
ဂျာနယ်ကျော် မမလေး [၁၉၁၇-၁၉၈၂]
ဧရာ၀တီတိုင်း၊ ဗျာပုံခရိုင် ဘိုကလေးမြို့ ကမာကလူကျေးရွာ၌ အဖ ဒေါ်ဆင်ဘဏ် မန်နေဂျာ ဦးပျားချို၊ အမိ ဒေါ်ကွီတို့က ၁၉၁၇ခု ဧပြီလ ၁၃ ရက် သောကြာနေ့တွင် မွေးဖွားသည်။ မွေးချင်း ငါးဦးအနက် စတုတ္ထမြောက်ဖြစ်သည်။ အမည်ရင်း မတင်လှိုင်ဖြစ်သည်။
၁၉၂၂ ခုတွင် ဖျာပုံအေဘီစီအမ်ကျောင်း၌ ကျောင်းစနေခဲ့သည်။ ဘိုကလေးမြို့ အစိုးရကျောင်းမှ ၁၉၂၇ ခုတွင် သတ္တမတန်းအောင်သည်။ ထို့နောက် ရန်ကုန်မြို့ မြို့မ အမျိုးသမီးကျောင်း၌ န၀မတန်း (၁၉၃၂) အထိ ပညာသင်ကြားခဲ့သည်။ ၁၉၃၈ ခုတွင် မြန်မာ့အလင်းသတင်းစာ အယ်ဒီတာချုပ်ဦးချစ်မောင်နှင့် လက်ထပ်သည်။ ၁၉၄၆ ခု ဧပြီလ ၃ ရက်တွင် ခင်ပွန်း၊ ဂျာနယ်ကျော် ဦးချစ်မောင်ကွယ်လွန်၍ သားနှစ်ဦးနှင့် သမီးတစ်ဦး ကျန်ရစ်ခဲ့သည်။ ၁၉၅၉ ခု မေလ ၁၄ ရက်တွင် ဦးအောင်ဇေယျနှင့် အိမ်ထောင်ပြုသည်။
ဘိုကလေးမြို့ တို့ဗမာအစည်းအရုံးတွင် အဖွဲ့ဝင်နှင့် တက်ခေတ် အမျိုးသမီးအဖွဲ့ ဥက္ကဌ (၁၉၃၆-၃၇)၊ ဂျာနယ်ကျော် ထုတ်ဝေသူ၊ ဂျာနယ်ကျော်နှင့် ပြည်သူဟစ်တိုင် သတင်းစာ အယ်ဒီတာ (၁၉၃၉)၊ အမျိုးသမီး ကလောင်ရှင်အသင်း ဒုတိယဥက္ကဌနှင့် ကလောင်ရှင်မဂ္ဂဇင်း တာဝန်ခံအယ်ဒီတာ (၁၉၄၇)၊ မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဌ (၁၉၄၈-၄၉)၊ မြန်မာနိုင်ငံ စာရေးဆရာ စာပေကလပ် အတွင်းရေးမှူး (၁၉၆၁-၆၂) တာဝန်များကို ထမ်းဆောင်ခဲ့သည်။ တရုတ်နှင့် ဆိုဗီယက်သို့ ယဉ်ကျေးမှုကော်မတီ အဖွဲ့ဝင် (၁၉၅၂)၊ အာရှတိုက် စာရေးဆရာများ ကွန်ဖရင့် (နယူးဒေလီ) (၁၉၅၅)၊ အဏုမြူဆန့်ကျင်ရေး ကွန်ဖရင့် (ဂျပန်)(၁၉၅၈)၊ ဂျပန်ဘာသာပြန် “သွေး” ၀တ္ထုအတွက် ဂုဏ်ပြုဖိတ်ကြားခြင်း (ဂျပန်) (၁၉၈၀) စသည်ဖြင့် နိုင်ငံရပ်ခြားသို့ သွားခဲ့သည်။ ပုဂ္ဂိုလ်ရေး ‘ပစ်စာ’ တစ်စောင်ကို တုံ့ပြန်ဆောင်းပါးရေးရာမှ သတင်းစာတိုက်နှင့် ဆက်သွယ်မိပြီး စာပေနယ်ထဲ ရောက်ခဲ့သည်ဆို၏ ။ “အမျိုးသမီးများ ဏကြီးသက် ဉာဏ်ရှိကြရန်” (မြန်မာ့အလင်း၊ ၁၉၃၆-၃၇) သည် ပထမ ပုံနှိပ်ဆောင်းပါးဖြစ်သည်။ ပထမ ပုံနှိပ်၀တ္ထုမှာ “မသိရလေခြင်း” (ဂျာနယ်ကျော်၊ ၃၁-၅-၁၉၄၁) ဖြစ်သည်။ ထင်ရှားသော စာအုပ်များမှာ သူမ (၁၉၄၅)၊ သူလိုလူ (၁၉၄၇)၊ သူလိုမိန်းမ (၁၉၄၈)၊ ရှုမငြီး (၁၉၄၈)၊ စိတ် (၁၉၅၁)၊ ကမ္ဘာမြေဝယ် (၁၉၅၂)၊ မုန်း၍ မဟူ (၁၉၅၅)၊ တွေးတစိမ့်စိမ့် (၁၉၃၆)၊ လှတစ်မျက်နှာ (၁၉၆၅)၊ ရင်နင့်အောင်မွှေး (၁၉၆၇)၊ ရင်မှတရှိုက် (၁၉၇၀)၊ သွေး (၁၉၇၃) တို့ဖြစ်ကြ၏ ။ မုန်း၍ မဟူဖြင့် ၁၉၅၅ ခုစာပေဗိမာန်ဆု တွေးတစိမ့်စိမ့်ဖြင့် ၁၉၃၆ ခု အနုပညာစာပေဆု (၀တ္ထုတိုပေါင်းချုပ် တတိယဆု) ရရှိခဲ့သည်။ နိုင်ငံခြားဘာသာသို့ ပြန်ဆိုခဲ့သည်များမှာ မြက်ကလေးတစ်ပင် (ဂျာမန်-၁၉၆၈)၊ တွေးတစိမ့်စိမ့် (ရုရှ-၁၉၈၄)၊ သွေး (ဂျပန်-၁၉၇၇)၊ မုဆိုးမ (အင်္ဂလိပ်)၊ မုန်း၍ မဟူ (ရူရှ၊ ဥဇဘက်၊ ပြင်သစ်၊ တရုတ်၊ အင်္ဂလိပ်) တို့ ဖြစ်ကြသည်။ ဂျာနယ်ကျော်မမလေး၏ ကလောင်ခွဲများမှာ ရဝေလှိုင်၊ လှတခိုင်၊ ဘိုကလေး မတင်လှိုင်တို့ ဖြစ်ကြသည်။ စာရေးဆရာ၊ သတင်းစာဆရာ အဖြစ်သာမက တိုင်းရင်းဆေးပညာရှင်အဖြစ်လည်း ထင်ရှား၏ ။ ဆေးပညာဆောင်းပါးများ (၁၉၆၂)၊ မြန်မာ့ဆေးပညာ (၁၉၆၇)ကို ပြုစုခဲ့သည်။ ၁၉၈၂ ခု ဧပြီ ၆ ရက်တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။
စာရေးသူ၏ အမှာ
စစ်ပြီးစ ဂျပန်ပြည်သို့ ကျွန်မ ရောက်သွားသည်။ စစ်ပြီး၍ ၁၀ နှစ် ကြာသောအခါ၌ ဂျပန်ပြည်သို့ ဒုတိယတစ်ခေါက် ထပ်ရောက်ပြန်သည်။ ဂျပန်မှ ပြန်ကတည်းက စစ်နှင့်ပတ်သက်သော ဂျပန်၀တ္ထုတစ်ပုဒ်ရေးရန် စိတ်ကူးမိသည်မှာ ကြာခဲ့ပေပြီ။ ရင်နင့်အောင်မွှေး စာအုပ် ထုတ်ပြီးနောက် ဤ၀တ္ထုကို ဆက်ရေးရန် ကြော်ငြာထားသော်လည်း မရေးဖြစ်ပေ။
ဤ သွေး ၀တ္ထုကို အချိန်ယူ၍ ရေးရန် အာသီသ ရှိခြင်းကြောင့် အချိန်အားကို စောင့်လာခဲ့သည်။ အချိန်ပို၊ အချိန်အား ကျွန်မ၌ မရှိချေ။ ၀တ္ထုကို စာမျက်နှာ ၅၀ ခန့် စ ရေးထားပြီးနောက် ပစ်ထားခဲ့ရာ တစ်လပြီး တစ်လကုန်သာသွားသော်လည်း ဆက်မရေးနိုင်ပေ။
၀တ္ထုပြီးမြောက်ရေးအတွက် မဂ္ဂဇင်းတစ်စောင်တွင် အခန်းဆက် ရေးပါမှ မပြီးမနေ ရေးရတော့မည်ဖြစ်၍ ရေးဖြစ်စေရန် ဘယ့်နှယ်ရှိရှိဟု ရှုမ၀မဂ္ဂဇင်းတိုက်သို့ စာမျက်နှာ ၅၀ ခန့် စရေးထားသော စာမူလေးကို သွားပို့လိုက်သည်။
ရှုမ၀၌ တစ်ပတ်ပါပြီးနောက် လစဉ်ပါရန် ကျွန်မရေးရပုံမှာ စိတ်အေးလက်အေး အချိန်အားယူ၍ ကိုယ်တိုင် ရေးရပုံမျိုး မဟုတ်ဘဲ လစဉ်အတိုင်း အချိန်နီးလာလျှင် ကျွန်မအနား၌ လူတစ်ယောက်ထား၍ ကျွန်မ နှုတ်က ဆီမန်း မန်းသလို နှုတ်တိုက်ရွတ်သမျှ လိုက်ရေးပေးထားသော စာမူများကို မဂ္ဂဇင်းတိုက်သို့ အချိန်မီ ပို့ခဲ့ရသည်ချည်း ဖြစ်သည်။
