အခန်း(၁)
ထမင်းစားဝိုင်းမှာ ဇွန်းသံခတ်ရင်းသံများ မှလွဲ၍ လူသုံးယောက် စလုံး ခပ်ငြိမ်ငြိမ်။ အခန်းထဲရှိ လေထုထဲတွင် နူးညံ့သိမ်မွေ့ခြင်းမရှိသော အေးစက်တင်းမာမှု တွေ ပြည့်နှက်နေ သည်ဟု စွဲညှို့က အလိုလို ခံစားနေရသည်။ စွဲညှို့ ဘေးမှာ တော့ ဣနြေ္ဒရရ ထမင်းစား နေရင်း စွဲညှို့ ပန်းကန်ထဲသို့ ပုစွန်တုပ်ဟင်း၊ ပြည်ကြီးငါးသုပ်၊ ကိုက်လန်ကြော် . . .စသည်တို့ကို တစ်မျိုးပြီး တစ်မျိုး စုံလင်အောင် ခပ်ထည့်ပေးနေသော အလွန်အလိုက် သိတတ်သည့် စွဲညှို့ ရဲ့ ချစ်သူ မိုးသက်တန့် . . .။ စားပွဲရဲ့ ထိပ်မှာ တော့ ဇွန်းခက်ရင်းကို စနစ်တကျ ကိုင်တွယ်ထားရင်း ထမင်းကို စားနေတာ နည်းနည်း . . . စွဲညှို့ နှင့် သူမ၏ မောင် မိုးသက်တန့်၏ အ ဖြစ်သည်း အကဲပို လွန်းသော အလိုက်တသိ အရာရာတို့ကို မျက်နှာထား ခပ်တင်းတင်း အေးစက်စက်နှင့် အကဲခတ် နေတာကများ သော မိုးသက်တန့်၏ အစ်မ မိုးကြိုးမေ ထိုင်နေသည်။
ဖြစ်နိုင်လျှင် စွဲညှို့ သည် စိတ်မြန်လက်မြန် နိုင်သူ စိတ်ဆတ်သူ ပီပီ အခုလို ဟန်ဆောင်ပြီး စိတ်ထဲ တင်းကျပ်အေးခဲစွာ ထိုင်နေရတာ ထက် စာလျှင် ထိုင်နေရာမှ ဆတ်ခနဲ ထပြီး ဒီအိမ်ထဲကနေ မြန်မြန်ဝေးအောင် ပြေးထွက်သွားလိုက်ချင်သည်။ သို့သော် မိုးသက်တန့်ကို ချစ်တဲ့စိတ်…. ငဲ့ညှာတဲ့စိတ် နှင့် သူ့အစ်မ၏ လှိုက်လှဲဖော် ရွေမှု မရှိသော မာရေကျောရေနှင့် အထက်စီးနင်း ဆန်လွန်းသော ဆက်ဆံရေး ကို မနည်းအောင့်အည်း သည်းခံနေရ ခြင်း ဖြစ်သည်။ စိတ်ထဲမှာ တော့ မခံချင် စိတ်က သိပ်ကို လူးလွန့် ရုန်းကြွနေပြီ။ သူမ၏ မျက်နှာပေး အမူအရာနှင့် အပြုအမူ တို့ကို ကြည့်လိုက်ရုံနှင့် တင် စွဲညှို့ ကို သူမ၏ မောင်နှင့် ဘယ်လိုမှ သဘောမတူ မကြည်ဖြူ နိုင်ဘူးဆိုတာ အသိသာကြီးပင်။ အဲဒါဆိုရင် ဘာ ဖြစ်လို့များ ဒီနေ့ ထမင်းစားပွဲကို တကူးတက ဖိတ်ခဲ့ရသေးသလဲ။ သဘောမတူ နိုင်ရင် သဘောမတူနိုင်ဘူးလို့ သက်တန့်ကို ပင် ပြတ်ပြတ်သားသား ပြောခဲ့ပါတော့လား။ ဘာ ဖြစ်လို့ စွဲညှို့ ကို ခေါ်တွေ့ နေသေးသလဲ။ အခုလို အိမ်ကိုဖိတ် ထမင်းကျွေးပြီး မလိုလား မကြည်ဖြူတော့ မျက်နှာထားတစ်မျိုး နှင့် ဆက်ဆံခံရတာ ကလည်း တစ်နည်းအားဖြင့် ပညာ ရှိနည်းနှင့် စော်ကားနေတာပဲ။
ခဏအကြာမှာ မိုးကြိုးမေထံမှ ဇွန်းခက်ရင်းကို ကြွေပန်းကန်ပေါ်သို့ ဆောင့်ခနဲ လွှတ်ချပစ် လိုက်သော အသံထွက်ပေါ် လာသည်။ စွဲညှို့က သူမဆီ ဖျတ်ခနဲ လှမ်းကြည့်လိုက် မိတော့ စွဲညှို့ ကို စူးစူးရဲရဲ စိုက်ကြည့်နေသော မိုးကြိုးမေ၏ မျက်ဝန်းများ နှင့် ရင်ဆိုင်လိုက်ရသည်။
“ကဲ . . .သက်တန့် မင်းရဲ့ လုပ်ရပ်ကို ရပ်တန်းက ရပ်လိုက်ရင် ကောင်းမယ်၊ ငါမျက်စိထဲ တော် တော် နောက်လာပြီ၊ သည်းမခံနိုင်တော့ဘူး”
ဟူသော အသံက ခပ်ဆတ်ဆတ် နိုင်လှသည်။ သက်တန့်က သူ့အစ်မကို တအံ့တသြ လှမ်းကြည့်လိုက်ရင်း . . .
“ဘာကိုလဲ မမ . . . ကျွန်တော် က ဘာကို ရပ်ရမှာ လဲ၊ ကျွန်တော် ဘာလုပ်နေလို့လဲ”
ဟု . . . နားမလည် နိုင်သလို ပြန်မေးနေသည်။ စွဲညှို့ ကတော့ နားလည်လိုက်သည်။ ထမင်းစားနေခြင်းကို ဗြုန်းခနဲ လက်စသတ်ပစ် လိုက်ကာ မိုးကြိုးမေနှင့် မျက်ဝန်းချင်း ရင်ဆိုင်လိုက်သည်။
“ဘာကိုရပ်ရမှာ လဲ . . . မင်းလုပ်နေတာ မင်း မသိဘူးလား၊ ဟင်းတွေ ကို စွဲညှို့ ရှင်ပန်းကန်ထဲ ခပ်ထည့်ပေးနေတာကိုလေ၊ သူကလေးမှ မဟုတ်တာ၊ သူ့ဘာသာသူ ခပ်စားတတ်သားပဲ၊ မင်းလုပ်နောတာနဲ့ ငါ့ခေါင်းထဲ နောက်လာပြီ”
“သြော် . . . မမကလည်းဗျာ၊ စွဲညှို့က ဧည့်သည်ပဲ၊ ပြီးတော့ မမကိုယ်တိုင် တွေ့ ချင်လို့ ထမင်းစား ဖိတ်ထားလေ”
“တော် ပြီ . . . ထပ်မပြောနဲ့တော့၊ မင်းက မင်းချစ်သူ ဆိုပြီး ခေါ်ပြတဲ့ မိန်းကလေးကို ငါလက်မခံနိုင်ဘူးလို့ တစ်ခါတည်း ပြတ်ပြတ်သားသား ပြောလိုက်တော့မယ်”
“ဟာ . . . မမ ဘယ်လို ပြောလိုက်တာလဲ၊ မမပြောတော့ ကျွန်တော် ချစ်တဲ့ မိန်းကလေးဆို မမလည်း လိုက်ချစ်နိုင် တယ်ဆို”
သက်တန့်က စွဲညှို့ ကို မျက်နှာပူ အားနာသွားဟန်ဖြင့် ပျာပျာသလဲ ပြန်ပြောလိုက်သည်။ စွဲညှို့ ရင်ထဲမှာ တင်းခနဲ ဖြစ်သွားလျက် မိုးကြိုးမေကို ခပ်စူးစူး ပြန်စိုက်ကြည့် နေလိုက်သည်။ ဘာပြောရရင် ကောင်းမလဲ . . .။ အခုလို ကိုယ့်ကို ရှေ့မှာ ထားပြီး ကိုယ်နဲ့ သူ့မောင်ကို သဘောမတူနိုင် ပါဘူးလို့ ပြတ်ပြတ်သားသား စိန်ခေါ်နေတာကို ခံရတဲ့အခါ မိန်းကလေး တစ်ယောက် အနေနဲ့ ဘယ်လိုတုံ့ပြန် သင့်သလဲ။ စွဲညှို့ ကတော့ ရင်ထဲမှာ ဝုန်းဒိုင်းကြဲနေသည့် ဒေါသကို ခါးသီးပြင်းထန်သော စကားလုံးတွေ နှင့် ပြန်ပေါက်မိတော့မှာ သေချာသည်။ မိုးကြိုးမေက ခေါင်းကို ဆတ်ခနဲ မော့လှန်ထားလိုက်ရင်း . . .
“အေးလေ . . . မင်းချစ်တဲ့ မိန်းကလေး တိုင်းကို ငါလိုက်ချစ်နိုင် . . . မချစ်နိုင် ဆိုတာတော့ အခုလို ခေါ်တွေ့  ရဦးမှာ ပေါ့၊ အခု တွေ့ ပြီးပြီ၊ ငါ မကြိုက်ဘူး . . . သဘောမတူ နိုင်ဘူး ဒါပဲ”
“မမကြိုက်ဖို့မှ မလိုတာ၊ မမက ခေါ်ခဲ့ပါ ဆိုလို့ ကျွန်တော် ခေါ်လာခဲ့မိတာ၊ မမ ဒီလို ဆက်ဆံမယ်မှန်း သိရင် ကျွန်တော် ကျွန်တော့်  ချစ်သူကို မမစော်ကားဖို့ ခေါ်လာခဲ့မှာ မဟုတ်ဘူး၊ မမ သဘောမတူလည်း ကျွန်တော် ကတော့ ရအောင်ယူမှာ ပဲ၊ လာ . . . စွဲညှို့ ၊ ကိုယ့်တို့ ပြန်ကြမယ်”
သက်တန့်က ဒေါသတကြီး နှင့် စွဲညှို့ ၏ လက်တစ်ဖက်ကို ဆတ်ခနဲ ဆွဲယူပြီး ထမင်းစားခန်း ထဲမှ ဒေါသတကြီး ထွက်ဖို့ ပြင်စဉ် စွဲညှို့ က သူ့လက်ထဲမှ ရုန်းထွက်လိုက်ပြီး မိုးကြိုးမေနှင့် မျက်နှာချင်းဆိုင် လိုက်ကာ . . .
