(၁)
ငါ့ကို ဘယ်အချိန်ထိချစ်မှာ လဲ
“... မတိုလွန်းဘူးလား ...နှစ်တစ်ရာနဲ့ ငါ နင့်ကိုချစ်လို့ မ၀နိုင်ပါဘူး...”
ညနေခင်းလေးတစ်ခု လှပတဲ့ ဆည်းဆာနေရောင်က လောကတစ်ခွင်ကို ဖြန့်ကြက်ထားတယ်။ ရှည်လျားတဲ့လမ်းမထက်က စက်ဘီးလေးတစ်စီးပေါ်မှာ ကောင်လေးက ကောင်မလေးကို တင်နင်းလာတယ်။
“ငါ့ကို ဘယ်အချိန်ထိ ချစ်မှာ လဲ”
ကောင်လေးခါးကို ပွေ့ဖက်ထားတဲ့ ကောင်မလေးက ကောင်လေးကျောကိုမှီပြီး ခပ်တိုးတိုးလေး မေးတယ်။ ကောင်လေးရဲ့ အဖြေကကောင်မလေး စိတ်ကျေနပ်လောက်တဲ့ အမှတ်ပြည့်အဖြေ ဖြစ်မယ်မဟုတ်မှန်း ကောင်မလေး သိနေတယ်။
“ချစ်စရာစကားလေးတွေနဲ့ ဖြေဖို့ အခွင့်အရေးပေးမယ် ...”
ကောင်မလေးက ချွဲနွဲ့ ပြီးပြောတော့ ကောင်လေးက စိတ်ပါလက်ပါစဉ်းစားလိုက်တယ်။
မီးနီနေတုန်း ကောင်လေးက ကောင်မလေးကို လက်“တစ်”ချောင်းထောင်ပြပြီး အဖြေပေးလိုက်တယ်။ ကောင်မလေးက ၀မ်းသာအားရ “တစ်သက်လုံး”လို့ ပြောတယ်။
ကောင်လေး ရယ်လိုက်တယ်။ ကောင်မလေးရဲ့ အပြောမှန်သွားလို့ မဟုတ်ပါဘူး။ ကောင်မလေးဆီက အပျော်တွေ ကူးစက်သွားလို့ဖြစ်တယ်။ မီးစိမ်းတော့ ကောင်လေးက စက်ဘီးကိုဆက်နင်းပြီးကောင်မလေးကို တိုးတိုးလေးပြောတယ်။
“နင့်ကို ငါ ဒီလိုအဖြေမျိုး ပေးမှာ မဟုတ်ဘူး။ ဒီလိုအဖြေမျိုးကလူတိုင်းဖြေတတ်တဲ့ အတွက် မစစ်မှန်သလိုပဲ။ ပြန်စဉ်းစားကြည့်ပါဦး”
ကောင်လေးစကားကို ကောင်မလေးက ခေါင်းညိတ်ထောက်ခံရင်း “ဒီလိုဆိုရင် တစ်ရက်လား”
“ဟား . . . ဟား . . . ငါတို့ချစ်တာတောင် နှစ်လကျော်နေပြီ။တစ်ရက်၊ တစ်ပတ်၊ တစ်လဆိုတဲ့အဖြေမျိုးက မဖြစ်နိုင်ဘူးလေ”
ကောင်လေးအပြောမှာ ကောင်မလေး ရောယောင်ရယ်ရင်း“တစ်ခဏတော့ မဟုတ်ရပါဘူးနော်”လို့ အသံကျယ်ကြီးနဲ့ မေးတယ်။
