Cover

(၁)

လျှိုဝှက်တဲ့ သန်းကြွယ်သူဌေး

သူ့ကို နယူးဂျာစီနေ အမေရိကန်အိုင်းရစ်လူမျိုး ခရစ်ယာန်ဘာသာဝင် သာမန်မိသားစုတစ်ခုက မွေးဖွားခဲ့တာဖြစ်တယ်။ (၂ဝ၁၁)ခုနှစ်မှာ သူ့အသက် (၈ဝ)ပြည့်ခြဲ့ပီး အမေရိကန် ဆန်ဖရန်စစ္စကိုမှာ အိပ်ခန်းနှစ်ခန်းပါတဲ့အိမ်လေးမှာ ဇနီးနဲ့အတူ ငှားရမ်းနေထိုင်ခဲ့ပါတယ်။

နာမည်ကြီးတံဆိပ် အဝတ်အစားတွေ သူ မဝတ်ဆင်ခဲ့ဖူးသလို သူ့မျက်မှန်ကလည်း ဟောင်းနွမ်းနေခဲ့ပါတယ်။ သူ့လက်မှာ ပတ်ထားတဲ့ နာရီကလည်း မြေအောက်ဘူတာတစ်နေရာမှာ ဝယ်ခဲ့တဲ့ နာရီဖြစ်တယ်။ အစားအသောက်ကောင်းတွေကို သူ မမက်မောခဲ့ပါဘူး။ သူနှစ်သက်တဲ့အစားအစာက ဈေးချိုတဲ့ ခရမ်းချဉ်သီးချိစ်ဆန်းဝှစ်ဖြစ်တယ်။ သူ့မှာ ကိုယ်ပိုင်ကားမရှိဘူး။ဘတ်စ်ကားကိုပဲ သူ အသုံးပြုတယ်။ သူ့ရဲ့ လက်ကိုင်အိတ်ဟာလည်း အဝတ်စနဲ့ ချုပ်ထားတဲ့ အိတ်ပြဲဖစ်တယ်။ တကယ်လို့ သူနဲ့အတူ စားသောက်ဆိုင်သွားရင် ဘီလ်တွေကို စနစ်တကျ သူ စစ်ဆေးမှာ ကို သင် တွေ့ရပါလိမ့်မယ်။တကယ်လို့ သူ့အိမ်မှာ ညအိပ်ညနေ သင် အိပ်ခဲ့ရင် မအိပ်ခင် မီးပိတ်ပါလို့ သူသတိပေးပါလိမ့်မယ်။

ဒီလောက်ဆင်းရဲတဲ့ အမေရိကန်အဘိုးကြီးတစ်ယောက်အကြောင်းဘာများ ပြောစရာရှိသလဲလို့ သင် အံ့သြကောင်း အံ့သြလိမ့်မယ်။ သူလုပ်ခဲ့သမျှကို ကျွန်တော်တို့ အရင်ကြည့်ရအောင် . . .

Cornell University အတွက် သူလှူဒါန်းခဲ့တဲ့ငွေက စုစုပေါင်း၅၈၈ မီလီယံ။

California University အတွက် သူလှူဒါန်းခဲ့တဲ့ငွေက စုစုပေါင်း၁၂၅ မီလီယံ။

Stanford University အတွက် သူလှူဒါန်းခဲ့တဲ့ငွေက စုစုပေါင်းသန်း ၆ဝ။

အိုင်ယာလန်မှာ တက္ကသိုလ်အသစ် (၇)ကျောင်းနဲ့ မြောက်အိုင်ယာလန်မှာ တက္ကသိုလ်အသစ် (၇)ကျောင်းနဲ့ မြောက်အိုင်ယာလန်မှာ (၂)ကျောင်းဆောက်ဖို့ တစ်ဘီလီယံကို သူ လှူဒါန်းခဲ့တယ်။

နှုတ်ခမ်းကွဲ ကလေးသူငယ်တွေရဲ့ လက်မှု ပစ္စည်းတွေ ဖွံ့ဖြိုးတိုးတက်အောင် အပြုံးစစ်ဆင်ရေး "Operation Smile" ပရဟိတလုပ်ငန်းကိုသူ စတင်တည်ထောင်ခြဲ့ပီး ဆေးဖိုးဝါးခတွေ ရှာပေးခဲ့တယ်။ အာဖရိကတိုက်အတွက် ပလိပ်ရောဂါနဲ့ အခြားရောဂါတိုက်ဖျက်ရေးအတွက် ငွေကြေးအမြောက်အမြား သူ လှူဒါန်းခဲ့တယ်။ ဒီကနေ့အထိ သူလှူဒါန်းလိုက်တဲ့ ငွေကြေးပေါင်း ၄ ဘီလီယံကျော်ရှိခြဲ့ပီး လှူဒါန်းဖို့ ငွေကြေး ၄ ဘီလီယံ လျာထားဆဲဖြစ်ပါတယ်။