“အခုလို မမရဲ့ သဘောထားကို ပွင့်ပွင့် လင်းလင်းသိခွင့် ရလိုက်တဲ့အတွက် ကျေးဇူးတင်ပါ တယ်၊ မမက လည်း မမမောင်နဲ့ ကျွန်မကို သဘောမတူနိုင်ဘူးလို့ ပြတ်ပြတ်သားသား ပြောပိုင်ခွင့် ရှိသလို ကျွန်မကလည်း ကျွန်မ ချစ်သူကို ရအောင် ယူပြမယ်လို့ ပြန်စိန်ခေါ်ခွင့် ရှိပါတယ်နော်”
စွဲညှို့ က မျက်လုံးကလေးတွေ ကို မှေးစင်းပစ်လိုက်ပြီး တတ်နိုင်သလောက် ဒေါသကို ချုပ်ထိန်းလျက် အပြုံးကလေးနှင့် ပြန်ပြောလိုက်သည်။ စွဲညှို့ ရဲ့ စကားကြောင့် မိုးကြိုးမေက မျက်နှာကို ဖြတ်အရိုက် ခံလိုက်ရသလို ဆတ်ခနဲ ဖြစ်သွားလျက် . . .
“မင်း ယူရဲရင် ယူကြည့်လေ . . .ငါ့ဘဝမှာ ဒီမောင်လေး တစ်ယောက် တည်းပဲ ရှိတာ၊ ငါ တစ်သက်လုံး ပိုးမွေးသလို မွေးလာခဲ့တဲ့ ငါ့ရဲ့ မောင်ဟာ မင်းလို ဘာမဟုတ်တဲ့ မိန်းကလေး တစ်ယောက် အတွက် မဟုတ်ဘူး၊ မင်းနဲ့ တန်လည်း မတန်ဘူး၊ မင်းအတွက်လည်း ဘယ်တော့မှ မ ဖြစ်စေရဘူး၊ မင်းဘာသာမင်း ဘယ်လိုပဲ စိန်ခေါ် စိန်ခေါ် ငါကလည်း မရရအောင် ဖြတ်ပြမယ် . . . စောင့်ကြည့်၊ ငါ့မောင့်အတွက် ငါဘာမဆို လုပ်ရဲတယ်ဆိုတာ မင်းမှတ်ထား ”
စွဲညှို့ က နှုတ်ခမ်းကလေး စေ့ကာ ပြုံးလိုက်ပြီး ခေါင်းကလေးကို ဆတ်ခနဲ မော့လျက် သက်တန့်ရဲ့ လက်ကိုဆွဲကာ သူမရှေ့မှ မော့မော့ကလေး ဖြတ်လျှောက်ထွက်လာခဲ့ သည်။ ရင်ထဲမှာ ဒေါသနှင့် မခံချင်စိတ်တွေ ဘယ်လောက်ပဲ လှိုင်းထန်ရုန်းကြွ နေပေမယ့် အပြင်ပန်းမှာ တော့ စွဲညှို့ က တည်တည် ငြိမ်ငြိမ်ပင်။ မိုးကြိုးမေ၏ တောက်ခတ်သံသည် စွဲညှို့ ရဲ့ နောက်ပါးမှာ ကျန်ရစ်ခဲ့သည်။
ကားပေါ်သို့ ရောက်သည်နှင့် စွဲညှို့၏ ဒေါသ တွေ အားလုံး သက်တန့်ပေါ်သို့ ဝုန်းခနဲ သွန်ချ ပစ်လိုက်သလို အသံမျိုးနှင့် . . .
“ရှင့်အစ်မ အဲဒီ လောက် ရင့်သီးမယ်မှန်း မသိလို့ ကျွန်မ လိုက်လာခဲ့ မိတာ၊ အံ့သြဖို့ ကောင်းလိုက်တာ၊ တစ်ခါမှ အခုလို မကြုံခဲ့ဘူး၊ သဘောမတူရင် သဘောမတူဘူးလို့ အစောကြီး ကတည်းက ရှင်းရှင်းလင်းလင်း အသံလွှင့် ထားလိုက်ပေါ့၊ ဘယ်သူက ဂရုစိုက်မှာ မို့လို့လဲ၊ အလကား သက်သက် လူကိုခေါ်ပြီး ထမင်းကျွေးပြီး စော်ကားတာ၊ ကျွန်မ ရှင့်အစ်မကို လုံးဝ မကျေနပ်ဘူး သိလား၊ ရှင့်ကိုလည်း မကျေနပ်ဘူး”
ဟု အော်ပစ်လိုက်သည်။ သက်တန့်က စွဲညှို့ရဲ့ ဒေါသကို သိသူပီပီ မျက်နှာငယ်ကလေးနှင့် . . .
“ကိုယ်တောင်းပန်ပါတယ် စွဲညှို့ ရယ်၊ မမ အဲဒီ လို ခေါ်ပြီး အခုလို ပုံစံမျိုးနဲ့ ဆက်ဆံလိမ့်မယ် လို့ ကိုယ်မှ မျှော်လင့်မထား ခဲ့တာ၊ စွဲညှို့ နဲ့ တွေ့ ချင်တယ်၊ ထမင်းစားဖိတ် ပေးပါလို့ ပြောတုန်းက အေးအေးဆေးဆေးပဲ၊ အခုလို ပုံစံမျိုး မဟုတ်ဘူး”
သက်တန့်က စွဲညှို့ကို တောင်းတောင်းပန်ပန် ရှင်းပြနေရင်း မမရဲ့ အပြုအမူကို အံ့လည်းသြ သလို စွဲညှို့ ကို တမင် သက်သက် ခေါ်ပြီး ဖြုတ်မှန်းလည်း အလိုလို နားလည် သွားရသည်။ သူ မမကို လျှော့ထွက်ခဲ့မိတာ။ မမအကြောင်းလည်း သူမသိတာ မဟုတ်။ မမလောက် သူ့အပေါ် အရမ်းချစ်ပြီး အရမ်းသဝန် တိုတတ်လွန်းတာ မရှိတော့။ အဲဒါကိုလည်း သူ သိထားရက်နှင့် မမနှင့် တွဲ သွားတိုင်း ကောင်မလေး တွေ က သူ့ကို အမှတ်တမဲ့ လှမ်းကြည့်ရင်တောင် ဘာကြည့်တာလဲဟု သွားမေးတတ်တဲ့ မမဟာ သူ့ချစ်သူ စွဲညှို့ ရှင်ကို လွယ်လွယ်ကူကူ နှင့် ဘယ်လိုမှ သဘောတူ ကြည်ဖြူနိုင်မှာ မဟုတ်ဘူးလို့ သူ ဘာ ဖြစ်လို့ ကြိုတွေး မထားခဲ့မိပါလိမ့်။ အိမ်ကို မိန်းကလေးတွေ ဖုန်းဆက်လျှင် ရင့်ရင့်သီးသီး ပြောကာ . . .
