(၁)
တစ်ခါတုန်းက နွေရာသီ
“မြေအိုးကို ခေါင်းပေါ်ရွက်၊ နှုတ်ခမ်းကို ထော်နိုင်သမျှထော်၊မျက်နှာဆူပုပ်ပြီး အမေ့နောက် တွန့်ဆုတ်တွန့်ဆုတ်နဲ့ကျွန်မ လိုက်ရတယ်...”
နွေရောက်တော့မယ်။ စာမေးပွဲတွေဖြေပြီး ကျောင်းပိတ်ရင်နွေရောက်ပြီတဲ့။ ရွာရဲ့ နွေရာသီက ပူပြင်းခြောက်ကပ်လွန်းတယ်။ပုစဉ်းရင်ကွဲသံနဲ့ ဥသြငှက်ရဲ့ လွမ်းတေးသံက လူကို ပိုပြီး ပျင်းရိစေတယ်။ဖုန်ထူထူ၊ နေပူပူအောက်မှာ သစ်ပင်တွေက လက်ပမ်းကျလို့။လူနဲ့ အကောင်တွေက အရိပ်ကောင်းတဲ့ အပင်အောက်မှာ ငိုက်မြည်းလို့။ရွာရဲ့ နွေရာသီကတော့ နှိုင်းပြစရာမရှိအောင်ဘဲ ရေဆာလွန်းစေတယ်။
ရွာရဲ့ နွေကျောင်းပိတ်ရက်က မြို့ကြီးပြကြီးမှာ လို တက်စရာကျူရှင်တွေ၊ သင်တန်းတွေမရှိပါဘူး။ နွေရာသီရောက်ရင် မနက်ညအိမ်အလုပ်တွေ ကူလုပ်ပြီးရင် ကျွန်မ အိပ်နေတတ်တာများ တယ်။ စားလိုက်၊အိပ်လိုက်နဲ့ တဖြည်းဖြည်းပြည့်ဖြိုးလာတဲ့ကျွန်မကို အမေက ကြည့်မရလို့ထင်ပါရဲ့ ပူပြင်းတဲ့ နွေရာသီရောက်ရင် အေးမြတဲ့ မုန့်လက်ဆောင်းရောင်းဆိုတဲ့အကြံကို အတင်းအဓမ္မ ပေးပါတော့တယ်။
အဲဒီ တုန်းက ကျွန်မဟာ အပျိုဘော်ဝင်စအရွယ်ပါ။ လေရူးနဲ့အတူကြွေသွားတဲ့ သစ်ရွက်တွေကိုငေးရင်း စိတ်ကူးတွေ ဟိုဒီလွင့်ဝဲတတ်တဲ့အရွယ်၊ လေပွေတစ်ချက်ဝှေ့လိုက်ရင် ရင်တွေသိမ့်ခနဲ ခုန်တတ်တဲ့အရွယ်ရွာလယ်ခေါင်မှာ ကျွန်မ မုန့်လက်ဆောင်း ဘယ်ရောင်းရဲမလဲ။ မတော်ကျွန်မကိုကြိုက်နေတဲ့လူ၊ ကျွန်မက တိတ်တခိုးကြိုက်နေတဲ့လူ တွေ့သွားရင်ရှက်စရာမဟုတ်လား။ အမေကတော့ ကျွန်မအရှက်ကို ဂရုမစိုက်ပါဘူး။မုန့်လက်ဆောင်းရောင်းဖို့ ရှမ်းဆန်ကို ဗမာဆန်နဲ့ သွားလဲတယ်။ အချိုရည်ထည့်ဖို့ မြေအိုးတွေဝယ်၊ ကြံသကာ၊ ထန်းလျှက်တွေဝယ်၊ မုန့်လက်ဆောင်းထဲထည့်တဲ့ အမွေးနံ့ဆိုတဲ့ ဆေးရည်နီနီတွေဝယ်နဲ့ အလုပ်ရှုပ်နေတော့တယ်။
နောက်ရက်တွေမှာ တော့ စားပွဲခုံအသေးတစ်လုံးနဲ့ အချိုရည်ထည့်ထားတဲ့ မြေအိုးကို ခေါင်းပေါ်ရွက်၊ နှုတ်ခမ်းကို ထော်နိုင်သမျှထော်၊ မျက်နှာဆူပုပ်ပြီး အမေ့နောက် တွန့်ဆုတ်တွန့်ဆုတ်နဲ့ ကျွန်မလိုက်ရတယ်။ အိမ်နဲ့နှစ်ခြံကျော်လောက်က အရိပ်ကောင်းတဲ့ မန်ကျည်းပင်၊သရက်ပင်တန်းကြားမှာ အမေက ကျွန်အတွက် ဆိုင်လေးခင်းပေးတယ်။ဆိုင်က အမိုးမရှိအကာမရှိ ရိုးရိုးလေးပါ။ ငယ်ငယ်တုန်းက အိုးပုတ်ဆော့တမ်းတောင် မကစားခဲ့တဲ့ ကျွန်မ မုန့်လက်ဆောင်းကို ဘယ်လိုများ ရောင်းရပါ့မလဲ။
ပထမဦးဆုံး လာအားပေးကြတဲ့ ကျွန်မရဲ့ သူငယ်ချင်းတွေကိုအခုထက်ထိ မှတ်မိနေပါသေးတယ်။ ဈေးဦးမပေါက်ဘဲ စိတ်ညစ်နေမှာ စိုးလို့၊ သူစိမ်းတွေလာဝယ်ရင် လက်တွေတုန်ပြီး မထည့်တတ်မှာ စိုးလို့တဲ့။ကျွန်မရဲ့ သူငယ်ချင်းတွေက အဲဒီ လောက်ထိ အလိုက်သိ၊ ချစ်စရာကောင်းပါတယ်။
လူပီသစွာ နဲ့ ပိုက်ဆံတွေမြင်လာတော့ ဈေးရောင်းရတာ ကိုကျွန်မ ပျော်လာတယ်။ ပိုပျော်တာက ကျွန်မ မုန့်ရောင်းတဲ့ဆိုင်နောက်ကရှေ့နေအိမ်မှာ ကာတွန်းစာအုပ်တွေ ငှားဖတ်လို့ရတယ်ဆိုတာပါပဲ။ အမေကကျွန်မ ကာတွန်းဖတ်ရင် မကြိုက်ဘူး။ တွေ့ရင် ဆွဲဆွဲဆုတ်ပစ်တတ်လို့သူငယ်ချင်းတွေကြားမှာ မျက်နှာပူရပေါင်းလဲများ ခဲ့ပါပြီ။ လျော်ရပေါင်းလဲမနည်းတော့ဘူး။
