အခန်း(၁)
သူမအတွက်တော့
အချစ်က မျက်လှည့်တစ်ခုနှင့် တူသည်
ပဉ္စလက်ဆန်သည်။
အံ့သြနွေးထွေးမှု ကို ပေးသည်။
စိတ်ကို ဖြားယောင်းလွန်းသည်။
မ ဖြစ်နိုင်ဘူးလို့ ထင်ထားသော အရာတစ်ခုကို
တကယ် ဖြစ်လာအောင်လည်း
ဖန်တီးနိုင်စွမ်းရှိခဲ့သည်။
ပြီးတော့…..
အချစ်က ပြုစားတတ်ပြန်သည်။
သူသင်ပေးတဲ့အတိုင်း သူခိုင်းတာ သားလုပ်ရတယ်။
မလုပ်ရင် အရိုက်ခံရတယ် မေမေ။
သားတို့ လူတွေ ကြားထဲ လမ်းမတွေ ပေါ်
လမ်းတွေ လျှောက်ရတယ်။ ပြေးလွှားရတယ်။
ပုန်းရတယ်။ လူတွေ မသိအောင် သူတို့ရဲ့
ပိုက်ဆံအိတ်တွေ နှိုက်ရတယ်။ ဆိုင်တွေ ၀င်ပြီး
ပစ္စည်းတွေ ခိုးရတယ်။ အလစ်သုတ်ရတယ် မေမေ။
ဗိုက်ဆာရင် ဆိုင်မှာ ၀င်စားပြီးတာနဲ့
ဆိုင်ရှင်မသိအောင် လစ်ပြေးရတာ ပဲ မေမေ။
ကြိတ်ကြိတ်တိုးစည်ကားလျက်ရှိသော တောင်ကြီးမြို့၏ တန်ဆောင်တိုင်ပွဲတော် ည သည် မီးပုံပျံလွှတ်ကြသူများ ၊ ဇာတ်ပွဲများ ၊ ကစားပွဲများ ၊ ဈေးသည်များ ဖြင့် အထူးစည်ကား သက်ဝင်လှုပ်ရှားလျက်ရှိသည်။ `နှင်းရည်’က အမြွှာသမီးကလေးကို ချီထားရပြီး ‘ကို’က အမြွှာ သားကလေးကို ချီလျက် လက်တစ်ဖက်က လေးနှစ် အရွယ် သားအကြီးကလေးကို လက်ဆွဲ ထားရသေးသည်။ နှစ် တိုင်း တန်ဆောင်တိုင်ဆို တောင်ကြီးမှာ ရှိသော ဖေနဲ့မေကို လာကန်တော့ရင်း စည်ကားလှသော တောင်ကြီးတန်ဆောင်တိုင်ပွဲကို လာတတ်စမြဲပါ။ ပွဲခင်း ထဲရှိ ရှမ်းစားပူပူနွေးနွေးတွေ စားရတာ ၊ ကလေးတွေ ကို ဟိုဟိုဒီဒီ လျှောက်ပြရင်း သူတို့ အတွက် အရုပ်ကလေးတွေ တစ်မျိုးမျိုးဝယ်ပေးရတာ ၊ မီးပုံပျံတွေ လွှတ်ရတာ ကို အံ့သြပျော်ရွှင် စွာ ကြည့်ရတာ ကို ‘နှင်းရည်’ ဘယ်လို မက်စက်မှန်းမသိ။ လူတွေ ဘယ်လောက်တိုးတိုး ကလေးသုံးယောက် နှင့် ပွဲခင်းထဲကို ရောက်အောင်လာနေကျ။ ပွဲခင်းက လူတိုင်း၏ စိတ် အာရုံကို တစ်မျိုးတစ်ဖုံ ဆွဲဆောင်ဖြားယောင်းနိုင်စွမ်းရှိသည်။ အသံချဲ့စက်ဆီကနေ လွှင့်လျက် ရှိသော သီချင်းသံတွေ ၊ ဆိုင်းသံဗုံသံတွေ ၊ ကြော်ငြာသံတွေ ကို နှင်းရည် ဘာ ကြောင့် မှန်းမသိ စွဲလန်းလှသည်။
‘ဖေ…. သား မျက်လှည့်ပွဲ ကြည့်ချင်တယ်’
သားကြီးလေးက သူ့အဖေကို ပူဆာသံကြားလိုက်ရပေမယ့် သူ့အဖေက ခန္ဓာကိုယ်ပေါ် က နှစ် နှစ် သားလေးက မိုးပျံပူဖောင်းပူဆာနေတာမို့ ပူဖောင်းသည်ဆီ အရင်သွားကာ ပူဖောင်း ၀ယ်ပေး၏ ။ သမီးလေးက အာတာပူစီ ပန်းရောင် ကြီးတွေ ကို လက်ညှိုးထိုးကာပူဆာသဖြင့် နှင်းရည်က အသည်ကြီးဆီ လျှောက်သွားကာ တစ်ခုဝယ်ပေးလိုက်ရသည်။ အသည်ချင်းက သိပ်မဝေးလှဘူးလေ။ အာတာပူစီဝယ်ပြီး ပူဖောင်းသည်ဆီ ပြန်လာတော့ ‘ကို’က….
‘သားရော’
ဟု လှမ်းမေးလိုက်သဖြင့် နှင်းရည် ကြောင်သွားရသည်။
‘သားက ‘ကို’ ဆွဲထားတာလေ။ ဒီမှာ သမီးလေးက အာတာပူစီ ပူဆာလို့ ဒီနားလေး တင် သွားဝယ်တာ’
‘ဟာ……လုပ်ပြီကွာ၊ ဒီကောင် လက်တွဲ ထားတာကို ဖျက်ခနဲ ဖြုတ်သွားတယ်။ ကိုယ်က မင်းနဲ့ လိုက်သွားတယ် မှတ်တာ။ ပြဿနာပဲ….. ရှာစမ်း၊ လူတွေ ဒီလောက် ရှုပ်နေတာ၊ ပျောက်သွားမယ်’
‘ဟောတော် …. ဒုက္ခပါပဲ၊ ဒီကောင်လေး ဘယ်များ ထွက်သွားတာပါလိမ့်….. သားကြီး ရေ….’
နှင်းရည် ရင်ထဲပူသွားကာ မျက်လုံးတွေ ပင် ပြာဝေသွားရသည်။ ဒီလောက် ရှုပ်ထွေးစည်ကားနေသော ပွဲခင်းထဲမှာ သားလေး မတော် တဆ ပျောက်သွားမှဖြင့် တွေးပင် မတွေးဝံ့။
‘နေဦး…… သူ ခုနက မျက်လှည့်ပွဲ ကြည့်ချင်တယ် ပြောတယ်၊ ကိုယ် အဲဒီ နား သွားရှာ ကြည့်မယ်၊ မင်းဒီနား တ၀ိုက်မှာ ပဲ ရှာ၊ အဝေးကြီး ထွက်မသွားနဲ့၊ လူချင်းကွဲသွားမယ်’
‘ကို’က မျက်လှည့်ဝိုင်းနားဘက် ခပ်သွက်သွက် ထွက်သွားသည်။ နှင်းရည် ဘေးပတ်ဝန်းကျင်တစ်ခုလုံး ချာချာလည်အောင် လှည့်ပတ်ရှာရင်း တစ်ခေါင်းလုံး မူးနှောက် ပြာနှမ်းလာတဲ့အထိ….။ ချီထားသော သမီးလေးက စိတ်ရှုပ်ထွေးစွာ အာခေါင်ခြစ် ငိုကြွေး လျက်ရှိပြီ။ နှင်းရည် နှလုံးသားက မြင်းအကောင်တစ်ရာလောက် ကဆုန်ပေါက် ဒုန်းဆိုင်းပြေး နေသလို ၀ုန်းဒိုင်းကြဲ ဆောင့်ခုန်လျက်ရှိသည်။
‘သားကြီးရေ….. မောင်သက်နှင်းရေ….. သားကြီးရေ…..’
