Cover

ဂျာနယ်ကျော် ဦးချစ်မောင်၏ အမှာ

(အထူးမှာ ကြားချက် ။ ။ ဝတ္ထုကောင်းတစ်ခုကို စိတ်အနှောင့်အယှက်မရှိဘဲ အေးအေး ဖြောင့်ဖြောင့် ဖတ်လိုသူများ သည် ဤ နိဒါန်းကို ကျော်သွားနိုင်သည်။ ထမင်းစားပြီးစ ဘယ်လမ်းကို မဆို ဘယ်လိုယာဉ်ကြမ်းမျိးဖြင့် ပင် သွားရ သွားရ၊ မတုန်လှုပ်ဘဲ သွားနိုင်သည့် အဆောင့်ခံနိုင်ရည် ရှိသူများ သာ ဤနိဒါန်းကို ပထမဖတ်ပြီးမှ ဝတ္ထုကို ဖတ်သင့်ပေသည်။)

ရွှေလင်းယုန်

ယောက်ျားများ သည် အကျပ်အတည်းကျလျှင် ကျားကျားလျားလျား မားမားမတ်မတ် ထ၍ ဆောင်ရွက်တတ်လျက် မိန်းမတို့မှာ အကျပ်အတည်းကျလျှင် ငိုဖို့သာ တတ်သည်ဟူ၍ လူအများ စိတ်ဝယ် ထင်မှတ်နေကြလေသည်။ စင်စစ်သော်ကား ထိုသို့ မှတ်ထင် ယူဆသူများ သည် သဘောတရားအစစ်အမှန်ကို နားမလည်သော ကြောင့် သာ ထိုကဲ့သို့ မျတ်ထင်ယူဆကြခြင်း ဖြစ်လေသည်။ သဘောတရားအစ်အမှန်ကို တကယ်နားလည်သော အခါ မိန်းမသည် ယောက်ျားထက် အဆပေါင်းများ စွာ သန်မာ ဇွဲကောင်း၍ ယောက်ျား ဖြစ်သူမှာ ၎င်းထက် သန်မာဇွဲကောင်းသည့် မိန်းမဆိုသော အဖော်အလှော်မရှိလျှင် လူ့လောက၌ လူလိုမနေဘဲ တိရစ္ဆာန်များ အကြားတွင် တိရစ္ဆာန်လိုနေသူနေ၍ တောတောင်များ အကြားတွင် ရသေ့ ရဟန်းလို နေသူတို့မှာ နေကုန်ကြမည် ကား အမှန်မုချပင် ဖြစ်လေသည်။ ထို့ပြင် လောကကြီးတစ်ခုလုံးပင် မြန်မြန်ဆိတ်သုဉ်းဖို့ ရှိလေသည်။

ယောက်ျားများ သည် ကိုယ်လုံးကိုယ်ထည်အားဖြင့် မိန်မထက် သန်မာထွားကျိုင်း သော ကြောင့် သာ မိန်းမများ ၏ ရှေ့က ဟန်တစ်လုံး ပန်တစ်လုံး လုပ်ကာ မားမား မတ်မတ် ရပ်လာခဲ့ခြင်း၊ ရပ်နေသေးခြင်း ဖြစ်လေသည်။

မိန်းမများ မှာ ယောက်ျားများ ထက် ကိုယ်လုံးကိုယ်ထည်သေး၍ သွားလေရာ၌ ယောက်ျားများ ၏ နောက်ကလိုက်ခြင်းဖြင့် မိမိထက် သန်မာထွားကျိုင်းသူကို အသိအမှတ်ပြုကာ အညံ့ခံသော်လည်း စိတ်ဓာတ်အရာတွင် ယောက်ျားကို မိမိထက် သန်မာထွာကျိုင်းသူဟု မထင်မှတ်နိုင်ဘဲ ထားရကား တကယ့်အကျဉ်းအကြပ်၌ မိမိသာ တကယ်အနိုင်ရသူ ဖြစ်သည် ဟူသော အသိတရားသည် ယောက်ျားတို့၏ နော်ကက လိုက်နေရသည့် ဗဟိဒ္ဓသဏ္ဍာန်ပုံပန်းကို သည်းခံ အောင့်အည်းစေလေသည်။ ထိုအသိတရားသာ ခံမနေက မိန်းမများ သည် တကယ်ရော၊ ဟန်လုပ်ရာတွင် ပါ ယောက်ျားများ ၏ ရှေ့က နေကြမည် သာ ဖြစ်လေသည်။

ဒိုင်းနမိုတစ်လုံးသည် မြင်းအကောင် ၁ ကောင်၊ ၂ ကောင်မှစ၍ အကောင် အရာအထောင် အားအထိနှင့် ညီမျှလေသည်။ အရီးတော် ဆရာ မဟာထေရ်ကျော် ကန်တော် မင်ကျောင်းသည် မိန်မ တစ်ယောက် ၏ အားကို ယောက်ျားတစ်သိန်း၏ အားနှင့် အညီ ညှိ၍ သွားလေသည်။ ‘တစ်သိန်းအားနှင့် ယူသော်မရ၊ တစ်ယေက်အားနှင့် ယူသော်ရ၏ ’ ဟု ဆိုသော စကားသည် ယောက်ျားတစ်သိန်းနှင့် မိန်းမ တစ်ယောက် ၏ အားကို ညှိ၍ ပြသည် မဟုတ်ဟူ၍ ယောက်ျားပညာ ရှိတို့က ကိုယ်လိုရာ ဆွဲယူငြ်းဆိုကြမည့် အရေး ကို မဟာထေရ်ကျော် ကန်တ်ာမင်ကျောင်းသည် ကောင်းကောင်းကြီး ကြိုတင် သိမြင်ထားသည့်အလား၊ ထိုစာပိုဒ်နှင့် တစ်ဆက်တည်းပင် ရေး သား သွားတော် မူသည်ကား ‘ယောက်ျားကို စေသော် မပြီးနိုင်၊ မိန်းမကိုစေသော် မခံနိုင်’ ဟူ၍ ဖြစ်လေရာ ထိုစာပိုဒ်များ ၌ ပြထားသော မိန်းမ၏ အင်အားကို မည် သည့် ဉာဏ်ကျယ်သော ယေက်ျားများ အတင်းလုမယူနိုင်ပြီ။

မဟာသုတကာရီတွင် ‘ဣတ္ထိရူပ၊ သဒ္ဒစသား၊ ဂန္ဒရသာ၊ ဖောဋ္ဌဗ္ဗာဟု၊ ငါးဖြာအပုံ၊ ဤအာရုံကား၊ မြှေးထုံမောဟ၊ ဤလောက၌ ၊ ရာဂမကင်း၊ ကိုယ်တွင်းမဆိတ်၊ ယောက်ျားစိတ်ကို၊ မပိတဆို့နိုင်၊ ယိမ်းယိုင်ကိုယ်လုံး၊ ကျုံး၍ ပစ်သို့ ၊ ပြစ်ပြစ်ကုန်စင်၊ မွှေမမြင်အောင်၊ ဆင်ခြင်ဉာဏ်ကင်း၊ မကြွင်းစေကြောင်း၊ စိတ်ကောင်းဟူသမျှ၊ ပြုန်းပြုန်းကျ၏ ’ ဟူ၍ လည်းကောင်း၊ ‘အက္ခဏဝေဒိ၊ တတ်ခေါင်ထိသား၊ လေးကြီးအရာ၊ လိမ္မာလေ့ကျက်၊ လျှပ်တပြက်တွင် ၊ အဆက်အဆက်၊ ခုနှစ် ချက်နှင့် ရှစ်ချက်လျင်လျား၊ ပစ်နိုင်အားသည့်၊ ယောက်ျား တို့လျက်၊ တချက်လွှတ်လျှင်း၊ မြှားတစင်းသာ၊ နှစ် စင်းပူးပြိုင်၊ မလွှတ်နိုင်ကြ၊ မိန်းမတိုပမှာ ၊ ရူပါသဒ္ဒ၊ ဂန္ဒရသာ၊ ဖောဌဗ္ဗာဟု၊ ကိလေသာရုံ၊ ဆိပ်ပုံငါးစင်း၊ တ ချက်ချင်း ဖြင့် ၊ မကင်းရာဂ၊ ပုရိသကို ၊ ကျန်ရမဟဲ့၊ ကြွင်းမဲ့အရှောင်၊ ကုန်အောင်တပြိုင်၊ ရွယ်ဆိုင်ခဏ၊ ပစ်နိုင်ကြ၏ ၊ ဘာဝကိစ္စ၊ ထိုမိန်းမတို့၊ ကာမသတ္တု၊ အစုငါးပုံ၊ လိုမျိုးစုံအောင်၊ အာရုံ ၅ ပါး၊ ကျင်းမထားပြီး၊ ယောက်ျားတို့ကို၊ အလိုသွေးဆောင်၊ တွေ့ တိုင်းလှောင်၍ ၊ ရအောင်ဘန်းပြ၊ ရစ်နိုင်ကြတူ’ ဟူ၍ လည်းကောင်း မန်လည်ဆရာတော် ဘုရားကြီးသည် မိန်းမနှင့် ယောက်ျား အင်အား မည် သူက တကယ်ကြိးမားသည်၊ မည် သည့်အတွက် ကြီးမားသည်ကို ထုတ်ဖော်ဝန်ခံထားသည်။

ယောက်ျားမှာ သတ္တိရှိ၏ ။ မိန်းမမှာ ဇွဲရှိလေသည်။ သတ္တိမှာ တစုံတခုကို စ၍ လုပ်ကိုင်ဝံ့သော ၊ လုပ်ကိုင်တတ်သော စိတ်ဓာတ်သာ ဖြစ်လေသည်။ ဇွဲမှာ စ၍ လုပ်မိသော အလုပ်နှင့် တကွ၊ ထိုအလုပ်၏ တာဝန်အရပ်ရပ်ကို အဆုံးတိုင် နောက်မဆုတ်ဘဲ ဇွတ်နှစ် ၍ ဆက်လက်လုပ်ကိုင် ခံယူနိုင်သော အင်အား ဖြစ်လေသည်။ ယောက်ျားသည် သတ္တိသာရှိ၍ ဇွဲမကောင်း၊ မိန်းမမှာ ဇွဲကောင်း၍ သတ္တိမရှိချေ။ ဤကား ယေဘုယျသဘော ဖြစ်လေသည်။ သတ္တိ သမားသည် စရုံသာစ၏ ၊ မဆုံးချေ။ ဇွဲသမားသည် မိန်းမယူသော အခါ သတ္တိရှိသော အလုပ်တစ်ခုကို လုပ်လေသည်။ သို့ သော် သူ၏ သတ္တိသည် ကလေးမွေးသော အခါ ကလေး၏ ဒဏ်ကို ခံယူနိုင်သည်အထိ အစွမ်းမထက်ချေ။ အိမ်ထောင်ပြုပြီးသည့် အခါ အိမ်တွင်းရှိ အိမ်ထောင်ဝန်အမျိုးမျိုး ထမ်းနိုင်သည်အထိ အစွမ်းမရှိချေ။ သို့ ဖြစ်၍ ပို၍ လွယ်သော အိမ်ပြင်ထွက်၍ စီးပွားရှာသော အလုပ်ကို လုပ်လေသည်။

မိန်းမများ ကာ ဇွဲကောင်းသူများ ဖြစ်၍ တည်မိသော အိမ်ထောင်၏ တာဝန်အရပ်ရပ်ကို မရွေးချယ်ဘဲ ရဲဝံစွာ နေ့နှင့် အမျှ ထမ်းဆောင်နိုင်ခဲ့လေသည်။ မြို့ကြီးပြကြီးများ ၊နိုင်ငံကြီးများ ၊လူမျိုး များ သည် ယောက်ျားများ ၏ သတ္တိကြောင့် ကြီးကျယ်ထွန်းကားကြသော်လည်း မိန်းမများ ၏ ဇွဲမပါရှိလျှင် ထိုမြို့ကြီး၊ပြကြီး၊နိုင်ငံကြီးနှင့် လူမျိုးကြီးငယ်တို့မှာ အရှည်တည်တံ့နိုင်ဖွယ်ရာ မရှိချေ။

ယောက်ျားသည် ရှေ့ကသွားသူ ဖြစ်၏ သိုသော် နောက်က ကပ်၍ လိုက်မည့် သူမရှိလျှင်ရှေ့ ကသွားနေသော အလုပ်ကို အနှေးနှင့် အမြန် ငြိးငွေ့ကာ စွန်လွှတ်ပစ်လိုက်မည် သာ ဖြစ်လေသည်။

နောက်က ကပ်၍ လိုက်နေသူသည် မိမိထက်ညံ့သူ ဖြစ်သည်။ မိမိထက်အားနည်းသူ ဖြစ် သည်။ မိမိကိုသာ မှီခိုနေရသူ ဖြစ်သည်ဟူ၍ ၎င်း၏ စိတ်တွင် ပိုင်ပိုင်ကြီး ယူဆသဘောပေါက်ပါမှလည်း ထိုယောက်ျားသည် ရှေ့ကသွားသော အလုပ်ကို လုပ်မည် ဖြစ်လေသည်။ ရှေ့ကသွားသော အလုပ်တွင် သာယာနိုင်မည် ဖြစလေသည်။ ထိုနည်းဖြင့် ထွက်ပေါ်ရရှိသည့် သာယာသော စိတ်ကလေးကြောင့် သာ ယောက်ျားတို့၏ ဇွဲဆိုသော စကားမှာ ပေါ်လာရလေသည်။ဤမျှလောက်စကားဖြင့် ယောက်ျားနှင့် မိန်းမတို့၏ သဘောတရားတို့ နားလည် သင့်နိုင်ပေပြီ။

