Cover

(စာရေး သူ၏ အမှာ စာ)

အမျိုးသမီးကလေးများ စိတ်ဓာတ်ပျော့ညံ့လျက် ကိုယ့်စိတ်ကိုယ်မနိုင်ကြလျှင် ဆင်ခြင်တုံ တရားမဲ့ကာ စိတ်နောက်ကိုယ်ပါ ပြုမူသမျှ ဘ၀ခရီး၌ မရှုမလှဆုံးနိုင်ကြောင်း၊ ဘ၀အမြင် အသိသာ မကဘဲ သတိထားတတ်မှု အာနိသင်ပါ သရုပ်ပေါ်အောင် နတ်ရေး ငယ်ရွှေစာ၌ တင်ပြထားသည်။ အစကောင်းမှ အနှောင်းသေချာသည်ဟုဆိုသော ရှေးစကားပုံတစ်ခု၏ အနက်ဝိတ္တာရကို ရုပ်လုံး ပေါ်အောင် ပီပြင်စေသည်။

နတ်ရေး ငယ်ရွှေစာ မှာ ဇာတ်ကောင်ပေါ်၌ မတိမ်းမမှားစေရန် ကရုဏာသက်ရောက်မှု ကို ထိမိအောင် ရေး သားထားသော ကရုဏာအဖွဲ့တစ်ခု ဖြစ်သည်။

ဂျာနယ်ကျော်မမလေးသည် ၀တ္ထုတိုပေါင်းများ စွာ ကို အာရုံကျက်စားမှု ဘ၀အမြင်ဖြင့် ရေး သားထားခဲ့ရာ ဤ၀တ္ထုရှည်ကိုမူ ကိုယ်တွေ့ ပေါ်၌ မိုးလျက် ကရုဏာ၊ မေတ္တာ၊ စေတနာ ဤသုံး တန်တို့ကို ဤ၀တ္ထုတွင် သူ့အလှနှင့် သူ တည်ရှိအောင် ရေး ဖွဲ့ထားပုံ ထူးခြားခြင်း ဖြစ်သည်။

* * * * *


အခန်း (၁)

‘ဟိုမှာ … ဟိုမှာ … အဲဒီ မိန်းမ အဲဒီ မိန်းမပေါ့’

ကျွန်မနှင့် ယှဉ်၍ ကပ်ရပ်နေသော မိန်းမတစ်ဦးက သူ့ဘေးရှိ မိန်းမဖော်ကို တီးထိုးပြော လိုက်သံ ကြားမိသော်လည်း ကျွန်မသည် အင်္ကျီများ ကိုသာ တစ်ထည်ပြီးတစ်ထည် ရွေးနေသည်။

မိုးသည် တအုန်းအုန်းရွာသွန်းလျက်ရှိသည်။ သိမ်ကြီးဈေး အပြင်တန်း ‘ပျို့အသည်း’ဘော် လီဆိုင်ရှေ့၍ ရပ်ကာ အင်္ကျီပုံကြီး ကြည့်ရွေးနေကြသည့် ၀ယ်သူများ ၏ ကျောကို မိုးရေစက်များ သည် တစ်စက်စက် စဉ်ပက်နေသည်။

ဇာကို ကြည့်နိုင်မှ မြင်ရမည့်  ခရမ်းရောင် ဇာနိုင်လွန်အင်္ကျီအောက်၌ ပုံအတိုင်း ထင်းထင်း ကြီးပေါ်နေသည့် လည်ဟိုက်ဇာဘော်လီကြီး ၀တ်ထားသော အသားမည်းမည်း ခပ်၀၀ ဆိုင်ရှင် မိန်းမကြီးသည် ဗီရိုထဲမှ ဘော်လီပုံအစားစားကို ထုတ်ယူပုံချကာ ဘော်လီများ ကို ဖြန့်ပြနေသည်။

ဘော်လီကို ကိုယ်နှင့် ပတ်ပြလျက် ရှေ့ပုံနောက်ပုံမြင်အောင် ရင်ပုံကိုလည်းပြ ကျောလှည့်ပြနှင့် သူ့ရှေ့က ၀ယ်သူများ ကွယ်နေ၍ သာ တော် သေးသည်။ ကိုယ်အငြိမ်မနေလှည့်ပြ နေရင်း နှုတ်ကလည်း မရပ်မနား ပြောသည်။

‘ဒါက ဆယ်ထည် ရှစ်ဆယ်ဈေး၊ ဒါ ကတော့ ခြောက်ဆယ်ဈေး၊ ဟော့ဒါက နိုင်လွန်ဖောက် ပန်း ပိုမယူပါဘူး၊ ဒီဈေးပါပဲ၊ ရင်ပုံပေါ်ပေါ်ဝတ်ချင်ရင် ဟောဒီဘေးကွဲယူပါ’

ဝယ်သူများ ကို မ၀ယ်ချင် ၀ယ်ချင်အောင် နှုတ်သွက်လျှာသွက် ဆွယ်နေသော ဈေးသည်က ဘေးကွဲဘော်လီတစ်ထည်ကို ဖြန့်လိုက်ပြန်သည်။ အဖိုးမပြောခင် တစ်ဖက်သို့ လှည့်လိုက်ကာ ၀ယ် သူများ ဘက်သို့ ပြန်လှည့်လာလျက် ‘ပိုင်းလုံးမှ ကြေးကြီးရှင့်’ဟု ထောက်ခံလိုက်၏ ။

သူ့လက်၌ ဖြန့်ကိုင်ထားသည့် ဘောဘီအင်္ကျီပုံကို ကြည့်နေသော ကျွန်မမှာ သူတို့စကားကို ကိုယ်နှင့် မဆိုင်၍ စိတ်ဝင်စားခြင်းမ ဖြစ်မိ။ အင်္ကျီပုံကလေးသာ အာရုံစိုက်ကြည့်သည်။

‘ကြည့်ပါလား နိုင်လွန်လက်ကို ဘလောက်စ်နဲ့၊ ရှူးဖိနပ်နဲ့၊ ပုလဲပုတီး ကတော့ အမြဲဆွဲတယ်’

ဝယ်သူမိန်းမနှစ် ဦးသည် ဆိုင်ရှင် မျက်စထိုးပြရာဆီသို့ လှည့်ကြည့်လိုက်ကြပြန်သည်။

‘အဲဒါက ဘယ်လောက်ပါလဲ’ ဆိုင်ရှင်သည် ကျွန်မအမေးကို ပြန်၍ မဖြေအားသေးပေ။

‘ရွှေဆိုင် အမြဲလာတယ်၊ မြှူလို့ချူလို့ ရသမျှ ရွှေဒင်္ဂါးချည်း လာဝယ်တာပဲ။

ပြောချင်တာကို အရင်ပြောပြီးမှပင် ‘ဒါက တစ်ဆယ်လေ’ဟု ကျွန်မဘက်သို့ ခပ်တိုတို လှည့်ဖြေလေသည်။ စောစောကလို ဖောင်လောက်အောင် မတိုက်တွန်းအားဘဲ မျက်စိ တခြားကို ကြည့်ရင်း ကျွန်မအား အင်္ကျီကြည့်ရန် ကမ်းပေးနေသည်။

အင်္ကျီကို လှမ်းယူလိုက်ကာ နောက်ကျောဇာကို ကြည့်လျက် ‘လျှော့ပါဦးရှင်’ ဟု ကျွန်မက ပြောလိုက်သည်။

‘အဒေါ်တို့အိမ်နားက ၀န်ထောက်တိတ်တိတ်ပုန်းမယား လုပ်သေးတယ်။ ချူလို့ဝမှ ကန်ချ လိုက်တာ၊ အခုတော့ အမေရိကန်တွေ ကို အသုံးတော် ခံနေတယ်လေ’

ဆိုင်ရှင်သည် ကျွန်မအမေးကို နားလျှံနေကာ ကျွန်မဘေးက ၀ယ်သူမိန်းမနှစ် ဦးကိုသာ မဲ ပြောနေသည်။

‘အမေရိကန်တွေ က နေ့ပိုင်း ဒေါ်ဒေါ်ရဲ့ ၊ ညပိုင်းကျ ယူနီယန်ကလပ်က ပုဂ္ဂိုလ်ကြီးတွေ ’

ဝယ်သူနှင့် ဆိုင်ရှင်တို့သည် ခေါင်းချင်းဆိုင်ကာ ခပ်အုပ်အုပ် ကျိတ်၍ ရယ်မောလိုက်ကြ သည်။

ဆိုင်ရှင်နှင့် ၀ယ်သူတို့ အချီအချ လက်ဆုံကျနေကြခြင်းကို ပြတ်အောင် စိတ်ရှည်ရှည်ထား လျက် စောင့်ဆိုင်းရကာ ‘မလျှော့ပါဘူးလားရှင်’ဟု ထပ်မေးရပြန်သည်။

