Cover

အခန်း(၁)

လွန်းထားထား (ဆေးတက္ကသိုလ်)

ညှို့သခင် နှင့် ကိုယ်ရောင် ဖျောက်သူ

အခန်း . . . ၁

တကယ်တော့ ပြဿနာသည် ဒီကနေစတင်ခဲ့ခြင်း ဖြစ်သည်။ ပြဿနာကို ညှို့က လိုက်ရှာခဲ့ရသည် မဟုတ်ဘဲ ထိုပြဿနာတွေ က ညှို့ဆီကို သူ့အလိုလို ရောက်ရှိလာခဲ့ကြတာ ဖြစ်သည်။ ဘာနှင့် တူသလဲဆိုတော့ တဖွဲ့တနွဲ့ ဥပမာပေးရလျှင် ညှို့ဆိုသော မေညှို့မယ်က သံလိုက်စက်ကွင်း တစ်ခုနှင့် တူပြီး အလုံးစုံသော ပြဿနာ အထွေထွေက သံတိုသံစတွေ နှင့် တူလေသည်။ တကယ်တော့လည်း ညှို့ကရိုးရိုးစင်းစင်း သာမန်ဘဝကလေးတစ်ခုကိုသာ ဖြတ်သန်းချင်ခဲ့သူပါ။ စွမ်းအင်တွေ ၊ ပါဝါတွေ ဆိုတာ သိပ်လည်း အယုံအကြည်ကြီးမားခဲ့သူ မဟုတ်။ ရုပ်ရှင်တွေ ဘာတွေ တော့ ကြည့်ဖူးသည်ပေါ့နော်။ အဲ့ဒီတုန်း ကတော့ ဘာရယ်မဟုတ် စိတ်ကူးကလေးယဉ်ပြီး စိတ်ရဲ့ စွမ်းအင်တွေ ဘာတွေ တော့ ရချင်ခဲ့သားပင်။ အင်း . . . တစ်ခုတော့ ရှိပါသည်။ ညှို့က ဆုတောင်းပြည့်ဝခြင်းနှင့် လိုတရခြင်းတို့ကိုတော့ အကြွင်းမဲ့ ယုံကြည်တတ်ပါသည်။ ရှေးရှေးဘဝက ကိုယ်ပြုခဲ့သမျှ၏ ကုသိုလ်ကံအကျိုးဆက်ရယ်၊ ပြီးတော့ . . . ဒီဘဝမှာ ကိုယ်က စိတ်ကောင်းစေတနာကောင်းထားလျှင် ထိုစေတနာ၏ တန်ပြန်အကျိုးကို ပြန်၍ ခံစားရတတ်သည်ဆိုကိုတော့ ယုံကြည်သည်ပေါ့၊ ညှို့သည် ထိုဆုနှင့် အလိုလိုပြည့်နေခဲ့သည်ကို တစ်ခါတစ်ရံ ကြက်သီးမွှေးညှင်းဖြာလောက်အောင်လည်း အံ့သြမိသည်။ ဘယ်အချိန်ကတည်းက ထိုသို့ စိတ်စွမ်းအားတွေ ထက်မြတ်နေခဲ့မှန်းလည်း ညှို့မသိပါ။ ညှို့ သိလိုက်ရချိန်မှာ တော့ လူတွေ က ညှို့ကို စုန်းလိုလို၊ ကဝေလိုလို ထင်မှတ်မှားနေခဲ့ကြပြီ။ ညှို့ကို ကွယ်ရာမှာ ‘ညှို့ကဝေ’ ဟုခေါ်ဝေါ်နေကြကြောင်းလည်း တဆင့်စကားတွေ နှင့် ပြန်ကြားခွင့် ရခဲ့ပြီးပြီ။ ခက်သည်မှာ ညှို့ ဘာတတ်နိုင်မည် နည်း။ ညှို့သည် ‘မေညှို့မယ်’ ဆိုသော နာမည် ကပဲ စီးခဲ့သလား၊ ဟိုးရှေးရှေးဘဝကပဲ ဆုတောင်းကောင်းခဲ့သလား။ ဒီဘဝမှာ လည်း စိတ်ကောင်း စေတနာကောင်းထားလျက် စိတ်အညစ်အကြေး၊ အစွန်းအထင်းမရှိ ကြည်လင်ရှင်းသန့်နေစေသော ကြောင့် ပဲလား မသိ။ ညှို့သည် စိတ်ညှို့တတ်သူ တစ်ယောက် လို တစ်ခုခုကိုစိတ်ညှို့မိလိုက်လျှင် ထိုစိတ်အတိုင်း ဖြစ်လာတတ်ခြင်းကို လိုတရခြင်းဟုသာ အမည် တပ်လိုပါသည်။

ညှို့ကိုယ်တိုင် သတိမထားမိသော အချိန်ကာလတွေ ကတည်းက ညှို့သည် တကူးတက စိတ်ညှို့မနေရဘဲ တမ်းတလိုက်ရုံနှင့် အလိုလိုပြည့်စုံသွားတတ်သည်ကိုတော့ တအံ့တသြ ပျော်ရွှင်ရင်ခုန်ခဲ့ဖူးပါသည်။ ဥပမာဆိုပါတော့ လွန်ခဲ့သော တစ်လလောက်က ညှို့နှင့် မေမေ ဈေးသို့ သွားခဲ့ကြစဉ် မေမေက ဘုရားပန်းဝယ်ဖို့ ဝယ်နေကျ ပန်းသည်ဆီလျှောက်သွားသည်။ အဲ့ဒီမှာ ထူးထူးဆန်းဆန်း နှင်းဆီအဖြူဆိုလို့ တစ်စည်းတည်းသာရှိပြီး ကျန်သော နှင်းဆီတွေ က ပန်းရောင် ၊ အနီရောင် ၊ လိမ္မော်ရောင် တွေ ချည်း ဖြစ်သည်။ ပန်းအဖြူစည်းကို အန်တီကြီး တစ်ယောက် က ဖျတ်ခနဲ ကောက်ကိုင်တာ လက်ဦးသွားချိန်တွင် ညှို့သည် မေမေ့ကို . . .

