Cover

အပိုင်း (၁)

( က )

ကျွန်မ အသက် ၁၃ နှစ် အရွယ်တွင် 'ခေါ်သံ'ကို စတင် ကြားခဲ့ရခြင်း ဖြစ်ပါသည်။

ပထမဦးဆုံးအကြိမ်ကြားရစဉ်က 'ခေါ်သံ'ကို အမှတ်မထင်သာ ရှိခဲ့သည်။လျှို့ဝှက်နက်နဲလိမ့်မည် ဟု မထင်ခဲ့ချေ။ ယုတ်စွအဆုံး ကျွန်မ ကို ခေါ်နေသည်ဟုပင် မထင်မှတ်ခဲ့ပါပေ။

အသက်ငယ်ရွယ်လွန်းသေးသော ကြောင့် အမှတ်မထားမိလေသလားမသိပါ။

'ခေါ်သံ'ကိုကြားရချိန်မှာ ဆောင်းတွင်းညအချိန် ဖြစ်ပါ၏ ။

မှတ်မှတ်ရရ ထိုနေ့သည် ခရစ္စမတ်ညတစ်ည ဖြစ်ပါ၏ ။

ထိုစဉ်က ကျွန်မတို့သည် ဖေဖေ တာဝန်ထမ်းဆောင်ရာ ရှမ်းပြည်နယ်တောင်ပေါ်မြို့ကလေးတစ်မြို့တွင် နေထိုင်လျက်ရှိပါသည်။

ထိုညတွင် .

ညဆယ်နာရီလောက် ရှိမည် ထင်သည်။ တစ်အိမ်လုံး အိပ်နေကြပါပြီ။ကျွန်မတို့တစ်အိမ်လုံးသာမက ဘေးပတ်ဝန်းကျင်ရှိ အိမ်များ လည်း အိပ်ရာဝင်ကုန်ကြသည့်အချိန် ဖြစ်ပါသည်။

ကျွန်မသည် အိပ်ပျော်နေပြီးမှ ထိုခေါ်သံကြောင့် အိပ်ရာမှပြန်နိုးလာခြင်း ဖြစ်ပုံရပါ၏ ။ သေချာမမှတ်မိတော့။

တိတ်ဆိတ်နေသော ညအချိန်ကြီးတွင် အိမ်ရှေ့မှ ခေါ်သံထွက်ပေါ်လာခြင်း ဖြစ်သည်။

''စောမြတ်မွန် ...စောမြတ်မွန်.."

ထိုအသံကို ကျွန်မ သဲသဲကွဲကွဲ ကြားလိုက်ခြင်း ဖြစ်ပါသည်။

''စောမြတ်မွန်.. .စောမြတ်မွန်.''

ထိုအသံသည် ကျွန်မတို့အိမ်ရှေ့မှနေ၍ ကျွန်မတို့အိမ်ထဲကို ရည်ရွယ်၍ လှမ်းခေါ်နေပုံမျိုး ဖြစ်သည်။ မသေချာပါ။ အိမ်များ မှာ ဘေး ချင်းအလွန် နီးကပ်နေပါသဖြင့် ဘေးအိမ်တစ်အိမ်အိမ်ကို လှမ်းခေါ်ခြင်းလည်း ဖြစ်နိုင်ပါသည်။တိတ်ဆိတ်နေချိန် ဖြစ်၍ ကိုယ့်အိမ်ရှေ့တည့်တည့်က ထွက်ပေါ်လာသယောင်ထင်မိခြင်း ဖြစ်နိုင်၏ ။

သေချာတာကတော့ ကျွန်မတို့အိမ်တွင် စောမြတ်မွန်ဆိုသူ မရှိပါ။ မေမေ့နာမည် ကဒေါ်အေးညွန့်မာဖြစပ်ါသည။် ကျွန်မနာမည် က မြစံပယ်ရုံ ဖြစ်ပါသည။်အိမ်တွင် ဖေဖေရယ်၊ မေမေရယ်၊ ကလေးအရွယ် သာသာပင်ရှိသေးသည့် ကျွန်မရယ်ပဲ ရှိပါသည်။

စောမြတ်မွန်ဆိုသည့်အမည် က ရှမ်းအမည် မို့ ရှမ်းပြည်နယ် ဖြစ် သော ဤ မြို့လေးတွင် မဆန်းပြားပါ။

သို့သော် ခေါ်သံနောက်တွင် နောက်ဆက်တွဲ ပေါ်လာသော အသံကတော့ဆန်းပြားပါလေသည်။

''စောမြတ်မွန်. .စောမြတ်မွန်.''လူငယ် တစ်ယောက် ၏ အသံဖြင့် တတိယအကြိမ် ခေါ်သံထွက်လာပြီးနောက်တွင် လူကြီး တစ်ယောက် အသံက ကပ်ပါလာသည်။

''မောင်သီဟ .မောင်သီဟ .လာပါကွယ်။ သူ့ဟာ သူ ရှိပါစေတော့။သူ ပျော်ရာမှာ နေပါစေဦးကွယ်။ အချိန်တန်ရင် စောမြတ်မွန်ပြန်လာမှာ ပေါ့။ခေါ်မနေပါနဲ့ တော့ကွယ်၊ အဘတို့ ပြန်ကြပါ စို့''

နောက်မှပေါ်လာသော အဘိုးအိုအသံမှာ လူငယ်ကို ချော့မော့ နေသည့်အသံမျိုး ဖြစ်ပါသည်။ အသံများ ပျောက်ကွယ်သွားသည်ကို ထောက်၍ အဘိုးအိုသည်စောမြတ်မွန် ဟု အော်ခေါ်နေသော လူငယ်ကို ချော့မော့ခေါ်ယူသွားဟန်တူပါသည်။နောက်ထပ် ဘာသံမှ မကြားရတော့ပေ။

သူတို့၏ စကားသံများ အရ စောမြတ်မွန်အမည် ကို ခေါ်သူမှာ မောင်သီဟဟု သိခဲ့ရပေသည်။

နောက်တစ်နေ့မနက်၌ .မေမေက .

''ညက စောမြတ်မွန်ဆိုတဲ့နာမည် ကို အိမ်ရှေ့မှာ လာအော်နေသံကြားတယ် ကိုလွင်၊ ရှင်ရော ကြားလား''

ဖေဖေ့ကို မေးလိုက်ခြင်း ဖြစ်သည်။

''အေး .ကြားမိတယ်၊ ကိုယ်လည်း ထူးဆန်းသလို ထင်မိသား။ဘေးအိမ်က မိန်းကလေး တစ်ယောက် ယောက် ကို ခေါ်တာ ထင်ပါရဲ့ ''

''ကျွန်မလည်း ဒီလိုပဲထင်တာပဲ၊ ဒါပေမဲ့ အသံက ကျွန်မတို့ အိမ်ရှေ့တည့်တည့်က ထွက်လာသလိုပဲနော်''

''ညပိုင်းတိတ်ဆိတ်နေလို့ ဖြစ်မှာ ပါ။ ဒါမှမဟုတ်လည်း အိမ်မှားပြီးလာခေါ်တာမျိုးလည်း ဖြစ်နိုင်တာပဲ''

ဖေဖေနှင့်မေမေ ပြောနေသည့်စကားများ ကို ကျွန်မ မှတ်မိနေခြင်း ဖြစ်ပါ၏ ။ ပထမဆုံးအကြိမ်ကြားခဲ့ရသော ခေါ်သံနှင့်ပတ်သက်၍ ဤမျှသာ ဖြစ်ပါသည်။

ကျွန်မတို့အားလုံး မေ့မေ့ပျောက်ပျောက်ပင် ဖြစ်သွားကြ၏ ။

*


(ခ)

ထိုအကြောင်းကို ယခုပြန်လည်သတိရပြီး ပြောပြနိုင်ခြင်းမှာ ခေါ်သံကိုဒုတိယအကြိမ် ကြားခဲ့ရ၍ ဖြစ်ပါသည်။

ဒုတိယမြောက်ခေါ်သံကြားချိန်၌ ကျွန်မတို့သည် တောင်ပေါ် မြို့ကလေးတွင် မဟုတ်တော့ပါ။ ဖေဖေ၏ တာဝန်အရ မိတ္ထီလာမြို့သို့ ပြောင်းရွှေ့ရောက်ရှိလာပြီ ဖြစ်ပါသည်။

အချိန်ကာလမှာ လည်း ဆောင်းတွင်း ဖြစ်သည်။ ရက်ကလည်းခရစ္စမတ်ရက်ပင် ဖြစ်ပါပေ၏ ။

ကျွန်မ အသက် ၁၆ နှစ် အရွယ်၊ ဆယ်တန်းကျောင်းသူဘဝ ဖြစ်ပါသည်။ဆယ်တန်းနှစ် မို့ ကျွန်မက ညဉ့်နက်သည်အထိ စာကျက်လျက် ရှိရာအချိန်သည် ညဆယ်နာရီကျော်မျှ ရှိနေပါပြီ။

မိတ္ထီလာတွင် ကျွန်မတို့နေသော အိမ်မှာ မိတ္ထီလာကန်ပေါင်တွင် ဖြစ်ပါ၏ ။မိတ္ထီလာကန်ကို နောက်ကျောခိုင်း၍ ဆောက်ထားသော အိမ် ဖြစ်ပါသည်။ထိုညက ကျွန်မ စာကျက်နေစဉ်တွင် ကန်ဘက်ဆီမှ ခေါ်သံကို ကြားလိုက်ရခြင်း ဖြစ်သည်။

''စောမြတ်မွန် ....စောမြတ်မွန်.."ကျွန်မသည် စောမြတ်မွန်ဆိုသည့်အသံကို ကြားသည်နှင့်တောင်ပေါ်မြို့လေးတွင် နေစဉ်ကအ ဖြစ်ကို ချက်ချင်း သတိရလိုက်ပါသည်။ ပြီးတော့ကန်ဘက်ဆီမှ ထွက်ပေါ်လာသည့် အသံကြောင့် အံ့အားသင့်သွားမိသည်။ညအချိန်တွင် ကန်ပေါင်ဘေး၌ လူမရှိတတ်ပါ။ မှော င်မည်းနေသော နေရာ ဖြစ်သည်။ပြီးတော့ လမ်းလည်းမဟုတ်။ အိမ်နောက်ဖေးဘက် ဖြစ်ပါသည်။မည် သူသည် ကျွန်မတို့အိမ်နောက်ဖေးမှနေ၍ အော်ခေါ်နေပါသနည်း။

''စောမြတ်မွန် ....စောမြတ်မွန်.."

ခေါ်သံက ဒုတိယအကြိမ်ထွက်လာပြန်သည်။

တောင်ပေါ်မြို့လေးတွင် ခေါ်သံကြားစဉ်က အိမ်များ တစ်အိမ်နှင့်တစ်အိမ်ကပ်နေ၍ လည်းကောင်း၊ အိမ်ရှေ့လမ်းမမှ အော်ခေါ်ခြင်း ဖြစ်၍ လည်းကောင်း၊နာမည် မှာ ရှမ်းနာမည် ဖြစ်၍ လည်းကောင်း ခေါ်သံကြားရသည်ကို ဤမျှထူးဆန်းသည်ဟု မထင်ခဲ့ရပါချေ။

ယခုမူ ပေါက်ချောင်းရပ်ရှိ၊ မိတ္ထီလာကန်ပေါင်ဘေးမှ အိမ်များ မှာ တစ်အိမ်နှင့်တစ်အိမ်ခြားသော ခြံကျယ်ကြီးများ ဖြစ်ပါသည်။ ခေါ်သံသည် ကျွန်မတို့အိမ်နောက်ဘက်တည့်တည့်မှ ထွက်လာရာ ကျွန်မတို့အိမ်ကို ရည်ရွယ်၍ အော်ခေါ်နေသယောင် ထင်မှတ်ရတော့သည်။ ထို့ပြင် ခေါ်သံသည် လမ်းမမဟုတ်သော မှော င်မည်းသည့် ကန်ပေါင်ရိုးဆီမှ ထွက်ပေါ်လာသည့်အတွက် အံ့သြစရာကောင်းနေသည်။

''စောမြတ်မွန် .စောမြတ်မွန်''

တတိယအကြိမ်မြောက်ခေါ်သံထွက်ပေါ်အလာတွင် ကျွန်မအတွက်ကော်ဖီဖျော်နေသော မေမေသည် ကော်ဖီခွက်ကိုကိုင်ကာ ကျွန်မအနားသို့ ရောက်လာ၏ ။

မေမေလည်း အံ့သြနေပေသည်။

ကျွန်မတို့သားအမိ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်နေစဉ်တွင် နောက်ဆက်တွဲ အသံ ပေါ်ထွက်လာလေ၏ ။

''မောင်သီဟ .မောင်သီဟ .လာပါကွယ်။ သူ့ဟာသူ ရှိပါစေတော့။ သူပျော်ရာမှာ နေပါစေဦးကွယ်။ အချိန်တန်ရင် စောမြတ်မွန် ပြန်လာမှာ ပေါ့၊ခေါ်မနေပါနဲ့ တော့ကွယ်။ အဘတို့ ပြန်ကြပါစို့''

