Cover

ကျွန်တော်နဲ့ သူယောင်မယ်

''မလှုပ်နဲ့နော်၊နည်းနည်းလေးလှုပ်လိုက်တာနဲ့ဟောဒီသေနတ်ထဲကကျည်ဆံတွေ ဟာမင်းဆီကိုအတားအဆီးမရှိပျံသန်းလာကြလိမ့်မယ်၊လက်နှစ်ဖက်ကို ဖြည်းဖြည်း ချင်းမြှောက်ပြီး ခေါင်းပေါ်တင်ထားစမ်း''

ခေါင်းစွပ်နဲ့မိုးကာအင်္ကျီပွပွကြီးဝတ်ဆင်ထားတဲ့ခြံထဲကျူးကျော်ဝင်ရောက်လာသူကကျွန်တော့်စကား အတိုင်းလက်နှစ်ဖက်မြှောက်ပြီး ခေါင်းပေါ်တင်လိုက်တယ်။

သူခိုး(ဒါမှမဟုတ်)အလစ်သုတ်မယ့်ငနဲဟာ သေးသေးညှက်ညှက်လေးမို့သေနတ်နဲ့မချိန်ဘဲဖမ်းရင်တောင်ရလောက်တယ် လို့ကျွန်တော်တွေးမိ သွားတယ်။

ဒါပေမယ့် သတိဆိုတာပိုတယ်မရှိဘူးမဟုတ်လား။

ပြီးတော့ ကျွန်တော်ဖတ်ရှုလေ့လာခဲ့တဲ့ စပိုင်ဝတ္ထုတွေ ရဲ့ အဆိုအရ တကယ်အလုပ်ဖြစ်တဲ့ အေးဂျင့်ငနဲတွေ ဟာ မလောက်လေးမလောက်စားအရွယ်လေးတွေ ဖြစ်နေတတ်ပါသတဲ့။

ဒါ့အပြင် သူ့ကိုယ်ပေါ်မှာ လက်နက်တစ်စုံတစ်ရာမပါဘူးလို့လည်း မပြောနိုင်ဘူးလေ။

''ဟုတ်ပြီ၊ အခု တစ်ကနေ သုံးအထိရေမယ်၊ ငါရေတွက်နေတုန်း မင်း ငါ့ဘက်ကို ဖြည်းဖြည်းချင်းလှည့်၊ စိတ်လိုက်မာန်ပါလှုပ်ရှားဖို့တော့ စိတ်မကူးနဲ့နော်၊ ငါ့လက်ထဲမှာ သေနတ်ရှိတယ်၊ အဲ့ဒီသေနတ်နဲ့အသက်ပေါင်း များ စွာ ကို ခြွေခဲ့ပစ်ခဲ့ပြီးပြီ''

နောက်ဆုံးစကားကိုတော့ တစ်ဖက်သားကြောက်အောင် တမင်ပိုပြောလိုက်တာပါ။

''ကဲ...စရေမယ်၊ တစ်''

''နှစ်''

''သုံး''

ငနဲက ဖြည်းဖြည်းချင်းလှည့်လာတယ်။

လက်ကိုခေါင်းပေါ်တင်ပြီး မျက်နှာကို ခပ်ငိုက်ငိုက်လုပ်ထားတယ်။

ကျွန်တော့်ကို မျက်နှာချင်းမဆိုင်ရဲသလို ပုံမျိုးနဲ့ပါ။သိပ်ပြီးပါးနပ်သူမဟုတ်ရင်တော့အမှန်တကယ် ကြောက်ရွံ့နေသူ ဖြစ်မှာ ပဲ။

ကျွန်တော့်ဘယ်လက်ထဲက ဓာတ်မီးကို ဖွင့်မလို့လုပ်ရတုန်းမှာ ပဲကြောင်လိုက်လို့ အသက်လုပြီးပြေးလာပုံရတဲ့ ကြွက်တစ်ကောင်ဟာ ကျွန်တော်တို့နှစ်ယောက်ကြားကဖြတ်ပြီး ငနဲရဲ့ ခြေထောက်တွေ ကို တိုးတိုက်သွားတယ်။

''အမယ်လေးတော့''

သူခိုးငနဲဟာ ကြောက်အားလန့်အား ပစ်လဲကျသွားတယ်။လက်ထဲကဓာတ်မီးနဲ့ ဖျတ်ခနဲလှမ်းထိုးလိုက်တော့ မိုးကာခေါင်းစွပ် အောက်မှာ တွေ့ မြင်လိုက်ရတဲ့မျက်နှာက မိန်းမပျိုလေးတစ်ယောက်ရဲ့ ဖြူနုလှပတဲ့ မျက်နှာကလေးဖြစ်လေရဲ့ ။

''ဟင်...မိန်းကလေးပါလား''

''ဟုတ်ကဲ့''

''သြော်...လက်စသတ်တော့ ဒီမြို့သူခိုးတွေ က အမျိုးသမီးတွေ ကိုး''

ကျွန်တော်ဟာ လက်ထဲက သေနတ်မောင်းခလုတ်ကို ညှစ်ဆွဲလိုက်ရမလား။လဲပြိုရာကနေ ကုန်းရုန်းထနေတဲ့သူမဆီကိုလက်လှမ်းလိုက်ရမလားဝေခွဲမရအောင်ဖြစ်နေမိတယ်။ဝိုင်းစက်တဲ့မျက်လုံးအစုံနဲ့ကျွန်တော့် ကို အထိတ်တလန့်မော့ကြည့်နေတဲ့ သူမက ခပ်တိုးတိုးပြောလာတယ်။

''ကျွန်တော်သူခိုးမဟုတ်ပါဘူး၊ မိကောင်းဖခင်သားသမီးပါ၊ တဆိတ်ထူပါဦးရှင်''

ကျွန်တော် လက်တစ်ဘက်ကမ်းပေးရင်း သူမကိုမေးလိုက်တယ်။

''ဒါဆို မင်းဘာဖြစ်လို့ ခြံထဲကို ခိုးကြောင်ခိုးဝှက်ဝင်လာတာလဲ''

''ဒီခြံက အန်ကယ်ဦးမင်းညိုတို့ခြံမဟုတ်လား''

''ဟုတ်တယ်လေ အဲဒါ ငါ့ဘကြီးပဲ၊ ငါက ဘကြီးမရှိလို့ ခြံကို ခဏလာစောင့်ပေးနေတာ။ ပြောပါဦး မင်းဘာလို့ဝင်လာတာလဲ''

''ကျွန်တော် အန်ကယ်ဦးမင်းညိုဆီမှာ အိပ်မလို့''

''ဟင်''

တွဲ ထူနေတဲ့ သူမရဲ့ လက်ကို ယောင်ပြီး ကျွန်တော်ပြန်လွှတ်ချလိုက်မိတယ်။

''အမေ့''

သူမ နောက်တစ်ကြိမ် ပြန်လဲကျ သွားပါတယ်။

* * *

''ကျွန်တော်နဲ့ သူယောင်မယ်''လို့ ကြိုတင်အမည်ပေးထားတဲ့ဒီဇာတ်ဝင်ခန်းရဲ့ တကယ့်နိဒါန်း အစစ်အမှန် ကတော့ ကျွန်တော့်ဘကြီးရဲ့ တယ်လီဖုန်းခေါ်သံနဲ့ စတင်လာတာပါ။

ရန်ကုန်မှာ အေးရာအေးကြောင်း စာတိုပေစလေးတွေ ရေး နေသူကျွန်တော့်ကိုကြည့်မရတဲ့ ဘကြီးက တမင်အလုပ်မရှုပ်ရှုပ်အောင် သူရှိရာ သံလျင်ကိုလှမ်းခေါ်ပါတယ်။

''ငါ စနေ တနင်္ဂနွေ မြစ်ဝကျွန်းပေါ်ဘက် ငါးကန်တွေ သွားကြည့်ရမယ်၊မင်း သံလျင်ကိုလာပြီး အိမ်စောင့်ပေးစမ်းကွာ''

''အိမ်များ သော့ ပိတ်ထားခဲ့ရင် ရသားပဲမဟုတ်လား ဘကြီးရဲ့ ''

''မင်းကြီးဒေါ်''

''ဗျာ...ကြီးဒေါ်ကြီးဆုံးတာ ကြာပြီမဟုတ်လား''

''ခက်တော့တာပဲ၊ ကြီးဒေါ်ဆိုတာ ငါ မင်းကို ဆဲမလို့အစပျိုးတာကွ၊အိမ်ကိုသော့ ခတ်ပြီးထားလို့ရပေမယ့် ခွေးနှစ်ကောင်နဲ့ ကြောင်သုံးကောင်ကိုအစာကျွေးဖို့လိုတယ်၊ ငါ့ကိုလာကူပေးနေတဲ့ လှအေးကလည်း တောပြန်သွားတယ်၊အဲဒီ တော့ မင်း ဒီညပဲလာခဲ့၊ ငါ မနက်ဖြန်သွားမယ်''

ပြောပြီးတာနဲ့ ဘကြီးက ဆောင့်ကြီးအောင့်ကြီးနဲ့ ဖုန်းချ သွားပါတယ်။

ကျွန်တော်လည်း လိုင်းပြတ်သွားတဲ့ တယ်လီဖုန်းထဲကို စောဒကတက်နေလည်း ထူးမှာ မဟုတ်လို့ ဘကြီးရှိရာ သံလျင်ကို ထွက်လာခဲ့ရတယ်။

နှစ်ချို့သစ်ပင်ကြီးတွေ စိမ်းညိုနေတဲ့ ဘကြီးရဲ့ ခြံကျယ်ကြီးထဲကျွန်တော်ရောက်ပြီး နောက်တစ်နေ့မှာ ပဲ ကျွန်တော့်ဘကြီး ခရီးထွက်သွားတယ်။

နှစ်ထပ်တိုက်ကြီးတစ်လုံး ဂိုထောင်ထဲမှာ ရပ်ထားတဲ့ ရှေးဟောင်းမာစီးဒီးကားတစ်စီးနဲ့ မီးခံသေတ္တာသော့  ကျွန်တော့် လက်ထဲအပ်သွားတာဟာနည်းနည်းနောနော ယုံကြည်မှု မဟုတ်ဘူးလို့ပြောရမယ်။

ဇနီးဆုံးသွားပြီဖြစ်သလို သားထောက်သမီးခံလည်းမရှိတဲ့ ဘကြီးဟာတောက်ရုံတန်ရုံလူကို ယုံကြည်တတ်သူမဟုတ်ပါဘူး။

အားကိုးစရာဆိုလို့ တူအရင်းဖြစ်သူ ကျွန်တော် တစ်ယောက်တည်းသာရှိပေမယ့် ကျွန်တော့်လည်း ယုံလှတာတော့ မဟုတ်ပေဘူး။

အခု အသက်ကြီးလာမှသာ ယုံကြည်ဖော်ရလာတာပါ။

မနက်စောစော ဘကြီးခရီးထွက်သွားတာနဲ့ ကျွန်တော် ဝတ္ထုတို တစ်ပုဒ်ကိုစိမ်ပြေနပြေ ထိုင်ရေး နေလိုက်တယ်။

ကြောင်တွေ က တညောင်ညောင် အစာလာတောင်းတော့ ပေါင်မုန့်အနည်းအကျဉ်း ချကျွေးလိုက်တယ်။ ကျွန်တော်ကိုယ်တိုင်လည်း (ထမင်းချက်ရမှာ ပျင်းလို့) အဲ့ဒီပေါင်မုန့်ပဲ ထိုင်စားပါတယ်။

ညမှော င်လာတော့မှ စာရေး ရပ်ပြီး ဝရန်တာမှာ စိတ်အေးလက်အေးထွက်ထိုင်ရင်း မှေးခနဲအိပ်ပျော်သွားတယ်။

ကျွန်တော်က အိပ်ပြီဆိုရင် တော်ရုံတန်ရုံ ခြင်ကိုက်လည်း မနိုးဘူး။ ဒါပေမယ့်ညဥ့်နက်လာချိန်မှာ တော့ ကျွန်တော့်ကို လန့်နိုးစေတဲ့ ငိုသံတစ်ခုက ထွက်ပေါ်လာတယ်။

''အီး...ဟီး''

အသံဟာ သိပ်မဝေးလှတဲ့ နေရာတစ်နေရာကနေ ထွက်ပေါ်လာတာပါ။

ကလေးငယ်တစ်ယောက်ရဲ့ ငိုသံမဟုတ်သလို လူကြီးသူမတွေ ရဲ့ ငိုသံမျိုးလည်းမဟုတ်ဘူး။ဒါဟာ အမျိုးသမီးတစ်ယောက်ရဲ့ ဆွဲဆွဲငင်ငင် ငိုနေသံပါ။ငိုသံဟာ ခြံရဲ့ ဘယ်အရပ်ဆီလောက်က လွင့်မြောလာတယ် ဆိုတာကျွန်တော်မခန့်မှန်းနိုင်ခဲ့ဘူး။

တအောင့်ကြာတော့ ငိုသံတွေ ဟာ ပိုမိုကျယ်လောင်လာပြီး ရှုပ်ထွေးတဲ့အခြေအနေတစ်ခုဆီ ဦးတည်တော့မယ့် အော်ဟစ်သံတွေ ကိုပါ ကြားလာရတယ်။

''အီး...ဟီး၊ အမေရေကယ်ပါဦးတော့၊ ကျွန်မကိုသတ်တော့မယ်''

''ယောက်ျား ရှင်လွန်မယ်နော်၊ လက်ထဲကတုတ်ကိုချလိုက်''

ပြဿနာရဲ့ အရေး တကြီး အခြေအနေကိုရောက်နေမှန်း သိပေမယ့်ကျွန်တော့်အရပ်မဟုတ်တာမို့ ဘာလုပ်သင့်သလဲ အလွယ်တကူ မစဉ်းစားနိုင်ခဲ့ဘူး။

ခဏကြာတော့ အသံတွေ ဟာ မှိန်ဖျော့ပျောက်ကွယ်သွားတယ်။ အေးချမ်းသွားပြီလို့ ယူဆနိုင်သလို ဆိုးဆိုးဝါးဝါး ဖြစ်ပျက်သွားခဲ့ပြီ လို့လည်း ထင်မြင်နိုင်ပါတယ်။

ကျွန်တော်ဟာ အသံတစ်ခုခု ထွက်ပေါ်လာနိုးနဲ့ နားစွင့်နေရင်း တအောင့်အကြာမှာ ခြုံတိုးသံတစ်ခုကို သတိပြုမိလာတယ်။ တစ်စုံ တစ်ယောက်ဟာ ခြံစည်းရိုးကိုတိုးဝင်နေပုံပါ။

အသံထွက်ရာကို သတိထားကြည့်လိုက်တော့ ခေါင်းစွပ်မိုးကာနဲ့ လူရိပ်သဏ္ဌာန်တစ်ခုဟာ ခြံထဲတိုးဝင်လာတာကို တွေ့ ရတော့တာပဲ။

ဘကြီးက ယုံကြည်မှု အပြည့်နဲ့ ရှားရှားပါးပါး ခြံအပ်သွားတဲ့ ညမှာ မှသူခိုးအခိုးခံရတာ မျိုးတော့ ကျွန်တော် အဖြစ်မခံနိုင်ဘူး။

ဒါနဲ့ သူခိုးဆင်းဖမ်းဖို့ လက်နက်တစ်ခုခုကို ရှာလိုက်တော့ကော်ကျည်ဆံထည့်ပစ်ရတဲ့ တရုတ်ပြည်ဖြစ် ကစားစရာသေနတ်ကို သွားတွေ့ တယ်။

''ဘကြီးဟာ အတင့်ရဲလှတဲ့ ကြွက်တွေ ကို ဒီသေနတ်နဲ့ လှမ်းလှမ်းပစ်တတ်တာ ကျွန်တော် မကြာခဏ တွေ့ မြင်ဘူးပါရဲ့ ''

သေနတ်အစစ်မဟုတ်ပေမယ့် မျက်လုံးကိုမှန်အောင်ပစ်နိုင်ရင် တစ်ဘက်ကခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားနိုင်တယ်မဟုတ်လား။ဒါနဲ့ပဲ လေးခွအစားကော်သေနတ်ဆွဲပြီး ကျွန်တော် အိမ်ပေါ် ကဆင်းလာတာပါ။

ဒါပေမယ့် တေ့တေ့ဆိုင်ဆိုင် ဖမ်းဆီးမိချိန်မှာ သူခိုးက အမျိုးသမီးလေးဖြစ်နေတဲ့အပြင် ဘကြီးဆီလာအိပ်တာပါဆိုလို့ ကျွန်တော် ကြောင်သွားရတယ်။

''မင်း...ဘာပြောတာလဲ၊ ငါ့ဘကြီးက အသက်ခုနစ်ဆယ်ကျော်နေပြီ''

''အဲဒါဘာဖြစ်လဲ''

''ဘကြီးဆီလာအိပ်တယ်ဆိုတာ ငါ့ဘကြီးကို တမင်သိက္ခာ ချတာလား''

''အို...ဘာတွေ လဲရှင့်၊ ကျွန်တော်က အိမ်နဲ့ပြဿနာဖြစ်တဲ့အခါ ဒီမှာ လာပြီးပုန်းအိပ်ရတာ ကိုပြောတာ ကျွန်တော့်ပထွေးက အရက်မူးရင် တမင်အပြစ်ရှာပြီးလိုက်ရိုက်တတ်လို့''

''ဟင်...ဒါဖြင့်''

''စောစောက ရိုက်မယ်ပုတ်မယ်လုပ်နေတာ ရှင်မကြားလိုက်မိဘူးလား''

ကျွန်တော် နည်းနည်းတော့ သဘောပေါက်စပြုလာတယ်။ဒါပေမယ့် မယုံသေးလို့။

''မင်း သူခိုးမဟုတ်ဘူးဆိုတာ ငါဘယ်လိုသိနိုင်မှာ လဲ''

''သူခိုးဆိုရင် အန်ကယ်ကြီးရဲ့ ခွေးတွေ က ကိုက်ပြီပေါ့၊ ရန်လုံတို့ တိုးပွားတို့ကကျွန်တော်နဲ့ ဘော်ဒါတွေ ဖြစ်နေတာ မတွေ့ ဘူးလား''

သူမက ခွေးနာမည်တွေ ကို မှန်အောင်ပြောနိုင်တဲ့အပြင် ခွေးနှစ်ကောင်ကသူမအနားမှာ အမြီးနန့်ပြနေကြတာမို့ ကျွန်တော် စိတ်အေးသွားတယ်။

''ကဲ ဒါဖြင့်လည်းလာ၊ ဘယ်နေရာမှာ မင်းအိပ်သင့်သလဲ ဆိုတာတော့အိမ်ထဲရောက်မှ ဆုံးဖြတ်ကြတာပေါ့''

''မလိုပါဘူး အပေါ်ထပ်လှေကားတောင့်ကအခန်းက ကျွန်တော်အိပ်နေကျအခန်းပဲ၊ ဒါနဲ့ ဗိုက်ဆာလိုက်တာ ဘာစားစရာရှိလဲဟင်''

