(၁)
တစ်နေ့နှင့်တစ်ညလုံး သည်းခံကာ စီးနင်းလာခဲ့သော မီးရထားအိုသည် ကျွန်မအလိုရှိရာဘူတာသို့ဆိုက်ရောက်ပေတော့မည် ။
ဟောင်းနွမ်းနေသော မီးရထားအိုသည် ဘူတာစဉ်ကို ရပ်နားကာ ခရီးသည်များ နှင့် ကုန်စည်များ ကို အကန့်အသတ်မရှိ တင်ဆောင်ခဲ့သော ကြောင့် တအိအိဖြင့် နှေးကွေးလေးလံစွာ ရုန်းကန်နေရရှာပေ၏ ။ ရထားတွဲ များ ထဲ၌ လည်း အနံ့အသက်မျိုးစုံ ပျံ့နှံ့လျက်ရှိပေသည်။ ပန်းနံ့၊ သစ်သီးမျိုးစုံအနံ့နှင့် ကုန်ခြောက်အနံ့များ ပေါင်းစပ်ကာ ခေါင်းကိုက်လောက်အောင် နံစော်လျက်ရှိပေတော့သည်။ ခရီးသည်များ ကျပ်ညပ်ကာ အနေဆင်းရဲလှသော ကြောင့် နေရာလုရင်း တစ်ဦးကိုတစ်ဦး ရန်လိုစောင်းမြောင်းနေသည့် အသံများ မှာ လည်း တစ်လမ်းလုံးညံစီလျက်ရှိပေ၏ ။ကျွန်မသွားလိုသော ခရီး၌ တစ်ရက်ခြားထွက်သော ဤမီးရထားကိုမှမစီးလျှင် အခြားဆက်သွယ်ရေး ယာဉ်မရှိသည်မို့ အလွန်ပင်သည်းခံကာ စီးနင်းခဲ့ရခြင်း ဖြစ်ပါသည်။
ကျွန်မသည် ဤမျှဝေးလံသီခေါင်၍ အသွားအလာခက်ခဲကာ ချောင်ကျလှသော ဒေသသို့ လာရောက် ဖြစ်လိမ့်မည် ဟု တစ်သက်လုံး စိတ်ပင်မကူးခဲ့ဖူးပါချေ။ လွန်ခဲ့သော ခြောက်လအထိပင် ကျွန်မ၏ အာရုံထဲ၌ ဤဒေသနှင့် ပတ်သက်သော အချက်များ ကိန်းအောင်းမနေခဲ့ပါပေ။
မေမေသည် ကျွန်မဖခင်၏ ဇာတိရပ်ရွာကို ကျွန်မမွေးကတည်းက မြှုပ်ကွက်လုပ်ထားခဲ့ပေသည်။ ကျွန်မသည်ကျွန်မ မမွေးခင် ကွယ်လွန်ခဲ့သော ဖခင်ကို မမြင်ဖူးရုံမက ဖခင်၏ ဇာတိ၊ ဖခင်၏ အကြောင်းအရာများ ကို ဘာတစ်ခုမျှသိခွင့်မရခဲ့ပါချေ။ မွေးစာရင်း၊ ကျောင်းမှတ်တမ်းနှင့် မှတ်ပုံတင်တွင် ဖော်ပြထားချက်များ အရသာလျှင် ကျွန်မဖခင်အမည် မှာ ဦးခွန်သာမိုး ဖြစ်ကြောင်း သိခဲ့ရသည်။
မေမေသည် ဖေဖေနှင့်ပတ်သက်၍ ကျွန်မအား ဘာတစ်ခုမျှ ပြောမပြခဲ့ပါ။ ဘွားဘွားကလည်း ''သမီးအဖေနဲ့ပတ်သက်လို့ သမီးအမေကို ဘာမျှသွားမမေးနဲ့။ ဘယ်တော့မျှမမေးနဲ့'' ဟု သတိပေးခဲ့ဖူးလေသည်။ထို့ကြောင့် ကျွန်မဘွဲ့တစ်ခုရပြီး ကုမ္ပဏီတစ်ခုတွင် စာရင်းကိုင် အလုပ်ဝင်နေချိန်အထိ ဖခင်အကြောင်းကိုကျွန်မမသိခဲ့ရချေ။ မေမေ မသိစေလိုသော အကြောင်းအရာကို ကျွန်မကလည်း သိအောင် မကြိုးစားခဲ့ပါချေ။ကျွန်မအနေဖြင့် ကျွန်မဖခင်အကြောင်းကို ဒီတစ်သက်မှာ သိစရာအကြောင်း မရှိတော့ဘူးလို့ပင် ထင်မှတ်ခဲ့ပြီး ဖြစ်ပါသည်။
သို့သော် -
***
လွန်ခဲ့သော ခြောက်လက ဖြစ်သည်။ ကျွန်မ အလုပ်မှပြန်အလာတွင် မေမေက ကျွန်မကို သူ့အနားသို့ခေါ်ကာထူးခြားသော စကားတစ်ခွန်းကိုပြောခဲ့ပါသည်။ ထိုအချိန်သည် မေမေ၏ ကျန်းမာရေး အခြေအနေ အနှုတ်လက္ခဏာဘက်သို့ ပြနေပြီ ဖြစ်သည့်အချိန် ဖြစ်သည်။
မေမေက ကျွန်မကို စာတစ်စောင်ထုတ်ပေးပြီး အကျိုးအကြောင်း ပြောပြခဲ့၏ ။
''ဒီစာရောက်နေတာ နှစ် လရှိပြီ သမီး။ သမီးကို အသိပေးသင့် မပေးသင့် မေမေစဉ်းစားနေရတာ နဲ့ ခုမှပြ ဖြစ်တော့တယ်''
''ဘာစာများ လဲ မေမေ''
''သမီးအဖေရဲ့ ဆွေမျိုးများ ဘက်က ရေး လိုက်တဲ့စာပါ''
''အို''
''မေမေဟာ သမီးကို သမီးတို့အဖေနဲ့ ပတ်သက်ပြီး ဘာတစ်ခုမျှပြောမပြဘဲ ရေငုံနှုတ်ပိတ်နေခဲ့တယ်။ ဒါဟာသမီးအဖေအပေါ်မှာ မချစ်ခင်လို့၊ သံယောဇဉ်မရှိလို့ မဟုတ်ဘူးသမီး။ သမီးဖေဖေဟာ မေမေ့အပေါ်မှာ ကြင်နာမှု အပြည့်အဝရှိခဲ့တဲ့ ယောက်ျားကောင်း တစ်ယောက် ပါ။ ဒါပေမဲ.သူ့အမျိုးတွေ ကတော့ သူ့ကို မေမေနဲ့ ယူလို့ဆိုပြီး စွန့်ပစ်ခဲ့တယ်။ မေမေ့ကိုလည်း ရစရာမရှိအောင် ချိုးနှိမ်ဆက်ဆံခဲ့ကြတယ် သမီး။ ဒါတွေ ကို စိတ်နာပြီး သမီးအဖေမရှိတဲ့နောက် သူ့တို့အကြောင်းကို ထိန်ဝှက်ထားခဲ့တာပဲ။ သူတို့ကလည်း သမီးတစ်သက်မှာ အဆက်အသွယ် မလုပ်ခဲ့ကြဘူး။ ဒီစာဟာ နှစ် ပေါင်းနှစ် ဆယ်ကျော်အတွင်း သူတို့ဘက်က ပထမဆုံး ဆက်သွယ်လာတဲ့ စာတစ်စောင်ပဲ''
''စာက ဘာတဲ့လဲ မေမေ''
''သမီး ဖတ်ကြည့်ရင်သိမှာ ပါ။ စာရောက်နေတာ နှစ် လရှိပြီ။သမီးကို အသိပေးသင့်မပေးသင့် မေမေစဉ်းစားနေတာနဲ့ ခုမှပြရတယ်။ မေမေလည်း ရောဂါ ကျွမ်းနေပြီလေ။ လူ့ဘဝမှာ လပိုင်းလောက်ပဲ နေရတော့မှာ ပါ''
''အို .မေမေ''
''မေမေ ကိုယ့်အခြေအနေကိုယ် သိပါတယ် သမီး။ မေမေ မရှိတဲ့နောက် သမီး တစ်ယောက် တည်းတစ်ကောင်ကြွက်ဘဝနဲ့ ကျန်ခဲ့မှာ ကို မေမေ စိုးရိမ်မိတယ်။ မေမေ့အနေနဲ့ ဘယ်လောက်ပဲ စိတ်နာ, စိတ်နာ သူတို့ဟာသမီးအဖေဘက်က ဆွေမျိုးရင်းခြာတွေ ပဲ။ သမီး စိတ်တိုင်းကျဆုံးဖြတ်ပါ။ အဖေဘက်က ဆွေမျိုးတွေ ရှိလျက်နဲ့ သေတဲ့အထိ ထိန်ချန်ထားတာမျိုး မေမေမလုပ်ချင်လို့ စာကို သမီးပေးဖတ်ရတာ ပဲ။ စာကလည်း သမီးအတွက် အကျိုးရှိမယ့်စာပါ။ သမီးကို အမွေတွေ လွှဲပေးချင်လို့ စကားကမ်းလှမ်းလိုက်တဲ့စာပဲ သမီး''
''ရှင်''
***
တကယ်တမ်း စာကိုဖတ်ကြည့်သည့်အခါတွင် တော့ စာက ဖေဖေ့ဆွေမျိုး တစ်စုံ တစ်ယောက် တိုက်ရိုက်ရေး သားလိုက်သော စာ မဟုတ်ပါ။ သူတို့၏ ရှေ့နေက ကြားဝင်ရေး သားထားသော အကြောင်းကြားစာတစ်ခုသာ ဖြစ်ပါသည်။
ဦးစိုးမြင့်အမည် ရှိ မိသားစုရှေ့နေက ရေး သားလိုက်သည့်စာ ဖြစ်ပြီး စာထဲ၌ ကျွန်မ၏ ကြီးတော် တော် စပ်သူဒေါ်နန်းကြာမိုးက ကျွန်မအား သူမနှင့်ဆက်သွယ်စေလိုကြောင်း၊ အမွေဆက်ခံခွင့်ကိစ္စအတွက် လာရောက်စေလိုကြောင်းနှင့် ကျွန်မနှင့်ပတ်သက်သော အချက်အလက်များ ကို သိလိုပါကြောင်း ရေး သားထားလေသည်။
''မေမေကတော့ ပြတ်လက်စနဲ့ ဖြတ်လိုက်တော့မလို့ပဲ။ နောက်မှ မေမေ တစ်ယောက် တည်းသဘောနဲ့ဆုံးဖြတ်ရင် သမီးအပေါ်မှာ မတရားရာ ကျမှာ စိုးလို့ အသိပေးတာပဲ သမီး။ သမီးဘက်က ကြည့်ရင် ကိုယ့်အဖေရဲ့ ရပိုင်ခွင့်ကိစ္စ ဖြစ်နေလို့ သမီးကြိုက်သလို ဆုံးဖြတ်နိုင်ပါတယ်။ မေမေ ဘာမျှဝင်ပြီးတိုက်တွန်းတာလည်း မလုပ်ချင်ဘူး။တားမြစ်တာလည်း မလုပ်ချင်ဘူး။ သမီးစိတ်တိုင်းကျ ဆုံးဖြတ်ပါ''
ကျွန်မသည်လည်း ဆုံးဖြတ်ရန် ဇဝေဇဝါ ဖြစ်ခဲ့ရပါသည်။ မေမေက ခွင့်ပြုသည်ဆိုသော်လည်း မေမေ့ခံစားချက်များ ကို ကျွန်မ ထည့်သွင်းစဉ်းစားခဲ့ပါသည်။ ရွှေဖီမိုးမိသားစုထဲသို့ ကျွန်မ သွားရောက်ခြင်းအတွက် မေမေမည် သို့ခံစားရမည် လဲ။ ကျန်းမာရေး မကောင်းတော့သော မိခင်အိုကြီးကို စိတ်ဝေဒနာ ထပ်ဆင့်မခံစားစေလိုတော့ပါ။
သည်လိုနှင့် စာကိုမပြန် ဖြစ်ဘဲ အမျိုးမျိုး စဉ်းစားဆင်ခြင်နေမိရာ နာတာရှည် ဝေဒနာသည်မိခင်ကြီးကွယ်လွန်သွားသည်အထိပင်။
မေမေ ကွယ်လွန်ပြီးနောက်ပိုင်းမှသာ ကျွန်မသည် ရွှေဖီမိုးမိသားစုထံ စာပြန်ကြားဆက်သွယ် ဖြစ်တော့၏ ။ကျွန်မဘက်က ဆက်သွယ်လိုက်သည့်အခါတွင် တော့ ကျွန်မ၏ ကြီးတော် ကြီး ဒေါ်နန်းကြာမိုးသည် ဝမ်းပန်းတသာ စာပြန်ကြားလာခဲ့ပါသည်။
အဘွားကြီးမှာ လည်း အသက်ကြီးပြင်းလှပြီ ဖြစ်ကာ မေမေ့ကဲ့သို့ပင် နာတာရှည်ဝေဒနာ ခံစားနေရသော ရောဂါ သည် တစ်ယောက် ဖြစ်ကြောင်း သူမ၏ စာအရ သိခဲ့ရပါသည်။ ပြန်စာကို သူမကိုယ်တိုင် ရေး သားခြင်း မဟုတ်ဘဲနှုတ်တိုက်ပြောပြသည်ကို တစ်စုံ တစ်ယောက် က ရေး ပေးထားခြင်း ဖြစ်ပါသည်။
ဟု အစချီကာ ကျွန်မအား အမြန်လာရောက်စေလိုကြောင်း၊ သူမအသက်မသေမီ လာရောက်ပါမည့် အကြောင်း၊ ရွှေဖီမိုး၏ အမွေများ အား လက်ခံပါရန်နှင့် မသေခင်တစ်ဦးတည်းသော တူမလေးအား မြင်တွေ့ သွားလိုကြောင်းများ ကို သနားစဖွယ် ဖွဲ့နွဲ့ရေး သားထားပေသည်။ သူမကိုယ်သူမ 'ကြီးကြီး' ဟု သုံးနှုန်းထားပေ၏ ။
မေမေပြောပြခဲ့သော နောက်ကြောင်းများ ၌ ဒေါ်နန်းကြာမိုးသည် 'မိန်းမကြမ်း'နေရာ၌ ပါဝင်လျက်ရှိသည်။မေမေ့ကို ချူစား မြှူစားတဲ့ မိန်းမ၊ သူတို့မောင်ကို တကယ်မချစ်ဘဲ ပစ္စည်းမက်လို့ မာယာနဲ့ ဖြားယောင်းတာ စသည်ဖြင့် စွပ်စွဲခဲ့သည်ဟု ဆိုပေသည်။
ကျွန်မထံရေး သားလိုက်သည့်စာတွင် မူ တူမလေး တစ်ယောက် အပေါ်ထားသည့် ကရုဏာတရားများ ပြည့်လျှမ်းနေသည်ဟု ထင်မိပေသည်။ ဒေါ်နန်းကြာမိုးအတွက် မေမေ့အပေါ်မြင်သည့်အမြင်ကတခြား၊ ကျွန်မအပေါ်ထားတဲ့သဘောထားကတခြား ဖြစ်ကောင်း ဖြစ်ပေမည် ။ သို့မှမဟုတ် အသက်ကြီးလာ၍ ငယ်ကစိတ်များ ပြောင်းလဲသွားခြင်းလည်း ဖြစ်ပေမည် ။
ကြီးတော် ကြီး၏ စာနှင့်အတူ ရှေ့နေကြီးဦးစိုးမြင့်၏ စာတစ်စောင်ပါ စာအိတ်တစ်အိတ်ထဲတွင် ပူးလျက်ပါလာခဲ့သည်။
ရှေ့နေကြီး၏ စာထဲတွင် 'မမူရာကျော့ယဉ်'အား အမွေလွှဲအပ်မည့် ကိစ္စများ ကြိုတင်ဆောင်ရွက်ထားနိုင်ရန်အတွက် မူရာကျော့ယဉ်သည် ဦးခွန်သာမိုး၏ သမီးအစစ်အမှန် ဖြစ်ကြောင်း အထောက်အထားများ အား ပို့ပေးရန်''ရေး သားထားလေသည်။
သို့ဖြင့် ကျွန်မသည် ကျွန်မ၏ မွေးစာရင်းမူရင်း၊ မှတ်ပုံတင်မိတ္တူနှင့် လက်ရှိရိုက်ကူးထားသော ကျွန်မ၏ ဓာတ်ပုံအချို့ကို ပေးပို့လိုက်ရပေသည်။
ကျွန်မအဖို့ ရွှေဖီမိုးမိသားစုထံ ပြန်လည်ခိုလှုံရာ၌ ဧည့်သွားဧည့်လာလုပ်လို့ မ ဖြစ်နိုင်ပါချေ။ ခဏတစ်ဖြုတ်သွား၊ အမွေတွေ လက်ခံယူပြီး ပြန်လာတာမျိုး လုပ်လို့မ ဖြစ်ပါ။ ရွှေဖီမိုးသို့ သွားရောက်နေထိုင်မှသာ သင့်လျော်ပေမည် ။အလုပ်မှလည်း အပြီးအပိုင် နှုတ်ထွက်၊ ရန်ကုန်မြေကိုလည်း စွန့်ခွာရပေမည် ။ မေမေကွယ်လွန်ပြီးနောက်ပိုင်း ရန်ကုန်မြေကို စွန့်ခွာရန် လွယ်ကူသွားလေပြီ။ ကျွန်မအတွက် ဘာဆွေမျိုးသားချင်း၊ ဘာသံယောဇဉ်မျှ မရှိတော့ပါ။ရွှေဖီမိုးစံအိမ်ကြီးဆီသို့ သွားရောက်ရမည့် ကိစ္စမှာ မူ ချက်ချင်း အကောင်အထည် မပေါ်ခဲ့ချေ။ ကျွန်မသည်ကုမ္ပဏီ၌ စာရင်းစစ်ခေါင်းဆောင်အ ဖြစ် တာဝန်ယူထားရလေရာ ချက်ချင်း အလုပ်ထွက်လို့ မ ဖြစ်နိုင်ခဲ့ပေ။ ရုံးချုပ်နှင့်နယ်ရုံးများ မှ စာရင်းများ ကို ရှင်းလင်းပေးနေရသည်နှင့် သုံးလခန့် ကြာသွားခဲ့လေသည်။
ထို့နောက် ကျွန်မသည် ရန်ကုန်မှ ကျွန်မတို့ငှားရမ်းထားသော အိမ်ခန်းလေးကို ပြန်အပ်လိုက်သည်။ ရွှေဖီမိုးသို့မထွက်ခွာမီ ကျွန်မသူငယ်ချင်းအိမ်၌ ဆယ့်ငါးရက်ခန့် နေထိုင်ခဲ့ရပါသေးသည်။
ကုမ္ပဏီမှ အလုပ်ကိစ္စအားလုံးပြီးမှပင် ရွှေဖီမိုးသို့ ကျွန်မထွက်လာနိုင်တော့၏ ။ ကျွန်မ ဖောင်ဖျက်လာခဲ့ခြင်းပင် ဖြစ်ပါတော့သည်။ ရွှေဖီမိုးမှ ကျွန်မ၏ ကြီးကြီး ဒေါ်နန်းကြာမိုး တစ်ယောက် ကျွန်မအား နွေးထွေးစွာ ကြိုဆိုနေလိမ့်မည် ဆိုသော မျှော်လင့်ချက်ကို ရင်ဝယ်ပိုက်လျက် ကျွန်မ ထွက်လာခဲ့ပါလေပြီ။
ကျွန်မအတွက် ကြီးကြီးကို ဒုက္ခမပေးချင်၍ ကျွန်မ၏ ခရီးစဉ်ကို အကြောင်းကြားမနေတော့ပါ။ ရွှေဖီမိုးအထိလာရောက်ရမည့် ခရီးစဉ်ကို ရှေ့နေကြီးဦးစိုးမြင့်က စာရေး ညွှန်ကြားထားပြီး ဖြစ်၍ ကိုယ့်နည်းကိုယ့်ဟန်ဖြင့်သာ ရောက်အောင် သွားပါတော့မည် ။
ယခုတော့ ကျွန်မရည်ရွယ်ခဲ့သော ခရီးစဉ်မှာ နိဂုံးချုပ်ပေတော့မည် ။
ရှေ့တွင် ဆိုက်ရောက်မည့် ဘူတာမှာ 'မင်းအိုင်ဘူတာ' ဖြစ်ပေ၏ ။ ရှေ့နေကြီး၏ လမ်းညွှန်ချက်အရ မင်းအိုင်ဘူတာမှ သုံးမိုင်ခန့်ဝေးသော အရပ်၌ ရွှေဖီမိုးမိသားစု၏ ဟော်နန်းဟောင်းကြီး ရှိပေသည်။ကျွန်မ၏ ဖခင်သည် ရှမ်းပဒေသရာဇ် စော်ဘွားမျိုးရိုးထဲမှ အနွယ်တော် တစ်ဦး ဖြစ်ပေ၏ ။
မီးရထားက မင်းအိုင်ဘူတာတွင် ရပ်နားရန် ဥသြသံရှည်ဆွဲ လိုက်လေသည်။
x x x x x
(၂)
မင်းအိုင်ဘူတာတွင် ရထားပေါ်မှဆင်းသူမှာ ကျွန်မ တစ်ယောက် တည်းသာ ရှိပေသည်။ ထူးဆန်းပေစွ။ ဤမျှပြည့်ကျပ်သိပ်နေသော ရထားပေါ်မှ လူပေါင်းများ စွာ ထဲတွင် မင်းအိုင်ဘူတာ၌ ဆင်းသက်သူမှာ ကျွန်မတစ်ယောက် တည်းရှိသတဲ့ ။
ကျွန်မသည် အံ့သြမနေနိုင်အားပေ။ ရှေ့ဆက်ရမည့် ခရီးအတွက် စီစဉ်ရဦးမည် ။ မီးရထားအိုကြီးကလည်းသူ့ခရီးသူ ဆက်လက်ထွက်ခွာ သွားပါပြီ။