အခုတော့ ရေကန်အသင့်၊ ကြာအသင့်လို့ဆိုရမလား။ စားရကံကြုံ မုတ်ဆိတ်ပျားဆွဲလို့ ပြောရမလား။ ကာတွန်းစာအုပ်တွေကို အမေမသိအောင် နွေရာသီရောက်တိုင်း မုန့်လက်ဆောင်းရောင်းရင်း ကျွန်မဖတ်နေရတယ်။ နွေရောက်တိုင်း အမေ မပြောခင် “အမေ ဒီနှစ်လဲမုန့်လက်ဆောင်းရောင်းမယ်နော်” လို့ ကျွန်မအရင် တောင်းဆိုတတ်လာတယ်။ အမေကတော့ င့ါသမီးလိမ္မာလာပြီလို့ ထင်နေမလားပဲ။ကာတွန်းဇာတ်ကောင်တွေနဲ့ စိတ်ကူးယဉ်တတ်တဲ့ မနူးမနပ် ကျွန်မအတွေးတွေကိုတော့ အမေ မြင်ပုံမရဘူး။
တကယ်တော့ မုန့်လက်ဆောင်းရောင်းမှ ကျွန်မတို့အတွက်ညနေစာ ဆန်ရှိတာ မဟုတ်ပါဘူး။ နွေရာသီမှာ အားလပ်နေတဲ့ ကျွန်မကိုစိတ်မလေအောင် အကျိုးရလဒ် တစ်ခုခုကို ခံစားတတ်အောင်မုန့်လက်ဆောင်းရောင်းစေခဲ့တာက အမေရဲ့ စေတနာတွေဖြစ်တယ်။ အမေကြောင့်ပဲ ကျွန်မရဲ့ နွေရာသီက စိတ်ကူးအညှောင့်တွေ ပေါက်ခဲ့တယ်။အမေ့ကြောင့်ပဲ ကျွန်မရဲ့ တစ်ခါတုန်းက နွေရာသီကို အခုလိုချရေးနိုင်ခဲ့တယ်။ ပြန်ပြောင်းအောက်မေ့မိရင် တစ်ခါတုန်းက နွေရာသီရဲ့ မုန့်လက်ဆောင်းတွေကို လွမ်းတသသဖြစ်ရတယ်။ မွေးချင်းတွေဖြစ်တဲ့ကျွန်မ အစ်မနဲ့ ညီမတွေတောင် မခံစားခဲ့ရဖူးတဲ့ အမှတ်တရလေးတွေပါ။
တစ်ခါတုန်းက နွေရာသီရောက်တိုင်း မန်ကျည်းပင်နဲ့ သရက်ပင်တွေကြားမှာ မုန့်လက်ဆောင်းရောင်းပြီး ကာတွန်းစာအုပ်ကို သဲကြီးမဲကြီးဖတ်နေတဲ့ ကောင်မလေးတစ်ယောက်ကို တွေ့ဖူးရင် အဲဒီ ကောင်မလေးဟာကျွန်မ နိုင်းနိုင်းစနေ ပဲဖြစ်ပါတယ်။
(၂)
မိုးရေထဲက ဆရာမ
“မိုးရေလို အေးမြတဲ့ဆရာမ တို့ရဲ့ စေတနာ၊ အနစ်နာနဲ့ကရုဏာတွေကိုဘယ်လိုမှ မေ့လို့ရနိုင်မှာ မဟုတ်ပါဘူး...”
ကျွန်မ ကျောင်းနေစ ကလေးဘ၀မှာ ကျွန်မနေတဲ့ရွာကတော်တော်လေး ဆင်းရဲပါတယ်။ ရွာခံ ရွာသူရွာသားတွေက တစ်ခြားစီးပွားရေးမလုပ်တတ်ဘဲ တောင်ယာတွေပဲ လုပ်ကိုင်စားကြတယ်။ရွာကလူနေအိမ်အများ စုဟာ ထရံကာ၊ သက်ကယ်မိုးတွေဖြစ်တယ်။ချမ်းသာတဲ့လူ အနည်းစုကသာ တိုက်တွေ၊ သွပ်မိုးအိမ်တွေနဲ့ နေနိုင်ကြတယ်။ သက်ငယ်မိုးအိမ်တွေက သိတဲ့အတိုင်း တာရှည်မခံပါဘူး။အလွန်ဆုံးခံ တစ်မိုး၊ နှစ်မိုးပါပဲ။ ယက်လုပ်တဲ့ သက်ငယ် အထူအပါးပေါ်လည်း မူတည်ပါတယ်။ နွေမှာ တအားပူရင် သက်ငယ်တွေက ကြွပ်ဆတ်ပြီး ကော့လိမ်နေတတ်တယ်။ ကြာရှည် နေအလှန်းခံရတော့ဆွေးမြေ့မြန်ပါတယ်။ မိုးမရောက်ခင် သက်ငယ်အသစ်မလဲနိုင်ရင်အဲဒီ အိမ်ဟာ ရှိသမျှ ပန်းကန်ခွက်ယောက်တွေနဲ့ မိုးရေခံကြရတယ်။ ရှိသမျှမိုးကာတွေနဲ့ မိုးယိုပေါက်တွေကို တတ်နိုင်သမျှ ဖာထေးကြရတယ်။မိုးကြီးရင်တော့ ရှိသမျှပစ္စည်းတွေကို မိုးကာနဲ့ အုပ်ထားရုံပဲ တတ်နိုင်ခဲ့တယ်။
ရွာမှာ ရှိတဲ့ကျောင်းက မူလတန်းအထိပဲရှိလို့ ရွာခံလူတွေကကိုယ်ထူကိုယ်ထနဲ့ တွဲ ဖက်အလယ်တန်းကျောင်းတစ်ကျောင်း ဆောက်ကြတယ်။ ဆရာမ တွေကို ငှားရတယ်။ ဆရာမ တွေက အများ အားဖြင့် ရွာနဲ့နီးတဲ့တောင်ကြီးမြို့၊ ရွှေညောင်မြို့ပေါ်ကဖြစ်တယ်။ ရွာကဆင်းရဲတော့ ဆရာမ တွေကို အုတ်နဲ့တိုက်နဲ့ မထားနိုင်ဘူး။ ခြေတံတိုတဲအိမ်ထက်ကြီးတဲ့အိမ်လေးမှာ ဆရာမ တို့ နေကြရတယ်။ ထုံးစံအတိုင်းရွာမှာ အများ ဆုံးတွေ့နိုင်တဲ့ သက်ငယ်မိုး၊ ထရံကာအိမ်လေးပဲဖြစ်တယ်။
