အမှတ်တရမှတ်တမ်း
ကမ္ဘာပေါ်မှာ
သမီးအပေါ်
နားလည်နိုင်စွမ်း အရှိဆုံးသော
အဖေနဲ့အမေ . . . . ။
ဘ၀ရဲ့ အဓိပ္ပာယ်တွေ ကို
ပိုပြီး လေးနက်လှပ
ပြည့်စုံလာစေခဲ့တဲ့
ဘ၀အဖော်မွန် မောင်နဲ့သမီးလေးကို
အမှတ်တရ
မှတ်တမ်းတင်လျက် . . . .
လွန်းထားထား (ဆေးတက္ကသိုလ်)
ခံစားချက် (၁)
လောကတွင် ပြိုင်ဘက်မိန်းမ တစ်ယောက် ၏ ဘ၀တစ်ခုလုံးကို အနိုင်ယူ အလဲထိုးနိုင်ဖို့အတွက် အကောင်းဆုံးသော နည်းပရိယာယ်မှာ . . . သူမ၏ စိတ်ဓာတ် . . . သူမ၏ နှလုံးသားကို တစိမ့်စိမ့် နှိပ်စက်ညှင်းပန်းသော နည်း ဖြစ်သည်ဟု သိမြင်လာခဲ့ချိန်တွင် . . . . ‘မာကျူရီ’သည် ကိုယ်တိုင်ပြင်းပြစွာ တပ်မက်စွဲလမ်းလျက်ရှိသော ယောက်ျားကို ပြိုင်ဘက်မိန်းမ၏ လက်ထဲသို့ လိမ္မာပါးနပ်စွာ ထိုးထည့်လိုက်ဖို့ သတ္တိတွေ ရှိလာခဲ့တော့သည်. . . .။
အဲဒါဟာ စွန့်စားခြင်းပဲ. . . . ပေးဆပ်ခြင်း မဟုတ်။ ပြီးတော့ . . . ဘယ်သူမှ မသိနိုင်သည့် မာကျူရီရဲ့ ၀ှက်ဖဲတစ်ချပ်လည်း ဖြစ်သေး၏ ။
သူတို့နှစ် ယောက် လက်ထပ်လိုက်ချိန်တွင် မာကျူရီသည် အသည်းကွဲနေ မည် ဖြစ်သော်လည်း ပြိုင်ဘက်မိန်းမကို တစ်သက်လုံးအနိုင်ရခဲ့ပြီမို့ လှိုက်လှဲစွာ ရယ်မောနေမည် ဖြစ်သည်။
မာကျူရီ
(MERCURY)
ခံစားချက် (၂)
ထိုအချိန်တွင် သူနှင့် ပတ်သက်သော မိန်းမနှစ် ယောက် သူ့ကို ရွေးချယ်ဖို့ အကောင်းဆုံး ဖြစ်သည်ဟု ယူဆသော ကြောင့် သူက ငြိမ်ငြိမ်ကလေး လက်ပိုက် ကြည့်နေခဲ့သည်။ သူ့အဖို့ ဘယ်သူကို ပို၍ လိုအပ်သလဲဟု ကိုယ့်ကိုယ်ကိုယ် ပြန်၍ မေးခွန်းမထုတ်ရဲလောက်အောင် . . . မိန်းမနှစ် ယောက် သည် သူ့အပေါ် အညီအမျှ ဖမ်းစားဖြားယောင်းထားခဲ့သည်။
သို့ သော် လောက၏ နိယာမတရားအရ . . . တစ်ချိန်တွင် သူသည် မိန်းမ တစ်ယောက် ကိုသာ ရွေးချယ်လက်ထပ်ရမည် ။
သူ့ရဲ့ ပြင်းပြသော ဆန္ဒမှာ . . . .သူရွေးချယ်ခဲ့သော . . . . ဒါမှမဟုတ် သူ့ကို ရွေးချယ်ခဲ့သော မိန်းမသည် သူ့ရဲ့ ကောင်းကျိုးဆိုးကျိုး မှန်သမျှကို ရောထွေး မျှဝေသုံးစွဲနိုင်ရဲသူ ဖြစ်ရမည် ။
ပြီးတော့. . . . သူ့ရဲ့ ကောင်းမှု မကောင်းမှု တိုင်းကို ထိုမိန်းမ ပိုင်ဆိုင်ခွင့် ရှိသည်။
‘လင်းယုန်’
ခံစားချက် (၃)
ဘာပဲ ဖြစ် ဖြစ် အချစ်နဲ့သာ ဆုံးဖြတ်လိုက်တော့မည် ။ ဘာ ဖြစ်လို့လဲဆိုတော့ ကိုယ့်ဘ၀တစ်ခုလုံးထက်ပိုပြီး သူ့ကို ချစ်မြတ်နိုးမက်မောလွန်းသော ကြောင့် ဖြစ်သည်။
ကိုယ်သိပ်တန်ဖိုးထားသော ပစ္စည်းတစ်ခု. . . . ဒါမှမဟုတ် လူ တစ်ယောက် တွင် အလွန်တရာ ရုပ်ပျက်ဆင်းပျက်နိုင်သော ဒဏ်ရာဒဏ်ချက်ကြီး တစ်ခု . . . . အမှားအယွင်းကြီးတစ်ခု . . . . ထင်ထင်ရှားရှား ပေါ်လာခဲ့သည့် တိုင် . . . . အဲ့ဒီလူအပေါ် မြတ်နိုးသက်ဝင်ဆဲပင်ရှိကာ မစွန့်ပစ်ရက်တော့တာ သည် မိန်းမ တစ်ယောက် ရဲ့ အချစ် . . . . မိန်းမ တစ်ယောက် ရဲ့ သစ္စာတရား ဖြစ်သည်။ အဲဒါ အသေအချာပင်. . . . ။
ပို၍ သေချာသေးသည်မှာ ပြိုင်ဖက်မိန်းမ တစ်ယောက် ၏ လက်ထဲမှ ‘မယ်မဒီ’ သည် တစ်စုံတစ်ခုကို အရယူနိုင်ခဲ့သူအ ဖြစ် တစ်သက်လုံး အောင်နိုင် စွာ ရယ်မောနေမည် ဖြစ်သည် . . . ။
‘မယ်မဒီ’
အပိုင်း-၁
အခန်း(၁)
