Cover

အခန်း(၁)

လွန်းထားထား

လိပ်ပြာတစ်ကောင်ရဲ့ ရင်ခုန်သံ

အပိုင်း-၁

အခန်း (၁)

ယခုအကြိမ်နှင့် ပါဆိုလျှင် ခုနှစ် ကြိမ်မြောက် သူ့ရှေ့က ဖြတ်လျှောက်ခြင်း ဖြစ်သည်ဟု မမက ဆောင့် ကြီးအောင့်ကြီး တွေးလိုက်သည့်တိုင် စာအုပ်ထူထူကို မျက်နှာနစ်ဝင်တော့မတတ် စိတ်ဝင်တစား ဖတ်ရှုနေသော ကောင်ကလေး ကတော့ သူ့ရှေ့မှာ သူ မြင်သာအောင် ခြေကုန်လက်ပန်းကျလု လမ်း သလားပြနေသော မမကို ဂရုတစိုက် သတိထားမိဟန် မရှိသေးပါ။ အံ့သြစရာကောင်းလွန်လှတဲ့ ကောင်ကလေး။

မမသည် ရွှေကိုင်းမျက်မှန် ၀ိုင်းဝိုင်းကလေးကို ဆတ်ကနဲ့ တစ်ချက်ပင့် တင်ပစ် လိုက်သည်။ မမလက်ထဲမှာ ထမင်းဘူး၊ ရေဘူး၊ ဂျူတီကုတ်၊ နားကြပ်၊ သော င်းပြောင်းထွေလာ မုန့်မျိုးစုံ ထည့်ထားသည့် ကြွပ်ကြွပ်အိတ်၊ "ROBBINS"ဖတ်စာအုပ် ထူထူတစ်ဖက်၊ ကျောပိုးအိတ် ကလည်းပခုံးက တွဲ ကျနေသေးရာ ပခုံးကိုတွန့်တွန့်ြ့ပီး တင်နေရသေးသည်။ ဒါတောင် ဘာပစ္စည်း တွေ မေ့လျော့ပျောက်ရှ ကျန်ရစ်ခဲ့သည် မသိရသေး။ မျက်မှန် မေ့မကျန်ရစ်တာတော့ အလွန်သေ ချာလေသည်။

ဒီမှာ ရှင် ကျွန်မကှို တစ်ချက်မော့ကြည့်ဖို့တော့ ကောင်းပြီးရှင့်. . . ။ မမသည် ကိုယ့်ခြေထောက်များ ကို တစ်ခါတစ်ခါတော့ သနားမိသေးလေသည်။ တစ်နေ့တွင် တစ် ကြိမ် တော့အနည်း တကာ့အနည်းဆုံး မမ ခလုတ်တိုက်မိမြဲတည်း။ ဒါမှ မဟုတ်လည်း တစ်ခုခုပျောက်ရှလို့ မေ့လျော့လို့ ဆိုလျှင်လည်း ဒီခြေထောက်များ သာ မမ အသုံးချရတတ် သည်။ သနားစရာအကောင်းဆုံး ကတော့ မမ သိပ်ချစ်သော ကောင်ကလေးနောက်သို့ မမောနိုင် မပန်းနိုင်လိုက်ကာ လူလုံးပြရသော အခါများ တွင် တော့ မမ အသနားဆုံး ဖြစ်သည် မှာ ကိုယ့်ခြေထောက် များ ကိုတည်း။ ပြီးတော့ ဘယ်တော့အခါမှလည်း ဖြစ် ဖြစ်မြောက် မြောက် အကျိုးရှိလှသည် မဟုတ်ပါ။ ကိုတေမိမှာ အင်မတန် ဣနြေ္ဒရ ငြိမ်သက်တည်ကြည် ကာ ဖာသိဖာသာ တစ်ကိုယ်တည်း အေးအေးနေတတ်သူ ဖြစ်သော ကြောင့် မမသာ မောရတာ အဖတ်တင်သည်။ သူက တစ်ကိုယ်တော် ရွက်လွှင့်မြဲတည်း။

သူ့ကို ကြည့်လိုက်မည် ဆိုပါစို့။ ပထမဆုံး သတိထားမိမည် မှာ အေးအေးဆေးဆေး နားအေးပါးအေး နေတတ်သော သီးသန့်ဟန်ကို ဖြစ်သည်။ သူ့တွင် ဖြူစင်သန့်ပြန့် သော မျက်နှာတစ်ခုရှိပြီး မည်းနက်သော မျက်လုံးများ သည် စာအုပ်တစ်အုပ်ကို အမြဲ ဖတ်ရှုတ်နေတတ်သော အကျင့်ရှိသဖြင့် မမကို သူ မကြည့်တာ တော် တော် စိတ်ဆိုးရလေသည်။ သူသာစာအုပ်တစ်အုပ်ကို ဖတ်မနေတတ်ဘူးဆိုရင်တော့ သူ့ အနားမှာ လိပ်ပြာကလေးလို လွင့်မြူးနေသော မမကို တွေ့ မိမှာ ပင်။ ဒါဆိုရင် မမ လှတာကို သူသတိမထားမိဘဲ နေမည် မဟုတ်ချေ။

ဒုတိယ. . . သူ့ရဲ့ ချစ်စရာကောင်းသော ထူးခြားမှု မှာ ကြွေရောင် လို ပြောင်လက်ဖြူစင်လှသော ရှပ်အင်္ကျီကော်လာကတုံးလက်ရှည်များ နှင့် ယောပုဆိုးများ ကို သပ်ရပ်ရှင်းသန့်စွာ ၀တ်ဆင်ကာ ကတ္တီပါ အခင်းဖိနပ်များ ကို ယောပုဆိုးအရောင် အတိုင်း စနစ်တကျ တွဲ ဖက်ဝတ်ဆင် တတ်ခြင်းတည်း။ သူ့ကိုကြည့် လိုက်လျှင် အမြဲတမ်း Neat and tidy ဖြစ်လျက် ရှင်းသန့်အေးချမ်းကာ မမနှင့် အဓိကကွာခြားချက် ကတော့ မမရဲ့ အင်မတန် လျှပ်ပလာနိုင်ကာ အကြောင်းတစ်ခုမဟုတ် တစ်ခုတော့ ရှိနေတတ်ခြင်း၊ ဖရိုဖရဲ ဖိုသီဖတ်သီနိုင်တတ်သော အကျင့်ရှိခြင်း၊ အ၀တ်အစား ကပိုကရို လက်ထဲတွင် တိုလီမုတ်စ ပစ္စည်းပစ္စယများ ဖြင့် ရှုပ်ထွေးပွေးလီနေတတ်ခြင်း၊ မှတ်ဥာဏ် ကောင်းချင်သည့်နေရာတွင် သူ မတူအောင် ကောင်းချင်ကောင်းးနေတတ်သော်လည်း အင်မတန် သတိမေ့တတ်ကာ. . . နမော်နမဲ့နိုင်တာတွေ ကြောင့် ပစ္စည်းအပျောက်အရှ အကျအကွဲ များ တတ် ခြင်းတို့သည် သူနှင့် မမရဲ့ အဓိက ကွာခြားချက်ပင် ဖြစ်လေသည်။

တတိယ. . . သူ့ရဲ့ ထူးခြားချက် ကတော့ သူသည် အပြုံးအရယ်ကင်းကာ အလွန် အေးဆေးတည်ငြိမ်သူ စာတော် သူ ယောကျာ်းပီသသူအ ဖြစ် လူသိပြီး မမ ကတော့ အရယ်သန်သူ စကားတွေ ဟောင်ဖွာဟောင်ဖွာ ပြောတတ်သူ အတန်းထဲတွင် လက်ချာလိုက်မမှီသဖြင့် စာအုပ် တွေ ဟိုလူ့ဆီက မျက်မှာ ချိုသွေး ငှားရ ဒီလူ့ဆီက ငှားရ မိတ္တူကူးရဖြင့် ဗျာများ ရသူ စာမေးပွဲနီးလျှင် စာမရတတ်သဖြင့် ဆံပင်အုံထူထူများ ဖွားဖွားထအောင် ကုတ်ဖွာကာ ငိုယိုသူ အတင်းပြော အလွန်သန်သူ စကားအလွန်များ သူအ ဖြစ် ထင်ရှားပါသည်။ မမတွင် ရှိသော သူငယ်ချင်းလေးယောက် စလုံးလည်း မမနှင့် ဓာတ်တူ နာမ်တူ ဂုဏ်ရည်တူများ ပင် ဖြစ်ပါသည်။ မမတို့ အုပ်စုသည် လုပ်ကြံဇာတ်များ လည်း အကွက်ကျကျ တီထွင် ဖန်တီးတတ်ကြကာ ဖြတ်ထိုးဥာဏ် ကောင်းသူများ ဖြင့် စည်စည်ကားကားရှိကာ တစ်ယောက် မဟုတ် တစ်ယောက် ကိုတော့ အမြဲ ချောက်ချနေရမှ ကျေနပ်တတ်သူများ ဖြစ်သည်။ ထိုကဲ့သို့ သော မမက ကိုယ်နှင့် စရိုက်ဓလေ့ချင်း ရော အမူအကျင့် အပြုအမူ အသွားအလာ အနေအထိုင် ၀တ်စားဆင်ယင်မှု အားလုံး တစ်စမ ကျန် ဆန့်ကျင်ကွဲပြားသော လူငယ်ကလေးကို စိတ်ဝင်းစားကာ သူနှင့် ခင်ခွင့်ရဖို့ အကြံဥာဏ် တွေ ထုတ် တီးတိုးသဖန်ပိုးလုပ်ကာ လူလုံးပြ လုံးပမ်းနေသော အ ဖြစ်သည် အပေါင်းအသင်း တွေ ကြားတွင် ရယ်မော စရာပြတ်လုံးတစ်ခုပင် ဖြစ်သည်။ သို့ သော်. . . နေပေစေ။ အချစ်ကို ဘာနဲ့မှ တားမရပါရှင့် ။

“ဟိတ်. . . မစိဝ်. . . ဆက်လျှောက်. . . ဆက်လျှောက်၊ ငါတို့တော့ ငါဝမ်းပူဆာ မနေသာလို့ ကဲန်တင်းသွားပြီး နောက်ကျတဲ့လူ ဒကာခံ. . . ”

ပထမတော့ ကောင်းပြီ ကောင်းရက်နဲ့ မမနဲ့ သူ့ရဲ့ ဖြစ်အင်ကို ခပ်လှမ်းလှမ်း ကားပေါ်မှ စုပြုံထိုင်ကာ ၀ိုင်းကြည့်နေသော သူငယ်ချင်းများ က အော်ကြီးဟစ်ကျယ် အော်ကာ ကဲန်တင်းဆီသို့ ၀ရုန်းသုန်းကား ပြေးကြလျှင် သူတို့ တစ်အုပ်စာကို ဒကာမခံသော မမက မျက်လုံးပြူးကာ. . .

“ဟေ့ကောင်တွေ . . . မမမှာ ပိုက်ဆံမပါဘူးနော်၊ လာပြီ . . . လာပြီ . . . ”

ဟု. . . ကဲန်တင်းရောက်အောင် အလုအယက် ပြေးရစဉ် လက်ထဲမှ ပစ္စည်းတွေ တစ်ခုစီ ပြုတ်ကျကျန်တော့သည်။ ပစ္စည်းတွေ ကောက်ရင်း မမကို တစ်ချက်မှ မော့ကြည့်ဖေါ်မရ သော ပြိတ္တာကလေးကို အားပါးတရ မျက်စောင်းပိတ်ထိုးပစ်သေးသည်။ ဘယ်လိုများ ဖြစ်လို့ အဲ့ဒီစာအုပ်တွေ ထဲ ခေါင်းစိုက်နေရတဲ့ ၀ါသနာ ဆိုးဆိုးရွားရွားပါလာရသလဲ မသိပါဘူး။

ကဲန်တင်းရောက်အောင်ပြေးရသဖြင့် အတော် ဟိုက်နေသည်။ ၀တ်ထားသော ထဘီနှင့် အင်္ကျီမှာ ပျော့အိအိ တွဲ ရရွဲ ဖြစ်ရာ . . . ခြေမျက်စိဖုံးသော ထမီရှည်ကို မကြာခဏ တက်နင်း မိမလို ဖြစ်ကာ ထမီကို တစ်နေ့ဆယ်ကြိမ်ထက် မနည်းပြင် ၀တ်ရလေ့ရှိသည်။ Block Heel ခုံမြင့်ဖိနပ်ကြောင့် မမပုံစံမှာ လူကြီးဆန်ရ သည်ထင်သော်လည်း အပျိုကြီးဂိုက်ဆိုက်မှာ . . . 3rd M. B ရောက်သည့်တိုင် မ၀င်ချင်သေးတာ အမှန်ပဲ ဖြစ်သည်။ ဆရာဝန်မ ရုပ်ပေါက်ဖို့များ အဝေးကြီးလိုပါသေးသည်။ မမချစ်သော ကောင်ကလေး ကတော့ ဆရာဝန်ရုပ် ပေါက်လွန်းတာ များ ဟိုဖက်နှစ် ပြန် လွန်နေပြီ . . . ။

“မိစ၀်တို့များ . . . မမောနိုင် မပန်းနိုင် . . . ”

“ညည်းတို့အပူ မပါပါဘူးအေ . . .”

သူငယ်ချင်းတွေ ကို ရန်မူပြီး ခုံတစ်ခုဆွဲယူကာ ဇိုးဇိုးဇတ်ဇတ် ထိုင်ချလိုက်လျှင် ကျိုး နေသော ထိုင်ခုံကလေးမှာ ကျွိခနဲ ညည်းညူးကာ တကြွပ်ကြွပ် ကျိုးကျသွားလေသည်း။

မမ ပြုတ်ကျတောမလို ဖြစ်သွားရခြင်းကို . . . အဆန်းမဟုတ် တော့သော သူငယ်ချင်းတွေ က ၀ိုင်းဖမ်းထိန်းပေး ရင်း ရယ်မောကြလေသည်။ကဲန်တင်းထဲရှိ လူအားလုံး ကတော့ မမ တစ်ခုခု ဖြစ်နေကျကို သိသဖြင့် ပြုံးစိစိ ရယ်ကြသည်။

“ဒီပုံစံနဲ့များ . . . ညီသတလို လူမျိုးနဲ့ နှစ် ပါးသွားချင်သေးတယ် . . . မိစပ်နဲ့ တစ်နေ့နေ လိုက်ရရုံနဲ့ သူခေါင်းရှုပ်ပြီး ရှုးသွပ်သွားမလားပဲ . . .”

“တော် ကြစမ်းပါ . . . ”

မမက အသံကျယ်ကျယ်ဖြင့် ပိတ်ဟောက်လိုက်ကာ လာချသော အအေးခွက်ထဲက ဘယ်ခွက်က ဖျော်ရည်ပိုများ ပြီး ရေခဲနည်းသလဲဆိုတာကို စက္ကန့်ပိုင်းအတွင်း ကျင့်သား ရနေသော မျက်လုံးများ ဖြင့် အမြန်ရွေးချယ်။ အကောင်းဆုံးခွက်ကို ရွေးချယ်လိုက်ပြီးတော့မှ စိတ်ချမ်းသာသွားကာ ကြွပ်ကြွပ်အိတ်ထဲ က ကံပွင့်ယိုစုံကို ဖောက်စားရလေသည်။

“ဖတ်ဖတ်ကို မောနေတာပဲ . . . ဟင်း. . . ”

မမ ညည်းတာကို ၀ိုင်းရယ်ကြသေးသည်။

“အဲ့ဒါ ၀ဋ်ပဲ . . . မိစပ်ရယ် နင့်ကိုမြင်ရင် ဟိုကလည်းမျက်ခုံးကြောတွေ ကို ရှုံ့နေတာပဲ. . . စိတ်ရှုပ်ပြီး မောနေတဲ့ မျက်နှာမျိုးနဲ့ . . .”

“နေနှင့်ဦး . . . နောက်တစ်ကြိမ်ကြိုးစားတာပေါ့ . . .”

ပြောရင်း အအေးခွက်ထဲက ရေခဲတုံး သေးသေးကို ညိုမီ့ကျောပြင်ထဲ မမက အသာ ထည့်လိုက်သည်။

“အား . . . အေးလိုက်တာ ခွေးမ . . .မိစင်. . .”

ခင်ညိုမီသည် ကျောကိုတွန့်လိမ်ကာ တအားထအော်ဆဲ . . . သူ မကြာခင် အဖြေပေးတာ့ မည့် ညိုထွန်းအေး ကဲန်တင်းထဲဝင်လာသဖြင့် ကိုယ်ကို ပြန်မတ်ကာ ဣနြေ္ဒပြန်ဆည်ပြီး မျက်နှာကို တည်တည်ကြီး လုပ်ထားလေသည်။ ညိုမီ့မျက်နှာပေးကိုကြည့်ကာ . . . မမတို့ ကြိတ်ရယ်ကြရလေသည်။ ခင်သီတာက ညိုမီ့ကျောကိုပုတ်ကာ . . .

“ဟယ် . . . ကျောအေးကြီးတော့ . . .ညိုတွန်းအေး ခဏ . . . ညိုမီ ဘာ ဖြစ်တယ်မသိဘူး”

ညိုမီသည် ဟန်မဆောင်နိုင်တော့ဘဲ ခင်သီတာ့ ခြေထောက်ကို တအားဆောင့်နင်းချပစ် လိုက်သည်။

“ အား . . . ရုပ်ကလေးကြည့်တော့ နုနုနွဲ့နွဲ့နဲ့ ညိုမီခြေထောက်နဲ့ တက်နင်းတယ်တော့ . . . ညိုထွန်းအေးသတိထားနော် သူ့ကို . . .”

“ဟဲ့ . . . ညိုထွန်းအေး ဒီအအေးဖိုးလေတွေ ရှင်းလိုက်ပါလားဟင် . . . ကျွန်မတို့ အတန်းသွားတက်တော့မလို့ . . . ငါးရာတန်ကြီးမျက်ရမှာ အချိန်တွေ သိပ်ကြာသွားမှာ စိုးလို့ မစောင့်နိုင်တော့ဘူး

ဟု မမက ဦးဆောင်ပြောကာ . . . အလျှိုလျှို ပြေးထွက်လာခဲ့ကြသည်။ မမ တို့ ရယ်သံ တွေ ကျယ်လောင်လျှက် သဘောအကျကြီး ကျနေရလေသည်။ အတန်းထဲသို့ အမြဲနောက်ကျမှ ၀င်သဖြင့် မမတို့ ဘယ်တော့မှ လက်ချာလိုက်မမီကြပါ၊ ထိုအခါ . . . သီရေတာ နောက်ဆုံးတန်းမှာ ထိုင်ပြီး နေကြာစေ့ တဖျောက်ဖောက်ဝါးကာ အတန်းထဲရှိ လူပေါင်းစုံ၏ အတင်းအဖျင်း မျိုးစုံကို တ၀ကြီးပြောကြလေသည်။

“ ဟိတ် . . . မီးစပ် အရှေ့မှာ . . .အရှေ့မှာ . . .”

မမကြိုက်သော ကောင်ကလေးကို မေးထိုးပြကြသဖြင့် သူ့နောက်တည့်တည့်မှာ သွားထိုင် ကြလေသည်။

“ ဆရာမ ကလည်း . . . မိုနိုတုန်း(န်)နဲ့ စာသင်နေတာ အိပ်ငိုက်နေမယ်ဆိုရင် တစ်ရေး ရလောက်တယ်တော့ ၊ ပြီးရင်း . . . စာအုပ်ငှားပြီး အိမ်ကျမှပဲ ကူးရင်းတစ်ခါထဲ ကျက်လိုက်တော့မယ် . . . ဟင်း . . .”

