Cover

(၁)

အမှာ စာ

(၁၉၉၉)ခုနှစ် စက်တင်ဘာလမှာ အမေဆုံးပါတယ်။ အမေဆုံးတုန်းက အမေ့အနားမှာ ကျွန်မ ရှိမနေခဲ့ပါဘူး။ အဝေးရောက်နေတဲ့ ကျွန်မအတွက် အမေဆုံးပြီဆိုတဲ့သတင်းကရင်ဝကို မြားအစင်းပေါင်းများ စွာ ထိုးနှက်လိုက်သလိုပဲ နာကျင်ခံစားခဲ့ရပါတယ်။

“အမိမဲ့သား ရေနည်းငါးပမာ” ဆိုသလို အမေမရှိတော့မှ အမေ့မေတ္တာ၊ အမေ့တန်ဖိုးကို ပိုနားလည်ခဲ့ရတယ်။ အမေမရှိတဲ့အိမ်က ပရမ်းပတာဖြစ်လို့ ပျော်ရွှင်စရာတွေလည်း ရှာမတွေ့ခဲ့ပါဘူး။

အမေကို လွမ်းတဲ့စိတ်နဲ့ ကျွန်မ စာတွေရေးဖြစ်၊ ဖတ်ဖြစ်ခဲ့ပါတယ်။အင်တာနက်ပေါ်က အမေနဲ့ပတ်သက်တဲ့စာတွေ ဖတ်ရတော့ ကျွန်မလိုပဲအမေ့ကိုချစ်တဲ့သူတွေ၊ အမေနဲ့ဝေးနေသူတွေလည်း ခံစားမျှဝေနိုင်အောင်ဆိုပြီး ဖတ်မိတဲ့စာတွေကို ဘာသာပြန်ရေးသားခဲ့ပါတယ်။

ရေးစမှာ တော့ အင်တာနက်ပေါ်က ခင်မင်ရတဲ့ သူငယ်ချင်းတွေကို အီးမေးလ်၊ မြန်မာဝက်ဆိုက်ဒ်တွေကတစ်ဆင့် မျှဝေခဲ့ပါတယ်။ (၂၀၀၅ - ၂၀၀၆) ခုနှစ် မြန်မာဘလော့ဂ်တွေခေတ်စားလာတဲ့အခါ ဘလော့ဂ်ပေါ်မှာ ရေးဖြစ်ခဲ့ပါတယ်။

အမေနဲ့ ပတ်သက်တဲ့စာတွေက အင်တာနက်သုံးသူတိုင်း ဖတ်ခွင့်ရတဲ့ဘလော့ဂ်မှာ အမေကိုချစ်တဲ့ သားသမီးတွေနဲ့ ခံစားချက်တူသူတွေရဲ့ အားပေးမှု ကို ရခဲ့ပါတယ်။ နောက်ပိုင်းအမေ့စာတွေကို သူငယ်ချင်းတချို့ရဲ့ အားပေးကူညီမှု နဲ့ မြန်မာပြည်တွင်းက အင်တာနက် မသုံးကြတဲ့လူတွေလည်း ဖတ်ရအောင်၊ နောက်ပြီး ကျွန်မရေးထားသမျှစာတွေလည်း အမှတ်တရဖြစ်အောင်ဆိုပြီး ဒီ “အမေ့လက်ရေး” ဆိုတဲ့စာအုပ်ကို လုပ်ဖြစ်ခဲ့ပါတယ်။

ကျွန်မယုံကြည်ပါတယ်။ အမေ့လက်ရေးနဲ့ ရေးတဲ့စာကိုဖတ်ပြီး ရင်ထဲမှာ စွဲငြိကျန်ခဲ့သလိုမျိုး ဒီ “အမေ့လက်ရေး” ဆိုတဲ့ စာအုပ်ကိုဖတ်ပြီးနောက် စာဖတ်သူရဲ့ ရင်ထဲမှာ လည်းတစ်ခုခု စွဲကျန်ရစ်ခဲ့မယ်ဆိုတာကို ကျွန်မ ယုံကြည်မျှော်လင့်မိပါတယ်။

လေလွင့်သူတစ်ယောက်၏ လွမ်းဆွတ်မှု

တစ်နေ့ထက်တစ်နေ့ အိုစာသွားတဲ့ငါ့ကိုကြည့်ပြီးဝမ်းမနည်းပါနဲ့။ နားလည်ပေးပါ။ အားပေးပါ။

ခြေတစ်လုံးအိမ်တိုင်ဘ၀နှင့် ကမ္ဘာအရှေ့မှအနောက်၊ တောင်မှမြောက်သို့ ကျွန်တော်လေလွင့်နေခဲ့သည်မှာ နှစ်ပေါင်းမနည်းတော့ပါ။ တစ်နှစ်ပြီးတစ်နှစ် အသက်ကြီးလာသလို အကြားအမြင်ဗဟုသုတလည်း တိုးခဲ့သည်။ ကမ္ဘာ့ရွာတဖြည်းဖြည်းကျဉ်းလာသည်။ မွေးရပ်မြေက အမေတစ်နေ့ထက်တစ်နေ့ အိုစာသွားခဲ့သည်။

လွန်ခဲ့သောနှစ် (၂၀)က မွေးရပ်မြေ ရထားဘူတာမှ အစပြုလို့ ကမ္ဘာကြီးကိုစူးစမ်းဖို့ကျွန်တော် ခြေလှမ်းစခဲ့သည်။ နှစ်ပေါင်း ၂၀ အတွင်း ပီကင်းမှ ရှန်ဟိုင်း၊ ကွမ်တုန်မှ ဟောင်ကောင်၊နယူးယောက်ခ်မှ ၀ါရှင်တန်၊ တောင်အမေရိကမှ တောင်အာဖရိကထိ၊ ထိုမှတစ်ဆင့် လန်ဒန်မှဆစ်ဒ်နီသို့ အလုပ်လုပ်ရင်း လှည့်လည်ရင်း ကျွန်တော် ရောက်ခဲ့ဖူးသော နိုင်ငံများ (၂၀) ကျော်ခဲ့သည်။

နေရာသစ် တစ်ခုရောက်တိုင်း စိတ်သစ်လူသစ် ပတ်ဝန်းကျင်အသစ်ဖြင့် ကျွန်တော်ပြောင်းလဲနိုင်ခဲ့ဖူးသည်။ သို့သော် စိတ်ထဲတွင် အမေ့ကိုလွမ်းဆွတ်မှု က ဘယ်တော့မှ မပြောင်းလဲနိုင်ခဲ့ IP ဖုန်းကတ်လေးတွေပေါ်လာမှ အမေ့ကို မကြာခဏ ကျွန်တော် ဖုန်းဆက်နိုင်ခဲ့သည်။ဖုန်းထဲတွင် အမေ၏ အေးချမ်းသော အသံသည် ဘ၀၏ စိန်ခေါ်မှု များ ကို ရင်ဆိုင်ဖို့ ကျွန်တော့်အတွက် အင်အားတစ်ရပ် ဖြစ်စေခဲ့သည်။

အမေ့၏ အသံမှာ တစ်နှစ်ထက်တစ်နှစ် ပို အိုစာသွားခဲ့သည်။ အမေနှင့် ဖုန်းပြောတိုင်းကျန်းမာရေးကို ဂရုစိုက်ဖို့၊ အမေ့ကို စိတ်မပူဖို့၊ နေရာတကာ သတိနှင့်သွားလာဖို့၊ ခွင့်ယူပြီး ပြန်မလာဖို့၊ ပြန်လာရင် ငွေကုန်ကြေးကျများ ပြီး အလုပ်အကိုင် ပျက်မည်ဖြစ်ကြောင်း ထပ်တလဲလဲပြောသည်။ ကျွန်တော် စိတ်မကောင်းဖြစ်မိသည်။ အမေ ကျွန်တော့်ကို လွမ်းနေပြီ တွေ့ချင်နေပြီဖြစ်ကြောင်း ကျွန်တော် သိလိုက်ပါသည်။