“နင် နဲ့ ငါ့မောင်နဲ့ တူလို့လား . . . တန်လို့လား သေသေချာချာ ပြန်စဉ်းစားဦး”
ဟူသော စကားကို လက်သုံးစကားတစ်ခုလို အမြဲတမ်း သုံးစွဲခဲ့သော မမသည် သူ့ချစ်သူ စွဲညှို့ ရှင်ကိုလည်း အဲဒီ လက်သုံးစကားနှင့် ပင် ထိုးနှက်တိုက်ခိုက် လိမ့်မည် ဟု သူလုံးဝ မထင်ခဲ့။ သူ စွဲညှို့၏ မျက်နှာကလေးကို အားနာခြင်း ၊ မျက်နှာပူခြင်း၊ စာနာထောက်ထားခြင်း တို့ဖြင့် ငေးကြည့်မိသည်။ စွဲညှို့ကို သူ ဘယ်လိုမှ မစွန့်လွှတ်နိုင်ပါ။ စွဲညှို့ရဲ့ အချစ်ကို မရရအောင် သူဘယ်လောက် လိုက်ယူထားရသလဲ ဆိုတာ သူ တစ်ယောက် တည်းသာ သိသည်။ မမ သိလိမ့်မည် မထင်။ သိလျှင်လည်း အဲဒီ လောက်တောင် ဖြစ်ရသလားဟု ဆွေ့ဆွေ့ ခုန်လိမ့်မည် ။
“ကျွန်မ အနာဆုံးက ကျွန်မနဲ့ ရှင် မတန်ဘူးဆိုတဲ့ စကားပဲ၊ မတန်ရအောင် ရှင်က ဘာကြီးမို့လဲ၊ ကျွန်မကရော ဘာ ဖြစ်နေလို့လဲ၊ အဲဒီ လို အဆင့်အတန်း ခွဲခြားတဲ့ ခေတ်က ကုန်သွားခဲ့ပြီ၊ ဒီခေတ်ကြီးမှာ အားလုံး သူ့ထက်ငါ အပြိုင်အဆိုင် ကြိုးစားနေတဲ့ခတ် ရောက်နေပြီ၊ လူတိုင်းမှာ အခွင့်အရေး တန်းတူ ရှိတယ်၊ အဲဒါကို ရှင်ရဲ့ အစ်မ နားမလည်ဘူးလား”
“ကိုယ် တောင်းပန်ပါတယ် စွဲညှို့ရယ်၊ မမ ဘာပဲပြောပြော အဆင့်အတန်း ကြောင့် မဟုတ်ပါဘူး။ သူကိုယ့်ကို အဲဒီ လိုပဲ သဝန်တို နေကျပါ။ စွဲညှို့ ကို မခံချင်အောင် တမင်သက်သက် ပြောလိုက်တာပါ။ စွဲညှို့ကို ကိုယ် ကတိပေးတယ် . . .မမ ဘာပဲပြောပြော သူဘယ်လောက်ပဲ သဘောမတူဘူး ဆိုဆို ကိုယ် စွဲညှို့ကိုပဲ လက်ထပ်မယ်၊ ကိုယ့်ဘဝမှာ စွဲညှို့ တစ်ယောက် တည်း ရှိတယ်၊ စွဲညှို့ကို ကိုယ်ဘာအကြောင်းနဲ့မှ အဆုံးရှုံး မခံနိုင်ဘူး”
“ရှင့်ကို ရအောင်ယူပြမယ် လို့ မခံချင်စိတ်နဲ့ တမင်သက်သက် စိန်ခေါ်ပစ်ခဲ့တာ၊ ဒါပေမယ့် တကယ်တမ်း မှာ ကျွန်မ သေသေချာချာ ပြန်စဉ်းစား ရတော့မယ်၊ သူ့ကို စိန်ခေါ်ခဲ့တဲ့ အတိုင်းရှင့်ကို မရ,ရအောင် ယူဖို့ဆိုတာ ကျွန်မဘက်ကလည်း ကျွန်မဘဝတစ်ခုလုံးကို ပေးဆပ်လိုက်ရမှာ ၊ အဲဒီ အတွက် တကယ်ထိုက်တန် ရဲ့ လားဆိုတာ ကျွန်မ လေးလေးနက်နက် စဉ်စားရတော့မယ်၊ ကျွန်မကို အချိန်တစ်ခုပေးပါ သက်တန့်၊ တစ်လတိတိ ကျွန်မကို လာမတွေ့ ပါနဲ့ “ဟာ . . .မဟုတ်တာ၊ ကိုယ် တစ်လလုံးလုံး စွဲညှို့နဲ့ မတွေ့ ဘဲ မနေနိုင်ဘူး။ ကိုယ့်ကို အဲဒီ လိုကြီး ဒဏ်မခတ်ပါနဲ့ကွာ၊ ကိုယ်တောင်းပန်ပါတယ်၊ မမနဲ့ ပတ်သက်ပြီး စွဲညှို့ ဘယ်လောက်ခံပြင်း နေမလဲဆိုတာ နားလည်ပါတယ်၊ ဒါပေမယ့် အဲဒါကြီးကို ခေါင်းထဲက ထုတ်ပစ်လိုက်ကွာ၊ မေ့ပစ်လိုက်နော်၊ အရေး ကြီးတာက စွဲညှို့နဲ့ ကိုယ် နှစ် ယောက် တည်းပါ၊ ကိုယ်တို့ လက်ထပ် ကြမယ်လေ”
“အဲဒီ လောက်ကြီး အလျှင်မလိုသေးပါဘူး သက်တန့်ရယ်၊ ကျွန်မ လက်ထပ်ဖို့ အထိလည်း မပြင်ဆင်ရသေးဘူး၊ ကျွန်မဘဝမှာ ကိုယ်နဲ့ သဘောမတူ ပါဘူးလို့ ကြေညာထားတဲ့ ယောကျာ်း တစ်ယောက် ကို မခံချင်စိတ်နဲ့ မရ,ရအောင် ဇွတ်မှိတ် လက်ထပ် ဖြစ်လိုက်ဖို့ ထက် ပိုအရေး ကြီးတဲ့ အလုပ်တွေ အများ ကြီးပဲ ရှိသေးတယ်၊ ကျွန်မရဲ့ ရည်ရွယ်ချက်က ယောကျာ်း တစ်ယောက် ကို အချိန်မတန်ဘဲ လက်ထပ်ပစ်လိုက်ဖို့ မဟုတ်သေးဘူး၊ ကျွန်မ အခုကြိုးစားနေတာ တစ်ချိန်မှာ Scholarship နဲ့ နိုင်ငံခြားမှာ ပညာသင်ခွင့် ရဖို့၊ကျွန်မ လိုချင်တဲ့ MBA ဘွဲ့ရဖို့ . . . အဲဒါ ကျွန်မဘဝရဲ့ ရည်မှန်းချက်ပဲ၊ ကျွန်မ ဒီနေ့ ရှင့်မမနဲ့ လိုက်တွေ့ တယ် ဆိုတာ ရှင့်ကို လက်ထပ်ဖို့ အထိ ရည်မှန်းထားလို့ . . . တစ်ချိန်မှာ လက်ထပ် ဖြစ်တဲ့အခါ ရှင့်မမနဲ့ ရင်းနှီးနွေးထွေးပြီး သား ဖြစ်နေအောင် လို့ လိုက်တွေ့ ခဲ့တာ၊ အခုလို အလစ်မှာ အစော်ကား ခံလိုက်ရလိမ့်မယ်လို့ ထင်ကို မထင်ခဲ့ဘူး၊ တကယ်တော့ ကျွန်မကိုယ်တိုင်လည်း သတိလက်လွတ် ဖြစ်သွားခဲ့တာပါ။ ဒီနေ့အ ဖြစ်ကို ကျွန်မ ဘယ်လိုမှ မေ့ပစ်လို့ရမှာ မဟုတ်ဘူး၊ ကျွန်မကို မမေ့ပစ်ခိုင်းနဲ့၊ ကျွန်မ မမေ့ဘူး၊ ကျွန်မ ရင်ထဲမှာ ရော ခေါင်းထဲမှာ ပါ စွဲနေအောင် မှတ်ထားမယ်၊ ပြီးတော့ . . . ရှင့်ကို ဆက်ပြီး လက်တွဲ ဖို့၊ ရှင့်ကို သိပ်ချစ်တဲ့ ရှင့်အစ်မကို ကျွန်မ ဘယ်လောက်အထိ သည်းခံပြီး တိုက်ပွဲဝင် ရမယ်ဆိုတာကို တွေးဖို့ ကျွန်မကို အချိန်တစ်လတော့ ပေးပါ၊ အဲဒီ တစ်လအတွင်းမှာ ကျွန်မကိုရှင်လုံးဝ လာမတွေ့ ပါနဲ့၊ ကျွန်မအကြောင်းကို ရှင်သိပြီးသားပါ သက်တန့်ရယ်၊ ကျွန်မတို့ ချစ်သူသက်တမ်း တောင် တစ်နှစ် ကျော်ခဲ့ပြီပဲ၊ မနက်ဖြန်ကစပြီး ကျွန်မကို လာမတွေ့ နဲ့တော့၊ အိမ်မှာ ရော . . . ရုံးမှာ ရောပေါ့၊ တစ်လတိတိ ပြည့်တော့ ရှင့်ကို ကျွန်မ ဖုန်းဆက်ခေါ်လိုက်မယ် . . .ဟုတ်ပြီလား”
သက်တန့်ရဲ့ မျက်နှာက ပျက်ချင်းတိုင်း ပျက်နေသည်။ စွဲညှို့ရဲ့ အကြောင်းကို သူအသိဆုံး။ စကားတစ်ခွန်း ပြောပြီးရင် ဘယ်တော့မှ မပြင်ဆင်တတ်တော့ ဘူးဆိုတာကို လေ။ နောက်ဆုံးတော့ မမကိုပဲ သူ စိတ်ဆိုးမိသည်။ စွဲညှို့ ကို အဲဒီ စကားတွေ ပြောဖို့ ထမင်းစား ဖိတ်ခဲ့တာကိုသာ သူကြိုသိခဲ့လျှင် ဒီနေ့ စွဲညှို့ ကို အိမ်သို့ ခေါ်ခဲ့မိမည် မဟုတ်။ သူခပ်တိုးတိုး တောက်ခတ် လိုက်မိသည်။ မမနှင့် သူ ထိပ်တိုက် ရင်ဆိုင်ကြ ရုံသာ ရှိတော့သည်ပေါ့။
“ရှေ့နားမှာ ကားရပ်လိုက်တော့ သက်တန့်၊ ကျွန်မ အဲဒီ ကနေပဲ Taxi စီးသွားလိုက်တော့မယ်၊ တစ်လတိတိနော်”
သက်တန့်က စွဲညှို့ အကြောင်းကို သိပြီးသားမို့ ထပ်ပြီး စောဒက မတက်တော့။ ကားကို လမ်းဘေးသို့ ထိုးရပ်လိုက်သည်။ စွဲညှို့က ကားပေါ်မှာ ဆင်းပြီး သက်တန့်ကို တစ်ချက်ကလေးမှ ပြန်လှည့်မကြည့်တော့ဘဲ Taxi တစ်စီး လှမ်းတားကာ Taxi ပေါ်သို့ တက်သွားခဲ့သည်။
“တွေ့ ကြသေးတာပေါ့ မမရယ် . . .”
