Cover

ဇော်ဂျီ၏ နိဒါန်း

ရသစာပေ၏ ရည်ရွယ်ချက်သည် ပရိသတ်အားနှစ်သက် သာယာခြင်း ရသကို ပေးရန် ဖြစ်လေသည်။ တစ်ဖန်ရသပေးရန်အားထုတ်ကြရာတွင် စာရေး ဆရာအချို့သည် ရသသက်သက်ကိုသာပေးနိုင်ကြသည်။ ပေးလိုကြသည်။ အချို့လည်း ဘ၀အမြင်အသိသတိ အာနိသင်ကိုပါအာရုံပြုစေနိုင်သော အာနိသင်ရသကိုပေးနိုင်ကြသည်။ ပေးလိုကြသည်။ ထို့ကြောင့် ရသစာပေကို နှစ် မျိုးခွဲ၍ ရသည်ဟုထင်ပါသည်။ တစ်မျိုးသည် ရသ သက်သက်စာမျိုး၊ ၀ါအပြင်းဖြေ စာငယ် ဖြစ်နိုင်သည်။ ကျန်တစ်မျိုးသည် အာနိသင်ရသစာပေမျိုး၊ ၀ါ၊ ဘ၀မြင်စာကြီး ဖြစ်နိုင်သည်။ သို့ ရာတွင် စာပေဟူသည်ကိုင်၍ ရသော ၀တ္ထုပစ္စည်းမဟုတ်သဖြင့် တိတိကျကျခွဲ၍ ဘောင်ခတ်နိုင်သည် မဟုတ်ချေ။ အပြင်းဖြေဖတ်ဖို့ အားသန်လျှင် စာငယ်ဟူ၍ လည်းကောင်း၊ ဘ၀အမြင်ဘက်သို့ အားသန်လျှင် စာကြီးဟူ၍ လည်းကောင်း၊ ထိုသို့သာလျှင် ခွဲကြည့်ရခြင်း ဖြစ်သည်ကို သတိပြုအပ်ပါသည်။

မြန်မာစာပေလောကတွင် ကာလပေါ်ဝတ္ထုတိုအရေး အသားပေါ်ခဲ့သည်မှာ အနှစ် ငါးဆယ်ခန့် လောက် သာ ရှိသေးလေသည်။ သို့ ရာတွင် ထိုအနှစ် ငါးဆယ်ခန့်လောက်အတွင်း၌ စာကြီးပိုင်းသို့ ၀င်နိုင်သည်ဟုဆိုအပ်သော ကာလပေါ် မြန်မာဝတ္ထုတိုအရေအတွက်သည်များ သည်ဟု မဆိုသာသေးသော်လည်း မြန်မာစာပေလောက၌ အမြစ်တွယ်နိုင်လောက်အောင်ကား အားရှိလာပြီဟု ဆိုချင်ပါသည်။ စင်စစ်မှာ အမြစ်တွယ်နေကြပါပြီ။

ဤစာစောင်တွင် ၀တ္ထုတိုဆရာ ဂျာနယ်ကျော်မမလေးရွေးသော ၀တ္ထုတိုကိုးပုဒ် ပါရှိပါသည်။ ထိုဝတ္ထုတိုတို့သည် မဂ္ဂဇင်းကြီးများ ၌ ပါပြီးသား ဖြစ်ရာ ယခုအခါ တစ်စုတစ်ပေါင်းပြု၍ ပြန်လည် ပုံနှိပ်ခြင်း ဖြစ်သည်။

ထိုဝတ္ထုတိုကိုးပုဒ်ကို စာကြီး၌ သွင်းလျှင်ရသည်ဟု ထင်ပါသည်။ ပုံသဏ္ဌာန်အရာတွင် ထိုဝတ္ထုတိုတို့ကို သူ့အလှနှင့် သူတည်ရှိနေသည်ဟုယူဆသဖြင့် အကျယ်မချဲ့လိုပြီးကြောင်းချင်းရာ လောက်ကိုသာလျှင် ပရိသတ်အား မိတ်ဆက်ပေးလိုပါသည်။ ထိုဝတ္ထုတိုတို့ကို ဖတ်ကြည့်လျှင် လူငယ်လူရွယ်တို့၏ ချစ်ကိစ္စကို မတွေ့ ရ။ လူကြီး၊ လူလတ်၊ ယောက်ျား၊ မိန်းမတို့၏ ဘ၀အထွေထွေကိစ္စကိုသာ တွေ့ ကြရပေလိမ့်မည် ။ တစ်ဖန်ဝတ္ထုတိုဆရာသည် မြန်မာ အမျိုးသမီး ဖြစ်ရာ မြန်မာအမျိုးသမီးတစ်ဦးကြည့်တတ်၊ မြင်တတ်သော မြန်မာအမျိုးသမီးတို့၏ အိမ်မှု အိမ်ရေး ၊ လင်ရေး ၊ သားရေး အမူအရာတို့ကို အသားပေးထားသည်ကိုလည်း တွေ့ ကြရ ပေလိမ့်မည် ။ တစ်ဖန် ထိုအမူအရာတို့တွင် ဘ၀အဆွေးကွက်တို့ကိုသာ ၀ါ၊ ဆွေးစရာကောင်းသော ဘ၀အကွက်တို့ကိုသာ ဖော်ထားသည်ကိုလည်း တွေ့ ကြရပေလိမ့်မည် ။ ၀တ္ထုတိုဆရာသည် မြန်မာ့လောကတွင် တရားပျက်နေသော အစိတ်အပိုင်းကိုသူမြင်သလောက်တင်ပြ၍ စာဖတ်ပရိသတ်အား သတိပြုစေလိုသော သူ့ ဆန္ဒကြောင့် ဖြစ်နိုင်သည်ဟု ယူဆမိသည်။ ၀တ္ထုတိုတို့ကို တစ်ပုဒ်စီ စိစစ်ကြည့်လျှင် ဤသို့ တွေ့ နိုင်ပါသည်။

‘မြက်ကလေးတစ်ပင်’တွင် ကိုယ်ချင်းစာတရား ခေါင်းပါးလှသော အိမ်ရှင်မကြောင့် ကံမကောင်း အကြောင်းမလှ ဒုက္ခတွေ့ ရရှာသော အိမ်စေကလေးမ၏ ကြေကွဲဖွယ်ရာအ ဖြစ်ကို ဖွဲ့ ခဲ့သည်။ လှတစ်မျက်နှာတွင် မျက်နှာလှဖို့ ပေါ်ကြော့နေဖို့သာ အားထုတ်နေသော မယား၏ အညံ့ အဖျင်းကိုလည်းကောင်း၊ ကိုယ်ကျိုးရှာလင်၏ အညံ့အဖျင်းကိုလည်းကောင်းသရော်ခဲ့သည်။ သံသရာဘေးတွင် ဒုလ္လဘရဟန်းဘ၀မှ ဘယာကြောင့် မထွက်ချင် ဖြစ်နေရာမှ မယားနှစ် ယောက် နေခဲ့သော ပစ္စည်းလေးပါး ဒါယကာကြောင့် ရဟန်းဘ၀၌ ပင် မြဲအောင် အားထုတ်သော ရုံးစာရေး ၏ အ ဖြစ်ကို ပြောပြခဲ့သည်။ ခေမာရီ တွင် ဘ၀လှိုင်းလုံး၏ အပုတ်ကို မခံလိုသဖြင့် လွတ်ရာကျွတ် ရာ၌ နေချင်ပါသော်လည်း ဘ၀လှိုင်းလုံးဒဏ်ကိုရှောင်၍ မရခဲ့သော သီလရှင်၏ ဒုက္ခကိုဖွဲ့ခဲ့သည်။ တွေးတစိမ့်စိမ့် တွင် အငယ်အနှောင်းဟူသော သားမက်ကြောင့် လည်းကောင်း၊ သမီးဒုက္ခ၊ မြေးဒုက္ခ တို့ကိုကုန်း၍ ခံနေသော အမျိုးသမီးကြီး၏ အ ဖြစ်ကို ဖွဲ့ခဲ့သည်။ အ၀ယ်နှင့် အရော်တွင် အဂတိလိုက် စားကြသော ပြည်သူ့ဝန်ထမ်းအချို့၏ အမူအရာတို့ကို တင်ပြခဲ့သည်။ သည်အပူတွင် အိမ်စေမကို မယားလုပ်သော မုဆိုးဖိုဖခင်ကြောင့် သော က ဒေါမနဿ ဖြစ်ရသော သမီးအပျိုကြီး၏ ဒုက္ခကို ဖွဲ့ခဲ့သည်။ အားမကျပေါင်ရှင် တွင် မိန်းမပျင်း၊ မိန်းမဖျင်း အမူအရာတို့ကို တင်ပြခဲ့သည်။ ကာဖီ တွင် ကြိတ်၍ ခံလိုက်ရသော သူဆင်းရဲမ အဘွားအို၏ အ ဖြစ်ကို ဖွဲ့ခဲ့သည်။ ၀တ္ထုတိုများ တွင် ဒုက္ခ သည် ဇာတ်လိုက်တို့ကို အဖွဲ့ကောင်းသလောက် ကုန်းရုပ်ဇာတ်လိုက်တို့ကိုလည်း အဖွဲ့ကောင်းပေ သည်။ ၀တ္ထုတိုဆရာ၌ ကြားတတ်မြင်တတ်သော နား၊ မျက်စိရှိသော ကြောင့် သာမက သနားတတ် သော ကရုဏာစေတနာကြောင့် လည်းကောင်း၊ အကောင်းအဆိုး၊ အကျိုးအပြစ် ခွဲတတ်သော ဉာဏ်ရှိသော ကြောင့် လည်းကောင်း ဖြစ်သည်ဟု ယူဆပါသည်။

ဂျာနယ်ကျော်မမလေးသည် မြန်မာအမျိုးသမီးလောက ခံစားနေရသော လူမှု ဝေဒနာတို့၏ သဘာဝကို တင်ပြခဲ့ပြီ၊ ထိုဝေဒနာတို့နှင့် သင့်သော ဆေးသည် အဘယ်မှာ နည်း။ မည် သူတို့သည် ကုစားနိုင်ကြမည် နည်း။ တစ်မိနစ်လောက်မျှ ကိုယ်ရှိန်သတ်၍ ဆင်ခြင်ကြည့်နိုင်ကြလျှင် အဖြေ တွေ့ မည် လားမသိ။ ဆင်ခြင်ကြည့်ကြပါကုန်။

* * *

စာရေး သူအမှာ

စစ်ပြီးခေတ် ၁၉၄၈ ခုနှစ် တွင် ကျွန်မရေး ခဲ့သော ၀တ္ထုတိုများ ကို ရွေးချယ်စုပေါင်းလျက် ရှုမငြီး အမည် ဖြင့် ၀တ္ထုတိုပေါင်းချုပ် ပထမအကြိမ် ထုတ်ဝေခဲ့သည်။ ရှုမငြီးတွင် ပါဝင်သော ၀တ္ထု များ မှာ အေးအေး၊ မိခွေး၊ ဗာဟီရ၊ အခု အမျိုးသားနေ့၊ တရားပုလိပ်စောင့်၊ မိန်းမပီပီ၊ သည်ဆောင်း၊ မာမရှိန်း၊ သည်မိုးတို့ ဖြစ်ကြသည်။

ယခု တွေးတစိမ့်စိမ့် ၀တ္ထုပေါင်းချုပ်တွင် ရှုမငြီးထုတ်ပြီး နောက်ပိုင်း၌ ရေး သားခဲ့သော ၀တ္ထု တိုများ ကို ရွေးချယ်စိစစ်၍ ဒုတိယအကြိမ်မြောက် စုပေါင်းထုတ်ဝေခြင်း ဖြစ်ပေသည်။ ကျန်ဝတ္ထုတို များ ကိုလည်း တတိယအကြိမ်မြောက် စုပေါင်းထုတ်ဝေရန် အစီအစဉ်ရှိသည်။

တွေးတစိမ့်စိမ့် တွင် ပါဝင်သော မြက်ကလေးတစ်ပင်၊ လှတစ်မျက်နှာ၊ သံသရာဘေး၊ ခေမာရီ၊ တွေးတစိမ့်စိမ့်၊ အ၀ယ် နှင့် အရော်၊ သည်အပူ အားမကျပေါင်ရှင်၊ ကာဖီဝတ္ထုတိုများ သည် များ သော အားဖြင့် အာရုံတစ်ခုခုကို မြင်ရကြားရ သိရသည့်အခါတွင် ခံစားမှု တစ်ခုခု ဖြစ်ပေါ်တတ် သည့်အတိုင်း စိတ်လှုပ်ရှားမှု ၊ စိတ်၏ ခံစားမှု ဖြစ်ပေါ်လာသည့်အခါမျိုး၌ စိတ်ချမ်းသာသော ခံစားမှု ကြောင့် ဖြစ်စေ၊ စိတ်ဆင်းရဲသော ခံစားမှု ကြောင့် ဖြစ်စေ၊ ၀မ်းမြောက်ခြင်းကြောင့် ၊ ၀မ်းနည်း ခြင်းကြောင့် နှစ်သက် ခြင်းကြောင့် ၊ မနှစ်သက် ခြင်းကြောင့် ၊ ကရုဏာ ဖြစ်ခြင်းကြောင့် စက်ဆုပ်ခြင်း ကြောင့် စသည့်ခံစားမှု တစ်ခုခု ဘ၀အသိအမြင်တစ်ခုခုကို ရသွားသလို ဖြစ်ရာမှပေါ်ပေါက်လာ သော ၀တ္ထုတိုများ ဖြစ်ကြသည်။

ဤ၀တ္ထုတိုများ လို ရေး ခဲ့စဉ်အခါက ပုဂ္ဂလဓိဋ္ဌာန်ကို ဓမ္မဓိဋ္ဌာန် ဖြစ်လာအောင် ကျွန်မ အတော် အားထုတ်ရေး သားခဲ့ရသည်။ ဘ၀အသိအမြင် လူ့သဘာဝနှင့် ဘ၀စိတ်ကို ပုံဖော်ရေး သား သည့်နေရာ၌ သတိတရားရှေ့ဆောင်လျက် အထိန်းအချုပ်နှင့် ရှေ့ရှုပြီး ရေး ခဲ့လေသည်။

သူတစ်ပါး၏ အကျိုးအကြောင်း၊ သူတစ်ပါး၏ အ ဖြစ်အပျက်၊ သူတစ်ပါး၏ ကိစ္စအ၀၀ကို သတိထားတတ်လာလျှင် ထိုသို့ သတိထားလာတတ်သည့်အခါကျမှ မိမိအကျိုးအကြောင်း၊ မိမိ အ ဖြစ်အပျက်၊ မိမိကိစ္စအ၀၀ကို သတိထားတတ်မှု ရှိစေနိုင်သည့်အတွက် စာဖတ်သူများ သည် ဤ ၀တ္ထုတိုများ ကို ဖတ်ရှုပြီး လူ့သဘာဝ၊ လောကကြီး၏ သဘာဝကို ပင်ကိုဉာဏ်ဖြင့် ထိုးထွင်း၍ ဆင်ခြင်သုံးသပ် သတိထားမိပါစေရန် စေတနာလှုံ့ဆော်ရာမှာ မေတ္တာအခြေခံနှင့် ရေး ခဲ့ခြင်း ဖြစ်ပါသည်။

ဂျာနယ်ကျော်မမလေး ၂၇-၉-၆၃

တွေးတစိမ့်စိမ့်

ဒေါ်သိန်းမိသည် သက်မကြီးချလိုက်သည်။

သူ့ရင်ထဲ၌ သက်သာရာလေးရလို့ရငြား ဟင်းခနဲ သက်ပြင်းကြီးချလိုက်ရာ ရင်ထဲ၌ ကား မောနေလေ၏ ။ မလှုပ်ချင်မရှားချင်အောင် ဖြစ်နေသော ခြေတို့လက်တို့ကို ယခုမှပဲ အနားပေးရပေသည်။

ဒေါ်သိန်းမိသည် ပက်လက်ကုလားထိုင်ပေါ်၌ ခြေပစ်လက်ပစ်ကြီးထိုင်ကာ ဟင်းချလိုက်ပြီး မောရပုံမှာ ညစဉ်ညတိုင်း ဖြစ်တော့၏ ။

ရင်ထဲ၌ ဖုတ်လှိုက်ဖုတ်လှိုက်မောနေရင်း ဒီကနေ့ အမောဆုံးပဲ ဟု မှတ်ချက်ချသည်။

အိမ်တွင် ရေမရှိချေ။ နေ့လည်က လမ်းထောင့်ဘုံဘိုင်မှ သံစည်ကြီးနှစ် လုံးပြည့်အောင် ရေဆွဲထည့်ရ၍ ခြေကုန်လက်ပန်းကျခဲ့သည်။ ရေထည့်ပြီး အ၀တ်ဟောင်းတွေ တစ်ပုံကြီး ထိုင်လျှော်သည်။ အ၀တ်တွေ ကို ကြိုးတန်း၌ အရေအတွက်နှင့် လှမ်းသွားလေရာ ခုနစ်ဆယ့်ငါး ထည်ရှိ၍ ဟိုက်သွားတော့သည်။

ပက်လက်ကုထားထိုင်ပေါ်၌ ဒေါ်သိန်းမိ၏ ခေါင်းသည် ဘယ်ပြန်ညာပြန် လူးနေလေသည်။ အသက်ကို မချိမဆန့်ရှူနေရကာ စိတ်ထဲ၌ အတောမသတ် ကျိတ်ညည်းလျက်နေလေသည်။

ဒီအသက်အရွယ်ကြီးရောက်မှ ငါ့လောက်ဒုက္ခကြီးတာမျိုးများ ရှိသေးရဲ့ လား ….။

ဒေါ်သိန်းမိ၏ အသက်မှာ ၆၁ နှစ် ဖြစ်သည်။ သူ့ဒုက္ခကား တစ်နေ့လုံး နေထွက်က နေ၀င် ဖင်မချနိုင်အောင် နားကွက်မရှိဘဲ ထမ်းရွက်ရသော အိမ်ထောင့်တာဝန်ကြီး ဖြစ်လေသည်။

နံနက် ၄ နာရီ၌ အိပ်ရာမှထလာကာ မီးဖိုထဲသို့ တန်းဝင်သွားလေ၏ ။ မီးမွှေး ရေနွေးအိုး တည်ပြီးတာနှင့် မျက်နှာသစ်သော တပိုတပါးထွက်သော ကိစ္စများ ကို ခပ်သုတ်သုတ်လုပ်ရသည်။ အပု၊ ထွတ်နီနှင့် ပူတူးမတို့ ညကစို့ထားကြသော နို့ပုလင်းတွေ ကို ဆေးကြောရင်း ကိုရွှေမင်းသား က သန်းခေါင်ကျော်မှ အိမ်ပြန်ကာ ညစာစားထားသော ထမင်းဟင်းပန်းကန် အပေအရေများ ကို ဆက်လက်ဆေးကြော သိမ်းဆည်းလျက် ရေနွေးအိုးကျ၊ ထမင်းအိုးကောက်ဆေးတည်လေသည်။ တစ်အိမ်လုံးအတွက် ကော်ဖီဖျော်ရ၏ ။ ကော်ဖီပန်းကန်တစ်လုံးကို ဘယ်လက်က ကိုင်မှု တ် သောက်ကာ ညာလက်က ငရုတ်သီးထောင်းလေ၏ ။

ထမင်းအိုး မီးဖိုပေါ်မှ မချသေးသည့် အချိန်အတောအတွင်း ငရုတ်သီးတစ်ဆုံထောင်း၊ ဆွမ်းတော် ဗန်းပြင်၊ ကလေးငယ်များ ထကြလျှင် သောက်ကြရန် နို့ပုလင်းများ ဖျော်ထည့်ပြီးမှ ထမင်းအိုးကို ချနှပ်ခဲ့သော သမီးအိပ်နေသော အခန်းဝမှ အသံပြုလျက် နံနက်ဈေးသို့ သုတ်ခြေတင် ပြေးသွားလေ၏ ။

