ရင်ဘတ်ထဲက ခွဲထွက်လာတဲ့ လိပ်ပြာ
“လူ တစ်ယောက် ကို တကယ် ရင်ထဲကနေ
နှစ် နှစ် ကာကာ နင့်နင့်သည်းသည်း
သိပ်ချစ်မိသွားတဲ့အခါ …..
ငါဆိုတဲ့ ကိုယ့်ကိုယ်ကို ဖြစ်တည်မှု …..
အတ္တတွေ လုံးဝပျောက်ဆုံးသွားတယ်…..
သူ့အတွက် ကိုယ်ဟာ
သူ့ကိုယ်ပွားတစ်ခု၊
အရိပ်တစ်ခုလိုတောင်
ခံစားမိလာတယ်…..”
လူ တစ်ယောက် ကို
တကယ်ချစ်မိလာတဲ့အခ
နိုးထရသော မနက်ခင်းတိုင်းကလည်း
မျှော်လင့်ချက်များ စွာ ဖြင့်
ရှင်သန်မှု အတိပြီးလျက်…..
အိပ်စက်ရသော
ညများ စွာ တို့ကလည်း
လှပသော အိပ်မက်များ စွာ ဖြင့်
အဓိပ္ပါယ် ပြီးပြည့်စုံလျက်…..
“ ကိုရှင်းသန့်စိုပြည်နဲ့ ပြောချင်လို့ပါ”
ချိုမြနွဲ့အိသော မိန်းကလေးသံကို ကြားလိုက်ရတိုင်း လေပြည်တို့ မျက်ခုံးနှစ် ဖက်စလုံး ကျုံ့နိုင်သရွေ့ လစ်မစ်ကုန် ကျုံ့ပစ်မိတတ်ကာ နှုတ်ခမ်းက ရှေ့သို့ ချွန်ထွက်ထော်လန်လာရမြဲပင်။ ဒီမိန်းကလေးတွေ ဟာ အမှတ်သည်းခြေပဲ မရှိကြတာလား၊ ဘာပဲ ဖြစ် ဖြစ် ဂရုမစိုက် ထင်ရာစိုင်းတတ်သည့် တဇောက်ကန်းတွေ လား၊ ဒါမှမဟုတ်ရင် ညကြီးမိုးချုပ်ပြီဆိုတာနှင့် ကိုကို့အသံကို နားသော တ အာရုံခံစားလိုသော ဝေဒနာ စွဲကပ်နေတာလား၊ တစ်ခုခုတော့ တစ်ခုခုပဲ ဖြစ်လိမ့်မည် ။ ကိုကိုကဖြင့် သူ့အခန်းထဲမှာ ရုပ်ရှင်တစ်ကားနှင့် ငြိမ့်လို့။ mobile ဖုန်းက လေပြည့်ရဲ့ လက်ထဲမှာ ။ ဖုန်းမြည် လာလျှင် လေပြည်က busy tone ကလေး ပေးထားလိုက်သည်။ အဲဒီ တော့ကာ mobile ကို ဆက်မရတော့ အိမ်ဖုန်းကို ဆက်တော့သည်။
“ဘယ်သူပါလဲ”
“နွေသစ္စာပါ…. သူ့သူငယ်ချင်းပါ”
“ကိုကိုမအားသေးဘူး၊ ဟိုဘက်မှာ mobile နဲ့ အလုပ်ရှုပ်နေတာတော့ တွေ့ တယ်၊ တိုးတိုးတိုးတိုးနဲ့တော့ ပြောနေတာပဲ”
“ဟာ… ကြာလှပြီ…. ဒီမှာ တို့ဆက်နေတာကို သူ့လက်ထဲ ဖုန်းသွားပေးပေးလေ”
“ ပေးလို့မရဘူးလေ….. ဒီဖုန်းက ကော့ဒ်လက်(စ်)မဟုတ်ဘူးလေ၊ ကြိုးနဲ့ဖုန်းဆိုတော့ ကိုကို့အခန်းက ဟိုးအောက်မှာ ….. တို့က အပေါ်ကနေပြောနေတာ၊ ပေးလို့မရဘူး”
လေပြည်က လေပြေအေးကလေးနှင့် ချိုချိုသာသာကလေးရစ်ဖို့ စဉ်းစားထားသည်။ အသံကသာ ချိုသာနေတာပါ။ နှုတ်ခမ်းကလေးက မဲ့လို့။
“ဒါဖြင့် လည်း သွားပြောပေးလေဟယ်….ဖုန်းလာနေတယ်လို့၊ ဟိုဘက်က ဘယ်သူပဲ ဖြစ် ဖြစ် အဲ့ဒီ mobile နဲ့ ပြောနေတာကို ရပ်ပြီး ဒီဘက်ကို လာပြောပါလို့၊ အရေး ကြီးလို့.....လို့”
“ဘယ်လောက်အရေး ကြီးလို့လဲဟင်.... တို့ကို အရင် ပြောပြလေ”
“အာ….. သူနဲ့ပြောမှ ဖြစ်မှာ ပါဆို….. အရေး ထဲ လာရစ်နေပြန်ပြီ….”