‘ဟော … ဟော … သွားပြီ တွေ့ လား တွေ့ လား ၊ လုံချည်ကို တင်ထားအောင် တေလာနဲ့ ချုပ်တာ’

ဝယ်သူကော ဆိုင်ရှင်ပါ တစ်ဘက်သို့ လှည့်ကြည့်နေကြပြန်သည်။

ပြောလို့မကြား မေးလို့မရ ဖြစ်နေစဉ် သူတို့ကြည့်ရာဘက်သို့ ယောင်ရောက်သွားသော ကျွန်မ၏ မျက်စိထဲတွင် မနီးမဝေးမှ ပန်းရောင် ထပ်သည် လှိုင်းထနေကာ ကြွရွရွ ရွေ့လျားလျက်ရှိ သည်။

နိုင်လွန်ပန်းရောင် လက်တိုဘလောက်စ်အင်္ကျီ ရင်တစ်ဝိုက် အငြိမ့်မင်းသမီး ရင်းခံမျိုးအ တိုင်း တွန့်ဖိ ထပ်ဖိထားသော မှန်ကူကွက်သည် မဖောင်းတဖောင်းဖူးငုံတို့ဖြင့် ၀ိုက်ကုံးထားသည့် သဏ္ဌာန် ပိုကြွနေပေသည်။

ပဒုမ္မာကြာဖူး၏ ပွင့်ငုံများ ကို တစ်ဖက်ပေါ်သို့ တစ်ဖက်ဆင့်လန်ပွင့်အာကျထားသကဲ့သို့ နိုင် လွန်ပန်းရောင် လုံချည်ဒူးအောက်ပိုင်း၌ တွန့်ထပ်ဖိထားသည့် အထပ်များ မှ ကျလာသော အဖတ် များ ကား ဒေါက်မြင့်ကြိုးသိုင်း ရှူးဖိနပ်ဖြူပေါ်၌ ၀ဲဝေနေသည်။

တစ်ကိုယ်လုံး ခြုံငုံထားသော ပန်းရောင် ပေါ်တွင် ပုလဲကုံးသည် အရည်တောက်ကာ ရွှဲဥဖြူ နှစ် နေသည်။

တဒင်္ဂအားဖြင့် မျက်စိကို ထိုးဟပ်သွားသော အသွေးအရောင် အပြင်အလျာများ ကို ဖယ်ရှား ၍ ရုပ်ကိုစေ့စေ့ကြည့်လိုက်ရာ ကျွန်မမှာ ခေါင်းနားပန်းကြီးသွားကာ တုန်လှုပ်ချောက်ချားသွားမိ သည်။

ရုတ်တရက် မြင်လိုက်ရသော ဤမျက်နှာသည် မျက်နှာအရာအထောင်ကြားထဲမှ ခွဲခြားမှတ် မိသော မျက်နှာ …။

ကျွန်မသည် လက်ထဲက အင်္ကျီကိုလွှတ်ချကာ လက်ကိုင်အိတ်ကို ကောက်ယူလျက် တစ်မု ဟုတ်ချင်း ဆိုင်ကထွက်ခဲ့၏ ။

တပြိုက်ပြိုက်ကျနေသော မိုးရေစက်များ ကို ဆိုင်အမိုးများ ဖြင့် ခိုကာ၊ ခိုကာ လူတွေ လည်း ရှောင်ကာ မျက်ခြည်မပြတ်အောင်လည်း ဂရုစိုက်ကြည့်ကာ ဇောနှင့် မို့ ပျာယီးပျာယာ လျှောက်လာ ခဲ့သည်။

ကျွန်မရှေ့က လူတွေ ကွယ်သွားလျှင် လူလုံးကို မမြင်ရတော့ပေ။ ဆံပင်ဖြတ်ကာ ကောက် တွန့်စည်းထားသည့် ကုပ်ပေါ်ကျနေသော ဆံပင်ခွေလိမ်ကလေးကိုသာ လှမ်းမြင်ရသည်။

ပန်းရောင် နောက်ကျောတစ်ပြင်လုံးကို မြင်ရသည့်အခါလည်း မြင်ရပြန်၏ ။

ကျွန်မမှာ လမ်းကို ဂရုမထားနိုင်ဘဲ ပိတ်ကျပ်နေသော လူတွေ ကို တိုးဝှေ့ကာ ကတိုက်က ရိုက်ကြီး အမီကြည့်လိုက်သွားနေစဉ် ဗွက်ပေါက်နေသော ချိုင့်ကြီးထဲသို့ ခြေထောက်တစ်ဖက် ကျ မြုပ်သွားသည်။

ကိုယ့်ခြေထောက်ကိုပင် ကိုယ်မဖော်ဝံ့လောက်အောင် အမျိုးမျိုးသော အညစ်အကြေးများ ရောပြုံမည်းပျစ် ချွဲကျိနေသည့် ဗွက်ကြီးကို ငုံ့ကြည့်လိုက်ကာ နှလုံးနာနာနှင့် ဗွက်ထဲမြုပ်သွားသော ခြေထောက်ကို အသာမလိုက်ရသည်။

ဘယ်လိုအညစ်အကြေးတွေ မှန်း မသိပေ။ ခြေဖမိုးနှင့် ဖိနပ်ကို မပေါ်အောင် ပုံတင်နေကာ ပေရေနေသည်။

ခြေပေါ်မှ အညစ်အကြေးများ ကို ဗွက်ထဲသို့ ပြန်ခါချပစ်နေရင်း စိတ်မချနိုင်၍ လည်ကိုလိမ် ကာ လှမ်းကြည့်လိုက်သည့်အခါ လက်ဖက်ရည်ဆိုင်နှင့် ပန်းကန်ဆိုင်ကြားသို့ ချိုးသွားခြင်းကိုမြင် လိုက်ရသည်။

ခြေထောက်အပေကြီးနှင့် လမ်းလျှောက်၍ မ ဖြစ်၊ မိုးရေကျနေသည့် တစ်နေရာရာတွင် စင် ကြယ်အောင် သွားဆေးလိုက်ချင်ပါလျက် ဆေးမနေနိုင်၊ အပေအရေတွေ ကပ်စေးကပ်စေးနှင့် ပင် ပန်းကန်ဆိုင်နားရောက်အောင် အမြန်လာခဲ့ရသည်။ အမေရိကန် တစ်ယောက် တံခါးဖွင့်ပေးလျက် အသင့်စောင့်နေသည့် ပြောင်ဖိတ်နေသော ဆလွန်းကားအနက်ကြီးဆီသို့ မိုးရေထဲတွင် အပြေးအ လွှားဖြတ်သွားလျက် ကိုယ်ကလေးကိုကုန်းကာ အမေရိကန်ဘေးတွင် ယှဉ်ထိုင်ချလိုက်ခြင်းကို လှမ်းမြင်ရခြင်းကြောင့် ဟစ်၍ သာ ခေါ်လိုက်ချင်သည်။

သုတ်ခြေတင်လာနေရာမှ အပြေးလာကာ လက်ဖက်ရည်ဆိုင်က ခုံတွေ ကို ကွေ့ရှောင် လျက် လမ်းဘေးသို့ ပြေးအထွက် ကားတံခါးသည် ပိတ်သွားကာ စက်သံမကြား ငြိမ့်ငြိမ့်ကြီးထွက် သွားတော့သည်။

မိုးကလည်း မစဲဘဲ တဖွဲဖွဲရွာလျက်။

မိုးရေထဲတွင် ထွက်သွားသော ကားကြီးကို ငေးကြည့်ကာ မချင့်မရဲဖြင့် ရင်ထဲ၌ နုံးလျသွား သည်။

ကားထွက်သွားသော်လည်း ကျွန်မမှာ ထိုနေရာ၌ ပင် ရပ်လျက်နေသည်။

မျက်စိရှေ့၌ ရှိသော ကားတွေ လူတွေ ၊ တစ်ဖက် ဈေးရုံက ဆိုင်တန်းတွေ နှင့် ကမ္ဘာခြား လျက် မျက်စိအောက်က ပျောက်ကွယ်သွားသော ကားကြီးနောက်သို့ တကောက်ကောက် ရမ်းဆ ကြည့်ငေးနေသည်။

ကားနောက်သို့ တရိပ်ရိပ် အမီလိုက်ပြေးနေသော စိတ်သည် မောဆို့ပန်းကျလာမှ မချိတရိ နှုတ်က တခေါ်တမ်းရှိုက်မိသည်။

‘မြ…ရယ် …’

‘ဟေ့လူ … ရှင် ယောက်ျားပဲဟာ၊ ကျွန်မကို ပြောခိုင်းနေမယ့်အစား ရှင်ကိုယ်တိုင် မြကိုပြော ပါလား’

