Cover

မာယာတံတိုင်း
အပိုင်း(၁)
ဂင်္ဂါ

* * * * *

အခန်း(၁)

ဘဝဆိုတာ အချိုမြိန်ဆုံး သစ်သီးတစ်လုံးကို အရသာရှိရှိ စားသုံးရခြင်းနှင့် တူတယ်လို့ မှတ်ချက်ပေး မိလိုက်ရအောင် သူ့ရင်ဘတ် တစ်ခုလုံးကို သိမ်းကျုံးလှုပ်ခတ် သွားအောင် ပြုစားခဲ့သော မျက်နှာ ကလေးတစ်ခုကို သူ အပျော်တမ်း လိုက်ရိုက်နေခဲ့သော DIGITAL HANDIEEN VIEDO CAMERA ကလေး၏ SCREEN ပေါ်တွင် ပထမဆုံး အပြစ်ကင်းစင်စွာ အားပါးတရ ပြုံးရယ်လျက်ရှိသော ထိုမျက်နှာကလေးကို “ဂင်္ဂါ” သည် မမှိတ်မသုန် စိုက်ကြည့်မိရင်း မြင်ကွင်းထဲကနေ သူမ၏ မျက်နှာကလေး ပျောက်ကွယ် မသွားအောင် ချိန်ယူထားရင်း သူ့မျက်လုံးများ ကလည်း သူမရှိနေမည့်  နေရာဆီသို့ ဝေ့ဝဲရှာဖွေမိ၏ ။

တွေ့ ပါ ပြီ….အဖြူရောင် ချည်သားရှပ် အင်္ကျီကလေး နှင့် အနက်ရောင် စကတ်ရှည်ကလေး ဝတ်ထားပြီး ဘေးက သူငယ်ချင်းကောင်းမလေး ကို အားရပါးရ ရယ်မောရင်း စကား တွေ ပြောနေခဲ့သော ကောင်းမလေး တစ်ယောက် ဖြစ်သည်။ ဆံပင်ကလေး တွေ က တွန့်တွန့်လိမ်လိမ် ကောက်ကောက် ကလေးတွေ ဖွာလန်ကြဲနေ သော်လည်း အဲဒီ ဖွားလန်ကြဲ နေသော ဆံပင်ပွပွက လေးတွေ ကြားထဲမှနေ၍ ဝင်းပကြည်လင်စွာ ထင်ရှားလျက်ရှိသော အပြစ်ကင်းစင်သည့် မျက်နှာကလေး၏ ဆွဲဆောင်ညှို့ငင်နိုင်မှု မှာ တခြား ဘယ်အလှအပများ မှပင် လိုက်၍ မမီနိုင်ချေ။ နက်မှော င်ထူထဲလှသည့် မျက်ခုံးထူထူ ကလေးတွေ အောက်တွင် ဝိုင်းစက်ရွှ့န်းလဲ့သော မျက်လုံးလှလှများ ကို မျက်တောင်ကော့ကော့ မည်းမည်းခက်ခက်များ က သိပ်သည်းစွာ ဝိုင်းရံဘောင်ခတ်ပေး ထားကြလေရာ ထိုမျက်ခုံးမျက်လုံးများ နှင့် ပင် သူမ၏ အလှက ထင်ရှားပေါ်လွင်လွန်းလှပြီ။

စင်းဖြောင့်နေသော နှာတံချွန်မြမြ ကလေးနှင့် ပန်းသွေးရောင် လွှမ်းလျက် ဖူးကြွပြည့်ဖောင်း နေသော နှုတ်ခမ်းထူထူ လှလှကလေးသည် သူမ၏ အလှကို ထပ်ဆင့်ပံ့ပိုး ပေးထားကြလေသည်။ မျက်နှာကျပုံက အသည်းပုံကလေးနှင့် တူလှသည်။ သူမက သူ့ကို သတိမထားမိချေ။ သူမသူငယ်ချင်းနှင့် စကားတွေ ပြောနေပုံမှာ လက်ဟန်ခြေဟန် အပြည့်အဝနှင့် ဖြစ်သည်။

အဲဒီ နောက်မှာ တော့ သူမသည် လမ်းဘေးရှိ ဝက်သားတုတ်ထိုး ဆိုင်ကလေးတွင် ဖျတ်ခနဲ ဝင်ထိုင်လိုက်ကာ တုတ်ထိုးတွေ တစ်ချောင်းပြီးတစ်ချောင်း အားပါးတရ စားလျက်ရှိလေသည်။

သူက ခပ်လှမ်းလှမ်းကနေ သူမ၏ ချစ်စဖွယ် လှုပ်ရှားပြုမူပုံ အမူအရာကလေးတွေ ကို နှစ် နှစ် ကာကာ သဘာကျစွာ စောင့်ကြည့်နေမိသည်။

တုတ်ထိုးစားပြီးတော့ သူမက ပခုံးမှာ လွယ်ထားသော ကြိမ်သားဖြင့် ရက်ထားသည့် အိတ်အကြီးကြီးထဲကနေ စာအိတ်ပြာပြာ ကလေးတွေ ကို ဖျတ်ခနဲ ထုတ်ယူကာ စာတိုက်ပုံးထဲသို့ ထိုးထည့်ပြီး လှည့်ထွက်သွားလေသည်။ သူမတစ်ဖက်သို့ အလှည့်မှာ လူ တစ်ယောက် က သူမကို ဖျတ်ခနဲ ဝင်တိုက်သွားသော ကြောင့် သူမထံမှာ ရန်တွေ့ သံကလေး တစ်ခုကိုပင် အမှတ်မထင် ကြားလိုက်ရသေးသည်။

“ဘယ်လို ဖြစ်တာလဲ။ လူ တစ်ယောက် လုံးကို မမြင်ဘူးလား။. စွတ်ဝင်တိုက်နေတာပဲ”

ဟူသော အသံကလေးနှင့် အတူ သူမက သူမကို ဝင်တိုက်သော ထိုသူကို မျက်စောင်းကလေး ထိုးပြီး ပြန်လှည့်ထွက် သွားလေသည်။

ထို့ကြောင့် စာတိုက်ပုံးထဲကို ထည့်လိုက်သော စာအိတ်ကလေး တွေ အနက်မှ အပြာရောင် စာအိတ်ကလေး တစ်အိတ် မတော် တဆ လွင့်စဉ်ပြုတ်ကျခဲ့တာကို သူမ သတိမထားမိ တော့ချေ။

သူက ထိုစာအိတ် ကလေးကို ကပျာကယာ ကောက်ယူကာ ဖတ်ကြည့်လိုက်မိသည်။ စာအိတ်ပေါ်မှာ နာမည် တစ်ခုနှင့် လိပ်စာတစ်ခု။ နာမည် က “သားရွှေစင်” တဲ့ ။ သူသည်စာအိတ် ကလေးကို သူ့ဂျာကင်အင်္ကျီ အိတ်ထဲသို့ ထည့်သိမ်းလိုက်မိသည်။ တကယ်တော့ ထိုစာအိတ် ကလေးကို စာတိုက်ပုံးထဲသို့ ပြန်ထည့်ပေးဖို့ ကောင်းတာပေါ့။ သို့သော်….. သူမနဲ့ ပတ်သက်ပြီး နောက်ထပ် ပြန်ဆုံချင်သေးသော စိတ်ကူးဖြင့် ထိုစာကလေးကို အမှတ်တရ သိမ်းဆည်းခဲ့ မိခြင်း ဖြစ်လေသည်။

