အဲဒီ နေ့က ကောင်းကင်မှာ
ပန်းတွေ ပွင့်တယ်
အမှတ်တရမှတ်တမ်း
ကမ္ဘာပေါ်မှာ
သားသမီးအပေါ်
နားလည်နိုင်စွမ်းအရှိဆုံးသော
အမေနှင့် အမေ …၊
ဘဝရဲ့ အဓိပ္ပာယ်တွေ ကို
ပိုပြီးလေးနက်လှပ
ပြည့်စုံလာစေခဲ့တဲ့
ဘဝအဖော်မွန် မောင်နဲ့သမီးလေးကို
အမှတ်တရမှတ်တမ်းတင်လျှက် …၊
လွန်းထားထား (ဆေးတက္ကသိုလ်)
“အောင်မြင်မှု ဟာ …
အကောင်းဆုံးလက်စားချေခြင်းလို့
သိခွင့်ရလိုက်ပြီးတဲ့နောက်မှာ … လူ တစ်ယောက် ကို
လက်စားချေနိုင်ဖို့အတွက် …
ကျွန်တော် အောင်မြင်အောင် လုပ်မယ်ဆိုတဲ့အသိ
ကျွန်တော့် ရင်ဘတ်ထဲမှာ တံဆိပ်တစ်ခုလို
ခတ်နှိပ်ထားခဲ့တာပါ ….”
တံခွန်တိုင်စာပေ
အကဲဖြတ်ဒိုင်အဖွဲ့တွေ ကိုယ်တိုင်ပင်
သူတို့အဖွဲ့လေးကိုလက်ခုပ်တီး
အားပေးနေကြခြင်း ဖြစ်သည်။
ခန်းမထဲရှိ ပရိသတ်၏ လက်ခုပ်သံတွေ က
တော် တော် နှင့် စဲမသွားခဲ့ ..။
သူ့တစ်ကိုယ်လုံး … ကြက်သီးမွေးညင်းတွေ
စိမ့်ဖြာထလာသည်အထိ
စိတ်လှုပ်ရှားလွန်းရသည်။
ဒါဟာသူတို့အဖွဲ့ကလေးရဲ့
ပထမဆုံးသော အိမ်မက်လေ …
တံခွန်တိုင်စာပေ
အခန်း(၁)
“မင်းရဲ့ အိပ်မက်ကို … ပြောပါဦး”
သူမ၏ အသံသည် သူမ၏ မျက်နှာကလေးလိုပင် မာဆတ်ဆတ် သြချိုချိုကလေး ဖြစ်သည်။ သူမ၏ မျက်နှာကလေးပေါ်မှာ အောင်မြင်ကျော်ကြားသူ တစ်ယောက် ၏ အရှိန်အဝါက လင်းလက်ဖြာကျလျက်ရှိသည်။ သူမက လက်ရှိဂီတလောကမှာ ထိပ်ဆုံးနေရာမှာ ရှိနေသော ငွေကြယ်ပွင့်ကလေးတစ်ပွင့်။ “Dream World” အဆိုပြိုင်ပွဲ၏ အကဲဖြတ်ဒိုင် “Judge” တစ်ယောက် ….။ သူမ၏ မျက်နှာပေါ်မှာ စူးရှတောက်ပသော ထက်သန်မှု တစ်မျိုးနှင့် မျက်လုံးများ စူးရှဖြာ လက်လွန်းသည်။ သူမလှမ်းကြည့်သော မျက်ဝန်းများ ထဲမှာ ရောင် စဉ်တန်းတစ်မျိုး ဖြာထွက်နေသလို။ စင်ပေါ်မှာ သူနှင့် အတူ သူ့ငယ်ချင်းသုံးယောက် သား၏ ရင်ခုန်သံနရီစည်းချက်တွေ က မြင်းတွေ ဒုန်းစိုင်းနေသလိုပင် ခုန်ပေါက်ဆူညံလွန်းနေသည် … ။
“ကျွန်တော် တို့အဖွဲ့ရဲ့ အိပ်မက်က … ပရိသတ်ရဲ့ နှလုံးသားတွေ ထဲအထိ ထိုးဖောက်စီးဝင်ချင်လို့ပါ …၊ ဒါကြောင့် အဖွဲ့ရဲ့ နာမည် ကို “The River” လို့ပေးထားတာပါ”
သူ့အသံက တက်ကြွထက်သန်မှု ဖြင့် ဖျတ်လတ်လွန်းနေသည်။ သူမက … ပြုံးတယ်ဆိုရုံကလေး နှုတ်ခမ်းကလေးတွန့်ကာ ပြုံးလိုက်တာကိုသူမြင်ရသည်။ တကယ်ဆိုရင် သူမ၏ အသက်ဟာ အလွန်ဆုံးရှိမှ သူတို့နှင့် ရွယ်တူ … ဆယ့်ရှစ်ဆယ့်ကိုးပတ်လည်ပေါ့။ သူမလျှမ်းလျှမ်းတောက် အောင်မြင်ချိန်က နှစ် နှစ် ကျော်ကျော် သုံးနှစ် နီးပါးပဲရှိသေးသည်။ ရွယ်တူဆိုပေမယ့်လည်း … သူမ၏ ပတ်ပတ်လည်မှာ အောင်မြင်မှု ဆိုသော တံတိုင်းကြီးက ခပ်မြင့်မြင့်ကာချထားသဖြင့် သူတို့ ကတော့မော့၍ ကြည့်နေရသလိုပင်။
