
ဂျာနယ်ကျော် မမလေး [၁၉၁၇-၁၉၈၂]
ဧရာဝတီတိုင်း၊ ဗျာပုံခရိုင် ဘိုကလေးမြို့ ကမာကလူကျေးရွာ၌ အဖ ဒေါ်ဆင်ဘဏ် မန်နေဂျာ ဦးပျားချို၊ အမိ ဒေါ်ကွီတို့က ၁၉၁၇ခု ဧပြီလ ၁၃ ရက် သော ကြာနေ့တွင် မွေးဖွားသည်။ မွေးချင်း ငါးဦးအနက် စတုတ္ထမြောက် ဖြစ်သည်။ အမည် ရင်း မတင်လှိုင် ဖြစ်သည်။
၁၉၂၂ ခုတွင် ဖျာပုံအေဘီစီအမ်ကျောင်း၌ ကျောင်းစနေခဲ့သည်။ ဘိုကလေးမြို့ အစိုးရကျောင်းမှ ၁၉၂၇ ခုတွင် သတ္တမတန်းအောင်သည်။ ထို့နောက် ရန်ကုန်မြို့ မြို့မ အမျိုးသမီးကျောင်း၌ န၀မတန်း (၁၉၃၂) အထိ ပညာသင်ကြားခဲ့သည်။ ၁၉၃၈ ခုတွင် မြန်မာ့အလင်းသတင်းစာ အယ်ဒီတာချုပ်ဦးချစ်မောင်နှင့် လက်ထပ်သည်။ ၁၉၄၆ ခု ဧပြီလ ၃ ရက်တွင် ခင်ပွန်း၊ ဂျာနယ်ကျော် ဦးချစ်မောင်ကွယ်လွန်၍ သားနှစ် ဦးနှင့် သမီးတစ်ဦး ကျန်ရစ်ခဲ့သည်။ ၁၉၅၉ ခု မေလ ၁၄ ရက်တွင် ဦးအောင်ဇေယျနှင့် အိမ်ထောင်ပြုသည်။
ဘိုကလေးမြို့ တို့ဗမာအစည်းအရုံးတွင် အဖွဲ့ဝင်နှင့် တက်ခေတ် အမျိုးသမီးအဖွဲ့ ဥက္ကဌ (၁၉၃၆-၃၇)၊ ဂျာနယ်ကျော် ထုတ်ဝေသူ၊ ဂျာနယ်ကျော်နှင့် ပြည်သူဟစ်တိုင် သတင်းစာ အယ်ဒီတာ (၁၉၃၉)၊ အမျိုးသမီး ကလောင်ရှင်အသင်း ဒုတိယဥက္ကဌနှင့် ကလောင်ရှင်မဂ္ဂဇင်း တာဝန်ခံအယ်ဒီတာ (၁၉၄၇)၊ မြန်မာနိုင်ငံ စာရေး ဆရာအသင်း ဥက္ကဌ (၁၉၄၈-၄၉)၊ မြန်မာနိုင်ငံ စာရေး ဆရာ စာပေကလပ် အတွင်းရေး မှူး (၁၉၆၁-၆၂) တာဝန်များ ကို ထမ်းဆောင်ခဲ့သည်။ တရုတ်နှင့် ဆိုဗီယက်သို့ ယဉ်ကျေးမှု ကော်မတီ အဖွဲ့ဝင် (၁၉၅၂)၊ အာရှတိုက် စာရေး ဆရာများ ကွန်ဖရင့် (နယူးဒေလီ) (၁၉၅၅)၊ အဏုမြူဆန့်ကျင်ရေး ကွန်ဖရင့် (ဂျပန်)(၁၉၅၈)၊ ဂျပန်ဘာသာပြန် “သွေး” ၀တ္ထုအတွက် ဂုဏ်ပြုဖိတ်ကြားခြင်း (ဂျပန်) (၁၉၈၀) စသည်ဖြင့် နိုင်ငံရပ်ခြားသို့ သွားခဲ့သည်။ ပုဂ္ဂိုလ်ရေး ‘ပစ်စာ’ တစ်စောင်ကို တုံ့ပြန်ဆောင်းပါးရေး ရာမှ သတင်းစာတိုက်နှင့် ဆက်သွယ်မိပြီး စာပေနယ်ထဲ ရောက်ခဲ့သည်ဆို၏ ။ “အမျိုးသမီးများ ဏကြီးသက် ဉာဏ်ရှိကြရန်” (မြန်မာ့အလင်း၊ ၁၉၃၆-၃၇) သည် ပထမ ပုံနှိပ်ဆောင်းပါး ဖြစ်သည်။ ပထမ ပုံနှိပ်ဝတ္ထုမှာ “မသိရလေခြင်း” (ဂျာနယ်ကျော်၊ ၃၁-၅-၁၉၄၁) ဖြစ်သည်။ ထင်ရှားသော စာအုပ်များ မှာ သူမ (၁၉၄၅)၊ သူလိုလူ (၁၉၄၇)၊ သူလိုမိန်းမ (၁၉၄၈)၊ ရှုမငြီး (၁၉၄၈)၊ စိတ် (၁၉၅၁)၊ ကမ္ဘာမြေ၀ယ် (၁၉၅၂)၊ မုန်း၍ မဟူ (၁၉၅၅)၊ တွေးတစိမ့်စိမ့် (၁၉၃၆)၊ လှတစ်မျက်နှာ (၁၉၆၅)၊ ရင်နင့်အောင်မွှေး (၁၉၆၇)၊ ရင်မှတရှိုက် (၁၉၇၀)၊ သွေး (၁၉၇၃) တို့ ဖြစ်ကြ၏ ။ မုန်း၍ မဟူဖြင့် ၁၉၅၅ ခုစာပေဗိမာန်ဆု တွေးတစိမ့်စိမ့်ဖြင့် ၁၉၃၆ ခု အနုပညာစာပေဆု (၀တ္ထုတိုပေါင်းချုပ် တတိယဆု) ရရှိခဲ့သည်။ နိုင်ငံခြားဘာသာသို့ ပြန်ဆိုခဲ့သည်များ မှာ မြက်ကလေးတစ်ပင် (ဂျာမန်-၁၉၆၈)၊ တွေးတစိမ့်စိမ့် (ရုရှ-၁၉၈၄)၊ သွေး (ဂျပန်-၁၉၇၇)၊ မုဆိုးမ (အင်္ဂလိပ်)၊ မုန်း၍ မဟူ (ရူရှ၊ ဥဇဘက်၊ ပြင်သစ်၊ တရုတ်၊ အင်္ဂလိပ်) တို့ ဖြစ်ကြသည်။ ဂျာနယ်ကျော်မမလေး၏ ကလောင်ခွဲများ မှာ ရဝေလှိုင်၊ လှတခိုင်၊ ဘိုကလေး မတင်လှိုင်တို့ ဖြစ်ကြသည်။ စာရေး ဆရာ၊ သတင်းစာဆရာ အ ဖြစ်သာမက တိုင်းရင်းဆေးပညာရှင်အ ဖြစ်လည်း ထင်ရှား၏ ။ ဆေးပညာဆောင်းပါးများ (၁၉၆၂)၊ မြန်မာ့ဆေးပညာ (၁၉၆၇)ကို ပြုစုခဲ့သည်။ ၁၉၈၂ ခု ဧပြီ ၆ ရက်တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။
(၁)
ပိဋီကတ္တယံ သံပုဏ္ဏံ
သဗ္ဗသိဒ္ဓိ သုခံဝဟံ
ဇီဝှဂ္ဂေ့ မေနိသီဒိတွာ
မနံ္တဓာရေတု၊ သူရဿတီ
စီမြည် သော ကြေးစည်သံသည် ဘုရားခန်းထဲ၌ လွင့်ပျံလျက်ရှိနေ၏ ။ ထိုကြေးစည်သံတို့ မစုမီ တစ်ဆက်တည်း ဂါထာရွတ်ဆိုလိုက်သော အသံမှာ ဘုရားခန်းပြင်ဘက်သို့ သာယာကြည်လင်စွာ ထွက်လာလေသည်။
တင်မလေးသည် ဘုရားရှိခိုးပြီး၍ ဘုရားဆောင်ထဲမှ ဂါထာရွတ်ဆိုရင်း ထွက်လာခဲ့ကာ လသာဆောင်သို့ ကူးသွားလေသည်။ လသာဆောင်ကြီး၌ အုတ်လက်ရမ်းဘောင်ပေါ်တွင် လက်နှစ် ဖက်ကို ထောက်ကာ ကောင်းကင်သို့ မော့၍ ကြည့်လျက် သူရဿတီဂါထာကို သံနေသံထားဖြင့် ရွတ်ဆိုနေလေသည်။
လရောင် သည် မျက်နှာတည့်တည့်သို့ ထိုးလျက်ရှိရာ လှပအေးမြသော လရောင် ၏ အငွေ့အသက်ကို တသက်သက် ဖြစ်ရင်း ဂါထာကို (၉) ခေါက်ပြည့်အောင် ရွတ်ဆိုနေပေ၏ ။
