အခန်း(၁)
မိန်းမတစ်ယောက်၏ မာန်မာနဖြင့် တင်းမာတောက်ပြောင်နေခဲ့သော မျက်နှာ . . .မီးလျှံဖိတ် ဖိတ်လက်သလို စူးလက်ပြင်းရှသော မျက်လုံး . . .. ပြည့်တင်းခက်ထန်သော နှုတ်ခမ်းတို့သည် အဘယ့်ကြောင့် ဤမျှ ပြတ်သားထင်ရှားလှပစွာ လှပနေရတာ ပါလိမ့် . .. ဟု သူ အကြိမ်ကြိမ် တွေးခဲ့မိ ဖူးပါသည်။
တက္ကသိုလ်တစ်ခုလုံးတွင် သူမ၏ သတင်းမှာ မယုံနိုင်လောက်အောင်ပင်ကျော်ကြားလှပါ သည်။ အလှဂုဏ်သတင်းရော၊ မာနဂုဏ်သတင်းရော ၊ သူမတူအောင် ရက်စက်ပြတ်သား ဂုဏ်သတင်းရော . .. စသည်ဖြင့် လူတိုင်း၏ စိတ်အာရုံတွင် သူမက စိုးမိုးနိုင်ခဲ့သည်။
သူမတွင မြားအစင်းစင်းပေါင်း မရေတွက်နိုင်လောက်အောင် ပိုင်ဆိုထားခဲ့ပြီး . … ထိုမြားတိုင်းတွင် ပြင်းထန်သော အဆိပ်တစ်မျိုး ကိန်းဝပ်မြဲ ဖြစ်သည်။ သူမကို ချဉ်းကပ်မိသမျှ ယော က်ျားတိုင်းသည်လည်း သူမ၏ ထိုမြားချက်အောက်တွင် လူးလှိမ့်နေသော ခံစားရမြဲ ဖြစ်ခဲ့၏ ။
အဆိပ်ရှိကြောင်း သိသိနှင့်ပင် အဲ့ဒီအဆိပ်မြားရှိရာ စီရင်အုံကိုဖွင့်ကာ တည့်တည့်ဝင်တိုးကြ သော ယောက်ျားတိုင်းသည် ဤတက္ကသိုလ် ပရ၀ုဏ်တွင် မရေတွက်နိုင်လောက်အောင် ရှိခဲ့သည်။
အဲဒီ့ ယောက်ျားတွေထဲတွင် သူက ခေါင်းအမာဆုံး၊ ဇွဲအကောင်းဆုံး၊ သူမ၏ အဆိပ်မှန်သမျှကို အသင့်ခံနိုင်ဆုံး လူတစ်ယောက် ဖြစ်ခဲ့သည်။ သေရာပါဒဏ်ရာတစ်ခု မရမချင်းပင် သူသည် သူမကို ချစ်ခင်တပ်မက်စိတ်တို့ဖြင့် အရူးအမူး နင့်သီးနေခဲ့လေသည်။
သူနှင့် သူမသည် မေဂျာချင်း မတူကြသော်လည်း သူသည် သူမအတန်းများ ဆီသို့သာ မှန်မှန် တက်မြဲ။ သူမ သွားလေရာနောက် ထက်ကြပ်မကွာလိုက်ကာ သူမ၏ မာန်မာနဖြင့် လှပသော အလှကို ခံစားရူးသွပ်ခဲ့တာ ဖြစ်သည်။
ထို့ကြောင့် သူမ၏ အဆိပ်မြား အပစ်ခံရသမျှ ယောက်ျားတိုင်း ကျဆုံးသွားရတာ ကိုတွေ့တိုင်း သူ တုန်လှုပ်သွေးပျက်ရမြဲ ဖြစ်ခဲ့သည်။ သို့သော် . .. သူမ အပေါ်တွင် အကြောက်တစ်မျိုး ကိန်းဝပ်နေ သည့်ကြားမှပင် သူ စွဲစွဲမက်မက် ချစ်ခင်စုံမက်နေခဲ့သည်။
တကယ်တော့ဂျူးလိယက်လိုဖြောင့်စင်းနူးညံ့သော ဆံပင်ပျော့ပျော့ ရှည်ရှည်များ နှင့် သူမမျက် နှာသည် လုံးဝမလိုက်ဖက်ချေ။ သူမ မျက်နှာပေါ်တွင် သိမ်မွေ့ပျော့ပျောင်းသောအရာ တစ်ခုမှ မရှိခဲ့။
သူမသည် စိတ်လိုက်မာန်ပါနိုင်သော ခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်း မိန်းမတစ်ယောက်သာ ဖြစ် သည်။ နောက်ဆုံးပေါ်ကားကို ကိုယ်တိုင် ခပ်ကြော့ကြော့မောင်းလျက် ဘယ်သူ့ကိုမှ လူမထင်သော မျက်နှာသည် အစဉ်အမြဲ မော့၍ ချီနေတတ်ကာ သိပ်ပြုံးလေ့မရှိ။ သူမ ပေါင်းသမျှ အပေါင်းအသင်းတိုင်းကလည်း သူမလိုပင် တစ်ပုံစံတည်း ထွက်နေသည်။
တော်ယုံယောက်ျားတစ်ယောက်သည် သူမတို့အုပ်စုနားသို့ ယောင်၍ ပင် မရစ်သီရဲ။ ချဉ်းကပ် သော ယောက်ျားတိုင်းကလည်း သူမတို့ထက် အဆင့်အတန်းနိမ့်ကျသော၊ တော်တော် သတ္တိရှိသော ယောက်ျားမျိုးသာ ဖြစ်လေသည်။
သူသည် သူမနောက်မှ တကောက်ကောက်လျှောက်လိုက်မိရုံကလဲပြီး . .. သူမနှင့် တိုက်ရိုက် ထိတွေ့ခြင်း မရှိခင် သူမကို ချဉ်းကပ်ကြသော ယောက်ျားတိုင်း၏ ရလဒ်များ ကို အရင်လေ့လာခဲ့ရသည်။
ရလဒ်များ ကတော့ ကောင်းသော ရလဒ်များ မဟုတ်ခဲ့ပေ။ သူက သူမနှင့် မလှမ်းမကမ်းမှာ မမြဲရှိခဲ့သောကြောင့် သူမ၏ ရင့်သီးသော တုံ့ပြန်ချက်များ ကိုလည်း မြင်တွေ့ခဲ့ဖူးသည်။
ဥပမာ ဆိုပါစို့ . . .။ သူမတို့ ထိုင်နေသော စားပွဲဝိုင်းဆီသို့ ယောက်ျားတစ်ယောက် ချဉ်းကပ် လာပြီ ဆိုပါစို့။ သူမ၏ တုံ့ပြန်ပုံကို စောင့်ကြည့်ပါ . .. ။
“ဘာကိစ္စလဲ . . .ဘာလာလုပ်တာလဲ …”
သူမရဲ့ ခပ်ထန်ထန်၊ ခပ်ဆတ်ဆတ် အသံက ထွက်ပေါ်လာမည်။ ချဉ်းကပ်လာသော ယောက်ျားက နည်နည်းတော့ ရှိန်သွားမည်။
“ဟိုလေ . . . .ကျွန်တော် မက်မုံပွင့်နဲ့ ခင်မင်ရင်းနှီးချင်လို့ပါ မိတ်ဆွေဖွဲ့ချင်လို့ပါ”
သူမ၏ မျက်လုံးများ စူးခနဲ လက်သွားကာ …
“မိတ်ဆွေဖွဲ့ရအောင် ကျွန်မတို့က မိတ်ဆွေရှာဖွေရေးအသင်းဖွဲ့ထားတာမှမဟုတ်တာ . . .ဘာမိတ်ဆွေမှမလိုချင်ဘူး ….ကျွန်မတို့က အူကြောင်ကြောင် ယေက်ျားတွေနဲ့ မိတ်ဆွေမဖြစ် ချင်ဘူး …ရှင်းတယ်နော် …. ရှင်ပြန်လို့ရပြီ”ဟု အေးစက်တင်းမာသော မျက်နှာဖြင့် ပြန်ဖြေလျှင် . .. တစ်ဖက်ယောက်ျားရင်ထဲ ဘယ်လောက်အောင့်သက်မျက်ရှသွားမလဲဟု သူမ ခန့်မှန်းကြည့်ပုံ မပေါ်ချေ။
“ဘာဖြစ်လို့ ဒီလောက်မာနကြီးရတာ လဲဗျာ . ..လူလူချင်းပါ . ..ပြီးတော့ ကျွန်တော် မိကောင်း ဖခင်သားသမီးတစ်ယောက်ပါ .. .တကယ်ခင်ချင်လို့ ရိုးရိုးသားသားလာမိတ်ဆက်တာပါ…”
“ကောင်းပြီ ၊ရှင့်အကြံကို ကျွန်မပြောပြမယ် ….ခင်ချင်လို့မိတ်ဆက်မယ်၊ ကျွန်မက ယဉ်ကျေး စွာ နဲ့ ခင်မင်ခွင့်ပေးလိုက်မယ် . .. ရှင်က တစ်ဆင့် ထပ်တပ်မယ် …ကျွန်မကို ပိုးပန်းမယ် .. . နောက် တော့ ချစ်တယ်ပြောမယ်. ..အဲဒါကြီးက အရှည်ကြီးပဲ . ..ကျွန်မအဲဒီ လောက် စိတ်မရှည်ဘူး…နော် …”
“အဲဒါကြောင့်ခုကတည်းက တိခနဲ ဖြတ်လိုက်တာ၊ ပြတ်ပြတ်သားသားပြောမယ် .. ..ရှင့်ကိုလည်း မခင်ဘူး . … ရှင့်မျက်နှာကိုလည်း နောက်ထပ်မတွေ့ချင်ဘူး …လာပြီးတော့လည်း စကားရောဖောရော လာမလုပ်နဲ့ …ဒါပဲ သွားတော့”ကျွန်မနှုတ်ခမ်းဖျားတွင် ဓါးသွားများ တပ်ဆင်ထားသလားမသိ။ အဲဒီ လောက် ပြတ်သားသော မိန်းမဖြစ်သည်။
နောက်တစ်မျိုး ချဉ်းကပ်သော ယောက်ျားတစ်ယောက်ကို သူမ တုံ့ပြန်ပုံကို ကြည့်ပါ။ သူမ ကျောင်းသို့ ကားနှင့်လာချိန်ကို စောင့်ကာ သူမ ကားပေါ်က ဆင်းတာနှင့် စာလိုက်ပေးသော ယောက်ျားတစ်ယောက်ကို သူမ တုံ့ပြန်ခဲ့ပုံမှာ
“မက်မုံပွင့် ကျွန်တော်ဒီစာလေး ပေးလိုက်ချင်လို့ပါ ယူသွားပေးပါနော်”
“ဘာစာလဲ။ ကျွန်မ စာဖတ်ဝါသနာမပါဘူး …လုပ်မနေနဲ့ ”
“ကျွန်တော့် ရင်ထဲက တကယ်ခံစားနေရတဲ့ စာပါဗျာ ဒီလိုတော့ မရက်စက်ပါနဲ့ ယူသွားပေး ပါ”
“မယူဘူးလို့ ပြောနေတယ်နော်၊ ကျွန်မ စကားနှစ်ခွန်း မပြောဘူး”
“မက်မုံပွင့် မယူမချင်း ကျွန်တော် လိုက်ပေးနေမှာ ပဲ ကျွန်တော် သန္နိဌာန် ချထားပြီးသား”