သက်တန့်က ကားကို အိမ်သို့ ဒေါသတကြီး ပြန်မောင်းလာခဲ့သည်။ မမနှင့် ရင်ဆိုင်ကြဖို့ ဖြစ်သည်။ မမရဲ့ သူ့ကို ချစ်သော အချစ်တွေ အတွက် သူ အမြဲတမ်း အသက်ရှူရ မွန်းကျပ်ခဲ့သမျှတွင် ဒီတစ်ကြိမ်သည် အမွန်းကျပ်ဆုံး ဖြစ်သည်။
သူ အိမ်သို့ ပြန်ရောက်တော့ မမလည်း သူ့ကို အဆင်သင့် စောင့်နေသည်။ ဒေါသကြောင့် သူ့တစ်ကိုယ်လုံး ယိမ်းထိုး တုန်ယင်နေသော်လည်း မမ ကတော့ ခပ်အေးအေးပင်။
“မင်းမပြောနဲ့ဦး . . .ငါ အရင်ပြောမယ်၊ စွဲညှို့ရှင်ကို ခေါ်မတွေ့ ခင် ကတည်းက သူနဲ့ပတ်သက်သမျှ အချက်အလက်တွေ အားလုံး ငါစုံစမ်းထားခဲ့ပြီးသား၊ တစ်ချက်ကလေးမှ ငါ့စိတ်ထဲ နှစ်သက် စရာ မတွေ့ ဘူး။ နံပါတ်တစ် ငါလိုချင်တဲ့ အဆင့်အတန်း မျိုးထဲက မဟုတ်ဘူး။ နံပါတ်နှစ် မာနကြီးလွန်းတယ်၊ သွေးနားထင် ရောက်လွန်းတယ်၊ ဘဝမြင့်လွန်းတယ်၊ နံပါတ်သုံး မင်းကို လွှမ်းမိုးလွန်းတယ် . . .နောက်ထပ် နံပါတ်တွေ မှ အများ ကြီးပဲ၊ အဲဒါကြောင့် သဘောမတူနိုင်တာ”
“မမပြောပြီးရင် ကျွန်တော် ပြောမယ်၊ ကျွန်တော် က လည်း သူမှသူပဲ၊ သူ့ကိုပဲ ရအောင် ယူဖို့ဆုံးဖြတ် ထားပြီးသား၊ မမ သဘောတူတူ မတူတူ ကျွန်တော် ကတော့ ရအောင်ယူ မှာ ပဲ . . .ဒါပဲ”
“အေး . . . မင်းအဲဒီ လို စိန်ခေါ်တော့မှ ငါကလည်း ပြတ်ပြတ်သားသားကို ပြောရမှာ ပဲ၊ မင်းစောင့်ကြည့်လေ၊ ငါကလည်း မင်းနဲ့သူ့ကို မရ,ရအောင် ခွဲပြမှာ ပဲ၊ ငါတစ်သက်လုံး ပြုစု ပျိုးထောင် လာခဲ့တဲ့ ငါသိပ်ချစ်တဲ့ ငါ့ရဲ့ မောင်ဟာ အဲဒီ မိန်းကလေး အတွက် မဟုတ်ဘူး၊ သက်တန့်ရယ် . . .ငါမင်းကို အများ ကြီးပဲ မျှော်လင့်ထားခဲ့တာ၊ အဲဒီ လို ဘာမှမဟုတ်တဲ့ သာမညောင်ည မိန်းကလေး တစ်ယောက် ကို မင်းရွေးချယ်လိုက်လိမ့် မယ်လို့ ထင်တောင် မထားဘူး။ မင်းကို ငါနှမြောလိုက်တာ၊ မင်းအတွက် မိန်းမ မရှားပါဘူး သက်တန့်ရယ်၊ ငါကိုယ်တိုင် စိတ်တိုင်းကျ ရှာပြီးတော့ ပေးစားမယ်”
“ဆောရီးပဲ မမ . . . ကျွန်တော် နဲ့ သူ လက်ထပ်ဖို့ အထိ ဆုံးဖြတ်ပြီးသွားပြီ”
သက်တန့်က မမကို တမင်သက်သက် အနိုင်ပိုင်း၍ ပြောလိုက်ခြင်း ဖြစ်သည်။ တကယ်တမ်းမှာ သူ့အခြေအနေကို သူသာလျှင် အသိဆုံး။ တစ်လတိတိ စွဲညှို့ နှင့် တွေ့ ခွင့်မရတဲ့အထိ စွဲညှို့ ဘက်က သူ့ကို အပြစ်ပေးလိုက်မှန်း သာ မမသိလျှင် ဘယ်လောက်များ ဝမ်းသာအားရ ဖြစ်လိုက်မလဲ မသိ။ မမကို အနိုင်ပိုင်း ပြောပစ်ခဲ့ပြီ သူ အခန်းထဲသို့ ဝုန်းဒိုင်းကြဲ ဝင်လာခဲ့သည်။ မမသူ့ကို ဘယ်အချိန်အထိ လွှမ်းမိုး ခြယ်လှယ်နေဦးမလဲ။ သူ မှတ်မိသလောက် သူ ငယ်ငယ်ကလေး ကတည်းက မိဘတွေ ဆုံးသွားခဲ့ပြီး မမရဲ့ လက်ပေါ်မှာ ပဲ သူကြီးပြင်းလာခဲ့ ရခြင်း ဖြစ်သည်။ မမသာလျှင် သူ့ရဲ့ အဖေလည်းဟုတ် . . .အမေလည်း ဟုတ်သည်။ မမကို သူ သိပ်ချစ်သော်လည်း မမရဲ့ သူ့ကို ချစ်သော အချစ်တွေ က တစ်ဖက်စွန်း ရောက်လွန်းသည် ဟု သူ ခံစားရလေသည်။ အထူးသဖြင့် မိန်းကလေးတွေ နှင့် ပတ်သက်လာလျှင် မမရဲ့ တုံ့ပြန်မှု တွေ က မယုံနိုင်လောက်အောင် ပင် ခါးသီးပြင်းထန် လွန်းလှသည်။ မမက သူ့ကို မမရဲ့ ရင်ခွင်ထဲကနေ ဆွဲထုတ်သွားမည့်  မိန်းကလေးကို ရန်သူတွေ လို သဘောထားကာ အငြိုးတကြီး တုံ့ပြန်တတ်မှန်း သူ အသိတာလည်း မဟုတ်ဘဲနှင့် ဘာကြောင့် များ မမနှင့် စွဲညှို့ကို တွေ့ ဆုံပေးခဲ့မိ ပါလိမ့် . . .ဟု နောင်တရသည်။ သို့ သော် . . .ခုချိန်ကျမှ သူဘာမှ မတတ်နိုင်တော့။ တစ်လလုံး စွဲညှို့နှင့် တွေ့ ခွင့်မရသည့် အချိန်တွေ မှာ စွဲညှို့မမြင်ရအောင် ပုန်းကွယ်လျှိုးလျက် စွဲညှို့ နောက်ကနေ တိတ်တဆိတ် လိုက်ကြည့်ရုံကလွဲပြီး သူဘာမှ မတတ်နိုင်ပါ။
မတွေးထဲမှာ တစ်ချိန်လုံး စိုးမိုးနေသည်က မိုးကြိုးမေရဲ့ မျက်နှာနှင့် မင်းနဲ့ ငါ့မောင်နဲ့ မတန်ဘူးဆိုသော စကားသံ ဖြစ်သည်။ စေ့စေ့လေ . . .စော်ကားခံရခြင်း ကပို၍ ပီပြင်လာလေ ဖြစ်ကာ ရင်ထဲက နာကျင်စိတ်က ဆိုးရွားလာလေပဲ ဖြစ်သည်။ တစ်ခါမှ ကိုယ့်ကို ငြင်းပယ်ခံရလိမ့် မည် ဟု မထင်ခဲ့ပါ။ ထိုမြင်ကွင်း မျိုးကိုလည်း ရုပ်ရှင်တွေ ထဲမှာ သာ မြင်ခဲ့ဖူးခဲ့သည်။ ကိုယ်တိုင်ကိုယ်ကျ တစ်ခါမှ မခံစားဘူးခဲ့။ ဤမျှ နာကျင်ခံခက်လှသော ဝေဒနာမျိုး ရှိတော့မည် တောင် မထင်။ ငါ ဘာလုပ်ရမလဲ . . .ဘာလုပ်သင့်သလဲ ဆိုသော မေးခွန်းကိုသာ ထပ်တလဲလဲ မေးနေမိသည်။ သက်တန့်ကို ဖြတ်လိုက်ရမလား။ အဲဒါဆိုရင် နောက်ဆုတ် အရှုံးပေးလိုက်ရာ များ ကျသွားမလား။ ဒါမှမဟုတ်ရင် သူ့အစ်မကို မခံချင်သော စိတ်တစ်ခုတည်းနှင့် အနိုင်ပိုင်းပြီး စိန်ခေါ်ခဲ့သလို သက်တန့်ကိုပဲ မရ,ရအောင် ယူလိုက်ရမလား။ သက်တန့်ကို ယူလိုက်ခြင်း အားဖြင့် သူ့အစ်မကို တကယ်ပဲ အနိုင်ယူလိုက်ရာ ကျသလား။ အဲဒါ မသေချာပါ။ သေချာသည်က အဲဒီ မျက်နှာကို တစ်သက်လုံး မပတ်သက်ချင်ဘဲ ရင်မဆိုင်ချင်ဘဲ ပတ်သက်ရင်ဆိုင် နေရတော့မှာ ဖြစ်သည်။ သက်တန့်မှာ ချစ်မြတ်နိုး တွယ်တာစရာ အမျိုးအရင်းကြီး ဆိုလို့ ဒီအစ်မ တစ်ယောက် တည်းသာ ရှိသည်လေ။
မိုးကြိုးမေဟာ ဘာ ဖြစ်လို့ စွဲညှို့ကို လက်မခံနိုင် ရတာ ပါလိမ့် . . .ဟု တွေးကြည့်သည်။ စွဲညှို့ ရဲ့ လက်ရှိ အဆင့်အတန်းဟာ ယောကျာ်းလေးဘက်က ငြင်းပယ်ရ လောက်အောင် မနိမ့်ကျတာ မနိမ့်ကျတာ အမှန်ပင်။ သူ့တို့ ဘက်က သိပ်ချမ်းသာတာ . . .အဆင့်အတန်း မြင့်တာ ကတော့ တစ်ပိုင်း ပေါ့လေ ။ ဒါပေမယ့် ခုခေတ်မှာ အဲဒီ လို အဆင့်အတန်း နှိမ်ချခွဲခြားမှု တွေ မရှိသလောက်ကို ရှားသွားပြီး။ စွဲညှို့ ဟာလည်း နိမ့်နိမ့်ကျကျထဲကမှ မဟုတ်ဘဲ။ စွဲညှို့သည် နာမည် ကြီး Company ကြီးတစ်ခုရဲ့ M.D ၏ Secretary တစ်ယောက် အ ဖြစ် ကိုယ့်ကိုယ်ကို အမြဲတမ်း ကျေနပ်ဂုဏ်ယူခဲ့သူပါ။ တစ်ချိန်မှာ MBA ဘွဲ့ရဖို့အတွက် စင်္ကာပူရှိ တက္ကသိုလ် တစ်ခုမှာ တက်ရောက်ခွင့်ရဖို့။ အဲဒါအပြင် Scholarship ပညာသင်ဆုလည်း ရဖို့ ကြိုးစားအားထုတ် နေဆဲ ဖြစ်သည်။
