အခန်း(၁)
ကိုယ့်ရင်ဘတ်ရဲ့ တခြား
“ကိုယ့်ရင်ဘတ်ရဲ့ တခြားအခြမ်းက
ခုတော့
သူ့ရင်ဘတ်ဆီမှာ …
အံဝင်ခွင်ကျ တပ်ဆင်လို့ …
ဘယ်တော့မှ လွဲချော်ဝေးကွာခြင်း
မရှိတော့မှာ ကိုလည်း
သူ …
တစ်ဘ၀စာ ယုံကြည်စိတ်ချ
ကျိန်းသေလို့လေ …”
“အဖိုးထိုက်တန်တဲ့ အချစ်တစ်ခုကို ရဖို့အတွက်
လေးနက် နက်ရှိုင်းတဲ့ တွယ်တာမြတ်နိုးမှု တော့
ရင်းနှီးပေးဆပ်ရလိမ့်မယ် …”
ဆေးရုံပေါ်က မင်္ဂလာပွဲလေးက တစ်သက် မမေ့စရာ ပျော်စရာကလေးပါ။ သတို့သမီးအဖေ က သတို့သား သတို့သမီးဝတ်စုံကို ဆိုင်ကနေ ၀င်ငှားရမ်းခဲ့ပြီး ဆေးရုံဆီသို့ အမောတကော ရောက်လာခဲ့သည်။ ဆေးရုံအခန်းတစ်ခန်းလုံး အဖြူရောင် နှင်းဆီတွေ နှင့် ပူဖောင်းဖြူဖြူကလေး တွေ ဝေနေအောင် ဆရာဝန်ကြီးနှင့် သူနာပြုတွေ ဆေးရုံဝန်ထမ်းတွေ ကမန်းကတန်း တက်တက် ကြွကြွ စီစဉ်ပေးပါသည်။ ဆရာဝန်ကြီးကပဲ မြို့နယ်တရားသူကြီးကို ဖိတ်ကြားပေးကာ လက်ထပ် စာချုပ်တွေ ပါ စီစဉ်ပေးပါ၏ ။ ဇာကိုယ်ကျပ် သတို့သမီးဝတ်စုံ ဖြူဖြူကလေးနှင့် ဆံနွယ်အခွေအလိမ် ကလေးတွေ ပခုံးတ၀ိုက်မှာ ၀ဲဖြာကျနေသော သတို့သမီးကလေးကို သူ တစ်သက်စာ ငေး၍ မ၀နိုင် …။ သတို့သမီးကလေး၏ မျက်နှာကလေးကလည်း ရှက်သွေးဖြန်း ကြည်လင်ချိုမြသော အပြုံးမျက် နှာကလေး။ ကိုယ့်ရင်ဘတ်ရဲ့ တခြားအခြမ်းက ခုတော့ သူ့ရင်ဘတ်ဆီမှာ အံဝင်ခွင်ကျ တပ်ဆင် လို့ …။ ဘယ်တော့မှ လွဲချော်ဝေးကွာခြင်း မရှိတော့မှာ ကိုလည်း သူ တစ်ဘ၀စာ ယုံကြည်စိတ်ချ ကျိန်းသေလို့လေ …။
အခန်း (၁)
“ရှေးရိုးရာ”
မြို့တစ်မြို့လုံးမှာ ဒီဆိုင်ကလေးသည် ဆွဲဆောင်ညှို့ငင်နိုင်စွမ်း အရှိဆုံးဟု သူထင်ပါသည်။ ဆိုင်ကလေး၏ အပြင်အဆင်ကို ရှေးအကျနိုင်ဆုံး ပြင်ဆင်ခင်းကျင်းထားသည်ကိုက antique ရှေး ပစ္စည်းတွေ ရောင်းချသော ဆိုင်ကလေးအ ဖြစ် လာသမျှဧည့်သည်တိုင်း၏ အာရုံကို ဖမ်းစားညှို့ငင် ယူနိုင်စွမ်းရှိပါသည်။ ဒီမြို့ကလေးကိုက ပင်လယ်ကမ်းခြေမြို့ကလေးတစ်မြို့ …။ လှပကျယ်လွင့် နက်ရှိုင်းလှသော ပင်လယ်နှင့် ကမ်းခြေကြောင့် ကျော်ကြားသော မြို့ကလေး။ ကမ္ဘာလှည့်ခရီးသွား များ စွာ တို့ လာရောက်အပန်းဖြေရာ မြို့ကလေး …။ မြို့ကလေးက ကျော်ကြားသလောက် စည် လည်းစည်ကားလှပါသည် …။ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ ရေလုပ်ငန်းဖြင့် အသက်မွေးကြတာ များ သည်။ မြို့လည်မှာ ဆိုင် Restaurantတွေ ၊ ကော်ဖီဆိုင်တွေ နှင့် ဒေသထွက် ငါးကြော်၊ ပုဇွန်လုံး ကြော်နှင့် ပင်လယ်စာတွေ ရောင်းချသော ဆိုင်တွေ အပြည့် …။ ရေခဲမုန့်ဆိုင်တွေ နှင့် ဒေသထွက် လက်ဆောင်ပစ္စည်းတွေ ရောင်းသော ဆိုင်တွေ လည်း အပြိုင်အဆိုင် …။
သူက ဒီမြို့ကလေးဆီကို အေးအေးဆေးဆေး အနားယူအပန်းဖြေရင်း သူ့ အသက်မွေးဝမ်း ကျောင်းမှု ဖြစ်သော ပန်းချီကားတွေ ဆွဲဖို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။ ဒီမြို့ကလေးမှာ ကားတွေ ဆိုင်ကယ်တွေ စက်ဘီးတွေ ရော လမ်းလျှောက်သူတွေ နှင့် စည်ကားလှုပ်ခတ်ရှိလွန်းတာကို သူ ပန်း ချီရေး ချင်မိသေးသည်။ ခုလောလောဆယ်တော့ ပထမဆုံး သူ ရောက်စနေ့ကတည်းက သူ့အာရုံ ကို ဖမ်းစားဆွဲခေါ်နိုင်လွန်းသော “ရှေးရိုးရာ” ဆိုင်ကလေးဆီသို့ နေ့တိုင်းသူဝင် ဖြစ်ကာ ဆိုင်ထဲက ရှေးဟောင်းပစ္စည်းကလေးတွေ ကို … တစ်ခုချင်း စိတ်ဝင်တစား စေ့စေ့စပ်စပ်လိုက်ငေး ဖြစ်ရတာ ကို သူမွေ့လျော်နေသည်။ ရှေးဟောင်းကြွေထည် ကြေးပစ္စည်းတွေ ပန်းချီကားလေးတွေ ကျောက်က လေးတွေ နာရီတွေ မီးခြစ် သားရေပစ္စည်းတွေ အသုံးအဆောင်ပစ္စည်းတွေ ရော မှန်ဘီဒိုထဲမှာ အလှပြ သိမ်းဆည်းထားဖို့ကောင်းသော အထိမ်းအမှတ်ပစ္စည်းတွေ တော် တော် စုံလင်ကာ စနစ်တ ကျ မှန်ဘီရိုတွေ ထဲမှာ ခင်းကျင်းပြသထားသည်။ လိုချင်တာရှိမှ ဆိုင်ရှင်ကို ပြောကာ ထုတ်ခိုင်းရ သည်။
သူ မျက်စိအကျဆုံးက နာရီကလေးတစ်လုံး။ ကြေးရောင် ၀င်းပြောင်နေကာ လည်ပင်းမှာ ချိတ်ဆွဲရသော ဒါမှမဟုတ် အိပ်ကပ်ထဲထည့်ယူရသော ကြိုးကလေးနှင့် ရှေးဟောင်းနာရီကလေး ဖြစ်သည်။
“ဒီမှာ … ကျွန်တော် ဒီနာရီကလေး ကြည့်လို့ရမလားဟင်”
သူ ဆိုင်ရှင်မိန်းကလေးကို လှမ်းပြောလိုက်သည်။ ရှပ်အင်္ကျီအနီကွက်နှင့် ဂျဲင်း(န်)ပန်ဝတ် ထားကာ ဦးထုပ်တစ်လုံး ဆောင်းထားသော သူမပုံစံက ကောင်းဘွိုင်မကလေး ပုံစံပေါက်နေတာမို့ သူ ပြုံးချင်သွားမိသေးသည်။ နားမှာ လည်း လက်ကောက်လောက်ရှိမည့်  ငွေရောင် ကြေးနားကွင်း ကြီးတွေ နှင့် ။ ပါးစပ်ထဲမှာ ပီကေတ၀ါးဝါးနှင့် …။
“ဟုတ်ကဲ့ … ကြည့်လို့ရပါတယ်ရှင်၊ သြော … ဒီနာရီလေးက ကျွန်မရဲ့ ဖေးဗရိတ်ပေါ့၊ သူ့ကို ကြေးနဲ့လုပ်ထားတာ၊ နာရီရဲ့ နောက်ကျောမှာ ထွင်းထားတာလေးကို ကျွန်မ အရမ်းစိတ်ဝင်စားတာ ရှင့် …၊ time machine တဲ့ …။ ဒီနာရီလေးကို ကျွန်မဖေဖေ အီဂျစ်ရှေးဟောင်းပစ္စည်းဆိုင်ကနေ ရ လာတာ၊ သူ့ရာဇ၀င်ကလေး ကျွန်မ ပြောပြရမလား”
“ဟာ … ပြောပြပါ၊ ကျွန်တော် စိတ်ဝင်စားတယ်”
“ဒီနာရီကလေးက ထူးဆန်းတယ်လို့ ပြောတယ်၊ သာမန်နာရီလိုမျိုး မဟုတ်ဘဲ time machine တစ်ခုလို အချိန်တစ်ခုဆီ ပြန်ခေါ်သွားတတ်တဲ့ ရာဇ၀င်ရှိတယ်လို့ ပြောတယ်၊ အဲဒီ လို ဖြစ်ဖို့အတွက် တိုက်ဆိုင်မှု တွေ တော့ အများ ကြီးလိုတာပေါ့နော်၊ ဥပမာဆိုပါတော့ … ဒီနာရီကို ပိုင် ဆိုင်ခွင့်ရတဲ့ လူရဲ့ စိတ်ပေါ်မှာ အများ ကြီး မူတည်တယ်လို့ ဆိုတယ်၊ သူ့အပေါ်မှာ တကယ် လေး လေးနက်နက် သက်ဝင်ယုံကြည်စိတ်ရှိဖို့ရယ်၊ ပိုင်ရှင်ရဲ့ စိတ်ထဲကလည်း တကယ့်ကို ပြင်းပြထက် သန်တဲ့ ဆန္ဒတစ်ခုရှိဖို့ရယ်၊ ဆုတောင်းလည်း လေးနက်မှန်ကန်ဖို့ လိုလိမ့်မယ်တဲ့၊ ဒီနာရီကလေး ရောက်လာတာ နှစ် နှစ် ပြည့်တော့မယ်၊ ဈေးကြီးလွန်းလို့ ဘယ်သူမှ မ၀ယ်နိုင်ကြပါဘူး၊ time machine ဆိုတာကိုလည်း အယုံအကြည်မရှိတာ ပါမှာ ပေါ့လေ”
