
တကယ်လို့…
သင်က ချစ်ခဲ့ရင်
သင်ဟာ ကျေးကျွန် ဖြစ်ပြီး
တကယ်လို့ …
သင်က အချစ်ခံရသူဆိုရင်
သင်ဟာ အရှင်သခင် ဖြစ်လိမ့်မယ်…တဲ့…။
ကဲ … သက်ဆိုင်သူရေ..
ငါတို့ရဲ့ ဇာတ်လမ်းမှာ
ဘယ်သူက အရှင်သခင်
ဘယ်သူက ကျေးကျွန်လဲ…
အ ဖြစ်အပျက်က ထူးဆန်းနေ၏ ။
စိုပြေစိမ်းလန်းသော တက္ကသိုလ်ကျောင်းဝင်းတစ်ခုအတွင်း၌ ဖြစ်သည်။ ဆိုင်းဘုတ်ငယ်တစ်ခုထောင်မတ်စိုက်ထူထားရှိ၏ ။
‘ကျောင်းဝင်းအတွင်း၌ စည်းကမ်းမဲ့အမှိုက်မပစ်ရ။
ပုံ -'မော်ကွန်းထိန်း’
ထိုသို့ ရေး သားထားသော ဆိုင်းဘုတ်၏ အောက်ခြေမြေပေါ်ပတ်ပတ်လည်တွင် အမှိုက်များ ကို ကပျံ့ကယဲ စွန့်ကျဲထားတာ တွေ့ ရသည်။
ထိုသတင်းက တစ်ဆင့်နားဖြင့် ကျောင်းဝင်းအတွင်း၌ ပျံ့နှံ့သွားသည်။
ဒါကြောင့် ထိုနေရာသို့ မော်ကွန်းထိန်းဦးမြင့်ဝေ ကိုယ်တိုင် မယောင်မလည် လာရောက်ကြည့်ရှုလေသည်။
“ဘယ်လို ဖြစ်တာပါလိမ့်”
မော်ကွန်းထိန်းခေါင်းစားသွားသည်။
ဒီဆိုင်းဘုတ်ကို မနေ့တစ်နေ့ကမှ စိုက်ထူထားတာ…။ အခုတော့ အမှိုက်တွေ ဖြင့် ပြည့်နေလေပြီ။ ဒါကြောင့် စိတ်တိုသွား၏ ။
ထိုစဉ်…
ကျောင်းသား တစ်ယောက် က အမှိုက်ခြင်းကို ကိုင်ပြီးဆိုင်းဘုတ်အောက်ခြေမှာ အမှိုက်တွေ လာရောက်စွန့်ပစ်ပြန်သည်။
အနားမှာ သူရှိနေပါလျက် အေးတိအေးစက်လုပ်နေသော ကျောင်းသား၏ အပြုအမူကြောင့် ဦးမြင့်ဝေ ဒေါသထွက်သွားသည်။
“ဟေ့ကောင်… မင်း အဲဒါ ဘာလုပ်နေတာလဲ”
“အမှိုက်ပစ်နေတာလေ”
ကျောင်းသားက အေးအေးဆေးဆေးပင် ပြန်ဖြေသည်။
“အမှိုက်ပစ်ရမယ့်နေရာရှိလျက်နဲ့ ဘာကိစ္စဒီမှာ လာပစ်တာလဲ”
“ဒီနေရာမှာ မှ ပစ်ရမယ်ဆိုလို့ပါ”
“ဒီနေရာမှာ အမှိုက်ပစ်ရမယ်လို့မင်းကိုဘယ်သူပြောလဲ”
ဦးမြင့်ဝေ၏ မာထန်ထန်လေသံကြောင့် တစ်စုံတစ်ခုတော့ မှားယွင်းနေပြီဟု ကျောင်းသား တွေးမိလိုက်၏ ။
“ဟိတ်ကောင်…မေးနေတာ ဖြေလေ…။ ဒီနေရာမှာ အမှိုက်ပစ်ရမယ်လို့ မင်းကို ဘယ်သူပြောတာလဲ”
ကျောင်းသားက တွန့်ဆုတ်ဆုတ် ဖြေ၏ ။
“နေ…နေသွေးပါ…”
“ဟာကွာ…ဒီကောင်တော့ …လုပ်ချလိုက်ပြန်ပြီ”
မချိတင်ကဲဟန်ဖြင့် ဦးမြင့်ဝေညည်း၏ ။
“သူကမင်းကိုဘယ်လိုပြောလဲ”
“ကျွန်တော့် ကို ပြောတာမဟုတ်ပါဘူး။ တခြားကျောင်းသူ ကျောင်းသားတွေ ကိုလည်း ပြောပါတယ်”
“ဘယ်လိုပြောတာလဲ”
“အရင်အမှိုက်ပုံအဟောင်းမှာ အမှိုက်မပစ်နဲ့တော့တဲ့။ မော်ကွန်းထိန်းက အခုနေရာ ပြောင်းထားပြီ လို့ ပြောပြီး အမှိုက်တွေ ကို ဒီနေရာမှာ လာသွန်ခိုင်းတာပါ”
“ဟာ …ဒီကောင်တော့ကွာ”
ဦးမြင့်ဝေက စိတ်ရှုပ်ဟန်ဖြင့် ကျောင်းသားကိုကြည့်ကာ…
“ဒီကောင်ကိုအခု ချက်ချင်း ရုံးခန်းလာခဲ့လို့ ပြောလိုက်…ကြားလား…”
“ဟုတ်ကဲ့…ဟုတ်ကဲ့ပါ ဆရာကြီး”
“သွား…မြန်မြန်သွား”
ကျောင်းသားသည် အမှိုက်ခြင်းကလေးကို ကိုင်ပြီးသုတ်ပျာသုတ်ပျာ ထွက်သွား၏ ။
ထိုအခါ ဦးမြင့်ဝေသည် အမှိုက်ပုံကိုကြည့်ကာ စိတ်ဆင်းရဲဟန်ဖြင့် ဟင်းခနဲ သက်ပြင်းချသည်။
“အင်း…ဒီကလေးနဲ့တော့ ခက်ပါတယ်လေ”
စာသင်ခန်းအတွင်း၌ ဖြစ်သည်။
အင်္ဂလိပ်စာ ဆရာမ ဒေါ်အေးသီတာသည် ကျောင်းသား ကျောင်းသူများ ကို စာစစ်မေးနေ၏ ။
“မနေ့က ဆရာမ ကျက်ခိုင်းလိုက်တဲ့စာ ရခဲ့ကြရဲ့ လားကွယ်”
အားလုံးပါးစပ်ပိတ်နေကြသည်။
“ဆရာမ မေးနေတယ်… တစ်ယောက် မှ မရကြဘူးလား”
တုပ်တုပ်မျှ မလုပ်ကြ။
“ကဲ…စာရတဲ့လူ လက်ညှိုးထောင်”
တစ်ချောင်းတလေမှ ပြူထွက်မလာချေ။ ဆောင့်ဆွဲခံရသော သားရေကွင်းလို ဆရာမ နည်းနည်း တော့ တင်းသွားသည်။
“ဟဲ့ …မင်းတို့အားလုံး အ,နေကြတာလား”
မည် သူမျှမတုံ့ပြန်ကြ။
ကြာတော့ ဆရာမ ဒေါထလာတော့၏ ။ စားပွဲခုံကို လက်ဝါးနှင့် တဖြန်းဖြန်းပုတ်ကာ…
“စာရတဲ့လူမတ်တတ်ရပ်စမ်း”
တစ်ယောက် မှ မရပ်ချေ။
“ဒီလိုဆို ဘယ်သူမှ မရကြဘူးပေါ့လေ…ဟုတ်လား…။ ဒီစာ လွယ်လွယ်လေးကိုတောင်မှ ကျက်မလာနိုင်ခဲ့ကြဘူး။ မင်းတို့လူဖျင်းလူညံ့တွေ ပဲ။ စာရတဲ့သူ မတ်တတ်ရပ်ဆိုတော့ …ဘယ်သူမှ မရပ်ကြဘူး။
အဲလိုဆိုတော့ …ကိုယ့်ကိုယ်ကိုယ် ငထုံငအလို့ ထင်တဲ့လူမတ်တတ်ရပ်စမ်း”
တစ်ခန်းလုံးငြိမ်နေကြသည်။
ဆရာမ ဒေါ်အေးသီတာသည် (လိုတာမရ ရတာ မလို ထိုနှစ် ထိုနှင့်) အပျိုကြီး ဖြစ်နေ၏ ။ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ကြီးသလို စိတ်လည်းကြီးသူမို့ အားလုံးလန့်နေကြသည်။
ထိုစဉ်…
ကျောင်းသား တစ်ယောက် က ပျင်းတွဲ တွဲ ဟန်ဖြင့် မတ်တတ်ထရပ်လေသည်။ ဒေါ်အေးသီတာက ထိုကျောင်းသားကို ကြည့်ကာ…
“ဪ…နေသွေးပဲ…ဒီလိုကျတော့ မင်းစိတ်ဓာတ်က ချီးကျူးစရာပါလား။ အခြားလူတွေ က ကိုယ့်ရဲ့ အပြစ် ကိုယ့်ရဲ့ အားနည်းချက်ကို ဝန်မခံရဲကြဘူး။ မင်း ကတော့ လူအများ ရှေ့မှာ ဝန်ခံရဲတယ်။ ဒီလိုဆိုတော့ … မင်းက မင်းကိုယ်မင်း ငထုံငအလို့ သတ်မှတ်တယ်ပေါ့…ဟုတ်လား”
“မဟုတ်ပါဘူး ဆရာမ ”
နေသွေး၏ အဖြေစကားကြောင့် ဒေါ်အေးသီတာ မျက်မှော င်ကြုတ်သွားသည်။
“ဒါဆို ဘာ ဖြစ်လို့ မင်းမတ်တတ်ရပ်တာလဲ”
“ကိုယ့်ကိုယ်ကိုယ် ငထုံငအလို့ ထင်တဲ့သူ မတ်တတ်ရပ်စမ်းလို့ပြောပြီးတော့ …ဆရာမ တစ်ယောက် တည်းရပ်နေတာတွေ့ လို့ ကျွန်တော် က အားနာတာနဲ့ ကူရပ်ပေးတာပါ”
“ဘာ…”
ဒေါ်အေးသီတာ စွေ့စွေ့ခုန်သွားလေတော့သည်။ ထိုင်ရမလို ထရမလိုပင် ဖြစ်သွား၏ ။ ဆိတ်ငြိမ်နေသော တစ်ခန်းလုံးမှာ လည်း ရယ်သံများ ဖုံးလွှမ်းပြည့်လျှံသွားလေသည်။ (အပျိုကြီးဆိုတော့ ပိုရှက်သွား၏ ။)
နေသွေး ကတော့ သူ ဘာမှမလုပ်သလို ဟန်မျိုးဖြင့် ဝါးခနဲသမ်းဝေပြီးပျင်းကြောဆန့်နေလေသည်။
ဒေါ်အေးသီတာကလည်း မျက်နှာနီနီကြီးဖြင့် …
“နေသွေး…နင်က ငါ့ကိုရွဲ့တာပေါ့လေ…ဟုတ်လား…။ အဲဒီ အချိုးတွေ ကြောင့် မနှစ် ကလည်း စာမေးပွဲကျတာ”
“ကျွန်တော် ကျတာမဟုတ်ပါဘူး ဆရာမ ။ မအောင်တာပါ။ ကျတာဆိုရင် ကျွန်တော် ပထမနှစ် ပြန်ရောက်သွားမှာ ပေါ့။ အခုဒုတိယနှစ် ပဲလေ။ အဲဒါကြောင့် ကျတယ်လို့ မပြောသင့်ပါဘူး”
“ဟင်…မင်း…မင်း…စကားကို ကပ်ပြောပြန်ပြီလား…”
ဒေါ်အေးသီတာ ကြွစီကြွစီ ဖြစ်သွား၏ ။
