Cover

အခန်း (၁)

လူမှန်ရင်

ချစ်ဖူးကြမှာ မလွဲပါဘူး။

* * * * *


ဒါဆို . . . . .

အချစ်ဆိုတာ ဘာလဲ. . . . ? . . . .

* * * * *


သိလျှင်

ဂဃဏန ပြောပြကြပါ။

* * * * *


ကျောင်းကင်တင်းတစ်ခု၌ လူငယ်တစ်ဦး ထိုင်နေပါသည်။

သူ့အမည် က . . . . . လင်းခေတ်။

သို့သော် လူအများ က သူ့ကို ‘ကျူးပစ်’ ဟု တညီတညာ ကင်ပွန်းတပ်ထားကြလေ၏ ။

ကျူးပစ်ဆိုသည်မှာ ဖူးစာရေး နတ်ဟု အဓိပ္ပာယ်ထွက်သည်။

ကျူးပစ်သည် ဗီးနပ်(စ်) အချစ်နတ်သမီး၏ ရင်နှစ် သားချစ် ဖြစ်၏ ။ မိခင်အနားတွင် လေးမြားတို့ဖြင့် ခစားကာ မြူးတူးပျော်ပါးကစားလျက် ရှိသူကား ကျူးပစ်နတ်သားလေးပင် ဖြစ်၏ ။

နတ်လောကတွင် ကျူးပစ်ဖူးစာရေး နတ်ကလေးအား နတ်ပြောင် နတ်ရှုပ်နတ်ပျော်ကလေး အ ဖြစ် အပြစ်ကိုဗွေမယူဘဲ ချစ်ခင်ကြလေသည်။

ကျူးပစ်သည် လေးနှင့် မြားကို ကိုင်ဆွဲ၍ နတ်လူမတူ သက်ရှိသူမှန်သမျှအား အနည်းနှင့် အများ ချစ်ဒုက္ခပေးလေ့ရှိပါ၏ ။

ထိုနတ်ရှုပ်ကလေး၏ မြားချက်ထိသူ မှန်သမျှ အသက်မသေသော်လည်း ချစ်စိတ်ကြောင့် အကြီးအကျယ် ဒုက္ခရောက်၍ အချစ်ကြောင့် လည်း အပျော်ကြီး ပျော်ကြရ၏ ။

လင်းခေတ်သည်လည်း ထိုနည်းနှင်နှင်ပင်။

သူ့ကြောင့် ဒုက္ခရောက်ရသူတွေ ရှိသလို၊ သူ့ကြောင့် အဆင်ပြေသွားကြသော ချစ်သူစုံတွဲ တွေ လည်း ရှိ၏ ။ သူသည် နောက်ပြောင်တတ်ပေမယ့် သူ့ကို ချစ်ခင်သူပေါများ လေသည်။

သေချာတာ ကတော့. . . . .

ဤကျောင်းဝန်းကျင်တွင် လင်းခေတ်သည် အချစ်ကိစ္စတွေ နှင့် ပတ်သက်၍ အလွန်နာမည် ကြီးခြင်းပင် ဖြစ်၏ ။

* * * * *


“လင်းခေတ်ရေ . . . . . ငါ့ကို ကူညီပါဦးကွာ”

နှစ် ချို့ကျောင်းသားကြီးတစ်ဦး လင်းခေတ်ထံ ဖုတ်ပူမီးတိုက် ရောက်လာ၏ ။ လင်းခေတ်က မေးဆတ်ပြပြီး-

“ဘာလဲ ကိုအောင်မင်းရဲ့ ၊ ပြောပါဦး”

“ဟိုဝှါကွာ. . . . . အဲ. . . . . ဟိုဒင်း. . . . .”

ထိုကျောင်းသားကြီးအမူအရာမှာ ရှက်ကိုးရှက်ကန်း ဖြစ်နေသည်။ ဒါကြောင့် လင်းခေတ်က တွန်းအားပေးလိုက် ၏ ။

“ပြောပါ ကိုအောင်မင်းရဲ့ ၊ မရှက်ပါနဲ့”

“အေး. . . . . အေးပါကွာ၊ ငါလေ. . . . . ဟိုတစ်နေ့က. . . . .”

“ဘာ ဖြစ်တာလဲ. . . . . ၀မ်းလျှောတာလား”

“ဟာ. . . . . မဟုတ်ပါဘူးကွာ၊ ကောင်မလေး တစ်ယောက် ကို တွေ့ တာကွ”

“အဲဒီ တော့. . . . .”

“သူ့ကိုငါကြည့်တော့ သူကလည်း ငါ့ကိုပြန်ကြည့်တယ်။ အဲဒီ အကြည့်လေးနဲ့တင် သူ့ကိုငါ နှစ် နှစ် ကာကာ ကြွေသွားမိတယ်ကွာ”

“သြော်. . . . . တော် တော် ထိရောက်တဲ့ အကြည့်ပဲ”

လင်းခေတ်က မပွင့်တပွင့် မှတ်ချက်ချ၏ ။ ကျောင်းသားကြီးက မ၀ံ့မရဲဖြင့် . . . . .

“အဲဒါ . . . . . အဲဒါ. . . . . သူ့ကိုငါ ဖွင့်ပြောချင်တယ်ကွာ”

“ပြောချင်ရင် ပြောလိုက်ပေါ့ဗျာ။ နှေးမနေနဲ့ နောက်ကျလို့ရတာ ကိုပဲ ဂျေးတွန်းယူနေရဦး မယ်”

“ငါ. . . . . ငါ. . . . . လိုက်မပြောရဲဘူးကွ။ ကြောက်တယ်”

“အဲ့ဒါဆို စာရေး ပြီး တစ်ယောက် ယောက် နဲ့ ပေးခိုင်းလိုက်လေဗျာ။ လွယ်လွယ်လေး ဟာကို”

“ငါလည်း အဲဒီ လို စိတ်ကူးမိပါတယ်။ ဒါပေမယ့် စာကို ဘယ်လိုရေး ရမှန်းမသိလို့။ အဲဒါ ကြောင့် မင်းဆီလာတာ”

“သြော်”

လင်းခေတ် နားခွက်က မီးတောက်သွားသည်။

“ဒါဆို ကျွန်တော် က ခင်ဗျားအစား ကြွေပြစာ ရေး ပေးရမှာ ပေါ့လေ။ ဟုတ်လား”

“အေး. . . . . ဟုတ်တယ်၊ ဟုတ်တယ်”

ကျောင်းသားကြီးက ၀မ်းသာအားရ ခေါင်းကိုအတွင် တွင် ညိတ်ပြ၏ ။ လင်းခေတ်က ဗလာ ကျင်းနေသော စာပွဲခုံပေါ် ဝေ့ကြည့်ပြီး. . . . .

“အင်း. . . . . ကြွေံပြစာရေး ပေးရတာ ကတော့ အပမ်းမကြီးပါဘူး။ ဒါပေမယ့် ဒီနေ့မနက် ကျွန်တော် လက်ဖက်ရည်မသောက်ရသေးဘူးဗျ။ အဲ့ဒီတော့ ဉာဏ်က သိပ်မရွှင်ဘူး ဖြစ်နေတယ်။

“ဟာ . . . . . ဒါဆို သောက်လေ၊ အစ်ကို တိုက်မှာ ပေါ့။ ဘာသောက်မလဲ”

“ပေါ့စိမ့်”

ကျောင်းသားကြီးက ပျာပျာသလဲ မှာ ပေးသည်။

“ဒီဝိုင်းကို ပေါ့စိမ့်တစ်ခွက် ပေးပါဟေ့”

စားပွဲထိုးကောင်လေးက. . . .

“ရှယ်လား၊ ရိုးရိုးလားဗျို့”

နှစ် ချို့ကျောင်းသားကြီးက . . . . .

“ရိုးရိုးပဲပေးကွာ”

“အဲ. . . . .”

လင်းခေတ် နည်းနည်း တော့ အောင့်သက်သက် ဖြစ်သွားသည်။ ဒီလူ့ပုံကြည့်ရာတာ လူပိန် သလို သဒ္ဓါတရားလည်း ပိန်ပုံရ၏ ။

ခဏကြာတော့ စားပွဲထိုးကောင်လေးက ဇွန်းမပါသော လက်ဖက်ရည်တစ်ခွက် လာချပေး သည်။ လင်းခေတ်က လက်ဖက်ရည်ခွက်ကို မအီမလည် ကြည့်ပြီးနောက်. . . . .

“ကဲ . . . . . စိန်အောင်မင်း. . . . . အဲ. . . . . ကိုအောင်မင်း. . . . . ပြော”

“ဘာပြောရမှာ လဲ”

“ခင်ဗျား ကြွေတဲ့အမျိုးသမီးအကြောင်းပေါ့။ သူက ခင်ဗျားထက် ကြီးလား ငယ်လား”

“ဘာလဲဟင်. . . . . ခန္ဓာကိုယ်လား”

“အသက်ကို မေးတာ”

“သြော်. . . . . ဒါဆို သူက ငယ်တယ်။ စုံစမ်းရသလောက်တော့ သူက ပထမနှစ် ဥပဒေ ကျောင်းသူ. . . . .တဲ့။ သူ့နာမည် လေးက. . . . .”

“အဲဒါတွေ မလိုပါဘူး။ ဒီလောက်ဆို ရပြီ”

လင်းခေတ်က လက်ကာပြလိုက်သည်။ ပြီး. . . . . လက်ဖြန့်ပြီး . . . . .