ယောက်ျားတို့သည် ကမ္ဘာနှင့် တကွ ကမ္ဘာ့လုပ်ငန်းခွင်ကြီးများ ကို အုပ်ချုပ်ကြ၏ ထို့သို့ ကမ္ဘာ ကိုအုပ်ချုပ်သော ယောက်ျားများ ကို မိန်းမများ က နေအိမ်တွင် တစ်ဖန် အုပ်ချုပ်ကြပြန်လေသည်။

သူတပါးကို နှိပ်ပေးနေရသူသည် ထိုသို့ နှိပ်ပေးရသည့်အခါတိုင်းတွင် ကိုယ်တိုင်တစ်လှည့် အနှိပ်ခံကြည့်ချင်လေသည်။ ယောက်ျားများ သည် ကမ္ဘာလူသူ့ရေး ရာတို့ကို နေ့စဉ်နှိပ်ပေးနေကြ၏ ။ သို့ ဖြစ်ရာ ၎င်းတို့ကိုယ်တိုင် အလုပ်ခွင်မှပြန်၍ အိမ်သို့ ရောက်သော အခါ အနားယူသည့် သဘောနှင့် အနှိပ်ခံချင်ကြလေသည်။ သိုပသော် ၎င်းစိတ်တွင် မိမိတို့အား နှိပ်ပေးသူများသည် မိမိတို့နှင့် တန်းတူလူများ မဟုတ်။ မိမိတို့ကို မှီခိုနေရသဖြင့် မိမိတိုပအလိုအတိုင်းလုပ်ကိုင်ရသော အစေအပါးအသုံးတော် ခံများ သာ ဖြစ်သည်ဟု၍ ထင်မှတ်ယူဆလိုကြလေသည်။ ဤကား ယောက်ျားတို့၏ စိတ်ကြီးဝင်ခြင်းပင် ဖြစ်လေသည်။ သို့ သော် ယောက်ျားတို့က ရှေ့က သွားနေသော လောက၌ မိန်းမတို့မှာ လည်း ရှေ့ကသွားရန် သတ္တိမရှိသော အချိန်တွင် မိန်းမများ နှင့် ပတ်သက်၍ ယောက်ျားများ ပြောရာသည် တင့်တယ်နေလေသည်။ စင်စစ်အားဖြင့် ယောက်ျားသည် မိန်းမနှင့် ကင်း၍ မ ဖြစ်နိုင်။ မိန်းမသည် ယောက်ျားနှင့် ကင်း၍ မ ဖြစ်။ တစ်ယောက် ကို တစ်ယောက် အထောက်အပံ့ ကျေးဇူးအတုံ့အပြန် ပြုနေကြရသည်။ ထိုကျေးဇူသည် နှစ် ဦးစလုံးအတွက် ကောင်းသည်ဟု မျှတစွာ ယူတတ်လျှင် မိန်းမသည် ယောက်ျား၏ အကောင်းဆုံးအဖော်၊ ယောက်ျားသည် မိန်းမ၏ အကောင်းအဆုံးအဖော်ဟု နားလည်လာကြလျှင် တစ်ဦးက တစ်ဦးထက် ဘာ ဖြစ်သည်၊ ညာ ဖြစ်သည် ဆိုတော နိုင့်ထက်စီးနင်း စကားမျိုး ရပ်စဲသွားကာ အသက်ရှင်နေသည့် အချိန်ကာလကလေးအတွင်း ခွန်းကြီး ခွန်းငယ် ပြောရသော စကားစစ်ပြေငြိမ်း၍ အိမ်ထောင်ချမ်းသာမှု ကို ရကြလိမ့်မည် ။

တိုင်းပြည်တစ်ပြည်သည် အိမ်ထောင်ပေါင်းများ စွာ ၏ စုဝေးရာပင် ဖြစ်ရာ အိမ်ထောင်ချမ်း သာမှု ကိုရလျှင် တိုင်းပြည်ချမ်းသာမှု ကို ရနိုင်လေသည်။ လင်မယားရန် ဖြစ်လျှင် နှစ် ယောက် စလုံးတွင် အစာကြေမည် မဟုတ်။ ယောက်ျားအစာမကြေလျှင် ဝေဒနာရမည် ။ ထိုဝေဒနာသည် ယောက်ျား၏ လုပ်ရိုးလုပ်စဉ်အလုပ်တာဝန်များ ကို ကောင်းကောင်းလုပ်၍ မရ အောင် နှောက်ယှက်ဖျက်ဆီးလိမ့်မည် ။ ယောက်ျား၏ တာဝန် ယွင်ပျက်လျှင် တိုင်းပြည်နိုင်ငံရေး ရာ ၌ ထိခိုက်လိမ်မည် ။ မိန်းမအစာမကြေလျှင် ဝေဒနာရမည် ။ထိုဝေဒနာသည် ယောက်ျား၏ လုပ်ရိုးလုပ်စဉ် အလုပ်တာဝန်များ ကို ကောင်ကောင်းလုပ်၍ မရအောင် နှောက်ယှက်ဖျက်ဆီးလိမ့် မည် ။မိန်းမ၏ တာဝန် ယွင်ပျကလျှင် အိမ်ထောင်၌ ထိခိုက်လိမ့်မည် ။ အိမ်ထောင်ထိခိုက်လျှင် တိုင်ပြည်လည်း ထိခိုက်လေသည်။

ကျောင်းလာခါနီ ဆရာကတော် နှင့် အိမ်က စကားများ လာ၍ ကျောင်သားများ အား ဖိပြီးမာန်မဲ ကြိမ်းမောင်း ရိုက်နှက်သော ဆရာများ ကို ကျွန်ုပ်တို့ အကြိမ်တစ်ခါမက ကိုယ်တိုင်မတွေ့ ဖူးလျှင် ယုတ်စွအဆုံး တစ်ဆင့်စကား ကြာကောင်းကြားဖူးခဲ့ကြပေလိမ့်မည် ။

နိုင်ငံသစ်တစ်ခု ထူထောင်ရာ၌ မိန်းမနှင့် ယောက်ျား၊ ယောက်ျားနှင့် မိန်းမ ကိုယ်စီကိုယ်စီ တာဝန်အရေး ကြီးပုံကို နှစ် ဖက်စလုံးက သိမြင်၍ နှစ် ဖက်စလုံးက စိတ်ထားကောင်းကောင်းဖြင့် ပူးပေါင်းဆောင်ရွက် သွားပါမူ အလိုရှိအပ်တောင့်တအပ်သော နိုင်ငံတော် ကြီးကို မြန်မြန်ကြီး ထူထောင်နိုင်မည့် အပြင် ကြာကြာကြီးလည်း တည်တံ့နေနိုင်မည် ဖြစ်လေသည်။ ယခုအထိ ထို့သို သဘောမပေါက်ကြသေး၍ မိန်းမများ ၏ အစွမ်းကို ရှုတ်ချသူ၊ အထင်သေးသူ၊ အသုံးမဲပြု၊ ရန်လုပ်သူတို့ အမြောက်အမြား ပေါ်ထွက်နေကြလေသည်။

ဤကိုသဘောပေါက်ရန် မည် သူက တာဝန်ယူမည် နည်း။ မိန်းမကလော၊ ယောက်ျားကလော။

ယခင်တစ်ခတ်က နိုင်ငံရေး ၊ တိုင်ပြည်ရေး တွင် မိန်းမများ ၏ ဝိသေသထူးခြား စွမ်းအားများ ကို မည် သို့ အသုံးချနိုင်သည်ကို ‘မမလေး’ အမည် ခံဆောင်းပါးရှင်သည် ဂျာနယ်ကျော် တွင် မကြာမကြာ ရေး သားလာခဲ့သည်ကို ကျွန်ုပ် သတိပြုမိပေသည်။ ထိုဆောင်းပါများ သည် အလွန်အရေး ကြီးသည့် ဆောင်းပါးများ ဖြစ်သည်ဟု ယူဆနေသော မှော င်အတိကျနေသည့် မိုးကောင်းကင်တွင် လျှပ်စစ်ပြတ်သကဲ့သို့ တစ်ချက်တစ်ချက်တွင် မှ ဝင်းလက်နိုင်ခဲ့လေသည်။

ယခင်ခေတ်က အနည်းငယ်သော ချွင်းချက်မှ တပါး ရုပ်ရှင်များ ၊ဝတ္ထုများ ၊ ပွဲများ တွင် မိန်းမ သည် အရေး ကြောင်း တစ်စုံတစ်ခု ဖြစ်ပေါ်လာက ထိုအရးအကြောင်းမှ လွတ်မြောက်ရန် တစ်စုံတရာ အားမထုတ်ဘဲ ယောက်ျားကိုဖက်ပြီးငိုနေသည့်အကြောင်းကိုသာ သရုပ်ပေါ်အောင်ပြ ခဲ့လေသည်။ ယောက်ျားများ ၏ ပညာဖြင့် အကြံရကြပ်နေသော အကျပ်အတည်းမျိုးထဲမှ မိန်းမကိုယ်တိုင်က လွတ်မြောက်အောင် ကြံစည်ရုန်းထွက်သည့် ဇာတ်လမ်းမျိုးကိုပင် အဖတ်မကြားအတွေ့ မမြင်ခဲ့ရပေ။

သို ဖြစ်၍ ယခုဤဝတ္ထုကလေးကို အမှားရေး ရန်အတွက် ကျွန်ုပ် ကြိုတင်ဖတ်ရူခွင့်ရသဖြင့် ဖတ်ရှုကြည့်သော အခါ များ စွာ လိုအပ်သော ဝတ္ထုမျိုး ဖြစ်နေသည်ကို တွေ့ ရ၍ ဝမ်းမြောက်မိပေသည် ။ဤဝတ္ထုမျိုးကို ယခုထားရှိသော သဘောတရားများ အရ မိန်းမ တစ်ယောက် သာ ရေး နိုင်ပေမည် ။ ယောက်ျား တစ်ယောက် သာ ရေး ရက မိန်းကလေးနှစ် ယောက် ရှိသည့်အနက် တစ်ယောက် ယောက် ဖြစ်စေ၊ နှစ် ယောက် စလုံး ဖြစ်စေ ရန်ကုန်အထိလိုက်၍ ငိုပြလိုက်ရုံဖြင့် နှစ် ထောင့်ငါးရာကိစ္စ ပြီးသွားပေလိမ်မည် ။ ယခုသော် မိန်မ တစ်ယောက် ရေး သည့်အတွက် မိန်းကလေးများ မှာ အကြပ်အတည်းတစ်ခုမှ လွတ်မြောက်ရန်အကြံမယူရသေး၊ လမ်းမမြင်ရသေးစဉ်သာ ပူပန်မိကြသည်။ ထိုမျှဖြင့် မရပ်ဘဲ သာမန်မျှသာ စိတ်ကူးရှိသည့် စာရေး ဆရာ တစ်ယောက် စဉ်စား၍ ရနိုင်မည် မဟုတ်သော နည်းလမ်းဖြင့် အခက်အခဲမှ ဂုဏ်ယူနိုင်လောက်စွာ ကျော်နင်းလာ နိုင်ခဲ့သည်ကို ကျွန်ုပ်တို့တွေ့ ရှိရလေသည်။

ဤဝတ္ထုသည် စာရေဆရာမိန်းမ၏ ဉာဏ်စွမ်းသာမဟုတ်၊ မိန်းမမျး၏ ငုပ်နေသော အစွမ်းကိုလည်း ပြလေသည်။ မိန်းမသည်လည်း သူ့နည်းနှင့် သူအကျပ်အတည်းတစ်ခုကို ဣနြေ္ဒရရ ကျကျနနကြီး ကျောနင်းကာ ဂုဏ်ဆယ်နိုင်ခဲ့သည်ကို တွေ့ ရပေလိမ့်မည် ။ ဤဝတ္ထုပါ စိတ်ဓာတ်မျိုးဖြင့် မိန်းမများ သည်တကယ့်ဘဝတွင် အစွမ်းအစကို ပြကြမည် ဆိုပါက နိုင်ငံတော် တည်ထောင်မှု ၊ကမ္ဘာထူထောင်မှု လုပ်ငန်းကြီးများ သည် ဦးထမ်းပဲ့ထမ်းဖြင့် လွန်စာလွယ်ကူ မြန်ဆန်လာပေလိမ့်မည် ။

စာရေသူက ၎င်း၏ ဝတ္ထုကို ‘သက်သက်-သက်သက်’ ဟူ၍ ပေးထားသော်လည်း ထုတ်ဝေသူများ က ဤဝတ္ထုကို ‘သူ(မ)’ ဟူ၍ အမည် တပ်ချင်ကြလေသည်။ ကျွန်ုပ်ရေသော ‘သူ ’ ဝတ္ထုသည် ယောက်ျားများ စိတ်ဓာတ်မွန်မြတ်ဖို့ အထူးသွန်သင်သော ဝတ္ထုတစ်ခု ဖြစ်၍ ဤဝတ္ထုမှာ လည်း မိန်းမများ စိတ်အားယုတ်လျော့ဖို ကိုယ့်အစွမ်းကို ကိုယ ကျကျနနကြီးထုတ်ဖို့ အထူဒလမ်းညွှန်ထားသော ဝတ္ထုတစ်ခု ဖြစ်ရကာ “သူ(မ)” ဟုလိုက်၍ ပေးစားအမည် တပ်ခြင်းကို ကျွန်ုပ် မကန့်ကွက်လိုသည့်အပြင် များ စွားပင် သဘောကျ နှစ် ခြိုက်မိပေသေးသည်။