‘မယ်မဒီ’ သည် အတန်းထဲတွင် ထိုသူငယ်မလေးကို အမုန်းတီးဆုံး ဖြစ်ပါသည်။ အံ့သြစရာ ကောင်းလောက်အောင်ပင် ပထမဆုံး မျက်လုံးအဆုံတွင် သူမတို့နှစ် ယောက် တစ်ယောက် ကို တစ်ယောက် ကြည့်မရ ဖြစ်သွားကြလေသည်။ ပထမဆုံး စတင်၍ မျက်စောင်း ထိုးလိုက်သူမှာ သူမ ဖြစ်၏ ။ မယ်မဒီသည် ဆံပင်ရှည်ကလေးများ ကို ၀ဲခနဲခါအောင်ပင် ချာခနဲ လှည့်ပြီး သူမကို ကျောခိုင်းပစ်လိုက်၏ ။
ထူးဆန်းသော တိုက်ဆိုက်မှု မှာ မယ်မဒီနှင့် သူမသည် ခါးမရောက်တရောက် ဆံပင် ပျော့ပျော့ရှည်ရှည်ကလေးများ ကို တူညီစွာ ပိုင်ဆိုင်ထားကြခြင်း ဖြစ်သည်။ မယ်မဒီတို့သည် အလယ်ခွဲဆံပင်ကလေးများ နှင့် ကျစ်ဆံမြီးရှည်ရှည်နှစ် ဖက်ချကာ ဖဲကြိုးလှလှကလေးများ ကို ချည်နှောင်လေ့ရှိသည်။ ဇာလှလှဖွာဖွာကလေးများ တပ်ဆင်ထားသော လက်ဖောင်းအင်္ကျီ ပေါ်တွင် နောက်က ကြက်ခြေခတ်ပုံစံ ကြိုးဖြင့် သိုင်းသော စကတ်စိမ်းစိမ်းကလေးဝတ်ကာ ဇာအနားတပ် ခြေအိတ်ဖြူဖြူဖွာဖွာနှင့် ပြောင်လက်သော အနက်ရောင် ရှူးစ်ကို စမတ်ကျကျ ၀တ်နိုင်သူဟူ၍ ကျောင်းတွင် မယ်မဒီနှင့် သူမ နှစ် ဦးသာ ရှိသည်။ မယ်မဒီတို့နှစ် ယောက် ကို ဆရာမ တိုင်း ကျောင်းသားမိဘတိုင်းက အမှတ်တရ လိုက်ကြည့်ကာ စိတ်ဝင်တစားရှိကြသည်။ ချစ်စရာကောင်းတဲ့ ကလေးမကလေးနှစ် ယောက် ဟု မယ်မဒီတို့ကို ချစ်စနိုးအသိအမှတ်ပြုထား ကြသည်။
အရာရာတိုင်းကို တစ်ယောက် တည်းသာ အမြဲလိုလို အပိုင်ရခဲ့သော မယ်မဒီသည် လူတကာ၏ စိတ်ဝင်စားမှု ကို တစ်ယောက် တည်းမရရှိဘဲ ပြိုင်ဖက်မိန်းကလေး တစ်ယောက် နှင့် မျှဝေယူရသော အခါ မယ်မဒီသည် စိတ်အလိုမကျနိုင်ဘဲ ကသိကအောက် ဖြစ်လာခဲ့သည်။
ပို၍ မုန်းစရာကောင်းသည်မှာ ဆရာမ က မယ်မဒီတို့နှစ် ယောက် ကို ဘေးချင်းကပ် နေရာချထားလိုက်ခြင်းပင် ဖြစ်သည်။ မယ်မဒီ့ မေမေက မယ်မဒီကို ရှေ့ဆုံးဆရာမ နှင့် နီးသော ခုံ တွင် နေရာရစေချင်သလို သူမ၏ မေမေကလည်း လက်ပွေ့အိတ်ကြီးကြီးကို ဟန်ပါပါ မ,ကာ သူ့သမီးကို ဆရာမ နားမှာ ထားပေးဖို့ တဖွဖွ မှာ ကြားနေခဲ့တာကို ‘မယ်မဒီ’ ရော မေမေပါ ကြား ခဲ့ရသည်။ ထို့နောက်တွင် ‘မယ်မဒီ’တို့နှစ် ယောက် သည် ရှေ့ဆုံးခုံတန်းတွင် အတူတူထိုင်ခဲ့ရ လေသည်။
‘မယ်မဒီ’ မကြိုက်သော အလုပ်တစ်ခုမှာ သူမ၏ ဘ၀င်မြင့်နေသော ၊ မောက်မာသော ၊ တခြားလူများ ကို လူမထင်တတ်သော ၊ ဆောင့်ကြွားကြွား အမူအရာပင် ဖြစ်သည်။ သူမသည် မယ်မဒီ့ ရှေ့က ဖြတ်လျှင် ခြေကို တမင်ဆောင့်ချသွားသည်ဟု ထင်မိသည့်နောက်တွင် မယ်မဒီကလည်း သူမအနားကဖြတ်တိုင်း အသံမမြည် မြည် အောင် ခြေကိုတအားဆောင့်ချခြင်းဖြင့် ကလဲ့စား ပြန်ချေတတ်လေသည်။
ပြီးတော့ မယ်မဒီ မခံရပ်နိုင် ဖြစ်သေးသည်မှာ သူမသည် တဆိတ်အကြွားသန်ခြင်းပင် တည်း။ သူမ၏ လွယ်အိတ်၊ ဗလာစာအုပ်မှ အဖုံးလှလှကလေးများ ၊ ခဲတံလှလှများ ၊ ချွန်စက်၊ ခဲဖျက်၊ ပေတံ၊ ရောင် စံခဲတံဘူး အစရှိသော အသုံးအဆောင် အဆန်းတကျယ်များ ကို ‘မယ်မဒီ’ မကြည့် ကြည့်အောင် နည်းမျိုးစုံသုံးပြီး ကြွားဝါလေ့ရှိသည်။
‘ဒါတွေ က ငါ့ဖေဖေ အင်္ဂလန်က မှာ ယူထားတာ သိလား. . . . နောက် အိမ်မှာ အများ ကြီးရှိသေးတယ်. . . .’