“မင်းတို့အဖွဲ့ Dream World ပြိုင်ပွဲမှာ နိုင်မယ်လို့ မျှော်လင့်ထားသလား …”
ဒီမေးခွန်းကို ဒုတိယအကဲဖြတ်ဒိုင် ဖြစ်သော နာမည် ကြီးအဆိုတော် “ကိုဝိုင်ချို”ကလှမ်းမေး လိုက်ခြင်း ဖြစ်သည် …။ ဒီတစ်ခါတော့ သူမဖြေဘဲ သူ့သူငယ်ချင်း“ပီတိ”ကိုအလှည့်ပေးလိုက် သည်။ ပီတိက သူ့ကိုယ်သူ ယုံကြည်မှု ရှိသလောက် ဂီတအပေါ်မှာ အသက်လိုငြိတွယ်သူမို့ …
“ဟုတ်ကဲ့ … ကျွန်တော် တို့ မျှော်လင့်ထားပါတယ်။ အဲဒါကျွန်တော် တို့ရဲ့ ပန်းတိုင်ပါ”
ဟုဖြေလိုက်သည်။ တတိယဒိုင်က အဆိုတော် မိန်းကလေး တစ်ယောက် ဖြစ်သည်။ သူမက ..
“မင်းတို့အဖွဲ့လေးနဲ့မိတ်ဆက်ပေးပါဦး …”
ဟုဆိုသဖြင့် … ‘တေးသီ’ The River အဖွဲ့ကလေးကို မိတ်ဆက်ပေးလိုက် သည် …။
“ကျွန်တော် တို့လေးယောက် က သူငယ်ချင်းတွေ ဆိုလည်း ဟုတ်တယ်၊ ညီအစ်ကိုတွေ ဆိုလည်း မမှားဘူး …၊ အိပ်မက်တစ်ခုတည်းကို မျှဝေပြီးမက်နေကြတဲ့ သွေးသောက်ရဲမက်တွေ ပါ၊ ကျွန်တော် က တေးသီ … သူကပီတိ … သူကလင်္ကာဒီပတဲ့၊ ဟို တစ်ယောက် က နရီပါ … ”
“ဟား … နာမည် တွေ ကလည်း ဂီတနဲ့မကင်းကြပါလား … ၊ မင်းတို့အဖွဲ့ကလေးက ရူပါတွေ လည်းအလန်းစားဆိုတော့ မိန်းကလေးပရိသတ်နဲ့ နှလုံးသားကိုတော့ဆွဲကိုင်လှုပ်ရမ်းနိုင်ဦးမှာ ပေါ့ …. ကဲ …. အသံလေးတွေ နားထောင်တယ်ကွာ၊ ကဲ … လုပ်ပါဦး မင်းတို့ဆိုမယ့်သီချင်းက …”
“One Direction အဖွဲ့ရဲ့ “What makes you beautiful …”ဆိုပါမယ်”
“အိုကေ … နားထောင်မယ်ဗျား …”
သူတို့အဖွဲ့သီချင်းကို ခပ်မြူးမြူးသွက်သွက်ကလေး စဆိုသည် … ။ သူ့မျက်ဝန်းတွေ က မထင်မှတ်ဘဲ သူမဆီသို့ ရောက်ရှိသွားခဲ့သည်။ သီချင်းကိုဈာန်ဝင်စားပြီး လိုက်ပါခံစား နားထောင်နေဟန်ရှိသော သူမ၏ မျက်နှာလေးက သူ့ရင်ထဲသို့ လျှပ်နွယ်လို ပြိုးပြက်ဝင်းလက်စွာ လင်းချင်းစူးရှစွာ ဝင်ရောက်လာသည်။ အဲဒီ ညှိုမျက်ဝန်းတွေ ကြောင့် ပဲ … သူမကျော်ကြားလွန်းတာ။ နာမည် ကိုက … “လေးညှို့ရှင်”တဲ့။ သူမဆွဲညှို့ပစ်တင်လိုက်တဲ့မြားဟာ … ယောက်ျားတွေ တော် တော် များများ ရဲ့ နှလုံးသားတွေ ထိ စူးရှစိုက်ဝင်လေ့ရှိသတဲ့။ အဲဒီ လို သူကြားဖူးနေခြင်း ဖြစ်သည်။ ခုချိန်ထိ သူမကိုသိမ်းပိုက်ပိုင်ဆိုင်ခွင့်ရသော ချစ်သူရယ်လို့ မရှိသေးတာကိုက … သူမရဲ့ အောင်မြင်မှု ပဲလားမသိပါ။ သူ့အတွေးတွေ မဆုံးခင် သီချင်း