‘ကို’ ပြန်ရောက်လာတော့ ကိုနှင့် အတူ ပါလာမည့် သားကြီးကို မျှော်လင့်တကြီး လှမ်းမျှော်ကြည့်မိသည်။ ကိုကလည်း နှင်းရည်ဆီသို့ မျှော်လင့်တကြီး မျက်ဝန်းများ နှင့် အမော တကော လှမ်းကြည့်တာကို မြင်ရသည်။ သွေးဆုတ်ဖြူလျော်လျက်ရှိသော နှင်းရည်ကို မြင် ရသော အခါ ကို့ မျက်နှာပျက်သွားသည်။
‘တောက်….. ဒီကောင်လေး ဘယ်ထွက် သွားပါလိမ့်ကွာ’
‘ဘုရားရေ၊ ဘယ်လိုလုပ်ကြမလဲဟင်……. အပျက်ပျက်နဲ့ သားကြီးပျောက်သွားဦးမယ်၊ ရှာပါဦး ကိုရဲ့ ၊ ဒီဆိုင်နား တ၀ိုက်မှာ ပဲ ရှိမှာ ပါ။ ဝေးဝေးကို ထွက်မ သွားလောက်ပါဘူး။ ကူညီ ပေးကြပါဦးရှင်၊ ကျွန်မ သားကလေး ပျောက်သွားလို့ပါ။ အသက် လေးနှစ် အရွယ်ကောင်လေး တစ်ယောက် များ မတွေ့ မိဘူးလားရှင်။ သူ့ရဲ့ ညာဘက် နားထင်မှာ အမှတ်ညိုညိုလေး ပါ,ပါ တယ်။ အမှတ်လေးက မြန်မာပြည်မြေပုံကလေးအတိုင်း ခပ်ဆင်ဆင်ပါ’
အနီးတ၀ိုက်မှာ တွေ့ တွေ့ သမျှ လူတိုင်းကို အားကိုးတကြီး လိုက်မေးမိသည်။ ကိုက ပွဲခင်းထဲရှိ လုံခြုံရေး တာဝန်ခံတွေ ကို သတင်းပို့သည်။ ပြီးတော့ ဆိုင်တစ်ဆိုင်ရှိ စပီကာ ကနေ လူပျောက်ကြော်ငြာသည်။ သားကြီးနာမည် နှင့် ပုံပန်းသဏ္ဌာန်၊ ၀တ်ထားသော အ၀တ် အစားပါ ပြောပြပြီး ပတ်ဝန်းကျင်၏ အကူအညီကို တောင်းခံရသည်။ ပွဲခင်းတစ်ခုလုံး ရုတ် တရက် ကမ္ဘာပျက်သွားသလို နှင်းရည်ခံစားရပါသည်။ သမီးလေးက ငိုလှပြီ။ ကိုက စကား တစ်ခွန်းမှ မပြောတော့။ သားကိုသာ သည်းသည်းမည်းမည်း လိုက်ရှာနေသည်။ နှင်းရည်က တော့ ရင်တစ်ခုလုံး ဆုတ်ဖြဲခံလိုက်ရသလို ဟင်းလင်းပွင့်လျက် ငိုကြွေးမိပြီ။
သားကြီးရေ….. မေမေတို့ဆီ အမြန်ဆုံး ပြန်လာခဲ့ပါ သားကြီးရယ်…..။
သားကြီးပျောက်သွားတာ နှစ် နာရီရှိပြီ။ ညက ပိုအေးစက်လာသလို လူတွေ လည်း တချို့ အိမ်ပြန်ကြပြီ။ နှင်းရည်တစ်ကိုယ်လုံး ကိုက်ခဲနာကျင်လှပြီ။ ကလေးတွေ ကိုယ်ပေါ် မှာ အသီးသီး အိပ်ပျော်သွားကြပြီ။ ပွဲခင်းတစ်ခုလုံး အနှံ့ရှာနိုင်သမျှ ရှာခဲ့ပြီးပြီ။ တွေ့ တွေ့ သမျှ လူ တွေ ကိုလည်း မေးကြည့်ပြီးပြီ။ ရဲကိုလည်း အကြောင်းကြားပြီးပြီ။ သားကို အရိပ်အယောင် ကလေးမျှ ရှာလို့ မတွေ့ ခဲ့။
‘သားကို မတွေ့ မချင်း ကျွန်မ အိမ်မပြန်ဘူး။ ဒီပွဲခင်းထဲမှာ ပဲ ဆက်ရှာမယ်။ ပွဲခင်းတစ်ခု လုံး ရှင်းလင်းသွားတဲ့အထိ စောင့်ပြီး ရှာပါရစေ ကိုယ်ရယ်။ ကျွန်မရဲ့ သားလေး….. ကျွန်မရဲ့ သားလေး’
‘နှင်း…. မင်း သိပ်ပင်ပန်းနေပြီ။ ကလေးတွေ လည်း ပင်ပန်းလှပြီ။ မင်းနဲ့ ကလေးတွေ ကို အိမ်ပြန်ပို့ပြီးရင် ကိုယ် ဆက်ရှာပါ့မယ်။ တစ်ညလုံး ကိုယ်ရှာပါ့မယ်’
‘ဟင့်အင်း…. ကျွန်မ မပြန်ဘူး။ သားလေး ဒီပွဲခင်းထဲမှာ ပဲ ရှိနေမှာ ။ သူ သိပ် ကြောက်နေမှာ ။ ဆက်ရှာရအောင် ကိုရယ်။ ကျွန်မကို အိမ်မပြန်ခိုင်းပါနဲ့။ ကျွန်မ ရင်ကျိုးရလိမ့်မယ်။ သူ့အဘိုးနဲ့ အဘွားကို ကျွန်မ ဘယ်လိုပြောရမလဲ။ လာတုန်းက စုံစုံညီညီ၊ အခုတော့ ကျွန်မ သားလေး မပါတော့ဘူး။ ဟင့်အင်း….. ကျွန်မ မပြန်ဘူး။ သားလေး မပါဘဲ ကျွန်မ မပြန်ဘူး….’
ရုတ်တရက် နှင်းရည် ရူးသွားမတတ် ရင်တွင်းမှာ ပူလောင်သော ကမီးတွေ အရှန်ငြီးငြီး လောင်ကျွမ်းခဲ့လေသည်။ သားလေး၏ အဖေက မျက်နှာတွေ နီရဲ၊ မေးကြောတွေ တင်းနေတဲ့ အထိ အံတင်းတင်းကြိတ်ထားကာ နှင်းရည်ကို အသက်မဲ့နေသော မျက်ဝန်းဗလာတွေ နှင့် ငေးကြည့်နေသည်။ နှင်းရည် မျက်ဝန်းအိမ်နှစ် ဖက်မှာ မျက်ရည်စီးကြောင်းက အဆက်မပြတ် စီးဆင်းနေ၏ ။
‘မင်းပြန်ရမယ်၊ ငါ့သားကို ငါ တွေ့ အောင်ရှာမယ်။ ပြန်မတွေ့ လို့ မ ဖြစ်ဘူး။ ငါ့ကိုယ် ငါ တစ်သက်လုံး ခွင့်လွှတ်နိုင်တော့မှာ မဟုတ်ဘူး’
‘ကျွန်မ ရင်တွေ ကွဲပါပြီရှင်၊ ကျွန်မ နှလုံးသား ဆွဲထုတ်ခံနေရသလိုပဲ၊ သားလေး ဘယ်နားမှာ လဲ သားလေးရေ၊ မေမေ့ဆီ ပြန်လာခဲ့ပါနော်။ သားကို တွေ့ အောင် ပြန် ရှာပေးကြပါရှင်’
နှင်းရည် ခေါင်းမာစွာ နှင့် မပြန်ဘဲ ဇွတ်ပေတင်းကာ သွေးရူးသွေးတန်း လိုက်ရှာမိပြန် လေသည်။
လူတွေ တဖြည်းဖြည်းပါးစ,ပြုလာခဲ့ပြီ။ ညကလည်း အေးစက်ခြောက်သွေးလာခဲ့သည်။ ကလေးတွေ တစ်ယောက် စီပွေ့ချီထားကြလျက်က နှင်းရည်တို့ လင်မယားနှစ် ယောက် မူး နောက်ပြာဝေတဲ့အထိ ရှာကြဆဲ။ ညည့်နက်လာသည်နှင့် အမျှ မျှော်လင့်ချက်တွေ တစ်စစီ ပြိုကွဲလာခဲ့ရပြီ။ ကလေးတွေ လည်း အေးစက်လှပြီ။ ဒါပေမယ့် မိဘတွေ ရဲ့ ပခုံးတွေ ပေါ်မှာ အသီးသီး အိပ်မောကျလို့။ နှင်းရည်တစ်ကိုယ်လုံး ကိုင်ရိုက်ထားသလို နာကျင်ကိုက်ခဲလှပြီ။ စိတ်ကိုသာ တင်းမထားမိတော့ဘူးဆိုလျှင် ခု ချက်ချင်း ပဲ ဒူးညွတ်ပျော့ခွေကာ ပုံရက်သား လဲကျ သွားလောက်ပြီ။ ‘သား’ဆိုသော မျှော်လင့်ချက်က နှင်းရည်အာရုံများ ကို နိုးကြား ထက်သန် ပြင်းပြစေလေသည်။ တစ်နေရာရာမှာ သားကို အမှတ်မထင် ပြန်တွေ့ ရနိုး မျှော်လင့်ချက် တနင့်တမောနှင့် ရင်တစ်ခုလုံး ပြည့်သိပ်ပြွတ်ကြပ်နေတော့သည်။