ဤမျှလောက် ဆိတ်ငြိမ်ဝပ်သော ယနေ့ည၌ လရောင် ထဲတွင် မိမိကိုယ်တိုင် ရွတ်ဆိုနေသော ဂါထာသံကို အရပ်တစ်ပါးမှ ညင်းညင်း ငြိမ့်ငြိမ့် လွင့်လာသံမျိုး မှတ်ထင် ကြားနာခံစားမိလျက် စောစောကထက် ပို၍ ကြည်နူးလာမိလေသည်။ ကြည်နူးခြင်းသည် သူ့အား ငြိမ်းချမ်းစေ၏ ။
အတိုင်းမသိသော ငြိမ်းချမ်းခြင်းသုခကြောင့် ရင်ထဲ၌ ငြိမ့်ရွှန်းအေးမြလာလေသည်။
လမင်း၏ ဘေးပတ်ရံ၌ ခြံရံလျက် ရှိကြကုန်သော ကြယ်တာရာတို့သည် ခါတိုင်းမြင်နေကျထက် လွန်ကဲ၍ စူးစူးလက်လက် တောက်ပြောင်နေကြသည်။
ထိန်လင်းနေသော လပြည့်ဝန်း၏ နောက်၌ ရှိသော ကောင်းကင်ထုပြင်ကြီးမှာ နီလာကျောက်ဖျာကြီးကဲ့သို့ ပိန်းပြာမှိုင်းနေကာ လရောင် နှင့် တူယှဉ်ပြိုင် ပဏာရနေ၏ ။
တင်မလေးသည် မိုးလယ်တခွင်သို့ စူးစိုက်ကာ ကြည့်နေစဉ် လ၏ အနီးတစ်ဝိုက်ရှိ ထုထည်ပြင်ကြီးသည် နိမ့်တုံမြင့်တုံ မို့ကြွလှုပ်ရှားသွားသလို ထင်ရလေကာ မိုးသားကြီးသည် တသားတည်းရှိရာမှ ကွဲဟသွားလေ၏ ။
အလုံးစုံသော ကြန်အင်လက္ခဏာတို့ဖြင့် ကြည်ညိုဖွယ်ရာ သပ္ပာယ်လှသော ရဟန္တာတစ်ပါးသည် ဘွားခနဲထွင်းဖောက် ရပ်ပေါ်လာလေသည်။
ဆန်းကြယ်သော စိတ်ကူးတို့ဖြင့် ဖန်ဆင်း၍ ထင်မြင်ကြည်ညို ကြည့်လိုက်သော ရဟန္တာပုံကို ကောင်းကင်၌ ရဟန္တာအစစ်သည် အကယ်ထင်ရှား ရပ်တော် မူနေဟန် စိတ်ရင်းမှန်းဖြင့် အာရုံပြု၍ ထားသည်။
သူသည် ငြိမ်သက်၍ သွားချေပြီ . . .
ရဟန္တာသူမြတ်၏ ရုပ်သဏ္ဍာန်၌ ကိလေသာ ကင်းစင်လျက် ဖြူစင်ကိန်းဝပ်သော အသရေတော် ကို ရည်မှန်းကြည်ညို ၀င်စားနေခိုက်၊ သူ၏ ကိုယ်သည် ဖက်ရွက်ကလေးလို ပေါ့ပါးလျက် ရှိနေသည်။ တဒင်္ဂ၊ တစ်ခဏ ပျော့ပျောင်း နူးညံ့သွားလျက် စိတ်နှလုံးသိမ်မွေ့ တည်ငြိမ်ကာ မခံစားစဖူး ခံစားချမ်းမြေ့ ပျော်မွေ့နေပေ၏ ။
မြောက်လေသည် ညင်းညင်းသာသာ တိုက်ခတ်လျက် ရှိသည်။ ဆောင်တော် ကူး ပန်းနံ့တို့သည် လေအဟုန်တွင် ခိုစီးကာ သင်းကြိုင်ပျံ့မွှေးနေသည်။ အုတ်နီလမ်းမကြီးပေါ်၌ သဲမှု တ်ထား၍ သဲများ ကြဲဖို့ထားလေရာ လရောင် သွန်းလောင်းထားသော သဲပွင့်တို့သည် စိန်ရောင် ငွေရောင် ထွက်ကာ တဖိတ်ဖိတ် လက်နေကြလေသည်။
မနီးမဝေး၌ ရှိသော ဂါတ်တဲမှ သံချောင်းခေါက်လိုက်သည်။ တင်မလေးသည် တစ်ခုတည်းသော အာရုံတွင် နစ်ဝင်ငြိမ်သက်နေရာက လှုပ်ရှားလာကာ ပတ်ဝန်းကျင်ကို မြင်မိလျက် အသံကြားရာ ဂါတ်ဘက်သို့ မျှော်ကြည့်လိုက်သည်။ အချုပ်ထောင်၏ အမိုးကို မြင်ရသည်။ အချုပ်ထဲတွင် ရှိကြသော အကျဉ်းသမားများ ၏ ဘ၀ကို ကွက်ခနဲ မြင်ယောင်လိုက်မိသည်။
မိမိမှာ လရောင် ၏ အေးမြသော သုခကို ခံစားလျက် သော က ကင်းဝေး ချမ်းမြေ့သာယာနေပေသည်။
လရောင် ထဲတွင် ပူဆွေးသော ကရောက်လျက် စိတ်ဆင်းရဲနေကြမည့်  အကျဉ်းသမားများ နှင့် နှိုင်းယှဉ်ကြည့်မိကာ ချက်ချင်း အာရုံပြောင်း၍ မသာမယာ ဖြစ်လာသည်။
အချုပ်ထဲ၌ ကြိုးစင်တွင် သေဒဏ်သင့်မည့် သူ၊ ထောင်ထဲ၌ နှစ် ကြီးကျမည့် သူများ ရှိကြပေမည် ။ မိကွဲ၊ ဘကွဲ၊ သားကွဲ၊ မယားကွဲ၊ သြော် . . . ဒုက္ခ . . . ဒုက္ခ။
စောစောက ကြည်လင်အေးမြနေသော စိတ်သည် ရှုပ်ထွေးနောက်ကျိသွားလေ၏ ။ ကောင်းကင်တွင် ရဟန္တာကား မရှိတော့ပြီ။ အုတ်ချပ်ကလေးတွေ စီတင်ထားသော အုတ်နံရံထောင်တံတိုင်းကြီးနှင့် ကြိုးစင်ကို မျက်စိထဲ၌ ပျောက်ကွယ်သွားအောင် အချုပ်ထောင်နှင့် မလှမ်းမကမ်းတွင် ရှိကြသော အဆောက်အအုံများ ဆီသို့ လွှဲပြောင်းလိုက်ရသည်။
သုံးထပ်တိုက်ပေါ်၊ လသာဆောင်ခန်းမမှ ဆီး၍ မြင်ရသော ရှုခင်းကား၊ မျက်နှာမူရာတည့်တည့်၊ လမ်းမကြီးထိပ်၌ ပိတ်ဆီးဆောက်ထားသော ဆေးရုံအဆောက်အအုံတိုက်တန်းလျားကြီး ရှိသည်။ ဆေးရုံကြီးမှာ လရောင် အောက်တွင် ငြိမ်ဝပ်တိတ်ဆိတ်လျက်ရှိနေ၏ ။ ဆေးရုံထဲ၌ ဝေဒနာခံစားလျက် သံခုတင်ပေါ်တွင် လဲလျောင်းနေကြမည့်  လူနာများ ကို တွေးမိပြန်သည်။
တင်မလေးသည် လရောင် ဖြင့် ကြည်နူးချမ်းမြေ့နေစဉ်အတွင်း အနိဌာရုံများ ၀င်မလာအောင် ပယ်ရှားဖျောက်ဖျက်ပစ်ရသည်။ ဆေးရုံတန်းလျားတစ်ဖက်၌ မြင်နေရသော ရင်ခွဲရုံကို မကြည့်လို မမြင်လို၍ ကပျာကယာ မျက်နှာလွှဲကာ ရုံးဘက်သို့ လှည့်လိုက်လေသည်။
အုတ်ကြွပ်မိုး ပျဉ်ထောင် ရေနံသုတ်လျက် နှစ် ထပ်ဆောက်ထား၍ မြင့်မြင့်မားမား ထင်းနေသော ရုံးကြီးသည် ညအချိန် ဆိတ်သုဉ်းလျက် နေပေ၏ ။