ဟု ဘေးက တခြားကောင်မလေးကို အသံကျယ်ကျယ်ဖြင့် ကြွားတတ်လေသည်။ မယ်မဒီသည် အားကျမခံ မယ်မဒီ့ ပစ္စည်းအဆန်းကလေးများ ကိုလည်း သီချင်းကလေး တညည်းညည်းဖြင့် ထုတ်ကာ စားပွဲပေါ်ဖြန့်တင်ထားလိုက်ခြင်းဖြင့် သူမ ကြည့်အောင် တုံ့ပြန်ပါ သည်။ ထိုအချိန်မှစ၍ သူမတို့နှစ် ယောက် ၏ ပြိုင်ဖက်ကိစ္စသည် သူမတို့နှစ် ယောက် အကြားသို့ လွယ်ကူညင်သာစွာ ပင် ရောက်ရှိလာခဲ့ခြင်း ဖြစ်လေသည်။
သူမတို့ နှစ် ယောက် သည် လက်ရေး အလှလည်း ပြိုင်ကြသည်။ ဆရာမ က အမှတ်ပေး ပြီး ကောင်း၊ တော် ၊ သင့် စသဖြင့် မှတ်ချက်ကလေးများ ရေး ပေးရာတွင် ‘ကောင်း’ သာ သူမတို့ နှစ် ဦး အရပြိုင်ကြသည်။ ဘာပဲလုပ်လုပ် သူမတို့နှစ် ယောက် သည် တစ်ဦးကိုတစ်ဦး ပြိုင်သော မျက်လုံး၊ တစ်ဦးအပေါ်တစ်ဦး အနိုင်အထက် အသာစီးရဖို့သာ ကြည့်သော မျက်လုံးတို့ဖြင့် ငယ်စဉ်ကတည်းကပင် ကြည့်တတ်ခဲ့ကြခြင်း ဖြစ်သည်။
ပထမဆုံးအကြိမ် သူမတို့ ရန် ဖြစ်ဖူးခဲ့သည်မှာ သူမ၏ ရန်စမှု ကြောင့် ပင် ဖြစ်လေသည်။ ထိုပြဿနာမှစ၍ လူကြီးများ အကြားတွင် ပြဿနာများ ပဋိပက္ခများ စတင်ဝင်ရောက်ခဲ့ခြင်း ဖြစ် သည်ဟု နောင် အသက်တော် တော် ကြီးတော့ မေမေ ပြန်ပြောပြသဖြင့် မယ်မဒီ သိခဲ့ရပါသည်။
ထိုနေ့က ပြဿနာမှာ အနည်းငယ်ပြင်းထန်ပါသည်။ ထိုအချိန်တွင် မယ်မဒီတို့သည် လေးတန်းကျောင်းသူများ ဖြစ်နေပြီမို့ အတော် လေး သိတတ်လာပြီ ဖြစ်သလို မယ်မဒီတို့ နှစ် ယောက် ကြားရှိ အပြိုင်အဆိုင် စိတ်ဓာတ်လေးသည်လည်း တစ်နေ့ထက်တစ်နေ့ ပို၍ ပြင်းထန်ခိုင်မြဲလာခဲ့ပါသည်။
ထိုနေ့တွင် တစ်တန်းလုံး အပ်ကျသံမကြားအောင် ငြိမ်သက်တိတ်ဆိတ်လျက်ရှိသည်။ ဆရာမ တွက်ခိုင်းထားသော သင်္ချာပုဒ်စာ ဆယ်ပုဒ်ကို အတန်းထဲတွင် တစ်ချိန်တည်းထိုင် တွက်ပြီး ပြီးတာနှင့် ဆရာမ ဆီ သွားပြရမည် ဖြစ်သည်။ မယ်မဒီတို့နှစ် ယောက် သည် ထုံးစံ အတိုင်း ဆရာမ ဆီ အရင်ဆုံးဦးအောင် သွားပြနိုင်ဖို့အတွက် ကြိုးစားပမ်းစားအားသွန်ခွန်စိုက် တွက်လျက်ရှိသည်။
မဒီတို့နှစ် ယောက် သည် တစ်ယောက် ကို တစ်ယောက် လည်း ( တစ်ယောက် ၏ အရင် ဆုံးပြီးမှာ ကို မလိုလားသော ကိုယ်အရင်ဆုံးပြီးလျှင် ကြွားဝါစိတ်ဖြင့် စိန်ခေါ်လိုသော မျက်လုံး များ ဖြင့် ) မကြာခဏ ခိုးကြည့်လျက်ရှိကြသည်။ ထိုအချိန်တွင် ကံကောင်းထောက်မစွာ မယ်မဒီ က သင်္ချာဆယ်ပုဒ်လုံးကိုအရင်ဆုံးပြီးအောင် တွက်ပြီးသွားလေသည်။
‘ဟေး . . . ပြီးပြီ’
မယ်မဒီသည် ခပ်ကျယ်ကျယ်ကလေး မျက်နှာမော်ကာ ဆရာမ ဆီ သွားပြရန် ၀င့်ဝင့် ကြွားကြွားကလေး ပြေးထွက်လာခဲ့လေသည်။ ထိုအချိန်တွင် မယ်မဒီသည် အလစ်တွင် အငိုက်မိသွားခဲ့လေသည်။ သူမ၏ ခုံဘေးမှအဖြတ်တွင် သင်္ချာမပြီးသော သူမက ပြေးထွက် လာသော မယ်မဒီ့ကို ခြေထိုးခံလိုက်ခြင်း ဖြစ်လေသည်။ မယ်မဒီသည် ရုတ်တရက်မို့ အရှိန် လွန်ကာ ဟပ်ထိုးမှော က် လဲကျသွားလေသည်။ မယ်မဒီပြေးလာသော အရှိန်ကလည်း ရှိနေ သလို မထင်မှတ်ဘဲ ရုတ်တရက် ခြေထိုးခံလိုက်သဖြင့် လဲကျသွားသော အခါ မဒီသည် ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ခဲ့ချေ။ မဒီ့ရဲ့ မေးစေ့နှင့် သမံတလင်း ဆောင့်မိသွားသော အရှိန် နှင့် မဒီမေးစေ့ ကွဲသွားသော နီရဲ့ အောင် ယိုစိမ့်လာခဲ့သည်။
မယ်မဒီရဲ့ ၀ုန်းခနဲ လဲကျသွားသံကြောင့် ဆရာမ နှင့် ကျောင်းသူအချို့ မဒီ့နားသို့ ၀ိုင်းအုံလာခဲ့သည်။ မယ်မဒီသည် သွေးစက်လက်ဖြင့် နာကျင်နေသည့်ကြားမှ ၀ုန်းကနဲထကာ သူမအနားသို့ တစ်ဟုန်ထိုး ပြေးကပ်သွား၏ ။ ဘယ်သူမှ မမျှော်လင့်နိုင်ခင်တွင် မယ်မဒီက သူမ၏ လက်ခုံကို တအား ကုန်းကိုက်ပစ်လိုက်လေသည်။ သူမ၏ နာကျင်စွာ အော်ဟစ်လိုက် သံသည် စူးစူးရှရှိ ထွက်လာခဲ့စဉ် မဒီသည် သွေးစက်လက်ဖြင့် အရသာရှိရှိ ပြုံးလိုက်၏ ။
ကျောင်းဆေးခန်းတွင် မယ်မဒီတို့နှစ် ယောက် လုံး ဆေးသွားထည့်ရသည်။ မယ်မဒီ၏ မေးစေ့ကွဲသွားသော ဒဏ်ရာ၊ သူမ၏ လက်ခုံပေါ်မှ သွေးစို့နေသော သွားအကွင်းရာများ ကြောင့် ဆရာမ များ အထိတ်တလန့် ဖြစ်ကုန်သည်။ ထိုပြဿနာသည် လူကြီးများ အထိ ကူးစက်သွားခဲ့သည်။ မယ်မဒီ့မေမေနှင့် သူမ၏ မေမေသည် ကျောင်းအုပ်ကြီးရုံးခန်းအတွင်းမှာ ပင် တစ်ယောက် တစ်ခွန်း စကားများ ကြသည်။
မေမေက ပြောသည်မှာ . . . .