“ပေး”

“ဘာပေးရမှာ လဲ”

“စာရွက်နဲ့ ဘောလ်ပင်လေ။ ကြွေပြစာ ရေး ပေးရမှာ ဆို”

“ငါ့မှာ ပါမလာဘူးကွ”

“ဘာလို့ မယူလာတာလဲ”

“မင်းက ရည်းစားစာရေး ပေးရင် တစ်ခါတည်း တန်းပေးလို့ရတဲ့အထိ အပြီးအစီး ကူညီ တယ်ဆိုလို့လေ။ ငါက မိန်းကလေးတွေ သဘောကျမယ့် စာရွက်လှလှလေးတွေ လည်း ရွေးမ၀ယ် တတ်ဘူး။ ပြီးတော့ . . . . . ငါက” လက်ရေး လည်း မလှဘူးကွ။ အဲဒါကြောင့် အားကိုးပြီး မင်းဆီ လာတာ”

“သြော်”

လင်းခေတ် မကြည်မသာ ဖြစ်သွားသည်။ သို့ သော် ဘာမှ မပြောတော့။

ဝါသနာအရ အိတ်ထဲမှ စာအုပ်နှင့် ဘောလ်ပင်ကိုပဲ ထုတ်လိုက်တော့၏ ။ ပြီး. . . . . သစ်လွင်လှပသော စာရွက်သားပေါ်တွင် ညီညာသပ်ရပ်သော လက်ရေး ဖြင့် ‘ကြွေပြစာ’ တစ်စောင် ရေး လိုက်လေသည်။

ပြီးသော အခါ. . . . .

နှစ် ချို့ ကျောင်းသားကြီးအား ပေးလိုက် ပါ၏ ။

* * * * *


ဝရမ်းပြေးမလေးရေ. . . . .

ညှို့အားပြင်းတဲ့ မင်းလေးနဲ့ အကြည့်တစ်ချက်နဲ့တင်

ကိုယ့်နှစ် လုံးသား နုနုထွတ်ထွတ်ကလေးဟာ

မဟားဒယား မုဒိမ်းကျင့်ခံလိုက်ရတာ ပါ။

အခုဆိုရင် မင်းလေးရဲ့ ပယောဂကြောင့် ကိုယ့်နှလုံးသားမှာ

အချစ်ဆိုတဲ့ သန္ဓေသားလေးဟာ တစ်နေ့တခြား

ရင့်မာကြီးထွားလို့လာပါပြီ။

မင်းလေးဟာ ဥပဒေကို လေးစားပြီး စာရိတ္တကို

တန်ဖိုးထားသူ တစ်ယောက် ဆိုရင် မင်းကြောင့်

ဖြစ်လာတဲ့ပြဿနာကို ခေါင်းမရှောင်ဘဲ တာဝန်ယူပေးစေလို့ပါတယ်။

ကိုယ့်ရင်ထဲက မင်းလေးရဲ့ ပယောဂကြောင့်

ရလာတဲ့. . . . . အချစ်သန္ဓေသားလေး လောကအလယ်မှာ

မျက်နှာမငငယ်ဘဲ သိက္ခာရှိရှိ တင့်တင့်တယ်တယ်

မွေးဖွားရှင်သန်နိုင်စေဖို့အတွက်. . . . .

အဓိကသက်ဆိုင်သူတွေ ဖြစ်တဲ့ . . . . . ကိုယ်တို့

နှစ် ယောက် ရဲ့ ဘ၀နှစ် ခုကို တစ်သားတည်း ဖြစ်အောင်

ပေါင်းစပ်လိုက်ကြပါစို့နော်. . . . .

ပုံ- အချစ်ကိုယ်ဝန်ဆောင်

“ဟင်”

စာကိုဖတ်ပြီး ကိုအောင်မင်း ပါးစပ်ရွဲ့ကာ မျက်လုံးကြီးပါ ပြူးထွက်လာ၏ ။

“လင်းခေတ်. . . . . မင်း. . . . . မင်း. . . . . ဘယ်လိုကြီးရေး ထားတာလဲကွာ။ ငါ. . . . . ငါ. . . . . အသည်းတုန် အူတန် ဖြစ်သွားတာပဲ”

“အဟင်း. . . . .”

လင်းခေတ်က အေးအေးဆေးဆေးပါပဲ။

ဇွန်းမပါသော လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်သေးသည်။ ပြီးမှ ပြုံး၍ . . . . .

“ခင်ဗျားကောင်မလေးက ဥပဒေကျောင်းသူဆိုတော့ ငြိသွားအောင် ဥပဒေဆန်ဆန်လေး ရေး ပေးတာပါဗျာ”

“ဟာ. . . . . မင်းဥစ္စာကြီးက ကောင်မလေး မငြိဘဲ ငါ ဥပဒေနဲ့ငြိမယ့် အချိုးမျိုးကြီးကွ”

“ဘာလဲ. . . . . ခင်ဗျားက မယူချင်လို့လား၊ အဲဒီ လို အဆင့်မြင့်မြင့် ကြွေပြစာမျိုးကို ကျွန်တော့် ဆီကနေ လိုချင်တဲ့သူတွေ တစ်ထွေးကြီး ရှိတယ်နော်။ ခင်ဗျားမယူချင်ရင် ထားခဲ့လိုက်။

ဒီလိုကျတော့လည်း ပြန်မပေးချေ။

“ယူ. . . . . ယူပါ့မယ်ကွာ”

မသက်မသာမျက်နှာနှင့် စာရွက်ကိုယူပြီး လက်ဖက်ရည်ဖိုးရှင်းကာ ကိုအောင်မင်း ထွက်သွားလေသည်။

လင်းခေတ်သည် သဘောတကျ ရယ်၏ ။

သူ တမင်တကာ မထိခလုတ်ထိခလုတ် ကလိလိုက်တာ ဖြစ်ပေ၏ ။

* * * * *


စာပေးခြင်းဆိုသည်မှာ . . . . .

ချစ်သူရည်းစားတွေ ကြားမှာ ပဲ ဖြစ် ဖြစ်၊ ညီအစ်ကိုမောင်နှမ၊ မိဘနှင့် သားသမီး၊ ဆရာနှင့် တပည့်၊ မိတ်ဆွေသူငယ်ချင်းတွေ ကြားမှာ ပဲ ဖြစ် ဖြစ် ခေတ်အဆက်ဆက် ကျင့်သုံးခဲ့သော အလေ့ အထ တစ်ခု ဖြစ်သည်။

တိုးတက်နေသော ယနေ့ခေတ်တွင် လူချင်းဝေးနေပါက E-mail ပို့၍ ဖြစ်စေ၊ g-mail သုံး၍ ဖြစ်စေ၊ တယ်လီဖုန်းနှင့် ဖြစ်စေ ဆက်သွယ်မှု ရရှိနိုင်ပါ၏ ။

သို့ ရာတွင် . . . . .

ထိုအရာများ သည် တတ်နိုင်နီးစပ်သူတွေ အတွက်သာ ဖြစ်၏ ။

ထို့ပြင်. . . . .

လူတန်းစားအားလုံး အသုံးပြု၍ အဆင်ပြေသော စာလွှာလေးတွေ ကဲ့သို့ တယုတယ သိမ်းဆည်းပြီး လွယ်လွယ်ကူကူ ကိုယ့်လက်ထဲမှာ ကိုင်ကာ၊ သတိရတိုင်း လွတ်လွတ်လပ်လပ် ထုတ်ဖယ်၍ မရနိုင်ချေ။

စာပေးခြင်းသည်. . . . .

ကာယကံရှင်က ကိုယ်တိုင်ရေး ပြီး ကာယကံရှင်က ကိုယ်တိုင်ဖတ်နိုင်သူဆိုပါက. . . . .

(မိမိလိုလားသူက ပေးတာဆိုလျှင်)

ကိုယ်သံယောဇဉ်ရှိသူ၏ လက်ရေး လေးတွေ ကိုလည်း မြင်ရသည်။ ထိုသူ၏ လက်နှင့် ထိတွေ့ ထားသော စာရွက်ကလေးကိုလည်း ကိုင်တွယ်ရသည်။ ထိုသူ၏ အငွေ့အသက်ကလေး တွေ ကိုလည်း နမ်းရှိုက်ခွင့်ရသည်။

အဘယ်မျှ ကြည်နူးလွမ်းဆွတ်ဖို့ကောင်းလိုက်ပါသလဲ. . . . .။

ထို့ကြောင့် ပင်. . . . .

စာရေး သားပေးပို့ခြင်းသည် ခေတ်အဆက်ဆက် သစ်လွင်လတ်ဆတ်နေပြီး ဘယ်သော အခါမှ မရိုးအီ မပျောက်ကွယ်နိုင်သော မြတ်နိုးဖွယ် ဆက်သွယ်ချက် တစ်ခုဟု ယူဆသတ်မှတ်မိပါ ၏ ။

* * * * *


ထိုကဲ့သို့ သဘောထားမျိုးရှိသော သူ့အား

ပဟေဠိဆန်သော စာလွှာလေးတွေ က ချည်နှောင်ရန်

ကြိုးစားလာခဲ့ပါသည်။

* * * * *


ဤအ ဖြစ်အပျက်တွေ သည် ဆန်းကြယ်သော

မှော်ဆရာ တစ်ယောက် ၏ မာယာကြွယ်သော ပြကွက်တစ်ခုလည်း

ဖြစ်၏ ။

* * * * *


အခန်း (၂)

မိုင်နာချိန် ဖြစ်သဖြင့် . . . . .