ကိုသန်းမောင်သည် ပြုံးလေသည်။ နဂိုနေဆိုရင် သူ့မျက်နှာသည် မှု န်တုန်တုန်ဖြင့် မာ ကျောပုံရသေးသည်။ သို့ သော်လည်း လူပျော့၊ လူလေး၊ လူ့အဆိပ်မရှိမှန်း ပြုံးလိုက်မှ ပေါ်လာ သည်။

မြသည် ကျွန်မချစ်သော မြ … ကျွန်မမှာ ချစ်သော သူငယ်ချင်းဆို၍ ‘မြ’ ဆိုသော မြတစ် ယောက် ပဲ ရှိသည်။

မြနှင့် ကျောင်းတွင် တစ်ကျောင်းတည်း တစ်ခုံတည်း အတူတူနေခဲ့ကြသည်။ သွားအတူ၊ လာအတူ၊ စားအတူ တတွဲ တွဲ နှင့် ကျောင်းဆင်းအိမ်ပြန်မှ လူချင်းခွဲလိုက်ကြသည်။

မြသည် ခြောက်တန်းနှင့် ကျောင်းထွက်သွားရသည်။ မြ ကျောင်းက ထွက်လိုက်သော အခါ ကျောင်းတက်ချိန်သာ ကျောင်းသို့ သွားကာ ကျောင်းသွားကျောင်းပြန် မြအိမ်သို့ နေ့တိုင်းဝင်လေ သည်။ တစ်ယောက် နှင့် တစ်ယောက် တစ်နေ့မတွေ့ ရလျှင် မနေနိုင်လောက်အောင် အသေအလဲ ချစ်ကြသည်။

တစ်ယောက် နှင့် တစ်ယောက် အသေအလဲချစ်ကြ၍ တစ်ယောက် နှင့် တစ်ယောက် စိတ်တူ သဘောတူမျိုး မဟုတ်။ ကျွန်မက အဖြူကြိုက်လျှင် မြက အမည်း။ ကျွန်မက ဒါဆိုလျှင် မြက ဟို ဟာ။ အမြဲတမ်း တစ်ယောက် နှင့် တစ်ယောက် ဆန့်ကျင်ဘက် ဖြစ်စမြဲ ဖြစ်သည်။

မြမှာ အက ကောင်း အဆို ကောင်း၊ ကျောင်းက ပွဲတိုင်း သူပါရသည်။ ငယ်စဉ်ကတည်းက ကစားကြလျှင် မြနှင့် ကျွန်မ အဖော်ညှိ၍ မရ တစ်ယောက် တစ်မျိုး ကစားကြသည်။

ကျွန်မက လိုက်တမ်းပြေးတမ်း ကစားရမှ ကစားချင်သည်။ မြမှာ ကတမ်း ခုန်တမ်း ကစားရ မှ ပျော်ပေသည်။

ပန်းတွေ ဝေနေအောင်ပန်လျက် မျက်နှာသုတ်ပ၀ါကြီးကိုခြုံကာ ချိတ်တွေ တွယ်ထားသော ထဘီကို တင်းနေအောင် ဒူးကို နည်းနည်း ကွေးရပ်၍ အသံကို ဆွဲဆွဲငင်ငင် လုပ်ဆိုလိုက်သည်။

‘ဝေဇယန္တာ … နန်းဘုံ၊ မြမန်းလေ … မြမန်းဇေယျခုံ….’

လက်မြှောက်ကလျက် ခြေထောက်ကို ဘေးတိုက် တရွေ့ရွေ့ပွတ်ရွှေ့လာရင်း တွန့်တွန့်

တွန့်တွန့် က၍ နေတတ်သည်။

မြကနေတုန်း တစ်ခါတလေ ထိုင်ကြည့်ရင်း ဟားတိုက်ရယ်မောနေမိသည့်အခါ မြသည် ပြန့်ကော့မြှောက်ထားသော လက်ကိုချလျက် အကရပ်လိုက်ပြီး မျက်နှာစူစူ ရှက်ရှက်နှင့် ကျွန်မထံ သို့ ပြေးလာကာ ကျောကို လာထုသည်။

မြ အမေသည် အရပ်ထဲက အငြိမ့်မင်းသမီး တစ်ယောက် ဖြစ်၍ တိုက်ပိုင် တစ်ယောက် နှင့် အကြောင်းပါသည်။ မြ ကျောင်းကမထွက်ခင်ပင် တိုက်ပိုင်ကြီးမှာ အရက်သောက်လွန်း၍ ခြေတစ် ဖက် တရွတ်ဆွဲသွားခြင်းကြောင့် အလုပ်မှ ထွက်လိုက်ရသည်။ ပင်စင်လစာကလေးနှင့် သားအမိ သားအဖ သုံးယောက် လောက်ငှအောင် နေကြရသည်။

ကိုသန်းမောင်သည် ငွေတိုက်စာရေး ဖြစ်သည်။ ငွေတိုက်နှင့် ဂါတ်မှာ တွဲ နေကာ မြ၏ ဖခင် အလုပ်ရှိစဉ်ကပင် တိုက်ပိုင်ကြီးက ခင်မင်၍ အိမ်ဝင်ထွက်သွားလာနေခြင်းဖြင့် ကိုသန်းမောင်နှင့် မြ တို့ အသိ ဖြစ်ကြသည်။ မြနှင့် သိရမှာ ကိုသန်းမောင်နှင့် ကျွန်မ ခင်မင်ရခြင်း ဖြစ်သည်။

ကိုသန်းမောင်မှာ အသက် ၂၀ ခန့် ရှိ၍ ကျွန်မတို့ထက် ၄ နှစ် လောက်ကြီးမည် ၊ ကျွန်မက ကိုသန်းမောင်ကို ရွယ်တူတန်းတူလိုပင် ရင်းရင်းနှီးနှီး ဆက်ဆံသည်။

ကိုသန်းမောင်၏ အရပ်မှာ မြင့်၍ ပိန်ပိန်ပါးပါး ဖြစ်သည်။ မျက်လုံးများ မှာ မည်းနက်လျက် တစ်စုံတစ်ခုကိုကြည့်လျှင် တစူးတစိုက် ကြည့်နေတတ်သည်။ ဗိုလ်ကေကို သပ်ရပ်စွာ ဖြီးလျက် အ ပေးအင်္ကျီနှင့် အမြဲတွေ့ ရသည်။

လမ်းလျှောက်လျှောက် ထိုင်နေနေ ခေါင်းစိုက်နေတတ်သည်။

စကားပြောသည့်အခါ ဘယ်အကြောင်းမျိုးပြောနေနေ ကြည်လဲ့သည့်အသံမျိုး တိုးတိုးသက် သာ အပြုံးနှင့် အပြီးသတ်သွားသည်။

အထူးခြားဆုံးကား ကိုယ်လက်လှုပ်ရှားပုံသည် လေးလေးကြီးနှင့် ညင်ညင်သာသာလေး ဖြစ် သည်။ ကိုသန်းမောင်နှင့် တွေ့ လျှင် မြသည် မေးထူးခေါ်ပြောမျိုးက မပိုချေ။

ကျွန်မနှင့် ကိုသန်းမောင်တွေ့ ကြလျှင် “တကတဲမှပဲ စကားကောင်းပြောနေလိုက်တာ မပြီး နိုင်ဘူး”ဟု မြက မျက်စောင်းထိုးပြောတတ်သည်။

ကျွန်မမှာ ကိုသန်းမောင်နှင့် တွေ့ လျှင် ပျော်ရွှင်သည်။ သူ့အမူအရာမှာ အေးစက်စက်ရှိလှ သည်။ ကျွန်မက ကိုသန်းမောင် အေးစက်သည်ကို ဂရုမစိုက်ချေ။ ကိုသန်းမောင်၌ ကျွန်မစိတ်နှင့် ကြည့်မရစရာတွေ များ စွာ ရှိ၍ ကိုသန်းမောင်၏ ချွတ်ယွင်းချက်များ ကို မညှာမတာ ဝေဖန်ပြောသည့် အခါ ကိုသန်းမောင် ပြုံးရယ်နေသည်ကို သဘောကျမိသည်။

ကိုသန်းမောင်နှင့် စကားပြောသော အခါ၌ ရိုင်းရိုင်းစိုင်းစိုင်းမရှိဘဲ အမြဲယဉ်ယဉ်ကျေးကျေး ဆက်ဆံပြောဆိုသည်။

မြသည် ကိုသန်းမောင်ကို ယောက်ျား တစ်ယောက် ၊ တစ်ရံဆံသူ တစ်ယောက် ဟု သီးခြား

အောက်မေ့သည်။ ကိုသန်းမောင်နှင့် မျက်နှာချင်းဆိုင်မိလျှင် မြမျက်နှာမှာ တစ်မျိုး ဖြစ်သွားသည်။ ဣနြေ္ဒလုပ်၍ သော်လည်းကောင်း၊ မှင်သေသေဖြင့် မျက်နှာကို ချက်ချင်း ပြင်လိုက်သည်။