“ဟယ် . . . မေမေရယ်၊ နှင်းဆီအဖြူတွေ ညှို့ဘုရားပန်း တင်ချင်လိုက်တာ”

ဟု . . . လှိုက်ခနဲ ညွတ်လိုက်မိသော စိတ်ဖြင့် လိုလိုချင်ချင် ပြောလိုက်မိသည်။ မေမေက . . .

“နှင်းဆီအဖြူမှ မရှိတော့တာ သမီးရယ်၊ သူများ ဦးသွားပြီ၊ ကဲ . . . မေမေတို့ အဝါပဲထိုးကြစို့”

ဟု . . .ဆိုဆဲ ညှို့သည် မရည်ရွယ်ဘဲ နှင်းဆီအဖြူတွေ ဆီ စိုက်ပြီး ငေးကြည့်နေလိုက်မိသည်။ အ ဖြစ်အပျက်က အလွန်ပဲ လျှင်မြန်လှပါသည်။ နှင်းဆီအဖြူကိုင်ထားသော ထိုအဒေါ်ကြီးက ညှို့ဆီ ဖျတ်ခနဲ လှည့်ကြည့်ကာ ပြုံးပြသည်။ ပြီးတော့ စိတ်ညှို့ခံလိုက်ရသလို စိတ် ပြောင်းသွား ကာ နှင်းဆီအဖြူစည်းကို ပြန်ချလိုက်ပြီး အဝါတစ်စည်းသာ ရွေးယူငွေရှင်းလျက် ပြန်ထွက်သွားသည်။ အဲ့ဒီတော့မှ မေမေက အံ့သြပြုံးဖြင့် ညှို့ကို လှည့်ပြုံးပြကာ . . .

“ကဲ . . . သမီးဆုတောင်း ပြည့်သွားပြန်ပြီ၊ မေမေနှင်းဆီအဖြူစည်းကို ယူပြီးပိုက်ဆံရှင်းပေးလိုက် သည်။ အဲ့ဒီတော့မှ စောစောက ပန်းအဝါယူသွားသော အန်တီကြီးက ဇဝေဇဝါ၊ ချီတုံချတုံ မျက်နှာပေးဖြင့် ပြန်ရှောက်လာကာ . . .

“အို . . . ပန်းအဖြူပဲ ယူပါတော့မယ်”

ဟု . . . နှုတ်မှ ရေရွတ်လျက် ညှို့၏ လက်ထဲမှာ ရောက်နေပြီ ဖြစ်သော နှင်းဆီဖြူ ပန်းစည်းကြီးကိုမြင်တော့ နောင်တရသလိုလို၊ နှမြောသလိုလို၊ အကြည့်ဖြင့် ကြည့်လျက် ကျန်ရစ်ခဲ့သည်။ ညှို့သည် အန်တီကြီးကို အားနာစွာ ပင် ပြုံးပြခဲ့မိသေးသည်။ ဒါဟာ အရိုးရှင်းဆုံးနှင့် အသိမ့်မွေ့ဆုံး ဥပမာ ဖြစ်သည်။ နောက်ထပ် ဥပမာတွေ က အများ ကြီး။ ညှို့၏ ထူးခြားမှု ကို သူငယ်ချင်းတွေ ကအစ အသိဆုံး။ အထူးသဖြင့် ကျောင်းရှိ ကန်တင်းမှာ လူတွေ သိပ်ကြပ်နေသော lunch time လိုအချိန်မျိုးမှာ ဆို ညှို့၏ အစွမ်းအစကို သူတို့အလွန် ယုံကြည်ပြီးသား။

“ဟဲ့ . . .ညှို့မယ်၊ ထိုင်စရာ နေရာကလေး ဘာလေးရအောင် လုပ်ပေးဦးလေ”

ဟု . . . အပူကပ်တတ်မြဲ။ ညှို့ကလည်း ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ ရယ်ရယ်မောမောပင်။

“အေးဟယ် . . . စားပွဲဝိုင်းကလေး တစ်နေရာလောက် ရချင်လိုက်တာ၊ မြန်မြန်စားပြီးတဲ့ သူတွေ မြန်မြန် ဖယ်ပေးကြပါစေ”

ဟု . . . ရွှတ်နောက်နောက်ကလေးပြောလို့မှ မဆုံးသေး။ စားပွဲဝိုင်းတစ်ဝိုင်းဝိုင်းမှ လူတွေ ကတော့ ထစမြဲ။

“တွေ့ လား . . . ညှို့မယ် ညှို့လိုက်တာ”

ဟုခက်ဖြာဝေနှင့် ပုလဲသီတို့က ထုံးစံအတိုင်း ဝင့်ဝင့်ကြွားကြွားကလေးနှင့် မရိုးနိုင်အောင် ပြောမြဲ ဖြစ်သည်။ ဒီလိုအ ဖြစ်မျိုးကို တစ်ကြိမ်မက၊ အကြိမ်ပေါင်းများ စွာ သူတို့ ကြုံတွေ့ ဖူးသည်ကိုး။ ညှို့ ကတော့ ထူးပြီး ငြင်းလည်းမငြင်းသလို ထူးပြီးတော့လည်း အကြွားမပိုခဲ့ပါ။ သိုသော် . . . သိတယ်မဟုတ်လား။ တစ်ဆင့်စကားတစ်ဆင့်နားဖြင့် မေညှို့မယ်၏ သတင်းသည် ကျောင်းတစ်ကျောင်းလုံးမှာ ရော၊ နီးစပ်ရာ ပတ်ဝန်းကျင် အသိုင်းအဝိုင်းတွေ မှာ ပါ မကြော်ငြာဘဲ ကျော်ဇောခဲ့လေသည်။ သူတို့ကလည်းညှို့ကို အမျိုးမျိုးကို စမ်းသပ်ခဲ့ကြတာပါ။ လူစည်းကားလှသော ကဲန်တင်းမှာ စားပွဲထိုးကလေးတွေ က အလွန်အလုပ်များ သော ပျားပိတုန်းကလေးတွေ လို ဟိုဒီပြေးလွှားအော်ဟစ်အလုပ်များ လျက် ရှိသည်မှာ တော် ရုံလူကို လှည့်မကြည့်နိုင်။