ဆိုင်အချို့ သိမ်းကုန်ပြီ။ လူတွေ လည်း အိမ်ပြန်ကုန်ကြပြီ။ နှင်းရည်တို့ နှစ် ယောက် စလုံး အိမ်ပြန်ချင်စိတ်မရှိကြ။ အိမ်ပြန်လိုက်လျှင် သားကလေးကို ဘယ်တော့မှ ပြန်မတွေ့  နိုင်အောင် လက်လွှတ်ဆုံးရှုံးလိုက်ရတော့မလို နောက်ဆံငင်မိသည်။ ဒီပွဲခင်းကြီးရဲ့ တစ် နေရာရာမှာ သားကလေး မျက်စိလည် လမ်းမှားကာ မိဘတွေ ကို လိုက်ရှာနေလိမ့်မည် ဟု ယုံကြည်ချင်သည်။ သားကလေးဟာ ခုမှ အသက်လေးနှစ် သားကလေးပဲ ရှိသေးတာ။ ဘာမှ သေသေချာချာကြီး မသိတတ်သေး။ မိဘတွေ ရဲ့ ရင်ခွင်ကနေ ရုတ်တရက် ပျောက်သွားရခြင်း အပေါ် သားကလေး ကြောက်ရွံ့မဆုံး ရှိနေလိမ့်မည် ။ လုံခြုံရေး အဖွဲ့တွေ လည်း လိုက်ရှာနေ ကြဆဲပင်။ သားကလေးကို ဘယ်မှာ မှ မတွေ့ …..။
ပွဲခင်းတစ်ခုလုံး တိတ်ဆိတ်ခြောက်ကပ်လို့ သွားခဲ့ပြီ။ နှင်းရည်နှင့် ကို တစ်ယောက် လက်ကို တစ်ယောက် ခပ်တင်းတင်းဆုပ်ကိုင်ထားမိကြကာ တစ်ယောက် မျက်နှာ တစ်ယောက် မျှော်လင့်ချက်ကင်းမဲ့သွားသော မျက်ဝန်းများ ဖြင့် ကြည့်နေမိကြသည်။ လူတွေ မရှိသလောက် ပါးသွားခဲ့ပြီ။
‘အိမ်ပြန်ကြစို့ မိန်းမရယ်၊ ရဲကိုလည်း တိုင်ထားပြီးပြီ။ မနက်ဖြန် တစ်ခေါက် ထပ်ရှာ ကြတာပေါ့’
နှင်းရည် တစ်ချက်ရှိုက်လိုက်မိသည်။ ဘယ်ရောက်သွားမှန်းမသိသော သားကလေးကို ထားပစ်ခဲ့ရတော့မယ့်အ ဖြစ်။ ရင်ထဲ မချိမဆန့် နာကျင်လွန်းရပါသည်။ နှင်းရည်စိတ်ကို လျှော့ချလိုက်မိသော အခါ မိုက်ကနဲ ခွေညွတ်ပြိုကျသွားခဲ့ရတော့သည်။ သားလေးရေ….. မေမေ့သားကို မေမေ မထားခဲ့ပါရစေနဲ့။ မတွေ့ တွေ့ အောင် မေမေ ပြန်ရှာပါရစေ။
နောက်တစ်နေ့ . . . . . . .။ အရာရာသည် အစိတ်စိတ်အမြွှာမြွာ ဖရိုဖရဲ ကွဲအက်လွင့် စင်လို့။ မုန်တိုင်းကျပြီးစ လေဟာပြင်တစ်ခုလို ဟာလာဟင်းလင်း။ ပွဲခင်းဆီမှာ ထပ်ပြီး သွားရှာ ကြပါသည်။ တစ်စုံ တစ်ယောက် များ သားလေးကို တွေ့ ပြီးခေါ်ထားမလား။ တစ်နေရာရာမှာ တစ်ယောက် ယောက် ကများ တွေ့ လိုက်မလား။ တစ်ယောက် ယောက် ဆီကများ သားလေးနဲ့ ပတ်သက်ပြီး သတင်းအစအနများ ရမလားဟု မျှော်လင့်ချက်တွေ တပွေ့တပိုက်ဖြင့် လိုက်ရှာ ခဲ့ကြပါသည်။ မိဘတွေ ခမျာလည်း ရင်ကွဲပက်လက်။ နှင်းရည်တို့ တစ်မိသားစုလုံး မယုံနိုင် စရာ ဆောင်းအိပ်မက်တစ်ခုကို မက်လိုက်ရသလိုပါ။ ယုံလည်း မယုံနိုင်ကြ။ သားကလေးကို တစ်နည်းနည်း နှင့် ပြန်တွေ့ ရလိမ့်မည် ဟု မျှော်လင့်တကြီး ရှိခဲ့ကြရသည်။
နောက်တစ်နေ့. . . . .နောက်တစ်နေ့ . . . . . နောက်နေ့ပေါင်းများ စွာ နှင်းရည်တို့ သားကလေးကို ရှာခဲ့ကြပါသည်။
အားကိုးရာမဲ့ ဖြစ်သော အခါ ဗေဒင်တွေ ၊ အကြားအမြင်တွေ ၊ ယတြာတွေ ပင် မကျန် စေရ။ တစ်နေ့တစ်ခြား မျှော်လင့်ချက်တွေ သာ မဲ့သထက် မဲ့လာကြသည်။ ရန်ကုန်ပြန်ဖို့ ရက် တွေ ကို တစ်နေ့ပြီးတစ်နေ့ နောက်ဆုတ်ရင်း ပျောက်ဆုံးသွားသော သားကလေးကို အသည်း အသန်ရှာဖွေခဲ့ကြပါသော်လည်း သားကလေးကို ပြန်မတွေ့ ရတော့ပါ။ သားကလေး ဘယ်ဆီ များ ရောက်သွားခဲ့သလဲ။ ဘယ်သူကများ အညှာအတာ ကင်းမဲ့စွာ ရက်ရက်စက်စက် ခေါ် ဆောင်သွားခဲ့ပါသလဲ။ သားကလေး သိပ်များ ကြောက်ရွံ့အားငယ်နေရှာမလား။ သူတစ်ပါး ရဲ့ နှိပ်စက်ခြင်းကိုများ ခံနေရရှာမလား။ မိဘတွေ ကို အားကိုးတကြီး လိုက်ရှာနေမှာ လား။ သားလေးရေ….. မေမေ မတွေးဝံ့တော့ပါဘူး။ မေမေ့ရင်တွေ တစ်စစီ ကွဲကြေခဲ့ပါပြီ သား လေးရေ။ မေမေ့ရင်ထဲက နှလုံးသားလည်း မရှိတော့ပါဘူး။ သားလေးနဲ့အတူ ပျောက်ဆုံးခဲ့ ပါပြီ သားရယ်။
မေမေရေ……။ သား ကြောက်တယ်။ သားကို လာခေါ်ပါ။ သား ဘယ်ရောက်နေလဲဆို တာ သား မသိဘူး။ သား ဖေဖေနဲ့ မေမေ့ကိုပဲ တွေ့ ချင်တယ်။ ဖေဖေနဲ့ မေမေ့ကို သား အရမ်း လွမ်းတာပဲ။ ညီလေးနဲ့ ညီမလေးကိုလည်း သားသတိရတယ်။ သားကို လိုက်ရှာပါ…..ဖေဖေ နဲ့ မေမေရယ်။ သား မေမေ့ဆီ အရမ်းပြန်ချင်တာပဲ။ ဒါပေမဲ့ သားသိတယ်။ သားကို သူ ပြန် လွှတ်တော့မှာ မဟုတ်ဘူး။
‘ဦး သားကို ဖေဖေနဲ့ မေမေ့ဆီ ပြန်ပို့ပေးပါဗျာ။ သား အိမ်ပြန်ချင်တယ်။ မေမေ့ကို လွမ်းတယ်’
‘ပို့ပေးမှာ ပေါ့။ ငါက မင်းကို ခေါ်လာတာ မဟုတ်ဘူးလေကွာ။ မင်းမိဘတွေ နဲ့ ကွဲသွား လို့ မင်းကိုငါ ကယ်တင်ပေးလာတာ။ ငါ့ဘ၀က ကြမ်းတယ်ကွ ကောင်လေးရ။ ငါက တစ်ကောင်ကြွက်၊ ခြေသလုံး အိမ်တိုင်၊ ငါ့အလုပ်က ခါးပိုက်နှိုက်၊ နေရာအနှံ့ လျှောက် သွားနေတဲ့ကောင်။ ငါ့မှာ အားကိုးစရာ အဖော်မရှိဘူး။ မင်းကိုငါ ခေါ်ထားလို့ ရသလောက်ခေါ်ထားရမှာ ပဲ။ မင်းကိုပဲ ငါ အားကိုရမှာ ။ င့ါရဲ့ ပညာတွေ အကုန်သင် ပေးမယ်ကွာ။ မင်း ငါနဲ့ပဲ အတူနေတော့ကွာ။ ငါက တစ်နေရာတည်းမှာ အတည်တကျ နေတဲ့ကောင်မဟုတ်ဘူး။ နယ်အနှံ့လျှောက်သွားနေတဲ့ကောင်။ ဇရပ်တကာ လှည့်အိပ် နေတဲ့ကောင်။ ငါ့မှာ စကားပြောဖော် အဖော်လိုတယ်ကွ။ မင်း ငါနဲ့ပဲ နေပါကွာနော်။ ငါ သား တစ်ယောက် လိုချင်နေတာနဲ့ အတော် ပဲ။ မင်းကို သားအ ဖြစ် မွေးစားလိုက်ပြီကွာ’