ကတော့ ဆုံးသွားခဲ့ပြီ။ လက်ခုပ်သံတွေ ဆူဆူညံညံကြားခွင့်ရလိုက်သဖြင့် သူတစ်ကိုယ်လုံး လေဟာနယ်ထဲ မြောက်တက်လွင့်စင်သွားသလိုပင် ခံစားလိုက်ရပါသည်။ အကဲဖြတ်ဒိုင်အဖွဲ့တွေ ကိုယ်တိုင်ပင် သူ့တို့အဖွဲ့လေးကို လက်ခုပ်တီးအားပေးနေကြခြင်း ဖြစ်သည်။ ခန်းမထဲရှိပရိသတ်၏ လက်ခုပ်သံတွေ က တော် တော် နှင့် စဲမသွားခဲ့ …။ သူ့တစ်ကိုယ်လုံး .. ကြက်သီးမွေးညင်းတွေ စိမ့်ဖြာထလာသည်အထိ စိတ်လှုပ်ရှားလွန်းရသည်။ ဒါဟာ သူတို့အဖွဲ့ကလေးရဲ့ ပထမဆုံးသော အိပ်မက်လေ …။
လက်လုပ်သံတွေ စဲသွားချိန်မှာ … သူမထံမှ မှတ်ချက်ပေးသံကလေး စတင်ထွက်ပေါ်လာခဲ့သည်။
“ပထမဆုံးပြောချင်တာက ကျွန်မတို့ကြယ်အစုအဝေးတစ်စုကို … မမျှော်လင့်ဘဲ ရှာတွေ့ လိုက်ရတယ်ဆိုတာပါပဲ … တစ်ခုတော့ပြောချင်တယ်၊ “One Direction”အဖွဲ့ကို အားကျလို့ရပါတယ်၊ တုတော့မတုပပါနဲ့၊ ရှင်တို့မှာ ကိုယ်ပိုင်ဟန်ရှိပါတယ်၊ The River ပဲ ဖြစ်ပါစေ …”
သူမ၏ မှတ်ချက်က တကယ်ပဲ ပြတ်သားလှပါသည်။ ကျန်တဲ့ Judges သုံးယောက် ၏ မှတ်ချက်တွေ က သူ့ရင်ထဲသို့ မတိုးတော့ … ။ သူမပြောတာမမှားပါ။ One Direction အဖွဲ့၏ စန်းနှင့် အောင်မြင်မှု ကို သူတို့အားကျတပ်မက်မိသည် … ။ သူအဖွဲ့မို့ဆုံလိုက်လျှင် ဆိုသမျှ သီချင်းတိုင်းက One Direction အဖွဲ့ထဲကမထွက်နိုင်။ သူတို့က One D Crazy တွေ ကိုး … ။
“ကဲ … လေးညှို့ … Vote လုပ်ပါဦး”
“100% Yes …”
သူမအပါအဝင် ဒိုင်အဖွဲ့လေးယောက် စလုံး၏ Yes လေးခုစလုံးဖြင့် သူတို့အဖွဲ့ကလေး နောက်တစ်ဆင့်သို့ တက်သွားခဲ့ပါသည်။ သူတို့လေးယောက် သား … ခုန်ပေါက်ပျော်ရွှင်စွာ ဖြင့် ပြိုင်ပွဲခန်းမထဲက ထွက်လာတော့ … အပြင်မှာ စိတ်လှုပ်ရှားခြင်းများ စွာ ဖြင့် စောင့်နေသူကလေးက သူတို့ရဲ့ အချစ်ဆုံး တစ်ဦးတည်းသော မိန်းကလေးသူငယ်ချင်းလေး … “သဒ္ဓာမိုးစွေ”။
“ဘယ်လိုလဲ … ဘယ်လိုလဲဟင် … ”
ဟုအဖြေကို သိချင်ပြင်းပြစွာ ခုန်ဆွဆွလေးမေးနေသော မိုးစွေ၏ ဆံနွယ်တွေ ကို သူတစ်ချက်ဆွဲဖွပစ်လိုက်ကာ …
“YES! …. FOUR YESES … ´´
ဟုအော်လိုက်သည်။ သူမက HEY! ဟု ကလေး တစ်ယောက် လို ဝမ်းသာအားရခုန်ပေါက် ပျော်ရွှင်နေတော့သည်။
“ပထမအဆင့်တော့ အောင်မြင်သွားပြီဟေ့ …၊ ငါ့တယ်ရင်းလေးတွေ ပင်ပန်းသွားကြပြီ၊ ဝါးတီးသွားဆွဲကြစို့ … နင်တို့ကိုငါကျွေးပါ့မယ်”
“အဲဒါအကောင်းဆုံးအစီအစဉ်ပဲ … သိပ်လိမ္မာတဲ့ ငါ့သူငယ်ချင်းလေး …”