“ဒီလောက်မတ်တတ်ရပ်ပြချင်တာ …ငါ့အချိန်မပြီးမချင်း မင်းခုံပေါ်တက် မတ်တတ်ရပ်နေ။ ကြားလား…”
နေသွေးက အေးအေးဆေးဆေးပဲ ခုံပေါ်တက် မတ်တတ်ရပ်လေသည်။ ဒေါ်အေးသီတာသည် စိတ်ညည်းညူဟန်ဖြင့် စာဆက်သင်ရန်ပြင်၏ ။
ထိုစဉ်…
ကျောင်းသား တစ်ယောက် အခန်းရှေ့သို့ ရောက်လာ၏ ။ ခွင့်ပန်ပြီး အတန်းထဲဝင်ကာ ဒေါ်အေးသီတာ တစ်စုံတစ်ခုပြောသည်။
စကားဆုံးသော အခါ ဒေါ်အေးသီတာသည် နေသွေးအားမကြည်မလင် လှမ်းကြည့်ပြီး…
“မင်းကို မော်ကွန်းထိန်း ခေါ်နေတယ်။ အခု ချက်ချင်း ရုံးခန်းကို လာခဲ့ပါတဲ့”
နေသွေးက ပေကပ်ကပ်နှင့်ခုံပေါ်မှာ ရပ်မြဲအတိုင်းရပ်နေသည်။
“ဟဲ့… မော်ကွန်းထိန်းခေါ်နေတာ သွားလိုက်လေ။ ဘာလုပ်နေတာလဲ”
“ဆရာမ ပဲ ငါ့စကား မပြီးမချင်း ခုံပေါ်မှာ မတ်တတ်ရပ်နေဆို။ ကျွန်တော် ထွက်သွားရင် ဆရာမ စကား နားမထောင်သလို ဖြစ်နေမှာ စိုးလို့ပါ”
“နင်နော်… ငါ့ကိုရွဲ့ပြန်ပြီလား…ဟင်…”
“ရွဲ့တာမဟုတ်ပါဘူး ဆရာမ ရယ်။ တကယ်ပြောတာပါ”
“ဒါက မော်ကွန်းထိန်းခေါ်တာပဲဟဲ့။ သွားရမှာ ပေါ့”
“ဒါဆို ကျွန်တော် သွားမှာ ကို ဆရာမ ဗွေမယူချင်ပါဘူးနော်”
“မယူပါဘူးတော် …ကြွပါရှင် …မြန်မြန်ကြွပါ”
“ဒေါ်အေးသီတာက သာသာထိုးထိုးကလေး နှင်လွှတ်၏ ။ ထိုအခါ နေသွေးရုပ်သည် မချိုမချဉ် ဖြစ်သွားလေသည်။
သူခုံပေါ်မှဆင်းကာ အပေါက်ဝသို့ လျှောက်လည်း အနားရောက်တော့ ဒေါ်အေးသီတာကို အသေအချာကြည့်သည်။ နှုတ်မှလည်း…
“အင်း…ဆရာမ က အပွင့်ကားသလောက် အဖျားကျတော့ ရှူးရှူးကြီးပဲ”
“ဟင်…နင် ငါ့ကို ဘာပြောတယ်…”
ဆားနှင့် အပက်ခံလိုက်ရသော တီကောင်သဖွယ် ဒေါ်အေးသီတာတွန့်ခနဲ ဖြစ်သွားသည်။ အပျိုကြီးပီပီ ကိုယ့်ပစ္စည်းနှင့် ကိုယ် မလုံမလဲတွေ ဖြစ်နေ၏ ။ နေသွေးက…
“ဒီလိုပါ…ကျွန်တော် က ဥပမာ ဥပစာနဲ့ ပြောတာပါခင်ဗျ”
“ဆရာမ လည်း သင်ခဲ့ရမှာ ပေါ့။ ကျွန်တော် တို့မြန်မာလူမျိုးတွေ ဟာ စကားပြောရင် ဥပမာ ဥပစာနဲ့ပြောလေ့ရှိတယ်လေ။ အဲဒီ လိုပဲ ကျွန်တော် ကလည်း ဆရာမ ရဲ့ အစပိုင်းမှာ အကျယ်ချဲ့ပြီး ပျက်ပြယ်သွားပုံကို တင်စားပြီးပြောတာပါ”
“အောင်မာ…”
နေသွေးသည် ပြောပြီးတာနှင့် အခန်းထဲမှ မြှောက်ကြွ မြှောက်ကြွထွက်သွားလေသည်။ ထိုအခါ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ဖွံ့ဖြိုးသလို အသိဉာဏ်လည်း ဖွံ့ဖြိုးသော ဒေါ်အေးသီတာသည် မခံချိမခံသာ ဖြစ်လျက် ကျန်ရစ်ခဲ့၏ ။
သူ့လိုအင်္ဂလိပ်စာဆရာမ ကို ဥပစာ ဥပမာနဲ့ကပ်ကြောသွားတာကြီးကို…။
သန့်ရှင်းသပ်ရပ်သော မော်ကွန်းထိန်းရုံးခန်းအတွင်းသို့ (နှစ် လမ်းချင်းလှမ်းရန် မတတ်သာသော ကြောင့် ) နေသွေးသည် တစ်လှမ်းချင်း လှမ်း၍ ဝင်လာလေသည်။
ပြီး…မော်ကွန်းထိန်း၏ ရှေ့ထိုင်ခုံတွင် တင်ပျဉ်ချိတ်၍ ထိုင်၏ ။
“ဟေ့ကောင်…အဲဒီ လို မထိုင်နဲ့လေ”
နေသွေးသည် အနေအထားကို ပြင်ကာ ခြေချ၍ ထိုင်သည်။ ပြီးမှ…
“ယောက္ခမကြီး ကျွန်တော့် ကိုခေါ်တယ်ဆို။ ဘာကိစ္စရှိလို့လဲ”
“အဲ…”
နေသွေး၏ အခေါ်အဝေါ်ကြောင့် ဦးမြင့်ဝေ အမ်းသွားသည်။ မနီးမဝေးမှာ လည်း အခြား ဆရာ,ဆရာမ များ ရှိတာမို့ လေသံကိုလျှော့ကာ …
“မင်းငါ့ကို အဲလိုမခေါ်နဲ့လေ”
“ဘာ ဖြစ်လို့လဲ။ နောက်လည်း ဒီလိုပဲ ခေါ်ရမယ့်ဥစ္စာ”
“နောက်ကိစ္စက နောက်မှ။ အခုလောလောဆယ် ဒါကျောင်းကွ။ အဲဒါကြောင့် မင်း ငါ့ကို ဆရာကြီးလို့ပဲခေါ် … ကြားလား …”
“အင်းလေ…ထားပါတော့”
“ပြီးတော့ …ကျောင်းမှာ မင်း ငါ့ကိုဆက်ဆံရင် ရိုရိုသေသေဆက်ဆံ”
“ဟုတ်ကဲ့ ခင်ဗျ”
နေသွေးသည် ခေါင်းကလေးငုံ့ပြီး လက်ကလေးပိုက်လိုက်၏ ။ ပြီး…လွန်စွာ ရိုကျိုးသော အမူအရာဖြင့် …
“ဒါနဲ့…ယောက္ခမကြီး…အဲ …ဆရာကြီး ကျွန်တော့် ကိုခေါ်တာ ဘာကိစ္စလဲ”
“ကျောင်းရှေ့ကအမှိုက်ပုံကိစ္စ။ ငါကအမှိုက်မပစ်ရလို့ ရေး ထားတဲ့ ဆိုင်းဘုတ်အောက်မှာ မင်းက ကျောင်းသူ ကျောင်းသားတွေ ကို အမှိုက်သွားပစ် ခိုင်းတယ်ဆို”
“ဪ…ဒါလား…”
“အူကြောင်ကြောင် လုပ်မနေနဲ့ ဟိတ်ကောင်။ မင်းဘာ ဖြစ်လို့ အဲဒီ လိုပြောရတာ လဲ”
“ကျွန်တော် က စေတနာနဲ့ပါ”
“ဘာစေတနာလဲ”
“ကျောင်းဝင်းအတွင်း စည်းကမ်းမဲ့အမှိုက်မပစ်ရ။ ပုံ-မော်ကွန်းထိန်း ဆိုတော့ … ကျွန်တော် က ကျောင်းဝင်းထဲမှာ စည်းကမ်းမဲ့ အမှိုက်မပစ်နဲ့ အဲဒီ ‘ပုံ’ဆိုတဲ့ နေရာမှာ စည်းကမ်းရှိရှိ ပုံခိုင်းတယ်လို့ လိုက်ပြီး ကြေညာပေးတာပါ”
နေသွေးက ရုပ်တည်တည်လေးနှင့် ပြော၏ ။ သူ့အကြောကို ဦးမြင့်ဝေက ကောင်းစွာ သိသဖြင့် …
“ဟိတ်ကောင်…အပိုတွေ ပြောမနေနဲ့။ မင်းအကြောင်းကို ငါနောကြေအောင်သိပြီးသားကွ”
“ဗျာ…ကျွန်တော့် ကြောင့် ဘောကြေတယ်…ဟုတ်လား…”
“နောကြေတယ်လို့ ပြောတာ… မင်းအကြောင်းကို အကုန်အစင်သိပြီးသားလို့ ပြောတာ ရှင်းလား”
“ဪ…ဟုတ်ကဲ့…ဆရာကြီးက ဥပစာနဲ့ ဥပမာနဲ့ ပြောတာကိုး”
နေသွေးသည် ခေါင်းကလေးတညိတ်ညိတ်နှင့် လိမ္မာရေး ခြားရှိနေပြ၏ ။ ဦးမြင့်ဝေက…
“အခုမင်းရဲ့ ပါးစပ်ဆော့မှု ကြောင့် ကျောင်းရှေ့မှာ လူမြင်မကောင်းသူမြင်မကောင်း အမှိုက်တွေ ပုံနေပြီ”
“အဲဒါ ဘယ်လိုလုပ်မလဲ”
“အဲဒီ မေးခွန်းကို မင်းကို ငါမေးရမှာ ကွ”
“ဟုတ်ကဲ့…မေးပါ”
“အဲဒါ ဘယ်လိုလုပ်မလဲ”
“ဘယ်လို လုပ်ချင်သလဲ ဟင်”
“ဘယ်လိုလုပ်ချင်သလဲဆိုတော့ …ဟာ…မင်း ငါ့ကိုမေးခွန်းပြန်မထုတ်နဲ့လေကွာ။ ငါမေးတာပဲဖြေ”
“ဟုတ်ကဲ့…မေးပါ…မေးပါ…”
“အဲဒီ အမှိုက်ပုံကို ဘယ်လိုရှင်းမလဲ”
“ဘယ်လိုရှင်းချင်သလဲဟင်”
“ဘယ်လိုရှင်းချင်သလဲဆိုတော့…ဟာ…မင်းငါ့ကို ပြန်မမေးနဲ့လေကွာ မင်းကိုငါမေးနေတာ”
“ဪ…အင်း…အင်း…”
နေသွေးသည် တွေ ခနဲ တစ်ချက်စဉ်းစားလိုက်သေးသည်။ ပြီးမှ…
