နိဒါန်း
လွန်းထားထား (ဆေးတက္ကသိုလ်)
ဇနီးချောများ ကွန်ယက်
အမှတ်တရမှတ်တမ်း
ကမ္ဘာပေါ်မှာ
သားသမီးအပေါ်နားလည်နိုင်စွမ်းအရှိဆုံးသော
အဖေနဲ့ အမေ…။
ဘဝရဲ့ အဓိပ္ပာယ်တွေ ကို
ပိုပြီးလေးနက်လှပ
ပြည့်စုံလာစေခဲ့တဲ့
ဘဝအဖော်မွန် မောင်နဲ့ သမီးလေးကို
အမှတ်တရ မှတ်တမ်းတင်လျက်…။
လွန်းထားထား (ဆေးတက္ကသိုလ်)
ရူးသွပ်ခြင်း
သူ . . .
ကိုယ် အဆိုတစ်ခုတင်သွင်းချင်ပါတယ်
သူ သဘောတူ၊ မတူ ဖြေနော်
လူ တစ်ယောက် ဟာ . . .
သူရဲ့ သက်တမ်းတစ်ခုအတွင်းမှာ
ဆယ်ကြိမ်ရူးသွပ်ဖူးတယ်ဆိုပါစို့
အဲ့ဒီထဲက ငါးကြိမ်ဟာ
အချစ်ကိစ္စကြောင့် ဖြစ်တတ်ပြီး
ကျန်တဲ့ငါးကြိမ်ဟာ
တခြား လူမှု ရေး ပြဿနာတွေ ကြောင့်
ဖြစ်တတ်တယ်နော်
အဲ့ဒါ မှန်သလားဟင် . . .
လွန်းထားထား (ဆေးတက္ကသိုလ်)
အခန်း (၁)
အိပ်ရာကနိုးတာနဲ့ မာယာက နံဘေးမှာ အိပ်ပျော်နေဆဲ ဖြစ်တဲ့ ချစ်ခင်ပွန်း “သွင်သစ်ဆန်း” ရဲ့ နဖူးပြင်ကို ခပ်ဖွဖွကလေး နမ်းမွှေးနှုတ်ဆက်ပါတယ်။ သူ့မျက်လုံးကလေးတွေ အနည်းငယ်လှုပ်သွားပြီး၊ နှုတ်ခမ်းကလေး တွန့်ခနဲ ပြုံးသွားတယ်။
“နိုးပြီလား ချစ်လေး . . .”
“ဟုတ် . . . နိုးပြီ မောင် . . . ထတော့လေ၊ ဆေးရုံနောက်ကျနေဦးမယ်၊ မာယာ breakfast ပြင်ထားလိုက်မယ်၊ မျက်နှာသစ်၊ သွားတိုက်ပြီးရင်လာခဲ့နော်၊ အိမ်သာ နောက်မှ တက် . . . သိလား”
မမမာယာ့အသံက ချိုချိုဖွဖွကလေးနဲ့ အကြင်နာ သဒ္ဒါပိုသံကလေးမို့ လင်တော် မောင်ရဲ့ မျက်နှာပေးက ချိုမြကြည်လင်လို့။ ပီတိတွေ ဖြာနေတာလေ။ ဒါဟာ ဇနီးချော အလိမ္မာများ တတ်ထားအပ်တဲ့ အထာရသာဌ် ပညာတစ်ခု ဆိုပါဆို့။ မနက်မိုးလင်းချိန်ဟာ နေ့တစ်နေ့ရဲ့ ပထမဆုံး ကန့်လန့်ကာစ, အဖွင့်ဆိုတော့ အရေး ကြီးတယ်လေ။ ဒီအချိန် မျိုးမှာ လေစိမ်းတွေ မတိုက်မိစေဖို့နဲ့ နူးနူးညံ့ညံ့ လေပြေညင်းကလေး ခပ်သွဲ့သွဲ့ ပေးထားနိုင်မှ တစ်နေ့တာ အဆင်ပြေမှာ လေ။
မမမာယာက ရေချိုးခန်းဝင် ...မျက်နှာသစ်သွားတိုက်ရင်း သူ့အတွက်ပါ သွားပွတ်တံမှာ သွားတိုက်ဆေးကလေး ညှစ်တင်ပေးထားလိုက်တယ်။ ဒါလေးက ဘာမှ ပင်ပန်းလှတဲ့ အလုပ်တစ်ခုမဟုတ်ပေမယ့်၊ ခင်ပွန်းသည်ရဲ့ ချစ်မြတ်နိုးမှု ကို ခံယူရ ရေး မှာ တော့ ရလာဒ်တော် တော် ကောင်းတယ်လို့ ဆိုရမယ်။ သူက အဲ့ဒီလိုလုပ်ပေးရင် အရမ်း သဘောကျတာလား။
“မောင် . . . ဘာစားမှာ လဲ . . . ပြောဦးလေ၊ ကောင်မလေးတွေ ကို စီစဉ်ညွှန်ကြားရဦးမှာ ”
“ဒီနေ့ . . . နန်းကြီးသုပ်စားချင်တယ် . . . ချစ်လေး”
“အိုကေ . . . ရစေရမယ်၊ ဆယ်မိနစ်ပဲ”
မမမာယာက ပြုံးပြုံးကလေးဖြင့် ပြောရင်း တစ်ဘက်ခန်းမှာ အိပ်နေဆဲသမီးလေးကို အနမ်းကလေးနဲ့ နှုတ်ဆက်ပြီး
“သမီးလေး . . . ထ . . . ထ ကျောင်းသွားဖို့ ပြင်ဆင်ချိန် ဆယ့်ငါးမိနစ်နော်၊ ဘာစားမှာ လဲဖြေပါ”
“မုန့်ဟင်းခါး . . . မေမေ”
“အိုကေ . . . ထမင်းစားခန်းထဲကို အမြန်လာနော်၊ သမီးလေး”
မမမာယာ ထမင်းစားခန်းဆီရောက်တော့ ကောင်မလေးနှစ် ယောက် က ကော်ဖီစက် အသင့်ပြင်ထားနှင့် ပြီ။ မာယာက မောင့်အတွက်နဲ့ မာယာ့အတွက် ကော်ဖီကို ကိုယ်တိုင် နှပ်ပြီးထားလေ။
“ငယ်လေး . . .၊ အောက်ထပ်ကဆိုင်မှာ နန်းကြီးသုပ်နှစ် ပွဲ၊ မုန့်ဟင်းခါးတစ်ပွဲ၊ အမြန်နော် . . .၊ ဓာတ်လှေခါးကိုစောင့်မနေနဲ့၊ လှေခါးကနေပြေး၊ ဒါမှ သမီးကိုယ်လုံး လှလာမှာ ”
ဝဝကစ်ကစ်နဲ့ ကိုယ်လုံးအင်မတန်လှချင်ရှာတဲ့ ကောင်မလေးကိုမြှောက်ပေးပြီး ခိုင်းလိုက်ပြီးတာနဲ့ အကြီးမ,ကို ပန်းကန်တွေ အသင့်ပြင်ထားခိုင်းလိုက်ရုံပဲ။ မမမာယာတို့ ကွန်ဒိုအောက်ထပ်မှာ Shopping Mall ကြီးရှိတာမို့ . . . အဲ့ဒီမှာ စားသောက်ဆိုင်တွေ က အဆင်သင့်။ စားချင်တာမှန်သမျှ ဖွယ်ဖွယ်ရာရာ တစ်နေ့တစ်မျိုး မရိုးနိုင်အောင် မှာ ယူစားလို့ရတာ မို့ အိမ်မှာ ချက်စားတာတောင် ခပ်ရှားရှားရယ်ပါ။ မောင်က ဆေးရုံမှာ တစ်နေကုန် တစ်နေကုန်လုပ်၊ ညကျတော့ ကိုယ်ပိုင်ဆေးခန်းထိုင်ရသေးတာမို့ . . . မိုးချုပ်မှပြန်ရောက်တတ်ပေမယ့် မောင်စားဖို့ ညစာက အမြဲ ပူပူနွေးနွေးအဆင်သင့်လေ။ မောင်စားချင်တာကို ဖုန်းနဲ့ဆက်မေးထားပြီး မာယာ စိတ်လိုလက်ရရှိရင်လည်း ချက်ပေး။ မချက် ဖြစ်လည်း ကောင်မလေးကို စီစဉ်ညွှန်ကြားပြီးချက်စေ။ ဒါမှမဟုတ်ရင်တော့ ဆိုင်က နေဝယ်ပေးထား၊ မောင်ပြန်လာတော့မှ microwave ကလေးနဲ့ ပူပူနွေးနွေး ပြင်ဆင် ပေးရင်း၊ မာယာကိုယ်တိုင်လည်း အခုမှပဲစားသယောင်၊ ဟန်ဆောင်ပန်ဆောင်ကလေး ဝင်စားရင်း၊ မောင့်ရဲ့ ဆေးရုံ၊ ဆေးခန်း အတွေ့ အကြုံ၊ သတင်းတွေ ကို စိတ်ဝင်တစားဟန်နဲ့ နားထောင်ပေးရတယ်။ မာယာ့တာဝန်ပါ။ သမီးလေးက ဆယ်နှစ် ရှိပြီမို့ ILBC မှာ တက် နေပြီ။ ညနေကျရင် ကျူရှင်ဆရာမ နဲ့ အိမ်စာတွေ လုပ်၊ စာသင်၊ ဆရာမ ပြန်တော့။ ရေမိုးချိုး၊ ထမင်းစားပြီး စောစောအိပ်ရာဝင်တတ်သူပါ။
မောင်က ကားကိုနှစ် စီးဝယ်ထားပေးတာမို့ တစ်စီးကမောင်ယူသွားရင်၊ ကျန်တဲ့ တစ်စီးက မာယာနဲ့ သမီးလေးအတွက် ဝေယျာဝေစ္စတွေ သုံးရတယ်လေ။ သမီးလေးကို ကျောင်းပို့ပြီးရင် မာယာပဲသုံးတာများ ပါတယ်။ တစ်နေကုန် ကားတစ်စီးနဲ့ ချိန်းထားသမျှ တွေ သွားရ၊ လည်ပတ်ရ၊ ရှော့ပင်ထွက်ရနဲ့ မာယာ့ခမျာ တစ်နေ့လုံးအားရတယ် လို့ကို မရှိနိုင်ပါ။ မောင့်ဝင်ငွေက အရမ်းကောင်းတော့ မာယာက အလုပ်,မလုပ်။ မောင်ကလည်း မလုပ်စေချင်။ ချောချောလှလှ . . . ကြော့ကြော့မော့မော့ကလေး ပြင်ဆင်ခြယ်သပြီး၊ ခင်ပွန်းနဲ့ သမီးလေးအပေါ် အချစ်ပို၊ အကြင်နာပို၊ ဂရုစိုက်နိုင်ရင်ရပြီ။ ဇနီးချော အလိမ္မာ လေးဆိုပါတော့လေ။
“ဟား . . . နန်းကြီးသုပ်က ငါးဖယ်နိုင်းချင်းနဲ့ ကောင်းမယ့်ပုံပဲ . . . ချစ်လေးရဲ့ ”
“ဟဲ ဟဲ . . . မာယာကိုယ်တိုင်ပြင်ဆင်ပေးထားတာကိုး ချစ်သော မောင်ရဲ့ ၊ မာယာရဲ့ အချစ်တွေ ၊ အကြင်နာတွေ ပါ . . . ရောပြီးနယ်ပေးထားတာ သိတယ်မှလား”
“ဟားဟား၊ အပြောလေး ကတော့လေ၊ အဲ့ဒါလေးတွေ နဲ့ပဲ . . . ဒီမောင်မှာ အရည်ပျော်နေရတာ ပါကွာ၊ သမီးလေးရော”
“လာပြီဖေဖေ . . . သမီးက မုန့်ဟင်းခါးနော်”
“ပူပူနွေးနွေးလေးပဲ . . . သမီးလေး . . . လာ . . .လာ၊ မြန်မြန်စား”
ထမင်းစားပွဲမှာ သုံးယောက် သား နံနက်ခင်းစာ အတူတကွစားပြီးတာနဲ့ . . . မောင့် အတွက် ရှပ်အင်္ကျီနဲ့ ဘောင်းဘီကို မာယာကိုယ်တိုင်ပဲ ရွေးချယ်ပြင်ဆင်ပေးရပါတယ်။ သမီးလေးက ကျောင်းဝတ်စုံမို့ ရွေးပေးဖို့ မလိုဘူးလေ။ အားလုံးအဆင်သင့် ပြင်ဆင်ပြီး တာနဲ့ မောင်က မာယာ့ကိုရော၊ သမီးလေးကိုပါ အနမ်းတွေ နဲ့နှုတ်ဆက်ပြီး ကားတစ်စီးစီနဲ့ အသီးသီးထွက်ြ ကတော့တာ။ မောင်ကပြုံးပြီး လက်ပြနှုတ်ဆက်ရင်း . . .
