ရင်ချင်းဆက် သူငယ်ချင်း
Khalil Gibran ,
ခါလေ ဂျီဘရန်
ကျောင်းဖွင့်စမို့ တက္ကသိုလ်ပရ၀ုဏ်အတွင်းမှာ ကျောင်းသား ကျောင်းသူကလေးတွေ စည်စည်ကားကား လှုပ်လှုပ်ရှားရှား ရယ်မောပျော်ရွှင်နေကြသည်မှာ သက်ဝင်ပန်းချီကားတစ်ချပ်လို့ လှုပ်လှုပ်ခတ်ခတ်ပါ ……။ ရင်ငြိမ်းတို့ သူငယ်ချင်းတစ်စု ကတော့ မြင်ကွင်းအကောင်းဆုံးနေရာတစ်ခုမှာ လွတ်လွတ်လပ်လပ် အေးအေးဆေးဆေးထိုင်ရင်း စကားစမြည် ပြောရင်းမြင်မြင်သမျှ အလှတရားတိုင်းကို လေ့လာသုံးသပ် အကဲခတ်လို့ကောင်းဆဲ။ ထိုအချိန်မှာ မြင်ကွင်းထဲသို့ လှလှပပတိုးဝင်လာသည့် အုပ်စုကလေးတစ်စုကြောင့် ရင်ငြိမ်းတို့ လေးယောက် သား လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားကြ၏ ။
“ဟယ် … အဆင်လေးတွေ အလန်းလေးတွေ ပါလားဟယ်၊ လေးယောက် စလုံး ကိုရီးယားမင်းသားတွေ စတိုင်လ်ဖမ်းထားကြတာပါလား။ အဲဒါ ဘူလေးတွေ တုန်း၊ဘူလေးတွေ တုန်း …..”
ထုံးစံအတိုင်း ဒါမျိုးဆို အင်မတန်ကဲတတ်သည်းတတ်လွန်းသည့် ရွှေအဆင်းက ခပ်သဲသဲကလေး ထအော်လေသည်။ ရင်ငြိမ်းတို့ လေးယောက် တည်းမဟုတ်ပါ။ ဘေးဘီဝဲယာက ရှိရှိသမျှ မိန်းကလေးတိုင်း လှုပ်လှုပ်ရှားရှား ဖြစ်သွားစေအောင် စွဲဆောင်ညှို့ငင်မှု အပြည့်ဖြင့် ထိုလေး ယောက် ကတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်လှဘဲ တစ်ယောက် ပုခုံး တစ်ယောက် ဖက်ကာ မော်ဒယ်လ်ရှိုးလျှောက်နေသည့်အလား ကြောကြော့မော့မော့ကလေးလျှောက်လို့ ….. ။ မျက်နှာတွေ ပေါ်မှာ လည်း ညှို့ပြုံးရိပ် ကိုယ်စီတင်လို့။ သူတို့သည် လူတကာ၏ အာရုံကိုအလွယ်တကူ ညှို့ယူဖမ်းစားနိုင်စွမ်းရှိသည်ဆိုတာကို ယုံကြည်မှု ပြည့်ဝနေသော ရုပ်ကိုယ်စီနှင့် …..။ ဆံပင်တွေ က ကိုရီးယားမင်းသားတွေ စတိုင်လ် ………….. လှိုင်းတွန့်ကလေးတွေ နှင့် ခပ်ဝဲ၀ဲဖွာဖွာပုံစံရအောင် တကူးတကပုံသွင်းထားရဟန်မျိုး ……… ။ ၀တ်စားထားပုံကလည်း ရိုးရိုးသားသား ကျောင်းလာတတ်တာ နှင့် မတူဘဲ မော်ဒယ်လ်ရှိုးလာလျှောက်နေသလား ထင်မှတ်ရလောက်အောင် ဒီဇိုင်းတွေ က ဆန်းသစ်လွန်းနေပါသည်။
“ချောလိုက်တာဟယ် ၊ ယောက်ျားတွေ ဖြစ်ပြီး သူတို့ ဘာတွေ စားလို့ ဒီလောက် သားနားနေကြတာတုန်းတော် ”
အကြင်နာက မချင့်မရဲ ခပ်သည်းသည်းကလေး ဆိုပြန်သည်။ ယဉ်စက ရုတ်တရက် မျက်နှာကလေးလင်းပွင့်သွားကာ ……
“ဟယ် …. အဲဒီ ထဲက တစ်ယောက် ကို ငါမှတ်မိပြီ၊ အမလေး နင်တို့ စိတ်ကူးတွေ နဲ့တောင်ပြစ်မှားဖို့ မကြံစည်ကြနဲ့နော်၊ သူတို့က ကြေးအကြီးစားတွေ နင်တို့ တတ်နိုင်မှာ မဟုတ်ဘူး။ ကျန်တဲ့ သုံးယောက် ကတော့ ငါမသိပါဘူး။ အလယ်က တစ်ယောက် တော့ ငါသိတယ်။ သူက မော်ဒယ်လ် လုပ်နေတာ၊ နာမည် တော့ မကြီးသေးပါဘူး။ ဒါပေမယ့် စပွန်ဆာနဲ့နော်၊ သူ့ကို ခေါင်းက ဦးထုပ်က စပြီး ခြေထောက်က ဖိနပ်အဆုံး ဆင်ပေးထားတဲ့ မမကြီး ရှိတယ်ဆရာ၊ မယုံရင် သူ့အနီးအနားကနေသွားဖြတ်လျှောက်ပြီး ကြည့်လိုက် …. သူ့အင်္ကျီ၊ ဘောင်းဘီ၊ ဖိနပ်တွေ အားလုံး အင်မတန်ခေါင်ခိုက်နေတဲ့ ဒီဇိုင်နာ brand တွေ ဖြစ်နေလိမ့်မယ်။ နင်တို့ သူ့ကို ၀ယ်ပေးနိုင်လို့လား ............”
ဟု … သူမ သိထားသော သတင်းကို ခပ်သွက်သွက် ဖောက်သည်ချလိုက်သော အခါ ရင်ငြိမ်းရင်ထဲနင်ခနဲ ဖြစ်သွားခဲ့ရ၏ ။ “ဟင် …. ကြုံဖူးပေါင်”ဟုပဲ ထအော်ရတော့မလို၊ မျက်နှာကလေးရှုံ့မဲ့ကာ …….