‘ဟင့်အင်း . . . . . . သား ဦးနဲ့ မနေချင်ဘူး။ သား မေမေတို့ဆီ ပြန်ချင်တယ်ဗျ။ သားကို ပြန်ပို့ပေး’
‘ဟေ့ကောင် . . . . . . . တော် ပြီ မငိုနဲ့တော့။ အသံလည်း ဆက်မထွက်နဲ့တော့။ ငါနဲ့ ပဲ နေရမယ်။ မင်းကို ငါ့ပညာတွေ အကုန်သင်ပေးမယ်။ မင်း ငါ့သား ဖြစ်သွားပြီကွာ။ မင်း ငါ့ကို အဖေလို့ပဲခေါ်ရမယ် ကြားလား’
သူ သားရဲ့ လက်တွေ ကို အရမ်းဆုပ်ထားတယ် မေမေ။ သား ငိုတယ်။ မေမေ့ဆီ အရမ်း လာချင်တာပဲ။ သား အရမ်းကြောက်တယ် မေမေ။ သား ဘယ်ရောက်နေမှန်းလည်း သား မသိဘူး။ သား အရမ်းချမ်းတယ် မေမေ . . . . . ။ သား အရမ်းဗိုက်ဆာတာပဲ မေမေ။ သား အိပ်ရာနဲ့လည်း မအိပ်ရဘူး။ ထမင်းဟင်းလည်း ကောင်းကောင်းမစားရတာ ကြာပြီမေမေ။ ဦး ကို သား အရမ်းကြောက်တယ်။ ဒါပေမဲ့ သူ ကျေနပ်အောင် ‘အဖေ’ လို့ သူ့ကို ခေါ်ရတယ် မေမေ။ သား အိမ်ပြန်ချင်တယ်။ အိမ်လည်း မပြန်တတ်ဘူး မေမေ။
‘ရော့ . . . . ဒီပလာစတာကို မင်းပါးက အမှတ်မှာ အမြဲကပ်ထား၊ ဘယ်တော့မှ မခွာ ရဘူး. . . . .ကြားလား၊ ခွာပစ်ရင် မင်းအရိုက်ခံရမယ်’
သားရဲ့ ပါးမှာ ပလာစတာ ကပ်ထားရတယ် မေမေ။ သူသင်ပေးတဲ့အတိုင်း သူခိုင်းတာ သား လုပ်ရတယ်။ မလုပ်ရင် အရိုက်ခံရတယ် မေမေ။ သားတို့ လူတွေ ကြားထဲ လမ်းမတွေ ပေါ် လမ်းတွေ လျှောက်ရတယ်။ ပြေးလွှားရတယ်။ ပုန်းရတယ်။ လူတွေ မသိအောင် သူတို့ရဲ့ ပိုက်ဆံအိတ်တွေ နှိုက်ရတယ်။ ဆိုင်တွေ ၀င်ပြီး ပစ္စည်းတွေ ခိုးရတယ်။ အလစ်သုတ်ရတယ် မေမေ။ ဗိုက်ဆာရင် ဆိုင်မှာ ၀င်စားပြီးတာနဲ့ ဆိုင်ရှင်မသိအောင် လစ်ပြေးရတာ ပဲ မေမေ။ သား ရက်တွေ လည်း မမှတ်တတ်တော့ မေမေတို့နဲ့ ခွဲရတာ ဘယ်လောက်ကြာပြီလဲဆိုတာ သား မသိဘူး မေမေ။ သား သိတာတော့ သိပ်ကိုကြာနေပါပြီ။ အရမ်းကို ကြာနေပါပြီ။ နေရာ တွေ လည်း သား မမှတ်မိဘူး မေမေ။ သူ့ဆီက ထွက်ပြေးချင်ပေမယ့် ဘက်ကိုပြေးရမှန်း သား မသိလို့ပါမေမေ။ သားကို လာခေါ်ပါတော့ မေမေရယ်။ သား လွမ်း. . . လှ. . . . ပြီ . . . .။
အခန်း(၂)
ဘာကြောင့် များ
အနှစ် နှစ် ဆယ်လုံးလုံး
စုတ်ပြတ် ဆင်းရဲကြမ်းတမ်း
အောက်တန်းကျလှသော
ဘ၀တစ်ခုမှာ
ငရဲကျ ၀ဋ်ဆင်းရဲခံခဲ့ရပါသလဲ…….
ပြေး ပြေး ပြေး . . . . ။ မရပ်မနားတမ်း သူပြေးခဲ့ရတာ ဘယ်လောက်ကြာခဲ့ပြီလဲ။ သူ့နောက်မှာ လူတွေ တစ်အုပ်ကြီး ပြေးလိုက်လာကြသည်။ မိများ မိလိုက်လို့ ကတော့ သူ့တစ် ကိုယ်လုံး ရစရာမရှိအောင် အရိုးအသား တစ်စစီ ဖြစ်အောင် ဖဲ့ရွဲ့ပစ်ကြလိမ့်မည် ။ သူ့ဘ၀ တစ်လျှောက်လုံး သူ မှတ်မိသလောက်က အဲဒီ လို ပြေးလွှားနေခဲ့ရတာ ချည်းပင်။ မတော် တဆ မိသွားလို့ ဖူးယောင်ကျိုးပဲ့သွားအောင် အရိုက်အနှက်၊ အထိုးအကျိတ်၊ အကန်အကြောက်ခံခဲ့ ရတာ တွေ လည်း မရေတွက်နိုင်ခဲ့။ အချုပ်ခန်းထဲလည်း အိမ်ဦးနဲ့ကြမ်းပြင်လို ၀င်ထွက်နေခဲ့ရ သည်ပင်။ အနှစ် နှစ် ဆယ်လောက်ရှိခဲ့ပြီ။ သူ ခါးပိုက်နှိုက်ပညာကို အဖေ့ဆီကနေ အမွေ ဆက်ခံသင်ယူခဲ့ရသည်။ နေ့တိုင်း ဒါပဲလုပ်စားနေတာဆိုတော့ သူ့အဆင့်က သမ္ဘာ အဆင့် တောင်ရောက်လို့ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်နေခဲ့ပါပြီ။ ဒါပေမဲ့လည်း ကံမကောင်းသော ဒီလို အခါမျိုးမှာ တော့ သူ အသက်လုပြီး ပြေးရတတ်ပါသည်။ တကယ်တော့ အဖေရှိစဉ်က တောင်ကြီးတန်ဆောင်တိုင်ပွဲကိုရှောင်နေကျပါ။ သူက အရမ်းသွားချင်ပေမယ့် မသွားရပါ။ သူရဲ့ ငယ်ဘ၀ကို သူသိပ်မမှတ်မိချင်တော့ပေမယ့် တောင်ကြီးတန်ဆောင်တိုင်ပွဲမှာ သူ မိဘ တွေ နှင့် ကွဲခဲ့ရတာ ကိုတော့ အသည်းစွဲနေအောင် မှတ်မိနေခဲ့ပါသည်။
မနှစ် ကတော့ အဖေဆုံးသွားခဲ့ပြီး သူ တစ်ယောက် တည်း ကျန်ရစ်ခဲ့ရသည်။ အနှစ် နှစ် ဆယ်လုံးလုံး အတူနေ၊ အတူစား၊ အတူထောင်ကျခဲ့ရသော မွေးစားအဖေကိုတော့ သူ လွမ်းမိပါသည်။ သူ ပညာလည်း မသင်ခဲ့ရ။ ခါးပိုက်နှိုက်ပညာကလွဲလို့ တခြား သူဘာမှ မလုပ် တတ်ပါ။ ဇရပ်တွေ မှာ ရှာအိပ်၊ ဖြစ်သလိုစား၊ လစ်သလို နှိုက်ရင်း သူ တစ်ယောက် တည်း တစ်ကိုယ်တော် လွင့်နေခဲ့သည်။ အဖေမရှိတော့မှ သူ့ပါးပြင်မှာ တစ်ချိန်လုံးကပ်ထားခဲ့ရသော ပလာစတာကို ခွာခွင့်ရလိုက်သလို နှစ် တိုင်းရှောင်ခဲ့ရသော တောင်ကြီးတန်ဆောင်တိုင်ကို လည်း ဒီနှစ် တော့ ရောက်အောင်လာခဲ့မိကာမှ သူကံဆိုးခြင်း ဖြစ်သည်။