နံနက် ၈ နာရီ၌ ကျောင်းတက်ကြမည့်  အပါ၊ အမာနှင့် အပုတို့ကို ကျောင်းအရောက် လိုက်ပို့ရဦးမည် ဖြစ်သော ကြောင့် ဈေးကအပြန် မီးဖိုထဲ၌ သေပြေးရှင်ပြေး ချက်ပြုတ်ပြီး ကလေး တွေ ကို ထမင်းကျွေးရလေ၏ ။ ကျောင်းသွားမည့်  ကလေးသုံးယောက် အနက် အမာနှင့် အပုအငယ် နှစ် ယောက် ကို လက်ဆွဲကာ ကျောင်းချိန်မီအောင် ပြေးပို့ပြီးနောက် အိမ်သို့ သုတ်သုတ်လျှောက် ပြန်ခဲ့ကာ သားမက်ရုံးတက်အမီ ထမင်းပြင်ကျွေးရသည်။

ဒေါ်သိန်းမိ၏ သားမက် မောင်မြဦးသည် ရုံးစာရေး ကြီး ဖြစ်သည်။ ကိုးနာရီတိတိ ရုံးရောက် အောင်သွားသည်။ ဒေါ်သိန်းမိ သမီး မအေးလှမှာ အိမ်ထောင်ကျပြီးမှ ကောင်းကောင်းကျန်းမာ သည်မရှိ၊ မကျန်းမာသည့်အတွက်ကပင် တစ်နှစ် တစ်ယောက် ကလေးမွေးကာ တစ်နေ့ရွှေ တစ်နေ့ ငွေနှင့် ချိနဲ့နဲ့ ဖြစ်နေလေသည်။ ကိုယ်ဝန်လေးလနှင့် ခြေထောက်များ ဖောယောင်နေလျက် ခြေမ ထောက်နိုင်ဘဲ အိပ်ရာထဲလဲ၌ လဲနေသည်မှာ တစ်လလောက် ရှိချေပြီ။

မနက်မိုးလင်း အိမ်တာဝန်ကတစ်ဖက်၊ နို့စို့ကလေးတွေ တာဝန်ကတစ်ဖက်၊ ကျောင်းသား ကိစ္စ၊ ရုံးသမားကိစ္စ၊ သမီး လူမမာပြုစုသည့်ကိစ္စများ တို့ဖြင့် တစ်မနက်စာလုံး တစ်ယောက် တည်း ဂျင်ဂျင်လည်နေသည်။ ၁၁ နာရီထိုးလျှင် ကလေးတွေ ကို သွားကြိုရန် ကျောင်းသို့ ပြေးရပြန်လေ သည်။

အိမ်၌ ရေမရခြင်းက ပိုမိုဒုက္ခကြီးပေသည်။ လမ်းထောင့်မီးသတ်ပိုက်ကရေကို လက်ဆွဲ သံပုံး နှင့် တစ်နေ့ခင်းလုံး ဆွဲသယ်ရသည်။ သမီးအ၀တ်၊ သားမက်အ၀တ်၊ ကလေးတွေ ချေးအ၀တ် နှင့် သေးအ၀တ်များ ပါမကျန် အဟောင်းရှိရှိသမျှ ကြုံးလျှော်ရလေ၏ ။

အ၀တ်လျှော်နေရင်း တစ်ဖက်မှ ထလုပ်ပေးရသော အလုပ်များ မှာ အလုပ်မျိုးစုံသွား လေသည်။

နို့ဘူးဖျော်၊ ပုခက်လွှဲ၊ ကလေးနောက်ဖေးကျုံး၊ လူမမာအနားလည်း မကြာခဏ သွားလုပ် ပေးနေပုံတို့သည် အ၀တ်လျှော်ရင်းမှ ထဘီရေစိုကြီးနှင့် ဖြစ်လေသည်။

အိမ်တွင် အဖော်အကူ တစ်ယောက် မှမရှိဘဲ အ၀တ်လျှော်ရင်း အလုပ်မျိုးစုံ ထလုပ်နေရ လျက် ဖတ်ဖတ်ဆာနေရှာသည်။ အ၀တ်လျှော်ပြီးမှ ရေကပျာကယာချိုးကာ နေစောင်းသွား၍ ညစာအတွက် မီးဖိုထဲသို့ ၀င်သွားပြန်သည်။

ထမင်းချက်ရင်း ပြုတ်ရင်း တစ်ဖက်ဖြင့် ရသည့်အချိန်ကို လုလျက် အိမ်ရှေ့တွင် တံမြက် စည်းလှည်းသည်။ ကလေးတွေ တစ်ယောက် ပြီး တစ်ယောက် ရေချိုးပေးကာ သနပ်ခါးသွေးလိမ်းပေး ရသေးသည်။ နာရီအချိန်နှင့် နို့ဘူးဖျော်ရပြန်၏ ။ ကလေးပုခက် လွှဲသိပ်ရပြန်၏ ။ ထမင်းအိုးဆူကျနေ ၍ မီးဖိုထဲသို့ ပြေးဝင်ပြန်ကာ ဇယ်ဆက်သလို သူလုပ်နေသော အလုပ်များ သည် တစ်လုပ်ပြီးမှ တစ်လုပ် မဟုတ်တော့ဘဲ သ-ပ-န ပေါင်းစုံ အကုန်လုံး သိမ်းကျုံးလျှောက်လုပ်သွားသည်မှာ နေ၀င် မိုးချုပ်သည်အထိ ဖင်မချရချေ။

ဒေါ်သိန်းမိသည် ည ၁၀ နာရီထိုးမှ ပက်လက်ကုလားထိုင်ပေါ်၌ အနားယူထိုင်နိုင်သည်။ နေထွက်ကနေ၀င်၊ နေ၀င် မိုးချုပ် ည ၁၀ နာရီအထိ တလှုပ်လှုပ်ဖြင့် တစ်ခုပြီးတစ်ခုမျိုးစုံအောင် လုပ်လိုက်ရသည်မှာ အသက်ထွက်မတတ် ဖြစ်လေသည်။ ဘုစုကလေးခြောက်ယောက် စလုံး အိပ် ကုန်ြ ကတော့မှ ပက်လက်ကုလားထိုင်ပေါ်၌ ပစ်ထိုင်ချကာ ခြေမသယ်ချင်၊ လက်မသယ်ချင်ဖြင့် အမောကြီးမောနေတော့လေသည်။ လက်မောင်းနှစ် ဖက်စလုံး စစ်စစ် စစ်စစ် ကိုက်ခဲလာလေ သည်။ ခါးကလည်း နာ၏ ။ ဒူးလည်း နာ၏ ။ တစ်နေ့လုံး မနားရဘဲ လှုပ်လှုပ် လှုပ်လှုပ်နှင့် လုပ်ကိုင် နေရ၍ ပင်ပန်းလှသည်ထက် မျောက်ရှုံးအောင် ဆော့ကြကုန်သော ဘုစုခရုတို့ကို အော်ရဟစ်ရ၊ ပြောရ ဆိုရ၊ ဆွဲရ လွဲရသည်များ က အမောတကာ့အမောဆုံး ဖြစ်နေလေ၏ ။

ဒေါ်သိန်းမိသည် တစ်နေ့လုံး လူရောအသံရော ဒေါင်းတင်မောင်းတင်ထားသမျှ ညဘက် ကုလားထိုင်ပေါ် ရောက်သွားလျှင် ပျော့ကျသွားလေသည်။ မောလွန်လွန်း၍ အသက်ကို မ၀တ၀ ရှူနေစဉ် အိပ်ခန်းထဲမှ ပေါင်ကိုက်၍ ညည်းတွားနေသော မအေးလှ၏ အသံကို နားစွင့်လိုက်သည်။

`ရေနွေးအိတ် ကပ်ထားရဲ့ လား`ဟု ကြားလောက်အောင် သူ့အသံကို ခြစ်ချုပ်ညှစ်ထုတ် ကာ လှမ်းပြောလိုက်သည်။

မအေးလှသည် ညည်းနေရင်းမှ မိခင်၏ အသံကို ကြားရ၍ အညည်းရပ်လိုက်ကာ အံကြိတ် လျက် နားစွင့်လိုက်သည်။ ဒေါ်သိန်းမိ၏ အသံမှာ တောင်ထိပ်ပေါ်သို့ အရောက် အမောဆို့နေသော အသံမျိုးဖြင့် စကားပြောသကဲ့သို့ စကားသံသည် လေဆက်ပြတ်လျက် တုန်အက်နေကာ အသံပျက်နေသည်ကို တွေ့ ရသည်။

မအေးလှသည်။ အညည်းရပ်လိုက်သည်။ `ဟုတ်ကဲ့…ကပ်ထားပါတယ် အမေ`ဟု လှမ်း အော်ပြောလိုက်၏ ။ ထို့နောက် မျက်နှာနှင့် ခေါင်းအုံးဖြင့် အပ်လိုက်ကာ အသံမထွက်ဘဲ အားရပါးရ ချုံးပွဲချ၍ ငိုနေလေသည်။

ဒေါ်သိန်းမိသည် ပက်လက်ကုလားထိုင် အနားတစ်ဝိုက်၌ တ၀ီဝီပျံသန်းနေကုန်သော ခြင်သံများ ကို ကြက်သီးမွေးညင်းထမိလေသည်။ လက်နှစ် ဖက်စလုံး မမြှောက်မသယ်ချင်နေခိုက် ခြင်ကလာ၍ စစ်ခနဲ ကိုက်လိုက်လျှင် တော် တော် တန်တန် ကြိတ်မှိတ်ခံကာ မျက်နှာကို ရှုံ့တွနေ လေ၏ ။ သွားလေး ငါးချောင်းသာရှိသော သူ့မျက်နှာသည် ခြင်ကိုက်၍ စစ်ခနဲ ဖြစ်သွားလျှင် ဂုန်နီအိတ်အဖျားကအစကို လုံးစုချည်ထားလိုက်သကဲ့သို့ ပင် မျက်နှာပုံပန်းပျောက်လျက် မျက်လုံး၊ နှာခေါင်း၊ ပါးစပ်၊ ဟူသမျှ ရှုံ့ခွက်ဝင်သွားကာ တွန့်စုသွားလေ၏ ။

အိမ်ရှေ့တံခါးပိတ်ထားသဖြင့် အိမ်ရှေ့ခန်းမှာ လေလုံနေလေသည်။ အိမ်မှာ အဝေးက ကြည့်လျှင် ငှက်လှောင်အိမ်ကလေးနှင့် တူသည်။ အိမ်နှစ် ဆောင်ကြားထဲ၌ ကတ်သီးကက်သတ် ၀ပ်နေသော တစ်ထပ်ပျဉ်ထောင်အိမ်ကလေး ဖြစ်သည်။ အိမ်ရှေ့မျက်နှာစာ၌ လူဝင်လူထွက် တံခါး မကြီးတစ်ပေါက်သာရှိသည်။ နှစ် ဖက်အိမ်ထဲ ညပ်ဝင်နေကာ ဘေးပြတင်းပေါက်များ မရှိချေ။ အိမ်ရှေ့တံခါးဖွင့်မှသာ အလင်းရောင် ၀င်လာသည်။

ဒေါ်သိန်းမီသည် မောမောနှင့် ဇောချွေးကြီးထွက်လာလျက် နဖူးပေါ်တွင် ချွေးသီးချွေး ပေါက်ကြီးတွေ သီးနေလေသည်။

အိမ်ရှေ့ခန်းကလေးတွင် နှစ် ယောက် အိပ် ပိတ်ခြင်ထောင်ထဲ၌ ကလေးများ ကို စုပြုံသိပ် ထားလေ၏ ။ ပိတ်ခြင်ထောင်ကြီးဘေး၌ တစ်ယောက် အိပ် ဇာခြင်ထောင်ကလေးတစ်လုံး ကပ်ထောင်ထားသည်။ ဇာခြင်ထောင်မှာ ကြိုးစသုံးဘက်သာ ချည်ထားလေသည်။

သားမက်ပြန်လာ၍ တံခါးပိတ်ပြီးမှ ကြိုးတစ်စကို တံခါးမ၌ ချည်ရမည် ဖြစ်သည်။ ဇာ ခြင်ထောင်ကလေး၌ လေးဘက်ထောက်အရွယ်ရှိသည့် ကလေးအငယ်ဆုံး ပူတူးမလေးကို သိပ်ထားလေသည်။

ပိတ်ခြင်ထောင်ထဲမှ ကလေးငါးယောက် သည် အိုက်လွန်းပူလွန်း၍ လှိမ့်ကန်နေကြသည်။ ဒေါ်သိန်းမီသည် လှိမ့်သံကန်သံကြားလျှင် ခေါင်းကြီးသွားသည်။ `ကျွတ်….ကျွတ်….ကျွတ်`ဟု တော် တော် နှင့် အသက်မရှူနိုင်ဘဲ စုတ်သပ်ကာ အသံပေးနေချေသည်။

ခြင်ထောင်ထဲ၌ ကလေး တစ်ယောက် နိုးလျှင် နောက်ထပ် ငါးယောက် ကပါ လိုက်နိုးတတ် ကြသည်။ အချိန်မတော် ကြီး နိုးကြ၊ ငိုကြ၊ ကောက်ကြလျှင် ချော့မရ၊ မော့မရနှင့် ဆူညံကုန်ကြ သည်။ ဒေါ်သိန်းမိမှာ ကလေးတွေ နိုးလျှင် ဖင်မနိုင် ခေါင်းမနိုင်ဖြင့် ဒုက္ခရောက်လွန်း၍ ခြင်ထောင် ထဲမှ လှိမ့်သံကန်သံကြားတိုင်း အသက်ရှူမှားသွားကာ ထိတ်ထိတ်ပျာပျာ ဖြစ်သွားလေ၏ ။

ညသည် ညဥ့်နက်ပိုင်းသို့ ချဉ်းနင်းဝင်လေသည်။ အိမ်ရှေ့လမ်းပေါ်၌ အသံဗလံများ သည် တစ်စတစ်စ စဲသွားလေသည်။ ဒေါ်သိန်းမိမှာ မျက်လုံးများ လေးလံလာကာ ငိုက်မြည်းလာလေ သည်။ အိပ်ချင်လျက်လည်း မအိပ်ရချေ။ မအေးလှမမာကတည်းက သားမက်ပြန်လာလျှင် တံခါး ခေါက်က အဆင်သင့်ဖွင့်ပေးနိုင်ရန် ထိုင်စောင့်နေရသည်။ အိပ်ပျော်နေမိ၍ တံခါးကို နာနာခေါက်နေရပါက ကလေးတွေ နိုးကုန်မှာ စိုးရိမ်ရသည်။

မောင်မြဦးသည် ယောက္ခမ ဒေါ်သိန်းမိက စကားမပြောဘဲနေတာ ကြာပြီ ဖြစ်၍ အချိန် မတော် ညဥ့်နက်မှ ပြန်လာလျှင် အသံမပြုဘဲ တံခါးကိုသာ တွင် တွင် ကြီး ခေါက်နေလေသည်။

ဒေါ်သိန်းမိသည် လေးကျလာသော မျက်ခွံတို့ကို အတင်းပင်မ,လျက် မျက်လုံးမပိတ် အောင် ဖွင့်ထားရလေသည်။ ခဏသာ ပင့်ထားနိုင်သည်။ ဖြုတ်ခနဲ ပင့်ထားနိုင်။ ဖြုတ်ခနဲ ပြန်ကျ လာပြန်၍ မ,တင်ဖွင့်ရပြန်သည်။

‘ခုနေများ ခြင်ထောင်ထဲဝင်ပြီး အိပ်ရရင် နှစ် နှစ် ခြိုက်ခြိုက်ကြီး ပျော်သွားမှပဲ’ဟု သွားစဉ်း စားလိုက်မိသည်။ သည်လိုသွားပြီး စဉ်းစားမိသည်နှင့် တစ်ပြိုင်နက် ရင်ထဲတွင် တဖျင်းဖျင်း နာလာ လေ၏ ။ မှေးငိုက်နေသော မျက်လုံးများ ၌ မျက်ရည်စများ သည် စိမ့်ယိုကျလာလေသည်။ ငိုက်မြည်း နေသော မျက်လုံးတို့သည် မျက်လုံးတို့သည် မျက်ရည်စတို့ဖြင့် စိုစွတ်လာသော အခါ တဖြည်းဖြည်း မျက်လုံးကျယ်လာလေသည်။

ခြင်ကောင်များ သည် ဖွဲနှင့် ဆုပ်ပက်ဘိသကဲ့သို့ ညဥ့်နက်လေလေ များ လေလေ ဖြစ်သည်။ ခြင်ကိုက်လွန်း၍ တစ်ကိုယ်လုံး ပူထူလာလေသည်။ လေးလံကိုက်ခဲနေသော လက်နှစ် ဖက်သည် အငြိမ်နေရသည်မရှိ။ ခြင်ပုတ်လိုက်၊ မျက်ရည်သုတ်လိုက်၊ တစ်ကိုယ်လုံး ဟိုကုတ်သည်ကုတ်ဖြင့် လှုပ်လှုပ်ခါခါ ဖြစ်နေပြန်၏ ။

ဒေါ်သိန်းမိသည် တစ်ချိန်ထက် တစ်ချိန်သည်းမခံနိုင်အောင် ဖြစ်လာသည်။ ရင်ထဲ၌ ကြိတ် မနိုင်ခဲမနိုင် ဖြစ်လာလျက် ရေရွတ်နေပြန်လေ၏ ။

‘မယားမမာနေတာတောင် မညှာတဲ့အကောင် ဒင်းမျက်ခွက်ကို မြင်နေရတာ ငါ့လောက် ၀ဋ်ကြီးတာမျိုးများ ရှိသေးရဲ့ လား’

ဒေါ်သိန်းမိ၏ နားထင်ကြောကြီးများ သည် အပြိုင်းပြိုင်းယောင်ထလာသည်။ အံကိုကြိတ် ထား၏ ။ မျက်ရည်ပေါက်ကြီးများ တစ်ပေါက်ပြီးတစ်ပေါက် လိမ့်ကျလာသော အကြားမှ တရေး ရေး ပေါ်လာသော မောင်မြဦး၏ မျက်ခွက်ကို စိုက်လျက် ကြည့်နေလေသည်။

မောင်မြဦး၏ မျက်နှာသည် မခုတ်တတ်သော ကြောင်ကလေးလို ရိုးပုံရိုးပန်းရှိသော မျက်နှာမျိုး ဖြစ်သည်။ မျက်နှာသွယ်သွယ်၊ အသားဖြူဖြူ၊ နှာတံပေါ်သည်။ မျက်လုံးအကြည့်စိုက် လျက် မျက်လုံးအောက်ချ အနေများ သည်၊ နှုတ်ခမ်းပါးပါးဖြင့် စကားအလွန်နည်းသော လူအေး လူရိုး ရုပ်လက္ခဏာမျိုး ဖြစ်သည်။

မောင်မြဦးနှင့် မအေးလှကို လက်ထပ်ပေးစားခဲ့သော အကြောင်းထဲတွင် လူရိုးလူအေးဟူ သော အချက်ကို အဓိကထား၍ ကိုယ့်စိတ်ကြိုက်ရှာဖွေ၍ ပေးစားလိုက်ခြင်း ဖြစ်သည်။

ဒေါ်သိန်းမိသည် တစ်ဦးတည်းသော သမီးကလေး မအေးလှကို လင်ပေးစားဖို့ရာ ရွေးလိုက် ရသည်မှာ လင်မယားချင်း သဘောချင်း ကွဲလွဲတာကြီး ဖြစ်သည်။