“ဟင် …. ဘယ့်နှာကြီးလဲဟ၊ ယောက်ျားလေးကို မိန်းမတွေ က ပြန်ပြီးဆင်ပေးရသလား၊ ဟယ် ….. ဒါမျိုးတွေ ရှိသလား၊ အဆန်းကြီးပါလား၊ ရှက်ဖို့ကောင်းလိုက်တာ”
ဟု …. ညည်းရင်း စောစောက သူ့ရုပ် သားသားနားနားကလေးအပေါ် စွဲမက်ငြိတွယ်ချင်စိတ်ကလေးပင် ဘယ်ဆီ ပျံထွက်ပြေးသွားမှန်းမသိတော့ ….။
“ဟယ် … သူဝတ်ထားတဲ့ဦးထုပ်က LV ဟဲ့။ ဖိနပ်က Gucci …. အဲဒီ အဆင်ကို မြင်တာနဲ့ ငါသိတယ်။ အောင်မလေး သူ့တစ်ကိုယ်လုံး တန်ဖိုးတွက်လိုက်ရင် မနည်းမနောပါလား၊ အမရေး သမီးမတတ်နိုင်ဘူးတော့ … ခွီး ခွီ…………”
ရွှေအဆင်းက ပုခုံးကလေး တွန့်ကာတွန့်ကာဖြင့် အော်သဖြင့် ရင်ငြိမ်းတို့အားလုံး ၀ိုင်းရယ်မိကြသည်။ ဘာရယ်မဟုတ် မျက်လုံးထဲဝင်လာသော မြင်ကွင်းတစ်ခုဆီကနေ အံ့သြစရာ ခေတ်၏ ပြောင်းလဲနေသော ရေစီးကြောင်းကို လိုက်မမီနိုင်သလို အံ့သြဆန်းကြယ်မိရင်း တစ်ယောက် တစ်မျိုးစီ ဝေဖန်သုံးသပ်မိရသည်။
“ဘာပဲ ဖြစ် ဖြစ် သူ လူချော တစ်ယောက် ပါဟယ်၊ LV ၀တ်မှ Gucci ဆင်မှ သားနား တောက်ပြောင်တာ မဟုတ်ပါဘူး။ ယောက်ျား တစ်ယောက် ရဲ့ ကိုယ်ကျင့်သိက္ခာဆိုတဲ့ ၀တ်ရုံနဲ့တင် လုံခြုံတင့်တယ်နေပြီးသားပါ။ ရိုးရိုးသာမန် တီရှပ်ကလေးနဲ့ ဂျင်း(န်) ၀တ်ထားရင်လည်း သူ အရောင် မမွဲ ပါဘူး။ ခုလို စပွန်ဆာကြီးနဲ့ သူများ ဆင်ပေးထားတာတွေ နဲ့ ပြောင်လတ်တောက်ပ နေရတာ ကသာ ရှက်တတ်ရင်ရှက်စရာကြီးပါဟာ”
“အမလေး ခုခေတ်မှာ ငါတို့ လိုက်မမီသေးတဲ့ ယဉ်ကျေးမှု တွေ အများ ကြီးရှိသေးတာ ရင်ငြိမ်းရဲ့ ။ ယောက်ျားလေးပဲ ဖြစ် ဖြစ်၊ မိန်းကလေးပဲ ဖြစ် ဖြစ် ကိုယ့်မှာ ရှိတာလေးနဲ့ မရောင့် ရဲ မတင်းတိမ် နိုင်တော့ စပွန်ဆာအသီးသီး ရှာထားကြတာပဲ။ ခုခေတ်က brand နောက် label နောက်ကို လူငယ်တွေ အရမ်းလိုက်ကြတာဟ။ chanel တို့ ……. dior တို့ ….. LV တို့ဆိုတာ ငါတို့လို နင်တို့လို တော် ရုံတန်ရုံ အဆင့်အတန်းမျိုးနဲ့ အနားမကပ်နိုင်ဘူးလေ။ ငါတို့ ကတော့ ရှင်းတယ်လေ၊ ကိုယ် မတတ်နိုင်တာကို မ၀တ်ရလို့ဘာမှ မ ဖြစ်ဘူး။ ကိုယ်နဲ့ မဆိုင်သလို နေလိုက်တာပေါ့။ မဆိုင်သလို မနေနိုင်တဲ့ သူတို့လို လူငယ်တွေ ကျတော့ ပြဿနာပေါ့၊ ကိုယ်လည်း မတတ်နိုင်တော့ဆင်ပေးနိုင်တဲ့ စပွန်ဆာ ရှာကြတာပေါ့။ ပေးတဲ့သူရယ် … ယူတဲ့သူရယ်နဲ့ကြားမှာ အပေးအယူ သဘောဆန်ဆန် အထာကလေးတွေ တော့ ရှိမှာ ပေါ့ဟာ။ နှစ် ဦးနှစ် ဖက် အပြန်အလှန်ကျေနပ်ကြ လို့ ဒါမျိုးတွေ သူတို့ လောကမှာ ရှိလာတာပေါ့။ ငါတို့ ကတော့ ကိုယ့်လိပ်ပြာကိုယ်မလုံပါဘူးဟယ် …….. ရှက်တယ်”
“အဲဒါမျိုးက ကြော့ကြော့လေး နေချင် … ဒီဇိုင်နာ ဘရန်း(ဒ်)ကို အရူးအမူး မက်မောရူးသွပ်တတ်တဲ့ လူငယ်တွေ အတွက် ထွက်ပေါက်တစ်မျိုးဆိုမှာ ပေါ့။ တကယ်တမ်းက အဲဒါ ထွက်ပေါက်မဟုတ်ဘူးနော်၊ ထောင်ချောက်မှန်း သူတို့ ကတော့ သိမယ်မထင်ဘူး။ သိချင်လည်း သိမှာ ပါ။ သိသိ ကြီးနဲ့ မရုန်းနိုင်လို့ ရှေ့ဆက်တိုးနေကြတဲ့သူတွေ အပုံကြီးရယ်”
“ကဲ ကဲ ………… တော် ပြီ၊ အဲဒါသူတို့ကိစ္စ ၊ ငါတို့ကိစ္စက အတန်းတက်ရမယ် ……. သွားကြစို့”
ရင်ငြိမ်းတို့ လေးယောက် စကားဖြတ်ပြီး ကိုယ်တက်ရမည့်  အတန်းဘက်ဆီ ရှာဖွေရင်း ထွက်လာခဲ့ကြသည်။ ရင်ငြိမ်း၏ အာရုံထဲ အဲဒီ လေးယောက် ထဲက တစ်ယောက် ၏ မျက်နှာကို စွဲစွဲထင်ထင် ဖြစ်နေခဲ့ပါသည်။ ရုပ်ရည်ကလေး သန့်သန့်ပြန့်ပြန့် သနားကမားလေးပါ။ သူ ဘာ ဖြစ်လို့ စပွန်ဆာနှင့် ကိုယ့်တန်ဖိုးကို ဖြတ်ထားရတာ ပါလိမ့်။
နေ့လည်စာစားချိန်မို့ ကဲန်တင်းထဲမှာ စည်စည်ကားကား ရှိလှပါသည်။ ရင်ငြိမ်းတို့ လေးယောက် သား စားပွဲဝိုင်းတစ်ဝိုင်းမှာ နေရာယူကာ စားချင်တာတွေ အသီးသီးမှာ ထားပြီး စကားတွေ ပြောနေကြသည်။ ဆိုင်ထဲမှာ လင်းခနဲ လျှပ်စီးကြောင်းတစ်ချက်ပြတ်သလို မိန်းကလေး တော် တော် များများ ၏ အာရုံကို နိုးကြားလှုပ်ရှားသွားအောင် ညှို့မြူလှုပ်ခတ်ပစ်လိုက်နိုင်သော ထိုလေးယောက် သည် ကဲန်တင်းထဲသို့ မားမားကြော့ကြော့ဖြင့် ၀င်လာခဲ့ကြခြင်း ဖြစ်သည်။ မိန်းကလေးတွေ သူတို့ဆီ ကွက်ကြည့်ကွက်ကြည့်ရှိကာ တီးတိုးသဖန်းပိုးထိုးလို့ အလုပ်တွေ ရှုပ်ကုန်သည်။ သူတို့ ကတော့ ထုံးစံအတိုင်း လူတကာ၏ အာရုံကိုဖမ်းစားထားနိုင်သူတွေ ပီပီ ဘယ်သူ့ကိုမှ ဂရုတစိုက်ပြန်မကြည့် …………….။
