိမ့်မယ်”

တော် ပါသေးရဲ့။ သူတို့နှစ် ယောက် ရန်ထ မ ဖြစ်လို့။ သူမ ကတော့ မချောပိုနှင့် မိန်းမသားတွေ ပီပီ ရုပ်ရှင်အကြောင်း၊ စာအုပ်အကြောင်း၊ အ၀တ်အစားအကြောင်း၊ သီချင်း အကြောင်းတွေ ပြောမိကြသည်။

“ကဲ . . . ဘ၀အကြောင်း မပြောရဘူးဆိုရင် မင်း ငယ်ငယ်က ကျောင်းတုန်းက ဇီဇာကြောင်တဲ့အကြောင်းတွေ ပြောမယ်ကွာ . . . သိလား ခွာညိုငွေရေး ၊ ဒီကောင်က အသန့်အပြန့် အလှအပ အရမ်းကြိုက်တာ၊ သူ့အိမ်မှာ ဆို ပစ္စည်းတွေ အားလုံး ပြောင်လက် သန့်စင်နေပြီး အားလုံး သူ့နေရာနဲ့သူ စနစ်တကျ စီစီရီရီရှိမှကြိုက်တာ၊ ကျွန်တော် တို့ သူ့အိမ်သွားရင် ဟိုဟာမကိုင်နဲ့၊ ဒီဟာမလုပ်နဲ့ နဲ့လိုက်ပိတ်ပင်နေတာ၊ သူ့အခန်းနဲ့ ရေချိုးခန်းအိမ်သာ ဆို သူ့ဘာသာသူ နေ့တိုင်း တိုက်ချွတ်ဆေးကြောတဲ့ကောင်၊ သူ့ကို စိတ်ဆိုးအောင် စချင်ရင် ကျွန်တော် တို့က သူ့ပစ္စည်းတွေ ကို ရွဲ့စောင်းအောင် တွန်းတိုက်ပစ်၊ ရေချိုးခန်းထဲ ရှူးရှူးတွေ ပန်းထည့်၊ အိမ်သာထဲ ကန်တော့ပါရဲ့ အီးအီးပါပြီး ရေမဆွဲဘဲ သူ့အတွက် ချန်ထားခဲ့လုပ်ရင် သူ ရေရေလည်လည် စိတ်ဆိုးတော့တာ၊ ဆွေ့ဆွေ့ကိခုန်ပြီး ကျွန်တော် တို့ကို အသေလိုက်ထိုးတော့တာ”

“အယုတ်တမာကောင်တွေ ပေါ့ မောင့်ဒါလင်ရဲ့ ”

“ဟား ဟား ဟား . . . ကျွန်တော် မှတ်မိသေးတယ်၊ တစ်နေ့ သူ့အိမ်မှာ ညသွားအိပ် စာကျက်ပြီး သူ့ခေါင်းအုံးအောက်မှာ ဘဲဥပုပ်တစ်လုံးထားပစ်ခဲ့တာ သူ စိတ်ဆိုးလွန်းလို့ ကျွန်တော် တို့ကို စကားတောင် မပြောတော့ဘူး၊ မနည်းပြန်ချော့ရတယ် ဟီးဟီး”

“ဒီကောင် တအားဆိုးတာ မချောပိုရဲ့ ၊ ညစ်လည်းတအားညစ်ပတ်တယ်၊ လမ်းဘေး သေးပန်းတဲ့ကောင်၊ တစ်ခေါက် ကားနဲ့ ခရီးသွားတာ ကားပေါ်မှာ ရှူးရှူးပေါက်ချင်လို့ဆိုပြီး ပေါက်ချပစ်လိုက်တာ ဒီကောင်ပေါ့၊ တစ်ကားလုံး နံဟောင်ကုန်တာ၊ ကျွန်တော် ဆို အန် ရော”