“enjoy … your day ချစ်လေး”
တဲ့။ သမီးကို ကျောင်းပို့ပြီးတာနဲ့ မာယာရဲ့ တစ်နေ့တာ စတင်ပါပြီ။ ပထမဆုံး မောင်လက်ဆောင်ဝယ်ပေးထားတဲ့ (တကယ်တော့ မောင့်ကိုဝယ်ပေးဖို့ ပူဆာရတာ ပါ။ အဟိ . . .) i phone ကလေးနဲ့ သူငယ်ချင်းတွေ လဲ ဖြစ်တဲ့ မာယာတို့ဖွဲ့စည်းထားတဲ့ Beautiful wives club ရဲ့ members တွေ ဆီ ဖုန်းခေါ်ဆက်သွယ်ရတော့တာပါ။
ကားမောင်းနေရင်း ဖုန်းမြည် လာတာမို့ အမရာက Bluetooth ကလေးနဲ့ ဖုန်းဖြေလိုက်ပါတယ်။
“မာယာရေ . . . ၊ အခုပဲ gym ကနေပြန်လာတာ၊ ရေမိုးချိုးလာပြီးသား၊ ကိုကိုတော့ အလုပ်သွားပြီ၊ သားသားလည်း ဒရိုက်ဘာနဲ့ ကျောင်းလွှတ်ပြီးပြီ၊ ပြော . . . ဒီနေ့ ဘာအစီအစဉ်ရှိလဲ၊ ဘယ်မှာ ဆုံမှာ လဲ၊ ဒီက အဆင်သင့်ပဲ”
အမရာ့ အသံက ချိုချိုရွှင်ရွှင်ကလေး။ ဆံပင် ကောက်ကောက် လိမ့်တွန့်ကလေးကို ဖြစ်သလို စုတင်ထားပြီး ဆံပင်လိမ်လိမ်ကလေး ကပိုကရိုကျနေတာတောင် လှနေတဲ့ မျက်နှာကလေးကို မှန်ထဲတစ်ချက်ကြည့်ရင်း ဖြေနေတာပါ။ မျက်လုံးဝိုင်းကြီးတွေ ရွှဲစက် အောင်လှပြီး အပျိုဘဝတုန်း ကတော့ နာမည် ကြီးမော်ဒယ်လ် တစ်ယောက် ဖြစ်ခဲ့ဖူးပါတယ်။ ကိုကိုနဲ့ ရပြီးတော့ အင်ဂျင်နီယာလည်း ဖြစ် . . . ဆောက်လုပ်ရေး လုပ်ငန်းတွေ နဲ့ အောင်မြင်ပြီး၊ ဝင်ငွေကောင်းတဲ့ သူဌေးကတော် ကလေးလည်း ဖြစ်လာရော အမရာက မော်ဒယ်ဆက် မလုပ်တော့။ ကိုကိုကလည်း ခွင့်မပြု။ သူက အလွန်သဝန်တိုတတ်တာကလား။ သူ့မိန်းမ ချောချောလှလှကို လူတွေ ဝိုင်းကြည့်ရင် ကြိုက်တာမဟုတ်။ အဲဒီ တော့ အမရာကလည်း မလုပ်ရုံပေါ့။ ကိုယ့်ကိုယ်ကို ကြော့မော့နေအောင် ခြယ်သ,ပြင်ဆင်ရင်း တစ်နေ့တစ်နေ့ ပျော်စရာပါးစရာတွေ ရှာဖွေရင်းနဲ့ပဲ အချိန်ကုန်ပါတယ်။ တကယ်တော့လည်း တစ်နေ့ တစ်နေ့ လည်ရပတ်ရ၊ စကားတွေ ပြောရ၊ ဝယ်ရခြမ်းရနဲ့ အမရာ့မှာ လည်း တကယ်ကိုပဲ မအားနိုင်ပါရှင်။
သား တစ်ယောက် မေမေဆိုပေမယ့် မသိရင် အမရာ့ကို သမင်လည်ပြန်လှည့် ငေးကြရတဲ့အထိ အမရာကလည်း လှပခေတ်မီ ကြော့မော့တုန်း။ ဖက်ရှင်ကျကျ ခေတ်ရှေ့ ပြေးနေအောင် ဖက်ရှင်နောက်ကို အသဲအသန် အမိလိုက်နေရတာ ကိုလည်း ဖတ်ဖတ်ကို မောစရာ။ တစ်လတစ်လ skin care ဖိုး၊ Beauty Spa မှာ ဆံပင်ကနေ၊ မျက်နှာ၊ ကိုယ်လုံး အလယ်၊ ခြေသည်းလက်သည်းအဆုံး အလှဆင် ဂရုစိုက်ရတဲ့ စရိတ်ကိုက မသေးလှပါ။ အဲဒါအပြင် ဒီဇိုင်နာလက်အိတ်တွေ ဖြစ်တဲ့ Louis vuitton, Gucci, Chanel လိုအိတ်မျိုးတွေ ။ ဒီဇိုင်နာ မျက်မှန်၊ ဖိနပ်တွေ အတွက် ဘန်ကောက်လို၊ စင်္ကာပူအထိ ဝယ်မိတဲ့လ, မျိုးဆိုရင်တော့ ကိုကို့ကို ရွှန်းရွှန်းဝေအောင်ဖားနေရသလို။ ကိုကိုကခနဲ့တဲ့တဲ့ ကလေး မေးတတ်တယ်။
“အမရာကလေး . . . ပိုက်ဆံတွေ ဘယ်ကရသလဲ . . . သိလား”
ဆိုတော့ အမရာကလည်း မခေသူမို့ . . .