အမေ (၇၅ ) နှစ်ရှိပါပြီ။ လက်ဘေးကအလုပ်တွေကိုချ၊ စိတ်ထဲက အစီအစဉ်တွေကိုဖျက်ပြီး အမေ့ဆီ တစ်လပြန်ဖို့ ကျွန်တော်ဆုံးဖြတ်လိုက်သည်။ ထိုတစ်လအတွင်း ဘာမှမလုပ်ဘာမှမတွေးဘဲ အမေ့အနားတွင် နေမည်။

ကျွန်တော် ပြန်လာခဲ့မည့်အကြောင်း အမေ့ကိုဖုန်းဆက် အကြောင်းကြားပြီးနောက်အမေ စတင် အစီအစဉ်ဆွဲတော့သည်။ မှတ်စုစာအုပ်တစ်အုပ်ဖြင့် ကျွန်တော်ကြိုက်သော အစားအစာများ မှတ်၊ ကျွန်တော် ငယ်ငယ်ကကြိုက်သော အိပ်ရာခင်းကို ပြန်ပြင်ချုပ်၊ ကျွန်တော်ရောက်တုန်း အဆင်သင့်ဝတ်ဖို့ အ၀တ်အစားတွေ ပြင်ဆင်ရင်း အမေ အလုပ်တွေရှုပ်နေခဲ့သည်ဆိုသည်ကို နောက်မှ ကျွန်တော် သိခဲ့ရသည်။

အသက် (၇၅) နှစ် ရှိနေပြီဖြစ်သော အမေ၊ လှုပ်လှုပ်ရှားရှားလုပ်ရင် မောတတ်တဲ့အမေ၊ ကျွန်တော် ပြန်လာဖို့အတွက် ပြင်ဆင်ရင်း မောဖို့ မေ့နေပြီဖြစ်ကြောင်း ကျွန်တော် ခံစားမိသည်။ အမေနှင့် တွေ့သည့်အခါ အမေ့ကို ပြေးပြီးဖက်လိုက်မည်ဟု စိတ်ကူးနှင့် လေယာဉ်ပေါ်တွင် ကြည်နူးနေမိသည်။

တကယ်တမ်း အမေနှင့်တွေ့သောအခါ ကျွန်တော် ပြေးမဖက်မိ အိမ်ပေါက်ဝတွင် ကြိုနေသောအမေသည် သစ်ခြောက်ပင်အိုနှင့် တူနေသည်။ မျက်နှာပေါ်က အရစ်အစင်းများ ကြောင့် အမေသည် အရင်ပုံရိပ်နှင့် မတူတော့။ အမေ တော်တော် အိုစာသွားခဲ့ပါလား။

အိမ်ပြန်ရောက်လျှင်ရောက်ခြင်း အရင်က ကျွန်တော်ကြိုက်ခဲ့သော ဟင်းများ ကိုအမေ စတင်ချက်ပြုတ်တော့သည်။ သို့သော် ထိုဟင်းများ ကို ကျွန်တော် မကြိုက်တော့ကြောင်းအမေ့ကို မပြောဖြစ်ခဲ့။ မျက်စိမှု န်လာပြီဖြစ်သောကြောင့် ဟင်းများ က ငန်တစ်ခွက်၊ ပေါ့တစ်ခွက်အရသာများ အရင်နှင့်မတူတော့။ ကျွန်တော်အတွက် ပြင်ဆင်ထားသော အိိပ်ရာခင်းမှာ လည်းဂွမ်းစစ်စစ် စောင်ထူကြီးတွေ ဖြစ်သည်။ ထိုစောင်ထူကြီးများ ကို ခြုံအိပ်ရသောအကျင့် ကျွန်တော့မှာ မရှိတော့။ ဂွမ်းစောင်အစား သိုးမွေးစောင်နုနုကိုပဲ သုံးတော့ကြောင်း အမေ့ကို ကျွန်တော် မပြောဖြစ်ခဲ့။ ကျွန်တော်ပြန်လာတာ အမေ့ကိုလွမ်းလို့ တွေ့ချင်လို့ပဲလေ။

အိမ်ပြန်ရောက်စ နှစ်ရက်တွင် အလုပ်များ ရှုပ်နေသောကြောင့် အမေနှင့် စကားကောင်းကောင်းမပြောဖြစ်ခဲ့။ ပြောဖြစ်ပြန်တော့လည်း လူ့ဖြစ်အင်များ ၊ လူ့ဘ၀အကြောင်းများ ကိုသာ အမေ ထပ်တလဲလဲ ပြောနေတော့သည်။ ထိုအကြောင်းများ သည် လွန်ခဲ့သော (၁၀) နှစ်ခန့်က အမေအပ်ကြောင်းထပ်အောင် ပြောခဲ့သော စကားများ ဖြစ်သည်။ ထိုအကြောင်းအရာဖြင့်ကျွန်တော့်ဘ၀နှင့် အလုပ်အကြောင်းကို ခိုင်းနှိုင်းပြီး ပြောတော့သည်။ ကျွန်တော် စိတ်အနှောင့်အယှက်ဖြစ်လာလျှင် ထိုအကြောင်းအရာများ သည် ခေတ်နောက်ကျနေပြီဖြစ်ကြောင်း ပြောမိလျှင် အမေသည် တွေတွေလေးနှင့် တစ်နေရာရာကို ငေးကြည့်နေတတ်သည်။

မျက်စိများ မှု န်ဝါးလာပြီဖြစ်သောကြောင့် အမေ ဟင်းချက်ရာတွင် သန့်ရှင်းမှု ကို ဦးစားမပေးတော့ကြောင်း ကျွန်တော် သတိပြုမိလာသည်။ အမေချက်သော ဟင်းထဲတွင် တစ်ခါတစ်ရံပိုးကောင်များ ၊ ယင်ကောင်များ ပါလာတတ်သလို ထမင်းဟင်းများ ကြမ်းပြင်ပေါ်သို့ ကျလျှင်လည်း ပြန်ကောက်ထည့်လာတတ်သည်။ အခြေအနေများ သည် ယခင်ကနှင့်မတူတော့။ အိမ်တွင် မချက်စားဘဲ ဆိုင်တွင်မှာ စားရန် ပြောသောအခါ အပြင်စာများ သည် ညစ်ပတ်ကြောင်း၊ကျန်းမာရေးနှင့် မညီညွတ်ကြောင်း ပြောသည်။

ထမင်းချက် အဖော်တစ်ယောက် ရှာထားခဲ့မည်ဟု ပြောပြန်လျှင် အမေသည် “ငါ လှုပ်ရှားနိုင်သေးတယ်။ ငါမအိုသေး” ဟု ကျွန်တော့်ကို စိတ်ဆိုးလေသည်။ ကျွန်တော် မြို့ထဲသို့ သွားလျှင် အမေလည်း လိုက်ချင်သည်။ နောက်ဆုံးတွင် အမေ့ခြေလှမ်းကြောင့် လိုရာသို့ ကျွန်တော်မရောက်နိုင်ခဲ့။

အကြောင်းအရာ တစ်ခုခု ဆွေးနွေးမိပြန်လျှင်လည်း ကျွန်တော့်အယူအဆများ မှားနေပြီး လမ်းမှားလိုက်နေပြီဟု အမေထင်နေသည်။ အရာရာတိုင်းသည် ခေတ်နှင့်အညီ တိုးတက်နေပြီဖြစ်ကြောင်း အမေ့ကို အားမနာစွာ ကျွန်တော် ပြောဖြစ်ခဲ့သည်။

နောက်ပိုင်း အမေနှင့် ပြောဖြစ်သော စကားတိုင်းတွင် ကျွန်တော်သည် စိတ်အနှောင့်အယှက်ဖြစ်ပြီး စကားလမ်းကြောင်းလွဲခြင်းများ ကို လုပ်လာမိသည်။ ကျွန်တော် စိတ်မရှည်သောအချိန်တွင် စကားသံကိုအကျယ်ကြီး ပြောမိခြင်း၊ စကားဖြတ်ခြင်းများ ပြုလုပ်မိသောအခါအမေသည် ပြောလက်စစကားကိုရပ်ပြီး တွေတွေလေးနှင့် နှုတ်ဆိတ်နေတတ်သည်။