ကျွန်မက ကိုသန်းမောင်ကို အားမနာပါးမနာ ဖိနှိပ်ပြောဆိုနေသည့်အခါမျိုးတွင် မြသည် မျက်နှာလွှဲထားရာမှ မ၀ံ့တ၀ံ့ ကိုသန်းမောင်ကို ခိုးကြည့်တတ်သည်။

မြမှာ ယောက်ျားနှင့် မိတ်ဆွေ ဖြစ်ရကောင်းမှန်းမသိ၊ ယောက်ျားနှင့် ခင်မင်ကျွမ်းဝင်လိုခြင်း မရှိ။

ယောက်ျားဆိုသည်မှာ တသီးတခြား၊ သူက မိန်းမ တသီးတခြား၊ ယင်းသို့ စိတ်ထားတတ် လျက် ယောက်ျားဆိုလျှင် မြသည် အဖေတောင် စိမ်းသည်။

နယ်တကာလှည့်ပြောင်းနေသော မိဘများ နောက်သို့ မလိုက်ဘဲ ဘွားအေမဆုံးခင် ဘွား အေနှင့် သာနေခဲ့ပြီး ဘွားအေလက်ပေါ်မှသာ ကြီးပြင်းလာခဲ့သည်။ မြ ၁၁ နှစ် သမီးအရွယ်ရောက်မှ အဖေနှင့် အတူတူ စနေဖူးသည်။

မြ ငယ်ငယ်က မြ အဖေ အရက်မူးလာလျှင် အဖေ့အနား မသွားတော့။ အဖေ့မျက်နှာ မကြည့်တော့။ မြ အမေနှင့် အဖေ ရန် ဖြစ်နေကြလျှင် မြ အမေကဘက်ကကူ၍ အဖေ့ကို တစ်ခုခု နှင့် လှမ်းပေါက်တတ်သည်။

ကျောင်းတွင် ယောက်ျားကလေးများ နှင့် အရောတ၀င်မနေဘဲ ဘာသိဘာသာနေတတ်သ လို ကိုသန်းမောင်နှင့် လည်း မရောဘဲ ဘာသိဘာသာပင် နေသည်။

ယောက်ျားသုံးလေးယောက် ရှေ့တွင် မြသည် လမ်းမသွားတတ်ပေ။ မျက်နှာလည်း မထား တတ်ဘဲ ရှက်ရွံ့နေတတ်သည်။

‘ဟိုမှာ အကောင်တွေ ကြည့်နေတယ်’ ဟု မျက်နှာတစ်မျိုးနှင့် ပြောတတ်သော မြကို ‘ကြည့် တာ ဘာ ဖြစ်လဲ’ ဟု ကျွန်မက မာန်ပစ်လိုက်သဖြင့် လမ်းသွားရင်းလည်း မြနှင့် ကျွန်မ တကျက် ကျက်ပင်။

‘ယောက်ျားတွေ ကို မြ မုန်းတယ်’

မြ၏ ရှုံ့မဲ့သော နှုတ်ခမ်းမှ ပွင့်ပြီးထွက်လာအောင် မေတ္တာစိတ် ခေါင်းပါးလေသည်။

‘ကိုယ်တော့ ယောက်ျားတွေ ကို မမုန်းပါဘူး၊ လူလူချင်းပဲ ဘာမုန်းစရာရှိလဲ၊ ယောက်ျားတွေ ကို အကြောင်းမဲ့မုန်းတတ်တဲ့ မိန်းမ၊ မိန်းမတွေ ကို အကြောင်းမဲ့မုန်းတတ်တဲ့ ယောက်ျား၊ အဲသလို လူမျိုးတွေ သာ ကိုယ် အားကြီးမုန်းတယ်’

မြကို ရှုံ့မဲ့ပြီး ပြန်ပြောပစ်လိုက်သည်။

‘ဒါဖြင့် မြကိုရော မုန်းသလား …ပြော’ဟု နွဲ့လျစွာ ကျွန်မကိုလာဖက်ပြီး မေးပုံကလေးကို ဟက်ဟက်ပက်ပက် ရယ်ပစ်လိုက်ပြီး အဖြေမပေးလိုက် ပေ။

သဏ္ဌာလုပ် သရုပ်နှင့် တူရမည် ။

တူလည်း တူပါပေသည်။ ယောက်ျားကို သီးခြားလျက် ခါးခါးသီးသီးမုန်းတတ်သော မြသည် ကန်ပေါင်ရိုးနားတွင် ပပ၀တီလုပ်၍ ရပ်နေကာ ရေကန်ထဲမှ မိန်းကလေးတစ်ဦးက မင်းကုသလုပ် လျက် လက်ဖမ်းဆွဲထားခြင်းကို မုန်းလွန်းလို့ မျက်နှာအိုအိုနှင့် စူပြနေလေသည်။

လမ်းထဲတွင် မီးရောင် များ ဖြင့် ထိန်ထိန်လင်းလျက် ရှိသည်။

ဆိုင်းသံမကြား ဗုံသံမကြားသော ပွဲတန်းကြီးတစ်လျှောက် လူတွေ ကျိတ်ကျိတ်တိုးနေ အောင် စည်ကားလှသည်။

တပေါင်းလဆန်း ဆွမ်းတော် ကြီးတင်ပွဲ၌ နိပါတ်မျိုးစုံခင်းပြသော ရုပ်သေပွဲကို ဇာတ်ပွဲထက် လူတွေ စွဲကြသည်။ ဆွမ်းကောင်းအသင်းမှ ကမကထလုပ်၍ အရပ်သူအရပ်သားများ သက်သက်က ပြသော ရုပ်သေပွဲ ဖြစ်၍ ပိုပြီး လူစည်ကားသည်။

စီတန်းလျက် စင်ထိုးထားသည့် ဇာတ်စင်တွေ ၌ မယ်မဒ္ဒီ သစ်သီးရှာသွားသည့်အခန်းဆို လျှင် တောကားချကာ မဒ္ဒီဒေ၀ီက ခြင်းတောင်းနှင့် တံချူနှင့် သစ်သီးချူနေပုံကို ဟန်လောက်သာ ပြသထားသော ရုပ်သေပွဲ ဖြစ်သည်။

ရုပ်သေပွဲကြည့်လာကြသော ပရိသတ်သည် စင်ကိုမြင်ရုံဖြင့် ဒါက မဒ္ဒီဟေ့၊ ဟောဒါက အဂုင်္ လိမာလ စသည်ဖြင့် ပုံနှင့် ဟန်လောက်ကို ကြည့်ကာ သူတို့ဟာသူတို့ ဘာသာပြန်ပြောသွားကြ သည်။

စင်ပေါ်၌ ကပြနေကြသော သူတို့ကား မလှုပ်ရ၊ တတ်နိုင်လျှင် မျက်တောင်ပင်မခတ်ဘဲ ပုံ ထဲက အရုပ်လို သရုပ်ဖော်နေကြရသည်။

‘လှရေ … သွားကြစို့’ဟု ကိုသန်းမောင်လာစောင့်ခေါ်သဖြင့် ကိုသန်းမောင်နှင့် အတူ ပွဲတန်း ကို လျှောက်ကြည့်ကြသည်။

တစ်ခန်းပြီးတစ်ခန်း တငေးငေး တဖြည်းဖြည်း လျှောက်ကြည့်လာကြရင်း မြပါသော ပပ ၀တီလက်ဆွဲခန်း ဇာတ်ခုံရှေ့၌ ကျွန်မတို့ ရပ်လိုက်ကြရင်း …

ကိုသန်းမောင်သည် ပပ၀တီကို ငေးကာကြည့်နေစဉ် သူ့ တစ်ယောက် တည်းရှိသလို လွတ် လွတ်ကျွတ်ကျွတ်ပင် သီချင်းသံမဟုတ်တောင် ကဗျာသံနှင့် တစ်လုံးချင်း တီးတိုးရွတ်ဆိုလျက် နေ သည်။

‘ရွှေရုပ်လို အလှထူးသူရဲ့ ဖေနှုတ်ချို မစဖူးပါဘူး’

ကျွန်မသည် အသံမထွက်အောင် တိုးတိတ်စွာ ရှိုက်၍ ရယ်လျက် ‘အံမယ် … ဟေ့လူ၊ ရှင် က ဘာဆိုနေတာလဲ’ဟု သူ့ကို ကြည့်မေးလိုက်သည်။ ‘ဖိုးစိန်ကြီးဆိုတာကို သတိရလို့ ဆိုတာပါ’ဟု ပြန်ပြောပြီး ပြုံးလိုက်သော်လည်း ခေါင်းစိုက်သွား၍ ရှက်ဟန်တော့ရှိသည်။