နှစ် တိုင်း ဒီအချိန်ရောက်လျှင် နှင်းရည် တောင်ကြီးကို မလာပဲ မနေနိုင်ပါ။ သားကလေး ကို ပျောက်ဆုံးခဲ့တာ နှစ် နှစ် ဆယ်ရှိခဲ့ပြီ ဖြစ်သည့်တိုင် နှင်းရည် တစ်ရပ်မှ မမေ့ခဲ့ချေ။ သားလေး ဘယ်အရွယ်ရောက်ပြီး၊ ဘယ်လို ပုံပန်းသဏ္ဌာန်ရှိလောက်ပြီဆိုတာကို သတိတရ ပုံဖော်ကြည့်မိခဲ့သည်။ ကွန်ပျူတာပညာရှင် တစ်ယောက် ဆီမှာ လေးနှစ် အရွယ်သားရဲ့ ဓာတ်ပုံ ကိုပေးပြီး တစ်နှစ် ပြီးတစ်နှစ် ပြောင်းလဲလာမည့်  သားလေး၏ ရုပ်သွင်ကို ကွန်ပျူတာဖြင့် ပုံဖော် ဆွဲစေခဲ့သည်။ အခုဆို သား နှစ် ဆယ့်လေးနှစ် ရှိပြီ။ လူပျိုကြီး ဖားဖားမက လူရွယ်ကလေး တစ်ယောက် ဖြစ်နေလောက်ရောပေါ့။ ကွန်ပျူတာပန်းချီကလေးက အသက်နှစ် ဆယ့်လေးနှစ် အရွယ်သားရဲ့ ပုံပန်းကလေးကို ဖန်တီးပေးထားခဲ့တာတော့ သားသည် လူချောကလေး တစ်ေ ယောက် ဖြစ်သည်။ သားလေး ဘယ်လိုများ နေထိုင်စားသောက် ရုန်းကန်ရှင်သန်နေရရှာမလဲ။ လောကဓံရဲ့ အထုအရိုက်တွေ များ သားလေး ခံနေရရှာမလား။
အနှစ် နှစ် ဆယ်အတွင်းမှာ နှင်းရည်တို့ စီးပွားရေး တရှိန်ထိုး တိုးတက်အောင်မြင်ခဲ့ ပါသည်။ ပထမတော့ ကန်ထရိုက် တိုက်ခန်းကလေးတွေ တစ်ခြမ်းပေး၊ တစ်ခြမ်းယူစနစ်ဖြင့် လိုက်ဆောက်ပေးသည်။ နောက်တော့ တဖြည်းဖြည်း ခြံဝန်းနှင့် လုံးချင်းအိမ်ရာတွေ ၊ ကွန်ဒို တွေ အဆင့်ဆီ တစ်ဆင့်ချင်းတက်လှမ်းနိုင်ခဲ့ကာ ကို့ရဲ့ ဆောက်လုပ်ရေး ကုမ္ပဏီက ပို၍ ခမ်း နားအောင်မြင်လာခဲ့ခြင်း ဖြစ်သည်။ အမြွှာကလေး နှစ် ယောက် ပင် အသက် နှစ် ဆယ့်နှစ် နှစ် ပြည့်ခဲ့ကြပြီ။ ကျောင်းပြီး ဘွဲ့ရလို့ သားရော၊ သမီးပါ MBA ဆက်တက်နေကြပြီ။ သားကြီး သာ ရှိလျှင် သားကြီးလည်း ပညာတတ်ကြီး ဖြစ်လောက်ရောပေါ့။ ခုတော့ မေမေ့သားလေး ကျောင်း တက်ခွင့်၊ ပညာသင်ခွင့်မှ ရရဲ့ လား။ ဘယ်လို လူတန်းစားမျိုးရဲ့ လက်ထဲများ ရောက်သွားခဲ့ သလဲ။ ဘာတွေ များ လုပ်ကိုင်စားသောက်နေရှာမလဲ။
‘ဖေဖေ သတိထား၊ ရှေ့မှာ လူ တစ်ယောက် စွတ်ပြေးလာနေတယ်။ သူ့နောက်မှာ လည်း လူတွေ တစ်အုပ်ကြီးနဲ့ ရန် ဖြစ်တာလား၊ ခါးပိုက်နှိုက်လား မသိဘူး’
သားငယ်လေးရဲ့ နောက်ခန်းကနေ အော်သတိပေးသံကြောင့် ကိုက ကားကို အရှိန်လျှော့ကာ ဘရိတ်ကြိုနင်းထားခဲ့သည်။ ဖြစ်ချင်တော့ ပြေးလာသူက ကားကို ၀င်တိုက် မိကာ ကားရှေ့မှာ ပစ်လဲကျသွားလေသည်။ လူအုပ်ကြီးက ၀ိုင်းလာပြီး သူ့ကို တစ်ယောက် တစ်ချက် ၀ိုင်းထိုးကန်ကျောက်ကာ ဆွမ်းကြီးလောင်းနေသော မြင်ကွင်းကို နှင်းရည် မကြည့်ရဲ။ ရင်တွေ တလှပ်လှပ်တုန်လာကာ ကတုန်ကယင် ဖြစ်လာလေသည်။ အသက်ကလေး ရလာ တော့ နှလုံးက မကောင်းချင်တော့။
‘လုပ်ပါဦး ကိုရယ်။ ကားရှေ့မှာ တစ်ယောက် နဲ့ အများ ၀ိုင်းထိုးနေကြတာ ကြာရင် ဟိုကောင်လေး သေသွားဦးမယ်။ လူကြီး တစ်ယောက် ဆင်းဖျန်ဖြေမှ ရမယ်ထင်တယ်။ သားနဲ့ သမီး နောက်ခန်းတံခါးကို လော့(ခ်)ချထားစမ်း’
‘ကို ဆင်းတားလိုက်မယ်၊ အများ နဲ့ တစ်ယောက် ကွာ ပွဲက မတရားဘူး’
ကိုက ကားတံခါးဖွင့်ကာ ဆင်းသွား၏ ။ နှင်းရည် ရင်ဘတ်ကိုဖိကာ မျက်လုံးတွေ မှိတ်ထားမိသည်။
ဦးဝန်းရံ ဆင်းသွားတော့ လူအများ ကန်ကျောက် ထိုးနှက် ဒဏ်တွေ အောက်မှာ လက် နှစ် ဖက်နှင့် မျက်နှာကို ကွယ်ထားသော လူငယ်ကလေးက ခွေခွေကလေး။
‘ဟေ့…ဟေ့ . . . . . .ရပ်လိုက်ြ ကတော့ကွာ၊ တော် ကြာ သေသွားဦးမယ်။ မင်းတို့ တပြုံတမကြီး ၀ိုင်းဆော်နေရသလားကွ။ ဘာ ဖြစ်ကြတာလဲ’
‘ဒီကောင် …. ခါးပိုက်နှိုက်ဗျ။ ဆွဲကြိုးဖြတ်ပြေးလို့၊ ဒီလိုကောင်မျိုး သေအောင်ချရမှာ ’
‘မလုပ်နဲ့လေကွာ၊ ရဲစခန်းပို့မှပေါ့။ ဥပဒေ ရှိတာပဲ။ ဥပဒေအတိုင်း ဆုံးမသင့်တာပေါ့ ကွာ။ မင်းတို့ ဆက်မရိုက်နဲ့တော့. . . . . .’
ဦးဝန်းရံ၏ LEXUS . . . . ကားအရှိန်အ၀ါဖြင့် လူအုပ်ကြီးက အလိုလိုရှိန်ပုံရသည်။ ဆက်မရိုက်တော့ဘဲ အသာရှဲသွားကြလေသည်။ အဲဒီ တော့မှ ခွေလဲနေသော ခါးပိုက်နှိုက် လူငယ်လေးက ထရပ်ဖို့ ကြိုးစား၏ ။ မျက်နှာတစ်ခုလုံး သွေးသံရဲရဲ ဖြစ်နေတဲ့ကြားက ညာဘက် နာထင်းက မြန်မာပြည်မြေပုံနှင့် ခပ်ဆင်ဆင် အမှတ်ညိုကလေးကို အမှတ်မထင် လှမ်းတွေ့ လိုက်ရချိန်မှာ ဦးဝန်းရံ မျက်လုံးတွေ ပြာဝေသွားခဲ့၏ ။ လူက နောက်သို့ ပင် ယိုင် သွားကာ နှလုံးခုန်သံက တဒုန်းဒုန်း ဆောင့်မြည် လာခဲ့သည်။ ကောင်လေးကို စူးစူးစိုက်စိုက် ကြီး ကြည့်မိသည်။ ညနေခင်းဆိုပေမယ့် မှော င်ရိပ်မသမ်းသေးသော ကြောင့် လူ တစ်ယောက် ကို ကောင်းစွာ မြင်ခွင့်ရသေးသည်။ အထူးသဖြင့် ထင်းနေအောင် ထင်ရှားသော အမှတ်ကို သေချာမြင်ခွင့်ရနေသည်။ စုတ်ပြတ်ညစ်ထေနေသော ရုပ်ရည်ကို သေချာစိုက်ကြည့်ရင်း ငယ်ရုပ်ကို မနည်းဖမ်းဆုပ် ယူဖို့ကြိုးစားနေရသည်။ အမှတ်က ညာဘက်နားထင်မှာ ၊ ပြီးတော့ ရိုးရိုးသာမန်မဟုတ်။ မြေပုံသဏ္ဌာန် ထူးထူးခြားခြားကလေး၊ ဒါမျိုးက သူ့ရဲ့ သားကြီးဆီမှာ ပဲ ရှိခဲ့တာပါ။
‘မင်း . . . . . မင်း နာမည် ဘယ်သူလဲ။ မင်း တကယ်ပဲ ခါးပိုက်နှိုက်လား’
ဦးဝန်းရံ အသံတွေ ပင် လှုပ်ခတ်တုန်ရင်နေခဲ့သည်။