သူကတော့ သူကိုယ်တိုင်အတွက် မကြည့်ဘဲ အများ အတွက်ကြည့်သူ၊ ငွေကြေးရှာဖွေတာကို နှစ်သက်ပေမယ့် ငွေကြေးတွေကို လက်ဝယ်မထားတဲ့သူ "Chuck Feeney" ပဲ ဖြစ်ပါတယ်။ Chuck Feeney ဟာ ထင်ပေါ်ကျော်ကြားလိုသူ မဟုတ်ပါဘူး။ သူဟာ အမည်မဖော်တဲ့ အလှူရှင်ဖြစ်တယ်။ သူဟာ ငွေကြေး (၈)ဘီလီယံ ပိုင်ဆိုင်တဲ့ The Atlantic Philanthropiesကို တည်ထောင်ခဲ့ပြီး ပရဟိတလုပ်ငန်းနဲ့ဆိုင်တဲ့ အမေရိကန်ဥပဒေက ကင်းလွတ်အောင် အမေရိကန်နဲ့ဝေးတဲ့ Bermuda ကျွန်းစုမှာ သွားရောက်တည်ထောင်ခဲ့တာဖြစ်တယ်။ လုပ်ငန်းကိုလည်း သူ့နာမည်ဖြစ်တဲ့ Chuck Feeneyကို မပေးခဲ့တဲ့အပြင် အဲဒီ မှာ အလုပ်လုပ်တဲ့လူတွေကိုလည်း ဘယ်သူ့ဆီမှာ အလုပ်လုပ်ကြောင်း မပေါက်ကြားစေခဲ့ပါဘူး။ သူ့တောင်းဆိုချက်ကြောင့်သူတို့လုပ်ငန်းက လှူဒါန်းခဲ့တဲ့ငွေတွေမှာ သူ့နာမည်ကို မှတ်တမ်းမတင်ခဲ့ကြဘူး။

၁၉၉၇ ခုနှစ်ရောက်မှ Chuck Feeney တည်ထောင်ခဲ့တဲ့ DutyFree Shoppers Group ကို ပြင်သစ်က နာမည်ကြီးတဲ့ Bernard Arnaultက ဝယ်ယူလိုက်မှ သူ့ကို လူတွေသိခဲ့ကြတာဖြစ်တယ်။ အဲဒီ ကုမ္ပဏီရဲ့ အစုရှယ်ယာတွေကို The Atlantic Philanthropies ထဲ သူ အားလုံး လွှဲပြောင်းခဲ့တယ်။ သူလှူဒါန်းခဲ့တဲ့ငွေတွေဟာ Macarthur? Rockefeller တို့ တည်ထောင်ခဲ့တဲ့ နာမည်ကြီး ပရဟိတလုပ်ငန်းတွေထက် ပိုများ ခဲ့ပါတယ်။

သူ ထင်ထင်ပေါ်ပေါ် မနေခဲ့ဘူး။ လှူဒါန်းငွေတွေမှာ လည်း နာမည်ကို မဖော်ပြခဲ့ဘူး။ သူကိုယ်တိုင်တည်ထောင်ထားတဲ့ (၈)ဘီလီယံတန် TheAtlantic Philanthropies ကိုတောင် သူ့နာမည်နဲ့ တည်ထောင်ဖို့ ငြင်းခဲ့တယ်။ နှစ်အတော်ကြာမှ လူတွေက သူ့ကို သိခဲ့ကြတယ်။ သူဟာ တစ်ကမ္ဘာလုံးကို အံ့သြတုန်လှုပ်စေခဲ့ပါတယ်။

အဲဒီ နောက်မှာ တော့ ထင်ထင်ပေါ်ပေါ် မနေချင်သူတစ်ယောက်ဟာ ထင်ပေါ်လာခဲ့တယ်။ ဒါပေမယ့် သူတို့အဖွဲ့အစည်းက လှူဒါန်းမယ့်အကြောင်းတွေကို သူတို့ မကြေညာတတ်သလို အလှူရှင်ဆိုတဲ့ စာတန်း၊နာမည်တွေ ကမ္ဗည်းမထိုးဖို့လည်း တောင်းဆိုခဲ့တယ်။ သူလှူဒါန်းတဲ့ အဆောက်အဦးတွေမှာ သူ့နာမည်ကို ကမ္ဗည်းမထိုးဖို့ ပြောခဲ့ပါတယ်။

'အဆောက်အဦးတွေ ဘယ်သူဆောက်တယ်၊ ဘယ်သူ လှူဒါန်းတယ်ဆိုတာ အရေးမကြီးပါဘူး၊ အရေးကြီးတာက အဆောက်အဦး ဆောက်လုပ်ပြီးစီးဖို့ပ'ဲ လို့ သူက ဆိုခဲ့ပါတယ်။

