အပိုင်း(၁)
လောကတွင် အမှန်တကယ် ချစ်မြတ်နိုးမည့် သူသည် အမှန်တကယ် ဆုံးရှုံးနစ်နာသူသာ ဖြစ်သည် ။ တကယ်ကဆုံးရသူလည်း ဖြစ်သည်။
အရိပ် သူ့ထံမှာ စတင်ရှုံးနိမ့်ပြီလားဟု ဇဝေဇဝါ ကယောင်ကတမ်းတွေးလိုက်မိသော အခါ လှိုက်လှဲစွာ ကြေကွဲအားငယ်သွားရလျက် သူ့လက်ကို ခပ်တင်းတင်းလှမ်းဆွဲ ဆုပ်ကိုင်လိုက်မိလေ သည်။
သူသည် အံ့သြစွာ ၊ နားမလည်နိုင်စွာ ဖြင့် အရိပ်ကို စိုက်ကြည့်နေလျက် ဘာတစ်ခွန်းမှမပြော အရိပ်၏ အပြုအမူကို ဆန်းကြယ်နေပုံရလေသည်။
အရိပ်ပန်း
မှန်ထဲမှ အရိပ်ကလေးသည် ယောကျာ်း တစ်ယောက် ကို မကြာခင်မှာ အဖြေပေးတော့မည့်  မိန်းကလေး တစ်ယောက် ဟု သံသယ ဖြစ်စရာမလိုတော့လောက်အောင် အဆင့်သင့် ဖြစ်လျက် ရှိနေပြီ။ မျက်လုံးကလေးများ သည်သမားရိုးကျအချိန်ထက်ပိုပြီး အရည်ရွှန်းစို တောက်ပနေသလား၊ နှုတ် ခမ်းလေးတွေ ကပဲ ဒီနေ့ပိုပြီးလှနေပါသလားဟု “အရိပ်ပန်း” အမျိုးမျိုး လှည့်ပတ်တွေးကြည့်သည်။ အဖြေမပေါ်ချေ။
ဒီယောကျာ်းကလေးဟာ ငါကအဖြေပေးလိုက် တဲ့အခါ သိပ်ပျော်ရွှင်သွားမှာ လား၊ ဒါမှမဟုတ် “ဒင်း ဒီအဖြေပဲပေးလိမ့်မယ်လို့ ငါ ကြိုတွက်ခဲ့ပြီးသားများ ”ဟု စိတ်ထဲကတွေးပြီး အပြင် ကတော့ နကန်းတစ်လုံးမှမသိသည့် သူငယ်ကလေး တစ်ယောက် လို ပျော်ရွှင်ချင်ဟန် ဆောင်နေမှာ လားဟူသော မေးခွန်းရဲ့ အဖြေကိုရှာရန်အတွက် သူ့ရင်ထဲကို ခဏဝင်ကြည့်ချင်စိတ်လည်း ဖြစ်မိလေသည်။
ဒီကနေ့ဟာ “အရိပ်ပန်း”ရဲ့ အပျိုစင်ဘဝ တစ်လျှောက်မှာ ပထမဆုံးသော အတွေ့ အကြုံ တစ်ခုကို လက်တည့်စမ်းရမည့် နေ့တစ်နေ့လည်း ဖြစ်သည်။ ယောကျာ်းကလေး တစ်ယောက် ကို အ ဖြေပေးလိုက် ရတဲ့ အ ဖြစ်အပျက်ဟာ ဘယ်လိုနေမလဲဟု “အရိပ်ပန်း” မကြာခဏ စဉ်းစားကြည့်ဖူးသည်။
မိန်းကလေး တစ်ယောက် အနေနှင့် လေးလေးနက်နက်ကို တွေးကြည့်ခဲ့ဖူးသည်။ အဲဒီ အခါတိုင်း ရေရှည်အထိ ဆက်မတွေးနိုင်ဘဲ စိတ်ရှုပ်ခေါင်းပူကာ မေ့ပစ်လိုက်သည်ချည်း။
ယောကျာ်း တစ်ယောက် ကိုရွေးချယ်ရာမှာ တစ်စုံတစ်ရာကို မျှော်လင့်ချက်ထားပြီး ရွေးချယ်ရမည် လား၊ ဒါမှမဟုတ် `အချစ်`ဆိုတဲ့ အရိပ်ပန်းဂဃနဏ နားမလည်သည့် ကြီးကြီး ကျယ်ကျယ် စကားလုံးကြီးနှင့် ကိုင်ပေါက်ပြီး မျက်စိမှိတ်ရွေးချယ်ပစ်ရမည် လား အရိပ်ပန်းမသိချေ။
သူက လွန်ခဲ့သော ငါးလခန့်လောက်ကတည်းက အရိပ်ပန်း နောက်ကို တကောက်ကောက် လိုက်ကာ အရိပ်တကြည့်ကြည့်လုပ်ခဲ့သည်။ နောက်တော့အရိပ်ပန်းသိပ်မမှတ်မိတော့သည့် အကြောင်းတစ်ခုဖြင့် သူနှင့် ရင်းနှီးသွားခဲ့ပြီးသကာလ မကြာခင်မှာ ပင် သူက အရိပ်ပန်းကို ချစ်မြတ်နိုး နေကြောင်းဖွင့်ပြောခဲ့သည်။ ထိုအချိန်ကစ၍ အရိပ်ပန်းသည် သူ့ထံမှ မက်လောက်စရာ မျှော်လင့်ချက်တစ်ခုကို အကြီးအကျယ်ရှာဖွေခဲ့မိကြောင်း ရိုးသားစွာ ဝန်ခံရပါသည်။
အဲဒီ မှာ အရိပ်ပန်းတွေ့ ခဲ့ရသလောက် ကတော့ သူ့ရဲ့ ထူးထူးခြားခြား ရှည်လျားထောင် မောင်းသည့် ယောကျာ်းပီသစွာ ချောမွေ့ကြည်စင်သည့် ပြင်ပ ရုပ်ဆင်းအသွင်ပြင်၊ စူးရှ နက်မှော င်သော မျက်လုံးများ ၊ ထက်မြက်ပြီး ဉာဏ်ရည်ဉာဏ်သွေး အလွန် ထူးခြားကောင်းမွန်ခြင်း၊ (သူ့ကို အရိပ်ပန်း၏ သူငယ်ချင်းများ က Master Brain ဟု အမည် ဝှက် ပေးထားသည်အထိပါပဲ)၊ ဥစ္စာဓန သူ့အမည် မှာ မိန်းကလေးအများ အပြားရဲ့ နှုတ်ဖျားမှာ ရေပန်းစားကျော်ကြားနေခြင်း စသော အချက်များ ပဲ ဖြစ်သည်။
သူထံမှ အရိပ်ပန်းသည် တစ်စုံတစ်ခုကိုရယူရန် မျှော်လင့်ခဲ့သည်။ ထိုတစ်စုံတစ်ခုမှာ ခုနက ပြောခဲ့သည့် သူ့ရဲ့ မက်လောက်စရာ အရည်အသွေးများ ကို အရိပ်ပန်းတစ်ဦးတည်း အပိုင်ယူလိုသော မျှော်လင့်ချက်ပင် ဖြစ်သည်။
သူသည် ကျော်စော ထင်ရှားသူ တစ်ယောက် ဖြစ်သည့်အတွက် အရိပ်ပန်းသည် သူ့ရဲ့ ချစ်သူ ဖြစ်ကြည့်ဖူးချင်သည်။ အဲဒီ လိုဆို ဘယ်လိုနေမလဲ ဟုခံစားကြည့်ချင်သည်။
ရှင်းရှင်းပြောရလျှင် အရိပ်ပန်းသည် သူ့ရဲ့ ”ကျော်ကြားမှု ”ကို မက်မောမျှော်လင့်လျက် သူသည် ဘယ်လိုထူးခြားတဲ့ယောကျာ်း တစ်ယောက် လဲဆိုတဲ့အချက်ကို သိလိုစိတ်ဖြင့် အဖြေပေးဖို့ ဒီကနေ့ကို ချိန်းခဲ့တာ ဖြစ်သည်။
အခုထက်ထိ“အချစ်”ဆိုသော ကဏ္ဍကို အရိပ်ပန်း တစ်စက်ကလေးမှ မတွေးမိသေး။
ထူးခြားသော ယောကျာ်းကလေး တစ်ယောက် နှင့် ချစ်သူတွေ ဖြစ်ကြလျှင် ငါ့ရဲ့ ဘဝဟာ ဘယ်လောက်ထိ အဓိပ္ပာယ်ရှိလာနိုင်မလဲ သူ့ဆီက ဘယ်လောက်ထိအရေး ပါ အရာရောက်တဲ့ လေးနက်မှု ၊ ဂရုစိုက်မှု ၊ ကြင်နာမှု တို့ကို ငါရနိုင်မလဲ စသော မေးခွန်းများ ကို တရစပ်တွေးလျက် ရှိနေခဲ့သည်။
အခုထက်ထိတော့ အရိပ်ပန်းသည် ရင်လည်းမခုန်သေးချေ။ သူ့ရှေ့ရောက်ရင်တော့ သူမ ဘယ်လို မျက်နှာထားရမည် မှန်းလည်း မမှန်းဆတတ်သေး။