ဒေါ်သိန်းမိ၏ ခင်ပွန်း ဦးအေးမောင်မှာ မော်လမြိုင် မြို့ပေါ်မှ ပွဲစားကြီး ဖြစ်၍ လူချစ်လူခင် ပေါများ လှသည်။ တစ်ဦးတည်းသော သမီးကို မြို့အုပ်ဝန်ထောက်နှင့် ပေးစားလိုသည်။ လူပျိုမြို့အုပ် ၀န်ထောက်ကလေးဆိုလျှင် ရင်းနှီးအောင် မိတ်ဖွဲ့ကာ အိမ်သို့ ဖိတ်ခေါ် ထမင်းကျွေးလျက်’ဘယ့် နှယ်လဲ….မအေကြီး’ဟု မယားကို တိတ်တိတ် ကျိတ်မေးတတ်သည်။

‘ ဖြစ်ပါဘူး ဖအေကြီးရယ်၊ သမီးကလေး မင်းကတော် စိုးကတော် ဖြစ်တာတော့ ဟုတ်ပါရဲ့ ရှင်၊ တော် တော် ကြာကျတော့ မျက်ရည်နဲ့ဒူးနဲ့ သုတ်နေရပါလိမ့်မယ်၊ ရိုးရိုးအေးအေးဟာမျိုးရှာပါ’

ဦးအေးမောင် သဘောတူသော သမက်လောင်းတွေ တစ်ဦးပြီးတစ်ဦး ပေါ်လာကြသည်။ ဒေါ်သိန်းမိ ငြင်းပယ်တာချည်း ဖြစ်၍ ဒေါ်သိန်းမိအလိုကျ မလွန်ဆန်ဘဲ အလျှော့ပေးရသည်။

ဒေါ်သိန်းမိသည် တစ်ဦးတည်းသော သမီးကို အရိပ်တကြည့်ကြည့်ဖြင့် မခိုင်းရက် မစေရက် ရွှေပေါ်မြတင်ထားခဲ့လေသည်။

ဒေါ်သိန်းမိ၏ ပါးစပ်ဖျားတွင် သမီးကို စန်းတင်လျက်နေ၏ ။ သမီးလေးက ကြီးကြီးကျယ် ကျယ် ဘယ်စကားမျိုးပြောပြန်သည်။ ဘယ်ပန်းပုံစံမျိုး ထိုးပြန်သည်။ ဘယ်လိုအဆင်မှ ၀တ်သည်။ ဘယ်လိုဟာမှ စားသည်။ ဘယ်လိုလိမ္မာသည် စသည်အားဖြင့် အိမ်လူလာတိုင်း အမွှန်းတင်၍ ပြောရသည်မှာ အမော။ အကယ်၍ သမီးလေးအကြောင်း ပြောရအောင် ပြောစရာလူမရှိလျှင် မအေးလှအဖေကို မြိန်မြိန်ယှက်ယှက် ပြောနေတတ်လေသည်။

‘ကိုယ့်သမီးအရွယ်နဲ့ မလိုက်ဘူး၊ သိပ်ပါးနပ်တာပဲ၊ ချက်ဆိုသူက အကုန်သိပြီ၊ အိမ်ရှေ့ သူနေပေမယ့် အိမ်နောက်ဖေးမှာ ဘာလုပ်နေကြတယ်ဆိုတာ သူအားလုံးသိတယ်ရှင့်၊ ပြောတာ ဆိုတာ နေတာ ထိုင်တာ ကြည့်စမ်းပါ၊ တစ်နေ့ထက် တစ်နေ့ကိုပဲ စိတ်ကြီးဝင်ပြီး လူကြီးကလေးလို ပါပဲ’

ဦးအေးမောင်သည် တစ်မျိုးပြီးတစ်မျိုး ကြားရသော မအေးလှ၏ လိမ္မာရေး ခြား စသည်များ ကို နားထောင်ကာ တပြုံးပြုံး နှစ် သိမ့်လျက်’အေးကွယ်….မအေတူ သမီးလေးပါပဲ’ဟု ချီးမွမ်းပြော လေသည်။

ဒေါ်သိန်းမိသည် အဖေကြီးက’မအေတူ သမီးကလေး’ ဟုချီးကျူးနေသည့်နေ့ကစ၍ နေရာတကာ အစစ သူနှင့် တူအောင် နေ့ရှိသရွှေ့၊ အချိန်ရှိသရွှေ့ အနားမှ တတွတ်တွတ်တဖွဖွ သွန်သင်ဆုံးမ လက်ထပ်ပြသခဲ့လေသည်။ မအေးလှအရွယ်ကလေးရောက်လာသည်နှင့် တစ်ပြိုင် နက်တစ်ဆွေတစ်မျိုးလုံးက ‘မအေနဲ့ သမီးနဲ့ တစ်ကြောတည်းပဲ’ဟု မှတ်ချက်ချကြလေသည်။

‘စကားပြောတဲ့လေကိုက ဟိုတာဝတိံသာက တက်ပြောတာ၊ မျက်လုံးကို မဖွင့်ဘူး၊ အရွယ် နဲ့မလိုက်ဘူး၊ သူ့ကိုယ်သူအပျိုကြီးကျနေတာပဲ’

ကွယ်ရာတွင် ဆွေမျိုးများ က အတင်းစုပြောကြပုံကိုတစ်ဆင့်ပြန်ကြား သိရသည့်အခါ ဒေါ်သိန်းမိသည် အတိုင်းမသိ အားရကျေနပ်ခဲ့လေ၏ ။

‘ကျုပ်သမီးလေး ငယ်သာငယ် လူကြီးကလေးပါပဲ၊ တယ်လိမ္မာတယ်၊ သူ့အိုးသူအိမ်ထောင် နဲ့များ ဆိုရင် စိတ်ချရပြီ၊ ကျုပ်တော့ ရှင့်လို လူရိုးလူအေးနဲ့မှပဲ ပေးစားမယ်’

ဒေါ်သိန်းမိသည် ဦးအေးမောင်ကို လူရိုးဟူသော ဂုဏ်ပုဒ်ဖြင့် လက်ထပ်ခဲ့လေသည်။ ဦးအေးမောင်နှင့် အကြောင်းပါခဲ့ကြပြီးနောက် သူထားရာနေ၊ သူပြောသလို ဖြစ်၊ သူ့လက် သူ့ခြေ၊ အရာခပ်သိမ်း သူ့သဘောချည်း လုပ်နိုင်ခဲ့၍ မအေးလှကိုလည်း သည်လို လူရိုးလူအေးမျိုးနှင့် သာ ရွေးရှာ ပေးစားချင်သည်။

ဒေါ်သိန်းမိသည် သမီးနှင့် ပေးစားရန် သိသမျှ၊ ကျွမ်းသမျှ၊ နီးစပ်သမျှထဲမှ ရပ်နီးရပ်ဝေးရှိ လူရိုးလူအေးကို ပိုက်စိတ်တိုက် ရှာဖွေခဲ့လေသည်။ ထောက်လှမ်းရှာဖွေရသည့်အထဲမှ လက်ရွေး စင် စိတ်ကြိုက်၊ မအေးလှထားရာနေမည့်  မောင်မြဦးကို ရွေးချယ်လိုက်ကာ ပေးစားခဲ့လေသည်။

မောင်မြဦးဘက်၌ အဖေမရှိ၊ အမေအိုကြီးသာရှိသည်။ တစ်ဦးတည်းသော သား ဖြစ်သည်။ ခေတ်ပညာ အိုင်အေအောင်သည်။ အထက်တန်းစာရေး မှ စာရေး ကြီးတက်ကာ များ မကြာမီ ရုံးဝန် ထောက် ဖြစ်ရန် အလားအလာများ စွာ ရှိသူ ဖြစ်သည်။ ရန်ကုန်၌ အိမ်ပိုင်တစ်လုံးရှိသည်။ အပေါ်ထပ် နေ၍ အောက်ထပ်ငှားထားသည်။ သည်အရည်အချင်း၊ သည်အလားအလာတွေ ထက် တစ်နေ့လုံး နေ၍ စကားတစ်ခွန်းမှ မပြောသော လူရိုးလူအေးဆိုသော အရည်အချင်းကို ရှေ့တန်းတင်ကာ သမီးလေးနှင့် လက်ထပ်ပေးစားခဲ့ခြင်း ဖြစ်လေသည်။

ဒေါ်သိန်းမိသည် မျက်ရည်ပေါက်ကြီးများ စီးကျနေသော အကြားမှ တရေး ရေး မြင်နေရ သော မောင်မြဦး၏ ရုပ်သွင်ကိုတွေ စိုက်လျက် ကြည့်နေရင်း မကြည့်ဝံ့ဝံ့ဖြင့် မချင့်မရဲ ဖြစ်လာလေ ကာ စိတ်ထဲ၌ ကယောင်ချောက်ချား ဖြစ်လာလေသည်။

စိတ်ထဲ၌ ကယောင်ချောက်ချား ဖြစ်လာလျှင် တရေး ရေး မြင်နေသော မောင်မြဦးသည် တဖြည်းဖြည်း ရုပ် ပြောင်းသွား သည်။ ခေါင်းဖြူဖြူ၊ နှုတ်ခမ်းမွေးဖြူဖြူ၊ မျက်နှာထားတင်းတင်းကြီးနှင့် မဲတော့မာန်တော့မည့် ပုံမျိုး ရုပ်ပြောင်သွားသော အခါ၌ ဒေါ်သိန်းမိသည် ရင်ထဲ၌ တဆတ်ဆတ်ခုန် လာတော့သည်။

ရုပ် ပြောင်းသွား သော သဏ္ဌာန်ကို ပြူးစိုက်လျက်ကြည့်ရင်း အော်ဟစ်၍ သာ ငိုလိုက်ချင်၏ ။ အော်ဟစ်၍ သာ ရန်တွေ့ လိုက်ချင်၏ ။ မောင်မြဦးနေရာ၌ အစားဝင်လာသော ခေါင်းဖြူကြီး ဦးအေး မောင်ကို စိတ်ရှိလက်ရှိ ဆုပ်ချေပစ်လိုက်ချင်ကာ မထိန်းနိုင် မသိမ်းနိုင်အောင်တုန်လှုပ်ချောက်ချား လာတော့သည်။

ဒေါ်သိန်းမိသည် သူ့စိတ်ကိုသူထိန်းမရ သိမ်းမရ ဖြစ်လာသော အခါတိုင်း အခါတိုင်း သူ့ ဇာတ်ကြောင်းကို ပြန်ပြောင်း၍ တွေးသည်သာတည်း။

သူ့ဇာတ်ကြောင်းကို လှန်ချင်ရာကစ၍ လှန်ကာ တွေးချင်ရာကို တစိမ့်စိမ့် ပြန်လှန်ကာ တွေးကြည့်နေတော့သည်။

(၁)

မအေးလှသည် လက်ထပ်ပြီး တစ်ပတ်နေကာ ရန်ကုန်သို့ လိုက်ခဲ့ရ၏ ။ အိမ်နှင့် ခွဲခဲ့ရ၍ အိမ်စောင့်ကျန်ရစ်ခဲ့သော အဖေ့ကိုသာ လွမ်းမည် ဆို လွမ်းစရာရှိသည်။ အိမ်ကိုတော့ လွမ်းလှ သည်မဟုတ်၊ အမေနှင့် နေသော အိမ်နှင့် ခင်ပွန်းသည်နှင့် အတူ လာနေသော အိမ်မှာ ဘယ်နေရာမှ ထူးလှသည်မရှိ။ အိမ်နေစဉ်က အမေအုပ်ထိန်း၊ ချယ်လှယ်ပြုပြင်မွမ်းမံသလို ယခု ရန်ကုန်အိမ်၌ လည်း အမေပင် အုပ်ထိန်းချယ်လှယ်ပြုပြင်မွမ်းမံလျက် ရှိသဖြင့် အိမ်နှစ် အိမ်၏ အငွေ့အသက်နှင့် တငွေ့တစ်သက်တည်း ထွက်နေပေသည်။

‘ဖအေကြီး တော့် သမီးလေးကို ကျုပ်လိုက်ပို့ဦးမှ၊ အစစအရာရာ အကုန်လုံး နေရာချပေးခဲ့ ပြီး အသားသေတော့မှ ကျုပ် ပြန်ခဲ့မယ်၊ ကျုပ် စိတ်မချဘူး’

ဒေါ်သိန်းမိသည် လက်ထပ်ပြီး သမီးနှင့် သမက်ကို ရန်ကုန်သို့ လိုက်ပို့သည်။ ရန်ကုန် ရောက်လျှင် အိမ်ကို သူ့လက်တွင်းထဲရောက်အောင် တစ်ပတ်အတွင်း သိမ်းယူလိုက်လေ၏ ။

မောင်မြဦး၏ အမေမှာ ပန်းနာသည်ကြီး ဖြစ်သည်။ အိမ့်တာဝန် အိမ့်လုပ်ငန်းဟူသရွေ့ နေရာတကာတိုင်း၌ ‘အစ်မကြီး အသာနေစမ်း၊ ကျွန်မလုပ်ပါမယ်၊ အေးအေးနေစမ်းပါ’ ဟု ၀င်မလာ ရအောင် အတင်းအထိုင်ခိုင်းသည်။ နေရာတကာ ဒေါ်သိန်းမိချည်း ရှေ့က စီမံဆောင်ရွက်လုပ်ကိုင် သွားခြင်းဖြင့် ခုနစ်ရက်အတွင်း သမက်အိမ်မှာ သူ့အိမ်ပကတိ ဖြစ်သွားလေ၏ ။

‘သမီး အမေလုပ်တာတွေ ကြည့်ထား၊ အမေပြန်သွားရင် အမေလုပ်သလို ကိုင်သလိုလုပ် ကြားလား၊ ကိုယ့်လက်ကိုယ်ခြေ အကုန် ဖြစ်အောင် လုပ်ထားရတယ်၊ ညည်းယောက္ခမကို အသာ ထိုင်နေပစေ၊ ဘာမဆို ကိုယ်ကအရင်၊ ကိုယ်က ဦးအောင်ကြားရဲ့ လား၊ အဲ့ဒီတော့မှ၊ အင်း….. နောက်ကျတော့ ဘာမဆို ဒီအိမ်မှာ ကိုယ်ပြီးမှ ပြီးရမယ်၊ နားလည်လား၊ အဲ….အဲသလို မှတ်ထားနော်’

ဒေါ်သိန်းမိသည် ဇယ်ဆက်သလို ရှေ့က လျှောက်လှမ်းသွားရင်း သမီးကို တွတ်တွတ်ထိုး သင် ပြောပြနေလေသည်။

ဘယ်လိုသင်သင် သူ့စိတ်ထဲ၌ အားမရချေ။ ဖြစ်နိုင်လျှင် သည်အိမ်၌ သမီးနှင့် အတူတူ လာနေကာ သူချည်းပဲ လုပ်သွားချင်သည်။ လက်ထပ်ပြီးစ သမီးလေးအတွက် အိမ်ထောင်ရေး ကိစ္စ၊ အိမ်ထောင်ရေး ကဏ္ဍအ၀၀ကို ဂဃနဏ တတ်သိနားလည်စေချင်သည်။ ထက်ကြပ်မကွာ လက်ထပ်ပေးမှ အိမ်ထောင်သမှု သူသိမည် ဟု ထင်နေသည်။ ကိုယ်က ရှေ့ကကြောင်းပြပေးမှ အိမ်ထောင်ရေး ရာကို ငါ့သမီး ရိမ်စားမိမယ်ဟု တွက်ထားသည်။

ထို့ကြောင့် …..

‘ဟော….သားပြန်လာပြီးလား၊ မောလာမှတ်တယ်၊ မေမေ ဆီးဖျော်ရည်ကလေး ဖျော်ထား တယ်ကွယ့်၊ အင်္ကျီပါချွတ်ပြီး အေးအေးလူလူ နားသောက်လိုက်၊ သမီးရေ .... ညည်းကိုကိုဖို့ ဖျော်ရည်ယူခဲ့လေ’

မအေးလှပြောရမည့်  စကားများ ကို သူကချည်း ဆီးပြောပြနေသည်။ နေရာတကာ သူက ရှေ့ကြောင်း၍ ပြောနေပြီးနောက် ‘တယ်ခက်တဲ့ သမီးပဲ၊ မအေက ရှေ့က သင်ပေးနေတယ်၊ ဘယ် အခါ ဘယ်စကားပြောရမယ်၊ ဘယ်အခါ ဘယ်လိုပြုရမယ်ဆိုတာတွေ ပြောပြ လုပ်ပြနေပြီဟာပဲ၊ သမီးကလဲ လုပ်ဦး ပြောဦးမှပေါ့’ ဟု နှစ် ယောက် တည်း ကျိတ်၍ ဆိုသည့် မာန်သည့်အခါ၌ မအေးလှသည် ပုံ့ပုံ့ကလေး ပြုံးနေလေသည်။

‘ညည်း ဒီလို ပြုံးစိစိလုပ်နေလို့ မ ဖြစ်ဘူး’

ဒေါ်သိန်းမိမှာ မအေးလှ၏ ပြုံးစိစိကို စိတ်ထဲ၌ အားမရချေ အားမရတိုင်း ဆထက်တံပိုးတိုး ကာ အရာရာတိုင်း ၀င်ပါလျက် ရှေ့ကချည်း လမ်းကြောင်းပြောနေလေ၏ ။

‘အမေပြောနေပြီဟာ၊ ကျွန်မ ဘာပြောဖို့ လိုသေးသလဲ’ ဟု မအေးလှက သူ့ကို မာန်၍ သူ ပြောစရာမလိုကြောင်း ပြန်ရှင်းပြောပြသည်။

‘ဟဲ့… လိုတယ်ဟဲ့၊ ညည်းနေရာ အမေ၀င်ပြောနေရတာ အမေ့နေရာမှ မဟုတ်တာ လိုတာပေါ့’

ဒေါ်သိန်းမိသည် လိုတာပေါ့သာ ဆိုနေလေသည်။ လိုအပ်သမျှ သူချည်းပင် စခန်းသွားနေ လေ မောင်မြဦးမှာ တစ်စထက်တစ်စ သူ့သြဇာညောင်းလာကာ ဦးကျိုးလျက်သေသေ၀ပ်ဝပ် ကလေး ဖြစ်နေလေ၏ ။

ဦးအေးမောင်သည် လက်ထပ်ပြီး လိုက်သွားသော သူ့မယားကို ပြန်ခဲ့ရန် စာရေး ခေါ်၍ လည်းမရ။ ရက်ချိန်းအမျိုးမျိုးပေးနေကာ သုံးလေးလကြာ၍ လာပုံမပေါ်သဖြင့် ရန်ကုန်သို့ လိုက် လာခဲ့ရသည်။

‘မင်းနှယ်ကွာ …. ငါ့နေရေး စာရေး ဒုက္ခရောက်တာများ တဆိတ်စဉ်းစားစမ်းပါဦး’

ရထားဆိုက်ဆိုက်ခြင်း ပစ္စည်းများ မချခင် ဒေါ်သိန်းမိကို ဦးအောင် အပြစ်တင်လိုက်သည်။

ဒေါ်သိန်းမိသည် စကားနာထိုးလာလျှင် မျက်နှာပျက်ပုံမျိုး သူ့မျက်နှာကို သိသိသာသာကြီး ပျက်ပြထားလိုက်သည်။ စိတ်မကောင်းသော မျက်နှာဖြင့် စ ကားမပြောဘဲ နေသည်။ ပစ္စည်းများ ကားပေါ်တင်၍ ကားထွက်မှ စကားပြန်ပြောလေသည်။

‘ဘူးသီး ရမ်းသီးဆိုရင် ကျုပ်ရင်ထဲ ခွဲပြချင်ပါရဲ့ ၊ ရှင့်အတွက် ပူရတာ က တစ်မျိုး၊ ဒီမှာ ပူရတာ က တစ်မျိုး သားသမီးက ချက်ချင်း ရှိတော့ မစားချင်မသောက်ချင် ဖြစ်နေပြီး အိပ်ရာထဲလဲ နေတာ ကျုပ် ဘယ်နှယ့်လုပ်ပြီး ပစ်ထားခဲ့ရမှာ လဲ’