နောက်ဆက်တွဲ အသံကြောင့် ကျွန်မ ကြက်သီးဖြန်းဖြန်း ထ သွားမိသည်။မေမေ့နှုတ်မှ အံ့သြလွန်းသော အာမေဋိတ်သံတစ်ခု ထွက်လာခဲ့သည်။

''မေမေ ဒီအသံကိုမှတ်မိလား၊ မြိုင်သေလာမှာ နေတုံးကလည်း သမီးတို့ကြားခဲ့ဖူးတယ်''

''ဟုတ်တယ် သမီး .မှတ်မိတယ်၊ ခေါ်သံချင်းတူပုံက တိုက်ဆိုင်လိုက်တာနော်''

''ဒါ တိုက်ဆိုင်တာ ဖြစ်မလား မေမေ၊ မြိုင်သေလာနဲ့ မိတ္ထီလာနဲ့ အဝေးကြီး။ပြီးတော့ ခေါ်သံနောက်မှာ အဘိုးကြီး တစ်ယောက် အသံ ပါလာသေးတယ်။ သမီးတော့အဘိုးကြီးပြောတဲ့စကားက ဟိုတုန်းက ပြောတဲ့ စကားအတိုင်းပဲလို့ ထင်တယ်''

''အင်း .ဟုတ်ချင်လည်း ဟုတ်မှာ ပေါ့။ ဒီအချိန်ကြီးမှာ ကန်ပေါင်ရိုးကနေဘယ်လိုလူတွေ ကများ လာအော်နေပါလိမ့်မလဲ''

''ဘယ်သူပဲအော်အော် ခေါ်သံတွေ စကားပြောသံတွေ တူနေ တာတော့အံ့သြစရာ သိပ်ကောင်းတာပဲ မေမေ''

''တိုက်ဆိုင်တာပါ သမီးရယ်၊ ကဲ .ကဲ .စာကျက်၊ စာကျက်''

ထိုစဉ်က ဖေဖေ ရန်ကုန်ရုံးချုပ်အစည်းအဝေးသွားနေ၍ အိမ်မှာ မရှိပါ။

မေမေက ဖေဖေ့ကို ထိုအကြောင်းပြန်ပြော ဖြစ် မပြော ဖြစ် သတိမထားမိပါ။ကျွန်မလည်း ကြာတော့သည်အ ဖြစ်ကို မေ့သွားပြန်လေသည်။

*


( ဂ )

ခေါ်သံကို တတိယအကြိမ်မြောက်ကြားသည်မှာ ကျွန်မ ရန်ကုန် တွင် တက္ကသိုလ်တက်ရောက်နေချိန် ဖြစ်ပါ၏ ။ ကျွန်မ၏ အသက်မှာ လည်း ၂၁ နှစ် ရှိနေပြီ။တက္ကသိုလ်နောက်ဆုံးနှစ် တက်ရောက်နေချိန် ဖြစ်သည်။

ခေါ်သံကြားရသော နေ့သည်လည်း ခရစ္စမတ်နေ့ ဖြစ်ကာ အချိန်သည်လည်း ညဆယ်နာရီအချိန်ပင် ဖြစ်ပေသည်။

ကျွန်မသည် အင်းလျားကန်အနီးရှိ ပြည်လမ်းမပေါ်မှ အတွင်းသို့ဝင်ရသော ရိုးမရိပ်သာထဲရှိ အမျိုးသမီးအဆောင်တစ်ခုတွင် နေထိုင် လျက်ရှိပါသည်။

ထိုအချိန်၌ ကျွန်မသည် ယခင်နှစ် ကြိမ် ကြားခဲ့ဖူးသော ခေါ်သံကို မေ့လျော့နေပါပြီ။ ခေါ်သံမှာ နှစ် စဉ်ကြားရခြင်းမျိုးလည်း မဟုတ်ပါ၍ နှစ် ကြိမ်ကြားခဲ့ဖူးသော ဆင်တူခေါ်သံမှာ တိုက်ဆိုင်မှု သာ ဖြစ်မည် ဟု မှတ်ယူထားလိုက်သည်။ ကြာတော့လည်းမေ့သွားခဲ့ခြင်း ဖြစ်ပါသည်။

အမျိုးသမီးအဆောင် ဖြစ်သည့်အားလျော်စွာ ညနေခြောက်နာရီအချိန်ကပင် အဆောင်တံခါးပိတ်ပြီး ဖြစ်ပါသည်။ ကျွန်မသည် ကျွန်မ၏ အခန်းဖော်သီတာလှိုင်နှင့်အတူ ရှိနေသည်။ ကျွန်မက မဂ္ဂဇင်းတစ်အုပ်ကို ဖတ်နေကာ သီတာလှိုင်က ခုတင်ပေါ်တွင် လဲလျောင်းလျက် ပုတီးစိပ်နေပါသည်။

''စောမြတ်မွန်...စောမြတ်မွန်.."ကျွန်မ ကြားခဲ့ဖူးသော ခေါ်သံ။ ခေါ်သံက အဆောင်ရှေ့မှ ထွက်ပေါ်လာခြင်း ဖြစ်ပါ၏ ။ ခေါ်သံကြောင့် ကျွန်မကိုယ်မှာ ဆတ်ခနဲ မတ်သွားလေသည်။ဖတ်လက်စမဂ္ဂဇင်းကို စားပွဲပေါ်ချထားလိုက်၏ ။

ယနေ့သည် ခရစ္စမတ်နေ့ ဖြစ်ကြောင်းကိုလည်း ကျွန်မ သတိရလိုက်သည်။

''စောမြတ်မွန်...စောမြတ်မွန်.."

အဆောင်ရှေ့လမ်းမပေါ်မှ ပီပီပြင်ပြင်ခေါ်လိုက်သံက နောက် တစ်ကြိမ်ထွက်လာပြန်၏ ။

ကျွန်မ သီတာလှိုင်ကို ကြည့်လိုက်သည်။ သီတာသည် မျက်စိ ကိုမှိန်းကာပုတီးကိုစိပ်နေဆဲ။ ကျွန်မ ကြားသော ခေါ်သံကို သီတာပါ ကြားသလားဆိုတာမေးချင်သော်လည်း ပုတီးစိပ်နေသည်ကို မနှောင့်ယှက်လို၍ ကျွန်မ မြိုသိပ်လိုက်သည်။ခေါ်သံက တတိယအကြိမ် ပေါ်ထွက်လာပြန်သည်။

''စောမြတ်မွန်...စောမြတ်မွန်.."

တတိယမြောက်ခေါ်သံအဆုံးတွင် ကျွန်မက အသက်ကိုပင် မရှူမိတော့ဘဲအဘိုးကြီး၏ ချော့မော့သံ ထွက်ပေါ်လာမည် ကို နားစွင့် နေမိလေ၏ ။သို့သော် အဘိုးအို၏ ကိုသီဟကို ချော့မော့ခေါ်ယူသံကို ကျွန်မမကြားခဲ့ရပါ။ အတန်ကြာ စောင့်ကြည့်နားထောင်သည့်တိုင် မကြားရပါ။

ကျွန်မသည် ရင်ထဲမှာ ဟာကျန်ခဲ့၏ ။

စောမြတ်မွန် ဟု အော်ခေါ်လိုက်သော အသံကမူ ယခင် ကျွန်မ ကြားခဲ့ဖူးသော အသံပင် ဖြစ်ပါသည်။

ဒါဟာ တိုက်ဆိုင်တာလား။ သုံးကြိမ်ကြားရသော ခေါ်သံသည် တိုက်ဆိုင်မှု သက်သက် ဖြစ်နိုင်ပါတော့မည် လား။ ခေါ်သံသည် ကျွန်မ တစ်ဦးတည်းကိုပင်ရည်ရွယ်လေသလား။

''သီတာ ခုနက အိမ်ရှေ့ကအော်လိုက်တဲ့ စောမြတ်မွန်ဆိုတဲ့ ခေါ်သံကိုမင်း ကြားသလားဟင်''

ကျွန်မက မနေနိုင်တော့ဘဲ ပုတီးစိပ်နေသော သီတာ့ခုတင်တွင် တင်ပလွဲသွားထိုင်ကာ မေးလိုက်သည်။

သီတာက မျက်လုံးကိုဖွင့်ကြည့်၏ ။

''ကြားလိုက်တယ်လေ၊ ဘာ ဖြစ်လို့လဲ''

''ကြားလိုက်တယ် ဟုတ်လား၊ စောမြတ်မွန်ဆိုတဲ့နာမည် ကို ပီပီပြင်ပြင်ကြားလိုက်တာလားသီတာ'

'ဟုတ်တယ်၊ ကြားလိုက်ပါတယ်ဆို၊ ဘာ ဖြစ်လို့လဲ စံပယ်ရုံရဲ့ ၊ ငါတို့အ ဆောင်မှာ စောမြတ်မွန်ဆိုတာ ရှိမှ မရှိပဲ'

'အေး. ဟုတ်တယ်၊ ငါလည်း အဆောင်မှာ စောမြတ်မွန် ဆိုတာမရှိပဲအော်ခေါ်နေသံကြားလို့ မေးကြည့်တာပါ'

'တို့အဆောင်ထဲကိုခေါ်တာ ဟုတ်ချင်မှဟုတ်မှာ ပေါ့စံပယ်ရုံ၊ နင်ကလဲ.ကိုယ်နဲ့ မဆိုင်ပဲနဲ့ '

ကိုယ်နဲ့မဆိုင်ပဲနဲ့ .တဲ့ ။ ခေါ်သံသည် တကယ်ပဲ ကျွန်မနဲ့ မဆိုင်ဘူးလေလား။

မြိုင်သေလာရယ်. မိတ္ထီလာရယ်. ရန်ကုန်ရယ်. ဝေးလံသော မြို့ သုံးမြို့မှာ ခရစ္စမတ်နေ့တစ်နေ့တည်းတွင် ခေါ်သံကိုကြားရသည်။ ခေါ်သံထွက်ပေါ်လာရာနေရာများ တွင် ကျွန်မရှိနေသည်။ ဒါ-တိုက်ဆိုင်မှုသက်သက်လား။

သက်ရှိလူသားတစ်ဦး၏ ခေါ်သံရော ဟုတ်မှဟုတ်ရဲ့ လား။ ကျွန်မသည်ပရဝိညာဉ်လောကကို အယုံအကြည်ရှိသူမဟုတ်ပါ။ သို့သော် တိုက်ဆိုင်မှုသုံးကြိမ်ကြုံအပြီးတွင် ကျွန်မတွေးတောရပါလေပြီ။

ကျွန်မသည်. တစ်ချိန်သော အခါက စောမြတ်မွန် ဖြစ်ခဲ့ဖူးလေ သလား။ဘဝဟောင်းတစ်ခုခုတွင် ကျွန်မသည် စောမြတ်မွန်လေလား။

ခေါ်သံသည် ပရလောကသားတစ်ဦးခေါ်သံ ဖြစ်သည်ထားပါဦး၊ ကျွန်မကိုရည်ရွယ်၍ ခေါ်နေသည်ပဲ ဆိုပါလေဦး။ တကယ်သာ ပရလောကမှခေါ်သံ ဖြစ်လျှင်ကျွန်မ တစ်ယောက် တည်းသာ ကြားရမည် လေ။ ဘေးမှ မသက်ဆိုင်သူများ ကြားရနိုင်မည် မထင်။ မေမေက ကျွန်မမိခင်မို့ ကျွန်မနည်းတူ ကြားရသည်ထားဦး။ သီတာလှိုင်လို သူစိမ်း တစ်ယောက် ကလည်း ကြားနေရသည်ပင်။

ပြီးတော့.တတိယမြောက်ခေါ်သံကြားအပြီး၌ 'အဘတို့ပြန်ကြပါစို့'.ဟုချော့မော့ခေါ်ငင်သော အဘိုးအို၏ အသံ ပျောက်ကွယ်နေပုံကလည်း ဆန်းကြယ်နေပြန်သည်။ အဘဆိုသော .အဘိုးအို ဘယ်ရောက်သွားလေသလဲ။ကျွန်မသည် ခေါ်သံသုံးကြိမ်ကို တိုက်ဆိုင်စွာ ကြားရခြင်းအပေါ်တွင် အတွေးနယ်ချဲ့နေမိခြင်း ဖြစ်ပါသည်။

မေမေ့ထံစာရေး ရာတွင် ထိုအကြောင်းကို ထည့်ရေး ဖြစ်ခဲ့သေး၏ ။ကြာတော့လည်း မေ့သွားပြန်လေသည်။

*


( ဃ )