သူတို့ငါးယောက် သား ထိုင်နေကျကော်ဖီဘားကလေးဆီသို့ ရွေ့ခဲ့ကြလေသည် … ။ သူ့ရင်ထဲရှိ ရှိန်းမြမြနွေးအုံအုံခံစားမှု က တော် တော် နှင့် ပြယ်မသွားနိုင်ခဲ့။
“လေးညှို့ရှင်က အရမ်းမိုက်တယ်ကွာ … လှတာထက်ဆွဲဆောင်မှု ရှိလွန်းတာ၊ ရေရေလည်လည်ကိုလန်းတာ၊ သူ့အကြည့်တစ်ချက် ငါ့ဆီရောက်လာတိုင်း ရင်ထဲဒိုင်းခနဲပဲ ဗြောင်းဆန်သွားတာ၊ သူနဲ့သာချစ်သူ ဖြစ်ရမယ်ဆိုရင် ငါတကယ်သေလို့ရတယ်ကွာ … တကယ်ပြောတာ”
“နရီ ကတော့ ဇာတ်လမ်းစပြီ … ၊ နင်ဟာလေ တန်ရာတန်ရာမှန်းပါဟယ်၊ ဟိုကစင်ပေါ်မှာ ထိပ်ဆုံးနေရာကလူ၊ နင့်လိုဘာမှမဟုတ်တဲ့ သာမညောင်ညငပမွှားလေးကို စိတ်ကူးထဲမပြောနဲ့ … အီးနဲ့တောင်လှည့်မပေါက်ဘူး … သိလား၊ စိတ်ကူးတွေ သိပ်ယဉ်မနေနဲ့”
သဒ္ဒါမိုးစွေ၏ စကားတွေ က သူ့ရင်သို့ တည့်တည့်မှန်သွားခဲ့သည်။ …။ မိုးဆွေ ပြောလိုက်တာ ကတော့ နရီ့ကိုဆိုပေမယ့် သူကိုယ်တိုင်လည်း လေးညှို့ရှင်၏ ညှို့မြှားတစ်စင်း စိုက်ဝင်ခံခဲ့ရတာ ကို သူကိုယ်တိုင်ကလွဲပြီး ဘယသူမှမသိနိုင်းဘူးမဟုတ်လား။
“ဟာ … ငမိုးစွေ နင်ဘယ်လိုမိန်းကလေးလဲ … ဟမ်၊ ငါ့ကိုများ ပြောလိုက်တာ ရက်ရက်စက်စက်၊ သာမညောင်ည ငပမွှားလေးတဲ့…၊ ငါတစ်နေ့ ဘာ ဖြစ်မယ်ဆိုတာ နင်သိနိုင်လို့လား … ဟမ်၊ ငါတို့ရဲ့ The River အဖွဲ့ကလေးကလည်း တစ်ချိန်မှာ လျှမ်းလျှမ်းတောက် အောင်မြင်မနေဘူးလို့ ဘယ်သူငြင်းမလဲ၊ နင်ဟာလေ … လုပ်နေတော့ သီချင်းရေး တဲ့ Composer … နှလုံးသားကကျတော့ တစ်စက်ကလေးမှ အနုပညာမမြောက်တဲ့ဟာမလေး …”
နရီနှင့် မိုးစွေတို့ စကားစစ်ပွဲခင်းကျင်းနေတာကို သူပြုံး၍ ငေးကြည့်နေမိသည် …။ လေးညှို့ရှင်နှင့် မျက်နှာချင်းဆိုင်ဆုံပြီး … အပြန်အလှန်စကားဆိုမိချိန်မှာ … သူ့ကိုယ်သူဘာ ဖြစ်သွားလိုက်မှန်းပင်မသိလိုက်။ တကယ်ပဲ အညှို့ခံလိုက်ရသလိုလို …။ တိမ်တွေ ဆီပဲ မျောလွင့်သွားခဲ့သလိုလို …။ လူကအိမ်မက်ထဲမှာ ပဲ လမ်းထလျှောက်နေမိသလိုလို …။
“မဟုတ်ပါဘူး … ငါက နင်တို့ယောက်ျားလေးတွေ ရဲ့ စိတ်ကူးစိတ်သန်းကို မကြိုက်တာအဲဒါ။ မိန်းကလေး တစ်ယောက် အပြစ်ဆိုစရာမရှိအောင်သိပ်လှနေမယ် … ပစ္စည်းဥစ္စာ အဆင့်အတန်း ပြည့်စုံကြွယ်ဝနေမယ်ဆိုရင် … ကိုယ်နဲ့တန်၏ မတန်၏ သင့်၏ မသင့်၏ မစဉ်းစားတော့ဘဲ အတင်းကာရောကို ပြစ်မှားတတ်ကြတာကို ကြည့်လို့မရတာ ၊ အချို့ယောက်ျားလေးတွေ ပိုဆိုးသေး၊ ကိုယ်မအောင်မြင်တော့ အောင်မြင်ကျော်ကြားပြီးသား မိန်းကလေးကို ဇွတ်လိုက်ပြီး သူ့အရှိန်အဝါနဲ့ ကျော်ဇောမှု ကို မျှဝေစားသုံးချင်သေးတာ … အဲဒါယောက်ျားကောင်းမဟုတ်တော့ဘူး …”
