ပါးပြင်နုနုရဲ့ အကြွေး
“ကျွန်မရဲ့ ပွင့်ဖူးသစ်စ ….
ပါးပြင်နုနုဖူးဖူးကလေးကို
သူ … နူးနူးညံ့ညံ့ နမ်းမွှေးခဲ့တယ် …
ပြီးတော့ ….
သူ ကျွန်မကို စွန့်ပစ်လိုက်တယ် …..
ကျွန်မ ပါးပြင်နုနုရဲ့ အကြွေးကို
သူ … ကျွန်မကို ပြန်ဆပ်ရလိမ့်မယ် ….
ကျွန်မ … သူ့ဆီက အကြွေးပြန်ယူရလိမ့်မယ် ….
ဘာပဲ ဖြစ် ဖြစ်ပေါ့ …
ကျွန်မ တရားပါတယ်ရှင် ……”
ရင်ငြိမ်းသခင်
အခန်း (၁)
ရွှေရုပ်လို့ခေါ်တဲ့ ယမင်းရွှေရုပ်ရဲ့ ဘဝကလေးဟာ တကယ့် ယမင်းရွှေရုပ်ကလေးရဲ့ ဘဝလိုပါပဲ… “လိုတရ” ဆိုတဲ့စကားဟာ သူမအတွက်များ ဖန်ဆင်းခဲ့သလားဆိုရလောက်အောင် ပြည့်စုံတဲ့ဘဝပါ…။ ဘယ်အချိန်ကစပြီး သခင့်ရင်ထဲမှာ သူမဘဝကို အားကျလိုချင်မက်မောစိတ်က အမြစ်တွယ်ခဲ့တယ်မသိ။ သခင် သတိထားမိချိန်မှာ ထိုစိတ်က စိတ္တဇတစ်ခုလိုပဲ… သခင့်ရင်တွင်း အနှံ့အပြားမှာ ပျံ့နှံ့ပွားများ လို့ နေခဲ့ပြီ။ တကယ်တော့ သခင်နဲ့ရွှေရုပ်ဟာ ရွယ်တူကလေးတွေ ပါ။ သခင် ဒီအိမ်ကြီးကိုရောက်တော့ အသက်ဆယ်နှစ် ရှိခဲ့ပြီ။ အမေက ဒီအိမ်မှာ စာဖိုမှူးအ ဖြစ် တာဝန်ယူရတဲ့အတွက် အမေတစ်ခုသမီးတစ်ခု ဖြစ်တဲ့ သခင်လည်း အမေနဲ့အတူ ဒီအိမ်ကြီးပေါ် လိုက်ပါလာခဲ့ရတာ ပါ။ အရင်က ထမင်းဆိုင်ဖွင့်ပြီး အမေနဲ့ ဒိုးတူပေါင်ဖက် ကူညီဈေး ရောင်းနေရတဲ့ဘဝကနေ လူချမ်းသာတွေ ချည်းနေတဲ့ ဆိတ်ငြိမ်ရပ်ကွက်ကြီးထဲက ဧရာမတိုက်ကြီးထဲက အခန်းတစ်ခန်းမှာ နေခွင့်ရခဲ့တဲ့ဘဝကို ကျေနပ်ပျော်ရွှင်ခဲ့သလိုလို…။ ပန်းရောင် စုံနဲ့ ခြံကြီးကလည်း အကျယ်ကြီးလေ။ အပျော်ဆုံး ကတော့ ဒီအိမ်ကြီးထဲမှာ အစစအရာရာ ပြည့်စုံပေါလျှံလန်နေသလောက် စိတ်ကောင်းရှိလွန်း ရက်ရောလွန်းတဲ့ ရွယ်တူမိန်းကလေး တစ်ယောက် ရှိနေခဲ့ခြင်းပါ။ ရွှေရုပ်ဟာ တကယ်ပဲ ဖြူစင်ရိုးသားလွန်းလှတယ်။ သူဌေးသမီးရယ်လို့လည်း ဘဝမြင့် သွေးနားထင်ရောက်၊ မောက်မာပလွှားခြင်း မရှိခဲ့။ သူမဘဝက လိုချင်တာကို စိတ်ကူးလိုက်ရုံနဲ့တောင် ရှေ့မှော က်အဆင်သင့် ရောက်နေကျမို့ လိုချင်မက်မော တောင့်တမွတ်သိပ်တယ်ဆိုတဲ့ ခံစားမှု ကို နားတောင်လည်မယ်မထင်…။
သခင်ရဲ့ ဘဝမှာ ဘယ်တုန်းကမှ ပြည့်စုံခဲ့သည်ရယ်လို့ မရှိခဲ့တာမို့ အရာရာဟာ လိုချင်မက်မောဖွယ် တွေ ချည်း။ ရောက်စက ရွှေရုပ်ကျောင်းသွားတာကို တမေ့တမောကြီး ငေးကြည့်ခဲ့ဖူးတာ မျက်စိတစ်ဆုံး။ အနက်ရောင် ပြောင်လက်တောက်ပနေတဲ့ကားကြီးပေါ်မှာ ကျောင်းစိမ်းဂါဝန်လှလှကလေးနဲ့ ရှူးဖိနပ်လှလှ ကလေးဝတ်ထားတဲ့ ရွှေရုပ်ရဲ့ ပြည့်စုံခမ်းနားလှတဲ့ ကျောင်းတက်ခြင်းမျိုး သခင်လည်း လိုချင်လိုက်တာ။ သခင့်မှာ တော့ ကျောင်းစိမ်းနဲ့ဒီရပ်ကွက်ကြီးနဲ့ အနီးဆုံးမှာ ရှိတဲ့ ကျောင်းကလေးဆီ လမ်းလျှောက်ပြီး သွားခဲ့ရတာ ပါ။ အဲဒီ အချိန်ကတည်းက သခင့်ရင်ထဲမှာ ဘာကို မကျေနပ်မှန်းမသိ။ ဘာကို တောင့်တမွတ်သိပ်မိမှန်း မသိ။ သခင် ချမ်းသာတဲ့ဘဝကို ခံစားဖူးချင်လိုက်တာ။ ရွှေရုပ်ရဲ့ ဘဝမျိုး လိုချင်လိုက်တာ။ ရွှေရုပ်လိုပဲ မပူမပင် မကြောင့် မကြ လိုတရဘဝမျိုးမှာ စံစားဖူးချင်လိုက်တာ။ တကယ်ဆို ရွှေရုပ်နဲ့သခင်ဟာ ရွယ်တူပဲမို့ ငါးတန်းကျောင်းသူကလေးတွေ ပါ။ ရွှေရုပ်က ဇိမ်ခံကား အကောင်းစားကြီးနဲ့ အကောင်းဆုံးကျောင်းကြီးမှာ ပညာသင်နေချိန်မှာ သခင်က လမ်းမပေါ်မှာ ချွေးတရွှဲရွှဲနဲ့ လမ်းလျှောက်ပြီး သာမန်မထင်မရှားရပ်ကွက် ကျောင်းကလေးမှာ ပင်ပင်ပန်းပန်း စာသင်နေခဲ့ရတာ ပါ။
ရွှေရုပ်ရဲ့ မေမေက စိန်တွေ သီးနေအောင် ဝတ်စားပြီး ကြော့မော့လှပနေအောင် ပြင်ဆင်ပြီး စိန်ရွှေ ရတနာဆိုင်ဆီ ကားတစ်စီးနဲ့သွားနေချိန်မှာ သခင့်အမေဟာ မီးဖိုထဲမှာ ချွေးတစ်လုံးလုံးနဲ့ ချက်ပြုတ်ကြော်လှော်နေရတာ ပါ။ ရွှေရုပ်ဖေဖေဟာ ကုမ္ပဏီပိုင်ရှင်သူဌေး တစ်ယောက် ။ သခင့်မှာ တော့ အဖေရယ်လို့ အားကိုးတွယ်တာစရာ မရှိခဲ့ပါ။ လောကကြီးဟာ ဘာကြောင့် များ ရွှေရုပ်တို့တစ်မိသားစုလုံးကို မျက်နှာသာပေးလွန်းနေပြီး သခင်တို့သားအမိပေါ်မှာ တော့ ရက်ရက်စက်စက် ဥပက္ခာပြုလွန်းရတာ ပါလိမ့်။ သခင် နားမလည်နိုင်ခဲ့။ အမေ့ကိုတော့ သခင်သိချင်စိတ်ပြင်းပြစွာ မေးမိဖူးပါရဲ့ ။ အမေ့အပြုံးက ထူးဆန်းလို့နေခဲ့တယ်။
“သမီးရယ်… လူတိုင်းလူတိုင်းဟာ သူ့ဘဝနဲ့သူ ပါလာခဲ့ကြပြီးသားရယ်။ ရှေးဘဝက သူတို့ပြုခဲ့တဲ့ ကုသိုလ်ကောင်းမှု တွေ ရဲ့ အကျိုးကို ဒီဘဝမှာ သူတို့ ခံစားနေရတာ ပေါ့အေ၊ အမေတို့ ကတော့ ကောင်းတဲ့ ကုသိုလ်တွေ ပြုခဲ့တာ နည်းလို့ပေါ့အေ”
အမေက သူနားလည်သလောက် ဉာဏ်မီသလောက် ရှင်းပြခဲ့ပေမယ့်လည်း သခင် လိုက်မမီတာ အမှန်။ သခင် ကတော့ အရွယ်နဲ့မလိုက် ရင့်ကျက်ခဲ့သူမို့လားမသိ။ မာယာကလေးတော့ ကြွယ်ချင်မိတယ်။ ကိုယ်လိုချင်တာကို ဘယ်လိုပုံစံမျိုးနဲ့ ရယူရမလဲဆိုတာကို အမြဲတွေးတယ်။ ကိုယ့်အတွေးကလေးနဲ့ကိုယ် ဉာဏ်မီသလောက်ကလေးပေါ့။ သခင်က ရွှေရုပ်နဲ့ပေါင်းဖို့ ကြိုးစားခဲ့တာပါ။ သူမရဲ့ အရင်းနှီးဆုံး အလိုအပ်ဆုံး အချစ်ဆုံးသူငယ်ချင်း တစ်ယောက် အ ဖြစ်ကို လိုချင်ခဲ့မိတာမို့ တတ်နိုင်သမျှ အလိုက်သိဖို့၊ အနွံတာခံဖို့၊ ဖြည့်ဆည်းပေးဆပ်ဖို့လည်း အဆင်သင့်ပြင်ထားခဲ့တာပါ။ ရွှေရုပ်ကိုမြင်ရင် သခင့်မျက်နှာပေါ်မှာ မျက်နှာလို မျက်နှာရလုပ်တဲ့ အပြုံးကလေးက အမြဲတတ်ဆင်လို့။ သူမ ဘာလိုအပ်မလဲဆိုတာကို ပါးနပ်အလိုက်သိစွာ နဲ့ ရှာဖွေပြီး လုပ်ပေးမိတာဟာ မျက်နှာလုပ်တဲ့သဘောပါ။ ရွှေရုပ်အတွက်ဆို ဘာမဆို လုပ်ပေးနိုင်တယ်ဆိုတဲ့ သူရဲကောင်းဆန်တဲ့ အပြုံးကလေးနဲ့ပေါ့လေ။ ရွှေရုပ်ဟာ မင်းသမီးလေးတစ်ပါးလိုပဲ ပြည့်စုံခမ်းနားလွန်းပေမယ့်လည်း သူမမှာ အဖော်ရယ်လို့ မရှိခဲ့တာမို့ သခင်ကပဲ သူမရဲ့ ရံရွှေဖော်လိုလို အထိန်းတော် လိုလို သူငယ်ချင်း တစ်ယောက် ဖြစ်မှန်းမသိ ဖြစ်လာခဲ့တာပါ။ ရွှေရုပ်ရဲ့ အားကိုးချစ်ခင်မှု ၊ ယုံကြည်ကိုးစားမှု ကို ရရှိဖို့အတွက် သခင့်ဘက်က အရာရာကို ပေးဆပ်မြှုပ်နှံခဲ့ရတာ ပါ။
ဒီလိုနဲ့ သခင်ဟာ ရွှေရုပ်ရဲ့ ကစားဖော်သူငယ်ချင်း အဖြည့်ခံကလေးဘဝကို လိုလားခုံမင်စွာ နဲ့ ယူခဲ့တာပါ။ သခင်ဟာ ရွှေရုပ်ရဲ့ ဆံနွယ်ရှည်ရှည်စင်းစင်းကလေးတွေ ကို နေ့စဉ်ကျစ်ဆံမြီး လှလှကျစ်ပေးကာ ဖဲကြိုးလှလှစည်းနှောင်ပေးတတ်သူ၊ ရွှေရုပ်ဝတ်ဖို့ အဝတ်အစားတွေ ကို အဆင်သင့် ရွေးချယ်ပြင်ဆင်ပေးတတ်သူ၊ ရွှေရုပ်စားဖို့ စားစရာကို ပြင်ဆင်ပေးရသူ၊ ရွှေရုပ်ရဲ့ တီးတိုးဖော်ကလေး ဖြစ်ခဲ့ရတာ ပါ။ ရွှေရုပ် အခန်းထဲ သခင်ရောက်သွားရတိုင်း ရင်သပ်ရှုမော အံ့ဩဘနန်းခံစားမှု တွေ တနင့်တပိုးခံစားရမြဲ၊ ရွှေရုပ်ရဲ့ အဝတ်အစားတွေ ၊ အသုံးအဆောင်တွေ ၊ ဒဏ္ဍာရီထဲက မင်းသမီးလေးတစ်ပါးရဲ့ အခန်းတစ်ခန်းလို ခမ်းခမ်းနားနား ထည်ထည်ဝါဝါ ပြင်ဆင်ထားသမျှ အဆောင်အယောင်တွေ ဟာ သခင့်စိတ်နှလုံးကို အမြဲတစေ လွှမ်းမိုးညှို့ငင် ဖြားယောင်းတော့တာပါ။