လင်းခေတ်တို့ သူငယ်ချင်းငါးယောက် တစ်ယောက် ကို တစ်ယောက် မျက်ရိပ်ပြပြီး (ဆရာ blackboard ဘက် လှည့်ကာ စာရေး နေချိန်တွင် ) အတန်းထဲမှ တိတ်တဆိတ် လစ်ထွက်လာခဲ့ ကြပါသည်။

သူတို့အားလုံး (E-major) သမားတွေ ဖြစ်သည်။ သူတို့အုပ်စုက ယောက်ျားလေး (၃) ယောက် ၊ မိန်းကလေး (၂) ယောက် ဖြစ်သော်လည်း ကတောက်ကဆ ဖြစ်စဉ် ရှားပါးကာ ညီညွတ်မှု ရှိကြ၏ ။

ဒါကြောင့် လည်း ဟိုက်စကူးမှ ဒုတိယနှစ် ရောက်သည်အထိ ယနေ့တိုင် ခိုင်မြဲစည်းလုံးစွာ တွဲ မိနေကြခြင်းပင် ဖြစ်၏ ။

လမ်းလျှောက်နေရင်းမှ လင်းခေတ်က

“နှုတ်ခမ်းချင်းတေ့ပြီး နမ်းတဲ့အနမ်း ဘာကြောင့် ဖြစ်ပေါ်လာတာလဲ သိလား”

လေးယောက် စလုံး ခေါင်းခါကြသည်။

“မသိပါဘူး ကိုကျူးပစ်ကြီးရယ်။ ဘာကြောင့် ဖြစ်ပေါ်လာတာလဲ”

“အတန်းထဲမှာ ဆရာတွေ မသင်တဲ့ ပညာရပ်တွေ ဒီကောင့်ဆီကနေ သင်ယူလေ့လာ မှတ်သားရမယ်။ ဗဟုသုတတိုးပွားအောင် မိန့်တော် မူစမ်းပါဦး”

နေသူနှင့် ရဲရင့်က အလိုက်တသိ စကားထောက်ပေးတော့ လင်းခေတ်က ပြုံးစစနှင့် ပြော သည်။

“မိန်းကလေးတွေ ဟာ မလိုအပ်ဘဲ စကားများ လို့ကွ။ စကားများ လွန်းတဲ့ မိန်းမတွေ ရဲ့ ပါးစပ် ပေါက်ကို ခဏတဖြုတ်ပဲ ဖြစ် ဖြစ် ပိတ်ထားချင်လို့၊ ယောက်ျားတွေ က နှုတ်ခမ်းချင်းတေ့ပြီး နမ်းတဲ့ နည်းစနစ်ကို တီထွင်လိုက်ကြတာ”

“ဟယ် . . . . . အယုတ်တမာကောင်”

“အစုတ်ပလုတ်”

ဝတ်မှု န်နှင့် ပိုးသဲဖြူက လင်းခေတ်ကို သူတို့လွယ်အိတ်တွေ နှင့် ထုရိုက်ကြ၏ ။ လင်းခေတ် က တဟဲဟဲနှင့် သာ ရယ်နေလေသည်။

ကျောင်းသူ ကျောင်းသားဘ၀သည် . . . . . စင်ကြယ်အေးမြစွာ ဖြင့် တသွင်သွင် စီးဆင်း နေသော ရေစီးကြောင်းငယ်တစ်ခု ဖြစ်၏ ။ ကျောင်းတော် ကြီးက ပင်လယ်ဆိုလျှင် သူတို့ငါးယောက် သည် ပျော်ရွှင်စွာ ကူးခတ်နေသော ရေစက်ကလေးတွေ ဖြစ်၏ ။

သစ်ပင်ရိပ်တစ်ခုအောက်ရောက်တော့ သူတို့ငါးယောက် တစ်စုတစ်ဝေးတည်း ထိုင်လိုက် ကြပါသည်။

နေ့လယ်ခင်းနေက ကြွက်ကြွက်ဆူမတတ် ပူပြင်းလေသည်။ ဒါကြောင့် သူတို့အားလုံး လွယ်အိတ်ထဲမှ ကိုယ်စီကိုယ်ငှ စာအုပ်ကလေးတွေ ထုတ်ပြီး ယပ်ခတ်ကြ၏ ။

ထိုစဉ်. . . . .

“ဟင်”

လင်းခေတ်၏ စာအုပ်ကြားထဲမှ အဖြူရောင် စာအိတ်သေးသေးလေးတစ်လုံး ထွက်ကျလာ ၏ ။ ဘာလေးပါလိမ့်. . . . .။

အစိမ်းရောင် မြက်ခင်းပြင်ပေါ်မှ အဖြူရောင် စာအိတ်ကလေးကို ကောက်ယူပြီး လင်းခေတ် ဖွင့်ကြည့်လိုက်သည်။

ထိုအခါ. . . . .

အတွင်းထဲ၌ စာရွက်ခေါက်ဖြူဖြူဆွတ်ဆွတ်ကလေးကို တွေ့ ရ၏ ။

လင်းခေတ်စိတ်ဝင်စားသွားသည်။ စာရွက်ခေါက်ကလေးကို ထုတ်ပြီး သေချာဖြန့်ကြည့် လိုက်ရာ. . . . .

ကွန်ပျူတာဖြင့် စာရိုက်စာစီပြီး ပရင့် (Print) ထုတ်ထားသော စာရွက်ကလေးတစ်ရွက် ဖြစ်ကြောင်း သိရှိလိုက်ရလေသည်။

* * * * *


mn

လင်းရေ. . . . .

အချစ်ကို လူတွေ က အမျိုးမျိုး အဓိပ္ပာယ်ဖွင့်ဆိုကြတယ်။ တချို့ ကတော့ ပိုင်ဆိုင်ခြင်း၊ တချို့ ကတော့ စွန့်လွှတ်ခြင်း၊ တချို့ ကတော့ ပေးဆပ်ခြင်း. . . . . တဲ့။

အားလုံးဟာ ကိုယ့်ခံစားချက်နဲ့ကိုယ် အဓိပ္ပာယ် ဖွင့်ဆိုကြတာမို့ ဘယ်သူ့ကိုမှ မှားတယ်လို့ ပြောလို့မရပါဘူး။

ငါ့အတွက်တော့ အချစ်ဆိုတာ. . . . . ပိုင်ဆိုင်ခြင်း၊ စွန့်လွှတ်ခြင်း . . . . . ဆိုတာတွေ ထက် ရရှိနေတဲ့ ငေးကြည့်ခွင့်လေးနဲ့ပဲ ကျေနပ်နေရတာ ပါ။

တကယ်ပါ လင်းရယ်. . . . .

ငါဟာ နင့်ကို ငေးကြည့်ခွင့်ရရုံလေးနဲ့ပဲ ရောင့် ရဲတင်းတိမ်တတ်အောင် ကိုယ့်ကိုယ်ကိုယ် အသည်းအသန် လေ့ကျင့်ပေးနေရတာ ပါ။

ပန်ဒိုရာ

* * * * *


စာကိုဖတ်ပြီး လင်းခေတ် အံ့အားသင့်သွားသည်။ နားမလည်နိုင်အောင်လည်း ဖြစ်သွား၏ ။

ဇဝေဇ၀ါဖြင့် စာရွက်ကလေးကို ကိုင်ကာ သူငူငိုင်နေမိလေသည်။

“ဟိတ်ကောင်. . . . . ဘာတွေ ဖတ်နေတာလဲ”

“အသစ်ရေး ထားတဲ့ ရည်းစားစာလား”

“ဘယ်သူအတွက် ရေး ပေးရတာ လဲ”

“ငါတို့ကိုလည်း ပြစမ်းပါဦးဟဲ့”

စာရွက်ကလေးကို သူငယ်ချင်းတွေ အား ပေးလိုက်ပါသည်။ ပြိုင်တူခေါင်းချင်းဆိုင်ဖတ်ပြီး သော အခါ . . . . . အားလုံး နဝေတိမ်တောင် ဖြစ်ကုန်ကြလေ၏ ။

“ဒါ ဘာစာကြီးလဲ”

“ငါလည်း မသိဘူးလေ”

“နင်ရေး ထားတာ မဟုတ်ဘူးလား”

“ဘယ်က ဟုတ်ရမှာ လဲ”

“ဒါဆို ဒီစာက နင့်ဆီ ဘယ်လိုလုပ် ရောက်နေတာလဲ”

“အဲဒါတော့ ငါလည်း မသိဘူး။ အခုမှ စာအုပ်ကြားထဲက ထွက်လာလို့ တွေ့ တာ”

“ဘယ်လိုကြီးလဲဟာ”

အားလုံး ခေါင်းစားကုန်ကြ၏ ။

“နာမည် ကလည်း ပန်ဒိုရာ. . . . . တဲ့။ ကုလားမလားမသိဘူး”

“ဧကန္တ. . . . . လင်းခေတ် နောက်တတ် ပြောင်တတ်တော့ သူ့ကို တစ်ယောက် ယောက် က လက်စားချေတဲ့အနေနဲ့ ပြန်နောက်လိုက်တာပဲ ဖြစ်ရမယ်”

“အေး. . . . . ဟုတ်တယ်။ အဲဒါ ဖြစ်နိုင်တယ်”

“ပြီးတော့ လင်းခေတ်က တခြားလူတွေ ကို ရည်းစားစာတွေ ရေး ပေး၊ အောင်သွယ်လုပ်ပေး နေတာဆိုတော့ တမင်တကာ သူရင်ခုန်အောင် စတာပဲ ဖြစ်လိမ့်မယ်”

“ဟုတ်တယ်၊ အဲ့ဒီလိုပဲ ဖြစ်မှာ ပါ”

ကိုယ်စီကိုယ်ငှ ထင်မြင်ချက်တွေ ပေးနေကြ၏ ။

“အရေး မပါပါဘူးကွာ။ ဒီကိစ္စအတွက်နဲ့ ဦးနှောက်ခြောက်ခံမနေနဲ့။ မတန်ဘူး”

“ခေါင်းထဲကသာ ထုတ်ပစ်လိုက်။ ကိုယ်က အရေး တယူစဉ်းစားနေရင် တစ်ဖက်လူက သူ့အကြံထမြောက်တယ်ဆိုပြီး ၀မ်းသာနေဦးမယ်”

“ဒါတွေ က ကလေးအထာတွေ ပါ”

ဒီလိုနှင့် ပင်. . . . .