“ဟယ် ….. ဒုက္ခပဲ ၊ ငါတို့ စားပွဲဘေးမှာ လွတ်နေတာ၊ ဒီစားပွဲကိုပဲလာထိုင်ြ ကတော့မယ် နဲ့ တူတယ်”
ယဉ်စ၏ စကားမှမဆုံးသေး သူတို့လေးယောက် က ရင်ငြိမ်းတို့နှင့်ကပ်ရပ်ဝိုင်းမှာ လာထိုင်လိုက်ကြပြီ။ အနားကပ်မှ မွှေးပျံ့သော ရနံ့တွေ သူတို့ဆီကနေ လွင့်လာလျက် ၀တ်ထားသော ရှပ်အင်္ကျီရင်ဘက်မှ တံဆိပ်တွေ ကို အနီးကပ်မြင်ခွင့်ရပါသည်။ Lacoste တို့၊ Polo ၊ Ralph Lauren တို့၊ သူတို့လက်ထဲမှာ i phone 4S တို့ blackberry တို့ ..... စတဲ့ နောက်ဆုံးပေါ် ဖုန်းတွေ ကိုယ်စီ နှင့် ။ စားပွဲပေါ်သို့ i pad ကလေးချဖွင့်ကာ တစ်ယောက် က အင်တာနက်ဝင်နေလိုက်သေးသည်။
“သူတို့ကြည့်ရတာ တခြားကမ္ဘာကနေ ရောက်လာတဲ့ ဂြိုဟ်သားတွေ လိုလို ၊ twinlight ထဲက vampire အုပ်စုတွေ လိုလို တသီးတခြားကြီး ခွဲထွက်နေသလိုပဲနော်”
ရွှေအဆင်းက သူတို့မကြားအောင် ခပ်တိုးတိုးအတင်းအုပ်၏ ။
“အေး …. ငါလည်း ခုပဲပြောတော့မလို့၊ အဲဒီ အတိုင်းပဲ ခံစားရတယ်။ သူတို့ကို ကြည့်ရတာ ကြော်ငြာတွေ ၀င်နေသလိုပဲ၊ ခပ်ကြွားကြွားစတိုင်လ်တွေ နဲ့လေ။ တကယ်တော့ ရှက်စရာကောင်းတာက သူတို့ ကိုယ်ပိုင်ပစ္စည်းတွေ မဟုတ်ဘဲ သူတပါးဆင်ပေးထားတာတွေ မှန်း သိတဲ့လူတွေ က ကြည့်နေကြတာကို သူတို့ ကတော့ သိပ်လန်းနေလို့ ၀ိုင်းကြည့်ကြတယ် ထင်ချင်ထင်နေမှာ ”
“ဟဲ့ ….. တိုးတိုးလုပ် …. ကြားသွားဦးမယ်”
ရင်ငြိမ်းအတွက် ကံကောင်းချင်တာလား၊ ကံဆိုးချင်တာလားမသိဘဲ၊ ရင်းငြိမ်းနှင့် မျက်နှာချင်းဆိုင်မှာ ထိုင်နေသူက ရင်ငြိမ်းမနက်ကတည်းက ထူးပြီးသတိထားခဲ့မိသော မော်ဒယ်လ်ဆိုသူ တစ်ယောက် ………..။
“သူတို့ကို ကြည့်ရတာ အပေါ်ယံဝေ့နေတဲ့ အဆီလိုပဲနော်၊လေးလေးနက်နက် မရှိဘူး”
“ငါ အခု ဘာလုပ်ချင်လဲ သိလားဟေ”
“ဟေ … နင်က ဘာလုပ်ချင်လို့တုန်း”
“အနှစ် မပါတဲ့ အပေါ်ယံဆန်လွန်းတဲ့ သူတွေ ကို ပါးပါးလေးပညာပေးချင်တာ၊ လူ တစ်ယောက် ရဲ့ ဗီဇစရိုက်ဆိုတာကိုတော့ ပြုပြင်ပြောင်းလဲလို့ မရဘူးပေါ့ဟာ၊ ဒါပေမယ့် သူတို့ မက်မောတွယ်ဖက်ထားတဲ့ အဲဒီ အတုအယောင်ဘ၀ဟာ အရမ်းရှက်စရာကောင်းတယ်ဆိုတာ သူတို့ခံစား မိပြီး ရှက်တတ်သွားအောင် ပညာပေးချင်နေတာ”
ရင်ငြိမ်းက မျက်နှာချင်းဆိုင်ရှိ ထိုသူ့ကို စူးစူးစိုက်စိုက် မျက်တောင်မခတ်ငေးကြည့်ရင်း ရင်ထဲက တကယ် ဖြစ်ပေါ်လာသော ထိုဆန္ဒကို လေးလေးနက်နက် ဖွင့်ဟ၀န်ခံလိုက်မိသည်။ သူ ကတော့ ရင်ငြိမ်းကို ကြည့်မနေခဲ့ပါ။ သူ့အာရုံနှင့်သူ I pad ကိုသာ အာရုံဝင်စားလျက်ရှိ၏ ။ မျက်နှာမှာ ယောက်ျား တစ်ယောက် အတွက် လိုအပ်တာထက်တောင်ပိုပြီး ပြည့်စုံချောမောသားနားလွန်းနေသော သူ့ကို ဘာကြောင့် မှန်း မသိနှမျောတသမိသလို ခံစားရပါသည်။
“ပြောပါဦး … နင်က ဘယ်လိုများ ပညာပေးချင်ရ ပြန်တာတုန်း”
သူငယ်ချင်းတွေ အားလုံး၏ စိတ်ဝင်စားမှု တွေ က ရင်ငြိမ်းထံမှာ စုပြုံရောက်ရှိလာခဲ့၏ ။
“သူ့ကို ပညာပေးဖို့ဆိုရင် သူနဲ့ ရန်သူတွေ ဖြစ်လို့တော့ မရဘူးဟ၊ သူနဲ့ အနီးဆုံးကို ရောက်အောင်သွားရမှာ ၊ သူနဲ့ သူငယ်ချင်းတွေ အ ဖြစ် နီးနီးကပ်ကပ်နေပြီး သူ့ကိုပညာပေးချင်တာပါ၊ ငါ့ စိတ်ကူးထဲမှာ သူ့ကို ထိခိုက်နစ်နာစေတာ ဘာမှမပါဘူး။ စေတနာသက်သက်ပါ”
“ ဖြစ်နိုင်ပါ့မလား ရင်ငြိမ်းမယ်ရယ်၊ ကြည့်ကျက်လည်း လုပ်ပါဦး၊ နင့်အတွက် ထိခိုက်နစ်နာ လာစရာရှိမှာ ကို ထည့်တွက်ဦးလေ၊ သူများ ကို ပညာပေးဖို့ ကြိုးစားရင်း နင်ကိုယ်တိုင်ပညာအပေး ခံလိုက်ရဦးမယ်”
“ငါ ကတော့ ရင်ငြိမ်းရဲ့ စိတ်ကူးကိုသဘောတူတယ် ဆရာ ၊ ငါ ထောက်ခံတယ် ရင်ငြိမ်း၊ ပြီးတော့ သူတို့နဲ့လည်း သူငယ်ချင်းတွေ ဖြစ်ချင်တယ် အဟီး”