''ပေါင်မုန့်ပဲရှိတယ်ကွ၊မင်းဘာသာဖျော်မယ်ဆိုရင်တော့ ကော်ဖီမစ်ထုပ်တွေ လည်းရှိတယ်''

ငနဲမက ကျေနပ်သွားပုံနဲ့ 'ရွှီခနဲ' လေတစ်ချက်ချွန်ပါတယ်။

သူမကြည့်ရတာ ဒီအိမ်ဟာ သူမရဲ့ စားအိမ်သော က်အိမ် ဖြစ်သလို မကြာခဏ'စတေး'လာရှောင်နေကျနေရာလည်း ဖြစ်ပုံရတယ်။အိမ်ထဲရောက်တော့ သူမဘာသာကော်ဖီမစ်ဖျော်။ ပေါင်မုန့်နဲ့ ပလုပ်ပလောင်းတို့စားရင်း သူမအကြောင်းကျွန်တော့်ကိုပြောပြတယ်။

''ကျွန်တော့်နာမည်က ဝိုင်းယုယ၊ ဒါပေမယ့် ယုယဖို့နေနေသာသာဝိုင်းသမတာဘဲခံနေရတယ်၊ အမေ့ယောက်ျားကြီးက မူးလာရင် ပြဿနာရှာချင်တယ်၊မချေမငံပြန်ပြောရင် ဟိုဟာဒီဟာနဲ့ ကောက်ပေါက်တယ်၊ ခုလည်း တုတ်နဲ့လိုက်လို့ထွက်ပြေးလာရတာ လေ''

ကလေးဆန်ပြီး ပွင့်လင်းတဲ့ သူငယ်မလေးနဲ့ အချိန်တိုအတွင်းမှာ ပဲ ရင်းနှီးသွားတယ်။ပထွေးရဲ့ တူဖြစ်သူ ကတော့ အိမ်ကိုအလည်လာတိုင်း ရိသဲ့သဲ့လုပ်တတ်တယ်လို့ သူမကဆိုပါတယ်။

''မင်း ကျောင်းမနေဘူးလား''

''အဝေးသင် ဒုတိယနှစ်လေ၊ အသက်နှစ်ဆယ့်တစ်ပြည့်ပြီးပြီ''

''ဒါနဲ့တောင် ရည်းစားမရှိဘူးလား''

''တစ်ခါ ကတော့ ကောင်လေးတစ်ယောက် စာလိုက်ပေးဖူးပါတယ်၊ဒါပေမယ့် ကျူရှင်ကြော်ငြာကမ်းတာအောက်မေ့လို့ ဆွဲယူပြီး လွှင့်ပစ်တာ၊အဲ့ဒီကောင်လေးလည်း တစ်ချီတည်း နောက်ဆုတ်သွားတော့တာပဲ၊ ဒါနဲ့ဘာလို့မေးတာလဲဟင်''

''သြော်...အိမ်မှာ နေရတာ စိတ်ညစ်ရတဲ့အတူတူ ရည်းစားနောက်လိုက်ပြေးပါလားလို့ အကြံပေးမလို့ပါ''

''မရှိသေးလို့ပေါ့ဗျာ၊ နို့မိုဆို ဘယ်ရလိမ့်မလဲ''

တကယ်တော့ သူငယ်မလေးက လှတပတနဲ့ ချစ်စရာလေးပါ။ထိုက်တန်တဲ့ဖူးစာရှင် မတွေ့ သေးတာလို့ ယူဆရပါတယ်။

ခဏနေတော့ ဝိုင်းယုယက အိပ်ချင်ပြီဆိုပြီး သူမအိပ်နေကျ အခန်းထဲဝင်တံခါးပိတ်သွားတယ်။ ကျွန်တော် ကတော့ ဝတ္ထုပြီးအောင်ဆက်ရေး ရင်း မိုးလင်းခါနီး ကျမှမှေးခနဲအိပ်ပျော်သွားတယ်။

ကျွန်တော်အိပ်ရာကနိုးတော့ နေရောင်ဟာ ကြေးရတက် အပျိုမကြီးတစ်ယောက်လို ဣနြေ္ဒရနေပါပြီ။

ကျွန်တော် ညက စာထိုင်ရေး ခဲ့တဲ့စားပွဲပေါ်မှာ ဆီနဲ့လှိမ့်ထားတဲ့ထမင်းကြော်တစ်ပန်းကန်နဲ့ ကော်ဖီမစ်တစ်ခွက် တင်ထားတာ တွေ့ ရတယ်။

ငနဲမလေးကိုတော့ အရိပ်အယောင်တောင် မမြင်ရတော့ပါဘူး။သူမဟာ ထမင်းကြော်ပေးသွားတဲ့အပြင် ထမင်းအိုးတစ်လုံးလည်းချက်ပေးသွားတာမို့ ကျွန်တော် ကျေးဇူးတင်ရပါသေးတယ်။

အဲ့ဒီညထပ်ရောက်လာဦးမလား မျှော်လင့်နေပေမယ့် သူယောင်မယ်မလေး ကတော့ ရောက်မလာတော့ဘူး။ ငိုသံတွေ မကြားရတဲ့အပြင် တိုက်ပွဲခေါ်သံတွေ လည်း တိတ်ဆိတ်နေတာမို့ သူမအိမ်နဲ့ ပြေလည်သွားပြီလို့ ယူဆရပါတယ်။

ဒီလိုနဲ့ နှစ်ရက်သုံးရက်ကြာတော့ ကျွန်တော့်ဘကြီး ပြန်ရောက်လာတယ်။

ဘကြီးက ရင်းနှီးမြုပ်နှံထားတဲ့ ငါးကန်တွေ အခြေအနေကောင်းကြောင်းပြောရင်း သူ တကူးတကသယ်လာတဲ့ မြစ်ဝကျွန်းပေါ် ချက်အရက်နဲ့ညနေခင်းကို အရသာခံပါတယ်။

''ဒါနဲ့...ဘကြီးဆီလာလာအိပ်နေတဲ့ ကောင်မလေးတစ်ယောက်ရှိတယ်မဟုတ်လား''

''ဟေ့ကောင်...မင်းကိုများ ငါ့များ စွပ်စွပ်စွဲစွဲ၊ ဟေ့...ဒီမယ် မင်းညိုဆိုတဲ့ကောင်ဟာ ..''

စိတ်တိုတတ်တဲ့ ဘကြီးမပေါက်ကွဲခင် ကျွန်တော် အမြန်ဝင်ပြောလိုက်တယ်။

''မဟုတ်ဘူးလေ ဘကြီးရဲ့ ၊ ကျွန်တော်က ဟို ဝိုင်းယုယ ဆိုတဲ့ကောင်မလေးကိုပြောတာ''ဒီတော့မှ ဘကြီး မျက်နှာပြောင်းသွားပြီး ကျွန်တော့်ကို စူးစမ်းသလိုကြည့်တယ်။

''ဘာလဲ...ဝိုင်း လာသွားသေးလို့လား''

''လာတယ်၊ ကျွန်တော်က သူခိုးမှတ်ပြီး ဆော်မိတော့မလို့ ဘကြီးရဲ့ ၊ကံသီပေလို့ပေါ့''

''အင်း...ကောင်မလေးခမျာ သနားစရာပါကွာ၊ ပထွေးက တယ်နှိပ်စက်တာကိုး၊ ဟိုက ရိုက်မယ်ပုတ်မယ်လုပ်တိုင်း ငါ့အိမ်မှာ လာလာပုန်းရရှာတယ်''

ကျွန်တော် ရုတ်တရက် အကြံရသွားပြီး ဘကြီးကို ပြောလိုက်တယ်။

''ဒါဖြင့် ဘကြီးမွေးစားထားလိုက်ပါလား၊ ဘကြီးလည်း ကူဖော်လောင်ဘက်ရတာ ပေါ့''

''မဖြစ်ဘူးကွ၊ သူ့ပထွေး အမူးသမားက တစ်ခါတစ်လေ ဒီမှာ လာပုန်းတာတောင် ငါ့ကို ပြဿနာရှာချင်နေတာ၊မွေးစားသမီးအဖြစ်သာ ခေါ်ထားရင် နေ့တိုင်းလာရမ်းနေမှာ သေချာတယ်''

ဘကြီးက ကျွန်တော့်အကြံကို ပယ်ချလိုက်ပေမယ့် အဲ့ဒီအကြံက တစ်ဆင့်အတွေးကွန့်မြူးပြီး တစ်စုံတစ်ရာ စဉ်းစားမိသွားဟန် တူပါတယ်။လက်ကျန်သေရည်ခွက်ကို ဂွပ်ခနဲမော့ချလိုက်ပြီး ဝမ်းသာအားရ အသံနဲ့လှမ်းပြောတယ်။

''ဟေ့ကောင်...နေနိုင်သူ၊ ဒီလိုလုပ်ပါလား၊ မင်းလည်း တစ်ယောက်တည်းသမားပဲ၊ ကောင်မလေးကို မင်းယူလိုက်၊ ငါ လက်ထပ်ပွဲလုပ်ပေးမယ် ဘယ်လိုလဲ''

ကျွန်တော် မျက်လုံးပြူးသွားတယ်။

မယ်သီလရင်အမှု က ရွာမပတ်ဘဲ ကျွန်တော့်ဆီ တည့်တည့်ရောက်လာတာပါ။

''မဖြစ်ပါဘူး ဘကြီးရယ်၊ ကျွန်တော့်ဘာသာ အေးအေးနေပါရစေ၊ ပြည်ကအမေတို့ မိန်းမပေးစားတာတောင် ကျွန်တော် ဇွတ်ငြင်းလာခဲ့တာ''

ပြည်က ကျွန်တော့်မိဘတွေ ဟာ ဆီစက်ပိုင်ရှင် သူဌေးသမီး တစ်ယောက်နဲ့အတင်းပေးစားတာကြောင့် ကျွန်တော် ရန်ကုန်ကို ထွက်လာခဲ့တာပါ။

ကျောက်မြောင်းက ဘကြီးပိုင်တဲ့ တိုက်ခန်းလေးမှာ တက်နေပြီးစာတိုပေစလေးတွေ ရေး ရင်း ကျွန်တော် မွေ့ပျော်လာခဲ့တာ ကြာပါပြီ။

''အင်းလေ...မင်းက ဘုန်းကြီးဇာတာပါတဲ့ကောင်ဆိုတော့လည်းဘယ်တတ်နိုင်ပါ့မလဲ၊ ဟေ့... ဒါပေမယ့် ကောင်မလေးက လှတပတလေးကွ နော်၊မင်းစဉ်းစားဦး''

''နေပါစေ ဘကြီးရယ်၊ မစဉ်းစားတော့ပါဘူး''

''တောက်...ခက်တဲ့ကောင်ကွာ၊ ဟေ့ ဒီမှာ နေနိုင်သူရဲ့ လူဆိုတာမျိုးဟာအဖော်နဲ့နေရတဲ့သတ္တဝါကွ၊ ရှေးတုန်းကဆိုရင်''

ထုံးစံအတိုင်း ဘကြီးက ကျမ်းကိုးကျမ်းကားတွေ နဲ့ မိန့်ခွန်းခြွေပါတော့တယ်။ အရှိန်ကလေးနဲ့ဆိုတော့ ဘကြီးရဲ့ မိန့်ခွန်းက တော်တော်နဲ့မပြီးတော့ဘူး။

ကျွန်တော့်မှာ ဗိုက်ထဲက တဂွီဂွီမြည်အောင် ဆာလှပြီဖြစ်ပေမယ့်ကိုယ့်ဘကြီးဆိုတော့လည်း သည်းခံပြီး နားထောင်ရတာ ပါပဲ။ဒီလိုနဲ့ ကျွန်တော်တို့တူဝရီးနှစ်ယောက်ဟာ ညနေစာကို သန်းခေါင် နီးမှပဲစားဖြစ်ပါတော့တယ်။

ဒါတောင် ဘကြီးက ညစာအစားနောက်ကျရတာ ဟာ သတိပေးမယ့်အိမ်ရှင်မ မရှိလို့ ဖြစ်ရတာ ဆိုပြီး တစ်ဗြစ်တောက်တောက် ပြောနေသေးရဲ့ ။ဘကြီးကြည့်ရတာ သူ့မှာ အိမ်ရှင်မမရှိတော့တာထက် ကျွန်တော့်မှာ မိန်းမမရှိသေးတာကို ပိုပြီး မချင့်မရဲဖြစ်နေပုံပါ။

ကျွန်တော်ဟာ ကလေးဆန်လှတဲ့ သူယောင်မယ်မလေးရဲ့ မျက်နှာကိုမြင်ယောင်ရင်း ပြုံးလိုက်မိပါသေးတယ်။

ဘယ်နှယ့် ကျွန်တော်သာ သူမနဲ့လက်ထပ်ရရင် မိန်းမရတာ နဲ့မတူဘဲသူများ ကလေး အငှားထိန်းပေးသလို ဖြစ်နေတော့မှာ ပါ။

''ကျွန်တော်နဲ့ သူမရဲ့ အသက်က ဒါဇင်ဝက်မက ကွာခြားတာမဟုတ်လား''

ဒါပေမယ့်လည်း ဖူးစာဆိုတာမျိုးက နားလည်ရခက်ခဲလှပါတယ်။

ဘကြီး ကတော့ ဘောလုံးသမားတွေ ရဲ့ အသက်ရယ်။ ဖူးစာရယ်ကို ဘယ်တော့မှမခန့်မှန်းလေနဲ့လို့ တစ်ခါပြောဖူးတယ်။

ဟုတ်မှာ ပါ။ ဘာကြောင့်ဆိုတော့...

* * *

ဘကြီးပေးတဲ့လက်ဆောင်

''ဟာ''ခနဲရေရွတ်ရင်း ကျွန်တော့်တစ်ကိုယ်လုံးထူပူသွားတယ်။ရှိစုမဲ့စုလေးတွေ တော့ ကုန်ပါပြီလို့တွေးရင်းစိတ်ပျက်လက် ပျက်လည်း ဖြစ်သွားတယ်။

မနက်က ကျွန်တော် သေသေချာချာသော့ ခတ်ပြီးပိတ်ထားခဲ့တဲ့အိမ်တံခါးဟာ ညနေ ကျွန်တော်ပြန်ရောက်ချိန်မှာ သော့ ပွင့်နေတာကြောင့်ပါ။

လက်လေးလုံးလောက်ဟနေတဲ့ အိမ်တံခါးကိုမရဲတရဲတွန်းဖွင့်ရင်းအိမ်ထဲဝင်လိုက်တော့ မီးဖိုချောင်ဘက်ဆီကခြိုးခြိုးချွတ်ချွတ်အသံတွေ ကြားလိုက်ရတယ်။

ကြည့်ရတာ ဖြင့်သူခိုးဟာခုချိန်ထိ ကျွန်တော့်တိုက်ခန်းထဲမှာ ရှိနေပုံပါ။ကျွန်တော်ဟာ ခြေထောက်ကိုဖွနင်းပြီးမီးဖိုချောင်ဘက်ကို တိတ်တဆိတ်ဝင်လာခဲ့တယ်။

အိပ်ခန်းဝမှာ ထောင်ထားတဲ့တုတ်တစ်ချောင်းကိုလည်းလိုရမယ်ရ ယူဆောင်လာခဲ့တယ်။

အကြမ်းဖက်ရမှာ ဝါသနာမပါပေမယ့် လိုအပ်ရင်တော့အင်အားသုံးဖို့ ကျွန်တော်ဝန်မလေးဘူး။ လူတစ်ယောက်ဟာမိမိပိုင် စည်းစိမ်ဥစ္စာကို ကာကွယ်ပိုင်ခွင့် ရှိတယ်မဟုတ်လား။

တုတ်ကို ခေါင်းပေါ်မြှောက်ကိုင်ပြီး မီးဖိုခန်းထဲကို ခုန်ဝင်လိုက်တယ်။

''အမေ့''

''ဟင်''

လုံချည်တိုတိုဝတ်ပြီး မီးဖိုခန်းတစ်ခုလုံးကို စိတ်တိုင်းကျ ရှင်းလင်း နေသူကသိပ်မကြာခင်က ဆုံခဲ့ဖူးတဲ့ သူယောင်မယ်လေး ဖြစ်နေပါတယ်။

သူမက တုတ်ကိုင်ထားတဲ့ ကျွန်တော့်ကို မျက်လုံးပြူးကြည့်တယ်။

''ဘာလဲဟင်...သူခိုးလို့ထင်ပြန်ပြီလား''

''အစစ်ပေါ့၊ နေပါဦး မင်း ဘယ်လိုကဘယ်လို တို့မီးဖိုထဲအထိကိုယ်ယောင်လာပြရပြန်တာလဲ''

''ဟယ်...လူကိုများ တစ္တေသူရဲကျနေတာပဲ''

''ကိုယ်မေးတာဖြေပါဦး၊ မင်း ဘယ်လိုရောက်လာတာလဲ''

''အဟဲ...အန်ကယ်ကြီးခေါ်လာတာ၊ သူ့ဘကြီးလေ''

ဒီတော့မှ မီးဖိုဝက ခရီးဆောင်အိတ်တွေ ကိုတွေ့ ပြီး ကျွန်တော်သဘောပေါက်သွားတယ်။

''ဒါနဲ့ ဘကြီးကော''

''ငါးနာရီထိုးကတည်းက ထွက်သွားတာပဲ၊ ထိုင်နေကျဆိုင်ကစောင့်နေမယ်၊ လိုက်ခဲ့ပါတဲ့''

ဘကြီးက မကြာခဏ ကျွန်တော့်ဆီကို ညအိပ်ညနေ လာလေ့ရှိပြီး နေညိုရင်စည်တိုတီးဖို့ကျားကွက်သစ်လမ်းကဆိုင်တစ်ဆိုင်ကိုလည်း ဖောက်သည် လုပ်ထားပါသေးတယ်။

ဘကြီးရောက်လာတာကို မအံ့သြပေမယ့် ငနဲမလေးပါလာတာ ကိုသာနားမလည်နိုင်အောင် ဖြစ်နေမိတယ်။

ဒါကြောင့် ရေတောင်မချိုးတော့ဘဲ ဘကြီးရှိမယ့် စည်ဘီယာဆိုင်ကိုကျွန်တော်လိုက်လာခဲ့တယ်။

ဘီယာတစ်ဂျားနဲ့ ငြိမ့်နေတဲ့ဘကြီးက ကျွန်တော့်ကိုတွေ့ တော့ အအေးတစ်လုံးမှာ ပေးတယ်။ ကျွန်တော် မောမောနဲ့မို့ အအေးကို အရင်သော က်ပြီးမှဘကြီးကိုမေးလိုက်တယ်။

''ဟိုငတိမလေးကို ဘကြီး ဘာကြောင့်ခေါ်လာတာလဲ''

''သူက မင်းအကြောင်းမေးမေးနေတယ်ကွ''

''ဘာဆိုင်လို့လဲ ဘကြီးရဲ့ ''