ထိုကိစ္စကို လွယ်လွယ်ကူက မေ့ဖျောက်ပစ်ဖို့ ကြိုးစားလိုက်ကြပါ၏ ။ ဘာရယ်မဟုတ် စာရွက်ကလေးကို သူ ပြန်လည်တောင်းယူလိုက်သည်။

ထိုအခိုက်. . . . .

သစ်ရွက်လှုပ်ခတ်သံလိုလို ကြားမိသဖြင့် သူခေါင်းငဲ့၍ လှည့်ကြည်လိုက်သည်။

ထိုအခါ. . . . .

ဘာမှ ထူးခြားမှု မရှိချေ။

အနည်းငယ် အေးခနဲ ဖြစ်သွားသဖြင့် လေတိုက်နှုန်းကြောင့် ဟူ၍ ပဲ သတ်မှတ်လိုက်ပါ တော့၏ ။

* * * * *


လူအသွားအလာနည်းသော နေရာတစ်နေရာတွင် ဖြစ်သည်။

လူသုံးယောက် ဖိုခနောက်ဆိုင် တည်ရှိနေကြ၏ ။ တစ်ယောက် က အနီရောင် နှင်းဆီပန်း နှစ် ပွင့်ကို ကိုင်ဆောင်ထားသော မိန်းကလေးတစ်ဦး ဖြစ်ပြီး ကျန်နှစ် ယောက် ကတော့ ယောက်ျား လေးတွေ ဖြစ်သည်။

မိန်းကလေးက စွဲမက်ဖွယ်အပြုံးတစ်ခုကို ဆင်မြန်းလျက်

“နင်တို့နှစ် ယောက် ကလည်း ငါ့ကိုချစ်တယ်။ ငါကလည်း နင်တို့နှစ် ယောက် စလုံးကို သဘောကျတယ်။ အဲ့ဒါကြောင့် မို့လို့ နင်တို့နှစ် ယောက် စလုံးရဲ့ အချစ်ကို မငြင်းဘဲ ငါလက်ခံလိုက် တာ”

ထိုကောင်မလေးမှာ အသည်းခွဲဘုရင်မဟူ၍ နာမည် ကြီးနေသော (E-major) ၏ ငွေကြယ် ပွင့် ‘ရို့စ်နီနီကျော်’ ဖြစ်သည်။

သူမရှေ့တွင် ရပ်နေသော ကောင်လေးနှစ် ယောက် ကတော့

သူမ၏ ဆော့ကစားခြင်းကို ခံနေရသော သူမ၏ ရည်းစားစာရင်ဝင်တွေ ဖြစ်၏ ။

“အခုတော့ နင်တို့က တစ်ပြိုင်တည်း နှစ် ယောက် မတွဲ ချင်ဘူးဆိုတော့ ငါက တစ်ယောက် ကိုပဲ ရွေးရတော့မှာ ပေါ့လေ”

ရို့စ်နီနီကျော်က ကောင်လေးနှစ် ယောက် ကို စိုက်ကြည့်လိုက်ပြီး

“ငါက နင်တို့နှစ်ယောက် စလုံးကို သံယောဇဉ်ရှိတယ်။ ငါ့ရဲ့ ရွေးချယ်မှု ကြောင့် ဘယ်သူ့ကိုမှ မနစ်နာစေချင်ဘူး။ အဲ့ဒါကြောင့် ဟိုတစ်နေ့က ပြောထားတဲ့အတိုင်းပဲ ပြိုင်ပွဲလေးကို စလိုက်ကြရ အောင်”

ရို့စ်နီနီကျော်က ကောင်လေးနှစ် ယောက် ကို သူမလက်ထဲတွင် ကိုင်ဆောင်ထားသော နှင်းဆီနီတစ်ပွင့်စီ ပေးလိုက် ၏ ။

ပြီးသော အခါ . . .

“ငါပြောထားတဲ့အတိုင်းပေါ့ . . . နင်တို့နှစ် ယောက် အဲဒီ နှင်းဆီပန်းကို ကိုင်ပြီး ဟိုရှေ့က သစ်ပင်ဆီကိုသွား။ ပြီးရင် ငါကလာတော့ဆိုတာနဲ့ . . . ကိုယ့်လက်ထဲက ပန်းကိုနောက်အကျဆုံး ငါ့ဆီ လာပို့နိုင်တဲ့လူကို ချစ်သူအ ဖြစ် သတ်မှတ်တယ်။ ကဲ . . . သွာြး ကတော့”

ကောင်လေးနှစ် ယောက် အနီရောင် နှင်းဆီပန်းကိုယ်စီကိုင်ပြီး သစ်ပင်ဆီထွက်သွားကြ၏ ။ သူတို့နှစ် ယောက် ကျောပြင်ကိုကြည့်ပြီး ရို့စ်နီနီကျော်သည် အသံတိတ်ရယ်လေသည်။

အပြေးပြိုင်ပွဲတွေ သာ သူမ ကြည့်ဖူးသည်။

အနှေးပြိုင်ပွဲကို သူမ တစ်ခါမှ မကြည့်ဖူး။

ဒါကြောင့် ထူးထူးဆန်းဆန်း ဟာသပြကွက်တစ်ခုကို ကြည့်ရှုချင်သဖြင့် သူမ အခုလို တမင် စီစဉ်လိုက်တာ ဖြစ်၏ ။

တစ်ယောက် နှင့် တစ်ယောက် တွန့်ဆုတ်လေးလံစွာ ဖြင့် အနှေးပြိုင်ကြမည့်  လူနှစ် ယောက် ၏ ပြိုင်ပွဲကို မျက်လုံးထဲမှာ မြင်ယောင်ပုံဖော်ကြည့်ရင်း . . .

ကိုယ့်စိတ်ကူးကိုယ် ရို့စ်နီနီကျော် သဘောကျနေမိလေသည်။

ကောင်လေးနှစ် ယောက် သစ်ပင်ဆီ ရောက်တာနှင့် . . .

“ကဲ . . . စပြီ။ လာတော့”

ပန်းကိုယ်စီနှင့် အနှေးပြိုင်ကြမည့်  ယောက်ျားလေးနှစ် ယောက် ကို ကြည့်၍ အပျင်းပြေ ရယ်မောဖို့ ရို့စ်နီနီကျော် အသင့်ပြင်ထားလေသည်။

သို့ ရာတွင် . . . .

“ဟင် . . .”

အခြေအနေက သူမ ထင်သလို ဖြစ်မလာခဲ့ပေ။

* * * * *


ကောင်လေး တစ်ယောက် က အနှေးကွေးဆုံး ကြိုးစားရန် ငူငိုင်တွန့်ဆုတ်နေချေ၏ ။

ထိုကောင်လေး၏ လက်ထဲမှ ပန်းကို အခြားကောင်လေး တစ်ယောက် က လျှပ်တစ်ပြက် ဆွဲယူလိုက်၏ ။ ပြီး . . . ပန်းနှစ် ပွင့်ကို ကိုင်၍ ရို့စ်နီနီကျော်ထံ အလျင်မြန်ဆုံး ပြေးသွားလေသည်။

ရောက်တာနှင့် . . .

သူလုယူလာသော ပန်းကို ရို့စ်နီနီကျော်လက်ထဲ အရင်ထိုးထည့်ပေးသည်။

ပြီးမှ. . . .

သူ၏ မူလပန်းကို ရို့စ်နီနီကျော်အား ကမ်းပေးသည်။

“အို”

ရို့စ်နီနီကျော် တအံ့တသြ ဖြစ်နေ၏ ။ အခြေအနေက သူမ မျှော်လင့်ထားတာနှင့် တခြားစီ။

ပန်းလာပေးသူ ကောင်လေးမျက်နှာ ကတော့ ရွှင်ပြုံးလို့ နေပါသည်။

“`ရို့စ် . . . နင်ပြောတဲ့အတိုင်းပဲ ငါ့လက်ထဲက ပန်းကို နောက်ကျပြီးမှ ပေးနိုင်တယ်နော်”

ရို့စ်နီနီကျော် ဘာပြန်ပြောရမှန်းမသိအောင် ဖြစ်သွားသည်။

ခဏကြာမှ အလိုက်သင့်ပြုံး၍ . . .