အိမ်ကနေထွက်ဖို့ကို အီလေးအီဆွဲ လုပ်နေသဖြင့် မေမေကပင် အရိပ်ပန်းကို စိတ်မရှည်တော့ချေ။ အရိပ်ပန်းကို ကျောင်းဝင်ပို့ပြီးမှ မေမေက သူသွားလိုရာကို ဆက်လက်သွားရမည် ဖြစ်သဖြင့် အရိပ်ပန်း ကျောင်းသို့ မထွက်မချင်း မေမေက လော၍ မဆုံးပေ။
“ကဲ … ကဲ … အရိပ် မြန်မြန်တက်ကားပေါ် ဒီနေ့မျက်နှာက တယ်ထူးပါလား ခြယ်လို့သ,လို့ ရေမွှေးနံ့ကလဲ တထောင်းထောင်းနဲ့ ဘယ်လို ဖြစ်နေတာလဲ”
ဟုမြည် တမ်းလို့နေသည်။ အရိပ်ပန်းရှက်ရယ်ရယ်လျက် ကားနောက်ကြည့်မှန်ထဲ ကမန်းကတန်း ခိုးကြည့်လိုက်မိသေးသည်။ အင်း သူလည်း သတိထားမိမှာ ပဲ၊ စိတ်ထဲက ရယ်ချင်နေမလား မသိဘူးနော်။ `ဒင်းကလေး အလှပြင်လာတယ်`လို့ သူ တွေးနေချင် တွေးနေမှာ ပေါ့။
အံမယ် … သူကရော ခါတိုင်းထက် နည်းနည်း ထူးထူးခြားပြီး ပြင်ဆင်မလာဘူးလို့ ပြောနိုင်မလား။ ကိုယ့်ကို အဖြေပေးမယ့် မိန်းကလေး တစ်ယောက် အနားကို ခေါင်းစုတ်ဖွား ဖရိုဖရဲနဲ့သူ လာ မယ်တော့မထင်ပါ။
ဆေးကျောင်းဝင်းထဲ မေမေ ကားချိုးကွေ့ဝင်လိုက်ကတည်းက အရိပ်ပန်းသည် မျက်စိက စားလျက် သူ့ကို ရှာဖွေလေသည်။ မတွေ့ သေး။
“အရိပ် ဒီနေ့ Dissection ရှိတယ် မေမေ၊ လေးနာရီလောက်မှ လာကြိုနော်”
“အေး … အေး … ဂျူတီကုတ်ရော ပါရဲ့ လား မပျာယာ”
“ပါပါတယ် … မေမေရဲ့ ”
မေမေ့ကို နှုတ်ဆက်ကာ ကျောင်းထဲ ဝင်လာခဲ့သော အခိုက်မှာ ပင် သူကကြိုရောက်မနေဘဲ မိမိက ကြိုရောက်နေရသော အ ဖြစ်ကို မ ဖြစ်လိုသော ဆန္ဒတွေ ပေါ်လာသည်။ သူကလိုချင်တဲ့လူ၊ သူက ပိုဝီရိယရှိရမှာ ပေါ့ ဟု တွက်တွက်ကတ်ကတ် တွေးလိုက်သေးသည်။ ပုန်းနေလျှင် ကောင်းမည် ဟု ကလေးဆန်ဆန် တွေးမိသည်။ သို့ သော် တစ်နေ့လုံး ဘယ်ပုန်းနေနိုင်မလဲ။
ညနေ Room (2) ထဲရောက်တော့ လူသေအလောင်းကြီးအလယ်မှာ ထားပြီး ဘေးကနေ တစ်ယောက် တစ်လှည့် ဝိုင်းဝန်းခွဲစိတ်ကြရတဲ့အချိန် သူနှင့် အရိပ်ပန်း မတွေ့ လို့ကိုမ ဖြစ်တော့ပေ။ အရိပ်ပန်းကမတွေ့ ချင်ဟန်ဆောင်နေလည်း သူ ကတော့ အတင်း လိုက်ကပ်နေတော့မှာ သေချာသည်။
အတွေးများ ဖြင့် လျှောက်လာခိုက် ပုဏ္ဏားကွယ်တစ်ခုမှ ဘွားခနဲထွက်လာသော သူ့ကိုမြင် လိုက်ရသည်။ အရိပ်ပန်းကနောက်သို့ ခြေတစ်လှမ်းဆုတ်ကာ လန့်သွားဟန်ဆောင်လျက် …
“ဘယ်လို ဖြစ်နေတာလဲ ဒီမှာ စာတွေ တွေးလာတဲ့ဥစ္စာ လန့်သွားတာပဲ”
ဟုပြောမိပြောရာ ကမူးရှူးထိုး ပြောလိုက်လေသည်။ စိတ်ထဲက သူ့ကို အပြေးအလွှား အကဲ ခတ်စစ်ဆေးကြည့်သည်။ သူ ယနေ့ထူးခြားသည်မှာ ဂျူတီကုတ်ကို ကျောပိုးအိတ်ထဲ လုံးထွေး ထည့်ထားလေ့ရှိသော ထုံးစံပျက်နေခြင်းက နံပါတ်တစ်အချက် ဖြစ်သည်။ သေသေသပ်သပ် ခေါက်ချိုးညီညီ ခေါက်ထားလျက် လက်ထဲမှ စာအုပ်တစ်အုပ်နှင့် တွဲ ကိုင်ထားလေသည်။
နံပါတ်နှစ် ထူးခြားချက်မှာ ။
“အရိပ် ဒီနေ့မနက်ပိုင်း Embryo Lecture တစ်ချိန်လစ်ကြစို့ကွာ”
သူက ကြားဖြတ် ပြောလိုက်သည့်အတွက် သူ့ထူးခြားမှု တွေ ကို ရှာဖွေနေသော အရိပ်ပန်း၏ အာရုံ ပျက်သွားရလေသည်။
“အို … မလစ်ပါဘူး ၊Embryo ကဒီလောက် အရေး ကြီးတဲ့ ဥစ္စာ”
အရိပ်ပန်းက ကလန်ကဆန် ပြောလိုက်သည်။ သူက တစ်ချက်စုတ်သပ်လိုက်ကာ ခေါင်းကို တစ်ချက်သပ်တင်သည်။ အဲဒီ မှာ နံပါတ်နှစ် ထူးခြားချက်ကို အရိပ်ပန်းတွေ့ လိုက်ရတာ ဖြစ်၏ ။ အမြဲ တမ်း ပျော့ပျော့စင်းစင်းကလေး ဖြစ်နေတဲ့ သူ့ဆံပင်တွေ ဟာ ဒီနေ့ ဂျဲလ်သုံးထားပုံရခြင်းပင် ဖြစ်သည်။
“အရိပ် ကိုယ်တို့နှစ် ယောက် အတွက် ဒီနေ့တစ်နေ့တော့ ပေးသင့်တယ်နော်”
သူက ချော့ချော့မော့မော့ လေသံဖြင့် ဖြားယောင်းလေသည်။ အရိပ်ပန်းက သူ ဘယ်လိုများ အဖြေတောင်းမလဲလို့ ကြိုတွေးမိလျက်ရှိသည်။
စကားလေးတစ်ခွန်းတည်းနှင့် သူနဲ့ငါဟာ မကြာခင်မှာ ဒီထက်တစ်ဆင့် ပိုရင်းနှီးသွားကြရတဲ့ “ချစ်သူ” ဆိုတဲ့ဘဝကို ရောက်သွာြး ကတော့မယ်။ နေဦး သူကရော ငါက သူ့အပေါ် မျှော်လင့်ချက် တစ်ခုထားခဲ့သလို သူ့ဘက်ကလည်း ငါ့ကို တစ်ခုခုမျှော်လင့်ပြီး ချစ်နေတာလဲ ဖြစ်နိုင်တာပဲ၊ အဲ့ ဒီလိုဆို ငါက ပေးသင့်သလားဟု တွေ ဝေစပြုလာသည်။
မိမိတောင် သူ့အပေါ် ဟန်ဆောင်မှု တွေ ထားနေသေးတာ သူကရော ဟန်မဆောင်နေပါဘူးလို့ ဘယ်သူအတပ်ပြောနိုင်မည် နည်း။
“ဒီနေ့ လက်အိတ်ယူတာလား အဆုတ်ကြီး ဆွဲထုတ်ရမှာ နော်”
“ဟာဒီအချိန်မှာ စာတွေ အကြောင်း မကြားချင်ဘူး၊ ခေါက်ထားလိုက်၊ ကိုယ်ရဲ့ အရိပ် တစ်နေရာရာ သွားရအောင်”
“ဟင့်အင်း … ကျောင်းပရိဝုဏ်ကလွဲပြီး ဘယ်ကိုမှ မသွားချင်ဘူး”
သူသည် မျက်လုံးကိုတစ်လျက်ပြူးလိုက်သည်။ ထို့နောက် အရိပ်ကို စေ့စေ့ကြည့်ကာ …
“ကိုယ် အရိပ်ဆီက တစ်ခုခု ကြားချင်လှပြီ အရိပ်ဗိုလ် မကျနဲ့ကွာ”
“ဘာတစ်ခုခုလဲ”