သူ ကတော့ သူမ၏ အပြောနှင့် တင် စိတ်ဝင်တစား ရှိနေမိပါပြီ …။ နာရီကလေးကို အပြန်ပြန် အလှန်လှန် ကိုင်တွယ်ကြည့်ရင်း နာရီမှာ ကပ်ထားသော ဒေါ်လာ ၁၂၀၀ ဆိုသော တန်ဖိုးကြောင့် ၀ယ်ဖို့လည်း လက်တွန့်နေသည်။ လိုကလည်း လိုချင်နေသည်။ တကယ့်ရှေးဟောင်းပစ္စည်းအစစ် ကလေးဆိုတာကို သူ့စိတ်ထဲကနေ အလိုလိုခံစားမိနေသည်။ ပြီးတော့ ဒီနာရီကလေးဆီမှာ ထူးခြား သော ညှို့ငင်ဓာတ်တစ်မျိုး ရှိနေသည်။ သံလိုက်ဓာတ်တစ်မျိုးလို သူ့လက်မှာ ကပ်နေသည့်အတိုင်း …။
“ဟုတ်တယ်ဗျာ … ကျွန်တော် အရမ်းတော့ကြိုက်နေတယ်၊ ဒါပေမယ့် အဲဒီ လောက်ကြီး တော့ မတတ်နိုင်ဘူးဗျ၊ ကျွန်တော် က ရှေးဟောင်းပစ္စည်းကလေးတွေ စုဆောင်းရတာ ကို အရမ်း ၀ါ သနာပါတယ်၊ တန်ဖိုးတွေ ကလည်း မသေးဘူးဗျ”
“အဲဒါဆိုရင်တော့ ဖေဖေနဲ့တူတယ်၊ ဖေဖေလည်း သူ့အလုပ်နဲ့သူ နိုင်ငံအနှံ့ လှည့်သွားနေရ တော့ ရောက်သမျှ နိုင်ငံတိုင်းမှာ antique ဆိုင်တွေ ချည်း ၀င်မွှေတတ်တာ သူ့အကျင့်လေ၊ တချို့ နိုင်ငံတွေ မှာ ဆို car boot sale လို့ခေါ်တဲ့ ကွင်းပြင်ကျယ်ကျယ် လေဟာပြင်ကြီးတွေ မှာ ကိုယ့်ကား တွေ နဲ့ ကိုယ်လာပြီး ကိုယ့်အိမ်က ရှိရှိသမျှ ရှေးဟောင်းပစ္စည်းတွေ ရော ခေတ်ပေါ်ပစ္စည်းတွေ ပါ ဆိုင်ခင်းပြီး ချရောင်းတတ်တာ …၊ အဲဒီ လို ဈေးမျိုးဆို ဖေ့ဖေ့အကြိုက်ပေါ့၊ ဖေဖေက အဘိုးကြီး အဘွားကြီးတွေ ရောင်းတဲ့ဆိုင်မျိုးတွေ မှ ၀င်မွှေတတ်တာ၊ အင်္ဂလန်မှာ ဆို အဲဒီ လိုဈေးမျိုးတွေ နေရာအနှံ့ရှိတယ်၊ ဖေဖေ ကတော့ အင်တာနက်ကနေ ရှာဖွေပြီးတော့ကို နေရာအနှံ့ antique hunting ထွက်တော့တာပဲ၊ ဖေဖေက taste လည်း ရှိတယ်လေ၊ သေသေချာချာလည်း နှိုက်နှိုက် ချွတ်ချွတ် ရှာဖွေလေ့လာထားတော့ ပစ္စည်းတစ်ခုကို နှံ့နှံ့စပ်စပ်ကြည့်ပြီးရင် တကယ့်ရှေးဟောင်း ပစ္စည်းအစစ်လား၊ fake လားဆိုတာ ခွဲခြားတတ်တယ်၊ တွေ့ သမျှ ကြိုက်သမျှ အကုန်ဝယ်တယ်၊ တချို့ကိုသိမ်းတယ်၊ တချို့ကိုပြန်ရောင်းတယ်လေ၊ ကျွန်မကလည်း ၀ါသနာပါတော့ ဒီဆိုင်ကလေး ဖွင့်ထားခဲ့တာ … ကြာလှပေါ့”
သူမက ရင်းနှီးနှစ် လိုဖွယ်အပြုံးကလေးနှင့် ဖော်ရွေစွာ ရှင်းပြနေသည်မို့ ပစ္စည်းစစ်မှန် ကြောင်းလည်း တစ်ခါတည်း ပြောပြပြီးသား ဖြစ်သွားသည် …။
“ကျွန်တော် မ၀ယ်နိုင်သေးပါဘူးဗျာ၊ ဒါပေမယ့် နေ့တိုင်းတော့ လာကြည့်ခွင့်ပေးပါနော်၊ ဒီ နာရီလေးနဲ့ ကျွန်တော် ဘယ်လိုအဆက်ရှိသလဲ မသိဘူး၊ ကျွန်တော့် ကို အရမ်းညှို့တယ်ဗျ”
“လာကြည့်လို့ ရပါတယ်ရှင်၊ အားလုံးကြည့်ခွင့်ရအောင် ပြထားတာပဲဥစ္စာ၊ ဒါနဲ့ ရှင်က ဒီမြို့ ကလေးကို အလည်သက်သက်ပဲပေါ့”
“အလည်သက်သက်တော့ မဟုတ်ဘူးဗျ၊ ကျွန်တော် ဒီမြို့ကလေးကို ပန်းချီလာဆွဲတာ”
“အို … ပန်းချီဆရာကိုး၊ ကျွန်မလည်း ပန်းချီဆွဲရတာ ကို အရမ်းသဘောကျတယ်ရှင့်၊ အား ရင် ပန်းချီပဲ ထိုင်ဆွဲနေတတ်တာ၊ ဒီမြို့ကလေးက ပန်းချီဆွဲဖို့ အကောင်းဆုံးပေါ့”
“ဟား … ၀ါသနာတူချင်းတွေ့ ရတာ ကျွန်တော် ကံကောင်းတာပေါ့၊ ကျွန်တော် တစ်ခု လောက်ခွင့်တောင်းချင်တယ်၊ “ရှေးရိုးရာ” ကို ကျွန်တော် ပန်းချီတစ်ကားလောက် ဆွဲခွင့်ရချင်တယ် … ဘယ်လိုလဲဟင်”
သူမက မျက်ခုံးနှစ် ဖက်ကို ပင့်လိုက်ကာ သူမ ရင်ဘတ်ကလေးကို ပုတ်ပြရင်း …
“ကျွန်မကို ပန်းချီဆွဲမယ် …”
ဟု … တအံ့တသြ ပြန်မေးတော့ သူ နားမလည်နိုင် ဖြစ်သွားရသည်။
“ကျွန်တော် ပြောတာ ဒီဆိုင်ကလေးကိုပါ …”
“အိုး …၊ ကျွန်မ သဘောပေါက်ပါပြီ၊ ဆွဲနိုင်ပါတယ်ရှင် ခွင့်ပြုပါတယ်၊ ဖေဖေသိရင်လည်း သဘောကျမှာ ၊ ဖေဖေက ဒီဆိုင်ကလေးအတွက် အမြဲ ဂုဏ်ယူနေတာလေ၊ သူ့ဆိုင်ကလေးကို ပန်း ချီဆရာ တစ်ယောက် က စိတ်ဝင်တစားနဲ့ ခွင့်တောင်းပြီး ပန်းချီဆွဲရတယ်ဆိုရင် အမလေး သူ ကျေ နပ်လို့ဆုံးမှာ မဟုတ်ဘူး၊ ရှင့်ပန်းချီကိုတောင် သူ ပြန်ဝယ်နေဦးမှာ ”
သူမ ပြုံးလိုက်သော အခါ ပါးချိုင့်ကလေးနှစ် ဖက် ပါးပြင်မှာ လခြမ်းကွေးကလေးတွေ လို ခွက်ဝင်သွားတာကို သူသတိမထားမိဘဲ မနေနိုင်။ သိပ်ချိုမြတဲ့ မိန်းကလေးဟု အသိအမှတ်ပြုမိပါ သည်။ သူ့အတွက်တော့ မိန်းကလေး တစ်ယောက် ဟာ မြင်သူတကာ ငေးမောစွဲလန်းရအောင် သိပ် လှလွန်းနေဖို့ မလိုပါ။ ချိုမြလန်းဆန်းကာ သွက်လက်သက်ဝင်နေလျှင် စိတ်ဝင်စားဖို့ကောင်းပြီ…။
“ညီမဖေဖေရှိလား၊ သူ့ဆီမှာ ခွင့်တောင်းဖို့ လိုမလားဟင်”
“သြော် … ဖေဖေ အင်္ဂလန်ရောက်နေတယ် … ရပါတယ်၊ ကျွန်မ ခွင့်ပြုပါတယ်ရှင်၊ အချိန်မ ရွေး ကြိုဆိုပါတယ်၊ လိုတာရှိရင်လည်း ပြောပါ၊ ကျွန်မပါ ဖြတ်လျှောက်မော်ဒယ်လ် လုပ်ပေးရဦး မယ် ဆိုရင်လည်း ပြော၊ ဒါမျိုးဆို ၀ါသနာပါပြီးသား၊ ကိုယ့်ပုံကလေး ပန်းချီကားထဲ ပါခွင့်ရတယ်ဆို တာ နည်းတဲ့အခွင့်အရေး မှတ်လို့ နော”
မျက်ခုံးကလေး ပင့်ပြကာ ချစ်ခင်စဖွယ် သွက်လက်စွာ ပြောပါသည်။
“ဒါဆို ကျွန်တော် မနက်ဖြန်ကစပြီး ဆိုင်ရှေ့မှာ လာထိုင်ဆွဲပါရစေနော်၊ လူစည်တဲ့အချိန်ဆို လူလေးတွေ ပါ ထည့်ဆွဲချင်ပါတယ် “ရှေးရိုးရာ” ဆိုတဲ့ နာမည် လေးရော ထည့်ခွင့်ရှိရဲ့ လားမသိဘူး”