အဲဒီ နောက် သူ ကောင်းမလေး နောက်မှနေ၍ မသိမသာဖြင့် တကောက်ကောက် လိုက်ကြည့်မိသည်။ သူမက (. . . .) SHOPPING MALL ထဲရှိ ဆိုင်တစ်ဆိုင်ထဲသို့ ဝင်သွားလေသည်။ ဆိုင်၏ အနောက်ဘက် အခန်းထဲအထိ တည့်တည့်မတ်မတ် ဝင်သွားပုံ ထောက်လျှင် သူမသည် အဲဒီ ဆိုင်မှာ များ အလုပ်လုပ် သလားဟု တွေးမိတာ သူက ထိုဆိုင်ပတ်ဝန်း ကျင်မှာ မယောင်မလည်နှင့် ဟိုကြည့်ဒီကြည့် လုပ်ကာ စောင့်ဆိုင်းနေ ခဲ့မိသည်။

သူ့အထင် မမှားပါ။ ခဏကြာတော့ ဆိုင်ရှိ ဝန်ထမ်းများ ၏ တူညီဝတ်စုံကလေး လဲလှယ်ကာ သူမက ကောင်တာ တစ်ခုဆီသို့ လျှောက်သွားလေသည်။ ထိုကောင်တာမှာ နှုတ်ခမ်းနီနှင့် ရေမွှေးတွေ ရောင်းသော ကောင်တာတစ်ခု ဖြစ်သည်။

သူ တိတ်တဆိတ် ပျော်သွားကာ ပြုံးလိုက်မိသည်။ နောက်ရက်များ တွင် လည်း သူမကို လာကြည့်လို့ ရပြီလေ။

ကောင်းမလေးက သူ့ကို ယောင်၍ မျှပင် လှမ်းမကြည့်ချေ။ သူ ဘာလုပ်ရမှန်း မသိဘဲ သူမရှိရာ ကောင်တာဆီသို့ တရွေ့ရွေ့ ချဉ်းကပ်သွားပြီးမှ ရုတ်တရက် ရင်သိပ်ခုန်လွန်းလာ သော ကြောင့် ပြန်လှည့်ထွက်လာ ခဲ့မိသည်။ ထိုနေ့အဖို့ ခပ်လှမ်းလှမ်းမှ နေ၍ သာ သူမမသိအောင် သူမ၏ လှုပ်ရှားပြုမူပုံကလေး တွေ ကို VIDEO CAMERA ကလေးဖြင့် တိတ်တိတ်ခိုး၍ မှတ်တမ်းတင် ထားခဲ့သည်။

ထို SHOPPING MALL ဆီမှ သူ တော် တော် နှင့် မပြန်ချင်သေး။ သူမရှိရာဆီသို့ သူ ဘယ်ကဘယ်လိုစပြီး ချဉ်းကပ်ရမှန်း မသိချေ။

သူမတို့ ဆိုင်ကြီးနှင့် မျက်နှာချင်းဆိုင်တွင် COFFEE SHOP ကလေး ရှိသည် ဖြစ်ရာ သူက အဲဒီ COFFEE ဆိုင်ကလေးမှာ တစ်နေ့လုံး ထိုင်စောင့်နေခဲ့သည်။ ညနေစောင်း သော အချိန် သူမ အလုပ်ပြီးချိန်အထိ သူ စိတ်ရှည်လက်ရှည် စောင့်နေခဲ့ကာ သူမနောက်မှ မသိမသာ လိုက်ကြည့်မိ ပြန်သည်။

သူမက သူငယ်ချင်း နှင့် အတူတူ ဘတ်(စ်) ကားတစ်စီးပေါ် တက်လိုက်လျှင် သူကလည်း ထိုဘတ်(စ်) ကားပေါ် တက်လိုက်ခဲ့သည်။ သူမက သူငယ်ချင်း နှင့် စကားကောင်းစဉ် တစ်ခါတစ်ခါ ပြုံးရယ်လိုက်လျှင် လှပသော ပါးချိုင့်ချိုချိုကလေး နှစ် ဖက် သူမ၏ ပါးပြင်ဆီမှာ ထင်းစွာ ပေါ်လာလျှင် သူ ….ရင်သိပ်ခုန်သွားလေသည်။

မှတ်တိုင်တစ်ခုမှာ သူမက ဆင်းလိုက်ပြီး သူမ၏ အိမ်ရှိရာ ဆီသို့ လမ်းလျှောက်သွား လေ သည်။

သူကလည်း မလှမ်းမကမ်း ကနေ အသာအယာပင် လိုက်လာခဲ့မိသည်။ နောက်ဆုံးတော့ သူမက ကန်ထရိုက်တိုက် တစ်ခုဆီသို့ ဝင်ရောက်ပျောက်ကွယ် သွားလေသည်။ သူမ ဘယ်အထပ် မှာ နေမှန်း သူမသိချေ။ သို့သော် သူမတို့ အိမ်ရှေ့မှာ အအေးဆိုင်ကလေး တစ်ခု ဖွင့်ထားသော ကြောင့် သူအဲဒီ အအေး ဆိုင်ကလေးမှာ ထိုင်မိသေးသည်။ (စထရော်ဘယ်ရီ) ဖျော်ရည်တစ်ခွက် မှာ သောက်ရင်း သူမ ဝင်ရောက်ပျောက်ကွယ် သွားသော ကန်ထရိုက်တိုက်ခန်း များ ဆီသို့ တစ်ခန်း ချင်းလိုက်၍ ကြည့်မိသည်။ သို့ သော်…. သူမ၏ အရိပ်အယောင်ကလေး ကိုမျှပင် မမြင်ရချေ။ အင်းလေ….တစ်နေ့လုံး ပင်ပန်းနေတာ။ အခုလောက်ဆို သူမအနား ယူနေလောက်ရောပေါ့ ဟု သူတွေးမိကာ အိမ်သို့ ပြန်ခဲ့လေသည်။

အိမ်သို့ ရောက်တာနှင့် သူ ပထမဆုံး လုပ်သော အလုပ်မှာ သူမ၏ အပြုအမူကလေးကို သူ့အခန်းထဲရှိ PLASMA T.V SCREEM အကြီးကြီးပေါ်တွင် မက်မက်မောမော ပြန၍ ကြည့်နေမိခြင်း ဖြစ်သည်။ ဘယ်နှကြိမ်မြောက်လောက် သူပြန်ပြီး ရစ်မိတယ် ဆိုတာတောင် မရေတွက် နိုင်တော့ချေ။ T.V SCREEN အကြီးကြီးပေါ်မှာ သူ မျက်နှာကလေးကို အကြီးချဲ့၍ မြင်ရသော အခါ သူ ပိုပြီးတော့ ရင်ခုန်ရသည်။ သူမ၏ အပြုံးကလေးတွေ ၊ နှုတ်ခမ်းကလေးနှင့် မျက်လုံးကလေးတွေ က သူ့ကို ချစ်စဖွယ် ဖြားယောင်း ညှို့မြှူလျက် ရှိလေသည်။

* * *

နောက်ရက်တွေ မှာ လည်း သူသည် သူမ ရှိရာ SHOPPING MALL ရှိ ဆိုင်ကလေးဆီသို့ မှန်မှန် ဖြစ်သွား လေသည်။ သူမကို သူ ကြည့်နေမှန်း မရိပ်မိအောင် ခပ်လှမ်းလှမ်း ကော်ဖီဆိုင်မှာ ထိုင်ပြီး သူ စောင့်ကြည့်လေသည်။

တစ်ကြိမ်မှာ တော့ သူ သူမရှိရာဆီသို့ ချဉ်းကပ်သွားကာ သူမနှင့် စကားပြောဖို့ ကြိုးစားမိ လေသည်။

“ကျွန်တော် ရေမွှေးတစ်ပုလင်းလောက် လိုချင်တယ်။

ဘယ်အမျိုးအစား ကောင်းမလဲဟင်”

ဟု သူက မေးလိုက်တော့ သူမက သူ့ကို ဖျတ်ခနဲ မော့ကြည့်ကာ…..