မြို့ပေါ်မှာ နေ၊ မြို့ပေါ်မှာ ကြီးပြင်းလာကြတဲ့ ဆရာမ တွေကစေတနာရှိလို့သာ ရွာတွေမှာ အပင်ပန်းခံပြီး စာလာပြကြတယ်။ နွေရာသီဆိုရင် ကျောင်းပိတ်လို့ထားလိုက်ပါတော့။ ဆောင်းရာသီဆိုရင်လည်းသိပ်မဆိုးသေးဘူး။ မိုးရာသီဆိုရင် သူတို့တော်တော် ဒုက္ခရောက်ကြရတယ်။
မိုးယိုနေတဲ့ အိမ်မှာ နေ၊ ဗွက်တွေထူတဲ့လမ်းမှာ လျှောက်။မြို့ပေါ်မှာ ကျော့ကျော့မော့မော့ နေနိုင်ရက်နဲ့ တောထဲ၊ ရွာထဲမှာ စာလာပြကြတဲ့ ဆရာမ တွေရဲ့ စေတနာနဲ့ အနစ်နာကတော့ နှိုင်းပြစရာတောင်မရှိလောက်အောင်ပါပဲ။ အဆိုးဆုံးက မိုးရွာရင် ထင်းမီးမစွဲတဲ့ ကိစ္စပဲထင်ပါတယ်။ မြို့မှာ လို လျှပ်စစ်မီး၊ မီးသွေးနဲ့ ထမင်းချက်တာမဟုတ်တော့မိုးတွေရွာရင် အိမ်အောက်မှာ ပုံထားတဲ့ ထင်းတွေ မိုးရေစိုပြီး မီးမွှေးမရတော့ပါဘူး။ ပြောင်းလာစ ဆရာမ တွေကို အနီးအနားရွာခံတွေက တတ်နိုင်သလောက် ကူညီကြပါတယ်။ ရန်ပုံတွေတွေ ကောက်ပြီး ပြုပြင်သင့်တာတွေ ပြုပြင်ပေးတယ်။ ဒါပေမဲ့လည်း ဆင်းရဲတဲ့ရွာဆိုတော့ ထင်သလောက် အရာမရောက်ပါဘူး။
အနေဆင်းရဲ၊ အစားဆင်းရဲတဲ့ရွာမှာ အကြောင်းအမျိုးမျိုးကြောင့်တစ်နှစ်ပဲလုပ်ပြီး ပြောင်းသွားကြတဲ့ ဆရာမ တွေရှိသလို တပည့်တွေကိုသံယောဇဉ်ဖြစ်ပြီး ပစ်မထားရက်လို့ နှစ်နဲ့ချီပြီး လုပ်ခဲ့တဲ့ ဆရာမ တွေလည်းရှိပါတယ်။ တစ်ခါတလေ ဆရာမ တွေ မလုံလောက်လို့ ကျောင်းအုပ်ကြီးကိုယ်တိုင် အတန်းနှစ်တန်း၊ သုံးတန်းကို တွဲ သင်ရတာ လည်း ရှိပါတယ်။ဒါတောင် ကျွန်မနေတဲ့ရွာက ချောင်မကျသေးပါဘူး။ မြို့နဲ့အလွယ်တကူသွားလာနိုင်တဲ့ရွာပါ။ ကျွန်မတို့ရွာနဲ့ နီးစပ်ရာ တစ်ချို့ရွာက ကားလမ်းတောင်မပေါက်ပါဘူး။ နွားလှည်းနဲ့ပဲ သွားကြရတယ်။ ဘယ်လိုပဲ ခက်ခဲပါစေ... ဆရာမ တွေက စေတနာရှိရှိ စာသွားပြကြတယ်။ နေနိုင်လို့ပဲဖြစ်ဖြစ်၊ မနေနိုင်လို့ပဲဖြစ်ဖြစ် သူတို့မွေးထုတ်ပေးလိုက်တဲ့ ပညာတတ်တွေက လက်ချိုးရေလို့ မကုန်ပါဘူး။
ကျွန်မတို့ငယ်ငယ်က ရွာမှာ ဘွဲ့ရပညာတတ်ဆိုတာ ရှားပါတယ်။ဆယ်တန်းအောင်ထားတဲ့သူဟာ ရွာသားတွေရဲ့ အထင်ကြီးလေးစားမှု ကိုခံကြရတယ်။ တက္ကသိုလ်တက်နေတဲ့ လူဆိုရင် မပြောပါနဲ့တော့။ အဲဒီ လူရဲ့ နာမည်ကိုတောင် မခေါ်တော့ဘဲ တက္ကသိုလ်ကျောင်းသား၊ တက္ကသိုလ်ကျောင်းသားနဲ့ တဖွဖွ ချီးကျူးလို့ မဆုံးတော့ပါဘူး။
မိုးတွေရွာရင် ဆရာမ တွေက မိုးရေနဲ့အတူ တစ်ချိန်က ရွာမှာ နေခဲ့ဖူးတဲ့ ပင်ပင်ပန်းပန်း ဘ၀ကို အမှတ်တရအနေနဲ့ သတိရချင်ရကြမယ်။ဒုက္ခရောက်ခဲ့တာကို သားသမီး မြေးမြစ်တွေကို ပြောပြပြီး လွမ်းချင်လည်းလွမ်းနေကြမယ်။ ကျွန်မတို့ကို မှတ်မိချင်မှမှတ်မိကြမယ်။ ဒါပေမဲ့ကျွန်မတို့က မိုးရေလို အေးမြတဲ့ဆရာမ တို့ရဲ့ စေတနာ၊ အနစ်နာနဲ့ကရုဏာတွေကို ဘယ်လိုမှ မေ့လို့ရနိုင်မှာ မဟုတ်ပါဘူး။