ခွင့်တစ်လပြည့်၍ ကျွန်တော် ပြန်ရခါနီး အချိန်တွင် အမေသည် ခုတင်အောက်ကသေတ္တာဟောင်းတစ်ခုတွင် နှစ်ရှည်လကြာသိမ်းထားသော သတင်းစာဖြတ်ပိုင်းများ ကို ကျွန်တော့်အား ပေးလေသည်။ ထိုသတင်းစာ ဖြတ်ပိုင်းများ မှာ ကျွန်တော် ပြည်ပရောက်စဉ် ကျွန်တော် ရောက်ခဲ့ဖူးသမျှနိုင်ငံတွင် ဖြစ်ပျက်ခဲ့ဖူးသော သတင်းများ ပင်ဖြစ်သည်။ ကျွန်တော့်ကိုပြရန် ထိုဖြတ်ပိုင်းများ ကို ဂရုတစိုက်ညှပ်ပြီး အမေ သိမ်းထားခြင်းဖြစ်သည်။ ထိုဖြတ်ပိုင်းများ ကိုကျွန်တော့်လက်ထဲသို့အပ်ပြီး ကျွန်တော်နှင့်အတူ ယူဆောင်သွားစေလိုသည်။

မျက်မှန်ထူကိုတပ် စာဖတ်တိုင်း အားစိုက်ရတဲ့အမေ သတင်းစာ တစ်မျက်နှာချင်းကိုကုန်အောင်ဖတ်ပြီး ထိုဖြတ်ပိုင်းကို မည်မျှခက်ခက်ခဲခဲ ညှပ်ခဲ့သည်ဆိုသည်ကို ကျွန်တော်အသိ။သို့သော် အသုံးမ၀င်တော့သော ထိုသတင်းစာများ ကို ကျွန်တော် ယူမသွားချင်ပေ။ ကျွန်တော်တွေဝေနေသည့်အခိုက် အမေ့လက်ထဲမှ ဖြတ်ပိုင်းလေးတစ်ခု လွှင့်ကျသွားသည်။ ကျွန်တော့်ထက်ဦးအောင် အမေက ကောက်ယူလိုက်ပြီး အင်္ကျီအိတ်ထဲသို့ ထည့်လိုက်သည်။

“ဘာဖြတ်ပိုင်းလေးလဲအမေ ကျွန်တော့်ကိုပြပါလား” တွေတွေလေးနှင့် ကမ်းပေးပြီးထမင်းစားခန်းသို့ အမေ ထွက်သွားသည်။ ကျွန်တော် ချက်ချင်း ဖတ်ကြည့်လိုက်မိသည်။“ငါအိုသွားတဲ့အခါ” ဟု ခေါင်းစဉ်တပ်ထားသော ၂၀၀၄ ခုနှစ်၊ ၁၂ လပိုင်း၊ ၆ ရက်နေ့က ဆောင်းပါးလေး ဖြစ်သည်။ ဆောင်းပါးလေးမှာ -

““ငါအိုသွားတဲ့အခါ””

ငါအိုသွားတဲ့အခါ ငါဟာ အရင်က ငါမဟုတ်တော့ဘူး။ ငါ့ကို နားလည်ပေးပါ။ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။

ချည့်နဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ်လောင်းမိတဲ့အခါ၊ ဖိနပ်ကြိုးတွေချည်ဖို့ မေ့သွားတဲ့အခါ၊ ငါ့ကိုမရွံပါနဲ့။ ငယ်ငယ်တုန်းက ငါသင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီးသတိရပေးပါ

အပ်ကြောင်းထပ်မက ပြောဖူးတဲ့စကားတွေကို ငါ ပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲကျေးဇူးပြုပြီး နားထောင်ပေးပါ။ ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တစ်ညပုံပြင်တွေကို မရိုးအောင်ပြောရင်း ငါချော့သိပ်ခဲ့ဖူးတာတွေကို သတိရပေးပါ။

မလှုပ်မရှားနိုင်လို့ ရေချိုးဖို့ အကူအညီလိုတဲ့အခါ ငါ့ကို မငြိုငြင်ပါနဲ့။ ငယ်ငယ်တုန်းကချော့တစ်လှည့်ချောက်တစ်ခါ ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကို မြင်ယောင်ပေးပါ။

ခေတ်သစ်၊ နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် ငါ့ကို မလှောင်ပါနဲ့။ ငယ်ငယ်တုန်းက “ဘာကြောင့်”ဆိုတဲ့မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာကို သတိရပေးပါ။

စိတ်သွားတိုင်းကိုယ်မပါ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ့ ငါ့ကို ကူတွဲ ပေးပါ။ လမ်းလျှောက်သင်စ အရွယ်တုန်းက တစ်လှမ်းချင်း လှမ်းလျှောက်ကျင့်ပေးခဲ့ဖူးတာကို ကျေးဇူးပြုပြီး သတိရပေးပါ။

အသက်ကြီးလာလို့ စကားပြောရာမှာ ရှေ့နောက်မညီဘဲ အကြောင်းအရာတွေကိုငါ မေ့သွားတဲ့အခါ အချိန်ပေးပြီး စဉ်းစားခွင့်ပေးပါ။ စကားအကြောင်းအရာတွေကငါ့အတွက် အရေးမကြီးပါဘူး။ ဘေးကနေ ငါပြောသမျှကို နားထောင်ပေးရင် ကျေနပ်ပါပြီ။

တစ်နေ့ထက်တစ်နေ့ အိုစာသွားတဲ့ငါ့ကိုကြည့်ပြီး ၀မ်းမနည်းပါနဲ့။ နားလည်ပေးပါ။အားပေးပါ။ အရင်တုန်းက လူ့ဘ၀တက်လမ်းအတွက် ငါ လမ်းညွှန်ခဲ့သလို အခု ငါ့ဘ၀နောက်ဆုံးအချိန်တွေအတွက် အဖော်ပြုပေးပါ။ အချစ်နဲ့ အေးမြမှု တွေကို ငါ ပြုံးပြုံးလေးလက်ခံမှာ ပါ။ အဲဒီ အပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့မေတ္တာတွေ တွေ့ရမှာ ပါ။

ကျွန်တော် မျက်ရည်မကျအောင်ထိန်းထားရင်း မနားတမ်းဆုံးအောင် ဖတ်လိုက်မိသည်။ ကျွန်တော့်သေတ္တာထဲက အကောင်းဆုံးအ၀တ်တစ်စုံကို ထားခဲ့ပြီး ထိုဖြတ်ပိုင်းများ ကိုထည့်လိုက်သည်။ ကျန်သောဖြတ်ပိုင်းများ က ကျွန်တော့်အတွက် အသုံးမ၀င်သော်လည်း ထိုဆောင်းပါးပါသော ဖြတ်ပိုင်းလေးမှာ ကျွန်တော် ဘယ်နေရာရောက်ရောက် ကျွန်တော် အပါးအမြဲမခွာတော့။

ယခုထက်တိုင် ထိုမှန်ဘောင်သွင်းထားသော ဖြတ်ပိုင်းလေးမှာ ကျွန်တော့် စာကြည့်စားပွဲပေါ်တွင် ရှိနေသည်။ ကျွန်တော့်လိုဘ၀တူ အမိမြေကိုခွဲပြီး အမေနှင့် ဝေးနေသူများ အတွက်ထိုဆောင်းပါးကို တင်ပြလိုက်ပါသည်။ အမြဲ ဖုန်းမဆက်နိုင်သော်လည်း အခါကြီးရက်ကြီးများ တွင် အမေ့ကို ဖုန်းဆက်ပြီး သတိရကြောင်း၊ ကျန်းမာကြောင်း၊ အမေချက်သောဟင်းများ ကိုစားချင်ကြောင်း . . . . . .

