Cover

နိဒါန်း

“လူ တစ်ယောက် ဟာ စိတ်ရဲ့ စွမ်းအင်တစ်မျိုးကို လက်ဆောင်တစ်ခုအ ဖြစ်ရရှိထားတယ်ဆိုရင် အဲဒီ လက်ဆောင်ကို… သူနှစ်သက် သည် ဖြစ်စေ … မလိုချင်သည် ဖြစ်စေ… သူနှင့် အတူ အမြဲလက်လံယူဆောင်ထားရတော့မှာ ပါ။

အဲဒီ လက်ဆောင်ကို သူဘယ်နေရာမှာ ဘယ်လိုအသုံးချရမှန်းလည်း… သေချာမသိခဲ့….။ သူ့ကိုယ်သူ အသုံးချနေမိ မှန်းတောင် သူမသိ။

သိလိုက်မိတဲ့အချိန်မှာ သူဟာ သူချစ်တဲ့ မိန်းကလေးအတွက် လိုလေသေးမရှိအောင် လိုတရအောင် ဖန်တီးပေးဖို့ ကြိုးစားနေ ခဲ့ရတဲ့ လူငယ်လေး တစ်ယောက် အ ဖြစ် …

သူ့ကိုယ်သူ ပြန်မြင်လိုက်ရတာ ပါ…. ။ သူမကို သူ အလွန်ချစ်ပါသည်”

ဘုန်းလက်ျာ

အခန်း(၁)

တကယ်တမ်း သေချာပြောရမည် ဆိုလျှင် အဲဒီ စိတ်၏ စွမ်းအင်နှင့် အတူ သူ မွေးဖွားလာခဲ့တာ … ဟုပဲ ပြောရမှာ ပါ။ အဲဒါကို ငယ်စဉ်တုန်းက သူမသိခဲ့။ သူ့အလိုအလျောက် တိုက်ဆိုင်သော အ ဖြစ်အပျက်ကလေးတွေ ဖြစ်သွားတတ်တာကိုပဲ တအံ့တသြ လက်ခံခဲ့ရခြင်း ဖြစ်သည်။ သူ မှတ်မိသလောက် မှတ်ဥာဏ်ကို ပြန်ခေါ်ယူရလျှင်တော့ …သူ ခြောက်နှစ် … ခုနစ်နှစ် သား လောက်ကစပြီး ထူးခြားမှု တွေ စတင်ခဲ့တာဟု ပြောရပါမည် ။ သူ့ဘ၀မှာ … အရင်းနှီးဆုံးက မေမေ ဖြစ်သည်။ ဖေဖေက အမြဲလိုလို ခရီးထွက်နေသော သင်္ဘောသား တစ်ယောက် ။ မေမေက သူမ မျက်ကွယ်မှာ ဖေဖေ ဘာ ဖြစ်နေမလဲ … ဆိုတာကို အမြဲ သိချင်ပူပန်ကြောင့်ကြ စိုးရိမ်နေတတ်သူ ဖြစ်သည်။ အဲဒီ တော့ မေမေ အားကိုးလေ့ရှိသည်မှာ အကြားအမြင် ဆရာတွေ … ဗေဒင်ဆရာတွေ ဖြစ်သည်။ တစ်ခါတစ်ရံတော့ … သူ့ကို နွေးနေအောင် ရင်ခွင်ထဲ ထွေးဖက်ထားရင်း သူ့ကိုပဲ တိုင်တည်သလိုလိုလည်း မေမေပြောတတ်သေးသည်။

“သားရယ်… သားဖေဖေကို သတိရလိုက်တာအရမ်းပဲ၊ သူ အနေအထိုင် အစားအသောက်များ ဆင်းရဲနေမလား၊ မေမေနဲ့သားကိုများ လွမ်းနေမလား နေမှ ကောင်းရဲ့လား မသိဘူးနော်၊ သားဖေဖေက ဘာပဲလုပ်လုပ် အနေအထိုင် အစားအသောက် သန့်ရှင်းသပ်ရပ်မှ ကြိုတာ၊ သင်္ဘောပေါ်မှ သူနေချင်သလို …. သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်း နေခွင့်ရပါ့ မလား မသိပါဘူး၊ ဖြစ်သလို နေရရင် … သူ ပျော်မှာ မဟုတ်ဘူး”