“ဟာ”
သူက နဖူးကို လက်ဖနောင့်ဖြင့် တစ်ချက်ပုတ်လျက် စိတ်ပျက်လက်ပျက် အော်သည်။ နောက်တော့ …
“ကိုယ့်ကို ချစ်လား”
ဟုပြောင်ပြောင်တင်းတင်း မေးတော့သည်။ သူ့မျက်လုံးများ မှာ ခါတိုင်းထက် ပို၍ စူးရှတာတော့ သေချာပါသည်။
“ဘာ ဖြစ်လို့ အဲဒီ လိုမေးရတာ လဲ”
တကယ်တော့ သူကို ကသိကအောက် ဖြစ်စေရေး ၊ မချင့်မရဲ ဖြစ်စေရေး အတွက် တမင်ရည်ရွယ်ပြီး အရိပ်နှိပ်စက်နေတာ ဖြစ်သည်။ သူကလည်း အရိပ် ဖြစ်စေချင်သလို မချင့်မရဲ ဖြစ်လာပုံမရချေ။ အစွမ်းကုန်သည်းခံစိတ်ရှည်ပေးထားမည့် ရုပ်မျိုး။ အဲဒီ ရုပ်ဟာ ဒီနေ့တစ်နေ့ပဲ စိတ်ရှည်သဘောကောင်းပြီး နောင်ကာလများ စွာ ကြာလာတဲ့အခါ ဟန်ဆောင်မှု တွေ ကွာကျသွားမယ်ဆိုရင် ဘယ်လောက် စိတ်ပျက်ဖွယ် ကောင်းလိုက်မလဲ။ အခုလို ပျော်ရွှင်ကြည်နူးရတဲ့ အရသာကို ဘယ်လောက် ထိကြာကြာ အရိပ်ခံစားခွင့်ရနိုင်မလဲ။
“အရိပ်ရယ် … ကိုယ်ဘာလိုချင်တယ်ဆိုတာ မင်း သိပါတယ်”
“တကယ်လို့ အရိပ်ဆီက မရခဲ့ရင် တစ်ခြား တစ်ယောက် ဆီမှာ အဲဒါကို သွားရှာမှာ လား ဟင်”
သူ့ မျက်နှာကွက်ခနဲ ပျက်သွားသည်။
“ဒီမေးခွန်းဟာ ကာယကံရှင်ရဲ့ သိက္ခာကို ထိပါးစော်ကားရာရောက်တဲ့အတွက် ကျွန်တော် ကန့်ကွက်ပါတယ် တရားသူကြီးမင်းခင်ဗျား”
ရုတ်ခြည်းပင် သူသည် ရွှတ်နောက်နောက်ဖြင့် အရိပ်၏ စကားကို ချော့ပစ်လိုက်တော့သည်။
“မိန်းကလေး တစ်ယောက် ကို တစ်သက်လုံး စိတ်ရှည်လက်ရှည် လက်တွဲ သွားနိုင်ပါ့မလား လို့ ကိုယ့်စိတ်ကိုရော ပြန်မေးကြည့်ပြီးပြီလား”
“ပြောလိုက်ရင် ကိုယ့်ဘက်ကိုယ်ပင်းရာ ကျမှာ ပေါ့၊ အပြောထက် အလုပ်နဲ့ သက်သေပြရ တာက ပိုကောင်းမှာ ပေါ့ အရိပ် …”
အရိပ်သည် သူ့စကားလေးကို သာယာသွားလေသည်။ စာတွေ အရမ်းများ တဲ့ ဆေးကျောင်းမှာ ဝဋ်တစ်ခုကို လာကျခံနေရပြီး ပျော်ရွှင်စရာတွေ အလွန်ကင်းမဲ့လှတဲ့ဘဝတွင် ကိုယ်နှင့် ထပ်တူ မျှဝေခံစား နားလည်ပေးနိုင်မည့်  အဖော် တစ်ယောက် လိုအပ်တာ ကတော့ အလွန်သေချာပါသည်။
ကဲ … အရိပ် သူ့ကို အဖြေပေးလိုက် တော့မယ်။ သူဟာ အရိပ်ကို တစ်စုံတစ်ရာ ပေးနိုင်စွမ်းရှိမယ့် ယောက်ျား တစ်ယောက် ပါ။
သို့ သော် နှုတ်ကနေ “ရှင့်ကိုချစ်ပါတယ်” ဟုဖွင့်ပြောရမှာ ကြီးကိုတော့ အရိပ် နှုတ်မရဲ ဖြစ်နေလျက် ရှက်ရွံရွံကြီး ဖြစ်လာရပြန်သည်။ ရင်မခုန်တာ သေချာသော်လည်း ထိုစကားကြီးကို ယောကျာ်း တစ်ယောက် ကို စတင်ပြောရမှာ ကို လျှာဆွံ့နေရတာ မဆန်းဘူး ထင်သည်။ အရိပ်သည် ဖျတ်ခနဲအကြံရပြီး …
“ဒီလိုလုပ်ပါလား ကိုဆွေ အရိပ် အမှတ်အသားတစ်ခုခုနဲ့ အဖြေပေးမယ်၊ ပါးစပ်က မရဲဘူး ဖြစ်နေလို့ပါ။
သူသည် မျက်ခုံးကလေး ပင့်သွားပြန်ကာ …
“ဘိုင်ဘာဝင်ခါနီး ရင်ခုန်ရသလားလို့ မှတ်တယ်၊ အရိပ်လုပ်မှ ကိုယ် ပိုရင်ခုန်နေရပါဦးမယ်
ကွာ၊ ကဲ … ပြောပါဦး၊ ဘာအမှတ်အသားနဲ့ အဖြေပေးမှာ လဲ”
“ညနေ Dissection room ထဲရောက်တဲ့အခါ Dead body ကြီးရဲ့ နဖူးကို သုံးချက်ပုတ်ပြ မယ်ဆိုရင် ကိုဆွေလိုချင်တဲ့အဖြေလို့မှတ်၊ လက်သီးနဲ့ တစ်ချက်ထိုးပစ်လိုက်တယ်ဆိုရင် ငြင်းတယ် လို့မှတ်”
“ဟား … ဟား …”
သူသည်မအောင့်အည်းနိုင်စွာ အော်ကြီးဟစ်ကျယ် ရယ်မော လာတော့သည်။ မျက်နှာ တစ်ပြင်လုံး နီရဲလာတဲ့အထိ မျက်ရည်ထွက်တဲ့အထိ ရယ်ရင်းတန်းလန်း အသံဖြင့် …
“အရိပ်ရယ် ဆေးကျောင်းသူရယ်လို့ မပြောရဘူ၊ အဖြေပေးတာတောင် လူသေအလောင်း ကြီးကို အလွတ်မပေးပါလား၊ သူ့ခမျာ ကိုယ်တို့ကသူ့ရင်ခွဲပြီး အထဲက ကလီစာတွေ ကို ရစရာမရှိအောင် ကလိတာကိုလဲ ခံရသေးတယ်၊ နဖူးကို အရိုက်ခံမှာ နဲ့၊ လက်သီးနဲ့အထိုးခံရမှာ နဲ့၊ နင်တို့ တော် တော် လွန်ပြီလို့ ထ,အော်ရင်ဘယ်လိုလုပ်မလဲ၊ သူ့ကိုတော့ ချမ်းသာပေးစမ်းပါကွယ်”
အရိပ်သည် သူနှင့် အတူ လိုက်ရယ်မောရင်း …
“မသိဘူး ကိုဆွေ၊ ညနေကျမှ စောင့်ကြည့်တော့”
ဟု ကပျာကယာပြောလျက် ခပ်သုတ်သုတ်လစ်ထွက်လာခဲ့တော့သည်။
မိန်းမ တစ်ယောက် ဆီက အဖြေတစ်ခု ရဖို့အတွက် ဒီလောက်တောင်ရယ်စရာ၊ စိတ်မရှည် စရာ ကောင်းလိမ့်မယ်ဟု သူဘယ်တုန်းကမှ မမျှော်လင့်ခဲ့ချေ။
“အရိပ်ပန်း” ဆိုသည့် အမျိုးသမီးကို သူသည် မျှော်လင့်ချက်တစ်ခု ကြီးစွာ ထားလျက် ရွေး ချယ်ခဲ့တာ ဖြစ်ပါသည်။ သူငယ်ငယ်ကတည်းက …
“ငါ မိန်းမယူရင် ငါ့အမေနဲ့တူတဲ့မိန်းမမျိုးကိုမှ ရွေးမယ်”
