စကားဝှက်တံခါး
ကောင်လေး တစ်ယောက် ဟာ
ဘ၀မှာ အနည်းဆုံး တစ်ကြိမ်တော့
သဲသဲမဲမဲ တမ်းတမ်းစွဲ ချစ်မြတ်နိုး
မက်မောစုံမက်ဖူးကြပါလိမ့်မယ် ….
အဲဒီ့ အချိန်မှာ ….
စွဲလမ်းချစ်စိတ်တွေ ပြည့်လျှံနေတဲ့ နှလုံးသားနဲ့
ရူးသွပ်မိတဲ့အခါ ….
ကောင်မလေးရဲ့ နံဘေးမှာ
သူမရဲ့အချစ်ကို ရဖို့ဆိုရင်
ဘာပဲလုပ်ရ လုပ်ရ လုပ်မိပါလိမ့်မယ် ….
အဲ့ဒါကို
မ ဖြစ်နိုင်ဘူးလို့ မပြောပါနဲ့
တကယ် ဖြစ်နိုင်ပါတယ် ….
အချစ်မှာ ဘာမဆို ဖြစ်နိုင်တာချည်းပါ ….။
“ရွှေဘုန်းကံ”
တစ်ခါတစ်ရံမှာ
လူတွေ ဟာ
ကိုယ်နဲ့ သိပ်နီးကပ်ငြိတွယ်နေတဲ့ အရာတွေ ကို
မြင်နိုင်စွမ်း မရှိသလိုပဲ ….
သိပ်ဆန်းကြယ်လှတဲ့ အချစ်ဟာ
ကျွန်မနဲ့ အနီးကပ်ဆုံး ရှိနေခဲ့တာကို
ကျွန်မက
နည်းနည်း ကလေးမှ မရိပ်မိခဲ့ဘူးလေ ….
အဲ့ဒါကို
ကျွန်မ သိခွင့်ရလိုက်တဲ့ အခါမှာ
“အို” ဆိုတဲ့
အာမေဍိတ် တစ်ခုမှတစ်ပါး ….။
“ဉာဏ်လင်းပွင့်”
*********
အခန်း(၁)
အဲ့ဒီကောင်လေးကို မြင်တာနှင့် ဥာဏ်စိတ်တွေ အလိုလိုတိုတောင်း ညစ်ထေးသွားတတ်မြဲ ဖြစ်သည်။ ဘယ်လိုပုံစံမှန်းကို မသိသော အချိုးမကျ ကကြိုးကကြောင် ပုံသဏ္ဍာန်မှာ တွေ့ လိုက်တာနှင့် ပျာရှပ်ရှပ်၊ တလွဲတချော်နှင့် အမှားအယွင်းပေါင်းများ စွာ နင့်သီးနေကာ ကပိုကရိုရှိလှသော ကြောင့် အလွန်စိတ်ပျက်စရာကောင်းသော သူ တစ်ယောက် အ ဖြစ် စိတ်ဆိုးရ၊ အော်ဟစ်ပစ်ရတာ ထက် ပိုပြီး စိတ်ဝင်စားဖွယ် မရှိပါ။ ဥာဏ့်ကို လိုက်သမျှ ကောင်လေးတွေ ထဲတွင် သူသည် စိတ်ပျက်ဖွယ် အကောင်းဆုံး ဖြစ်သည်။ တွေ့ လိုက်တာနှင့် ပျာယာခတ်နေကာ တစ်ခုမဟုတ်မဟုတ် တစ်ခုတော့ မှားယွင်းလွဲချော်မြဲတည်း။
လူပုံကိုလည်း ကြည့်လိုက်ဦး။ မျက်နှာက မိန်းကလေး တစ်ယောက် ရဲ့မျက်နှာ နုနုဖတ်ဖတ်ကလေးမှာ ကျွဲကော်ကိုင်းမျက်မှန်ထူထူကြောင့် မျက်လုံးနှစ် လုံးက ပြူးကြောင်ကာ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားတော့သည်။ လူပုံက ပိန်ပိန်ပါးပါးလျလျကလေးမို့ ကျားကျားလျားလျား မရှိ။ ဒီကြားထဲ ဆံပင်တွေ က ဖြောင့်စင်းကျနေကာ မိန်းမဆံပင်လို သူ့မျက်နှာပေါ် ၀ဲကျနေသေးသည်။
သူ ဘယ်ကဘယ်လို ဥာဏ့်ဆီသို့ ရောက်လာမှန်းမသိပါ။ ဘယ်သူဘယ်ဝါမှန်းလည်း ဥာဏ်မသိ။ စိတ်လည်း မ၀င်စားပါ။ သို့သော် ဥာဏ့်ကို မြင်လိုက်တာနှင့် ကမူးရှူးထိုးကြီး လိုက်လာတတ်ကာ အမှားအယွင်းတွေ ချည်း ဖြစ်တတ်လွန်းသည်။
ဥာဏ်တို့အုပ်စုမှာ ဥာဏ်အပါအ၀င် သူငယ်ချင်းလေးယောက် ရှိပြီး ဆယ်တန်းအောင်ပြီးချိန် သင်တန်းတကာပေါင်းစုံလျှောက်တတ်ရင်း အချိန်တွေ ကုန်လွန်စေခြင်း ဖြစ်သည်။ အလုပ် မလုပ်သေး၊ တက္ကသိုလ် မတက်ရသေး။ အဲဒီ့ အချိန်ကလေးလောက် လွတ်လပ်ပေါ့ပါးကာ ပျော်ရွှင်ဖွယ်ကောင်းသော အချိန် မရှိချေ။ ဘာပူပန်ကြောင့်ကြ မှမရှိ။ သင်တန်းကလေး မှန်မှန်တက်လိုက် Shopping mall တွေ ဆီ လှည့်ပတ်သွားလိုက်၊ ဆိုင်တကာပေါက်စီ သွားစားလိုက်နှင့် သာ တစ်နေ့တစ်နေ့ အချိန်ကုန်လွန်လေသည်။
အဲ့ဒီလိုအချိန်မျိုးမှာ စိတ်အ၀င်စားဆုံး အရာကလည်းအချစ် ဆိုသော အရာ ဖြစ်သည်။ သို့သော် ထိုမှန်ကြောင်ကလေးတော့ လုံးဝမပါချေ။ သူမို့ပင် ဇွဲလည်းကောင်း၊ စုံစမ်းရေး လည်းကောင်ကာ ဥာဏ်တို့ ဘယ်အချိန် ဘယ်နေရာမှာ ဘာသင်တန်း ရှိတယ်ဆိုတာကို သူ အမြဲသိနေလေသည်။ ပြီးလျှင် သူမတို့သွားရာနောက်ကနေ စိတ်မပျက်စတမ်း တကောက်ကောက်လိုက်မြဲ။ အမှားအယွင်းတွေ တစ်ခုပြီးတစ်ခု လုပ်မြဲပင်။
“ဟော … ဥာဏ်ဥာဏ်ရေ … ဥာဏ်ဥာဏ်ရေ၊ မပြောမရှိနဲ့နော်၊ ဟို နင့်မှန်ကြောင် ပန်းစည်းကြီးတစ်စည်းကိုင်ပြီး ပြေးလာနေပြီနော်”
ကွန်ပျူတာသင်တန်းမစခင် သင်တန်းရှေ့က လက်ဖက်ရည်ဆိုင်ကလေးမှာ သူငယ်ချင်းတွေ ထိုင်လို့ကောင်းဆဲ၊ ဟိုခပ်လှမ်းလှမ်းကနေ ကမူးရှူးထိုးကြီး ပြေးချလာနေသော မှန်ကြောင်ကလေးကို ဥာဏ်သည် စိတ်ပျက်ရှုပ်ထွေးစွာ လှမ်းကြည့်နေလိုက်သည်။
ဟော … ဖြစ်ပါပြီ ထုံးစံအတိုင်း။ မှန်ကြောင်ရဲ့ရာဇ၀င်တိုင်း တစ်ခုခုတော့ မှားကိုမှားရမှလေ။ သူ့ကိုယ်သူ မာရသွန် အပြေးဝင်ပြိုင်နေသလိုမျိုး၊ ဥာဏ်ကပဲ သူ့ကိုမြင်တာနဲ့ ရောက်ခါနီး ကလေးမှာ ပဲ ခုံပုကလေးတစ်ခုံကို ခလုတ်တိုက်မိကာ မှော က်ရက်သား လဲကျပါလေတော့သည်။ သူ့လက်ထဲက နှင်းဆီပန်းစည်းကြီးလည်း အရှိန်ဖြင့် ပြုတ်ကျသည်မို့ ပန်းတွေ တစ်စစီ ဖရိုဖရဲ ပြန့်ကျဲကုန်သည်။
သူ့အ ဖြစ်ကို မြင်လိုက်သူတိုင်းက မရယ်ဘဲ မနေနိုင်ကြ။ သိသိသာသာ ရယ်သူကရယ်၊ မသိမသာ တစ်ဖက်လှည့်ပြီး ရယ်သူကရယ်။ ဥာဏ်တို့ လေးယောက် သားလည်း တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ကာ တခွိခွိရယ်မိကြ၏ ။
“အဲ့ဒီမှန်ကြောင်ဟာလေ လုပ်လိုက်ရင် လူသိရှင်ကြား အရှက်တကွဲ အကျိုးနည်းချည်းပဲ”
“အေးလေ ၊ ဒါနဲ့များ ဥာဏ်ဥာဏ့် အချစ်ကို ရချင်သေးတယ်၊ ဥာဏ် နင် သူ့ကို ယောင်ပြီးတော့များ ချစ်မိသေးလား”
“အမယ်လေး … အော်ဂလီဆန်လိုက်တာ၊ ဒီလူနဲ့ ဒီလူ ဒီပုံနဲ့ ဒီပုံ ချစ်စရာလားဟဲ့”
ဥာဏ်တို့ လေးယောက် သား တတွတ်တွတ်ပြောဆဲ မှန်ကြောင်ကလေးက သူ့ပန်းတွေ ကို ရသေလောက်ပြန်ကောက်ကာ ကြုံးထလာသည်။ ပြီးလျှင် အရှက်မရှိ မျက်နှာပြောင်တိုက်ကာ ဥာဏ်ကာ ဥာဏ့်ဆီသို့ ပန်းစည်းကြီး အတင်းထိုးပေးနေတော့၏ ။ ဥာဏ်သည် လူတွေ က ၀ိုင်းကြည့်နေသဖြင့် ရှက်လည်းရှက်ကာ …
“သွား … သွား … နင့်ပန်းစည်းကြီး မယူချင်ဘူး၊ ဘယ်လို ဖြစ်နေတာလဲ၊ မကြိုက်ပါဘူး ဆိုနေမှပဲ”
ဟု အော်ပစ်ခဲ့လျက် သူငယ်ချင်းတွေ ကိုခေါ်၍ သင်တန်းပေါ်သို့ တက်ခဲ့လေသည်။ အဲ့ဒီမှန်ကြောင်ဟာ အရှက်ကလည်းမရှိ အမှတ်သည်းခြေလည်း မရှိသူမို့ သင်တန်းပြီးချိန်ထိ စောင့်ပါလိမ့်ဦးမည် ။
“စိတ်ညစ်ပါတယ်ဟယ်၊ အဲဒီ မှန်ကြောင် တစ်ယောက် နဲ့တော့ ဘယ်လို ဖြစ်နေမှန်းကို မသိဘူး၊ ဇွတ်တရွတ်ကြီးနဲ့၊ သူ့ရန်ကိုကြောက်တာနဲ့ ငါ့မှာ တခြားကောင်လေး တစ်ယောက် ယောက် ကို ပြန်ကြိုက်ပြီး တွဲ လိုက်ရတော့မလိုလို ဖြစ်နေပြီ”
“အေးလေ၊ မှန်ကြောင်က ဇွဲကလည်းကောင်း၊ အရှက်အကြောက်ကလည်း တစ်စက်ကလေးမှ မရှိ၊ ဆိုးလိုက်တာ၊ သူ ဖြစ်ချင်တာ သူလိုချင်တာ တစ်ခုပဲ ရှိတယ်”
ဟို တစ်ယောက် ကဆို အဲဒီ့ မှန်ကြောင်လုပ်သော လုပ်ရပ်တစ်ခုဟာ အတော် အူကြောင်ကြောင် နိုင်လှသည်။ ဥာဏ့်ဓာတ်ပုံကို ဘယ်အချိန်ကဘယ်လို ခိုးရိုက်ခဲ့သည် မသိဘဲ ထိုဓာတ်ပုံကို ကွန်ပျူတာနှင့် Print out လုပ်ပြီး အောက်ကနေ သူ သိပ်ချစ်နေကြောင်း စာတန်းကပ်ကာ သင်တန်းရဲ့ လှေကားတစ်လျှောက် နံရံတွေ မှာ ၊ ဥာဏ်တို့ ထိုင်တတ်သမျှ လက်ဖက်ရည်ဆိုင်တွေ မှာ အအေးဆိုင်တွေ မှာ အရှက်မရှိ လိုက်ကပ်ခြင်း ဖြစ်သည်။
“ဟယ် … သူရူးနေသလား မသိဘူး၊ အဲ့ဒီစာရွက်တွေ ကို လက်ကမ်းကြော်ငြာ ဝေသလို လူတကာကိုလည်း လိုက်ဝေနေသေးတယ်”
အဲ့ဒီတုန်းကလည်း ဥာဏ့်မှာ ဆွေ့ဆွေ့ခုန်အောင်ပင် ဒေါသထွက်ခဲ့ရပြီးပြီ။ ခက်တာက ဥာဏ်သည် ကိုယ့်ကို အသည်းအသန်လိုက်သော ကောင်လေးတော် တော် များများ ကို တွေ့ ကြူံဖူးခဲ့ကာ မကြိုက်ဘူးဆိုလည်း မကြိုက်ကြောင်း ယဉ်ကျေးပြေပြစ်စွာ အလိမ္မာကလေးနှင့် ငြင်းလို့ရခဲ့သည်ချည်း ဖြစ်ပြီး သူ့ကျမှပင် မကြိုက်ဘူးပြောလို့လည်း နောက်မဆုတ်သွားဘဲ၊ ဇွဲသန်သန်နှင့် ဆက်လိုက်မြဲ လိုက်နေဆဲ ဖြစ်လေသည်။ စိတ်ဆိုးရတာ တွေ လည်း တော် တော် ကို များ ခဲ့ပြီ။
ဟိုတစ်လောဆီကလည်း မနက်စောစော ဥာဏ် ထပြေးလေ့ ရှိတတ်တာကို ဘယ်ကဘယ်လို သတင်းအနံ့ ခံမိသွားသည် မသိ။ မနက်အစောကြီး ခြံတစ်ခါးမှ ထွက်လိုက်စဉ် ခြံဝမှာ ဘယ်အချိန်ကတည်းက ထိုင်စောင့်နေသည် မသိသော သူ့ကို ဘွားခနဲ တွေ့ လိုက်ရသဖြင့် ရင်တွေ ပန်းတွေ တောင် တုန်သွားခဲ့ရလေသည်။ အမှော င်ထဲမှာ သူ့မျက်မှန်က တ၀င်းဝင်း တပြောင်ပြောင်နှင့် ဆိုတော့ သရဲတစ်ကောင်လိုပင်။
“အို … အဲ့ဒါက ဘယ်လို ဖြစ်ရတာ တုံး၊ ဒီမှာ လန့်လို့သေတော့မယ်”
ဟု အော်တော့လည်း တစ်ခွန်းမှ ပြန်၍ မပြော။ ပြီးတော့ နောက်နားမလှမ်းမကမ်းကနေ ပြေးလိုက်နေခဲ့သည်။
“ပြန်တော့လို့ ဆိုနေတာ မရဘူးလားဟင်၊ နင့်ကိုငါ တစ်စက်ကလေးမှ နည်းနည်း မှ မကြိုက်ဘူးလို့ ဘယ်နှခါရှိပြီလဲ ပြောတာ၊ မှတ်မထားဘူးလား၊ မရှက်ဘူးလား၊ သွားသွား၊ နောက်ကနေ မလိုက်နဲ့”
ဟု ခွေးတစ်ကောင်ကို မောင်းသလို အော်ဟစ်ပေမဲ့လည်း သူက ပေကပ်ကပ်နှင့် တုံဏှိဘာဝေု လုပ်နေကာ ဆက်လိုက်မြဲပင်။ အဲ့ဒီမှန်ကြောင်ကို ဥာဏ်ဘယ်လိုနည်းနှင့် နှိပ်ကွပ်မောင်းထုတ်ရမလဲဆိုတာ ဘယ်လိုမှ တွေးမရ ရှိနေခဲ့သည်။
သို့သော် သူ ပျောက်မယ့်ပျောက်သွားတော့လည်း လွယ်လွယ်ကလေးနှင့် ပျောက်ခြင်းမလှ ပျောက်သွားခဲ့သော အခါ ဥာဏ်သည် ကိုယ့်လောက်ပျော်ရွှင်ပေါ့ပါး လွတ်မြောက်သွားသူ ဤကမ္ဘာမှာ မရှိတော့ဟုတောင် ထင်ရလေသည်။