“ရွှေရုပ်ရယ်…. နင် သိပ်ကံကောင်းတာပဲနော်၊ နင့် ရုပ်ကလေးကလည်း မှု န်နေအောင်ချောတယ်။ အဝတ်အစားတွေ ကလည်း လှလိုက်တာ၊ အကောင်းစားတွေ ချည်းပဲ၊ နင်လိုချင်တာမှန်သမျှ မရဘူးဆိုတာ မရှိစေရဘူး၊ အရမ်းလည်း ချမ်းသာတယ်၊ ဘာလိုသေးလဲဟယ်”
လို့ သခင်က မက်မက်စက်စက် အသံကလေးနဲ့ ပြောမိလေတိုင်း ရွှေရုပ်ရဲ့ မျက်နှာကလေးက ဘာမှ မထူးဆန်းသလို ဘာကိုမှလည်း မမက်မောလှသလိုနဲ့ ပြုံးနေတတ်သူပဲ။
“နင် ဘာလိုချင်လို့လဲ၊ လိုချင်တာယူလေ”
လို့ ရက်ရက်ရောရော ပြောတတ်သူ။ သခင်က ရိုးသားစွာ ဝန်ခံရရင် မျက်စိထဲမြင်မြင်သမျှ အကုန် လိုချင်မက်မောနေမိတော့တာပါ။ ရွှေရုပ်အခန်းထဲရောက်ရင် ရွှေရုပ်ရဲ့ ဂါဝန်လှလှကလေးတွေ ဝတ်ကြည့်၊ ဗီရိုလိုက်တစ်လုံးအပြည့်ရှိတဲ့ ဖိနပ်ကလေးတွေ စီးကြည့်၊ အသုံးအဆောင်လေးတွေ ကိုင်တွယ်ကြည့်ရှုရတာ ကိုက သခင့်အတွက် အရသာတစ်ခုရယ်။ ရွှေရုပ် ကတော့ သခင်လုပ်သမျှ ပြုံးပြုံးကလေး ထိုင်ကြည့်နေတော့တာ။ ဒါမှမဟုတ်လည်း သူမဘာသာသူမ စာအုပ်တစ်အုပ်နဲ့ ပျော်ဝင်ချင်ပျော်ဝင်နေတတ်တာ။
“ရွှေရုပ်ရယ်… နင့်အခန်းကလေးကလေ အေးစက်ပြီး မွှေးပျံ့နေတာပဲဟယ်၊ မွေ့ရာကြီးကလည်း အိစက်လို့၊ ငါ အိပ်ချင်လိုက်တာ”
ဟု သခင်ကဆိုလျှင် ရွှေရုပ်က တစ်ခွန်းတည်းသာ တုံ့ပြန်တတ်တယ်။
“ဒါဖြင့် လာအိပ်ပေါ့”
တဲ့…။ သခင်တို့သားအမိက အနောက်ဘက်မီးဖိုဆောင်နဲ့ ကပ်ရက်အခန်းမှာ နေရတာ လေ။ အဲ(ရ်)ကွန်းလည်းမရှိ။ ကုတင်ပေါ်မှာ ဖျာကလေးနဲ့ အိပ်ရတာ ။ ရွှေရုပ်သဘောထားကြီးလွန်းတာနဲ့ သခင်လည်း ရွှေရုပ်အခန်းမှာ အိပ်ခွင့်ရခဲ့တာပါ။ ကုတင်ပေါ်မှာ နှစ် ယောက် အတူအိပ်ရင်း တီးတိုးသဖန်းပိုးထိုးရင်း ညညတွေ ဘယ်လိုကုန်သွားမှန်းမသိ။ ရွှေရုပ်ဖေဖေနဲ့ မေမေ ဖြစ်တဲ့ အန်ကယ်လ် ဝီရမင်းနဲ့ အန်တီ ယမင်းခြယ်တို့ကလည်း သူတို့သမီးလေးမှာ ရွယ်တူတီးတိုးဖော် ကလေးရှိနေတာကိုပဲ သဘောကျ ကျေနပ်သူတွေ မို့ ရွှေရုပ်အဆုံးအဖြတ်တိုင်းကို ဝင်စွက်ဖက်ငြိုငြင်လေ့ မရှိ။ ကြည်ဖြူတတ်ကြပါတယ်။
“နင်နဲ့ငါ ညီအစ်မတွေ ဖြစ်လိုက်ရင် သိပ်ကောင်းမှာ ပဲဟယ်”
လို့ သခင် တောင့်တမိပြန်တော့ ရွှေရုပ်က ထုံးစံအတိုင်း ပုခုံးကလေးတွန့်ကာ မျက်စကလေးပစ်လို့.
“ပြီးရောပေါ့၊ ညီအစ်မတွေ လုပ်ကြတာပေါ့”
တဲ့…။ အဲဒီ ကစပြီး သခင့်ရဲ့ အိပ်မက်ကမ္ဘာကလေးက နယ်ချဲ့သလောက် ကျယ်လွင့်လာခဲ့တော့တာပါ။ သခင့်ဘဝဟာ ရွှေရုပ်ရဲ့ ဘေးမှာ လိုအပ်သမျှကို ဖြည့်ဆည်းပေးဆပ် အလိုက်သိပေးနိုင်ရင်လည်း သခင့်ဘဝလည်း တင့်တယ်လှပလာမယ်လို့ စွဲနစ်ခံယူခဲ့မိတော့တာ။ သခင့်ကိုယ်ပေါ်မှာ လည်း ရွှေရုပ်ရဲ့ အဝတ်အစားတွေ ကို စိတ်ကြိုက်ယူဝတ်ခွင့်ရသလို သခင်လိုချင်တာတောင်းတိုင်း ရွှေရုပ်က ရက်ရက်ရောရော ပေးကမ်းတတ်မြဲမို့ သခင်ရထားတဲ့ အခွင့်အရေး တွေ ဟာ မနည်းမနော။ ရွှေရုပ်က ဒီအိမ်ကြီးမှာ ပင်မအခရာပဲမို့ ရွှေရုပ်ကိုကိုင်ထားနိုင်လျှင် သခင့်အတွက် အနေချောင်အစားချောင် ဘဝပါ။ သခင်ဖြင့် အမေ့နားပင် သိပ်မကပ်မိတော့။ အမေ့သမီးဆိုတဲ့ဘဝကို မေ့နိုင်သရွေ့ မေ့ထားမိကာ ရွှေရုပ်နဲ့ညီအစ်မဆိုတဲ့ အတွေးကိုသာ ရင်ထဲစွဲနေအောင် ရိုက်သွင်းလို့။ ဘယ်သူမေးမေး “ရွှေရုပ်နဲ့ညီအစ်မ” လို့သာ အရသာရှိရှိ ဖြေချင်မိခဲ့သူပါ။ ရွှေရုပ်ဘယ်သွားသွား သခင်က ဘော်ဒီဂတ်(ဒ်) သဖွယ် မမြဲလိုက်ပါရတာ မို့ Shopping Centre တွေ ၊ hotel တွေ ၊ restaurant တွေ ၊ ရွှေရုပ်သူငယ်ချင်း သူဌေးသမီးကလေးတွေ ရဲ မွေးနေ့ပါတီတွေ များ မရောက်ချင်အဆုံး။ ရွှေရုပ်ကလည်း ဘယ်သူနဲ့မိတ်ဆက်ပေးပေး “ဒါ… တို့အစ်မ” လို့ သခင့်အလိုကျ မိတ်ဆက်ပေးတတ်တာက ချစ်စရာ။ ရွှေရုပ်နားမှာ ပဲ အမြဲနေကာ ရွှေရုပ်ဝတ်သလိုဝတ်၊ ရွှေရုပ်စားသလိုစား၊ ဆံပင်ပုံစံတောင် ရွှေရုပ်နှင့် ဆင်တူလိုက်ညှပ်၊ အရောင် ဆိုးထားခဲ့တာမို့ သခင့်အသွေးအမွေး အရောင် အဆင်းက ရွှေရုပ်နှင့် မတိမ်းမယိမ်း ပြောင်းလဲတိုးတက်လာခဲ့တာကိုတော့ ရွှေရုပ်ကို ကျေးဇူးတင်ရမှာ ပါ။ သူမက သခင့်ကို နှိမ့်ချမထားဘဲ သူမနဲ့တန်းတူ ဆွဲညှိမြှင့်တင်ပေးခဲ့တာလေ။ ရွှေရုပ်နဲ့သခင့်ကြားက ချစ်ခင်တွယ်တာမှု သံယောဇဉ်ဆိုတာကလည်း ဆယ်နှစ် သမီးအရွယ်ကစလို့ တစ်နှစ် ပြီးတစ်နှစ် ကြီးပြင်းရင့်သန်လာခဲ့တဲ့အလျောက် နှောင်ဖွဲ့ရစ်ပတ်လာခဲ့တော့တာ။ အထူးသဖြင့် ရွှေရုပ်က အစွဲအလန်းကြီးပြီး အဖော်မင်တတ်လွန်းတာ သူမရဲ့ အားနည်းချက်လိုတောင် ဖြစ်နေပြီ။ အစစအရာရာ ရွှေရုပ်အတွက် ဝေယျာဝစ္စမှန်သမျှ သခင်ကပဲ သူမရဲ့ Personal Assistant တစ်ယောက် ပမာ လိုလေသေးမရှိ အလိုက်သိတတ်လွန်းစွာ ဖြည့်ဆည်းပေးတတ်သူမို့ ရွှေရုပ်က သခင့်ကို မရှိမ ဖြစ်သလိုကို တန်းတန်းစွဲ လိုအပ်တွယ်တာလာခဲ့တော့တာပါ။ တကယ်ဆို ဒီလိုအခြေအနေမျိုးရောက်အောင် သခင်ကပဲ လိမ္မာပါးနပ်စွာ ဖန်တီးခဲ့တယ်ဆိုပါစို့လေ။ လောကမှာ လိုချင်တာတစ်ခုရှိရင် ကိုယ့်ဘက်က အရင်ပေးဆပ်ထိုးကျွေးရမယ်ဆိုတဲ့ အပေးအယူ သဘောကို သခင်က ကြိုတင်ရင့်ကျက်စွာ သိမြင်နားလည်ထားခဲ့သူပါ။
အခန်း (၂)
ရွှေရုပ်ဆယ်တန်းအောင်ပြီးလို့ တက္ကသိုလ်သွားချိန်မှာ သခင်က ဆယ်တန်းကျသလို စာလည်း ဆက်သင်ချင်စိတ်မရှိတာနဲ့ ကျောင်းထွက်လိုက်ပါတယ်။ သခင်ကိုက မှတ်ဉာဏ်လည်းမကောင်း သလို စာထဲလည်း စိတ်ဝင်တစား မရှိတာလည်း ပါပါတယ်။ ရွှေရုပ်က တက္ကသိုလ်တက်တော့ သူ့ ဖေဖေက ကားလှလှကလေးတစ်စင်း ဝယ်ပေးခဲ့တာက အမှတ်တရပါပဲ။ ရွှေရုပ်နဲ့သခင်အတူတူ ကားမောင်းသင်ခဲ့ကြတာပေါ့။ ကားလှလှလေးကို ကိုယ်တိုင်မောင်းချင်ဇောအဟုန်နဲ့ ကားမောင်း တာတော့ နှစ် ယောက် စလုံး အတတ်မြန်ခဲ့ပါရဲ့ ။ အဲဒီ အချိန် ကာလတွေ ကတော့ တကယ့်ကို ရင်ခုန် ပျော်ရွှင် စိတ်လှုပ်ရှားဖွယ် အချိန်များ ပါပဲ။ သခင့်အလုပ်က ရွှေရုပ်ကျောင်းသွားရင် ကားနဲ့လိုက် မောင်းပို့ဖို့။ တက္ကသိုလ်ဆိုတာ ကိုယ်နဲ့ဘာမှမဆိုင် မပတ်သက်ပေမယ့် ဟန်ဆောင်တတ်တဲ့ အတတ်ပညာမှာ တော့ သခင်က တစ်ဖက်ကမ်းခတ် ကျွမ်းကျင်နေပြန်ပါရော။ ရွှေရုပ်အတန်းတက် ချိန်များ မှာ ကားပေါ်မှာ နေလိုက်၊ ကဲန်တင်းမှာ ထိုင်လိုက်နဲ့ ဝတ္တုတစ်အုပ်ပြီးတစ်အုပ်ဖတ်ရင်း မပျင်း မရိ စောင့်တတ်တာ။ ရွှေရုပ် သူငယ်ချင်းတွေ က ညီအစ်မချင်း ဒီလောက်တောင်ချစ်ရသလားလို့ အံ့ဩယူရပါတယ်။ သခင်ကလည်း ရွှေရုပ်နဲ့ရုပ်ကလေး မဆင်ဆင်အောင်ကို လိုက်တုပ ဖန်တီး ထားတတ်တာမို့ သခင်နဲ့ရွှေရုပ် ညီအစ်မဆိုတာ မယုံတဲ့သူမရှိ။