Chuck Feeney က သူဟာ 'အဝတ်အစား စုတ်ပြတ်ပြတ်နဲ့ အလှူရှင်'လို့ ဆိုခဲ့ပါတယ်။ သူ့ရဲ့ ချွေတာမှု က လူတွေကို အံ့သြစေခဲ့တယ်။ သူဟာအဆောက်အဦးပေါင်းများ စွာ ဆောက်လုပ်လှူဒါန်းခဲ့တယ်။ ပြင်သစ်နာမည်ကြီး ခရီးသွားနေရာတွေ၊ လန်ဒန်အဆင့်မြင့်နေရာတွေနဲ့ နယူးယောက်ပန်းခြံအနီးအနားတွေမှာ အဆင့်မြင့်အဆောက်အဦးပေါင်း (၆)ခုရှိခဲ့ပေမယ့် ဒီကနေ့မှာ တစ်ခုမှ သူ့အတွက် သူ ချန်မထားခဲ့ပါဘူး။ သူဟာ ဇနီးနဲ့အတူ ဆန်ဖရန်စစ္စကိုကို နေရာတစ်ခုမှာ အိမ်ငှားနေထိုင်ပြီး ဘတ်စ်ကား၊ မြေအောက်ရထား၊ တက္ကစီတွေကိုပဲ အသုံးပြုနေခဲ့ပါတယ်။

Chuck Feeney ဟာ သူတည်ထောင်ခဲ့တဲ့ Duty Free ဆိုင်တွေကနေ ငွေကြေးများ စွာ ရရှိခဲ့ပေမယ့် သူကိုယ်တိုင် နာမည်ကြီးတံဆိပ် အဝတ်အစားတွေကို မဝတ်ဆင်ခဲ့ပါဘူး။ သူစားတဲ့အစားအသောက်တွေဟာလည်းဆင်းရဲသားဆန်လွန်းခဲ့ပါတယ်။

'နာမည်ကြီး အဆင့်မြင့်စားသောက်ဆိုင်တွေမှာ ထမင်းတစ်နပ်ကိုဒေါ်လာ (၁ဝဝ)နဲ့ သင်စားနိုင်ပါတယ်။ ဒါပေမယ့် ၂၅ ဒေါ်လာတန်တဲ့ ထမင်းတစ်နပ်ကလည်း ကျွန်တော့်ကို ပြည့်ဝမှု တွေပေးနိုင်ပါတယ်'လို့ ChuckFeeney က ပြောခဲ့ပါတယ်။

Chuck Feeney မှာ သားသမီးငါးယောက်ရှိပြီး ဒီသားသမီးတွေဟာ ထူးခြားတဲ့အလိုလိုက်ခြင်း၊ ဥစ္စာပစ္စည်းတွေအပေါ် ဇိမ်ခံခြင်းတွေ မရှိခဲ့ပါဘူး။ ကျောင်းအားရက်တွေမှာ သူတို့ဟာ စားသောက်ဆိုင်၊ ဟိုတယ်တွေမှာ အလုပ်သွားလုပ်ရပါတယ်။ ကလေးတွေထဲက သမီးတစ်ယောက်က ဆယ်နှစ်ကျော်အရွယ်မှာ သူငယ်ချင်းတစ်ယောက်နဲ့ ဖုန်းအကြာကြီးပြောခဲ့မိလို့ ဖုန်းခဆောင်ရချိန်မှာ Chuck Feeney ဟာ အိမ်ကဖုန်းကို ဖြတ်တောက်ခဲ့ပါတယ်။အိမ်က ဖုန်းနံဘေးမှာ လည်း လမ်းဘေးဖုန်းတည်နေရာကို မြေပုံဆွဲကပ်ထားခဲ့တယ်။ သမီးရဲ့ သူငယ်ချင်းကိုလည်း ဖုန်းခစာရွက်ကို ပို့ပေးခဲ့တယ်။ စစချင်းမှာ သမီးက သူငယ်ချင်းဖြစ်သူကို အားနာခဲ့ပေမယ့် နောက်ဆုံးမှာ Chuck Feeney လုပ်တဲ့အလုပ်ဟာ မှန်ကန်ကြောင်း ထောက်ခံခဲ့တယ်။ ဖခင်ရဲ့ အမည်မဖော်တဲ့ အလှူတွေကိုလည်း သားသမီးတွေက ထောက်ခံခဲ့ကြပြီး'အဖေ၊ ဒီလိုလုပ်တာ နည်းနည်းတော့ ထူးဆန်းပေမယ့် ဒီလိုလုပ်လိုက်တဲ့အတွက် လှူဒါန်းခံရသူတွေရဲ့ အထူးတလည်ဆက်ဆံတာကို ကျွန်မတို့ မခံရတော့ဘူး။ ကျွန်မတို့ဟာ တခြားလူတွေနဲ့ တန်းတူဖြစ်တယ်'လို့ ဆိုခဲ့ကြတယ်။