“ကဲ. . . ညှို့မယ်၊ စားပွဲထိုးကလေးတွေ ကို ညှို့ခေါ်ပါဦးဟယ်၊ ဒီမှာ ကျုပ်တို့ ဗိုက်ဆာလှပြီ”

“လုပ်ပြန်ပြီဟယ် . . . ကဲ ကဲ . . . သနားစရာစားပွဲထိုးကလေးတွေ ရယ်၊ ကျုပ်တို့ စားပွဲကိုလာခဲ့စမ်းပါဦး”

ညှို့က အဲ့ဒီလိုပြောပြီး လက်ခေါက်ကလေးတစ်ချက်မှု တ်ကာ ခေါ်လိုက်မိသည်နှင့် အံ့သြစရာကောင်းလောက်အောင် အလွန်အလုပ်များ လှလျက်ရှိသော စားပွဲထိုးကောင်လေး သုံးယောက် ပူးကြီး ပြိုင်တူလိုလိုပင် ညှို့တို့စားပွဲဆီသို့ အပြေးအလွှား ရောက်လာခဲ့တော့သည်ကို ညှို့ ကတော့ပါဝါတစ်ခုကြောင့် လို့ မယူဆဘဲ ရယ်ရွှင်ဖွယ်ရာ တိုက်ဆိုင်မှု တစ်ခုအ ဖြစ်သာ ရယ်မောမိပါသည်။ သို့သော်လည်း ညှို့ကနေနိုင်ပေမယ့် ပတ်ဝန်းကျင်က မနေနိုင်ပြန်ဘူးလေ။ ညှို့မသိဘဲ ညှို့ကိုစောင့်ကြည့်အကဲခတ်နေသော မျက်လုံးတွေ က အများ သား။

“အစ်မလေးတို့ ဘာစားမလဲ . . . ဘာဝါးမလဲ”

ဆိုသော စကားကို သုံးယောက် သား ပြိုင်တူဝိုင်းမေးနေကြပုံမှာ တကယ်ပဲ အညှို့ခံယူထားရသည့်အလား။ ညှို့က ဟက်ဟက်ပက်ပက် ပြုံးရင်း . . .

“ တစ်ယောက် ဆို တော် ရောပေါ့ဟယ်၊ နင်တို့လုပ်တာနဲ့ ငါတို့ဝိုင်းကို တခြားသူတွေ ခရော့(စ်)ရိုက်ကုန်ပါ့မယ်၊ ကဲ . . . မှာ တော် မူကြ မိန်းမတွေ ”

ညှို့က ဘေးဘီဝဲယာဆီ ဘာရယ်မဟုတ် လှည့်ကြည့်မိလျှင် ထင်သည့်အတိုင်း ညှို့တို့ကို (အထူးသဖြင့် ညှို့ကို) ဝိုင်းကြည့်စူးစမ်းနေသူတွေ တပုံတပင်။

“အစ်မက ဝက်ထမင်းပေါင်း၊ အခေါက်ကင်၊ အသားကင် တစ်ပွဲ၊ ဆန်းကစ်ဖျော်ရည်”

“တို့ ပုစွန်ကြာဇံကြော်နဲ့ ကန်စွန်းရွက်သုပ်၊ စထရော်ဗယ်ရီလက်ဖျော်တစ်ပွဲ . . . ညှို့မယ် . . . ရှင်က ဘာဆွဲမှာ လဲ”

“ကော်ရည်ခေါက်ဆွဲကို ငါးမိနစ်အတွင်းစားချင်တယ် စားချင်တယ်ဟယ်၊ မကြာစေနဲ့နော် . . . ပြီးတော့ ဒိန်ချဉ်တစ်ခွက်”

“ရမယ် အစ်မ . . .”

ဆိုပြီး စားပွဲထိုးကလေး လှစ်ခနဲ ထွက်ပြေးသွားသည်။

“ညှို့ရယ် . . . ရှင် ကတော့ တကယ်ပါရမီရှင်ပဲ၊ သိပ်အံ့သြဖို့ကောင်းတယ် သိလား၊ ရှင်ဒီလောက် လိုတရနေတာ ထီလေးဘာလေးထိုးပါလား . . . ထီပေါက်ချင်လိုက်တာဆိုပြီး”

“အဲ့ဒီလောက်လဲ မဟုတ်ပါဘူး ခက်ရယ်၊ ရှင်တို့ကိုက ကျုပ်ကိုအရမ်းပိုတွက်နေတာပါ။ ကျုပ်က ဖြစ်ချင်တိုင်း ဖြစ်ရအောင် တန်ခိုးရှင်မှမဟုတ်တာ၊ အဲ ဟိုမှာ ကောင်လေးလာပြီ”

ညှို့၏ စကားပင်မဆုံးသေး။ စောစောက စားပွဲထိုးကောင်လေးက အငွေ့တစ်ထောင်းထောင်း ထနေသော ကော်ရည်ခေါက်ဆွဲပန်းကန်နှင့် ဒိန်ချဉ်ခွက်ကိုင်ကာ ချက်ချင်း ရောက်လာသည်။

“ဟဲ့ . . . မြန်လှချည်လည်း၊ ငါးမိနစ်တောင်မပြည့်သေးဘူး”

“ဟုတ်တယ် အစ်မ . . . အစ်မလေးက ကံကောင်းတာပေါ့၊ ဟိုစားပွဲက အစ်မတွေ က မှာ ထားတာကြာပြီ ခုထက်ထိ မရသေးလို့ဆိုပြီး စိတ်ဆိုးပြီးထထွက်သွာြး ကတော့ သူတို့မှာ ထားတဲ့ထဲက ကော်ရည်နဲ့ ဒိန်ချဉ်က ရလာတော့ အစ်မအတွက် ဖြစ်သွားတာပေါ့”

“ကြည့်စမ်း . . . ညှို့မယ်တို့ ဘုန်းကံက အဲ့ဒီလို”

“ညှို့က ပြုံးပြုံးကလေး ပြောပြီး ကော်ရည်ခေါက်ဆွဲပူပူတွေ ကို တူချောင်းကလေးတွေ နှင့် အားပါးတရ စားနေတော့လျှင် ခက်နှင့် သီတို့မှာ မနာလိုသော မျက်ဝန်းကြီးတွေ အဝိုင်းသားဖြင့် ညှို့ကိုငြူငြူစူစူ ကြည့်နြေ ကတော့သည်။ ပိုဆိုးသည်က စောစောက စိတ်ကောက်ပြီး ထပြန်သွားသော မိန်းကလေးတစ်အုပ်က စိတ် ပြောင်းသွား ပြီး စူစူအောင့်အောင့်နှင့် ပြန်ရောက်လာကြကာ ခုနက စားပွဲထိုးကလေးတွေ ကို ခေါ်ပြီး . . .

