Cover

အခန်း(၁)

ခွဲခဲ့ရသော်

လွန်းထားထား

အခန်း(၁)

လေယာဉ်ပေါ်မှ ဆင်းဆင်းချင်းမှာ မွေ့ရင်တစ်ခုလုံး မှု န်မှိုင်းသွားရသည်။ ၀ဲခနဲ ဝေ့တက်လာသော မျက်ရည်ကိုအံကြိတ်ကာ ထိန်း၍ တစ်လှမ်းချင်းဆင်းခဲ့သည်။ ဒက်ဒီက မွေ့ပခုံးကလေးကိုပုတ်ကာ အားပေးပေမယ့်လို့ မွေ့မှာ အားအင်တွေ ပြည့်လာနိုင်ဦးတော့မှာ လား ဒက်ဒီရယ်။ ခြေဖျားတွေ အေးစက်လာတာကို ခံစားရတော့………

“ခြေဖျားတွေ အေးနေပြီ မဟုတ်လား ပုံစံကသာ ဗရုတ်သုတ်ခ လောင်စိန်ပုံစံနဲ့၊ စိတ်လှုပ်ရှားလာရင် ခြေဖျားလက်ဖျား အေးနေတတ်တာ ဘာအကျင့်လဲ”

လက်တွေ ကို လာဆုပ်နယ်လျက် ပြုံးစပ်စပ်နှင့် လာမေးတတ်သည့် မာတောင့်တောင့်အသံပိုင်ရှင် တစ်ယောက် ကို ဖျတ်ခနဲ သတိရလိုက်မိကာ မွေ့သိပ်ကို ပျော့ညံ့လွန်းလို့ပါ။ ခေါင်းကိုခါထုတ်ပစ်လိုက်သော်လည်း ရင်ခွင်မှာ လာပြီး ကိန်းအောင်းကပ်ညက်နေတဲ့ သည်ပုံရိပ်ကို မွေ့သည်တစ်သက် မေ့နိုင်ဦးတော့မည် လား။ မွေ့ကိုက တင်းမာမလိုလိုနဲ့ ပျော့ညံ့လွန်းတာပါ။ တကယ်ဆို မွေ့တစ်ဘ၀တစ်ခုလုံး ပျက်ပြုန်းမွကြေခဲ့ရလေအောင် စာကလေးတစ်စောင်တည်းနှင့် ရက်စက်မှု ပြင်းထန်ထားခဲ့သူကို မွေ့မေ့ဖို့ကောင်းတယ်။ သိပ်ကိုလည်း နာကြည်းခဲ့ရဲ့ သားနဲ့ နှစ် နှစ် နီးပါးစ ကာလတစ်ခုအတွင်းမှာ တစ်ရက်တလေကလေးမှ မေ့မရနိုင်ခဲ့တာဟာ မွေ့သိပ်ကို ညံ့ဖျင်းလွန်းအားကြီးပါတယ်။

“မာမီ”

ဧည့်ကြိုတွေ နေရာမှာ ရပ်နေသော မာမီ့ကို ပြေးဖက်လိုက်တော့ မာမီက ကြောင်ငေးငေးပုံစံနှင့် မွေ့မျက်နှာကို စိုက်ကြည့်နေ၏ ။

“မာမီ …မွေ့လေ….ဘာကြည့်နေတာလဲ”

“ဒီမျက်နှာကို မာမီ ဘယ်မှတ်မိနိုင်ဦးမှာ လဲ မွေ့လေးရယ်”

မာမီ နှုတ်ခမ်းကလေးတွေ ပြုံးလာကာ မွေ့ကို ပြန်ဖက်လေ၏ ။ အသံတိုးတိုးလေးနှင့် ဖြေပုံက မာမီ ဘယ်လိုမှ ယုံမှတ်မရနိုင်လောက်အောင် အံ့သြနေကြောင်း ထင်ရှားလှပါသည်။

“ဓာတ်ပုံတွေ ပို့ထားခဲ့သားနဲ့………မာမီကလည်း”

“ရင်းမှ မရင်းနှီးသေးတာ မွေ့ကလေးရဲ့ ……….အရမ်းကို တစ်မျိုးကြီး ဖြစ်နေတာပေါ့….အရင်က မျက်နှာကလေးနဲ့ တခြားစီ ဖြစ်သွားတဲ့ဟာ”

“ပို လှမလာဘူးလားမာမီ”

ရှည်ပြီးသားအရပ်ကို ကိုင်းချရင်း မျက်နှာကို လက်မလေးထောက်ကာ မျက်လုံးကလေးပြူးပြပြီး မေးလိုက်တော့ ဒက်ဒီက ချစ်စနိုးကြည့်ရင်း ရယ်၏ ။ မာမီကပါ ရယ်မောလိုက်ရင်း…..

“အင်း ……အရင်ကထက် အရမ်းပိုလှလာတာပေါ့……..ကြွေရုပ်ကလေးနဲ့ တူလာတယ်၊ ဒါပေမယ့် မျက်လုံးကလေးတွေ ပြောင်းမသွားဘူးလေ၊ သမီးရဲ့ မျက်လုံး ၀ိုင်းဝိုင်းစက်စက်ကလေးတွေ မာမီ အရမ်း ဂုဏ်ယူခဲ့ရတာ ကလေး ကျန်ခဲ့လို့ တော် သေးတယ်”

မွေ့မာမီ့ကို ဘာမှ မပြောတော့ဘဲ မျက်လုံးဝိုင်းဝိုင်းကြီးတွေ နှင့် ကြောင်ကြောင် ငေးစိုက်ကြည့်နေကြတဲ့ အစ်ကိုသုံးယောက် ဘက်ကို ဆက်ခနဲ လှည့်ပစ်လိုက်၏ ။

“ဟေ့ ……ရှူး…….”

လက်ဝါးနှစ် ဖက် ဖြန်းခနဲ ရိုက်ကာ မျက်လုံးပြူး၍ လှမ်းအော်လိုက်တော့ သုံးယောက် စလုံး တုန်ခနဲ ဖြစ်သွားကြလေသည်။

“ဘာကြည့်နေတာတုန်း”

“အရင်ကနဲ့ လုံးဝမတူတော့ဘူးနော်………မွေ့လေးဆိုတာ မျက်လုံးတွေ ကိုပဲ မှတ်မိနိုင်မှ မှတ်မိတော့မှာ …မျက်နှာကလုံးဝကို ပြောင်းလဲသွားတယ်။ တကယ့်နောက်တစ်ကောင် သူစိမ်း သက်သက်ပဲ”

ကိုကြီးစကားကြောင့် မွေ့မျက်နှာကလေးကို ရှုံ့မဲ့ပစ်လိုက်ကာ………..

“အောင်မယ်………မွေ့က သူစိမ်းကြီး ဖြစ်ရဦးမှာ လား။”

“မဟုတ်ပါဘူး……..အရမ်းအံ့သြနေလို့ပါ”

“လာပြန်ပြီ တစ်ယောက် …………ဓာတ်ပုံပို့ပေးခဲ့တယ် မဟုတ်လား”

“ဓာတ်ပုံပို့လာတုန်း ကတော့ သေသေချာချာကို စိတ်ဝင်တစား မှတ်ထားခဲ့တာပဲဟ..ဒါပေမယ့် မွေ့လို့ မှတ်ကိုမှတ်မထားမိဘူး…..တစ်ခြားကောင်မလေး တစ်ယောက် လို့ပဲ မြင်နေမိတာ……….ယုံတောင်မယုံနိုင်ဘူးဟ”

“သေပါတော့ဟာ …….မွေ့ပါကွာ…………မယုံချင်တော့ဘူးလား………..မွေ့လာလိမ်နေတာလည်း မဟုတ်ဘူး …………ဒက်ဒီကြီးနဲ့ လက်တွဲပြီး လာတာကွ”

မွေ့ ပုံစံဟန်ကိုကြည့်ကာ ဒက်ဒီတို့ရော အစ်ကိုသုံးယောက် ပါ ၀ိုင်းရယ်ြ ကတော့၏ ။

“နင့်မျက်နှာကို ရင်းနှီးလာအောင် ကြိုးစားရဦးမယ်ဟာ……..”

ကိုငယ့်ကို မျက်စောင်းထိုးပစ်ဆဲ……….

“နင် ဖီဘီကိတ်စ် မဟုတ်တော့ဘူးလားဟ”

ကိုလေး စပ်ဖြဲဖြဲ ၀င်ပြောတော့ မွေ့မျက်လုံးလေးကို ပြူးလိုက်ရင်း………..

“ဒါဆို ဘာလဲ”

“ဘာကိုမှ မဟုတ်တော့တာ”

ကိုလေးကျောကုန်းကို ဒုန်းခနဲ ထုချကာ တစ်စုံတစ်ခုကို နှမြောတသသ နာကျင်ရယ်မောနေလိုက်မိလေသည်။ ဒက်ဒီက ပစ္စည်းတွေ ရွေးဖို့သွားဆဲ အစ်ကိုသုံးယောက် က ဟိုတစ်ခွန်း ဒီတစ်ခွန်း ၀ိုင်းမေးနေကြတာကို ဖြေကြားရင်း မွေ့ မျက်ရည်ဝဲလာရပြန်သည်။ မွေ့ သိပ်ကြောက်စရာကောင်းခဲ့တဲ့ အ ဖြစ်ဆိုးကြီးတစ်ခုကို အသက်ပျောက်မတက် ရင်ဆိုင်ခဲ့ရတာ ။ အသက်ပြန်ပါလာတာ သိပ်ကို ကံကောင်းလွန်းလို့ပါ။ ဒါတွေ့ ကို သူသိနိုင်မလား။ သူအနိုင်ရခဲ့တယ်ဆိုပြီး ၀မ်းသာနေဦးမှာ လား မွေ့မင်းကို ဘာကြောင့် များ မေ့လို့ မရနိုင်တာလဲ တွမ်ရယ်။

•••

အိမ်ရောက်ရောက်ချင်း ကိုယ့်အခန်းထဲ အမြန်ပြေးဝင်ကာ အခန်းထဲမှ ကနုတ်ပန်းကွပ် ဘဲဥပုံ မှန်ဝိုင်းကြီးမှာ ကိုယ့်ရုပ်ပုံကို ကြာမြင့်စွာ စိုက်ကြည့်ရင်း ကိုယ်ကိုယ်တိုင်လည်း လိပ်ပြာလွင့်မတတ် အံ့သြခဲ့ရတာ ။ အ ဖြစ်အပျက်ကို တော် တော် နှင့် လက်ခံယုံကြည်လို့ မရနိုင်ခဲ့တာ။ မွေ့နေရာမှာ တခြားသာမန်လူ တစ်ယောက် ဆို စိတ်ဓာတ် ချောက်ချား ရမှု နှင့် စိတ္တဇဆေးရုံ ရောက်လာပြီး မွေ့သိပ်ကို တင်းမာပြင်းထန်ခဲ့တာပဲ။ သိပ်ကို ခံနိုင်ရည်စွမ်းအား မြင့်မားခဲ့တာပဲ။ ဓိတ်ဓာတ်မာကျောခဲ့တာပဲ။ သည်လိုအခြေအနေ စွမ်းရည်မျိုးနှင့် တောင် သူ့ကိုကျတော့ မွေ့ဘာလို့ မမာကျောနိုင်ခဲ့ရတာ လဲ။ သူ့ကို သိပ်လည်းနားကြည်းနေမိကာ သူ့အကြောင်းကို ထပ်မတွေးချင်တော့လောက်အောင် ခံစားချက်ပြင်းထန်ခဲ့ရပါလျက် သူ့ကို ဘာလို့ ယခုထက်ထိ မေ့မရနိုင်ခဲ့တာလဲ။ သိပ်မုန်းသင့်…… သိပ်နာကြည်းသင့်သူကို မုန်းလည်း မမုန်းနိုင်။ နာလည်း နာကြည်းခဲ့ပါလျက်နဲ့ လုံးဝ မေ့ဖျောက်မရနိုင်ခဲ့တာဟာ သိပ်လည်း ချစ်နေဆဲ့မို့ပါ တွမ်။