သူမကဘာမှမပြောတော့ဘဲ ကားပေါ်သို့ပြန်တတ် သွားပါသည်။ အဲဒီ နောက်တော့ သူမကို စာလိုက်ပေးသော ထိုယောက်ျားရှိရာသို့ ကားနှင့် ခပ်ကြမ်းကြမ်း မောင်းထွက်လာသဖြင့် ထိုယောက်ျားမှာ ကိုးရိုးကားရား ရှောင်ပြေးရလေသည်။ သူမကို စာပေးသူကို ကားနှင့်လိုက်တိုက်လို့ ဆိုသော သတင်းသည် တက္ကသိုလ်ထဲတွင် ဆူဆူညံညံ ပျံ့နှံ့သွားတော့သည်။ သူမက ဤသို့သော မိန်းမဖြစ်သည်။
ကျောင်းကော်ရစ်ဒါလို နေရာမျိုးမှာ သူမနောက်မှ လိုက်၍ စကားပြောသော ယောက်ျားတစ် ယောက်ကိုတော့ သူမမည်သို့ တုန့်ပြန်သည် ထင်ပါသနည်း …။
“ဒီမှာ ရှင်တကောက်ကောက်လိုက်ပြောနေတာ ကျွန်မ တော်တော်နားငြီးနေပြီနော်၊ ရှင် ပါးစပ်ပိတ်မလား မပိတ်ဘူးလား”
“မပိတ်ပါရစေနဲ့ မက်မုံပွင့်ရယ်၊ နှလုံးသားကပွင့်နေသမျှ… တို့ပါးစပ်ကလည်း ပွင့်နေမှာ ပဲ . .. တို့ တကယ်ပြောတာပါ . .. မက်မုံပွင့်က မာနလည်းအရမ်းကြီးတယ် . .. အရမ်းရက်စက်မောက်မာ တယ်လို့ နာမည်ကြီးနေပြီးလူတိုင်းကြောက်ကြပါတယ် တို့မှာ မနည်းရဲဆေးတင်ပြီး လိုက်ပြောရတာ ပါ တို့ကို ညှာတာပါနော်”
သူမ မျက်လုံးများ အေးခဲစူးသွားပြီး သိပ်မကြာခင်မှာ သူမကလွယ်ထားသော အိတ်ထဲမှ တစ်စုံတစ်ရာကို ထုတ်လိုက်ကာ . ..ထိုယောက်ျား၏ ပါးစပ်ဆီသို့ ထိုအရာနှင့် ခပ်ဆပ်ဆပ် ထိုးချပစ် လိုက်သည်။ ထိုယောက်ျားသည် နာကျင်စွာ ဖြင့် သူ့ပါးစပ် သူအုပ်ကာ ကျန်ရစ်ခဲ့သည်။ သူမကတော့ သူငယ်ချင်းများ နှင့် ခပ်တင်းတင်းထွက်သွားတော့သည်။ သူမ လုပ်ရပ်ကို မြင်လိုက်ရသော သူတိုင်းက သူမလုပ်ရပ်ကို ရက်စက်သည် ဟုဆိုကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုယောက်ျား၏ လက်ထဲတွင် ပါလာသောအရာမှာ သံမှိုတစ်ချောင်း ဖြစ်နေခဲ့သောကြောင့် ဖြစ်လေသည်။
ဤမျှလက်ရဲဇက်ရဲနိုင်သော ကြမ်းကြမ်းရမ်းရမ်းရှိသော ရက်ရက်စက်စက် တုံ့ပြန်တတ်သော ထိုမိန်းမကိုမှ အရူးအမူးစွဲလမ်းစုံမက်ရသော ယောက်ျားများ စွာ တို့တွင် သူလည်း ပါဝင်ခဲ့သည့် အတွက် ထိုအဖြစ်ကို သူ လုံးဝနောင်တမရခဲ့ပါ။သူ သူမကို ချဉ်းကပ်ဖို့ ဘယ်လိုနည်းလမ်းမျိုးသုံးရမည်ကို မသိချေ။ သူ ရှေ့ရှေ့က လူတွေကို သွေးရူးသွေးတန်းနည်းလမ်းတွေ၊ သမာရိုးကျ လမ်းကြောင်းတွေ သူ မသုံးချင်ပါ။
သူမ၏ အချစ်ကိုရဖို့ အင်မတန်ခက်ခဲလိမ့်မည်ဖြစ်ကြောင်း သူ သိပြီးဖြစ်ပါသည်။ သို့ပေမယ့် သူကတော့ မဖြစ်မနေ၊ ဇွဲမလျော့ဖို့ ဆုံးဖြတ်ထားခဲ့သည်။ သူရဲ့ အဓိကသင်္ကေတမှာ အစွဲအလမ်းကြီး ခြင်းပင် ဖြစ်သည်။ သူမကို သူ နေ့နေ့ညည ပြင်းပြင်းထန်ထန် စွဲလမ်းမှု ကြီးမားခဲ့သည်ကို သူ အသိဆုံးဖြစ်သည်။
ပထမဆုံး သူ စတင်သုံးစွဲခဲ့သော နည်းကတော့ သူမကို ကဲန်မရာတစ်လုံးဖြင့် ဓါတ်ပုံရိုက်ယူခဲ့ ခြင်း ဖြစ်သည်။
သူမတို့ သူငယ်ချင်းတစ်အုပ် ကဲန်တင်းမှာ ထိုင်နေချိန်မှာ သူအကောင်အထည် ဖော်ခဲ့တာဖြစ်သည်။ သူကတော့ သူမကို တခြားခုံ တစ်ခုံမှာ နေ၍ အကာအကွယ်ယူကာ ဓါတ်ပုံခိုးရိုက်ယူခဲ့တာပါပဲ။
သို့ပေမယ့် အင်မတန် လျင်မြန်ပါးနပ်သော သူမက မီးတစ်ချက် လက်ခနဲပွင့်သွားတာနှင့် ချက်ချင်းသိကာ လျှပ်စီးလက်သလို စူးပြတ်သော အကြည့်များ သူ့ဆီသို့ ဖျက်ကနဲ ရောက်လာသည်။ သူ့လက်ထဲမှ ကဲန်မရာကိုလည်း သူမက ချက်ချင်းတွေ့သွားလေသည်။
သူ့ရင်တွေ တဖျက်ဖျက်ခုန်လာခဲ့သည်။ သူမနှင့်သူတော့ ထိပ်တိုက်တွေ့ကြပြီ။ သူမ သူ့ကို ကြည့်သော မျက်လုံးများ သည် ကြောက်ခမန်းလိလိ စူးရဲပြင်းထန်နေခဲ့ကာ သူ့ခုံရှိရာဆီသို့ ကျားသစ်တစ်ကောင်လို လျှောက်လာသည်။
သူမပုံစံကို ကြည့်ရသည်မှာ ဓာတ်ပုံခိုးအရိုက်ခံရသော အလှဘုရင်မ တစ်ဦးထက် သေနတ်နှင့်အပစ်ခံရသော ကျားသစ်တစ်ကောင်နှင့် ပိုတူနေလေသည်။
“ရှင် ဘာဖြစ်လို့ ကျွန်မကို ဓါတ်ပုံခိုးရိုက်တာလဲ ပြောစမ်း”
သူမအသံက ရေခဲထက်ပင် အေးစက်မာကျေလှသည်။ ကဲန်တင်းထဲမှာ ဖြစ်သောကြောင့် လူတိုင်း၏ စိတ်ဝင်စားဖွယ်ပစ်မှတ်မှာ သူနှင့် သူမသာ ဖြစ်နေခဲ့ပေမယ့် သူမကတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်ချေ။
“ခင်ဗျားပုံ လိုချင်လို့”
သူကဂျစ်ကန်ကန်ဖြင့် ပြန်ဖြေလိုက်သည်။ ယောက်ျားတိုင်းက သူမကို ကြောက်နေလိမ့်မည် ဟူသောသူမ၏ အစွဲကို သူက ခြေမွပစ်လိုက်ချင်သည်။
“နေပါဦး . .. ရှင်က ဘာကောင်မို့လို့လဲ”
“ခင်ဗျားကို သိပ်ချစ်နေတဲ့ကောင်ပါ”
သူလုံးဝအလျှော့မပေးသဖြင့် ပွဲက ပို၍ စူးရှခက် ထန်လာသည်။ သူမ တွေ့ဖူးသော ယောက်ျားတွေနှင့် သူ လုံးဝမတူစေရဟု သူဆုံးဖြတ်ထားသည်။ သူမ၏ မီးလျှံတွေလို စူးရဲပြိုးပြက်သော မျက်လုံးတွေကို သူ ခပ်ရဲရဲပင် တုံ့ပြန်ရင်ဆိုင်ကြည့်လေသည်။
“တောက် ..ရာရာစစ .. . ကလေကချေ ပုံစံနဲ့ များ .. .ကိုယ့်ပုံစံကိုလည်း ပြန်ကြည့်ပါဦး . ..တူသလား တန်သလား ပြန်တွေးစမ်းပါဦး . ..ရှင် . .. ကျွန်မကို အိပ်မက်တောင်မမက်စေနဲ့ မှတ်ထား”
သူမက စော်ကားမော်ကားပြောလည်းပြောကာ သူ့လက်ထဲမှ ကဲန်မရာကလေးကို ဆတ်ခနဲ ဆောင့်ဆွဲယူလိုက်သဖြင့် သူ ရုတ်တရက် အငိုက်မိစွာ သူမလက်ထဲ ပါသွားလေသည်။
သူမ နှုတ်ခမ်းတွင် မဲ့ပြုံးတစ်ချက် စွန်းထင်းလာကာ ကဲန်မရာထဲမှ ဖလင်လိပ်ကို ဆိုးဆိုး ဆက်ဆက် ဆွဲယူပြီး တစ်စစီ ဆွဲထုတ်ဆွဲဖြတ်ပစ်လိုက်သည်။ ဤမျှနှင့်ပင် မကျေနပ်နိုင်ဘဲ သူ့ကဲန်မရာလေးကို လမ်းမပေါ်သို့ တအားပစ်ပေါက် ခွဲပစ်လိုက်လေသည်။
“မှတ်ထား နတ်သုဓာဆိုတာ …. အရူးတစ်ယောက်က မှန်းခွင့်မရှိဘူး . ..မတန်မရာတွေ စွတ်မှန်းမနေနဲ့ ”
သူမက ထိုသို့ပြောပြီး လှည့်ထွက်သွားလျှင် သူ အရှက်ကွဲစွာ ကျန်ရစ်ခဲ့သည်။ လူတွေအား လုံး ၀ိုင်းကြည့်နေကြသော မျက်လုံးတွေအောက်တွင် သူ အစိတ်စိတ်အမြွာမြွာကြွေမွ လွင့်စင် သွားသည်။ လမ်းမပေါ်မှာ ကြေကွဲနေသော ကဲန်မရာလေးမှာ သူ ကိုယ်တိုင် ဖြစ်သွားလေသည်။ သူ သူမကိုဒီလိုပဲအရှုံးပေး ထွက်ပြေးလာခဲ့ရတော့မှာ လား ။ သူ့ရှေ့ရှေ့က စော်ကားခံခဲ့ရသမျှ ပုဂ္ဂိုလ်တွေလိုပဲ အသည်းကွဲပြီး သူမကို သိပ်ကြောက်သွားရတော့မှာ လား။မဖြစ်နိုင်ပါ။ သူက အလွန်ဇွဲကောင်းပါသည်။ အတိုက်အခံရှိလေ ခက်ခဲလွန်းလေ သူပိုပြီး အရယူချင်လေဖြစ်သည်။