“ငါတို့မှာ ထားတာတွေ ခုထက်ထိမရသေးဘူးလား၊ ဒီမှာ ဗိုက်ဆာလို့သေတော့မယ်”

ဟု . . . ပြောနေသံကိုကြားရသည်။ စားပွဲထိုးကလေးက ခေါင်းကုတ်ရင်း . . .

“အစ်မတို့က စိတ်ကောက်သွားတာကိုး . . .”

ဟုသာ ပြောပြီး ညှို့ဆီသို့ လှမ်းကြည့်တော့ ညှို့က မျက်လုံးကလေးတစ်ဖက် မှိတ်ပြလိုက်သည်။ အဲ့ဒီလို တိုက်ဆိုင်သော အ ဖြစ်အပျက်ကလေးတွေ များ လာသော အခါ ညှို့ကို ‘ညှို့ကဝေ’ ဟု ကွယ်ရာမှာ ကင်ပွန်းတပ်ကြသည်မှာ မဆန်းချေ။ နောက်တော့ ကြည့်ပါဦး . . .။ စားသောက်ပြီး အတန်းပြန်တတ်ရမှာ ပျင်းလျှင် . . .

“ညှို့ရာ . . . ဆရာမ ,မလာအောင် စိတ်ညှို့ပေးဟာ၊ အတန်းတက်ရမှာ ပျင်းတယ်”

ဟု ဗရွတ်ရွတ်တ စေခိုင်းတတ်ပြန်သေးသည်။

ညှို့က . . .

“ဒီတစ်ချိန်တော့ တက်လိုက်ပါဟယ်၊ နောက်တစ်ချိန်ဝင်မယ့် ဆရာကမှ ပျင်းဖို့ကောင်းတာ၊ အဲ့ဒီဆရာမ လာပါစေနဲ့ . . . မလာပါစေနဲ့ . . . အလုပ်တွေ ရှုပ်နေပါစေ”

ဟုပြန်လည်နောက်ပြောင်ပြောလျှင် ပြောသည့်အတိုင်းပင် ပထမတစ်ချိန် ဆရာမ ဝင်ပြီး နောက်တစ်ချိန် ဆရာမ မလာလို့ အတန်းမရှိပါဟု . . . လာကြေညာသွားလေသည်။ ခက်ဖြာဝေနှင့် သီတို့က . . .

“ကဲ . . . ကျုပ်တို့ မပြောဘူးလား၊ ရှင့်မှာ ပါဝါတစ်ခုရှိနေပါတယ်ဆိုတာ . . . ရှင်က မယုံဘူး၊ ကိုယ့်ရဲ့ ပါဝါကို ဘယ်လို အသုံးချရမယ်ဆိုတာကိုလည်း ရှင် မသိဘူး၊ ကဲ . . . ကျုပ်တို့ စမ်းသပ်ကြည့်ခဲ့တာတွေ လည်း များ ပြီ၊ ဒီတစ်ခေါက်လည်း စမ်းသပ်ကြည့်ရအောင်”

ဟု . . . တစ်မျိုး အဆန်းထွင်ပြန်သည်။ ညှို့ ကတော့ ဘယ်တော့မှ သိပ်ငြင်းဆန်လေ့ရှိသူမဟုတ်။ နဂိုက ပျော်ပျော်ရွှင်ရွှင်၊ ပေါ့ပေါ့ပါးပါး နေတတ်သူပီပီ ကိုယ့်အတွက်လည်း ပျော်စရာ၊ သူငယ်ချင်းတွေ အတွက်လည်း အံ့သြပျော်ရွှင်စေရလျှင် လုပ်ပေးဖို့ ဝန်မလေးတတ်။

“ကဲ . . . ဆိုပါဦး၊ ရှင်တို့က ဘာကိုများ စမ်းသပ်ချင်သေးလို့တုန်း”

ဟု . . . ပြန်မေးသော အခါ ခက်နှင့် သီတို့က နှစ် ယောက် သား တိုးတိုးကျိတ်ပြီး တိုင်ပင်ကြသေးသည်။ ပြီးတော့မှ . . .

“ရှင် ဘယ်လောက်စွမ်းသလဲလို့ လူ တစ်ယောက် ကို ညှို့ကြည့်ရအောင်၊ ရှင်ကြိုက်တဲ့ လူ တစ်ယောက် ကို ရှင့်ဘာသာရှာဖွေလိုက်၊ အဲ့ဒီလူဟာ အစိမ်းသက်သက်ကြီးကနေ ရှင့်ကို အရူးအမူး ရောဂါ သည်းလာအောင် ရှင်ညှို့ရမယ် . . . ဘယ်လိုလဲ”

ဟု . . . ဆိုတော့ ညှို့မှာ သဘောကျစွာ ရယ်မောမိလေသည်။

“ရှင်တို့ဟာကလည်းဟယ် . . . အချစ်ဆိုတာ သူ့ဘာသာသူ လာထိမှန်တာက ပိုမကောင်းဘူးလားဟင်၊ မြားတစ်စင်းနဲ့ ကိုယ်က ရှာဖွေ ရွေးချယ်ပြီး သူ့ကို ထိအောင် ပစ်ရမှာ ရှက်စရာ”