“သူ” ဟူေုသာ ယောက်ျားဝတ္ထုသည် “သူ(မ)” ဟူသော မိန်းမဝတ္ထုတစ်ခု အဖော်ရလာသော ကြောင့် နှစ် ခုစလုံး ဖတ်ရှုရသော ပရိသတ်များ အတွက်ပိုမိုအဓိပ္ပာယ်ပြည့်စုံကာ လောကတာဝန်ကို ကျေပြွန်စွာ လည်းကောင်၊ ပြည့်စုံစွာ လည်းကောင်း ထမ်းဆောင်နိုင်ဖို့ ဖြစ်လာလိမ့်မည် ဟု ယုံကြည်မျှော်လင့် ရပေသည်။

“သူ ” ဝတ္ထုထဲတွင် ပါရှိသည့် ဇတ်လိုက် ကိုမြင့်မောင်လို ယောက်ျားမျိုးမျာများ ပေါ်ထွက်ဖို့ လိုသလိုဤ “သူ(မ)” ဝတ္ထုတွင် ပါရှိသည့် ဇတ်လိုက်သက်သက်လို မိန်းကလေးမျိုးလည်း များများ ပေါ်ထွက်ဖို့ လိုအပ်ရကား ကိုမြင့်မောင်များ ၊ သက်သက်များ များ ပြားလာသော နေ့တွင် ကျွန်ုပ်တို၏ နိုင်ငံတော် ကြီးသည် ထိပ်တန်းရောက်ရှိ၍ ထိုထိပ်တန်းတွင် ကြာရှည်မြဲမြံစွာ တည်တံ့နေနိုင်လိမ့် မည် ဟု မျှော်လင့်ယုံကြည်ရပေသတည်း

ရွှေလင်းယုန်

♥ ♥ ♥


(၁)

လေးကြောင်းရန်ကင်းရှင်းသည့် အချက်ပေးဥသြသံသည် တရစပ်မြည် နေလေသည်။ အဆွဲအငင်ဖြင့် ဖျစ်ညှစ်၍ အော်မြည် နေသော ဥသြသံမှာ နားထဲမှ ရင်ထဲပေါက်အောင်ပင် စူးရှ သည်။ အကာလညဥ့်အခါ၌ ရင်နှစ် ခြမ်းကွဲအောင် ထ၍ အူနေသော ခွေအူသံကြီးလိုပင် ဥသြသံလည်း ဆိုးဆိုးရွားရွား အတောမသတ် အူနေဆဲပင်။

မြေမှု န့်နှင့် မီးခိုးများ တစ်မြို့လုံးဖုံးဝေနေလျက် လူများ မှာ မြေကျင်ထဲမှ လမ်းပေါ်သို့ အလျှိုလျှိုထွက်လာကြသည်။ အချို့လည်း မီးလောင်ရာဘက်သို့ ဦးတည်၍ ပြေးသွားကြသည်။ လမ်းပေါ်တွင် လူတွေ ကို ရှောင်ရှားလျက် ‘လှ’သည် စွတ်ပြေးလားကာ မြေကျင်ထဲသို့ ပြန်ဝင်သွားသည်။ အတန်ကြမှမြေကျင်းထဲက ထွက်လာတော့ကာ မောပန်းစွားဖြင့် ခေါင်းငိုက်စိုက်ချလျက်လျှောက်လာသည်။ ‘လှ’ ခေါင်းမှ ဆံပင်များ မှာ ဖွာလန်ကြဲလျက် ပုံပန်းပျက် လျက်နေသည်။ မြေမှု န့်များ လိမ့်ကျံပေစွန်းလျက်ရှိသော အင်္ကျီထမီတို့မှာ ချော်လဲလာသူ ကဲ့သို့ လူမြင်မကောင်း၊ သူမြင်မကောင်း ဖြစ်နေသည်။

လမ်းမပေါ်၌ အဆက်မပြတ်မြင်ရသော မြေကြီးကိုသာ ငုံ့စိုက်ကြည့်လာလျက် ရင်ထဲ၌ တဒိတ်ဒိတ်ခုန်နေသည်။ ခြေထောက်တို့ကို အနိုင်နိုင်လှမ်း၍ လျှောက်ရ၏ ။ လျှောက်လာရင်း လှသည် ဆို့ကျပ်လာသော ရင်ကို ပေါ့ပါးသွားအောင် ငိုချလိုက်ချင်သည်။ အားရပါးရ စိတ်ရှိလက်ရှိ အော်ဟစ်၍ သာ ငိုပစ်လိုက်ချင်သည်။ ‘လှ’ အဖို့၌ ဘေးပတ်ဝန်းကျင်ကို ငဲ့နေရသည်။ မျက်ရည်များ ပြည့်လျက်ရှိသော မျက်လုံးကို လူမြင်မှာ လည်း စိုးရသည်။ ပတ်ဝန်ကျင်ရှိအရာအား လုံးတို့သည် ကွယ်ပျောက်သွားကြကုန်လျက် လှ လျှေက်နေသော မြေနီလမ်းနှင့် လှသာလျှင် ဤလောကကြီး၌ ရှိကာ တစ်သက်ပတ်လုံးမဆုံးနိုင်အောင် လျှောက်နေလိုက်ချင်မိသည်။

အိမ်နှင့် နီးလာလေလေ ရင်လေသထက်လေးလေလေ။ မျက်လုံးတွင် တွဲ လွဲခိုလိုက်လာကြ သော မျက်ရည်ဥများ ကို ဆတ်ခါချလိုက်ကာ ခေါင်းကိုပင့်၍ ရှေ့ သို့ လှမ်းမျှော်ကာကြည့်လိုက် သည်။

လမ်းတစ်ဖက်၌ မြောင်းကို တံတားကလေးထိုးလျက် ဝါးထရံကာ သွပ်မိုးတစ်ထပ်အိမ်အိုက လေးရှိသည် ခေါင်းရင်းဘက်အခန်းမှ စေ့ထားသော အိမ်တခါးပေါက်ကို မြင်ရသည်။ ခြေရင်းခန်းမှာ အိမ်ရှင်ဈေးထွက်၍ သော့ ခတ်ထားလေသည် အိမ်ကအထွက် စေ့ထားခဲ့သော တခါးပေါက်မှာ ဖွင့်သူဝင်သူရှိပုံမရ။ စေ၍ ပင်နေလေသည်။ လှမှာ ပိတ်စေ့ထားခဲ့သော တံခါကို လှမ်းကြည့်ကာ မျက်ရည်များ ဝဲလာသည်။

အိမ်ရှေ့ရောက်၍ လမ်းကူးတံတားလေးကို ဖြတ်နင်းမလျှင် မျက်ရည်စင်အောင် မျက် တောင်တဖျတ်ဖျတ်ခတ် ခါချလိုက်ကာ လက်ခုံနှင့် ပွတ်သုတ်လိုက်သည်။ ခြေသံမမြည် အောင် အိမ်ပေါ်သို့ လှမ်းတက်လိုက်သည်။ တံခါးကို အသာကလေးတွန်းဖွင့် ဝင်လိုက်ကာ အသံမမြည် အောင် ပြန်စေ့ခဲ့ပြီးမှခြေဖျားထောက်ကာ အတွင်းသို့ ဝင်သွားသည်။

အိမ်ရှေ့ခန်းကို ဝါးထရံနှင့် ကာခြားထားသော အတွင်းဘက်အခန်းထောင့်၌ ‘သက်သက်’ မှာ အညာစောင်ကို ခေါင်းမြီးခြုံလျက် ပက်လက်လှန်လျက် အိပ်နေသည်။ ခြေသံကြား၍ မျက်နှာပေါ်မှ စောင်ကို ဆွဲလှစ်လိုက်ကာ လှကိုအားယူကာစိုက်ကြည့်သည်။

“စိတ်ပူလိုက်တာ သက်သက်ရယ်။ အဖျားတက်နေခိုက်နဲ့ ကြုံနေသလားလို့ပူလိုက်ရတာ ။ လေယာဉ်ပျံတွေ လာတော့ ကျင်းထဲဆင်းနေရဲ့ လားဟင်…”

လှသည် မျက်စိမျက်နှာပျက်ပျက်ဖြင့် သက်သက်၏ မျက်နှာကို မရဲတရဲကြည့်၍ ပြောသည်။ သက်သက်မှာ အဖျားမကျသေးချေ။ ဖြူဝင်းနေသည့် မျက်နှာကလေးမှာ ညစ်ထပ်ထပ်နှင့် နီးညှိးနေသည်။ မျက်တောင်များ စင်ကျလျက်ရှိသော မျက်လုံးများ မှာ မပွင့်တပွင့်ဖြင့် အရောင် အဆင်းပင်းမရှိသလောက်မှန်းဖျော့နေသည်။

“မထနိုင်တာနဲ့ ကျင်းထဲမဆင်းတော့ဘူး၊ ဗုံးတွေ ကြဲတော့ လှနဲ့ ဘယ်နေရာများ တွေ့ နေပါမလဲနဲ့ ပူလိုက်ရတာ ၊ ဥသြသံကြားကတည်းက လှ အတွက် ထိတ်သွားတာပဲ”

သက်သက်သည် ချည့်နဲ့နဲ့အသံကလေးဖြင်း တစ်လုံးချင်းပြောလျက် လှ မျက်နှာကို မျက်တောင်ပင့်၍ စိုက်ကြည့်လိုက်ပြန်သည်။ လှ မလာခင် လှအတွက် တစ်ချိန်လုံး စိတ်ပူနေရှာမှာ ကို လှက သိလေသည်။ ‘လှ’ မှာ လေကြောင်းရန် ဥသြသံကြားလျှင်နေစရာမရှိ အောင်သတိလစ်မတတ် အကြောက်မွှန်တတ်သူ ဖြစ်သည်။ လေယာဉ်ပျံလာလျှင် အိမ်အောက် ဆင်းပြေးရန် အိမ်ပေါ်ကဆင်းအဆင်း အိမ်ခေါင်းမိုးနှင့် လှနှင့် အလွတ်ဘူးထင်ပြီး ခေါင်းနှင့် မြေးကြီးထိမတတ် ကုန်းထွက်ကာ ဆင်းပြေးသည့်အထိ အကြောက်မွှန်သည်။ ကျင်းထဲ၌ လည်း သက်သက်ကိုတအားဖက်ထားကာ ဆတ်ဆတ်တုန်နေတတ်သည်။ သက်သက်က မကြောက်ရန် အထပ်ထပ်အးပေးရသည်။ လှအတွက် ကြောက်အားကြီးပြီးဒုက္ခ ဖြစ်မှာ ကိုပဲ စိုးပူနေရသည်။ တစ်ယောက် ကတရားလွန် သိပ်ကြောက်နေ၍ မိမိပါ အတူကြောက်နေရန် မ ဖြစ်တော့ဘဲ လှအတွက် လှရှေ့တွင် မကြောက်သလို သတ္တိဆောင်ကာ အကြောက်မှ သက်သာပါစေတော့ဟု ရဲပြနေခြင်းဖြင့် တစ်စစ တကယ်ပင် သက်သက်မှာ ရဲသွားတော့သည်။ ရဲလွန်အားကြီး၍ လှကပင် အပြစ်တင်ရတော့သည်။

“ထင်သားပဲ။ လှမရှိရင် သက်သက် ကျင်းထဲဆင်းမှာ မဟုတ်ဘူး ဆင်းလိုက်ရောပေါ့ … သက်သက်ရယ်။ ဒါလောက်တောင် အတင့်မရဲပါနဲ့….”

သက်သက်သည် လှအား မျက်တောင်မခတ်စိုက်ကြည့်နေလျက် စကားဆုံးအောင် နားထောင်ပြီးမှ “ဒါနဲ့ နေရာကျခဲ့တယ်မဟုတ်လား လှ ” ဟုမေးလိုက်သည်။

လှမှာ နေရာကျခဲ့တယ် မဟုတ်လားဟု မေးလိုက်သော မေးခွန်းကို ရုတ်တရက် မပြောရက် မဖြေရက်နိုင်ချေ။ ရုတ်တရက်မဖြေရက်၍ တွဲ လောင်းကျနေသော ခြင်ထောင်စကို လှမ်းဆွဲသိမ်းကာ ခြင်ထောင်မိုးပေါ်သို့ လုံးထွေးတင်ရင်း လည်လာသော မျက်ရည်စကို သက်သက် မမြင်စေရန် ထိုခြင်ထောင်စနှင့် မျက်ရည်ကို ပျာယီပျာယာ တို့သုတ်ပစ်လိုက်သည်။ သုတ်ပြီးမှ သက်သက်ဘေး၌ ထိုင်လိုက်ကာ “နေရာမကျခဲ့ဘူးဆိုပါတော့ သက်သက်ရယ် ” ဟု ခြေကုန်လက်ပန်းကျလးသော မောသံဖြင့် ပြောပြသည်။

လှ၏ အသံမှာ သိသာစွာ ပျက်နေလျက် ငိုသံပါရောစွက်နေခြင်းကြောင့် သက်သက်မှာ ဘယ်လို ဖြစ်မှန်မသိ ထိတ်ခနဲ ထင့်သွားသည်။

“အရောင်းအဝယ် မ ဖြစ်ခဲ့ဘူးပေါ့”

လူကသာ အားနည်းနေသလောက် သက်သက်၏ အသံမှာ အလွန်သွက်လက်သော အသံ၊ မျက်ခုံးနှစ် ဖက်ပင်လျက် မပွင့်တပွင့်မျက်လုံးကို ပွင့်အောင်ဖွင့်လှန်ထားကာ လှအား မျှော်လင့်ဇောဖြင့် မျက်တောင်မခတ် ကြည့်၍ နေသည်။

“အရောင်းအဝယ် ဖြစ်တဲ့ အထိတောင် မရောက်တော့ပါဘူး သက်သက်ရယ်… ”

“အို…ဘာ ဖြစ်လို့လဲ။ ဦးမြကြီးက မယူတော့ဘူးတဲ့လား၊ဒါမှမဟုတ်လည်း မလှအေးတို့က မရောင်းတော့ဘူးတဲလား၊ ဘယ်လိုကြောင့် လဲ ဟင်…..”