‘လူကြီးချင်း လုပ်ငန်းအပြိုင် ဖြစ်တာနဲ့ ကလေးချင်းပါ လိုက်တိုက်ခိုက်တာတော့ မကောင်းဘူး။ နည်းနည်း မှ မကောင်းဘူး’
နောက်တော့ မယ်မဒီ သိလာရသည်မှာ မဒီ့ဖေဖေနှင့် သူမ၏ ဖေဖေသည် ဆန်စက် များ အပြိုင်တည်ထောင်ပြီး ဈေးကွက်စီးပွားရေး တွင် တစ်ယောက် ကို တစ်ယောက် အနိုင်ပိုင်းဖို့ အလဲထိုးဖို့ ကြိုးစားလျက်ရှိသော ပြိုင်ဘက်များ ဖြစ်နေခဲ့သည်။ ထိုအချိန်မှစ၍ မဒီ၏ ပြိုင်ဖက် အပေါ် မုန်းတီးစိတ်များ သည် ခိုင်မြဲစွာ အမြစ်ကုပ်တွယ်လာခဲ့ခြင်း ဖြစ်သည်။ မဒီတို့နှစ် ယောက် ၏ အငြိုးကို ဘယ်သူကမှ ပြေပျောက်အောင် မလုပ်ပေးနိုင်ကြ။
တစ်နေ့တော့ ကျောင်းကို ဆရာမ အသစ် ပြောင်းလာခဲ့သည်။ ဆရာမ က မဒီတို့နှစ် ယောက် မတည့်တာကို သိရှိသွားပြီး မဒီတို့ နှစ် ယောက် သင့်မြတ်ဖို့ ကြိုးစားသေး၏ ။
‘တစ်တန်းတည်းသားချင်း၊ ကျောင်းသူ အချင်းချင်း၊ မခေါ်တာ၊ မတည့်တာ မ ဖြစ်ရဘူး နော် ကြားလား။ ကိုယ့်ညီအစ်မတွေ လို သဘောထားမှပေါ့။ ကဲ. . . . မင်းတို့နှစ် ယောက် ဆရာမ ရှေ့မှာ စကားပြောရမယ်။ ဘယ်သူ စပြောမလဲ။ ကဲ. . . . အရှေ့ကို နှစ် ယောက် စလုံး ထွက်လာခဲ့ပါဦး’
မဒီတို့အကြောင်းကို အစအဆုံးသိထားသော အတန်းသားတွေ အားလုံးက မဒီတို့ နှစ် ယောက် ကို စိတ်ဝင်တစား ၀ိုင်းကြည့်နေခဲ့ကြသည်။ မဒီတို့သည် အတန်းရှေ့သို့ ထွက်လာ ကြပြီး မျက်နှာများ မှု န်ကုပ်ပုပ်သိုးလျက်ရှိကြသည်။ ဆရာမ ကိုသာ မကြောက်ရလျှင် မဒီသည် သူမနှင့် တွဲ ပြီး အတန်းရှေ့ထွက်ဖို့ ဘယ်တော့မှ စိတ်ကူးမည် မဟုတ်ချေ။
မဒီသည် နှုတ်ခမ်းများ ကို တင်းတင်းစေ့ထားကာ ပိတ်ထား၏ ။ မဒီ ကတော့ ဘယ်တော့ မှ စ,မပြော။ သူမ ပြောရင်တော့ ပြောပေါ့။ သို့ သော် မဒီ့နည်းတူ ခေါင်းမာပြီး မာနကြီးသော သူမကလည်း မျဉ်းတစ်ပြေးတည်း ဖြစ်နေသော နှုတ်ခမ်းနှင့် မိန်းကလေးကြားမှ တင်းမာ အေးစက်မှု များ ကြောင့် ဆရာမ က အနည်းငယ် စိတ်ရှုပ်ထွေးသွားသော မျက်နှာဖြင့် . . . .
‘ဟဲ့ . . . ဘယ်လို ဖြစ်နေကြတာလဲ။ ပါးစပ်ကြီးတွေ ပိတ်လို့ စကားပြောရမယ်လို့ ဆရာမ ပြောထားတယ် မဟုတ်လား။ မင်းတို့နှစ် ယောက် ကြားမှာ ဘယ်လောက်ပြင်းထန်တဲ့ ရန်ငြိုးတွေ ရှိလို့ မခေါ်နိုင် မပြောနိုင် ဖြစ်နေရတာ တုန်း . . . .
အဲဒါမျိုး ဆရာမ နည်းနည်း မှ မကြိုက်ဘူး။ ကဲ . . . . ပြောစမ်း၊ တစ်ယောက် က စကား စပြောစမ်း. . . . မင်းတို့ ချစ်ချစ် ခင်ခင် ခေါ်ခေါ် ပြောပြောနေမှ ဆရာမ စာသင်မယ် ဟုတ်ပြီ လား . . .’
သို့ သော် ဆရာမ ၏ ကြိုးပမ်းမှု သည် အချည်းနှီးသာ ဖြစ်သည်။ မဒီတို့ နှစ် ယောက် စလုံး ဘယ်သူမှ စတင်စကားမပြောကြချေ။ ဆရာမ က စိတ်ဆိုးလာသော အသံဖြင့် ……..
‘ကဲ . . . . . မဒီ စပြောလိုက်၊ တစ်ခုခု ပြောလိုက်၊ ဆရာမ စာသင်ရဦးမယ်၊ အချိန် မရှိဘူး။ စကားမပြောရင် ဒီထက်ပိုပြင်းထန်တာ ခိုင်းမယ်နော်။ နှစ် ယောက် စလုံး တစ်ယောက် ကို တစ်ယောက် ဖက်နမ်းရမယ်’
အတန်းသားများ ထံမှ ရယ်သံများ ထွက်လာသည်။ မဒီသည် ဆရာမ ကို တည့်တည့် ကြည့်ကာ. . . . .
‘ဆရာမ သူ့ကို အရင်စပြောခိုင်းပါ။ သူ ပြောရင် သမီးပြောမယ်’
‘ကဲ. . . . ဒါဆို မာကျူရီက အရင်ပြောလိုက်၊ အမယ်လေး . . . . ဒါလေး ပြောရတာ ဘယ်လောက်ခက်ခဲနေကြတာလဲဟယ်၊ ကဲ. . . . ပြောလိုက်၊ သမီး . . . . လိမ္မာတယ်. . . .’