ရွှေအဆင်းက အရှက်မရှိ မျက်နှာထား တဖြီးဖြီးနှင့်ဆိုသည်။ “ယဉ်စစ”က ခေါင်းတခါခါ …
“ငါ ကတော့ သဘောမတူနိုင်ပါဘူးအေ။ သူတို့နဲ့ ငါတို့က type ချင်းလည်းမတူဘူး။ ကာလာချင်းလည်း မတူပါဘူး။ သူတို့လောက က ဘာတွေ မှန်းမသိဘူး။ ရှုပ်ရှုပ်ထွေးထွေးရယ်၊ သူ တို့နဲ့ ပေါင်းမိရင်၊ ငါတို့ပါအုတ်ရောရော၊ကျောက်ရောရော အထင်ခံရမှာ ကြောက်တယ်၊ အန္တ ရာယ်များ ပါတယ် ရင်ငြိမ်းရာ၊ သူတို့က နင့်ထက်ပိုပြီး လည်တဲ့ဟာတွေ ပါ။ ပညာလည်းပေးချင်မနေစမ်းပါနဲ့၊ အနေသာကြီးပါ၊ ကင်းကင်းရှင်းရှင်းနေ … လိုင်းမပူးနဲ့ …. ရှော့(ခ်) ရှိတယ်”
ဟု ………. ခါးခါးသီးသီးပင် ငြင်းဆန်ပါတယ်။ ရင်ငြိမ်းကလည်း စကားအ ဖြစ်သာပြောမိတာပါ။ တကယ် အလေးအနက်ကြီးမဟုတ်သေး။ သူ့မျက်နှာကို လှမ်းကြည့်မိလိုက်လျှင်တော့ ထိုစိတ်ကူးက ဖျိုးခနဲဖျက်ခနဲ ပေါ်လာတတ်ပြန်သည်။ ယဉ်စနှင့် အကြင်နာကတစ်ဖက်၊ သူတို့နှင့် ရောနှောပတ်သက်မိလျှင် ကိုယ့်ကိုပါ သူတို့နှင့် တစ်မျိုးတစားတည်းဟု အထင်ခံရမှာ စိုးရွံ့ဟန်ရှိ၏ ။ ရင်ငြိမ်းကျတော့ လူတစ်မျိုးရယ်။ ကိုယ့်မျက်စိထဲမှာ အမြင်မတော် ဘူး။ မသင့်တော် ဘူးဟု ခံစားမိလျှင် ကိုယ့်ထမင်းကိုယ်စားပြီး ဖာသိဖာသာ မနေတတ်ဘဲ ၀င်အမုန်းခံတတ်တဲ့ လူစားမျိုးပါ။ အခုလည်း သူတို့အုပ်စုလေးကို မြင်နေရသည်နှင့် ရင်ငြိမ်း၏ အာရုံကြောတွေ အငြိမ်နေလို့မရ။ ရုန်းကြွနိုးကြားလို့လာခဲ့ပြီ။ သူ့ရဲ့ LV ဦးထုပ်ဆောင်းထားသော … မော်ဒယ်တစ် ယောက် လို ….. မလိုအပ်ဘဲ ရှိုးစမိုးတွေ များ လွန်းသော စတိုင်လ်အစား၊ ရိုးရိုးသာမန် ဘာဒီဇိုင်နာ ဘရန်း(ဒ်)မှ မဟုတ်သော ရှပ်အင်္ကျီအဖြူကလေးနှင့် ခါးအောက်လျှောဝတ်ရသော skinny slim fit ပုံစံ ဘောင်းဘီနေရာမှာ သာမန်ချည်ပုဆိုးကလေးရယ် ၊ ဈေးကြီးလွန်းသော Gucci Shoe ဖိနပ်နေရာမှာ ကတ္တီပါ ဖိနပ်ကလေးရယ် ပြောင်းလဲဆင်ပေးချင်နေမိခဲ့သည်။ တောက်ပသားနားလွန်းသော အပေါ်ယံအရေခွံ အတုအလွှာကို ချွတ်ဖယ်လိုက်လျှင် သူဘယ်လို နေမလဲ။
“ဟော … ထမင်းတွေ ရပြီ၊ ကိုယ့်ထမင်းသာ ကိုယ်အေးဆေးစားစမ်းပါ ရင်ငြိမ်းမယ်ရယ်၊ လူ တစ်ယောက် ကို နင်ပြောင်းလဲပြုပြင်လို့မရပါဘူး”
ထမင်းပွဲတွေ လာချတော့ ဗိုက်ဆာနေပြီမို့ ရင်ငြိမ်းတို့အားလုံး အစားအသောက်ဆီအာရုံ ပြောင်းသွား ခဲ့သည်။ ဒါတောင် ရင်ငြိမ်း၏ မျက်ဝန်းတွေ က သူ့ဆီ တစ်ချက်တစ်ချက်ရောက်သွား လိုက်မိသေး၏ ။ သူ ကတော့ရင်ငြိမ်းတို့ကို ရှိနေတယ်လို့တောင် မထင်ပါချေ။
အခန်း(၂)
“Don’t walk behind me; I may not lead .
Don’t walk in front of me; I may not follow.
Just walk beside me and be my friend”
Albrart Camus.
ကျောင်းဆင်းချိန်ရောက်လျှင် “သက္ကရာဇ်”က “မ”ဆီက message ရထားပြီးသားမို့ “မ” ပြောသည့်နေရာဆီသို့ လျှောက်လာခဲ့သည်။ တွေ့ ပါပြီ ……။ ကြွေရောင် လက်လက်ထနေသော “မ”ရဲ့ လက်စွဲတော် Mercedes ကားအဖြူရောင် တောက်တောက်ကြီးက သူ့ကို ကြိုဆိုနေခဲ့သည်။ ကားမောင်းသူနေရာမှာ “မ” ကိုယ်တိုင် ထိုင်လို့ သူလျှောက်လာနေတာကို ရွှန်းရွှန်းစားစား အပြုံးတစ်ခုဖြင့် လှမ်းငေးကြည့်လို့နေ၏ ။ သူ “မ”ကို ညှို့ပြုံးကလေးဖြင့် ပြန်ပြုံးပြ နှုတ်ဆက်လိုက်ပါသည်။ “မ”ရဲ့ အသက်က သူ့ထက် နှစ် ဆမက ပိုကြီးပါသည်။ “မ”က မချောပါ။ မျက်နှာပေါ်မှာ skin care အကောင်းစားတွေ ဘယ်လောက်ပဲသုံးသုံး၊ မိတ်ကပ်အကောင်းစားတွေ ဘယ်လောက်ပဲတင်ထားတင်ထား၊ ကြည့်ပျော်ရှုပျော်ထက်မပိုပါ ……။ “မ” ၀တ်သမျှ အ၀တ်အစား၊ ဖိနပ်၊ လက်ကိုင်အိတ်၊ အားလုံးတန်ဖိုး အလွန်ကြီးကာ တော် ရုံလူမ၀ယ်နိုင်၊ မသုံးနိုင်၊ အနားမကပ်နိုင်ပါ။ “မ” ၏ နားပေါ်က လက်မခွံလောက်ရှိသော စိန်နားကပ်က ကြည်လက်တောက်ပလွန်းနေသည်။ စိန်ဆွဲကြိုး၊ စိန်လက်ကောက်၊ စိန်လက်စွပ်တွေ အမြဲသီးနေတတ်သော “မ”၏ အရှိန်အ၀ါက တော် တော် ကြီးမားပါ၏ ။ ဒါကြောင့် လည်း …………….. ။