လူ တစ်ယောက် အသက်ရှင်ရပ်တည်ရေး အတွက် ပညာရှာမှီးခြင်း၊အသက်မွေးဝမ်းကျောင်းမှု၊ စားဝတ်နေရေး လိုအပ်ချက်များ ဖြည့်ဆည်းခြင်း.စသည်ဖြင့် တာဝန်များများ ပြားစွာ ရှိနေရာ ကျွန်မ သည်လည်းဘဝ၏ လိုအပ်ချက်များ အတွက် ရုန်းကန်ရင်းမှ အချိန်များ ကိုကုန်လွန်ခဲ့ရလေသည်။ အချိန်ကာလများ ပြောင်းရွေ့လာသည်နှင့်အမျှ ထိုအ ဖြစ်အပျက်ကို မေ့လျော့သွားခဲ့လေသည်။

ကျွန်မ အသက်၂၅နှစ် အရွယ်တွင် အိမ်ထောင်ကျခဲ့ပါသည်။ ကျွန်မတို့ကုပ္မဏီမှ ကျွန်မ၏ အထက်အရာရှိ ဦးကိုကိုကျော်ဇင်နှင့် အိမ်ထောင်ပြုခဲ့ခြင်း ဖြစ်ပါသည်။ ကိုကိုသည် ကျွန်မ၏ ချစ်သူတော့ မဟုတ်ပါ။ ကိုကိုက လူကြီးများ မှတစ်ဆင့်နားဖောက်လာသော ကြောင့် ကျွန်မက အဖက်ဖက်မှချင့်ချိန်ကာ ခေါင်းညိတ်ခဲ့ခြင်း ဖြစ်ပါသည်။

ထိုအချိန်၌ ကျွန်မဖခင်ကြီးမှာ ကွယ်လွန်သွားခဲ့ပါပြီ။ ရန်ကုန်ရုံးချုပ်သို့ညွှန်ကြားရေး မှုးရာထူးဖြင့် ပြန်ပြောင်းပြီး နောက်တစ်နှစ် တွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်ပါသည်။ မေမေက တစ်ဦးတည်းသော သမီး ကျွန်မကို သူမျက်စိမှိတ်ချိန်၌ စိတ်ချလက်ချ ရှိသွားချင်သည်။ ကျွန်မ၌ လည်း ချစ်သူရည်းစားရယ်လို့ မရှိသည်မို့ကျွန်မက ကိုကို့ကို ဖူးစာဖက်အ ဖြစ် လက်ခံခဲ့ခြင်း ဖြစ်ပါ၏ ။

ယနေ့သည် ကျွန်မနှင့် ဦးကိုကိုကျော်ဇင်တို့ မင်္ဂလာဆောင်သည့်နေ့ ဖြစ်ပါ၏ ။

နေ့လည်ပိုင်းတွင် ဆီဒိုးနားဟိုတယ်၌ ကျွန်မတို့မင်္ဂလာ အခန်းအနားကိုကြီးကျယ်ခန်းနားစွာ ကျင်းပခဲ့ပြီး ဖြစ်ပါသည်။

မင်္ဂလာဦးညကို ကျွန်မတို့က ဟိုတယ်တစ်ခု၌ ကုန်လွန်မည် ဖြစ်ပါ၏ ။ကိုကို၏ အစီအစဉ်ပင် ဖြစ်ပါသည်။

ကျွန်မတို့သည် ရန်ကုန်မြို့အစွန်ရှိ တိတ်ဆိတ်သော ဟိုတယ်လေးတစ်ခုတွင် တစ်ပတ်တည်းခိုနေထိုင်ကာ မင်္ဂလာဦးကာလကို လွန်မြောက်ရန်စီစဉ်ထားပေ၏ ။

ညနေပိုင်း ဟိုတယ်သို့ကျွန်မတို့ရောက်ချိန်တွင် ကိုကို့အပေါင်းအသင်းများ နောက်မှလိုက်လာလေ၏ ။

ထုံးစံအတိုင်း အပေါင်းအသင်းများ က စကြနောက်ကြကာ လူပျိုနောက်ဆုံးညအ ဖြစ် ပြုစုရမည် ဆိုကာ ကိုကို့ကို ဆွဲခေါ်သွားကြလေ၏ ။ ကျွန်မတို့တည်းခိုသည့်ဟိုတယ်လေးမှာ အစားအသောက်မရသည်မို့ ပြင်ပစားသောက်ဆိုင်သို့ချီတက်သွားကြလေသည်။

ယောကျာ်းလေးသူငယ်ချင်းများ ချည်း အရက်သေစာသောက် စားကြမည် ဖြစ်၍ ကျွန်မလိုက်မသွားခဲ့ပါ။ ဟိုတယ်၌ စောင့်မျှော်ရင်းပင် နေရစ်ခဲ့ပါ၏ ။ကျွန်မသည် ကျွန်မတို့ငှားထားသော အခန်းလေးထဲတွင် သတို့သားကိုကို့ကိုစောင့်မျှော်နေခဲ့လေသည်။ ယနေ့ညသည် ကျွန်မ၏ မင်္ဂလာဦးည ဖြစ်ပေ၏ ။ကျွန်မသည် ရင်ဖိုလှိုက်မောစွာ ဖြင့် ဦးကိုကိုကျော်ဇင်ပြန်အလာကိုစောင့်ဆိုင်းလျှက်ရှိပေသည်။

ကျွန်မက ငြီးငွေ့လာ၍ ကြည့်နေသော တီဗွီကို ပိတ်လိုက်သည်။ညဆယ်နာရီထိုးပေပြီ။ ကိုကိုက ပြန်မလာသေးချေ။ သူငယ် ချင်းများ ကကိုကို့ကို ညှင်းနေဟန်တူပါသည်။

ကျွန်မသည် အခန်းမီးကိုပိတ်၍ မီးပွင့်ရောင် လေးကိုသာ ထွန်းညှိကာကုတင်ပေါ်တွင် လဲလျောင်းနေလိုက်သည်။

ထိုစဉ်.. ကျွန်မကြားခဲ့ဖူးသော ခေါ်သံသည် ကျွန်မနားထဲသို့ပျံ့လွင့်ဝင်ရောက်လာလေ၏ ။

''စောမြတ်မွန်....စောမြတ်မွန်.."

ကျွန်မ ကုတင်ပေါ်မှ ရုတ်တရက်ထထိုင်လိုက်သည်။အသံသည် ဟိုတယ်အပြင်ဖက်မှထွက်လာဟန်တူပါသည်။ကျွန်မက ပြတင်းပေါက်ကိုဖွင့်ကြည့်ရန် ပြတင်းပေါက်နားသို့ ပြေးသွားလိုက်၏ ။ သည်တစ်ခါတော့ အသံရှင်ကို ကျွန်မမြင်ရတော့မည် ထင်ပါသည်။

''စောမြတ်မွန်....စောမြတ်မွန်.."

ကျွန်မပြတင်းပေါက်နား မရောက်မီမှာ ပင် ခေါ်သံနောက်တစ်ကြိမ် ထွက်ပေါ်လာပြန်သည်။ သို့သော် အပြင်ဖက်မှမဟုတ်။ အခန်းအပြင်မှထွက်ပေါ်လာခြင်း ဖြစ်ပါ၏ ။ ပြတင်းပေါက်ဆီလှမ်းနေသော ကျွန်မခြေလှမ်းများ တုံ့သွားသည်။ကျွန်မက အခန်းတခါးမကြီးကိုဖွင့်ရန်ပြေးသွားလိုက်သည်။

''စောမြတ်မွန်....စောမြတ်မွန်.."

တခါးနားသို့မရောက်မီ တတိယအကြိမ်ထွက်ပေါ်လာသော အသံမှာ ရေချိုးခန်းအတွင်းမှ ဖြစ်ပါသည်။

ကျွန်မသည် အခန်းအလည်၌ ဇဝေဇဝါရပ်နေမိတော့၏ ။ခေါ်သံသုံးကြိမ်ပြည့်သွား၍ နောက်တစ်ဖန် ခေါ်သံကြားရတော့မည် မဟုတ်ပါ။

သို့သော်.

'စောမြတ်မွန်. စောမြတ်မွန်'

သည်တစ်ခါထွက်ပေါ်လာသော အသံက အပေါ်ဖက်မျက်နှာကျက်ဆီမှ ဖြစ်နေပြန်သည်။

ကျွန်မအပေါ်ကိုမော့်ကြည့်နေဆဲမှာ ပင်. ခေါ်သံက နောက်တစ်ကြိမ်ပေါ်လာပြန်၏ ။

''စောမြတ်မွန်....စောမြတ်မွန်.."

ဘုရားရေ. ခေါ်သံကိုကျွန်မကြားနေရသည်မှာ တကယ်မှ ဟုတ်ပါလေစ။

ကျွန်မစိတ်ထင်လို့လား။ ခေါ်သံက ဆက်လက်ထွက်ပေါ်နေမြဲသာ-

''စောမြတ်မွန်....စောမြတ်မွန်.."

''စောမြတ်မွန်....စောမြတ်မွန်.."

အလို.။ ခေါ်သံသည် အဆုံးမသတ်နိုင်တော့ပါလား။အိမ်သာခန်းထဲမှ ထွက်ပေါ်လာသည်။ ကုတင်အောက်မှ ထွက်ပေါ်လာသည်။ ဘီရိုထဲမှ ထွက်ပေါ်လာသည်။ နံရံများ ဆီမှ ထွက်ပေါ်လာသည်။

''စောမြတ်မွန်....စောမြတ်မွန်.."

''စောမြတ်မွန်....စောမြတ်မွန်.."

ခေါ်သံတွေ . ခေါ်သံတွေ ။ မဆုံးနိုင်သော ခေါ်သံတွေ ကို ကျွန်မကြားနေရသည်။ နေရာအနှံ့မှကြားနေရသည်။

ကျွန်မက ယခင်ခေါ်သံကြားရသော ရက်များ ကို သတိရကာ အံ့သြသွားရပြန်သည်။ ယနေ့သည် ခရစ္စမတ်နေ့ မဟုတ်ပါကလား။ ခရစ္စမတ်ရောက်ရန် သုံးလပင်လိုပါသေးသည်။

'စောမြတ်မွန်. စောမြတ်မွန်'

ခေါ်သံက နေရာအနှံ့မှထွက်ပေါ်လာနေဆဲ။ သုံးကြိမ်မကသော ခေါ်သံများ ။

'ကလင်. ကလင်. ကလင်. လင်.'

တယ်လီဖုန်းမြည် သံက ခေါ်သံများ ကိုဖြတ်တောက်ပစ်လိုက်သည်။ကျွန်မ တစ်နည်းတစ်ဖုံ စိတ်သက်သာရာရသွားလေ၏ ။တယ်လီဖုန်းကိုကောက်ကိုင်လိုက်သည်။

'ဒေါ်မြစပယ်ရုံ၊ အောက်မှာ ဧည့်သည်တွေ ရောက်နေပါတယ်၊ ဧည့်ခန်းကို ခဏဆင်းတွေ့ ပေးပါ'

အောက်ထပ်ဧည့်ကြိုကောင်တာမှ အကြောင်းကြားသည့်ဖုန်း ဖြစ်ပါသည်။ဘယ်ကဧည့်သည်တွေ ပါလိမ့်။ ကိုကိုဘာလို့ပြန်မရောက်သေး ပါလိမ့်။ကျွန်မသည် ဟိုတယ်အောက်ထပ်သို့ဆင်းခဲ့လေ၏ ။

ဓာတ်လှေကားထဲသို့ရောက်သည်နှင့် ခေါ်သံကို ပြန်လည် ကြားရပြန်လေသည်။

''စောမြတ်မွန်....စောမြတ်မွန်.."

အို. ဓာတ်လှေကားထဲ၌ ကျွန်မ တစ်ယောက် တည်းရှိပါသည်။ ခေါ်သံသည်ဘယ်နေရာကမှန်းမသိထွက်ပေါ်လာနေခြင်း ဖြစ်ပါ၏ ။

''စောမြတ်မွန်....စောမြတ်မွန်.."

အောက်ဆုံးထပ်အရောက်တွင် ဓာတ်လှေကားထဲမှ ကျွန်မ ထွက်လိုက်သည်။

''စောမြတ်မွန်....စောမြတ်မွန်.."

ခေါ်သံများ က အောက်ထပ်တွင် ကျွန်မကိုစောင့်ကြိုနေလေ သည်။ကျွန်မ ဟိုတယ်ဧည့်ခန်းထဲသို့ ဝင်လာရာတလျှောက်လုံး ခေါ်သံများ ကိုဆက်တိုက်ကြားနေရလေသည်။

''စောမြတ်မွန်....စောမြတ်မွန်.."

''စောမြတ်မွန်....စောမြတ်မွန်.."

ဧည့်ခန်းထဲတွင် ကျွန်မကိုစောင့်ကြိုနေသူများ ကို တွေ့  လိုက်ရသည်။ကိုကိုနှင့်အတူလိုက်ပါသွားသည့် ကိုကို့သူငယ်ချင်းအပေါင်းအသင်းများ ပါလား။ သူတို့သည် ကျွန်မဝင်လာသည်ကို ပြူးကြောင်သော မျက်လုံးအစုံဖြင့်ဝိုင်းကြည့်နေကြလေသည်။ သူတို့အားလုံး တစ်ယောက် မှ ထိုင်ခုံပေါ်တွင် ထိုင်မနေကြပါ မတ်တပ်ရပ်လျက်သားများ ဖြစ်သည်။

''စောမြတ်မွန်....စောမြတ်မွန်.."

