အမုန်းရဲ့ အခြား မျက်နှာတစ်ဖက်
ဆေးကျောင်းရှေ့မှာ ကားထိုးရပ်ပြီး သားအလာကို လည်တမျှော်မျှော်နှင့် “နေညို”စောင့် ဆိုင်းခဲ့ရတာ တော် တော် ကြာသွားခဲ့ပြီ။ ခါတိုင်းဆို သားဒီအချိန်ထွက်လာနေကျပါ။ ရင်ထဲ ထင့်ခနဲ တော့ ဖြစ်မိသည်။ သားကို အရိပ်တကြည့်ကြည့်နဲ့ ပိုးမွေးသလို မွေးခဲ့ရတာ မဟုတ်လား။ မနက်က တည်းက သားအမူအရာတွေ နည်းနည်း ထူးခြားနေခဲ့သည်လို့ ခံစားရသည်။ ကျောင်းသွားခါနီး အမေနဲ့ အဖေကို သေချာကန်တော့သွားခဲ့သည်မှလား။ ခါတိုင်းလည်း သားက စိတ်လိုလက်ရရှိ တတ်သည့်အခါ သတိတရနှင့် ကန်တော့သွားတာမျိုး၊ အမေကို တစ်အားဖက်ကာ နမ်းသွားတာမျိုး ၊ ဆွဲမွှေ့ခါရမ်းသွားတာမျိုး လုပ်တတ်လေ့ရှိသည်။ ဆေးကျောင်းသားကြီး ဖြစ်လာသည့်တိုင် သားက ကလေးဆန်စွာ ချွဲနွဲ့ဂျီကျတတ်တုန်း၊ သားကလေးကို တစ်ယောက် တည်းမို့ လိုလေသေး မရှိ ပြည့်စုံစွာ ထားခဲ့ကာ တုန်နေအောင် ချစ်မြတ်နိုးလှပါသည်။ “နေညိုရင်”ဆိုသော မိန်းမတစ် ယောက် ရဲ့ ဘ၀မှာ ဘယ်အရာက အရေး ကြီးဆုံးလဲ … ဟု မေးလာခဲ့ရင် “သားနဲ့ ခင်ပွန်း”ဟု တစ် ချက်ကလေးမှ မစဉ်းစားဘဲ မဆိုင်းမတွဖြေမည့် သူ ဖြစ်သည်။ ဒီမိသားစုကလေးထဲကို နောက်ထပ် ဘယ်သူ့ကိုမှလည်း ၀င်ရောက်မလာစေချင်ခဲ့။ နေညို့စိတ်ကို နေညိုသာလျှင် အသိဆုံး။ သားနဲ့ ကို့ကို တုန်နေအောင်လည်း ချစ်သလို ရူးမတက်လည်း သ၀န်တိုတတ်လွန်းသည်။ ယုတ်စွအဆုံး သားမှာ ပင် ချစ်သူ ခင်သူတွေ မရှိစေချင်ခဲ့။ အရွယ်ကလေးရလာကာ ချောမောသန့်စင် နူးညံ့သိမ် မွေ့လွန်းသော လူပျိုကလေး ဖြစ်လာချိန်မှာ မိန်းကလေးတွေ သားအနား ၀ိုင်းနေမှာ ကိုပင် မနှစ် မြို့ ချင်ခဲ့။ အဖြည်သည်းသည်ပဲဆိုဆို၊ အကဲဆတ်လွန်းသည်ပဲပြောပြော သား နောက်က အရိပ်လို တကောက်ကောက်လိုက်ပြီး ကာကွယ် ထိန်းသိမ်းခဲ့သည် အထိပါ။
ကျောင်းထဲမှာ လူကုန်သလောက် ဖြစ်သွားသော အခါ နေညို့ရင်တွေ ပူလာခဲ့ရပြီ။ ကားပေါ် မှဆင်းကာ ကျောင်းထဲသို့ ပင် လိုက်ရှာမိသည်။ နေညို့ကို သားရဲ့ မိခင်အ ဖြစ် သိထားကြသော ကောင်မလေးတချို့က ကွက်ကြည့်ကွက်ကြည့်။ နေညို ကတော့ သားကလွဲရင် ဘယ်သူ့ကိုမှ စိတ် မ၀င်စားနိုင်အား။ သားနှင့် တွဲ နေကျ သားသူငယ်ချင်းနှစ် ယောက် ကို ကော်ရစ်ဒါထောင့်ချိုးတစ်ခုမှာ ဗြုန်းခနဲ တွေ့ လိုက်ရသည်။ ခါတိုင်း သူတို့ သုံးယောက် သား အတူတွဲ ကာ ထွက်လာနေကျပါ။ ခုတော့ သားမပါ …..။ နေညို့ကို တွေ့ လိုက်ချိန်မှာ သူတို့နှစ် ယောက် မျက်နှာတွေ ကွက်ခနဲ ပျက် သွားကြတာကို နေညို ချက်ချင်း ရိပ်မိလိုက်သည်။
“ဟယ် … မိုးမြင့်နဲ့ မင်းထိုက်ပါလား၊ သားတို့ သူငယ်ချင်းရော၊ အန်တီစောင့်နေတာ တစ်နာရီကျော်နေပြီ၊ သားဘယ်မှာ လဲ”
သူတို့ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်လိုက်ရင်း မျက်လုံးချင်း စကားတွေ ပြောနေ ကြသည်။ တစ်ခုခုတော့ ဖြစ်ခဲ့ပြီ။ နေညိုအလိုလို ခံစားနေရပြီ။ ရင်တွေ တလှပ်လှပ် ဖြစ်လာသည်။
“ဟောတော် … .ဘာ ဖြစ်နေကြတာလဲဟင် ၊ သားရောလို့ဆို”
ကောင်လေးနှစ် ယောက် လုံးမျက်နှာတွေ က တွန့်ဆုတ်စိတ်ရှုပ်နေသည့် မျက်နှာကလေး တွေ ၊ နေညို့ကို တစ်ခုခု ပြောဖို့ သူတို့ အလွန်ဝန်လေးတွန့်ဆုတ်နေဟန် ရှိသည်။ အဲဒီ တော့ နေညို ပိုပြီး သိချင်ပြင်းပြစိတ်လှုပ်ရှားမိလေ။
“ပြောပြကြပါဦး သားတို့ရယ်၊ အန်တီ စိတ်ပူလိုက်တာ၊ သားလေး ဘာ ဖြစ်လို့လဲဟင်”
“အန်တီ အရမ်းစိတ်မပူပါနဲ့ဗျာ၊ ဇွဲသန်က သူ့ကောင်မလေးနဲ့ ထွက်ပြေးပြီ ၊ အန်တီသိရင် လုံးဝ သဘောမတူဘူးဆိုတာ သူသိတယ်ဗျ”
“ဘယ်လို”
ရုတ်တရက် ခေါင်းထဲ မိုက်ခနဲ ပြာဝေသွားသဖြင့် ဘေးနံရံတစ်ခုကို လှမ်းကိုင်ထိန်းလိုက်ရ သည်။ မျက်နှာတည့်တည့်ကို ခပ်ပြင်းပြင်းရိုက်ချခံလိုက်ရသလိုပင် ….။ သားမှာ ချစ်သူ ရှိနေခဲ့မှန်း နေညိုမသိခဲ့ရပါလား။
“သားမှာ ချစ်သူရှိနေတာ အန်တီတောင် မသိရပါလား မိုးမြင့်ရယ်၊ သူက ဘယ်သူလဲ၊ ဘယ်ကလဲ၊ ကျောင်းကပဲလား”
နေညိုရင်တုန်ပန်းတုန်တွေ ဖြစ်လာတာ ရုတ်တရက် ငိုချင်စိတ်ပြင်းပြလာခဲ့မိသည်။ သားရယ် လုပ်ရက်လေခြင်း၊ မေမေ သိပ်ချစ်ရလွန်းလို့ အရိပ်တကြည့်ကြည့်နဲ့ ပိုးမွေးသလို မွေးလာ ခဲ့ရတဲ့ သားကလေးကို တစ်ပါးသူ မိန်းကလေးက ခိုးပြေးဖို့မှ မဟုတ်တာ။
“ကောင်မလေးက အပြင်ကပါ အန်တီ၊ ဖြူစင်ကြယ်တဲ့၊ အရမ်းခေတ်ဆန်ပြီး လည်လွန်း တယ်၊ ဇွဲသန်ထက် နည်းနည်း ပိုကြီးပုံရတယ်၊ ဗြူတီဆလွန်းတစ်ခုမှာ လုပ်နေတာတဲ့။ အန်တီကြည် ဖြူနိုင်မယ့် မိန်းကလေးမျိုးတော့ မဟုတ်ဘူး အန်တီ၊ ဇွဲသန်က သူ့ကို အရမ်းကြွေနေတာ၊ ကောင်မ လေးစကား တစ်ခွန်းဆိုတစ်ခွန်းပဲ”
နေညို ရင်ဘက်ကို ယောင်ယမ်းပြီးတော့တောင် ဖိလိုက်မိသည်။ အမလေးသားရယ် .. မေမေ့သား ဖြူဖြူစင်စင်ကလေး ဘယ်လိုမိန်းမလည်ကလေးနဲ့များ တွေ့ ခဲ့ပြီလဲ။ မေမေရင်ကျိုး တော့ မခံနိုင်ဘူးသားရေ၊ မေမေ့သားကို မေမေ မရမက ပြန်ကယ်မယ်။
“သူတို့ ဘယ်သွားမယ်ပြောသလဲ မိုးမြင့်၊ အန်တီကို ပြောပြပါ ၊ အန်တီ အချိန်မလွန်ခင် အမြန်လိုက်ရှာမှ ဖြစ်မယ်”
“ကျွန်တော် တို့လည်း မသိဘူးအန်တီ၊ သူက ဘယ်သွားမယ်လို့တော့ မပြောဘူး။ ကျွန် တော် တို့လည်း တားပါသေးတယ် အန်တီရာ၊ သူကကို အရူးအမူး ဖြစ်လွန်းနေတာ၊ ဆေးမိထားတဲ့ အတိုင်းပဲ. …..”