“ဒီမှာ …. ခုပြောနေတာ ဘယ်သူလဲဆိုတာကိုရော.... အဲ့ဒီက အစ်မ သိရဲ့ လား”
“ဘယ်သူလဲ..ရှင်းသန့်ရဲ့ ညီမ မဟုတ်လား”
“မှန်သကွယ်…. ရှင်းသန့်စိုပြည်ရဲ့ တစ်ဦးတည်းသော အချစ်ဆုံးညီမလေးပါ၊ ကိုကို့ကို တို့ပဲပိုင်တယ်၊ ကိုကို့ရဲ့ ကိုယ်ရေး ကိုယ်တာကိစ္စ၀ိစ္စ၊ အမှု ကိစ္စအလုံးစုံကို တို့ပဲ ဖြေရှင်းပေးနေကျ၊ ကိုကိုချမယ့် ဆုံးဖြတ်ချက်မှန်သမျှကို တို့စွက်ဖက်ခွင့်ရှိတယ်၊ ကိုကိုဝတ်မယ့် အ၀တ်အစားက အစ တို့ပဲ ရွေးပေးတယ်၊ ကိုကိုကြိုက်တဲ့ အစားအစာမှန်သမျှ တို့ပဲချက်ကျွေးတယ်၊ ကိုကို့အတွက် မိန်းမဆိုတာ မလိုအပ်ရလေအောင် တို့ပဲ အားလုံးစီမံပေးတယ်၊ တို့မကြိုက်တာဆို ကိုကိုဘာမှ မလုပ်တတ်ဘူး၊ အဲ့ဒီလောက် ကိုကိုက တို့ကိုချစ်တယ်....ဦးစားပေးတယ်… အရေး ပေးတယ်၊ တို့ဘ၀မှာ ချစ်စရာဆိုလို့ ဒီမောင်နှမနှစ် ယောက် ပဲရှိတယ်၊ အဲဒါကြောင့် ကိုကို့ကို သွေးဆောင်ဖြားယောင်းဖို့ ချဉ်းကပ်လာတဲ့ မိန်းမတွေ ဆို တို့က ရေရေလည်လည်ကို အမြင်ကပ်တယ်သိလား…. အဲ့ဒါလေးတော့ ကြိုပြောပြထားတာ၊ ကဲ…ခဏလေးတော့ စောင့်ပေးနော်၊ တို့ ကိုကို့ကို သွားပြောပေးမယ်၊ စိတ်ရှည်ရှည်လေးတော့ စောင့်ပေး ဟုတ်လား၊ ပျင်းနေမှာ စိုးလို့ သီချင်းလေး ဖွင့်ထားပေးခဲ့မယ်နော်..... ခဏလေး….. ဟုတ်လား”
လေပြည်က ဖုန်းကို ဘေးမှာ ချထားလိုက်ကာ…..သီချင်းကလေးပင် ဖွင့်ထားပေးလိုက် သေးသည်။ ပါးစပ်ကလေးမှာ လက်နှစ် ဖက်အုပ်ကာ အသံတိတ် အားပါးတရ ရယ်မောရင်း ကိုကို့အခန်းဆီ ဆင်းလာခဲ့သည်။ ည ညဆို ကိုကိုက ညဥ့်နက်ခံပြီး စာရေး စာဖတ်လုပ်နေကျမို့ ကိုကို့အတွက် ကော်ဖီကို စက်နှင့် ကျကျနန နှပ်ပေးထားရသည်။ ဆေးလိပ်မသောက်တတ်သူမို့ ဆေးလိပ်အစား စာရေး ရင်းဝါးဖို့ နေကြာစေ့ကလေးတွေ ကို လေပြည်ကိုယ်တိုင်ခွာပေးပြီး ဖန်ပုလင်းကလေးထဲ ထည့်ထားပေးရတတ်သည်။ ညလည်စာစားဖို့ ပန်းသီး၊ စတော် ဘယ်ရီ၊ သဘောင်္သီး စတာတွေ ကို လှီးစိပ်ပေးထားပြီး ဗူးကလေးတွေ နှင့် ကိုကို့အခန်းထဲက mini fridge ကလေးထဲမှာ ထည့်ပြင်ပေးထားရသည်။ သစ်သီးဖျော်ရည် တစ်မျိုးမျိုးကို blender နှင့် မွှေပြီး ဖန်ခွက်ကလေးနှင့် အဆင်သင့်။ ကိုကိုက သူ့အတွက် လိုလေသေးမရှိရလေအောင် အလိုက်တသိ ပြင်ဆင်ပေးထားတတ်သူ ညီမလေးကိုဆို အသည်းစွဲ တုန်နေအောင် ချစ်မြတ်နိုး အလိုလိုက်တတ်သူ ဖြစ်သည်။
ကိုကိုက လေပြည့်ထက် ငါးနှစ် ကျော် ပိုကြီးတော့ လေပြည့်ထက် ပိုရင့်ကျက်တည်ငြိမ်ကာ အစ်ကိုကြီးတော့ အဖအရာဆိုသလိုပင် တစ်ဦးတည်းသော ညီမလေးအပေါ် အစ်ကိုလိုရော၊ ဖခင်လိုပါ ငုံထားမတတ်ချစ်ရှာသည်။ မေမေက လေပြည် လေးနှစ် သမီးအရွယ်မှာ ဆုံးပါးခဲ့ပြီး၊ ဖေဖေ ကတော့ ကိုကိုဘွဲ့ရပြီး လေပြည် ဆယ်တန်းအောင်ပြီးမှ ဆုံးရှာသည်။ ရဲရင့်ကြံ့ခိုင်ပြီး ဇွဲနပဲကြီးလှသော ကိုကိုက သူ ဖြစ်ချင်သော စာရေး ဆရာဘ၀ကို အောင်မြင်တဲ့အထိ ကြိုးစားအားထုတ်ခဲ့သည်။ စာရေး ဆရာမ ဖြစ်ခင် blogger (ဘလော့ဂါ) တစ်ယောက် အ ဖြစ် အချိန်တွေ ရင်းနှီးမြုပ်နှံပေးဆပ်ခဲ့ရပေမယ့် ထိုက်တန်ပါသည်။ ကိုကိုက အင်္ဂလိပ်စာမေဂျာဖြင့် ဘွဲ့ရခဲ့သူမို့ အင်္ဂလိပ်စာလည်း ကျွမ်းကျင်ကာ လူငယ်တွေ အတွက် စိတ်ဓာတ်ခွန်အားကို ပေးသော ၊ နိုးကြားတက်ကြွ ကြိုးစားစေသော ဘ၀တက်လမ်းအတွက် စာပေတွေ ၊ စိတ်ဓာတ်မြင့်တင်သော စာပေတွေ အများ စုကို ဘာသာပြန်ထုတ်ဝေခြင်း ဖြစ်သည်။ အဲ့ဒါတင်သာမက အနယ်နယ်အရပ်ရပ်ဆီ ခရီးဆန့်ကာ ဟောပြောပွဲတွေ လည်း လိုက်ဟောရသည်။ ကိုကို့အပေါ်မှာ လေးစားအထင်ကြီးစိတ်၊ အားကျချစ်ခင်စိတ်တို့ဖြင့် လေပြည်က အမြဲ အသည်းပိုခဲ့ပါသည်။