“ထည့်လို့ရပါတယ်၊ တကယ်တော့ အဲဒါ ကျွန်မရဲ့ နာမည် ပါ၊ ဒီဆိုင်ကလေးဖွင့်တော့ ကျွန်မ ရဲ့ နာမည် ကလေးပဲ ပေးလိုက် တာ”
“အင်း … စောစောကပဲ ကျွန်တော် ထင်လိုက်တယ်၊ ရှေးရိုးရာကိုဆွဲမယ်ဆိုတော့ ညီမလန့် သွားတယ်လေ၊ ကျွန်မကိုလားလို့ မေးတော့ ကျွန်တော် ရိပ်မိသွားတယ်၊ အရမ်းလှတဲ့ နာမည် လေး ပဲဗျာ၊ ကျွန်တော့် နာမည် “အံ့သြအောင်မြင်” ပါ”
“အို ရှင့်နာမည် လည်း လှလိုက်တာ၊ ရှင် ဒီပန်းချီကားကိုရော ပြပွဲတင်ဖို့လားဟင်”
“ဟုတ်တယ်ဗျ … ကျွန်တော် ဒီမြို့ကလေးမှာ တစ်လလောက်နေပြီး ပန်းချီကားတွေ ရသ လောက်ဆွဲဖို့ စိတ်ကူးထားတယ်၊ ကျွန်တော့်ကို ပန်းချီဆွဲချင်အောင် ညှို့ထားတဲ့ subjects တွေ အများ ကြီးပဲဗျ၊ ကား တော် တော် များ ရင် ပြပွဲတင်မယ်၊ ရောင်းမယ်ပေါ့ …”
“ကောင်းလိုက်တာ၊ ကိုယ့်ဝါသနာနဲ့ အသက်မွေးဝမ်းကျောင်းမှု နဲ့ တစ်ထပ်တည်းကျတာ ရှင် ကံကောင်းတာပေါ့”
“ညီမကရော …”
“ကျွန်မလား … ၀ါသနာပါတာက ပန်းချီဆွဲတာ၊ ဓာတ်ပုံရိုက်တာ၊ အခု ဖြစ်နေတာက antique dealer လေ၊ ကျွန်မ ကျောင်းပြီးကတည်းက ဖေဖေနဲ့လိုက်ပြီး ပညာသင်ယူတယ်၊ ဒါပေ မယ့် ကျွန်မ ပျော်ပါတယ်၊ ၀ါသနာလည်း ပါတယ်လေ”
“ကောင်းပါတယ်ဗျာ … ဒီဆိုင်လေးက လူတိုင်းရဲ့ အာရုံကို ဖမ်းစားနိုင်စွမ်း တကယ်ရှိတာပါ၊ အဲဒါ ညီမရဲ့ အောင်မြင်မှု ပေါ့၊ ဒီမြို့ကလေးကို ရောက်လာတဲ့လူတိုင်း ၁၀၀ မှာ ၉၀ က ညီမဆိုင်ကို မ၀င်ဘဲ မနေနိုင်ပါဘူး၊ ငယ်ငယ်ရွယ်ရွယ် မိန်းကလေး တစ်ယောက် ခုလို အောင်မြင်အောင် စွမ်း ဆောင်နိုင်တာကို ကျွန်တော် လေးစားပါတယ်”
“လေးစားရင် ငါးလည်း စားရမှာ ပေါ့ရှင်၊ ရှင့်ကို ဒီမြို့ရဲ့ အကောင်းဆုံး fish and chips လိုက်ကျွေးမယ်၊ နေ့လည်စာပေါ့ …၊ ကျွန်မကို ချီးကျူးတဲ့အတွက် ကျွေးမှာ ပါ”
“ဟာ … တကယ်လား၊ အားနာစရာကြီး၊ ဒါပေမယ့် စားဖို့ ပါးစပ်တော့ ပါပါတယ်”
သူမက သူ့ဟာသကို သဘောကျစွာ ရယ်မောပါသည်။ သူ့အကျင့်က အဲဒီ လို …။ ရောက် လေရာအရပ်တိုင်းမှာ မိတ်ဆွေရှာ၊ သူငယ်ချင်းဖွဲ့ရတာ ကို သူပျော်သည်။ သူ့အလုပ်ကလည်း နေရာအနှံ့ လှည့်ပြီးသွားကာ ပန်းချီဆွဲရသော အလုပ်ဆိုတော့ နေရာအနှံ့ မြို့တကာအနှံ့မှာ သူ့ သူ ငယ်ချင်းတွေ အများ ကြီးပဲ ရလာတတ်သည်။ သူက ငွေကြေးထက် မိတ်ဆွေသူငယ်ချင်းကို ပိုမက် မောခင်တွယ်သူလည်း ဖြစ်သေးသည်လေ …။
“ဆုံစည်းရာ” တဲ့ …။ Fish and Chips ဆိုင်ကလေး၏ နာမည် ကို သူ သဘောတကျ ပြုံးမိ သွားပါသည်။ ဆိုင်အခင်းအကျင်းက သပ်သပ်ရပ်ရပ် ဘိုဆန်ဆန်ကလေး။
“ဒီဆိုင်မှာ ကျွန်မ အမြဲ lunch လာစားနေကျကို အံ့သြရဲ့ ၊ ဆိုင်ရဲ့ စပါယ်ရှယ်က ငါး အကောင်လိုက်ကို အသားအပြားလိုက်လွှာပြီး အကြော်မှု န့်နှစ် (butter) စိမ်ပြီး ကြော်ထားတာ … အကြော်မှု န့်အနှစ် အစပ်အဟပ်က အရမ်းကောင်းတော့ ကြွပ်ရွပြီး စားလို့အရမ်းကောင်း၊ အထဲမှာ ငါးအသားကလည်း မာမသွားဘဲ နူးနူးညံ့လေးပေါ့၊ အင်္ဂလန်ရဲ့ fish and chips style အတိုင်းပဲ၊ အဲဒါကို အရွက်သုတ် salad တစ်ပွဲနဲ့ စားတယ်၊ အားလူးခြေမွှေထားတဲ့ mashed potatoes လည်း ဒီဆိုင်မှာ ကောင်းတယ်၊ ပြီးရင် latte ကော်ဖီကလေးကို သကြားတစ်ဇွန်းနဲ့ သောက်တတ်တာ ကျွန်မအကျင့်ပဲ၊ ရှင် ဘာစားမလဲ မှာ ချင်တာမှာ နော်၊ ဒီဆိုင်မှာ ပုဇွန်လုံးကြော်လေးတွေ လည်း ရ တယ်”
“ကျွန်တော် ညီမစားတဲ့အတိုင်းပဲ စားမယ်”
“အိုကေ …”
သူမက ခပ်သွက်သွက်မှာ လိုက်သည်။ ဆိုင်ကလေးက မှန်ချပ်တွေ နှင့် ဖွဲ့စည်းထားတာမို့ အပြင်ဘက်မှာ စည်ကားနေသော မြင်ကွင်းကိုလည်း လှမ်းမြင်နေရပါသည်။
“ကျွန်တော် ညီမနဲ့ခင်မင်ခွင့်ရတာ တကယ်ဝမ်းသာတယ်ဗျ၊ ကျွန်တော် က ရောက်တဲ့အရပ် မှာ သူငယ်ချင်း ရှာတတ်တယ်၊ မြို့ခံနယ်ခံ သူငယ်ချင်းမျိုးရထားတော့ စိတ်ထဲ လုံခြုံနွေးထွေးတယ် လေ”
“ဟုတ်တာပေါ့ရှင် … အနည်းဆုံးတော့ ဘိုင်ပြတ်သွားရင်လည်း ပိုက်ဆံချေးလို့ရမှာ ကိုး”
“ဟား … ဟား … ခန့်မှန်းချက်က ကွက်တိပါလား၊ တော် လိုက်တာ”
နှစ် ယောက် စလုံး ရယ်မောမိရင်း အလိုလိုခင်မင်သွားခဲ့သည်။ သူမထံမှ လွတ်လပ်ပေါ့ပါးမှု နှင့် သွက်လက်လန်းဆန်းမှု တို့က သူ့ဆီသို့ အလွယ်တကူ ကူးစက်လို့လာခဲ့ပါသည်။ သူ့ကိုယ်ပိုင် သတ်မှတ်ချက်အရ ပြောရမည် ဆိုလျှင် မိန်းကလေးတွေ က တံခါးချပ်တွေ နှင့် တူပါသည်။ တချို့တံ ခါးတွေ က လုံးဝ သော့ ခတ်ပိတ်ထားကာ တင်းကျပ်သော လုံခြုံရေး မျိုး ချထားတတ်သည်။ တချို့ တံခါးတွေ က ပိတ်လည်းမထား … စေ့ထားရုံလေး။ ဖွင့်ပြီးဝင်သွားလိုက်လျှင် နွေးထွေးဖော်ရွေသော ကြိုဆိုမှု မျိုးရှိတတ်ကာ ၀င်ရောက်လာသူကို တန်ဖိုးထားစွာ ဂရုတစိုက် ရှိတတ်သည်။ တချို့တံခါး တွေ ကျတော့ ဗလင်ဟင်းလင်း ပွင့်လျက်သား …။ ၀င်လာသူကိုလည်း ကြိုဆိုချင်မှ ကြိုဆိုမည် ။ အလေးမထား … ပေါ့ပေါ့တန်တန် အပျော်သက်သက်မျှသာ။ ရှေးရိုးရာက အဲဒီ တံခါးတွေ ထဲက ဒုတိယတံခါးမျိုး ဖြစ်ပါ၏ ။
“ကျွန်မကလည်း antiques တွေ ကို စိတ်ဝင်တစားရှိတတ်တဲ့ ပရော်ဖက်ရှင်နယ်လ် ပန်းချီ ဆရာ တစ်ယောက် နဲ့ သူငယ်ချင်း ဖြစ်ရတာ ဂုဏ်ယူပါတယ်ရှင်၊ ဒီမြို့ကလေးမှာ လိုအပ်တဲ့အကူ အညီရှိရင် ပြောပါ၊ ကျွန်မ အမြဲ အဆင်သင့်ပါနော်၊ ရှင်က ရန်ကုန်ကပဲလား”
“ဟုတ်ကဲ့ … ကျွန်တော့် လိပ်စာကဒ်လေး ပေးထားမယ်လေ၊ ညီမ ရန်ကုန်ရောက်ရင် လာ လည်လို့ရတယ်၊ သူငယ်ချင်းတွေ နယ်အစုံကနေ လာလည်ကြရင် ကျွန်တော့် ဆီမှာ ပဲ တည်းကြ တယ်၊ ကျွန်တော် ကလည်း နေရာအနှံ့ လိုက်ပို့ပေးတယ်”