“ဟား ဟား . . . ငါ့အလှည့် ငါ့အလှည့်၊ ဒီတစ်ခါ ငါပြောမယ်၊ ကျောင်းတုန်းက သူလိုက်ခဲ့တာ တကယ့်ခေါင်နော်၊ ကွင်းကိုမှ ရအောင်လိုက်တာ၊ ဟိုကလည်း သူ့ကို ပြန်ကြည်ခါနီး နပါပြီ၊ တော် တော် လေး အဆင်ပြေနေပြီ၊ တစ်ရက်တော့ အဲဒီ ကွင်းက ဘာရယ် မဟုတ်ပါဘူး၊ သူနဲ့ စကားပြောနေရင်း အံသွားထဲမှာ ညပ်နေတဲ့အသားစကို ပါးစပ်ကြီးဟပြီး ဆွဲထုတ်ယူလိုက်မိတာ၊ ပြီးတော့ အဲဒီ အသားစကို လက်ညှိုးကလေးနဲ့ တောက်ထုတ်ပစ်လိုက်တာ ဘယ်ရောက်သွားမှန်းမသိဘူး၊ သူက အဲဒါကို အရမ်းရွံသွားပြီး ဆက်ကို မလိုက်တော့တာ ဟား ဟား . . .၊ ကျွန်တော် တို့က သူ့ကို ဘာလို့ဆက်မလိုက်တော့တာလဲလို့မေးတော့ သူ့အိမ်မှာ မမြင်နိုင်တဲ့ သွားကြားညပ်အစတွေ ဟိုတောက်ဒီတောက် လုပ်ထားခဲ့မှာ စိုးလို့တဲ့၊ ကြိုတင်ကာကွယ်တာတဲ့၊ ဟား ဟား”

သူက ခေါင်းတခါခါဖြင့် ရယ်မောနေသည်။

“ကဲ စကားပြောလို့တော့ ကောင်းတယ်၊ ညဥ့်နက်ပြီကွာ၊ ငါတို့ပြန်ကြမယ်၊ ဒီည ဒင်နာအတွက် ကျေးဇူးပဲ နိုင်မင်း၊ မင်းတို့ ရန်ကုန်လည်း လာလည်ကြဦးလေ၊ ငါ့လိပ်စာကဒ် ယူထားလိုက်၊ အချိန်မရွေးနော် သူငယ်ချင်း”

“အေးပါကွာ . . . ငါလည်း မင်းနဲ့ ပြန်တွေ့ ရတာ ရော၊ မင်းရဲ့ ဇနီးချောချောလှလှကလေးနဲ့ ဆုံခွင့်ရတဲ့အတွက်ရော အရမ်းဝမ်းသာတယ် သူငယ်ချင်း၊ ဂွတ်(ဒ်)နိုက် ဥရွှေသြနဲ့ငွေရေး ”

နှစ် ယောက် လုံးကို နှုတ်ဆက်ခဲ့ပြီး သူမတို့ ဟိုတယ်လ်ဆီသို့ ပြန်လာခဲ့ကြသည်။ အဲဒီ တုန်း ကတော့ အေးအေးလူလူပါ။ တစ်ယောက် လက် တစ်ယောက် တွဲ ကာ ချစ်ခင်ကြည်နူးစွာ ပြန်လာခဲ့ခြင်း ဖြစ်သည်။ ပြဿနာက ဟိုတယ်လ် အခန်းရောက်မှ ဖြစ်ပါသည်။

* * * * ** * * * *

ပထမဆုံး သတိထားမိတာက ဗိုက်ထဲကနေရစ်ပြီး နာကျင်လာခဲ့သော ဝေဒနာ ဖြစ်သည်။ တော် တော် အခံရခက်သော ဝေဒနာပါ။ အိမ်သာဆီတန်းပြေးတော့ သူက မျက်မှော င်ကြုတ်ကာ ကြည့်နေသည်။

“တွေ့ လား. . . sea food တွေ နင်းကန်စားပြီး ၀မ်းသွားပြီမှလား၊ အနံ့တွေ ကလည်း ပြင်းလိုက်တာကွာ”

ကိုယ့်ဝေဒနာနှင့် ကိုယ်မို့ သူ့ငြူစူမှု ကို ဂရုမစိုက်နိုင်အားပါ။ ဝေဒနာကို ဖြေရှင်းဆေးကြော သန့်စင်ပြီးမှ ည၀တ်အကျီကလေးလဲလှယ်ကာ မွေ့ရာပေါ်သို့ တက်ခဲ့သည်။ သူ့နားကပ်မည့်  ဟန်ပြင်တော့ မျက်နှာတည်ကြီးနှင့် . . .