ကျွန်တော် မျက်မှော င်ကျုံ့ပြီးမေးလိုက်တော့မှ ဘကြီးမျက်နှာတည်သွားတယ်။

''ဖြစ်ပုံက ဒီလိုဟေ့၊ ထုံးစံအတိုင်း သူ့ပထွေးနဲ့ နောင်ဂျိန်ချကြတယ်၊ဒီတစ်ခါတော့ ပြဿနာက နည်းနည်းကြီးပုံရတယ်ကွ၊ သူ အိမ်ကထွက်ပြေးမယ်လုပ်လာတယ်၊ သူ့အမေကိုယ်တိုင်ကလည်း ငါ့ဆီလာပြီး သူ့သမီးကိုတစ်ပတ်ဆယ်ရက်လောက် ရှောင်နေခိုင်းချင်တယ်လို့ ပြောလာတယ်၊ ငါ့အိမ်မှာ ထားဖို့ကလည်း မဖြစ်ဘူး၊ ငါ့အလုပ်သမား လှအေးတို့ရွာ ပို့ဖို့ကျပြန်တော့လည်းအဆင်မပြေဘူး၊ ဒါနဲ့ပဲ ဒီကိုခေါ်လာရတာ ''

မယ်သီလရင်အမှု ဟာ ကျောက်မြောင်းက ငါးလွှာတိုက်ခန်းကျဉ်း လေးထဲရောက်လာရတဲ့သဘောပါ။

ကျွန်တော် စိတ်ပျက်သွားပေမယ့် အခန်းပိုင်ရှင်ဘကြီးကို ကလန်ကဆန်လုပ်ဖို့ကလည်း ခက်နေတယ်။

''ဒါဆို ဘကြီးတို့နှစ်ယောက် တစ်ပတ်ဆယ်ရက်နေကြမှာ ပေါ့''

''ဟ...ငါက ဘာကြောင့်နေရမှာ လဲ''

''ဟင်...ဒါဆို''

''သူ့ကိုထားခဲ့ပြီး ငါပြန်မှာ ပေါ့ ဟကောင်ရဲ့ ၊ ငါ့ခြံကြီး ဒီတိုင်း ပြစ်ထားရမှာ လား''

''ဟာ...ဒါတော့မဖြစ်ဘူးနဲ့တူတယ် ဘကြီး''

ကျွန်တော် ပြာပြာသလဲငြင်းလိုက်တော့ ဘကြီးက ဘာကြောင့်လဲလို့နားမလည်သလိုပြန်မေးတယ်။

ကျွန်တော်က သွေးမတော်သားမစပ် ယောက်ျားလေးနဲ့ မိန်းကလေးနှစ်ယောက်ထဲ အခန်းတစ်ခန်းမှာ နေဖို့ မသင့်ကြောင်း ပတ်ဝန်းကျင်က ယုံထင်ကြောင်ထင် ထင်နိုင်ကြောင်း သူမရော ကျွန်တော်ပါ သိက္ခာကျနိုင်ကြောင်း...စသဖြင့်ပေါ့လေ...ဘကြီးကို အကြောင်းပြငြင်းဆန်ရပါတယ်။

အဲဒီ တော့ လွပ်လပ်ရေး မရခင် လူဖြစ်လာတဲ့ဘကြီးက ခုလို ပြန်ပြောတယ်။

''တော်ပါ နေနိုင်သူရယ်၊ သွားပုတ်လေလွင့်ပြောတဲ့ ခေတ်တွေ က ကျန်ခဲ့ပါပြီ၊ဒီမှာ ငါ့တူ ဘေးကမေးလာရင် ညီမဝမ်းကွဲလို့ပြော၊ ညဘက်အိပ်ရင် မင်းအခန်းတံခါးကို လုံလုံခြုံခြုံသော့ ခတ်အိပ်၊ မနက်မိုးလင်းတာနဲ့ မြို့ထဲထွက် ညဥ့်နက်မှအိမ်ပြန်၊ ငါလည်းမကြာမကြာလာမှာ ပါ၊ လမ်းလူကြီးကိုလည်း သေချာမှာ ပြီးအပ်ခဲ့မယ်၊ ဟုတ်ပြီလား''

''ဒါပေမယ့်...ဘကြီးရယ်၊ ကျွန်တော်နဲ့သူက တကယ့်မောင်နှမဝမ်းကွဲမှမဟုတ်တဲ့ဟာ''

''ဒါဆိုလည်း မင်းစိတ်ရှင်းချင်ရင် နောက်တစ်နည်းစီစဉ်ပေးခဲ့မယ်''

''ဘာလဲဘကြီး''

''တော်ကြာ ရပ်ကွက်ရုံးဖွင့်ရင် မင်းတို့နှစ်ယောက်ကို တစ်ခါတည်းလက်ထပ်ပေးခဲ့မယ်လေ''

''ဟင်''

အရပ်ရှည်သလောက် စိတ်တိုသူဘကြီးက ဘုဂလန့်ကြီးမို့ ပြောတဲ့အတိုင်းစွတ်ရွတ်လုပ်ချင်လုပ်နေမှာ မို့...

''ဒါဆိုလည်း ဘကြီးပြောသလို ဝမ်းကွဲမောင်နှမပေါ့လေ''

''အေး...အဲဒါကောင်းပါတယ်ကွ''

ဒီလိုနဲ့ ကျွန်တော့်မှာ နေရင်းထိုင်ရင်း ညီမတစ်ယောက် ကောက်ရမယ့်ကိန်းဆိုက်ပါတော့တယ်။

ဘကြီးပေးတဲ့ သက်ရှိလက်ဆောင်ဟာ ခွေးလေး၊ ကြောင်လေးတွေ ဆိုလည်းအကောင်းသားလို့ ကျွန်တော်တွေးမိတယ်။ အခုတော့ လှတပတ လူမလေးမို့ကျွန်တော့်မှာ အနေအထိုင် ခက်လှပါတယ်။

တစ်ပတ်ဆယ်ရက်ကြာအောင် တစ်အိမ်ထဲနေရမှာ ပါလားလို့ တွေးမိတိုင်းကျွန်တော့်မှာ အာခေါင်တွေ ခြောက်ကပ်လာတယ်။ ဒီကြားထဲ အလိုက်ကန်းဆိုးမသိသူငနဲမလေးက(ဘကြီးနဲ့ကျွန်တော် အိမ်ပြန်ရောက်တော့) ရေမိုး ချိုးပြီး အလှတွေ ပြင်ထားပါသေးတယ်။

သနပ်ခါးတွေ ကလည်း လိမ်းထားလိုက်တာများ မွှေးလို့ကြိုင်လို့။ ကျွန်တော်ဖြင့်အသက်တောင် ပြင်းပြင်းမရှူရဲအောင်ပါပဲ။

''ကဲ...ဒီညတော့ သမီးက အခန်းထဲမှာ အိပ်၊ တို့တူဝရီးနှစ်ယောက်ကဧည့်ခန်းမှာ အိပ်ကြမယ်၊ အဲ...နေဦးကွ၊ ဒီညတင်မဟုတ်ဘူး နောက်ညတွေ ပါ သူ့ကိုအခန်းထဲပေးသိပ်မှဖြစ်မယ်၊ သူက မိန်းကလေးဆိုတော့ အဝတ်လဲဖို့တို့သနပ်ခါးလိမ်းဖို့တို့ လိုတယ်မဟုတ်လား''

''ဟုတ်ကဲ့...နောက်နေ့ ကျွန်တော့်ပစ္စည်းတွေ အပြင်ရွှေ့လိုက်ပါ့မယ်''

ငြင်းနေလည်း အကျိုးထူးမှာ မဟုတ်လို့ ကျွန်တော် ခပ်သွက်သွက်သဘောတူလိုက်ရတယ်။

အဲဒီ အချိန်မှာ ဘကြီးဘေးနား မျက်နှာငယ်နဲ့ထိုင်နေတဲ့ ဝိုင်းယုယကဝင်ပြောတယ်။

''အားနာစရာပဲနော်''

''ဘာကိုအားနာတာလဲ၊ ပစ္စည်းတွေ ရွှေ့ရမှာ ကိုလား''

''ဟုတ်ဘူး၊ ကျွန်တော့်ကြောင့် အဲ့ဒီလူကြီး အနေကျုံ့မှာ စိုးလို့''

''အဲ''

ကျွန်တော် ဘာပြန်ပြောရမှာ လဲ စဉ်းစားနေတုန်းမှာ ပဲ ဘကြီးကထမင်းစားကြမယ်ဆိုတာကြောင့် စကားပြတ်သွားတယ်။

ထမင်းနဲ့ဟင်းက သူမရဲ့ လက်ရာပါ။

ထွေထွေထူးထူးမဟုတ်ဘဲ ဘဲဥချဉ်ရေဟင်းသာဖြစ်ပေမယ့် ကျွန်တော်စားဖူးသမျှ ဘဲဥဟင်းတွေ ထဲမှာ တော့ အနိပ်ဆုံးလို့ပြောရမယ်။

အင်း ဒီလိုဆိုတော့လည်း...

သူငယ်မလေးက ဟင်းချက်တော်သားပဲလို့ ကျွန်တော်တွေး လိုက်မိတယ်။

''ဟောတော့ ဟိုလူကြီးရေ လာပါဦးဗျို့၊ ခပ်မြန်မြန်လေး''

ဝရံတာကနေ လှမ်းအော်လိုက်တဲ့ သူမအသံကြောင့် အိမ်သာတက်ရင်ကောင်းမလား၊ ရေအရင်ချိုးရင်ကောင်းမလား စဉ်းစားနေတဲ့ ကျွန်တော့် အတွေးတွေ ပျာယာခတ်သွားတယ်။

သူမရဲ့ အသံက မထိတ်သာမလန့်သာနဲ့ပါ။

မြွေတို့ကင်းတို့ တွေ့ သလားထင်ရအောင်ကလည်း ကျောက်မြောင်းတိုက်ခန်းရဲ့ ဝရန်တာမှာ အဲလိုသတ္တဝါတွေ မရှိနိုင်ပါဘူး။

ပြီးတော့ အချိန်က မနက်ခြောက်နာရီသာသာပဲ ရှိသေးတာပါ။

ပုံမှန်ဆိုရင် ဒီလောက်စောစော ကျွန်တော် မနိုးတတ်ပေမယ့် မနက်ငါးနာရီမှာ အိပ်ရာနိုးပြီး လမ်းလျှောက်လေ့ရှိတဲ့ ဘကြီးက လမ်းလျှောက်ရင်း သံလျင်ကိုကားစီးပြန်မယ်ဆိုတာကြောင့် ကျွန်တော် အစောကြီးထပြီး လိုက်ပို့ လိုက်ရတယ်။

ခုမှအိမ်ပြန်ရောက်ကာစ အိမ်သာတက်သင့်မတက်သင့် စဉ်းစားနေချိန်မှာ သူမကအသံဗြဲကြီးနဲ့ အော်ခေါ်လိုက်တာပါ။

''ဘာဖြစ်တာလဲ ဝိုင်းယုယ၊ ဘာတွေ့ လို့လဲ''

''ဟိုမှာ ...ဟိုမှာ ''

တိုက်အောက်ဖက် လမ်းတစ်နေရာဆီ လက်ညှိုးလှမ်းထိုးရင်းတစ္ဆေသရဲတွေ့ သလို သူမ ပြူးပြူးပြာပြာဖြစ်နေတယ်။

ကျွန်တော် သူမနား အမြန်ပြေးသွားပြီး သူမ လက်ညှိုးညွှန်ရာကြည့်လိုက်တော့ တိုက်နံပါတ်တွေ ကို ဟိုဟိုဒီဒီကြည့်ရင်း လမ်းလျှောက်လာသူတစ်ယောက်ကို တွေ့ မြင်လိုက်ရတယ်။

''အိမ်ရှာနေတာထင်တယ် ဘာဖြစ်လို့လဲ''

''အိမ်ရှာတာဟုတ်လား၊ ဘုရားရေ အဲဒါမှဒုက္ခပဲ''

''သူ့ဘာသာအိမ်ရှာတာ ဘာလို့ဒုက္ခဖြစ်ရမှာ လဲ သူငယ်မရဲ့ ''

''မဟုတ်ဘူးဗျ၊ အဲဒါ ကျွန်တော့်ပထွေးရဲ့ တူ ကျွန်တော့်ကိုလိုက်ရှာနေတာဖြစ်မယ်''

''ဟင်''

သူမက မော့ကြည့်လိုက်ရင် တွေ့ မြင်သွားမှာ စိုးပုံနဲ့ ကိုယ်ကို ခပ်ရို့ ရို့လုပ်ပြီးနောက်ကိုဆုတ်လိုက်တယ်။

''မင်း ဒီလာတာ သူတို့သိနိုင်လို့လား၊ ပြီးတော့ ကိုယ့်လိပ်စာကိုရောသိနိုင်လား''

မျက်နှာတစ်ခုလုံး သွေးဆုပ်သလို ဖြူဖျော့ပြီး ကြောက်ရွံ့နေတဲ့ သူမကစဉ်းစားမရသလို ခေါင်းယမ်းတယ်။

''မပြောတတ်ဘူး၊ အန်ကယ်ဦးမင်းညိုတူတစ်ယောက် ရန်ကုန်မှာ ရှိတာကိုတော့ အမေတို့သိတယ်''

''ဒီလောက်နဲ့တော့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်မလာနိုင်ပါဘူး''

''ဒါပေမယ့် ဘကြီးရဲ့ လူယုံ ဦးလှအေးက စိတ်ချရတာ မှ မဟုတ်တာ၊နှုတ်ဖွာပြီး လျှောက်ပြောလိုက်ရင် ဘယ်လိုလုပ်မလဲ''

အင်း...ဒါလည်းဖြစ်နိုင်တာပဲလို့ ကျွန်တော်တွေးလိုက်မိတယ်။ ဆိုပါစို့ မနေ့ကဘကြီးဒီရောက်နေတုန်း ဦးလှအေးကို 'ဘကြီးဘယ်သွားလဲ'လို့ အစ်မေးရင်းလိပ်စာရသွားနိုင်တယ်။

ဘာလုပ်သင့်သလဲ ကျွန်တော်တွေးနေတုန်းမှာ ပဲ အိမ်ရှာသူကကျွန်တော်တို့တိုက်နားကိုရောက်လာတယ်။ တိုက်နံပါတ်ကို လှမ်းကြည့်ပြီးသူရှာတဲ့လိပ်စာမှန်သွားပုံမျိုးနဲ့ ခေါင်းတစ်ချက်ဆတ်လိုက်တယ်။

အဲ့ဒီနောက် တိုက်အပေါ်ဘက်ကိုမော့ကြည့်လာလို့ ကျွန်တော်တို့ နှစ်ယောက်နောက်ကိုအမြန်ဆုတ်လိုက်ရတယ်။

''ဘယ်လိုလုပ်မလဲဟင်၊ သူတွေ့ သွားတော့မှာ ပဲ''

သူမခမျာ ကြောက်လွန်းလို့ အသံတွေ တောင် တုန်နေတယ်။ ကျွန်တော်ခပ်မြန်မြန်စဉ်းစားလိုက်ပြီး...

''ဒီလိုလုပ်၊ ကိုယ် အိမ်တံခါးကို အပြင်က သော့ ခတ်ပြီးအောက်ဆင်းသွားမယ်၊ မင်းက အခန်းထဲမှာ ကျန်နေခဲ့၊ ကိုယ့်ကိုတွေ့ လို့မေးရင်အလိုက်အထိုက်ကြည့်ဖြေလိုက်မယ်၊ မင်းမလာဘူး၊ မသိဘူးဆိုတာမျိုးပေါ့''

''ကျွန်တော်ကြောက်တယ်၊ ပြီးတော့ တစ်ယောက်တည်း မနေခဲ့ရဲဘူး''

''မနေလို့မဖြစ်ဘူး ဝိုင်းယုယရဲ့ ၊ အချိန်မရဘူး ကိုယ်ဆင်းတော့မယ်''

မဂ္ဂဇင်းတိုက်ကို အလုပ်သွားမယ့်ပုံမျိုး လွယ်အိတ်ပါ တစ်ခါတည်း ယူပြီးတံခါးသော့ ပိတ်ကာ ကျွန်တော် တိုက်အောက်ဆင်းလာတယ်။

အိမ်ရှာနေသူက အပေါ်မတက်သေးဘဲ လှေကားရင်းမှာ စီးကရက်ဖွာနေပြီးကျွန်တော့်ကိုတွေ့ တော့ လှမ်းပြုံးပြတယ်။

''နောင်ကြီး...တဆိတ်ဗျာ၊ ဒီတိုက်မှာ ကိုနေနိုင်သူဆိုတာများ ရှိသလား''

ကျွန်တော် ရှောင်လွဲလို့ ဘယ်လိုမှ မဖြစ်နိုင်တော့တာမို့ ခေါင်းညိတ်ပြလိုက်ရတယ်။

''ကျွန်တော်ပါပဲ''

''ဟာ...တိုက်တိုက်ဆိုင်ဆိုင်ဗျာ၊ ကျွန်တော် ခင်ဗျားကိုရှာနေတာပါ၊ကျွန်တော့်နာမည် ကိုကိုကျော်လို့ခေါ်ပါတယ်''

''ဟုတ်ကဲ့၊ ဘာကိစ္စများ လဲ ကိုကိုကျော်''

''ကျွန်တော့်တို့ လက်ဖက်ရည်သော က်ရင်း ခဏလောက် စကားပြောကြရအောင်လား''

''ကောင်းပြီလေ''

နောက်တစ်ကြိမ် ကျွန်တော်ခေါင်းညိတ်ပြလိုက်ရပြန်တယ်။

ဒီလိုနဲ့ ကျွန်တော်တို့နှစ်ယောက် အနီးဆုံးလက်ဖက်ရည်ဆိုင်ကိုရောက်သွားကြတယ်။

''ကျွန်တော်က ဝိုင်းယုယရဲ့ ဒုတိယဖခင်၊ အဲ...ပထွေးပဲဆိုပါတော့၊ပထွေးဦးကျော်ခေါင်ရဲ့ တူပါ၊ ကျွန်တော်နဲ့ ဝိုင်းယုယကို လူကြီးချင်းသဘောတူထားကြတယ်၊ သိပ်မကြာခင် စေ့စပ်ပေးတော့မှာ ပါ''

''နေပါဦး...အဲဒီ ကိစ္စတွေ ဘာကြောင့် ကျွန်တော့်ကိုလာပြောနေရတာ လဲ ကိုကိုကျော်''

ကျွန်တော်မေးလိုက်တော့ ငနဲက ကိုရီးယားလူကြမ်းမင်းသား အိုက်တင်နဲ့ပြုံးလိုက်တယ်။

''ဝိုင်းယုယ ခင်ဗျားဆီရောက်နေတယ်လို့ လူတစ်ယောက်ဆီကသိလာရလို့ပါ၊ ပြီးတော့ ဝိုင်းယုယအကြောင်းတွေ ခင်ဗျားသိသင့်တယ်ထင်လို့၊ ဒီလိုဗျကျွန်တော့်ဦးလေး ဦးကျော်ခေါင်နဲ့ ဝိုင်းရဲ့ အမေ အိမ်ထောင်ပြုတော့ ဝိုင်းကဆယ့်သုံးလေးနှစ်ယောက်ပဲ ရှိသေးတယ်၊ ဝတ္ထုဖတ်ပြီး စိတ်ကူးယဉ်တတ်တဲ့အရွယ်ပေါ့၊ သူ့စိတ်ထဲမှာ ပထွေးဆိုတာ မကောင်းတဲ့လူစားမျိုးလို့ထင်မြင်နေတယ်နဲ့ တူပါတယ်။