ကိုကိုက တခြားစာရေး ဆရာတွေ နှင့် မတူ၊ personality သန့်ပြန့်ခန့်ညားကာ မင်းသား တစ်ယောက် လို ရုပ်ရည်ချောမောပြေပြစ်သူမို့ မိန်းကလေး ပရိသတ်တွေ က အသည်းစွဲ။ ကိုကိုမို့ ဘယ်နေရာရောက်ရောက် သူ့ရဲ့ ဆယ်ကျော်သက် မိန်းကလေးပရိသတ်တွေ က တ၀ိုင်းဝိုင်းတလည်လည်ရယ်။ ထိုအခါ ညီမ ဖြစ်သူက အကြီးအကျယ် သ၀န်တွေ တို၊ ဂျေတွေ ထကာ စိတ်တွေ ပုပ်ရလေသည်။ ဖြစ်နိုင်လျှင် ကိုကိုနှင့် လေပြည့်အကြားသို့ နောက်ထပ် ကိုကို ချစ်ခင်ယုယ၊ အလေးပေးရမည့်  မိန်းကလေး တစ်ယောက် ထပ်ပြီး ၀င်မလာစေချင်ပါ။ လေပြည်ကိုယ်တိုင်လည်း တခြား ဘယ်ယောက်ျားလေးကိုမှ ချစ်သူအ ဖြစ် ၀င်မလာစေချင်။ လေပြည်တို့ မောင်နှမကလေး ဒီလိုပဲ တစ်သက်လုံး နွေးနွေးထွေးထွေး ချစ်ချစ်ခင်ခင်ဖြင့် အိမ်ထောင်ရက်သားမပြု ကတော့ဘဲ အပျိုကြီး၊ လူပျိုကြီးဘ၀နှင့် အတူတကွ နေထိုင်သွားချင်လှသည်။ကိုကို့ကို ပြောပြလျှင် ကိုကို ကတော့ တဟားဟားအော်ရယ်ပြီး၊ လေပြည့်ဦးခေါင်းကလေးကို ချစ်စနိုးဖိအုပ်ကိုင်ကာ ခါယမ်းမြဲ။
“အေးပါ… ကြည့်ကြသေးတာပေါ့ကွာ… ကိုကိုနဲ့ ညီမလေး ဘယ်သူက အရင်စပြီး ခွဲမလဲဆိုတာ”
“ အောင်မယ်….ကိုကိုက ညီမလေးကို မယုံဘူးပေါ့၊ သစ္စာဆိုထားရမလား….. စိန်လိုက်လေ၊ ကိုကိုသာ ခုခေတ်မိန်းကလေးတွေ က ခပ်ကဲကဲ ခပ်သည်းသည်းတွေ နဲ့….ငေါက်ခနဲ ပါသွားမှာ ”
“ မပါစေရပါဘူးကွာ….. ကိုကိုက ကိုကို့ညီမလေး အိမ်ထောင်မပြုသရွေ့ ကိုကိုမပြုဘူး၊ အေးဆေး”
ကိုကိုက ချစ်စဖွယ်အပြုံးကလေးဖြင့် ဆိုခဲ့စဉ်က လေပြည်ဖြင့် ပျော်လိုက်တာ။
“ စိတ်ချ…..စိတ်ချ..... ညီမလေးက ဘယ်တော့မှ အိမ်ထောင်မပြုဘူး၊ ကိုကို့ကိုပဲ တစ်သက်လုံး ပြုစုမှာ ”
“ သာဓုပါဗျာ....သာဓု....သာဓု”
တကယ်တော့ ကိုကိုလည်း လေပြည်နှင့် ပတ်သက်လာလျှင် အလွန်ပဲ သ၀န်တိုတတ်ပါသည်။ ခုချိန်အထိ တစ်ခါတလေ အပြင်ကို အတူတူတွဲ ထွက်မိလျှင် ကောင်လေးတွေ က လေပြည့်ကို သမင်လည်ပြန်လိုက်ကြည့်တတ်ကြသည့်အခါတိုင်း ကိုကို့မျက်နှာက ရှုတင်းတင်းနှင့် ပုပ်သိုးနေတတ်သည်။ ကိုကိုနှင့် အပြင်အတူတူထွက်လျှင် သိပ်တောက်ပထင်းလင်းနေအောင် ၀တ်စားပြင်ဆင်တာကို မကြိုက်ချေ။ ညီမကို သူ့စိတ်တိုင်းကျ ပုံသွင်းပြင်ဆင်ပေးထားတတ်သော အစ်ကိုမို့ လေပြည်က ဆံပင်ရှည်ရှည်ကို ဆေးဆိုးခွင့် မရှိဘဲ ပိတုန်းရောင် နက်မှော င်ဖားဝေစေကာ၊ မြန်မာဆန်ဆန်ရင်စေ့လက်ပြတ်ကလေးတွေ နှင့် ထဘီရှည်ရှည်ကိုသာ ၀တ်စေသူ ဖြစ်သည်။ တစ်ခါတရံ စိတ်လိုလက်ရရှိလျှင် ဒီညီမကို ဆံပင်ရှည်ရှည်တွေ မနိုင်မနင်းမို့ ကူလျှော်ပေးတတ်သော အစ်ကိုကြီးလည်း ဖြစ်သည်။ ညီမအတွက် အသုံးအဆောင်လေးတွေ ၊ ပိတ်စအဆင် လှလှကလေးတွေ ဘယ်နေရာရောက်ရောက် ၀ယ်လာဖို့ မမေ့လျော့တတ်သော အစ်ကို ဖြစ်သည်။
“ ညီမလေး…..ကိုကို့ဖုန်းရော ယူထားပြန်ပြီလား၊ ဒီမှာ သူငယ်ချင်းဆီ ဖုန်းဆက်မလို့ ရှာနေတာ မတွေ့ ဘူး ”
ကိုကို့အခန်းထဲရောက်တော့ ကိုကိုက ဆီး၍ မေးလေသည်။ သူ့ဖုန်းကို အမြဲ ယူဝှက်ကာ သူ့ဆီဆက်သမျှ မိန်းကလေးတွေ ကို ပညာသားပါပါ ရစ်နေကျမို့ သူနားလည်ပြီးသား။ လေပြည်က ပြောင်စပ်စပ်ကလေးပြုံးရင်း…
“ ကိုကို....ရုပ်ရှင်ပြီးပြီလား၊ ကော်ဖီဖျော်ပေးဖို့ ဆင်းလာတာ….. ညီမလေး အိပ်တော့မှာ ”
“ အေး…. ပြီးပြီ၊ ခဏနေ စာရေး တော့မှာ ၊ ကော်ဖီဖျော်ပေးတော့ကွာ၊ ကိုကိုဗိုက်ဆာလိုက်တာ..... ဘာစားရမလဲ၊ တစ်ခုခု ကျွေးဦးကွာ”
“ ညမိုးချုပ်နေပြီလေ..... သစ်သီးပဲ ရတော့မယ်၊ တခြားဟာတွေ မစားရတော့ဘူး…. ကိုကိုဝိတ်တက်လိမ့်မယ်”
“ လက်ဖက်သုပ် ချဉ်ငံစပ်လေး ဆွဲချင်တယ် ညီမလေးရာ၊ သွားသုတ်ပေးနော်….ငါ့ညီမလေး လိမ္မာရဲ့ သားနဲ့…..”