“အေးပါ . . . ငါ့စကားအတိုင်းပဲ နင်က ငါ့ရဲ့ တစ်ယောက် တည်းသော ချစ်သူ ဖြစ်သွားပြီပေါ့”

ကောင်လေးမျက်နှာမှာ အပျော်ရိပ်တွေ ပြေးလွှားနေသည်။

ရို့စ်နီနီကျော်က ထိုကောင်လေးကို ခပ်စူးစူးစိုက်ကြည့်ပြီး

“နင့်ကို ငါတစ်ခုတော့ မေးချင်တယ်”

“မေးလေ ရို့စ် . . . ဘာမေးမှာ လဲ”

“ဒီကိစ္စမှာ နင် အခုလို လုပ်လိုက်တာ နင့်ရဲ့ စိတ်ကူး၊ ဟုတ်၊ မဟုတ် သိချင်တာပါ”

ကောင်လေး တစ်ချက်တွေ သွားပြီးမှ . . . .

“အမှန်အတိုင်းပြောရရင် ငါ့ရဲ့ စိတ်ကူး မဟုတ်ပါဘူး။ နင့်က ဒီနေ့မှာ ဒီလိုလုပ်မယ်ဆိုလို့ . . . ငါကြံရာမရ ဖြစ်ပြီး လူ တစ်ယောက် ကို သွားတိုင်ပင်တာ။ အဲဒီ လူက အခုလို လုပ်ဖို့ အကြံပေးလိုက် တာပါ”

“အဲဒီ လူက ဘယ်သူလဲ”

“တခြားလူ မဟုတ်ပါဘူး။ ကိုလင်းခေတ်ပါ”

ရို့စ်နီနီကျော် ခန္ဓာကိုယ် ဆတ်ခနဲ ဖြစ်သွားသည်။

“ငါတို့မေဂျာက လင်းခေတ်ကို ပြောတာလား”

“ဟုတ်တယ်။ ကျူးပစ်လင်းခေတ်လေ”

“သြော်”

ရို့စ်နီနီကျော် မျက်နှာတည်သွားသည်။ သူမ တိတ်တခိုးပင့်သက်ရှိုက်၏ ။

မလှမ်းမကမ်းတွင် . . . .

ကောင်လေး တစ်ယောက် ကတော့ ဒဏ်ရာရ သားကောင်သဖွယ် ခေါင်းငိုက်စိုက်ကျနေပါ သည်။

အရှုံးဆိုတာ . . . မချိုမြိန်ဘူး . . . မဟုတ်လား။

* * * * *


အခန်း (၃)

ကျောင်းစာကြည့်တိုက်အတွင်းမှာ လင်းခေတ်ရောက်ရှိနေချေ၏ ။

သူဖတ်ချင်သော စာအုပ်ကို ရှာမတွေ့ သဖြင့် ဖတ်သင့်သော စာအုပ်တစ်အုပ်ကို ယူပြီး စိတ်ပါဝင်စားစွာ ဖတ်ရှုနေလေသည်။

စာကြည့်တိုက်တစ်ခုလုံး အေးချမ်းတိတ်ဆိတ်လျက် ရှိပါ၏ ။

ထိုစဉ်. . .

“ဒေါက်”

“ဟင်”

သူ့ရှေ့သို့ စာအိတ်အဖြူလေးတစ်အိတ် ကျလာသဖြင့် . . . . လင်းခေတ် အံ့သြသွားသည်။

ထိုစာအိတ်ကလေးကို သူ ကောက်ယူဖွင့်ကြည့်လိုက်ပါသည်။

ဤတွင် . . .

လင်းရေ . . .

မျှော်လင့်ချက်ရှိသေးတယ်ဆိုတာ ဘာမှမရှိတာထက်

စာရင် အပုံကြီးသာတာပေါ့ . . .ဆိုတဲ့ ဆိုရိုးစကား

တစ်ခွန်းရှိတယ်။

အဲဒီ စကား သိပ်မှန်တာပဲ။

ငါ့ရဲ့ နင်နဲပတ်သက်သမျှ စိတ်ကူးတွေ ဟာလည်း

တိတ်တခိုးမျှော်လင့်ချက်ကလေးတွေ နဲ့ပဲ . . . မရဲတရဲ

ကြည်နူးရှင်သန်နေရတာ ပါ

ပန်ဒိုရာ

* * * * *


“ဟင်”

လင်းခေတ် ငေးကြောင်မင်သက်သွားသည်။ ဒါ . . . ဟိုအရင်တစ်နေ့ကလို စာမျိုးပါလား. . . .။

အိပ်မက်မဟုတ်ပါဘဲ သူ ထမင်းလုံးတစ္ဆေ အခြောက်ခံနေရပြီထင်သည်။

ထိုစဉ်. . .

နောက်ဘက်ဆီမှ ရွေ့လျားမှု ခြေသံသဲ့သဲ့ ကြားလိုက်ရ၏ ။ သူလျှပ်တစ်ပြက် လှည့်ကြည် လိုက်ပါသည်။

ထိုအခါ . . .

မျက်လုံးထောင့်မှာ အရိပ်ကလေးတစ်ရိပ်ကို တစ်စွန်းတစ်စတွေ့ မြင်လိုက်ရလေ၏ ။

နံရံကွယ်နေသဖြင့် လူကိုတော့ မမြင်ရချေ။

“ဟိတ် . . . နေဦး”

ပြေးထွက်သွားသော ခြေသံတဖျပ်ဖျပ်အား ကြားလိုက်ရသည်။

သူ ကပျာကသီ ထလိုက်၏ ။

“ဘုတ်”

“ဟာ . . . အရေး ထဲ”

လက်ထဲမှ စာအုပ်လွတ်ကျသွားသဖြင့် ကုန်းကောက်ရသေးသည်။ ပြီးတာနှင့် . . . စာဖတ် သူတွေ အတွက် ပြုလုပ်ပေးထားသော နေရာဆီမှ ထွက်လာခဲ့၏ ။

“ဟင်”

သူအပြင်ရောက်တော့ ဘာထူးခြားမှု အရိပ်အယောင်မှ မတွေ့ မြင်ရတော့ချေ။

စာကြည့်တိုက်အတွင်းမှာ လည်း လူရှင်းနေသည်။ စာကြည့်တိုက်မှ ၀န်ထမ်းအမျိုးသမီး တစ်ဦးသာ သူ့နေရာမှာ သူ အေးအေးဆေးဆေး ငြိမ်ငြိမ်သက်သက် စာထိုင်ဖတ်နေတာ တွေ့ ရ သည်။

ထိုအမျိုးသမီးထံ သွားပြီ. . .

“ခုနက ဒီအထဲကနေ လူ တစ်ယောက် ပြေးထွက်သွားတာ တွေ့ လိုက်သေးလားဟင်”

“အင်း . . . တွေ့ လိုက်တယ်”

လင်းခေတ် ၀မ်းသာသွားသည်။

“အဲ့ဒီလူကို သိလားဟင်”

“ဟင့်အင်း . . . မသိဘူး”

“ဘယ်လိုပုံစံမျိုးလဲ မသိဘူး”

“မိန်းကလေးတော့ မိန်းကလေးပဲ။ ပုံစံတော ပြောမပြတတ်ဘူး”

“အ၀တ်အစားက ဘယ်လိုပုံစံ ဘယ်လိုအရောင် ၀တ်ထားတာလဲဟင်”

“အဲဒါလည်း သတိမထားမိလိုက်ဘူး။ စာထဲ အာရုံရောက်နေတာနဲ့ သေချာမကြည့်မိ လိုက်လို့”

လင်းခေတ် စိတ်ဓာတ်ကျသွား၏ ။ ဒီထက် ဆက်မေးလို့ မကောင်းတော့သဖြင့် . . .

“ကျေးဇူးပါပဲနော်”

စာဆက်ဖတ်ချင်စိတ်လည်း မရှိတော့သဖြင့် စာအုပ်ကို ပြန်အပ်ပြီး စာကြည့်တိုက်မှ သူ ထွက်လာခဲ့တော့သည်။

လက်ထဲမှာ တော့ စာတစ်စောင်ကို သိုလှောင်ထားသော စာအိတ်ကလေးတစ်လုံးအား ကိုင်လျက် . . . ။

* * * * *


အပြာရောင် မိုးသားများ အစွမ်းကုန်လှပနေပါသည်။ ရာသီဥတုသည်လည်း အထူးပင် သာယာကြည်လင်နေ၏ ။

စိမ်းစိုလန်းဆန်းသော ကျောင်းဝင်းအတွင်းတွင် . . .

ခါချဉ်လို မိန်းမပျိုလေး တစ်ယောက် နွဲ့နှောင်းပြေပြစ်စွာ လမ်းလျှောက်နေပါသည်။ သူမ နောက်သို့ မီးပြင်းပြင်း အဖုတ်ခံထားရသော ကြောင်လျှာသီး၏ အသွင်းသဏ္ဌာန်ရှိသည့် လူတစ်ဦး အသည်းအသန် အပြေးလိုက်လာ၏ ။

မှီတာနှင့် အမောတကောဖြင့် . . .

