Cover

မေတ္တာ

ဂျာနယ်ကျော်မမလေး

(၁)

ပုံသဏ္ဌာန်လေးထောင့်ကျကျ အလျားရှည်သော ထင်းရှူးသားတစ်ထပ်အိမ်ကလေးသည် မြေပေါ်၌ ဆေးသုတ်ပြီး အလားလိုက်ချထားသည့် ထင်းရှူးသေတ္တာကလေးတစ်လုံးနှင့် တူလေ၏ ။

အိမ်ကို ခိုရောင် ရင့်ရင့် ဆေးရောင် သုတ်ထားသည်။

အစဉ်သဖြင့် တိမ်တောင်တိမ်ခဲများ ဆိုင်းညို့နေသော ကောင်းကင်ကြီးအောက်၌ ညိုမွဲမှိုင်း ခြောက်သော အဆင်းအရောင် ဖြင့် ၀ပ်နေလေသည်။

အိမ်၏ လေးထောင့်ကျကျ မျက်နှာစာတွင် ထောင့်ဘက်၌ အိမ်ထဲဝင်ရန် တံခါးပေါက်က လေးထားသည်။

ထိုနေရာတွင် ဖိနပ်ချွတ်ရန်နှင့် ထီး၊ ဦးထုပ်၊ မိုးကာအင်္ကျီတို့ကို ချွတ်ထားရန်နေရာ အခန်း ကလေးသဖွယ် လုပ်ထားလျက် ထိုအခန်းကလေးမှ ဧည့်ခန်းတံခါးပေါက်သို့ ၀င်ရသည်။

ဧည့်ခန်းထဲ၌ နီရဲသော သားမွေးကော်ဇောကြီး ခင်းထားလျက် ဧည့်ခန်းနံရံပတ်လည်၌ ဆို ဖာကုလားထိုင်ကြီးများ မှီကပ်ခင်းထားသည်။

ဆိုဖာကုလားထိုင်ကြီးများ ကို ဖွေးဖြူနေသော ၀တ်ရုံဖြူဖြင့် စွပ်ဖုံးထားသည်။

ဧည့်ခန်းထောင့်တွင် ရေဒီယိုနှင့် စာရေး စားပွဲခုံများ ရှိသည်။

ဧည့်ခန်းအထက် မျက်နှာကြက်မှာ နိမ့်လျက် အမိုးတစ်ပြင်တည်း ဖြစ်နေကာ ဆေးဖြူသုတ် ထားလေသည်။

ဧည့်ခန်း၏ ရှေ့မျက်နှာစာနှင့် ဘေးတစ်လျှောက်လုံးတွင် မတ်တတ်ရပ်ပါက လက်ထောက် ရပ်သာလောက်သော အမြင့်တွင် ပြတင်းဆွဲတံခါးများ ဖော်ထားသည်။

တံခါးရွက်ကို မမြင်ရအောင် ၀ှက်လျက် တောက်လျှောက် ဟင်းလင်းကြီး ပွင့်သွားနိုင် အောင် ဖောက်ထားလေသည်။

တံခါးပေါက်တွင် ကြေးကွင်းတပ်ထားသော လှပသည့်အစိမ်းပွင့်ခက် ခန်းဆီးနိမ့်နိမ့် တပ်ဖုံး ထားကာ အလင်းရောင် အလိုရှိက မျက်နှာစာနှင့် ဘေးဖက်တစ်ဖက်လုံး ပွင့်လင်းသွားအောင် ဆွဲ ရွှေ့ထားလိုက်နိုင်သည်။

ဧည့်ခန်းထဲတွင် နေရာနှစ် ပိုင်း ခွဲထားလေသည်။

တစ်ပိုင်းကို ဧည့်ခန်းအသုံးပြုလျက် တစ်ဝိုင်းတွင် စားပွဲရှည်နှင့် ကုလားထိုင်များ ၀ိုင်းခင်း လျက် ထမင်းစားပွဲလုပ်ထားသည်။

ထမင်းစားပွဲ တစ်ဖက်နံရံတွင် ထင်းခနဲမြင်နိုင်သော ဂျပန်စာတန်းတစ်ခု ချိတ်ထားလေ သည်။

ထိုစာတန်း၏ အဓိပ္ပာယ်မှာ ‘မိတ်ဆွေကောင်းများ သည် ရေကဲ့သို့ ဘယ်တော့မှမပြောင်း’ ဟူ၏ ။

ထမင်းစားပွဲပေါ်၌ လှပသော ပန်းအိုးတစ်အိုး ချထားသည်။ ပန်းအိုးထဲ၌ အပြာရောင် နုအရင့် နှစ် ထပ်ရောင် ဖြစ်လျက် ပန်းအိုးထဲ၌ ထိုးစိုက်ထားသော ရိုးတံနှင့် ပန်းခက်မှာ ၀ါနုနုအရောင် တစ် ခက်တည်း ရှင်းနေလျက် သွယ်လျလျဖြင့် ရက်ရက်စက်စက် လှနေသည်။

စားပွဲနောက်၌ နံရံကိုကပ်လျက် ပန်းများ ထည့်ထားသော ဗီရိုခုံရှည်ကြီး ရှိ ဖြစ်သည်။

ဗီရိုပေါ်တွင် တစ်ဖက်စွန်း၌ ပန်းအိုးကြီးတစ်လုံး တင်ထားသည်။

ကြက်သွေးရောင် ကျကျ ပန်းပွင့်အဆုပ်ကြီးများ မှာ ပန်းအိုးကြီးကိုမိုး၍ လှဂုဏ်ဝင့်လျက် ရှိ ကြသည်။

အလယ်တွင် လျှပ်စစ်နှင့် သွားသည့် ၀က်စ်မင့်စတာ နာရီတစ်လုံးတင်ထားသည်။ အစွန် ဆုံးဘက်၌ သစ်သားခုံကလေးပေါ်တွင် ကီမိုနိုအ၀တ်အစားနှင့် ထီးကလေးမပွင့်တစ်ပွင့်ကို ဘေး စောင်းကိုင်လျက် ခေါင်းကလေး မခို့တရို့စောင်းနေသော ဂျပန်မလေးအရုပ်မှာ နွဲ့နွဲ့ကလေးရပ်နေ သည်။