“ယောင်္ကျားလေး ဆွတ်ဖို့လား၊ မိန်းကလေး ဆွတ်ဖို့လား”

ဟုမေးလေသည်။

သူက သူမဆီမှ အကြည့်လွှဲလိုက်ပြီး ……

“မိန်းကလေး ဆွတ်ဖို့ပါ”

ဟုခပ်တိုးတိုး ဖြေလိုက်လေသည်။

သူမက တစ်ခုခုကို သဘောပေါက်သွားသလို ချိုချို ရွှင်ရွှင်ကလေး ပြုံးလိုက်ရင်း ….

“ကျွန်မသာ ယောင်္ကျားလေး တစ်ယောက် ဆိုရင်တော့ ကျွန်မချစ်တဲ့ မိန်းကလေးကို ဟော့ဒီရေမွှေး ကလေးပေးမိမှာ ပဲ”

ဟုဆိုကာ GUCCL မှ ENVYME ဆိုသော ပန်းရောင် ရေမွှေးပုလင်း ရှည်ရှည်ကလေးကို ထုတ်ပေးလေသည်။

သူ သဘောကျစွာ ပြုံးရင်း …..

“ကျွန်တော် ဒါပဲ ယူလိုက်မယ်”

ဟုဆိုကာ ရေမွှေးပုလင်းဖိုး ပိုက်ဆံရှင်းခဲ့ကာ သူ့ကို သူမ မမှတ်မိနိုင်ခင် ခပ်သွက်သွက် ပြန်လှည့်ထွက်လာခဲ့သည်။ နောက်ထပ် သူ ဘာဆက်လုပ် ရင် ကောင်းမလဲ။ အခုအချိန်မှာ တော့ သူ ဘာမှ ဆက်မလုပ်ချင်သေး။ သူမကို အလှကလေးသာ ကြည့်နေချင်သေးသည်။ သူ့ကို သူမ မမှတ်မိစေဘဲ သူမ မသိအောင် အနောက်ကနေ တိတ်တဆိတ်လိုက်ရင်း သူမဘာသာ လွတ်လွတ်လပ်လပ် လှုပ်ရှားပြုမူ နေပုံကလေးတွေ ကို လိုက်ကြည့်နေရတာ ကိုက သူ့အတွက် အရသာတစ်ခု ဖြစ်သည်။

အင်း….ဒီလောက်လှတဲ့ ချစ်စရာကောင်းတဲ့ မိန်းကလေး တစ်ယောက် မှာ ချစ်သူတွေ ဘာတွေ များ ရှိနေနိုင်မလား ဟု အမှတ်မထင် သူတွေးမိလျှင် ထိုအတွေးဖြင့် ပင် သူ ထိတ်ခနဲ ဖြစ်သွားလေသည်။ အခုချိန်အထိတော့ သူမရဲ့ ဘေးမှာ ဘယ်ယောကျာင်္းလေးကိုမှ မတွေ့ ရသေးပါဘူး။ အို…. သူမဆီမှာ ချစ်သူရှိမယ် မထင်ပါဘူး။

သို့ သော် …..သူ့ရဲ့ ဂျာကင် အိတ်ထဲမှာ စာအိတ်ကလေးကို ဖျတ်ခနဲ သတိရသွားသော ကြောင့် စာအိတ်ကလေးကို ဖောက်ပြီး ဖွင့်ဖတ်လိုက်မိသည်။

ထိုခဏမှာ သူ့ရဲ့ အသက်ရှူခြင်းများ ရပ်ဆိုင်းသွားလေသည်။ ပန်းပွင့်ပန်းနုရောင် ကလေးတွေ ပြန့်ကြဲနေသော စာရွက်ပြာပြာကလေးပေါ်တွင် …..

“မောင့်ကို ချစ်တယ်”

ဆိုသော လက်ရေး ဝိုင်းဝိုင်း စာလုံးကလေး လေးလုံးနှင့် အောက်မှ “မိန်းကချော” ဟူသော နာမည် ဆန်းဆန်းက လေးကို သူ ဖတ်မိလေသည်။

ဒါဆိုရင် သူမဟာ စာအိတ်ပေါ်မှာ ပါသော “သားရွှေစင်” ဆိုသည့် လူ တစ်ယောက် ကို “ချစ်တယ်” ဟု အဖြေပေးခဲ့ပြီပေါ့။ စာရွက်ကလေးကို စာအိတ်ထဲသို့ ကမန်းကတန်း ပြန်ထည့်ရင်း သူ ငြိမ်သက်စွာ စဉ်းစားနေမိသည်။ သူဘာလုပ်ရင်ကောင်းမလဲ။ သူ့တစ်သက်မှာ တစ်ချိန်သာ စတင်၍ ပေါ်ပေါက် ခံစားခဲ့ရသော အချစ်ဆိုသည့်အရာကို သူ မြည်းစမ်း၍ ပင် မကြည့်ရသေးခင်မှာ တစ်ပါးသူက ပိုင်ဆိုင်ဦးထားနှင့် ခဲ့ပြီ။ သူခေါင်းကို ဖြည်းညင်းစွာ ခါယမ်းမိလေသည်။ ဟင့်အင်း….မ ဖြစ်သင့်ဘူး။ အဲဒီ လို မ ဖြစ်ရဘူး။ သူ မြင်မြင်ချင်းပင် တမ်းတမ်းစွဲ မက်မောစွဲလမ်း ခဲ့ရသော သူမကို ဘယ်လိုအကြောင်းမျိုးနှင့် မှ မဆုံးရှုံးချင်ပေ။

နောက်တစ်နေ့ညနေမှာ သူမ အလုပ်ဆင်းချိန်ရောက် လျှင် ခါတိုင်းလို သူမနှင့် သူမ၏ သူငယ်ချင်း နှစ် ယောက် တည်း မဟုတ်ဘဲ သူမကို ရုပ်ရည်သန့်သန့် ပြန့်ပြန့်နှင့် ခပ်ချောချော လူငယ်ကလေး တစ်ယောက် လာကြိုနေတာ သူ တွေ့ ရသည်။သူနှင့် ရွယ်တူလောက်ပဲ ရှိလိမ့်ဦးမည် ။ အဲဒီ ကောင်ကလေးဟာ စာအိတ်ပေါ်က “သားရွှေစင်”ဆိုတဲ့ ကောင်ကလေး လွဲပြီး ဘယ်သူများ ဖြစ်နိုင်ဦးမှာ လဲ။