“ကိုကို့ အကြွေးဝယ်ကတ်ထဲကပေါ့ရှင်”
လို့ အရွဲ့စားကလေးပြန်ဖြေတာပေါ့လေ။ ကိုကိုက ဇနီးချောကလေးကို အလိုလိုက်၊ အကြိုက်ဆောင်တတ်သူမို့ အမရာပြုံးပျော်ကျေနပ်နေရင် ပြီးရော။ အမရာက မြန်မာပြည်ရဲ့ နာမည် ကြီး ဒီဇိုင်နာတွေ ဆီမှာ လည်း ဝတ်စုံတွေ အမြဲချုပ်ပြီး လှလှပပဝတ်၊ လည်တိုင်ကြော့မှာ အီတလီ ဖြစ် ပိုးပဝါ အဆင်ဆန်းဆန်းလှလှ အရောင် အသွေးစုံလင်ကို ပုံသဏ္ဍန်မျိုးစုံနဲ့ ချည်နှောင်ထားတတ်တဲ့ ဒီဇိုင်းကို အမရာမောင်ရဲ့ မူပိုင်ဒီဇိုင်းအ ဖြစ် ထွင်ထားသေးတာ။ အသက်က နှစ် ဆယ့်ကိုးရှိလာပြီဆိုတော့ သုံးဆယ်နီးခဲ့ပြီလေ။
“ဒီနေ့ Junction 8 သွားကြမယ်လေ၊ နေ့လည်စာကို အဲ့ဒီမှာ ပဲ တစ်ခုခု စားကြတာပေါ့၊ အမရာ . . . လာခဲ့လေ၊ မဒီနဲ့ သမ္ဘူတို့တော့ ရောက်လောက်ပြီထင်တယ်၊ မာယာလည်း ခုမှသွားတုန်းပါ”
“အိုခီဒို . . . ဆီးယူလေ မာယာ”
Junction 8 ရောက်တော့ ဆုံနေကျ ဆိုင်ကလေးထဲမှာ သမ္ဘူခင့်ကို ထင်းခနဲ တွေ့ ရပါတယ်။
“ဟယ်လို . . . ဖလားဝါး၊ တစ်ယောက် တည်းလား၊ ဟိုနှစ် ယောက် မရောက်ကြ သေးဘူးလား”
“မလာသေးဘူးတော် . . .၊ အမြွှာနှစ် ကောင်ကို ကျောင်းပို့ပြီးတာနဲ့ ထွက်လာတာ၊ ယောက်ျား ကတော့ ထုံးစံအတိုင်း အစောကြီးပဲ ကုမ္ပဏီကိုလစ်သွားပြီ၊ ဒီနေ့ ဘာအစီအစဉ် ရှိလဲဟေ”
“ဟိုနှစ် ယောက် လာမှပဲ စီစဉ်ကြတာပေါ့၊ facebook မှာ တော့ message တွေ အများ ကြီးပဲ ရောက်နေတယ် ဆရာ၊ အဲ့ဒါတွေ လည်း စာပြန်ရိုက်ရဦးမယ်”
မဒီက i phone ကလေးနဲ့ facebook ပေါ်က message တွေ စစ်နေတုန်းမှာ ပဲ . . . မာယာနဲ့ အမရာတို့ ရောက်လာကြတယ်။ facebook ပေါ်မှာ (beautiful wife club) ဆိုပြီး fan club ဖွင့်ထားကြတာ အဖွဲ့ဝင်ပေါင်း သုံးထောင်ကျော်တောင်ဝင်လာကြတာ မဒီတို့ လေး ယောက် သား လက်ချင်းမြဲမြဲဆုပ်တွဲ ပြီး အားပါးတရ ရယ်မောနေကြတဲ့ ဓာတ်ပုံ လှလှ ကလေးတွေ ကြောင့် ရယ် . . . ပျော်ရွှင်အောင်မြင်တဲ့ အိမ်ထောင်ရေး ဒဿန အဆိုအမိန့် လှလှ ကလေးတွေ ကြောင့် ရယ်၊ ပြီးတော့ . . . ကမ္ဘာတစ်လွှမ်းနိုင်ငံတကာက ဇနီးသည် တွေ ရဲ့ သိလိုသမျှမေးခွန်းတွေ . . . ပြဿနာ . . . အခက်အခဲတွေ ကို မဒီတို့ခေါင်းလေး ခေါင်းပေါင်းပြီး ဖြေရှင်းပေးနေကြတာမို့ အောင်မြင်နေတာ ထင်ပါရဲ့ ။ အဲဒီ facebook ကလည်း တစ်နေ့တစ်နေ့ အချိန်ကုန်သလားမမေးနဲ့။ ဓာတ်ပုံတွေ လည်း အမြဲခေတ်မီနေအောင် Upload လုပ်ရသေးတာ။ ပြီးတော့ Facebook game တွေ ၊ လက်ဆောင်အပြန်အလှန်ပို့ရ . . . လက်ခံယူရနဲ့ တစ်ခါဖွင့်လိုက်မိရင်လေးယောက် သား ခေါင်းချင်းဆိုင်ပြီး တော် တော် နဲ့ ပြန်မထွက်နီုင်တော့။ Farm Ville, Café world, Mafia Wars ဆိုတဲ့ game တွေ က အတော် စွဲသား။
“မဒီ ဘာလဲ Facebook ဝင်နေတာလား၊ လာလေ internet café တစ်ဆိုင်ဝင်ပြီး လုပ်ရအောင်”
ဆိုတာနဲ့ နက်ကဖေးဆိုင်ဆီ ဦးတည်မိကြပြီ။ စက်တစ်လုံးမှာ လေးယောက် သား စုထိုင်ာကရင်း မေးထားသမျှ မေးခွန်းတွေ ကို ဒိုင်ခံဖြေကြပါတယ်။
“Beautiful wives ရေ၊ မနေ့ညက ကျွန်မနဲ့ ကျွန်မယောက်ျား စကားများ ရန် ဖြစ် ကုန်ပြီ၊ သူစိတ်ဆိုးပြီး ညတွင်းချင်းပဲ အိမ်ပေါ်က ဆင်းသွားတယ်၊ အဲ့ဒါ ကျွန်မ ဘာလုပ်ရ မလဲဟင်၊ အကြံဥာဏ်လေးတွေ ပေးပါဦးနော်၊ တကယ်တော့သူထွက်ပေါက်ရှာ သွားတာပါ၊ သူ့မှာ သွားရမယ့်နေရာက အဆင်သင့်ရှိပြီးသားလေ၊ သူ့မှာ သွားရမယ့်နေရာက အဆင် သင့်ရှိပြီးသားလေ၊ သူ စမောလ်လေး တစ်ယောက် ကို စပွန်ဆာပေးထားတယ်လို့ ကျွန်မ သတင်းအတိအကျရထားတာပါ၊ အဲဒီ သတင်းကြောင့် လည်း ကျွန်မတို့နှစ် ယောက် ရန် ဖြစ် ကြတာပါ၊ ယောက်ျားတွေ ဟာ မတရားဘူးရှင့်၊ ကျွန်မမှာ တော့ သူနဲ့ယူပြီးကတည်းက ကိုယ်ပိုင်အချိန်၊ ကိုယ်ပိုင်အတ္တဆိုတာမရှိတော့လောက်အောင်သူ့အတွက် သားသမီး အတွက် လူမှု ရေး ကိစ္စတွေ ကတစ်ဖက်၊ အလုပ်တာဝန်တွေ ကတဖက်နဲ့ ကိုယ့်ကိုယ်ကို လှလှပပ ဇီးလိမ်းပြင်ဆင်နေဖို့တောင် တကယ်အချိန်မရှိတာပါ၊ လူက ကပိုကရို၊ စုတ်တိ စုတ်ဖတ်နဲ့မို့လား မသိဘူး၊ သူကလေ . . . အနားကိုမကပ်တော့တာ၊ ခိုင်းစရာရှိရင်တော့ အားမနာလျှာမကျိုးအကုန်ခိုင်းတယ်၊ ကျွန်မများ ယောင်လို့ ကပ်မိသွားရင် သက်ကိုယ်က နံလိုက်တာကွာတဲ့၊ ပြောရက်တာနော်၊ ဘာနံ့များ နံနေလို့လဲမေးမိတော့ ဟင်းနံ့တွေ နဲ့ ချွေးနံ့ တွေ တဲ့၊ ကဲ . . . ကျွန်မဆီကနံတဲ့ ဟင်းနံဟာ သူတို့စားဖို့ ချက်ရပြုတ်ရကြော်ရလှော်ရ၊ ဆီသတ်ရနဲ့စွဲတဲ့ဟင်းနံ့ဆိုတာ သူဘာကြောင့် မသိရတာ လဲ၊ ချွေးနံ့ဆိုတာကလည်း တစ်နေကုန်သုတ်သုတ်သုတ်သုတ်နဲ့ ပြေးရလွှားရ ချွေးသံတရွှဲရွှဲနဲ့ဆိုတော့ နံတော့မပေါ့။ သူကလေ ကလေးတွေ ရဲ့ တာဝန်၊ ဝေယျာဝစ္စ ဗာဟီရတွေ ဘာကိုမှ ကူညီညာ လုပ်ပေးဖော်ရတာ မဟုတ်ဘူး၊ ကျွန်မပဲ အကုန်လုပ်ရတာ ၊ စဉ်းစားကြည့် . . . မနက် မိုးလင်းတာနဲ့ ကလေးတွေ အတွက် မနက်ခင်းစာတွေ ပြင်ဆင်ရ၊ ထမင်းဗူးတွေ ကိုယ်စီ ထည့်ပေးဖို့ ကြော်ရ လှော်ရ၊ ပြင်ဆင်ရ၊ အိမ်ဖော်ကောင်မလေးတွေ ထားတော့လဲ ခဏပါပဲ၊ သူတို့ပေးတဲ့ ဒုက္ခကတစ်မျိုး ပိုဆိုးသေး၊ ထားပါတော့ . . . အဲ့ဒါက တကဏ္ဍပါ၊ ပြီးရင် ကလေးတွေ ကိုကျွန်မကိုယ်တိုင်ပဲ ကျောင်းပို့ရ၊ ပြီးရင် ကျွန်မအလုပ်ဆီသွား၊ ဟော . . . ညနေကျတော့ ကလေးတွေ ကို ကျောင်းကနေ ပြန်ကြိုရ၊ ကျူရှင်တွေ အသီးသီးပို့ပေးရ၊ ညနေချက်ဖို့ပြုတ်ဖို့ ဈေးကိုပြေးရသေး၊ ဝယ်ရခြမ်းရ၊ အိမ်ပြန်ပြေးပြီး ချက်ရပြုတ်ရ၊ ပြီးရင် . . . ကလေးတွေ ကို ကျူရှင်ကနေ ပြေးကြို၊ ညစာ ထမင်းပြင်ဆင်ကျွေး၊ သူပြန်လာတော့ တစ်ခါ ခူးခပ်ပြင်ဆင်ကျွေး၊ ပြီးရင် ပန်းကန်တွေ ဆေးရပြန်ရော၊ ကလေးတွေ ရဲ့ အိမ်စာ တွေ ကို ကူလုပ်ပေးရ၊ စာကူကျက်ပေးရနဲ့ ကျွန်မမှာ တစ်နေ့တစ်နေ့ အသက်တောင် ဝဝ လင်လင် မရှူနိုင်ပါဘူးကွယ်၊ သူ ကတော့ TV ရှေ့မှာ ဘောလုံးပွဲကြည့်ရင်ကြည့်၊ wii sport နဲ့ ဘောလုံးကစား၊ ဂေါ့(ဖ်)ရိုက်ချင် ရိုက်နေတတ်တာ၊ ကျွန်မမှာ လေ ပင်ပန်း လိုက်တာ ဖတ်ဖတ်ကိုမောနေတာပဲ၊ ဒီလိုမှန်းသိ အိမ်ထောင်မပြုမိပါဘူးလို့လည်း ခဏ ခဏညည်းမိတယ်၊ ကျွန်မမှာ သာ ပင်ပန်းလွန်းလို့ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားတာ . . . အမလေး သူ ကတော့ လူပျိုကလေး တစ်ယောက် လို ‘သ’ ပြီးတော့ နေတာဆရာ၊ ကျွန်မ လေ သူ့ကိုချစ်လဲချစ်ပါတယ်၊ အဆုံးရှုံးလည်းမခံနိုင်ပါဘူး။ ဘယ်လောက်ပဲပင်ပန်းရ ပင်ပန်းရ သူ့ဆီကနေ အလိုက်တသိနဲ့ ကြင်ကြင်နာနာ ယုယမှု ၊ နွေးထွေးမှု ကလေးတွေ ဟိုးအရင်က လို ပြန်ရရင် တော် ပါပြီရှင်၊ ကျွန်မဘာလုပ်ရမလဲဆိုတာ ဆက်ဆက်ဖြေပေးပါနော်၊ beautiful wives တို့လေးယောက် စလုံးတော့ မင်းသမီးကလေးတွေ လို လှပကြော့မော့နေအောင် ဘယ်လိုများ နေနိုင်ကြပါသလဲရှင်”
အားကိုးလေးစားအတုယူခြင်းများ စွာ နဲ့ . . .