အလုပ်တစ်ဖက်အပြင် သင်တန်းတွေ လည်း တက်ရနှင့် ဘဝရဲ့ ရည်မှန်းချက် ဆီမရောက်,ရောက်အောင် ပြေးလွှားရုန်းကန်နေခဲ့ ရသော စွဲညှို့ ၏ ကမ္ဘလောကလေးထဲ သို့ သက်တန့်သည် အချစ်ဆိုသော အမောပြေ ဆေးတစ်ခွက်ကို ယူဆောင်လျက် ဝင်ရောက်လာခဲ့ ခြင်း ဖြစ်သည်။ သက်တန့်ကို စွဲညှို့ ချစ်သွားခဲ့မိသည် ထင်တာပဲ။ သူ့မှာ ချစ်မြတ်နိုးစဖွယ် ချောမောတင့်တယ်လာ ရုပ်ရည်နှင့် သိမ်မွေ့ယဉ်ကျေးသော နူးညံ့ချိုသာသော အမူအရာတွေ ရှိသည်။ စွဲညှို့အပေါ်မှာ ဂရုတစိုက် အလေးအနက်ထားသော လက်ထပ်ဖို့အထိ ရည်ရွယ်ထားသူ လည်း ဖြစ်သည်။
စွဲညှို့ က တစ်ယောက် တည်း ပြေးလွှားရုန်းကန်နေရသော ဘဝအမောတွေ ကြားမှာ အမောဖြေ နွဲ့မှီချွေးသိပ်ဖို့ ရင်ခွင်တစ်ခုတော့ လိုအပ်မိသည် ထင်တာနှင့် သက်တန့်ရဲ့ နွေးထွေးလုံခြုံသော ရင်ခွင်ကို ရွေးချယ်ခဲ့မိတာပါ။
ချစ်သူနှစ် ယောက် တည်း ဘဝက မယုံနိုင်လောက်အောင် ပျော်ရွှင်စွဲမက်ဖွယ် အတိ ပြီးခဲ့ပါရဲ့ ။ စိတ်နှလုံးတို့ တိမ်မူးညွှတ်နူးခဲ့ရသော ကြည်နူးခဲ့ရချိန်ကလေး တွေ သည် ဘဝရဲက အမောပြေဆေး တစ်ခွက် ဖြစ်ခဲ့ပါသည်။ အဲဒီ တုန်းက သက်တန့် မကြာခဏ ပြောခဲ့ဖူးသော သူ့ကို သိပ်ချစ်သည့် မိုးကြိုးမေဆိုသော အစ်မ တစ်ယောက် ရှိနေခြင်းကို ပြဿနာ တစ်ခုလို့ ထင်ကို မထင်ခဲ့။ သူ့ကို ငယ်စဉ်ကတည်းက ထိန်းကျောင်းပြုစု လာခဲ့သူမို့ မိခင် တစ်ယောက် လို အချစ်ပိုကာ သူနှင့် ပတ်သက်လာလျှင် အရာရာမှာ လွှမ်းမိုးခြယ်လှယ် လွန်းတာ . . .သူ့ကို နှမြောတွန့်ကို သဝန်တို တတ်လွန်းတာတွေ ကို သက်တန့်ပြောပြသော ပုံပြင်တွေ မှတစ်ဆင့် သိခွင့်ရခဲ့ပါရဲ့ ။ အဒီတုန်း ကတော့ ရယ်ပွဲ ဖွဲ့ခဲ့မိသည်။ တစ်ချိန်မှာ ကိုယ့်အလှည့် ကျရောက်လာခဲ့ လိမ့်မည် ဟု တကယ် မထင်ခဲ့မိပါ။ သက်တန့်ကလည်း အမြဲ ပြောခဲ့သည်ကို . . .။
“မမက ကိုယ့်ကို သိပ်ချစ်တော့ ကိုယ်ချစ်တဲ့ မိန်းကလေးကိုလည်း လိုက်ချစ်ပေးနိုင် မဲ့သူပါ။ တခြားမိန်းကလေး တွေ ကိုတော့ ကိုယ်ကမှ မချစ်ဘဲ၊ သူတို့က ကိုယ့်ကို ကြည့်တဲ့အခါ အိမ်ကို ဖုန်းဆက်တဲ့အခါ မမကပဲ ဒိုင်ခံ ရင့်ရင့်သီးသီးတွေ ပြောပစ်ခဲ့ပေမဲ့ အဲဒီ မိန်ကလေးတွေ က ကိုယ့်ချစ်သူ မဟုတ်ဘူးလေ၊ အခု ကိုယ့်မှာ တကယ် ချစ်သူရှိလာပြီဆိုတော့ မမက နားလည်ပေး နိုင်မှာ ပါ”
တဲ့ . . .။ စွဲညှို့ကလည်း အဲဒီ အတိုင်းပဲ ယုံကြည်မိခဲ့ပါတယ်။ ချစ်သူသက်တမ်း တစ်နှစ် ကျော်ကျော်မှာ စွဲညှို့ကစပြီး သက်တန့်ဆီ ဖုန်းဆက်မျိုး မရှိခဲ့သည့် အတွက် သူ့အစ်မရဲ့ ဖုန်းထဲက ရက်စက်ရင့်သီးသော စကားမျိုးကိုလည်း မကြားနာခဲ့ရ။ အပြင်မှာ လည်း တစ်ခါမှ လူချင်းထိပ်တိုက် ဆုံဖူးခြင်း မရှိခဲ့သည်မို့ စူးရှတင်းမာသော မျက်နှာထားကိုလည်း မဆုံခဲ့ဘူးပေါ့။
သက်တန့်ကစပြီး . . .
“မမကို ကိုယ့်မှာ ချစ်သူရှိနေတဲ့ အကြောင်း ပြောပြလိုက်ပြီ စွဲညှို့နဲ့ တွေ့ ချင်တယ်တဲ့၊ ဒီစနေနေ့ ထမင်းစား ဖိတ်လိုက်တယ်၊ ကိုယ် စွဲညှို့ကို လာခေါ်မယ်နော်”
လို့ . . .ပြောလာတော့လည်း ရင်မဆိုင်ရဲတာ မျိုး တုန်လှုပ်မိတာမျိုး မရှိခဲ့ပါ။ စွဲညှို့ဘက်က အေးအေးဆေးဆေးပါပဲ။ ကိုယ်ချစ်သော ယောကျာ်းရဲ့ အစ်မ ဖြစ်သူနှင့် လူချင်း တွေ့ ဆုံရင်းနှီး ခင်မင်ခွင့်ကို စွဲညှို့လည်း ရထားချင်သည်ပေါ့။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ သက်တန့်ကိုပဲ လက်ထပ်ဖို့ ဆုံးဖြတ်ထားခဲ့သည်လေ။
ဒီနေ့ သက်တန့်လာကြိုပြီး သက်တန့်တို့ အိမ်ကိုရောက်တော့ သက်တန့်အစ်မရဲ့ လှိုက်လှဲ ကြိုဆိုခြင်း မရှိသော အေးစက်စက် ရှုတည်တည် မျက်နှာထားနှင့် ဆက်ဆံရေး ကို ရင်ဆိုင်လိုက် ရတော့မှ စွဲညှို့ လိုက်လာခဲ့မိတာ မှားပြီဟု နောင်တရသွားသည်။ သို့သော် တတ်နိုင်သလောက် တော့ ကြိုးစား၍ ဟန် ဆောင်ထိန်းချုပ်ထားခဲ့ သေးသည်။ ထမင်းစားပွဲဆီမှာ မထင်မှတ်ဘဲ ပေါက်ကွဲမှု က စတင်ခဲ့ခြင်း ဖြစ်သည်။ အဲဒီ လောက် ရင့်သီးမာကျောစွာ အပြောခံရလိမ့်မည် ဟု ယောင်၍ ပင် တွေးမထားမိခဲ့။ အခုပြန်တွေးလိုက် မိတိုင်း မျက်နှာပြင်ဆီသို့ ခပ်ဆတ်ဆတ် အရိုက်ခံထားရသလို ပူနွေးစပ်ဖျဉ်းစွာ ပြန်ခံစားလာရသည်။ သူမ ဘာ ဖြစ်လို့ စွဲညှို့ကို အဲဒီ လို စော်ကားခဲ့ရတာ လဲ။ သူမမှာ စွဲညှို့ကို စော်ကားဖို့ အခွင့်အရေး မရှိ။
“တောက် . . . ”
စွဲညှို့သည် တောက်တစ်ချက် ခတ်မိပြီး တစ်လအတွင်းမှာ ဆုံးဖြတ်ချက် တစ်ခုတော့ ပြတ်ပြတ်သားသား ချနိုင်ရမည် ဟု တွေးမိသည်။ ထို့နောက် ကတ်ထူပုံတစ်ခု ဆွဲယူလာခဲ့ပြီး သက်တန့်နှင့် ပတ်သက်သမျှ လက်ဆောင် ပစ္စည်းတွေ ၊ ဓာတ်ပုံတွေ ၊ ဒိုင်ယာရီတွေ ၊ ပန်းစည်းတွေ ၊ အရုပ်တွေ ၊ ချော့ကလက်တွေ ပါမကျန် အားလုံးကို ပုံးထဲထည့်ကာ တိပ်(ပ်) နှင့် ပိတ်ထားလိုက်သည်။ အခုအချိန်ကစပြီး အဲဒီ ယောကျာ်းကို စွဲညှို့ ဘယ်လောက်ထိ နက်ရှိုင်းစွာ လိုအပ်သလဲ ဆိုသည်ကို မှန်းဆကြည့်ရမည် ။ သူ မရှိဘဲ သူ မပါဝင်ဘဲ တစ်ယောက် တည်း ဆက်လျှောက်တဲ့အခါ သူ့ကို ဘယ်လောက်အထိ တမ်းတနှမြော မိမလဲ ဆိုသည်ကို ချိန်ဆကြည့်မည် ။ သူမရှိလည်း နေလို့ရတယ် ဖြစ်တယ်ဆိုလျှင် စွဲညှို့ ဘာ ဖြစ်လို့ ဒဏ်ရာတွေ ထပ်ယူဦးမလဲ။ ကိုယ့်ဘဝကို လောင်းကြေးထပ်ပြီး စွန့်စားဦးမလဲ။ ဒီတစ်လသည် စွဲညှို့ သူ့ကို လွမ်းလောက်အောင် တမ်းတမနေခဲ့ဘူးဆိုလျှင် ဂွတ်(ဒ်) ဘိုင် သက်တန့်ရေ။
အခန်း(၂)