(ဖေဖော်ဝါရီ၊ ၂၀၀၅၊ ဖက်ရှင်အင်းမေ့ခ်ျ)

(၂)

နွေးထွေးတဲ့မေတ္တာ

မေတ္တာကို အေးစက်တဲ့နှလုံးသားနဲ့ထိတွေ့ရင် အပူချိန်နည်းပြီးနွေးထွေးတဲ့နှလုံးသားနဲ့ထိတွေ့ရင် အပူချိန်တွေ အဆပေါင်းများ စွာ တက်လာတယ်။ချစ်ခြင်းမေတ္တာဆိုတာ အသည်းနှလုံးနှစ်ခု အပြန်အလှန် နွေးထွေးမှု တွေ

ကျွန်မ ၁၀ နှစ် . . . ကျွန်မအိတ်ကပ်ထဲ သူ ထိုးထည်ပေးတဲ့ချိုချဉ်က တခြား မောင်နှမတွေထက် ပိုများ ခဲ့တယ်။

ကျွန်မ ၁၃ နှစ် . . . အလယ်တန်းကျောင်းစတက်တဲ့ ကျွန်မကို ၂ မိုင်ကျော်လောက်လမ်းလျှောက်ပြီး သူ ထမင်းပို့ပေးခဲ့တယ်။

ကျွန်မ ၁၆ နှစ် . . . တက္ကသိုလ်ဝင်တန်းအောင်တဲ့ ကျွန်မကို မောင်နှမထဲက အလိမ္မာဆုံးလို့ သူချီးမွမ်းခဲ့တယ်။

ကျွန်မ ၂၂ နှစ် . . . တခြားမောင်နှမတွေ ကန့်ကွက်တဲ့ကြားက ကျွန်မအတွက် မင်္ဂလာခန်းဝင်ပစ္စည်းတွေ သူ ၀ယ်ပေးခဲ့တယ်။

ကျွန်မ ၃၄ နှစ် . . . လင်ယောက်ျားပစ်သွားတဲ့ ကျွန်မဘက်ကနေပြီး ဒေါသတကြီးသူ ကာကွယ်ပေးခဲ့တယ်။

ကျွန်မ ၄၀ နှစ် . . . သူဟာ ကလေးလေးတစ်ယောက်လိုပဲ ကျွန်မကိုမှီခိုပြီး ကျွန်မအပါးက မခွာနိုင်ဖြစ်နေခဲ့တယ်။

လူတွေက ကျွန်မတို့ကို မေတ္တာတရားကြီးမားတဲ့ သားအမိလို့ ပြောကြတယ်။ သူကကျွန်မရဲ့ မိထွေးဆိုတာကို ကျွန်မသိသလို အရင်တုန်းက ကျွန်မအပေါ် သူ မကောင်းခဲ့တာကိုလည်း မှတ်မိနေတယ်။

ဖေဖေနဲ့သူယူတော့ သူ့မှာ ကျွန်မအသက်အရွယ်နဲ့ မတိမ်းမယိမ်း ကလေး ၄ ယောက်ပါလာခဲ့တယ်။ သူက ကျွန်မနာမည်ကိုမခေါ်ဘဲ “ကောင်မ” လို့ ခေါ်ခဲ့တယ်။ တကယ်ပဲ ကျွန်မကအိမ်ဖော်အဆင့်ကနေ အရာရာကို သည်းခံခဲ့ပါတယ်။ အစ်ကိုအစ်မအတွက် ထမင်းချက်၊ အ၀တ်လျှော်ပေးရသလို ညီမ၊ မောင်လေးကို ကျွန်မ ထိန်းခဲ့ရတယ်။ ဒါတောင် သူ မကျေနပ်ခဲ့ဘူး။အမြဲတမ်း ခါးထောက်ပြီး ကျွန်မကို အပြစ်တစ်ခုမဟုတ်တစ်ခု ရှာနေခဲ့တယ်။

သူ့တစ်သက်မှာ အနိုင်ကိုပဲ သူလိုချင်ခဲ့တယ်။ တစ်သက်လုံး သူတစ်ပါးကို အောက်မကြို့ဘူး။ တစ်သက်လုံး ဘယ်သူ့ကိုမျှ အရှုံမပေးခဲ့ဘူး။ ဒါပေမဲ့ ဒီလောက် စိတ်ဓာတ်သန်မာ၊အတ္တကြီးတဲ့ အမျိုးသမီးတစ်ဦးဟာ မနှစ်က အပြင်းဖျားပြီးနောက် အခုချိန်မှာ ကျွန်မလက်ကိုဆွဲပြီး “ကြက်ဥတစ်လုံးရဲ့ ရာဇ၀င်” ကို မျက်ရည်အ၀ဲသားနဲ့ ထပ်တလဲလဲ ပြောနေခဲ့တယ်။

နုငယ်တဲ့အရွယ်က အဖြစ်တွေကို ကျွန်မ မေ့နေခဲ့ပြီလို့ သူထင်နေခဲ့တယ်။ အဲဒီ နေ့ကျွန်မကို ပထမဆုံးအကြိမ် သူ ကြက်ဥကျွေးခဲ့တယ်။ အဲဒီ နေ့က ကျွန်မကို ပထမဆုံးအကြိမ်သူ ပွေ့ဖက်ခဲ့တယ်။

အဲဒီ နေ့က လူတစ်ယောက်ရဲ့ အချစ်တွေ အခြားတစ်ယောက်ကို စပေးတဲ့နေ့ ဖြစ်ပါတယ်။ အဲဒီ နေ့ကို ကျွန်မ ဘယ်လိုမေ့လို့ရမလဲ။

ကြက်ဥက လွန်ခဲ့တဲ့ အနှစ် ၃၀ မှာ ရှားပါးပစ္စည်းဖြစ်တယ်။ ဒါပေမဲ့ အဲဒီ နေ့က အဖေကြက်ဥပြုတ် ၅ လုံး ၀ယ်ခဲ့ပြန်တယ်။ ကြက်ဥပြုတ်ကို စားပွဲပေါ်တင်ပြီး တစ်လုံးချင်း သူ ဂရုတစိုက် အခွံတွေခွာနေခဲ့တယ်။

“အင်း မွှေးလိုက်တာ”

ကြက်ဥတစ်လုံးခွာပြီးတိုင်း နှာခေါင်းရှေ့မှာ ထားပြီး သူ အရသာခံကြည့်တယ်။ ပြီးသားသမီး ၄ ယောက်ရဲ့ လက်ထဲ သူ ထည့်ပေးတယ်။ ကြက်ဥကို မြိန်ရေရှက်ရေစားနေတဲ့ကလေးတွေကို ပြုံးကြည့်ရင်း “ဖြည်းဖြည်းစားကြ နင်ပြီးသေနေဦးမယ်” လို့ သူမာန်တယ်။

နောက်ဆုံးကျန်တဲ့ ကြက်ဥတစ်လုံးကို “ကောင်မ” ဆိုတဲ့ ကျွန်မဆီ သူ ပစ်ပေးခဲ့တယ်။အခွံကို ဂရုတစိုက် ကျွန်မခွာပြီး စားဖို့ ပါးစပ်ဟလိုက်တဲ့တစ်ခဏ ရုတ်တရက် သေဆုံးသွားတဲ့အမေကို ကျွန်မ သတိရလိုက်မိတယ်။ ပြီးတော့ ဥခွံခွာနေတုန်းမှာ ကြက်ဥကိုစားချင်နေတဲ့သူ့ပုံစံကို မြင်ယောင်မိပြန်တယ်။ ကျွန်မ ကြက်ဥကို ထက်ဝက်ခြမ်းပြီး သူ့ကို ကမ်းပေးလိုက်တယ်။

ကျွန်မအပြုအမူကို ငေးကြောင်ပြီး သူ ကြည့်နေတယ်။ အဲဒီ နောက် ကြက်ဥတွေကြမ်းပြင်ပေါ် မကျစေနဲ့လို့ ကျွန်မကို သူ လှမ်းအော်ဆဲတယ်။ ကြောက်ကြောက်လန့်လန့်နဲ့ကြမ်းပြင်ပေါ်ကျသွားတဲ့ ကြက်ဥစတွေကို ကျွန်မ လိုက်ကောက်နေတဲ့အချိန် ရုတ်တရက်နောက်ကနေ ကျွန်မကို သူ ပွေ့ဖက်လိုက်တယ်။ သူ့မျက်ရည်တွေ ကျွန်မကျောပေါ်ကနေ စီးဆင်းသွားခဲ့တယ်။