စုတ်ချာချာဘူတာရုံလေးထဲ၌ ခရီးသည်ဆို၍ ကျွန်မ တစ်ယောက် တည်းသာ ရှိပါသည်။ယူနီဖောင်းခပ်နွမ်းနွမ်းကို ဝတ်ဆင်ထားသည့် ရထားဝန်ထမ်းတစ်ဦးကို ကျွန်မ မြင်တွေ့ လိုက်သည်။ကျွန်မက ထိုဝန်ထမ်းဆီသို့ လျှောက်သွားကာ မေးမြန်းကြည့်လိုက်၏ ။
''ကျွန်မ ရွှေဖီမိုးအိမ်ကြီးဆီ သွားချင်ပါတယ်ရှင်။ ကျွန်မ ဘယ်လို ခရီးဆက်နိုင်မလဲ၊ လမ်းညွှန်ပေးပါရှင်''အသက်အတော် ကြီးနေပြီ ဖြစ်သော ဝန်ထမ်းအဘိုးကြီးက ကျွန်မကို အံ့သြဟန်ဖြင့် မျက်လုံးပင့်ကြည့်လေ၏ ။သူ့ထံမှ အရက်နံ့ ထောင်းခနဲ ထွက်လာသည်။ သူ့မျက်လုံးမို့မို့များ ကလည်း အတော် သောက်ထားဟန် သက်သေပြနေ၏ ။ ကြည့်ရသည်မှာ နေ့ညမရွေး အရက်သောက်နေသူတစ်ဦး ဖြစ်ဟန်တူပါသည်။ အပေါစားအရက်နံ့ ချဉ်စူးစူးကြီးကို နှာခေါင်းမရှုံ့မိစေရန် ကျွန်မ စိတ်တင်းထားရ၏ ။
''မင်းသွားဖို့ မလွယ်တော့ဘူး မိန်းကလေး၊ ရထားက ဒီနေ့ တော် တော် နောက်ကျသွားတာကိုး။ မိုးချုပ်နေပြီကွယ့်''
''ကျွန်မ သိရသလောက် ရွှေဖီမိုးဟာ ဘူတာနဲ့ သုံးမိုင်လောက်ပဲ ဝေးပါတယ်ရှင်''
''မှန်တယ်လေ၊ မင်းသာ ယောက်ျားလေးဆိုရင်တော့ ခြေကျင်လျှောက်သွားဖို့ ငါက အကြံပေးမှာ ပေါ့။ပြီးတော့ လဆုတ်ရက် ဖြစ်နေသေးတယ်ကွယ့်။ လမ်းမှာ မီးရောင် ဆိုလို့ ဘာတစ်ခုမျှ မရှိဘူး မိန်းကလေး''
''သွားစရာ ယာဉ်တစ်ခုခုမျှ မရှိဘူးလားရှင်။ အဲဒီ ဘက်ကိုသွားတဲ့ အဖော်အလှော်ရှိရင်လည်း ကျွန်မ ခြေကျင်လျှောက်လိုက် သွားပါ့မယ်။ ကျွန်မမှာ သယ်စရာပြုစရာ လေးလေးလံလံ မပါပါဘူး ဦး''
''ခက်တာပဲ၊ မမှော င်သေးရင် ငါ့သမီးကို စက်ဘီးနင်းပြီး ပို့ခိုင်းပေးပါတယ်။ ဒီအချိန်ကြီးတော့ သမီးမိန်းကလေးမို့ ငါလည်း စိတ်မချဘူးဟေ့။ ဒါပေမဲ့ မင်းမပူပါနဲ့၊ ဟောဟိုမှာ မီးလင်းနေတဲ့အိမ်ကြီး တွေ့ လား''
အဘိုးအိုက ဘူတာနှင့် ဓားလွယ်ခုတ်မှ မီးလင်းနေသော နေရာကို လက်ညှိုးထိုးပြရင်း ပြောသည်။
''မီးစက်ခုတ်သံလည်း ကြားမှာ ပေါ့။ အဲဒါ ဒီရွာရဲ့ ကောင်စီဥက္ကဋ္ဌ အိမ်ပဲ။ မင်း ကောင်စီဥက္ကဋ္ဌအိမ်မှာ တစ်ညတည်းခိုလို့ ရပါတယ်။ ဥက္ကဋ္ဌ က သဘောကောင်းတယ်။ သူ့မှာ သမီးတွေ လည်းရှိတော့ မင်းအတွက်မိန်းမဖော်ရတယ်။ ဘာမှစိတ်ပူစရာမရှိပါဘူး၊ သူတို့က ကူညီနေကျပါ၊ ဥက္ကဋ္ဌအိမ်ကို သွားလိုက်ပါ''
အဘိုးအိုက သူတတ်စွမ်းသမျှ လမ်းညွှန်လိုက်ပြီးနောက် သူ့တာဝန်ကုန်သွားသည့်သဖွယ် နေရာမှ ထွက်ခွာသွားလေတော့သည်။
ကျွန်မသည် စိတ်အပျက်ကြီး ပျက်သွားမိတော့၏ ။ သုံးမိုင်လောက်ခရီးကို ဆက်သွားဖို့ခဲယဉ်းလောက်အောင်ဒီအရပ်ဟာ ခေါင်လေသလား။
ဘူတာလေးထဲက ကျွန်မ ထွက်လာခဲ့သည်။ လမိုက်ည ဖြစ်၍ အပြင်လောကတစ်ခုလုံး မှော င်နေလေ၏ ။ဥက္ကဋ္ဌအိမ်မှ မီးအလင်းရောင် တစ်ခုတည်းသာ ပတ်ဝန်းကျင်၌ အလင်းရောင် အ ဖြစ် ရှိနေသည်။ကျွန်မက ဘူတာအပြင်ဘက်အရောက်တွင် မျက်လုံးကစားကြည့်လိုက်ရာ မှိတ်တုတ်တုတ်မီးရောင် အချို့နှင့်ခပ်နွမ်းနွမ်းအိမ်ကလေးများ ကိုသာ မြင်ရလေ၏ ။ ဥက္ကဋ္ဌအိမ်တစ်ခုတည်းသာ မီးစက်သံတထိန်းထိန်းနှင့် မီးများ လင်းလက်နေပေသည်။
ကျွန်မက ဥက္ကဋ္ဌအိမ်ဆီသို့လျှောက်သွားရန် လမ်းကိုဖြတ်ကူးဖို့ ပြင်လိုက်သည်။ထိုစဉ်မှာ ပဲ လမ်း၏ တစ်ဖက်ဆီမှ မောင်းနှင်လာသော မြင်းလှည်းတစ်စီး၏ အသံကို ကျွန်မ ကြားလိုက်ရလေသည်။ တခွပ်ခွပ်ဖြင့် မြင်းပြေးလာသော ခွာသံကို ဦးစွာ ကြားရကာ အမှော င်ထုကြားမှ ထွက်ပေါ်လာသော မြင်းလှည်းတစ်စီးကို မြင်လိုက်ရလေ၏ ။
မြင်းလှည်း၏ ပေါင်းမိုးထိပ်၌ ဘက်ထရီမီးပွင့်လေးတစ်ခုသာ တပ်ဆင်ထားပေသည်။ အမှော င်ထုထဲ၌ မြင်းခွာသံနှင့်အတူ မီးပွင့်လေး ရွေ့လျားလာပုံကို ပိုးစုန်းကြူးတစ်ကောင် ပျံသန်းလာသည့်သဖွယ် မြင်တွေ့ နေရခြင်း ဖြစ်ပါသည်။
ရွှေဖီမိုးသည် မည် သည့်ဘက်ခြမ်း၌ ရှိမှန်း ကျွန်မ မသိပါ။ သို့သော် ကျွန်မသည် ရှားရှားပါးပါးတွေ့ ရသော မြင်းလှည်းကို အားကိုးတကြီးဖြင့် လက်ပြတားဆီးလိုက်မိလေ၏ ။
မြင်းလှည်းက ကျွန်မရှေ့၌ ရပ်တန့်သွားလေသည်။
''တစ်ဆိတ်ရှင် ကျွန်မ ရွှေဖီမိုးအိမ်ကြီးဆီ သွားချင်ပါတယ်။ ကျွန်မကို လိုက်ပို့နိုင်မလား။ ဒါမှမဟုတ် လမ်းကြုံပါသလားရှင်''
''ဟေ''
မြင်းလှည်းမောင်းသမားထံမှ အာမေဍိတ်သံ ထွက်လာလေ၏ ။
''ငါကလည်း ရွှေဖီမိုးကိုသွားဖို့ ထွက်လာတာဟေ့၊ လမ်းကြုံသမှ ကွက်တိပဲ။ မင်း မြင်းလှည်းခတောင်ပေးစရာမလိုဘူး။ တက် . တက်''
မြင်းလှည်းမောင်းသမား အဘိုးအိုက အားရဝမ်းသာပြောလိုက်လေသည်။
''နောက်ကနေ တက်ပေတော့''
ကျွန်မသည် မြင်းလှည်းနောက်ဘက်မှ ခြေနင်းကလေးကို အားပြုကာ မြင်းလှည်းပေါ်သို့တက်လိုက်သည်။မြင်းလှည်းပေါ်တွင် ရှိနှင့်ပြီးပစ္စည်းတစ်ခုက အတော် နေရာယူထားသော ကြောင့် ခက်ခဲစွာ ပင် တက်လိုက်ရလေ၏ ။ ထိုအရာသည် အတော် ရှည်လျားကာ မြင်းလှည်းအိမ်၏ အပြင်ဘက်ထိပင် ထိုးထွက်နေပေ၏ ။ ထင်းစည်းကြီးလား၊ သစ်သားချောင်းများ ကို စုစည်းထားခြင်းလား အမှော င်ထဲ၌ သေချာမမြင်ရပါပေ။
''ရပလား''
မြင်းလှည်းမောင်းသမားအဘိုးအိုက မြင်းလှည်းမောင်းသူနေရာမှ ဆင်းမလာခဲ့ပါ။ ကျွန်မကို အဆင်ပြေမပြေရှေ့မှလှမ်း၍ မေးနေ၏ ။
ကျွန်မက ရှိနှင့်ပြီးပစ္စည်းဘေးတွင် တိုးကပ်ထိုင်လိုက်ရင်း ပြန်ဖြေလိုက်သည်။
''ဟုတ်ကဲ့၊ ရပါပြီ အဘ''
အဘိုးအိုက မြင်းကို ကျာပွတ်ဖြင့် ရွှမ်းခနဲရိုက်ကာ ထွက်ခွာစေလိုက်၏ ။ မြင်းလှည်းကလေးသည် တရွေ့ရွေ့ဖြင့် မင်းအိုင်ရွာမှ ထွက်ခွာလာခဲ့လေသည်။
***
မြင်းလှည်းဆရာသည် ကျွန်မ မြင်းလှည်းပေါ်သို့ရောက်ကတည်းက ဘာစကားမျှမပြောတော့ဘဲ မြင်းလှည်းကိုသာ မောင်းနှင်လျက် ရှိလေသည်။
သူသည် အတော် အိုမင်းနေသော အဘိုးအို တစ်ယောက် ဖြစ်ကာ အသားအရေဟူ၍ မရှိသလောက်ပင် ပိန်လှီလျက်ရှိပေ၏ ။ သူ၏ သွင်ပြင်ကို ပေါင်းမိုးထိပ်မှ ငါးတိုင်အား ဘက်ထရီမီးပွင့်လေးမှတစ်ဆင့် မြင်သာနေရပေသည်။မီးပွင့်လေးလှုပ်လိုက်တိုင်း အဘိုးအို၏ အရိပ်မှာ လမ်းမပေါ်၌ ယိမ်းထိုးလှုပ်ရှားနေပေ၏ ။
လမိုက်ည ဖြစ်၍ တစ်လမ်းလုံးမှော င်မည်းနေပေရာ ပြင်ပရှုခင်းကို သဲကွဲအောင် မမြင်တွေ့ နိုင်ပါပေ။ ကြည့်လေရာရာတွင် လမ်းဘေး၌ ယိမ်းထိုးနေသော သစ်ပင်ကြီးများ သဏ္ဌာန်ကို ဝိုးတဝါးမြင်နေရပေ၏ ။ လမ်းမှာ လည်းကြမ်းတမ်းလှပေသည်။ ကျွန်မသည် မြင်းရထားအတွင်း၌ ဟိုသည်ယိမ်းလှုပ်နေပေ၏ ။
ပေါင်းမိုးထိပ်၌ တပ်ဆင်ထားသော မီးပွင့်လေးက ယိမ်းလှုပ်နေလေရာ အလင်းရောင် သည် မြင်းလှည်းအတွင်းဝင်လာလိုက် ထွက်သွားလိုက်နှင့် ရှိနေလေ၏ ။ ကျွန်မအသားနှင့် ထိနေသော အရာကို မီးရောင် ဝင်လာခိုက် သတိထားကြည့်မိရာ ထိုအရာသည် သေတ္တာတစ်လုံး ဖြစ်နေသည်ကို တွေ့ ရပေ၏ ။ သေတ္တာတစ်လုံး။ သာမန်ရှိရိုးရှိစဉ်သေတ္တာထက် ပို၍ ရှည်လျားနေသော သေတ္တာတစ်လုံးပင် ဖြစ်ပါ၏ ။
အခြေအနေအရပ်ရပ်၏ နှိုးဆွမှု ကြောင့် ကျွန်မစိတ်များ ချောက်ချားလာခဲ့သည်။ ဘာအကြောင်းကြောင့်လို့တိတိကျကျမပြောတတ်ဘဲ ကျွန်မစိတ်များ မလုံမလဲဖြင့် ထိတ်ထိတ်လန့်လန့် ခံစားလာရလေသည်။ တိတ်ဆိတ်မှု သည်ပင် ကျွန်မကိုချောက်ချားအောင် နိုးဆွနေခြင်း ဖြစ်တော့သည်။
အဘိုးအိုက မြင်းဇက်ကြိုးကိုဆွဲကာ ပုံမှန်ပင် ခရီးနှင်လျက်ရှိလေ၏ ။
မြင်းလှည်းမောင်းနေသော အဘိုးအိုကို ကြည့်ရသည်မှာ အရိုးစုတစ်ကောင်က မြင်းလှည်းကို မောင်းနှင်နေပုံမျိုးနှင့် တူလှပေသည်။ အသားအရေဟူ၍ မည် မည် ရရမရှိသော သူ့လက်များ တွင် တံတောင်ဆစ်နေရာ၊ လက်ကောက်ဝတ်နေရာများ ၌ အရိုးများ ငေါထွက်နေသည်။ အသားရောင် ကလည်း အမဲခြောက်ကဲ့သို့ မည်းနက်ခြောက်ကပ်နေပေ၏ ။
ကျွန်မစိတ်ထဲ၌ မသိုးမသန့်ခံစားလာရသည်။ သေခြင်းတရား၏ အရိပ်အယောင်များ ကို ထင်ယောင်မြင်ယောင်လာမိသည်။ ရထားမောင်းနေသော အဘိုးအိုကပင် သူအိုအသွင်၊ သူနာသဏ္ဌာန်မျိုး ပေါ်လျက်ရှိပေသည်။အရိုးစုတစ္ဆေတစ်ကောင်က ကျွန်မကို မရဏလမ်းသို့ ဆောင်ကြဉ်းနေသယောင် ထင်မှတ်လာမိလေသည်။ဘုရားရေ ကျွန်မ ဒီမြင်းလှည်းပေါ်ကို တက်လိုက်လာတာ ဘယ်သူမျှ မသိပါလား။ ဒီမြင်းလှည်းဖြင့် ကျွန်မလိုက်ပါသွားကြောင်းကို မျက်မြင်သက်သေ တစ်ယောက် မျှ မရှိ။ အဘိုးအိုသည် သာမန်လူသား တစ်ယောက် မှ ဟုတ်ပါရဲ့ လား။ ကျွန်မကိုတင်ဆောင်၍ ဘယ်နေရာကို သွားနေသလဲ။ ရွှေဖီမိုး ဘယ်နေရာမှာ ရှိမှန်းမသိသော ကျွန်မသည်သူခေါ်ဆောင်ရာသို့ ယုံယုံကြည်ကြည် လိုက်ခဲ့မိသည်။ သူဘာလဲ၊ သူလူ တစ်ယောက် ဟုတ်ရဲ့ လား၊ သူဟာ နာနာဘာဝတစ္ဆေသရဲတစ်ကောင်လား။
ပဟေဠိများ စွာ ရင်ထဲတွင် ထင်ဟပ်လာသော ကျွန်မသည် လက်ရှိအနေအထားကို သည်းမခံနိုင်တော့ပေ။အပြောင်းအလဲတစ်ခုခု ပြုလုပ်ရန် ကြိုးစားမိတော့သည်။
ကျွန်မက ထိုင်နေပုံကို အနည်းငယ် ပြုပြင်လိုက်သည်။ လှုပ်လှုပ်ရှားရှားပြု၍ ရဲဆေးတင်လိုက်သည်။
ဒီအတိုင်း တိတ်ဆိတ်စွာ ထိုင်လျက် လိုက်ပါလာတာထက် စကားစမြည် ပြောနေခြင်းက ကြောက်ရွံ့စိတ်ထိတ်လန့်စိတ်များ ကို ပြေပျောက်စေမည် ဟု ထင်မိသည်။
ကျွန်မသည် သူနှင့်စကားပြောရန် ကြိုးစားလိုက်၏ ။
***
''အဘက ဘယ်အထိသွားမှာ လဲဟင်၊ ရွှေဖီမိုးအထိပဲလား၊ ဆက်သွားဦးမှာ လား''
ကျွန်မက စကားစလိုက်သော ကြောင့် အဘိုးအိုသည် နောက်သို့ လှည့်ကြည့်လိုက်လေသည်။ အပေါ်စီးမှမီးရောင် အောက်တွင် မျက်ခုံးရိုး၏ အရိပ်က ထိုးကျနေသော ကြောင့် သူ၏ မျက်လုံးများ ကို မမြင်ရပေ။ အရိပ်မည်းကအတွင်းဘက်ချိုင့်နေသော မျက်လုံးနှင့် ခွက်သော ပါးပြင်ကို ဖုံးကွယ်ထားလေသည်။ သူ့တွင် မျက်လုံးများ မှ ပါပါလေစဟု ထင်ရလေ၏ ။ ခေါနေသော သွားများ သာ မီးရောင် အောက်၌ ထင်ရှားနေလေရာ အဘိုးအိုကို ကြည့်ရသည်မှာ အရိုးခေါင်းတစ်ခုနှင့် တူနေပေတော့၏ ။
''မင်း ဒီလိုမေးပုံထောက်တော့ မင်းဟာ ရွှေဖီမိုးက လူ တစ်ယောက် မဟုတ်ဘူးပေါ့''
''ရှင်''
''ရွှေဖီမိုးကလူဆိုရင် ငါဘယ်သူဆိုတာ သိနေရမယ်လေ''
''ဟုတ်ပါတယ်၊ ကျွန်မ ရန်ကုန်က လာတာပါ''
''ရန်ကုန်က .ဒါဖြင့် မင်း အသုဘကို မမီတော့ဘူးပေါ့ မိန်းကလေး'
''ဘာရှင့်၊ အသုဘ ဟုတ်လား''
''အေးလေ .မင်း, နန်းကြာမိုးရဲ့ အသုဘကိုလာတာ မဟုတ်ဘူးလား''
''အမယ်လေး .ဒေါ်နန်းကြာမိုး၊ ကျွန်မ ကြီးကြီး ဒေါ်နန်းကြာမိုး သေသွားပြီလား၊ ဟုတ်ရဲ့ လား အဘ၊ပြောစမ်းပါ''
''မင်း မသိဘဲကိုး၊ နို့ .မင်းက အသုဘကိစ္စအတွက် လာတာမဟုတ်ဘူးလားကွယ့်''
အဘိုးအိုက ကျွန်မနှင့် စကားစပြောချိန်မှစ၍ မြင်းလှည်းအိမ်အတွင်းဘက်သို့လှည့်ကြည့်ကာ စကားပြောလာခဲ့သည်။ မြင်းလှည်းက သူ့ဘာသာသူသွားလျက်ရှိလေ၏ ။ မြင်းသည် ဤခရီးလမ်းကို သွားလာနေကျ ဖြစ်ပုံရသည်။
''နန်းကြာမိုး ပြီးခဲ့တဲ့လပြည့်နေ့က သေတယ်။ ဒီအရပ် ထုံးစံအတိုင်း လပြည့်နေ့သေရင် နေ့ကူးအောင်မထားရဘူး။ ချက်ချင်း သဂြုင်္ိဟ်ရတယ်။ သူ့အသုဘကို ညကြီးမှာ ချခဲ့ရတာ ပေါ့''
''အို''
''ဒီနေ့ လပြည့်ကျော် ၈ ရက်ဆိုတော့ သူသေတာ ၈ ရက်ရှိပြီ။ ရက်လည်ဆွမ်းသွတ်တောင် လုပ်ပြီးပြီလေ''
ကျွန်မကို ကြီးကြီးသေကြောင်း အကြောင်းကြားသူ မရှိခဲ့လို့လား။
ရှေ့နေကြီးဦးစိုးမြင့်ကတော့ အကြောင်းကြားကောင်း ကြားမည် ထင်ပါ၏ ။ ကျွန်မသည် ရန်ကုန်မှမထွက်ခွာမီငှားထားသော အခန်းကို အပ်ပစ်ခဲ့သည်။ သူငယ်ချင်းအိမ်တွင် ဆယ့်လေးငါးရက်နေခဲ့သည်။ ကုမ္ပဏီမှ နှုတ်ထွက်ပြီးအချိန် ဖြစ်ရာ နာရေး အကြောင်းကြားချက် ရောက်လာသည့်တိုင် ကျွန်မရှိရာကို သတင်းဆက်မပို့နိုင်ခြင်းမျိုးလည်း ဖြစ်နိုင်လေသည်။
ကျွန်မသည် ကြားရသော သတင်းစကားကြောင့် နွမ်းလျသွားသည်။ စိတ်ရောကိုယ်ပါ မောဟိုက်သွားလေသည်။
