Cover

နိဒါန်း

အို… ချစ်သူ….

ချင်ခြင်းသက်သက်ဖြင့် သာ

ငါ့အား ပွေ့ဖက်တော် မူပါ။

ရာသီပန်းတို့၏ ရနံ့နှင့်အတူ

ငါ၏ နှလုံးသား၌ သင်၏ ချစ်ခြင်းကို

အစဉ်သဖြင့် မွှေးပျံ့ကြိုသင်းပါစေသော်….။

♥ ♥ ♥


(ကွင်းဆက်)

တံလျှပ်တွေ က ရေထင်ရလောက်အောင်ပင် ရှလက်ပြောင်မြောက်နေသည်။ နွေပန်းချီသည်ကား နေရောင် ခြည်စူးစူးတို့ဖြင့် ပိန်းပိတ်နေလေသည်။

ခြစ်ခြစ်တောက် ပူလောင်နေသော မွန်းတည့်ချိန် နွေနေရောင် အောက်တွင် ကောင်မငယ်လေးနှစ် ယောက် လမ်းလျှောက်နေပါသည်။ သူတို့လေးတွေ ၏ မျက်နှာလေးတွေ သည် နီမြန်းလွန်းကာ ရဲရဲတွတ်နေပေသည်။ နေလောင်ဒဏ်ကို သူတို့ ငြီးငွေ့စိတ်ပျက်နေဟန် ရှိ၏ ။

``နေကလည်း ပူလိုက်တာဟယ်၊ လွန်ရောကျွံရောပဲ´´

``အေးဟာ… ရန်ကုန်နေက ကဲကိုကဲတယ်၊ နင့်နောက်လျှောက်လိုက်ရတာ လည်း ခြေထောက်တွေ တောင့်နေပြီ။ ငါတို့ အအေးလေး ဘာလေး အမောပြေ ၀င်သောက်ရအောင်လေ´´

``ကောင်းတယ် ကောင်းတယ်၊ နီးနီးနားနား ဟိုဆိုင်မှာ ၀င်သောက်ကြမယ်´´

တစ်ယောက် က နီးစပ်ရာ ဆိုင်ကို လက်ညှိုးထိုး၍ ပြော၏ ။ အမြင်အဆင် သားနားသော ဆိုင်ကိုကြည့်ပြီး တစ်ယောက် က မျက်လုံးကလေး အပြူးသားနှင့်…

``ဟဲ့… နင့်ဟာက ဖြစ်ပါ့မလား´´

`` ဖြစ်ပါတယ်ဟ၊ ငါ့မှာ ပိုက်ဆံတွေ ပါပါတယ်၊ သူများ အထင်မသေးအောင်သာ ခပ်တည်တည်နေ´´

ကောင်မငယ်လေးနှစ် ယောက် သည် ဆိုင်အတွင်းသို့ ခပ်တည်တည် ၀င်သွားကြ၏ ။ အထဲရောက်သော အခါ ထိုင်ခုံမှာ အကျအန ထိုင်နေလိုက်ကြသည်။ ဟိုကြည့် ဒီကြည့်နှင့် အတန်ကြာတော့ သူတို့ စိတ်တိုလာပါသည်။

``ကျွတ်… ဒီဆိုင်ကစားပွဲထိုးတွေ က ညံ့လိုက်တာဟာ။ အခုထိ ငါတို့ကို တစ်ယောက် မှာ လာမမေးသေးဘူး´´

``အေးပါဟယ်… ဆိုင်က သားနားသလောက် စားပွဲထိုးတွေ က အသုံးကို မကျဘူး။ အမှန်ဆို ငါတို့ဝင်လာကတည်းက ဘာစားမလဲ ဘာသောက်မလဲဆိုပြီး ပျာပျာသလဲ ဖြစ်နေရမှာ ၊ အခုတော့ သူတို့နဲ့ မဆိုင်သလိုမျိုး ရုပ်တည်ကြီးတွေ နဲ့… လွန်လွန်းတယ်ဟာ၊ ငါသာ ဒီဆိုင်ပိုင်ရှင်ဆိုရင် အကုန်လုံးကို အလုပ်ဖြုတ်ပစ်တယ် ဟွန်း´´