မင်း မွေ့ကို အနိုင်ယူခဲ့ပေမယ့် မွေ့ ကတော့ ရှုံးပြီးရင်း ရှုံးရင်းပါပဲ။ မင်းနဲ့ ပတ်သက်လာရင် မွေ့ကျဆုံးမြဲ ကျဆုံးလျက် ဖြစ်နေဆဲပါပဲ တွမ်။ ဒါကို မင်းသိရင် မင်းဘယ်လို ဆုံးဖြတ်မလဲ ၊ မင်းလည်း မွေ့လိုပဲ မာကျေကျော မာနကြီးကြီး အစားထဲကမို့ မင်းလုပ်ပြီးသား လုပ်ရပ်ကို နောင်တရချင်မှလည်း ရတော့မှာ ပေါ့။ မင်းကြောင့် ဘ၀ပျက်ခဲ့ရတဲ့ မွေ့ကျဆုံးရတာ အတွက် မင်း ဂုဏ်ယူချင်လည်း ယူနေမှာ ပေါ့။မင်းဟာ ကြွပ်ဆက်ဆက် မာကျောကျောနဲ့ အသည်း မာခဲ့တာပဲ။ မွေ့ သိပ်ကို ဆုံးဖြတ်ချက် ခက်ခဲအောင် မင်း နေနိုင်ခဲ့တာပဲလေ။ သိပ်ကို နားလည်ရ ခက်ခဲအောင် မင်းထောင်လွှားခဲ့လိုက် …….နူးညံ့လိုက်နဲ့ မယုံကြည်နိုင်လောက်အောင် မင်း တတ်နိုင်ခဲ့တာပဲ။ မွေ့ကသာ မင်းကို ချစ်လွန်းခဲ့လွန်းလို့ မင်းစလုပ်ကိုင်ခဲ့သမျှကို အလျှော့ပေးခဲ့သူပါ။

မွေ့ သိပ်ကို မာနကြီး မြင့်မားခဲ့ပေမယ့် မင်းနဲ့ကျတော့ မွေ့ သိပ်ကို ပျော့ပျောင်းနူးညံ့ခဲ့တာ မင်းသိမှာ ပါ။ မင်း ရုတ်တရတ်ကြီး ပြောင်းလဲ နူးညံ့ခဲ့တာကိုလည်း မွေ့စိတ်နဲ့ နှိုင်းပြီး ယုံကြည်ခဲ့မိတာပါ။ မွေ့ မင်းကို သိပ်ချစ်ခဲ့သလို မင်းလည်း မွေ့ကို သိပ်ချစ်လာတာပဲလို့ မွေ့ ယုံထားခဲ့တာလေ။ ယုံကြည်အောင်လည်း မင်း ကျွမ်းကျင်တတ်မြောက်နိုင်ခဲ့တာကိုး တွမ်ရယ်။

•••

အလျင် မျက်နှာလေးတစ်ခုကို အရမ်းကို တမ်းတ လွမ်းမောမိခဲ့ပါတယ်။ ဒါပေမယ့် အဲသည် အလျင်မျက်နှာဘ၀တစ်ခုမှာ မင်းနဲ့ ကြုံတွေ့ ခဲ့ရတာ မို့ အဲသည်မျက်နှာကိုလည်း ပြန်မတမ်းတချင်တော့ဘူး။ အဲသည် မျက်နှာကြောင့် မင်းချစ်ပြခဲ့ပြီး ရက်စက်ခဲ့တာ မဟုတ်လား။

“ဖီဘီကိတ်စ်နဲ့ အရမ်းတူလို့ ချစ်တာ”

လို့ နောက်သလို အတည်လိုပြောခဲ့တာမို့ မွေ့ ဖီဘီကိတ်စ်နဲ့ မတူချင်တော့လောက်အောင် ဒေါသထွက်ဆွေ့ဆွေ့ ခုန်ခဲ့ရတာ ကို မင်းလက်ညိုးထိုးပြီး ဟားခဲ့တာကို မွေ့ မနာကျင်ခဲ့ပါဘူး။ ဗရုတ်ကျ လှောင်ပြောင် ခဲ့တဲ့ မွေ့ဟာ ကိုယ့်ကို ပြန်ဗရုတ်လာကျ…………. လာလှောင်ပြရင် သိပ်ကို မခံချင် ဒေါသထွက်တတ်ပေမယ့် မင်းနဲ့ကျတော့ မွေ့သိပ်ပြီး ခံနိုင်ရည်မွေးခဲ့တာပါ။ ဘာလို့ ဆို မင်းကို သိပ်ချစ်လို့ပေါ့ တွမ်ရယ်။

အခု မျက်နှာအသစ်ဘ၀မှာ မင်း……….မင်းကို တမ်းတဆဲပဲ တွမ်ရယ်။ အမှတ်အသားထားတတ်တဲ့ သည်းခြေဆိုတာ မင်းအပေါ် ထားကို ထားသင့်ရမှာ .။ အလျင်မျက်နှာက လေးနဲ့ မွေ့ လူ တစ်ယောက် ကို အရမ်းလည်း အမြင်ကက်ခဲ့ဖူးတယ်………ပြိုင်ဆိုင်ခဲ့ဖူးတယ်………ဘုဘောက်ကျရန်လိုခဲ့ဖူးတယ်……….ဒါပေမယ့် အရမ်းလည်း ချစ်ခဲ့ဖူးသလို အရမ်းလည်း နာကျင်သွားခဲ့ဖူးတာပဲ။ အခုမျက်နှာ အသစ်ဘ၀မှာ ရော သူ့ကို ဆက်လက်ချစ်မက်ဆဲ…………..နာကျင်ဆဲပါလေ။ မွေ့ ဘ၀ကြီး တစ်ခုလုံး ထိတ်လန့် ချောက်ချားဖွယ် အိမ်မက်ဆိုးကြီး တစ်ခုလို သွေးပျက်မတက် ကြုံတွေ့  တုန်လှုပ်ခဲ့ရတာ …………နာကျင် ပြင်းပြခဲ့ရတာ အားလုံးသူ့ကြောင့် ပါ။

ဘာတွေ ပဲ ဖြစ်ပျက်ခဲ့ ဖြစ်ပျက်ခဲ့ မွေ့မျက်နှာတွေ ဘယ်လို ပြောင်းလဲပြောင်းလဲ မွေ့ရင်ထဲက မပြောင်းမလဲ တည်ရှိနေတဲ့ တစ်ခုတည်းသော နှလုံးသားက သူ့ကိုပဲ ဆက်လက်ချစ်မြဲ နာကျင်မြဲ ဖြစ်နေဦးတော့မှာ ပဲ။ အရမ်းလည်းပဲ မေ့ပစ်ချင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ အတိတ်တွေ ကို စွန့်လွှတ်ပြီး မျက်နှာ အသစ်ဘ၀မှာ ဘ၀သစ်တစ်ခုကို ဖန်တီးပြီး အသစ်စက်စက် နှလုံးသားနဲ့ လှုပ်ရှားချင်တော့တာပါပဲ။ ဒါပေမယ့်လည်း မေ့မှ မရနိုခဲ့တာ အတိတ်ဆိုတာ ဆက်လက်ရှင်သန် ခြောက်လန့်နေဦးတော့မှာ ပါ။

•••

အခန်း(၂)

အခန်း(၂)

“ဒါကြီးလား……….သိမ်မွေ့………ထပ် …………နာမည် နဲ့ မလိုက်ဖက်လိုက်တာ……. ဟေ့ကောင်တွေ ဆင်း ……….မင်းလုံးမလှဘူးနော်”

အနောက်ကနေ ကျော်တက်လာပြီး အရှေ့ရောက်မှ ပြန်လှည့်ကြည့်ကာ ပြောလိုက်သော အသံကြောင့် မွေ့ အချဉ်ထုပ်စားနေဆဲ တန်းလန်းကြီး မှ ဆွေ့ဆွေ့ ခုန်သွားရ၏ ။ မွေ့တို့အရှေ့မှာ ကောင်လေးသုံးယောက် တစ်ယောက် ပခုံး တစ်ယောက် ဖတ်ကာ ပုံစံတွေ က အသာလွတ် လာရန်စတာ ထင်ရှားနေသော ရုပ်ရည်တွေ နှင့် ။ မွေ့ပဲ………ကိုယ်ကသာ သူများ ကို ဗရုတ်ကျ လှောင်ပြောင်ကာ လှောင်စိန်လုပ်ခဲ့တာ။ မွေ့ကိုလာလှောင်လို့ ကတော့ လုံးဝ ရန်သူပဲ။ စားလက်စ အချဉ်ထုပ်ထဲမှာ မရမ်းပြားနီရွဲရွဲတွေ ကို ဆွဲထုတ်ကာ အလယ်မှ အရပ်လည်း အရှည်ဆုံး……….အသားလည်း အဖြူဆုံး…….မျက်နှာလည်း အတည်ဆုံးနှင့် ပုဆိုးလည်း အတိုဆုံး ဖြစ်နေသော ကောင်လေးရဲ့ ခြေသလုံးဆီ ခပ်ပြင်းပြင်း ပိတ်ပေါက်ပစ်လိုက်၏ ။ ခြေလုံးဖြူဖြူမှာ မရမ်းပြား နီနီ ဖတ်ကြီး ဖတ်ခနဲ သွားကပ်ကာ ရယ်စရာ ဖြစ်သွားလေတော့သည်။

မွေ့ တဟက်ဟက် ရယ်ပစ်လိုက်တော့ ဇွန်နဲ့ နုအိကပါ တဟီးဟီ ရယ်လေတော့၏ ။ အလယ်ကောင်က ကောင်လေး မျက်နှာ နီရဲသွားကာ မွေ့နှင့် ချာခနဲ မျက်နှာချင်းဆိုင် လိုက်ပြီး………….

“ပြန်သုပ်ပေး ………ဘာလာရင့်တာလဲ”

“မွေ့ကို ဘယ်သုက လာစရင့်တာလဲ………ဒီမှာ မှတ်ထား ………ဆင်းသိမ်မွေ့တို့က ဘယ်တော့မှ နာမည် အတိုင်း သိမ်မွေ့ မပြောတတ်ဘူး……..ခပ်ရင့်ရင့်ပဲ”

“အေး ………အဲဒီ မသိမ်မွေ့ မှု တွေ ကြောင့် မင်းတစ်နေ့ ကောင်းကောင်းကြီး ခံရဦးမယ်ဆိုတာ မြဲမြဲမှတ်ထား”

“သွားပြော………..နွားတင်းကုတ်မှာ သွားပြော”

သူ့ဘေးက နှစ် ကောင်က သူ့ကို အတင်းဆွဲနေတာမို့ ချာခနဲ လှည့်ထွက်သွားလေသည်။ မျက်နှာတည်တည်နှင့် တကယ်လုပ်ရဲပုံ ပေါက်နေသော်လည်း မွေ့တို့က မဖြုံ။ခပ်တင်းတင်း ခပ်ထေ့ထေ့ ပြန်ကြည့်နေ့ပေးလိုက် တော့ အရမ်းခံပြင်းနေပုံရတာ ။ ခြေထောက်မှာ အဖတ်လိုက်ကြီးကပ်နေသော အနီဖတ်ကြီးကိုကြည့်ကာ မွေ့တို့သုံးယောက် ကျိတ်ရယ်ကြ၏ ။ နေရာက လူရှင်းတဲ့ ကော်ရစ်တာတစ်ခုမှာ မို့ မွေ့တို့ ဖြစ်ခဲ့ကြတာ ဘယ်သူမှ မသိလိုက်ရ။ သိလိုက်ကြရင်တော့ အဲသည်ကောင်ကလေး မဟာ အရှက်ပဲ။ မွေ့ကိုများ လာပြီး ရန်စလို့ ကတော့ သိပ်မှားမှာ ပေါ့နော်။

“ဟဲ့ …..အဲဒါ ဖစ်ဆစ်(စ်)က တွမ်လေ…..တွမ်ခရုစ်………..”