အဲဒီ အဖြစ်အပျက်နောက်ပိုင်း ကျွန်မကိုကြည့်တဲ့ သူ့အကြည့်တွေ သိမ်မွေ့လာခဲ့တယ်။ သမီးရင်းလို ကျွန်မမျက်နှာကို သူ ပွတ်သပ်လာတတ်တယ်။ ကျွန်မကိုလည်း ကြင်နာတတ်တဲ့ သမီးလို့ မကြာခဏ သူပြောလာတတ်တယ်။ ပြောင်းလဲလာတဲ့ မိထွေးရဲ့ အပြုအမူကိုအဖေရော ကျွန်မပါ အံ့သြနေခဲ့တယ်။

စိတ်ဓာတ်သန်မာတဲ့ အမျိုးသမီးတစ်ဦးရဲ့ အချစ်ကို ကျွန်မ လျစ်လျူမရှုရက်ခဲ့ဘူး။အမေရင်းတစ်ယောက်လို သူ့ကို ကျွန်မ ဂရုစိုက်ပြုစုခဲ့ပါတယ်။ ခြေလက်ဆေးပေးတယ်။ ကျွန်မရဲ့ မေတ္တာတွေအားလုံး ပေးခဲ့တယ်။ သူကလည်း သားသမီးငါးယောက်ကို ချစ်မယ့်အချစ်တွေ ကျွန်မတစ်ယောက်တည်းကိုပဲ ပုံပေးလိုက်သလား ထင်ရလောက်အောင် ကျွန်မအပေါ်သမီးအရင်းတွေထက် ပိုကောင်းခဲ့တယ်။ အနှစ် ၄၀ ကျော်ရှိခဲ့ပါပြီ။ အနှစ် ၄၀ ကျော်အတွင်းမှာ ကျွန်မနဲ့ပဲ သူ နေခဲ့ပါတယ်။

အလုပ်ကိုယ်စီရှိကြတဲ့ ကျန်သားသမီးတွေက ကျွန်မထက် ပိုအဆင်ပြေခဲ့ကြတယ်။ဒါပေမဲ့ သူက သားသမီးတွေနဲ့ လိုက်မနေဘဲ ၁၀ ပေပတ်လည် အခန်းကျဉ်းထဲမှာ ပဲ ကျွန်မနဲ့အတူ နေခဲ့တယ်။ ကျွန်မကိုယ်စား မြေးတွေကို သူ သွန်သင်ပေးတယ်။ ကျွန်မကိုယ်စား အိမ်နီးချင်းတွေနဲ့ သူ ငြင်းဆိုပေးတယ်။ သူ့သားသမီးတွေ သူ့ကိုပေးတဲ့ အသုံးစရိတ်ကို ကျွန်မကလေးရဲ့ ကျောင်းစရိတ် လုပ်လိုက်တတ်တယ်။

မနှစ်က သူ ကွယ်လွန်သွားခဲ့ပါတယ်။ သူရှိနေစဉ်က “ဘာဖြစ်လို့ ကျွန်မတို့ရဲ့ ရင်းနှီးမှု က သားသမီးရင်းထက် ပိုသာခဲ့သလဲ” လို့ ကျွန်မ မကြာခဏ တွေးခဲ့ဖူးတယ်။ အချိန်တွေကုန်လွန်ပြီးမှ ကျွန်မ သဘောပေါက် နားလည်ခဲ့ရတယ်။ မိခင်မေတ္တာက ပေးဆပ်ခြင်းသက်သက်လို့ ကျွန်မတို့ အမြဲတွေးထင်ပြီး အဲဒီ မေတ္တာထဲ စိတ်ချလက်ချ ပျော်ဝင်ခံစားခဲ့တယ်။ မိခင်မေတ္တာမှာ အပူချိန်လည်းပါတယ်ဆိုတာကို ကျွန်မတို့ တစ်ခါမှ မတွေးခဲ့မိဖူးဘူး။ အဲဒီ တ္တောကိုအေးစက်တဲ့နှလုံးသားနဲ့ထိတွေ့ရင် အပူချိန်နည်းပြီး နွေးထွေးတဲ့ နှလုံးသားနဲ့ထိတွေ့ရင် အပူချိန်တွေ အဆပေါင်းများ စွာ တက်လာတယ်။ ချစ်ခြင်းမေတ္တာဆိုတာ အသည်းနှလုံးနှစ်ခု အပြန်အလှန် နွေးထွေးမှု တွေ ဖလှယ်တာပဲဖြစ်တယ်။

မိထွေးဟာလည်း အမေပါပဲ။ သူတို့က သူများ သားသမီးကို ကိုယ့်သားသမီးလောက်မချစ်နိုင်သေးတာ တစ်ခုပါပဲ။

(အင်တာနက်မှာ ဖတ်ရတဲ့ ရေးသူအမည်မသိတဲ့ စာတစ်ပုဒ် ဖြစ်ပါတယ်)

(၃)

ပျောက်ဆုံးခဲ့တဲ့ ငွေနှစ်ကျပ်

တကယ်ပဲ ပိုက်ဆံတစ်ခြမ်းက ငံပြာရည်တွေကြောင့်အ၀ါရောင်သန်းနေခဲ့ပါတယ်။ ပိုက်ဆံကို ခြေဆုံးခေါင်းဆုံး လှန် ကြည့်ပြီးဦးကြီးစီကအမေ့ကို ကျေကျေနပ်နပ် ကမ်းပေးလိုက်တယ်။

ကျွန်တော်မှတ်မိစ အရွယ်ကတည်းက အဖေဟာ သွက်ချာပါဒရောဂါသည်တစ်ဦးဖြစ်တယ်။ အဖေ့ရဲ့ ဝေယျာဝစ္စကို အမေတစ်ယောက်တည်း နေ့နေ့ညည ဒိုင်ခံလုပ်ပေးရလို့ကျွန်တော့်ထက် ၇ နှစ်ကြီးတဲ့အစ်မကပဲ ကျွန်တော့်ကို တစ်ခါတလေ အပြင်ခေါ်လည်တတ်တယ်။

ကျွန်တော် ၆ နှစ်အရွယ်တုန်းက ရွာမှာ ရှိတဲ့ နေရာရပုဂ်္ဂိုလ်တစ်ဦးရဲ့ အိမ်မှာ မင်္ဂလာပွဲတစ်ခု ကျင်းပခဲ့တယ်။ မင်္ဂလာပွဲကို ခမ်းခမ်းနားနားကျင်းပပြီး ၇ ရက်ကြာ ရုပ်ရှင်ပြဖို့ စီစဉ်ခဲ့ကြတယ်။ ဖျော်ဖြေရေးပွဲတွေ ကင်းမဲ့ခဲ့တဲ့ ကျွန်တော်တို့ ရွာသားတွေအတွက် ဒါဟာ တကယ့်ပွဲကြီးတစ်ခုဖြစ်ပါတယ်။

ညရောက်ဖို့ နေ့ကို ခက်ခက်ခဲခဲ ဖြတ်ကျော်ပြီးနောက် နေရာဦးဖို့ အစ်မနဲ့ကျွန်တော်ညစာ စောစောစားလိုက်ကြတယ်။ အမေက လိုက်မကြည့်နိုင်ပေမဲ့ ကျွန်တော်တို့အတွက် ၀မ်းသာနေတယ်။ သူ့အင်္ကျီအနွမ်းထဲကနေ ပိုက်ဆံနှစ်ကျပ်ထုတ်ပြီး ကျွန်တော်တို့ကို မုန့်ဖိုးပေးခဲ့တယ်။