ဦးအေးမောင်မှာ စိတ်မပြေသေးချေ။ သုန်မှု န်သော မျက်နှာကြီးဖြင့် မရယ်ချင် ရယ်ချင် ရယ်လိုက်လေသည်။

‘ဟုတ်တာပေါ့ကွာ၊ ခုတော့ သမီးရှိလို့၊ တော် တော် ကြာကျတော့ ကိုယ်ဝန်ရင့်လို့၊ တော် တော် ကြာကျတော့ ကလေးမီးဖွားလို့ သွေးနုလို့ သားနုလု့၊ ကလေးငယ်သေးလို့’

‘တော် စမ်းပါတော် ’

ဟု ဒေါ်သိန်းမိက အတင်းဝင်ပြောရင်း တံတောင်နှင့် တွက်လိုက်လေသည်။

‘သမီးနေမကောင်းနေတာများ ဘယ်လိုနေသလဲလို့ ဆီးမမေးဘူး၊ အပြစ်တင်ချင်တာက စပြောတယ်၊ တစ်သက်လုံး အနားက မခွာဘဲနေလာတာ၊ သုံးလေးလလောက် ခွာရသေးတယ်၊ စကားများ လာပြီ’

‘စကားများ တာ မဟုတ်ဘူးကွ၊ ငါ့နေရေး စားရေး မင်းမပူတာကို ပြောနေတာ’

‘ရှင့် နေရေး စားရေး မယ်ဟန်ရှိသားပဲ၊ အကုန်စီစဉ်ခဲ့တာပဲဟာ’

ဒေါ်သိန်းမိသည် တစ်သက်လုံးက စကားခွန်းကြီးခွန်းငယ်မပြောတတ်သော လင် ယောက်ျားကို စိမ်းစိမ်းကြည့်လိုက်မိသည်။ ခွန်းကြီးခွန်းငယ် ပြန်လှန်ပြောတတ်နေပါပကောဟု အံ့သြနေသည်။ လင်းသားပေါ်၌ အုပ်စီးပြီး မဖိမနှိပ်ဘဲထားတာ ရက်ကြာသွား၍ ကြွစောင်းစောင်း ဖြစ်လာသလားဟု တွေ့ ကရာတွေ လည်း လျှောက်တွေးသေးသည်။

‘မယ်ဟန်က သူ့ယောက်ျားဆီလဲ ပြန်ချက်ရ၊ အိမ်လဲလာချက်ပေးရနဲ့ ကြာရှည်ကြီး ဘယ် လာလုပ်နိုင်မလဲ၊ တစ်ခါတလေလဲ အားနာလို့ ငါ့ဟာငါ ဆိုင်မှာ ၀ယ်စားရတယ်’

ဒေါ်သိန်းမိသည် နားထောင်နေရန် သည်းမခံနိုင်တော့ချေ၊ သုံးလေးလလောက် ကြာတာ များ ၊ ယိုးမယ်ဖွဲ့ပြီး ပြောနေစရာများ လားဟု စိတ်ထဲ၌ ခံပြင်းလာသည်။ စကားမပြောသူက စကား ပြောခြင်းကို နားမခံနိုင်အောင် ပို ဖြစ်သည်။

‘ဟုတ်တာပေါ့၊ ကျုပ်ရှိတော့ ငါးခြောက်ဆို ဖုတ်ပြီးသားကိုး၊ ရှင့်အလိုကျ အစစအရာရာလုပ် ပေးတဲ့ ရှင့်ခိုင်းဘက်ကြီးပေါ့၊ ကျုပ်မရှိရင် ဒုက္ခရောက်တယ်ပေါ့၊ ဒီမှာ ကျုပ်က အလကား အလည် လာနေတာလား … ပြောစမ်းပါဦးရှင့်၊ သမီးကိစ္စ ရှင့်သမီးအတွက် မဟုတ်ဘူးလား၊ ဘယ်သူ့သမီး ထင်လို့လဲ ပြောစမ်းပါဦးရှင့်’

‘မင်းပြောလို့ ပြောရတာ ကွ၊ တော် ကွာ …’

‘ကျုပ်ကလဲ ရှင်ပြောလို့ ပြောရတာ ရှင့်၊ တောင်နိုင်ဘူး’

တက္ကစီဂျစ်ကား ဒရိုင်ဘာသည် ကားနောက်၌ ရန် ဖြစ်လာကြသော အဘိုးကြီးလင်မယားကို ကလေးတွေ ကျနေတာပဲဟု အောက်မေ့ကာ ….

‘ဦးကြီးတို့ရယ် …. တော် ကြပါဗျာ’ ဟု ရယ်ရယ်မောမောဖြင့် ၀င်ဖြန်ဖြေလိုက်လေသည်။

ဦးအေးမောင်မှာ ရန်ကုန်၌ တစ်ပတ်ခန့်နေပြီး နေရပ်သို့ ပြန်သည်။ ဒေါ်သိန်းမိသည် ဦးအေးမောင်နှင့် အတူ ပြန်လိုက်မည် ကြံစည်ပြီးမှ သမီးကလည်း မစားနိုင်၊ စားသမျှ အကုန် အန်ကာ အိပ်ရာထဲ၌ ခွေနေလေသည်။ မောင်မြဦး အမေကြီးကလည်း ညတိုင်းမအိပ်ရဘဲ ပန်းနာ ထနေတာ အိမ်တွင် လူမမာနှစ် ယောက် ဖြစ်နေသော ကြောင့် ….

‘ကိုင်း …. ရှင်မြင်တဲ့အတိုင်းပဲ၊ ကျုပ်လိုက်လို့ မ ဖြစ်သေးဘူး၊ ရှင့်သားက တစ်နေ့လုံးရုံးသွား နေတာ၊ သူတို့မှာ ကိုယ်ခွဲလည်း မရှိသေးဘူး၊ သူတို့နေကောင်းမှပဲ လာခဲ့တော့မယ်’ ဆိုကာ နေရစ်ခဲ့လေ၏ ။

မောင်မြဦးမှာ အိမ်ပစ်ကာ လာ၍ လုပ်ကိုင်နေရသော ယောက္ခမကို အားနာနေလေသည်။ အားနာနာဖြင့် အစစအရာရာ ယောက္ခမအလိုကျ လိုက်လျောကာ ပါးစပ်ထဲခွံ့မှ စားတတ်တော့ မည့်  ကလေး တစ်ယောက် ကဲ့သို့ ယောက္ခမပြုမူ နုတော့မည့် အခြေသို့ တဖြည်းဖြည်း ဆိုက်ရောက် လာလေ၏ ။

‘မေမေ … ကျွန်တော် လမ်းထိပ်သွားဦးမယ်၊ မေမေ …. ကျွန်တော် ညနေ ရုံးပြန်နောက်ကျ မယ်၊ မေမေ … ကျွန်တော် ဒီနေ့ ရုံးစောစောသွားရမယ်’

စသည်အားဖြင့် သူ့ကိစ္စကို မအေးလှအား အသိပေးရန်ထက် ယောက္ခမကို ပြောရန်လိုအပ် လာသည်။

ကြိုတင်မပြောခဲ့မိဘဲ ရုံးပြန်နောက်ကျသွားသည့်နေ့မျိုးဆိုပါက …..

‘သားရေ ….. နောက်ကျလှချည်လားကွဲ့၊ ဘာ ဖြစ်လို့တုန်း၊ မေမေဖြင့် ဆိုက်ကားလာတိုင်း ကြည့်ရတာ အမောပဲ’ ဟု ယောက္ခမက ဆီးပြောသည်။

ရုံးပြန်နောက်ကျရသည့် အကြောင်းကို ယောက္ခမအား ပြောပြခြင်းဖြင့် မယားပါ တစ်လက် စတည်း ကြားသိသွားရာ မယားကို သပ်သပ်ပြောနေစရာ မလိုသလောက် တစ်ချက်ခုတ် နှစ် ချက် ပြတ် ဖြစ်နေလေသည်။

ဒီလမ်းမသွားရန်၊ ဒီအစာ မစားရန်၊ ဒီအချိန် ရေချိုးချိန်၊ ဒီအချိန် ဆေးသောက်ရန် ကိစ္စ အ၀၀ ပြဿနာအရပ်ရပ်မအေးလှပြောရန် အကွက်တစ်ကွက်မှ မရှိချေ။ ဒေါ်သိန်းမိပဲ စောင့်ထိုင် ပြောနေသည်။ မအေးလှသည် သူ့ယောက်ျားနှင့် အခန်းထဲဝင်မှသာ လင်မယား ဖြစ်တော့ကာ လင်မယားပြောစရာစကားမျိုး လင်ပြော မယားပြော ပြောနိုင်ကြလေ၏ ။

မအေးလှ ထူထူထောင်ထောင်ရှိလာလျှင် မောင်မြဦးက ဦးအေးမောင်အတွက် တောင်း တောင်းပန်ပန် ပြန်လွှတ်တော့မှ ဒေါ်သိန်းမိမှာ စိတ်မချလက်မချနှင့် ပြန်လာခဲ့ရသည်။

အိမ်ရောက်လျှင် သမီးအကြောင်း သားအကြောင်းပဲ တဖွဖွပြောနေပြီး စကားထဲ သမီးမပါ သားမပါရင် မပြောတတ်သလောက်ပဲဟု ဦးအေးမောင်က စွပ်စွဲနေသဖြင့် လင်မယားစကားပြော မတည့် မျက်နှာကြောမတည့် ဖြစ်နေကြသည်။

ဒေါ်သိန်းမိသည် ကိုယ်ဝန်ရှိနေသော သမီးအတွက် တထင့်ထင့်ဖြင့် လူကြုံသာ စနဲနာနေ တတ်လေ၏ ။ နှစ် ရက်တစ်ခါ သုံးရက်တစ်ခါ ဘူတာရုံတွင် လူကြုံသွားရှာသည်။ စားစရာပို့၊ ဆေးပို့ရ၊ ကလေးအနှီးပို့ရ၊ ကလေးဦးထုပ် ဆွယ်တာထိုးပို့ရ နှင့် အမြဲတမ်း သမီးကိစ္စဖြင့် ဗျာများ နေလေသည်။

ဦးအေးမောင်သည် ပထမပိုသည် ကဲသည်ဟု ထင်သည်။ ပိုသည် ကဲသည်ဟု အထင် ရောက်လာမှ စိတ်ထဲတစ်မျိုးတစ်ဖုံ ဖြစ်လာပြန်သည်။ ရန်ကုန်သွားနေလိုက်တာ ငါ့ဆီ စာသုံးလေး စောင်ပဲရောက်တယ်၊ ငါတော့ ဂရုမစိုက်ဘူး၊ သမီးသာ အရေး ပါတယ် ….ဘယ်သို့ ဘယ်ချမ်းသာဖြင့် စိတ်မကောက်စဖူးကောက်၏ ။ မမျက်စဖူး မျက်နေလေ၏ ။

‘ကဲ …. ဖအေကြီး၊ ခုဆိုရင် ခုနစ်လကျော်ပြီး ရှစ်လထဲဝင်လာပြီ၊ မီးဖွားချင် ဖွားတော့မှာ ၊ ကြိုကြိုတင်တင် ကျုပ်သွားဦးမှ၊ မမွေးဖွားဘူးတော့ ရှင့်သမီးအားငယ်နေမယ်’

‘မင်းပြန်လာတာမှ နှစ် လလောက်ပဲ ရှိသေးတယ်၊ ခုမှခြောက်လကျော် ခုနစ်လထဲဝင်ဦးမှာ ၊ မင်းနှယ်ကွာ၊ ပြောရရင်လည်း မကောင်းဘူး၊ အ ဖြစ်ကိုသည်းတယ်၊ မနက်ကပဲ နေကောင်းပါတယ် လို့ စာရောက်သေးတာပဲ’

ဒေါ်သိန်းမိမှာ သူ့ကို ဒီလိုပြောတာ နည်းနည်း မှမကြိုက်ချေ။ ပူပူပင်ပင် နှင့် သူကပင်လွှတ်ရ မည် ။ အခုတော့ သွားမယ့်ဟာ ကာဆီးကာဆီးနှင့် တားလားဆီးလား လုပ်ရမလားဟု စိတ်ဆိုးလာ သည်။

‘ရှင့်သမီးတုန်းက ခုနစ်လနဲ့ မွေးတာမဟုတ်လား၊ ခုနစ်လထဲဝင်ရော ဖွားလိမ့်မယ်လို့ မပူရ ဘူးလား၊ ရှင်ပြောလိုက်မှဖြင့် ဒီလိုချည်းပါပဲ၊ ရှင့်သမီး ရှင်မချစ်ဘူးလား၊ မချစ်ဘူးလား ပြောစမ်း ပါရှင်’

ဦးအေးမောင်သည် ဒေါဖောင်းလာသည်။ စိတ်ထဲရှိတာ ပြောင်ပြောင်ဘွင်းဘွင်း ဖွင့်ပြော လိုက်လေသည်။

‘ငါချစ်စရာ မင်းက ချန်သေးလို့လားကွ၊ ငါပူစရာကော မင်းက ချန်သေးသလား၊ မင်းချည်းပဲ ချစ် မင်းချည်ပဲပူပြီး လူကိုလာအပြစ်ရှာတယ်၊ ဟုတ်တယ်ဟေ့၊ ငါက မချစ်ဘူး မပူဘူးကွ’

‘ရှင် ဂွစကားမပြောနဲ့၊ မချစ်ရင်နေပေါ့ မပူရင်နေပေါ့၊ ကျုပ်တော့ မနက်ရထားနဲ့ လိုက်မယ်’

ဒေါ်သိန်းမိသည် နောက်တစ်နေ့ ရန်ကုန်သို့ ရောက်သွားလေ၏ ။

အိမ်ကလူနှင့် ကတောက်ကဆ ဖြစ်ခဲ့ရတာ သမီးနှင့် သမက်ကို မပြောဘဲနေပြီး ခမည်း ခမက်ချင်းသာ တိုးတိုးတိတ်တိတ်ပြောကြသည်။

‘အိမ်က ဟာကလဲ ငယ်မူပြန်နေတယ်၊ ဘာ ဖြစ်နေသလဲ မသိပါဘူး၊ ရက်ကြာကြာနေတာ ကို တယ်မကြိုက်ချင်ဘူး။ ကျွန်မမှာ သမီးလည်းစိတ်မချ သားလည်းစိတ်မချ၊ နှစ် ကိုယ်ခွဲလို့က လည်း မ ဖြစ်တော့ ….’

မောင်မြဦးအမေ ဒေါ်ခမှာ ဒေါ်သိန်းမိထက် ကြီးကာ မုဆိုးမ ဖြစ်တာ မကြာသေးချေ။ စဉ်းစဉ်း စားစား မျက်လုံးအကြည့်နှင့် ငိုင်တိုင်တိုင် ဖြစ်နေကာ လေသံသဲ့သဲ့ကလေးနှင့် စကားပြော သည်။

‘ယောက်ျားများ ဒီအတိုင်းပါပဲ၊ ကျုပ်တို့သာ အသက်ကြီးလာလေလေ အမယ်ကြီးအိုစိတ် ပေါက်လေလေ၊ သူတို့မှာ တော့ အဖိုးကြီးအိုစိတ်မဟုတ်ဘူးတော့် ၊ ဦးအေးမောင် ဘယ်နှစ် ခုသားလဲ’

‘၆၁ နှစ် ’

ဒေါ်သိန်းမိက ခပ်တိုတိုပြန်ဖြေသည်။

‘အစ်မကြီးထက် ငါးနှစ် ငယ်တာပဲ၊ ညီမနဲ့ကော’

‘ကျွန်မနဲ့ ရွယ်တူပါပဲ၊ သူက လသာကြီးတယ်၊ ကျွန်မသူနဲ့ အိမ်ထောင်ကျတာ ၄၃ နှစ် တောင်ရှိပြီ၊ ၁၈ နှစ် သမီးက အိမ်ထောင်ကျတာပဲ၊ အသက်လေးဆယ်မှ သားသမီးရပြီး သမီးကို မွေးတာ’

‘မောင်မြဦးတို့ အဖေရှိတုန်းက သူ့သူငယ်ချင်းမောင်အေးမောင်ဟာ လူရိုးလူအေးလို့ စပ်မိတိုင်း ပြောပါတယ်’

ဒေါ်သိန်းမိသည် ဘာကို စဉ်းစားမိသည်မသိ၊ ပြုံးနေလေသည်။ ဒေါ်ခသည် ဒေါ်သိန်းမိ အပြုံးကို သိလိုဟန်ရှိပြီး ပြုံးနေသော မျက်နှာကို တတွတ်တွတ်ချောင်းဆိုးရင်းပင် မျက်လုံးမခွဲဘဲ စိုက်ထားလေသည်။

‘မောင်မြဦးလိုပဲ ရိုးလည်းရိုး အေးလည်းအေးပါတယ်၊ သူတို့သားအဖ တစ်ပုံတည်းပဲ’ ဒေါ်သိန်းမိက ဆက်ပြောလေသည်။

(၂)

မအေးလှ ဒုတိယအကြိမ်ကိုယ်ဝန်ရှိစဉ် မြေးဦးအပါသည် လေးဘက်ထောက်စအရွယ်၌ အဖိုးအဖွားအိမ်သို့ ရောက်လာလေ၏ ။

‘သားသမီးကလည်း နီးလိုက်တာမပြောနဲ့တော့၊ ကလေးက နို့မျက်နေတော့ ဘယ်နေ ကောင်းမလဲ၊ ချူချာတာပေါ့၊ နို့ဘူးတစ်ဖက်နဲ့ သူ့အမေဒုက္ခရောက်လွန်းလို့ ကျုပ်ပဲ နို့ဘူးတိုက်မွေးပါ့ မယ်ဆိုပြီး ခေါ်လာခဲ့ရတယ်’

ဦးအေးမောင်သည် မြေးဦးကလေးရောက်လာ၍ ၀မ်းသာသွားလေသည်။

ဒေါ်သိန်းမိသည် အပါ ၀မ်းက ကျွတ်ကတည်းက မော်လမြိုင်နှင့် ရန်ကုန်ကို အိမ်ဦးနှင့် ကြမ်းပြင်လို ကူးနေသည်။ ကလေး မက်ခရုပေါက်၍ တစ်ခေါက်၊ ကလေး ကိုယ်ပူ၍ တစ်ခေါက်၊ ကလေးဝမ်းပျက်၍ တစ်ခေါက်၊ ကလေးနို့မျက်၍ သွားသည့်အခေါက်၌ ကား ကလေးပါ အိမ်ပါလာ သည်။

ကလေးရောက်လာလျှင် ရန်ကုန်သို့ ကူးချည်သန်းချည်မလုပ်ချေဘူးဟု အောက်မေ့သည်။ ဦးအေးမောင်သည် အသက်ကြီးမှ ကလေးငိုသံ ကလေးချော့သံများ ကို ကြားရတော့ ကြည်နူးလျက် နားဝင်ချိုနေပေသည်။ ဒေါ်သိန်းမိမှာ သားသယ်အမေတစ်ပိုင်း ဖြစ်နေသည်။ အိပ်ရာထဲ၌ ကလေး ပေါက်စကလေးရောက်နေပေရာ အသက်ကြီးမှ ကလေးရခဲ့ကြ၍ အရူးအမူး ဖြစ်ခဲ့သော ဦးအေးမောင်တို့ ဇနီးမောင်နှံဘ၀သည် အသစ်ပြန် ဖြစ်ကြကာ အသက်ပြန်ဝင်လာကြလေသည်။

ညဘက် ကလေးနိုးလျှင် တစ်ယောက် က ပခုံးပေါ်ထမ်းချော့ကာ တစ်ယောက် က နို့ဘူး ဖျော်ရလေသည်။