သူ ချက်ချင်းပဲ သူမတို့ စားပွဲရှိရာဆီသို့ လျှောက်သွားလိုက်သည်။ ပရိသတ်ကထုံးစံအတိုင်း သူမနှင့်ပတ်သက်လျှင် ပွဲကြီးပွဲကောင်း တစ်ပွဲကို စောင့်ကြည့်နေဆဲ။
သူ သူမတို့ စားပွဲမှာ ၀ုန်းခနဲ ၀င်ထိုင်ချလိုက်သည်။ သူမက သူ့ကို စူးစူးရဲရဲ မော့ကြည့်ကာ
“နင်ဘာလာလုပ်တာလဲ .. .ခုချက်ချင်း ထွက်သွားစမ်း”
တခြားမိန်းမများ ၏ မျက်လုံးတွေအောက်တွင် သူ ပြာကျသွားလောက်ပေမယ့် . . .သူ့ စွန့်စားခန်းကို မရပ်ပစ်နိုင်။
“ကျွန်တော် ပြောချင်တာ ပြောပြီးရင် ထွက်သွားမှာ ပါ မက်မုံပွင့် . ..ပထမဆုံးကျွန်တော် ပြောချင်တာက ခင်ဗျား သိပ်မမောက်မာဖို့ မရင့်သီးဖို့ပါ …”
“ကျွန်တော်နဲ့ ခင်ဗျားဟာ အဆင့်အတန်းချင်း မနှိုင်းယှဉ်သာအောင် ကွာခြားတာမှန်တယ် . .ဒါပေမယ့် လူချင်းကတော့ အတူတူပဲ ခင်ဗျားလည်း အောက်ဆီဂျင်ရှူပြီး ကာဗွန်ဒိုင်အောက်ဆိုဒ် ပြန်ထုတ်တာပဲ . ..ကျွန်တော့်ရဲ့ အသက်ရှူပုံဟာလည်း အဲဒီ ဖော်မြူလာနဲ့ ပဲ”
“ဒါပေမယ့် တစ်ခုတော့ရှိတယ် . .. ခင်ဗျားက ကျိကျိတက်အောင် ချမ်းသာတယ် . ..ကျွန်တော်က ချာတူးလန်အာင် ဆင်းရဲတယ် . .ခင်ဗျား မာစီဒီး(စ်) စီးနေတဲ့အချိန်မှာ ကျွန်တော်က သားရေဖိနပ်ပဲစီးနိုင်တယ် . .. ဒါပေမယ့် လူတိုင်းမှာ မမြင်ရတဲ့ အင်မတန်ကြီးကျယ် တဲ့အစွမ်းသတ္တိတွေရှိတယ် ဆိုတာ ခင်ဗျားသိလား . ..ကျွန်တော် တစ်နေ့ဘာဖြစ်လာမလဲဆိုတာ ခင်ဗျားကြိုသိနိုင်မလား…”
“ရှူး … ရှူး …သွားစမ်း …သွားစမ်း …ခွေးတစ်ကောင်လို လာဟောင်မနေနဲ့ …သွား …နားငြီးတယ် …ဘာမှ လာပြောမနေနဲ့ …နင့်လိုကောင်မျိုးနဲ့ ငါတန်းတူ စကားမပြောနိုင်ဘူး”
“နင်တို့မှာ ဘာမှမပိုင်ဘူး …အေးသိပ်ကြီးကျယ်ခမ်းနားတဲ့ စကားလုံးတွေတော့ပိုင်တယ် . .ပိုင်မှာ ပေါ့ …အဲဒီ စကားလုံးတွေက ငွေနဲ့ ပေးဝယ်စရာမှ မလိုဘဲကိုး …သွားစမ်း..သွား”
“မသွားဘူးဗျာ …ခင်ဗျား ဘယ်သူ့တိုင်မလဲ …ဘာလုပ်ချင်သလဲ …ဒီကဲန်တင်းကို ခင်ဗျားမပိုင်ဘူး …ကျွန်တော် ထိုင်ချင်တဲ့နေရာမှာ ထိုင်ပိုင်ခွင့်ရှိတယ်”
သူ ဒေါသထွက်နေသဖြင့် ရင့်ရင့်သီးသီးပင် ပြန်ဂျစ်ကျလိုက်သည်။ သူမရဲ့ စကားလုံးတွေ ဘယ်လောက်ရက်စက်မာကျောပေမယ့် သူမနာနိုင်။ သူမကို ပိုလို့တောင် စွဲမက်လာသည်။ ပိုလို့ တောင် ချစ်လာသည်။ အဲဒါ ဘာကြောင့်မှန်းသူမသိ။
“မက်မုံ …လာ အဆင့်အတန်းမရှိတဲ့ ကလေကချေ တစ်ကောင်နဲ့ တန်းညှိပြီး အဖက်လုပ်စကားပြောမနေနဲ့ သူမသွားရင် ငါတို့သွားမယ် …ထ”သူမ သူငယ်ချင်းများ က သူမကို အတင်းဆွဲခေါ်သွားကြသည်။ သူမတစ်ကိုယ်လုံး ဒေါသဖြင့် တဆတ်ဆတ်တုန်ယင်နေကာ . ..သူ့ကို မီးပွင့်မတတ် မျက်လုံးတွေနှင့် စူးစူးဝါးဝါးကြည့်ကာ သူမ၏ သူငယ်ချင်းတွေနောက်သို့ ပါသွားလေသည်။ သူ့ကို နာအောင် ထပ်မပြောသွား၍ တော်ပါသေးသည်။
သူ . .. သူမကို ချစ်ခင်စုံမက်မိခြင်းသည် တောင်တစ်တောင်ကို တက်လိုက်ခြင်းနှင့် အတူတူပဲ ဟု သူယူဆထား၏ ။ တောင်တတ်ပြီဆိုမှတော့ တောင်ထိပ်ပေါ်သို့ မရောက်မချင်း လမ်းတစ်ဝက်တစ်ပျက်နှင့် သူ ဘယ်တော့မှ လှည့်ပြန် အရှုံးပေးမည် မဟုတ်။
ဘယ်လောက် ပင်ပန်းဆင်ရဲပါစေ၊ ဘယ်လောက်ပဲ ဒဏ်ရာ အနာတရတွေရပါစေ … သူ ထိုတောင်ပေါ်သို့ မဖြစ်မနေဆက်တတ်တော့မည်။ ဘယ်နှကြိမ်ဖြစ်ဖြစ် သူဒလိမ့်ကောက်ကွေး ပြုတ်ကျပါစေ သူဇွဲမလျှော့ဘဲ တောင်ထိပ်ရောက်အောင် အထိတတ်မည်။
ထိုစိတ်ကူးဖြင့် သူသည် ဘ၀တွင် သေရာပါ ဒဏ်ရာတစ်ခု ရရှိခဲ့သည်အထိ သူမအပေါ် သည်းသည်းနစ်နစ် စွဲလမ်းမက်မောခဲ့ခြင်းဖြစ်သည်။
အခန်း(၂)
အရှုံးမပေးတော့ .. .ရအောင်ယူမည်ဟု ဆုံးဖြတ်ချက်ချပြီးသည့် နောက်တွင် သူ သူမကို သဲကြီးမဲကြီးပင် ဇွဲနပဲကြီးစွာ လိုက်ခဲ့လေသည်။ သူတကောက်ကောက်လိုက်မှု ကြောင့် သူမ ဆက်ဆက်ခါ နာကြည်းပုံမှာ ဆိုဖွယ်ရာမရှိချေ။ သို့သော် သူက ဘယ်လိုအနှောင့်အယှက်မျိုးမှ သူမကို မပေးတာမို့ သူမက ဘယ်လိုမှ စော်စော်ကားကား တုံ့ပြန်လို့လည်းမရ။
သူသည် သူမ၏ ရဲတိုက်ကြီးနှင့်တူသော အိမ်ကြီး၏ ရှေ့တွင် သွားစောင့်သည့်အခါ စောင့် သည်။ အထူးသဖြင့် စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်များ ၌ ကျောင်းတွင် သူမကို မတွေ့ရသော နေ့များ တွင် ဖြစ်သည်။ သူမ၏ အရိပ်အယောင်ကလေးကိုမျှ မမြင်ရသော နေ့မျိုးရှိတတ်သလို သူမကားနှင့် ထွက်သွားတာ၊ ကားနှင့်ပြန်လာတာကို မြင်တွေ့ခွင့်ရသော နေ့တွေလည်း ရှိတတ်ပါ သည်။ သူ့ကို တွေ့သောအခါမျိုးတွင် သူမ မျက်လုံးများ ဒေါသဖြင့် စူးရဲပြောင်လက်သွားတတ်ကြ ပြီး သူ့ကို အစိမ်းလိုက် ၀ါးစားချင်သော အကြည့်မျိုးဖြင့် တစ်ချက် ကြည့်သွားတတ်လျှင် ထိုအကြည့်ကိုဘဲ သူ စွဲစွဲလန်းလန်း မက်မောစွာ ခံယူတတ်၏ ။
တစ်ခုသော ရက်တစ်ရက်တွင် ထုံးစံအတိုင်း သူမ နောက်မလှမ်းမကမ်းမှာ နေ၍ သူ တကောက်ကောက်လျှောက်လိုက်နေဆဲ …၊ သူမက သူ့ကို မုန်တိုင်းတစ်စင်းလို ၀ုန်းခနဲ ရင်ဆိုင်ပစ်ခဲ့တော့တာ ဖြစ်သည်။သူမသည် လမ်းလျှောက်နေရာမှ ချာခနဲ လှည့်ပစ်လိုက်ရင်း သူနှင့် မျက်နှာချင်းဆိုင်လိုက် သည်။ သူမ၏ မျက်နှာတပြင်လုံးသည် လျှံငြီးငြီး လောင်မြိုက်နေခဲ့၏ ။
“ကဲ ဒီနေ့တော့ ဒီပြဿနာကို အပြတ်ရှင်းမှ ဖြစ်တော့မယ် . …ပြောစမ်း …နင် ငါ့နောက်ကို ဘာဖြစ်လို့ အရှက်မရှိ တကောက်ကောက် လျှောက်လိုက်နေရတာ လဲ အဲဒါကို ငါ သိချင်တယ်”
“ခင်ဗျားကို ကျွန်တော် ချစ်လို့ပါ … ခင်ဗျားကို မြင်နေရရင် ကျွန်တော် ကျေနပ်လို့”
သူကလည်း ဒီလိုပြောပြဖို့ အခွင့်အရေးကို ဒီအချိန်မှာ မှ အသုံးမချရင် ဘယ်တော့မှ ပြောပြ ခွင့်ရမှာ မဟုတ်တာကို သိနေခဲ့သည်မို့ ရဲရဲဝံ့ဝံ့ပင် အဖြေပေးလိုက်၏ ။ သူမက ဗုံးတစ်လုံး ပေါက်ကွဲ သွားသလို ဒေါတသကြီး ဖြစ် သွားပါသည်။
“နင့်လိုကောင်က ငါ့ကို ချစ်တယ် ဟုတ်သလား … အေး ငါပြောမယ် .. .နင့်ကို ငါတွေ့လိုက်တိုင်း အဲဒီ ဂျင်းဂျာကင်တစ်ထည်နဲ့ ဂျင်းဘောင်းဘီပဲဝတ်တာတွေ့ရတယ် .. .နင့်မှာ အဲ့ဒါပဲ ပိုင်လိမ့်မယ်လို့ ငါ ထင်တယ်”
“ဒီမှာ ကြည့် ဟောဒီ ဖိနပ်”
သူမက ရုတ်တရက် စီးထားသော သူမခြေထောက်မှ လှပသ်ည့ ပန်ဆယ်လ်ဟီးလ် ဒေါက်ဖိနပ် အနီရဲရဲကလေးကို ခြေဖြင့် ကန်ချွတ်ပစ်လိုက်ကာ …