သူမိုးစွေကို အလန့်တကြား လှည့်ကြည့်မိလိုက်သည်။ မိုးစွေ၏ စကားက သူ့နှလုံးသားကို သွေးစိမ်းရှင်ရှင် ပြန်ထွက်လာစေသည့်အထိ ဆတ်ဆတ်ခါနာကျင်သွားစေခဲ့သည်။ မိုးစွေသည် သူ့ဘဝအစိတ်အပိုင်း တော် တော် များများ ကို သိထားပြီးသား ဖြစ်သည်။ သူမဘာကြောင့် များ ဒီနေ့မှ သူ့ဘဝကိုထိခတ်စေသော စကားမျိုးတွေ အမှတ်တမဲ့ဟန်နှင့် လျှောက်ပြောနေခဲ့တာပါလိမ့် …။
“တော် ပြီဟာ … မိုးစွေ၊ နင်နဲ့ဆက်ပြီးစကားမပြောတော့ဘူး၊ ခဏနေရင် ဖိုက်တင်ပလေးရတော့မယ်၊ နင်တို့မိန်းကလေးတွေ ဟာ လွယ်ကိုမလွယ်ဘူး”
သူတို့အားလုံး ပြိုင်ဘီးကလေးတွေ ပေါ် ကိုယ်စီတက်လိုက်ကြစဉ် … မိုးစွေ၏ အကြည့်တစ်ချက် သူ့ထံသို့ စူးခနဲရောက်လာခဲ့သည်။ ပြီးတော့ အားနာပါနာ အပြုံးဖွဖွကလေးနှင့် သူ့ကိုလှမ်းပြောလိုက်သည်။
“ဆောရီးနော်....လင်္ကာ၊ ငါ နင့် အဖေကို ရည်ရွယ်ပြီး ပြောတာလုံဝ မဟုတ်ဘူး၊ ဒီကောင်နရီ့ ကိုပဲ အမြင်ကတ်ကတ်နဲ့ ထိုးနှက်ချင်လို့ ပြောလိုက်တာ....”
“I don’t mind …”
သူခပ်ပေါ့ပေါ့ဟန်ကလေးနှင့် ပြန်ပြောလိုက်ရပေမယ့် ရင်ထဲမှာ တော့ ကျဉ်ရှရှ မျက်တက်တက် …။ ဟုတ်တယ်လေ … လူ တစ်ယောက် ရဲ့ ရာဇဝင်ဆိုတာ သူကိုယ်တိုင်မရေး ဘဲ တခြားလူတွေ က ထင်မြင်သလို ဖတ်လို့ရတာ မှမဟုတ်တာ …။ သူ့အဖေရေး ထားတဲ့အတိုင်းသာ ပတ်ဝန်းကျင်ကလူတွေ ဖတ်ခွင့်ရတာ လေ။ အဲ့ဒီအတွက် … ဖတ်တဲ့သူကိုအပြစ်ဖွဲ့လို့မရ။ သူ့အဖေရဲ့ သမိုင်းက သူ့အဖေရဲ့ သမိုင်းက သူ့ရဲ့ ပစ္စုပ္ပန်လည်း ဖြစ်နေ … အနာဂတ်လည်း ဖြစ်နေတာကိုပဲ သူနာကျင်နေရခြင်း ဖြစ်သည်။ အဲဒါကြောင့် လည်း အဖေ့ကို သူခွင့်မလွတ်နိုင်တာ … နာကြည်းနေတာ … ဒီလောကမှာ လူလက်စားချေဖို့ လူ တစ်ယောက် ပဲရှိသည်။ အဲ့ဒါ … သူ့အဖေဆိုသော လူ တစ်ယောက် ပါပဲ။ “အောင်မြင်မှု ဟာ အကောင်းဆုံးလက်စားချေခြင်းလို့ သိခွင့်ရလိုက်ပြီးတဲ့နောက်မှာ လူ တစ်ယောက် ကို လက်စားချေနိုင်ဖို့အတွက် “သူအောင်မြင်အောင်လုပ်မယ် …” ဆိုတဲ့အသိ သူ့ရင်ဘတ်ထဲမှာ တံဆိပ်တစ်ခုလို ခပ်နှိပ်ထားခဲ့တာပါ …။
သူပြန်အလာကိုစောင့်မျှော်ရင်း သူ့ရင်ထဲကပျော်ရွှင်မှု ၊ ကြွေကွဲမှု တွေ ၏ အတိမ်အနက်ကို … လှေကားပေါ်တက်လာသောူသူ့ရဲ့ ခြေသံများ ကိုနားထောင်ပြီး သရုပ်ခွဲတတ်သူဆို၍ ဤလောကအလယ်တွင် မေမေတစ်ဦးတည်းသာ ရှိနိုင်ပါလိမ့်မည် ။ သူ့ခြေသံများ တက်ကြွသွက်လက်နေကာ ခပ်သွက်သွက် အပြေးတက်မိပြီဆိုရင်တော့ … သူ့မှာ ပျော်ရွှင်စရာ သတင်းစကားတစ်ခွန်း ပါလာခဲ့ပြီဆိုကာ ကြိုတင်မှန်းဆနိုင်နေသော မေမေက တံခါးကို အဆင်သင့်ဖွင့်ကာ ကြိုနေလေသည်။