“ဘယ်ကလာ ရှက်စရာရမှာ လဲ ညှို့မယ်ရဲ့ ၊ အဲ့ဒါကမှ ပိုပြီး Challenging ဖြစ်တာ၊ ပြီးတော့ အချစ်ကို သူကရွေးချယ်တာကို စောင့်စရာမလိုဘဲ ကိုယ်ကစိတ်တိုင်းကျ ရွေးချယ်ပြီး ကိုယ့်ကိုချစ်လာအောင် စိတ်ကလေးနဲ့ လှမ်းပြီး ညှို့ရတဲ့အလုပ်က ဘယ်လောက်စိတ်လှုပ်ရှားစရာ ကောင်းထားသလဲ”

“ဟုတ်ပါပြီ . . . ဟုတ်ပါပြီ၊ ရှင်ပြောတာကို ကျုပ်လက်ခံပါတယ်၊ နေပါဦး . . . ကျုပ်စိတ်တိုင်းကျ ရှာဖွေလိုက်ဦးမယ်”

ညှို့ကပြောရင်း ဘေးဘီဝဲယာရှိ လူတွေ ဆီ လှမ်း၍ ရှာဖွေသလို ကြည့်မိသည်။ အဲ့ဒီမှာ မျက်ဝန်းတစ်စုံနှင့် တန်းမတ်စွာ ရင်ဆိုင်တိုးလိုက်မိခြင်း ဖြစ်သည်။ ပြဿနာက အဲ့ဒီကနေ စခြင်း ဖြစ်ပါသည်။ ဘာ ဖြစ်လို့လည်းဆိုတော့ သူဘေးမှာ အလွန် လှပချောမောလွန်းသော မိန်းကလေး တစ်ယောက် ရှိနေခဲ့သော ကြောင့် ဖြစ်လေသည်။

“ဘာ ဖြစ်လို့ သွားကြည့်နေတာလဲ . . .၊ အဲဒီ တစ်ယောက် ကို သွားမကြည့်နဲ့၊ သူကညှို့တတ်တယ်၊ သူ့ကို ညှို့ကဝေလို့ ခေါ်ကြတာ”

‘လှပဂေး’ က သဝန်တို ငြူစူသံကလေးနှင့် ‘စွမ်းစ’ကို လှမ်းပြောလိုက်သည်။ စွမ်းစက ပခုံးတစ်ချက်တွန့်ရင်း . . .

“ကိုယ် မကြည့်ပါဘူး . . . သူကလှမ်းကြည့်တာပါ၊ မျက်လုံးချင်းကမတော် တဆ ဆုံမိသွားတာ၊ သူက ဘာတွေ များ ညှို့တတ်လို့လဲ ပဂေးရဲ့ ၊ ပဂေးလောက် ညှို့တတ်လို့လား”

“အမလေး . . . ညှို့တတ်ပါ့၊ သူလိုချင်တာကို စိတ်နဲ့ညှို့ပြီးတောင်းလိုက်ရင် လိုတရတတ်တယ်တဲ့”

“အဲဒါ ဘယ်သူပြောတာလဲ . . .”

“သူ့ သူငယ်ချင်းတွေ ပြောတာ”

“မ ဖြစ်နိုင်တာကွာ . . . အလကား နာမည် မကြီး ကြီးအောင် လျှောက်လွင့်ထားတာနေမှာ ပေါ့ ပဂေးရဲ့ ၊ ကောင်မလေးက ဘာမှ,မှ မထူးခြားတာ”

“အို . . . ဒါပေမယ့် ပဂေး ကတော့ သဝန်တိုတယ်လေ၊ မတော် တဆ သူက စွမ်းကို သဘောကျပြီး လှမ်းညှို့ လိုက်ရင် ဘယ်လိုလုပ်မလဲ”

“ဟား ဟား . . . ရယ်ရတယ်ကွာ၊ ကိုယ့်ရဲ့ လှပဂေးက ဒီကျောင်းမှာ ကွင်းကွာ၊ ဒီကွင်းကလေးကို ဘေးမှာ ထားပြီး ဘာမှ စွဲမက်စရာမကောင်းတဲ့ မိန်းကလေး တစ်ယောက် ရဲ့ အညှို့ကို ကိုယ်ကခံရမလား၊ သူညှို့ချင်သလောက် ညှို့စမ်း၊ ကိုယ်က ကိုယ်ရောင် ဖျောက်တတ်တယ် . . . ဟုတ်ပြီလား”

“အို . . . သူတို့အုပ်စုက စွမ်းကိုဝိုင်းပြီးတော့ ကြည့်နေတယ်၊ ပြီးတော့ တစ်ခုခုလည်း ပြောနေကြတယ်၊ စွမ်းကတိပေးမလား၊ အဲဒီ ညှို့ကဝေနဲ့ ဘယ်လိုမှ မပတ်သက်ပါဘူးလို့”

“စိုးရိမ်ရန်ကော ပဂေးရယ်၊ ယှဉ်စရာတောင်မလိုပါဘူးကွာ၊ ပဂေး တစ်ယောက် ကလွဲပြီး တခြား ဘယ်မိန်းကလေးကိုမှ ကိုယ်စိတ်မဝင်စားပါဘူး၊ ကိုယ်သစ္စာတောင် ဆိုပြလိုက်ဦးမယ်၊ အယူမသီးစမ်းပါနဲ့ ပဂေးရယ်၊ သူ ညှို့တတ်တယ်ဆိုတာ ကိုယ်လုံး,ဝ မယုံဘူး၊ သူညှို့တတ်ဦးတော့၊ ကိုယ့်ကို ဘယ်တော့မှ ညှို့လို့ရမှာ မဟုတ်ဘူး . . . အိုကေ”

“အိုကေ . . . အဲဒါဆိုရင်တော့ စိတ်ချပြီ”