“နင် မမြင်ဘူးရင် သေချာကြည့်ထားလိုက် အဲဒီ ဖိနပ်တစ်ဖက်ရဲ့ တန်ဖိုးကို နင် တစ်သက်လုံး ရှာတာတောင် မရနိုင်ဘူးဆိုတာ မှတ်ထားလိုက်”
“ငါလို မိန်းမတစ်ယောက်ကို နင်ရဖို့ဆိုတာ ဘ၀အဆက်ဆက် နင်ဆုတောင်းတောင် ဘယ်တော့မှ ပြည့်မှာ မဟုတ်ဘူး နားလည်လား”
“အဲဒီ တော့ နင် ဒီနေ့ကစပြီး ငါ့နောက်ကို လုံးဝ ဆက်မလိုက်နဲ့ တော့ .. .နင့်ကို ငါ အပြတ် ပြောထားပြီးပြီ .. .နင်လို လေလွင့်နေတဲ့ ကလေကချေ တစ်ကောင်ကို ငါက ဖိနပ်တစ်ဖက်လောက် တောင် စိတ်မ၀င်စားဘူးဆိုတာကို နင့်အသည်းထဲ စွဲနေအောင် မှတ်ထားလိုက်”
ဟု ပြောပြီး သူမက ဖိနပ်ကို ပြန်စီးကာ သူမ သူငယ်ချင်းများ နှင့် ပြန်ထွက်သွားလေသည်။
သူ့အသည်းမှာ စူးစူးနင့်နင့် နာကျင်စွာ ကျန်ရစ်ခဲ့ရသည်။
အဲဒီ လောက် မောက်မာရက်စက်သော မိန်းမ တစ်ယောက်ကို သူ ဘယ်လိုနည်းဖြင့် အရယူနိုင်ပါမည်နည်း။
မဖြစ်နိုင်ဘူးဆိုတာ သူသိပါသည်။ သို့သော် သူ့ရင်ထဲမှာ စူးဝင်လာသော အချစ်ဆိုတာကြီးကို သူ ဘယ်လိုမှ စွဲနှုတ်ပစ်လို့ မရနိုင်ခဲ့။ သူ့ အချစ်ဆိုတာကလည်း သူမကို ချစ်နေရရုံနှင့် ကျေနပ်ရောင့်ရဲနိုင်သော အချစ်မျိုးသက်သက်သာ ဖြစ်ခဲ့သည်။
သို့သော် … သူမက သူ့ရဲ့ ယောက်ျားတစ်ယောက်၏ ဖြစ်တည်မှု နှင့် တန်ဖိုးကို အထစ်ထစ် အပိုင်းပိုင်း ချိုးခြေ ပစ်လိုက်သည်။ သူ့ရဲ့ မာနကို ရစရာမရှိအောင် ရိုက်နှက်ပစ်လိုက် သည်။ သူဘာဆက် လုပ်ရမည်နည်း။ သူ့အချစ်ကိုတော့ သူ ဘယ်လိုနည်းနှင့်မှ ရုတ်သိမ်း အမှော င်ချလိုက်လို့ မဖြစ်နိုင်ပါ။
သူစွန့်စားမှ ဖြစ်တော့မည် သူ မစွန့်စားဘူးဆိုလျှင် .. .သူမနှင့် ဘယ်တော့မှ နီးစပ်နိုင်တော့မည် မဟုတ်ချေ။ ပြီးတော့ သူနှင့် သူမ ကြားတွင် အပေးအယူ တစ်ခုခုတော့ ရှိဖို့ လိုအပ်လာပြီဟု သူယူဆလိုက်သည်။
ဒီလို သူမ ပက်ပက်စက်စက် စော်ကားပြောဆိုသမျှကို ခေါင်းငုံ့အရှုံးပေးပြီး သူမဘေးမှ သူ ပျောက်ကွယ်မသွားနိုင်ချေ။ လူဆိုတာ မစွန့်စားဘဲနဲ့ တော့ ဘာမှ မရနိုင်ချေ။
အဲဒီ အချိန်ကစပြီး သူ နေ့စဉ်ရက်ဆက် နည်းလမ်းများ ရှာဖွေကြံဆခဲ့သည်။ အမြဲတမ်း တွေးကြံပါများ လာသောအခါ သူ နည်းလမ်းတစ်ခု ရရှိလာလေသည်။
နောက် ကျောင်းပိတ်ရက်များ တွင် သူက သူမမသိအောင် သူမကားနားတွင် အခွင့်အရေးတစ်ခုခု တွေ့လိုတွေ့ငြား ရှာဖွေခဲ့သည်။ ထိုအခွင့်အရေးကို သူ တော်တော်နှင့်တော့ မရခဲ့။
တစ်ရက်မှာ တော့ သူ့အတွက် အခွင့်အရေးတစ်ခုကို ကံကြမ္မာက သူ့ကို သနားသောအား ဖြင့် ပေးခဲ့လေသည်။ ထိုအခွင့်အရေးမှာ သူမက နောက်ဘက်တံခါးမှန် တစ်ချပ်ကို ပိတ်ခဲ့ဖို့ လစ် ဟင်းသွားခဲ့ခြင်း ဖြစ်သည်။
သူ ကံကောင်းထောက်မစွာ ပင် ထိုကားမှန်တံခါးပေါက်မှနေ၍ ကားနောက်ခန်းထဲဝင်နေနိုင် ခဲ့သည်။ ညနေကျောင်းဆင်းချိန်တွင် ဘာမှမသိနိုင်သေးသော သူမက သူ့သူငယ်ချင်းတွေနှင့် နှုတ် ဆက်လမ်းခွဲကာ ကားပေါ်သို့ တက်လာခဲ့သည်။ မွေးပျံ့ယစ်မူးစေသော ရနံတစ်မျိုးသည် သူ့နှလုံး သားတစ်ခုံလုံးကို ဆွဲဆောင် ညှို့ယူလိုက်သလို ခံစားရ၏ ။
သူမက နောက်ခန်းတွင် ပုဝင်နေသော သူ့ကို မမြင်ခဲ့။ ကားကက်ဆက်မှ သီချင်းသံကို ကျယ်လောင်စူးရှစွာ ဖွင့်လျက် မောင်းထွက်လာခဲ့သည်။ သူက သူမကို ကျောင်းထဲမှာ အသိမပေးချင်သေး။ အချိန်မရွေး သူမကားထိုးရပ်လို့ရနိုင်သည်။ထို့ကြောင့် ပြည်လမ်းမပေါ်သို့ ရောက်မှ သူမ ချက်ချင်း ကားရပ်လို့ရနိုင်သော ယာဉ်ကြောထဲတွင် ရောက်နေချိန်မှာ သူ ထကာ ထိုင်လိုက်ကာ
“မက်မုံပွင့် …”
ဟု ခေါ်လိုက်သည်။ ကက်ဆက်သံနှင့်မို့ သူမက တော်တော်နှင့်မကြား။ သူတော်တော် ကျယ်ကျယ် အော်ပစ်လိုက်တော့မှ ချာကနဲလှည့်ကာ သူ့ကိုမြင်တော့ သူမ မျက်လုံးတွေ မီးပွင့်သွားလေသည်။
“ကြည့်စမ်း ..နင် …နင် ဘယ်လိုလုပ်ပြီး ငါ့ကားပေါ် ရောက်နေတာလဲ …ဆင်းစမ်း၊ ခုဆင်း”
သူမက လန့်လည်းလန့်၊ ဒေါသလည်းဖြစ်နေသော အသံဖြင့်အော်လိုက်သည်။ ကားတွေ ကလည်းပြည်လမ်းတစ်လျှောက် အရှိန်ပြင်းစွာ မောင်းနေကြချိန်မို့ သူမက ယာဉ်ကြောကို ရုတ်တရက် ပြောင်းလို့မရ။ နောက်တွင် ဘေးတွင် ကားတွေ ဆက်တိုက် ပါလာနေကြသည်။
“ဆင်းမှာ ပါ. .. .ဒါပေမယ့် ကျွန်တော့်ကို စကားပြောခွင့်ပေးရမယ် .. .ကျွန်တော့်ကို ပစ်ပစ်ခါခါ ပက်ပက်စက်စက်မပြောဘဲ လက်ခံ အသိအမှတ် ပြုရမယ်”
“နင့်လိုကောင်မျိုးကို နင့်လိုကောင်မျိုးကို ငါဘယ်တော့မှ အသိအမှတ်မပြုဘူး … နင် ဆင်းမလား …မဆင်းဘူးလား … ငါကားပေါ်က တွန်းချမှာ နော်။ ငါ့ အဆိုးမဆိုနဲ့ ”
“မဆင်းဘူးကွာ …ခင်ဗျား သိပ်ကြီးကျယ်မနေနဲ့ ၊ ခင်ဗျားကို ကျွန်တော် ချစ်တယ် …ဒီလောက် ရူးနေတာ ခင်ဗျားနည်းနည်းလေးမှ အသိအမှတ်မပြုတော့ ကျွန်တော်သိပ်ခံစားရ တယ် …မခံနိုင်ဘူးဗျ”
“သေလိုက် …အဲဒီ မှာ နင် သေလိုက် ကလေကချေအောက်တန်းစား …နင်လိုကောင်ကများ ငါ့ကို မှန်းရတယ်လို့ ငါ ဆက်ဆက်ခါနာတယ် သိရဲ့ လား …တောက်”
သူမသည် ဒေါသပြင်းထန်လာသည့် အလျှောက် လီဗာကို တအားဖိနင်းကာ ကားကို တစ်ဖက်သို့ ရုတ်တရက် ဝေါခနဲမြည်အောင် ကွေ့ချပစ်လိုက်သည်။ အဖြစ်အပျက်က လုံးဝ ထင်မှတ်မထားသော အဖြစ်အပျက် ဖြစ်သည်။ သူမ ကွေ့ချပစ်လိုက်သော လမ်းထဲမှ ကားတစ်စီး ဘွားခနဲ ထွက်လာတာကို မြင်လိုက်ရသဖြင့် သူမက စတီယာရင်ကို ပြန်ဆွဲယူလိုက်စဉ် ကားသည် ဓာတ်တိုင်ဆီသို့ တည့်တည့်မတ်မတ် ၀င်ဆောင့်သွားသွားတော့သည်။
နဂိုကမှ သူမရဲ့ ကားအရှိန်က ပြင်းသည်မို့ … ဓာတ်တိုင်ကို ၀င်ဆောင့်သော အရှိန်မှာ တော်တော် ပြင်းထန်လှကာ ကားတစ်စီးလုံး ကြွေမွမတတ် တုန်ခါ မြည်ဟည်းသွားလေသည်။
ယာဉ်တိုက်မှု ကြောင့် ယာဉ်ထိန်းရဲနှင့်တကွ လူတွေစုရုံးရောက်ရှိလာသည်။ သူမကတော့ စတီယာရင်ပေါ်တွင် ခေါင်းငိုက်စိုက် ကျနေသည်။ သူကတော့ တစ်ခုခုနှင့် ပြင်းထန်စွာ တိုက်မိပြီး ခေါင်းထဲ မူးနောက်နာကျင်နေတာကလွဲလို့ ဘာမှမဖြစ်။ သူမဆီသို့ သူ စိုးရိမ်တကြီး သွားကြည့်မိ တော့ သူမခေါင်းဆီမှ သွေးတွေ စီးကျနေလေသည်။ သို့သော် သူမ သတိတော့ ကောင်းစွာ ရနေ သည်။