“နိုး နိုး နိုး ဟိုဘက်အစွန်ကို တိုးအိပ် မောင့်ဒါလင် ကိုယ့်နားမကပ်နဲ့တော့၊ တော် ပြီ… ကိုယ့်ဘက်ကိုကျောပေးမအိပ်နဲ့၊ဒီဘက်ကိုလှည့်အိပ်”

“အောင်မယ်…ဒါကရွံတယ်ပေါ့လေ၊အ ဖြစ်သည်းလိုက်တာ အမြင်ကတ်စရာကြီး”

သူက ကျောက်ရုပ်ကြီးလို တောင့်တောင့်ဆန့်ဆန့်ကြီးလုပ်ထားကာ သူမကိုတော့ ရွံစရာတစ်ခုလို လှမ်းလှမ်းကြည့်သည်မို့ သူမ စိတ်မဆိုးနိုင်တော့ဘဲ တသိမ့်သိမ့်ရယ်မိပါသည်။

“ရယ်စရာမဟုတ်ပါဘူး မောင့်ဒါလင်၊နောက်တစ်ခါ sea food မစားရတော့ဘူး၊ စားရင်အသိပဲ”

သူမက ဆက်ရယ်မောနေရင်းကနေ ရုတ်တရက်ချောင်းဆိုးပြီး သီးသွားသလို ဖြစ်ကာ ပျို့ခနဲ အန်မိသွားတော့သည်။ ရေချိုးခန်းဆီ ပြေးချိန်မရလိုက်…။

“အား…သွားပြီ သွားပြီ၊မောင့်ဒါလင်…မင်းဘယ်လိုလုပ်လိုက်တာလဲ၊ အိပ်ရာပေါ်မှာ အန်ချလိုက်ရသလားကွ၊ အား…ငါရွံလို့သေတော့မယ်”

သူအာခေါင်ခြစ်ပြီး အလန့်တကြားအော်ပစ်လိုက်သည်။ ကြောက်စရာပင်ကောင်းပါသည်။ အိပ်ရာပေါ်ကနေ သူ ၀ုန်းဒိုင်းကြဲကာ ထပြေးသည်။

“’ဒီမွေ့ရာ အိပ်ရာခင်းနဲ့ ခေါင်းအုံးစွပ်တွေ ချက်ချင်း အသစ်ပြန်လဲပေး၊ မောင့်ဒါလင်… မင်းရဲ့အန်ဖတ်တွေ နဲ့ အိပ်ရာခင်းကို အိတ်တစ်လုံးထဲ ထည့်ပြီးအခန်းအပြင်ထုတ်ထား၊ပြီးရင် အခန်းသန့်ဆေးတွေ လိုက်ဖြန်းပေးထား၊ကိုယ်ဒီအခန်းထဲဆက်နေရင် သေလိမ့်မယ်”

သူပြောပြောဆိုဆိုနှင့် အခန်းထဲမှ ပြေးထွက်သွားသော အခါ သူမအံ့သြမှု တနင့်တပိုးနှင့် ကျန်ရစ်ခဲ့သည်။ ဘယ်မှာ လဲ ကိုယ့်ချစ်သူဇနီး တစ်ယောက် အပေါ် စိုးရိမ်ကြင်နာ ဂရုစိုက်မှု . . .၊ သူ့ရဲ့ ရွံရှာမှု စိတ္တဇတစ်ခုကလွဲပြီး ဘာကိုမှ သူ မငဲ့ညှာမထောက်ထားခဲ့ပါလား။ သူမရင်ထဲသို့ အလွန်ကြီးမားသော ကွက်လပ်ကြီးတစ်ခု ၀င်ရောက်လာခဲ့သည်။ အိုး . . . သူမလို ပူပူနွေးနွေး လက်ထပ်ပြီးကာစ မိန်းမ တစ်ယောက် အတွက် ဘယ်လိုမှ မအပ်စပ် မသင့်တော် လွန်းသော အထီးကျန် နာကျင်ကြေကွဲမှု ကြီးပါလား . . .။ အံ့သြစရာ ကောင်းလှစွာ ထိုညကတစ်ညလုံး သူ အခန်းထဲသို့ ပြန်ရောက်မလာခဲ့ပါ။