သခင့်အတွက်တော့ ဒီအတုအယောင် ဘဝကလေးနဲ့တင် ကျေနပ်စရာကောင်းနေခဲ့ပြီ။ ရွှေရုပ်ဘေးနားမှာ နေနေရတာ နဲ့တင် လုံလောက်နေခဲ့ပြီး တခြားဘာကိုမှလည်း ရှည်ရှည်ဝေးဝေး မတွေးထားခဲ့။ အဲဒီ အချိန်မှာ ပဲ သခင့်နှလုံးသားကလေး စတင်လှုပ်ခတ်နိုးကြားစရာ ရွှေမင်းသား ကလေး ပေါ်လာခဲ့တော့တာ။ သူ့ကို တွေ့ တွေ့ ချင်း သခင် ရုတ်တရက် အသက်ရှူဖို့တောင် မေ့ သွားတဲ့အထိ။ သူ့ကားကလေးက သခင့်ဘေးနားမှာ ဘေးချင်းကပ်လျက် ရပ်လို့…။ သူက သခင့်ကို သတိထားမိသွားဟန်နဲ့ ဖျတ်ခနဲ ပြုံးပြတယ်။ အပြုံးက မိန်းကလေးတွေ ကြွေစေလောက်တဲ့ ညှို့ပြုံး နဲ့။
“ဟိတ်… အတန်းမတက်ဘဲ ကားပေါ် ဘာထိုင်လုပ်နေတာလဲ”
သူက ကားလေးချင်းကပ်ထားပြီး ကားပေါ်ကနေ လှမ်းပြောတာပါ။ သခင့်မျက်နှာကလေး ဖြန်းခနဲပူသွားမိတယ်။ ဒါပေမယ့်လည်း သခင်က မင်သေသူလေ။ လက်ထဲက ဝတ္ထုစာအုပ်ကလေး ထောင်ပြလိုက်ရုံနဲ့ လိမ်ရာလည်း မရောက်တော့ဘူးလေ။ သူက သဘောကျသလို ရယ်မောတယ်။ သခင်ဖတ်နေတဲ့စာအုပ်ကို စိတ်ဝင်စားသွားတဲ့ပုံ။ သခင်ဖတ်နေတာကလည်း ကြည့်လေ…။ “သိုင်း လောကရဲ့ စိန်ခေါ်သံ” ဆိုတဲ့ သိုင်းဝတ္ထု အတွဲ ပေါင်းချုပ်။
“ဟာ… ကိုယ်ဖတ်ချက်လိုက်တာ၊ ကိုယ့်ကို ပေးဖတ်ပါလားကွာ၊ ခဏငှားလေ၊ ကိုယ်လည်း အတန်းလစ်ချင်တာနဲ့ အတော် ပဲ၊ ကိုယ်က စာဖတ်မြန်ပါတယ်”
တဲ့။ သူ့ကြည့်ရတာ မိန်းကလေးတွေ ကို ဘယ်လို ခင်မင်ကျွမ်းဝင်အောင် ပေါင်းရမယ်ဆိုတဲ့ အထာနပ်ဟန်မျိုး ချိုမြရွှန်းဝေတယ်။ ဥပဓိရုပ်ကလည်း ခပ်ဖြောင့်ဖြောင့်ဆိုတော့ မိန်းကလေးတစ် ယောက် ကို ချဉ်းကပ်ဖို့ သူ့အတွက် ခက်ခဲပုံမရဘူးထင်ပါရဲ့ ။ အခြေအနေနဲ့ အချိန်အခါကိုကြည့်ပြီး ဖြတ်ထိုးဉာဏ်သုံးတတ်တဲ့ပုံပဲ။
“ဩော်… ကျွန်မလည်း ဖတ်ချင်လို့ကို အတန်းပျက်ထားရတာ ”
“ဒါဖြင့် ဒီလိုလုပ်၊ အတူတူဖတ်ကြမယ်။ လက်ဖက်ရည်ဆိုင် တစ်ဆိုင်မှာ သွားထိုင်ပြီး အတူ တူ ဖတ်ရအောင်လေ… ဘယ်လိုလဲ”
တဲ့။ ကိုလူချောရဲ့ ကမ်းလှမ်းချက်ကို ယတိပြတ်ငြင်းပစ်လိုက်ရအောင်တော့လည်း သခင် က မမိုက်မဲချင်ပါ။ သခင့်ဘဝမှာ ပထမဆုံး စတင်ဆုံစည်းရတဲ့ ပထမဆုံး ယောက်ျားလေးတစ် ယောက် လေ။
“မုန့်ပါကျွေးရင် စဉ်းစားမယ်”
သခင် အရဲစွန့်ပြီး ပြောလိုက်မိတယ်။ သူက သခင့်ကို ထွင်းဖောက်အကြည့်လေးတစ်ချက် ကြည့်ပြီး OK တဲ့။ သခင့်အတွက်တော့ ပထမဆုံး စွန့်စားခန်းပါပဲ။ ရွှေရုပ်မသိနိုင်တဲ့ လက်ဖက်ရည် ဆိုင်ကလေးမှာ နှစ် ယောက် အတူထိုင်ရင်း ဝတ္ထုစာအုပ်တစ်အုပ်ကို ရှေ့မှာ ချ ခေါင်းချင်းဆိုင်လုနီး ပါးကပ်ပြီး စာအတူဖတ်ခဲ့မိကြတယ်။ သခင့်ရင်တွေ အဲဒီ အချိန်မှာ ထိန်းမနိုင် သိမ်းမရ ခုန်လှုပ်နေ လွန်းခဲ့ပြီ။ လက်ဖျား ခြေဖျားတွေ လည်း အေးစက်ခဲ့ပြီ။ သခင် အတင့်ရဲလွန်းနေပြီလား။ သခင့်ဘဝ၊ သခင့်အခြေအနေ အစစ်အမှန်နဲ့ ဘယ်လိုမှ ရင်းနှီးပတ်သက်လာစရာ အကြောင်းမရှိတဲ့ မိုးကျရွှေ ကိုယ်လို မင်းသား တစ်ယောက် အလိုအလျောက်ခင်းလာတဲ့လမ်းပေါ်မှာ သခင် စွန့်စွန့်စားစားပဲ လျှောက်ခဲ့မိပြီ။ တခြားသူ တစ်ယောက် ဆိုရင် သခင် ငြင်းမိကောင်း ငြင်းမိမှာ ဖြစ်ပေမယ့် သူ ဖြစ်နေ လို့ပဲ သခင် ရှေ့တိုးမိလိုက်တာပါ။
ကော်ဖီလေးသောက်ရင်း သိုင်းဝတ္ထုကို နှစ် ယောက် သား သည်းကြီးမည်းကြီး ဖတ်နေခဲ့ပြီးမှ သူကစပြီး…
“ဟား… ကိုယ်လစ်ရတော့မယ် မင်းရော ဘယ်မေဂျာကလဲ၊ အတန်းမတက်တော့ဘူးလား”
“ဟင့်အင်း… ကျွန်မက ပြီးအောင်ဖတ်မှာ ”
“ကိုယ်လည်း ဆက်ဖတ်ချင်တယ်၊ ဘယ်လိုလုပ်ရမလဲ”
“မနက်ဖြန်ဆို ကျွန်မ ဒီနေ့ကားရပ်တဲ့နေရာမှာ ပဲ ရှိနေမှာ ပါ၊ ဖတ်ချင်ရင် လာခဲ့ပေါ့”
“အိုကေ… လာခဲ့မယ်၊ မင်း ကတော့ မိုက်တယ်ကွာ၊ ဒီလောက်မိုက်တဲ့ မိန်းကလေးနာမည် မှ ကိုယ်မသိရင် ကိုယ်ငတုံး ဖြစ်လိမ့်မယ်၊ နာမည် လေးတော့ ပြောပြကွာ”
သူနာမည် မေးပုံက ပညာသားတော့ပါသား။ သခင်ကလည်း မတွန့်တိုချင်ပြန်။
“ရင်ငြိမ်းသခင်ပါ”
“အား… ရင်ထဲကို ငြိမ်းသွားတာပဲကွာ၊ တကယ် ဘယ်မေဂျာကလဲဟင်”
“အဲဒါတော့ မပြောပြဘူး၊ သိချင်ရင် စုံစမ်းပေါ့ရှင်”
အိုကေ… ဒါလောက်ဆို ဖြစ်ပါတယ်၊ ကိုယ်က ထူးစစ်ပါ၊ သင်္ချာကပါ”
သူ နှုတ်ဆက်ပြီးထွက်သွားမှ သခင်လည်း ကားဆီ ပြန်ခဲ့မိတယ်။ ရွှေရုပ်ကို တစ်နေကုန် စောင့်ရမှာ မို့ သခင့်အတွက်တော့ စာဖတ်ရုံကလွဲပြီး အလုပ်မရှိပါ။ တစ်ခါတစ်ခါ ရွှေရုပ်တို့ထွက်လာ လျှင် ကားနဲ့ အင်းလျားတို့ ဗိုလ်ချုပ်ဈေးတို့ဆီ သူငယ်ချင်းတွေ စုပြီး သွားတတ်ကြပါတယ်။ ရုပ်ရှင် ကြည့်တဲ့အခါလည်း ကြည့်ပေါ့လေ။ သခင် ကတော့ ရွှေရုပ်ကျောင်းမတက်တဲ့ စနေ၊ တနင်္ဂနွေကို အပျော်ဆုံးပါပဲ။
နောက်ရက်တွေ မှာ အံ့ဩစရာကောင်းလောက်အောင် သူ ရောက်လာခဲ့ပြန်ပါရော။ သခင့် ဆီက စာအုပ်ကို ခဏတဖြုတ်ယူဖတ်ပြီး အတန်းတက်မည့် ဟန်မရှိတဲ့ သခင့်ကို အံ့တွေ ဩလို့…။
“ဟာ… မင်း ကတော့ တကယ့်မိုက်တီးပဲ၊ မိန်းကလေး ဖြစ်ပြီး ဒီလောက်တေရသလားကွာ တကယ် အတန်းမတက်တော့ဘူးလား”
“မတက်ပါဘူးဆို”
“ဒါဖြင့် ဝတ္ထုချည်း မဲဖတ်မနေပါနဲ့ကွာ၊ စကားလေးဘာလေး ပြောရအောင်လေ၊ ကဲန်တင်း သွားမလား၊ ကိုယ် ကျွှေးပါ့မယ်”
“ဒကာရှိတုန်းလေး မငြင်းတော့ပါဘူးရှင်၊ သွားလေ”
ဒီလိုနဲ့ပဲ သူနဲ့သခင် ကဲန်တင်းထိုင်ရင်း စကားတွေ ပြော ဖြစ်ကြပါတယ်။
“သခင် ဘယ်မှာ နေတာလဲ”
ဆိုတဲ့ သူ့မေးခွန်းကိုတော့ ရက်ရက်ရောရောကလေးပဲ ပြန်ဖြေမိတယ်။ ရွှေရုပ်တို့ခြံလိပ်စာ မို့ ကိုယ့်အိမ်ကိုယ့်ယာနှယ် ပြောလိုက်ရတာ ဘယ်လိုအရသာရှိမှန်းမသိ။
“အား… သခင်တို့က ဘော့(စ်)တွေ ပဲ၊ ကိုယ်က ဘောက်ထော်ထဲမှာ နေတာပါ။ သခင် ဘယ်မေဂျာလဲ ပြောပြကွာ”
“ပြောမပြဘူးဆို၊ ကိုယ့်ဘာသာကိုယ် စုံစမ်းလေ”
“ဘာလဲ… နှစ် ချို့ကြီးမို့လား၊ အတန်းလည်း မှန်မှန်မတက်ဘဲ လစ်နေပုံထောက်ရင် အဲဒါပဲ ဖြစ်မှာ ပဲ၊ မနှစ် က ကျထားလို့လား”
“ဟာ… ဘာတွေ လျှောက်ပြောနေတာလဲ၊ မဟုတ်ပါဘူး”
