Cover

သင်၏ သစ္စာရှိသော
ခင်အောင်အေး

“ကြွေ”
သို့


အမှာ စာ

ကဗျာစာအုပ်တစ်အုပ်မှာ အမှာ စာ ပါသင့်သလား၊ မပါသင့်ဘူးလား။ ကိုယ့်အတွက်တော့ ဝေခွဲမရတဲ့ ပုစ္ဆာတစ်ပုဒ်လိုပါပဲ။ အမှာ စာ မလိုဘူးလို့ အပြတ်တွေးမိတဲ့အခါတွေ ရှိသလို၊ အင်း..အမှာ စာမပါရင် တစ်ခုခု လိုနေသလိုလိုပဲလို့ ခံစားထင်မြင်မိတဲ့အခါလည်း ရှိပါရဲ့ ။ ဒါကြောင့် လည်း အခု ဒီကဗျာစာအုပ် “သင်၏ သစ္စာရှိသော ” အတွက် အမှာ စာ ထည့်မယ်၊ မထည့်ဘူး၊ ထည့်မယ်ဆိုရင်လည်း ကိုယ်တိုင် ရေး မလား၊ တစ်ယောက် ယောက် ကို ရေး ခိုင်းမလားဆိုတဲ့ ဒွိဟတွေ နဲ့ လုံးခြာလည်လိုက်နေခဲ့ပါရဲ့ ။ မိုးဝေဆီက ကဗျာစာအုပ်အတွက် ဖိုင်နယ်လ်ပရုဖ် ရတဲ့အခါမှာ တော့ ရှေ့ပိုင်းက စာမျက်နှာ ၂ မျက်နှာစာ ဗလာ ဖြစ်နေပြီး “အမှာ စာ” လို့ လျာထားချက် စာလုံးကလေး ၃ လုံးကို တွေ့ တော့မှ တစ်ခုခုရေး ဖို့ စိတ်ဒုန်းဒုန်းကျသွားခဲ့ရပါတယ်။

ကဗျာရေး သက် နှစ် ပေါင်း ၃ဝ ကျော်မှာ မဂ္ဂဇင်းဖော်ပြမှု အပုဒ် ၂ဝ လောက်၊ ပုံနှိပ်ထုတ်ဝေမှု ပူးတွဲ ၁၊ တစ်ကိုယ်တော် ၁၊ ပေါင်း ၂ အုပ်ပဲ ထွက်ဖူးတယ်ဆိုတာ အင်မတိ အင်မတန် နည်းပါးတဲ့ အရေအတွက်လို့ပဲ ပြောရမယ်ထင်ပါရဲ့ ။ ၁၉၈ဝ ဝန်းကျင် တစ်ဝိုက်မှာ တော့ ကိုယ်တို့ကဗျာတွေ လူရာမဝင်သေးတာကြောင့် တစ်ကြောင်း၊ မဂ္ဂဇင်းတွေ နဲ့ ခပ်ဝေးဝေး ဆက်ဆံရေး ကြောင့် တစ်ကြောင်း၊ တစ်ကိုယ်တော် လုံးချင်း ၃ အုပ်လောက်နဲ့ စုပေါင်းစာအုပ် ၁ဝ အုပ်လောက်ကို အဲဒီ တုန်းက ကဗျာဆရာ အများ စုနည်းတူ ဖယောင်းစာအုပ်ကလေးတွေ အ ဖြစ် ကိုယ်တိုင်ဦးစီးပြီး ထုတ်ဝေဖူးခဲ့ပါရဲ့ ။ ဒီ့အတွက်လည်း ပုံနှိပ်ကဗျာစာအုပ် မ ဖြစ်ခဲ့ရခြင်းကလွဲလို့ တကယ်ကို အားရကျေနပ်မှု ရှိခဲ့ပါတယ်။