သူ့ရင်ထဲတွင် မနာလိုဝန်တိုခြင်း ကြီးစွာ ဖြင့် ရုတ်တရက် ပူပြင်းလောင်မြိုက်လာလေသည်။ ထိုသူက ကော်လာကတုံးရှပ်အင်္ကျီအဖြူနှင့် ချည်ပုဆိုး အညိုရောင် ကို ဝတ်ထားသည်။

သူ့ကို မြင်တော့ ကောင်းမလေးရဲ့ မျက်လုံးတွေ တလက်လက် တောက်ပနက်ရွှန်းသွားကာ ပါးချိုင့်ကလေးများ ပေါ်အောင် ပြုံးလျက် ရယ်မောချိုသာစွာ စကားတွေ ပြော လျက်ရှိလေသည်။ အဲဒီ နောက်တော့ သူမက သူငယ်ချင်းကို တစ်ယောက် တည်း ပြန်စေပြီး သူမ ကတော့ ထိုကောင်လေးနှင့် အတူ မြို့ထဲသို့ လမ်းလျှောက်ကြလေသည်။

သူ့ရင်ထဲမှာ နှမြောတသ ကြေကွဲခြင်းကြီးစွာ ဖြင့် သူမတို့နောက်မှ မသိမသာ ဆက်လိုက်လာ ခဲ့မိသည်။ သူမတို့နှစ် ယောက် ကို ကြည့်ရသည်မှာ တရင်းတနှီး မရှိလှသေး။ နှစ် ယောက် စလုံး ရှိုးတိုးရှန့်တန့် ဖြစ်နေပုံလည်း ရသည်။ တစ်ယောက် ကို တစ်ယောက် မကြာခဏ ခိုးကြည့်ကြသေးသည်ကို သူက အနောက်မှနေ၍ လှမ်းမြင်နေရသည်။ ကြည့်ရသည်မှာ သူမတို့ နှစ် ယောက် အတိအလင်း ချစ်သူတွေ မ ဖြစ်ကြသေးဘူး ထင်ပါရဲ့ ။ ဘာ ဖြစ်လို့လဲ ဆိုတော့ သူ့ဆီမှာ ရောက်နေသော စာမှာ သူမ အဲဒီ ကောင်လေးကို အဖြေမပေးသော စာ ဖြစ်နိုင်သည်။ အဲဒီ စာ ပျောက်နေသည်။ ဆိုတော့ အခုချိန်ထိ သူမ အဲဒီ ကောင်ကို အဖြေမပေးရသေးဘူး ထင်သည်။

သူမတို့နှစ် ယောက် က ကြေးအိုးဆိုင် တစ်ဆိုင်မှာ ဝင်ထိုင်လိုက်ကြသည်။ နှစ် ယောက် သား မျက်နှာချင်းဆိုင် ထိုင်ကြခြင်း ဖြစ်သည်။

သူက သူမတို့နှစ် ယောက် နှင့် မလှမ်းမကမ်း ခုံတစ်ခုံမှာ ဝင်ထိုင်လိုက်ရင်း သူမတို့နှစ် ယောက် ကို အကဲခတ် စောင့်ကြည့် မိသည်။ စားပွဲချင်းက သိပ်မကွာလှတာမို့ သူမတို့နှစ် ယောက် မှ စကားသံ ခပ်သဲ့သဲ့ကို မသဲမကွဲကလေး ကြားရသည်။ သူကအာရုံ စူးစိုက်ကာ နားထောင်မိလေသည်။

“တကယ်ပဲ စာမရဘူးလားဟင်။ ချော အဲဒီ နေ့က သုံးစောင်ထည့်လိုက်တာ”

“တကယ် မရပါဘူးဆို။ ချောရယ် …..ကိုယ်က ဘာ ဖြစ်လို့ လိမ်ရမှာ လဲ။ အဲဒီ နေ့က စာနှစ် စောင်ပဲ ကိုယ်ရတယ်။ တစ်စောင်ပျောက်နေတယ်”

“အိုး…..အံ့သြဖို့ ကောင်းလိုက်တာ။ အဲဒီ စာထဲမှာ ချောအဖြေရေး ထားတယ်လေ”

“ဘာအဖြေလဲ။ ချောကလည်းကွာ….အခု လူချင်းတွေ့ နေရပြီပဲ။ ပါးစပ်ကပြောတော့ ဘာ ဖြစ်မှာ မို့လို့လဲ။ ကိုယ်မှချောရဲ့ အဖြေကို မသိရသေးတာ။ ကဲ….စာထဲမှာ ချောဘာရေး ထားလို့လဲ”

သူမထံမှ အသံတိတ်သွားကာ ခပ်တိုးတိုးကလေး ရယ်မောနေလေသည်။

သူ့စိတ်ထဲမှာ သူမ အဲဒီ ကောင်ကို အဖြေမပေး ဖြစ်အောင် ဘယ်လို နှောင့်ယှက်လျှင် ကောင်းမလဲဟု စဉ်းစားလျက်ရှိသည်။

“အို….ချော ပါးစပ်က ပြောရမှာ ရှက်သလိုကြီး ဖြစ်နေတယ်။ ပြောလို့မထွက်ဘူး”

သူက ရယ်သံကလေးဖြင့် ပြောလေသည်။

“ပြောပါ ချောရယ်။ ကိုယ် အရမ်းကြားချင်လို့ပါ။ ကိုယ်တို့ နှစ် ယောက် ကြားမှာ အကြီးအကျယ် ရှက်နေဖို့ လိုလို့လားကွာ။ မရှက်ပါနဲ့ ချောရယ်။ ပြောပါနော်။ ကိုယ်အရမ်း ကြားချင်လို့ပါ”

မပြောနဲ့၊ မပြောပါစေနဲ့ဟု ဂင်္ဂါ တိတ်တဆိတ် ဆုတောင်းနေခဲ့မိသည်။ သို့သော် သူ မအောင်မြင်ပါ။

“စာထဲမှာ ချော လေးလုံးပဲ ရေး ခဲ့တာ”

“ဟုတ်လား…..အဲဒါ ဘာလဲ၊ ပြောပြလေ”

“မောင့်ကို ချစ်တယ်လို့”

“ဟာ”

ဂင်္ဂါ မျက်လုံးတွေ ကို တင်းတင်းကျပ်ကျပ် ဖိမှိတ်ထားလိုက် မိသည်။ ရင်ထဲမှာ ဟာလာဟင်းလင်း ခံစားလိုက်ရသည်။ အဲဒီ နောက်တော့ သူတို့နှစ် ယောက် ဘာတွေ ဆက်ပြော နေကြမှန်း သူမကြားရတော့ချေ။ မကြားချင်တော့ ခြင်းလည်း ဖြစ်သည်။ သူ ဆိုင်ထဲကနေ ပြန်ထွက်လာခဲ့မိသည်။ သူ့ရင်ထဲတွင် သူမကို ဘာမှတောင် မကြိုးစားရသေးခင်မှာ ဆုံးရှုံးနှင့် ပြီး ဖြစ်သည်။ အဲဒီ ဆုံးရှုံးမှု ကို သူလက်မခံချင်ပါ။ သူ သူမကို မမေ့နိုင်လောက် အောင်ပင် စွဲလမ်းလျက်ရှိသည်။ သူ သူမကို ပိုင်ဆိုင်ချင်သည်။ သူ ဘာလုပ်ရမည် နည်း။