လှက ထိုကဲ့သို့ ပြောလျှင် ဤကဲ့သို့ ပြန်လည်မေးလိမ့်မည်းကို အသိ ဖြစ်၏ ။ မေးလျှင်သက်သက် စိတ်မထိခိုက်အောင်ဖြေရန် တစ်လမ်းလုံးစဉ်းစားလာခဲ့ရာ သက်သက်နှင့် မျက်နှာချင်ဆိုင် ပြောဆိုရသည့်အချိန်သို့ တိုင်အောင် စဉ်းစား၍ မရ။ အဖြေအပေးရဲသလောက် အခက်ကြီးခက်နေသည်။ လူမမာ စိတ်မထိခိုက်အောင် မပြောဘဲ၊မဖြေဘဲ ဖုံးဖိထား၍ လည်းမ ဖြစ်။

“ဒုက္ခကြီးရောက်နေကြရတဲ့ အထဲမှာ နောက်ထပ်ဒုက္ခရောက်လာပြန်ပြီသက်သက်ရယ်….”

လှသည် သက်သက်၏ မျက်နှာကိုမကြည့်ရက်တောဘဲ ခေါင်းကိုသာတွင် တွင် ငုံ့လျက် ပြောပြနေသည်။ လှမှာ မကြည့်ရက်၍ လွှဲနေသည့်တိုင်သက်သက်၏ မျက်လုံးအစုံသည် လှထဲမှ ခွာလိမ့်ဦးမည် မဟုတ်ဟု တွေးမိကာ လှမှာ မျက်နှာကို မမော့ဝံ့ဘဲ ဖြစ်နေသည်။

“ဘယ်လို ဖြစ်လို့လဲ…လှ၊ ဟင်….လှ”

သက်သက်၏ အသက်မရှူဘဲမေးနေသံကြောင့် လှမှာ ပူထူသွားကာ တော် တော် နှင့် ပင် မပြောနိုင်ချေ။ ပြောနိုင်အောင်စိတ်ကို တင်းရသေး၏ ။ အသံမတုတ်ယင်စေချင်ကာ မှ လှအသံမှာ သိသိသာသာ တုန်တုန်ယင်ယင်ကြီး ထွက်သွားသည်။

“ဦးမြကြီး ပေးလိုက် တဲ့ ငွေထုတ်ကြီး ကျပျောက်သွားတယ် သက်သက်ရယ်”

“ဟင်”

သက်သက်၏ အသံသည် နာကြည်းသဖြင့် ဆွေးမြည့် နေသော အက်သံမျိုးဖြင့် ရှည်လျားစွာ ပင် ဆွဲမြည့် သွားသည်။ ကြေကွဲစရာ ပိုးကောင်းနေ၏ ။

လှမှာ ဖွင့်မပြောရခင်ကသာ မငိုမိအောင် ချုပ်တည်း၍ မရနိုင်ဘဲ မျက်ရည်များ တပေါက် ပေါက်ကျလာကာ ခေါင်းကို ငုံ့မြဲငုံ့ထားရင်း ရှိုက်၍ ငိုနေသည်။

လှ ငိုနေတော့မှ သက်သက်သည် လှထံမှ မျက်လုံးကို ခွာလိုက်ကာလေးလံစွာ ဖြင့် ပြန်မှိတ်ထားလိုက်သည်။ အမှန်စင်စစ် လှနှင့် သာ အတူတူရော၍ သက်သက်ပါ ငိုလိုက်ချင်သည်။ ဖြစ်လာသည့်အ ဖြစ်က ငိုချင်စရာကောင်းလှသည်။ တစ်ပူပေါ် နှစ်ပူဆင့်လာသော ဒုက္ခကြီးမှာ ငိုဖို့ ရာပင်ရှိတော့သည်။ ငိုရမှာ လည်း အခက်၊ လှ ပိုမိုစိတ်မကောင်းမှာ မ ဖြစ်စေချင်ခြင်းကြောင့် လှနှင့်ရော၍ မျက်ရည်မကျမိစေရန် အောင့်အည်းချုပ်တည်နေရသည်။ အတွင်းကျိတ် ကျိတ်မှိတ်ပူ ဆွေး ခံစားနေရသော အသွင်မှာ ပေါ်နေကာ တစ်မျက်နှာလုံး ညိုမည်းနေသည်။

သက်သက်မှာ တစ်စုံတစ်ရာမပြောဘဲ တိတ်ဆိတ်သွားခြင်းကြောင့် လှသည် ဖျတ်ခနဲ သက်သက်ကို မော့ကြည့်လိုက်သည် စိတ်မချမ်းမသာ ဖြစ်သွားရှာကာ ငြိမ်သက်တိတ်ဆိတ်စွာ ဆွေးလောင်းနေသော ပုံပန်းကိုကြာရှည်မကြည့်ရက် မရှုရက်လျက် “သက်သက်ရယ်” ဟု လှမ်း ခေါ်လိုက်ကာ ပူခြစ်နေသော လက်ကလေးကို ဆုပ်ကိုင်လိုက်သည်။

သက်သက်၏ မျက်လုံးများ သည် မပွင့်တပွင့် ပြန်ပွင့်လာသည်။ ခြေရင်းဘက်သို့ ခပ်စင်းစင်းစိုက်ထားလျက် ငြိမ်သက်စွာ ဖြစ်နေပြန်သည်။ ရင်တစ်ခုသာ နိမ့်ချည်မြင့်ချည် လှုပ်ရှား လျက်ရှိသည်။ စိုက်မိစိုက်ရာ စိုက်ထားသော အသက်ထွက်လုထွင်ခင် လူမမာရုပ်နှင့် တူနေသည်။

လှသည် သက်သက်ကို သေသေချာချာကြည့်လျက်ရှိုက်လိုက်သည်။

“ဘာလဲ…လှ”

သက်သက်ထံမှ အသံကြားရမှ လှမှာ မပြောနိင်ပြောနိုင်ဖြင့် ရှိုက်ရင်းငိုရင်းလျှောက်ပြောပြ သည်။

“လှ…ဦးမြကြီးဆီး အရင်သွားတယ်။ မော်တော် ကားကို သူတို့ကြိုက်ပြီးသားမို့ အိမ်ကိုသာ မောင်းခိုင်းခဲ့ပါလို့ပြောပြီး ငွေ ၂၅၀၀ကျပ်ကို စက္ကူနဲ့ထုပ်ပေးလိုက် တယ်။ လှလည်းဝမ်းသာအာရနဲ့ ငွေထုပ်ကိုယူလာပြီး မလှအေးတို့ အိမ်ကိုသွားတာပဲ။ လှတို့အတွက် ငွေ၅၀၀ ကျပ်ရမယ်လို့ ဝမ်းသာအားရ ဖြစ်လာတုန်း ကြိုးတံတားကြီးလည်းကျော်ရော ဥသြမှု တ်သံကြားပြီးလေယာဉ်ပျံ တွေ လာတာပါပဲ။ ပထမကျတဲ့ ဗုံးသံဟာ လှတို့ စုပြုံဝင်နေကြတဲ့ အေးကျင်းနဲ့ သိပ်နီးတာပဲ။ အေးကျင်းထဲမှလည်း တစ်ယောက် ပေါ် တစ်ယောက် ထပ်နေကြတာပဲ ဘယ်လောက် မနီးတယ်၊ နီးတယ် ဝပ်နေတဲ့ လူတွေ မြောက်တက်သွားတာပဲ။ လှဖြင့် သေရောအောက်မေ့တာ။ နောက်တော် တော် ကလေး အသံစဲသွားတော့ ကျင်းနဲ့နီးတယ်ဆိုပြီး လူတွေ အတင်ထွက်ပြေးကြ ပြန်တော့ လှလည်း ဘယ်နေခဲ့မလဲ။ သူတို့ပြီရာနောက် လိုက်ပြေးတာ။ ပြေးနေရင်းပါပဲလေယာဉ် ပျံက ခေါင်းပေါ်ရောက်လာတာနဲ့ ကြောက်ကြောက်လန့်လန့်နဲ့ ကွမ်းယာဆိုင်အောက် ဝင်ပြီး ဝပ်လိုက်တယ်”

သက်သက်၏ တစ်ချိန်လုံးတွေးစိုက်နေသော မျက်လုံးကလေးသည် လည်လာလျက် လှဘက်သို့ ထောင့်ကပ်လျက်ကြည့်လိုက်သည်။ လှ ဘယ်လောက်ကြောက်လိုက်မလဲဟု တွေးမိသော အသိဖြင့် ညှိုးငယ်စွာ ကြည့်ရှုနေသည်။

“ ဖြစ်ရလေ လှရယ်….၊ ငွေထုပ်ပျောက်တာ ဘယ်တော့မှ သိသလဲ”

“ရန်ကင်းတဲ့ ဥသြဆွဲတော့မှ သိရတယ်။ သတိရတော့ လက်ထဲမှာ ငွေထုပ်မရှိတော့ဘူး။ သိသိချင်း ဝင်ခဲ့တဲ့ ကျင်ထဲပြန်ပြေးရှာတော့ မတွေ့ တော့ဘူး။ ကွမ်းယာဆိုင်အောက်မှာ လည်ရှာ တာပဲ။ မတွေ့ တော့ဘူး။ လှကြောက်အားလန့်အားနဲ့ ဘယ်လွှတ်ချမိမှန်းမသိတော့ဘူး…”

လှသည် ရှေ့ဆက်၍ မပြောနိုင်အောင် တိုးလျက် ရှိုက်ငိုလျက်ရှိသည်။

“လှတွေ့ လို့ ကောက်ယူသွားမှာ ပေါ့ လှရယ်”

သက်သက်က ဝင်ပြောလိုက်သည်။ သက်သက်မှာ ဆက်မပြောနိုင်တော့ဘဲ ငိုင်မှိုင်သွားသည်။

သက်သက်သည် လှဝင်လာကတည်းက ပျော်ပျော်ပါးပါး ဆူဆူညံညံပြေးဝင်မလာ၍ နေရာမကျခဲ့ခြင်းကို ရိပ်မိသော်လည်း ငွေထုပ်ပါ လုံးလုံးကျပျောက်ခဲ့လိမ့်မည် ဟု မတွေးမထင်မိခဲ့ချေ။ လှကိုလည်း အပြစ်မတင်လိုပေ။ အကြောက်ကြီးကြောက်ပြီး လူပါ အန္တရာယ် မ ဖြစ်သွားတာကိုပင် တော် ပါသေးရဲ့ ဟု အောက်မေ့ရတော့သည်။ မိမိတို့ နှစ် ယောက် စလုံး၏ ကံတူအကျိုးပေး၊ ဘဝဆိုး၊ အ ဖြစ်ဆိုးကိုသာ အကြောင်းချလျက် တစိမ့်စိမ့် ကြေကွဲလျက်ရှိသည်။

“ရှာလိုမတွေ့ တော့လေ စိတ်ညစ်လိုက်တာမှ သက်သက်ရယ် သေချင်ရော။ စောစောက ဗုံးထဲပါသွားရင်လည်း အကောင်းသား…..”