ဟု လူကြားကောင်းအောင် ရေရွတ်ကာ အာလူးကြော်ထုပ်စတင်ဖောက်သည်။ လက်မှာ ပေ

သော အာလူးကြော်ဆီများ ကို . . .

“ဟဲ့ . . . ညည်းအင်္ကျီက အသစ်လား . . . လှလိုက်တာဟယ် အသားလေးက နုအိနေတာပဲ. . .”

ဟု ပြောပြီး ဘေးနားက တစ်ယောက် ယောက် ရဲ့ အင်္ကျီမှာ ဆွဲသုတ်လိုက်ရုံပင် . . .

“စာတွေ လည်း မရဘူးနော် . . . စာတော် ပြီး ရှင်းပြကောင်းတဲ့ လူ တစ်ယောက် ယောက် နဲ့ ချစ်သူ ဖြစ်ရရင်သိပ်ကောင်းမှာ ပဲ”

“အဲဒါဆိုရင် . . . ပုလင်းဖင်ကို ကြိုက်လိုက်ပါလား ၊မိစပ်ရဲ့ . . .စာတော် ပုံများ ကမ်းကုန်ရော”

“ညည်းကြိုက်ပါလား. . . ငါ့မှာ ရှိပြီိးသား”

ပြောရင်း ရှေ့ကကောင်လေးကို မျက်စပစ်ပြကာ အာလူးကြော်တစ်ဖတ်ကို မတော် တဆ ဟန်ဖြင့်လွတ်ချလိုက်လျှင် ကောင်လေးက လှည့်မကြည့် အာလူးကြော်ကိုကောက်ကာ နောက်ဖက်သို့ ပြန်ပစ် လိုက်လေသည်။

“ဟယ် . . . ဆောရီးနော် . . . ပြီးရင်စာအုပ်ခဏငှားမလားဟင် . . . ဘာမှ မမြင်ရဘူး”

ကောင်လေးက ဘာမှပြန်မပြောပါ။ မမနှင့် ဝေးရာသို့ နေရာရွေှ့ ပြောင်းသွား လေသည်။

“အလိုလေး . . . မိစပ်တို့များ အဲဒီ လောက် ဆွဲဆောင်ညှို့မြှူအားကောင်းလိုက်တာ “

“အောင်မယ် . . . ဒါ . . . သူစာကူးမမီတော့လို့ နေရာ ပြောင်းသွား တာပါ. . . ညနေကျတော့ စာအုပ်ငှားကိုငှားမှာ ပဲ. . . စောင့်ကြည့်“

ကောင်လေးက မျက်ခုံးရှုံ့ကာ တချက်လှမ်းကြည့်လျှင် မမက အမိအရ ဖမ်းပြုံးပြလိုက်ကာ မျက်နှာချိုသွေးလိုက်ပြီးမှ သူ့မျက်နှာကို ခပ်ဝါးဝါး ဖြစ်နေတာ သတိရသွားသည်။

“ဟယ်တော့ . . . မမ မျက်မှန် ကဲန်တင်းမှာ ကျန်ရစ်ခဲ့ပြီ ၊ ခုနက ညိုမီ့ကျောထဲရေခဲထည့်တုန်းက ခဏ ချွတ်ထားခဲ့တယ်“

“ဟာ . . . ဖြစ်ရပြန်ပြီ . . . မမတို့ ကတော့ “

တစ်အုပ်လုံး ဆရာမ တစ်ဖက်လှည့်တုန်း အလျှိုလျှို ပြန်လစ်ထွက်ကြရကာ ကဲန်တင်းမှာ ကျန်ခဲ့သော မျက်မှန်ကို သွားပြန်ယူရလေသည်။ မမတို့ ပြန်ရောက်သော အခါ အတန်းဆင်းသွား လေပြီ။

အတန်းထဲမှ ခပ်တည်တည်ထွက်လာသော ကောင်ကလေးကို မမက ရွှင်ရွှင်လန်းလန်း မျက်နှာလို မျက်နှာရ ပြုံးပြကာ . . .

“ဟိုဒင်း . . . Patho စာအုပ်ခဏလောက် ငှားပါလားဟင် . . . မမတို့ မမီလို့ ”

“ဘယ်မီမလဲ. . . စကားတွေ ဒီိလောက်များ နေတာ“

သူကလွယ်အိတ်ထဲမှ စာအုပ်ထုတ်ကာ လှမ်းပေးပြီး ခပ်တည်တည် ပြန်လှည့်ထွက်သွား သည်။ သူ့မျက်နှာပေါ်တွင် မမရဲ့ စာရင်းဇယားရှုပ်ထွေးတတ်မှု အပေါ် စိတ်ပျက် အံ့သြနေဟန် အထင်းသား ဖြစ်လေ သည်။

“မမတို့က စကားတွေ များ တာမဟုတ်ပါဘူး . . . ဆရာမ သင်တာကိုက မြန်တာ . . . လိုက်လို့ကိုမ

မီတာ“

“မနက်ဖြန် စာအုပ် မေ့မကျန်ခဲ့စေနဲ့နော် စပ်မမကို၊ Patho အချိန်ပါတယ် “

“အမလေး စိတ်ချပါ မမေ့ပါဘူး. . . ခေါင်းစဉ်တွေ ကိုပါ မျဉ်းသားပေးလာခဲ့မယ်နော်“

“ဟာ. . . ရတယ်မသားနဲ့ ၊ မှင်ရောင် စုံတွေ ငါ မကြိုက်ဘူး ၊ နင့်ဘာသာနင်ကူး . . . ငါ့ စာအုပ်ထဲ ဘာမှ လုပ်မလာနဲ့ စပ်မမကို“

အမလေး နင်နဲ့ ငါတဲ့ `စပ်မမကို ` တဲ့ ရင့်သီး လိုက်တာ. . . သူစိမ်းဆန်လိုက်တာ . . . မမစိတ်ထဲ မနှစ် မြို့နိုင် ဖြစ်သွားကာ . . .

“အမလေး. . . နင်နဲ့ငါ မပြောပါနဲ့ ညီသုတရဲ့၊ မမကို မမလို့ပဲခေါ်ပါ၊ စပ်မမကိုလို့ အပြည့်ကြီး မခေါ်ပါနဲ့ ရှည်လိုက်တာ “

“ရှုပ်တယ် . . . သွားတော့မယ် “

သွားပေါ့ရှင် . . . ဒီနေ့အဖို့တော့ စာအုပ်ငှားခွင့် ရတဲ့ အတွက်ရော သူနှင့် တရင်းတနီးစကား ပြောခွင့်ရတဲ့ အတွက်ရော မမ ကတော့ ကျေနပ်ပါသည်။ ကားဆီသို့ လျှောက်လာကြပြီး သူငယ် ချင်းတွေ နှင့် လမ်းခွဲလိုက်ကြသည်။ သူ့ကားဘေးမှာ မမကားကို ကတ်သီးကတ်သတ် ခပ်ကြပ်ကြပ် ၀င်ရပ်ထား သည် ဖြစ်ရာ မမတို့ နှစ် ယောက် ကားပေါ်ရောက်တဲ့အထိ အတူတူပင် ဖြစ်သည်။ လူချင်းမနီးစပ်သရွေ့ ကားချင်း တော့ နီးစပ်ထားဦးမှရှင့် . . .။

သူ့ကား ခက်ခက်ခဲခဲ ထွက်သွားပြီးမှ မမကားက အသာလေးအလွယ်တကူ ထွက်လာခဲ့သည်။ ဒီနေ့ တစ်နေ့တာအဖို့တော့ မမသည် သီချင်း အကျယ်ကြီး ဖွင့်ကာ မှန်အလုံပိတ်ပြီး ကားကို ခပ် ကြမ်းကြမ်းရမ်းရမ်း မောင်းလျက် သီချင်းလိုက်ဆို၍ ပျော်ရွှင်ရခြင်းဖြင့် အဆုံးသတ်ပါသည်။

မမရဲ့ တစ်နေ့တာများ ကတော့ ဘယ်တော့မှ ပျင်းရိ ခြောက်သွေ့ဖွယ် ကောင်းမည် မဟုတ်ပါ၊ ရယ်မေားစရာများ ပျော်ရွှင်စရာများ မေ့လျော့ ပျောက်ရှမှု များ ကြောင့် ဒေါင်ချာစိုင်းစရာများ နမော်နမဲ့နိုင်လွန်းသ ဖြင့် အဆူခံ အပြောခံစရာများ ဖြင့် အမြဲ ပြည့်ကြပ်နေတတ်သည် ဖြစ်ရာ ညအိပ်ရာဝင်ချိန်မှပင် မမငြိမ်သက်စွာ နားခွင့် ရလေသည်။

အဲဒီ လောက် လှုပ်ရှားလွင့်မြူးတတ်သော မမလိုကောင်မလေး တစ်ယောက် နှင့် အံ့သြ လောက်ဖွယ် အေးဆေး တည်ငြိမ်ကာ ကင်းကင်းရှင်းရှင်း ငြိမ်ငြိမ်သက်သက် နေတတ်သော ဒီလိုကောင်ကလေး တစ်ယောက် ၏ ပတ်သက်ငြိတွယ်မှု သည် ဘယ်အချိန်မှ ရောက်ရှိလာမည် မသိတတ်သော်လည်း `စပ်မမကို` သည် စိတ်ရှည်လက်ရှည် ဇွဲကောင်းတတ်သူ ဖြစ်သေးပြန်သည်။

မမရဲ့ ကံကောင်းမှု တစ်ချက် ကတော့ သူနှင့်မမ ဆေးရုံ အတူတူကျခြင်း ဖြစ်ပါသည်။ သူသည် လူနာတွေ ကို History ယူကာ စမ်းသပ်တာ ၊ သူ့ရဲ့တွေ့ ရှိချက်များ ကို Present လုပ်တာ အင်မတန် စည်းစနစ်ကျပြီး သေသပ်ကောင်းမွန်သဖြင့် ဆရာကြီးများ ရဲ့ ချစ်ခင် ချီးမွမ်းမှု ကို ခံရလေ့ ရှိပြီး မမ ကတော့ အိပ်ရာထ အမြဲနောက်ကျသည့် အပြင် ဆေးရုံသို့ ထွက်ခါနီး ကားတော့ မေ့ကျန်ခြင်း၊ ဂျူတီကုတ်၊ နားကြပ် ၊ စာအုပ် တစ်ခုမဟုတ်တစ်ခု မေ့ကျန်ခြင်းတို့က နေ့စဉ် ဖြစ်မြဲမို့ ဆေးရုံအလာနောက်ကျရခြင်း ၊ လာလျှင်လည်း ပစ္စည်း တစ်ခုခုလွတ်ကျသံဖြင့် လူနာများ ကို အလန့်တကြား ဖြစ်စေခြင်း၊ ဆရာစာသင်တာ သိပ်ကြာလာလျှင် ဗိုက်ဆာလာခြင်းကို သည်းမခံနိုင်သည် ဖြစ်ရာ ရှေ့က တစ်ယောက် ယောက် ကို အကာအကွယ်ယူ၍ ထမင်းခိုးစား ခြင်း၊ စာမေးလျှင် ဘယ်တော့မှ ရလေ့မရှိဘဲ ပေါက်ကရတွေ လျှောက်ဖြေတတ်သဖြင့် ဆရာတွေ ဆူပူဟောက်ဟိန်းသမျှကို ဒိုင်ခံ ခံရလေ့ရှိပါသည်။

မမနဲ့ သူ့ရဲ့ စရိုက်ကွဲပြားခြားနားမှု ကို သူလည်းသိသလို မမကလည်းသိပါသည်။ သို့သော်… မမက သူ့ရဲ့ စည်းစနစ်တကျရှိမှု ၊ စည်းကမ်းရှိမှု ၊ အနေအထိုင်တည်ငြိမ်အေးဆေးမှု ၊ စာတော် မှု ၊ယောက်ျားဆန်ကာ အပြုံးအရယ် မရှိမှု ၊ သပ်သပ်ရပ်ရပ်၊ သန့်သန့်ပြန့်ပြန့်ရှိမှု တို့ကို ချစ်မြဲ ဖြစ်လေသည်။

သူကလည်း မမရဲ့ ဖရိုဖရဲနိုင်မှု ၊ လျှပ်ပျာပျာနိုင်ကာ အမြဲတစ်ခုခု မှားယွင်းအပြစ်ရှိနေမှု ၊ အ၀တ်အစား အသုံးအဆောင် ပစ္စည်း ပစ္စယများ ရှုပ်ထွေးပွေလီနေမှု ၊စကားများ လွန်းမှု ၊နမော်နမဲ့နှိင်လွန်းမှု ၊ သူငယ်ချင်းတွေ နှင့် ဗရုတ်ကျကာ သူတစ်ပါးကို ချောက်တွန်းသန်လွန်းမှု ၊ အရယ်သန်လွန်းမှု . . .စသဖြင့် အတောမသတ် နိုင်လောက်သော ပြစ်ချက်များ အပေါ် စိတ်ညစ်စိတ်ရှုပ်ကာ ဝေးဝေးရှောင်မြဲ ဖြစ်လေသည်။

တစ်နေ့တော့ ရယ်စရာကောင်းသော အ ဖြစ်အပျက်တစ်ခုသည် ပြောစမှတ်တွင် သွား အောင် သူ့ရှေ့မှော က်မှာ မမ ဖြစ်ပျက်ခဲ့ပါသည်။

“ဟိတ်. . . ဒီနေ့ စပ်မမကို History ယူထားလိုက်တဲ့ ဆရာပြောသွားတယ်“

မမက ဆေးရုံ အရောက်နောက်ကျသူ ဖြစ်ရာ သူတို့ပြောသမျှကို ယုံကြည်ပြီး အဆုပ်ကဲင်ဆာ လူနာ တစ်ယောက် ကို History မေးဖို့ ချဉ်းကပ်လာခဲ့လေသည်။ အမှန်တော့ မေးခြင်းမဟုတ် ခုတင်ခြေရင်း ချာ့ထ် ထဲမှခိုးကူးယူဖို့ ကြံစည်ထားပြီး ဖြစ်ရာ လူမလစ်သေးသဖြင့် လူနာဦးလေးကြီးကို ပြုံးပြကာ. . .

“ဦးလေး နည်းနည်း စမ်းမယ်နော်၊ ဟင်း . . . ဟင်း အေးနေမလား မသိဘူး“

လူနာက စကားမပြောနိုင်ပါ။ မမက ဟိုစမ်း ဒီစမ်း အနည်းငယ်ဟန်ရေး ပြကာ စမ်းသပ်နေဆဲ လူနာက အသက်မရှူတော့ပါ။ တော် တော် ငြိမ်သက်သွားသည်ဟု မမက ထင်ကာ သူ့ရင်ဘတ်ကို နားကြပ်ဖြင့် ထောက်နားထောင်ကြည့်ရာ နှလုံးခုန်းသံလည်း မကြားရ၊ အသက်ရှူသံလည်း မကြားရပါ။

“ဦးလေး. . . ဦးလေး ဒုက္ခပဲ၊ ဟိတ် . . .ရွှတ် ရွှတ် ဒီမှာ တစ်ချက်လာကြည့်ပေးပါ၊ လူနာ ဘာ ဖြစ်သွားသလဲ မသိဘူး . . .”

သူ့ကို အားကိုးတကြီး လှမ်းခေါ်လိုက်တော့ သူရောက်လာသည်။ လူနာရဲ့ သွေးခုန်နှုန်းကို လက်ကောက်ဝတ်မှာ စမ်းကြည့်သည်။ မျက်ခွံလှန့်ပြီး ကြည့်သော အခါ . . .

“ဟိုက်. . .ဒုက္ခတော့ ဖြစ်ပြီထင်တယ်၊ စပ်မမကို စမ်းလိုက်တဲ့ လူနာတော့ Expire ဖြစ်သွားပြီ ထင်တယ် ”

“ဘုရားရေ. . . ”

မမ အရမ်းလန့်ပြီး ပါးစပ်ကို လက်ဝါးနှစ် ဖက်ဖြင့် မအော်မိအောင် ဖိအုပ်ပစ်လိုက်ရသည်။ မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်ကာ ခြေတုန်လက်တုန် ဖြစ်လာလေသည်။ သူက ဆရာဝန်ပြေးခေါ်သည်။ ဆရာဝန်ရောက်လာတော့ သေချာအောင် စမ်းပြီးလျှင် . . .

“သေချာတာပေါ့ . . . လူနာ Expire ဖြစ်သွားပြီ ”

“စပ်မမကိုတို့များ . . . လုပ်လိုက်ရင် အရာရာနဲ့ အကြောင်းကြောင်းပဲ သူစမ်းလိုက်ကာမှ လူနာလည်း လန့်ပြီး Expire ဖြစ်သွားတော့တာ နေမှာ ပဲ”

ထိုသတင်း ကတော့ ၀ါ့(ဒ်) တစ်ခုလုံး ပျံ့နှံ့သွားကာ. . .လူတွေ ၀ိုင်းရယ်ြ ကတော့သည်။ မမအ ဖြစ်က ရယ်စရာကောင်းနေတာမို့ သူတောင် မရယ်ဘဲ မနေနိုင်။ ဆရာက ထုံးစံအတိုင်း ရယ်စရာ ပြောတတ်သူပီပီ . . .