“ကျော့ရှင်းကြွေ”
တဲ့ . . .။ စာကို ဖတ်ပြီးရင်တော့ လေးယောက် သားထုံးစံအတိုင်း တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ကာ ပြုံးရင်း ပခုံးကလေးတွေ ကိုယ်စီ တွန့်ပြမိကြပါတယ်။
“ကဲ . . . ဘယ်သူ့ကို အပြစ်တင်မှာ လဲ . . . ဖြေကြပါဦး”
“ကျော့ရှင်းကြွေတဲ့၊ နာမည် လေး ကတော့ အလန်းစားပါပဲ၊ လူ ကတော့ ဘယ်လို နေမယ်မသိပါဘူး၊ တကယ်တော့ သူ့မှာ လည်း အပြစ်မရှိပါဘူးဟယ်၊ သူ့မှာ အပြစ်မရှိဘူးဆိုတော့ သူ့ယောက်ျားကို အပြစ်တင်မလို့လား၊ အဲ့ဒါဆို သူ့အတွက်ပိုပြီး နောင်တ,ရစရာ တွေ ဖြစ်လိမ့်မယ်၊ ယောက်ျား တစ်ယောက် ကို ကိုယ့်ခင်ပွန်း တစ်ယောက် ကို ဘယ်တော့မှ အပြစ်မတင်နဲ့ဆိုတာ သူ့ကိုနားလည်အောင် အရင်ရှင်းပြရမှာ ပေါ့၊ တကယ်ပဲ သူ့ဆီမှာ အပြစ်တွေ တောင်ပုံယာပုံ အောင်ရှိဦးတော့ လုံးဝအပြစ်မမြင်ဘဲ နားလည် သည်းခံ ခွင့်လွှတ်ချင် ဟန်ဆောင်ထားရမှာ . . . မိန်းမတို့ရဲ့ ပညာပဲ၊ ဟုတ်တယ်မှလားဟင် . . .”
မာယာက စပြီးတော့ ဆွေးနွေးတယ်။ အမရာက ထောက်ခံသလိုပြုံးတယ်။
“ဟုတ်တယ် . . . တို့ သိပ်စိတ်ဆိုးနေတဲ့ အချိန်မျိုးမှာ သူ့ကို လုံးဝ စကားမပြောမိ အောင်၊ အပြစ်မတင်မိအောင်၊ မစွပ်စွဲမိအောင်၊ သူ့ကို နာကျင်စေတဲ့ စကားလုံးတွေ နဲ့ မစွာ မိအောင် ကိုယ့်ကိုယ်ကို ထိန်းချုပ်ပြီး နေလိုက်တယ်၊ ဒေါသ ပြေသွားပြီဆိုမှ သွေး အေးသွားမှ ကိုယ်ဘယ်လိုခံစားရတယ်ဆိုတာကို သူ့ကိုအေးအေးဆေးဆေး ပြောပြလိုက် တယ်၊ အဲ့ဒါဆို သူ့အမှားကို သူလက်ခံတယ်၊ တို့ဒေါသထွက်နေတုန်း သူ့ကို အပြစ်တင်ရင် သူခေါင်းရှောင်မှာ ပဲလေ၊ အဲ့ဒါကြီးက ကြာရင် အကျင့်ကြီးတစ်ခု ဖြစ်လာတတ်တယ်၊ ရှောင်ရင်း ရှောင်ရင်းနဲ့ ယောက်ျားကထွက်ပြေးသူ ဖြစ်သွားတာပဲ၊ ထွက်ပြေးရင်းနဲ့ သာယာ တဲ့ ထွက်ပေါက်တစ်ခုကို အလွယ်တကူ ရှာတွေ့ သွားတာပါ၊ အတ္တကြီးပြီး တစ်ကိုယ် ကောင်းဆန်တတ်တဲ့ ယောက်ျား၊ တာဝန်မယူတတ်တဲ့ ယောက်ျား တစ်ယောက် ကို အလိမ်မာသုံးပြီး ဘယ်လိုကိုင်တွယ်ရမလဲ သိလား . . .”
သမ္ဘူခင်က အဖြေတစ်ခုကို သိထားတဲ့ မျက်နှာပေးကလေးနဲ့ပြုံးစိစိပြောတယ်။ သမ္ဘူ့ယောက်ျားက နာမည် ကြီး ရုပ်ရှင်ဒါရိုက်တာ တစ်ယောက် ပါ၊ ချော့ပေလှပေ့ဆိုတဲ့ နာမည် ကြီး မင်းသမီးတွေ . . . မော်ဒယ်လ်ကလေးတွေ ဝိုင်းဝိုင်းလည်နေတဲ့ကြားကနေ သမ္ဘူ့မှ သမ္ဘူ တမ်းတမ်းစွဲ ဖြစ်နေအောင် ကိုင်တွယ်ထိန်းချုပ်ထားနိုင်တယ်ဆိုတာ သမ္ဘူ လှပချောမောနေရုံကလေးသက်သက်ကြောင့် မဟုတ်ဘဲ လိမ္မာပါးနပ်လွန်းသော ကြောင့် သာ ဖြစ်မှာ ပါ . . .။ သမ္ဘူ့မှာ သမီးချောချောလှလှကလေး နှစ် ယောက် ရှိတာမို့ တစ်ခုခုဆို သူ့ကို ကိုယ်ချင်းစာ နားလည်တတ်အောင် . . .
“ဒါလင်နော် . . . ဒါလင်က သမီးကလေးတွေ မွေးထားတာ၊ ကိုယ့်လက်ထဲမှာ ကိုင်ထားတဲ့ စုတ်တံဆီက အရောင် အသွေးတွေ က သမီးလေးတွေ ဆိုတဲ့ ကင်းဘတ် စ, ဖြူဖြူ ပေါ်မှာ ဆေးခြယ်ရေး နေသလိုပဲဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့၊ ဒါလင် တစ်ခုခု မဟုတ်တာ လုပ်တော့မယ်ဆိုရင် သမီးလေးတွေ ရဲ့ မျက်နှာလေးတွေ ကို အရင်ဆုံးပြေးမြင် လိုက်ပါနော်၊ မီးကို မငဲ့ချင်နေပါ . . . သမီးလေးတွေ ကိုတော့ ငဲ့ပေးပါ”
ဆိုတဲ့ . . . စကားလှလှလေးတွေ နဲ့ ချည်နှောင်ထားလိုက်တာ ကိုရွှေဒါရိုက်တာကြီး ခမျာ လှုပ်တောင်မလှုပ်ဝံ့ရှာပါဘူး။
“ပြောပါဦး သမ္ဘူ ရဲ့ . . . ရှင်က ဒါရိုက်တာကတော် ဆိုတော့ ပညာသားပိုပါတယ်၊ ဘယ်လိုကိုင်တွယ်မှာ လဲ၊ တစ်ကိုယ်ကောင်းဆန်ပြီး တာဝန်မယူတတ်တဲ့ယောက်ျားကို”
သမ္ဘူ က ချစ်စဖွယ် ပါးချိုင့်ကလေးတွေ ပေါ်အောင်ပြုံးပြီး . . .
“အို . . . အလွယ်လေး၊ တာဝန်တွေ ခွဲဝေပေးထားမှာ ပေါ့ဟယ်၊ ကဲ . . . ကျွန်မကို ပဲကြည့်၊ သူ့ကားရိုက်ရက်တွေ နဲ့ ဘယ်လောက်ပဲ မအားမအား အားတဲ့ရက် သမီးတွေ ကို ကျောင်းကြိုခိုင်းတယ်ကွာ၊ အိမ်မှာ အဖော်နှစ် ယောက် ငှားထားတယ် ဆိုပေမယ့် တာဝန် မှန်သမျှကို သူနဲ့ကျွန်မခွဲဝေယူတယ်၊ ဈေးဝယ်တဲ့တာဝန်ကို တစ်ပတ်မှာ တစ်ရက်တော့ သူ့ကိုယူခိုင်းတယ်၊ သူကလည်း စာရင်းကောက်ရေး ပြီးလိုအပ်တာတွေ ကို city mart လိုနေရာမျိုးမှာ သက်တောင့်သက်သာ ဝယ်တာပါ၊ ဒါပေမဲ့ အဲ့ဒါကို အပြစ်မတင်ပါဘူး၊ ဒါလင်ကသိပ်တော် တာပဲ၊ မိန်းမပင်ပန်းမှာ စိုးလို့ ဈေးကူဝယ်ပေးတယ်တော့ . . . လို့ချီးကျူး ပေးတယ်၊ မြှောက်ပြီးတော့သာ ခိုင်းရင်ဟယ် ယောက်ျားတွေ က ချစ်စရာကောင်းအောင်ကို လုပ်ပေးပါတယ်၊ ရေချိုးခန်း အတူတူတိုက်မလား၊ အိမ်သန့်ရှင်း လုပ်မလား၊ ဟင်းအတူတူ ချက်ပေးမလား၊ သူ့ကိုတော် လိုက်တာလို့သာ ပြုံးပြုံးကလေးချီးကျူးပေး၊ အားလုံး လုပ်တယ်၊ နယ်တွေ ဘာတွေ ထွက်ပြီး ကားရိုက်ရရင်တော့ ခိုင်းလို့ရဘူးပေါ့ဟယ်၊ အဲ့ဒါ ဆိုရင် တောင် သူဖုန်းဆက်ရင် ဟင့် . . . မီးလေးမှာ ဒါလင်ရှိလို့ တစ်ယောက် တည်း ပင်ပင် ပန်းပန်း အလုပ်တွေ ဘာတွေ လုပ်နေရပါတယ်လို့သာ ချွဲချွဲနွဲ့နွဲ့ဖုန်းထဲမှာ ထည့်ကျွေးတော့ ခရီးကနေ ပြန်လာတာနဲ့ အထုပ်အပိုးချပြီး . . . “မီးလေး . . . ဒါလင်ဘာလုပ်ပေးရမလဲ ဟင်” ဆိုတာနဲ့ လာကာ၊ အဟားဟား . . . မပိုင်ကလား”
သမ္ဘူ့စကားကြောင့် အားလုံးရယ်မိကြတယ်။ ဟုတ်တော့လည်း ဟုတ်လား။ သမ္ဘူ ဒါလင်ကိုနီတိက သမ္ဘူ့ကို တုန်နေအောင် ချစ်မြတ်နိုးအလိုလိုက်တာလူတိုင်းအသိပါလေ။
“ကဲ ကဲ . . . အဲဒါဆိုရင် ကျော့ရှင်းကြွေရဲ့ ပြဿနာကို သမ္ဘူ ပဲ ဖြေရှင်းပေးလိုက် တော့ဟာ၊ ဒီပြဿနာက တာဝန် ခွဲဝေယူလိုက်ရင် ပြေလည်သွားမှာ ”
“စမောလ်လေးကိစ္စရော . . .”
“စမောလ်လေး ကိစ္စကို အကြပ်မကိုင်ဘဲ ညင်သာပျော့ပျောင်းတဲ့ အချိုစားနည်း လမ်းကလေးတွေ နဲ့ ကိုယ့်ဘက်ပြန်ပါလာအောင် သိမ်းသွင်းဆွဲဆောင်ယူရမှာ ပေါ့ဟယ်၊ ဒါကတစ်ကဏ္ဍပေါ့၊ ကိုယ့်ယောက်ျားကို ပြန်ဖြားယောင်းသွေးဆောင်ရတာ မခက်လှပါဘူး၊ ကိုယ့်ယောက်ျားအကြိုက်ကို သိဖို့ပဲ လိုတယ်”
သမ္ဘူက ရယ်ရယ်မောမောပြောရင်းကျော့ရှင်းကြွေဆီစာပြန်ရိုက်လိုက်ပါတယ် . . .။
“ချစ်တဲ့ ကျော့ရေ . . .”