“ကောင်မလေး အလုပ်လုပ်တဲ့ဆိုင်ရော ….”
“( ) တဲ့ အန်တီ …..၊ ( ) လမ်းမှာ ”
“အန်တီ လိုက်ရှာဦးမယ်၊ သားတို့လည်း တစ်ခုခုထူးရင် အန်တီ့ဖုန်းကို အကြောင်းကြားပေး နော်”
နေညို ခပ်သွက်သွက်ကလေး ပြန်ထွက်လာခဲ့ရင်း လမ်းမှာ ကို့ဆီ ဖုန်းလှမ်းဆက်ရသည်။ ကိုက ရုံးမှာ ပဲရှိနေသေးသည်။ နေညို့အသံက ငိုချလိုက်တော့မလို လှိုက်လှဲတုန်ခါလို့ …………။
“ကိုရေ ၊ ( ) လမ်းက ( ) ဗြူတီဆလွန်းကိုသာ အမြန်လိုက်ခဲ့ပါတော့၊ သား လေကောင်မလေး တစ်ယောက် နဲ့ ခိုးရာလိုက်ပြေးသတဲ့၊ မယုံနိုင်စရာကြီးရှင်၊ ညိုဖြင့် ရင်ကျိုးပါပြီ။ မရ ရအောင် လိုက်ရှာပြီး ပြန်သိမ်းရမှာ ပဲ ကို ၊ ကျွန်မသားလေး ခုမှ နို့နံ့တောင်မစင်သေးပါဘူးရှင်၊ ကောင်မလေးက အဲဒီ ဗြူတီဆလွန်းမှာ အလုပ်လုပ်တာတဲ့ ၊ အရမ်းခေတ်ဆန်ပြီး လည်တယ်ဆိုပဲ ကိုရဲ့ ၊ ညိုတော့ ရူးပြီ”
“ညိုလေး ……. ခဏလေး စိတ်ကို အေးအေးထားပါကွယ်၊ ညိုအခု ဘယ်မှာ လဲ ကားမောင်း လို့ရော ဖြစ်ရဲ့ လား”
“ညို သားရဲ့ ကျောင်းမှာ ၊ တစ်ကိုယ်လုံး တုန်ရင်နေပြီ။ သားရယ် လုပ်ရက်လိုက်တာ၊ ရက် စက်လိုက်တာ၊ ညို့နှလုံးသားကိုဆွဲဖြုတ်သွားတဲ့အတိုင်းပဲရှင်၊ မင်သေလိုက်တာ အရမ်း”
“ကားကို သတိထားပြီး မောင်းခဲ့ညို …၊ ကို ညို့ကို စိတ်ပူတယ်၊ ( ) မှာ ဆုံ မယ်။ ဟုတ်ပြီလား၊ စိတ်အေးအေးထားပါ ညို။ ကိုရအောင် ပြန်ရှာပေးပါ့မယ်။ သားကို ဒီလိုလက် လွတ်စပယ် ဘယ်အ ဖြစ်ခံနိုင်မလဲ။ စိတ်ငြိမ်မှ ကားကို မောင်းခဲ့ညို၊ ကို ထွက်လာပြီ၊ ဒါပဲနော်”
ကို ဖုန်းချသွားခဲ့ပြီ။ ကားပေါ်ရောက်တော့ ညို စိတ်ထိခိုက်ကြေကွဲစွာ ငိုချလိုက်မိသည်။ မြင်တောင် မမြင်ဖူးသေးတဲ့ ထိုမိန်းကလေးကို စိတ်ထဲ အချဉ်ပေါက်မုန်းတီးသွားမိသည်မှာ ဆိုဖွယ် မရှိပါ။ စိတ်ရှိလက်ရှိ ငိုကြွေးပြီးမှ မျက်ရည်တွေ သုတ်ကာ ကားကို မောင်းထွက်လာခဲ့သည်။ သား ကို ပြန်တွေ့ မှ ဖြစ်မည် ။ ပြန်ရမှ ဖြစ်မည် ။ ဘယ်သူမှ ညို့ရင်ထဲကနေ သားကို ဆွဲထုတ်သွားခွင့် မရှိ ပါ…။
ပဲခူးသို့ ကားငှားပြီး ရောက်လာခဲ့ကြသည်။ တည်းခိုခန်းတစ်ခုမှာ တည်းခိုဖို့ စီစဉ်လိုက်ကြ သည်။ စင်ကြယ်က ချစ်သူကလေးရဲ့ မျက်နှာကို တစိမ့်စိမ့်ကြည့်ကာ ကြည်နူးပီတိနှင့် ရင်ကလေး လည်း ဖိုရသလို၊ ဘာကိုမှန်းမသိ ကြောက်ရွံ့စိုးရိမ်စိတ်လည်း ဖြစ်မိသေးသည်။ မောင့်အိမ်က သဘောမတူဘဲ ဇွတ်ခွဲကြရင်ရော။ မောင်က အခုမှ second MB ကျောင်းသားဘ၀ပဲ ရှိသေးတာ။ သိချစ်လွန်းလို့သာ မောင်က ဇွတ်တရွတ် “ခိုးပြေးကြရအောင်”ဆိုတဲ့ စကားကို လိုက်လျောခဲ့မိပေ မယ့် နောင်ရေး အတွက်တော့ ပူပန်မိသားပါ။ မောင် ကတော့ လုပ်ချင်တာ လုပ်ခွင့်ရခဲ့သူ ကလေးလေး တစ်ယောက် လို ကြည်နူးပျော်ရွှင်လို့။ သူ့ဘ၀မှာ တစ်ခါမှ ခုလိုလည်း စွန့်စားခဲ့ဖူးဟန် မတူပါ။ သူ့ဘ၀တစ်လျှောက်လုံး မိဘနှစ် ပါး၏ အလိုလိုက် အရိပ်ကြည့်ကာ ပိုးမွေးသလို မွေးမြူ ခြင်းခံရသော လိုတရဘ၀မှာ အရာရာပြီးပြည့်စုံခဲ့ပုံရသည်။ စင်ကြယ့်ဘ၀နှင့် ဆန့်ကျင်ဘက်ဆိုပါ တော့။ စင်ကြယ့်အတွက်တော့ ဘ၀ဆိုတာ ရုန်းကန်စွန့်စားရခြင်းဟု အဓိပ္ပာယ်ထွက်သည်။ အသက်ငါးနှစ် အရွယ်မှာ မိခင်ဆုံးပါးခဲ့ကာ ဖခင်နှင့် ကြီးပြင်းခဲ့ရသည်။ အသက်ဆယ်နှစ် အရွယ်မှာ မိထွေးရောက်လာခဲ့သည်။ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေ ဖြစ်သော နာကြည်းမှု ၊ ခံပြင်းမှု ၊ မုန်းတီးမှု ၊ အငြိုးအမျက်စသည်တို့ဖြင့် လုံးထွေးကြီးပြင်း ရှင်သန်ခဲ့ရသည်။ အသက်ဆယ့်ရှစ်နှစ် ပြည့်ပြီးချိန်မှာ မိထွေးနှင့် ဘယ်လိုမှ မျက်နှာချင်းဆိုင်လို့မရတော့တဲ့အဆုံး အဆောင်သို့ ပြောင်းရွှေ့နေခဲ့ကာ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ကာ ကိုယ့်ဘ၀ကိုယ် ကျောင်းခဲ့ရပါသည်။ အဝေးသင်နှင့် ဘွဲ့ တစ်ခုရအောင်ယူကာ တစ်ဘက်ကလည်း အလှပင် ဆံပင်ညှပ် ခေါင်းလျှော် သင်တန်းတစ်ခုတက် ကာ ဒီပလိုမာရအောင်ယူခဲ့ပြီး ၊ Beauty Spa မှာ အလုပ်ဝင်ခဲ့ခြင်း ဖြစ်သည။