ခေါ်သံများ ကို ကျွန်မကြားနေရဆဲ ဖြစ်သည်။ ကျွန်မကြားသလို တခြားလူတွေ ရော ကြားရသလား။ ကျွန်မသိချင်လာသည်။

'စောမြတ်မွန်. စောမြတ်မွန်'

ခေါ်သံများ က ဧည့်ခန်းနေရာအနှံ့မှထွက်ပေါ်နေလေ၏ ။

သူတို့နှင့်အတူ ကိုကို့ကိုမတွေ့ ရသည့်အတွက် ကျွန်မအံ့သြ သွားသည်။ကျွန်မသူတို့ရှေ့တွင် ရပ်လိုက်သည်အထိ သူတို့က ကျွန်မကို စကားတစ်ခွန်းမှ မပြောသေးပါ။ ထိတ်လန့်ကြောက်ရွံ့ဟန် ပူပန်သော က မျက်နှာများ ဖြင့်ကျွန်မကို ကြောင်ငေးကြည့်နေကြပေသည်။

'ကိုကိုရော.'

ကျွန်မကပင် ဦးအောင်မေးလိုက်လေသည်။ သူတို့သည် တချို့က ကျွန်မတို့ကုမ္ပဏီမှဝန်ထမ်းများ ဖြစ်ကာ တချို့က ကိုကို့ငယ်ပေါင်း သူငယ်ချင်းများ ဖြစ်လေသည်။

''စောမြတ်မွန်....စောမြတ်မွန်.."

ခေါ်သံက ထွက်ပေါ်လာပြန်သည်။

'မြစပယ်ရုံ'

ကုမ္ပဏီမှ ကျွန်မသိသော အရာရှိတစ်ဦးက ချောက်ကပ်အက်ကွဲသော အသံဖြင့် ကျွန်မကိုခေါ်လိုက်သည်။

''စောမြတ်မွန်....စောမြတ်မွန်.."

သူ့အသံက ခေါ်သံနှင့်အတူ ထပ်ရက်ထွက်ပေါ်လာလေသည်။စောမြတ်မွန်ခေါ်သံကို သူတို့ရော ကြားကြရသလား။

'မြစံပယ်ရုံ၊ စိတ်ငြိမ်ငြိမ်ထားပြီးနားထောင်ပေးပါဗျာ.'

'ရှင်.'

''စောမြတ်မွန်....စောမြတ်မွန်.."

'ကိုကိုကျော်ဇင်. ကိုကိုကျော်ဇင်'

'ကိုကိုရော. ကိုကိုဘာ ဖြစ်လို့လဲ ဦးညွန့်ဝေ'

'စောမြတ်မွန်. စောမြတ်မွန်'

'ကိုကိုကျော်ဇင်၊ ကားနဲ့ ပြန်အလာမှာ ကား. ကား. မှော က်ပြီး.'

'ရှင်.ဦးညွှန့်ဝေ'

''စောမြတ်မွန်....စောမြတ်မွန်.."

'ပွဲချင်းပြီး. ပွဲချင်းပြီးဆုံးသွားတယ်မြစံပယ်ရုံ'

'စောမြတ်မွန်. စောမြတ်မွန်'

'ဒါနဲ့ နေပါဦးရှင့်. စောမြတ်မွန်ဆိုတဲ့ ခေါ်သံကိုရှင်တို့ရော ကြားသလား'

'ဗျာ'

''စောမြတ်မွန်....စောမြတ်မွန်.."

'ဟော..ကြားရပြန်ပြီ၊ စောမြတ်မွန်တဲ့ ၊ စောမြတ်မွန်ဆိုတဲ့ နာမည် ကိုခေါ်နေတဲ့ အသံလေ၊ ရှင်ကြားသလား ဦးညွန့်ဝေ'

''စောမြတ်မွန်....စောမြတ်မွန်.."

ခေါ်သံက နံရံများ ကြားမှ၊ ဆိုဖာဆက်တီများ ကြားမှ၊ မှန်ရှိုးကေ့စ်များ ကြားမှ၊ စားပွဲခုံများ အတွင်းမှ၊ ပန်းအိုးများ အတွင်းမှ၊ ပန်းတွေ ကြားမှ၊ ကောင်တာအတွင်းထဲမှ. အို.နေရာတကာ အစုံအစေ့ဆီမှ 'စောမြတ်မွန်'ဆိုသော ခေါ်သံများ ပျံ့လွင့်နေပေသည်။

သည်မျှ ကျယ်လောင်၍ အဆက်မပြတ်ပေါ်ထွက်နေသော ခေါ်သံကိုသူတို့တွေ ရော ကြားကြပါသလား။ ကျွန်မသိချင်လှပါသည်။ ယခုအချိန်တွင် ကျွန်မအ သိချင်ဆုံးအရာမှာ ထိုအရာသာ ဖြစ်ပါသည်။

'စောမြတ်မွန်ဆိုတဲ့အသံလေ၊ ရှင်တို့ကြားကြသလားလို့'

'မြစံပယ်ရုံ သတိထားပါဗျာ'

အလို.သူတို့သည် ကျွန်မကို ကိုကိုကားမှော က်ကွယ်လွန် သည့်သတင်းကြောင့် စိတ်ကယောင်ချောက်ချား ဖြစ်သွားပြီဟု ယူဆနေကြပါပကော။ ကိုကိုသေဆုံးသွားကြောင်း သူပြောသည်ကို ကျွန်မသေချာမှတ်သားပြီး ဖြစ်ပါသည်။ သို့သော်ကျွန်မအတွက် ယခုအချိန်တွင် အရေး တကြီးအသိချင်ဆုံးအရာမှာ 'စောမြတ်မွန်'ဆိုသည့်ခေါ်သံကို ဘေးလူတွေ ကြားကြသလား။

''စောမြတ်မွန်....စောမြတ်မွန်.."

ဟော.ခေါ်သံက နောက်တစ်ကြိမ်ထွက်လာပြန်ပြီလေ။

'မြစံပယ်ရုံ၊ ကျွန်တော် တို့ဆေးရုံကိုလိုက်သွားကြပါစို့'

'အင်း. လိုက်တာပေါ့၊ လိုက်တာပေါ့ဦးညွန့်ဝေ၊ ဒါနဲ့ စောမြတ်မွန်ဆိုတဲ့ ခေါ်သံကိုရှင်ကြားသလား၊ ရှင်တို့အားလုံးကြားသလား၊ ကျွန်မကိုပြောစမ်းပါ'

'မြစံပယ်ရုံ'

''စောမြတ်မွန်....စောမြတ်မွန်.."

'ဟော. ကြားလား၊ ကြားလား၊ ခေါ်သံကြားလား၊ ညီမလေး.စောမြတ်မွန်လို့ ခေါ်လိုက်တဲ့ အသံကို ညီမလေးရော ကြားလိုက်သလားဟင်'

ကျွန်မက ဦးညွန့်ဝေတို့လူသိုက်ကို စိတ်မရှည်တော့၍ ဧည့်ကြိုကောင်တာမှအမျိုးသမီးလေးကို လှမ်းမေးလိုက်လေသည်။

'မြစံပယ်ရုံ'

'ရှင်.'

'တရားနဲ့ ဖြေပါ၊ ကျွန်တော် တို့.'

''စောမြတ်မွန်....စောမြတ်မွန်.."

'ဟော.ခေါ်ပြန်ပြီ၊ ခေါ်ပြန်ပြီ'

'ကျွန်တော် တို့ ဆေးရုံကို.'

'ဟုတ်ကဲ့၊ ကျွန်မလိုက်ပါမယ်ဦးညွန့်ဝေ၊ ကျွန်မသိပါတယ်၊ နားလည်ပါတယ်၊ ဆေးရုံကို ကျွန်မလိုက်ပါမယ်၊ ကိုကို့အလောင်းကို လိုက်ကြည့်ပါမယ်၊အခု လောလောဆယ် အရေး ကြီးတာက ခေါ်သံကို ကျွန်မကြားသလိုရှင်တို့လည်းကြား သလားလို့ သိချင်တာပဲ၊ ဟော. ဟော. ခေါ်နေပြန်ပြီ'

''စောမြတ်မွန်....စောမြတ်မွန်.."

''စောမြတ်မွန်....စောမြတ်မွန်.."

ခေါ်သံ. ခေါ်သံ. ခေါ်သံများ က အကြိမ်များ စွာ ထွက်ပေါ်လာလေ သည်။ခေါ်သံများ ထပ်ကာ.ထပ်ကာ. ဆက်၍ ပေါ်လာနေသည်။

''စောမြတ်မွန်....စောမြတ်မွန်.."

''စောမြတ်မွန်....စောမြတ်မွန်.."

ဘယ်ကခေါ်နေတာလဲ.. ဘယ်သူ့ကိုခေါ်နေတာလဲ.. ဘာကြောင့်ခေါ်နေတာလဲ.

''စောမြတ်မွန်....စောမြတ်မွန်.."

''စောမြတ်မွန်....စောမြတ်မွန်.."

''စောမြတ်မွန်....စောမြတ်မွန်.."

ခေါ်သံတွေ . ခေါ်သံတွေ . ခေါ်သံတွေ .

ခေါ်သံတွေ က ကျွန်မနားထဲမှာ အဆက်မပြတ်မြည် ဟည်းနေ လေသည်။

''စောမြတ်မွန်....စောမြတ်မွန်.."

''စောမြတ်မွန်....စောမြတ်မွန်.."

''စောမြတ်မွန်....စောမြတ်မွန်.."

*


အပိုင်း (၂)

( က )

ကျွန်မသည် ကံဆိုးမိုးမှော င်ကျစွာ ဖြင့် မမျှော်လင့်ပဲ မုဆိုးမဘဝရောက်ခဲ့ရပါသည်။

မုဆိုးမ။

အပျိုရည်မပျက်သော မုဆိုးမ။ မင်္ဂလာဦးညကိုဖြတ်သန်းခွင့် မကြုံလိုက်ရပဲသတိုးသားသေဆုံးသွားသဖြင့် ကျွန်မသည် အပျိုစင် အ ဖြစ်နှင့်ပင်မုဆိုးမ ဖြစ်ခဲ့ရလေ၏ ။

မင်္ဂလာဆောင်သော နေ့တွင် သတိုးသားသေဆုံးရခြင်းအတွက် ကျွန်မကိုလူတကာက သနားဂရုဏာသက်ခဲ့ကြပေသည်။

ဦးကိုကိုကျော်ဇင်သေဆုံးမှုကြောင့် ကျွန်မဘဝသည်လည်းများ စွာ ပြောင်းလဲသွားခဲ့ပါသည်။ ကိုကိုသည် အမေတစ်ခုသားတစ်ခု ဖြစ်သည်။ကိုကိုနှင့်ကျွန်မသည် အကြင်လင်မယားအ ဖြစ် မပေါင်းသင်း လိုက်ရသော်လည်းလက်ထပ်စာချုပ်၌ လက်မှတ်ရေး ထိုးပြီး ဖြစ်ပါသည်။ လက်ထပ်ပြီးနောက်ကိုကိုတို့အိမ်၌ လိုက်နေဖို့လဲ ဆုံးဖြတ်ထား ခဲ့ပြီး ဖြစ်သည်။

ကိုကိုရုတ်တရက်ကွယ်လွန်သွားရခြင်းကြောင့် စီစဉ်ထားသော အစီအစဉ်များ တစ်ခုမှပြောင်းလဲမသွားခဲ့ပါ။

ကိုကို့မိခင်သည် နဂိုကပင် ကျန်းမာရေး ချို့တဲ့ နေခဲ့သည်။ အနီးတွင် ကူဖော်လောက်ဖက်လိုအပ်လျှက်ရှိသည်။ ကိုကိုကွယ်လွန် သွားသော်လည်းကိုကို့မိခင် ဒေါ်မိမိဇင်က သူနှင့်အတူလာနေဖို့ခေါ် ထားခဲ့သည်။ ဘာပဲ ဖြစ် ဖြစ်ကျွန်မသည် သူမ ၏ ချွေးမ တစ်ယောက် ဟုဆိုပါသည်။ တကယ်လည်းတရားဥပဒေအရ ကျွန်မသည် ဦးကိုကိုကျော်ဇင်၏ ဇနီး၊ ဒေါ်မိမိဇင်၏ ချွေးမ ဖြစ်ပါသည်။

ကျွန်မသည် မပေါင်းသင်းလိုက်ရသော ခင်ပွန်းသည်၏ မိခင်ကိုပြုစုခဲ့ပါသည်။ တာဝန်အရမဟုတ်ပဲ. မိဘအရင်းသဖွယ်သဘောထားပြုစု ခဲ့သည်ကိုကာယကံရှင် ဖြစ်သော ဒေါ်မိမိဇင်က သိရှိနားလည်ပေသည်။သို့သော်.. ခြောက်လအကြာတွင် ဒေါ်မိမိဇင် ရောဂါ ဖြင့်ကွယ်လွန်သွားခဲ့ရလေသည်။