“အဲဒီ ကောင်ကိုဖမ်းပါ … အဲဒီ ကောင် ကျွန်မ ကားပေါ်တတ်လာပြီး နှောင့်ယှက်လို့ ခုလို ဖြစ်တာ”
သူမက သွေးရူးသွေးတန်း အော်လျှက်ရှိသည်။
“ခင်ဗျားဒဏ်ရာ ပြင်းပုံရတယ် … ဆေးရုံအရင်သွားမှဖြစ်မယ် …ကားကိစ္စ နောက်မှ ဆက်ရှင်းမယ် … သူ့ကို ဆေးရုံအမြန်ပို့ဖို့ လုပ်ပါ”
အခြားကားတစ်စီးဖြင့် သူမကို ဆေးရုံကြီး အရေးပေါ်ဌာနသို့ အမြန်ပို့ကြချိန်တွင် သူလည်း စိုးရိမ်တကြီးဖြင့် လိုက်ပါသွားခဲ့သည်။ သူမခေါင်းမှ ဒဏ်ရာက သွေးတော်တော်ထွက်နေ ပြီ။
ဆေးရုံရောက်ချိန်တွင် သူမ သတိရတစ်ချက် မရတစ်ချက်ဖြစ်နေပြီ။ ဆရာဝန်တွေ ချက်ချင်း အလုပ်များ သွားကာ သူမဒဏ်ရာကို ချုပ်ဖို့ စီစဉ်ကြသည်။ ဒရစ်(ပ်) လိုင်း တင်လိုက်ကြ ပြီး
“လိုအပ်ရင်တော့ သွေးသွင်းချင် သွင်းရလိမ့်မယ် ….ခင်ဗျားသွေးတွေ တော်တော် ဆုံးရှုံးထားတယ် …အရင်က ဒဏ်ရာတစ်ခုခုရရင် သွေးတော်တော်နဲ့ မတိတ်တတ်တာမျိုးဖြစ်သလား”
“ဟုတ်ကဲ့ ဖြစ်ပါတယ် ကျွန်မမှာ သွေးမတိတ်တဲ့ရောဂါရှိတယ်”
“ဘာသွေးအမျိုးအစားလဲ”
“A ပါ”
ဆရာဝန်နှင့် သူမ အပြန်အလှန် ပြောနေကြတာကို သူကြားနေရစဉ် သူမ သွေးအမျိုးအစား က သူနှင့် တူနေသည်မို့ သူရုတ်တရက် တက်တက်ကြွကြွ ပြောလိုက်မိသည်။
“ကျွန်တော်လည်း A သွေး အမျိုးအစားပါ ခင်ဗျာ … ကျွန်တော် ချက်ခြင်းပဲ သူ့အတွက် သွေးလှူပါမယ် ကျွန်တော့်ဆီက ကြိုက်သလောက်ယူပါ”
ထိုအချိန်တွင် သူ့ကို လှမ်းကြည့်နေသော သူမ၏ မျက်လုံးအကြည့်တို့ကို သူ့တစ်သက် တွင် ဘယ်တော့မှ မေ့တော့မည် မဟုတ်ချေ။
“မလိုချင်ဘူး …သူ့ဆီက သွေးကို ကျွန်မ လုံးဝ လက်မခံနိုင်ဘူး ဒေါက်တာ…ကျွန်မ ကိုယ်ထဲ လုံးဝမသွင်းပါနဲ့ ၊ ကျွန်မသနသွားလိမ့်မယ်၊ ဒီမှာ .. .နင့်လိုကောင်မျိုးရဲ့ သွေးတစ်စက် တောင် ငါ့ ကိုယ်ခန္ဓာထဲ အ၀င်မခံနိုင်ဘူး .. ငါသေချင် သေသွားပစေ ..ကလေကချေ။ အဆင့်အတန်း မရှိတဲ့လူရဲ့ သွေးတော့ ငါ့သွေးကြောထဲ အစီးမခံနိုင်ဘူး နင် ထွက်သွားစမ်း”
သူမက ဒေါသတကြီး အော်ဆဲ။
ထိုစကားသည် သူ ကြားရသမျှ စကားများ ထဲတွင် နာကျင်ဖွယ် အကောင်းဆုံးနှင့် နာကြည်းဖွယ် အကောင်းဆုံးစကား ဖြစ်သည်။ ထိုစစကားဖြင့်ပင် သူ့ ရင်ထဲမှာ သေရာပါ ဒဏ်ရာတစ်ခု အမြစ်တွယ် ရရှိသွားခဲ့တော့တာ ဖြစ်သည်။
ဒီလိုအချိန်မျိုးမှာ တောင် သူမ ဤမျှ ရင်းသီးမောက်မာသောစကားမျိုး ပြောနိုင်သေးသည်။
“ကဲ ကဲ မောင်ရင် အပြင်ထွက်လိုက်ပါ သွေးက လိုချင်မှလည်း လိုမှာ ပါ .. ကိုယ် ကြိုပြော ထားတာပါ”
ဆရာဝန်က သူ့ကို မျက်စိမှိတ်ပြကာ အပြင်သို့ ထွက်ခိုင်းလေသည်။ သူ့ရင်ထဲတွင် ဓားတစ်ချောင်း စိုက်ဝင်နေသလို သူ အခံရခက်နေသည်။ သူမ၏ စကားလုံးများ ကိုသာ ထပ်တလဲလဲ ကြားနေသည်။
ကောင်းပြီ မက်မုံပွင့် ။ ခင်ဗျားက ကျွန်တော့် သွေးတစ်စက်တောင် ခင်ဗျားရဲ့ ကိုယ်ခန္ဓာထဲ အ၀င်မခံနိုင်လောက်အောင် အဆင့်အတန်း ခွဲခြားခဲ့တယ်။ ရင့်ရင့်သီးသီး စော်ကားခဲ့တယ်။ ကျွန်တော့်ရဲ့ အချစ်တွေကို အမှိုက်တေစ်စလိုတောင် အသိအမှတ်မပြုခဲ့ဘူး။
လောကမှာ သိပ်ဖြစ်ချင်လာရင် မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး မက်မုံပွင့်ရယ်။ ခင်ဗျား တစ်နေ့ လှလှပပကြီး ၀ဋ်လည်စေရမယ်။ တစ်နေ့နေ့ တစ်ချိန်ချိန်ကြရင် ခင်ဗျား တန်ဖိုးမထား၊ အသိအမှတ် မပြုတဲ့ကျွန်တော့်ရဲ့ သွေးဟာ ခင်ဗျားဘ၀ရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်း တစ်ပိုင်းမှာ ပါဝင်စေရမယ်။ အဲဒါ ကျွန်တော့် အချစ်တွေ အားလုံးနဲ့ ပုံအောပြီး ခင်ဗျားကို တိုက်လိုက်တဲ့ ကျိန်စာပဲ။
တစ်နေ့နေ့တော့ ခင်ဗျားနဲ့ ကျွန်တော် တစ်နေရာရာမှာ ပြန်ဆုံတွေ့ကြမယ်။
အဲဒီ နေ့က သူ သူမ အပေါ် ထားရှိခဲ့သမျှ အချစ်တွေအားလုံးသည် နာကြည်းမှု ၊ အာဃာတ တရားများ အဖြစ်သို့ ပြောင်းလဲ သွားခဲ့တော့သည်။
သူ … အဲ့ဒီအချိန်ကစပြီး သူမဆီမှ လွင့်စင် ပျောက်ကွယ်သွားခဲ့တော့တာ ဖြစ်သည်။ သူမကို ဘယ်တော့မှ ပြန်မတွေ့အောင် သူ နေခဲ့သည်။ သူမ သတင်းတွေ မကြားရအောင် သူ နားတွေ ပိတ်ထားခဲ့သည်။ သူမရှိရာသို့ ခြေဦးပင် မလှည့်ခဲ့တော့ …။
သူ သူမနှင့် အဝေးကြီး ဝေးသွားခဲ့လေသည်။
အခန်း(၃)
သူမရဲ့ သတင်းတွေကို သူ ဘယ်လောက်ပဲ ဥပေက္ခာပြုခဲ့သည်ဆိုပေမယ့် သူမ၏ အလွန်တရာ ကြီးကျယ်ခမ်းနားလှသော မင်္ဂလာသတင်းကတော့ တစ်ကျောင်းလုံးတွင် ကျော်ကြား ပျံ့နှံ့လှသဖြင့် သူ သိခွင့်ရခဲ့သည်။ အဲဒီ အချိန်မှာ သူမနှင့် ပတ်သက်ပြီး ခံစားတတ်တော့လောက် အောင် သူက ထုံကျဉ်နေခဲ့ပြီ။ သူမကို ဆုံးရှုံးလိုက်ရပြီ ဆိုသောအသိနှင့် နင့်သီးနေအောင် ခံစားချင်ပါလျက်နှင့် သူခံစားလိုက်မရ။
သူမ လက်ထပ်လိုက်သော ပုဂ္ဂိုလ်မှာ အဲဒီ အချိန်က အလွန်ချမ်းသာကြွယ်ဝသဖြင့် နာမည် ကြီးသော သူဌေးမျိုးရိုးမှဖြစ်သည်။ အင်္ဂလန်မှ M.R.C.P ဘွဲ့ယူပြီးပြန်လာကာစ အထူးကု၊ သမား တော် ဆရာဝန်ကြီး တစ်ယောက်ဟု သူ ကြားသိရလေသည်။
အင်မတန် အဆင့်အတန်း၊ ဂုဏ်ဒြပ်ကို တန်ဖိုးထား ဂုဏ်ယူတတ်လွန်းသော သူမအတွက် တော့ အလွန်ထိုက်တန်သော ယောက်ျားတစ်ယောက်ကို လပ်ထပ်ခဲ့ခြင်းသာ ဖြစ်သည်။ အဲ့ဒီလိုပဲ ဖြစ်ရမည်။ သူနှင့်ကတော့ ဘယ်လိုမှ မထိုက်တန်၊ မအပ်စပ်ချေ။
သူ့ကို သူမက ယောင်၍ မျှပင် ဖိတ်ကြားခြင်းမရှိခဲ့သော်လည်း သူက ဘ၀မှာ တစ်ကြိမ်တော့ အရူးအမူး သည်းသည်းထန်ထန် ချစ်ခဲ့ဖူးသော မိန်းမတစ်ယောက်၏ လက်ထပ်ပွဲကို ဖိတ်ကြားမခံရပေမယ့် နောက်ဆုံးနှုတ်ဆက်သွားခြင်းဖြင့် သွား၍ လက်ဖွဲ့ပို့ပေးခဲ့ပါ သည်။
ဖြူလွသော သတို့သမီးဝတ်စုံဖြင့် တစ်သက်လုံး တင်းထန်ခက်မာနေခဲ့သော မျက်နှာပေါ်တွင် ဂုဏ်ယူဝင့်ကြွားသော ပီတိနှင့် ကျေနပ်ပြုံးကို သူမမေ့ခဲ့။ သူမမျက်နှာသည် မော့၍ ချီနေခဲ့သည်။ မင်္ဂလာပွဲတစ်ခုလုံး ဂုဏ်သံ .. .စိန်ရွှေပတ္တမြားသံတို့ဖြင့် တလက်လက် ပြည့်နေခဲ့ ကာ အစည်းကားဆုံး မင်္ဂလာပွဲတစ်ခု ဖြစ်ခဲ့သည်။
သူ့ကို ဘယ်သူကမှ သတိမထားမိ။ အဖက်ပင် မလုပ်ကြချေ။ သူတို့သမီးက သူ့ကို ယောင်၍ ပင် မမြင်ခဲ့။