ပထမဆုံးအကြိမ်အ ဖြစ် ဖေဖေ နိုင်ငံခြားသင်္ဘောလိုက်သွားချိန်မှာ မေမေက ပြောခဲ့ခြင်း ဖြစ်သည်။ အဲဒီ အချိန်မှာ သူဖေဖေ့ကို အာရုံထဲ မြင်ယောင်ကြည့်မိသည်။ အဲဒီ ခဏကလေးမှာ ပဲ အလွန်ထူးဆန်းသော စိတ်ကူးခံစားမှု တစ်ခုကို သူ ရရှိလိုက်သည်။ ဖေဖေ့ကို သူ့စိတ်အာရုံထဲ … ပီပီသသကြီး မြင်နိုင်စွမ်းရှိနေပြီး … ဖေဖေရဲ့ စိတ်ကိုပါ လှမ်းပြီး ခံစားသိနိုင်နေမိ ခြင်း ဖြစ်သည်။ ဖေဖေ့အခန်းကလေးထဲမှာ ပစ္စည်းကလေးတွေ သပ်သပ်ရပ်ရပ်၊ စီစီရီရီ ထားသိုလျက်ရှိတာကိုပါ သူသိနေ သလိုလို။ ဖေဖေ သူနှင့် မေမေ့ကို သတိတရလွမ်းနေတာကို သူ ခံစားရသည်။ ပြီးတော့ ဖေဖေ့လက်ထဲမှာ မေမေနှင့် သူ့ဓာတ်ပုံ ကလေးကိုကြည့်နေတယ်ဟု ခံစားမိသည်။ ကလေးပီပီ သူ ခံစားမိတဲ့အတိုင်းပဲ သူမေမေ့ကို ပြန်ပြောပြလိုက်မိ သည်။

“မေမေ၊ ဖေဖေလည်း နော်တို့ကို လွမ်းနေတယ်ဗျ သိလား၊ အခု ဖေဖေ နော်တို့ ဓာတ်ပုံကိုကြည့်နော”

သူ့စကားကြောင့် မေမေ့မျက်နှာကလေး ၀င်းပသွားကာနှုတ်ခမ်းကလေး ပြုံးမြသွားတာကို သူ မြင်နေရသည်။ ပြီးတော့ မေမေက သူ့မျက်နှာကို လက်ဖ၀ါးနှစ် ဘက်နှင့် ညှပ်ကိုင်ကာ …

“အံမယ် …. မေ့သားက တယ်ဟုတ်ပါလား၊ သားက ဘယ်လိုလုပ်ပြီး သိတာလဲ”

ဟု ပြုံးပြုံးကလေး ပြန်မေးနေသည်။ မေမေ ကတော့ သူ … မေမေ ကျေနပ်အောင် ဒီအတိုင်း စိတ်ထဲထင်တာကို ပြောပြီး နှစ် သိမ့်လိုက်တာဟု ယူဆသွားပုံရပါသည်။ သူကလည်း စိတ်ထဲပေါ်လာတဲ့အတိုင်းပဲ ရိုးရိုးကလေး ပြောပြလိုက်မိ တာပါ။

“နော်… ခံစားကြည့်လိုက်တာ မေမေ”

ဟု သူဖြေလိုက်တာကို မေမေ သဘောကျစွာ ရယ်မောပါသည်။ နောက်အကြိမ်တွေ မှာ လည်း သူ ဖေဖေ့ကို အာရုံစူးစိုက်ပြီး လှမ်းကြည့်လိုက်မိလျှင် ဖေဖေ့စိတ်ထဲမှာ ဖြစ်နေသမျှကို လှမ်းပြီး ခံစားသိနေခဲ့သည်။ ထိုအခါ စိတ်ထဲပေါ် လာသည့်အတိုင်း သူမေမေ့ကို ပြန်ပြော ဖြစ်လာသည်။ မေမေ့၏ တုန့်ပြန်မှု မှာ ပထမတော့ ခပ်ပေါ့ပေါ့သာ။ ရယ်မောလိုက်ရုံ … သူ့ရဲ့ ဆံပင်တွေ ကို လှမ်းပွတ်သပ်ပေးရုံ … သူ့ခေါင်းကို လှမ်းနမ်းလိုက်ရုံ လောက်သာ။