မောင်နှင့် ချစ်သူ ဖြစ်ခဲ့တာကလည်း ဆိုင်မှာ လာပြီး ခေါင်းလျော်ရင်း ဆံပင်ညှပ်ရင်း ငြိတွယ် ခဲ့ကြတာပါ။ စင်ကြယ်က မောင့်၏ အပြစ်ကင်းလှသော ကလေး တစ်ယောက် လို ဖြူစင်ရိုးသား လွန်းတာကို အလွန်မက်မောတွယ်တာခဲ့မိသည်။ မောင်က စင်ကြယ့်အတွက် အချစ်ဦး ဖြစ်ခဲ့သလို မောင့်အတွက်လည်း စင်ကြယ်က အချစ်ဦး ဖြစ်ခဲ့တာကို ကျေနပ်မက်စက်မဆုံး။ တစ်ပတ်တစ်ခါ ခေါင်းမှန်မှန် လာလျှော်တတ်သော မောင့်ကို စင်ကြယ်ကိုယ်တိုင် ခေါင်းလျှော်နှိပ်နယ်ပေးရတာ ကို နှစ်သက် သဘောကျမိသည်။ မောင်က အေးအေးဆေးဆေးသမား။ ချစ်သူနှစ် ယောက် ဆုံလျှင် စင် ကြယ့်မျက်နှာကလေးကိုသာ တစိမ့်စိမ့်ကြည့်ကာ ပြုံးနေတတ်သူ။ လက်ကလေးကို အမြဲလိုလို မက်မက်မောမော ဆုပ်ကိုင်ထားရမှ ကျေနပ်တတ်သည်။ သိပ်ချစ်လွန်းရင် နဖူးပြင်နှင့် ဆံနွယ်စ တွေ ကို ခပ်ဖွဖွနှင့် အားပါးတရ နမ်းရှိုက်တတ်သူ ….။ စင်ကြယ်ကသာ စကားများ စွာ ပြောရတတ် သည်။ မောင်က ချစ်သူတွေ ဖြစ်ပြီးချိန်မှာ သူ့မိဘတွေ နှင့် တွေ့ ပေးဖို့လည်း မပြောခဲ့တော့ စင်ကြယ် ကပဲ တိုက်တွန်းဂျီကျမိသည်။ မောင့်ကို အပေါ်ယံသဘော အပျော်ရည်းစားထားခဲ့ခြင်းမဟုတ်ခဲ့။ လက်ထပ်ဖို့အထိ ရည်ရွယ်ထားခဲ့ကြောင်း မောင့်ကို ပြောပြမိသည်။ တစ်ဘက်မှာ မောင်ကလည်း စင်ကြယ့်ကို စိတ်မချ။ ဆိုင်ကိုလာသမျှ လူငယ်လူရွယ် လူကြီးမကျန် ယောက်ျားလေးမှန်သမျှ စင် ကြယ့်ကို မျက်စိကျ သဘောကျတတ်ကြသော ကြောင့် ဖြစ်သည်။ စင်ကြယ်ကလည်း အပြောချိုကာ ဆက်ဆံရေး ညက်သူ ၊ ခင်မင်ဖော်ရွှေ ပေါင်းသင်းဆန့်သူ၊ လှလှပပ ၀တ်စားဆင်ယင်တတ်သူမို့ ယောက်ျားလေးတွ နှစ်သက် မက်မောကြတာ အဆန်းမဟုတ်ပါ။
“မောင့်ချစ်ကို မောင် တကယ် စိတ်မချဘူးကွာ၊ ဆိုင်လာသမျှ ငတိတွေ အကုန် ချစ်ကိုပဲ ရှိုး နေကြတာပဲ။ ဒီကောင်တွေ စိတ်ထဲ ဘယ်လောက်ပြစ်မှားနေကြမလဲ မသိဘူး”
ဟု မောင် ညည်းလေ့ရှိသည်။ စင်ကြယ်က မျက်စောင်းကလေး သဲ့သဲ့ထိုးကာ ………
“စိတ်မချရင်လည်း မောင့်မိဘတွေ နဲ့ ပေးတွေ ထားလိုက်လေ၊ တရားဝင်စေ့စပ်ထားလိုက် ပေါ့မောင်ရဲ့ ၊ မောင်ကျောင်းပြီးရင် လက်ထပ်ကြတာပေါ့”
ဟု ပြန်ပြောမြဲ။ မောင်က ထိုအခါတိုင်း ဘာမှ မတုန့်ပြန်ဘဲ စင်ကြယ့်ကို ငေးလို့သာကြည့် နေတတ်မြဲ။ တစ်ခါတစ်ရံတော့ မပွင့်တပွင့်ဆိုတတ်ပါသည်။
“ချစ်ရယ် … မောင်က ခုမှ second MB ကျောင်းသားဘ၀ပဲ ရှိသေးတယ်၊ ဖေနဲ့မေက လည်း မောင့်ကို ခုထိကလေးပဲထင်တုန်း၊ မေမေဆို အင်္ကျီကြယ်သီးလိုက်တပ်ပေးတုန်း၊ စာဖတ်နေ လို့ ထမင်းထွက်မစားမိရင် ထမင်းပန်းကန်နဲ့ ရောက်လာပြီး သူကိုယ်တိုင် ခွံ့ကျွေးတုန်း၊ ဖေနဲ့မေ မောင့်ကိုချစ်တာ သူတကာထက်ပိုတယ် ..... သည်းတယ်၊ သူတို့ကို မောင်ချစ်သူရှိနေပြီဆိုပြီး ချစ် နဲ့ တွေ့ ပေးရင် ဘယ်လို တုန့်ပြန်ကြမလဲဆိုတာ မောင် မခန့်မှန်းတတ်သေးဘူး။ မောင်စိုးရိမ်မိတာ ကသဘောမတူဘူး ဘာညာထ ဖြစ်မှာ စိုးတာ၊ ချစ်ကို စိတ်မဆင်းရဲစေချင်ဘူးလေ”
“အဲဒီ တော့ ကျွန်မက ဘာလုပ်ရမှာ လဲမောင်။ မောင့်မိဘတွေ မသိအောင် ဒီလိုပဲ ခိုးကြောင် ခိုးဝှက် ရည်းစားဘ၀နဲ့ ဘယ်လောက်ကြာကြာ နေရမှာ လဲ။ မောင် မစွန့်စားရဲဘူးလားကွယ်၊ ကျွန်မ ကို မောင် တကယ်ချစ်ရင် မောင် ရဲရင့်သင့်ရင် ရဲရင့်ရမှာ ပေါ့ ………..”