ရုံးရှေ့ လမ်းတစ်လမ်းခြားလျက်ရှိသော ဘုန်းကြီးကျောင်းဝင်းကြီးထဲ၌ ကျောင်းတိုက်တစ်ခုတွင် မီးရောင် များ မြင်ရလေသည်။
ထိုကျောင်းတိုက်ထဲမှ စာပြန်နေသော ကိုယ်တော် များ ၏ အသံသည် သဲ့သဲ့ကလေး ဝေ့လာလေသည်။ ဂရုစိုက်၍ နားထောင်မှ ဆွဲဆွဲငင်ငင် ညည်းအံနေသော တရားသံကို ကျက်မိသည်။ တစ်ချက်တစ်ချက် လွင့်လာသော တရားသံကား ပျောက်လိုက် ပေါ်လိုက်ဖြင့် မသဲကွဲချေ။ အသံကို ဆွဲငင်လျက် သံနေသံထား ရွတ်အံနေ၍ သဲ့သဲ့၊ သဲ့သဲ့ကြားရသမျှသော တရားသံကို စွဲငြိနှစ် ခြိုက်လျက် နားစွင့်ကာ အာရုံစိုက် နားထောင်နေ၏ ။
စိတ်များ ပြန်၍ ကြည်လင် လန်းဆတ်လာပြန်သည်။ ကောင်းကင်မှ လသည် ပြောစရာမရှိ၊ သာသည်ထက်သာလာလေ၏ ။ ပူပင်သော ကမရှိ၊ အဆီးအတားမရှိသည့် အရောင် ၏ ၀င်းပတောက်လင်းသော အသိကို သေသေချာချာခံစားနေမိပြန်သည်။
ဘုန်းကြီးကျောင်းဝင်းနောက်ရှိ တစ်မြို့လုံးသုံး ခပ်သောက်ကြသော ရေကန်ကြီးထဲဝယ်၊ ကြာပန်းကြာစွယ်တို့သည် လရောင် ၏ စက်ဝန်းထဲ၌ မိနေသော ရေပေါ်တွင် ညွတ်လျက် မှေးငိုက်မြည်းနေကြပေ၏ ။
အိမ်ထောင့်၌ ရှိသော ဓာတ်တိုင်မှ မီးလုံးကို ငုံ့၍ ကြည့်သည်။ အင်အားနည်းနေရှာသော မီးရောင် ကလေးသည် လရောင် ထဲ၌ ၀ါကြန့်ကြန့် ဖြစ်နေကာ နေ့ခင်းကြောင်တောင်လက်နှိပ်ဓာတ်မီးထိုးထားသလို တွေ့ ရလေ၏ ။
အိမ်ပေါ်မှ ဆီး၍ မြင်မြင်သမျှ လရောင် ထိန်ထိန်သာနေသော ကမ္ဘာလောကကြီးကို သိမ်းကျုံး၍ အားရပါးရ ၀၀ကြီး ကြည့်လိုက်ပြီးနောက် အိမ်ထဲသို့ ၀င်လာခဲ့သည်။
အိမ်ခန်းထဲ၌ မှန်တံခါးမှ ၀င်နေသော လရောင် မှာ ပြောင်ပြောင်ထင်းထင်းမဟုတ်၊ မှု န်လဲ့လဲ့ ဖြစ်နေသည်။ တင်မလေးသည် တံခါးကိုဖွင့်လှစ်ကာ သံတိုင်ကြားမှ လမင်းကို တစ်ချက် မော်ကြည့်လျက် အိပ်ရာပေါ်၌ လှဲချလိုက်သည်။ အိပ်ရာပေါ်၌ မလှုပ်မယှက် ပက်လက်လန်နေလျက် လရောင် ကို ခံယူရင်း တစ်ကိုယ်လုံးကို အေးမြကြည်လင်နေကာ မျက်လုံးများ မှေးထားလေသည်။ တင်မလေးကား တဖြည်းဖြည်း ငြိမ်ကျသွားလေပြီ။
ကောင်းကင်မှ နတ်မြင်းသည် ပျံသန်းလျက် လာချေပြီ။ တင်မလေးသည် အိမ်ပေါ်မှ ပြေးဆင်းသွားကာ အိမ်ထောင့်၌ ရှိသော ဓာတ်တိုင်အောက်၌ ရပ်လျက် နတ်မြင်းပျံကို မော့ကြည့်နေ၏ ။
နတ်မြင်းကို စီးချင်သော အာသာငမ်းငမ်းစိတ်ဖြင့် ရင်ထဲ၌ ဖိုလှိုက်နေပေသည်။
နတ်မြင်းပျံသည် ခေါင်းပေါ်၌ လှည့်ဝဲလာခြင်းကြောင့် ရင်ပို၍ ခုန်လာသည်။ “ဒီမြင်းကို စီးရရင် ဘယ်လောက်ကောင်းမလဲ” ဟု တသသနှင့် တမ်းတကာ မျက်တော် မခတ်မော့ကြည့်နေလေ၏ ။
နတ်မြင်းပျံသည် အမြင့်မှ ဓာတ်တိုင်ဖျားသို့ သက်ဆင်းလာသော အခါ တင်မလေးသည် ဓာတ်တိုင်ကို ဖက်လျက် “စီးရတော့မည် ” ဟု ရင်ထဲ၌ တသိမ့်သိမ့်တုန်လျက် ရှိနေသည်။
ဓာတ်တိုင်ဖျားလောက်မှ အောက်သို့ တဖြည်းဖြည်းနိမ့်ဆင်းလာပုံကို မြင်လျှင် အနားရောက်က အသင့်စီးလိုက်ရန်ပြင်ဆင်ထားလေ၏ ။ မကြာမီ နတ်မြင်းပျံသည် တက်နိုင်ရုံအနေသို့ ရောက်လာ၏ ။ တင်မလေးမှာ မြင်းပေါ်သို့ ဘယ်ပုံရောက်လျက် ဘယ်လိုမြောက်ပါသွားမှန်းပင် မသိတော့ကာ ကောင်းကင်သို့ မြင့်တက်သွားလေသည်။
ကောင်းကင်တွင် တရိပ်ရိပ် ပျံသန်းလျက်နေစဉ် အသည်းထဲ၌ အေးမြနေသော အသိကို ခံစားသွားရသည်။ ဘယ်ကိုပျံ၍ ဘယ်ရောက်မှန်းမသိ၊ မြင့်သည်ထက်သာ မြင့်သွားကာ တိမ်တောင် တိမ်ထုထဲသို့ တိုးဝင်ပျံသန်းနေလေ၏ ။ တင်မလေးသည် အောက်သို့ ငုံ့ကြည့်လိုက်သည်။ အောက်၌ ဘယ်အရာမျှ မမြင်ရတော့ဘဲ တိမ်ပြင်ကြီးဆိုင်းနေခြင်းသာ တွေ့ ရလေသည်။
မြင်းပေါ်၌ လျင်မြန်သော အဟုန်ကို သတိထားမိသည်။ မကြောက်မရွှံ့ ရဲရင့်သော သတ္တိကား လူ ဖြစ်မှ မ ဖြစ်စဖူး ထူးထူးကဲကဲ ဖြစ်ပေါ်နေ၏ ။
အမြင့်သို့ တက်ပျံသွားနေရာမှ တစ်ဖန် အနိမ့်သို့ ထိုးဆင်းနေသော အဟုန်ကြောင့် အောက်သို့ ငုံ့စိုက်ကြည့် လိုက်လာသည်။
အရာဝတ္ထုများ ကား တစ်စစ သဲကွဲလာချေပြီ။ သစ်ပင်၊ တောတောင်၊ ရေမြေတို့ကို ထင်ထင်ရှားရှား မြင်တွေ့ ရသည်။
နတ်မြင်းပျံသည် တောအုပ်ကြီးအနီးသို့ သက်ဆင်းပျံသန်းနေသည်။ တောအုပ်ကြီးထဲ၌ ရဟန်းသံဃာများ စုဝေးလျက် ထိုင်စည်းဝေးနေကြပုံကို အပေါ်မှ ပြတ်ပြတ်သားသား မြင်တွေ့ နေရသည်။