“မေမေ … ဖေဖေ လူ တစ်ယောက် နဲ့စကားများ နေတယ် … သိလား ၊ ဖေဖေ စိတ်တွေ ဆိုးနေတယ်၊ မျက်နှာတွေ နီရဲနေတာပဲ ”

ဟု … သူ ပြောမိတော့ မေမေ ယုံကြည်ဟန် မပြပါ။

“တော် စမ်းပါ သားရယ်၊ အပိုတွေ မေမေကို လာလှိမ့်မနေစမ်းပါနဲ့”

ဟု မပြောရုံတမယ် မျက်ဝန်းများ ဖြင့် သာ သူ့ကို ပြန်ကြည့်ခဲ့သည်။ သူကလည်း မေမေ သူ့ကိုယုံကြည်ဖို့ ဖေ့ဖေ့ဆီက အထင်ကြီး ကိုးစားယုံကြည်မှု ကို လိုချင်သော ကြောင့် ပြောခဲ့ခြင်း မဟုတ်။ မေမေ့ကို တမင်သက်သက် အံ့သြအောင် သူ ရည်ရွယ်နေတာလည်းမဟုတ်။ ဘယ်အချိန်မှာ မေမေ့၏ အံ့သြမှု ကို သူရရှိခဲ့သလဲဆိုတော့ အဲဒီ တစ်ကြိမ်မှာ ထုံးစံအတိုင်း ဖေဖေ့ကို အရမ်းသတိရမိသော ကြောင့် ဖေဖေ့ကို အာရုံထဲ စူးစိုက်နစ်ဝင်နေအောင် အာရုံခံကြည့်လိုက်မိသည်။ အာရုံထဲ သူ ခံစားမိလာသည်က ဖေဖေရဲ့ စိတ်လှုပ်ရှားပျော်ရွှင်မှု တွေ . အို …. ဖေဖေ ပျော်နေတာပါလား။ ဟော ဖေဖေ …. မေမေ့ဆီ ဖုန်းခေါ်ဖို့ကြိုးစားနေတယ်။ ဖေဖေတို့ သင်္ဘော ကမ်းကပ်နေတာကိုး။

“မေမေ … ဖေဖေ ဖုန်းဆက်နေတယ်“

ဟု သူ အမှတ်မထင် လှမ်းပြောလိုက်တော့ မေမေက နောက်ဖေးမှာ ချက်ပြုတ်နေရာကနေ ကမန်းကတန်း ပြေးထွက် လာသည်။ ဘာဖုန်းမြည် သံမှ မကြားရသော အခါ မေမေ နည်းနည်း စိတ်တိုသွားပုံရပါသည်။

“မေမေ … အလုပ်ရှုပ်နေတယ် သားရယ်၊ မနောက်စမ်းပါနဲ့ … ဒါ နောက်စရာမဟုတ်ဘူး သိလား”

ဟု သူ့ကို ဆူသလို ပြောပြီး မီးဖိုထဲ လှမ်းထွက်ဖို့ ဟန်ပြင်စဉ်မှာ ဖုန်းက ရုတ်တရက် ထမြည် လာသည်။ အဲဒီ အထိ မေမေ မအံ့သြသေး။ သူ့ကို တစ်ချက်လှမ်းကြည့်ကာ ဖုန်းကိုသွားကိုင်သည်။ ခဏအကြာမှာ မေမေ မျက်ခုံးတွေ ပင့်တက်သွားပြီး မျက်လုံးအ၀ိုင်းသားဖြင့် သူ့ဆီ ပြူးပြူးပျာပျာ အလန့်တကြား လှမ်းကြည့်သည်။

“အိုး မောင်၊ မောင် တကယ်ဆက်နေတာလား၊ ဒီမှာ သားပြောနေတာကို မေက မယုံဘူး”

မေမေ ပျော်ရွှင်ရယ်မောနေတာကို သူ ငေးကြည့်နေမိသညသ်။ ခဏနေတော့ မေမေက ဖုန်းချလာပြီး သူ့ဆီ လက်နှစ် ဘက်ဆန့်တန်းကာ လျှောက်လာပြီး ရင်ခွင်ထဲ ခပ်တင်းတင်းပွေ့ဖက်ထားခဲ့သည်။