အဲဒီ လို ပြောမိလွန်းတော့လည်း နောက်ဆုံးမှာ မောင်က ဖြစ်ချင်ရာ ဖြစ်ဆိုပြီး မျက်စိမှိတ် ဆုံးဖြတ်လိုက်ပုံပေါ်သည်။ စင်ကြယ့်ကိုလည်း သူ စိတ်မချတော့။
“မောင်တို့ ထွက်ပြေးရအောင်၊ ခိုးပြေးလိုက်ရင် မေမေတို့ ဘာမှ မတတ်နိုင်တော့ပါဘူး။ သူ တို့ သဘောတူရတော့မှာ ပဲ။ လက်ထပ်ပြီးမှ မောင်က ကျောင်းဆက်တက်လို့ရသားပဲ၊ ချစ်လည်း ယောက်ျားရှိသွားပြီဆိုတော့ ဒီကောင်တွေ ချစ်ကို ပြစ်မှားလို့ မရတော့ဘူးပေါ့။ ချစ်က သားသား လေးတွေ ၊ မီးမီးလေးတွေ မွေးပေါ့။ ဘော်ဒီလေးကိုတော့ ဒီအတိုင်း လှလှကလေး ဖြစ်နေပစေနော်၊ မ၀စေရဘူး”
ဟု ကလေးဆန်ဆန် ဆိုခဲ့သည်။ ထွက်ပြေးမယ်ဆိုတော့လည်း ဗြုန်းစားဒိုင်းစားကြီးပါ။ တစ်ပတ်လောက်ပဲ ကြိုတင်ပြင်ဆင်ချိန်ရခဲ့သည်။ ဟော ခုတော့ စင်ကြယ့်နံဘေးမှာ မောင်ရှိနေခဲ့ ပါပြီ။ ထုံးစံအတိုင်း စင်ကြယ်လက်ကလေးကို ခပ်တင်းတင်းဆုပ်လို့….။
“မနက်ဖြန်ကျရင် တရားရုံးမှာ လက်မှတ်သွားထိုးလိုက်မယ်လေ၊ ချစ်ဘာတွေ တွေးနေတာ လဲ”
မောင့်မျက်နှာက ဘာကိုမှ သိပ်ပြီး ပူပန်ကြောင့်ကြ ရှိတတ်ပုံမရ။ စင်ကြယ်က မောင့်ရင်ခွင် ထဲ ခေါင်းကလေးတိုးဝင်ကာ ငြိမ်ငြိမ်ကလေးနေလိုက်သည်။ မောင့်ကို ပျော်ရွှင်စိတ်ချမ်းသာစေချင် တာအမှန်ပါ။ မောင် စိတ်ညစ်စေမယ့်စကားမျိုးဆို မျိုချပစ်လိုက်သည်။ ခုချိန်မှာ ရှေ့ဆက်ဘာတွေ ဖြစ်လာမလဲဆိုတာကို မတွေးချင်သေး။ ပျော်ရွှင်ခွင့်ရသည့်အချိန်ကလေးကို အပြည့်အ၀သာ ပျော် လိုက်ချင်မိပါသည်။ ထို့ကြောင့် မျက်လုံးကလေးတွေ စင်းစင်းချကာ နှုတ်ခမ်းကလေးစေ့ပြီး ပြုံးထား ရင်း စင်ကြယ်က ပျော်ရွှင်ခြင်းကို အပြည့်အ၀ခံစားမိသည်။ တည်းခိုခန်းကလေးက အခန်းကျဉ်း ကျဉ်းကလေး၊ သို့ သော် စင်ကြယ်တို့ ချစ်သူနှစ် ယောက် အဖို့တော့ အနှောက်အယှက်ကင်းကင်းနှင့် လွတ်လပ်ခွင့် အပြည့်ရှိသော နိဗ္ဗာန်ဘုံလေးတစ်ခုပါ …………… ။
အခန်း (၂)
အခန်းတံခါးကို တ၀ုန်းဝုန်းထုသံကြောင့် စင်ကြယ် ဖျက်ခနဲ လန့်နိုးလာခဲ့ရ၏ ။ မျက်လုံးကို ဖွင့်မိတော့ စင်ကြယ်က မောင့်ရင်ခွင်ထဲမှာ နှစ် နှစ် ခြိုက်ခြိုက် အိပ်မောကျနေခဲ့တာပါ။ မောင်လည်း ဖျတ်ခနဲ လန့်နိုးလာခဲ့သည်။ အခန်းတံခါးဆီမှ ထုနှက်သံတွေ ထွက်ပေါ်နေဆဲ။ မောင်က ဖျတ်ခနဲ ထပြီး တံခါးသွားဖွင့်ပေးလိုက် သည်။ စင်ကြယ့်ရင်ထဲ ထင့်ခနဲ ဖြစ်ကာ မောင့်နောက်သို့ ကပျာက ယာလိုက်ခဲ့မိသည်။ စင်ကြယ် စိုးရိမ်လိုက်မိသည့် အတိုင်းပါပဲ၊ အခန်းဝမှာ ရပ်နေခဲ့တာက မောင့် အဖေနှင့် အမေ ဖြစ်ဟန်တူသူနှစ် ယောက် နှင့် ရဲဝန်ထမ်းနှစ် ယောက် ၊ တည်းခိုခန်းပိုင်ရှင် ….။
“သားရယ် မေမေ့သားလေး၊ မေမေတို့နဲ့ ပြန်လိုက်ခဲ့ပါ သားလေးရယ်၊ သား ကျောင်းတက် နေတုန်းတန်းလန်းနဲ့ ခုလို လုပ်သွားတာ မေမေ ဘယ်လောက်စိတ်ထိခိုက်ရသလဲ သားသိရဲ့ လား၊ သွား ကားပေါ်တက်ပါ”
“မေမေ …… သားတို့”
ခုချိန်ထိ မောင့်မေမေရော ဖေဖေပါ မောင့်ကိုသာ အာရုံစိုက်နေခဲ့ပြီး ကျွန်မဆီသို့ မျက်ဝန်း အကြည့်လေး တစ်ချက်မျှပင် ရောက်မလာသေးပါ။
“ဒီကိစ္စကို နောက်မှ စီစဉ်ဖြေရှင်းကြတာပေါ့ သား၊ သား ကားပေါ်သွား၊ မင်းမေမေ့ကိုခေါ် သွား၊ သူ ညက တစ်ညလုံး မအိပ်သေးဘူး”
“သား ချစ်သူကိုရော ……”
“ဖေဖေ စီစဉ်ပါ့မယ် ၊ သား သွားနှင့်ပါ”
မောင်က အခန်းထဲတောင် ပြန်မ၀င်တော့ဘဲ စင်ကြယ့်ကို လှည့်ကြည့်ရင်း သူ့မေမေ ဆွဲခေါ်ရာနောက်ကို နောက်ဆံတငင်ငင်ဖြင့် ပါသွားခဲ့ပြီ။ မောင့်ဖေဖေက အခန်းထဲဝင်ကာ မောင့် အိတ်ထဲ မောင့်ပစ္စည်းတွေ မှန်သမျှကို သိမ်းဆည်းသည်။ ခုထက်ထိ စင်ကြယ့်ကို မကြည့်သေး။
“ရန်ကုန်ပြန်ဖို့ ကားကြုံလိုက်ခဲ့မယ်ဆိုရင် လိုက်ခဲ့ပါ။ ရန်ကုန်ရောက်မှ စီစဉ်စရာရှိတာတွေ စီစဉ်တာပေါ့”