The Atlantic Philanthropies ရဲ့ အစည်းအဝေးမှတ်တမ်းတစ်ခုမှာ 'သူဌေးတွေက သူတို့ပိုင်ဆိုင်သမျှကို ပရဟိတလုပ်ငန်းမှာ အသုံးပြုကြတယ်။ အမည်မသိနဲ့ ထင်ထင်ပေါ်ပေါ် မလှူဒါန်းခဲ့ရင် သူတို့ရဲ့ နောင်မျိုးဆက်အတွက် အနှောင့်အယှက်တွေ ဖြစ်စေနိုင်တယ်လို့ ကျွန်တော် ထင်တယ်'လို့ရေးခဲ့တယ်။ ထင်ထင်ပေါ်ပေါ်၊ ကျော်ကျော်ကြားကြား နေချင်သူတွေနဲ့စာရင်Chuck Feeney က တစ်မျိုးတစ်ဘာသာ ထူးခြားတယ်၊ ဆိတ်ငြိမ်တယ်လို့ဆိုရလိမ့်မယ်။

Chuck Feeney ရဲ့ အလှူအတန်းတွေထဲမှာ "Operation Smile"လို့ ခေါ်တဲ့ လုပ်ငန်းတစ်ခု ပါတယ်။ အဓိကက နှုတ်ခမ်းကွဲကလေးသူငယ်တွေကို ခွဲစိတ်ကုသပေးဖို့ဖြစ်တယ်။ တစ်ခါက နှုတ်ခမ်းခွဲစိတ်ကုသနေတဲ့ ကောင်မလေးတစ်ယောက်နဲ့ သူ ဆုံခဲ့တယ်။ ကောင်မလေးက ပါးစပ်ကို လက်နဲ့အုပ်ထားပေမယ့် လှုပ်ရှားပျော်ရွှင်နေတဲ့ မျှော်လင့်စိတ်ကိုတော့ မဖုံးကွယ်နိုင်ခဲ့ဘူး။ ခွဲစိတ်ကုသပြီးနောက် ကောင်မလေးဟာ ပြုံးရယ်နေပြီး 'ကျွန်မရဲ့ ပုံစံကအရင်ကလို ရုပ်ဆိုးမနေတော့ဘူး'လို့ ဆိုနေသယောင်ရှိနေခဲ့တယ်။ ကောင်မလေးကိုကြည့်ပြီး Chuck Feeney က 'ဒီလိုအချိန်မျိုးမှာ မှ ဥစ္စာပစ္စည်းကတန်ဖိုးရှိလွန်းတယ်'လို့ ဆိုခဲ့ပါတယ်။

တစ်ခါက စားသောက်ဆိုင်တစ်ခုမှာ ကောင်လေးတစ်ယောက်Chuck Feeney ဆီလျှောက်လာပြီး 'မစ္စတာရဲ့ ပညာတော်သင်ဆုကိုကျွန်တော် ရခဲ့ပါတယ်။ အခု ကျွန်တော်ဟာ ဒီစားသောက်ဆိုင်ရဲ့ မန်နေဂျာဖြစ်နေပါပြီ'လို့ ဆိုခဲ့တယ်။

Chuck Feeney ဟာ ပြင်သစ်စကား၊ ဂျပန်စကားတွေကို ကောင်းစွာ ပြောနိုင်ပြီး ကမ္ဘာ့အရပ်ရပ် ခရီးသွားရတာ ကို နှစ်သက်ပါတယ်။ ရောက်ရာအရပ်မှာ လည်း အလှူဒါနတွေ သူ ပြုလုပ်လှူဒါန်းလေ့ရှိတယ်။The AtlanticPhilanthropies လှူဒါန်းခဲ့တဲ့ဝန်းကျင်ဟာ ကမ္ဘာ့ဝန်းကျင်ထက် ကျော်လွန်နေခဲ့ပါပြီ။ ဗီယက်နမ်ကလေးငယ်တွေအတွက် ယာဉ်လမ်းစည်းကမ်းအလှူငွေ၊ သြစတေးလျ ကင်ဆာရှာဖွေရေးအတွက် လှူဒါန်းငွေ၊ ဖိလစ်ပိုင်မျက်နှာချွတ်ယွင်းကလေးငယ်အတွက် ပလတ်စတစ်ဆာဂျရီလှူဒါန်းငွေ စတာတွေရှိခဲ့ပါတယ်။

'လူတွေဟာ ငွေရှာပြီး သူဌေးသူကြွယ်လုပ်ကြတယ်။ လူအများ ရဲ့ အာရုံကို ဖမ်းစားကြတယ်။ လူတွေကို ဘာလုပ်ပါလို့ ကျွန်တော် ပြောချင်တာမဟုတ်ဘူး။ ပရဟိတလုပ်ငန်းတွေမှာ ထည့်သွင်းလှူဒါန်းတာဟာလည်းကျွန်တော် တို့ကို ပြည့်စုံမှု ၊ ပြည့်ဝမှု တွေ ဖြစ်စေပါတယ်'