ဘာမှ စိတ်ညစ်မနေပါနဲ့ကွယ်။ ကျော့ရဲ့ ပြဿနာကို ကျွန်မတို့ ကူညီဖြေရှင်း ပေးနိုင်ပါတယ်။ ကျွန်မတို့တာဝန်ထားပါ။ ကျွန်မတို့နဲ့အဆက်အသွယ် မပြတ်စေဘဲ ကျမတို့ အကြံပေး ညွှန်ကြားတဲ့အတိုင်း သေသေချာချာ လိုက်နာပေးပါ။ အားလုံးအဆင်ပြေစေ ရပါ့မယ်၊ အဲ့တာကို ယုံကြည်ထားနော်၊ ပထမဆုံး ကျော့လုပ်ရမှာ က စိတ်ကို လုံးဝ Relax လုပ်ထားလိုက်ဖို့ပါ၊ ပြဿနာ အားလုံးကို ခေါင်းအေးအေး၊ သွေးအေးအေးနဲ့ ပညာသားပါပါ ဖြေရှင်းမယ်လို့ တွေးထားလိုက်နော်၊ ပထမ ကျော့လုပ်ရမှာ က ကိုယ့်ကိုယ်ကို ပြုပြင် ပြောင်းလဲပစ်ဖို့ပါ၊ ကျော့ ဘယ်လိုပုံသဏ္ဍာန်ရှိမလဲဆိုတာတော့ ကျွန်မတို့ မသိဘူး။ ဖြစ်နိုင်ရင် ကျော့ရဲ့ profile photo မှာ တင်ထားပေးပေါ့။ အလှပြင်ဆိုင် တစ်ခုဆီ အရင် သွားပါ၊ ပိုက်ဆံတော့နည်းနည်း ကုန်မယ်၊ ဒါပေမယ့် အကုန်ခံရကျိုးနပ်ပါလိမ့်မယ်။ ဆံပင် ပုံစံကိုပြောင်းလိုက်ပါ၊ ကာလာကလေးပါ ပြောင်းလိုက်ပေါ့၊ မျက်နှာကိုလည်း ခပ်ပါးပါး ကလေး ပြင်ဆင်ခြယ်သ,တတ်ပါစေ၊ အင်္ကျီ အဝတ်အစား ဒီဇိုင်းကိုပါ ပြောင်းလဲပစ်လိုက်ပါ၊ ဖြစ်နိုင်ရင်တော့ ကျွန်မတို့လူချင်းဆုံပြီး စိတ်ကြိုက် ပြုပြင်ပြောင်းလဲပေးချင်တာပါ၊ ဒါပေ မယ့် ကျော့ဘက်မှာ ရော ကျွန်မတို့ဘက်မှာ ပါ အဲဒီ လောက် အချိန်မပေးနိုင်ကြ ဘူးလေ၊ ဒီဇိုင်းနာ တစ်ယောက် နဲ့ တိုင်ပင်ပြီး ပြင်ဆင်နိုင်ပါတယ်နော်၊ ကျော့ကိုယ်ကျော့ လုံးဝ ပြောင်းလဲသွားပြီလို့ ယူဆတဲ့အခါ သူနဲ့သွားတွေ့ ဖို့ ကြိုးစားပါ၊ သူ့ဆီက အံ့သြမှု ကို မြင်ရတဲ့အခါ သူ့ကိုအလှဆုံးပြုံးပြလိုက်ပါ။ အဲ့ဒီအချိန်မှာ သူ့ကိုအပြစ်တင်တဲ့စကား၊ ငြူစူစောင့် အောင့်မိတဲ့စကားမျိုး ယောင်လို့တောင်မထွက်မိပါစေနဲ့ကွယ်၊ သူ့ကိုဘယ်လောက် ချစ်မိတဲ့ အကြောင်း၊ ဘယ်လောက်လိုအပ်တဲ့အကြောင်းနဲ့ ကျော့ကိုနားလည် ခွင့်လွှတ်ပေးဖို့ပြောလိုက်ပါ၊ သူရှက် သွားပါလိမ့်မယ်၊ ဒါပေမယ့် သူ ဝန်ခံမှာ တော့ မဟုတ် ဘူးပေါ့လေ၊ စိတ်မလောပါနဲ့၊ စိတ်ကို ပေါ့ပေါ့ပါးပါးလေးပဲထားပါ၊ tension ကြီးနဲ့ မနေပါနဲ့၊ ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ ကလေးတွေ က သူတို့ဖေဖေကို ဘယ်လောက်လွမ်းနေတဲ့ အကြောင်း အိမ်ပြန်လာဖို့ မျှော်နေတဲ့အကြောင်း ပြောပြလိုက်ပါ၊ သူပြန်လာမှာ ပါ၊ သူပြန်လာပြီးတာနဲ့ ချက်ချင်း ကြီး သူ့ကို ဖိအားမပေးပါနဲ့၊ လူ တစ်ယောက် ကို ချစ်တယ် ဆိုရင် သူ့ကို လွတ်မြောက်ခွင့်ပေးလိုက် ပါ၊ စွန့်လွှတ်သလိုမျိုးပေါ့ ကျော့ရယ်၊ သူ့ကို လွတ် လွတ်လပ်လပ် လွှတ်ပေးထားသလိုလိုနဲ့ ကိုယ်က ရစ်လုံးကလေးကို လက်ညှိုးကလေးနဲ့ အသာကစားပြီးလိုသလို ကစားရင်း ကြိုးကိုင်ထားတတ်ရမှာ ပါ၊ သူ့ကိုတာဝန်ကလေး မသိ မသာကလေးခွဲပေးပါ၊ ဥပမာ . . . ကလေးတွေ ကျောင်းကြိုပို့တာ၊ ကျူရှင်ကြိုပို့တာမျိုး လေးတွေ ကို ချိုချိုသာသာကလေးနဲ့ သူ့ကို မြှောက်ပင့်ပြီးခိုင်းပါ၊ သူမှမလုပ်ပေးရင် ကျော့ဘယ်လောက်ပင်ပန်းတယ်သလဲဆိုတာမျိုး ချိုနွဲ့နွဲ့ကလေးပြောပြပေါ့၊ ဟင်းအတူတူ ချက်တာမျိုး၊ ဈေးဝယ်တဲ့တာဝန်ကို ရက်ခွဲပြီး မျှယူခိုင်းတာမျိုး၊ သူ ဘောလုံးပွဲကြည့်တာကို မငြူစူဘဲ ဘောလုံးပွဲကြည့်ရင်း မီးပူကလေး တိုက်ပေးဖို့ ပြေပြေပစ်ပစ် တောင်းဆိုတာ မျိုးလုပ်ကြည့်ပါ ကျော့၊ အဓိက,က language ပါပဲ၊ ချိုချိုသာသာကလေးပြောရင် သူ နားဝင်ချိုရင် ကျော့ခိုင်းတာကို သူ ငြင်းမှာ မဟုတ်ပါဘူး၊ စမ်းကြည့်နော် . . . ၊ ထူးခြားလာတာတွေ ကို ကျွန်မတို့ဆီ သတင်းပြန်ပို့ဦးပေါ့၊ စိတ်ဝင်တစားနဲ့ မျှော်နေမှာ ပေါ့နော် . . .”
ချစ်တဲ့ Beauty wives
သမ္ဘူ့ အဖြေကို အားလုံးက သဘောတကျရှိကြတယ်။ facebook မှာ အချိန်ဖြုန်း ပြီးရင် လေးယောက် သား Junction 8 ထဲ လှည့်ပတ်မွှေနှောက်ဝယ်ခြမ်းရင်း အချိန်တွေ ကုန်သွားလိုက်တာ။ သားသမီးတွေ ကျောင်းကြိုချိန်ရောက်မှပဲ လူစုခွဲ ဖြစ်တော့တာလေ... ။
အခန်း (၂)
ကျော့ရှင်းကြွေ
ကျော့ တစ်ယောက် ကိုယ့်ပုံသဏ္ဍာန် ကိုယ်မှန်ထဲမှာ ပြန်ကြည့်မိပါတယ်။ ဆံပင်တွေ က ဖရိုဖရဲ၊ မညီမညာ စုတ်တိစုတ်ဖွားကို ဖားပါးစပ်လို ကလစ်ကြီး တစ်ခုနဲ့ ဖြစ်သလို ထိုးညှပ်ထားတာမို့ ဆံမျှင်တွေ က အမွှားမွှား ဖြာနေတော့တာ။ ခေါင်း လျှော်ဖို့ တစ်ပတ်မှာ တစ်ရက်တောင် မပေးနိုင်တာမို့ ဆံပင်တွေ က ဆီတွေ ထွက်ပြီး ပြားကပ်ခြောက်သွေ့နေတာ။ အနံ့ကလည်း ကိုယ်တိုင်တောင် ပြန်ရနေ တာမို့ တခြားသူတွေ လည်း ကျော့ဆီက အနံ့ကိုရမှာ မလွဲ။ ဟော… မျက်နှာ ကိုကြည့်ဦးမလား။ အမြဲတမ်း ပင်ပန်းပျာယာခတ်နေပြီး ချွေးတရွှဲရွှဲမို့မျက်နှာက အဆီတဝင်းဝင်း လက်နေတတ်တာ။ တစ်ခါတစ်ခါ ဝက်ခြံပေါက်ရင်တော် တော် နဲ့ မပျောက်နိုင်။ ဝက်ခြံပေါက်ရင် တော် တော် နဲ့ မပျောက်နိုင်။ ဝက်ခြံတွေ က အညှော် တွေ မိပြီး ဖူးယောက် လို့များ နေရင် ကြည့်ရက်စရာကို မရှိ။ နှုတ်ခမ်းကို ဆေးမဆိုး ဖြစ်တော့တာ ဘယ်လောက်ကြာခဲ့ပြီလဲ ဆိုတာ မှတ်တောင်မမှတ်မိချင်။ နှုတ်ခမ်းဆိုးဆေး အသစ်မဝယ် ဖြစ်တော့ တာကိုပဲ ဖြစ်။ Skin Care မသုံး၊ မိတ်ကပ်မသုံး၊ မျက်နှာပြောင်သလင်းနဲ့ ကျော့။ body spray တို့၊ ရေမွှေးတို့ deodorant တွေ သုံးလေ့မရှိတတ်တဲ့ကျော့၊ ကလေးနှစ် ယောက် ရဲ့ တာဝန်၊ ခင်ပွန်းရဲ့ တာဝန်တွေ ကြားမှာ ပဲ စုံးစုံးမြုပ်မတတ်နွံနစ်နေခဲ့တဲ့ ကျော့ရဲ့ ရလဒ်ဟာ နောက်ဆုံးကျတော့ ခင်ပွန်းက စွန့်ပစ်ချန်ထားခဲ့ချင်စရာ စက္ကူစုတ်တစ်စလို ဘဝမျိုးတဲ့လား…။ ဟင့် အင်း…။ အဲဒီ လို မ ဖြစ်စေရပါ။ ကျော့ သူ့ကို အရမ်းချစ်ပါတယ်။ သူ ဘယ်လောက်ပဲ တစ်ကိုယ်ကောင်းဆန်ဆန်၊ သူ့အတွက်ပဲ သူကြည့်ပြီး ကျော့အပေါ် သူ့ကိုချစ်နေဆဲပါပဲ။ ကျော့နံဘေးမှာ သူ့ကိုလိုအပ်နေဆဲပါပဲ။ သူ့ဆီက အလိုက်တသိ၊ ယုယ ကြင်နာမှု တွေ ကို တမ်းတမက်မောနေမိဆဲပါပဲ…။