သခင် ဒီလိုပဲ ဝေ့လည်ကြောင်ပတ် ကွေ့ရှောင်နေမိခဲ့ပါတယ်။ နောက်ရက်တွေ မှာ သူ သံသယမဝင်အောင် ကားပေါ်မှာ ချည်းမနေဘဲ တက္ကသိုလ်ပရဝုဏ်ထဲ ဟိုပုန်းဒီပုန်းနဲ့ နေလိုက်၊ ကဲန်တင်းမှာ ထိုင်လိုက်နဲ့ အတန်းတက်သယောင် ဟန်ဆောင်ဖန်တီးပြရပါတယ်။ ကားကိုတော့ ရပ်နေကျနေရာကလေးမှာ ရပ်နေကျမို့ သူကလည်း သခင့်ဘေးနားမှာ ကားချင်းယှဉ်ရပ်ပြီး သခင့် ကို ရှာပုံတော် ဖွင့်တတ်တယ်။ တစ်ခါတစ်ခါ သူပြောချင်တာ ဒါမှမဟုတ် ဘယ်ဆိုင်ကစောင့်ပါ ဘာ ညာ စသဖြင့် အမှာ စကား စာတိုကလေးတွေ ကို သခင့်ကားမှန်မှာ စက္ကူလေးတွေ နဲ့ ကပ်သွားတတ် သေးတယ်။ သခင်က ဒီကိစ္စကို ရွှေရုပ်ကို လုံးဝအသိမပေးဘဲ ဒိုင်လျှိုကလေး လှုပ်ရှားနေခဲ့မိတာ။ “အချစ်ဦး” ဆိုတဲ့ အရသာကို ရွှေရုပ်မခံစားဖူးခင် သခင်က အရင်ဆုံးဦးဦးဖျားဖျား ခံစားဖူးချင်တာ လေ။ သူက ဖုန်းနံပါတ်တောင်းတော့ သခင်က ဖုန်းနံပါတ်ကို ပေးခဲ့ပေမယ့် ညဆယ့်တစ်နာရီကျော် မှ ခေါ်ခွင့်ပေးထားလိုက်တယ်။ ဆယ်နာရီကျော်ရင် ရွှေရုပ် အိပ်ပြီလေ။ ဖုန်းက ရွှေရုပ်အခန်းထဲမှာ ပဲထားတာ… ကော့(ဒ်)လက်(စ်)ကလေးမို့ ဖုန်းမြည် သံကို အတိုးဆုံးထားပြီး မြည် တာနဲ့ ချက်ချင်း ကောက်ကိုင်လိုက်ပြီး ရွှေရုပ်အခန်းရဲ့ လေသာဆောင်ဘက် တိတ်တိတ်ကလေး ခိုးထွက်ပြီး ဖုန်း ပြောရတဲ့ အရသာဟာ ဘာနဲ့မှမတူနိုင်။ မက်မောရင်ခုန်စရာ ကောင်းလွန်းလှတဲ့အ ဖြစ်လေ။ ဖုန်း ပြောရင်း ပိုရင်းနှီးလာခဲ့တယ်။ သခင်က ကိုယ့်အကြောင်းတွေ ကို လျှို့လျှို့ဝှက်ဝှက်နေပေမယ့် သူ ကတော့ ပွင့်ပွင့်လင်းလင်း ပြောပြတတ်တယ်။
“အိမ်လာလည်မယ်ကွာ… လာလည်ရမလား”
“ဟယ်… မလုပ်ပါနဲ့၊ ဖေနဲ့မေ ဆူလိမ့်မယ်”
“သူငယ်ချင်းတွေ လေကွာ၊ လာလည်လို့မရဘူးလား”
“ဟင့်အင်း… ဖေနဲ့မေက ယောက်ျားလေးသူငယ်ချင်းထားတာ မကြိုက်ဘူး၊ ညီမတစ် ယောက် ရှိတယ်၊ သူက သခင့်ကို အရမ်းသဝန်တိုတတ်တယ်”
ပြောရင်းနဲ့ပဲ အရှိန်ရဈာန်ဝင်လာခဲ့တော့တာ။ သခင်ဟာ ပုံပြောကောင်းသူ တစ်ယောက် ဖြစ်လာခဲ့တယ်။ သခင့်စိတ်ကူးထဲမှာ ဖြစ်ချင်နေခဲ့သမျှကို စီကာပတ်ကုံး ဖွဲ့နွဲ့ကာနဲ့ တကယ့်အ ဖြစ် အပျက်တစ်ခုလို ပြောတတ်လာတယ်။
“သခင့်မှာ ချစ်သူတွေ ဘာတွေ ရှိလား”
“မရှိပါဘူး၊ ဘယ်လိုလုပ်ပြီး ရှိရမှာ တုံး”
“အချစ်ဆိုတာကို သခင် ဘယ်လိုခံစားမိသလဲဟင်”
သူ့မေးခွန်းတွေ က ဘယ်ဆီကို ဦးတည်နေခဲ့သလဲဆိုတာ သခင် ရိပ်မိလိုက်ပါတယ်။ သခင် လည်း ရိုးရိုးအအ နလပိန်းတုံးကလေးမှ မဟုတ်တာ။ အချစ်ဝတ္ထုတွေ ဒီလောက်ဖတ်ထားတဲ့သူပဲ ရင်ခုန်တိမ်းမူး စိတ်လှုပ်ရှားတတ်ခဲ့ပြီလေ။
“အချစ်ဆိုတာ တစ္ဆေတစ်ကောင်လိုပဲ ခြေသံလိုလို ကြားမိသလိုလိုတော့ရှိတယ်၊ လှည့် ကြည့်လိုက်ရင် ဘာမှမရှိဘူး၊ ဒါပေမယ့် ရှိနေသလိုလိုလည်း ခံစားရတယ်၊ အသည်းတအေးအေး ရင်တလှပ်လှပ်တဖိုဖိုလည်း ဖြစ်ရသေးတယ်၊ မထင်မှတ်တဲ့ အချိန်မှာ အဲဒီ တစ္ဆေက ကိုယ့်ရင်ထဲ ဝုန်းခနဲပူးကပ်ပြီး ပြန်မထွက်တော့ဘူး၊ အဲဒါ အချစ်ပဲရှင့်”
သခင့်စကားကို သူက အရမ်းသဘောကျသလို ဟက်ဟက်ပက်ပက် ရယ်မောတော့တယ်။
“သခင် မင်း စာရေး ဆရာမ လုပ်ပါလား၊ ဒိုင်တွေ က တကယ်မိုက်တယ်၊ အတွေးအခေါ် ကောင်းတယ်၊ စကားလဲ တတ်တယ်၊ မင်းကို ကိုယ်စိတ်ဝင်စားတဲ့အထဲမှာ အဲဒါလည်း ပါတယ်၊ ကိုယ်တွေ့ ဖူးတဲ့ တခြားဘယ်မိန်းကလေးနဲ့မှ မတူဘူး၊ မင်းက ပိုထူးခြားတယ်”
“အံမယ်… ရှင်က မိန်းကလေးတွေ အများ ကြီး တွေ့ ဖူးတယ် ဆိုပါတော့…”
“ဒါပေါ့၊ ကိုယ်က လူရိုးကလေးမှ မဟုတ်တာ၊ ဒါပေမယ့် လူရှုပ် တစ်ယောက် လည်း မဟုတ် ပါဘူး၊ အချစ်ကို ရှာဖွေခံစားတတ်သူ”
အမှန်အတိုင်း ဝန်ခံရရင် သခင် သူ့ကိုလက်လွှတ်လိုက်ရမှာ ကို ကြောက်သွားခဲ့မိတယ်။ သူ့ ဆီမှာ ဘယ်လိုကဘယ်လို ငြိတွယ်မက်မောသွားခဲ့မှန်း မသိခဲ့။ အရှိန်အဝါ ပြင်းထန်လှတဲ့ သံလိုက် စက်ကွင်းထဲက သံတုံးကလေးတစ်တုံးလို ရုန်းကန်လို့မရနိုင်တော့တာ။
“ကျွန်မ ကတော့ အချစ်ကို ကိုးကွယ်ချင်သူလို့ ပြောရမယ်၊ အချစ်ဆိုတာကို ကျွန်မ တန်ဖိုး ထားချင်တယ်၊ အချစ်ကြောင့် ကျွန်မဘဝ ပိုပြီးမြင့်မြတ်ချင်တယ်၊ အချစ်ကြောင့် နိမ့်ကျမသွားချင် ဘူး၊ ရှုံးနိမ့်မသွားချင်ဘူး၊ ကျွန်မ အချစ်ကို တစ်ခါမှ မတွေ ဖူး၊ မခံစားဖူးသေးပါဘူး၊ ဒါပေမယ့် အချစ် နဲ့တွေ့ တဲ့အခါ ဒီအချစ်ကို တန်ဖိုးထားလေးစားဖို့တော့ ကျွန်မ ပြင်ဆင်ထားမိတယ်၊ ကျွန်မ အချစ်နဲ့ ပေါ့ပေါ့ဆဆ မကစားချင်ဘူး၊ အဲဒါ ကျွန်မ တကယ်အလေးအနက် ပြောတာနော်”
“ကောင်မလေးရေ မင်းက တကယ်စကားတတ်လွန်းတယ်၊ တစ်ခါတစ်ခါ မင်းကို ကိုယ် လိုက်မမီဘူး၊ လူတွေ က သူတို့လိုက်မမီတဲ့အရာတွေ ကို ပိုပြီး စိတ်ဝင်စားတတ်တယ်ကွ၊ ကိုယ် မင်း ကို အရမ်းစိတ်ဝင်စားတယ်၊ တကယ်ပါ…. အဲဒါတော့ ကိုယ်ဝန်ခံတယ်”
အဲဒီ အချိန်ကတည်းက သခင် သူ့ဆီကအချစ်ကို စပြီးမျှော်လင့်ခဲ့မိတာပါ။ သူက သခင့်ကို ချစ်တယ်လို့ ဖွင့်မပြောခဲ့ဘဲ စိတ်ဝင်စားတယ်ဆိုတာကိုပဲ သုံးစွဲတတ်ခဲ့တာမို့ သခင့်ကို ပိုပြီး မျှော်လင့်ရင်မောစေခဲ့တာပါ။ သခင်တို့ နေ့တိုင်းတွေ့  ဖြစ်ကြတယ်၊ လက်ဖက်ရည်ဆိုင် အတူထိုင် ကြတယ်။ ကားချင်းဘေးချင်းယှဉ်ရပ်ထားပြီး ကားပေါ်မှာ ပဲထိုင်ပြီး စကားပြော ဖြစ်ကြတယ်၊ တစ်ခါ တစ်ခါ လမ်းလျှောက်ကြတယ်။ ညဘက်တွေ ဖုန်းပြော ဖြစ်ကြတယ်။ သူ့ရဲ့ စကားလုံးတိုင်း၊ အပြုအ မူတိုင်း အလေ့အထတိုင်းဟာ သခင့်ကို ဖြားယောင်းချင်တိုင်း ဖြားယောင်းနေခဲ့တော့ ငြိတွယ်မက် မောမှု နဲ့ သံယောဇဉ်ဆိုတဲ့ သံကြိုးတွေ ဟာလည်း သခင့်နှလုံးသားကို အထပ်ထပ် တုပ်နှောင်ရစ်ဖွဲ့ လိုပ။ သခင့်ရဲ့ နေ့နေ့ညညတွေ ကို သူကပဲ လွှမ်းမိုးထားတော့တယ်။ သူ့ကို သခင် ဆေးစွဲသလို စွဲ လာခဲ့တာပါ။ ခုအချိန်မှာ သခင် ဘာကိုမျှော်လင့်ဆုံးလဲလို့ တစ်ယောက် ယောက် ကမေးလာခဲ့ရင် သခင် မဆိုင်းမတွ ဖြေ ဖြစ်မိမှာ က သူ့ဆီက အချစ်လို့ပါ။