ထို့နောက်မှာ တော့ ဘ၀တွင် အလွန်ခင်တွယ်စရာ ကောင်းသော မိန်းကလေးသူငယ်ချင်း တစ်ယောက် ကို ဥာဏ်မမျှော်လင့်ဘဲ ရရှိလိုက်၏ ။
+ + +
“ကျွန်တော့်  အချစ်ကို သူ့ကို နားလည်စေချင်တာဗျ ကိုကြီးသော င်းရ၊ ကျွန်တော် သူ့ကို ချစ်တဲ့အချစ်က သူ့ကို ကျွန်တော့် ဘက်ကသာ တစ်ဖက်သတ်ပဲ ဖြစ် ဖြစ်ချစ်နေရ၊ ချစ်နေရ ချစ်နေချင်ပြီ၊ သူ့ဆီကနေ ဘာကိုမှ ပြန်ပြီးမမျှော်လင့် မလိုချင်ပါဘူး …
သူ့ကိုပဲ ချစ်နေချင်တာပါ၊ သူ့မျက်နှာကလေးကိုပဲ ကြည့်နေခွင့် ရချင်တာပါ၊ သူ့အနားမှာ ပဲ နေခွင့်ရချင်တာပါ၊ သူ့အသံကလေးကိုပဲ ကြားချင်နေတာပါ၊ ကျွန်တော် ချင်တာကို သူ ဘာကြောင့် ဆတ်ဆတ်ခါ နာနေရတာ လဲ မသိဘူးဗျာ”
ရွှေဘုန်းကံသည်စိတ်ပျက်အားငယ်စိတ်ဖြင့် ညည်းညည်းကလေးပြောလေသည်။ကိုကြီးသော င်းက သူ့ရဲ့ အ ဖြစ်အပျက်တွေ အစအဆုံးကို သိထားသော ၊ ပြီးတော့ အကြံဥာဏ်တွေ ပေးခဲ့သော သူ့ရဲ့ ၀မ်းကွဲအစ်ကို ဖြစ်သည်။ မိဘတွေ နှင့် အတူမန္တလေးမှာ မနေဘဲ ရန်ကုန်မှာ ကိုကြီးသော င်းနှင့် အတူလာနေရင်း ဆယ်တန်းအောင်သွားချိန်တွင် မန္တလေးသို့ မပြန် ဖြစ်တော့ဘဲ ကိုကြီးသော င်းနဲ့သာ ဆက်နေ ဖြစ်လေသည်။
ကိုကြီးသော င်းကလည်း တစ်ကိုယ်ရေ တစ်ကာယသမား လူပျိုကြီးမို့ နေရတာ လည်း လွတ်လပ်မှု ရှသည်။ ကွန်ဒိုတစ်ခန်းလုံးမှာ သူတို့ညီအစ်ကို နှစ် ယောက် တည်း။
“မင်းကို သူ မကြိုက်လို့လည်း ဖြစ်နိုင်တာပဲ၊ ဘာ ဖြစ်လို့လဲဆိုတော့ မင်းရဲ့မျက်မှန်ကြီးကြောင့် ရယ်၊ မင်းရဲ့ အမှားအယွင်းတွေ ကြောင့် ဖြစ်မယ် …
ကဲကဲ … မင်းမျက်မှန်ကြီး ချွတ်ပစ်ကြည့်စမ်း”
သူ့ မျက်မှန်ကြီးကို ချွတ်လိုက်တော့ ကိုကြီးသော င်းရဲ့ မျက်နှာကို ခပ်ရေး ရေး ၀ါးတားတားသာ မြင်ရပေမဲ့ အသံကိုတော့ ကြားနေရဆဲ။
“အေး … ဟုတ်တယ်ကွ၊ မင်းရဲ့ မျက်နှာကို ဖျက်ဆီးနေတာ ဒီမျက်မှန်ကြီးပဲ၊ မင်းက မိန်းမချော ချောတာကွ၊ ကနွဲ့ကလျလေး၊ မျက်တောင်ထူထူကလေးတွေ နဲ့ မျက်လုံးလေးရော၊ နှုတ်ခမ်းထူထူကလေးရော မိန်းကလေး တစ်ယောက် လိုပဲ …
မင်းရဲ့ ကိုယ်ခန္ဓာကလည်း ပါးလျလျကလေးဆိုတော့ မင်းက မိန်းကလေး တစ်ယောက် နဲ့ ပိုတူတာကွ ကဲကဲ၊ ဟာ … ဟုတ်ပြီ၊ မင်းကို ကြည့်ရင်း ငါစိတ်ကူးတစ်ခုရလာပြီ …
မင်းကောင်မလေးနဲ့မင်း ရင်းရင်းနှီးနှီး နီးနီးကပ်ကပ် နေခွင့်ရဖို့ဆိုရင် မင်းပုံစံကို ပြောင်းပစ်လိုက်ရမယ်၊ မင်းသူ့နားမှာ နေပြီး သူနဲ့ သူငယ်ချင်း ဖြစ်ချင်တာမဟုတ်လား”
“ဟုတ်တယ် ကိုကြီးသော င်း ကျွန်တော့် ဘက်ကသာ သူ့ကို သိပ်ချစ်နေချင်တာ၊ ကိုယ်ချစ်နေရရင် ကျေနပ်ပြီ၊ သူပြန်မချစ်လည်း ကိစ္စမရှိဘူး …
ဒါပေမဲ့ ကျွန်တော် ဖြစ်ချင်တာက တစ်ခုတည်းပဲ၊ ကျွန်တော် သူနဲ့ အရမ်းခင်တဲ့ သူငယ်ချင်း တစ်ယောက် ဖြစ်ခွင့်ရချင်တယ်၊ သူ့နားမှာ နေပြီး သူ့ရဲ့ အနွံအတာတွေ ကိုခံပြီး သူ ဖြစ်ချင်တာတွေ သူလိုချင်တာတွေ ကို ဖြည့်ဆည်းပေးချင်တယ်၊ သူ့ကို လိုက်နေတဲ့ကောင်တွေ ရဲ့ အနှောင့်အယှက် ရန်ကနေလည်း ကာကွယ်ပေးချင်တယ်၊ သူ့ရဲ့အချစ်ကို ကျွန်တော် မမျှော်လင့်ပါဘူး”
သူ ထိုစကားတွေ ကို ရင်ထဲအရှိအတိုင်း အမှန်တကယ် ပြောပြလိုက်ခြင်း ဖြစ်သည်။ ကိုကြီးသော င်းက သူ့အချစ်ကို အဆန်းတကြယ် ဖြစ်လျက် နားထောင်နေရင်း ပြုံးနေလေသည်။
“ငါ စဉ်းစားမိတာ ကတော့ လွယ်လွယ်ကလေးနဲ့ ရိုးရိုးကလေးပဲကွ၊ မင်း လုပ်ရဲတဲ့သတ္တိ ရှိဖို့ပဲလိုတယ်”
“ပြော … ကျွန်တော် ဘာလုပ်ရမလဲ၊ သူ့အတွက်ဆို ကျွန်တော် ဘာမဆို လုပ်ရဲတယ်”
“မင်းသာမိန်းကလေး တစ်ယောက် ဖြစ်ခဲ့ရင်သူ့ရဲ့အချစ်ဆုံးအခင်တွယ်ဆုံးသူငယ်ချင်း တစ်ယောက် ဖြစ်ခွင့်ရှိလာမယ်၊မင်းသူ့ဘေးမှာ အမြဲနေခွင့်ရမယ်၊ကံကောင်းရင်ဖက်လှဲတကင်းတောင်နေခွင့်ရမယ်ကွာ၊မင်းကောင်မလေးကသူငယ်ချင်းတွေ ကိုအရမ်းချစ်တတ်တာဆို”
“ဗျာ … ကျွန်တော် က မိန်းကလေး တစ်ယောက် လုပ်ရမယ်၊ ကြံကြီးစည်ရာဗျာ၊ ယောကျာ်းတန်မဲ့ ဘ၀ကနေ အခြောက်လည်းမဟုတ် ဘာမဟုတ်နဲ့”
သူ ခါးခါးသီးသီး ငြင်းလိုက်မိပေမဲ့ ဖျတ်ခနဲတော့ တစ်ချက် တွေ ဝေသွားသည်။
“မိန်းကလေးဟန်ဆောင်ပြီးမင်းကောင်မလေးရဲ့အချစ်ကိုတစ်ဖက်လှည့်နဲ့ရအောင်ကြိုးစားခိုင်းတဲ့ သဘောပါကွာ၊ မင်းက မိန်းမချော ချောတော့ မိန်းမပုံစံနဲ့ဆို ပိုအဆင်ပြေတယ်၊ မင်းကို အခြောက်လုပ်ခိုင်းနေတာမှ မဟုတ်တဲ့ဥစ္စာ …
မင်းကောင်မလေးနဲ့တွေ့ တဲ့အချိန်ပဲမိန်းကလေးလိုဝတ်ခိုင်းတာ၊မင်းကိုမိန်းကလေး တစ်ယောက် ဆိုတဲ့ အသိနဲ့ အဲ့ဒီတော့မှ သူ တရင်းတနှီးပေါင်းမှာ ပေါ့၊ မင်းယောကျာ်းပုံစံနဲ့ သူ့ကို လိုက်နေတာ သူမှ ပြန်မကြိုက်ဘဲ၊ သံယောဇဉ်ဆိုတာ နီးနီးကပ်ကပ် နေခွင့်ရမှာ လည်း ချည်နှောင်တာမျိုးကွ …
ငါပြောတာ မင်း နားလည်သလား၊ မိန်းကလေး တစ်ယောက် ပုံစံနဲ့ သူ့ရဲ့ သံယောဇဉ်ကို မင်း အရင်ယူနိုင်ရမယ်၊ နောက်တော့ ပေါ်သွားတဲ့အခါ သူ့ဘာသာသူ ဆုံးဖြတ်ပစေပေါ့၊ ဒါပေမဲ့ မင်း သူ့ အနားမှာ နေခွင့်ရသရွေ့ နေလိုက်ရတာ ဟာ မင်းအတွက် အမြတ်ပေါ့”
“ကျွန်တော် သူနဲ့ပတ်သက်ရင် အရှုံးအမြတ် လုံးဝမတွက်ဘူး ကိုကြီးသော င်း၊ ဒါပေမဲ့ ကျွန်တော် သိပ်ချစ်နေတဲ့ မိန်းကလေး တစ်ယောက် ရဲ့ အနားကိုရောက်ဖို့ ကျွန်တော် အဲ့ဒီ အူကြောင်ကြောင် အလုပ်ကို လုပ်တော့လုပ်ကြည့်မယ်ဗျာ၊ သူနဲ့ ရင်းနှီးခွင့်ရရင် ကျေနပ်ပြီ”
“အေး… လုပ်ကြည့်စမ်းပါ၊ မင်းရဲ့ ပုံစံကိုတော့ သူသံသယမ၀င်နိုင်အောင် ပြောင်းပစ်ရလိမ့်မယ်၊ ပထမဆုံးမျက်မှန်၊ အဲဒီ မျက်မှန်ကြီးအစား ကွန်တက်(က်)လဲန်း(စ်) ပြောင်းတပ်ပစ်လိုက်၊ မင်းရဲ့ ဆံပင်ဖြောင့်စင်းစင်းတွေ ကို စပရိန်လိုကောက်ပစ်လိုက်၊ ကျန်တာ ဘာမှ ပြင်စရာမလိုဘူး၊ မင်းရဲ့နှုတ်ခမ်းက ထူထူကလေး၊ နှုတ်ခမ်းနီတော့ဆိုးလိုက် …
မင်းရဲ့ လည်ပင်းမှာ လည်စေ့က သိပ်မထင်ရှားတဲ့ အတွက် ပြဿနာမရှိဘူး၊ အဲ … ရင်ဘတ်၊ အဲ့ဒါ ကတော့ အရေး ကြီးတယ်၊ ခုခေတ်မိန်းကလေးတွေ ၀တ်လေ့ရှိတဲ့ အုံမာမာလုံးလုံးကလေးတွေ နဲ့ ဘရာမျိုးတော့ မင်း ၀တ်ရမယ် ဟား ဟား ဟား …
ကျန်တာ ကတော့ ပြဿနာမရှိပါဘူး၊ ခုခေတ်မိန်းကလေးတွေ လည်း ဘောင်းဘီဝတ်ကြတာပဲ၊ မင်းရဲ့ခြေသလုံးမွေးတွေ ကိုတော့ ရိပ်ပစ်ကွာ …
ပြီးတော့ မင်းရဲ့အသံကို နည်းနည်း ပြောင်းလိုက်၊ တိုးတိုးချိုချိုကလေး ပြောတာကိုကျင့်၊ ဒါလောက်ဆိုရပါပြီ”
ကိုကြီးသော င်းက သူ့ကို ခြေဆုံးခေါင်းဆုံးကြည့်ကာ တစ်နေရာချင်း စေ့စေ့စပ်စပ် စီစဉ်ညွှန်ကြားပေးသော အခါ သူ မရယ်ဘဲ မနေနိုင်။ တခွိခွိကြိတ်ရယ်ရင်း ကြက်သီးမွေးညင်းတွေ ပင် ဖြာလေသည်။ ပြီးတော့ … ဒါဟာ တော် တော် ရင်ခုန်တုန်လှုပ်ဖွယ်လည်း ကောင်းသည်။ စိတ်လှုပ်ရှားဖို့လည်းကောင်းသည်။
“ကဲပါကွာ၊ ငါ အားလုံးလိုက်လုပ်ပေးပါ့မယ်”
*********
အခန်း(၂)
ကိုကြီးသော င်းက သူ့ရဲ့ Honda ကား အနီရဲကလေးကို သူမတို့ အုပ်စု ထိုင်နေသော ဆိုင်ရှေ့မှာ ထိုးရပ်ပေးလိုက်သည်။ သူ့ရင်ထဲမှာ တော့ ယောက် ယက်ခတ်ကာ ဆူညံနေပြီ။
“ကဲ … သွားပြီးတော့ မိတ်ဆက်ပေတော့ ကဲကဲ၊ ဟိုမှာ ၀ိုင်းကြည့်နေကြတယ်၊ မနေ့က သင်တန်းအပ်ထားပြီးသားပဲ၊ သင်တန်းသူအသစ်ပါ ဆိုပြီး ချဉ်းကပ်ချေ၊ သူတို့ ကူညီလိမ့်မယ်”
တ၀ုန်းဝုန်း ခုန်နေသော ရင်ဖြင့် ကောင်မလေးရှိရာဆီ သူ ခိုးကြည့်လိုက်မိသည်။ သူမကလည်း သူ့ကားဆီသို့ လှမ်းကြည့်နေဆဲ။ ကားပေါ်မှ ကပျာကရာ ဆင်းလိုက်သည်။ ရိုးလ်ကောလာစပို့ရှပ် အကျပ်အနက်ကလေးနှင့် ဂျင်းဘောင်းဘီကို ၀တ်ကာ ဟာ့(စ်)ရှူးကလေး စီးထားသော သူ့ပုံစံမှာ ၊ ဆံပင်က စပရိန်လို တွန့်ကြေကြေခွေကောက်ထားပြီး နှုတ်ခမ်းပန်းဖျော့ရောင် ကလေး ဆိုးထားသည်။ ဆံပင်ကို ခလယ်ခွဲပြီး ဆံပင်ထိပ်မှာ နဖူးစည်းအနက်ကလေးနှင့် ပြန်အုပ်စည်းထားသဖြင့် မိန်းကလေး တစ်ယောက် မှာ မှ ခပ်မိမိ ခေတ်ဆန်ဆန်ကောင်မလေး တစ်ယောက် ပုံစံ ပေါက်နေလေသည်။
တစ်ခုပဲ အသက်ရှူရခက်နေတာ ပုံလှပလုံးဝန်းသော Triumph ဘရာကြောင့် ဖြစ်သည်။
“ဟဲ့ … ဟိုကောင်မလေး ချစ်စရာလေးတော့၊ ဘရစ်နေစပီးယား(စ်)နဲ့ တူတယ်နော်၊ မျက်လုံးဝိုင်းဝိုင်း နှုတ်ခမ်းထူကလေးနဲ့”
ကေကေက လှမ်းပြောသလို ဥာဏ်တို့အားလုံးလည်း ထိုကောင်မလေးကိုသာ ၀ိုင်းငေးကြည့်နေကြသည်။ သူမကို တစ်ခါမှ မမြင်ဖူးပါ။
“ဟဲ့ … မပြောမရှိနဲ့နော်၊ ငါတို့ဆီလာနေပြီ၊ လိုက်ပို့တာသူ့အစ်ကိုထင်တယ်၊ ချောတယ်တော့”
“လာနေပြီ၊ လာနေပြီ၊ ချစ်စရာလေးတော့”
ဟု ခပ်ကျိတ်ကျိတ် ပြောနေကြဆဲ သူမက အနားရောက်လာသည်။
“ခဏ ထိုင်မယ်နော်”
အသံကလေးက တိုးပေမဲ့ သြသြကလေး။
“အင်း … ထိုင်ပါ၊ ထိုင်ပါ”