ရွှေဖီမိုးမှ ကျွန်မအားကြိုဆိုမည့်  တစ်ဦးတည်းသော ဆွေမျိုးသားချင်းမှာ ကျွန်မမရောက်မီ ကွယ်လွန်နှင့်လေပြီ။ ကျွန်မကို ကြိုဆိုမည့် သူ မရှိတော့။
အဘိုးအိုက ကျွန်မနှင့်စကားပြောအပြီးတွင် ရှေ့တူရူသို့ မျက်နှာပြန်လှည့်ကာ မြင်းလှည်းကို ဆက်မောင်းနေလေသည်။
ကြိုဆိုမည့် သူမရှိသော ကျွန်မအတွက် နေရာသစ် ဝန်းကျင်သစ်တွင် မည် သို့ဆက်၍ စခန်းသွားရမည် လဲ။ကျွန်မခေါင်းထဲ၌ အတွေးများ ယောက် ယက်ခတ်နေတော့သည်။''ဟီ ဟီ ဟီ .ဟား ဟား ဟား''ရုတ်တရက် မြင်းလှည်းမောင်းသော အဘိုးအိုထံမှ ရယ်မောသံ ထွက်ပေါ်လာလေ၏ ။''ဟား .ဟား .ဟား .ဟား .ဟင်း ဟင်း ဟင်း''
''ဘာရယ်တာလဲ အဘ''
''သဘောကျလို့ပါ၊ သဘောကျလို့ပါ ဟား ဟား ဟား''
''ရှင်''
''ကြည့်စမ်း .ငါဟာ အသုဘခေါင်းတလားတစ်ခုကို အဲဒီ ခေါင်းတလားထဲမှာ သေမယ့်လူနဲ့ အတူတူမြင်းရထားတစ်စီးတည်းမှာ တင်ပြီး သယ်လာခဲ့တယ်၊ ရယ်စရာမကောင်းဘူးလား''
''ဘာရှင့်''
'ငါဟာ ခေါင်းတလားချည်းသက်သက် လုပ်ရောင်းတဲ့လူပါ။အသုဘချတဲ့ သုဘရာဇာ မဟုတ်ပါဘူး။ ခုတော့ငါ့အ ဖြစ်က အသုဘချလာသလို ဖြစ်နေပြီ။ အဟေး .ဟေး ဟေး''
''အဘ၊ ဘာတွေ ပြောနေတာလဲ''
''သြော် .မိန်းကလေးနှယ် .ဟောဒီရထားပေါ်မှာ တင်လာတဲ့ပစ္စည်းဟာ တခြားမဟုတ်ဘူးကွယ့်။ အလောင်းထည့်တဲ့ ခေါင်းတလားတစ်လုံးပဲ''
''အို''
ကျွန်မသည် ရှိရင်းစွဲထက်ပိုရှည်နေသည့် သေတ္တာတစ်လုံး သဏ္ဌ္ဌာန်ကို ခုမှပင် သဘောပေါက်တော့၏ ။
''ပြီးတော့ အဲဒီ ခေါင်းတလားဟာ တခြားသူအတွက် မဟုတ်ဘူး၊ မင်းအတွက်ပဲ''
''ဘာရှင်''
''မင်းသေရင် အသုဘချဖို့ ခေါင်းတလားလေ .ဟား ဟား ဟား''
''တော် တော့၊ ဒါ နောက်စရာမဟုတ်ဘူး အဘ''
''မနောက်ပါဘူးကွယ်၊ ငါ့တစ်သက်မှာ တစ်ခါမျှလည်း မနောက်ပြောင်ခဲ့ဖူးပါဘူး။ အမှန်ပြောနေတာပါ၊ဟောဒီ ခေါင်းကြီးဟာ မင်းအတွက် ရည်ရွယ်ပြီးလုပ်ထားတဲ့ ခေါင်းတစ်လုံးပဲ။ မယုံရင် မင်း ဖတ်ကြည့်လေ။ မင်းနာမည် မူရာကျော့ယဉ် မဟုတ်လား၊ ခေါင်းနံရံမှာ အဲဒီ နာမည် ကို ရေး ထားတယ်ကွယ့်''
''ဟင်''
ကျွန်မက လက်ဆွဲအိတ်ထဲမှ လက်နှိပ်ဓာတ်မီးကို ထုတ်ယူလိုက်သည်။
သူ ပြောသော အရာပေါ်သို့ ထိုးကြည့်လိုက်၏ ။
အမှန်ပင် ထိုအရာသည် အသုဘခေါင်းတလားတစ်ခု အမှန် ဖြစ်နေပါ၏ ။ ကျွန်းသားဖြင့်ပြုလုပ်ထားဟန်တူပြီးအနားနှင့်ထောင့်များ ၌ ကနုတ်ပန်းများ ရေး ခြယ်ထားပေသည်။
ကျွန်မက ခေါင်း၏ အလယ်နံရံဆီသို့ ဓာတ်မီးရောင် ကို ရွှေ့လိုက်သည်။
''အမယ်လေး''
ဆိုသော စာသားကို ထင်ထင်ရှားရှားကြီး ဖတ်ရှုလိုက်ရပါလေ၏ ။
''တွေ့ ပြီ မဟုတ်လား၊ အဲဒါဟာ မင်းအတွက် မင်းသေရင် အသုဘချဖို့ ခေါင်းပဲကွယ့်။ ငါစေတနာထားပြီးအကောင်းဆုံး ဖြစ်အောင် လုပ်ထားပါတယ် မိန်းကလေး''
''ဒါ ဘာသဘောလဲ၊ ဒါဘာသဘောလဲ၊ ရှင်ကရော ဘယ်သူလဲ၊ ကျွန်မနာမည် ကို ဘယ်လိုသိနေတာလဲ၊ကျွန်မ ကျွန်မကို ဘာသဘောနဲ့ ဒီလိုစော်ကားရတာ လဲ ဟင်''
''စော်ကားတယ်၊ ဒီလိုထင်ရင် မင်းမှားမှာ ပေါ့ မိန်းကလေးရဲ့ ။ တကယ်တော့ မင်းရဲ့ ကြီးတော် ကြီးကမင်းအတွက် စီစဉ်ပေးသွားတာပါ၊ နန်းကြာမိုးကိုယ်တိုင် စီစဉ်ခဲ့တဲ့အစီအစဉ်ပါ''
''မ ဖြစ်နိုင်ဘူး''
''ရွှေဖီမိုးမိသားစုများ ဟာ မျိုးရိုးစဉ်ဆက် ဒီအလေ့အထကို ကျင့်သုံးခဲ့တယ်လေ။ သူတို့ဟာ မသေခင်ကတည်းက ကိုယ်သေရင် အသုဘချမယ့် ခေါင်းတလားကို စိတ်ကြိုက်ပြုလုပ်ထားတတ်ကြတယ်ကွယ့်။ ဒါဟာ ရွှေဖီမိုးမိသားစုရဲ့ ဓလေ့ထုံးစံပဲ''
''အို''
''ငါဟာ ရွှေဖီမိုးမိသားစု အစဉ်အဆက်အတွက် အသုဘခေါင်းတွေ ကို တစ်ဦးတည်း ဒိုင်ခံပြီးလုပ်ပေးခဲ့တဲ့လုပ်ငန်းရှင် တစ်ယောက် ပဲ။ ငါဟာ မင်းတို့ရဲ့ အဘိုးလက်ထက်ကစပြီး အိမ်သားအားလုံးအတွက် ခေါင်းတွေ ကို ပြုလုပ်ပေးခဲ့ရတယ် မူရာကျော့ယဉ်''
''အို''
''သူတို့အားလုံး ငါလုပ်ပေးတဲ့ခေါင်းကို ကျေနပ်ခဲ့ကြတယ်ကွယ့်။ ဟဲ .ဟဲ .ငါ့အတွက် ခေါင်းလုပ်ပေးခွင့်မရခဲ့တဲ့ ရွှေဖီမိုးမိသားစုဝင်ဆိုလို့ တစ်ယောက် ပဲရှိတယ်။ အဲဒါကတော့ မင်းအဖေ ခွန်သာမိုးပဲ''
''တော် ပါတော့''
''ခွန်သာမိုး တစ်ယောက် ငယ်ငယ်ကတည်းက ရွှေဖီမိုးမိသားစုထဲက ထွက်သွားလိုက်တာ ဘယ်ရောက်လို့ဘယ်ပေါက်မှန်း မသိခဲ့ဘူး။ ငါဟာ သူ့အတွက် ခေါင်းတစ်လားလုပ်ပေးခွင့်ရမယ်အထင်နဲ့ စောင့်မျှော်ခဲ့သေးတာပေါ့။သူအရပ်တစ်ပါးမှာ သေခဲ့ပြီလို့ ငါသိခဲ့ရတာ မကြာသေးဘူး။ ခုတော့ ခွန်သာမိုးအစား သူ့သမီး မင်းအတွက်ပဲ ခေါင်းလုပ်ပေးခွင့် ရတော့တယ်။ ငါကျေနပ်ပါတယ်၊ ငါ့အသက် ၇ဝ ကျော်ပြီလေ။ အသက် ၇ဝ အတွင်းမှာ မင်းတို့ရဲ့ မြင့်မြတ်တဲ့မိသားစုဝင်တွေ ကို မျိုးဆက်သုံးဆက်တိတိ ခေါင်းလုပ်ပေးခွင့်ရတဲ့အတွက် ငါကျေနပ်ပါတယ်။ နှစ် ပေါင်းငါးဆယ်ကျော် ငါ့ကို အသုံးပြုတဲ့ အတွက်လည်း ငါက မင်းတို့ ရွှေဖီမိုးမျိုးဆက်များ ကို ကျေးဇူးတင်ပါတယ် ဟား .ဟား''
''တော် ပါတော့ရှင်၊ တော် ပါတော့၊ ကျွန်မ ဆက်ပြီးကြားနိုင်တဲ့ အင်အားမရှိတော့ဘူး။ လူမသေခင်ခေါင်းကြိုလုပ်ထားတယ်ဆိုတာ ကျွန်မ တစ်သက်မှာ မကြားခဲ့မကြုံခဲ့ဘူးလို့ ကျွန်မ လက်မခံနိုင်ဘူး။ ဒီအ ဖြစ်ကိုလည်းအလွန်ပဲ စက်ဆုပ်ရွံ့ရှာမိတယ်။ မကြားပါရစေနဲ့ တော့''
''ဒါဆိုရင် မင်းအထင်တွေ မှားနေပြီပေါ့ မိန်းကလေး။ ခေါင်းကြိုလုပ်တာဟာ တမလွန်ကို ဘဝကူးတဲ့အခါလှလှပပ ဖြစ်အောင် ကြိုတင်ပြင်ဆင်ခြင်းပဲ။ မင်းကို ခု ချက်ချင်း သေစေတော့ဆိုတဲ့စိတ်မျိုးနဲ့ လုပ်တာမှမဟုတ်ပဲ။ခေါင်းပေါ်မှာ မင်းနာမည် ရေး ထားပေမဲ့ အသက်ကိုတော့ ကွက်လပ်ထားထားတာ မင်းတွေ့ မှာ ပေါ့။ အသက်ကိုတော့မင်းသေတဲ့ အခါကျမှ ကျန်ရစ်သူတွေ က မင်းသေတဲ့ အသက်အရွယ်အတိုင်း ကွက်လပ်ထဲမှာ ဖြည့်ကြလိမ့်မယ်ကွယ့်။မင်းရဲ့ ကြီးတော် ကြီး နန်းကြာမိုးဟာ မင်းကို ရွှေဖီမိုးမိသားစုဝင် တစ်ယောက် လို့ အသိအမှတ်ပြုပြီး ဟောဒီ ခေါင်းတလားကို ခမ်းခမ်းနားနား လုပ်ခိုင်းခဲ့တာကွယ့်။ မင်းအလာလမ်းကို ခေါင်းကြီးနဲ့ အတူ ကြိုဆိုဖို့ သူက စီစဉ်ထားခဲ့တာ''
''အို .တော် ပါတော့''
''ဒါတွေ ကို နန်းကြာမိုး ငါ့ကိုပြောပြထားလို့ ငါသိနေရတာ ။ သူ့ရဲ့ နောက်ဆုံးမျိုးဆက်သွေး မင်းလေးအတွက်ခေါင်းကို အကောင်းဆုံး ဖြစ်အောင်လုပ်ပေးဖို့ ငါ့ကို ဈေးကြီးပေးပြီး အပ်နှံခဲ့တာလေ။ ပြောသေးတယ်၊ ငါ့အတွက်လည်း ဒါဟာ ရွှေဖီမိုးမိသားစုအတွက် ခေါင်းလုပ်ပေးရတာ နောက်ဆုံး ဖြစ်လိမ့်မယ်တဲ့။ မှန်ပါတယ် မူရာကျော့ယဉ်၊ငါ့အသက်ကလည်း ကြီးလှပြီလေ။ မင်းကလည်း အပျိုဆိုတော့ မင်းနောက်မှာ ပွားလာမယ့်မျိုးဆက်သစ်ဆိုတာ အကြာကြီးစောင့်ရလိမ့်ဦးမယ်။ ရွှေဖီမိုးရဲ့ နောက်မျိုးဆက်တွေ အတွက် ခေါင်းတလားကို ငါလုပ်ပေးနိုင်တော့မယ် မဟုတ်ဘူး။မင်းအတွက်လုပ်ပေးတဲ့ ဟောဒီ ခေါင်းတလားကြီးဟာ ငါ့အတွက် နောက်ဆုံးပဲ ဖြစ်မှာ ပါ''
ကျွန်မသည် အဘိုးကြီး၏ စကားများ ကို ဆက်သည်းမခံနိုင်တော့ပေ။
''ကဲ .ရှင်ပြောစရာစကား ဒါအကုန်ပဲလား။ ကျွန်မကတော့ ဆက်ပြီး မကြားချင်တော့ပါဘူး။ ကျွန်မကိုမြင်းလှည်းသာ ရပ်ပေးပါတော့။ ဘာပဲ ဖြစ် ဖြစ် ကျွန်မဟာကျွန်မ ဆက်လျှောက်သွားတော့မယ်။ မြင်းလှည်း ရပ်ပေးပါ''
ကျွန်မက သည်းမခံနိုင်တော့သည့်အဆုံး အဘိုးကြီးအား အော်ဟစ်ပြောဆိုလိုက်လေသည်။
''မြင်းလှည်းကို ရပ်ရမယ်၊ ဟုတ်စ၊ ဟုတ်တာပေါ့။ ရပ်ရမှာ ပေါ့။ ဘာ ဖြစ်လို့လဲဆိုတော့ ရွှေဖီမိုးအိမ်ကြီးရှေ့ကို ရောက်နေပြီလေ။ မင်းရဲ့ ခရီးဆုံးကို ရောက်ပါပြီ၊ ရပ်လိုက်ပါပြီကွယ်''
''ဟင်''
မြင်းလှည်းက တုံ့ခနဲ ရပ်သွားသည်။
ကျွန်မက မြင်းလှည်းပေါ်မှ ခုန်ဆင်းလိုက်သည်။
ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။
အမှော င်ထုကြောင့် သဲကွဲစွာ မမြင်ရသေး။ ကျွန်မအမြင် အာရုံများ ကြည်လင်လာသည့်အခါ ကျွန်မတို့သည်ကျယ်ဝန်းလှသော ခြံကျယ်ကြီးတစ်ခုရှေ့၌ ရောက်နေသည်ကို တွေ့ လိုက်ရလေ၏ ။ အိမ်အိုကြီးတစ်လုံးကို ခြံကြီး၏ အလယ်တည့်တည့်တွင် ထီးထီးမားမားကြီး မြင်တွေ့ လိုက်ရ၏ ။ အိမ်ကြီးက သစ်ပင်များ ထက်ပင် မြင့်မားကာ အမှော င်ထုထဲတွင် မိုးကောင်းကင်သို့ ထိုးထွက်နေလေသည်။ အိမ်ကြီးမှာ လမ်းမမှ အတန်ပင် အလှမ်းကွာဝေးနေပေ၏ ။အဘိုးကြီးက မြင်းလှည်းရှေ့မှ ခုန်ဆင်းလိုက်ကာ နောက်သို့ပတ်လာရင်း အခေါင်းကြီးကို မြင်းလှည်းအိမ်ထဲမှဆွဲထုတ်လိုက်သည်။
''မနေ့က ညအထိတော့ ဒီအိမ်မှာ ဖဲဝိုင်းတွေ ရှိသေးလို့ မီးတွေ လင်းထိန်နေတာပဲကွယ့်။ ဒီနေ့တော့ နန်းကြာမိုးသေတာ တစ်ပတ်ကျော်သွားပြီဆိုတော့ မယ်အိုဇာက ဖဲဝိုင်းလုပ်ခွင့်မပြုတော့ဘူး ထင်ပါရဲ့ ''
အမည် နာမအသစ်တစ်ခုကို ကျွန်မ ကြားလိုက်ရခြင်း ဖြစ်ပါသည်။
''မယ်အိုဇာ''
''မယ်အိုဇာဆိုတာ ဒီအိမ်က ဘဏ္ဍာစိုးမိန်းမကြီးပဲ။ ငါ သူ့ကို ရအောင်ခေါ်ပေးပါ့မယ်''
အဘိုးအိုက ခေါင်းတလားကိုထမ်း၍ မ,ထုတ်လိုက်သည်။ ပြီး မြေကြီးပေါ်သို့ချထားလိုက်၏ ။ ကျွန်မကခေါင်းကိုမကြည့်မိအောင် မျက်နှာလွှဲထားလိုက်လေသည်။
အဘိုးအိုသည် ဝင်းတံခါးအဝသို့သွားကာ အတွင်းသို့ အော်ခေါ်လိုက်၏ ။
''မယ်အိုဇာ .မယ်အိုဇာ''
အဘိုးအို၏ အော်သံကြောင့် အနီးအနားသစ်ပင်များ မှ အိပ်တန်းတက်နေသော ငှက်များ လန့်ပျံသွားကြလေသည်။
''မယ်အိုဇာ . ဗျိုး .မယ်အိုဇာ''
အိမ်အတွင်းထဲမှ ခွေးဟောင်သံထွက်ပေါ်လာလေသည်။
''မယ်အိုဇာ .ကျုပ်ခေါ်နေတာ ကြားရဲ့ လား''
''ဗျိုး''
အတွင်းထဲမှ ပြန်ထူးသံထွက်ပေါ်လာ၏ ။ အသက်ကြီးကြီး မိန်းမကြီး တစ်ယောက် ၏ အသံ ဖြစ်သည်။
''ဒီမှာ မူရာကျော့ယဉ် ရောက်နေပြီ။ ကျုပ်မြင်းလှည်းကြုံနဲ့ သူ့ကို ခေါ်လာတယ်။ သူ့အတွက် ခေါင်းကိုလာပို့ရင်း ခေါ်လာတာဗျို့။ အိမ်ရှေ့မှာ ခေါင်းရော လူရော ထားခဲ့ပြီ၊ ထွက်ကြိုလိုက်ပေတော့ဗျို့''
အဘိုးအိုက အိမ်အတွင်းဘက်သို့ အကျိုးအကြောင်းစုံလင်အောင် အော်ပြောလိုက်ပြီးနောက် သူ့မြင်းလှည်းပေါ်သို့ ခုန်တက်လိုက်လေသည်။
''အဘက ပြန်တော့မလို့လား''
''အေး .မယ်အိုဇာ မင်းကိုထွက်ခေါ်ပါလိမ့်မယ်။ ငါတော့ သွားပြီဟေ့''
ကျွန်မသည် တစ်လမ်းလုံး မနှစ် မြို့စွာ ဆက်ဆံခဲ့သော အဘိုးကြီး ထွက်သွားပုံကိုကြည့်ကာ အားကိုးရာမဲ့သလို ဖြစ်သွားမိသည်။
အဘိုးကြီးက မြင်းလှည်းကိုမောင်းနှင်ကာ တရွေ့ရွေ့ထွက်ခွာသွားသည်။ မြင်းခွာသံပျောက်ဆုံးသွားသည်အထိကျွန်မ မလှုပ်မယှက် ရပ်နေမိ၏ ။
အိမ်ထဲမှ မည် သူတစ်ဦး တစ်ယောက် မျှ ထွက်မလာသေး။
အိမ်ရှေ့အမှော င်ထုထဲဝယ် ကျွန်မ တစ်ယောက် တည်း။
ဆောင်းလေက အသည်းထဲအထိ အေးစိမ့်အောင် တိုက်ခတ်လို့။
ပတ်ဝန်းကျင်တစ်ခုလုံးကလည်း မှော င်မည်းလို့။
ကျွန်မဘေးတွင် လူသေအလောင်းထည့်သည့် ခေါင်းတလားကြီးတစ်လုံးက လဲလျောင်းလျက်။ ထိုခေါင်းတလားသည်လည်း ကျွန်မသေလွန်သည့်အခါ ကျွန်မအလောင်းကို ထည့်သွင်းသဂြုင်္ိဟ်မည့်  ခေါင်းတလားကြီး ဖြစ်နေသည်။
ကျွန်မကို နွေးထွေးစွာ ကြိုဆိုမည့်  ကြီးကြီးဒေါ်နန်းကြာမိုးလည်း မရှိတော့ပါလား။ ကျွန်မ မြင်ခွင့်ပင်မကြုံလိုက်ရသော ကြီးတော် ကြီးသည် ကျွန်မရောက်မလာမီ သေနှင့်လေပြီ။
ရန်ကုန်ကိုပြန်ဖို့လည်း ကျွန်မအတွက် မလွယ်ကူတော့။ ကျွန်မအတွက် နေစရာထိုင်စရာ၊ အလုပ်အကိုင်၊အားကိုးအားထားပြုစရာလူ စသည့် တစ်စုံတစ်ခုမျှ ရန်ကုန်တွင် မရှိတော့ပါ။
အမှော င်ထုကြီးသည် ကျွန်မကိုယ်ပေါ် ပိကျလာသည် ထင်မိ၏ ။ ကျွန်မကိုယ်ပေါ်သာမဟုတ်၊ ကျွန်မဘဝတစ်ခုလုံးပေါ်သို့ အမှော င်ထုကြီး ပြိုကျလာခြင်း ဖြစ်သည်။
အမှော င်ထဲမှ ကျွန်မဘဝ .