အခုခေတ်လက်ရှိသန်းကြွယ်သူဌေးတွေဖြစ်တဲ့ ဘီလ်ဂိတ်၊ WarrenBuffett တို့ဟာ ပရဟိတလုပ်ငန်းမှာ စံထားထိုက်တဲ့သူတွေဖြစ်ပါတယ်။Chuck Feeney ကတော့ ပရဟိတလုပ်ငန်းမှာ သူဌေးသူကြွယ်တွေအတွက်သင်ယူလေ့လာသင့်တဲ့ ဆရာကောင်းဆိုလည်း မှားမယ်မထင်ပါဘူး။

အခုလောလောဆယ် Chuck Feeney မှာ မျှော်လင့်ချက်နှစ်ခုရှိပါသတဲ့။ တစ်ခုက (၂ဝ၁၆)ခုနှစ်မတိုင်ခင် သူပိုင်ဆိုင်တ့၊ဲ ကျန်ရှိနေသေးတဲ့၎ ဘီလီယံကို အကုန်လှူဒါန်းချင်တာဖြစ်ပါတယ်။ အခုချိန်ခါမှာ အဲဒီ ငွေထဲက၄ မီလီယံဟာ ကမ္ဘာအရပ်ရပ်က လိုအပ်သူတွေအတွက် နှစ်စဉ်လှူဒါန်းငွေတွေဖြစ်ပါတယ်။ ကမ္ဘာကြီးရဲ့ နေရာတိုင်းမှာ အကူအညီလိုသူတွေ အများ ကြီးရှိသေးကြောင်း Chuck Feeney က ခန့်မှန်းပါတယ်။ ဒါကြောင့် လှူဒါန်းငွေတွေကို မကြန့်ကြာစေခဲ့ပါဘူး။

'ဒီငွေတွေကို ကျွန်တော် မလှူဒါန်းနိုင်ခဲ့ရင် ကျွန်တော် အသေဖြောင့်မှာ မဟုတ်ဘူး'လို့ Chuck Feeney က အရယ်တစ်ဝက်နဲ့ ဆိုခဲ့ပါတယ်။

သူ့ရဲ့ နောက်မျှော်လင့်ချက်တစ်ခုက သူဌေးသူကြွယ်တွေ စံနမူနာယူတတ်ဖို့ ဖြစ်ပါတယ်။

'ဘဝမှာ နေထိုင်ရတာ ပျော်ရွှင်ကြည်နူးသလို လှူဒါန်းမှု တွေကိုလည်း လုပ်ပါ'လို့ သူက ဆိုပါတယ်။

သတင်းထောက်တွေက Chuck Feeney ကို ဘာကြောင့် တစ်ပြားတစ်ချပ်မှမချန်ဘဲ လှူဒါန်းမှု တွေ လုပ်နေသလဲလို့မေးတော့ Chuck Feeneyက ရိုးရိုးရှင်းရှင်းပဲ ဖြေခဲ့ပါတယ်။

'အလောင်းဝတ်တဲ့အဝတ်အစားမှာ အိတ်ကပ်မရှိလို့ပါ'တဲ့။

http://en.wikipedia.org/wiki/Chuck_Feeney

http://wn.com/Chuck_Feeney

(၂)

ပျော်ရွှင်ခြင်း(၁ဝ)ခု

ပစ္စည်းဥစ္စာ

ငွေကြေးနှင့်ပျော်ရွှင်ခြင်းကို အတိုင်းအတာတစ်ခုအထိ ဝယ်ယူလို့ရနိုင်သလို၊ ရာထူး၊ နေရာတွေကိုလည်း ဝယ်ယူလို့ရနိုင်ပါတယ်။ ဒါပေမယ့်စားဝတ်နေရေးဆိုတာကို ဖြေရှင်းနိုင်ပြီးနောက် သင့်မှာ ရှိတဲ့ ပိုလျှံတဲ့ငွေတစ်ပြားတစ်ချပ်တိုင်းရဲ့ အရေးပါမှု ဟာ သေးသထက် သေးငယ် သွားပါတယ်။

လိုအင်ဆန္ဒ

လိုအင်ဆန္ဒက ပျော်ရွှင်ခြင်းနဲ့ သက်ဆိုင်ပါတယ်။ ဆန်းစစ်ချက်အရတခြားလူနဲ့ အနိမ့်အမြင့် မနှိုင်းယှဉ်ဘဲရတဲ့ ပျော်ရွှင်မှု ဟာ ဝင်ငွေကောင်းလို့ရတဲ့ ပျော်ရွှင်မှု ထက် ငါးဆလို့ဆိုပါတယ်။