သူမမျက်နှာသည် မဲ့ခနဲ ဖြစ်သွားသည်။
ဆရာမ ကို တစ်ချက်ကြည့်ကာ သူမကို ကြည့်သည်။ သူမ၏ မျက်လုံးများ တွင် မုန်းတီးမှု များ ပျော်ဝင်လျက်ရှိသလို မဒီ့ရဲ့ တုံ့ပြန်အကြည့်များ တွင် ခါးသီးမှု များ ပြွတ်သိပ်နေသည်။
သူမသည် မဒီ့နားသို့ တိုးတိတ်သော လေသံကလေးဖြင့် လှမ်းပြောလိုက်သည်။
‘နင့်ကို ငါ သိပ်မုန်းတာပဲ သိလား’
မဒီသည် ဆတ်ခနဲ ဖြစ်ကာ မဆိုင်းမတွပင် ချက်ချင်း ပြန်ပြောလိုက်သည်။
‘အေး. . . ငါကလဲ နင့်လိုပဲ နင့်ထက်တောင် ပိုဦးမယ်’
ဆရာမ က မကြားရသဖြင့်
‘အမယ်လေး. . . . ပြောတော့လဲ တိုးတိုး တိုးတိုးနဲ့ ဘာတွေ များ ပြောလိုက်ကြသလဲ၊ ကဲ. . . . ဒီနေ့က စပြီး တစ်ယောက် နဲ့ တစ်ယောက် ခေါ်ကြနော်.. . .ရန်မ ဖြစ်ကြနဲ့. . . ကြားလား’
ဆရာမ က ကျေနပ်သွားပြီး မဒီ့တို့လည်း ကိုယ့်နေရာကိုယ် ပြန်ထိုင်ကြသည်။ မဒီတို့ နှစ် ယောက် ဘာပြောလိုက်ကြသလဲဆိုတာကို တစ်တန်းလုံးက စိတ်ဝင်စားနေတာ မဒီ့ဆီမှာ ရော သူမ ဆီမှာ ပါ ဘာပြောလိုက်တာလဲဟင် ဟုလာမေးကြသည်။ နှစ် ယောက် စလုံး အဖြေမပေးကြ။ နှုတ်ခမ်း စေ့ကာ ပြုံးနေခဲ့ကြလေသည်။
အတန်းကြီးလာသည်နှင့် အမျှ မဒီတို့နှစ် ယောက် ကြားက အပြိုင်အဆိုင်စိတ်များ သည် ပို၍ ရင့်မာ ရှင်သန်လာခဲ့သည်။ စာမေးပွဲတိုင်းတွင် ပထမအဆင့်ကို အပြိုင်လုကြသည်မှာ လည်း မဒီတို့ နှစ် ယောက် ပဲ ဖြစ်၏ ။ ကျောင်းအားကစားအဖွဲ့တွင် လည်း မဒီတို့နှစ် ယောက် သည် ချန်ပီယံလုရသော တင်းနစ်အားကစားနည်းကိုမှ တူညီစွာ ရွေးချယ်ခဲ့ကြသည်။ တင်းနစ်ချန်ပီဆုကိုလည်း အပြိုင်လုသည်။
မဒီတို့သည် အသုံးအဆောင်ပစ္စည်းများ လှပဆန်းကြယ်မှု လည်း ပြိုင်ကြသည်။ ဆံပင် အရှည်ကြီးတွေ ထားကာ ဆံပင်အရှည် အထူ ပိုးသားလို ပြောင်လက်နက်မှော င်နေမှု လည်း ပြိုင်ကြ သည်။ အရပ်ဘယ်သူ ပိုမြင့်သလဲ. . . . မျက်နှာ ဘယ်သူ ပိုလှသလဲ. . . ဘယ်သူပိုပြီး စာတော် သလဲ. . . ဘယ်သူပိုပြီး နာမည် ကြီးထင်ရှားသလဲ…… စသဖြင့် ဂုဏ်သတင်းကိုလည်း ပြိုင်ကြသည်။ စီးသော ဖိနပ်ကအစ ပြိုင်ကာ လာကြိုသော ကားအမျိုးအစား၊ နံပါတ်အမြင့် အဆုံး သူ့ထက်ငါသာအောင် ပြိုင်လာခဲ့ကြသည်။
မဒီ့ သူငယ်ချင်းများ ကတော့ မဒီ့ဘက်မှ အပြည့်အ၀ ထောက်ခံဖော်ရသည်။
‘ရှင်တို့ နှစ် ယောက် စလုံး နာမည် ကြီးတာတော့ အတူတူပါပဲ။ ဒါပေမယ့် ရှင်က ပိုလှလာတယ်. . . သိလား။ ရှင့်ဆံပင်ကြီးတွေ က မည်းနက်ပြောင်လက်နေတာပဲ။ သူ့ဆံပင်က အညိုရောင် နည်းနည်း သမ်းချင်တယ်။ အရပ်ကလည်း ရှင် ပိုမြင့်မှာ ပါ။ ဟိုမိန်းမက ခုံထူဖိနပ်တွေ စီးတာကိုး။ စာ ကလဲ သူ ပထမရလိုက်၊ ရှင် ပထမရလိုက် ဆိုပေမယ့် သူ ပထမရတဲ့အခါဆိုရင် ရှင်နဲ့ အမှတ်သိပ်မကွာပါဘူး။ တစ်မှတ်၊ နှစ် မှတ်လောက်ပဲ၊ ရှင်ပထမရတဲ့အခါဆိုရင် ဆယ်မှတ်လောက် ကွာတာ။ ဒါကြောင့် ရှင် ပို တော် တယ်။ ပြီးတော့ . . . . ဒီနှစ် ကျောင်းလက်ရွေးစင် တင်းနစ်ချန်ပီယံဟာ ရှင်ပဲ ဖြစ်လာမှာ ပဲ။ ပြိုင်ပွဲနေ့ကျမှ စောင့်ကြည့်. . . . သူ ရှင့်ကို မနိုင်ပါဘူး’
မဒီသည် အမြဲသာ အနိုင်ရချင်ခဲ့သည်။ သူမ၏ သူငယ်ချင်းများ ကလည်း မဒီ့ကို ပုတ်ခတ်ကာ သူမကိုတော့ မြှောက်ပင့်ပြောကြဦးမှာ ပင်။ သို့ သော် . . . ကွယ်ရာတွင် ပြောရမှာ ကိုတော့ မဒီက ဂရုမစိုက်ချေ။
တင်းနစ်ပြိုင်ပွဲတွင် မဒီတို့နှစ် ယောက် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြသည်။ ထိုပြိုင်ပွဲတွင် မဒီက သူမကို အနိုင်ရကာ ချန်ပီယံဆု ရလိုက်တော့ သူမသည် အလွန်မောဟိုက်နေရာက ပစ်လဲကျ သွားခဲ့သည်။ သူမ သတိလစ်သွားခဲ့ခြင်း ဖြစ်သည်။