နုအိက အလန့်တကြား ပုံစံနှင့် ပြောတော့ မွေ့က မျက်စောင်းထိုး ပစ်ရင်း……

“သိသားပဲ ……ဘာလုပ်ရမှာ လဲ….သူက စပြီးရန်စတာ…….ငါက တွမ်ခရုစ်ဆိုတာ နဲ့ ငြိမ်ခံနေရတော့မှာ လား”

“နင်ပဲ ချစ်သူရွေးရင် တွမ်ခရူစ်ကိုရွေးကြိုက်မယ်ဆို။ ဒီလောက် မာနကြီးတဲ့ တွမ်ခရုစ်ကို တည့်အောင်ပေါင်းလိုက်တာ မဟုတ်ဘူး”

“တော် ပြီ………ဒါကြီးကို မရွေးတော့ဘူး …..မှု န်ကုပ်ကုပ်ကြီး”

“မွေ့…….မွေ့…..နင်တို့နှစ် ယောက် ဇာတ်လမ်းတော့ ဒါနဲ့တင် ဆုံးမှာ မဟုတ်ဘူး………နင်တောင့်ထားဖို့လိုတယ်. တွမ်ခရုစ်က ဖီဘီကိတ်နော်”

မွေ့က ပခုံးကိုတွန့်ရင်း ရှုံမဲ့ပစ်လိုက်၏ ။ တိုက်တိုက်ဆိုင်ဆိုင် လာတွေ့ တာကို မွေ့လည်း အံ့သြပါရဲ့ ။ မွေ့ကို သိသူအများ စုက ဖီဘီဟု ချစ်စနိုးခေါ်ကြရအောင် မွေ့ပုံစံလေးက ဖီဘီကိတ်စ် ပုံစံလေး။

မွေ့ဆံပင်တွေ သည် အနောက်ဆံပင်က ကျောလယ်ထိ နက်နက်ဖြောင့်ဖြောင့် စင်းနေကာ ဘေးဆံပင်က ပခုံးမထိအောင် ဖောင်းဖောင်းကလေးတွေ ……ရှေ့ဆံပင်က နဖူးပေါ်မှာ အစဉ်အမြဲ အစင်းလိုက် ၀ဲကျနေလျက် ဖီဘီကိတ်စ်ပုံစံမျိုး ဖြစ်နေရသည့် ကြားထဲ မျက်နှာကျပုံက ဖီဘီကိတ်စ်လို သွယ်သွယ်ပြည့်ပြည့်ကလေးနှင့် အထူးခြားဆုံး က မျက်ဆန်ညို နက်နက်နှင့် မျက်သားပြာလဲ့လဲ့ရှိသော မျက်လုံး ၀ိုင်းဝိုင်းစက်စက်ကလေးတွေ ပါပဲ။ မျက်လုံးကတင် ဖီဘီကိတ်နှင့် အပြည့်အ၀ သွားတူနေတာမို့ မြင်တဲ့သူတိုင်း ဖီဘီကိတ်စ်ဟု မှတ်ယူသွားတတ်ကြစမြဲ။ ရယ်လိုက်တဲ့အခါ နှုတ်ခမ်းထောင့်စွန်းက ကွေးကျပုံအရာလေးက ဖီဘီကိတ်စ်နှင့် ပိုမိုတူရလေသည်။

မွေ့က ဖီဘီကိတ်စ်နှင့် တမင်တူအောင် တုယူထားရပေမယ့် တွမ်ဆိုတဲ့ သူ ကတော့ ဘယ်လိုနေနေ တွမ်ခရုစ်နှင့် ဆင်တူလှပေသည်။ သူအရမ်း နာမည် ကြီးနေသဖြင့် မွေ့တို့က တမင် အမြင်ကတ်ကာ သွားမကြည့်ခဲ့တာမို့ သူ့ကို ခုနကမှ စတွေ့ တာ ပထမဆုံးပါပဲ။

မာနသိပ်ကြီးသည်ဟု သတင်းကြီးနေခဲ့သော လူငယ်ကလေးသည် မွေ့ကို တေ့တေ့ဆိုင်ဆိုင် ရန်လာစလျက် မာန ပြခဲ့ခြင်းသည် မွေ့အတွက် နားမလည်ချင်စရာ မခံချင်စရာ ကောင်းလှပေသည်။

•••

“မွေ့……အဲဒါဟဲ့…….ဘယ်မိန်းကလေးကိုမှ စိတ်မ၀င်စားဘူးဆိုတဲ့ ဘိုးတော် လေ..ကျော်စိုးမိုးတဲ့”

ဇွန့် စကားကြောင့် ထိုင်ခုံရှည်မှာ တစ်ယောက် တည်း ထိုင်ကာ စာဖတ်နေသာသူ့ကို မွေ့ သေသေချာချာ စိုက်ကြည့်လိုက်၏ ။ အသားက ညိုကာ လက်ဆတ်ချောမောသော လူချော တစ်ယောက် ပါပဲ။ စာဖတ်နေပုံက တစ်ကမ္ဘာလုံးမှာ သူ တစ်ယောက် တည်း ရှိနေပုံပဲ။ မွေ့ မျက်နှာကို မဲ့ပစ်လိုက်တော့ ဇွန်တို့က ပြုံးစိစိ ဖြစ်သွားရပြီး…….

“ပညာပေးရအောင် ………ခစ်ခစ်……”

မွေ့ ခေါင်းကို ဆတ်ခနဲ့ညိတ်ကာ လက်ထဲမှာ ကိုင်ထားသော စာအုပ်နှစ် အုပ်ကို သူ့ဆီသို့ လွှင့်ပစ်လိုက်ရင်း မတော် တဆပဲ ကျသွားသလို ပုံစံနဲ့ မျက်လုံးလေး ၀ိုင်းကာ သူ့ဆီကြည့်နေလိုက်၏ ။ သူကလည်း တအံ့တသြနှင့် ပြန်ကြည့်နေစဉ် မွေ့ ခပ်တည်တည်နှင့် ……

“တို့လက်ထဲက ကျသွားတာ …….ကောက်ပေးလေ ဘာလုပ်နေတာလဲ……..”

မွေ့စကားကြောင့် သူ့မျက်ခုံး ပင့်သွားရင်း ခဏတွေ ဝေသွားသည်။ နောက်မွေ့ကို ကြည့်လျက်ပုံစံနှင့် ပဲ စာအုပ်ကို ကောက်ကိုင်ပေးကာ မွေ့ဆီကို လှမ်းပေး၏ ။ ဇွန်တို့ဆီမှ ရယ်သံတွေ ထွက်လာဆဲ………

“ဟေ့ကောင် စိုးမိုး ဘာ ဖြစ်နေတာလဲ…..”

ရုတ်တရတ်ပေါ်လာသော အသံကို မွေ့ခါးသီးသွားရစဉ် ……

“ဘာလို့ ကောက်ပေးရတာ လဲ စိုးမိုး….သူတမင် ပစ်ချလိုက်တာ …..မင်းညံ့ချက်ပဲ”

“ရှင်နဲ့ ဘာဆိုင်လဲ”

သူက ဘာမှ ဂရုမစိုက် ခွန်းတုန့်မပြန်ဘဲ စိုးမိုး လက်ထဲက နေ မွေ့လှမ်းမယူရသေးသော စာအုပ်တွေ ကို ဆတ်ခနဲ လှမ်းယူကာ ခုန နေရာဆီ ပြန်ပစ်ချလိုက်လေသည်။

“ယောကျာ်း တစ်ယောက် ကို ဒီလောက်မစော်ကားနဲ့လို့ သတိပေးလိုက် မယ်…ဟုတ်လား….ယောကျာ်း တစ်ယောက် ရဲ့ မာနဟာ မင်းလို မိန်းမ တစ်ယောက် ရဲ့ မာနလောက်ကို အေးအေးဆေးဆေးဖိနင်းသွားနိုင်တယ်ဆိုတာ မှတ်ထား……လာ……..စိုးမိုး”

စိုးမိုးပခုံးကို ဖတ်ကာ ကျောခိုင်းထွက်သွားသော သူ့နောက်ကို စိုက်ကြည့်နေမိရင်း မွေ့ရင်ထဲ ဆတ်ဆတ်ခါ နာလာတော့သည်။ နှလုံးသားထဲမှ ပြင်းပြင်းခါမှု ကြောင့် မွေ့နှုတ်ခမ်းစွတ်ကလေး နှစ် ဖက် စေ့မရအောင် တုန်ခေတ်လာရသည်။

ဘာတစ်ခွန်းမှ ပြန်မချေပလိုက်ရဘဲ အနိုင်ယူသွားတဲ့ ယောကျာ်း တစ်ယောက် ကို မွေ့ရာဇ၀င်မှာ တစ်ခါမှ မကြုံဆုံခဲ့ဖူးပါ။ သူဟာ ပျော်ရွှင်လှပနေတဲ့ မွေ့ကမ္ဘာကလေးထဲ ဘာကြောင့် တမင်ထိုးဖောက် ၀င်ရောက်လာခဲ့တာလဲ။

ဆင်းသိမ်မွေ့ဆိုတဲ့ မိန်းကလေး တစ်ယောက် ဟာ ဖအေနဲ့ အစ်ကိုတွေ ကလွဲပြီး ဘယ်ယောကျာ်းသားကိုမှ အထင်တကြီး အလေးအနက်မရှိခဲ့ဖူးတာ။ ယောကျာ်းတွေ ကို လှောင်ပြောင်ရယ်မော ကစားစရာလောက်သာ သဘောထားခဲ့သူပါ။ အထူးသဖြင့် မွေ့ကိုလာရောက်ပတ်သတ်သူယောကျာ်းလေးတိုင်း ပမာမခန့် အထင်သေးစွာ သရော်ရှုတ်ချခဲ့ပြီးသား။

လောကမှာ ကိုယ်နဲ့တန်တဲ့ ယောကျာ်း မမွေးလောက်သေးဘူးဆိုတဲ့ မြင့်မားစိတ်နဲ့ မာန ထားခဲ့ဖူးတာပါ။

အဲသည် တစ်ယောက် က ဘာကြောင့် များ မွေ့ကို ရန်လို အထင်သေးပုံနှင့် လာရောက်ပတ်သတ်နေပါလိမ့်။ မွေ့ဆီ တိုးဝင်လာသော သူ့ပုံစံက ဘယ်သူနှင့် မျှမတူစွာ မွေ့ကို ခံပြင်းနာကျင်စေတာ။

“အဲဒီ တွမ်ဆိုတဲ့ကောင်ကို ငါ လုံးဝ မကျေနပ်ဘူး သိလား….ပတ်သတ်စရာမရှိဘဲနဲ့ ”

“သူတမင် လိုက်ရန်စနေတယ်ဆိုတာ သေချာနေပြီနော် ဘာသဘောလဲ”

ဇွန်က နားမလည်နိုင်စွာ ဆိုရင်း တွမ်နှင့် မပြေလည်ရခြင်းကို စိတ်မကောင်းပုံ တမင်လုပ်ပြနေသည်။ ထာဝစဉ် ဗရုတ်ကျ ရယ်မော်နေတတ်သော အဖွဲ့ကလေးအတွင်းမှာ သော ကဆိုသော အရာက ဘယ်တော့မှ ကြာကြာမနေတတ်သော ထုံးစံအတိုင်း ခဏအကြာမှာ အဲသည်ကိစ္စကို ရယ်မောပစ်လိုက်ခြင်းနှင့် အဆုံးသတ်ပစ်လိုက်ကြလေသည်။

သို့ သော် မွေ့ရင်ထဲက အလွယ်တကူ အဆုံးသတ်မသွားခဲ့သော နာကျင်ခံစားမှု ကို ဘယ်သူမှ မရိပ်မိနိုင်ခဲ့ပေ။

အလျင်က မွေ့က ဖီဘီနှင့် တူနေသဖြင့် ‘ငါ ချစ်သူရှာရင် တွမ်ခရုစ်ကို ရအောင်ရှာမယ်’ ဟု အပျော်သဘောရယ်မောဆိုခဲ့ဖူးသည်။ R.C (2) ရောက်လာတော့ တကယ့်ကို အံ့သြစရာကောင်းလှစွာ တွမ်ခရုစ်နှင့် တူတဲ့သူ ရှိနေသည်ဆိုတာကို ကြားတော့ တိတ်တဆိတ်တောင် ရင်ခုန်ပျော်ရွှင်ခဲ့သေးသည်။ သို့သော် မာနသိပ်ကြီးသည်ဆိုတဲ့ သတင်းများ ကြောင့် မွေ့လည်း မာနချင်း ယှဉ်ကာ သွားမကြည့်ခဲ့ဖူးပါ။ အခုတော့ မထင်မှတ်ဘဲ သူက စတင်လာရောက် ပတ်သတ်ရန်လိုနေခြင်းကို မွေ့ လိုက်မမီနိုင်တော့ပေ။

•••

“ဟ …..ဘာလုပ်နေကြတာလဲ”

ကိုကြီးတို့တစ်တွေ ချွေးသံ ရွှဲရွှဲတွေ မို့ မွေ့အံ့သြသွားရင်း မေးလိုက်တော့ ကိုကြီးက ဂျူဒိုကစားသလို ဟန်ရေး ပြရင်း…..

“ကိုကြီးတို့ ဒီနေ့ သင်တန်းသွားတက်ထာကြတာဟ”

“တတ်ပြီလား”

“တစ်ရက်တည်းနဲ့တော့ ဘယ်တတ်ဦးမှာ လဲ..ဘာလို့လဲ”

“တတ်သွားရင် ကိုကြီးတို့သုံးယောက် ကို မွေ့လူမိုက်ငှားမလိုကွ၊ ကျောင်းမှာ တစ်ကောင်ကို အပြင်ကတ်လို့ ဖြိုခွင်းမလို့”

မွေ့စကားကြောင့် ကိုကြီးတို ၀ိုင်းရယ်ကြရင်း……..

