အခန်း (၁)
ကော်ဖီဆိုင်လေးထဲမှာ ငြိမ့်ငြိမ့်ကလေးပျံ့လွင့်နေသည့် Norah Jones ၏ Come away with me သီချင်းကလေးကို သူငယ်ချင်း သုံးယောက် သား ဇိမ်ဆွဲခံစားရင်း မိုးနတ်မဒီက မနက်ဖြန် သွားပေးရမည့်  အင်တာဗျူး မေးခွန်းတွေ ကို ကြိုတင်ပြင်ဆင်နေသည်။ အသံသွင်းယူရမည့်  digital voice recorder ကလေးနှင့် ဓာတ်ပုံ ရိုက်ယူရမည့် အတွက် sony digital camera ကလေးကိုပါ ဘက်ထရီပြည့်မပြည့်၊ အထဲမှာ memory stick ရှိမရှိ ကြိုတင်စစ်ဆေးထားသည်။ ကြိုတင်ပြင်ဆင်ရတာ ကိုက မိုးနတ်၏ ဝါသနာ၊ စီးပွားရေး နယ်ပယ်မှာ ဒိတ်ဒိတ်ကြဲ၊ လျှမ်းလျှမ်းတောက် အောင်မြင် နေရာယူထားသော လုပ်ငန်းရှင်ကြီးတွေ နှင့် တွေ့ ဆုံမေးမြန်းသော အခန်းကဏ္ဍကို မိုးနတ်အကြိုက်ဆုံး။ သူတို့ဆီကနေ စိတ်ဓာတ်ခွန်အားတွေ ၊ ဘဝရည်မှန်းချက်တွေ ၊ စည်းစနစ်တွေ ပါးနပ် လိမ္မာမှု တွေ ၊ အတွေးအခေါ်အယူအဆတွေ အများ ကြီးပဲ သင်ယူရသည်မဟုတ်လား။ ဒါကြောင့် လည်း ဒီကဏ္ဍမှာ ဒီတာဝန်ကိုရဖို့အတွက် မိုးနတ်အတော် ကြီးကို ကြိုးစားအားထုတ်အစွမ်းပြာခဲ့ရတာ လေ။ FAME မဂ္ဂဇင်းရယ် FABULOUS ဂျာနယ်၊ နှစ် ခုစလုံးအတွက် မိုးနတ်က အယ်ဒီတာအ ဖြစ်ရော၊ သတင်းထောက်တာဝန်ပါ ယူထားရသည်မှာ ပေါ့ပေါ့သေးသေးကလေးတော့ မဟုတ်လှ။ အထူးသဖြင့် နာမည် ကျော် ပုဂ္ဂိုလ်တွေ နှင့် အင်တာဗျူး အတွက်ဆိုလျှင် မိုးနတ်ကိုပဲ အယ်ဒီတာချုပ်က စိတ်ချတတ်သည်။ မိုးနတ်မဒီက အသေးစိတ်ကအစ သေချာလွန်း စေ့စပ်တိကျလွန်းလို့ပါဟု မကြာခဏပဲ ဖွင့်ဟချီးမွန်းတတ်ပါသည်။
“မိုးနတ်မဒီတို့ ကတော့ ကြိုးစားနေတာ .. . . ကြိုးစားနေတာ၊ မိုးကလေးအေးအေးနဲ့ Norah Jones ကိုတောင် မခံစားနိုင်ရှာဘူး၊ သိပ်မလုပ်နဲ့ ဟာ၊ နင်က ရှေ့ကနေ အရမ်းကြိုးစားပြတော့ နောက်ကလိုက်ရတဲ့ ငါတို့ခမျာ မသက်သာဘူးဟ၊ အယ်ချုပ်ကဆူရင် နင်နဲ့ ပဲ နှိုင်းယှဉ် ခိုင်းနှိုင်းပြီးတော့ဆူတာ၊ ရေလည်ခံရခက်တယ် သိလား”
“အေးလေ ၊ နေစမ်းပါဦး . . .နင်က ဘာ ဖြစ်လို့ အဲဒီ လောက် စွပ်အော်နေရတာ လဲ ၊ မနှစ် ကလည်း အကောင်းဆုံး သတင်းထောက်ဆု၊ အင်တာဗျူး ဆောင်းပါးရှင်ဆုလည်း ရခဲ့ပြီးပြီ၊ အသက်ကဖြင့် ငယ်ငယ်လေးရှိသေးတယ်၊ အရွယ်နဲ့ အမျှအောင်လုပ်ပြနေတာ .. . ကြာတော့အမြင်တက်လာတယ် . . အဟုတ်”
သူငယ်ချင်းလည်း ဖြစ်၊ တိုက်တစ်တိုက်တည်းမှာ အလုပ်အတူတူလုပ်ဖော်ကိုင်ဖက်တွေ လည်း ဖြစ်သော ကြီးမြတ်သာနှင့် ယသော်ခင်တို့က အလွန်အပ်ကြောင်းထပ်နေသော စကားကို ဆိုကြပြန်သည်။
“နင်တို့ အမြင်ကတ်တာ ငါဘာလုပ်ရမှာ တုံး၊ ကိုယ့်ထမင်းကိုယ်စားပြီး ကြိုးစားနေတာနော်၊ မနာလိုမရှိကြနဲ့ ၊ နင်တို့နဲ့ ငါ အတူတူပဲ . .. လက်နှစ် ဖက်ရယ်. . . ဉာဏ်ပညာရယ် .. . လေ့လာ သင်ယူနိုင်စွမ်းရယ်. . .. ဒါပဲ ပိုင်ထားတာ၊ ဘာအခွင့်အရေး မှ ပိုရထားတာမဟုတ်ဘူး။ ကြိုးစားမှု ဆိုတာ အရင်းအနှီးအများ ကြီး စိုက်ထုတ်စရာမလိုတဲ့ ရင်းနှီးမြှုပ်နှံမှု ပါဟာ၊ ငါ ကတော့ ကြိုးစားနေရတာ ကို ပျော်တယ်၊ လူ ဖြစ်ရကျိုးနပ်တယ်လို့ ခံယူထားတယ်၊ ဒီအတွက် ဘယ်လောက်ပြန်ရပါစေဆိုတဲ့ မျှော်လင့်ချက်ကြီးကို စွတ်တင်မထားဘူး။ ဒါပေမယ့် ငါ့မှာ ပန်းတိုင် တစ်ခုတော ရှိတယ်၊ အဲဒီ ပန်းတိုင်ကိုတော့ ငါအရောက်သွားမှပဲ”
အင်တာဗျူး မေးခွန်းတွေ ကို ကျေနပ်လောက်စရာရှိနေပြီမို့ လက်စသတ်လိုက်ကာ သူတို့ကို ပြောရသည်။
“နင့်ရဲ့ ပန်းတိုင်ကို ငါတို့သိပြီးသားပါဟယ်၊ တစ်နေ့မှာ စာတွေ ရေး မယ်၊ စာရေး ဆရာမ ဖြစ်အောင် ကြိုးစားမယ်၊ ကိုယ်ပိုင် မဂ္ဂဇင်းဂျာနယ်တိုက်တစ်ခု ထူထောင်မယ်၊ ဟုတ်တယ်မှလား၊ အဲဒီ အတွက် နင်အခု သင်ယူနေတာ အတွေ့ အကြုံတွေ ယူနေတာကို ငါတို့က လေးစားပါတယ်၊ ငါတို့နဲ့ ယှဉ်ရင် နည်းနည်း ကလေး လျှော့ပေးဖို့ ပြောတာပါ”
“ဟဲ့ . . .၊ ဘဝမှာ ဘယ်သူ့အတွက်မှ တမင်လျှော့ပေးစရာကို မလိုတာ ကြိုးစားအားထုတ်မှု နဲ့ ပတ်သက်ရင် ပြောတောနော်၊ ကိုယ့်အလုပ်ကို အကောင်းဆုံး ဖြစ်အောင် အဆင့်မြင့်မြင့် ဖြစ်အောင်သာလုပ် .. . အဲဒါ မိုးနတ်မဒီရဲ့ ဝါဒီပဲ၊ နင်တို့ကို ချစ်တာခင်တာက တစ်ကဏ္ဍပဲ၊ နင်တို့နဲ့ ညီအောင် ငါ့ရဲ့ အစွမ်းအစကိုတော့ ဘယ်တော့မှလျှော့ချပေးမှာ မဟုတ်ဘူး၊ အဲဒါ ငါရဲ့ ပြတ်သားတဲ့ မဟာဆုံးဖြတ်ချက်”
ထိုစကားကို မိုးနတ်က ခပ်ပြုံးပြုံးမျက်နှာပေးဖြင့် ပြောခြင်းဖို့ နှစ် ကောင်သား မျက်စောင်းတွေ ဝိုင်းထိုးကြသည်။
“ဟဲ့ .. . . နင် မနက်ဖြန် အင်တာဗျူး မယ့် ဦးနေ့သစ်မိုးက ရူပါအရမ်းဖြူးတယ်နော်၊ အိမ်ထောင်မရှိသေးတဲံ လူပျိုကြီးတဲ့၊ အသက်က လေးဆယ်လောက်ပဲ ရှိဦးမယ်၊ personality အရမ်းကောင်းတယ်”
“ငါတွေ့ ဖူးပါတယ်၊ ဟိုတလောက သူ့ Jewellery Show ပွဲမှာ တွေ့ ဖူးလိုက်တယ်”
သူ့ဘဝ၏ အချက်အလက် တချို့ကိုလည်း မိုးနတ်က စုဆောင်းရှာဖွေထားခဲ့ပြီးသား ဖြစ်ပါ သည်။ CHARMS Jewellery ဆိုခွဲတွေ ကို မြန်မာပြည်မှာ ရန်ကုန်နှင့် မန္တလေး၊ ပြီးတော့ ဘန်ကောက်နှင့် စင်္ကပူမှာ ပါ ဖွင့်ထားနိုင်သော နိုင်ငံတကာ လုပ်ငန်းရှင် တစ်ယောက် ။ သူနှင့် မနက် ဖြန်တွင် လူချင်းတွေ့ ဆုံပြီး တစ်နာရီတိတိ သူ့ဘဝအကြောင်းတွေ တွေ့ ဆုံးမေးမြန်းဖို့ အခွင့်အရေး တစ်ခု မိုးနတ်၏ လက်ထဲမှာ ရှိသည်။ ရင်ခုန်စိတ်လှုပ်ရှားဖွယ် အကောင်းဆုံး ဖြစ်သည်။
“အံသြစရာနော်၊ သူ့အလုပ်က မိန်းမတွေ အများ ကြီးနဲ့ ပတ်သက်ဆက်ဆံရတဲ့ အလုပ်၊ ဒါနဲ့ တောင် သူ့မှာ အိမ်ထောင်မရှိဘူးတဲ့။ CHARMS က လက်ဝတ်ရတနာတွေ များ မြင်ရရင် ငုတ် တုတ်မေ့ သွားလောက်တဲ့အထိ ဒီဇိုင်းတွေ ရော၊ တန်ဖိုးတွေ ရော အရမ်းလန်းတာ၊ မိန်းမတစ် ယောက် သူလိုချင်ရင် အလွယ်လေးပေါ့၊ သူ့ရတနာတွေ နဲ့ ပဲ ညှို့ယူဖမ်းစားဦးတော့”
“သြော် . . . အဲဒါက နင့်အမြင်ကိုး ယသော်ရဲ့ ၊ ငါ့လို ရတနာ လုံးဝ မမက်တဲ့မိန်းမမျိုးကျတော့ သူ ဘာနဲ့ ဖမ်းစားမလဲ”
ယသော့်ကို မိုးနတ်က ပက်ခနဲ ပြောလိုက်တော့ ယသော်က မျက်စောင်းအကြီးကြီးထိုးသည်။
“ဟင်း . . .ရတနာမကြိုက်တဲ့ မိန်းမရယ်လို့ . .. နင့်ပဲမြင်ဖူးသေးတယ်၊ ရတနာမကြိုက် မိန်းမမိုက်ကြီးပေါ့”
“သြော် . . .သနားစရာ၊ ဒီကလေးမဟာ၊ ရတနာဆိုတာ .. . ကျောက်တုံးကျောက်ခဲတွေ ပဲဟာ၊ စိန်ရန် မြရယ် ပတ္တမြားရယ်လို့ နာမည် ပေးသတ်မှတ်လိုက်လို့၊ တန်ဖိုးတွေ သတ်မှတ်လိုက်လို့ . . .အဖိုးတန်ရတနာတွေ ရယ်လို့ မက်မောနေကြတာ၊ ပြီးတော့ ဒါတွေ ကို ကိုယ်ပေါ်မှာ အလှဆင်ပစ္စည်းတစ်ခုအနေနဲ့ အလှပြင်ကြမယ်၊ ပြီးရင် သေတ္တာထဲ သော့ ခတ်သိမ်းထားကြမယ်၊ ဒါပါပဲ၊ ဘာများ ထူးခြားလို့လဲ”
မိုးနတ်က စကားနာထိုးလျှင် ကြီးမြတ်သာ ကတော့ ယောက်ျားလေးမို့ ထိုအဆိုကို ထောက်ခံသဘောတူဟန်ရှိပြီး ယသော် ကတော့ ရှုံ့မဲ့၍ နေလေသည်။
“ငါ ကတော့ ဒီအဆိုကို လက်ခံတယ်ကွာ၊ ငါ့မှာ တစ်နေ့ကောင်မလေးရှိခဲ့ရင် သူက Jewellery တွေ ဘာတွေ ဝယ်ပေးဖို့ ပူဆာလာခဲ့သည်ရှိသော် မိုးနတ်မဒီရဲ့ အလုံးကြီးနဲ့ ထုရမှာ ၊ မှတ်သားလောက်ပါတယ်”
“အောင်မယ်၊ ရတနာဆိုတာ မိန်းမတွေ အတွက် အဆင်တန်ဆာပါနော်၊ နင်ဘာသိလို့လဲ၊ ရင်းနှီးမြှုပ်နှံမှု တစ်ခုလည်း ဖြစ်သေးတာ၊ ပိုက်ဆံလိုရင် ပြန်ရောင်းလို့ရသေးတယ်လေ”
ယသော်က အရှုံးမပေးချင်။ မိုးနတ်က ယသော့်ပါးကလေးကို ဆွဲလိမ်ပစ်လိုက်ရင်း . . .