“အို…လှရယ်၊ ဘယ်လိုပြောလိုက်တာလဲကွယ်”

လှ၏ ရှိုက်သံငိုသံတို့သည် ရင်ထုမနာကြီး ဖြစ်သွားသော သက်သက်၏ အသည်းနှလုံးကို လာ၍ ရိုက်ခတ်နေကြသည် သက်သက်သည် ရင်ကို လက်ဖြင့် ဖိလျက် လှဘက်သို့ စောင်းလိုက်သည်။

“ဦးမြကြီးမျက်နှာကို လှမကြည့်ဝံ့ဘူး သက်သက်ရယ်။ သူ့မျက်နှာကို ဘယ်လိုကြည့်ပြီး ဘယ်လိုလုပ်ပြောရမှာ လဲ။ ဒါဖြင့် သူတို့အိမ်ကို လှ အကျိုးအကြောင်းသွားမပြောရသေးဘူးပေါ့…”

“ဘယ်လိုပြောရမှာ လဲ သက်သက်ရယ်။ လှဖြင့် စဉ်းစားလို့မရတော့ဘူး။ ယုံမှ ယုံပါ့မလားဆိုတာကလည်း တစ်ချက်။ ယုံပါရင်လည်း သူတို့မှာ ဘာမှရှိရှာတာမဟုတ်ဘူး။ ဒီအဘိုးကြီး ရိုးသားတာ ယုံကြည်လွန်းလို့သာ ရန်ကုန်ကလူတွေ က ဝယ်ထားပါဆိုပြီး ငွေပေးလိုက် ကြတာ။ လှတို့ ဘယ်လိုလုပ် စိုက်လျော်ကြမလဲ။ လှတို့မှာ …”

လှမှာ ရှေ့သို့ မဆက်နိုင်တော့ဘဲ ရှိုက်ကြီးတငင် ငိုးကြွေးလျက်နေသည်။

သက်သက်မှာ လှကို မမြင်တော့ဘဲ လှငိုသံကို မကြာတစ်ချက်ကြားတစ်ချက်နှင့် နှုတ်ခမ်းကို ပြတ်လုမတတ် ကိုက်ထားသည်။

သက်သက် မှိတ်လိုက်သော မျက်လုံးထဲဝယ် ကွယ်လွန်သွားကြသော မိဘနှစ် ပါးကို ရှေ့ဦးစွာ မြင်လာ၍ ပူလောင်သွားသည်။

သက်သက်မိဘများ နှင့် လှမိဘများ မှာ အိမ်ချင်းကပ်လျက် ဆွေမျိုးမကချစ်ခင်ရင်းနှီးကြ သည်။ သက်သက်ကလည်း တစ်ဦးတည်းသော သမီး။ လှက လည်းတစ်ဦးတည်းသော သမီး ဖြစ် သည်။ သက်သက်နှင့် လှမှာ ညီအစ်မလားဟု မသိသူတိုင်းကအောက်မေ့ရသည်။ ဆယ်တန်းအောင်ကာမှ ဆရာမ လုပ်သော လှက ဆရာ ဖြစ်သင်ကျောင်းသို့ ၊ သက်သက်က ကောလိပ်ကျောင်းသို့ လမ်းခွဲလိုက်ကြသည်။ ရန်ကုန်မှ ကျောင်းပိတ်တိုင်း အတူချိန်း၍ အိမ်သို့ ပြန်ကြသည်။

စစ် ဖြစ်လာသည့်အခါတွင် နှစ် အိမ်ထောင်စလုံး တစ်လုံးတစ်စည်းတည်းပေါင်းကြကာ တောရွာလေးတစ်ရွာသို့ စုရွှေ့နေကြလျက် ဂျပန်များ ဝင်လာမှ ပဲခူးအိမ်သို့ ပြန်နေကြသည်။

လှက ရန်ကုန်သွားလည်ချင်သည်ဟု ပူဆာလွန်း၍ နှစ် ယောက် သားရန်ကုန်သို့ ခေတ္တလာလည်နေကြခိုက် အိမ်ကြီးနှစ် အိမ်စလုံး ဗုံးထဲပါသွားကြလျက် မိဘများ ၏ အလောင်းများ ပင် မမြင်လိုက်၊ မတွေ့ လိုက်ကြရတော့ဘဲ မီးလောင်းကျွမ်းထား၍ ပြာပုံအုတ်ပုံမည်း မည်းကြီးများ သာ တွေ့ ကြရတော့သည်။

ရန်ကုန်ခရီးအတွက် ယူသွားကြသော သားရေသေတ္တာကလေး တစ်ယောက် တစ်လုံးစီဖြင့် သာတစ်သက်လုံးသွားရမည့်  ဘဝခရီးအတွင်းကြွင်းကျန်ရစ်ခဲ့ကြသည်။ ဤအိမ်ခန်းကလေးကို ငှားရမ်းနေထိုင်လျက် ကိုယ်တွင် ဝတ်စားထားသော လက်ဝတ်လက်စားကလေးများ ကို တတိတိ ထုခွဲရောင်းချကြကာ စားသောက်နေထိုင်ကြရသည့်အ ဖြစ်မှ အလုပ်ရှာကြရင်း သက်သက်မှာ ငှက်ဖျား ရောဂါ စွဲကပ်ပြီး လဲရသည့်အခြေရောက်လေ၏ ။

လှမှာ မြို့ပေါ်တွင် ခေတ်ပျက်သူဌေးသမီးကလေး တစ်ယောက် ကို စာသင်ရသော အလုပ်ကို ကံကောင်ထောက်ပံ့၍ လခ ၅၀ိ နှင့် ရကာ လခ ၅၀နှင့် သက်သက် မမာ သည်ကို တစ်ဖက်က ပြုစုရင်း ဆင်းဆင်းရဲရဲ ခြစ်ခြုတ်နေထိုင်ကြရသော ဘဝ။

သက်သက်သည် ဗုံးထဲပါသွားကြသော မိဘများ ကို တသသ ကြေကွဲလျက်မှ အားကိုးရာမရှိ ကံတူအကျိုးပေး နှစ် ယောက် သား ကျန်ရစ်ခဲ ရသည့်ဘဝ။ ဒုက္ခတွေ ပင်လယ်ဝေနေရသည့် အထဲ ကြီးမားလှသည့် လှိုင်းလုံးကြီးက ထပ်ဆင့်၍ ပုတ်ရိုက်လိုက်ခြင်းဒဏ် ကို ရုန်းကန်နိုင်ကြမလားဟု စိတ်အား လျော့ကျသွားသည်။

မိမိက အားလျော့နေလျင် ‘လှ’ မှ ကိုးကွယ်ရာမရှိအောင် အားငယ်၍ သွားပေတော့မည် ။ နဂိုကလည်း စိတ်ပျော့ ဖြစ်၏ ။ အရာရာတိုင်းသူ့ အစွမ်း သူ့အစ မသုံးတတ်။ မိဘများ မရှိမှ ပို၍ အားငယ်နေတတ်လျက် သက်သက်ကိုသာလျှင် တွယ်တာအားကိုးနေကာ အစစအရာရာ စိတ်ကူးစိတ်သန်းမရှိ။ လှသည် ကလေး တစ်ယောက် နှင့် မခြားနားဘဲ ဘဝ၏ ဖိနှိပ်မှု ကို အရှုံးပေးမည့် သူကလေး ဖြစ်သည်။

“သက်သက်ရေ…မလှအေးတို့က သူတို့ကားကို ၂၀၀၀ ရရင် ရောင်းမယ်။ အမြတ် ရအောင်စပ်လို့ ပြောထားတယ်လေ။ ဟော… အခုဦးမြကြီးနဲ့တွေ့ ခဲ့တယ်။ ရန်ကုန်က သူ့ကျေးဇူးရှင်တွေ က ကားလိုချင်နေသတဲ့။ လှက၂၅၀၀ိ လို့ပြောခဲ့ပြီ။ ၅၀၀ မြတ်တော့မှာ သေချာတယ်။ သူမနက်ဖြတ် ငွေသွားယူမတဲ့”

ယမန်တစ်နေ့က ဝမ်းသားအားရကြီးဖြင့် ရွှန်းရွှန်းဝေပြောခဲ့လေသလောက် ယနေ့တွင် ဒူးပေါ်မေးကလေးတင်၍ တရှုပ်ရှုပ်ငိုကြွေးနေသော လှအ ဖြစ်မှာ သနားစရာကောာင်းနေတော့ သည်။ ဝမ်းသာစရာရှိလျှင် သူ့လောက်ဝမ်းသာတတ်သူလည်းမရှိ။ဝမ်းနည်းစရာရှိလျှင် သူ့လောက် ဝမ်းနည်းတတ်သူလည်းမရှိ။လှသည် တရှုပ်ရှုပ်ငိုနေရာမှ သွားလေသူ မိဘများ ကို တမ်းတကာ အားပါးတရ ငိုကြွေးနေသည်။

“တိတ်ပါ လှရယ်။ ကံစီမံတဲ့အတိုင်းပေါ။ လှ ငိုနေတော့ သက်သက်ဘယ်လိုကြံရမှန်း တောင် မသိတော့ဘူး”

လှသည် မျက်ရည်များ ကို သုတ်လျက် ရှိုက်ကာ၊ ရှိုက်ကာဖြင့် …

“ဦးမြကြီးကို လှ ဘယ်လိုသွားပြောရမလဲ ဟင်… ” ဟုမေးလိုက်သည်။

“လှချည့်သွားပြောလို့ မ ဖြစ်ပါဘူး။ သက်သက်ပါ လိုက်ပါ့မယ်…”

“သက်သက် ထမှ မထနိုင်ဘဲဟာ…. ဘယ်လိုလိုက်လို့ ဖြစ်မလဲ။ အအေးမိမှာ ပေါ့။ လှ ဘယ်လိုပြောမယ်ဆိုတာ နားထောင်ပြီးမှ ဒီကိစ္စ ကျေကျေနပ်နပ် ဖြစ်အောင်ပြောကြရမှာ ။ လှပြောတတ်မှာ လား…လှနဲ့ မ ဖြစ်ပါဘူး။”

လှမှာ ငိုင်နေ၏ ကိစ္စပြေပြစ်အောင် မိမိထက် သက်သက်ကာ ကြံနိုင်ဖန်နိုင်သည်မို့ သက်သက်နှင့် မှ ဖြစ်မည် ကို သိနေသည်။ သက်သက်မှာ ကိုယ့်ဘာသာကိုယ်အားကိုး၊ ကိုယ့်ဘာသာကိုယ် ကြံစည်လျက် အမြော်အမြင်ရှိသည်။ အဆင်ခြင်ဉာဏ်ရှိသည်။ သက်သက်မပါဘဲ မ ဖြစ်။ သက်သက်ကို လိုက်စေချင်သည်က တစ်ဖက်၊ နေမကောင်းနေ၍ မခေါ်ချင်သည်က တစ်ဖက်….။

သက်သက်မှာ လှ ချည်တုံချတုံ ငိုင်နေပုံကို ရိပ်စာမိကာ…

“ငှက်ဖျားဟာ တက်တုန်းသာ မလှုပ်ချင်တာပါ။ သက်သက် အဖျားကျပ်ပြီ။ လိုက်ခဲ့မယ်” ပြောလိုက်သည်။

“လှ ဦးမြကြီးကို ဒီခေါ်လာမယ်လေ၊ မကောင်းဘူးလား”

“ဘယ်ကောင်းမလဲ လှရယ်… သူ့ကို ကိုယ်ကသွားပြီး တောင်းပန်ရမယ့်ကိစ္စ၊ သူ့ကို ကိုယ်ကခေါ်ပြီး တောင်းပန်လို့ ကောင်းနိုင်ပါ့မလား။ သက်သက် ဖြည်းဖြည်းလျှောက်သွားမှပေါ့။ ထူး….ထူ….. သက်သက်ကို ထူပေး…”

လှသည် သက်သက်ကို ဖက်၍ ဖြည်းညင်းစွာ ထူပေးလိုက် သည်။ သက်သက်မှာ စိတ်တင်းလျက် ထ၍ ရပ်လိုက်ကာ တန်းတွင် တင်ထားသော ရှောစောင်ကလေးကို လှမ်းယူ လိုက်သည်။ စောင်ကလေးကို ခေါင်းမှာ သိုင်းခြုံကာ အိမ်သော့ ခတ်လျက် နှစ် ယောက် သား ထွက်ခဲ့ကြသည်။

♥ ♥ ♥


(၂)

ဦးမြကြီးအိမ်ကလေးကို ခပ်လှမ်းလှမ်းမှမြင်ရလျက် ဦးမြကြီးကိုယ်တိုင် အိမ်ဝတွင် ထွက်ရပ်က တစ်စုံ တစ်ယောက် ကို မျှော်နေမှန်း တွေ့ ကြရသည်။

သက်သက်မှာ မောဟိုက်လာသည်။ ခြေတစ်လှမ်းနှင့် တစ်လှမ်း ခွန်အားညှစ်ထုတ်ကာ လှမ်းသွားရသဖြင့် ကတုန်ကယင် ဖြစ်နေသည်။ မျက်လုံများ မှာ ပြာသွားလိုက်၊ ပြာသွားလိုက်၊ စိတ်နှင့် ဇွဲမှာ ကြိမ်နှင့် တို့နေသကဲ့သို့ နှေးကွေးတိုင်း တို့နှင့် ပေးနေ၏ ။ လှက ဘေးမှဖေးမ၍ တွဲ လာသည်။ အသက်ရှူသံပြင်းလာလျှင် လှခြေထောက်များ မှာ တုံ့ဆိုင်းသွာသည်။ ညှိးငယ်သော မျက်နှာလေးဖြင့် သက်သက်ကို ကြည့်လိုက်သည်။ သက်သက်က ဆက်၍ လှမ်းသည်။ သူ့ဟာသူလည်း စိတ်မကောင်း၊ သူဒုက္ခပေးတာဟု သက်သက်ကို သနားမိသည်။ လမ်းတွင် စကားတစ်ခွန်းမှ မပြောကြ…

ကုဣိုပင်အနီးရောက်လျှင် သက်သက်သည် ခေတ္တရပ်နားမည် ပြပြီးမှ မဟန်နိုင်၍ ထိုင်ချလိုက်သည်။ အသက်ကို ပြင်စွာ ရှုလျက် မောကြီးပန်းကြီးဖြင့် “လှ…ဟိုမှာ ဦးမြကြီး။ သွားသာခေါ်ချေတော့၊ သက်သက် မောပြီ။ ဒီနားကို ခေါ်လာကွယ်” ဟု ကတုန်ကယင်ပြောရင်း ရင်ထဲက တလှပ်လှပ်ကြောင့် မျက်လုံးကို စုံမှတ်ထားလိုက်သည်။