“အာ့ဆို.... ညီမလေးလည်း စားမယ် မအိပ်သေးဘူး..... ပြီးရော၊ ကိုကို့အခန်းထဲမှာ ရုပ်ရှင်တစ်ကားကြည့်မယ်၊ အသံတိုးတိုးလေးပဲ ဖွင့်မှာ ပါ၊ လက်ဖက်သုပ်လေးနဲ့ Ginseng ရေနွေးကြမ်းလေးနဲ့ ငြိမ့်မယ်လေ”
“ ဟေ…. ညည်းက မနက်ဖြန် ကျောင်းတက်ရမှာ လေကွာ၊ ကိုကိုက နေဖင်ထိုးအောင် နှပ်လို့ရတယ်၊ မိန်းကလေးဆိုတာ ညအိပ်ရေး ပျက်လို့ မကောင်းဘူး၊ မျက်ကွင်းတွေ ညိုတတ်တယ်….. ၀ လည်း ၀တတ်တယ်၊ အသားအရေလည်း ခြောက်တတ်တယ်”
“ ဒါဖြင့် ရုပ်ရှင်မကြည့်ပါဘူး.... တကတည်း….. စာပဲ ဖတ်ပါ့မယ်”
လေပြည်က မျက်စောင်းနုနုကလေးချီကာ မီးဖိုချောက်ဘက် ထွက်ခဲ့သည်။ ငယ်ငယ်ကတည်းက အထိန်းတော် ကြီးလို ဖြစ်ခဲ့သော ဒေါ်ကြီး တစ်ယောက် ကတော့ဖြင့် သူ့အခန်းထဲမှာ မီးမှိတ်ပြီး အိပ်ပျော်နေခဲ့တာ အိပ်မက်ကမ္ဘာထဲတောင် ရောက်လောက်ပြီ။ လက်ဖက်အသားတွေ ကို ကြက်သွန်ဖြူ ငြုတ်သီးစိမ်းနှင့် ညက်နေအောင်ထောင်းကာ သံလွင်ဆီကလေး စိမ့်နေအောင် နှပ်ထားပြီး ဗူးထဲမှာ အမြဲ မပြတ်အောင် ပြင်ဆင်ပေးထားရသည်မှာ ကိုကိုကြိုက်တတ်သော ကြောင့် ဖြစ်သည်။ ဂေါ်ဖီရိတ်ရိတ်ပါးပါးလှီးကာ ခရမ်းချဉ်သီးကလေးတွေ ခပ်ပါးပါးလှီး၊ ကြက်သွန်ကြော်၊ နှမ်းနှင့် မြေပဲကလေးတွေ ပဲထည့်ကာ ရွှေပုဇွန်ခြောက် နီနီကလေးတွေ နိုင်းချင်းထည့်ပြီး အားပါးတရသုပ်ပေးကာ…. ငြုပ်သီးစိမ်းကလေးတွေ ထိုးစိုက်ပြင်ဆင်ပေးလိုက် သည်။ ရေနွေးတစ်အိုးနှင့် ကိုကို့အခန်းထဲပြန်ကာ စာအုပ်ဖတ်ရင်း လက်ဖက်သုပ်ကလေးမြုံ့ရင်း လေပြည်အိပ်ပျော်သွားတိုင်း ကိုကိုက နှိုးကာ လေပြည့်အခန်းထဲသို့ ပြန်ပို့ပေးရတတ်မြဲတည်း။ လေပြည့်ရဲ့ ဘ၀က ကိုကို ဖြစ်သည်။
အခန်း (၂)
ပိတ်ထားသော မျက်လုံးတွေ ကို ဖွင့်လိုက်ချိန်မှာ ပီတိ တစ်ယောက် ၀မ်းသာအားရခုန်ပေါက်ပြေးပြီး စင်ဝင်အောက်မှာ ရပ်ထားသော အ၀ါရောင် တောက်တောက် အမိုးဖွင့် SUPRA ပြိုင်ကားကလေးပေါ် စွေ့ခနဲ ခုန်တက်လိုက်လေသည်။ သော့ ထည့်ထားသော ဗူးကလေးကို ဖေဖေက လက်ထဲ လှမ်းပေးရင်း ပြုံးနေသည်။ အိုး…..ရင်တွေ ခုန်လိုက်တာ။
“ဖေဖေ ကတိတည်ပြီနော်….သမီး၊ သမီးရဲ့ အောင်မြင်မှု အတွက် ဖေဖေဆုချတာ၊ enjoy your new car….သမီး”
“ ကျေးဇူး….. ကျေးဇူး… ကျေးဇူးဖေဖေ၊ ဖေဖေ့ကို ကမ္ဘာမှာ အချစ်ဆုံး၊ သူငယ်ချင်းတွေ ကို သွားပင့်လိုက်ဦးမယ် ဖေဖေ”
ကားကလေးက နောက်ဆုံးမော်ဒယ်အသစ်ကလေးမို့ လှလိုက်တဲ့ ဖြစ်ခြင်း။ ပြိုင်ကားအသစ်ကလေးပေါ် ရောက်သွားတော့လည်း ပီတိရဲ့ စိတ်က အလိုလိုသွေးကြွကာ မြူးဖျလာတော့သည်။ ပီတိ GCSE စာမေးပွဲမှာ အမှတ်တွေ ကောင်းလျှင် မေမေရှိနေသော အင်္ဂလန်မှာ ကျောင်းသွားတက်ခွင့်ရမည် ဆိုလျှင် ပီတိ အလိုချင်ဆုံးကားတစ်စင်း ဖေဖေဆုချမည် ဆိုသည့်အတိုင်း ဒီနေ့ ဖေဖေက ဆုချခဲ့ခြင်း ဖြစ်သည်။ သီချင်းသံကို အစွမ်းကုန်ကျယ်လွင့်နေအောင်ဖွင့်ကာ…. လီဗာကို ခပ်တင်းတင်းနင်းရင်း…. ဆံနွယ်ခွေခွေတွေ လေထဲမှာ ခပ်ရိုင်းရိုင်းလွင့်ဖွာလန်နေသော ပြိုင်ကားမောင်းရသည့်ဖီလင်ကို ပီတိက အရမ်းသဘောကျပါသည်။ ဖြစ်ချင်တာက ပြိုင်ကားမောင်းချင်တာ။ ကမ္ဘာကျော် Lewis Hamilton ကို ဘယ်လို အားကျနှစ်သက် မိမှန်းမသိ။ အခုတော့ အလိုချင်ဆုံး ပြိုင်ကားကလေး ပိုင်ဆိုင်ခွင့်ရပြီ။ ပင်လယ်ပြာရောင် ပြာလဲ့သော နေကာမျက်မှန်ကလေးကိုတပ်ရင်း အချစ်ဆုံးသူငယ်ချင်းနှစ် ယောက် ဖြစ်သော ရွှေလွှာနှင့် ကေသရီ့အိမ်တွေ ဆီ အသံမပေး ဖုန်းမဆက်ပဲ surprise သွားလုပ်ဖို့ စိတ်ကူးလိုက်သည်။ မီးပွိုင့်မှာ မီးနီချိန်မှာ အချိန်ကို အကျိုးရှိစွာ အသုံးချသည့်အနေနှင့် I phone ကလေးနှင့် ကိုယ့်ဘာသာကိုယ် selfie တွေ အမျိုးမျိုးရိုက်ကာ facebook ပေါ် ချက်ချင်း update လုပ်လိုက်သည်။ တကယ်တော့ facebook ဆိုတာကလည်း ကြွားလို့ဝါလို့ အကောင်းဆုံး နေရာတစ်ခု မဟုတ်လား။ အသစ်အဆန်းကလေးတစ်ခု ရလာတာနှင့် Facebook ပေါ် ချက်ချင်း ရိုက်တင်လိုက်လျှင် ချီးကျူးကြ မြှော က်ပင့်ကြ စကြနောက်ကြနှင့် comments ပင်လယ်ကြောမှာ မျောပါရတာ ကလည်း ဘ၀ရဲ့ အနှစ် သာရတစ်ခုပါပေ။
ရွှေလွှာ့ခြံထဲ ကားကလေးကို ဂိုက်ပေးကြမ်းကြမ်းဖြင့် မောင်းဝင်လာခဲ့ပြီး ဟွန်းကိုဆူညံအောင်ပင် တီးပစ်လိုက်လျှင် ရွှေလွှာမ တစ်ယောက် ကို့ရို့ကားယား ပြေးထွက်လို့လာသည်။
“ဟယ်….ဒါလေးက ဘူလေးတုန်း၊ ဟောလိဝုဒ်က Jennifer Lawrence ကလေးလားလို့၊ ဟယ် မိန်းမ…. ကားလာကြွားတာပေါ့လေ၊ လန်းလှချည်လား….. မိုက်ထှာကွယ်”
“ ကဲ.... တောသူမ မြို့ရောက်အထာနဲ့ ပြူးတူးပြဲတဲတွေ လုပ်မနေနဲ့ဟယ်… သွား အမြန်ဆုံး အ၀တ်အစားလဲချေ… နှစ်မိနစ်ပဲ အချိန်ရမယ်၊ အလန်းဆုံးနဲ့ အလန်ဆုံးသာ ကောက်စွပ်ခဲ့”
“ အိုကေ”
ရွှေလွှာ လှစ်ခနဲ ပြန်ဝင်ပြေးကာ တကယ်ပဲ နှစ် မိနစ်အတွင်းမှာ ဂါဝန်တိုကလေးနှင့် ဖျတ်ခနဲ ပြန်ရောက်လာကာ စွေ့ခနဲ ခုန်တက်လာသည်။
“ မိုက်လှချည်လားဟယ်….. ရေရေလည်လည် မိုက်တယ်”
“ ဖေဖေဆုချတာလေ”
“ အေး… နင်အင်္ဂလန်သွားရင်….. ငါတို့ကို အမွေပေးခဲ့… ဟိဟိ”
“ ရမယ် အားကြီး၊ ဂိုဒေါင်ထဲ စောင်ခြုံပြီး သိမ်းခဲ့မှာ ၊ ကျောင်းတက်ပြီး ပြန်လာမှာ ပဲဟဲ့”
“ကျမ်း….. Facebook တောင် တင်ပြီးပြီပေါ့လေ….ငကြွားမ”
“ ဟေ…. ကြွားစရာရှိလို့ ကြွားရတာ လေဟယ်….. အဲ့မှာ မှ မကြွားရရင် ဘယ်မှာ ကြွားရမတုန်း”
“မိနစ်ပိုင်းပဲ ရှိသေးတယ်၊ like တွေ ရာကျော်သွားပြီ၊ မိုက် (စ်)”
“ ဘ၀ဆိုတာ လိုချင်တာကလေးတွေ ရ… ဖြစ်ချင်တာလေးတွေ .. ဖြစ်၊ ပျော်ချင်တာလေးတွေ ပျော်ရတာ အရသာရှိသားနော်၊ ငါလေ…. ဒီဘ၀လေးကို ဘာနဲ့မှ မလဲချင်ဘူး…. အရမ်းမက်စက်တာပဲ”
“ ဒီကားလေးနဲ့ ခရီးလေးဘာလေး သွားရအောင်ဟယ်၊ နေပြည်တော် သွားရအောင်၊ မြို့ထဲမှာ ကားတွေ ကြပ်တာနဲ့ ပိတ်တာနဲ့ ကောင်းကောင်းမမောင်းရဘူး”
“ငါ စိတ်ကူးထားပြီးသားပါ…. ဖေဖေ့ကို ခွင့်တောင်းပြီး ငါ စီစဉ်လိုက်မယ်၊ သွားတာပေါ့”
မြူးကြွသွက်လက်လွန်းသော သီချင်းသံတွေ ဆူညံခုန်ပေါက်လျက်ရှိသော ပီတိတို့၏ ပြိုင်ကားအမိုက်စားကလေးဆီသို့ ကားတွေ ပေါ်ကရော၊ လမ်းမတွေ ပေါ်ကပါ ဆန်းတပြားပြား မြင်ကွင်းသဖွယ် လှည့်လှည့်ကြည့်သွားကြ… နောက်ပြောင် ကျီစယ်သွားကြတာကို… ပီတိတို့က မမှု လေသော မျက်နှာပေး….. မထီတရီ မော့မော့ကြော့ကြော့ ဟန်ပန်ကလေးတွေ ဖြင့် ခံယူလေသည်။ ဒါကိုပဲ ဟုတ်လှပြီ ထင်နေတာကိုး….။
ကေသရီ့ခြံထဲရောက်တော့လည်း ထုံးစံအတိုင်း ဟွန်းသံကို နရီစည်းချက်ကျကျတီးပြီး ဆောင့်ကြွားကြွားကလေး လှမ်းခေါ်ရသည်။ ကေသရီက သူ့အချစ်တော် Chihuahua ခွေးကလေး ပိုက်ရက်သားဖြင့် အလန့်တကြား ပြေးထွက်လာသည်။
“ဟဲ့…. ဟဲ့…. ဒါက ဘယ်လို ဖြစ်လာတာတုန်း၊ ငါ့ခြံထဲ နေ့ခင်းကြောင်တောင် သူပုန်များ ၀င်စီးတာလားလို့ဟေ့၊ ဟယ်.... နတ်မြင်းပျံကြီးက မိုက်လှချည်လား….. Wow”
“ ကီကီမ…. စကားတွေ ရှည်မနေနဲ့၊ ခု ချက်ချင်း ဘောင်းဘီတို သွားစွပ်ခဲ့၊ အပေါ်က တီရှပ်လဲမနေနဲ့…. အချိန်မရှိဘူး၊ မြို့ပြင်ဘက် ယွန်းမလို့…..”
“ အိုကေ…..”