“ကဲပါ .. . ကဲပါ တော် ပါတော့နော်. . .မယ်မင်းကလေးမရယ်၊ လူတိုင်း ကိုယ့်အယူအဆနဲ့ ကိုယ် လွတ်လပ်စွာ တွေးခေါ်ခွင့်ရှိပါတယ်၊ ငါက ငါ့အယူအဆကိုပဲ ပြောပြတာပါ၊ နင်လက်ခံရမယ်လို့ အဆိုပါဘူး။ ကဲ .. . ငါတို့ရွေ့ကြစို့၊ မနက်ဖြန် မနက်ပိုင်း ငါ တိုက်ကိုအရင်မလာဘူးနော်၊ ဦးနေ့သစ်မိုးရဲ့ ရုံးကို တန်းသွားမှာ ၊ သူနဲ့ အင်တာဗျူး ပြီးမှ ငါ ရောက်မယ် သိလား၊ အယ်ချုပ် သိပြီးသား”
“အိုကေ . .. ၊ ကံကောင်းပါစေ .. သူငယ်ချင်း”
သုံးယောက် သား အသီးသီးနှုတ်ဆက်လမ်းခွဲကာ ပြန်ခဲ့ကြသည်။ မိုးနတ်က အဆောင်ဆီ ဘတ်(စ်)ကားနှင့် ပြန်ရသည်။ ကိုယ့်ဘဝကိုယ် .. . ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ကာ . .. ရည်ရွယ်ထားရာ ဘဝပန်းတိုင်အတွက် မိဘတွေ နှင့် ခွဲပြီး တစ်ယောက် တည်း လှုပ်ရှားရုန်းကန်နေ ခြင်းအတွက် မိုးနတ်ဘယ်တုန်းကမှ နောင်တမရ။ တစ်ခါတစ်ရံ ဖေဖေနှင့် မေမေ့ကို အသည်းအ သန်လွမ်းကာ အိမ်လွမ်းနာဝေဒနာကို ခံစားမိတာကလွဲပြီး ကိုယ့်တာဝန်ကို ယူရတာ ကို မိုးနတ် နှစ်သက် သည်။ ဖေဖေက ပြင်ဦးလွင်မှာ မြို့နယ်ဆရာဝန်ကြီး တစ်ယောက် မို့ မေမေက မေမေနှင့် အတူ လိုက်နေပေးရ၊ အိမ်မှု ကိစ္စရေး ရာတွေ နှင့် မို့ မအားလပ်နိုင်။ မိုးနတ်ကသာ စာပေးစာယူကျောင်းတစ်ဘက်နှင့် အတူ ဝါသနာစိတ်ထက်သန်ရာ Reporter အလုပ်ကို ရန်ကုန်အထိ ဆင်းပြီး ကြိုးစားလုပ်ကိုင်ရင်းကနေ နှစ် နှစ် အတွင်းမှာ အယ်ဒီတာချုပ်က သဘောကျစွာ အယ်ဒီတာအ ဖြစ်ပါ တိုးမြှင့်တာဝန်ပေးခဲ့သည်မို့ ဒီအလုပ်မှာ ပဲ စွဲမြဲပျော်ရွှင်နေတော့တာ ဖြစ်သည်။ အလုပ်ကနေ ခွင့်ရတဲ့အခါမှပဲ ပြင်ဦးလွင်ပြန်ကာ မိဘရပ်ငွေ့ ပြန်ခိုလှုံရသည်။ ဒါတောင် အလုပ်တွေ က တန်းလန်းပါလာ တတ်စမြဲပါ။ဘာပဲ ဖြစ် ဖြစ် ဒီအလုပ်ကို မိုးနတ်က ချစ်မြတ်နိုးလွန်း၊ ပျော်ရွှင်လွန်းတာမို့ အမြဲကျေနပ်တတ်ကြွ ထက်သန်နေခဲ့သည်ချည်းပါ။ လူဆိုတာ ကိုယ်ရထားသော ဘဝတစ်ခုကို ကျေနပ်နေဖို့ ပျော်ရွှင်နေဖို့က အဓိကမဟုတ်လား။
ဦး၏ ရုံးချုပ်ရှိရာ TOWER ကြီးကို အောက်ကနေ မော့ကြည့်မိရုံဖြင့် မိုးနတ်က ရင်ခုန်တတ်ကြွနေခဲ့ပြီ။ သူနှင့် အလွန်တွေ့ ချင်ပါသည်။ သူ့ဘဝမှာ ဘာတွေ ဘယ်လောက် ရုန်းကန် အားထုတ်ခဲ့ရ၊ ရင်းနှီးပေးဆပ်ခဲ့ရသလဲဆိုတာတွေ ကို မေးချင်ခဲ့တာကြာပြီလေ။ သူ့အကြောင်း တစ်စွန်တစ်စ သိထားခဲ့တာက သူဟာ ဒီလိုအောင်မြင်ချမ်းသာတဲ့ဘဝကို မျိုးရိုးစဉ်ဆက် ချမ်းသာကြွယ်ဝမှု ဆီကနေ အမွေဆက်ဆံပြီးရခဲ့တာမျိုးမဟုတ်ဘဲ လက်ထဲမှာ ဘာရင်းနှီးမြှုပ်နှံမှု မှ မရှိဘဲ ဗလာသက်သက်သုညဘဝကနေ စတင်ခဲ့ရခြင်း ဖြစ်ကြောင်း သိထားခဲ့ရခြင်းဖြင့် ပိုပြီး စိတ် ဝင်စားရခြင်း ဖြစ်သည်။
ဓာတ်လှေကားကနေတက်ခဲ့ပြီး သူ့ရုံးရှိရာ အထပ်ကို ရောက်လျှင် ခေတ်မီခမ်းနားစွာ ပြင် ဆင်ထားသော Reception နှင့် Lobby Area ကိုတွေ့ ရသည်။ နံရံမှာ ကျောက်စီပန်းချီကားချပ်ကြီးများ ကို သူ့နေရာနှင့် သူ စနစ်တကျ ခင်းကျင်းပြင်ဆင်ထားသည်။
“ကျွန်မ FAME မဂ္ဂဇင်းက မိုးနတ်မဒီ . .. ပါ။ ဦးနေ့သစ်နဲ့ ကိုးနာရီအတိမှာ အင်တာဗျူး လုပ်ဖို့ ချိန်းထားတယ်ရှင်”
Reception မှာ သတင်းပို့လိုက်ပြီး ဧည့်သည်စောင့်ရာ ဆက်တီဆိုဖာပေါ်မှာ ခဏထိုင်စောင့်ရသည်။ မကြာပါ။ မြန်မာဆန်ဆန် လှလှပပ ကြော့ကြော့မော့မော့ရှိလှသော ဦးနေ့သစ်၏ personal assistant ဟု ထင်ရလောက်သော မိန်းကလေးကိုင်တိုင် မိုးနတ်ကိုထွက်ပြီး လာကြို ဖော်ရသည်။ နွေးထွေးချိုသာသော ဖော်ရွေပြုံးကလေးနှင့် စိတ်ချမ်းသာစရာ။ ဒါဟာ သူ့ရဲ့ အောင် မြင်စေတဲ့ အချက်တစ်ခုပဲလား။ ဝန်ထမ်းတွေ ကို အဆင့်အတန်းမြင့်မြင့် အုပ်ချုပ်ပုံသွင်းလေ့ကျင့် ပေးထားခြင်းဟာလည်း လုပ်ငန်းတစ်ခုအောင်မြင်ဖို့ အဓိက အားသာချက်တစ်ခု ဖြစ်သည်ဟု မိုးနတ်ထင်ပါသည်။
“လာ .. . ညီမလေး၊ ဆရာက အဆင်သင့်ပဲ၊ ညီမလေး ဘာသုံးဆောင်မလဲဟင်၊ အပူလား. . .. အအေးလား”
“ရေအေးအေးလေးတစ်ခွက်လောက်ဆို ရပါပြီ မမ”
“ကောင်းပါပြီရှင်၊ ဝင်သွားလိုက်ပါနော်”
တံခါးကိုပါဆွဲဖွင့်ပေးထားရင်း မိုးနတ် အခန်းထဲ အပြည့်အဝ ဝင်ပြီးတော့မှ တံခါးကို ညင်ညင်သာသာ ပြန်ပိတ်ပေးသွားသည်။ အခန်းထဲမှာ မိုးနတ် မျှော်လင့်ထားသည်က ဧရာမ လုပ်ငန်းရှင်သူဌေး တစ်ယောက် မို့ ကိန်းကြီးကိန်းခန်းနှင့် ထည်ထည်ဝါဝါ အနေအထားမျိုး၊ တကယ် တမ်း မိုးနတ်ရင်ဆိုင်လိုက်ရသည်က လည်ပင်းမှာ စိန်ပွင့်ကလေးတပ်ထားသော ကော်လာကတုံး လက်ရှည်အဖြူနှင့် ချည်ထည်ပုဆိုး ရှားညိုရောင် ကတ္တီပါ အခင်းဖိနပ်နီညိုဝတ်ထားသော သန့် ပြန့်သားနားလွန်းသော လူ တစ်ယောက် ။ သူ့ကို အဝေးကနေသာ လှမ်းမြင်ဖူးခဲ့သည်။ အခုလို တစ်ခန်းတည်းမှာ နှစ် ယောက် တည်း ရင်ဆိုင်တွေ့ ခွင့်ရတော့မှ ရိုးရှင်းကြည်လင်စွာ .. ချောမော ခန့်ညားသော အသက်လေးဆယ်လောက်ပဲရှိဦးမည့်  လူရွယ် တစ်ယောက် မှန်း သိခွင့်ရပါသည်။ သူ့ အပြုံးက နွေးထွေး သင်ဝင်လှပါသည်။ သူက ခမ်းနားသော ကျွန်းစားပွဲနောက်ရှိ လည်သာဆုံလည်မှာ ထိုင်နေခဲ့ခြင်းမဟုတ်။ မတ်တတ်ရပ်နေသော အနေအထားဖြင့် မိုးနတ် ဝင်အလာကို လာကြိုသော အနေအထားမျိုး၊ မိုးနတ်ကို မြင်လိုက်သည့်ခဏမှာ သူ့မျက်ခုံးများ ပင့်ချီသွားပြီး မျက်လုံးများ မိုးနတ်ဆီမှာ စူးခနဲစိုက်ကျသွားတာကို မိုးနတ်က လူ တစ်ယောက် ကို မြင်မြင်ချင်း အကဲခတ်တတ်နေကျမို့ ရိပ်မိလိုက်ပါသည်။
“ကျွန်တော် နေ့သစ်မိုးပါ။ FAME မဂ္ဂဇင်းက မမိုးနတ်မဒီပါနော်၊ တွေ့ ရတာ ဝမ်းသာပါတယ်၊ ဒီလောက် ငယ်လိမ့်မယ်လို့ ထင်မထားမိဘူးဗျ၊ အသက်ငယ်ငယ်နဲ့ FAME လို ဧရာမမဂ္ဂဇင်းကြီးတစ်ခုမှာ အယ်ဒီတာအ ဖြစ် တာဝန်ယူရထားတာကို ဂုဏ်ယူပါတယ်၊ ဒီဘက် ဧည့်ခန်းထဲမှာ ပဲ အေးအေးဆေးဆေး ပြောကြတာပေါ့။ မေးချင်တာကို လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးပဲ မေးပါ။ ကျွန်တော် အကောင်းဆုံး ဖြေပေးသွားမှာ ပါ”
လူ တစ်ယောက် ကို ဆက်ဆံဟန်က လေးစားမှု နှင့် ယဉ်ကျေးဖော်ရွှေမှု အပြည့်မို့ မိုးနတ် တောင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု တွေ မြင့်မားသွားရသည်။ ဟန်လုပ်နေတာမျိုး မဟုတ်ဘဲ တကယ့်ကို နှစ် နှစ် ကာကာ အသက်ဝင်ဝင် ဖြစ်သည်။
“ကျေးဇူးတင်ပါတယ်ရှင်၊ ကျွန်မက ဦးနေ့သစ်မိုးနဲ့ အင်တာဗျူး ရမယ်ဆိုတော့ အတော် လေး စိတ်လှုပ်ရှားနေမိတာ၊ အခုလို အားပေးဖော်ရတဲ့အတွက် ကျေးဇူးပါရှင်”
မိုးနတ်က လွယ်လာသော လည်သာအိတ်ကြီးထဲမှ voice recorder နှင့် မေးခွန်းအချက် အလက်တွေ ကို မှန်စားပွဲ လှလှကလေးပေါ်မှာ စီရရီကလေး စနစ်တကျတင်နေဆဲ သူက မှန် ကြည်ကြည် ပန်းအိုးရှည်ကလေးတစ်ခု စားပွဲပေါ်မှာ ဖျတ်ခနဲ လာချပြီး . .မိုးနတ်ရှေ့မှာ သက်တောင့်သက်သာဟန်ဖြင့် လာထိုင်လိုက်သည်။ ပန်းအိုးကလေးထဲမှာ အနီရဲရဲ နှင်းဆီလှလှက လေးတစ်ပွင့်တည်း။ မိုးနတ်က သူ့ကို တစ်ချက် ပြုံးပြလိုက်ကာ . .
“ကျွန်မတို့ အင်တာဗျူး စလိုက်ရအောင်နော်”
မေးခွန်း(၁) …
ကလေးဘဝမှာ ကတည်းက အ ဖြစ်ချင်ဆုံး ဆန္ဒဆိုတာ ရှိခဲ့ပါသလားဟင်…
အဖြေ …
လူ့ဘဝမှာ “အ ဖြစ်ချင်ဆုံး” ဆိုတဲ့အရာတွေ ဟာ . . .အရွယ်နဲ့ လိုက်ပြီး ပြောင်းလဲနေတတ်တဲ့ သဘောရှိတယ်၊ ကျွန်တော် ဆယ်နှစ် အရွယ်တုန်းက လေယာဉ်ပျံတွေ မောင်းချင်နေခဲ့တာဟာ .. ကျွန်တော့် ရဲ့ အ ဖြစ်ချင်ဆုံး ဆန္ဒတစ်ခုပေါ့။ ကျွန်တော် အသက်ဆယ့်ရှစ်နှစ် အရွယ်ကျတော့ မိန်းကလေး တစ်ယောက် ကို အရူးအမူး စွဲလန်းကိုးကွယ်နေခဲ့မိပြန်ရော၊ သူ့ကို ပိုင်ဆိုင်ဖို့အတွက် ကျွန်တော် ဘာပဲလုပ်ရလုပ်ရ လုပ်ချင်နေခဲ့မိတယ်၊ အဲဒီ အချိန်မှာ အချစ်ဆိုတဲ့ အရာလောက် ကြီးကျယ် ခမ်းနားတဲ့ အ ဖြစ်ချင်ဆုံးဆန္ဒ ကျွန်တော့် ဘဝမှာ မရှိတော့ဘူး။ ကျွန်တော် သူ့ကို အရမ်းချစ်ခဲ့တယ်။ သူ့ကြောင့် ပဲ ကျွန်တော့် ဘဝတစ်ခုလုံး ခုလို ပြောင်းလဲခဲ့တာလို့ ပြောရင်ရပါတယ်၊ အချစ်ဆိုတဲ့ အရာရဲ့ တွန်းအားနဲ့ ချစ်သူကို ပိုင်ဆိုင်ခွင့်ရမယ်ဆိုတဲ့ မျှော်လင့်ရူးသွပ်မှု နဲ့ ကျွန်တော် အပြင်းအထန်၊ အသည်းအသန် ကြိုးစားခဲ့တာပါ၊ ကျွန်တော့် ကို ရူးတယ်လို့ မထင်လိုက်ပါနဲ့ ၊ ကျွန် တော် တကယ်ရူးခဲ့တာပါ၊ အဲဒါတစ်ခုကိုတော့ လူငယ်တွေ ကို ကျွန်တော် ပြောပြချင်တယ်၊ အချစ် ကို ကိုးကွယ်လို့ရပါတယ်၊ ဒါပေမယ့် အဲဒီ အချစ်ကြောင့် ကိုယ့်ဘဝ မြင့်မားတိုးတတ်စေတဲ့ တွန်းအားတစ်ခုသာ ဖြစ်ပါစေ၊ အဲဒီ အချစ်ကြောင့် ကိုယ့်ဘဝနိမ့်ကျနစ်မွန်းသွားမယ့် အ ဖြစ်မျိုး ဘယ်တော့မှ အ ဖြစ်မခံပါနဲ့ လို့၊ ဘာ ဖြစ်လို့လဲဆိုတော့ အသက်သုံးဆယ်အရွယ်မှာ ကျွန်တော့် အတွက် အ ဖြစ်ချင်ဆုံး ဆန္ဒက ပြောင်းလဲသွားခဲ့ပြီ၊ ကျွန်တော့် ဘဝမှာ အောင်မြင်သူ တစ်ယောက် ဖြစ်ချင်တယ်၊ စီးပွားဥစ္စာ ငွေကြေး စည်းစိမ်ဆိုတဲ့ ရုပ်ဝတ္ထုပစ္စည်းတွေ အရရော ကိုယ့်ရဲ့ စိတ်ကို အောင်နိုင်သူအ ဖြစ်ရော အောင်မြင်ချင်တယ်၊ အဲဒါ အရေး ကြီးဆုံးပဲ၊ အရေး ကြီးတာ စိတ်ဓာတ် အင်အားပဲ၊ ဆုံးဖြတ်ချက်တွေ ပြတ်သားမှန်ကန်ဖို့လိုတယ်၊ အရာရာကို ရဲရင့်မျှတဖို့လိုက်တယ်၊ ဒါပဲ .. ။ ကျွန်တော် လဲကျဖူးတာ အကြိမ်ကြိမ်ပဲ၊ ကျတိုင်း ချက်ချင်း ပြန်ထဖို့ ကျွန်တော့် ကိုယ် ကျွန်တော် လေ့ကျင့်ပေးခဲ့တယ်၊ ကြာတော့ အကြီးကြီးလဲပြိုကျသွားတာကိုတောင် တော် ရုံတန်ရုံ ခလုတ်တစ်ခုတိုက်မိသလိုပဲ၊ ကျွန်တော် အပြုံးမပျက်တော့ဘူး၊ အခု အသက်လေးဆယ် အရွယ် မှာ ကျွန်တော် အ ဖြစ်ချင်ဆုံးဆန္ဒက ငြိမ်းချမ်းသွားခဲ့ပြီ၊ ကျွန်တော် လိုချင်တာတွေ လည်း ဆုံးရှုံးခဲ့ ဖူးတယ်၊ မမျှော်လင့်တာတွေ လည်း ရခဲ့ဖူးတယ်၊ အခုတော့ အ ဖြစ်ချင်ဆုံး၊ အလိုချင်ဆုံးဆိုတာ တွေ လည်း မရှိတော့သလို မလိုချင်တာ မ ဖြစ်ချင်တာတွေ လည်း မရှိတော့သလိုပဲ၊ မနက်ဖြန်အတွက် ကြိုတင်ပြင်ဆင်တယ်၊ ဒါပေမယ့် ဒီနေ့ကိုပဲ အကောင်းဆုံး ဖြစ်အောင် နေထိုင်တယ်၊ ကျွန် တာ့်အတွက် အဓိပ္ပါယ်အရှိဆုံးအရာဟာ ဒီနေ့အသက်ရှင်နေထိုင်ခွင့်ရခြင်းပဲ။
မေးခွန်း ၂ . ..