ဗီရိုကြီးအထက်၌ ပန်းချီကားတစ်ချပ် ချိတ်ဆွဲထားသည်။ ဂါဝန်အနီရောင် ၀တ်လျက် ရွှေ ရောင် ထနေသော ဆံပင်ရှည်ကြီးကို ရှေ့၌ ချကာ ညာဘက်လက်တွင် ဆံပင်ဖြီးရန် ဘီးကလေး ကိုင်ထားသော အင်္ဂလိပ်မကလေး၏ ရုပ်ပုံ ဖြစ်သည်။ မျက်နှာကလေးမျာ ရယ်မလို ပြုံးမလိုဖြင့် တစ် ယောက် ယောက် ကို ငေးကြည့်နေဟန် ကျက်သရေရှိရှိဖြင့် ချောမွေ့သော မျက်နှာကလေး ဖြစ် သည်။

ဗီရိုထဲ၌ နဂါးရုပ်၊ ဆေးရုပ်၊ ဆေးရောင် ခြယ်ပန်းကန်များ ၊ ယွန်းခွက်၊ ယွန်းထည်ပစ္စည်းများ ဖြင့် လှပစွာ ခင်းကျင်း ပြသထားသည်။

အိမ်ထဲ၌ အခန်းများ ဖွဲ့ထားပုံမှာ တစ်ဖက်တွင် ဧည့်ခန်းနှင့် အရှည်လိုက်ဆက်လျက် အိပ် ခန်းနှစ် ခန်းရှိသည်။ တစ်ဖက်၌ ဖိနပ်ချွတ်ရန် အခန်းကလေးနှင့် အိမ်သာခန်း၊ မီးဖိုခန်း၊ ရေချိုးခန်း ကလေးများ နှင့် အရှည်လိုက်ဆက်လျက် အိပ်ခန်းတစ်ခန်း အပိုထားရှိလေသည်။

တစ်ဖက်နှင့် တစ်ဖက် ခြားထားသော အလယ်တွင် လူသွားလမ်း ပေးထားသည်။

ဧည့်ခန်းနှင့် တစ်ဆက်တည်းရှိသော အခန်းနှစ် ခန်းအနက် အလယ်ခန်းတွင် တာတာမီ မြက်ဖျာများ ခန်းလုံးပြည့် ခင်းထားသည်။

အခန်းအလယ်၌ လေးထောင့်ကျကျ နီညိုရောင် စားပွဲနိမ့်ကလေးခင်း၍ ထားသည်။

စားပွဲခုံမှာ ကျောက်သားထည်၊ ယွန်းထည်ကဲ့သို့ အကွက်ထလျက် ပြောင်လက်နေသည်။ ခုံ ပတ်ရံတွင် အ၀တ်ထိုင်ဖုံကလေးတွေ ၀ိုင်းချထားသည်။

* * * * *

(၂)

စားပွဲကလေးပေါ်၌ အစိမ်းရောင် ပန်းအိုး လုံးလုံးပုပုကလေးရှိသည်။

ပန်းအိုးထဲ၌ ရွှေရောင် တ၀င်းဝင်းနှင့် ပတ္တမြားရောင် ရဲရဲစပ်ဖက်နေသော ပန်းပွင့်မှ ပန်းဖတ် ကလေးများ လန်၊ အာ ကားပွင့်နေလျက် စိမ်းညို့သော ရွက်ခက်မျှင်နွယ်ကလေးများ သည် ပန်းပွင့် တို့အား ယှက်လိမ်ကာ နွဲ့ငိုက်ကျနေသည်။

ထိုအလယ်ခန်းနှင့် တစ်ဆက်တည်း နောက်တစ်ခန်းတွင် လည်း တာတာမီမြက်ဖျာများ ခန်း ပြည့်ခင်းထားကာ ဗီရိုနံရံ ကာထားသည်။

ဧည့်ခန်းနှင့် ကာခြားထားသော နံရံ၌ အတွင်းတွင် အိပ်ရာ၊ ခေါင်းအုံး၊ အ၀တ်အထည်များ ထည့်ထားလျက် ဆွဲတံခါး စေ့ပိတ်ထားလျှင် နံရံအတိုင်း ရှိနေသည်။

နံရံပေါ်၌ အ၀တ်စတွင် ရေး ဆွဲထားသော တောပုံ၊ တောင်ပုံ ပန်းချီကားချပ်များ အရှည် လိုက် ချဆွဲထားသည်။

အိမ်ကလေးကို ခြံဝင်းခတ်ထား၏ ။

ခြံဝင်းဘက်မှ အခန်းနံရံများ ကို အလုံပိတ်ကာ ဆောက်မထားဘဲ ယင်းလိပ်ချထားသလို ဆွဲ တံခါးများ သာ ပိတ်ကာထားသည်။

ဆွဲတံခါးကို နှစ် ဖက်ဆွဲ၍ တွန်းဖွင့်လိုက်လျှင် အခန်းမှာ ခြံဝင်းမြက်ခင်းနှင့် တစ်ပြင်တည်း ဖြစ်နေသကဲ့သို့ ဟင်းလင်းကြီးပွင့်သွားလေကာ ခြံထဲသို့ ဆင်းလျှောက်သွားနိုင်သည်။ အိမ်ထဲမှ အ ခန်းတွေ ထဲသို့ ၀င်ရသော အပေါက်၌ စက္ကူနှင်လုပ်သော ဆွဲတံခါးပင်ထားကာ အထဲက ဖြစ်စေ အ ပြင်က ဖြစ်စေ ဆွဲလိုက်လျှင် ပွင့်သွားလျက် အသေပိတ်နိုင်သော ချက်ကန့်လန့်များ တပ်မထားချေ။

တစ်အိမ်လုံး သန့်ရှင်းပြောင်လက်လျက် ရှင်းလင်းသပ်ရပ်နေ၏ ။

အထူးသဖြင့် တိတ်ဆိတ်၍ လည်းနေ၏ ။ အိမ်တွင်း၌ ဓာတ်မီးရောင် များ လင်းထိန်နေကာ အပြင်ဘက်တွင် မည်းမှော င်နေသည်။

ကောင်းကင်၌ လထွက်နေလျက် လသာသော ညနှင့် မတူ။

လ၏ အရောင် မှာ မြန်မာပြည်ကဲ့သို့ လင်းထိန်ဝင်းပခြင်းမရှိ၊ ဖျော့ဖျော့သာ လင်းသာလျက်ရှိ နေသည်။