ဒေါ်မိမိဇင်၏ ချမ်းသာကြွယ်ဝမှုအားလုံးကို တစ်ဦးတည်းသော အမွေခံအ ဖြစ် ကျွန်မဆက်ခံခဲ့ရပေ၏ ။

ထိုအခါ. ကျွန်မအား မင်္ဂလာဦးနေ့တွင် မုဆိုးမ ဖြစ်ခဲ့ရ၍ သနားလှပါသည်ဆိုသော လူတို့သည် ကျွန်မအပေါ် အမြင်တစ်မျိုး ပြောင်းသွား ကြလေသည်။ လူတို့သဘောကား နားလည်ရခက်ပေစွ။ ဖြစ်ပေါ်လာသမျှ ဖြစ်စဉ်အားလုံးကို ကျွန်မဖန်တီးခဲ့ခြင်း မဟုတ်ပါ။ ဖန်တီးလို့လည်း မရပါ။လူတို့သည် မနာဝန်တို မစ္ဆရိယကြီးမားသူများ ဟု ကျွန်မ စွတ်စွဲချင်တော့သည်။ကျွန်မ အမွေအနှစ် များ စွာ ရလိုက်ခြင်းသည် သူတို့အတွက်မရှုစိမ့်နိုင်သော အ ဖြစ်တစ်ခု ဖြစ်ခဲ့ပုံရပါသည်။

သနားလှပါသည်ဆိုသော သူများ က. ဦးကိုကိုကျော်ဇင် ကွယ်လွန်သော ညက.ကျွန်မကယောင်ချောက်ချား ဖြစ်ခဲ့ပုံများ ကို ပြန်လည်ဖော်ထုတ်ခဲ့ကြလေ၏ ။

လင်ယောက်ျားသေဆုံးသည့်သတင်းထက် မကြားရသော အသံကိုအလေးအနက်ထားနေပုံ။ လင်သားသေဆုံးခြင်းအတွက်ဝမ်းနည်းကြေကွဲဟန်မပြပုံများ ကို ပြန်လည်ဖော်ထုတ်ကြလေသည်။ကျွန်မကိုလည်း ဦးကိုကိုကျော်ဇင်အား မချစ်ပဲ စည်းစိမ် ဥစ္စာကိုမက်မော၍ လက်ထပ်ယူခဲ့ခြင်းကြောင့်သာ သေဆုံးမှုအပေါ် မခံစားရခြင်း ဖြစ်သည်ဟုစွတ်စွဲလေ၏ ။

အမှန်ကို ဝန်ခံရလျှင်. ကိုကိုကွယ်လွန်စဉ်က ကွယ်လွန် သည့်သတင်းထက်'ခေါ်သံ'ကိုသာ ကျွန်မစိတ်ဝင်စားနေမိသည်မှာ အမှန် ဖြစ်ပါသည်။ ဒါလည်းကျွန်မဘဝတစ်သက်တာတွင် ကြုံတွေ့ ခဲ့ရ သော အ ဖြစ်ဆန်းကြောင့် ဖြစ်ပါသည်။ခေါ်သံနှင့်ပတ်သက်၍ ပဟေဠိ ဆန်လှသော အ ဖြစ်ကို ကျွန်မသာလျှင်သိပါသည်။တိုက်တိုက်ဆိုင်ဆိုင် ကျွန်မမင်္ဂလာဆောင်သည့်နေ့မှပေါ်ထွက်လာပြန်သော ခေါ်သံအတွက် ကျွန်မအံ့သြမိရသည်။

ထို့ထက်ပို၍ ယခင်ကခေါ်သံများ ကို ကျွန်မဘေးကလူတွေ ပါကြားခဲ့ရပြီးယခုခေါ်သံကိုမူ ကျွန်မ တစ်ယောက် တည်းကြားနေခြင်း၊ ယခင်ကခေါ်သံများ နှင့်မတူသုံးကြိမ်ထွက်ပေါ်ပြီးသည့်တိုင် ပြတ်မသွားပဲ အဆက်မပြတ်ထွက်ပေါ်နေခြင်းများ ကကျွန်မဦးနှောက်အတွင်း စိုးမိုး ခဲ့သည်မှာ အမှန် ဖြစ်ပါသည်။

ထို့ကြောင့် ကျွန်မသည် ကိုကိုသေဆုံးသည့်အပေါ်တွင် အလေးအနက်မထားသယောင် ဖြစ်ခဲ့ရပေသည်။ တကယ်တော့ ကျွန်မလို ဗုဒ္ဓဘာသာဝင်ဗမာမိန်းကလေး တစ်ယောက် အဖို့ မင်္ဂလာဦးညတွင် လင်ယောကျာ်းကွယ်လွန်သွားခြင်းအပေါ် အဘယ်ကြောင့် အလေးအနက်မထားရမည် နည်း။ ကိုကိုသေဆုံးသွားခြင်းအတွက် ကျွန်မကြေကွဲဝမ်းနည်းခဲ့ရပါသည်။ တဒင်္ဂအချိန်တွင် သာကျွန်မအတွက် သတိလက်လွတ်ဖြင့် ကယောင်ချောက်ချား ဖြစ်ခဲ့ရခြင်း ဖြစ်ပါ၏ ။

အတင်းအဖျင်းပြောလိုသူများ က ကျွန်မနှင့်ကိုကိုတို့ သမီးရည်းစားမဟုတ်ကြပါပဲနှင့်. ကိုကို၏ စကားကမ်းလှမ်းမှုကြောင့် ကျွန်မလက်ခံခေါင်းညိတ်ခဲ့ခြင်းကိုလည်း ကျွန်မကို ငွေမက်လို့လက်ခံသည်ဟုပြောကြပြန်သည်။

တကယ်တော့. ဦးကိုကိုကျော်ဇင်သည် ကျွန်မတို့ကုမ္ပဏီ၌ ဒါရိုက်တာအဖွဲ့ဝင်လူကြီးတစ်ဦး ဖြစ်ပေရာ. ကိုကို၏ ကြွယ်ဝမှုနှင့် ရာထူး ဂုဏ်သိန်ကိုမက်မောသူဝန်ထမ်းမိန်းကလေးတွေ များ စွာ ရှိပေ၏ ။ ထိုအထဲကမှ ကျွန်မကိုရွေးချယ်ခဲ့ခြင်းကသူတို့၏ စိတ်နှလုံးကို ထိခိုက်စေခဲ့ဟန်တူပါသည်။ ဦးကိုကိုကျော်ဇင်နှင့် မပေါင်းလိုက်ရပါပဲ ခြောက်လကာလအတွင်း ကိုကိုနှင့်ပတ်သက်သော စည်းစိမ်ဥစ္စာအားလုံးကျွန်မလက်ထဲရောက်လာခြင်းက ကျွန်မကို မရှုစိမ့်နိုင်အောင် ဖြစ်စေခဲ့တော့သည်။

ဝန်ထမ်းအများ ၏ ကဲ့ရဲ့ စကားတင်းဆိုမှုကို ကျွန်မ၏ အခင်မင်ဆုံးသူငယ်ချင်း ဖြစ်သော မေတင့်ခိုင်ထံမှတစ်ဆင့် ကြားသိရပေသည်။ ကျွန်မနှင့်မေတင့်ခိုင်မှာ ငွေစာရင်းဌာနတွင် တာဝန်ယူရသော အဆင့်တူ ဝန်ထမ်းများ ဖြစ်ပါသည်။

ကျွန်မသည် အများ ၏ ကဲ့ရဲ့ ရှံ့ချမှုကို ခံယူနိုင်စွမ်းမရှိတော့ပါပေ။ သာမန်ဘဝများ နှင့်မတူအောင် ကြုံခဲ့ရသော အ ဖြစ်များ ကလည်း ကျွန်မစိတ်ကို ပြင်းထန်စွာ ရိုက်ပုတ်ခဲ့လေပြီ။ ဘဝ၏ ထုထောင်းမှုဒဏ်၊ ပတ်ဝန်းကျင်၏ မနာလိုစကားတင်းဆိုမှုများ ကို ကျွန်မခံနိုင်ရည်မရှိတော့။

ကျွန်မအလုပ်မှနှုတ်ထွက်လိုက်လေ၏ ။

ကုမ္ပဏ္လီါရိုက်တာလူကြီးများ က ကျွန်မကိုခေါ်မေးခဲ့သည်။ ကျွန်မကလဲအလုံးစုံကို မချွင်းမချန်ရင်ဖွင့်ပြောပြလိုက်ပါ၏ ။

'တကယ်တော့.. မြစံပယ်ရုံအနေနဲ့ ဒီကုမ္ပဏီမှာ ဒါရိုက်တာအဖွဲ့ဝင်လူကြီးရာထူးနဲ့ ဆက်ပြီး လုပ်ရင်တောင်ရပါတယ်၊ ဦးကိုကိုကျော်ဇင်ဟာကုမ္ပဏီမှာ အများ ဆုံးအစုရှယ်ယာဝင်ထားသူ တစ်ယောက် ပဲ၊ ဦးကိုကိုကျော်ဇင်ရဲ့ အစုရှယ်ယာအားလုံးကို မြစံပယ်ရုံကပဲ ဆက်ခံရမှာ လေ'

မှန်ပေသည်။ ကျွန်မသည် ကျွန်မခင်ပွန်းနေရာတွင် ဝင်၍ တာဝန်ထမ်းဆောင်လိုက ထမ်းဆောင်နိုင်ပေသည်။ သည်လိုလုပ်ခြင်း အားဖြင့်ကျွန်မကိုမနာလို စကားတင်းဆိုသူများ ကို အထက်မှအုပ်ချုပ်ကာပြန်လည်ပညာပေးလို့ရပေသေး၏ ။

သို့သော် သည်လိုသေးသိမ်သော လုပ်ရပ်မျိုး ကျွန်မမလုပ်လိုပါ။သည်ပတ်ဝန်းကျင်နှင့်လည်း ကျွန်မကင်းကွာလိုပေပြီ။ ကျွန်မက ဒါရိုက်တာလူကြီးများ ကို တောင်းပန်လိုက်သည်။ ကျွန်မ၏ အစုရှယ်ယာများ ကိုဆက်လက်ထားရှိပါမည် ။ ဒါရိုက်တာအဖွဲ့အစည်းအဝေးများ ကို တက်ရောက်ပါမည် ။

အလုပ်တာဝန်ကိုတော့ မယူလိုတော့ပါဟု ပြောလိုက်လေသည်။လူကြီးများ က ကျွန်မကိုနားလည်မှုပေးကာ အလုပ်ထွက်ခွင့် ပေးခဲ့ပါ၏ ။

*


ကျွန်မ၏ စိတ်နှလုံးညှိုးနွမ်းမှုများ ကို ပြေပျောက်စေသူမှာ မေမေ ဖြစ်ပါသည်။ တကယ်တော့ ဤကမ္ဘာပေါ်၌ ကျွန်မအပေါ်နားလည်မှု အရှိဆုံးသူမှာ မေမေသာ ဖြစ်လေသည်။

မေမေက ကျွန်မကို နှစ် သိမ့်မှုပေးခဲ့သည်။ တရားပြခဲ့သည်။ဆိုဆုံးမခဲ့သည်။

ကျွန်မက ခေါ်သံနှင့်ပတ်သက်သော ပဟေဠိဆန်သည့် ဖြစ်ရပ်ကို မေမေ့ကိုငြီးငြူပြမိသည်။ မေမေသည် ခေါ်သံကို ကျွန်မနှင့်အတူ နှစ် ကြိမ်တိတိကြားခဲ့ဖူးသူ ဖြစ်သည်။ ခေါ်သံအပေါ်တွင် ကျွန်မအား နားလည်မှုအပေးနိုင်ဆုံးမှာ မေမေပင် ဖြစ်ပေ၏ ။

'ဒီခ်ါသံဟာ ဘာကြောင့်ထွက်လာရတာ လဲ၊ ဒါဟာ သာမန် အ ဖြစ်တစ်ခုမဟုတ်တာတော့သေချာတယ်မေမေ၊ ထူးတာက နောက်ဆုံးကြားခဲ့ရတဲ့ ခေါ်သံဟာ တကယ်အစစ်ဟုတ်မဟုတ်ဆိုတာ သမီး မဝေခွဲနိုင်တာပဲ'

'ဘာ ဖြစ်လို့လဲသမီး'

'သမီးအသက်၁၃နှစ် နဲ့၁၆နှစ် မှာ ကြားခဲ့ရတဲ့ခေါ်သံကို မေမေပါ ကြားခဲ့ရတယ်လေ၊ အဆောင်မှာ နေတုံးကကြားရတဲ့ ခေါ်သံကိုလည်း သမီးနဲ့ အတူနေတဲ့ သီတာလှိုင်ပါ ကြားခဲ့ရတယ်၊ ဒီခေါ်သံသုံးကြိမ်ဟာ သမီးစိတ်ထင်ယောင်ထင်မှား ဖြစ်လို့မဟုတ်ဖူးဆိုတာ သေချာတာပေါ့'

'အင်း.'