တစ်ရက် ဝိုင်းနေမကောင်းလို့ ကျောင်းမသွားဘဲ အိမ်မှာ အိပ်နေတယ်။အဲဒီ နေ့ တိုက်တိုက်ဆိုင်ဆိုင် အလုပ်ကစောပြန်လာတဲ့ ကျွန်တော့်ဦးလေးကအိမ်တံခါးဖွင့်ပြီး အိမ်ပေါ်တက်လာတော့ အိပ်မှု န်စုန်မွှားနဲ့နိုးလာတဲ့ ဝိုင်းက သူ့ကိုမဟုတ်တရုတ်ကြံစည်မယ်လို့ ထင်သွားတယ်နဲ့တူပါရဲ့ ၊ အနားက ကျောက်ပြင်နဲ့ကောက်ပေါက်လိုက်တာ ကျွန်တော့်ဦးလေး ခေါင်းကွဲသွား တယ်။ အဲဒီ နေ့ကစပြီးဝိုင်းနဲ့ ကျွန်တော့်ဦးလေးဟာ ကမ္ဘာရန်တွေ ဖြစ်သွားြ ကတော့တာပဲ''

ကျွန်တော် ဝိုင်းယုယရဲ့ သတ္တိကို စိတ်ထဲက လေးစားသွားပြီး

''ကောင်းတာပေါ့''လို့ လွှတ်ခနဲပြောမိမလို ဖြစ် သွားပါသေးတယ်။

''ခုတစ်ခါလည်း ထုံးစံအတိုင်း စကားများ ရာကနေ သော က်တတ်စားတတ်လို့ သွေးဆူလွယ်တဲ့ ကျွန်တော့်ဦးလေးက တုတ်ဆွဲ၊ ဇတ်ဇတ်ကြဲ ဝိုင်းကဓားဆွဲနဲ့ ကြီးကြီးကျယ်ကျယ်ဖြစ်သွားကြတာပါ၊ အမှန်က ဘာမှ မဟုတ်ပါဘူး၊ဦးလေးလည်း စိတ်ပြေပြီး သူ့အမှားသူသိနေပါပြီ၊ ဝိုင်းကိုလည်း အိမ်ပြန်လာစေချင်နေပြီ၊ဦးလေးက ဝိုင်းအပေါ် သမီးအရင်းလိုချစ်တာပါ ကိုနေနိုင်သူ''

ဒါကြောင့် မကြာခဏ တုတ်နဲ့လိုက်ရိုက်တာထင်ရဲ့ လို့ ကျွန်တော်တွေးလိုက်မိတယ်။

''အဲဒီ တော့ ခင်ဗျားဆိုလိုချင်တာက ဘာလဲ''

''ဝိုင်းကို ပြန်ပို့ပေးပါ ကိုနေနိုင်သူ၊ သူ့ကို လူကြီးတွေ က ဗွေမယူဘူးဆိုတဲ့အကြောင်းလည်း ရှင်းပြပေးပါ၊ ဒီနေ့ နေကုန်လို့မှ သူရောက်မလာရင်ကျွန်တော်တို့ဘက်က လုပ်စရာရှိတာတွေ လုပ်ရတော့မယ်''

''ဘာတွေ လုပ်မှာ လဲ''

''ရဲတိုင်မှာ ပေါ့၊ ဝိုင်းကို တစ်ယောက်ယောက်က သွေးဆောင်ဖြားယောင်သွားတယ်၊ ပြန်ပေးဆွဲသွားတယ်၊ ဝိုင်းမှာ လက်ဝတ်ရတနာတွေ ပါသွားတယ်ပေါ့''

''ဘာလဲ ကိုလိုနီခေတ်က လုပ်ထုံးလုပ်နည်းမျိုးလား''

တစ်ဘက်က ခြိမ်းခြောက်သံပါလာလို့ ကျွန်တော် ရိသဲ့သဲ့ ပြန်မေးလိုက်တာပါ။

''အဲဒီ နည်းလမ်းတွေ က ရိုးစင်းပေမယ့် ထိရောက်ပါတယ် ကိုနေနိုင်သူ၊အနည်းဆုံးတော့ အလုပ်ပျက် အကိုင်ပျက်နဲ့ ခင်ဗျား ပြဿနာရှင်းနေရလိမ့်မယ်၊ ဒီတော့ဝိုင်းကို ဒီနေ့ပဲပြန်အပ်ပါ၊ ကျွန်တော် ညနေငါးနာရီ တစ်ခေါက်ပြန်လာခဲ့မယ်၊ ခင်ဗျားနဲ့ဝိုင်းဆွေးနွေးထားကြပေါ့''

* * *

အခြေအနေတွေ ဟာမထင်မှတ်ဘဲ ရှုပ်ထွေးလာတယ်လို့ပြောရမှာ ပါ။ ရာဇဝင်တစ်ခုထဲမှာ ရေထဲမျောလာတဲ့ မင်းသမီးလေးကို ကယ်တင်ရာကနေ စစ်မက်ဖြစ်ပွားတဲ့အထိ ဖြစ်ခဲ့ဖူးပါသတဲ့။

ကျွန်တော့်အခြေအနေက စစ်ဖြစ်ရလောက်အောင် မဟုတ်ပေမယ့် အတော်တော့ ဘေးကြပ်နံကြပ် နိုင်လှပါတယ်။

''ဟင့်အင်း ပြန်ဖို့တော့ ဘယ်လိုမှမဖြစ်နိုင်ဘူး၊ ဒီတစ်ခါ ပြန်သွားရင် ပထွေးကကျွန်တော့်ကိုသတ်မှာ ၊ ပြီးတော့ သူတူနဲ့လည်း အတင်းပေးစားဦးမှာ ၊ ကျွန်တော့်ကိုကယ်ပါဗျာ၊ ရှိကြီးခိုးပါတယ်''

မျက်နှာငယ်လေးနဲ့ တောင်းပန်လာတဲ့ သူမကိုကြည့်ပြီး ကျွန်တော် သနားလာတယ်။

အသံတွေ ကကြောက်ရွံ့မှု နဲ့တုန်ခါနေကြတဲ့အပြင်မျက်နှာကလည်း ဘာမီတွန်ဆေးပြားသာသာပဲ ရှိတော့တာပါ။

''မင်းမပြန်ချင်ပေမယ့် ကိုကိုကျော်ဆိုတဲ့လူက ပြဿနာ မရှုပ်ရှုပ်အောင်လုပ်လာမှာ သေချာတယ်''

''ဒါဆို ကျွန်တော် ဘာလုပ်သင့်သလဲဟင် အကြံပေးပါဦး''

''လုပ်သင့်တာ ကတော့ လောလောဆယ် အောက်ဆင်းပြီး ဘကြီးဆီ ကိုအကျိုးအကြောင်းသိရအောင် ဖုန်းဆက်ကြမယ်၊ ကဲ...ထ''

တိုက်အောက်ထပ် စတိုးဆိုင်လေးဆီ ကျွန်တော်တို့ ဆင်းလာကြတယ်။

သူမကတုန်ချိတုန်ချိဖြစ်နေလို့''သိပ်မကြောက်ပါနဲ့ ကိုယ်တစ်ယောက်လုံး ရှိပါတယ်''လို့အားပေးလိုက်ရသေးတယ်။

ဘကြီးနဲ့ အဆက်အသွယ်ရတော့ အခြေအနေက အားတက်စရာ မရှိပါဘူး။

''ငါ့ဆီကိုလည်း လာမေးတာ နှစ်ခါရှိပြီကွ၊ ဆိုးတာက သူ့အမေ ကိုယ်တိုင်ကပထွေးဘက်ပါသွားတာပဲ၊ ပြန်ခေါ်ပေးပါ၊ ဒါမှမဟုတ် လိပ်စာ ပေးပါဆိုပြီးဂျီကျနေကြတယ်၊ သူ့ပထွေးကျော်ခေါင် ကတော့ အိမ်က လက်ဝတ်ရတနာတွေ ယူပြီးထွက်ပြေးသွားတယ်လို့ ရဲတိုင်မယ်ဆိုပြီး လာခြိမ်းခြောက်နေတယ်''

''နေပါဦးဘကြီးရဲ့ အစ ကတော့ သတ်မယ်ဖြတ်မယ်နဲ့ သူတို့ပဲပြဿနာရှာပြီးတော့ ခုမှ ကောင်မလေးကို ဘာဖြစ်လို့ အတင်းပြန်ခေါ်ချင်နေတာလဲ''

''ဖြစ်ပုံက ဒီလိုဟေ့၊ ကျော်ခေါင်တို့လင်မယားက သူတို့နေတဲ့ခြံကိုရောင်းချင်နေတယ်၊ ဆုံးသွားတဲ့ ကောင်မလေးအဖေရဲ့ လက်ငုပ်လက်ရင်း ဆိုတော့အရောင်းအဝယ်စာချုပ်မှာ ဝိုင်းက သဘောတူကြောင်း လက်မှတ်ထိုးပေးမှဖြစ်မှာ ၊နောက်ပြီး သူ့တူနဲ့ ပေးစားချင်တာလည်း ပါတာပေါ့၊ ငါတော့နောက်ဆုံးတစ်ခေါက်လာမေးတုံးက ပိတ်ပြောလိုက်တယ်''

''ဘယ်လိုပြောလိုက်တာလဲ ဘကြီး''

''ဝိုင်းက နေနိုင်သူနဲ့ ခိုးရာလိုက်ပြေးသွားတာ ဘယ်ရောက်နေမှန်းမသိဘူးလို့''

''ဗျာ''

''မဗျာနဲ့ကွ၊ ကောင်မလေးအတွက်ရော မင်းအတွက်ပါ အဲဒီ နည်းလမ်းကအကောင်းဆုံးပဲ၊ နို့မို့ဆို မင်းကိုလာပြီး မေးလားစမ်းလားနဲ့ မင်းအလုပ်လည်း ထိခိုက်မယ်၊လင်မယားဖြစ်သွားပြီဆိုရင် ပြဿနာရှာလို့ မရတော့ဘူး၊ ဝိုင်းကိုလည်းအတင်းပြန်ခေါ်လို့မရတော့ဘူး''

ဘကြီးရဲ့ စကားတွေ ကို ကျွန်တော့်နားထဲမှာ ကြားတစ်ချက် မကြားတစ်ချက်ဖြစ်နေပါတယ်။ လင်မယားဆိုတဲ့ အသုံးအနှုန်းကြောင့် ကျွန်တော်ကတုန်ကယင်ကြီးဖြစ်လာရတယ်။

''အကောင်းဆုံး ကတော့ မင်းတို့နှစ်ယောက် ခုချက်ချင်း ရုံးတစ်ရုံးမှာ သွားလက်ထပ်လိုက်တာပဲ နေနိုင်သူ၊ ကူညီမယ့်ကူညီ အဆုံးထိသာ ကူညီလိုက်တော့၊လက်ထပ်ပြီးတာနဲ့ ကျောက်မြောင်းကအခန်းကိုပိတ်ပြီး ဒဂုံက ငါ့တိုက်မှာ သွားနေကြ၊ဒါဆို မင်းတို့ကို တော်တော်နဲ့ရှာမတွေ့ နိုင်တော့ဘူး''

''ဒါပေမယ့် ဘကြီးရဲ့ ကျွန်တော်မှ ..''

''ဘာလဲ မိန်းမမယူချင်သေးဘူး ပြောမလို့လား၊ မတုံးစမ်းပါနဲ့ ငါ့တူရာ၊နှစ်ဆယ့်ခွန် နှစ်ဆယ့်ရှစ်ဆိုတာ မငယ်တော့ဘူးကွ၊ ဟေ့ ဒါနဲ့ အနားမှာ ဝိုင်းရှိသလား၊ငါ့ကိုခဏခေါ်ပေးစမ်း''

ကျွန်တော်လည်း ဆက်နားထောင်ရမှာ ခေါင်းကိုက်လာတာမို့ဝိုင်းယုယကိုခေါ်ပြီး ဖုန်းပေးလိုက်တယ်။ သူမနဲ့ဘကြီး ဖုန်းပြောနေတုန်းမှာ လေရှူချင်လာလို့ ဆိုင်ပြင်ဘက်ထွက်လာခဲ့တယ်။

ခဏနေတော့ ဖုန်းပြောပြီးသွားတဲ့သူက ကျွန်တော့်အနားရောက်လာတယ်။

ကျွန်တော် သူမကိုလှည့်ကြည့်ပြီး မေးလိုက်တယ်။

''ဘာတဲ့လဲဟင်''

''ဘကြီးကပြောတယ်''

''အင်း''

''လက်ထပ်လိုက်ကြတဲ့''

''အဲဒီ တော့ ဝိုင်း ဘာပြန်ပြောလိုက်သလဲ''

''ဟိုလေ လက်ထပ်ရအောင် သူနဲ့ကျွန်တော်နဲ့က သမီးရည်းစားမှမဖြစ်ကြသေးပဲလို့''

''အဲ''

ကျွန်တော် သူမမျက်နှာကိုကြည့်လိုက်တော့ စတော်ဘယ်ရီရောင်မျက်နှာလေးက ရှက်စနိုးနဲ့ ခေါင်းငုံ့ထားပါတယ်။

''အဲ့ဒီတော့ ကိုယ်တို့ဘာလုပ်ကြမလဲ''

''ပြောတတ်ဖူးလေ''

သူမ ခေါင်းငုံ့ပြီး လက်သည်းကိုကိုက်နေတယ်။

ပါးပါးပျော့ပျော့ ဆံပင်လေးတွေ က သူမရဲ့ လှတပတ မျက်နှာတစ်ခြမ်းကိုဖုံးအုပ်လို့။

အချိန်က နေရောင်မြင့်တက်လာပြီး ပူပြင်းကာစ မွန်းတည့်ခါနီး အချိန်ပါ။

ရာသီဥတုက အိုက်စက်စပ်ဖြစ်ရတဲ့ကြားထဲ လေကငြိမ်နေတယ်။

ပြီးတော့ လမ်းပေါ်မှာ လည်း ကားသံတွေ ဆိုက်ကားခေါင်းလောင်းသံတွေ ဆူညံရှုပ်ထွေးလို့။

အခြေအနေနဲ့ အချိန်အခါ ကတော့ ဘယ်လိုမှ ကဗျာမဆန်တာ သေချာပါတယ်။

ဒါပေမယ့် ဘာကြောင့်မှန်းမသိဘဲ အဲ့ဒီအခိုက်အတန့်လေးမှာ ပဲ ကျွန်တော်သူမအပေါ် လှိုက်လှိုက်လှဲလှဲ ချစ်မိသွားတယ်။

ကျွန်တော့်ရင်ထဲမှာ ချစ်စိတ်တွေ ဆူဝေလှိုက်တက်လာမှန်း သူမ ကတော့သတိထားမိပုံမရဘူး။ ရှက်ကိုးရှက်ကန်းနဲ့ လက်သည်းကိုသာ တွင်တွင်ဖိကိုက်နေလေရဲ့ ။

'''ဝိုင်း''

''အင်း...ဟင်''

''ရည်းစားဖြစ်ဖို့ကိစ္စကို လက်ထပ်ပြီးမှ စဉ်းစားလို့မရဘူးလား''

''သိဖူးလေ...ဒါပေမယ့်''

''ဘာဖြစ်လဲ''

''လက်ထပ်ပြီးမှ ရည်းစားစကားပြောကြရင် ရယ်စရာကြီးနေမှာ ပဲ''

''အဲ''

ဒါပေမယ့် ...ဘာပဲဖြစ်ဖြစ် ရယ်ရတာ က ငိုရတာ ထက်တော့ ပိုပြီးကောင်းသေးတယ်မဟုတ်လား။

ဒါကြောင့် ကျွန်တော် ရယ်ဖို့ပဲဆုံးဖြတ်လိုက်ပါတယ်။

* * *

မင်းအတွက်တော့ အချစ်ဆိုတာ
လေးလုံးစပ်ကဗျာ...။
အလင်္ကာအဟောင်း
စကားလုံးအဟောင်းတွေ နဲ့
သုံးကြောင်းလောက်ဖတ်ရင်ပဲ
ရပ်လို့ရပြီပေါ့...။
ငါ့အတွက်တော့
ချစ်ခြင်းဆိုတာ
ပန်းပင်တစ်ပင်ပျိုးခြင်းပါ။

ဗြဟ္မာကြီးလေးဦးက စခဲ့တဲ့ပုစ္ဆာ

မျိုးစေ့ကအပင်
အပင်ကနေအပွင့်
သံယောဇဉ်တွေ ကို
နင့်နင့်နဲနဲ ရေလောင်းပေါင်းသင်ခဲ့ရ
ရက်ပေါင်းများ စွာ စောင့်ဆိုင်းခဲ့ရ
မျှော်လင့်ချက်တွေ ကို
မြေသြဇာလိုခုချကျွေးခဲ့ရ...။
ငါ့အပင်က
ပန်းလေးတစ်ပွင့် ပွင့်လာတဲ့အခါ
အဲဒါ
မင်းအတွက်
ထာဝရကဗျာပေါ့...။
ပျိုးထောင်ခြင်း
စောင့်ဆိုင်းခြင်း
အဆင့်တိုင်းမှာ
ယုယမှု နဲ့ မြတ်နိုးခြင်းတွေ ပါရဲ့ ။

မြောက်ဒဂုံမြို့သစ်ရဲ့ ရပ်ကွက်လေးတစ်ခုထဲကဘကြီးပိုင် တစ်ထပ် တိုက်ပုပုလေးဟာ ကျွန်တော်တို့နှစ်ဦးရောက်ရှိလာတာကို တိတ်တိတ်ဆိတ်ဆိတ်ပဲ ဆီးကြိုပါတယ်။

ဆေးအဖြူရောင်သုတ်ထားတဲ့ ဒီတိုက်ကလေးဟာဆောင်လုပ်ပြီး ကတည်းက လူသားတစ်ယောက်တလေကိုသူ့ရင်ခွင်မှာ ခိုလှုံခွင့်မပေးခဲ့ရ သေးဘူးမဟုတ်လား။

ဒီတော့လည်းသူ့ခမျာ ကျွန်တော်တို့ရောက်လာတာကိုဝမ်းသာရှာ မှာ ပဲလို့ ကျွန်တော်တွေးလိုက်မိတယ်။

တံခါးကိုဖွင့်ဝင်လိုက်တော့ အိမ်အသစ်နံ့က ကျွန်တော့်နှာခေါင်း ထဲကို မှိန်ဖျော့ဖျော့တိုးဝင်လာတယ်။

''ကျယ်သားပဲနော်''

''အင်း...မိသားစုတစ်စုတော့ ကောင်းကောင်းနေလောက်ပါတယ်''

''သူပြောတော့ အိမ်ကအသစ်ဆို၊ ဒီဆက်တီခုံတွေ ကဘာကြောင့် ရောက်နေရတာ လဲ''