စည်းဝေး ၀ိုင်းဖွဲ့နေကြသော ရဟန်းစုထဲမှ ရဟန်းတစ်ပါးသည် မတ်တတ်ရပ်ကာ တင်မလေးကို ကြိုဆိုစောင့်လင့်နေ၏ မကြာမီ တင်မလေးသည် မြင်းပေါ်မှ မြေပေါ်သို့ ရောက်သွားလေသည်။
ဖူးတွေ့ ရသော ရဟန်းပုဂ္ဂိုလ်သည် တင်မလေးကို လက်ပြလျက်ခေါ်ကာ တောလမ်းအတိုင်း တောထဲသို့ ၀င်သွားလေသည်။ တင်မလေးလည်း နောက်မှ ထက်ကြပ်လိုက်သွား၏
မနီးမဝေးသို့ ရောက်ကြသော အခါ မြေပေါ်တွင် ပေါက်နေသော သစ်ပင်ကလေးနှစ် ပင်အကြား၌ ပေါက်နေသော အပင်တစ်ပင်ကို နှုတ်ယူကာ တင်မလေးဘက်သို့ လှည့်လျက် ကမ်းပေးရင်း နှုတ်က “ရော့ဆေး” ဟု ဆိုလိုက်၏ ။
တင်မလေးသည် ဆေးပင်ကို လှမ်းယူလိုက်စဉ် ဖျတ်ခနဲ အိပ်ရာမှ နိုးသွားလေသည်။
ထူးဆန်းသော အိပ်မက်ထဲ၌ စီးရသော နတ်မြင်းပျံနှင့် ဖူးရသော ဆရာတော် ဘုရား၏ သဏ္ဍာန်တို့သည် သေရာသို့ ပါသွားမည့် အထိ မျက်စိထဲ၌ ထင်ထင်ရှားရှားကြီး မပျောက်မပျက် စွဲသွားချေပြီ။
တင်မလေးသည် မျက်လုံးကို ပွတ်သပ်၍ ကြည့်သည်။ လရောင် သည် အပေါ်သို့ မြင့်တက်သွားပြီ။
နတ်မြင်းပျံကိုစီးကာ တောထဲမှ ဆေးပင်ကို ရခဲ့သော အိပ်မက်ထူးကို ဆန်းကြယ်လှချည့်ဟု ကြက်သီးမွေးညှင်းထမိတော့သည်။
အပြင်ဘက်၌ ဆောင်းလေသည် ဝှေ့ရမ်းတိုက်ခတ်နေလေသည်။ တင်မလေးမှာ အေးစိမ့်လာသဖြင့် ခြေရင်းက စောင်ကို ဆွဲယူလိုက်ကာ ကိုယ်ပေါ်၌ ဖြန့်ခြုံလျက် တစ်ဖက်သို့ စောင်း၍ လှည့်လိုက်ပြီးနောက် မြင်းနှင့် ဆေးကို အနုလုံပဋိလုံ အတောမသတ် တွေးတောစဉ်းစားရင်း မျက်လုံးကျယ်နေလေ၏ ။
(၂)
ကောင်းကင်၌ မိုးသားတိမ်တိုက်တို့သာ ရွေ့လျားပြေးလွှားနေပြီး မိုးမရွာပေ။ အိမ်ရှေ့ရှိ ရွက်လှပန်းပုံးထဲ၌ ရွက်လှပန်းတို့သည် နံနက်ခင်းတွင် ရွှင်လန်းစိမ်းစိုနေကြပေသည်။
ဒေါ်လှဲ့သည် အိပ်ရာမှ စောစောကြီးထကာ ဆေးလိပ်တစ်တိုနှင့် အိမ်ပေါက်ဝ၌ ထိုင်နေလေ၏ ။ လမ်းမဘက်သို့ မျက်နှာပြုထိုင်ကာ ဆေးလိပ်ကို ဖွာရှိုက်ရင်း ရင်တွင်း၌ ဝေခွဲ၍ မရနိုင်ဘဲ သက်ပြင်းကို မီးခိုးနှင့် အတူ မှု တ်မှု တ်ထုတ်နေသည်။
စစ်ပြီးခေတ် တောမှ ရန်ကုန်သို့ ပြောင်းလာကြသည်။ ရှိစုမဲ့စု အတွင်းပစ္စည်းကလေး ထုခွဲရောင်းချလျက် ကျောက်မြောင်းဘက်၌ မြေကွက်တစ်ကွက်ဝယ်ကာ ၀ါးထရံ ဓနိမိုး အိမ်ကလေးတစ်လုံးဆောက်လိုက်သည်။
အသက် ၆၀ အရွယ် ခင်ပွန်းသည် ဦးအောင်ညွန့်၏ မြေတိုင်းစာရေး ပင်စင်လစာကလေးမှာ သားသမီး ငါးယောက် နှင့် မလောက်မငှ ကြပ်တည်းနေ၏ ။ ဒေါ်လှဲ့သည် ရပ်ကွက်ထဲ၌ အသိဆေးလိပ်ရုံကြီးတစ်ရုံတွင် ဆေးရိုးစစ်၊ ဖက်ရွေးအလုပ်ကို သွားလုပ်ပေးရသည်။ ဆေးလိပ်လိပ်တတ်သော်လည်း လေနာ ရောဂါ ရှိ၍ အညောင်းမထိုင်ဝံ့ပေ။ ဆေးလိပ်ခုံ၌ ဆေးစပ်၊ ဖက်ရွေးအလုပ်ကို သွားလုပ်ကိုင်ပေးကာ ခုံရှင်၏ ပေးစာကမ်းစာကလေးနှင့် ပင်စင်လစာ စုပေါင်းလျက် တစ်လနှင့် တစ်လ အလျင်မှီအောင် မနည်း ခြစ်ချုပ်သုံးစွဲရသည်။
ဦးအောင်ညွန့်မှာ လူအေးကြီး တစ်ယောက် ဖြစ်သည်။ ဒေါ်လှဲ့စီမံရာ နာခံကာ ထားရာတွင် နေရလေသည်။ ဒေါ်လှဲ့ဆေးလိပ်ခုံသို့ ထွက်သွားလျှင် အိမ်ကနေ ထမင်းချက်ကလေးထိန်းရ၏ ။ အသက်ကြီးမှ မုဆိုးဘိုဘ၀နှင့် မနေဘဲ နောက်အိမ်ထောင်ပြုကာ မယားငယ်ငယ် ယူလာခဲ့၍ သားနှစ် ယောက် မှာ အကြီးဆုံးက ၁၀ နှစ် သား ဖြစ်နေလျက် အငယ်က ၈ နှစ် သား ရှိသေးသည်။
သားနှစ် ယောက် ကို ကျောင်းထားရသဖြင့် လက်တိုလက်တောင်းခိုင်းဖို့ရာ အားမကိုးရသေးပေ။ ၆ နှစ် ၊ ၄ နှစ် ၊ ၃ နှစ် ရွယ် သမီးကလေးသုံးယောက် ကို အိမ်အလုပ်လုပ်ရင်း ကြည့်ရှုထိန်းကျောင်းနေရ၏ ။
အငယ်ဆုံး သမီးထွေး အပုကလေး ရေငတ်ဝမ်းကျနာနှင့် သေမတတ် ဖြစ်လိုက်စဉ် ကနေ့ပြန်တိုးငွေချေးကာ ကုသခဲ့ရသော ကြောင့် ရသည့် ၀င်ငွေထဲမှ အတိုးကို လစဉ်ဖဲ့ဆပ်နေကြရ၏ ။
ဆိုင်က လစာယူ စားသော ဆိုင်ကြွေးကလည်း တစ်လနှင့် တစ်လ ပြေလည်အောင်ပင် မရှင်းနိုင်ဘဲ လုံးလည်လိုက်နေတော့ကာ၊ ပင်စင်လစာကလေးမှာ ထုတ်လာတာနှင့် ပြောင်သွားလေ၏ ။ လက်ထဲ၌ အရေး အကြောင်းရှိလို့မှ တစ်ဆယ်၊ ကိုးကျပ်မရှိ၊ အကြွေးများ ကလည်း နားပူလွန်း၍ ဒေါ်လှဲ့သည် အိမ်ကို ရောင်းပစ်ရန် မျက်စောင်းထိုးနေလေသည်။
“ဒီအိမ်ပေါ်နေပြီး ငတ်နေကြလို့ မ ဖြစ်ဘူး၊ အဘိုးကြီးရဲ့ အိမ်နဲ့မြေကိုရောင်း တော် ရာမှာ သွားနေပြီး ဈေး ဖြစ် ဖြစ် ရောင်းမှ . . .”