“သောက်မျိုးနည်း . . . စပ်မမကို စမ်းတဲ့လူနာကျမှ Expire ဖြစ်သွားတယ်ဗျား. . . ဒုက္ခပဲ”

ဟု . . . ပြောလိုက်လျှင် လူအားလုံးက ၀ိုင်းရယ်ကြသလောက် မမမှာ ရယ်ရမလို ငိုရမလို ဖြစ်နေသေးသည်။ လူနာကြီးရဲ့ မျက်နှာကိုလည်း ပြန်မြင်ယောင်ကာ သွေးပျက်ချောက်ချားလျက်ရှိသည်။ မမအ ဖြစ်သည် တောာ်တော် ပြောစမှတ် တွင် သွားပြီး သူလည်း အဲဒီ အချိန်ကစပြီး မမကို သတိထားမိလာခဲ့ပုံ ရပါသည်။ ဘာအကြောင်းကြောင့်ပဲ သူသတိထားမိသည် ဖြစ်စေ မမကိုမြင်၍ သူပြုံးလျှင်ကို မမကကျေနပ်ပါသည်။

တစ်ခါတစ်ခါတော့ မမသည် သူနှင့် ပတ်သက်၍ အတော် စိတ်ရှုးပေါက်လေ့ရှိပပါသည်။ မမကိုမြင်တာနှင့်တစ်ခုခု ဖြစ်တော့မှာ စိုးရိမ်သော မျက်နှာထားဖြင့် ရှောင်ထွက်သွားတတ်သူနှင့် မမက ထမင်းလက်ဆုံစားချင်စိတ် ဖြစ်မိသေးသည်။ သို့သော် စပ်မမကိုပဲ. . . ဖြစ်ချင်တာကိုတော့ လက်တစ်လုံးခြား ကလေး ဖြတ်ထိုးဥာဏ်သုံးကာ ဖြစ်အောင်လုပ်သည်ပင်။

သူထမင်းစားလျှင် သူ့ကားရပ်ထားသော ဘေးရှိ အုတ်ခုံဝိုင်းဝိုင်းကြီးပေါ်တွင် တစ်ယောက် တည်း ဒူးချိတ်ထိုင်ကာ အေးအေးဆေးဆေး စားလေ့ရှိပါသည်။ အဲဒီ နေ့ ကတော့ မမသည် သူငယ်ချင်းတွေ နှင့် ကဲန်တင်းမှာ စားနေကျ အစီအစဉ်ကို ဖျက်ပြီး တစ်ယောက် တည်းခွဲထွက်လာကာ သူ့ကားဘေးမှာ ယှဉ်ရပ်ထား သော မမကားပေါ်မှာ ထိုင်ကာ သူနှင့် မျက်နှာချင်းဆိုင် ထမင်းစားဖို့ ကြိုးစားပါသည်။ သူ တစ်ချက် လှမ်းကြည့်လျှင် လှလှပပကလေးပြုံးပြလိုက်ပြီး ထမင်းဘူးဖွင့်သည်။ ထမင်းဘူးကို ပေါင်ပေါ် တင်ထားရပြီး ဇွန်ခက်ရင်းနဲ့ စားရသည် ဖြစ်ရာ စားပွဲပေါ်တင်စားရတာ လောက် သက်တောင့်သက်သာ မ ဖြစ်ပါ။ မေမေထည့်ပေးလိုက် သော ကြက်ပေါင်ကြော်သည် အတော် အဖဲ့ရခက်လေသည်။ သူကတစ်ချက်တစ်ချက် ထမင်းဝါးရင်း မမကိုများ လှမ်းကြည့် မလားဟု စိုးရိမ်ကာ ကြက်ပေါင်ကို လက်နှင့်ကိုင်ဖဲ့ဖို့ စိတ်ကူးမရှိချေ။ လှလှပပကလေးသာ စားမည် ။ သို့ သော် သူက မမကိုမကြည့်ဘဲ မမကသာ သူ့ဆီ ခဏခဏ လှမ်းကြည့်နေရသည့် အ ဖြစ်မှာ ရယ်စရာပင် ကောင်းသေးတော့၏ ။

တစ်ကြိမ်တွင် တော့ ကြက်ပေါင်ကို ခတ်ရင်းဖြင့် စိတ်လိုက်မာန်ပါ ဖဲ့ရွဲ့ပစ်လိုက်ရာ အရှိန်လွန်ပြီး ထမင်းဘူး ပြုတ်ကျသွားတော့သည်။ ထမင်းဘူး ပြုတ်ကျသံ ခွပ်ခနဲမြည် စဉ် မမသည် ရှက်လန့်စွာ လျှာကလေးထွက်ပြီး သူ့ဆီ ကပျာကယာ လှမ်းကြည့်လျှင်“ နမော်နမဲ့ ဖြစ်ပြန်ပြီ” ဟူသော အကြည့်ဖြင့် သူက တစ်ချက် ကြည့်ဖော်ရသေး၏ ။

“မမ ငတ်ပါပြီတော် . . . ထမင်းဘူးကလဲ မမပေါင်ပေါ် ကပဲ ပြုတ်ကျရတယ်လို့”

အရှက်ပြေ တီးတိုးတီးတိုး ရေရွတ်ပြီးလျှင် ထမင်းဘူးကို ပြန်ကောက်သိမ်းကာ လက်ကိုင်ပုဝါဖြင့် ပြန်ထုတ်ပြီး ကဲန် တင်းသို့ပြေးရပြန်သည်။ ကောင်ကလေးကို ပိုးပန်းသည့် ရလာဒ်ဖြင့် ထမင်းဘူးမှော က်ကျကာ ငတ်သွားရသော အ ဖြစ်အပျက်ကို သူငယ်ချင်းများ အား ပြန်မပြောရဲချေ။

မမသည် အချစ်အတွက် ထမင်းအငတ်ခံရသူလည်း ဖြစ်ပါသည်။

•••

အခန်း(၂)

အခန်း . . .(၂)

အချစ်သည် မျက်နှာအလွန်လိုက်လေ့ရှိကြောင်း အကောင်းဆုံးသက်သေပြနိုင်သူ ကတော့ စပ်မမကို ပဲ ဖြစ်ပါသည်။ မမသည်ကိုယ့်ကိုကြိုက်သော ကိုယ်ကပြန်မကြိုက်နိုင်သော ကိုယ့်ထက်အတန်းကြီးသူ၊ အတန်းထဲမှရွယ်တူ၊ အတန်းအောက်အငယ်တန်းမှ ကောင်ကလေးများ ကို တစ်ချက်မှ မျက်နှာသာမပေးဘဲ မျက်စောင်းထိုး စူပုပ်၍ လည်းကောင်း ၊ ခြေဆောင့် ငြူစူ၍ လည်းကောင်း၊ အသံကျယ်ကြီးဖြင့် အော်ကာ …….

” မမနောက်မလိုက်နဲ့ နော် … ခြေထိုးခံပစ်လိုက်မယ် ဘာမှတ်လဲ”

ဟု ခြိမ်းခြောက်၍ လည်းကောင်း၊ အနိုင်ယူလေ့ရှိပြီး ကိုယ့်ကိုမကြိုက်သော … ကိုယ်က သေလုအောင်ကြိုက်နေသော ကောင်ကလေးကိုတော့ တစ်နေ့တွင် တကြိမ် ကိုယ်အလှကိုသူ သတိပြုမိဖို့ … ကိုယ်နှင့်သူ မျက်လုံးချင်းဆုံပြုံးပြနုတ်ဆက်ခွင့်ရဖို့ … တရင်းတနှီးစကားပြောခွင့်ရဖို့ မျက်နှာချိုသွေး အောက်ကျို့ခံလေ့ ရှိပါသည်။

မမသည် သူနှင့်ပတ်သက်လျှင် အမြဲ ကယောင်ကတန်း အမှားမှားအယွင်းယွင်း ဖြစ်ကာ သူ့ရှေ့မှော က်တွင် တစ်ခုခုတော့ ပြောစရာ ဖြစ်မြဲတည်း။ သူကလည်း မမ အဲ့ဒီလို ဖြစ် ဖြစ်နေတာကို အတော် စိတ်မရှည် သည်းမခံနိုင် ဖြစ်နေပုံရပါသည်။ မမသည် သိပ်စကားများ လွန်းတာကို သူ ကြည့်မရတာ သေချာသည်။ သို့သော် … မမကပြင်သလားဆိုတော့လည်း အစွဲကြီးစွဲနေသော မွေးရာပါ သန္ဓေဗီဇကို ပြင်မရပါ။

သူငယ်ချင်းတွေ တပြုံတမကြီး ကားပေါ် ပြွတ်သိတ်တင်ကာ အတန်းလစ်ပြီး စကော့ဈေးသွားခြင်း၊ ၀က်သားတုတ်ထိုးစားခြင်းများ သည် မမတို့ တစ်ပတ်တွင် အနည်းဆုံး တစ်ကြိမ်လုပ်သော အလေ့အထ တစ်ခု ဖြစ်သည်။ ရုံးလ်ရှိ(သ်)မှာ လက်မှတ်ထိုးပေးဖို့တော့ တစ်ယောက် ယောက် ကို ပါးလျက်နားလျက်လုပ်ကာ လက်မှတ်တွေ စုပြုံထိုးခိုင်းရုံပင်။

မမရဲ့ အ ဖြစ်တွေ ကတော့ ပြောရရင် မကုန်နိုင်စရာပဲ ဖြစ်သည်။ အဲ့ဒီနေ့က စကော့ဈေးသွားဖို့ ကျောင်းရှေ့ မီးပွိုင့်ကအဖြတ်မှာ ဆေးရုံကြီးကနေ ကျောင်းကို လမ်းလျှောက်ကူးလာသော သူ့ကို တစ်ကိုယ်တော် တွေ့ လိုက်ရစဉ် မမသည် စိတ်လှုပ်ရှားပြီး ယောင်ယမ်းကာ အရှိန်ပြင်းပြင်း သွားနေသော ကားကို ဘရိတ်တအား ဖိနင်းမိလျှက်သား ဖြစ်သွားလေသည်။ မီးပွိုင့်က မီးစိမ်းဆဲ ဖြစ်ရာ မမကားက ရုတ်တရက် ဘရိတ်ဆောင့်နင်းလိုက်သဖြင့် ကားထဲက အမျိုးသမီးတွေ ဖရိုဖရဲ ခေါင်းဆောင့်မိသူ ဆောင့်၊ တက်နင်းမိသူနင်းနှင့် ဟန်ချက်တွေ ပျက်ကုန်သည့်အပြင် နောက်ကားတွေ အားလုံး အလန့်တကြား ဖြစ်ကုန်ကာ ဘရိတ်ဆွဲသံတွေ ဆောင့်ကြီးအောင့်ကြီး ဟွန်းသံတွေ … ဆဲရေး သံတွေ ဆူညံသွားတော့သည်။

ကမ္ဘာလောကကြီး တစ်ခုလုံး ဘယ်လောက်ပဲ ဆူညံပွတ်လောရိုက်ကာ ကသော င်းကနင်း ဖြစ်သွားသော်လည်း ကိုတေမိက ခပ်အေးအေးပင် လမ်းလျှောက်မပျက်သူသွားရာကို လည်ပင်းကြီးတစ်ခုလုံး စောင်းလိမ်ကာ လိုက်ကြည့်မိသော မမကိုလည်း မြင်ပုံမရချေ။

” မိစပ် … ဘယ်လိုလုပ်လိုက်တာလဲ …သေတော့မှာ ပဲ၊ နောက်ကကားတွေ ၀င်ဆောင့်ကုန်တော့မှာ ပဲ၊ ဟွန်းတွေ တီးကုန်ပြီ …”

” ဟဲ့ … မောင်းလေ … မောင်းလေ … ဘာကိုကြည့်နေတာလဲ ….”

” ဟိဟိ … ညီသုတကိုမြင်လိုက်လို့ ရုတ်တရက် ယောင်ပြီး ဘရိတ်မှားနင်းမိတာ … ဘာမှမ ဖြစ်ဘူး၊ ဘာမှမ ဖြစ်ဘူး … ညဉ်းတို့မသေနိုင်ပါဘူး …”

” အလိုလေး … မြင်တာနဲ့ ပဲ မျက်လုံးပြူးမျက်ဆံပြူးနဲ့ ဘရိတ်မှားနင်းသေးတယ်၊ မိစ၀်တော့ အရူးရင့် နေပြီ …”

” အရူးမ …သရဲမ … ညဉ်းက ကိစ္စမရှိဘူး၊ ငါတို့ မသေနိုင်သေးဘူးနော်၊ ညိုမီဖြင့် ရည်းစား ဖြစ်ဖို့ခုနှစ်ရက်အလိုပဲ ရှိသေးတာ …”

နောက်ကားတစ်ချို့က ကျော်တက်သွားပြီး ဆဲသွားကြသည်။ မမမှာ ရှက်ပြုံးပြုံးကာ ရူးသလို ကြောင်သလိုလုပ်ပြီး နေနိုင်လွန်းသော ကောင်ကလေးကို တိတ်တိတ် ကျိတ်ဆဲရပါသည်။ သူ့ကိုမြင်တိုင်း မမ အမြဲပင် ကမူးရူးထိုး ဖြစ်တက်သည်မှာ အကျင့်တစ်ခုလို ဖြစ်နေပြီ။ သူ့လောက်အေးဆေးသီးသန့်ဆန်သော ကောင်ကလေးမျိုးလည်း မမတစ်သက်တွင် မကြုံဖူးခဲ့ချေ။ အဲ့ဒီအ ဖြစ်အပျက်ကြောင့် မမမှာ သူငယ်ချင်းတွေ ကြားတွင် အနောက်အပြောင်ခံစရာ တစ်ခု တိုးလာခဲ့သည်။ သူ့ကိုမြင်လျှင် …

” မိစ၀် … ဘရိတ်နင်းမယ် ”

ဟု … အားလုံးက ၀ိုင်းလှောင်ပြောင် သရော်ကြလျှင်လည်း မမက အပြုံးမပျက်ချေ။ ” နေနှင့်ဦး … နောက်တစ်ကြိမ် ကြိုးစားတာပေါ့” ဟူသောာ … လက်သုံးစကားကို မမက တွင် တွင် သုံးစွဲ အားကိုးမြဲ။ တစ်နေ့ကျရင်တော့ သူ့တို့အားလုံး ရင်သပ်ရှုမော အံဲ့သြသွားရလောက်အောင်ကို သူ့နဲ့ ချစ်သူတွေ ဖြစ်လိုက်ကြဦးမယ်ဟု မမက မျှော်လင့်စိတ် တိတ်တခိုးဖြင့် ကြုံးဝါးမြဲတည်း …။

တစ်ကြိမ်တော့သူငယ်ချင်းတွေ ခေါင်းချင်းဆိုင်ဒူးတိုက်ဆွေးနွေးပြီးလျှင် သူ့ကို ဓါတ်ပုံခိုး ရိုက်ဖို့ ကြိုးစားခဲ့သေးသည်။ မမတို့လမ်းမတော် ဆေးကျောင်းတွင် လူ တစ်ယောက် ကို သူမသိအောင် ဓါတ်ပုံရိုက်စရာနေရာတွေ မြောက်မြားစွာ ရှိပါသည်။

ကျောင်းဝင်းအလယ်မှာ မြက်ခင်းပြင် စိမ်းစိမ်းတွေ ရှိပြီး အဲ့ဒီမြက်ခင်းပြင်မှာ ဆရာကန့်တော့ပွဲလည်း ကျင်းပတက်သည်။ ယောက်ျားလေးတွေ တစ်ချို့က ခြင်းခတ်ကြသည်။ မမရဲ့ကောင်လေး ကတော့ စာကြမ်းပိုးလေးပီပီ အဲ့ဒီမြက်ခင်းထောင့် အုတ်ခုံလေးမှာ ငြိမ်သက်အေးချမ်းစွာ စာထိုင်ဖတ်လေ့ရှိသည်။ ထိုမြင်ကွင်းကို ဓါတ်ပုံရိုက်ဖို့ အကောင်းဆုံးနေရာမှာ ဌာနရှေ့ရှိ ကော်ရစ်ဒါကလေးမှ ဖြစ်သည်။

ခေါင်းငုံ့ကာ စာကို စိတ်ဝင်တစား အာရုံပြုဖတ်သော သူ့ကို အပေါ်စီးမှနေ၍ ဓါတ်ပုံခိုးရိုက်ရသော အ ဖြစ်သည် ရင်ခုန်စရာလည်းကောင်း … ရယ်စရာလည်းအတော် ကောင်းပါသည်။ မမတို့ သူ့ဓါတ်ပုံ ခိုးရိုက်တာ လူလည်းမသိစေချင် … အဲ့ဒီတော့ခိုးကြောင်ခိုးဝှက်ရိုက်ရဆဲ အတန်းထဲမှ အာအပြဲဆုံး၊ အရှတ်ခွဲတက်ဆုံး အနောက်အပြောင်အသန်ဆုံး မျက်မှန်နှင့် ကျောင်းသား တစ်ယောက် က Pharmaco ဌာနအခန်း ထဲက ဘွားခနဲ ထွက်လာကာ …

“ဟိတ် . . . ဘာတွေ လုပ်နေကြတာလဲ၊ ဟား . . . စပ်မမကို လက်ထဲမှာ ကင်မရာကြီးနဲ့ ဘယ်သူ့ကို ရိုက်နေတာလဲ ပြောစမ်း၊ ဟော့ဒီမှာ ဓါတ်ပုံခိုးရိုက်နေပါတယ်ဗျို့၊ ဓါတ်ပုံ ခိုးရိုက်နေပါ တယ်. . . ”

ဟု . . . အသံကုန်သလောက်နီးပါး ကျယ်လောင်စွာ အော်လိုက်သဖြင့် မမတို့အုပ်စုမှာ ၀ရုန်းသုန်းကားဖရိုဖရဲ ထွက်ပြေးကြရဖူးပါသည်။ သူနှင့်ပတ်သက်ပြီး မမတို့မှာ အစဉ်အမြဲ ကစဉ့်ကလျား ဖြစ်ရသလောက် သူ ကတော့ မမတို့နှင့် ပတ်သက်ဖို့ အတော် ၀န်လေးခက်ခဲကာ အေးစက်စက်နိုင် လွန်းသူတည်း။ သူ့ရဲ့ ဖာသိဖာသာ မျက်နှာပေးကြောင့် မမ အလွယ်တကူ လက်လျှော့သွားမည် ထင်ရင် တက်တက်စင်အောင် လွှဲမှားပါလိမ့်မည် ။ သူနှင့်ပတ်သက်လျှင် မမက အင်မတန် စိတ်ရှည်သည်းခံကာ ဇွဲကောင်း လေ့ရှိသူ ဖြစ်ပါသည်။

သူ့အပေါ် မမ ဘယ်လောက် စိတ်ရှည်ဇွဲကောင်းနိုင်သလဲဆိုရင် တစ်ခုသော နေ့လည်ခင်း တွင် pharmaco Tutorial ဖြေခါနီး စာကျက်နေသော သူ့ကိုစကား ပြောဖို့ ကြိုးစားအားထုတ်ခဲ့သော အ ဖြစ်အပျက်တစ်ခုက သက်သေ ဖြစ်ပါသည်။ မမတို့ဖြေရမည့် Lower Lecture Theatre ရှေ့တွင် ခုံတန်းရှည်ကြီးနှစ် ခု မျက်နှာချင်းဆိုင် ချထားသည် ဖြစ်ရာ. . . သူကခုံတန်းရည် တစ်ဖက်တွင် ထိုင်လျက် ခေါင်းငုံ့ ပြီး စာဖတ်နေခဲ့ချိန် ဖြစ်သည်။မမသည် စာမေးပွဲဖြေခါနီး ထုံးစံအတိုင်း ဆံပင်အုံထူထူဖားဖားကိုဖွားဖွားထအောင် ကုတ်ရင်း သူ့ဘေးနားသို့ ၀င်ထိုင်လိုက်ကာ . . .

“အမလေးနော် . . . Ante hypertensive Drugs တွေ ကလည်း ခက်လိုက်တာနော်. . .ဟိုဟာနဲ့ဒီ ဟာရောထွေးကုန်ပြီ၊ ဆေးနာမည် တွေ ကလည်း များ လိုက်တာ လွန်ရော. . . စာတွေ ရပြီလား ဟင်. . . မမကို နည်းနည်း ပြပေးပါလား”

ဟု. . . အပြုံးမလေးဖြင့် မျက်နှာချိုသွေးကာ စကားရောဖောရော ၀င်လုပ်လိုက်သည်။ သူသည် မမအကြောင်းကိုတော့ ကောင်းကောင်းသိနေပြီ ဖြစ်သော မျက်နှာဖြင့်. . .

“ဘာရောထွေးစရာရှိလဲ စပ်မမကိုရဲ့ . . . ဆေးတစ်မျိုးစီမှာ သူ့ Action နဲ့သူ ရှိတာပဲ. . . တစ်မျိုးစီ ကို သေသေချာချာ ခွဲမှတ်ရင် ဘာမှမခက်ဘူး . . .”

ဟု . . . ခပ်အေးအေးပြန်ပြောလျှင် မမက သူနှင့်စကားလက်ဆုံကျဖို့ အခွင့်အလမ်းကို ပိုတိုးကပ်လိုက်ကာ ရှာဖွေနိုင်လိုက်သဖြင့် ကိုယ့်ကိုယ်ကို အတော် သဘောကျ ကျေနပ်သွားလေသည်။ သူနှင့် စကားတွေ ဆက်ပြောဖို့ အကြောင်းအရာကို အားတက်သရော ရှာဖွေရင်း စိတ်မြန်လက်မြန်ရှိသော အကျင့် ဗီဇအတိုင်း သူ့ဘေးသို့ ပိုတိုးကပ်လိုက်ကာ. . .

“ဟုတ်လား . . . ရှင်က ဘယ်လိုသေသေချာချာ ခွဲမှတ်လိုက်တာလဲဟင်၊ ရှင် ကတော့ စာကို တော် တာပါ။ မမကိုရှင့်မှတ်နည်းကလေး နည်းနည်း ပြောပြလေ၊ အရင်တစ်ပတ် Tutorial တုန်းက မမစာမရလို့ ခိုးချဖို့ လက်ဝါးမှာ ရေး သွားတဲ့ဥစ္စာ . . . ချွေးတွေ ပျံပြီးပျက်သွားလို့ ဘာမှ မမြင်ရတော့ ဘူး. . . ဆယ်မှတ်မှာ နှစ် မှတ်ပဲရတယ် သိလား . . . အဟီး”

မမ စကားတွေ လာများ နေသဖြင့် သူ့မှာ စာငုံ့ဖတ်လိုက် . . . မမ ပြောတာကို ခေါင်းမော့ နားထောင်လိုက် ခဏလုပ်ကာ နောက်တော့ . . .