အခုအချိန်မှာ လူတကာရဲ့ အားကျစံထားစရာပုဂ္ဂိုလ် တစ်ယောက် ဖြစ်လာဖို့အတွက် ပေးဆပ်ခဲ့ရတာ တွေ ၊ ရင်းနှီးမြှုပ်နှံခဲ့ရတာ တွေ ရှုံးနိမ့်ခဲ့ဖူးတာတွေ ရုန်းကန်ဖောက်ထွက်ခဲ့ရတာ တွေ ကို ပြန်ပြီး မျှဝေပေးနိုင်မလားဟင် . ..
အဖြေ . .
ဒီဘဝကို ကျွန်တော် မျှော်လင့်ချက်ကြီးကြီးနဲ့ ရည်ရွယ်ချက်ကြီးကြီးနဲ့ တည်ဆောင်ယူခဲ့တာပါ၊ ကျွန်တော့် ရဲ့ ကံကြမ္မာပေါ်မှာ လည်း အများ ကြီးမူတည်ခဲ့သလို၊ စနစ်တကျတော့ ကြိုတင် စီစဉ်အကွက်ချခဲ့တာပါ၊ ဒီတံခါးပေါက်ကနေ အခွင့်အလမ်းတွေ ပေါ်ပေါက်လာနိုင်တယ်ဆိုတဲ့ အတွေးနဲ့ ယုံကြည်ချက်နဲ့ အဲဒီ တံခါးကြီးတစ်ချပ်ကို မတန်တဆ အင်အားတွေ သုံးပြီး ကြိုးစားပမ်းစား ခက်ခက်ခဲခဲ တွန်းဖွင့်ခဲ့ရတာ မျိုးပါ။ အကယ်၍ ဒီတံခါးကြီး မဖွင့်ခဲ့ရင် နောက်ထပ်ပွင့်နိုင်မယ့် ဒုတိယ တစ်ချပ်ကိုရှာဖွေဖို့လည်း ကျွန်တေ် ကြိုတင်ပြင်ဆင်ထားပြီးသားပါ၊ ပင်ပန်းဆင်းရဲခဲ့ဖူးပါတယ်။ ခေါင်းပုံဖြတ် ကုပ်သွေးစုပ်တာတွေ လည်း ခံခဲ့ဖူးပါတယ်။ ဗိုလ်ကျ အနိုင်ကျင့်တာကိုလည်း ခံခဲ့ဖူးတယ်။ အလိမ်အညာတွေ ကလိမ်ကကျစ်တွေ ကိုလည်း ခံစားခဲ့ရဖူးတယ်။ ကျွန်တော့် ရဲ့ သော့ ချက်က အရှုံးမပေးတာရယ်၊ ဇွဲရှိလွန်းတာရယ်နဲ့ .. သတ္တိရှိလွန်းတာပါပဲ၊ အဲဒီ ကီးသုံးလက် နဲ့ စွန့်စားခန်းတွေ အများ ကြီး ကျွန်တော် ရင်ဆိုင်ကျော်ဖြတ်ခဲ့ရတယ်၊ အဲဒါ ကျွန်တော့် ဘဝရဲ့ အောင်မြင်မှု သော့ ချက်ပဲ။
မေးခွန်း (၃) ..
ဒီမေးခွန်း ကတော့ ကြိုတင်ပြင်ဆင်လာတဲ့အထဲမှာ မပါဘဲ ကျွန်မသိချင်လို့ ဖောက်ပြီး ကြားဖြတ်မေးချင်တဲ့ မေးခွန်းပါ၊ ခုနက ဦးနေသစ်မိုး၊ ဖြေသွားခဲ့တာလေ၊ မိန်းကလေး တစ်ယောက် ကို ဦးရဲ့ ဘဝမှာ အရူးအမူး၊ ကိုးကွယ်စွဲလမ်းခဲ့ဖူးတယ်ဆိုတာလေ၊ အချစ်ဆိုတာ လူ တစ်ယောက် ရဲ့ ဘဝမှာ အစိတ်အပိုင်းတစ်ခု၊ အခန်း ကဏ္ဍတစ်ခု အ ဖြစ်ပဲ ရှိသင့်သလား၊ ဘဝတစ်ခုလုံး ပုံအော ပေးဆပ်မြှုပ်နှံလိုက်ဖို့ လိုအပ်သလား၊ ခုချိန်ထိရော အဲဒီ အချစ်က ဦးရဲ့ ရင်ထဲမှာ စွဲမြဲကျန်နေတုန်း ပဲ လားဆိုတာပါ .. .
အဖြေ …
(ဒီအဖြေကို မဖြေခင် သူက မိုးနတ်ကို မိနစ်ပိုင်းလောက်မျှကြာအောင် စိုက်ငေးကြည့်ပြီး လေးလေးနက်နက်ပြုံးနေခဲ့ပါသည်။)
“ကဲ .. . ဒီတစ်ခါ ခင်ဗျားကို တစ်လှည့်ပြန်မေးချင်သေးတယ်။ လူ တစ်ယောက် ကို အခွင့်အရေး တစ်ခု ပေးဖူးသလား။ သူ့ကို ယုံကြည်စိတ်ချစွာ နဲ့ သူ ပြန်လာတဲ့အထိ စောင့်နေပါမယ်ဆိုတဲ့ ကတိတစ်ခုနဲ့ လေ”
သူ့အသံက နက်နဲလွန်းသဖြင့် မိုးနတ် အဖြေရခက် သွားပါသည်။ သူ မိုးနတ်ဆီက ဘယ်လို အဖြေမျိုးကို လိုချင်တာပါလိမ့်။ ဒါပေမယ့် မိုးနတ်၏ အတွေ့ အကြုံအရဆိုရင်တော့ ဒီမေးခွန်းကို ဖြေဖို့ လွယ်လွယ်ကလေးပဲ။ မိုးနတ် သူ့ကို ရင်ဆိုင်ကြည့်ပြီး ခေါင်းခါပြလိုက်သည်။
“ဟင့်အင်း . .. ၊ ကျွန်မဘဝမှာ အဲဒီ လိုမျိုး ကတိနဲ့ ချည်နှောင်ဖို့ လူ တစ်ယောက် ပေါ်ကို ပေါ်မလာသေးတာပါ”
မိုးနတ် အဖြေအတွက် သူက အားပါးတရ ပြုံးပါသည်။
“ထားလိုက်ပါတော့လေ၊ ခင်ဗျားမဖြေနိုင်မယ့် မေးခွန်းမျိုးနဲ့ မနှိပ်စက်တော့ပါဘူး၊ ကဲ.. ကျွန်တော် ပဲ ဖြေတော့မယ်၊ အချစ်ဆိုတာ ကျွန်တော့် ဘဝမှာ အစိတ်အပိုင်းတစ်ခု၊ အခန်းကဏ္ဍ ကလေးတစ်ခုတော့ မဟုတ်ခဲ့ဘူး၊ ဘာ ဖြစ်လို့လဲဆိုတော့ ကျွန်တော် က အချစ်တစ်ခုတည်းအတွက် ကျွန်တော့် ဘဝတစ်ခုလုံးကို ပုံအော လောင်းကြေးထပ်ပြီး စိန်ခေါ်ခဲ့တာကိုး၊ အချစ်က ကျွန်တော် ကြိုးစားအားထုတ်ခဲ့သမျှအတွက် တွန်းအား ဖြစ်ခဲ့တယ်၊ ကျွန်တော့်  အခြေအနေတစ်ခု ရောက်တဲ့အခါ သူ့ကို “စောင့်နေပါ” လို့ ပြောထားခဲ့တဲ့ အချစ်တစ်ခုရောက်တဲ့အခါ .. ကျွန်တော် သူရှိရာဆီမျှော်လင့်ချက်တွေ ရင်ဘတ်နဲ့ တစ်လုံး အပြည့် သယ်ပိုးပြီး ရောက်သွားခဲ့တယ်၊ ကဲ .. ဘာတွေ ဆက် ဖြစ်တယ်လို့ ခင်ဗျားထင်သလဲ၊ သူ ကျွန်တော့် ကို မစောင့်ခဲ့ပါဘူး၊ ကျွန်တော့် ကို ပေးထားခဲ့တဲ့ အခွင့်အရေး ကို သူ့ဘဝနဲ့ မလဲနိုင်ဘူးဆိုပြီး သူ့သဘောနဲ့ သူ ပြန်ရုတ်သိမ်းသွားခဲ့တယ်၊ ဒါပါပဲ၊ အဲဒီ အချိန်ကစပြီး ကျွန်တော် အတိတ်မေ့ ရောဂါ စွဲကပ်သွားတော့တာ၊ အဲဒီ တော့ ခုချိန်ထိ အဲဒီ အချစ်က ရင်ထဲ စွဲမြဲတုန်းပဲလားဆိုတဲ့ မေးခွန်းအတွက် ကျွန်တော့် မှာ အဖြေမရှိတော့ဘူးလေ၊ ကျွန်တော့်  နှလုံးသားက အသက်ဆယ့်ရှစ်နှစ် ကနေ နှစ် ဆယ်အတွင်းမှာ အပြင်းထန်ဆုံး အတက်ကြွဆုံး ရှင်သန်ကြီးထွားနေခဲ့ပြီး အသက်နှစ် ဆယ်နောက်ပိုင်းကစပြီး ဆက်မဖွံ့ဖြိုးတော့ဘူးလို့ ပြောရမယ်ထင်ပါရဲ့ ၊ အဲဒီ မှာ ပဲ ရပ်တန့်သွားခဲ့တာ၊ အပြီးသတ် သေဆုံးသွားတာမျိုးလည်း မဟုတ်ဘူး၊ နှစ် ပေါင်း ၂၀လောက် COMA ဝင်နေတဲ့နှလုံးသားပေါ့လေ၊ ခုချိန်ထိ မနိုးသေးဘူးဆိုပါတော့၊ တဖန်ပြန်၍ မနိုးသော ဝေဒနလို့ တင်စားရမယ် ထင်တယ်နော်”
အဖြေအဆုံးမှာ သူ အားပါးတရ ပြုံးပါသည်။
မေးခွန်း(၄) …
ဘဝမှာ စိတ်ဓာတ်ကျမိတဲ့ တစ်ခါတစ်လေတော့ လူတိုင်း ရင်ဆိုင်ဖူးမှာ ပါ၊ အဲဒီ အခါ ကိုယ့်ရဲ့ စိတ်ကို ဘယ်လိုအရာမျိုးနဲ့ ပြန်ပြီး မြှင့်တင်ဆွဲခေါ်ဖို့ကြိုးစားပါသလဲဟင်…
အဖြေ ..
ကျွန်တော် လည်း လူ တစ်ယောက် ပါ၊ မျှော်လင့်ထားတဲ့ အတိုင်း ဖြစ်မလာတဲ့အခါ. . ဆုံးရှုံးရတာ တွေ ရင်ဆိုင်ရတဲ့အခါ စိတ်ဓာတ်ကျတတ်ပါတယ်၊ ဘာမှဆက်ပြီး မလုပ်ချင်၊ မကိုင်ချင်တော့လောက်အောင် စိတ်ဓာတ်ကျလာတဲ့အခါ လက်ရှိဘဝအနေအထား၊ အခြေအနေတစ်ခုကို လုံးဝမေ့ထားလိုက်ပြီး ကျွန်တော် ခရီးထွက်ပါတယ်၊ ဘယ်လိုနေရာမျိုးတွေ လဲဆိုတော့ ဘဝမှာ ကိုး ကွယ်ရာမဲ့ ကူကယ်ရာမဲ့ ဖြစ်နေတဲ့ဘဝတွေ ၊ မျှော်လင့်ချက် လုံးဝကုန်ဆုံးနေတဲ့ ဘဝမျိုးတွေ ကနေ ကြိုးစားရုန်းကန်နေတဲ့သူတွေ အကူအညီလိုအပ်နေတဲ့ နေရာတွေ အဲဒီ နေရာတွေ ကို သွားတယ်၊ ကိုယ် ဘယ်သူလဲ ဘာလဲဆိုတာကို လုံးဝမေ့ပျောက်ထားပြီး သူတို့နဲ့ တသားတည်း ထဲထဲဝင်ဝင် ဖြစ်အောင် နေကြည့်တယ်၊ သူတို့နဲ့ စကားတွေ ပြောတယ်၊ သူတို့ဘဝမှာ အလိုချင်ဆုံး၊ အမျှော်လင့်ဆုံးအရာက ဘာများ ဖြစ်မလဲဆိုတာ စုံစမ်းတယ်၊ ပြီးရင် အဲဒီ လိုအပ်ချက်ကို သူတို့အတွက် ဘယ်သူက ဖြည့်ဆည်းပေးလိုက် မှန်းတောင် သူတို့မသိစေရဘဲ လျှို့ဝှက်စွာ ဖြည့် ဆည်းကူညီပေးလိုက် တယ်။ သူတို့ အရမ်း အံ့အားသင့်ပျော်ရွှင်သွားကြတဲ့ မျက်နှာတွေ ခံစားချက် တွေ ကို ကိုယ်ကြည့်ပြီး ပီတိစားသုံးတယ်၊ အချိန်တန်လို့ ကိုယ့်ဘဝထဲကိုယ်ပြန်လာတဲ့အခါ စိတ် ဓာတ်ကျနေတာတွေ ဘယ်ရောက်သွားမှန်းတောင် မသိတော့ဘူး၊ လူအသစ် ပြန် ဖြစ်လာတယ်၊ လန်းဆန်း တတ်ကြွလာတယ်၊ ကိုယ့်ထက်ဆိုးတဲ့ ဘဝတွေ ကို တရင်းတနှီး သိလာတော့ ကိုယ့်ရဲ့ ဆုံးရှုံးမှု ကလေးက သူတို့ဘဝတွေ နဲ့ နှိုင်းစာရင် ဘာမှမပြောပလောက်တော့ဘူးလေ .. .