ဒေါ်လှဲ့က အိမ်ရောင်းရအောင် ဆွယ်တိုင်း ဦးအောင်ညွန့်သည် သဘောမတူဘဲ ခေါင်းကြီးကို ရမ်းကာ မှိုင်ငိုင်တတ်သည်။ ဦးအောင်ညွန့်သည် အခြေကို မဖျက်ဝံ့ပေ။ ရန်ကုန်တွင် လူတွေ ခွေးနေရာမရသလို ဖြစ်နေကြသည်အတွင်း မိမိတို့မှာ အိမ်ကလေး မြေကလေး ရှိသေး၍ လမ်းဘေးပလက်ဖောင်းတွင် နေကြသော သူများ တကာနှင့် စာရင်တော် ပါသေးရဲ့ဟု ဒီအိမ်ကလေးနှင့် သာ စိတ်ဖြေနေရပေသည်။
အလုပ်အကိုင် အကြံအစည်များ ကလည်း အပေါက်အလမ်းမတည့်၊ မိမိအသက်အရွယ်နှင့် ပင်ပင်ပန်းပန်းလည်းမလုပ်နိုင်၊ ငွေရင်းငွေနှီးကလည်း တစ်ပြားမှ မရှိ၊ လခစားအလုပ်တစ်ခုခု ရှာဖွေရန် ကြံစည်သော်လည်း အလုပ်ကရှား၍ အလုပ်ရှာမရပေ။ ရသည့် ပင်စင်လစာကလေးဖြင့် ပင် ကုပ်ကပ်သုံးစွဲဖို့ရာသာ ရှိသည်။ အိမ်ရောင်းရေး ကို လုံးလုံးသဘောမတူနိုင်ဘဲ ငြင်းဆန်နေပေသည်။
“တော့် အိမ်ကိုပဲ တော် ဖက်ပြီး ငတ်နေတော့ တော့် ကလေးတွေ ကျုပ်ရှာမကျွေးနိုင်ဘူး၊ တော် ကတော့ သေခါနီး တော့ ဘယ်ပူမလဲ၊ ကျုပ်မှာ သာ ကလေးတွေ နဲ့ စားစရာမရှိ၊ ၀တ်စရာမရှိ ဒုက္ခရောက်နေတာ ထမင်းကြမ်း ယပ်ခတ်စားချင်တဲ့ လူကြီး မြန်မြန်ရင်လဲ သေစမ်းပါတော် ၊ ဒါမှ ကျုပ်အိမ်ရောင်းရမယ်”
ဒေါ်လှဲ့က ထိုင်ဆိုလျှင် ထိုင်လျက်၊ ထဆိုလျှင် ထကာ ဒေါ်လှဲ့၏ သြဇာကို မသွေဖီသမျှ အိမ်ရောင်းရေး ကိုမူ တင်းတင်းကြီး ခေါင်းမာနေလေ၏ ။
ဒေါ်လှဲ့သည် ဆွယ်မရ၍ ခုနစ်သံဟစ်လျက် ပါးစပ်ကြမ်းတိုက်ကြည့်သည်။ အိမ်ရောင်းအောင် မိုးလင်းက မိုးချုပ် နားပူနားဆာ လုပ်ကြည့်သည်။ ချော့မော့၍ လည်း ပြောလေ၏ ။ ဘယ်လောက်ဆူပူ ဆဲဆို ရန်တွေ့ နေစေ၊ ဦးအောင်ညွန့်သည် မဖြုံဘဲ အိမ်ကို မရောင်းဘူးဟု စိတ်ထဲ၌ အခိုင်အမာ ဆုံးဖြတ်ထားလေ၏ ။
ညက အိမ်ရောင်းရန်ပြောမရ၍ ရန် ဖြစ်ကြသည်။ ဒေါ်လှဲ့၏ ဆူပွက်သံသာ လူကြားလျက် ဦးအောင်ညွန့်မှာ ဘာပြောနေနေ တုတ်တုတ်မျှ မလှုပ်ဘဲ ခေါင်းခါနေ၏ ။
“ဒီအဘိုးကြီး ကပ်ဖဲ့လုပ်နေတယ်၊ မနက်ကြရင် ကလေးတွေ ခေါ်ပြီး အိမ်ပေါ်က ဆင်းသွားမယ်၊ ဒင်းနဲ့ အိမ်နဲ့ ထားခဲ့မယ်”
ဒေါ်လှဲ့သည် နောက်ဆုံး ဤသို့ ပိုင်းဖြတ်ကာ မိုးလင်းကာနီးမှ အိပ်ပျော်သွားတော့သည်။
အိပ်ရာမှ အစောကြီးထလျက် ညက အကြံအတိုင်းအိမ်ကဆင်းသွားရန် မဝေခွဲနိုင်အောင် ဖြစ်နေသည်။ ကလေးတွေ နှင့် ရုတ်တရက် ဘယ်သူ့အိမ်သွားနေရမည် မသိ၍ ဆင်းသင့် မဆင်းသင့် ချီတုံချတုံ ဖြစ်နေ၏ ။
ဒေါ်လှဲ့သည် လမ်းဘက်သို့ ငေးလျက်ရှိသည်။ လမ်းပေါ်၌ လူသွားလူလာ မရှိကြသေးဘဲ ရှင်းနေ၏ ။ ညက မိုးရွာထား၍ ခြံစည်းရိုးပတ်လည်၌ ပေါက်နေသော သစ်ပင်တို့မှာ လန်းဆန်းစွင့်စွင့် ဖြစ်နေကြသည်။
“အဒေါ်လှဲ့ စောစောစီးစီး ထနေသလား”
ဒေါ်လှဲ့သည် အသံကြားရာဆီသို့ လှည့်ကြည့်လိုက်သည်။ ခြံဝ၌ ဆွယ်တာအကျီင်္အနီ၊ ပိုးတွန့်လုံချည်နက်ပြာဝတ်လျက်၊ အသားဖြူဖြူ၊ အရပ်မြင့်မြင့်နှင့် ပါးချိုင့်ကလေးပေါ်အောင် ပြုံးလာသော တင်မလေးကို မြင်ရ၍ ကပျာကသီ အိမ်ဝမှ ထကြိုလေသည်။
“အလိုလေးတော် . . . တင်မလေးတော့ အသက်ရှည်ဦးတော့မှာ ပါပဲ၊ ညကပဲ မဆီမဆိုင် မတွေးဘဲနဲ့ တင်မလေးအိမ်လာတယ်လို့ အိပ်မက်မက်တယ်။ အိပ်မက်နှယ်စင်းလိုက်တာ . . . လာ - လာ”
တင်မလေးသည် “ဘကြီးညွန့်ကော” ဟု ဆိုကာ အိမ်ထဲသို့ ၀င်ထိုင်လိုက်သည်။
“ပြောတတ်ပါဘူး . . . ထပလား . . . နောက်ဖေးမလားမသိဘူး၊ အခုဘယ်ကလာတာလဲ”
“စက်ပန်းထိုးရတာ ညောင်းလွန်းလို့ အဒေါ်လှဲ့ရယ်မနက်စောစော ထလမ်းလျှောက်တာ အဒေါ်လှဲ့မြင်တာနဲ့ ၀င်လာတာပါ”
ဒေါ်လှဲ့သည် ခါးက ထမီကိုဖြန့်လျက် ကိုယ်နှင့် ချပ်နေအောင် ပြင်ဝတ်ကာ တင်မလေးနှင့် မျက်နှာချင်းဆိုင်ထိုင်လိုက်သည်။ အသက် ၄၀ ကျော်ရှိသေးလျက်သွားများ ကျိုးနေသဖြင့် အမယ်အိုကြီးလို ပါးများ ချိုင့်နေကာ ပိန်ခြောက်နေ၏ ။
“ဆန်းပါတယ်တော် . . . ဆန်းပါတယ် . . . အဒေါ်လှဲ့ညက မိုးလင်းကာနီးမှ အိပ်ပျော်တယ်။ အိပ်မက်ထဲ တင်မလေးအိမ်လာသတဲ့၊ အခုဝတ်တဲ့ အ၀တ်အစားပဲလား မဆိုနိုင်ပါဘူး၊ ဟုတ်တယ် နီနီပဲ”
တင်မလေးသည် အသံထွက်အောင် ခစ်ခနဲရယ်လိုက်သည်။ “အိပ်မက်က စင်းလှချည်လား အဒေါ်လှဲ့ရဲ့” ဟု ပြောကာ ဆက်ရယ်နေလေသည်။
“အေးတော် . . . ကြံကြီးစည်ရာ အိပ်မက်နှယ်စင်းတာမှသိပ်စင်းတာပဲ။ အိပ်မက်များ မက်လဲမက်ခဲပါတယ်၊ မက်ပြီးလဲ ဘယ်တော့မှ မမှတ်မိတော့ဘူး မေ့တာပဲ”