ဟုကြွေးကြော်ခဲ့ခြင်းသည် အရိပ်ပန်းကို ရွေးချယ်ရာတွင် ခိုင်လုံသည့်အချက်တစ်ခု ဖြစ်ခဲ့ တော့သည်။ မေမေ့လောက် ထက်မြတ်စူးရှမှု တွေ မရှိတောင်မှ အရိပ်ပန်းသည် မေမေ့နီးပါး ထက် မြက်တော် မော်သော မိန်းမ တစ်ယောက် ဖြစ်နိုင်သည်။ သူ့မေမေသည် မီးယပ်နှင့် သားဖွားအထူးကု ဆရာဝန် တစ်ယောက် ဖြစ်ရုံသာမက အိမ်မှု ကိစ္စအဝဝကိုလည်း ကျွမ်းကျင်နိုင်နင်းသော မိန်းမတစ် ယောက် ဖြစ်နေခြင်းသည် သူ အလွန်ကျေနပ်ဂုဏ်ယူသော အချက်တစ်ချက်ပင်တည်း။ ထို့အပြင် မေမေသည် လင်ယောကျာ်းနှင့် သားအပေါ်မှာ အလွန်ကြင်နာယုယနိုင်သူ ဖြစ်လေသည်။နံနက်မိုး လင်းလျှင် ချက်ပြုတ်စီမံစရာတွေ အားလုံး သေသေသပ်သပ်လုပ်ကိုင်ပြီးတာနှင့် သူနှင့် ဖေဖေ့အ တွက်ကော်ဖီဝိုင်းကို အသင့်ပြင်ပြီးမှဖေဖေနှင့် သူ့ကို လားနှိုးလေ့ရှိသော မေမေ့အကျင့်ကို သူ သိပ် ချစ်သည်။
ဒီ့ထက်ပို၍ စွဲလမ်းစရာကောင်းသည်မှာ မေမေ့နှိုးပုံနှိုးနည်းပင် ဖြစ်သည်။ ပြင်သစ်ပြည်က လာသော သစ်သော့ သီးရနံ့ ရေမွှေးကလေးဖြင့် ဖေဖေနှင့် သူ့ကို ဖြန်းကားနှိုးလေ့ရှိသည်။ (အရိပ်ပန်းဆီကရသော ရနံ့ကလေးသည် မေမေအသုံးပြုလေ့ရှိသော ထိုသစ်သော့ သီး ရနံ့ကလေး ဖြစ်နေခြင်းသည် အလွန်ထူးဆန်းသော တိုက်ဆိုင်မှု ဖြစ်ပါသည်။ အရိပ်ပန်းကိုရွေးချယ်ရာတွင် ထိုအချက်သည်လည်း တစ်ချက်အပါအဝင် ဖြစ်၏ ။)
ပြီးတော့ သူ့ မေမေသည်ဘာမဆို သူမ ကိုယ်ထိုင်ဦးဆောင်လုပ်ကိုင်ရမှ ကျေနပ်သဘော ကျတတ်သူ ဖြစ်သည်။ (လူသေအလောင်းခွဲတိုင်း အရိပ်ပန်းက ဦးဆောင်ခွဲလေ့ရှိခြင်းသည် မေမေ့စရိုက်မျိုး ဖြစ်သည်ဟု သူ ကောက်ချက်ချခဲ့သည်။)
နံနက်ကို ဆေးရုံသွား ညနေပြန်ရောက်တော့သူနှင့် ဖေဖေ့အတွက် ညစာစီစဉ်၊ ပြီးတော့ ဖေဖေဖွင့်ထားသည့် ရွှေဘုံသာလမ်းက `ဥဩဆွေ`ဆေးခန်းမှာ ညပိုင်းအချိန်ဆေးခန်း သွားထိုင်သေးသော မေမေ့၏ နားချိန်မှာ ညပိုင်းအချိန်ကလေးသာ ဖြစ်သည်။ ဒါတောင် ညဘက်တွင် မေမေသည် ဆေးကျမ်းစာအုပ်တွေ ကို ညဥ့်နက်သည်အထိ ဖတ်နိုင်သေးသည်။ အချိန်ပို လုံးဝမထားသော မေမေ့၏ အလုပ်လုပ်နိုင်စွမ်းကို သူအလွန်အားကျကာ “မေမေ့လိုမိန်းမမျိုးပဲ ငါရှာယူမယ်၊ ဖေဖေ့လိုကံကောင်းစေရမယ်”ဟု သူ ကြုံးဝါးခဲ့တာ ဖြစ်သည်။
အရိပ်ပန်းဆီက မေမေနှင့် တူသည့် အချက်များများ ကို ရနိုင်လိမ့်မည် ဟု သူမျှော်လင့်ခဲ့ဖူး သည်။ သူမသည် မေမေ့လိုပင် နဖူးတစ်ပြင်လုံး ပြောင်လက်နေအောင် မျက်နှာပေါ်မှာ ဆံမျှင်တစ်နွယ် ရှိမနေစေရအောင် နောက်ပြန်လှန်သိမ်း စုစည်းလျက် နက်မှော င်ထူထဲသော ဆံပင်ရှည်များ ပိုင်ဆိုင်လျက် မေမေ့လိုပဲ မျက်နှာကြည်ကြည်လင်လင်လေးကို ပိုင်ဆိုင်ထားသည်။ ဘယ်နေရာရောက်ရောက် ထင်းခနဲ ဖြစ်နေအောင် ပေါ်လွင်ထင်ရှားလျက် မြင်သူတိုင်း ငေးကြည့်နေချင်လောက်အောင် ချောမောလှပသူကလေး ဖြစ်သည်။ မျက်ခုံးမျက်လုံး လေးတွေ ဆီက အနက်ရောင် တောက်ပမှု သည် အရိပ်ပန်း၏ အလှကို ပို၍ ပြတ်သား ထင်ရှားစေပြီး မြင်လိုက်ရုံနှင့် အလွန်ထက်တဲ့ အမျိုးသမီးဟု ကောက်ချက်ချမိစေရမည် ။
ပြီးတော့ အရိပ်ပန်း၏ ဝတ်စားဆင်ယင်မှု မှာ နှစ် မျိုးတည်း ဖြစ်သည်။ ဂျူတီကုတ်ဝတ်စရာ မလိုသော ရက်များ တွင် တီရှပ်ပြောင်ပေါ်က ကုတ်အင်္ကျီပွပွဖားဖား၊ (တစ်ခါတစ်ရံ အလွန်စမတ်ကျ သော ကုတ်အင်္ကျီချပ်ချပ်ရပ်ရပ်) ကိုဝတ်လေ့ရှိပြီး ဂျူတီကုတ်ဝတ်ရမည့် နေ့များ တွင် ရင်ဖုံးအင်္ကျီ ပုံဆန်းကလေးများ ကို မရိုးနိုင်အောင် ဝတ်တတ်သည်။ မြင်လိုက်လျှင် အထက်တန်းကျကျ မိန်းမ တစ်ယောက် ပုံစံ အလွန်ပေါ်လွင်လှခြင်းသည် မေမေနှင့် အတူညီဆုံးပင်တည်း။
ခုနကပြောခဲ့သည့် အချက်အလက်များ ကြောင့် အရိပ်ပန်းသည် ဘယ်လောက်ထူးခြားထက် မြက်သည့် မိန်းကလေး တစ်ယောက် ဖြစ်နိုင်သလဲဆိုသော သိချင်စိတ်၊ ပြီးတော့ အရိပ်ပန်းဆီက တစ်စုံတစ်ရာရနိုင်လိမ့်မည် ဟူသော မျှော်လင့်ချက်၊ နောက်ဆုံးတော့ အရိပ်ပန်း၏ ချစ်သူ ဖြစ်ခွင့်ရ သော အခါ သူ ဘယ်လောက်ထိ ကျေနပ်ဂုဏ်ယူစရာကောင်းရမလဲ၊ ဘယ်လောက်ထိ ပျော်ရွှင်ခွင့် ရနိုင်မလဲ အရိပ်ပန်းကသူ့ကို ဘယ်လိုဆန်းကျယ်မှု တွေ ပေးနိုင်မလဲ … စသည်ဖြင့် မျှော်လင့်ချက် များ စွာ ဖြင့် အရိပ်ပန်းကို သူ ရွေးချယ်ခဲ့တာ ဖြစ်သည်။
ရသမျှ လူသေအလောင်းများ ထဲတွင် သူတို့အုပ်စု၏ လူသေမှာ ရုပ်ရည်အချောမောဆုံး ဖြစ် လေသည်။ တခြားအုပ်စုတွေ ဆီမှ အလောင်းများ သည် နှာခေါင်းတစ်ခုလုံး ပြားချပ်နေတာတွေ ၊ သွားတွေ ခေါထွက်နေတာတွေ ဖြင့် စိတ်မချမ်းသာဖွယ်ကောင်းသည်။ သူတို့အလောင်း ကတော့ စီးကရက်အလွန်သောက်သည့်ဒဏ်ဖြင့် အဆုတ်တစ်ပြင်လုံးကာဗွန်စက်များ ထ,နေတာရယ် ၊ Hypertension ဖြင့် သေဆုံးခဲ့ရပုံရစွာ သူရဲ့ နှလုံးမှာ အဆမတန် ကြီးထွားနေတာရယ်လောက်ပဲ ပြောစရာရှိသည်။ အလွန်သဘောကောင်းသည့် ရုပ်ရည်မျိုး ဖြစ်သည်။ သူ့တွင် မျက်လုံးတစ်လုံးမရှိ ဟောက်ပက် ဖြစ်နေသည်။ အလွန်စပ်စုကြသော သူတို့အုပ်စုက ဆရာမ ကို တစ်ယောက် တစ်ခွန်း လျှောက်မေးကြလေသည်။
ဆရာမ က ….