အသိဥာဏ်

အသိဥာဏ်ရဲ့ ပံ့ပိုးမှု ဟာလည်း ပျော်ရွှင်ခြင်းနဲ့ သက်ဆိုင်ပါတယ်။ဆန်းစစ်ချက်အရ ပိုထက်မြက်တဲ့လူဟာ အလိုဆန္ဒပိုများ ကြောင်း တွေ့ရပါတယ်။ ပိုမြင့်တဲ့ အောင်မြင်မှု ကို မရလေ ဆန္ဒမပြည့်ဝလေ မပျော်ရွှင်လေဖြစ်တယ်။ နောက်ပြီး အသိဥာဏ်မြင့်တိုင်း လူလူချင်း ပေါင်းသင်းဆက်ဆံရေးကိုအဆင်ပြေချောမွေ့အောင် လုပ်နိုင်စွမ်းရှိတယ်လို့ မဆိုသာပါဘူး။

မျိုးရိုးဗီဇ

ပျော်ရွှင်ခြင်းရဲ့ အတိုင်းအတာတစ်ခုဟာ မွေးရာပါကလာတာဖြစ်တယ်။ ပျော်ရွှင်ခြင်းကို သိနားလည် ခံစားနိုင်တဲ့ ၉ဝ%အတိုင်းအတာကမျိုးရိုးဗီဇကြောင့်ဖြစ်တယ်။ တစ်ပြိုင်တည်းမှာ ပဲ မိဘတွေရဲ့ မှန်ကန်တဲ့အတွေးအမြင်၊ ဆုံးဖြတ်ချက်နဲ့ ကောင်းမွန်တဲ့ ဆုံးမသွန်သင်မှု တွေနဲ့လည်း တိုက်ရိုက်သက်ဆိုင်ပါတယ်။

အလှအပ

လှပတဲ့လူတွေ ပိုပျော်ရွှင်တယ်ဆိုတဲ့စကားက လူအများ အတွက်သတင်းဆိုးဖြစ်နိုင်တယ်။ ဒါပေမယ့် သင်လှတယ်လို့ သင့်ကိုယ်သင် ယုံကြည်ဖို့ပဲ လိုအပ်ပါတယ်။ မိန်းကလေးတွေလည်း ကိုယ့်ကိုယ်ကိုအရမ်းဝတယ်လို့အမြဲမထင်ဘဲနဲ့ ယောက်ျားလေးတွေကလည်း ကိုယ့်ကိုယ်ကို မခန့်ဘူး၊မတောင့်တင်းဘူးလို့ အမြဲမထင်ဖို့ဘဲ လိုပါတယ်။

သူငယ်ချင်း

သူငယ်ချင်းဆိုတာ ပျော်ရွှင်ခြင်းရဲ့ ရေသောက်မြစ်ဖြစ်တယ်။ ပညာရှင်တွေရဲ့ ဆန်းစစ်ချက်မှာ ဝင်ငွေနဲ့ ရာထူးအနိမ့်အမြင့် မတူတဲ့လူတွေမှာ တူညီတဲ့ပျော်ရွှင်မှု တွေ ရနေတာဟာ သူငယ်ချင်းတွေကြောင့်လို့ဆိုပါတယ်။

အိမ်ထောင်ရေး

အိမ်ထောင်ကျသူဟာ အိမ်ထောင်မကျသူတွေထက် ပိုပျော်ရွှင်တာ တွေ့ရတယ်။ ကမ္ဘာ့သိပံ္ပပညာရှင်တွေရဲ့ သဘောတူဆွေးနွေးချက်မှာ အပျော်ရွှင်ဆုံး စိတ်ခံစားချက်ဟာ အိမ်ထောင်ကျပြီး နောက်တစ်နှစ်အထိရှိနိုင်ကြောင်း တွေ့ရတယ်။

ကိုးကွယ်ယုံကြည်မှု

ဒါဟာလည်းပျော်ရွှင်ခြင်းနဲ့ တစ်နည်းနည်း သက်ဆိုင်နေခဲ့ပါတယ်။ယုံကြည်ကိုးကွယ်မှု က ကံမကောင်းခြင်း၊ ဘေးဆိုးကပ်ဆိုးတွေကို မောင်းထုတ်နိုင်တဲ့ လူလူချင်း တစ်ယောက်ကိုတစ်ယောက် ကူညီအားပေးနိုင်တဲ့အကျိုးကို ဖြစ်စေပါတယ်။

ချစ်ခြင်းမေတ္တာ

ချစ်ခြင်းမေတ္တာဟာလည်း ပျော်ရွှင်ခြင်းကို ဖြစ်စေကြောင်း လူအနည်းစုလောက်သာ သိခြဲ့ကတယ်။ ကောင်းမှု လုပ်တဲ့သူ၊ ချစ်ခြင်းမေတ္တာဖြန့်ဝေသူတွေဟာ ပိုပျော်ရွှင်တာကို တွေ့ရတယ်။ ဒါပေမယ့် ဒီလိုပျော်ရွှင်ခြင်းက ကိုယ်ကျိုးမငဲ့တဲ့ စေတနာရှိတဲ့ပေးဆပ်ခြင်းနဲ့ပဲ သက်ဆိုင်ပါလိမ့်မယ်။