ပထမတော့ ဒီ Model Agency ဆီသို့ မိုးကြိုးမေ လာခဲ့ရခြင်း သည် မိုးကြိုး၏ အသစ် ဖွင့်လှစ်လိုက်သော အမျိုးသားဝတ် ရှပ်အင်္ကျီ၊ ဘောင်းဘီ၊ နက်(ခ်)တိုင်၊ ခါးပတ်၊ ဖိနပ် . . .စသော နာမည် ကြီး Brand တွေ ကိုစင်္ကာပူ၊ ဟောင်ကောင်နှင့် မလေးရှားကနေ တင်သွင်းသည့် Men Fashion ဆိုင်အတွက် ကြော်ငြာဖို့ Model Boy တစ်ယောက် ကို သီးသန့် အလိုရှိသော ကြောင့် ဖြစ်သည်။ Agency ကို ပိုင်ဆိုင်အုပ်ချုပ်သော နွယ်ရွှေညိုနှင့် က ကျောင်းကတည်းက ခင်မင်ရင်းနှီးနေသော သူငယ်ချင်း တွေ ဖြစ်နေတာမို့ နွယ်က သူမရဲ့ Agency ဆီကို လာခဲ့ဖို့ မိုးကြိုးအတွက် Model တွေ ကို သီးသန့် Show ကလေးတစ်ခု လျှောက်ပြပေးမည် ဆိုသော ကြောင့် မိုးကြိုးကိုယ်တိုင် ရောက်လာခဲ့ခြင်း ဖြစ်သည်။ နို့မို့ဆိုရင်တော့ Model ဆယ်ယောက် လောက်ကို Interview ခေါ်တွေ့ ပြီး ရွေးချယ်လိုက်ဖို့ပါ။
“ဟင် . . .မိုးကြိုးရောက်လာပြီ၊ Long Time,No see နော်၊ မတွေ့ ရတာ ကြာလှပြီဟယ်၊ မိုးကြိုးက ကျောင်းတုန်း ကအတိုင်းပဲ Still Young And Glori-ous ပဲနော်၊ ကျွန်မ မိုးကြိုးအတွက် စီစဉ်ထားတယ်၊ လာ လာ . . .ကျွန်မရဲ့ သင်တန်းမှာ ရှိတဲ့ Model တွေ ထဲက Selection ကလေးတွေ ကို Catwalk လျှောက်ပြခိုင်မယ်၊ သူတို့ထဲက မိုးကြိုး စိတ်တိုင်းကျတဲ့ သူကို ရွေးလေ၊ Interview လည်း လုပ်ကြည့်ပေါ့”
Agencyကို ရောက်တော့ နွယ်ရွှေညိုကို ဖက်လဲ တကင်း လှိုက်လှဲပျူငှာစွာ ကြိုဆိုနှုတ်ဆက်ပြီး မိုးကြိုးကို သူမရဲ့ သင်တန်းတစ်ခုလုံးကို လိုက်ပြနေသေးကာ ခဏကြာမှာ တော့ သင်တန်းမှာ ပဲ ခင်ကျင်းပြင်ဆင်ထားသော Catwalk လျှောက်သည့် Stage ပေါ်မှာ Model Show ပွဲကလေးပွဲ စီစဉ်ကျင်းပပေးလေသည်။ Catwalk လျှောက်နေသော Model Boy တွေ ကို ကြည့်နေရင်း ထိုကောင်လေးကို ဖျတ်ခနဲ တွေ့ လိုက်မိစဉ်မှာ မိုးကြိုးရင်ထဲ ထိတ်ခနဲ ခုန်သွားမိခြင်း ဖြစ်သည်။ အရပ်အမြင့်ကြီးမှာ ခန္ဓာကိုယ် ထည်ဆောက်ပုံကဖွံ့ ထွားကျစ်လျစ် သန်မာသလောက် မျက်နှာကလေးက နုနယ် ပျိုမျစ်စွာ စွဲမက်ဖွယ်အတိ။ အလွန်ထူးခြားသည်က သူ့အရှိန်အဝါက တခြားသူတွေ ထဲမှာ ရောနှောပျောက်ကွယ် မနေဘဲ တစ်မူထူးစွာ ထူးခြား ထင်လင်းပြတ်သား နေလျက် သံလိုက်လို ညှို့ဓာတ်တစ်မျိုး ဖြာထွက်နေသလို မြင်လိုက်ရစဉ်မှာ ရုတ်တရက် မျက်လုံး လွဲမဖယ်နိုင်ဘဲ ဆက်ငေးကြည့်နေချင် လောက်အောင် ဆွဲဆောင်မှု ရှိနေခြင်း ဖြစ်သည်။ ဘယ်သူနှင့် မှကို မတူချေ။ သူ့ကို မြင်ရသည်ကိုက Celebrity တစ်ယောက် လိုပင် ထင်ရှားလင်းဖြား အရောင် ထွက် နေခြင်း ဖြစ်သည်။ ကြည်လင်တောက် ပသော အသားအရေ . . .အညိုနုရောင် ရီလဲ့လဲ့ ညှို့ရိပ်သန်းသော မျက်လုံးတွေ . . . နီရဲစိုပြည်သော နှုတ်ခမ်းတစ်စုံ . . .။
“နွယ် . . .အဲဒီ တစ်ယောက် က ဘယ်သူလဲဟင် . . .
ခါးနံပါတ် ကိုးဟာလေ”
နွယ်ရွှေညို့ကို ခပ်တိုးတိုး လှမ်းမေးလိုက်မိတော့ နွယ်ကပြုံးလျက် . . .
“အင်း. . . ထင်တော့ ထင်သားပဲ၊ သူ့ကို မြင်ရင် လူတိုင်းက စိတ်ဝင်စားကြတယ်၊ ဘာကြောင့် မှန်းကို မသိဘူး၊ သူ့မှာ လတစ်စင်းလို ညှို့ဓာတ် ရှိတယ် မိုးကြိုးရဲ့ ၊ သူ့နာမည် က လင်းလုလင်၊ ကျွန်မရဲ့ Agency ကို ရောက်လာတာ မကြာသေးဘူး၊ အခုမှ သင်တန်းတက် တုန်းပေါ့၊ ဒါပေမယ့် သူ့မှာ Talent ရှိတယ် သိလား၊ ဖြစ်လာနိုင်တဲ့ အလားအလာတွေ အများ ကြီး ရှိတယ်၊ ကျွန်မ ခုထက်ထိတော့ သူ့ကို ပွဲမထုတ်ရသေးဘူး၊ တမင်သက်သက် လျှိုထားတာလေ၊ ပြိုင်ပွဲတစ်ခုခုကျမှ ဗြုန်းခနဲ ဝင်ပြိုင်ခိုင်းပြီး ပွဲထုတ်မလို့ တစ်ကွက်ချန်ထားတာ ဆိုပါတော့၊ မိုးကြိုးကိုတော့ သူငယ်ချင်းချင်းမို့ လျှိုမထားဘဲ ထုတ်ပြပေးလိုက်တာ၊ ဟင်း . . .ဟင်း . . . ထင်တဲ့ အတိုင်းပဲ လင်းလုလင်ကိုပဲ မျက်စိကျတော့တာပဲ”
ဟု . . .ဝေဝေဆာဆာ ပြောနေလေသည်။
“ကောင်းပြီ . . . နွယ်၊ ကျွန်မ သူနဲ့ စကားပြောကြည့် ချင်တယ်၊ မနက်ဖြန်မနက် ဆယ်နာရီလောက် Traders’ က Coffee Bar ကို လွှတ်ပေးပါ”
ဟု . . .ပြောရင်း ထိုကောင်လေးဆီ တစ်ချက်ထပ် ကြည့်မိတော့ ကောင်းလေး၏ ညှို့မျက်ဝန်းတွေ နှင့် ဖျတ်ခနဲဆုံသည်။ မရယ်မပြုံး . . .သို့သော် ပြုံးလိုက်တော့ မလား ထင်ရလောက်အောင် နှုတ်ခမ်းများ က ကော့ညွှတ်စ, ပြုလျက်။ တကယ်တမ်း ကျတော့ မပြုံးပြန်။ ခေါင်းကို ချာခနဲ လှည့်ထွက်သွားဟန်က ထီမထင် နိုင်လိုက်တာ။ ပုံစံ ကတော့ ခေတ်လူငယ် တွေ အတိုင်း ဂျစ်ကန်ကန် ကြွစောင်းစောင်း ကလေးထဲကပင်။ ထိုခဏမှာ အတွေးတစ်ခုက မိုးကြိုးရင်ထဲသို့ ရုတ်တရက် ခုန်ဝင်လာသည်။ အင်း . . .သူဟာ မိုးကြိုးအတွက် အသင့်တော် ဆုံးနဲ့ အထိရောက်ဆုံး လက်နက်တစ်စင်းပဲ။ ဟုတ်တယ် . . . ဘာ ဖြစ်လို့လဲ ဆိုတော့ သူက ညှို့တတ်တယ်လေ။
Traders’ Hotel ရှိ Coffee Bar သို့ လင်းလုလင် ရောက်သွားချိန်မှာ ထိုအမျိုးသမီးက ရောက်နှင့် နေပြီ။ မိုးကြိုးမေးတဲ့။ နာမည် ကတော့ အမိုက်စားပဲ။ ရုပ်ရည်ကလည်း အပျံစားထဲက ပါပဲ။ ဆရာမ ပြောပြထားသည်မို့ မိုးကြိုးမေဟာ သူမရဲ့ Men Feshion ဆိုင်အတွက် Model Boy တစ်ယောက် သီးသန့် လိုအပ်နေသည့် အကြောင်းကို သိထားပြီး ဖြစ်သည်။ အသက် ကတော့ သုံးဆယ်စွန်းစွန်းလောက် ရှိရောပေါ့။ မျက်နှာပေး ဟန်ပန်မူရာကို ကြည့်လိုက်ရုံနှင့် တစ်သက်လုံး ကြွယ်ဝချမ်းသာ ခဲ့သော ရွှေဘုံစံ လူကုံထံတို့၏ မာနသွေးတစ်မျိုး တစ်ကိုယ်လုံးမှာ လှည့်ပတ်စီးဆင်း နေဟန်ရှိပြီး မျက်နှာထားက ခပ်တင်းတင်း မော့ကြော့နေသည်။ အေးလေ . . . သူက အလုပ်ရှင်ကို။ လုလင်က သူမကို မြင်သည်နှင့် ကိုယ်ကို တစ်ချက် ကိုင်းညွှတ်၍ နှုတ်ဆက်လိုက်သည်။ သူမက မပြုံးဘဲ . . .