ရုပ်ရှင်ပြတဲ့နေရာက ရွာရှေ့ဘက် ကွင်းပြင်ကျယ်ကြီးထဲမှာ ဖြစ်တယ်။ ကျွန်တော်တို့ ရောက်တဲ့အချိန် မှော င်မည်းမည်း ကွင်းပြင်တစ်ခုလုံး ရွာနီးချုပ်စပ်က လူတွေနဲ့ ပြည့်နေခဲ့ပါတယ်။ ပြခဲ့တဲ့ဇာတ်ကားကို ကျွန်တော် မမှတ်မိတော့ပါဘူး။ တကယ်တော့ ကျွန်တော့်ကို ဆွဲဆောင်ခဲ့တာက ရုပ်ရှင်ဇာတ်ကား မဟုတ်ဘဲ ကျွန်တော့်ပတ်ပတ်လည်မှာ အဆက်မပြတ် စားနေကြတဲ့ မုန့်စားသံတွေဖြစ်တယ်။ ကျွန်တော် ထိုင်မနေနိုင်တော့ဘူး။

အဲဒီ တုန်းက ပိုက်ဆံနှစ်ကျပ်နဲ့ ဘိလပ်ရည်နှစ်ပုလင်း ဒါမှမဟုတ် နေကြာစေ့နှစ်ထုပ်ဝယ်လို့ရတယ်။ အစ်မနဲ့ကျွန်တော် သေချာစဉ်းစားပြီး နောက်ဆုံးမှာ နေကြာစေ့ပဲဝယ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ အဲဒီ နောက် အစ်မကို နေရာဦးထားစေပြီး လူအုပ်ကြားထဲကနေ ကျွန်တော်တိုးထွက်လာခဲ့တယ်။ နေရာနဲ့ အနီးဆုံး ဆိုင်တစ်ဆိုင်ရှေ့မှာ ကျွန်တော် ရပ်လိုက်တယ်။ မှိန်ဖျော့တဲ့ မီးရောင်အောက်မှာ ဟိုရွေးဒီရွေးနဲ့ နောက်ဆုံး အထုပ်အပြည့်ဆုံးလို့ထင်ရတဲ့ နေကြာစေ့နှစ်ထုပ်ကို ကျွန်တော် ကောက်ယူလိုက်တယ်။ အဲဒီ နောက် ပိုက်ဆံပေးဖို့ အိတ်ကပ်ထဲကျွန်တော် လက်နှိုက်လိုက်တယ်။ အဲဒီ တစ်ခဏ ကျွန်တော့်စိတ် ထင့်ခနဲဖြစ်သွားခဲ့ပြီး ကိုယ်ပေါ်မှာ ရှိသမျှ အိတ်ကပ်အားလုံးကို ကပျာကယာ မွှေနှောက်ရှာလိုက်တယ်။ သွားပြီ ပိုက်ဆံနှစ်ကျပ်မရှိတော့ဘူး။

ငိုမဲ့မဲ့မျက်နှာနဲ့ နေကြာစေ့နှစ်ထုပ်ကို ကျွန်တော် ပြန်ထားလိုက်တယ်။ အစ်မဆီပြန်ရောက်တော့ မအောင့်နိုင်ဘဲ ကျွန်တော်ငိုခဲ့တယ်။ ကျွန်တော်ပြောပြတာကိုနားထောင်ပြီးအစ်မက စိတ်မကောင်းဖြစ်တယ်။ နေကြာစေ့မစားရလို့ အစ်မ စိတ်မကောင်းဖြစ်တာ မဟုတ်ဘဲပိုက်ဆံနှစ်ကျပ်ပျောက်ခဲ့လို့ စိတ်မကောင်းဖြစ်တာ ဖြစ်တယ်။

အစ်မနဲ့ကျွန်တော် ရုပ်ရှင်ဆက်ကြည့်ဖို့ စိတ်မပါတော့ဘူး။ ညအိမ်ပြန်ရောက်တော့အိမ်ထဲမ၀င်ခင် အစ်မက “မေမေ့ကို သွားမပြောနဲ့နော်။ ပိုက်ဆံကို မမတို့သုံးလိုက်တာ ကိစ္စမရှိဘူး။ ပျောက်သွားတယ်လို့ပြောရင် မေမေ စိတ်မကောင်းဖြစ်လိမ့်မယ်”

အဲဒီ ညက အငိုတစ်ဝက်၊ အားနာစိတ်နဲ့ ကျွန်တော် အိပ်ရာထဲဝင်ခဲ့ရတယ်။ နောက်တစ်နေ့ မနက်စောစော ကျွန်တော်အိပ်ကောင်းတုန်း အစ်မက ကျွန်တော့်ကို လာလှုပ်နှိုးတယ်။

“မောင်လေး မောင်လေး ထ ထ အနွေးထည်ဝတ်ပြီး မမနောက်လိုက်ခဲ့” အိပ်မှု န်စုံမွှားမျက်လုံးကို ပွတ်သပ်ပြီး အစ်မကို ကျွန်တော် ကြောင်ကြည့်နေတယ်။

“ဒီလို မောင်လေးရဲ့ မမခုနက စဉ်းစားမိတယ်။ မနေ့ည မှော င်မှော င်မည်းမည်းထဲမှာ လူတွေက ရုပ်ရှင်ကြည့်ဖို့ပဲ အာရုံများ နေကြတယ်။ ဟို ကျပျောက်ခဲ့တဲ့ပိုက်ဆံ လူတွေကောက်သွားသေးမှာ မဟုတ်ဘူးသိလား” အစ်မရဲ့ စကားကို နားမလည်သေးတဲ့ ကျွန်တော့်ကို အစ်မကဆက်ပြီး “မမတို့ ပြန်သွားရှာရအောင် တွေ့ရင်တွေ့နိုင်သေးတယ် သိလား” ကျွန်တော့်မျက်စိလက်ခနဲဖြစ်သွားတယ်။ အိပ်ရာပေါ်က လူးလှိမ့်ထပြီး အင်္ကျီတစ်ထည် အမြန်ကောက်စွပ်လိုက်တယ်။ ပြီးတော့ အစ်မနဲ့အတူ အိမ်ထဲကနေ အပြေးလေးထွက်လာခဲ့မိတယ်။

ရုပ်ရှင်ပြခဲ့တဲ့ ကွင်းပြင်တစ်ခုလုံး နေကြာစေ့ခွံ၊ ဆေးလိပ်တို၊ ပလက်စတစ်အိတ်တွေနဲ့ ရှုပ်ပွနေခဲ့တယ်။ အစ်မနဲ့ကျွန်တော် လူစုခွဲပြီး အဖိုးတန်ရတနာတစ်ခု ရှာနေတဲ့အလား ခါးကုန်းပြီး ပိုက်ဆံနှစ်ကျပ်ကို ရှာနေခဲ့တယ်။ သိပ်မကြာလိုက်ဘူး။ အစ်မက ၀မ်းသာအားရ ထအော်တယ်။

“တွေ့ ပြီ တွေ့ ပြီ” အစ်မနား ကျွန်တော်ပြေးသွားပြီး လက်ထဲက ပိုက်ဆံနှစ်ကျပ်ကိုလုယူလိုက်တယ်။ ပိုက်ဆံကို သေချာကြည့်ပြီး ကျွန်တော် တွေဝေသွားတယ်။

“မမ ဒါ ကျွန်တော်တို့ပျောက်သွားတဲ့ ပိုက်ဆံမဟုတ်ဘူး။ ကျွန်တော်တို့ပိုက်ဆံက ဒီအရွက်ထက် ဟောင်းတယ် မမ”

“တကယ်” အစ်မ ခဏလောက် ငြိမ်ကျသွားတယ်။ ပြီးတော့ ရုတ်တရက် လက်ခုတ်တစ်ချက်တီးပြီး “ဒါဆိုရင် မမတို့ နောက်ထပ် ပိုက်ဆံနှစ်ကျပ် ထပ်ကောက်နိုင်သေးတယ်”

အစ်မစကားကို ကျွန်တော် သဘောပေါက်နားလည်လိုက်ပါတယ်။ ချက်ချင်းပဲ “ရတနာ” ရှာတဲ့အလုပ်ကို ကျွန်တော်တို့ အမြန်စလိုက်ကြတယ်။ လူတွေပြည့်ကျပ်တဲ့ ညအမှော င်မှာ ကျွန်တော့်လို “ကံဆိုးကောင်” တွေ တော်တော်များ ခဲ့တယ်ဆိုတာကို ကျွန်တော်နဲ့အစ်မ တွေးထင်မထားခဲ့မိဘူး။ အချိန် တစ်နာရီတောင် မကြာလိုက်ပါဘူး။ ပျောက်သွားတဲ့ ပိုက်ဆံနှစ်ကျပ်ကို ပြန်တွေ့တဲ့အပြင် နောက်ထပ် ပိုက်ဆံအချို့ ကျွန်တော်တို့ ထပ်ကောက်ရလိုက်တယ်။ ငါးကျပ်တန်တောင် ပါလိုက်သေးတယ်။