ဒေါ်လှဲ့၏ မျက်နှာကို စိတ်၍ ကြည့်နေသော တင်မလေးသည် တစ်စုံတစ်ရာကို သတိရနေသည့်ပမာ မျက်နှာတစ်ပြင်လုံး လန်းနေကာ စကားဆုံးအောင် ပြုံး၍ နားထောင်နေသည်။
“ကျွန်မလဲ အိပ်မက်မက်ခဲ့ပါတယ်၊ မက်ပြီးလဲ မေ့တာပဲ။ ဒါပေမဲ့ ကျွန်မ ငယ်ငယ်တုန်းက မက်တဲ့ အိပ်မက်ကိုတော့ ဘယ်တော့မှ မမေ့နိုင်ပါဘူး၊ အဒေါ်လှဲ့ရယ်”
အဒေါ်လှဲ့သည် တင်မလေးကို ရွှန်းရွှန်းစားစားကြည့်နေ၏ ။ တင်မလေးက ပြောပြီး မဆက်ဘဲနေ၍ “ဘာအိပ်မက်များ တုန်း” ဟု ထောက်ပေးလိုက်သည်။
တင်မလေးသည် မျက်လုံးကို အထက်သို့ ပင့်လိုက်ကာ ကောင်းကင်သို့ လှမ်းကြည့်ထားရင်း ပြုံးရွှင်ချိုမြသော မျက်နှာထားဖြင့် စပြောပြနေ၏ ။
“အိပ်မက်က အဆန်းပဲ အဒေါ်လှဲ့ရဲ့ ကျွန်မ ၁၈ နှစ် သမီးလောက်ကမက်တာ၊ ဒီတုန်းက ဖေဖေတို့ မေမေတို့ မသေကြသေးဘူး၊ တောမှာ ချမ်းချမ်းသာသာနဲ့ ကောင်းစားတုန်းအချိန်ပေါ့။ အိပ်မက်ထဲမှာ နတ်မြင်းပျံကြီးကို စီးပြီး ကောင်းကင်ပျံသွားတော့ တောအုပ်ထဲမှာ နတ်မြင်းပျံကြီးကို စီးပြီး ကောင်းကင်ပျံသွားတော့ တောအုပ်ထဲမှာ ဘုန်းကြီးတွေ ရှိတဲ့ နေရာရောက်သွားတယ်။ အဲဒီ မှာ ဘုန်းကြီးတစ်ပါးက ကျွန်မကို တောထဲခေါ်သွားပြီး သစ်ပင်ကလေးတစ်ပင် နှုတ်ပေးတယ်၊ ရော့ ဆေးလို့ ပြောလိုက်တယ်။ မက်တာကြာပါပြီ ၁၀ နှစ် လောက် ရှိရောပေါ့။ ကျွန်မပဲ အခု ၂၈ နှစ် ရှိနေပြီဟာပဲ။ ဒါပေမဲ့ ကျွန်မ ဘယ်တော့မှ ဒီအိပ်မက်ကို မမေ့နိုင်ဘူး။ ညက မက်သလိုပဲ အတိုင်းသား မျက်စိထဲ ပေါ်နေတာပဲ”
တင်မလေးသည် မိမိအား မျက်တောင်များ စင်းကာ စိုက်ကြည့် နားထောင်နေသော ဒေါ်လှဲ့ကို ပြုံးပြုံးရွှင်ရွှင် ပြောပြီးနောက် အိမ်ထဲသို့ မျက်နှာလှည့်၍ “ဘကြီးညွန့်နိုးပလား” ဟု လှမ်းနှုတ်ဆက်လိုက်သည်။
ဦးအောင်ညွန့်သည် မျက်နှာကို မျက်နှာသုတ်ပ၀ါပိုင်းနှင့် မောင်မြမောင်တို့ အိပ်ယာက ထလာကြသည်။ အိပ်မှု န်စုံမွှားဖြင့် တင်မလေးကို လှမ်းကြည့်ကြကာ အိမ်ဘေးရေစင်ဘက်သို့ ထွက်သွားကြသည်။
အိမ်၏ အတွင်းခန်းထဲ၌ ကလေးငိုသံထွက်နေသည်။ ဒေါ်လှဲ့သည် အခန်းဘက်သို့ လှည့်ကြည့်ပြီး ထိုင်ရာမှထကာ “နေဦး . . . တင်မလေးရေ ဖြည်းဖြည်းပေါ့၊ လက်ဖက်ရည်ကြမ်းသောက် သွားပါဦး” ဟု ပြောသည်။
တင်မလေးသည် ကလေးငိုသံကို နားစွင့်လျက် “ခုငိုနေတာ မနုလား၊ အပုလား၊ မစုလဲ မထသေးပါလား” ဟု ပြောရင်း ဆက်လက်၍ “နေပေစေ မသောက်တော့ပါဘူး အဒေါ်လှဲ့ရယ်၊ ဒီနေ့ မြို့ထဲမှာ စက်တစ်လုံးငှားမယ်ဆိုတာ သွားကြည့်ရဦးမယ်၊ ကျွန်မစက်က သိပ်မကောင်းလို့ ရောင်းလိုက်ချင်တယ်၊ အသစ်မ၀ယ်နိုင်ခင် အဟောင်းပဲ ငှားသုံးမလားလို့ သွားမယ်နော်”
တင်မလေးသည် ပြောပြောဆိုဆိုပင် ထ၍ အိမ်ပေါ်က ဆင်းလာခဲ့သည်။ ဒေါ်လှဲ့မှာ ကလေးခေါ်ရန် အိမ်ခန်းထဲသို့ သွားမည် ပြုပြီးမှ ရပ်နေသည့် နေရာက မကြွဘဲ တင်မလေးကို မျက်စိတစ်ဆုံး ရပ်ကြည့်နေသည်။
အိမ်ထဲမှ ကလေးငိုသံကား ဆူညံနေသည်။ ဦးအောင်ညွန့်သည် အိမ်တွင်းသို့ ၀င်သွားကာ အပုကို ချီပိုးလျက် ထွက်လာလေသည်။
အိမ်ရှေ့၌ အိမ်ထဲသို့ ၀င်မည့် ခြေလှမ်းဖြင့် ကိုယ်ဘေးစောင်းရပ်လျက် လမ်းဘက်သို့ ကြောင်ငေးကြည်ည့်နေတုန်း ရှိသေးသော ဒေါ်လှဲ့ဆီသို့ မျက်မှော င်ကြုတ်၍ အနားကပ်သွားကာ “မယ်လှဲ့ ဘာများ ကြည့်နေတာတုန်း” ဟု လှမ်းမေးလိုက်သည်။
ဒေါ်လှဲ့သည် ဆတ်ခနဲ ဦးအောင်ညွန့်ဘက်သို့ လှည့်လိုက်သည်။ အပုမှာ ဦးအောင်ညွန့်ကိုယ်ပေါ်တွင် အငိုတိတ်ကာ မျက်လုံးကို လက်ကလေးနှစ် ဖက်ဖြင့် စုံပွတ်လျက်နေ၏ ။
“ကျုပ်တို့တော့ ချမ်းသာဦးတော့မှာ ပဲ၊ အမယ်လေး ကျုပ်ကံပဲ၊ အဘိုးကြီး ကျုပ်ကံပဲ”
ဒေါ်လှဲ့သည် ထီပေါက်သော မျက်နှာမျိုး အူမြူးရွှင်ပျလျက်၊ မထိန်းနိုင် မသိမ်းနိုင်၊ က္ကနြေ္ဒပျက်လောက်အောင် မူမမှန်သော ၀မ်းမြောက်ဝမ်းသာအသံကြီးဖြင့် ရင်ဘတ်ကို ထု၍ ပြောလေ၏ ။
ဦးအောင်ညွန့်သည် မျက်လုံးပြူးသွားလျက် ဒေါ်လှဲ့၏ သွေးရူးသွေးတမ်းအမူအရာများ ကို အထူးအဆန်း ဖြစ်ကာ စိတ်များ နောက်သွားသလားဟု အကဲမခတ်တတ်အောင် ထိတ်ခနဲ ဖြစ်သွားသည်။
“ထိုင်စမ်းပါဦး ဖအေကြီးရယ်၊ ကျုပ်ထင်တာ မလွဲပါဘူး၊ ကျုပ်အဖို့ပါ၊ ကျုပ်ကံပါ”
ဦးအောင်ညွန့်သည် ပါးစပ်ဟောင်းလောင်းဖြင့် ပင် ဒေါ်လှဲ့၏ မျက်နှာကို စိုက်ကြည့်လျက် ဖျဉ်ပက်လက်ကုလားထိုင်ကလေးရှိရာသို့ နောက်ဆုတ်နောက်ဆုတ် လျှောက်သွားကာ ခြေသလုံးနှင့် ကုလားထိုင်တိုက်မိမှအသာစမ်းထိုင်ချလိုက်ရသည်။