“ဘာတဲ့လဲ … မေ့သားလေး”
“ပထမအဆင့်တော့ အောင်ခဲ့ပြီမေမေ၊ Judges လေးယောက် စလုံးရဲ့ YES လေးခုနဲ့ …”
“အိုး … မေ့မေ့သားလေး၊ မေမေ့မှာ ငါ့သားတို့ကို မေတ္တာပို့ဆုတောင်းပေးနေတာ၊ စက်တောင်မချုပ်နိုင်ဘူး …”
မေမေ့စက်ခုံပေါ်မှာ ချုပ်လက်စအင်္ကျီတွေ အပုံလိုက်တန်းလန်း …။ မေမေ့လက်ရာ ချုပ်ရိုးချုပ်သားတွေ နဲ့ ပုံစံဒီဇိုင်းက သပ်ရပ်လှပလွန်းသဖြင့် မေမေ့ဆီမှာ လာချုပ်ကြသော ဖောက်သည်တွေ များ ပြားလွန်းလှသဖြင့် … မေမေ့ခမျာ တစ်နေ့တစ်နေ့စက်ခုံကနေ မထနိုင်ရှာအားပါ။ လက်ချုပ်လိုက်ဖို့ အကူမိန်းကလေးကလွဲပြီး ကိုင်တိုင်းတာကအစ … ဒီဇိုင်းတွင် ဖြတ်ညှပ်ကိုက်တာအလယ် … ချုပ်ပြီးသည့်အဆုံး မေမေ တစ်ယောက် တည်းသာ ဒိုင်ခံ ဂျင်ခြေ လည်နေတော့သည်။ မေမေ့ကို ဖေဖေစွန့်ထားခဲ့ချိန်မှာ သူနှစ် နှစ် သားအရွယ်ပဲ ရှိသေးသည်။ ဆယ့်ခြောက်နှစ် လုံးလုံး မေမေသည်ဒီစက်ချုပ်ခြင်းအလုပ်နှင့် ပဲ အသက်မွေးဝမ်းကျောင်း ပြုခဲ့ကာ သူ့ကိုရှာဖွေကျွေးမွေး ပညာသင်ပေးခဲ့ခြင်း ဖြစ်သည်။ အဲ့ဒီ ကျေးဇူးတွေ ကို သူပြန်ဆပ်ခွင့်ရချင်လှပြီ။
မေမေ့သိတယ်၊ ငါ့သားလေး အောင်ကိုအောင်မြင်မှာ ၊ အဲ့ဒါမိခင် တစ်ယောက် ရဲ့ အလိုလိုခံစားမိတဲ့ ဆဋ္ဌမအာရုံပဲ၊ ငါ့သားမျက်နှာပေါ်မှာ အောင်မြင်ထင်ရှားတဲ့ သူတွေ မှာ ရှိတတ်တဲ့ လင်းထင်းတောက်ပနေတဲ့ အရောင် အဝါတစ်မျိုးရှိတယ်၊ ကိုယ့်သားမို့ မြှောက်ပြောနေတာ မဟုတ်ဘူး … ၊ မေမေ့သားက လူချောကလေး၊ ရုပ်ကလေးက ကြည်စင်ဝင်းလက်နေတာပဲ … အဲဒီ ရုပ်မျိုးပေါ့ အောင်မြင်ကျော်ကြားတဲ့ Celebrity ရုပ်မျိုး”
“ဟားဟား ဟား … ငါ့အမေ ရေရေလည်လည်ကိုမြှောက်တယ်ကွာ၊ သားအမိချင်း ရှက်စရာကြီးဗျာ၊ ကဲ … သားရဲ့ အောင်မြင်မှု အတွက် မေမေ့အတွက် ကြေးအိုးဆွဲလာခဲ့တယ်၊ ပူပူလေးစားရအောင် … ”
သူထမင်းစားခန်းထဲသို့ ဝင်လာခဲ့သည်။ မေမေက သူ့လက်ထဲက ကြေးအိုးထုပ်ကိုလှမ်းယူပြီး ကိုင်တိုင်ပြင်တင်နေရင်းမှ အမှတ်တမဲ့ဟန်ကလေးဖြင့် …
“သားသိတယ်မှလား … သားရဲ့ အဖေက သိပ်ကို အောင်မြင်ကျော်ကြားတဲ့ အဆိုတော် တစ်ယောက် ဖြစ်ချင်ခဲ့တာလေ၊ သူမ ဖြစ်ခဲ့တဲ့ဘဝကို သူ့သားသာ ဖြစ်ခဲ့ရင် သူဘယ်လိုနေမယ်မသိဘူး …”