“တို့က ဒီနေ့မှ သင်တန်းစတက်ရမှာ ၊ နောက်တော့ကျနေပြီလေ၊ အသစ်ဆိုတော့ အဖော်တွေ ဘာတွေ လဲ မရှိတော့၊ သူတို့ကို လာမိတ်ဆက်ထားတာပါ၊ တို့ကို ကူညီပါနော်၊ ဟိုလေ … အားငယ်လို့”
မိန်းကလေး တစ်ယောက် ရဲ့လေသံ ပေါက်အောင် သူ မနည်းကြိုးစားထိန်းပြီး ပြောရသည်။ ရင်ထဲ ကတော့ တလှုပ်လှုပ်ဖြင့် ရယ်ချင်နေသည်။ သူ့ကိုကောင်မလေးက လုံးဝမမှတ်မိ။ မိန်းကလေး တစ်ယောက် လို့လည်း အကြွင်းမဲ့ ယုံကြည်နေပုံရသည်။ ခုခေတ်ကလည်း ကောင်လေးနှင့် ကောင်မလေးကို သိပ်ခွဲခြားလို့ မရတတ်သော ခေတ် ဖြစ်သည်လေ။
“အမယ်လေး … ရပါတယ်၊ ကျွန်မတို့က ခင်တတ်ပါတယ်၊ ရှင် ကားပေါ်က ဆင်းလာကတည်းက ကြည့်နေတာ၊ ကြည့်ပြီး ချောတယ်လို့ ပြောနေကြတာ၊ မျက်လုံးဝိုင်းဝိုင်းကလေးတွေ နဲ့ ဘရစ်နေနဲ့ တူတယ်လို့နော် … ဟဲ့၊ ဘာမှ အားမငယ်နဲ့၊ ကျွန်မတို့အုပ်စုနဲ့ လာဂျွိုင်းလိုက်၊ မိတ်ဆက်ပေးမယ်၊ ကျွန်မက ဥာဏ်လင်းပွင့်၊ ဥာဏ်ဥာဏ်လို့ခေါ်ကြတယ်၊ သူက ကေသီမြတ်မောင် ကေကေပေါ့၊ သူက ခိုင်ဇာစိုးဟန် ဇာဇာ၊ သူက ယုဇနချစ် ချစ်ချစ်ပေါ့၊ ကဲ … ရှင့် နာမည် ပြော”
“ကျွန်မက ရွှေဘုန်းကံ ပါ၊ ကံကံလို့ ခေါ်ကြတယ်”
“အံမယ် … နာမည် ကမပျံစားပါလား၊ အိုကေ၊ ဒီနေ့ကစပြီး သူငယ်ချင်းတွေ ဖြစ်ပြီပေါ့၊ လာ ကံကံ၊ ကြိုဆိုပါတယ်”
လေးယောက် သား လက်သန်းကလေးတွေ ချင်း လှမ်းချိတ်ဆက်လိုက်ကြတာမို့ သူလည်း ကပျာကရာ လက်သန်းကလေးကွေးကာ ၀င်ချိတ်လိုက်ရသည်။ ခုလိုကျတော့လည်း အလွယ်ကလေးပါလား။ သူ ကောင်မလေးကို လိုက်နေတာဖြင့် သုံးလေးလရှိခဲ့ပြီ။ ရင်းနှီးခွင့်ဆိုတာ မျှော်ပင်မမျှော်လင့်ရဲခဲ့ပါ။ သူ့ကိုမြင်တာနှင့် သူမက မျက်နှာတစ်ခုလုံး စူပုပ်ကာ ချာခနဲ လှည့်သွားတတ်၊ မျက်စောင်းထိုးတတ်၊ အော်ဟစ်ငေါက်ငမ်းတတ်မြဲ။ ခုတော့ဖြင့် ချိုလိုက်တာ။ မြင်မြင်ချင်းပင် တရင်းတနှီး နွေးနွေးထွေးထွေး။
သင်တန်းမှာ လည်း သူက ဥာဏ့်ဘေးမှာ ကပ်ပြီးတော့ ထိုင်သည်။ ဥာဏ်က မရမ်းပြားထုပ်တွေ ကို တစ်ထုပ်ပြီးတစ်ထုပ် ဖောက်စားတတ်ကာ သူမ၏ နှုတ်ခမ်းကလေးနှင့် စုပ်ယူပြီးတိုင်း လက်ဆင့်ကမ်းသလို သူ့ဘက်သို့ လှမ်းပေးတတ်မြဲ။ ထိုအခါ သူကလည်း ရင်ခုန်လှစွာ ဖြင့် သူ လုံးဝမကြိုက်သော ချဉ်စုပ်စုပ်မရမ်းပြားကို ကြိတ်မှိတ်ကာ စားမြဲ ဖြစ်လေသည်။ သူမဘေးမှာ နေပြီး သူမရဲ့ မျက်နှာကလေးကို အနီးကပ် မြင်တွေ့ ခွင့်ရသော ထိုအချိန်ကလေးကို တော် တော် နှင့် မကုန်ဆုံးချင်ပေ။
“ရှင်တို့ နောက် ဘာသင်တန်းတွေ တက်သေးလဲဟင်။ ကျွန်မလည်း အတူတူလိုက်တက်မယ်၊ ရှင်တို့နဲ့ ခင်ရတာ အရမ်းပျော်ဖို့ ကောင်းတာပဲ သိလား”
“အင်း … ကောင်းတယ်၊ တက်သာတက်၊ ကျွန်မတို့က အင်္ဂလိပ်(ရှ်)လည်း တက်တယ်၊ ကျွန်ပျူတာလည်းတက်တယ်၊ LCCI လည်း တက်တယ်၊ အားရင်လည်း သူငယ်ချင်းတွေ စုချိန်းပြီး နေရာအနှံ့ လျှောက်သွားကြတာ၊ တစ်နေ့မှ မတွေ့ တဲ့နေ့ မရှိဘူး သိလား၊ ပြီးတော့ ညတိုင်းလည်း ဖုန်းကလှည့်ပတ်ပြီးတော့ ပြောကြသေးတာ …
တစ်ခါတစ်လေ တစ်ယောက် ယောက် အိမ်မှာ စုပြီးတော့ ညအိပ်ကြတယ်၊ DVD တွေ ကြည့်ကြ၊ ကာရာအိုကေတွေ ဆိုကြ၊ ညလုံးပေါက် စကားတွေ ပြောကြနဲ့ အရမ်းပျော်ဖို့ကောင်းတယ် ကံကံရဲ့၊ ကျွန်မတို့ သူငယ်ချင်းတွေ က ညီအစ်မတွေ ထက်တောင် သိပ်ချစ်ကြတာ”
“ဟယ် … ကောင်းလိုက်တာ၊ ပျော်စရာကြီး၊ ကျွန်မကိုလည်း ခင်ပါနော်၊ ဘယ်သွားသွား ခေါ်သာခေါ်၊ လိုက်မယ်၊ ညအိပ်ရင်လည်း ခေါ်နော်၊ လာအိပ်မယ်၊ ဖုန်းနံပါတ်တွေ လည်း ပေးထားကြဦး၊ ညတိုင်း ကျွန်မလည်း ဖုန်းဆက်မယ်”
“ကံကံကလည်း ခင်ဖို့ကောင်းပါတယ်နော်၊ ကျွန်မတို့နဲ့ တိုက်(ပ်)ချင်း တူပုံရတယ်၊ ပေါင်းလို့ရတယ် သိလား”
ဥာဏ်သည် စကားပြောရင် လက်ကလေးက အမြဲပါသည်။ လက်ကလေးနှင့် သူ့လက်ကို ဖျတ်ခနဲ လာရိုက်ချင်ရိုက်မည် ။ လက်ကို လာကိုင်ချင်ကိုင်မည် ။ ထိုအခါ သူ့မှာ ကြက်သီးမွေးညင်းဖြာလျက် စိတ်လှုပ်ရှားရလေသည်။ သူ့ကို မိန်းကလေး တစ်ယောက် ဆိုသော အသိဖြင့် ဥာဏ်က ဟက်ဟက်ပက်ပက် နွေးထွေးလျင်မြန်စွာ ရင်းနှီးပစ်လိုက်ခြင်း ဖြစ်သည်။ ကျန်တဲ့သူငယ်ချင်းတွေ ကလည်း သူ့ကို ခင်ခင်မင်မင် ဆက်ဆံကြသည်။ သူ့အပေါ် လုံးဝသံသယ မရှိချေ။
+ + +
ယောကျာ်းလေး တစ်ယောက် နှင့် မိန်းကလေး တစ်ယောက် ကြားမှာ ခင်မင်ရင်းနှီးဖို့အတွက် အချိန်တစ်ခု လိုအပ်သော်လည်း၊ မိန်းကလေးချင်းကျတော့ ဘာအဟန့်အတားမှ မရှိတော့ချေ။ ညတိုင်း သူနှင့် ဥာဏ် ဖုန်းပြော ဖြစ်ကြသည်။ သူမတို့တက်သမျှ သင်တန်းတကာမှာ သူ လိုက်တက်လေသည်။ သူမတို့သွားသမျှ Shopping mall တွေ မှန်သမျှဆီ သူ လိုက်သည်။ ဘယ်လောက်ထိအောင် ရင်းနှီးခွင့်ရသလဲဆိုလျှင် မိန်းကလေးအိမ်သာအထိပါ သူလိုက်ခွင့်ရ၏ ။ အဘယ်ကြောင့် ဆိုသော် သူကလည်း မိန်းကလေး တစ်ယောက် လို ၀တ်စားထားသော ကြောင့် ဖြစ်သည်။
ပြီးတော့ မိန်းကလေးတွေ ၏ ရှုပ်ထွေးဆန်းကြယ်သော အတွင်းရေး တွေ ကိုလည်း သူ မမျှော်လင့်ဘဲ သိခွင့်ရသည်။ တစ်ရက်မှာ Computer သင်တန်း၏ သန့်စင်ခန်းထဲမှာ ပြဿနာတစ်ခုတက်၏ ။ ဖြစ်တာက ဥာဏ် ဖြစ်သည်။
“ဟယ် … EVA ဘယ်သူပါသလဲဟင်”
ဥာဏ်က မျက်လုံးဝိုင်းကလေးနှင့် ခပ်တိုးတိုးပြောလျှင် ရုတ်တရက် သူ နားမလည်ချေ။
ကျန်သူငယ်ချင်းတွေ က …
“ဘယ်ပါမှာ လဲ ဥာဏ်ဥာဏ်ရဲ့၊ နင် ဖြစ်နေလို့လား”
“အေး … ဖြစ်နေလို့ တောင်းတာပေါ့ဟဲ့”
“ဘာ ဖြစ်တာလဲဟင်”
သူ ယောင်ယမ်းကာ မေးမိသွားသည်။ ကျန်မိန်းကလေးတွေ က သူ့ကို ဒါလေးတောင် မသိဘူးလားဟူသော အံ့သြမှု ဖြင့် ချာခနဲ ၀ိုင်းကြည့်ြ ကတော့မှ သူ မိန်းကလေးတွေ ရဲ့ ကိစ္စကို နည်းနည်း ရိပ်မိသွား၏ ။
“ဟယ် … ကံကံ၊ နင် မ ဖြစ်ဖူးဘူးလား၊ ဘာ ဖြစ်တာလဲတဲ့၊ မေးပုံကြီးကလည်း”
“အမယ်လေး … ငါ သိပါတယ်ဟဲ့၊ ရုတ်တရက်မို့ မကြားလိုက်လို့ မေးမိတာပါ၊ ဥာဏ်ဥာဏ် ကျွန်မ ဘာလုပ်ပေးရမလဲ”
“သြော် … EVA လိုချင်တာပေါ့ ကံကံရဲ့”
“ငါ သွားဝယ်ပေးမယ်”
သူ ချက်ချင်း ပင် ထွက်လာခဲ့ပြီး သင်တန်းပေါ်မှဆင်းလာခဲ့သည်။ ဒီအနီးနားတစ်ဝိုက်မှာ Minimart တစ်ခုရှိနေတာမို့ အတော် ပဲ ဖြစ်ပေမဲ့ EVA ၀ယ်ရတာ သူ နည်းနည်း တော့ရှက်ပါသည်။ ဒါပေမဲ့ သူ့ပုံစံကလည်း မိန်းကလေးပုံစံကလေးမို့ ဘာပြဿနာမှတော့ မရှိပါ။
EVA ကပျာကရာဝယ်ပြီး ဥာဏ်ဥာဏ့် အခက်အခဲကို ကူညီလိုက်ရသော အခါ သူ ကျေနပ်သည်။ အကယ်၍ သူသာ ယောကျာ်းလေး တစ်ယောက် လို နေခဲ့ရင် ဒီလို အတွင်းကျကျ ကူညီမှု မျိုး သူ လုပ်ပေးခွင့်ရမှာ မဟုတ်ချေ။
“ကံကံရယ် …နင် သိပ်လိမ္မာတာပဲ၊ အရမ်းအလိုက်သိတယ်၊ လှစ်ခနဲ ထွက်သွားပြီး ၀ယ်လိုက်တာ၊ ငါတောင် အားနာသွားတယ်၊ အဟုတ်”
“အမယ်လေး၊ အားနာစရာလား၊ သူငယ်ချင်းချင်းပဲဥစ္စာ”
သူ့ရင်ထဲမှာ ဥာဏ့်ကို ကျိတ်သနားနေတာ ဥာဏ်မသိရှာ။ မိန်းကလေးတွေ ဟာ တကယ်သနားဖို့ကောင်းတာနော်၊ သူတို့ခမျာ တစ်လတစ်ခါ အလုပ်တွေ ကို ရှုပ်လို့။
“ငါက အဲ့ဒါ ဖြစ်ရင် ဗိုက်အရမ်းအောင့်တတ်တာ ကံကံရဲ့၊ သင်တန်း မတက်ချင်တော့ဘူး၊ ငါ အိမ်ပြန်တော့မယ်”
“နင် ပြန်ရင် ငါလည်းပြန်မယ်လေ၊ ငါ ပြန်လိုက်ပို့မယ်၊ တက္ကစီငှားပြီး ပြန်ကြတာပေါ့”
“အင်း … ကောင်းတယ်၊ ဟိုမိန်းမတွေ မလိုက်ကြနဲ့တော့၊ ငါနဲ့ ကံကံပဲ ပြန်လိုက်မယ်”
ကျန်တဲ့ သူငယ်ချင်းတွေ က ကျန်ရစ်ခဲ့ကြသည်။ သူနှင့် ဥာဏ် နှစ် ယောက် တည်းသာ ပြန်လာခဲ့ကြသည်။ သူကဥာဏ့်လက်ကလေးကို ဘာရယ်မဟုတ် အားပေးတဲ့အနေနဲ့ ဆုပ်ကိုင်ဖျစ်ညှစ်ထားမိသည်။ ကားငှားပြီးသော အခါ ကားနောက်ခန်းမှာ အတူထိုင်ကြ၏ ။
“အဲ့ဒီလို ကိုက်ရင်ငါက အကိုက်အခဲပျောက်ဆေး အမြဲ သောက်ရတယ် ကံကံရဲ့၊ နင်ရော မကိုက်တတ်ဘူးလား”
“ဟေ့အေး”
သူရယ်ချင် သွားပါသည်။
ပြီးတော့ ဥာဏ့်မျက်နှာကလေးကိုပဲ မသိမသာ အကဲခတ်ကာ အရိပ်ကြည့်နေသည်။ သူ ဘာလုပ်ပေးရကောင်းမလဲ။
“နင်ဘာဆေးသောက်လဲ ဥာဏ်၊ ငါ ၀ယ်ပေးမယ်လေ”
“အိမ်မှာ ရှိတယ် ကံရဲ့ EPO သောက်တာ၊ အိမ်ကျမှပဲ သောက်တော့မယ်”
သူ့စိတ်ထဲမှာ ဆေးနာမည် ကို မှတ်ထားလိုက်၏ ။ နောက်ဆို တစ်လတစ်ခါ ဥာဏ် အဲဒီ လို ဖြစ်တိုင်း သူ အဲ့ဒီဆေးကိုဆောင်ထားလျှင် ဝေဒနာကို ဥာဏ် မခံစားရတော့ဘူးပေါ့။
ဥာဏ့်အိမ်သို့ ရောက်သော အခါ …
“လာ ကံကံ … အခန်းထဲမှာ ပဲ သွားအိပ်ရအောင်၊ နင် မပြန်သေးဘူးမို့လား၊ ငါ ပျင်းလို့ဟ၊ စကားပြောရအောင်နော်၊ ညနေကျမှ ငါ ပြန်ပို့ပေးမယ်”
ဥာဏ်က သူမ အခန်းထဲသို့ သူ့ကို ခေါ်သွားလေသည်။ သူ ဘယ်လောက်ပျော်ရွှင် ရင်ခုန်သွားသလဲဆိုတာ ပြောပင်မပြတတ်ပါ။ ကိုယ်ချစ်သော မိန်းကလေး တစ်ယောက် ရဲ့ အခန်းထဲသို့ သူ ၀င်ခွင့်ရလိမ့်မည် ဆိုတာ ဟိုးအရင်က ယောင်လို့တောင် မတွေးရဲခဲ့ပါ။