ရှေ့တိုးရမည် လား .
နောက်ဆုတ်ရမည် လား .
ခရီးဆက်ရမည် လား .
လာလမ်းပြန်ရမည် လား .
ကျွန်မ ဘယ်လိုဆုံးဖြတ်ရမလဲ .
အမှော င်ထုရယ်၊ အလောင်းကောင်ထည့်သည့် ခေါင်းတလားတစ်လုံးရယ်၊ ကျွန်မရယ်၊ အနာဂတ်မဲ့သော အတွေးများ ရယ် .
x x x x x
(၃)
အတန်ငယ်ကြာမှပင် ခြံဝင်းအတွင်းမှ စက်နှိုးသံတစ်ခု ထွက်ပေါ်လာကာ ရုတ်တရက် မီးများ လင်းထိန်သွားသည်ကို တွေ့ လိုက်ရလေ၏ ။
မီးစက်နှိုးလိုက်ခြင်း ဖြစ်ပေမည် ။
လင်းလက်လာသော မီးရောင် ကြောင့် ကျယ်ပြန့်မြင့်မားလှသော နှစ် ထပ်အိမ်ကြီး၏ သွင်ပြင်မှာ ခြံအလယ်တည့်တည့်၌ ထင်ထင်ရှားရှားကြီး ရှိနေတော့သည်။
အိမ်ရှေ့တံခါးပေါက်ကြီးပွင့်လာကာ လူသုံးဦး၏ အရိပ်သဏ္ဌ္ဌာန် ထွက်ပေါ်လာလေ၏ ။
လူသုံးဦးသည် အိမ်ရှေ့ဘက်ဆီသို့ ကျွန်မကို ကြိုဆိုရန် လျှောက်လာကြသည်။ သွက်လက်ဖျတ်လတ်ဟန်တူသော လူငယ်တစ်ဦးအသွင်က ရှေ့ဆုံးမှ ရောက်လာလေ၏ ။ သူသည် ဝင်းတံခါးဝကြီးဆီသို့ ဦးစွာ ရောက်လာကာ တံခါးမကြီးအား ခတ်ထားသော သော့ ခလောက်ကြီးကို သူ့လက်ထဲမှသော့ တံကြီးဖြင့် ထိုးဖွင့်လိုက်လေ၏ ။
တံခါးပွင့်သွားသည်နှင့် လူသုံးဦးက ခြံအပြင်တွင် ရပ်နေသော ကျွန်မထံ လျှောက်လှမ်းလာလေသည်။ မီးရောင် ကိုနောက်ကျောခိုင်းထား၍ သူတို့၏ မျက်နှာများ ကိုတော့ ကျွန်မပီပြင်အောင် မမြင်သာသေးပါ။လူရွယ်က ကျွန်မဆီသို့ ဦးဆုံးရောက်လာကာ ကျွန်မရှေ့တွင် ရပ်လိုက်လေသည်။
''မမမူရာ .ဟာ . မမမူရာက လှလိုက်တာဗျာ''
''အို''
မျှော်လင့်မထားသော အပြောအဆိုကြောင့် ကျွန်မအံ့အားသင့်သွားမိသည်။ သူ မည် သူလဲ။ ကျွန်မကိုဘာကြောင့် မမမူရာလို့ တရင်းတနှီး ခေါ်လိုက်ရတာ လဲ။ သူသည် ကျွန်မ ထက်ငယ်သော လူငယ်တစ်ဦး ဖြစ်တာတော့သေချာပါသည်။
''မောင်မောင်၊ မူရာကျော့ယဉ် ခုမှရောက်တယ်။ အိမ်ထဲ ဝင်ပါစေဦး''
နောက်မှပါလာသော အမျိုးသမီးက ပြောလိုက်ခြင်း ဖြစ်လေသည်။
မောင်မောင်ဆိုသူနှင့်အတူ အမျိုးသမီးနှစ် ယောက် ပါလာရာ တစ်ယောက် က အိုမင်းရင့်ရော်ပြီး ခါးကိုင်းနေသော အဘွားအိုတစ်ဦး ဖြစ်သည်။ မြင်းလှည်းသမားအဘိုးအိုပြောခဲ့သော ဒေါ်အိုဇာဆိုသူ ဖြစ်ပေလိမ့်မည် ။ မောင်မောင့်ကို စကားလှမ်းပြောလိုက်သူမှာ ကျွန်မနှင့် အသက်မတိမ်းမယိမ်းခန့် ဖြစ်မည် ဟု ခန့်မှန်းရသော အမျိုးသမီး ဖြစ်ပေ၏ ။
''သခင်မလေး .သခင်မလေးရောက်လာလို့ ဒေါ်အိုဇာ ဝမ်းသာပါတယ်။ ဒီနေ့မှ ရထားကလည်းအတော် နောက်ကျသကိုး။ ရောက်လာမယ်ဆိုတာကြိုသိရင် ဘယ်လောက်မိုးချုပ်ချုပ် ကျွန်မ ဘူတာရုံမှာ လာကြိုနေမှာ ပါ''
ဒေါ်အိုဇာက ကျွန်မရှေ့တွင် ရိုကျိုးစွာ ရပ်ကာ ပြောလိုက်သည်။ တကယ်တော့ သူမ၏ ခါးသည် ကိုင်းနေပြီးသား ဖြစ်ရာ ကျွန်မရှေ့တွင် ရပ်လိုက်သည်၌ ဦးညွှတ်အရိုအသေပေးသကဲ့သို့ ဖြစ်နေပြီး ဖြစ်ပါသည်။
''ဟုတ်ကဲ့၊ ကျွန်မအတွက် အပန်းကြီးမှာ စိုးလို့ အကြောင်းမကြားခဲ့တာပါ။ လမ်းခရီးကိုလည်း ဒီလောက်ခက်ခဲမယ် မထင်ခဲ့ဘူးလေ။ ကျွန်မ .ကျွန်မလည်း ကြီးကြီးကို တွေ့ ခွင့်မရလိုက်လို့ စိတ်မကောင်း ဖြစ်ရပါတယ်''
''သခင်မကြီးက မသေခင် သူ့တူမလေးကို မြင်ချင်လွန်းလို့ သခင်မလေးအလာကို စောင့်နေရှာတာပါ။သခင်မလေးနဲ့ တစ်ပတ်ပဲ လွဲသွားတယ်။ မနေ့ကပဲ သခင်မကြီး ရက်လည်တယ်''
ဒေါ်အိုဇာက ပြောအပြီးတွင် မျက်လုံးအိမ်မှ မျက်ရည်များ ကို သုတ်လိုက်သည်။ အသက်ကြီး၍ မျက်ဝတ်ထွက်တာလား၊ ဝမ်းနည်း၍ မျက်ရည်ကျသည်လား မသိနိုင်ပေ။
''ကဲပါ .အိမ်ထဲကျမှ အကျိုးအကြောင်းတွေ ၊ မိတ်ဆက်စကားတွေ ပြောကြစို့၊ ဝင်ကြရအောင်''
အမျိုးသမီးက လောဆော်လိုက်သည်။
''အပြင်မှာ လည်း သိပ်မှော င်နေပြီ မဟုတ်လား၊ လာ . မူရာကျော့ယဉ်၊ မမတို့ အိမ်ထဲဝင်ကြစို့''
ထိုအမျိုးသမီးက သူ့ကိုယ်သူ မမ ဟု နာမ်စားသုံးရင်း ကျွန်မကို လက်ကမ်းပေးလိုက်သည်။
''သယ်စရာတွေ များ သလား''
''ကျွန်မမှာ သယ်စရာ အိတ်တစ်လုံးပဲ ပါပါတယ်''
''ဒေါ်အိုဇာ သယ်ခဲ့ပါ့မယ်''
''အို .မဟုတ်တာ''
အသက်ကြီးပြီး ခါးကိုင်းနေသော မိန်းမကြီး တစ်ယောက် က ကျွန်မအထုပ်ကို သယ်ပေးမည့် အ ဖြစ်မှာ ကြည့်မကောင်းလှ၍ ကျွန်မက ငြင်းပယ်ရင်း လက်ဆွဲအိတ်ကို ကောက်ကိုင်လိုက်သည်။
''အခေါင်းကြီးကိုတော့ မောင်မောင်ထမ်းခဲ့မယ်နော်''
မောင်မောင်ဆိုသူလူငယ်က ပြောလိုက်သည်။
''ဟဲ့ .မောင်မောင်၊ အလောင်းထည့်တဲ့အခေါင်းကို နင် သယ်စရာလား။ ဘယ်မှာ လဲ၊ မောင်ပုနဲ့ မသိန်းတို့လင်မယား၊ အခိုင်းအစေတွေ ဟာ သိပ်နှောင့်နှေးပါလား၊ နှိုးထားခဲ့တာတောင် ထမလာသေးဘူး''
''ဟော .သူတို့လာကြပါပြီ''
ပြောဆိုနေစဉ်မှာ ပင် .အိမ်ထဲမှ အလုပ်သမား ဖြစ်ပုံရသော ယောက်ျား တစ်ယောက် နှင့် မိန်းမ တစ်ယောက် ထွက်လာလေသည်။ မမဆိုသူ၏ အပြောအရ အိမ်အလုပ်သမားလင်မယား ဖြစ်ဟန်တူလေ သည်။
''မောင်ပု၊ အခေါင်းကြီးကိုအိမ်ထဲသွင်းခဲ့။ မသိန်း၊ မူရာကျော့ယဉ် လက်ထဲက အထုပ်ကိုသယ်ခဲ့။ ကဲ .လာ.မူရာကျော့ယဉ်၊ အိမ်ထဲကျမှ စကားအေးအေးဆေးဆေး ပြောကြရအောင်''
အားလုံးကို မမကပင် ဦးဆောင်အမိန့်ပေးသွားခဲ့သည်။
***
အိမ်ထဲသို့ရောက်ပါပြီ။
မီးစက်နှိုးထားရ၍ ထင်သည်၊ မီးချောင်းတစ်ချောင်းသာ ဧည့်ခန်းတွင် ထွန်းထားသော ကြောင့် အလင်းရောင် အားနည်းလျက်ရှိပေ၏ ။ ဧည့်ခန်းကြီးက မီးချောင်းတစ်ချောင်း၏ အရောင် ဖြင့် မလုံလောက်အောင် ကျယ်လွန်းလှပေသည်။
ကျွန်မက အိမ်ကြီးအနေအထားကို ယေဘုယျလေ့လာလိုက်သည်။
အိမ်ကြီးသည် ခမ်းနားမှု နှင့်ဟောင်းနွမ်းမှု အားပြိုင်နေသလို ဖြစ်နေပေ၏ ။ တစ်ချိန်က ခမ်းနားကြီးကျယ်ခဲ့ပုံရသော အိမ်အပြင်အဆင်မှာ ပြုပြင်မွမ်းမံမှု အားနည်း၍ ဟောင်းနွမ်းရင့်ရော်လာပုံမျိုးပင်။
''ထိုင်ပါ သခင်မလေး''
ဒေါ်အိုဇာက ကုလားထိုင်တစ်လုံးကိုညွှန်ပြကာ ကျွန်မကို ပြောလိုက်သည်။ သူထိုင်ခိုင်းသော ကုလားထိုင်မှာ ဆက်တီထိုင်ခုံ၏ ထိပ်ဘက်တွင် ရှိသော ကုလားထိုင် ဖြစ်ပါ၏ ။ ဒေါ်အိုဇာက နံရံတွင် ချိတ်ထားသော ဖုန်သုတ်ကြက်မွေးကိုယူကာ ကုလားထိုင်ကို လှည်းကျင်းလိုက်၏ ။
ကျွန်မက နီးရာကုလားထိုင်တစ်လုံးတွင် သာ ဝင်ထိုင်လိုက်သည်။
''အို .သခင်မလေး၊ သခင်မလေးထိုင်ရမှာ က ဒီထိပ်က ကုလားထိုင်ပါ၊ ဒီမှာ ပဲ ထိုင်ပါ''
ကျွန်မအား သခင်မ တစ်ယောက် သဖွယ် အလေးတယူပြုနေခြင်းကို ကျွန်မ မနေတတ်ပေ။ သို့သော် ဒေါ်အိုဇာကျေနပ်အောင် သူမ ပြသော ကုလားထိုင်မှာ ပင် ထိုင်လိုက်ရ၏ ။
မမသည် ဘေးဘက်မှ အခြားကုလားထိုင်တစ်လုံးတွင် ဝင်ထိုင်လိုက်သည်။ မမ၏ အပြုအမူမှာ အနည်းငယ်ကြမ်းတမ်းသွားသယောင် ထင်မိပေ၏ ။
''မောင်မောင်၊ မင်းလည်းဝင်ထိုင်၊ တို့မောင်နှမ မူရာကျော့ယဉ်နဲ့ မိတ်ဆက်ရအောင်။ ပြီးမှ အိမ်ကအခိုင်းအစေတွေ နဲ့ မိတ်ဆက်ပေးတာပေါ့''
မမက ပြောလိုက်ခြင်း ဖြစ်ပါသည်။
မောင်မောင်သည် မမနှင့်ဘေးချင်းကပ်လျက်ခုံတွင် ဝင်ထိုင်လိုက်၏ ။
ဒေါ်အိုဇာကတော့ ကျွန်မကုလားထိုင်ဘေးတွင် ရိုကျိုးစွာ ရပ်လျက်ရှိပေသည်။ သူမသည် အရိုးအပြိုင်းပြိုင်းထအောင် ပိန်လှီကာ ခါးကိုင်းနေသော အဘွားအိုတစ်ဦး ဖြစ်သည်။ ဒေါ်အိုဇာကို ကျွန်မက ထိုင်ခိုင်းချင်သော်လည်း မမနှစ်သက် ပုံမရသဖြင့် မပြောရဲချေ။
မမသည် ဤအိမ်တွင် မည် သည့်အဆင့်ရှိသလဲ။ မည် သို့ အရေး ပါအရာရောက်သလဲ။ ကျွန်မနှင့်ရော မည် သို့တော် စပ်သလဲ။ ကျွန်မ ဘာမျှ မသိသေးပေ။
မမက ဒေါ်အိုဇာကို အခိုင်းအစေ တစ်ယောက် ဟု ပြောလိုက်ခြင်းမှာ ရိုးရိုးလား၊ ကျွန်မသိအောင် တမင်ပြောသလား မသိပေ။
''မူရာကျော့ယဉ် ရောက်လာမယ်ဆိုလို့ မမတို့မျှော်နေခဲ့တာ ကြာပြီကွယ့်။ မမနာမည် က မေခင်မိုးမြင့် ပါ။မောင်မောင်က မမရဲ့ မောင်လေး အာကာမောင်မောင် တဲ့။ တို့နဲ့ မူရာကျော့ယဉ်ဟာ ဆွေမျိုးသားချင်းတွေ ပေါ့ကွယ်''
''ဟုတ်ကဲ့''
''ပြီးတော့ မေမေ ရှိသေးတယ်။ မမတို့အမေလေ၊ မေမေက နေမကောင်းလို့ အိပ်နေပြီ။ မေမေနဲ့ တော့မနက်မှမိတ်ဆက်ပေးတော့မယ်''
''ဟုတ်ကဲ့ပါ မမမေခင်''
''မမမိုးလို့ပဲ ခေါ်ကြတယ်ကွယ့်''
''ဟုတ်ကဲ့ မမမိုး''
''မောင်မောင့်ကိုတော့ အားလုံးက မောင်မောင်လို့ပဲ ခေါ်ကြတယ်လေ။ တို့မောင်နှမဟာ မူရာကျော့ယဉ်အတွက် အားကိုးရမယ့်သူတွေ ပါ မူရာကျော့ယဉ်''
''ကျွန်မကိုလည်း မူရာလို့ပဲ ခေါ်နိုင်ပါတယ် မမမိုး''
''အင်း .ဒီအိမ်မှာ အရေး ပါအရာရောက်တဲ့သူတွေ ကတော့ ဒါပါပဲ။ ကျန်တာတွေ က အခိုင်းအစေတွေ လေ၊သြော် . မူရာ့ဘေးမှာ ရပ်နေတာ ဒေါ်အိုဇာလေ၊ သူက မီးဖိုချောင်ကိစ္စ စီမံခန့်ခွဲတယ်''
ကျွန်မက ဒေါ်အိုဇာကိုလှည့်ကြည့်လိုက်သည်။ ဒေါ်အိုဇာသည် မေခင်မိုးမြင့်ပြောသည့်စကားများ ကို အရေး မစိုက်သလို မျက်နှာသေဖြင့် ရပ်နေ၏ ။ သူမက ကျွန်မကိုသာ ကြည့်နေပါသည်။
''ဒေါ်အိုဇာ့နာမည် ကိုတော့ လိုက်ပို့တဲ့အဘိုးကြီးပြောပြခဲ့လို့ ရောက်ရောက်ချင်း သိပြီးပါပြီ။ အဘိုးကြီးကဒေါ်အိုဇာဟာ ဒီအိမ်ရဲ့ ဘဏ္ဍာစိုးလို့ ပြောခဲ့ပါတယ်''
မေခင်မိုးမြင့်က ခပ်ဟဟရယ်မောလိုက်သည်။
''ဘဏ္ဍာစိုး ဟုတ်လား၊ ဟင်း .ဟင်း .ဈေးဖိုးလေး နည်းနည်း ပါးပါး ကိုင်သုံးရတာ ကို ပြောနေတယ်ထင်ပါရဲ့ ကွယ်''
မေခင်မိုးမြင့်က ဒေါ်အိုဇာ၏ အနေအထားကို လှောင်ပြောင်သရော်လိုက်ခြင်းပင် ဖြစ်ပေမည် ။တစ်ချိန်လုံး ငြိမ်နေသော ဒေါ်အိုဇာက စကားတစ်ခွန်း ဝင်ပြောလိုက်၏ ။
''သခင်မလေးရှင့်၊ တကယ်တော့ ဒေါ်အိုဇာဟာ သခင်မလေးရဲ့ အဘိုးလက်ထက်ကတည်းက ဒီအိမ်မှာ ရှိနေတဲ့ 'ကျွန်' တစ်ယောက် ပါ။ ဒေါ်အိုဇာဟာ အရှင်သခင်တွေ ကို သိတတ်ပြီး တာဝန်ကျေပွန်လို့ ဒီအချိန်ထိ ကျွန်သက်ရှည်နေတာပါရှင့်။ အခုလည်း သခင်မလေးအလာကို စောင့်ရမယ်လို့ သခင်မကြီးဒေါ်နန်းကြာမိုးက မိန့်ကြားခဲ့လို့ကျွန်မဟာ သခင်မလေးအလာကို စောင့်နေပါတယ်။ ကျွန်မကို ဒီအိမ်မှာ ကျွန်အ ဖြစ် ဆက်ထား,မထားဆိုတာ ကတော့သခင်မလေးရဲ့ သဘောပါ။ သခင်မလေးက ထွက် သွားပါတော့ဆိုတာနဲ့ ဒေါ်အိုဇာ ဒီအိမ်က ထွက် သွားပါ့မယ် သခင်မလေး''
အဘွားကြီးနှုတ်မှ ထွက်လာသော စကားများ က မထင်မှတ်လောက်အောင်ပင် ရှည်လျားကာ၊ ပညာသားလည်းပါလွန်းလှသည်ဟု ကျွန်မ ရိပ်မိပေသည်။
''မဟုတ်တာပဲ ဒေါ်အိုဇာရယ်၊ အဘိုးအဘွားလက်ထက်ကတည်းက နေလာတဲ့အိမ်အလုပ်သမား တစ်ယောက် ကို ကျွန်မရောက်လာမှ ထုတ်ပစ်ရမယ်လို့၊ ကျွန်မ ဒါမျိုးမလုပ်ပါဘူး။ ဒါတွေ စဉ်းစားဖို့လည်း အချိန်စောပါသေးတယ်ဒေါ်အိုဇာ''