“နင် အမြင်မကတ်တဲ့ သူဆိုတာ လောကမှာ ရှိသေးလို့လား….နင်အမြင်ကတ်သမျှ လိုက်ဖြိုခွင်းပေးနေရမယ်ဆိုရင်တော သွားပြီ”

ကိုငယ့် စကားကြောင့် မွေ့ရယ်မိသွား၏ ။ ဟုတ်လည်း ဟုတ်တာပဲ။ မွေ့ဘ၀မှာ ဘယ်သူ့ကိုမှ အမြင်ကြည်လင်ခဲ့ဖူးတာ မရှိ၊ အမြဲတမ်း ယောကျာ်းလေးတိုင်းကို အမြင်ကတ်ကာ ကြည့်မရ ဖြစ်နေခဲ့တာမို့ သူတို့ကိုဆို လှောင်ပစ်ဖို့ …ဟားပစ်ဖို့ …ဗရုတ်ကျဖို့ပဲ မွေ့က သတ်မှတ်ထားတာ။ သည်အထဲမှာ မွေ့ကို စတင် လာရန်စခဲ့သော သူ့ကို မွေ့သိပ်ကို အမြင်ကတ်သွားခဲ့ရတာ ။ စိတ်က အခုထက်ထိ တိုနေရကာ အခန်းထဲဝင် ရေမိုးချိုးအ၀တ်လဲကာ ထမင်းစားဖို့ ပြန်ထွက်အလာ…..

“မွေ့လေးရေ ဖုန်းတဲ့”

ကိုငယ် ဖုန်းကိုင်ထားရာမှ လှမ်းအော်နေတာမို့ မွေ့ဖုန်းဆီ ပြေးအလွှားသွားရင်း ကိုင်လိုက်၏ ။

“ဟဲလို ဆင်းသိမ်မွေ့”

အသံ ခပ်အေးအေး ခပ်တိုးတိုးကြောင့် မွေ့မျက်နှာ မှော င်ကြုပ်သွားရ၏ ။

“ဘယ်သူလဲ”

“ကျော်စိုးမိုးပါ”

ဟာဟ …မွေ့ ချက်ချင်း ကြီးပဲ ရယ်ချင်စိတ်ပြင်းပြသွားရလေသည်။ မိန်းကလေးတွေ ကို စိတ်မ၀င်စားတတ်သူက ချက်ချင်း လက်ငင်းကြီး ဖုန်းတွေ ဘာတွေ ဆက်လို့ပါလား။ ယောကျာ်းလေးဆိုတာ ဒါပဲလေ။ မွေ့ဘယ်လိုမှကို အထင်ကြီးမပေးနိုင်တာ အဲသည်လို အပြောနဲ့ အလုပ် မညီမျှသူတွေ ကိုပါပဲ။

“ဘာလုပ်မလို့လဲ ပြောလေ”

“တောင်းပန်ချင်လို့ပါ….ညနေက ဖြစ်ခဲ့တာကိုစိတ်မဆိုးနဲ့နော်…တွမ်က အမြဲတမ်း မာကျောကျောပဲ ပြောတတ်လို့ ဆင်းသိမ်မွေ့ကိုမာသွားခဲ့တာအတွက် ကျွန်တော် တောင်းပန်ပါတယ်”

“ဒီမှာ အဲဒီ တွမ်ဆိုတာကို ပြောလိုက်စမ်းပါ……တစ်ဆင့်ခံပြီး တောင်းပန်ခိုင်းလည်း လုံးဝ မကျေနပ်ဘူးလို့”

“မဟုတ်ပါဘူး ကျွန်တော် ကသာ တောင်းပန်……”

ရုတ်တရတ်ဖုန်းထဲမှ အသံတစ်ချို့ လွင့်ထွက်လာတာမို့ မွေ့ရဆီဗာလေးကို နားမှ ဖိကပ်ရင်း အားစိုက်နားထောင်လိုက်၏ ။ ‘သူ့ကို ဘယ်သူက တစ်ဆင်ခံတောင်းပန်ခိုင်းမှာ လဲ… လုပ်မနေနဲ့….တစ်သက်လုံး မတောင်းပန်ဘူး….သူက ဘာကြီးမို့လို့လဲ’ ဟူသော အသံတွေ က တော် တော် ကျယ်နေတာမို့ ဖုန်းခွက်ကို လက်နှင့် အုပ်ထားပုံရပေမယ့်လည်း အသံက တိုးထွက်လာ၏ ။ စိုးမိုးမှာ ဖုန်းချပစ်ရအခက် ဆက်ပြောရအခက် ဖြစ်နေပုံရသည်။ ဟေ့ကောင် တွမ် မပြောနဲ့တော့ကွာ….ဟုလည်း ခပ်တိုးတိုးတားနေရ၏ ။ တွမ်က ဖုန်းနားမှာ လာကပ်ကာ နားထောင်နေပုံခဲ့ပုံရသည်။ ဒါကြောင့် သာ မွေ့ပြောခဲတာတွေ ကို ကြားသွားကာ မခံချင်ပုံစံနှင့် ပြန်အော်နေတာ ဖြစ်မည် ။

“ဒီမှာ …ကျော်စိုးမိုး….အဲဒီ တွမ်ဆိုတဲ့ကောင်ကို မုန်းတယ်လို့ ပြောလိုက်စမ်းပါ”

ပြောပြီး ဖုန်းချပစ်လိုက်ပေမယ့် ခင်ဗျားကိုကော ဘယ်သူက ချစ်နေလို့လဲ ဟူသော အသံကို ကြား ဖြစ်အောင်ကြားလိုက်ရလေသည်။မွေ့ အံကို ကြိတ်ပစ်လိုက်ကာ သူ့ကို အရမ်း မုန်းသွားရလေသည်။ တွမ် တော် တော် ကြွပ်ဆတ်မာကျောတာပဲ။ သူ့မာနကြီးတိုင်းလည်း မွေ့ကရော မာနမရှိခဲ့ဖူးလို့လား။ မွေ့အကြောင်း သူမကြားဖူးဘူးလား။ မွေ့ သိပ်မာနကြီးခဲ့တာ… မွေ့ကို ဘယ်သူမှ ကျောလို့မရတာ သူမသိဘူးတဲ့လား။ မာနချင်း လာယှဉ်လို့ ကတော့ မွေ့တို့ကလည်း ထိတ်ထိတ်ကြဲ ထဲကပဲလေ။

•••

အခန်း(၃)

အခန်း (၃)

“ကိုကြီးရေ…. သွားတော့မယ်”

မွေ့က ကိုကြီးကို လှမ်းခေါ်ရင်း ကားပေါ်တက် လိုက်၏ ။ ကားပေါ်ရောက်တော့မှ စပို့ရှပ် ဖြူဖြူကလေးပေါ်မှ ဂျာကင် ထပ်ဝတ်ဖို့ကိစ္စကို မေ့သွားကာ သတိရလေသည်။ အပေါ်ကို ပြန်မတက်ချင်တော့တာမို့ မ၀တ်တော့ပါဘူးဟု ငြိမ်နေလိုက်မိစဉ် ခဏကြာတော့ ကိုကြီးက သော့ ကလေး တယမ်းယမ်းနှင့် ထွက်လာသည်။ ရှပ်ဖြူအပေါ်မှာ လယ်သာဝေ့စ ကုပ်ပွပွ ခါးတို နီညိုကလေး ၀တ်ထားတာမို့ မွေ့နှုပ်ခမ်းကလေးတွေ ပြုံးသွားရ၏ ။ မွေ့ဝတ်ထားတာက စပို့ရှပ် ဖြူဖြူပွပွကလေးနှင့် ယောလုံချည်ညိုညိုကလေး။ ကိုကြီး ဝေ့စကုတ်နှင့် တအားလိုက်ဖတ်နေမှာ မို့…

“မွေ့ကို ဝေ့စကုတ်ပေး”

ကိုကြီးက မျက်ခုံးပင့်ရင်း မွေ့ကိုလာကြည့်၏ ။

“အပိုင်တောင်းတာ မဟုတ်ပါဘူးကွ …ကျောင်းကို ၀တ်သွားမလို့”

“ကိုယ့်ဟာကိုယ် သွားယူဝတ်ပါလားဟ”

“သွားမယူချင်လို့ပေါ့ကွ…ပေးပါ…တွန့်တိုပြနေလိုက်တာ …ဟွန်း”

“ဟာကွာ…မွေ့ သိပ်ရှုပ်တာပဲ”

ကိုကြီးက မကျေမနပ် ရေရွတ်ရင်း ဝေ့စကုတ်ကို ဆောင့်အောင့်ကာ ချွတ်၏ ။ မွေ့ တဟက်ဟက်ရယ်မောရင်း ဝေ့စကုတ်လေးကို ထပ်စွပ်လိုက်သည်။ ကိုကြီးက သူ့ပစ္စည်းဆို သိပ်သိတတ်တာ။ အမြဲတမ်း ရှိုးနှင့် မိုးနှင့် စတိုင်လုပ်တတ်တာမို့ မွေ့ တမင်အနိုင်ကျင့်ကာ ယူဝတ်ခဲ့ခြင်း ဖြစ်သည်။ မျက်နှာကြီး ပုတ်ပြီး ကျောင်းရောက်တဲ့အထိ စကားမပြောပုံက ရယ်စရာ။

“တာ့တာ့ … ကိုကြီး ဝေ့စကုတ် စိတ်ချသိလား ….ဇွန်တို …နုအိတိုပ ကိုပါ… ပေးဝတ်လိုက်မယ်”

ကိုကြီးကို နောက်ရင်း နုအိတို့နှင့် ဆုံနေကျ ဒေါ်ချစ်အသုပ်ဆိုင်ဆီသို့ လျှောက်ခဲ့စဉ် ရုတ်တရတ် တွေ့ လိုက်ရသော တွမ်တို့ သုံးကောင်ကြောင့် မွေ့မျက်မှော င်ကို ကုတ်ပစ်လိုက်ကာ နှုတ်ခမ်းကို တင်းတင်းစေ့ပစ်လိုက်သည်။

“ဟွန်း …ဘာကြီးလဲ …. ဆင်တူကြီး လာဝတ်ထားတာ မရှက်ဘူးလား…သူများ ၀တ်ထားတာကြီး လိုက်ဝတ်တယ်”

ဘေးနားလာကပ်ကာ ခပ်တိုးတိုးလာပြောလိုက်တော့ မွေ့ဆတ်ခနဲ ဖြစ်သွားရသည်။ မှားပြီ….သူ့ကိုကြည့်လိုက်တော့ တကယ့်ကို ဆင်တူ လယ်သာ ဝေ့စကုတ်ခါးကို ပွပွနီညိုရောင် ။ ပုံစံတူ အမျိုးအစားတူ ။ မွေ့ မျက်နှာကို ရှုံမဲ့ပစ်လိုက်ကာ ဝေ့စကုတ်ကို ချက်ချင်း ဆွဲချွတ်ပစ်လိုက်ကာ…

“အိမ်ကျရင် မီးရှို့ပစ်မယ်…သိလား”

ခြေကိုစောင့်ကာ ထွက်ခဲ့တော့ အနောက်က ရယ်သံတွေ လွင့်ထွက်လာလေသည်။ မွေ့ပဲလေ။ သူများးကိုသာ လှောင်ဟားပစ်ခဲ့တာ။ အခုကိုယ့်ကို သူတို့တွေ က လိုက်လှောင်ဟားနေကြတာ မွေ့က အလွယ်တကူ ခံနေမယ်တဲ့လား။

“ဒီမှာ တွမ်… ရှင်ဘာလို့ မွေ့ကိုလိုက်ရန်စနေတာလဲ…..ရှင့်ကို မွေ့ ဘာလုပ်နေလို့လဲ”

ဆတ်ခနဲ အနောက်လှည့်ကာ မာကျောစွာ ပြောပစ်လိုက်တော့ သူ့မျက်နှာ တင်းခနဲ ဖြစ်သွားပြီး….