“ကစ်ဒို (kiddo)တော် တော် နွမ်းလျသွားပြီးလားဟယ်၊ ဗိုက်ဆာပြီလား၊ တစ်ခုခုသွားစားရအောင်နော်၊ ကစ်ဒို ဘယ်မှာ စားချင်လဲ …….. ပြော”
“ကိုကာဆူကီ သွားရအောင် မ၊ ကျွန်တော် ဟော့ပေါ့သောက်ချင်တယ်”
“အိုခီဒို …. ဟော့ပေါ့သောက်တော့ ကစ်ဒို အဆီမတက်ဘူးပေါ့ဟယ်၊ ကောင်းတယ် …. ရွေ့စို့”
မာဆေးဒီး(စ်)ထဲဝင်ထိုင်လိုက်ပြီဆိုလျှင်ပဲ တစ်နေကုန် ပူလောင်ပင်ပန်းနွမ်းနယ်နေသမျှ အပန်းပြေသွားသလို အေးစက်မွှေးပျံ့နေခဲ့သည်။ သူ ခပ်လျှောလျှောမှီထိုင်လိုက်ကာ မျက်လုံးတွေ မှိတ်ထားလိုက်သည်။ သူက အကောင်းအလွန်ကြိုက်တတ်သည်။ ဇိမ်ကျကျကလေး နေတတ်သည်။ ပစ္စည်းကောင်းကောင်းသုံးစွဲချင်သည်။ အစားကောင်းကောင်းကို hotel တကာမှာ လိုက်စားနေရာတာကို အလွန်သဘောကျသည်။ ဒါကြောင့် လည်း “မ”နှင့် တွဲ နေခဲ့တာပေါ့လေ။
“မ” တို့ ချမ်းသာပုံက ဘိုးစဉ်ဘောင်ဆက် ချမ်းသာခဲ့တာမျိုး။ မိဘတွေ ဆီက အမွေတွေ ပုံအောရလိုက်ပြီး သုံးမကုန်လောက်အောင် ချမ်းသာကြွယ်ဝလွန်းသော မိန်းမ တစ်ယောက် ။ ပေါလျှံ နေသော မိဘအမွေအနှစ် ပိုက်ဆံတွေ ကို “မ” တစ်သက်တောင်ကုန်အောင် ဖြုန်းနိုင်မယ်မထင်။ ဖက်ရှင်ဆိုင်တွေ အသစ်ဖွင့်သမျှ shopping mall တွေ မှာ လိုက်ဖွင့်၊ အလှပြင်ဆိုင် beauty spa တွေ ဖွင့်နှင့်စီးပွားရေး လည်း လုပ်လိုက်သေးသည်။ “မ”မှာ မိဘတွေ လည်း မရှိတော့။ အထိန်းတော် တစ်ယောက် နှင့် သာနေသည်။ စိတ်ဆန္ဒက တောင်းဆိုသမျှ အကုန်လုပ်သည်။ အိမ်ထောင်လည်း မပြုချင်။ ဘ၀ကို ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေသူ။ ဘာပူပင်ကြောင့်ကြ မှလည်း မရှိ။ အပေးအကမ်းရက်ရောလွန်းသူမို့ “မ”အနားမှာ အခြွေအရံတွေ အလျှံပယ် ၀ိုင်းဝိုင်းလည်နေတတ်သည်။ “မ”ကလည်း အဲဒီ လို နေရတဲ့ ဘ၀ကိုကျေနပ်သည်။
သူနှင့်တွေ့ တော့လည်း သူ့အတွက် အသုံးအဆောင်အ၀တ်အစား၊ skin care ၊ ရေမွှေးကအစ …………. လိုလေသေးမရှိ ဖြည့်ဆည်းပေးခဲ့သည်။ သူ့အတွက် မုန့်ဖိုးဟုဆိုကာ ပိုက်ဆံအုပ်တွေ အမြဲ ထည့်ပေးတတ်သည်။ တစ်ပတ်တစ်ခါ beauty spa သွားတိုင်း သူ့ကိုပါခေါ်သွားတတ်သည်။ ဆံပင်လျှော်တာ၊ ဆေးဆိုးတာ၊ ပုံသွင်းတာကအစ …. မျက်နှာပေါင်းတင်တာ၊ ကိုယ်ခန္ဓာအဆီချတာ၊ အနှိပ်ခံတာတွေ အားလုံး “မ”နှင့်အတူ သူပါလုပ်ခွင့်ရသည်။ သူ ပိုက်ဆံတစ်ပြားတစ်ချပ်မှ အကုန်ခံစရာမလိုပါ။ “မ”ကသာ ရှင်းပေးနေကျ။
Hotel တကာ လှည့်ပတ်စားသောက်တိုင်းလည်း “မ”က သူ့ကိုခေါ်တတ်သည်။ သူ့ဘ၀ တစ်လျှောက်လုံး မစားဖူးတာမှန်သမျှအကုန်စားရပါသည်။ ပိုက်ဆံမကုန် …..။ သူက “မ”ရဲ့ အဖော်သက်သက်သာ လုပ်ပေးရမြဲ။
တစ်လတစ်ခါ “မ”က နိုင်ငံခြားထွက်ပြီး အပန်းဖြေတာ၊ ဈေးဝယ်တာလုပ်လျှင် သူပါနေကျ၊ သူလိုချင်တာမှန်သမျှ “မ”က ရက်ရက်ရောရော ၀ယ်ပေးတတ်သည်။ သူ ပိုက်ဆံပေးစရာမလို …။ တစ်ခုပဲ သူပြန်ပေးရသည်မှာ “မ”လိုအပ်လျှင် သူအမြဲအဆင်သင့်ရှိနေဖို့ ဖြစ်သည်။ “မ”နှင့်သူ့ရဲ့ ဆက်ဆံရေး က တကူးတက ထုတ်ဖော်ပြောပြနေစရာ မလိုဘဲအလိုအလျှောက်ပင် အပေးအယူ သဘောဆန်ဆန် ဖြစ်ခဲ့ရသည်။ သူလိုအပ်သမျှ “မ”က ဖြည့်ဆည်းပေးသလို၊ “မ”လိုအပ်သမျှကို လည်း သူ့ဘက်က ပြန်ပေးဆပ်ရသည်။ အဲဒါကို အပေးအယူသဘော …. ဟု သူနားလည်ထားခဲ့ပါ၏ ။
သူ့မိဘတွေ က ဆင်းရဲပါသည်။ သူ့မှာ မောင်နှမ ငါးယောက် ရှိသည်။ အားလုံး ကျောင်းသူကျောင်းသားတွေ ချည်း။ သူက အကြီးဆုံး။ ဖေဖေက သာမန်ဝန်ထမ်း၊ မေမေက စတိုင်းဆိုင်တစ်ဆိုင်မှာ အရောင်းဝန်ထမ်း။ ကျောင်းသား ငါးယောက် ၏ တာဝန်ကို မနိုင်မနင်းထမ်းပိုးရုန်းကန်နေရ သူတွေ ဖြစ်သည်။ သူက ငယ်ငယ်ကလေးတည်းက မိဘတွေ ဆင်းရဲတာကို ရှက်ချင်သူ၊ ချမ်းသာချင်သူ၊ ကောင်းကောင်းနေကောင်းကောင်းစား၊ အ၀တ်အစား အသုံးအဆောင် အကောင်းစားတွေ ကို မက်မောရူးသွပ်တတ်သူ၊ ဒါကြောင့် လည်း သူ ဒီဘ၀ကလေးမှာ အလိုက်သင့်ကလေးမှိန်းပြီး စီးမျောလိုက်ပါနေမိတာ ဆန်းတော့ မဆန်းပါ။
“ကစ်ဒိုလေး …. အိပ်ပျော်နေပြီလား။ ရောက်ပြီလေဆင်းတော့ ……….”