“ အို .. မေမေ့သားလေး၊ သားလေးမှာ ထူးခြားမှု တစ်ခုခုတော့ရှိနေပြီလို့ မေမေထင်တယ်သား၊ အဲဒါ ဘုရားပေးတဲ့ လက်ဆောင်ပဲ၊ ဖေဖေကလည်း အရမ်း အံ့သြနေတယ်၊ သားမှာ လူ တစ်ယောက် ရဲ့ စိတ်ကို လှမ်းပြီး ခံစားသိနိုင်တဲ့ ပါဝါများ ရှိနေသလားမသိဘူးတဲ့ သားရယ် …

ဟု တအံ့တသြ ပြောလာသည်။ ဖေဖေပြန်လာမည့် နေ့ကို သူ သေချာပြန်ပြောပြနိုင်တော့ မေမေ့မှာ အံ့သြ၍ မဆုံးနိုင်။ အဲဒီ အချိန်ကစပြီး မေမေ သူ့ကို အားကိုးတကြီး ရှိလာသလို သူခံစားမိသည်။ အကြားအမြင်ဆရာတွေ … ဗေဒင် ဆရာတွေ ဆီကိုတောင် မသွားတော့ဘဲ သူ့ကိုသာ တီးတိုး ခေါ်မေးတတ်သည်။ မေမေ အမေးအများ ဆုံးက ဖေဖေ့ရဲ စိတ်ခံစားမှု တွေ ကိုပေါ့။ ဖေဖေ ဘာလုပ်နေမလဲ …. ဖေဖေ ပျော်နေမလား …. စိတ်ဆင်းရဲနေသလား …. နေထိုင်ကောင်းရဲ့ လား … မေမေ့ကိုရော သတိတရရှိရဲ့ လား …. ဖေဖေ ဘယ်တော့ ပြန်လာမှာ လဲ အဲဒါတွေ ဖြစ်သည်။ ပြီးတော့ မေမေက တဆင့် မေမေ့ရဲ့ သူငယ်ချင်းတွေ အထူးသဖြင့် သူ့တို့ ချစ်ခင်ရသူတွေ ၏ စိတ်ခံစားမှု တွေ ကို သူ့ဆီမှာ မေးတတ်လာသည်။ သူက အဲဒီ လူတွေ ရဲ့ ဓာတ်ပုံကို စူးစိုက်ကြည့်ပြီး ဓာတ်ပုံကနေတစ်ဆင့် အာရုံခံကာ သူတို့ရဲ့ စိတ်တွေ ကို လှမ်းပြီး ခံစားယူကြည့်ဖို့ ကြိုးစားကြည့်မိသည်။ ပြီးတော့ … သူ ခံစားမိသည့်အတိုင်း ရိုးသားစွာ သာ ပြန်ပြောပြမိသည်။ သေချာတာက သူမလိမ်ပါ။ သူ မြင်တဲ့အတိုင်း ခံစားသိမိသည့်အတိုင်းသာ သူပြန်ပြောပြတတ်သည်။ မှန်တာတွေ … မမှန်တာတွေ ကို သူ ဂရုမစိုက်။ လူတိုင်းဆီက အံ့သြမှု တွေ ကို သူ သဲ့မယူချင်ပါ။ အင်း …. တစ်ခုပဲ ရှိခဲ့သည်။ သူ အံ့သြအောင် လုပ်ပေးချင်သူ တစ်ယောက် ရှိပါသေးသည်။ အဲဒါ သူ့ရဲ့ အိမ်နီးချင်း၊ ကျောင်းသွားဖော်ကစားဖော် သူငယ်ချင်းကလေး ဖြစ်သည်။ “ဒေ၀ီမျိုးနွယ်”ဟု အားလုံးက ခေါ်ကြသည်။ သူ ကတော့ “ဒေ၀ီ”ဟု ခင်မင်လွန်းစွာ ခေါ်မိသည်။ သူမက အရမ်းချစ်ဖို့ကောင်းပါသည်။ အရုပ်ကလေး တစ်ရုပ်နှင့် တူသော ကြောင့် တစ်ခါတစ်ရံ သူက “ဒေါလ်” ဟု ချစ်စနိုးခေါ်မိသည်။ သူမ၏ စိတ်ကို သူ အမြဲတမ်းလိုလို အာရုံစူး စိုက်ကာ လှမ်းကြည့်မိတတ်သည်။ အဲဒီ အခါ သူမ၏ စိတ်ကို လှမ်းပြီး ခံစားသိနိုင်ခြင်းမှာ သူ့အတွက် စိတ်လှုပ်ရှားစရာ …. ပျော်ရွှင်စရာ ကစားနည်းတစ်ခု ဖြစ်မှန်းမသိ ဖြစ်လာခဲ့တော့ သည်။