ဥာဏ့် အခန်းက မွှေးပျံ့သန့်ရှင်းကာ ဗေဒါရောင် ဖျော့ဖျော့ ဆေးသုတ်ထားပြီး နှစ် ယောက် အိပ် မွေ့ရာကြီးပေါ်မှာ အရုပ်မျိုးစုံ ပတ်ပတ်လည် ပြည့်နှက်လျက်။ ပြီးတော့ ရေမွှေးပုလင်းကလေးပေါင်း များ စွာ ကို နံရံကပ်ဗီရိုကလေး တစ်ခုထဲမှာ စနစ်တကျ စီရီခင်းကျင်းထားလျက်၊ အခန်းတွင်းစိုက် ပန်းအိုးကလေးတွေ ။ ကွန်ပျူတာစားပွဲ။ တီဗီနှင့် DVD စက်တွေ ။ ပြီးတော့ ကတ်ဆက်၊ အားလုံး စနစ်တကျ သပ်သပ်ရပ်ရပ်။ အလှပြင် မှန်တင်ခုံပေါ်မှာ Skin care ပစ္စည်းတွေ ၊ နှုတ်ခမ်းနီတွေ စီစီရီရီ …
“ရော့ ကံကံ၊ ဂါဝန်လဲထားလိုက်´
ဥာဏ်က ဗီရိုထဲမှ ဂါဝန်နှစ် ထည် ထုတ်ကာ သူ့ဆီသို့ တစ်ထည်ပစ်ပေးသော အခါ သူ ရင်ထိတ်ခနဲ ခုန်သွား၏ ။ ဂါဝန်နှစ် ထည်စလုံးက ကြိုးတစ်ချောင်းဂါဝန်ကလေးတွေ ချည်း။
ဥာဏ် ကတော့ သူ ရှိနေတာကို လုံးဝ ဂရုမစိုက်ဘဲ လဲစရာရှိတာတွေ လဲပြီးသော အခါ မွေ့ရာပေါ်သို့ ဒိုင်ဗင်ထိုးကာ ပစ်လှဲအိပ်နေပြီ။
“အမယ်လေး … ခုမှပဲ ပေါ့ပါးသွားတော့တယ်ဟယ်။ ဟယ် … ငါ ဆေးမသောက်ရသေးပါလား၊ ကံကံရယ်၊ အဲ့ဒီ ရေခဲသေတ္တာလေးထဲမှာ EPO ပုလင်းကလေးနဲ့ ရေပုလင်းကလေး ယူပေးဟယ်၊ ငါ မထချင်တော့လို့ပါ”
“အေးပါ၊ အေးပါ၊ ရပါတယ်”
သူရေခဲသေတ္တာကလေး ပြေးဖွင့်ကာ ဆေးပုလင်းနှင့် ရေခွက်ကလေးယူပြီး ဥာဏ့်ကို တိုက်လိုက်သည်။
“ကံကံက တကယ်ချစ်ဖို့ကောင်းတယ်၊ ကေကေတို့ဆို သူတို့ကို အဲ့ဒီလိုခိုင်းရင် ငြူစူလို့ မပြီးတော့ဘူး၊ ကံကံအကျီင်္လဲလေ၊ ပြီးရင် ဒီမှာ လာအိပ်၊ စကားတွေ ပြောရအောင်”
သူ့အ ဖြစ်မှာ ပျော်လည်းပျော် ၊ ရင်လည်းခုန်ကာ စိတ်လည်း ညစ်နေသည်။ စိတ်ညစ်တာက အကျီင်္လဲရမှာ စိုးသော ကြောင့် ဖြစ်သည်။
“မလဲတော့ပါဘူးဟယ်”
“ဟယ် … ဘယ် ဖြစ်မှာ တုံး၊ ညည်းအကျီင်္နဲ့ ဘောင်းဘီက အကျပ်တွေ ဥစ္စာ၊ ကေကေတို့ ဇာဇာတို့လည်း ဒီလိုပဲလဲကြတာပဲ၊ လဲလိုက်စမ်းပါ”
“ဒါဖြင့် ရေချိုးခန်းထဲမှာ လဲမယ်”
“အမယ်လေးဟဲ့၊ မိန်းမချင်းများ သူက အရှက်ကြီးနေသေးတယ်၊ ဘယ်သူက နင့်ကိုကြည့်မှာ တုံး၊ အတူတူချင်းကို ဟား ဟား”
ဥာဏ်က သူ့ပုံစံကိုကြည့်ကာ အားပါးတရ အော်ရယ်လျက်ရှိသော အခါ သူ ရှက်သွားသည်။ သို့သော် ရေချိုးခန်းထဲမှာ ပဲ သူ ဂါဝန်သွားလဲလိုက်ရ၏ ။
“ဟဲ့ … ဘရာပါ ချွတ်ထားလိုက်လေ၊ ရှင့်ကြည့်ရတာ အသက်ရှူရ ခက်လိုက်တာနော် ကံကံရယ်၊ အရှက်ကလည်းကြီးပါ့”
“ဟေ့အေး… မချွတ်တော့ပါဘူးဟယ်၊ ငါမနေတတ်ဘူး”
“လာ … လာ … ဒီမှာ လာအိပ်”
ဥာဏ်က သူမ ဘေးနေရာကလေးကို လက်ကလေးနှင့် ပုတ်ပြလေသည်။ သူ့ရင်တွေ ၀ုန်းဒိုင်းကြဲကာ ဆူညံလာ၏ ။ ဥာဏ်ရဲ့ မွေ့ရာပေါ်မှာ သူ အသာအယာကလေး ၀င်လဲလျောင်းလိုက်သော အခါ သူ့ရင်ထဲ နွေးခနဲ လှိုက်ခုန်သွားလေသည်။ အို ဟု အမေဍိတ်ကလေးတိုးတိုး ရင်ထဲမှာ တိတ်တိတ်ဆိုညည်းလိုက်သည်။
အနီးကပ် မြင်နေရသော ဥာဏ့်မျက်နှာကလေးက အံ့သြလောက်ဖွယ် ချစ်စရာကောင်းလှပြီး သူ့ကို ပြုံးကာကြည့်နေသည်။
“ဘာကြည့်နေတာလဲ”
“အမယ်လေး ကံကံရယ်၊ နင် သိပ်ရှက်တတ်တာပဲ၊ အံ့သြဖို့ ကောင်းလိုက်တာ”
ဥာဏ်က သူ့ပါးကို ဖျတ်ခနဲလှမ်း၍ ဆွဲလိမ်ပစ်လိုက်သော အခါ သူ့ရင်တွေ တဖျပ်ဖျပ် ခုန်သွားပြီး သူ့လက်များ က ဥာဏ့် ပါးပြင်ကလေးဆီ တို့ထိ ပွတ်သပ်လိုက်မိလေသည်။
“ဥာဏ်ဥာဏ် … နင့် ပါးပြင်ကလေးတွေ က နုအိချောမွတ်နေတာပဲနော်၊ သွေးကြောကလေးတွေ တောင် မြင်နေရတယ်၊ နင်သိပ်လှတယ် သိလား၊ အရမ်းချစ်ဖို့ကောင်းတယ်”
“ ဟား ဟား ဟား ကံကံ၊ ကံကံ၊ ငါ့ကိုလာပြီး မြှော က်နေတယ်၊ ကြည့်စမ်း၊ ပြော … နင်ဘာစားမလဲ၊ ရှောက်သီးသုပ်နဲ့ ကြာဇံဟင်းခါး စားမလား၊ ငါ မအေးကို သုပ်ခိုင်လိုက်မယ်”
“ဟင့်အင်းက၊ မစားချင်ပါဘူး၊ နင့်ကို ငါ အရမ်းချစ်တယ်သိလား ဥာဏ်ဥာဏ်၊ နင့်အတွက်ဆို ငါ ဘာမဆို လုပ်ပေးမယ်၊ နင် ဘယ်အချိန်မှာ ဘာပဲလိုအပ်လိုအပ် အချိန်မရွေး ငါ့ကိုသာ ခေါ်လိုက်”
“အေးပါဟယ်၊ ငါလည်း နင့်ကို ချစ်ပါတယ်၊ ငါက တစ်ဦးတည်းသော သမီး ဆိုတော့ ညီအစ်မ သိပ်လိုချင်တာဟ၊ သူငယ်ချင်းတွေ ဆိုလည်း သိပ်မက်တာ၊ နင်နဲ့ငါ သွေးသောက်ညီအစ်မဖွဲ့မယ်လေ ဟား ဟား၊ ငါက နည်းနည်း တော့ အခိုင်းသန်တယ်နော်၊ နင် သည်းခံရမယ်၊ ပြီးတော့ ငါက ငါချစ်တဲ့လူဆိုရင် ဗိုလ်လည်းကျတတ်တယ်၊ သိလား”
“အမယ်လေး … ကြိုက်သလောက်သာ ခိုင်း၊ ကြိုက်သလောက်သာ ဗိုလ်ကျစမ်းပါ၊ ကဲ အခု ဘာလုပ်ပေးရမလဲပြော”
“နင်တကယ် လုပ်ပေးမယ်ပေါ့၊ နေဦး … ဘာလုပ်ခိုင်းရရင် ကောင်းမလဲ၊ ငါ စဉ်းစားလိုက်ဦးမယ်၊ အို … ငါသတိရပြီ၊ ငါ့ခြေသည်းတွေ အရောင် ပြောင်းချင်နေတာ၊ နင်လုပ်ပေးမလား၊ ကဲ …”
တကယ်တော့ ဥာဏ်က သွေးတိုးစမ်းကာ နောက်လိုက်ခြင်းလည်း ဖြစ်သည်။ သို့သော် ကံကံ့ဆီမှ …
“လုပ်ပေးမယ်၊ ဖျက်ဆေးရယ်၊ ဘာအရောင် ဆိုးမလဲ ဆိုတာပဲပြော”
ဟု လိုလိုချင်ချင် အသံထွက်လာသော အခါ ဥာဏ်အံ့သြသွားလေသည်။ ဘယ်သူငယ်ချင်းမှ ခြေသည်းဆိုးဆေးဆိုးပေးလောက်အောင်တော့ အနွံတာမခံကြပါ။ ကံကံသည် အခုမှခင်တာ မကြာသေးပေမဲ့ ဥာဏ့်အပေါ် အလွန်ကောင်းလွန်းနေတာ ဘာကြောင့် ပါလိမ့်။ ဥာဏ့်ကို ကံကံ ကြည့်တာကအစ ကေကေတို့ ဇာဇာတို့ကို ကြည့်ပုံမျိုးမဟုတ်။ ချိုချိုရီရီ ချစ်ချစ်ခင်ခင်ကလေး ဖြစ်သည်။
“တော် ပါပြီဟယ်၊ နောက်တာပါ၊ နင် ငါ့အပေါ် ဘယ်လောက် အနွံအတာခံမလဲဆိုတာ စမ်းကြည့်တာပါ”
“မစမ်းပါနဲ့ ဥာဏ်ဥာဏ်၊ ငါ တကယ်လုပ်ပေးမယ်၊ ပြောဖျက်ဆေးနဲ့ လက်သည်းဆိုးဆေးပုလင်း”
“ဒါဆိုလည်း ပြီးရော၊ ဇိမ်တောင်ရှိသေး၊ ခဏနေဦး၊ ငါ သွားယူပေးမယ်”
ဥာဏ်သည် ဖျက်ဆေးပုလင်း ဂွမ်းနှင့် လက်သည်းနီပုလင်းကလေး သွားယူလာပေးလိုက်သည်။
“ခြေထောက်ကို ဒီဖက်လုံးပေါ်တင်ထားလိုက် ဥာဏ်ဥာဏ်”
ဥာဏ်သည် ခြေထောက်ကို ဖက်လုံးပေါ် တင်ပေးလိုက်ကာ ဥာဏ့် ခြေသည်းကလေးတွေ ကို စိတ်ရှည်လက်ရှည်ဖျက်ဆေးနဲ့ ပွတ်တိုက်ဖျက်ပေးနေသော ကံကံ့ မျက်နှာကလေးကို ငေးစိုက်ကြည့်နေမိလျက် ရှိလေသည်။ ဥာဏ့်အပေါ် အခုလောက် အောက်ကျနောက်ကျခံကာ ပေါင်းသော သူငယ်ချင်းမျိုး မရှိခဲ့ဖူးသေးခဲ့၊ ကေကေတို့ ဇာဇာတို့နှင့် ပေါင်းတာက တန်းတူရည်တူ ပေါင်းတာမျိုး။ သူငယ်ချင်းချင်း သိပ်ချစ်ကြတယ်ဆိုပေမဲ့ ဒီလောက် တယုတယ၊ ကယုကယင် လုပ်မပေးတတ်။
“ကံကံရယ် … နင် တကယ်ချစ်ဖို့ကောင်းလိုက်တာ၊ ငါတို့ ဟိုဘ၀က ညီအစ်မများ တော် ခဲ့သလား မသိဘူးနော်”
“အင်းပေါ့”
ကံကံသည် ခြေသည်းဆိုးဆေးကို လက်မတုန်အောင် သတိထားထိန်းကာ စိတ်ရှည်လက်ရှည် ဆိုးပေးလျက်ရှိသည်။ ကိုယ့်ချစ်သူကလေးကို ခုလို နီးနီးကပ်ကပ်၊ ယုယုယယကလေး လုပ်ကိုင်ပေးခွင့် ရလိမ့်မည် ဟု သူ မမျှော်လင့်ခဲ့ပါ။
`နင့်ခြေထောက်ကလေးတွေ က အရမ်းလှတယ် ဥာဏ်၊ နင့်ကို ချစ်ခွင့်ရတဲ့ ယောကျာ်း ကတော့ တော် တော် ကံကောင်းမှာ ပဲနော်”
ဥာဏ်က သဘောကျစွာ ရယ်မောလျက်ရှိပြီး …
“ကံကောင်းသလား၊ မကောင်းဘူးလားတော့ မသိဘူးဟေ့၊ ငါ့ကို မှန်ကြောင်တစ်ကောင် လိုက်ဖူးတယ် သိလား၊ သူ့ရုပ်ကဟယ် ဘယ်လိုခေါ်မလဲ၊ အရမ်းမုန်းစရာကောင်းတယ်၊ မျက်မှန်က အထူကြီးနဲ့၊ လူက မိန်းမလို ကနွဲ့ကလျကလေး၊ လုပ်လိုက်ရင် တလွဲချည်းပဲ၊ အဲ့ဒီ တစ်ယောက် လိုက်တာ ခံရတုန်း ကတော့ ငါ့မှာ လေ သူ့ကို မုန်းလွန်းလို့ ချိုးဖဲ့ခြေမွပစ်ချင်တယ်၊ သူ့ရုပ်နဲ့ဟယ်၊ ငါ့လိုမိန်းမချောကလေးကို လိုက်ရဲတာ အံ့ပါရော၊ တူသလား တန်သလား စဉ်းစားပါတော့လားနော် …
သူ့မျက်နှာမြင်တိုင်း ငါ တော် တော် ဒေါသထွက်ရတယ်၊ အခုတော့ ပျောက် သွားပါပြီ၊ သူ မလာတော့ဘူး၊ အဲ့ဒါမှပဲ စိတ်ချမ်းသာရတော့တယ်၊ သူ ဆက်လိုက်နေရင်လည်း တစ်နေ့နေ့တော့ ငါ တစ်ခုခု လုပ်မိတော့မှာ ၊ သူ့အကြောင်းသူ သိသွားလို့ ထင်ပါရဲ့၊ ဆက်မလိုက်တော့ဘူး”
ဟု ပြောပြနေသော အခါ သူ့မျက်နှာတစ်ခုလုံး ပူနွေးရှိန်းမြသွားလေသည်။ ဥာဏ်ဟာ သူ့အပေါ် ဘယ်လောက်မုန်းနေသလဲ ဆိုတာကို အခုမှပင် သူကိုယ်တိုင် နားနှင့် ဆတ်ဆတ် ကြားခွင့်ရလိုက်ရခြင်း ဖြစ်ကာ ရင်ထဲမှာ တစ်ခုခု ကွဲကြေသွားသလို နာကျင်သွား၏ ။
တစ်ချိန်ချိန်မှာ သူသည် ဥာဏ် အလွန်မုန်းသော မှန်ကြောင်မှန်း ဥာဏ်သိသွားခဲ့လျှင် … အို … သူမတွေးချင်သေးပါ။ ဥာဏ့် အနားမှာ နေခွင့်ရှိသရွေ့ အနွံတာခံခွင့် ရှိသရွေ့ ပေးဆပ်ယုယခွင့် ရှိသရွေ့ သူ နေချင်ပါသည်။
“အဲ့ဒီကောင်ကို နင် တော် တော် မုန်းသလား ဥာဏ်”
“အေး … တော် တော် ကို မုန်းတာဟဲ့။ သူ့မျက်နှာမြင်လိုက်တိုင်း ဒေါသတွေ က လှိုင်းလိပ်တွေ လိုပဲ အလိပ်လိုက်၊ အလိပ်လိုက် လိပ်လိပ်တက်လာပြီး သူ့ကို ကုတ်ဖဲ့ထုနှက်ပစ်ချင်တယ်၊ ရေကန်တွေ ဘာတွေ ထဲ တွန်းချပစ်ချင်တယ်၊ မကြိုက်တာမှ ဘယ်လိုမှကို မကြိုက်တာ”
ဥာဏ်သည် မျက်နှာကလေးကို မဲ့ရွဲ့ကာ လက်တခါခါဖြင့် ပြောလေသည်။ သူသည် သက်ပြင်းကို ခိုး၍ ရှိုက်ရ၏ ။ သူ့ပုံစံက ခုချိန်မှာ ဘာနှင့် တူနေသလဲဆိုရင် သူလျှို တစ်ယောက် နှင့် တူနေသည်။