ဝိုင်းယုယက စားပွဲကုလားထိုင်တွေ ကို လှမ်းကြည့်ပြီး နားမလည်သလိုမေးတယ်။

''အဲဒါ ဘကြီးရဲ့ အစီအစဉ်လေ၊ သူအနားယူချင်တဲ့အခါ လာနေနိုင်အောင်ဆိုပြီး ဆက်တီတွေ ရော မွေ့ယာကုတင်တွေ ပါ ကြိုပို့ထားတာ၊ ခုတော့ကိုယ်တို့အတွက် ဖြစ်သွားတော့တာပေါ့၊ အင်း ဘကြီးတစ်ယောက် ကျန်းမာချမ်းသာပါစေဗျာ''

ကျွန်တော် ဆုတောင်းပေးလိုက်တာကို သူမက နားမလည်သလိုမျက်မှော င်ကျုံ့ပြီးကြည့်တယ်။

ကျွန်တော်က နှစ်ယောက်သားပါလာတဲ့ အထုပ်အပိုးတွေ ကို နေရာချနေချိန်မှာ သူမက တံမျက်စည်းတစ်ချောင်းနဲ့ တစ်အိမ်လုံးကို လှည်းကျင်းပါတော့တယ်။

''နားပါဦးလားဝိုင်းရဲ့ ၊ တစ်နေကုန် ဟိုပြေးဒီပြေးနဲ့ဆိုတော့ ပင်ပန်းနေရောပေါ့''

''ရပါတယ်၊ ဧည့်ခန်းလေးတော့ ပြီးအောင်လှည်းလိုက်မယ်၊ အိပ်ရာကဒီနေရာမှာ ခင်းရမှာ မဟုတ်လား''

''မဟုတ်ဘူး၊ အိပ်ခန်းထဲမှာ မွေ့ရာကုတင်တွေ ရှိပြီးသားပဲ အဲ့ဒီမှာ ခင်းမှာ ပေါ့''

ပြောပြီးမှ ကျွန်တော့်စကားအတွက် ကျွန်တော့်ဘာသာ ရှက်သွားသလိုသူမကလည်း မျက်နှာရဲခနဲဖြစ်သွားတယ်။

''အို...အဲ့ဒါက အဲ့ဒီလူကြီးအိပ်ပေါ့၊ ကျွန်တော်က ဒီမှာ အိပ်မယ်''

ဟုတ်တာပေါ့။ ခုလိုအချိန်မျိုးမှာ တော့ သူ့ခမျာ တစ်ယောက်တည်းပဲအိပ်ချင်ရှာမှာ ပေါ့လို့ ကျွန်တော်တွေးလိုက်မိတယ်။

''ဒါဆိုလည်း ဧည့်ခန်းမှာ တော့မအိပ်နဲ့၊ အိပ်ခန်းထဲပဲ လုံလုံခြုံခြုံ သွားအိပ်၊ကိုယ်အပြင်မှာ အိပ်မယ်''

ကျွန်တော်က ဦးစီးဦးဆောင် အိမ်ထောင်ဦးစီးအသံနဲ့ ခပ်တည်တည်ပြောလိုက်တော့ သူမ စောဒကမတက်တော့ဘဲ ခေါင်းညိတ်တယ်။

ကျွန်တော် ဆက်တီတစ်လုံးမှာ ဝင်ထိုင်ရင်း ရှပ်အင်္ကျီလက်ကို ပင့်တင် ပြီးအားကျိုးမာန်တက် တံမျက်စည်းလှည်းနေတဲ့ သူမကို ငေးကြည့်နေမိတယ်။

သူမဟာ ရုပ်ဖျက်တဲ့သဘောနဲ့ ဂျင်းဘောင်းဘီ ရှပ်အင်္ကျီ ပွပွအပြင်လျှာထိုးဦးထုပ်ကိုလည်း ဆောင်းထားပါသေးတယ်။

ပါးပါးပျော့ပျော့ ဆံပင်ရှည်ရှည်တွေ ကို ခေါင်းပေါ်စုစည်းပြီး ဦးထုပ်နဲ့ဖုံးကွယ်ထားတာမို့ မသိရင် ယောက်ျားလျာလေးတစ်ယောက်လို ဖြစ်နေလေရဲ့ ။သိပ်လှပြီး သိပ်ရင်ဖိုဖို့ကောင်းတဲ့ (တွမ်ဘွိုင်း)လေးလိုပါပဲ။

ခုဆို ကျွန်တော်တို့ဟာ တရားရုံးမှာ တရားဝင်လက်မှတ်ထိုးလာကြပြီဖြစ်ပေမယ့် ကျွန်တော်တို့နှစ်ယောက်ရဲ့ အနေအထား ကတော့ တကယ့်ကိုမအူမလည်ကြီးပါ။

ဘကြီးနဲ့ဖုန်းပြောပြီး ကျွန်တော်တို့နှစ်ယောက် မြို့နယ်တရားရုံးတစ်ရုံးကိုသွားဖို့ပြင်တော့ သူမက ဒီလိုမေးပါတယ်။

''အခု ရုံးမှာ လက်မှတ်သွားထိုးရင် ကျွန်တော်တို့နှစ်ယောက်ကဘယ်လိုဖြစ်မှာ လဲဟင်''

''စာချုပ်စာတမ်းအရတော့ တရားဝင်ဇနီးမောင်နှံတွေ ဖြစ်သွားကြမှာ ပေါ့''

သူမ မျက်မှော င်လေးကျုံ့ပြီး တွေ တွေ လေးငြိမ်သက်သွားတယ်။

''တကယ်လို့ ကျွန်တော်က ဇနီးမောင်နှံတွေ လို မနေနိုင်ဘူးဆိုရင် ကောဘယ်လိုဖြစ်မှာ လဲ''

''ဘယ်လိုမှမဖြစ်ဘူး၊ မင်းစိတ်တိုင်းကျ နေချင်သလိုသာနေ၊ အခုလက်မှတ်ထိုးတာက ဦးကျော်ခေါင်တို့တူဝရီးကို လှည့်စားဖို့သက်သက်ပဲ၊မင်းအတွက်ကော မင်းကို ကူညီချင်တဲ့ ကိုယ့်အတွက်ပါ၊ ဒီတစ်နည်းပဲရှိလို့''

သူမရဲ့ မျက်ဝန်းတွေ ဖျတ်ခနဲလက်သွားကြပေမယ့် ခဏနေတော့ပြန်ပြီးမှိန်ဖျော့သွားတယ်။

''ဟင်...ဒါဖြင့် အဲလူကြီးက စိတ်မပါဘဲ ကူညီရတာ ပေါ့''

ခက်တဲ့သူငယ်မလေးပါပဲ။

ကျွန်တော်က စိတ်မပါဘူးဆိုရင် သူမ မကျေမနပ်ဖြစ်မှာ သေချာပေမယ့်စိတ်ပါလှချည်ရဲ့ ဆိုရင်ကော သူမ ဝမ်းသာမှာ တဲ့လား။

''အဲ့ဒီကိစ္စက သိစရာလိုလို့လား ဝိုင်းရဲ့ ''

''အို...သိချင်တာပေါ့၊ တော်ကြာ သူ့ဘကြီးတိုက်တွန်းလို့ အောင့်သက်သက်နဲ့ကူညီရတာ ဆိုရင် ဘယ်နှယ့်လုပ်ပါ့မလဲ''

''ဘယ်နှယ့်မှမလုပ်နဲ့၊ ကိုယ်ကိုယ်တိုင်က လှိုက်လှိုက်လှဲလှဲ ကူညီချင်နေတာဟုတ်ပြီလား''

အဲလိုဖြေလိုက်မှပဲ သူမမျက်နှာလေးရဲပြီး နှုတ်ဆိတ်သွားတယ်။

ရုံးရောက်တော့ လက်ထပ်စာချုပ်ရိုက်ပြီး သက်သေလိုက်ပေးမယ့်လူ မရှိတာမို့လက်နှိပ်စက်စာရေး က သက်သေသွားရှာပေးတယ်။

လက်ထပ်ပွဲကို လိုက်ပါချီးမြှင့်ပေးတဲ့အတွက်တော့ ကိုယ့်ဘက်ကကျေးဇူးတုန့်ပြန်ရမှာ ပေါ့လေ။

စာရေး က သက်သေတွေ သွားခေါ်နေတုန်း သူမက ကျွန်တော့်ကိုခပ်တိုးတိုးလှမ်းမေးတယ်။

''တရားသူကြီးက ချစ်သူတွေ လားလို့မေးရင် ဘယ်လိုဖြေရမှာ လဲဟင်၊အဲ့ဒီလိုတော မေးတတ်လား''

''မပြောတတ်ဘူး ဝိုင်းရဲ့ ၊ ကိုယ်လည်း ရုံးမှာ တစ်ခါမှလာပြီးလက်မထပ်ဖူးဘူး''

''ဟင်... ဒါဆို အပြင်မှာ ပဲ လက်ထပ်ဖူးတာလား''

''ဟာ...ပေါက်ပေါက်ရှာရှာ ကိုယ်က လူပျိုစစ်စစ်ပါ ကလေး မရဲ့ ၊ရည်းစားတောင် ထားဖူးတာမဟုတ်ဘူး''

ကြုံတုန်းမို့ ကြော်ငြာဖြတ်ဝင်လိုက်တာကို သူမက မျက်စောင်းထိုးတယ်။

''ကဲ...ပြောပါဦး၊ ချစ်သူတွေ လားလို့မေးရင် ဒီက ဘယ်လိုဖြေရမှာ လဲ''

''လောလောဆယ်တော့ မဖြစ်ကြသေးဘူးလို့ဖြေပေါ့''

''ဒါပေမယ့်''

''ဘာလဲ ဘယ်တော့ဖြစ်ကြမှာ လဲလို့ မေးဦးမယ်လို့ ထင်လို့လား၊အဲလိုမေးလာရင် ခုလိုဖြေလိုက်၊ သိပ်မကြာခင် ဖြစ်တော့မှာ ပါလို့''

ဒါပေမယ့် တကယ်ရုံးထဲရောက်ချိန်မှာ တော့ သူမ စိတ်ပူသလို ခက်ခက်ခဲခဲမေးခွန်းတွေ မမေးပါဘူး။

နာမည်နဲ့ မွေးသက္ကရာဇ်မေးပြီးတယ်ဆိုရင်ပဲ အိုကေ သွားပါတယ်။မျက်မှန်ထူထူနဲ့ တရားသူကြီးက ကျွန်ုပ်ရှေ့မှော က်၌ ကတိသစ္စာပြုတာ မှန်ကန်ကြောင်းဘာညာနဲ့ ဆိုင်းထိုးပေးပြီးတော့ ကျွန်တော်တို့နှစ်ယောက်ကို မျက်မှန်ပေါ်ကကျော်ပြီးကြည့်တယ်။ ပြီးမှ ပြုံးပြုံးကြီးနဲ့ ဆုတောင်းပေးတယ်။

''အဆင်ပြေကြပါစေကွာ''တဲ့။

တရားသူကြီးကြည့်ရတာ သူမိန်းမခိုးတုန်းက ကာလကိုများ ပြန်ပြီးသတိရသွားလားမသိဘူး။ ကျွန်တော်တို့ထွက်လာချိန်အထိ သူ့မျက်နှာကပြုံးဖြီးဖြီးဖြစ်နေတုန်းပဲ။

* * *

''ဟယ်တော့''

ဆက်တီပေါ်မှာ ထိုင်ရင်း ဟိုတွေးဒီတွေးနဲ့ ကျွန်တော်ငိုက်မြည်းလုလုဖြစ်နေတုန်းမှာ ဝိုင်းယုယဆီက အာမေဋိတ်သံတစ်ခု ထွက်ပေါ်လာတယ်။

''ဘာဖြစ်လို့လဲ ဝိုင်း''

''လူ...လူတစ်ယောက် ခြံထဲဝင်လာတယ်''

''ဟင်''

ကျွန်တော် ဆက်တီပေါ်က ခုန်ထလိုက်ပြီး ဝိုင်း ကတော့ ဘယ်မှာ ပုန်းရင်ကောင်းမလဲ နေရာရှာပုံနဲ့ ဟိုဟိုဒီဒီကြည့်နေတယ်။

''ဝိုင်း အိပ်ခန်းထဲဝင်နေ ကိုယ်ထွက်တွေ့ လိုက်မယ်''

ကျွန်တော် အိမ်တံခါးဆီ ခပ်သုတ်သုတ်လျှောက်လာပြီး တံခါးကိုဆွဲဖွင့်လိုက်တယ်။

ဝင်လာသူဟာ အသက်ကြီးကြီး ဆံပင်ရှည်ရှည်နဲ့ လည်ကတုံးအင်္ကျီ ဖြူဝတ်ထားတယ်။ လူမိုက်လိုလို ဂိုဏ်းစတားလိုပုံမို့ ကျွန်တော် နည်းနည်းတော့ဖြုံသွားရတယ်။

ကိုကိုကျော်များ လူမိုက်တွေ လွှတ်လိုက်သလားပေါ့။

''ဘာကိစ္စများ ရှိလို့လဲ နောင်ကြီး''

မေးသာမေးရတယ်။ ကျွန်တော့်အသံက နည်းနည်းတော့ တုန်ချင်နေတယ်။

ဆံရှည်ပုဂ္ဂိုလ်က ကျွန်တော့်ကိုရော အိမ်အတွင်းဘက်ကိုပါ အကဲခတ်သလိုကြည့်ရင်း

''ကျွန်တော် ဟိုဘက်အိမ်ကပါ၊ လူရိပ်တွေ့ လို့ အိမ်ပြောင်းလာတဲ့လူသစ်တွေ လားဆိုပြီး လာကြည့်တာပါ''

ဟူး...တော်ပါသေးရဲ့ ။

ကျွန်တော် စိတ်သက်သာရာရသွားတယ်။

''ကျွန်တော်တို့ ဒီနေ့ပဲပြောင်းလာတာပါ၊ ကျွန်တော်က ဒီအိမ်ပိုင်ရှင်ဦးမင်းညိုရဲ့ တူ၊ နာမည်က နေနိုင်သူပါ''

''သြော် ...ဒါဆို အိမ်ရှင်ရဲ့ ဆွေမျိုးတွေ ပေါ့၊ ကျွန်တော်က ဝေဦးနွယ် ပါ၊ရုပ်ရှင်ဇာတ်ညွှန်းတွေ ရေး တဲ့ ကဗျာဆရာပါ''

ကျွန်တော်တို့နယ်ပယ်က အနုပညာသမားတစ်ယောက်ကို တွေ့ လိုက်ရတာ မို့ ကျွန်တော်အားတက်ပြီး ဖက်လဲတကင်း နှုတ်ဆက်လိုက်တယ်။ မဂ္ဂဇင်းတစ်စောင်မှာ အကူအယ်ဒီတာလုပ်ပေးနေတဲ့ အကြောင်းလည်း ပြောပြလိုက်တယ်။

''အနုပညာသမားချင်းပဲဗျာ၊ လိုတဲ့အကူအညီရှိရင်ပြောပါ၊ ကလေးတွေ ဘာတွေ ပါရင်လည်း အားမနာနဲ့၊ ကျွန်တော်က ကလေးချစ်တတ်တယ်''

''မပါဘူးဗျ၊ ကျွန်တော်တို့နှစ်ယောက်ထဲပါ''

''ဟုတ်လား၊ စောစောက ကျွန်တော်ဝင်လာတုန်းက ဂျင်းဘောင်း ဘီနဲ့ချာတိတ်လေးတစ်ယောက် တွေ့ လိုက်သလားလို့''

''သြော်...အဲ့ဒါ ဟိုသင်း၊ ကျွန်တော့်အမျိုးသမီးပါ''

''ဟင်''

ဝေဦးနွယ်က ထူးဆန်းတဲ့မျက်နှာမျိုးနဲ့ ကျွန်တော့်ကိုလှမ်းကြည့်တယ်။

အင်း ဒီပုဂ္ဂိုလ်စိတ်ထဲ တစ်မျိုးတစ်မည်တွေ ထင်ကုန်တော့မှာ ပဲဆိုတဲ့ အတွေးနဲ့...

''ဝိုင်းရေ ခဏထွက်ခဲ့ပါဦး''

အိမ်ထောင်ဦးစီးက ဇနီးမယားကို လှမ်းခေါ်တဲ့အသံမျိုးနဲ့ တူအောင်ကျွန်တော်ကြိုးစားလိုက်ရတယ်။

ဝိုင်းက ရွံ့တွန့်တွန့်နဲ့ထွက်လာပြီး ခေါင်းပေါ်ကဦးထုပ်ကို ချွတ်လိုက်တယ်။

ဒီတော့မှ ဆံပင်ရှည်ရှည်တွေ ဝဲခနဲကျလာလို့ ကဗျာဆရာက ကျေနပ်သွားတယ်။

''အင်း....အမျိုးသမီးက တော်တော်ငယ်သေးတာပဲ၊ ခင်ဗျားတို့လက်ထပ်တာ မကြာသေးဘူးနဲ့တူတယ်''

''ဟုတ်တယ်ဗျ၊စောစောလေးကပဲ၊ အင်း နေ့လည်လောက်ကပေါ့''

''ဟင်....ဒါဆို ခင်ဗျားတို့က ပူပူနွေးနွေး လင်မယားတွေ ပေါ့''

ဝမ်းသာအားရ ရေရွတ်လိုက်တဲ့ သူ့အသံကြောင့် ကျွန်တော်ရော သူမပါတကယ့်ကို မျက်နှာပူနွေးသွားတယ်။

ကဗျာဆရာပြန်တော့ ကျွန်တော် ခြံဝအထိ လိုက်ပို့လိုက်တယ်။ သူကကျွန်တော့်ပခုံးပုတ်ရင်း ရေရွတ်တယ်။

''ဗြဟ္မာကြီးလေးဦးက စခဲ့တဲ့ကိစ္စတွေ ခင်ဗျားတို့ ဆက်ပြီးထမ်းဆောင်နေကြရတာ ကိုး''

''ဘာလဲဗျ၊ ဗြဟ္မာကြီးလေးဦးဆိုတာ''

''လူတွေ စဖြစ်အောင် ပြဿနာရှာခဲ့တဲ့ ပုဂ္ဂိုလ်တွေ ပေါ့ဗျာ၊ အချစ်ဆိုတာလည်း သူတို့ကြောင့် ဖြစ်ပေါ်လာရတာ ပဲ၊ အခု ခင်ဗျားရင်ဘတ်ထဲရောက်နေတဲ့အရာကို သူတို့စခဲ့ကြတာပေါ့''

ကဗျာဆရာက ကျွန်တော့်ရင်ထဲ ထွင်းဖောက်မြင်တဲ့ပုံနဲ့ အပိုင်ကြီးပြောချသွားတယ်။ သူပြောတာလည်း ဟုတ်နေတာမို့ ကျွန်တော် ဘာမှပြန်မငြင်းလိုက်ပါဘူး။

အင်း....ဗြဟ္မာကြီးလေးဦးထားခဲ့တဲ့ ပုစ္ဆာကို အဖြေထွက်အောင် ကျွန်တော်ဆက်တွက်ရဦးမှာ ပါ။