မိုးတွေရွာရင် အထူးသဖြင့် မိုးတွေယိုတဲ့အိမ်၊ ရွံ့ဗွက်တွေထူတဲ့လမ်းကို လျှောက်မိရင် တစ်ချိန်က ဆရာမ တွေကို ပိုလွမ်းမိပါတယ်။မိုးစက်မိုးပြောက်တွေနဲ့အတူ ဆရာမ တွေကို ကျေးဇူးတင်ကြောင်း၊ အားနာမိကြောင်း၊ အောက်မေ့မိကြောင်း၊ သူတို့မွေးထုတ်ပေးလိုက်တဲ့ ပညာတတ်တပည့်တွေ မိုးအောက်မှာ ရှိနေပြီဆိုတဲ့အကြောင်း၊ သူတို့ ပျိုးခဲ့တဲ့မျိုးစေ့လေးတွေ မိုးရေနဲ့အတူ အညှောင့်ပေါက်ပြီး စိမ်းလန်းစိုပြေခဲ့ပြီဆိုတဲ့အကြောင်း ပြောပြချင်ပါတယ်။ တစ်ချိန်က မိုးသံနဲ့အတူ စာအံသံတွေညံခဲ့တဲ့ ဟဲကယ်ရွာက တွဲ ဖက်အလယ်တန်းကျောင်းကို ဆရာမ တွေ ပြန်အောက်မေ့ သတိရမိခဲ့မယ်ဆိုရင် ကျွန်မဟာလည်း သူတို့မွေးထုတ်ပေးလိုက်တဲ့ တပည့်တစ်ဦးဖြစ်ကြောင်း မိုးရေတွေနဲ့အတူ သတင်းပါးလိုက်ချင်ပါတယ်။
(၃)
ကျွန်မနဲ့ ရွာ
“ရွာကို မပြန်ဖြစ်ခဲ့တဲ့ နှစ်တွေဘယ်လောက် ကြာကြာ...ငယ်သူငယ်ချင်းတွေက ကျွန်မကို အခင်အမင်မပျက်လှိုက်လှိုက်လှဲလှဲ ကြိုနေဆဲပါပဲ...”
ဒီလို ခေါင်းစဉ်တပ်လိုက်တော့ ကျောင်းတုန်းက ရေးခဲ့ဖူးတဲ့စာစီစာကုံးတွေကို သွားသတိရမိတယ်။ ထုံးစံအတိုင်း ရွာရှေ့၊ ရွာနောက်၊ရွာပတ်ဝန်းကျင်မှာ ဘာတွေရှိပါတယ်လို့မရေးခင် ရွာကို ဘယ်တုန်းကကျွန်မ စရောက်သလဲ၊ ဘယ်လိုလုပ်ပြီး ရွာကို ရောက်ခဲ့သလဲဆိုတာကိုပြောပြချင်ပါတယ်။ ရွာအကြောင်းဆိုတာထက် ရွာမှာ ရှိခဲ့ဖူးတဲ့ ကျွန်မရဲ့ ငယ်စဉ်ကလေးဘ၀ ဆိုရင် ပိုမှန်ပါလိမ့်မယ်။ အစားထိုးမရနိုင်တော့တဲ့ကျွန်မရဲ့ ငယ်ဘ၀၊ တဖြည်းဖြည်း ပြောင်းလဲလာတဲ့ ငယ်စဉ်ကကျင်လည်ခဲ့တဲ့ နေရာတွေကို တသသနဲ့ ပြန်ရေးရတာ ကိုပဲ ကျွန်မအတွက်ဘာနဲ့မှလဲလို့မရနိုင်ပါဘူး။ ကျွန်မရဲ့ ငယ်ဘ၀လို ပုံစံတူ ဘယ်နှစ်ယောက်များ ရှိနိုင်မလဲ ...
ကလေးဘ၀ဆိုတဲ့အတိုင်း လူတိုင်းရဲ့ ငယ်ဘ၀က ကစားလိုက်၊နားလိုက်၊ ပျော်လိုက်၊ ပါးလိုက်နဲ့ အပူအပင်ကင်းကင်း ဖြတ်ကျော်ခဲ့ကြတာချည်းပါပဲ။ ဒါပေမဲ့ ကြီးပြင်းခဲ့တဲ့ ပတ်ဝန်းကျင်နဲ့ ဖြတ်သန်းခဲ့တဲ့အတွေ့အကြုံတွေကတော့ တူချင်မှတူကြမယ်။ အထူးသဖြင့် မြို့ပြမှာ ကြီးပြင်းတဲ့သူတွေအတွက် ရွာရဲ့ ပျော်ရွှင်မှု ဆိုတာ သူတို့အတွက် ၀တ္ထု၊ရုပ်ရှင်တွေ ထဲမှာ ပဲ ရှိနိုင်တာပါ။
ကျွန်မရဲ့ ငယ်ဘ၀ကို အစချီရရင် ဒီဇင်ဘာဆောင်း မနက်ခင်းတစ်ခုရဲ့ စနေနေ့မှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်အတွင်းကလားဟူရွာတစ်ရွာမှာ ကျွန်မကို မွေးဖွားခဲ့တယ်။ တန့်ယန်းမြို့ဆိုတာလားရှိုးမြို့အလွန်မှာ ရှိတယ်ဆိုတာကလွဲပြီး ကျွန်မကို မွေးဖွားခဲ့တဲ့ရွာလေးက ဘယ်လိုပုံစံရှိတယ်ဆိုတာကို ကျွန်မ မသိလိုက်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်မ(၁)နှစ်သမီးအရွယ်မှာ ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့ကို မိသားစုလိုက် ပြောင်းရွှေ့လာခဲ့လို့ပါပဲ။