“ဟဲ့ … ဒါတော့ဆရာမ လဲ ဘယ်သိမလဲ၊ ဒါပေမယ့် သူလှူသွားတာလဲ ဖြစ်မှာ ပေါ့”
“ဒါဆိုရင်တော့ ဒီလူကြီးဟာ အတော် သဘောကောင်းတာပဲ အလှူဒါန ရက်ရောမယ့်ပုံပဲ”
အရိပ်ပန်းက ဝင်၍ မှတ်ချက်ချလေသည်။ သူက လူသေ၏ အသည်းကြီးကို သေချာစမ်းကြည့်လျက် …
“ဆရာမ ….တကယ်တော့ လူတွေ ပြောပြနေတဲ့ အသည်းကွဲတယ်ဆိုတဲ့ စကားက မမှန်နိုင်ဘူးဗျ၊ ဒီ Liver ကြီးက ဒီလောက်ကြီးနေတာ ဘယ်လိုလုပ်ပြီး ကွဲနိုင်မလဲ၊ တူနဲ့ထုတောင် မကွဲနိုင်ဘူး၊ မိန်းကလေးတွေ မှတ်ထားကြ၊ နောက်ကို အသည်းကွဲတယ်ဆိုတဲ့စကား မသုံးရဘူး၊ အဓိပ္ပာယ်မရှိဘူး၊ အသည်းပြတ်တယ်လို့ ပြောချင်ပြော၊ ဓားနဲ့လှီးရင်ပြတ်နိုင်တယ်”
သူ့စကားကို တစ်အုပ်စုလုံး ဝါးခနဲရယ်ကြလေသည်။ ဆရာမ မှာ စာမသင်နိုင်သေး။ သူတို့ အုပ်စုပေါက်ကရတွေ ဝိုင်းပြောနေတာနှင့် လိုက်ရယ်နေရရှာသည်။
“ဆရာမ ဒီဘော်ဒီကြီးကို သမီးတို့က တစ်နှစ် လုံး ဆက်ဆံသွားရမှာ နော်၊ သူလှလှပပလေး ဖြစ်အောင် နှုတ်ခမ်းနီ ဆိုးပေးထားရအောင်”
“အေးပါ နင်တို့ပေါက်ကရတွေ လျှောက်လုပ်နေ၊ စာမေးပွဲကျမှ နင်တို့ဒုက္ခရောက်မယ်၊ ဘိုင်ဘာမေးပြီဆိုရင် ချွေးက ပြန်၊ စိတ်က ကယောင်ချောက်ချားတွေ ဖြစ်၊ ဒီလူသေကြီးကပဲထ ပြီးပြုံးပြနေသလိုလို ခံစားရမယ်၊ တော် ပြီ စကားမပြောကြနဲ့၊ လာ ဆက်ခွဲရအောင်၊ ဒီနေ့ ဘယ်သူခွဲမှာ လဲ …”
“သမီး”
အရိပ်ပန်းက လက်ညှိုးကလေးထောင်ကာ ရှေ့သို့ တိုးထွက်လာသည်။ သူက အရိပ်ပန်း၏ မျက်နှာကို စေ့စေ့စိုက်စိုက်ကြည့်နေလျက် အခုထက်ထိ အဖြေမပေးသေးတာကို မချင့်မရဲ ဖြစ်စပြုလာလေသည်။
အရိပ်ပန်းက သူ့ကို ဖျတ်ခနဲလှမ်းကြည့်ပြီး လူသေ၏ နဖူးကို လက်ဖြင့် သွားစမ်းလိုက်သည်။ သူ မျက်တောင် မခတ်ဘဲ အရိပ်ပန်း၏ လက်ကလေးကို အာရုံစိုက်နေစဉ် အရိပ်ပန်း၏ လက်သည် ထိုနှာဖူးပြင်ပေါ်သို့ တဖျပ်ဖျပ်မြည် အောင် သုံးချက် ရိုက်ပြလိုက်လေသည်။ သူ့မျက်နှာတွင် ပြုံးသွား ရသလောက် ဆရာမ က …
“ဟဲ့ … အရိပ်ပန်း … ၊ အဲဒါဘာလုပ်တာလဲ”
တစ်အုပ်စုလုံး တဝါးဝါး ရယ်မောလိုက်ကြသည်။ အရိပ်ပန်းသည် ရှက်ကိုးရှက်ကန်းဖြင့် သူ့ ကိုတစ်ချက်လှမ်းကြည့်ကာ …
“သူ့ကိုခွင့်တောင်းတာပါ ဆရာမ ၊ နာရင် မအော်နဲ့နော်လို့ ခွဲတော့မယ်လို့”
“ဟဲ့ … ပေါက်ပေါက်ရှာရှာ”
လူတွေ အားလုံး ဝိုင်းရယ်ကြပြန်သည်။ ထိုအထဲတွင် သူ့အသံသည် အကျယ်လောင်ဆုံး ဖြစ် သည်။
ကဲ အခုချိန်ကစပြီး သူနဲ့ အရိပ်ပန်းဟာ “ချစ်သူတွေ ” ဆိုတဲ့ အ ဖြစ်အပျက်ကြီးဆီ ပြောင်းလဲသွားကြပြီ။ တစ်ကျောင်းတည်းနေ၊ တစ်ခရီးတည်းသွား၊ တစ်လောင်းတည်းခွဲပြီး ဤမျှရင်းနှီးခဲ့ကြသော အလွန်ချောမောထက်မြက်သည့်၊ တစ်နေ့မှာ မေမေ့လို အထူးကု ဆရာဝန်မ တစ်ယောက် ဖြစ်လာမည့်  အမျိုးသမီးသည် မထင်မှတ်စွာ သူ့ချစ်သူ ဖြစ်သွားခဲ့ပြီ ဖြစ်သည်။
သူသည် အရိပ်ပန်းကို တစ်စိမ့်စိမ့်ကြည့်သည်။ ပြောင်လက်နေသော နဖူးပြင်ကလေး၊ ဖြောင့်စင်းချွန်တန်းနေသော နှာတံကလေး၊ ခပ်ပြည့်ပြည့်ဖောင်းဖောင်း နှုတ်ခမ်းကလေး၊ လူကို စိတ်ဝင်စားခွဲစိတ်နေသော အရိပ်ပန်း၏ ခပ်သွက်သွက် လက်ကလေးများ ။ ဘယ်လောက်မက်မော စရာကောင်းသနည်း။ ဤအမျိုးသမီးကိုရွေးချယ်ခဲ့တာ သူ မှန်သည်။ အရိပ်ပန်းကို ချစ်သူတော် ခွင့်ရတာ သူကံကောင်းလိမ့်မည် ဟု တစ်ထစ်ချ တွက်ထားလိုက်တော့သည်။
အကယ်၍ တစ်စုံ တစ်ယောက် က `အရိပ်ပန်းကိုချစ်သလား`မေးလာခဲ့လျှင်သူအနည်းငယ် တော့ ဆွံအ,သွားနိုင်သည်။ ဘာ ဖြစ်လို့လဲဆိုတော့ `အချစ်`သည် အဓိကနေရာမှ မပါဝင်ခဲ့။ ဦးနှောက်ဖြင့် သာ သူ တွေးခဲ့သဖြင့် `မျှော်လင့်ချက်`သည် ရှေ့ဆုံးက ဖြစ်လေသည်။
“အရိပ်ပန်းကိုချစ်သလား” ဟူသော မေးခွန်းကို သူ အချိန်တန်ရင်သိလာရလိမ့်မည် ဟု ခပ် ခပ်ပေါ့ပေါ့ တွေးတောလိုက်မိသည်။ လောလောဆယ်ဆယ်တွင် အရိပ်ပန်း၏ ချစ်သူ ဖြစ်လာရရေး သည် `ဥသြဆွေ`ဆိုသော ယောကျာ်း တစ်ယောက် အတွက် အဓိက ဖြစ်လေသည်။
အရိပ်ပန်းသည် ဘယ်လောက်ထူးခြားသည့် မိန်းကလေး တစ်ယောက် ဖြစ်နိုင်သနည်းဆို သော အချက်သည် သူ့အဖို့ စိတ်ဝင်စားဖွယ်အကောင်းဆုံးအချက် ဖြစ်လေသည်။
အခန်း (၂)
အံ့သြစရာကောင်းလောက်အောင်ပင် အရိပ်တို့နှစ် ယောက် ၏ ချစ်သူဘဝသည် အများ တက်လို ကဗျာမဆန်နိုင်တော့ချေ။ အလွန်ကြောက်စရာကောင်းသော စာမေးပွဲကြီးက ဆီးကြို စောင့်စားနေသဖြင့် အရိပ်မျှော်လင့်ထားသော သူ့ဆီကကြင်နာမှု ကိုလည်း မရနိုင်သေးချေ။
Throax စာမေးပွဲအတွက် သဲကြီးမဲကြီးကုန်းရုန်း ကျက်နေရလျက် တစ်ယောက် ကို တစ်ယောက် ယုယုယယကလေးနေဖို့၊ ရှက်ကိုးရှက်ကန်း ဖြစ်နေဖို့လည်း အချိန်မရချေ။ နှစ် ယောက် လုံး ဖိုသီဖပ်သီ ဖိုးရိုးဖားရားဖြင့် မျက်နှာချင်းဆိုင်မိတော့ အရိပ်ကစ,ပြီး …
“ကိုဆွေ စာတွေ ရပြီလား”
သူသည် အူယားဖားယားဟန်ဖြင့် …