အသံဝဲ၀ဲလေးတွေ နှင့် ကောင်မငယ်လေးနှစ် ယောက် ဒေါထ နေကြသည်။ သည်းမခံနိုင်သည့်အဆုံး၌ တစ်ယောက် က အနားမှ ဖြတ်သွားသော စားပွဲထိုးအား လက်ယပ်ခေါ်လိုက်လေသည်။

``ဟိတ်… လာဦး´´

စားပွဲထိုးကောင်လေးက လက်နောက်ပစ်၍ ခပ်ရို့ရို့ လာရပ်သည်။ ကောင်မငယ်လေး တစ်ယောက် လူရှိန်အောင် မျက်နှာကြောကို တင်းမာ၍ …

``ရှင်တို့က ဘာအချိုးချိုးတာလဲ´´

``ဗျာ´´

``ကျွန်မတို့မှာ ပိုက်ဆံမပါဘူး ထင်လို့လား၊ ကျွန်မတို့က ရှင်တို့ဆိုင်က မုန့်တွေ ကို အလကားစားမှာ မဟုတ်ပါဘူး၊ ပိုက်ဆံပေးပြီး စားမှာ ပါ၊ လူကို အထင်မသေးပါနဲ့´´

``ဟုတ် ဟုတ်ကဲ့ပါ´´

``အဲဒါနဲ့တောင် ရှင်တို့က ကျွန်မတို့ကို ဘာလို့ မရေး မစိုက်တာလဲ´´

``ခင်ဗျာ… ဘာ.. ဘာတွေ ပြောနေတာလဲ မသိဘူး…´´

ဘလိုင်းကြီးသက်သက် အဟောက်ခံနေရသဖြင့် စားပွဲထိုး ကောင်လေးခမျာ `လည်´နေရှာသည်။

``ဘာပြောရမှာ လဲ၊ ဒီမှာ ကျွန်မတို့ ထိုင်နေတာ ကြာလှပြီး အဲ့ဒါ ဘာစားမလဲ ဘာသောက်မလဲဆိုပြီး ရှင်တို့တွေ တစ်ယောက် မှ လာမမေးကြဘူး၊ ကိုယ့်ဆိုင်လာအားပေးတဲ့ ဧည့်သည်ကို ဖော်ဖော်ရွေရွေ လေးလေးစားစား မဆက်ဆံကြဘူး၊ ရှင်တို့ကို ဆိုင်ရှင်နဲ့ တိုင်မယ်´´

ဒေါနှင့် မောနှင့် ပြောနေသော ကောင်မငယ်လေးစကားကြောင့် ပထမတော့ စားပွဲထိုးကောင်လေး ကြောင်သွားသေးသည်။ နောက်မှ အနေအထားကို သဘောပေါက်ပြီး ခွီးခနဲ အသံထွက်အောင်ပင် ရယ်လိုက်မိ၏ ။ ပြီးမှ မျက်နှာပိုးသပ်ကာ…

``ညီမတို့က ဒီလိုဆိုင်မျိုးတွေ မှာ တစ်ခါမှ မထိုင်ဖူးဘူး ထင်တယ်၊ ဒီဆိုင်က ကိုယ်တိုင်ယူစနစ်လေ၊ ကိုယ်စားချင်တာ ကိုယ့်ဘာသာ ပြောယူပြီး ကောင်တာမှ တစ်ခါတည်း ငွေရှင်းခဲ့ရတာ ၊ ညီမတို့ကို အရေး မစိုက်တာ မဟုတ်ပါဘူး။ အဟဲ… ဒါ ဆိုင်ရဲ့ ထုံးစံပါပဲ´´

``ဟယ်တော့´´

``ကွဲပြီ…´´

နဂိုရဲနေသော မျက်နှာလေးတွေ ပိုရဲသွားကြသည်။ ကောင်မလေးတွေ အရှက်သည်းကာ ပုံစံတွေ ဖရိုဖရဲ ဖြစ်ကုန်ကြသည်။ ထို့နောက် ဟိုလိုလို ဒီလိုလိုနှင့် တစ်ယောက် လက်ကို တစ်ယောက် ဆွဲ၍ ဆိုင်ထဲမှ သုတ်ခြေတင် သွားလေတော့သည်။