မဒီ ကတော့ ပြိုင်ဘက်၏ အရှုံးကို အရသာရှိရှိ စားသုံးကာ ကိုယ့်ဘ၀ကိုယ် တော် တော် ကျေနပ် နေခဲ့သေးသည်။ သူမသည် ပြိုင်ပွဲတွင် ရှုံးနိမ့်သွားခဲ့သဖြင့် သုံးရက်လောက် ကျောင်းမတက်ချေ။ မစား နိုင်၊ မအိပ်နိုင် ဖြစ်ကာ သူမ နာကျင်ကြေကွဲလေလေ. . . . မဒီက ကိုယ့်အနိုင်ရမှုအတွက် ၀မ်းမြောက် လေလေ ဖြစ်ခဲ့လေသည်။
သို့ သော် . . . . တစ်ချီတွင် တော့ သူမ၏ အလဲထိုးမှု ကို မဒီသည် အငိုက်မိကာ မရှုမလှ ခံခဲ့ရ သေးသည်။
မဒီတို့ကျောင်းသည် မိန်းကလေးနှင့် ယောက်ျားလေး ပေါင်းထားရာ ၀ဏ္ဏဆိုသော ကောင်ကလေးနှင့် မဒီ အရောတ၀င် ရင်းရင်းနှီးနှီးနေသည်ကို အကြောင်းပြုပြီး မဒီနှင့် ၀ဏ္ဏ ရည်းစား ဖြစ်နေပြီဟူသော သတင်းသည် သူမတို့အုပ်စုအတွင်းမှ စတင်ထွက်လာခဲ့ကာ တစ်တန်းလုံးသို့ ပျံ့နှံ့သွားပြီးမှ မဒီ သိခွင့်ရခဲ့လေသည်။ သို့ သော်. . . . မဒီသိချိန်တွင် သိပ်ကိုနောက်ကျနေပြီး ထိုသတင်းက ဆရာမ ဆီရောက်နှင့် ပြီး ဖြစ်လေသည်။
ငယ်ငယ်ရွယ်ရွယ်ကလေးနှင့် ရည်းစားထားခြင်းကိစ္စကို အင်မတန် တင်းကြပ်စွာ ပိတ်ပင်တား မြစ်လေ့ရှိသော မဒီတို့ကျောင်းတွင် ထိုသတင်းဆိုးရွားစွာ ထွက်ပေါ်လာခဲ့ခြင်းသည် မဒီ့အတွက်တော့ အတော် လေး ခံပြင်းဖွယ်၊ ရှယ်ကြောက်ဖွယ် ဖြစ်လေသည်။ အဲဒီ သတင်း စတင်ထွက်လာရာသည် သူမတို့အုပ်စုဟု ကျိန်းသေပေါက်သိလျက်နှင့် တရားခံကို တိတိကျကျ ဆွဲမထုတ်နိုင်သေးခင်မှာ ပင် မဒီ နှင့် ၀ဏ္ဏသည် ဆရာမ ခေါ်တွေ့ တာကို ခံခဲ့ရသည်။
မဒီသည် ဆရာမ ရှေ့တွင် အကြီးအကျယ် ရှက်ရွံ့တုန်လှုပ်ကာ ဘယ်လိုတုံ့ပြန်ရမှန်းမသိဘဲ အရှက်ကွဲနေခဲ့သည်။
‘တီချာ့ကို မလိမ်ဘဲ အမှန်အတိုင်းပြောနော်။ ၀ဏ္ဏရော မဒီပါ မင်းတို့နှစ် ယောက် ရဲ့ အခြေအနေ ကို ဆရာမ သိချင်တယ်’
‘မဟုတ်ဘူး တီချာ. . . . ၊ သမီးတို့ နှစ် ယောက် က ရိုးရိုးခင်တဲ့ သူငယ်ချင်းတွေ ၊ ဘာမှ မဟုတ် ဘူး . . . . ၊ ရည်းစား ဖြစ်နေတယ်ဆိုတာ မဒီ့ကို မလိုတဲ့သူတွေ တမင်သတင်းလွှင့်တာ’
‘၀ဏ္ဏကရော ဖြေပါဦး’
‘ကျွန်တော် တို့ တကယ်သူငယ်ချင်းပါ တီချာ . . . . ဘာ ရည်းစားမှ မဟုတ်ပါဘူး’
‘အေး . . . . အဲဒါပဲ တီချာကြားချင်တယ်။ ခေါ်သာမေးရတယ် . . . ဟုတ်ပါတယ်လို့ ၀န်ခံလိုက် မှာ တီချာ သိပ်စိုးရိမ်နေတာ၊ ဟုတ်ရင်လဲ တီချာ ကတော့ ရအောင် တားရမှာ ပဲ။ ဒီအရွယ်လေးတွေ မှာ ဒီလိုကိစ္စမျိုး စဉ်းစားတာမျိုး တီချာ မ ဖြစ်စေချင်ဘူးလေ၊ မဟုတ်တဲ့အတွက် တီချာ ၀မ်းသာပါတယ်။ လူသိပ်ပြောနေလို့ တီချာ ခေါ်မေးရတာ ကိုလဲ ဘယ်လိုမှ မအောက်မေ့နဲ့။ ဒီကိစ္စကို နှစ် ယောက် စလုံး ခေါင်းထဲက ထုတ်ပစ်လိုက် . . .. ဟုတ်ပြီလား . .. . .. . ‘
သို့ သော် ဘယ်လိုမှ မေ့လို့မရနိုင်သည် ကတော့ မဒီဘဲ ဖြစ်ပါသည်။ မဒီ့ရဲ့ ဂုဏ်သိက္ခာ၊ နာမည် ကို သူမ ကောင်းကောင်းထိပါးခဲ့ပြီ။ ဆရာမ ဆီ ထိုကိစ္စနှင့် ရောက်ရတဲ့ ကိစ္စဟာ ဘယ်လောက် ရှက်စရာကောင်းသလဲ။ ပိုဆိုးသည်မှာ လုပ်ကြံခံရမှန်းသိလျက်နှင့် ရန်သူရဲ့ ထောင်ချောက်ထဲ မဒီ သက်ဆင်းခဲ့ရတာ ကို မဒီ မကျေနပ်ချေ. . . . . ။
ဆရာမ ဆီက အပြန်တွင် မဒီ့မျက်နှာတစ်ပြင်လုံး ထူအမ်းနေသည်။ ၀ဏ္ဏလည်း အသားလွတ် ခံလိုက်ရသည့်ကိစ္စအတွက် အောင့်သီးအောင့်သက်မျက်နှာမျိုးဖြင့် . . . . .
‘ဘယ်သူ အာ စ,ချောင်တယ် မသိဘူးကွာ . . . . တောက် . . . အဲဒီ သတင်းထွက်နေတာ ကြာပါပြီ။ ငါ့ကိုလဲ ဘော်ဒါတွေ လာလာမေးကြတယ်။ ငါကလည်း မဟုတ်ပါဘူးချည်း ဒိုင်ခံ ငြင်းလွတ် နေခဲ့တာပဲ . . . . ပိုဆိုးတာက တစ်ခါတစ်လေ နင့်ကားနဲ့ ငါ ကားကြုံလိုက်စီးတာတွေ ကိုပါ သူတို့က မြင်ြ ကတော့ ငါ့ကို နောက်တာပေါ့။ မိန်းမတွေ ဆိုရင် ငါ့ကိုမြင်ရင် နင့်နာမည် ကို မကြားတကြား ရေရွတ် သွားပြီး င့ါကို နောက်နောက်နေတာ. . . .