သူရိုးသားစွာ ၀န်ခံရလျှင် ဒေါလ်ကို အံ့သြသွားအောင်၊ ၀မ်းသာပျော်ရွှင်သွားအောင် သူမ စိတ်ထဲမျ ဖြေချင်နေတာ၊ လိုချင်နေတာကလေးတွေ ကို ဖြည့်ဆည်းပေးရတာ လုပ်ပေးရတာ ကို သူ အရမ်းပျော်မိခြင်း ဖြစ်သည်။ သူမအတွက် သူဖန်တီးပေးခဲ့သမျှ လက်ဆောင်ကလေးတွေ တိုင်းသည် သူမ စိတ်ထဲမှာ တောင့်တောင့်တတနှင့် အရမ်းလိုချင်နေမိတတ် သော အရာကလေးတွေ ချည်း ဖြစ်နေတတ်သည်ကိုး။ ဥပမာ သူမ စိတ်ထဲ အိုးပုတ်ကလေးတွေ အရမ်းလိုချင်နေတုန်းက သူက သူမ မသိအောင် ရွှံ့စေးတွေ နှင့် အိုးပုတ်ကလေးတွေ ကို သေသေချာချာ ဖုတ်ပေးခဲ့ကာ သူမကို လက်ဆောင်ပေး လိုက်သည်။ အံ့သြလွန်းသဖြင့် သူမ ဆွေ့ဆွေ့ခုန် ……

“ဟယ် …. ကြည့်စမ်း …. လက်ျာ (လက်ယာ ဟု အသံထွက်ပါသည်။) နင် အရမ်း အံ့သြဖို့ကောင်းတာပဲ သိလား၊ ငါ အိုးပုတ်ကလေးတွေ အရမ်းလိုချင်နေတာ …..နင်ဘယ်လိုလုပ်ပြီးသိလဲ … ဟင်၊ ငါ မေမေ့ကို ပူဆာနေတာကြာပြီ၊ မေမေက က ၀ယ်မပေးသေးဘူး”

သူ့လက်ရာက ဈေးမှာ ရောင်းသော အိုးပုတ် ရောင် စုံကလေးတွေ လောက်တော့ မသပ်ရပ်ဘူးပေါ့။ အိုးပတ်ပတ်လည် မှာ သူ့ကို ကြိုးစားပြီး ခြယ်ရတာ ဖြစ်သည်။ သူ အသုံးပြုခဲ့သော ဆေးရောင် ကတော့ မေမေ့အတွက် ဖေဖေလက်ဆောင်ဝယ် ပေးထားသော လက်သည်းဆိုးဆေးတွေ ပေါ့။ မေမေသိတော့ မျက်စောင်းထိုးကာ ခံရသေးသည်။ ဒေါလ်က အိုးပုတ်ကလေး တွေ နှင့် မက်မက်မောမောဆော့ဖို့ ပြင်သည်။ သူက လူကြီး တစ်ယောက် လိုပင် သူမကို ပြုံးကြည့်ရင်း …

“ဒီလိုပဲပေါ့ ဒေါလ်ရဲ့ ၊ နင့်စိတ်ထဲ ဘာလိုချင်နေသလဲဆိုတာ ငါ ခံစားကြည့်လို့ရတယ်လေ”

ဟု ပြန်ဖြေလိုက်တော့ သူမက သူ့ကို ထူးခြားသော မျက်ဝန်းတွေ နှင့် ခပ်စူးစူးကလေးကြည့်သည်။

“ဟုတ်တယ် … အဲဒါကို ငါ သိတယ်လေ …. နင်က ငါလိုချင်တာကို အမြဲပေးတတ်တယ်၊ မေမေက ပြောတယ်၊ နင်က လူထူးလူဆန်းကလေးတဲ့၊ အကြားအမြင်ရနေတာဆို”

အဲဒီ စကားကြောင့် သူ ရှက်သလိုလိုတော့ ဖြစ်မိသွားသည်။

“မဟုတ်ပါဘူးဟာ၊ လူ တစ်ယောက် ရဲ့ စိတ်ကို လှမ်းပြီး ခံစားကြည့်လိုရတာ ပါ။ အကြားအမြင်ရတာ မဟုတ်ပါဘူး။ ကျန်တာတွေ …. ငါ ဘာမှမသိဘူး၊ နင့်စိတ်ထဲ ဖြစ်နေတာကို … ငါလှမ်းသိနိုင်တယ် … ဒါပဲ”