''ဟုတ်ကဲ့ပါ သခင်မလေး၊ ဒေါ်အိုဇာကလည်း သခင်မလေးဟာ ဟောဒီအိမ်ကြီးနဲ့ ပတ်သက်လာရင် သြဇာအာဏာအရှိဆုံး၊ ဒီမှာ ရှိနေသမျှလူတွေ ကို သခင်မလေးသဘောနဲ့ နှင်ချလိုက နှင်ချနိုင်ပါတယ်ဆိုတာ သိရအောင်ပြောပြတာပါရှင့်''
ဒေါ်အိုဇာကား မခေလှပါကလား။
ထိုစဉ် အခေါင်းကြီးကိုထမ်းလျက် မောင်ပုအိမ်ထဲသို့ ဝင်လာလေသည်။ သူ့ဇနီးမသိန်း ကတော့ ကျွန်မအိတ်ကလေးကိုကိုင်လျက် အခန်းထောင့်၌ မတ်တပ်ရပ်နေပေသည်။
''သူတို့က မောင်ပုနဲ့ မသိန်းပါတဲ့ သခင်မလေး၊ ဒေါ်အိုဇာလိုပဲ အခိုင်းအစေတွေ ပါ၊ သူတို့က လင်မယားပါ''
ဒေါ်အိုဇာကပင် မိတ်ဆက်ပေးလိုက်ခြင်း ဖြစ်သည်။
အခိုင်းအစေဆိုတဲ့အသုံးအနှုံးမှာ ဤအိမ်တွင် သုံးစွဲနေကျပဲလား၊ မေခင်မိုးမြင့်က ချိုးချိုးနှိမ်နှိမ်ပြောထား၍ အရွဲ့တိုက်သုံးနှုန်းလိုက်ခြင်းပေပဲလား မသိပေ။ နောင်မှသာ သည်လိုအသုံးအနှုန်းမျိုး မသုံးရန် ပြောရပေတော့မည် ။
''အခေါင်းကြီးကို ဘယ်မှာ ထားရမလဲ မမမိုး''
မောင်ပုက မေခင်မိုးမြင့်ကို မူတည်၍ မေးလိုက်သည်။
''ဟုတ်သားပဲ၊ မူရာကျော့ယဉ်ကိုထားဖို့ ပြင်ထားတဲ့အခန်းကို နာရေး ဖြစ်လိုက်တော့ ပစ္စည်းတွေ ထည့်လိုက်မိတယ်''
''သခင်မလေး၊ သခင်မကြီးဒေါ်နန်းကြာမိုးနေသွားတဲ့ အပေါ်ထပ်ကအခန်းကိုမှာ ပဲ နေပါလားရှင့်။ သခင်မလေးအတွက် အခန်းပြင်ထားပေမဲ့ အခန်းထဲကို ပစ္စည်းတချို့ထည့်လိုက်မိလို့ပါ၊ နောက်နေ့မှပဲ ပြန်ရှင်းပေးပါ့မယ်''
''သင့်သလိုသာ စီစဉ်ပါ ဒေါ်အိုဇာ''
''ဒါဖြင့် ကျွန်တော် အခေါင်းကြီးကို အပေါ်ထပ်အခန်းထဲ ပို့ထားလိုက်တော့မယ်''
''အို .ကိုမောင်ပု၊ နေပါဦး''
ကျွန်မက အလန့်တကြား ဟန့်တားလိုက်သည်။
''ကျွန်မအနေနဲ့ အခေါင်းကြိုလုပ်ထားတဲ့ထုံးစံဟာ ဒီမိသားစုထုံးစံဆိုတာ သိခဲ့ရပြီးပါပြီ။ ဒါပေမဲ့ အခေါင်းကြီးတစ်ခုနဲ့ တစ်ခန်းတည်းနေရမယ်ဆိုတာတော့ ကျွန်မစိတ်က မသန့်သေးဘူးရှင်။ တစ်ဆိတ်ကျေးဇူးပြုပြီး အခေါင်းကိုတစ်နေရာမှာ ပဲ ထားပေးပါလား''
''အို .ဟုတ်တာပေါ့၊ ဒါအတွက် စိတ်မပူပါနဲ့ မူရာကျော့ယဉ်။ မောင်ပု၊ အခေါင်းကို နောက်ဖေးဘက်မှာ ပဲထောင်ထားလိုက်''
မေခင်မိုးမြင့်က ဝင်၍ အမိန့်ပေးလိုက်သည်။
''ပြီးရင် မင်းတို့လင်မယား အပေါ်ထပ်ကအခန်းကို နည်းနည်း ပါးပါး သန့်ရှင်းရေး သွားလုပ်ထားလိုက်ဦး''
''ကြီးကြီးနေသွားတဲ့အခန်းမှာ မမမူရာနေလို့ သင့်တော် ပါ့မလား မမ''
တစ်ချိန်လုံးငြိမ်နေသော အာကာမောင်မောင်က ဝင်ပြောလိုက်သည်။
''ဘာ ဖြစ်လို့လဲ မောင်မောင်''
''လူသေထားတဲ့အခန်း ဖြစ်နေလို့ပါ၊ ပြီးတော့ အပေါ်ထပ်မှာ မမမူရာ တစ်ယောက် တည်း ဖြစ်နေလိမ့်မယ်''''ကိစ္စမရှိပါဘူး မောင်မောင်၊ မမမူရာ နေရဲပါတယ်''
ကျွန်မက ပြေလည်အောင် ဝင်ပြောလိုက်သည်။
''ဒီလိုရှိတယ် မူရာကျော့ယဉ်''
မေခင်မိုးမြင့်က ပြောပြန်သည်။
''တို့အားလုံး အောက်ထပ်မှာ ပဲ နေကြတယ်ကွယ့်။ လောလောဆယ် ကြီးကြီးနေသွားတဲ့အခန်းမှာ မူရာကျော့ယဉ်ကိုထားတာက အဲဒီ အခန်းမှာ မီးဆင်ပြီးသားရှိလို့ပါ''
''ရှင်''
''ဒီလိုလေ ဒီအရပ်ကခေါင်တော့ လျှပ်စစ်မီးမရှိဘူးကွယ့်။ ကိုယ်ပိုင်မီးစက်ကိုပဲ သုံးရတာ ၊ မီးစက်နဲ့ဆိုတော့အကုန်အကျများ မှာ စိုးပြီး အခန်းတိုင်းမှာ မီးသွယ်မထားဘူးလေ။ လူနေတဲ့အခန်းတွေ မှာ ပဲ မီးပွင့်မီးချောင်းတွေ တပ်ထားတယ်။ ကြီးကြီးနေသွားတဲ့အခန်းက မီးသွယ်ပြီးသားအခန်း ဖြစ်နေလို့ မူရာကျော့ယဉ်နေဖို့စီစဉ်ရတာ ပါ''
''ဟုတ်ကဲ့၊ ရပါတယ် မမမိုး''
အပေါ်ထပ်တွင် အခန်းသန့်ရှင်းရေး သွားလုပ်သော မသိန်း ပြန်ရောက်လာသည်။
''အခန်းပြင်ဆင်ပြီးပါပြီ သခင်မလေး''
မသိန်းက ကျွန်မကိုရည်ရွယ်၍ သာ သတင်းပေးပို့လေ၏ ။
''ကဲ .မူရာကျော့ယဉ်ကို အပေါ်ထပ်လိုက်ပို့လိုက်ကြ။ မူရာရေ .မမတို့နဲ့ မနက်မှ အေးအေးဆေးဆေးပြန်ဆုံကြတာပေါ့နော်''
မေခင်မိုးမြင့်က နှုတ်ဆက်စကားဆိုသည်။
''ဟုတ်ကဲ့ပါ မမမိုး''
ကျွန်မသည် ထိုင်နေရာမှ ထလိုက်၏ ။
အားလုံးလည်း ထိုင်ရာမှထလိုက်ကြလေသည်။
ထိုအခါမှပင် ဧည့်ခန်းနံရံ၌ ချိတ်ထားသော ပန်းချီကားကြီးများ ကို ကျွန်မ သတိပြုလိုက်မိတော့၏ ။ကျွန်မက ပန်းချီကားကြီးများ ကို ရပ်ကြည့်နေမိသည်။
ပန်းချီကားကြီးမှာ လေးချပ် ဖြစ်ပြီး လူလေးဦး၏ ပုံများ ကို ရေး ဆွဲထားခြင်း ဖြစ်ပေသည်။ အပေါ်တန်းတွင် ယှဉ်လျက်ချိတ်ထားသော ကားချပ်နှစ် ခုမှာ ကျွန်မ၏ အဘိုးအဘွားများ ပုံ ဖြစ်ပေမည် ။
ထို့အောက်ဘက်တွင် ပုံနှစ် ပုံ ယှဉ်လျက်ချိတ်ထားပြန်၏ ။ ညာဘက်မှပုံမှာ ကျွန်မဖေဖေ ဦးခွန်သာမိုးပုံ ဖြစ်ပါသည်။ ဖခင်ကို ဓာတ်ပုံထဲမှာ သာ မြင်ဖူးခဲ့သော်လည်း ကျွန်မ မှတ်မိပါသည်။
သို့ဆိုလျှင် ဘယ်ဘက်မှပုံမှာ ကြီးကြီးဒေါ်နန်းကြာမိုးပင် ဖြစ်ပေလိမ့်မည် ။ ငယ်နုစဉ်ကရိုက်ထားသော ပုံများ မို့နုပျိုမှု နှင့်အတူ မာန်မာန 'အရိပ်အယောင်များ ယှက်သန်းနေပေ၏ ။
''ဒီဘက်က ကြီးကြီးဒေါ်နန်းကြာမိုးပုံပေါ့နော်''
''ဟုတ်ပါတယ်၊ မူရာကျော့ယဉ် ကြီးကြီးကို မမြင်ဖူးသေးဘူးနော်''
''ဟုတ်ပါတယ် မမမိုး၊ ကြီးကြီးက မူရာ့ကို ဆက်သွယ်ခဲ့ပေမဲ့ ဓာတ်ပုံလေးတစ်ပုံတောင် ထည့်မပေးလိုက်ဘူးလေ''
''မူရာ့ဆီရေး တဲ့စာတွေ ကို ကြီးကြီးနှုတ်တိုက်ချပေးတဲ့အတိုင်း မမမိုး ရေး ပေးတာပါကွယ်။ ကြီးကြီးဓာတ်ပုံထည့်မပေးတာကတော့ မူရာကျော့ယဉ်လာတဲ့အခါ ကြီးကြီးနဲ့ တွေ့ ရမယ်လို့ထင်တာကိုး။ ကြီးကြီးက အမှတ်မထင်ကွယ်လွန်သွားလို့သာ မဟုတ်လား''
''ဟုတ်ပါတယ်လေ''
''ပြီးတော့ ကြီးကြီးက အသက်ကြီးပြီး အိပ်ရာထဲလဲနေတဲ့ လူမမာလေ၊ လောလောလတ်လတ် ရိုက်ထားတဲ့ပုံလည်း ရှိမှ မရှိတာကိုး။ ဟောဒီပုံထဲမှာ အများ ကြီးနုပျိုသေးတာပေါ့။ အသက်သုံးဆယ်လောက်ကပုံ ထင်ပါရဲ့ ။မသေခင် ကြီးကြီး တော် တော် ကျသွားခဲ့တာကွယ့်''
ကျွန်မသည် ပုံအ ဖြစ်သာမြင်တွေ့ ခွင့်ရှိတော့သော ဆွေမျိုးရင်းချာများ ကို ငေးကြည့်နေမိ၏ ။ ကျွန်မဘဝတွင် ဖခင်ကိုလည်း မမြင်တွေ့ ဖူးခဲ့။ အဘိုး၊ အဘွားနှင့်ကြီးတော် များ ၏ ပုံများ ကိုပင် ဤအိမ်ရောက်မှ မြင်တွေ့ ခွင့်ရတော့သည်။
''တကယ်တော့ ကြီးကြီးဆုံးသွားတာကို ဒီရောက်မှ ကျွန်မ သိရတာ ပါ မမမိုး။ ခေါင်းလာပို့တဲ့အဘိုးကြီးမြင်းလှည်းပေါ်မှာ ပြောပြလို့ မကြာခင်ကမှ သိရတာ ပါ''
''အို''
''ဟင်''
ကျွန်မအပြောကြောင့် အားလုံး အံ့အားသင့်သွားကြပုံပေါ်သည်။
''တို့က ရှေ့နေကြီးဦးစိုးမြင့် အကြောင်းကြားပေးလိမ့်မယ်ထင်တားတာ၊ မူရာကျော့ယဉ် အသုဘမမီတာကိုတော့ အကြောင်းအမျိုးမျိုးကြောင့် နောက်ကျနေတယ်ပဲ ထင်မိတာလေ''
''ဦးစိုးမြင့်ကလည်းဗျာ၊ ဘာလို့အကြောင်းကြားမပေးတာပါလိမ့်။ ဦးစိုးမြင့်ကပဲ အဆက်အသွယ် လုပ်ပေးနေတော့ မောင်မောင်တို့က မမမူရာလိပ်စာကို မသိဘူးလေ''
''ဦးစိုးမြင့်က အကြောင်းကြားပေးပါလိမ့်မယ် မောင်မောင်။ မမမူရာက ဒီမလာခင် အလုပ်ကထွက်၊ ငှားထားတဲ့အိမ်ကို ပြန်အပ်ပြီး သူငယ်ချင်းအိမ်မှာ နှစ် ပတ်လောက် နေနေသေးတာလေ။ ဦးစိုးမြင့် အကြောင်းကြားစာဟာမမမူရာ အလုပ်လုပ်တဲ့ကုမ္ပဏီကို ရောက်ချင် ရောက်နေပါလိမ့်မယ်။ ကြားမှာ အဆက်အသွယ်ပြတ်နေလို့ပါ''
''သခင်မလေး နားလိုက်ပါတော့၊ ခရီးလည်း ပန်းလာတယ်၊ မိုးလည်း ချုပ်လှပါပြီ။ ဒေါ်အိုဇာ အပေါ်ထပ်ကိုလိုက်ပို့ပါ့မယ်''
ဒေါ်အိုဇာက ကျွန်မကို သတိပေးပြောကြားလိုက်သည်။
''ဟုတ်ကဲ့ ဒေါ်အိုဇာ၊ သွားကြစို့''
မေခင်မိုးမြင့်နှင့် အာကာမောင်မောင်ကိုနှုတ်ဆက်ကာ ဒေါ်အိုဇာနှင့်အတူ အိမ်ပေါ်ထပ်သို့တက်ခဲ့လေသည်။
***
ရှည်လျားလှသော တစ်ဆစ်ချိုးလှေကားကြီးအတိုင်း တက်လာခဲ့ရာ မြင့်မားသော အိမ်အပေါ်ထပ်သို့ရောက်ခဲ့လေသည်။
ကျွန်မနေရမည့် အခန်းမှာ အစွန်ဘက်ကျသော အခန်း ဖြစ်ပုံရသည်။ စင်္ကြံလမ်းအတိုင်း အတော် ကြာကြာလျှောက်ခဲ့ရပေ၏ ။ ရှည်လျားသော စင်္ကြံလမ်းတစ်လျှောက် မီးလုံးလေးတစ်လုံးသာ ထွန်းညှိထားပါသည်။အခန်းထဲသို့ ကျွန်မရောက်သည်နှင့် မောင်ပုနှင့်မသိန်းတို့ ထွက်သွားကြသည်။ ကျွန်မနှင့်ဒေါ်အိုဇာသာကျန်ရစ်ခဲ့ပါ၏ ။
ကျွန်မက အခန်းကိုမျက်လုံးဝေ့ကြည့်လိုက်သည်။လူ တစ်ယောက် စာအတွက် အတော် ကျယ်ဝန်းသော အခန်းတစ်ခန်း ဖြစ်ပါသည်။ ခုတင်တစ်လုံးနှင့် ဗီရိုနှစ် လုံးအပြင် စားပွဲနှင့်ဆက်တီတစ်စုံကိုထည့်ထားသည့်တိုင် ကျယ်ဝန်းလျက်ရှိသေးသည်။ ခေါင်းရင်းဘက်မှာ ရော၊ဘေးဘက်မှာ ပါ ပြတင်းပေါက်များ ကိုတွေ့ ရ၏ ။
''သခင်မလေးရောက်လာလို့ ဒေါ်အိုဇာ အရမ်းဝမ်းသာမိတယ်''
ဒေါ်အိုဇာက လှိုက်လှိုက်လှဲလှဲ ပြောလိုက်သည်။
''သခင်မလေးသာ ရောက်မလာရင် ထမင်းဟင်းချက်စားဖို့တောင် ခက်လိမ့်မယ်။ ဒေါ်အိုဇာ့မှာ ဈေးဖိုးကုန်လုပြီလေ''
''ရှင်''
ကျွန်မက ဒေါ်အိုဇာ့ကို အလန့်တကြားကြည့်လိုက်လေ၏ ။ ခရီးရောက်မဆိုက် ဒေါ်အိုဇာ ကျွန်မဆီက ဈေးဖိုးတောင်းနေတာလား။
''ဈေးဖိုး ဟုတ်လား၊ မမမိုးတို့က ဒေါ်အိုဇာ့ကို ဈေးဖိုးမပေးဘူးလား''
ဒေါ်အိုဇာက မျက်နှာကို မဲ့ရွဲ့ပြလိုက်သည်။
''သူ့တို့မှာ ဘယ်က ပိုက်ဆံရှိလို့ ပေးနိုင်မှာ လဲ သခင်မလေး။ သူတို့မှာ ဘာဝင်ငွေမျှ မရှိဘူး။ သူတို့မိသားစုသုံးယောက် လုံး သခင်မကြီးဆီမှာ လာပြီးခိုလှုံနေကြတာပါ''
''ဒါနဲ့ မမမိုးတို့မိသားစုဟာ ကျွန်မနဲ့ ဆွေမျိုးသားချင်းတွေ ဆို၊ ဘယ်လိုတော် တာလဲ၊ ဒေါ်အိုဇာ သိသလား''''စပ်မှတော် တဲ့ ဆွေမျိုးအဝေးကြီးတွေ ပါ သခင်မလေး။ သူတို့စကားတွေ မယုံပါနဲ့။ ဒါတွေ အေးအေးဆေးဆေးတော့ ဒေါ်အိုဇာ ပြောပြပါ့မယ်''
''သူတို့က အိုးခွဲချက်စားကြလို့ ဒေါ်အိုဇာ့ကို ဈေးဖိုးမပေးတာလားဟင်''
ဒေါ်အိုဇာက ပြုံးလိုက်ပြန်သည်။
''အိုးခွဲချက်စားရအောင် ဘယ်ကပိုက်ဆံရှိလို့လဲ သခင်မလေးရယ်၊ ငတ်လို့ သခင်မကြီးနန်းကြာမိုးဆီမှာ လာပြီးခိုလှုံနေတာပါဆို''
''အို''
''ငတ်လို့'' ဆိုသည့်စကားလုံးကို လေးလေးနက်နက်ကြီး ပြောလိုက်ခြင်း ဖြစ်သည်။
''သခင်မကြီးဆီက အမွေရနိုးနိုးနဲ့ လာပြီး ကပ်ချိုင်နေကြတာလေ။ သခင်မကြီးက သခင်မလေးကို ဆက်သွယ်ပြီး ခေါ်လိုက်တော့ သူတို့ တော် တော် မခံချိမခံသာ ဖြစ်နေကြတယ် သခင်မလေး။ သခင်မလေးလည်း သူတို့မိသားစုကို သတိထားပါ''
''တော် ပါတော့ ဒေါ်အိုဇာ''
မေခင်မိုးမြင့်က ဒေါ်အိုဇာကိုချိုးနှိမ်ဆက်ဆံခဲ့သလို ဒေါ်အိုဇာကလည်း မေခင်မိုးမြင့်ကို နှိမ့်ချပြောဆိုလျက်ရှိပေသည်။ မေခင်မိုးမြင့်က ဗြောင်ချိုးနှိမ်ခဲ့ခြင်း ဖြစ်ပြီး၊ ဒေါ်အိုဇာကတော့ ကွယ်ရာတွင် စကားတင်းဆို ခြင်း ဖြစ်ပါသည်။ကျွန်မအနေဖြင့် မည် သူ့စကားကိုမျှ တစ်ဖက်သတ် ယုံကြည်လို့ မ ဖြစ်ပါ။ ကျွန်မအနေနှင့် ဤအိမ်ကြီးမှ လူများ ၏ သဘောထားနှင့်အနေအထားကို အများ ကြီးလေ့လာရပါဦးမည် ။