‘ကျွန်တော့် နာမည် မောင်မှတ်ပါ။ ကျွန်တော် ခါးပိုက်နှိုက်မဟုတ်ဘူးဗျ။ ဒီကောင်တွေ အထင်မှားတာ။ သူတို့လိုက်တာနဲ့ ကျွန်တော် ကြောက်ပြီး စွတ်ပြေးမိတာ။ ကျွန်တော့် လက်ထဲ မှာ ဘာဆွဲကြိုးမှ မရှိဘူး . . . . ဒီမှာ ကြည့်’
‘ဟေ့ကောင်. . . . .မင်းသေချင်လို့လား၊ ဗြောင်မလိမ်နဲ့နော်။ မင်း ဖြတ်ပြေးတာ ငါ တွေ့ တယ်။ ဆွဲကြိုးက သူလမ်းမှာ လွှင့်ပစ်ခဲ့ပြီဗျ။ သူ့ကို မိတော့မယ်ဆိုတာ သိလို့’
လူအုပ်ကြီးက လှုပ်လှုပ်ရွရွ ပြန် ဖြစ်လာခဲ့သည်။ ဦးဝန်းရံ၏ မျက်ဝန်းတွေ က လူငယ် ကလေးဆီမှာ သာ စိုက်တန့်လို့။ ဘာလုပ်ရမလဲ. . . . ဟု ခေါင်းထဲမှာ အပြေးအလွှား တွက် ချက်စီစဉ်လိုက်သည်။ ဒီလူငယ်ကလေးနှင့် အေးအေးဆေးဆေး လွတ်လွတ်လပ်လပ် သူ စကားပြောခွင့်ရချင်သည်။ မေးချင်စရာ မေးခွန်းတွေ အများ ကြီး။ ဒီလူအုပ်ကြီးကို ရှင်းလင်း သွားအောင် အရင်လူစုခွဲပစ်ရမည် ။
‘ကဲ. . . . ဒီလိုလုပ်ကွာ။ ငါ ဖြေရှင်းပေးမယ်။ ဒီကောင့်ကို ငါ့ကားနဲ့ ရဲစခန်း သွားပို့ပေး မယ်။ ဒါဆို မင်းတို့ ကျေနပ်လား’
‘ဦးလေး. . . .သတိထားဦးနော်။ ဦးလေးဆီက ဒီကောင် ပြန်နှိုက်သွားဦးမယ်။ ဦးလေး ကားကြီးနဲ့ ဖြစ်ပါ့မလား’
‘ဘာ ဖြစ်လို့ မ ဖြစ်ရမှာ လဲ။ ငါ ဒီကောင့်ကို အချုပ်ထဲ ပို့ခဲ့မယ်။ မင်းတို့ လက်ထဲမှာ ထား ခဲ့ရင် တစ်ယောက် တစ်ချက်နဲ့ လက်လွန်သွားလိမ့်မယ်။ ဟုတ်ပြီနော်. . . .ဟေ့ကောင် မင်း ငါ့ကားပေါ်တက်’
‘ဦးလေး . . . . ဒီကောင် ဉာဏ်များ တယ်နော်။ ဦးလေး ကားပေါ်ကနေ လစ်ပြေးသွား လိမ့်မယ်’
‘ဟေ့ကောင်တွေ . . . ငါလည်း ရဲမှူးဟောင်းပါကွ။ ဒါလောက်တော့ ငါလည်း သိပါ တယ်’
ဦးဝန်းရံ စိတ်မရှည်နိုင်တော့။ ခပ်တည်တည်ပင် လိမ်ညာဖြီးဖြန်းပစ်လိုက်တော့မှာ လူအုပ်ကြီး တဖြည်းဖြည်းလူစုကွဲသွားတော့သည်။
‘သား ဟိုဘက်တိုးပေးလိုက် ၊ သူ့ကို ခေါ်သွားမလို့’
ခါးပိုက်နှိုက်ကို ကားပေါ်တင်ခေါ်နေသဖြင့် သူ့မိသားစုအားလုံး တအံ့တသြ။ သားက မျက်ခုံးရှုံ့ကာ သူ့ညီမဘက်သို့ တိုးရွှေ့ပေးရင်း အဖေကို နားမလည်နိုင်သလို ကြောင်ကြည့် နေသည်။ သမီးကလည်း မျက်စိမျက်နှာပျက်လို့ . . . . .
‘ဖေဖေ . . .’
ဟု ခပ်ဆောင့်ဆောင့် လှမ်းအော်လေသည်။ သူ့မိန်းမ နှင်းရည်ကလည်း သူ့ကို မျက်လုံးအ၀ိုင်းသားဖြင့် ငေးကြည့်လို့ ဘာတွေ လျှောက်လုပ်နေတာလဲ ဟူသော အမေး မျက်ဝန်းများ ဖြင့် . . . .။
‘အရင်ဆုံး တို့ ဒီနေရာကနေ ခွာမှ ဖြစ်မယ်။ စားသောက်ဆိုင်တစ်ဆိုင်ကို အရင် သွားလိုက်မယ်။ ချာတိတ် မင်းထွက်မပြေးနဲ့နော်။ မင်းကို တို့ ဒုက္ခမပေးပါဘူး။ မေးစရာလေး တွေ ရှိလို့ပါ’
‘ဘာတွေ ဖြစ်နေတာလဲ ကို’
‘နှင်း. . . .သူရဲ့ ညာဘက်နားထင်မှာ မြေပုံအမှတ်ကြီးနဲ့’
‘ရှင် . . .’
နှင်းရည် အသက်ရှူမရပ်မတတ် လန့်ဖျပ်သွားကာ ချက်ချင်း ပင် နောက်ခန်းထဲက လူငယ်ကလေးဆီ သွေးရူးသွေးတန်း လှည့်ကြည့်လိုက်မိသည်။ သားနှင့် သမီးကလည်း လူ ငယ်ကလေးဆီ အလန့်တကြား ၀ိုင်းကြည့်လိုက်ကြသည်။ လူငယ်ကလေးက အသားအရည် ညိုညစ်မှု န်တေကာ မျက်နှာမှု န်တေကာ မျက်နှာထားက မထီတရီ မှု န်ကုပ်ကုပ် ပြန်ကြည့် နေသည်။ မျက်လုံးတွေ က ကဏှာလုံးဝမငြိမ်ဘဲ သမီးလည်ပင်းဆီ ဖျတ်ခနဲ ဖျတ်ခနဲ ရောက် သွားတတ်သည်။ သမီးရဲ့ လည်ပင်းမှာ စိန်လော့ကတ်ကလေး ရှိနေသည်ကိုး။ သူ့ ညာဘက် နားထင်ဆီက ထင်ရှားလွန်းသော မြေပုံသဏ္ဌာန် အမှတ်ကလေးကို ကြည့်ကာ . . . . .
‘သား . . သား . .. မေမေ့ သားကြီးလေး’
ဟု ရင်ထဲမှာ နင့်နေအောင် အော်ဟစ်မိလေသည်။
ကိုက လူရှင်းသော ရှမ်းဆိုင်ကလေးတစ်ခုရှေ့မှာ ကားကိုရပ်ကာ ဆိုင်ထဲသို့ ၀င်လာခဲ့ သည်။ လူငယ်လေးက ကြောင်အမ်းအမ်း ဂျစ်ကန်ကန် မျက်နှာပေးဖြင့် ပါလာခဲ့သည်။ နှင်းရည် မျက်ဝန်းတွေ သူ့ဆီကနေ မခွာမိတော့။ နေလောင်ဒဏ်၊ လောကဓံ အရိုက်အနှက်ဒဏ်တွေ ကြောင့် လူရုပ်မပေါ်အောင် ညှိုးမှိုန်ညစ်ထေးနေသော်ငြား ထူထဲသော မျက်ဝန်း၊ ဖြောင့်စင်း သော နှာတံ၊ ပိရိသေသပ်သော နှုတ်ခမ်းလွှာနှင့် ပြေပြစ်သော မေးရိုးတို့က နှင်းရည်တွက်ချက် ထားသော ကွန်ပျူတာပန်းချီထဲမှ သားနှစ် ဆယ့်လေးနှစ် အရွယ်မှာ ရှိနေမယ့်ရုပ်နှင့် တစ်ပုံစံ တည်။ သားရယ် . . . . . မေမေ့သားလေးရယ် . . . . ဖြစ်မှ ဖြစ်ရလေ . . . . ခါးပိုက်နှိုက် ဘ၀ ရောက်နေရှာသတဲ့လား။
‘မင်း . . . နာမည် ရင်းကို ပြောပြစမ်းပါဦးကွာ’
‘မရှိဘူးဗျ. . . . မောင်မှတ်ပဲ။ အဖေ ပေးထားတာ’
‘မင်း အဖေက အဖေရင်းလား၊ သူ အခု ဘယ်မှာ လဲ’