ယခု စာအုပ် ပြန်ရိုက်တော့မှပင် မဂ္ဂဇင်း၌ လစဉ်ပါအောင် ဖုတ်ပူမီးတိုက် ရေးခဲ့သမျှကို ဖတ်ရှု စစ်ဆေးရလျက် ပြန်လည်၍ တည်းဖြတ်ရိုက်နှိပ်လိုက်ရ ပေသည်။
ဂျာနယ်ကျော်မမလေး
၇-၇-၇၃
(၁)
၁၉၆၇ မေလ ၉ ရက်နေ့ ဖြစ်သည်။
ရန်ကုန်လေဆိပ် ဆင်းရန် ခါးပတ်ရပြီ ဆိုကတည်းက ယုမိစံရင်ခုန်နေသည်။ လေယာဉ်မှန်ပေါက်မှ မြင်သမျှ၊ တွေ့သမျှ အရာတွေကို ငုံ့ကဲ၍ ကြည့်သည်။ နိမ့်၍ နိမ့်၍ ကျသွားတိုင်း၊ မြေပြင်နှင့် နီးတော့မည့်အသိဖြင့် ဖိုလိုက် လှိုက်လိုက်သည်မှာ ရင်ထဲ၌ မငြိမ်သက်နိုင်အောင် လှုပ်ခါလျက် ရှိသည်။ လေယာဉ်ဘီးနှင့် မြေကြီးနှင့် ပွတ်ထိသွားသော အခါ၌ “ဘိရုမာ” ဟုရင်မှ တ ဆို ခေါ်လိုက်မိသည်။ တစ်ညလုံး၊ တစ်နေ့လုံး စီးခဲ့ရသော လေယာဉ်ခရီး၏ ပင်ပန်းနွမ်းနယ်မှုများမှာ ဘယ်လိုပျောက်ပျက်သွားမှန်းပင် မသိလိုက်လျက်။ ဘယ်က ဘယ်လို ဝင်ရောက်လာကြမှန်း မသိနိုင်သည့် အားအင်အပြည့်ဖြင့် “ဘိရုမာ” ဟု အားရှိပါးရှိ တခေါ်မိခြင်း ဖြစ်သည်။
လေယာဉ် ရပ်လိုက်သောအခါ ယုမိစံ၏ ဖြူစင်ဝင်းပလျက်ရှိသော မျက်နှာကလေးသည် ခရီးသည်အားလုံးထက် ရွှင်လန်း ချိုမြလှသည်။
ယုမိစံမှာ အသက် ၃၀ ခန့်ရှိမည်။ ဦးထုပ်အဖြူ၊ ဂါဝန်အဖြူ၊ လက်အိတ်အဖြူ၊ ဖိနပ်အဖြူ ဆင်မြန်းထား၍ တစ်ကိုယ်လုံး ဖြူဆွတ်နေသည်။ ပန်းရည်ဖျော့ ဖျန်းပက်ထားသော မျက်နှာပေါ်၌ ဖြောင့်တန်းသည့် နှာတံနှင့် မျက်ခုံးသွယ်သွယ်တို့သည် ထင်းခနဲ မြင်မိအောင် လှပပေါ်လွင်လျက် ရှိသည်။
ဂျပန်အမျိုးသမီးဆို၍ အရပ်ပုသည့် အချိုးအစား မဟုတ်။ မနိမ့်မမြင့်၊ မဆူ မကြုံ၊ ကိုယ်လုံးကိုယ်ဖန် တင့်တယ် ပြေပြစ်ခြင်း ရှိသည်။ အရောင်အဆင်းထွက်၍ ရွှန်းစို တောက်လဲ့နေသော မျက်လုံးအစုံတို့သည် ထူးခြားစွာ ထင်ပေါ်သည်။
ခရီးသည်တွေ နောက်ဆုံးမှ ဆင်းလာရသည်။ လေယာဉ် အပေါက်၀မှ ဆီး၍ တိုက်လာသော လေညင်းကလေးသည် လတ်ဆတ်ချိုမွှေးနေသည်။ လေချိုမွှေးကို ရှိုက်၍ ရှုလျက် ဟိုဟိုသည်သည် ရှုမျှော်ကြည့်ရင်း လေယာဉ်ပေါ်မှ ဆင်းလာခဲ့သည်။
ဘိရုမာ။ ယုမိစံ ရောက်ချင်လှသော မြန်မာပြည်သို့ ရောက်လာရပေပြီ။ ယနေ့ညနေ နေကလေးကလည်း ချိုသာသည်။ ကောင်းကင်မှာလည်း တိမ်စင် ကင်းပလျက် ဝင်းလှနေသည်။
ယုမစံ ခြေနှင့် ထိလိုက်သော မြန်မာ့မြေပြင်ကြီးသည် ယုမိစံကို လှိုက်လှဲစွာ လက်ခံလျက်၊ ဆီး၍ ပွေ့ကြိုလိုက်သည့်နှယ် ရင်ဝယ် နွေးထွေးချမ်းမြေ့သွားသည်။
လေဆိပ် အဆောက်အအုံ ရှိရာသို့ သူလျှောက်လာပုံမှာ သွက်လက်ဖျတ်လတ်ကာာ မျက်လုံးအစုံသည် အထူး တောက်ပနေသည်။
နဖူးပေါ်သို့ ဖရိုဖရဲ ကျလာသော ဆံစများကို ခေါင်းပင့်၍ ဖယ်ရှားပစ်လိုက်ကာ လေဆိပ်အဆောက်အအုံပေါ်မှ လူအုပ်ကြီးကို လှမ်းမျှော်ကြည့်လိုက်သည်။ ယောကျ်ား မိန်းမ၊ လူကြီး လူငယ် ပါဝင်သော လူအုပ်ကြီးသည် သူ့ကို ဆီး၍ ပဲ ကြိုနေကြသယောင်ယောင်။ သူနှင့် အလွန်နီးစပ်သော ဆွေများ မျိုးများသဖွယ် အောက်မေ့ ထင်မှတ်မိကာ၊ ခင်မင်တွယ်တာ စိတ်ထားနှင့် တစ်ခါမှ မသိ မမြင်ဖူးသူတို့ကို လှမ်း၍ ပြုံးလိုက်၊ ကြည့်လိုက်ဖြင့် လေဆိပ် အဆောက်အအုံထဲသို့ ရောက်လာခဲ့သည်။
မြန်မာပြည်သို့ ရောက်လာပေပြီ။ မြန်မာပြည်သို့ လာခဲ့လေသော သူ၏ ရည်မှန်းချက်များ အောင်မြင်ခြင်း ရှိမှသာ လာခဲ့ရကျိုး နပ်မည်ဖြစ်ကြောင်း တွေးမိ၍ ရင်တအေးအေး ဖြစ်မိသည်။ တစ်နေ့နေ့တော့ မြန်မာပြည်ကို ရောက်အောင်သွားမည်။ ဒီနိုင်ငံကို ရောက်ရမည်ဆိုသော ယုံကြည်ချက်သည် ၁၅ နှစ်သမီးအရွယ်က စခဲ့လေသည်။ မြန်မာပြည်မှ ရွှေတိဂုံဘုရားပုံတော်ကို စတွေ့ဖူးသည့်နေ့က မြန်မာပြည်သို့ ရောက်နိုင်အောင် ရွှေတိဂုံစေတီတော်၏ တန်ခိုးတော်ဖြင့် ခေါ်ယူပါရန် စိတ်၌ ဦးညွတ်၍ ဆုတောင်းခဲ့မိဖူးသည်။
ရည်ရွယ်ချက် ကြီးမားခဲ့သည့်လျောက် တက္ကသိုလ်ဒီဂရီများ ရရှိပြီးနောက်၊ ဂျပန်ပြည် အိုစကာမြို့ နိုင်ငံရပ်ခြား လေ့လာရေး တက္ကသိုလ်ကျောင်းကြီး၌ မြန်မာစာကို အဓိကထား၍ ဆက်လက် သင်ကြားခဲ့သည်။ လေးနှစ် သင်ခဲ့ရလျက် ဘီအေ အဆင့်မျိုးရှိသော ဒီဂရီကို ရရှိအောင် ကြိုးစားခဲ့လေသည်။ ထိုတက္ကသိုလ်မှ ဒီဂရီရရှိပြီး ဘာသာဗေဒ ပညာရပ်ကို အမ်(မ်)အေ အဆင့်မျိုး အောင်သည်အထိ သင်ကြားပြီးသည့်နောက် ကျောင်းဆရာမခေတ္တလုပ်ရင်း ရန်ကုန်တက္ကသိုလ်၌ မြန်မာစာ ဘွဲ့လွန်သင်တန်း တက်နိုင်ရန် တစ်နည်းတစ်လမ်း ကြံစည် ကြိုးစားနေဆဲတွင်၊ ကံကောင်းထောက်မစွာဖြင့် မြန်မာနိုင်ငံရှိ နိုင်ငံခြားဘာသာသင် သိပ္ပံကျောင်းမှ ဂျပန်စာပြရန် ကထိက ဆရာအလုပ်ကို ရရှိခြင်းကြောင့်၊ မြန်မပြည်သို့ ၀မ်းမြောက်၀မ်းသာ လာခဲ့ခြင်း ဖြစ်သည်။