* * *

ကျွန်တော် အိပ်ရာကနိုးလာတော့ ဘယ်တုန်းကမှ စောင်ခြုံအိပ်လေ့မရှိတဲ့ကျွန်တော့်ကိုယ်ပေါ်မှာ စောင်ပါးလေးတစ်ထည် လွှမ်းခြုံရောက်ရှိနေတယ်။ပြီးတော့ အငွေ့တလူလူနဲ့ ခြင်ဆေးခွေလေးတစ်ခွေလည်း အိပ်ရာဘေးမှာ တွေ့ လိုက်ရတယ်။

အဲ့ဒါတွေ ထက် ပိုထူးဆန်းတာ ကတော့ ကျွန်တော့်ရဲ့ မနက်ခင်းတွေ မှာ ဘယ်တုန်းကမှ မကြားခဲ့ဘူးတဲ့ အသံတစ်ခုကို ကြားလိုက်ရတာ ပါ။မီးဖိုထဲမှာ ထမင်းချက်ရင်း ညည်းနေတဲ့ သူမနှုတ်ဖျားက သီချင်းသံကိုကြားနေရတာ ပါ။

အင်း....ဒီလိုဆိုတော့လည်း အိမ်ထောင်ရှင်မ တစ်ယောက်တလေကိုယောက်ျားတွေ တမ်းတတာဟာ မလွန်ပေဘူးလို့ ကျွန်တော်စဉ်းစားလိုက်မိတယ်။

ဒါပေမယ့် ကျွန်တော့်အတွေးမဆုံးခင်မှာ ဘဲ နံရံပေါ်က ဝှိုက်ဘုတ်မှာ ရေး ထားတဲ့ စာသားတွေ ကိုဖတ်မိပြီး ကျွန်တော် မအီမလည်ဖြစ်သွားရတယ်။

''အဲ့လူကြီးနိုးရင် ပဲပြုတ်သွားဝယ်ပေးပါ၊ ပြီးတော့ ဆီနဲ့ဆားလည်း မရှိဘူး၊နောက်ပြီး အချိုမှု န်တစ်၊ ဆပ်ပြာတစ်၊ ကြက်ဥနှစ်လုံး''

ကြည့်ရတာ ကျွန်တော် အစောကြီးနိုးမယ်ထင်ပြီး ညတုန်းက ခြင်ဆေးလာထွန်းပေးရင်း သူမ ရေး သွားတာ ထင်ပါရဲ့ ။ ကျွန်တော် အစောကြီးမနိုး တာမို့သူမ ဘယ်လိုများ ဖြေရှင်းလိုက်ပါလိမ့်။

ဧည့်ခန်းထဲက အိပ်ရာတွေ အမြန်သိမ်းပြီး ကျွန်တော် မီးဖိုထဲဝင်လာခဲ့တယ်။ ကျွန်တော့်ကိုမြင်တော့ သူမက မဲ့ကာရွဲ့ကာနဲ့ ခုလိုပြောတယ်။

''အိပ်ဦးလေ၊ ခုမှ မနက်ကိုးနာရီပဲရှိသေးတာ''

''ဆောရီးကွာ၊ ညက ဟိုတွေးဒီတွေးနဲ့ ညဥ့်နက်သွားလို့၊ ဒါနဲ့ပဲပြုတ်သွားဝယ်ပေးရမှာ လား''

''ဝယ်ပြီးပါပြီ''

''ဒါဆို ဆီတို့ ဆား အချိုမှု န့်တို့''

''ဟင့်အင်း...အဲဒါတွေ လည်း သွားဝယ်ထားပြီးပြီ၊ ဟိုဘက်အိမ်ကကဗျာဆရာကြီးကို စတိုးဆိုင် ဘယ်မှာ ရှိလဲမေးပြီး သွားဝယ်ထားလိုက်တာ''

အင်း....ဒီလိုဆိုတော့လည်း တော်ပေသားပဲလို့ ကျွန်တော် အမှတ်ပေးလိုက်ပါတယ်။ အိမ်သာထဲဝင်လိုက်တော့ သန့်ရှင်းရေး အတွက် ရေအပြည့်ဖြည့်ထားတာကိုလည်း ကျွန်တော် တွေ့ လိုက်ရတယ်။

(ဒီပုံအတိုင်းဆိုရင်တော့ ကျွန်တော် သူမထံမှာ ခပ်မြန်မြန်လက်နက် ချမိလိမ့်မယ်ထင်ပါရဲ့ ။)

ကျွန်တော် အိမ်သာထဲကထွက်ခါနီး မှာ အိမ်ကြီးရှင်မတွေ ဆီကကြားရလေ့ရှိတဲ့ အမိန့်ပေးသံတစ်ခု ထွက်ပေါ်လာတယ်။

''အဲ့လူကြီး....ရေသေချာလောင်းနော်''

''အဲ''

ပေးထားတဲ့အမှတ်တွေ ထဲကကျွန်တော်တစ်မှတ်ပြန်နုတ်လိုက်မိတယ်။

''ဆန်က ဒီတစ်နေ့စာပဲဝယ်လာတာ ထပ်ဝယ်ရလိမ့်မယ်၊ ပြီးတော့တခြားလိုတာတွေ လည်း ဝယ်ရမယ်၊ နောက်ပြီး မနက်က ဘုရားဝတ်ပြုတော့ဘုရားစင်မရှိသေးဘူး၊ အဲဒါလုပ်ပေးဦး''

ကော်ဖီသော က် ထမင်းကြော်စားရင်း သူမက တောင်းဆိုလာတယ်။

ကျွန်တော်က ချွင်းချက်မရှိ လက်နက်ချမယ့်လူဆိုတော့လည်း သူမတောင်း ဆိုသမျှခေါင်းညိတ်ရပါတယ်။

အားလုံးပဲ ဖြစ်ရပါစေမယ်ပေါ့။

''ပြီးတော့လေ....အဲလူကြီးအတွက် တစ်ယောက်အိပ်ခြင်ထောင်တစ်လုံးလည်း ဝယ်ရမယ်၊ ညတိုင်း ခြင်ဆေးထွန်းအိပ်နေလို့မဖြစ်ဘူး၊ ကျန်းမာရေး ထိခိုက်မယ်''

စိုးရိမ်ဖော်ရသားပဲဆိုပြီး ကျွန်တော် ကျေနပ်သွားတယ်။

''ရပါတယ်၊ ကိုယ် ခြင်ဆေးနဲ့အိပ်နေကျပါ''

''ဒါပေမယ့်....ဒီက ခြင်ဆေးနံ့ မခံနိုင်ဘူးဗျ၊ ကြာကြာရှူမိရင်ခေါင်းတွေ မူးလာရော''

လက်စသတ်တော့ သူမကျန်းမာရေး အတွက် စိုးရိမ်နေတာပါလား။

''ဟုတ်ပြီလေ၊ ဒါဆိုလည်း ဝယ်တာပေါ့၊ နောက်ဘာလိုသေးလဲ''

''အဟဲ...သနပ်ခါးသွေးဖို့ ကျောက်ပြင်မရှိဘူးဗျ၊ ရှင်မတောင်စစ်စစ် လည်းလိုချင်တယ်၊ ပြီးတော့''

ဒီလိုနဲ့ ကျွန်တော်တို့နှစ်ယောက်စလုံး အတူတကွဈေးသွားကြရတယ်။

ဝယ်တာတွေ များ လွန်းလို့ မောင်တစ်ထမ်း မယ်တစ်ရွက်အပြင် ဆိုက်ကား တစ်စီးကိုပါအဆစ်ခေါ်ရပါသေးတယ်။

လေထန်ပြီး ပူလောင်သွေ့ခြောက်တဲ့ ဒဂုံမြို့သစ်ရဲ့ နေ့လည်ခင်းမှာ ချွေးပြိုက်ပြိုက်ကျပေမယ့်လည်း ကျွန်တော်ပျော်ပါတယ်။ ဘာလို့ဆို ဆိုက်ကားဆရာကြီးက...

''မောင်ရင်တို့လင်မယားကြည့်ရတာ တော်တော်ချစ်ကြတာပဲ''

ဆိုပြီး မှတ်ချက်ပေးခဲ့လို့ပါ။

(ကျွန်တော်ကလည်း အိမ်ထောင်ဦးအတွက် ပစ္စည်းတွေ ထွက်ဝယ် တာပါလို့လျှာချောင်လိုက်မိတာမဟုတ်လား။)

ဒါကြောင့်လည်း အိမ်ပြန်ရောက်တော့ သူမဆီက စည်းကမ်းချက် တွေ ထွက်လာတော့တာပဲ။

''(တစ်) ....မလိုအပ်ဘဲ ဒါ ကျွန်တော့်ဇနီးပါ၊ ကျွန်တော်တို့ သိပ်မကြာခင်ကမှလက်ထပ်ထားတာပါဆိုပြီး သူများ တွေ ကို လျှောက်မပြောရဘူး''

''ဟောဗျာ''

''(နှစ်)....လူတွေ ရှေ့မှာ သူ့မိန်းမဆိုတဲ့ ပုံစံမျိုးနဲ့ ခဏခဏ အသားမယူရဘူး''

''အဲ....''

''(သုံး).... ကတော့ ဆီဆိုင်မှာ ဆီဝယ်ရင်း ကျွန်တော့်လက်ကိုလာကိုင်တယ်၊ အဲ့လိုမျိုး ထပ်မဖြစ်ပါစေနဲ့''

''ဟာ....အဲဒါက ဝိုင်းဆီက ဆီပုလင်းလှမ်းယူရင်း မတော်တဆထိမိတာပါကွာ''

''အဲလို မတော်တဆတွေ များ လာရင်တော့ သံလျင်ပြန်မှာ ပဲ၊ ပြီးတော့ရှိသေးတယ်၊ ဆိုက်ကားဆရာကြီးကိုလည်း မဆီမဆိုင် အိမ်ထောင်းဦးပါ ဘာညာနဲ့အတင်းကြီးကြွားနေတာ''

''ဒါ ကတော့ ဒီလိုပါဝိုင်းရဲ့ ၊ ကိုကိုကျော်တို့ ပြဿနာမရှာနိုင်အောင်တို့နှစ်ယောက် လက်ထပ်ခဲ့ကြတာလေ၊ အဲ့လိုလက်ထပ်ထားပြီးမှန်း ဒီကလူတွေ လည်းသိသင့်တယ်ထင်လို့ပါ''

''အို....ဒီကလူတွေ က ကိုကိုကျော့် အမျိုးတွေ မှမဟုတ်တာ၊ သိစရာမလိုပါဘူး၊ ဒါပဲနော် စည်းကမ်းချက်တွေ ကို မလိုက်နာရင်တော့ တကယ် သံလျင်ပြန်မှာ ပဲ''''သံလျင်တော့ မပြန်ပါနဲ့ဝိုင်းရယ်၊ကိုယ်ကြိုးစားပြီး လိုက်နာပါ့မယ်''

နှစ်ဆယ့်တစ်နှစ်သမီးလေးတစ်ယောက်ဆီမှာ အသက်နှစ်ဆယ့်ရှစ်နှစ်အရွယ် အမျိုးသားတစ်ယောက် ဒူးထောက်ရတာ ကတော့တကယ့်ကို မခံချင်စရာကိစ္စပါ။ဒါပေမယ့်လည်း ကျွန်တော်က ကျရှုံးခဲ့ပြီမို့ ထူးပြီးစိတ်နာမနေတော့ပါဘူးလေ။ဘကြီးပေးတဲ့ ဝဋ်ကြွေးလို့ပဲ မှတ်ယူလိုက်ပါတယ်။

* * *

''ဟ....ဒါဆို မောင်ရင့်အဖြစ်က တကယ့်ကို အံ့သြစရာကြီးပါလား၊ဘာဘာညာညာတွေ မရှိသေးဘူးပေါ့''

''ဘာညာဖို့နေနေသာသာ ကိုဝေဦးနွယ်ရယ်၊ လက်ချင်းမတော်တဆထိမိတာတောင် ပြဿနာရှာနေတဲ့ဥစ္စာ''

''ခက်တာပဲ၊ ဒါဆိုရင်တော့ ခင်ဗျားညံ့သွားပြီ ကိုနေနိုင်ရဲ့ ၊ တကယ်ဆိုကိုယ့်ခွက်ထဲက စည်ဘီယာပဲဗျာ၊ ဟောဒီလို မော့သော က်ပစ်လိုက်ပေါ့''

ကဗျာဆရာက လက်ထဲက စည်ဘီယာခွက်ကို တကယ်မော့ချပစ်လိုက်တယ်။

ဘီယာမသော က်တဲ့ ကျွန်တော်တောင် သူ့အပြုအမူကြောင့် ရှေ့ကလိမ္မော်ရည်ခွက်ကိုကောက်ကိုင်မိမလို ဖြစ် သွားပါသေးတယ်။

ကျွန်တော်ဟာ မိတ်ဖြစ်ဆွေဖြစ်သဘောနဲ့ ကဗျာဆရာကို လိုက်ပြီးပြုစုနေတာပါ။ သူဟာ ဆီးချိုရှိတာမို့ ဘီယာတစ်ခွက်ပဲ ဆေးဖြစ်ဝါးဖြစ်သဘောစတိသော က်မယ်လို့ဆိုတယ်။

ဆိုင်ရောက်တော့ ခွက်ကြီးနဲ့တစ်ခွက်မှာ တယ်။

ဂျားခွက်ကြီးနဲ့ပါ။

အဲ့ဒီဘီယာတစ်ဂျားထဲကမှ ခွက်လေးနဲ့ တစ်ခွက်ချင်းငှဲ့သော က်ရင်းသုံးခွက်လောက်မှာ ကျွန်တော်တို့ရဲ့ ဆွေးနွေးပွဲ အရှိန်မြင့်လာတာပါ။ကျွန်တော်က ဝိုင်းယုယနဲ့ ဇာတ်လမ်းအဖြစ်မှန်ကို ပြောပြလိုက်တာမို့ဇာတ်ညွှန်းရေး ဆရာက ကျွန်တော့်ကိုယ်စား မချင့်မရဲဖြစ်သွားတယ်။သူ့စိတ်ကူးထဲ ဇာတ်ရှိန်မြင့်ဖို့ ဇာတ်လမ်းဇာတ်ကွက်တွေ စဉ်းစားမိသွားဟန်တူပါရဲ့ ။

''ဒီမယ်....စာရေး ဆရာရဲ့ ကိုယ့်ခြံထဲကကြက် ကိုယ်ချက်မစားရက်ရင်တခြားလူချက်စားသွားလိမ့်မယ်၊ အဲဒီ တော့ သွေးအေးမနေနဲ့၊ ဖွင့်ပြောစရာရှိတာခပ်မြန်မြန်သာ ဖွင့်ပြောပစ်လိုက်''

''ဘာလဲ ရည်းစားစကားလား''

''ဒါပေါ့ဗျာ၊ ဘွဲ့ ရဖို့အတွက် သူငယ်တန်းက စတက်ကြရတာ ပဲ၊ ပထမရည်းစားစကားပြော၊ နောက် လက်ကလေးကိုင်ပြီး မွှေးမွှေးပေး''

''အောင်မယ်လေး ကိုဝေဦး ရယ်၊ အဲ့ဒါဆို သူ ကကငှားပြီး သံလျင်ကိုချက်ချင်းပြန်သွားလိမ့်မယ်၊ ဖြည်းဖြည်းပေါ့ဗျာ၊ တစ်ဆင့်ချင်းသွားကြတာပေါ့''

''ဒါဆိုလည်း အကြည့်လေးတွေ ကစဗျာ၊ မခို့တရို့ကြည့် နောက်စကားလုံးတွေ နဲ့ ရိသဲ့သဲ့လုပ်''

နောက်ခံသီချင်းတစ်ပုဒ်တည်းနဲ့ ချစ်သူတွေ ဖြစ်ပြီး အိမ်ထောင်ကျသွားတဲ့အထိ ရိုက်ပြနိုင်အောင် ဇာတ်ညွှန်းခွဲပေးတတ်သူကြီးရဲ့ စကားတွေ ကြောင့် ကျွန်တော်ဘီယာမသော က်ဘဲ အလိုလိုမူးလာတယ်။

''ခင်ဗျားအဖြစ်က လေယာဉ်ပျံပေါ်ရောက်ပြီးမှ လက်မှတ်ဆင်းဝယ်ဦးမယ်ဆိုတဲ့ အပေါက်ပဲ ကိုနေနိုင်ရဲ့ ၊ သတ္တိရှိစမ်းပါဗျာ၊ အနုပညာသမား ဖြစ်ပြီးသွေးမကြောင်စမ်းပါနဲ့''

ကိုဝေဦးက ဘီယာနောက်တစ်ခွက် ငှဲ့လိုက်ပြန်တယ်။

''ဒီမယ်....တောင်အာဖရိကမှာ ခင်ဗျားထက်ရုပ်ချောတဲ့ လူတစ်ယောက် ရှိကောင်းရှိမယ်၊ မြောက်ဝင်ရိုးစွန်းမှာ ခင်ဗျားထက် ပိုပြီးအားကိုးချင်စရာကောင်းတဲ့ ယောက်ျားတစ်ယောက် ရှိချင်ရှိမယ်၊ဒါပေမယ့် ဝိုင်းယုယ က အဲ့ဒီလူတွေ ကို သွားချစ်လို့မရဘူး၊ ဘာကြောင့်လဲသိလား၊မမြင်ဘူးလို့၊ ရှိမှန်းမသိလို့၊ အနေမနီးလို့ဘဲ၊ ကျွန်တော်ပြောမယ် စာရေး ဆရာရဲ့ ၊(အိုးချင်းထားတိုင်းအိုးချင်းမထိပေမယ့်အချစ်ဖြစ်ဖို့အတွက်တော့အနေနီးခြင်းဟာ ခုနစ်ဆယ့်ငါးရာခိုင်နှုန်းလောက် အရေး ကြီးတယ်၊)အခုခင်ဗျားတို့နှစ်ယောက်က အနေနီးနေကြပြီပဲ၊တစ်အိမ်ထဲအတူနေကြတဲ့ဥစ္စာဗျာ၊ ကျွန်တော်နဲ့ နေရာချင်းသာ လဲပစ်လိုက်ချင်တယ်၊ တောက်''

ကျွန်တော့်အဖြစ်ကလည်း ကဗျာဆရာတောင် တောက်ခေါက်ရတဲ့အနေအထားမျိုး ရောက်နေတာမဟုတ်လား။

မချင့်မရဲဖြစ်သူကို အပြစ်ယူလို့မရတာ မို့ စွမ်းစွမ်းတမံ ကြိုးစားပါ့မယ့်အကြောင်း ကျွန်တော် ကတိပေးလိုက်ရတယ်။

သတ္တိခွန်အားတွေ ထည့်ပေးလိုက်တဲ့အတွက် ကျေးဇူးတင်လှတာမို့အိမ်အပြန် ပါဆယ်ဝယ်ပြီး လက်ဆောင်ပေးလိုက်ပါသေးတယ်။

သူကအိမ်မပြန်သေးဘဲသူငယ်ချင်းတစ်ယောက်ဆီဆက်ချီတက်သွားတယ်။သူနဲ့လမ်းခွဲတော့ ကျွန်တော့်နှုတ်ဖျားမှာ ကဗျာတစ်ပိုင်းတစ်စ တွဲ ခိုပါလာတယ်။

* * *

ပင်လယ်က
လရောင်က်ကို
တမ်းမက်သလိုမျိုး....