“နေ . . . နေပါဦး။ မိုး . . . မိုးစက်ဝိုင်။ အရေး တကြီး ကိစ္စလေးရှိလို့ပါ”

မိန်းမပျိုက လှမ်းလက်စ ခြေလှမ်းတွေ ကိုရပ်၍ လှည့်ကြည့်သည်။

“ဘာကိစ္စလဲ”

လေသံက နည်းနည်း ထန်၏ ။ ကြောင်လျှာသီးမီးဖုတ်က (အတွင်းသား သွားတွေ ကိုဖော် ကာ) ပြုံးဖြဲဖြဲနှင့် . . .

“ကျွန်တော့် နာမည် ကိုမျိုးပါ”

“အဲ့ဒါ ကျွန်မ ဘာလုပ်ရမှာ လဲ”

“အဲ. . . .”

ကြောင်လျှာသီးမီးဖုတ် ကော့သွားသည်။ သို့ သော် မျက်နှာထားကို ပျော့၍ . . .

“ကျွန် . . . ကျွန်တော် က . . . မိုးစက်ဝိုင်ကို. . . ချစ် . . . ချစ်နေတာခင်ဗျ။ အဲ့ဒါလေး ပြောချင်လို့ပါ”

မိန်းမပျိုက ကြောင်လျှာသီးမီးဖုတ်ကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး . . .

“ရှင်က ကျွန်မကို ချစ်နေတာ . . . ဟုတ်လား”

“ဟုတ် . . .ဟုတ်ပါတယ်”

“အဲ့ဒါဆို ရှင့်ကို ကျွန်မ မေးကြည့်ရဦးမယ်။ အချစ်ဆိုတာ ဘာလဲ”

“ဟင်”

“ပြောလေ။ ရှင်က ကျွန်မကို ချစ်နေတယ်ဆိုတော့ သိမှာ ပေါ့။ အချစ်ဆိုတာ ဘာလဲ”

“ဟို . . . ဟို . . . အချစ်ဆိုတာ . . . ဟိုဒင်း”

ကြောင်လျှာသီးမီးဖုတ် ထစ်ထစ်အအ ဖြစ်နေ၏ ။ မိန်းမပျိုက လှပစွာ ပြုံးကာ . . .

“အချစ်ဆိုတာ ဘာမှန်းမသိဘဲနဲ့များ ကျွန်မကို ချစ်တယ်လို့လာပြောနေသေးတယ်။ ယုတ္တိမဲ့ လိုက်တာရှင်။ တကယ်တော့ ရှင်က လူလိမ်လူညာပဲ”

“အင်”

ကြောင်လျှာသီးမီးဖုတ် မဲ့မဲ့ရွဲ့ရွဲ့ ဖြစ်သွားသည်။ မိန်းမပျိုက

“သမာဓိဆိုတာ ရှင်ကြားဖူးလား”

“ဟုတ်. . . ဟုတ်ကဲ့။ ကြားဖူးပါတယ်”

“အဲဒီ သမာဓိနတ်မင်းကြီးတွေ ကိုကော ရှင်သိလား”

“ဟင့်အင်. . . သူတို့နဲ့ ကျွန်တော် မရင်းနှီးဘူး”

ကြောင်လျှာသီးမီးဖုတ်က အူတူတူ ပြန်ဖြေသည်။ ထိုအခါ မိန်းမပျိုက မျက်စောင်းပြင်းပြင်း လွှတ်၍ . . .

“ရှင့်ကို ရင်းနှီးတာ မရင်းနှီးတာ ပြောနေတာ မဟုတ်ဘူး။ အဲဒီ နတ်မင်းကြီးတွေ ရဲ့ အမည် ကို မေးနေတာ”

“သြော်. . . .နတ်မင်းကြီးတွေ ရဲက အမည် ကို မေးတာလား”

“ဟုတ်တယ်။ ရှင် သိလား”

“ဟင့်အင်း . . .မသိဘူး”

ကြောင်လျှာသီးမီးဖုတ်က ရှုံ့ရှုံ့တွတွ ခေါင်းခါပြသည်။ မိန်းမပျိုက စိတ်လေဟန်ဖြင့် . . .

“သမာဓိနတ်မင်းကြီးတွေ ကို မသိဘူးဆိုတာ ရှင့်မှာ သမာဓိလည်း ရှိမယ့်ပုံမပေါ်ပါဘူး”

“အမ်”

ကြောင်လျှာသီးမီးဖုတ် ကွေးကုတ်သွားရ၏ ။ မခံချင်စိတ်ဖြင့်

“သမာဓိတော့ ရှိပါတယ်ဗျာ”

“ရှင်က မသိတာတွေ လျှောက်ပြောတတ်တော့ ရှင့်စကားကို ကျွန်မက ဘယ်လိုယုံရမှာ လဲ”

“ဟို . . . ဟို . . . ဦးနှောက်နဲ့ ယုံလေ”

“ဦးနှောက်ဆိုလို့ ရှင့်မှာ ဦးနှောက်ကော ရှိရဲ့ လား”

“ဗျာ”

“နားလည်း လေးတယ်ထင်တယ်”

ကြောင်လျှာသီးမီးဖုတ် အောင့်သက်သက် ဖြစ်သွားသည်။

“မလေးပါဘူးဗျ။ ကြားပါတယ်။ လူပဲ ဦးနှောက်ရှိတာပေါ့”

“ရှင့်ဦးနှောက်က ပုံမှန်ကော ဟုတ်ရဲ့ လား”

“ပုံမှန်ဗျ။ ပုံမှန်”

“ဦးနှောက်ပုံမှန်ဆိုတော့ စဉ်းစားဉာဏ်တော့ ရှိမှာ ပေါ့နော်”

“အို . . . သိပ်ရှိတာပေါ့”

“ဒါဆို တစ်ခုလောက် မေးကြည့်ရဦးမယ်”

“မေးစမ်းပါ”

“တစ်နေ့မှာ နှစ် ခါပဲ အချိန်မှန်ပြတာ ဘယ်လို နာရီအမျိုးအစားလဲ”

“အဲ. . . .”

ကြောင်လျှာသီးမီးဖုတ် တွေ ဝေသွားသည်။ သူ့လက်မှာ ပတ်ထားသော နာရီကို တစ်ချက် ကြည့်ပြီး . . .

“ကျွန်တော် နာရီတွေ အများ ကြီး ပတ်ဖူးပါတယ်။ နာရီအမျိုးအစားတွေ လည်း အများ ကြီး မြင်ဖူးတယ်။ ဒါပေမယ့် . . . တစ်နေ့မှာ နှစ် ခါပဲ အချိန်မှန်ပြတဲ့ နာရီမျိုးတော့ မတွေ့ ဖူးဘူး။ အဲဒီ လို နာရီအမျိုးအစား မပေါ်သေးပါဘူးဗျ”

မိန်းမပျိုက ညင်းညင်းသွဲ့သွဲ့ ရယ်ပါ၏ ။

“ရှင်က ဦးနှောက်သာ ရှိတယ်ပြောတာ။ စဉ်းစားဉာဏ်တော့ ရှိမှ မရှိဘဲ”

“ဟင်”

ဒီတစ်ခါလည်း ကြောင်လျှာသီးမီးဖုတ် ခံလိုက်ရပြန်သည်။ မိန်းမပျိုက ပြုံးစစနှင့် . . .

“စဉ်းစားဉာဏ် မရှိပေမယ့် ဗဟုသုတရှိမလား စမ်းသပ်ကြည့်ရဦးမယ်”

ကြောင်လျှာသီးမီးဖုတ် စိုးစိုးထိတ်ထိတ် ငြိမ်နေရှာ၏ ။

“မြန်မာ့ရုပ်သေးလောကမှာ အပြောနဲ့ပတ်သက်ပြီး အင်မတန် နာမည် ကြီးထင်ရှားတဲ့ အနု ပညာရှင် ရုပ်သေးမင်းသားကြီးက ဘယ်သူလဲ”

“ဟို . . . ဟို . .. .”

ကြောင်လျှာသီးမီးဖုတ် ခေါင်းကို အတွင် တွင် ကုတ်၏ ။ ပြီးမှ မ၀ံ့မရဲဖြင့် . . .

“လေဘာတီမမြရင်ကို ပြောတာလားဟင်”

မိန်းမပျိုသည် ရယ်ပြန်၏ ။

“ဘယ်က ဟုတ်ရမှာ လဲ၊ လေဘာတီ မမြရင်က အငြိမ့်မင်းသမီးရှင့်။ မှားနေပြီ”

ကြောင်လျှာသီးမီးဖုတ် မျက်နှာညှိုးကျသွားသည်။ အသံလည်း တိတ်သွား၏ ။

“ရှင်က စဉ်းစားဉာဏ် မရှိသလို ဗဟုသုတလည်း မရှိပါလား”

မိန်းမပျိုက ကြောင်လျှာသီးမီးဖုတ်ကိုကြည့်ကာ မှတ်ချက်ချ၏ ။

“အချစ်ဆိုတာ ဘာမှန်းမသိဘဲနဲ့လည်း ကျွန်မကို ချစ်တယ်လို့ လာပြောတယ်။ သမာဓိ ရှိတယ်ဆိုပြီး သမာဓိနတ်မင်းကြီးတွေ ကိုလည်း မသိဘူး။ ဦးနှောက်ရှိတယ် ပြောပြီး စဉ်းစားဉာဏ် ကျတော့လည်း မရှိဘူး။ စဉ်းစားဉာဏ်မရှိလို့ ဗဟုသုတလေးများ ကြွယ်ဝမလား စမ်းသပ်ကြည့် တော့ . . . ဗဟုသုတကျတော့လည်း ခေါင်းပါးသေးတယ်။ အဲဒီ လိုလူမျိုးနဲ့ စကားဆက်ပြောနေရင် ကျွန်မပဲ မိုက်မဲရာကျမှာ ပေါ့ရှင်။ ဒါကြောင့် ကိုယ့်လမ်းကိုပဲ သွားတော့မယ်။ တာ့တာနော်”

နောက်သလို ပြောင်သလိုနှင့် လက်ကလေးပြပြီး ခါချဉ်လိုမိန်းမပျို ထွက်သွားလေသည်။ ထိုအခါ ကြောင်လျှာသီးမီးဖုတ်လိုလူ အရှက်သည်းစွာ ဖြင့် လမ်းပေါ်မှာ ခေါင်းငုံ့ကျန်ရစ်ခဲ့လေ၏ ။

သူ ပညာသားပါပါ အနှိပ်ကွက်ခံလိုက်ရတာ ဖြစ်ချေ၏ ။

မှတ်သားလောက်စရာပါပဲလား . . ..