အိမ်မှာ (အဲဒီ တုန်းက) အငယ်ဆုံးဆိုရင် အဆိုးဆုံးဆိုတာ မပြောလဲသိကြမှာ ပါ။ အဆော့သန်တဲ့ အရွယ်မို့ အဘွားစိုက်ထားတဲ့ပန်းတွေဆွဲနုတ်၊ ဦးလေးမွေးထားတဲ့ ရွှေငါးမျက်လုံးတွေကိုဖောက်ထုတ်နဲ့အနံ့မွှေးလွန်လို့ဆိုပြီး ယူကလစ်သီးတွေကို နှာခေါင်းထဲထိုးထည့်၊မူကြိုကျောင်းမှာ ခဲတံနဲ့ လူများ ပါးကိုထိုးနဲ့ ဘာဆိုဘာမှ မသိတတ်သေးတဲ့အရွယ်နဲ့ တောင်ကြီးမြို့မှာ ကျွန်မရဲ့ ကလေးဘ၀ကို စတင်ခဲ့တယ်။အငိုသန်တဲ့အတွက်လဲ မကြာခဏ ကျွန်မကို ဦးလေးတွေက အိမ်သာထဲထည့်လှောင်ထားကြတယ်။ (အဲဒီ လိုခံရဖူးတဲ့ ကလေးတွေဟာကြီးလာရင်လူတွေကို ကြောက်လာတတ်တယ်။ မပြောရဲ၊ မဆိုရဲဖြစ်လာတတ်တယ်။တစ်ယောက်တည်း ထီးတည်းနေတာကို ပိုကြိုက်တတ်တယ်။ ကလေးတွေကို ဆုံးမတဲ့အခါ အဲဒီ လို လုပ်ရပ်မျိုးကို လူတိုင်းရှောင်သင့်ပါတယ်။)
မူကြိုကျောင်းပိတ်ရက်တွေမှာ တော့ အစ်မနဲ့အတူ မင်းလမ်းမှာ ရှိတဲ့ အမေ စက်ချုပ်သင်တဲ့ဆိုင်ကို ကျွန်မ လိုက်သွားတတ်တယ်။ဆိုင်ဘေးကရေမြောင်းကို ခုန်ပျံကျော်လွှားကစားရင်း၊ ဆိုင်ဘေးကမုန့်ဆိုင်မှာ အနီရောင်ဆေးဆိုးပြီး ဆေးသကြားနယ်ထားတဲ့ သရက်သီးတွေကို ၀ယ်စားရင်း ကျွန်မရဲ့ ကလေးဘ၀ ပျော်ရွှင်၊ လွတ်လပ်မှု ကို ပိုအရှိန်မြင့်စေခဲ့တယ်။
တောင်ကြီးနဲ့ပတ်သတ်တဲ့ ငယ်ဘ၀ကို ကျွန်မမှတ်မိတာဒီလောက်ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မ အသက်(၄၊ ၅)နှစ်အရွယ်နှပ်ချေးတွဲ လောင်းနဲ့ အရာရာကို စပ်စုချင်တဲ့အရွယ်ရောက်တော့“ဟဲကယ်ရွာ” လို့ခေါ်တဲ့ အဘွားတို့ခြံရှိတဲ့ရွာကို ကျွန်မတို့မိသားစု (အဖေ၊အမေ၊ အစ်မ) ပြောင်းလာခဲ့ကြလို့ဖြစ်တယ်။
တောင်ကြီးမြို့နဲ့ (၁၂)မိုင်ခွဲဝေးပြီး ရွှေညောင်-ရပ်စောက်သွားကားလမ်းဘေးမှာ ရှိတဲ့ ဒီရွာလေးကို ကျွန်မတို့ပြောင်းလာစက လူနေအိမ်ခြေတွေက ကျိုးတိုးကျဲတဲပါ။ သစ်ပင်၊ ချုံပုတ်တွေထူထပ်ပြီးအထူးသဖြင့် သရက်၊ ပိန္ဒဲပင်နဲ့ မန်ကျည်းပင်တွေ ပိုများ ပါတယ်။ ရွာခံလူတွေက အင်းသားလူမျိုးတွေဖြစ်ကြပြီး၊ ပတ်ဝန်းကျင်ရွာတွေမှာ တော့ ဓနု၊ဗမာ၊ ပအိုဝ့်၊ ရှမ်း တရုတ်နဲ့ ကုလားတွေဖြစ်ကြတယ်။ ရွာတိုင်းက လူတွေဟာတောင်ယာ၊ လယ်လုပ်ငန်း၊ မွေးမြူရေးတွေနဲ့ အသက်မွေးဝမ်းကျောင်းကြတယ်။ အများ အားဖြင့် ပအိုဝ့်လူမျိုးက သနပ်ဖက်စိုက်တယ်။ကုလားတွေက နွားမွေးတယ်။ ကျန်တဲ့လူမျိုးတွေကတော့ လယ်တွေခြံတွေလုပ်ကြတယ်။ (အဲဒီ တုန်းက) တစ်အိမ်နဲ့တစ်အိမ် ခြံစည်းရိုးခတ်မထားတတ်တဲ့ အဲဒီ ရွာကိုရောက်တော့ အဆော့သန်တဲ့ ကျွန်မဟာလွင်ပြင်လွှတ်လိုက်တဲ့ မြင်းလိုပါပဲ ရွာရိုးတစ်လျောက် ဒုန်းစိုင်းနေတော့တယ်။
ဆေးသကြားစိမ်ထားတဲ့ သရက်သီးထက် အပင်ပေါ် ကိုယ်တိုင်တက်ခူးရတဲ့ သရက်သီးရဲ့ အရသာကို ကျွန်မ ပိုကြိုက်တယ်။ မွှေးလွန်းလို့ဆိုပြီး နှာခေါင်းထဲ အတင်းထိုးထည့်ဖူးတဲ့ ယူကလစ်သီးထက် လမ်းဘေးမှာ အလေ့ကျပေါက်နေတဲ့ တောပန်းတွေရဲ့ ရနံ့က ကျွန်မကို ပိုဆွဲဆောင်နိုင်တယ်။ ဦးလေးရဲ့ ရွှေငါးတွေနဲ့ ကစားရတာ ထက် အဘိုးရဲ့ ငါးကန်မှာ ငါးမျှားရတာ ကို ပိုပျော်တယ်။ စက်ချုပ်ဆိုင်ဘေးက ရေမြောင်းကို ခုန်လွှားဆော့ကစားရတာ ထက် သူငယ်ချင်းတွေနဲ့ ခြံစပ်မှာ ရှိတဲ့ ချောင်းထဲဆင်းပြီးငါးပက်ရတာ ကို ကျွန်မ ပိုနှစ်သက်တယ်။