ဦးအေးမောင်သည် ကလေးလေးရောက်လာမှ ‘သားရေ၊ လူကလေးရေ’ဟု ချော့မြူကာ ကြည်နူးပျော်ရွှင်၍ နေ၏ ။

အိမ်ကြီးတစ်လုံးနှင့် ရံဖန်ရံခါ သွေ့ခြောက်ခြောက် ဖြစ်နေတတ်သော သူ့က၀သည် သာယာ စိုပြည်လာစရှိဆဲ၌ ‘ကလေးက သူ့အမေလွမ်းတယ်ထင်ပါရဲ့ ၊ ငိုချည်းနေတာပဲ၊ ကလေးသနားပါ တယ်၊ ဖြစ်သေးပါဘူးလေ ….သူ့အမေနဲ့ သူသားနဲ့ အတူတူနေပါစေ’ဟု အကြောင်းအမျိုးမျိုးပြကာ ရန်ကုန်သို့ သွားပို့ပြန်သော ကြောင့် ဦးအေးမောင်၏ ဘ၀မှာ ခြောက်ကျန်ရစ်ခဲ့လေ၏ ။

ဒေါ်သိန်းမိ ရန်ကုန်သို့ အခေါက်ခေါက်သွားနေလေရာဝယ် ကလေးပြန်ခေါ်သွားသော ခုတစ်ခေါက်မှာ အခြောက်ဆုံး ဖြစ်သွားလေ၏ ။

ခြောက်ကပ်သွားသော အိမ်ကြီး၌ မနေတတ် မထိုင်တတ် ဖြစ်နေလေ၏ ။ အိမ်တွင် ပြန်မနေ ဘဲ ပွဲရုံ၌ သာ အနေများ သည်။ အိမ်သို့ စားခါနီး မှပင် ပြန်လာချင်လာ၏ ။ အိပ်ခါနီး မှပင် ပြန်လာချင် လာ၏ ။ ဒေါ်သိန်းမိ ရန်ကုန်သို့ သွားတိုင်း ထမင်းလာချက်ကျွေးသော မယ်ဟန်မှာ ဒေါ်သိန်းမိဘက် မှ ဆွေနီးမျိုးစပ်တော် သဖြင့် သာ တော် တော့သည်။ မယ်ဟန်၏ ယောက်ျားကိုဘိုးဆင်မှာ ဦး အေးမောင်တို့ ပွဲရုံစောင့် လခစားလုပ်သည်။

အခါတိုင်း ဒေါ်သိန်းမိ မရှိလျှင် မယ်ဟန်သည် နံနက်စောစော ဈေးဝယ်ပြီး ပေါက်လာကာ ထမင်းချက်လျက် နေ့လယ်တစ်ခေါက်ပြန်ပြီး သူ့အိမ်မှ ညနေတစ်ခေါက် ပြန်လာလျက် ချက်ပြုတ် ကျွေးကာ မိုးချုပ်လျှင် ပြန်သွားလေ၏ ။ ကလေးခေါ်သွားပြီးသည့်နောက် ဦးအေးမောင်သည် နေ့ဘက်တစ်ခေါက် အိမ်မပြန်ရသည်ကများ သည်။ ဦးအေးမောင်သည် အိမ်ပြန်လာတိုင်း မကြည် မသာ ဖြစ်နေလေသည်။ စီးပွားရေး တစ်ဖက်၊ အိမ်တစ်ဖက်ဖြင့် တစ်ယောက် တည်း ဖြစ်နေသော အ ဖြစ်ကို မကျေနပ်ချေ။ ပွဲရုံစီးပွားရေး လုပ်ငန်း၌ နောက်နောက်ကလို ဘာမှ ကူဖော်လောင်ဖက်မရ တော့ဘဲ သမီးကိစ္စ၊ မြေးကိစ္စနဲ့ ဗျာများ နေပေသော သားမယားကို ညအိပ်ရာဝင်လျှင် အမှတ်ရပြီး အမှတ်ရလာလျှင် စိတ်ဆိုးချင်လာသည်။

အိမ်ကြီးတစ်လုံးနှင့် တစ်ယောက် တည်းရှိသည်ကို မသိချင်သဖြင့် မေ့သွားရန် ကြိုးစားအိပ် လေသည်။ အိပ်စေချင်မှ အိပ်မပျော်သော ကြောင့် စိတ်တိုတိုဖြင့် အိပ်ရာကထလာပြီး အိမ်အောက် ဆင်းလိုက်၊ အိမ်ပေါ်တက်လိုက်၊ အခန်းထဲဝင်လိုက် ဟိုဟာလုပ်တော့မလိုလို သည်ဟာလုပ်တော့ မလိုလိုဖြင့် ယောင်ချာချာကြီး ဖြစ်နေရှာသည်။

ဒေါ်သိန်းမိ ကလေးကို ပို့ပြီးပြန်လာမည် ဟု ရက်ချိန်းတစ်ပတ်ပေးသွား၏ ။ ကလေး နေမ ကောင်းနေ၍ ၁၀ ရက်ရွှေ့သွား၏ ။ ၁၀ ရက်မြောက်သော နေ့၌ သံကြိုးရောက်လာသည်။ မောင်မြဦးအမေ ဒေါ်ခ သေဆုံးကြောင်း၊ ရိုက်လိုက်သော သံကြိုးကို ဖွင့်ဖတ်နေရင်း ဦးအေးမောင် သည် တစ်စုံတစ်ခုကို တွေးမိကာ သက်ပြင်းကြီး ချလိုက်လေ၏ ။

ဦးအေးမောင် တွေးတောလာခဲ့သည့်အတိုင်း ဒေါ်သိန်းမိမှာ ရက်လည်ဆွမ်းကျွေးပြီး ဦးအေးမောင်နှင့် အတူတူ ပြန်လိုက်ဖို့ရန် မလိုက်နိုင်သေးကြောင်း အကြောင်းပြလေ၏ ။

‘ရှင့်နှယ်ရှင် လူကြီးတွေ အားလုံးပြန်သွားရင် သူတို့မျက်စိသူငယ်နဲ့ ဖြစ်ကျန်ခဲ့မှာ ပေါ့၊ ဆယ့်ငါးရက်တန်တယ်၊ တစ်လတန်တယ်၊ ကျုပ်နေပြီးပြန်မှ ဖြစ်တော့မှာ ပေါ့၊ တော် သာပြန်နှင့် ပါဦး’

ဒေါ်သိန်းမိသည် တစ်ဖက်ခန်းက သမီးနှင့် သမက် မကြားအောင် အိပ်ရာထဲ၌ တိုးတိုးတိတ် တိတ် ကျိတ်ပြောနေသည်။ ဦးအေးမောင်မှာ မကျေမချမ်းသံဖြင့် ပြန်ပြော၍ ဒေါ်သိန်းမိက တိုးတိုး ပြောရန် လက်ကုတ်ရသည်။

‘မင်းကို ကျုပ်မပြောချင်လို့နေတာ၊ မယ်ဟန်အိမ်လာပြီး လျှော်ဖွတ်ချက်ပြုတ်ကျွေးနေတာ က ဟုတ်ပါရဲ့ ၊ သူ့လင်ဘိုးဆင့်က မလိုရင် မလိုသလိုဟာ မယ်ဟန်ညနေပြန်ရင် ရန် ဖြစ်သတဲ့’

‘အမလေးတော် … ဘိုးဆင့် အရက်သောက်တာများ ခုမှ မဟုတ်ပါဘူး၊ တစ်သက်လုံးက သောက်နေတာပါ၊ ရန် ဖြစ်တာလဲ တစ်သက်လုံး ဖြစ်နေကျပါ၊ ကျုပ် ၁၅ ရက်လောက်နေပြီး ပြန်မှာ ပါ’

ဒေါ်သိန်းမိသည် ၁၅ ရက်ဆိုပြီး တစ်လလောက်ကြာမြင့်နေလေ၏ ။

မောင်မြဦးမှာ တတွေ တွေ တမှိုင်မှိုင်နှင့် မိခင်အတွက် စိတ်လက်မကောင်း ဖြစ်နေပြီး စိတ်ပြေလက်ပျောက် ရှိပါစေတော့ဟု ဖျောင်းဖျရ၊ ဂရုစိုက်ရနဲ့ သမီးကို အားမရဘဲ သူ့ချည်းပဲ ဖြေဖျော် ဖျောင်းဖျနေရလေ၏ ။

မအေးလှမှာ ကိုယ်ခွဲကလေးမ တစ်ယောက် အဖော်ရသော်လည်း ကလေးထိန်းရုံသာ အဖော်ရသည်။ ကိုယ်ဝန်ကြီးနှင့် ချက်ရပြုတ်ရ၊ အိမ်တာဝန်လုပ်ရနှင့် မအားရချေ။ အမေရှိ၍ သာ တော် သေးသည်။ မရှိလျှင် မောင်မြဦးကို စိတ်လက်ကောင်းအောင် အနားကထိုင်ကာ ဖြေဖျော်နေ နိုင်မည် မဟုတ်ချေ။ ရုံးမသွားမီနှင့် ရုံးကပြန်လာလျှင် အမေက ဂရုစိုက်ကာ ဘာမှလိုလေသေးမရှိ အောင် ပြုစုလျက် တဖူးဖူးမှု တ်နေခြင်းကပင် စိတ်ပြေလက်ပျောက်သက်သာရာ ဖြစ်နေသည်။

ဒေါ်သိန်းမိမှာ မအေ တစ်ယောက် ၊ သား တစ်ယောက် စိတ်မကောင်း ဖြစ်နေတာပဲဟု နားလည်ကာ မောင်မြဦးအမေနေရာ၌ ကိုယ်စားဝင်၍ ဖြစ်စေ၊ မောင်မြဦး၏ ဇနီးနေရာ၌ ကိုယ်စား ၀င်၍ ဖြစ်စေ တစ်အိမ်ထောင်လုံး သူချည်းနှစ် ပါးသွားနေသဖြင့် မအေးလှမှာ ခပ်အေးအေးပင် သူလုပ်စရာရှိတာသာ သူ လုပ်နေနိုင်လေ၏ ။

မောင်မြဦးသည် ဒေါ်သိန်းမိအပေါ်၌ လေးစားသည်။ ချစ်ခင်သည်။ သူ့အမေအရင်းပင် သူ့ အပေါ်၌ သည်လောက်မယုမယနိုင်ဟု ထင်မိသည်။ သူ့အပေါ်၌ သူ့မယားသည်ပင် သည်လောက် မပြုစုနိုင်၊ သည်လောက်မကျေပွန်နိုင်ဟု အောက်မေ့သည်။ ကလေးအတွက်၊ အိမ်အတွက် အားလုံး စိတ်ချရသဖြင့် ယောက္ခမပြန်မှာ ပင် စိုးရိမ်နေတတ်သည်။

ဦးအေးမောင်ဘက်မှ အ၀င်အထွက် ရှိကြသော ဆွေမျိုးတစ်စုကား ရန်ကုန်လာလျှင် မအေးလှအိမ်၌ တည်းခိုစတည်းချသွားကြပြီး ကိုယ့်အရပ်ရောက်လျှင် အတင်းစုပြောကြလေ၏ ။

‘ကြက်တူရွေးက တော် တော် မယ်တော် က သည်းသည်း။ မောင်မြဦး စိတ်သိပ်ထိခိုက်နေ တယ်၊ အမေမရှိတော့ မနေတတ် မထိုင်တတ် ဖြစ်နေတယ်ဆိုပြီး တကယ်တည်းမှပဲ သမက်ကို အရိပ်တကြည့်ကြည့်နဲ့ မျက်စိအောက်က အပျောက်မခံဘူး၊ သူ့ယောက်ျားကြီးတော့ သတိတောင် ရရဲ့ လား’

ဆွေမျိုးတို့သည် မြင်ပြင်းကတ်ကတ်ဖြင့် တီးတိုးတီးတိုး ပြောကြလေသည်။ တီးတိုးသံသည် တစ်စတစ်စ ဦးအေးမောင်၏ နားသို့ ရောက်သွားသည်။

ဦးအေးမောင်သည် မလုပ်စဖူး သံကြိုးရိုက်ခေါ်ပြီး ဒေါ်သိန်းမိရောက်လာသည့်နေ့ကစ၍ လင်မယားနှစ် ယောက် မှာ မျက်နှာကြောမတည့်ဘဲ တကျက်ကျက် ရန် ဖြစ်နေကြသည်။ ဒေါ်သိန်းမိ မှာ ဦးအေးမောင်ကို သူ့ဆွေမျိုးများ မြှောက်ပေးသည်၊ တို့ပေးသည်၊ တိုက်ပေးသည်ဟု ဦးအေး မောင်ဘက်မှ ဆွေမျိုးတွေ အပေါ်သို့ အပြစ်လုံးလုံးကြီးဖို့ကာ ရန်ထောင်နေလေသည်။

သို့ ဖြင့် နေ့စဉ်ရက်ခြား သမီးကိစ္စနှင့် ကတောက်ကဆ ခွန်းကြီးခွန်းငယ်များ ကြလျက် မအေးလှ ကလေးမီးဖွားချိန် နီးကပ်လာလေ၏ ။

‘ကဲ …ဘယ်လိုလဲ၊ ဟိုမှာ တော့ သမီးနေ့လား၊ ညလား ဖြစ်နေပြီ၊ ကျုပ် မသွားရဘူးလား’

ဦးအေးမောင်သည် တုပ်တုပ်မျှမလှုပ်ချေ။ စကားပြန်မရ၍ ဒေါ်သိန်းမိသည် ဒေါသထွက် လာသည်။ ဦးအေးမောင်မှာ သမီးနှင့် ပတ်သက်လာလျှင် အကောင်းပြောလည်း အကောင်းမထင် ဘဲ စကားများ ရတာ ချည်းပဲ ဖြစ်၍ ခပ်ရှောင်ရှောင်လုပ်နေသည်။ မေးမေးချင်း ရုတ်တရက် အဖြေ မပေး၊ ဒေါ်သိန်းမိ၏ ခပ်မာမာမေးနေသော အသံကြောင့် လည်း တုံ့ဆိုင်းနေသည်။

‘တော် ….ကျုပ်ကို စကားမပြောချင်ဘူးလား၊ ဘယ်လိုလဲ၊ မသွားစေချင်ရင်လည်း ပြောရ မယ်၊ သွားရမယ်ဆိုရင်လည်း ပြောရမယ်၊ မြုံနေတာက ဘယ်လိုသဘောလဲ’

‘ကွယ် ….မင်းသဘော၊ မင်းသဘော၊ ငါ့ကို ဘာမှမမေးပါနဲ့၊ မင်းသဘော’

ဒေါ်သိန်းမိသည် အင်္ကျီလက်မောင်း ပင့်တင်လိုက်ကာ အံကြိတ်၍ ကြည့်နေသည်။ ဦးအေးမောင်က ဘယ်သို့ ဘယ်ညာပြောလျှင် တစ်စက်မှ မခံဘူးဟု စိတ်တင်းထားသည်။ ဦးအေးမောင်ထံမှ အဖြေသည် ထင်သလိုမဟုတ်ဘဲ စိတ်မကောင်းသံ ရောနှောနေရာ တင်းထား သော စိတ်များ သည် အနည်းငယ် လျော့ကျသွားလေသည်။

‘ကျုပ်သဘောဆို ကြာလှပြီ ရောက်သွားတာ၊ ကျုပ်သဘောချည်းမလုပ်ချင်လို့ ရှင့်ကို မေးတာပေါ့၊ အခု ချက်ချင်း ထသွားမှာ လည်း မဟုတ်သေးပါဘူး၊ ရက်နီးတော့ သံကြိုးရိုက်ဖို့ စာရေး လိုက်ပါ့မယ်’

ဒေါ်သိန်းမိသည် အသာကိုယ်ရှိန်သတ်လိုက်ရသော်လည်း စိတ်ထဲ၌ မတင်မကျ ဖြစ်နေ လေ၏ ။ ဦးအေးမောင်က ဘုကျကျကလေးပြောလျှင် ရန်ကုန်သို့ နေ့ချင်းညချင်း ထွက်သွားမည် ဖြစ်သည်။ ဘုကျကျမပြောဘဲ မင်းသဘောဆို၍ အသာကလေးပြန်ကိုယ်ရှိန်သတ်ထားရသည်။

ဒေါ်သိန်းမိသည် ဦးအေးမောင်နှင့် သမီးအကြောင်းကို ဆက်မပြောသော်လည်း ဦးအေး မောင် ကွယ်ရာတွင် သမီးအကြောင်းချည်းပဲပြောနေလေသည်။ ကြားရသူတိုင်း နားညည်းသွား သည်။

‘ညည်းသိတဲ့အတိုင်းပဲ မယ်ဟန်၊ ယူဟဲ့….ယူဟဲ့…ဆိုလို့ အဖေအမေ စကားနားထောင်ပြီး လင်ယူလိုက်ရတာ ၊ သူ့ခမျာမှာ ဘာမှ သိတတ်သေးတာ မဟုတ်ဘူး၊ ညည်းတို့ မျက်စိအမြင်ပဲ၊ မအေးထဘီစဆွဲပြီး မအေနဲ့ တကပ်ကပ်နေတဲ့ သမီး၊ ဘာမဆို မအေအကြောင့် ကျ၊ အမေ့နို့သက်ခံ စို့တာ၊ လင်သာ ပေးစားလိုက်ရတယ်၊ ငါ့စိတ်ထဲ နို့စော်တောင်ပျောက်ဦးမှာ မဟုတ်ဘူးထင်တာ၊ မအေမို့ ပြန်မယ်ဆို ငိုပါလေရော၊ အိမ်ထောင်မကျခင်တုန်းက ငါတစ်ညနှစ် ညအိပ် ခရီးသွားရင် ညည်းနဲ့ ထားခဲ့တုန်းက ငိုသလိုပါပဲအေ၊ တရှုံ့ရှုံ့ငိုနေတာပါပဲ’

မယ်ဟန်၏ စိတ်ထဲ၌ လွန်လွန်းတယ်ဟု အောက်မေ့သည်။ သည်အိမ်လာ၍ သူ့မျက်နှာမြင် လျှင် သည်စကားပဲ ဆီးဆီးပြောနေသဖြင့် နားပူလာလေသည်။ ဆွေနီးမျိုးစပ်တော် နေ၍ ဆန့်ကျင် ဘက်မပြောရဲဘဲ အလိုက်အထိုက် ကြည့်ပြောရလေသည်။

‘ဟုတ်တာပေါ့ အစ်မရဲ့ ၊ သူ့ခမျာ မွေးခါနီး ဖွားခါနီး ဆိုတော့ အမေကိုမျှော်နေမှာ ပဲ၊ အစ်ကိုကြီးပါ ခေါ်ပြီး အစ်မ ရန်ကုန်သာပြောင်းနေဖို့ ကောင်းတော့တယ်’

‘ပြောင်းလို့ ဘယ် ဖြစ်မလဲအေ့၊ ကိုယ့်စီးပွားရေး လက်ငုတ်က ဒီမှာ ရှိနေတာ၊ ပြီး …ညည်း အစ်ကိုကြီးကလည်း ရန်ကုန်မှာ အသက်ရှူကျပ်တယ်လို့ နေတတ်တာ မဟုတ်တော့ မခက်လား၊ ခက်ပါတယ်အေ…ခက်ပါတယ်၊ ငါပဲ ဒုက္ခများ ပါတယ်’

ဒေါ်သိန်းမိသည် ပြောပြီး ဟင်းခနဲ ပင့်သက်ကြီးချလိုက်သည်။ မယ်ဟန်မှာ ငေးငိုင်ပြီး ကြည့်နေ၏ ။