ဂျပန်ပြည် တိုကျိုမြို့ရှိ ဆိတ်ငြိမ်နေသော ဤထင်းရှူးအိမ်ကလေးထဲ၌ လူလေးယောက် ရှိ ကြသည်။

ဧည့်ခန်းထဲ၌ ထမင်းစားပွဲအနီးရှိ နှစ် ယောက် ထိုင် ဆိုဖာပေါ်တွင် ပစ်လှဲလျက် စာဖတ်နေ သူမှာ မစ္စတာ အော့ဆူး ဖြစ်လေသည်။

မစ္စတာ အော့ဆူးမှာ အသက် ၄၀ ကျော်အရွယ် ပိန်ပိန်မြင့်မြင့် ဖြစ်သည်။

သူ့တွင် သားမယားမရှိ၊ လောကကြီးကို ကျောခိုင်းလျက် တစ်ယောက် တည်းသမား လူပျို ကြီး ဖြစ်သည်။

သူ့ဘ၀တစ်လျှောက်လုံး အိမ်မရှိ၊ ယာမရှိ၊ အခြေအနေအတည်တကျမရှိ၊ ကျရာတွင် ပျော် မွေ့လျက် ဖြစ်သလို နေခဲ့လေသည်။

ကျောင်းသားအရွယ်၌ အဖေအမေမရှိ၍ အစ်မက ကျောင်းထားပေးသည်။

ကျောင်းတွင် အနက်ရောင် ဘောင်းဘီ၊ အနက်ရောင် ကုတ်အင်္ကျီ၊ အနက်ရောင် ကက်ဦး ထုပ်နှင့် ယူနီဖောင်း ၀တ်တက်ရခြင်းကို မုန်းတီးလှကာ ယူနီဖောင်းကို အစ်မကချုပ်ပေးတိုင်း ရောင်းသုံးပစ်လျက် ကျောင်းမတက်ဘဲ ကျောင်းပြေးဘ၀နှင့် အချိန်ကုန်ခဲ့သည်။

ကျောင်းကထွက်ပြီး ရှန်ဟဲမြို့တွင် ရှိသော ဂျပန်ကုမ္ပဏီတစ်ခုတွင် စာရေး ဘ၀နှင့် အလုပ် လုပ်နေသည်။

သူ့ဝသီအတိုင်း အေးဆေးသော အလုပ်မျိုးကို ၀ါသနာမပါ၍ နိုင်ငံရေး ဘက်တွင် ၀င်လုပ် လေသည်။

လျှို့ဝှက်သော မြေအောက်နိုင်ငံရေး ကို တရုတ်လိုဝတ်လျက် တရုတ်တွေ နှင့် ရောနှော လျက် တရုတ်ပြည်တွင် ငါးနှစ် လုပ်ခဲ့ဖူးသည်။

စစ် ဖြစ်လာသည့်အခါ၌ ဂျာဗားကျွန်းသို့ သွားရာ သင်္ဘောမှော က်၍ ဂျပန်ပြည်သို့ ပြန်ရောက် လာသည်။

ဂျပန်ပြည်မှ မြန်မာပြည်သို့ ထွက်လာကာ သားရေနယ်ကုမ္ပဏီ၌ အလုပ်လုပ်နေလျက် ဂျ ပန်ပြည်သို့ ပြန်ပြေးကြရာတွင် စစ်ပြီးခတ်၌ အခြေမဲ့ အနေမဲ့ ဖြစ်ကာ တစ်နှစ် လုံး ဘုန်းကြီးကျောင်း တွင် သွားနေလေသည်။

ဂျပန်ပြည်တွင် နာမည် ကြီး ကုမ္ပဏီကြီးတစ်ခုနှင့် အပြိုင်အဆိုင် ဖြစ်သော ကုမ္ပဏီကြီးတစ်ခု က ကမကထလုပ်၍ သူ့အား မြန်မာပြည်နှင့် ကုန်ရောင်းကုန်ဝယ် ဆက်သွယ်လုပ်ကိုင်ရန် ငွေစုပေး လျက် ကုမ္ပဏီကြီးတစ်ခု ၀ိုင်းထောင်ပေးကြ၏ ။

တိုကျိုမြို့တွင် အလုပ်တိုက်နှင့် ကိုယ်ပိုင်အိမ်နှင့် ဖြစ်နေသည်။

သူ၏ မျက်လုံးများ မှာ စူးရှတောက်ပလျက် အကြည့်မှာ မာကျောလှသည်။

ခရီးကြမ်းကြီး စိုင်းနှင်လာခဲ့သော ဘ၀နှင့် မဟပ်မိအောင် သိမ်မွေ့နူးညံ့သည်။

* * * * *

(၃)

သူ၏ လက်ဖ၀ါးများ မှာ မိန်းမလက်ကဲ့သို့ ညက်ညောကာ နီရဲနေသည်။

ဖိုသီဖတ်သီ အမူအရာ အမြဲရှိသည်။ စိတ်မြန်လက်မြန် လုပ်တတ်သည်။

စိတ်ကောင်းသဘောကောင်းရှိလျက် ဟန်ဆောင်ခြင်းမရှိ ပွင့်လင်းကာ ကြင်နာစိတ်ထားရှိ သည်။

နှစ် ယောက် ထိုင် ဆိုဖာပေါ်၌ ပက်လက်စန့်လျက် ခြေအိတ်အဖြူစွပ်ထားသော ခြေထောက် တစ်ဖက်ကို ပြတင်းတံခါး ပေါင်တွင် တင်၍ ဒူးဆစ်အထိ ဘောင်းဘီခေါက်လျက် ဖိနပ်စွပ်ထားစေ သော ခြေတစ်ဖက်မှာ ဆိုဖာအောက်သို့ တွဲ လောင်းချထားကာ စီးကရက်ကို အဆတ်မပြတ်ဖွာရင်း စိတ်ဝင်စားစွာ စာဖတ်နေသည်။

ဧည့်ခန်းနှင့် ဆက်လျက်ရှိသော အခန်းထဲတွင် ယိုကိုသည် အခန်းရှင်းနေလေသည်။

အခန်းအလယ်မှ လေးထောင့်ပတ်လည် ခုံနိမ့်ကလေးကိုခေါက်ကာ ဖယ်ရွှေ့လိုက်ပြီး နံရံဗီ ရိုတွင်းမှ မွေ့ရာခေါင်းအုံးများ ထုတ်လျက် မစ္စတာ အော့ဆူးအတွက် အိပ်ရာပြင်ခင်းပေးနေသည်။