ချမ်းသာကြွယ်ဝပုံရသော အဆင့်အတန်းမြင့်မြင့် မိသားစုတစ်စုက သူ့ကို မျောက်ပွဲ ကြည့်သလို ၀ိုင်းအုံစိုက်ကြည့်ပြီး သူဋ္ဌေး ဖြစ်သူက မေးခွန်းတွေ အဆက်မပြတ် မေးနေသလို သူဋ္ဌေးကတော် အန်တီကြီးက မျက်ရည်ရစ်ဝိုင်းပြည့်လျှံနေသော မျက်ဝန်းများ ဖြင့် သူ့ကို တွေ တွေ ကြီး စိုက်ကြည့်နေကာ ငိုချလိုက်တော့မလို ဖြစ်နေတာကို သူ တော် တော် စိတ်ရှုပ်ထွေး လှပြီ။ ဖြစ်နိုင်လျှင် ကောင်မလေး လည်ပင်းက ဆွဲကြိုးကို ဆွဲဖြုတ်ပြီး ပြေးသွားလိုက်ချင် သည်။ မကြာခဏလည်း သူလုပ်ဖို့ စိတ်ကူးမိသည်။ ဒါပေမယ့် သူ့လက်တွေ ကို အံ့သြစရာ ကောင်းသော စိတ်ခံစားမှု တစ်ခုက ဆွဲဆောင်ညှို့ငင်ထားသည်။ သူ မလုပ်မိသေး။ ဒီ မိသားစု သူ့ကို ခေါ်လာတာကိုက ထူးဆန်းနေသည်။ ဘာများ ပါလိမ့် . . . . ။
‘အဖေ . . . .သေပြီဗျ။ မနှစ် က သေတာ။ မွေးစား အဖေပါ’
‘မင်းရဲ့ မိဘရင်းတွေ ရော’
‘ကျွန်တော် မမှတ်မိတော့ဘူးဗျ။ ကျွန်တော် လေးနှစ် သားလောက် ဖြစ်မယ်ထင်တယ်။ အဲဒီ ကတည်းက မိဘအရင်းတွေ နဲ့ ကွဲသွားတာပဲ မှတ်မိတယ်’
‘မင်း ဘ၀အကြောင်း မင်းမှတ်မိသလောက် ပြောပြပါလားကွာ’
‘ဒီတောင်ကြီး တန်ဆောင်တိုင်ပွဲမှာ ဗျ။ မိဘတွေ နဲ့ ကွဲသွားတာ။ ကျွန်တော့် ကို မွေးစား အဖေက နယ်အနှံ့ လျှောက်ခေါ်သွားတာ၊ ဒါပဲ မှတ်မိတယ်’
‘အမလေး. . . .သားရယ်၊ ဟုတ်ပါတယ် ကိုရယ်၊ သူ သူ နှင်းတို့ရဲ့ သားကြီးပါ။ သားရယ် မေမေတို့ လိုက်ရှာနေခဲ့တာ အနှစ် နှစ် ဆယ် ရှိခဲ့ပါပြီ။ သားရဲ့ ညာဘက်နားထင်က ဒီ အမှတ်ကို မေမေ ကောင်းကောင်း မှတ်မိပါတယ်။ ဒါ မေမေ့သားပါ’
နှင်းရည်က သားကို ဗြုန်းခနဲ ဖက်ထားလိုက်မိလေသည်။ သူ့ခန္ဓာကိုယ်က အတောင့် လိုက်သား အေးစက်လို့။
‘မေမေကလည်း၊ ခု ချက်ချင်း လမ်းပေါ်မှာ တွေ့ လိုက်ရတဲ့ ခါးပိုက်နှိုက် တစ်ယောက် ကို အမှတ်ပါတာလေးနဲ့ပဲ မေမေ့သားကြီးလို့ ဇွတ်ယုံပစ်လိုက်ရမှာ လား၊ သက်သေ အထောက် အထားတွေ ဘာမှမရှိဘူး မေမေ’
သားငယ်က လက်မခံနိုင်သလို ထ,ကန့်ကွက်သည်။ သမီးလည်း သဘောတူဟန်မရ။ နှင်းရည် လက်ကိုင်အိတ်ထဲမှာ အမြဲဆောင်ထားခဲ့သော ကွန်ပျူတာ ပန်းချီစာရွက်ကလေးကို ကမန်းကတန်းထုတ်ကာ ဖြန့်လိုက်ပြီး စားပွဲပေါ်တင်လိုက်သည်။ လက်တွေ က တဖျပ်ဖျပ် တုန်ရင်လို့။
‘မေမေက မိခင်ပါ သားရယ်၊ မေမေ့ နှလုံးသားထဲက သေချာနေပါတယ်။ ဒီမှာ သား ကြီး ဒီအရွယ်မှာ ရှိနေရမယ့် ရုပ်။ သူနဲ့ တစ်ရုပ်တည်းပါ။ ဖြစ်မှ ဖြစ်ရလေ သားကြီးရယ်။ မေမေ့ သားကြီး ‘သက်နှင်းဝန်းရံ’ ပါ’
နှင်း သူ့ကို တင်းတင်းကြပ်ကြပ်ကြီးပင် ပွေ့ဖက်ထားမိသည်။ သူ့ခန္ဓာကိုယ်က မတုန် မလှုပ်၊ ကျောက်ရုပ်။ ‘သက်နှင်းဝန်းရံ’ ‘လမင်းဝန်းရံ’ ‘ကြယ်စင်ဝန်းရံ’ ဆိုသော သားသမီး သုံးယောက် ကို နှင်း ရင်နှင့် လွယ်ပြီး မွေးခဲ့ရတာ ပါ။ သားကြီး သက်နှင်းကို အသက် လေးနှစ် အရွယ်မှာ ပျောက်ဆုံး ဆုံးရှုံးခဲ့ရသည်။
‘သွေးစစ် ကြည့်လိုက်ရင် ဒီအင်န်အေ စစ်ကြည့်လိုက်ရင် အဖြေပေါ်ပါတယ်ကွာ။ စစ် ကြည့်လိုက်ရအောင်။ ဒီလိုကွာ လွန်ခဲ့တဲ့ အနှစ် နှစ် ဆယ်တုန်းက လေးနှစ် အရွယ် ငါတို့သား အကြီးလေး ဒီတောင်ကြီးတန်ဆောင်တိုင်ပွဲမှာ ပျောက်သွားခဲ့တယ်ကွာ။ သူ့နာမည် က သက် နှင်းဝန်းရံတဲ့။ သူ့ရဲ့ ညဘက်နားထင်မှာ မြန်မာပြည်မြေပုံလို ခပ်ဆင်ဆင် အမှတ်ဆန်းလေး တစ်ခုပါတယ်။ ဒါကြောင့် မင်းကို တွေ့ လိုက်ရတဲ့အချိန်မှာ ငါ့ရဲ့ သားများ လားလို့ ငါလည်း တော် တော် တုန်လှုပ်သွားခဲ့တာ။ သားကြီးကို ပြန်တွေ့ နိုးနဲ့ နှစ် တိုင်း ဒီပွဲမှာ ပြန်လာရှာခဲ့မိတာ၊ အနှစ် နှစ် ဆယ်ရှိပြီ။ တစ်နှစ် မှ မပျက်ခဲ့ဘူး။ ဒီနှစ် ကျမှပဲ မင်းနဲ့ တိုက်တိုက်ဆိုင်ဆိုင် ဆုံ ဖြစ် တာကွာ။ ငါတို့နဲ့ ခဏလောက်တော့ လိုက်ခဲ့ပေးပါကွာ။ ငါတို့ သား ဟုတ်၊ မဟုတ် စစ်ဆေး ကြည့်ချင်လို့ပါ’
ဦးဝန်းရံက တောင်းပန်သလို လေသံမျိုးဖြင့် ရှင်းလင်းရှင်းပြ၊ တောင်းလည်း တောင်းဆို လိုက်သည်။
သူ ခေါင်းတစ်ချက် ကုတ်မိသည်။ အနှစ် နှစ် ဆယ်လုံးလုံး၊ လူတကာ၏ ကြမ်းတမ်းစွာ ဆက်ဆံသော ဆက်ဆံမှု တစ်မျိုးတည်းကိုသာ သူ ရရှိခဲ့ဖူးသည်။ ကြိမ်းမောင်းရန်လိုသံ၊ နှိမ်ချ စွပ်စွဲသံ၊ စော်ကားပြစ်တင်သံတွေ သာ သူလက်ခံရရှိခဲ့ဖူးသည်။ သူ့ဘ၀က ကြမ်းတမ်းဆင်းရဲ လွန်းခဲ့သည်။ လူ တစ်ယောက် ဆီက ခုလို နူးညံ့သိမ်မွေ့လွန်းသော ပျော့ပျောင်းစွာ တောင်းပန် ချော့မော့သံမျိုး သူ့ဘ၀မှာ တစ်ခါမှ မကြားဖူးခဲ့။ ပြီးတော့ အမျိုးသမီးကြီး၏ နက်ရှိုင်းပျောင်း နွဲ့လွန်းသော ကရုဏာလွှမ်းလွန်းသော မျက်ဝန်းတွေ ကလည်း သူ့ရင်ထဲမှာ ထူးဆန်းနက်နဲ သော ကြေကွဲဆို့နစ်ဝေဒနာတစ်မျိုးကို ပေးနိုင်စွမ်းလှသည်။ မိခင် တစ်ယောက် ၏ အကြင်နာ ကြီးလှသော ကရုဏာမျက်ဝန်းတွေ ။ သူ ဇဝေဇ၀ါ ဖြစ်နေသည်။ တကယ်ပဲ ဒီအမျိုးသမီးကြီး ဟာ သူ့ရဲ့ အမေအရင်းလား။ သူ မေမေ့ကို အမြဲတမ်း အိပ်မက်မက်ခဲ့ဖူးသည်။ သူ့အမေ ဟာ ဒီလောက်တောင်ပဲ ကျက်သရေရှိစွာ လှပချောမောသတဲ့လား။ သူ့မိသားစုဟာ ချမ်းချမ်း သာသာ အဆင့်အတန်းမြင့်မြင့် လူတန်းစား အလွှာကတဲ့လား။ သူ့ကျတော့ ဘာကြောင့် များ အနှစ် နှစ် ဆယ်လုံးလုံး စုတ်ပြတ်ဆင်းရဲ ကြမ်းတမ်းအောက်တန်းကျလှသော ဘ၀တစ်ခုမှာ ငရဲကျ ၀ဋ်ဆင်းရဲခံခဲ့ရပါသလဲ။ သူ့ဘ၀က ဇီးရိုးတောင်မက အနုတ်လက္ခဏာတောင် ပြနေ သော ဘ၀။ နေထိုင်စရာ အိမ်ရာအခြေတကျ မရှိ။ စားစရာ နပ်မမှန်တဲ့ဘ၀။ ခုလို ကား အကောင်းစားကြီး စီးခွင့်ရဖို့ဆိုတာ အိပ်မက်ထဲတောင် ထည့်မက်ခွင့်မရှိတဲ့ ဘ၀။ လူတွေ ကြည့်လိုက်တော့လည်း တစ်သက်လုံး စည်းစိမ်ကျနစွာ အဆင့်အတန်းမြင့်မြင့် နေထိုင်ခွင့်ရ ထားသော လူတန်းစားမျိုး။ အရောင် အ၀ါတစ်မျိုးက အလိုလို လင်းဖြာထွက်နေတာ။