“စပေါ့ထ်ရိုက် ကျက်လာတယ်၊ မရရင်တော့ကွဲပြီပဲ၊ စိတ်ညစ်စရာကြီးကွာ၊ စာတွေ က မဖြေရသေးခင်တော့ Solid ပဲ၊ စာမေးပွဲဖြေလိုက်ရော Liquid ဖြစ်သွားပြီ၊ ဘိုင် ဘာလဲဖြေရော gas ပဲကျန်တော့တယ်”
သူပေါက်ကရစကားကို အရိပ်ရယ်မောနေစဉ်မှာ ပဲ ဘေးနားကဖြတ်သွားသော ကျောင်းသား တစ်ယောက် ထံမှ …
“ပျော်စရာဆိုတာ တို့ဘဝမှာ လေ မရှိပြီ”
ဟူသော သီချင်းသံကြီး ထွက်ပေါ်လာလေသည်။ သူက ထို ကျောင်းသားကို လှည့်ကြည့် ရင်း
“အေးကွာ ငါတို့တစ်တွေ ဘယ်ဘဝကဝဋ်ကြွေးကြောင့် ဒီဆေးကျောင်း ရောက်လာရတယ် မသိပါဘူး”
ဟု ညည်းညည်းညူညူပြောကာ ခေါင်းကိုတဗျင်းဗျင်း စုံကုတ်လေသည်။ အရိပ်သည် သူ့ကို မျက်စောင်းတစ်ချက်ထိုးလိုက်ပြီး …
“ရှင် အပိုတွေ ပြောမနေပါနဲ့ကွာ၊ General တုန်းကလဲ ရှင်အမှတ်တွေ များ တာပဲ”
“အရိပ် ညက ဘယ်နှစ် နာရီထိတောင် ကျက်ထားလဲ မျက်ကွင်းတွေ ညိုနေတာပဲ”
သူသည် အရိပ်မျက်နှာကို ဂရုတစိုက်ကြည့်ကာ ပြောဖော်ရသည့်အတွက် အရိပ်စိတ်ထဲ ကျေနပ်စိတ်ကလေး ဝင်သွားလေသည်။
“စာမေးပွဲရက်အတွင်းမှာ တော့ ကျွန်မရဲ့ မျက်နှာပေါ်တွင် အလှမရှာနဲ့ တွေ့ မှာ မဟုတ်ဘူး၊ ကဲ … သွားမယ် … သွားမယ်၊ ကိုးနာရီခွဲတော့မယ်”
“Best of Luck”
သူက ဆုတောင်းစကားပြောပြီး အရိပ်မမျှော်လင့်သော အရာတစ်ခုကို ပေးလေသည်။ ယင်းမှာ ချွန်မြနေအောင် ချွန်ထားသော ခွေးတံဆိပ်ခဲတံ ထက်ထက်ကလေး တစ်ချောင်း ဖြစ်၏ ။
“ပုံဆွဲဖို့ …”
အလိုက်သိလိုက်တာဟု အရိပ်စစ်ထဲ နှစ် သိမ့်သွားရလေသည်။ ချစ်သူထားရခြင်းရဲ့ အနှစ် သာရဟာ အဲဒါမျိုးလေးတွေ ပဲ ဖြစ်ရမယ် …။
သို့ သော် ထိုနှစ် သိမ့်မှု ကလေးမှာ ကြာရှည်မခံလိုက်။ စာမေးပွဲခန်းထဲရောက်သော အခါ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားတော့လေသည်။
ရေး ဖြေဖြေပြီး viva ဖြေခါနီး တွင် တော့ အရိပ်တို့ကျောင်းသူ, ကျောင်းသားတွေ က Dissection room ထဲက ထပ်ခိုးလိုလို၊ စတေ့ရှ်ရှိုးဆိုသည့် စင်မြင့်မြင့်ကြီးလိုလို အမြင့်ပေါ်မှာ တက် နေရပြီး၊ ဆရာ,ဆရာမ တွေ က အောက်ကထိုင်ခုံတွေ မှာ ဘိုင်ဘာမေးလေသည်။ ထိုစင်ကို ခပ်ပိန်ပိန် ကျောင်းသား တစ်ယောက် က မျောက်စင်ဟုခေါ်လေသည်။ ကျောင်းသားတွေ က အပေါ်စီးကနေပြီး ဆရာ, ဆရာမ တွေ ကို မျက်နှာငယ်လေးတွေ နှင့် ငုံ့ကြည့်ရတာ ကိုယ့်သေတွင်းကိုယ် ငုံ့ကြည့်နေကြသူတွေ လို မျက်နှာငယ်ကလေးတွေ နှင့် ဖြစ်သည်။ သူသည် အရိပ်နားတိုးကပ်လာပြီး အသံတိုး တိုးဖြင့် …
“ဒီအပေါ်ကနေ ဒိုင်ဗင်ထိုးပြီး လူသေအလောင်းကြီးပေါ် မှော က်အိပ်နေလိုက်ချင်တော့ တယ်”
ဟု ခပ်ညည်းညည်းပြောလေသည်။ အရိပ်မှာ မရယ်နိုင် ကိုယ့်ကိုမေးမည့် ဆရာကို ကြည့်ပြီး ခြောက်ခြားကာ ချွေးပြန်လာလေသည်။
“ချွေးတွေ ထွက်လို့ပါလား”
ဟု သူကပြောတော့ အိတ်ထဲမှ လက်ကိုင်ပဝါဖြင့် အရိပ်၏ နဖူးစပ်နားကလေးတွေ ၊ နှာသီးဖျား နေရာကလေးတွေ ၊ နှုတ်ခမ်းအထက် နေရာကလေးတွေ ကို ခပ်ဖွဖွသုတ်ပေးဖော်ရလေ သည်။ မဆိုးဘူး၊ ဒီလောက် စာမေးပွဲကြီး ရှိနေစဉ်အတွင်းမှာ ဒီလောက်ဂရုစိုက်ဖော်ရကာ နည်းတဲ့ အကြင်နာ မဟုတ်ဘူး။ သူသည် တဖြည်းဖြည်းနှင့် အရိပ်၏ ချစ်သူ ပီသမှန်း မသိ ပီသလာသလို ရှိ သည်။
အကယ်၍ ငါသာ သူ့ကိုအဖြေမပေးခဲ့မိဘူးဆိုရင် အခုအချိန်မှာ သူ့စိတ်ထဲက အခုလိုဂရုတစိုက် ကြင်နာမှု ကို ဘယ်လောက်ကြီးပဲ ပေးချင်နေသော်ငြား ပေးနိုင်ခွင့်ရှိမှာ မဟုတ်ဘူး။ နေပါဦး။ သူကကျတော့ ငါ့စိတ်ထဲ ကျေနပ်သာယာအောင် ဂရုစိုက်နိုင်စွမ်းရှိတာ၊ ငါကကျတော့ရော သူ့ကို တစ်ခုခု ပြန်မပေးသင့်ဘူးလား။ သူ့ကို ဘာပြန်လုပ်ပေးရင် ကောင်းမလဲဟု အရိပ်တွေးမိကာ သူဘာ လိုအပ်နေသလဲဟု သူထံမှာ ရှာဖွေကြည့်သည်။
သူ ကတော့ သတိထားမိပုံမရဘဲ ရှေ့က ကောင်မလေး တစ်ယောက် ကို လက်ညှိုးထိုးကာ…
“အရိပ် ဟိုကောင်မလေးကို ကြည့်စမ်း အရိပ်လိုချွေးပြန်နေအောင် ကြောက်မနေဘူး တွေ့  လား၊ ဟော … နှုတ်ခမ်းနီတောင် ထုတ်ဆိုးနေသေးတယ်၊ လှတော့အမှတ်ပိုရအောင်လား မသိဘူးနော်၊ ဟဲ … ဟဲ …”
ဟု ထွေရာလေးပါးလျှောက်ပြောနေလေသည်။ အရိပ်မှာ အရိုးတွေ ဖြင့် ရှုပ်ယှက်ခတ်နေရာမှ သူ့လိုအပ်ချက်ကို ရှာတွေ့ သွားသည်။ ယင်းမှာ သူ ဝတ်ထားသော ဂျူတီကုတ်မှ ကော်လာသည် အချိုးတကျ ဖြစ်မနေဘဲ, အထဲသို့ ခေါက်ဝင်နေခြင်း ဖြစ်သည်။ အရိပ်သည် ဆိုးဆိုးဆတ်ဆတ်ဖြင့် သူ့အင်္ကျီကော်လာကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြုပြင်ပေးလိုက် မိလေသည်။ သူသည်ငြိမ်ခံနေရင်း နှုတ်ခမ်းကလေးခပ်လွန့်လွန့်ဖြင့် အရိပ်ကို ပြုံးပြလေသည်။ သို့ သော် သူ ကြာရှည်မပြုံးနိုင်၊ သူရော အရိပ်ရောပါ လှုပ်လှုပ်ရှားရှား ဖြစ်သွားအောင် အရိပ်တို့၏ ခုံနံပါတ် ခေါ်သံထွက်ပေါ်လာလေသည်။ သူက ခပ်တိုးတိုးဖြင့် …