“ကလေးတွေ ကို အတန်းပုံမှန်တက်ဖို့ပြောပြီး ကိုယ်တိုင် ကတော့ အတန်းပျက်တဲ့ ဆရာဆရာမ တွေ ၊ ကလေးတွေ ကိုဆေးလိပ်မသောက် ကွမ်းမစားဖို့ ကျောင်းဝင်းထဲမှာ ဆေးလိပ်သောက် ကွမ်းစားနေတဲ့ ဆရာ,ဆရာမ တွေ ၊ ကလေးတွေ ကို ယဉ်ယဉ်ကျေးကျေး ဝတ်စားနေထိုင်ပြောဆိုပြီး သွန်သင် ဆုံးမပြီး …ကိုယ်တိုင် ကတော့ ကျောင်းဝင်းထဲမှာ ပဲ အတိုင်းထက်အလွန် ပြင်ဆင်ခြယ်သပြီး…ကလေးတွေ ရှေ့မှာ ပဲ။ ဖင်ကုတ်ခေါင်းကုတ်နဲ့ အတင်းတုတ်နေကြတဲ့ဆရာ,ဆရာမ တွေ …ပြီးတော့…ကိုယ့်ကျူရှင်မှာ လာတတ်တဲ့ကလေးတွေ ကို ဖိသင်ပြီး ကျောင်းမှာ ဖွသင်တဲ့ ဆရာ,ဆရာမ တွေ …အဲဒီ လို ဆရာ,ဆရာမ တွေ စာရင်းပြုစုပြီး ဒီအမှိုက်ပုံကို ရှင်းခိုင်းရင်ကော…”
“အင်း…”
ဦးမြင့်ဝေ စဉ်းစား၏ ။ပြီးမှ…
“အဲဒါတော့ မ ဖြစ်နိုင်ဘူးကွ”
“ဘာ ဖြစ်လို့လဲ။ အဲဒီ လူတွေ ထဲမှာ ဆရာကြီးကိုယ်တိုင် ပါနေလို့လား”
“မဟုတ်ပါဘူးကွာ။ ငါကအပြင်မှာ သာလွတ်လွတ်လပ်လပ်နေချင်နေမယ်။ကျောင်းဝင်းထဲမှာ တော့ ကျောင်းဆရာနဲ့တူအောင် နေတယ်။ လူဆိုတာ ကိုယ့်အဆင့်အတန်းနဲ့တန်ဖိုးကို ကိုယ်တိုင် ထိန်းသိမ်းရတယ်ကွ”
ဦးမြင့်ဝေက လေးနက်စွာ ပြော၏ ။ နေသွေးက…
“ဒါဆို ဒီအမှိုက်တွေ ကို လာပစ်သွားတဲ့ ကျောင်းသား ကျောင်းသူတွေ ကို ပြန်ကောက်ခိုင်းရင်ကော”
“ဒါလည်းမ ဖြစ်သင့်ဘူး။ မင်းပေးသမျှ အကြံဉာဏ်တွေ က ဆင်ဝှေ့ရန်ရှောင် တွေ ချည်းပဲ။ တစ်ခုမှ အဓိပ္ပာယ်မရှိဘူး”
“ဒီလိုဆိုရင် အဓိပ္ပာယ်ရှိအောင် ဘယ်လိုလုပ်ကြမလဲဟင်”
“ဘယ်လိုလုပ်ကြမလဲဆိုတော့ …ဒီအမှိုက်ပုံ ဖြစ်လာတာ မင်းကြောင့် ဖြစ်လာတာ။ အဲဒါကြောင့် အဲဒီ အမှိုက်တွေ ကို မင်းကိုယ်တိုင် တစ်ခုမကျန် ကောက်ပြီးအမှိုက်ပုံအဟောင်းကို ပို့ရမယ်။ အဲဒါအဓိပ္ပာယ်အရှိဆုံးပဲ”
“ဗျာ”
“ဘာလဲ…မင်းက မလုပ်ချင်တော့ဘူးလား”
“အဲ…နည်းနည်း တော့ စောဒက တက်ကြည့်ချင်လို့ပါ”
“ဘာမှ စောဒကတက်မနေနဲ့။ လူဆိုတာ ကိုယ့်လုပ်ဆောင်မှု ရဲ့ နောက်ဆက်တွဲ ကောင်းကျိုးဆိုးကျိုးကို တာဝန်ယူရဲရတယ်ကွ။ တာဝန်မယူရဲရင်လူမပီသဘူး။ လူမပီသဘူးဆိုရင် ငါက သားမက်တော် ချင်စိတ်မရှိဘူးကွ ငါပြောတာ သဘောပေါက်ရဲ့ လား”
“ဟုတ်ကဲ့…ဟုတ်ကဲ့…”
ဓာတ်နှင့် အတို့ခံရသလိုမျိုး နေသွေးပျာပျာသလဲ ဖြစ်သွားသည်။
“ဒါဆို …ကျွန်တော် အခုပဲ အမှိုက်ပုံကို သွားရှင်းလိုက်ပါမယ်…ဆ…ဆရာယောက္ခမကြီး…”
ကြိမ်ကို ကြောက်သည့် ငမိုးရိပ်မိကျောင်းလို နေသွေး ချက်ချင်း ထသွားလေသည်။ ထိုအခါ ဦးမြင့်ဝေသည် နေသွေး၏ ကျောပြင်ကို ကြည့်ကာ ပြုံး၏ ။
ပြီး…မတိုင်းမထွာဘဲ ချစ်စနိုးဖြင့် ဆဲရေး လေသည်။
“ခွေးကောင်လူလည်လေး…”
နေရောင် ခြည်သည် ဝါကျင်စူးတောက်လျက်ရှိ၏ ။
ကျောင်းရှေ့ မြက်ခင်းပြင်တွင် နေသွေး တစ်ယောက် ဘောင်းဘီတိုလေးနှင့် စွပ်ကျပ်အင်္ကျီချိုင်းချိတ်ကလေးကို ဝတ်ဆင်ကာ ခြင်းတစ်ခြင်းနှင့် အမှိုက်ကောက်နေလေသည်။
“ဪ…ယောက္ခမကြီးခိုင်းတာကို ဇနီးလောင်းလေးမျက်နှာနဲ့ လုပ်ပေးရမှာ ပေါ့လေ။ အင်း…ဒါတောင် သူ့သမီးနဲ့ မညားသေးဘူး။ ညားများ ညားရင် ဘယ်လောက်ခိုင်းမလဲ မသိဘူး”
လက်က အမှိုက်တွေ ကို တတောက်တောက်ကောက်သလို ပါးစပ်ကလည်း ပွစိပွစိ ညည်းညူ၏ ။
ထိုစဉ်…
မလှမ်းမကမ်းလမ်းပေါ်မှ ကောင်မလေး တစ်ယောက် ဖြတ်လျှောက်လာ၏ ။ ထိုကောင်မလေး၏ အရေပြားတစ်ထောက်စာတွေ က မက်လောက်စရာအတိပြီးနေ လေသည်။
ပန်းတစ်ပွင့်လို လှပသော ထိုကောင်မလေးကို မြင်တော့ နေသွေး၏ လှုပ်ရှားမှု များ တုံ့ခနဲပဲ ဖြစ်သွားသည်။
“ဟိုက်ရှားဘား …ငါ့ဇနီးလောင်းလေးပါလား…”
နေသွေးသည် ကောက်လက်စ အမှိုက်ခြင်းကို လွှတ်ချပြီး ကောင်မလေးကို လက်ခုပ်တီးခေါ်လိုက်၏ ။
“ဟိတ်…ဟိတ်…ဒေလီယာ…”
“ဟယ်…နေသွေး”
ကောင်မလေးက နေသွေးကိုမြင်သွားပြီး သူရှိရာ လျှောက်လာသည်။ အနားရောက်တော့ တအံ့တဩနှင့် …
“နင်…နင်…ဘာတွေ လုပ်နေတာလဲ”
“အမှိုက်ကောက်နေတာလေ…ဟဲ…ဟဲ”
“ကြည့်စမ်းပါဦးဟယ်…ဘောင်းဘီစုတ်ခွလေးနဲ့။ဘယ်လိုတွေ များ ဖြစ်ကုန်ရတာ တုံး”
“နင့်အဖေ င့ါယောက္ခမကြီးပေါ့ဟာ။ သမက်ဆိုတော့ သားသမီးထက်ပိုပြီး မက်မောတန်ဖိုးထားရမယ့် အရာမို့လို့ သမက်လို့ခေါ်တာဟ။ အဲဒါကိုနင့်အဖေက သဘောမပေါက်ဘဲ ငါ့ကိုအမှိုက်ကောက်ခိုင်းနေတာလေ။ အင်း…ဒီပုံအတိုင်းဆို သူ့ကို ယောက္ခမတော် ဖို့ စဉ်းစားရဦးမယ်”
နေသွေးက မိန့်မိန့်ကြီးပြောရင်း ဒေလီယာက မျက်လုံးကလေးအပြူးသားနှင့် …
“ဟဲ့…နေသွေး…နင်ဘာတွေ ပြောနေတာလဲ”
“ဘာကို မေးတာလဲ”
“သားမက်တွေ ယောက္မမတွေ ဆိုလို့လေ”
“ဟင်…အဲဒီ ကိစ္စကို နင်မသိသေးဘူးလား”
“ဘယ်ကိစ္စလဲ။ ငါက ဘာကိုသိရမှာ လဲ”
“ဒါဆိုငါပြောပြမယ်။ နေပူတယ်…ဒီကိုလာ…”
နေသွေးက အမှိုက်ပုံနံဘေးမှ ခွာကာ သစ်ပင်ရိပ်တစ်ခုအောက်သို့ သွား၏ ။ ဒေလီယာလည်း သူ့နောက်မှ လိုက်ပါလာသည်။
သစ်ပင်ရိပ်အောက်ရောက်တော့ နေသွေးက မြေပြင်ပေါ်မှာ ခြေပစ်လက်ပစ်ထိုင်ချ၏ ။ ပြီးမှ စကားဆက်၏ ။
“ဟိုတစ်နေ့က ငါမရှိဘူးထင်ပြီး နင့်အဖေက ငါ့အမေဆီခိုးကြောင်ခိုးဝှက်လာတယ်ဟ”
“ဟယ်…ဟုတ်လို့လား”
“ဟုတ်ပါတယ်ဆို။ ပြီးတော့…ငါလစ်တယ်ထင်ပြီး နင့်အဖေက ငါ့အမေကို စကားပြောတယ်”
“ဘာစကားလဲ…ချစ်စကားလား ကြိုက်စကားလား”
“မဟုတ်ပါဘူး။ နင်နဲ့ ငါ့အကြောင်းကို ပြောတာပါ”
“အမယ်လေးဟဲ့။ အဲဒါကိုများ ပြောနေလိုက်တာ…ငါ့အဖေက နင့်အမေကို ကြောင်တောင်နှိုက်တော့မယ့်အတိုင်းပဲ”
“ဟဲ…ဟဲ…”
နေသွေးသည် ရယ်ကျဲကျဲလုပ်နေ၏ ။ ဒေလီယာက…
“ဒါနဲ့ သူတို့ လူကြီးသူမတွေ က ငါတို့လူငယ်သူမတွေ အကြောင်း ဘာပြောတာလဲ”
“နင့်ဟာနင် တွေးကြည့်ပါလားဟ။ ငါပြောရမှာ ရှက်တယ်”
“အရေး ထဲနွဲ့နေပြန်ပြီ။ ပြောစမ်းပါဟယ်။ ငါမတွေးတတ်လို့ပေါ့”
“နင်ကလည်း ဒုံးဝေးလိုက်တာ။ အဲဒါနဲ့များ မော်ကွန်းထိန်းသမီးလုပ်နေတယ်”
“အရစ်ရှည်လိုက်တာဟယ်။ ပြောမယ့်သာ ပြောစမ်းပါ။ သူတို့ဘာတွေ ပြောတာလဲ”
“နင်နဲ့င့ါကို ပေးစားမလိုတဲ့”
“ဘယ်သူ့ကို ပေး,စားမှာ လဲဟဲ့။ ရင်တုန်စရာကြီး”
“ဘယ်သူ့ကိုမှ ပေး,မစားဘူး။ နင်နဲ့ငါ့ကို လက်ထက်ထိမ်းမြားပြီးအကြင်လင်မယားအရာမြှောက်ပေးမလို့တဲ့”
“ဪ…”
ဒေလီယာ၏ မျက်နှာပြင်တွင် အမှတ်မထင် တံလျှပ်တစ်ခု ဟပ်ထင် ဖြစ်ပေါ်သွား၏ ။ ထိုင်နေသော နေသွေးကို သူမငုံ့ကိုင်၍ ကြည့်ကာ…