ဒီပြဿနာက ဆရာမ ခေါ်တွေ့ ရလောက်အောင် ကြီးကျယ်လာလိမ့်လို့ ငါ မထင်ခဲ့တာအမှန်ပဲ။ ဒီလို ဖြစ်တာ နင့်သိက္ခာနဲ့ နာမည် ကိုလဲ ထိခိုက်တယ်။ ငါက ယောက်ျားလေးဆို တော့ သိပ်ကိစ္စမရှိဘူး’
မဒီသည် အံတစ်ချက်ကြိတ်လိုက်ကာ . . . .
‘ဒါ ဘယ်သူ့လက်ချက်လဲဆိုတာ ငါ သိတယ် ၀ဏ္ဏ၊ အဲဒီ မိန်းမနဲ့ ငါတွေ့ ဦးမယ်။ ငါ ရှင်းကို ရှင်းရဦးမယ်’
‘ဘယ် မိန်းမလဲ’
‘မာကျူရီ . . . .’
မဒီသည် ခါးသီးမှု အပြည့်ဖြင့် ရေရွတ်လိုက်သည်။ ၀ဏ္ဏက နားမလည်ချေ။
‘ဟာ . . . . ဒီလောက်ချောတဲ့မိန်းမမှာ ဒီလို သူတစ်ပါးကို ချောက်တွန်းတတ်တဲ့ စိတ်ရှိနေတာ ဟုတ်ရဲ့ လား ဟာ. . . . .’
‘အောင်မယ်. . . . ဒီလောက်ချောတဲ့မိန်းမတဲ့ . . . . သူ့ဟာမကို အမွှန်းတင်နေလိုက်သေး တယ်။ ရုပ်ချောပြီး စိတ်ထားယုတ်ညံ့ကောက်ကျစ်နေတဲ့ မိန်းမတွေ မှ ရိုက်သတ်လို့တောင် မကုန်ဘူး. . . သိရဲ့ လား’
‘အေးပါ . .. . နင်တို့နှစ် ယောက် မတည့်ကြတာ ငါသိပါတယ်။ ဘယ်ကဘယ်လိုစပြီး အဲဒီ လောက် တစ်ယောက် ကို တစ်ယောက် ကြည့်မရအောင် ဖြစ်သွားကြတာလဲ’
‘အဓိက, ကတော့ ဂူတစ်ဂူထဲမှာ ခြင်္သေ့နှစ် ကောင် မအောင်းနိုင်ရာက စတာပဲ။ သူကလဲ သူ့ အသိုင်းအ၀န်းသူ့မိသားစုထဲမှာ ဗိုလ်ပဲ၊ ငါကလည်း လောကမှာ ငါကလွဲပြီး ဘယ်သူ့ကိုမှ ငါနဲ့ တန်းတူ အခွင့်အရေး မျိုး ရတာ မကြိုက်ဘူး။ အကောင်းဆုံးဆိုတာကို ငါ တစ်ယောက် တည်းပဲအရယူချင်တယ်။ တစ်ယောက် ယောက် နဲ့ မျှဝေမယူချင်ဘူး။ သူကလည်း ငါ့ထက် မလျော့တဲ့ အရည်အချင်းမျိုးရှိတဲ့ မိန်းမလေ။ အဲ့ဒီတော့ ပြဿနာက သူနဲ့ငါ ပြိုင်ဘက်တွေ ဖြစ်လာတာပဲ. . . . .
ငါတို့နှစ် ယောက် ရဲ့ သိပ်တူတဲ့ဆန္ဒက ဘာလဲဆိုတော့ တစ်ယောက် ကျဆုံးနစ်နာတာကို ကျန် တစ်ယောက် က အရသာရှိရှိ စောင့်ကြည့်ချင်တဲ့ စိတ်ပဲ’
‘ဘုရား . . . ဘုရား အတော် ပြင်းထန်လှပါလားကွ။ နင်တို့နှစ် ယောက် က အာဂမိန်းမတွေ ပဲ။ ငါတောင် ကြောက်လာပြီ။ ဘာပဲ ဖြစ် ဖြစ်လေ ခုကစပြီး ငါတို့နှစ် ယောက် လူပြောသူပြော ကင်းအောင် ခပ်ကင်းကင်းနေကြတာပေါ့ မယ်မဒီ။ ငါ နင့်ကိုခင်တာတော့ နင်မမေ့နဲ့ ကြားလား’
ဝဏ္ဏက မဒီ့ကို နှစ် သိမ့်ပြီး မဒီ့နံဘေးမှ အသာအယာပင် ရှောင်ထွက်သွားခဲ့သဖြင့် မဒီ့တွင် သိပ် ခင်စရာကောင်းသော မိတ်ဆွေကောင်း တစ်ယောက် ကို မဒီလက်လွှတ်ဆုံးရှုံးခဲ့ရသည်။ အဲဒီ သူမရဲ့ မယောဂမကင်းချေ။
နောက်တစ်နေ့ မုန့်စားဆင်းချိန်တွင် မုန့်စားတန်းထဲရှိ လက်သုပ်ဆိုင်တွင် မဒီနှင့် သူမ မျက်နှာ ချင်းဆိုင် ဆုံတွေ့ ကြလေသည်။ သူမ၏ မျက်နှာပေါ်တွင် တစ်ခုခုအတွက် ဂုဏ်ယူကျေနပ်သော အရိပ် အယောင်တို့သည် တစိမ့်စိမ့် ပျံ့လျက်ရှိသည်။ သူမရှေ့တွင် မဒီ ကတော့ ဂုဏ်သိမ်ငယ်စရာ ကောင်း တဲ့ မိန်းမ တစ်ယောက် ပေါ့။
‘မာကျူရီ………’
သူမ၏ အမည် ကိုခေါ်စဉ်မှာ ပင် မဒီ့စိတ်ထဲတွင် ခါးသီးနေသည်။ သူမက ဘာလဲဟူသော ပုံစံဖြင့် မေးဆတ်ပြလေသည်။
‘နင်နဲ့ စာရင်းရှင်းစရာ ရှိတယ်။ ကျောင်းရှေ့က ပန်းခြံထဲမှာ ငါစောင့်နေမယ်။ နင်လာခဲ့ပါ. . .’