ဇာတ်စင်ပေါ်မှ ပပ၀တီသည် ဇာတ်စင်ရှေ့တည့်တည့်၌ ကျွန်မတို့နှစ် ယောက် ကို အတိုင်း သားမြင်သော်လည်း မမြင်သော မျက်လုံးဖြင့် မျက်တောင်မခတ် မတုန်မလှုပ်။

မြသည် ထုထားသည့် အရုပ်နှင့် တူလှစွာ လက်ဆွဲခံလျက် နှုတ်ခမ်းစူနေရသည်။ ည၇နာရီမှ ၉နာရီ၊ ၁၀နာရီအထိ သည်ပုံအတိုင်း မလှုပ်မယှက် ပါးညောင်းလောက်အောင် စူနေရပါလိမ့်မည် ။

မြ၏ အဆင်းသည် မီးရောင် အောင်၌ ပနံရစွာ ထိန်လှနေသည်။

မြ ၀တ်ထားသော ထိုင်မသိမ်းအင်္ကျီနှင့် ထဘီမှာ ဇာတ်ထဲက ဇာတ်မင်းသမီးဝတ်သော က တောင်ပုံမျိုးမဟုတ်၊ မင်္ဂလာဆောင်ခါနီး ၀တ်သော သတို့သမီး၏ ပွဲထိုင်အ၀တ်ကို ငှားဝတ်ထားခြင်း ဖြစ်သည်။

စကားဝါချိတ်ထဘီအ၀ါ၊ ရင်ခုံကိုလည်း အ၀ါ၊ အနို့တပ်ထားသော မန္တလေးပိုးအင်္ကျီ ထိုင် မသိမ်းအြူ၊ ရွှေကျင်ခပ်ပ၀ါကို ပခုံးပေါ်က ခြေဖနောင့်အထိ တရွတ်တိုက်လွှမ်းခြုံထားကာ ဆံပင်ကို ဗျာပါဆံချလျက် လလယ်ယုံဆံထုံး ပုံ့ပုံ့ကလေးနှင့် တကယ့် မိုးကျရွှေကိုယ် မင်းသမီးကလေးရုပ်ပုံ တော် အတိုင်း …

ရွှေချည် ငွေချည် တို့သည် လင်းလှသော မီးရောင် တွင် မျက်စိကျိန်းလောက်အောင် မြတစ် ကိုယ်လုံး တဖိတ်ဖိတ်လက်နေသည်။

‘ကုသဟေ့ … ကုသ၊ ပပ၀တီကို လက်ဆွဲနေတယ်’

နောက်ကလူများ တဖြည်းဖြည်း တိုးကပ်လာကြ၍ ကျွန်မ ရှေ့သို့ တိုးပေးရင်း ကိုသန်း မောင်ဆိုလိုက်သော ရွှေရုပ်လိုအလှထူးသည့် ပပ၀တီ၏ ရူပါရုံကိုငေးကြည့်လျက် ‘မြကော မလှ ဘူးလား ကိုသန်းမောင်’ ဟုမေးလိုက်သည်။

ကိုသန်းမောင်သည် တိတ်ဆိတ်နေ၏ ။

သူ့ထံမှ ပြန်ပြောသံမကြား၍ ‘မြက မြန်မာချော ချောတာ ကိုသန်းမောင်၊ မျက်နှာကလေးက ၀ိုင်းနေတာပဲ’ ဟု ဆက်ပြောပြန်သည်။

ကိုသန်းမောင်သည် ကျွန်မနားသို့ မသိမသာ တရွေ့ရွေ့တိုးကပ်လာနေသည်။ နှစ် ယောက် ကြားရုံလောက်ရှိမှ ‘ကျွန်တော့် ကို ပြောပေးစမ်းပါ လှရယ်၊ ကျွန်တော် မြကို ချစ်လွန်းလို့ပါ’ဟု သူ့ စိတ်ထဲရှိသမျှ ဖွင့်ပြောပြသည်။

သူ့မျက်နှာကို လှည့်ကြည့်လိုက်သည်။ ခေါင်းငုံ့လိုက်ခြင်းကြောင့် မျက်နှာချင်းမဆုံလိုက်ရ ပေ။ ကျွန်မ သူ့ကို ပြုံးပြီး ကြည့်၏ ။ မျက်မှော င်တွန့်ကာ ခေါင်းတညိတ်ညိတ် လုပ်လိုက်သေး၏ ။ ကျွန်မ မျက်နှာကို တည်တည်ကြီးထားကာ ကျွန်မ အမူအရာများ ကို သူမမြင်သည့်တိုင်အောင် ဘယ်လိုအသံမှန်းသိအောင်တော့ ပြောလိုက်သည်။

‘ဟေ့လူ …. ရှင် ယောက်ျားပဲဟာ၊ ကျွန်မ ပြောခိုင်းနေမယ့်အစား မြကို ရှင်ကိုယ်တိုင်ပြော ပါလား’ဟူ၍ မြှောက်ပေးဟန်နှင့် နှိပ်လိုက်ရာတွင် ကိုသန်းမောင်၏ မထုံတက်သေးပြုံးခြင်းသည် ပေါ်၍ လာသည်။

‘မပြောရဲဘူး လှရယ် … ပြောရင် စိတ်ဆိုးသွားမလား ပူလို့ပါ၊ လှ ပြောမပေးဘူးဆိုရင်တော့

ကိုယ်တိုင်ပဲ ပြောရတော့မှာ ပဲ၊ ကျွန်တော် က လူညံ့၊ ကျွန်တော် ပြောချင်တဲ့စကားကို ကျွန်တော် မ ပြောတတ်ဘူး’

ကိုသန်းမောင်သည် ဆွေးရိရိ၊ အေးစက်စက်အသံဖြင့် ပြောလျက် ကိုယ့်ဟာကိုယ်ပြောရမှာ မသက်သာသွားသလို သက်ပြင်းချလိုက်သည်။

သူ့အမူအရာကို ရယ်ချင်လှလျက် ထိန်းချုပ်ကာ ဣနြေ္ဒကြီးနှင့် ပြန်အားပေးလိုက် ရသည်။

‘ဒီလိုမှပေါ့ … ရှင့်ဘာသာ ကိုယ်တိုင်ပြော’

* * * * *


မော်လမြိုင်တွင် နေသော ကျွန်မ၏ အဘိုးအဘွားများ သည် ကျောင်းပိတ်ရက်နှစ် လတွင် မော်လမြိုင်သို့ လာနေရန် လာခေါ်၍ ကျွန်မ မြနှင့် ခွဲကာ မော်လမြိုင်သို့ ခရီးထွက်ခဲ့ရသည်။

ကျွန်မတို့မြို့မှ ရန်ကုန်သို့ အလာ သင်္ဘောဆိပ်လိုက်ပို့သော မြကို သင်္ဘောပေါ်မှ မဆင်းခင် နှုတ်ဆက်ရင်း ခပ်တိုးတိုး ကပ်ပြောခဲ့သည်။

‘မြ .. ကိုယ်လေ ပပ၀တီလာကြည့်တဲ့ညက အိပ်မက် မက်တယ်ဆရာ၊ အိပ်မက်ထဲမှာ မြက လှကို အထူးအဆန်းစကားတစ်ခု ပြောပြတယ်သိလား’

မြက လှေကားဆင်းရန် လှေကားလက်ရန်းကို ကုန်း၍ အားပြုကိုင်ထားရင်း ခေါင်းမော့ကာ ကျွန်မကို မျက်လုံးများ ၀ိုင်းလည်ကြည့်လျက် ‘ဘယ်လိုအထူးအဆန်းပြောသလဲ ဟင်’ ဟု အံ့သြသ လို မေးနေသည်။

‘အခု ကိုယ်မပြောချင်သေးဘူး။ အေးလေ … မော်လမြိုင်က ပြန်လာမှပဲ ပြောပြမယ်’

‘သူကဖြင့် လုပ်ပြီ’ ဟု ကျွန်မလက်မောင်းကို တစ်ချက်ရိုက်လျက် ခပ်တည်တည်ပြောနေ သော ကျွန်မမျက်နှာကို တမင်နောက်နေသည်မှတ်ကာ ရယ်ရယ်မောမော လှေကားကို ပြေးဆင်း သွားသည်။

မြနှင့် နှစ် လမျှ ဝေးသွားလေသည်။

ကျောင်းဖွင့်၍ မော်လမြိုင်မှ ပြန်ရောက်သည့်ညမှာ ပင် မြထံသို့ ပြန်ရောက်ကြောင်းသိ အောင် ညကြီးမင်းကြီး လက်ဆောင်များ အပို့ခိုင်းလိုက်သည်။