“ဘယ်ဘ၀က ရေစက်မှန်းကို မသိပါဘူး ကံကံရယ်၊ သူ့ကိုတော့ စိတ်ထဲကကို အလိုလိုနေရင်း အမုန်းဓာတ်က ၀င်နေတာ၊ တခြားလိုက်တဲ့ ကောင်လေးတွေ လည်း ရှိပါတယ်ဟယ်။ ဒါပေမဲ့ သူ့လို အူကြောင်ကြောင် ပေတိပေကပ် မဟုတ်ပါဘူး၊ မကြိုက်ဘူးဆိုရင် မကြိုက်ဘူး ပြောလိုက်ရင် နားလည်သွားကြတာပါပဲ၊ သူ့ကျတော့ နားလည်းမလည်အလိုက်ကန်းဆိုးကလည်း မသိ၊ နင် မမြင်ဖူးလိုက်လို့ အရမ်းမုန်းစရာကောင်းတာဟဲ့”
ခြေသည်းကလေးတွေ ဆိုးလို့ပြီးသွားခဲ့ပြီ။ ဥာဏ်လည်း မျက်လုံးကလေးများ မှိတ်ကာ ငြိမ်သက်သွားလေပြီ။ သူမအိပ်ပျော်သွားခြင်း ဖြစ်မည် ။ သူသည် အပြစ်ကင်းစင်စွာ အိပ်စက်မွေ့ပျော်နေသော ချစ်ရသူကလေး၏ မျက်နှာကလေးကို ချစ်မြတ်နိုးခြင်းအပြည့်ဖြင့် ယစ်မူးရီဝေစွာ မာန်မာနတွေ ၊ ရန်လိုငြူစူခြင်းတွေ ကင်းစင်လျက် ငြိမ်းချမ်းလှပကာ ကြည်လင်နေသော မျက်နှာကလေး။
သူ သက်ပြင်းတွေ အကြိမ်ကြိမ်ချရင်း သူမ မျက်နှာကလေးကိုသာ အချိန်တွေ ဘယ်လောက်ထိအောင် ကြာမြင့်သွားသည် မသိလိုက်ရဘဲ ငေးကြည့်နေခဲ့သည်။
တစ်နာရီကျော်ကျော်လောက် သူမ အိပ်ပျော်သွားပြီး ဖျတ်ခနဲ လန့်နိုးလာချိန်တွင် ဖုန်းသံထမြည် ၏ ။ ကံကံသည် ဖုန်းသံဖြင့် ဥာဏ်နိုးသွားမှာ စိုးရိမ်သည့်အလား ဖုန်းဆီသို့ ကမန်းကတန်း ပြေးကိုင်ရသည်။
“ ဟဲ့ … တိုးတိုးလုပ်ပါဟဲ့၊ ဥာဏ်ဥာဏ် အိပ်ပျော်နေတယ်၊ နိုးသွားတော့မှာ ပဲ”
ဟု အကဲဆတ်ဆတ် ပြောနေသော ကံ့အသံကို နားထောင်ရင်း ဥာဏ့် နှုတ်ခမ်းကလေးများ ပြုံးနေသည်။
“အမယ်လေး၊ အကဲပိုလိုက်တာ ကံကံရယ်၊ ဥာဏ်နိုးတော့ ဘာ ဖြစ်သတုံး၊ နှိုးလိုက်၊ နှိုးလိုက်၊ ကျွန်မတို့ သင်တန်းပြီးပြီ၊ သူ့အိမ်ကို လာနေကြပြီ၊ ဒီည သူ့အိမ်မှာ စုအိပ်ကြမယ်လို့၊ လက်ဖက်တွေ ၀ယ်လာတယ်၊ ညကျရင် သုပ်စားကြမယ် သိလား”
“အို … လက်ဖက်၊ ဥာဏ်ဥာဏ်စားလို့ ဘယ်ရမလဲ၊ နင်မိန်းမလုပ်နေပြီး ဒါလေးတောင် မသိဘူးလား၊ ဥာဏ် ဟိုဟာ ဖြစ်နေတယ်လေ”
ထိုဗဟုသုတကို သူ ဘယ်တုံးက သိထားခဲ့သည်မသိ။ သြော် … မေမေ့ဆီက သိခဲ့တာ ဖြစ်မယ်။ မိန်းကလေးတွေ အဲ့ဒါလာရင် လက်ဖက်သုပ် မစားရဆိုလား။
“အမယ်လေး … ဥာဏ်ဥာဏ်လား၊ စားပါ့၊ နေပါဦး ကံကံ၊ နင် ဘာ ဖြစ်လို့ ဥာဏ်ဥာဏ့် အပေါ် ဒီလောက် အ ဖြစ်သည်း အကဲဆတ်ဆတ် ပိုနေရတာ လဲ၊ နင် သိပ်ပိုမနေနဲ့”
တစ်ဖက်မှ ကေကေ ဖုန်းချသွားပြီ။ သူနောက်သို့ လှည့်ကြည့်လိုက်သော အခါ သူ့ကို ပြုံး၍ ကြည့်နေသော ဥာဏ့်ကိုတွေ့ ရသည်။
“သူတို့ ဒီည လာအိပ်ကြမလို့တဲ့”
“ဟေး … ဟုတ်လား၊ ကောင်းတယ်၊ ငါ ပျင်းနေတာ၊ တစ်ညလုံး စကားတွေ ပြောကြမယ်”
“ဥာဏ် … ငါရော အိပ်လို့ရမလားဟင်”
သူ့ရဲ့ မ၀ံ့မရဲ တောင်းဆိုသံကလေးကြောင့် ဥာဏ်ကအံ့သြစွာ ဟက်ဟက်ပက်ပက် ရယ်မောပါလေသည်။
“အို … ကံကံ၊ ဖြစ်မှ ဖြစ်ရလေ၊ နင်က အဲ့ဒီလိုပုံစံနဲ့ ခွင့်တောင်းစရာလား၊ ငါတို့သူငယ်ချင်းတွေ ဒီလိုပဲ စုအိပ်နေကျလေ၊ ဒါ အဆန်းမှ မဟုတ်တာ”
သူပျော် သွားပါသည်။ ကိုကြီးသော င်း ဆီသို့ ချက်ချင်း ဖုန်းဆက်ကာ ခွင့်တောင်းလိုက်သည်။ ကိုကြီးသော င်းက သဘောကျစွာ တအားအော်ဟစ်ရယ်မောလျက်ရှိကာ …
“ဟေ့ကောင် ကံကံ၊ မင်းစိတ်တွေ မင်းထိန်းဦးနော်၊ မိန်းကလေးတွေ ရဲ့ အတွင်းသရုပ်တွေ မြင်ပြီး မင်းစိတ်တွေ ထဖောက်မနေနဲ့ဦး၊ မင်းကို မိန်းကလေးပဲထင်လို့ သူတို့သံသယမ၀င်တာ၊ ပိပိရိရိလည်း နေဦး၊ ပေါ်သွားရင် ပြဿနာတက်မယ်”
ဟု စိုးရိမ်တကြီး သတိပေးနေသေးသည်။
“ဟုတ်ကဲ့ပါ ကိုကြီးသော င်း”
သူ ဖုန်းချလိုက်ပြီး ရင်ထဲမှာ တထိတ်ထိတ် ခုန်နေသည်။ မကြာခင်မှာ ကေကေတို့ တစ်အုပ်ကြီး ဆူညံစွာ ရောက်လာကြသည်။ မိန်းကလေးတွေ စုံရင် ပျော်စရာတော့ အလွန်ကောင်းပါသည်။ တစ်ယောက် တစ်ပေါက်နှင့် ပြောချင်ရာတွေ လျှောက်ပြောကာ တ၀ါးဝါးတဟားဟား ရယ်မောကြသည်မှာ ဆူညံနေသည်။ ဥာဏ့် ဖေဖေနှင့် မေမေကလည်း ခေတ်မီပွင့်လင်းကာ လူငယ်တွေ ကို နားလည်အလိုလိုက်ပေးနိုင်သော မိဘမျိုး ဖြစ်၏ ။ ဥာဏ်က တစ်ဦးတည်းသော သမီး ဖြစ်ရာ ဥာဏ့်သဘောတစ်ခုတည်း လိုလေသေးမရှိ ဖြည့်ဆည်းပေးတတ်ကြပုံရသည်။
သူငယ်ချင်းတွေ ညအိပ်မယ်ဆိုလျှင် ထမင်းဟင်းတွေ အဆင်သင့်။ စားစရာ မုန့်အမျိုးမျိုး ထွက်ဝယ်ပေးလိုက်သေးသည်။
“ဒီမှာ ကြည့်စမ်း၊ ဒါ ကံကံ ဆိုးပေးတာ”
ဥာဏ်သည် ခြေထောက်ကလေး နှစ် ဖက်ကို ကော့ကာ ကြွားလျှင် ကျန်သူငယ်ချင်းတွေ က သူ့ဆီ ဖျတ်ခနဲ လှည့်ကြည့်ကြရာ သူ့မျက်နှာတစ်ခုလုံး ရှိန်းခနဲ ထူပူသွား၏ ။
“အံမယ် … ကံကံ၊ နင်က ဥာဏ့်ကို ဘာ ဖြစ်လို့ အဲ့ဒီလောက်တောင် လုပ်ပေးရတာ လဲ၊ ဟမ်း … ငါတို့အုပ်စုထဲမှာ သူငယ်ချင်းချင်း အချစ်တော် တွေ ဘာတွေ မရှိဘူးနော်၊ အဲ့ဒါမျိုး မလုပ်နဲ့”
ဇာဇာက မကြိုက်သလို မျက်နှာထားနှင့် ခပ်တည်တည် ပြောသည်။
“ဟုတ်တယ်၊ ကံကံက ဥာဏ့်ကိုဆို ငါတို့ထက်ပိုပြီးချစ်တာ၊ ကွက်ပြီးရွာတဲ့မိုးလိုကို ဆက်ဆံတာ၊ အရမ်းသိသာတယ်၊ ဥာဏ်ဥာဏ့် မျက်နှာကိုဆို သူကကြည့်တာ ဒီလို ဒီလို”
ချစ်ချစ်က လက်ဖမိုးနှစ် ခုကိုဆင့်၍ အဲ့ဒီပေါ် မေးထောက်လျက် မျက်လုံးတွေ တောက်ပစွာ နှင့် ဥာဏ့်မျက်နှာကို သေသေချာချာ စိုက်ကြည့်ပြလျှင် ကျန်သူငယ်ချင်းတွေ က တဟားဟား အော်ရယ်ကြလေသည်။
“အေးလေ … သူ့အချစ်တော် ကျနေတာပဲ”
“မဟုတ်ပါဘူးဟယ်၊ နင်တို့ ဂျေဝင်ပြီး ငါ့ ကံကံကလေးကို မဟုတ်တရုတ်တွေ လျှောက်ပြောမနေပါနဲ့၊ ဘာအချစ်တော် မှ မဟုတ်ဘူး၊ ညီအစ်မလို ချစ်ကြတာပါ၊ ဟုတ်တယ်နော် ကံကံ”
ဥာဏ်က ကံကံ့ ပခုံးကလေးကို လှမ်းဖမ်းထားလိုက်ကာ ကိုယ်ခန္ဒာကို တိမ်းလိုက်ယမ်းလိုက် လုပ်နေသော အခါ သူမနေတတ်တော့ချေ။
ခဏကြာသော အခါ သူငယ်ချင်းတွေ အားလုံး အာရုံ ပြောင်းသွား ကြသည်။ ဟိုလူ့အကြောင်း ဒီလူ့အကြောင်း ရုပ်ရှင်အကြေင်းတွေ ဆီ ခေါင်းစဉ် ပြောင်းသွား သော အခါ သူ သက်ပြင်း ခိုးရှိုက်မိသည်။ ဘယ်အခြေအနေထိ အချိန်ဘယ်လောက်ထိ သူမအနားမှာ သူ အခုလို နီးကပ်ချစ်ကြည်စွာ နေခွင့်ရပါ့မလဲ၊ အဲ့ဒါကိုပဲ တထိတ်ထိတ် ဖြစ်စရာ။
စကားပြောရင်း စားစရာတွေ တစ်မျိုးပြီးတစ်မျိုး မအေး လာလာပို့သမျှတွေ ကို စားသောက်ပြီး ညနေစောင်းသော အခါ ပြဿနာတစ်ခုက စလာသည်။ ရေချိုးကြဖို့ ဖြစ်၏ ။
“ရေချိုးကြရအောင်၊ မြန်မြန်ပြီးအောင် နှစ် ယောက် တစ်တွဲ ချိုးမယ်”
ဟု ကေကေက စတင်ပြောကာ ဇာဇာ့ကို ဆွဲပြီး ရေချိုးခန်းထဲ ၀င်သွားလေသည်။ သူရယ် ချစ်ချစ်ရယ်၊ ဥာဏ်ရယ် သုံးယောက် သာ ကျန်သည်။ ဥာဏ်က …
“ငါ တစ်ယောက် တည်းပဲ ချိုးတော့မယ်နော်၊ ငါက မသန့်လို့၊ ကံကံနဲ့ ချစ်ချစ် ဒုတိယ၀င်လိုက်ကြ”
ဟု ဆိုသော အခါ သူ ချစ်ချစ် မျက်နှာကို အထိတ်တလန့် ကြည့်မိလျက် ချောက်ချားသွားသည်။
“ဟင့်အင်း … ငါလည်း တစ်ယောက် တည်းပဲ ချိုးမှာ ၊ နှစ် ယောက် မချိုးတတ်ဘူး၊ ရှက်စရာကြီး”
“အမယ်လေး … အဲဒီ ကံကံဟာလေ၊ နေရာတကာ အရှက်အကြောက်က ကြီးတယ်၊ ဘာ ဖြစ်တုံး၊ သူငယ်ချင်းချင်းပဲဥစ္စာ၊ မရဘူး၊ နင်နဲ့ငါ ချိုးမယ် အတူတူ”
ချစ်ချစ်က ဇွတ်ပြောနေသည်။
“နင်နော် … ငါမချိုးတတ်ပါဘူး ဆိုနေမှ”
“ချိုးရမယ်၊ နို့မို့ဆို အချိန်ကြာတယ်ဟ၊ ငါက ဗိုက်ဆာပြီ၊ ရေချိုးပြီးတာနဲ့ ထမင်းစားရမှာ ၊ တစ်ယောက် ချင်းသာ ချိုးနေရင် ပြီးတော့မှာ မဟုတ်ဘူး၊ နင့်ကို ငါ မကြည့်ဘူး၊ ကတိပေးတယ်၊ ကဲ … အ ဖြစ်သည်းပိုမကြီးရဲ့”
သူ ခေါင်းတခါခါ လည်တခါခါ ဖြစ်နေချိန်မှာ ပဲ ကေကေနှင့် ဇာဇာက တစ်ယောက် နှင့် တစ်ယောက် တွန်းထိုးနောက်ပြောင် ရယ်မောကာ ရေချိုးခန်းထဲမှ ထွက်လာကြ၏ ။ သူတို့ ကိုယ်ပေါ်မှာ တဘက်ကြီးတွေ သာ ပတ်ထားပါသည်။ သူယောင်ယမ်းပြီး မျက်စိစုံမှိတ်ပစ်လိုက်ရသည်။ မိန်းကလေးတွေ ဟာ အတော် အံ့သြစရာကောင်းပါလား။ အပြင်ပန်းကြည့်လိုက်ရင်တော့ သူတို့လောက် က္ကနြေ္ဒကြီးတာ ရှက်တတ်တာ လုံခြုံလျှို့ဝှက်တတ်တာ မရှိတော့။ သူတို့ မိန်းကလေးချင်းလည်း တွေ့ စရာအနေအထိုင်တွေ က မယုံနိုင်လောက်အောင် ပွင့်လင်းလွန်းလှသည်။
“ကဲ … လာ ကံကံ”
ချစ်ချစ်က သူ့လက်ကို ဇွတ်ဆွဲခေါ်သွားသော အခါ သူ အော်ဟစ်တွန့်လိမ် ရုန်းကန်ရင်း ပါသွား၏ ။ ချစ်ချစ်က မလွယ်။ နဂိုကတည်းက ဖက်တီးပုပ်ကလေးနှင့် အားကောင်းမောင်းသန် ရှိရတဲ့အထဲ တစ်ဇွတ်ထိုးကလည်း နိုင်ပြန်သေးရာ သူက ပါးပါးလျလျကလေးမို့ ချစ်ချစ် လက်ထဲမှာ မလူးသာ မလွန့်သာ ပါသွားရလေသည်။
“ကဲ … ချွတ် ချွတ် ဂါဝန်ကို၊ နင့်ကို ငါ လုံးဝ မကြည့်ဘူး၊ ဟိုဘက်လှည့်ထားမယ်၊ ငါ့ကိုလည်း နင်မကြည့်နဲ့။ ကဲ ချွတ်ပြီ”
“အား … တော် ပြီ … တော် ပြီ၊ ချစ်ချစ် … ငါ မကြည့်ရဲဘူး”
သူသည် ချစ်ချစ်ကို ကြောက်ပြီး အသံကုန်ကြုံးအော်ကာ ရေချိုးခန်းထဲမှ ၀ုန်းဒိုင်းကြဲလျက် ပြန်ထွက်ပြေးလေသည်။