“မူးသလားသက်သက် ဟင်…. ရင်ခုန်သလား….. လှ ရင်ဝကို ဖိပေးမယ်လေ”

လှမှာ …. ပျာယာခတ်နေသည်။

သက်သက်က လှလက်တွန်ဖယ်၍ ဦးမြကြီးအိမ်ဘက်သို့ လက်ညှိုးထုးပြကာ အသံဟူ၍ ထွက်မလား။ သွားခေါ်ရန် လက်ရိပ်ခြေရိပ်ဖြင့် တွင် တွင် သာပြနိုင်သည်။

လှသည်….ဦးမြကြီးထံသို့ …ခပ်သုတ်သုတ်လှမ်းလျှောက်သွားသည်။

ဦးမြကြီးမှာ အသက် ၆၀ ခန့်ရှိသည်။ ထိပ်လယ်တွင် သျှောင်ပူစူးလေးထုံးထားကာတစ် ခေါင်းလုံး ဖြူဖွေးနေသည်။ မျက်လုံးမျက်ဖန် ကောင်သူ ဖြစ်၏ ။ သူပြုံးပုံမှာ ညင်သာသိမ်မွေ့လှသည် ။ပိမ်ချုံးကာ ကုန်းနေသော ကိုယ်ရှိ၍ သူ့ကိုကြည့်ရသည်မှာ မန္တလေးတောင်တန်ုးဆောင်းထဲက တုတ်ကလေးထောက် ရပ်နေသော သူအိုရုပ်နှင့် တူလှသည်။

လှ အနားရောက်လျှင် ပြုံးလိုက်သည်။

“လှလာခဲလိုက်တာလို့ ဦးထွက်ကြည့်နေတာ။ ဟို တစ်ယောက် က ဘယ်သူတုံး။ သက် သက်များ လား…ဟေ….ဘာ ဖြစ်လို့ထိုင်နေရစ်တာလဲ”

လှသည် သက်သက်ဘက်သို့ လှည့်ကြည့်လိုက်ကာ “သက်သက်ပဲ ဦး၊မမာနေဘူး၊ သက်သက်က ဦးကြီးကို သူ့ဆီခေါ်ခဲ့ပါတဲ့….”

ဦးမြကြီးမှာ ခေါင်းကြီးသွားသည်။ မျက်နှာမကောင်း ဖြစ်လာသော လှကိုကြည့်လျက် ပို၍ ထိပ်ထိပ်ပျာပျာ ဖြစ်သွားလေကာ ချိုင့်ဝင်နေသော မျက်အိမ်ထဲမှ မျက်လုံးနှစ် လုံးသည်။ရှေ့သို့ စူ ထွက်လာသည်။

“ဟေ ဘယ်လို ဖြစ်လို့လဲ၊ဘာ ဖြစ်လာကြတာလဲ….”

“ဟိုကျမှပဲ သက်သက်ပြောပါလိမ့်မယ်…လာပါဦး….”

ဦးမြကြီးသည်ခြေလှမ်းသွက်သွက်ကြီးလှမ်းသွားသည်။ လူမှာ သူ့ကိုအမီခပ် သုတ်သုတ်လိုက်ရ သည်။

“သက်သက် မမာဘူးဆို….ဘာ ဖြစ်လို့ လိုက်လာသလဲ….”

သက်သက်သည် ဆောင့်ကြောင့် ထိုင်နေရာမှ ဦးမြကြီးကို မော့ကြည့်လိုက်သည်။ မျက်နှာပျက်ကာ ပူပင်ထိတ်ပျာလာသော အဘိုးကြီး၏ အကဲကိုကြည့်လျက် ဝမ်းနည်းသွားမိတော့သည်။

“ဒုက္ခ ဖြစ်နေကြရတဲ့အထဲ၊ ဒုက္ခတစ်ခု ပိုလာပြန်ပြီ ဦးရယ်”

“အင်း….ဘယ်လို ဖြစ်သလဲ….”

ဦးမြကြီးသည် သက်သက်နှင့် မျက်နှာချင်းဆိုင် ဆောင့်ကြောင့် ထိုင်ချကာ သက်သက်၏ မျက်နှာကို ပြူးတူးပြဲတဲကြည့်၍ မေးသည်။

“ဦး လှကို ပေးလိုက် တဲ့ငွေဟာ မလှအေးတို့ အိမ်ဆီသွားတုန်း စောစောကဗုံးလာကြဲတာ လမ်းမှာ မိပြီ ကျောင်ထဲဝင်ပုန်တာ၊ အနားနီးတာနဲ့ လှကနေရာရွှေပြေးရင်း ငွေထုပ် ဘယ်ကျခဲ့မှန်မသိဘူးတဲ့၊ ရှာလို့မတွေ့ တောဘူးဦးရယ်….”

ဦးမြကြီးမှာ ရုပ်သေးထဲက အရုပ်အတိုင်း ဇက်ကျိုးကာ ခေါင်းငိုက်စိုက်ကျသွားသည်။

သက်သက်ဘေး၌ ထိုင်နေသော လှမှာ မျက်ရည်တွေ ဝဲနေလျက် လက်ညှိုးကလေးနှင့် မြေကြီးကို တွင် တွင် ခြစ်ကာရင်ထဲ၌ ဖိုရှိုက်နေသည်။

သက်သက်သည် မျက်ခုံနှစ် ဖက်ကိုချီကာ တုံဏှိဘာဝေပြုလျက် ပေတစ်ရာကို ငေးစိုက် လျက်နေသည်။

ဦးမြသည်တစ်ခဏငြိမ်သက်လျက် ဇက်ကျိုးနေရာမှ မျက်နှာကို မော့၍ မျက်နှာတွင် စိုလာသော ချွေကို လက်ဖဝါးကြီးဖြင့် ပွတ်လိုက်၏ ။ ပြီးမှချောင်းဟန့်လိုက်သည်။

“စိတ်မကောင်းလိုက်တာ သက်သက်ရယ်… ၊ ဦးလည်း ဒုက္ခပါပဲ….”

ဦးမြကြီးမှာ များ စွာ ပင် အကျပ်ကြုံလျက် အခက်တွေ့ သွားသည်။ လူကို ယုံလျက် ငွေထုတ်ပေးလိုက် သူတို့အား မျက်နှာအပြရခက်မည့်  အကျပ်ကို ကလေးမတွေ သိပါလေစဟု အောက်မေ့မိသည်။ ကားဝယ်ရန် ငွေထုတ်ပေးလိုက် သူများ မှာ ဦးမြကြီး၏ ကျေးဇူးရှင်များ ဖြစ်ကြ၏ ဆင်းရဲလှသော ဦးမြကြီးတို့ မိသားအိမ်ထောင်တစ်စုကို ငွေ ၂၀၀ိ မျိုး၊ ၃၀၀ိမျိုး ငွေတိုးမယူ ထုတ်ပေး မ,စကြကာ သူတို့ထုတ်ပေးသော ငွေဖြင့် ဈေးရောင်း၍ အသက်မွေးနေကြရသည်။ ထုတ်ပေးသော ငွေကို ပြန်ဖဲ့မဆပ်နိုင်အောင် ကသီလင်တနိုင်နေကြလျက် နောက်ထပ် ၅၀ိ မျိုး၊ ၁၀၀ိ မျိုး ထုတ်ပေး မ,စရန် တောင်းပန်ရဦးမည့် ဆဲဆဲမှာ ကားဝယ်ပေးရန် ယုံယုံကြည်ကြည် ထုတ်ပေးလိုက် သည့် ငွေ ၂၅၀၀ိ ပျောက်ကြောင်း သွားပြောရမည့်  အ ဖြစ်လောက် ဆိုးရွားတာ မရှိဟု တွေးလိုက်မိသည်။ သက်သက်တို့ ဘယ်နည်းနှင့် မျှ စိုက်မလျော်နိုင်မှန်းသိ၍ သာ၍ စိတ်ပျက် မိသည်။ သက်သက်နှင့် လှတို့မှာ မိမိမျက်စိအောက်တွင် ချမ်းချမ်းသာသာ ကြီးပြင်းလာခဲ့ကြတာ မမျှော်လင့်ဘဲ ဒုက္ခဘုံကြီးထဲသို့ ကျရောက်သွားကြလျက် ညှိုးငယ် ဆင်းရဲသွားကြပုံ မှာ သေခါနီး အရွယ် မိမိအဖို့ တရားရစရာကောင်း၍ သံဝေဂပင် ဖြစ်ခဲ့သည်။

လှသည် လက်ထဲက ခဲကလေးကိုပစ်လိုက်ကာ လက်ဝါးနှစ် ဖက်ကိုပွတ်လျက်

“ဦးကြီးကိုတော့ ရန်ကုန်ကလူတွေ က ယုံတော့မှာ မဟုတ်တော့ပါဘူး… ” ဟု စိတ်မကောင်း ဖြစ်သည့်အတိုင်း ပြောလိုက်သည်။

“ဟာ… မပြောနဲ့တော့ လှရယ်… ဦးဘယ်လိုလုပ်ပြောရမယ်တောင် မသိတော့ဘူး။ လှကိုလည်း အပြစ်တင်စရာမရှိပါဘူး။ ဒါပေမယ့်…”

ဦးမြကြီးသည် စကားကို မဆက်ဘဲ ရပ်လိုက်သည်။ ထို့နောက် မျက်နှာ တစ်မျိုး ပြောင်းသွား လျက် “ဒီက နေပူပါတယ်ကွယ်၊ အိမ်ထဲမှာ အေးအေး ဆေးဆေးပြောကြ၊ ကြံကြရအောင် လာကြကွယ်…. ” ခေါ်ကာ မတ်တပ်ထရပ်လိုက်သည်။ သက်သက်မှာ လှကိုတွဲ လျက် မထနိုင် ထနိုင် ထလိုက်ကာ ဦးမြကြီးနောက် တရွတ်တိုက် လိုက်ပါသွားရသည်။

ဓနိတဲကလေးရှေ့သို့ ရောက်ကြသည့်အခါ ကလေးလေးကို ခါးတွင် ခွင်လျက် ထမီရင်လျား ထားသော ဦးမြကြီး၏ ဇနီး ဒေါ်ဖော့က ပျာပျာသလဲပင် ဖျာစုတ်ကလေးတစ်ချပ်ကို ခင်းပေးရန် ဆွဲယူလာသည်။

“လှတို့ပါလား… ကား နေရာကျရဲ့ လား…”

ဒေါ်ဖော့မှာ ဟောဟောဒိုင်းဒိုင်းကြီး ပြောတတ်ဆိုတတ်သူ ဖြစ်သည်။ သူ၏ နက်ပြောင်သော မျက်လုံးကြီးသည် ပြူးကျယ်နေသည်။ ကြမ်းတမ်းသော ကိုယ်ကာယမှာ ဆင်းရဲခြင်းဒဏ်ကို ပယ်ပယ်နယ်နယ်ကြီး ခံထားရပုံရှိသည်။

လှသည် စကားမပြော၊ သက်သက်ကလည်း စကားမပြော၊ လမ်းဘက်သို့ မျက်နှာမူထိုင် လိုက်ကြကာ ငြိမ်နေကြသည်။ ဦးမြကြီးက ဒေါ်ဖော့အား ဖြစ်ပုံ အကျိုးအကြောင်းစုံကို အတိုချုံးကာ ပြောပြလိုက်သည်။

“အမယ်လေးတော် … ဖြစ်မှ ဖြစ်ရလေ၊ သူတို့လည်း ဒုက္ခပဲ၊ ကျုပ်တို့မလဲ ဒုက္ခပါပဲ လှရယ်…၊ သေများ သေချင်ပါတယ်…၊ သေသေချာချာ ရှာရဲ့ လားကွယ်…”

“ရှာပါတယ် အဒေါ်ရယ်… နှံ့နေတာပဲ….။ လှဖြင့် ရှာလို့မတွေ့ တော့ ဖေဖေတို့၊ မေမေတို့ လိုသာ ဗုံးထဲပါသွားချင်တော့တာပဲ…”

အားလုံးမျက်နှာပျက်သွားကြသည်။ သက်သက်မှာ လှ ပြောပုံကို မနှစ်သက် ချေ။ သူ သေသွား၍ လည်း သည်အကြပ်အတည်းက ပြေသွားမှာ တဲ့လားဟု အောက်မေ့လိုက်မိသည်။ သက်သက်မှာ မိမိတို့၏ အကြပ်အတည်းထက် ဦးမြကြီးတို့ အကြပ်အတည်းကို ရင်လေးမိသည်။ ဆင်းရဲနွမ်းပါးလှသော သူတို့ဘဝနှင့် ငွေ ၂၅၀၀ိ ကျပ်ကို တွဲ ဖက်၍ မျှ မစဉ်းစားဝံ့သလောက် စာနာအားနာမိသည်။

ဦးမြကြီးက “သေသေချာချာ ရှာရဲ့ လား လှရယ်…” ဟု မကျေချမ်းသံကြီးဖြင့် ထပ်မေးပြန်သည်။

လှ မပြောမီကပင် သက်သက်က “သူရှာလို့ ဘယ်ရတော့မလဲ၊ လူတွေ့ လို့ ကောက်ယူသွားရောပေါ့ ဦးရယ်” ဟု ပြောလိုက်သည်။