ဂျပန်ပြည်မှ မထွက်မီ မြန်မာပြည်သို့ သွားရမည့် အရေးကား ယုမိစံအတွက် မျှော်လင့်ချက်ကြီးစွာဖြင့် ရင်တဖိုဖို ဖြစ်လျက်ရှိတော့သည်။ ၁၅ နှစ်သမီး အရွယ်ကစပြီး မြန်မာပြည်သို့ ရောက်ချင်လှသော ဆန္ဒမှာ ကြီးမားလှသည့်အလျောက်၊ တစ်နေ့နေ့ကို ရောက်အောင်သွားမည်ဟု ကြိမ်းဝါးလျက်သာ နေရသည်။ ထိုတစ်နေ့နေ့သည် ယခုလောက် အဆင်ပြေလွယ်ကူလိမ့်မည်ဟု မထင်မိခဲ့ပေ။
အင်္ဂလိပ်စကားဖြင့် လေဆိပ်အရာရှိ မေးသော မေးခွန်းကို ယုမိစံက မြန်မာစကားဖြင့် ဖြေကြားပြောဆိုသဖြင့် နိုင်ငံကူးလက်မှတ် စစ်ဆေးနေသော အကောက်အရာရှိသည် ယုမိစံ၏ မျက်နှာကို ခေါင်းမော့၍ ကြည့်မိသည်။
ယုမိစံ၏ ပစ္စည်းများ စစ်ဆေးနေခိုက် ယုမိစံကို လာ၍ ကြိုသော ဂျပန်သံရုံးမှ အရာရှိတစ်ဦး အခန်းထဲသို့ ရောက်လာသည်။ ယုမိစံသည်တစ်ခါမျှ မမြင်ဖူးသော ဂျပန်သံရုံး အရာရှိအား တစ်နိုင်ငံ၌ လာ၍ တွေ့ရသော ကိုယ့်လူမျိုးချင်းဖြစ်၍ အားရ၀မ်းသာ ခါးကလေးကို ကုန်း၍ ချိုပြုံးစွာ နှုတ်ဆက်လိုက်သည်။
သံရုံးအရာရှိက ယုမိစံကို ကြိုဆိုပြီး ယုမိစံ ရောက်လာပြီဖြစ်ကြောင်းနောက်တစ်နေ့မှ မြန်မာအစိုးရ ပညာရေးဌာနသို့ အကြောင်းကြားပေးမည် ပြောဆိုကာ ၎င်းတို့ နေထိုင်ရာ အိမ်သို့ ခေါ်ဆောင်သွားသည်။
လေယာဉ်ကွင်းမှ ကားထွက်လာသည့်အခါ၌ ယုမိစံသည် သူ့ဖခင်မသေမီက ပြောသွား၍ မှတ်သားထားသော စကားလုံးများကို စိတ်ထဲက ရွတ်ဆိုကြည့်သည်။ မင်္ဂလာဒုံ၊ ပဲခူး၊ ဘုရားလေး။
ယုမိစံက မင်္ဂလာဒုံနေရာကို မေးသဖြင့် သံရုံးအရာရှိက မင်္ဂလာဒုံဘက်သို့ ပတ်မောင်းသွားကာ စစ်တပ် အဆောက်အအုံများကို ပြမောင်းသွားသည်။
ယုမိစံသည် မင်္ဂလာဒုံမှအပြန် တပ်အဆောက်အအုံတွေကို ငေးမော ကြည့်လာသည်။ စစ်ကာလအတွင်း သူ့ဖခင် နေထိုင်သွားသော ဤတပ်မြေ၌ ဘယ်နေရာ ဘယ်အဆောက်အအုံများတွင် နေထိုင်သွားပါလိမ့်ဟု မျှော်ရမ်း ကြည့်ရှု လိုက်ပါလာသည်။
ယုမိစံ၏ ဖခင် မေဂျာယူရှီးဒါးမှာ သံချပ်ကာ ကားတပ်မှ ဗိုလ်မှူးဖြစ်သည်။ မြန်မာပြည် စစ်ကာလအတွင်း မင်္ဂလာဒုံ၌ တပ်စွဲထားခိုက်၊ ဂျပန်ပြည်ရှိသူ၏ တစ်ဦးတည်းသော သမီးကလေး ယုမိစံ ၅ နှစ်ပြည့်မြောက် အထိမ်းအမှတ််အတွက် သူ့ဓာတ်ပုံကို မင်္ဂလာဒုံ၌ ရိုက်၍ ပေးပို့လိုက်သည်။ ဓာတ်ပုံနှင့် ပူးတွဲလျက် “မင်္ဂလာဒုံမှ” အမည်ရှိ စပ်ဆိုရေးသား ပေးပို့လိုက်သော ကဗျာကလေးတစ်ပုဒ်သည် ယုမိစံ ယခု အသက်အရွယ်အထိ အသည်းစွဲအောင် အလွတ်ရတုန်းပင် ရှိသည်။
ယုမိစံသည် ဖခင် ရေးစပ်ပေးသော ကဗျာကို စိတ်ထဲက ပြန်၍ ရွတ်ဆိုကြည့်သည်။ မသိမသာ ခါးကလေး ညွတ်ကိုင်းလျက် ဖခင် နေထိုင်သွားခဲ့ဖူးသော အရပ်ဒေသကို အရိုအသေ ပြုလိုခြင်းကြောင့် မျက်လုံးကလေး များ မှိတ်လိုက်သည်။
ယုမိစံ၏ ရှည်လျား ကော့ပျံနေသော မျက်တောင်များသည် ဖောင်းမို့ နေသော မျက်ခွံများကို မိုးယှက်သွွားကာ ငြိမ်သက်စွာ တိုင်တည်ဆုတောင်းလျက် ရှိသည်။
ယုမိစံ၏ ဖခင် မေဂျာယူရှီးဒါးမှာ ကဗျာစာပေနှင့် ပန်းချီအနုပညာဘက်တွင် ထူးချွန်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ ဂျပန်ပြည် အိုစကာမြို့၌ ယုမိစံကို ဖွားမြင် ပြီးပြီးချင်း ဆေးရုံပေါ်၌ ပင် ယုမိစံ၏ မိခင် အသက်ပျောက်သွားရခြင်းကြောင့် မိတဆိုးဖြစ်သူ ယုမိစံကို အခါလည်အရွယ်တွင် ယုမိစံ၏ အဘိုး အဘွားများထံ၌ အပ်နှံခဲ့ကာ မြန်မာပြည်သို့ စစ်ထွက်လာရသူဖြစ်သည်။ ရောက်လေရာ အရပ်တိုင်းမှ သမီးကလေးကို တမ်းတလွမ်းဆွတ်မိတိုင်း ကဗျာစပ်ကာ အလွမ်းဖြေတတ်သည့် ပုဂ္ဂိုလ်ဖြစ်သည်။
မင်္ဂလာဒုံမှ ရိုက်ကူးပို့ဖူးသော မေဂျာယူရှီးဒါး၏ ဓာတ်ပုံမှာ ယုမိစံ၏ လက်ကိုင်အိတ်ထဲ၌ ပါရှိသည်။ အိတ်ထဲမှ ဓာတ်ပုံကို ထုတ်ယူ၍ ကြည့်ပြီး သံရုံးအရာရှိကို ထိုးပြလိုက်သည်။
‘ကျွန်မ ၅ နှစ်သမီးတုန်းက ကျွန်မအဖေ ဒီမင်္ဂလာဒုံက ဓာတ်ပုံရိုက်ပြီး ပို့လိုက်တဲ့ ဓာတ်ပုံ’
သံရုံးအရာရှိသည် တအ့ံတသြ ခေါင်းတညိတ်ညိတ်လုပ်၍ ဓာတ်ပုံကို ယူကြည့်သည်။ ဓာတ်ပုံမှာ နှစ်ပေါင်းများစွာကြာမြင့်၍ ဆေးရောင်များ မှိန်လျက် ရှိသည်။ ဟန်ပါပါ ဓားလွယ်ကိုချိတ်လျက် ဂျပန်စစ်ဝတ်စုံ အပြည့်ဖြင့် မလိုက်ဖက်လှအောင် သိမ်မွေ့နူးညံ့ထားသော အဂါင်္ရုပ်သည် ထင်ရှားပေါ်လွင်နေသည်။
‘အာ . . . ခင်ဗျားအဖေက စစ်ဘက်က ပါလားနော်’
‘ဟုတ်ပါတယ်’
‘အခု ဂျပန်မှာပဲလား’
ယုမိစံ ၀မ်းနည်းရိပ်သမ်းနေသော မပြုံးတပြုံးလေး ပြုံး၍ ‘မရှိပါဘူး၊ သေသွားပါပြီ’ ဟု ပြောလိုက်သည်။
‘မြန်မာပြည်မှာ သေတာလား’
‘မဟုတ်ပါဘူး၊ ဂျပန်မှာဘဲ သေပါတယ်’
‘သြော် . . . သြော်’
သံရုံးအရာရှိသည် ဓာတ်ပုံကို ပြန်၍ စိုက်ကြည့်ပြီးမှ ယုမိစံအား ပြန်ပေးလိုက်သည်။