မေးခွန်း(၅) ..
ဦးနေ့သစ်မိုး အမြဲတမ်းနှလုံးသွင်းထားတတ်တဲ့ ဆောင်ပုဒ်တစ်ခုလောက်. . လူငယ်တွေ အတွက် ပြောပြပေးစေချင်ပါတယ် ..
အဖြေ. .
ဘယပဲလုပ်လုပ်အကောင်းဆုံးနဲ့ ကိုယ့်ဘက်က အစွမ်းကုန်အားထည့်ပြီးတော့ လုပ်ပါ၊ အများ ကြီးမျှော်လင့်မထားနဲ့ ၊ တစ်ဆင့်ချင်းတစ်လှမ်းချင်း ခပ်စိပ်စိပ်တက်၊ တစ်ချိန်မှာ ကိုယ် မျှော်လင့်မထားတဲ့အမြင့်တစ်နေရာကို ရောက်နေလိမ့်မယ်၊ အရေး ကြီးတာက ဘယ်တော့မှ မရပ်လိုက်ဖို့ပဲ၊ ဘယ်တော့မှ အရှုံးမပေးနဲ့ ၊ လဲကျတိုင်း ပြန်ထ၊ မှားမှာ မကြောက်နဲ့ ၊ အမှားကပဲ သင်ပေးသွားလိမ့်မယ် .. . .
မေးခွန်း(၆) …
အမြဲတမ်းဖတ်လေ့ရှိတဲ့ စာအုပ်တစ်အုပ် .. .
အဖြေ ..
ဒေးလ်ကာနယ်ဂျီနဲ့ How to win friends and influence people
မေးခွန်း(၇) ….
လူ့ဘဝရဲ့ အနှစ် သာရအရှိဆုံးဆိုလို့ ခံယူထားတဲ့အရာ . . .
အဖြေ .. .
ကိုယ့်ကိုယ်ကို လေးစားကိုးကွယ်တဲ့ စိတ် .. . ကျွန်တော်ဟာ ကျွန်တော့် ရဲ့ သူရဲကောင်းလည်း ဖြစ်တယ်၊ ကျွန်တော့် ရဲ့ ပြိုင်ဘက်လည်း ဖြစ်တယ်၊ အဲဒီ လို ဖြစ်အောင်လည်း ကျွန်တော့် ကိုယ် ကျွန်တော် တည်ဆောက်မြှင့်တင်ဖို့ ကြိုးစားနေရတာ ကိုက လူ့ဘဝရဲ့ အနှစ် သာရပဲ . . .
မေးခွန်း(၈) ..
ဘဝမှာ ဘယ်တော့မှ မမေ့နိုင်တော့အောင် အမြဲတမ်း သတိရတမ်းတနေမိတတ်တဲ့ အလွှမ်းမိုးဆုံးပုံရိပ် တစ်ခုလောက် ပြောပြပေးပါ. . .
အဖြေ . . .
လွန်ခဲ့တဲ့ အနှစ် နှစ် ဆယ်တုန်းက ကာလတစ်ခုဆီမှာ ကျွန်တော့် ဘဝရဲ့ မေ့မရနိုင်တဲ့ အမှတ်တရတွေ ကိန်းဝပ်နေခဲ့တယ်၊ အဲဒီ ထဲမှာ မှ ကျွန်တော် ပြန်အလာကို စောင့်မျှော်နေမယ့် မျက်နှာလေးတစ်ခုက အလွှမ်းမိုးဆုံးပုံရိပ်တစ်ခု ဖြစ်မယ်ထင်ပါရဲ့ .. .
ထိုအဖြေကို ဖြေပြီးချိန်မှာ သူက နာရီကို လှမ်းကြည့်ပါသည်။ အချိန်က တစ်နာရီကို တော် တော် စွန်းနေပြီ။ သူ မိုးနတ်ကိုပေးထားတာ တစ်နာရီအတိပဲမို့ သူ့ကိုအားနာစွာ ဖြင့် အင်တာဗျူး ကို လက်စသတ်လိုက်ရသည်။
“ခုလိုဖြေပေးတာ ကျေးဇူးတင်ပါတယ် ဦးနေ့သစ်မိုး၊ စာအုပ်ထွက်တာနဲ့ ကျွန်မကိုယ်တိုင် လာပို့ပေးပါ့မယ်၊ ဓာတ်ပုံကလေး နည်းနည်း ရိုက်ပါရစေနော်”
“ရိုက်နိုင်ပါတယ်ဗျာ”
မိုးနတ်က ကင်မရာကလေး ခပ်သွက်သွက်ထုတ်ယူပြီး သူ့ပုံတွေ ကို သွက်သွက်လက်လက် ရိုက်ယူလိုက်ပါသည်။ သူက မိုးနတ်၏ လှုပ်ရှားမှု မှန်သမျှကို အသေးစိတ်အကဲခတ်စောင့်ကြည့်နေသလိုပဲဟု စိတ်ထဲမှာ ခံစားရပါသည်။ တစ်ချက်တစ်ချက်မှာ သူ မိုးနတ်ကို ခပ်ကြာကြာစိုက်ကြည့်နေတတ်သည်။ ထိုအကြည့်သည် သာမန်ကာလျှံကာမျိုးမဟုတ်။ တစ်ခုခု ပါဝင်နေသည် ဟု ဘာကြောင့် များ မိုးနတ် ခံစားမိပါလိမ့်။
ဓာတ်ပုံတွေ ရိုက်ယူပြီးချိန်မှာ သူက နာရီကိုထပ်ကြည့်တာကို မြင်ရပြန်သည်မို့ မိုးနတ် တော် တော် အားနာသွားမိသည်။ တန်ဖိုးရှိလှသော သူ့ရဲ့ အချိန်တွေ ကို မိုးနတ်က မသိတတ်စွာ နဲ့ ခိုးယူသလို ဖြစ်နေပြီဟု ခံစားမိသော ကြောင့် ဖြစ်သည်။
“ဦးနေ့သစ်မိုးရဲ့ တန်ဖိုးရှိတဲ့အချိန်တွေ ကို ခုလိုဖဲ့ယူမိတာအတွက် ဆောရီးပါရှင်၊ ကျွန်မ တကယ်ပြန်ပါပြီ”
“ကျွန်တော် နာရီကြည့်မိလို့လား၊ အဲဒါက အကျင့်ပါနေလို့ပါ။ အခု ကျွန်တော် က မိုးနတ် မဒီဆီက တစ်လှည့်အချိန်ပြန်တောင်းမလို့၊ နာရီဝက်လောက် ကျွန်တော့် ကို အချိန်ပေးနိုင်မလား မိုးနတ်မဒီ”
“ရပါတယ် ဦးနေ့သစ်မိုး၊ ဒီကနေ ပြန်ရင် တိုက်ကိုတန်းပြီးသွားရုံပါ၊ ဦးနေ့သစ်မိုးဆီမှာ အချိန် နည်းနည်း ပိုကြာမိတဲ့အတွက် အယ်ချုပ်က ကျွန်မကို ဆူမယ်မထင်ပါဘူး”
“ဒါဆို အိုကေပေါ့။ ဒီတစ်ခါ ကိုယ် (ကိုယ်လို့ပဲသုံးတော့မယ်နော်၊ အဲဒါ ပိုကောင်းသလိုပဲ .. ) ဒီတစ်ခါ ကိုယ့်အလှည့်ပေါ့၊ ကိုယ်က မင်းကိုပြန်မေးချင်တာပါ”
မိုးနတ်၏ ကိုယ်ခန္ဓာကလေး ဆတ်ဆတ်မတ်မတ် ဖြစ်သွားရလျက် သူနှင့် မျက်လုံးချင်းဆုံကာ ကြည့်မိသည်။ သူ့မျက်ဝန်းတွေ က တကယ့်ကို အလေးအနက် စူးစူးရှရှ ရှိလှသည်။
“မေးပါ .. ဦးနေ့သစ်မိုး၊ ကျွန်မ အတတ်နိုင်ဆုံးဖြေပါ့မယ်”
“မင်းရဲ့ ဘဝမှာ အ ဖြစ်ချင်ဆုံးဆန္ဒက ဘာလဲ၊ ကိုယ့်ကို ပြောပြနိုင်မလား”
အိုး။ သူဘာ ဖြစ်လို့ ဒီမေးခွန်းကို မေးတာပါလိမ့်။ မိုးနတ်အတွက်အဖြေ ကတော့ အဆင်သင့်ရှိပြီးသားပါ။
“ကျွန်မရဲ့ အ ဖြစ်ချင်ဆုံးဆန္ဒက စာတွေ ရေး ချင်တယ်၊ စာရေး ဆရာမ တစ်ယောက် အ ဖြစ် အောင်မြင်တဲ့အထိ၊ ကြိုးစားချင်တယ်၊ ကိုယ်ပိုင် မဂ္ဂဇင်း၊ ဂျာနယ်တိုက်တစ်ခု ထူထောင်ချင်တယ်၊ အဲဒါ ကျွန်မရဲ့ ပန်းတိုင်ပါ”
သူ့အပြုံးက ကျေနပ်နှစ် သိမ့်စွာ ပြုံးသော အပြုံးမျိုး၊
“အဲဒါဆို ကိုယ်ကမင်းအတွက် စကားလက်ဆောင်တစ်ခု ပေးလိုက် ချင်တယ်၊ လူတစ် ယောက် ဟာ အမြင့်ကို ရောက်ဖို့အတွက် ဟိုးအောက်ခြေကနေ တစ်ထစ်ချင်း တစ်လှမ်းချင်း တက်ရတာ က ပိုအဓိပ္ပါယ်ရှိတယ်၊ သူ့ရဲ့ အရည်အသွေးနဲ့ အောင်မြင်မှု ကို ယုံကြည်တယ်ဆိုရင် သူ့ကို အချိန်တစ်ခုတော့ပေးပြီး စောင့်ပေးဖို့လိုပါတယ်၊ ကိုယ်ဟာ ဒီနေ့ ဒီတောင်ထိပ်မှာ ရပ်တည်နေနိုင်တာဟာ ဟိုးအောက်ခြေမြေပြင်ကနေ တစ်လှမ်းချင်း၊ မရပ်မနား ၊ ဇွဲလုံ့လဝီရိယရှိ စွာ နဲ့ မှန်မှန်တတ်ခဲ့လို့ပါ၊ မင်းဘဝမှာ လည်း အောင်မြင်ချင်တယ်ဆိုရင် စလိုက်ပါ၊ ပထမဆုံးခြေ လှမ်းက အရေး ကြီးဆုံးပါ ဘယ်လောက်ပဲခက်ခဲကြမ်းတမ်းပါစေ၊ အတွေ့ အကြုံလို့ သဘောထားပြီး၊ မရပ်မနား ဆက်တက်ပါ၊ အဆုံးသတ်နိုင်ဖို့ ပန်းတိုင်တစ်ခုတော့ ရှိနေပါစေ၊ အဲဒီ ကို ရောက်အောင် သွားပါ”
သူ့စကားတွေ က မိုးနတ်အတွက် အားဆေးကို သွေးကြောထဲကနေ IV ထိုးသွင်းပေးလိုက် သလို ချက်ချင်း လျှင်မြန်စွာ ပျံ့နှံ့စီးဝင်လာခဲ့သည်။ လူဆိုတာ ကိုယ်လေးစားအထင်ကြီးမှု အခံရှိ ပြီးသားလူ တစ်ယောက် ဆီက စကားမျိုးဆို မမေ့ဖို့ စွဲမြဲနေဖို့ လွယ်ကူလွန်းတယ်မဟုတ်လား။
“အဲဒီ စကားလက်ဆောင်က ကျွန်မအတွက် တန်ဖိုးအရှိဆုံးပါ ဦးနေ့သစ်မိုး၊ ကျွန်မ ရင်ဘတ်ထဲမှာ သေသေချာချာ သိမ်းထားပြီး လိုအပ်တိုင်း ထုတ်သုံးပါ့မယ်”
သူက လက်ညှိုးတစ်ချောင်းထောင်ကာ . .