“တန်ခိုး … မဟုတ်ပါဘူး၊ ပါဝါပါ၊ အဲဒါက မွေးကတည်းက သူ့ဘာသာသူ ပါလာတာ၊ ငါ မလိုချင်လို့လည်း မရဘူး၊ ဒါပေမယ့် ငါ ပျော်တယ် သိလား၊ ဘာ ဖြစ်လို့လဲဆိုတော့ အဲဒီ စိတ်နဲ့ မေမေ့ကို ကူညီနိုင်တယ်၊ နင့်စိတ်ကို သိနိုင်တယ် … ဖေဖေ့ရဲ့ စိတ်ကို သိနိုင်တယ်၊ ဒီလောက်ဆို တော် ပြီ”

သူက ကလေးပီပီ ရောင့် ရဲစွာ ပဲ ပြောခဲ့သည်။ နောက်တော့ သူမ အရမ်းမက်မောသော ဖန်ဂေါ်လီရောင် စုံ လှလှကလေးတွေ သူ စုပေးခဲ့သည်။ သူမအတွက် လိပ်ပြာ လှလှကလေးတွေ ဖမ်းပြီး အကြည်ရောင် ပုလင်းကလေးတွေ ထဲ ထည့်ကာ လက်ဆောင် ပေးခဲ့သည်။ လိပ်ပြာကလေးတွေ ကို သူမက စုဆောင်းချင်ခဲ့တာကိုး။ လိပ်ပြာ အသေကလေးတွေ ကို သူမက စာအုပ်အလွတ်တစ်အုပ် သပ်သပ်ထားပြီး စာအုပ်တွေ ကြားထဲမှာ အကောင်ပုံစံ မပျက်ကလေးတွေ ညှပ်ညှပ်ပြီး သိမ်းထားတတ်သော ဘာဝါသနာမှန်း မသိပါ။ လိပ်ပြာတောင်ပံဆီက အ၀ါရောင် … အညိုရောင် … အနီရောင် … အနက်ရောင် … ငွေမှင်ရောင် ကလေးတွေ စာရွက်သားပေါ်မှာ စွန်းထင်းကျန်နေတာကို သူမ သဘောကျတတ်သည်။

အရွယ်ကလေး နည်းနည်း ပိုကြီးလာတော့ သူမ လိုချင်စုဆောင်းချင်သည်မှာ ဆီစိမ်စွန် ရောင် စုံလှလှကလေးတွေ ဖြစ်လာသည်။ အဲဒီ တော့ သူက ဆီစိမ်စက္ကူတွေ နှင့် စွန်လှလှ ရောင် စုံကလေးတွေ ကိုကိုယ်တိုင် တီထွင်ဖန်တီးပေးကာ သူမကို လက်ဆောင်ပေးတတ်သည်။ အဲဒီ အတွက် သူမက သဘောကျ ကျေနပ်၍ မဆုံး။

“လက်ျာရယ် … နင်ဟာ ငါ့အတွက်တော့ …. လက်ဆောင်တစ်ခုနဲ့ တူတဲ့ သူငယ်ချင်းပဲ …. သိလား၊ ငါ့ စိတ်ထဲမှာ လိုချင်တောင့်တလိုက်ရုံနဲ့ နင် ဖြစ်အောင် ဖန်တီးပေးတတ်တယ်၊ ငါ့လောက် ကံကောင်းတဲ့သူ ရှိပါ့ဦးတော့ မလား”