ယုမိစံသည် ဓာတ်ပုံကို အိတ်ထဲသို့ ပြန်၍ မထည့်မီ သူ့ဖခင် နေထိုင်သွားသော အရပ်သို့ သူ ရောက်လာပြီဖြစ်ကြောင်းကို တိုင်တည်သော အကြည့်တစ်မျိုးဖြင့် စိုက်၍ ကြည့်ပြီးမှ ပြန်ထည့်ထားလိုက်သည်။
အနောက်ဘက်ကောင်းကင်မှ ဝါရွှေသော နေခြည်တို့သည် မင်္ဂလာဒုံလမ်းမပေါ်သို့ ပြေလျော ကျဆင်းနေသည်။
ကုန်းမြင့်ပေါ်၌ သစ်ပင်များ အုံ့ဆိုင်းနေသော ရွှေတဝင်းဝင်းဖြင့် ကျိုက်ကလို့ စေတီတော်ကို ရှေ့မှ တွေ့မြင်ရသည်။ ကျိုက်ကလို့တည်ရာ ကုန်းမြင့်သည် ဆိတ်ငြိမ်လျက် လွမ်းဆွတ်ဖွယ်ကောင်းသော ရှုခင်းဖြစ်သည်။ ယုမိစံသည် စကားမပြောဘဲ တိတ်ဆိတ်စွာ လိုက်ပါလာရင်း ဆန်းကြယ်သော သူ့ဘ၀ အကြောင်းကို တွေးကြည့်မိသည်။
မြန်မာပြည်၌ ရှိနေသော သူ့သွေးက သူ့ကို ဒီနေ့ဒီရက် အရောက်လာဖို့ရန် ခေါ်နေ၊ စောင့်နေသကဲ့သို့ပင် သူ့စိတ်၌ ထင်မိသည်။ မြန်မာပြည်ကို ရောက်လာရလို့မှ သူ့သွေးနှင့် သူ မတွေ့ရဘူးဆိုလျှင် ခံပြင်းစရာ အလွန်ကောင်းတော့မှာပဲဟု အောက်မေ့မိပြန်သည်။ မြန်မာပြည်၌ ရှိနေသည် ဆိုသော သူ့သွေးကို သူတွေ့အောင် ဘယ်ပုံဘယ်နည်း ရှာဖွေရပါမည်နည်း။
ယုမိစံသည် မြန်မာပြည်သို့ မရောက်ရောက်အောင် ကြိုးစား၍ လာခဲ့ရလေသောကြောင့် သူ့အား စီမံမည့် ကံကြမ္မာကို တဝေ့ဝေ့ တွေးရင်း၊ စဉ်းစားရင်း လိုက်ပါလာသည်။
သံရုံးအရာရှိသည် အဆောက်အအုံ တစ်ခုဘက်သို့ ကွေ့ချိုးမောင်းသွားကာ ကားကို ထိုးရပ်လိုက်သည်။
“ဒါ . . . ခင်ဗျား စာသင်ရမယ့် နိုင်ငံခြားဘာသာသင် သိပ္ပံကျောင်းပဲ၊ အခုတော့ ကျောင်းပိတ်ထားသေးတယ်”
ယုမိစံသည် ကားပေါ်မှ ဆင်းသက်လိုက်သည်။ သူ စာပြရမည့် ကျောင်းကို အပြင်မှရပ်၍ ကြည့်သည်။ ကျောင်းဝင်းတစ်ခုလုံး တိတ်ဆိတ်အေးချမ်းနေသည်။ စိမ်းမြသော မြက်ခင်းကို မျက်နှာစာပြုလျက် ရှည်လျားစွာ ဆောက်လုပ်ထားသော နှစ်ထပ်တိုက် အဆောက်အအုံ ဖြစ်သည်။
ဤကျောင်း အဆောက်အအုံထဲ ပြင်သစ်၊ ဂျာမန်၊ ဂျပန်၊ တရုတ်၊ ရုရှနှင့် အင်္ဂလိပ်စာပေ ဘာသာစကားများ ပို့ချပေးခြင်းကြောင့်၊ နိုင်ငံပေါင်းစုံယဉ်ကျေးမှုအမြုတေ ဗိမာန်သဖွယ် တင့်တယ်သော ဂုဏ်ကျက်သရေတို့ဖြင့် ပြည့်စုံနေသောကျောင်း ဖြစ်သည်။
ယုမိစံသည် ကျောင်းဝင်း အနေအထားနှင့်တကွ ကျောင်းအဆောက် အအုံ ပုံသဏ္ဍာန်ကို မြင်ရုံဖြင့် နှစ်သက်သွားသည်။ ထုထည်ကြီးမားစွာဖြင့် ရှေးကျသော ဧရာမ အဆောက်အအုံကြီးကို တွေ့ရလျှင် တစ်မျိုးဖြစ်ဦးမည်။ ယခုသော် ကျောင်းအဆောက်အအုံမှာ သပ်ရပ်ခန့်ညားလှပလျက် ခေတ်ဆန် သည့် အသွင်လည်းပေါ်ကာ ငြိမ်းချမ်းသော ရိပ်သာ အဆောက်အအုံကဲ့သို့ စိတ်၌ ထင်မှတ် နှစ်ခြိုက်သွားခြင်း ဖြစ်သည်။
ဤသိပ္ပံကျောင်း၌ ဂျပန်စာပေ၊ ဂျပန်စကား သင်ကြားကြမည့် မြန်မာ ကျောင်းသူကျောင်းသားများကို ယခုပင် တွေ့ချင်မြင်ချင်စိတ်များ ပြင်းပြသွားသည်။
ယုမိစံသည် သံရုံးအရာရှိကို ရွှေတိဂုံစေတီတော်သို့ ယနေ့ပင်လိုက်ပို့ ပေးပါရန် ပြောလိုက်သည်။ မြန်မာပြည်ကို စိတ်ဝင်စားရသည့် ၁၅ နှစ်သမီး အရွယ်၌ ရွှေတိဂုံစေတီတော်၏ ပုံတော်ကားကို ရှေးဦးစွာ တွေ့မြင်ခဲ့ဖူး ခြင်းကြောင့် မြန်မာပြည်သို့ သူရောက်သည့်နေ့၌ ပင် ရွှေတိဂုံစေတီတော်သို့ သွားရန် အားခဲလာခဲ့သည်။ သံရုံးအရာရှိက တစ်ဆက်တည်း ခေါ်ဆောင်သွွား၍ ရွှေတိဂုံစေတီတော်ကြီး၏ ရင်ပြင်ပေါ်သို့ ရောက်သွားသည်။
စေတီတော် ရင်ပြင်၌ ဘုရားဖူးများ ထူထပ် စည်ကားနေသည်။ ပြာလဲ့လဲ့ကောင်းကင်ကို နောက်ခံထားလျက် ရွှေတိဂုံစေတီတော်ကြီးကို ထက်ကောင်းကင် အလယ်၌ မားမားကြီး ဖူးတွေ့ရသည်မှာ မည်မျှ ကြည်ညိုဖွယ်ရာ ကောင်းကြောင်းကို ယုမိစံ သိရလေပြီ။ ရွှေတွေပုံ၍ ထပ်ထားသော ရွှေတောင်ကြီးအသွင်၊ လွန်စွာမှ သပ္ပာယ်တင့်တယ်ခြင်းရှိသဖြင့် စကားမပြော နိုင်လောက်အောင် ကြက်သေသေကာ ငြိမ်သက်ရှုမောဖူးမြှော်မိသည်။
“ယုမိစံကို ခေါ်ယူသော ရွှေတိဂုံစေတီတော်ဘုရား၊ ယုမိစံ ယနေ့ရောက်လာပါပြီ၊ ကန်တော့ပါပြီ၊ ယုမိစံ အလိုဆန္ဒအားလုံး အောင်မြင်ရန်ဆက်လက် စောင့်ရှောက် ကူညီပါဘုရား”
ယုမိစံသည် ငြိမ်သက်စွာရပ်နေရာမှ သူ့ခေါင်းထဲ၌ ဖြစ်ပေါ်လာသော ထိုဆုတောင်းကို မြန်မာစကားလုံးဖြင့် စီကာစဉ်ကာ စိတ်ဖြင့် ရွတ်ဆိုကြည့်သည်။ မြန်မာပြည်သို့ သူ ရောက်လာသောနေ့၌ ရွှေတိဂုံစေတီတော်ကြီးကို လက်ယှက်မိုး၍ ပထမဦးဆုံး မြန်မာစကားဖြင့် လေ့ကျင့်ရှိခိုး ဆုတောင်း ကြည့်ခြင်းလည်း ဖြစ်သည်။
စေတီရင်ပြင်တော်ကို တစ်ပတ်ပတ်၍ ကြည့်ကြသည်။ မြန်မာတို့၏ အနုပညာ ပန်းပုလက်ရာတို့သည် ယုမိစံ အံ့သြ၍ မကုန်နိုင်အောင် ကြည့်စရာ၊ ရှုစရာများ တစ်ကုန်းတော်လုံး ပြည့်နှက်နေတော့သည်။ ပန်းပုလက်ရာတို့ကို ပြောင်မြောက်လှပါဘိဟု အထူးနှစ်သက်မိသည်။ မြင်မြင်သရွေ့ မြန်မာ့အနု ပန်းပုလက်ရာများကို လျှောက်ကြည့်လေသည်။ ကြွကြွရွရွရှိလှသော ကနုတ်ပန်း ရုပ်လုံးကြွများကို လည်းကောင်း၊ စုလစ်မွမ်းချွန်တန်ဆောင်း ပြဿဒ်ကြီးများပေါ်ရှိ အနုပန်းပု လက်ရာမွန်များကို ကြည့်၍ မြန်မာတို့၏ ယဉ်ကျေးမှု မည်မျှကြွယ်၀ကြောင်း ခန့်မှန်းသိရှိသွားသည်။