* * * * ** * * *

နောက်တစ်နေ့မနက်မှာ သူ အခန်းတံခါးခေါက်ပြီး ပြန်ဝင်လာတော့ ညက ကြောက်စရာ ကောင်းလောက်အောင် တစ်ကိုယ်ကောင်းဆန်ခဲ့သူမှာ သူ မဟုတ်ခဲ့သည့်အတိုင်း . . .။

“မောနင်း မောင့်ဒါလင် . . .”

ဟု နှုတ်ဆက်ရင်း အခန်းသန့်ဆေးတွေ တရှူးရှူး လိုက်ဖြန်းနေတာကို သူမ စကားလုံးမဲ့စွာ ငေးကြောင် ကြည့်နေခဲ့မိသည်။ သြော် . . . သူ တတ်နိုင်လွန်းတာ။

“နေကောင်းသွားပြီလား မောင့်ဒါလင်၊ ညက ကိုယ် သည်းမခံနိုင်လောက်အောင် ဖြစ်သွားခဲ့တာ ဆောရီးပါကွာ၊ အဲဒါတွေ ကိုတော့ ကိုယ် ဘယ်လိုမှ သည်းမခံနိုင်လို့ပါ၊ ညက ကိုယ် ဘယ်လိုမှ သည်းမခံနိုင်လို့ပါ၊ ညက ကိုယ် အခန်းသစ်တစ်ခန်း ထပ်ယူလိုက်ရတယ်လေ၊ အိပ်ရာခင်းအသစ်တွေ နဲ့ သူတို့ကို ပြန်လဲခိုင်းခဲ့ရပေမယ့် စိတ်ထဲ သိပ်တော့မသန့်လှဘူး၊ ကဲ ကဲ ထလေ မောင့်ဒါလင်၊ breakfast သွားစားရအောင်”

“breakfast က ထုံးစံအတိုင်း ၀က်သားပြားနဲ့ ဘို မနက်ခင်းစာပဲမှလား မောင်၊ အဲဒါဆိုရင် ကျွန်မ မစားမယ့်တူတူ လိုက်စားမနေတော့ပါဘူး”

သူ့မျက်နှာပေါ်မှာ ရှိနေခဲ့သော နူးညံ့ချိုမြိန်သည့် အပြုံးကလေး ဖျတ်ခနဲ ပျောက်ကွယ် သွားပါသည်။

“အ၀တ်အစားလဲပါ မောင့်ဒါလင်၊ ကိုယ်က ခေါ်ရင် လိုက်မှကြိုက်တယ်၊ ကျွေးရင် စားမှကြိုက်တယ်၊ ကိုယ်နဲ့ အတူ လိုက်စားလှည့် . . . လာ”

သူက သူမလက်ကို ခပ်တင်းတင်းလှမ်း ဆုပ်ဆွဲခေါ်သည်ကို သူမ မခံရပ်နိုင်စွာ ဆောင့်ရုန်းထွက်ပစ်လိုက်သည်။

“ကျွန်မကို ဇွတ်အတင်းအကြပ် အမိန့်မပေးနဲ့ မောင်၊ ကျွန်မ မကြိုက်ဘူး . . .”

သူ့မျက်လုံးများ လက်ခနဲ တောက်ပသွား၏ ။

“မင်းကို ကိုယ်ပိုင်တယ်လေ မောင့်ဒါလင်၊ မင်းမှာ ကြိုက်တာတွေ မကြိုက်တာတွေ ငြင်းဆန်ခွင့်တွေ မရှိဘူး၊ ကိုယ် ဖြစ်စေချင်တာကို ဖြစ်အောင်လုပ်ပေးရမှာ က မင်းရဲ့ တာဝန် ဖြစ် သွားပြီ၊ ဘာ ဖြစ်လို့လဲဆိုတော့ မင်းက ကိုယ့်ရဲ့ မိန်းမလေ”