“ရရမရရ မင်သေသေနဲ့ ရသမျှ အကုန်သာရွတ်ပြလိုက် ကြားလား အရိပ်၊ အီး … အဲ … နဲ့ ထုံထိုင်းကြီး လုပ်မနေနဲ့ heart ကို ခိုင်းရင် ဘယ်လက်နဲ့ကိုင်၊ ကိုယ် မြင်ရာစွတ်သာပြော”
ဟု တတွတ်တွတ်သင်ပေးသွားလေသည်။ သူ ဒီလောက်အားကိုးရမှန်း အစကအရိပ်မသိခဲ့ ချေ။
တစ်နေ့နေ့တွင် တော့ အရိပ်မျှော်လင့်သလို သူ့ဆီက တစ်စုံတစ်ရာ ရနိုင်ကောင်းရဲ့ ဟု ထင်မိသည်။
ယနေ့အထိတော့ စာမေးပွဲပဲ ရှိနေလို့လား စာတွေ ပဲများ လွန်းလို့လားမဆိုနိုင်။ သူ့ဆီက ထူး ခြားသော ယုယကြင်နာမှု မျာကို ရင်ခုန်ရလောက်အောင် မရရှိသေးချေ။
စနေ၊ တနင်္ဂနွေကျောင်းပိတ်ရက်များ တွင် သူ့ထံမှ ပထမဆုံးသော တောင်းဆိုမှု တစ်ခု ပြု လာသည်။ ယင်းမှာ အပြင် တစ်နေရာရာမှာ တွေ့ ကြဖို့ ဖြစ်လေသည်။ သူဒီလိုတောင်းဆို လာလိမ့် မည် ဟု အရိပ် ထင်မထားခဲ့သော ကြောင့် ရုတ်တရက်အံ့သြကာ …
“ဘာလုပ်ဖို့လဲ …”
ဟု အူကြောင်ကြောင် မေးမိလေသည်။ သူက ခပ်တိုးတိုး ရယ်မောလျက် …
“စာမေးပွဲ ပြီးပြီကွာ၊ ကိုယ်တို့နှစ် ယောက် လျှောက်လည်ကြရအောင်”
ဟုပြောသည်။ အရိပ်သည် ရုတ်တရက် နားမလည်နိုင်သေးချေ။ ကျောင်းမှာ နေ့တိုင်းတွေ့  နေကြလျက်သားနှင့် သူ တမင် အတတ်ဆန်းထွင်တာ ဟုတွေးမိလေသည်။
“ဘယ်လိုလျှောက်လည်မှာ လဲ …”
“ဘုရားသွားမယ်လေ၊ အရိပ် မသွားချင်ဘူးလား၊ ပြီးတော့ အရိပ်ကို ကိုယ် မုန့်တွေ အများ ကြီး ဝယ်ကျွေးမယ်လေ”
သူ့အသံမှာ ခပ်မြူးမြူးလေး ဖြစ်နေသည်။ ဒါဟာလည်း အရိပ်အတွက် ပထမဆုံးအတွေ့  အကြုံ ဖြစ်လေသည်။ အရိပ်သည် သူ့နောက်ကို လိုက်သွားရကောင်းနိုး၊ ငြင်းဆန်ရကောင်းနိုး ဖြစ် လျက် တွေ တွေ ဝေဝေ ဖြစ်မိလေသည်။ ယောကျာ်းလေး တစ်ယောက် နှင့် မိန်းကလေး တစ်ယောက် (ချစ်သူတွေ ဖြစ်စမှာ ) အပြင် တူတူထွက်ကြလျှင် ဘယ်လိုခံစားချက်တွေ ရရှိနိုင်မလဲ၊ ဘာတွေ ဖြစ် ကြမလဲ ဘယ်လောက်စိတ်ဝင်စားစရာကောင်းမလဲ စသည်ဖြင့် အရှည်တွေးနေမိစဉ် …
“ဒေါ်အရိပ် လိုက်ခဲ့မယ်မဟုတ်လား ကိုယ်လာခေါ်ရမလား၊ ဒါမှမဟုတ် လမ်းထိပ်က လာ စောင့်နေရမလား”
“လမ်းထိပ်က စောင့်လေ”
အရိပ်သည် ကမန်းကတန်းပြောပြီး ဖုန်းချလိုက်တော့သည်။ သူနှင့် လိုက်သွားသင့်မသွား သင့်ချင့်ချိန်ဆင်ခြင်ဖို့ထက် သူနှင့် အတူတွဲ သွားလာရသည့် အခိုက်အတန့်ကလေးမှာ သူ့ထံမှ ဂရုစိုက်မှု ၊ ဖေးမမှု ၊ ယုယမှု ကလေးများ ကိုပင် အရိပ် ရနိုင်သရွေ့သုံးစွဲလိုသည်။
အပြင်ထွက်နေသော မေမေ့ကို စာတစ်စောင်ရေး ထားခဲ့ဖို့ စိတ်ကူးမိသည်။ ကောင်မလေး ကို မှာ စရာရှိတာတွေ မှာ ပြီ မေမေပြန်လာရင်ပေးဖို့ စာရွက်ကလေးပေးခဲ့သည်။ အနည်းငယ်ရင်မော ဖွယ်ကောင်းစွာ အရိပ်၏ စာထဲ၌ …
အရိပ်တို့ စာမေးပွဲပြီးတဲ့ အထိမ်းအမှတ်နဲ့ သူငယ်ချင်းတွေ လျှောက်လည်ကြမလို့၊ အဲဒါ အရိပ်လိုက်သွားတယ်၊ ဘယ်အချိန်ပြန်ရောက်မလဲ ကြိုမပြောတော့ဘူးနော်၊ မေမေ ထမင်းစား ထားနှင့် လိုက်ပါ။
မေမေ့ကို ချစ်တဲ့ မေမေကချစ်တဲ့
သမီး
အရိပ်
ဟု ရေး သားခဲ့လေသည်။ ဒါဟာမေမေ့ကို ပထမဆုံး လိမ်လည်မှု လည်း ဖြစ်ပါသည်။ အဝတ်အစားကို ထူးထူးခြားခြားမရွေးချယ်ဘဲ သူအကြိုက်ဆုံးဟု အမှတ်မထင် သူ ပြောခဲ့ဖူးသည့် မြန်မာအင်္ကျီ ရင်ဖုံးလက်ပြတ် အရောင် နုနုကလေးနှင့် ဂန့်ဂေါလုံချည်ကို ရွေးချယ်လိုက်သည်။ ထိုအင်္ကျီမှ ကြယ်သီးကလေးတွေ မှာ အနက်ရောင် လုံးလုံးကလေးကို စိန်ပွင့်ကလေးတွေ စီခြယ်ထားသလို စွဲမက်ဖွယ်ကောင်းသော အရာကလေးတွေ ဖြစ်သည်။
ကျောင်းမှာ မြင်နေကျပုံမျိုးထက်ပိုပြီး သူ့ကို အမြင်ဆန်းစေဖို့အတွက် ခါတိုင်း နောက်သို့ လှန်ကာ ချည်နှောင်လေ့ရှိသော ဆံပင်များ ကို ဖားလျာချလိုက်တော့သည်။ ဒါဆိုရင် အတူတွဲ လျှောက်တဲ့ အခါမှာ ဖြစ်စေ၊ လေတစ်ချက်လောက် ခပ်ရမ်းရမ်းလေး တိုက်လိုက်တဲ့အခါမှာ ဖြစ်စေ အရိပ်ရဲ့ ဆံပင် များ ဆီမှ ရယ်ဗလွန်ရှန်ပူရနံ့ကလေးတွေ သူ့ဆီ ပြန့်လွင့်သွားမှာ ပါ။
မိန်းကလေး တစ်ယောက် မှာ ယောကျာ်းလေး တစ်ယောက် ကို ဆွဲဆောင်နိုင်တဲ့ ရနံ့ တစ်မျိုးမျိုးတော့ ရှိသင့်တယ်ဟု အရိပ်ထင်သည်။ အရိပ်ဘက်က အားလုံး ပြင်ဆင်ပြီးချိန်မှာ တော့ သူကြို တင်ရောက်ရှိနေမည့်  လမ်းထိပ်ဘက်သို့ ထွက်လာခဲ့သည်။ အံ့သြစရာကောင်းသည်မှာ သူ့ကိုအ ဖြေပေးစဉ်က မခုန်ခဲ့ဖူးသော အရိပ်၏ နှလုံးသားသည် ယခုအခါ အနည်းငယ်မျှ မြန်ဆန်လှုပ်ရှား လွန်းလျက်ရှိခြင်းပင် ဖြစ်လေသည်။
ထိုမိန်းကလေးသည် သူ့ရဲ့ အလိုဆန္ဒများ ကို တစ်ခုချင်း လိုက်လျောခဲ့သည့်အတွက် အရိပ်ကို ရွေးချယ်ခဲ့ခြင်းအပေါ် သူစိတ်တိုင်းကျသလို ခံစားရလေသည်။ သူ့အထင် ပြောရလျှင်တော့ ပညာတတ်တွေ ဟာ အချစ်ကိုထက် ဦးနှောက်ကို ဦးစားပေးရွေးချယ်ပြီး အဲဒီ ဦးနှောက်ကနေ အချစ် ဖြစ်ပေါ်လာအောင် ကြိုးစားလေ့ရှိကြသူတွေ များ ဖြစ်နိုင်သလား မသိဘူး။ ယနေ့ထက်ထိ သူသည် အရိပ်အပေါ် တသသတုန်ခိုက်သွားအောင် စွဲမက်ချစ်ခင်သွားခြင်းမျိုး ဖြစ်ပေါ်မလာခဲ့သော ငြားလည်း အရိပ်ကို ချစ်မိလာစေဖို့တော့ ကြိုးစားဆဲ ဖြစ်လေသည်။