သူ့တွင် ကွဲစရာအသည်း မကျန်တော့။ သူမကို စတင်ချစ်ခဲ့စဉ်ကတည်းက သူ့အသည်းက အပိုင်းပိုင်းပြတ်၊ အမွမွ ကြွေမွခဲ့ပြီဖြစ်သည်။ ဘယ်တုန်းကမှ မပြုံးခဲ့ဘူးသော သူမ၏ အပြုံးကို သူ့ဘ၀တွင် ဒီတစ်ကြိမ်သာ မြင်တွေ့ခဲ့ဖူးပြီ ဘယ်တော့မှလည်း မမေ့တော့ချေ။
အမှန်က သူ မှားတာပဲ ဖြစ်ပါသည်။ မိုးပေါ်က လမင်းရဲ့ ပြုစားခြင်းကို ခံခဲ့သူ အရူးတစ်ယောက်သာ ဖြစ်ပါသည်။ သို့သော် …
“နင်နဲ့ ငါ ဘယ်တော့မှ မဖြစ်နိုင်ပါဘူး”
ဆိုသော အငြင်းစကားမျိုးဆိုလျှင် သူ့ရင်ထဲတွင် ဤမျှထုတ်ခြင်းဖောက်အောင် သပ်ရိုက် ထားမိမှာ မဟုတ်ပါ။
“နင်နဲ့ ငါနဲ့ မတူဘူး …မတန်ဘူး …”
ဆိုတဲ့ အထိလည်း သူ ခံစားနိုင်ပါသေးသည်။ သို့သော် .. သူ့ဘ၀တစ်လျှောက်လုံး နာကြည်းနေစေတော့မည့် သေရာပါ စကားတစ်ခွန်းမှာ …
“ငါသေချင်သေ သွားပါစေ၊ ကလေကချေ၊ အဆင့်အတန်းမရှိတဲ့သူရဲ့ သွေးတော့ ငါ့သွေးကြောထဲ အစီးဆင်းမခံနိုင်ဘူး …”
ဆိုသော စကားဖြစ်သည်။ လူတစ်ယောက်ရဲ့ ဆင်းရဲ၊ ချမ်းသာမှု ဂုဏ်ဒြပ်ကို အဆင့်အတန်း ခွဲခြားတာကိုတော့ သူ ဘာမှ မပြောလိုပါ။ ဒါကတော့ သူမတို့လို မျိုးရိုးစဉ်ဆက် ခေတ်အဆက်ဆက် ချမ်းသာကြွယ်ဝခဲ့သော အထက်တန်းလွှာ အသိုင်းအ၀ိုင်းတို့၏ ဓလေ့တစ်ခု လို ဖြစ်နေပြီ …။
အခုတော့ သူ့ခန္ဓာကိုယ်ထဲမှ သွေးကိုပင် သူမက နှိမ်ချစော်ကားခဲ့သည်။ ထိုသွေးသည် သူမအပေါ် မေတ္တာစေတနာအပြည့်အ၀ ပါဝင်သော သွေးဆိုတာတောင် သူမအသိအမှတ်မပြုခဲ့။ တန်ဖိုးမထားခဲ့။ သူမအတွက်တော့ သူ့သွေးသည် အောက်တန်းစား ကလေကချေ တစ်ကောင်၏ အဆင့်အတန်း မရှိသောသွေးဖြစ်သည်။ အဲ့ဒါကို သူ ဘယ်တော့မှ မမေ့အောင် တေးမှတ်ထား တော့မှာ ဖြစ်လေသည်။
လောကတွင် သူတို့ ကြိုတင်မမြင်နိုင်သော ကံကြမ္မာ အလှည့်အပြောင်းများ စွာ ရှိနေသည်။ တစ်နေ့မဟုတ် တစ်နေ့နေ့တော့ သူနှင့် သူမ ပြန်ဆုံကို ဆုံစေရမည်။ သူ့သွေးသည် သူမဘ၀၏ အရေးပါ အရာရောက်ဆုံး အခန်းကဏ္ဍတွင် ပါဝင်လာစေရမည်ဟု သူ ထိုမင်္ဂလာပွဲနေ့မှာ ပင် ဆုံး ဖြတ်ချက် အခိုင်အမာချမိခဲ့လေသည်။
မင်္ဂလာပွဲ ပြီးဆုံးသွားချိန်တွင် သူမနှင့် သတို့သားက ဟိုတယ်အ၀တွင် ဧည့်သည်များ ကို လက်ဆွဲနှုတ်ဆက်လျက်ရှိသည်။ ဗွီဒီယိုကဲန်မရာမဲန်းက သူမတို့ပွဲကို မှတ်တမ်းတင် ရိုက်ကူးလျက် ရှိ၏ ။
သူသည် ရင်ထဲတွင် အေးစက် ခဲကျဉ်စွာ ဖြင့် သူမ ရှိရာဆီတရွေ့ရွေ့ ချဉ်းကပ်လာမိခဲ့သည်။ မင်္ဂလာပွဲနှင့် ဘယ်လိုမှဆက်စပ်လျှောက်ပတ်ခြင်းမရှိသော အရောင်ပြယ် လွင့်နေသည့် ဂျာကင်မိုးပြာနှင့် ဂျင်းဘောင်းဘီကြောင့် သူ့ပုံစံမှာ လေလွင့်နေသော အရူးတစ် ယောက်နှင့် တူနေမှာ အသေအချာပဲဖြစ်၏ ။
သူမနှင့် တဖြည်းဖြည်း နီးကပ် လာခဲ့ပြီ။ သူမက ဒီနေ့တစ်နေ့အဖို့တော့ အပြုံးတွေ ရက်ရက်ရောရော လှူဒါန်းနေသလို အပြုံးတွေဝေနေသည်။ ဒီလိုနှင့် သူ့အလှည့်သို့ ရောက်လာခဲ့ ပြီ။
သူမ၏ လက်ကလေးကို သူ ဆွဲကိုင်နှုတ်ဆက်လိုက်စဉ် သူမ၏ မျက်လုံးများ က သူ့မျက်နှာ ဆီသို့ ဖျတ်ခနဲ ရောက်လာခဲ့ပြီး သူ့ကို မြင်တာနှင့် တစ္ဆေသူရဲတစ်ကောင်ကို တွေ့လိုက်ရသလို မျက်နှာတစ်ခုလုံး အစိတ်စိတ်အမြွာမြွာ ပျက်ယွင်းသွားလေသည်။ သူ့ လက်ထဲမှသူမ၏ လက်ကို ဆက်ခနဲ ဆွဲရုတ်သိမ်းသွား၏ ။
သူ .. သူမကို ပြုံးပြလိုက်ပါသည်။
“ကျွန်တော် ကတိပေးခဲ့မယ်၊ တစ်နေ့နေ့ကျရင် ကျွန်တော်ရဲ့ သွေးဟာ ခင်ဗျားဘ၀ရဲ့ အရေးကြီးဆုံး အစိတ်အပိုင်းမှာ ပါဝင်စေရမယ် …”
သူက ပြုံးလျက်သားဖြင့်ပင် သူမ တစ်ယောက်တည်း ကြားသာရုံ လေသံဖြင့် ပြောလိုက်၏ ။ သူမ မျက်နှာပေါ်မှာ သီးပွင့်ကားစွင့်နေသော အပြုံးသည် ရုတ်ခြည်းပင် ပျောက်ကွယ်သေဆုံးသွား ကာ သူမ မျက်လုံးများ သည် အေးစက်ခက်ထန်သွားတာကို သူ မြင်ရ၏ ။ သူမက အံတစ်ချက် ကြိတ်လိုက်လေသည်။ သူမ ဘယ်လောက် မခံချိ မခံသာ ဖြစ်သွားသလဲ ဆိုတာကို သူ ကောင်းစွာ ခန့်မှန်း လို့ရခဲ့သည်။
အနည်းဆုံးတော့ သူမဟာ … ဒီ မင်္ဂလာပွဲ အမှတ်တရဗီဒီယို တိပ်(ပ်)ကို ပြန်ကြည့်တိုင်း သူ့ကို မေ့လိမ့်မည်မဟုတ်။ ဒီအခန်း ဒီနေရာကို ရောက်တိုင်း သူမကို သူ ဘာစကားပြောသွားခဲ့ သလဲဆိုတာကို သူမ မေ့မည်မဟုတ်။
အဲဒါ အကောင်းဆုံး ဖြစ်ပါလိမ့်မည်။ သူသည် သူမဘ၀ထဲက အပြီးပျောက်ပျက် လွင့်စင် သွားရမည့်သူ မဟုတ်။ မုန်းတီးစက်ဆုပ်ဖြင့်ပင်ဖြစ်စေ . . . သူ့ကို သူမ တစ်ခါတစ်ရံ အမှတ်ထင် ထင် ရှိနေလျှင် တော်ပြီ။ သူကျေနပ်သည်။
သူကတော့ သူကြွေးကြော်ခဲ့သည့် တစ်ချိန်ချိန်ဆိုတာကို ပြင်ဆင်ရဦးမည်။
အခန်း(၄)
သူ ကျောင်းပြီးသွားချိန်တွင် … မိန်းမတစ်ယောက်နှင့် လက်ထပ်လိုက်ပါသည်။ သူ့တွင် မိဘများ လည်းမရှိတော့ပြီမို့ လောကအလယ်တွင် သူတစ်ယောက်တည်း ဖြစ်လို့နေခဲ့သည်။ ဘ၀ခရီးတွင် ဆက်လျှောက်ဖို့ အဖော်တစ်ယောက်တော့ ရှိသင့်သည် …. ကိုယ့်ရဲ့ မိသားစုဘ၀က လေးတစ်ခုတော့ တည်ဆောက်သင့်သည်ဟူသော စိတ်ကူးဖြင့် သူ ထိုမိန်းမကို လက်ထပ်ခဲ့ခြင်း ဖြစ်သည်။ သူမ၏ အမည်မှာ “နှင်းဆွတ်မေ” ဖြစ်သည်။ သူမတွင်လည်း မိဘဆွေမျိုးဟူ၍ မရှိဘဲ လောကအလယ်တွင် တစ်ယောက်တည်း ရပ်တည်ရှင်သန်ခဲ့ရသူမို့ သူတို့နှစ်ယောက်ပေါင်းစပ်ခဲ့ ခြင်းလည်း ဖြစ်ပါသည်။
နှင်းနှင့် လက်ထပ်ပြီး အင်မတန် ရိုးရှင်းအေးချမ်းသော ဘ၀တစ်ခုကို ဖြတ်သန်းရလိမ့်မည် ဟု သူမျှော်လင့်ခဲ့သည်။ သူတို့မှာ ကိုယ်ပိုင်အိမ်မရှိပါ။ သို့သော် အိမ်ငှား၍ နေခဲ့သည်။ လေးဘီး ကား တစ်စင်းကို စပေါ်တင်၍ သူ တက္ကစီဆွဲခဲ့သည်။ နှင်းက ကလေးတွေကို ကျူရှင်ပြသော အလုပ်လုပ်ကာ …သူတို့ဇနီးမောင်နှံနှစ်ယောက် သိပ်မကြောင့်ကြရဘဲ ဘ၀တစ်ခုတွင် ရပ်တည်နိုင်ခဲ့သည်။
သူသည် နှင်းကိုတော့ ချစ်လှချည်ရဲ့ ကြီးမဟုတ်ပေမယ့် သံယောဇဉ်တော့ ရှိခဲ့ပါသည်။ လူတစ်ယောက်သည် ဘ၀တွင် တစ်ကြိမ်သာ အရူးအမူး ချစ်ခဲ့ဘူးသည်ဆိုလျှင် … .သူ့ဘ၀တွင် သူချစ်မိသော မိန်းမမှာ “မက်မုံပွင့်” သာ ဖြစ်သည်။
ယခုအချိန်ထိတိုင် သူမအကြောင်း တွေးလိုက်မိတိုင်း ရင်ထဲတွင် ဆွတ်ကျင်လွမ်းဆွတ်ကာ နာနာကျင်ကျင်ကြီးခံစားရဆဲဖြစ်သည်။ အိပ်မက်တွေထဲတွင် သူမကို မြင်မက်ဆဲ။ အိပ်ရာမှနိုးလျှင် သူမကို သတိရတတ်ဆဲ ..။ တစ်ခါတစ်ရံ သူမအကြောင်း တွေးမိတတ်ဆဲ …။တွေးမိတိုင်းရင်ထဲ တွင် ပူလောင်ရှိန်းမြတတ်ဆဲ။