ဒေါ်လှဲ့သည် ဦးအောင်ညွန့်နှင့် မျက်နှာချင်းဆိုင်ကြမ်းပေါ်တွင် ဆောင့်ကြောင့် လာထိုင်သည်။ မိမိအား သတိလစ်မတတ် ပြူးကြောင်ကြည့်နေသော ဦးအောင်ညွန့်၏ ဟန်ပန်ကို ဂရုမပြုနိုင်။ ရင်ထဲရှိတာတွေ ပြောချင်လွန်းအားကြီး၍ ဘာကအရင်စပြောရမှန်း မသိအောင် မွှန်နေသော ကြောင့် အစီအစဉ်နှင့် ပြောရန် မနည်းကြိုးစားပြီး ပြောရလေ၏ ။
“ဒီမှာ ရှင့် . . . တင်မလေးရယ် . . . စောစောစီးစီး ကျုပ်ဆီပေါက်လာပြီး သူ့အိပ်မက်ပြောသွားတယ်၊ ညကလဲ ကျုပ်အိပ်မက်တယ်၊ အိပ်မက်ထဲမှာ အိမ်လာတဲ့ မိန်းကလေးဟာ သူနဲ့ တူသလိုလိုပဲ မဆန်းဘူးလား”
ဦးအောင်ညွန့်သည် ဟနေသော နှုတ်ခမ်းကို စေ့လိုက်ကာ မျက်ခုံးရှုံ့၍ “အဲဒါ ဘာ ဖြစ်သလဲ” ဟု မေးလိုက်၏ ။
“နေစမ်းပါဦး၊ ကျုပ်ပြောပါဦးမယ်၊ အဲ . . . သူ့အိပ်မက်က ဟို ၁၀ နှစ် လောက်က မက်တာတဲ့၊ ကောင်းကင်ကို မြင်းပျံကြီးစီးပြီး ပျံသတဲ့လေ၊ အဲဒီ အိပ်မက်ကို ကျုပ်ဆီ ဒီနေ့မနက် စောစောစီးစီးကြီးလာပြောရတာ ၊ ကျုပ်တို့ ချမ်းသာဖို့ အတိတ်လာပေးတာလို့ ကျုပ်တော့ နိမိတ်ကောက်လိုက်တယ်၊ ဒီနေ့ မြင်းသွားလောင်းမယ်”
ဦးအောင်ညွန့်သည် က္ကနြေ္ဒမဆည်နိုင်၍ ခွက်ထိုးခွက်လန် ရယ်ပစ်လိုက်ချင်သည်။ သည်လောက်စိတ်အားထက်သန်စွာ နိမိတ်ကောက် ယုံကြည်နေသော ဒေါ်လှဲ့ရှေ့တွင် ဟားတိုက်ပြီး မရယ်ဝံ့၍ သာ ခပ်ချုပ်ချုပ် ရယ်မောလျက် “မင်းနှယ်ကွယ်” ဟု အပြီးသတ် ဆိုလိုက်လေသည်။
“ဘာရယ်နေတာလဲ ရှင် ဘာသိသလဲ၊ ဒါ ကျုပ်ကံ၊ ကျုပ်နိမိတ် မဟုတ်ဘူးလား၊ သူ့အိပ်မက်က ၁၀ နှစ် လောက် ရှိပြီဟာ”
“သူ့အိပ်မက်က သူ့အတွက်ပေါ့ကွဲ့၊ မင်းနဲ့ ဘာဆိုင်တာမှတ်လို့”
ဦးအောင်ညွန့်သည် ဒေါ်လှဲ့မာန်နေသည့်ကြားထဲ၌ ဇွတ်တိုး၍ ကန့်လိုက်မိသည်။
ဒေါ်လှဲ့သည် ဦးအောင်ညွန့်၏ မျက်နှာကို စိမ်းစိမ်းကြီး ကြည့်လိုက်သည်။ ထို့နောက် ခပ်ပြင်းပြင်း တောက်ခေါက်လိုက်လျက် . . .
“ရှင်ကြီးဟာလေ . . . မပြောလိုက်ချင်ဘူး၊ သေခါနီး နေတာတောင် အချိန်မစီးဘူး၊ ရှေးက ငါ့တစ်ပါးမင်း ရာဇ၀င်မကြားဖူးဘူးလား၊ ကြက်က သူ့ခေါင်းစားရင် မင်း ဖြစ်မယ် တွန်အော်တာကို ကျောင်းက ဘုန်းကြီးက သိတာ၊ ကြက်သား ဟင်းခွက်ခိုးစားတဲ့ ဘုန်းကြီးကျောင်းသားက သိတာမဟုတ်ဘူး၊ ဘယ်သူမင်း ဖြစ်သလဲ၊ ကဲ . . . ပြောစမ်းပါဦး၊ ဟော . . . အခုလည်း သူ့အိပ်မက်သူ အသုံးမှမချတတ်ဘဲ ကျုပ်ရှေ့လာပြောတာ၊ ကျုပ်ချမ်းသာဖို့၊ ကျုပ်အသုံးချဖို့ပေါ့၊ ဒီနေ့ တနင်္ဂနွေနေ့ ဘယ့်နှယ်ရှိရှိ မြင်းကို လောင်းမယ်. . . တော့် ပိုးလုံချည် သွားပေါင်မယ်၊ နိမိတ်ယူနေတုန်း ပါးစပ်ပုပ်ကြီးနဲ့ တစ်ခွန်းမှ ဆက်မပြောနဲ့ တိတ်တိတ်နေပါ၊ ကျုပ်ကံနဲ့ကျုပ်ချမ်းသာဖို့ပြောတာ”
ဒေါ်လှဲ့သည် ဦးအောင်ညွန့်ပါးစပ်မှ ထွက်လာဦးမည့်  အဖျက်စကားများ ကို ပိတ်ဆို့တားဆီးလိုက်ကာ ကပျာကသီ ဆောင့်ဆောင့်နှင့် ထသွားလေ၏ ။
ဦးအောင်ညွန့်သည် စောစောက ဟားတိုက်၍ ရယ်လိုက်ချင်သလောက် ယခု ပါးစပ်ထဲမှ တံတွေးကို ပစ်ထွေးပစ်လိုက်ချင်သည်။ သို့သော် . . . မထွေးရဲပေ။ မနှစ် မြို့သော စိတ်ဖြင့် ကျိတ်၍ သာ ပင့်သက်ကြီး ချလိုက်လေသည်။
ဘုရားသွား ကျောင်းသွားဝတ်ရန် ခပ်လတ်လတ် ပုဆိုးဆို၍ သည်တစ်ထည်ပင် ရှိတော့သည်။ ဒေါ်လှဲ့သွားပေါင်မည် ကို မကျေနိုင် မချမ်းနိုင် ဖြစ်ကာ မြင်ပြင်းကပ်ကပ်ရှိသော်ငြားလည်း မဟန့်တားဝံ့သဖြင့် စိတ်ထဲ၌ ကသိကအောင့် ဖြစ် ဖြစ်နှင့် ပင် မြုံနေလိုက်ရလေ၏ ။
ဒေါ်လှဲ့သည် နောက်ဖေးဘက်သို့ ခပ်သွက်သွက်လျှောက်သွားကာ မီးဖိုပေါ်မှ ရေနွေးအိုးချလျက် အကြမ်းအိုးထဲ ငှဲ့ထည့်လေသည်။ ယနေ့မနက် ကလေးများ ကို မုန့်ဝယ်ကျွေးရန် ချွေးခံအိတ်ထဲ၌ ပိုက်ဆံအိတ်ထဲ၌ ပိုက်ဆံစမ်းရင်း စိတ်ကတာမွေမြင်းဇောင်းသို့သာ စောနေ၍ အိတ်ထဲနှိုက်နေလို့ နှိုက်နေမှန်း မသိအောင် စမ်းနှိုက်နေကာ ပိုက်ဆံတစ်မတ်ကို အကြာကြီး နှိုက်ယူရလေသည်။
နံနက်တိုင်း လမ်းထိပ်သို့ မောင်လှကို မုန့်ဝယ်လွှတ်သည်။ နံနက်ဘက် ပဲပြုတ်နှင့် နံပြား ၀ယ်ခိုင်းကာ ပုလင်းထဲ၌ ဆီကုန်နေလျှင် မုန့်စိမ်းပေါင်း အ၀ယ်ခိုင်းလျက် တစ်ခါတစ်ရံလည်း နို့ထမင်းအ၀ယ်လွှတ်သည်။
ယနေ့မနက် ဘာဝယ်ခိုင်းရမှန်း မစဉ်းစားအား မပြောအား၍ အနားရောက်လာသော မောင်လှအား ပိုက်ဆံသာ ကမ်းပေးလိုက်သည်။