လက်ဆောင်ပို့လွှတ်သူကို မြက စာတစ်စောင်ရေး ပေးလိုက် သည်။

စာအိတ်ကိုဖွင့်၍ စာရွက်ကိုဖြန့်လိုက်ကာ အစကို ဖတ်ကြည့်တာနှင့် ဆက်မဖတ်နိုင်သေးပဲ အသံထွက်အောင် အားရပါးရ ရယ်မောမိသည်။

လှရေ …

လှအိပ်မက်က အဟုတ်ကို သိပ်ထူးဆန်းတာပဲလှရယ်၊ လှကို အထူးအဆန်းစကား ပြောစရာ မြမှာ ရှိနေပြီလေ၊ လှ ပြန်လာခဲလိုက်တာလို့မျှော်ရင်း စိတ်အိုက်လိုက်ရတာ ၊ မနက်လင်း လင်းချင်း လာခဲ့စမ်း … ။

မြ

ဧကန္တ ကိုသန်းမောင်ကြီး လူပျိုစကားပြောပြီဟု အတပ်သိလိုက်ကာ စာဖတ်ပြီးလည်း အ တောမသတ်နိုင်ပဲ တခစ်ခစ် ရယ်မောနေမိသည်။

ကျွန်မနှင့် တွေ့ လျှင် မြသည် ကိုသန်းမောင်အကြောင်းကို ပြောပြပေလိမ့်မည် ။

မြက ကိုသန်းမောင်ကို ကြိုက်မယ် မကြိုက်ဘူး ခန့်မှန်းကြည့်သည်။ ကြိုက်ချင်လည်း ကြိုက်သွားလိမ့်မည် ။

‘ကိုသန်းမောင်ဟာ အေးတိအေးစက် ပျော့စိစိနဲ့ သူ့ကိုမြင်ရရင် အားမရလိုက်တာ’ဟု စိတ် ပျက်စွာ မကြိုက်စရာများ ပြောမိလျှင် မြသည် ကျွန်မသဘောနှင့် ကွဲလွဲသွားသည်။

‘သိပ်ရိုးပါတယ် … ယောက်ျားဟာ အေးအေးလေးနဲ့ ရိုးရိုးမှ မြတော့ ကြည့်လို့ရတယ်’ဟု သူ ကြိုက်ရာ သူပြောပြသည်။

အမှန်မှာ ကိုသန်းမောင်၌ ရိုးတာအေးတာပဲ ပြောစရာရှိသည်။

ကျွန်မစိတ်ကြိုက်နှင့် သိပ်ကိုမကိုက်သော ကိုသန်းမောင်သည် မြစိတ်ကြိုက်နှင့် ကိုက်လျှင် ကိုက်နေလိမ့်မည် ။ မြသည် ကျွန်မက အဖြူကြိုက်လျှင် မည်းနေကျ ဖြစ်ခြင်းကြောင့် ကျွန်မ အထင် မလွဲရဟု တစ်ထစ်ချ အောက်မေ့ယုံကြည်လိုက်သည်။

နံနက်ခင်းသည် လှပ၏ ။ နေရောင် ခြည်ကြောင့် နွေးနေပေသည်။

နေခြည်ဖျန်းပက်ထားသော လမ်းဘေးမြက်ခင်းပေါ်၌ ထုတ်လှန်းထားကြသည့် ပစ္စည်းများ ကား မျက်စိထဲတွင် တစ်မျိုးတစ်ဖုံ သာယာနေလျက် ပို၍ ပင် နွေးသွားသည်။

လမ်းထိပ်မှစ၍ လှန်းထားလိုက်ကြသည်မှာ ခေါင်းအုံး မွေ့ရာအ၀တ်အနှီးများ ၊ တချို့အိမ် ရှေ့၌ ဖျာများ ကိုမှော က်ခင်းကာ မန်ကျည်းသီးမှည့်နှင့် နယ်ထားသော ဆေးရိုးတွေ ဖြန့်လျက် တစ် တန်းကြီး လှန်းထားကြသည်။ စက်ချုပ်ဆိုင်ရှေ့၌ ကား ငါးရန့်များ ကို ရင်ခွဲကာ ဆန်ကောနှင့် ထည့်၍ ခွေးခြေတစ်လုံးပေါ်တွင် တင်ထားပြီးလျှင် ကျီးခြောက်သည့် လေးတံကလေးပြလျက် ငါးခြောက် လှန်းထားသည်။

လမ်းထဲ၌ ဆောက်လုပ်ထားသည့် အိမ်များ မှာ ခြေတိုင်ရှည်အိမ်များ နှင့် တန်းလျားများ သာ ဖြစ်သည်။ အိမ်တွေ ၌ ခြံမရှိ၊ တစ်အိမ်နှင့် တစ်အိမ် စေ့နေလေသည်။ အိမ်ရှေ့အိမ်ဘေး မြေကွက် မရှိကြဘဲ အိမ်ပေါ်ကဆင်းလျှင် လမ်းမရောက်သည်။

ကျွန်မသည် သန့်စင်လန်းဆန်းသော စိတ်ဖြင့် မြတို့အိမ်သို့ ကုန်းကြောင်းလျှောက်လာခဲ့ သည်။

လမ်းထဲ၌ နေပြထားသော ပစ္စည်းများ တန်ဆာဆင်လျက် လူသွားလူလာ ပါးနေသည်။

ပန်းထိမ်အိမ်မှ စူးဆောက်သံတို့သည် လမ်းပေါ်သို့ တဒေါက်ဒေါက် မြည် ထွက်နေသည်။

ရှေ့က ဆွမ်းခံကြွသွားသော ကိုယ်တော် များ နောက်တွင် မိန်းမနှစ် ဦးသည် ဈေးဆွဲခြင်း တောင်းကို ယမ်းလျက် ညကကြည့်ကြသော ယူနီဘာစတီ မြသန်းကြည် အငြိမ်းမင်းသမီး အက ကောင်းကြောင်းကို ဟောင်ဖွာဟောင်ဖွာ ပြောသွားကြသည်။

မြတို့နေသော ခြေတိုင်ရှည်အိမ်မှာ ယခုက မြအဘွား၏ အိမ်ပိုင်၊ ယခုသော် ချစ်တီးထံ၌ အ

ပေါင်ဆုံးသွားကာ လခပေး၍ ပြန်ငှားနေကြရသည်။

မြတို့အိမ်ရှေ့တွင် စက်ဘီးအသစ်တစ်စီး ထောင်ထားသည်။ ကိုသန်းမောင် စက်ဘီးအသစ် တစ်စီး ထုတ်လာသလား ထင်မှတ်ကာ ကိုသန်းမောင်နှင့် မျက်နှာချင်းဆိုင်ရမည့် အရေး ကို တွေးပြီး ပြုံးမိသည်။

အိမ်နားသို့ မရောက်ခင် အသက်ငါးဆယ်ခန့်ရှိမည့်  လူပုပု တစ်ယောက် အိမ်ထဲမှ ထွက်လာ သည်။

ဦးထုပ်အဖြူ၊ ရှပ်ဖြူလက်တိုေ ဘာင်းဘီတိုအဖြူ၊ ဖိနပ်လည်း အဖြူ၊ သက္ကလတ်ခြေအိတ် အ၀ါနုရောင် ကို ဒူးဆစ်အထိစွပ်၍ နားဝတ်ခေါက်ချထားသည်။

လှမ်းလှမ်းမကြည့်လျှင် နေရောင် ထဲတွင် ဖြူဆွတ်လျက် သန့်ရှင်းနူးညံ့သော အတွေ့ သည် အနီးကပ်မိသည်နှင့် တစ်ချက်တည်း ကြမ်းထော်သွားသည်။

ကျွန်မတစ်သက်တွင် သည်လူကြီးလောက် အရုပ်ဆိုးပုံမျိုး မမြင်ဖူးသေးပေ။ သူ့အ၀တ်အ စားနှင့် သူ့ရုပ်မှာ တခြားစီ ဖြစ်သည်။

အသားက နက်ချိပ်ရသည့်အထဲ ချိုင့်နက်နက် ကျောက်ပေါက်မများ ပျစ်ထူနေသည့်မျက် နှာသည် ခွက်ဝင်နေကာ သွားလေးချောင်းမှာ ရှေ့သို့ ခေါထွက်နေသည်။

အိမ်ရှေ့ရောက်၍ ဆိုင်ကယ်မှာ မြောင်းတံတားကို ကန့်လန့်ပိတ်ရပ်ထောင်ထားသဖြင့် ခဏရပ်ပေးနေရစဉ် ဆိုင်ကယ်ပေါ်သို့ ခုန်တက်လျက် ဣနြေ္ဒရရ ဂိုက်ပေးပြီး နင်းထွက်သွားသည်။