“မော်တော် ကားကို သူတို့ သိပ်လိုချင်တာ။ သူတို့ဆီက ငွေကလေးသွားပြောရင်း ကားတစ်စီးလောက် လတ်လတ်ထဲက ရှာစမ်းပါလို့ ပြောလိုက်တာ အဆင်သင့်ပဲ။ လှနဲ့တွေ့ ပြီး လှက မအေးလှတို့ ကားရမယ်ပြောတာနဲ့ ချက်ချင်း လိုက်သွားပြီး ပြောပြတော့ ငွေ ၂၅၀၀ ကျပ် ထုတ်ပေးလိုက် ကြတာပဲ။ ဝယ်ပြီး သူတို့ဆီ အကြောင်းကြားပါတဲ့။ သူတို့ ဓာတ်ဆီရှာပြီး လာယူမယ်လို့ ပြောလိုက်တာ၊ ခုပုံတော့ သူတို့ဆီ အကျိုးအကြောင်း သွားပြောလို့လည်း မ ဖြစ်ဘူး”

“ပျောက်သွားတယ်လို့ သွားပြောလို့တော့ မ ဖြစ်ဘူးထင်တယ်…”

သက်သက်က ပြောလိုက်သည်။

ဦးမြကြီးကား အပြောရကြပ်နေဟန်ရှိနေရာ ဒေါ်ဖော့က ဝင်ပြောသည်။

“ပျောက်တယ်ပြောလို့တော့ ဘယ် ဖြစ်မလဲ သက်သက်ရယ်၊ သူ့အဖို့ ဒီလို သွားပြောလို့ကော ကောင်းနိုင်ပါ့မလား။ အခု အဒေါ်တို့စားနေတဲ့ထမင်းဟာ သူတို့ကျွေးတဲ့ ထမင်းပါပဲ။ ဒီအဘိုးကြီးက ဒူလာထလို့ ဘာမှ လုပ်နိုင်တာမဟုတ်ဘူး။ အဒေါ်ပဲ ခေါင်းပေါ်ဈေးဗန်းတင် ပြီး တစ်ပြုံလုံး ဈေးရောင်းကျွေးနေရတာ ၊ ဒီကိစ္စ အလျော်အစားမပေးနိုင်ရင် နောက်ကို အဒေါ်တို့ကို ယုံကြည်တော့မှာ လည်း မဟုတ်ဘူး၊ အဒေါ်တို့မလည်း သူတို့ကလွဲပြီး ဘယ်သူမှ အားကိုးစရာ ရှိတာမဟုတ်…”

ဒေါ်ဖော့မှာ ပြောရင်းဆိုရင်း မျက်ရည်တွေ ကျလာသည်။ လှမှာ ငုံနေရာမှ ပို၍ ငုံသွားလေ သည်။

သက်သက်မှာ အကြံရကျပ်အိုက်လျက် စိတ်ညစ်ညူးလှသည်။

သက်သက်မှာ အကြံရကျပ်အိုက်လျက် စိတ်ညစ်ညူးလှသည်။ ငွေ ၂၅၀၀ ကျပ် လောလောဆယ်ရှာကြံရေး မှာ လမ်းစကို မမြင်ဘဲရှိ၏ ။ ချေးငှားပေးစရာလည်းမမြင်။ ဆင်ရဲတာနှင့် တစ်ချက်တည်း အဖက်မလုပ်ချင်။ အယုံအကြည်မရှိချင်ကြသော ဤလောက၌ မည် သူက ငွေနှစ် ထောင့်ငါးရာကို အသားလွတ်ချေမည်းနည်း။ပေါင်စရာ ရောင်းစရာပစ္စည်ဆို၍ ‘လူပဲ’ ပေါင်စရာ ရောင်းစရာ ကျန်ရှိတော့သည်။ ခုနေများ လူကို အပေါင်ခံသည့်နေရာ၊ လူကို ဝယ်သည့်နေရာမျိုးရှိလျှင် ငွေ ၂၅၀၀ ကျပ်သာလျှင်ရပါစေ ထိုနေရာသို့ ဘာမှမစဉ်းစားဘဲ တစ်ဟုန်းတည်း ပြေသွားချင်သော စိတ်ပင်ပေါက်သည်။

“ဦးကြီး ရန်ကုန်ကို ဘယ်တော့သွားမလဲ….”

ဦဲးမြကြီးမှာ မျက်နှာပျက်လျက် အဖြေမပေးဘဲ ဆိတ်ဆိတ်လုပ်နေသည်။

“ဖိန်းနွှဲခါလောက်မှ သွားပါ ဦရယ်၊ ဒီနေ့တစ်ရက်၊ မနက်ဖြန်တစ်ရက် သဘက်ခါတစ်ရက် ဒီရက်မှာ သက်သက်တိုလည်း ကြံပါရစေဦး။ သက်သက်တို့ အခက်အခဲထက် ဦးကြီးတို့ရဲ့ အခက်အခဲကို ပိုပြီးစိတ်မကောင်း ဖြစ်မိတယ်၊ သက်သက်တို့ တတ်နိုင်သမျှကြံပါဦးမယ်…”

“ကြံပါ သက်သက်ရယ်… သက်သက်တို့မှာ မရှိပေမယ့်လည်း မျက်နှာကြီးတွေ နဲ့ သိပါတယ်။ အဒေါ်တို့ဆိုတာ ကတော့ ဒီငွေမျိုး ဒီဘဝမှာ ဘယ်မှာ မှဆွဲလို့ လွဲလို့ရမှာ မှ မဟုတ်တာချည်း။ ခုလို ဖြစ်ရတာ လေ အဒေါ် နည်းနည်း မှစိတ်မကောင်းဘူး။ သက်သက်တို့ ဒုက္ခလည်း မကြည့်ရက်ပါဘူး၊ ဘုရားစူးပါစေရဲ့ ၊ အဒေါ်တို့မှာ များ လျော်စရာရှိရင်လေ သက်သက်တို့၊ လှတို့ကို သက်ညှာပြီး လျော်လိုက်မှာ ပါအေ….”

မျက်စိမလှ၊ မျက်နှာမလှနှင့် တောင်းပန်တိုးလျှိုးလျက် တစာစာပြောနေသော ဒေါ်ဖော့အား စူးစိုက်ကြည့်လျက် လှမှာ အနေရအထိုင်ရကြပ်နေသည်။ သက်သက်မှာ သူ့ရှေ့တွင် ငုတ်တုတ်ကြီးထိုင်နေကာ စကားတစ်ခွန်းမှမပြောဘဲ ညှိုးမှိုင်းနေသော ဦးမြကြီးကို ကြည့်ကာ စိတ်ထိခိုက်သွား၏

“ဟုတ်ကဲ့ အဒေါ်၊ သက်သက်ကြံပါ့မယ်။ ရန်ကုန်က လူတွေ အပေါ်မှာ ဦးကြီးတို့ ၊ အဒေါ်တို့ မျက်နှာမပျက်ရအောင် သက်သက်ကြံပါ့မယ်၊ ရှာပါ့မယ်….သန်ဘက်ခါညနေကျရင် လှကို လွှတ်လိုက်လိုက်ပါမယ်…..”

“အေးကွယ်…အားလည်းနာပါရဲ့ ၊ စိတ်လည်းမကောင်းတော့ဘူး သက်သက်ရယ်…..”

ဦးမြကြီးက ထိုအခါမှ ဝင်၍ ထိုစကားဖြင့် အဆုံးသတ်လိုက်သည်။ သက်သက်တို့ ထမပြန်မီ ဦမြကြီးသည် နေရာမှထ၍ တန်းပေါ်က ပုလင်းကလေးတစ်လုံးယူလာသည်။

“အင်္ဂလိပ်ဆေးတော့ မဟုတ်ဘူကွယ့်….မြန်မာဆေး။ ဆင်ရဲသားဆေးပဲ သင်္ဘောသီး အစိမ်းတစ်လုံးနဲ့ ဖော်ထားတာ။ ငှက်ဖျားတော့ သူပဲ နိုင်တယ်။ ယူသွား သက်သက်ရယ် …သောက်ကြည့်စမ်း….”

သက်သက်မှာ ပုလင်းထဲ၌ လက်တစ်လုံးသာရှိသော ဆေးမှု န့်ကို ကြည့်လျက် ယူရန် အားနာသွားကာ….

“နေပါစေ..ဦးရယ်..သက်သက်ဆေးရုံမှာ ဆေးသွားထိုးနေတယ်။ ဆေးပတ်မကုန်သေးဘူး၊ မသက်သာမှဘဲ ယူမယ်နော်…”ငြင်းလိုက်ကာထပြန်လာခဲ့ကြသည်။

လမ်းတွင် သက်သက်ကို တွဲ ခေါ်လာသော စကားလျင်းမပြောသဖြင့် သက်သက်က”လှ… စိတ်မကောင်း ဖြစ်နေသလား”မေးလိုက်သည်။ “ ဖြစ်မနေနဲ့၊ လောကမှာ လူလုပ်ရင် အကြောင်းအမျိုးမျိုး ကြုံရမှာ ပဲ၊ ကြုံလာရင် ကြံရမှာ ပဲ”ဟုဆိုလိုက်သည်။

သက်သက်၏ အသံမှာ စောစောကလောက် ချည့်နဲ့သည်မထင်ရဘဲ မောသံကလေးမှအပ အားမာန်တက်သံလေး ဆောင်နေသည်။

“သက်သက်ရယ်…ဘယ်လိုကြံမှာ လဲ၊ အပေါင်မရှိဘဲ ဘယ်သူမှ ၂၅ဝဝိ ချေးမှာ မဟုတ်ဘူး သက်သက်ရဲ့ သူတို့ရော၊ သက်သက်ရော ဒုက္ခများ ပြီ…”

“ဘယ်က လှအတွက်ချည်းဟုတ်မလဲ…သက်သက်အတွက်ကော မပါဘူးလား လှရယ်၊သက်သက်က မမာနေတော့ မရှာနိုင်တော့ ငွေပိုငွေလျှံရအောင်လုပ်တော့ သက်သက် အတွက်လည်း ပါပါတယ်ကွယ်။ သက်သက်ဖြင့် လှ သွေးပျက်ပြီး ရူးမလာတာဘဲ တော် ပါသေးရဲ့ လို့ ဝမ်းသာနေရတယ်..”

ထိုနေ့ညတွင် သက်သက်လည်း မအိပ်၊လှလည်း မအိပ်။ အတွေးကိုယ်စီ နှင့် ဘယ်ပြောင်း ညာပြန် လူးနေကြသည်။ သက်သက်အိပ်လေဟု လှက ပြောလိုက်၊တစ်ဖန် လှ အိပ်တော့လေဟု သက်သက်က ပြောလိုက်နှင့် နှစ် ယောက် စလုံး မအိပ်နိုင်ကြအောင် ဖြစ်နေကြသည်။

အရပ်ထဲ၌ မအိပ်ကြသေးပေ။ စကားပြောသံ၊ ရန် ဖြစ်သံ၊ ကလေးချော့သံတို့ကို လေသင့်သည့်အခါတိုင်း ကြားရသည်။ တစ်ဖက်ခန်းမှ စက်ချုပ်သည် အပျိုကြီး ဒေါ်ထား၏ ဟောက်သံမှာ တစ်ချိန်လုံးမိုးမွှန်နေသည်။ သက်သက်မှာ မူးနောက်နောက် ဖြစ်လာသည်။ အသက်ရှုရ ကြပ်လာသည်။ ဝါးထရံကြားကတိုးနေသော လေမှာ အေးမြမြရှိသော်လည်း သက်သက်ကား ချွေးပြန်လျက် စိုရွှဲနေသည်။

အသံဗလံတို့သည် တစ်စတစ်စ တိတ်ဆိတ်သွားကြသည်။ ကာလကြာစွာ တိတ်ဆိတ်နေပြီး နောက် သန်းခေါင်ကြက်တွန်သံသည် စူးရှစွာ ထွက်ပေါ်လာသည်။ တောင်ပံခတ်သံပါ ကြားလိုက်ရ သည်။ ရေနံဆီမီးအိမ်မှ မီးရောင် သည် အားနည်းကာ မှိန်လျော့နေသည်။

လှသည် သူ့အ ဖြစ်ကို တွေးရင်းတွေးရင်း ငိုချင်လာ၏ ။ မိဘနှစ် ပါးအား လွမ်းစိတ်ဆွေးစိတ်တို့သည် သူ့ရင်ထဲ၌ ပြည့်ကျပ်နေသည်။ မျက်ရည်များ စီးကျလာကာ အသည်းနှလုံးတွေ နာကျင်လာသည်။ လှမှာ သက်သက် နိုးသွားမှာ စိုးကာ မငိုဝံ့ပေ။ ငိုချင်စိတ်ပျေက်မှ ပျောက်ပါစေတော့ဟု အိပ်ရာမှထကာ ခြင်ထောင်အပြင်ဘက်သို့ ထွက်လိုက်သည်။

“လှ…ရေတစ်ခွက်လောက် ပေးစမ်းပါ…”

“အို…..သက်သက် မအိပ်သေးဘူးလား။ လှက အိပ်ပလားလို့….”