တဖြည်းဖြည်းနဲ့ သူ သံသယရှိလာပုံရတယ်…။ သခင့်ကို အတန်းတက်တာ တစ်ခါမှ မမြင်ဖူးခဲ့တာ။ အမြဲတစေ ကဲန်တင်းရယ်၊ ကားပေါ်မှာ ရယ်၊ ကျောင်းပရဝုဏ်တစ်ဝိုက်ရယ်မှာ ပဲ တွေ့ လေ့ရှိတာ ကိုး။ အမှန်အတိုင်းလည်း တစ်ခါမှမဖြေခဲ့ဘဲ ဝေ့လည်ကြောင်ပတ်ပဲ အမြဲဖြေလေ့ရှိတာကို သူ သံ သယရှိနေတယ်။ အဲဒါကြောင့် လည်း သူ သခင့်ကို ချစ်တယ်လို့ ဖွင့်ပြောဖို့ တွေ ဝေနှောင့်နှေးနေ တာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်းလေ… ရာဇဝင်မှာ အချစ်ဆိုတဲ့ ဆွဲဆောင်မှု ရှိလွန်းလှ တဲ့ အင်အားတစ်ခုကို ဘယ်သူကများ တွန်းလှန်ခုခံနိုင်စွမ်း ရှိခဲ့ဖူးလို့လဲ။ သူ တရားဝင်သာ ဖွင့်မပြောခဲ့သေးပေမယ့် သူ့မျက်ဝန်းအကြည့်တွေ မှာ သူ့ရဲ့ စကားတွေ ထဲမှာ သူ့ရဲ့ အပြုအမူတွေ မှာ တပ်မက်စွဲလန်းတွယ်ငြိခြင်းတွေ ကို သခင် မြင်နေခဲ့ရသားပဲ။ အဲဒီ နေ့…။ အဲဒီ နေ့ကလေးတစ်နေ့ ဟာ သခင့်ဘဝရဲ့ နေ့ရက်နှစ် လတော် တော် များများ ကို လွှမ်းမိုးဖြားယောင်းထားတော့မယ့် နေ့က လေးပေါ့။ ထုံးစံအတိုင်း ကဲန်တင်းမှာ သူနဲ့စကားတွေ ပြောပြီး ကားရှိရာဆီ ပြန်လျှောက်လာတဲ့ အချိန်မှာ ရုတ်တရက် ရွှေမိုးညိုက သည်းထန်ပစ်ခဲ့တော့တာ။ တစ်ကိုယ်လုံး ရွှဲရွှဲနစ်နစ် စိုရွှဲသွားခဲ့ ပေမယ့် ငယ်ငယ်ကတည်းက မိုးရွာရင် မိုးရေချိုးတတ်တဲ့အကျင့် သခင့်ဆီမှာ စွဲခဲ့ပြီးသားမို့ သခင် က ပျော်တောင်ပျော်သွားခဲ့မိသေးတယ်။
မိုးရေစက်တွေ ကို မျက်နှာမော့…ပါးစပ်ဟပြီးခံယူရင်း သခင်ပျော်နေတာကို သူက သဘော တကျ ငေးလို့။ သူ့မျက်ဝန်းတွေ ချက်ချင်း စိုလက် ညှို့ရီလာခဲ့သလိုပေါ့။
“ကျွန်မ မိုးရေစက်တွေ ကို အရမ်းချစ်တာပဲ သိလား၊ မိုးရေစက်တွေ လောက် ကြည်လင်တာ၊ သန့်စင်တာ၊ အေးမြတာ မရှိတော့ဘူး၊ ဘာနဲ့မှ ရောနှောမထားဘူး၊ သဘာဝ တရားစစ်စစ် ဟုတ် တယ်.. နော့”
“ဟုတ်ပါ့ဗျား၊ မင်းကို မိုးရေတွေ ထဲမှာ ရပ်ကြည့်နေရတာ ကဗျာတစ်ပုဒ် ဖတ်နေရသလိုပဲ သခင် သိလား၊ မင်းက အရမ်းအံ့ဩဖို့ကောင်းတယ်”
မထင်မှတ်ဘဲ သူက သခင့်ရဲ့ လက်တစ်ဖက်ကို လှမ်းဆွဲယူလိုက်တော့ သခင့်ရင်တွေ ဝုန်း ဒိုင်းကြဲ ဗြောင်းဆန်ကုန်တော့တယ်။ သူက သခင့်လက်ကိုဆွဲပြီး မိုးရေတွေ ကြားထဲ လမ်းဆက် လျှောက်တယ်။ ဘုရားရေ… သိပ်မကြာခင်မှာ သူ သခင့်ကို ဖွင့်ပြောတော့မှာ လား။ မျှော်လင့်ဇောနဲ့ သခင့်နှလုံးသားနုနုကလေးကလည်း ရင်ခွင်ထဲကနေ ဖိတ်စင်လွင့်ကျတော့မတတ် မောဟိုက်လွန်း လှပြီရှင်။ သူက စကားတစ်ခွန်းမှမပြောဘူး။ သခင်လည်း ချက်ချင်း တိတ်ဆိတ်သွားတယ်။ ဒီတဒင်္ဂ ကလေးဟာ သခင့်အတွက် သိပ်အရေး ကြီးတဲ့အချိန်။ နည်းနည်း ကလေးမှ အမှားအယွင်းမခံချင် ဘူးလေ၊ သူက လူမရှိတဲ့ ခုံတန်းလျားကလေးဆီ သခင့်ကို ခေါ်သွားတယ်။ သခင့်ရင်တွေ ဝုန်းဒိုင်း ကြဲ ခုန်နေခဲ့ပြီ။ ထိုင်ခုံကလေးမှာ ထိုင်မြိ ကတော့ သူက သခင်လုံးဝ မျှော်လင့်မထားသော လုပ်ရပ် တစ်ခုကို လုပ်ခဲ့တာ။ သခင့်ရဲ့ ဖူးပွင့်နုသစ်စ ပါးပြင်နုနုကလေးဆီ တရှိုက်မက်မက် နမ်းရှိုက်ပစ် လိုက်တာပါ။ ရုတ်တရက် သခင့်နှလုံးသားထဲ လျှပ်စစ်စီးကြောင်းတစ်ခု ထုတ်ချင်းခတ်ဖောက်ဝင် လာခဲ့သလို လူတစ်ကိုယ်လုံး တောင့်တင်းအေးစက်သွားတော့တာ။ သခင် သူ့ကိုတစ်ချက်တွန်းပစ် လိုက်မိတယ်။ အာရုံတွေ ဝေဝါးဆူဝေသွားလျက် သခင် သူ့ကိုတအံ့တဩ ကြည့်မိတယ်။
“ရှင် အဆင့်တွေ ကျော်နေပြီ ထူးစစ်၊ ရှင်နဲ့ကျွန်မက ဘာလဲ၊ သူငယ်ချင်းတွေ လေ၊ ရှင် ကျွန်မကို အထင်သေးလို့လား၊ စော်ကားချင်တာလား”
သခင် ဘာတွေ ပြောလို့ ပြောရမှန်းမသိအောင် စိတ်တွေ လှုပ်ရှားတုန်လှုပ်နေခဲ့တာပါ။ သူ ကလည်း သူ့အမှားကို ချက်ချင်း သိသွားသလိုပဲ လူချင်းခွာပစ်လိုက်တယ်။
“ဆောရီး ဆောရီးပါ သခင်ရယ်၊ ကိုယ့်စိတ်တွေ ရုတ်တရက်လွတ်သွားမိတယ်၊ မိုးရေနဲ့မင်း က ကိုယ့်ကို ဖြားယောင်းလွန်းလို့ ကိုယ် သတိလွတ်သွားမိတယ်၊ မင်းကို အထင်လည်းသေးမထား ပါဘူး၊ စော်ကားလိုစိတ်လည်း လုံးဝမရှိပါဘူးကွာ၊ ကိုယ် တကယ်တောင်းပန်ပါတယ်”
အဲဒီ အချိန်မှာ သခင် အမျှော်လင့်ဆုံးက သူ့ဆီကအချစ်ပါ။ သူ ဖွင့်ပြောမလားလို့ သခင် စောင့်နေခဲ့ပေမယ့် သူ မပြောခဲ့ဘူး။ သူ ချက်ချင်း ထရပ်လိုက်တယ်။
“ဆောရီးပါကွာ၊ ကိုယ် တကယ် truly deeply တောင်းပန်ပါတယ်၊ ကိုယ့်ကို စိတ်မဆိုးပါနဲ့ သခင်ရယ်၊ လာ ကားဆီ လိုက်ပို့ပေးမယ်နော်”
သခင် သူ့ကို တအံ့တဩ ကြည့်မိတယ်။ ဒီလိုအချိန်မျိုးဟာ သူ့အတွက် အခွင့်အလမ်းအရှိ ဆုံးအချိန်လေ။ သူသာ “ချစ်တယ်” လို့ ဖွင့်ပြောလိုက်ရင် သခင့်ဘက်က ခေါင်းညိတ်လိုက်ဖို့ အဆင်သင့်ရယ်။ သခင့်စိတ်နှလုံးက သူ့ရင်ခွင်ဆီ ပြိုဆင်းဖို့ ယိမ်းညွတ်နွဲ့လျလို့နေခဲ့ပြီဆိုတာ သူ တကယ် မသိဘူးလားဟင်။ မိုးရေတွေ ထဲမှာ သခင်နဲ့သူ တိတ်တိတ်ဆိတ်ဆိတ် ဆက်လျှောက်လာ ခဲ့မိတယ်။ သခင့်ရင်ထဲ အကျယ်ကြီး အော်ဟစ်ရှိုက်ငင်ပစ်လိုက်ချင်လိုက်တာ။ သူ ဘာတွေ ကို ဆင်ခြင်ထိန်းချုပ်နေခဲ့တာလဲ။ ကားနားသို့ ရောက်လာချိန်မှာ သူက သခင်နဲ့မျက်နှာချင်းဆိုင် ရပ် လိုက်တယ်။
“ကိုယ် တကယ်တောင်းပန်ပါတယ် သခင်၊ ကိုယ် သခင်နဲ့ ခုလို ပတ်သက်ခွင့်ရနေတဲ့ အခြေအနေကလေးကို ဆုံးရှုံးလိုက်ရမှာ တကယ်ကြောက်တယ်။ အဲဒါကြောင့် လည်း ကိုယ်ဝန်ခံ စရာရှိတာကို ဝန်ခံဖို့ နှောင့်နှေးတွန့်ဆုတ်နေခဲ့တာပါ။ အမှန်အတိုင်းပြောရရင် သခင်နဲ့ပတ်သက်ခဲ့ သမျှမှာ ကိုယ့်ဘက်က မရှိးသားတဲ့စိတ်၊ သခင့်ကို လှည့်စားလိုတဲ့စိတ် လုံးဝမရှိခဲ့ဘူးဆိုတာကို တော့ သခင်ယုံပေးပါ။ သခင်နဲ့တွေ့ ခဲ့တာ ရိုးသားစွာ မှားခဲ့တဲ့ အမှားတစ်ခုပါ။ ကိုယ့်ဘက်က ဘာလှည့်ကွက်မှ မပါခဲ့သလို ယုတ်မာတဲ့ အကြံအစည်လည်း မရှိခဲ့ပါဘူး။ သခင် ကိုယ့်ကို နာ… သွားမှာ ကိုပဲ ကိုယ် စိုးရိမ်နေခဲ့တာပါ။
သူ့စကားတွေ က တစ်ခုခုဆီ ဦးတည်နေခဲ့ပြီဆိုတာ သခင် ရိပ်မိလိုက်ပါတယ်။ သခင် သူ့ကို မော့ကြည့်နေမိတဲ့ မျက်ဝန်းတွေ မှာ မျှော်လင့်ခိုးတွေ ဝေနေမှာ ကို စိုးမိတယ်။
“ရှင် ဘာတွေ ပြောနေတာလဲ ထူးစစ်၊ ကျွန်မ နားမလည်ဘူး”
“ကိုယ် သခင့်ဆီမှာ ဝန်ခံစရာတစ်ခုရှိတယ်၊ ကိုယ် ဝန်ခံလိုက်ရင် သခင်နဲ့ကိုယ် ဆက်ဆံ ရေး ပျက်မ သွားပါဘူးလို့ သခင် ကတိပေးမလားဟင်”
သခင် မျှော်လင့်ချက်တွေ ဆူဝေလာခဲ့ပြန်ပြီ။ သူ ဦးတည်အစပျိုးနေတာဟာ သခင့်ကို ချစ်တယ်လို့ ပြောဖို့မဟုတ်ဘူးလား။ အဲဒီ အတွက် သခင်က သူနဲ့ဘာလို့ ဆက်ဆံရေး ပျက်ရမှာ လဲ။ သခင့်ဘက်က ဒီလောက်တိမ်းညွတ်သက်ဆင်းနေတာကို သူ မရိပ်မိလောက်အောင်တော့ သူ လူအ တစ်ယောက် မဟုတ်ပါဘူး။
“ပြောပါထူးစစ်၊ ကျွန်မ ကတိပေးတယ်”
သခင့်အသံကလေးတွေ တောင် တုန်ရီနေခဲ့ပါတယ်။ သူ့မျက်နှာကို ငေးကြည့်နေမိတာကို မလွှဲဖယ်ချင်တော့ဘူး။ သူကလည်း သခင့်ကို တိမ်းညွတ်နူးညံ့လွန်းတဲ့အကြည့်တွေ နဲ့ပဲ နင့်နင့် သည်းသည်း ငေးစိုက်ကြည့်နေခဲ့တာပါ။
“ကိုယ် ဝန်ခံလိုက်ရင် သခင်နဲ့ဝေးသွားမှာ ကို ကြောက်လို့ အချိန်တွေ တတ်နိုင်သမျှ ဆွဲ ထားခဲ့တာပါ သခင်ရယ်၊ တကယ်ဆို ကိုယ့်ကို ဒီထက်ပိုပြီး စောစောတွေ့ ခဲ့ဖို့ကောင်းတာ”