‘မြရော ဒေါ်ဒေါ်’ ဟု ကျွန်မ အသံပြုလိုက်သည်။

ဧည့်သည်ထသွား၍ စားပွဲပေါ်က ကော်ဖီပန်းကန်များ သိမ်းရန် ကုန်းယူနေသော မြတို့အမေ သည် ကျွန်မကို လှည့်မကြည့်အားဘဲ ‘နောက်ဖေးမှာ လှရေ’ ဟု ကျောခိုင်း၍ ပြောသည်။ အိမ် နောက်ဖေးသို့ တန်းဝင်လာခဲ့သည်။ မီးဖိုထဲမရောက်ခင် အခန်းထဲမှ မြထွက်လာကာ ကျွန်မကို မြင် မြင်ချင်း ‘သွားတာ ကြာလိုက်တာ’ ဆီးရန်တွေ့ လိုက်သည်။

‘ကိုင်း … ဒီ့ပြင်ဟာတွေ နောက်မှပြော၊ ပြောမယ်ဆိုတာ အရင်ပြောစမ်း၊ လှအိပ်မက်က စင်းရဲ့ လားလို့’

ကျွန်မသည် မြပြောမည့် စကားကို သိပြီးဟန်ဖြင့် ချိုမြစွာ ပြုံးပြလိုက်သည်။ မြက အပြုံး မ ဟုတ်သော အပြုံးကို ပြုံးနေကာ မျက်နှာလေးမသာလှပေ။

‘လှမက်တဲ့ အိပ်မက်ထဲမှာ လှကို မြက အထူးအဆန်းစကားကို ပြောတယ်ဆိုတာ အိမ် ထောင်ရေး လား’

‘အစစ်ပေါ့’

မြသည် တွေ ကျသွား၏ ။ ဘာအမူအရာမှ မပေါက်သော မျက်နှာထားဖြင့် ငေးတေးတေး ဖြစ် သွားရာမှ တစ်ဖန်အားယူပြီး ပြုံးလိုက်ရာ အပြုံးသည် အမဲ့ ဖြစ်၍ နေလေသည်။

‘ပြောလေ မြရဲ့ ’

ကျွန်မသည် တခစ်ခစ်ရယ်လျက် မြအကဲကို ကြည့်လိုက်သည်။ ကျွန်မရယ်တာကို လိုက်ပြီး ရယ်ရန် ကြိုးစားနေ၏ ။ ကြိုးစားသော်လည်း ရယ်သံသည် ရယ်သံနှင့် မတူ၊ ငိုသံလိုလို …

‘ရှက်မနေပါနဲ့ မြရာ၊ ပြောမှာ ပြောစမ်းပါ’ ဟု ကျွန်မက သူပြောရဲအောင် ထပ်တိုက်တွန်း အားပေးလိုက် ရ၏ ။

‘မြကိုလေ မေမေက လင်ပေးစားတော့မလို့၊ လူကြီးက သိပ်မုန်းစရာကောင်းတာပဲ၊ အသက် ကလည်း ငါးဆယ်လောက်ရှိမယ်၊ ရုပ်ကြီးကလည်း ကြောက်စရာကောင်းလိုက်တာ၊ အကျည်းတန် လိုက်တာ၊ ဖေ့ဖေ့သူငယ်ချင်း ဒီမြို့ပြောင်းလာတာ မကြာသေးဘူး၊ ဘယ်လောက်အရုပ်ဆိုးဆိုး အ သက်ကြီးကြီး ငွေတိုက်ဝန်ထောက်ဆိုတဲ့ဂုဏ်ကို မေမေက မက်တယ်၊ မြလည်း မကြိုက်ဘူး၊ မြ တော့ သေချင်တာပဲ’

မြသည် ပြောပြီး မဲ့နေလေသည်။

ကျွန်မထင်တာက တခြား၊ ကြားရတာ က တခြား၊ ခုနထွက်သွားသော လူကြီးမျက်နှာကို ဒက်ခနဲမြင်လာကာ ဘယ်လို ဖြစ်နေသည်ကို တွေးမိ၏ ။ ကျွန်မမှာ တုန်လှုပ်နေသည်။

ကြားကြားချင်း ရင်ထဲ ဘယ်လို ဖြစ်မှန်းမသိဘဲ မြကိုသာ စိုက်ငေးကြည့်မိသည်။ မြက မျက် ရည်မကျအောင် သူ့ကိုယ်သူ ထိန်း၍ နေရင်း မျက်နှာတစ်ချက် ပိုပိုမဲ့သွား၏ ။ နောက်ဆုံးတွင် ကား မဲ့ပြုံးကလေး ပေါ်လာသည်။

‘မကြိုက်ရင် မယူနဲ့ပေါ့ မြရဲ့ ၊ မြ မလိုချင်ဘူးပေါ့’

‘မလိုချင်ပါဘူးဆိုနေတာ နားချလို့မရတိုင်း မြကို မေမေက ဆူနေတာပဲ၊ သူတို့ကြွေးယူတိုင်း သူများ ကို လင်ပေးစားချင်တယ်၊ မြ မယူချင်လို့လည်း နေရမှာ မဟုတ်ပါဘူး”

ကျွန်မသည် မြအတွက် မခံချိမခံသာ ဖြစ်ကာ မြကို ဘယ်လိုမိန်းကလေးမျိုးပါလိမ့်ဟု တွေး လေ၏ ။ ထိုခဏ၌ ကိုသန်းမောင်ကြီးကို သွားသတိရမိသည်။

ကိုသန်းမောင်သည် ကျွန်မကို ပြောပြသည့်အတိုင်း မြကိုချစ်ကြောင်း ကြိုက်ကြောင်း ပြော မှပြောရဲ့ လားဟု သိချင်လာသည်။ ပြောလျှင်လည်း မြက ကျွန်မကို မပြောဘဲ နေလိမ့်မည် မဟုတ် … ပြောမှာ ။ ကျွန်မက စမေးကြည့်ဖို့ထက် မြက ကျွန်မကို ပြောပြဖို့ကောင်းသဖြင့် သည်အကြောင်း သိချင်လျက်နှင့် ကိုသန်းမောင်နှင့် ပတ်သက်၍ စကားမစဘဲ ဆိုင်းနေလိုက်သည်။

‘ဆူလည်း ဆူပေစေပေါ့၊ ကိုယ်မယူချင်တာ မယူဘူးပေါ့၊ ဒီလူကြီးနဲ့များ ဒေါ်ဒေါ်မို့ ပေးစား ချင်တယ်၊ ဇွတ်သာခေါင်းမာနေ မကြိုက်ရင် မယူနဲ့ … ကြားလား မြ’

မြသည် ကလေးကလေးလို သူ့ခေါင်းကို ညိတ်ပြသည်။ ကျွန်မလက်ကိုဆွဲကိုင်ကာ စကား မပြောနိုင်ဘဲ ထူးဆန်းစွာ ဖျစ်ညှစ်ဆုပ်နယ်နေလေရာ သူ့လက်ကလေးများ တုန်နေခြင်းကို သတိ ထားမိသည်။

မြတို့အိမ်မှအပြန် ကိုသန်းမောင်အိမ်သို့ တစ်လက်စတည်း တန်းသွားလိုက်သည်။ ကိုသန်း မောင်များ ရုံးသွားပြီလားဟု တွေ့ ချင်ဇောနှင့် ခပ်မြန်မြန် လျှောက်သွားရသည်။

အိမ်ပေါ်တွင် ရုံးသွားရန်ဟန်ပြင်နေသော ကိုသန်းမောင်ကို ဆိုက်ဆိုက်မြိုက်မြိုက် သွား တွေ့ သည်။

ဗိုလ်ကေကို ကြော့နေအောင် ဖြီးလျက် ပလေကတ်လုံချည်ကို သေသေသပ်သပ်ဝတ်ကာ ခါးပတ်ကုန်းပတ်နေသော ကိုသန်းမောင်ကို အိမ်ဝက လှမ်းကြည့်ကာ ‘ဖိုးစော မသိရှာသေးဘူး’ဟု စိတ်ထဲက ဖြစ်မိသည်။

ကျွန်မကိုမြင်သည်နှင့် ပြုံးကာ ခရီးဦးကြို ကုလားထိုင်တွန်းပေး၍ သူတွန်းပေးသော ကု လားထိုင်ကိုဆွဲထိုင်ရင်း ‘ဟေ့လူ … ရှင်တော့ ချောက်ပဲ’ ဟု အလန့်တကြား လုပ်လိုက်သည်။

‘ဘာလဲလှ … ဘာများ လဲ’ ဟု အထိတ်တလန့် ပြန်မေးရအောင် လုပ်လိုက်ခြင်း ဖြစ်သည့် ကျွန်မအထင်မှာ တက်တက်စင် လွဲပြန်လေသည်။