ကေသရီရော ရွှေလွှာပါ ပိန်တာရိုးကလေးတွေ မို့ ခုံနှစ် ခုံသာပါသော ပြိုင်ကားကလေးထဲမှာ နှစ် ယောက် သား တစ်ခုံတည်း ပူးကြပ်စွာ ထိုင်ကြသည်။ သုံးယောက် သား လူစုံပြီမို့ ပီတိက မြို့ပြင်ဘက်အထိ ဦးတည်ခဲ့သည်။ ဖေဖေ့ကိုတော့ ဖုန်းဆက်အကြောင်းကြားလိုက်ပြီ။
“ကားတော့ ဖြည်းဖြည်းမောင်း သမီး၊ ငါ့သမီးတော့ ပြိုင်မြင်းကို အတောင်ပံတပ်ပေးလိုက် သလို ဖြစ်နေပြီကွာ၊ သိပ်မမှော င်စေနဲ့သမီး....ဖေဖေစိတ်ပူနေမှာ ”
“ ဟုတ်…. ဖေဖေ”
ဖေဖေ့ကို ဖုန်းချလိုက်ပြီးတာနှင့် လီဗာကို ခပ်ဖိဖိကလေး နင်းလိုက်ပါသည်။ မြို့ပြင်ဘက်ရောက်လာလျှင် ကားတွေ ရှင်းစပြုလာပြီမို့ ပီတိတို့ ပြိုင်ကားမောင်းရခြင်း၏ အရသာကို ရင်ခုန်မက်မောစွာ အပြည့်အ၀ခံစားကြလေသည်။ ထိုအချိန်ကာလကလေးတွေ မှာ ပူပန်ကြောင့်ကြ ၊ သော ကရယ်လို့ ဆံချည်တစ်မျှင်မျှပင် မရှိချေ။ ရင်ခုန်ခြင်း၊ ပျော်ရွှင်ခြင်း၊ စွန့်စားခြင်း၊ စိတ်လှုပ်ရှားခြင်းတို့ဖြင့် သာ ဘ၀က စိန်ခေါ်မှု အတိ ပြီးနေခဲ့တော့သည်။ “ပီတိစမ်းရေ” ၏ ဘ၀က လွပ်လပ်မှု ဖြစ်သည်။
အခန်း (၃)
“ညနေ ကိုကိုလာကြိုမယ်နော်”
စိုပြည်က ကားပေါ်မှဆင်းကာ ပြုံးရွှင်ချိုမြသော မျက်နှာပေးကလေးဖြင့် သူ့ကိုလက်ပြနေသော ညီမလေးကို နှုတ်ဆက်ပြီး ကားမောင်းထွက်ခဲ့သည်။ ဒါတောင် ကိုယ့်ညီမကို စိတ်မချနိုင်သလို နောက်ကြည့်မှန်ကနေတဆင့် လှမ်းကြည့်မိသေးသည်။ UFL မှာ အင်္ဂလိပ်စာ ဆက်တက်နေသော ကိုယ့်ညီမကို သူ့စိတ်ထဲမှာ ခုချိန်ထိ အင်္ကျီဖြူ ထဘီစိမ်းကလေးနှင့် အထက်တန်းကျောင်းသူလေးလိုပဲ သူစိတ်ပူတတ်၊ စိတ်မချ ဖြစ်တတ်တုန်း။ နေ့တိုင်း ကျောင်းကြိုပို့တာကို သူ့ရဲ့ အဓိက တာဝန်အ ဖြစ်ခံယူထားတုန်းပင်။ ဒါတောင် သူနယ်သို့ ခရီးထွက်တာ၊ စာပေဟောပြောပွဲတွေ သွားတဲ့အချိန်တွေ မှာ ဆိုရင်တော့ အခင်မင်ဆုံး မိန်းကလေးသူငယ်ချင်း မမမိုးမြင့်ကို အကူအညီတောင်းကာ ကြိုပို့တာဝန်ယူစေသည်။ ညီမလေးအပေါ် အဲဒီ လောက်တွယ်တာ ချစ်ခင်လွန်း၊ သံယောဇဉ်ကြီးလွန်း၊ အ ဖြစ်သည်းလွန်းသော သူ့ကို မမမိုးမြင့်က အမြဲတမ်း စကားနာထိုးမြဲ ဖြစ်သည်။
“ ငရှင်းသန့်စိုပြည်…. နင်တော့ ဒီတစ်သက်မိန်းမကို မယူပါနဲ့တော့ဟယ်၊ ငါစေတနာနဲ့ပြောတာ၊ နင့်ကို ယူရမယ့် မိန်းမကိုလည်း သနားလွန်းလို့၊ ကိုယ်ချင်းလည်း စာလို့ သိလား၊ ဘယ့်နှယ့်တော် နင့်လောက် ညီမကို တုန်နေအောင် ချစ်တတ်တဲ့အစ်ကိုမျိုး ဒီကမ္ဘာလောကမှာ ရှိနိုင်မယ်တောင် မထင်ဘူး၊ တကယ် တကယ်ကို လက်ဖျားခါပါရဲ့ ၊ သြချပါရဲ့ ၊ ကကြီးကနေ အ,အထိ အသေးစိတ်ကို အကဲပိုလွန်းတယ်”
“ မမရာ… ငါ့မှာ ချစ်စရာ၊ တွယ်တာစရာဆိုလို့ ဒီညီမလေး တစ်ယောက် တည်းပဲ ရှိတာပါဟာ၊ ငါ့ညီမလေးက သိပ်သနားစရာကောင်းတာ၊ သူလေးနှစ် အရွယ်မှာ မရှိတော့ဘူး၊ ငါကပဲ အမေ တစ်ယောက် လို အစ်မ တစ်ယောက် လို သူ့ကို ပြုစုစောင့်ရှောက်ခဲ့ရတာ လေဟာ၊ သံယောဇဉ်ထုထည်က နည်းတာမဟုတ်ဘူး၊ သူကလည်း ငါ့ကို အချစ်ဆုံး၊ အားအကိုးဆုံး၊ ငါမှမရှိရင် သူ့ဘ၀ကလေး ဘယ်လိုရှင်သန်မလဲဆိုတာ တွေးတောင် မတွေးတတ်ဘူး၊ ဖေဖေဆုံးတော့လည်း သူဆယ်တန်းပဲ ရှိသေးတာကွာ၊ ငါကပဲ အဖေနေရာမှာ ၀င်ပြီး သူ့ကို ရင်အုပ်မကွာ စောင့်ကြပ်လာတာ၊ မျက်စိအောက်က အပျောက်မခံတတ်တဲ့အကျင့်က အလိုလိုစွဲသွားတာ”
“ နင်တို့ မောင်နှမ အချစ်သည်းတာတော့ စံပါဟယ်”