“လာလည်မှာ ပေါ့ရှင် …”
သူတို့ နေ့လည်စာ စားပြီးချိန်မှာ သူမကို ဆိုင်မှာ ပြန်ပို့ပေးခဲ့ပြီး လမ်းခွဲလိုက်ကြသည်။ သူက ဟိုတယ်ပြန်ပြီး နောက်တစ်နေ့ ပန်းချီ စဆွဲဖို့အတွက် လိုအပ်တာတွေ ကို ကြိုတင်ပြင်ဆင်ရပါ သည်။ ထုံးစံအတိုင်း သူ ပန်းချီစဆွဲတော့မည် ဆိုလျှင် လူက အလိုလိုပျော်ရွှင်ရင်ခုန်ကာ တက်ကြွ ထက်သန်နေတတ်တော့သည်။
******
အခန်း(၂)
“မျက်ဝန်းချိုချိုတွေ နဲ့
ကိုယ့်ကို မမျှားပါနဲ့ကွယ်
မင်းရဲ့ မျှားတံမှာ
ကိုယ့်နှလုံးသား ချိတ်ပါသွားခဲ့ရင်
တစ်သက်လုံး တာဝန်ယူကြေးနော်”
အခန်း - ၂
နောက်တစ်နေ့မှာ သူ ၀ီရိယကြီးစွာ ပင် ရှေးရိုးရာဆိုင်ကလေးရှေ့ ရောက်လာခဲ့ပြီ။ ဆိုင်ရှေ့ မှာ သူအကြိုက်ဆုံး မြင်ကွင်းကိုယူပြီး တစ်နေရာစာ ခင်းကျင်းပြင်ဆင်လိုက်သည်။ ပန်းချီဆွဲမည့်  ကင်းဘတ်(စ်)က ထောက်တိုင်ပေါ်မှာ အဆင်သင့်။ ဆီဆေးရောင် စုံ ကျူ(ဘ်) လေးတွေ ကို စိတ် တိုင်းကျစီရီလို့ … စုတ်တံတွေ အဆင်သင့်။ သူ့ရင်ဘတ်ထဲမှ နှလုံးသား၏ ခပ်တိုးတိုးခုန်သံကို သူ ပြန်ကြားနေရပြီ …။ သူ အဆင်သင့် ဖြစ်နေပြီ …။
“အို …၊ အားလုံး အဆင်သင့်ပါပဲလား၊ ကြိုဆိုပါတယ်ရှင် …”
သူမက လက်ထဲမှာ စတီးလ် travel mug ကလေးကိုင်လျက် ထွက်လာရင်း လှပချိုမြလွန်း သော အပြုံးချိုချိုကလေးနှင့် လှမ်းနှုတ်ဆက်ပါသည်။ ဒီနေ့တော့ ချည်သားအပါး အဖြူရောင် ရှပ် အင်္ကျီကလေးကို ခါးမှာ စုထုံးချည်နှောင်ထားလျက် ဂျဲင်း(န်)ပဲန်မိုးပြာဖျော့ကလေးနှင့် ကြည်လင်စွာ သူမ လှပနေပါသည်။ ကောက်ရိုးအနုစား ဦးထုပ်ကလေးကို ဆောင်းထားသေးသည်။ အင်း … သူမ ဦးထုပ်တွေ နှစ်သက် တယ်ထင်ပါရဲ့ ။ အနားရောက်မှ mug ကလေးကို သူ့ဆီ လှမ်းပေးရင်း …
“latte ဖျော်ထည့်ပေးထားတယ်နော်၊ ပန်းချီဆွဲရင်း ကော်ဖီဆာလာရင် သောက်ရအောင် လို့”
“အလိုက်သိလိုက်တာဗျာ … ကျေးဇူးပါ၊ ကျွန်တော် ဟိုတယ်လ်ကနေ ဘာမှတောင် စားမ လာခဲ့ဘူး၊ ပန်းချီဆွဲဖို့ စိတ်စောနေတာနဲ့ ဒီနေ့ နေ့လည်စာကို ကျွန်တော် ကျွေးမယ်နော်”
“ကောင်းတဲ့ အစီအစဉ်ပေါ့ရှင် …၊ ကဲ ကဲ … စ ဆွဲတော့နော်၊ ကျွန်မ အနှောင့်အယှက် မပေးတော့ဘူး၊ ခဏနေရင် ဆိုင်ထဲမှာ လူကျလာတော့မှာ ”
သူမ ဆိုင်ထဲ ပြန်ဝင်သွားခဲ့သည် … ။ သူ “ရှေးရိုးရာ” ကို ပန်းချီ စဆွဲပါပြီ။ သူ့အာရုံတွေ အားလုံး ရှေ့က မြင်ကွင်းကလေးဆီမှာ ပဲ စီးမျောပျော်ဝင်သွားလျက် … ပန်းချီဆွဲခြင်းထဲမှာ သူ ဈာန်ဝင်စား နစ်မျောသွားခဲ့သည်။ အချိန်တွေ ဘယ်လောက်ကြာသွားမှန်းပင် သူ မသိတော့။ သူ့ရဲ့ စုတ်ချက်တွေ က canvas မျက်နှာပြင်ပေါ်မှာ စနစ်တကျနှင့် သေသပ်လှပစွာ ပြေးလွှားနေခဲ့သည်။
ဆိုင်ကလေးထဲကနေ သူမ ပြန်ထွက်လာမှပင် သူ ဆွဲလက်စ,ကို ရပ်နားမိသည်။
“အိုး … တော် တော် ကလေးတောင် ပုံပေါ်နေပြီပဲ၊ ရှင် တော် လှချည်လား ကိုအံ့သြ”
“ဟာ … ဒါ စုတ်ချက်အကြမ်းကလေးတွေ ပဲ ရှိပါသေးတယ်၊ fine touch တွေ မ၀င်ရသေး ဘူး ရိုးရာ”
“ကျွန်မ ဗိုက်ဆာနေပြီရှင့်၊ နာရီကိုလည်း ကြည့်ပါဦး ရှင် ပြီးနိုးနိုးနဲ့ ဆိုင်ထဲကနေ အသာ ချောင်းပြီးစောင့်ကြည့်နေတာ၊ နေ့လည် နှစ် ချက်ခွဲသွားပြီ”
“ဟာ … ဟုတ်လား အဲဒီ လောက်တောင် ကြာသွားသလား၊ ဆောရီး ဆောရီး … ကျွန်တော် လည်း ခုမှ ဗိုက်ဆာဖို့ သတိရတယ် … သွားရအောင်လေ”
သူမဆိုင်ထဲမှာ အရောင်းဝန်ထမ်း မိန်းကလေးတွေ ရှိသည်မို့ ဆိုင်ကိုထားခဲ့ဖို့ကို စိတ်ပူစရာ မလို။ သူ့ပန်းချီကားနှင့် ပစ္စည်းတွေ ပါ ဆိုင်အတွင်းခန်းထဲ ခဏအပ်ထားခဲ့ရသည်။
“ဆုံစည်းရာပဲ သွားမယ်မှလား ရိုးရာ …”
“ဟုတ်ကဲ့ … ကျွန်မ အဲဒီ ဆိုင်မှာ ပဲ နေ့တိုင်းစားနေကျပါ”
“အိုကေ … ကျွန်တော် လည်း ကြိုက်တယ်၊ ဒီတစ်မျိုးပဲ နေ့တိုင်းစားတာလား ရိုးရာ”
“ဟုတ်ကဲ့ … ကျွန်မက ဒါဆိုဒါပဲ၊ သိပ်မပြောင်းလဲတတ်ဘူး၊ တစ်မျိုးပဲနော်”
“မတစ်မျိုးပါဘူး … တည်ငြိမ်လေးနက်တဲ့ သဘောဆောင်တာပေါ့လေ၊ ကျွန်တော် လည်း ဒီ အတိုင်းပဲ လိုက်စားမယ် ရိုးရာ”
မနေ့ကအတိုင်းပဲ သူမ မှာ လိုက်သည်။ စားစရာတွေ ရောက်မလာခင် သူမကို သူ ခပ်ဆဆ ကြည့်ရင်း …
“ကျွန်တော် တစ်ခု ခန့်မှန်းကြည့်မယ်နော်၊ ရိုးရာ ဦးထုပ်ကလေးတွေ ကြိုက်တတ်ပုံရတယ် … ဟုတ်လား”
“ဟုတ်ပါ့ … ကျွန်မက ဦးထုပ်သရဲလေ၊ ရောက်လေရာအရပ်မှာ ဦးထုပ်ဝယ်တယ်၊ ဦးထုပ် တွေ collect လုပ်တယ်၊ ကျွန်မက ဘေးအပြားကြီးကြီးတွေ သိပ်မကြိုက်ဘူး၊ ကောင်းဘွိုင်စတိုင် လ် ဒါပေမယ့် အပြားခပ်သေးသေးလေးတွေ ကြိုက်တယ်၊ ခပ်မိုက်မိုက်ကလေးတွေ ပေါ့၊ မိန်းမဆန် ဆန်ကြီးတွေ လည်း မကြိုက်လှဘူး၊ အင်္ဂလန်ရောက်ရင် ဟိုမှာ က ဦးထုပ်ပေါတော့ ဦးထုပ်တွေ ချည်း ၀ယ်တာပဲ”
“တခြား ဘာတွေ ကြိုက်တတ်သေးလဲ၊ ရိုးရာအကြိုက်ကလေးတွေ ကျွန်တော် သိထားခွင့် ရှိ ထားချင်လို့ပါ”
“ဟယ် … အဲဒီ လို ပေါ်တင်ကြီးတွေ ပြောပြထားရမှာ လား … ရှက်စရာကြီးတော့”
သူမ၏ အမူအရာကလေးကို သူ အမှတ်တမဲ့ ငေးငနဲ ကြည့်မိသွားသည်။ အံ့သြစရာ ကောင်းလောက်အောင်ပင် သူမ မျက်ဝန်းတွေ က တဖျပ်ဖျပ် တောက်ပလွန်းကာ လှပရွှန်းစိုလွန်းပါ သည်။ ထိုမျက်ဝန်းတွေ နှင့် ပါးချိုင့်ခွက်ကလေးတွေ ပိုင်ဆိုင်ထားရုံနှင့် ပင် သူမက မိန်းမချော ကလေး တစ်ယောက် အ ဖြစ် လုံလောက်နေခဲ့ပြီ။ သူလည်း မိန်းမချောများ စွာ နှင့် ခင်မင်ရင်းနှီးခဲ့ဖူးပါ ရဲ့ …။ အခုလောက် ရင်ဘတ်ထဲမှာ လှုပ်လှုပ်ခတ်ခတ် တစ်ခါမှ မထိခဲ့ဖူးပါ။ သူမက သူ့အတွက် သူများ တကာတွေ နှင့် မတူဘဲ တစ်နည်းအားဖြင့် သာမန်သမားရိုးကျမဆန်ဘဲ တစ်မျိုးတစ်ဘာသာ ထူးခြားဆန်းကြယ်လို့ နေခဲ့ပါသည်။