ခဏခဏ ပြောခဲ့ဖူးတဲ့အတိုင်း ၇ နှစ် လောက် ကဗျာရေး ခြင်းအလုပ် လုံးဝ ရပ်ဆိုင်းသွားခဲ့ပြီးနောက်မှာ ကဗျာတွေ ပြန်ရေး ဖြစ်တဲ့အခါ အရင်ကဗျာတွေ နဲ့မတူတဲ့ ကဗျာအမျိုးအစားသစ်တွေ ရေး ဖြစ်တယ်။ ပို့စ်မော်ဒန်ကဗျာတွေ လို့ ခပ်လွယ်လွယ် မပြောချင်တာမို့ ဒီဘက်ပိုင်းရေး ဖြစ်တဲ့ ကဗျာလို့ပဲ သုံးစွဲ ဖြစ်နေသေးတယ်။ အဲဒီ ခေတ်ပေါ်ကဗျာနဲ့ လမ်းခွဲထွက်လာတဲ့ ကဗျာတွေ တော် တော် ရေး ဖြစ်ပြီးကာမှ ကိုယ်အားသန်ခဲ့တဲ့ ခေတ်ပေါ်ကဗျာဆီ ပြန်ပြီး စိတ်လည်လက်သည် ဖြစ်ကာ face book စာမျက်နှာပေါ်မှာ တရစပ် ရေး ဖြစ်ပါတော့တယ်။ အဲဒီ အခါမှာ ထူးခြားချက် ကတော့ ဒီဘက်ပိုင်း ကဗျာဟန်တွေ ထဲမှာ ခေတ်ပေါ်ကဗျာရဲ့ အားကောင်းတဲ့ လုပ်ချက်တွေ ကို ထည့်သုံး ဖြစ်တဲ့အခါ ကိုယ့်ဟာကိုယ် ပိုမိုကျေနပ်နိုင်တဲ့ ကဗျာမျိုးတွေ ရေး ဖြစ်လာတာ တွေ့ ရတာ ပါပဲ။ များ ရာစုကို ကောင်းကင်နိုင်ငံပြု အနုပညာ အွန်လိုင်းမဂ္ဂဇင်းမှာ တင်ဆက် ဖြစ်ခဲ့ပါတယ်။

အခုကဗျာစာအုပ် ထုတ်မယ်ဆိုတော့ အဲဒီ ကဗျာတွေ အစား စာဖတ်သူအများ စုကို လွှမ်းခြုံထိတွေ့ နိုင်မယ့် ကဗျာမျိုးတွေ ပဲ ပေါ့ပေါ့ပါးပါးထုတ်ဝေဖို့ မိုးဝေးရဲ့ တိုက်တွန်းချက်အရ ကိုယ်ကလည်း ကျေကျေနပ်နပ်နဲ့ပဲ ဟောဒီကဗျာတွေ ကို တင်ဆက် ဖြစ်ခဲ့ပါပြီ။ ကဗျာစရေး ဖြစ်စဉ်ကတည်းက ကိုင်တွယ်ခဲ့တဲ့ အကြောင်းအရာ “အချစ်” နဲ့ နှီးနွှယ်ပတ်သက်နေတဲ့ ကဗျာအများ စုကို ရွေးချယ် ဖြစ်သွားတာ မတော် တဆလား၊ တမင်တကာလားဆိုတာတော့ ကိုယ့်ဟာကိုယ်တောင်မှ မေးခွန်းထုတ်နေမိဆဲပါပဲ။ ဖိုင်နယ်လ်ပရုဖ်အထိပါလာတဲ့ ကဗျာ ၉ ပုဒ်လောက်ဟာ အခြားကဗျာအများ စုနဲ့ ကဏ္ဍကောစ တော် တော် ဖြစ်နေတယ်လို့ ခံစားမိတာကြောင့် ဖြုတ်ပယ်ပြီး ပိုပြီး ဟာမိုနီ ဖြစ်မယ့် ကဗျာတွေ နဲ့ အစားထိုးလိုက်တာကြောင့် လို့သာ ဆင်ခြေပေးပါရစေတော့။

ခင်အောင်အေး

၂၆၊ သြဂုတ်၊ ၂ဝ၁၃

ဖရာ့ပရာဒင်န်၊ ဘန်ကောက်၊ ၁၂း ၂၈ နာရီ။

* * *



အချစ်


ရေနွေးငွေ့နဲ့ ခုတ်မောင်းတဲ့ ရထားလို

တရှူးရှဲရှဲ ဖြစ်နေခဲ့ရ၊ တောင်ယာတွေ ဆီက

မီးခိုးငွေ့တလူလူနဲ့ ထပ်တူ ရင်ထဲက မီးဖိုက

မငြိမ်းနိုင်ဘူး အပူဓာတ်ကို လိုလည်း လိုအပ်..