နောက်ရက်တွေ မှာ လည်း သူမသူဆီသို့ နေ့တိုင်းသွားစောင့်မိသည်။ ထိုသူက သူမကို လာလာကြိုကာ မြို့ထဲမှာ ကြေးအိုးစားပြီးမှ ဘတ်(စ်)ကားပေါ် နှစ် ယောက် အတူ တက်သွားကြသည်အထိ သူ လိုက်ကြည့်သည်။

တစ်ရက်ပြီး တစ်ရက် သူ့ရင်ထဲမှာ သေချာခိုင်မာလာခဲ့သည်က သူ တစ်ခုခု လုပ်ရတော့ မည် ဆိုသော အသိ ဖြစ်သည်။ သူ သူမကို ဒီလောက် လွယ်လွယ်ကလေးနှင့် အဆုံးရှုံးမခံချင်ပါ။ သူ့ဘက်က တစ်ခုခုတော့ ကြိုးစားခွင့် ရှိရမည် ။ ဟုတ်သည်။ အဲဒါမှ သူ့အတွက် တရားမျှတမှာ ပေါ့။ သူ…..သူသည် ငယ်ငယ်ကလေးတည်းက သူလိုချင်တာ မှန်သမျှကို မ ဖြစ်, ဖြစ်တဲ့ နည်းနှင့် ရအောင် စနစ်တကျ အကွက်ချ စီစဉ်ပြီး ယူတတ်ခဲ့သူ လည်း ဖြစ်သည်။ အခုသူ့နှလုံးသား တစ်ခုလုံးနှင့် သက်ဆိုင်သော ကိစ္စတွင် လည်း သူ လိုချင်သည်ကို ထင်ထင်ရှားရှား သိမြင်လျှင် ထိုအရာကို မရ, ရအောင် ဘာကြောင့် များ ကို သူ မလုပ်နိုင်ရမည် နည်း။

* * * * *


အခန်း(၂)

သူ့ရင်ထဲမှာ ဆုံးဖြတ်ချက်တစ်ခု ပီပီသသ ခိုင်မာသွားသော အခါ သူလုပ်ရမည် ကို စနစ်တကျ အစီအစဉ် ဆွဲခဲ့သည်။ ပထမဆုံး အစီအစဉ်မှာ စာအိတ်ပြာပြာကလေးပေါ်မှာ “သားရွှေစင်” ဟူသော နာမည် အောက်က လိပ်စာကို လိုက်ရှာခြင်း ဖြစ်သည်။ လိပ်စာကို သူ အလွယ်တကူပင် ရှာတွေ့ ပါသည်။

ကန်ထရိုက် တိုက်ခန်းတွေ ထဲက ငါးလွှာမြောက် အခန်းတစ်ခု ဖြစ်သည်။ သူ့အတွက် ကံကောင်းသည်မှာ အဲဒီ အိမ်နှင့် မျက်နှာချင်းဆိုင်မှာ HOTEL တစ်ခု ရှိနေခြင်းပင် ဖြစ်သည်။ သူ အဲဒီ HOTEL ဆီသို့ ဝင်သွားလိုက်၏ ။ RECEPTION မှာ အခန်းတစ်ခန်း ငှားလိုက်၏ ။

“ကျွန်တော် နေချင်သလောက် နေမှာ ။ တစ်လ ဖြစ်ချင်လည်း ဖြစ်မယ်။ ဖြစ်နိုင်ရင် ဟိုဘက်တိုက်ခန်း တွေ ကို အပေါ်စီးကနေ မြင်ရတဲ့ မျက်နှာချင်းဆိုင် အခန်းတစ်ခန်း လိုချင်တယ်”

ဟု သူ ပြောလိုက်သည်။

RECEPTION မှ လူငယ်ကလေးက သူ့ကို အခန်းတစ်ခန်း ရွေးချယ်ပေးလိုက်သည်။ အဲဒီ အခန်းကို သူ ဝင်ကြည့်တော့ ပထမဆုံး သတိထားမိသည်မှာ သူရသော အခန်းသည် ဟိုဘက် ကန်ထရိုက်တိုက်ခန်း တွေ နှင့် မျက်နှာချင်း ဆိုင် ဖြစ်နေပြီး “သားရွှေစင်” ဆိုသော လူ၏ အိမ်ခန်းနှင့် မျက်နှာချင်းဆိုင် ဖြစ်နေခြင်းပင် ဖြစ်သည်။

“အိုကေ …. ဒီအခန်းကို ကိုယ်ကြိုက်တယ်။ ဒီအခန်းပဲ ယူတော့မယ်”

ဟုပြောကာ သူ CHECK IN လုပ်ထားလိုက်သည်။

အခန်းထဲမှာ သူ တစ်ယောက် တည်း ဖြစ်သွားသော အခါ သူ့မှာ ပါလာသော မှန်ပြောင်းဖြင့် ထိုမျက်နှာချင်းဆိုင် အခန်းဆီသို့ လှမ်းကြည့်လိုက်၏ ။ အခန်း၏ ဝရန်တာနှင့် ဧည့်ခန်းတစ်ခန်းလုံး နီးပါးကို သူ မြင်ရ၏ ။ သူနှုတ်ခမ်းကလေးတွန့်ကာ ပြုံးလိုက်လေသည်။

ခဏအကြာမှာ သူ့မှန်ပြောင်း၏ မြင်ကွင်းထဲသို့ သားရွှေစင် ဆိုသော သူမ၏ ရည်းစား ဝင်လာလေသည်။ သူသေသေချာချာ စိုက်ကြည့်ရင်း အသံတိုးတိုး ထွက်ကာ ဆဲရေး ပစ်လိုက် သည်။

အဲဒီ နောက်တော့ သူ မွေ့ရာပေါ်မှာ ခြေပစ်လက်ပစ် လှဲပစ်လိုက်ကာ မေမေ့ဆီသို့ ဖုန်းခေါ်လိုက်၏ ။

“မေမေ….ကျွန်တော် HOTEL တစ်ခုမှာ စိတ်ပြေလက်ပျောက် နေလိုက်ဦးမယ်။ တစ်လတည်း ဖြစ်ချင် ဖြစ်မယ်။

နှစ် လလည်း ဖြစ်ချင် ဖြစ်မယ်။ မေမေ စိတ်မပူနဲ့”

“သားရယ်….မေမေ့ကို စိတ်ဆိုးနေတုန်းကပဲလားဟင်။

တမင်သက်သက် သူနဲ့ ရင်မဆိုင်ချင်လို့လား သားရှောင်ထွက် သွားတာ မဟုတ်လား”