သူမကို နာကြည်းတာက တစ်ကန့် ၊ ချစ်တာက တစ်ကန့်၊ မုန်းတာက တစ်ကန့်၊ မေ့လို့မရတာ က တစ်ကန့် စသဖြင့် သူ့နှလုံးသားထဲမှာ ရှိသမျှ အခန်းလေးခန်းစလုံးတွင် ထိုခံစား ချက်တို့သည် တစ်ခန်းစီ၊ တစ်ကန့်စီ အပြည့်အ၀ နေရာယူထားခဲ့သည်။
နှင်းအတွက်တော့ သူသည် ယောက်ျားကောင်းတစ်ယောက်ဖြစ်ဖို့ သူ ကြိုးစားခဲ့ပါသည်။ သူတို့ အိမ်ထောင်သက်တမ်းတွင် ဘာပြဿနာမှ မရှိခဲ့ …။နှင်းသည် သူ့ ဘ၀မှာ မည်မျှရှုံးနိမ့် ကျဆုံးခဲ့ကြောင်းကို မသိခဲ့ချေ။ နှင်းကို ဖွင့်ပြောစရာမလိုဟု သူ ယူဆခဲ့သည်။
နှင်းသည် သူ့အပေါ် လေးစားချစ်ခင်ခဲ့သည်။ အားကိုးခင်တွယ်ခဲ့သည်။ အဖော်မွန်ကောင်း တစ်ယောက် ဖြစ်ခဲ့သည်။
သို့သော် ကံကြမ္မာက သူ့ကို သိပ်အကြာကြီး ပျော်ရွှင်ချမ်းမြေ့ခွင့်မပေးခဲ့ပါ။ နှင်းသည် သူ့အတွက် အလွန်ချစ်စရာကောင်းသော သားကလေးတစ်ယောက်ကို မွေးဖွားချန်ထားရစ်ခဲ့ပြီး တိတ်ဆိတ်စွာ ပင် သူ့ဘ၀ထဲမှ နှုတ်ဆက်ထွက်ခွာသွားခဲ့တော့သည်။
သူတစ်ယောက်တည်း ကျန်ရစ်ခဲ့သည့် အချိန်များ သည် ပြန်၍ မတွေးချင်လောက်အောင် ပင် အထီးကျန်ခြောက်သွေ့ခြင်းတို့ဖြင့် ခါးသီးဖွယ်ကောင်းခဲ့သည်။
သားကလေးကို သူ ဘယ်လိုဆက်ပြီး မွေးမြူထိန်းသိမ်းရမည် မသိ။ အနည်းဆုံး သား နို့ဆာရင်တောင် သားကို နို့တိုက်မည့်မိခင် မရှိတော့။ တစ်နေ့တစ်နေ့ သားနှင့်သာ အလုပ်တွေ ရှုပ်နေခဲ့လျက် သူ့ဘ၀သည် သားထံတွင် စုံးစုံးမြုပ် နစ်ဝင်ခဲ့တော့သည်။
သူနှင့်သားသည် တစ်ကမ္ဘာတည်း၊ တစ်သားတည်း ကျခဲ့သည်။ သားသည် သူ့အတွက် ကမ္ဘာလောက အသစ်တစ်ခုဖြစ်ခဲ့သည်။ သူ့အတွက် သားလောက်အရေးကြီးတာ၊ အဓိကကျတာ ဘာမှမရှိ။ သားကို သူပဲအဖေ သူပဲအမေလုပ်ကာ မွေးမြူထိန်းကျောင်းခဲ့ရသဖြင့် သားကို သူ အလွန်ချစ်ပါသည်။ သားကလည်း သူ့ကို မျက်စိအောက်က အပျောက်မခံနိုင်လောက်အောင် ချစ်ခင်တွယ်တာခဲ့ပါသည်။
သားကြောင့် သူ့ဘ၀တွင် အဓိပ္ပါယ်များ စွာ ရှိခဲ့သည်။ အနာဂါတ်များ စွာ ရှိလေသည်။ သားကို သူ အဖြစ်စေချင်ဆုံး အမွတ်သိပ်ဆုံး ဆန္ဒတစ်ခုမှာ သားဘ၀တစ်လျှောက်လုံး ဆင်းဆင်းရဲ ရဲ မနေရဘဲ ချမ်းချမ်းသာသာ ပြည့်ပြည့်စုံစုံဖြင့် လိုတရစွာ ရအထက်တန်းလွှာ အသိုင်းအ၀ိုင်းမှာ ၀င်ဆန့်စေချင်သော ဆန္ဒဖြစ်သည်။
သားဘ၀တွင် သူ့လို ဒဏ်ရာအနာတရမျိုး ဘယ်တော့မှမရဘူးစေရ။ သား လိုချင်တာ မှန်သမျှ ရစေချင်သည်။
သားသည် ဒုတိယ “နေညို” မဖြစ်စေချင်သလို သားဘ၀တွင်လည်း ဒုတိယ မက်မုံပွင့်နှင့် မဆုံးစည်းစေချင်။ သူ့မှာ အဲဒီ စိတ္တဇက အမြဲကိန်းဝပ်နေခဲ့၏ ။
သားအတွက် သူ ကြီးကျယ်ခန်းနားသော မျှော်လင့်ချက်တွေ အများ ကြီးပဲ ထားခဲ့ဖူးပါသည်။ သားအတွက်သာ သူ အရာရာ ရှေ့တန်းတင်ပြီး စဉ်းစားခဲ့သည်။
သူ့ဘ၀တွင် သူ မဖြစ်ခဲ့ဘူးသောဘ၀ သူ မခံစားခဲ့ဘူးသော စံစားမှု များ ကို သားကိုကျ တော့ ခံစားခံစားစေချင်ခဲ့သည်မှာ သာမန် ဖခင် တစ်ယောက်ထက် ပိုလျှံခဲ့သည်။
ထိုစိတ်ကူး မျှော်လင့်ချက်များ နှင့် စေတနာများ က ပင်သားဘ၀တွင် ကြီးမားသော အပြောင်းအလဲတစ်ခု ဖြစ်လာဖို့အကြောင်း တိုက်ဆိုင်လာခဲ့တော့သည်။
ထိုနေ့သည် သား သုံးနှစ်ပြည့်ဖို့ တစ်ပတ်အလိုဖြစ်သည်။ သားကို သူက “သြချို” ဟု အမည်ပေးထားခဲ့သည်။
ထိုနေ့သည် သားနှင့်သူ့ကို ခွဲခွာစေမည့် နေ့ဟု သူကြိုတင်မသိခဲ့ ။ ထုံးစံအတိုင်း သားကို လေးဘီးကားရှေ့ခန်းတွင် ထိုင်စေကာ သူ တက္ကစီ ထွက်ဆွဲခဲ့သော နေ့တစ်နေ့ဖြစ်သည်။
သားကို အိမ်နီးချင်းတွေဆီမှာ အပ်ထားခဲ့ဖို့ သူဘယ်တုန်းကမှ စိတ်မချခဲ့။ သူ သွားလေရာသို့ သားက အမြဲ တပူးတတွဲ တွဲ ခေါ်လေ့ရှိသဖြင့် သားက အကြမ်းပတမ်း ခံနိုင်ရည်ရှိ သော ကလေးတစ်ယောက် ဖြစ်ခဲ့သည်။
သူကလည်း သားကို ငဲ့ညှာကာ မနက်ပိုင်း တစ်ပိုင်းနှင့်ညနေပိုင်းတစ်ပိုင်းသာ တက္ကစီဆွဲပြီး အုံနာခ ပေးနိုင်ပြီး သူတို့ သားအဖအတွက် စားလောက်ရုံ လောက်သာ ဆွဲခြင်းဖြစ်သည်။
အဲဒီ ညနေက သူ ကားသိမ်းဖို့ ပြန်လာချိန်ဖြစ်သည်။ အနည်းငယ်ပင် မှော်ရီဖျိုးဖျ ဖြစ်နေပြီ။ ဆောင်းတွင်းရောက်လာပြီမို့ နေ၀င်စောကာ ညနေ ခြောက်နာရီဆို မှော င်နေပြီ။
ထိုအချိန်တွင် လူပြတ်သော သူဌေးရပ်ကွက်တစ်ခုမှ သူဖြတ်ပြတ်လာခဲ့ခြင်း ဖြစ်သည်။ လမ်းဘေးတွင် ကားတစ်စီး ထိုးရပ်ထားသည်ကို တွေ့ရလျက် လူတစ်ယောက်က သူ့ရဲ့ ကားကို လှမ်းတားနေသည်။
“ကျွန်တော် ဘာကူညီရမလဲ ခင်ဗျာ”
သူ ကားရပ်ပေးလိုက်ကာ မေးလိုက်ရ၏ ။ သားက ကားမောင်းသူ ဘေးခုံတွင် အိပ်ပျော်လျက်ရှိသည်။
“အေးကွယ် .. .ဦးရဲ့ ကား ဘာဖြစ်သွားမှန်း မသိဘူး ..မောင်းလာရင်းထိုးရပ်သွားတယ် ….ဦးလည်းကားမပြင်တတ်ဘူး ….အဲဒါ ဒုက္ခရောက်နေတာ ကူညီပေးပါလားကွယ်”
အသက်လေးဆယ်ကျော်ခန့် ရည်ရည်မွန်မွန်လူက အကူအညီတောင်းဟန်ဖြင့် ပြောလေ သည်။
“ကျွန်တော်ကြည့်ပေးပါ့မယ်”
သူ့ကားပေါ်မှ ဆင်းလိုက်ကာ ထိုသူ့ကားရှိရာဆီ သို့လျှောက်လာခဲ့သည်။ ကားကတော့ အကောင်းစားကြီးပင် ဖြစ်သည်။ ကားဘောနက်ကိုဖွင့်ကာ သူ စစ်ဆေးအပြစ်ရှာနေစဉ် ဆေးကြောင်နေဟန်ရှိသော လမ်းလူရဲ လူငယ်တစ်စု ရောက်လာခဲ့ခြင်း ဖြစ်သည်။
“ဒီမှာ အန်ကယ်လ် ….ကျွန်တော်တို့ကို ဆေးဖိုးလေး ဘာလေးအလှူထည့်သွားစမ်းပါဦး”
သူတို့က ထိုသူကြီးထံသို့ ချဉ်းကပ်၍ ၀ိုင်းထားကာ ပြောနေသံကို ကြားရလျှင် ပြဿနာ တော့ တက်ပြီဟု သူ စိတ်ထဲထင့်ကနဲ ဖြစ်သွားလေသည်။
“မင်းတို့ဆေးသမားတွေမှလား ကိုယ့်လမ်းကိုယ် သွားစမ်းကွာ …ဒီမှာ ကားပျက်လို့ စိတ် ရှုတ်ရတဲ့အထဲ … မကူညီဘဲမနှောင့်ယှက် စမ်းပါနဲ့ …”
လူကြီးက ခပ်ဆတ်ဆတ်ပင် ပြန်ပြောလေသည်။ ဆေးသမား လမ်းသရဲအုပ်စုမှာ ခြောက် ယောက်လောက်ရှိ၏ ။
“ဟေ့လူကြီး ဒီမှာ ဘာလဲ တွေ့လား …. ဗိုက်ထဲသွင်းပြီးမွှေ ပစ်လိုက်မယ် … မလုပ်ရဲဘူး မထင်နဲ့ … ပေးမလားမပေးဘူးလား .. .ဒီမှာ ဆေးပြတ်နေလို့ ပိုက်ဆံ အရမ်းလိုနေတာနော်”
“ဟေ့ကောင် အရှည်ကြီး သိပ်ပြောမနေနဲ့ ကြာတယ် …ရိုက်လုကွာ …ဘာရရ”
ထိုခဏမှာ ပဲ ရုတ်ရုတ်သဲသဲ ဖြစ်သွားလေသည်။ လူကြီးတစ်ယောက်ကို လမ်းသရဲတစ်စု က ၀ိုင်း၍ ရန်ရှာနေခြင်းဖြစ်ရာ သူ ၀င်မပါလို့ မဖြစ်တော့။