ပဂေးက စိတ်ချသွားသလို အပြုံးကလေးဖြင့် စွမ်းကို ပြုံး၍ ကြည့်မိသည်။ တကယ်တော့လည်း ပဂေး အစိုးရိမ် ပိုမိသွားတာပါ။ စွမ်းအကြောင်းကို ပဂေး အသိဆုံးပေါ့။ သူ ပဂေးအပေါ် ဘယ်လောက် စွဲစွဲလမ်းလမ်း ချစ်မြတ်နိုးမက်မောသလဲ ဆိုတာ ပဂေးလောက် ဘယ်သူမှပိုမသိနိုင်။ ပြီးတော့ . . . စွမ်းက အလှအပ၊ အကောင်းကြိုက်၊ ဘယ်အရာမဆို သူရွေးချယ်လိုက်၊ ကြိုက်လိုက်လျှင် ခေါင်ဆိုမှ၊ ထိပ်ဆိုမှ ဆိုတာမျိုးထဲက ဖြစ်သည်။ ပဂေးရဲ့ အချစ်ကို ရဖို့အတွက် သူဘယ်လောက်တောင် အသည်းအသန် လိုက်ယူထားခဲ့ရတယ်ဆိုတာ ပဂေးသာလျှင် အသိဆုံးပေါ့။ ဘာကြောင့် များ အဓိပ္ပာယ်မရှိစွာ ‘ညှို့ကဝေ’ ဟု . . . ကျောင်းမှာ နာမည် ကြီး သတင်းမွှေးနေသော မေညှို့မယ်နှင့် မှ စွမ်းစကို သွားသဝန်တိုမိသလဲ မသိ။ မေညှို့မယ်က ညှို့တတ်သူဟုသာ နာမည် ကြီးတာ။ ရုပ်ရှင်ရူပကာအရ ညှို့မင်းသမီးတစ်ပါးလို ပက်ပက်စက်စက် ငေးယူရလောက်အောင် လှပချောမောသူ တစ်ယောက် မဟုတ်ဘဲ သာမန်မိန်းကလေး တစ်ယောက် သာ ဖြစ်သည်။ ပဂေးနှင့် ယှဉ်စရာတောင်မလိုချေ။ မတော် တဆ ယှဉ်ကြည့်မယ်ဆိုလျှင်တောင် ရွှေမင်းသမီးကလေးနှင့် ရံရွှေဖော်ကလေးလောက်ကို ကွာခြားပါလိမ့်မည် ။ သိုသော် . . . ခက်သည်က ဘာကြောင့် မှန်းမသိဘဲ ပဂေး၏ အာရုံကတစ်ခုခုကို ထင့်ခနဲ ခံစားလိုက်မိခြင်း ဖြစ်သည်။ မေညှို့မယ်၏ မျက်ဝန်းညို့ညို့တွေ က စွမ်းစဆီမှာ ဘာကြောင့် ဝဲနေရပါသလဲ။

မျက်လုံးချင်းဆုံခိုက်မှာ တော့ ညှို့စိတ်ထဲ တစ်မျိုးကလေး ဖြစ်သွား၏ ။ ထိုသူ၏ မျက်လုံးတွေ က အင်အားရှိလိုက်တာ။ နက်မှော င်စူးရှဖြာလက်လို့။

“အဲ့ဒီ တစ်ယောက် ကတော့ မဆိုးပါဘူး၊ သူ့မျက်လုံးတွေ ကိုတော့ ကြိုက်သား၊ ဒါပေမယ့် သူ့ဘေးမှာ က ပိုင်ရှင်လို့ ယူဆရတဲ့ အမှတ်တံဆိပ် Logo ကြီးနဲ့ကွယ့်”

ညှို့က ထုံးစံအတိုင်း ရွှတ်နောက်နောက်ကလေး ပြောလိုက်မိသည်။ ခက်နှင့် သီတို့က ချက်ချင်း လှည့်ကြည့်ပြီး သူတို့ပါ သဘောကျသွားသလို . . .

“အေး . . . မိုက်တယ်ဟ၊ ပုံစံ ကတော့ သားနားတယ် ဆရာ၊ classic ဖြစ်တယ်၊ ဘာ ဖြစ်လဲဟဲ့၊ ဘေးမှာ မိန်းကလေး တစ်ယောက် ရှိနေတာနဲ့ပဲ ပိုင်ရှင်လို့ သတ်မှတ်စရာလား၊ သူငယ်ချင်းတွေ လည်း ဖြစ်ချင် ဖြစ်နိုင်တာပဲ။ အဲဒီ တစ်ယောက် ကို ကျောင်းမှာ တစ်ခါမှ မတွေ့ ဖူးပါဘူး၊ လာလည်တာထင်ပါတယ်၊ သူ့ဘေးက မိန်းကလေးကိုတော့သိတယ်၊ နာမည် ကြီးပဲ . . .၊ Eco ကကွင်းလေ၊ သူတို့ကြည့်ရတာ အခုမှ ဇာတ်လမ်းစမယ် ကြံကာ ရှိသေးတယ် ထင်ပါတယ်၊ သူ့ရဲ့ ဘေးမှာ ရှင့်ထက် အများ ကြီး ပိုလန်းတဲ့ မဒီချောချောကလေးရှိနေတဲ့ ကြားက ရှင်သူ့ကို ညှို့ကြည့်ဖို့ဆိုတာ ပိုပြီးတော့ challenging ဖြစ်တာပေါ့၊ သူ့ကိုပဲ ပစ်မှတ်ထားလိုက်ကြစို့ဟယ်၊ ကျုပ်တို့လည်း ကြိုက်တယ် . . . အမိုက်စားလေး။

ဟု ဝမ်းသာအားရ တက်တက်ကြွကြွပင် အတည်ပြုသည်။

“ဒုက္ခပါပဲ . . . ရှင်တို့ ကြိုက်တာနဲ့ပဲ ပိုင်ရှင်ရှိပြီးသားကြီးကို ညှို့ကြည့်ရမှာ လားဟယ်”

“မဟုတ်ပါဘူး . . . ဒါက ကျုပ်တို့က အပျော်သက်သက် စမ်းသပ်ရုံပဲ စမ်းကြည့်တာလေဟာ၊ အတည်ပေါက်ကြီး သူ့ရည်းစာကို လုမှာ မှ မဟုတ်တာ၊ ရှင့်ရဲ့ ညှို့ချက် ဘယ်လောက်အစွမ်းထက်သလဲဆိုတာကိုပဲ စမ်းသပ်ကြည့်မှာ . . . ဟုတ်ပြီလား၊ ကဲ . . . စမယ်၊ ပထမဆုံး သူ အဲဒီ စားပွဲကနေ ရှင့်ဆီထလာပြီး ရှင့်ကို စကားတစ်ခုခုလာပြောအောင် ညှို့ကြည့်ကွာ”