သူစွန့်ပစ်ချိန်ထားရစ်ခဲ့တဲ့ ဘဝမှာ ကျော့ တစ်ယောက် အရူးမီးဝိုင်း ဆွေ့ဆွေ့ခုန်နေခဲ့ပြီးဘာလုပ်ရမှန်းမသိ။ နောက်တော့ ရုံးက သူငယ်ချင်း တစ်ယောက် ဆီမှာ အားကိုးတကြီးနဲ့ ဖွင့်ဟတိုင်ပင်တော့မှပဲ သူမက Facebookမှာ နာမည် ကြီးနေတဲ့ beautiful Wives Club ဆိုတဲ့ အဖွဲ့အကြောင်းကို သတင်းပေးခဲ့တာ။ အဲဒီ အဖွဲ့က မိန်းမချောလေးယောက် ပါဝင်ပြီး ကိုယ့်ခင်ပွန်းတွေ ကို ဘယ်လို အထာရသာဋ္ဌ်တွေ နဲ့ ဆွဲဆောင်သိမ်းသွင်းထားရမလဲ…ဆိုတဲ့ အိမ်ထောင်ရေး ပုစ္ဆာ တွေ ကို ကူညီဖြေရှင်းပေးနေတဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်တယ်လို့ ဆိုပါတယ်။ ရှင်းရှင်း ပြောရရင် ကျော့မှာ facebook လုပ်ဖို့အချိန်ဆိုတာမရှိခဲ့။ ခုတော့ ဘဝအရေး နဲ့ ချီလာပြီမို့ သူငယ်ချင်း ညွှန်ကြားသင်ပြတဲ့အတိုင်း Facebook Account တစ်ခုက မန်းကတန်းဖွင့်ပြီး beautiful wives club ဆီ အားကိုးတကြီး အကူအညီတောင်းမိ တော့တာပါ။ ဘာမှ မကြာ…။ အဲဒီ အဖွဲ့က ချက်ချင်း စာပြန်ပြီး စီစဉ်ညွှန်ကြား လာတာမို့ ကျော့မှာ သူတို့ညွှန်ကြားတဲ့အတိုင်း စမ်းသပ်လိုက်နာကြည့်ရုံမှတပါး တခြားနည်းလမ်းမရှိတော့တာမို့ သူတို့ပြောသလို လုပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
“မေမေ…သားတို့ ကျောင်းနောက်ကျနေပြီ”
လို့ … သားကြီးက လာပြောမှ မှန်ရှေ့ကနေ ကမန်းကတန်း ခွာ..ဆလင်းဘတ်ဆွဲပြီး ကားဆီပြေးခဲ့မိတယ်။ သားနှစ် ယောက် က ကားပေါ်ကနေ ကျော့ကိုတအံ့တဩ အကြည့်တွေ နဲ့ ကြည့်နေတာကို ဂရုမစိုက်နိုင်အား။ စိတ်တွေ တဝေဝေတထွေထွေနဲ့ အိတ်ထဲနှိုက်ရှာနေတဲ့ ကားသော့ ဆီပဲ အာရုံကရောက်နေတာ။ သားတွေ က တခွိခွိ ရယ်သံနဲ့အတူ…
“မေမေ….မေမေ ဒီအတိုင်းရုံးသွားမလို့လား၊ ထမီလည်းမပါဘူး၊ အောက်ခံ စကပ်ကြီးနဲ့”
လို့ …ဆိုတော့မှ ကျော့ကိုယ့်ကိုယ်ကိုယ် ကပျာကယာ ငုံ့ကြည့်မိပြီး ဟိုက်ခနဲ အော်ရင်း အိမ်ပေါ်သုတ်ခြေတင်ပြန်ပြေးရပါတယ်။ ကဲ… ဖြစ်ပုံကိုသာ ကြည့်တော့။ စိတ်တွေ ဘယ်လောက် ယောက် ယက်ခတ်ထွေပြားနေပြီလဲဆိုတာ။ ရုံးသွားဖို့ ထမီ တောင် မပါချင်တော့။ အခန်းထဲ ပြန်ဝင်ပြီး ထမီတစ်ထည်ကမန်းကတန်း ကောက်စွပ်ပြီးမှ ကားပေါ်တက် မောင်းထွက်လာခဲ့ရပါတယ်။ သားနှစ် ယောက် ကို ကျောင်းပို့ခဲ့ပြီးတာနဲ့ရုံးကို ဖုန်းလှမ်းဆက်ပြီး ဖျားနာခွင့်ကို မတင်စဖူး ပထမဆုံးအကြိမ် တင်လိုက်မိတယ်။ ကျော့ကိုယ်ကျော့အတွက် အချိန်ယူ ပြင်ဆင်ရဦးမယ်လေ။ ကိုယ့်ခင်ပွန်း တစ်ယောက် လုံးကို အဆုံးရှုံးမခံနိုင်သေးတော့ ကိုယ့်ဆီပြန်လာအောင် တတ်နိုင်သမျှ နည်းနာနိသယျတွေ နဲ့ ကြိုးစားအားထုတ်ရပါဦးမယ်။
ရန်ကုန်မြို့မှာ Beauty Spa တွေ ဘယ်နေရာကောင်းမှန်းလည်း ကျော့မသိ။ စိတ်လည်း မဝင်စားခဲ့။ သူငယ်ချင်းကို မေးကြည့်တော့ စမ်းချောင်းထဲက မဉ္ဇူက နာမည် ကြီးသတဲ့။ ဆိုင်ရှိတဲ့နေရာကို ညွှန်ပေးလိုက်တာမို့ သူမညွှန်တဲ့အတိုင်း စမ်းချောင်းထဲက နာမည် ကြီးမဉ္ဇူ Beauty Salonဆီရောက် သွားပါရော။ ကံကောင်းချင်တော့ အရမ်း သဘောကောင်းတဲ့ ဆိုင်ပိုင်ရှင်မမနဲ့ တန်းတန်းမတ်မတ်တွေ့ ခွင့်ရတာ ပါ။
“ညီမလေး ဘာလုပ်ချင်လို့လဲ၊ ဘာလုပ်ပေးရမလဲဟင်”
“အစ်မရယ်… ဖြစ်နိုင်ရင်တော့အားလုံးပြောင်းပေးပါနော်၊ပိုက်ဆံကုန်ချင်သလောက်ကုန်ပါစေ”
လို့….ကျော့က ပြောတော့ မမက အားပါးတရပြုံးပြီး…
“ဪ…ဒီလိုလား၊ စိတ်ချ ညီမလေးရေ၊ ဆံစ,ကနေ ခြေဖျားထိ လုံးဝ ပြောင်းလဲသွားစေရမယ်၊ အိမ်ကလူတောင် မမှတ်မိဘဲ ဖြစ်သွားဦးမယ် သိလား၊ ကဲ ဖြိုးရေ… ဒီညီမလေးကို ဆံပင်ညှပ်မယ်၊ ကာလာဆိုးမယ်၊ မျက်နှာပေါင်းတင်မယ်၊ တစ်ကိုယ်လုံးပေါင်းတင်မယ်၊ ခြေသည်း လက်သည်းတွေ အလှခြယ်မယ်၊ သေသေချာချာ စပါယ်ရှယ်လုပ်ပေးနော် သမီး၊ ပုံစံ လုံးဝပြောင်းပြီး လန်ထွက်သွားပစေ”
လို့..ဆိုပါတယ်။ မဉ္ဇူဆိုင်တွေ က နာမည် အရမ်းကြီးပါတယ်။ စမ်းချောင်းထဲမှာ တင် ဆိုင်ခွဲတွေ လည်း များ သလောက် ဖွင့်သမျှ ဆိုင်တိုင်းမှာ လည်း လူတွေ ကစည်ကားနေတာဆက်ဆံရေး ကောင်းလွန်း၊ သဘောကောင်းလွန်းလို့ကို ဖြစ်မှာ ။ ကျော့မှာ စိတ်ကို အတတ်နိုင်ဆုံး လျှော့ထားလိုက်ပြီး မျက်လုံးကလေးတွေ မှိတ်ထားပြီး ငြိမ်ငြိမ်သက်သက် ခံယူပါတယ်။ တစ်နေ့ကို ကုန်တာပါပဲ…။ သားတွေ ကျောင်းကြိုအမီပြီးသွားလို့ တော် ပါသေးရဲ့ ။ အားလုံးပြီးသွားချိန်မှာ ကျော့ကိုယ်ကျော့ မှန်ထဲကြည့်မိတော့ ခါတိုင်းလို ပင်ပန်းရုပ်ဆင်နေတဲ့ ငြီးငွေ့စရာ ခပ်တုံးတုံး မိန်းမ တစ်ယောက် နေရာမှာ ခေတ်မီနုပျိုလန်းဆန်းတဲ့ မိန်းမ တစ်ယောက် အ ဖြစ်ပြောင်းလဲအသက်ဝင်လို့ပေါ့။ ဆိုင်ရှင်မမက ကျော့ကို မိတ်ကပ်လိမ်းနည်းက အစ သင်ပေးလိုက်ပါတယ်။
“အဝတ်အစား အပြင်အဆင်လေးပါ ညီမလေးပြောင်းပစ်လိုက်၊ ရိုးရိုးတုံးတုံးကြီး မဝတ်နဲ့၊ ကိုယ့်မျက်နှာကလေးက လှပြီးသား၊ Shopping mallတွေ မှာ လှည့်ပတ်ကြည့်၊ ကိုယ့်အရွယ် သူများ တွေ ဘယ်လို ဝတ်ကြသလဲ မသိမသာ ကလေးလေ့လာပေါ့၊ ရိုးရိုးရှင်းရှင်းနဲ့ လှတဲ့ဒီဇိုင်းလေးတွေ အများ ကြီးပါ ညီမရဲ့ ၊ ဆိုင်တွေ မှာ လည်း တချို့က အကြံပေးတတ်ကြပါတယ်၊ ကိုယ်နဲ့လိုက်မှာ လေးတွေ ရွေးဝတ်ကြည့်ပေါ့၊ ဆိုင်ကိုလည်း နှစ် ပတ်တစ်ခါလောက် လာပေါ့ ညီမရယ်၊ ဆံပင်တို့ အသားအရေတို့ဆိုတာ ပုံမှန်ဂရုစိုက်ပေးနေမှ အသွေးအမွေး ပြောင်းလဲတာ”