“သူတို့က ဘယ်လိုကနေ ဘယ်လို အဲဒီ လို စိတ်ကူးမိရတာ လဲဟင်”
“အဲဒီ စိတ်ကူးက အခုမှ မဟုတ်ဘူးဟ။ ငါ့အဖေကောနင့်အမေကောမဆုံးခင် ငါတို့ငယ်ငယ်ကတည်းက မိဘချင်း တိုင်ပင်ထားကြတာ။ အခုငါတို့တွေ လည်း နည်းနည်း အရွယ်ရောက်လာပြီဆိုတော့ မ ဖြစ်သင့်တာ မ ဖြစ်ရအောင် ဖွင့်ပြောထားရင် ကောင်းမလားဆိုပြီး နင့်အဖေက ငါ့အမေကို လာတိုင်ပင်တာ။
အဲဒါကို ခိုးနားထောင်ရင်း ငါကြားတာ။ သိသိချင်း ဝမ်းသာအားရ နဲ့ နင့်အဖေကို မေးတော့မှ သူက ရှက်အမ်းအမ်းကြီးနဲ့ အကုန်ဖွင့်ပြောပြတာဟ။ ငါတို့တွေ အတောင်စုံရင် လက်ထပ်ပေးမယ်တဲ့”
နေသွေးက အားပါးတရ ပြောနေ၏ ။ ဒေလီယာကို ကြည့်ကာ …
“နင်က ဒီလိုကိစ္စကို ဘယ်လိုသဘောရလဲ”
“နင်ကကော…”
“ငါ ကတော့ သဘောကျတာပေါ့။ နင်နဲ့ငါက မိဘချင်းလည်း ရင်းနှီးတယ်။ အိမ်ချင်းလည်းနီးတယ်။ ငယ်ငယ်ကတည်းက သွားအတူ ကစားအတူနေလာကြတာ။ ပြီးတော့ …အမေနို့ကိုလည်း နှစ် ယောက် အတူတူ မျှစို့ပြီး ကြီးပြင်းခဲ့ကြတာလေ…
ငါတို့နှစ် ယောက် ရဲ့ သံယောဇဉ်လောက် ဘယ်သံယောဇဉ်က ခိုင်မြဲဦးမှာ လဲ”
နေသွေးပြောသမျှကို ဒေလီယာက ခေါင်းလေးငုံ့၍ ငြိမ်သက်စွာ နားထောင်နေ၏ ။ နေသွေးက ပြုံးကျဲကျဲနှင့် …
“ဒေလီယာ… နင် ငယ်ငယ်တုန်းက ငါ့အမေနို့ကို ပါးဖြဲနားဖြဲစို့ခဲ့တာ မှတ်မိလား”
“အင်း”
“အခု နင်ကြီးလာပြီဆိုတော့…”
“ဘာလဲဟ”
“အကြွေးဆပ်တဲ့အနေနဲ့ နင်က ငါ့ကိုတလဲပြန်ပြီး…”
“ဟယ်… နေသွေး… နင်နော်…”
ဒေလီယာက နှုတ်ခမ်းကလေးကိုက်ပြီး မျက်စောင်းထိုးသည်။ ထိုအမူအရာလေးက အရမ်းမိုက်၏ ။ နေသွေးက…
“ငါက အကောင်းပြောမလို့ပဲ ဒေလီယာရယ်”
“ဘာလဲ… ပြော…”
“နင်က အခု ကြီးနေပြီဆိုတော့…”
“လာပြန်ပြီ… အဲဒါပဲ”
“ငါ့ကို မယားဝတ္တရားနဲ့အညီ ကျေးဇူးပြန်သိတတ်ဖို့ ပြောမလို့ပါဟ”
စကားဆုံးတာနှင့် နေသွေးသည် သဘောကျစွာ တဟားဟားရယ်၏ ။ ဒေလီယာက ရှက်စနိုးဖြင့် အလိုက်သင့်ပြုံးနေလေသည်။
နေသွေးက ဒေလီယာကို ခြေဆုံးခေါင်းဆုံး ကြည့်ကာ…
“အင်း… ဘာလိုလိုနဲ့ နင်လည်း ငှက်စာဆော်နေပြီပဲ”
“ဟင်… ဘာ…”
နေသွေးစကားကြောင့် ဒေလီယာကြောင်သွားသည်။
“နင် ဘာတွေ ပြောနေတာလဲ”
“သြော်… နင် ငှက်စာဆော်ပြီလို့ပြောတာလေ”
“အေးလေ… အဲ့ဒါ ဘာကိုပြောတာလဲဆို”
“ဒီလိုလေဟာ… သစ်သီးပင်တွေ ဟာ ပထမဆုံး အသီးစသီးချိန်မှာ တစ်ပြိုင်တည်း အများ ကြီးမသီးသေးဘူး။ ကျေးငှက်တွေ သိပြီး လာရောက်စားသောက်ရုံ၊ ငှက်အစာအတွက် နှိုးဆော်ရုံသဘောနဲ့ အသီးဦးအနည်းငယ်ပဲသီးလေ့ရှိတယ်”
“အင်း”
“အဲဒီ လို သီးပင်တွေ အရွယ်ရောက်ပြီး အသီးစသီးတာကို ငှက်စာဆော်ပြီလို့ ပြောစမှတ်ပြုကြတယ်။ အဲဒီ ဥပမာကို ယူပြီး… မိန်းကလေးတွေ အပျိုဖော်ဝင်ရင်၊ အိမ်ထောင်ပြုနိုင်တဲ့ အရွယ်ရောက်ရင် ငှက်စာဆော်တယ်လို့ပြောကြတယ်”
“ဒါဆို နင်က ငါ့ကို အပျို ဖြစ်ပြီလို့ ပြောတာပေါ့လေ… ဟုတ်လား…”
“ဒါပေါ့ဟ”
နေသွေးက ပြုံးပြုံးကြီးခေါင်းညိတ်တော့ ဒေလီယာက အနေခက်သွားသည်။ အပျိုဆိုတော့လည်း ရှက်ပြရတာ ပေါ့လေ”
“ပြီးတော့ နင့်အလှက ခြောက်ပစ်ကင်းသဲလဲစင်ဆိုတဲ့ အလှမျိုးဟ”
“ဘယ်လို”
ဒီလိုလေ… မိန်းမတို့ရဲ့ ကောင်းခြင်းလက္ခဏာမှာ အပြစ်ခြောက်ပါး ကင်းရမယ်လို့ ရှေးစာပေတွေ မှာ အဆိုရှိတယ်”
“အဲဒါတွေ က ဘာတွေ လဲ”
“မဖြူလွန်း မမည်းလွန်း မပိန်လွန်း မဝလွန်း မရှည်လွန်း မပုလွန်းရဘူး… တဲ့…။ တချို့မိန်းကလေးတွေ ဆို အသားအရမ်းဖြူတာနဲ့ပဲ သူတို့ကိုယ်သူတို့ ဟုတ်လှပြီထင်နေတာ။ တကယ်တော့ အဲဒါ အပြစ်ခြောက်ပါးနဲ့ မကင်းဘူး။ အပြစ်ခြောက်ပါးနဲ့ ကင်းတဲ့အလှဆိုတာ နင့်လိုမျိုးကို ပြောတာ”
“ဟာ… နင်ကလည်း…”
နေသွေး ချီးမွှမ်းခန်းတွေ ဖွင့်နေသဖြင့် ဒေလီယာ ရှက်ကိုးရှက်ကန်း ဖြစ်လာသည်။
ပြီး… ရှက်ဝဲဝဲနှင့် ဆံပင်လေးကို သပ်တင်ကာ…
“ငါ အတန်းရှိလို့ သွားလိုက်ဦးမယ်ဟာ။ နင်နဲ့တွေ့ တာနဲ့ စကားကောင်းနေတာ။ တော် ကြာ အတန်းမမီဘဲ ဖြစ်နေဦးမယ်”
“အေး… အေး… သွား… ငါ ကတော့ တာဝန်နဲ့ ဝတ္တရားအရအမှိုက်ကျုံးလိုက်ဦးမယ်ဟေ့”
“အေး… အေး… ကျုံး”
ဒေလီယာသည် စာသင်ခန်းဆီ ခြေဦးတည်လိုက်လေ၏ ။ နေသွေး ကတော့ အမှိုက်ပုံဆီသွားကာ ကြက်အစာကောက်သလို အမှိုက်တွေ ကို ကောက်၏ ။
စိတ်ကူးထဲမှာ တော့… သူနဲ့ ဒေလီယာ လက်ထပ်ရင်… ဆိုသော ခေါင်းစဉ်ဖြင့် အတွေးတွေ နယ်ပယ်ချဲ့ထွင်နေလေသည်။
ကောင်းကင်ပြင်ရှိ တိမ်ဆိုင်များ သည် အဖြူထည် ရှင်းသန့်တောက်ပလို့နေပါသည်။
လေပြေသည် ထွက်ပေါက်ရှာနေသော မှန်အိမ်ထဲမှ ရွှေငါးလေးတစ်ကောင်ကဲ့သို့ ပင် ညင်သာစွာ မျောရွေ့ကူခတ်လျက်ရှိ၏ ။
ကျောင်းပိတ်ရက်မို့ နေသွေးသည် အပျင်းပြေ ချက်စ် (chess) ထိုးရန်ဟူသော ရည်ရွယ်ချက်ဖြင့် လက်ဖက်ရည်ဆိုင်သို့ ထွက်လာခဲ့သည်။
လက်ဖက်ရည်ဆိုင်ရောက်သော အခါ သူနှင့် ချက်စ် ထိုးဖော်ထိုးဖက်ဦးမောင်မောင်ကို အဆင်သင့်ပင် တွေ့ မြင်ရလေသည်။
“ဦးမောင်ရေ… ဦးနှောက်ကလေးတွေ ပူသွားအောင် အလုပ်ပေးရအောင်လေ…”
နေသွေးသည် ထိုင်ခုံတစ်ခုံမှာ ဝင်ထိုင်ရင်း ပြော၏ ။
ဦးမောင်မောင်က…
“ခဏနေပါဦး ကောင်လေးရာ… ငါဒီမှာ ကိစ္စတစ်ခုအတွက်နဲ့ ခေါင်းခဲနေလို့ကွ”
“ဘာကိစ္စလဲဗျ။ ပြောလို့ရရင် ပြောစမ်းပါဦး”
“ဒီလိုကွ…င့ါမှာ သားသမီးလေးယောက် ရှိတာ မင်းသိတယ်နော်”
“အင်း…သိတယ်လေ”
“အခု သူတို့လေးယောက် ကိုခြံတစ်ခြံ ခွဲပေးမလို့ကွ။ အဲဒါဘယ်လိုခွဲပေးရမှန်း မသိလို့ စိတ်ညစ်နေတာ”
ဦးမောင်မောင်က ခေါင်းကုတ်ရင်း ပြော၏ ။ နေသွေးက …
“ဒါများ ဘာစိတ်ညစ်စရာရှိလဲဗျာ။ အညီအမျှ ခွဲဝေပေးလိုက် ရင် ပြီးတာပဲ”
“အေး…မင်းပြောသလို ငါလည်း အညီအမျှ ခွဲဝေပေးမလို့ပဲ။ ဒါပေမဲ့အညီအမျှ ဖြစ်အောင် ဘယ်လိုခွဲတမ်းချရမှန်း စဉ်းစားလို့ကို ဒုက္ခတွေ့ နေတာ”
“ဘယ်လို ဖြစ်လို့လဲ”
“ငါ့ခြံယာကွက်က လိမ်ဖယ်ဖယ်ကြီးကွ”
“ဘယ်လို လိမ်ဖယ်ဖယ်ကြီးလဲဗျ”
“ဒီလိုမျိုးကွာ…”