ကလေးဘ၀က ဆော့ကစားပြီးတိုင်း ကိုယ်ပေါ်မှာ ပေကျန်တဲ့အညစ်အကြေး၊ ရွှံ့အထပ်ထပ်တွေကို အဘိုးလုပ်ထားတဲ့ ရေခလောက်[စီးနေတဲ့ချောင်းကို တစ်နေရာမှာ နှိမ့်အောင်တူးပြီး ရေတံခွန်ပုံစံ လုပ်လိုက်တာပါ။ ရေစီးကျလာတဲ့နေရာမှာ ၀ါးကိုထက်ခြမ်းခွဲ ဒါမှမဟုတ် ၀ါးလုံးကိုအဆစ်တွေဖောက်ပြီး ရေတွေစီးစေပါတယ်။ အိမ်ခေါင်မိုးတွေမှာ တွေ့ရတတ်တဲ့ ရေတံလျှောက်လိုမျိုးပါ။]အောက် ရေ၀င်ချိုးလိုက်တယ်ဆိုရင်ပဲခန္ဓာကိုယ်ဟာ သန့်စင်ပြီး မနက်ဖြန်အတွက် ဆော့ကစားဖို့ အဆင်သင့်ဖြစ်နေတတ်တယ်။ အခုတော့ ရေဘယ်လောက်ချိုးချိုး၊ တန်ဖိုးကြီးတဲ့ဆပ်ပြာနဲ့ ဘယ်လိုပဲတိုက်တိုက် ကိုယ်ပေါ်မှာ ပေနေတဲ့ လောဘ၊ ဒေါသ၊အတ္တ၊ မာနတွေက သန့်စင်သွားတယ်လို့ မရှိပါဘူး။
ကျွန်မရဲ့ ငယ်စဉ်ဘ၀ ၀လုံးရေ၀ကို ရွာအနောက်ဘက်မှာ ရှိတဲ့ရွာရဲ့ တစ်ခုတည်းသော မူလတန်းကျောင်းမှာ စတင်ခဲ့တယ်။ (အခုတော့အလယ်တန်းကျောင်း ဖြစ် သွားပါပြီ။) ကျောင်းအုပ်ဆရာကြီးက ဦးနေထွန်း(ကွယ်လွန်)ပါ။ စာသင်ကျောင်းရဲ့ နောက်မှာ တော့ ဘုန်း ကြီးကျောင်းရှိပြီးကျောင်းတက်ရင် ကျောင်းသားတွေက စာသင်ခန်းထဲ အရင်မ၀င်ဘဲဘုန်းကြီးကျောင်းမှာ ဘုရားရှိခိုး ငါးပါးသီလအရင်ခံယူရပါတယ်။ ဘုန်းကြီးကျောင်းအောက်က ကျွန်းတိုင်တုတ်တုတ်ကြီးတွေ ကြားမှာ တော့ကျောင်းသားတွေရဲ့ ထုတ်စည်းတိုးရာ၊ တိုင်ပြောင်းကစားရာ၊ ပျော်စံရာနေရာဖြစ်တယ်။ ဘုန်းကြီးကျောင်းရဲ့ နောက်ဘက်မှာ တော့ ကျယ်ပြန့်တဲ့လယ်ကွင်းတွေရှိတယ်။ မိုးရာသီလယ်စိုက်ချိန် ဘုန်းကြီးကျောင်းပေါ်ကနေမျှော်ကြည့်လိုက်ရင် ရေဖောင်ဖောင် ဖြူဖြူတွေကြားမှာ ထိုးထိုးထောင်ထောင်ဖြစ်နေတဲ့ အစိမ်းရောင်ပျိုးပင်တွေနဲ့ ရှုခင်းဟာ ဘယ်ပန်းချီမှရေးလို့ မမှီနိုင်ပါဘူး။
လယ်ကွင်းတွေရဲ့ အဝေးတစ်နေရာမှာ တော့ လယ်တွေကိုကန့်လန့်ဖြတ်စီးဆင်းနေတဲ့ ချောင်းတစ်ချောင်းရှိတယ်။ လယ်သမားတွေရဲ့ အားထားရဆုံးချောင်းဖြစ်ပြီး ရွာရဲ့ တစ်ခုတည်းသော အကြီးဆုံးချောင်းမို့အဲဒီ ချောင်းကို “ချောင်းကြီး” လို့ ခေါ်ကြတယ်။ (အင်းသား အခေါ်က“ချောင်းကူး” ဖြစ်ပါတယ်။)
ချောင်းကြီးရဲ့ အနောက်ဘက်မှာ တော့ တစ်မျှော်တစ်ခေါ်ကျယ်ပြန့်တဲ့ အဘွားတို့ရဲ့ လယ်ရှိတယ်။ ငါးကန်လဲရှိပြီး ငါးကန်ပေါ်ကိုလျှာထိုးပြီး တဲဆောက်ထားတယ်။ တဲထဲမှာ ဘဲ၊ ကြက်နဲ့ ၀က်ကို မွေးတယ်။ငါးကန်ပတ်လည်မှာ ငှက်ပျော၊ ကြံပင်တွေစိုက်တယ်။ လယ်ကန်သင်းရိုးပေါ်မှာ စပျစ်ပင်၊ သင်္ဘောပင်၊ မာလကာပင်၊ သရက်နဲ့ သလဲပင်တွေစိုက်တယ်။
တောင်ကြီးကနေ အဘွားရွာကို ဆင်းလာတဲ့ရက်နဲ့ ကျောင်းပိတ်ရက်ကြုံခဲ့ရင် ကျွန်မ အဘွားနဲ့ လယ်ထဲလိုက်သွားတတ်တယ်။စိုက်ထားတဲ့အသီးတွေ ခူးစားလိုက်၊ ဘဲဥတွေ လိုက်ကောက်လိုက်၊လယ်စပ်က ငါး၊ ပုဇွန်လေးတွေ လိုက်ဖမ်းလိုက်နဲ့ အဆော့သန်ပြီး အစားမက်တဲ့ ကျွန်မအတွက် အဲဒီ ပျော်ရွှင်လွတ်လပ်မှု တွေကို ဘာနဲ့များ လဲနိုင်ဦးမလဲ။ အခုချိန်မှာ ပြန်ပြောင်းပြောမိပြန်တော့ လွမ်းတသသဖြစ်မိပါရဲ့ ... အမှတ်တရတွေဟာ နုနယ်တဲ့အရွယ်မှာ အရာထင်ကျန်ရစ်ခဲ့ပြီလေ ...