သူမ သူ့ကို စိတ်ပျက်လက်ပျက်နိုင်စွာ မျက်လုံးချင်းဆုံပြီးကြည့်မိသည်။

“မိန်းမဆိုတာယောက်ျားရဲ့ အပိုင်အဆိုင်ခံပစ္စည်း မဟုတ်ဘူးမောင်၊ အဲဒီ အတွေးအခေါ်က အရမ်းနိမ့်ကျ ဟောင်းနွမ်းလွန်းနေပြီ၊ ကျွန်မ လက်မခံဘူး”

“တော် ပြီ မောင့်ဒါလင်၊ စကားဆက်မရှည်နဲ့တော့၊ လက်ခံတာတွေ လက်မခံတာတွေ ကို အငြင်းပွားနေရမယ့်အချိန် မဟုတ်ဘူး၊ ခု ချက်ချင်း အ၀တ်အစားလဲလိုက်ခဲ့၊ ကိုယ်ဗိုက်ဆာရင် စိတ်တိုတတ်တယ်”

“ကျွန်မ မလိုက်ဘူး မောင်၊ သေချာတယ်၊ မောင် တစ်ယောက် တည်း သွားစားလိုက်”

“ကျစ် . . . ခက်တော့နေပြီ”

သူမက သူ့ကို ရှောင်ချင်တာနှင့် ကုတင်ပေါ်မှ ထကာ ရေချိုးခန်းထဲသို့ ၀င်လာခဲ့သည်။ သူ ၀င်လာလို့မရအောင် အထဲကနေ ချက်ချထားလိုက်၏ ။

“ကောင်းပြီ မောင့်ဒါလင်၊ ကိုယ် မင်းကို အပြင်ကနေ ချက်ထိုးပေးခဲ့တယ်၊ ကိုယ် ပြန်မလာမချင်း မင်း အဲဒီ အထဲကနေ ပြန်မထွက်နဲ့တောပေါ့ . . . ဟုတ်ပြီလား”

တံခါးကို အပြင်ကနေ ချက်ထိုးပစ်လိုက်ကြောင်း သူမ သိလိုက်သည်။ ချက်ချင်း ပြေးဖွင့်သည့်တိုင် မမီတော့ပါ။ မနေ့ညက အနာပေါ်မှာ နောက်ထပ်အနာတစ်ခု ထပ်ဆင့်ကျရောက်လာသည်မို့ သူမ ဆတ်ဆတ်ခါအောင်နာမိပါသည်။ တံခါးကို တ၀ုန်းဝုန်း ထုလည်း သူ့ဘက်မှ ဘာမှ မတုံ့ပြန်တော့။ ရေချိုးခန်းကလေးထဲမှာ အသက်ပြင်းပြင်းရှူရင်း ဒေါသတွေ တနင့်တပိုးဖြင့် သူမ အာခေါင်ခြစ်ပြီး အော်ဟစ်ပစ်မိသည်။ တစ်နာရီ နှစ် နာရီ သုံးနာရီကြာမြင့်သည့်တိုင်အောင် သူ ပြန်ရောက်မလာ တံခါးလာဖွင့်မပေးသော အခါ နာကြည်းမှု ဒီဂရီက တစ်စထက်တစ်စ မြင့်တက်သထက် မြင့်တက်ကာ အရှိန်ပြင်းထန်လာခဲ့သည်။ ကြည့်စမ်း . . . သူ ဒီလောက်တောင်ပဲ ရက်စက်နိုင်လွန်းသူ တစ်ယောက် လား။ သူ သူမကို တကယ် ချစ်ခဲ့တာမှ ဟုတ်ပါရဲ့ လား။ သံသယတွေ တနင့်တပိုးနှင့် နင့်သီးလာခဲ့သည်။ သူမ ဘာလုပ်ရမလဲ။ သူ့ကို လက်ထပ်ခဲ့မိတာ မှားသွားခဲ့ပြီလား။ သူဟာ ကြောက်စရာ ကောင်းလွန်းသူ တစ်ယောက် လား။ သူဟာ ဘယ်လို လူစားမျိုးပါလိမ့်။ ဗိုက်ထဲကနေ အူတကြုတ်ကြုတ်မြည် လာတဲ့အထိ ဆာလောင်လာခဲ့သည့်တိုင် သူ ပြန်မလာခဲ့။ လက်ကနာရီကလေးက တရွေ့ရွေ့ တာဝန်ကျေလွန်းစွာ မှန်မှန်ကန်ကန် ရွေ့လျားနေခဲ့သည်မှာ မွန်းလွဲ တစ်နာရီထိုးလို့ ထမင်းစားချိန် တောင် ကျော်လာခဲ့ပြီ။ တံခါးကို တ၀ုန်းဝုန်း ထုလိုက်. . . သူ့ကို အော်ဟစ်ခေါ်လိုက် . . . တုံ့ပြန်သံမကြားရလျှင် ဒေါသတွေ ထွက်လိုက်နှင့် ရေချိုးခန်းကလေးထဲမှာ သူမ တစ်ယောက် တည်း နွမ်းလျဖျော့ခွေ လာခဲ့ပြီ။ ဗိုက်ထဲကလည်း ဆာလှပြီ။ ဒေါသမျက်ရည်တွေ လည်းကျရလွန်းသဖြင့် ခေါင်းတွေ တဆစ်ဆစ် ကိုက်ခဲနေပြီ။ ရင်ထဲမှာ တော့ နေရာလပ်မကျန်အောင် နာကျင် မွန်းကြပ်ဆို့နစ်နေခဲ့ပြီ . . .။