မေမေက စိတ်မလုံခြုံသော အသံဖြင့် ပြောလေသည်။

“ဘာဆိုင်လို့လဲ မေမေ၊ ဘာမှမဆိုင်ပါဘူး။ မေမေ့ဘာသာ မေမေ့ရဲ့ ငယ်ချစ်ဦးကို ဖေဖေ မရှိတော့မှ လက်ထပ်ယူတာပဲ။ မေမေ ဖေဖေ့ကို သစ္စာဖောက်တာမှ မဟုတ်တာ။ ဒါပေမဲ့ ကျွန်တော့် အနေနဲ့ ကတော့ ကျွန်တော့် ဖေဖေကလွဲပြီး ဘယ်ယောင်္ကျားကို မှ ဖေဖေ့နေရာမှာ အစားမထိုးနိုင်ဘူး မေမေ။ သူဟာ မေမေ့ရဲ့ ငယ်ချစ်ဦး ဆိုပေမဲ့ ကျွန်တော့်  အတွက်တော့ ပထွေးပဲ။ ကျွန်တော် သူနဲ့ ပတ်သက်ပြီး ဘာမှပြဿနာလည်း မရှာချင်သလို၊ ကြည်ကြည်ဖြူဖြူ လည်း မဟုတ်ဘူး မေမေ။ ဒါပေမဲ့ အခု ကျွန်တော် HOTEL မှာ နေတဲ့ကိစ္စဟာ ပထွေးကို ရှောင်ချင်လို့တော့ လုံးဝမဟုတ်တာ သေချာတယ်။ ကျွန်တော့် ဘာသာ တစ်ယောက် တည်း လွတ်လွတ်လပ်လပ် အေးအေး ဆေးဆေး နေချင်လို့ပါ မေမေ။ ကျွန်တော် ပြန်လာချင်တဲ့ အချိန်ကျတော့ ပြန်လာခဲ့ပါမယ်”

မေမေက သက်ပြင်းရှိုက်ကာ ငြိမ်သက်နေသည်။

“ကောင်းပြီလေ၊ သားရဲ့ သဘောပဲ။ ဒါပေမဲ့ သားရင်ထဲမှာ သားကို မေမေ သိပ်ချစ်တယ် ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့သား။ သား လိုချင်တာမှန်သမျှ မေမေ့ဘက်က အစွမ်းကုန် လိုက်လျောပေးဖို့ အဆင်သင့်ပဲ။ ဘာပဲလိုအပ်လိုအပ် မေမေ့ကို အကြောင်းကြားနော် သား။ မေမေ့ကို သား ဘယ်တော့မှ မေ့မထားနဲ့။ အမြဲတမ်းလည်း အဆက်အသွယ် လုပ်နော်သား။ မေမေ့ကို အဆက်အသွယ် ဖြတ်မထားပါနဲ့”

“စိတ်ချပါ မေမေ။ ကျွန်တော် ဖုန်းချလိုက်တော့မယ်”

သူဖုန်းကို ပိတ်ပစ်လိုက်သည်။ မေမေ့ကို သူ သိပ် ချစ်ပါသည်။ ဒါပေမဲ့ အခုအချိန်မှာ မေမေနှင့် ရင်မဆိုင်ချင် သေးပါ။ သူ တစ်ယောက် တည်း လွတ်လွတ်လပ်လပ် နေချင်သည်။ ပြီးတော့ သူ့နှလုံးသားက စွဲစွဲလမ်းလမ်းကို လိုလားတောင့်တလျက် ရှိသော မိန်းကလေး တစ်ယောက် ကို အရယူဖို့ အတွက် စနစ်တကျအကွက် ချလျက်ရှိသည်။

သူ့ HOTEL ရဲ့ အခန်းကနေ လိုက်ကာစတွေ ကို အသာဖယ်ပြီး မှန်ပြောင်းဖြင့် လှမ်းကြည့်လျှင် ဝရန်တာသို့ ထွက်ခါ ဖုန်းတစ်လုံးဖြင့် ရယ်ရယ်မောမော စကားပြောလျက်ရှိ သော သားရွှေစင်ကို တွေ့ ရ၏ ။ ဒါကောင်းမလေးနဲ့ ပြောနေတာပဲ ဖြစ်မယ်။ တစ်အိမ်လုံးမှာ တခြားလူတွေ ကို မတွေ့ ရဘဲ အဲဒီ ကောင် တစ်ယောက် တည်းကိုသာ သူ တွေ့ ရလေသည်။ ဒီကောင်လည်း တစ်ယောက် တည်းများ နေတာလားမသိ။

HOTEL အခန်းမှနေ၍ သူလုပ်သော အလုပ်မှာ ထိုကောင့်အခန်းဆီသို့ အမြဲမပြတ် မှန်ပြောင်းတစ်လက်ဖြင့် ချောင်းနေခြင်း ပဲ ဖြစ်သည်။

တစ်ခါတစ်ရံတော့ ဧည့်ခန်းမှာ စာရေး နေသော “သားရွှေစင်” ကိုမြင်ရသည်။ တစ်ခါတစ်ခါ T.V ထိုင်ကြည့်နေပုံရသည်။ ထမင်းစားတော့လည်း ဧည့်ခန်းမှာ ပင်။ ဖုန်းပြောလျှင် ဝရန်တာသို့ ထွက်ခါ ပြောတတ်သည်။ အဲဒါကလွဲပြီး ထူးထူးခြားခြား ဘယ်လို လှုပ်ရှားမှု မျိုးမှ မတွေ့ ရချေ။

သုံးရက်လောက် ပုံမှန် နေ့နေ့ညည စောင့်ကြည့်ရုံဖြင့် ဂဂါင်္သည် သားရွှေစင်၏ တစ်နေ့တာ လှုပ်ရှားမှု များ ကို ခန့်မှန်း၍ ရသွားလေသည်။

* * *

“ ဖြစ်ပါ့မလားကွာ ဂဂါင်္။ တော် ကြာ မတော် တဆ တကယ် တိုက်မိသွားမှာ ဖြင့် ”

သူ့ သူငယ်ချင်း ဥက္ကာက သူ့ကိုယ်သူ စိတ်မချဟန်ဖြင့် ပြော၏ ။

ဂင်္ဂါက ကျစ်ခနဲ စုပ်သပ်ကာ မျက်မှော င်ကြုတ်လျက် . . .

“ဘာ ဖြစ်လို့ မ ဖြစ်ရမှာ လဲကွ။ မင်းအဲဒီ လောက်လေးတောင် မလုပ်နိုင်ဘူးလား။ ဒီကောင့်ကို ကားနဲ့ တိုက်မိမလို အခြေအနေကလေးပဲ၊ ဖြစ်အောင် မင်းလုပ်ပေးရုံပဲ။ ကျန်တဲ့ အပိုင်းက ငါ့အပိုင်းပဲ။ ဒီကောင် ရှစ်နာရီလောက်ဆို ပြန်လာနေကျ။ မင်းဒီနားကပဲ စောင့်နေလိုက်။ သူလာရင် ငါပြောမယ်”

“မင်းကလည်းကွာ၊ ကြံကြံဖန်ဖန် ဘာလုပ်ဦးမလဲလို့လဲ”

“ငါနောက်တော့မှ ပြောပြမယ်။ ဟော….ဟိုမှာ ဒီကောင်လာနေပြီ။ အဲဒီ ကောင်ပဲ ဥက္ကာ။ မင်းတွေ့ တယ်မဟုတ်လား၊ ရှပ်အင်္ကျီအဖြူနဲ့ ကောင်လေ။ ခေါင်းငိုက်စိုက်နဲ့ လျှောက်လာနေတာ။ ကဲ ….ငါသွားတော့မယ်။ မင်းအဆင်ပြေအောင် လုပ်နော်။ တိုက်ခါနီး လောက်ဆို ဘရိတ်ဖမ်းအုပ်ပစ်လိုက်”

ဂဂါင်္က ဥက္ကာ၏ ကားပေါ်မှ ဖျတ်ခနဲ ဆင်းကာသားရွှေစင်နှင့် မျက်နှာချင်းဆိုင် လျှောက်သွား၏ ။

မကြာခင်မှာ ဥက္ကာ၏ ကားက “သားရွှေစင်” နှင့် တည့်တည့် သားရွှေစင် ရှိရာဆီသို့ ရုတ်တရက် မောင်းဝင်လာကာ “သားရွှေစင်” နှင့် တိုက်မိကာနီး အခြေအနေတွင် ဂဂါင်္က “သားရွှေစင်” ကိုရုတ်တရက် လမ်းဘေးသို့ တွန်းပစ်လိုက်ကာ သူကိုယ်တိုင်က ကားရှေ့မှာ လှဲချပစ်လိုက်လေသည်။

“သားရွှေစင်”က ရုတ်တရက် ဖြစ်သွားခဲ့သော အခြေအနေကြောင့် ထိတ်လန့်သွားပုံ ရကာ လဲကျနေသော ဂင်္ဂါဆီသို့ ကမန်းကတန်း ပြေးလာကာ သူ့ကို ဆွဲထူရင်း ….