ဦးမောင်မောင်က ဘူးထဲမှ သွားကြားထိုးတံတွေ ကို ထုတ်ယူပြီး စားပွဲပေါ်မှာ ခြံယာကွက်ပုံသဏ္ဌာန်အား လုပ်ပြသည်။ အယ်လ်(L) ပုံသဏ္ဌာန်နှင့် ခပ်ဆင်ဆင်တူ၏ ။

“အဲဒီ လို ဂွတီးဂွကျပုံစံကြီးမို့လို့ ခက်နေတာကွ။ ညီတူမျှတူ ဖြစ်အောင် ဘယ်လိုခွဲပေးရမှန်းကို မသိဘူး။ တစ်ယောက် ယောက် ကို ပိုသွားရင်လည်း သားသမီးချင်း မျက်နှာလိုက်ရာကျဦးမယ်”
ဦးမောင်မောင်က ခြံယာကွက် ပုံစံကို ပြပြီး ညည်းတွားသည်။ နေသွေးသည် ခေတ္တစဉ်းစားပြီးခြံ၏ ဧရိယာ အကျယ်အဝန်းကို သေချာမေးသည်။ ပြီးမှ…
“ဒါဆို ဒီလိုလုပ်လိုက်ဗျာ”
“ဘယ်လိုလဲ”
နေသွေးက သွားကြားထိုးတံတွေ ကို ယူပြီး ပုံသဏ္ဌာန်နှင့် တကွ ရှင်းပြ၏ ။

“အဲဒီ လိုမျိုးဆိုရင်ကာ…အဆင်ပြေလား”
“ဟုတ်တယ်ကွာ…မင်းလုပ်ပြတာ ကွက်တိပဲ”
နေသွေးပြသည့်ပုံကိုကြည့်ပြီး ဦးမောင်မောင် သဘောကျသွားသည်။ဒီကောင်လေးက အလာကြီးပဲ … ဟုလည်း စိတ်ထဲမှချီးကျူးမိ၏ ။
ထိုစဉ်…
ဘယ်အချိန်ကတည်းက အနားရောက်နေမှန်းမသိသော ဆိုင်ရှင် အစ်မကြီး ပုလဲဝင်းက မပီကလာပီကလာဖြင့် …
“အမယ်…နေသွေးက အတွက်အချက်ကောင်းသားပဲ။ ဒါဆိုငါ့ကိုလည်းတစ်ခုလောက်စဉ်းစားပေးစမ်းပါဦး”
“ဘာလဲဗျ။ ဘာကိုစဉ်းစားပေးရမှာ လဲ။ အစ်မယောက်ျားယူဖို့ကိစ္စလား”
“မဟုတ်တာဟယ်”
“ဒါဆိုဘာလဲဗျ”
နေသွေးက သွားကြားထိုးတံတွေ ကို ဘူးထဲပြန်ထည့်ရင်း မေးလိုက်၏ ။ ထိုအခါ မပုလဲဝင်းက မပီကလာပီကလာဖြင့် …
“ငါ အလေးလိုချင်လို့ နေသွေးရဲ့ ”
“ကျွန်တော် ဓာတ်ချုပ်နေတယ်ဗျ။ ဦးမောင်ကို အကူအညီတောင်းကြည့်ပါလား”
“ဟဲ့….ငါက အဲဒါပြောတာမဟုတ်ဘူး။ ဒီလို…”
“ဘယ်လိုလဲ”
“ငါ့မှာ အတုံးတစ်တုံးရှိတယ်”
“ဘာအတုံးလဲ။ မစင်တုံးလား။ အဲဒါမျိုးတော့ ကျွန်တော် တို့အိမ်မှာ လည်း ရှိပါတယ်။ ပေါ့လို့”
“ပေါက်ကရဟယ်။ ငါက သံတုံးကိုပြောတာပါ။ အဲဒီ သံတုံးက ဆယ်ပိဿာရှိတယ်”
“ဘာလဲ….အကြွေးမပေးတဲ့ လူတွေ ကို အဲဒီ သံတုံးနဲ့ ထုမလို့လား”
“မဟုတ်ပါဘူး။ ငါ့စကားကို ဆုံးအောင်နားထောင်ပါဦး။ ငါက အဲဒီ သံတုံးကိုပန်းပဲဖိုပို့ပြီး တစ်ပိဿာကနေ ဆယ်ပိဿာအထိ ချိန်လို့ရအောင်တော့စဉ်းစားပေးဦးဟယ်”
မပုလဲဝင်းက မပီကလာပီကလာ ပြောရင်း ခုံတစ်ခုံမှာ ဝင်ထိုင်သည်။
နေသွေးက ခေါင်းကို ကုတ်ရင်း…
“အစ်မပစ္စည်းက ဆယ်ပိဿာတောင်ရှိတာနော်”
“အင်းပါ..အဲဒီ သံတုံးကို တစ်ပိဿာကနေ ဆယ်ပိဿာအထိချိန်လို့ရတဲ့ အလေးတွေ လုပ်ချင်တာနော်”
“အေး …ဟုတ်တယ်”
“ဒါဆို ဒီလိုလုပ်ဗျာ…”
“ဘယ်လိုလဲ”
“တစ်ပိဿာ အလေးတစ်လုံးရယ်…နှစ် ပိဿာအလေးတစ်လုံးရယ်….ခုနှစ် ပိဿာ အလေးတစ်လုံးရယ်…လုပ်လိုက်။ အဲဒါဆိုတစ်ပိဿာကနေချိန်လို့ရပြီ။ ပြီးတော့ အလေးသုံးလုံးကို ချိန်ခွင်တစ်ဘက်တစ်ချက်ဆီမှာ အလျော့အတင်းထားပြီး ချိန်မယ်ဆိုရင် တစ်ပိဿာကနေ ဆယ့်ရှစ်ပိဿာအထိတောင်ချိန်လို့ ရတယ်နော်”
နေသွေးက သေချာတွက်ပြလိုက်၏ ။ မပုလဲဝင်းက ဝမ်းသာအားရဖြင့် …
“ဟုတ်လိုက်လေ နေသွေးရယ်…နင်တွက်ပြမှပဲ ငါ့ပစ္စည်း… အဲ…ငါ့သံတုံးက နဂိုရှိတဲ့ အလေးချိန်ထက်တောင်ပိုအသုံးဝင်သေးတယ်။ ကျေးဇူးပါဟယ်”
မပုလဲဝင်းသည် တပြုံးပြုံးနှင့် နေသွေးကိုကျေးဇူးတွေ သိပ်တင်နေသည်။
ဦးမောင်မောင်ကမချိတင်ကဲဟန်ဖြင့် …
“နေသွေးရာ…မင်းဒီလောက်ဦးနှောက်ကောင်းရဲ့ သားနဲ့တောင် မနှစ် က ဘာ ဖြစ်လို့ စာမေးပွဲမအောင်ရတာ လဲကွာ”
“စာမေးပွဲရက်မှာ ကျွန်တော့် ဘကြီး ဆုံးလို့လေ…အသုဘမှာ ကူလုပ်ပေးနေရတာ နဲ့ပဲကျောင်းနောက်ကျပြီးမဖြေ ဖြစ်လိုက်တာ။ အဲဒါတွေ ထားပါတော့လေဗျာ…။ အခုဦးမောင်ရဲ့ ခြံယာကိစ္စနဲ့ မပုလဲဝင်းရဲ့ အလေးကိစ္စပြီးသွားပြီဆိုတော့…ဦးမောင်နဲ့ ကျွန်တော် ချက်စ်ထိုးမယ်။ မပုလဲဝင်းက ကျွန်တော့် အတွက် ပေါ့စိမ့်တစ်ခွက် မြန်မြန်လေးစီစဉ်ပေးပါဗျာ”
နေသွေးကပြောပြောဆိုဆိုပင် စစ်တုရင် ပြင်ဆင်လေသည်။
ခဏမျှကြာသော အခါတွင် ….နေသွေးသည် ပေါ့စိမ့်တစ်ခွက်ကို …သောက်ရင်း စိတ်အေးလက်အေး ကစားနေလေတော့၏ ။
အထက်ပါအချင်းရာများ ကို ဆိုင်ထောင့်မှ လူ တစ်ယောက် က သတင်းစာဖတ်သလိုနှင့် အကဲခတ် ကြည့်ရှုနေပါသည်။
ထိုသူမှာ …ဒေလီယာ၏ ဖခင် မော်ကွန်းထိန်း ဦးမြင့်ဝေ ဖြစ်လေသည်။
ညနေဆည်းဆာသည် နီစွေးတောက်ပြာနေ၏ ။
နွဲ့နှောင်းပြေပြစ်သော ခန္ဓာကိုယ် အချိုးအဆစ်တွေ နှင့် ဒေလီယာ။
သူမသည် လမ်းကလေးထက်မှာ တစ်ကိုယ်တည်း ကျော့ကျော့မော့မော့ လျှောက်လှမ်းလို့နေပါသည်။
အဲသည် အခိုက်မှာ ပဲ…
အသားမည်းမည်း ငနဲတစ်ပွေသည် သွားအဖြဲသားနှင့် သူမနားသို့ ဆိုက်ရောက်လာ၏ ။
“ဒေ…ဒေလီယာ…”
သူမ လှည့်ကြည့်လိုက်ပါသည်။
“ဒေလီယာက ဗုဒ္ဓဘာသာ ကိုးကွယ်တယ်နော်”
“အင်း…ဟုတ်ပါတယ်”
ဒေလီယာ ကြောင်စီစီနှင့် ပြန်ဖြေလိုက်ရ၏ ။ ထိုငနဲက သွားအဖြဲသားနှင့် ပင် …
“ကျွန်တော့်နာမည် က ရင်ပိုက်ဦးပါ”
“ဪ…ဟုတ်ကဲ့”
“ကျွန်တော် လည်း ဒေလီယာလိုပဲ ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့ တရုတ်လူမျိုး တစ်ယောက် ပါ”
“ရှင်”
“ဒေလီယာ တော် တော် အံ့အားသင့်သွားသည်။ သူကြည့်လိုက်တော့ လည်းအသားအရောင် က သပိတ်ကို ကတ္တရာစေးလောင်းထားသည့်ပုံမျိုး။
တစ်ကိုယ်လုံးမှာ ထင်ထင်ပေါ်ပေါ် ဖြူဖွေးတာဆိုလို့ သွားအစုံကို သာတွေ့ ရသဖြင့် …
“တရုတ်သာဆိုတယ်။ ရှင့်အသားကမည်းလှချည်လား”
“ဟုတ်ပါတယ်။ ကျွန်တော် ငယ်ငယ်တုန်းက ချူချာလို့ ကျန်းမာရေး ကောင်းအောင်ဆိုပြီး အဘွားက တစ်ကိုယ်လုံး နှမ်းဆီလူးပေးပါတယ်။ ပြီးတော့ ပြာပုံထဲလည်း လွတ်ကျပါသေးတယ်။ အဲဒါတွေ ကြောင့် တရုတ် ဖြစ်ပါလျက်နဲ့ ကျွန်တော် အခုလို အသားမည်းနေရတာ ပါ”
“ဪ…ကျွတ်…ကျွတ် လက်စသတ်တော့ ရှင်ကရှားစပါးစ တရုတ်ငချိတ်ကိုး…”
“ဟုတ်ပါတယ်။ ကျွန်တော် က တရုတ်ငချိတ်ပါ။ ဒါကြောင့် ကျွန်တော့် ကို မြင်ရင် တရုတ်မှန်းမသိမှာ စိုးလို့ သင်္ကေတအနေနဲ့ လျှာအအေးပတ်ခံပြီး ကျွန်တော့် သွားလေးတွေ ကို အမြဲဖော်ထားတာပါခင်ဗျ”
ရင်ပိုက်ဦးဆိုသော တရုတ်ငချိတ်က သွားလေးတဖြဲဖြဲနှင့် ပြောနေ၏ ။ဒေလီယာက..