ဟု ခပ်ပြတ်ပြတ်ပြောသည်။ စင်ကြယ့်ရင်ထဲမှာ အေးစက်ထုံပေသော ခံစားမှု တစ်ခု ဖျတ် ခနဲဝင်လာခဲ့သည်။ ဆက်ဆံရေး တွေ က အေးစက်မာကျောလှချည်လား။ “ရန်ကုန်ပြန်ဖို့ ကားကြုံ လိုက်ခဲ့မယ်ဆိုရင်” တဲ့။ လိုက်ခဲ့ပါ …. ဟု ၀တ်ကျေတန်းကျေခေါ်နေပေမယ့် လုံးဝ လိုက်စေချင်တဲ့ စိတ်မရှိမှန်း စင်ကြယ် ရိပ်မိနားလည် ခံစားနိုင်ပါသေးသည်။
“ကျွန်မ မလိုက်တော့ပါဘူး ဦး၊ ဒါပေမယ့် ရန်ကုန်ပြန်ရောက်တဲ့အခါ မိသားဖသားပီပီ လာရောက်မြန်းဖို့ မင်္ဂလာကိစ္စစီစဉ်ပေးဖို့ တောင်းဆိုပါရစေ၊ ကျွန်မက မိန်းကလေး တစ်ယောက် ပါ။ သူနဲ့ ချစ်သူချင်း နှစ် ဦးသဘောတူ ထွက်ပြေးလာခဲ့တာပါ။ သူ့ကို သွေးဆောင်ဖြားယောင်းလာခဲ့တာ မဟုတ်ပါဘူး”
စင်ကြယ်အသံက ခံစားချက်တွေ နင့်ခဲသိပ်သည်းနေသဖြင့် ခပ်အက်အက်တိမ်တိမ် ဖြစ်နေ သည်။
“ကောင်းပြီလေ၊ ကဲ ဒီက မောင်ရင်တို့ကိုလည်း ကျေးဇူးတင်ပါတယ်၊ ကိုယ်တို့ ဒီကအပြန် ရဲမှူးကြီးကို ၀င်ပြီး နှုတ်ဆက်လိုက်ပါ့မယ်”
ဟု ရဲသားနှစ် ယောက် ကို နှုတ်ဆက်ပြီး စင်ကြယ့်ကို တစ်ချက်ကလေးမှ လှည့်မကြည့် နှုတ် မဆက်ဘဲ လှည့်ထွက်သွားခဲ့တော့သည်။ စင်ကြယ်သည် အံတင်းတင်းကြိတ်ကာ နာကျင်ရှက်ရွံ့စွာ ကျန်ရစ်ခဲ့ရသည်။ ဒီပုံစံနှင့် မောင်တို့ မိသားစု စင်ကြယ်ကို ထားခဲ့လိမ့်မည် ဟု ထင်တောင် မထင်မိ ခဲ့။ စင်ကြယ့်ရှေ့ကနေ မောင် မားမားရပ်ကာ ကွယ်ကွယ်ခဲ့လိမ့်မည် ဟု ထင်ခဲ့မိသည်။ မိခင်ဆွဲခေါ် ရာနောက်ဆီ အပြစ်ရှိသော ကလေးငယ်သဖွယ် ပါသွားခဲ့တာကို မျက်စိထဲကမထွက်။ စင်ကြယ့်ကို လူသား တစ်ယောက် လိုတောင် မဆက်ဆံခဲ့။ အသိအမှတ်မပြုခဲ့။ ဂရုတစိုက်မရှိခဲ့။
“မိန်းကလေး၊ ကိုယ်တို့ ဘာအကူအညီပေးရမလဲ၊ ရန်ကုန်ပြန်ဖို့ ကားစီစဉ်ပေးလိုက် ပါ့ မယ်။ လိုအပ်တာရှိရင်ပြောပါ၊ ခိုးပြေးလာကြတာဆိုတော့ တရားရုံးမှာ လက်မှတ်ထိုးပြီးသားလား”
“ဒီနေ့မှ ထိုးမလို့ပါ၊ လက်မှတ်မထိုးရသေးပါဘူး။ ရပါတယ်၊ ကျွန်မ ရန်ကုန်ပြန်ဖို့ပဲ ရှိတာ ပေါ့။ ကျွန်မရဲ့ ပြဿနာကို ကျွန်မကိုယ်တိုင်ပဲ ဖြေရှင်းပါ့မယ်၊ ကျေးဇူးပါရှင်”
စင်ကြယ် ပစ္စည်းတွေ သိမ်းရသည်။ မနေ့က အ ဖြစ်အပျက်သည် အိပ်မက်လိုပင် အရာရာ လွင့်ပြယ်လို့ သွားခဲ့ရပြီ။ စင်ကြယ် ဘာဆက်လုပ် ရမလဲ ။ ချစ်သူနှင့် လိုက်ပြေးသည့်အကြောင်း ဆိုင်ကရော၊ အဆောင်ကပါ အားလုံးကို အသိပေးထားခဲ့သည်။ စင်ကြယ် ခိုးကြောင်ခိုးဝှက်လုပ် စရာမရှိ …. ဟု ခံယူထားသော ကြောင့် ဖြစ်သည်။ စင်ကြယ် သတ္တိရှိရမည် ၊ ရဲရင့်ဖို့လိုသည်။ မောင့် မိဘတွေ စင်ကြယ့်ကို အသိအမှတ်မပြုလို့မရ။ စင်ကြယ့်ကို လက်ခံရမည် ။ တစ်ခုခုတော့ စီစဉ် ပေး ရမည် ။
အလာတုန်းက မောင့်ရဲ့ လက်ကိုတွဲ ပြီး မောင့်ရင်ခွင်ထဲမှာ စိတ်ကူးယဉ်ရင်ခုန်မှု များ စွာ ဖြင့် ကြည်နူးလို့။ အခုတော့ အပြန်ခရီးမှာ စင်ကြယ် တစ်ယောက် တည်း။ မောင်မပါတော့။ မောင်ရယ် .. ကျွန်မကို ဘယ်လိုပုံစံမျိုးနဲ့ ထားရစ်ခဲ့ရတာ လဲ။ ထားရစ်ခဲ့တိုင်းနေခဲ့မယ့် မိန်းမ တစ်ယောက် မဟုတ် တာ မောင်သိရက်သားနဲ့ကွယ်။ မိန်းမ တစ်ယောက် ရဲ့ မာနဲ့ ဂုဏ်သိက္ခာကို ထိပါးလာရင် ကျွန်မက မြွေတစ်ကောင်လိုပဲ အဆိပ်ပြင်းတတ်တယ်နော်၊ အဲဒါကို မောင်တို့ သိထားရဲ့ လား။
ဒီတစ်ကြိမ်ဆို မောင့်အိမ်ကို ဖုန်းဆက်တာ ဆယ့်ငါးကြိမ်ရှိခဲ့ပြီ။ မောင့် mobile ကို လုံးဝ ဆက်လို့မရတော့။ စက်ပိတ်ထားခဲ့သည်။ အိမ်ဖော်ကောင်မလေးတွေ နှင့်သာ တိုးသည်။ မောင် မရှိ ဘူးဟု ဗြောင်လိမ်ပြီး ဖုန်းချချသွားတတ်သည်။ စင်ကြယ့် သည်းခံနိုင်စွမ်းက ခမ်းမတတ် ဖြစ်နေခဲ့ပြီ။ ဒီတစ်ခါတော့ မောင့်နာမည် နှင့် မမေးတော့။ မောင့်အဖေ နာမည် တပ်ခေါ်လိုက်သည်။ မောင့်အဖေ လာကိုင်ပါသည်။
“ဟယ်လို”
“ဦး ကျွန်မပါ ဖြူစင်ကြယ်ပါ။ ဇွဲသန်နဲ့ စကားပြောခွင့်ပေးပါ ဦး၊ ကျွန်မ သူနဲ့ ပြောမှ ဖြစ်မယ်”