တန်ဆောင်ကြီးများ အတင်းရှိ ရုပ်ပွားတော်ကြီးများ၏ ပုံတော် တို့မှာ တစ်ဆူနှင့်တစ်ဆူ မတူစေဘဲ၊ ပီပြင် ခြားနားထားသော မြန်မာ့ဗိသုကာ လက်ရာများသည် ယုမိစံ မျက်လုံးဖြင့် မခွာချင်အောင်ဖြစ်၍ တစိမ့်စိမ့်ငေးစိုက်ကြည့်မိသည်။
အစ အဆုံး မသတ်ထားသော ကနုတ်ပန်းများ၊ ခြူးပန်းခြူးနွယ်များကို တွေ့ရသည်။ ခြူးပန်းခြူးနွယ်တို့မှာ အကိုင်အထိမှ ခံပါ့မလားဟု ထင်ရအောင် လှပကြွရွနေကြသည်။ ကုန်းတော်ပတ်လည်ရှိ မြန်မာ့ပန်းပုရှေးဟောင်း လက်ရာများဖြစ်သော ရုပ်တုရုပ်ကြွ၊ ပန်းနွယ်ပန်းခက်များသည် ယုမိစံ၏ ပန်းချီမျက်စိဖြင့် ကြည့်မ၀၊ ရှုမ၀၊ စွဲမက်စရာ ဖြစ်နေတော့သည်။ ဗုဒ္ဓဝင်ဖြစ်စဉ်ကို သရုပ်ဖော်ထားသော ရှေးဟောင်းပန်းချီ စွမ်းပကား လက်ရာ များကို စိတ်ဝင်စားစွာ ကြည့်ရှုနေသည်။
ယုမိစံမှာ ကော်လိပ်ပညာ သင်ကြားနေဆဲ၌ ပင် ပန်းချီပညာ ဘာသာရပ်ကို တစ်ဖက်မှ သင်ကြား တတ်မြောက်ခဲ့သည်။ ယုမိစံ၏ ဖခင် မေဂျာယူရှီးဒါး၏ လက်ရာကို မီထားသူဖြစ်သည်။ ဂျပန်ပြည်၌ နာမည် ကျော်ကြားသော နာကာကာဝါးကီးဂင် ပန်းချီဆရာကြီးထံ၌ တပည့်ခံ၍ အထူးသင်ကြားခဲ့သူဖြစ်သည်။ ယုမိစံ ဆွဲသော ကားကို ဆရာကြီး စိတ်ကြိုက်တွေ့သွားလျှင် ယုမိစံအတွက် အထူးစပယ်ရှယ် တစ်ကိုယ်တော် ပြပွဲကလေးများ ပြုလုပ် ပြသ ကျင်းပပေးလျက် တပည့်အတွက် ဂုဏ်ယူလေ့ရှိသည်။
ရွှေတိဂုံ ကုန်းတော်ပေါ်သို့ အချိန်ရတိုင်းသာ လာရောက်၍ ရှာဖွေလေ့လာမည်ဆိုလျှင်၊ မြန်မာ့ အနုပညာရပ်ဖြစ်သော ပန်းချီ၊ ပန်းပု ပညာရပ်တို့သည် ဤကုန်းတော်ပေါ်၌ မကုန်နိုင်၊ မခန်းနိုင်အောင် ရှိပါကလားဟု သိမြင်သွားသည်။ ရွှေတိဂုံစေတီတော်ကြီး၏ ပုံတော်ကားကို ဆီဆေးဖြင့် လက်စွမ်းကုန် ဆွဲမည်ဟု အားခဲလိုက်သည်။ ဤတွင်မက ကုန်းတော်ပေါ်မှ မဆင်းမီ မြန်မာ့အနုပညာ စာတစ်အုပ်ကို ဂျပန်ဘာသာဖြင့် ရေးသားနိုင်ရန်အားထုတ် ကြိုးပမ်းရေးအတွက်ပါ သူ့ကိုယ်သူ တိုက်တွန်း၍ နေမိလေသည်။
***
(၂)
ဂျပန်ပြည်မှ သင်္ဘောဖြင့် နောက်ထပ် ရောက်ရှိလာသော ပန်းကန် ခွက်ယောက် ဂျပန် အသုံးအဆောင် ပစ္စည်းများ ပြည့်စုံသွားမှ မြန်မာပြည်၌ ယုမိစံ နေသားထိုင်သား ကျသွားသည်။
မြန်မာအစိုးရက နေထိုင်ရန် အိမ်ပေးသည်။ အိပ်ခန်း၊ ဧည့်ခန်း၊ ထမင်းစားခန်းများမှာ သူ့တစ်ယောက်တည်း နေထိုင်ရန်အတွက် ကျယ်ကျယ် ဝန်းဝန်း ရှိလှသည်။ ကျောင်းတက်ကျောင်းဆင်း အသုံးပြုရန် ဆလွန်းကား တစ်စီးနှင့် ကားမောင်းသူပါ ပေးထားသည်။
အိမ်အစောင့်အရှောက် အိမ်ဖော်အတွက် သံရုံးက ကုလားလူမျိုးငှားလျှင် အလွယ်တကူ ရနိုင်သည်ဆိုသောလည်း ယုမိစံက မြန်မာအမျိုးသမီးကိုမှ အလိုရှိသည်။ မြန်မာအမျိုးသမီးနှင့် တစ်အိမ်တည်း အတူနေနိုင်မှ မြန်မာ့ဓလေ့စရိုက်၊ မြန်မာစကား သူတတ်ထားသည်ထက် ပိုမို၍ ကျွမ်းကျင်နားလည် လွယ်ကူမည်ဟု သူ ထင်သည်။ အသက် ၅၀ ခန့် ရှိသော ဒေါ်အောင်မေကို အိမ်ဖော်အဖြစ် ရရှိသည်။
ဒေါ်အောင်မေသည် ယုမိစံ အလိုရှိသော မြန်မာအမျိုးသမီးကြီးဖြစ်သည်။ အသက်ကြီး၍ လည်း သဘောကျသည်။ အနေအထိုင် သန့်ရှင်းခြင်းအတွက် သူ့့အကြိုက် တွေ့သွားသည်။ စနစ်တကျရှိ၍ စည်းကမ်းကြီးခြင်းကိုကား အသက်ကြီးသူတို့၏ အလေ့အထဟု သဘောထားလိုက်သည်။ ယုမိစံသည် မွေးကတည်းက မိခင်နှင့် မနေဖူးခဲ့ချေ။ အဘိုးအဘွားလက်ပေါ်၌ ကြီးပြင်းလာခဲ့ရသူဖြစ်သည်။ ဒေါ်အောင်မေကို သူ့အိမ်ဖော်အဖြစ် သဘော မထားဘဲ၊ မိကြီး မိထွေးသဖွယ် ခင်တွယ်စိတ်ဖြစ်ပေါ်မိကာ ရင်းနှီးစိတ်ဖြင့် ဂျပန်လို “သြဘားစံ” (အဒေါ်) ဟု ခေါ်လိုက်သည်။
မိုးလင်းလျှင် ဒေါ်အောင်မေ၏ ခေါင်းပေါ်၌ ဘီးဆံပတ်ကလေးထုံးပြီးရှိ၏ ။ အကျီင်္ဖြူဖြူ၊ လုံချည်သန့်သန့်၊ သနပ်ခါးဖုန်ဖုန်ဖြင့် မိုးလင်းတိုင်းနှစ်သက်စရာ တွေ့ရသည်။ အလုပ်နှင့် လက်နှင့် မပြတ်အောင် လုပ်ကိုင်နေချင်သူ ဖြစ်သည်။ အမူအရာက အေးဆေးပြီး ပြောရာဆိုရာ၌ သွက်လက်သည်။ မန္တလေးဇာတိ၊ မန္တလေးကြီးဖြစ်၍ စကားပြောရာ၌ ယဉ်ကျေးသည်။ စစ်ကိုင်းတောင်ရိုး၊ စစ်ကိုင်းချောင်၊ အဘွား သီလရှင်နှင့် အနေများခဲ့ခြင်းကြောင့်မြန်မာစာပေ တတ်မြောက်သူဖြစ်သည်။ အမေ မသေမီ ပြင်ဦးလွင်ကွန်ဗင့် မယ်သီလရှင် မျက်နှာဖြုကျောင်းဆရာမကြီး၏ လက်ဝယ်သို့ အပိုင်အပ်နှံလိုက်ပြီးနောက် ဘ၀တစ်လျှောက်လုံး အထက်လွှာ အောက်လွှာ ဘ၀ထွေထွေ စုန်ဆန်မျောခဲ့သူ ဖြစ်သည်။ အင်္ဂလိပ်စကား ပြောဆိုနိုင်သည့်အတွက် လခကောင်းကောင်းရသော နိုင်ငံခြားသံရုံး အိမ်ထောင်များအဖို့၊ အိမ်ဖော်ကောင်းကြီး တစ်ယောက်အဖြစ် နာမည်ကောင်းလက်မှတ်ရရှိထားသူဖြစ်သည်။