ကောင်မလေးအပြောကြောင့် စက်ဘီးလဲမတတ် ကောင်လေးအော်ရယ်မိတယ်။ ကောင်မလေးရဲ့ ဒီလို ရွှတ်နောက်နောက်အပြောနဲ့ကြည်လင်တဲ့ရယ်သံတွေကို ကောင်လေး သိပ်ချစ်တယ်။ ကောင်မလေးရဲ့ လက်ကို ကောင်လေး တင်းတင်းဆုပ်ကိုင်ထားလိုက်တယ်။“ဒီလိုဆိုရင် တစ်နှစ်လား” ကောင်လေး ခေါင်းခါပြလိုက်တယ်။
“ဒီလိုဆိုရင် နှစ်တစ်ရာကွာ။ ငါ့ကို နှစ်တစ်ရာချစ်ရင် ရပြီ”
ကောင်မလေးက စိတ်မရှည်ဘဲ ပြောနေပေမယ့် မျက်နှာပေါ်မှာ အပျော်ရိပ်တွေ သမ်းနေတယ်။
“နှစ်တစ်ရာ... မတိုလွန်းဘူးလားကွာ။ နှစ်တစ်ရာနဲ့ ငါ နင့်ကိုချစ်လို့မ၀နိုင်ဘူး”ကောင်လေးရဲ့ စကားလက်နက်က ကောင်မလေးရဲ့ နှလုံးသားထဲ စူးစူးနစ်နစ် ထိုးစိုက်သွားတယ်။ ကောင်မလေးရဲ့ တိုးညှင်းညှင်းရယ်သံက ကောင်လေးကို မီးနီဖြတ်မောင်းရဲတဲ့ အင်အားတွေပေးနေတယ်။
“အဖြေကို သိချင်ပြီလား” ကောင်လေး ဖြေချင်နေပြီ။
“ငါ့ကို ဘယ်အချိန်ထိ ချစ်မှာ လဲ” ကောင်မလေးလည်း အဖြေကိုကြားချင်နေပြီ။
ကောင်လေးက လက်တစ်ချောင်းထောင်ပြရင်း “နင် ငါ့ကို မချစ်တော့တဲ့တစ်နေ့ အထိ ငါချစ်နေမယ်”
ကောင်လေးစကားကြောင့် ကောင်မလေး ငေးငိုင်သွားတယ်။
နင် ငါ့ကို မချစ်တော့တဲ့တစ်နေ့အထိ ငါ ချစ်နေမယ်။
အဲဒီ့ တစ်နေ့က ဘယ်လောက်ကြာနိုင်မလဲ။ တိုနိုင်သလို၊ရှည်နိုင်တယ်။ ထာဝရ၊ တခဏလည်း ဖြစ်နိုင်ပေမယ့် တိကျတဲ့ အဖြေဖြစ်ပါတယ်။
(၂)
အိမ်ထောင်ရေး တိုးကိန်းသီအိုရီ
“လူနှစ်ယောက်ပေါင်းသင်းတဲ့ သီအိုရီကတိုးကိန်းသီအိုရီဖြစ်တယ်...”
သင်တန်းကျောင်းတစ်ကျောင်းရဲ့ နောက်ဆုံးသင်တန်းချိန်က“အိမ်ထောင်ရေး၏ လုပ်ဆောင်မှု နှင့် တီထွင်မှု ” အကြောင်းဖြစ်တယ်။ဟောပြောမယ့်ဆရာက အတန်းထဲဝင်လာပြီး အသင့်ယူလာတဲ့ ကားချပ်တစ်ချပ်ကို ကျောက်သင်ပုန်းပေါ် ချိတ်ဆွဲလိုက်တယ်။ ကားချပ်ပေါ်မှာ က “အောင်မြင်တဲ့ အိမ်ထောင်ရေးအချက် နှစ်ချက်” ဆိုပြီး . . . . .