အမြင်ချို့တဲ့သူက အလင်းဓာတ်ကို
တမ်းတသလိုမျိုး....

ပန်းနေကြာက နေရောင်အလာကို
ငဲ့လင့်သလိုမျိုး....

ငါ
မင်းကို
မျှော်လင့်ခဲ့ပါတယ်။
နောက်ဆုံး သွေးတစ်စက်နဲ့
အသက်ငင်ချိန်အထိ
ငါ့ရဲ့ ချဉ်ခြင်းဟာမင်းပဲ
ဖြစ်ခဲ့တာပါ။

(ယုံပါ။)

မျက်လုံးအကြည့်တွေ နဲ့
နောက်ကောက်ကျ
အလဲထိုးခံနေရသူမှာ လည်း
အိပ်မက်လှလှတော့
မက်ခွင့်ရချင်ပါရဲ့ ကွယ်....။

* * *

ကဗျာဆရာပေးလိုက်တဲ့ အားမာန်တွေ နဲ့ တက်ကြွလာတဲ့ ကျွန်တော်ရဲ့ စိတ်ဓာတ်တွေ ဟာ သိပ်တော့ ကြာကြာမခံခဲ့ဘူး။

ပြောရရင်ဖြင့် အိမ်မရောက်ခင် လမ်းတစ်ဝက်လောက်မှာ ပဲ အလိုလိုပြုတ်ကျသွားခဲ့ရပါတယ်။ ဖြစ်ပုံက လမ်းထိပ်မရောင်ခင်မှာ ကားလမ်းတစ်ဘက်ခြမ်းကလျှောက်လာတဲ့ သူမကို တွေ့ မြင်လိုက်ရတယ်။

''ဟင်...ဝိုင်းပါလား''

သူမက တစ်ယောက်တည်းမဟုတ်ဘဲ ဘေးနားမှာ သူမအရွယ်နဲ့မတိမ်းမယိမ်းကောင်လေးတစ်ယောက် ပါလာတယ်။ ကောင်လေးက စကားတွေ ကိုတတွတ်တွတ်ပြောလာတာပါ။

ဒါဟာဘာသဘောလဲ။

ကျွန်တော့်ခေါင်းထဲမှာ မေးခွန်းတွေ ဆူညံသွားတဲ့အပြင် မခံချင်စိတ်တွေ လည်း ရုန်းကြွလာတယ်။

ကျွန်တော်လှမ်းအော်ဖို့ပြင်လိုက်ပေမယ့် ချက်ချင်းပဲ ''လူတွေ ရှေ့မှာ အခွင့်အရေး မယူနဲ့''ဆိုတဲ့ သူမရဲ့ စကားကို ကြားယောင်ရင်း နှုတ်တွန့်သွားတယ်။ပြီးတော့ အဲ့ဒီတစ်ယောက်ဟာ ကိုကိုကျော်တို့ဘက်က လူတစ်ယောက်။

ဒါမှမဟုတ် သူမရဲ့ ဆွေမျိုးတစ်ယောက်ယောက်ဖြစ်ခဲ့ရင် ဆိုတဲ့ အတွေးနဲ့လည်းတွေ ဝေသွားတယ်။

ဒါကြောင့် မခေါ်တော့ဘဲ အခြေအနေကိုစောင့်ကြည့်ဖို့ ဆုံးဖြတ်ပြီးဘတ်စ်ကားမှတ်တိုင် အမိုးအောက်မှာ ဝင်ရပ်နေလိုက်တယ်။

ဝိုင်းက ကျွန်တော့်ကိုမမြင်ဘဲ ခပ်သုတ်သုတ်လျှောက်လာပြီး ဘေးကချာတိတ် ကတော့ ပေါက်ပေါက်ဖောက်သလို စကားတွေ ပြောလာတုန်းပါ။

မှတ်တိုင်ရှေ့နားတည့်တည့်လောက်ရောက်မှ သူမ ကျွန်တော့်ကိုတွေ့ မြင်သွားပြီး မျက်နှာဝင်းခနဲဖြစ်သွားတယ်။ ချက်ချင်းပဲ ကျွန်တော်ရှိရာကိုလျှောက်လာပြီး ကျွန်တော့်လက်မောင်းကို ဆုပ်ကိုင်လိုက်ပါတယ်။

''ရှာလိုက်ရတာ ၊ ဘယ်တွေ လျှောက်သွားနေတာလဲ''

ချာတိတ်က ဆက်သွားရမလို ရပ်စောင့်ရမလို ချီတုံချတုံဖြစ်နေတုန်းမှာ ပဲသူမက ဖျတ်ခနဲလှည့်ပြောတယ်။

''ဟဲ့....ဒါ ငါ့ယောက်ျား၊ နောက်တစ်ခါ လိုက်နှောင့်ယှက်ရင် သူနင့်ကိုသတ်လိမ့်မယ်၊ သိလား''

''ဟင်''

ပေါက်ပေါက်ဖောက်လာတဲ့ ငနဲလေခမျာ''ဟာ''ခနဲဖြစ်သွားတယ်။

''ဘာရပ်ကြည့်နေတာလဲ၊ လစ်တော့လေ၊ နာချင်နေပြီလား''

သူမ ခပ်တည်တည်ဟောက်လိုက်တော့ နားကွင်းတစ်ဘက်နဲ့ ငနဲလေးခမျာချာခနဲ ပြေးထွက် သွားပါတော့တယ်။

ကျွန်တော် ကတော့ လက်မောင်းကို အားကိုးတကြီး တွယ်ဖက်ထားတဲ့သူမရဲ့ အပြုအမူကြောင့် ကြောင်ပြီးမှင်သက်နေမိတယ်။ ကောင်လေး ထွက်သွားတော့မှသူမက ကျွန်တော့်မျက်နှာကိုမော့ကြည့်ပြီး ကျွန်တော့်လက်မောင်းကိုဖြောင်းခနဲရိုက်လိုက်တယ်။

အသံအကျယ်ကြီးမြည်တဲ့အပြင် စပ်ဖျင်းဖျင်းဖြစ်သွားအောင်ကိုတကယ်တွယ်လိုက်တာပါ။

''အား....နာတယ်ဝိုင်းရဲ့ ၊ ဘာဖြစ်လို့လဲ''

''ဘာဖြစ်ရမှာ လဲ၊ လူတစ်ယောက်လုံး လိုက်နှောင့်ယှက်နေတာကိုမမြင်ဘူးလား၊ ဘာလို့လှမ်းမခေါ်တာလဲ၊ ဘာလို့ ဒီတိုင်းရပ်ကြည့်နေတာလဲ''

''ခေါ်မလို့ဘဲဝိုင်းရဲ့ ၊ ဒါပေမယ့် ဝိုင်းက အသားယူတယ်ဆိုပြီး ပြောမှာ စိုးတာနဲ့''

သူမက မျက်နှာကိုမဲ့ပြီး တစ်ဖက်လှည့်သွားတယ်။

''တော်ပါ၊ သူများ စကားကို အထအနကောက်တာမဟုတ်လား၊ယောက်ျားဖြစ်ပြီး အထအနကောက်ရင် သိပ်စပ်မြင်ကပ်တာပဲ၊ သိလား''

ပြောနေရင်း သူမမျက်နှာက ငိုမဲ့မဲ့ဖြစ်လာတယ်။

ကျွန်တော်သာ တစ်ခုခုဝင်မပြောဘဲ ခပ်တည်တည်နေလိုက်ရင် တကယ့်ကိုငိုချတော့မှာ ပါ။

''ကိုယ် အထအနကောက်တာမဟုတ်ပါဘူး၊ ရုတ်တရက်ဆိုတော့ဝမ်းကွဲမောင်နှမတစ်ယောက်လား ကိုကိုကျော်လွှတ်လိုက်တဲ့ လူများ လားဆိုပြီးတွေ ဝေသွားတာပါ၊ ပြီးတော့ ဝိုင်းကို ခုလိုမျိုး လမ်းပေါ်မှာ မြင်ရမယ်လို့လည်းမထင်ဘူးလေ၊ ဝိုင်းက စာဖတ်ရင်း အိမ်မှာ ကျန်နေခဲ့တာဆိုတော့''

''ဟုတ်တယ်၊ စာဖတ်ပြီး အိပ်တော့မလို့ဘဲ၊ ဒါပေမယ့် လေတွေ တိုက်လာတာနဲ့ ကြောက်ပြီး သူ့နောက်လိုက်လာတာ၊ ဘေးအိမ်မေးတော့ ကိုဝေဦးနဲ့လမ်းထိပ်လက်ဖက်ရည်ဆိုင်မှာ ဆိုလို့''

အချိန်ကလည်း နေစောင်းကာစမို့ သူမလိုက်လာရဲတာပါ။

ကျွန်တော်သာ ချက်ချင်းအိမ်ပြန်မလာဘဲ ကဗျာဆရာနဲ့ ဆက်ပါသွားရင်သူမ ဘယ်လောက်များ ရွာလည်နေလိုက်မလဲ။ ပြီးတော့ ပေါက်ပေါက်ဖောက်သံကိုလည်း ဘယ်လောက်တောင် အောင့်အီးသည်းခံနေရမလဲ။ကံကြီးပေလို့သာပဲ။

နောက်နောင် ခုလိုမျိုး စိတ်လိုက်မာန်ပါ ထလိုက်မလာဖို့ ကျွန်တော်ဖြောင်းဖျလိုက်ရတယ်။

''နားကွင်းနဲ့ငနဲလေးမို့ပေါ့၊ ဆေးမှင်ကြောင်နဲ့ ငနဲကြီးမျိုးဆိုရင် ဝိုင်းဘယ်လိုလုပ်မလဲ''

''အံမာ....အော်လိုက်မှာ ပေါ့၊ ဟော့ဒီမှာ လာကြပါဦးဆိုပြီး အသံကုန်ဟစ်လိုက်မှာ ပေါ့''

ကြည့်ရတာ ဖြင့် တကယ်လုပ်မယ့်ပုံပဲ။

ကျွန်တော် သူမကိုကြည့်ပြီး ပြုံးလိုက်မိတယ်။

သူမက ကျွန်တော်ပြုံးတာကိုမြင်တော့ ဘာမပြောညာမပြောနဲ့ စောစောကလိုတစ်ချက်ထပ်ရိုက်ပြန်တယ်။

''ဟောဗျာ....ဘာဖြစ်ရပြန်တာလဲ''

''ဘာမှမဖြစ်ဘူး၊စောစောကအကြောင်းတွေ မိပြီး၊အသည်းယားလာလို့''

''အဲ..''

ညဟာ လွမ်းစရာကောင်းလောက်အောင် မှိုင်းမှု န်ဝေသီနေတယ်။ကျွန်တော်ဟာ ညအမှော င်ကို သဘာဝ အတိုင်းခံစားရင်း ဘာကိုလွမ်းမှန်းမသိ လွမ်းလာရဲ့ ။

အခုဆို ကျွန်တော်နဲ့သူမ ဒဂုံမြို့သစ်လေးရဲ့ နေရောင်ခြည်နဲ့ လေကောင်းလေသန့်တို့ကို ခံစားရှူရှိုက်လာခဲ့တာ တစ်ပတ်ကျော်လာခဲ့ပြီ။ဒီအတောအတွင်း ဘကြီးဆီ ကျွန်တော်တို့ ဖုန်းနှစ်ခါဆက်ဖြစ်တယ်။

ဘကြီးက မြို့သစ်လေးမှာ ပဲ နေကြဦး။ မြို့ထဲမထွက်ကြနဲ့ဆိုလို့ ကျွန်တော်မဂ္ဂဇင်းတိုက်ကနေ ခွင့်တစ်ပတ်ယူထားခဲ့ရတယ်။

''ငါ မင်းတို့ဆီထွက်လာရင် ကျော်ခေါင်တို့တူဝရီး နောက်ကပါလာမှာ စိုးလို့တမင်ထွက်မလာသေးတာ၊ သူတို့ရဲ့ အခြေအနေကိုလည်း အကဲခတ်တဲ့သဘောပေါ့၊သတင်းစာထဲက ကြော်ငြာတော့ ဖတ်ပြီးပြီမဟုတ်လား''

''ဟုတ်ကဲ့''

သတင်းစာထဲကနေ ဝိုင်းယုယကို အမြန်ပြန်လာဖို့အကြောင်း သွေးဆောင်လက်ခံထားသူကို တရားစွဲမယ်ဆိုတဲ့အကြောင်း ကြော်ငြာပါလာတယ်။အဲဒီ ကြော်ငြာဖတ်ပြီး ဝိုင်းက ကျွန်တော့်အတွက် စိတ်ပူနေသေးတယ်။

''အဲ့လူကြီးကို တကယ်တရားစွဲရင် ဘယ်လိုလုပ်မလဲဟင်''

''စွဲလို့ရမလားဝိုင်းရဲ့ ၊ တို့က တရားဝင်လင်မယားတွေ ဖြစ်နေကြပြီပဲဟာ''

ဒီနေ့ ဖုန်းဆက်ချိန်မှာ တော့ ဘကြီးက ကျွန်တော်နဲ့ဝိုင်းရဲ့ ဆက်ဆံရေး တိုးတက်မှု ကိုမေးတယ်။အဆင်ပြေကြလားပေါ့။ အခြေအနေကောင်းပြီလားပေါ့။

''ဘကြီးပေးတဲ့လက်ဆောင် ကတော့ စံပဲ ဘကြီးရေ၊ မနေ့ကဆိုကျွန်တော့်လက်မောင်းကို နှစ်ခါတောင်တွယ်လိုက်သေးတယ်၊ အီဆိမ့်သွားတာပဲ''

ဘေးနားက ဝိုင်းကြားအောင် ကျွန်တော် တမင်ကျယ်ကျယ်ပြောလိုက်တယ်။ စတိုးဆိုင်ထဲ ဟိုငေးဒီငေးလုပ်နေတဲ့ဝိုင်းက ကျွန်တော့်စကားကြောင့်မျက်နှာမဲ့ပြီး ကျွန်တော့်ကိုကြည့်တယ်။

''ဘာလဲကွ တွယ်တယ်ဆိုတာ၊ ယီးလေးခိုတာ ဖက်တာကိုပြောတာလား''

''ဖက်ဖို့များ တော့ အဝေးကြီးပဲခင်ဗျ၊ ကျွန်တော့်ကိုလည်း ခုချိန်ထိအဲ့ဒီလူကြီးလို့ခေါ်နေတုံးပဲ၊ ကျန်တာတွေ တော့မမေးနဲ့ ဘကြီးရေ''

''မင်းမလဲ ဘုန်းကြီးဖြစ်မယ့်ဇာတာက မကုန်သေးဘဲကိုး၊ လက်ထပ်ပြီးတစ်ပတ်ရှိတာတောင် ခုချိန်ထိ စိမ်းနေကြတုံးလား၊ ဟေ့ နေနိုင်သူ ဝိုင်းကိုခေါ်လိုက်စမ်းကွာ၊ ငါ စကားခဏပြောချင်လို့''

အရိပ်အခြေ လှမ်းကြည့်နေတဲ့သူမကို မျက်ရိပ်ပြ ဖုန်းပေးပြီး ကျွန်တော်စတိုးဆိုင်အပြင်ဘက် ထွက်လာခဲ့တယ်။

သူမပြောချင်တာတွေ ဘကြီးကို လွတ်လွတ်လပ်လပ်ပြောနိုင်အောင်လို့ပါ။

ဘကြီးနဲ့ ဘကြီးရဲ့ လက်ဆောင် သူ့ဝမ်းမနာသမီးလေးဟာ ဘာ အကြောင်းအရာတွေ ကိုဆွေးနွေးကြတယ်မသိဘူး အတော်ကြာတဲ့အထိ မပြီးနိုင်ပါဘူး။

ကျွန်တော် ငိုက်မြည်းလုလုအချိန်လောက်မှ ဖုန်းပြောတာပြီးသွားပြီး သူမမျက်နှာမကြည်မသာနဲ့ ထွက်လာတယ်။

ကျွန်တော် အကျိုးအကြောင်းသိချင်ပေမယ့်လည်း မှု န်မှိုင်းမှိုင်းဖြစ်နေတဲ့သူမမျက်နှာကြောင့် ဘာမှမမေးဖြစ်တော့ဘူး။ အိမ်ရောက်တော့ ညစာစားပြီး သူမကအဝေးသင်စာအုပ်တွေ သယ်ဆောင်လို့ အိပ်ခန်းထဲဝင်သွားတယ်။

ကျွန်တော် ကတော့ ဓာတ်ခဲရေဒီယိုလေးနဲ့ ခြံထဲဆင်းလာခဲ့တယ်။

သဘာဝ အတိုင်း မှော င်နေတဲ့ခြံထဲမှာ ဘယ်လောက်ကြာအောင်ကျွန်တော်ထိုင်ပြီး စိတ်လွင့်နေမိတယ်မသိဘူး၊ ချွတ်ခနဲအသံနဲ့ သူမ အနားရောက်လာမှကျွန်တော် သတိထားမိတယ်။

''ခြင်ဆေးထွန်းမလား၊ ခြင်မကိုက်ဘူးလားဟင်''

''နေပါစေ မင်းမှ ခြင်ဆေးနံ့မခံနိုင်တာ''

သူမက ဘာမှမပြောဘဲ လက်ထဲပါလာတဲ့ ခြင်ဆေးခွေကို ထွန်းညှိပြီးအောက်မှာ ချထားလိုက်တယ်။

''ဘကြီးကပြောတယ်သိလား''

''အင်း....ဘာတဲ့လဲ''

''အဲ့လူကြီးကို အဲ့လူကြီးလို့မခေါ်ရဘူး၊ ရိုင်းတယ်တဲ့''

''အင်း''

''နောက်ပြီးတော့လေ....ဟို အဲ့လူကြီးက ကိုယ့်လင်ယောက်ျားအိမ်ဦးနတ်ဖြစ်နေပြီ ညတိုင်း ရှိခိုးအိပ်ရမယ်တဲ့''

ကျွန်တော် ဘကြီးကို လှမ်းပြီးကျေးဇူးတင်လိုက်တယ်။ဘာပဲဖြစ်ဖြစ်လက်ရှိအခြေအနေမှန်ကို သူမ သဘောပေါက်လာတာဟာ ကျွန်တော့်အတွက်တော့အားတက်စရာပါ။

''ပြောတာတွေ ကတော့ အများ ကြီးပဲ အဲ့လူကြီးကို ရိုသေဖို့၊ ပြန်မပြောဖို့အို စုံနေတာပဲ၊ အားလုံးတောင် မမှတ်မိတော့ဘူး၊ ခု ကျွန်တော် သိချင်တာကအဲ့လူကြီးကို ဘယ်လိုပြောင်းခေါ်ရမလဲဟင်၊ ဦးနေနိုင်သူလို့ ခေါ်ရမလား''