“ခင်ဗျားကို ဘယ်သူက လိုက်ရန်စမှာ လဲ….ခင်ဗျားသာ လူတစ်ကာကို လိုက်လှောင်ဟား ဗရုတ်ကျခဲ့တာ…. ကျုပ်သူငယ်ချင်း မိုးကောင်းကို ခင်ဗျား ကင်တင်းထဲခေါ်ပြီး အရှက်ခွဲလိုက်တာ ကျုပ်လုံးဝ မကျေနပ်ဘူး သိရဲ့ လား…. လောကမှာ ခင်ဗျား တစ်ယောက် တည်း မာနရှိတာမဟုတ်ဘူး …ခင်ဗျားထက် မာနပိုကြီးတဲ့ ကျူပ်ရှိကြောင်း ခင်ဗျားသိစေချင်လို့”

“သွားစမ်းပါ ရှင်မာနကြီးတာ မွေ့ဘာလုပ်ရမှာ လဲ”

မိုးကောင်းကို အရှက်ခွဲခဲ့တာလည်း သူဘာလို့မွေ့ကို ချစ်တယ်လို့ အတင်းလိုက်ပြောလဲ…မွေ့ကို သူက ချစ်စရာလား။

မိုးကောင်းကို လှောင်ဟားကာ အရှက်ခွဲခဲ့မိလို့ သူက မကျေမနပ် လာရန်စတယ်တဲ့လား၊ မိုးကောင်းဆိုတာက ဟိုတစ်လောက မွေ့ကို အတင်းလမ်းပိတ်ကာ ချစ်တယ်လို့ အတင်းလိုက်ပြောခဲ့သူ။ မွေ့အကြောင်း မသိတာလား….မဖြုံတာလား မပြောတတ်။ သိပ်ရဲတင်းပုံပေါက်နေတာမို့ ကောင်းကောင်းချွတ်ပေးဖို့ ဆုံးဖြတ်လိုက်သည်။ နောက်တစ်နေ့တွင် ကဲင်တင်းမှာ ချိန်းလိုက်ကာ မွေ့တို့ သုံးယောက် သား တိုင်ပင်ပြီး ကဲင်တင်းထဲကနေ သွားထိုင်စောင့်နေကြသည်။ အရာရာကို ရယ်မောလှောင်ပြောင်တတ်သော မျက်လုံးဖြင့် သာ ကြည့်တတ်ခဲ့သော ထုံးစံတွေ အတိုင်း ဘယ်သူ့ကိုမှလည်း ဂရု မစိုက်ကြဘဲ ကဲင်တင်းထဲ မိုးကောင်းဝင်လာတာနှင့် မွေ့တို့သုံးယောက် ပြိုင်တူ လက်ဖျောက်ကလေးတွေ တီးပြီး တောက်….တောက်….တောက်….. အို့….အို့…အို့…ဟူသော အသံစုံတွေ ဖြင့် မိုးကောင်းကို ခွေးခေါ်သံလို ၀ိုင်းခေါ်ြ ကတော့ အနီးအနားက မြင်တဲ့သူတွေ က ၀ါးခနဲ ရယ်နေကြသည်။မိုးကောင်းမျက်နှာ ဒေါသဖြင့် နီရဲတောက်ပြောင်လျက် စားပွဲမှာ လည်းလာထိုင်ရော မွေ့တို့က ဆတ်ခနဲ ထထွက်ခြဲ့ ကတော့ ၀ိုင်းကြည့်နေကြသော လူတွေ ကြားထဲမှာ မိုးကောင်း အရှက်ကွဲ ကျန်ရစ်ခဲ့တော့သည်။

မွေ့တို့ ကတော့ ပြောဆိုရယ်မောကာ ထွက်လာခဲ့ကြလေသည်။ နောက်ပိုင်း မိုးကောင်း ဖြုံသွားကာ ခပ်ဝေးဝေးက ရှောင်နေခဲ့ပြီးမှ တွမ်က မခံချင်လို့ မာန ၀င်ပြခဲ့တာတဲ့လား။ မင်းနဲ့ ဘာဆိုင်လို့လဲ တွမ်ရယ်။ ယောကျာ်းတွေ ကို အထင်ကြီးလို့ကို မရနိုင်လို့ အထင်ကို မကြီးခဲ့တာ။ မင်းက ဘာ ဖြစ်လို့ မခံချင် ဖြစ်ရတာ တဲ့လဲ။ မင်းကျတော့ မွေ့ဘယ်လိုမှ မသတ်မှတ်ခဲ့ဘဲ ခပ်ကင်းကင်းနေခဲ့တာ အထင်လည်းမကြီးသလို အထင်လည်း မသေးချင်လို့ပေါ့ တွမ်ရယ်။ မင်းနာမည် ကို စကြားကတည်းက မင်းနဲ့ ကင်းကင်းနေဖို့ ဆုံးဖြတ်ခဲ့တာ မွေ့ကိုမွေ့ ဘာ့ကြောင့် မှန်း နားမလည်နိုင်ခဲ့ပေမယ့် နားမလည်သလိုပဲ နေနေခဲ့တာ။ ဒါပေမယ့် မင်းက မွေ့ကိုကြည့်မရပုံနဲ့ မာနပြ ရန်စလာခဲ့တော့ မွေ့ကလည်း မင်းကို မုန်းမိတော့တာပေါ့။

“မင်းတစ်နေ့မှာ ယောကျာ်းတွေ ကို အထင်သေးခဲ့တဲ့အတွက် ကောင်းကောင်းနောင်တရလိမ့်မယ်”

တွမ်က ပြောပြီး ချာခနဲ လှည့်ထွက်သွားတော့သည်။ မွေ့ ကတော့ အစ်ကိုတွေ ကြားထဲ ကြီးပြင်းလာခဲ့သူပီပီ ဘာကို မှ မကြောက်တတ်သူမို့ တွမ့်ကို မုန်းတီးခံပြင်းနေခြင်းက လွဲပြီး တွမ့်စကားအတွက် ကြောက်ရွံ့ဆုတ်ဆိုင်းခြင်း လုံးဝမရှိခဲ့ပါ။ မင်းနောင်တမရဖို့ဘဲ လိုပါတယ် တွမ်။

•••

“ဆင်းသိမ်မွေ့နဲ့ ခင်ချင်လို့ ….ခင်ရအောင်နော်”

ခပ်အေးအေးပုံစံကလေးနှင့် လာပြောနေသော စိုးမိုးကိုကြည့်ကာ မွေ့တို့ အံ့သြခဲ့ရသည်။ မွေ့တို့ ယခုအချိန်အထိ ဘယ်ယောကျာ်းလေးကိုမှ မခင်ခဲ့တာ…..အရေး မစိုက်ခဲ့တာပေမယ့် စိုးမိုးကိုကျတော့ အေးဆေးတာက တစ်ကြောင်း……မွေ့တို့က သူ့ကို စတင်က သွားလှောင်ထားခဲ့မိတာက တစ်ကြောင်း၊ နောက်ပြီးတော့ တွမ်နဲ့ ပတ်သတ်ပြီး ဘာ့ကြောင့် မှန်းမသိ စိုးမိုးနှင့် ရင်းနှီးနေသလို ဖြစ်သွားခဲ့ရသည်။ စိုးမိုး ဖုန်းဆက်တိုင်း တွမ်နဲ့ ဘုကျခဲ့ရပြီး စိုးမိုးက လိုက်လိုက် တောင်းပန်ကာ စစ်ပြေငြိမ်းတတ်တာမို့ စိုးမိုးကို တခြားကောင်လေးတွေ လို ပြတ်ပြတ်သားသား ပစ်ပစ်ခါခါ လုပ်မပစ်မိတော့ချေ။ အဲသည်လို ဖြစ်နေပြီးမှ ခင်ချင်လို့ပါဟု လာရောတော့ မွေ့တို့က ဘယ်လို ဟောက်ထုတ်ရတော့မှာ လဲ။ စိုးမိုး မွေ့အပေါ်မှာ မရိုးသားတာ မွေ့တို့ သိထားတာမို့ ခင်လည်း မခင်ချင်။ ဒါပေမယ့် စိုးမိုးနှင့် ပတ်သတ်ပြီး တွမ် နှင့် ပါ ပတ်သတ်နေရတာ ကို မွေ့ ဘာလို့ လက်ခံနေမိပါလိမ့်။ စိုးမိုး ဖုန်းဆက်တိုင်း စိုးမိုးနှင့် ပတ်သတ်တာကို မပြော ဖြစ်ဘဲ တွမ်ရန်စသည့် စကားများ သာ ပြောပစ်ခဲ့ပြီး တွမ်က မခံချင်ပုံစံနှင့် ပြန်ရန်ထောင်တာ…. စိုးမိုးအတန်းကိုလာရင်း မွေ့ ကို မျက်မှော င်ကုတ်ကုတ်နှင့် လာလာကြည့်ကာ ရန်စတတ်တာကို မွေ့က ပြန်ပြီး ရန်ထောင်ပစ်တာ။ ဒါတွေ ကိုမွေ့ ဘာလို့ လက်သင့်ခံနေရတာ လဲ။ ခါတိုင်းလို ပစ်ပစ်ခါခါ ပြတ်ပြတ်သားသား လုပ်မပစ်ခဲ့တာလဲ။ တွမ့်ကို သိပ် အမြင်ကပ်ရပေမယ့်လို့ အရှက်ခွဲ လှောင်ဟားပစ်လိုက်ဖို့ ….ဖြိုခွင်းပစ်လိုက်မယ့် စိတ်ကူး ကင်းရှင်းနေရတာ တွေ ကို မွေ့ ကိုယ်မွေ့ နားမလည်နိုင်။

သူနှင့် မွေ့ကလေးနှစ် ယောက် လို စကားနိုင်လု မာနပြိုင်ရုံလောက်သာ အပြန်အလှန်ရှိခဲ့မယ်လို့ သူကို နစ်နာလိုစိတ် မရှိခဲ့တာကို မွေ့ဝန်ခံရမှာ ပါပဲ။ မာနခြင်းလာပြိုင်နေသော တွမ်ကို အနိုင်ယူလိုစိတ်သာ ရှိပြီး သူ့ကိုမနစ်နာစေလိုခဲ့တာ မွေ့အလျှော့ပေးရာ ရောက်နေပြီလား။

သူ ရန်လာစတာကို ထုံးစံအတိုင်း ဇွန်တို့နှင့် တိုင်ပင်ကာ သူ့ကိုပြန်ပြီး လှောင်ဟား အရှက်ခွဲလိုက်ရင် သူ သိပ်အရှက်ရ နာကြည်းသွားပြီး မွေ့တို့ကို သိပ်ဖြုံသွားမှာ ကို လက်မခံခဲ့ကာ ကလေး တစ်ယောက် လိုပဲ ပြန်ရန် ဖြစ်နေခဲ့မိသည်။ အဲသည် တွမ်ဟာ သိပ်အမြင်ကက်နေချိန်မှာ တောင် မွေ့ကို လွှမ်းမိုး ချုပ်ကိုင်ထားခဲ့လေသည်။

“ဘာလဲ… တွမ်က စိုးမိုးကို မွေ့တို့ဆီကပ်ဖို့ အကြံပေးလိုက် တာလား”

“ဟာ…. မဟုတ်တာဗျာ …တွမ်နဲ့ ဆယ်တန်းကတည်းက ခင်ခဲ့ကြတာမို့ အိမ်ချင်းလည်း ကပ်နေလို့ ဆက်တွဲ ဖြစ်နေတာပါ….သူနဲ့ ကျွန်တော် နဲ့က စိတ်ထားချင်းမတူဘူး….သူက မာနကြီးတယ်….စကားပြောမာတယ်….အိမ်မှာ တွဲ ဖြစ်ပေမယ့် ကျောင်းမှာ သိပ်မတွဲ ဖြစ်ဘူး…မေဂျာချင်းလည်း ကွဲသွားတော့ ဝေးပါတယ်….မွေ့ကိစ္စနဲ့ ပတ်သတ်ပြီး သူက ကျွန်တော့်ကို လာလာပြောနေတတ်တာ”

“အင်း….ဘာတွေ ပြောတာလဲ”

“ဒီလိုပါပဲ….သူ့သူငယ်ချင်း မိုးကောင်းခံထားရတာ ကို သိပ်မကျေနပ်ဘူး။ ..နောက်မွေ့က အရမ်း နာမည် ကြီး မာနကြီးနေတော့ သူက ဘာလို့ မာနကြီးနေရတာ လဲဆိုပြီး မာနပြိုင်ချင်တာမျိုးလေးတွေ ရှိတယ်။ တွမ်က တစ်မျို့းပဲ….ကောင်းရင်လည်း အရမ်း နူးညံ့တတ်ပြီး မာချင်ရင်လည်း သူ့လောက်မာကျောတာမရှိတော့ဘူး…. နောက်ပြီး မဟုတ်မခံစိတ်မျိုး၊ မွေ့က ယောကျာ်းတွေ အထင်မကြီးဘူး ဆိုတာကိုလည်း သူမခံချင်ဘူး……နောက်မွေ့ လှောက်တတ်ဟားတတ်တာကိုလည်း ကြည့်မရဘူးတဲ့”

“ဘာဆိုင်လဲ …သူနဲ့ ဘာဆိုင်လဲ….အဲ့ဒါတွေ မွေ့ကမုန်းတာ …မွေ့ဘာသာ မွေဘာပဲ လုပ်နေလုပ်နေ သူ့ကို တိုက်ရိုက်လာထိခိုက်လို့လား နေရင်းထိုင်ရင်း မဆီမဆိုင်လာပြီးတော့ မခံချင် ဖြစ်နေတာ မွေ့ ဘာလုပ်ရမှာ လဲ။ သူ့မာနကြီးလည်း မွေ့ က ဂရုမစိုက်ပေါင်”

တွမ်ကိုက သိပ်ကို မြင့်မား မာကျောပြနေတာပါ။ မွေ့ကိုလာပြီး ခယပြ….နှောင့်ယှက်ပြတဲ့လူတွေ ကို အထင်မကြီးစွာ လှောင်ပစ်ဟားပစ်တာ….ဗရုတ်ကျတာ မင်းကို ဘာတွေ ထိခိုက်လို့ မင်းက ကြည့်မရတာ တဲ့တုန်း တွမ်။ မင်းကို အဲဒါတွေ ပေါ့ မွေ့ အမြင် ကတ်လွန်းတာ။

•••

အခန်း(၄)

အခန်း (၄)

“စိုးမိုးနှင့် ခင်မင်သွားရခြင်းဟာ တွမ့်ကြောင့် ဆိုတာ မွေ့ကိုယ်တိုင်လည်း သိသလို ဇွန်တို့ပါ ရိပ်မိသည်။ ဘာလို့ဆို မွေ့က စိုးမိုးကို တွေ့ တိုင်း….”