‘အစ်မတော့ ဒုက္ခပါပဲ၊ အစ်ကိုကြီးလည်း သနားစရာပဲ၊ အစ်မမို့မရှိရင် မကြည်မသာနဲ့ ရွှင်ရွှင်ပျပျမရှိဘူး၊ အစ်မ မရှိတဲ့အခါ ကျွန်မပိုပြီး ဂရုစိုက်ပါတယ်၊ ကျွန်မအပေါ် မကျေနပ်တာရှိရင် အစ်မအပေါ် မဲနေမှာ စိုးလို့ အစစအရာရာ လိုလေသေးမရှိအောင် လုပ်ပေးကိုင်ပေးတာပဲ၊ အစ်မ အတွက် ကျွန်မလည်း မသက်သာဘူး၊ ဒီမှာ တစ်နေ့လုံး လာလုပ်နေရင် အိမ်ပြန်တော့ ဘိုးဆယ်က မူးမူးနဲ့ ရန်ထောင်ချင်သေးတယ်’

‘အမယ်လေးအေ….ဒီကောင်များ ဂရုစိုက်လို့၊ မူးရင်မူးတဲ့ခိုက်ပါ၊ ညည်းအစ်ကိုကြီးကို ညည်းက ဒီအကြောင်းကျပ်ကျပ်ပြော၊ ငါ့ကို ဒီအကြောင်းနဲ့ ရမယ်ရှာပြီး မသွားစေချင်ဘူး၊ ညည်း တို့ အဲသလို ပြောနေရင် သူ့ဆွေမျိုးတွေ က သူ့ကို ပိုဖိပြောကြမှာ ပေါ့၊ ဒီကောင့်အကြောင်း စကား ထဲ ထည့်မပြောစမ်းနဲ့၊ သင်း သောက်ချင်သလို သောက်ရအောင် တစ်ဖက်လှည့်နဲ့ ငါက ပေးနေ ရတာ ပဲ မဟုတ်လား၊ ညည်းတို့ကို ပေးကမ်းနေတာ အကုန်လုံး သူသိတာ မဟုတ်ဘူး သိရဲ့ လား’

မယ်ဟန်မှာ ရှေ့ဆက်မပြောရဲချေ။ ကိုဘိုးဆင် လခအပြင် တိတ်တိတ်ကျိတ်ပေးနေသော ငွေစများ ဖြင့် ရွှေစပင် ၀ယ်စုနိုင်သည့်အတွက် နှုတ်ဆိတ်သွားလေ၏ ။

မယ်ဟန်သည် ဒေါ်သိန်းမိအလိုကျအတိုင်း အိမ်လာတိုင်း ရန်ကုန်က သံကြိုးရောက်မ ရောက် အရင်မေးကြည့်သည်။

ဒေါ်သိန်းမိသည် စိတ်တထင့်ထင့်ဖြင့် သံကြိုးမျှော်နေသည်။ သံကြိုးမရောက်လာသဖြင့် စိတ်ပူပူ ဖြစ်နေပုံကြောင့် ဦးအေးမောင်မှာ စိတ်ရှုပ်ရှုပ်ဖြင့် ရန်ကုန်သို့ လွှတ်လိုက်ရလေ၏ ။

စူဠလိပ် ရေထဲလွှတ်လိုက်ရသလိုပင် ဒေါ်သိန်းမိသည် ရန်ကုန်၌ ၄-၅ လ သော င်တင်နေ လေ၏ ။ မအေးလှသည် မျက်နှာမြင်ပြီး မီးယပ်ကျိုး ကျိုးနေကာ အိပ်ရာထဲ၌ လဲနေလေသည်။

ဒေါ်သိန်းမိသည် လူမမာတစ်ဖက်၊ ကလေးနှစ် ယောက် တစ်ဖက်နှင့် ဒုက္ခများ နေလေသည်။

မအေးလှမှာ အတော် ကြီး နေမကောင်းသော ကြောင့် ဦးအေးမောင်မှာ ရန်ကုန်သို့ နှစ် ခေါက်သုံးခေါက် သွားကြည့်ရလေသည်။

ဦးအေးမောင်သည် တစ်ခေါက်နှစ် ခေါက်နှင့် မတူဘဲ ပြောင်းလဲနေပုံကို သတိပြုမိသည်။ နေကောင်းကောင်းချင်း ပြန်လာဖို့ရာ မှာ ကြားပြောဆိုသမှု မပြုတော့ဘဲ အေးအေးပင် ပြန်သွား တတ်၏ ။ အနေခက်သည်၊ အစားခက်သည်လည်း မရှိတော့ဘဲ အေးအေးချမ်းချမ်း ဖြစ်နေသော အရိပ်အခြည်တွေ ကိုပင် မြင်လိုက်ရသည်။

မအေးလှသည် အမာကိုမွေးဖွားပြီး အိပ်ရာထဲ၌ လဲနေကာ အရိုးပေါ်အရေသာ ကျန်တော့ သည်။ ဘယ်သူမှ မမှတ်မိအောင် ရုပ်ပျက်သွားသည်။ မျက်လုံး ဟောက်ပက်ဖြင့် ကမ္မဋ္ဌာန်းရုပ်ကို ကြည့်လျက် ဒေါ်သိန်းမိမှာ ရင်ထုမမနာ ဖြစ်နေလေသည်။

‘ငါ့သမီးလေး ဒီလိုနဲ့ပဲ တဖြည်းဖြည်း လုံးပါးပါးတော့မှာ ပါလား’

ဟု စိုးရိမ်စိတ်တို့ဖြင့် မွှန်ထူနေတော့သည်။

မောင်မြဦးမှာ ရုံးအလုပ်ကလည်းပူ၊ အိမ်ပြန်ရောက်လည်း တစ်ကွက်မှ စိတ်ချမ်းသာစရာ မတွေ့ ရ။ အရေး ထဲ ကူဖော်လောင်ဖက် မိန်းကလေးက အိမ်မှ ထွက်သွား၍ ဖတ်ဖတ်ဆာနေသော ယောက္ခမကြီးမှာ ရှေ့ကလို သူပြန်လာလျှင် ယုယလုပ်မနေတော့ဘဲ စိတ်တိုနေပုံရသည်။

‘ကဲ့ဟေ့ … မင်းက ကလေးထိန်းပါဦး၊ ငါဖြင့် တစ်နေ့လုံး ယားလို့တောင် မကုတ်အားဘူး၊ အလုပ်ကလည်း များ လိုက်တာ၊ လူမမာကလည်း တစ်နေ့ရွှေ၊ တစ်နေ့ငွေ၊ ငပေါကလည်း ဆော့ လိုက်တာ မျောက်ရှုံးနေတာပဲ မနိုင်ဘူး’

တစ်အိမ်လုံး ယောက္ခမ၏ ညည်းညူသံ၊ လူမမာ၏ ညည်းညူသံကလေးတွေ ၏ ငိုသံ ဆူသံ များ လွှမ်းမိုးနေလျက် မသာမယာ ဖြစ်နေသော အိမ်ဆီသို့ ရုံးကအပြန် အနိုင်နိုင်လျှောက် ပြန်လာ ခဲ့ရသည်။

အမေအို ပန်းနာသည်နှင့် တစ်သက်လုံးနေခဲ့ရသဖြင့် လူမမာဆိုလျှင် အနားမကပ်ချင် သလောက် စိတ်ကုန်ခမ်းသည်။ စိတ်မရှည်ရကောင်းသလားဟု လူနာက ပြန်စိတ်လုပ်လျှင် မချော့ဘဲ မမော့ဘဲ တစ်ယောက် တည်း ကျိတ်မြုံ၍ စိတ်ရှုတ်စိတ်ပျက်နေလေ၏ ။

ဒေါ်သိန်းမိသည် မော်လမြိုင်မှ ဘာသတင်းမျှ မကြား။ စာမရတာ လည်း ကြာမြင့်နေသဖြင့် ဦးအေးမောင်နေထိုင်များ မကောင်းသလားဟု တွေးတောလျက်ဈေးကအပြန် ပုဇွန်တောင်ဘက် သွားကာ အသိမိတ်ဆွေအိမ်တွင် မော်လမြိုင်လူကြုံသွားကြည့်လေ၏ ။

ဒေါ်သိန်းမိ လူကြုံသွားကြည့်သော အိမ်မှာ မော်လမြိုင်မှ ပြောင်းရွှေ့ကာ သစ်ဆိုင်ဖွင့်ထား လေသည်။

အသိအိမ်၌ မော်လမြိုင် လူကြုံမရှိ၍ ထပြန်ခါနီး ၌ သစ်ဆိုင်ရှင် ဦးဘိုးအုန်း၏ ဇနီး ဒေါ်ပန်း သည် ဒေါ်သိန်းမိကို ပြုံးကြည့်လျက် ….

‘လောလိုက်တာ နေစမ်းပါဦး’

ဟု တားနေသည်။

‘မ ဖြစ်ဘူး မပန်းရယ်၊ လူမမာရှိနေတော့ ဘယ်မှကြာကြာမနေနိုင်ဘူး၊ ဈေးဝယ်တာတောင် နောက်က ကျားလိုက်သလို ၀ယ်ရတာ ၊ သူ့ဆီက စာမရောက်တာ ကြာသွားလို့ ဘာများ ဖြစ်နေလို့ လဲ သိချင်လို့ ဒီဘက်လှည့်လာတာ သွားဦးမှ’

ဒေါ်ပန်းသည် ဒေါ်သိန်းမိ၏ ထဘီစကိ အတင်းဆွဲထားသည်။ ဒေါ်သိန်းမိမှာ တမင်ဆွဲနေ သည်မှတ်၍ ‘နောက်မှ လာမယ် မပန်းရယ်’ဟု ရုန်းရင်းပြောသည်။

‘ရှင့်ကို ပြောစရာရှိလို့ တားနေတာ၊ နေပါဦး၊ ကိုအေးမောင်ကြီးသတင်း ဘာလိုလိုကြား ပါကလား’

ဒေါ်သိန်းမိသည် ကိုယ်ကိုကြွပြီးမှ မျက်လုံးမျက်ဆန်ပြူးပြူးဖြင့် အသာကလေး ထိုင်ချလိုက် ကာ’ဘာကြားတာလဲ’ဟု မေးလိုက်သည်။

ဒေါ်ပန်းသည် မဲ့လိုက်လေ၏ ။ ဒေါ်သိန်းမိမှာ မျက်နှာပျက်နေလေသည်။

‘ရှင်နဲ့ ဘာတော် သလဲ၊ ရှင့်အိမ်ဝင်ထွက်နေတဲ့ မယ်ဟန်နဲ့ ညားနေသလိုလို တစ်မြို့လုံး ပြောနေကြတာရှင်မသိဘူးလား၊ မယ်ဟန်တို့ လင်မယားကွဲပြီး မယ်ဟန်က အခုရှင့်အိမ်ပေါ်မှာ ’

ဒေါ်သိန်းမိသည် မိုက်ခနဲ ဖြစ်သွားကာ ရင်ထဲ၌ တဆတ်ဆတ်ခုန်လာသည်။ စကားမပြော နိုင်အောင် ကြက်သေကြီးသေနေလျက် သူ့မျက်လုံးမှာ လည်း ၀ိုင်းနေလေ၏ ။

‘ရှင့်လဲ ဒုက္ခပဲ၊ ရှင့်သမီးကတစ်ဖက်၊ ယောက်ျားဆိုတာ ဒီလောက်ပစ်ထားလို့ ဖြစ်ပါ့မလား ရှင်၊ လူရိုးဆိုတာ သင်္ချိုင်းကုန်းမှာ ရှိတာ’

ဒေါ်သိန်းမိသည် ဈေးခြင်းတောင်းကို ဆတ်ခနဲ ဆွဲယူလိုက်ပြီး ကတုန်ကယင်နှင့် ထလိုက် လေ၏ ။ ဒေါ်ပန်းမှာ မျက်စိမျက်နှာပျက်နေသော ဒေါ်သိန်းမိကို စိတ်မကောင်းစွာ စိုက်ငေးကြည့် နေသည်။

‘ခေါင်းဖြူကြီး ငါ ကတော့ လူရိုးပဲဆိုပြီး ဒီဘက်ကဆိုရင် ဘာမှမပူဘဲ စိတ်ချနေမိတယ်၊ သိကြရောပေါ့အေ’

ဒေါ်သိန်းမိသည် အိမ်သို့ သုတ်သုတ် ပြန်ခဲ့လေသည်။ မီးဖိုထဲတွင် အယောင်ယောင်အမှား မှားဖြင့် ဟင်းအိုးတွေ ပျက်ကုန်ကာ တစ်ယောက် တည်း စိတ်တိုနေသည်။ သမီးကို ပြောရကောင်း မကောင်း စဉ်းစားဝေခွဲ၍ မရ ဖြစ်နေ၏ ။ သမက်သိမှာ လည်း ရှက်လှသည်။

တစ်နေ့လုံး ဘာလုပ်လုပ် အလွဲလွဲအချော်ချော်ဖြင့် နေမထိ ထိုင်မထိ ဖြစ်နေသည်။ မအေးလှသည် အိပ်ရာထဲ အမေဘာ ဖြစ်ပါလိမ့်ဟု တွေးနေသည်။ မောင်မြဦးသည် ရုံးမှအပြန် ဒေါ်သိန်းမိကို မြင်မြင်ချင်း အမ်းသွားလေ၏ ။ သားအမိချင်း ရန် ဖြစ်ကြသလား၊ ဘာ ဖြစ်ကြသလဲဟု အမျိုးမျိုးတွေးကာ မျက်နှာပူသွားသည်။ ဒေါ်သိန်းမိမှာ မျက်နှာမပျက်အောင် သတိထား၍ မရနိုင်၊ မဖုံးနိုင် မဖိနိုင်အောင် သိသိသာသာကြီး မျက်နှာကြီးပျက်နေလေ၏ ။

ဒေါ်သိန်းမိသည် မအေးလှ အိပ်ရာမှထသွားနိုင်သည်အထိ မျိုသိပ်ကာ အောင့်နေရသည်။ ထနိုင်သည်နှင့် တစ်ပြိုင်နက် မော်လမြိုင်သို့ လေယာဉ်ဖြင့် လစ်လေ၏ ။ ကြားရသော သတင်းမှန် မမှန် အကဲခတ်ချင်၍ အကြောင်းမကြားဘဲ တိတ်တိတ်လာခဲ့သည်။

ခရီးရောက်မဆိုက် အိမ်ပေါ်၌ သနပ်ခါးခြေဆုံးခေါင်းဆုံးလိမ်းထားသော မယ်ဟန်ကို တွေ့ သည်။ ဦးအေးမောင်မှာ အိမ်၌ မရှိချေ၊ မျက်နှာထားကြီးနှင့် အိမ်ပေါ်တက်လာသော ဒေါ်သိန်းမိကိုမြင်၍ မယ်ဟန်မှာ မျက်စိမျက်နှာပျက်သွားကာ ကြောင်နေလေသည်။

‘ငါလာတာ နှုတ်မဆက်နိုင်အောင် ညည်း ဖြစ်နေတာက ဘယ်အချိုးလဲ’

ဒေါ်သိန်းမိသည် ခါးထောက်ပြီး အသံကျယ်ကျယ်ဖြင့် ခပ်ထန်ထန်ပြောလိုက်သည်။

မယ်ဟန်သည် အာစေးထည့်ထားသလို ဘာမှမပြောနိုင်ဘဲ တစ်ကိုယ်လုံး တုန်နေလေသည်။

‘ညည်းကို ကျုပ်က အိမ်ကြည့်လိုက်ပါလို့ အပ်ခဲ့တာမဟုတ်ဘူး’

မယ်ဟန်သည် မျက်ရည်ပေါက်များ ပေါက်ပေါက်ကျလာကာ ‘အစ်မရယ် တိုးတိုးပြောပါ’ဟု ရှိုက်ရင်း ပြောလေ၏ ။

‘ဘာလဲ လူသိမှာ စိုးလို့လား၊ အထင်ကရ မဟုတ်ကြသေးဘူးလား၊ ကျေးဇူးကန်းတဲ့ မဟ၀ါ၊ အခုဆင်း ငါ့အိမ်ပေါ်က အခုဆင်း’

ဒေါ်သိန်းမိသည် လမ်းမက လူသွားလူလာများ ကြားလောက်အောင် အော်ဟစ်ပြောလေ၏ ။

အော်ဟစ်ပြောဆိုပြီး ဒေါသကို မချုပ်တည်းနိုင်ဘဲ မယ်ဟန်ကို တအားလှမ်းချလိုက်သည်။

မယ်ဟန်သည် ဖြန်းခနဲ ဖြစ်သွားကာ ပူထူလာသည်နှင့် ကက်ကက်လန်အောင် ပြန်ရန် တွေ့ လေ၏ ။

‘ရှင့်အိမ်ပေါ်မှာ နေချင်လွန်းလို့ နေတယ်မမှတ်နဲ့၊ ရှင့်လင်ကြီးက ရှင်ပစ်ထားလို့ သူ့ကို သနားပါလို့ တောင်းပန်လွန်းလို့ ဒီလို ဖြစ်ရတာ ၊ အခုမှ ဘာလာရမ်းနေသလဲ’

ဆူညံသံကြားသည်နှင့် အိမ်နီးနားချင်းများ ပြေးလာကြသည်။ ဒေါ်သိန်းမိကို ၀ိုင်း၍ ဆွဲထား ကြ၏ ။ မယ်ဟန်မှာ ဆင်းသွားရကောင်းနိုးနိုး၊ မဆင်းဘဲနေရ ကောင်းနိုးနိုး တွေ ဝေနေသည်။ အိမ်နီးနားချင်းများ က အကျယ်ကျယ်မပွားရန် ရှောင်ပေးဖို့ရာ ၀ိုင်းပြောတော့မှ သူ့အထုပ်သူဆွဲကာ ဆင်းသွားလေသည်။

မယ်ဟန်သည် ဦးအေးမောင်ရှိရာ ပွဲရုံသို့ တန်းသွားလေ၏ ။ ဒေါ်သိန်းမိသည် ဦးအေးမောင် ရှိရာ ပွဲရုံသို့ လိုက်သွားချင်လျက် အားလုံးက ၀ိုင်းဖျောင်းဖျကြ၍ အိမ်အပြန်ကို စောင့်ဆိုင်းနေရ သည်။ ဦးအေးမောင်သည် လူခြေတိတ် သန်းခေါင်ကျော်မှ အိမ်တံခါးကို လာခေါက်သည်။ ဒေါ်သိန်းမိမှာ ဆတ်ဆတ်တုန်သွားလျက် တံခါးထဖွင့်လိုက်သည်။ ဦးအေးမောင်သည် မျက်လုံးဝင်း ၀င်းနှင့် ၀င်လာလေ၏ ။

တစ်ညလုံး မျက်နှာချင်းဆိုင်ပြီး အကြီးအကျယ် ရန် ဖြစ်နေကြလေ၏ ။ မိုးလင်းခါနီး တွင် ဒေါ်သိန်းမိသည် ရန် ဖြစ်ရင် သူ့ပစ္စည်းအားလုံး ထုပ်ပိုးသိမ်းစုပြီးသွားသည်။

‘ဒီလို သစ္စာဖောက်လို့တော့ ဘယ်တော့မှ မပေါင်းဘူးမှတ်၊ ဟင်ဆိုရင် တို့က လှည့်ကြည့် တဲ အစားမျိုး မဟုတ်ဘူး၊ ပြတ်တယ်ဆိုအပြီးပဲ၊ ရှင့်ပစ္စည်းကို ရုံးကနေ တစ်ဝက်ခွဲတောင်းရမလား၊ ခွဲပေးမလား’

ဒေါ်သိန်းမိ၏ နောက်ဆုံးပြောသော အသံထွက်လာသည်။

‘မင်း မပေါင်းချင်ရင် ပြီးရောပေါ့၊ ရုံးတက်စရာ မလိုပါဘူး၊ ခွဲပေးမယ်၊ မနေချင် သွားနိုင် တယ’်ဟု ဦးအေးမောင်၏ နောက်ဆုံးအသံနှင့် အတူ အိမ်တံခါးဖွင့်သံ၊ ဆိုက္ကားထွက်သွားသော အသံဗလံများ ထွက်ပေါ်ဆူညံသွားကာ တဖြည်းဖြည်းတိတ်ဆိတ် ငြိမ်သက်သွားလေသည်။