လောလောဆယ် ကျွန်မခေါင်းခဲမိသည်မှာ ဒေါ်အိုဇာ ဈေးဖိုးတောင်းနေသည့်ကိစ္စ ဖြစ်သည်။ ကျွန်မအနေနှင့်ဤအိမ်သို့ မှီခိုသူတစ်ဦး ဖြစ်သာ ရောက်လာခြင်း ဖြစ်သည်။ အရှင်သခင်တစ်ဦးအ ဖြစ်ရောက်လာခြင်း မဟုတ်ပါ။ တစ်မိသားစုလုံးအတွက် ဈေးဖိုးထုတ်ပေးလောက်အောင်လည်း မကြွယ်ဝပါ။ ဒေါ်အိုဇာက ဈေးဖိုးကို ယခုပေးရမည် ဟုတောင်းဆိုနေခြင်းမဟုတ်သော်လည်း တစ်အိမ်လုံး၏ စားဝတ်နေရေး မှာ ကျွန်မအပေါ်တွင် ရှိသည်ဟု ဆိုလိုရာကျနေပေသည်။
''အရင်ကရော အိမ်ရဲ့ ဈေးဖိုးကို ဘယ်လိုစီစဉ်သလဲ ဒေါ်အိုဇာ''
''သခင်မကြီးကပဲ ထုတ်ပေးပါတယ်။ သခင်မကြီးက ငွေနဲ့ ဘဏ်စာရင်းတွေ အားလုံးကို ရှေ့နေဦးစိုးမြင့်ဆီမှာ အပ်ထားတာလေ။ ရှေ့နေကြီးက သခင်မလေးကို ငွေနဲ့ပစ္စည်းတွေ အားလုံး လွှဲပေးမှာ ပါ။ သခင်မလေးရောက်နေပြီသတင်းကြားတာနဲ့ ရှေ့နေကြီး ရောက်လာပါလိမ့်မယ် သခင်မလေး။ ငွေရေး ကြေးရေး အတွက် ဘာမျှမပူပန်ပါနဲ့။သခင်မကြီး ထားခဲ့တဲ့ငွေတွေ အများ ကြီးပါ''
ဒေါ်အိုဇာက ကျွန်မ၏ စိုးရိမ်ပူပန်မှု ကို သိသည့်အလား ပြောလိုက်လေသည်။ ကျွန်မလည်း အသက်ရှူချောင်သွားရ၏ ။
''ဒါနဲ့ ဒေါ်အိုဇာ၊ ဒေါ်အိုဇာဟာ ကျွန်မမေမေတို့အရွယ်လောက်ရှိပါတယ်။ ကျွန်မကို သခင်မလေးလို့မခေါ်စေချင်ဘူး။ ဒါမျိုးခေါ်ရမယ့် ခေတ်မျိုးလည်း မဟုတ်တော့ပါဘူး''
''ဒေါ်အိုဇာ နှုတ်ကျိုးနေပါပြီ သခင်မလေး။ ရွှေဖီမိုးမိသားစုဝင်တွေ အားလုံးကို သခင်ခေါ်ရတာ ထုံးစံပဲ။ဒီအတိုင်းပဲခေါ်ပါရစေ။ ပြီးတော့ ခေါ်ဖို့လည်းလိုအပ်လို့ပါ သခင်မလေး''
''လိုအပ်လို့''
''ဟုတ်ပါတယ်၊ မေခင်မိုးမြင့်လေ .သူ့ကိယ်ုသူ ရွှေဖီမိုးမိသားစုနဲ့ ဆွေမျိုးရင်းချာယောင်ယောင်နဲ့ ဘဝင်မြင့်နေတဲ့ မိန်းကလေးပေါ့။ ရွှေဖီမိုးရဲ့ အမွေတွေ ကို သူတို့ပဲရမယ်လို့ အပိုင်တွက်ထားတာလေ။ သခင်မလေးရောက်လာတော့သူမျှော်လင့်စရာမရှိတော့ဘူး။ အရင်ကတည်းကလည်း ဘာမျှမဆိုင်တာ၊ မေခင်မိုးမြင့်က သခင်မလေးလို့ သိပ်အခေါ်ခံချင်နေတာလေ။ သခင်မလေးလို့ခေါ်ဖို့ကို နှုတ်က ဖွင့်ပြောခဲ့တာပေါ့။ ဒေါ်အိုဇာတို့က သိပြီးသား။ မခေါ်နိုင်ဘူး၊ မခေါ်ခဲ့ဘူး၊ အဲဒီ တော့ ဘဝင်မြင့်နေတဲ့ မေခင်မိုးမြင့် သူ့ကိုယ်သူသိသွားအောင် သူ့ရှေ့မှာ တမင်သက်သက်ကို များများ ခေါ်ပေးဖို့လိုပါတယ် သခင်မလေး''
ဒေါ်အိုဇာသည် အာဂအဘွားကြီးပါတကား။
ကျွန်မက သက်ပြင်းကိုချလိုက်မိသည်။
''ဒေါ်အိုဇာရယ်၊ ဒေါ်အိုဇာတို့ အာဃာတတွေ ကလည်း ကြီးလှချေလား။ အင်းလေ .ကျွန်မလည်း ဒါတွေ ကိုလေ့လာရပါဦးမယ်''
''ခရီးရောက်မဆိုက် သခင်မလေး စိတ်အနှောင့်အယှက် ဖြစ်သွားပလား''
''ရပါတယ် ဒေါ်အိုဇာ၊ ပြီးတော့ အခိုင်းအစေတို့၊ ကျွန်တို့ဆိုတဲ့ အသုံးအနှုန်းတွေ ကိုလည်း မသုံးစေချင်ဘူး။ဒီခေတ်မှာ လူ တစ်ယောက် ကို ကျွန်အ ဖြစ် ဆက်ဆံလို့လည်း မရတော့ပါဘူး။ ဒေါ်အိုဇာတို့ဟာ အိမ်အလုပ်သမားတွေ ပါ၊ အလွန်ဆုံး အိမ်ဖော်လို့သုံးရင် တော် ပြီပေါ့''
''ဟုတ်ကဲ့ပါ သခင်မလေး၊ သခင်မလေး သဘောထားကြီးတာကို ဒေါ်အိုဇာ သိပ်ဝမ်းသာပါတယ်''
''ကျွန်မ နားဖို့ကောင်းပြီထင်တယ် ဒေါ်အိုဇာ''
ကျွန်မက လက်မှနာရီကိုကြည့်ရင်း ပြောလိုက်သည်။
''ဟုတ်ကဲ့၊ သခင်မလေး ခရီးပန်းလာတယ်။ နားပါတော့ရှင်၊ ဟောဒီမှာ ဖယောင်းတိုင်ထုပ်နဲ့ မီးခြစ်ပါ။ခုတင်ဘေးက စားပွဲမှာ ဒေါ်အိုဇာ တင်ခဲ့မယ်''
ဒေါ်အိုဇာက ပစ္စည်းများ ကို စားပွဲပေါ်တွင် သွားတင်လိုက်သည်။
''ကျွန်မမှာ လည်း ဓာတ်မီးတစ်လက် ပါလာပါတယ်''
''ဓာတ်မီးနဲ့မလုံလောက်ဘူး သခင်မလေး၊ ညရေး ညတာသုံးရင် ဖယောင်းတိုင်ထွန်းမှ ဖြစ်မှာ လေ။ ခဏနေရင်မီးစက်ကိုပိတ်ပစ်တော့မှာ ။ မီးစက်က သခင်မလေးရောက်လာလို့ ဖွင့်တာပါ။ အမြဲ မသုံးနိုင်ပါဘူး၊ ဆီကရှားတယ်လေ''
''သြော် .ဒီလိုလား''
ဒေါ်အိုဇာက ကျွန်မကိုနှုတ်ဆက်ကာ ထွက်သွားသည်။ အခန်းတံခါးကို အပြင်မှစေ့ပိတ်ပေးရင်းမှ -
''တံခါးကို ကလန့်ထိုးအိပ်နော် သခင်မလေး''
ဟု သတိပေးလိုက်လေသည်။
***
ဒေါ်အိုဇာ ထွက်သွားသည်နှင့် ကျွန်မက အိမ်နေရင်း အဝတ်အစားများ ကို လဲလှယ်ဝတ်ဆင်လိုက်သည်။
အဝတ်လဲရင်း အခန်းကိုမျက်လုံးကစားကြည့်လိုက်ရာ စားပွဲပေါ်၌ ဆေးဘူးအချို့ကို တွေ့ ရသည်။ ဗမာဆေးရော၊ နိုင်ငံခြားဆေးတွေ ပါ တွေ့ ရ၏ ။ ဒေါ်နန်းကြာမိုး သောက်သုံးခဲ့သော ဆေးများ ကို မသိမ်းရသေးဘဲ ရှိဟန်တူသည်။အဝတ်လဲပြီးသည်နှင့် ကျွန်မက ခုတင်ပေါ်တက်၍ လဲလျောင်းလိုက်သည်။ ခြင်ထောင်ကိုချကာ အနားစများ ကို မွေ့ရာအောက်သို့ သွင်းလိုက်၏ ။ ဓာတ်မီးကိုလည်း မမေ့မလျော့ယူထားကာ ခေါင်းအုံးဘေးတွင် ထားလိုက်သည်။ဓာတ်မီးကိုထားစဉ် တစ်စုံတစ်ခုကို လက်နှင့်စမ်းမိ၍ ယူကြည့်လိုက်ရာ အနှိပ်ဘုတစ်ခုကို တွေ့ ရလေ၏ ။
လူကြီးသူမများ အညောင်းအညာဖြေရာတွင် အသုံးပြုသော ဘုလုံးလေးနှစ် လုံးတွဲ လျက်ပါသည့် အနှိပ်ဘု ဖြစ်ပါသည်။အနှိပ်ဘုလေးကိုတွေ့ မှ တစ်နေ့နှင့်တစ်ညလုံး ခရီးရှည်လာခဲ့ရ၍ ကျောညောင်းနေသည်ကို သတိရသွားလေသည်။ ကျွန်မက အနှိပ်ဘုလေးကို ကျောအောက်တွင် ထည့်ကာ အညောင်းပြေ အောင်လုပ်လိုက်၏ ။ အနှိပ်ဘုကိုကျောအောက်တွင် နေရာလိုက်ရွှေ့ပေးရင်း အညောင်းဖြေလိုက်ရာ အတော် အတန် အကြောလျော့သွားလေသည်။ထိုစဉ်မှာ ပင် လျှပ်စစ်မီးချောင်းအရောင် မှာ မှေးမှိန်ရင်းမှ လုံးဝပြတ်တောက်သွားလေသည်။ မီးစက်သံလည်းတိတ်သွားလေ၏ ။ မီးစက်ကို ပိတ်ပစ်လိုက်ခြင်းပင် ဖြစ်ပါသည်။ မီးစက်သံ တထိုင်းထိုင်းကို တောက်လျှောက်မြည် နေစဉ်က သတိမပြုမိသော်လည်း ပိတ်လိုက်သည့်အခါမှ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်ကို သတိထားလိုက်မိလေသည်။
တစ်ခန်းလုံး အမှော င်ထုထဲ ရောက်သွားခဲ့ပြီ။
ပုရစ်အော်သံနှင့် သစ်ပင်များ ကို လေတိုးသံများ သာ ပြင်ပဆီမှ ပျံ့လွင့်လာနေ၏ ။
ကျွန်မသည် မျက်လုံးများ လေးလံကာ အိပ်ပျော်တော့မည် ကဲ့သို့ရှိသည်။ သို့သော် ချက်ချင်း လည်း အိပ်မပျော်သေး။
ကျွန်မစိတ်ထဲ၌ ယနေ့ကြုံခဲ့ရသော အ ဖြစ်အပျက်များ ကို တွေးကာ ရင်မောနေမိသည်။
ကြီးတော် ဖြစ်သူက နွေးထွေးစွာ ကြိုဆိုလိမ့်မည် ဟု တထစ်ချယုံကြည်ချက်ဖြင့် ထွက်လာခဲ့သော ကျွန်မ၊ ဥည်ရောက်တော့ တစ်ဦးတည်းသော ဆွေမျိုးသားချင်းမှာ သေဆုံးနေနှင့်ပြီ။ လမ်းခရီးတွင် ကျွန်မအတွက် ပြုလုပ်ထားသော အခေါင်းကို သယ်လာသည့် ရထားနှင့်မှ တိုက်တိုက်ဆိုင်ဆိုင်ကြုံရကာ ထိတ်လန့်ချောက်ချားခဲ့ရသည်။အိမ်ရောက်တော့လည်း ပဋိပက္ခပေါင်းများ စွာ ဖြင့် ကြိုဆိုခြင်းခံခဲ့ရသည်။
ဆွေမျိုးသားချင်းပါဆိုသော မေခင်မိုးမြင့်နှင့် အာကာမောင်မောင်တို့မောင်နှမ။ သူတို့သည် ကျွန်မနှင့် မည် ကဲ့သို့ဆွေမျိုးသားချင်း တော် စပ်ပါသနည်း။
အိမ်တော် ပါ ကျွန်ရင်းဟုဆိုသော ဒေါ်အိုဇာ။ ဒေါ်အိုဇာ ပြောသော စကားများ ကိုရော ကျွန်မမည် သည့်အဆင့်ထိယုံကြည်ရမည် နည်း။
ကျွန်မ မတွေ့ ဆုံရသေးသော မေခင်မိုးမြင့်တို့မိခင် ရှိသေးသည်။
ပြီးတော့ ရှေ့နေကြီးဦးစိုးမြင့် ရှိသေးသည်။
ကျွန်မ၏ အနာဂတ်သည် မည် သို့ ဖြစ်လာလိမ့်မည် နည်း။
ဤခရီးစဉ်သည် ဖောင်ဖျက်၍ ထွက်လာခဲ့သော ကျွန်မအတွက် မှန်ကန်အကျိုးရှိသော ခရီးစဉ်တစ်ခု ဖြစ်လာပါ့မလား။
ရှေ့ဆက်၍ ကျွန်မ ဘာတွေ တွေ့ ရ ကြုံရ ဆုံရဦးမည် လဲ။
x x x x x
(၄)
နောက်တစ်နေ့မနက်တွင် ကျွန်မသည် အိပ်ရာမှ လန်းဆန်းစွာ နိုးလာခဲ့ပါသည်။
ကျွန်မက အိပ်ရာမှထကာ ခြင်ထောင်ကို တင်လိုက်သည်။ ပြတင်းပေါက်များ ကို ဖွင့်ကြည့်လိုက်သည်။အခန်းသည် ထောင့်စွန်းကျသော အခန်း ဖြစ်၍ ခေါင်းရင်းဘက်တွင် ရော ဘေးဘက်တွင် ပါ ပြတင်းပေါက်များ ရှိနေ၏ ။ကျွန်မက ပြတင်းနှစ် ပေါက်စလုံးကို ဖွင့်လိုက်သည့်အခါ နံနက်ခင်းအလင်းရောင် ဖြင့် အခန်းတစ်ခုလုံး လင်းသွားလေသည်။ ကျွန်မသည် အခန်းအနေအထားကို အကဲခတ်ကြည့်လိုက်သည်။
ညက သတိမထားမိခဲ့သော နာရီအိုကြီးတစ်လုံးကို နံရံတွင် တွေ့ ရသည်။ နာရီကြီးမှာ အိုမင်းလှပြီ ဖြစ်ကြောင်းအသွင်အပြင်ကပင် ဖော်ပြနေပါသည်။ နာရီအမှတ်အသားကို ဖော်ပြသော ဂဏန်းများ မှာ ရောမဂဏန်းများ ဖြစ်ပါသည်။ရှေးဟောင်းနာရီကြီး၏ ဒိုင်ခွက်မှာ ထမင်းစားပန်းကန်ပြားတစ်ချပ်စာမက ကြီးမားလှပါ၏ ။ အောက်ဘက်တွင် ချိန်သီးပါသော မှန်အိမ်ရှိပြီး ချိန်သီးမှာ ရပ်နေလေသည်။ စက်ပျက်နေသော နာရီကြီး ဖြစ်ပုံရပေ၏ ။
နာရီကိုမြင်မှ အချိန်ကိုသတိရကာ ကျွန်မကစားပွဲပေါ် ချွတ်တင်ထားသော လက်ပတ်နာရီလေးကို ယူကြည့်လိုက်သည်။ နံနက် ၈ နာရီ ထိုးပေပြီ။ ကျွန်မ အိပ်ရာထချိန်မှာ နောက်ကျနေပေပြီ။ ခရီးပန်းသော ကြောင့် တစ်ရေး တည်း အိပ်ပျော်သွားခြင်း ဖြစ်ပါ၏ ။
ကျွန်မက ပြတင်းပေါက်ဆီသွားရပ်ကာ ပြင်ပရှုခင်းများ ကို ငေးမောကြည့်နေလိုက်လေသည်။ကြည့်လေရာရာ၌ ထင်းရှူးပင်များ ၊ ယူကလစ်ပင်များ ကိုတွေ့ နေရသည်။ သစ်ပင်များ ပေါ်၌ နှင်းရည်များ ဆမ်းလျက်ရှိပေ၏ ။ နှင်းမှု န် နှင်းဖွဲများ ကြောင့် ကျယ်ဝန်းသော ခြံကျယ်ကြီး၏ အစွန်းထိပင် မမြင်ရပါချေ။ ကျွန်မကြီးပြင်းခဲ့ရာ ရန်ကုန်နှင့်ခြားနားလှပါသော မြင်ကွင်းများ ပင်တည်း။
ကျွန်မက ကိုယ်လက်သန့်စင်ရန်အတွက် ကျွန်မ၏ လက်ဆွဲအိတ်ထဲမှ သွားတိုက်ဆေး၊ သွားပွတ်တံများ ထုတ်ကာ ပြင်ဆင်လိုက်၏ ။
အခန်းတံခါးကိုဖွင့်လိုက်သည်တွင် အခန်းရှေ့၌ ရိုကျိုးစွာ ရပ်နေသော ဒေါ်အိုဇာကို မြင်လိုက်ရလေ၏ ။
''အို .ဒေါ်အိုဇာ၊ ကျွန်မကို လာနှိုးတာလား''
''ဟုတ်ကဲ့ သခင်မလေး''
''တံခါးခေါက်လိုက်ရောပေါ''
''ဒေါ်အိုဇာ ရောက်နေတာ ကြာပါပြီ။ သခင်မလေး နိုးအလာကို စောင့်နေပါတယ်''
''သြော် .ဒေါ်အိုဇာရယ်''
''ရေချိုးခန်းကို ဒေါ်အိုဇာ လိုက်ပြပါ့မယ်၊ အပေါ်ထပ်မှာ ပဲ ရှိပါတယ် သခင်မလေး''
ကျွန်မသည် ဒေါ်အိုဇာ ဦးဆောင်သွားရာနောက်သို့ လိုက်လာခဲ့၏ ။ ဒေါ်အိုဇာက အိမ်နောက်ဘက်သို့ခေါ်ဆောင်သွားသည်။
''သခင်မလေး ရောက်နေပြီဆိုတာ ရှေ့နေကြီးဦးစိုးမြင့်ကို သတင်းပို့ဖို့ မောင်မောင်က လိုက်ပို့ပါလိမ့်မယ်''
''ကျွန်မ ဦးစိုးမြင့်နဲ့ သွားတွေ့ ရမှာ ပေါ့''
''ဟုတ်ကဲ့၊ မြို့ကိုသွားရမှာ ပါ။ မောင်မောင်က ဆိုင်ကယ်နဲ့ လိုက်ပို့ပါလိမ့်မယ်''
''မော်တော် ဆိုင်ကယ်လား ဒေါ်အိုဇာ''