“ဟာ…..ဆောရီးဗျာ၊ ခင်ဗျား ဘယ်ထိသွားသေးလဲ။

ကျွန်တော့်  ခေါင်းထဲမှာ ဇာတ်လမ်းတစ်ပုဒ် စဉ်းစားလာတာနဲ့ ကားကို သတိမထားမိ လိုက်ဘူး။ ကျေးဇူးပဲဗျာ။

ခင်ဗျား ကျွန်တော့် ကို တွန်းပစ်လိုက်လို့။ နို့မို့ဆို ကျွန်တော် ကားတိုက်ပြီ”

ဥက္ကာက ကားပေါ်မှ ဆင်းလာကာ ….. ယုတ္တိ ရှိရှိမျက်နှာပေးဖြင့် …..

“ဘာ ဖြစ်သွားသေးလဲ၊ ဘာ ဖြစ်သွားသေးလဲ။ ကျွန်တော် ကားနဲ့ တိုက်မိတာ မဟုတ်ဘူးနော်”

ဟု ပြူးပြူးပျာပျာ အော်ဟစ်နေသေးသည်။ သူဥက္ကာကို ကြည့်ပြီး ရယ်ချင်သွားကာ …..

“ဘာမှမ ဖြစ်ဘူး ဟေ့လူ၊ ခင်ဗျား သွားတော့ ရပြီ။ ကျွန်တော် ဘာမှ မ ဖြစ်ဘူး”

ဟုပြောပြီး သူ လဲကျနေရာမှ ကျုံးထလိုက်သည်။ သူနှင့် သားရွှေစင် မျက်နှာချင်းဆိုင် ဖြစ်သွားချိန် တွင် သူက ပြုံးပြကာ….

“ကျွန်တော် လည်း ဒီလမ်းထဲမှာ HOTEL မှာ နေတာ။

ခင်ဗျားကားကို ဝင်တိုးတော့မယ် ဆိုတာ သိလို့ ပြေးလာပြီး ခင်ဗျားကို တွန်းပစ်လိုက်တာ။ ခင်ဗျားရော ဘာ ဖြစ်သွားသေးလဲ”

“ဟင့်အင်း…..ဘာမှ မ ဖြစ်ဘူးဗျ။ ကျေးဇူးပဲဗျာ။ ကျွန်တော် လည်း တစ်ခါတစ်ခါ သတိလက်လွတ် ဖြစ်သွားတတ်တယ်။ ခင်ဗျားက PARADISE HOTEL မှာ တည်းတာလား၊ နယ်က ထင်တယ်”

“ဟုတ်တယ်၊ ကျွန်တော် ပြင်ဦးလွင်ကပါ။ ကျွန်တော့်  နာမည် ဂဂါၤ”

ဂဂါၤက သူ့ကို လက်လှမ်းပေးလိုက်သည်။

သားရွှေစင်က….

“ကျွန်တော့နာမည် သားရွှေစင်ပါ။ ကျွန်တော် စာရေး တယ်”

ဟုဆိုပြီး လက်ဆွဲနှုတ်ဆက်လိုက်၏ ။

“ခင်ဗျားက စာရေး ဆရာကိုး။ အတော် ပဲဗျာ၊ ကျွန်တော် ရန်ကုန်ကို ကိစ္စတစ်ခုရှိလို့လာတာ။ ရန်ကုန်မှာ အပေါင်းအသင်း သိပ်ရှိတာ မဟုတ်ဘူး။ ကျွန်တော် က အပေါင်းအသင်းတွေ ဘာတွေ ခင်တတ်တယ်။ ခင်ဗျားကို ကျွန်တော် သူငယ်ချင်း တစ်ယောက် လို သဘောထားမယ်နော်။ ခင်ဗျားလည်း ကျွန်တော့် ကို သူငယ်ချင်းလိုပဲ သဘောထားပါ။ လာဗျာ….ကျွန်တော့်  HOTEL ရဲ့ အောက်မှာ BAR ရှိတယ်။ ခင်ဗျား ဝိုင်တို့ ရှန်ပိန်တို့ သောက်တတ်လား။ ကျွန်တော် ပြုစုမယ်လေ”

“ဟာ….သောက်တတ်တာပေါ့။ အိုကေလေ”

သားရွှေစင်ကို ဝိုင်နှင့် မျှားတော့ အလွယ်တကူပင် သူနှင့် အတူ ပါလာ၏ ။

HOTEL ရဲ့ အောက်ဘက်ရှိ BAR တွင် သူတို့နှစ် ယောက် ထိုင်လိုက်ကြသည်။ သူက သားရွှေစင် အတွက် ဝိုင်မှာ ပေး၏ ။

“ကျွန်တော့်အလုပ်က စာရေး ဆရာလေ။ စာရေး ရင် BEER ကလေးနဲမှ။ ဝိုင်လည်း ကြုံရင် ကြုံသလိုတော့ သောက်တတ်ပါတယ်”

“အိုကေ…..ဒါဆို ချ။ ကိုယ် အမြည်းမှာ ပေးမယ်”

သူက အမြည်းတွေ မှာ ပေး၏ ။ သားရွှေစင်က ဝိုင်တွေ တစ်ခွက်ပြီးတစ်ခွက် အားပါးတရ သောက်လေသည်။

ခဏကြာတော့ သူက BLACK LABBL မှာ လိုက်၏ ။

“ခင်ဗျား ကြိုက်တယ် မဟုတ်လား။ ကြိုက်တယ်ဆိုရင်ချလေ။ ကျွန်တော် က အပေါင်းအသင်းနဲ့ သောက်တတ်တယ်”

တကယ်တမ်းတော့ သူက ဝိုင်ပဲသောက်ကာ သားရွှေစင်ကို အရက်များများ ဝင်အောင် တိုက်လေသည်။ အရက်သောက်ရင်း ပိုရင်းနှီးလာကြသည်။

သားရွှေစင်က အရက်ဝင်လာသော အခါ နှုတ်သွက်လျှာသွက် ဖြစ်လာကာ စကားတွေ အများ ကြီး ပြောတော့လေသည်။ ချက်ချင်း ပင် သူတို့ တရင်းတနှီး ဖြစ်သွား၏ ။

“ဟာ ….ခင်ဗျားတွေ ကျွန်တော် တွေ လုပ်မနေပါနဲ့။ ကိုယ်တို့ ရွယ်တူတွေ လောက်ပါပဲ။ မင်းနဲ့ငါပဲ ပြောရအောင် ပိုရင်းနှီးတာပေါ့”

ဂင်္ဂါက ပြောလိုက်သည်။

သားရွှေစင်က တော် တော် ကလေး ရီရီဝေဝေ ဖြစ်နေပြီမို့ ခေါင်းညိတ်ကာ….