'ကိုကိုဆုံးတဲ့ညမှာ ပေါ်လာတဲ့ ခေါ်သံက အရင်ခေါ်သံတွေ လို မဟုတ်ဖူး၊သုံးခါတည်းခေါ်ပြီး ပြတ်မသွားဘူးမေမေ၊ ခေါ်သံတွေ ဟာ ဆက်တိုက်ပေါ်လာနေတယ်၊ ပြီးတော့ အဲဒီ နေ့ဟာ ခရစ္စမတ်နေ့ မဟုတ်ဖူးလေ၊ အရင်ကြားရတဲ့ ခေါ်သံတွေ နဲ့ ကွဲလွဲနေလို့ သမီးအဲဒီ အပေါ်မှာ အံ့သြနေရတယ်၊ အဲဒါကြောင့်ပဲ ကိုကိုကားမှော က်တဲ့သတင်းကိုကြားရက်နဲ့ မတုံ့ပြန်မိခဲ့တာပေါ့၊ သမီးရဲ့ အ ဖြစ်က ခုတော့လူတွေ ကဲ့ရဲ့ ဖို့ ဖြစ်လာရပြီလေ'

'လူတွေ အမြင်ကို ဂရုထားမနေဖို့ မေမေအတန်တန် ဆုံးမပြီးပြီလေ၊သမီးရဲ့ စိတ်ရင်းစေတနာမှန်ဖို့သာလိုရင်း ပါ၊ သမီးအနေနဲ့ ကိုယ့်ယောက္ခကို မိခင်ရင်း တစ်ယောက် လို စေတနာသန့်သန့်နဲ့ ပြုစုလိုက်ရတဲ့အပေါ်မှာ စိတ်သန့်ဖို့ပဲလိုတယ်၊ အဲဒီ ကုသိုလ်က သမီးဆီ တန်ပြန်လာမှာ ပါ၊ သူများ ပြောတာတွေ ကိုဂရုထားမနေပါနဲ့ ကွယ်.'

'ဟုတ်ကဲ့မေမေ'

'မေမေသိချင်တာက အဲဒီ နေ့ကကြားခဲ့ရတဲ့ ခေါ်သံဟာ တကယ်ထွက်လာတဲ့ ခေါ်သံဟုတ်သလားဆိုတာပဲ'

'သမီးနားထဲမှာ တော့ အဆက်မပြတ်ကြားနေရတယ်၊ အဲဒါကြောင့်လည်းသမီးကြားသလို ဘေးလူတွေ ပါကြာသလားဆိုတာ သမီးစပ်စုမိတာပဲ မေမေ၊အဲဒါကြောင့်ပဲ သမီးကို ကဲ့ရဲ့ စရာ ဖြစ်ခဲ့ရ တာပေါ့၊ ဒါပေမယ့် ခေါ်သံကို လူတွေ ကြားပုံမရပါဘူးမေမေ၊ တကယ်လို့သာ သမီးကြားသလိုကြားခဲ့ရင် သမီးကို ဒီလိုအတင်းပြောစရာ ဘယ် ဖြစ်လာမလဲ၊ သူတို့မကြားရလို့သာ သမီးကို ယောကျာ်းသေတာ ဝမ်းနည်းပုံမပြဘူးလို့ ကဲ့ရဲ့ စရာ ဖြစ်တာပေါ့မေမေ'

'အင်း . ဒါလဲ ဟုတ်တာပဲ'

မေမေက တဒင်္ဂငြိမ်သက်သွားသည်။

အတန်ကြာမှ မေမေက သက်ပြင်းကိုရှည်လျားစွာ ချလိုက် လေ၏ ။

'ခေါ်သံနဲ့ ပတ်သက်ပြီး မေမေ့မှာ ထင်မြင်ချက်တစ်ခုရှိတယ် သမီး'

'ရှင်. မေမေ'

ကျွန်မက မေမေ၏ လေးနက်တည်ငြိမ်သော မျက်နှာကို ပြန်ကြည့်လိုက်သည်။

'အခုမေမေပြောမယ့်စကားကို အတည်လို့တော့ မမှတ်စေချင်ဘူး၊မေမေ့ရဲ့ စိတ်အထင်ကိုပဲ ပြောတာနော်'

မေမေ့စကားကြောင့် ကျွန်မပို၍ စိတ်ဝင်စားသွားလေသည်။ မေမေသည်ခေါ်သံ၏ လျှို့ဝှက်ချက်ကို သိထားလေသလား။

'ဂမ္ဘီရဆန်တဲ့ အ ဖြစ်တွေ ၊ ပရလောကတို့၊ သိုက်နန်းတို့၊ ဥစ္စာစောင့်တို့ကိုမေမေအယုံအကြည်မရှိပါဘူး၊ သမီးရဲ့ အ ဖြစ်ဟာ တဖြည်းဖြည်းဆန်းကြယ်လာလွန်းလို့ မေမေက အတွေးချဲ့မိတာပါ'

'မေမေ. ပြောပါမေမေ'

ကျွန်မက မေမေ့စကားကို စိတ်ဝင်စားသည်ထက် ဝင်စားလာလေပြီ။

'မေမေ့ရဲ့ စိတ်အထင်ကိုပဲ ပြောမှာ ဖြစ်လို့ တစ်ထစ်ချအမှန်လို့ မယူဆစေချင်ဘူး၊ အေးလေ. သမီးလည်းခေတ်ပညာတတ် တစ်ယောက် ပဲ၊ စဉ်းစားတတ်မှာ ပါ'

'ဟုတ်ကဲ့ပါ မေမေ'

*


'ဒီလိုကွဲ့. မေမေနဲ့ သမီးအဖေအိမ်ထောင်ကျပြီးတော့ အိမ်ထောင်သက်ခုနစ်နှစ် ရှိတဲ့အထိ သားသမီးမထွန်းကားခဲ့ဘူး၊ အ္လဲီတုန်းက မေမေတို့ မြိုင်သေလာမြို့ကိုရောက်နေပြီ၊ မြိုင်သေလာကိုရောက်တာ ၂နှစ် ရှိတဲ့ အချိန်ပေါ့၊ မြိုင်သေလာမှာ မေမေတို့ငှားနေတဲ့ အိမ်ရဲ့ အိမ်ရှင် ဒေါ်နန်းအေးဝေကို သမီးမှတ်မိသေးလား'

'အန်တီနန်းအေးဝေကို သမီးမှတ်မိပါတယ်မေမေ'

'ဒေါ်နန်းအေးဝေက မေမေ့ကို အကြံပေးခဲ့တယ်လေ၊ ကလေးလိုချင်ရင်'စမ်းဦးလွင်'စခန်းက ညောင်ပင်ကြီးဆီမှ သွားပြီးဆုတောင်းပါတဲ့ ၊ အဲဒီ ညောင်ပင်ကြီးမှာ သားဆုတောင်းရင်ပြည့်တယ်တဲ့ '

စမ်းဦးလွင်စခန်းမှာ အပန်းဖြေစခန်းတစ်ခု ဖြစ်ပြီး မြိုင်သေလာနှင့် ၁၈မိုင်ဝေးပေသည်။ မြိုင်သေလာမြို့နယ်အတွင်းပါဝင်သော ကျေးရွာအုပ်စုအဆင့်ရှိ္လေသတစ်ခု ဖြစ်ပါ၏ ။ စမ်းဦးလွင်တွင် လျှိုမြောင်စိမ့်စမ်းများ ၊ စမ်းချောင်းရေအိုင်များ နှင့်ရေတံခွန်တစ်ခုရှိပေသည်။ သာယာလှပသော ရှုခင်းကြောင့် အပန်းဖြေစခန်းတစ်ခုအ ဖြစ်ဖွင့်လှစ်ထားပေ၏ ။

အနီးပတ်ဝန်းကျင်၌ လည်း ရှေးဟောင်းဘုရားပုထိုးများ တည်ရှိပေသည်။မြိုင်သေလာသည် အစိုးရရုံးစိုက်ရာ မြို့နယ်အဆင့်မြို့တစ်မြို့ ဖြစ်သည်။မြိုင်သေလာထက် အပန်းဖြေစခန်း ဖြစ်သော စမ်းဦးလွင်က ပို၍ စည်ကားကာ၊ပို၍ လည်း လူသိများ ပေသည်။

နွေရာသီလိုအချိန်များ ၌ စမ်းဦးလွင်တွင် အပန်းဖြေအနားယူသူဧည့်သည်များ ဖြင့် ပြည့်နေတတ်ပါ၏ ။

ကျွန်မစိတ်ထဲတွင် ငယ်စဉ်ကရောက်ဖူးသော စမ်းဦးလွင်ကို မြင်ယောင်လာလေသည်။

'ဒေါ်နန်းအေးဝေက သူကိုယ်တိုင် မေမေ့ကို လိုက်ပို့ခဲ့တယ်၊ ညောင်ပင်ကြီးဆိုပေတဲ့ သွားရတဲ့ ခရီးက မနီးလှဘူး၊ စမ်းဦးလွင်ကနေ ရွာထဲဝင်၊ ရွာရဲ့ တောင်ဖက်စူးစူးမှာ ရှိတဲ့ ရှေးဟောင်းဘုရားပျက်ကြီးထဲကို သွားရတာ ၊ ညောင်ပင်ကဘုရားပျက်ဝင်းထဲမှာ ရှိတဲ့ ညောင်ပင်လေ၊ ဘေးမှာ လည်း ဘုရားပုထိုးအပျက်အစီးတွေ မှအများ ကြီးပဲ၊ သစ်ပင်အိုကြီးတွေ ကလည်း တန်းစီပြီး အရိပ်အာဝါသတွေ နဲ့ မှိုင်းညို့လို့၊ သွားရတာ ကို တော် တော် စိတ်ချောက်ချားဖို့ကောင်းတဲ့ နေရာမျိုးပေါ့သမီး'

'ဟုတ်ကဲ့မေမေ'

'အဲဒီ ဘုရားအိုကျောင်းပျက်တွေ ထဲမှာ အချောက်အလှန့် ကြမ်းတမ်းတယ်လို့လဲ ပြောကြတယ်၊ နေဝင်ချိန်ဆိုရင် ဘယ်သူမှမသွားရဲကြဘူး၊ ဥစ္စာစောင့်သိုက်တွေ လည်း ရှိတယ်တဲ့၊ ဒေါ်နန်းအေးဝေအပြောအရတော့ သိုက်ပေါင်းမှ မျိုးကိုစုံနေတာပဲ'

'အို.'

'ညညဆို ဥစ္စာစောင့်မလေးတွေ ဟာ ဖီးလိမ်းချယ်သပြီး စမ်းဦးလွင်အပန်းဖြေစခန်းအထိထွက်လာကြတယ်တဲ့ ၊ စခန်းကဆိုင်တွေ မှာ မုန့်ဝယ်စားကြတယ်တဲ့ ၊ဘယ်တော့မှ ထိုင်မစားဘူး၊ သူတို့ဝယ်တဲ့ မုန့်ပဲသရေစာကို အမြဲပဲ ထုတ်ပိုးပြီးယူသွားတတ်ကြတယ်တဲ့ ၊ အဲ. သူတို့ပေးတဲ့ ပိုက်ဆံဟာ သူတို့လည်း မြင်ကွင်းထဲကပျောက်သွားရော သစ်ရွက်တွေ ဖြစ်နေတတ်တယ်တဲ့ '

'ဟင်.'