''ဟာ....အဲ့ဒါကြီး ကတော့ သူစိမ်းဆန်လွန်းပါတယ်''

''ဒါဖြင့် ဘယ်လိုခေါ်ရမလဲ''

''ခု အဲ့လူကြီးလို့ခေါ်နေတာလည်း နားထောင်ရတာ တော့ ဆန်းသားပဲ၊သူစိမ်းတွေ ကြားရင်သာ ရယ်စရာဖြစ်ကြမှာ ၊ ကိုယ်ခေါ်စေချင်တာ တစ်ခု တော့ရှိတယ်၊မင်း ခေါ်ချင်ပါ့မလား မသိဘူး''

''ဘာလဲဟင်''

''ကိုကိုလို့''

''အို''

သူမ ခေါင်းငုံ့သွားတယ်။

''အဲ့လိုခေါ်တယ်ဆိုတာ ချစ်သူတွေ ဖြစ်မှခေါ်ကြတာပဲ''

''ကိုယ်တို့က စာချုပ်စာတမ်းအရ တရားဝင်လင်မယားတွေ ပဲဥစ္စာ''

''ဒါပေမယ့်...ချစ်သူတွေ မှမဖြစ်ကြသေးပဲ''

''ဒါဆိုလည်း ချစ်သူမြန်မြန်ဖြစ်ဖို့ စဉ်းစားတော့ဝိုင်းရာ''

''ဟင်...ဘာဆိုင်လို့လဲ''

''ဆိုင်တာပေါ့၊ အဲ့လိုကိစ္စမျိုးက မိန်းကလေးတွေ ပဲ စဉ်းစားကြရတဲ့ ဥစ္စာ''

''ဟယ်....ဟုတ်ပဲနဲ့''

သူမက ရှက်ရင်ဖြစ်စေ တစ်ခုခုကို ငြင်းချင်ရင်ဖြစ်စေ အမြဲ ''ဟုတ်ပဲနဲ့''လို့စကားစလေ့ရှိတယ်။

ကျွန်တော်က ဟုတ်စေချင်လှပြီဖြစ်ပေမယ့် ဘယ်လိုစကားနဲ့ စတင်ရမယ်မှန်း စဉ်းစားလို့မရဘူး။ဖြစ်ချင်တော့ အဲ့ဒီအချိန်မှာ ကျွန်တော်တို့ထိုင် နေတဲ့နေရာတည့်တည့်အပေါ်ကို အုန်းလက်ကြွေကျပါတယ်။

အုန်းလက်ခြောက်ခမျာ သူ့ခန္ဓာဝန်စွန့်ဖို့ ဘယ်လောက်များ အောင့်ထားခဲ့ရတယ်မသိဘူး။ အချိန်ကျပြီဆိုတာနဲ့ ဝုန်းခနဲအသံအကျယ်ကြီး အော် မြည်ပြီးအောက်ကိုခုန်ဆင်းလာတော့တာပဲ။

''အမယ်လေး...အမေရေ့''

သူမက ကြောက်ကြောက်နဲ့ ဆတ်ခနဲထပြီး ကျွန်တော့်ရင်ခွင်ထဲပြေးဝင်လာတယ်။

''ဘာမှ မဟုတ်ပါဘူး ...ဝိုင်းရဲ့ ''

''ဘာလဲဟင် ...ဘာဖြစ်တာလဲ၊ မြေပြိုတာလား''

''မဟုတ်ဘူးဝိုင်း ..၊ အုန်းလက်ကြွေတာ''

''အမယ်လေး...တော်ပါသေးရဲ့ လူကိုလန့်သွားတာပဲ''

ရှက်ကိုးရှက်ကန်းနဲ့ ကျွန်တော့်ရင်ခွင်ထဲကနေ ပြန်ထွက်ဖို့ပြင်တယ်။ဒါပေမယ့် ဘယ်ရမလဲ။

''အခု အုန်းလက်ကြွေတာ ဆန်းတယ်ဝိုင်းရဲ့ ''

''ဘာကြောင့်လဲ''

''လေမတိုက်ဘဲနဲ့ ကြွေတာလေ၊ ကိုဝေဦးနွယ်ပြောတာတော့ ဒီလမ်းထဲမှာ အုန်းပင်ပေါ်ကပြုတ်ကျပြီး သေသွားတဲ့ အုန်းတက်သမားတစ်ယောက် ရှိခဲ့ဖူးတယ်တဲ့''

''ဟင်''

''မဟုတ်မှလွဲရော အဲ့ဒီအုန်းတက်သမားပဲ သရဲဖြစ်နေလားမသိဘူး၊ ဟောအုန်းလက်တွေ လှုပ်လာပြန်ပြီ''

''အမေ့''

ဒီတစ်ခါတော့ ကျွန်တော့်ရင်ခွင်ထဲ ခေါင်းဝှက်ဝင်ရုံမကဘဲကျွန်တော့်ကိုယ်လုံးကို ကျစ်ကျစ်ပါအောင် ဖက်ထားတယ်။တစ်ဘက်ခြံကကဗျာဆရာကို လှမ်းအော်ပြီး ကျွန်တော့်အဖြစ်ကို ပြလိုက်ချင်ပါရဲ့ ။

ဒါပေမယ့် အဲလိုကြီးအော်ခေါ်ဖို့က မကောင်းဘူးမဟုတ်လား။ပြီးတော့ ကြောက်လန့်နေတဲ့ သူမအတွက်လည်း စိတ်အနှောင့်အယှက်ဖြစ်သွားနိုင်ပါတယ်။

ဒါကြောင့် သူမကိုပဲ မကြောက်အောင် အားပေးလိုက်ရတယ်။

''မထနဲ့ဦး ဝိုင်း၊ အုန်းလက်တွေ လှုပ်နေတုံးပဲ၊ ဟိုတစ်ပင်ကဆိုပိုတောင်ကြမ်းလာသေးတယ်''

ရာဇာဝင်နဲ့ နိပါတ်တွေ ထဲမှာ ပရိယာယ်ကို အကျိုးရှိအောင် အသုံးချခဲ့တာကြောင့် စစ်နိုင်တာတွေ ။ အခက်အခဲကို ရင်ဆိုင်ကျော်လွှားနိုင်တာတွေ အများ အပြားရှိခဲ့ပါရဲ့ ။

ကျွန်တော်လည်း သူမနဲ့ ချစ်သူဖြစ်ခွင့်အတွက် ပရိယာယ်တွေ အပြင်ဉာဏ်နီဉာဏ်နက်တွေ ကိုပါ အသုံးပြုခဲ့ရပါတယ်။

တစ်ခါတစ်ရံ ထိရေက်ပေမယ့် တစ်ခါတစ်ရံတော့ ပါးနပ်လှတဲ့ သူမကြောင့်လွဲချော်ကျရှုံးရတာ တွေ လည်း ရှိခဲ့တယ်။ ကျွန်တော့်ရဲ့ နည်းဗျူဟာတွေ ထဲကအရိုးစင်းဆုံးတစ်ခု ကတော့ သူမကို ရည်းစားစာပေးတာပါ။

ခွင့်စေ့လို့ မဂ္ဂဇင်းတိုက်ကို ကျွန်တော် အလုပ်ပြန်ဆင်းမယ့်ရက်မှာ သူမကမသွားဖို့ဂျီကျတယ်။

''ကျွန်တော်တစ်ယောက်တည်း မနေခဲ့ရဲဘူးဗျ''

''ဒါဆို ဘယ်လိုလုပ်မလဲ''

''အဲ့လူကြီးရဲ့ မဂ္ဂဇင်းတိုက်ကို လိုက်ခဲ့မယ်လေ၊ ဘာမှ အနှောင့်အယှက်မပေးဘဲ ငြိမ်ငြိမ်လေးထိုင်နေမှာ ပါ၊ ကျွန်တော့်ကိုခေါ်ပါနော်''

ကလေးပိစိကွေးလေးဆိုလည်း ကျွန်တော် တကယ်ခေါ် သွားပါရဲ့ ။

ဒါပေမယ့်....သူမက ကလေးလေးမဟုတ်တဲ့အပြင် အလုပ်မှာ ကလည်းယောက်ျားတွေ ချည်းပဲရှိတာမဟုတ်လား။

''လိုက်လို့မဖြစ်ပါဘူးဝိုင်းရယ်၊ တော်ကြာ မင်းလိုက်လာရင် ကိုယ့်ကိုစိတ်မချလို့ လိုက်လာတယ် ထင်ကြမှာ ပေါ့''

ကျွန်တော့်စကားကြောင့် သူမတွေ သွားတယ်။

''ပြီးတော့ မျက်စေ့အောက်က အပျောက်မခံနိုင်အောင် ချစ်နေကြပြီလို့လည်း ဝိုင်းစကြလိမ့်မယ်''

''ဟယ် ဟုတ်ပဲနဲ့''

''ဒါကြောင့် အိမ်မှာ ပဲနေခဲ့၊ ပျင်းရင်တော့ ဒီစာကိုဖတ်ပြီး စဉ်းစားနေပေါ့''

''ဒါ ဘာစာလဲဟင်''

''ရည်းစားစာ''

''အယ်''

စာပေးပြီး ကျွန်တော် ခပ်မြန်မြန်ထွက်လာခဲ့တယ်။ကျွန်တော်ထင်ပါတယ်။ ဘတ်စ်ကားဂိတ် မရောင်ခင်လောက်မှာ ပဲ သူမကျွန်တော့်စာကို ဖတ်နေလောက်ပါပြီ။

* * *

ဝိုင်း

မဟော်သဓာဟာ သူ့ဇနီးဖြစ်မယ့် အမရာ သတို့သမီးကို မြင်မြင်ချင်းမှာ ပဲဖူးစာရှင်မှန်းသိခဲ့သတဲ့။

ကိုယ်က မဟော်သဓာလောက် ဉာဏ်ပါရမီ မရင့်သန်လေတော့ကျောက်မြောင်းမှာ ဒုတိယအကြိမ် ပြန်တွေ့ မှပဲ ဖူးစာဖက်ဖြစ်လိမ့်မယ်မှန်း သိခဲ့ရတာ ပါ။

သိသိချင်းမှာ ပဲ မင်းအပေါ် အရူးအမူးချစ်မိသွားခဲ့တယ်။ (ဒါကြောင့် လည်းကိုယ့်ဘဝတစ်ခုလုံး မင်းလက်ထဲ ပုံအပ်ခဲ့တာပေါ့။)

ဝိုင်းရေ....

လောကကို နားအလည်ဆုံးသူဖြစ်ဖို့ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းပါရမီဖြည့်ဖို့လိုတယ်။

နိုင်ငံကို အကျွမ်းကျင်ဆုံး ပုဂ္ဂိုလ်ဖြစ်ချင်ရင်တော့ အသိပညာနဲ့အတွေ့ အကြုံတွေ နှစ်ပေါင်းများ စွာ စုဆောင်းရလိမ့်မယ်။

ဒါပေမယ့်....ကမ္ဘာမှာ အပျော်ဆုံးလူတစ်ယောက် ပေါ်ထွက်လာ ဖို့ဆိုရင်တော့ဝိုင်းဘက်က ဘာမှ ပင်ပင်ပန်းပန်း လုပ်စရာမလိုဘူး။

ခေါင်းကလေးညိတ်ရုံနဲ့ ချစ်တယ်ဆိုတဲ့ စကားလေးနှစ်ခွန်း ရေရွတ်လိုက်ရုံပါပဲ။

(နေနိုင်သူ)

ညနေ ကျွန်တော် အိမ်ပြန်ရောက်တော့ ဝှိုက်ဘုတ်မှာ သူမက ခုလိုပြန်ရေး ထားတယ်။

အဲ့လူကြီး....

အဘွားကပြောဖူးတယ်။မိန်းကလေးတစ်ယောက် အဖြေပေးဖို့အတွက်သုံးနှစ်သုံးမိုး အချိန်ယူပါတဲ့။

အမေကတေ့ တစ်နှစ်လောက် စောင့်ကြည့်လေ့လာသင့်တယ်တဲ့။သုံးနဲ့တစ်ပေါင်းရင် လေးဖြစ်ပေမယ့် ကျွန်တော် ကတော့ သုံးလလောက်ပဲအချိန်ယူချင်ပါတယ်။

(ဝိုင်းယုယ)

ဒါဟာ သူမရဲ့ ဆန္ဒ အစစ်အမှန်ဆိုရင်တောင် ကျွန်တော် ကတော့ အဲ့ဒီလောက်အချိန်မဆွဲစေချင်ဘူး။ ဒါနဲ့ပဲ သူမရဲ့ စာတွေ ကိုဖျက်ပြီး ပြန်ရေး လိုက်တယ်။

ဝိုင်း....

ဒုတိယကမ္ဘာစစ်တုန်းက တံတားတစ်စင်းဆောက်ဖို့ သုံးရက်တည်းအချိန်ယူသတဲ့။

ပင့်ကူတွေ ကတော့ သူတို့ရဲ့ အိမ်ကို တစ်ညထဲနဲ့ အပြီးဆောက်သတဲ့။အခု စစ်ဖြစ်နေတာမဟုတ်ပေမယ့် အချိန်တွေ က အငွေ့ပျံလွယ်လွန်းပါတယ်။

အဲ့ဒီတော့....

ကိုယ့်ကို တစ်ပတ်အတွင်း အဖြေပေးစေချင်တယ်။

(နေနိုင်သူ)

တစ်အိမ်တည်းအတူနေပါလျက်နဲ့ ရည်းစားစကားကို ပါးစပ်က မပြောကြဘဲ (ဝှိုက်ဘုတ်)ပေါ်ကတစ်ဆင့် စာရေး ပြီး ပြောနေကြရတာ ရယ်စရာကောင်းလှပါတယ်။ မျက်နှာချင်းဆိုင်ဆိုရင် မျက်နှာထားရခက်နေမှာ ဖြစ်တဲ့ သူမဟာ(ဝှိုက်ဘုတ်)ပေါ်မှာ တော့ ပေါ်ဦးပေါ်ဖျား ရှားပါးကုန်ရောင်းတဲ့ ဈေးသည်လိုလေသံကမာလှပါတယ်။

''တစ်လတော့ လျှော့ပေးလိုက်မယ်၊ စဉ်းစားချိန် နှစ်လယူမယ်၊ထပ်မဆစ်နဲ့တော့''

ဆိုပြီး တင်းခံနေပါသေးတယ်။

ကျွန်တော်က တစ်ပတ်အစား ဆယ့်လေးရက်အထိ စဉ်းစားချိန်တိုးမြှင့်ပေးပြီး ညှိုနိုင်းခဲ့ပေမယ့် သူမ ကတော့....

''တစ်လခွဲစဉ်းစားမယ်၊ ဒါနောက်ဆုံးပဲ''

ဆိုတဲ့စကားနဲ့ ဆွေးနွေးပွဲကို တစ်ဖက်သတ် ရပ်ဆိုင်းပစ်လိုက်တယ်။ကျွန်တော်က ဝိုင်းဆီက အဖြေရဖို့ တစ်လခွဲတိတိ စောင့်ရမယ့် အကြောင်းကိုဝေဦးနဲ့ သူ့မိတ်ဆွေ ပန်းချီဆရာ ကိုတိုးတို့ကိုပြောပြတော့ သူတို့ကခွက်ထိုးခွက်လှန်ရယ်ပါတယ်။

ကာယကံရှင်တွေ မဟုတ်တော့လည်း ရယ်နိုင်မှာ ပေါ့လေ။ကျွန်တော် အဲ့ဒီလို အရယ်ခံရတဲ့အချိန်မှာ ဝိုင်းကလည်း သူမနဲ့အဖွဲ့ကျနေပြီဖြစ်တဲ့ အိမ်နီးချင်း အမျိုးသမီးတွေ ကို ပြန်ပြောပြပြီး ဟားချင် ဟားနေမှာ ပါ။

''ဘယ်ရမလဲ ဝိုင်းယုယပဲဥစ္စာ၊ တစ်လခွဲစောင့်ပါဆိုပြီး သင်ခန်းစာပေးလိုက်တာပေါ့''

''လေးငါးလစောင့်ဆိုရင်လည်း သူစောင့်ရမှာ ပဲလေ''

အဲ့ဒီလိုစကားမျိုးတွေ နဲ့ အောင်ပွဲခံချင်ခံနေမှာ ပါ။ကဗျာဆရာ ကတော့ ခုလိုပြောပါတယ်။

''ကိုယ့်လူကလည်း ကိုယ့်ခွက်ထဲကဘီယာကို တစ်နေကုန်ထိုင်ပြီးတစိမ့်စိမ့်ကြည့်နေစရာ မလိုပါဘူးဗျာ၊ ညတွင်းချင်း အဖြေတောင်းလို့ရပါတယ်''

''ဟုတ်တယ် ကိုနေနိုင်ရဲ့ ၊ ဘီယာဆိုတာ ဖောက်ပြီး ချက်ချင်း မသော က်ရင်အမြုပ်သေသွားလိမ့်မယ်၊ အခုအိမ်ပြန်တာနဲ့ အဖြေတောင်း ဗျာ''

သူတို့တွေ ဘယ်လိုပြောပြော ကျွန်တော် ကတော့ ဖိအားပေးပြီးအတင်းအကြပ် အရေး မဆိုချင်တာမို့ သူမသတ်မှတ်တဲ့အတိုင်း တစ်လခွဲစောင့်ဖို့ဆုံးဖြတ်လိုက်တယ်။

သိကြတဲ့အတိုင်း....အမျိုးသမီးတွေ ဆိုတာက....

ဧည့်ခံပွဲမှာ တစ်ခါပဲဝတ်ရမယ့် ချိတ်လုံချည် အဆင်ရွေးတာတောင်တစ်ပတ်လောက် အချိန်ယူချင်သေးတာ။ တစ်သက်လုံးပေါင်းရမယ့်ယောက်ျားဆိုတော့လည်း ဒီလောက်တော့ အချိန်ယူမှာ ပေါ့လေ။

ဒါပေမယ့်....တကယ်တွေးကြည့်တော့တစ်လခွဲဆိုတာ ရက်ပေါင်းလေးဆယ့်ငါးရက်တောင် အကြာကြီး ခင်ဗျ။

အဲ့ဒီအချိန်ကာလကို ဘယ်လိုသည်းခံမှု မျိုးနဲ့ ဖြတ်သန်းရမလဲ ကျွန်တော် စဉ်းစားမရဘူး။(အတွေးနဲ့တင် အတော့်ကို ရင်မောရပါတယ်။)

ဒါပေမယ့် ကံကောင်းချင်တော့ ကျွန်တော့်အဖြစ်ကို ကြည့်ရက်ပုံမရတဲ့မြှားနတ်မောင်ဟာ...

နောက်တစ်နေ့မှာ ပဲ ကျွန်တော့်အိမ်ရှေ့ကို မာစီးဒီးကားကြီးနဲ့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာပါတယ်။

* * *



ဝန်ဇင်းချစ်သူများ နေနော် ၏ “ ချစ်သူ့ကောက်ကြောင်း ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


လေပြင်းခြွေတဲ့နွေ

အလင်းဖျော့ကောင်းကင်

အက်ဆစ်ချို