“ကျွန်တော် နဲ့မေမေ့ကို ကျွန်တော် ဘာမှမသိတတ်သေးတဲ့ လူမမယ်အရွယ်ကလေးမှာ သွေးအေးအေးနဲ့ ရက်ရက်စက်စက်စွန့်ပစ်သွားတဲ့ အဖေဆိုတဲ့လူကို ကျွန်တော် ရဲ့ နိမ့်ကျဆင်းရဲနေတဲ့၊ မအောင်မြင်တဲ့ဘဝနဲ့ မတွေ့ ဆုံချင်သေးဘူးမေမေ၊ လူတိုင်းက မော့ကြည့်အားကျရလောက်တဲ့ အောင်မြင်မှု မျိုးနဲ့မှ ကျွန်တော် အဖေနဲ့ပြန်ဆုံချင်တာပါ … ၊ ကျွန်တော် နဲ့မေမေ့ကို အဖေဘာလို့ပစ်သွားခဲ့သလဲ ဆိုတဲ့မေးခွန်းကို ကျွန်တော် အဖေ့မျက်နှာကို ရဲရဲရင်ဆိုင်ကြည့်ပြီး မေးချင်ခဲ့ဖူးတယ်၊ သူစွန့်ပစ်ခဲ့တဲ့သားဟာ သူသိပ်လိုချင်မက်မော ရူးသွပ်ခဲ့ဖူးတဲ့ ဘဝတစ်ခုမှာ အောင်မြင်ထင်ရှားနေပြီဆိုရင် အဖေဘယ်လိုနေမလဲ … အဲဒါကို ကျွန်တော် လည်း သိချင်တယ်မေမေ၊ ကျွန်တော် အဖေ့ရဲ့ မျက်လုံးတွေ ထဲ စူးစူးရှရှကြီး ထွင်းဖောက်စိုက်ကြည့်ပြီး ပြုံးပြချင်တယ် … ၊ အဲဒါ ကျွန်တော့် ရဲ့ လက်စားချေလိုမှု ပဲ … ”
သူ့အသံဆီမှ နာကျင်စူးရှမှု တွေ ကို ခံစားမိသည့်အလား မေမေက သူ့ခေါင်းကိုဆွဲယူကာ ရင်ခွင်ထဲမှာ ခပ်ဖွဖွလေး ထွေးဖက်ထားလိုက်သည်။ မေမေထိုသို့ လုပ်တိုင်း … သူ့ရင်မှာ အရာရာ နွေးထွေးလုံခြုံသွားမိသော ခံစားချက်နွေးနွေးတစ်ဝက်၊ မေမေံအပေါ်အတိုင်းအဆမဲ့ စာနာကြင်နာသနားမိသော … စူးစူးနစ်နစ် နာကျင်ခံစားမိသော ပြင်းရှရှဝေဒနာက တစ်ဝက်ဖြင့် သူပင့်သက်ရှိုက်မိတတ်စမြဲ။ အဖေစွန့်ပစ်ကျောခိုင်းခဲ့သော သူ့ကိုအမေ တစ်ယောက် တည်း လောကဓံကိုကြံကြံခံစွာ ခက်ခဲပင်ပန်းစွာ ရုန်းကန်ရှာဖွေပြုစုကျွေးမွေး မြေတောင်မြှောက်ပေးခဲ့ခြင်း ဖြစ်သည်။ ဒီလောကမှာ မေမေသည် သူ့ရဲ့ ဘဝတစ်ခုလုံးဆိုရင်လည်း မမှားပါ။
“သားရယ် … သူဘာပဲလုပ်ခဲ့လုပ်ခဲ့ … သူဘာပဲ ဖြစ်နေ ဖြစ်နေ … အဖေဟာအဖေပဲ၊ အာဃာတတွေ သိပ်မထားပါနဲ့ ၊ ငါ့သားလေးစိတ်ပင်ပန်းလှတယ်၊ အာဃာတတွေ ၊ ဒေါသတွေ ၊ အမုန်းတရား၊ အငြိုးအမျက်တွေ ဆိုတာ သူတစ်ပါးအတွက်ရည်ရွယ်တာဆိုပေမယ့် တကယ်တမ်း လောင်ကျွမ်းအကျဉ်းကျခံနေရတာ က ကိုယ်ကိုယ်တိုင်ပါသားရယ်”
အဲဒီ စကားက မေမေ့သူ့ကိုအမြဲနှစ် သိမ့် ချော့မော့ဖျောင်းဖျနေကျစကားမို့ သူတောင် အလွတ်ရနေပါပြီ။ သူ့အဖေက အဲ့ဒီအချိန်တုန်းက လျှမ်းလျှမ်းတောက်အောင်မြင်နေတဲ့ အဆိုတော် “ငွေရတီ”ကို ခိုးပြေးသွားခဲ့ခြင်း ဖြစ်သည်။ သေသေချာချာ စဉ်းစားကြည့်မိလျှင် … အဲဒီ အချိန်တုန်းက မေမေဘယ်လောက်များ နာကြည်းရှက်ရွံ့နေခဲ့ရှာမလဲ … ။ အားငယ် ဝမ်းနည်းခဲ့ရှာမလဲ … ။ လူ့လောကအလယ်မှာ အားကိုးခိုလှုံဝင်စရာ မိဘရယ်လို့လည်းမရှိ တော့တာမဟုတ်။ တစ်ယောက် ထဲမှ မေမေ တစ်ယောက် တည်းရယ်ပါ။ လောကဓံကိုကြံ့ကြံ့ခံရင်း သားလူမမယ်ကလေးကို ပင်ပန်းခက်ခဲစွာ ရုန်းကန်ရင်း ကျွေးမွေးပြုစု