“သူ မရှိဘူး ဖြူစင်ကြယ်၊ မင်းနဲ့လည်း ပြောစရာ ဘာစကားမှ မရှိဘူး၊ အားလုံးပြီးသွားပြီ”
“သူမရှိဘူးဆိုတာ ကျွန်မ မယုံပါဘူး ဦး၊ ဦးတို့ ညာနေတာပါ။ ဘာ ဖြစ်လို့ အားလုံးပြီးသွား ရမှာ လဲဦး၊ သူက ကျွန်မရဲ့ ချစ်သူပါ။ ကျွန်မတို့ ခိုးပြေးခဲ့ကြတာ ဦးတို့ဘက်က မိကောင်းဖကောင်း ပီပီလာပြီး တောင်းရမ်းမြန်းပေးဖို့ တာဝန်ရှိပါတယ်။ ဦးတို့ သားသမီးချင်း စာနာဖို့ကောင်းပါတယ်”
“ကိုယ်ပြောမယ်၊ ကိုယ့်သားက ဘာမှ နားလည်တဲ့ကောင်မဟုတ်ဘူး။ အတွေ့ အကြုံလည်း ဘာမှမရှိဘူး။ ပြီးတော့ ဆေးကျောင်းတက်နေတာ၊ ကိုယ်တို့ မိဘနှစ် ယောက် စလုံးက သားကို မင်း လိုချင်တဲ့ ပုံစံအတိုင်း အ ဖြစ်မခံနိုင်ဘူး၊ ရှင်းရှင်းပြောရရင် ကိုယ့်သား၊ သွေးဆောင်ဖြားယောင်းခံရ တဲ့ကိစ္စကို ကိုယ်တို့ တရားဝင်လည်း အသိအမှတ်မပြုနိုင်ဘူး။ အပြတ်ပြောမယ်ကွာ၊ မင်းနဲ့ လုံးဝ သဘောမတူဘူး။ ရှင်းပြီးနော် …….. နောက် အိမ်ကိုလည်း ဖုန်းမဆက်နဲ့၊ သားကိုလည်း ဆက်မ နှောင့်ယှက်နဲ့ မင်းမိန်းကလေးပီပီ ကိုယ့်သိက္ခာကို တန်ဖိုးထားတယ် ဆိုရင်ပေါ့ …… ဒါပဲ”
တစ်ဖက်က ရက်ရက်စက်စက်ပြောကာ ဖုန်းကို ချသွားခဲ့သည်။ စင်ကြယ့် နှလုံးသားတစ်ခု လုံုးအေးခဲကျဉ်တက်သွားကာ ရင်တစ်ခုလုံး ခါးသက်မှော င်မိုက်သွားတော့သည်။ နောက်တစ်ကြိမ် ဖုန်းကို မရမကပြန်ခေါ်သည်။ သူ့အဖေ ပြန်ကိုင်စဉ်မှာ အာခေါင်ခြစ်ပြီး အသံကုန်အော်ပစ်လိုက် မိလေသည်။ နာကြည်းလိုက်မိသည်မှာ ဆိုဖွယ်ရာမရှိတော့။ အဆိပ်တွေ တဖြည်းဖြည်း ပျံ့နှံ့လာခဲ့ သည်။
“တစ်ခေါင်းလုံးကို ရွှေရောင် ဆေးဆိုးမယ်၊ ပြီးရင် ကတုံးတုံးမယ်”
ဆံပင်ညှပ်မည့်  ဆုံလည်ခုံကလေးမှာ ဖျတ်ခနဲဝင်ထိုင်ပြီး ရွှတ်နောက်နောက်ကလေး ပြော လိုက်သော မိန်းမချောကလေးကို စင်ကြယ့်စိတ်ထဲ ရင်းရင်းနှီးနှီးမြင်ဖူးနေသလို ခံစားရသည်။ ပခုံး ထိဝဲကျနေသော ဆံနွယ်ထူထူညိုညိုတွေ ကိုကြည့်ရင်း ဇဝေဇ၀ါ ဖြစ်နေရသည်။ သူမကလည်းစင် ကြယ့်ကို မချိုမချဉ်ပြုံးစိစိ လှမ်းကြည့်လျက်ရှိသည်။ နေစမ်းပါဦး ဒီမျက်နှာနဲ့ ဒီမျက်လုံးတွေ …. အိုး။ ရုတ်တရက် ထခုန်လိုက်မိကာ စင်ကြယ် သူမကို မှတ်မိသွားခဲ့ပြီ။
“ကြေးသွန်းခြယ်၊ ကြည့်စမ်း ….. နင် ကြေးသွန်းခြယ်မှလား၊ ဟယ် ကြည့်စမ်း … နင်ဘယ် လို ဖြစ်လာတာလဲ၊ ဆံပင်တွေ လည်းရှည်ပြီး လှလာလိုက်တာ အရမ်းပါလား၊ ငါတို့ မတွေ့ တာ ဘယ်လောက်ကြာပြီလဲဟင်”
စင်ကြယ်ဝမ်းသာလွန်းသဖြင့် အသံတွေ ပင် တုန်ခိုက်နေကာ ကြေးသွန်းခြယ်ကို အားပါး တရဖက်ထားလိုက်မိသည်။ စင်ကြယ့်ဘ၀မှာ ကိုယ့်ကိုယ်ကိုယ်ပြီးလျှင် ဒုတိယအချစ်ဆုံး ဖြစ်ခဲ့ သော အချစ်ဆုံးသူငယ်ချင်းကလေး ကြေးသွန်းခြယ်၊ သူငယ်တန်းကစပြီး၊ ဆယ်တန်းအထိ အတွဲ မပျက် ချစ်ခဲ့သော သူး ဆယ်တန်းအောင်ပြီးတော့ ကြေးက စင်ကာပူမှာ ကျောင်းသွားတက်ဖို့စီစဉ် ခဲ့သည်။ အရင်တုန်းက ဆံပင်ခပ်တိုတိုနှင့် Tom boy ကလေး တစ်ယောက် လို စင်ကြယ့်ကို အရမ်း ချစ်ခဲ့သော ၊ စင်ကြယ်ရဲ့ ခံစားချက်မှန်သမျှကို မျှဝေခံစားခဲ့ ကာကွယ်စောင့်ရှောက်ပေးခဲ့သော အချစ်ဆုံးလူသား တစ်ယောက် ။ သူစင်ကာပူထွက်သွားခဲ့ချိန်မှာ စင်ကြယ် တော် တော် အသည်းကွဲ စိတ်ဓာတ်ကျမိသည်အထိ ခံစားလိုက်ရသေးသ်။ ဘ၀မှာ ကိုယ်ဝမ်းနည်းလျှင် လိုက်ဝမ်းနည်းကာ ကိုယ်ဒေါသထွက်လျှင် လိုက်ဒေါသထွက်ပေးတတ်သူ၊ ကိုယ်မုန်းသူကို သူလိုက်မုန်းပေးကာ ကိုယ် နှင့် တစ်သားတည်းအမြဲရှိခဲ့သူ။
“လေးနှစ် …….. လေးနှစ် ရှိပြီ စင်ကြယ်ရဲ့ ၊ ငါပြန်ရောက်နေတာ ကြာပေါ့။ နင့်ကို လိုက်စုံ စမ်းနေရတာ တင် တော် တော် ကြာတယ် သည်းရဲ့ ၊ ငါ့နှယ် နင့်ကို လွမ်းလိုက်တာ သေတော့မယ်။ ကဲ ဒီနေ့တစ်ရက် ခွင့်ယူခဲ့ဟာ၊ ငါတို့ အလွမ်းသယ်ရအောင်၊ နင့်ငါ့အိမ်ကိုလိုက်ခဲ့ မိန်းမ၊ နင် အရမ်း လှလာတာပဲဟယ်၊ ငါ့အပြင် ချစ်ရမယ့်သူတွေ ဘာတွေ ရှိနေပြီလား …. ပြောစမ်း၊ ငါသိချင်တယ်”