“ကိုယ်ပြန်ရောက်ပြီ မောင့်ဒါလင်”

ဟူသော သူ့စကားသံနှင့် အတူ တံခါးလာဖွင့်ချိန်မှာ ညနေ သုံးနာရီထိုးနေပါပြီ။

“ရှင် ရှင် . . . ဘယ်လိုလုပ်ခဲ့တာလဲ ဟင် ကိုဥရွှေသြ၊ ရှင် လူမှဟုတ်သေးရဲ့ လား၊ ကိုယ်ချင်းစာစိတ် အကြင်နာတရားရော ရှိသေးရဲ့ လား၊ ရှင် ရက်စက်လှချည်လား ဟင်”

သူမ သူ့ကိုမြင်မြင်ချင်း သူ့ရင်ဘတ်ဆီ ဒေါသတကြီးထုရိုက်ပစ်ရင်း ရှိုက်ကြီးတငင် ငိုကြွေးလိုက်မိသည်။ သူက သူမ၏ လက်တွေ ကို ဆွဲယူထိန်းချုပ်ထားလိုက်ပြီး သူမ ဘယ်လိုမှ ရုန်းကန်ငြင်းဆန် မရလောက်အောင် ချုပ်ဖမ်းပွေ့ဖက်ထားလိုက်သည်။

“အဲဒါ မင်းကို အပြစ်ပေးတာ မောင့်ဒါလင်၊ နောက်တစ်ခါ ကိုယ့်စကားကို ဆန့်ကျင်ရင် ငြင်းဆန်ရင် ဆန္ဒပြရင် မင်းဒီလိုပဲ အပြစ်ပေးခံရမှာ ပဲ၊ ကိုယ် ကတော့ ဘယ်တော့မှလျှော့ပေးမှာ မဟုတ်ဘူး မောင့်ဒါလင်၊ မင်းဘက်ကပဲ လျှော့ပေးရမှာ ”

သူက သွေးအေးအေးဖြင့် ပြောပါသည်။ သူမ နာကျင်လွန်းသဖြင့် ထုံပေသွားသလား ထင်ရလောက်အောင် ဘာမှ ပြန်မပြောတတ်တော့သလို ဖြစ်သွားခဲ့၏ ။ ဒါမှမဟုတ် မပြောချင်တော့ တာလည်း ဖြစ်နိုင်ပါသည်။

* * * * ** * * * * * ** * *



ဝန်ဇင်းချစ်သူများ လွန်းထားထား(ဆေးတက္ကသိုလ်) ၏ “ မမက်ဖူးတဲ့အိပ်မက် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ပျားရည်မြစ်တစ်စင်းထဲက ပဉ္စလက်နှင်းဆီ

အမုန်းရဲ့ တခြားမျက်နှာတစ်ဖက်

ပါးပြင်နုနုရဲ့ အကြွေး