ဒါပေမယ့် ပူတဲ့ဝေဒနာကိုလည်း မဖြတ်သန်းချင်ဘူး၊

အဲဒီ မျာ -

ကောင်းကင်ကို ဘာမှ အရေး တကြီးလုပ်စရာ

မရှိသူလို ခပ်လေးလေး ခပ်ငင်ငင် မော့ကြည့် ဖြစ်တယ်

ပြာနေတဲ့ မိုးသားများ ထဲ ကိုယ်ရေး ချင်တဲ့ စာသားအတိုင်း

တိမ်တွေ ပျာပျာသလဲ သရုပ်ဖော်နေကြပုံ။ ။

၁၆၊ မတ်၊ ၂ဝ၁၃

ဖရာ့ပရာဒင်န်၊ ဘန်ကောက်၊ ၂၂း ၁၄ နာရီ။

* * *



နေ့လယ်ခင်း ထမင်းလုံးတစ္ဆေ


ကိုယ်ရွေ့မယ့်ဘက်ဆီမှာ တိမ်တွေ က အခန့်သား ရောက်နှင့် နေတယ်

ရာသီဥတု ပူအိုက်လွန်းတာဟာ မင်း အချိုးမပြောတာနဲ့ တစ်ချိုးတည်းပဲ

တစ်ရစ်ပြီးတရစ် တင်းလာတဲ့ မပျော်ရွှင်မှု ဟာ ငယ်ထိပ်ကို စီးမိသွားပြီ

ပွတ်သပ် ချော့မြှူထားရတဲ့ ပေါက်ကွဲထွက်လုလု အတွင်းကျိတ်အနာ

ခေါင်မိုးပေါ်မှာ ဘယ်လိုအရောင် တွေ လင်းပြက်နေမလဲ စာနာကြည့်

ပြုတ်ကျသွားတော့မယ် ခေါင်းလောင်းသံတွေ အဆက်မပြတ် မြည် ဟိန်း

မျက်စိအကြည့်တစ်ဆုံး နားအကြားတစ်ဆုံး လွင့်နေတဲ့ စိတ် ကတော့

အဆုံးမရှိ အစမသိ ချွေးစေးတွေ နဲ့ အေးစက်လာတော့မှ မသိမသာ

ယိုင်သွားတဲ့ ကိုယ်ကို ပြန်မတ်ယူရတယ်။ ကိုယ် နေကောင်းပါတယ်။ ။

၃၁၊ မတ်၊ ၂ဝ၁၃၊ အီစတာပွဲတော် နေ့

ဘန်ကောက်၊ ၁၆း ၁၇ နာရီ။

* * *



ပြိုလဲကျ သူရဲကောင်း


နောက်ဆိုရင်တော့ ပြောပြ ဖြစ်မှာ ပါ

အခုတော့ ကိုယ့်မှာ မရှူနိုင် မကယ်နိုင်

ကျောကုန်းရဲ့ အရေပြားကို ဖောက်ပြီး သံချိတ်နဲ့

အဆွဲခံထားရတယ် နားထဲမှာ အော်ညည်းသံတွေ က

အတောင့်လိုက်နဲ့ ဆံပင်တစ်ပင်ချင်းစီဟာ စတီးလ်မျှင်

တွေ လို ထောင်မတ်လို့ ရှင်းမပြတတ်ဘူး ပြူးထွက်နေတဲ့

မျက်လုံးအစုံက ဘေးချင်းယှဉ် ပင်လယ်နှစ် စင်းနှယ် အသက်

ရှူသံတွေ ရဲ့ မိုးကြိုးမုန်တိုင်းများ နောက်ဆိုရင်တော့ ပြန်ပြော

ပြ ဖြစ်မှာ ပါ အခု လောလောဆယ် မရှူနိုင် မကယ်နိုင် မုန်းတီးမှု

ဟာ အရေပြားတစ်လျှောက်လုံးပေါ် လောင်တယ် ပြောင်းသွား တဲ့

စကားလုံးတွေ က နားတွေ အတွက် ချော်ရည်ပူတွေ ပေါ့ မယုံနိုင်စရာ

အ ဖြစ်က ဆံတစ်ပင်ချင်းစီကို သံသယတွေ နဲ့ သုတ်လိမ်းလို့ ယူကျုံးမရ

စိတ်က မျက်လုံးကို ထိန်းပတ်ဝန်းရံထားတဲ့ မျက်ခွံ မျက်ခမ်းနဲ့ မျက်တောင်

တွေ ကို ဆွဲဖြဲပစ်လိုက်တယ် နောက်ဆိုရင်တော့ ပြန်ပြောပြ ဖြစ်မှာ ပါ ခုတော့

ဝင်သက် ထွက်သက်ကို ပုံမှန်အတိုင်း ပြန် ဖြစ်အောင် ထိန်းညှိနေရလို့ ဘာမှ

ဟုတ်တိပတ်တိ ပြောမပြနိုင်တာ နားလည်ပေးဖို့ မေတ္တာရပ်ပါတယ်။ ။

၂၈ ၊ မေ ၊ ၂ဝ၁၃

တွင်းန်ဘရွတ်ခ်၊ မေရီလင်းန်၊ ၁ဝး ၅၈ နာရီ။

* * *





ဝန်ဇင်းချစ်သူများ ခင်အောင်အေး ၏ “ သင်၏ သစ္စာရှိသော ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


အက်ပီဖနီ

ဘီအာရ် ကဗျာများ

အသက်တမျှ ဘီအာရ်