“တွမ် မွေ့အကြောင်း ဘာတွေ အတင်းတုတ်သေးလဲ”

ဟု မေးတတ်တာမို့ စိုးမိုးက ပြောပြရင်း မွေ့က ပြန်ချေပ…. ပြန်ပြောရင်းကနေ စိုးမိုးနှင့် ရင်းနှီးသွားရတော့သည်။ ဘာမှ မကြာခင်မှာ ဘဲ စိုးမိုးက မွေ့ကို ချစ်ရေး ဆိုတော့သည်။ မွေ့ မအံ့သြပါ။ သို့ ပေမယ့် တခြားကောင်ကလေးတွေ လို ပြတ်ပြတ်တောက်တောက် မွေ့မပြောခဲ့။ ဘာလို့လည်း ဆိုတော့ စိုးမိုးက အနေအထိုင်အေးဆေးကာ သူ့ဘာသာသူ တည်ငြိမ်နေတာကို မွေ့တို့ကစပြီး သွားရောက်မွှေနှောက်ခဲ့သလို ဖြစ်ခဲ့ရတာ မဟုတ်လား။ မွေ့ကစပြီး စာအုပ်ကို တမင်ကောက်ခိုင်းခဲ့တာမို့ စိုးမိုးမွေ့ကို သတိထားမိကာ စိတ်ဝင်စားခဲ့တာ။ အမှန်တော့ ဘယ်မိန်းကလေးကိုမှ စိတ်မ၀င်စားဘူး ဆိုတာကြောင့် အထင်သေးစွာ ဗရုတ်ကျပစ်ခဲ့တာပါ။ သူစိတ်ဝင်စားလာရင် ရှောင်ပစ်လိုက်…. ဟားပစ်လိုက်ဖို့ပါ။ ဒါပေမယ့် အကြောင်းက တစ်မျိုးဖန်သွားရလေသည်။ စိုးမိုးက တွမ်နှင့် သူငယ်ချင်း စိုးမိုးနှင့် ပတ်သတ်ကာ တွမ်နှင့် ပါ ပတ်သတ်နေတာမို့ မွေ့စိုးမိုးကို လှောင်ဟားမာကျောမပစ်ခဲ့တာလား မသိနိုင်။ စိုးမိုးကို အားနာနေရတာ တော့ အမှန်ပင် ။ ဒါကြောင့် ….

“သူငယ်ချင်းလိုပဲ ခင်ပါရစေကွာ”

မွေ့ အလိမ္မာသုံးကာ ငြင်းပစ်ခဲ့ပေမယ့် စိုးမိုးက လက်မလျှော့ဘဲ ပိုမိုရဲတင်းလာသည်မို့ မွေ့စိတ်ပျက်လာရသည်။

“စဉ်းစားပါဦး မွေ့ရယ်။ တို့ မွေ့ကို အရမ်းချစ်တာပါ။ မွေ့နဲ့သာ မချစ်ရရင် တို့တော့ အရမ်းခံစားရမှာ ပဲ။ တို့ မွေ့ကို အရမ်းချစ်နေမိပြီ မွေ့ရယ်၊ လုံးဝ မစွန့်နိုင်တော့ဘူး”

“ဒါတော့ မွေ့မတတ်နိုင်ဘူး စိုးမိုးရာ….. တို့မှ မချစ်နိုင်တဲ့ဟာ…..”

“မချစ်နိုင်ရင် တို့ကိုမွေ့ဘာလို့ အရင်လာပြီး ပတ်သတ်ပြခဲ့လဲ၊ တို့ရဲ့ တည်ငြိမ်နေတဲ့ ဘ၀လေးထဲကို မွေ့လာနှောင့်ယှက်ခဲ့တာပါ မွေ့ရယ်။ ဘယ်မိန်းကလေးကိုမှ စိတ်မ၀င်စားခဲ့တဲ့ တို့ကို မွေ့ စိတ်ဝင်စားအောင်လာလုပ်ခဲ့တယ်။ တို့မွေ့ကို မြင်မြင်ချင်းပဲ စိတ်ဝင်စားခဲ့ပြီး အရမ်းချစ်လာတော့လည်း မွေ့က ရှောင်ရှားပစ်တယ်၊ ကိုယ့်ဘက်ကိုလည်း ငဲ့ပါဦး မွေ့ရယ်”

“အဲဒါကြောင့် ပေါ့ မွေ့ ဘက်ကစပြီး မှားယွင်းခဲ့လို့ မွေ့တောင်းပန်ခဲ့တယ်လေ၊ မွေ့ဘ၀မှာ ဘယ်သူ့ကိုမှ တောင်းပန်ခဲ့ဖူးတာမဟုတ်ဘူး၊ စိုးမိုးကိုကျတော့ တကယ်ခံစားနေရမှန်းသိလို့ တကယ်လည်း အားနာတယ်၊ စိုးမိုးမွေ့ကို အခုလို အသည်းအသန် ဖြစ်လာမယ်မှန်းကြိုသိခဲ့ရင် မွေ့ လုပ် ဖြစ်ခဲ့မှာ မဟုတ်ဘူး၊ မွေ့ စိုးမိုးကို အရမ်း အားနာပါတယ်၊ ဒါကြောင့် လည်း အရမ်းစိတ်ရှည်ရှည်သည်းခံနေတာပါ၊ ရိုးရိုးပဲ ခင်ပါရစေ စိုးမိုးရယ်”

“မွေ့စဉ်းစားပါဦးကွာ၊ တို့ မွေ့ချစ်လာတဲ့အထိ စောင့်မယ်၊ မျှော်လင့်နေပါရစေ”

မွေ့ ဖြစ်နေပုံကိုကြည့်ပြီး ခပ်လှမ်းလှမ်းမှ ဇွန်တို့က ကျိတ်ရယ်နေကြ၏ ။ မွေ့ ကတော့ နောင်တရချင်လာရသည်။ မွေ့ ကတော့ အပျော်နှင့် ဗရုတ်ကျခဲ့မိတာ တစ်ဖက်လူက တကယ်ခံစားလာကာ အသည်းအသန် ဖြစ်လာတော့ မွေ့လည်း မကောင်းနိုင်တော့ပါ။

“တွမ်သာ သိရင် တို့ကို အပြစ်ပြောမှာ ပဲ၊ ဒါပေမယ့် တို့မွေ့ကို ယုံတယ်၊ တို့ကို မွေ့ ပစ်ပစ်ခါခါ လုပ်ပစ်မှာ မဟုတ်ပါဘူးနော်”

“တွမ်က မွေ့ကို မချစ်ရဘူးလို့ ပြောထားလို့လား”

“မပြောပါဘူး…ဒါပေမယ့် တို့ကိုလည်း မိုးကောင်းလို ခံလိုက်ရမှာ ကို သူစိုးရိမ်နေတယ်”

မွေ့ နှုတ်ခမ်းလေးကို မဲ့ပစ်လိုက်သည်။ အဲသည်တွမ်က ဘာ ဖြစ်လို့များ မွေ့ကို အထင်အမြင်တွေ သေးသိမ် မှားယွင်းနေပါလိမ့်။ မွေ့ ယောကျာ်းလေးတွေ ကို လှောင်ဟားပစ်ခဲ့ဖူးပေမယ့်တကယ် ခံစားနေရပုံပေါက်သော စိုးမိုးကိုတော့ ခံစားချက်ကင်းမဲ့စွာ လှောင်ဟားထုတ်ပစ်ရက်ပါ့မလား၊ စိုးမိုး ကို သနားမိတာ အားနာနေတာတွေ ကို မင်းသိမှာ လား တွမ်ရယ်။ အမြဲတမ်း ဗရုတ်ကျနေတတ်တဲ့မာကျော မြင့်မားနေတတ်တဲ့ မွေ့ရဲ့ နှလုံးသားထဲမှာ အကြင်နာ ဂရုဏာ တရားလေးတွေ တော့ ရှိနေတတ်သေးတာ မင်း မယုံနိုင်ဘူး မဟုတ်လား၊ မင်းကိုက မွေ့ကို အထင်သေးလွန်းပါတယ် တွမ်ရယ်။

“အဲဒီ တွမ်ကိုသိပ်မုန်းတာပဲ မွေ့ကို သူက ဘာ ဖြစ်လို့ အဲဒီ လောက် မာကျောပြနေရတာ လဲ၊ မွေ့က သူ့ကို ဘာတွေ ထိထိခိုက်ခိုက် လုပ်ခဲ့ဖူးလို့လဲ”

“ဒါတော့ မသိဘူး မွေ့၊ သူက မွေ့လို ကောင်မလေးက အမြဲတမ်း မာန ထောင်လွှားနေတဲ့ကြားထဲ မွေ့ကို ကောင်လေးတိုင်းလိုလိုက ချစ်ချစ်နြေ ကတော့ မွေ့က အောင်မြင်ပြီးရင်း အောင်မြင်နေသလို ဖြစ်နေတယ်တဲ့၊ ဒီတော့ မွေ့ ပိုပြီး မာနကြီးတယ်ပေါ့လေ၊ ယောကျာ်းလေးတွေ ကို ငါ့တွေ့ တိုင်း ချစ်နေကြတာ ကြီးပါလားဆိုပြီး မွေ့ အထင်သေးသေးနေတယ်ပေါ့ကွာ၊ အဲဒါမျိုးကို သူက မခံချင် ဖြစ်နေတာ”

“အမြင်ကတ်စရာကြီး ကြားကနေ ၀င်ပြီး အူပုတ်နေတာ”

မွေ့နှာခေါင်းရှုံ့ကာ ပြောလိုက်၏ ။ မွေ့ကို ယောကျာ်းလေးတိုင်း ချစ်နေကြသလို ယောကျာ်းလေး တစ်ယောက် ဖြစ်တဲ့ မင်းကကျတော့ မွေ့ကို မချစ်ဘူး မဟုတ်လား၊ ဒါဆို မင်း မခံချင် ဖြစ်စရာ ဘာရှိလို့လဲ။ မင်း မချစ်ရင် မင်းကို မွေ့ အထင်သေးစရာ မရှိတော့ဘူးလေ။ မင်းအနေသာကြီးပါ။

•••

“မာမီ……ကိုကြီးတို့ကော ”

မွေ့က တီရှပ်အပွကြီးမှ အနားစတွေ ကို ရှော့ပဲန်အနက်ကလေးတွေ ထဲ ထိုးသွင်းရင်းမှ မေးလိုက်သည်။ မာမီက ဒက်ဒီ့အတွက် သိုးမွှေးဆွယ်တာ ထိုးနေရင်းမှ မော့ကြည့်ကာ ပြုံးပြလျက်……

“ဂျူဒိုသွားတယ်လေ မွေ့လေးရယ်၊ ဒက်ဒီကြီးတောင် လိုက်သွားသေး”

“ဟာကွာ…. မွေ့ကိုကားမောင်းသင်ပေးနေတာကြီးကို၊ သူတို့ကဘာတွေ လဲကွ ဒီသင်တန်းကြီးက ပြီးမှ မပြီးနိုင်တော့ဘူးလား၊ မွေ့မှာ တိုးလို့ တန်းလန်းကြီးနဲ့၊ ဒီကားမောင်းတာ ဘယ်တော့မှ တတ်တော့မှာ လဲ၊ သိပ်မျက်နှာသေးရတာ ပဲကွာ”

မွေ့က ခြေတဆောင့်ဆောင့်နှင့် အော်ပြောတော့ မာမီက ချစ်စနိုးစွာ ရယ်မောရင်း မွေ့ခါးလေးကို လှမ်းဖက်ကာ…..