ယိုကိုမှာ မစ္စတာအော့ဆူး၏ တူမကလေး ဖြစ်ပြီး အသက် ၁၆နှစ် အရွယ် ကျောင်းသူက လေး ဖြစ်သည်။

မစ္စတာအော့ဆူး ငယ်စဉ်က မိဘမရှိ၍ ကျွေးမွေးသုတ်သင်လာကာ ကျောင်းထားပေးခဲ့ သော အစ်မ၏ သမီးကလေး ဖြစ်၍ တိုကျိုတွင် အိမ်နှင့် ရာနှင့် အခြေတကျ ဖြစ်ပြီး ကျူးရှူးတွင် နေ သော တူမကလေးကိုသွားခေါ်ကာ သူနှင့် အတူနေစေပြီး ကျောင်းထားလေသည်။

ယိုကိုမှာ အရပ်မနိမ့်မမြင့် ကျန်းမာခြင်းနှင့် ပြည့်စုံလျက် သန်စွမ်းတောင့်တင်းသော ကိုယ် လုံးရှိသည်။

မျက်နှာဝိုင်းဝိုင်းတွင် ပါးကလေးနှစ် ဖက်မှာ နီဖောင်းမို့နေကာ မျက်စိပေါက်ကျဉ်းလျက် မျက် နှာအလွန်ချိုလေသည်။

ဆံပင်အတိုဖြတ်ထားသည်။ ဒူးဆစ်ထိ ဂါဝန်အပြာကလေးဝတ်ကာ ခုန်ပေါက်ပျံလွှားသီဆို ကခုန်ကစားနေတတ်လျက် ကလေးစိတ်မကုန်သေးချေ။

နံနက်ဘက် ကျောင်းမသွားခင် အိမ်အလုပ် စောစောထလုပ်လေသည်။

တစ်ကိုယ်လုံး သန့်ရှင်းအောင် ရှင်းလင်းဆေးကြောကာ ကြမ်းတိုက်ပြီးမှ နံနက်စာချက် ပြုတ်သည်။

သူ့ခါးတွင် အ၀တ်ဖြူစ ပတ်လျက် ခေါင်း၌ လည်း အ၀တ်ဖြူအုပ်ပတ်စည်းကာ မီးဖိုအ၀တ် အစားဝတ်၍ ချက်ပြုတ်နေစဉ် ကလေးမလေးနှင့် မတူဘဲ ကလေးအသွင်ပျောက်ကာ အိမ်ရှင်မကြီး နှင့် တူနေသည်။

တူဝရီးနှစ် ယောက် နံနက်စာ စားသောက်ကြပြီးလျှင် အိမ်ပိတ်ခဲ့ကာ ဦးလေးက အလုပ် တိုက်သွား၍ တူမလေးက ကျောင်းသွားသည်။

ကျွန်မမှာ ယိုကို အိပ်ရာပြင်ခင်းနေသော အခန်းနှင့် ဆက်လျက်ရှိသော နောက်တစ်ခန်းထဲ၌ ရှိနေကာ သေတ္တာထဲတွင် အ၀တ်များ ထည့်နေသည်။

ဂျပန်ပြည် တိုကျိုမြို့သို့ ရောက်နေသည်မှာ သုံးပတ်ခန့်ရှိသွားလေပြီ။

တိုကျိုမြို့ကြီးနှင့် တိုကျိုမြို့အနီးအနားတစ်ဝိုက် နှံ့စပ်အောင် လည်ပတ်ပြီး၍ နက်ဖြန်ည တွင် အိုကာဆာမြို့သို့ ခရီးဆက်ထွက်ရန်အတွက် ယူဆောင်သွားမည့် အ၀တ်အစားများ ကို သေတ္တာ ငယ်တစ်လုံးနှင့် ခွဲထည့်နေ၏ ။

ကျွန်မအခန်းနှင့် လူသွားလမ်းခြားသော တစ်ဖက်အခန်းထဲ၌ ကိုကိုကြီးသည် အိပ်ရာပေါ်၌ လှဲလျက် ဒိုင်ယာရီရေး မှတ်နေသည်။

ကိုကိုကြီးမှာ ဂျပန်ပြည်သို့ ကျွန်မနှင့် အတူ လိုက်လာသော ကျွန်မ၏ မိတ်ဆွေ ဖြစ်သည်။

သူ၏ ဇနီးမှာ ကျွန်မအား အစ်မရင်းကဲ့သို့ ချစ်ခင်ကာ သူ့ခင်ပွန်းကို ကျွန်မနှင့် အတူ ဂျပန် ပြည်သို့ အလည်လိုက်သွားရန် တိုက်တွန်းထည့်လိုက်လေ၏ ။

ကိုကိုကြီးမှာ စိတ်ကောင်းရှိလျက် စကားနည်းသော သူ ဖြစ်လေသည်။

သူ့စိတ်ထဲရှိတာကို စကားဖြင့် ချေချေငံငံပြောတတ်သူမဟုတ်၊ သူ့အကြည့် သူ့အပြုံးတို့မှာ မထုံတက်တေးနိုင်လှသည်။

စိတ်နေစိတ်ထား အမှန်သိအောင် ဖြုန်းခနဲ အကဲခတ်သော သူ ဖြစ်၏ ။

သူ့ဝမ်းထဲ ဘာရှိသည်ကို ဖော်ပြသော လူစားမျိုးမဟုတ်။

ဂျပန်ပြည်သို့ လာခဲ့ကြရာတွင် သူလည်း ကျွန်မကဲ့သို့ ပင် သုံးစွဲရန် ငွေကြေးယူမလာဘဲ လိုက်လာခဲ့သည်။

ကျွန်မတို့ ဂျပန်ပြည်သို့ မလာမီ မစ္စတာအော့ဆူး မြန်မာပြည်သို့ ရောက်လာသည်။

ဂျပန်ခေတ်၌ ကျွန်မတို့နှင့် တစ်အိမ်တည်း အတူနေသွားသော သားရေနယ်ကုမ္ပဏီမှ မစ္စ တာရူရှီးဒါးမှာ မန်နေဂျင်းဒါရိုက်တာ ဖြစ်၍ မစ္စတာအော့ဆူးနှင့် ကျွန်မ သိကျွမ်းခင်မင်ခဲ့သည်။