ဘယ်လိုပဲ ဝေဖန်စကားတွေ ဆိုဆို၊ မနာလိုတွေ ဖြစ် ဖြစ်…. မမကလည်း သူမရှိရင် အစ်မကြီး တစ်ယောက် သဖွယ် အားကိုးစိတ်ချရသည်ပင်။ ညီမလေးကို ကျောင်းပို့ပြီးမှ သူ့အလုပ်ကိစ္စတွေ ဖြစ်သည့် စာအုပ်ဆိုင်တွေ သွားပြီး စာအုပ်ရှာတာ၊ စာရေး တာ၊ စာဖတ်တာ၊ စာအုပ်ထုတ်ဝေဖို့ ကိုယ်တိုင်ပဲ ပြင်ဆင် စီစဉ်ရတာ တွေ ကို စာရင်းဇယားနဲ့ ကြိုရေး ထားပြီး လုပ်စရာရှိတာတွေ ကို လုပ်ရပါသည်။ သူ့ကိုယ်ပိုင် စာအုပ်ထုတ်ဝေရေး လုပ်ငန်းကို ကိုယ်တိုင်ပဲ စိတ်တိုင်းကျလုပ်သူမို့ အရည်အသွေးကို စိတ်ကြိုက် အကောင်းဆုံး ထုတ်ဝေနိုင်သည်။ သူရေး သားသမျှသော စာပေတွေ သည် လူငယ်တွေ အတွက် အောင်မြင်တိုးတက်ကြီးပွားစေလိုသော ၊ စိတ်ဓာတ်ခွန်အားဖြည့်ဆည်းပေးသော စာတွေ ဖြစ်သည်။ နိုင်ငံရပ်ခြားစာအုပ်တွေ ကိုလည်း သူ ဘာသာပြန်သလို သူကိုယ်တိုင်၏ ကိုယ်ပိုင်အတွေးအခေါ် အယူအဆကလေးတွေ ကိုလည်း ရေး သားသည်။ သူကိုယ်ပိုင် Blog ကလေးလည်း ဖွင့်ထားသေးသလို Facebook မှာ လည်း fan page ဖွင့်ပြီး သူ့ရဲ့ အတွေးအခေါ်၊ ဘ၀တက်လမ်းနှင့် စိတ်ဓာတ်ခွန်အားပေးစာတွေ မျှဝေထားတတ်သဖြင့် သူ့မှာ လူငယ်ပရိသတ်တွေ များ စွာ ၏ အားပေးမှု ကိုလည်း ရရှိနေခဲ့သည်။ အားပေးမှု ၊ တိုက်တွန်းမှု ၊ တောင်းဆိုမှု ၊ မျှော်လင့်မှု တွေ က သူ့အတွက် အလုပ်များ စွာ လုပ်ဖို့ ခွန်အားတွေ တွန်းအားတွေ ဖြစ်လာခဲ့သည်။ သူ့ရဲ့ တစ်နေ့တာ အချိန်ဇယားမှာ အားလပ်ချိန်ရယ်လို့ သိပ်မရှိလှဘဲ ညီမလေးအတွက် ပေးသော အချိန်က ပိုများ ပါသည်။ သူ့ရဲ့ အခုလက်ရှိဘ၀ပေး အခြေအနေကလေးကို သူအလွန်နှစ်သက် မက်မောပါသည်။ ဒီဘ၀ကလေးထဲကို ရင်ခုန်ယစ်မူးစရာ၊ ချစ်သူ မိန်းကလေး တစ်ယောက် ကို ခေါ်သွင်းလာဖို့ပင် အခြေအနေမပေးရဲလောက်အောင် သူ့ဘ၀တစ်ခုလုံး၊ သူ့နှလုံးသားတစ်ခုလုံး၊ သူ့အချစ်တွေ အားလုံးကို ညီမလေး တစ်ယောက် တည်းအပေါ် ပုံအောပေးဆပ်ထားခဲ့သည်။ ညီမလေးဆီကလည်း သူ့အပေါ် လိုလေသေးမရှိလောက်အောင် ဖြည့်ဆည်းတာဝန်ကျေလွန်းခဲ့ပြီးသားမို့ သူ့မှာ ဘာမှ မလိုအပ်။ ၀တ်စရာ အ၀တ်အစားကစလို့ ညီမလေးက ခေါင်းဖျားကနေ ခြေဖျားအထိ ဆင်ပေးတတ်သူ….. အစားအသောက်ဆိုရင်လည်း ညီမလေးက သင်တန်းတွေ တောင် တက်ပြီး သင်ယူထားသူမို့ ဖွယ်ဖွယ်ရာရာ ပြည့်ပြည့်စုံစုံ အရသာရှိရှိ ချက်ပြုတ်ကျွေးမွေးတတ်သူ။ တခြားမိန်းကလေး တစ်ယောက် အပေါ် သူမထက်ပိုပြီး ချစ်မြတ်နိုး တန်ဖိုးထား ငြိတွယ်လိုက်မှာ ကို အသက်ဆုံးရှုံးမှာ ထက်တောင် ပိုပြီး ကြောက်ရွံ့စိုးရိမ်တတ်၊ သ၀န်တိုတတ်လွန်းသော ညီမလေးရဲ့ စိတ္တဇကို သူနားလည်ခံစားပေးနိုင်သလို၊ ညီမလေးကိုလည်း သူကလွဲပြီး တခြားဘယ်သူစိမ်းယောကျာ်း တစ်ယောက် ကိုမှ ငြိတွယ်စွဲလန်းသွားမှာ ကို သူမလိုလားပြန်ချေ။ ညီမလေးရဲ့ စိတ်အာရုံတစ်ုခုလုံးကို သူသာလျှင် လွှမ်းမိုးအုပ်စိုးထားချင်သည်။ တခြား ဘယ်လိုယောက်ျားလေးမျိုးနဲ့မှ ညီမလေးကို သူစိတ်မချ၊ မရက်ရောနိုင်ခဲ့။ ညီမလေးရဲ့ ဘ၀ကို သူသာပဲ ပိုင်စိုးချင်မိသည်။ ဒါကလည်း သူ့ရဲ့ အစွန်းရောက် အတ္တတစ်ခု ဖြစ်မှန်း…. သူသိနေရက်နှင့် ပင် သူတစ်ကိုယ်ကောင်းဆန်မြဲ အတ္တကြီးမြဲတည်း။
ညနေကျောင်းလာကြိုနေကျ ကိုကို့ကားနှင့် ကိုကို့ကိုမြင်တိုင်း လေပြည်နံဘေးက အပျိုမတွေ တဆိတ်အကဲပိုတတ်ကြမြဲပင်။ တခြားသူတွေ ထားပါဦး….လေပြည်ရဲ့ အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်သည့် ရွှေရည်နှင့် ငွေဝန်းတို့ပင် မျက်နှာထားတွေ က ပြုံးရွှင်ရွှန်းလက်လို့.....။
“ လေပြည်ရေ….. ကိုကိုလာပြီ”
“ သိပါ့တော် …. ငါလည်း မြန်မြန်သွားမှပါ၊ နို့မို့ဆို နင်တို့မျက်လုံးတွေ စိုးရိမ်ရတဲ့ အနေအထားမှာ ရှိတယ်”
“ ခိခိခိ…. လေပြည်လေးကလည်း၊ ငါတို့ကားမပါတာ သိသားနဲ့ဟယ်…. Taxi နဲ့ မပြန်ချင်ဘူး၊ ဒီနေ့တော့ လိုက်ပို့ပေးပါဟယ်၊ ချစ်သူငယ်ချင်းလေးက လိမ္မာသားနဲ့…. ကိုကိုနဲ့လည်း ခင်ခင်မင်မင်ရှိရတာ ပေါ့”