သူတို့ရဲ့ အပျိုဖော်ဝင်စအရွယ်က အမှတ်တရလေးတစ်ခုပါ…။

♥ ♥ ♥


အခန်း (တစ်)

(က)

နိုဝင်ဘာရက်စွဲတစ်ခု ဖြစ်သော ဆောင်းနံနက်ခင်၏ လမ်းမများ သည် နှင်းရည်တို့ဖြင့် စိုတိစိုစွတ် ဖြစ်နေ၏ ။ ရန်ကုန်ဆောင်းသည် နိုဝင်ဘာမှာ ကောင်းစွာ အသက်မ၀င်သေးဘဲ အအေးဓာတ်သည် ဖျော့တော့လျက်ပင် ရှိ၏ ။

ကျန်းမာရေး အတွက်ဟု ဗန်းပြကာ နံနက်ခင်း၏ အရသာကို ခံစားချင်သဖြင့် နေအိမ်မှာ စောစောစီးစီး ထွက်လာခဲ့သော ဇ၀ါသည် အနည်းငယ် ပြေးလွှားပြီးတာနှင့် မောဟိုက်လာ၏ ။ ဒါကြောင့် ပြေးလက်စအရှိန်ကို လျော့ချ၍ မှန်မှန်လေးသာ လမ်းလျှောက်နေလိုက်ပါသည်။ ကွန်ကရစ်လမ်းနှင့် သူစီးထားသော ဖိနပ်ခွာတို့၏ ထိခတ်သံက တိတ်ဆိတ်မှု ၌ ဆူညံနေ၏ ။

ထိုအသံကို ကျော်လွန်ကာ သူ့နားထဲသို့ တောင်ပံခတ်သံ တဖျတ်ဖျတ်က တိုးဝှေ့လို့ဝင်လာသည်။ စိတ်ဝင်တစား မျက်စိကစားကြည့်လိုက်ရာ….

လမ်းဘေးဝဲယာရှိ သစ်ပင်တိုက်တာများ ထက်မှ ခိုငှက်တွေ အုပ်လိုက်သင်းလိုက် ပျံဆင်းလာကြတာကို တွေ့ မြင်လိုက်ရ၏ ။ သူ့အကြည့်တွေ ကို ထပ်မံနေရာရွှေ့လိုက်ပြန်သည်။…

ဤတွင် …

``အိုး´´

သူ့ရင်ဘတ်သည် ဓာတ်လိုက်သကဲ့သို့ တုန်ခါသွားသည်။ ခိုတွေ … ခိုတွေ … အရွယ်စုံခိုငှက်တွေ … အများ ကြီး… အများ ကြီး….. ။ အဲဒီ ကြားကမှ လှပလွန်းသော အဖြူရောင် နတ်သမီး…။…..

အကြည့်တွေ က တည့်မတ်နေသည်။ ဂါဝန်ဖွားဖွားလေးနှင့် အသားအရည်က ပန်းရောင် သန်းလျက် နီတျာဖြူနုနေ၏ ။ အပူဒဏ်ကင်းလွတ်ဇုံမှ သက်ဆင်းရောက်ရှိလာသလိုမျိုး…။ ရူးပစ်ချင်လောက်အောင်ကို အပြတ်မိုက်နေသည်။ သူတော် တော် ပဲ ကြွေခိုက်သွားမိပါသည်။

သူမသည် ခိုငှက်ကလေးများ ကို ကြင်နာစွာ အစာကျွေးမွေးနေလေသည်။ လမ်းလျှောက်နေရာမှရပ်၍ သူမ၏ လုပ်ဆောင်မှု တွေ ကို သူ အသေအချာ ငေးရီစိုက်ကြည့်နေမိပါ၏ ။ သူမ၏ ခြေတော် ပါးမှာ လုယက်ကာ အစာကောက်နေသော ခိုငှက်ကလေးများ ကိုပင် သူ အားကျ စိတ်ဝင်လာသည်။

ထိုတစ်ခဏ၌ သူ့နံနက်ခင်းသည် အဖြူရောင် ဂါဝန်နှင့် ကောင်မလေးကြေင့် လိုအပ်ချက် ကွက်လပ်မဲ့စွာ ပြီးပြည့်စုံနေလေတော့သည်။