“ဟယ် … ဘယ်လို ဖြစ်တာလဲ၊ အဲ့ဒီ ကံကံဟာ”
သူ့ကိုကြည့်ပြီး ဥာဏ်အပါအ၀င် ကျန်တဲ့ကောင်မလေးတွေ က ၀ိုင်းရယ်ကြ၏ ။ သူ့တစ်ကိုယ်လုံး ထူပူတုန်ယင်နေလေသည်။
“ကဲပါဟယ်၊ ကံကံက ရှက်ကိုရှက်တတ်တာ၊ သူ့ဘာသာသူ တစ်ယောက် တည်း ချိုးပါစေ”
ဟု ဥာဏ်က ၀င်ပြောပေးသည်။
“အေး… အဲ့ဒီလောက် အ ဖြစ်သည်းပြီး အကဲဆတ်ဆတ်ပို၊ ငါတို့က ချောင်းကိုကြည့်ဦးမယ်၊ အဟုတ်”
ဟု ကေက ကြိမ်းလေသည်။
“သူ့မှာ ဘာချွတ်ယွင်းချက်တွေ ရှိမှန်းမသိ၊ တစ်ကိုယ်လုံး ၀ဲတွေ ပေါက်နေသလားမှ မသိတာ”
ဇာဇာက မဲ့ရွဲ့ကာ ပြောသေး၏ ။ ရေချိုးခြင်းကိစ္စကို တော် တော် လေး အတိုက်အခံလုပ်ပြီးမှ သူ တစ်ယောက် တည်း ချိုးခွင့်ရ၏ ။ ဒါတောင် အချောင်းခံရဦးမလားဟု သူ့မှာ မလုံမလဲ တစ်ချိန်လုံး တောင်ကြည့်မြောက်ကြည့် လုပ်ကာ ချိုးရသည်။ သြော် … ဘ၀ ဘ၀၊ မိန်းကလေး တစ်ယောက် ကို ချစ်ရသော သူ့ဒုက္ခ မသေးလှပါ။
ထမင်းစား DVD ကြည့်၊ စကားတွေ ပြောပြီး ညဥ့်နက်လာချိန်တွင် အိပ်ကြဖို့ ပြင်ဆင်ကြ၏ ။ ခုတင်ပေါ်မှာ သုံးယောက် ၊ အောက်မှာ နှစ် ယောက် အိပ်ကြမည် ။ ဥာဏ်က အိမ်ရှင် ဖြစ်တဲ့အတွက် အောက်မှာ ပဲ အိပ်မည် ဆိုသော ကြောင့် သူကလည်း အောက်မှာ ပဲ အိပ်မည် ဟု ဆိုလိုက်သည်။
တစ်နာရီလောက် ကြာသော အခါ အသီးသီးဆီမှ ဟောက်သံတွေ ထွက်ပေါ်လာခဲ့သည်။ အားလုံးအိပ်ပျော်ကုန်ကြပြီ၊ ဥာဏ်ဥာဏ် အပါအ၀င်ပေါ့။ အိပ်မပျော်သည်မှာ သူ တစ်ယောက် တည်း ဖြစ်၏ ။ သူ့မျက်လုံးများ က ဘယ်လိုမှ အိပ်ချင်စိတ်ပေါ်မလာ။ အဲ့ဒီတော့ ဥာဏ့် နံဘေးတွင် ဥာဏ့်ရဲ့ အပြစ်ကင်းလှသော မျက်နှာကလေးကို တစိမ့်စိမ့် ငေးကြည့်ရင်း မိုးလင်းခဲ့ရတာ ပေါ့လေ။
ချစ်လိုက်တာ ဥာဏ်ဥာဏ်ရယ်။
*********
အခန်း(၃)
အချိန်တွေ ကြာလာသည့်တိုင် သူ့ကို ဘယ်သူမှ မရိပ်မိခဲ့။ သူနှင့် ဥာဏ်ဥာဏ့် ကြားက ချစ်ကြည်ရင်းနှီးမှု ၊ နားလည်မှု ၊ သံယောဇဉ်နှင့် တွယ်တာမှု ကလည်း တစ်စတစ်စ ခိုင်မြဲရင့်သန်လာခဲ့ပါသည်။ အထူးသဖြင့် သူ့ဘက်က ဥာဏ်ဥာဏ့်အပေါ် သူမတူအောင် အနွံအတာခံနိုင်တာ၊ ဥာဏ့်အပေါ် အလွန်ကောင်းပြီး သိတတ်တာ၊ ဥာဏ့် အတွက် အမြဲတမ်း အဆင်သင့် ဖြစ်ကာ ဖြည့်ဆည်းပေးတတ်တာတွေ က ဥာဏ် တစ်ယောက် တည်းသာမဟုတ်၊ ကျန်တဲ့ သူငယ်ချင်းတွေ ကပါ ရိပ်မိကာ ပဟေဠိ ဖြစ်စေခဲ့တာ ဖြစ်သည်။
ဥပမာ ဆိုပါစို့၊ မနက်တိုင်း မနက်တိုင်း ဥာဏ်ဥာဏ် စားဖို့ breakeast ကို တစ်နေ့တစ်မျိုး မရိုးရလေအောင် သူကိုယ်တိုင် သွားပို့တတ်သည်။ မုန့်ဟင်းခါး၊ မြီးရှည် နန်းကြီးသုပ်ကအစ DimSum အထိ မထပ်စေရ။
“ဟယ် … ကံကံရယ်၊ ဘာလို့ နေ့တိုင်း မုန့်တွေ ၀ယ်လာရတာ တုံး”
ဟု ဥာဏ်ကပင် အားနာယူရတဲ့အထိ။
“နင်နဲ့ breakfast အတူတူ စားချင်လို့ပေါ့ ဥာဏ်ရယ်”
ဟု သူ ဆင်ခြေပေးမြဲ၊ မနက်တိုင်း သူက မုန့်တွေ ၀ယ်ပြီး ရောက်လာတတ်တော့ ဥာဏ့် ဖေဖေနဲ့ မေမေကလည်း သူ့ကို ရင်းနှီးချစ်ခင်နေကြပြီ။ သူတို့သမီးကို အရူးအမူး သိပ်ကိုခင်ရှာသော ကောင်မလေး တစ်ယောက် အ ဖြစ်။
နောက်ပြီး သူငယ်ချင်းတွေ နှင့် Shopping အတူထွက်တိုင်း သူက ဥာဏ်ဥာဏ့် တစ်ယောက် တည်းအတွက်ကွက်ကာ ဖန်စီပစ္စည်းအသုံးအဆောင် ခရေး ကရာကလေးတွေ ၊ အကျိင်္၊ စကတ် အစရှိတာတွေ ဇွတ်ဝယ်ပေးလေ့ရှိမြဲ။ ဥာဏ့်ကို လိုက်သော ကောင်လေးတိုင်းသည် သူ့ရန်သူ။ ဥာဏ့်နောက်လိုက်လျှင် သူက ခါးထောက်ကာ ကက်ကက်လန် ရန်တွေ့ မြဲ။
“အောင်မယ် … နင့်ရုပ် နင့်ရည်နဲ့များ ဥာဏ်ဥာဏ့်ကို ချစ်တယ်၊ လိုက်တယ်၊ ဟုတ်လား၊ အံ့သြစရာကြီး၊ အဲ့ဒီမှာ ဖင်ဆောင့်ပြီးတော့သာ သေလိုက်၊ ဟင်း … ဆက်မလိုက်နဲ့နော်၊ ဆက်လိုက်လို့ ကတော့ ပါးကြွပ်ကြွပ်ကျိုးသွားမယ်၊ ဘာမှတ်နေလဲ”
စသဖြင့် မိန်းမ တစ်ယောက် လို ဟန်ပန်ဖြင့် စွာ လန်ကြဲရသည်။
ထိုကောင်လေးတွေ မခံနိုင်။
“ဟာ …သူက ကြားထဲကနေ ဘယ်လို ဖြစ်နေတာလဲ၊ အသားလွတ်ကြီး ဆွေ့ဆွေ့ခုန်နေတယ်၊ နင့်ကို မကြိုက်လို့မှလား၊ နင့်ကိုလည်း မကြိုက်ပါဘူး၊ ဥာဏ့်ကိုပဲကြိုက်တာ၊ သိပ်အ ဖြစ်သည်းမနေနဲ့ ပြူးပြဲစိန်ရဲ့”
ဟု သူ့ကို အမုန်းကြီး မုန်းကြသည်။ ကျန်တဲ့သူငယ်ချင်းတွေ ကလည်း ဘာမှမ ဖြစ်။ ဥာဏ်ကိုယ်တိုင်ကလည်း ခပ်အေးအေး။ ကဲကဲဆတ်နေတာ သူ တစ်ယောက် တည်း ဖြစ်နေတော့ သူ့ကို ဘယ်သူကမှ နားမလည်နိုင်ကြ။ ဥာဏ့်ကို သူ ဘာ ဖြစ်လို့ အဲ့ဒီလောက် သ၀န်တိုလွန်ကာ အချစ်ကြီး ချစ်ရပါသနည်း။ သူတို့ နားမလည်နိုင်ကြ။ အဖြေကို သူ တစ်ယောက် တည်းသာ သိသည်။ အနေနီးကပ်စွာ အတူတူ တတွဲ တွဲ ၊ မခွဲမခွာ ဖြစ်လာတော့ ဥာဏ့်ကို သူ ပို၍ အချစ်ကြီးချစ်ကာ သံယောဇဉ်က ပို၍ နက်ရှိုင်းစွဲနစ်လာသည်။ ညတိုင်း ဖုန်းမပြော ဖြစ်တဲ့ ညရယ်လို့မရှိ။
သို့သော် ဒီအခြေအနေ ဒီအနေအထားကနေ သူ ဘယ်လိုပြောင်းလဲရမည် မသိ။ ဒီအတိုင်းရော ဘယ်အချိန်ထိသူ ရှေ့ဆက်သွားရမည် နည်း။ မိန်းကလေးချင်းဆိုတဲ့ အသိဖြင့် ဥာဏ်ဥာဏ်က သူ့ကို တွတ်တီးတွတ်တာ ပူးပူးကပ်ကပ် ဆက်ဆံတတ်သည်။ ပိုခင်လာလေ ပို၍ ချစ်စဖွယ် အပြုအမူကလေးတွေ လုပ်လေ ဖြစ်သည်။
ဥာဏ်ဥာဏ်ရဲ့ ထူးခြားသော အရည်အသွေးက ဘယ်လိုပဲနေနေ ချစ်စဖွယ် ကောင်းနေတတ်ခြင်း ဖြစ်သည်။ ထို့ကြောင့် အုပ်စုထဲမှာ ဥာဏ်ဥာဏ်ကိုပဲ ကြိုက်သူတွေ ၀ိုင်းဝိုင်းလည်နေသည်။ ထို့ကြောင့် သူ ကံဆိုးခဲ့ပါသည်။
“ဥာဏ် … နင် ဘယ်သူ့ကိုမှ ပြန်မကြိုက်ရဘူးနော်”
“ဟဲ့ … ကံကံရယ်၊ နင် ငါ့ကို အဲဒီ လောက်တော့ မပိုင်စိုးနဲ့ကွာ၊ ငါ ကြိုက်တဲ့သူ ဆိုရင်တော့ ပြန်ကြိုက်မှာ ပေါ့၊ နင်က ရှေ့ကနေ ဘီလူးသရဲမကြီးလို ကာဆီးနေတော့ ငါ လာဘ်ပိတ်တာပေါ့”
“ကြည့်စမ်း … နင်က ဘယ်သူ့ကို ပြန်ကြိုက်ချင်လို့တုံး”
သူ့ရင်ထဲ ထိတ်ခနဲ ဖြစ်ကာ ကြေကွဲသွားခဲ့သည်။
“ငါ ရည်းစားထားကြည့်မလို့ ကံကံ၊ နင် ငါ့ကို မဆူနဲ့နော်”
“ဟင် … နင်အဲ့ဒီလောက်တောင် တွေးနေပြီ၊ ဘယ်သူလဲ၊ ဘယ်သူ့ကို ရည်းစားထားမှာ လဲ”
ဥာဏ်က မချိုမချဉ်ပြုံးကာ သူ့ကို စိုက်ကြည့်နေသည်။ ဥာဏ့် မျက်လုံးတွေ က စူးရှတောက်ပလွန်းသဖြင့် ဥာဏ်စိုက်ကြည့်လျှင် သူ မခံနိုင်ချေ။
“နင် သိပါတယ်ဟယ်။ Harley Davidson ဆိုင်ကယ်ကြီးနဲ့ ခပ်မိုက်မိုက် ကောင်လေးဟာလေ၊ အရပ်အမြင့်ကြီးနဲ့၊ အရမ်းချောတယ်ဟ၊ သူနဲ့သာ တွဲ သွားလိုက်ရရင် လူတိုင်းက ၀ိုင်းငေးကြမှာ ပဲ”
“လူတိုင်းက ၀ိုင်းငေးကြဖို့ နင် ယောကျာ်း တစ်ယောက် ကို ပြန်ကြိုက်မယ်၊ ဟုတ်လား ဥာဏ်”
သူ့နှလုံးသားဆီမှာ ဒဏ်ရာတစ်ခု စူးခနဲ ၀င်ရောက်သွားသည်။ ရည်းစားထားကြည့်ဖို့ဆိုတဲ့ ခပ်ပေါ့ပေါ့ ရည်ရွယ်ချက်နှင့် ထိုကောင်ကို ဥာဏ် စိတ်ကစားနေခြင်းသာ ဖြစ်မှန်း သူသိပါသည်။
“အဲ့ဒီလိုတော့လည်း မဟုတ်ဘူးလေ၊ သူက အရမ်း talk ကောင်းတယ်ဟ၊ နင် မသိလို့၊ ငါနဲ့သူ ညတိုင်း ဖုန်းကျွေး ဖြစ်ကြတယ်”
“ဘာ”
“ဟယ် … ကံကံ၊ နင်စွတ်အော်တာပဲ၊ ဘယ်လို ဖြစ်နေတာလဲ၊ ငါ သူ့ကို ကြိုက်တာဟ၊ မင်းခက်တဲ့”
“ဥာဏ်ဥာဏ်”
သူ့မျက်လုံးတွေ မှာ ချက်ချင်း မျက်ရည်တွေ နဲ့ဝိုင်းလာသည်။ သူ့နှလုံးသားက ဥာဏ်နှင့် ပတ်သက်လျှင် အထိမခံလောက်အောင်ပင် ထိရှလွယ်လွန်းပါသည်။ သူ့မှာ တော့ အရိပ်ကြည့်ကာ ချစ်နေရရုံကလေးနဲ့သာ ကျေနပ်ရောင့် ရဲနေတာ၊ ယောကျာ်း တစ်ယောက် ဆိုတာရဲ့ ဖြစ်တည်မှု နဲ့ တန်ဖိုးကိုတောင် တတ်နိုင်သမျှ ဖျောက်ကွယ်လျစ်လျူရှူလျက် မိန်းကလေး တစ်ယောက် အသွင်ဖြင့် သူမ အနားမှာ နေခွင့်ရအောင် ကြိုးစားခဲ့ရသည်။
“ငါ့ကို မတားပါနဲ့ ကံကံ၊ တားဖို့ မကြိုးစားပါနဲ့နော်၊ နင် ငါ့ကို ဘယ်လောက်ချစ်တယ်ဆိုတာ ငါသိပါတယ် ကံကံ၊ ဒါပေမဲ့ မိန်းကလေးချင်း ချစ်တာနဲ့ ယောကျာ်း တစ်ယောက် နဲ့ ချစ်တာ ကတော့ ဘယ်နည်းနဲ့မှ မတူနိုင်ဘူးဟ၊ သူက အရမ်းချစ်ဖို့ကောင်းတယ်၊ ငါ သူ့ကိုချစ်ကြည့်လိုက်မလို့၊ နော် … သူ့ကို အဖြေပေးတော့မလို့”
ဥာဏ်ဥာဏ်က မျက်ဝန်းကလေး တလက်လက်ဖြင့် ခပ်ပြုံးပြုံးကလေး ပြောခြင်း ဖြစ်သည်။
“ဟိုမိန်းမတွေ ကရော … ဘာမှ မပြော ကတော့ဘူးလား ဟင်”
“သူတို့က ငါ့သဘောပဲ ကံကံ၊ ငါ ချစ်တဲ့သူကို သူတို့ သူငယ်ချင်းအ ဖြစ် ကြည်ဖြူပေးမှာ ပဲ၊ နင်လည်း ကြည်ဖြူပေးပါဟာ”
“ငါ မကြည်ဖြူနိုင်ဘူး ဥာဏ်၊ နင့်ကို ငါ သိပ်ချစ်တယ်၊ ဘယ်ယောကျာ်းရဲ့ ရင်ခွင်ထဲမှာ မှ နင့်ကို ငါ မရှိစေချင်ဘူး၊ အဲ့ဒီကောင်အကြောင်း နင် ဘယ်လောက်သိလို့လဲ ဥာဏ်၊ ရုပ်ချောတိုင်း မမက်ပါနဲ့ဟာ၊ အလကား လူရှုပ်လူပွေဆိုရင် နင်ပဲ ဒုက္ခရောက်မှာ ”
သူ တားနိုင်သရွေ့တော့ ခါးခါးသီးသီး တားမြစ်ပါသည်။ သို့သော် ဥာဏ်က တစ်ဇွတ်ထိုး။ သူမ လုပ်ချင်တာရှိရင် ဘယ်သူမှ ဘယ်အရာကမှ တားဆီး၍ မရ၊ ရုပ်ချောတာ အပြောကောင်းတာနဲ့တင် ဥာဏ်က မင်းခက် ဘက်သို့ ယိမ်းနွဲ့တိမ်းညွှတ်နေလေပြီ။