‘လှရယ် … မြက သိပ်ခက်တာပဲ၊ ခိုးပြေးပါ့မယ်ဆိုတာလည်း ခိုးရာမလိုက်ချင်ဘူးတဲ့၊ ဒီ တော့လည်း ကျပ်သားပဲ’

ကိုသန်းမောင်သည် ထုံးစံအတိုင်း အေးစက်စက်အမူအရာဖြင့် ပြောပြနေသည်။

“သြော …”

အံ့သြစွာ ဖြင့် ကျွန်မ၏ နှုတ်မှ အကျယ်ကြီးအော်လိုက်သော အသံ။

ကိုသန်းမောင်သည် မတုန်မလှုပ် ပြုံးလေသည်။

‘အလဲ့ … လက်စသတ်တော့ ရှင်တို့ပြီးပြီပဲ။ မြက ကျွန်မကို မဟသေးပါလား၊ ရှင် ဘယ်အ ချိန်က ပြောလိုက်သလဲ၊ ပြောတော့ မြက ဘာပြောသလဲ’

ကျွန်မမေးနေစဉ် သူ့မျက်နှာကို ငုံ့ချလျက် ရှက်နေပြန်သည်။ စားပွဲကို လက်နှင့် ပွတ်လျက် ကျွန်မမျက်နှာကို မကြည့်ဘဲ သူပြောပြမည့် အမူအရာကို စိုက်ကြည့်လျက် စိတ်ထဲ၌ ‘ဒီလူ့နှယ်နော်’ ဟု အားမလို အားမရ ဖြစ်မိသည်။

‘ကျွန်တော် လှ မော်လမြိုင်စသွားစကပဲ ပြောလိုက်တယ်၊ ပြောတဲ့နေ့က ဘာမှ ပြန်မပြော ဘူး။ ကျွန်တော် လေ စိတ်ဆိုးပြီး ထများ သွားမလားလို့လှရယ် ပူလိုက်ရတာ ’

‘အင်း…’

ကျွန်မမှာ မြက ဘာပြောသည်ကိုသာ မြန်မြန်ကြားချင် သိချင်သည်။ စိုးရိမ်တာတွေ စိတ်ပူ တာတွေ ထည့်ပြောနေတာ ကြာသည်ထင်၍ မကြားချင်လှဘဲနှင့် ဆိုင်းငံ့နားထောင်နေရသည်။

သူက ဘာမှမပြောတော့ ကျွန်တော် လည်း ထပြန်လာတာပဲ၊ နောက်တစ်နေ့သွားတော့ အ တွေ့ တောင်မခံဘူး၊ အဲဒီ ည ကတော့ တစ်ညလုံး အိပ်လို့မရပါဘူး လှရယ်၊ နောက်တစ်နေ့ရောက် သွားတော့ ဦးလည်း အိပ်နေတယ်၊ အဒေါ်လည်း မရှိဘူး၊ မြကို အေးအေးဆေးဆေး တစ်ခါထပ်

ပြောပြန်တယ်’

‘ဒီတော့ …’

စကားကို ဤနေရာတွင် ဖြတ်ကာ အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် လက်ကိုင်ပ၀ါထုတ် ကာ သူ့မျက်နှာကိုသုတ်လျက် ပြုံးနေပြန်သည်။

‘ကဲ့ပါ … ဆက်ပြောစမ်းပါ’ ဟု သူ့ကို အော်မှ ဆက်ပြောသည်။

‘သူလည်း ရှက်နေတယ်လေ၊ မပြောဘူး၊ မရမက မေးတော့မှ ခေါင်းညိတ်ပြတယ်’

သူ့စကားဆုံးမှပင် ပင်ပန်းခံပြီး စောင့်နားထောင်လိုက်ရတာ သက်သာရာရသွားသဖြင့် သက်ပြင်းကလေး ရှုရသည်။

ကိုသန်းမောင်သည် ငြိမ်နေလေသည်။ ငြိမ်သင့်သည်ထက် အတိုင်းမသိငြိမ်နေ၍ သူ့စိတ် ထဲ အေးစရာကို တွေးနေသလား၊ ပူစရာကို တွေးနေသလား တိတိကျကျ မသိနိုင်ပေ။

‘ကိုင်း … ပြောစမ်းပါဦး ကိုသန်းမောင်၊ ပပ၀တီတော့ မင်းကုသနဲ့ တွေ့ ရတော့မယ်၊ ရှင်က ဇယျပတ္တိ ဖြစ်နေမယ်၊ ဘယ့်နှယ်လဲ’

ကျွန်မစကားကို နားလည်ကာ တစ်ချက်ပြုံးလိုက်သည်။ စကားမပြောသေး၊ ဆေးပေါ့လိပ် ကို မီးညှိလျက် သိပ်ရှိုက်၍ ဖွာကာ မီးခိုးများ ကို မှု တ်ထုတ်ပြီး ‘ပြောတ်တပါဘူး လှရယ်’ ဟု ပေါ့ပေါ့ ဆဆ ညည်းလိုက်သည်။

‘မြက ရှင်တို့ဝန်ထောက်ကို မလိုချင်ဘူးရှင့်၊ သူ့အမေအကြောင်းလည်း ရှင်သိသားပဲ၊ ပေး စားမှာ ပဲ၊ ဒီတော့ မပြောတတ်ဘူးတွေ လုပ်မနေနဲ့လေ၊ ရှင်တို့ တစ်ယောက် နဲ့ တစ်ယောက် ချစ်ကြ တယ်ဆိုရင် ကြံမှပေါ့’

ကျွန်မမှာ ကြားထဲက မနေနိုင်မထိုင်နိုင် ဖြစ်မိသည်။ ၀န်ထောက်ကြီးမျက်နှာတော် ကို မြင် ယောင်ကာ သူတို့ချင်း လွဲချော်သွားမှာ ကို ကြားထဲက အသည်းယားလာသည်။

‘ကျွန်တော် က ထွက်ပြေးရအောင် ပြောသားပဲ၊ ဒီလိုလည်း သူမကြိုက်ဘူး၊ တစ်ဆိတ်လည်း ကြည့်ပြီး ပြောပေးစမ်းပါဦး လှရယ်’

‘လာပြန်ပလား’

ကိုသန်းမောင်သည် ကျွန်မ၏ မျက်နှာထားကို မော့ကြည့်လျက် ရွံ့တွန့်တွန့် ပြုံးနေလေ သည်။

ကိုသန်းမောင်လို ပြုံးစိစိ အေးစက်စက်နိုင်လှသော လူ တစ်ယောက် ကို မြမို့ ကြိုက်ပလေ တယ်ဟု စိတ်ပေါက်လာမိသည်။

မြကို ချစ်ကြောင်းလည်း ကျွန်မနှင့် တစ်ဆင့် ပြောခိုင်းချင်သည်။ သူ့နောက်လိုက်ဖို့အ ကြောင်းလည်း ကျွန်မနှင့် တစ်ဆင့် ပြောခိုင်းနေပြန်သည်။ ခက်တဲ့လူပဲဟု ကျွန်မ သူ့ကို ခပ်ချဉ်ချဉ် ပြောချင်လာသည်။

‘မြကို ကျွန်မက ခိုးပေးရဦးမှာ လား’

ကိုသန်းမောင်၏ ပြုံးနေသော မျက်နှာသည် တည်သွားကာ ရိုးဖြောင့်သော အသံနှင့် ပြန် ပြော၏ ။

‘ခိုးပေးဖို့ မဆိုလိုပါဘူး လှရယ်၊ ခိုးတော့ လှကို ဘယ်ခိုးခိုင်းမလဲ၊ ကျွန်တော် ပဲ ခိုးမှာ ပေါ့၊ ကျွန်တော့နောက်ကိုလိုက်ဖို့သာ ပြောပေးပါ ပြောတာပါ’ ဟု သူ့စကားကို သူပြန်ရှင်းပြနေပြန်သဖြင့် ‘ကိုသန်းမောင်က သိပ်ရိုးတာပဲ’ ဟု မြပြောသော စကားကို သွားသတိရမိသည်။

ရိုးလွန်းတော့ အ ဆိုတာ သည်လူစားမျိုးပဲ မှတ်တယ်ဟု တွေးမိကာ ကိုသန်းမောင်၏ ရိုး သားမှု ကို မလေးစားသည့်ပြင် ရွံ့လည်း ရွံ၏ ။ သနားလည် သနားမိသည်။

* * * * *




ဝန်ဇင်းချစ်သူများ ဂျာနယ်ကျော်မမလေး ၏ “ နတ်ရေးငယ်ရွှေစာ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ရဲဘော်ဖခင်၏ မှတ်တမ်း

မုန်း၍မဟူ

တွေးတစိမ့်စိမ့်