'တချို့က လိုက်ချောင်းပေမယ့် ကိုယ်ရောင် ပျောက်သွားလို့ သိုက်ရှိတဲ့ နေရာအထိ ဘယ်တော့မှလိုက်လို့မရဘူးလို့ ပြောတယ်သမီး၊ သူတို့ပေးတဲ့ ပိုက်ဆံတွေ ကလည်း သူတို့ကွယ်ပျောက်သွားမှသာ သစ်ရွက်အ ဖြစ် ပြောင်းသွား တော့ သူတို့ကို မိအောင် ဘယ်လိုမှဖမ်းလို့မရဘူးတဲ့ '

'မေမေသွားတုံးကရော. ဥစ္စာစောင့်တွေ မြင်ခဲ့ရသလားဟင်'

'မမြင်ရပါဘူး၊ မေမေသွားတာက နေ့ခင်းပိုင်းလေ၊ စိတ်ချောက်ချားဖို့တော့ကောင်းတယ်၊ ဥစ္စာစောင့်ရှိတယ်ဆိုတာတော့ မေမေမယုံပါဘူး၊ ဒီလိုပဲ ရှေးဟောင်းအဆောက်အအုံပျက်ရှိတဲ့ နေရာဆိုရင် မြန်မာလူမျိုးတွေ က ဥစ္စာစောင့်တို့သရဲတစ္ဆေတို့ရှိသယောင်ပြောတတ်ကြတာပဲလေ'

'ဟုတ်တယ်နော်မေမေ'

'မေမေလည်း ဒေါ်နန်းအေးဝေလိုက်ပို့တဲ့ ညောင်ပင်ကြီးဆီမှာ သားဆုတောင်းခဲ့တယ် လေ၊ အဲဒီ ကအပြန်မှာ သမီးကိုကိုယ်ဝန်ရှိတာပဲ'

'ဟင်.ဟုတ်လား'

'တိုက်ဆိုင်တာပဲ ဖြစ် ဖြစ်၊ ဘာပဲ ဖြစ် ဖြစ်၊ ခုနစ်နှစ် လုံး ကလေးမရခဲ့တာသားဆုတောင်းပြီးမှ သမီးကိုမွေးတော့ ညောင်ပင်ကြီးမှာ သားဆုတောင်းတာ ပြည့်တယ်လို့ပဲပြောရမှာ ပေါ့လေ'

'အင်းပေါ့လေ'

'အဲဒါပဲသမီး၊ မေမေလည်း အထိုက်အလျှောက်ပညာတတ်ပြီး ကျောင်းတုန်းကလည်း သိပ္ပံဘာသာတွဲ ယူခဲ့တာဆိုတော့ ဂမ္ဘီရဆန်ဆန်အကြောင်းအရာတွေ ကို အယုံအကြည်မရှိခဲ့ပါဘူး၊ါပေမယ့် သမီးကြားနေရတဲ့ ခေါ်သံနဲ့ ပတ်သက်လာတော့ မေမေ့မှာ တွေးစရာအကြောင်းတွေ ရှိလာတယ်'

'ဘယ်လိုများ လဲမေမေရယ်'

*


'ခေါ်သံကို မေမေကိုယ်တိုင် နှစ် ခါကြားခဲ့ရတယ်လေ၊ ပထမတစ်ခါကြားတုံးကတော့ အမှတ်မထင်ပဲ၊ မိတ္ထီလာအရောက်မှာ ထပ်ကြားရမှ တို့သားအမိ ခေါ်သံနဲ့ ပတ်သက်ပြီး ထူးခြားမှုရှိတာကို သတိထားမိလာတာမဟုတ်လား'

'ဟုတ်တယ်လေမေမေ၊ မိတ္ထီလာနဲ့ မြိုင်သေလာ တစ်မြို့နဲ့ တစ်မြို့ အဝေးကြီး၊ ကြားရတဲ့ ခေါ်သံက တစ်မျိုးထဲ၊ နောက်ကထွက်လာတဲ့ အဘိုးကြီးအသံရော၊ စကားအသုံးအနှုန်းရော တူနေတော့ မေမေရော သမီးပါ အံ့သြခဲ့ကြရတာ ပဲ'

'မိတ္ထီလာမှာ တိယအကြိမ်ကြားရတော့ မေမေ့မှာ အတွေးဝင်ခဲ့တာပဲသမီး၊ သမီးကိုသာ မေမေဖွင့်မပြော ဖြစ်ခဲ့တာ'

'ဘယ်လိုများ လဲမေမေ'

'မေမေတို့ဟာ ဝန်ထမ်းဘဝမှာ မြိုင်သေလာမှာ အကြာဆုံးနေခဲ့ရတယ်၊သမီးမမွေးခင်၂နှစ် ၊ သမီးကိုမြိုင်သေလာမှာ ပဲမွေးပြီး သမီးအသက်၁၃နှစ် မှပြောင်းလာတာဆိုတော့ မြိုင်သေလာမှာ ၁၅နှစ် တောင်ကြာခဲ့တာပေါ့ကွယ်'

'ဟုတ်သားပဲမေမေ၊ သမီးရှစ်တန်းနှစ် ကျမှ မိတ္ထီလာပြောင်းရတာ လေ'

'ခေါ်သံနဲ့ အခေါ်ခံရတဲ့ နာမည် ရှင်က 'စောမြတ်မွန်'တဲ့ ၊ စောမြတ်မွန်ဆိုတဲ့ နာမည် ဟာ ရှမ်းပြည်နယ်မှာ မဆန်းကြယ်ပါဘူး၊ မိတ္ထီလာရောက်လို့ အလားတူခေါ်သံမျိုးကို တူတူညီညီကြားလိုက်ရတော့ မေမေ့စိတ်ထဲဇဝေဇဝါ ဖြစ်လာတယ်'

မေမေက ပြောမထွက်သေးပဲ သက်ပြင်းကိုချလိုက်သည်။

ကျွန်မသည် မေမေ့ကိုငေးကြည့်နေမိ၏ ။

'မေမေ သားဆုတောင်းစဉ်က ဆုတောင်းပြည့်ခဲ့တယ်၊ သမီးကိုမွေးခဲ့တယ်၊ အခုတော့ မေမေ့စိတ်ထဲမှာ ဘယ်လိုထင်နေမိသလဲဆိုတော့. သမီးဟာစမ်းဦးလွင်ရဲ့ ဂမ္ဘီရဆန်တဲ့ နယ်မြေထဲက ပါလာတဲ့ .'

'မေမေ၊ ဥစ္စာစောင့်၊ သမီးကို ဥစ္စာစောင့်လို့ ဆိုလိုတာလားဟင်'

'အဲဒီ အတွေးဟာ မိတ္ထီလာမှာ ခေါ်သံကို တိယအကြိမ်ကြားခဲ့ရတဲ့ ညမှာ တွေးခဲ့မိတဲ့အတွေးပဲသမီး၊ ဘာ ဖြစ်လို့လဲဆိုတော့ ခေါ်သံရဲ့ နာမည် ဟာ စောမြတ်မွန်ဆိုတာ တိုက်ဆိုင်နေတယ်လေ၊ စောမြတ်မွန်ဆိုတဲ့ ရှမ်းနာမည် နဲ့ မိန်းကလေးကိုမိတ္ထီလာအထိ ဘာကြောင့်လိုက်ခေါ်ရသလဲ၊ဒါလောက်ပဲ တိုက်ဆိုင်ရသလား၊ ပြီးတော့ မိတ္ထီလာမှခေါ်သံကြားတုန်းက လူမရှိတဲ့ နောက်ဖေးဖက်ကန်ပေါင်ကနေလှမ်းခေါ်တာ'

'အို. မေမေ'

'ခေါ်သံကြားချိန်တိုင်းမှာ ခေါ်တဲ့ သူရဲ့ အကောင်အထည်ကို မမြင်ရဘူး၊ပြီးတော့. သမီးရန်ကုန်မှာ ကျောင်းတက်နေတုံးကလည်း အဆောင်ရှေ့ကနေလှမ်းခေါ်တဲ့ ခေါ်သံကိုကြားရပြန်တယ်ဆိုတော့ကာ. ပရလောကသားမို့ သူတို့ရဲ့ အဆက်အနွယ် ဖြစ်တဲ့ သမီးကို ဘယ်ရောက်နေတယ်ဆိုတာ သိနေတယ်လို့ ယူဆမိတာပေါ့လေ'

'မေမေ၊ စမ်းဦးလွင်မှာ စောမြတ်မွန်ဆိုတဲ့ ဥစ္စာစောင့်ရှိတယ်လို့ မေမေကြားခဲ့လို့လားဟင်'

'မကြားခဲ့ပါဘူးကွယ်၊ မကြားခဲ့ဘူးဆိုတာထက်္လေါ်နန်းအေးဝေပြောတဲ့ အကြောင်းတွေ ကို သေချာမမှတ်မိတော့တာပါ၊ ဒေါ်နန်းအေးဝေကလည်း တကယ်သာဥစ္စာစောင့်တွေ ရှိခဲ့ရင် ဥစ္စာစောင့်တိုင်းရဲ့ နာမည် ကို သူသိချင်မှသိမှာ ပေါ့ကွယ်'

'ဒါလည်း ဟုတ်တာပဲလေ'

'သမီးမင်္ဂလာဆောင်တဲ့ နေ့မှာ ကြားရတယ်ဆိုပြန်တော့ မေမေ့အတွေးကပိုပြီးခိုင်သွားသလိုပဲ သမီး၊ ဒီကြားထဲ မောင်ကျော်ဇင်ပါ သေရပြန်တယ်၊ အို. မပြောကောင်း မဆိုကောင်း. မေမေထင်သလိုများ ဖြစ်နေခဲ့ရင်.'

'မေမေ. မေမေ. ပြောပါဦး၊ မေမေက ဘယ်လိုထင်သလဲဟင်'

'သမီး၊ ဥစ္စာစောင့်တွေ ဟာ လူ့လောကကိုရောက်လာရင် နှစ် အကန့်အသတ်နဲ့ နေရတာ တို့ ဘာတို့ ကြားဖူးတယ်မဟုတ်လား'

'ကြားဖူးပါတယ်မေမေ'

'တချို့ သိုက်ကလာတဲ့ ကလေးတွေ ကို ရူးအောင်၊ အ,အောင်လုပ်လွှတ်လိုက်ကြတယ်၊ အဲဒါ သူတို့သိုက်ရှိတဲ့ နေရာကို ပြောမှာ စိုးလို့ လူစဉ်မမီအောင်လုပ်ပြီး လူ့ပြည်ကိုလွှတ်လိုက်တာတဲ့ '

'မေမေရယ်. သမီးတော့ တစ်သက်လုံး ကိုယ့်ကိုကိုယ် ဥစ္စာစောင့်လို့ထင်ရလောက်တဲ့ သဲလွန်စ တစ်ခုမှ မတွေ့ ဘူးပါဘူး မေမေ၊ ဘယ်သိုက်ကိုမှလည်းသမီးမမှတ်မိဘူး'

'မေမေပြောချင်တာက တစ်မျိုးပါ၊ ဥစ္စာစောင့်တွေ ဟာ လူအ ဖြစ်နဲ့ လူ့လောကမှာ နေရချိန်မှာ အိမ်ထောင်မပြုပါဘူး၊ အိမ်ရာမထူထောင်ပါဘူးဆိုတဲ့ ကတိကို သိုက်မှာ ပေးခဲ့ရတာ မျိုးလည်း ရှိတယ်လေ၊ အိမ်ထောင်ပြုရင် တစ်နည်းနည်း နဲ့ သိုက်ကပြန်ခေါ်တယ်တဲ့ ၊ သမီးကိုတော့.'

'ရှင်. သမီးကိုတော့. သမီးကိုတော့ပြန်မခေါ်ပဲ. သမီးနဲ့ အိမ်ထောင် ပြုတဲ့ ကိုကို့ကိုပဲ.'

'အဲဒီ လိုယူဆမိတာပဲ သမီးရယ်. သူတို့က သမီးကိုအိမ်ထောင်မပြုစေချင်တော့ မောင်ကျော်ဇင်ကို သမီးအနားက ဖယ်ထုတ်ပစ်လိုက်တယ်'

'သူတို့က. သူတို့က.'

သူတို့ဆိုသည်မှာ ဘယ်သူတွေ လဲ၊ ဘယ်ကလဲ၊ ကျွန်မဘာမှမမှတ်မိပါ။'ဒါတွေ က မေမေ့အတွေးသက်သက်ပါ သမီး၊ ဟုတ်ချင်မှလဲ ဟုတ်မယ်၊မရေရာလို့ သမီးကို မေမေ ပြောကိုမပြောခဲ့ဘူး၊ အခုပြောရတာ က တခြားကြောင့်မဟုတ်ဖူးသမီး၊ သမီးကို ဘုရားတရားမြဲစေချင်လို့၊ အရင်ကထက် ဘုရားအလုပ်ကိုပိုလုပ်ပါသမီး၊ ဘုရားတရားမြဲတဲ့ သူကို ဘယ်သူကမှ လုပ်ချင်တိုင်းလုပ်လို့မရပါဘူး၊သမီးအသက်ရှည်ဖို့. သမီးအန္တရာယ်ကင်းဖို့အတွက် သတိပေးချင်လို့ မေမေ့အတွေးတွေ ကို ဖွင့်ပြောလိုက်တာသမီး'

'မေမေပြောတာ ဖြစ်နိုင်ပါတယ်လေ၊ ခေါ်သံကိုကြားရတဲ့ အစပိုင်း နှစ် ခါတုံးက အဘိုးကြီး တစ်ယောက် အသံနဲ့ သူပျော်ရာမှာ နေပါစေ၊ အချိန်တန်ရင်ပြန်လာမှာ ပါဆိုတဲ့ စကားကို ကြားလိုက်ရတယ်လေ၊ီအဘိုးကြီးဟာ.သိုက်က.'