“မွေ့လေးကိုရော သင်ပေးနေတာကြာပြီပဲ မဟုတ်လား၊ မွေ့လေးက ရဲမှ မရဲသေးတာကိုး”

“ဘေးကနေတော့ တစ်ယောက် ပါသင့်တာပေါ့ မာမီ၊ ဒါပေမယ့် ဒီနေ့စမ်းကြည့်မယ်ကွာ”

“စိတ်ချရလို့လား မွေ့လေးရဲ့ ၊ မာမီ လိုက်ခဲ့ရမလား”

“မလိုက်ပါနဲ့ ၊ ရပါတယ်၊ ဒါမှလည်း မွေ့ရဲမှာ ပေါ့”

“သားကြီးတို့ ပြန်လာလာချင်း မာမီ လွှတ်ခိုင်းလိုက်နော်”

“ဟုတ်ကဲ့”

“မွေ့ပြေးလွှားခုန်ပေါက်ရင်း သင်နေကျ ပါပလစ်ကာ ကလေးပေါ် တက်ထိုင်လိုက်၏ ။ ကားသင်နေတာကြာလှပြီ။ မွေ့ အတော် အသင့်လည်း တတ်လျက်သားနှင့် အစ်ကို သုံးယောက် ကို အမြဲ အားကိုးနေမိတာမို့ မရဲတ၀ံ့ကြီး ဖြစ်နေရလေသည်။ သည်နေ့တော့ တစ်ယောက် တည်း စမ်းမောင်းဖို့ ဆုံးဖြတ်ကာ ခြံထဲမှ ဖြည်းဖြည်းချင်း လှိမ့်ကာထွက်ခဲ့၏ ။ ညနေပိုင်းမို့ မွေ့တို့ ပတ်ဝန်းကျင် တစ်ဝိုက် ရှင်းလင်းကာ ဇိမ်လေးနှင့် အေးအေးလေး မောင်းလို့ရလေသည်။

မွေ့တုန့်ချည့်ချည့်နှင့် မောင်းလာဆဲ လမ်းချိုးကလေးထဲမှ ကားတစ်စင်းပေါ်လာကာ မွေ့ကားရှိရာဘက်သို့ ကွေ့ဖို့ အချက်ပြတာမို့ မွေ့ခဏရပ်ပေးလိုက် ရင်း ဘာရယ်မဟုတ် ထိုကားလေးဆီသို့ လှမ်းကြည့်လိုက်မိလေသည်။ ဟင်…တွမ်….တွမ် …ပါလား။ မမျှော်လင့်ဘဲ ရုတ်တရတ် လာဆုံလိုက်တာမို့ မွေ့ရင်ကလေး ခုန်သွားရသည်။ တလှိုက်လှိုက် နွေးနွေးလေး ဖြစ်နေကာ မျက်ဝန်းတွေ မလွှဲဖယ်နိုင်ဘဲ ရှိနေစဉ် တွမ်ကပါ မွေ့ကို မြင်သွားပုံရ၏ ။ နှုတ်ခမ်းကလေး တလှုပ်လှုပ်နှင့် သီချင်းလိုက်ဆိုဟန်ရှိနေသော တွမ့် မျက်နှာ ကြည်ကြည်ကလေးက ဖျတ်ခနဲ တည်သွားရကာ နှုတ်ခမ်းကလေးတွေ စေ့သွားရတာ မို့ မွေ့ စိတ်ပျက်သွားရသည်။ တွမ်က မွေ့ကို သိပ်မုန်းနေပုံပဲ။ မွေ့ကားကို ဆက်လည်း မထွက် ဖြစ်ဘဲ ဆက်ရပ်ထားဆဲ တွမ့်ကားကလေး အနောက်သို့ ပြန်ဆုတ်သွားပြီး ဝေါခနဲ ကွေ့ချကာ မွေ့ကားလေးဆီ တိုးဝင်လာတာမို့ မွေ့မျက်လုံးတွေ ပြာဝေသွားရကာ အံ့သြမှင်တက်သွားရလေသည်။ ထိတ်လန့်တုန်လှုပ်စွာ …..”

“တွမ်……”

အသံကျယ်ကြီးနှင့် အော်မိရင်း မျက်လုံးကလေးတွေ စုံမှိတ်ထားလိုက်မိသည်။ ကျွိကနဲ ဘရိတ်သံရှည်ကြီး ကြားလိုက်ရမှာ မတိုက်မိဘူးဆိုတာ သိလိုက်ရပေမယ့် မွေ့အလန့်လွန်သွားကာ မျက်လုံးကလေး မှိတ်ထားမိရင်း နားထင်စပ်ထဲမှ တဒိန်းဒိန်း သွေးခုန်တိုးနေသည်။ တွမ် ရက်စက်တယ်…. ရက်စက်တယ်ဟု ရင်တွင်းမှ အော်ဟစ်နေမိရင်း ရင်အခုန်က မပြေနိုင်။

“သိပ်လန့်သွားတာလား”

အနားကပ်ကာ လာပြောလိုက်သော အသံမာတောင့်တောင့်ကလေးကြောင့် မှေးမှိတ်ထားသော မျက်လုံးများ ကို ဖွင့်ကာ မျက်နှာဖွေးဖွေးကလေးနှင့် တွမ့်ကို မော့ကြည့်လိုက်မိ၏ ။ ရုတ်တရတ် ဘာစကားမှ မထွက်နှိင်ဘဲ မွေ့သိပ်လန့်သွားရကာ ရှော့ခ် ဖြစ်သွားရသလို ကြောင်ကြောင်ကလေး ဖြစ်နေရသည်။

ကားတိုက်မှု တွေ ဘာတွေ ကို သေအောင်ကြောက်လို့ ကားပင်မမောင်းရဲခဲ့တာ။ ဘရိတ်ဆွဲသံ ကျယ်ကျယ်ကြားရင်တောင် ရင်တွေ ပူလာသည်အထိ ကြောက်ရွံ့တတ်ခဲ့တာ၊ ကားနှင့် ပတ်သတ်ပြီး သိပ်ကြောက်တတ်ခဲ့သူကို ကားချင်းတိုက်မည့်  ဟန် လာလုပ်လိုက်တာကြောင့် မွေ့အရမ်းပဲ တုန်လှုပ်ထိတ်လန့်သွားရတာ ဖြစ်သည်။ မျက်လုံးအ၀ိုင်းဝိုင်းနှင့် သူ့မျက်နှာကို မော့ကာ ငေးကြည့်မိနေရင်းမှ သတိဝင်လာသော အခါ မွေ့မျက်ဝန်းမှာ မျက်ရည်တွေ ရစ်ဝိုင်းလာရ၏ ။ သူနှင့် ပတ်သတ်လာလျှင် ထာဝစဉ် အလျှော့ပေး ရှုံးနိမ့်ရတတ်စမြဲမို့ အခု သိပ်လန့်ချိန်မှာ အားငယ်စိတ်တို့ လျှမ်းတက်ရလျက် မျက်ရည်တွေ တစ်ပေါက်ပေါက်ကျဆင်းလာရလေသည်။ နှုတ်ခမ်းကလေးမဲ့ကာ သူ့ကိုမမှိတ်မသုန် ငေးကြည့်နမိဆဲ သူ့မျက်နှာကလေး ပျက်ယွင်းသွားတာ မြင်လိုက်ရ၏ ။

“မငိုပါနဲ့ ကွာ ကျွန်တော် တောင်းပန်ပါတယ်၊ သိပ်လန့်သွားတယ် ဟုတ်လား၊ ဆောရီးပဲကွာ၊ ခါတိုင်းလို နောက်လိုက်မိတယ်”

စိတ်မကောင်းဟန်လေးနှင့် ခပ်တိုးတိုးဆိုလာတော့ မွေ့ရင်တွေ တဆတ်ဆတ်တုန်လာရကာ မငိုပါဘဲ မျက်ရည်တို့က တရစပ် ကျဆင်းလာရလေသည်။

“သိပ်လန့်သွားရင် ကျွန်တော့်ကို တစ်ခုခု ပြန်လုပ်ချင်လုပ်လိုက်လေ၊ ဒုက္ခပါပဲဗျာ မငိုပါနဲ့….ကျွန်တော် မှား သွားပါတယ်၊ တကယ်ကို မှား သွားပါတယ်”

မျက်ျခုံးတွေ ရှုံရင်း စိတ်ညစ်ဟန်နှင့် ညည်းညည်းညူညူကလေး ဆိုပြန်သည်။ ဖြစ်ပျက်ခဲ့သော အ ဖြစ်အပျက်တို့ကိုမယုံနိုင်စွာ ….အံ့သြလွန်းစွာ နှင့် မွေ့မတွေးရဲစွာ ပြန်တွေးလိုက်မိသည်။ တွမ်က ကျွမ်းကျင်စွာ တမင်လုပ်လိုက်တာပေမယ့် အလန့်လွန်သွားရကာ စိတ်လည်းမကောင်း၊ တွမ်က မွေ့ကို အငြိုးကြီးပုံစံမျိုးနှင့် ကြီးကြီးမားမားကို ရန်စခဲ့တာပဲ။ မတော် တဆသာ တိုက်မိသွားခဲ့လျှင် ဘယ်လိုလုပ်မလဲ တွမ်ရယ်၊ ကားချင်းက ဘယ်လောက်မှ မကွာတော့၊ မွေ့ သိပ်လန့်သွားရတော့မှ လာတောင်းပန်တာအတွက် မွေ့က ကျေနပ်ရမှာ လား…ပျော်ရွင်ရမှာ လား။

“ခဏလေးနေဦးနော်”

သူ့ကားဆီ အမြန်ပြေးသွားကာ ကားထဲမှ ကိုကာကိုလာဘူးကလေး ထုတ်ယူလာပြီး၊ မွေ့တံခါးကို ဖွင့်ကာ ဘူးကလေးကို လှမ်းပေးရင်း ခါးကိုင်းကာ ငုံကြည့်နေ၏ ။ မွေ့ တုန်တုန်ယင်ယင်ကလေးနှင့် ဘူးကို လှမ်းယူကာ တစ်ရှိန်ထိုး မော့ချပစ်လိုက်မိသည်။ ရင်ထဲ အေးငြိမ်းသွားရကာ ဘူးကလေးကို သူ့ဆီပြန်ပြီး ပေးလိုက် တော့ သူက လှမ်းယူကာ…..

“သိပ်လန့်အောင် လုပ်လိုက်မိတာ တကယ်စိတ်မကောင်းဘူး၊ အရမ်းလန့်သွားတယ်နော်….မျက်နှာကလေးကို သွေးဆုတ်နေတာပဲ”

မျက်နှာကို လာစိုက်ကြည့်ကာ တကယ်စိတ်မကောင်းဟန်နှင့် ဆိုသည်။

“မွေ့က ကားချင်းတိုက်မှာ ကို အသေကြောက်တာ”သြော် …ဒါကြောင့် သိပ်လန့်သွားတာနေမှာ ၊ ဆောရီးပဲကွာ၊ အားနည်းချက်ကို သွားဖိလိုက်သလို ဖြစ်သွားတယ်၊ ကျွန်တော် တောင်းပန်တယ်နော်”

“ရပါတယ်”

“ဘာလုပ်ပေးရဦးမလဲ ဟင်”

“ရပါပြီ….မွေ့ကောင်း သွားပါပြီ”

မွေ့ ခေါင်းကလေး ဆတ်ပြလိုက်ကာ ပြောလိုက်တော့ သူ့မျက်နှာကလေး ကြည်လင်သွားကာ….