“စာမေးပွဲဖြေခါနီး စကားတွေ မများ နဲ့လေ . . . စပ်မမကို ကိုယ့်စာကိုယ်ကျက် . . .”

ဟု . . . ပြောပြီး မမကို တစ်ချက်ပြုံးပြကာ မျက်နှာချင်းဆိုင်မှ ခုံတန်းရှည်သို့ ပြောင်းထိုင် သွားလေသည်။ မမက ခုံတန်းကလေးမှာ တစ်ယောက် တည်း ထိုင်ရင်း သူနှင့် ရင်းနှီးသထက်ရင်းနှီးလာအောင် ဘယ်လိုစကားလုံးတွေ ဆက်ရွေးချယ်ရကောင်းမလဲ ဥာဏ်နီဥာဏ်နက်တွေ ထုတ်နေကာ ရှေ့တည့်တည့်က သူ့မျက်နှာကို ခပ်တွေ တွေ စိုက်ကြည့်နေမိသည်။ အင်း . . . ဟုတ်ပြီ. . . ဒီနေ့ မေးခွန်းမှာ Thiazide မေးနိုင်သည့် အကြောင်း မမ ဆက်ပြောရမည် ။

စိတ်ကူးရသဖြင့် မမက သူ့ဘေးနားသို့ ရွှေ့ပြောင်းထိုင်ဖို့ ထိုင်နေရာမှ ထရပ်လိုက်သည်။ အံ့သြစရာကောင်းသော မမရဲ့ နမော်နမဲ့နိုင်မှု ကတော့ ကိုယ့်ခြေထောက် အချင်းချင်း ပြန်ခလုပ်တိုက်မိကာ ဟပ်ထိုးလဲကျတော့မလို ဖြစ်သွားပြီး ခပ်ရှည်ရှည် ပျော့တွဲ တွဲ ၀တ်ထားသော ထမီရှည်ကို ပြန်နင်းမိသေးသည်။ ထမီ ကျွှတ်မသွားရအောင် ကပျာကယာမနည်း ထိန်းဖမ်းလိုက်ရစဉ် သူကတစ်ချက် မော့ကြည့်လိုက်သည်နှင့် ကြုံလျှင် မမသည် အတော် ရှက်ကိုးရှက်ကန်း ဖြစ်သွားရလေသည်။ သူက ရယ်တော့မလို မျက်နှာဖြင့် ပြန်ခေါင်းငုံ့ သွားသည်။ မမက တစ်ဖက်သို့လှည့်ပြီး ထမီကို ကပျာကယာ ပြန်ဝတ်ကာ သူ့ဘေးသို့ ဒုတိယအကြိမ်မြောက် ပြောင်းထိုင်လိုက်ပြီး အရှက်ပြေ စကားမရှိစကားရှာရသည်။

“ဟိုဒင်း . . . ဒီနေ့ Thiazide ပဲမေးမယ် ထင်တယ် နော်. . . ”

ဒီတစ်ကြိမ် မမကို ကြည့်သော သူ့မျက်လုံးများ ထဲတွင် စိတ်ရှုပ်ထွေးရိပ်ရော ရယ်ချင်ရိပ်ပါ ရောထွေးလျက်ရှိသည်။

“စာမရသေးဘူးဆို စပ်မမကို . . .စာကျက်ပါလား၊ ဘာ ဖြစ်လို့များ စကားတွေ လိုက်များ နေရတာ လဲ”

“မကျက်ချင်တော့ပါဘူး မမက စာမေးပွဲခန်းထဲ ၀င်ခါနီး စာကျက်ရင် ခေါင်းထဲကို မ၀င်တော့ဘူး . . . တစ်ယောက် ယောက် နဲ့ စကားပြောနေရမှ RELAX ဖြ စ်တာ. . . ”

“ဒီလောက် စကားများ နေရတာ တောင် အားမနိုင် သေးဘူးလား စပ်မမကို . . . ဒီမှာ ကျွန်တော် စာကျက်နေတယ် . . .”

“စာကျက်မယ့် အတူတူများ . . . မမကို စာပြောပြလိုက်ရင် ပြီးရော”

“ဖြေဖို့ အချိန်ပဲ ဒီလောက်နီးနေပြီ . . . အခုပြောပြလို့ကော ခေါင်းထဲ ၀င်ဦး၊မှာ မို့လား . . . အိမ်က ဖြင့်ကြိုကျက်မလာဘဲနဲ့ . . . အဲ့ဒီ နေကြာစေ့ကလည်း တဖျောက်ဖျောက် ၀ါးနေတာပဲ . . . နားငြီး လိုက်တာ ကဲ. . . သွားတော့မယ်”

“ဘယ်သွားမလို့လဲ . . . ဆရာမ တောင် မရောက်သေးဘဲနဲ့”

သူက မမကို ဘာမှပြန်မပြောတော့ဘဲ စာအုပ်ကို ပိတ်ကာ ထထွက်သွားတော့သည်။ အင်း သူ ကဲင်တင်း(န်)သွားတာလည်း ဖြစ်နိုင်တာပဲ။ စာမေးပွဲ ဖြေခါနီး ခေါင်းမနောက်အောင် သံပုရာရည် အေးအေးကလေး တစ်ခွက်သောက်ဖို့ သွားတာဆိုရင် မမလည်း လိုက်သောက်လို့ ရတာ ပဲရှင်။

ကိုယ့်စိတ်ကူးနှင့်ကိုယ် မမက သူ့နောက်မှ အသာတိတ်တဆိတ်လိုက်လာခဲ့လေသည်။ မမရေဆာလို့ သံပုရာရည် ၀ယ်တိုက်ပါဟု သူ့ကိုပြောရင်သူ ကတော့ အားနာပါးနားနဲ့ ၀ယ်တိုက်ရှာမှာ ပဲ။ သို့သော်… သိပ်ပလူပလဲလုပ်ရာကျမှာ လည်း မမက စိုးရိမ်သေးသည်။ သူ့ကို တိတ်တခိုး သိပ်ချစ်မြတ်နိုးသည် မှန်သော်လည်း ရုပ်ပျက်ဆင်းပျက် ဣနြေ္ဒမဲ့အောင် အရှက်ရအောင် မမဘယ်တော့မှ မလုပ်ပါ။

ကိုယ့်ကိုယ် သူအထင်သေးမှာ မိန်းမနောက်ပိုးလို့ ထင်မှာ လည်း အတော် ကြောက်သေး၏ ။ သို့သော် . . . ကံမကောင်းသည်မှာ မမဘာလုပ်လုပ် နမော်နမဲ့နှင့် အရာရာနှင့် အကြောင်းကြောင်းအမြဲ ဖြစ်ရသည် ပင်။

သူ့နောက်မှ ဣနြေ္ဒရရ မသိမသာကလေး လိုက်ခဲ့စဉ် ရုတ်တရက် သူချိုးကွေ့ဝင်လိုက်သော အခန်းမှာ ယောက်ျားလေးအိမ်သာ ဖြစ်နေသဖြင့် ရုတ်တရက် မမသည် ကိုယ့်ပါးစပ်ကိုယ်ပြန်အုပ်ကာ အလန့်တကြား နောက်ကြောင်းပြန်လှည့်လိုက်ရပါသည်။ မမ အ ဖြစ်ကို သူငယ်ချင်း တစ်ယောက် ယောက် ကများ မတော် တဆ တွေ့ သွားလျှင် လက်ခုပ်လက်ဝါး တီးကာ ကောင်းချီးသြဘာပေးကြမည် ပင်။

မမကိုယ်၌ ကလည်း ဘာလုပ်လုပ် ပြောစမှတ်တွင် ကျန်ခဲ့သည်ချည်း ဖြစ်ရာ . . . ထိုအ ဖြစ် ကိုဘယ်တော့မှ ပြင်၍ ရမည် မထင်။

မမပြောချင်သည်မှာ မမချစ်သော ကောင်ကလေးနှင့်ပတ်သက်ပြီး မမဘယ်လောက်ပဲ ကြိုးစားအားထုတ်ထုတ် မမရဲ့နမော်နမဲ့နိုင်မှု ၊ ပျာရှပ်ရှပ်နိုင်မှု ၊ အူကြောင်ကြောင်နိုင်မှု တို့ကြောင့် ဘယ်တော့မှ အောင်မြင်လေ့မရှိဘဲ ရယ်စရာအ ဖြစ်အပျက် တစ်ခုခုဖြင့်သာ အဆုံးသတ်သွားလေ့ရှိခြင်းကို ဖြစ်သည်။

သို့သော် မမက ကိုယ့် ဖြစ်ရပ်တွေ အတွက် စိတ်ပျက်အားလျော့လေ့ရှိသူလည်း မဟုတ်တတ် ပြန်။ ဒီိတစ်ကြိမ် မ ဖြစ်ရင်နေနှင့်ဦး နောက်တစ်ကြိမ်ကြိုးစားတာပေါ့. . . ဟု ဇွဲခတ်လေ့ရှိတတ်သေးသည်။ ထိုဇွဲခတ် မှု တွေ ကြောင့် ပင် မမနှင့် သူ့အကြားတွင် ရယ်စရာကောင်းသော ကဘောက်တိကဘောက်ချာ အ ဖြစ်အပျက်တို့ အကြိမ်အရေအတွက်များ မရေတွက်နိုင်အောင် ထပ်မံပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပါသည်။

•••

အခန်း(၃)

အခန်း . . .(၃)

ထိုအ ဖြစ်အပျက်တစ်ခု စတင်ပေါ်ပေါက်လာရဖို့အတွက် တွန်းအားပေးသော အရာတစ်ခုမှာ သတင်းတစ်ခုမှ စတင်ပါသည်။ ထိုသတင်းကိုသယ်ဆောင်လာသူမှာ ခင်ညိုမီ ဖြစ်၏ ။

“ညီသုတက မိန်းကလေးဆို စကားပြော ညင်သာသိမ်မွေ့တဲ့ ပုံစံကလေးမျိုးမှ ကြိုက်တာဆိုပဲ . . . ဥပမာ ကေသီအေးလိုမျိုးတဲ့၊ မိန်းမပီပီသသကလေးဟာ စကားပြောနေမှန်းတောင် မသိသာအောင် မပွင့်တပွင့် တိုးတိုးဖွဖွ ကလေး ပြောရမယ်ပေါ့ဟာ . . .

စပ်မမကို, ကို သူအမြင်ကတ်မှာ ပေါ့ . . .ညည်းက ဗြန်းဗြန်းကွဲ ခုန်ပေါက်အော်ဟစ်နေတဲ့ မိန်းမကိုး၊ ဆရာဝန်နဲ့တောင်မတူဘူး. . . အူကြောင်ကြောင်လည်း နိုင်သေးတယ် ၊ အင်္ကျီအ၀တ်အစားဆိုလဲ ကေသီအေးလို မြန်မာအင်္ကျီလက်ပြတ်နဲ့ ခေတ်နောက်ပြန်ဆွဲနေတာမျိုးကိုမှ သူက ကြိုက်တာတဲ့လေ. . . ၊ ညည်းက အင်္ကျီရှည်ရှည် တွဲ တွဲ ပွကျိလန်ပြီး ဘာတွေ မှန်းမသိ ရှုပ်ယှက်ခတ်ပြီး ကပိုကရို ဖြစ်နေတာ ၊ ဒီကြားထဲ လက်ထဲကပစ္စည်းပစ္စယတွေ ကလည်း အများ ကြီး မနိုင်ဝန်ထမ်းပြီးမကြာခနဏ ပစ္စည်းတွေ ပြုတ်ကျ၊ ပျောက်ရှ မေ့ ကျန်နဲ့ ကမူးရှူးထိုး ဖြစ်နေတာကို သူဘယ်ကြည့် ရမလဲ၊ ပြီးတော့ . . . စကားကလည်း ခရားရေလွှတ်များ သေး. . . အရယ်ကလည်း သန်သေး၊ သူကနားအေး ပါးအေးသမားကိုး ၊ ညည်းကိုဘယ်ကြိုက်လိမ့်မလဲ. . . သူက မိန်မဆို ကျော့ရှင်းသိမ်မွေ့မှတဲ့ ”

မမသည် ထိုသတင်းကို ကြားရပြီးတဲ့နောက် ညဖက်တစ်ညလုံး မှန်းထဲကြည့်ပြီး အပြင်းအထန် လေ့ကျင့်ရသည်မှာ စကားပြော ညင်သာ သိမ်မွေ့တဲ့ ပုံစံပေါက်ဖို့၊ ကိုယ့်အသံ ကိုယ်ပြန်မကြားရအောင် တိုးတိုးညက်ညက်ကလေး လုပ်ဖို့ မပွင့်တပွင့် အခို့တရို့ လှုပ်လီလှုပ်လဲ့ ပုံစံကလေး ဖြစ်အောင် အမူအရာ ကျင့်ရခြင်း ဖြစ်ပါသည်။

ထိုညက ဘယ်လိုမောရမှန်းမသိ။ ကမ္ဘ္ဘာကြီးပေါ်တွင် မမောဆုံးညတစ်ည ဖြစ်သည်။ တကယ့်ကို ညလုံးပေါက် မှန်ရှေ့တွင် ကျကျနနထိုင်ကာ မျက်တောင်ကလေးတဖျပ်ဖျပ် ခတ်တာကအစ . . . နုတ်ခမ်းကလေး ရွစိရွစိ လုပ်ကာ အသံတိုးတိုး မျက်နှာကလေးငဲ့ကာ စောင်းကာဖြင့် ချစ်စဖွယ်ပြုံးတာအဆုံး ညအိပ်ရေး ပျက်ခံပြီး မငြီးမငြူ လေ့ကျင့်ခဲ့ရခြင်း ဖြစ်သည်။ မမတစ်သက်မှာ ဘယ်အလုပ်ကိုမှ ဒီလောက် စိတ်ရှည်လက်ရှည် အမောခံ ပြီး အားကျိုးမာန်တက် မလုပ်ခဲ့တာတော့ အလွန်သေချာလေသည်။

တစ်ညလုံး ညောင်းနေအောင်ကျင့်ယူရပြီး စိတ်စွဲလမ်းကာ အိပ်မက်တောင်ဆက်မက်သေးသည်။ အိပ်မက်ထဲမှ မမရဲ့ မိန်းမပီသတဲ့ လှုပ်လီလှုပ်လဲ့အမူအရာ ကြော့ကြော့ကလေးကို သူက သိပ်ချစ်တယ်ဟု ပြောသတဲ့၊ အဲ့ဒီအချိန်တုန်းက မမခံစားရပုံများ ကြက်သီးမွေးညင်းကလေးများ တရှိန်းရှိန်းထကာ ရင်ခုန်ကြည်နူး၍ မဆုံးခဲ့ချေ။

နောက်တစ်နေ့မနက် မမအလိုအပ်ဆုံးရှာဖွေရသော အရာမှာ မေမေ့ ရင်ဖုံးလက်ပြတ်တွေ ထဲမှ မမနှင့်တော် မည့် အင်္ကျီတစ်ထည် ဖြစ်ပါသည်။ မေမေ့ အင်္ကျိတွေ ပွရွကုန်သဖြင့် မေမေ အော်ဟစ် ဆူပူတာကို အပြုံး မပျက်ခံယူကာ အမြန်ဝတ်ရသည်။ ထမီရှည်ရှည် နှင့် ဒေါက်မြင့်ဖိနပ် ကတော့ မမရဲ့ အမှတ်အသားတစ်ခုလည်း ဖြစ် ပါသည်။

“မေမေ . . . မမဆေးရုံသွားတော့မယ်”

ဟု တိုးတိုးကလေး အရင်ပြောကြည့်လျှင် ပထမဆုံး မမရရှိသော တုန့်ပြန်မှု မှာ . . .

“ ဟဲ့ . . . ဘာ . . . ဘာပြောတာလဲ တိုးတိုး တိုးတိုးနဲ့”

မေမေရဲ့ တအံ့တသြ ပြန်မေးသံကို အရင်ရသည်။ ခါတိုင်း အချိန်နောက်ကျသဖြင့် ဖရိုဖရဲ ကမရှူးထိုး ပြေးကာ ခြံဝလောက်ရောက်မှ “ မေမေ . . . မမသွားပြီ” ဟု . . . တစ်ရပ်ကွက်လုံးကြားအောင် အော်ဟစ်နေကျ ဖြစ်ရာ ဒီနေ့ မမပြောသော စကားကို နှုတ်ဆက်စကားပြောသည် လို့ မေမေက မထင်ချေ၊

“သြော် . . . မမဆေးရုံ သွားမယ်လို့ ပြောတာပါ ဆိုနေမှဗျာ . . .”

ထုံးစံအတိုင်းအကျယ်ကြီးအော်မှ မေမေကသဘောပေါက်ကာ. . .

“အေး. . . အေး ပစ္စည်းတွေ မေ့ကျန်ဦးမယ် ထမင်းဗူး ၊ ရေ ဗူး ၊မျက်မှန်၊ကားသော့  ”

ဟု ထုံးစံအတိုင်း တသီတလျား ရေရွတ်သတိပေးဖေါ်ရလေသည်။

ထိုနေ့အဖို့ ပထမဆုံး ဆေးရုံမှာ သူငယ်ချင်းတွေ နှင့် အရင်ရီဟာဇယ် လုပ်ကြည့်သည့်အနေဖြင့် အိုက်တင်ကလေးနှင့် နူးညံ့သိမ်မွေ့စွာ စကားစတင်ပြောကြည့်ဖို့ ကြိုးစားရသည်။ နုတ်ခမ်း ကလေး လှုပ်လှုပ်လဲ့လဲ့ ပြုံးမယောင်ယောင်ကလေးဖြင့် . . .