တတိယမြောက်’အပု’ကိုမျက်နှာမြင်သော အချိန်၌ ယခင်အိမ်တွင် မဟုတ်တော့ချေ။ အိမ်ကို ထိုးရောင်းကာ အကြွေးတွေ ဆပ်ရသည်။ အိမ်ဘေး၌ မြေကွက်ကလေး ချန်လျက် အိမ် ကလေးတစ်လုံး ဆောက်နေကြရသည်။

ကလေးနှစ် ယောက် နို့ဘူးစရိတ်၊ မကျန်းမာကြသည့်စရိတ်၊ မသာတုန်းက ကုန်ကျခဲ့သည့် စရိတ်အထွေထွေဖြင့် အကြွေးတွေ နင့်နေသည်။ ကြွေးပူလှ၍ မောင်မြဦးမှာ အိမ်ကြီးကို မရောင်း ချင်ရောင်းချင်ဖြင့် ရောင်းလိုက်ရကာ အကြွေးကျေအောင် ဆပ်လိုက်ရသည်။

အိမ်ပြောင်းနေကြပြီးကတည်းက မောင်မြဦးမှာ တစ်စစပြောင်းလဲနေသည်။ အိမ်တွင် ရွှင်ရွှင်ပျပျ ရယ်ရယ်မောမော နေတယ်လို့မရှိ၊ ရုံးက ပြန်လာလျှင် သူ့မျက်နှာမှာ အုံ့နေသော မိုးကဲ့ သို့ မှု န်ငေးနေကာ သွက်သွက်လက်လက် အမူအရာမျိုးမရှိဘဲ လေးကွေးနေလေ၏ ။

‘ညည်းကို ငါမွေးထားတုန်းက ဒီလိုမဟုတ်ပါဘူး၊ အခုများ ဖြင့် ညည်းကြည့်ရတာ တစ်နေ့ ထက်တစ်နေ့ အရုပ်ကြီးလိုပဲ မလှုပ်ဘူး၊ ကိုယ့်လင်ပြန်လာရင်လည်း စကားစမြည် ပြောလို့ဆိုလို့ မဟုတ်ဘူး၊ အစစအရာရာ ငါချည်းပဲ ပြောဆိုနေရတယ်၊ မတုန်မလှုပ်နဲ့ ညည်းကြည့်ရတာ ငါအား မရလိုက်တာအေ’

မအေးလှသည် အမေ ဘာပြောနေနေ သူ့အချိုးကို မပြင်ဘဲနေလေသည်။

ကလေးတာဝန်၊ အိမ်တာဝန်နှင့် မိုးလင်းက မိုးချုပ်အလုပ်များ နေရသဖြင့် လင်နှင့် ထိုင်စကားပြောဖို့ရာ စိတ်ကူးထဲ၌ ပေါ်မလာ၊ အိမ်ထောင်သက်တစ်လျှောက်လုံး သူပြောစရာ စကား မရှိသလောက် စကားနည်းနေသည်။

ဒေါ်သိန်းမိမှာ မိုးလင်းရင် ဈေးသွား၊ ထမင်းဝိုင်းချက် ကလေးထိန်း၊ အိမ်ကြည့် စသော အလုပ်များ အပြင် သားမက် ကြည်သာအောင် သားမက်ပျော်ရွှင်အောင် စကားထိုင်ပြောရသော ၀တ္တရားကိုပါ ဂရုစိုက်လုပ်ရပြန်သည်။ သူစကားမပြောလျှင် လင်မယားနှစ် ယောက် နှုတ်ဆိတ်နေ ကြ၍ အားမရတိုင်း သူချည်းပဲ ရှေ့က ကြောင်းမှ ရှေ့ကပြောမှ စကားပြောကြသည့် အခြေအနေ မျိုးသို့ ရောက်နေလေ၏ ။

ဒေါ်သိန်းမိသည် သမီးကို ကြာလေအားမရလေ ဖြစ်မိတော့သည်။

‘ညည်းနှယ်အေ …ကလေးသုံးယောက် ရှိသေးတယ်၊ တကတည်းမှပဲ သနပ်ခါးတောင် မလိမ်းတော့ဘူး၊ ညည်းကြည့်ရတာ အမေအိုကြီးကျနေတာပဲ’

‘သြော် ….အမေကလည်း ဖြီးလိမ်းနေဖို့ ဘယ်မှာ များ အချိန်ရှိသလဲ၊ လိမ်းလည်းလိမ်းမနေ ချင်တော့ပါဘူး၊ ကလေးသုံးယောက် နဲ့ကို စိတ်ကုန်ပါတယ်’

ဒေါ်သိန်းမိသည် ဖင်မနိုင် ခေါင်းမနိုင် သားသည် အမေ ဖြစ်နေသော သမီးကို ကြည့်ကာ စိတ်ဆင်းရဲနေလေသည်။

‘ညည်းအဖေနဲ့ ကျုပ်နဲ့ ကွဲတာ ညည်းကုသိုလ်ပဲ၊ နို့မို့ရင်လား ….ညည်းကလေးတွေ နဲ့ ညည်း နေပုံထိုင်ပုံနဲ့ လူမွေးပြောင်မှာ မဟုတ်ပါဘူး’

မအေးလှမှာ သူ့အမေစကားပြောတိုင်း သူ့အဖေအကြောင်းပါတတ်သဖြင့် စိတ်လက်မချမ်း သာ ပို ဖြစ်ရသည်။ သူ့စိတ်ထဲ၌ သူ့အတွက်ကြောင့် အဖေနှင့် အမေ ကွဲရသည်ဟု ကျိတ်မြုံလျက် စိတ်ဆင်းရဲနေလေသည်။ ဖခင်အကြောင်း အမေ့ကို စပ်မိလို့မှ မပြောမိအောင် ရှောင်နေကာ စကားနည်းနိုင်သမျှ နည်းအောင်နေသည်။

မအေးလှ စကားနည်းသလိုပင် မောင်မြဦးမှာ အိမ်ပြန်လာလျှင် ငုတ်တုတ်ကြီးနေတော့ သည်။ တစ်ခါတစ်ရံ နေ၀င်မိုးချုပ်မှ ပြန်လာ၏ ။

‘မောင်မြဦး ဘာ ဖြစ်လို့ နောက်ကျနေသလဲ’

ဟု သူ့အမေက သူ့ကို မေးကြည့်သည်။

‘အမေ မေးမကြည့်ဘူးလား၊ ကျွန်မ မေးမကြည့်ဘူး’

ဟု ပြောလိုက်သည်။

တစ်ပတ်တစ်ခါလောက် အိမ်သို့ နောက်ကျပြန်လာနေရာမှ တစ်ပတ်နှစ် ခါသုံးခါလောက် နောက်ကျပြန်လာသော အခါ၌ ဒေါ်သိန်းမိသည် သူက အရင်မမေးတော့ဘဲ သူ့သမီးမှတစ်ဆင့် မေးမြန်းကြည့်သည်။

‘မသိဘူး အမေရဲ့ ….မေးမကြည့်ဘူး’

ဒေါ်သိန်းမိသည် မေးစမ်းကြည့်အောင် သွေးထိုးပေးသည်။ အိမ်ပြန်နောက်ကျသည့်ကိစ္စနှင့် ပတ်သက်၍ တွတ်တွတ်တွတ်တွတ်နှင့် သမီးကို မာန်လိုက် မဲလိုက်နှင့် ပင် မေးခိုင်းနေ၏ ။ မောင်မြဦး၏ အရိပ်အခြည်မှာ တစ်နေ့ထက်တစ်နေ့ မူပြောင်းနေလေသည်။

‘ကိုင်း …ညည်းမေးမလား၊ ကျုပ်မေးရမလား ပြောစမ်းပါဦး၊ ညကိုးနာရီမှ ပြန်နေတာ၊ ကျုပ် က ညတိုင်းချည်းမေးနေရတော့ ကောင်းဦးမလား’

မအေးလှသည် တုပ်တုပ်မျှမလှုပ်ဘဲ သူ့အလုပ်ကို သူလုပ်နေချေသည်။ သူ့မျက်နှာမှာ အ သက်ကင်းမဲ့သော မျက်နှာကဲ့သို့ ဘယ်အရိပ်အရောင် မျှမပြဘဲ သေနေလေ၏ ။

‘ငါ့အပေါ် ဆက်ဆံတာတော့ အရင်အတိုင်းပဲ၊ ညည်းအပေါ် ဆက်ဆံတာ ညည်းစိတ်ထဲ အရင်နဲ့တူတယ်လို့ ထင်ရဲ့ လား …ဟင်’

ဒေါ်သိန်းမိက စိတ်ပူပန်စွာ မေးနေချေလျက် ဘာမှပြန်မပြော၍ ခပ်ငေါက်ငေါက် ထပ်မေး လိုက်သည်။

‘အရင်လိုပါပဲ အမေရဲ့ ’

မအေးလှသည် အလုပ်ရှာ၍ ထသွားလေသည်။ ဒေါ်သိန်းမိမှာ အားမလို အားမရ မချင့်မရဲ ဖြင့် မျက်မှော င်ကြုတ်ကာ အသာကြိတ်နေလေ၏ ။

မအေးလှ နေနိုင်သော်လည်း ဒေါ်သိန်းမိမှာ မနေနိုင်ချေ။ ခါတိုင်းလို ဆီးမေးရမှာ လည်း ခါတိုင်းလိုမဟုတ်ဘဲ မူပျက်နေ၍ သူက နေ့ရှိသရွေ့ မေးရန် တစ်နေ့ထက်တစ်နေ့ခက်နေသည်။

ပထမတွင် မသိချင်ယောင်နေ၏ ။ ထို့နောက် သုံးခါလောက်ရှိလျှင် တစ်ခါလောက် မေး ကြည့်၏ ။ ရုပ်ရှင်ကြည့်သည်၊ စာဖတ်အသင်းသွားသည် ဟူသော အဖြေနှစ် ခုကို တစ်ခုပြီးတစ်ခု တစ်လှည့်စီ ဖြေလေသည်။ မေးရတာ ပင် ခက်လာလေသည်။

မောင်မြဦးသည် ညဆယ်နာရီက တစ်ခါတစ်ရံ တစ်ချက်နှစ် ချက်မှ ပြန်လာလေ၏ ။

ဒေါ်သိန်းမိမှာ အိပ်ရာထဲ၌ အိပ်ချင်ယောင်ဆောင်နေကာ မြုံနားထောင်နေသည်။ မအေးလှ သည် တံခါးထဖွင့်ပေးကာ ဘာမှမပြောဘဲ အိပ်ခန်းထဲသို့ ၀င်သွားလေသည်။ မောင်မြဦးသည် ထမင်းစားပွဲ၌ ထိုင်ကာ ထမင်းစားပြီးနောက် အိမ်ခန်းထဲသို့ ၀င်သွားကာ တံခါးပိတ်သံကြားရသည်။ ဒေါ်သိန်းမိသည် တစ်ချိန်လုံး နားစိုက်နေလျက် တံခါးပိတ်သံကြားရတော့မှ ဟင်းခနဲ သက်ပြင်းကြီး ချကာ အိပ်တော့လေ၏ ။

သည်လိုနှင့် ပင် ရက်တွေ လတွေ ကြာညောင်းလာ၏ ။ သမီးကို အကဲခတ်သည်။ အမျိုးမျိုး ကျိတ်မေးသည်။ မအေးလှသည် ဘယ်လိုမေးမေး မလှုပ်ဘဲနေ၏ ။ မေးဖန်များ လျှင် ’အရင်အတိုင်း ပါပဲ အမေရဲ့ ’ဟု ပြောကာ မူမပျက် မတုန်မလှုပ်ကြီးလုပ်နေလေ၏ ။

မအေးလှ မူမပျက်သော်လည်း မောင်မြဦး မူပျက်နေသည်မှာ အထင်အရှား ဖြစ်နေ၏ ။ ရှေးကပါးစပ်ဖျားတွင် သား …သား….ဟု သီးနေခဲ့သော စကားလုံးတို့သည် တစ်စစစဲသွားချေပြီ။ ယောက္ခမနှင့် ကြာရှည် မျက်နှာချင်းမဆိုင်ရဲသလိုလို ရှောင်ဖယ်ဖယ်လုပ်နေသော မူဟန်များ မှာ သိသာထင်ရှားလာလေသည်။ အိမ်ပြန်နောက်ကျသည့်ကိစ္စသည် အမေးရခက် အတွေးရခက်ကာ ဒေါ်သိန်းမိရင်ထဲ၌ မတင်မကျချည်း ဖြစ်နေတော့သည်။ လခထုတ်လာလျှင် တစ်ပြားမကျန်အပ် သဖြင့် တောင်တောင်အီအီလည်း မတွေးရဲချေ။

‘ဘာများ စိတ်တိုင်းမကျလို့လဲ’

ဟု အမျိုးမျိုးအဖုံဖုံ အလိုစမ်းကြည့်ပြန်သည့်တိုင်း ထူးခြားချက်မရှိ၊ ရုပ်ရှင်ကြည့်နေ၍ စာဖတ်အသင်းသွားနေ၍ ဟူသော အဖြေဖြင့် အိမ်ပြန်နောက်ကျသော ရက်တွေ လတွေ သာ ကုန်လာခဲ့ကာ တွတ်နီကလေး ကိုယ်ဝန်ရှိလာလေသည်။

ဒေါ်သိန်းမိသည် သမီးက ဘာမှမလှုပ်သဖြင့် မောင်မြဦး အိမ်ပြန်နောက်ကျသော ကိစ္စမှာ ရက်တွေ ကြာတော့လည်းရိုးသွားလေသည်။

အမှန်စစ်စစ် သားမက်ပဲ အားကိုးရန် ရှိတော့သည်။ ပစ္စည်းခွဲဝေပေးမည် ဟု ဦးအေးမောင် က ပြောသာပြောလျက် ပစ္စည်းခွဲဝေခန်းသို့ မရောက်နိုင်ဘဲ သမီးအိမ်ထောင်နှင့် လုံးချာလည်နေ ကာ မော်လမြိုင်သို့ မသွားနိုင်ချေ။ ရုတ်တရက် မော်လမြိုင်သွားရန်လည်း ရှက်နေ၏ ။ ပစ္စည်း ဘာလုပ်ဖို့တုန်းဟု စိတ်အားတင်းကာ ဦးအေးမောင်အပေါ်၌ အခဲမကျေနိုင်အောင် ဖြစ်နေတုန်းပင် သားမက်က ကြည်ကြည်ဖြူဖြူရှိသားပဲဟု သားမက်နှင့် လှည့်ဖြေကာနေရသည်။

ဒေါ်သိန်းမိသည် ဦးအေးမောင်အကြောင်းကို မတွေးမိအောင် စိတ်ကို တတ်နိုင်သမျှ ချုပ် ထားသည်။ မော်လမြိုင်က အသိများ မြင်လျှင် ဝေးဝေးက ကွေ့ရှောင်သည်။

ဈေးသွားဈေးပြန် ခေါင်းငိုက်စိုက်ဖြင့် ခပ်သုတ်သုတ်သွားပြန်နေစဉ် တစ်နေ့တွင် မော်လမြိုင်မှ မိတ်ဆွေတစ်ဦး၏ သားကဈေးထဲ၌ ဈေးဝယ်နေတုန်း ပခုံးလာကိုင်နှုတ်ဆက်သည်။

‘ဟေ့ ….မောင်ထွန်းပါလား၊ မင်းရန်ကုန်မှာ အလုပ်လုပ်တယ်ဆို၊ တို့အိမ်တောင် မလာဘူး’

မောင်ထွန်းသည် မျက်နှာပျက်ပျက်ဖြင့် ပြုံးနေသည်။

‘မောင်မြဦးရုံးကို မင်းတစ်ခါတလေ ရောက်တယ်ဆို၊ ငါလည်း မောင်မြဦးပြောမှ မင်းဒီမှာ ရှိမှန်းသိတယ်၊ ဘာ ဖြစ်လို့ အိမ်မလာသလဲကွဲ့’

မောင်ထွန်းသည် လက်ကို ဝှေ့ယမ်းလျက် ပြုံးစိစိလုပ်နေကာ ဒေါ်သိန်းမိကို မကြည့်ဘဲ ဈေးတန်းကြီးကို ငေးကြည့်လျက် ဆက်ပြောလိုက်သည်။

‘မလာတာတော့ ကြီးကြီးရာ၊ ကျွန်တော် က သူတို့ကြားထဲ ရှုပ်တယ် ဖြစ်မစိုးလို့ပါ၊ ကြီးကြီး သားမက်အကြောင်း ကြီးကြီးသိတယ်မဟုတ်လား’

ဒေါ်သိန်းမိ၏ ခေါင်းသည် ပုဝင်သွားကာ မျက်တောင်များ တဖျပ်ဖျပ်ခတ်လျက် မောင်ထွန်း စကားမဆုံးမီ ၀င်ပြောလေသည်။

‘နေပါဦးကွဲ့ နေစမ်းပါဦး၊ မောင်မြဦးအကြောင်း မင်းသိသလား၊ မင်းသိတာကြာပြီလား’

ဒေါ်သိန်းမိသည် သိချင်ချင်ဖြင့် မြန်မြန်ပြောအောင်အစ်လိုက်သည်။ ငယ်ထိပ်ထဲ သွေး ရောက်လာကာ မူးဝေေ၀ပင် ဖြစ်လာလျက် ရင်တွေ ပန်းတွေ တုန်လာလေသည်။

‘ကြာပါပြီ ကျွန်တော် သိတာ၊ သူတို့မှာ နောက်ပိုင်း ကလေး တစ်ယောက် ပဲ ရနေပြီဟာ’

ဒေါ်သိန်းမိသည် မိုက်ခနဲ ဖြစ်သွားလေ၏ ။ လမ်းပေါ်၌ လဲမသွားအောင် ကြိုးစား၍ သတိ ကြပ်ကြပ်ထားကာ မွှန်ထူပြောလိုက်သည်။

‘သူ့ဟာမ၍ ဘယ်ကလဲကွဲ့’

‘ကြီးကြီး မသိသေးဘူးလား၊ သူရုံးက စာရေး မပဲ၊ အရင်ယောက်ျားနဲ့ကွဲပြီး သူနဲ့တစ်ခါ ညားနေတာ၊ သူတို့ရတဲ့ ကလေးပဲ ကြီးလှပြီ၊ ဒီမိန်းမက သိပ်အပြုအစုကောင်းတာပဲ၊ ကြီးကြီး သားမက်ကို သိပ်ယုတာပဲ၊ ကလေးရှိပေမယ့် ပိုက်ဆံတစ်ပြားမှမယူဘူး၊ သူက အကုန်ခံလိုက်သေး သတဲ့’

ဒေါ်သိန်းမိသည် ခေါင်းကို ဆတ်ဆတ်ညိတ်ပြလျက် အသည်းထဲစိမ့်နာသွားကာ ဘာပြန် ပြောရမှန်းမသိချေ။ သိချင်ယောင်ဆောင်ကာ ဖြတ်သန်းမေးနေသော မျက်နှာပေးကိုမပြောင်း မိအောင် ဣနြေ္ဒဆယ်နေရသည်။ သိပ်အပြုအစုကောင်းတယ် သိပ်ယုယတယ်ဆိုသဖြင့် သူ့ရင်ထဲ၌ လှုပ်ရှားနေကာ နှလုံးကိုလေရိုက်နေသဖြင့် မူးမလဲအောင် သတိကြပ်ကြပ်ထားနေရသည်။

ဒေါ်သိန်းမိသည် မောင်ထွန်းကို ဘယ်လိုပြန်နှုတ်ဆက်လိုက်မှန်းပင်မသိ။ ၀ယ်စရာချမ်း စရာကျန်တာတွေ လည်း မမှတ်မိ၊ ဘာမှသတိမရဘဲ ကျပ်မွှန်နေကာ သူ့ခြေထောက်မှာ အိမ်ဘက် သို့ သုတ်သုတ်လှမ်းနေတော့သည်။