“ထားပါတော့လေ…ဒါနဲ့ရှင်က ဘာကိစ္စကျွန်မကို ဒါတွေ လာပြောပြနေရတာ လဲ”
“ဒါက ဒီလိုပါ…ကျွန်တော် ဟာလည်း ဒေလီယာ့လိုပဲ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်စွာ ကိုးကွယ်သူ တစ်ယောက် ဆိုတာ သိစေချင်လို့ပါ”
“သိတော့ကော…”
“ကျွန်တော် တို့ ဗုဒ္ဓဘာသာမှာ ဆိုရင် …လူတစ်ဖက်သားကို စိတ်ချမ်းသာအောင်ထားရင် ကုသိုလ် ဖြစ်ပြီး…လူတစ်ဖက်သားကို စိတ်ဆင်းရဲအောင်လုပ်ရင်တော့ အကုသိုလ် ဖြစ်တယ်ဆိုတာ…ဒေလီယာလည်း သိမှာ ပါနော်”
“အင်းပါ…သိပါတယ်။ အခုရှင်ပြောနေတာတွေ က…”
“ဒေလီယာကို ကျွန်တော် ချစ်တယ်”
“အယ်…”
ဒေလီယာသည် အူလည်လည် ဖြစ်သွားရသည်။ ဘယ့်နှယ့်…ကုသိုလ်တရားဟောနေရင်းကနေ ရုတ်တရက်ကြီး ကိလေသာဘက် ကူးသွားရတယ်လို့…။
ရင်ပိုက်ဦးဆိုသော တရုတ်ငချိတ်က တက်ကြွစွာ ဖြင့် …
“အဲဒါ ဒေလီယာ ကျွန်တော့် ကိုပြန်ချစ်လိုက်ပါနော်”
အမယ် … ပြောပုံကိုက အကြောကြီးနဲ့…။
“ကျွန်မက ရှင့်ကို ဘာ ဖြစ်လို့ပြန်ချစ်ရမှာ လဲ”
“ဘာသာရှုထောင့်ကကြည့်ပြီး ဒေလီယာကုသိုလ်ရအောင် တိုက်တွန်းတာပါ”
“ဘာဆိုင်လို့လဲ”
“ဒေလီယာက ပြန်ချစ်ရင်ကျွန်တော် စိတ်ချမ်းသာမှာ မို့ ဒေလီယာကုသိုလ်ရမယ်လေ။ ဒေလီယာဘာသာ ပြန်မချစ်ရင်တော့ကျွန်တော် စိတ်ဆင်းရဲမှာ မို့် ဒေလီယာ ငရဲကြီးမှာ ပေါ့….။
ကျွန်တော် ဒေလီယာ့ကို နည်းနည်း လေးမှ ငရဲမကြီးစေချင်ဘူး။ ဒါကြောင့် ကျွန်တော့် ကို များများ ကြီးပြန်ချစ်ပါနော်”
“ဪ… ဪ….”
တရုတ်ငချိတ်၏ ဘာသာရေး ရည်းစားစကား ပြောနည်းက ပီပြင်ပြောင်မြောက်လှပေသည်။ ဒေလီယာပင် ဘယ်ပုံဘယ်နည်း ပြန်ငြင်းရမှန်းမသိ ဖြစ်သွားတော့၏ ။
ထိုစဉ်…
မျက်နှာချင်းဆိုင်အရပ်မှာ လွယ်အိတ်ကလေးကို ဘေးတစ်စောင်းလွယ်လျက် လျှောက်လာသော နေသွေးကို တွေ့ လိုက်ရ၏ ။
နေသွေးကလည်း သူမတို့ကိုမြင်သွားပုံရကာ ခြေလှမ်းသွက်သွက်ဖြင့် လျှောက်လာသည်။ အနားရောက်တော့ ရင်ပိုက်ဦးကို ရှုတည်တည်ဖြင့် ကြည့်ကာ…
“ဒေလီယာ…နင်က ဒီကုလားဒိန်နဲ့ ဘာလုပ်နေတာလဲ”
“အဲ…”
နေသွေးအပြောကြောင့် ရင်ပိုက်ဦးနင်သွားသည်။
“ငါက ကုလားဒိန်မဟုတ်ဘူးကွ။ တရုတ်…။ ဘဝပေးကြောင့် အခန့်မသင့်လို့ အသားမည်းနေတာ”
“အပိုတွေ ပြောမနေစမ်းပါနဲ့ကွာ။ ကုလားဒိန်က ကုလားဒိန်ပဲပေါ့။ မင်းဒီမှာ ဘာလုပ်နေတာလဲ”
“နိဗ္ဗာန်ဆော်လုပ်နေတာ“
“ဘာ နိဗ္ဗာန်ဆော်လဲ”
“ဒေလီယာ ကုသိုလ်ရအောင်တိုက်တွန်းနေတာလေ”
တရုတ်ငချိတ်(ခ) ကုလားဒိန်(ခ)ရင်ပိုက်ဦးက ကြီးကြီးကျယ်ကျယ်ပြော၏ ။ နေသွေးက ဒေလီယာကို ကြည့်ကာမေးသည်။
“သူပြောတာ ဟုတ်လား ဒေလီယာ”
“မဟုတ်ဘူး နေသွေး။ သူင့ါကို မလိမ့်တစ်ပတ်နဲ့ ရည်းစားစကားပြောပြီး အဖြေတောင်းနေတာ”
“ဩ…မင်းက ဒီလိုလား”
နေသွေးက လူမိုက်ဂိုက်ဖမ်းပြီး ရင်ပိုက်ဦးကို ခပ်မာမာကြည့်လိုက်သည်။
“မင်းသိအောင် ငါပြောထားရဦးမယ်။ ဒေလီယာဆိုတာ ငါ့ရဲ့ သူငယ်ချင်းဆိုလည်း ဟုတ်တယ်။ ငါနဲ့ နို့စို့ဖက် မောင်နှမလည်း ဟုတ်တယ်။ မိဘချင်းသဘောတူထားတဲ့ ငါ့ရဲ့ ဇနီးလောင်းဆိုလည်း ဟုတ်တယ်။ အဲဒါကြောင့် မင်းသူ့ကို မနှောင့်ယှက်ပါနဲ့”
“အခုလား…”
“အခုတင်မဟုတ်ဘူး။ နောင်အတွက်ကော ပြောတာကွာ”
“အဲဒါဆို ငါမလိုက်နာဘူး”
“မလိုက်နာရင်တော့ မင်းနဲ့ငါထိပ်တိုက်တွေ့ ပြီပဲ။ မင်းမှ မဟုတ်ဘူး။ ဒေလီယာကို ထိပါးလာသူမှန်သမျှဟာ ငါ့ရန်သူပဲ”
နေသွေးက ခပ်ကြွားကြွားကလေး ပြောပစ်လိုက်၏ ။ ထိုအခါ… ရင်ပိုက်ဦး မျက်နှာပျက်သွားပြီး ခါးကြားမှ ပစ္စည်းတစ်ခုကို ဆွဲထုတ်လိုက်သည်။
ပြီး…နေသွေးကို ထောင်ပြသည်။
“ဟိတ်ကောင်…ဒီမှာ ကြည့်စမ်း”
“ဪ…ဓားမြှောင်ကြီးပဲ”
“ဓားဘခက်ဆိုတာမင်းကြားဖူးလား”
“အေး…ကြားဖူးတယ်။ အဲဒါမင်းလား”
“မဟုတ်ဘူး။ ဒီဓားက သူ့ဆီက ငှားလာတာလို့ ပြောမလို့”
ရင်ပိုက်ဦးက ဓားကို ဓားအိမ်ထဲမှ ထုတ်ပြီး တသသလုပ်နေသည်။ ခုန ကတော့ ဘာသာရေး စကားတွေ ပြောပြီး…။ အခုတော့လက်ထဲမှာ ဓားနှင့် …။ နေသွေးက လွယ်အိတ်ကိုပြင်လွယ်ရင်း…။
“ငါ့မှာ တော့ ဓားမပါဘူးကွာ။ သနပ်ခါးပဲပါတယ်”
“ဟမ်…ဘာ…”
“ ဒီမှာ ကွာ…မွှေးကြည့်”
“…”
“…”
“…”
‘ဝှီးခနဲ ပြေးလွင့်သွားသံ…။ ‘ဒုတ်’ ခနဲ ထိခတ်သံ။ ‘အား’ ခနဲညည်းတွားသံများ … တစ်ဆက်တည်းဆင့်ကာဆင့်ကာ ဖြစ်ပေါ်သွား၏ ။ လုပ်ကွက်ကပီပြင်ပြောင်မြောက်သည်။
“ဟဲ့… နေသွေး… လွန်မယ်”
ဒေလီယာ နေသွေးကို ဆွဲသည်။ ရင်ပိုက်ဦးက ခေါင်းမှာ သွေးတွေ စိမ့်ဖြာလျက် မြေပြင်ထက်မှာ ပိုးလိုးပက်လက် လဲနေပြီ။ အသားမည်း အရဲဆင်ဆိုပေမယ့် အခုလိုကြီး မြင်ရတာ ကတော့ မတင့်တယ်ပါ။
ရင်ပိုက်ဦး ဓားရေး ပြင်ဆင်နေချိန်မှာ ပဲ နေသွေးက လွယ်အိတ်နှင့် ချွတ်ရိုက်လိုက်တာ ဖြစ်၏ ။
“လာ… ဒေလီယာ… သွားမယ်”
နေသွေးက ဒေလီယာကိုခေါ်ပြီး ထွက်လာခဲ့သည်။ ဒေလီယာလည်းရင်တုန်ပန်းတုန်ဖြင့် ခပ်သွက်သွက် လိုက်လာခဲ့၏ ။
အတော် ဝေးဝေးရောက်မှတော့ ဒေလီယာက သူမ မရှင်းသည့်အချက်ကိုမေးသည်။
“နင် လွယ်အိတ်နဲ့ ရိုက်ရုံနဲ့ ဟိုကောင် ဘာ ဖြစ်လို့ခေါင်းကွဲသွားရတာ လဲ”
“အဟဲ…”
နေသွေးက ရယ်ကျဲကျဲနှင့် သူ့လွယ်အိတ်ထဲမှ ရှည်လျားတုတ်ခိုင်သော ပစ္စည်းတစ်ခုကို ထုတ်ပြသည်။
“ဟယ်… သနပ်ခါးတုံးကြီးပါလား။ နည်းတာကြီး မဟုတ်ဘူး”
“အေး… ဟုတ်တယ်။ ရော့… နင် အတွက်”
အပွေးထူထူ ရှည်မျောမျော သနပ်ခါးတုံးကြီးကို ကမ်းပေးတော့ ဒေလီယာ ယောင်နနဖြင့် ယူလိုက်သည်။
“ဘယ်လိုလုပ်ပြီး ဒါကြီးက နင့်လွယ်အိတ်ထဲ ရောက်နေတာလဲဟဲ့”
“ကျူရှင်ကအပြန် သနပ်ခါးတုံးရောင်းတဲ့ ဈေးသည်တွေ့တော့ နင်သနပ်ခါး ကြိုက်တတ်တာကို သတိရပြီး ရှင်မတောင်စစ်တယ်ဆိုလို့ ဝယ်လာတာ။ အခုတော့ နှစ် မျိုးနှစ် ပုံ အချိုးတည့်သွားတာပေါ့လေ ”