“ဟဲ့ . . . ဒီနေ့ မမဘာထူးခြားလဲဟင် . . . ပြောစမ်းပါဦး၊ ဒီအင်္ကျီက မေမေ့ အင်္ကျီလေ. . . မမနဲ့ လိုက်ရဲ့လား”

မမရဲ့ အမူအရာကို ကြည့်ပြီး အားလုံးက ဗိုက်နှိပ်ပြီး ကျိတ်ရယ်ကြလေသည်။

“ဘယ်လို ဖြစ်နေတာလဲ မိစ၀်ရယ် … ပဲကလည်းများ နေလိုက်တာ … ဘာလဲ ဒီပုံစံက ညီသုတ ကြိုက်တယ် ဆိုလို့ တမင်လုပ်လာတာမှ ဟုတ်ရဲ့ လား …”

ခါတိုင်းလို တအားအော်ရယ်မည့်ဟန်ပြင်ပြီးမှအရှိန်သပ်လိုက်ကာ မမက မခို့တရို့လေးပြုံးကာ …

“သိပ်ဟုတ်တာပေါ့ … ညက တစ်ညလုံးမှန်ရှေ့မှာ အမျိုးမျိုး ကျင့်လာရတာ ရှင့် …”

“အမလေးဟဲ့ … မဲ့ကာ ရွဲ့ကာ … မူကာ စူကာနဲ့ ဒုက္ခပါပဲ … မိစ၀်ကို နာမည် ပြောင်းရအောင် လှုပ်လီလှုပ်လဲ့ သော်မော်အရည်အပျော်လို့ …”

အားလုံးဝိုင်းရယ်ကြသဖြင့် မမ မထိန်းနိုင်တော့ဘဲ အားရပါးရ ရယ်လိုက်မိတော့သည်။ သူတို့နှင့် လေ့ကျင့်လို့ ဘယ်လိုမှ မအောင်မြင်နိုင်။ မမ ဘာလုပ်လုပ် အနှောင့်အယှက် ၀ိုင်းပေးနေသည် ဖြစ်ရာ မမမှာ အရှိန် ပျက်ပျက်သွားရတတ်သည်။ ခါးကို လှမ်းတို့လိုက် ရယ်စရာပုံစံလုပ်ပြလိုက် မမ စိတ်မတို,တိုအောင် စလိုက် လုပ်နေ သဖြင့် မမမှာ တွန့်လိမ်ကောက်ကွေးပြီး အော်ဟစ်နေရတာ နှင့်ပဲ ဣနြေ္ဒရှိဟန်မဆောင်နိုင်တော့ပေ။ သူတို့ကို အံကြိတ်ပြရတာ နှင့် တံတောင်နှင့် ပြန်တွတ်ရတာ နှင့် ခြေဆောင့် နှုတ်ခမ်းစူကာ စိတ်ကောက်ပြရတာ နှင့် တစ်ည လုံး အိပ်ရေး ပျက်ခံပြီး လေ့ကျင့်လာသမျှ အမူအရာကလေးတွေ ကြက်ပျောက်ငှက်ပျောက် လွင့်စင်ကုန်တော့ သည်။

နေနှင့်ဦး သူတို့နှင့် မအောင်မြင်လည်း ကိစ္စမရှိ။ တစ်ညလုံး အပင်ပန်းခံကျင့်လာသမျှ အမူအရာ ဣနြေ္ဒရရ သိမမွေ့ညင်သာပုံကလေးတွေ ကိုတော့ သူ မမြင် မြင်အောင် မမအစွမ်းပြရဦးမည် ဟု စိတ်ထဲက တိတ်တဆိတ် ကြုံးဝါးထားခဲ့သည်။ ဆေးရုံတွင် တော့ အနှောင့်အယှက်များ ရှိသဖြင့် မမ မကြိုးစားသေး။ ကျောင်း ရောက်မှ တိတ်တဆိတ် ခွဲထွက်ကာ တစ်ကိုယ်တော် စွန့်စားဖို့ ဆုံးဖြတ်ထားလိုက်သည်။

အဲဒီ အချိန်တွင် ကံကောင်းထောက်မသည်မှာ မမတို့ အတန်းတစ်ချိန် ဆရာမ မလာသဖြင့် အားလပ် သွားကြရာ ကျောင်းသူကျောင်းသားတွေ တရုန်းရုန်း ကဲန်တင်းသွားသူ၊ အပြင်ထွက်သူတွေ စည်ကား ရှုပ်ထွေးနေ ချိန် ဖြစ်သည်။ သူကလည်း တစ်နေရာသွားဖို့ အတန်းပြင်ထွက်လာကာ သူ့ကားရပ်ထားရာဆီသို့ လျှောက်သွားစဉ် မမက သူ့နောက်မှလိုက်ကာ မျက်နှာပေးကလေးဖြင့် သူနှင့် ရင်ဆိုင်လိုက်သည်။ ထိုအချိန်တွင် မမသည် စိတ်လှုပ် ရှားပြီး ခြေဖျားလက်ဖျားတွေ အေးစက်တုန်ရင်ကာ ရင်ခုန်လျက် ရှိပါသည်။

“ညီသုတ … ဘယ်သွားမလို့လဲဟင်”

ပထမဆုံး တိုးတိုးသက်သာ လေသံအေးအေးကလေးဖြင့် စတင်နှုတ်ဆက်လိုက်ရာ ခါတိုင်း လို ခါတိုင်းလို ပျာယာခတ်မနေသော မမကို သူကတစ်ချက်အံ့သြသွားကာ “ဘာ ဖြစ်လာပြန်ပြီလဲ”ဟူသော ပုံစံမျိုး ဖြင့် မျက်ခုံးပင့်ကြည့်လေသည်။

“သြော် … မြို့ထဲခဏသွားမလို့ပါ၊ SHINING STARS မှာ စာအုပ်သွားဝယ်မလို့”

“မမ အတွက်လဲ ၀ယ်လာပေးမလားဟင် … ညီသုတ၀ယ်တဲ့စာအုပ်ပဲ ဖြစ် ဖြစ်ပေါ့၊ ဘာစာအုပ်တွေ ၀ယ်မှာ လဲ”

မမသည် မျက်တောင်ကလေး ပုတ်ခတ်ပုတ်ခတ်လှုပ်ကာ နှုတ်ခမ်းကလေး မခို့တရို့ဖြင့် မပွင့်တပွင့်ကလေး ပြောရဖို့ တစ်ညလုံး လေ့ကျင့်ထားရကြောင်း သူသိလျှင်ဘယ်လောက် အော်ဟစ်ရယ်မော ဟားတိုက်ချင်မယ်မသိ။

“ကျွန်တော် က CLI နဲ့ SURGERY စာအုပ်တစ်အုပ်ဝယ်မှာ ”

“အင်း … မမမှာ လဲ မရှိဘူး၊ ရှင့်အတွက်ပါဝယ်ရင်းနဲ့ မမကို ၀ယ်လာပေးပါလားဟင်”

“MACLEOD“S နဲ့ KDASနော်၊ဟုတ်ပြီလေ … ၊

ဒါဆိုလည်း ကျွန်တော် ၀ယ်လာပေးမယ်”

ဒါဆိုလည်း ကျွန်တော် ၀ယ်လာပေးမယ်”

“ကျေးဇူးပဲနော် သြော် ဒါနဲ့”

မမအဆင့်မှာ အတော် အောင်မြင်စ ပြုနေပြီ။

နောက်ထပ် ပီယ၀ါစာ ချစ်စဖွယ် စကားတစ်ခွန်းခွန်း ဆက်ပြောကာ မမကို သူသဘောကျနှစ်သက် သွားအောင် ကြိုးစားအားထုတ်မည် ပြင်ဆဲ … ရုတ်တရက် မမကားကြီး ဝေါခနဲထွက်လာကာ ကားပေါ်မှာ မမရဲ့ သူငယ်ချင်းတွေ တပြုံတမကြီး အလုံးအရင်းလိုက် ခေါင်းတွေ ပြူထွက်ကာ …

“ ဟိတ် မစ၀် … ကျွန်မတို့ ၀က်သားတုတ်ထိုးသွားစားကြမလို့၊ ညည်းမလိုက်ရင် နေခဲ့တော့နော်၊ သွားပြီ … တာ့တာ”

ဟု အော်ပြီး ကားထွက်သွားသဖြင့် မမသည် သတိလက်လွတ် ခုန်ဆွခုန်ဆွ ဖြစ်ကာ … “ဟိတ်ကောင်တွေ … ဟိတ်ကောင်တွေ သရဲမတွေ မမလဲ လိုက်မှာ ပေါ့၊ မမကားသော့ ကို ဘယ်သူခိုးသွားတာလဲ တောက် … ငါဆောင့်ကန်ပစ်လိုက်ရ တစ္ဆေမတွေ ”

ဟု … ဒေါ နှင့်မောနှင့်အကျယ်ကြီးအော်ဟစ်ခါ ကားနောက်သို့ သည်းကြီးမည်းကြီး ပြေးလိုက်ရသဖြင့် ဣနြေ္ဒသိက္ခာတွေ ၊ နူးညံ့သိမ်မွေ့မှု တွေ ၊ တိုးတိတ်ညင်သာမှု တွေ အားလုံး ဝေးရာ သို့ လွင့်ပြေးပျောက်ကွယ်သွားတော့၏ ။ ခြေထောက်တွေ ဆောင့်ကာ ကိုယ့်ကို တမင်ချန်ပစ်ခဲ့မှာ စိုး ပြီး ပွစိပွစိ စူပုပ်ရေရွေတ်နေသော မမသည် ကိုယ်ပိုးပန်းနေသော ကောင်ကလေးကို စိတ်လွတ် လက်လွတ်မေ့သွားပြီး ၀တ်သားတုတ်ထိုး မစားရမှာ ကို အပြင်းအထန် စိတ်ပူကာ ကားနောက်ပြေး လိုက်ရသဖြင့် သူငယ်ချင်းတွေ ရဲ့ လှောင်ပြောင် ဟားတိုက်မှု ကို အသေအလဲ ခံယူရခြင်းသာ အဖတ်တင်သည်။ မမ တစ်ညလုံး ကျင့်ကြံအားထုတ်ခဲ့သမျှ အောင်မြင်မှု မရရှိပါ။ မမရဲ့ အ ဖြစ်ကို ကြည့်ပြီး သူ ပြုံးစိစိ ဖြစ်ကျန်ရစ်တာကိုပဲ ရောင့် ရဲကျေနပ်ရတော့သည်။

“နေနှင့် ဦး ဒီတစ်ကြိမ်မအောင်မြင်ရင် နောက်တစ်ကြိမ်ကြိုးစားတာပေါ့”

ဟု အရှက်ပြေ ဟစ်ကြွေးလိုက်လျှင် သူငယ်ချင်းများ က မယုံကြည်တော့သော မျက်နှာတွေ နှင့် “ ပြော တာလည်းမင်းပါပဲကွယ်”

ဟု လှောင်ရယ်ရယ်ကြလေသည်။ မမက ခပ်ပြုံးပြုံးပင်။ မမရဲ့ အချစ်က သူ့ကို သေ လုမြောပါးကြီး နစ်မြော ခံစားနေရတာ မျိုးလည်းမဟုတ်။ သူ့ကိုတမ်းတမ်းစွဲ တသသ ဖြစ်နေခြင်းမျိုး လည်းမဟုတ်။ မမရဲ့ အချစ်က ဖြူစင်ပွင့်လင်းသည်။ ရိုးသားသန့်စင်သည်။ မမက ဖီလင်သမားမဟုတ်။ အပျော်သမားသာ ဖြစ်သည်။. သူ့ကို မရလို့ သေရတော့မယ့်သူ မဟုတ်တာ သေချာသော်လည်း သူနှင့် ချစ်သူ ဖြစ်ချင်တာ သူ့အချစ်ကိုရချင်တာတော့ သိပ်သေချာပါသည်။ တခြားမိန်းမတွေ လို ပရိယာယ်မာယာတွေ နည်းနာနိသျတွေ လည်း မမ မကျွမ်းကျင်ပါ။ မမ ဦးနှောက်နှင့် မမဥာဏ်စွမ်းရှိသရွေ့ ကြိုးစားအားထုတ်ရင်း မမှားမှားယွင်းယွင်းနှင့် ကပျက်ကချော် ဖြစ်ရသော အ ဖြစ်အပျက်ကလေးတွေ ထဲမှာ ပဲ မမပျော်မွေ့နေရခြင်း ဖြစ်သည်။ ဒီတစ်ကြိမ်မအောင် မြင်ရင် နောက်တစ်ကြိမ် ဥာဏ်နက်ထုတ်ဖို့ မမက အဆင်သင့်ရှိသည်။ သူ့နှင့် ပတ်သက်၍ လည်း မမ ရဲ့ ဦးနှောက်ထဲက အကြံဥာဏ်တွေ ကုန်ဆုံးမသွားတတ်။ တစ်ခုပြီး တစ်ခု လျှိုလျှို ထွက်လာတတ် စမြဲ ဖြစ်သည်။

သေချာ ကတော့ မမရဲ့ စိတ်ကူးပေါ်လာသမျှ လုပ်ကြံဇာတ်ကလေးများ သည် က လေးအတွေးလို အပြစ်ကင်း ရိုးသားသန့်စင်ကာ သူ စိတ်အနှောင့်အယှက် ဖြစ်အောင် မုန်းတီးအ ထင်သေးအောင် မမဘယ်တော့မှ မလုပ်တတ်ခြင်းဘဲ ဖြစ်သည်။ မမသည် ကမ္ဘာရင့်သော မိန်းမကြီး တစ်ယောက် လို ယောကျာ်း တစ်ယောက် ကို နည်းပရိယာယ်တွေ ဖြင့် မဖြားယောင်း မမြှူဆွယ်တတ်တာတော့ မမရဲ့ မွေးရာပါ ညံ့ဖျင်းမှု သာ ဖြစ်သည်။ မမဘာလုပ်လုပ် ကလေးဆန်နေ ကာ အမှားအယွင်းတွေ . . . နမော်နမဲ့တွေ . . . ဗြုတ် စဗျင်းတောင်းတွေ ဖြင့် သာ ပြည့်နှက်ရှုပ်ထွေးပြီး ရယ်စရာကောင်းနေတတ်တာပဲရှိသည်။ အမှားအယွင်း အချွတ်အချော်များ အတွက် လည်း မမမှာ ဘယ်တော့မှ အမှတ်သည်းချေ မရှိတတ်ချေ။

သူနှင့် ပတ်သက်လျှင် မမအမျိုးမျိုး အပင်ပန်းခံနိုင်၊ လုပ်ကြံဇာတ်တွေ တီထွင်နိုင်သူ ဖြစ်ပါသည်။ အံ့သြစရာကောင်းသည်မှာ မမ ဘယ်လောက်ကြိုးစားအားထုတ်ရသသည် ဖြစ်စေ သူ ကတော့ မမကို မလှုပ်မယှက် ဆက်ဆံမြဲ။ မကောင်းတတ်၍ မမစကားပြောရင် ပြန်ပြောရသည် ဖြစ်သော်လည်း မမရဲ့ စကားများ လွန်းမှု ပျာယီးပျာယာခတ်လွန်းမှု နမော်နမဲ့ နိုင်လွန်းမှု တို့အပေါ် အင်မတန် စိတ်ရှုပ်ထွေး စိတ်ညစ်ကာ နားအေးပါးအေး ဝေးရာကို ရှောင်တတ်မြဲ ဖြစ်ပါသည်။ သို့ သော် . . . သေ ချာတာ ကတော့ မမကို သူ ခါးသီးမနေခြင်း ဖြစ်သည်။

အဲဒီ အချက် တစ်ချက်တည်းကြောင့်ပင် မမ ဇွဲမလျှော့ဘဲ ဆက်လက်ကြိုးစားနေရခြင်း ဖြစ် ပါသည်။ သို့ သော် ရယ်စရာကောင်းသည်မှာ ကြိုးစားသမျှလည်း ဘယ်တော့မှမအောင်မြင် တတ်ဘဲ ကိုယ့်အတတ် ကိုယ်ပြန်စူးကာ မမထတ်တမျှ အကြံဥာဏ်သည် မမအတွက် ကသကအောက် ဖြစ်စရာ၊ လူရယ်စရာအ ဖြစ်သာ ကျန်ရစ်သည် ဖြစ်ပြီး သူ ကတော့ အေးအေးသက်သာဖြင့် ဘာမှ မသိမမြင် မရိပ်မိသလို ကျောခိုင်းသွားတတ်မြဲ ဖြစ်သည်။

တစ်နေ့တော့ မမသည် လျှပ်တစ်ပြက် စိတ်ကူး ပေါ်လာသည့်အတိုင်း တစ်ကိုယ်တော် စွန့် စားမိပြန်သည်။ မမတွေးမိသော အတွေးမှာ ယောက်ျား တစ်ယောက် ဟာ သဘာဝတရားအရ မိန်းကလေး တစ်ယောက် ကို အကူအညီ ပေးဖို့ လူ ဖြစ်လာရသည် ဟူသော အတွေး ဖြစ်သည်။ မမတစ်ခုခုဒုက္ခ ဖြစ် နေသည်ဆိုရင် သူ မမကို မကူညီဘဲ မျက်နှာပြောင်တိုက်ရဲလိမ့်မည် မဟုတ်ဟု မမက တစ်ထစ်ချယုံကြည်ပါသည်။ ထိုစိတ်ကူးဖြင့်ပင် မမတို့ သူငယ်ချင်းတွေ အပြင်းအထန် အငြင်းအခုန် ဖြစ်ကြရသည်။

“ဥပမာကွာ မမဖိနပ် သူ့ရှေ့မှာ ပြတ်သွားတယ်ဆိုပါစို့ သူ ဘာလုပ်မယ်ထင်သဲ ၊မမကို သူ ကူညီကို ကူညီရမှာ ပဲ။ ဘယ်လောက်အေးတဲ့ အနေတည်တဲ့ ယောက်ျားပဲ ဖြစ်ပစေ၊ သူ မမကို မ ဖြစ်မနေကို ကူညီရမယ်ဟဲ့၊ မမအတွက် ဖိနပ်အသစ်တစ်ရံ သူ ပြေးဝယ်ပေးရင် ၀ယ်ပေးမယ် ဒါမှမဟုတ် . . . မမခြေထောက်မှာ သူဖိနပ်တော့ ခဏ ပေး စီးရင် စီးမှာ ပဲ”

ခင်ရှုပါက မဲ့ကာရွဲ့ကာဖြင့် မမရဲ့မာနကိုစတင် နှိုးဆွလိုက်သော စကားတစ်ခွန်းကိုပြော ပါသည်။

“ဒါတော့ ညည်းက မျက်နှာချိုသွေးပြီး သူ့ကို အကူအညီ သွားတောင်းရင်တော့ သူ့စိတ်ထဲ ညည်းနဲ့ ကင်းကင်းရှင်းရှင်း နေချင်ပေမယ့်လည်း မကောင်းတတ်လို့ အားနာပြီး ကူညီရင် ကူညီရမှာ ပေါ့”

“အောင်မယ် . . . မမ အကူအညီသွားမတောင်းပါဘူး၊ သွားတောင်းစရာကို မလိုဘဲ မမဒုက္ခ ဖြစ်နေ တာ သူမြင်တာနဲ့ သူ့အသိစိတ်နဲ့သူ လာကူညီမှာ ပါ။ သူ့မှာ အကြင်နာတရား ဒီလောက်မခေါင်းပါးပါ ဘူး မိပါရဲ့”

“ကဲ စိမ်လိုက်လေ . . . ညီသုတအကြောင်းလည်း ငါတို့မသိ မဟုတ်ပါဘူး၊ မိန်းကလေးနဲ့ပတ်သက် ရင် ဒီလောက် ကင်းကင်းပြတ်ပြတ်နေတာ၊ မစပ်ကိုလည်းစီခနဲဆို မိစပ်တစ်ုခုခု ဖြစ်တာတွေ ကြောင့် စိတ်ညစ်နေတဲ့ မျက်နှာမျိုး ဥစ္စာ၊ ဘယ်လိုမှ အလိုက်တသိ အကူအညီပေးမှာ မဟုတ်ဘူး၊ ရှောင်ထွက်သွားမှာ ပဲ “

“ကဲ စိမ်လိုက်လေ . . .၀က်သားတုတ်ထိုး အ၀ကြေး မမဖိနပ် ပြတ်သွားအောင် တမင်ဆွဲဖြတ် လိုက်ပြီး သူ့ရှေ့က ဖြတ်လျှောက်မယ်၊ သူ့ဆီက အကူအညီ မတောင်းဘူး၊ ကိုယ့်အထာနဲ့ကိုယ် နေမယ် . . .သူလာကူညီမှာ ပဲ ”

နောက်တစ်နေ့ နေ့လည် ဆေးရုံ လွှတ်ချိန်နှင့် ကျောင်းချိန်အကြားတွင် မမ အစီအစဉ် စရပါသည်။ မေမေ၀ယ်ပေးထားသော မကြာသေးသော ကတ္တီပါဖိနပ် အပါးကလေးကို မနည်းကြီး ဆွဲဖြုတ်ယူရသည်။ (၀တ်ခဲ့သမျှုခုံထူဖိနပ်များ ကို ထိုတစ်နေ့ထဲတော့ ခဏစွန့်ပစ်၍ မမ အတွက် အဆန်း ဖြစ်နေသေးသည်။) ဖိနပ် ပါးကလေး ပြတ်သွားလျှင် အသာထိန်းစီး၍ သူ့ရှေ့က ဖြတ်လျှောက်သည် အကူအညီ မတောင်းရဟု စည်းကမ်း သတ်မှတ်ထားသဖြင့် မမမှာ သူ့ကို အကူ အညီမတောင်းရချေ။ ဖိနပ်အပြတ်ကို ရှေ့မှာ ထား၍ သူနှင့်မလှမ်းမကမ်းမှာ ရစ်သီရစ်သီ လုပ်နေရ လေသည်။