“ဒုတိယမေးခွန်းတစ်ခု . .၊ မင်း . .. ရတနာတွေ ကြိုက်တတ်သလား၊ မိန်းကလေးနှစ် မျိုး ရှိတယ်လေ။ တစ်မျိုးက ဆွဲဆောင်ဖို့အင်မတန်လွယ်ကူတယ်၊ ရတနာတွေ နဲ့ ဆွဲဆောင်လို့ရတယ်၊ ခင်မင်ရင်းနှီးမှု အတွက်ကိုပြောတာနော်၊ နောက်တစ်မျိုးက ရတနာကို ကြိုက်ကိုမကြိုက်တာ ဘယ်ရတာ နာမှ သူ့ကို မတိုးတာ၊ အဲဒီ မိန်းကလေးမျိုး ကတော့ ရှားပါတယ်လေ”
မိုးနတ်သည် ဒီတစ်ခါတော့ သဘောကျလွန်းသဖြင့် အသံထွက်၍ ရယ်မောမိသွားသည်။
“ကျွန်မက အဲဒီ ရှားရှားပါးပါး ဒုတိယမိန်းကလေးမျိုးပါ .. ဦးနေ့သစ်မိုး၊ ရတနာဆိုလို့ ဘာမှကို မဝတ်မစားတတ်တာကိုပဲကြည့်၊ သေချာတာ ကတော့ ဦးနေ့သစ်မိုးရဲ့ ရတနာဆိုင်တွေ ကနေ အားပေးဖို့ ဘယ်လိုမှ မ ဖြစ်နိုင်တဲ့သူမျိုးပေါ့”
“ဒီလောက် သိရရင် ကျေနပ်ပါပြီ မိုးနတ်မဒီ၊ ကိုယ်တို့ ပြန်ဆုံကြသေးတာပေါ့”
“ဟုတ်ကဲ့ . . မဂ္ဂဇင်းထွက်တာနဲ့ ကျွန်မ လာပို့ပါမယ်နော်၊ အားလုံးအတွက် ကျေးဇူးတင်ပါတယ် ဦးနေ့သစ်မိုး”
“ကြိုဆိုပါတယ် မိုးနတ်မဒီ”
အခန်း (၂)
သေချာတာ ကတော့ သူမ ပြန်သွားချိန်မှာ သူ့ တစ်ကိုယ်လုံး ဆွဲခါကိုင်လှုပ်ခံလိုက်ရသလိုပဲ အကြာကြီး မေ့မော အိပ်စက်နေရာကနေ ဗြုန်းခနဲပြန်လည်နိုးထသက်ဝင် လှုပ်ရှားလာခဲ့ခြင်း ဖြစ် သည်။ သူကိုယ်တိုင် လွန်ခဲ့သော အနှစ် နှစ် ဆယ်တုန်းက အရွယ်လောက်ထိ ပြန်ငယ်သွားကာ သူ့ ရဲ့ မယ်ထိန်းငြီးကို အတိတ်ကာလထဲကနေ ပြန်ရှာဖွေတွေ့ လိုက်မိသလို ခံစားရခြင်းမျိုး ဖြစ်သည်။ လက်ရှိ သူ့ရဲ့ အသက်အရွယ် .. . . သူရောက်နေသော ဘဝအဆင့်အတန်း .. သူပိုင်ဆိုင်ထားသော အခြေအနေတွေ အားလုံးကို သူ ခဏ ပြန်မေ့သွားကာ သူ့ကိုယ်သူ အသက်နှစ် ဆယ်အရွယ် နေ့သစ်မိုး ပြန် ဖြစ်သွားသည်။
အဲဒီ အချိန်တုန်းက သူ့ဘဝမှာ သိပ်ချစ်ရလွန်းသော ငယ်ပေါင်းဖော်သူငယ်ခင်းနှစ် ယောက် ပဲရှိခဲ့သည်။ တစ်ရပ်ကွက်တည်းနေ . .. တစ်လမ်းတည်းမှာ မှ အိမ်နီးချင်းတွေ လည်း ဖြစ်တာမို့ မနက်မိုးလင်း မျက်လုံးနှစ် လုံးပွင့်တာနှင့် သူတို့တွေ့ ကြပြီး ညအိပ်ခါနီး မျက်လုံးတွေ ပိတ်မှပဲ သူတို့ခွဲကြသည်။ ကျောင်းသွားတော့လည်း အတူတူ၊ တစ်တန်းတည်း၊ ကျောင်းပိတ်ရင်လည်း သုံးယောက် သား လမ်းပေါ်မှာ ချည်း၊ တစ်ယောက် နှင့် တစ်ယောက် လည်း သံယောဇဉ်ကြီးလွန်းကြပါသည်။ ယောက်ျားလေးနှစ် ယောက် ကြားမှာ မယ်ထိန်ငြီးက မိန်းကလေးတန်မဲ့ လန်းလန်း လန်းလန်းနှင့် အမြဲတမ်းပါသည်။ ယောက်ျားလေးတို့ တတ်အပ်သော အထာရသဌ်တွေ အကုန် သူမ တတ်သည်။ အပျိုအရွယ်ကလေး ရောက်လာသည့်တိုင် သူမက ဟိုးငယ်ငယ်ကအတိုင်း မပြောင်းလဲလာခဲ့။ ပြောင်းလဲသွားတာက လင်းလွန်း ဖြစ်သည်။ သူက ရည်မှန်းချက်ကြီးသည်။ ဇွဲ ရော၊ လုံ့လရော .. ဝီရိယပါ အကုန်ရှိသည်။ ဆယ်တန်းကို ဂုဏ်ထူးခြောက်ဘာသာစလုံးနှင့် အောင်မြင်ဖို့အရေး သူတို့နှစ် ယောက် နှင့် ခပ်တန်းတန်း ဖြစ်သွားခဲ့သည်အထိ စာမှစာ စာကြမ်းပိုး လုပ်သွားခဲ့တော့ သူနှင့် သူမက နှစ် ကိုယ့်တစ်စိတ် ပိုနီးကပ်သွားကာ တေဖော်လေဖက်တွေ ဖြစ်လာခဲ့သည်။
“ဒီကောင် ကတော့ ဆရာဝန်ပဲ ဖြစ်မှာ ၊ နင်ကရော ဘာ ဖြစ်ချင်တာလဲ . .မယ်”
ဟု သူမေးတော့ သူမက ခေါင်းကလေးကို မော့လှန်ကာ အားပါးတရရယ်ရင်း
“ငါလား၊ စာရေး ချင်တာ၊ စာရေး ဆရာမ ဖြစ်ချင်တာဟ”
ဟု ဆိုသည်။ နှစ် ယောက် သား ဈေးထဲကစာအုပ်ဆိုင်မှာ မဂ္ဂဇင်းတွေ ၊ ဝတ္ထုအသစ်ထွက်သမျှရော၊ အဟောင်းတွေ ပါမကျန် မွှေနှောက်ရှာဖွေပြီး ခွေးခြေခုံပုကလေးတွေ ကိုယ်စီနှင့် စာတွေ ထိုင်ဖတ်ရသော အရသာကို ဘယ်အရာနှင့် မှ မလဲနိုင်လောက်အောင် မက်မေ စွဲလန်းလွန်းသည်။ သူမက စိတ်ကူးတွေ ယဉ်ကာ သူမ ရေး မည့် ဇာတ်လမးတွေ ပြောပြောပြတိုင်း သူ့မှာ မညည်းမညူစတမ်း နားထောင်ရစမြဲ။ သူမရေး သော ကဗျာကလေးတွေ ၊ ဝတ္ထုတိုတွေ ကို မဂ္ဂဇင်းတိုက်တွေ ဆီ သွားပို့မည် ဆိုတိုင်း သူ မပါလို့ မ ဖြစ်။ နေပူပူ၊ မိုးရွာရွာ၊ ဘယ်လောက်ပဲ ဝေး ဝေး ဘတ်(စ်)ကားတိုးစီးပြီး လမ်းတွေ လျှောက်ပြီး သွားပို့ကြသည်။ လမ်းဘေးမှာ မုန့်ဟင်းခါး ထိုင်စားကြသည်။ သူမ သွားချင်သမျှ နေရာအကုန် သူမငြီးငွေ့စတမ်း လိုက်ပို့ပေးရသည်။ သူမဆီ မှာ ဒူးခေါက်ခွက်အထိ ရှည်လျားသော ဆံပင်ရှည်ရှည် နက်နက်ထူထူကြီးတွေ ကို သူ အမြတ်နိုးဆုံး။ တစ်ခါတစ်ရံ စိတ်လို လက်ရစွာ ဖြင့် ထိုဆံပင်ကြီးကို စနစ်တကျဖြီးသင်ပေးပြီး ကျစ် ဆံမြီး ရှည်ရှည်နှစ် ချောင်းကို လက်ညောင်းတဲ့အထိ ကျစ်ပေးရတာ ကို သူ ဘယ်လို မက်မော သာယာမိမှန်းမသိချေ။ သူမကလည်း ကျေကျေနပ်နပ် ငြိမ်သက်စွာ ခံယူတတ်သည်။ သူမ ခိုင်းတာ မှန်သမျှ သူ ဘယ်တော့မှ မငြင်းတတ်။ နှစ် ယောက် အတူ တတွဲ တွဲ ပူးတွဲ လွန်းသဖြင့် လူတွေ ကတောင် သူတို့နှစ် ယောက် ကို သမီးရည်းစားတွေ လားဟု သံသယ ဖြစ်ကြသည်။ သူမ ကတော့ ရယ်မော ချိုရွှင်စွာ ပင်..
“သူငယ်ချင်းတွေ ပါရှင်. . ”
ဟု မရိုးစတမ်း ပြန်ရှင်းပြတတ်မြဲ၊ သူ ကတော့ သူမကို တစ်နေ့တစ်ခြား ပိုပိုတိုး၍ သာ စွဲလမးမက်မောလာခဲ့သည်မှာ သူ့ဘဝတစ်ခုလုံး သူမ တစ်ယောက် တည်းအတွက်ဟာ ပြောလို့ တောင်ရတဲ့အထိ။ သူမ မျက်နှာကလေးကိုသာ ထိုင်ပြီး ငေးကြည့်နေရမည် ဆိုလျှင် ထမင်းမေ့ဟင်း မေ့။ သူမ စကားမှန်သမျှကို သူ့အတွက် နားထောင်စရာ၊ အလေးအနက်အတည်ပြုစရာ အ ဖြစ်သာ ခံယူနားလည်ခဲ့သည်။ သူမ၏ ခံစားချက်တွေ ကို သူ အမြဲအလွတ်ရနေခဲ့သည်။ သူမ၏ မျက်လုံးကလေးတွေ ကို ဖတ်လိုက်ရုံဖြင့် သူမ ဘာလိုချင်တယ်ဆိုတာကို သူ တန်းခနဲ သိသည်အထိ သူမကို သူ ကိုးကွဝ်စွဲလန်းခဲ့ခြင်း ဖြစ်သည်။ သူမနှင့် သူက တစ်ယောက် နှင့်တစ် ယောက် ပြောမနာ၊ ဆိုမနာ နောက်ပြောင်ကျီစယ်တတ်သည်။ သူမ နေမကောင်းတဲ့အခါ သူမ အခန်းထဲဝင်ပြီး သူမကို ဝတ္ထုဖတ်ပြရတာ မျိုး၊ သူမ၏ မီးဖိုချောင်ထဲဝင်ပြီး သူမအကြိုက် ငါးဆန်ပြုတ် မွှေးမွှေးချိုချိုကလေးနှင့် အီကြာကွေးကို ကိုယ်တိုင်လုပ်ပေးရတာ မျိုး၊ သူမပါးစပ်ထဲ အထိ ထိုင်ခွံ့ပေးရတာ မျိုး၊ သူမကို အချိန်နှင့် မှတ်ပြီး ဆေးလာတိုက်ရတာ မျိုးကို သူ အရမ်းသာ ယာကျေနပ်တတ်ခဲ့သည်။ ကြာလာတော့ သူမသည် သူ့ရဲ့ ဘဝတစ်ခုလုံး ဖြစ်လာတဲ့အထိ အရူး အမူး ဖြစ်လာခဲ့သည်။ သူ့အတွေးတွေ အားလုံး၊ သူ့စိတ်အာရုံတွေ အားလုံးကို သူမ တစ်ဦးတည်းသာ မောင်ပိုင်စီးလွှမ်းမိုး ချယ်လှယ်ထားတော့သည်အထိ။
ဆယ်တန်းအောင်တော့ လင်းလွန်းက သူမျှော်လင့်ခဲ့သည့်အတိုင်း၊ ခြောက်ဘာသာဂုဏ် ထူးနှင့် ဆေးကျောင်းတတ်ခဲ့ချိန်မှာ သူ ကတော့ သူမယူသည့် မြန်မာစာသာ လိုက်ယူပြီး သူမဘေး ကနေ တစ်ဖဝါးမှ မခွာနိုင်ခဲ့။ သူမက စာတွေ ဆက်ရေး နေဆဲ။ သူက သူမအတွက် စာအုပ်တွေ ရှာ ပေးရဆဲ။ သူမ ပြောပြသော ဝတ္ထုဇာတ်လမ်းတွေ နားထောင်ပေးရဆဲ၊ ဝတ္ထုတွေ ကို မဂ္ဂဇင်းတိုက်တွေ ဆီ လိုက်ပို့ပေးရဆဲ .. သူမ မျက်နှာကို အရိပ်တစ်ခုလိုကြည့်ရင်း ရင်ခုန်ပျော်ရွှင်နေဆဲ သူမက မေးလာခဲ့သည်။
“ကျောင်းပြီးရင် နင် ဘာလုပ်မှာ လဲ နေ့သစ်”
“နင်က ငါ့ကို ဘာ ဖြစ်စေချင်လို့လဲ မယ်”
“သြော် . .၊ နင်က ယောက်ျားလေး တစ်ယောက် လေဟယ်၊ ဘဝအတွက် တိုးတတ်ရာ တိုးတတ်ကြောင်း လမ်းတစ်ခုတော့ နင် ရှာဖွေရမှာ ပေါ့၊ မြန်မာစာနဲ့ ကျောင်းပြီးရုံနဲ့ နင့်ဘဝ ဘာ ဖြစ်မှာ လဲ၊ ငါပြော နားလည်တယ်မှလား၊ လင်းကွန်းဆိုရင်ဟာ . .အခုဆေးကျောင်းတတ်နေပြီ၊ တစ်ချိန်မှာ ဆရာဝန် ဖြစ်မယ်၊ သူ ဘွဲ့လွန်တွေ ဆက်တတ်မှာ ပဲ၊ တစ်ချိန်မှာ သူက ဆရာဝန်ကြီး ဖြစ်ပြီး သူ့ဘဝ မြင့်မားနေချိန်မှာ နင်က ဘာမှ ဖြစ်မလာရင် မကောင်းဘူးမှလား၊ နင် မျက်နှာငယ်ရမှာ ၊ အားငယ်ရမှာ ကို မ ဖြစ်စေချင်တာပါ၊ ငါစေတနာကို နင် သဘောပေါက်တယ်မှ လား”
“နင် ငါ့ကို ယုံကြည်မှု ရှိသလား မယ်”
“ဘာ ဖြစ်လို့ မရှိရမှာ လဲ သိပ်ရှိတာပေါ့။ ငါ့သူငယ်ချင်းအကြောင်း ငါအသိဆုံးပေါ့ဟဲ့ .. နေ့သစ်ရဲ့ ၊ နင် စီးပွားရေး တစ်ခုခုလုပ်ပါလားဟင်”
“နင် ငါ့ကို တကယ့်စောင့်မှာ လား”
“သြော် . .. ၊ စောင့်မှာ ပေါ့”
သူမ၏ မျက်နှာကလေးကို စေ့စေ့ကြည့်ပြီး အဲဒါကို အမိန့်တစ်ခုလို ကတိစကားတစ်ခုလို စိန်ခေါ်မှု တစ်ခုလို သူအလေးအနက်ကြီး ခံစားခဲ့သည်။သူမ ဖြစ်စေချင်တာ တစ်ခုအတွက် သူ့ဘဝ တစ်ခုလုံးကို ပုံအောရင်းနှီးပစ်လိုက်ဖို့ သူ သတ္တိတွေ ရှိလာသည်။ စွန့်စားချင်လာခဲ့သည်။