* * * * *

(၄)

တွေ့ စက မစ္စတာအော့ဆူးကို မျက်စိမွှေးစူးမိသည်။ ဂျပန်လိုဝတ်စားခြင်းမတွေ့ ရဘဲ ရှပ်ဖြူ လက်ရှည်၊ စိန်ကြယ်သီးနှင့် ဘန်ကောက်လုံချည်ထည်လဲဝတ်ကာ ရေး မွှေးဆွတ်လျက် စစ်ဘက် ဆိုင်ရာ ဂျပန်အရာရှိကြီးများ ကို အရွဲ့တိုက်သည့်သဘောဖြင့် သူတို့ရှေ့၌ လမ်းသလားပြနေတတ် ၏ ။ ဂျပန်တိုင်း သူ့ကို မျက်မုန်းကျိုးသည်။

ဂျပန်ထုံးတမ်းဓလေ့ကို အမြဲတော် လှန်လျက် လောကမှာ ဘယ်ဟာမှ ဂရုစိုက်တဲ့လူတစ် ယောက် ဟု သူနှင့် ခင်မင်သွားသည့်နောက်မှ သူ့အကြောင်းကို သိသွားသည်။

စစ်ပြီးခေတ် ဂျပန်ပြည်တွင် ကုမ္ပဏီထောင်ပြီး မြန်မာပြည်သို့ အလည်လာရာတွင် ကျွန်မ ထံသို့ ရောက်လာလေသည်။

ကျွန်မအား ဂျပန်ပြည်သို့ အလည်လာရန် အတန်တန်ဖိတ်ခေါ်သည်။

ဂျပန်ပြည်သို့ လာလျှင် သုံးစွဲဖို့ရန် ငွေမလိုကြောင်း၊ မယူခဲ့ရန် အတန်တန်မှာ သည်။

သူ့အိမ်တွင် တည်းခိုရန် ဖိတ်မန္တကပြုသွား၍ တိုကျိုမြို့၌ ဟိုတယ်တွင် မတည်းကြဘဲ သူ့ အိမ်၌ တည်းခိုရန် စီစဉ်လိုက်သည်။

နိုင်ငံခြားငွေကြေး လဲလှယ်သွားဖို့ရန် အချိန်ကြာအောင် စောင့်ဆိုင်းနေရမည့် အတွက် မစ္စ တာအော့ဆူးအားကိုးနှင့် ပင် ငွေကြေးလဲလှယ်ယူမသွားကြဘဲ လက်ချည်းဘဲ ထွက်သွားကြသည်။

နိုင်ငံခြားတွင် သုံးစွဲရန် ငွေကြေးပါမလာ၍ ကျွန်မတို့ ချို့တဲ့ခြင်းမရှိကြ။

အိမ်ရှင် မစ္စတာအော့ဆူးက လိုလေသေးမရှိအောင် ပြုစုသည်။

ကျွန်မနှင့် ပါလာသော ကျွန်မမိတ်ဆွေ ကိုကိုကြီးကိုလည်း ကျွန်မနှင့် ထပ်တူထပ်မျှ ဂရုစိုက် ဧည့်ဝတ်ပြုစုသည်။ ဂျပန်ပြည်ရောက်၍ လည်ပတ်ကုန်ကျသမျှစရိတ် သူက အကုန်ခံလေသည်။

ကိုကိုကြီးမှာ သူ့အလုပ်တိုက်မှ ဂျပန်တွင် ၀ယ်ယူရမည့် ကုန်ပစ္စည်းများ ကို မစ္စတာအော့ဆူး ကုမ္ပဏီမှတစ်ဆင့် ၀ယ်ယူရန်အတွက် အစီအစဉ်ပါလာသည်။

ကျွန်မတို့မှာ မစ္စတာအော့ဆူးအိမ်ကလေးတွင် ကိုယ့်အိမ်ကိုယ့်ရာလိုပင် သဘောထားနေ ကြသည်။

အားနာစရာမရှိ၊ ဧည့်သည်လိုမနေရဘဲ လွတ်လပ်စွာ နေကြရ၏ ။

ဧည့်သည်ကဲ့သို့ ၊ အားနာခြင်းကို မစ္စတာတာအော့ဆူးကမကြိုက်၊ မုန်းတီးသည်။ အိမ်သူ အိမ်သားကဲ့သို့ အားမနာ ပါးမနာ သဘောထားနေထိုင်မှသာ နှစ်သက် သဘောကျသည်။

ထူးရှူးအိမ်ကလေးထဲရှိ အခန်းလေးခန်းထဲ၌ လူလေးယောက် တစ်ခန်းစီ ဆိတ်ငြိမ် တိတ် ဆိတ်စွာ ရှိနေကြ၍ ကျွန်မမှာ သေတ္တာထဲ အ၀တ်ထည့်နေရင်း တိတ်ချက်သားကောင်းလှခြင်း ကြောင့် ယိုကို၏ အသံဗလံကို နားစွင့်မိသည်။

အခန်းထဲဝင်နေလျှင် အပြင်မှ ယိုကို၏ အသံကို ကြားနေကျ ဖြစ်သည်။

သာယာသော တေးသံသာလေးတအေးအေးဖြင့် သူဘယ်အခန်းတွင် ရှိနေမှန်းကို သိရ တတ်သည်။

တစ်ဖက်ခန်းတွင် ယိုကိုသည် တိတ်ဆိတ်စွာ အိပ်ရာများ ခင်းပေးနေသည်။

ကျွန်မမှာ သေတ္တာကိုပိတ်လိုက်ကာ အိပ်ရာပေါ်၌ လှဲချလိုက်သည်။

စောစောက ညစာစားပွဲတွင် ညစာစားသောက်ပြီး မစ္စတာအော့ဆူးနှင့် ကျွန်မတို့ ၀ိုင်းဖွဲ့ စကားလက်ဆံကျပုံများ ကို ပြန်ပြောင်း၍ စဉ်းစားနေမိသည်။