အသက်အရွယ်

အသက်အရွယ်ကြီးသူတွေဟာ ပိုပျော်ရွှင်ကြတယ် အသက်အရွယ်ကြီးရင့်အိုမင်းလာသည့်နည်းတူ အသက်ကြီးသူတွေဟာ ပျော်ရွှင်နိုင်မယ့်အရာတွေကိုပဲ ဖမ်းဆုပ်တတ်ဖို့ ပိုနားလည်လာခဲ့ကြတယ်။ ပြဿနာဖြစ်စေတဲ့၊ စိတ်ညစ်စေတဲ့အရာကို အလွယ်တကူ လက်လွှတ်တတ်ဖို့ သူတို့ နားလည်ခဲ့ကြတယ်။

မူရင်း-- http://www.duwenzhang.com/wenzhzng/shenghuosuibi/shenghuoganwu/20101114/16192.html

(၃)

ရပ်သင့်တဲ့နေရာမှာ ရပ်ပါ

နေသာတဲ့စနေနေ့ နေ့လယ်ခင်းတစ်ခုမှာ ကျွန်တော့်ရဲ့ မိတ်ဆွေBobby Lewis တစ်ယောက် (သားနှစ်ယောက်အတွက် ဂုဏ်ယူဝင့်ကြွားတတ်တဲ့ ဖခင်တစ်ဦးပေါ့ ) သူ့သားနှစ်ယောက်နဲ့အတူ ဂေါ့ဖ်ကလပ်ကို ရောက်သွားခဲ့တယ်။ လက်မှတ်ရောင်းတဲ့နေရာကို Bobby လျှောက်သွားပြီး ဆိုင်ဝန်ထမ်းကို မေးလိုက်တယ်။ 'ဝင်ကြေးဘယ်လောက်လဲခင်ဗျား'

'အသက်(၆)နှစ်ပြည့်သူတိုင်း ကွင်းထဲဝင်ရင် ၃ဒေါ်လာပေးရမယ်။အသက် (၆) နှစ်အောက် ကလေးဆိုရင် အခမဲ့ပါ။ မစ္စတာရဲ့ ဒီကလေးနှစ်ယောက်က အသက်ဘယ်လောက်ရှိပြီလဲ' ဝန်ထမ်းက ပြန်ဖြေရင်းမေးလိုက်တယ်။

'ကျွန်တော့်အိမ်က နောင်တစ်ချိန် ရှေ့နေဖြစ်လာမယ့်သူရဲ့ အသက်က (၃)နှစ်ပါ။ ကျွန်တော့်အိမ်က နောင်တစ်ချိန် ဆရာဝန်ဖြစ်လာမယ့်သူရဲ့ အသက်က (၇)နှစ်ပါ။ ဒါကြောင့် ကျွန်တော်တို့ ဝင်ကြေး(၆)ဒေါ်လာပေးရပါမယ်'Bobby Lewis ကပြောပါတယ်။

အဲဒီ မှာ ဝန်ထမ်းလူငယ်က အံ့သြဟန်နဲ့ 'ဟာ . . . မစ္စတာ ခင်ဗျားလောလောလတ်လတ် ထီပေါက်ထားသလားဗျ၊ ခင်ဗျားရဲ့ သားအကြီးကို၆ နှစ်လို့ ခင်ဗျားပြောလိုက်ရင် ခင်ဗျား ၃ဒေါ်လာသက်သာသွားမှာ ပေါ့။ သူ့ပုံစံက အသက်၆နှစ်နဲ့ ဒါကိုBobby Lewis က ဒီလိုပြန်ပြောလိုက်ပါတယ်။

'ဟုတ်တယ်. . .ခင်ဗျားအမြင်မှာ သိပ်မကွာဘူးဆိုပေမယ့်၊ကျွန်တော့်သားနှစ်ယောက်က သူတို့အသက်ကို သူတို့သိတယ်။ ဖခင်တစ်ဦးအနေနဲ့ သူတို့ကို ငယ်ရွယ်ချိန်ကတည်းက သူတစ်ပါးကို မလိမ်ညာတတ်ဖို့သင်ပေးရမှာ က ကျွန်တော့်ရဲ့ တာဝန်ပါ။'

နာမည်ကျော်စာရေးဆရာ Emerson ပြောခဲ့တဲ့စကားအတိုင်းခင်ဗျား ဒီလောက်အသံကျယ်ကြီးနဲ့ ပြောနေရက်သားနဲ့ ဘာဖြစ်လို့ ခင်ဗျားပြောတာကို ကျွန်တော် မကြားတာပါလိမ့်' ဆိုသလို အခုခေတ်မှာ ရိုးသားမှု ကအရင်ခေတ်တွေထက် ပိုရှားပါးတန်ဖိုးရှိနေပါတယ်။ အလုပ်မှာ ပဲဖြစ်ဖြစ်၊ ဘဝမှာ ပြဲဖစ်ဖြစ် ရပ်သင့်တဲ့နေရာမှာ သင်ရပ်ပါ။ သူတစ်ပါးကို လိမ်ညာတယ်ဆိုတာထက် ကိုယ့်ကိုယ်ကို လိမ်ညာခြင်းက အရှုံးတွေထဲက အရှုံးဆုံးဖြစ်ပါတယ်။