“နင် . . . .ငါ့ကို သုံးနှစ် ပဲစောင့်နေပါ . . .မယ်ထိန်ငြီးရယ်၊ အဲဒီ သုံးနှစ် အတွင်းမှာ ငါ အခြေအနေတစ်ခုခုရောက်တဲ့အထိ ကြိုးစားပြမယ်၊ ငါ့မှာ နင်ကျေနပ်လောက်တဲ့ အနေအထားတစ်ခုထိရောက်လာတဲ့အခါ နင့်ဆီ ငါ ပြန်လာခဲ့မယ်၊ ငါ့ကို စောင့်နေပါ့မယ်ဆိုတဲ့ ကတိကလေးပဲ ပေးပါဟာ၊ ငါတို့နှစ် ယောက် ရဲ့ ဘဝတစ်ခုကို ငါတာဝန်ယူနိုင်ပါတယ်”
သူ ရဲရဲဝံ့ဝံ့ တက်ကြွထက်သန်နေခဲ့သည်။ သူမ ကတော့ ထုံးစံအတိုင်း သူ့ကိုသာ ပြုံး၍ ငေးကြည့်နေခဲ့သည်။
“ကြိုးစားပေါ့ဟာ၊ နင်အောင်မြင်လာတဲ့တစ်နေ့ ငါကလည်း ဘယ်မှထွက်မပြေးပါဘူး၊ ငါလည်း စာတွေ ရေး မယ်၊ နင် ပြန်လာရင် ငါက စာရေး ဆရာမ တစ်ယောက် တောင် ဖြစ်ချင် ဖြစ်နေမှာ ”
ဟု သူ့အတွက် မျှော်လင့်ချက်ကလေးရိပ်ရိပ်ပျပျ ကလေးပေးခဲ့သည်။ ထိုမျှော်လင့်ချက်က လေးကိုပဲ ကမ္ဘာတစ်ခုလို့ မှတ်ယူပြီး သူ စွန့်စွန့်စားစားထွက်ခဲ့တာ ဖြစ်သည်။ အဲဒီ တုန်းက သူ့ အသက်ဆယ့်ရှစ်နှစ် ပဲ ရှိသေးသည်။ ကျောင်းပညာလည်း တစ်ပိုင်းတစ်စတန်းလန်း။ ရန်ကုန်ကနေ မန္တလေး၊ မန္တလေးကနေ မိုးကုတ်အထိ တစ်ကိုယ်လုံး သတ္တိတွေ အပြည့်၊ ရဲရင့်တက်ကြွမှု တွေ အပြည့်နှင့် ခရီးနှင်ခဲ့သော ဘဝ။ ထိုဘဝက ကြမ်းတမ်းလွန်း။ ပင်ပန်းဆင်းရဲ နာကျင်လွန်းလှပေ မယ့် သူ နောက်မဆုတ်ခဲ့။ ဇွဲမလျှော့ခဲ့။ စိတ်ဓာတ်တွေ အကြိမ်ကြိမ် ပြိုဆင်းနိမ့်ကျဖူးပေမယ့် မသေ မချင်း ကျောက်အော်တဲ့အထိ ကြိုးစားမယ်ဟု သူ သန္ဓိဌာန်ချခဲ့ခြင်း ဖြစ်သည်။ ခေါင်းပုံဖြတ်မှု တွေ ၊ လှည့်စားမှု တွေ ၊ ဗိုလ်ကျအနိုင်ကျင့်မှု တွေ ကြားကနေပဲ ကျောက်လောကထဲမှာ သူ ထဲထဲဝင်ဝင် လေ့လာရှင်သန်ခဲ့ရသသည်။ သူ့ရင်ထဲမှာ မျှော်လင့်ချက်တွေ အပြည့်အသိပ်။
သုံးနှစ် ဆိုသော အချိန်တွေ အားလုံးထဲမှာ သူ့ဘဝတစ်ခုလုံးကို ကျောက်တူးသော အလုပ်ထဲမှာ ပဲ ဇွဲသန်သန် နှစ် မြှုပ်ပြီး ကြိုးစားခဲ့သည်။ ထောင်ကျောက်၊ သော င်းကျောက်ကလေးတွေ စုမိခဲ့သည်။ အဲဒီ ကနေတဆင့် သိန်းကျောက်အထိရဖို့ သူ အရူးအမူး၊ ပင်ပန်းဆင်းရဲခံခဲ့သည်။ သူ ကျောက်အောင်သွားတဲ့အချိန်မှာ သုံးနှစ် ပင်မပြည့်သေး။ သူ့မှာ စီးပွားရေး အမြင်တွေ ပို၍ ကျယ်ပြန့်နှံ့စပ်လာသည်။ ကျောက်တူးသမားလေး ဘဝကနေ ရတနာကုန်သည် တစ်ယောက် ဖြစ်လာခဲ့သည်အထိ သူ စွန့်စားရဲရင့်ခဲ့ပါသည်။ ဒီအလုပ်က သတ္တိရှိဖို့နှင့် ပါးနပ်လည်ဝယ်ဖို့ အရေး ကြီးသည်။ မိုးကုတ်နှင့် မန္တလေးကို ကူးချည်သန်းချည်လုပ်ကာ ကျောက်အရောင်းအဝယ် လုပ်ငန်းကို စတင်ခဲ့သည်။ ကျောက်တွင်းနားမှာ အဝယ်ဒိုင်တစ်ခု ဖွင့်လာနိုင်ခဲ့သလို မန္တလေးမှာ ရတနာဆိုင် ဖွင့်နိုင်တဲ့အထိ သူ ကြိုးစားခဲ့သည်။ လွယ်လွယ်ကူကူတော့ မဟုတ်ခဲ့ပါ။ အခက်အခဲပေါင်းများ စွာ ၊ အနှောင့်အယှက်၊ အတိုက်အခိုက်ပေါင်းများ စွာ ပြဿနာပေါင်းများ စွာ ကို သူ ဖြတ်သန်းကျော်လွှား ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။
သုံးနှစ် ပြည့်ချိန်မှာ သူ ရင်ခုန်မျှော်လင့်လွန်းစွာ ဖြင့် သူမဆီအရောက် ပြန်သွားခဲ့ပါသည်။ သူ့ ရင်ဘတ်ထဲက အိတ်ကလေးထဲမှာ သူမကို ချစ်ခွင့်ပန်ဖို့အတွက် သူကိုယ်တိုင် စိတ်တိုင်းကျ လုပ်ထားခဲ့သော စိန်လက်စွပ်ကလေးပါလာခဲ့သည်။ သူမက သူ့ကို စိတ်ရှည်ရှည်ဖြင့် စောင့်မနေ ခဲ့ပါ။ လင်းလွန်းနှင့် လက်ထပ်ပြီးလို့ ဘဝသစ်တစ်ခုတောင် ထူထောင်ထားခဲ့ပြီ။ သူ တကယ်ပြန်လာလိမ့်မည် ဆိုတာကို သူမ မယုံကြည်တာလား။ သူမဘဝနဲ့ သူ့ကို ပေးထားခဲ့တဲ့ အခွင့်အရေး ကို မလဲနိုင်ဘူးဆိုပြီး သူမသဘောနဲ့ သူမရဲ့ ကတိကို ပြန်ရုတ်သိမ်းသွားခဲ့တာလား။ သူမကပဲ စိတ် ကူးယဉ်မဆန်တတ်ပဲ လက်တွေ့ ဆန်လွန်းခဲ့တာလားမသိ။ သူမ ရူးသွပ်စွာ ဖြစ်ချင်ခဲ့သော စာရေး ဆရာမ တစ်ယောက် လည်း ဖြစ်မလာခဲ့။ ဘာကြောင့် လင်းလွန်းကို အဲဒီ လောက်မြန်မြန် လက်ထပ်ပစ်လိုက်မှန်းလည်း သူ နားမလည်။ အိမ်ရှင်မဘဝကိုသာ ပေါ့ပါးစွာ ခံယူထားခဲ့သည်။ သူ .. သူမ နှင့် တွေ့ ဖို့လည်း မကြိုးစားခဲ့တော့။ တွေ့ စရာလည်း အကြောင်းမရှိဘူးလေ။ သူပြန်အလာကို ကတိအတိုင်း စောင့်နေလိမ့်မည် ဟု မျှော်လင့်ခဲ့သည်။ သူမက စောင့်မနေခဲ့။ သူမဘဝအတွက် လုပ်သင့်လုပ်ထိုက်တာကို လုပ်သွားခဲ့ပြီ။ အဲဒီ အချိန်ကစပြီး သူ့နှလုံးသားတစ်ခုလုံး COMA ဝင်သွားခဲ့သလို မေ့လျော့ရပ်တန့်သွားခဲ့တော့တာ ဖြစ်သည်။
ဒီနေ့ မိုးနတ်မဒီဆိုသော မိန်းကလေးကို မမြင်မတွေ့ ရခင်အထိပေါ့။ အခုတော့ နှစ် ရှည်လများ သတိလစ်မေ့မျောနေခဲ့သော သူ့နှလုံးသား ပြန်လည်နိုးထသက်ဝင်လှုပ်ရှားခဲ့သော နေ့ဟု ဆိုရမည် ။ သူ အသက်တွေ နှစ် ဆယ်လောက် ပြန်ငယ်နုပျိုသွားတဲ့အတိုင်း လွန်ခဲ့သော အနှစ် နှစ် ဆယ်က မယ်ထိန်ငြီးကို သူ ပြန်ဆုံတွေ့ လိုက်သလို သူ့နှလုံးသား အသက်ပြန်ဝင်လာခဲ့ပုံမျိုး ဖြစ်သည်။ သူမ ဘယ်သူလဲ . . ဘယ်သူ့ သမီးလဲ. .. ဘယ်မှာ နေလဲ .. .သူသိစရာမလို ..။ သူ သိတာက လွန်ခဲ့သော အနှစ် နှစ် ဆယ်က ဆုံးရှုံးပျောက်ဆုံးသွားခဲ့သော ရတနာတစ်ပါးကို သူ တရားမျှတ စွာ ပြန်လည်အရယူဖို့ ကြိုးစားဖို့ပဲ ဖြစ်တော့သည်။
အခန်း (၃)
ဒီနေ့ FAME မဂ္ဂဇင်းထွက်သော နေ့မို့ မိုးနတ်က ဦးနေ့သစ်မိုး ရုံးခန်းဖုန်းကိုပဲ လှမ်းခေါ်လိုက်ကာ သူ့ရဲ့ Personal Assistant မမကိုပဲ မဂ္ဂဇင်းလာပို့မည့် အကြောင်း လှမ်းအသိပေးထား လိုက်သည်။ သူ့လက်ထဲထိ လက်ထိလက်ရောက် ပေးချင်သော်လည်းပဲ ဒီမဂ္ဂဇင်းကလေးလက်ခံ ယူသော ကိစ္စအတွက် သူလို လူ တစ်ယောက် က အချိန်ပေးနေမှာ မဟုတ်ပါဘူးလေဟု တွေးထားခဲ့သည်။ ထင်သည့်အတိုင်းပါပဲ။ သူ့ရုံးခန်းရောက်တော့ သူ့ PA မမကပဲ မဂ္ဂဇင်းကို လက်ခံထားလိုက်ပါသည်။
“ဆရာတော့မရှိဘူး .. ညီမလေး၊ သူ holiday သွားနေပါတယ်”
တဲ့။
“ရပါတယ် မမ၊ ဦးနေ့သစ်မိုး လက်ထဲတော့ ဒီမဂ္ဂဇင်းလေး ရောက်အောင် ပို့ပေးပါနော်၊ သူ့ အင်တာဗျူး ကလေးပါလို့ပါ ၊ သူ စိတ်တိုင်းကျ မကျဆိုတာလည်း သိချင်ပါသေးတယ်”
“စိတ်ချပါ ညီမလေး၊ တစ်ခုခုဆို မမ လှမ်းဆက်သွယ်လိုက်ပါ့မယ်”
ဟု ဆိုသည်။ မဂ္ဂဇင်းပေးခဲ့ကာ နှုတ်ဆက်ပြီး ပြန်လာခဲ့သည်။ တိုက်မှာ လုပ်စရာရှိသော အလုပ်တွေ ကိုလုပ်၊ သတင်းယူစရာရှိတာတွေ အတွက်သွား၊ နောက်တစ်လမဂ္ဂဇင်း၊ အင်တာဗျူး အတွက် အင်တာဗျူး ရမည့်  အမျိုးသမီးလုပ်ငန်းရှင် တစ်ယောက် နှင့် သွားတွေ့ ဆုံကာ အင်တာဗျူး အတွက် ရက်တောင်းတာတွေ လုပ်ပြီးချိန်တွင် .. ညနေခြောက်နာရီ ထိုးသွားခဲ့ပြီ။ ကြီးမြတ်တို့ ယသော်တို့နှင့် ဆုံနေကျကော်ဖီဆိုင်ကလေးဆီ အပြေးအလွှားရောက်ခဲ့တော့ နှစ် ကောင်သားက မျက်စောင်းတွေ ချီချင်ပြီ။
“နောက်ကျလိုက်တာဟာ၊ မိုးနတ်မဒီ တစ်ယောက် ဟာ၊ ငါတို့က ပြန်တော့မလို့”
“မပြန်ပါနဲ့ ဦးဟယ်. . . ရခိုင်မုန့်တီအသုပ် ပူပူစပ်စပ်ကလေး သွားစားရအောင်ပါ၊ ငါကျွေး ပါ့မယ်၊ နင်တို့ အဝစား ဟုတ်ပြီလား”
“ဒါဆိုလည်းပြီးရော၊ သွားကြမယ်၊ နင် ဘာတွေ အလုပ်များ နေတာလဲ”
“နေက်တစ်လ အင်တာဗျူး အတွက်လေ၊ Ice Land ပိုင်ရှင်နဲ့ သွားတွေ့ နေတာ၊ အင်တာဗျူး မေးခွန်းတွေ ဒီညအပြီးရေး ရဦးမယ်”
“ဖြည်းဖြည်းလည်း ကြိုးစားပါတယ်၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ”
ကြီးမြတ်က စကားကို အဆုံးထိမပြောဘဲ ပြုံးစိစိလုပ်ပြနေသည်။ မိုးနတ်က သူ့ကိုမျက် စောင်းထိုးပြီး “သေနာလေး” ဟု ချစ်စနိုးရေရွတ်လိုက်သည်။ သုံးယောက် သား အင်းလျားကန် စောင်းဆီ ချီတတ်ခဲ့ကြသည်။ အလုပ်ပြီးလျှင် အိမ်သို့ တန်းမပြန်ကြသေးဘဲ .. သုံးယောက် အတူ တစ်ဆိုင်ဆိုင်မှာ တစ်ခုခု စားသောက်ပြီးမှ လမ်းခွဲကြတာ အထာကလေးတစ်ခုလို ဖြစ်နေသည်။ အင်းလျားရောက်တော့ ထိုင်နေကျ ရေစပ်ကလေးမှာ ထိုင်ပြီး မိုးနတ်က ရခိုင်မုန့်တီသုပ်ချဉ်စပ် သုံးပွဲသွားမှာ ကာ ပြန်လာထိုင်သည်။
“မိုးနတ် . ဒီမှာ ဦးနေ့သစ်မိုးရဲ့ အင်တာဗျူး က အရမ်းမိုက်တယ်နော်၊ သူဖြေသွားတာ လေးတွေ ကို ငါ အရမ်းသဘောကျတယ်ဟ၊ သူ့လို ဖြစ်ချင်စိတ်တွေ တက်ကြွလာတယ်၊ သူ့စကားလုံးတွေ က တကယ် ဟာ့ထ်ထိတယ်ကွ၊ ငါတို့လို ဘဝကို ကြိုးစားရုန်းကန်နေတဲ့ လူငယ်တွေ အတွက်တော့ children soup for soul ပဲ”
“ငါတို့ ပဟေဠိ ဖြစ်နေခဲ့တဲ့ ဒီလောက်အောင်မြင်ပြီး ချမ်းသာပြည့်စုံနေတဲ့ လူ တစ်ယောက် မှာ ဘာ ဖြစ်လို့ ချစ်သူဇနီးမယား မရှိရတာ လဲဆိုတာ အခုမှပဲ အဖြေထွက်တော့တယ်၊ လက်စသတ်တော့ သူလည်း အသည်းကွဲခဲ့ဖူးတာကိုး။ သူ့ကို ထားခဲ့တဲ့မိန်းမ ကတော့ ခုလောက်ဆို သူ ဒီအခြေအနေထိရောက်နေတာကို သိရရင် နောင်တတွေ များ ရနေမလား မသိဘူးနော်”