'ဥပါဒါန်ကြောင့်တော့ ဥပါဒ်မရောက်စေချင်ဘူး သမီးရယ်၊ အစွဲအလမ်းမထားပါနဲ့ ၊ သမီးကိုဘုရားတရားအလုပ်ပိုလုပ်စေချင်လို့ မေမေက ဒါတွေ ကိုပြောပြတာပါ၊ မေမေကိုယ်တိုင်လည်း ယုံလှတယ်တော့မဟုတ်ဖူး၊ါပေမယ့် တို့ဟာဗုဒ္ဓဘာသာဝင်တွေ မဟုတ်လား၊ ရိုးရာအစွဲအလမ်းတွေ ကိုတော့ မပစ်ပယ်သင့်ဘူး၊အ စွန်းမရောက်ဖို့ပဲ အရေး ကြီးတယ်သမီး'

'သမီးနားလည်ပါပြီမေမေ'

*


( ခ )

မေမေ၏ အထင်အမြင်များ ကိုသိလိုက်ရ၍ ကျွန်မရင်မှာ စောမြတ်မွန်ဆိုသော ခေါ်သံသည် တစ်ဖန်ပြန်လည်ဆန်းသစ်လာပြန်လေသည်။

စောမြတ်မွန်၊ စောမြတ်မွန်။ စောမြတ်မွန်ဆိုသည်မှာ မည် သူ ဖြစ်လေမည် လဲ။ မေမေထင်သလို သိုက်နန်းတစ်ခုခုက ဥစ္စာစောင့်မလေးပေပဲလား။ ကျွန်မသည်ပင် သိုက်နန်းမှလာသော ဥစ္စာစောင့်မလေးစောမြတ်မွန် ဖြစ်လေသလား။ ကျွန်မကိုခေါ်သူအသံရှင်သည် သိုက်နန်းတွင် ကျန်ရစ်ခဲ့သော ကျွန်မချစ်သူ (သို့မဟုတ်)ကြင် ယာတော် တစ်ဦးပေလား။ ခေါ်သံရှင်၏ နောက်မှလိုက်ပါချော့မော့ဖျောင့်ဖျခဲ့သူအဘိုး အိုကရော. မည် သူ ဖြစ်လေမည် လဲ။

သိုက်နန်း၏ အကြီးအကဲ တစ်ယောက် ပေလော။ကျွန်မသည် ထူးဆန်းသော ခေါ်သံကို အဖြေပေါ်အောင်လိုက်ပါစုံစမ်းလိုစိတ်များ ပြင်းထန်လာခဲ့လေသည်။ ခေါ်သံ၏ နောက်ကွယ်တွင် လျှို့ဝှက်နက်နဲလှစွာ သော အချက်အလက်များ ရှိနေမည် ကိုလည်း အလိုလိုသိနေမိ၏ ။ ခေါ်သံ၏ အဖြေသည် ဘာလဲ.။

ကျွန်မက မေမေ့ကို ကျွန်မ၏ အကြံအစည်အား ဖွင့်ဟမိလေသည်။

'သမီး မြိုင်သေလာမြို့ကို သွားပါရစေမေမေ၊ မြိုင်သေလာနဲ့ စမ်းဦးလွင်မှာ စောမြတ်မွန်ဆိုတာ ဘယ်သူဆိုတဲ့ အဖြေကို သွားပြီးရှာပါရစေ'

မေမေက ခါးခါးသီသီးပင်ငြင်းဆန်ခဲ့လေသည်။

'ဘာ ဖြစ်လို့သွားချင်ရတာ လဲသမီး၊ သိရတော့ကော သမီးအတွက် ဘာထူးခြားမှာ မို့လဲ'

'အဖြေကိုသိချင်လွန်းလို့ပါမေမေရယ်၊ စောမြတ်မွန်ဆိုတာဟာ.'

'စောမြတ်မွန်ဟာ မြိုင်သေလာနဲ့ဆက်စပ်နေမယ်ဆိုတာရော သေချာလို့လားသမီးရဲ့ '

'နာမည် က ရှမ်းနာမည် လေ. ပြီးတော့ ခေါ်သံကို မြိုင်သေလာမှာ ပဲ သမီးတို့စကြားခဲ့ရတာ မဟုတ်လား'

'သမီးရယ်. မေမေ့ရဲ့ အထင်အမြင်အယူအဆတွေ ကို ပြောလိုက်မိတာမှားပြီထင်ပါရဲ့ ၊ တကယ်ဟုတ်ရင် မေမေက သာပြီးတော့တောင် မသွားစေချင်သေးတယ် သမီး'

'ဘာ ဖြစ်လို့လဲမေမေ'

'သမီးသာ စောမြတ်မွန် ဖြစ်ခဲ့ရင်. ဟိုကအဆက်အနွယ်တစ်ခုခု အမှန် ဖြစ်ခဲ့ရင်. သမီးကိုပြန်ခေါ်ထားလိုက်မှာ စိုးလို့ပေါ့ကွယ်'

'အို.'

မေမေအတန်တန်တားသော ကြောင့် မြိုင်သေလာသို့ မသွား ဖြစ်ခဲ့ပါပေ။

'မြိုင်သေလာကို မသွားချင်ပါနဲ့ ကွယ်၊ အခုလည်း မသွားနဲ့ ၊ ဘယ်တော့မှလည်း မသွားရဘူးသမီး'

မေမေက ယတိပြတ်တားမြစ်ခဲ့လေသည်။

*


မေမေ့တားမြစ်မှုကြောင့် မြိုင်သေလာသို့သွားရောက်စုံစမ်းလိုသော ကျွန်မစိတ်များ ကိုထိန်းချုပ်ထားခဲ့ရလေသည်။

သို့သော်. ကျွန်မဘဝအတွက် ဖန်လာသော ကံကြမ္မာများ ကား မျှော်လင့်မထားသော အရာများ သာ ဖြစ်ခဲ့လေသည်။

မေမေသည် နောက်တစ်နှစ် အကြာတွင် ကွယ်လွန်ခဲ့၏ ။ ရောဂါ ဝ္လေနာကိုကြာရှည်မခံစားလိုက်ရပဲ ရုတ်တရက်ကွယ်လွန်သွားခဲ့ခြင်းပင် ဖြစ်ပါသည်။မေမေကွယ်လွန်ခြင်းကြောင့် ကျွန်မသည် လောကအလည်၌ အထီးကျန်တစ်ကိုယ်ရည် ဖြစ်သွားရလေသည်။

ထိုနှစ် . ၂ဝဝ၆ခုနှစ် ၏ ခရစ္စမတ်ညတွင် ကျွန်မစိတ်ဝင်စားသော ခေါ်သံသည် ပြန်လည်ပေါ်ထွက်လာပြန်လေ၏ ။

''စောမြတ်မွန် ..စောမြတ်မွန်"ညသန်းခေါင်တွင် ခေါ်သံပေါ်ထွက်လာသည်နှင့် ကျွန်မက သတိကြီးစွာ ထားရင်း အိမ်ရှေ့သို့ထွက်ခဲ့လေသည်။

အိမ်ရှေ့တခါးမကြီးကိုဖွင့်လိုက်ချိန်၌ တတိယမြောက်ခေါ်သံ ထွက်ပေါ်ပြီး ဖြစ်လေသည်။

''စောမြတ်မွန် ..စောမြတ်မွန်"

ခေါ်သံရှင်၏ အသံမှာ ကျွန်မမှတ်မိနေသော အသံပင် ဖြစ်ပါသည်။ လူလတ်ပိုင်းအရွယ် ယောကျာ်းသား တစ်ယောက် ၏ အသံသြသြ ဖြစ်သည်။ကျွန်မက လက်နှိပ် ဓာတ်မီးဖြင့် အသံကြားရာ အိမ်ရှေ့မျက်နှာစာသို့ထိုး ကြည့်လိုက်သည်။ တကယ်တော့ အိမ်ရှေ့တွင် မီးများ ကို လင်းထိန်နေအောင်ဖွင့်ထားပြီး ဖြစ်ပါသည်။

ဘာကိုမှ မမြင်ရပါ။

''စောမြတ်မွန် ..စောမြတ်မွန်"

တတိယအကြိမ်ခေါ်သံကို ကြားလိုက်ရသည်။ ခေါ်သံကြားသော်လည်းမည် သည့်အရိပ်အယောင်မှ မမြင်ရပါချေ။

သုံးကြိမ်ကြားလိုက်ရပြီးနောက် ခေါ်သံနောက်ထပ်ထွက်ပေါ်မလာပါတော့ချေ။ ပျောက်ကွယ်သွားလေပြီ။

သည်တစ်ကြိမ်ကြားရသော ခေါ်သံက. မြိုင်သေလာ၊ မိတ္ထီလာနှင့် ရန်ကုန်အဆောင်တွင် ကြားခဲ့ရသော ခေါ်သံမျိုးပင် ဖြစ်ပါသည်။ ကိုကိုသေဆုံးသည့်ညကကြားရသော ခေါ်သံမျိုးလို့ ထပ်ဆင့်.ထပ်ဆင့်ခေါ်သံများ ထွက်ပေါ်လာခြင်းမရှိပါ။ ကျွန်မအတွက် ပုံမှန်ခေါ်သံတစ်ခု ဆိုပါစို့။ နေ့ရက်မှာ လည်း ခရစ္စမတ်ညနှင့်ကိုက်ညီနေပါသည်။

ခေါ်သံရှင်သည် ကျွန်မကို စိတ်ဝင်တစားရှိနေဆဲပါတကား။သည်တစ်ကြိမ်ကြားလိုက်ရသော ခေါ်သံကြောင့် မြိုင်သေလာသို့ သွားရောက်စုံစမ်းလိုသော ကျွန်မ၏ ဆန္ဒများ ရုန်းကြွလာရပြန်ချေပြီ။ကျွန်မ မြိုင်သေလာသို့ သွားပါတော့မည် ။ တအုံနွေးနွေးနှင့် ပဟေဠိ ဖြစ်နေရသော အ ဖြစ်ကို ကျွန်မသည်းမခံနိုင်တော့ပါ။

မြိုင်သေလာတွင် မည် သို့သော ဖြစ်ရပ်မျိုးကြုံတွေ့ ရသည် ဖြစ်စေ.၊ ခေါ်သံ၏ အဖြေကို ရရ,မရရ. မြိုင်သေလာသို့အရောက်၊ ပြီးတော့. စမ်းဦးလွင်သို့အရောက် ကျွန်မသွားရောက်စုံစမ်းပါတော့မည် ။

အသံရှင်သည် ကျွန်မကို စောင့်ကြိုနေလိမ့်မည် ဟု ကျွန်မရင်ထဲ၌ မှတ်ယူနေမိသည်။

မြိုင်သေလာကိုသွားဖို့ ကျွန်မဆုံးဖြတ်လိုက်လေပြီ။ တစ်နည်းအားဖြင့်.ခေါ်သံရှင်ကို ရှာဖွေရန်၊ ကျွန်မ၏ ဘဝအမှန်ကို ဖော်ထုတ်ရန် ကျွန်မ မြိုင်သေလာနှင့်စမ်းဦးလွင်သို့ သွားပါတော့မည် ။

*


ရန်ကုန်မြေမှ ကျွန်မထွက်ခွာသွားကြောင်းကို ကုမ္ပဏီမှ ဒါရိုက်တာလူကြီးအချို့ကို အသိပေးထားခဲ့ပါသည်။ ပြီးတော့ ကုမ္ပဏီမှာ အလုပ်လုပ်နေဆဲ ဖြစ်သော ကျွန်မ၏ အခင်မင်ဆုံးသူငယ်ချင်း မေတင့်ခိုင်ကိုလည်း အသိပေးခဲ့ပါသည်။သူတို့အားလုံး၏ အမြင်မှာ တော့. ကျွန်မသည် အပန်းဖြေအနားယူရန်စမ်းဦးလွင်စခန်းသို့ထွက်သွားသည်လို့ပဲ ထင်နေကြပေလိမ့်မည် ။ တစ်လကိုးသီတင်းခန့်သာ ခေတ္တခဏသွားရောက်ခြင်းဟု ယူဆနေကြလိမ့်မည် ။

ကျွန်မကတော့ ခေါ်သံ၏ အဖြေပေါ်သည်အထိ. မြိုင်သေလာနှင့်စမ်းဦးလွင်တွင် နေထိုင်စုံစမ်းရန် ဆုံးဖြတ်ထားပြီး ဖြစ်ပါသည်။၂ဝဝ၇ခုနှစ် ၏ ဒီဇင်ဘာလထဲတွင် ကျွန်မ မြိုင်သေလာသို့ ထွက်ခွာခဲ့ပါသည်။

ဆောင်းရာသီ ဒီဇင်ဘာလ၏ ခရစ္စမတ်ညချမ်းများ တွင် 'ခေါ်သံ'ကိုကြားရလေ့ရှိသည်။

လာမည့် ခရစ္စမတ်ညတွင် ခေါ်သံ၏ အဖြေကို သိရလိုသိရငြား မြိုင်သေလာနှင့်စမ်းဦးလွင်သို့ ထွက်လာခဲ့ခြင်း ဖြစ်ပါသည်။

တစ်နည်းအားဖြင့်. ခေါ်သံရှင်ရှိရာသို့ .



ဝန်ဇင်းချစ်သူများ နွေတမာန် ၏ “ ကမ္ဘာတုန်တဲ့ည ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


သေမင်းငင် ခရီးကြမ်း

နတ်ဝှက်တဲ့ပန်း

စုန်းအပျိုစင်