“ဘယ်လို… ထူးစစ်”
“ကိုယ့်မှာ ချစ်သူရှိတယ် သခင်…”
ရုတ်တရက် သခင့်ရင်ဝကို အချွန်မြဆုံး ဓားတစ်ချောင်းနဲ့ တဆုံးစိုက်သွင်းခံလိုက်ရသလိုပါ ပဲ။ လူက ယိုင်ခနဲ ဖြစ်သွားပြီး အာရုံတစ်ခုလုံး မှော င်အတိကျသွားသလို မူးနောက်ပြာဝေလို့သွားခဲ့ တာ။ ဘယ်လိုမှ ထင်မထားခဲ့တဲ့ လှည့်ကွက်တစ်ခုလေ။ သူ့မှာ ချစ်သူရှိနေလိမ့်မယ်လို့ တွေးကို မထားခဲ့မိတာပါ။
“ဘာပြောတယ် ထူးစစ်၊ နင့်မှာ ချစ်သူရှိတယ် ဟုတ်လား ထူးစစ်၊ အံ့ဩဖို့ကောင်းလိုက် တာ၊ ချစ်သူရှိရက်နဲ့ နင် ငါ့ကို ဘာလို့ပြုစားခဲ့တာလဲ၊ ဖြားယောင်းသွေးဆောင်ခဲ့တာလဲ၊ မာယာတွေ သုံးခဲ့တာလဲ”
“ကိုယ်ပြောခဲ့ပြီးသားပါ၊ သခင်နဲ့တွေ့ ခဲ့တာ ကိုယ့်အတွက် ရိုးသားစွာ မှားခဲ့တဲ့ အမှားတစ်ခု ပါလို့၊ သခင့်ရဲ့ ဆွဲဆောင်မှု ရှိလွန်းတဲ့ ညှို့စက်ကွင်းကို ကိုယ် တကယ်မရှောင်နိုင်ခဲ့တာပါ။ စိတ် ကစားမိရုံသက်သက် မဟုတ်ပါဘူး၊ ကိုယ် တကယ်ကြွေခဲ့တာပါ”
“နင်တို့ယောက်ျားတွေ တတ်လည်းတတ်နိုင်တယ်နော်၊ ကိုယ် တကယ်ကြွေခဲ့တာပါတဲ့၊ အဲ ဒီထက် ပိုပြီးနားထောင်လို့ကောင်းတဲ့ ပြောင်မြောက်တဲ့စကား မရှိတော့ဘူးလား ထူးစစ်၊ နင် တော် တော် ပါးနပ်တယ် သိလား၊ ချစ်သူရှိပြီးသား ယောက်ျား တစ်ယောက် က နောက်ထပ်မိန်းကလေး တစ်ယောက် ကို ဖြားယောင်းသွေးဆောင်ခဲ့တာကို သစ္စာဖောက်တယ်လို့ မခေါ်ဘူးပေါ့၊ လှည့်စားခဲ့ တာလို့ မသုံးနှုန်းဘူးပေါ့၊ ရိုးသားစွာ မှားယွင်းခဲ့တာတဲ့လား၊ ဟာ ဟာ ဟ… ငါ့နှယ် ရယ်လိုက်ချင် သေးတယ်”
သခင့်မျက်ဝန်းအိမ်ထဲ မျက်ရည်တွေ ပြည့်ဝိုင်းလာခဲ့တာကို သခင် မတားမြစ်၊ မထိန်းချုပ် နိုင်ပါဘူး။
“သခင် ကြိုက်သလိုသာ ပြောတော့ကွာ၊ ကိုယ် မဆင်ခြင်နိုင်ခဲ့တာ၊ မထိန်းချုပ်နိုင်ခဲ့တာ၊ စည်းမစောင့်ခဲ့တာတွေ အတွက် ကိုယ့်မှာ အပြစ်ရှိတယ်ဆိုရင်လည်း သခင်ကြိုက်သလိုသာ စီရင်ပါ ကွာ၊ ကိုယ်ပြောခဲ့ပြီးပြီ၊ စိတ်ရဲ့ အလိုဆန္ဒကို ကိုယ် မလွန်ဆန်နိုင်ခဲ့ဘူး၊ မင်းနဲ့တွေ့ နေရရင်၊ မင်းနဲ့ စကားတွေ ပြောနေရရင် ကိုယ် တကယ်ပျော်တယ်၊ မင်းအပေါ်မှာ မတရားမှန်းသိခဲ့ပေမယ့် ကိုယ် ဒီလမ်းကို ဆက်လျှောက်ခဲ့မိတယ်၊ စိတ်ကို အလိုလိုက်ခဲ့မိတယ်”
“အခုတော့ နင့်အပေါ် ငါ့အကြွေးတွေ တင်သွားခဲ့ပြီ ထူးစစ်၊ ငါ့ရဲ့ ပါးပြင်နုနုကို ဦးဦးဖျားဖျား နမ်းခဲ့တဲ့အကြွေးကို နင်ဘာနဲ့ပြန်လျော်မှာ လဲ၊ အဲဒီ အကြွေးကို နင် တစ်နေ့ ပြန်ဆပ်ရလိမ့်မယ်”
သခင့်ရင်ထဲ နာနာကြည်းကြည်း ဖြစ်သွားခဲ့တာများ သူ့ကို တစ်ခုခု တုံ့ပြန်ပစ်ဖို့ အဆင်သင့် ဖြစ်နေခဲ့တော့တာ။ သူ့ကို ဘယ်လိုနာကျင်အောင် တုံ့ပြန်ရပါ့မလဲ။
“နင့်ချစ်သူကို နင် တကယ်ချစ်သလား ထူးစစ်”
“ချစ်တယ် သခင်၊ သူ့လောက် အပြစ်ကင်းလွန်းတဲ့ မိန်းကလေးမျိုး ကိုယ် ရှာမတွေ့ ဖူးသေး ဘူး၊ ဒီကိစ္စမှာ သူနဲ့ဘာမှမဆိုင်ပါဘူး၊ ကိုယ့်မှာ ပဲ တာဝန်ရှိတာပါ သခင်ရယ်”
“နင့်မှာ ပဲ တာဝန်ရှိတာပါ… မှန်လိုက်တဲ့စကား ဒီဇာတ်လမ်းကို စခဲ့တာ ငါမဟုတ်ပါဘူး၊ နင်ပါပဲ၊ အေးအေးဆေးဆေးနေနေတဲ့ ငါ့ဘဝကလေးကို ငါ့နှလုံးသားလေးကို လှုပ်လှုပ်ခတ်ခတ် ဖြစ် အောင် ဆွဲခါခဲ့တာ နင်ပါပဲ၊ ပြီးတော့ နင့်မှာ အပြစ်မရှိဘူး၊ ဒါကို ရိုးသားစွာ မှားယွင်းခြင်းတဲ့… တော် တော် တရားမျှတတဲ့ နင်နော်၊ ငါ ကတော့ နင့်ကို ယုံကြည်စွာ မျှော်လင့်လိုက်မိတာကို မိုက်မဲ စွာ ကျဆုံးခြင်းလို့ နာမည် တပ်ရမှာ လား၊ ယောက်ျား တစ်ယောက် ငါ့ဆီချဉ်းကပ်လာတယ်၊ မျှော်လင့် ချက်တွေ ပေးခဲ့တယ်၊ ဦးဦးဖျားဖျား ငါ့ပါးပြင်ကို နမ်းခဲ့တယ်၊ ပြီးတော့ ငါ့ကိုစွန့်ပစ်လိုက်တယ်၊ အဲဒီ ဖြစ်ရပ်ကို ငါ ဒီအတိုင်း လည်စင်းငုံ့ခံပေးလိုက် ရတော့မှာ လား၊ ငါ့ဘက်က တုန့်ပြန်ခွင့်တော့ ရှိရလိမ့် မယ်၊ အနည်းဆုံးတော့ ငါ့ပါးပြင်နုနုရဲ့ အကြွေးကို တစ်နေ့ နင် ပြန်ဆပ်ရလိမ့်မယ်၊ ငါ ဘယ်တော့မှ မမေ့ဘူး သိလား”
သခင် သူ့ကိုပြောခဲ့တဲ့စကားတွေ ဟာ အဲဒါ နောက်ဆုံးပါပဲ။ သခင် သူ့ဆီကနေ လှည့်ထွက် ကျောခိုင်းပစ်ခဲ့တယ်။ သူ့ကို အရမ်းနာသွားခဲ့တာ။ ဘဝမှာ ပထမဆုံး မျှော်လင့်တကြီး ဖူးပွင့်ခဲ့တဲ့ အချစ်ဖူးနုနုကလေးကို ညင်သာရက်စက်စွာ ခူးခြွေလွှင့်ပစ်ခံလိုက်ရပြီးတဲ့အချိန်မှာ သခင့်နှလုံးသား မှာ အချစ်ဆိုတဲ့အရာဟာ ကြောက်စရာကောင်းတဲ့ လှည့်စားမှု တစ်ခုလို့ပဲ စွဲမြဲသွားခဲ့တော့တာ။ အယုံအကြည်ကို မရှိတော့ဘူး။
အခန်း (၃)
အဲဒီ နေ့က ရွှေရုပ်ရဲ့ မျက်နှာကလေးက တော် တော် ထူးခြားနေခဲ့တာပါ။ ပါးပြင်နုနုကလေးနှစ် ဖက်မှာ နှင်းဆီသွေးရင့်ရင့် သမ်းလို့ရယ်။ ပြီးတော့ သတိထားမိလောက်အောင်ကို ရွှေရုပ် သိပ်လှနေခဲ့ တယ်။ ပြီးတော့ သိပ်လည်းပျော်နေခဲ့တယ်။ သူမရဲ့ အခန်းထဲမှာ ရွှေရုပ်က သခင့်လက်နှစ် ဖက်ကို ဆွဲယူပြီး ကုတင်ပေါ်မှာ ထိုင်စေရင်း သခင့်မျက်နှာကို အပြုံးတွေ ဝေနေတဲ့ မျက်နှာကလေးနဲ့ စိုက် ငေးကြည့်နေခဲ့တယ်။ သခင်က နားမလည်နိုင်ခဲ့ဘူး။ ထူးခြားနေမှန်းတော့ သိပါရဲ့ ။ ဘာမှန်းမသိခဲ့ ဘူး။
“သခင်… ဒီနေ့ သူ အိမ်ကိုလာလိမ့်မယ်၊ သူ့ကို ထမင်းစားဖိတ်ထားတယ်၊ မေမေတို့နဲ့ တွေ့  ပေးမလို့၊ သခင်လည်း ဝိုင်းပြီး အကဲခတ်ပေးဦးနော်”
ဩော်… ဒါကြောင့် မီးဖိုထဲမှာ အမေ တစ်ယောက် ကောင်မလေးတွေ ကို စီမံခန့်ခွဲရင်း အလုပ်တွေ များ နေခဲ့တာကိုး။
“ရွှေရုပ်ချစ်သူလား”
“ရက်(စ်)… ကျောင်းကပဲ၊ ရွှေရုပ်နဲ့ တစ်တန်းတည်းပဲ”
“ကြည့်စမ်း… အဲဒါများ ငါ့ကိုတောင် ပြောမပြခဲ့ဘူး၊ ရွှေရုပ်မ ဒိုင်လျှိုထားတယ်ပေါ့လေ”
“မဟုတ်ပါဘူး သခင်ရယ်၊ သဝန်တိုမှာ စိုးလို့ပါ၊ သဘောမတူဘူး ဘာညာနဲ့ မေမေတို့နဲ့ လျှောက်တိုင်နေမှာ စိုးလို့ပါ၊ ခုတော့ သူ့ကို တကယ်လည်း ချစ်နေပြီ၊ ကျောင်းပြီးရင် လက်ထပ်ဖို့ အထိ ရည်ရွယ်လိုက်ပြီဆိုတော့ မေမေ့ကို အရင်ဖွင့်ပြောလိုက်တာ၊ မေမေက ခေါ်လာခဲ့… အကဲ ခတ်မယ်ဆိုလို့.. အဟီး”
သခင်က အပိုးမကျိုးတဲ့ ရွှေရုပ်မျက်နှာကိုပဲ ခပ်မဲ့မဲ့ကလေးကြည့်ရင်း မျက်စောင်းချီမိတော့ တယ်။ တကယ်တော့လည်း ရွှေရုပ်ချစ်သူထားတာ သခင် လွှမ်းမိုးစွက်ဖက်ပိုင်ခွင့်မှ မရှိတာ။ ရွှေရုပ် က သခင့်ကို ညီအစ်မလို၊ သူငယ်ချင်းလို ရင်းနှီးချစ်ခင်ခဲ့တယ်ဆိုပေမယ့် သူမရဲ့ နှလုံးသားရေး ရာ ကိစ္စကို တိုင်ပင်ညှိနှိုင်း သဘောထားယူရလောက်အောင်တော့ ရှေ့တန်းမတင်၊ နေရာမပေးခဲ့တာ သဘာဝ ကျပြီးသားပါ။