သက်သက်သည် ထထိုင်လိုက်သည်။ လှ ကမ်းပေးလိုက် သော လှလက်ထဲမှ ရေခွက်ကို လှမ်းယူပြီး မသောက်ခင် “အကြံရပြီ လှ နေရာကျမှာ ပဲ။ မနက်ကျရင် စာသင်နေတဲ့အိမ်ကို ခွင့်တစ်ရက် တောင်းပြီး ထောက်ကြန့်ကို မီရာကားနဲ့လိုက်သွား၊နေ့ချင်းပြန်လာခဲ့…”ဆိုပြီးမှ ရေကို မော့သောက်လိုက်သည်။

“ဘယ်သူ့ဆီ သွားရမှာ လဲဟင်….”

“သက်သက်တို့ ကိုးကွယ်နေတဲ့ ဆရာတော် ဘုရားဆီကိုလေ”

“ဆရာတော် ဘုရားဆီ ဘာလုပ်ဖို့တိုး သက်သက်ရဲ့ …”

လှမှာ မဆီမဆိုင်ဟု မတွေးတတ်အောင် ဖြစ်သွားသည်။ ရေခွက်ကိုကိုင်လျက် သက်သက်ရှေ့၌ ထိုင်ချလိုက်သည်။

“ဆရာတော် ဘုရားဆီမှာ ဖေဖေမသေခင် ဘုရားဌာပနာဖို့ ပေးထားတဲ့ အရုပ်ကလေးရှိ တယ်။ ဌာပနာရဦးမယ် မဟုတ်သေးဘူး။ အဲဒါ သွားယူရမယ်၊ သွားယူပြီးတော့….”

“ဘာရုပ်တုံး သက်သက်ရဲ့ …သက်သက် ဘာတွေ ပြောနေတာလဲ….ဟင်….”

လှသည် မျက်ခုံးနှစ် ဖက်ရှုံ့လျက် မျက်စိမှေးမှေးဖြင့် သက်သက်၏ မျက်နှာနားရောက်သွား အောင်ခေါင်းကို ရှေ့ထုတ်ပြီး ပြောလိုက်သည်။

“သြော်… အရုပ်က ဒေါင်ရုပ်၊ ဒေါင်းရုပ်ကလေးလေ၊ ရွှေနဲ့လုပ်ထားတာ၊ အမြီးကို မြနဲ့ စိန်နဲ့ အကွက်ဖော်ထားတယ်။ ဖေဖေ မသေခင်က ဆရာတော် အိမ်ကြွလာပြီး ဖေဖေ့ဇာတာကို တွက်ချက်ပြီး ဇာတာသိပ်ညံ့တယ် ယတြာချေရမယ်၊ ယတြာက ဒေါင်းရုပ်ကလေးကို ရွှေနဲ့ထုပြီး စိန်တွေ မြတွေ ထည့်လုပ်ပြီးမှ ဘုရားမှာ ဌာပနာရမယ်ပြောလို့ ဆရာတော် ပြောတဲ့ အတိုင်းပန်းထိမ်းမှာ အပ်တယ်။ ကိုယ်တို့ ရန်ကုန်မသွားခင် တစ်နေ့ပဲပေါ့။ ပန်ထိမ်ကပြီးလို့ ဖေဖေကိုယ်တိုင် ဆရာတော် ဆီယူသွားပြီး ရေစက်ချလှူတယ်။ အဲဒီ အရုပ် ဆရာတော် ဆီမှာ ပေးထားတယ်။ ကျောင်းဝင်းထဲမှာ စေတီတောင်မတည်ရသေးဘူး ဖေဖေတို့ သေတာပဲ….”

“အို….သက်သက်ရယ်၊ ဘုရားပစ္စည်းကို ရောင်းမလို့လား”

လှမှာ ငိုသံပါပါနှင့် ပြောပြီး မျက်နှာပျက်နေသည်။

“ဘုရားပစ္စည်းတော့ ဘုရားပစ္စည်းပဲ။ ဌာပနာရသေးဘူးလေ၊ ဒါကိုမရောင်းပါဘူး ခဏယူမှာ ”

“နို့ …..ယူပြီးဘာလုပ်မှာ လဲ”

“ဒါကို….အာမခံနဲ့ အပေါင်ပေးပြီး တစ်နှစ် ၊ နှစ် နှစ် အတွင်းမှာ ငွေရှာပြီးပြန်ရွေးမှာ ပေါ့။ ဖေဖေလှူမယ်လို့ ရေစက်ချခဲ့တဲ့အလှူကို လှူ ဖြစ်အောင်လှူမှာ ပေါ့ လှရဲ့ ….”

“သက်သက်ရယ် ဒီလိုဆိုရင် ဒါက ၂၅၀၀ ထက်မက တန်ချင်တန်နေမှာ ပေါ့။ အလွဲသုံးစား လုပ်ပစ်ကြရင် ဘယ့်နှယ်လုပ်မလဲ….”

သက်သက်မှာ လှ သဘောပေါက်အောင် ရှင်းပြရန် လိုအပ်နေသဖြင့် စိတ်ရှည်စွာ ပင် အာခေါင်ခြောက်ခြောက်ဖြင့် ရှင်းပြောပြသည်။

“ဒါကို သက်သက် စဉ်းစားပြီးပါပြီ။ ဒါကြောင့် ဒီအရုပ်ကို ဒီမှာ တောင်မပေါင်းပါဘူး။ ပိုက်ဆံထုပ်ပေးလိုက် တဲ့ ငွေရှင်တွေ ဆီပဲ အလျော်အစားသဘောနဲ့ အပေါင်ထားမယ် စိတ်ကူတယ်။ ဒါကို အလွဲသုံးစားမလုပ်အောင် ဘုရားပစ္စည်း ဖြစ်ကြောင်း ပြောရမယ်၊ သွားလေသူရဲ့ အထမမြောက်ရတဲ့ အလှူပါလို့ ပြောရမယ်၊ ရောင်းလည်း မစားပါနဲ့ ၊ မထုခွဲပါနဲ့၊ တစ်နှစ် ၊ နှစ် နှစ် အတွင်း ဆက်ဆက် ငွေ ၂၅၀၀ နဲ့ ကျသင့်တဲ့ အတိုးနဲ့ လာရွေးပါမယ်လို့ ဦးမြကြီးကို သေသေချာချာမှာ လိုက်မယ်။ သူတို့လည်း ချမ်းသာတဲ့သူတွေ ၊ ဦမြကြီးတို့ကို ငွေအတိုးမယူဘဲ ငွေထုတ်မ, စတဲ့လူတွေ ဆိုတော့ စိတ်သဘောသေးကြမယ်တော့ မဟုတ်ဘူး။ သက်သက်တို့ မရွေးမချင်း သိမ်းထားကြမယ်လို့ ယုံကြည်တာပဲ။ ဒါနဲ့ လုပ်ရပ်ရင်လည်း မတတ်နိုင်ဘူး။ ဒီလိုလုပ်မယ်လို့လည်း မထင်ဘူး လှရယ်……”

လှသည် ဘာမပြော ညာမပြော ချုံပွဲချ၍ ငိုလိုက်သည်။

“မငိုပါနဲ့ လှရယ်၊ ဖြစ်လာမှ လုပ်ရမှာ ပဲ။ ဦးမြကြီးအတွက် စဉ်းစားကြည့်စမ်း၊ ဘာမှမပေး နိုင်ဘဲ လွှတ်လိုက်ရင် သူ့အပေါ်မှာ ဟိုက အယုံအကြည်ကင်းမဲ့ပြီး ရှေ့ အလားအလားတွေ အကုန်လုံးပိတ်သွားမှာ မစိုးဘူးလား။ ဒီတော့သက်သက် ဘယ်လောက်မြတ်နိုးတဲ့ ပစ္စည်း ဖြစ် ဖြစ် အခြေအနေအရ ဒီလိုပဲလုပ်ရမှာ ပဲ။ အဆုံးထားမှာ မှမဟုတ်ဘဲ ၊ ပြန်ရွေးမှာ ။ တိတ်ကွယ်…. မနက်ကို အ ဖြစ်အပျက် ဆရာ့တော် ဆီ စာရေး ပေးလိုက် မယ်၊ မီရာကားနဲ့ လိုက်သွားနော်”

“တစ်နှစ် ၊ နှစ် နှစ် အတွင်းမှာ ဒီငွေ ၂၅၀၀ိ ကို ရပါ့မလား သက်သက်ရယ်” ဟုလှက ရှိုက်ကာရှိုက်ကာ ငိုရင်းမတ်တတ်ပြောဆိုနေသည်။

“ရအောင်လုပ်ရမှာ ပေါ့”

သက်သက်သည် အိပ်ရာပေါ်သို့ ပြန်လှဲကာ နဖူးပေါ်လက်တင်လျက် ခပ်ပြတ်ပြတ် ပြန်ပြောလိုက်သည်။

“သက်သက်ရယ်…လှ စိတ်လေးလိုက်တာ။ ဒီပစ္စည်းတော့ မလုပ်ပါနဲ့ သက်သက်ရယ်နော် …. မလုပ်ပါနဲ”

“ခက်တယ်ကွယ်၊ လှကလည်း အခြေအနေအရလုပ်တယ်ဆိုရင် နားလည်မှပေါ့၊ ရအောင် ပြန်ရွေးမှာ ပေါ့၊။ နှစ် နှစ် ဆိုတဲ့ အချိန်ဟာ နည်းသလားကွယ်၊ နောက်တရားကို နောက်ထားလိုက် စမ်းပါ။ ဒါကလေးကို သတိရတာ ပဲ သက်သက်မှာ ဘယ်လောက်ဝမ်းသာရသလဲ၊ ဖေဖေတို့မသေခင် ဗေဒင်ဟောတဲ့ဆရာတော် ကိုပဲ ကျေးဇူးတင်ရသေးတယ်။ သူဟောပေလို့ လုပ် ဖြစ်ပြီး ကျန်ခဲ့တာ နို့မို့ရင် အခုလောလောဆယ် ဦမြကြီးကို လျော်ဖို့ဟာ ဘယ်လိုမှ မကြံတတ်ဘူး”

လှမှာ သက်သက်ကို ဆင်ခြင်ဆင်လက်တက်၍ မရမှန်းလည်း သိ၏ ။ မလွှဲမရှောင်သာ၍ သာ ခုလိုလုပ်ရမှန်လည်း သိ၏ ။ လုပ်သာလုပ်ရသည် သက်သက်ဘယ်လောက်များ စိတ်ထိခိုက်ပြီမှ လုပ်ရသည်ကို ပို၍ သိလေသဖြင့် လှမှာ ယူကြုံးမရ ဖြစ်ရသည်။

သက်သက်မှာ သူ့အဖေကို အချစ်ဆုံး ဖြစ်သည်။ စာရေး စာပွဲးပေါ်တွင် စာရွက်ဖိသည့် ကျောက်တုံးကလေးကို မီးလောင်ပုံထဲမှ ကောက်ခဲ့ကာ ဖေဖေသုံးတဲ့ ပစ္စည်းကလေးဟာ မျက်ရည်စက်လက်ဖြင့် ပြောလျက် သူ့ခေါင်းရင်းတွင် ကျောက်တုံးကလေးကို အမြတ်တနိုးကိုးကွယ် ၍ ထားသူ ဖြစ်သည်။မကြာခဏ ကျောက်တုံးလေးကို တယုတယ ဆုပ်ထားတတ်ကာ အစွဲအလမ်းကြီးကြီးဖြင့် “ဖေဖေပေးခဲ့တဲ့အမွေ” ဟု ပြောတတ်သည်။

“လူစိတ်ဆိုတာ တစ်သမတ်တည်းနေတာ မဟုတ်ဘူး။ စိတ်နေစိတ်ထား အင်မတန်ပြောင်းတတ်တာ၊ ဟောဒီ ကျောက်တုံးကလေးလို မာကျောနိုင်မှ အပြောင်းအလဲနည်းပြီး တည်တည်တံ့တံ့နဲ့ ခိုင်မာမှာ ….”

လှမှာ သက်သက်လက်ထဲက ကျောက်တုံးကလေးကို ငေးကြည့်လျက် သူပဲကြံကြံဖန်ဖန် ပြောတတ်ပလေတယ်ဟု ထင်ခဲ့မိသည်။ ကျောက်တုံးကလေးကို ဆွမ်းတော် မတင်ရုံတမယ် ဤမျှလောက်စွဲလမ်းလျက် ရိုသေမြတ်နိုး တန်ဖိုးထားနေသူက လက်လွတ်စပယ် သူများ လက်ထဲ ထည့်လိုက်ရမည့်  ရွှေဥဒေါင်ရုပ်ကလေးအတွက် ဘယ်လောက်များ စိတ်ထိခိုက်မည် ဆိုတာ မတွေး ဝံ့သလောက် ဖြစ်၍ လှမှာ အတော် ပင် စိတ်ပင်ပန်းနွမ်းနယ်သွားရှာသည်။

အသီးသီး အိပ်ရာထဲသို့ ပြန်ဝင်ကြသည်။ လှသည် မျက်နှာကိ ခေါင်းအုံးတွင် အပ်ကာ ကျိတ်၍ ငိုနေသည်။ သက်သက်ကား စောင်ကြီးကို ခေါင်းမြီးခြုံလိုက်ကာ တစ်ညလုံးခေါင်းမဖော်တော့ချေ။

♥ ♥ ♥




ဝန်ဇင်းချစ်သူများ ဂျာနယ်ကျော်မမလေး ၏ “ သူမ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


မေတ္တာ

ရွှေလင်းယုန်

မေ့အိမ်မက်