“ဒါဖြင့် ကျွန်တော် မေးတာကိုပဲ ရိုးရာဖြေပေးလေ”
“ကဲ … မေးပေါ့”
“ရိုးရာမွေးနေ့ …”
“ဇွန်လရှစ်ရက် … ရှင်ရော”
“ကျွန်တော် က ဇန်န၀ါရီကိုးရက် … ရတနာတွေ ထဲမှာ ရိုးရာဘာကြိုက်လဲ”
“ပုလဲပေါ့ …”
“ပန်းထဲမှာ ရော”
“နှင်းဆီအဖြူ”
“ဒါဆိုရင် အရောင် ထဲမှာ အဖြူရောင် ကို ကြိုက်မယ်ထင်တယ်၊ ကျွန်တော် ပြောတာ မှန် လား”
“မှန်ပါ့ရှင် …”
“အစားအသောက်ထဲမှာ fish and chips နဲ့ latte ကို သကြားတစ်ဇွန်းထည့်တာ … ဟုတ် လား”
“သြော် … တော် တော် တော် တဲ့ ကိုကိုတော် ပါလား”
သူမက ချစ်စဖွယ်ပြုံးရယ်နေပါသည်။ သူမနှင့် စကားပြောရလျှင် သူ ဘာကြောင့် မှန်းမသိဘဲ အလိုလိုမြူးရွှင်လာတတ်သည်။
“ရုပ်ရှင်ကားထဲမှာ ရော …”
“ကျွန်မလား P.S I Love You ဆိုတဲ့ ကားလေးကို အရမ်းစွဲခဲ့ဖူးတယ်၊ Hilary Swank နဲ့ Gerard Butler ပါတဲ့ Romance ကားကလေးပေါ့၊ ယောက်ျား တစ်ယောက် ရဲ့ သိပ်ချစ်တတ်ပုံလေး ကို ရိုက်ပြသွားတာ၊ အဲဒီ ၀တ္ထုကိုလည်း ကျွန်မ အရမ်းကြိုက်တယ်၊ Cecelia ahern … ရေး တာလေ ရုပ်ရှင်ကို ကျွန်မ Blue Ray နဲ့ သိမ်းထားတယ် …”
“သီချင်းတွေ ထဲမှာ ရော …”
“ကျွန်မ Norah Jones ရဲ့ သီချင်းအေးအေး ငြိမ့်ငြိမ့်ကလေးတွေ နဲ့ သူ့အသံကလေးကို အရမ်းကြိုက်တယ်၊ ကျွန်မရဲ့ i pod လေးထဲမှာ သူ့သီချင်းလေးတွေ ချည်းပဲ ထည့်ထားတယ်”
“ရေမွှေးရော …”
“ဟား ဟား … စုံလှချေလား မေးခွန်းတွေ က၊ ရေမွှေး ကတော့ တစ်မျိုးတည်းပဲ ကျွန်မသုံးပါ တယ်၊ versace ရဲ့ Crystal Noir ပေါ့၊ အနံ့ကလေးကို ကြိုက်လို့၊ ကဲ … ဘာမေးဦးမှာ လဲ၊ ကိုအံ့သြ မေးနေတာ မဂ္ဂဇင်းတွေ ထဲမှာ celeb တွေ ကိုမေးတဲ့ Pop မေးခွန်းတွေ ကျနေတာပဲ”
“နှုတ်ခမ်းနီကရော ဘာတံဆိပ် သုံးတတ်လဲ”
“Bobby Brown ပန်းရောင် အဖျော့ကလေးပဲ သုံးတယ်”
“ဖိနပ် size ကရော …”
“size ၆ ပါရှင်၊ ကျွန်မက ဖိနပ်တွေ တော့ ကြိုက်ပြန်တယ်၊ ဒေါက်မြင့်ဖိနပ်ပုံဆန်းဆန်း လှလှကလေးတွေ ကြိုက်တယ် … ကဲ … ဘာသိချင်သေးလဲရှင်”
“နောက်ဆုံးတစ်ခုပဲ မေးပါတော့မယ်ဗျာ၊ ဘယ်လိုမှတော့ မထင်စေချင်ဘူးနော်၊ လူငယ် တစ်ယောက် မို့ လူငယ်တွေ စိတ်ဝင်စားတဲ့ အချစ်နဲ့ပတ်သက်တဲ့ ညီမရဲ့ ဒဿနကလေး ကျွန်တော် ကြားချင်လို့ပါ”
သူမ မျက်နှာကလေး ဖျတ်ခနဲ ငြိမ်သက်သွားခဲ့တော့ သူတောင် သူ့မေးခွန်း ဘောင်ကျော် သွားပြီလားဟု စိုးရိမ်သွားမိသည်။ ခဏလေးကြာမှ သူမ၏ မျက်နှာလေးဆီမှာ ခပ်ဖွဖွသဲ့သဲ့ အပြုံးနု နုကလေး ထင်လာခဲ့သည်။
“လူတွေ မှာ နှစ် မျိုးရှိတယ် ကိုအံ့သြရဲ့ ၊ တစ်မျိုးက သူတို့အတွက်ပဲ ဦးစားပေးကြည့်တတ် တယ်၊ ကိုယ်ပျော်ရွှင်ဖို့ ကိုယ်ရဖို့ပဲ၊ သူများ ကို ပေးဖို့ဆိုတာကို လုံးဝ စိတ်မ၀င်စားတတ်သူမျိုးပေါ့ နော်၊ ယူသူသက်သက် ဆိုပါတော့၊ အဲဒီ လို လူမျိုးက ချစ်ရင်တောင်မှ သူများ ဆီက အချစ်ကို ပိုလို ချင်တဲ့ သူမျိုးပေါ့၊ ဒုတိယတစ်မျိုး ကတော့ သူများ အတွက် ဦးစားပေး ကြည့်တတ်သူမျိုး ဆိုပါတော့၊ ကိုယ်ကပဲ သူများ အတွက် တစ်ခုခု လုပ်ပေးချင်နေတာမျိုးပေါ့၊ သူ့ကို ဘာလေးပေးလိုက် ရင် သူ ပျော်သွားမလဲ၊ ဘာလေး လုပ်ပေးလိုက် ရင် သူ စိတ်ချမ်းသာသွားမလဲ ဆိုတဲ့စိတ်မျိုး အမြဲရှိသူပေါ့၊ သူ ကတော့ ပေးသူသက်သက်၊ အဲဒီ လို လူစားမျိုးက ချစ်ရင်တောင်မှ ကိုယ်ကပဲ ပိုချစ်ချင်တာ၊ ပို ပေးချင်နေတတ်တာလေ၊ ကျွန်မက ဒုတိယလူစားမျိုး၊ ပေးဆပ်တာတွေ သိပ်များ လွန်းပြီး အဆမ တန်လည်း တနင့်တပိုး ရှုံးနိမ့်ခဲ့ဖူးပါတယ်၊ ရှင်းရှင်းပြောရရင် ကျွန်မ အချစ်ကိုကြောက်တယ်၊ ချစ်ရ မှာ ကို ကြောက်သွားခဲ့တာ နှစ် နှစ် လောက်ရှိပြီ”
သူမ၏ မျက်လုံးကလေးတွေ ရုတ်ချည်း နာကျင်ရိပ်ကလေးတွေ ယှက်သမ်းလာကာ ချိုမြိန် လွန်းသော မျက်နှာကလေးတောင် အနည်းငယ် နွမ်းသက်သွားတော့ သူ့မေးခွန်းအတွက် သူနောင် တရသွားခဲ့ပါသည် …။
“ဆောရီးပါ ညီမရယ်၊ ကျွန်တော် မမေးသင့်တဲ့ မေးခွန်း မေးမိပြီ၊ ကျွန်တော့် မေးခွန်းကြောင့် ညီမ နာကျင်သွားခဲ့တယ်ဆိုရင် ကျွန်တော် တောင်းပန်ပါတယ်နော်၊ မေ့လိုက်ရအောင်ပါ …”
“ရပါတယ် … ကိုအံ့သြရဲ့ ၊ နှစ် နှစ် ဆိုတဲ့အချိန်ဟာ နှလုံးသားဒဏ်ရာတစ်ခုကို အကောင်းပ ကတိမဟုတ်တောင် အမာရွတ်တွေ ဘာတွေ ကျန်ရစ်ခဲ့ပြီး သက်သာသွားဖို့လောက် အထိတော့ လုံ လောက်တဲ့ အချိန်တစ်ခုပါ၊ ကဲပါ … ရှင့်ရဲ့ အချစ်ဒဿနကို ကျွန်မ ပြန်ကြားချင်သေးတာပေါ့ရှင်၊ ဘာရမလဲ … အဲဒါမှ တရားမျှတမှာ ပေါ့”
သူ တစ်ချက်ပြုံးလိုက်မိသည်။
“ကျွန်တော့် မှာ က အဆင်သင့်ရှိပြီးသားပါဗျာ၊ ကျွန်တော့် ရဲ့ ကိုယ်ပိုင်ဒဿနနော်၊ ဘယ်သူ့ ဒဿနမှ မဟုတ်ဘူး၊ ကျွန်တော့် အတွက်တော့ အချစ်ဆိုတာ အနုပညာတစ်ခုပါ၊ ချစ်တတ်တဲ့သူက အနုပညာသမားပေါ့၊ အချစ်ခံရတဲ့သူကျတော့ အနုပညာကို သင်ယူလေ့လာသူပေါ့နော်”
သူမ၏ ပါးချိုင့်ကလေး ထင်းသွားအောင်ပင် သူမ အပြုံးကလေးက တစ်ဖန်အသက်ဝင် တောက်ပလို့ လာခဲ့သည် …။
“အားပါး … ဒိုင်က အမိစားပါလား ဆရာ၊ ကဲ … ဒါဖြင့် အချစ်ကို အလွဲသုံးစား လုပ်တတ်သူ ကရောရှင်”
“အဲဒီ လူကျတော့ အနုပညာကို စော်ကားသူပေါ့ ရိုးရာ”
“အင်း …”
သူမ ဆက်၍ ရယ်မောနေပါတော့သည်။ ပြီးတော့ …