သူ့မျက်လုံးတွေ ကို ဖွင့်လိုက်တော့ “မ”က သူ့ဆံပင်တွေ ကို ကျီစယ်သလို ဖွလိုက်သည်။ သူ့ဆံပင်တွေ ကို မိန်းမ တစ်ယောက် က အဲဒီ လို ဆော့ကစားတာ သူလုံးဝမကြိုက်ပါ. …။ သို့ သော် လည်း “မ” ဖြစ်နေသော ကြောင့် သူမနှစ်သက် တာကို မျိုချအောင့်အည်းလိုက်ရသည်။ “မ”သူ့ကို စိတ်ဆိုးစိတ်ခုသွားမှာ ကို သူမလိုလားပါ။ သူသည် “မ”ရဲ့ အချစ်တော် ကလေး သက်သက် ဖြစ်သည်။ သူလိုချင်တာမှန်သမျှ လိုတရနေဖို့အတွက် သူ့ဘ၀မှာ “မ”ရှိနေမှရမည် မဟုတ်လား။ သူပြုံးပြီး ကားပေါ်ကဆင်းလိုက်သည်။ လူတကာ၏ စူးစမ်းစပ်စုသော ဝေဖန်ကဲ့ရဲ့ သော အကြည့်မျက်ဝန်းတွေ တီးတိုးမှတ်ချက်တွေ ကို ဥပေက္ခာပြု လျစ်လျူရှုနိုင်ဖို့ သူ့မျက်နှာပေါ်တွင် မရှက်မကြောက်တတ်သော မျက်နှာဖုံးတစ်ခုအလိုလို တပ်ဆင်ခဲ့ပြီး ဖြစ်လေသည်။
အဲဒီ နေ့က ဖြစ်ချင်တော့ ကော်ရစ်ဒါလမ်းတလျှောက်မှာ သူတို့အုပ်စုနှင့် ရင်ငြိမ်းတို့အုပ်စုကလေး မျက်နှာချင်းဆိုင်ဆုံဖို့ ဖြစ်လာခဲ့သည်။ ခပ်လှမ်းလှမ်းကတည်းက သူတို့လျှောက်လာနေမှန်း သိ၍ ရင်ငြိမ်းတို့လေးယောက် တမင်လမ်းမဖယ်ပေးဖို့ တိုင်ပင်ထားကြပြီးသား။ သူတို့ကလည်း လေးယောက် သား ရင်ဘောင်တန်းကာ လျှောက်လာနေခြင်းမို့ ကော်ရစ်ဒါတစ်ခုလုံး အပြည့် ….။ ဘာကြောင့် မှန်းမသိ ရင်ငြိမ်းစိတ်ထဲ အလိုလိုပျော်ရွှင်သလိုတောင် ဖြစ်သွားရ၏ ။ ရင်ငြိမ်းက သူ့ကိုစချင်စိတ်ကလေးပေါ်လာသည်နှင့် လက်ချောင်းကလေးတွေ ကို ကဲန်မရာသဖွယ် လေးထောင့်ကလေး ဖြစ်အောင် ဘောင်ကလေးခတ်ထားလိုက်ပြီး သူ့မျက်နှာကလေးတစ်ခုတည်းကိုသာ ကွက်၍ ချိန်ရွယ်ထားလိုက်သည်။ ဓာတ်ပုံရိုက်သလို ပါးစပ်ကလည်း အသံကလေးထွက်နေလိုက်သေး၏ ။
ဒီတစ်ခါတော့ ဘယ်သူ့ကိုမှ အရေး မလုပ်တတ်သော ထိုအုပ်စုသည် ရင်ငြိမ်းတို့အုပ်စုဆီ ခပ်ပြုံးပြုံး လှမ်းကြည့်လျက်။ ထုံးစံအတိုင်း သူ့ပုံစံက ဒီဇိုင်နာအ၀တ်အစားတွေ ဖြင့် ကိုယ်ရောင် ကိုယ်ဝါတောက်ပလျက်ရှိပါသည်။ မျက်နှာချင်းဆိုင်နီးကပ်သွားသော အခါ သူတို့ရော ရင်ငြိမ်းတို့ပါ ကိုယ်စီရပ်တန့်ပစ်လိုက်ကြသည်။ သူတို့ကလည်း တမင်သက်သက်ကို လမ်းမဖယ်ပေးပါ။ ရင်ငြိမ်း တို့ကလည်း သာ၍ ဝေးစွထဲက။ ရင်ငြိမ်းက ပါးစပ်ဓာတ်ပုံတချက်ချက်ရိုက်နေဆဲ ….။ သူ့ အကြည့် က ရင်ငြိမ်းဆီသို့ တည့်တည့်မတ်မတ်ရောက်လာခဲ့၏ ။
“မင်းက ဘာတွေ လုပ်နေတာလဲ၊ အဲဒီ လက်က”
“မော်ဒယ်လ် ဘွိုင်းကို ဓာတ်ပုံရိုက်နေတာလေ၊ ကြုံတုန်းဆုံခိုက်”
သူက ခေါင်းတစ်ချက် မော့လှန်ပစ်လိုက်ကာ စတိုင်လ်ကျကျ တစ်ချက်ရယ်မောပါသည်။ တကူးတက လေ့ကျင့်ယူထားရသော ရယ်ဟန်မျိုး။ ရင်ငြိမ်းလည်း သူ့မျက်နှာကိုအနီးကပ်ဆုံတုန်း ခပ်စူးစူးနစ်နစ် စိုက်ကြည့်နေလိုက်၏ ။ ယောက်ျား တစ်ယောက် အနေဖြင့် အင်မတန်ချောမော ပြည့် စုံလွန်းနေသော မျက်နှာတစ်ခုပါ……။
“ကလေးအထာလေးကွာ၊ ကဲ ….. လမ်းဖယ်ပေးလေ၊ ဘာ ဖြစ်လို့ ပိတ်လျှောက်နေတာလဲ”
“အံမယ် ……… လာချည်သေး။ နင်တို့လည်း ဖယ်လိုက်လေ၊ ကော်ရစ်ဒါကျဉ်းကျဉ်းက လေးမှာ မော်ဒယ်လ်ရှိုးလျှောက်နေတယ်များ မှတ်နေလား”
“ဟာ … ဘလိုင်းကြီး လာဖဲ့နေတယ်ကွ၊ မင်းတို့ ဖယ်လိုက်လေ၊ ကိုယ်တို့က ဒီလိုပဲ လျှောက်နေကျ”
“ဖယ်လို့မရဘူးလေ .. လမ်းဆိုတာ တသမတ်တည်း ဒီအတိုင်း စင်းစင်းဖြောင့်ဖြောင့်ကြီး ရှိနေလိမ့်မယ်လို့ လှေနံဓားထစ် တွေးမထားရဘူး မောင်လေးရဲ့ မှတ်ထား။ ဘ၀မှာ ခုလို အတားအဆီးအပိတ်အပင်တွေ နဲ့တွေ့ လာတဲ့အခါကျရင် ဒီအတိုင်း ဇွတ်တိုးလို့မရဘူး။ နောက်ပြန်ဆုတ် သင့်ရင် ဆုတ်ရမယ်၊ ကွေ့ဝိုက်ရှောင်သင့်ရင် ရှောင်ရမယ်။ လမ်းဖယ်ပေးသင့်ရင် ပေးရမယ်လေ”
ရင်ငြိမ်းက ခပ်ပြုံးပြုံးမျက်နှာထားကလေးနှင့် ပြောလိုက်လျှင် သူ့မျက်ခုံးတွေ လှလှပပ ပင့်တက်သွားခဲ့၏ ။
“ဟာ …. ဒိုင်တွေ က လန်းလှချည်လား လေဒီလေးရဲ့ ။ အိုခေ …. သူများ ကို ဆရာလုပ်မယ် ဆိုရင် မင်းကအရင်ဆုံး လုပ်ပြလိုက်လေ၊ အဲဒါဆို ပိုလေးစားစရာပေါ့ မဟုတ်ဘူးလား”
အို ….။ သူကလည်း ခေသူမဟုတ်ပါလား။ ရင်ငြိမ်းသဘောကျစွာ ဖြင့် နှုတ်ခမ်းကလေးကိုက်ကာ ပြုံးမိသည်။ ပြီးတော့ တမင်တကာပင် လက်ချင်းတွဲ ထားကြသော အကြင်နာတို့ ယဉ်စစ တို့ဘက် တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြသည်။
“ငါတို့ကို ဒီအတိုင်း ဖယ်ခိုင်းလို့ဘယ်ရပါ့မလဲ။ ဘယ်နေရာမှာ မဆို password တော့လိုတယ်လေ။ ဟုတ်တယ်မှလား။ အဲဒီ တော့ လမ်းဖယ်ပေးစေချင်ရင် Password ပြော၊ ကျေနပ်လောက်ရင် ဖယ်ပေးမယ်”
ဒီပွဲကို ရင်ငြိမ်းက ဦးဆောင်ပြီး ကစားနေခဲ့ခြင်း ဖြစ်သည်မို့ ရွှေအဆင်းတို့က တစ်ခွန်းမှဝင်မပြောပါ။ သူတို့ဘက်ကလည်း သူကပဲ ပြောနေတာ ဖြစ်ပြီး ကျန်သုံးယောက် က ခပ်ပြုံးပြုံးမျက်နှာ ပေးကိုယ်စီနှင့် ဖြစ်သည်။
“FRIENDSHIP”
သူက မျက်လုံးကလေးတွေ မှေးကျဉ်းလိုက်ပြီး တစ်လုံးချင်း ရေရွတ်ပြလိုက်သော အခါ ရင်ငြိမ်းရင်ဘက်ကို တည့်တည့် ထိမှန်သွားသလိုတအားသဘောကျသွားခဲ့ပါသည်။
“အဲဒါ password လား …. ဟုတ်ပြီ ကျေနပ်တယ်၊ ငါမျှော်လင့်ထားခဲ့တာလည်း friendship ပါပဲ”