“ပြောရမှာ ပေါ့၊ ငါ့မှာ ရင်ဖွင့်စရာတွေ မှာ အများ ကြီးပဲ ၊ ငါ့ဘ၀မှာ ရင်ဖွင့်စရာဆိုလို့ နင်တစ် ယောက် တည်း ရှိတာပါ ကြေးရယ်”
ကြေးသွန်းခြယ်ကို ပြန်တွေ့ လိုက်ရချိန်မှာ တစ်ချိန်လုံး နာကျင်ကိုက်ခဲနေခဲ့သော နှလုံး သားက သိသိသာသာ ဝေဒနာ သက်သာပြေလျော့လာကာ စိတ်ဓာတ်ကျချင်ချင် ဖြစ်နေသော စိတ်တို့ လန်းဆန်းတက်ကြွလို့လာခဲ့ရ၏ ။ ဆိုင်ရှင် မမဆီမှာ ခွင့်တောင်းပြီး ကြေးနှင့်အတူ လိုက် လာခဲ့မိတော့ စိတ်ထဲပေါ့ပါး သွက်လက်လို့လာခဲ့သည်။
“စင်ကာပူမှာ ငါက Interior Decoration & Interior Design နဲ့ ပတ်သက်တဲ့ ဘာသာနဲ့ ဘွဲ့ယူလိုက်တယ်ဟာ၊ ပြီးတော့ စင်ကာပူမှာ ပဲ အလုပ်ပြန်လုပ်နေသေးတာ။ အလုပ်အတွေ့ အကြုံ ရအောင်ပေါ့ဟယ်။ ခုတော့ ငါရန်ကုန်မှာ ပဲ ကိုယ်ပိုင် ကုမ္ပဏီထောင်တော့မလို့ ပြန်လာတာဆိုပါ တော့။ ရုံးခန်းတွေ နဲ့ အိမ်တွေ အလှဆင်ပေးတဲ့ ကုမ္ပဏီပေါ့ဟယ်၊ ရန်ကုန်ကို ပြန်ရောက်ရောက် ချင်း၊ ငါ ပထမဆုံး လိုက်ရှာတာ နင့်ကိုပဲ သိလားသည်း။ ငါ နင့်ကို အရမ်းလွမ်းတာပဲဟယ်၊ နင့် အကြောင်းတွေ ပြောပြပါဦး၊ မိထွေးတော် နဲ့ သတ်နေရတုန်းပဲလား”
“ငါအဆောင်မှာ ပြောင်းနေခဲ့တာ ကြာပေါ့ ကြေးရဲ့ ”
“ဟယ် ၊ အဆောင်မှာ မနေနဲ့၊ ငါနဲ့အတူလာနေ၊ ငါ တစ်ယောက် တည်းနေတာ သည်းရဲ့ ၊ မေမေတို့နဲ့အတူတူ မနေဘူး။ ( ) ကွန်ဒိုတစ်ခန်းဝယ်ထားတယ်၊ ရုံးခန်းလည်း အဲဒီ မှာ ပဲ၊ နင် ငါနဲ့ လာနေရမယ်နော် ….. ဒါပဲ”
ကြေးက အရင်အတိုင်း ဘာမှ သိပ်မပြောင်းလဲ၊ စင်ကြယ့်ကို သည်းသည်းလှုပ်ချစ်တတ် တာလည်း မြင်ရုံနှင့် သိသာလွန်းလှသည်။ ကြေးပြန်လာတာ စင်ကြယ့်အတွက်တော့ တစ်အား ပင်။
“လာနေမှာ ပေါ့ဟယ်၊ အဆောင်ခ သက်သာတာပေါ့။ ပြီးတော့ နင့်ကိုလည်း ချက်ပြုတ် ကျွေးလို့ရတာ ပေါ့ဟယ်”
“တကယ် …. တကယ်ကြီးနော်၊ ဒါဆို ချက်ချင်း ပြောင်းလာခဲ့တော့ သည်းရာ၊ ပြောပါဦး .. နင့်မှာ ငါ့ထက် ပိုချစ်ရမယ့်သူ ရှိနေပြီလားဆိုတာ အဲဒါကို ငါအသိချင်ဆုံးပဲ”
“ပြောရမယ်ဆိုရင် ဇာတ်က အရမ်းနာတယ် သူငယ်ချင်းရေ၊ ငါ လူ တစ်ယောက် ကို အရမ်း ချစ်မိတယ်၊ သူ့ဆီကနေ ဘာကိုမှလည်း မမျှော်လင့်ခဲ့ပါဘူးဟာ။ ငါ့ရဲ့ အရိုးသားဆုံးအချစ်တွေ ပဲ ပေးခဲ့မိတာပါ။ သူတို့ဘက်က ငါ့ကို ဆက်ဆံလိုက်တဲ့ပုံစံက အရမ်းရက်စက်လွန်းတယ်။ ငါ့ကိုပဲ တကယ့် မိန်းမလည်မကြီး တစ်ယောက် ၊ သူတို့သား အဖိုးတန်အရိုးခံကလေးကို ဖြားယောင်းပြီး ခိုး ပြေးသွားတဲ့ ဂျင်မကြီး တစ်ယောက် လို ဆက်ဆံသွားတယ်ဟယ်။ ငါ့ကို မတူသလိုလို၊ မတန်သလို လိုနဲ့ လူလူချင်း တန်ဖိုးထားဖို့ နေနေသာသာ ရှိတယ်လို့တောင် မမှတ်ဘူး။ မျက်လုံချင်းတောင် ဆုံ ကြည့်မသွားဘူး။ သူ့အမေဆို င့ါကို စကားတစ်ခွန်းတောင် ပြောမသွားခဲ့ဘူး။ သူ့သားသူ ဖုတ်ဖက် ခါ ပြန်သိမ်းသွားပြီး ငါ့ကို ပဲခူးမှာ တစ်ယောက် တည်း ချန်ထားပစ်ခဲ့တယ်။ ဘယ်လောက်ရက်စက် ပြီး လူမဆန်တဲ့ လုပ်ရပ်လဲဆိုတာ။ သားသမီးချင်း ကိုယ်ချင်းစာ ငဲ့ညှာထောက်ထား စိတ်တစ်စက် ကလေးမှ မရှိခဲ့ဘူး”
“ဟယ် ….. ရက်စက်လှချည်လား၊ မိုက်ရိုင်းလှချည်လား၊ နင့်ချစ်သူက နင့်ဘက်ကနေ ရပ်တည်မပေးခဲ့ဘူးလား၊ မကာကွယ်ပေးခဲ့ဘူးလား”
“ကာကွယ်ဖို့နေနေသာသာဟယ်သူက ဘ၀တစ်လျှောက်လုံး မိဘတွေ ရှေ့မှော က်မှာ တစ် သက်လုံး ခေါက်ရိုးကျိုးနေခဲ့တဲ့ အပိုးကျိုး၊ အလိမ္မာကလေးလေ။ အမြီးကလေးကုတ်ပြီး ကားပေါ် တက်သွားခဲ့တာ ။ သူ့ကိုယ်သူ အပြစ်ရှိပါတယ်။ အမှားကျူးလွန်မိပါတယ်လို့ ၀န်ခံနေတဲ့ အတိုင်းပဲ။ ငါလေ ရှက်လည်း အရမ်းရှက်တယ်၊ ရင်ထဲမှာ လည်း ဆတ်ဆတ်ခါအောင် နာတယ်။ သူတို့ မိသား စုကို ငါပညာပြန်ပေးချင်တယ်။ ငါ့ကို အရေး မစိုက် တန်ဖိုးမထား၊ ဆက်ဆံခဲ့တာ၊ အသိအမှတ်မပြု ခဲ့တာတွေ အတွက် သူတို့ကို တစ်ခုခု ပြန်ခံစားစေချင်တယ်။ ဒီအတိုင်းကြီး ငုံ့ခံမနေချင်ဘူး။ ပွဲက မတရား မမျှတဘူးဟာ၊ ငါလက်တုန့်ပြန်ချင်တယ် ……… တကယ်”