(၁) လူကောင်းတစ်ယောက်ကို ရှာပါ။
(၂) ကိုယ်ကိုယ်တိုင် လူကောင်းဖြစ်အောင်လုပ်ပါ . . . လို့ ရေးထားတယ်။
ဆရာက “အောင်မြင်တဲ့ အိမ်ထောင်ရေးက ဒီလောက်ကိုလွယ်ကူပါတယ်။ တခြားအောင်မြင်တဲ့လျှို့ဝှက်ချက်တွေကိုလည်း သက်ကြီးရွယ်အိုတွေဆီက အမြဲကြားဖူးကြပါ လိမ့်မယ်ထင်ပါတယ်လို့ စကားစလိုက်တာနဲ့ သင်တန်းသားတွေဆီက တွတ်ထိုးသံတချို့ ထွက်လာတယ်။သင်တန်းသားအများ စုက အိမ်ထောင်ရှိသူတွေဖြစ်ပါတယ်။
တအောင့်ကြာတော့ အသက် (၃၀)အရွယ် အမျိုးသမီးတစ်ဦးထရပ်ပြီး “တကယ်လို့ ဒီအချက်နှစ်ချက်စလုံးကို မလုပ်နိုင်ခဲ့ဘူးဆိုရင်ရော”လို့ ဆရာ့ကို မေးတယ်။
ဆရာက “မလုပ်နိုင်ခဲ့ရင် အချက် (၄)ချက် ဖြစ်သွားလိမ့်မယ်”လို့ပြောပြီး နောက် ကားချပ်တစ်ခုကို ချိတ်ဆွဲလိုက်တယ်။
(၁) သည်းခံပါ။ ကူညီပါ။ ကူညီတာ အလိုမကျရင် သည်းခံပါ။
(၂) သည်းခံတာကို အကျင့်ဖြစ်အောင် လုပ်ပါ။
(၃) ရိုးသားတဲ့စရိုက်လေးပါအောင် ကျင့်ပါ။
(၄) ရိုးသားတဲ့စရိုက်ကို တစ်သက်လုံးကျင့် သွားပါ။
အချက်(၄)ချက်ကို ဆရာရွတ်မပြီးခင် သင်တန်းသားတွေလှုပ်လှုပ်ရွရွဖြစ်လာကြတယ်။ ဒါမဖြစ်နိုင်ဘူး။ ဒီလိုလုပ်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ တီးတိုးသံတချို့ လွင့်လာတယ်။ အားလုံးငြိမ်သက်သွားချိန်ရောက်မှဆရာက “တည်ငြိမ်တဲ့ အိမ်ထောင်ရေးတစ်ခု ရှိချင်တယ်။ ဒီ (၄)ချက်ကိုလည်း မလုပ်နိုင်ဘူးဆိုရင် အောက်ကအချက်(၁၆)ချက်ကို လုပ်နိုင်ရမယ်”လို့ ပြောလိုက်တယ်။
ဆရာက နောက်ကားချပ်တစ်ချပ်ကို ချိတ်ဆွဲလိုက်ပြန်တယ်။
(၁) မတူတဲ့ အချိန်မှာ စိတ်တို၊ ဒေါသထွက်ကြပါ။
(၂) မလိုအပ်ရင် စကားပြောတဲ့အချိန်မှာ အော်မပြောပါနဲ့။
(၃) ရန်ဖြစ်၊ အငြင်းပွားတဲ့အခါ တစ်ဖက်လူကို အနိုင်ပေးလိုက်ပါ။
(၄) ဒီနေ့ငြင်းခုံတာကို မနက်ဖြန်အထိ သယ်မ သွားပါနဲ့။