ရင်ငြိမ်းကစပြီး ကိုယ်ကိုယို့ကာ လမ်းဖွင့်ပေးလိုက် လျှင် ယဉ်စတို့ကလည်း လမ်းဖယ်ပေး လိုက်ကြ၏ ။ သူတို့လေးယောက် သား လက်ဝါးချင်းတွေ ဘာတွေ ရိုက်ကာသဘောတကျ မျက်နှာပေးတွေ ကိုယ်စီနှင့် ဖြတ်ကျော်ထွက်သွားကြသည်။ ရင်ငြိမ်းတို့လည်း လမ်းဆက်လျှောက် လာခဲ့ကြသည်။ မကြာပါ ….။ ရွှီခနဲ လက်ခေါက်မှု တ်ခေါ်သံလိုလို ကြားရသဖြင့် ရင်ငြိမ်းတို့လေးယောက် စလုံး ချာခနဲလှည့်ကြည့်လိုက်မိသည်။ သူတို့လေးယောက် ရင်ငြိမ်းတို့ဘက်ဆီ ပြန်လျှောက်လာနေခဲ့ရင်း သူက လှမ်းပြောပါသည်။
“သူငယ်ချင်း ဖြစ်ချင်တယ်ဆို …. ကော်ဖီလိုက်သောက်မလား”
“ကြိုပြောထားမယ်နော် ….. အမေရိကန်စနစ်ပဲ၊ ကိုယ်သောက်တာ ကိုယ်ရှင်းကြေး”
“အိုကေ … .သဘောတူတယ်”
နောက်ဆယ်မိနစ်လောက်အကြာမှာ သူတို့လေးယောက် နှင့် ရင်ငြိမ်းတို့လေးယောက် သူငယ်ချင်းတွေ ဖြစ်သွားခဲ့ကြပြီ။ ကော်ဖီဆိုင်ထဲမှာ စားပွဲတွေ ဆက်ပြီးရှစ်ယောက် ၀ိုင်း ထိုင်နေခဲ့ ကြပြီ ……… ။
“ငါအင်တာနက်ထဲမှာ ဖတ်လိုက်ရတဲ့ သူငယ်ချင်းဆိုတာကို အဓိပ္ပာယ်ဖွင့်ဆိုထားတာ အရမ်းသဘောကျသွားတယ် … သိလား။ သူငယ်ချင်းဆိုတာ အစတုန်း ကတော့ သူစိမ်းတွေ ပါတဲ့။ တစ်ယောက် ယောက် စပြီး လက်ကမ်းပေးလိုက် ပြီးမှ သူငယ်ချင်း ဖြစ်သွားခဲ့တာပါတဲ့ ၊ မိုက်တယ် နော်”
ရင်ငြိမ်းစကားကို သူတို့အားလုံး သဘောတကျ လက်ခံကြပါသည်။ နာမည် တွေ အပြန်အလှန်ပြောပြီး မိတ်ဆက်လိုက်ကြသည်။ သူ့နာမည် က သက္ကရာဇ်တဲ့ ……။ မဆန်းဘူးလားကွယ်။
“ငါတို့ ခုကတည်းက Rule ကလေး ထုတ်ထားရအောင်။ ငါတို့ သူငယ်ချင်းတွေ ကြားမှာ တစ်ယောက် နဲ့ တစ်ယောက် ဘာမျှော်လင့်ချက်မှမရှိစေရဘူး။ နှောင်ဖွဲ့တာတွေ ၊ တွယ်ငြိတာတွေ ၊ စိတ်လှုပ်ရှား၊ တိမ်းညွတ်တာတွေ မရှိစေရဘူး၊ ပကတိ အဖြူထည်သူငယ်ချင်းနော် …. ပြီးတော့ အဖိုးတန် လက်ဆောင်ဘာမှမပေးကြေး။ အဲဒါတွေ မပါဘဲ ရိုးရိုးသန့်သန့်လေးခင်ချင်တာ သိလား”
ရင်ငြိမ်းကပဲ ထို Rule ကို ထုတ်ပြန်လိုက်ခြင်း ဖြစ်ပါသည်။ သူတို့ကို ခင်မင်ခဲ့ခြင်းမှာ မရိုးသားသော မျှော်လင့်မှု ၊ တွယ်ငြိမှု ၊ လုံးဝမပါကြောင်း သူတို့ သိစေချင်လို့ ဖြစ်သည်။ သူ့မျက်လုံး တွေ က ရင်ငြိမ်းဆီသို့ ခပ်စူးစူးကလေး ကျရောက်လာခဲ့ပါ၏ ။
“ကြိုက်တယ် သူငယ်ချင်း၊ သူငယ်ချင်းဆိုတာ ရင်ဘက်ချင်း ဘာသာပြန်စရာမလိုတဲ့ နားလည်ပြီးသား မျှဝေခံစားဖော်လို့ ငါ လက်ခံထားတယ်။ အဲဒီ နားလည်မှု နဲ့ပဲငါတို့လေးယောက် ရင်ချင်းဆက်တွေ လို ရင်ဘက်ချင်းပေါင်းနေကြတာနော် …… ဟေ့ကောင်တွေ ”
သူ့စကားကို ကျန်သုံးယောက် က ခပ်ပြုံးပြုံး ခေါင်းညိတ်ပြီး အဖြေပေးကြသည်။ မယုံနိုင်စရာမရှိပါ။ ဒါကြောင့် လည်း သူတို့လေးယောက် အမွှာလေးတွေ လို ပုံစံတူ၊ စရိုက်တူ၊ စိတ်ဓာတ်တူစွာ ပေါင်းနေကြတာကိုး။
“နင်တို့ လေးယောက် က စတိတ်ကျောင်းထဲက ပေါင်းလာခဲ့တာလား”
“အေးပေါ့….. ငါးတန်းလောက်ကစပြီး ပေါင်း ဖြစ်သွားတာ၊ ငါတို့လေးယောက် က အကြိုက်ချင်း၊ စရိုက်ချင်းအရမ်းတူတယ်ကွာ၊ ဘာလုပ်မယ်ဆိုရင် သိပ်ညှိနှိုင်းနေစရာမလိုဘူး။ စိတ်ချင်းဆက်နေပြီးသား”
“မနေ့ညနေက သက္ကရာဇ်ကို Mercedes ကားအဖြူကြီးပေါ်မှာ ငါလှမ်းတွေ့ လိုက်တယ်၊ကားကြီးက လန်ထွက်နေလို့ လှမ်းကြည့်လိုက်မိတာ နင့်ကား ဖြစ်နေတယ်”
ရင်ငြိမ်းက စကားမစပ်ပုံစံမျိုးကလေး ၀င်ပြောလိုက်တော့ သူ့မျက်နှာတစ်ချက်တော့ ပြောင်းလဲသွားခဲ့ပါသည်။
“ဟာ … အဲဒါ ငါ့ကားမဟုတ်ပါဘူး။ ငါ့မမရဲ့ ကားပါ”
ဟု …. မပွင့်တပွင့် ဖြေဟန်ကိုရင်ငြိမ်းအသည်းယားသွားမိ၏ ။ သူတကယ်ပဲ အဲဒါကို မရှက်တတ်တာလား ။
“သြော် …. နင့်မှာ ရည်းစားရှိတယ် ဆိုပါတော့”
ရင်ငြိမ်းက ဆက်ထည့်နေလျှင် သူက ပုခုံးကလေးတွန့်ပြကာ ရှက်ကိုးရှက်ကန်းလိုလို၊ မခို့တရို့လိုလို ရယ်မောလျက်ရှိသည်။ ကျန်သုံးယောက် ကလည်း သူ့ကိုကျီစယ်စနောက်ဟန်ဖြင့် ၀ိုင်းကြည့်ပြုံးရယ်လို့။
“ဒီကောင့် မမက သူ့ကို အသေခိုက်တာကွ၊ အရမ်းအလိုလိုက်တယ်၊ ဒီကောင်ကံကောင်း တယ်”
“ကံကောင်းတယ်၊ အဲဒါ ကံကောင်းတယ်လို့ နင်တို့ လက်ခံတာကိုး၊ ငါမြင်လိုက်တာက တော့ ကားမောင်းတဲ့အမျိုးသမီးက အသက်ကြီးလှပါပြီ။ အသက်လေးဆယ်လောက်ရှိပြီ …….. ဟုတ်တယ်မှလား၊ ရုပ်လည်း မချောဘဲနဲ့”
ရင်ငြိမ်းက နောက်သလိုလိုအတည်လိုလိုနှင့် နှာခေါင်းကလေးရှုံ့ကာ ဝေဖန်လိုက်သည်။
“ဟေ့ …. မဝေဖန်ကြေးကွာ ရင်ငြိမ်းမယ်၊ လူ တစ်ယောက် ကို ဘာမှန်းမသိသေးခင် ဘယ်တော့မှ ချက်ချင်း မဝေဖန်နဲ့၊ သူ့ရဲ့ နောက်ကွယ်မှာ အကြောင်းတစ်ခုခုတော့ အမြဲရှိတယ်။ အဲဒါကိုအရင်သိအောင် လုပ်ရတယ်ကွ”
“ပြီးရောလေ … ဒါဖြင့်လည်း အဲဒီ အကြောင်းကို စုံစမ်းသေးတာပေါ့”
“နင်တို့မိန်းကလေးတွေ ဟာ အဲဒါခက်တာ၊ နေရာတကာ သိပ်စပ်စုချင်တယ်၊ ကိုယ်နဲ့ မဆိုင်သမျှ အရာတိုင်းကို သိပ်သိချင်တယ်၊ အဲဒါ ဘာအကျင့်မှန်းကို မသိဘူး”
“ဟဲ့ … ဒါ ကတော့ မိန်းမတို့ရဲ့ ဗီဇကိုး၊ ယဉ်စက ပြောတာပါ၊ နင်က မော်ဒယ်လ်လုပ်နေတာ ဆို…………. ဟုတ်လား”
“အေး … အခုမှ စပြီးအရှိန်ယူကြိုးစားနေတုန်းပါ။ ဟ …… နင်တို့က သိလှချည်လား ငါ့ အကြောင်းတွေ ၊ ငါ့ကို စိတ်ဝင်စားနေတာတော့ မဟုတ်ပါဘူးနော်”
သူ့မျက်နှာက ပြုံးစိစိ ဖြစ်လာသည်။ ရင်ငြိမ်းက သူ့ကို မျက်စောင်းခပ်ကြီးကြီးရွယ်လျက် …..