“အမှန်အတိုင်း ၀န်ခံရရင် ကျွန်မ အခုလို သဘောကျစွာ မရယ်မောမိခဲ့တာ ကြာပြီ ကိုအံ့သြရာ၊ ရှင်က အနုပညာသမားလို့ မပြောရဘူး၊ စကားပြော အရမ်းကောင်းတယ်၊ တော် လ်ကီ လန်းတယ် ဆိုရမယ်”
“ရိုးရာ ကတော့ မျက်ဝန်းတွေ အရမ်းချိုတယ်”
“အိုး … ရှင်ပဲပြော”
သူတို့နှစ် ယောက် အတူတူ ရယ်မောမိကြပြန်ပါသည်။ လူ တစ်ယောက် ဟာ ကိုယ့်ရင်ဘတ် ရဲ့ တခြားအခြမ်းကို စတင်တွေ့ ရှိတဲ့ အချိန်ကတည်းက ဆဋ္ဌမအာရုံနဲ့ အလိုလိုသိမြင်နားလည်နိုင် ပါသည်ဆိုလျှင် အံ့သြစရာလား …။
******
အခန်း(၃)
“ရင်ဘတ်ချင်း ကာလာတူတဲ့အခါ
ညှိနှိုင်းရတယ်ဆိုတာ မရှိတော့ပါ။
ကိုယ့်မျက်ဝန်းထဲက ဘာသာစကားကို
သူ့နှလုံးသားနဲ့ ဘာသာပြန်တတ်ခဲ့တာ”
အခန်း - ၃
“ရှေးရိုးရာ” သည် သူ့ရဲ့ ကင်းဘတ်(စ်)ပေါ်မှာ သက်ဝင်ဂန္ထ၀င်မြောက်လာဖို့အတွက် သူ တစ်ပတ်တိတိ အချိန်ယူရေး ဆွဲခဲ့ရပါသည်။ နေ့တိုင်း သူ “ရှေးရိုးရာ” သို့ ရောက်လျှင် ရိုးရာက အလွန်အရသာရှိသော ကော်ဖီတစ်ခွက်နှင့် စွဲမက်ဖွယ်အတိပြီးသော ပါးချိုင့်ပြုံးကလေးနှင့် ပျူငှာ စွာ ကြိုဆိုလေ့ရှိတတ်ပါသည်။ ထိုတစ်ပတ်အတွင်းမှာ သူနှင့် သူမအကြားရှိ ခင်မင်နွေးထွေးနှစ် လို မှု များ အံ့သြစရာ ကောင်းလောက်အောင်ပင် လျှင်မြန်ဆန်းကြယ်လွန်းခဲ့သည်။ တိုက်ဆိုင်မှု ကလေး တွေ ကလည်း အများ ကြီး။ နှစ် ယောက် သား ဆန့်ကျင်ဘက်တွေ သိပ်မရှိဘဲ ဆန္ဒချင်း၊ စိတ်သဘော ထားချင်း၊ အကြိုက်ချင်းတွေ ကလည်း တူညီလွန်းကာ စကားလက်ဆုံကျလို့လည်း အင်မတန် ကောင်းပါသည်။ တစ်ပတ်လုံးလုံး နေ့လည်စာ အတူစားကြသည်။ ခေါင်းစဉ်မျိုးစုံ အကြောင်းအရာ မျိုးစုံကို မရိုးနိုင်အောင် ပြောကြသည်။ သူမ ဘာအကြောင်းပဲ ပြောပြော သူ စိတ်ဝင်စားမိပါသည်။
“ကိုအံ့သြ … ညနေဆို sunset တွေ ဘာတွေ ထိုင်ကြည့်ဖူးလား”
“ကြည့်တာပေါ့ ရိုးရာ၊ ကျွန်တော့် ဟိုတယ်လ် ဘန်ဂလိုကနေ ထိုင်ကြည့်တယ် … ဘာ ဖြစ် လို့လဲ”
“သြော် … sunset ကို သေချာပီပီသသ မြင်ရတဲ့ နေရာကလေးတစ်နေရာ ရှိတယ်၊ ကျွန်မ လာခေါ်မယ်၊ ကိုအံ့သြရဲ့ ဟိုတယ်လ်နာမည် နဲ့ အခန်းနံပါတ်သာ ပြောထား၊ ညနေ ကျွန်မ လာခေါ် ပေးမယ်”
“ဟာ … အကြိုက်ပေါ့ ညီမ၊ ကျွန်တော် sunset ကို ပန်းချီတစ်ကား ဆွဲချင်သေးတယ်”
“ဆွဲစေရှင် …”
သူက ဟိုတယ်လ်နာမည် နှင့် အခန်းနံပါတ်ကို သူမ၏ လက်ကောက်ဝတ်လေးမှာ ရေး ပေး လိုက်သည်။ အဲ့ဒါကို သူမက သဘောတကျ။
ထိုညနေမှာ သူမက သူ လုံးဝမျှော်လင့်မထားသော နည်းဖြင့် သူ့ကို ဟိုတယ်လ်မှာ လာကြို ခဲ့၏ ။ တံခါးခေါက်သံကြောင့် သူ တံခါးကိုဖွင့်လိုက်တော့ သူမ …။ ၀တ်ထားတာက ကောင်းဘွိုင် စတိုင်လ်…။ စီးလာတာက ရှားညိုရောင် ပြောင်လက်နေသော မြင်းတစ်ကောင်။
“ဟာ … ညီမက မြင်းနဲ့လာတာလား”
“အင်းလေ … အဲဒီ နေရာလေးကို မြင်းနဲ့လိုက်ပို့ ပေးမလို့၊ ကိုအံ့သြ မြင်းစီးရဲတယ်မှလား”
“အာ … ကျွန်တော် မလုပ်ရဲတာ ဘာမှမရှိပါဘူး၊ ညီမကို အံ့သြတာ၊ မိန်းကလေးလှလှလေး နဲ့ မအပ်စပ်သလိုပဲ”
“ဟောတော် … ရှင့် ဘယ်သူပြောတုန်း၊ တော် ၀င်သူတွေ ဘယ်လိုလုပ်မလဲ၊ မြင်းစီးတာကို မသင်မ ဖြစ် သင်ထားကြရတာ ၊ ကဲ … လာ … တက်၊ sunset က နောက်ကျလို့ မ ဖြစ်ဘူးရှင့်၊ နေ လုံးက ကိုယ့်ကို စောင့်မှာ မဟုတ်ဘူး”
မြင်းက သိပ်အထွားကြီးမဟုတ်ဘဲ သာမန်အနေတော် အရွယ်အစားမို့ သိပ်တော့ စိုးရိမ် စရာမရှိပါ။ မြင်းတစ်ကောင်ပေါ်မှာ နှစ် ယောက် တက်စီးရင်း သူမ ခေါ်လာသော ပင်လယ်ကမ်းခြေ ၏ မြင်ကွင်းအကောင်းဆုံး နေရာကလေးဆီ ရောက်လာခဲ့သည်။ တကယ်ကို အသက်ရှူမှား လောက်အောင် လှပလွန်းသော နေရာကလေးပါ။ သူမက မြင်းကို နေရာတကျ သွားချည်ထားခဲ့ပြီး ကျောက်ဆောင် ကမူကလေးပေါ်မှာ တက်ထိုင်နေရာယူရင်း လိမ္မော်နီသွေးဖြင့် အစွမ်းကုန် နီစွေး တောက်ပလျက်ရှိသော နေလုံးကြီးကို မက်မက်စက်စက် လှမ်းငေးကြည့်နေပါသည်။ သူ့ကျောပိုး အိတ်ထဲမှ ပန်းချီဆွဲစရာ လက်နက်ကိရိယာ တစ်စုံအပို အမြဲဆောင်ထားတတ်သည်မို့ သူမကို သူ ချက်ချင်း ပန်းချီဆွဲချင်လာခဲ့မိသည်။
“ညီမကို ကျွန်တော် ခွင့်တောင်းမလို့ …”
“ရှင် … ပန်းချီဆွဲတော့မယ်မှလား၊ ဆွဲနိုင်ပါတယ်ရှင်”
သူက သူမရယ် ပင်လယ်ရယ် နေလုံးရယ်ပါအောင် နေရာတစ်နေရာယူလျက် ခပ်သွက် သွက်ကလေး စတင် ရေး ဆွဲမိတော့သည်။ နေလုံးကြီး လုံးဝ စုန်းစုန်းမြုပ် ပျောက်ကွယ်သွားချိန်မှာ သူ ပန်းချီရေး လို့ ပြီးစီးသွားခဲ့ပြီ။ ပန်းချီကားလေးရဲ့ အောက်ခြေမှာ “အံ့သြအောင်မြင်” ဟု သူ့လက် မှတ်ကလေး ရေး ထိုးလိုက်သည်။
“ဒါ … ညီမအတွက် အမှတ်တရပါ”
ပန်းချီကားလေးကို သူမဆီ လှမ်းပေးလိုက် ချိန်မှာ သူမ တအံ့တသြ ပျော်ရွှင်သွားခဲ့ပါသည်။
“ဟယ် … တကယ်လား ကိုအံ့သြ၊ အိုး … ကျွန်မ ပျော်လိုက်တာ၊ မနက်ဖြန် ချက်ချင်း ဘောင်သွင်းပြီး ကျွန်မအခန်းထဲမှာ ချိတ်ထားလိုက်မယ်နော်၊ ကျေးဇူးတင်တာကို စကားလုံးနဲ့ တောင် ပြောပြဖို့ မလုံလောက်ဘူး ထင်ပါရဲ့ ၊ ကျွန်မ ရှင်ဆွဲနေကတည်းက ဒီပန်းချီကားလေးကို တိတ်တိတ်ကလေး လိုချင်နေခဲ့မိတာ”
သူမက ဟန်မဆောင်တမ်းပင် ရိုးသားစွာ ၀န်ခံပါသည်။ သူမကို သူ ခဏကလေး ငေးခနဲ ကြည့်မိသွားသည့် တဒင်္ဂမှာ ဘယ်ဘက်ရင်အုံက နွေးခနဲ လှိုက်ဖိုသွားတာကို သိသာစွာ ခံစားလိုက် ရသည်။
“ကျွန်တော် က ရိုးရာကို ကျေးဇူးတင်ရမှာ ပါ၊ ဒီလောက် ရင်သပ်ရှုမော လှပလွန်းတဲ့ နေရာ ကလေးဆီ ခေါ်လာပေးတဲ့အတွက်ရယ်၊ ညီမကို ပန်းချီဆွဲခွင့်ပေးတဲ့ အတွက်ရယ်ပေါ့”
“ဒါဆို အပြန်အလှန်ပေါ့ရှင်၊ ပြန်ကြစို့နော် … ကျွန်မ ဆိုင်သိမ်းရဦးမှာ ”