''ဟုတ်ပါတယ်၊ မြို့ကို မင်းအိုင်ရွာကနေ ကားစီးရင်စီး၊ ကားကလည်း မနက်အစောကြီးထွက်တဲ့ တစ်စင်းပဲရှိတာပါ။ ရထားက အချိန်မမှန်ဘူးလေ။ အိမ်မှာ ဆိုင်ကယ်တစ်စီးရှိတယ်။ မောင်မောင် လိုက်ပို့ပါလိမ့်မယ်။သခင်မလေး ဆိုင်ကယ်စီးတတ်သလား''
''မစီးတတ်ပါဘူး ဒေါ်အိုဇာ''
''ဒီမှာ နေရင်တော့ ဆိုင်ကယ်အစီး သင်ထားဖို့လိုလိမ့်မယ်။ ရေချိုးခန်းက ဒီအခန်းပါ သခင်မလေး၊ အိမ်သာနဲ့တွဲ လျက်ပါ''
ကျွန်မ ကိုယ်လက်သန့်စင်မှု လုပ်ပြီးချိန်အထိ ဒေါ်အိုဇာက အခန်းရှေ့မှ ရပ်စောင့်နေပေသည်။
''သူတို့ ကော်ဖီသောက်ဖို့ သခင်မလေးကို စောင့်နေကြပါတယ်''
ကျွန်မအခန်းထဲက ထွက်လာလာချင်း ဒေါ်အိုဇာက ပြောသည်။
''ဘယ်သူတွေ လဲ ဒေါ်အိုဇာ''
''မေခင်မိုးမြင့်တို့မောင်နှမလေ''
''အို .အားနာစရာ ဖြစ်နေပြီ၊ ကျွန်မ အိပ်ရာထနောက်ကျသွားတယ်''
''ကိစ္စမရှိပါဘူး၊ သူတို့က သခင်မလေးကို စောင့်ရမှာ ပေါ့။ သခင်မလေး သနပ်ခါးလိမ်းလေ့ရှိသလား။ ဒေါ်အိုဇာ ကျောက်ပျဉ်သွားယူလိုက်ပါမယ်''
''နေပါစေတော့၊ ကျွန်မမှာ သနပ်ခါးဘူးပါလာတယ်။ လောလောဆယ် ဘူးထဲကသနပ်ခါးပဲ လိမ်းလိုက်တော့မယ်''
မေခင်မိုးမြင့်နှင့် အာကာမောင်မောင် စောင့်နေသည်ဆို၍ ကျွန်မက အပေါ်ယံလောက်ပင် မြန်မြန်ဆန်ဆန်ဖီးလိမ်းခြယ်သလိုက်၏ ။
ဒေါ်အိုဇာက ကျွန်မနားမှ ထက်ကြပ်မကွာ လိုက်စောင့်ပေးနေပေသည်။
***
မေခင်မိုးမြင့်နှင့် အာကာမောင်မောင်က ကော်ဖီစားပွဲတွင် ကျွန်မကို ထိုင်စောင့်နေကြ၏ ။
''ဆောရီး မမမိုး၊ မူရာ အိပ်ရာထနောက်ကျသွားတယ်''
''ကိစ္စမရှိပါဘူးကွယ်၊ ခရီးပန်းလာတာပဲ၊ ညက ကောင်းကောင်း အိပ်ပျော်ရဲ့ လား''
''ဟုတ်ကဲ့ မမမိုး''
မသိန်းက ကျွန်မတို့သုံးယောက် ရှေ့ရှိ ကော်ဖီခွက်များ ထဲသို့ အသင့်ဖျော်ပြီးသားကော်ဖီများ ကို လိုက်၍ လောင်းထည့်ပေး၏ ။ ကော်ဖီနံ့က မွှေးနေကာ အငွေ့တထောင်းထောင်းထနေသည်။
''ကော်ဖီက ခြံထွက်ကော်ဖီစေ့က ထုတ်ထားတာလေ''
''သြော်''
မေခင်မိုးမြင့်အပြောကြောင့် ကိုယ်ပိုင်ကော်ဖီခြံရှိကြောင်း သိလိုက်ရသည်။
ဒေါ်အိုဇာက ကောက်ညှင်းပေါင်းပန်းကန်များ ကို ကျွန်မတို့ ရှေ့တွင် လိုက်ချပေး၏ ။
''ကောက်ညှင်းပေါင်း ပူပူနွေးနွေးလေးပါ သခင်မလေး။ သခင်မလေးစားချင်ရင် ထမင်းကြော် ကြော်ပြီးသားလည်း အဆင်သင့်ရှိပါတယ်''
''မြို့ကိုသွားရဦးမှာ လေ။ အဆာခံအောင် ထမင်းကြော်စားလိုက်ပါလား မမမူရာ''
အာကာမောင်မောင်က ပြောလိုက်ခြင်း ဖြစ်သည်။
''ကောင်းသားပဲ၊ မူရာ မနေ့က ညစာကို ညနေလေးနာရီလောက်က စားထားတာလေ။ ဝမ်းဟာနေတယ်၊ထမင်းကြော်စားလိုက်တာ ကောင်းလိမ့်မယ်''
ဒေါ်အိုဇာက ထမင်းကြော်ယူရန် မီးဖိုခန်းထဲသို့ ပျာပျာသလဲ ထွက်သွားလေသည်။
''ဒါနဲ့ မမမိုးတို့အမေရော''
''မေမေက အိပ်ရာထဲက မထနိုင်ဘူး မူရာ။ ကော်ဖီသောက်ပြီးမှ မေမေ့ကို ဝင်တွေ့ ပေးပါဦး။ မေမေကမူရာ့ကို တွေ့ ချင်နေပါတယ်''
''ဟုတ်ကဲ့၊ အန်တီက ဘာ ရောဂါ ဖြစ်နေတာလဲ မမမိုး''
''အစုံပါပဲကွယ်၊ အသက်ကြီးလာတော့ လူကြီးနာဆိုပါတော့။ မမိုးတို့က ကြီးကြီးနန်းကြာမိုး အရင်တောင်မေမေ့ကိုသွားမယ် ထင်မိတာ''
''အို''
ဒေါ်အိုဇာရောက်လာကာ ကျွန်မရှေ့တွင် ထမင်းကြော်ပန်းကန်ချပေးလိုက်၍ စကားပြတ်သွားကြသည်။ကျွန်မက ထမင်းကြော်ကို နှိုက်စားလိုက်၏ ။
''ဒါနဲ့ မောင်မောင်က မူရာ့ကို မြို့လိုက်ပို့ပေးမှာ ဆို''
''ဟုတ်ပါတယ် မမမူရာ၊ မောင်မောင်လိုက်ပို့မှာ ပါ။ ရှေ့နေကြီး ဦးစိုးမြင့်နဲ့ တွေ့ ဖို့လေ''
''ဦးစိုးမြင့်က ကြီးကြီးလွှဲပေးခဲ့တဲ့ အမွေပစ္စည်းတွေ နဲ့ လုပ်ငန်းကိုင်ငန်းတွေ ကို မူရာ့ကိုလွှဲပေးပါလိမ့်မယ်။ရှင်းလည်း ရှင်းပြပါလိမ့်မယ် မူရာ''
ကော်ဖီသောက်အပြီးတွင် မောင်မောင်က ဆိုင်ကယ်အဆင်သင့်ထုတ်ထားရန် အခန်းထဲက ထွက်သွားလေသည်။
ကျွန်မနှင့် မေခင်မိုးမြင့်က မေခင်မိုးမြင့်အမေကိုတွေ့ ဆုံရန် ထွက်လာခဲ့သည်။မေခင်မိုးမြင့်မိခင်မှာ အောက်ထပ်မှအခန်းတစ်ခန်းထဲတွင် နေပါသည်။ကျွန်မတို့ဝင်သွားတော့ အဘွားကြီးမှာ မှိန်းနေ၏ ။
''မေမေ''
မေခင်မိုးမြင့်ခေါ်လိုက်မှ အဘွားကြီးက မျက်လုံးကိုဖွင့်ကြည့်သည်။ အိုမင်းနေသော်လည်း အတော် ပင်ချောမောလှပသည့် အဘွားကြီး တစ်ယောက် ဖြစ်ပေသည်။ ငယ်စဉ်က တော် တော် ပင် ချောမောခဲ့မည် ကို ခန့်မှန်းကြည့်နိုင်၏ ။အဘွားကြီးက မောင်မောင်နှင့်အတော် ဆင်တူ၏ ။ မေခင်မိုးမြင့်မှာ မိခင်၏ အလှကို ထက်ဝက်မျှလောက်သာ ရထားရှာလေသည်။
''အို .မူရာကျော့ယဉ်ပေါ့၊ ဟုတ်သလား''
အဘွားကြီးက ကျွန်မကိုကြည့်၍ မေးလိုက်သည်။
''ဟုတ်ပါတယ် အန်တီ''
''မေမေ့နာမည် က ဒေါ်နန်းခက်မာပါ မူရာ။ မေမေ၊ မူရာ ညကပဲ ရောက်တယ်။ ကြီးကြီးဆုံးကြောင်းကိုဒီရောက်မှ ဦးဒိဗ္ဗပြောပြလို့ သိရတယ်တဲ့''
ဦးဒိဗ္ဗဆိုသည်မှာ ခေါင်းတလားလာပို့သည့် အဘိုးကြီးကို ဆိုလိုဟန်တူပေသည်။
''ရောက်ရောက်ချင်း ကိုဒိဗ္ဗနဲ့ ဆုံလိုက်တယ်ပေါ့။ သိပ်များ ကြောက်သွားသလား မိန်းကလေး''
''အခေါင်းကိစ္စလား အန်တီ။ ကျွန်မအနေနဲ့ ဒါမျိုးမကြုံဖူး မကြားဖူးလို့ အံ့သြလည်း အံ့သြ၊ ကြောက်လည်းကြောက်သွားမိပါတယ်''
''တို့မျိုးရိုးရဲ့ ထုံးစံပါ၊ အန်တီ့အတွက်လည်း ခေါင်းလုပ်ထား ပြီးပြီလေ''
''အို''
ဒေါ်နန်းခက်မာစကားကြောင့် ကျွန်မက အခန်းထောင့်တွင် လှဲထားသော အခေါင်းကြီးကို သတိထားလိုက်မိသည်။ အခေါင်းတွင် 'ဒေါ်နန်းခက်မာ အသက် ( )နှစ် ' ဟု ရေး ထိုးထားလေ၏ ။
''မူရာကျော့ယဉ်က အဖေဘက်ဆွေမျိုးတွေ နဲ့ စိမ်းနေတော့ ဒါတွေ ဆန်းနေတာပေါ့လေ။ တူမကြီးက မောင်သာမိုးနဲ့ သိပ်တူတာပဲကွယ်''
ဒေါ်နန်းခက်မာက ကျွန်မဖခင် ဦးခွန်သာမိုးကို သတိရဟန်ဖြင့် ပြောနေသည်။ ကျွန်မကိုအဖေတူသမီးလို့မေမေကလည်း ပြောခဲ့ဖူးပါသည်။
''အင်း .မာနတွေ .မာနတွေ ''
ဒေါ်နန်းခက်မာက သံဝေဂရသံဖြင့် ရွတ်ဆိုလိုက်သည်။ သူမ ဘာကို ဆိုလိုပါသနည်း။
''မမနန်းကြာမိုးဟာ သိပ်မာနကြီးခဲ့တယ်။ ခွန်သာမိုးကို ရှမ်းအနွယ်တော် ထဲက မိန်းကလေး တစ်ယောက် နဲ့ပေးစားဖို့လုပ်ထားတဲ့ကြားက ခွန်သာမိုးက မြန်မာမိန်းကလေး တစ်ယောက် နဲ့ လက်ထပ်လိုက်တော့ စိတ်ဆိုးလိုက်တာအသားတွေ ဆတ်ဆတ်တုန်နေတာပဲ။ ခွန်သာမိုးကို အမွေပြတ်ဆိုပြီး သူ့သဘောနဲ့သူ အဆက်ဖြတ်ပစ်တယ်လေ။ခွန်သာမိုးကလည်း မာနခဲပဲ၊ သေတဲ့အထိ အိမ်ကို ပြန်မဆက်သွယ်ခဲ့ဘူး''
ကျွန်မဖခင်နှင့် ကြီးကြီးတို့၏ နောက်ကြောင်းများ ကို သတိတရ ပြန်ပြောနေခြင်း ဖြစ်ပေသည်။
''နောက်ဆုံးတော့လည်း ဒီမာနကိုချရတာ ပဲလေ၊ သူ့ခမျာ သေခါနီး အထီးကျန်နေတော့ တူမလေးကိုတွေ့ ချင်ရှာတယ်။ လာမယ်လို့ အကြောင်းပြန်လိုက်တော့ သိပ်ပျော်နေတာပေါ့ကွယ်''
''မေမေ၊ ဒီအကြောင်းတွေ နောက်မှအေးအေးဆေးဆေး ပြောပါ၊ မေမေ မောနေပါ့မယ်''
မေခင်မိုးမြင့်က သတိပေးလိုက်သည်။
''အေးပါလေ၊ ဒါနဲ့ ငါ့တူမကြီး မူရာကျော့ယဉ်''
''ပြောပါအန်တီ''
''အန်တီတို့ကတော့ မှီခိုသူပါကွယ်။ မမနန်းကြာမိုး မေတ္တာထားလို့ အန်တီတို့မိသားစုကို ဒီအိမ်မှာ နေခွင့်ပြုခဲ့တယ်။ တူမကြီးကလည်း အန်တီတို့ကို ဆက်ပြီးနေခွင့်ပြုပါလို့''
''အို .မေမေကလည်း သမီးတို့က မူရာနဲ့ ဆွေမျိုးရင်းချာ တွေ ပဲဟာ၊ ဘာတွေ ပြောနေတာလဲ မေမေရယ်''
မေခင်မိုးမြင့်က ဒေါ်နန်းခက်မာ ပြောသည့်စကားကို ကြိုက်ဟန်မတူဘဲ ဟန့်တားလိုက်သည်။
''သြော် .တို့ကို လူပိုကြီးတွေ လို့ ငြူစူမှာ စိုးလို့ပါအေ''
''မဟုတ်တာ အန်တီရယ်၊ ကျွန်မက ခုမှရောက်လာပြီး အန်တီတို့အပေါ်မှာ ဒီလိုစိတ်မျိုးမထားရက်ပါဘူး။ဆွေမျိုးအချင်းချင်း မထားကောင်းပါဘူး အန်တီ''
ကျွန်မက ပြေရာပြေကြောင်း ဝင်ပြောလိုက်သည်။ တကယ်တော့ ယခုအချိန်အထိ ကျွန်မသည် သူတို့မိသားစုနှင့်မည် သို့ ဆွေမျိုးတော် စပ်မှန်း မသိသေးပါ။ သူတို့သည် ဤအိမ်တွင် နေရခြင်းကို ဘာကြောင့် စိတ်မလုံ ဖြစ်နေရပါသနည်း။
''လူပိုတွေ မ ဖြစ်ချင်ပါဘူးကွယ်၊ မောင်မောင်က ဆယ်တန်းအောင်ပြီးပါပြီ မူရာ။ မောင်မောင့်ကို ကော်ဖီခြံမှာ ဖြစ် ဖြစ်၊ လက်ဖက်ခြံမှာ ဖြစ် ဖြစ် အလုပ်ခိုင်းပါ၊ သူလုပ်နိုင်ပါတယ်''
''ဒီအိမ်ရဲ့ အခြေအနေတွေ ကို ကျွန်မ ဘာမျှမသိရသေးပါဘူး အန်တီ။ ဘာလုပ်ငန်းတွေ ရှိမှန်းလည်း မသိသေးပါဘူး၊ အားလုံး လေ့လာပြီးရင် အဆင်ပြေအောင် ကြည့်စီစဉ်မှာ ပါ''
''ဟုတ်ပါတယ် မေမေရယ်၊ ညီမလေး မူရာကျော့ယဉ်က သမီးတို့အပေါ်မှာ သံယောဇဉ်ရှိပါတယ် မေမေ''''သာဓုကွယ် .သာဓု .သာဓု''
အဘွားကြီးသည် စကားတစ်ဆက်တည်း ပြောလိုက်၍ မောသွားဟန်ဖြင့် ပြန်မှိန်းနေသည်။မေခင်မိုးမြင့်က သွားကြစို့ဟု ဆိလိုဟန်ဖြင့် မျက်ရိပ်ပြလိုက်၏ ။
''မေမေ၊ မူရာကျော့ယဉ်က ဦးစိုးမြင့်နဲ့သွားတွေ့ ဖို့ မြို့ကိုသွားမှာ ၊ မောင်မောင် လိုက်ပို့လိမ့်မယ်၊ သမီးတို့သွားမယ်နော်''
ဒေါ်နန်းခက်မာကို နှုတ်ဆက်၍ အခန်းထဲမှ ထွက်လာခဲ့ကြသည်။
***
အာကာမောင်မောင်က ဆိုင်ကယ်ကို အဆင်သင့်ထုတ်ထားကာ အိမ်ရှေ့မှစောင့်နေ၏ ။
ရှေ့နေနှင့်တွေ့ ရမည် ဖြစ်၍ ကျွန်မက မှတ်ပုံတင်ကအစ လိုအပ်သော စာရွက်စာတမ်းအထောက်အထားများ ကိုအပေါ်တက်ယူလိုက်သည်။
ကျွန်မသည် ဆိုင်ကယ်စီးရမည် ကို စိုးရွံ့နေမိသည်။ ကျွန်မတစ်သက်တွင် မော်တော် ဆိုင်ကယ်ကို မစီးဖူးပါ။ရန်ကုန်သူ ဖြစ်၍ စက်ဘီးကိုပင် မစီးတတ်ခဲ့သော ကျွန်မ ဖြစ်ပါသည်။
''ဖြည်းဖြည်းမောင်းနော် မောင်မောင်''
ကျွန်မက သတိပေးလိုက် သည်။
''စိုးရိမ်စရာမရှိပါဘူး မမမူရာ၊ မောင်မောင်က ဆိုင်ကယ်ကျွမ်းပြီးသားပါ''
''မင်းကျွမ်းကျင်ပေမဲ့ မူရာကတစ်ခါမျှ ဆိုင်ကယ်စီးဖူးတာမဟုတ်ဘူး မောင်မောင်၊ အမြန်မောင်းရင် မူရာကြောက်နေလိမ့်မယ်''
မေခင်မိုးမြင့်က ဝင်ပြောလိုက်ခြင်း ဖြစ်၏ ။
''မူရာရေ .ဆိုင်ကယ်ကိုကြောက်နေလို့ မ ဖြစ်ဘူးကွယ့်။ မမမိုးလည်း ဆိုင်ကယ်စီးရတာ ပဲ။ ဒီမှာ နေရင်ဆိုင်ကယ်စီးတတ်ဖို့ လိုလာပြီလေ၊ မူရာကိုယ်တိုင် စီးနိုင်အောင် သင်ထားဖို့လိုတယ်''''ဟုတ်ကဲ့ပါ မမမိုး''
''ကဲ .သွားပြီဗျို့''
အာကာမောင်မောင်က ဆိုင်ကယ်ကိုစက်နှိုး၍ ထွက်လိုက်သည်။
မေခင်မိုးမြင့်က လက်ပြကျန်ခဲ့၏ ။
ဒေါ်အိုဇာသည် အိမ်အဝမှရပ်ကြည့်နေလေသည်။
***
ရှမ်းပြည်နယ်၏ ရှုခင်းများ မှာ ကျွန်မအဖို့ ကြည့်မဝနိုင်စရာချည်း ဖြစ်နေပေသည်။ ပတ်ဝန်းကျင်အနှံ့စိမ်းစိုကာတောပန်းရောင် စုံ ပွင့်နေပုံများ ၊ အနိမ့်အမြင့်မညီညာသောြေ>ွမလိမ်ြေ>ွမကောက်လမ်းများ က ရန်ကုန်မှလွဲ၍ မရောက်ဖူးသော ကျွန်မအတွက် ဆန်းပြားသော ရှုမျှော်ခင်းများ ပင် ဖြစ်တော့သည်။