“ရွှေရုပ်ရယ်…. နင် တကယ်ကံကောင်းပါတယ်၊ နင့်ဘဝမှာ နင်ပထမဆုံးချစ်မိတဲ့ အချစ်ဦး ကိုပဲ လက်ထပ်ခွင့်ရမှာ ၊ အန်တီတို့ကလည်း နင်စိတ်ချမ်းသာပျော်ရွှင်ဖို့ကို အမြဲ အဓိကထားနေ ကြတာ”
ရွှေရုပ်က လှလှပပလေး ပြင်ဆင်လို့။ ရွှေရုပ်မို့ ဝတ်စားပြင်ဆင်လိုက်ရင် ကြော့ကြော့မော့ မော့နဲ့ လှပလွန်းလို့ မိန်းကလေးချင်းတောင် ငေးမောယူရတာ ပါ။ ကောင်းပေ့ဆိုတဲ့ skin care၊ မိတ်ကပ်၊ အဝတ်အစား၊ အသုံးအဆောင်တွေ ပဲ သုံးနေကျမို့ ရွှေရုပ်ကိုကြည့်လိုက်ရင် အရုပ် ကလေးတစ်ရုပ်လိုပဲ နုဖတ်ကြော့စင်နေတော့တာ။ သခင် ကတော့ ရွှေရုပ်ရဲ့ အကျကလေးတွေ နဲ့ ကျေနပ်နှစ် သိမ့်ရသူပါ။ ရွှေရုပ်ကလည်း ရက်ရောလေ့ရှိတတ်သူမို့ သခင်ရလိုက်ရင် အသစ်တွေ ချည်း။
“မမလေး ဧည့်ခန်းမှာ ဧည့်သည်နေရာက်နေပြီရှင့်”
ကောင်မလေးက လာခေါ်တာမို့ ရွှေရုပ် သခင့်လက်ကိုဆွဲပြီး အခန်းထဲကနေ ထွက်လာခဲ့ တယ်။ သခင့်အတွက်တော့ ဒါမျိုးရိုးနေပြီလေ။ ကိုယ့်ကိုယ်ကိုယ် ရွှေရုပ်ရဲ့ ကိုယ်ရံတော် လိုလို၊ ရံရွှေ ဖော်အထိန်းတော် လိုလိုပေါ့။ လှေကားတလျှောက် ဆင်းလာခဲ့ချိန်မှာ ဧည့်ခန်းထဲမှာ ဣနြေ္ဒရရထိုင် နေခဲ့သူ တစ်ယောက် ဆီ သခင့်မျက်လုံးတွေ ဘာရယ်မဟုတ် အမှတ်တမဲ့ ရောက်သွားခဲ့ချိန်မှာ သခင့်ကမ္ဘာလောကတစ်ခုလုံး မိုးကြိုးတည့်တည့် ပစ်အချခံလိုက်ရသလို အစိပ်စိပ်အမြွှာမြွှာ လွင့် စင်ပေါက်ကွဲသွားခဲ့တော့တာ။ သူ့ကိုမြင်လိုက်ရရုံနဲ့ နှလုံးသားတစ်ခုလုံးကို ကြမ်းရှရှလက်နဲ့ ဆုပ် ညှစ်လိမ်ချိုးခံလိုက်ရသလို နင့်နေအောင် နာကျင်သွားခဲ့တာပါ။ သူကလည်း ရွှေရုပ်နဲ့သခင့်ကို ရော နှောသိမ်းကျုံးပြီး ကြည့်နေခဲ့တယ်။ ဒါပေမယ့် ဟန်ဆောင်ကောင်းလွန်းတဲ့ သူ့မျက်နှာပေါ်မှာ အံ့ဩ တုန်လှုပ်နေတဲ့ အရိပ်အယောင် တစိုးတစိမျှတောင် ရှိမနေခဲ့လောက်အောင် ပိရိလွန်းခဲ့တယ်။ သူ့ မျက်နှာက သာမန်ပဲ။ သခင်နဲ့သူ့အကြားမှာ ရင်းနှီးနီးကပ်တဲ့ ဆက်သွယ်မှု တစ်ခု ရှိမနေခဲ့ဖူးတဲ့ အတိုင်းပဲ။ သခင် ကတော့ သူ့မျက်နှာကို မျက်တောင်မခတ်စိုက်ကြည့်နေရင်း သူ့မျက်နှာပေါ်က အပြောင်းအလဲမှန်သမျှကို အသေးအဖွဲကလေးပဲ ဖြစ်စေ တွေ့ ရနိုးနဲ့ ရှာဖွေကြည့်မိတယ်။
“ကိုကို… ဒါ ရွေရုပ် အချစ်ဆုံးသူငယ်ချင်းလေ၊ သူငယ်ချင်းတွေ ထက် ညီအစ်မတွေ လိုပဲ၊ တစ်အိမ်တည်းနေကြတာပေါ့၊ ရွှေရုပ်ရဲ့ ဘော်ဒီဂတ်(ဒ်) ဆိုလည်း မမှားဘူး”
သူကပြုံးပြီး သခင့်ကိုကြည့်တယ်။ အဲဒီ အကြည့်ထဲမှာ ဘာမှမပါဝင်ခဲ့ဘူး။ လုံးဝ သာမန်ပဲ။ သခင် တစ်ခုခုပြောလိုက်ချင်ပေမယ့် မပြော ဖြစ်တော့ပါဘူး။ သခင်ဟာ ကိုယ်အခြေအနေ ကိုယ့် ဘဝအဆင့်အတန်းကို သိရမယ်မဟုတ်လား။ သခင့်အမေက ထမင်းစားခန်းထဲမှာ ဟင်းလျာမျိုးစုံ ပွဲတွေ ကို ချွေးတလုံးလုံး ဆီတပြန်ပြန် ပြင်ဆင်စီစဉ်နေချိန်မှာ သခင်က ရွှေရုပ်ရဲ့ ဘဝနဲ့ ကံကောင်း မှု တွေ ကို လိုချင်နေလို့ မ ဖြစ်ဘူးလေ။ ဒီတော့ မခံချင်စိတ်နဲ့ နာကြည်းမှု တွေ ကို သခင် အသာ အယာပဲ မြိုချပစ်လိုက်ပါတယ်။ ခါးသက်စူးရှလွန်းမှု က လည်ချောင်းတလျှောက်ကနေတစ်ဆင့် နှလုံးသားတစ်ခုလုံးအထိ ပျံ့နှံ့စိမ့်ဝင်သွားတဲ့တယ်။ ပါးပြင်နုနုကလေးက ချက်ချင်း ပဲ အဆိပ်သင့် ယောက် ရမ်းလာသလိုပဲ။
“သခင်… ဒါ ငါ့ရဲ့ ကိုကို ထူးစစ်”
“ဟုတ်ကဲ့… တွေ့ ရတာ ဝမ်းသာပါတယ်ရှင်”
သခင်က သူ့ကိုလုံးဝ မသိခဲ့ဟန် သူစိမ်း တစ်ယောက် လို ဆက်ဆံပြလိုက်တော့မှ သူ စိတ် သက်သာရာရသွားသလို ပေါ့ပေါ့ပါးပါး ပြုံးရွှင်လာခဲ့တယ်။ အဲဒီ တဒင်္ဂကလေးအတွင်းမှာ သခင့် နှလုံးသားဟာ ကျောက်စိုင်ကျောက်သားအ ဖြစ် ပြောင်းလဲသွားခဲ့တာပါ။ သခင် သူ့ကိုချစ်ခဲ့ဖူးတယ်၊ ဘဝမှာ ပထမဦးဆုံးသော ဦးဦဖျားဖျား နုနုဖူးဖူးနှလုံးသားကလေးတစ်ခုလုံး နင့်သည်းမူးရီနေ အောင် ချစ်ခဲ့ရတဲ့ အချစ်ဦးပါ၊ ခုတော့ သူ့ကို မုန်းနှင့် ခဲ့ပြီ။ နာကြည့်နှင့် ခဲ့ပြီ။ သခင့်အကြွေး သူ့ အပေါ်မှ တင်နှင့် ခဲ့ပြီ။
ခဏနေတော့ ရွှေရုပ်ရဲ့ ဖေဖေနဲ့မေမေ ထွက်လာကြတယ်။ သူတို့ အသီးသီးနှုတ်ဆက် စကားတွေ ပြောနေကြတယ်။ သခင့်အတွက် နေရာမရှိတော့ဘူး။ သခင် အသာအယာပဲ လှည့် ထွက်ခဲ့တယ်။ မာန်မာနဲ့ အစွယ်ကို ချိုးခဲ့ရပါတယ်။ ဘယ်သွားရမှန်းမသိတာနဲ့ အလုပ်တွေ များ နေ တဲ့ အမေ့ဆီပဲ ဝင်လာခဲ့မိတယ်။ ပင်ပန်းနွမ်းလျတဲ့ အမေ့ကိုကြည့်ပြီး ရင်ထဲမှာ ငိုချင်လိုက်တာ တအားပဲ။ ဘာ ဖြစ်လို့ ရွှေရုပ်မေမေကျတော့ လှပကြော့ရှင်း ကံကောင်းလွန်းခဲ့ပြီး အမေကျတော့ ပင်ပန်းဆင်းရဲလွန်းရတာ လဲ။ ဘာ ဖြစ်လို့ ရွှေရုပ်ရဲ့ ဘဝ ကတော့ လိုတရပြည့်စုံကြွယ်ဝလွန်းခဲ့ပြီး သခင့်ဘဝကျတော့ လိုအပ်ချက်တွေ အပြည့်နဲ့ သိပ်နုပ်လွန်းရတာ လဲ။ ရုတ်တရက် ငိုချင်ပြင်းပြလာ ခဲ့တာနဲ့ သခင်က ကြက်သွန်နီတွေ ကောက်ကိုင်ပြီး တစ်လုံးပြီးတစ်လုံး အခွံသင်လှီးချွတ်နေခဲ့မိကာ မျက်ရည်ဖြိုင်ဖြိုင်ကျလို့ ကိုယ့်နှလုံးသားကို ပြန်လှီးချွတ်နေခဲ့မိသလို သွေးအလိမ်းလိမ်းနဲ့ နာကျင် နေခဲ့တော့တာပါ။
အဲဒီ အချိန်ကစပြီး ရွှေရုပ်နဲ့သူဟာ မိဘတွေ သဘောတူ ခွင့်ပြုချက်ရခဲ့ပြီမို့ တရားဝင် ထင် ထင်ရှားရှား အတိအလင်း တပူးတွဲ တွဲ ရှိလာခဲ့တော့တာ။ အိမ်ကိုလည်း အမြဲဝင်ထွက်ကြိုပို့၊ ကျောင်းမှာ လည်း တွဲ သွားတွဲ လာအမြဲမို့ သခင်တောင် တဖြည်းဖြည်းနဲ့ စည်းအပြင်ဘက်ကို ရောက် မှန်းမသိ ရောက်လာခဲ့တောတာ။ ရွှေရုပ်က သူ့ကားနဲ့ပဲသွားတော့တာများ တာမို့ သခင်လည်း ကျောင်းလိုက်ပို့စရာ မလိုတော့။ အဲဒီ တော့ သခင် တစ်ယောက် တည်း ဘာလုပ်ရမှန်းမသိ။ အိမ်မှာ လည်း မနေချင်။ ပညာလည်း ဆက်မသင်ချင်။ အလုပ်လည်း မယ်မယ်ရရမရှိနဲ သခင် လေလွင့် ချင်တိုင်း လွင့်ပါတယ်။ တစ်နေ့တစ်နေ့ လမ်းသလားနေတာများ တာမို့ အမေနဲ့ဆို တဂျိမ်းဂျိမ်း။ အမေက သခင့်ကို ကြည့်လို့ကိုမရ။
“ညည်းနှယ်အေ… ကျောင်းလည်းဆက်မတက်၊ အလုပ်လည်းမလုပ်၊ မအေကို ကူညီပါ တော့လား၊ ကျုပ်မှာ ဖြင့် ပင်ပန်းလိုက်တာ၊ တစ်နေ့တစ်နေ့ ချွေးသံတရွှဲရွှဲ ချက်ပြုတ်နေရတာ ဒီ တာဝန်တွေ ညည်းယူဖို့ကောင်းပြီ၊ ညည်းနှယ် မသိတတ်လိုက်တာအေ၊ ဒီအတိုင်း လျှောက်သွား နေရင် ညည်း ပျက်စီးသွားလိမ့်မယ်.. သိလား”
“အမေကလည်း သခင်မှ အိမ်မှာ မနေချင်တာ၊ အချက်အပြုတ်လည်း ဝါသနာမပါပါဘူး”
“ဒါဖြင့် ညည်း ဘာဝါသနာပါတုံး… ကဲ”