မမထင်သလို သူမမကို တချက်ကလေးတောင် မော့မကြည့်ပဲ သူထမင်း သူ့ဘာသာစားကာ ခပ်အေးအေး ထထွက်သွားပုံမှာ မမကို သတိထားမိပုံတောင်မရ။ မမဘာ ဖြစ်နေသလဲ သိဖို့နေနေသာသာ မမကို တောင် သူမမြင်ပါ။ သူ့အာရုံနှင့်သူ ခပ်အေးအေးမျက်နှာကလေးဖြင့် မမကို မမြင်ဘဲထွက်သွားသော ကြောင့် မမမှာ မကြီးအကျယ် စိတ်ဆိုးကာ ပွစိပွစိ ရေရွတ်ခြေဆောင့်လျက် ကျန်ရစ်ခဲ့လေသည်။ မမအ ဖြစ်ကို သူငယ်ချင်းများ က ပြောင်မဆုံး လှောင်မဆုံးရှိလည်း မမ ၀မ်းမနည်းသည့်ပြင် ရှက်ရှက်နှင့် ကိုယ့်အရှက်ကွဲခဲ့တာ မဟုတ်သလို တဟီးဟီး ရောနှောရယ်ရင်း ဖြစ်သာ ညီသုတရဲ့ ပတ်ဝန်ကျင်အပေါ် အာရုံစိုက်မှု နည်းပါးခြင်းအပေါ် ခွင့်လွှတ် သည်းခံခဲ့ရလေသည်။ဝက်သား ဒုတ်ထိုး အ၀ လိုက်ကျွေးရခြင်းသာ မမ အတွက် အမှတ်တရ ဖြစ်လေသည်။

“ မိစ၀်ရယ် . . . စိတ်လျှော့လိုက်ပါတော့ . . . အသွင်မတူ အိမ်သူမ ဖြစ်တဲ့၊ ညည်းနဲ့သူဘယ်တော့မှ လိုက်ဖက်ညီတဲ့ စုံတွဲတစ်တွဲ ဖြစ်လာမှာ မဟုတ်တာ သေချာ သလောက်ရှိလာပြီ်”

ဟု … သူငယ်ချင်းများ က ရှေ့ရေး ကိုမျှော်တွေးကာ ကြိုတင်တားမြစ်ကြသော်လည်း မမကစိတ်မပျက်ပါ။

“သူက အေးလွန်းလို့ပါဟယ်၊ ဒါပေမယ့် မမ ကတော့အဲဒါကိုပဲ ကြိုက်တာ ၊ စည်းစနစ်တကျ ရှိတတ်တာ၊ ဖြစ်တာ၊ နားအေးပါးအေး ကင်းကင်းရှင်းရှင်း နေတတ်တာတွေ ကို ကြိုက်တာရှင့်”

“ညည်းကြိုက်ပေမယ့် သူကမှ ညည်းကိုမကြိုက်တာ”

“အို … မကြိုက်တာမဟုတ်ပါဘူး မိညိုရဲ့ ၊ မကြိုက်သေးတာပါ၊ မကြိုက်သေးတာက သူ မမရဲ့ အလှတွေ ၊ စိတ်သဘောကောင်းတာတွေ ၊ သူ့အပေါ် အနွံတာခံပြီး ချစ်နိုင်တာတွေ ၊ မလှည့်စားတတ်တာတွေ ၊ မမရဲ့ ရိုးသားဖြူစင်မှု တွေ ကို သူသေသေချာချာ မသိသေးလို့ပါ။ သိသွားတဲ့ တစ်နေ့ကျတော့ကြည့် မမ … မမနဲ့ မမကို မျက်စေ့အောက်ကတောင် အပျောက်ခံနိုင်မှာ မဟုတ်ဘူးရှင့် …”

“အမလေးဟဲ့ … သူ့ကိုယ်သူ အမွှန်းတင်နေလိုက်တာလွန်ပါရော … ဟုတ်ရဲ့ လား မသိပါဘူး”

“မိညို … မနက်ဖြန်ဆို ညည်း ညိုထွန်းအေးကို အဖြေပေးတော့မယ့် မိန်းမ တစ်ယောက် ပါနော်၊ တစ်ယောက် ယောက် က ချစ်တတ်တဲ့အချစ်မျိုးကို ညည်းမှ ကိုယ်ချင်းစာမပေးရင် ဟိုမိန်းမ အပျိုဟိုင်းမတွေ က ဘယ်လိုမှ ကိုယ်ချင်းစာတော့မှာ မဟုတ်ဘူး … ”

ခင်ညိုမီကို အညှာကိုင်လိုက်သဖြင့် ညိုမီ့အသံတိတ်သွားသည့်အပြင် သူငယ်ချင်းအားလုံး၏ အာရုံတွေ လည်း ညိုမီဆီ ကျရောက်သွားကြလေသည်။ ရှိသော သူငယ်ချင်းငါးယောက် တွင် ပထမဆုံး ချစ်သူရခြင်း ဖြစ်သည်။ မမအပါအ၀င် ကျန်လေးယောက် မှာ ရတာ မလို၊ လိုတာမရနှင့် မစွံနိုင်သေးပေ။

“ဟုတ်သားပဲ … မနက်ဖြန်ဆိုရင် မိညို တစ်ယောက် တော့ တောက်တဲ့တစ်ကောင် တိုးလာပြီ၊ ငါတို့နဲ့ပဲထိုင်ရမယ်နော် မိညို၊ အနောက်မှာ နှစ် ယောက် တည်းစုံတွဲ သွားထိုင်ရင်တော့ သေပြီသာမှတ်၊ ငါတို့ သူငယ်ချင်းကို ညိုထွန်းအေးဆွဲထုတ်သွားလို့မရဘူးမှတ်”

ကျော့ကျော့ရှင်းက မျက်လုံးမျက်ဆန်ပြူးကာကြိမ်းဝါးထားသည့်တိုင် ခင်ညိုမီသည် မှင်သေသေကလေးဖြင့် ထင်ရာစိုင်းတတ်သော မိန်းကလေး ဖြစ်သည်။ သူလည်း မမကဲ့သို့ပင် လုပ်ချင်တာကို ပြုံးပြုံးကလေးနှင့် ဖြစ်အောင် လုပ်တတ်သူ ဖြစ်ရာ နောက်တစ်နေ့ အဖြေပေးပြီးနောက် မမတို့အုပ်စုထဲမှ သိသာစွာ ပျောက်ဆုံးလျက်ရှိလေသည်။

ခင်ညိုမီကို မမတို့ တစ်အုပ်စုလုံး တစ်ကျောင်းလုံးအနှံ့ ပတ်ရှာဖွေသော်လည်း အရိပ်အယောင်မျှပင် မတွေ့ ရပါ။

“ကြည့်စမ်း မိညိုတို့များ ကဲလိုက်တာ၊ ငါတို့ဒီလောက်ခြိမ်းခြောက်ထားတာတောင် မကြောက်ဘူးတော့၊ ညိုထွန်းအေး မသွား ပြီ”

“တွေ့ ရင်တော့ မလွယ်ဘူးမှတ် … ”

“အေးလေ … တစ်သက်လုံးပေါင်းလာတဲ့ သူငယ်ချင်းတွေ ကိုပစ်ပြီး ရည်းစားနောက် ကောက်ကောက်ပါ အောင် လိုက်သွားတဲ့ မိန်းမကို နည်းနည်း တော့ ပညာပေးရမယ်၊ နောက် တစ်ယောက် ရှိသေးတယ် မိစ၀်လေ၊ သူက ရတောင်မရသေးဘူး၊ ပျာယာခတ်နေတာ …

ကြိုက်များ ကြိုက်သွားရင် သူ့အငွေ့တောင်လိုက်ရှာလို့ရတော့မှာ မဟုတ်ဘူး … “

စသဖြင့် … တစ်ယောက် တစ်ပေါက် ကြုံးဝါးရေရွတ်ကာ အတန်းထဲ ၀င်လြာ ကတော့မှ သီရေတာ နောက်ဆုံးခုံတန်းမှာ ရှိုးတိုးရှန့်တန့် ရှက်ကိုးရှက်ကန်း ဖြစ်နေသော ခင်ညိုမီတို့ စုံတွဲ ကို အခန့်သား တွေ့ ရလေသည်။

“တွေ့ ပြီ … တွေ့ ပြီ … သစ္စာဖောက်လောက်ကောင်ကိုတွေ့ ပြီး”

မမသည် ညိုမီ့ကို နောက်ပြောင်ချင်သော ဇောသာ ပြင်းပြကာ ကိုယ့်ကို မကြည့်စဖူးစောင့်ကြည့်နေ သော ညီသုတကို သတိတောင်မထားမိဘဲ ခင်ညိုမီ့ခါးကို လက်ညှိုးဖြင့် တို့လိုက်သည်။ ခင်ညိုမီက ခါးတို့လျှင်ယားတတ်လွန်းသူ ဖြစ်ရာ တွန့်လိမ်ကောက်ကွေးသွားပြီး ရည်းစားရှေ့မှာ ခုနက ဏ္ဍနြေ္ဒတစ်ခွဲ သားနှင့် ပုံပေးနေခဲ့သမျှ ဟန်ချက်ပျက်သွားလေသည်။

“မိန်းမ . . . ရှာလိုက်ရတာ ဖတ်ဖတ်မောလို့၊ နည်းနည်း ဖယ်စမ်း မမလည်း ၀င်ထိုင်မလို့”

ဟု ပြောပြောဆိုဆိုဖြင့် ညိုမီနှင့် ညိုထွန်းအေး ကြားမှာ ခပ်တည်တည် ၀င်ထိုင်ပစ်လိုက်လေ သည်။ ကျော့ကျော့တို့ ခင်သီတာတို့အားလုံး အလုံးအရင်းဖြင့် သူပုန်ဝင်သလို ခုံတန်းကျဉ်းကျဉ်းကလေးထဲ စုပြုံးတိုးသိပ်ကာ ၀င်ထိုင်လိုက်ကြပြီး သဘောကျကာ တောင်ပြောမြောက်ပြောဖြင့် ဆူညံကျယ်လောင် လျက်ရှိသည်။

“ကောင်းလိုက်တာ . . . နေ့ တိုင်းဒီလိုပဲထိုင်မယ် ကြားလား ညိုမီ”

“ရှေ့မှာ သွားထိုင်ကြပါလားဗျာ၊ ကျွန်တော်နဲ့ ညိုကခုမှ ထိုင်ရတာ ၊ ခင်ဗျားတို့က ထိုင်လာတာ ကြာလှပြီ”

“အောင်မယ် . . . မမတို့ သူငယ်ချင်းကို ဒီလိုဆွဲထုတ်သွားလို့ ဘယ်ရမလဲ ညိုထွန်းရဲ့ . . . မမ တို့သူငယ်ချင်းက မူးတင်းပဲတင်း အလကားရတာ မှ မဟုတ်တာ ၊ တန်ဖိုးရှိတယ်ရှင့် . . . အခွန်အကောက်ဆောင်မှ အတူထိုင်ခွင့်ရမယ်”

“ဟာဗျာ . . . အခွန်ကဘယ်လောက်ဆောင်ရမှာ လဲ”

“ဟဲ့. . . ဘယ်လောက်တောင်းရင် ကောင်းမလဲဟေ့ ကံပွင့် ဘယ်နှစ် ထုပ်စာလောက် တောင်းမလဲ”

“ကိုးဆယ်တောင်းလိုက် ကိုးဆယ် . . . အအေးပါ သောက်လို့ရအောင်”

“အေး . . . ကိုးဆယ်ပဲပေး”

ညိုထွန်းအေးမှာ မြန်မြန်နားငြီးသက်သာချင်ပုံနှင့် ကိုးဆယ်တန်တစ်ရွက် အမြန်ထုတ်ပေးလေ သည်။ မမက ကိုးဆယ်တန်တာနှင့် ညိုမီကို ကလိထိုးပြီး အတန်းထဲမှ ထွက်ပြေးလာခဲ့သည်။ ကဲန်တင်းမှာ အချဉ်ထုပ်တွေ ငါးမုန့်ကြော် အားလူးကြော်တွေ တစ်ပွေ့တစ်ပိုက်ကြီး ၀ယ်ပြီး ပြန်လာစဉ် အတန်းထဲမှ ထွက်လာသော ညီသုတကို အခုမှမြင်ပြီး သတိရကာ မျက်နှာချိုသွေး ပြုံးပြလျက် . . .

“ဟိတ် . . . မုန့်စားပါဦးလားဟင်၊ ဒီမှာ မုန့်တွေ အများ ကြီး ၀ယ်လာတယ်၊ ညိုမီနဲ့ ညိုထွန်းအေးတို့ ဆီက ငွေညှစ်လာတာလေ၊ ဟင်း ဟင်း . . .

“မြင်သားပဲ . . . ဘာ ဖြစ်လို့ သူများ အတွဲ ကို လိုက်နှောင့်ယှက်နေရတာ လဲ”

“အိုး . . . မမတို့က သူငယ်ချင်းကြီး တစ်ယောက် လုံး ပေးလိုက် ရတာ ညီသုတရဲ့ ၊ မမတို့ ဒီလောက်တော့ နှောင့်ယှက်ရမှာ ပေါ့။ မမတို့ သူငယ်ချင်းတွေ က သိပ်ချစ်တာရှင့် . . . ကဲ မုန့်စားပါဦးလား”

“ပေး . . . ပေး”

ညီသုတက မမလက်ထဲက မုန့်ထုပ်တွေ အားလုံး စုပြုံထည့်လာသော ကြွပ်ကြွပ်အိတ်တစ်လုံးကို နား အေးရင်ပြီးရော မျက်နှာမျိုးဖြင့် ဆွဲယူပြီး ဆက်လျှောက်သွားသဖြင့် မမမှာ ပြန်တောင်းရမှာ လည်း အားနာ၊ အချဉ်ထုပ်တွေ ကိုလည်း နှမြောတသစွာ ဖြင့် ကြောင်စီစီ ကျန်ရစ်ခဲ့လေသည်။

“ဟင်း. . . အကုန်လုံးဆွဲယူသွားတယ်တော့၊ မမတောင် စားဖို့ မကျန်တော့ဘူး”

မျက်နှာလို မျက်နှာရဖြင့် မုန့်စားမလား သွားမေးမိတာကို နောင်တရပြီး ကိုယ့်ကျောအိတ်ထဲ ဟိုနှိုက် ဒီနှိုက် ရှာဖွေကြည့်လျှင် ဘယ်နေ့ကတည်းက အိတ်ထဲမှာ ကျန်ရစ်ခဲ့သည် မသိသော ရက်ချို့ အချဉ်ထုပ် တစ်ထုပ်ကို စမ်းမိသဖြင့် ၀မ်းသာအားရ နှိုက်ယူဖောက်စားကာ မမ တစ်ယောက် တည်း ကြိတ်ရယ်မိလေ သည်။ ညီသုတနှင့် ပက်သက်လျှင် မမမှာ အမြဲ တစ်ခုခု ဖြစ်ကျန်ရစ်ခဲ့ရစမြဲမှာ အစဉ်အလာတစ်ခုလို ဖြစ်လာခဲ့ရပါသည်။

ထိုအ ဖြစ်မှာ မမကပင် အူကြောင်ကြောင် နိုင်လွန်းလို့လား . . . ညီသုတကပင် ဘာသိဘာသာ နေ တတ်လွန်းလို့လား မမ သေ ချာမသိပါ။ သူ့ကိုဘယ်လိုနည်းဖြင့် ဆွဲဆောင်ရမလဲ ဆိုတာကို မမ ရှာဖွေကြိုးစားရဆဲ ဖြစ်လေသည်။ တစ်ကြိမ်မှလည်း မအောင်မြင်ပါ . . . ။

•••

အခန်း(၄)

အခန်း . . .(၄)

မမတစ်သက်တွင် တစ်ကြိမ်မှ မိတ်ကပ်ဆေးရောင် စုံတွေ မျက်နှာလိမ်းခြယ်ခြင်းမျိုး အလှပြင်ခြင်းမျိုးတွေ ကို ၀ါသနာမပါခဲ့သလို အလှလည်း မပြင်ဖူးပါ။ မမရဲ့ မျက်နှာသည် အမြဲပင် ပြောင်သလင်းရှိတတ်ပြီး အညိုရောင် ရင့်ရင့် . . . စတော် ဘယ်ရီရောင် ရင့်ရင့် . . . လိမ္မော်ရင့်ရင့် ပြည့်ပြည့်ဖောင်းဖောင်း နှုတ်ခမ်းတစ်ခုသာ ပြောင်းရှင်းနေသော မျက်နှာပေါ်တွင် ထင်ရှားနေတတ်သည်မှာ မမရဲ့ မူပိုင်ဟန် ဖြစ်သည်။ မျက်ခုံးမွေးများ ကလည်း သွယ်တန်းနက်မှော င်ကာ မျက်တောင်တွေ မှာ အပေါ်မျက်တောင်ရော အောက်မျက်တောင်တွေ ပါ ခပ်စိပ်စိပ် မည်းနက်ကော့ထူသဖြင့် မမရဲ့ မျက်လုံးများ သည် နက်မှော င်ရွှန်းညှို့ကာ အရည်တလက်လက် စိုနေတတ်သည်ဟု မြင်သူတိုင်းက ပြောကြပါသည်။ မမရဲ့ နှာတံမှာ ချွန်မြမြကလေး ထင်ရှားကာ နှာသီးဖျားကလေးတွင် လုံးသလို ကော့မလိုလေး ဖြစ်နေပုံက ထူးခြားသည်ဟု ပြောစမှတ် ပြုသေးသည်။ မမက ကိုယ့်နှုတ်ခမ်းများ ကို ထူလွန်းသည်ဟု ဆိုချင်သော်လည်း မမရဲ့ နှုတ်ခမ်း ထူပြည့်ပြည့်သည် ဖောင်းကြွနေသော ကြောင့် မမလှခြင်း ဖြစ်သည်လို့ ပြောတဲ့သူတွေ ကတော့ ပြောသေးသည်ပင်။

သေချာ ကတော့ မမလှကြောင်းကို အသိအမှတ်ပြု ချီးမွမ်းဖို့ နေနေသာသာ မမကို စေ့စေ့ပင်ကြည့် လေ့မရှိတတ်သည်မှာ လောကတွင် ညီသုတ တစ်ယောက် တည်း သာရှိပါသေးသည်။

မမရဲ့ အလှကို အနှောင့် အယှက်ကင်းကင်း ခံစားခွင့်ရဖို့ အခွင့်အလမ်းတစ်ခုသည် တစ်နေ့တော့ ပေါ်ပေါက်ခဲ့ပါသည်။ ' အနှာင့်အယှက်ကင်းကင်း' ဟု မမ သုံးနှုန်းရသည်မှာ ကျောင်းတွင် မဟုတ်သော ကြောင့် သူ အမြဲဖတ်နေသည့် သူ့ အာရုံစူးစိုက်မှု များ အားလုံးကို သိမ်းကျုံးဆွဲယူထားသည့် စာအုပ်တစ်ခုခုကို သူဖတ်ခွင့်မရသော ကြောင့် ဖြစ်ပါသည်။