ကျွန်မတို့ထွက်လာစက မြူနှင်းမကွဲသေး။ နှင်းမှု န်နှင်းမွှားများ ဖြင့် ပတ်ဝန်းကျင်သည် ရီဝေနေပေ၏ ။
လမ်းခရီးရောက်မှ နေတဖြည်း ဖြည်းပွင့်ကာ ကြည်လင်လာသည်။
ကျွန်မက ဆိုင်ကယ်သွားနှုန်းကြောင့် အေးလာ၍ ဆွယ်တာအင်္ကျီကိုဆွဲစေ့ထားလိုက်သည်။
''မြို့ကိုဘယ်လောက်ကြာကြာ မောင်းရလဲ မောင်မောင်''
''မောင်မောင့်ဟာမောင်မောင် တစ်ယောက် တည်းဆိုရင် မိနစ်လေးဆယ်နဲ့ ရောက်တယ်။ မမမူရာပါလို့အရှိန်လျှော့မောင်းရတော့ တစ်နာရီလောက်တော့ ကြာမှာ ပေါ့''
''ကြာပါစေကွယ်၊ ရုံးချိန်ကောင်းကောင်း မီပါတယ်''
''မမမူရာကို မောင်မောင် ဆိုင်ကယ်စီး သင်ပေးမယ်နော်။ နောက်ဆို ကော်ဖီခြံတွေ လက်ဖက်ခြံတွေ ကိုမမမူရာ သွားရတော့မှာ ''
''မောင်မောင် လိုက်ပို့ပေါ့ကွယ်၊ မမမူရာတော့ ဆိုင်ကယ်မောင်းရမှာ ခပ်ကြောက်ကြောက်ပဲ။ သူများ မောင်းတာ လိုက်စီးရတာ တောင် ရင်တုန်လှပြီ''
''အစမို့လို့ပါ၊ ဆိုင်ကယ်မောင်းရတာ ပျော်စရာကောင်းပါတယ် မမရ''
ကျွန်မတို့စကားပြောလိုက်သည့်အခါတိုင်း ပါးစပ်ထဲမှ အငွေ့များ ထွက်လာသည်ကို သတိပြုမိသည်။ အေးမြသော ရာသီဥတုကြောင့်ပင် ဖြစ်ပေမည် ။
''ဒါနဲ့ မောင်မောင့်အမေက မမမူရာကို ပြောတယ်။ မောင်မောင့်ကို အလုပ်ထဲမှာ ခိုင်းပါတဲ့။ မောင်မောင်ကဆယ်တန်းအောင်ပြီးသားဆို၊ ဘာအလုပ်မျှ မလုပ်ဘူးလားကွယ်။ ကျောင်းရော ဆက်မတက်ဘူးလား''
''မောင်မောင် အဝေးသင်တက်နေပါတယ် မမမူရာ။ ဥပဒေ ဒုတိယနှစ် လေ၊ အလုပ်လုပ်ဖို့က မေမေကနေမကောင်းတော့ မြို့ပေါ်တက်လုပ်ဖို့ ခက်နေတယ်လေ။ မောင်မောင် အလုပ်လုပ်ချင်ပါတယ်၊ မမမူရာ ခိုင်းရင်လုပ်ပါ့မယ်''
''ကြည့်သေးတာပေါ့လေ၊ လုပ်ငန်းတွေ အကြောင်းတို့လည်း တစ်ခုမျှ မသိရသေးဘူး''
ကျွန်မတို့သည် မြို့သို့ ဆယ်နာရီတိတိတွင် ရောက်ရှိသွား၏ ။
မောင်မောင်က ဆိုင်ကယ်ကို ဦးစိုးမြင့်ရုံးခန်းရှိရာထိ မောင်းလာခဲ့လေသည်။
***
ရှေ့နေကြီးဦးစိုးမြင့်မှာ ဥပဓိရုပ်ကောင်းပြီး ခန့်ညားသော ပုဂ္ဂိုလ်ကြီး ဖြစ်သည်။ အသက်ငါးဆယ်ကျော်အရွယ် ဖြစ်သည်။
ရုံးခန်းထဲအရောက်တွင် မောင်မောင်က မိတ်ဆက်ပေးလိုက် ၏ ။
''မမမူရာကျော့ယဉ် ရောက်လာပါပြီ အန်ကယ်၊ ညကပဲ ရောက်ပါတယ်''
မောင်မောင်မိတ်ဆက်မပေးမီကပင် အခန်းထဲဝင်လာကတည်းက ကျွန်မကို မူရာကျော့ယဉ်အ ဖြစ် ဦးစိုးမြင့်ကသိပြီး ဖြစ်ပေ၏ ။
''မူရာကျော့ယဉ်က ဓာတ်ပုံထဲကအတိုင်းပါပဲ။ မင်းအဖေ ဦးခွန်သာမိုးနဲ့ လည်း ရုပ်ချင်းဆင်တယ်''
''အန်ကယ်နဲ့ ဖေဖေနဲ့ သိပါသလားရှင့်''
''မင်းအဖေက တို့ထက် အသက်ပိုကြီးပါတယ်။ ငယ်ငယ်ကတော့ မြင်ဖူးပါတယ်၊ ခင်တော့မခင်ခဲ့ကြဘူး''
''ဟုတ်ကဲ့''
''ဒေါ်နန်းကြာမိုးရဲ့ အသုဘကိုတော့ မမီတော့ဘူးပေါ့''
''ဟုတ်ကဲ့ အန်ကယ်၊ ကြီးကြီးဆုံးတဲ့အကြောင်းကိုတောင် ဒီရောက်မှ သိရပါတယ်ရှင်''
''ဘာကွယ့်။ အန်ကယ်သံကြိုး ရိုက်လိုက်တယ်လေ''
''ကျွန်မ အိမ်လိပ်စာအတိုင်း ရိုက်လိုက်တာမဟုတ်လား အန်ကယ်။ ကျွန်မက အိမ်ကိုပြန်အပ်ပြီး သူငယ်ချင်းအိမ်မှာ သွားနေတာ ရက် ၂ဝ လောက်ကြာ သွားပါတယ်။ သံကြိုးစာနဲ့ ကျွန်မနဲ့ လွဲသွားခဲ့ပါတယ် အန်ကယ်''
'' ဖြစ်ရလေကွယ်၊ မင်းရဲ့ အဒေါ်ဟာ မင်းကိုသိပ်တွေ့ ချင် မြင်ချင်ခဲ့ရှာတယ်''
''ကျွန်မအဖို့လည်း ကိုယ့်ကြီးတော် ကိုယ် မြင်ခွင့်မကြုံလိုက်ရတော့ပါဘူး အန်ကယ်။ ကြီးကြီးဟာ ဘယ်လိုပုံပန်းသဏ္ဌာန်ရှိမှန်းတောင် ကျွန်မ မသိရတော့ပါဘူး။ အိမ်မှာ ရှိတဲ့ပန်းချီကားက ငယ်ရွယ်စဉ်က ရိုက်ထားတဲ့ပုံ ဖြစ်နေတယ်လေ''
ဦးစိုးမြင့် မျက်မှော င်ကြုတ်ကာ စဉ်းစားနေသည်။
''အင်း .မင်းကြည့်ချင်တယ်ဆိုရင်တော့ လွန်ခဲ့တဲ့ လေးနှစ် လောက်က ရိုက်ထားတဲ့ပုံတော့ ရှိတယ်ကွယ့်။မင်းကြီးတော် ကြီးရဲ့ လှုပ်ရှားမှု ကိုပါ တွေ့ နိုင်တယ်။ အသံကိုလည်း ကြားနိုင်မယ်လေ''
''ရှင်''
''ဒီလိုပါ ပြီးခဲ့တဲ့လေးနှစ် လောက်က အန်ကယ့်မြေးတွေ ရှင်ပြုပွဲလုပ်ခဲ့တယ်လေ။ အဲဒီ တုန်းက ဒေါ်နန်းကြာမိုးဟာ ကျန်းကျန်းမာမာရှိတုန်းဆိုတော့ အလှူကို ရောက်လာတယ်လေ။ အလှူမှာ ရိုက်ထားတဲ့ ဗီဒီယိုခွေထဲမှာ ဒေါ်နန်းကြာမိုးပုံ ကောင်းကောင်းပါတာပေါ့။ အဲဒီ အခွေကိုပြန်ရှာပြီး မင်းဆီ ပို့ပေးလိုက်ပါမယ်''
''ကျေးဇူးတင်ပါတယ် အန်ကယ်''
ရှေ့နေကြီးက သူ့ထံမှတစ်ဆင့် လွှဲအပ်ထားသော စာချုပ်စာတမ်းများ ကို ထုတ်ပြကာ လိုအပ်သည်များ ကိုရှင်းပြလေ၏ ။
ရွှေဖီမိုးမိသားစုတွင် လက်ဖက်ခြံနှင့်ကော်ဖီခြံများ ရှိကာ ထိုလုပ်ငန်းများ မှ ဝင်ငွေများ နှစ် စဉ်တိုးပွားလျက်ရှိကြောင်း သိရ၏ ။ အိမ်နှင့်တကွ လက်ဖက်ခြံ၊ ကော်ဖီခြံပိုင်ဆိုင်မှု စာချုပ်စာတမ်းများ ကို ကျွန်မအား လွှဲအပ်ပေးသည်။ထို့နောက် ဘဏ်ငွေစာရင်းများ ရှင်းလင်းရန်အတွက် ဘဏ်သို့ ထွက်ခဲ့ကြလေသည်။
ကျွန်မနှင့်မောင်မောင်က ဆိုင်ကယ်တစ်စီး၊ ဦးစိုးမြင့်က သူ့ဆိုင်ကယ်ဖြင့် ဘဏ်ကိုလိုက်ပါလာသည်။မန်နေဂျာနှင့်တွေ့ ဆုံရန် ကျွန်မတို့စောင့်ဆိုင်းနေစဉ် မောင်မောင်က ဘဏ်အပြင်ဘက်တွင် ကျန်ခဲ့၏ ။
''မောင်မောင်မရှိတုန်း မူရာကျော့ယဉ်ကို ပြောရဦးမယ်''
''ရှင်''
''တချို့ကိစ္စတွေ က လူသိခံလို့မ ဖြစ်ဘူး မဟုတ်လား''
''သြော် .ဟုတ်တာပေါ့ အန်ကယ်''
''ရွှေဖီမိုးအိမ်ကြီးမှာ ပြဿနာအနည်းအကျဉ်း ရှိနေတယ်ကွယ့်''
''အို''
''ထူးထူးဆန်းဆန်းတော့ မဟုတ်ပါဘူးလေ။ ပစ္စည်းခန်းပဲပေါ့၊ လူတွေ က လောဘသားတွေ မဟုတ်လား''
''ပြောပါအန်ကယ်''
''ဒေါ်နန်းကြာမိုး အန်ကယ့်ကိုလွှဲအပ်ပေးခဲ့တာတွေ ဟာ မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းတွေ နဲ့ ဘဏ်ငွေစာရင်းပဲရှိသေးတယ်။ လက်ဝတ်ရတနာတွေ ကတော့ ဒေါ်နန်းကြာမိုး လက်ထဲမှာ ပဲ ရှိနေခဲ့တယ်''
''အို''
''မျိုးရိုးစဉ်ဆက်ထိန်းသိမ်းလာတဲ့ ပတ္တမြားဘယက်ကြီးဟာ တော် တော် တန်ဖိုးကြီးတယ် မူရာကျော့ယဉ်။ကာလတန်ဖိုး သိန်း ထောင်ဂဏန်းရှိတယ်။ လက်ဝတ်ရတနာလုပ်မထားတဲ့ ပုလဲတွေ နဲ့ စိန်တွေ လည်း ရှိသေးတယ်''
''ဟုတ်ကဲ့ အန်ကယ်''
''ဒေါ်နန်းကြာမိုးဟာ သူ့ကိုယ်သူ သေမယ်လို့ မထင်သေးဘူးကွယ့်။ မင်းလာတဲ့အထိ နေရဦးမယ်၊ မင်းနဲ့ ဆုံရဦးမယ်လို့မျှော်လင့်နေခဲ့ရှာတယ်။ မင်းရောက်လာမှ လက်ဝတ်ရတနာတွေ ကို မင်းလက်ထဲ သူကိုယ်တိုင် ထည့်မယ်လို့ အားခဲထားတာလေ''
ကျွန်မရင်ထဲ၌ တင်းကျပ်လာခဲ့သည်။
''ရတနာပစ္စည်းတွေ အန်ကယ့်ကို ပြခဲ့တယ်။ လွန်ခဲ့တဲ့ ၆လလောက်ကပဲ၊ မင်းနဲ့ အဆက်အသွယ်ရပြီးနောက်ပိုင်းပေါ့။ သူ ကွယ်လွန်တဲ့ အချိန်မှာ တော့ အဲဒီ ရတနာတွေ ဟာ ပျောက်နေတယ် မူရာကျော့ယဉ်''
''အို''
''ရွှေဖီမိုးမှာ မေခင်မိုးမြင့်တို့နဲ့ ဒေါ်အိုဇာနဲ့ ကလည်း မတည့်ကြဘူး''
''ဒါတော့ တစ်ညတည်းနဲ့ ကျွန်မကိုယ်တွေ့ ကြုံခဲ့ရပါပြီ အန်ကယ်''
''အေးကွယ်၊ ဒေါ်နန်းကြာမိုးရဲ့ ရတနာထုပ်ကို သူကွယ်လွန်ချိန်မှာ ရှာကြည့်တော့ မတွေ့ ရဘူး။ ဒါကိုမေခင်မိုးမြင့်တို့နဲ့ ဒေါ်အိုဇာနဲ့ သူယူပါတယ် ငါယူပါတယ်နဲ့ အပြန်အလှန် စွပ်စွဲနေကြတယ်ကွယ့်''
''ဟင် .ဒါတော့ ကျွန်မ ခုထိမသိရသေးပါဘူး အန်ကယ်''
''ဒါက ဒီလိုရှိတယ်လေ။ သူတို့က ဒေါ်နန်းကြာမိုး အန်ကယ့်ကိုများ အပ်ထားခဲ့လေသလားလို့ သံသယရှိနေတာကိုးကွယ့်။ မေခင်မိုးမြင့်ကဆိုရင် အသုဘချတဲ့နေ့မှာ အန်ကယ့်ကို ဖွင့်တောင် မေးတယ်။ အန်ကယ်ကဒီကလေးမ စပ်စုပုံကိုမကြိုက်တာနဲ့ မင်းနဲ့ ဆိုင်တဲ့ကိစ္စ မဟုတ်ဘူး။ မူရာကျော့ယဉ်လာမှ ငါတို့အချင်းချင်းရှင်းမယ်လို့ခပ်တင်းတင်း ပြောလိုက်ရတယ်ကွယ့်''
''သြော် .ဒါကြောင့် အန်ကယ့်ဆီသွားမယ့်ကိစ္စကို သူတို့ ဒါလောက်စိတ်ဝင်စားနေကြတာကိုး''
''တစ်ခုသိထားဖို့က ဒေါ်နန်းကြာမိုးဟာ ရတနာထုပ်ကို အန်ကယ့်ကို မအပ်ခဲ့ဘူး။ ရတနာထုပ်ကို ရှာလို့ကလည်း မတွေ့ ဘူး။ ဒီတော့ ရတနာထုပ် ပျောက်နေတာကတော့ ဧကန်ပဲ မူရာကျော့ယဉ်။ ဒီပြဿနာဟာတစ်နေ့မဟုတ်တစ်နေ့ တက်လာတော့မှာ ပဲ''
''အန်ကယ်ကရော ဘယ်လိုထင်သလဲရှင့်''
''အန်ကယ်တော့ မထင်တတ်အောင်ပဲကွယ်။ သူတို့အချင်း စွပ်စွဲသလို ဒေါ်အိုဇာသော်လည်းကောင်း၊မေခင်မိုးမြင့်တို့ဘက်ကသော်လည်းကောင်း တစ်ဖက်ဖက်က ရတနာထုပ်ရထားရင် ရတဲ့သူဟာ ဒီအိမ်မှာ နေတော့မှာ မဟုတ်ဘူး။ ထွက်သွားမှာ ပဲလေ''
''ဟုတ်တာပေါ့။ အန်ကယ်စဉ်းစားတာ မှန်ပါတယ်''
''အဲဒီ အတိုင်းစဉ်းစားမယ်ဆိုရင် ရတနာထုပ်ဟာ အမှန်တကယ် ပျောက်နေတာလည်း ဖြစ်နိုင်တာပဲ။ ပျောက်နေတာမှန်ရင်လည်း နှမြောစရာသိပ်ကောင်းတယ် မူရာကျော့ယဉ်။ ဒီတော့ မူရာကျော့ယဉ်လည်း ပညာတတ်တစ်ယောက် ပဲကွယ်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ စုံစမ်းတာ စုံစမ်း။ ကိုယ့်ဆင်ခြင်ဥာဏ်နဲ့ ကြံဆသင့်တာ ကြံဆကြည့်ပေါ့''
ကျွန်မက သက်ပြင်းကို ချလိုက်မိလေသည်။ ကျွန်မသည် အဒေါ် ဖြစ်သူ၏ ဆန္ဒအရလာရောက်ခဲ့ခြင်းသာ ဖြစ်သည်။ ရွှေဖီမိုးတွင် မှီခိုနေထိုင်ရန် လာရောက်ခဲ့ခြင်းသာ ဖြစ်သည်။ ဤမျှကြီးမားသော ပြဿနာများ နှင့် ရင်ဆိုင်ရလိမ့်မည် ဟု မတွေးမိခဲ့ပါချေ။ ယခုတော့ ကျွန်မသည် ပြဿနာအားလုံးကို ဒိုင်ခံဖြေရှင်းရင်ဆိုင်ရပေတော့မည် ။
''အန်ကယ်ဟာ မင်းအဒေါ်ရဲ့ ယုံကြည်လွှဲအပ်ခံရတဲ့ ရှေ့နေ တစ်ယောက် ပါ မူရာကျော့ယဉ်။ ပုဂ္ဂိုလ်ရေး အနေနဲ့ လည်း ခင်မင်ရင်းနှီးကြပါတယ်။ ဘာကိစ္စ ဖြစ် ဖြစ် အန်ကယ့်ကိုလာပြီး တိုင်ပင်နိုင်ပါတယ်။ အန်ကယ် ကူညီဖို့အသင့်ပါ''
''ကျေးဇူးတင်ပါတယ် အန်ကယ်ရယ်''
''နောင်မှာ ဘယ်ကိစ္စအတွက်ပဲ ဖြစ် ဖြစ် မူရာကျော့ယဉ်ဟာ ကိုယ်တိုင် စဉ်းစားဆုံးဖြတ်ရတော့မယ်။ မင်းအတွက် မင်းအထက်မှာ လူမရှိဘူး။ မင်းဟာ ခုအချိန်မှာ ရွှေဖီမိုးမျိုးဆက်ရဲ့ အရေး ပါအရာရောက်ဆုံးလူပဲ။ ဒီတော့မင်းသတ္တိမွေးပါ၊ သတ္တိရှိပါ မူရာကျော့ယဉ်။ မင်း ရင်ဆိုင်ဖြေရှင်းရမယ့်ကိစ္စတွေ ကို အန်ကယ် အများ ကြီးကြိုမြင်ထားလို့ ပြောတာပါ။ ကြောက်လည်း ကြောက်မသွားနဲ့ ။ ဘယ်သူ့ကိုမျှလည်း မယုံနဲ့။ ကိုယ့်အားကိုယ်ကိုးပါ''
ဦးစိုးမြင့်စကားများ ကြောင့် ကျွန်မရင်များ တင်းကျပ်၍ လာခဲ့သည်။ သက်ပြင်းကို ရှိုက်မိသည်။
ကျွန်မသည် ပြဿနာအားလုံးကို ရင်ဆိုင်ဖြေရှင်းရန် အရည်အချင်း ပြည့်ဝသူ ဟုတ်ရဲ့ လား။
x x x x x
![]() သည်းခြေပျက်တဲ့လ | ![]() ပုစ္ဆာဆန်သော တစ္ဆေမလေး | ![]() ထီးလိုလို မှိုလိုလို |