မိုးစက်ဝိုင်ရယ် . . .

* * * * *


အခန်း (၄)

“ဟာ . . . လင်းခေတ်”

ကြောင်လျှာသီးမီးဖုတ် သဏ္ဌာန်လူ၏ မျက်နှာ ၀င်းပသွားသည်။

“မင်းကိုတွေ့ တာ အတော် ပဲကွာ”

“ဘာ ဖြစ်လို့လဲ ကိုမျိုးလင်းရဲ့ ”

“အဲ . . .”

ကြောင်လျှာသီးမီးဖုတ် တွန့်ခနဲ ဖြစ်သွားသည်။

“ငါ့ကို အဲ့လို မခေါ်ပါနဲ့ကွာ၊ ကိုမျိုးလို့ပဲခေါ်ပါ”

“ကိုမျိုးလင်းလို့ခေါ်တော့ ဘာ ဖြစ်လို့လဲဗျ”

“ငါ အသည်းယားလွန်းလို့ပါကွာ”

“မျိုးလင်းဆိုတာ ခင်ဗျားနာမည် အရင်းလေ”

“ဟုတ်တော့ ဟုတ်ပါတယ်ကွာ။ ငါ့မိဘတွေ မတွေးမတော် ဘဲ ပေးထားတဲ့ ငါ့ရဲ့ နာမည် အရင်းဆိုတာ ၀န်ခံပါတယ်။ ဒါပေမယ့် ကျေးဇူးပြုပြီး ငါ့ကို အဲ့လိုကြီး မခေါ်ပါနဲ့ကွာ။ တောင်းပန် ပါတယ်”

ညှိုးငယ်သော မျက်နှာထားဖြင့် ကြောင်လျှာသီးမီးဖုတ် ညွတ်ညွတ်နူးနူး ပြောနေ၏ ။

“မင်း ငါ့ကို ဒီတစ်သက် ကိုမျိုးလိုပဲ ခေါ်မယ်ဆိုရင် တွေ့ တိုင်း လက်ဖက်ရည်တိုက်ပါ့မယ် လင်းခေတ်ရာ”

“ခင်ဗျား တစ်ကယ်ပြောတာလား”

“တကယ်ပြောတာပါကွာ။ ဆရာ၊ ဆရာမ တွေ နဲ့ တခြားလူတွေ ကိုလည်း ဒီလိုနည်းနဲ့ပဲ ငါ နှုတ်ပိတ်ထားရတာ ကွ”

လက်ဖက်ရည်ဖိုးတော့ တော် တော် ကုန်မယ်နော်”

“ကုန်ပြီလားကွာ။ အိမ်ကပေးသမျှပိုက်ဆံ တခြားဘာမှ မသုံးရဘူး။ လက်ဖက်ရည်ဖိုးနဲပဲ ရေစုန်မျောနေတာ”

“ ဖြစ်မှ ဖြစ်ရလေဗျာ။ ကျွတ် ကျွတ်”

လင်းခေတ်က ကရုဏာသက်စွာ ဖြင့် စုတ်သပ်လေသည်။

“ကျွန်တော် လည်း ခင်ဗျားကို ကိုမျိုးလိုပဲ ခေါ်ပါတော့မယ်ဗျာ”

“ကျေးဇူးတင်လိုက်တာကွာ”

“အခုလောလောဆယ်တော့ လက်ဖက်ရည်လိုက်တိုက်ရမယ်နော်”

“ဟင် . . . ဒီ တစ်ယောက် ကလည်း တကယ်သောက်မှာ ”

“ဘာလဲ . . . မတိုက်ချင်ဘူးလား။ အဲ့ဒါဆို ကိုမျိုးလင်းရေ . . .လို့ အကျယ်ကြီး အော်လိုက် မှာ နော်”

“အဲလိုတော့ . . . မ . . .မအော်လိုက်ပါနဲ့ကွာ။ လက်ဖက်ရည်တိုက်ဆို တိုက်ပါ့မယ်”

“ဒီလိုမှပေါ့ . . . ကိုမျိုးရဲ့ ”

လင်းခေတ်က ရောင်းသူဝယ်သူ အသံတူသွားသည်။

ကြောင်လျှာသီးမီးဖုတ် (၀ါ) မျိုးလင်းဆိုသူမှာ လည်း ‘ကိုမျိုး’ ဖြစ်ဖို့အရေး အတွက် စီးပွားရေး တွေ တော် တော် ထိခိုက်နေပြီ ဖြစ်၏ ။ ထို့ကြောင့် ချွတ်ခြုံကျမှာ ပင် စိုးရိမ်ပူပန်ရ၏ ။

လက်ဖက်ရည်ဆိုင်ရောက်၍ လက်ဖက်ရည်မှာ ပြီးနောက် ကိုမျိုးက မအီမသာဖြင့် . . .

“ငါ မင်းကို ရင်ဖွင့်စရာရှိတယ်ကွ လင်းခေတ်ရ”

“ပြောလေ ကိုမျိုးရဲ့ . . . ကျွန်တော် နားထောင်ပေးမှာ ပေါ့”

လင်းခေတ် အသံက ချိုသာနေသဖြင့် ကိုမျိုးအားတက်သွားသည်။

“အမျိုးသမီး တစ်ယောက် နှိပ်ကွက်တာကို ငါ ရေရေလည်လည် ခံလိုက်ရတယ်ကွာ”

“ဘယ်လို နှိပ်ကွက်လို့လဲဗျ”

အ ဖြစ်သနှစ် အလုံးစုံကို ပြောပြလေသည်။ လင်းခေတ်က လာချပေးသော လက်ဖက်ရည် ကို အရသာခံကာ သောက်ရင်း အလေးအနက်နားထောင်ပေး၏ ။

အလုံးစုံ ပြောပြပြီးနောက် ကိုမျိုးက ကြေကြေကွဲကွဲ မျက်နှာထားဖြင့် . . .

“သူ မေးတာတွေ တစ်ခုမှ မဖြေနိုင်တော့ ငါ အရမ်းရှက်သွားမိတယ်ကွာ”

“ဘာရှက်စရာရှိလဲဗျာ။ မဟုတ်တာလုပ်နေတဲ့ လူတွေ မှ ရှက်ရမှာ ။ ကိုယ်က မဟုတ်တာ လုပ်တာမှ မဟုတ်ဘဲ”

“ဒါပေမယ့် သူမေးတာတွေ ကို ငါတစ်ခုမှ မသိဘူးလေကွာ။ အဲ့ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်သလို ခံစားနေရတယ်”

“ဘာမှ ခံစားမနေနဲ့ . . .။ သူ မေးတာတွေ ကို ခင်ဗျားသိချင်ရင် ကျွန်တော် ပြောပြမယ်”

“မင်း တကယ်ပြောတာလား”

“တကယ်ပေါ့ဗျ”

လင်းခေတ်စကားကြောင့် ကိုမျိုး ၀မ်းသာသွား၏ ။ အားကိုးတကြီး မျက်နှာထားဖြင့် . . .

“ဒါဆို အချစ်ဆိုတာ ဘာလဲကွ။ အဲ့ဒီမေးခွန်းက ရိုးရိုးလေးနဲ့ တော် တော် အဖြေရကြပ်တဲ့ မေးခွန်းပဲ”

လင်းခေတ်က လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ပြီးမှ . . .

“အချစ်ပဲ ဖြစ် ဖြစ်၊ အမုန်းပဲ ဖြစ် ဖြစ်၊ ရှက်တာပဲ ဖြစ် ဖြစ်၊ သိမ်ငယ်တာပဲ ဖြစ် ဖြစ်၊ အဲ့ဒါတွေ အားလုံးဟာ စိတ်ခံစားမှု တွေ ပဲလေ။ ဟုတ်တယ်မဟုတ်လား”

“အေး . . .. ဟုတ်တယ်”

“အဲ့ဒါကြောင့် ‘အချစ်ဆိုတာ ခံစားမှု ’ ပေါ့ဗျ။ ရှင်းရှင်းလေးပဲ”

“အင်း . . . မင်းပြောတော့လည်း ဟုတ်သားကွ”

ကိုမျိုး ခေါင်းတညိတ်ညိတ် ဖြစ်သွားသည်။

“ဒါနဲ့ သမာဓိနတ် . . . .ဆိုတာကကော”

“သမာဓိနတ်မင်းကြီး ရှစ်ပါးရှိတယ်။ အဂျုတနတ်၊ ပိဿနိုးနတ်၊ ပရိမိသွားနတ်၊ နေနတ်၊ လနတ်၊ ဇနတ်၊ ရဒနတ်၊ ရနာယနတ် . . .တဲ့။ မှတ်မိလား”

“တစ်ခေါက်လောက် ထပ်ပြောပါဦးကွာ”

လင်းခေတ် နောက်တစ်ခေါက်ထပ်ပြောပြလိုက်သည်။ ကိုမျိုးက လင်းခေတ်ပြောတာတွေ ကို လွယ်အိတ်ထဲမှ စာအုပ်နှင့် ဘောလ်ပင်ထုတ်ကာ လိုက်ကူးရေး ၏ ။

ပြီး . . .