‘ကျွန်တော် က ရပါတယ်။ လိုက်ခဲ့ဆိုလည်း လိုက်ခဲ့ရုံပေါ့။ အချုပ်ခန်းထက်စာရင်တော့ အားလုံးကောင်းမှာ ပါ။ ကျွန်တော့် မှာ နေစရာအိမ်လည်း မရှိဘူးဆိုတော့ ဘယ်မှာ နေရနေရ ကျွန်တော် က ရတယ်။ ခက်တာက ကျွန်တော် အခုထက်ထိ ဘာမှ မစားရသေးဘူးဗျ။ ဗိုက် အရမ်းဆာနေပြီ’
‘အို . . . . သားရယ် စားရမှာ ပေါ့။ စားချင်တာမှာ စားစမ်း၊ ကြိုက်သလောက်သာ စားစမ်းပါကွယ်’
ခဏနေတော့ စားပွဲပေါ်မှာ စားစရာတွေ အပြည့်။ သူ့တစ်ကိုယ်လုံး ဖုတ်တစ်ကောင် ၀င်စီးသလို ၀င်းဝင်းတောက်မျက်ဝန်းများ ဖြင့် အစားအသောက်တွေ ကို အငမ်းမရ အားပါး တရ စားပါတော့သည်။ မျက်လုံးအ၀ိုင်းသား တအံ့တသြကြည့်နေသော မိသားစုအားလုံးကို ဂရုမစိုက်နိုင်အား။ အငတ်ငတ် အပြတ်ပြတ် ဖြစ်ခဲ့သမျှ နှစ် ပေါင်းများ စွာ အတွက် အတိုးချပြီး စားပိုးနင့်မတတ် အန်ထွက်မတတ် ထိုးသိပ်ပြွတ်သွင်းကာ တစ်ယောက် တည်း အလုအယက် စားလေသည်။ ပါးစပ်ထဲမှာ ပလုပ်ပလောင်းတန်းလန်းက လက်က ဟင်းခွက်တွေ ဆီနှိုက် နေသည်။ စားပွဲပေါ်မှာ သူစားထားပြီးသမျှ ပန်းကန်တွေ အထပ်လိုက် တောင်ပုံရာပုံ။ အစား နင်ပြီး သူ့မျက်လုံးတွေ ပင် ပြူးထွက်လာသလိုလို၊ စားပွဲတစ်ခုလုံး ပေပွညစ်ပေလျက်။ သူ ဒီလို မစားရတာ ဘယ်လောက်ကြာပြီလဲ။ ကမ္ဘာချီလောက်ရောပေါ့။
ဘယ်လိုမှ ထပ်ထည့်၍ မရနိုင်တော့မှာ သူ နှမျောတသစွာ ရပ်လိုက်ရသည်။ ဒါတောင် ညစာအတွက် တချို့ကို သူ့လက်ထဲ ဆုပ်ယူထားခဲ့သည်။ ပြီးမှ သူ့ကို အထူးအဆန်း သတ္တ၀ါ တစ်ကောင်လို ၀ိုင်းကြည့်လျက်ရှိသော မိသားစုကို သူ တစ်ချက်ပြန်ကြည့်လိုက်သည်။ မျက်ရည်တွေ ပြည့်လျှမ်းနေသော အမျိုးသမီးကြီး၏ အကြင်နာ ကရုဏာမျက်ဝန်းတွေ ကို ရင်ဆိုင်ရတော့ သူ့ရင်ထဲ လှုပ်လှုပ်ခတ်ခတ် တစ်ချက် ဖြစ်သွားခဲ့သည်။ ရီဝေဆို့နစ်ကြေကွဲ နာကျင်လျက်ရှိသော အမျိုးသမီးကြီး၏ မျက်ဝန်းတွေ က သူ့နှလုံးသားကို ဆွဲခါပစ်လိုက်သည့် နှယ်။ ကောင်လေးနဲ့ ကောင်မလေးရဲ့ အကြည့်တွေ ကတော့ သူ့ကို လူမှဟုတ်ရဲ့ လား။ ငတ် ကြီး ကျလှချည်လားဟူသော ရှက်သလိုလို၊ အထင်သေးသလိုလို ပြစ်တင်ရှုတ်ချဝေဖန်သော မျက်ဝန်းတွေ ။ လူငယ်တွေ ပီပီ အဆင့်အတန်းလည်း ခွဲချင်ပုံရလေသည်။ သူက ဂရုမစိုက်ရေး ချ မစိုက်။ လူတိုင်းရဲ့ အထင်သေး ရှုတ်ချကြည့်တိုင်းကိုသာ သူလိုက်ထိခိုက်နာကျင်ခံစား ရမယ်ဆိုလျှင် သူ့မှာ ခံစားစရာ နှလုံးသားပင် ကျန်မှာ မဟုတ်တော့။
‘ကဲ…. စားပြီးသွားရင် ဆေးခန်းတစ်ခုခုဆီ သွားကြစို့’
‘ဆေးခန်း မသွားခင် သူ့ကို ရေမိုးချိုး အ၀တ်အစားလဲခိုင်းလိုက်ရင် မကောင်းဘူးလား ကို၊ ဖေနဲ့ မေ့အိမ်ကို အရင်သွားလိုက်ကြရအောင်’
‘သူ့ကို အဘိုးနဲ့အဘွားအိမ်ကို ခေါ်သွားဦးမလို့ !’
ဟာ စိတ်ညစ်လိုက်တာ၊ သွေးစစ်ခိုင်းပြီး ပြန်လွှတ်လိုက်ပေါ့ဗျာ မေမေကလည်း၊ သားတော့ မထင်ပါဘူး။ သူ သားတို့အစ်ကို ဘယ်လိုမှ မ ဖြစ်နိုင်ဘူး’
‘ဟုတ်ပါ့. . . . . မီးလည်း ကိုကိုနဲ့ တစ်သဘောတည်းပဲ မေမေ’
ကောင်လေးနှင့် ကောင်မလေးက ပြဿနာ ထရှာပြီ။ သူက ကောင်မလေး လည်ပင်း က စိန်လော့ကတ်ကို တော် တော် မျက်စိနောက်နေပြီ။ ဆွဲဖြတ်ပြီးပြေးဖို့လောက်သာ အာရုံ ကျနေခဲ့သည်။
‘နေစမ်းပါဦး သားနဲ့သမီးတို့ရယ်။ မေမေ့အတွက် သားကြီးကို ပြန်တွေ့ ဖို့ ဘယ် လောက်အရေး ကြီးသလဲဆိုတာ မင်းတို့ နားမလည်နိုင်ပါဘူး။ ကိုယ်ချင်းလည်း မစာနိုင်ကြဘူး မှလား။ နှစ် ပေါင်း နှစ် ဆယ်လုံးလုံး မိဘတွေ နဲ့ကွဲပြီး လမ်းပေါ်မှာ ရုန်းကန်ရှင်သန်ခဲ့ရတဲ့ ကလေး တစ်ယောက် ရဲ့ ဘ၀ကို မင်းတို့ မစာနာနိုင်ကြပါဘူး။ ကျေးဇူးပြုပြီး မင်းတို့ ပါးစပ် ကလေးတွေ ပိတ်ထားပေးကြစမ်းပါကွယ်’
အမျိုးသမီးကြီးက မျက်ရည်စတွေ ပါးပြင်ပေါ်လိမ့်ဆင်းလာကာ လေသံခပ်မာမာ နှင့် ပြောလိုက်တော့မှ ဟိုနှစ် ကောင် ငြိမ်သွားတော့သည်။ သူ ကတော့ စားပိုးနင့်ပြီး အိပ်ချင်လာ တာပဲ သိတော့သည်။ ကားကြီးက ငြိမ်းညောင်းလွန်းကာ ဇိမ်ကျလွန်းသည်။ သူ နှစ် နှစ် ခြိုက် ခြိုက် အိပ်မောကျသွားခဲ့ပါသည်။
![]() လိပ်ပြာတစ်ကောင်ရဲ့ ရင်ခုန်သံ | ![]() ကြယ်စင်ကို ရင်ဘတ်နဲ့မျှားတဲ့သူ | ![]() နှလုံသားဆုံချက်၏ အလယ်ဗဟို တည့်တည့် |