အဲဒီ တုန်းက ကျွန်တော်ခံစားရတဲ့အပျော်က အခုခေတ် ထီပေါက်တဲ့လူထက်တောင်သာဦးမယ် တစ်ကျပ်နှစ်ကျပ်နဲ့ ကောက်ရတဲ့ အဖိုးတန်ပစ္စည်းကို ကျွန်တော် ရေတွက်ကြည့်တော့ အားလုံးပေါင်း ၁၀ ကျပ် ပြား ၄၀ ရလိုက်တယ်။ ပျော်လွန်းလို့ ကျွန်တော်ထခုန်ပြီး အစ်မကိုမေးလိုက်တယ်။

“မမ ဒီပိုက်ဆံတွေကို ကျွန်တော်တို့ ဘယ်လိုသုံးမလဲ”

ကျွန်တော့်အမေးကို အစ်မက ခေါင်းကုတ်ပြီး ပြန်ဖြေတယ်။

“တကယ်ဆို ဒီပိုက်ဆံတွေကို မမတို့ ယူလို့မရဘူး။ ဒါပေမဲ့ ရုပ်ရှင်ကြည့်တဲ့ လူတွေကများ တော့ ပိုင်ရှင်ကို ပြန်ရှာဖို့ရာ ခက်လိမ့်မယ်။ အင်း ဒီလိုလုပ်ရအောင် မေမေ့ရဲ့ ဖိနပ်က စုတ်နေပြီ။ ဒီပိုက်ဆံတွေနဲ့ မေမေ့ကို ဖိနပ်တစ်ရန် ၀ယ်ပေးရအောင်။ ဒါပေမဲ့ ပိုက်ဆံက မလောက်သေးဘူး”

“မမ ကျွန်တော်တို့ မနက်ဖြန်မနက် ပြန်လာကောက်ရအောင်လေ။ ရုပ်ရှင်က ၆ ညတောင် ပြဦးမှာ ”

“အင်း မေမေ့အတွက် ဖိနပ်ဝယ်ဖို့လောက်ပြီဆိုရင် မမတို့ လာမကောက်တော့ဘူးနော်”

အဲဒီ လိုနဲ့ ရုပ်ရှင်ကြည့်ဖို့ကို ကျွန်တော်တို့ စိတ်မ၀င်စားတော့ဘူး။ ကျွန်တော်တို့တကယ်စိတ်ဝင်စားတာက ရုပ်ရှင်ပြပြီး နောက်တစ်နေ့မနက်မှာ ကွင်းထဲပြန်သွားပြီး “ရတနာ”ရှာဖို့ဖြစ်တယ်။ တစ်ခါတစ်လေမှာ ကျွန်တော်တို့ ပင်ပင်ပန်းပန်း ရှာခဲ့ပေမဲ့ ကြယ်သီး၊ ကော်လက်ကောက်တွေသာ ကောက်ရတဲ့နေ့လည်း ရှိခဲ့တယ်။ ဒါပေမဲ့ ပိုက်ဆံအချို့ ကျွန်တော်တို့ထပ်စုခဲ့မိပါတယ်။

၎ ရက်မြောက်တဲ့မနက်မှာ ထင်ပါတယ်။ ကွင်းတစ်ခုလုံး ရှာဖွေပြီးနောက် ကောက်ရတဲ့ပိုက်ဆံကိုရေတွက်ပြီး ကျွန်တော် ၀မ်းသာအားရ ထအော်တယ်။

“မမ မမ ဒီနေ့ ၂ ကျပ်ခွဲတောင်ရတယ်”

အစ်မက ရုတ်တရက် ကျွန်တော့်ပါးစပ်ကို သူ့လက်နဲ့ အမြန်လှမ်းပိတ်လိုက်တယ်။ဘေးဘီကို ကျွန်တော်လှည့်ကြည့်တော့ ကျွန်တော်တို့နဲ့ မလှမ်းမကမ်းမှာ ရပ်နေတဲ့ တစ်ရွာတည်းသား ထုံထုံအအ ဦးကြီးစီကို တွေ့လိုက်မိတယ်။

ဦးကြီးစီက ရွာထဲမှာ ကုန်းကောက်စရာမရှိအောင် ဆင်းရဲတဲ့သူတစ်ယောက်ဖြစ်သည်။ တုံးတုံးအအမို့ အမြဲတမ်း တခြားသူခိုင်းစေတဲ့လူပဲ ဖြစ်ခဲ့တယ်။

အစ်မစိုးရိမ်တာ မမှားခဲ့ဘူး။ နောက်တစ်နေ့မနက် ကွင်းထဲ ကျွန်တော်တို့ ရောက်တဲ့အချိန် ဦးကြီးစီက မြေပေါ်ထိုင်ပြီး ငွေအကြွေအချို့ကို ၀မ်းသာအားရ ရေတွက်နေခဲ့တယ်။ အစ်မနဲ့ကျွန်တော် အံ့သြသွားမိတယ်။ ဒီ လူတုံးလူအကလည်း အလုပ်လုပ်ရာမှာ သေသပ်လွန်းတယ်။ အစ်မနဲ့ကျွန်တော် တစ်မနက်လုံး ကွင်းတစ်ပတ် အသေးစိတ်ရှာခဲ့ပေမဲ့ ပိုက်ဆံတစ်ပြားမျှရှာမရခဲ့ဘူး။

အဲဒီ ညက ကျွန်တော်တို့ရဲ့ ရတနာရှာဖွေရေး အကောင်အထည်ကို ပုံစံပြောင်းလိုက်တယ်။ ရုပ်ရှင်ပြပြီး လူတွေပြတ်ကုန်တဲ့အချိန်ထိ ကျွန်တော်တို့ စောင့်နေခဲ့တယ်။ ပြီးမှ ဓာတ်မီးထုတ်ပြီး ကွင်းတစ်ခုလုံး အသေးစိတ်ရှာခဲ့တယ်။ အချိန် ဘယ်လောက်ကြာသွားတယ် မသိဘူး။နောက်ဆုံး ကျွန်တော်တို့ ငွေအကြွတချို့ ကောက်ခဲ့ရတယ်။ နောက်ထပ် ငွေတစ်ကျပ်ထပ်ရရင်အမေ့အတွက် ကျွန်တော်တို့ ဖိနပ်ဝယ်နိုင်ပါပြီ။

ညလည်းနက်ပြီ အစ်မနဲ့ကျွန်တော် အိမ်ဘက်ကို သုတ်ခြေတင်ပြန်ခဲ့တယ်။ မနက်ကျရင် ထပ်တစ်ခေါက်ပြန်သွားပြီး ရှာကြည့်ဖို့ အစ်မနဲ့ကျွန်တော် တိုင်ပင်ခဲ့တယ်။ ဒီတစ်ကြိမ်ကကျွန်တော်တို့ရဲ့ နောက်ဆုံးအကြိမ် ဖြစ်ပါတယ်။ အိမ်ပြန်ရောက်တော့ အိမ်တံခါးဝမှာ စိုးရိမ်တကြီးမျှော်နေတဲ့ အမေ့ကို တွေ့လိုက်ရတယ်။

“ဘယ်အချိန်တောင် ရှိနေပြီလဲ” အမေက စိုးရိမ်နေမယ်ဆိုတာ မသိဘူးလား။ “ဘာတွေလုပ်နေကြလဲ ပြောစမ်း” အမေက ပြောပြောဆိုဆို ကျွန်တော်တို့တင်ပါးကို တုတ်နဲ့လှမ်းရိုက်တယ်။ အစ်မက အောင်ခံနိုင်ပေမဲ့ ကျွန်တော် အသံထွက်ငိုမိတယ်။ ပြီးမှ အိမ်ပြန်နောက်ကျရတဲ့အကြောင်း အမေ့ကို တစ်လုံးမကျန် ၀န်ခံခဲ့ပါတယ်။ ကျွန်တော်တို့ပြောတာကို နားထောင်ပြီး အမေက အစ်မနဲ့ကျွန်တော့်ကို ခပ်တင်းတင်း ပွေ့ဖက်လိုက်တယ်။