စသဖြင့် စိတ်ရှည်လည်ရှည် အကြံတွေ ပေးပါသေးတယ်။ ကျော့ဆံပင်လေးတွေ မဟော်ဂနီရောင် ပြောင်နေပြီး အထပ်ထပ်အဖွာဖွာကလေးတွေ မို့ ကြည့်လို့တော် တော် ကောင်းပါတယ်။ နှုတ်ခမ်းအဆီ အရောင် ရွှဲရွှဲကလေးနဲ့ မျက်နှာပေါ်မှာ မိတ်ကပ်ပါးပါးကလေးတင်ပေးလိုက်သလို မျက်လုံးကိုလည်း ခပ်ပါးပါးခြယ်၊ မျက်တောင်ဆိုးဆေး နက်နက်ကလေးနဲ့ကော့ပေးလိုက် တဲ့အခါ ခါတိုင်းလို မှု န်သီမှု န်ရီ မျက်ဝန်းမှု န်ဖျော့တွေ နေရာမှာ ရွှန်းစိုတောက်ပတဲ့ မျက်ဝန်းလက်လက်တစ်စုံ ဖြစ်လာခဲ့တာမို့ ကျော့မျက်နှာက ချက်ချင်း လင်းလက်လှပသွားသလို…။ တခြားသူမပြောနဲ့။ သားတွေ ကို သွားကြိုတော့ သားတွေ ကတောင် တအံ့တဩ…။
“ ဟာ….မေမေ အရမ်းလန်းနေပါလား၊ သားတို့တောင်မမှတ်မိဘူး”
လို့ ….ဆိုကြတယ်။ ကျော့ အသာပြုံးမိတယ်။ ဒါဟာ ပြောင်းလဲခြင်းရဲ့ အစ ဆိုပါစို့ ။ ရုပ်ပိုင်းဆိုင်ရာ အပေါ်ယံပြောင်းလဲခြင်းတွေ နဲ့ တင် မလုံလောက်သေးဘူးလေ။ ကျော့ရဲ့ စိတ်တွေ ကိုလည်း ပြင်ရမယ်။ လူ့ဘဝက တိုတိုကလေးရယ်။ နေခွင့်ရတဲ့ အခိုက်အတန့်ကလေးမှာ ကိုယ်ချစ်တဲ့ခင်ပွန်းရယ်၊ သားတွေ ရယ်နဲ့ ပျော်ပျော်ရွှင်ရွှင် နေသွားချင်တယ်လေ…၊ တစ်ယောက် တည်း ဒိုင်ခံ တာဝန်တွေ ယူပြီး အလုပ်တာဝန်တွေ ရဲ့ ဖိစီးမှု တွေ စုခံယူပြီး လင်ယောက်ျားနဲ့သားတွေ အပေါ် ပြစ်တင် ငြူစူမိခြင်းရဲ့ ရလာဒ်ဟာ မလှပတာကို သိခဲ့ပြီလေ။ ဒါကြောင့် သူတစ်ပါးကို ပြင်ယူဖို့ထက် ကိုယ့်ကိုယ်ကိုယ် အရင်ပြင်ဆင်ဖို့ ကျော့ ကြိုးစားရပါမယ်။ အဲဒီ အတွေးကို ကျော့ဆီရောက်အောင် သွယ်ဝိုက်ပြီး ပို့ဆောင်လမ်းပြပေးခဲ့သူတွေ ကတော့ ဇနီးချောများ အဖွဲ့ဆိုပါတော့လေ။
တစ်ပတ်လောက် အချိန်ယူပြီး ကျော့ရဲ့ စိတ်ကိုပြင်ဆင်ယူရပါတယ်။ အဝတ်အစား ဒီဇိုင်းကိုလည်း သပ်သပ်ရပ်ရပ်၊ လှလှပပကလေးတွေ ဝယ်ဝတ်တယ်။ မျက်နှာကလေး နဲ့ ဆံပင်ကို အချိန်ပေးပြီး ပြင်ဆင်တယ်။ ပူပင်သော ကတွေ ၊ စိုးရိမ်စိတ်တွေ ၊ ငြူစူပြစ်တင်စိတ်တွေ ကို အဝေးကို လွှင့်ပစ်လိုက်တယ်။ အဲဒီ စိတ်တွေ အဝင်မခံတော့ဘူးလေ။ အကျိုးမှ မပေးတာ။ အဲဒီ တော့ ဝင်လာတာနဲ့ မောင်းထုတ်ပစ်လိုက်တယ်။ ကိုယ့်ကိုယ်ကိုယ် စိတ်ချမ်းသာအောင်ထားတယ်… ။ ပျော်ပျော်နေတယ်။ သားတွေ နဲ့ ရောရောနှောနှော၊ ရယ်ရယ်မောမော စကား တွေ ပြောတယ်။ သူတို့ကို ကစားကွင်းတွေ ဆီ လိုက်ပို့ပေးတယ်။ ယောက်ျားပြန်မလာတဲ့အတွက် နေနိုင်ရက်လေခြင်း၊ ရက်စက်လိုက်လေခြင်း ဆိုပြီး ဒေါမနဿတွေ ပွါးပြီး စိတ်ဓာတ်ကျ မနေချင်ဘူး။ ခုချိန်မှာ ကျော့ကိုယ်ကျော့ ပြုပြင်ပြောင်း လဲကြည့်နေတာလေ။ ရင်ဆိုင်ဖို့ အဆင်သင့် ဖြစ်ပြီဆိုတဲ့ တစ်နေ့မှာ ကျော့ သူ့ဆီသွားမယ်။ လောကဓံဆိုတာ ပြက်လုံး တစ်ခု လိုပဲ သဘောထားတယ်ကွယ်ဆိုတဲ့ မျက်နှာထားမျိုးနဲ့ကို သူ့ဆီသွားမှာ ပါ။ သူ ပစ်ထားခဲ့တော့ မှာ လားဆိုတဲ့ အားငယ်နိမ့်ကျတဲ့ နာကျင်စိတ်၊ ငါ့မှာ တော့ တစ်ယောက် တည်း၊ သူကျတော့ အငယ်လေးဆီမှာ သွားပြီး စည်းစိမ်ယစ်မူး အပျော်ရှာနေတယ်လို့လည်း အပြစ်တင်ချင် စိတ်မရှိချင်တော့။ ဖြစ်လာသမျှကို အကောင်းဆုံး ရင်ဆိုင်မယ်ဆိုတဲ့စိတ်ကိုပဲ မွေးပါတယ်။
တကယ်တမ်းကျတော့ ကျော့သူ့ကို တကူးတကကြီး သွားတွေ့ စရာတောင်မလိုခဲ့ပါဘူး။ မမျှော်လင့်ဘဲ ပက်ပင်းကြီး သွားတွေ့ ခဲ့တာပါ။ ကန်တော် ကြီး မျှော်စင်ကျွန်းထဲမှာ စတေ့ရှိုးပွဲ ရှိတာမို့သားတွေ က ကြည့်ချင်လှချည့်ဆိုလို လိုက်ပို့မိတာပါ။ သူ့ကို ကျော့က အရင်စမြင်တာ။ သူ့ဘေးနားက လန်ထွက်နေတဲ့ ဒီဇိုင်းအမိစားနဲ့ ခပ်ငယ်ငယ် ကောင်မလေး တစ်ယောက် ကို လက်ချင်းဆွဲဆုပ်ထားတာ မြင်လိုက်ရတော့ ရင်ထဲကိုကျဉ်စက်နဲ့ အတို့ခံလိုက်ရသလိုပဲ ဆတ်ဆတ်ခါ နာသွားတာလေ။ ချက်ချင်း ကို မျက်ဝန်းတွေ ပြာဝေပြီး မိုက်ခနဲ ဖြစ်သွားမိတာ။ ကဆုန်ပေါက်သော င်းကျန်း ရိုင်းပျချင်တဲ့ စိတ်ရိုင်းကြီးက ဗြုန်းခနဲ ချက်ချင်း ဝင်လာသေးတာ။ အဲဒီ ကောင်မလေးကို ခပ်ကြမ်းကြမ်း ရိုက်နှက် အရှက်ခွဲပစ်လိုက်တာ။ ဒါပေမယ့်အလွတ်ရမတတ် အကြိမ်ပေါင်းများ စွာ ဖတ်ထားခဲ့ပြီး…ရင်ထဲစွဲနေတဲ့ ဇနီးချောများ အဖွဲ့ရဲ့ သတိပေးစကား လေးတွေ က အစီအရီ ပေါ်လာခဲ့တာ။ “ပြဿနာ အားလုံးကို ခေါင်းအေးအေး သွေးအေးအေးနဲ့ ပညာသားပါပါ ဖြေရှင်းမယ်လို့ တွေးထားလိုက်နော်” ဆိုတဲ့စကား။ “သူ့ဆီက အံ့ဩမှု ကို မြင်ရတဲ့အခါ သူ့ကို အလှဆုံး ပြုံးပြလိုက်ပါ။ အဲဒီ အချိန်မှာ သူ့ကို အပြစ်တင်တဲ့စကား ငြူစူဆောင့်အောင့်မိတဲ့ စကားမျိုးယောင်လို့တောင် မထွက်မိစေနဲ့ကွယ်…” ဆိုတဲ့ စကား။ သူ့ကိုချစ်တဲ့အကြောင်း ဘယ်လောက်လိုအပ်တဲ့အကြောင်းနဲ့ ကျော့ကို နားလည်ခွင့်လွှတ်ပေးဖို့ ပြောလိုက်ပါ။ သူရှက် သွားပါလိမ့်မယ်… ဆိုတဲ့စကားတွေ ကို ကိုယ့်ဘာသာကိုယ် စိတ်ထဲကနေ ရွတ်နေခဲ့မိတာ။ အဖိုးတန်သလောက် လိုက်နာဖို့ သိပ်ကိုခက်ခဲတဲ့ စကားတွေ ဆိုတာ ကျော့အသိဆုံးပါ။ ဒါပေမယ့် ဒီအချိန်လေးဟာ ကျော့ဘဝ တစ်ခုလုံးအတွက် သိပ်အရေး ကြီးတဲ့အချိန် တဒင်္ဂကလေး ဖြစ်မှန်းလည်း ကျော့ရိပ်မိတယ်လေ။ ကျော့ ဘာလုပ်မလဲ…သူ့ကိုစွန့်လွှတ်မလား၊ ပြန်သိမ်းသွင်းယူမှာ လား။ စွန့်လွှတ်မယ်ဆိုရင်တော့ အခုအချိန်မှာ ဘာကိုမှ မငဲ့ညှာ၊ မထောက်ထားတော့ဘဲ လုပ်ချင်တာသာလုပ်ပစ်လိုက်တော့။ သူ့ကို ကိုယ့်ဆီပြန်လာစေချင်တယ်ဆိုရင်တော့ ကျော့ရဲ့ စိတ်တွေ ကို ဟိုးမြေကြီးထိ အစွမ်းကုန်သာလျှော့ချပစ်လိုက်တော့လို့ ကိုယ့်ကို ကိုသတိကြီးစွာ ထားနေရင်း သူက လှမ်းအကြည့်၊ သူနဲ့ မျက်လုံးချင်းဆုံစဉ်မှာ ကျော့တစ်ကယ်ပဲ အလှဆုံးပြုံးပြလိုက်မိသား ဖြစ် သွားပါတော့တယ်။ ကြောင်အမ်းသွားတဲ့ သူ့မျက်နှာဆီက အပြောင်းအလဲကိုလည်းကျော့ မြင်လိုက်ရတယ်။ သူ့လက်တွေ ကို မိန်းကလေးဆီကနေ ချက်ချင်း ရုတ်သိမ်းပစ်လိုက်တာကိုပဲ ကျော့ကျေးဇူးတင်လိုက်မိပါတယ်။ ခုတော့ လောကဓံက သင်ပေးတဲ့ ပညာအရ သူ့ကျေးဇူးကို ရှာကြံတင်တတ်ဖို့ကျော့ သင်ယူခဲ့ရပြီလေ။ ကိုယ့်ယောကျာ်းက ကိုယ့်ကို အမြဲချစ်နေဖို့၊ လိုအပ်နေဖို့ဆိုတာ အဲဒီ မိန်းမရဲ့ ကံနဲ့မဆိုင်ဘူး။ သူမရဲ့ လိမ္မာပါးနပ်မှု နဲ့ ပညာသားပါမှု က ပိုအရေး ပါမှန်း ဇနီးချောများ အဖွဲ့ဆီကနေ သိခွင့်ရခဲ့ပြီကိုး။
သားနှစ် ယောက် လည်းသူ့ကိုမြင်သွားခဲ့ပြီ။ မအေဘာများ ပေါက်ကွဲသော င်းကျန်းတော့မလဲ ဆိုတဲ့စိုးရိမ်ပူပန်ပုံမျိုးနဲ့ တော် တော် ထိန်းချုပ်ယူရတာ ပါ။ သူက သူ့ကောင်မလေးကို တစ်ခုခုပြောပြီး ကျော့တို့ဆီ လှမ်းလာခဲ့တယ်။ ကောင်မလေးက ကျော့ဆီခပ်စူးစူး တစ်ချက်ကြည့်ပြီး ချာခနဲလှည့်ထွက် ရှောင်ထွက်သွားတယ်။ အင်း…ဒီလိုပဲ ဖြစ်ရမှာ ပေါ့လေ။ တဖြည်းဖြည်း နီးလာတဲ့ သူ့ကိုတော့ ငေးကြည့်နေမိတယ်။ ပြီးတော့ကျော့ကပဲ စကားစ,လိုက်တာပါ။
“သားတွေ က စတေ့ရှ်ရှိုးကြည့်ချင်တယ်ဆိုတာနဲ့ လာပြတာလေ ၊ ကိုနေကောင်းရဲ့ လား၊ အဆင်ရောပြေရဲ့ လား”
အဲဒီ စကားကို ကျော့ကိုယ်ကျော့ ပြောလိုက်မိမှန်းတောင် မယုံနိုင်။ သူကလည်း ကျော့ဆီကနေ ကြားရလိမ့်မယ်လို့မျှော်လင့်မထားတာမို့ သူတော် တော် အရှိုက်ထိသွားပုံပေါ်တယ်။
“ဪ …ဟို နေကောင်းပါတယ် ကျော့ရယ်၊ အဆင်ပြေတယ်လို့တော့မဟုတ်ပါဘူးကွာ”
သူ့အသံမှာ အပြစ်ရှိသူ တစ်ယောက် လို ခပ်တိုးတိုးပါ။ ဒီအချိန်မှာ မှ ကျော့ပညာသားမပါရင် နောင်ဘယ်တော့မှ သူ့ကို ဆွဲဆောင်စည်းရုံးနိုင်တော့မယ်မထင်။ နှုတ်ဆွံ့လေးကွေးနေပေမယ့် ကျော့ စွတ်ပြောချပစ်လိုက်တယ်။
“ကျော့ကို နားလည်ခွင့်လွှတ်ပေးပါ ကိုရယ်၊ ကျော့အပြစ်တွေ လည်း မကင်းပါဘူး၊ ကို့အပေါ် အပြစ်တွေ တင်ခဲ့မိတယ်၊ စွပ်စွဲခဲ့မိတယ်၊ သားတွေ က ကိုယ့်ကို အရမ်းလွမ်းနေကြပြီ၊ကိုယ်ဘယ်တော့ ပြန်လာမှာ လဲလို့ မေးနေကြတာ၊ ကျော့လည်း မျှော်လင့်နေတာပါပဲ ကိုရယ်”
သူမျက်နှာမထားတတ်အောင် အနေရခက်ခဲသွားဟန်ကို ကျော့က ရှင်းရှင်းကြီး မြင်နေရတာ ပါ။
“ကိုယ်လည်းပြန်လာချင်တာပေါ့ကျော့ရယ်၊ ကျော့လက်မခံမှာ လည်းစိုးတော့ အပြန်ရခက်နေလို့ပါ”
“ဪ ကိုကလည်း ကိုယ့်အိမ်ကိုယ်ပြန်လာတာပဲကွယ်၊ အချိန်မရွေး ပြန်လာခွင့်ရှိပါတယ်၊ ကျော့တို့က မိသားစုပဲဟာ၊ ပြီးတော့ဒီဘဝလေးကို လွယ်လွယ်ကူကူနဲ့ တည်ဆောက်ခဲ့တာမဟုတ်ဘူးလေ၊ ကျော့နဲ့ကိုယ် ဆိုတာမိဘတွေ သဘောတူပေးစားခဲ့တဲ့ လင်မယားတွေ လည်း မဟုတ်ဘူး၊ တစ်ယောက် နဲ့ တစ်ယောက် ချစ်လို့ မြတ်နိုးလို့ ယူထားခဲ့ကြတာဆိုတော့ ဘာမဟုတ်တဲ့ ပြဿနာကလေးနဲ့လည်း ကိုယ့်အိမ်ထောင်ကိုအပြိုကွဲမခံနိုင်ဘူးလေ”
ကျော့လေ ကိုယ့်ကိုယ်ကို ဘယ်တုန်းကမှ အခုလောက်ကျေနပ်အားရမိတာမျိုး ၊ မ ဖြစ်ခဲ့ဖူးပါဘူး ။ဒီစကားတွေ ကို ဒီလိုပညာသားပါစွာ နဲ့ လိမ္မာယဉ်ကျေးစွာ ပြောနိုင်လိမ့်မယ်လို့ ထင်ကိုမထင်ထားခဲ့တာပါ။ နောက်ဆုံးတော့မိန်းမသားတွေ ရဲ့ အထိရောက်ဆုံးလက်နက်ဟာ အချိုမြဆုံး နှုတ်ခမ်းကလေး တစ်စုံဆီကနေ ထွက်လာမယ့် နူးညံ့သိမ်မွေ့ပြီး ပါးနပ်ချိုသာတဲ့ စကားတွေ ပဲဆိုတာ ကျော့ ချက်ချင်း ကို နားလည်လိုက်ရတာ ပါ။ သူ့မျက်နှာဟာ ရုတ်ချည်း သိမ်မွေ့နူးညံ့သွားသလို ၊ ရှက်သွားဟန်လည်း ပေါ်တယ်။
“ကျော့ကိုယ့်ကို ခွင့်လွှတ်တယ်ပေါ့… ဟုတ်လား ကျော့ရယ်”
“ခွင့်လွှတ်ပြီးသားပါကိုရဲ့ ၊ ကျော့ရဲ့ အချစ်တွေ က ကို့ကို ခွင့်လွှတ်ပြီးသားပါ၊ လူတိုင်းဘယ်သူမှ အမှားမကင်းပါဘူးကိုရယ်၊ မှားတာကို အမှားလို့ သိပြီး လက်ခံပြီး အမှန်ပြင်နိုင်တယ်ဆိုတာ သူရဲကောင်းတစ်မျိုးပါ၊ လူတိုင်းမှာ ဒုတိယအခွင့်အရေး ဆိုတာတော့ ရှိသင့်တာပဲ”
“ဖေဖေ ဘယ်တော့အိမ်ပြန်လာမှာ လဲဟင်”
လို့ သားကြီးက ဝင်မေးတယ်။ သူက သားကြီးရဲ့ ခေါင်းကိုလှမ်းကိုင်လှုပ်ခါပြီး…
“ဖေဖေ ခုပဲလိုက်ခဲ့မှာ ပေါ့ သားကြီးရ၊ သားမေမေက ခေါ်ရင်ပေါ့”
ကျော့ရင်ထဲ တလှပ်လှပ် ဖြစ်လာပြီး၊ သူ့ကိုပြုံးပြခေါင်းညိတ်မိတယ်။
“ခေါ်ပြီးသားပါ ကိုရယ်၊ အချိန်မရွေး အမြဲတမ်း welcome ပါ”
သူကကျော့ကိုပြုံးပြီး ကြည့်တယ်။ ခါတိုင်းလို ခေါင်းစုတ်ဖွားနဲ့နံစော်စော်မဟုတ်ဘဲ personality ပြောင်းနေတဲ့ ကျော့ကို အံ့ဩနေပုံလည်းရတယ်။ ကျော့တို့မိသားစုလေးယောက် အတူတူ အိမ်ပြန်ခဲ့တဲ့ညနေခင်းလောက် စိတ်လှုပ်ရှားစရာ ပျော်စရာကောင်းတာမရှိတော့ဘူး ထင်တာပဲကွယ်။ ပထမအဆင့် အောင်မြင်ပြီဆိုရင် ၊ ကျန်တဲ့အဆင့်တွေ ဟာ ကျော့အတွက် အခက်အခဲမရှိတော့ပါဘူးလေ။ မိန်းမ တစ်ယောက် ဟာ ကိုယ့်ယောက်ျားကို ချည်နှောင်ထိန်းချုပ်ထားဖို့ ပညာတွေ အများ ကြီး တတ်စရာမလိုပါဘူး။ ကိုယ်လိုချင်တာကို ညင်သာပျော့ပျောင်းတဲ့နည်း၊ လိမ္မာပါးနပ်တဲ့နည်းနဲ့ ရယူတတ်ဖို့သာ လိုတာပါလေ။
![]() နှလုံးသားကို ဝတ်ရုံချုပ်ဝတ်ထားတဲ့ ချစ်သူ | ![]() ရွှေလိုလူ | ![]() ဆယ်ကျော်သက်ရဲ့ ဒိုင်ယာရီနှင့် ၀တ္ထုတိုစုစည်းမှု |