“ထိုင်ပါ . . .ကဲ မင်းဘာသောက်မလဲ၊ မှာ လေ . . .”
တဲ့ . . . ။ လေသံကလည်း ခပ်တင်းတင်း။ တစ်စက်ကလေးမှ နူးညံ့ပျောင်းနွဲ့ခြင်း မရှိပါ။ OK . . . လင်းလုလင် တို့ကလည်း အေးဆေးပေါ့။ ဘယ်သူ့ကိုမှ သိပ်ဂရုမစိုက်တတ်သော ညစ်ကျယ်ကျယ် ဂျစ်ကန်ကန် စရိုက်ကလေး ဗြုန်းခနဲ ပေါ်လာကာ . . .
“ကျွန်တော် နို့သောက်မယ် . . .”
ဟု . . .ဖြေလိုက်သည်။ သူမ မျက်ခုံးတွေ ပင့်တက်သွားကာ နှုတ်ခမ်းများ က ဗြုန်းခနဲ ပြုံးလိုက်မိတော့ မလို ဖြစ်သွားသည်။
“မင်း နောက်နေတာလား . . .တကယ်လား”
ဟု . . . သူမက ပြန်မေးတော့ သူပခုံးတစ်ချက် တွန့်ပြလိုက်ကာ . . .
“တကယ်ပါ . . . ကျွန်တော် က ဘာ ဖြစ်လို့ နောက်ရမှာ လဲ၊ ကျွန်တော် ကော်ဖီမကြိုက်ဘူး . . .နွားနို့ပဲကြိုက်တယ်”
ဟု . . . ခပ်တည်တည်ပြန် ဖြေလိုက်သည်။ တကယ်တော့ သူမကို ရွဲ့လိုက်တာပါ။
“OK . . . ဒါဖြင့်လည်း ပြီးရော၊ မင်းကြိုက်တာမှာ လိုက်”
လုလင်က နွားနို့တစ်ခွက် မှာ လိုက်ပါသည်။ ပြီးတော့ . . . သူမကို စူးစူးစိုက်စိုက် ကြည့်နေလိုက်သည်။
“ဘာလဲ . . .မင်းတို့ကို ဘာကြည့်တာလဲ”
ဟု . . .သူမက အလန့်တကြား ပြန်မေးသော အခါ လုလင် ရယ်ချင်သွားသည်။ အပျိုကြီး ထင်ပါရဲ့ ။ ဒုက္ခပါပဲ . . . အပျိုကြီးတွေ များ နားလည်ရခက် လိုက်တာ။ ရိုးရိုးသားသား စိုက်ကြည့်မိတာကို တောင် ရှိုးတိုးရှန့်တန့်နဲ့ ခံနိုင်ရည် မရှိပါလား။ တွေးချင်ရာတွေ လျှောက်တွေးနေ တော့တာပဲ။
“မမ ဘာပြောမလဲလို့ ကျွန်တော် စောင့်နေတာပါ”
ဟု . . .သူ ဖြေလိုက်တော့မှ သဘောပေါက် သွားသလို ခေါင်းတစ်ချက် ဆတ်ပြကာ . . .
“အင်း . . . အလုပ်ကိစ္စ ပြောမယ်၊ တို့ မင်းကို အလုပ်တစ်ခု ပေးမလို့၊ ဘာအလုပ်လို့ မင်း မျှော်လင့်တားသလဲ”
“မမရဲ့ Men Fashion ဆိုင်မှာ Model လုပ်ပေးရမယ် မဟုတ်လား”
ဟု သူဖြေတော့ သူမရဲ့ ပြုံးလိုက်ဟန်က တစ်မျိုး။
“No . . .မဟုတ်သေးဘူး။ မင်းအတွက် နည်းနည်း တော့ ဆန်းမှာ ပဲ၊ တို့ မင်းကို တို့ဆိုင်အတွက် Model လုပ်ခိုင်းမှာ မဟုတ်သေးဘူး၊ မင်းကို မြင်လိုက်ရတဲ့ အချိန်တုန်းက တို့ တစ်ခုခုကို ယုံကြည်သွားမိလို့ ဒီအလုပ်ကို အပ်မှာ ၊ အဲဒီ တစ်ခုက ဘာလဲဆိုတော့ မိန်ကလေး တွေ ကို မင်း ညှို့ နိုင်စွမ်းရှိတယ် ဆိုတာကိုလေ၊ ဟောဒီမှာ . . .”
သူမက ပြောပြီး ဓာတ်ပုံတစ်ပုံ လှမ်းပေးပါ သည်။ သူကြည့်လိုက်တော့ ခပ်ချောချော မိန်းကလေး တစ်ယောက် ရဲ့ ပုံ။ ကိုယ်ကြပ် စပို့ရှပ် အညို လက်တိုကလေးနှင့် အညိုနှင့် ပန်းရောင် အကွက် ဘာဂျာစကတ် ကလေကို ဝတ်ထားကာ ခြေမျက်စိလောက်ရှိသည့် လည်ထောင် Boot Shoe အညိုရောင် လေး ဝတ်ထားသော မိန်းမလှကလေးက သူ့ကို ပြုံးကြည့်နေသည်။ မျက်လုံးများ က အညိုရောင် ၊ နှုတ်ခမ်းများ က ဖူးကြွလျက် ဆံပင်တွေ က မဟော်ဂနီရောင် ပြောင်လက်လက်တွေ ။ အဖျားမှာ တွန့်ခွေလိပ်လျက် ပခုံးတစ်ဝိုက်မှာ နွယ်ခွေတွေ လို ဝေ့ဝဲ လွင့်ပျံကျနေသည်။ နှုတ်ခမ်းများ က မပြုံးပေမဲ့ မျက်လုံးများ က ပြုံးလျက်။ ဓာတ်ပုံရဲ့ နောက်ကျော ကို ဘာရယ်မဟုတ် လှန်ကြည့်လိုက်မိတော့ စာတန်းကလေးတစ်ခု။ ဟန်နီ့အတွက် အမောပြေ . . .တဲ့။ သူနည်းနည်း တော့ အံ့သြသွားကာ . . .
“ကျွန်တော် သူ့ကို ဘာလုပ်ရမှာ လဲ”
ဟု . . . မေးလိုက်တော့ သူမက မျက်နှာထားကို ချက်ချင်း ပြန်တည်လိုက်ကာ . . .
“အဲဒီ မိန်းကလေးကို မင်း မရ,ရအောင် လိုက်ပေးရမယ်၊ မင်းရဲ့ ညှို့ဓာတ်တွေ . . . မာယာတွေ . . . ပြီးတော့ သူ့ရဲ့ အချစ်ကို ရအောင် ယူပေးရမယ်၊ သူနဲ့ပတ်သက်တဲ့ အချက်အလက် တွေ အားလုံး ဟောဒီဖိုင်ထဲမှာ အကုန်ပါတယ်၊ မင်း လုပ်ရမဲ့ အလုပ်က မင်းအတွက် သိပ်ခက်ခဲမယ် မထင်ပါဘူး၊ အဲဒီ အတွက် မင်းလိုချင်တာ တို့ပေးမယ်”
သူ အမျိုးသမီး၏ ကမ်းလှမ်းချက်ကို အံ့သြစွာ နားလည်သဘောပေါက်စ ပြုလာသည်။ လက်စသတ်တော့ သူမ ခိုင်းတဲ့အလုပ်က ချစ်သူရှိပြီးသား မိန်ကလေး တစ်ယောက် ရဲ့ အချစ်ကို ရအောင် လိုက်ရမယ် ဆိုပါလား။ သူညစ်ကျယ်ကျယ် ပြုံးလိုက်ကာ . . .
“ကျွန်တော် လိုချင်တာကို မမက တကယ်ပေးမှာ လား၊ တကယ်လို့ ကျွန်တော် က မာဆေးဒီ(စ်) ကားတစ်စင်း လိုချင်တယ် ဆိုရင်ကော မမက ပေးမှာ မို့လို့လား”
“အိုး . . . အဲဒီ လောက်ကြီးတော့ မတန်တဆ မတောင်းနဲလေ၊ တို့အတွက် အဲဒီ မိန်းကလေးက အဲဒီ လောက်တော့ မတန်ဘူးကွဲ့”
“မမနဲ့သူ ဘယ်လိုပတ်သက် နေလို့လဲ . . . ကျွန်တော် သိခွင့်ရှိမလား”
“သူက တို့မောင်ရဲ့ ချစ်သူဆိုပါတော့၊ တို့မောင်က သူ့ကို လက်ထပ်ဖို့အထိ အသည်းအသန်ကို အရူးအမူး ဖြစ်နေတယ်၊ တို့က တို့ရဲ့ မောင်ကို တော် ရုံဘယ် မိန်းကလေးမျိုး နဲ့မှ တူတယ် တန်တယ် လို့ထင်တာ မဟုတ်ဘူး”
“ကျွန်တော် နဲ့တော့ တန်တယ်ဆိုပါတော့”
သူမထိတထိ ကြားဖြတ် ပြောလိုက်တော့ သူမကဆတ်ခနဲ ဖြစ်သွားကာ သူ့ကို စူးစူးရှရှ တစ်ချက်ကြည့်ပြီး . . .