နောက်ပိုင်း အသက်တဖြည်းဖြည်းကြီးလာတော့ ကျောင်းပိတ်ရက်တွေမှာ ကျွန်မ လယ်ထဲမလိုက်ရတော့ပါဘူး။ ရွာတောင်ဘက်မှာ ရှိတဲ့တရုတ်ကုန်းဆိုတဲ့နေရာမှာ ကျောင်းအားရက်တိုင်း တရုတ်စာတွေသွားသင်ရပါတယ်။ ဒါပေမဲ့ တစ်ခါတလေ လယ်စိုက်ချိန်တွေမှာ တော့အမေနဲ့အတူ ကျွန်မ လယ်ထဲလိုက်သွားတတ်တယ်။ ကောက်စိုက်သမတွေယူလာတဲ့မုန့်နဲ့ သူတို့ကို အမေတည်ခင်းတဲ့ မုန့်တွေ ဝေငှစားကြရတဲ့အရသာဟာ ဆိုင်ကြီးပေါ်က မုန့်တွေနဲ့တောင် မလဲနိုင်ပါဘူး။ ဒါကြောင့်တောထဲတောင်ထဲမှာ စားရတဲ့ အစားအစာတွေရဲ့ အရသာက ပိုချိုမြိန်တယ်လို့ ပြောကြပါတယ်။
ကျွန်မက လယ်ထဲခဏခဏလိုက်သွားပြီး ရွာမှာ ကြီးလာတဲ့တောသူမဆိုပေမယ့် အကောင်တွေထဲမှာ မျှော့ကိုတော့ အလွန်ကြောက်ပါတယ်။ ရေထဲမှာ အသံကြားရင် ဆန့်ငင်ဆန့်ငင် တွားသွားပြီးသားကောင်ရှာတတ်တဲ့ အရိုးအကြော၊ အူကလီစာတွေ မရှိတဲ့သွေးစုတ်ကောင်မျှော့တွေဟာ ဘာနဲ့တူသလဲဆိုရင် ခြေလက်အင်္ဂါစုံရက်နဲ့တခြားလူအပေါ် တွယ်ကပ် စားသောက်နေတဲ့လူ၊ တခြားလူပိုင်ဆိုင်သမျှကိုခေါင်းပုံဖြတ် စုတ်ယူစားနေကြတဲ့ အသိဉာဏ် မဲ့တဲ့လူတွေနဲ့ တူပါတယ်။
မျှော့မကြောက်တဲ့အစ်မနဲ့ ကျွန်မ လယ်ထဲ အတူတူသွားရတဲ့နေ့တွေဆိုရင် လယ်ဘေးကချောင်းထဲမှာ အစ်မနဲ့ကျွန်မ မျှော့စစ်ဆင်ရေးဆင်ပါတော့တယ်။ ရေကိုလက်နဲ့ တတောက်တောက် တောက်လိုက်ရင်အသံကြားလို့ သွေးစုတ်ချင်တဲ့ မျှော့တွေဟာ ဟိုတစ်ကောင်၊ ဒီတစ်ကောင်နဲ့ တွားသွားပြီး ထွက်လာပါတယ်။
အစ်မနဲ့ကျွန်မက မျှော့တွေကို တုတ်တိုလေးနဲ့ကလော်ပြီးလယ်ကန်သင်းရိုးပေါ်မှာ ပညာပြပါတော့တယ်။ မျှော့ရဲ့ ထိပ်တစ်ဖက်ကိုတုတ်နဲ့ထိုးပြီး အပြင်အထဲပြောင်းပြန်လှန်ပေး လိုက်တာပါ။ အဲဒီ နောက်တုတ်ကို လယ်ကန်သင်းရိုးမှာ ထိုးခဲ့ကြတယ်။ မျှော့တွေကို ကျွန်မတို့က အခြောက်ခံနေလှန်းပေးလိုက်တာပါ။ သူများ အသက် မသတ်ကောင်းဘူးဆိုတာ မသိဘူးလားလို့ အပြစ်တင်ကြမလား။ မပူပါနဲ့ ၊ ညနေအိမ်မပြန်ခင် အဲဒီ အခြောက်ခံထားတဲ့ မျှော့တွေကို အစ်မနဲ့ ကျွန်မကတုတ်တွေဆွဲချွတ်ပြီး ရေထဲပြန်ချပေးခဲ့တယ်။ တစ်နေ့လုံး နေအလှန်းခံထားရတဲ့ မျှော့ဟာ ရေထဲရောက်တာနဲ့ ပြန်ရှင်လာပါတယ်။ မယုံမရှိပါနဲ့...သူတစ်ပါးရဲ့ သွေးတွေကို မတရားစုပ်ယူစားသုံးဖို့အတွက် သူတို့ဟာလွယ်လွယ်နဲ့ မသေနိုင်ကြသေးပါဘူး။ ဒါ တကယ်လက်တွေ့ပါ။
ကျွန်မ ဒုတိယတန်းအရောက်မှာ အဘွားက အစ်မကိုတောင်ကြီးခေါ်ပြီး ကျောင်းတက်စေပါတယ်။ အမေကလဲ ကျွန်မအတွက်ညီမလေးတစ်ယောက် မွေးပေးပြန်တော့ အိမ်မှာ အကြီးဆုံးလို ဖြစ်သွားတဲ့ကျွန်မ ကလေးထိန်းရပါတော့တယ်။ ကစားမက်လို့ ကလေးကို သေချာမထိန်းတဲ့ ကျွန်မကြောင့် ညီမလေးဟာ မကြာခဏ ခုန်ပေါ်ကပြုတ်ကျပါတယ်။ တော်သေးတယ် လက်တွေ၊ ခြေတွေသာကျိုးခဲ့ရင်ဒီတစ်သက် ကျွန်မကိုယ် ကျွန်မ ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူး။
အသက်တဖြည်းဖြည်းကြီးလာတော့ ကလေးထိန်းရ၊ ထမင်းဟင်းချက်ရင် ၀င်ကူရနဲ့ ကစားချိန်၊ အားချိန်က ကျွန်မအတွက် နည်းနည်းလာတယ်။ ဒါပေမဲ့ တစ်ခါတလေ ကျောင်းဆင်းပြန်ရင် သူငယ်ချင်းတွေနဲ့ ၀က်စာခူးဖို့အကြောင်းပြပြီး ချောင်းတွေမှာ ကျွန်မတို့ ငါး၊ ပုဇွန်တွေဝင်နှိုက်တတ်သေးတယ်။ ဟိုခြံ၊ ဒီခြံမှာ ငှက်ပျောသီး၊ သရက်သီးတွေခိုးစားရင်း ၀က်စာခူးဖို့ မေ့နေတတ်တယ်။ ၀က်စာတွေ ပလိုင်းတစ်ဝက်တောင်မပြည့်ဘဲ အိမ်ပြန်နောက်ကျတဲ့ နေ့တွေဆိုရင် အမေဟာ ကျွန်မကိုအိမ်ဝမှာ တုတ်နဲ့ဆီးကြိုနေတတ်တယ်။ အိမ်ရှေ့မျက်နှာစာမှာ ဒူးထောက်လက်မြှောက်ပြီး အမွေးတိုင်တစ်တိုင် မကုန်မချင်း ကျွန်မ မထရတော့ဘူး။အဲဒီ လို အပြစ်ပေးခံရတဲ့အချိန် သူငယ်ချင်းတွေက ၀ိုင်းကြည့်ပြီး ရယ်ကြရင်ကျွန်မလည်း ရှက်ရမှန်း မသိ၊ ငိုရမှန်းမသိ ရောယောင်ပြီး လိုက်ရယ်မိတယ်။ကလေးဘ၀ ဘယ်လောက်အပြစ်ကင်းစင်လိုက်သလဲကွယ်...