အမေမေးတော့လည်း သခင် မဖြေနိုင်ခဲ့ပြန်။ တစ်နေ့တစ်နေ့ ရွှေရုပ်အဝတ်အစားတွေ နဲ့ လှ လှပပပြင်ဆင်ပြီး မြို့ထဲထွက် လျှောက်သွားနေခဲ့တာ များ ပါတယ်။ စကော့ဈေးထဲ လျှောက်ပတ်၊ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် အချိန်ဖြုန်း၊ ဝတ္ထုတွေ ဖတ်ရင်း အချိန်ကုန်နေတော့တာပါ။ ဘာလုပ်ရ မှန်းလည်းမသိဘူး။ ကိုယ့်ကိုယ်ကိုယ် စိတ်လေနေမှန်းလည်း သိပါတယ်။ ဒါပေမယ့် မပြင်ဆင်နိုင် ခဲ့ဘူး။ သခင်လည်း စိတ်ဝင်စားပြီး ဝင်ငွေလည်းရမယ့် အလုပ်တစ်ခုခုတော့ ရချင်သား။ ဒါပေမယ့် ဆယ်တန်းအထိပဲ စာတတ်တဲ့၊ အသက်မွေးဝမ်းကျောင်းပညာဆိုလို့ ဘာမှမတတ်တဲ့ သခင့်အရည် အချင်းနဲ့ ဘယ်သူက အလုပ်ခန့်မှာ လဲ။
အမေက ရွှေရုပ်ဆီမှာ တိုင်တည်ရင်ဖွင့်ခဲ့ပုံ ရပါတယ်။ တစ်ရက်တော့ ရွှေရုပ် စကားစလာ တယ်။
“သခင် နင့်အတွက် ငါ တစ်ခုခုလုပ်ပေးချင်တယ်ဟယ်၊ ပြော ငါဘာလုပ်ပေးရမလဲ၊ နင် ဘာစိတ်ဝင်စားလဲ၊ ဥပမာဟယ်… ဆံပင်ညှပ်သင်တန်းနဲ့ မိတ်ကပ်အလှပြင်သင်တန်းတို့ဘာတို့ နင် ဝါသနာပါလား”
“အင်း… ပါတယ်ရွှေရုပ်၊ ငါ သင်တန်းတက်ချင်တယ်၊ သင်တန်းကြေးက အရမ်းများ တော့ ငါ မတတ်နိုင်ဘူး၊ အမေကလည်း ပေးမှာ မဟုတ်ဘူး”
“ဒါဆို ငါ မေမေ့ကိုပြောပေးမယ်၊ သင်တန်းကြေးထုတ်ခိုင်းလိုက်မယ်၊ နင် သင်တန်းအရင် တက်ဟယ်၊ ပြီးတော့ အဲဒီ ဆိုင်မှာ ပဲ အလုပ်ပြန်ဝင်လို့ရတာ ပဲ၊ နင် စိတ်ဝင်စားဖို့က အရေး ကြီးတာ”
ရွှေရုပ်က ထုံးစံအတိုင်းပဲ ရက်ရက်ရောရော ကူညီပြန်ပါတယ်။ ရွှေရုပ်မေမေကလည်း ရက် ရောတတ်သူပါ။ ရွှေရုပ်ဆန္ဒဆိုရင် ဘယ်တုန်းကမှ ငြင်းဆန်တတ်သူမဟုတ်ခဲ့။ ဒီလိုနဲ့ ရွှေရုပ် Beauty salon တစ်ခုမှာ သင်တန်းတက် ဖြစ်သွားခဲ့ပါတယ်။ ရွှေရုပ်အတွက် အသေးအဖွဲကလေးဆို ပေမယ့် သခင်အတွက်တော့ ဘဝတစ်ခု အပြောင်းအလဲဆိုပါတော့။ သခင် လေလွင့်စိတ်လေနေ တာကလေးတွေ လျော့ပါးသက်သာလာခဲ့တယ်။
သူ့ပုံစံက ဂျစ်တိဂျစ်ကန် ကြွပ်ဆတ်ဆတ်နဲ့ မိုက်တိမိုက်ကန်းကလေးပါ။ သခင့်နောက်ကို ဆိုင်ကယ်တစ်စီးနဲ့ နေ့တိုင်းလိုက်လေ့ရှိသူ။ ပထမတော့ သူ့ကိုကြည့်လို့မရ။ စိတ်အနှောင့်အယှက် လည်း ဖြစ်မိတယ်။ သူက သခင့် Beauty salon ဆိုင်ရှေ့က အအေးဆိုင်မှာ အမြဲထိုင်လေ့ရှိ တယ်။ သခင့်အရိပ်ကို မြင်ရနိုးနဲ့ အမြဲစောင့်ကြည့်နေတတ်သူပေါ့။ တဖြည်းဖြည်းနဲ့ သခင် နေသား တကျ အထာကျလာခဲ့တယ်။ သူ့ပုံစံက ခေတ်လူငယ်ဆန်လွန်းတယ်။ ရုပ်ရည်က အချောကြီးမ ဟုတ်ပေမယ့် အဆိုးကြီးလည်း မဟုတ်ဘူး။ သခင့်ကိုမြင်ရင် စူးစူးရှရှကြီး ထွင်းဖောက်မတတ် စိုက် ကြည့်တတ်တာကို သခင် ရင်ခုန်ယစ်မူးသာယာစ ပြုလာခဲ့ပါတယ်။ ဟုတ်တယ်လေ… သခင့်ဘဝ မှာ သခင့်ကို အလေးအနက် ချစ်ခင်စွဲလန်းတဲ့သူ၊ သခင့်ကို မလှည့်စားတတ်တဲ့သူ၊ သခင့်ဘေးမှာ အေးအတူပူအမျှ လက်တွဲ ကာကွယ်စောင့်ရှောက်ပေးနိုင်မယ့် “ချစ်သူ” လို့ခေါ်တဲ့ အဖော်တစ် ယောက် တော့ ရှိသင့်နေပြီ။ သင်တန်းအသွားအပြန် ဘတ်(စ်) ကားတိုးမစီးချင်ဘူး။ သူ့ဆိုင်ကယ် နောက်ကနေ သူ့ကျောပြင်ဆီ ပါးကလေးအပ်ပြီး သူ့ခါးကို ဖက်ထားကာ လိုက်စီးချင်တဲ့ဆန္ဒ ပေါ် လာခဲ့ပြီ။
တစ်ရက်တော့ သခင့်ရှေ့မှာ ပဲ သူ့ဆိုင်ကယ်မှော က်သွားခဲ့တာကို သခင်က ဘတ်(စ်) ကား ပေါ်ကနေ မြင်ရတယ်။ ကားကို ချက်ချင်း ရပ်ခိုင်းပြီး သခင်ပြေးဆင်းသွားခဲ့မိတယ်။ သူ ဘာမှမ ဖြစ် ပါဘူး။ လမ်းဖြတ်ကူးတဲ့လူကို ဖြုန်းခနဲရှောင်လိုက်ရင်း သူ အရှိန်ပျက် ပြိုလဲသွားခဲ့တာပါ။ ပြေးဆင်း လာခဲ့မိပြီးမှ ဆိုင်ကယ်ကို ပြန်ထူမတ်ပြီး ထရပ်လာတဲ့ သူ့ကို ကြောင်ငေးကြည့်ရင်း ဘာပြောရမှန်း မသိဘူး။ တကယ်တော့ အငိုက်မိသွားခဲ့သလိုပဲ။ သူက မချိုမချဉ်ကလေး ပြုံးတယ်။
“ဘာလို့ဆင်းလာတာလဲ၊ ကိုယ့်ဆိုင်ကယ်ပေါ် လိုက်စီးရဲလို့လား”
တဲ့။ ပြောဟန်ကိုက ရိုက်ပေါက်။ သခင် ပခုံးတွန့်ပြမိတယ်။
“ဘာ ဖြစ်သွားသေးလဲဟင်”
“ဘာမှမ ဖြစ်ပါဘူး၊ နှလုံးသားက အကောင်းကြီး၊ လတ်လတ်ဆတ်ဆတ် ခုန်နေတုန်းပဲ၊ ဆိုင်ကယ်မှော က်တုန်းကတောင် ဒီလောက်အခုန်မမြန်ဘူး၊ မင်းကိုတွေ့ တော့မှ ကိုယ့်ရင်ခုန်သံ တွေ ဝုန်းဒိုင်းကျဲတော့တယ်”
သူ့စကားတွေ က သခင့်ကို ဝိုင်မသောက်ဘဲ မူးရစ်စေတယ်။ သူ့အကြည့်တွေ စူးစူးတွေ က သခင့်ကို ရိုလာကိုစတာ စီးရသူလို လှိုက်မောရင်ဖိုစေတယ်။ သခင် သူ့ကိုမျက်စောင်းလဲ့လဲ့ ထိုး လိုက်မိတော့တယ်။ နောက်ဆုံးကျတော့ သူ့ဆိုင်ကယ်ရဲ့ နောက်ပါးမှာ သခင် ပါလာခဲ့တော့တာပါ။ သခင့်ကို ခြံရှေ့ထိ သူမောင်းပို့ပေးတယ်။ ရွှေရုပ်တို့ရဲ့ ခြံကြီးကို သူ ရပ်သပ်ရှုမော ငေးကြည့်ရင်း…
“ဒီလောက်ချမ်းသာတဲ့ သူဌေးသမီးက ဘတ်(စ်) ကားတိုးစီးပြီး အလှပြင်ဆိုင်မှာ သင်တန်း တက်နေတယ်ဆိုတာတော့ သဘာဝ မကျဘူးကွာ၊ တစ်ခုခုတော့ မှားနေပြီ”
တဲ့…။ ပထမဆုံးအကြိမ်အ ဖြစ် သခင့်ကိုယ်ပေါ်မှာ အမြဲလွှမ်းခြုံထားခဲ့မိတဲ့ အတုအယောင်၊ ဟန်ဆောင်ခြင်းဆိုတဲ့ ဝတ်ရုံလွှာကို အသာအယာပဲ ဆွဲခွာမိပါတယ်။
“ဒီခြံက ကျွန်မရဲ့ ခြံလို့ ဘယ်သူပြောလို့လဲ၊ ကျွန်မအမေက ဒီအိမ်မှာ စာဖိုမှူးပါ၊ ဒါကြောင့် ကျွန်မအိမ်ကြီးထဲမှာ အခန်းတစ်ခန်းရတာ ပါ၊ ကျွန်မ မချမ်းသာဘူး၊ သူဌေးသမီးလည်း မဟုတ်ဘူး၊ ကဲ… အဲဒီ တော့ ရှင် ဘယ်လိုခံစားရသလဲ”
ဘာကြောင့် မှန်းမသိဘဲ သူ့ကို အဲဒီ လို ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်ရတာ ကို သခင် ကျေနပ် မိတယ်။ ရင်ထဲမှာ လည်း ရှင်းရှင်းလင်းလင်း ဖြစ်သွားတယ်လေ။ သူ့အပြုံးက အားပါးတရ လှိုက်လှဲ သက်ဝင်လို့….။
“အရမ်းကျေနပ်တယ် သူငယ်မ၊ ကိုယ်က မင်းသိပ်ချမ်းသာနေရင် မင်းရဲ့ အရှိန်အဝါကြီးကိုငဲ့ ပြီး ရှိန်နေရဦးမှာ ၊ တစ်ခါတစ်လေကျတော့ အဆင့်အတန်းဆိုတာ သိပ်ကွာခြားလွန်းရင် အချစ်ဆို တဲ့အရာက အလိုလို ငုပ်လျှိုးသွားတတ်သေးတာ၊ ခုမှပဲ ကိုယ့်ရင်ထဲ လွတ်လပ်ပေါ့ပါးသွားတယ်၊ အမှန်အတိုင်းပြောရရင် မင်းကို သိပ်ချမ်းသာတဲ့ အဆင့်အတန်းမြင့်မြင့်ကြီး မ ဖြစ်စေချင်ခဲ့ဘူး၊ ဘာလို့လဲသိလား… ကိုယ်က သာမန်ပဲ၊ မချမ်းသာဘူး၊ ဒါပေမယ့် စိတ်တော့ချမ်းသာတယ်၊ ပျော် ပျော်နေတယ်… ဒါပဲ”
သူ့ရဲ့ ပွင့်လင်းရိုးသားမှု က ပန်းရိုင်းလွင်ပြင်တောကြီးထဲ ရောက်သွားခဲ့သူလို လူကို လတ် ဆတ်ပေါ့ပါးစေတာ အမှန်ပါ။ သခင် သူ့ကို ဦးညွတ်လိုက်တယ်။ “ချစ်သူ” ဆိုတာရဲ့ အဖွင့်နိဒါန်း ဟာ ရိုးသားခြင်းနဲ့ စတင်လိုက်ရတာ ပိုမကောင်းဘူးလားဟင်။
![]() ကိုယ့်ရင်ဘတ်ရဲ့ အခြားအခြမ်း | ![]() မျက်ဝန်းတွင် စွဲထင်ရစ်သော | ![]() သိမ်မွေ့သောလမင်း နက်ရှိုင်းသောရေပြင် |