(၅) ငြင်းခုံရန်ဖြစ်ပြီး အမေ့အိမ်ပြန်တာပဲဖြစ်ဖြစ်၊ အပြင်ထွက်သွားတာပဲဖြစ်ဖြစ် အချိန် (၈)နာရီထက် မကျော်ပါစေနဲ့။
(၆) ဝေဖန်တဲ့ စကားမှာ မေတ္တာပါပါစေ။
(၇) ကိုယ့်အမှားကို တောင်းပန်တတ်ဖို့ အမြဲအသင့်ပြင်ထားပါ။
(၈) ကိုယ့်အကြောင်း သွားပုပ်လေလွင့် သတင်းကြားတဲ့အခါ ဟာသလိုသဘောထားပြီး ရယ်ပစ်ပါ။
(၉) တစ်လကို တစ်ညလောက် သူ့အတွက် လွတ်လပ်တဲ့ အချိန်ပေးပါ။
(၁၀) ဒေါသစိတ်နဲ့ အိပ်ရာမ၀င်ပါနဲ့။
(၁၁) သူ အိမ်ပြန်ချိန်မှာ ကိုယ် အိမ်မှာ ရှိနိုင်ဖို့ ကြိုးစားပါ။
(၁၂) တစ်ဖက်လူက မနှောင့်ယှက်စေချင်ရင် မနှောင့်ယှက်မိအောင်ကြိုးစားပါ။
(၁၃) ဖုန်းမြည်တဲ့အချိန် တစ်ဖက်လူ အရင်ကိုင်ပါစေ။
(၁၄) အိတ်ကပ်ထဲ ငွေဘယ်လောက်ရှိတယ်ဆိုတာကို အမြဲ စာရင်းပေးပါ။
(၁၅) ငွေမရှိတဲ့ နေ့ရက်ကို ဖျက်ဆီးနိုင်အောင် ကြိုးစားပါ။
(၁၆) ကိုယ့်မိဘကိုပေးတဲ့ ငွေက တစ်ဖက်မိဘကိုပေးတဲ့ ငွေထက် နည်းပါစေ။
(၁၆)ချက်ကို ဆရာရွတ်ပြီးသွားတော့ သင်တန်းသားတချို့ကရယ်ကြတယ်။ တချို့က သက်ပြင်းချကြတယ်။ ဆရာက ဆက်ပြီး “တကယ်လို့ ဒီ(၁၆)ချက်ကို မလုပ်နိုင်သေးဘူးဆိုရင် အောက်ကအချက်(၂၅၆)ချက်ကို လုပ်ရလိမ့်မယ်။ လူနှစ်ယောက် ပေါင်းသင်းတဲ့ သီအိုရီကတိုးကိန်းသီအိုရီ ဖြစ်တယ်။ ရှေ့ကအခြေခံအချက်တွေပေါ်မှာ နှစ်ထပ်တိုးသွား တာဖြစ်တယ်”
အဲဒီ့ နောက် ဆရာက အချက် (၂၅၆)ချက်ကို ရေးလိုက်တယ်။
“အဲဒီ့ အခြေအနေကို ရောက်သွားတဲ့ အိမ်ထောင်ရေးကအန္တရာယ်နဲ့ အရမ်းနီးနေပြီ” လို့ပြောပြီး သင်ခန်းစာကို အဆုံးသတ်လိုက်ချိန်မှာ တစ်ခန်းလုံး လက်ခုပ်သံတွေဟိန်းသွားတယ်။ ဟောပြောပွဲပြီးကြောင်း ကြေညာပြီးပေမယ့် တချို့သင်တန်းသားတွေက မလှုပ်မယှက်ထိုင်နေကြတယ်။ သူတို့မျက်နှာပေါ်မှာ မျက်ရည်တွေ စီးဆင်းနေတယ်လေ။
မူရင်း http://www.ntuee78.org/essay
(၃)
စိတ်ကူးချစ်သူ
“ကျွန်မရဲ့ အချစ်ကို သူ တန်ဖိုးထားသလိုကျွန်မရဲ့ အားနည်းချက်တွေကို သူ ချစ်သတဲ့...”