“သွားတော့မယ်နော်”

မျက်နှာကလေး တစ်ချက်မပြုံးပေမယ့် အရမ်း နူးညံ့ သိမ်မွေ့နေသည်။ မွေ့နှုတ်ခမ်း ကလေး ဖွဖွကိုက်ကာ ရင်ခုန်မှု တွေ ကို ထိန်းချုပ်ရင်း ငြိမ်သက်နေမိ၏ ။ သူ့ကားကလေး ဖြည်းဖြည်းထွက်သွားရာကို လည်ပင်းကလေးလိမ်ကာ ငေးကြည့်ရင်း မွေ့ကပါ ကားကလေးကို ပြန်ကွေ့ယူလိုက်ရင်း ခပ်ဖြည်းဖြည်းကလေး ပြန်မောင်းထွက်လာခဲ့လိုက်သည်။ မယုံနိုင်စရာဘဲ။ အမြဲတမ်း တင်းမာနေတတ်တဲ့ တွမ်ထံမှ နူးညံ့သော အပြုအမူကလေးကို တွေ့ ကြုံခဲ့ရတော့ မွေ့ရင်ထဲ ဗြောင်းဆန်ကုန်ရတာ အံ့လည်း အံ့သြပါရဲ့ တွမ်ရယ်။

အခုလို ကြုံဆုံလိုက်ရခြင်းအတွက်လည်း ဘယ်တော့မှ မမေ့နိုင်လောက်အောင် ထာဝရ အမှတ်တရ ရှိနေဦးတော့မှာ ပါပဲ။ သိပ်မာကျောတင်းထန်နေရာကနေ ရုတ်တရတ် နူးညံ့ပျော့ပျောင်းကျသွားရတာ ။ မင်းလုပ်ခဲ့မိတဲ့ လုပ်ရပ်အတွက် သိပ်နောင်တ ရသွားလို့ပေါ့နော်။

ဒါဆို မွေ့ ကို နောက် ဘယ်တော့မှ ရန်မစနဲ့တော့နော်၊ ပြေလည်ပါနော်။

•••

“သူ့မျက်နှာကို မြင်ကြည့်ချင်လိုက်တာတော် ”

ဇွန်က အားမလိုအားမရစွာ ရေရွတ်နေသည်။ စနေနေ့ ဆြုံ ကတော့ သော ကြာနေ့ညနေက ဖုန်းနှင့် ဆက်ကာကြွားပြီး ဖြစ်ပါလျက် ပြောလို့မပြီးနိုင်စွာ ဆက်လက်ပြောနေ ဖြစ်သည်။ မွေ့ မျက်နှာကလေးအရမ်းပဲ ပြုံးရွှင်နေတာကို ကြည့်ရင်း မွေ့ရင်တွင်းမှ အပျော်ခံစားချက်တို့ကို ဇွန်တို့ ရိပ်မိကြလေသည်။

“မျက်နှာ ခါတိုင်းလိုပါပဲ၊ တည်တည်ကလေးပဲ၊ ဒါပေမယ့် မာတောင့်မနေဘူး၊ နူးနူးညံ့ညံ့ကလေး…၊ မျက်လုံးကလေးတွေ က ရီဝေေ၀လေးတွေ နဲ့ ငါ့ကို သိပ်သနားသွားပုံပဲ”

“ဟာ…ဟာ….. သနားချင်စရာရုပ်ပဲ”

ဇွန်က နှာခေါင်းရှုံ့ကာပြော၏ ။

“တကယ်ပြောတာ …သူအရမ်းနောင်တရသွားပုံပဲ၊ ငါက သူတော် ကောင်းလေးဆိုတော့ နင်တို့ကို သူစိတ်ပုပ် အကြံအစည်တွေ နဲ့တောင် ပညာပေးစရာမလိုဘူး၊ မေတ္တာရှေ့ထားပြီး မျက်ရည်ကလေး ၀ဲပေးလိုက် တာ တစ်ခါတည်း အပိုးကျိုးသွားတာ ခစ်..ခစ်”

“သြော်ဟော်… ဒါဆို နင်အရမ်းလန့်သွားပြီး မျက်ရည်ကျတာဆိုတာ တကယ်မဟုတ်ဘူးပေါ့ ၊ အေး….တွမ့်ကို သွားပြောမယ် …မယုံနဲ့လို့”

“ဘာဆိုင်လဲ… ဘာမှ မဆိုင်ဘူး၊ လန့်သွားတာက တကယ်”

“စိတ်ပျက်စရာကောင်းလှပါလား၊ နင် တွမ့်ကို ခိုက်နေပြီလား မွေ့၊ နင့်ပုံစံက မခြွေခင်ကတည်းက ကြွေကျတော့မယ့် ရုပ်ပဲ၊ ဘယ်မှာ လဲ မာနတရားတွေ နင်ယောကျာ်းတွေ ကို အထင်မကြီးဘူးဆို ….ဘယ်တော့မှလည်း ချစ်ဖို့ မစဉ်းစားဘူးဆို”

“အထင်မသေးစမ်းပါနဲ့ နုအိရာ…၊ ငါ သူ့ကို အမြင်ကက်တာက ကတ်တာပဲ…”

“ဟင်း … အသံလေးက ညောင့်စိညောင့်စိနဲ့၊ သွားပါပြီ ၊ နင် တော့လျှောပြီ တွမ့်ကို နင်ချစ်မိသလွားပြီ မဟုတ်လားပြော….”

လက်ညိုးတစ်ထိုးထိုးနှင့် အတင်းလိုက်မေးနေတာမို့ မွေ့နှုတ်ခမ်း တင်းတင်းစေ့ထားကာ တဟင်းဟင်း ရယ်နေလိုက်သည်။ နင်ပြောသလို တကယ်ပါပဲ နုအိရယ်၊ ငါ့ဘ၀မှာ ဘယ်ယောကျာ်းလေးကိုမှ အထင်မကြီးခဲ့ဖူးဘူး၊ မွေ့ကို ချစ်တယ်လို့ ဆိုလာသူတိုင်း ဟာ မွေ့ရဲ့ အလှ…၊ မွေ့ရဲ့ ကျော်ကြားမှု ကိုသာ ဂုဏ်လုပ်ပြီး တွဲ ချင်သူတွေ လု့ ရှုတ်ချအထင်သေးပစ်ခဲ့တာ မွေ့ကိုလာကြည့်သမျှ၊ လာကပ်သမျှ ယောကျာ်းတိုင်းကို အထင်သေးစွာ လှောင်ပြောင်သရော် ဟားတိုက်ကာ အရှက်ခွဲခဲ့ဖူးသည်။ ယောကျာ်းဆိုတာ မက်တာပဲ၊ အလှကို မက်တယ်၊ သာယာပျော်ရွှင်မှု ကို မက်တယ်။

စည်းစိမ်ယစ်မှုး ခံစားမှု ကို မက်တယ်၊ ဂုဏ်ထည်ဝါကျော်ကြားမှု ကို မက်တယ်၊ အားလုံး အကောင်းဆုံးတွေ ကိုပဲ လိုက်ရွေးချယ်ကြိုးပမ်းနေသူတွေ ဟု မှတ်ယူကာ အထင်ကို မကြီးနိုင်ခဲ့။ မွေ့မာနကြီးခဲ့တာလည်း ပါသည်။ မွေရုပ်ရည် ကြွယ်ဝမှု ဂုဏ်တွေ နှင့် တော် ရုံတန်ရုံကို အထင်မကြီးခဲ့တာ။

ယောကျာ်း တစ်ယောက် ကို တန်ပြန်ချစ်လိုက်ရမှာ ကို မွေ့ဘက်က အလျှော့ပေးလိုက် ရသလို နှမြောခံစားရကာ တွေးကြည့်တိုင်း ခေါင်းခါခဲ့မိစမြဲပဲ။ အခုတော့ သည်မွေ့ရဲ့ အတွေးတွေ့ ကို ယိုယွင်းပြိုပျက်စေခဲ့တာ မွေ့ကိုကြည့်မရ အမြင်ကက်စွာ အထင်သေးနေပုံရသော ထိုယောကျာ်းကလေးကိုမှ မွေ့ ပျော့ပျောင်းသွားခဲ့မိတာ ဧရာမ အလျှော့ပေးကျဆုံးရခြင်းပါပဲ။ မွေ့တကယ်လည်း အံ့သြရသည်။ မွေ့အရမ်းမြင့်မားခဲ့လို့ အရမ်းပဲ ထိခိုက်ရတာ လား မဆိုနိုင်။ ဘယ်ယောကျာ်းလေးကိုမှ အာရုံထဲအ၀င်မခံခဲ့သော မွေ့က တွမ်ဆိုတဲ့ ရုပ်တည်တည်… မာကျောကျော၊ မာနမြင့်မြင့် နှင့် မွေ့ကို ထာဝစဉ် လိုက်ရန်စ လှောင်ပြောင်ခဲ့သော ယောကျာ်းလေး တစ်ယောက် ကို ရင်ခွင်တွင်းမှ နှလုံးအိမ်အထိ ၀င်ရောက်ခိုင်မြဲစေခဲ့လေတာ မွေ့မှားယွင်းခဲ့ပြီလား။

“တွေ့ လား… မျက်နှာကလေး တွေ တွေ ဝေေ၀နဲ့၊ အမြင်ကက်တယ်ဆိုတာ ယုံနိုင်စရာ တစ်ကွက်မှ မရှိဘူး ၊ ဟွန်း….”

“မယုံနဲ့ပေါ့ ၊ နင့်ကို ဘယ်သူက အတင်းယုံခိုင်းလဲ၊ ဒါပေမယ့် နင်မှတ်ထားလိုက်ပါ နုအိ၊ ငါ့မှာ သူနဲ့ ပတ်သက်လို့ မာနအပြည့်ရှိတယ်…၊ ငါ သူ့ကို ဘယ်လောက်ပဲ ချစ်နေချစ်နေ သူ့ဘက်က မပျော့ပျောင်းဘူးသရွေ့၊ ငါ့ကို မကြင်နာပေးသရွေ့ ငါဘယ်တော့မှ သူ့ကိုထုတ်မပြဘူး၊ သိပ်ချစ်ရင်း ရင်ထဲမှာ တလှိုက်လှိုက်စားပြီး ကြွေသွားပစေ ငါ့ကို အထင်မကြီးတဲ့ ယောကျာ်း တစ်ယောက် ကို ငါ့ရဲ့ အချစ်ဘယ်တော့မှ မပြဘူး….သိလား… ”

ပြောရင်း မျက်ရည်တို့က ၀ိုင်းရစ်လာကြသည်။ သည်စကားကလေး ပြောလိုက်ရရုံကလေးနှင့် တောင် သူနှင့် များ စွာ ဝေးကွာသွားရသလို ရင်တွင်းမှာ အားအင်များ စွာ ချည့်နဲ့ယိုင်ကျသွားရတာ ။ သူစိမ်းကားဆဲပဲဆိုရင် ရင်တွင်းက ကြေကွဲခံစားစိတ်နှင့် ကြွေးကြော်ခံသမျှတို့ကို အကောင်အထည်မဖ်ာမပြနိုင်မှာ ကိုလည်း စိုးရိမ်သည်။ နာကျင်စိတ်ကြောင့် ဘယ်လောက်ပဲ ကြွေးကြော် တင်းမာထားထား နှလုံးသားက အနိုင်ယူစိုးမိုးလိုက်တာ အပြောနှင့် အလုပ်မညီ ဖြစ်မှာ ၊ မွေ့ တစ်ဖက်သတ် ခံစားထားရမှာ ကို ကြိုတင်စိုးရိမ်လာမိသည်။ မွေ့ကို သူက ချစ်မှာ တဲ့လား။ မွေ့အတပ်ပြောနိုင်မှာ မို့လား တစ်နေ့က မွေ့ကို သူနူးညံ့ပြသွားခဲ့တာ၊ သူလုပ်ခဲ့တဲ့လုပ်ရပ်တစ်ခုအတွက် တောင်းပန်ခြင်းနှင့် ညီမျှရုံ ပြသွားခဲ့တာဆိုရင် မွေ့တစ်ဖက်သတ် ဆွဲယူလွန်းရာကျနေပြီလား။ အမှန်တော့ မွေ့ကိုယ့်စိတ်နှင့် နှိုင်းနေခဲ့မိတာပါလားတွမ်ရယ်။ မင်းက မွေ့ကို ချစ်မှာ တဲ့လား။ မွေ့ကို အထင်ကြီးပုံ မပြဘဲ ကြည့်မရပုံနှင့် ရန်လာစနေခဲ့တာဟာ ချစ်လို့တော့ ဘယ်နည်းနဲ့မှ မ ဖြစ်နိုင်ဘူး ထင်ပါရဲ့ ။

•••


ဝန်ဇင်းချစ်သူများ လွန်းထားထား (ဆေးတက္ကသိုလ်) ၏ “ ခွဲခဲ့ရသော် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


မာန၏ နောက်ဆက်တွဲများ

ဇနီးချောများကွန်ရက်

ညှို့တတ်တယ်