မြေတောင်မြှောက်ပေးခဲ့သော မေမေပါ။ အသက်အရွယ်အားဖြင့် လည်း ငယ်ငယ်ရွယ်ရွယ်လေး၊ ရုပ်ရည်ကလေးကလည်း သနားကမား ချောချောလှလှလေးမို့ … အမေခေါင်းတစ်ချက်ညိတ်ရင် ရက်ရက်ရောရာ အားကိုးခံယူမည့် ပခုံးတွေ မှ တပုံတပင်မကရှိခဲ့သော်လည်း အမေထောက်ထားငဲ့ညှာခဲ့သည်မှာ သူ့မျက်နှာတစ်ခုတည်း …။ သူ့ကလေးဘဝတလျှောက်လုံး ဖခင်စွန့်ပစ်သွားတဲ့သား … ဆိုသော ဂုဏ်ပုဒ်အောက်မှာ သိမ်ငယ်နာကျင်ရှက်ရွံ့စွာ ကြီးပြင်းရှင်သန် လူလားမြောက်ခဲ့ရသည်။ မသိတတ်ခင်တုန်း ကတော့ သိချင်စိတ်ကလေးနဲ့ အမေ့ကိုအလိုက်မသိ မေးခွန်းထုတ်ခဲ့ဖူးသည်။…။
“အမေ … အဖေကသားတို့ကို ဘာလို့ပစ်သွားတာလဲဟင်”
“သူက အောင်မြင်ထင်ရှားတဲ့ အဆိုတော် တစ်ယောက် သိပ် ဖြစ်ချင်တာကိုးသားရဲ့ ၊ အဲဒီ တော့ နာမည် ကြီးအဆိုတော် မကို ယူလိုက်တာဘာဆန်းလဲ၊ အမေ ကတော့ သူ့ဘဝကို အောင်မြင်ကျော်ကြားအောင်မှ လုပ်မပေးနိုင်တာ”
ဟု အမေပြောခဲ့ဖူးတာကို သူ့နှလုံးသားထဲစွဲနစ်နေအောင် မှတ်ထားခဲ့သည်မှာ ယခုအချိန်ထိပါပဲ …။ အဖေ့ကို ဘယ်လောက်ငြိုးမျက်နာကျည်းနေခဲ့သော်ငြား … သူ့ သွေးကြောထဲမှာ လှည့်ပတ်စီးဆင်းနေခဲ့သော အဖေ့ရဲ့ ဗီဇသွေးကိုတော့ သူဘယ်လိုမှဖောက်ထုတ် မပစ်နိုင်ခဲ့ … ။ သူသည် ဂီတသမား တစ်ယောက် အ ဖြစ်ကို အသွေးအသားထဲကနေ ဆာလောင်မွတ်သိပ်စွာ စွဲလမ်းရူးသွပ်ခဲ့သည်။ သီချင်းတွေ ကို နှလုံးသားရဲ့ ဟိုးအနက်ရှိုင်းဆုံး နေရာထဲကနေ မက်မက်မောမော မြတ်နိုးငြိတွယ်သည်။ သူ့ဘဝမှာ … အမေရယ်၊ ဂီတတစ်လက်ရယ်၊ သီချင်းတွေ ရယ်သာရှိခဲ့ရင် ပြီးပြည့်စုံသော် အဓိပ္ပါယ် ဖြစ်ပြီ။ အဖေ့လိုပဲ ဂီတဖြင့် အောင်မြင်ကျော်ကြားသော သီချင်းသည် တစ်ယောက် ဖြစ်ချင်လွန်းတာ မှန်ပေမယ့် အဖေနှင့် အဆန့်ကျင်အခြားနားဆုံးအချက် ကတော့ … “ကိုယ်အောင်မြင်ကျော်ကြားဖို့အတွက် သူတစ်ပါးရဲ့ အောင်မြင်မှု အရှိန်အဝါကို ဘယ်တော့မှအသုံးမချဘူး” ဆိုသော သူ့ရဲ့ ခံယူချက် … (သစ္စာတရား)ပဲ ဖြစ်သည်။
အခုအချိန်မှာ -
သူကဘာမှ မဟုတ်သေးသော …
သာမန်သာမညောင်ည လူငယ်ကလေးတစ်ဦး …
“အောင်မြင်မှု ”ဆိုတာကို မက်မက်မောမော၊
အာသာငမ်းငမ်း ဆာလောင်ပြင်းပြငတ်မွတ်နေမိသော …
ဟိုးအမြင့်ကြီးက သူမကို
လေးစားအားကျအထင်ကြီးမှု တွေ ရယ်၊
နှစ်သက် မြတ်နိုးစွဲလန်းမှု တွေ ရယ်နှင့်
မော့ကြည့်ငေးမောရင်ခုန်နေရသော
သာမန်ငတိကလေး တစ်ယောက် ပါပဲ။
![]() ပျားရည်မြစ်တစ်စင်းထဲက ပဉ္စလက်နှင်းဆီ | ![]() မြတ်နိုးမိသည်မှအပ | ![]() အချစ်ကသင့်အား ပြုစားခဲ့သော် |