“သြော်. .. သူလည်း သူ့အိမ်ထောင်နဲ့ သူ့သားသမီးတွေ နဲ့ ဘာကိုနောင်တရမှာ လဲဟယ်၊ ဘဝတစ်ခု အောင်မြင်ပျော်ရွှင်တယ်ဆိုတာ ကိုယ့်ချစ်ခင်မြတ်နိုးတဲ့ မိသားစုနဲ့ အတူတူ စည်းစည်းလုံးလုံး၊ ပျော်ပျော်ရွှင်ရွှင်နေထိုင်ခွင့်ရတာ လည်း အောင်မြင်မှု ပဲဥစ္စာ၊ ငွေကြေးချမ်းသာမှ အောင်မြင်ပြည့်စုံနေမှ မဟုတ်ပါဘူးတဲ့”
“ငါ ကတော့ သူ့ရဲ့ အချစ်ကို အလေးပြုရမှာ ပဲ၊ ဘဝမှာ ဒီမိန်းမ တစ်ယောက် တည်းကိုပဲ အရူးအမူးချစ်ခဲ့တယ်၊ ဒီမိန်းမနဲ့ မပေါင်းရတဲ့တိုင်အောင် ဒီမိန်းမနေရာမှာ တခြား တစ်ယောက် ကို သူ အစားမထိုးခဲ့ဘူး၊ သူ့ဖြေပုံလေးက ဘယ်လောက်လှသလဲ၊ သူ့နှလုံးသားက COMA ဝင်နေ တာတဲ့”
“ပြောရရင် . .. လူ့ပုံစံ ကတော့ အတော် သားနားတာဟ၊ ညိုညိုစိုစို ထောင်ထောင်မောင်း မောင်းနဲ့ ယောက်ျားပီသ ခန့်ညားတယ်၊ personality အရမ်းထူးခြားတဲ့ရုပ်မျိုးပေါ့”
“အလဲ့၊ နင်က အမှတ်တွေ အပြည့်ပေးခဲ့တယ်ပေါ့လေ”
“သေပါလေ. .. မိန်းမရဲ့ ၊ အသက်ထက်ဝက်လောက်ကြီးကွာတာကို ငါက ဘာလုပ်ရမှာ တုံး၊ အမှတ်ပေးစရာလား၊ စိတ်နဲ့ တောင် မပြစ်မှားခဲ့ပါဘူးတော် ”
ခဏနေတော့ မုန့်တီသုပ်ပန်းကန်တွေ ကို သယ်လာသော လူ တစ်ယောက် မိုးနတ်တို့ စားပွဲနားရောက်လာကာ ပန်းကန်တွေ လာချပေးသည်။ ပထမတော့ အမှတ်တမဲ့ပါ။ စိတ်ထဲ ဒီစားပွဲထိုး သားနားလှချည်လားဟု ထင်လိုက်မိသား။ တီရှပ်အနက်လက်တို ကိုယ်ကျပ်ကို ဂျင်း(န်) ပဲန် နက်ပြာစိုစိုနှင့် တွဲ ဝတ်ထားသော ကြောင့် body structure က အမိုက်စား ပေါ်လွင်နေသည်။ cap ဦးထုပ်အနက်ကလေးကို ခပ်ငိုက်ငိုက် ဆွဲချသည့်တိုင် သူ့ပုံစံက သတိမထားမိဘဲ မနေနိုင်လောက်အောင် ထင်းထွက်နေသည်။ ယသော်တို့ကလည်း သူ့ကို သတိထားမိဟန်ဖြင့် မိုးနတ်ကို မျက်စ မျက်နတွေ ပစ်နေသည်။ ပြောချင်ပုံက ဒီစားပွဲထိုး အမိုက်စားပါလားပေါ့လေ။
“ကိုယ်ပါ .. . ခဏထိုင်မယ်နော်”
ဆိုသော အသံကို မိုးနတ် တရင်းတနှီး ကြားဖူးသလို ခံစားမိစိတ်နှင့် ခန္ဓာကိုယ်ကလေး မတ်သွားရသည်။ ပြီးတော့ သူ့မျက်နှာကို သေချာမြင်ရအောင် အမိအရ လိုက်ကြည့်မိသည်။ ချက်ချင်း ပင် သူ့ကို ပြန်မှတ်မိသွားသည်။ သူ့အပြုံးက နှစ် ပေါင်းရှည်ကြာရင်းနှီးပြီးသား မိတ်ဆွေဟောင်း တစ်ယောက် ပမာ နွေးနွေးထွေးထွေး .. . ။ ပုံစံ ကတော့ လုံးဝကို ပြောင်းနေသည်။
“ဟောတော့ .. ဦး၊ ကျွန်မ ဒီနေ့ပဲ ဦးရဲ့ ရုံးကို ရောက်ခဲ့သေးတယ်၊ ဦး holiday သွားနေတယ်ဆိုလို့”
“ဟုတ်တယ်လေ .. ကိုယ် လက်ရှိဘဝဆီကနေ ခွင့်ရက်ရှည်တစ်ခု ယူထားတယ်၊ ခုချိန်ကစပြီး ကိုယ့်ကို ဒီပုံစံအတိုင်းနဲ့ ပဲ မိုးနတ်မဒီ တွေ့ ရလိမ့်မယ်၊ အဲဒီ တော့ ဟိုဘက်က အခြေအနေတစ်ခုကို ခဏမေ့ထားလိုက်နော် .. ကိုယ်က မင်းတို့နဲ့ သူငယ်ချင်းတွေ ဖြစ်ချင်တာ၊ မင်းနေထိုင်ပြောဆိုစားသောက်တဲ့ ပုံစံအတိုင်းပဲ. . .ကိုယ်လည်း ဝင်ရောနှောမယ် .. ရမလားဟင်”
မိုးနတ်က နားမလည်နိုင်။ သူ ဘာ ဖြစ်သွားတာပါလိမ့်။ ပြီးတော့ ဘာကို လိုချင်တာပါလိမ့်။ ဒါဟာ သမားရိုးကျအ ဖြစ်တစ်ခုတော့ မဟုတ်ဘူးဆိုတာ မိုးနတ်သိသည်။ ကြီးမြတ်သာနှင့် ယသော်ခင်တို့လည်း သူ့ကို မှန်မိသွားကြကာ မျက်လုံးအဝိုင်းသားဖြင့် သူ့ကို ငေးကြည့်နေကြသည်။
“ကျွန်မ နားမလည်လို့ပါ ဦး . .အဲဒါ ဘာအဓိပ္ပါယ်လဲဟင်”
“ကိုယ့်ကို ဦးနေ့သစ်မိုးဆိုတဲ့ အရှိန်အဝါကြီးနဲ့ မဆက်ဆံစေချင်တဲ့ သဘောပါ၊ ကိုယ့်အသက်အရွယ်ကိုတော့ ရုပ်ဖျက်လို့မရနိုင်ပေမယ့် ကိုယ့်ကို မင်းတို့နဲ့ သူငယ်ချင်းတွေ လို တရင်းတနှီး ဆက်ဆံပေးစေချင်တာပါ . .၊ ကိုယ် အင်တာဗျူး ထဲမှာ ပြောခဲ့ဖူးတယ်လေ၊ ကိုယ့်နှ လုံးသားက အရွယ်တစ်ခုမှာ ဆက်ပြီး ဖွံ့ဖြိုးရှင်သန်မှု မရှိတော့ဘဲ ရပ်တန့်သွားခဲ့တာဆိုတာ၊ အဲဒီ တော့ နှလုံးသား အသက်ချင်းတော့ အတူတူ ဖြစ်နိုင်မယ်ထင်ပါရဲ့ မိုးနတ်မဒီ ..”
သူ့စကားတွေ ထဲမှာ အဓိပ္ပာယ်တွေ အများ ကြီး ပါပါသည်။ သူလိုလူ တစ်ယောက် က ဒီလို လုပ်လိမ့်မယ်ဟု ထင်ကို မထားမိသော ကြောင့် အံ့သြလို့ကို မဆုံးနိုင်။ ဘယ်လိုလုပ်ပြီး သူ့ရဲ့ အရှိန်အဝါ အဆင့်အတန်း အနေအထားကြီး ကိုမေ့ထား၊ မသိကျိုးကျွံပြုထားပြီး သာမန်လူ တစ်ယောက် လို သူငယ်ချင်း တစ်ယောက် လို ပေါင်းသင်းဆက်ဆံနိုင်ပါ့မလဲ။ ဒါတော့ သူ နည်းနည်း စတန့်ထွင်ရာကျသွားပြီ။
“ကိုယ့်ကို နှစ် ကိုယ်ခွဲပြီး မြင်ထားလိုက်ပေါ့ မိုးနတ်မဒီ၊ အခုဒီလူက ဘာအရှိန်အဝါမှ မရှိတဲ့လူ၊ လွန်ခဲ့တဲ့ အနှစ် နှစ် ဆယ်တုန်းက နေ့သစ်မိုး ဆိုပါတော့”
သူ့ဦးနှောက် ပုံမှန်မှ ရှိရဲ့ လား။ သူ့မှာ လည်း ဆိုက်ကို တစ်ခုခုများ ရှိနေသလား . .ဟု ထင်စရာပါ။ သူကချည်း လူငယ်လေး တစ်ယောက် လို သွက်သွက်လက်လက်ကြီး စကားတွေ ဒိုင်ခံ ပြောနေသည်။ မိုးနတ် .. တို့က ဘာပြောရမှတ်းမသိ။ သူ့ကို ငြင်းဖို့ မ ဖြစ်နိုင်မှန်းလည်း သိနေ သည်။
“မိတ်ဆက်ပေးပါဦး .. မိုးနတ်မဒီရဲ့ ၊ ကိုယ်က နေ့သစ်မိုးပါ”
“သူက ကြီးမြတ်သာနဲ့ ယသော်ခင်ပါ၊ ကျွန်မနဲ့ အတူ FAME မဂ္ဂဇင်းမှာ တွဲ လုပ်နေတဲ့ သူငယ်ချင်းတွေ ပေါ့ .. .
“တွေ့ ရတာ တကယ် ဝမ်းသာတယ်ဗျာ၊ ကိုယ်လည်း Reporter လုပ်ချင်သား၊ မင်းတို့ဆီကနေ ပညာတွေ သင်ယူရမယ်၊ ကဲ . . . စားပြီနော်၊ မင်းတို့စားသလိုပဲ မုန့်တီ ချဉ်ငံစပ်အသုပ်တစ်ပွဲ ပိုမှာ ခဲ့တယ်”
သူက ပြောရင်းဆိုရင်း . .ပန်းကန်ထဲက အသုပ်တစ်လုပ်ကို ခပ်ယူစားလိုက်ပြီးသကာလ မျက်နှာတစ်ခုလုံး ရှုံ့မဲ့နီမြန်းလာကာ ပါးစပ်တစ်ခုလုံး ဟောင်းလောင်း ပွင့်သွားတော့သည်။
“ရှူး .. . အား စပ်လိုက် ပူလိုက်တာ၊ ဘယ့်နှာကြီးလဲ၊ ဘယ်လိုအရသာကြီးလဲ၊ လုပ်ပါဦး . . ကယ်ပါဦး၊ တစ်ကိုယ်လုံး ပွင့်ထွက်ကုန်ပြီဗျ .. ဝါး လား လား”
သူ့ပုံစံကိုကြည့်ပြီး မိုးနတ်တို့ မရယ်ဘဲ မနေနိုင်ကြ။ မိုးနတ်က ကမန်းကတန်း အအေးဆိုင်ဆီ ပြေးသွားပြီး ရှောက်ချိုသီးဖျော်ရည် ချိုချိုအေးအေးကလေး အမြန်မှာ ယူဆွဲလာကာ သူ့လက်ထဲ ထည့်ပေးလိုက် ရသည်။ ဖျော်ရည်တွေ တစ်ခွက်လုံးကုန်အောင် တဂွပ်ဂွပ် မော့ချပြီး သည့်တိုင် သူ အစပ်မပြေချင်သေး လျှာကို ထုပ်ပြီး လက်နဲ့ ယပ်ခတ်နေတုန်း။
“မင်းတို့ ဘာကိုကြိုက်တာလဲကွာ၊ ပူလိုက် စပ်လိုက်တာ ဘာအရသာမှကို မမြင်တော့ဘူး၊ မျက်လုံးထဲ မီးတွေ ပွင့်သွားသလိုပဲ .. ဒါပဲသိတယ်”
“ကျွန်မတို့ ကတော့ အဲဒီ ပူတဲ့စပ်တဲ့ အရသာကိုပဲ စွဲတာ . . ကြိုက်တာ ဦးရဲ့ ”
မိုးနတ်တို့က အသုပ်တွေ ကို အားပါးတရ စားလိုက်၊ ဟင်းရည်ပူပူစပ်စပ်ကို တရှူးရှူးနှင့် သောက်လိုက်နှင့် အပြုံးမပျက်တာကို သူက ဆလံတွေ သနေတော့သည်။ သူ ဝင်လာပုံက ဘယ်လိုမှ မျှော်လင့်မထားမိသော ပုံစံတစ်မျိုးမို့ မိုးနတ်တို့ အငိုက်မိခံလိုက်ရသလို အံ့လည်းသြ၊ မယုံနိုင်လည်း ဖြစ်ကာ သူ့ကို အလိုလိုနေရင်းတော့ ရှိန်နေမိကြသေးသည်။ အရင်လို အာဘောင်အာရင်း သန်သန်တွေ တောင် စကားမပြော ဖြစ်ကြဘဲ အားလုံးသတိအနေအထားကလေးကိုယ်စီနှင့် ။ သူ့ကို ပဲ မသိမသာ ခိုးကြည့်မိကြသည်။ ဖြစ်နိုင်လျှင် သူ ပြန်သွားတာနှင့် သူ့အကြောင်းတွေ အားပါးတရ ပြောချင်လှပြီ။ သူကလည်း မပြန်ချေ။ အေးအေးဆေးဆေး သက်တောင့်သက်သာဟန်နှင့် ။
“ကဲ .. . ကျွန်မတို့ ပြန်ြ ကတော့မယ် ဦး၊ ဒီနေ့ ဒီပုံစံမျိုးနဲ့ ဆုံရလိမ့်မယ်လို့ မျှော်လင့်မထားခဲ့ပေမယ့် ခုလိုဆုံရတာ ဝမ်းသာပါတယ် ဦး”
“တကယ်ရော ဝမ်းသာရဲ့ လား သူငယ်မရယ်”
ဟု သူက တရင်းတနှီးလေသံနှင့် ပြန်မေးတော့ မိုးနတ်က ခေါင်းညိတ်ပြလိုက်မိသည်။ တကယ်လည်း ရင်ဘတ်ထဲမှာ ဗြောင်းဆန်လှုပ်ရှားပြီး ဂုဏ်ယူသလိုလို၊ ရင်ခုန်သလိုလို၊ ပျော်ရွှင်မိ သလို ခံစားချက်တစ်မျိုးကို မိုးနတ်ကိုယ်တိုင်ပဲ သိသည်လေ။ သူလိုလူမျိုးနှင့် ခင်မင်ခွင့်ရသည့်ကိစ္စ ကို ဝမ်းမသာစရာ ဘာရှိသလဲနော်. .။
ဘတ်(စ်)ကားဂိတ်မှာ အသီးသီး လမ်းခြွဲ ကတော့ ထုံးစံအတိုင်း ယသော်နဲ့ ကြီးမြတ်တို့က တစ်လမ်း . . မိုးနတ်က လှည်းတန်းဘက် ပြန်မှာ မို့ တစ်လမ်းစီ။ သူက
“ကိုယ်က မင်းနဲ့ လိုက်ခဲ့မယ်နော်၊ မင်းအိမ်ကနေမှ Taxi နဲ့ ပြန်လိုက်မယ်”
တဲ့ .. .။ ယသော်တို့က မိုးနတ်ကို အဓိပ္ပာယ်ပါပါ မျက်ဝန်းတွေ ဖြင့် နှုတ်ဆက်ပြီးမှ လမ်းခွဲ သွားကြသည်။ ဘတ်(စ်)ကားစောင့်ရင်း သူက စကားတွေ ဆက်ပြောနေဆဲ။
“ အင်တာဗျူး တဲ့နေတုန်းက မင်းပြောခဲ့တယ်လေ၊ မင်းရဲ့ ရည်ရွယ်ချက်က စာရေး ဖို့ဆို၊ စာတွေ စရေး နေပြီလေ။ ရေး ထားတာတွေ ရှိလား၊ ကိုယ့်ကို ပေးဖတ်လေ၊ မင်း စိတ်ကူးထဲမှာ ရှိနေတဲ့ ဇာတ်လမ်းတွေ ဘာတွေ ရှိနေရင်လည်း ကိုယ့်ကို ပြောပြနော်၊ ကိုယ် နားထောင်ပေးချင်လို့ ”
“ဦး တကယ် စိတ်ဝင်စားတာလား .. .”