နေသွေးက လေပြည်လေးနှင့် ပြောနေသည်။ ခုနက လူ တစ်ယောက် ကိုအမှော က်ရိုက်လာတာ သူမဟုတ်တဲ့ အတိုင်းပါပဲ။
ဒေလီယာ ကတော့ နေသွေးကို ကြည့်ကာ ရင်လေးနေမိ၏ ။
ဒီ တစ်ယောက် နဲ့တော့ ခက်ပါပြီလေ…။
စောစောစီးစီး နေသွေးသည် ရပ်ကွက်ရုံးမှာ ရောက်ရှိနေပါသည်။
မနေ့က တရုတ်ငချိတ် ကုလားဒိန် ရင်ပိုက်ဦးကို ရိုက်နှက်မှု နှင့် ဖြစ်သည်။ တရုတ်ငချိတ် ကုလားဒိန် ရင်ပိုက်ဦးက အ ဖြစ်အပျက်ကို အလျှော့အတင်းလုပ်ကာ တိုင်ကြားထားပုံရ၏ ။
ရပ်ကွက် ဥက္ကဋ္ဌက…
“နေသွေး… မင်းက ရင်ပိုက်ဦးကို မညှာမတာ ရိုက်တယ်ဆို”
“ရိုက်ပါတယ်ဆိုမှ ဥက္ကဋ္ဌရယ်…။ ညှာချင်ရင် အစကတည်းက ရိုက်ပါ့မလား”
“ဘာနဲ့ရိုက်တာလဲ”
“လွယ်အိတ်နဲ့ရိုက်ရုံနဲ့ ခေါင်းကွဲပါ့မလား”
“ဘယ်လို အခန့်မသင့်သလဲတော့ မသိပါဘူး။ ကွဲ သွားပါတယ်”
နေသွေးက ခပ်တည်တည်ပဲဖြေသည်။ ခေါင်းမှာ ပတ်တီးဖြူတွေ စည်းထားသော ရင်ပိုက်ဦးက…
ဥက္ကဋ္ဌက နေသွေးကိုကြည့်ကာ…
“နေသွေး… မင်း လွယ်အိတ်ထဲမှာ ဘာပစ္စည်းထည့်လာတာလဲ”
“သနပ်ခါးလိမ်းလို့ရတဲ့ အစိုင်အခဲလေးတစ်ခုပါ”
“ဘာလဲ… သနပ်ခါးခဲလား”
“အဲဒီ လိုပြောရင်လည်း ရပါတယ်”
နေသွေးက ကွေ့ကာဝိုက်ကာ ဖြေ၏ …။ ရင်ပိုက်ဦးက နေသွေးကိုမကြည်ကြည့်,ကြည့်ကာ ဥက္ကဋ္ဌကိုပြောသည်။
“ဥက္ကဋ္ဌ… သူ့ကို လူသတ်မှု နဲ့ တရားစွဲပေးပါ”
“ဟာ”
လျှောက်ထားချက်က ပြင်းထန်လှချည်လား… ဟုတွေးမိ၏ ။ နေသွေးက ရင်ပိုက်ဦးကိုကြည့်ကာ…
“မင်းက ဘာကိစ္စ ငါ့ကို လူသတ်မှု နဲ့ တရားစွဲခိုင်းရတာ လဲ”
“မင်း ငါ့ကို သတ်ဖို့ရည်ရွယ်ချက်မရှိဘူးလို့ ပြောလို့ရမလား။ ဓားကလည်း လွတ်ကျနေတာ။ ခေါင်းကိုတောင် ကွဲအောင် ရိုက်လို့ရတဲ့ လွယ်အိတ်ကလည်း မင်းလက်ထဲမှာ လေ။ ဒေလီယာသာ ဝင်မဆွဲဘူးဆိုရင် မင်းငါ့ကို သတ်ရင်သတ်မှာ ။ ပစ္စည်းတွေ က အဆင်သင့်ရှိနေတာပဲ”
“ဩ… မင်းကပစ္စည်း အဆင်သင့်ရှိတာကြောင့် ငါ့ကို လူသတ်မှု နဲ့ တရားစွဲခိုင်းတာပေါ့လေ… ဟုတ်လား”
“ဒါပေါ့”
“အဲလိုဆိုရင်… မင်းကိုငါ မုဒိန်းကျင့်ဖို့ ရည်ရွယ်ချက်ရှိပါတယ်ဆိုပြီး မင်း ငါ့ကို မုဒိန်းမှု နဲ့ပါ တရားစွဲခိုင်းလိုက်ပါလား…”
“ဟမ်… ဘာ… ဘာ ဖြစ်လို့လဲ”
“ငါ့မှာ ပစ္စည်းအဆင်သင့်ရှိနေတယ်လေ… ကဲ… ဘယ်လိုလဲ”
“အဲ… ဒါ… ဒါတော့…”
ရင်ပိုက်ဦး အထစ်ထစ် အငေါ့ငေါ့ ဖြစ်သွားတော့၏ ။ ဥက္ကဋ္ဌက နေသွေးကို စကားဆက်မပြောရန် လက်ကာပြသည်။
ပြီးမှ မရှင်းလင်းဟန်ဖြင့် …
“နေစမ်းပါဦး… မင်းတို့ ခုနက ပြောတဲ့အထဲမှာ ဓားလွတ်ကျတာတွေ ဒေလီယာတွေ ကြားလိုက်ပါတယ်။ ရင်ပိုက်ဦး ငါ့ကို တိုင်တဲ့အထဲမှာ အဲဒါတွေ မပါဘူး။ ကဲ… ပြည့်ပြည့်စုံစုံ ပြောပြစမ်းပါဦး”
“အဲ… အဲဒါက… ဟို…”
ပြောရမှာ ရင်ပိုက်ဦး တွန့်ဆုတ်နေသည်။ ထိုအခါနေသွေးက ဖျတ်ဖျတ်လတ်လတ် ဝင်ပြောလိုက်၏ ။
“ဒီလိုပါဥက္ကဋ္ဌ… သူက ဒေလီယာဆိုတဲ့ ကောင်မလေးကို ခြိမ်းခြောက်တယ်။ အဲဒါကြောင့် ကျွန်တော် က သူ့ကို လွယ်အိတ်ကလေးနဲ့ ရိုက်လိုက်တာပါ ခင်ဗျ”
“သြော်… ဒီလိုလား”
ဥက္ကဋ္ဌက အခြေအနေအရပ်ရပ်ကို ချင့်ချိန်စဉ်းစားသည်။ ပြီးသော အခါ ဆုံးမစကားပြောကြားပြီး နှစ် ဦးနှစ် ဖက် အုပ်ထိန်းသူတွေ ကို ခေါ်ကာခံဝန်ကတိနှင့် ကျေအေးလက်မှတ်ထိုးခိုင်းသည်။
ရင်ပိုက်ဦးမှာ မအီမလည်နှင့် ပင် လက်ခံလိုက်၏ ။ နေသွေး ကတော့ အလျှောက်ကောင်းသဖြင့် အထောင်းသက်သွားခြင်း ဖြစ်သည်။
ရပ်ကွက်ရုံးမှာ ထွက်လာသော အခါ…
နေသွေးက ဇက်ကလေးပုထိုးပြီး သူ့မိခင်ဒေါ်အေးမွန်ကို ပြောသည်။
“အမေ… ကျွန်တော် လက်ဖက်ခြောက်ခပ်ဖို့ အသင့်ပြင်ထားရတော့မလားဟင်”
“ဟဲ့… ဘာကို လက်ဖက်ခြောက်ခပ်မှာ လဲ”
“မကြာခင် အမေဆူတော့မယ်လေ”
“တယ်… ဒီကောင်လေး… ငါလုပ်လိုက်ရ…”
ဆူမည့် လူပင် အိုးတိုးအမ်းတမ်း ဖြစ်သွားရသည်။
နေသွေးဆိုတာ အဲဒီ လို စူးစူးရှရှရှိသည့် ကောင်စားမျိုးလေးပါ…။
“ဟဲ့… နေသွေး… ဘာလုပ်တာလဲ”
အိမ်ထဲသို့ ပျာပျာသလဲ ပြေးဝင်လာသော နေသွေးကို ဒေလီယာကမေး၏ ။ နေသွေးက…
“အရေး ကြီးလို့ပါဟာ… ငါ့ ပစ္စည်းလေးတွေ က နင်တို့အိမ်မှာ ထားခဲ့ချင်လို့”
“ဘာပစ္စည်းလဲ”
ပြန်မဖြေနိုင်အားဘဲကတိုက်ကရိုက်ဖြင့် နေသွေး အိမ်ထဲသို့ အတင်းပြေးဝင်သွားသည်။
“ဒီကောင် ဘာတွေ လုပ်နေပြန်သလဲ မသိဘူး။ တရားမဝင် ပစ္စည်းတွေ များ သယ်လာတာလား…”
စိုးရိမ်တကြီးဖြင့် ဒေလီယာသည် နေသွေးနောက်သို့ လိုက်သွားသည်။
ထိုအခါတွင် …
“ဟင်…”
အိမ်သာထဲ ဝင်သွားသော နေသွေးကို တွေ့ လိုက်ရ၏ ။
ဒေလီယာ ဇဝေဇဝါ ဖြစ်သွားသည်။ မယောင်မလည်ဖြင့် မလှမ်းမကမ်းမှ စောင့်ကြည့်နေလိုက်သည်။
ခဏအကြာတော့ နေသွေးသည် စိတ်လက်ပေါ့ပါးသွားဟန်ဖြင့် အိမ်သာထဲမှ ထွက်လာသည်။
“ဟား… အခုမှပဲ စိတ်ချရတော့တယ်”
ဒေလီယာက…
“ဟဲ့… နေသွေး… နင့်ပစ္စည်းဆိုတာ ဘာလဲ”
“ထားခဲ့ပြီ”
“အိမ်သာထဲမှာ လား”
“အေး”
“ဘာပစ္စည်းတွေ လဲ”
“ဘဝ ပြောင်းသွား ပြီ ဖြစ်တဲ့ အစာဟောင်းလေးတွေ ပေါ့ဟာ။ သူတို့က ငါ့ခန္ဓာကိုယ်ထဲမှာ မနေချင်ဘူးဆိုလို့ လမ်းသင့်တာနဲ့ ဒီမှာ ဝင်ထားပေးတာပါ”
ပထမတော့ ဒေလီယာ သဘောမပေါက်သေး။ နောက်မှ တွေးရင်းသဘောပေါက်သွားပြီး ပယ်ပယ်နယ်နယ် ဆဲတော့၏ ။
“ခွေးကောင်… ကာလနာ… ရိုးရိုးသားသား အိမ်သာတက်ချင်တယ်လို့ပြောရင် ရလိုက်သားနဲ့။ အကျင့်ကိုယုတ်တယ်။ မြွေပွေးကိုက်ကောင်”
ဒေလီယာသည် နေသွေးကို လိုက်ပြီး ထုရိုက်လေသည်။ နေသွေးကအိမ်ထဲမှာ ပတ်ပြေး၏ ။
ထိုစဉ်ကာလသည် စက်မှု န်တမျှ လှပလေသည်။
အတန်ကြာသော အခါ ဒေလီယာက ကိစ္စရှိသည်ဟု ဆိုကာ အပြင်ထွက်သွား၏ ။ နေသွေးက လိုက်သွားမည် ပြုရာ ဦးမြင့်ဝေက တားထားသည်။ ပြီးတော့ ဧည့်ခန်းမှာ ထိုင်ကာ စကားစမြည်းပြောကြ၏ ။