ဟု အားပါးတရ ပြောခဲ့သည်။

“အရိပ်တကြည့်ကြည့်” ဆိုသော စကားကို ဒေါလ်အတွက် သူကျင့်သုံးခဲ့မိတာ ဖြစ်သည်။ ဆယ်တန်းအထိ သူတို့ အတန်းအတူတူ။ ဒေါလ်ထိုင်သော ခုံတန်းနှင့် ဘေးချင်းကပ်ခုံမှာ သူ အမြဲထိုင်လေ့ရှိသည်။ စာသင်နေရင်းပဲ ဖြစ် ဖြစ် သူ့ မျက်လုံးတွေ က ဒေါလ်ဆီ မကြာခဏရောက်သွားတတ်မြဲ။ ဥပမာ ရာသီဥတု ပူပြင်းလို့ သူမ အိုက်ပြီး ဗလာစာအုပ်ကလေး နှင့် တဖျပ်ဖျပ်ခပ်နေပြီဆိုပါစို့။ သူက ချက်ချင်း ပဲ သူ့စာအုပ်အဖုံး ကဒ်ထူကို ဖြုတ်ယူကာ ယပ်တောင်လှလှကလေး တစ်ချောင်း ဖြစ်အောင် အမြန်ဆုံး ဖန်တီး ပေးနေကျ။ မျက်ဝန်းနက်နက်ကလေး တစ်ချက်လက်ပြီး နှုတ်ခမ်းဖူးဖူးပြည့်ပြည့်က လေး ပြုံးသွားတာကိုမြင်ရလျှင် သူ အရမ်းပျော်ပါသည်။

မိုးတွင် ဆိုရင်လည်း သူမက ဘယ်တော့မှ ထီးမဆောင်းတတ်သူမို့ …. ကျောင်းနှင့် အိမ်တလျှောက် လမ်းမှာ ဖြတ်သွားရသော ရေကန်ကျယ်ကြီးထဲက ပိန်းကြာရွက်ကြီးတွေ သည် သူမအတွက် သူပေးခဲ့သော ထီးလက်ဆောင် ကလေးတွေ ဖြစ်ခဲ့သည်။

“လက်ျာရယ်၊ နင် ကတော့ တကယ်ပါပဲ၊ တီထွင်ဖန်တီး နိုင်စွမ်းကလည်း တကယ်ရှိတယ်၊ ငါ့အတွက်ဆို ဘာမဆို ဖြစ် တာပဲနော်၊ ဒါကြောင့် နင့်ကိုငါ အရမ်းခင်တာ သိလား၊ ငါ့ဘ၀မှာ အချစ်ဆုံး သူငယ်ချင်းဆိုလို့ နင်ပဲ ရှိတယ်”

ဟု သူမ ပြောခဲ့စဉ်မှာ သူ စတင်၍ ရင်ခုန်တတ်ခဲ့မိခြင်း ဖြစ်သည်ဟု သူ့ကိုသူ သိနေခဲ့သည်။ အဲဒီ အချိန်မျာ သူ့ ရင်ဘတ်ထဲမှာ သေချာမှု တစ်ခု အခိုင်အမာ ရှိနေခဲ့ပြီ။ နှုတ် ကနေ ထုတ်ပြီး ဖွင့်ဟမပြောမိခဲ့လို့သာ။ ငါ့ဘ၀မှာ လည်း အချစ်ဆုံး မိန်းကလေးဆိုလို့ နင် တစ်ယောက် ပဲ ရှိတာပါ …. ဒေါလ် ရယ် ။

“လက်ဆောင်” ဆိုတာ ပေးတဲ့သူဆီက ချစ်မြတ်နိုးခြင်း၊ အလေးအနက် တန်ဖိုးထားခြင်း၊ အမှတ်တရရှိစေချင်ပြီး၊ အသုံးဝင်စေခြင်း ကိုယ်ပေးလိုက်တဲ့ လက်ဆောက်ကလေးကို လက်ခံလိုက်ရသူက နှစ်သက် မက်မောစွာ အမြဲသုံးစွဲစေချင် ခြင်း စတဲ့ စိတ်ခံစားမှု တွေ ပါသလို အဲဒီ လက်ဆောင်ကို လက်ခံရသူကလည်း မြတ်မြတ်နိုးနိုး တန်ဖိုးထားစွာ လေးလေး နက်နက် ထိတွေ့ သုံးစွဲမိတဲ့ အခါတိုင်း လက်ဆောင်ရှင်ကို သတိတရ အမှတ်တရ ရှိနေတတ်ပါတယ်။

* * * * *



ဝန်ဇင်းချစ်သူများ လွန်းထားထား (ဆေးတက္ကသိုလ်) ၏ “ သူ့နှလုံးသားမှာ ခြေရာတွေနဲ့ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ရင်ခွင်နန်းတော်

ရင်ချင်းဆက် သူငယ်ချင်း

ပါးပြင်နုနုရဲ့ အကြွေး