မောင်လှသည် ပိုက်ဆံတစ်မတ်ကို ဆုပ်ကာ ဘာမှာ ကြားမလဲဟု ရပ်စောင့်နေ၏ ။
“သွားစမ်းပါဟဲ့ . . . ၀ယ်ချင်တာ ၀ယ်ခဲ့”
ဒေါ်လှဲ့သည် စိတ်တိုတိုနှင့် ငေါက်လိုက်သည်။ လက်ဖက်ရည် အကြမ်းပန်းကန်လုံးကို ယူကာ ရေအင်တုံထဲ၌ နှစ် လှုပ်နေ၏ ။
“ဘာဝယ်ရမလဲ အမေရဲ့” ဟု မောင်လှက ထပ်မေးပြန်သည်။
ဒေါ်လှဲ့သည် ရေထဲ နှစ် လှုပ်ဆေးလိုက်သော ပန်းကန်၌ ရေများ စင်အောင် လက်နှင့် တအားလွှဲခါရင်း မောင်လှအား စားတော့ ၀ါးတော့မတတ် အရောင် ထွက်သော မျက်လုံးကြီးဖြင့် ကြည့်လေ၏ ။
“သွားမှာ . . . သွားစမ်း . . . လျှာရှည်လိုက်တာ ဖအေတူသား မပြောရဘူး၊ တကတည်းမှပဲ ၀ယ်ချင်တာ ၀ယ်ခဲ့၊ နေ့တိုင်း နင်တို့ မျိုဆို့နေကြတာ၊ ဘာဝယ်ရမှန်း မသိဘူးလား ဟင် . . . ပြောမှဝယ်တတ်သလား မပြောဘဲနဲ့ မ၀ယ်တတ်တော့ဘူးလား”
အိမ်ရှေ့ ပက်လက်ကုလားထိုင်ပေါ်၌ အပုကို ပေါင်ပေါ်တင်ထိုင်နေသော ဦးအောင်ညွန့်သည် နောက်ဖေးမှ ရှည်လျားလှသော ဒေါ်လှဲ့၏ မာန်မဲနေသံများ ကို နားငြီးလွန်း၍ “မုန့်လုံးရေပေါ်ဝယ်ခဲ့ဟေ့” ဟု နားအေးအောင် ပြောမိပြောရာ စွတ်ပြောလိုက်သည်။
မောင်လှသည် နောက်ဖေးမှ ပြေးထွက်လာကာ လမ်းပေါ်၌ ကဆုန်ချ ပြေးသွားလေ၏ ။ ဒေါ်လှဲ့သည် မီးဖိုထဲမှ လက်ဖက်ရည်ကြမ်းဗန်းကို ယူထွက်လာလျက် ဦးအောင်ညွန့်နှင့် မျက်နှာချင်းဆိုင်ရပ်ကာ ကက်ကက်လန့်အောင် ရန်အရင်တွေ့ သည်။
“မှာ ပြန်ပြီ ဒီကောက်ညှင်းကို အပုကောက်ညှင်းစားပြီး သေမတတ် ဖြစ်လို့ ဆရာခေါ်ရတာ ၊ ခုထက်ထိ ငွေတိုးဆပ်လို့ မကြေနိုင်သေးဘူး၊ ခေါင်းမွေးပြောင်တော့မယ်။ အခု ဘယ်သူ့ကို မသာချချင်လို့ မုန့်လုံးရေပေါ်မှာ ရပြန်တာလဲ ပြောစမ်းပါဦး”
တင်မလေး၏ အိပ်မက်နိမိတ် ကောက်ယူခြင်းကို မိမိအား သရော်ရမလားဟု ခုထား၍ မုန့်လုံးရေပေါ်အကြောင်းပြကာ မျက်မုန်းကျိုးကျိုးဖြင့် ဖိမဲနေလေ၏ ။
ဦးအောင်ညွန့်မှာ မိမိရှေ့၌ လက်ဖက်ရေကြမ်း ဗန်းမချသေးခင် ကက်ကက်လန်အောင် ရန်တွေ့ နေသော ဒေါ်လှဲ့ကို မျက်နှာချင်းမဆိုင်ရဲဘဲ အပု၏ နှာခေါင်းမှ နှပ်များ ကို ပုဆိုးစနှင့် တို့သုတ်ပေးနေ၏ ။ ရန်တွေ့ သံစဲသွားမှ ဒေါ်လှဲ့၏ မျက်နှာကို မကြည့်ဘဲ “အေးကွယ် မေ့သွားတယ်” ဟု စကားနဲ ရန်စဲ ဖြစ်အောင် လေသံပျော့ပျော့နှင့် ပြောလိုက်ရသည်။
ဒေါ်လှဲ့သည် ရေနွေးအိုးကြမ်းဗန်းကို ဆောင့်ကြီးအောင့်ကြီးနှင့် ချလိုက်သည်။ ထို့နောက် ငါးသေတ္တာဘူးလွတ်ခွက်ထဲက ဆေးလိပ်တိုတို ကောက်ယူကာ သွားနှင့် ကိုက်ထားလျက် အိတ်ထဲက ဓာတ်မီးခြစ်ကို ထုတ်၍ ခြစ်ညှိနေ၏ ။
ဦးအောင်ညွန့်သည် ဒေါ်လှဲ့၏ ဒေါသရုပ်ကို ငုံ့နေရာမှ အလစ်ခိုးကြည့်လျက် စိတ်မချမ်းမသာ ဖြစ်မိကာ ဒေါ်လှဲ့အား ချော့မော့ ပြောလေသည်။
“အိမ်မှာ ဆန်မရှိတော့ဘူးကွယ်၊ လုံချည်ပေါင်ချင်လဲ ပေါင်ပါ၊ ပေါင်ပြီး မြင်းသွားလောင်းမနေပါနဲ့ အိမ်မှာ လိုတာပဲ ၀ယ်ပေါ့ကွယ်”
ဒေါ်လှဲ့သည် ယမ်းပုံမီးကျသွားလေ၏ ။ အသားများ ဆတ်ဆတ်တုန်ကာ မိမိထက် အသက်ကြီး၍ သာ ရွယ်တူချင်းသာဆိုလျှင် နပန်းလုံးလိုက်ချင်အောင် ဒေါသထွက်လာ၏ ။
“တော် ပါ . . . ကျုပ်ကို တစ်ခွန်းမှ ထပ်မပြောနဲ့ ဆန်မရှိရင် မြမောင်ကို ဆိုင်မှာ သွားယူခိုင်း၊ ကျုပ်လုပ်မယ့်အလုပ်ကို ကဖျက်ယဖျက် မပြောမနဲ့ မြင်းသွားလောင်းမနေပါနဲ့လေး ဘာလေးနဲ့ “လူများ မြင်းသမားမှတ်နေသလား၊ ဆင်းရဲလွန်းလို့ မဆင်းရဲရအောင် ကြံရတာ အကြံကောင်းတော့ တစ်ချက်တော့” ဦးအောင်ညွန့်သည် ရှေ့ဆက်ပြောဖို့ရာ အခြေအနေမသာသည်နှင့် လုပ်ချင်ရာလုပ်တော့ဟု ငြိမ်နေတော့၏ ။
ဒေါ်လှဲ့သည် နောက်ဖေးဘက်သို့ ခြေသံပြင်းပြင်းနင်းသွားကာ ရေသွားချိုးနေလေသည်။
ဦးအောင်ညွန့်သည် ကလေးတစ်အုပ်နှင့် အိမ်ရှေ့၌ စားသော လျက်နေကြစဉ် ဒေါ်လှဲ့သည် ထီးဆွဲကာ အထုပ်တစ်ခု ပိုက်ထွက်လာပြီး၊ မောင်လှအား ပိုက်ဆံငါးမူးထုတ်ပေးလိုက်၏ ။
“ဈေးသည်လာရင် ဟင်းချက်ဖို့ ခေါ်ဝယ်၊ ကျောင်းပိတ်တဲ့နေ့ လျှောက်ဆော့မနေနဲ့ ကလေးတွေ ကို ကြည့်”
မိမိအား စိတ်ကောက်လျက် စကားပင် အဖက်လုက်မပြောနိုင်ဘဲ မောင်လှသာ မှာ ကြားထွက်သွားသော ဒေါ်လှဲ့ကို အိမ်ထဲမှ မျှော်ကြည့်ရင်း အံကို မသိမသာ ကြိတ်ထားလိုက်လေသည်။
![]() သူလိုမိန်းမ | ![]() တွေးတစိမ့်စိမ့် | ![]() နတ်ရေးငယ်ရွှေစာ |