‘မလေးစံ … ကျုပ်သူငယ်ချင်းတွေ နဲ့ စုဝေးငတ်နေကြတုန်းကများ ဆိုရင် အင်္ကျီဝတ်စရာမရှိ ကြလို့ ကျုပ်တို့ အပြင်မထွက်နိုင်ဘူး၊ တစ်ယောက် ပြန်လာမှ တစ်ယောက် က ၀တ်ထွက်ရတယ်၊ ဟို တုန်းကဘ၀နဲ့ အခုဘ၀က တခြားစီပဲ၊ ဟိုတုန်းကများ သူများ လွှင့်ပစ်ထားတဲ့ စီးကရက်တိုကို လမ်း မှာ တွေ့ ရင် ကောက်သောက်ချင်သောက်လိုက်တာ’

ကိုကိုကြီးမှာ ပြုံးလျက် မစ္စတာအော့ဆူးအား စိုက်ကြည့်နေသည်။

ကျွန်မတို့ နားမလည်အောင် အင်္ဂလိပ်စကားကို ကြိုးစားပမ်းစားအစီအစဉ်ကျအောင် ပြော ပြနေ၏ ။

သူ့လက်ကြီးခါယမ်းလျက် လောက်စပီကာတပ်ထားသော အသံမျိုးဖြင့် စိတ်ရောကိုယ်ရော အားရပါးရ လှုပ်ရှားပြောဆိုနေသည်။

စကားဆုံးလျှင် ကိုကိုကြီးသည် ပခုံးနှစ် ဖက်လှုပ်ကာ သဘောကျစွာ တခစ်ခစ်ရယ်နေလေ သည်။

မစ္စတာအော့ဆူးသည် ပြောပြီး အားရပါးရ ရယ်လိုက်သည်။

ကျွန်မမှာ အိပ်ရာပေါ်မှ သူ၏ ရယ်သံကြီးကို ကြားယောင်နေတုန်းပင်။

သူ့ရယ်သံမှာ သူ၏ လက်ရှိ ခန့်ညားထည်ဝါနေသော အခြေအနေကြီးကို ပြက်ရယ်ပြောင် လှောင်နေသော ရယ်မောသံကြီး ဖြစ်သည်။

* * * * *

(၅)

ကျုပ် ဂျာဗားကျွန်းကို ၁၉၄၂-ခုနှစ် က သွားတယ်၊ ကျုပ်စီးတဲ့သင်္ဘောကြီးက ခရီးသည် ၁၆၀၀လောက် ပါတယ်၊ သင်္ဘောဘေးမှာ အသက်ကယ်လှေ ရှစ်ခုချိတ်ထားတယ်၊ တစ်ခုကို လူ တစ်ရာလောက် စီးနိုင်တယ်၊ ဒီသင်္ဘောနံမည် က တိုင်ယိုမာရူးလို့ ခေါ်တယ်၊ ပင်လယ်ထဲမှာ သင်္ဘောခုတ်သွားရင်း လမ်းမှာ ရေငုပ်သင်္ဘောတွေ ရဲ့ တော် ပီဒိုထိတာပဲ။

သင်္ဘောကြီး မီးထလောင်ပြီး မြုပ်ခါနီး မှာ လူတွေ ဟာ သွေးရူးသွေးတန်းနဲ့ ပြေးကြသွားကြ အော်ကြ ငိုကြနဲ့ ဖြစ်နေပြီး မီးတောက်ကြီးကလဲ သင်္ဘောကြီးတစ်ခုလုံးကို ၀ါးနေတာပဲ၊ လှိုင်းကလဲ သိပ်ကြီးနေတယ်၊ ဒီအချိန်မှာ အသက်ကယ်လှေပေါ် လူတွေ တက်ပြီး ကြိုးဖြုတ်ကြတာ အဖြုတ်မ တတ်တော့ မှော က်ကုန်ကြတာပဲ၊ တချို့လှေတွေ လဲ လှိုင်းကကြီးလွန်းလို့ သင်္ဘောနံရံနဲ့ဆောင့်မိ တော့ ကွဲကုန်ပြီး မြုပ်တာပဲ၊ လှေငါးစင်းပဲ မမြုပ်ဘူး၊ ရေထဲကျသွားတဲ့လူတွေ လဲ ကူးရင်း နစ်ကုန် ကြတယ်။

‘တချို့ကူးနိုင်တဲ့လူတွေ က မမြုပ်တဲ့လှေတွေ ဆီ ကူးသွားတော့ လှေပေါ်ကလူတွေ က လှေ နစ်မှာ စိုးလို့ အတက်မခံဘဲ တွန်းပစ်ကြတယ်။ အတက်မခံဘူး၊ ငရဲပြည်အတိုင်းပါပဲလေ၊ ဒီအချိန်မှာ ကျုပ်ဘာလုပ်နေသလဲဆိုတော့ သင်္ဘောပေါ်ထိုင်ပြီး ရှုခင်းကိုငေးကြည့်နေတယ်၊ ကျုပ်ကိုယ်တိုင် ဒီ ဒုက္ခထဲရောက်နေတာကို သတိမရဘူး၊ ရုပ်ရှင်ကားတစ်ကားကို ကြည့်နေရသလိုပဲ အောက်မေ့ တယ်၊ နောက်ဆုံး သင်္ဘောလဲ နစ်ခါနီး နေပြီ၊ ကျုပ်အနားမှာ ဘယ်သူမှလဲ မရှိတော့ဘူး၊ ကျုပ်လဲ သင်္ဘောနဲ့အတူတူ နစ်ဖို့ပဲရှိတော့တယ်။

‘ဒီအချိန်ကျမှ လှေတစ်စင်းကို မြင်လိုက်တယ်၊ ဒီလှေဆီကို ကူးမသွားဘဲ အသာကြည့်နေ တယ်၊ လှိုင်းပုတ်ပြီးမြုပ်မယ့် သင်္ဘောနားကပ်လာမှ ခုန်ချလိုက်တာ လှေပေါ်က လူတွေ ကြားထဲ ခွေလဲကျသွားလို့ ‘သည်းခံကြပါခင်ဗျာ’ ပြောပြီး တစ်ခါတည်း မျက်လုံးမှိတ် အိပ်ပစ်လိုက်တာပဲ၊ အိပ်ယာကနိုးတော့ ကျုပ်စီးလာတဲ့လှေဟာ စစ်သင်္ဘောတစ်စီးနားရောက်နေတာမြင်မှ လူ့ဘ၀ဟာ ရယ်စရာကောင်းတဲ့ဘ၀လို့ အားရပါးရ ရယ်မိတယ်’