‘ဘာ စာရင်းရှင်းရမှာ လဲ မယ်မဒီ. . . . နင်နဲ့ ငါ့ကြားမှာ ဘာစာရင်းမှ မရှိဘူး.. .. လုပ်မနေနဲ့’
‘အေးလေ. . . . နင်ကြောက်တယ်၊ သတ္တိမရှိဘူးဆိုရင်တော့ မလာနဲ့ပေါ့။ ကိုယ် လုပ်ခဲ့တဲ့ ပြဿနာကို ရင်ဆိုင်ရဲတဲ့လူကိုသာ ငါကတွေ့ ချင်တာပါ. . . . ကွယ်ရာမှာ သူများ မကောင်းသတင်းကို သွားပုပ်လေလွင့် ပြောပြီး ပြဿနာထဲက ရှောင်ပြေးချင်တဲ့ သူရဲဘောကြောင်တဲ့ မိန်းမမျိုးကို ငါ မတွေ့  ချင်ဘူး’
သူမ၏ မျက်လုံးများ သည် စိမ်းခနဲ လက်သွားကြလေသည်။
‘ကောင်းပြီ . . . . ငါ လာခဲ့မယ်’
နောက် ဆယ်မိနစ်အကြာတွင် ပြိုင်ဘက်မိန်းမနှစ် ယောက် သည် ကျောင်းပန်းခြံထဲရှိ ခုံတန်း ကလေးပေါ်တွင် နှစ် ယောက် သားထိုင်ကာ အများ အမြင်တွင် တော့ ဘာမှမ ဖြစ်သည့် မျက်နှာပေး ကလေးများ ဖြင့် စစ်အေးတိုက်ပွဲတစ်ခု တိုးတိတ်စွာ ဆင်နွဲလျက်ရှိလေသည်။
‘ကဲ. . . . ပြော၊ ဘာ ပြဿနာလဲ’
‘နင် ဘာ ဖြစ်လို့ မသိချင်ဟန်ဆောင်နေရတာ လဲ၊ ငါနဲ့ ၀ဏ္ဏသတင်းကို စလွှင့်တာ နင်ပဲလို့ ငါ အတပ်ပြောရဲတယ် . . ..’
‘ဘုရားရေ. . . ဗြောင်ကြီးစွပ်စွဲနေတာပါလား။ ငါ အဲဒါမျိုး ၀ါသနာမပါဘူး မယ်မဒီ။ နင့် အကြောင်းလဲ ငါစိတ်မ၀င်စားဘူး။ နင် ဘာ ဖြစ် ဖြစ် ငါ့အလုပ် မဟုတ်ဘူး’
သူမ၏ အသံမှာ ခပ်တင်းတင်းပင် ဖြစ်သည်။ မဒီသည်ဘေးနားက မိန်းမအပေါ် အခဲမကျေ မုန်းတီးစိတ်များ တဖွားဖွား ထလာသည်။ မခံချင်စိတ်သည် သွေးကြောများ ထဲ တဖျဉ်းဖျဉ်းစိမ့်ဝင်ကာ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွား၏ ။
‘နင် မလိမ်နဲ့။ ငါ့ အကြောင်း နင် စိတ်မ၀င်စားဘူးဆိုတာများ ငါက ၀ါးလုံးကွဲအောင် အော်ရယ် ပစ်လိုက်ဦးမယ်. . . မယုံဘူး . . .. သိလား’
‘အေး. . . .မယုံလဲ ငါမတတ်နိုင်ဘူး. . .. မယ်မဒီ’
‘ကဲပါ. . . . ဒီမှာ ငါမေးမယ်၊ ငါနဲ့ ၀ဏ္ဏအကြောင်းကို နင်ကစပြီး သတင်းလွှင့်တာပါလို့ နင် ၀န်ခံရင် ငါကျေနပ်မယ်’
သူမက နှုတ်ခမ်းကို ကျကျနနမဲ့ရွဲ့ကာ
‘ငါ ဘာမှ ၀န်ခံစရာမလိုဘူး မယ်မဒီ။ ဟုတ်လို့ကျော်တဲ့ ကိစ္စကို ဘာမှ ငါ့ကို တရားခံဆွဲထည့် စရာ မလိုဘူး။ တစ်ကျောင်းလုံး သိနေတဲ့ကိစ္စပဲ။ ငါ့ကို ရှက်ရမ်းလာရမ်းနေတာလို့ပဲ ငါ သတ်မှတ်တယ်’
‘နင့်စိတ်ဓာတ်ဟာ နည်းနည်း တော့ မဟုတ်ဘူး။ တော် တော့် ကို အောက်တန်းကျတယ် သိလား မာကျူရီ။ ငါ တင်းနစ်ချန်ပီယံ ဖြစ်သွားပြီး ဂုဏ်သတင်းကျော်ဇောနေတာကို နင်မနာလိုဘူး။ ဒါကြောင့် နင်ခုလို လုပ်တာ။ ငါ့နာမည် ကို နင်တမင် ဖျက်တာ။ နင့်ကို ငါ မကျေဘူးသိလား မာကျူရီ၊ နင် တစ်နေ့ တော့ ငါ့အကြောင်း သိလာရဦးမှာ ပဲ။ နင့် အလှည့်ကျရင်သာ ငါ့လို သတ္တိရှိရှိ ရင်ဆိုင်ဖို့ ပြင်ထား ဟုတ်ပြီလား’
မဒီသည် သူမကို အနိုင်ပိုင်းပြောခဲ့ပြီ ချာခနဲ လှည့်ထွက်လာလေသည်။ ရည်းစားသနာကိစ္စနှင့် ဆရာမ ခေါ်တွေ့ တာခံရခြင်း ဆိုသော မကောင်းသတင်းအောက်တွင် မဒီသည် တစ်လလောက် ကျဉ်း မြောင်းနာကျင်စွာ လူးလွန့်ရှင်သန်ခဲ့ရသည်။ နောက်တော့လည်း ပတ်ဝန်းကျင်ရဲ့ အတင်းအဖျင်းများ ၊ မျက်လုံးများ ၊ ပါးစပ်များ လည်း လူ တစ်ယောက် အကြောင်းကို ကြာရှည်စွာ စိတ်မ၀င်စားနိုင်တော့သလို ငြိမ်သက်ကာ သမားရိုးကျ ပြန် ဖြစ်သွားခဲ့သည်။
မဒီ ကတော့ ထိုကိစ္စကို ဘယ်လိုမှ လွယ်လွယ်ကူကူ မကျေအေးနိုင်ခဲ့။ တစ်နေ့တော့ သူမသည် မဒီလိုပင် ပတ်ဝန်းကျင်တွင် ထွက်ပေါက်မရှိ ပိတ်မိစေရဦးမည် ဟု မဒီက တိတ်ဆိတ်စွာ ကြွေးကြော် ထားခဲ့သည်။
ဤသို့ ဖြင့် မိဘချင်းလည်း စီးပွားပြိုင်ဘက် ဖြစ်ကာ တစ်ယောက် ရဲ့ ခြေလှမ်းအမှားကို ကျန် တစ်ယောက် က စောင့်ကြည့်နေရသော အခြေအနေများ အကြားတွင် မဒီတို့နှစ် ယောက် သည် အေးခဲတင်းမာသော အပြိုင်အဆိုင်စိတ်ဓာတ်များ . . . တစ်ယောက် ကို တစ်ယောက် မုန်းတီး မလိုလား စိတ်များ ဖြင့် ကြီးပြင်းလာခဲ့ကြလေသည်။
× × × × × × ×
![]() ညှို့သခင် နှင့် ကိုယ်ရောင်ဖျောက်သူ | ![]() မြတ်နိုးမိသည်မှအပ | ![]() ညှို့တတ်တယ် |