မီးဖိုထဲ၌ မအေးလှသည် မျက်ရည်မကျစေအောင် စိတ်ကို ခိုင်ခိုင်ကြီးထားလျက် သူ့ခေါင်း ကို ငုံ့ထားသည်။

‘ညည်းသိရမယ်၊ ညည်းမသိဘူးဆိုတာ မဟုတ်ဘူး’

မအေးလှသည် ဈေးကအပြန် အလောသုံးဆယ်စစ်ဆေးမေးမြန်းနေသော အမေကို ‘မသိပါဘူး’ ဟု ဘူးကွယ်ငြင်းဆိုနေသည်။

‘တော် တယ်ဆိုမှ ယောင်းမမြင်းစီးထွက်တယ်၊ ရိုးမလိုလိုနဲ့ အာဂအကောင်၊ အချိန်မတော် ပြန်နေကတည်းက ခြေလှမ်းပျက်ပါတယ်လို့ ငါပြောနေတာ အရင်အတိုင်းပါပဲဆို၊ ကဲ…ဘယ့်နှယ် လဲ ဟိုမှာ ကလေး တစ်ယောက် နဲ့တဲ့၊ ညည်းသိရဲ့ လား’

ဒေါ်သိန်းမိသည် တိုးတိုးတိတ်တိတ် စစ်နေရာက အသံကျယ်လာသည်။ မအေးလှမှာ မောင်မြဦး နိုးသွားလျှင် မကောင်းမှာ စိုး၍ စကားရှည်ရှည်မပြောဘဲ ဘူးခံနေသော်လည်း အခြေအနေမှာ ဆိုးလာလေကာ သူ့အမေပါးစပ်ကို ဘယ်လိုပိတ်ရမှန်း မသိအောင် အကြံရကျပ် နေလေ၏ ။

‘အမေရယ် တိုးတိုးပြောပါ’

‘အောင်မယ် ဒါမျိုးကျရင် ငါက မတိုးဘူး၊ ခုနစ်သံဟစ်မှာ ညည်းသိသလား၊ မသိဘူးလား မှန်မှန်ပြောစမ်း’

မအေးလှမှာ မျက်နှာသေလေးဖြင့် မလှုပ်ဘဲနေ၏ ။

‘ငါမေးနေတာ မထုံတက်တေးနဲ့ ဘာလဲ’

ဒေါ်သိန်းမိ၏ အသံမှာ အခန်းထဲမှ ကြားလောက်၍ မအေးလှမှာ ရေငုံမနေနိုင်တော့ဘဲ တိုးတိတ်သော အသံလေးဖြင့် ပြောလေသည်။

‘သူပြောလို့ သိတာပဲ အမေရဲ့ ၊ ဘယ့်နှယ်လုပ်တော့မလဲ၊ ဟိုမှာ လဲ ကလေးရှိနေပြီဆိုတော့’

‘အောင်မယ်လေး၊ လူချင်းလဲလိုက်ချင်တယ်၊ မအေ့သမီး မအေလို လာမလား မှတ်ပါတယ်၊ ချင်းစိမ်းနဲ့မိတ်သလင် သူကြင်မှ ကိုယ်ကြင်မယ်၊ ငါက ဒါမျိုးဆိုရင် တစ်ရက်မပေါင်းဘူး’

မအေးလှသည် ပြောချင်ရာပြောပေ့စေဟု ငုံ့နေလေသည်။ သူ့အမေက သူ့အဖေကို မာနထောင်နိုင်သော်လည်း အမေအိမ် အဖေ့အိမ် ပြန်နေစရာမရှိသော သူ့ဘ၀မှာ မာနမထောင်နိုင် သဖြင့် ကလေးတွေ နှင့် ဖြစ်သမျှ စင်းခံဖို့ရာသာရှိသည်ဟု တွက်ထားပြီး ဖြစ်သည်။

ဒေါ်သိန်းမိသည် သမီးက မတုန်မလှုပ် ဖြစ်နေသဖြင့် ပိုမို၍ ဒေါသထွက်လာကာ မျက်စိထဲ ဘာမှမမြင်ဘဲ သားမက်ကို ဓားနှင့် သာ အပိုင်းပိုင်းခုတ်ပစ်ချင်သလောက် စိတ်ထွက်နေလေ၏ ။

‘ညည်းကို ကလေးရမှပြောတာဟာ ဘယ်တုန်းက ညားနေသတဲ့လဲ ပြောစမ်း’

‘ကျွန်မမီးယကပ်ကျိုး ကျိုးပြီး မမာနေတုန်းက အဲဒီ မိန်းမနဲ့ စ ဖြစ်မိတယ်တဲ့၊ အမာလေး မွေးတုန်းက အမေရဲ့ ’

‘အံပါရဲ့ အေ၊ ဘာကိစ္စ ငါ့ကို ညည်းဖုံးထားသလဲ ပြောစမ်း ပြောစမ်း’

မအေးလှမှာ သည်မျှလောက်နှင့် ပြီးလိုက်ချင်သည်။ မပြောမချင်း ရှည်နေမှာ ကြောင့် အုပ်ဆိုင်းဆိုင်းအသံဖြင့် ဖြေနေသည်။

‘အမေလည်း အဖေနဲ့ ကွဲလာတော့၊ ကျွန်မ မပြောချင်တာနဲ့ မပြောတာပါ အမေရယ်’

မအေးလှအသံမှာ တုန်နေလေ၏ ။ ဒေါ်သိန်းမိမှာ ငိုင်သွားလေသည်။ ငိုင်နေရာမှ မကျေ မချမ်းအသံကြီး ထွက်လာပြန်သည်။

‘ညည်းကိုပြောတော့ သူတို့ကလေးရပြီးမှ ပြောသလားမရခင်က ပြောသလား

‘မရခင်ဘဲ ပြောပါတယ်’

‘ဒါနဲ့များ ညည်း တစ်ယောက် ပြီး တစ်ယောက် ကလေးမွေးနေရသေးလားဟင်’

ဒေါ်သိန်းမိသည် စက်ဆုပ်ရွံ့ရှာသော မျက်နှာထားနှင့် အော်ဂလီဆန်သလို ပြောလိုက်သည်။ ပြောပြီးမဲ့နေ၏ ။

မအေးလှသည် ရင်ထဲ၌ အလိပ်လိပ်တက်လာလျက် လှိုင်းခွပ်နေသော်လည်း မျက်ရည် မကျစေအောင် စိတ်ကို ခိုင်ခိုင်ကြီး တင်းထားလေသည်။ သူ့အမေ ခြေရာနင်းရန် သူ့စိတ်ထဲ၌ မရှိဘဲ၊ သူ့အမေခြေရာမနင်းရန် သူ့စိတ်ကို ပိုင်ပိုင်ကြီး ဆုံးဖြတ်ထားခဲ့သည့်အတိုင်း သူ့အမေက ဆဲဆဲဆိုဆို ခံဖို့သာ ရှိတော့သည်ဟု အောက်မေ့သည်။

ဒေါ်သိန်းမိသည် ထိုနေ့ကစ၍ မောင်မြဦးကို စကားလုံးလုံးမပြောတော့ပေ။ သူ့စိတ်ထဲ၌ သမီးနှင့် သားမက်ကို အကြိမ်ကြိမ်ခွဲကြည့်နေသည်။ သူတို့လင်မယားခွဲပြီး သူတို့သားအမိကို သူက ဈေးရောင်းကျွေးရန်အခါမလပ်စဉ်းစား စိတ်ကူးလည်းကြည့်၏ ။ စဉ်းစားစိတ်ကူးနေခိုက် မော်လမြိုင် ၌ မီးလောင်သော သတင်းကြားရသည်။ အိမ်ကြီးရော ပွဲရုံပါ မီးထဲပါသွားသည်ဟု သိရသည်။

ဒေါ်သိန်းမိ စဉ်းစားစိတ်ကူးနေသော ကြံလုံးဖန်လုံးတို့မှာ မျောက်သစ်ကိုင်းလွတ် ဖြစ်သွား ရလေသည်။ မော်လမြိုင်အကြောင်းကို ထည့်၍ မျှ မစဉ်းစားချင်တော့ပေ။ ဦးအေးမောင်ကို သေ သလို အောက်မေ့ထားလိုက်သည်။ မော်လမြိုင်အကြောင်းကို ဖျောက်၍ ရနိုင်သော်လည်း သားမက် အကြောင်းမှာ ဖျောက်၍ မရဘဲ မျက်စိရှေ့မှော က်၌ နေ့စဉ်နှင့် အမျှ စိတ်ဆင်းရဲလျက် အကုသိုလ် ဖြစ်နေလေသည်။

ဒေါ်သိန်းမိ စကားမပြောကတည်းက မောင်မြဦးမှာ သူ့အကြောင်း သိသွားပြီဟု ရှန့်တန့် တန့် ဖြစ်သွားသည်။ ယောက္ခမကို မျက်နှာပူပူဖြင့် ရုံးပိတ်သည့်နေ့တွင် အိမ်၌ မနေချေတော့ဘဲ မိုးလင်းတာနှင့် ထွက်လေ၏ ။ ညဥ့်နက်သန်းခေါင်မှ ပြန်လေ၏ ။ အိမ်နေလျှင် မယားကလည်း စကားနည်းနည်း ၊ ယောက္ခမကလည်း စကားမပြော။ အပါတို့ အမာတို့နှင့် သာ စကားပြောနေရ သည်။ သားသမီးတွေ နှင့် ဆော့ကစားနေသလို အဖော်လုပ်နေလေကာ အချိန်ကျလျှင် ထွက်သွား လေ၏ ။

ဦးအေးမောင်နှင့် ကွဲလာခဲ့စဉ်က သားမက်ကို ရှက်ရှက်ဖြင့် အတော် ကြာကြာ ဖုံးဖိထားပြီး အတန်ကြာမှ ဖွင့်ပြောပြသည့်အခါ၌ မောင်မြဦးသည် ချိုသည် ခါးသည် ဘာမျှ ၀င်မပြောဘဲ ဆိတ် ငြိမ်စွာ နားထောင်လျက်နေသည်။ အဖေ တစ်ယောက် လုံး ဖြစ်နေ၍ ဆိုးသည် ကောင်းသည် ဘာမျှ မပြောဘဲ နေတာပဲဟု ထင်မှတ်မိခဲ့သည်။ သားမက်အကြောင်းသိရတော့မှ အတူတူနှင့် အနူနူမို့ မြုံနေတာဟု ခုမှပဲ စားမြုံပြန်ကာ သားမက်ကွယ်ရာတွင် စပ်မိတိုင်း ဆဲဆိုနေလေသည်။

မအေးလှသည် သူ့အမေ ဘယ်လိုဆဲဆဲ မကြားသလို လုပ်နေသည်။ သူ့လင် ဘယ်အချိန် ပြန်ပြန် တံခါးဖွင့်ပေးလိုက် သည်။ ဘယ်အခါ ကြည့်ကြည့် သူ့မျက်နှာမှာ ပြုံးသည် ရယ်သည်မရှိ။ မျက်နှာမှာ အစဉ်သဖြင့် မျက်နှာသေကလေးနှင့် ဖြစ်သည်။ အိမ်ကလေးထဲတွင် အမေနှင့် ခပ်လှမ်း လှမ်းသို့ မဟုတ် လင်သားနှင့် ခပ်လှမ်းလှမ်းနေရာမျိုးကို ရွေးကာ အလုပ်နှင့် လက်နှင့် မပြတ်ဘဲ ခပ်ကုပ်ကုပ် ခပ်ရှောင်ရှောင်လုပ်နေတတ်သည်။

သမီးက ဘာမှ ဖြစ်ပုံမပြဘဲ မှန်မှန်ကြီး သူ့အချိုးအတိုင်းတွေ့ နေရမြင်နေရလေလေ ဒေါ်သိန်းမိမှာ မျက်ရည်တကျတည်း ကျနေလေလေ ဖြစ်နေပေ၏ ။ ကြားသိစက ဒေါသကို မထိန်း နိုင်ဘဲ ပေါက်ကွဲသွားပြီးနောက် ရင်ထဲ၌ တမြည့် မြည့် ဆွေးချည်တစ်လှည့်၊ ရင်ထဲ၌ တမြိုက်မြိုက် လောင်ချည်တစ်လှည့်ဖြင့် တစ်နေ့ထက်တစ်နေ့ ရင်ထဲ၌ မချမ်းသာကာ ပိန်ချုံးကျသွားလေ၏ ။

မအေးလှသည် အိမ်ထဲတွင် စက်ရုပ်ကဲ့သို့ မူမပျက်၊ အချိန်ရှိသရွေ့နှင့် သူ့အရှိန်နှင့် သူ လည်နေလေကာ အပြင်တွင် ကလေး တစ်ယောက် လေးဘက်တွားလျှင် ၀မ်းထဲ၌ ပဋိသန္ဓေရှိနေ ကျအတိုင်းပင် ကလေးငါးယောက် မွေးခဲ့ပြီးနောက် ယခုလည်း ပူတူးမလေးဘက်ထောက်သည့်အခါ တွင် ကိုယ်ဝန်ကြီး နှင့် ခြေထောက်များ ဖောရောင် နေကာ တစ်လလောက် အိပ်ရာထဲ လဲနေခြင်း ဖြစ်သည်။

သန်းခေါင်ကျော်သွားလေပြီ။ အပြင်ဘက်တွင် ပြင်းထန်စွာ လေတိုက်နေသည်။ လေသံ တွေ ထဲတွင် မိုးသံပါ ပေါင်းလာလေသည်။ မကြာမီ မိုးရေတို့သည် တံခါးကို တဖြန်းဖြန်းလာရိုက် နေကြသည်။

ဒေါ်သိန်းမိသည် အပြင်ဘက်မှ လေသံမိုးသံများ ကို သတိမထားမိချေ။ သူ့အတွေးနှင့် သူ နောက်ကြောင်းတွေ ကို အစမှအဆုံးတိုင် ပြန်ပြောင်းလျက် တစိမ့်စိမ့် တွေးနေတုန်းပင်။

သူ့အတွေးတို့ဖြင့် သူ့ရင်တွင်း၌ လေမုန်တိုင်းကြီး ဆင်နေသည်မှာ အပြင်ဘက်မှ မိုးသံ လေသံထက်ပင် ပြင်းထန်နေချေသည်။ ဒေါ်သိန်းမိသည် တစိမ့်စိမ့် တွေးရာမှာ တစိမ့်စိမ့် နာကျင် ခံခက်လှကာ တဆတ်ဆတ်တုန်နေချေသည်။ တစ်ချိန်လုံး ဒေါသနှင့် သည်မာနကကို ထိန်းနိုင်မည့်  သိမ်းနိုင်မည့် အရာကိုလည်း သူမတွေးမိနိုင်ချေ။ ရင်ထဲ၌ ပင်ပန်းဆင်းရဲနေသော ဒုက္ခကို ငြိမ်းအေး သွားစေနိုင်သော အရာသည် မရှိဘူးမဟုတ်ရှိသည်။ သူ့ဘက်မှသူ သူ၏ ချို့ယွင်းချက်များ ကို ပြန်လှန်ပြီး တွေးမြင်မိမည် ဆိုလျှင် ဒေါသနှင့် မာနသည် သူ့ရင်ထဲမှ ရွေ့လျောသွားကာ သက်သာ ရာ ရစရာရှိပေသည်။ သို့ ရာတွင် ဒေါ်သိန်းမိသည် သူ့ဘက်မှ ချို့ယွင်းခဲ့လေသော ချို့ယွင်းချက် တွေ ကို တစ်စက်မှ မတွေးမိချေ။ မျက်မှော က်တွေ့ ကြုံခံစားနေရသော ဒေါ်သိန်းမိ၏ ဒေါသမီးကို ရဲသထက်သာ ရဲလာစေသည်။

ခြင်ကောင်တွေ ၀ိုင်းခဲထား၍ ဒေါ်သိန်းမိ၏ တစ်ကိုယ်လုံး ပူထူနေပြီ။ အသက်အရွယ်နှင့် မလိုက် တစ်နေ့လုံး ဖတ်ဖတ်ဆာ မောပန်းလာခဲ့ပြီးနောက် သန်းခေါင်ချဉ်းသည့်အထိ မမှေးရသေး သော ဘ၀ကို အခါခါ နာကြည်းနေသော ဒေါသတို့သည် မိုးမွှန်၍ သာ နေလေရာ အပြင်ဘက်မှ တဒုန်းဒုန်းထုနေသော အသံများ သည် နားမခံသာအောင် ဆင့်ကဲ ဆင့်ကဲ ကျယ်လောင်လာသည်။

ထိုအခါမှ ဒေါ်သိန်းမိသည် တံခါးကို လှမ်းကြည့်လိုက်သည်။ ထမဖွင့်ဘဲ နေလိုက်ချင်သည်။ ထမဖွင့်ဘဲ ထားလိုက်ချင်သည်။ အပြင်မှ ထုနေသော တဒုန်းဒုန်းအသံများ သည် ဆင့်ကဲဆင့်ကဲ ထုနေရာမှ အဆက်မပြတ် တစ်ဆက်တည်း ထုနေလေရာ အိမ်ကလေးပါ သိမ့်သိမ့်ခါ၍ နာချေသည်။

ဒေါ်သိန်းမိသည် ဘယ်ဘ၀ရောက်ရောက် မဖွင့်ပေးဘူးဟု စိတ်ကို တင်းထားလိုက်သည်။ စိတ်ကို တင်းကြည့်လိုက်မှ သူ့စိတ်နှင်သူ့ကိုယ် မဟုတ်သော ဘ၀ကို ပြန်မြင်သဖြင့် တားမရ ဆီးမရ မျက်ရည်ပေါက်ကြီးများ တစ်ပေါက်ပြီး တစ်ပေါက် ယိုစီးကျလာပြန်သည်။

ဒေါ်သိန်းမိသည် မျက်ရည်သုတ်ပြီး ထိုင်နေရာမှ ကျုံး၍ ထသည်။ မောပန်းသဖြင့် တံခါး နားတွင် တစ်ခဏမှီနေရ၏ ။ သူ့လက်များ မှာ ဆတ်ဆတ်တုန်နေလေသည်။ သူသည် တံခါးမင်းတုပ် ကို ကိုင်ထားလျက် တစ်စက္ကန့်လောက်အတွင်း သူ့ခေါင်းမှာ ချာချာလည်နေလေသည်။ မင်းတုပ်ကို ဆွဲချလိုက်ရန် အလွန်ဝန်လေး ခက်ခဲနေချေသည်။ တစ်မိနစ်လောက်ဝန်လေးခက်ခဲဆုတ်ဆိုင်းနေ ပြီးမှ တုန်တုန်ချည့်ချည့်ဖြင့် ဖွင့်လိုက်ရသည်။

ချောက်ခနဲတံခါးပွင့်သွားသော အခါ မိုးရေတို့သည် အထဲသို့ ဖြန်းခနဲ တအားပက်စဉ်ဝင်လာ ကြသည်။ သူ့ရှေ့၌ မျက်လုံးဝင်းဝင်းနှင့် မြင်လိုက်ရသော မောင်မြဦး၏ မျက်နှာသည် သူ့မျက်လုံး ထဲ၌ လင်မယားချင်းကွဲခဲ့သော ညက မျက်လုံးဝင်းဝင်းနှင့် ဦးအေးမောင် ဖြစ်နေတော့သည်။

* * *



ဝန်ဇင်းချစ်သူများ ဂျာနယ်ကျော်မမလေး ၏ “ တွေးတစိမ့်စိမ့် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


လက်ရွေးစင်ဝတ္ထုတိုများ(၁၉၄၁-၁၉၈၁)

စိတ်

ရင်နင့်အောင်မွှေး