ထိုအ ဖြစ်အပျက်မှာ မမတို့နှင့် ရော သူနှင့် ပါ ခင်မင်ရင်းနှီးသည့် အတန်းထဲက ခင်မျိုးအေး လက်ထက်သွားသည့် မင်္ဂလာပွဲကို ခြံထဲမှာ ညနေဖက် ကျင်းပသော ပွဲတစ်ခုပေါ်ပေါက်လာခြင်း ဖြစ်ပါသည်။ ထိုမင်္ဂလာပွဲသို့ ညီသုတ တက်ရောက်လေ့လိမ့်မည် ဟု သတင်းအတိအကျ ရရှိထားသော မမသည် အခွင့်အရေး ကို လက်လွက်မခံဘဲ ညီသုတကို ဆွဲဆောင်ဖို့ အပြည့်အ၀ အသုံးချတော့သည်။ မှန်ရှေ့တွင် သုံးနာရီကျော် လေးနာရီနီးပါး မျက်နှာကို တစ်ခါမှ မပြင်ဆင် မခြယ်သဖူးဘဲ အကျအန ပြင်ဆင်ခြယ်သလေသည်။

မမ မျက်နှာသည် အလှပြင်ပြီးသော အခါ မိတ်ကပ်သားဖြင့် ကြွေရုပ်တစ်ရုပ်လို ပြောင်လက်တောက်ပကာ သိပ်လှနေသည်ဟု ကိုယ့်ကိုယ်မြင်လေသည်။ ကျောင်းသို့ ၀တ်နေကျ ဖို့ရို့ဖားရား တွဲ တိတွဲလောင်းတွေ မပါဘဲ မေမေ ပွဲတက်သော အဖြူရောင် ပိုးရင်ဖုံးကျကျတွင် ပတ္တမြားနှင့် စိန်ကြယ်သီးအစစ်များ ကျကျနန တပ်ကာ အနီရဲရဲ အသွေးလက်သော ပတ္တမြားလည်ဆွဲတွေ ကို လည်ပင်း တစ်ခုလုံးအပြည့် နီရဲတောက်ပစွာ ဆင်၏ ။ မမေ တာက်တောက်ပပ ပြိုးပြိုးလက်လက်တွေ အလှပြင်ဆင် တာကို တစ်ခါမှ မတွေ့ ဖူးသဖြင့် အထူးအဆန်း ဖြစ်ကာ အံ့သြမဆုံးရှိနေသော မေမေ အပါအ၀င် အိမ်သား အားလုံးကို မမက စိတ်လိုလက်ရ ပြုံးပြ၏ ။

မမရဲ့ ငွေရောင် ပဲန်ဆယ်ဟီးလ် ချွန်ချွန်မှာ မြင့်လွန်းချွန်လွန်းသဖြင့် အနည်းငယ်တောင် နဲ့ချင်ချင် ဖြစ်နေသေး၏ ။ ငွေမင်ရောင် လဲ့လဲ့ ဗုံးလက်ကိုင်အိတ်လေး ထောင့်ကလေးကို ဆွဲကိုင်ကာ အလှတွေ ပြင်ထားသော မျက်နှာကို မှန်ထဲမှာ နှစ် ပတ်သုံးပတ် လှည့်ပတ်ကြည့်ကာ အကျေနပ်ကြီး ကျေနပ် နေလေသည်။ ဒီလောက်လှတာမျိုး တစ်သက်နှင့် တစ်ကိုယ် မမကိုယ် မမတောင် ပြန်မမြင်ဖူးချေ။ ထမီအဟာင်းကို ခြေဖြင့် ခတ်ကာ ချောင်ထိုးရင်း . . .

“မမတော့ ဒီနေ့ သိပ်လှတာပဲ . . . ဒီနေ့တော့ သူ မမကို ကြိုက်သွားမှာ ပဲ”

ဟု . . . မမက တစ်ကိုယ်တည်း တိတ်တိတ်ကလေး ရေရွတ်မိသေးသည်။ အလှတွေ သိပ်ပြင်ထားသဖြင့် မမ၏ ကိုယ်ခန္ဓာမှာ ကြွကြွရွရွ ကလေး ဖြစ်နေသည်။ ကားပေါ်က ဆင်းလာသည်နှင့် လူအားလုံး၏ မျက်လုံးတွေ က မမဆီ ကျရောက်လာသည်။ မမသည် မြင့်လွန်းချွန်လွန်းသော ပဲန်ဆယ်ဟီး(လ်)ကို သတိထား၍ ထိန်းလျှောက်ရင်း မျက်လုံးတွေ က ညီသုတကို အပြင်းအထန် ရှာဖွေလေသည်။ မမရဲ့ အလှတွေ ကို ညီသုတ တွေ့ မြင်စေချင်လှပြီ။

“ဟယ်. . . မိစ၀် တယ်လှပါလား . . . မင်းသမီး တစ်ယောက် လိုပဲ. . . ”

“အေး . . . ဟုတ်တယ် မိစ၀် ဒီလောက်လှတာ ငါတို့ တစ်ခါမှ မတွေ့ ဘူး . . .”

သူငယ်ချင်းတွေ က တစ်ယောက် တစ်ပေါက်ဖြင့် မမရဲ့ အလှကို ချီးမွမ်းကြစဉ် မမက ညီသုတ ကို စားပွဲတစ်ခုမှာ တစ်ယောက် တည်းထိုင်နေလျက်သား တွေ့ လိုက်ရလေသည်။

အံမယ် ကိုယ်တော် ကလေးက တိုက်ပုံအင်္ကျီအဖြူ ဆွတ်ဆွတ် ပိုးယောပုဆိုး နီညိုပြောင်ပြောင် ကလေးဖြင့် ခါတိုင်းထက်ပင် သပ်ရပ်လှပနေသေးတော့သည်။

“ဟဲ့. . . မိစပ် မျက်မှန်က ကျန်ခဲ့တာလား. . . မြင်ရောမြင်ရရဲ့ လား”

တစ်ယောက် က လှမ်းပြီးသတိပေးလျှင် မမသည် အသာယာပြုံးပြီးလျှင်. . .

“လှချင်လို့ဟေ့ . . . မျက်မှန်တပ်လိုက်ရင် မမအလှပြင် လာတာတွေ မပေါ်တော့မှာ စိုးလို့ . . . သိပ်တော့မမြင်ရဘူး စမ်းတ၀ါးဝါးပဲ . . . ဒါပေမဲ့ ဘယ်တတ်နိုင်မလဲ လှချင်တာကိုး. . . ”

“ဟယ် . . . ဟုတ်ပါ့. . . သိပ်လှတာပဲတော့”

“ခဏလေး . . . မမ အသိ တစ်ယောက် ကို သွားနှုတ်ဆက်လိုက်ဦးမယ် . . . ပြ န်လာခဲ့မယ်”

မမက ညီသုတရှိရာ စားပွဲသို့ လျှောက်သွားကာ စားပွဲမှာ ၀င်ထိုင်လိုက်ပြီး ပြုံးပြနှုတ်ဆက်လိုက်သည်။ မမက ပြုံးပြ သည့်တိုင် သူကပြုံးမပြဘဲ ခပ်တည်တည်ပြန်ကြည့်နေသဖြင့် မမ မှာ အိုးတိုးအမ်းတမ်း ဖြစ်သွားလေသည်။

“ တစ်ယောက် ထဲလား ညီသုတ . . . ”

“အင်း . . . ”

သူက ခပ်တည်တည်ပင် အဖြေပေးပြီး တစ်ဖက်သို့ ပြန်လှည့်သွားသဖြင့် မမ ပို၍ ကြောင်တောင်တောင် ဖြစ်သွားလေသည်။ ကြည့်စမ်း. . . မမ ကတော့ဖြင့် သူ့အတွက် အလှတွေ ပြင်လာလိုက် ရတာ ၊ သူက မသိသလို သိသလို လုပ်နေတယ်။

မမသည် စိတ်ဆိုးသွားပြီး ခြေကိုဆောင့်လိုက်ကာ ခပ်ဆောင့်ဆောင့် ပြန်လှည့်ထွက် လာခဲ့သည်။ မမ ခြေ ဆောင့် လိုက်တဲ့ အရှိန်ကြောင့် လဲကျတော့မလို ဖြစ်ကာ နဂိုက ချွန်မြ၍ ခပ်နဲ့နဲ့ ယိုင်နေသော ဒေါက်တစ်ဖက်သည် ပြုတ်ထွက်သွားလေသည်။

“ဟော့တော့ . . . ဖိနပ်ဒေါက်ပြုတ်သွားပြီ . . . ”

မမသည် စိတ်ညစ်လက်ညစ် ဖြစ်သွားရကာ ညီသုတဖက်သို့ မသိမသာခိုးကြည့်လိုက်မိလျှင် မခုမှ သူ့မျက်လုံးတွေ ထဲ ခုနကလောက် စိမ်းကားပြတ်တောက်ရိပ် မတွေ့ ရတော့ပဲ အနည်းငယ် ရင်းနှီးနွေးထွေးသော မျက်လုံးများ ဖြင့် လှမ်းကြည့်ကာ . . .“ ခုမှဘဲ မှတ်မိတော့တယ်. . . စ၀်မမကို မဟုတ်လား”

“ဘုရားရေ မမကို မမှတ်မိဘူး . . .”

“ဘယ်မှတ်မိမလဲ . . . ဒီလောက် ပဲတွေ များ လာတာ၊ ဒေါက်ဖိနပ်ကို ဒေါက်ပြုတ်အောင် ခြေဆောင့်လိုက်မှပဲ စ၀်မမကိုမှန်း မှတ်မိတော့တယ်. . . ”

သေလိုက်ပါတော့ . . . ။ မမသည် ဒေါက်တစ်ဖက်ပြုတ်နေသော ဖိနပ်နှင့် ပင် နိမ့်တစ်ဖက် မြင့်တစ်ဖက် လျှောက်လာပြီးမှ သတိရပြီးလျှင် ဒေါက်ပြုတ်သွားသော ဖိနပ်တစ်ဖက်ကို ဒေါက်ရှိနေသလို ပုံစံဖြင့် ခြေဖျားတစ်ဖက်ထောက်ကာ ဆက်လျှောက်လာခဲ့လေသည်။ မမရဲ့ အမူအရာကို သတိထားမိသော သူငယ်ချင်းများ က ၀ိုင်းရယ်ကြလျက် . . .

“ညည်းဒေါက်က ပြုတ်လဲပြုတ်ချင်စရာပဲ . . . ခဲတံတစ်ချောင်းစာပဲရှိတာကိုး . . . ဒီကြားထဲ ခြေထောက်ကလဲ ဆောင့်လိုက်သေးတယ် . . . ဘယ်လိုဒေါက်မျိုးမှ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး”

“ညီသုတရှေ့မှာ ဖြစ်ရတယ်ဟယ် . . . မမ ဖြင့် ရှက်လိုက်တာ . . . ဟီး . . . ဟီး . . . ဒါပေမဲ့ အရင်က သူ မမကို မမှတ်မိဘူးတဲ့ . . . မမ ချော်လဲမလို ဖြစ်ပြီး ဒေါက်ပြုတ်သွားမှ မမကို သူ မှတ်မိသွားတာ ဒါအမြတ်ပဲ . . . မမ နမော်နမဲ့ နိုင်တတ်တာကို သူ ကောင်းကောင်း သတိထားမိနေပြီ . . . နေ နှင့် ဦး နောက်တစ်ကြိမ် ကြိုးစားတာပေါ့ . . .”

မမရဲ့ မရိုးနိုင်သော ကြိမ်းဝါးသံကို သူငယ်ချင်းများ က တဟိဟိရယ်မောလှောင်ပြောင်ရင်း မမနှင့် သူချစ်သူ ဖြစ်မယ့်နေ့ကို မယုံကြည်နိုင်ဘဲ စောင့်စားလျက် ရှိလေသည်။ မမ၏ ကြိုးစား အားထုတ်မှု များ သည် ဒီနေ့အထိ တစ်ကြိမ်မှ မအောင်မြင်နိုင်ဘဲ ဖရိုဖရဲ ကပိုကရိုဖြင့် အဆုံးသတ်ရသည် သာများ ပြီး အားလုံး၏ အမြင်မှာ ရယ်စရာတွေ သာ ဖြစ်ခဲ့သည်။ သို့ သော် . . . မမက စိတ်မပျက်။ မမရဲ့ မေတ္တာစစ် မှန်လျှင် တစ်နေ့တော့ မမကို သူ ချစ်လာနိုင်မှာ ပဲဟု စိတ်ချယုံ ကြည်လျက်ရှိကာ မမက မမောနိုင် မပန်းနိုင် လုပ်ကြံ ဇာတ်လမ်း်များ တီထွင်ဖန်တီးရင်း ညီသုတ အနာသို့ ရောက်အောင် တိုးကပ်သည်ထက် တိုးကပ်လျက်ရှိပါသည်။

မမရဲ့ အားထုတ်မှု ဒီတစ်ကြိမ် မအောင်မြင်လည်း နောက်တစ်ကြိမ်တော့ အောင်မြင်နိုင်သေးတာပင်။ မမရဲ့ အလှကို ဒီတစ်ကြိမ် သူမခံစားမိသေးလည်း နောက်တစ်ကြိမ်တော့ သူခံစားခွင့်ရှိလာဦးပင်။

ထိုအတွေးနှင့် ပင် မမက ကိုယ်ချစ်မြတ်နိုးသော ကောင်ကလေးရဲ့ အချစ်ကို တန်ပြန်ရရှိဖို့ လှလှပပကလေးပင် ဆက်ကြိုးစားခဲ့ပါသည်။တစ်နေ့ တော့ မမကားပေါ် သူတက်မောင်းနိုင်အောင် မမက လုပ်ကြံဇာတ်လမ်းတစ်ခုကို ဘယ်သူမှမသိအောင် တီထွင်နိုင်ခဲ့သေးသည်။

မမရဲ့ လုပ်ရပ် ကတော့ ရိုးရိုးလေးပါပဲ။ မကြာသေးခင်ကမှ အတန်းတက်လာကြသော 3rd M. B ဂျူနီယာတန်းမှ မျက်မှန်ထူထူ အူကြောင်နိုင်သော ကောင်ကလေး တစ်ယောက် ကို မမက ခင်ခင်မင်မင် ဖမ်းမိတ်ဖွဲ့လိုက်ခြင်းဖြင့် အကြံအစည်ကို စတင်ပါသည်။

“ဟိတ် . . . မောင်လေး . . . မောင်လးက 3rd M. B ဂျူနီယာက မဟုတ်လား . . . စာတွေ လိုက်နိုင်ရဲ့လား၊ အကူအညီ လိုရင်ပြောနော် . . . မမက စီနီယာက၊ဖိုင်နယ်လ်ဖြေပြီးရင်Part 1 ရောက်တော့မှာ မသိတာရှိရင် မေးပေါ့၊ ဟုတ်လား . . .”

ကောင်လေးက မမ သူ့ဆီက ဘာလိုချင်မှန်းမသိဘဲ အူကြောင်ကြောင် ဖြစ်နေကာ မျက်လုံး ကလယ်လယ်ဖြင့် ခေါင်းညိတ်ပြကာ လှည့်ထွက်သွားဖို့ပြင်သည်။

“ဟိတ် . . . ဟိတ် . . . ခဏလေး မမကို တစ်ခုလောက် ကူညီပေးစမ်းပါ . . . မမရဲ့ကားရှေ့ မှာ မင်းရဲ့ ကားကို ကန့်လန့် ပိတ်ရပ်ပေးစမ်းပါ . . . နည်းနည်း ခက်ခက်ခဲခဲ ကွေ့ထွက်လို့ရအောင်တော့ နေရာချန်ပေးခဲ့ပေါ့ ဟုတ်လား . . . အပြည့်ကြီး ပိတ်မရပ်နဲ့လေ . . . ထွက်လို့တော့ရပစေ . . . ကတ်သီးကတ်သတ် ထွက်ရအောင် . . . ”

“ဗျာ .. .”

ကောင်ကလေးက အူကြောင်ကြောင် ဖြစ်သွားကာ မမကို ရှုးနေပြီလားဟူသော မျက်နှာမျိုးဖြင့် ကြည့်သည်။

“လုပ်ပေးစမ်းပါ . . . ကားပေါ်တက်တက် . . . ပိတ်ရပ်ပေးပြီးရင် သွားတော့ . . . ဟုတ်ပြီလား”

ကောင်လေးက ဘာမှမပြောတော့ဘဲ ကားပေါ်တက်ကာ မမကားရှေ့မှာ ပိတ်ရပ်ပေးသည်။ အသာ ကွေ့ထွက်ရင်တော့ ထွက်လို့ရအောင် နေရာနည်းနည်း ချန်ပေး သွားသည်။

“ကောင်းပြီ . . . ကျေးဇူးပဲ . . . ဘယ်သူ့ကိုမှ ဘာမှပြောမနေနဲ့ဦးနော် . . . ကားကို ညနေ ကျောင်းဆင်းတဲ့အထိ လာမရွှေနဲ့ . . . ဟုတ်ပြီလား”

ကောင်လေးသွားတော့မှ မမသည် မှင်သေသေဖြင့်`ညီသုတ` ကို လိုက်ရှာရလေသည်။

ညီသူတကို တွေ့ လျှင် မမသည် အင်မတန် စိတ်ပင်ပန်းရှုပ်ထွေးသော မျက်နှာမျိုး ဖြင့် . . .

“ညီသုတရယ် . . . မမကို တဆိတ်လောက်ကူညီပေးပါဦး”

“ဘာ ဖြစ်လာပြန်ပြီလဲ . . . ”

မမကိုမြင်လျှင် ညီသုတရဲ့ သွယ်တန်းဖြောင့်စင်းသော မျက်ခုံးများ သည် အနည်းငယ် ကျပ်ကျသွားတော့စိတ်ရှုပ်ထွေးသွားသော မျက်နှာမျိုး ဖြစ်သွားလေ့ရှိတတ်ပါသည်။

“ဟိုဒင်းလေ . . . မမရဲ့ကားရှေ့မှာ ဘယ်သေနာကျကလေး ကားလာပိတ်ရပ်သွားတယ် မသိဘူး … မမအိမ်စောစောပြန်ချင်လို့ ညီသုတ လိုက်ရွှေ့ပေးပါလားဟင် . . . ကားက ကတ်သီးကတ်သတ် ထွက်ရင်တော့ ရတယ် . . . မမထွက်ရင်ပွတ်ဆွဲမိသွားမှာ စိုးလို့”

ညီသုတက အေးအေးဆေးဆေးပင် မမနောက်မှ ပါလာခဲ့လေသည်။ မမကားပေါ် တက်ကာ ကားထွက်လို့ရအောင် စိတ်ရှည်လက်ရှည် ကြိုးစားလျက်ရှိသော ကောင်ကလေးကို မမသည် သနားလည်း သနားကာ မြတ်နိုးခြင်းသည်။ ကြီးစွာ ဖြစ်ရလေသည်။

နေရာ ကျဉ်းကျဉ်းကလေးမှ မနည်းရအောင် ထွက်ပြီးသော အခါ သူ ချွေးစို့လျက်ရှိပြီး

“ကဲ . . . ရပြီ . . . နောက်တစ်ခါ အတန်းမှန်မှန်မတက်ချင်ပဲ စောစောအိမ်ပြန်မယ်ဆိုရင် . . . မနက်ကတည်းက ကျောင်းမလာရင် ပိုကောင်းမယ် . . . သိလား . . . စပ်မမကို . . .”

“အို . . . မမ ခေါင်းကိုက်နေလို့ ဥစ္စာ . . .”

မမက ယောင်ယမ်းပြီး ခြေဆောင့်မိလျှင် စက်အသင့် နှိုးထားသော ကားရဲ့ လီဗာကို ဆောင့်နင်းမိရက်သား ဖြစ်ကာ ကားက ဆောင့်ထွက်သွား၏ ။ သူက မမရဲ့ ပရမ်းပတာနိုင်မှု ကြောင့် အလန့်တကြား ခုန်ရှောင်ကျန်ရစ်ခဲ့သည်။ မမက ကားပြတင်းမှ ခေါင်းပြူထွက်ကာ သူ့ကို မျက်နှာချိုသွေးပြုံးပြလိုက်ကာ . . .