“မျှော်လင့်ချက်” ။ ထိုအချက်သည် အရိပ်ကို ရွေးချယ်ဖို့ လုံလောက်သော အကြောင်းတစ်ခု ဖြစ်ခဲ့တာသေချာသည်။ သို့ သော် မိန်းမ တစ်ယောက် ကို ချစ်မြတ်နိုးဖို့ဆိုရာမှာ မျှော်လင့်ချက်ထား ရန်လိုအပ်သလား၊ မလိုအပ်ဘူးလား သူ ဂဃနဏ မသိသေးချေ။ သူသိသလောက်တော့ အရိပ် သည် အလွန်အထက်တန်းကျသည်။ အလွန်ဉာဏ်ကောင်းသည်။ ပြီးတော့ သူ့ကိုလိုက်လျောနိုင် စွမ်းလည်းရှိသည်။ အရိပ်ကိုရလျှင် ပိုင်ဆိုင်လိုသော ယောကျာ်းတွေ တစ်ပုံတစ်ခေါင်းကြီးကြားမှ သူ့ကို ဆွဲထုတ်ရွေးချယ်ခဲ့သည်။ သူ အကျေနပ်ဆုံး ကတော့ အရိပ်သည်မေမေ့နှင့် တူသလိုလိုရှိပြီး တစ်နေ့မှာ ဆရာဝန်မ တစ်ယောက် ဖြစ်လာမည့် အချက်ပင် ဖြစ်သည်။ သူမျှော်လင့်ထားခဲ့သည်မှာ သူ့ဇနီးသည် ဆရာဝန်မ တစ်ယောက် ဖြစ်စေရမည် ။ ပြီးတော့ အိမ်မှု ကိစ္စတွေ အလွန်ကျွမ်းကျင်နိုင် နင်းပြီး အလုပ်များ သော မိန်းမ တစ်ယောက် ဖြစ်ရမည် ။
သူသည်အရိပ်၏ မျက်နှာကလေးကို တစ်စိမ့်စိမ့်ငေးကြည့်ရင်း ယောကျာ်း တစ်ယောက် ၏ မိန်းမ တစ်ယောက် အပေါ် ထားလေ့ရှိသော ဆန္ဒတစ်ခု ဖြစ်ပေါ်လာလေသည်။ ထို့ကြောင့် …
“အရိပ် ကိုယ်တို့ ဘုရားသွားဖို့ အစီအစဉ်ကို ဖျက်လိုက်ကြရအောင်”
“ဟင် … ဘာ ဖြစ်လို့လဲ”
အရိပ်က ပျာပျာသလဲလှည့်ကြည့်ကာမေးလေသည်။ သူက အပြုံးကို မဖုံးကွယ်နိုင်ဘဲ …
“ညာခေါ်လာတယ်လို့ မထင်နဲ့နော်၊ လူရှင်းတဲ့လက်ဖက်ရည်ဆိုင် တစ်ခုခုမှာ အရိပ်နဲ့ ကိုယ် စကားအေးအေးဆေးဆေး ပြောရတာ ပိုကောင်းမယ်ထင်လို့ပါ၊ ကိုယ်တို့ဘဝက ဘယ်တုန်းကမှ အေးအေးဆေးဆေး ရှိခဲ့တာမဟုတ်ဘူး မဟုတ်လား ဒီနေ့အထိ အရိပ်နဲ့မျက်နှာကို ကိုယ် တစ်နာရီ ပြည့်အောင် စေ့စေ့မကြည့်ခဲ့ဖူးဘူး၊ ဒါကြောင့် ဒီနေ့ကြည့်မလို”
အရိပ်သည် ဟန်မဆောင်နိုင်အောင်ပင် အသံထွက်ရယ်မောလိုက်လေသည်။ သူက နီးစပ်ရာ လက်ဖက်ရည်ဆိုင်ကလေးတစ်ခုကို ရွေးချယ်လိုက်သည်။ ထိုဆိုင်ကလေးမှာ လူသူကင်းဝေး တိတ်ဆိတ်ပြီး သစ်ရိပ်ဝါးရိပ်ဖြင့် အေးချမ်းဆိတ်ငြိမ်လှသည်မို့ ချစ်သူနှစ် ယောက် အတွက် အကောင်းဆုံးနေရာကလေးလည်း ဖြစ်သည်။
သူတို့နှစ် ယောက် သည် ငြိမ်သက်စွာ ထိုင်မိကြပြီးနောက် တစ်ယောက် ကို တစ်ယောက် ကြည့်ကာ ပြုံးရယ်လိုက်ကြသည်။ သူကစတင်၍
”အရိပ် ယောကျာ်းလေး တစ်ယောက် နဲ့ မိန်းကလေး တစ်ယောက် ချစ်သူတွေ ဖြစ်ခါစမှာ ပထမဆုံးအနေနဲ့ ကိုယ်အရိပ်ကို ဘာလုပ်မယ်ထင်သလဲ”
“ဟယ် … ဘယ်သိမှာ လဲ”
အရိပ်က ခပ်ဆတ်ဆတ်အော်ပြီး ဘေးဘီဝဲယာကို လှည့်ကြည့်လိုက်စဉ်တွင် သူရဲ့ နှုတ်ခမ်းသည် သူရဲ့ နှုတ်ခမ်းသည် အရိပ်၏ ညာဘက်နားထင်စပ်ကလေးကို ဖျတ်ခနဲ ထိတွေ့ မိလိုက်လေသည်။ အရိပ်သည် ဤမျှမြန်ဆန်လှသော သူ့အပြုအမူကြောင့် အငိုက်မိ မင်တက်သွားပုံဖြင့် ဆွံအ, သွားတော့သည်။
သူသည် အရိပ်၏ လက်မောင်းကလေးကို အမှတ်မထင်ကြည့်လိုက်မိသည်။ ကြက်သီး မွှေးညင်းကလေးများ အရိပ်၏ လက်မောင်းတစ်လျှောက်တွင် သီးထနေသည်ကို ရယ်မောစဖွယ် တွေ့ လိုက်ရသော အခါ အရိပ်စိတ်လှုပ်ရှားနေခြင်းကို သူသိရှိသွားလေသည်။
အရိပ်သည် ကတုန်ကယင်ဖြင့် ဘာလုပ်ရဘာကိုင်ရမှန်းမသိသလို စားပွဲပေါ်မှာ ရှိသမျှ ရေနွေးခွက်ကလေးတွေ ထဲ ရေနွေးတွေ လိုက်ဖြည့်နေသည်။ ဘာမှလည်း မပြောတော့ဘဲ ရေနွေး တွေ သာ တွင် တွင် ထည့်နေသည့် အပြုအမူကလေးသည် အလွန်ထက်မြက်လေ့ရှိသော မိန်းမတစ် ယောက် ၏ ရှက်ကိုးရှက်ကန်းဟန်ကလေး ဟုမယုံနိုင်လောက်ဖွယ်ပင် ဖြစ်လေသည်။
သူသည် အရိပ်၏ အမူအရာလေးတွေ ကို အသေးစိတ်စောင့်ကြည့်သည်။ မျက်တောင် မကြာခဏခတ်ခြင်း၊ နှုတ်ခမ်းကို လျှာဖြင့် သတ်ခြင်း၊ သက်ပြင်းခိုးချခြင်း၊ လက်ကိုနေရာမှန် မထား တတ်တော့သလို ဟိုရွှေ့ဒီရွှေ့နေခြင်းများ ။
စားပွဲပေါ်မှာ ငါးခွက်မျှသော ရေနွေးကြမ်းခွက်ကလေးတွေ ပြည့်သွားသော အခါ သူမသည် ခေါင်းကိုမော့ကာ
“ကိုဆွေ ခုနဟာက ပထမဆုံးအတွေ့ အကြုံမှ ဟုတ်ရဲ့ လား၊ သိပ်မြန်တာပဲ …”
ဗလုံးဗထွေး ပြောသည်။ သူက ခပ်လွန့်လွန့်ပြုံးရယ်လျက် အရိပ်၏ ရိုးသားသန့်စင်မှု ကို ပို၍ သဘောကျသွားသည်။ မိန်းကလေး တစ်ယောက် ရဲ့ ရိုးသားသန့်စင်မှု ဟာ ဒီလိုပထမဆုံးအပြုအမူမှာ တွေ့ ရတာ ပဲ။
“မဟုတ်ပါဘူး၊ ဒါ ပထမဆုံးအတွေ့ အကြုံပါ …
“စိတ်ထဲဖျပ်ခနဲ ပေါ်လာတာနဲ့ …”
“တော် ပြီ၊ တခြားဟာ ပြောတော့ကွာ”
အရိပ်၏ ကပျာကယာ စကားလွဲဟန်မှာ ကဗျာမဆန်လှချေ။
![]() ညှို့တတ်တယ် | ![]() နှလုံးသားကို ဝတ်ရုံချုပ်ဝတ်ထားတဲ့ ချစ်သူ | ![]() ရင်ဘတ်ထဲက ခွဲထွက်လာတဲ့ လိပ်ပြာ |