အရှေ့တိုင်းနှင့် နီးစပ်သော ဂျပန်ဆရာမလေးအိမ်၌ အလုပ်ရရှိသည်မှာ၊ အခြား နိုင်ငံခြားသား အိမ်များ၌ အလုပ်လုပ်ခဲ့ရသည်ထက် စိတ်ချမ်းသာ ကိုယ်ချမ်းသာ ရှိလှသည်။ မာန်မာနမရှိဘဲ မြန်မာစကား ပြောတတ်သည့်ပြင်၊ ရင်းနှီးခင်မင်စွာ ဆက်ဆံသော ယုမိစံကို ကိုယ့်သွေးကိုယ့်သားပမာ ချစ်ခင် စောင့်ရှောက်လေသည်။ ဂျပန်ကြိုက်၊ တရုတ်ကြိုက်၊ အနောက်တိုင်းကြိုက်၊ မြန်မာကြိုက် ဟင်းလျာ အမျိုးမျိုး အဖုံဖုံကို နေ့စဉ် စေတနာ ဗရပွဖြင့်ချက်ပြုတ်ကျွေးမွေးသည်။ ဒေါ်အောင်မေကို ‘သြဘားစံနှင့် နေရတာ ဘုရား မတာပဲ’ ဟု ယုမိစံက မကြာခဏ ပြောတတ်သည်။
ယုမိစံ သင်ကြားသော ဂျပန်စာဌာနမှ ဂျပန်ပါမောက္ခကလည်း ယုမိစံ၏ အရည်အချင်း အသင်အပြကို သဘောကျကာ၊ မျက်နှာလွှဲနိုင်သည့် လက်ထောက်ဖြစ်၍ အထူးမြှောက်စား အရေးပေးသည်။
ကျောင်းဖွင့်သည့်နေ့က ကျောင်းအုပ်ကြီးနှင့် ဂျပန်ပါမောက္ခတို့က ယုမိစံကို ဂျပန်စာသင်ခန်းမဆောင်သို့ လိုက်ပို့ပေးသည်။ ကျောင်းအဆောက်အအုံ အနောက်ဘက်ရှိ လူသွားစင်္ကြမှ ပြင်သစ်စာသင်ခန်း၊ ဂျာမန်စာသင်ခန်းများကို ဖြတ်ကျော်လျက် ဂျပန်စာသင်ခန်းထဲသို့ ရောက်သွားရသည်။
စာသင်ခန်းမှာ မှန်များဖြင့် ပြတင်းပေါက်များ တပ်ဆင်ထား၍ အလင်းရောင် များများဝင်လျက်ရှိသည်။ အခန်းထဲ၌ ကျောင်းသူကျောင်းသား ၄၀ ခန့် ဆံ့မည်။ ဂျပန်စာသင်ခန်းထိပ်၌ ဂျပန်မြေပုံကြီး ချိတ်ဆွဲထားသည်။ ဂျပန်ပြည် တိုကျိုမြို့တော်၊ ဂျပန်တို့ ယဉ်ကျေးမှု လက်ဖက်ရည်ပွဲ စသော ဂျပန်နှင့် စပ်ဆိုင်သည့် ဂျပန့်ယဉ်ကျေးမှု၊ စက်မှုလက်မှု ပုံကားကြီးများကို စာသင်ခန်းထဲ၌ ခမ်းနားလှပစွာ ဆွဲချိတ်ထားခြင်းကြောင့် ဂျပန့် အငွေ့အသက် ဝင်နေသည်။
ဂျပန်စာသင်ခန်း၌ ရှိနေသော ကျောင်းသူကျောင်းသားများဆို၍ ကလေးသူငယ် ကျောင်းသူကျောင်းသားအရွယ်များ မဟုတ်ကြပေ။ လူကြီးလူရွယ် လူလတ်ပိုင်းများသာမက အချို့မှာ အရာထမ်း အမှုထမ်း အလုပ်အကိုင် ရှိကြသူများ ဖြစ်ကြသည်။ ယုမိစံမှာ သူ့စာသင်ခန်းထဲရှိ ကျောင်းသူ ကျောင်းသားများကို ဂျပန်စာ တတ်မြောက်အောင် သင်ပေးရန် စိတ်အားထက်သန်နေသည်။ သူ့ထက်ကြီးသူ၊ သူနှင့်ရွယ်တူ သက်တူတွေက များပြားလျက် သူ့အသက်ထက်ငယ်သော အမျိုးသမီး၊ အမျိုးသားက နည်းပါးသည့်အတွက် သင်ကြားရန် ခပ်ရှိန်းရှိန်း ဖြစ်ရသည်။
ဂျပန် စာသင်ခန်းထဲ၌ ှရှိနေကြသော သူများသည် ဂျပန်စကားနှင့် ဂျပန်စာပေကို လိုလိုလားလား တတ်မြောက်ချင်၍ ကျောင်းတက် သင်ကြားနေကြသူများဖြစ်ကြောင်း စာသင်ကြည့်တော့မှ ကောင်းကောင်းကြီး သိရှိမိသည်။
ဂျပန်စာသင်ခန်းထဲ၌ ယုမိစံ စ၍ သင်ပြသည့်နေ့က သူသင်သောအသံကို အလိုက်ညီညီ လိုက်၍ ရွတ်ဆိုကြသော ကျောင်းသားများထဲတွင်၊ မျှော်လင့်ချက်ကြီးစွာဖြင့် မတွေ့တွေ့အောင် စုံစမ်းရှာဖွေရမည်ဖြစ်သော သူ့သွေးသား တစ်ယောက်ယောက်၏ အသံလည်း ဤအသံထဲ၌ ပါသယောင်ယောင် အောက်မေ့မိရှာသည်။ သူ့သွေးသားဆိုသူမှာသူနှင့်အဖေတူအမေကွဲသည့် သူ့မောင်လေးတစ်ယောက် ဖြစ်သည်။
မြန်မာပြည်၌ မောင်ကလေးတစ်ယောက်ရှိသည် ဆိုခြင်းသည် ယုမိစံ၏ ရင်ထဲ၌ ကွယ်၀ှက်လျက် ရှိသော စိတ်အာရုံတစ်ခု ဖြစ်သည်။ မောင်ကလေးဆို၍ ဘယ်သူဘယ်ဝါမှန်းလည်း သူ မသိ။ ဘယ်နေမှန်း ဘယ်မှာ ရှိမှန်းလည်း မသိ။ အသက်ထင်ရှား ရှိ မရှိ ဆိုသည်ကိုလည်း သူ သိရသေးသည် မဟုတ်။
စစ်ကြီးအပြီး ၅ နှစ်ကြာမှ သူ့ဖခင် ယူရှီးဒါး ပြောပြ၍ သိရသည်။ ၁၅ နှစ်အရွယ် ဖခင်ကို ပြန်တွေ့ရချိန်၌ ဖခင်မှာ ကျန်းမာရေး မပြည့်စုံရှာဘဲ အိပ်ရာထဲ၌ လဲကာ နာတာရှည် လူမမာကြီး ဖြစ်ခဲ့ရသည်။ ယူရှီးဒါး မကွယ်လွန်မီက သူ မရှိခဲ့သော လောကအလယ်၌ ယုမိစံ တစ်ကိုယ်တည်း တစ်ကောင်ကြွက် ကျန်ရစ်ခဲ့မည် မဟုတ်ဘဲ၊ မြန်မာပြည်၌ မြန်မာအမျိုးသမီးတစ်ဦးနှင့် အိမ်ထောင်ကျခဲ့ခြင်းကြောင့် သားကလေးတစ်ဦး ဖွားမြင်ထားကြောင်း ဖော်ထုတ် ပြောကြားသွား၍ သာ၊ မြန်မာပြည်၌ မောင်ကလေး တစ်ယောက်ရှိမှန်း သိရှိရသူ ဖြစ်သည်။
ယုမိစံ၌ ညီအစ်ကို မောင်နှမဆို၍ မရှိ။ ညီအစ်ကို မောင်နှမ မရှိဘဲ တစ်ယောက်တည်း ဘ၀အသိက၊ မောင်တစ်ယောက် တိုးလာလျက် မောင်နှမ နှစ်ယောက် ရှိကြောင်း အသိရှိလာသူ ဖြစ်သည်။
ယုမိစံသည် သူ သိရသည် အချိန်ကစ၍ မြန်မာပြည်ကို အစွဲအလမ်းကြီးကြီးဖြင့် စိတ်ဝင်စားသူ ဖြစ်သည်။ ဖခင် ပြောကြားသည့်နေ့က သူ့မောင်ကလေး၏ အသက်ကို ဘယ်လောက်ရှိလိမ့်မည်ဟု တွက်ချက်ကြည့်မိသည်။ သူ့ဖခင်သည် သူ့သားကို ချစ်ရှာမှန်းလည်း သူသိရလသည်။