ခက်တို့ ကတော့ ဇာတ်လမ်းစချေပြီ။ သူငယ်ချင်းတွေ ရဲ့ စကားကို ဘယ်တုန်းကမှ ငြင်းလေ့မရှိတတ်သော ညှို့ကလည်း မျက်လုံးကလေးပင့်ကာ ခပ်ဟဟ ရယ်မောရင်း ထိုသူ့ဆီ ဒုတိယအကြိမ် စိတ်ကလေးထည့်ပြီး စိုက်ကြည့်လိုက်မိသည်။ ပြီးတော့ . . . စိတ်ထဲကနေ တိုးတိုးကလေး လှမ်းခေါ်ကြည့်သည်။

“ကဲ . . . ရွှေမင်းသားရေ၊ ကျွန်မဆီ ခဏလောက်လျှောက်လာပြီး ကျွန်မကို စကားလာပြောပါနော်၊ ကျွန်မ ရှင်နဲ့ စကားပြောချင်ပါတယ်”

ခက်နှင့် သီတို့က အခြေအနေကို ငြိမ်ငြိမ်သက်သက်ပင် စောင့်ကြည့်နေခဲ့ကြသည်။ ညှို့သည် သူ့ကို လှမ်းကြည့်နေရင်း ခပ်သဲ့သဲ့ကလေးရင်ခုန်လာသည်။ အဲ့ဒီအချိန်မှာ သူ့ဆီမှ အကြည့်တစ်ခု ထပ်ရောက်လာခဲ့ပြန်ပြီ။ ဒုတိယအကြိမ်မြောက် မျက်ဝန်းချင်း ဆုံမိကြပြန်သည်။ ဒီတစ်ကြိမ်က ပထမအကြိမ်ထက် ပို၍ ကြာသည်။ ပြီးတော့ ဗြုန်းဆို ထိုသူက ထိုင်နေရာမှ ထလျှောက်လာကာ ညှို့တို့စားပွဲရှိရာဆီသို့ လှမ်းလာနေလျှင် . . .

“ဟော . . . လာနေပြီ လာနေပြီ”

ဟူသော အသံကလေးတွေ နှင့် အတူ ညှို့၏ နှလုံးသားကလေးလည်း ခပ်သွက်သွက် ယိမ်းခါသွား၏ ။ တကယ်ပဲ ညှို့ သူ့ကို ညှို့ခေါ်နိုင်လိုက်သလားဟင်။

သူကညှို့ရဲ့ ရှေ့နားမှာ ရပ်လိုက်ပြီး ညှို့ကိုတည့်တည့်စိုက်ကြည့်ကာ . . .

“မင်းရဲ့ ခုံဘေးမှာ မင်းရဲ့ ဝေါလက် ကျနေတယ်”

ဟု . . . လှမ်းပြောသည်။ ညှို့က နည်းနည်း ကြောင်နေပြီး သူညွှန်ပြရာဆီ ကြည့်မိလိုက်တော့ တကယ်ပဲ ညှို့၏ chanel wallet ကလေးပြုတ်ကျနေသည်။

“အို . . . ဟုတ်သားပဲ၊ ကျေးဇူး”

ဟု . . . ညှို့ပြန်ပြောလိုက်မိစဉ် သူကနောက်ကနေ ပါလာသော Eco ကွင်းကလေးနှင့် ယှဉ်တွဲ လျက် ထွက်ခွါသွားတော့သည်။ ခက်နှင့် သီက ထိုတိုက်ဆိုင်မှု အတွက် တအံ့တသြ မျက်ခုံးချီလျက် ညှို့ကို လှမ်းပြီး လက်ဝါးချင်းရိုက်လိုက်ကြသည်။ ညှို့၏ မျက်ဝန်းတွေ က သူ့ရဲ့ ကျောပြင်ဆီ ဝေ့ဝဲလျက် ပါသွားလေသည်။ အရပ်မြင့်မားပြီး ပခုံးကျယ်သော ယောက်ျား တစ်ယောက် စွဲဆောင်မှု အလွန်ရှိပါသည်။

“နံဘေးက မဒီ ကတော့ ဂျေနေပုံရတယ် ညှို့မယ်၊ သူရှင့်ကို မျက်စောင်းချီသွားတယ်”

“ချီပါစေကွယ် . . . သူ့မှာ လွတ်လပ်စွာ သဝန်တိုခွင့်ရှိပါတယ်”

ညှို့၏ စိတ်ထဲမှာ ဘယ်သူ့ကိုမှ စိတ်မဆိုးတတ်၊ စိတ်မခုတတ်၊ အငြိုးအတေးလည်း မထားတတ်။ ညှို့က ပျော်ပျော်သာနေတတ်သူ ဖြစ်သည်။ ဒီနေ့ အ ဖြစ်အပျက်ကိုလည်း ပြဿနာ တစ်ခုရယ်လို့ ခေါင်းထဲမှာ ထည့်မထားခဲ့။ သို့ သော် ထုံးစံအတိုင်း ပြဿနာကလေးတွေ က ညှို့ ဖိတ်မခေါ်ရဘဲ ညှို့ဆီ တိုက်ဆိုင်မှု ကလေးတွေ နှင့် အတူ ရောက်ရှိလာတတ်ခြင်းပဲ ဖြစ်သည်။

“တွေ့ လား . . . မပတ်သက်ပါနဲ့လို့ အခုနလေးတင် ကမှ ပြောထားတဲ့ ဥစ္စာ၊ ဘာကိစ္စ သူ့ကို သွားစကားပြောရတာ လဲ စွမ်းရဲ့ ၊ အဲဒါတွေ စိတ်မချစရာ၊ တော် ပြီ နောက်ကို ဘယ်တော့မှ ပဂေးရဲ့ ကျောင်းကို လာမလည်နဲ့တော့”

ပြောထားသည့်ကြားကနေ ညှို့မယ်ကိုမှ စကားသွားပြောခဲ့သော စွမ်းစကို ပဂေးက လုံးဝအစာမကြေနိုင်တော့။