“ရောက်ရောက်ဟာ ငါ့ဘာသာ ရောက်တာ၊ နင် ရောက်တာမှ မဟုတ်တာ၊ ငါ ကတော့ ကြိုက်တယ်၊ မနက်ဖြန် အဖြေပေးတော့မှာ ”
ဥာဏ်က ဇွတ်ပြောသည်။ ဥာဏ့်ကို သူ ဘယ်လိုမှတားမရနိုင်တော့မှန်း ဥာဏ့် မျက်လုံးတွေ နဲ့ နှုတ်ခမ်းတွေ က သက်သေခံနေပါသည်။
“ဥာဏ် … နင် ပြောလို့မရတော့ဘူးလား”
“အေး … ပြောလို့ မရတော့ဘူးဟာ၊ ခုအချိန် သိကြားမင်းကြီး ဆင်းလာပြီး ဖျက်ရင်တောင် မရတော့ဘူး”
ဥာဏ်က ယတိပြတ် ဆုံးဖြတ်ထားသံနှင့် ပြောသော အခါ သူ နာကျင်စွာ ကြေကွဲသွားသည်။ ဥာဏ် ရည်းစားထားဖြင်းကို ဒီလိုနဲ့ပဲ သူ လက်ပိုက်ကြည့်နေရတော့ကာ ဘယ်သူမှ မသိအောင် တိတ်တဆိတ် အသည်းကွဲရတော့မည် ။ ဥာဏ့်ရဲ့ အချစ်ဦး သူ မ ဖြစ်နိုင်တော့ဘူးပေါ့။ သူ ချစ်နေသော မိန်းကလေးကို တခြားယောကျာ်း တစ်ယောက် နဲ့ ချစ်နေတာ သူ ဘယ်လိုနှလုံးသားမျိုးဖြင့် ခံနိုင်စွမ်း ရှိရမည် နည်း။
ပြီးတော့ ဥာဏ့်ကို စိုးရိမ်သည်မှာ ကျွမ်းကျင်သော ပါးနပ်တတ်သိသော အထာနပ်သော ယောကျာ်း တစ်ယောက် နှင့် ချစ်သူ မ ဖြစ်စေချင်။ ဟိုက သူမကို လှည့်စားချင်တိုင်း လှည့်စားပြီး ထားပစ်ခဲ့လျှင် ဥာဏ် အသည်းကွဲကာ ခံစားရလိမ့်မည် ။ ဥာဏ့်ကို မခံစားစေလိုပါ။ ဥာဏ့်ကို အပူအပင်ကင်းကင်းနဲ့ ပျော်ရွှင်တက်ကြွနေတာကိုပဲ သူ မြင်ချင်သည်။ အချစ်ရဲ့ နောက်ဆက်တွဲ ရလဒ်တွေ ဥာဏ့်ကို မခံစားစေလိုပါ။
“ငါ့ကို အခွင့်အရေး တစ်ခုတော့ ပေးရမယ် ဥာဏ်”
“ဘာတုံး ပြော”
“နင့်ဘေးမှာ ငါ အမြဲရှိနေချင်တယ်၊ နင် အဖြေပေးတဲ့ အချိန်လည်း ငါ နင်နဲ့အဖော်လိုက်ခဲ့မယ်၊ နင်တို့ ဟိုသွားဒီသွား ချိန်းတွေ့ လည်ပတ်ကြရင်လည်း ငါ နင့်ကို တစ်ယောက် တည်း မလွှတ်နိုင်ဘူး၊ ငါ လိုက်မှ ဖြစ်မယ်၊ ငါ လိုက်မှ ဖြစ်မယ်၊ အဲ့ဒီလိုဆို ခွင့်ပြုမယ်၊ သူ နင့်ကို တစ်ခုခု မဟုတ်တာကြံရင် ငါနဲ့ အတွေ့ ပဲ”
ဥာဏ်က သူ့ကိုကြည့်ကာ သဘောကျစွာ တဟားဟား အော်ရယ်လေသည်။ သူ့အပေါ်လည်း ဥာဏ်က သံယောဇဉ်ရှိသည် ဖြစ်ရာ …
“အေး … အေး ၊ အဲဒါဆိုလည်း ပြီးရော၊ လိုက်၊ လိုက်၊ ငါတောင် အဖော်ရသေးတယ်”
ဟု ခွင့်ပြုလေသည်။ သူ့ရင်ထဲမှာ မချင့်မရဲကြီးဖြင့် ပင် ဥာဏ်ဥာဏ် ရည်းစားစထားမှာ ကို ခွင့်ပြုလိုက်လျောလိုက်ရသည်မှာ ဥာဏ့်ကို ချစ်လွန်းသော ကြောင့် ဖြစ်လေသည်။
ဥာဏ် ဘာလုပ်ချင်သလဲ၊ ဘာလုပ်ရင် ပျော်မလဲ၊ ဥာဏ်ပျော်တာ လုပ်ချင်လည်း လုပ်ပါစေ ဆိုသော ဆန္ဒဖြင့် သူသဘောတူလိုက်မိခြင်း ဖြစ်သည်။ ဥာဏ် အဖြေပေးတဲ့နောက်ကို သူ လိုက်မယ်ဆိုတာသိတော့ သူငယ်ချင်းတွေ က တစ်ယောက် တစ်ပေါက် ဝေဖန်ကဲ့ရဲ့ကြသေး၏ ။
“အဲ့ဒီကံကံဟာ ဘယ်တော့မှ Normal မဟုတ်ဘူး၊ အမြဲတမ်း အစွန်းရောက်ပဲ၊ ဥာဏ်ဥာဏ် သူ့ဘာသာသူရည်းစားထားမှာ နင်က ဘာကိစ္စ ကန့်လန့်ကန့်လန့်နဲ့ ၀င်ရှုပ်ချင်ရတာ တုံး …
သွားပါစေ၊ သူတို့ဘာသာ လွတ်လွတ်လပ်လပ်၊ သူများ သမီးရည်းစား ကြားထဲမှာ ”
“မရှက်ဘူးဟေ့ လိုက်မှာ ပဲ၊ ငါ့သူငယ်ချင်းကို ငါ စိတ်မချဘူး၊ လိုက်ပြီး ကာကွယ်စောင့်ရှောက်ရမှာ ပဲ၊ နင်တို့လို မျက်နှာလွဲခဲ့ပစ်နဲ့ ကျီးထိုးထိုး ခွေးဆွဲဆွဲ လွှတ်မပေးလိုက်နိုင်ဘူး၊ အဲ့ဒီကောင်က လူလည်”
သူက မနာလိုဝန်တိုခြင်းများ စွာ ဖြင့် မဲ့ကာရွဲ့ကာ ပြောသည်ကို သူငယ်ချင်းတွေ က ၀ိုင်းရယ်ကြသည်။ သူတို့ တစ်ခုခုကိုတော့ သိကြသည်။ အဲ့ဒါက ဘာလဲဆိုတော့ ကံကံသည်ဥာဏ့်အပေါ် သာမန်ထက်ပိုသော သမားရိုးကျ မဟုတ်သော အချစ်မျိုးဖြင့် မိန်းမချင်း ချစ်နေတယ် ဆိုတာကိုပဲ ဖြစ်၏ ။ အဲ့ဒီအတိုင်း သိထားလည်း ကိစ္စမရှိ။ သူက ဂရုမစိုက်။
“လိုက်ဟေ့ … လိုက်၊ လိုက်၊ ဥာဏ်ဥာဏ် လက်ထပ်တော့လည်း နင် လိုက်သွားပြီးတော့နေ၊ သူတို့လင်မယားအတွက် ဝေယျာဝစ္စတွေ ဘာတွေ လုပ်ပေးပေါ့”
ကေကေက အရွဲ့တိုက်သံဖြင့် ပြောသည်ကို သူမသိချင်ယောင် ဆောင်နေလိုက်သည်။ သူငယ်ချင်းတွေ က သူ့ကို ဥာဏ်နှင့် ပတ်သက်လာလျှင် အ ဖြစ်သည်းတတ်လွန်းသဖြင့် မုန်းလောက်အောင်ထိ မဟုတ်သော်လည်း အမြင်တော့ တော် တော် ကတ်ကြဟန်ရှိသည်။ အားအားရှိ ဥာဏ်ဥာဏ့် နားမှာ တောက်တဲ့ကပ်သလို တပူးကပ်ကပ် လိုက်လုပ်နေတာကိုလည်း ကြည့်လို့ရဟန်မတူ။ သြော် … သူတို့မှ မသိဘဲကိုးနော်။
+ + +
တကယ်ပင် ဥာဏ်ဥာဏ် အဖြေပေးတဲ့နေ့မှာ သူလိုက်သွားခဲ့သည်။ မင်းခက်ကို တစ်စက်ကလေးမှ သူ မရှစိမ့်နိုင်။ မိန်းကလေးတွေ ဟာ ရုပ်ကလေးဖြောင့်တဲ့ယောကျာ်း၊ အပြောချိုချို ညှို့ပြုံးကလေးနဲ့ဆို ဘာကြောင့် ပြန်ချစ်ချင်မှန်း မသိ။ နှလုံးသားကို ရက်ရက်ရောရော ထိုးပေးဖို့ ၀န်မလေြး ကတော့။
ခုလည်း ကြည့်ပါ။ ချိန်းထားတဲ့ နေရာက အင်းလျားကန်ပေါင်ရိုး။ Harley Davidsion ဆိုင်ကယ် အမြင့်ကြီးပေါ်မှာ ကိုယ်နေဟန်စတိုင်လ် ခပ်မိမိနှင့် ထိုင်စောင့်နေဟန်ကိုက မိန်းကလေးတိုင်း ကြွေလောက်စရာ။
“တွေ့ လား၊ ဘယ်လောက်ချောထားလဲ ကံကံ”
“တော် စမ်းပါ ဥာဏ်ရယ်၊ ရုပ်လှဖို့ထက် စိတ်လှဖို့က အရေး ကြီးတာပါ”
သူတို့နှစ် ယောက် က တက္ကစီငှားလာလာကြခြင်း ဖြစ်သည်။ သူ့ကိုမြင်တော့ မင်းခက်က ထောင့်မကျိုးသော ပခုံးတွန့်ဟန်ဖြင့် မျက်ခုံးကို ရှုံ့လေသည်။ အဓိပ္ပာယ်က သာသနာဖျက်မကြီး လိုက်လာတယ် ဆိုတာပေါ့လေ။ ကံကံ ရင်ထဲမှာ မနာလိုဒေါသစိတ်တွေ နှင့် တဆတ်ဆတ် တုန်နေသည်။ မင်းခက်ကို တစ်ခုခု ပညာပြချင်နေသည်။ ပြီးတော့ ဥာဏ် သူ့ကို အဖြေမပေး ဖြစ်ရင် ကောင်းမည် ။
“ဟဲ့ … အမယ်လေး ပလုပ်တုပ်”
ကံကံသည် ရုတ်တရက် အကြံရကာ သူ့အနားရောက်မှ ခလုတ်တိုက်ချင်ဟန် ဆောင်ပြီး သူ့ဆိုင်ကယ်ကြီးကို ခပ်ပြင်းပြင်းကလေး ဆောင့်တွန်းပစ်လိုက်လေသည်။ တွန်းလိုက်သော အရှိန်ကြောင့် မင်းခက်ရော၊ ဆိုင်ကယ်ကြီးပါ ၀ရုန်းသုန်းကား ပြိုလဲကျသွားတော့၏ ။
“ဟာ … ဟာ … ဘယ်လိုလုပ်လိုက်တာလဲဟ”
မင်းခက်သည် ကိုးရိုးကားရားနှင့် စတိုင်လ်ပျက်သွားကာ လဲကျရာမှ ဖရိုဖရဲ ပြန်ကြုံးထလေသည်။ ကံ့ကို ကြည့်သော စူးရဲရဲ မျက်လုံးတွေ မှာ မကျေနပ်သော ၊ စိတ်ပျက်သော အရောင် တွေ လက်သွား၏ ။
“ဥာဏ်ကလည်း သူ့ကို ဘာလို့ခေါ်လာတာလဲ၊ တစ်ယောက် တည်း လာခဲ့ပါဆိုတာကို”
ဟု ပြောလျှင် သူ ထောင်းခနဲ စိတ်တိုကာ ခါးမှလက်ထောက်ပြီး ကတ်ကတ်လန် ရန်တွေ့ တော့သည်။
“အောင်မာ၊ ငါ့ဘာသာငါ ငါ့သူငယ်ချင်းကို စိတ်မချလို့ လိုက်လာတာပေါ့ဟဲ့၊ ဘာ ဖြစ်သလဲ၊ နင်က ရုပ်ကလေးသာချောပြီး အကျင့်က ကောင်းတာမှ မဟုတ်တာ၊ ငါ့သူငယ်ချင်းကို တစ်ယောက် တည်း လွှတ်စရာလားဟဲ့၊ တန်ရာတန်ရာလည်းပြောပါ၊ ငါ့သူငယ်ချင်းက အဖိုးတန် အမျိုးမှန် မိန်းကလေးဟဲ့”
“ဟာ … စွာ လှချည်လားဟ၊ နှုတ်သီးကောင်း လျှာပါးနဲ့ ဘယ်လိုမိန်းမလဲ၊ ဥာဏ် ကြည့်ပြောဦးလေ၊ ဘယ်လိုဟာကြီးလဲ”
“ကံကံ … တော် ဟာ၊ တော် ဟာ၊ နင် သိပ်စွာ တာပဲ၊ တော် ပြီ၊ ဘာမှ ဆက်မပြောနဲ့တော့”
ဥာဏ်က သူ့ကို မျက်နှာတည်ကလေးနှင့် ခပ်ဆတ်ဆတ်ပြောလျှင် သူသည် ဥာဏ် စိတ်ဆိုးမှာ ကိုတော့စိုးကာ ခဏ အသံတိတ်လိုက်ပေမဲ့ မင်းခက်ကိုတော့ မျက်စောင်းတွေ ထပ်တလဲလဲ ထိုးလေသည်။
“နှစ် ယောက် တည်း ပြောရအောင် ဥာဏ်၊ သူ့ကို တစ်နေရာရာမှာ ထားခဲ့”
မင်းခက်က ဥာဏ့်ကို ခပ်တိုးတိုး လှမ်းပြောတာ ဖြစ်ပေမဲ့ ကံက ကြားလေသည်။
“အောင်မယ် … နင် ထားခဲ့တိုင်း ငါက နေခဲ့စရာလား၊ ငါ့မှာ လည်း ခြေထောက်နဲ့ဟဲ့၊ လက်နဲ့ဟဲ့၊ လိုက်မှာ ပဲ၊ ပါးစပ်လည်း ပါသေးတယ်၊ ငါ့ကို ဘယ်သူမှ တားလို့မရဘူး”
မင်းခက်ကသူ့ကို ဒေါသဖြင့် ကြည့်သည်။ သူတမင်ရစ်နေမှန်း သိသော ကြောင့် သူ့ကို ကြွပ်ကြွပ်ဝါးစားချင်လောက်အောင် မုန်းနေလောက်ပြီ။
“ကံကံ … ငါပြောမယ်၊ ငါ့ကိုချစ်ရင် နင် ဒီဆိုင်ကယ်နားမှာ ပဲ စောင့်ကျန်ရစ်ခဲ့နော်၊ လိမ္မာတယ်၊ နင် အဲ့ဒီလိုဂျစ်ကန်ကန်လုပ်ရင် နောက်တစ်ခါ ငါ နင့်ကို မခေါ်တော့ဘူး”
ဥာဏ်က ပြောသော အခါ သူ မငြင်းနိုင်။ စိတ်ဆင်းရဲစွာ ၀န်တိုငြူစူစွာ ဖြင့် ပါးစပ်ကို လှုပ်ကာ အသံမထွက်ဘဲ …
“နင်ကကို ရွနေတာ”
ဟု ရေရွတ်ရင်း ကျန်ရစ်ခဲ့ရသည်။ မင်းခက်ကို နာကျင်အောင် ဘယ်လိုလုပ်ရမည် နည်း။ ဆိုက်ကယ်လ်ကြီးကို စိတ်နာနာနှင့် စိုက်ကြည့်နေဆဲ အထမ်းနှင့် လိုက်ရောင်းသော ဒူးရင်းသီးသည်ကို တွေ့ ရ၏ ။
“ဒူးရင်းသီး ကျွန်မကို အခွံမာမာ အစူးချွန်ချွန်တွေ ပေးပါ၊ အထဲက အသားတွေ သပ်သပ်ထုပ်ပေး”
ဒူးရင်းသီးသည်ကြီး အခွံခွာပေးနေတုန်း ကံကံသည် ဒူးရင်းသီးခွဲသော ဓားချွန်ချွန်ဖြင့် မင်းခက်ရဲ့ ဆိုင်ကယ်လ်မှ မင်းခက်ထိုင်သော နေရာကို တိခနဲ ထိုးခွဲလှီးပစ်လိုက်လေသည်။ ဘယ်သူမှ မမြင်အောင်လည်း ဟိုဟိုဒီဒီ ကြည့်ရင်း သူသည် ဒူးရင်းသီး အခွံတစ်ခြမ်းကို ဆူးတွေ ဘက်ကို အပေါ်မှာ ထားပြီး ထိုဆိုဖာအပြဲကြား ပြန်လည်ထိုးသွင်းထားလိုက်သည်။ ပြီးတော့ အပေါ်ကနေ လက်ကိုင်ပ၀ါကလေး၊ ပြန်အုပ်ထားလိုက်၏ ။