“သွားတော့မယ်နော် . . . မမယောင်ပြီး လီဗာနင်းမိသွားလို့ . . .”

“သွားသင့်တာကြာပြီ . . .”

ကောင်ကလေးက ဘောက်ဆတ်ဆတ်ပြောပြီးလှည့်ထွက်သွားလျှင် မမသည် စိတ်မဆိုး နိုင်ဘဲ ရယ်မေလျက်သာ တရွှီရွှီလေချွန်လျက် ကားဆက်မောင်းလေသည်။ အခုအချိန်မှာ သွားသင့်တာကြာပြီလို့ သူပြောရက်နိုင်သေးပေမယ့် နောင်တစ်ချိန်ချိန်မှာ သူ မမကို အဲ့ဒီလို ပြောရက်တော့မှာ မဟုတ်။ သူသည် တစ်ချိန်ချိန်တော့ မမကို ချစ်မြတ်နိုးခြင်းဖြင့် လိုအပ်လာလိမ့်မည် ဖြစ်သည်။

မမနှင့်ပတ်သက်ပြီး သူ့တွင် တစ်စုံတစ်ခု ရှိနေကြောင်း မမရိပ်မိလိုက်သော နေ့မှာ မမတို့ ဆေးကျောင်း မှ ဆီမီးတစ်ထောင်ပူဇော်ပွဲကို ရွှေတိဂုံစေတီတောင်မှာ ကျင်းပသော နေ့က ဖြစ်သည်။ ညနေချမ်း၏ အေးစိမ့်ညင်သာသော အခြေအနေ၊ ဆီမီးဝါကျင်ကျင်ကလေးများ တောက်တောက်ပပ ဖြာလက်နေသော အရှိန်အ၀ါ . . . ဘုရားရိပ်၏ ငြိမ်းချမ်းတည်ငြိမ်သော အရိပ်အငွေ့အောက်တွင် မမသည် ကိုယ်တစ်ဖက်သတ် ချစ်မြတ်နိုးစွဲလမ်းနေသော ထိုသူငယ်လေး၏ မျက်လုံးအရောင် တစ်ချို့ကို စတင်ဖတ်မိခဲ့ခြင်း ဖြစ်ပါသည်။ အဓိပ္ပါယ်ကို သေသေချာချတာ မဖော်ပြတတ်သော်လည်း ထိုတစ်စုံတစ်ရာသည် မမအတွက် ကောင်းသော နှစ် သိမ့်ခြင်း၊ များ ကို သယ်ဆောင်လာခဲ့သည်ဟုတော့ မမ ခံစားမိပါသည်။

ထိုညနေသည် ကျောင်းသားကျောင်းသူများ ရုန်းစုရုန်းစုနှင့် ဓါတ်ပုံတွေ ရိုက်၊ ဘုရားတစ်ပတ်ချိုချို ချောင်ချောင်မကျန် လှည့်ပတ်ကြကာ ပျော်စရာအကောင်းဆုံး ညနေခင်းတစ်ခုလည်း ဖြစ်သည်။

မမတို့ အတန်းတစ်တန်းတည်း ဓာတ်ပုံတွေ စုရိုက်ြ ကတော့ မမသည် ညီသုတအနားတွင် အသာရပ်ကာ နေရာယူပါသည်။ မမ သူ့အနားတွင် နေလို့ရအောင်လည်း သူငယ်ချင်းများ က စီစဉ်တိုက်တွန်းပေးကြပါသည်။ သူ ကတော့ ခပ်အေးအေးဣနြေ္ဒရရပင်။ မမက သူနှင့်ယှဉ် တွဲရပ်သည်ကိုပင် အတော် ပီတိ ဖြစ်လျက် ထိန်းမရ သိမ်းမရ ပျော်ရွှင်နေသော မျက်နှာထားကို မျက်နှာပိုးသတ်၍ မရချေ။

ဓာတ်ပုံ ရိုက်ခါနီး မှာ မမထက် ခေါင်းတစ်လုံး ပိုမြင့်သော သူ့ဦးခေါင်းထက်တွင် မမက နောက်မှနေ၍ လက်နှစ် ချောင်းကို မြှော က်ထောင်ထားလိုက်သေသည်။ သူ့ခေါင်းပေါ်မှာ မမလက်နှစ် ချောင်း ထောင်ခြင်းကို သူရိပ်မိပုံမရပါ။

ညနေခင်းသည် တဖြည်းဖြည်း မှော င်စပျိုးလာမှ ဆီမီးတွေ စတင်ထွန်းညှိကြလေသည်။ မမတို့ တစ်သိုက်ကြီး သူ့ထက်ငါ အလုအယက်ပြေးကာ ဆီမီးခွက်များများ မှ မီးညှိ လို့ရအောင် တွန်းတိုက်ပြွတ်သိပ်၍ မီးညှိကြလေသည်။

“ဟိတ် မမ မီးခွက်တွေ လာမလုကြနဲ့နော် . . . ဟိုဖက်မှာ သွားထွန်းကြ . . . မမအဓိဌာန်ထားတာ . . . ကိုးခွက်ပြည့်အောင် ထွန်မှာ . . .”

မမက ပါးစပ်ကလည်းအော်ရငး ဆီမီးခွက်တွေ ထဲမှ မီးစာများ ဆီမှာ အသင့်ယူလာသော မီးခြစ်ကလေးဖြင့် ကမန်းကတန်း ထွန်းညှိလေသည်။

“ဟဲ့ . . . မစပ်ဆံပင်ကြီးကလည်းဟာ . . . ထူထူဖွာဖွာနဲ့ အနောက်ပို့ထားဦး . . ”

တစ်ယောက် က လှမ်းအော်လို့မှ မဆုံးခင် မမသည် မီးစာခွက်တစ်ခွက်ကို ညှိနေတုန်း ခေါင်းကိုငဲ့ချလိုက် သဖြင့် မမ ဆံပင်အုတ်ကြီးသည် ထွန်းညှိပြီးသား မီးစာခွက်နှင့် ရှိတ်ခနဲ မြိုက်သွားတော့သည်။

“အား. . . မမဆံပင်တွေ မီးလောင်ကုန်ပြီ . . .”

ဆံပင်မီးညှော်နံ့ရော မမအော်သံပါ စူးစူးရှရှထွက်ပေါ်လာပြီး မမအနားသို့ တစ်ယောက် ယောက် အတင်းထွက်ပေါ်လာခဲ့သည်။ ထို တစ်ယောက် မှာ ညီသုတ ဖြစ်လေသည်။

“ဘယ်လို ဖြစ်တာလဲ စပ်မမကို . . . ဆံပင်တွေ တော် တော် လောင်သွားသေးလား . . .”

သူ့မျက်လုံးထဲတွင် စိုးရိမ်ပူပန်မှု နှင့် မမအတွက် တစ်ခုခုပါသော အရိပ်တစ်မျိုးဖြင့် တောက်ပလျက် ရှိလေသည်။ ဒီလောက် အေးအေးစက်စက် တစ်ကိုယ်တော် ဘာသိဘာသာနေတတ်သော လူ တစ်ယောက် က သူနှင့်မဆိုင်သော ကိစ္စတစ်ခုတွင် ပူပန်တတ်လာခြင်းမှာ တစ်ခုခုတော့စတင်ထူးခြားသည့် အထိမ်းအမှတ် ဖြစ်ပါသည်။

“ဟင့်အင်း သိပ်မလောင်ပါဘူး . . . အဖျားလေးတွေ ကို မြိုက်မိသွားတာပါ . . . ဆီမီးက သိပ်တောက်နေတုန်း မမဆံပင်က ကျသွားတာ . . .”

“စပ်မမကိုဟာ အမြဲတစ်ခုခုတော့ ဖြစ်နေတာပဲကွာ . . . အဲဒါ နမော်နမဲ့နိုင်လို့ ပျာယာခတ်လို့၊ တစ်ခုခုလုပ်ရင် သေသေသပ်သပ် စနစ်တကျ လုပ်မှ ပေါ့ . . .”

သူက မမရဲ့ မီးလောင်သွားသော ဆံပင်အဖျား ကလေးတွေ ကို ဂရုတစိုက်ကြည့်ရင်း ကလေး တစ်ယောက် ကို ဆူသလို တိုးတိုးတိတ်တိတ်ဆူပူပါသည်။ ထိုအချိန်တွင် မမတို့နှစ် ယောက် ၏ အမှတ်မထင်ဆုံတွေ့ ကြသော မျက်ဝန်းများ ၏ ရွှန်းလဲ့တောက်ပမှု ဆီမီးအရောင် များ တလက်လက်လဲ့မှု များ ဖြင့် မမစိတ်ထဲ လှိုက်မော တုန်ရင်လာခဲ့ပါသည်။

ထို့နောက်

သူကပင် မမဆီမှ စတင်ထွက်ခွာကာ ဘုရားသွားရှိခိုးနေတော့သည်။ မမက သူ့အနား မလှမ်းမကမ်းမှာ လိုက်ထိုင်ကာ ဘုရားအာရုံပြုပြီး တောင်းဆုတစ်ခုကိုညင်သာသိမ်မွေ့စွာ ပြုခဲ့သည်။

“အရှင်ဘုရား . . . မမရဲ့ မေတ္တာစစ်မှန်ရင် . . . မမနဲ့ သူ တစ်နေ့တော့ ချစ်သူတွေ ဖြစ်ကြပါစေဘုရား”

ထိုအချိန်ကစပြီး မမနဲ့သူသည် တစ်ယောက် ကို တစ်ယောက် တွေ့ ကြလျှင် အရင်ကလို သိပ်မစိမ်း ကားတော့ဘဲ သူက မမရဲ့ အပြုအမူတစ်ခုခုအတွက် အရာလုပ်တတ်သော စကားတစ်ခွန်းခွန်းကို ပြောလေ့ရှိတတ် လာပြီး အနည်းငယ်ညစ်ကျယ်ကျယ်နိုင်သော မမ ကတော့ သူ့ကိုချစ်သော်လည် ကလန်ကဆန် လုပ်တတ်လာပါ သည်။ ဘာပဲ ဖြစ် ဖြစ် မမကို သူ ဂရုတစိုက်ရှိတတ်လာတာကို တော့ မမ ကျေနပ်ရပါသည်။

ဆေးရုံတွင် ဒေါက်မြင့်ဖိနပ်ထူထူကြီး တဒေါက်ဒေါက်စီးကာ ဆံပင်အုံထူထူဖွာဖွာ ခလည်ခွဲနှင့် ဂျူတီကုတ် တဖားဖား၊ ပစ္စည်းပစ္စယပြုတ်ကျသံတွေ မကြာခဏထွက်ပြီးဝါဒ့်ထဲ လမ်းသလားနေတတ်သော မမကို သူ ဘယ်တော့မှ ကြည့်မရတတ်ချေ။

“စပ်မမကို Warditis လုပ်မနေစမ်းပါနဲ့ကွာ နင့်ဆံပင်ကြီးကို ဆံထုံးထုံးထားစမ်း. . . ဆံပင်ကြီး ဖားလျားဖားလျားနဲ့ ရှုပ်နေတာပဲ”

“အမလေး . . . ဆံထုံးမထုံးနိုင်ပေါင် . . . မမ လူကြီးရုပ်ကြီးပေါက်ပြီး ရုပ်ရင့် သွားမှာ ပေါ့”

ဟု. . . မမက ကက်ကက်လန်အောင် ပြန်ပြောကာ ဆံထုံးမထုံးဘဲနေသည်။ သူဟာ မမလှတာကို မကြည့် နိုင် လို့ မမရုပ်မဆိုးဆိုးအောင် ဆံထုံး ထုံးခိုင်းရက်တာဟု စိတ်ဆိုးစွာ တွေးမိလေသည်။

သူသည် မမရဲ့ အလွန်မြင့်မားထူထည်းသော ဒေါက်ဖိနပ်များ ကိုလည်း ကြည့်မရတတ်ချေ။ ကြည့်မရသည်မှာ တခြားကြောင့် မဟုတ်။ ထိုဖိနပ်အမြင့်ကြီးနှင့် သူ့ကို မကြာခဏ တက်နင်းမိသလို မမကိုယ်တိုင်လည်း ကိုယ့်ခြေထောက်ကိုယ် ပြန်နင်းမိတတ်သော ကြောင့် ဖြစ်သည်။ ပုဆိုးရှည်ရှည် ၀တ်တတ်လေ့ရှိသော ကျောင်းသား တစ်ယောက် ကို မမက ဖိနပ်နှင့် တက်နင်းမိသဖြင့် ပုဆိုးကျွတ်မကျအောင် မနည်းထိန်းဖမ်းရဖူးပါသည်။ သူ့ကို တက်နင်းမိစဉ်တုန်း ကတော့ သူသည် နာကျင်စွာ ကျိတ်အော်ကာ မမကို မျက်စောင်းထိုးပြီး . . .

“ဒါကြောင့် ငါပြောတာ နင့်ဖိနပ်ကြီးက ဟိုလူ့တက်နင်း ဒီလူတက်နင်းနဲ့ . . . တော် ကြာ ခလုတ်တိုက်လိုက်နဲ့ ဒေါက်ဖိနပ်ကြီးတွေ မစီးစမ်းနဲ့ စ၀်မမကိုရာ . . . ”

ဟု . . .ဆူပူပြောခဲ့သည်။ မမ ကတော့ ဒေါက်ဖိနပ်စီးရင် လူတိုင်းက သိပ်လှတာပဲ ဟု ပြောကြသည် ဖြစ်ရာ ဒေါက်ဖိနပ် မစီးဘဲတော့ မနေနိုင်ချေ။

“အိုး . . . မမက မွေးကတည်းက ဒေါက်ဖိနပ်စီးပြီး မွေးလာတာရှင့် . . . ဒေါက်ဖိနပ်စီးမှ မမကလှတာ၊ စီးရမှာ ပဲ . . .

ဟု ညစ်ကျယ်ကျယ် ပြန်ပြောလျှင် မမကို ပြောမရသဖြင့် အသာလက်ပိုက်ကြည့်နေရသော မျက်နှာမျိုးဖြင့် ငြိမ်သွားလေသည်။ မမသည် သူ့ကိုချစ်သော်လည်း သူ့အမိန်ပေးတာ . . . ဆူပူတာကိုတော့ ဘယ်တော့မှ ငြိမ်ငုံ့ခံလေ့ မရှိတတ်ပေ။ အနည်းအကျဉ်းတော့ အထွန့်တက်ရာမှ ကျေနပ်တတ်သူ ဖြစ်သည်။

“ပစ္စည်းတွေ က တစ်ချိန်လုံး ပြုတ်ကျနေတာပဲဟာ . . . တော် ကြာ ဘောလ်ပဲန်ပြုတ်ကျရတာ နဲ့ ကွန်ပတ်(စ်)ဘူး ပြုတ်ကျရတာ နဲ့ အဲ့ဒါ ဘရမ်းပတာလုပ်တတ်လို့ပေါ့ . . . နေရာတကာ အေးအေးဆေးဆေးမှ မလုပ်တာ . . . ပျာလောင်ခတ်နေတာပဲ ”

ဟု . . . သူ့ခုံအောက်ဆီ ဘောလ်ပဲန်ပြုတ်ကျလို့ သူ ကောက်ပေးရတိုင်း မကျေမနပ် ညည်းညူးတတ်မြဲ ဖြစ်သည်။ မမက သူ့နားကပ်ထိုင်လျှင် တစ်ဖက်သို့ ဆောင့်ခနဲ့ တိုးရွှေ့သွားတတ် လေသည်။

“စ၀်မမကို . . . ငါအကြံတစ်ခုပေးမယ် . . . ညည်းရဲ့ ပစ္စည်းပစ္စယ တိုလီမုတ်စတွေ ဘယ်တော့မှ ပြုတ်မကျအောင် ကြွပ်ကြွပ်အိတ်တစ်အိတ်ထဲ စုပြုံထည့်ပြီး ကိုင်ပါလား . . .”

ဟု . . .အကြံပေးတတ်လျှင် မမက စိတ်ဆိုးရတတ်လေသည်။ ကြွ့ပ်ကြွပ်အိတ်တစ်လုံးနဲ့ မမကို အရှုးဂိုက် ဖြစ်အောင် ခိုင်းတာပဲဟု ယူဆလေသည်။

“တော် စမ်းပါ . . . မမကို အရှုးများ မှတ်နေလား၊ မမက ကြွပ်ကြွပ်အိတ်ကိုင်ရမယ့် အရွယ်လား . . . ဟင်း . . . ပစ္စည်းပြုတ်ကျလို့ကောက်တာ ဘာမှမ ဖြစ်ဘူး . . . ကြွပ်ကြွပ်အိတ်ကြီးနဲ့ မှ မမရုပ်ဆိုးကုန်မှာ . . .”

“လှချင်လိုက်တာလည်း လွန်ရော . . . ”

မမ ပြုပြင်ပြောင်းလဲမလား စိတ်ကူးဖြင့် သူ ကြိုးစားလည်း မအောင်မြင်ချေ။

“စ၀်မမကိုလောက် စကားများ လွန်းပြီး . . . နမော်နမဲ့ နိုင်လွန်းတာ . . . ရှပ်ပျာပျာနိုင်လွန်းတာ မရှိတော့ဘူး”

ဟု . . . သူက စိတ်ပျက်လက်ပျက် ညည်းညူခြင်းဖြင့် သာ လက်လျှော့သွားလေ့ရှိတတ်ပါသည်။သူ့ ရှေ့မှာ တင် မမသည် သူငယ်ချင်းတွေ နှင့် အလုအယက် စကားတွေ များ နေတုန်း ကဲန်တင်း(န်)မှာ အနောက်က တစ်ယောက် က ခုံဖယ်ထားတာကို မသိဘဲ ထိုင်ချမိသဖြင့် ဖင်ထိုင်ရက် လဲကျခဲ့ဖူးပြီးလေပြီ။ မမလဲကျတာကို သူက အသာငေးကြည့်ကာ . . .

“ထိုင်ခါနီး များ ကိုယ်ထိုင်မယ့် ထိုင်ခုံကလေးများ စစ်ဆေးပါဦးတော့လာကွာ . . . ”

“အိုး . . . မမကြည့်တုန်းက အနောက်မှာ ရှိတာပဲ . . . ပြီးမှ အနောက်က တစ်ယောက် လာဆွဲယူ သွားတာ မမ ဘယ်သိနိုင်မလဲ . . . မမ နောက်စေ့မှာ မျက်လုံးပါတာမှ မဟုတ်တာ ညီသုတရဲ့ . . . ”

ဟု မမက အရှက်ပြေ ပြန်ပြောရလေသည်။ တစ်ခုခု ဖြစ်ပြီးတိုင်းလည်း မမအတွက် အကောင်းဆုံး ဆင်ခြေတစ်ခု ရှိတတ် တာကို သူက တော် တော် အံ့သြပုံရ ပါသည်။ မမအတွက် အံ့သြစရာကောင်းလာတာက တော့သူသည် မမရဲ့ ချွတ်ချော် တိမ်းစောင်းမှု များ မှားယွင်းမှု များ ကို တဖြည်းဖြည်း နားလည်လာခဲ့ခြင်းပင်သည်။

•••


ဝန်ဇင်းချစ်သူများ လွန်းထားထား (ဆေးတက္ကသိုလ်) ၏ “ လိပ်ပြာတစ်ကောင်ရဲ့ ရင်ခုန်သံ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ခြေသံများ နှင့် ချစ်ခြင်း

သိမ်မွေ့သောလမင်း နက်ရှိုင်းသောရေပြင်

နှလုံးသားကို ဝတ်ရုံချုပ်ဝတ်ထားတဲ့ ချစ်သူ