သူ့အိမ်သို့ ရောက်စက ကျွန်မတို့ကိုပြောပြသော အတ္ထုပတ္တိပုံပြင်များ အနက် သင်္ဘော မှော က်ပုံနှင့် သူ၏ အသက်ရှင်ပုံရှင်နည်းကို လေ့လာနေစဉ် ယိုကိုသည် ခြေသံမကြား အခန်းထဲသို့ ရောက်လာကာ တံခါးကို ဖြည်းဖြည်းကလေး ဆွဲစေ့လိုက်သည်။

သူ့မျက်နှာကို လှမ်းကြည့်လိုက်ရာ မျက်နှာလေးမှာ သိသာစွာ ညှိုးငယ်လျက် မရွှင်မလန်း ဖြစ်နေ၏ ။

ကျွန်မရင်ထဲ၌ ထင့်ခနဲ ဖြစ်သွားသည်။

အမြဲပြုံးရွှင်နေကျ မျက်နှာကလေးမှာ ယနေ့ညမှ ထူးထူးခြားခြား မရွှင်မပျ ဖြစ်နေခြင်း

ကြောင့် အံ့အားသင့်သော မျက်လုံးများ ဖြင့် လှမ်းစိုက်၍ ကြည့်မိသည်။

ကျွန်မက ပြုံးလိုက်ကာ သူ့အရိပ်အကဲလည်း ကြည့်လျက် ကျွန်မအိပ်ရာနံဘေးတွင် လာ ထိုင်ရန် ပုတ်ပြကာ ခေါ်လိုက်သည်။

သူသည် ပြုံးရယ်ခြင်းမရှိ။

နီးမြန်းနေသော မျက်နှာဖြင့် ကျွန်မအိပ်ရာဘေး၌ ဂျပန်ထိုင်ဒူးထောက်ချက် ခေါက်ထိုင်ကာ ကျွန်မအား ညှိုးငယ်စွာ ကြည့်နေသည်။

‘ယိုကို … ဘာ ဖြစ်သလဲ၊ ဘာ ဖြစ်လို့လဲ’

ကျွန်မက မျက်နှာပျက်ပျက် လေသံကလေးဖြင့် သူ့ပခုံးကိုကိုင်ကာ မေးလိုက်သည်။

ယိုကိုမှာ အင်္ဂလိပ်စကားပြောသင် ကျောင်း၌ နေ၍ အင်္ဂလိပ်ဘာသာစကားကို နားလည်ကာ စကား ဖြစ်အောင် ပြန်ပြောတတ်၏ ။

‘မမလေးစံတို့ နက်ဖြန်ည အိုဆာကာကို သွားမယ်မဟုတ်လား’

ကျွန်မနှင့် ခွဲခွာရမည့် အတွက် အောက်မေ့၍ မှိုင်လေသလားဟု ထင်မိကာ ကျွန်မကပြုံး လျက် …

‘နက်ဖြန်ည သွားမယ် … လိုက်ခဲ့ပါလား ယိုကို’ဟု ပြောလိုက်သည်။

သူ့ဒူးပေါ်တွင် တင်ထားသော လက်ကလေးနှစ် ဖက်ကို ပွတ်လျက် ခေါင်းကိုညင်သာစွာ ယမ်းခါပြနေကာ မျက်နှာပျက်နေလေသည်။

ကျွန်မလည်း ငေါက်ခနဲ ထထိုင်လိုက်ကာ သူ့ပခုံးလေးနှစ် ဖက်ကို ဆုပ်လျက် …

‘အိုဆာကာကို လိုက်ချင်သလား၊ လိုက်ချင်ရင် မင်းဦးလေးကို ပြောပါလား’ဟု ပြောလိုက် သည်။

ကျွန်မတို့ နက်ဖြန်ညရထားနှင့် သွားကြမည် ဖြစ်ရာ ယိုကိုမှာ အိမ်စောင့်ကျန်ရစ်ရမည် ။

ကျွန်မတို့ရောက်နေခိုက် အိမ်အလုပ်များ ၍ ကျောင်းမတက်ဘဲ ခွင့်ယူထားရသည်။

မစ္စတာ အော့ဆူးအား ယိုကိုပါခေါ်ခဲ့ရန် ပြောသော အခါ ကျောင်းရက်ပျက်နေ၍ မခေါ်နိုင် ဘူး ထားခဲ့မယ်ဆိုသဖြင့် ဇွတ်မပြောသာပေ။

* * * * *

(၆)

အိုဆာကာသို့ သူပါလိုက်ချင်ပုံရှိနေသည်ဟု အောက်မေ့ကာ သူ့ဦးလေးကို သူကိုယ်တိုင် ပြောရန် ပူဆာခိုင်းရသည်။

‘ဦးလေးကို ဒီနေ့ည စကားပြောစရာ အကြောင်းကိစ္စတစ်ခုရှိတယ်၊ မပြောလို့မ ဖြစ်ဘူး၊ အဲဒီ စကားပြောပြလိုက်ရင် ကျွန်မကို အိုဆာကာလိုက်ဖို့ ခေါ်တော့မှာ မဟုတ်ဘူးထင်တယ်’

သူ့စကားအသုံးအနှုန်းကို ရုတ်တရက် အဓိပ္ပာယ် နားမလည်နိုင်၍ သူ့ကို ထပ်ကာထပ်ကာ ပြောခိုင်းရသည်။

ကျွန်မမှာ စိတ်ဝင်စားသွားလေ၏ ။

ဘယ်ကိစ္စ၊ ဘယ်စကား၊ ဘယ်အကြောင်းများ လဲ၊ ငွေရေး ကြေးရေး များ လား၊ ဘာများ လဲဟု တွေးတောကာ သို့ လော သို့ လောတွေ များ သွားသည်။

‘ပြောစမ်း … ယိုကို၊ ဘာအကြောင်းကိစ္စကို ပြောပြမှာ မို့ ဦးလေးက မင်းကို အိုဆာကာ ခေါ် မသွားနိုင်မှာ လဲ ပြောစမ်း’

ယိုကိုသည် ကျွန်မမျက်နှာကို မျက်စိကလေး မှေးကြည့်လျက် တော် တော် နှင့် မပြောဘဲနေ ၏ ။