ကျွန်မမှာ အရပ် (၁၈၀)စင်တီမီတာမြင့်တဲ့ ချစ်သူတစ်ယောက်ရှိတယ်။ ရုပ်ရည်က ကျွန်မကြိုက်တဲ့ ဂျပန်မင်းသား ကီမူရာတကုယနဲ့တစ်ပုံစံတည်း။ ဂျင်းဘောင်းဘီကြိုက်သူ၊ ကော်ဖီကြိုက်သူ၊ ဘယ်လိုကြည့်ကြည့် မိုက်နေတာပဲ။ ကျွန်မတို့က ကိုယ့်ဘာသာလွတ်လွတ်လပ်လပ်နေကြပြီး တစ်ပတ်မှာ တစ်ခါ၊ နှစ်ခါပဲတွေ့ကြတယ်။ ကျွန်မတို့နှစ်ဦးစလုံးရည်မှန်းချက်ကိုယ်စီနဲ့ အလုပ်ကြိုးစားကြတယ်။ “As Good as It Gets”
ရုပ်ရှင်ထဲက မင်းသားဂျက်နီကိုလ်စင်က မင်းသမီးဟယ်လင်ဟန့်ကိုချီးကျူးသလိုပေါ့။ “မင်းကြောင့် ငါ လူကောင်းတစ်ယောက် ပိုဖြစ်ချင်လာတယ်” ဆိုတဲ့ အတိုင်း ကျွန်မတို့ တစ်ဦးအပေါ်တစ်ဦး နားလည်ကြတယ်။လူကောင်းတွေ ပိုဖြစ်ချင်ကြတယ်။
ဖုန်းထဲက ကျွန်မရဲ့ “ဟယ်လို” ဆိုတဲ့ အသံကို ကြားရုံနဲ့ ကျွန်မဘာဖြစ်နေမှန်း သူသိတယ်။ နားလည်ပေးမှု က ဘာလဲဆိုတာကို ကျွန်မသဘောပေါက်လာတယ်။
တွေ့ဆုံတိုင်း ကျွန်မရဲ့ ခေါင်းကို ပွတ်သပ်ပြီး “ဟန်နီ ဒီတစ်ပတ်လိမ်မာရဲ့ လား”ဆိုတဲ့ သူ့အမေးကြောင့် အချစ်ခံရတာ က ဘာလဲဆိုတာကိုကျွန်မ သဘောပေါက်စပြုလာတယ်။
ဟတ်ချိုးချေတိုင်း ပါးစပ်မပိတ်တတ်တဲ့ ကျွန်မကို “ကိုယ်တို့လင်မယားလိုပဲ” လို့ရယ်မောပြောတတ်တဲ့ သူ့ကြောင့်လွတ်လပ်မှု က ဘာလဲ ဆိုတာကို ကျွန်မ စသဘောပေါက်လာတယ်။
“ကိုယ်လုပ်လိုက်မယ်”ဆိုတဲ့ သူ့ရဲ့ ဦးဆောင်ချင်မှု ကြောင့်ဘယ်လိုဆုံးဖြတ်ချက်ချရင် ကောင်းမလဲဆိုတဲ့ ဦးနှောက်စားတဲ့ကိစ္စတွေကို ကျွန်မ တွေးတောစရာ မလိုတော့ဘူး။
“ဆောရီးနော်” ဆိုပြီး သူ့အပြစ်တွေ အတွက် ပွေ့ဖွ က်လာတတ်တဲ့သူ့ကြောင့်ကျွန်မ ဆိုးချင်တိုင်း ဆိုးလို့ရခဲ့တယ်။
ညအိပ်ရာမ၀င်ခင် ဖုန်းဆက်ပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ဖို့ နှုတ်ဆက်တတ်တဲ့ သူ့ကြောင့် ညအမှော င်ရောက်လာမှာ ကို ကျွန်မ မကြောက်တော့ဘူး။
“မကြောက်နဲ့။ ဟန်နီ့အနားမှာ ကိုယ် အမြဲရှိတယ်”ဆိုတဲ့သူ့ရဲ့ အားပေးစကားကြောင့် ဘ၀ကိုရင်ဆိုင်ဖို့ ကျွန်မ ယုံကြည်မှု တွေပိုလာတယ်။