မောင်တစ်ယောက်ဆိုသော မောင်၏ ရုပ်သွင်သည် ဘယ်ရုပ်သွင်မျိုး ဖြစ်မည်နည်းဟု အကြိမ်ကြိမ်အခါခါ ရမ်းဆ၍ လည်း ကြည့်မိသည်။ မောင်လေး၏ အသံ၊ မောင်လေး၏ ကိုယ်အမူအရာ၊ စိတ်အမူအရာ၊ မောင်လေး ပုံပန်းဟန်ပန်တို့သည် ယုမိစံ၏ စိတ်အာရုံ၌ ဝိုးတိုးဝါးတား ဝင်ရောက် စွဲထင်နေသည်။ မှန်း၍ ရမ်း၍ ကြည့်သော်လည်း ဘယ်အခါမှ ပုံကြမ်းလောင်း၍ မရဘဲ၊ ပုံဖမ်းမမိသည့် အရိပ်သဏ္ဍာန် အသွင်တစ်ခုသာ ဖြစ်သည်။ ထိုသို့ စိတ်အာရုံ၌ စူးစိုက်စရာ ရှိလာသော ထိုအရိပ်သဏ္ဍာန် တစ်ခုသည် ယုမိစံအသက်တစ်နှစ် ကြီးသွားတိုင်း ယုမိစံနှင့် ဝေးကွာမသွားစေသည့်အပြင်၊ တစ်နှစ်ထက်ကြီးလာသော အရိပ်သဏ္ဍာန်အဖြစ် ထက်ကြပ်မကွာ ပူးတွဲယှဉ်လိုက်လျက်သာ ရှိနေတတ်ကာ အမြတ်တနိုး စွဲလမ်းခင်တွယ် နေမိသည်။
လူဖြစ်စ အခါမလည်မီ အရွယ်က ဖခင်ဖြစ်သူနှင့် ကွဲကွာခဲ့ရသည့်နည်းတူ၊ သူ့မောင်လေးသည်လည်း လူဖြစ်စ အခါမလည်မီ၌ ဖခင်နှင့် ကွဲကွာခဲ့ရခြင်းဖြစ်၍ သူကမှ သူ့ဖခင်ကို ပြန်၍ တွေ့ခဲ့ရသေးသည်။ သူ့မောင်ကလေးသည် သူ၏ ဖခင်ကို ဘယ်တော့မှ ပြန်၍ တွေ့ဖူးမြင်ဖူးမည် မဟုတ်ခြင်းကို စာနာစိတ်ဖြင့် သနားကြင်နာမိသည်။
ယုမိစံသည် ဘ၀နှစ်ခု၏ တူညီသော ကံတူ အကျိုးပေး အဖြစ်ဆိုးကို တွေးမိသည့် အခါတိုင်း၊ မတွေ့မမြင်ဖူးသော မောင်တစ်ယောက်အား သူ့တစ်သက်တာ၌ တွေ့ချင်စိတ်၊ မြင်ချင်စိတ်တွေ ပိုမိုထက်သန် ပြင်းပြ တိုးပွား၍ သာ လာခဲ့သည်။ မစ္စတာယူရှီးဒါး မသေမီက ပြောကြားသွားသော မထွေးထွေး၏ နေရပ်လိပ်စာမှာ မပြည့်မစုံ ဖြစ်နေသည်။ ပဲခူးမြို့ အနီး ဘုရားလေးရွာမှ ရွာသူကြီးသမီး။ ပဲခူးဆေးရုံမှ သူနာပြုအလုပ်သင် ဆရာမလေးထွေးထွေး။ ဤလိပ်စာကိုသာ သူ မှတ်သားထားရသည်။ ယင်းလိပ်စာသည် စုံစမ်းရှာဖွေရေးအတွက် အားထားရာကြီးတစ်ခု ဖြစ်သည်။
မေဂျာယူရှီးဒါး အဆိုအရ ပဲခူးဆေးရုံ၌ မထွေးထွေးနှင့် သူ တွေ့ဆုံပြီး၊ ဘုရားလေးရွာ မထွေးထွေးအဖေ ရွာသူကြီးထံ၌ တရားဝင် တောင်းယူလက်ထပ်ကြောင်း ပြောပြသွားသည်။ စစ်ရှုံးနိမ့်၍ မြန်မာပြည်မှ သူ ဆုတ်ခွာပြေးရမည့် အချိန်၌ မထွေးထွေးထံတွင် သူ့သားလေး ၁၀ လသား အရွယ်ရှိခဲ့ကြောင်း။ ဤမျှလောက်သာ ယုမိစံကို ပြောပြသွားနိုင်သည်။ ယုမိစံကြားသိရသည့် အချိန်ကစ၍ မောင်လေး၏ အသက်ကို တစ်နှစ် တိုး၍ တိုး၍ မှတ်သားလာခဲ့သည့်အတွက် မြန်မာပြည်သို့ ရောက်လာချိန်တွင် သူ့မောင်လေးသည် အသက်နှင့် ရှိမည်ဆိုလျှင် အသက် ၂၂ နှစ် ရှိနေပြီဟု တွက်ချက်ပြီး ဖြစ်သည်။ ပဲခူးနှင့် ဘုရားလေးရွာကို မြန်မာပြည်သို့ ယုမိစံ ရောက်ရှိပြီး သုံးလပိုင်းလောက်မှ စတင် စုံစမ်းကြည့်နိုင်သည်။
ယုမိစံသည် ဤကိစ္စအတွက် အချိန်ယူ၍ ဖြည်းဖြည်းဆေးဆေး စုံစမ်းရန် လိုလားသည်။ သူတွေ့လိုသော မောင်အစစ် မဟုတ်ဘဲ၊ သူ့သွေးမဟုတ်သော မောင်အတု ဖြစ်နေမည်ကို စိုးရိမ်စိတ် ရှိနေသည်။
ကျောင်းတွင် ယုမိစံ၏ လက်အောက်၌ လုပ်ကိုင်သော ဂျပန်စာနည်းပြဆရာမလေး ဒေါ်ခင်ဝင်းမူကို၊ ပဲခူး အနီးအနား၌ ဘုရားလေးရွာရှိ မရှိ စုံစမ်းပေးရန် ပထမ စတင်၍ အကူအညီ တောင်းကြည့်သည်။ ယုမိစံ စုံစမ်းပြီး တစ်ပတ်အတွင်း၌ ပင် ဒေါ်ခင်ဝင်းမူက ပဲခူးနား၌ ဘုရားလေးရွာ ရှိကြောင်း ပြောပြသည်။ ဘာကြောင့် ယုမိစံ မေးသည်ကို သိချင်စိတ် ပေါက်၍ ဒေါ်ခင်ဝင်းမူက မေးကြည့်သည်။
‘ဘုရားလေးရွာကို ဘာကိစ္စရှိလို့ သိချင်တာလဲ ဆရာမ’
ယုမိစံသည် ထိုမေးခွန်းကို မဆိုင်းမတွ မဖြေကြားနိုင်ဘဲ တစ်ခဏ စဉ်းစား၍ အဖြေပေးရသည်။
‘တိုကျိုမှာရှိတဲ့ ဆရာမမိတ်ဆွေက မှာလိုက်တယ်၊ သူ့မိန်းမနာမည်က မထွေးထွေး၊ ဘုရားလေးရွာမှာ နေတယ်၊ ရှိလား မရှိလား စုံစမ်းပေးပါလို့ မှာလိုက်တယ်’
‘ဆရာမ မိတ်ဆွေက စစ်အတွင်းတုန်းက မထွေးထွေးနဲ့ ညားသွားတာ စစ်သားလား၊ စစ်ဗိုလ်လား’
မခင်ဝင်းမူသည် မေးမည့်သာ မေးနေသည်။ သူ့စိတ်၌ ဘုရားလေးရွာမှ မထွေးထွေးဟု အမည်နာမ ပြောကတည်းက ဂျပန်စစ်ဗိုလ် ဟုတ်မည်မဟုတ်၊ ဂျပန်စစ်သားပဲ ထင်လိုက်သည်။
ယုမိစံ ခပ်ပြုံးပြုံး ပြန်၍ ပြောသည်။
‘စစ်သား မဟုတ်ပါဘူး။ စစ်ဗိုလ်ပါ၊ မထွေးထွေးဟာ ဘုရားလေးရွာက ရွာသူကြီးရဲ့ သမီးလို့ ပြောတယ်’
ယုမိစံ စစ်ဗိုလ်ပဲဆိုဆို၊ စစ်သားပဲပြောပြော တကယ်တော့ မခင်ဝင်းမူက ဂျပန်ခေတ်၊ ဂျပန်စစ်ဗိုလ် စစ်သားများနှင့် ညားသွားကြသော ဂျပန်မယားများ အပေါ်၌ အထင်အမြင်သေးသည့် မူလစိတ် အခံ ရှိထားခြင်းကြောင့် စိတ်မဝင်စားလေဟန် ပေါ့ပျက်ပျက် ပြန်ပြောလိုက်သည်။
‘စစ်ကြီးပြီးတာပဲ နှစ်ပေါင်း ၂၀ ကျော်ပြီ ဆရာမရဲ့၊ မထွေးထွေးရှိတယ် မရှိဘူး ဘယ်လာ သိနိုင်တော့မလဲ’
ယုမိစံအား ပြီးလွယ်စေကြောင်း ခပ်ပေါ့ပေါ့ ဟန်ပန် လေသံဖြင့် မခင်ဝင်းမူ ပြန်ပြောနေကြောင်းကို ယုမိစံက ရိပ်မိသည်။ မခင်ဝင်းမူ စိတ်ဝင်စား၍ ကူညီချင်စိတ် ရှိလာအောင် ထပ်၍ ကြိုးစားကြည့်ပြန်သည်။