နောက်မှ ပြောတော့မလို အမူအရာ ဖြစ်လာကာ မပြောခင် ပြုံးလိုက်လေသည်။

သူ့အပြုံးမှာ ရှက်ကိုးရှက်ကန်း အပြုံး ဖြစ်သည်။

‘ကိုကိုကြီးစံလေ ကျွန်မကိုနမ်းတယ်၊ ဒီအကြောင်း ဦးလေးကို ဒီည ပြောပြရမယ်’

‘အို …’

ကျွန်မမှာ အကြီးအကျယ် တုန်လှုပ်၍ သွားသည်။

တစ်ယောက် ယောက် က ခေါင်းကို တအားရိုက်လိုက်သကဲ့သို့ မိုက်ခနဲ မူးနောက်သွား သည်။

ရင်တလှပ်လှပ်ဖြင့် ရှေ့ဆက်စကားမပြောနိုင်သလောက် ဖြစ်သွားသည်။

ယိုကိုသည် မျက်တောင်တဖျတ်ဖျတ်ခတ်ကာ အငြိမ်သား ကျွန်မကိုကြည့်၍ နေသည်။

ဤကိစ္စကို ကျွန်မ မသိလိုက်ရဘဲ သူ့ဟာသူ သူ့ဦးလေးကို သွားဖွင့်ပြောလိုက်ချေလျှင် သည်နေ့ည သည်အိမ်ကလေး၌ ကျွန်မမှာ ရှေ့ဆက်၍ မတွေးတောဝံ့သလောက် ခေါင်းနားပန်းကြီး သွားကာ ကျောထဲ၌ လည်း စိမ့်သွား၏ ။

ဘယ်လို ဖြစ်ကြတာလဲ၊ ဘယ့်နှယ့်ကြောင့် ကိုကိုကြီးက သူ့အိမ်တည်းခိုနေတုန်း သည်လို လုပ်ရပါလိမ့်။

မေးခွန်းပေါင်း သော င်းခြောက်ထောင်မှာ ကျွန်မခေါင်းထဲတွင် ဆင့်ကဲဆင့်ကဲ ပြည့်လျှံလာ

ကြလျက် တွေးရင်းတွေးရင်း အသက်ရှူမှားနေသည်။

ယိုကိုက အလိုတူ၍ ဖြစ်ရသလားဟု မတွေးတတ်အောင် ဖြစ်မိသည်။

သူ့ဦးလေးကို ဖွင့်ပြောရမည် ဆိုသည်မှာ မလိုမတူ၍ တိုင်ကြားမည့် အဓိပ္ပာယ်ရောက်နေသ ဖြင့် အလိုမတူဘဲ ကျိတ်ခံလိုက်ရပုံများ လားဟု မတွေးတတ်အောင် ဖြစ်သွားပြန်သည်။

ကျွန်မမှာ တစ်ထိုင်ချင်း ခေါင်းရှုပ်သွားကာ ကျွန်မ၏ နှုတ်မှ ‘ကိုကိုကြီးမှာ မိန်းမရှိတယ် ယိုကို’ဟု ထွက်သွားမိသည်။

‘သူ့မိန်းမက သူ့ကိုချစ်သလားဟင်’

ကျွန်မသည် ယိုကို၏ မျက်နှာကို စူးစိုက်ကြည့်မိပြန်သည်။ သူ့မေးခွန်းကိုမဖြေခင် သူမေး သော မေးခွန်းပေါ်တွင် မူတည်၍ သူ့အကဲကို သိလိုသိငြား နှိုက်ချွတ်ရှာဖွေ စိုက်ကြည့်မိသည်။

သူမေးပုံမှာ သိလိုစုံစမ်းခြင်း ပြင်းပြင်းပြပြ အမူအရာလုံးလုံးမပြ၊ ပုံပြင်ဝတ္ထုကို နားထောင် နေသော ကလေးသူငယ်တစ်ဦးက ပေါက်ကရမေးခွန်းတွေ မေးပုံမေးနည်းအတိုင်းသာ ခပ်ပေါ့ပေါ့ တွေ့ ရသည်။

‘ချစ်တယ်၊ သူ့မိန်းမက သူ့ကို သိပ်ချစ်တယ်၊ သူကလဲ ချစ်တာပဲ’

ယိုကို၏ မျက်နှာကလေးမှာ ကြည်လင်ရွှင်ပျတုန်းကကဲ့သို့ ချိုမြမြ ဖြစ်လာကာ အပြစ်ကင်း စင်သော ကလေးမျက်နှာကလေးပမာ ပြုံးပြုံးကလေးလုပ်နေသည်။

ကျွန်မမှာ စဉ်းစားရကျပ်လာသည်။

သူပါ အလိုတူအလိုပါ ဖြစ်လျှင် သည်အဖြေဖြင့် မှိုင်ငိုင်တွေ ဝေသွားစရာရှိလျက် ဘယ်လိုမှ မ ဖြစ်သလို နဂိုအတိုင်း မထူးခြားခြင်းကို ပြနေသည်။

ကျွန်မသည် သူ့မျက်နှာကလေးကို စူးစိုက်၍ ကြည့်နေပြန်လေ၏ ။

ယိုကိုသည် သူ့ခေါင်းတွင် သိုင်းချည်ထားသော ဖဲကြိုးအနက်ကိုဖြုတ်ယူရင်း အိမ်ရှေ့မှအ သံကို နားစွင့်လိုက်လျက် ‘ဦးလေး စာဖတ်နေတုန်းပဲ’ဟု ဆိုသည်။

ကျွန်မမှာ အခက်တွေ့ နေ၏ ။

သူ့အား အလိုတူသလားဟု စစ်မေးရမှာ ကလည်း မတူလျှင် မေးဖို့မကောင်းချေ။

အလိုမတူဘူးလားဟု မေးလိုက်ရမှာ ကလည်း အလိုတူနေလျှင် ခက်ချေမည် ။

သူ့ပုံပန်းမှာ သူ့ဦးလေးအား အလိုတူသည် ဖြစ်စေ၊ အလိုမတူသည် ဖြစ်စေ၊ သွားဖွင့်ပြောမည့်  ပုံ ပေါက်နေသည်။

* * * * *


ဝန်ဇင်းချစ်သူများ ဂျာနယ်ကျော်မမလေး ၏ “ မေတ္တာ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


သူလိုလူ

တွေးတစိမ့်စိမ့်

ရဲဘော်ဖခင်၏ မှတ်တမ်း