ပြီးတော့ ကျွန်မနဲ့ အတူ ရှော့ပင်းထွက်တိုင်း မောတယ်ပန်းတယ်လို့ ဘယ်တော့မှမညည်းညူဘူး။ အင်္ကျီတွေယူပြီး ဘယ်တစ်ထည်လှသလဲလို့ မေးလိုက်တိုင်း ကျွန်မကို သေချာကြည့်ပြီး “ဟန်နီ ဘာဝတ်ဝတ်လှတယ်” တဲ့လေ။
ဆူညံနေတဲ့ ကော်ဖီဆိုင်မှာ ကျွန်မနဲ့အတူထိုင်ပြီး အိုင်းစတိုင်းအကြောင်း ပြောတတ်သလို စည်းကမ်းကြီးတဲ့ ကျွန်မမေမေကိုသူ့စိတ်ထဲက ကြောက်နေပေမယ့် မေမေနဲ့အတူ စကားတွေ ပြောတတ်တယ်။
ကျွန်မဘေးမှာ သူ မရှိတဲ့အချိန် ကျွန်မကိုယ် ကျွန်မ ရပ်တည်နိုင်တယ်ဆိုတာ သူ သိတယ်။ (၂၄)နာရီရဲ့ စက္ကန့်တိုင်းမှာ သူ့ကို ကျွန်မလွမ်းနေတယ်ဆိုတာ သူသိတယ်။ ကျွန်မရဲ့ အချစ်ကို သူ တန်ဖိုးထားသလို ကျွန်မရဲ့ အားနည်းချက်တွေကို သူချစ်သတဲ့။ သူ့ရဲ့ အကြင်နာ၊အယုယတွေက ကျွန်မ အတွက်ပဲလေ။
သြော်... ပြောဖို့မေ့နေလိုက်တာ။ ကျွန်မ ချစ်သူနာမည်က“စိတ်ကူး”တဲ့။
ဒီစာကိုဖတ်နေရင်း စာထဲကကောင်မလေးကို အားကျမိတယ်။စာကို ပြုံးရင်းဖတ်မိသလို ဖတ်နေရင်းလည်း ကြည်နူးမိတယ်။ဒါပေမယ့် အောက်ဆုံးစာကြောင်းကိုလည်းဖတ်မိရော “အင်း... ဒီလိုပဲဖြစ်ရမယ်” ဒါမှမဟုတ် “ဟင် . . . အဲဒီ့ လိုကြီးလား”လို့ ခံစားမိပြီး ဖတ်လေသမျှ သဲရေကျမိမလား။
ဒီစာကို မိန်းကလေးဘက်ကမဟုတ်ဘဲ ယောက်ျားလေးဘက်ကနေ ခံစားရေးဖွဲ့ပြီး အဆုံးသတ်စကားလုံးချင်း တူညီခဲ့ရင် “အင်း . . .ဒီလိုပဲဖြစ်ရမယ်” လို့ တွေးမိကြမလား။
လူတိုင်းရဲ့ စိတ်ကူးထဲကချစ်သူက ခြောက်ပစ်ကင်းတွေပါ။ကိုယ့်အပေါ် နားလည်စာနာပေးသူ၊ သနားကြင်နာတတ်သူ၊ မလိမ်မညာကိုယ်ချင်းစာတတ်တဲ့ချစ်သူကို အပြင်မှာ လည်း လူတိုင်း ပိုင်ဆိုင်ချင်ကြတာပဲ။ ဒီလိုချစ်သူကိုရဖို့ ကိုယ့်ဘက်ကစပြီး နားလည်ပေးတတ်ဖို့၊စာနာပေးတတ်ဖို့ လိုအပ်ပါတယ်။ ချစ်သူတွေကြားမှာ တချို့ကိစ္စကနှစ်ဦးနှစ်ဖက် နားလည်ခွှင့်လွှတ်မှ ပြီးပြည့်စုံသွားတတ်တယ်။ ဒါမှစိတ်ကူးထဲကချစ်သူနဲ့ အပြင်ကချစ်သူ တစ်ထပ်တည်းတူနိုင်မှာ ဖြစ်တယ်။
“မင်းကြောင့် ငါ လူကောင်းတစ်ယောက် ပိုဖြစ်ချင်လာတယ်”တဲ့။
“မင်းကြောင့် ငါ သူ့ကို လိမ်လိုက်တယ်” ဆိုတာမျိုး ဘယ်သူမှမကြုံပါစေနဲ့လို့ . . .
![]() စမ်းချောင်းလေးရဲ့ ခရီးစဉ် | ![]() ကျွန်မဖတ်ဖို့ (၂) | ![]() နှလုံးသားဝန်ဆောင်မှု |