“အမလေး… မရဘူးဆရာ၊ ကိုကိုက အရမ်းနှမျောတတ်တာ၊ နင်တို့ကို လိုက်ပို့ရရင် ဓာတ်ဆီကုန်လို့ ညည်းလိမ့်မယ်၊ ပြီးတော့ ဒီနေ့လည်း ညစာအတွက် အိမ်ပြန်မှ၊ ငါချက်ပြုတ်ရဦးမှာ ၊ ကိုကိုက ဟော့ပေါ့သောက်ချင်တယ်ဆိုလို့ city mart ၀င်ရဦးမယ်၊ ကားတွေ ကလည်း ကြပ်က ကြပ်နဲ့ နင်တို့ဘာသာပဲ ပြန်ြ ကတော့နော်..... ဟင်းဟင်း”
“ကပ်စေးနည်းမ၊ ကိုကိုက နည်းနည်း .... နင်က ပိုပိုသာသာပါဟယ်…. ဟွန်း အမြင်ကတ်စရာ၊ ကိုကိုကလည်း ချောလိုက်တာဟယ်၊ တစ်နေ့တစ်နေ့ ကြည့်ရင်းကြည့်ရင်းနဲ့ကို ပိုပိုချောပြီး သန့်သန့်လာတယ်၊ အသားအရည်ကလည်း ၀င်းလက်ကြည်လင်နေတာပဲတော် ၊ ကိုကို ဘာ skin care သုံးလဲဟင် လေပြည်”
“ သံချေးရည်နဲ့ ထောပတ်သီးအပုပ် နေ့တိုင်းသုံးတယ်ဟေ့…ကဲ”
“ ဟယ်.... အစုတ်ပလုပ်......စိတ်ပုပ်မ”
“ သေလိုက်ကြပါလားဟယ်......ငါသွားတော့မယ်”
တော် ကြာ သူတို့ အတင်းကပ်လိုက်ပြီး ကိုကို့ကို လာနှုတ်ဆက်နေမှာ စကားတွေ လာဖောင်နေမှာ စိုးသော ကြောင့် လေပြည်က ခပ်သွက်သွက်ကလေး အပြေးတပိုင်း ကားပေါ်တက်ရသည်။ ကျောင်းပရ၀ုဏ်တ၀ိုက်ရှိ မိန်းကလေးတိုင်းရဲ့ မျက်ဝန်းတွေ ကိုကိုရှိရာဆီပဲ တ၀ဲဝဲ ဖြာကျနေတတ်ကာ ပြုံးစိစိအပိုးမကျိုး တီးတိုးသဖန်းပိုးထိုးနေကြတွေ ကိုလည်း မမြင်ချင်ယောင်ဆောင်ရသည်။ ဒါတောင် တချို့ရက်တွေ ကိုကိုများ စောကြိုရောက်နှင့် လို့ ကတော့ ကားထဲထိုင်မနေဘဲ ကားအပြင်ဘက်ထွက်ရပ်ကာ စောင့်နေတာများ မြင်ရလျှင် မိန်းကလေးတို့ တစ်သိုက်ပြီးတစ်သိုက် အော်တိုလက်မှတ်လာထိုးခိုင်းကာ စကားတွေ လာပြောတတ်ကြရဲ့ ။
လေပြည် ကတော့ သ၀န်တိုစိတ်ကို မျိုသိပ်ကာ အပြုံးကလေးနှင့် ဟန်လုပ်ပြီး ကိုကို့ကိုလက်တို့ကား မြန်မြန်ကားထွက်ဖို့ ဆော်သြရတာ မကြာခဏပင်။ မင်းသားလည်း မဟုတ်ပါဘဲ စာရေး ဆရာ တစ်ယောက် ကို ရုပ်ရည်ချောမောသန့်ပြန့်တာနှင့် ပင် မိန်းမငယ်တို့ အကဲပို သည်းသည်းလှုပ်တတ်ကြတာကလည်း ကိုကို့ရဲ့ စန်းကြောင့် ထင်ပါရဲ့ ။
“ကိုကို City mart ပို့ပေးနော်၊ ကိုကို့အတွက် ညနေစာ ဟော့ပေါ့ လုပ်ကျွေးမလို့”
“ သူငယ်ချင်းတွေ ကို လက်ပြလိုက်ဦးလေ ညီမလေးရဲ့ ….. ဟိုမှာ နှုတ်ဆက်နေတာကို”
“ အို…. တော် ပါပြီ၊ သူတို့အထာများ မသိတာမှတ်လို့၊ ကိုကို့ညီမ ဖြစ်ရတာ မျက်နှာ ကတော့ ပွင့်ပါ့၊ ဒါပေမယ့် တွန့်တိုရလွန်းလို့ အကုသိုလ်များ တယ်သိလား၊ ကိုကိုက သဘောကောင်းတဲ့ ရုပ်ကလေးနဲ့ လူတကာကို ချိုမြမြ ပြုံးမပြနဲ့လေ၊ ခုခေတ် မိန်းကလေးတွေ က လွယ်တာ မဟုတ်ဘူး”
“ ဟောဗျာ.... သ၀န်က တိုနေပြန်ပြီ”
ကိုကိုက တဟားဟား အော်ရယ်နေပြန်သည်။ ကိုကိုရယ်လျှင် အလွန်ချစ်ဖို့ကောင်း၏ ။ မျက်ဝန်းကလေးတွေ အရည်ရွှန်းလက်သွားပြီး ပါးချိုင့်ရှည်ကလေးတွေ နဲ့ သွားဖြူဖြူစင်စင်တန်းကလေးတွေ ညီညာဖွေးလက်သွားတတ်တာမို့ မိန်းကလေးတွေ အသည်းခိုက်စရာပေါ့။ လေပြည် ကတော့ ကိုကို့ကို စိတ်မချနိုင်။ သိပ်ချစ်စရာကောင်းလွန်းကာ အတတ်ပညာ၊ အထာရဿတွေ ကျွမ်းကျင်လှသော လှပထက်မြက်သည့် မိန်းကလေး တစ်ယောက် ယောက် ကများ ကိုကို့ကို လုယူဆွဲထုတ်သွားမှဖြင့် …..။
“ ကိုကိုနော်….. ပြောထားပါရဲ့ ၊ ဘယ်မိန်းကလေးကိုမှ မချစ်ရဘူးနော်”
“ မချစ်ပေါင်ဗျာ၊ ညည်းသာ ဘဲမရှာနဲ့…. နာမယ်မှတ်”
ကိုကိုက လေပြည့်နဖူးကို ချစ်စနိုး ဖွဖွထုလိုက်သော ခဏ၌ ကြည်နူးမွေ့လျော်စွာ ရယ်မောမိပါလေသည်။
![]() မမက်ဖူးတဲ့အိပ်မက် | ![]() စိတ်ဖတ်သူ | ![]() မျက်ရည်တစ်ပွင့်ရဲ့တိုးဖွညင်သာသော |