အမျိုးအမည် မသိသော ခံစားမှု တစ်ခုသည် သူ့ရင်ဘတ်ထဲ၌ ပျော်ပျော်လွင်လွင် ဆော့ကစားနေ၏ ။ အချိန်အနည်းငယ် ကြာသော အခါ အဖြူရောင် ကောင်မလေးသည် ညင်သာစွာ တရွေ့ရွေ့ ထွက်ခွာသွား၏ ။ သူ့အကြည့်တွေ က ယဉ်ကျေးစွာ လိုက်လံငေးမော နေမိပါသည်။ အတန်ကြာသော အခါ သူ့မြင်ကွင်းမှ ကောင်မလေး လုံးလုံးလျားလျား ကွယ်ပျောက်သွားသည်။ သိုပသော် သူ့မျက်ဝန်းထဲမှာ တော့ သူမပုံရိပ်တွေ က အခိုင်အမာ ငွေ့ရည်ဖွဲ့နေဆဲ ဖြစ်ပါသည်။

ဇ၀ါသည် ဘာမဟုတ်တာလေးမှာ အကြီးအကျယ် ငြိတွယ်သွားမိသည့် သူ့စွဲလမ်းမှု ကို သူ့ဘာသာ ပြန်အံ့သြနေမိလေသည်။

♥ ♥ ♥


(ခ)

နောက်ရက်… နောက်ရက်တွေ များ မှာ ….

ထိုနေရာတစ်ဝိုက်တွင် သူမကို သူ စွမ်းစွမ်းတမံ လိုက်လံရှာဖွေပါသည်။

သို့သော်…. မတွေ့ …။

ထိုအခါကျမှ သူထိတ်လန့်တကြား သတိပြုမိသွားသည်။ သူ့ခန္ဓာကိုယ်၌ တစ်စုံတစ်ရာ ပြောပလောက်အောင် လစ်ဟာလျက် ရှိ၏ ။

ထိုအရာမှာ …

♥ ♥ ♥


(ဂ)

ပြောပလောက်သည်ဆို၍ ပြောပြရပေဦးတော့မည် ။ ဇ၀ါသည် ညောင်နာနာလေး ဖြစ်ပျက်နေချေ၏ ။

``သူ့ကို တွေ့ လိုက်ရချိန်မှာ အရာအားလုံး ပြည့်စုံနေသလို ထူးထူးခြားခြား ခံစားလိုက်ရပြီး… သူ့ကို မတွေ့ ရတဲ့ အချိန်မှာ တော့ တစ်ခုခု လိုအပ်နေသလိုမျိုး ငါ ခံစားနေရတယ်ကွာ´´

``ဒါဆိုရင် သေချာပြီ ဟိတ်ကောင်၊ အဲဒီ ကောင်မလေးက မင်းရဲ့ နံရိုးလေးပဲကွ´´

လွမ်းအိမ်တော် (ခ) ဗြောက်ကြီး၏ စကားကြောင့် ညောင်နာနာ ဇ၀ါသည် ကြောင်စီစီ ဖြစ်သွားတော့၏ ။

``ဘယ်လို… အဲဒီ ကောင်မလေးက ငါ့ရဲ့ နံရိုးလေး… ဟုတ်လား´´

``ဟုတ်တယ်ကွ.. ဟုတ်တယ်´´

ကဗျာဆရာပေါက်စ ဖြစ်သော လွမ်းအိမ်တော် (ခ) ဗြောက်ကြီးက မေးစေ့လေးပွတ်ကာ ပွတ်ကာဖြင့် ဆရာကြီးစတိုင်လ် ဖမ်းနေသည်။ ရန်နောင်ထွဋ်ကလည်း နားရှုပ်သွားဟန်ဖြင့် …

``ဘယ်လိုကနေ ဘယ်လို အဲဒီ ကောင်မလေးက ဇ၀ါရဲ့ နံရိုး ဖြစ်သွားရတာ လဲ ဗြောက်ကြီးရ၊ မင်းစကားကို ရှင်းစမ်းပါဦး´´