“မင်းကို တစ်ခု ကြိုပြောထားမယ် လင်းလုလင်၊ တို့ စကားမဆုံးခင် ဘယ်တော့မှ ကြားဖြတ် မပြောနဲ့၊ အဲဒါကို တို့အမုန်းဆုံးပဲ”
ဟု . . .ခပ်ဆတ်ဆတ် ပြောသည်မို့ သူပခုံး တစ်ချက်တွန့်ကာ ငြိမ်လိုက်သည်။ သူမက ဆက်ပြောပါသည်။
“ရှင်းရှင်းပြောရရင် တို့မောင်ကို သူနဲ့ လုံးဝသဘောမတူနိုင်ဘူး၊ တို့မောင်ကလည်း သူ့မှ သူပဲ ဖြစ်နေတယ်။ အကယ်၍ သူသာ တို့မောင်ကို သစ္စာဖောက်သွားခဲ့ရင် သူ့ဘက်က တို့မောင်ကို စွန့်ပစ်သွားမှာ ပဲ၊ ဘယ်လိုပဲ စွန့်ပစ် စွန့်ပစ် အဲဒါကို တို့ လိုချင်တယ်၊ တို့မောင်ကို သူ ကုတ်ကတ် တွယ်ဖက်ထားမှာ မျိုးကို မလိုလားဘူး”
“မမ စကားပြီးသွားပြီးလား . . . အဲဒါဆိုရင် ကျွန်တော် ပြောမယ် . . . မမကျွန်တော့် ကို ခိုင်းတဲ့အလုပ်က သူများ ချစ်ခြင်းကို ကျွန်တော် က ခွဲရမယ်ဆိုပါတော့”
“အင်း . . .အဲဒီ သဘောပဲ၊ သူနဲ့ တို့မောင်ကို မကွဲကွဲအောင် မင်းက သွေးခွဲပေးရမယ်၊ အဲဒီ အတွက် မင်းကို လခအ ဖြစ် သူ့အချစ်ကို မရမချင်း တစ်လကို နှစ် သိန်းပေးထားမယ်၊ တခြား မင်းလိုချင်တဲ့ မင်းအတွက် လိုအပ်တဲ့ Fascilities တွေ လည်း အကုန်ပေးထားမယ်၊ ဥပမာ . . . ကားတို့၊ မင်းလိုအပ်မဲ့ အဝတ်အစား၊ အသုံးအဆောင် စသဖြင့် ပေါ့ . . .”
သူ သူမကို စူးစူးစိုက်စိုက်ပင် ကြည့်လိုက်မိသည်။ သူမက သူ့ရဲ့ အကြည့်ဒဏ်ကို မခံနိုင်သလို ဖျတ်ခနဲ မျက်လုံးလွှဲသွား၏ ။ အမှန်အတိုင်း ဝန်ခံရလျှင် ထိုခဏမှာ ထိုအမျိုးသမီးကို သူ ချဉ်တင်တင်တော့ ဖြစ်သွားလေသည်။ သို့သော် ဓာတ်ပုံကလေးကို နောက်တစ်ကြိမ် သေသေချာချာ ပြန်ကြည့်မိတော့ . . .
“ကျွန်တော် စဉ်းစားဦးမယ် မမ၊ ကျွန်တော့် ကို စဉ်းစားဖို့ အချိန်ပေးပါ”
ဟု . . . အလိုလျှောက် ပြောလိုက်မိသွားသည်။ သူမရဲ့ မျက်နှာပေါ်မှာ ကျေနပ်ရိပ် တစ်မျိုး သန်းသွားကာ . . .
“အိုကေ . . .မင်းကို နှစ် ရက်အချိန်ပေးမယ်၊ နောက်နှစ် ရက်အကြာမှာ ဒီအချိန်ပဲ ဒီနေရာမှာ ပြန်ဆုံမယ် ဟုတ်ပြီလား . . .”
သူ ဖျတ်ခနဲ ထရပ်လိုက်ကာ ပြန်ဖို့ ဟန်ပြင်လိုက်တော့ သူမက ဖိုင် ပန်းနုရောင် ကလေး တစ်ခု လှမ်းပေးလိုက်ကာ . . .
“အဲဒီ ဖိုင် တွဲ ထဲမှာ မင်းလိုက်ရမဲ့ စွဲညှို့ရှင်ရဲ့ ကိုယ်ရေး ရာဇဝင်နဲ့ သူနဲ့ ပတ်သက်တဲ့ မင်းသိထားရမဲ့ အချက်အလက်တွေ တော် တော် များများ ပါတယ်၊ မင်းဖတ်ကြည့်ဖို့ တော့လိုမယ်”
ဟု . . . ဆိုသည်။ သူ ဖိုင်တွဲ ကလေးကို လှမ်းယူလိုက်သည်။ စွဲညှို့ရှင်တဲ့လား မိန်းကလေးရယ်။ သူ ဖိုင်တွဲ ကလေးကို သူ့ရဲ့ ဘယ်ဘက် ရင်အုံနေရာတွင် တစ်ချက် ဖိကပ်လိုက်မိသည်။ ထိုအခါ သူ့နှလုံးသားဆီမှ တဒုတ်ဒုတ် ခုန်မြည် လာသည်။ တစ်ခုခုက သူ့ကို ဖမ်းစားညှို့ငင်လိုက်သလိုပင်။ သူ့နှုတ်ခမ်းတွေ အလိုလို ပြုံးလိုက်မိမှန်းလည်း သူ့ကိုယ်သူ သေချာ သိနေသည်။
ဖိုင်တွဲ ကို သူဖွင့်လိုက်တော့ ဓာတ်ပုံတစ်ချို့ ထွက်ကျလာသည်။ စွဲညှို့ရှင်နဲ့ သူမရဲ့ ချစ်သူ ထင်ရသော ယောကျာ်း တစ်ယောက် ရဲ့ စုံတွဲ ပုံတွေ . . . စွဲညှို့ရှင် တစ်ယောက် တည်းရဲ့ ပုံတွေ လည်း ပါပါသည်။ ပြီးတော့ . . .စွဲညှို့ရှင်ရဲ့ ကိုယ်ရေး အကျဉ်း . . .။
အမည် စွဲညှို့ရှင်
မွေးနေ့ ၈.၆.၁၉၈၀
ပညာအရည်အချင်း ကွန်ပျူတာဘွဲ့ရပြီး၊ YUFLမှ အင်္ဂလိပ်စာ Diploma ရပြီး
အလုပ်အကိုင် Secretary
ရည်မှန်းချက် စင်္ကာပူ တက္ကသိုလ်တွင် MBA ဘွဲ့ရယူရန် Scolarship အတွက် စာမေးပွဲ ဖြေရန် ပြင်ဆင်ကြိုးစားလျက်ရှိ
သွားလေ့ရှိသော နေရာ Internet Café များ တွင် Internet သုံးဖို့ သွားလေ့ရှိ MBA အတွက် သင်တန်းများ လည်း တက်ရောက်လေ့ရှိ
အကြိုက်ဆုံးအရောင် မိုးပြာရောင် လွင်လွင်
အကြိုက်ဆုံးပန်း ဆူးပါသော နှင်းဆီ
အကြိုက်ဆုံး အစားအစာ Spagatti
ခံယူချက် အတွေးအခေါ် ဘဝတွင် ဘယ်တော့မှ အရှုံးမပေး နောက်မဆုတ်ဘဲ ကိုယ် ဖြစ်ချင်သော အရာကို ဖြစ်အောင် လုပ်ဖို့ အခွင့်အလမ်း မှန်သမျှကို မျက်လုံးဖွင် နားစွင့်ထားဖို့ လိုအပ်သည်။
ဆုံးဖြတ်ချက်တစ်ခု မှန်ကန်ဖို့ အတွက် နှလုံးသားရဲ့ အလိုဆန္ဒ တစ်ခုတည်းနောက်သို့ မလိုက်ဘဲ ဦးနှောက်ရဲ့ စေညွှန်းရာကိုပါ ထည့်သွင်းစဉ်းစားဖို့ လိုအပ်သည်။
စရိုက် လက်တွေ့ ကျသူ၊ စိတ်ကူးယဉ်မဆန်သူ၊ ဆုံးဖြတ်ချက် မြန်ဆန်ပြတ်သားသူ၊ မဟုတ်မခံ ဆတ်ဆတ်ကြဲ စရိုက်ရှိသူ။
သူ တခြားအကြောင်းအရာတွေ ကို ဆက်မဖတ်တော့ဘဲ ဖိုင်တွဲ ကို ပြန်ပိတ်လိုက်သည်။ ဆက်ဖတ်ဖို့ မလိုအပ်ဘူး ထင်သော ကြောင့် ဖြစ်သည်။ ဒီလောက် သိခွင့်ရလိုက်လျှင် လုံ့လောက်ပြီ။
သူ မသူ၏ ဓာတ်ပုံကလေးတွေ ကို တစ်ပုံချင်းထပ် တလဲလဲ စေ့စေ့ကြည့်မိသည်။ သူမ၏ မျက်နှာကလေးက သူ့ရင်ထဲမှာ အလွတ်ရသွားသလို စွဲစွဲထင်ထင် ရှိသွားသည်။ ဘာကြောင့် မှန်းမသိ သူမနှင့် တွေ့ ချင်စိတ် ဖြစ်လာသည်။ ပြီးတော့ သူမကို လိုက်ချင်စိတ်လည်း အလိုလို ပေါ်ပေါက်လာသည်။ ချစ်သူရှိပြီးသား ဖြစ်သော ရဲရင့်ထက်မြက်ဟန် ရှိသော ရည်ရွယ်ချက် မြင့်မားပြင်းထန်သော မိန်းကလေး တစ်ယောက် ကို မရရအောင် လိုက်ဖို့ဆိုတာ သည် သူ့အတွက် စိတ်ဝင်စား စရာ စိန်ခေါ်မှု တစ်ခု အ ဖြစ် ခံစားလာရသော ကြောင့် ဖြစ်သည်။ ပြီးတော့ သူမကို သူ စိတ်ဝင်စား သွားခဲ့မှန်း ရိုးသားစွာ ဝန်ခံလိုပါသည်။
နောက်နှစ် ရက်မှာ Traders’ ရှိ Coffee Bar မှာ သူနှင့် မိုးကြိုးမေ သဘောတူလိုက်သည်။ တစ်နည်းအားဖြင့် မိုးကြိုးမေ အပ်သော အလုပ်ကို လက်ခံလိုက်ခြင်း ဖြစ်ပါသည်။
![]() မမက်ဖူးတဲ့အိပ်မက် | ![]() ခြေသံများ နှင့် ချစ်ခြင်း | ![]() အဲဒီနေ့က ကောင်းကင်မှာ ပန်းတွေပွင့်တယ် |