“တစ်နေ့မှာ အချိန်မှန် နှစ် ခါပဲ ပြတယ်ဆိုတဲ့ နာရီက နောက်ဆုံးပေါ် ဘာအမျိုးအစားလဲ ကွ”

“ဘာနောက်ဆုံးပေါ် အမျိုးအစားမှ မဟုတ်ဘူး”

“ဟင် . . . ဒါဆို ဘာလဲ”

“ပျက်နေတဲ့ နာရီအစုတ်ကို ပြောတာ”

“သြော် . . . ငါ့နှယ်နော်”

ယူကျုံးမရ ဖြစ်သွားဟန် ရှိ၏ ။

“နောက်ဆုံးတစ်ခု ကျန်သေးတယ်နော်”

“အင်း . . . ဟုတ်တယ်။ မြန်မာ့ရုပ်သေးလောကမှာ အပြောနဲ့ ထင်ရှားတဲ့ ရုပ်သေးမင်း သမီးကြီးက ဘယ်သူလဲ . . .တဲ့”

“ဦးဖူးညို”

“ဘယ်လို . . .ဦးဖူးညို ဟုတ်လား”

“ဟုတ်တယ်”

“မင်းဟာက အဓိပ္ပာယ် မရှိတာကွာ”

လင်းခေတ် မတ်ခနဲ ဖြစ်သွားသည်။

“ဘာအဓိပ္ပာယ် မရှိတာလဲဗျ”

“ရုပ်သေးမင်းသမီးပါဆိုမှ ဘယ်လိုလုပ် ‘ဦးဖူးညို’ ဖြစ်မလဲကွ။ မင်းသမီးဆိုတာက မိန်းမ။ ဦးဖူးညိုဆိုတာက ယောက်ျား။ တလွဲစီကြီး”

ကိုမျိုးက လက်မခံဘဲ ငြင်းသည်။ လင်းခေတ်က မျက်မှော င်ကြုတ်၍ . . .

“အဲ့ဒါတွေ ကြောင့် ဟိုအမျိုးသမီး ဖဲ့သွားတာကို ခင်ဗျားခံလာရတာ ”

“ဘာကို ပြောတာလဲ”

“ခင်ဗျား ဒုံးဝေးတာကို ပြောတာ”

“ငါ ဘာဒုံးဝေးလို့လဲကွ”

“ရုပ်သေးဆိုတာ ပရိသတ်ရှေ့ လူစင်စစ်ထွက်ပြရတဲ့ အနုပညာ မဟုတ်ဘူး။ လူက ရုပ်သေးစင်ရင်တား နောက်ကွယ်ကနေ ကြိုးဆွဲပေးပြီး ရုပ်သေးအရုပ်ကလေးတွေ ဇာတ်ခုံပေါ် တက် ရှေ့ထွက်ပြီး ဖျော်ဖြေတာ”

“အဲဒီ လောက် ငါလည်း သိပါတယ်”

“သိလိုက်သားနဲ့. . . ဘာလို့ မင်းသမီးကမိန်းမ၊ ဦးဖူးညိုက ယောက်ျားလို့ ပြောနေသေးလဲ”

“ဟိုက မေးတာက အပြောနဲ့ ပတ်သက်ပြီး နာမည် ကြီးတဲ့ ရုပ်သေးမင်းသမီးဆိုလို့လေ”

လင်းခေတ် စိတ်ရှည်ရှည် မွေးမြူလိုက်၏ ။ လိပ်ပတ်လည်အောင် အကျယ်တ၀င့် ရှင်းပြ လိုက်မှ ဖြစ်တော့မည် ။

“မြန်မာ့ယဉ်ကျေးမှု သုခုမပညာမှာ ဇာတ်သဘင်ကို အနိမ့်သဘင်လို့ခေါ်ပြီးတော့ . . . ရုပ်သေးကိုတော့ အမြင့်သဘင်လို့ခေါ်တယ်။ အရုပ်ကလေးတွေ ရဲ့ ကပြလှုပ်ရှားတဲ့ ဟန်အမူအရာ နဲ့ အညီ အပြော၊ အဆို အငို ထိထိမိမိရှိအောင် လူက အသံနဲ့ပံ့ပိုးပေးရတာ ”

“အင်း”

“ရုပ်သေးနယ်မှာ လူတွေ မင်းသား မင်းသမီး ဖြစ်ဖို့ ရုပ်ချောဖို့လည်း မလိုဘူး။ အက ကောင်းဖို့လည်း မလိုဘူး။ အသံကောင်းဖို့ပဲလိုတယ်။ ရုပ်သေးမင်းသမီးဟာ အမျိုးသမီးသာ ဖြစ်ရ မယ်ဆိုတဲ့ သတ်မှတ်ချက်လည်း မရှိဘူး”

“သြော်”

“မြန်မာ့ရုပ်သေးလောကမှာ “အပြော ဦးဖူးညို၊ အဆို ဦးပု” ဆိုပြီး ကျော်ကြားတဲ့ ရုပ်သေး ပညာရှင်ကြီး နှစ် ဦးရှိတယ်။ ဦးဖူးညိုဟာ အမျိုးသားတစ်ဦး ဖြစ်ပေမယ့် အပြောအဆို အငိုတွေ မှာ တကယ့်မင်းသမီးကောင်း တစ်ဦးလိုပဲ ထူးချွန်ပြောင်မြောက်တယ်။ ဦးဖူးညိုဟာ သီပေါမင်း လက်ထက်ကနေ အင်္ဂလိပ်အစိုးရခေတ်အထိ ရှားရှားပါးပါး ရေပန်းစားခဲ့တဲ့ မြန်မာ့ရုပ်သေး မင်းသမီးကြီး တစ်ဦးပဲ”

“အင်း . . . အင်း”

“ဦးဖူးညိုက ပထမ နွားကျောင်းသား။ အဲဒီ ဘ၀ကနေ ကြိုးစားမှု ၊ သင်ယူလေ့လာမှု ပညာ ယူတတ်မှု တွေ ကြောင့် ဘုရင့်အသုံးတော် ခံ ရုပ်သေးပညာရှင် ဖြစ်ပြီး အင်္ဂလိပ်အစိုးရလက်ထက်မှာ လည်း အရာရှိကြီးတွေ ရဲ့ ရွှေတံဆိပ်ဆုတွေ အဖုံဖုံ ချီးမြှင့်မြောက်စားခြင်း ခံခဲ့ရတယ်။ အဲဒီ သဘင် အနုပညာရှင်ကြီးဟာ အသက် ၆၈ နှစ် အရွယ် ၁၂၉၁ ခနှစ် ပထမ၀ါဆိုလပြည့်ကျော် ၇ ရက်နေ့မှာ ကွယ်လွန်အနိစ္စရောက်သွားခဲ့တယ်ဗျ”

“သြော်”

“ကဲ . . . တိကျရဲ့ လား”

“တိကျပါတယ်”

“ဘာသိချင်သေးလဲ”

“တော် တော် ပါပြီ။ ဒီလောက်ဆို ပြည့် . . . ပြည့်စုံ သွားပါပြီ။ လျှံတောင် လျှံထွက် သွားပါ သေးတယ်”

“ယုံကော ယုံပြီလား”

“ယုံပါပြီ ယုံပါပြီ”

“ထပ်ကြားချင်သေးလား”

“ဟင့်အင်း . . . ဟင့်အင်း . . မကြားချင်တော့ပါဘူး”

“ဆက်ပြောပြဦးမယ်လေ”

“ဟာ . . . ရပြီ။ သေတောင် သေသွားပြီပဲ။ ကိစ္စလေးရှိလို့ သွားလိုက်ဦးမယ်နော်”

လက်ဖက်ရည်ဖိုး ပိုက်ဆံကို စားပွဲပေါ်ချပြီး ကိုမျိုး ကပျာကယာထထွက်လာခဲ့သည်။ လင်းခေတ် ပြောတာတွေ လိုက်မှတ်ရင်း သူတော် တော် ဦးနှောက်ခြောက်သွား၏ ။

ဒီကောင်လေး သူ့ကို အရစ်ရှည်၍ ရွဲ့တော့မည် ဆိုတာ အသိဦးသွားလို့ တော် ပါသေးသည်။

ဆက်ထိုင်နေလျှင် လေမုန်တိုင်းထဲမှာ သူ မျောပါသွားနိုင်ချေ ရှိ၏ ။

* * * * *




ဝန်ဇင်းချစ်သူများ လင်းညှို့သွေး ၏ “ နတ်သမီး ချည်တိုင် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ရည်းစားရဲ့ ရည်းစား

မိန်းမလိုချင်တယ်

ရင်ခုန်သံ စီးချင်း