ဦးမြင့်ဝေက နေသွေးကို ကြည့်ကာ သူသိလိုရာ မေးသည်။
“ဟိုတစ်နေ့က မင်းရန် ဖြစ်တယ်ဆို”
“ဟုတ်ပါတယ် ယောက္ခမကြီး”
“အဲ…”
ဦးမြင့်ဝေ အမ်းသွားသည်။
“မင်း ငါ့ကို အဲလိုမခေါ်နဲ့လေကွာ”
“ဒါဆို ဘယ်လိုခေါ်ရမှာ လဲ။ ဆရာကြီးလို့ပဲ ခေါ်ရမှာ လား”
“အေး… အဲဒီ လိုပဲ ခေါ်ပေါ့”
ဒီလိုကျတော့လည်း နေသွေးက လက်မခံချင်ပြန်။
“ဒါကျောင်းမှာ မဟုတ်ဘဲ အိမ်မှာ လေ”
“ဒါဆိုလည်း ငယ်ငယ်က မင်းခေါ်တဲ့အတိုင်း အန်ကယ်ဝေလို့ပဲခေါ်ပေါ့ကွာ”
“အင်းပါ… ဟုတ်ပါပြီ”
နေသွေးက လူငယ်ပေမယ့် သဘောထားကြီးသည့်ဟန်ဖြင့် အလျှော့ပေးလိုက်သည်။ ဦးမြင့်ဝေက…
“မင်း ရန် ဖြစ်တာဒေလီယာနဲ့ပက်သက်ပြီး ဖြစ်တာဆို”
“ဟုတ်ပါတယ် အန်ကယ်ဝေ”
“ဘာကြောင့် များ ရန် ဖြစ်ရတာ လဲကွာ။ ရုံးရောက်ဂါတ်ရောက်နဲ့မကောင်းပါဘူး”
“ကျွန်တော် ဒေလီယာကိုထိရင် ဆတ်ဆတ်ထိမခံနိုင်အောင်နာတယ်။ အန်ကယ်ဝေရယ်”
“ဘယ်ကနာတာလဲ”
“ဟင်”
“ငါ့သမီးကိုထိရင် မင်းက ဘယ်ကနာတာလဲလို့ မေးတာ”
“ဟို… ဘယ်ကနာမှန်းတော့ မသိဘူး။ နာတော့ နာတာပဲ”
“သြော်…”
ဦးမြင့်ဝေက နေသွေးကို ဂရုဏာသက်စွာ ကြည့်သည်။ ဒီကောင်လေး ရောဂါ အတော် ကျွမ်းနေမှာ ပဲ… ဟုလည်း တွေးမိ၏ ။
နေသွေးက ညှိုးညှိုးငယ်ငယ်ဖြင့် …
“ကျွန်တော် နဲ့ ဒေလီယာကို လက်ထပ်ပေးပါတော့လား အန်ကယ်ဝေရယ်”
“ဟေ… ဘာ ဖြစ်လို့လဲကွာ”
“အခုဆို ဒေလီယာက ငှက်စာဆော်နေပြီလေ”
“ဘာကွ”
“သြော်… အပျို ဖြစ်နေပြီလို့ ပြောတာပါ။ သူက အရမ်းလည်းလှတယ်”
“အဲဒီ တော့…”
“သူ့ကို လိုက်တဲ့လူတွေ ကလည်း ပိုပြီးတော့များ လာတယ်။ သူတခြားလူနောက်ပါသွားမှာ ကျွန်တော် အရမ်းစိုးရိမ်တာပဲ။ အဲဒါကြောင့် သူနဲ့ကျွန်တော့် ကို လက်ထပ်းပေးပါလားဗျာ”
ဦးမြင့်ဝေမှာ မျက်နှာပူပူနှင့် ပင်(ရှေ့မျက်နှာ ရှေ့မှာ တင်ထား) ပြောနေရ၏ ။ နေသွေးက…
“အန်ကယ်ဝေရယ်… အသက်အရွယ်ဆိုတာထက် ရင့်ကျက်မှု ကပိုပြီး အရေး ကြီးပါတယ်”
“အခု ငါ့အမြင်မှာ တော့ မင်းက ရင့်လည်း မရင့်ကျက်သေးဘူး”
“ဒါက အချိန်မရွေး ပြုပြင်လို့ရပါတယ်”
“ဒါပေမဲ့ မင်းမှာ ပညာမစုံသေးဘူးလေကွာ။ မနှစ် ကလည်း စာမေးပွဲကျထားသေးတယ်”
“အဲဒါက စာမေးပွဲရက်ကြီးမှာ ကျွန်တော့် အဘိုးဆုံးလို့ အသုဘမှာ ကူလုပ်ပေးနေရတာ ကြောင့် ပါ”
နေသွေးက ခေါင်းလေးငုံ့ကာ ပြော၏ ။ ဦးမြင့်ဝေက…
“အပိုတွေ လျှောက်ပြောမနေနဲ့နေသွေး။ အဲဒီ ကိစ္စ မင်းအမေကို ငါမေးပြီးပြီ။ အဲဒီ တုန်းကမင်း အသုဘမှာ ကူလုပ်ပေးတာမဟုတ်ဘူး။တစ်ညလုံးဖဲထိုင်ရိုက်ပြီး တစ်မနက်လုံး အိပ်နေတာတဲ့။ ကဲ… မင်း ဘာပြောဦးမလဲ”
“အဲ…”
ပြောတော့ပါဘူး… ဆိုသော အိုက်တင်ဖြင့် နေသွေးနှုတ်ဆိတ်နေသည်။ သူလိမ်တာပေါ်သွားသဖြင့် နည်းနည်း လည်း ရှက်နေပုံရ၏ ။
“နေသွေးရယ်… မင်းဟာ ဉာဏ်လည်းကောင်းရဲ့ သားနဲ့ ဘာ ဖြစ်လို့ အဲဒီ လိုလုပ်ရတာ လဲ”
ဦးမြင့်ဝေ၏ မေးခွန်းကြောင့် နေသွေးမျက်နှာ တည်သွားသည်။
“ပညာရေး ဆိုတာကြီးကို ကျွန်တော် မယုံကြည်ချင်ဘူး အန်ကယ်ဝေ။ အဲဒါကြီးက ကျွန်တော့် ကို ဘယ်လောက်ထိ ဘဝအာမခံချက် ပေးနိုင်မှာ လဲ။ ဘွဲ့ရတော့ကော ကျွန်တော် ဘာ ဖြစ်လာမှာ လဲ။ ပညာတတ်ဆိုတဲ့ လူတွေ အလုပ်လက်မဲ့ ဖြစ်နေတာ တစ်ပုံကြီးပဲ။ ပညာတတ်လို့ လူတွေ အသက်မှတ်ခံရတာ ထက် ကိုယ်ပိုင် အသိဉာဏ်ရှိဖို့က ပိုအရေး ကြီးတယ်လို့ ကျွန်တော် ယူဆတယ်။
ဒါကြောင့် … တစ်တန်းပြီးတစ်တန်းတက်ဖို့ စာမေးပွဲအောင်ဖို့ဆိုတာထက် ကျွန်တော့် ရဲ့ ပင်ကိုယ်အသိဉာဏ် ထူးချွန်ထက်မြက်ဖို့ပဲ ကျွန်တော့် ဂရုစိုက်တယ်”
နေသွေး စကားဆုံးသော အခါ ဦးမြင့်ဝေက ခေါင်းကို လေးတွဲ စွာ ခါသည်။
“မင်း မှားနေပြီ နေသွေး။ လူတွေ ကြားမှာ နေရင် လူတွေ သတ်မှတ်တဲ့ ဂုဏ်ဒြပ်တို့ အဆင့်အတန်းတို့ဆိုတာ လိုအပ်တယ်ကွ။ မင်းဟာ ငါ့ရဲ့ တူလိုသားလိုမို့လို့ ဒီစကားကို ပြောတာ။
ဥပမာအနေနဲ့ မင်းကိုငါ တစ်ခုပဲ ပြောပြမယ်။ အခုအချိန်မှာ မင်းနဲ့ဒေလီယာကို ယှဉ်ကြည့်။မနှစ် ကဒေလီယာစာမေးပွဲအောင်တယ်။မင်းကမအောင်ဘူး။ပင်ကိုယ်ဉာဏ်ရည်ဉာဏ်သွေးမှာ ဘယ်သူသာတယ်ပဲပြောပြောတခြားလူတွေ အမြင်မှာ တော့ ဒေလီယာကိုပဲဉာဏ်ကောင်းတဲ့လူ တော် တဲ့လူအ ဖြစ်သတ်မှတ်လိမ့်မယ်။ အဲဒါ လူ့သဘာဝ ပဲ”
“အဲဒါတွေ ကို ကျွန်တော် ဂရုမစိုက်ဘူး အန်ကယ်ဝေ”
“အေး… မင်း ဂရုမစိုက်ပေမယ့် ဒေလီယာ ကတော့ ဂရုစိုက်လာနိုင်တယ်။ တခြားလူတွေ အမြင်မှာ တော့ သူ့လောက်မှ မတော် တဲ့လူ၊ သူ့ကိုမမှီတဲ့လူကို ဘဝတစ်လျှောက်လုံး အားကိုးလက်တွဲ ဖို့ဆိုတာ သူ့ စိတ်အခံမှာ ခက်ခဲနေလိမ့်မယ်”
“ဘာလဲ… အန်ကယ်ဝေက ကျွန်တော့် ကို ဒေလီယာနဲ့ သဘောမတူချင်လို့ ဒီစကားတွေ ပြောနေတာလား”
“မဟုတ်ဘူး နေသွေး။ ဒေလီယာဟာ ငါ့သမီးဆိုပေမယ့် မင်းကလည်း ငါ့သားလိုပါပဲ။ ဒေလိယာနဲ့ မင်းကို လက်ထပ်ထိမ်းမြှားပေးမယ်ဆိုတာဟာလည်း ငါ့သမီးနဲ့ငါ့သားကို လက်ထပ်ထိမ်းမြှားပေးသလိုပဲ ငါ့စိတ်ထဲမှာ သဘေားထားတာ။
မိန်းမတွေ ဆိုတာ…
သူတို့ ခိုင်းလို့ကောင်းတဲ့လူကို သူငယ်ချင်းလိုပေါင်းတယ်။ သူတို့စလို့နောက်လို့ ကောင်းတဲ့လူဆိုရင် လူရွှင်တော် လို သဘောထားတယ်။ ဒါပေမဲ့ သူတို့ အထင်ကြီးလေးစားမှု မရှိတဲ့လူကိုတော့ ဘဝလက်တွဲ ဖော်အ ဖြစ် ရွေးချယ်ဖို့ တွန့်ဆုတ်တတ်ကြတယ်။
အဲဒါတွေ ကိုမင်း နားလည်ဖို့လိုတယ်”
ဦးမြင့်ဝေ၏ စကားအဆုံးမှာ နေသွေး ငိုင်ကျသွားလေသည်။
ဒေလီယာ့အတွက် သူဟာ
သူငယ်ချင်းလား…?
လူရွှင်တော် လား…?
ဘဝလက်တွဲ ဖော်လား…?
ထိုအဖြေကိုတော့ သူမသာ သိရှိပါလိမ့်မည် ။
![]() ကိုယ်တိုင်ရိုက်ချိုးတဲ့ ပဉ္စမံ နံရိုး | ![]() မိန်းမလိုချင်တယ် | ![]() နတ်သမီး ချည်တိုင် |