“အိုကေ ညီမ …၊ အချိန်တွေ ဘယ်လိုကုန်သွားမှန်းတောင် မသိလိုက်ဘူးနော်၊ မြန်လိုက် တာ …”
သူမက ပါးချိုင့်ကလေး ပါးလျှလျှပေါ်ရုံသာ ပြုံးပြခဲ့ပါသည်။
သူ “ရှေးရိုးရာ” ကို အပြီးသတ်ဆွဲပြီးသည့်နေ့မှာ သူ့အနားသို့ လူ တစ်ယောက် ရောက်လို့ လာခဲ့သည်။ အရပ်မြင့်မြင့် နွေးထွေးနှစ် လိုဖွယ် အပြုံးနှင့် လှိုက်လှဲဖော်ရွေသော လူ တစ်ယောက် ။ လူကို မြင်လိုက်ရရုံနှင့် အဲဒါ ရှေးရိုးရာရဲ့ ဖေဖေပဲဟု သူ ချက်ချင်း သိလိုက်နိုင်အောင်ပင် သူမက ဖအေတူသမီးကလေး ဖြစ်သည်။
“ကိုယ် မင်းမြတ်ပါ၊ မောင်ရင့်ပန်းချီကားက ကိုယ့်ကို သိပ်ပြီး ဆွဲဆောင်ညှို့နိုင်လွန်းလို့ လာ မိတ်ဆက်ရတာ ပါ၊ ကိုယ် မောင်ရင်ပန်းချီဆွဲနေတာကို ၀ိုင်းကြည့်နေကြတဲ့ လူအုပ်ကြားထဲကနေ အကြာကြီးရပ်ပြီး ငေးကြည့်နေခဲ့သေးတာ၊ ပန်းချီလက်ရာကို အကဲခတ်လိုက်ရုံနဲ့တင် ပညာရှင်အ ဆင့် မသေးလှဘူးဆိုတာ ခန့်မှန်းလို့ရပါတယ်၊ ဒီကားကို ပြပွဲတင်ရောင်းဖို့ အစီအစဉ်ရှိလား မောင်ရင်”
“ဟုတ်ကဲ့ ဦး … ကျွန်တော် ဒီဆိုင်ပိုင်ရှင် “ရှေးရိုးရာ” ဆီမှာ ခွင့်တောင်းပြီးမှ ဆွဲခဲ့တာပါ။ ပြ ပွဲတင်ပြီးရောင်းဖို့ ရည်ရွယ်ထားခဲ့ပေမယ့် ဆွဲပြီးသွားချိန်မှာ ရောင်းပစ်လိုက်ဖို့ နှမြောနေပြန်ရော၊ ကျွန်တော် စိတ် ပြောင်းသွား ခဲ့ရင်တော့ Not for Sale လုပ်လိုက်မှာ ပါ”
“မောင်ရင် ကိုယ့်ကို အချိန်နည်းနည်း ပေးနိုင်မလား ဟင် …”
“ရပါတယ်ခင်ဗျာ … ကျွန်တော် ဒီကားကို ဒီနေ့ပဲ လက်စသတ်ပြီးရင် အားပါတယ်”
“ကိုယ်က ပညာရှင် တစ်ယောက် ကို တလေးတစား ညစာဖိတ်ကျွေးချင်တာပါ၊ ဒါ ကိုယ့်ရဲ့ လိပ်စာကဒ်ကလေးပါ၊ ညနေခြောက်နာရီလောက် ကိုယ် စောင့်နေပါ့မယ် … ဖြစ်မလား”
လိပ်စာကလေးကို ငုံ့ဖတ်လိုက်ချိန်မှာ သူ ရင်ခုန်သွားခဲ့သည်။ ဒါဟာ ရှေးရိုးရာရဲ့ အိမ်ပဲပေါ့ …။
“ဟုတ်ကဲ့ … ကျွန်တော် လာခဲ့ပါ့မယ် ဦး”
ရိုးရာဖေဖေက သူ့ကို လက်ဆွဲနှုတ်ဆက်ပြီး ပြုံးပြထွက်ခွါသွားတော့သည်၊ ဆိုင်ထဲသို့ ၀င် သွားခြင်းမဟုတ်၊ ဆိုင်နှင့် ဆန့်ကျင်သော တခြားဘက်သို့ ထွက်ခွါသွားခြင်း ဖြစ်သည်။ ရိုးရာနှင့် ပတ် သက်မှု ကို ဘာမှ ပြောပြမသွားသလို ရှေးရိုးရာဆိုင်၏ ပိုင်ရှင်ဆိုတာလည်း ဖွင့်ဟပြောမသွားခဲ့တာ မို့ သူ နည်းနည်း တော့ အံ့သြမိသည်။ နေ့လည်စာ စားချိန်မှာ သူ ရိုးရာကို မေးလိုက်မိသည်။
“ရိုးရာဖေဖေ ပြန်ရောက်နေလား”
“အင်း … မနေ့က ပြန်ရောက်တယ် ကိုအံ့သြရဲ့ ၊ ဘာ ဖြစ်လို့လဲ …”
သူ ရိုးရာကို အံ့သြအောင် လုပ်ချင်စိတ်ကလေး ပေါ်လာသဖြင့် ခေါင်းခါပြလိုက်သည်။ ညနေကျမှပဲ သူမ၏ အံ့သြသော အပြုံးကလေးကို အမြတ်တနိုး သူ ခံစားတော့မည် ။
ခြံဝန်းကလေးကို မြင်လိုက်ရုံဖြင့် ရှေးဟောင်းလက်ရာတွေ ဖြင့် သာ စနစ်တကျ ဖန်တီးပြင် ဆင်ထားခဲ့ပြီး သူ့မျက်ဝန်းတွေ ကို တော် တော် များများ က ညှို့ငင်ဆွဲဆောင်ထားပါသည်။ အိမ်ရှေ့ မျက်နှာစာရှိ ကြေးနီနှင့် သွန်းလုပ်ထားသော ရေး ပန်းမွှားတွေ ဖွာလွင့်နေသော ရောမနတ်သမီးရုပ် တုပတ်လည်မှာ ရေကန်ကလေးရှိသည်။ ဖြူလွသော စားပွဲခင်း ခင်းထားသည့် စားပွဲပေါ်မှာ နှင်းဆီ ဖြူပန်းအိုးတစ်အိုးနှင့် ၀ိုင်ပုလင်းကို ကရားထဲမှာ နှစ် လျက် ရေခဲစိမ်ထားသည်။ သူ့ကို ခြံထဲမှာ ပဲ ဧည့်ခံမယ်ထင်ပါရဲ့ …။ အတွေးမှမဆုံးခင် အိမ်တံခါးပွင့်သွားလျက် ဦးမင်းမြတ် ထွက်လာခဲ့ပါသည် …။
“ဟော … မောင်ရင်က အချိန်တကျသားပဲ၊ ခြံထဲမှာ အေးအေးဆေးဆေး ဧည့်ခံပါရစေနော်၊ ထိုင်ပါ … ဘာသောက်မလဲ၊ ၀ိုင်အနီလား … အဖြူလား”
“ရပါတယ် ဦး … ကျွန်တော် ဘာ ဖြစ် ဖြစ် သောက်ပါတယ်”
ဦးမင်းမြတ်က သူ့အတွက် ၀ိုင်အဖြူကို ကိုယ်တိုင်ငှဲ့ပေးပါသည်။
“ကိုယ့်ကို မောင်ရင်တော့ အံ့သြနေမလားပဲ၊ ကိုယ်က အနုပညာသမားတွေ ၊ ပညာရှင်တွေ ကိုဆို ဟန်မဆောင်နိုင်ဘူး၊ အရမ်းလေးစားတတ်တယ်၊ ဘာကြောင့် လဲဆိုတော့ ကိုယ်မဖန်တီးနိုင် တဲ့ အနုပညာတစ်ခုကို ကိုယ် တအံ့တသြ ခံစားစေနိုင်အောင် သူက ဖန်တီးနိုင်စွမ်းရှိတာကိုး၊ မောင် ရင် ဆွဲထားတဲ့ ရှေးရိုးရာ ဆီဆေးကားကို ကြည့်မိတော့ ကိုယ်ဘာကို သွားသတိရမိလဲ … သိလား၊ Claude Monet ရဲ့ ပန်းချီကားလေ၊ မောင်ရင့်ကားမှာ မိုးနေရဲ့ အငွေ့အသက်ကလေးတွေ လွှမ်းခြုံ ထားသလို ခံစားလိုကိမိတယ်၊ ကိုယ့်အလုပ်က Antique dealer ဆိုတော့ ပန်းချီကားတော် တော် များများ လည်း အရောင်းအ၀ယ်လုပ်ခဲ့ဖူးတော့ အနုပညာပစ္စည်းတစ်ခုကို မြင်လိုက်တာနဲ့ ဒါ ဘယ် အဆင့်လောက်ရှိသလဲဆိုတာကို အကြမ်းဖျင်းတော့ အာရုံခံနိုင်စွမ်းရှိပါတယ်၊ မောင်ရင့်လက်ရာက classic နဲ့ modern ရောစပ်ထားတဲ့ လက်ရာမျိုး၊ ကိုယ်စွဲမက်တဲ့ taste မျိုးပေါ့”
“ကျေးဇူးပါ ဦး …”
ခဏကြာတော့ အဖြူရောင် စားဖိုမှူးဝတ်စုံနှင့် လူ တစ်ယောက် စားစရာတွေ တင်ထားသော စတီးလ်တွန်းလှည်းကလေးကို တွန်းကာ ထွက်လာပါသည်။ ငွေရောင် အုပ်ဆောင်းတွေ အုပ်ထား သော ကြွေဖြူရောင် ပန်းကန်ပြားချပ်တွေ ကို စားပွဲပေါ်မှာ စနစ်တကျ ချပေးသည်။ အဖုံးကိုဖွင့် လိုက်တော့ လိမ္မော်ရောင် ငါးအသားတုံးပေါ်မှာ အနှစ် ကလေးတွေ ဆမ်းထားပြီး ဘေးမှာ အားလူး ခြေအမွကို ပုံလှလှဖော်ထားသလို ကညွတ်ချောင်းကလေးတွေ လှလှပပ စီရီပုံဖော်ထားပါသည်။
“ဒါ … salmon ငါးကင်၊ ကိုယ် UK ကနေ သယ်လာတာ၊ ကိုယ့်သမီး ကြိုက်လွန်းလို့လေ … ဟော သမီး လာပါပြီ”