နောက်ကြည့်မှန် ၀ိုင်းဝိုင်းတွေ ကို အိတ်ထဲမှာ အဆင်သင့်ပါသော လက်သည်းဆိုးဆေး ကြက်သွေးရောင် တွေ ဖြင့် ဖုံးအုပ်ပစ်လိုက်သည်။ ဘာမှ မမြင်ရတော့။ ပြီးတော့ ဆိုင်ကယ်လ်အိပ်ဇောပိုက်ထဲ ခဲလုံးတွေ ရှာကောက်ပြီး သွပ်သွင်းထားလိုက်၏ ။ တော် လောက်ပြီ။ ခုလောက်ဆို ဥာဏ် သူ့ကို အဖြေပေးနေလောက်ပြီလား။
စိုးရိမ်ပူပန်စိတ်ဖြင့် ကန်ပေါင်ရိုး တစ်လျှောက်ရှိခုံတန်းလျားကလေးတွေ ဆီ သူ ကမန်းကတန်း လိုက်လာခဲ့သည်။
ဟော … တွေ့ ပါပြီ။ ဘယ်လောက် ခြေမြန်လက်မြန်နိုင်လှတဲ့ မင်းခက်ပါလဲ၊ ဥာဏ်ဥာဏ်ရဲ့ ဦးခေါင်းကလေးက မင်းခက်ရဲ့ ရင်ခွင်ထဲ ရောက်နေပြီ။ မင်းခက်က ဥာဏ့်ပခုံးတွေ ကို ပြန်လည်ပွေ့ဖက်ထား၏ ။ သူ့ မျက်လုံးတွေ ပြာသွားကာ ရင်ထဲ လှပ်ဟာသွားလေသည်။ အို… သူတို့ ချစ်သွားကြပြီပေါ့။ သူ ငိုချင်သွားမိ၏ ။
ချက်ချင်း ပင် စိတ်ကို မထိန်းနိုင်တော့ဘဲ သူတို့နှစ် ယောက် ရှေ့သို့ ဗြုန်းခနဲ ရောက်သွားကာ နှစ် ယောက် ကြားတွင် ထိုးခွဲလျက် ၀င်ထိုင်ပစ်လိုက်သည်။
“ဟာ … လာပြန်ပြီ၊ ဘာလာနှောင့်ယှက်ပြန်ပြီလဲကွာ”
“ထိုင်ချင်လို့ ထိုင်တာ၊ မတွေ့ ဘူးလား”
“ကံကံကလည်းကွာ၊ အဲ့ဒီလို မနှောင့်ယှက်ရဘူးလေ၊ ၀ဋ်လည်တတ်တယ်ဟဲ့၊ သွားနော်၊ ဟိုဘက်ခုံမှာ သွားထိုင်၊ လိမ္မာတယ်”
“နင်တို့ ချစ်သူတွေ ဖြစ်သွားကြပြီလား ဥာဏ်”
“အင်း”
သူ သက်ပြင်းရှိုက်မိသည်။ မြန်လိုက်တာ မယုံနိုင်စရာပင်။
“တစ်ခုခု သွားစားရအောင် ဥာဏ်၊ ကိုယ့်ဆိုင်ကယ်လ်နဲ့ သွားမယ်၊ သူ့ကို ထားခဲ့ပေါ့၊ ဒါမှမဟုတ်လည်း တက္ကစီငှားပြီး တင်ပေးလိုက်၊ သူ ပြန်ပစေ”
မင်းစက် ကတော့ သူ့ကို တော် တော် ကြီးကို အမြင်ကတ်နေပြီ။
“ငါက ဘာကိစ္စ ပြန်ရမှာ တုံး၊ မပြန်ဘူး၊ ဥာဏ့်ကို တစ်ယောက် တည်း စိတ်မချလို့ လိုက်စောင့်ရှောက်တာပါလို့ ဘယ်နှခါ ပြောရမလဲ”
“ဟာ … မင်း လူမှု ရေး နားမလည်ဘူးလား၊ ချစ်သူတွေ ဆိုတာ နှစ် ယောက် တည်း လွတ်လွတ်လပ်လပ် သွားချင်တာကွ၊ မင်းက သာသနာဖျက် ၀င်လုပ်နေတာ မရှက်ဘူးလား”
“မရှက်ဘူး၊ မရှက်နိုင်ဘူး၊ ငါ့သူငယ်ချင်းကိုချစ်တဲ့ အချစ်တစ်ခုကလွဲပြီး ငါ ဘာကိုမှ ဂရုမစိုက်ဘူး၊ သိရဲ့လား၊ နင်သာ ငါ့သူငယ်ချင်းကို ငါ့ရင်ထဲက ဆွဲလုသွားတာ၊ ငါတို့နှစ် ယောက် ရဲ့ ချစ်ခြင်းကို နင် ခွဲတာဟဲ့”
ကံကံသည် ပြောရင်း ပြောရင်း ပိုပို စိတ်ထိခိုက်ကြေကွဲလာကာ မျက်ရည်ပေါက်ပေါက်ကျပြီး ရှိုက်ငင်ငိုကြွေးလိုက်လေသည်။
“ဟာ … အဓိပ္ပာယ်မရှိတာ၊ လာငိုနေတယ်ကွာ၊ ကိုယ့်ဘာသာ ချစ်ချင်ရင် တခြားလူ ရှာချစ်ပါလား၊ ဘာ ဖြစ်လို့ ဥာဏ့်ကို မိန်းမချင်း ဒီလောက် တွယ်တာနေတာလဲ၊ ဘာလဲ၊ မင်းက လက်စဘီယန်လား”
“ကြည့်စမ်း၊ နင် ဘာစကားပြောတာလဲ”
ကံသည် နဂိုကတည်းကမှ မင်းခက်ကို တစ်ခုခုလုပ်ချင်သည်မှာ လက်ယားနေခဲ့သည်။ ခုလို အကြောင်းတိုက်ဆိုင်စွာ သူက ရန်စစော်ကားလေတော့ ကံသည် လက်သီးထဲတွင် အားအပြည့်ထည့်ကာ မင်းခက်ရဲ့ မျက်နှာတည့်တည့်ဆီ အရှိန်ပြင်းစွာ ထိုးပစ်လိုက်လေသည်။
“ဟဲ့ … ကံကံ”
ဥာဏ် အော်ဟစ်တားမြစ်တာ နောက်ကျသွားပြီ။ မင်းခက်သည် မထင်မှတ်သော လက်သီးဒဏ်ကို အငိုက်မခံလိုက်ရကာ မျက်နှာပင် ချာလည်လှည့်သွား၏ ။ တော် တော် လည်း နာသွားသော ကြောင့် ဒေါသတကြီး ဖြစ်သွားကာ ကံကံ့ကိုတစ်ခုခုပြန်လုပ်ဖို့ လက်သီးတပြင်ပြင်ရှိကာ …
“တောက် … မင်း … မင်း … ငါ့ကိုထိုးတယ်၊ မင်း မိန်းမမို့လို့ ငါ ကြည့်နေတာကွ၊ ငါ မိန်းမ တစ်ယောက် ကို နာကျင်အောင် ပြန်မလုပ်ချင်လို့နော်၊ အား … နာလိုက်တာကွာ၊ မိန်းမလက်သီးကလည်း ပြင်းလိုက်တာ၊ တောက်”
နှင့် အံကြိတ်ကာ ပြောလေသည်။
“ကံကံ … နင် ဘယ်လိုလုပ်လိုက်တာလဲဟာ၊ ဘယ်လို ဖြစ်လို့ ဒီလောက် လက်မြန်ခြေမြန် ဖြစ်နေရတာ လဲ၊ တော် ပြီ၊ နောက်ဆို နင့်ကို ငါ မခေါ်တော့ဘူး”
“နင် မခေါ်လည်း ငါ ကတော့ လိုက်မှာ ပဲ ဥာဏ်၊ နင့်ကို ငါ သိပ်ချစ်တာ နင်ကမှ ဂရုမစိုက်ဘဲ၊ ဒီကောင့်များ ဘာချစ်စရာရှိသလဲ”
“ကဲ … လာ ဥာဏ်၊ သွားကြစို့၊ တော် လောက်ပြီ၊ ကြာရင် ကိုယ် သည်းခံနိုင်တော့မှာ မဟုတ်ဘူး”
မင်းခက်က ဥာဏ့်လက်ကို ဖျတ်ခနဲ ဆွဲခေါ်ကာသွားလျှင် ကံကံသည် အနောက်မှ အပြေးတစ်ပိုင်းလိုက်ကာ သူတို့ရဲ့ တွဲ ထားသော လက်အစုံကြားကနေ ဇွတ်အတင်းဝင် ဖြတ်လျှောက်၏ ။
“ကံကံ … နင် ဘယ်လို ဖြစ်နေလဲ၊ ငါ စိတ်တိုလာပြီနော်၊ နင် ငါ့ကို ချစ်တာ နည်းနည်း over ဖြစ်နေပြီ၊ အစွန်းရောက်နေပြီ …
ငါ သူနဲ့လိုက်သွားတော့မယ်၊ နင်တက္ကစီနဲ့ ပြန်နှင့် တော့၊ ဒီလောက် လိုက်နှောင့်ယှက်နေတာ တော် လောက်ရောပေါ့၊ ငါ စိတ်ဆိုးတော့မယ်၊ ငါ စိတ်မဆိုးခင် နင်ပြန်နှင့် တော့”
“မပြန်ဘူး၊ နင်တို့နောက်က ငါ လိုက်မှာ ပဲ”
“သဘောပဲ”
ဥာဏ်ဥာဏ့် မျက်နှာမှာ စိတ်အနှောင့်အယှက် ဖြစ်နေတာကိုတော့ သူ တွေ့ ရ၏ ။ သို့သော် … သူမှ မနာလို မရှုစိမ့်နိုင်ဘဲ။ မင်းခက်ကို ဒုက္ခတော့ ပေးနေရမှ။
ဒီလိုနှင့် ဆိုင်ကယ်လ်နားသို့ ရောက်လာ၏ ။ မင်းခက်က သူ့ကို စိတ်ဆိုးနေသော အရှိန်ဖြင့် ဆိုင်ကယ်လ်ပေါ်သို့ လွှားခနဲပင် ဆောင့်ကြီးအောင့်ကြီး တက်ထိုင်ချပစ်လိုက်ပြီး အားခနဲ ငယ်သံပါအောင် အော်ဟစ်ကာ ပြန်ခုန်ဆင်းလေသည်။
ဥာဏ်က မင်းခက် ဘာ ဖြစ်ပါလိမ့်ဟု မျက်လုံးအ၀ိုင်းသားဖြင့် ကြည့်နေ၏ ။ ကံကံက ရယ်ချင်လှသဖြင့် အံကိုကြိတ်ထားကာ မျက်နှာကို တစ်ဖက်လှည့်ထားလိုက်သည်။ မင်းခက်သည် သူ့ဆိုင်ကယ်လ်ရှိ ထိုင်နေရာသားရေကို အခွဲခံထားရကာ အဲ့ဒီကြားကနေ ထိုးထောင်ထွက်နေသော ဒူးရင်းဆူး ချွန်ချွန်တွေ ကို တွေ့ မြင်ရစဉ် ရူးမတတ် ဒေါသတွေ ဟုန်းဟုန်းထနေတော့၏ ။
“ဥာဏ် ဒီမှာ ကြည့်စမ်း၊ သင်း လုပ်ထားတာ၊ ဟာ… ရည်ရည်လည်လည် ရိုင်းတဲ့မိန်းမကွာ၊ တောက် … မင်း သိပ်တရားလွန်နေပြီကွ၊ ငါ့ဆိုင်ကယ်လ်ကို ခွဲထားတယ်ကွာ၊ မိုက်ရိုင်းတယ်၊ ငါ မင်းကို တစ်ခုခုပြန်လုပ်ရမှ ကျေနပ်မယ်ကွ၊ နားလည်လား”
“ကံကံ … ကံကံ … နင်သိပ်လွန်တာပဲ၊ ဘာလို့ အဲ့ဒီလောက်ထိ လုပ်ရတာ လဲ”
“ငါ သူ့ကို မုန်းတာကိုး ဥာဏ်ရဲ့၊ ငါမုန်းတဲ့ လူ တစ်ယောက် ကို ငါ ဒီလောက်တော့ လုပ်ပိုင်ခွင့်ရှိတာပဲ”
“ကံကံ”
ဥာဏ်က အသံတုန်ကလေးဖြင့် ကြုံးအော်ပစ်လိုက်တော့မှ သူ ဥာဏ်စိတ်ဆိုးသွားပြီ ဆိုတာကိုသိကာ နှုတ်ဆိတ်နေလိုက်သည်။ ဥာဏ့်ကိုတော့ စိတ်မဆင်းရဲစေလိုပါ။ မနာကျင်စေလိုပါ။ ဥာဏ် ပြုံးရယ်ပျော်ရွှင်နေတာကိုပဲ သူ မြင်ချင်ပါသည်။
“ဆောရီး ဥာဏ်၊ ငါ နင့်ကို ချစ်လွန်းလို့ အဲ့ဒီလောက်လုပ်လိုက်မိတာပါ၊ နင် သူများ ကို ချစ်နေတာ ငါမနာလိုဘူး၊ မခံစားနိုင်ဘူး”
သူ ရင်ထဲကလာသော အသံဖြင့် ပြောလိုက်သော အခါ ဥာဏ်ဥာဏ်သည် သူ့ကို စိုက်ကြည့်လျက် ငြိမ်သက်နေသည်။ ဥာဏ့်မျက်လုံးထဲမှာ သံသယအရိပ် ဖျတ်ခနဲ သမ်းသွား၏ ။ သူငယ်ချင်းတွေ ပြောသလို ခုနက မင်းခက် စွပ်စွဲခဲ့သလို မိန်းမချင်းချစ်သော အချစ်မျိုးဖြင့် သူ ဥာဏ့်ကို ချစ်များ နေသလားဟု ဥာဏ် တွေးလိုက်ပုံပင်။
“ကံကံ … နင် ပြန်လိုက်တော့ဟာ”
ဥာဏ်က ခပ်တိုးတိုး ညည်းသံကလေးနှင့် သူ့ကို နှင်လိုက်ခြင်း ဖြစ်သည်။ သူ မပြန်နိုင်ပါ။ ဥာဏ့်ကို မင်းခက်နှင့် နှစ် ယောက် တည်း လွှတ်မပေးလိုက်နိုင်။
ကံကောင်းချင်တော့ တက္ကစီတစ်စင်းပေါ်မှ လူတွေ ဆင်းလာကြဖြင့် ထိုတက္ကစီအားသွားရာ ကံကံသည် ထိုက္ကစီပေါ်သို့ တက်ထိုင်လိုက်သည်။
“အဲ့ဒီ ဆိုင်ကယ်လ် သွားရာနောက်ကို လိုက်မယ် ဦးလေး”
ဒူးရင်းခွံကို လွှင့်ပစ်ပြီးသော အခါ နောက်ကြည့်မှန်နီနီကြီး ဖြစ်နေတာကို တောက်တစ်ချက်ခတ်ပြီးသော အခါ အိပ်ဇောပိုက်ထဲမှ ခဲလုံးတွေ ကို ပြန်ဆွဲထုတ်ပြီးသော အခါ မင်းခက်ရဲ့ ဒေါသတွေ က အထွတ်အထိပ်သို့ ခေါင်ခိုက်နေပြီ။ သူ့ဆီလှမ်းကြည့်သော မျက်လုံးတွေ က မီးလျှံတွေ လို ရဲရဲတောက်နေလေသည်။ သို့သော် မင်းခက်ကို သူ နည်းနည်း ကလေးမှ ဂရုမစိုက်။ ကြောက်လည်း မကြောက်ပါ၊ ဥာဏ်ဥာဏ် စိတ်ဆိုးမှာ သာ သူကြောက်ပါသည်။
အဲဒီ နေ့က မင်းခက်က ဥာဏ့်ကို Restaurant တစ်ခုဆီသို့ ခေါ်သွား၏ ။ သူလည်း လိုက် သွားပါသည်။ ဥာဏ် ကတော့ သူ့ကို တစ်ချက်တစ်ချက် လှမ်းလှမ်းကြည့်ရုံမှအပ ဘာမှမပြောချင်တော့သော မျက်နှာထားကလေးနှင့် ပင်။ မင်းခက် ကတော့ မျက်နှာကြီး ပုပ်လိုးစူတင်းနေကာ သူ့ကို မျက်နှာထိ မျက်နှာထားကြီးဖြင့် မကြာခဏ ဂြိုဟ်ကြည့် ကြည့်ပါသည်။
သူ့ရင်ထဲမှာ ဘယ်လောက် နာကျင်ထိခိုက်ကာ ဘာတွေ ပျက်စီးကြွေမွသွားသလဲဆိုတာ သူချစ်ရသော ချစ်သူကလေး ကတော့ မသိပါ။
*********
![]() ရင်ချင်းဆက် သူငယ်ချင်း | ![]() တိတ်ဆိတ်နက်ရှိုင်းသော သက်သေ | ![]() ခမ်းနားစွာပြင်ဆင်ထားသော ၀ဲရင်ဘတ်ရဲ့ တစ်နေရာ |