``မင်းတို့ကလည်း အနာဂတ်စာပေလောကရဲ့ မီးရှူးတန်ဆောင် မကိုဋ်ဦးသျှောင် ထိပ်သီးခေါင် ဖြစ်လာမယ့် ငါလို ကဗျာဆရာနဲ့ ပေါင်းနေပြီးတော့ ဒါလေးတောင် မသိဘူးလားကွာ… ညံ့လိုက်တာ´´

အလွန်အကျွံ အသားယူနေသော လွမ်းအိမ်တော် (ခ) ဗြောက်ကြီးကို ကြည့်ကာ ရန်နောင်ထွဋ်နှင့် ဇ၀ါ နှာခေါင်းရှုံ့လိုက်ကြသည်။ ဒါကို လွမ်းအိမ်တော် (ခ) ဗြောက်ကြီးက မမြင်ဘဲ သူပြောချင်တာ ဆက်ပြော၏ ။

``အေးလေ... ငါက ကဗျာဆရာဆိုတော့ မင်းတို့မသိတာကို သိအောင် ပြောပြရမှာ ပေါ့လေ။ ဒီလိုကွ…ကမ္ဘာဦးအစမှာ ဘုရားသခင်က အာဒမ်ဆိုတဲ့ ဘဲတစ်ပွေကို ဖန်ဆင်းလိုက်တယ်။ ပြီးတော့ အဲဒီ ဘဲ သောက်ပျင်းထူနေမှာ စိုးတာကြောင့် နံရိုးတစ်ချောင်းကို ဆွဲဖြုတ်ပြီး ဧ၀ဆိုတဲ့ အလန်းလေးတစ်ပွေကို ထပ်မံဖန်ဆင်းပေးလိုက်တယ်၊ နောက်ကျတော့ အဲဒီ စော်နဲ့ အဲဒီ ဘဲက ရွေးစရာလူလည်း မရှိတာကြောင့် တစ်ယောက် ကို တစ်ယောက် အသားကုန် ခိုက်ပြီး အပြတ်အသတ် ငြိသွားကြတယ်။ ပြီးတော့လည်း ဂွိဂွိဂွိပေါ့ကွာ… အာဒမ်ဆိုတဲ့ဘဲက သူ့ရဲ့ ပုံပြောင်း နံရိုးကို သူပြန်စားပစ်လိုက်တာ၊ မဆိုးပါဘူး… နံရိုးအချိုးခံရတာ တာဝန်ပါတယ်´´

``အယ်ကွယ်´´

``အဲဒီ ကောင် အာဒမ်လိုပဲ ငါတို့ ယောက်ျားတွေ ဟာ အရွယ်ရောက်လာတာနဲ့ ကိုယ့်ရဲ့ နံရိုး ဖြစ်တဲ့ ဖူးစာရှင် မိန်းကလေးကို သမိုင်းပေးတာဝန်အရ အာသာငမ်းငမ်းနဲပ လိုက်ရှာကြရတယ်၊ တွေ့ ရင် အတင်းဝင်လုံးပြီး ဖန်ရတယ်၊ အခြေအနေပေးရင် လက်မနှေးဘဲ အာဒမ်လိုပဲ… အဲ.. ကြင်ယာအ ဖြစ် သိမ်းပိုက်ရတယ်၊ အဲဒါကြောင့် ဟိုကောင်မလေးကိုလည်း မင်းရဲ့ နံရိုးလေးလို့ ငါက ကဗျာဆရာပီပီ တင်စားပြီး ပြောလိုက်တာ´´

``သြော်….´´

လွမ်းအိမ်တော် (ခ)ဗြောက်ကြီး အကျယ်တ၀င့် ရှင်းပြမှ ရန်နောင်ထွဋ်နှင့် ဇ၀ါ သဘောပေါက်သွားကြသည်။ ဇ၀ါက…

``အခုလောလောဆယ်တော့ ငါ့ နံရိုးလေးလည်း ဘယ်ချောင်တိုးနေသလဲ မသိပါဘူးကွာ၊ ရှာရတာ လည်း ခြေတိုနေပြီ၊ အခုထိ မတွေ့ သေးဘူး´´