“အောင်မယ် ….. သေဦးမယ်၊ နင့်ကို စိတ်ဝင်စားစရာလား၊ စပွန်ဆာကြီးနဲ့မှန်း လူတိုင်း သိတယ်”
“လူတိုင်းသိတယ် ….. ဟား ….. လူတွေ တော် တော် ခက်ပါလား၊ မမက ငါ့ရဲ့ ချစ်သူပါ။ သူ့ ချစ်သူကို လိုလေသေးမရှိအောင် ဖြည့်ဆည်းပေးတာကို စပွန်ဆာလို့ ခေါ်သလား………”
“ဒါဖြင့် ငါတစ်ခုပဲ နင့်ကို ပြန်မေးမယ် သက္ကရာဇ်”
ရင်ငြိမ်းက ဒီမေးခွန်းကို မေးချင်လို့ကို ဒီခေါင်းစဉ်ဘက်ရောက်အောင် ဆွဲခေါ်လာရခြင်း ဖြစ်သည်။
“မေး…….. စပ်စုစိန်”
“နင် အဲဒီ မမကို တကယ်ရော ချစ်လို့လား”
သူက စားပွဲကို လက်ချောင်းကလေးတွေ ဖြင့် စန္ဒရားတီးသလို ခေါက်နေရင်း ရင်ငြိမ်းကို မျက်လုံးစင်းစင်းများ ဖြင့် ကြည့်ကာ ………….
“အင်း … ချစ်တယ်လို့ ထင်တာပဲကွာ”
ဟု … ဆောင့်အင့်အင့် အသံဖြင့် ပြန်ဖြေလေသည်။ ပြီးမှ ………..
“နေပါဦး … နင်တို့ ဘာ ဖြစ်လို့ ငါနဲ့ မမအကြောင်းကို အဲဒီ လောက် သိချင်နေရတာ လဲ။ တော် တော် စိတ်ဝင်စားနေကြတယ်ပေါ့လေ ………. ဟုတ်လား”
ဟု စိတ်ကောက်ချင်ချင်ကလေး တစ်ယောက် လို ခပ်စူစူကလေးပြောသည်။ ထိုအမူအရာကလည်း တခြားလူတွေ လုပ်ရင် ကြည့်ကောင်းချင်မှ ကောင်းမှာ ဖြစ်ပေမယ့် သူ့ကျတော့ ကြည့်လို့ ကောင်းနေခဲ့သည်။
“မဟုတ်ပါဘူးဟယ် … ခပ်ချောချော ငယ်ရွယ်နုပျိုတဲ့ ကောင်လေး တစ်ယောက် နဲ့ သာမန် ရုပ်ရည်နဲ့ အသက်ကြီးကြီး မိန်းမ တစ်ယောက် ကို ဘယ်လိုမှ ယှဉ်တွဲ အပ်စပ်ကြည့်လို့ မရလို့ပါ။ အနားမညီတြိဂံတစ်ခုလို ရွဲ့စောင်းနေသလားလို့ ၊ လူတွေ က ဘယ်လိုထင်မလဲ”
“လူတွေ ဘယ်လိုထင်မလဲဆိုတာကို ငါသိပ်ဂရုမစိုက်တတ်ဘူး ရင်ငြိမ်းမယ်၊ လူတွေ ရဲ့ ထင်မြင်ချက်ကိုသွားဂရုစိုက်နေရင် င့ါဘ၀ကို သူတို့ရဲ့ နှုတ်ဖျားမှာ လည်စင်းစတေးပေးလိုက် ရာရောက်တာပေါ့။ ငါ့ဘ၀ကို ငါသိတယ်။ ငါဘာလိုချင်သလဲဆိုတာ ငါသိတယ်၊ တော် ပြီကွာ …. ခေါင်းစဉ်ပြောင်းကြစို့”
ပြောနေဆဲမှာ ပင် သူ့ဖုန်းကလေးက ထမြည် လာခဲ့သည်။ သူ့မျက်နှာက စိတ်အနှောက်အယှက် ဖြစ်သွားသော မျက်နှာ။ သို့ သော် သူ ဖုန်းဖြေသည့်အခါ အသံက ချိုမြနူးညံ့လွန်းနေခဲ့ပါသည်။ လေသံကခပ်တိုးတိုး ….။ သူငယ်ချင်းတွေ နှင့် ကဲန်တင်းထိုင်နေကြောင်း၊ သတိရကြောင်းသာပြောပြီး ကျန်တာတွေ က “ဟုတ်ကဲ့”တွေ ချည်း ဖြစ်သည်။ မိန်းမ တစ်ယောက် ကို တကယ်မချစ်ဘဲ ကိုယ်လိုချင်တာတွေ ရဖို့သက်သက် အသုံးချနေခြင်းဟာ ယောက်ျား တစ်ယောက် ၏ ဂုဏ်သိက္ခာမဟုတ်ကြောင်း သိပ်ရှက်ဖို့ကောင်းကြောင်း သူတကယ်မသိတာတော့ မ ဖြစ်နိုင်ပါ။ မသိချင်ယောင်ဆောင်ပြီး အဲဒီ နွံကနေ ရုန်းထွက်မရနိုင် ဖြစ်နေတာပဲ ဖြစ်မှာ ပါ။ ရင်ငြိမ်း သူ့မျက်နှာကိုတစ်ချက် ကြည့်မိတိုင်း တကယ်နှမျောတသ ဖြစ်နေခဲ့မိပါသည်။
![]() ပင်လယ်ပြင်နှင့် ကောင်းကင်ပြာ | ![]() ချစ်ခြင်း၏အခြားမဲ့၌ | ![]() တိတ်ဆိတ်နက်ရှိုင်းသော သက်သေ |