သူ အိမ်ပေါက်ဝဘက်သို့ ကမန်းကတန်း လှမ်းကြည့်လိုက်မိသည်။ သူ မျှော်လင့်ထားသည် က သူ့ကိုမြင်လျှင် တအံ့တသြ ၀ိုင်းစက်သွားမည့်  သူမ၏ မျက်ဝန်းလှလှချိုချိုများ ကိုပါ။ ခုတော့ တ အံ့တသြ မျက်ခုံးပင့်ရသူမှာ သူကိုယ်တိုင်သာလျှင် ဖြစ်ရပါသည်။ သူမက အခွေအလိပ် ဆံနွယ်ညို ညိုလှလှတွေ ပခုံးပေါ်မှာ ၀ဲဖြန့်ကျစေလျက် အဖြူရောင် ညနေခင်းဝတ်စုံကလေးနှင့် ဒေါက်မြင့် ဖိနပ် ချွန်ချွန်ကလေးဖြင့် တက်ကြွကြော့မော့စွာ လျှောက်လှမ်းလာနေခဲ့သည်။ သူမ ပါးပြင်ပေါ်က ပါးချိုင့်ကလေးတွေ ဆီမှာ သူ အမှတ်မထင် ကျဆုံးလို့ …။
“အံ့သြသွားလားဟင် ကိုအံ့သြ၊ ကိုအံ့သြကို အံ့သြသွားအောင် surprise လုပ်ချင်လို့ ဖေဖေနဲ့ တိုင်ပင်ပြီး စီစဉ်လိုက်တာ”
“သြော် … သြော်၊ ရိုးရာ အောင်မြင်ပါတယ်ဗျာ၊ ကျွန်တော် က ရိုးရာကို surprise လုပ်ဖို့ စိတ်ကူးလာတာ”
“ဟယ် ဒီလိုလား … ဒီလိုဆိုရင် ကျွန်မ အံ့သြလိုက်မယ်လေ၊ ဟယ် … ကိုအံ့သြပါလား၊ ဖေဖေနဲ့ ဘယ်လိုသိပြီး ရောက်လာတာလဲဟင် … အံ့သြစရာကြီး”
သူမက ချက်ချင်း ပဲ မျက်လုံးကလေးတွေ အ၀ိုင်းသားလုပ်ကာ ရင်ဘတ်ကလေးကို လက် နှင့် ဖိပြီး တအံ့တသြဟန် တမင်သက်သက်လုပ်ပြတော့ သူ သဘောတကျ ရယ်မိပါသည်။ သူမကို ထူးခြားလှုပ်ခတ်သက်ဝင်စေသည်မှာ အဲဒီ လို ချစ်စရာ စွဲမက်ဖွယ် သွက်လက်နိုးကြားလွန်းသော အမူအရာကလေးတွေ ကြောင့် ဖြစ်ပါသည်။
“ဟား ဟား … ငါ့သမီးက အကယ်ဒမီရှော့(ခ်)ပါလား၊ မင်း မင်းသမီးသာ လုပ်စားရင် ကမ္ဘာ ကျော်မှာ ”
ညစာဝိုင်းကလေးက နွေးထွေးကာ ဟန်ဆောင်မှု ကင်းသော ရယ်သံများ ဖြင့် သက်ဝင်လို့ လာခဲ့သည်။ ဆယ်လ်မွန်ငါးကင်ပြီးတော့ မိန်းဒစ်(ရှ်) အ ဖြစ် Lobster ကင် နီနီရဲရဲတွေ တို့၊ အသီး အရွက်တွေ နှင့် လတ်ဆတ်လှပစွာ တန်ဆာဆင်ထားသည်မှာ ဟိုတယ်လ်လက်ရာအတိုင်း၊ စားရင်း သောက်ရင်း သူတို့သုံးယောက် စလုံးမှာ ပြောချင်စရာ စကားတွေ အလျှံပယ်။ အကြောင်းအရာတစ် ခုကို တစ်ယောက် က စတင်လိုက်လျှင် ကျန်နှစ် ယောက် က စိတ်ဝင်တစား လိုက်ပါဆွေးနွေးနိုင်စွမ်း ရှိ၏ ။ တစ်နည်းအားဖြင့် အပေးအယူသင့်မြတ်လှသော စကားဝိုင်းကလေး ဖြစ်သည်။ ဦးမင်းမြတ် က သူ့ရဲ့ နိုင်ငံတကာအတွေ့ အကြုံတွေ antique တွေ အကြောင်းကို စိတ်ဝင်စားစဖွယ် ပြောပြနိုင် သည်။ သူနှင့် လည်း ပန်းချီကားတွေ အကြောင်း ထဲထဲဝင်ဝင် ဆွေးနွေးနိုင်သည်။ အချိန်တွေ ဘယ် လိုကုန်သွားမှန်းမသိလိုက်။ ညဆယ်နာရီထိုးသွားမှ သူ ပြန်ဖို့ကောင်းပြီဟု သတိရသည်။
“ကျွန်တော် ပြန်မှထင်တယ် ဦး၊ ဒီနေ့ညကလေး ကတော့ ကျွန်တော့် အတွက် မမေ့စရာည ကလေးပါ၊ ဦးတို့သားအဖနဲ့ ခင်မင်ရင်းနှီးခွင့်ရတာ ကျွန်တော့် အတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်တစ်ခုပါပဲ”
“အံမယ် … ကျွန်မပြောဖို့လည်း ချန်ထားပါဦးနော် ကိုအံ့သြ၊ ပိုက်ဆံဆိုတာ ရှာဖွေလို့ရ တယ်၊ မိတ်ဆွေသူငယ်ချင်းကောင်းဆိုတာ ရှာတိုင်းလည်း မတွေ့ နိုင်ဘူး၊ တွေ့ တိုင်းလည်း အစစ် မ ဖြစ်နိုင်ဘူး၊ ကိုအံ့သြကိုတော့ ခုချိန်ထိတော့ ကျွန်မ တကယ် အံ့သြမိတာပါ၊ စကားပြောလို့လည်း ကောင်း၊ စိတ်ကူးအတွေးအခေါ်ချင်းလည်း သိပ်ညှိစရာ မလိုဘူးလေ၊ ရင်ဘတ်ချင်း ကာလာတူတဲ့ အခါ ညှိနှိုင်းရတယ်ဆိုတာ မရှိတော့ဘူး၊ ကိုယ့် မျက်ဝန်းထဲက ဘာသာစကားကို သူ့နှလုံးသားနဲ့ ဘာသာပြန်တတ်ခဲ့တာ … ဟုတ်တယ်မှလား ကိုအံ့သြ၊ ကျွန်မပြောတာ …”
သူမ ပြောပုံကလေးက လှပလွန်းသဖြင့် သူ သူမကို ခပ်နက်နက်ကလေးပင် စိုက်ကြည့်မိ သွားသည်။
“ကိုယ့်သမီးက အရမ်းစကားတတ်တယ် တွေ့ လား မောင်ရင်၊ တစ်ခါတစ်ခါ ကိုယ်တောင် သမီးဆီက ပြန်သင်ယူနေရတယ်၊ ခေတ်စကားနဲ့ပြောရရင် ဘာလဲ ဒိုင်တွေ လန်းလွန်းလို့ … ဟား ဟား၊ ကဲ ကဲ … မောင်ရင့်ကို ခုလို ညစာကျွေးခွင့်ရတာ ၊ တရင်းတနှီး စကားတွေ ပြောခွင့်ရတာ ကိုယ်တကယ် ၀မ်းသာပါတယ်၊ ကိုယ် မောင်ရင့်ဟိုတယ်လ်ကို ပြန်ပို့ပေးမယ်၊ နိုက် နိုက် သမီး … ဆွိဒရင်း(မ်) (sweet dream)”
သမီး၏ နဖူးပြင်ဆီ ချစ်စနိုး ဖွဖွနမ်းနှုတ်ဆက်ပြီး ဦးမင်းမြတ်က သူ့ကို ဆိုင်ကယ်လ်နှင့် ဟို တယ်လ်သို့ ပြန်ပို့ပေးခဲ့သည်။ လမ်းမှာ စကားတစ်ခွန်းမှ မဆိုမိကြဘဲ နှစ် ယောက် စလုံး အတွေး ကိုယ်စီနှင့် ငြိမ်သက်လာခဲ့သည်။ ဟိုတယ်လ်ရောက်မှပဲ ဦးမင်းမြတ်က သူ့ကို လက်ဆွဲနှုတ်ဆက် ရင်း …
“ကိုယ် မောင်ရင့်ကို လေးလေးနက်နက် တောင်းဆိုပါရစေ၊ မောင်ရင်ရဲ့ “ရှေးရိုးရာ” ပန်းချီ ကားကို မောင်ရင်ကြိုက်သလောက် အနုပညာဈေးတစ်ခု သတ်မှတ်လိုက်ပါ၊ ကိုယ်ဝယ်ပါရစေ …”
ဟု တလေးတနက် ပြောလာသည်။ သူ့ဘက်က အဲဒီ လောက်ကြီး မျှော်လင့်မထားခဲ့မိသလို ဒီစကားအတွက် သိပ်ကြီးလည်း မအံ့သြမိပါ။ သူ ပြုံး၍ ခေါင်းခါပြလိုက်ပါသည်။
“ဆောရီးပါ ဦး … ကျွန်တော် စိတ် ပြောင်းသွား ခဲ့လို့ပါ၊ အဲဒီ ကားက ကျွန်တော့် ရဲ့ (NFS) Not For Sale ဖြစ် သွားပါပြီ”
ဦးမင်းမြတ် မျက်နှာပျက်မသွားခဲ့ပါ။
“အင်းလေ ဒါ ကတော့ မောင်ရင့် အခွင့်အရေး ပဲဆိုပါတော့ ကိုယ် နားလည်ရမှာ ပေါ့လေ၊ အဲဒါကို မေ့လိုက်ပါ၊ ဂွတ်ဒ်(နိုက်)ထ် အံ့သြအောင်မြင်၊ မောင်ရင်က နာမည် နဲ့တကယ် လိုက်တယ်၊ အံ့သြဖို့ကောင်းတယ်”
လူတွေ ကို အံ့သြအောင် လုပ်တတ်သည့်နေရာမှာ သူလည်း ခေသူမဟုတ်ပါကြောင်း ဦးမင်းမြတ်နှင့် ရိုးရာမေကို သူ သက်သေပြချင်ပါသေးသည်။
******
![]() သံယောဇဉ်တွေသာ ကျည်ဆံတွေဖြစ်ခဲ့ရင် | ![]() ခွဲခဲ့ရသော် | ![]() ရင်ချင်းဆက် သူငယ်ချင်း |