ခုပြောရင် အခုပြန်ပြီး နာကျင်လာကာ ရင်ထဲက လှိုင်းထန်လာသည်။ အခါးဓာတ်တွေ ဆန် တက်လာသလိုပဲ ခံစားရပါသည်။ ကြေးက စင်ကြယ့်ကို မျက်ဝန်းစူးစူးများ ဖြင့် ငေးစိုက်ကြည့်လို့။ ဒီမျက်ဝန်းတွေ ကို စင်ကြယ်ကောင်းကောင်းသိခဲ့တာပေါ့။ မိထွေးနှင့် ပြဿနာ ဖြစ်တိုင်း စင်ကြယ် ဘက်ကနေ မားမားရပ်ကာ ကာကွယ်ပေးတတ်ခဲ့သော မျက်ဝန်းတွေ ။ ကျောင်းမှာ တခြားသူတွေ နှင့် ပြဿနာတတ်တိုင်း စင်ကြယ်ကိုယ်စား ရန် ဖြစ်ပေးနေကျ ခပ်စွာ စွာ မဟုတ်မခံ ဇတ်ဇတ်ကြဲ မျက်ဝန်းတွေ ။ ကြေးက စင်ကြယ့်ကို ခပ်တင်းတင်း ဆွဲဖက်ပစ်လိုက်သည်။
“စင်ကြယ်ရယ်၊ နင့်ကိုငါ သိပ်ချစ်တယ်၊ နင့်ကို ထိခိုက်နာကျင်အောင် လုပ်တဲ့သူဟာငါ့ကို နာကျင်အောင်လုပ်တာနဲ့ အတူတူပဲ ၊ နင်ခံစားရသလိုပဲ ငါခံစားရတယ်၊ နင်ပြန်တိုက်ခိုက်ချင်သလို ပဲ ငါလည်း တုန့်ပြန်ချင်တယ်။ နင် ဘာ ဖြစ်ချင်သလဲ .. ဖြစ်ချင်တဲ့အတိုင်း ငါသူတို့ မိသားစုကို လက်စားချေပေးမယ် .၊ ကဲ .. ငါဘာလုပ်ပေးရမလဲပြော”
“ကြေး .. နင်ရောက်လာတာ ငါ့အတွက်က back up ကောင်းကောင်း ရလိုက်သလိုပဲ နွေး ထွေးအားတက်သွားတယ်သိလား။ ဒီလောကမှာ သူတို့ မိသားစုကလေး သုံးယောက် ပဲ တစ် ယောက် ကို တစ်ယောက် ချစ်တတ်တာမဟုတ်ပါဘူး။ လူတိုင်းမှာ ချစ်တတ်တဲ့ နှလုံးသားကိုယ်စီရှိ တယ်၊ အဲဒီ နှလုံးသားကို လေးစားပေးရမယ်။ တန်ဖိုးထားပေးရမယ်။ မစော်ကားရဘူး။ အရေး မ စိုက်မလုပ်ရဘူး………..”
“ကောင်းပြီ ….. နင်ဘာလိုချင်သလဲဆိုတာ ငါသိလိုကပြီ EYE FOR AN EYE ဆိုရင် HEART FOR A HEART ပေါ့ဟယ်။ သူတို့ နင်းခြေဖျက်ဆီးလိုက်လို့ နင့် နှလု့းသားလေး စုတ်ပြတ် ကြေမွ သွားတယ်ဆိုရင် သူတို့ထဲက တစ်ယောက် ယောက် ရဲ့ နှလုံးသားလည်း ပြန်အလျော်ပေးရ မှာ ပေါ့ … မဟုတ်ဘူးလား။ နင် င့ါအကြောင်း သိပြီးသားပါ စင်ကြယ်ရယ်၊ မတရားမှု တစ်ခုမှာ ငါ ဘယ်တော့မှ လက်ပိုက်ကြည့်မနေနိုင်ဘူး။ အထူးသဖြင့် ငါချစ်တဲ့ နင့်ကို ထိလာရင် မိစ္ဆာတစ် ကောင်လိုပဲ ငါ ပွဲကြမ်းချင်တယ်၊ သွေးဆူချင်တယ်၊ ကဲ … ဒီကိစ္စ ငါ့တာဝန်သာထားလိုက်တော့ ဟာ။ နင့်တာဝန်က ပျော်ပျော်နေဖို့ရယ်၊ ငါနဲ့အတူ လာနေဖို့ရယ်၊ သူတို့မိသားစုရဲ့ ကိုယ်ရေး ရာဇ ၀င် အချက်အလက်တွေ ငါ့ကိုပေးထား၊ နင်သိသလောက်ပေါ့ဟယ်၊ ကျန်တာ ငါ့ဘာသာ စုံစမ်းလို့ ရပါတယ်”
“ငါသိသလောက်တော့ သူ့အမေက သူ့ယောက်ျားနဲ့ သူ့သားကို ကမ္ဘာတစ်ခုလိုပဲ ကိုးကွယ် ချစ်မြတ်နိုးတာဆိုပဲ။ ပြီးတော့ သူ့ယောက်ျားနဲ့ သားကို အရမ်းလည်း သ၀န်တိုတတ်သတဲ့”
“ငါ့မှာ တော့ မြားတစ်စင်းရှိနေပြီ စင်ကြယ်၊ ငှက် ကတော့ သုံးကောင်ပေါ့။ ကံကောင်းရင် ငှက်သုံးကောင်စလုံး ငါ့ရဲ့ မြားချက်မှာ စုပြုံတိုးမိနိုင်သလို၊ ကံဆိုးရင်တော့ ငှက်တစ်ကောင်ရဲ့ နှလုံး သားကို ထုတ်ချင်းဖောက်ပေါ့။ နင်က ဘယ်ငှက်ကို ထိစေချင်လဲ”
“သူ့အမေရဲ့ ရင်ခွင်ထဲမှာ သူ့သားရှိနေတာ၊ အဖေက အပေါ်ကနေခြုံပြီး အုပ်မိုးကာကွယ် ထားတာဆိုတော့ ငါထိစေချင်တာ သူ့အမေပဲ”
ကြေးက နှုတ်ခမ်းကလေးချွန်ကာ ပြုံးလိုက်သည်။ ခပ်သွက်သွက် ခပ်ထက်ထက် မိန်းမ ချောလေးကို စင်ကြယ် အားကိုးယုံကြည်သော အပြုးကလေးဖြင့် ပြန်ပြုံးပြလိုက်သည်။ ကြေး၏ အပြုံးက ကြေးစားလူသတ်သမား ဆန်နေလျှင် စင်ကြယ်၏ အပြုံးက ထိုကြေးစားကို ယုံကြည် စိတ်ချလိုက်သော အပြုံး ဖြစ်သည် ဆိုပါတော့။
![]() မာယာရထား | ![]() ပါးပြင်နုနုရဲ့ အကြွေး | ![]() သူ့နှလုံးသားမှာ ခြေရာတွေနဲ့ |