မူရင်း-- http://duwenzhang.com/wenzhang/sjhenghuosuibi/shenghuoganwu/20071017/1071.html

(၄)

ခဲတံနဲ့လူ့ဘဝ

ပညာရှိတွေက ခဲတံကို အချက်(၅)ချက်နဲ့ ဖွဲ့ဆိုတယ်။

(၁) လူတွေရဲ့ ဆုပ်ကိုင်ခြင်းကို သင်ခံနိုင်ရည်ရှိမှ သင့်ရဲ့ တာဝန်ကို သင်ပြီးမြောက်နိုင်မှာ ဖြစ်တယ်။

(၂) ချွန်မြအောင် အချွန်ခံရတဲ့ နာကျင်ဒဏ်ကို သင်ခံနိုင်မှ သင့်အရည်အချင်းကို သင် ထုတ်ပြနိုင်မှာ ဖြစ်တယ်။

(၃) သင်တစ်သက်မှာ အမှားမလုပ်မိဘူးဆိုတာ မရှိဘူး။ အမှားလုပ်မိတဲ့အခါ ရိုးရိုးသားသား၊ ပွင့်ပွင့်လင်းလင်းနဲ့ ခဲဖျက်ရဲ့ အကူအညီကိုယူပါ။ဒါမှ လှပတဲ့အရာတွေကို သင် ဖန်တီးနိုင်မှာ ဖြစ်တယ်။

(၄) ချောမွတ်တဲ့အရာပေါ်ရောက်လေ သင့်အားကို ပိုစိုက်ထုတ်ရလေပါ။ဒါမှ သင့်ဘဝ အရာထင်ကျန်ရစ်နိုင်ခဲ့မှာ ဖြစ်တယ်။

(၅) သင့်ရဲ့ အရေးပါဆုံးအရာဟာ သင့်အပြင်ပန်းသဏ္ဌာန်မဟုတ်ဘူး။ သင့်ရဲ့ အတွင်း'အဆံ'ဆိုတာကို အမြဲမှတ်ထားပါ။

လူ့ဘဝဟာလည်း ခဲတံတစ်ချောင်းနဲ့ တူပါတယ်။

အောင်မြင်တဲ့ဘဝတစ်ခုကို ပိုင်ဆိုင်ချင်ရင် အောက်က အချက်(၅)ချက်ကို မှတ်သားရပါမယ်။

(၁) သူတစ်ပါးလက်အောက်မှာ အလုပ်လုပ်ဖို့ ခံနိုင်ရည်ရှိမှ သင့်စိတ်ကူးအိမ်မက်ကို သင် အကောင်အထည်ဖော်ပြနိုင်မှာ ဖြစ်တယ်။

(၂) ဘဝရဲ့ အခက်အခဲ၊ ပြဿနာတွေကို ခါးစီးခံနိုင်မှ စိတ်ဓာတ်ကြံ့ခိုင်အား၊လုပ်နိုင်အားစွမ်းရည်တွေကို သင် ပိုင်ဆိုင်မှာ ဖြစ်ပါတယ်။

(၃) သင့်ဘဝမှာ အမှားမလုပ်မိဘူးဆိုတာ မရှိနိုင်ဘူး။ အမှားလုပ်မိတဲ့အခါရိုးရိုးသားသား၊ ပွင့်ပွင့်လင်းလင်းနဲ့ တခြားသူရဲ့ အကူအညီကို ယူပါ။ ဒါမှလှပတဲ့ဘဝကို သင် ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

(၄) ဆင်းရဲဒုက္ခများ တဲ့ ပတ်ဝန်းကျင်ရောက်လေ သင် အားစိုက်ထုတ်ကြိုးစားရလေပါ။ ဒါမှ သင့်ဘဝ အောင်မြင်မှု တွေ ရမှာ ဖြစ်တယ်။

(၅) သင့်ဘဝရဲ့ အရေးပါဆုံးအရာက သင့်ပြင်ပအရာဝတ္ထုတွေမဟုတ်ဘူး၊သင့်အတွင်းစိတ်ဆိုတာကို မြဲမြဲမှတ်ထားပါ။

မူရင်း--http://www.rs66.com/a/1/86/qianbiyurensheng-78753.html



ဝန်ဇင်းချစ်သူများ နိုင်းနိုင်းစနေ ၏ “ လျှို့ဝှက်တဲ့ သန်းကြွယ်သူဌေး ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


အမေ့လက်ရေးစာစုများ

ပျော်ရွှင်ခြင်းရဲ့လျှို့ဝှက်အမှတ် အောင်မြင်သူရဲ့လမ်း

စမ်းချောင်းလေးရဲ့ ခရီးစဉ်