``ဒါဆိုလည်း နံရိုးအစားထိုးလိုက်ပေါ့ကွာ၊ ဘာခက်တာ မှတ်လို့၊ ဒီခေတ်ကြီးမှာ အပိုပစ္စည်းတွေ ပေါပါတယ်´´

ရည်းစားတွေ ထည်လဲတွဲ နေကျ ရန်နောင်ထွဋ်က သူ့လမ်းစဉ်လိုက်ဖို့ မဲဆွယ်သည်။ လွမ်းအိမ်တော် (ခ) ဗြောက်ကြီးက ဘာမွေးမှ မရှိသည့် သူ့မေ့စေ့လေးအား ပွတ်ကာသပ်ကာဖြင့် …

``အခုအချိန်မှာ မင်းနှလုံးသားက အချစ်ကို လိုလားတောင့်တနေပြီ ဇ၀ါ၊ အဲ့ဒါကြောင့် မို့လို့ တစ်ခုခု လိုအပ်နေသလိုမျိုး မင်း ခံစားနေရတာ ။ ငါက ကဗျာဆရာဆိုတော့ သိတယ်၊ ဗိုက်ဆနေသူကို ဘာမှ မကျွေးဘဲ အငတ်ထားရင် သေသွားနိုင်သလို… အချစ်ဆာလောင်နေတဲ့ နှလုံးသားကို ဒီအတိုင်း ပစ်ထားရင်လည်း နွမ်းခြောက်ပုပ်ဆွေးသွားနိုင်တယ်။ မင်းနှလုံးသားရဲ့ တောင့်တမှု ဆန္ဒအတွက် မင်းရည်းစားထားသင့်တယ်နော်´´

``ငါ တကယ်မချစ်ဘဲနဲ့ ရည်းစား မထားချင်ပါဘူးကွာ´´

``အချစ်ဆိုတာ ရင်ခုန်တာကွ၊ ရင်ခုန်တယ်ဆိုတာ အနေနီးစပ်မှု ၊ အထိအတွေ့  အကြားအမြင်ရရင် အလိုအလျောက် ဖြစ်သွားတဲ့ကိစ္စပါ၊ မင်းလည်း ကျောင်းပြီးနေပြီပဲကွာ၊ အရွယ်ရောက် လူလားမြောက်နေပါပြီ၊ ဒီအရွယ်မှာ မှ ကြင်ယာမရှာရင် ဘယ်အရွယ်မှာ သွားရှာမှာ လဲ၊ သမိုင်းပေးတာဝန်ကြီးကို တက်တက်ကြွကြွ ထမ်းဆောင်လိုက်စမ်းပါကွာ၊ ဘယ်လိုလဲ ဇ၀ါ လုပ်မယ်မဟုတ်လား´´

``လုပ်လိုက်စမ်းပါကွာ၊ မင်းကလည်း… အတွေ့ အကြုံလည်း ရတာ ပေါ့´´

လွမ်းအိမ်တော် (ခ) ဗြောက်ကြီးက ကလော်နေတာကို ရန်နောင်ထွဋ်က တုံးတိုလေး ခုပေးလိုက်ပြန်သည်။ ဇ၀ါ ရွစိရွစိ ဖြစ်သွား၏ ။

လက်ဖ၀ါးချင်းပွတ်လိုက် ခေါင်းကို ကုတ်လိုက်နှင့် ပင် ဆုံးဖြတ်ချက် ချမှတ်ပစ်လိုက်တော့သည်။

``အေးကွာ.. ဖြစ်ချင်ရာ ဖြစ် လုပ်မယ်ကွာ´´

ဒီလိုနှင့် ပင် အကော်အပင့်တွေ ကြောင့် သူသည် ကစားပွဲဆန်သော နံရိုးလိုက်မုဆိုး ဖြစ်လာခဲပါသည်။

သြော်… အကော်အပင့်… အကော်အပင့်…

ထိရောက်တယ်နော်.. !

♥ ♥ ♥




ဝန်ဇင်းချစ်သူများ လင်းညှို့သွေး ၏ “ ကိုယ်တိုင်ရိုက်ချိုးတဲ့ ပဉ္စမံ နံရိုး ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


တစ်ယောက်တစ်ခြမ်း

နတ်သမီး ချည်တိုင်

အနမ်းစက်ဝိုင်း