“အိုကေ…..မင်းနဲ့ငါ သူငယ်ချင်းတွေ ဖြစ်ပြီး။ ငါ့ကိုအခုလို ပြုစုတဲ့အတွက် ကျေးဇူးပဲကွာ။ နောက်လည်း နေ့တိုင်း ပြုစုနိုင်ပါစေ။ မင်းကို ငါခင်တယ်။ သိလား …..ဟေ့ကောင်။ ဒီနေ့ ငါ့ကို ကားတိုက်တော့မလို ဖြစ်တာကို လည်း မင်းက ဝင်ကယ်ပေးတယ်။ အခု ငါ့ကိုလည်း BLACK LABEL တွေ ဘာတွေ နဲ့ ပြုစုသေးတယ်။ မင်းလောက် ခင်စရာကောင်းတဲ့လူ ဘယ်မှာ ရှိဦးမှာ လဲ”

သားရွှေစင်က ရွှန်းရွှန်းဝေဝေ ပြောနေလေသည်။

သူက ပြုံးပြီးတော့ နားထောင်နေလိုက်သည်။

“မင်းက တစ်ယောက် တည်း နေတာလား”

“ဟုတ်တယ်။ ဟုတ်တယ် ဂဂါင်္။ ငါ တစ်ယောက် တည်း နေတာ။ ငါက တစ်ကောင်ကြွက် လေ။ ငါ့မှာ မိဘတွေ လည်း မရှိတော့ဘူး။ ငါငယ်ငယ်ကလေးတည်းက ဆုံး သွားကြတာ။ ငါ တစ်ယောက် တည်း ရုန်းကန်လှုပ်ရှားခဲ့ရတာ ကွ။ အခုတော့ ဝါသနာအရ စာရေဆရာ လုပ်နေတယ်။ စာရေး တဲ့ အလုပ်က သိပ်အချမ်းကြီး မဟုတ်ပေမဲ့ ဆိုးတော့ မဆိုးပါဘူးကွာ။ အခု ငါလုံးချင်းတွေ ရေး ဖြစ်နေပြီ ဆိုတော့ နည်းနည်း ပါးပါးတော့ အဆင်ပြေတာပေါ့ကွာ …..

မင်းကရော ရန်ကုန်မှာ ဘာလာလုပ်တာလဲ ဂင်္ဂါ။ မင်းအကူအညီလိုရင် ငါ့ကို အချိန်မရွေး ပြောနော်။ ငါကူညီဖို့ အဆင်သင့်ပဲ”

“ငါက အရောင်းအဝယ် တစ်ခု လာလုပ်တာပါကွာ။ ရန်ကုန်မှာ တစ်လ နှစ် လလောက်တော့ ကြာဦးမှာ ပါ။ စိတ်ချပါ။

ငါ အကူအညီ လိုရင် မင်းကို ပြောပါ့မယ်။ ဒါနဲ့ စကားမစပ် မင်းမှာ ချစ်သူတွေ ဘာတွေ ရော ရှိလား”

သူ့မေးခွန်းကြောင့် သားရွှေစင်၏ မျက်နှာက အားပါးတရ ပြုံးသွားကာ …..

“ရှိတာပေါ့၊ အခုမှ ချစ်သူရှိကာစပဲ ရှိသေးတယ်။ ကောင်မလေးက ငါ့ရဲ့ ပရိသတ် တစ်ယောက် ပပေါ့။ မိတ်ဆက်စာ ရေး ရင်းကနေ ချစ်သွားကြတာလေ။ အရမ်းချစ်ဖို့ ကောင်းတယ်…..

သူ့နာမည် က မိန်းမချောတဲ့။ တစ်ရက်ကျမှ မင်းနဲ့ သူ့ကို ငါ မိတ်ဆက်ပေးဦးမယ်”

သားရွှေစင်က သူမ၏ အကြောင်းတွေ ရွှန်းရွှန်းဝေအောင် ပြောပြနေလေသည်။

သူငြိမ်သက်စွာ နားထောင်နေမိ၏ ။

သားရွှေစင်က အရက်၏ တန်ခိုးဖြင့် အာဝဇ္ဇန်းတွေ ရွှင်နေကာ စကားတွေ အဆက်မပြတ် ပြောနေလေသည်။

ည ၁၂ - နာရီကျော်လာတော့ သားရွှေစင် တော် တော် ကလေး မူးနေပြီ။ ထိန်းမနိုင် သိမ်မရကို မူးနေခြင်း ဖြစ်သည်။ သူက အရက်မသောက်ဘဲ ဝိုင်လောက်ပဲ သောက်တာမို့ သိပ်ကြီး သတိလက်လွတ် ဖြစ်လောက်အောင် မူးမနေဘဲ သားရွှေစင်ကို တွဲ ကာ သူ့အခန်း ရှိရာဆီသို့ လိုက်ပို့ပေးရသည်။

သားရွှေစင်က သူ့အခန်းသို့ ရောက်သည်နှင့် ဧည့်ခန်းရှိ ဆိုဖာပေါ်မှာ ဝရုန်းသုန်းကား ပစ်လှဲလိုက်ရင်း မှော က်သွားလေသည်။

ဂင်္ဂါသည် ထိုအခွင့်အရေး ကို လက်မလွှတ်ဘဲ တစ်အိမ်လုံး မွှေနှောက်ရှာဖွေ၏ ။ တစ်အိမ်လုံးမှာ သားရွှေစင်၏ ဝတ္ထုစာအုပ်တွေ ၊ ရေး လက်စစာမူတွေ ၊ ပြီးတော့ ဖိုင်တွဲ တစ်တွဲ နှင့် ထပ်ထားသော စာရွက်ပြာပြာကလေးတွေ ။ ထိုစာရွက်ပြာပြာကလေး တွေ ပေါ်မှ လက်ရေး ဝိုင်းဝိုင်း ကလေးများ ကို ဂင်္ဂါ ကောင်းစွာ မှတ်မိပါသည်။ မိန်းမချော၏ လက်ရေး ကလေးတွေ ။ ပြီးတော့ သူမ၏ ချစ်စရာကောင်း လှစွာ အားပါးတရ ပြုံးရယ်လျက် ရှိသော ဓာတ်ပုံကလေးကို စားပွဲပေါ်မှာ ထောင်ထားတာ တွေ့ ရသည်။

သူ…..သူမ၏ မျက်နှာကလေးကို အကြာကြီးစိုက်ကြည့် နေမိသေး၏ ။ ပြီးတော့ ကျေနပ်လောက်တော့မှ သားရွှေစင်ကို အိပ်ခန်းထဲ ရှိ မွေ့ရာပေါ်သို့ တွဲ ပို့ပေးခဲ့ကာ စောင်တွေ ဘာတွေ ခြုံပေးခဲ့ပြီး သူ HOTEL ဆီသို့ ပြန်လာခဲ့သည်။

* * * * *




ဝန်ဇင်းချစ်သူများ လွန်းထားထား (ဆေးတက္ကသိုလ်) ၏ “ မာယာတံတိုင်း ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


အဲဒီနေ့က ကောင်းကင်မှာ ပန်းတွေပွင့်တယ်

စိတ်ဖတ်သူ

ချစ်ခြင်း၏အခြားမဲ့၌