ဆိုးရွားသည်မှာ သူတို့လက်ထဲမှာ က လက်နက်တွေပါနေခြင်း ဖြစ်သောကြောင့် အလွန်အ န္တရာယ်များ လှသော်လည်း သူ မတတ်နိုင်တော့။ သူတို့ လူအုပ်နှင့် လုံးလားထွေးလား ၀ရုန်းသုန်း ကားတွေဖြစ်ကုန်ကာ သူ့လက်ထဲသို့ ဓားမြှော င်တစ်လက် ရလာသည်။ သူ့ထံသို့ ဓားမြှော င်ကိုင် ထားသော လူငယ်က တစ်ရှိန်ထိုး ဇွတ်ဝင်လာခဲ့ရာ သူ့ လက်ထဲမှ ဓားမြှော င်ဦးချွန်သည် မျှော်လင့်မထားဘဲ ထိုလူငယ်၏ ရင်ဘတ်တည့်တည့်ဆီသို့ ထိုးသွင်းမိရက်သား ဖြစ်သွားခဲ့လေ သည်။
“ဟာ … ဓားထိုးမိပြီ .. .ဟိုကောင် ထိုးတာ ….ဟိုကောင် ထိုးလိုက်တာ”
ဟု အလန့်တကြားဖြင့် ယောက်ယမ်းကာ စိုက်ဝင်သွားသောဓားကို စွပ်ခနဲ ပြန်ဆွဲနုတ်လိုက်မိသွား၏ ။ သူ မှားသွားပြီ ဆိုတာကို သိလိုက်ချိန်တွင် ပြင်ဆင်ခွင့် မရှိတော့။ သူအကြီးအကျယ် မှားသွားလေပြီ။
စက္ကန့်ပိုင်းလေး အတွင်းမှာ ပင် သူ့ဘ၀သည် အရာရာပြောင်းလဲသွားခဲ့ပြီဆိုတာကို သူ ချက်ချင်းသဘောပေါက်သိမြင်သွားခဲ့၏ ။ သူ့လက်ထဲမှ ဓားကို တုန်လှုပ်စွာ ဖြင့် သူ ကြည့်နေဆဲ သူ့နှလုံးသားသည် ပေါက်ကွဲပွင့်ထွက်မတက် တ၀ုန်းဝုန်း ခုန်လှုပ်လာသည်။
“သေပြီ … ကျွန်တော်တို့ သူငယ်ချင်းသေပြီ … ဒီကောင်သတ်တာ … ဒီကောင် သတ်တာ”
လမ်းသူရဲကောင်တွေ သွေးရူးသွေးတန်း အောကြသည်ကို သူ ငေးကြောင် ကြည့်နေမိ လေသည်။
“ဘယ်လိုလုပ်ကြမလဲ၊ မင်းလက်လွန်သွားပြီထင်တယ်။ ဦးကြောင့် မင်း ဒုက္ခရောက်တော့ မယ်”
သူ အကူအညီပေးမိသော လူကြီးက သူ့ကို ပြောသည်။ သူ့အာရုံတွေ ဆူပွက်လာပြီး ချက်ခြင်းသတိရမိသည်မှာ သူ့သားလေးဖြစ်သည်။
“ကျွန်တော့် သားကလေး၊ ကျွန်တော့် သားကလေး … ကျွန်တော့် သားကလေး ရှိတယ် … ဒီလောကအလယ်မှာ သားလေးရယ် ကျွန်တော်ရယ် နှစ်ယောက်တည်း ရှိတာဗျ၊ ကျွန်တော် ဒုက္ခဖြစ်ရင် သားလေး ဘယ်လိုလုပ်မလဲ”
သူတုန်လှုပ်သွေးပျက်စွာ အော်ရင်း … သားအိပ်နေသော လေးဘီးကား ရှေ့ခန်းဆီသို့ အရူးအမူး ပြေးသွားမိ၏ ။
“အဲဒါတွေ မင်းဘာမှ မတွေးနဲ့ …ဘာမှ မပူနဲ့ အားလုံးကို ဦး တာဝန်ယူမယ် …. မင်းနဲ့ ပတ်သက်သမျှ ဦးတာဝန်ပဲ … ဦးကြောင့် မင်းဒုက္ခရောက်ရတာ …ဦးကို ကယ်တင်ရင်း မင်းဘ၀ကြီး ကျွမ်းထိုးမှော က်ခုံတွေ ဖြစ်ကုန်တာ ဦးမှာ တာဝန် အပြည့်အ၀ ရှိတယ် .. မင်းကိုရော မင်းရဲ့ သားကလေးကိုရော ဦး ပစ်မထားပါဘူး စိတ်ချပါ”
“ဒီ အဖြစ်အပျက်ကြီးက ဦးတို့ မမျှော်လင့်ဘဲ ဖြစ်ခဲ့ပြီ … ဦးတို့ ရင်ဆိုဖို့ပဲ ရှိတော့တယ် … မင်းအတွက် အစစရာရာ အကောင်းဆုံးဖြစ်အောင် ဦး စီစဉ်ပေးမယ်၊ မင်းရဲ့ ကျေးဇူး ဦး အပေါ်မှာ ရှိပါတယ် ဒီကျေးဇူးကို ဦး တစ်သက် မမေ့ပါဘူး ဦးက ကျေးဇူးရှင်ကို ဘယ်တော့မှ ပစ်မထားပါဘူးဆိုတာ ဦး ကတိပေးပါတယ်”
“ကျွန်တော့် သားလေးကို စောင့်ရှောက်ပေးပါ ဦးရယ် …ကျွန်တော့သားဟာ ကျွန်တော့ဘ၀ပဲ၊ ကျွန်တော့် အနာဂတ်မျှော်လင့်ချက်ပဲ … သားကို ကျွန်တော် အဆင့်အတန်းမြင့် မြင့် ဘ၀တစ်ခုမှာ ကျွန်တော် မြင်ချင်တယ် … .ပညာတွေ တတ်စေချင်တယ်”
“ကျွန်တော် ထောင်ကျသွားရင် ကျွန်တော့် ကိုယ်စားဦးက သားကို မြေတောင်မြှော က်ပေးပါ …တာဝန်ယူပြီး ပြုစုပျိုးထောင်ပေးပါ ….အဲဒါတစ်ခုပဲ ကျွန်တော် တောင်းဆိုချင်ပါတယ်”
“စိတ်ချပါ သူငယ် .. .ဦးကို မင်း ယုံပါ အကြွင်းမဲ့ယုံပါ ဦးကတိပေးပါတယ်၊ မင်းရဲ့ သားကလေးကို ဦး မွေးစားပါ့မယ်၊ သားအရင်း တစ်ယောက်လို အမွေစားအမွေခံနဲ့ မွေးစား မယ်၊ အခုချက်ချင်းဘဲ ဦး ဆုံးဖြတ်ချက်ချလိုက်တာ ဆိုပေမယ့် ဒီဆုံးဖြတ်ချက်ဟာ လုံးဝသေချာခိုင်မာတယ် … ဘယ်တော့မှ မပြင်တော့မယ့် ဆုံးဖြတ်ချက်ပဲဆိုတာ ကတိပေးတယ်”
သူ သားရဲ့ အိပ်ပျော်နေသော မျက်နှာကလေးကို မြတ်မြတ်နိုးနိုး၊ စွဲစွဲမက်မက် ငုံ့ကြည့် ကာ ချီလိုက်မိသည်။ သားက နိုးမလာချေ။
လူတွေ စုရုံးရောက်ရှိလာသလို ရဲတွေလည်း ရောက်ရှိလာခဲ့ပြီး … အခြေအနေသည် ချက်ခြင်းပြောင်းလဲသွားလေသည်။ သူသည် ချက်ခြင်းပင် လူသတ်တရားခံ ဘ၀သို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။
သူ့ကို လက်ထိပ်ခတ်လိုက်ချိန်တွင် သားကို သူလွှဲပြောင်းပေးလိုက်ရသည်။
“ကျွန်တော် သားကို စိတ်ချပါရစေဦး … ဦး ဘယ်သူဘယ်ဝါမှန်း ကျွန်တော် မသိပါဘူး၊ ဒါပေမယ့် ကျွန်တော့်မှာ ရွေးချယ်စရာလမ်း မရှိတော့ဘူး၊ ခုအချိန်မှာ ဦးဟာ ကျွန်တော့်အတွက် နောက်ဆုံး ကောက်ရိုးမျှင် တစ်မျှင်ပဲ”
“မင်း စိတ်ချစမ်းပါကွာ၊ မင်းအတွက် ဦး အားလုံး လုပ်ပေးမှာ ပါ ..ဒီမှာ မင်းအတွက် ဦးရဲ့ ကတ်ပါ ၊ ဒါကို မင်းသိမ်းထားပါ၊ ဦးလည်း မင်းဘေးမှာ ရှိနေမှာ ပါ၊ အမြဲရှိနေမှာ ပါ ၊ မင်းဆီ ဦး အမြဲလာတွေ့ပါ့မယ်၊ အားမငယ်ပါနဲ့ ဦးရှိပါတယ်”
သူ့အဖြစ်က ဘယ်လောက်တောင် အံ့သြဆန်းကြယ်လိုက်ပါသလဲ ။ တစ်ကြိမ်တစ်ခါမှ မတွေ့ကြုံ၊ မသိကျွမ်းခဲ့ဖူးသော လူတစ်ယောက်အတွက် သူ့ဘ၀တစ်ခုလုံးနှင့်လဲပြီး ကယ်တင် လိုက်ပြီးနောက် ထိုလူထံမှာ ပင် သူ့ဘ၀တစ်ခုလုံး ပုံအောပြီး ချစ်မြတ်နိုး တန်ဖိုးထားရသော သူ့သားကလေးကို ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ ထိုးအပ်ခဲ့ရလေပြီ။
ထိုအဖြစ်ကို သူ ဘယ်တုန်းကမှ ယောက်၍ ပင် မတွေးခဲ့၊ အိပ်မက်ပင် မမက်ခဲ့။ မိနစ်ပိုင်းကလေးအတွင်းတွင် သူ့ဘ၀တစ်ခုလုံး ကျွမ်းထိုးမှော က်ခုံ ပြောင်းလဲသွားလိမ့်မည်ဆိုတာ သူ ဘယ်တုန်းကမှ ကြိုတင် စိတ်ကူး၍ ပင် မကြည့်ခဲ့မိသော အဖြစ်အပျက် ဖြစ်သည်။
ထိုအဖြစ်အပျက်ကြီးသည် သူ့အတွက် အိပ်မက်ဆိုးကြီးတစ်ခု ဖြစ်သည်။ ကြေက်မက်ဖွယ် ရာ အိပ်မက်ဆိုးကြီးတစ်ခု ဖြစ်သည်။
“ကျွန်တော် စိတ်ချပါရစေ ဦး”
သူ ထိုစကားကို ထပ်တလဲလဲ ရေရွတ်နေမိခဲ့သည်။
ထိုအချိန်မှစပြီး သူ့ဘ၀ကြီး တစ်ခုလုံးသည် တစ်ဆစ်ချိုးကွေ့ ပြောင်းလဲခဲ့တော့သည်။
အနာဂတ်ဆိုတာကို သူ ကြိုမတွေးနိုင်တော့။ သူ့ဘ၀ရော သားရဲ့ ဘ၀ပါ ဘာတွေဖြစ် လာမလဲဆိုတာ သူ ဘာမှ မှန်းဆ၍ မရနိုင်သေးချေ။
![]() ချစ်လွန်းတော့လည်း ရူးတယ်ထင် | ![]() မာယာရထား | ![]() ရင်ခွင်နန်းတော် |