“တကယ် စိတ်ဝင်စားတာပေါ့၊ မင်း ဖတ်ချင်တဲ့စာအုပ်တွေ လည်း ကိုယ် ရှာပေးဦးမှာ ”
“ဦး စတန့်ထွင်ရာများ ကျနေသလားလို့၊ တစ်ခါမှ မကြားဖူးဘူး၊ ဦးလို စီးပွားရေး လောကမှာ Top 10 စာရင်းဝင်တဲ့ လူ တစ်ယောက် က ကျွန်မလို ဘာမဟုတ်တဲ့ သာမ ညောင်ည ပမွှားလေးနဲ့ လာဆင်းပြီး ပေါင်းရတယ်လို့”
“မင်းတို့ ဘာမဟုတ်တဲ့ သာမညောင်ည ပမွှားကလေးလို့ ဘယ်သူပြောသလဲ မိုးနတ်မဒီ၊ လူ တစ်ယောက် မှာ တခြားလူ တစ်ယောက် အတွက် အဖိုးမဖြတ်နိုင်တဲ့ တစ်ဖိုးတစ်ခုတော့ အမြဲရှိ တယ်၊ ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ အဲဒီ လောက် ရက်ရက်စက်စက် မနှိမ်ချစမ်းပါနဲ့ ကွာ၊ ကိုယ် မင်းကို တကယ် ရင်းရင်းနှီးနှီး ခင်မင်ပတ်သက်ချင်လို့ကို ဒီပုံစံမျိုးနဲ့ မင်းအနားကို ရောက်အောင်လာခဲ့တာပါ၊ ကိုယ် စတန့်ထွင်တာ မဟုတ်ပါဘူး၊ ရတနာတွေ နဲ့ ဖြားယောင်းဆွဲဆောင်လို့ မရတဲ့ မိန်းကလေး တစ်ယောက် ကို စိတ်ပိုင်းဆိုင်ရာ နည်းလမ်းတစ်မျိုးနဲ့ ဆွဲဆောင်ကြည့်တာပါ”
သူ့စကားက ပွင့်လင်းပြောင်ကျလွန်းသဖြင့် မိုးနတ်၏ ပါးပြင်နှစ် ဖက်လုံး ရှိန်းမြပူနွေးသွားမိသည်။ အဲဒါ ဘယ်လို အဓိပ္ပာယ်မျိုး သက်ရောက်စေပါသလဲ။ သူက မိုးနတ်ကို ဆွဲဆောင်နေသတဲ့လား၊ အဲဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာ တဲ့လဲ ။ ဒါမျိုးဇာတ်လမ်းဆိုတာ စိတ်ကူးယဉ် ဝတ္ထုဇာတ် လမ်းတွေ ထဲမှာ ပဲ ဖတ်လို့ကောင်းတာပါ။
“ကိုယ့်မှာ ကိုယ်ပိုင်စာကြည့်တိုက်ကလေးတစ်ခုရှိတယ် မိုးနတ်မဒီ၊ မင်း အရမ်းစိတ်ဝင်စားမှာ ၊ မင်း ဖတ်ချင်သမျှ စာအုပ်တွေ အားလုံးကို မင်း ဖတ်ချင်တဲ့နေရာမှာ ဖတ်လို့ရတယ်ဆိုရင် မင်း ယုံမလား”
“ဟင့်အင်း . .မယုံပါဘူး၊ ကျွန်မ စာအုပ်ဖတ်ချင်တယ်ဆိုရင် စာကြည့်တိုက်မှာ အရင်သွား ငှားရဦးမှာ ပေါ့၊ ပြီးမှ ကျွန်မဖတ်ချင်တဲ့နေရာဆီ အဲဒီ စာအုပ်ကလေး သယ်သွားပြီး ဖတ်ရမှာ ပေါ့”
“နိုး .. မင်းဖတ်ချင်တဲ့နေရာကို အရင်ရွေးလိုက်ပါ။ အဲဒီ နေရာကလေးဆီ စာကြည့်တိုက်ကလေး ဖန်ဆင်းပေးမှာ ၊ ယုံလား .. မယုံရင် စိန်ခေါ်ကြည့်လိုက်လေ”
သူဆွဲဆောင်ပုံက သင်းမြလွန်းသဖြင့် မိုးနက်စိတ်တော့ ဝင်စား သွားပါသည်။ အတွေးထဲ ဘယ်လိုမှ အဖြေပေါ်မလာ။ သူ့စာကြည့်တိုက်ဟာ သူ့အိမ်ရဲ့ အခန်းတစ်ခုခုမှာ ဒါမှမဟုတ် သူ့ရုံး ခန်းထဲမှာ ရှိနေရမှာ ပေါ့။
“ကောင်းပြီလေ .. ဒါဖြင့် မနက်ဖြန် ကျွန်မ နေ့လည်နှစ် နာရီလောက်ဆို အားမယ်၊ အဲဒီ တော့ ကရဝိတ် ဥယျာဉ်ထဲက ကရဝိတ်ကြီးနားက ရေစပ်ကလေးမှာ စာဖတ်ချင်တယ်ဆိုရင် ဖြစ်မှာ လား”
“အိုး . . . သိပ် ဖြစ်တာပေါ့လေ၊ နေ့လည်နှစ် နာရီနော်၊ မင်းသာ အရောက်လာခဲ့ပါ၊ ကိုယ်က အဆင်သင့်ပဲ”
သူက ပြုံး၍ ပြောသည်။ အဲဒီ အချိန်မှာ ဘတ်(စ်)ကားရောက်လာသည်။ လူတွေ ကြပ်သိပ်နေပေမယ့် မတတ်နိုင်။ တိုးကြိတ်၍ ပင် တက်ရပါသည်။ သူကလည်း ကြိုးစားပြီး တိုးတတ်ရှာပါသည်။ သူနှင့် မိုးနတ်တို့ လူချင်း ထိကပ်နေမိကြသည်။ သူက တခြားလူတွေ မိုးနတ်ကို ထိကပ်တိုးဝှေ့နေခြင်းကနေ ကြိုးစားပြီး ကာကွယ်ပေးနေသေးတော့ မိုးနတ် ကျိတ်ပြီး ရယ်ချင်လာသည်။ ဘယ်လိုလုပ်မလဲ .. ။ မိုးနတ်တို့လို နေ့စဉ် လူတွေ နဲ့ လုယက်တိုးဝှေ့ပြီး ဘတ်(စ်)ကား စီးနေရသော မိန်းကလေးတွေ အတွက် တခြားလူတွေ နှင့် အသားချင်း မထိမိအောင် ဘယ်လိုလုပ်ပြီး ကာကွယ်နိုင်မှာ တဲ့လဲ။
မိုးနတ် ဆင်းရမည့် မှတ်တိုင်တွင် သူပါ လိုက်ပါ ဆင်းပြီးတော့မှ အသက်ကို တဝကြီး ရှူရှိက်သွင်းနေပုံကို ကြည့်ကာ မိုးနတ် မရယ်ရက်တော့။ သူ့ကို အလိုလိုနေရင်း အားနာစပြုလာသည်။ သူက တစ်ချက်ကလေးမှ မညည်း။
“ဦးရယ် ဦးကြည့်ရတာ ပင်ပန်းလိုက်တာ၊ ကျွန်မတို့က ဘဝသမားတွေ ၊ ဒီလိုပဲ နေ့တိုင်း တိုးဝှေ့ရုန်းကန်နေရတာ ကိုက ဘဝပဲ၊ ဦးအတွက် မထိုက်တန်ပါဘူး”
“မထိုက်တန်ဘူးလို့ ဘယ်သူပြောတာလဲ၊ ကိုယ့်ဘဝက အရင်က ဒီ့ထက်တောင် ပိုကြမ်းသေးတယ်၊ ရထားကိုတောင် တွယ်စီးရတဲ့အကောင်ပါကွာ၊ ကိုယ်ကမှ ဘဝသမားအစစ်ပါ၊ ကိုယ်နဲ့ ဘဝကြမ်းတာချင်း ယှဉ်မလို့လား၊ မင်းရှုံးသွားမှာ ပေါ့ ကလေးမရယ်၊ ကိုယ်က အောက်ခြေကနေ လာခဲ့တာပါ။ မင်းရဲ့ နေ့စဉ်ဘဝကို ကိုယ် တကယ်သိချင်တာပါ . ..”
မိုးနတ် ဘာမှမပြောတော့ . . .။ ပခုံးကလေးသာ တွန့်ပြလိုက်မိသည်။ ဘာပဲ ဖြစ် ဖြစ် ဒီနေ့ တစ်နေ့ကလေးနှင့် တင် သူနှင့် တော် တော် နီးကပ်သွားသလို ခံစားရပါသည်။ အဆောင်ရှေ့အထိ လမ်းဆက်လျှောက်လာခဲ့သည်။
“မင်းဖေဖေနဲ့ မေမေက မင်း တစ်ယောက် တည်း အဆောင်မှာ နေတာကို စိတ်ချထားသလား မိုးနတ်မဒီ”
“ကျွန်မကို ဖေဖေနဲ့ မေမေက လုံးဝ ယုံကြည်စိတ်ချထားလို့သာ လွှတ်ပေးထားတာပေါ့ ဦးရယ်၊ ကျွန်မက ကျွန်မရဲ့ ဘဝကို ဘယ်အချိန်မှာ ဘာ ဖြစ်အောင်လုပ်မယ်ဆိုပြီး ပရောဂျက်တစ် ခုလို စနစ်တကျ တည်ဆောင်ပုံဖော်တတ်တယ်ဆိုတာ မိဘတွေ က သိပြီးသားလေ၊ ဖေဖေက ပြင် ဦးလွင်မှာ T.M.O ပါ . . ၊ မေမေ ကတော့ ဖေဖေ့ကို လိုက်ပြီး ပြုစုပါရမီဖြည့်ပေါ့၊ ကျွန်မက အတောင်ပံတွေ ကို သိမ်းမထားချင်တော့ မိဘရင်ငွေ့အောက်မှာ ထက် လွတ်လပ်ကျယ်ပြောတဲ့ ကောင်းကင်ပြာကြီးထဲ အတောင်ပံတွေ ကို အသုံးချပြီး လွတ်လွတ်လပ်လပ် ပျံသန်းခွင့်ရတဲ့ ဘဝမျိုးကို ကြိုက်တာကိုး၊ ကိုယ့်ဘဝကို ကျွန်မ ပျော်တယ်၊ ကျေနပ်တယ်၊ ပင်ပန်းလိုက်တာလို့ ကျွန်မ တစ်ခါမှ မညည်းညူမိဘူး၊ စိတ်ပျက်လိုက်တာ၊ အားငယ်လိုက်တာလို့ တစ်ခါမှ မျက်ရည် မဝဲခဲ့ဖူးဘူးဆိုရင် ဦး အံ့သြမလား . . .ယုံနိုင်မလား ”
“ယုံတာပေါ့ မိုးနတ်မဒီ .. ”
“ဘာကိုကြည့်ပြီး ယုံသွားတာလဲ ဦး . . .”
“မင်းရဲ့ မျက်လုံးတွေ လေ . .”
မိုးနတ်က အားပါးတရ ပြုံးမိသွားသည်။
“ကြယ်ပွင့်ကလေးတွေ ဆိုတာ အမှော င်ထုထဲမှာ မှ ပွင့်လန်းလာမှာ လေ ၊violets ပန်းတွေ မင်းမြင်ဖူးသလား၊ သူတို့က နှင်းထုတွေ အောက်မှာ မှ ပွင့်လန်းကြရတာ ၊ အဲဒါ သဘာဝ တရားတစ်ခုလေ၊ မိုးနတ်မဒီဆိုတဲ့ ကြယ်ပွင့်ကလေးကလည်း လောကဓံအမှော င်ထုထဲကနေမှ တလက်လက် လင်းလက်တောက်ပလောတော့မှာ ၊ ကိုယ်လောင်းတောင် လောင်းလိုက်ချင်သေးတယ်”
“ကျေးဇူးတင်ပါတယ် ဦး၊ လူ တစ်ယောက် ကို သတ်ချင်ရင် အလွယ်လေး၊ လက်နက်မလိုဘူးလေ၊ စကားလုံးနဲ့ သတ်လို့ရတယ်၊ အဲဒီ လိုပဲ လူ တစ်ယောက် စိတ်ဓာတ်ကို မြှင့်တင်ပေးဖို့ သူ့ဘဝတစ်ခုလုံး ပြောင်းလဲသွားဖို့က ကြီးကျယ်ခမ်းနားတဲ့ အရင်းအနှီးတွေ နဲ့ စိုက်ထုတ်ရင်းနှီး ပေးစရာ မလိုပါဘူး၊ စကားလုံး တစ်လုံးနဲ့ တင် လုံလောက်ပြီးသားပါ၊ အခု ဦးပြောလိုက်တဲ့ စကားလေးက ကျွန်မအတွက်တော့ တကယ့် အားဆေးပဲ၊ တစ်သက်လုံး အမေ့တော့ဘူး. . သိလား”
မိုးနတ် တကယ်ဝမ်းသာမှု ဖြင့် တုန်ရီသွားတဲ့အထိ သူ့စကားလေးက နှလုံးသားတည့်တည့်ကို ထိမှန်ပါသည်။ သူ့ကိုလည်း အရမ်း ကျေးဇူးတင်သွားမိသည်။ သူပြော လိုက်ပုံက တမင်တကာ တန်ဆာဆင်ပြီး ပြောလိုက်တာမျိုးလည်း မဟုတ်။ သူ့ရင်ထဲ ရှိတဲ့အတိုင်း ရိုးရိုးရှင်းရှင်းကလေး ပြောလိုက်ဟန်တူသည်။ အဲဒီ စကားကလေးကပဲ မထင်မှတ်ဘဲ ထိထိခတ်ခတ် လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့ခြင်း ဖြစ်သည်။
“ကဲ . . .ဒါဖြင့် ကိုယ်ပြန်တော့မယ်နော်၊ မနက်ဖြန် နေ့လည်နှစ် နာရီ ကရဝိတ်မှာ ဆုံမယ်နော် .. ဟုတ်လား၊ ကောင်းသော ညပါ မိုးနတ်မဒီ”
“ကောင်းသော ညပါ ဦး . .. ”
သူ့ကို လက်ပြနှုတ်ဆက်ပြီး မိုးနတ်က အဆောင်ဝန်းကလေးထဲ ဝင်လာခဲ့သည်။ ရင်ထဲမှာ တစ်မျိုးလေး . . ၊ အဆောင်ထဲ ဝင်ခါနီး သူရှိရာဆီ တစ်ချက် ပြန်လှည့်ကြည့်မိလျှင် သူ ရပ်ပြီး ကြည့်နေသေးတာကို မြင်ရသည်။ အပြုံးကလေးဖြင့် နှုတ်ဆက်ခဲ့ပြီး မိုးနတ် အဆောင်ထဲသို့ ဝင်လာခဲ့သည်။မိုးနတ်ရဲ့ အ ဖြစ်က ဘယ်လောက် ထူးဆန်းလိုက်ပါသလဲ။ သူ့ကို သွားပြီး အင်တာဗျူး ခဲ့ချိန်တုန်းက တစ်နေ့ ဒီလို အခြေအနေ၊ ပုံစံတစ်မျိုးဖြင့် ရင်းနှီးပတ်သက်လာလိမ့်မယ်ဆိုတာ စိတ် ကူးကလေးတောင် မယဉ်မိခဲ့။ လုံးဝ ထင်မှတ်မထားသော လှည့်ကွက်ကလေးတစ်ခု ဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ် ဘယ်လို ခန့်မှန်းမှတ်ချက်ပေးရမှန်းပင် မသိတော့။ ဒါပေမယ့် စိတ်ထဲမှာ မသိမသာကလေးတော့ တိတ်တဆိတ် ပျော်ရွှင်နေရင်ခုန်နေမိတာကို သိသိသာသာ သတိထားမိပါ သည်။ သူ ဘယ်လို စိတ်ကူးရည်ရွယ်ချက်မျိုးနဲ့ မိုးနတ်ဆီ ချဉ်းကပ်လာခဲ့ပါသလဲ။ သူသာလျှင် အသိဆုံး ဖြစ်ပါလိမ့်မည် ။ မိုးနတ်ကလည်း သိချင်ပါသေးသည်။
![]() စကားဝှက်တံခါး | ![]() မျက်ရည်တစ်ပွင့်ရဲ့တိုးဖွညင်သာသော | ![]() ပင်လယ်ပြင်နှင့် ကောင်းကင်ပြာ |