ဒီလိုနဲ့ အချိန်တရွေ့ရွေ့ကုန်ပြီး (၇)တန်းအထိပဲရှိတဲ့ရွာကတွဲ ဖက်အလယ်တန်း ကျောင်း၊ ငယ်သူငယ်ချင်းတွေနဲ့ ပျော်မွေ့ခဲ့တဲ့ရွာလေးကို မခွဲချင်ဘဲ ကျွန်မခွဲခဲ့ရတယ်။ တစ်ခုသော နွေရာသီကျောင်းပိတ်ရက်အဆုံးမှာ တောင်ကြီးရဲ့ မြို့အ၀င်မှာ စိုက်ထူထားတဲ့“ပြန်လည် တွေ့ဆုံကြပါဦးစို့” ဆိုတဲ့ ဆိုင်းဘုတ်အတိုင်း မနူးမနပ်၊ရင်ခုန်တတ်စအရွယ်မှာ တောင်ကြီးမြို့နဲ့ ထပ်တစ်ခေါက်တွေ့ဆုံဖို့ ကျွန်မရောက်ရှိလာပြန်ပါတယ်။
တောင်ကြီးကိုရောက်တော့ စည်းကမ်းကြီးလွန်းတဲ့ အဘိုးအဘွားတွေကြောင့် ရွာကို ခဏခဏ မပြန်ရတော့ပါဘူး။ ကျောင်းအားရက်တွေမှာ ဟိုကျူရှင်၊ ဒီကျူရှင်နဲ့ ရွာကိုပြန်ရရင်လဲ ညမအိပ်ဖြစ်တာများ ပါတယ်။ အခုဆိုရင် ရွာမှာ မီးရထားလမ်းတွေဖောက်၊စစ်တပ်တွေတည်နဲ့ လူနေအိမ်ခြေတွေ ပိုများ လာပြီး ရွာကြီးတစ်ရွာဖြစ်နေပါပြီ။ လူတွေများ လာတာနဲ့အမျှ အကျင့်စရိုက်တွေ စုံလာတယ်။အရင်က ခြံစည်းရိုးမခတ်ရင်တောင် ပစ္စည်းမပျောက်တဲ့ရွာဟာ အခုတော့ခြံဝင်းတွေနဲ့ ဖြစ်လာတယ်။
လောကကြီးမှာ ဘယ်အရာမျှ မတည်မြဲဘူးဆိုတဲ့အတိုင်း အဘိုးအဘွားတွေဆုံးကုန်တော့ ငါးကန်တွေကိုလည်း ကန်စွန်းပင်တွေက၀ါးမျိုကုန်လောက်ပြီ။ ရေ၀င်ဝင်ချိုးဖူးခဲ့တဲ့ ရေခလောက်လည်း ရေညှိတွေအထပ်ထပ်ဖုံးလွှမ်းနေလောက်ပြီ။ ခြံထိပ်က သဖန်းပင်ကြီးလည်း အိုမင်းလို့အရိုးအပြိုင်းပြိုင်းနဲ့ ငုတ်တိုလေးပဲ ကျန်နေလောက်ပြီ။
အရာရာတိုင်းပြောင်းလဲနေပြီး ရွာကြီးတစ်ရွာအဖြစ် ပြောင်းလဲလာတဲ့ရွာမှာ ကျွန်မ ငယ်စဉ်ဘ၀ ရှိခဲ့စဉ်တုန်းကလို မပြောင်းလဲတဲ့အရာတွေလဲ ရှိနေပါသေးတယ်။ အဲဒါတွေကတော့ ရွှေညောင်မြို့နဲ့ (၃)မိုင်ခွဲသာဝေးတဲ့ရွာဟာ ကျွန်မခွဲလာတုန်းကလို ရေနံဆီမီးခွက်ကို အခုထက်ထိ သံယောဇဉ်ရှိရှိနဲ့ သုံးနေဆဲဖြစ်ပါတယ်။ ပြီးတော့ ရွာသားတွေရဲ့ ဖြူစင်ရိုးသားတဲ့စိတ်ထားနဲ့၊ ဘယ်တော့မှ မပြောင်းလဲတဲ့ ဖော်ရွေနွေးထွေးတဲ့ အပြုံးတွေဖြစ်တယ်။ ရွာကို မပြန်ဖြစ်ခဲ့တဲ့ နှစ်တွေဘယ်လောက်ကြာကြာငယ်သူငယ်ချင်းတွေက ကျွန်မကို အခင်အမင်မပျက် လှိုက်လှိုက်လှဲလှဲကြိုနေဆဲပါပဲ။
သြော်... အမှတ်တရတွေဟာ နုနယ်တဲ့အရွယ်မှာ အရာထင်ကျန်ရစ်ခဲ့ပြီလေ ...
အမှတ်တရဆိုတာ
နုနယ်တဲ့အရွယ်မှာ ရှိတတ်ခဲ့ရင်
ဘ၀တစ်လျောက် မေ့ရက်စရာမရှိအောင် သတိရနေမှာ ...
![]() ထင်ရှားသူတို့ဘ၀ပုံပြင် | ![]() နေရာ | ![]() လင်းလက်တဲ့ချစ်မီးအိမ် |