“သြော် . . . တမင်သက်သက် သွားပြောတာမှ မဟုတ်တာ ပဂေးကလဲ၊ သူ့ wallet ပြုတ်ကျနေတာတွေ့ လို့ ဒီလိုပဲ အမှတ်တမဲ့ လှမ်းပြောလိုက်တာပါ၊ သူမှမဟုတ်ဘူး၊ တခြားသူ တစ်ယောက် ဆိုရင်လည်း ကိုယ် ဒီလိုပဲ ပြောလိုက်မိမှာ ပဲ၊ ဒါလေးများ ကြံဖန် သဝန်တိုနေစရာလား ပဂေးရဲ့ ၊ ကိုယ့်ကို စိတ်ချပါလို့ ကိုယ်ပြောထားပြီးသားပဲ၊ ပဂေးကလွဲလို့ သူမှမဟုတ်ဘူး . . . တခြားဘယ်မိန်းကလေးမှ ကိုယ့်ကို ညှို့လို့မရဘူး၊ အဲ့ဒါ ကတိမဟုတ်ဘူး၊ သစ္စာ . . . ဟုတ်ပြီလား၊ ပဂေးရယ်၊ အဲ့ဒီမိန်းကလေးနဲ့ လှပဂေးနဲ့ ယှဉ်ဖို့ကို မလိုပါဘူး”

“ပြောလိုက်ရင်တော့ အဲ့ဒီလိုပဲ၊ ပြီးတော့ ချက်ချင်း ကြီး သူ့ကိုမှ တည့်တည့်မတ်မတ် စကားသွားပြောတာကိုး၊ အဲ့ဒီ မေညှို့မယ်ရဲ့ မျက်လုံးတွေ ကိုက မရိုးသားပါဘူး၊ စွမ်းစကို ပြုံးပြီးတော့ လိုက်ကြည့်နေတာ ပဂေးမြင်နေရတယ်၊ ပဂေး တစ်ယောက် လုံး ရှိနေတာတောင် သူမို့ အရှက်မရှိ”

ပဂေးက မကျေမနပ် ငြူစူရေရွတ်နေသမျှကို သူက သဘောကျသလိုသာ တသိမ့်သိမ့် ရယ်မောလျက်ရှိသည်။ တကယ်တော့ သူက သူ့ရဲ အလုပ်တွေ ကို ပစ်ပြီး ပဂေးရှိရာဆီ အဝေးကြီး လာလည်ရရှာတာကို ပဂေး ကျေနပ်နှစ် သိမ့်နေခဲ့သော်လည်း မမျှော်လင့်ဘဲ မေညှို့မယ်နှင့် ဆုံလိုက်ရပြီးချိန်မှာ တော့ ဂဂေးရဲ့ စိတ်ထဲ ထင့်ခနဲ လေးသွားရတာ တော့ အမှန်ပင်။ ဒီမတိုင်ခင်က ကျောင်းမှာ မေညှို့မယ်၏ သတင်းတွေ က တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်မျိုး ပျှံလွင့်နေခဲ့ပြီးသား။ မယုံချင်လို့လည်းမရ။ ပဂေးတို့ ပြန်ကြားထားရသော သက်သေ သာဓကတွေ က တပုံတပင်။ သူမ စိတ်ညှို့တတ်သူ တစ်ယောက် ဆိုတော့ ကိုယ့်ရဲ့ ချစ်သူကိုမတော် တဆ ညှို့ယူလိုက်မှာ ကို ကြံကြံဖန်ဖန်တွေးမိပြီး သဝန်တိုမိခြင်းလည်း ဖြစ်သည်။ ရုပ်ရည်ရူပကာချင်း၊ စွဲဆောင်မှု ရှိပုံချင်း ယှဉ်စရာမလိုသော်လည်း သူ မလိုမှ ပဂေးကမညှို့တတ်တာ။ ပဂေးသည် စွမ်းစကိုတော့ အထင်ကြီးခြင်းရော၊ လေးစားမြတ်နိုးခြင်းဖြင့် ပါ မက်မောချစ်ခင်ခဲ့ပြီးပြီမို့ သူ့ကိုဘဝတစ်သက်တာလုံး လက်တွဲ ဖို့အထိ ရည်ရွယ်ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။ ထို့ကြောင့် ဘယ်လိုအနှောင့်အယှက်မျိုးမှလည်းမလိုချင်။ စွမ်းစကိုလည်း ဘယ်လိုအကြောင်းမျိုးနှင့် မှ မဆုံးရှုံးချင်။ အထူးသဖြင့် ကိုယ်နှင့် အရည်အတွေးချင်း ‘အပြတ်အသတ် ကွာခြားနေသော မိန်းကလေး တစ်ယောက် နှင့် ပြိုင်ဘက်လည်း အ ဖြစ်မခံနိုင်သလို၊ သူမကိုလည်း မရှုံးနိမ့်ချင်။ ပဂေးမှာ ကိုယ့်အဆင့်အတန်း၊ ကိုယ့်ရဲ့ ကျော်ကြားမှု ဂုဏ်သိက္ခာတွေ အတွက် မာန ကတော့ အပြည့်ရှိလေသည်။ စွမ်းစ ကတော့ ပြန်ခါနီး မှာ ထပ်ပြောသွားသည်။

“ပဂေးရယ် ဘယ်လိုမှမ ဖြစ်နိုင်တဲ့ ကိစ္စတစ်ခုအတွက် အလကား စိတ်ပင်ပန်းမခံပါနဲ့ . . . မေ့ပစ်လိုက်ပါ၊ ကိုယ်လည်း သူ့ကို မေ့လိုက်ပြီ”

တဲ့ . . .။ အင်း . . . ဟုတ်တော့လည်း ဟုတ်ပါသည်။ ပဂေး အစိုးရိမ်လွန်သွားတာလည်း ဖြစ်နိုင်ပါသည်။

•••


ဝန်ဇင်းချစ်သူများ လွန်းထားထား (ဆေးတက္ကသိုလ်) ၏ “ ညှို့သခင် နှင့် ကိုယ်ရောင်ဖျောက်သူ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ပင်လယ်ပြင်နှင့် ကောင်းကင်ပြာ

မာယာရထား

စိတ်ဖတ်သူ