မျက်လုံးထောင့်က စီးကျလာတဲ့မျက်ရည်ကို လက်ဖမိုးနဲ့ အမေသုတ်ရင်း “အမေတောင်းပန်ပါတယ် သားတို့ သမီးတို့ရေ။ အမေ အသုံးမကျခဲ့တာပါ” တောင်းပန်ပါတယ်။

နောက်တစ်နေ့ မနက်မိုးမလင်းခင် အစ်မနဲ့ကျွန်တော် ရောက်လာခဲ့တယ်။ ဟာ ဟိုဦးကြီးစီက အလုပ်အကိုင် မရှိတာပဲလားမသိ။ ကျွန်တော်တို့နဲ့ ရှေ့ဆင့်နောက်ဆင့် ရောက်လာခဲ့တယ်။ အစ်မနဲ့ကျွန်တော် အမြန်တိုင်ပင်လိုက်တယ်။ ဦးကြီးစီနဲ့ ကျွန်တော်လိုက်ပြီး အစ်မကသူ့ဘာသာ နေရာခွဲရှာမယ်။

အဲဒီ လိုနဲ့ ဦးကြီးစီသွားတဲ့နောက် ကျွန်တော် လိုက်နေခဲ့တယ်။

“ဟာ ပိုက်ဆံတစ်ကျပ်”

ရှေ့ မလှမ်းမကမ်း ချိုင့်ထဲမှာ ကျနေတဲ့ ငွေတစ်ကျပ်ကို ကျွန်တော် လှမ်းမြင်လိုက်တယ်။ ရှေ့ကို အပြေးသွားပြီး ပိုက်ဆံကို ကုန်းကောက်လိုက်ချိန် လက်ကြမ်းကြီးတစ်ဖက်ကကျွန်တော့်ထက်ဦးအောင် လုကောက်သွားခဲ့တယ်။ ကျွန်တော် ခေါင်းမော့ကြည့်တော့ ဦးကြီးစီက ပိုက်ဆံကိုကိုင်ပြီး ကျွန်တော့်ကို ပြုံးပြနေခဲ့တယ်။

“ကျွန်တော့်ကိုပြန်ပေး။ အဲဒီ ပိုက်ဆံကို ကျွန်တော်အရင်တွေ့တာ ပြန်ပေး ပြန်ပေး”

သူ့လက်ထဲကပိုက်ဆံကို ကျွန်တော်ပြန်လုတော့ ဦးကြီးစီက ကျွန်တော့်ကို ဆောင့်တွန်းလိုက်တယ်။ လဲနေရာကထပြီး ကျွန်တော်ပြန်လုတယ်။ ကျွန်တော့်ကို ဦးကြီးစီ ရိုက်ထည့်လိုက်မယ်လို့ တွေးထင်မထားခဲ့မိဘူး။ ကျွန်တော့်နှာခေါင်းတစ်ဝိုက် ပူခနဲဖြစ်သွားပြီး သွေးတွေစီးကျလာခဲ့တယ်။

ကျွန်တော့်နားကို အစ်မက အပြေးကလေး ရောက်လာခဲ့တယ်။ နှာခေါင်းသွေးတွေနဲ့ ကျွန်တော့်ကိုမြင်တော့ အစ်မငိုတယ်။ အဲဒီ အချိန်မှာ ကျွန်တော်တို့ ထင်မှတ်မထားတဲ့အမေက ရုတ်တရက် ဘွားခနဲပေါ်လာပြီး ကျွန်တော်တို့ဘက်ကို ပြေးလာနေခဲ့တယ်။ ကျွန်တော့်ကို ရင်ခွင်ထဲဆွဲပွေ့ ပြီး ဦးကြီးစီကိုလှမ်းအော်တယ်။

“ရွာထဲက ကလေးတွေက နင့်ကို ဘကြီးလို့ခေါ်ကြတယ်။ ဒါတောင် နင်က ကလေးတွေကို ဒီလို ရက်ရက်စက်စက် ရိုက်ရသလား”

ဦးကြီးစီက လည်ပင်းကို ဆန့်ငင်ဆန့်ငင်လုပ်ရင်း “ငါ အရင်ကောက်ရတဲ့ပိုက်ဆံကိုသူက ၀င်လုတာကို ဒါကြောင့် ငါ ရိုက်လိုက်တာ”

“မဟုတ်ဘူး မေမေ ပိုက်ဆံကို သားအရင်တွေ့တာ”

“ဘယ်သူ ဘာပြောပြော ငါမကြောက်ဘူး။ ပိုင်ရှင်ကိုရှာမတွေ့ရင် ဒီပိုက်ဆံက ငါ့ပိုက်ဆံပဲ” ပိုက်ဆံတစ်ကျပ်ကို အိတ်ကပ်ထဲ ကျေကျေနပ်နပ်ထိုးထည့်ရင်း ဦးကြီးစီက ပြောတယ်။

“တကယ်လို့ ပိုင်ရှင်ကိုပြန်တွေ့ရင် ကောက်ရတဲ့ပိုက်ဆံကို ပိုင်ရှင်လက်ထဲ နင် ပြန်အပ်မလား”

အမေ့အမေးကို ဦးကြီးစီ တစ်ချက်စဥ်းစားလိုက်ပြီး “အေး ပြန်အပ်မယ်။ ပိုက်ဆံကဘယ်သူ့ပိုက်ဆံလဲ”

“ငါ့ပိုက်ဆံ” ဦးကြီးစီအမေးကို အမေက ပြတ်ပြတ်သားသား ပြန်ပြောတယ်။

“မယုံရင် ပိုက်ဆံကိုထုတ်ကြည့် ပိုက်ဆံပေါ်မှာ မတော်မဆ ငါ ငံပြာရည်တွေ လောင်းခဲ့မိတယ်။ မယုံရင် ထုတ်ကြည့်ပါ။ ပိုက်ဆံ ၀ါနေလိမ့်မယ်”

အိတ်ကပ်ထဲကနေ ပိုက်ဆံကို ဦးကြီးစီ ထုတ်လိုက်တယ်။ တကယ်ပဲ ပိုက်ဆံတစ်ခြမ်းက ငံပြာရည်တွေကြောင့် အ၀ါရောင်သန်းနေခဲ့ပါတယ်။ ပိုက်ဆံကို ခြေဆုံးခေါင်းဆုံး လှန်ကြည့်ပြီး ဦးကြီးစီက အမေ့ကို ကျေကျေနပ်နပ် ကမ်းပေးလိုက်တယ်။

အမေ့လုပ်ရပ်ကို ကျွန်တော် နားမလည်ခဲ့ဘူး။ အစ်မက ကျွန်တော့်ကို တစ်ဖက်ဆွဲခေါ် ပြီး “မောင်လေး ဒီကိစ္စကို မမ သဘောပေါက်လိုက်တယ်။ မနေ့ည မမတို့ အိပ်ရာဝင်ပြီး မကြာဘူး အိမ်တံခါးဖွင့်သံ ကြားလိုက်တယ်။ ကြည့်ရတာ မေမေက မမတို့ရဲ့ စိတ်ကူးကို အကောင်အထည်ဖော်ပေးဖို့ ညအမှော င်မှာ ဒီကွင်းထဲလာပြီး ပိုက်ဆံတစ်ကျပ်ကို အဲဒီ နေရာမှာ ချထားခဲ့တာဖြစ်တယ်”

မူရင်းရေးသားသူ -Wang Yan Min (www . storychina. cn)



ဝန်ဇင်းချစ်သူများ နိုင်းနိုင်းစနေ ၏ “ အမေ့လက်ရေးစာစုများ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ကျွန်မဖတ်ဖို့ (၃)

နေရာ

သတ္တိရှိတဲ့ပထမခြေလှမ်း