‘မြန်မာပြည်မှာ ဆရာမ ရှိနေတဲ့ အချိန်မှာတော့ မထွေးထွေးရှိမရှိ သိအောင် စုံစမ်းရမှာပဲ၊ မထွေးထွေးယောကျ်ားလည်း ဆရာမ မြန်မာပြည်ကို မလာခင်ကပဲ သေသွားတယ်’
‘ဟင် . . . ဘာပစ္စည်းတွေလဲ’
ယုမိစံ ဤသို့ ပြောတော့မှ မခင်ဝင်းမူသည် မျက်တောင်လေးများ တဖျပ်ဖျပ် ခတ်လျက် သိချင်စိတ် ပေါ်ပေါက်လာသည်။
‘အဝတ်အထည်တွေ ပေးလိုက်တယ်။ ဆရာမကို သေတဲ့လူက ပေးလိုက်တာ။ မတွေ့တွေ့အောင် ရှာပြီးပေးမှ ကောင်းမယ် မဟုတ်လား မခင်ဝင်းမူ’
ယုမိစံသည် ခင်ဝင်းမူ၏ မျက်နှာကို စိုက်ကြည့်လျက် မျက်နှာညှိုးညှိုးဖြင့် ပြောဆိုနေသည်။
‘သြော် . . . ဒီလိုလား၊ ဒီလိုဆိုရင်တော့ ဟုတ်တာပေါ့ ဆရာမရယ်။ မထွေးထွေးက ဘုရားလေးရွာမှာပဲ ရှိမယ်။ ဆင်းရဲလည်း ဆင်းရဲနေမယ်ဆိုရင် သူ့အတွက် အဝတ်အထည်ဟာ သိပ်တန်ဖိုးရှိတာပေါ့’
မခင်ဝင်းမူသည် မထွေးထွေးမှာ ဂျပန်မယားပဲဖြစ်ဖြစ် ခုလိုကြားရ ပြန်တော့လည်း မြန်မာအချင်းချင်း စာနာငဲ့ညှာစိတ်ကလေးဝင်လာသည်။ စစ်အတွင်း မြန်မာအမျိုးသမီးကို ယူသွားသော ဂျပန်တစ်ဦးက မယား မှတ်မှတ် သားမှတ်မှတ် အောက်မေ့ရခြင်းအတွက် မထွေးထွေးဘက်မှနေ၍ ၀မ်းသာမိရပြန်သည်။
‘ကျွန်မ တဖြည်းဖြည်း စုံစမ်း မေးမြန်းပေးမယ် ဆရာမ။ ကျွန်မတို့ မြန်မာမှာ စကားပုံရှိပါတယ်၊ သေသောသူ ကြာရင်မေ့တယ်တဲ့၊ ပျောက်သော သူ ရှာရင်တွေ့တယ်တဲ့၊ တစ်နေ့နေ့တော့ တွေ့ရမှာပဲ။ ကျွန်မ တတ်နိုင်သမျှ ကြိုးစားပြီး ကူညီမယ် ဆရာမ၊ မပူနဲ့’
ယုမိစံသည် ကျောင်းသို့လာတိုင်း မခင်ဝင်းမူထံမှ မထွေးထွေး၏ သတင်းကို ကြားရနိုးနိုးဖြင့် စိတ်စောလျက်သာ ရှိသည်။ မောင်လေးနှင့် မတွေ့ရမီစပ်ကြား မထွေးထွေးအား အပူတပြင်း တွေ့ချင်နေမှန်းကို ဖော်ထုတ် မပြဝံ့သေးသော အခြေအနေ၌ ရောက်နေသည့်အတွက် မေးချင်လျက် မမေးသေးဘဲ ဆိုင်းငံ့ရသည်။ ဤသတင်း ပေါက်ကြားပြန့်ပွားသွား၍ တစ်ဦးတစ်ယောက်က မထွေးထွေးအစစ် ဟုတ် မဟုတ်ကို မထွေးထွေး၌ သားသမီး ရှိ မရှိ မေးမြန်းကြည့်ရန် အထောက်အထား အချက်အလက်ကို ထိမ်၀ှက်ထား သည်။ သူ့ဖခင်နှင့် ကွဲသွားစဉ်က မထွေးထွေးထံ၌ သားကလေးတစ်ယောက် ၁၀ လသားအရွယ် ကျန်ရစ်ခဲ့သည်ဆိုခဲ့လျှင် ယုံကြည်ရမည့် အားထားစရာ အချက်ဖြစ်၍ မထွေးထွေး၌ ကလေးရှိကြောင်းကို ကြိုတင်၍ မပြောနှင့်ဘဲ မျိုသိပ်၍ ထားသည်။
နံနက်ပိုင်းတစ်ချိန်၊ ညပိုင်းတစ်ချိန် ကျောင်းသို့လာတိုင်း ဂျပန်စာနည်းပြဆရာမလေး မခင်ဝင်းမူနှင့် တွေ့ဆုံကြသော်လည်း ထိုသတင်းကို မေးချင်ပါလျက်၊ သူက စ မမေးဘဲ မခင်ဝင်းမူ အပြောကိုသာ စောင့်နေရသည်။ ထိုသို့ မေးချင်ပါလျက် နေ့တွေရက်တွေ ရွေ့ခဲ့သည်မှာ နောက်ထပ်နှစ်လ ကြာသွားသည်။ ယုမိစံမှာ ဤအတွင်း အလုပ်များနေသည်။ စာမေးပွဲကိစ္စ၊ မေးခွန်းထုတ်ရန် ကိစ္စ၊ အဖြေလွှာ စစ်ဆေးသည့်ကိစ္စ အလုပ်တာဝန်များ ဝိုင်းဝိုင်းလည် ရှိနေခြင်းကြောင့် ဤကိစ္စကို စကားမစပ်နိုင်အောင်လည်း ဖြစ်နေကြသည်။
တနင်္ဂင်္နွေနေ့ တစ်နေ့တွင် ဆရာမလေး မခင်ဝင်းမူနှင့် အမျိုးသမီးကလေးတစ်ယောက် ယုမိစံအိမ်သို့ မမျှော်လင့်ဘဲ ရောက်လာကြသည်။ ယုမိစံသည် ဂျပန်ထုံးစံအတိုင်း ခါးကလေးကို ကုန်းညွတ်လျက် ၀မ်းသာအားရ ဆီးကြိုကာ ဧည့်ခန်းထဲသို့ ခေါ်ဆောင်သွားသည်။
‘သြဘားစံရေ . . . ကျောင်းက ကျွန်မ ဆရာမများ လာပါတယ်၊ စားစရာများ ယူလာပါ’
ယုမိစံသည် အတွင်းခန်းထဲ၌ ရှိနေသော ဒေါ်အောင်မေကို ကြားလောက်အောင် လှမ်းပြောလိုက်သည်။
ယုမိစံ စကားထဲ၌ “ကျွန်မ” ဆိုသော စကားတစ်လုံးကို ကြားလိုက်ရသဖြင့် ၄-၅ လအတွင်း မြန်မာစကား အတော်ပီသလာရုံမက တိုးတက်လာခြင်းကို မခင်ဝင်းမူက သတိပြုမိသည်။
‘ဆရာမရေ ဆရာမ ပြောတဲ့ ပဲခူးကိစ္စပြောဖို့ လာခဲ့တယ်’ မခင်ဝင်းမူ ဧည့်ခန်းထဲ၌ မထိုင်မီ ထိုအကြောင်းကို အရင်ပြောပြီးမှ ထိုင်ချလိုက်သည်။
‘အို . . . ဟုတ်လား . . . ဘယ်လို သတင်းထူးသလဲ၊ ပြောပါ၊ ကြားချင်ပါတယ်’
ယုမိစံသည် စိတ်လှုပ်ရှားစွာဖြင့် ကုလားထိုင်တွင် ဝင်ထိုင်လိုက်သည်။
‘ဆရာမ . . . သူက ရန်ကုန်တက္ကသိုလ်မှာ ကျောင်းတက်နေတဲ့ ကျောင်းသူပါ။ ကျွန်မအိမ်နားမှာ နေပါတယ်။ သူ့မိဘများက ပဲခူးမှာ ရှိပါတယ်။ သူ့အဖေဆီကို ဆရာမ လိုက်သွားနိုင်ရန် သူ့အဖေက ဆရာမကို ဘုရားလေးရွာကို လိုက်ပို့ပေးနိုင်တယ်လို့ ပြောပါတယ်။ အဲဒီ ရွာမှာ သူ့အဖေက မထွေးထွေးကို စုံစမ်းပေးနိုင်ပါလိမ့်မယ်’
ဧည့်ခန်းထဲသို့ လက်ဖက်ရည်ပွဲများ သယ်ဆောင်ကာ ဒေါ်အောင်မေ ရောက်လာသဖြင့် ဒေါ်အောင်မေ ရောက်လာသဖြင့် ဒေါ်အောင်မေ ကြားသိသွားမည်ကို စိုးရိမ်စိတ်ဖြင့် ဒေါ်အောင်မေ မသိစေရန်၊ ယုမိစံက မခင်ဝင်းမူကို ဂျပန်စကားဖြင့် ပြန်ပြော လိုက်ရသည်။
‘ဝါ - အူရေရှိ၀ ဝါတာကူရှိမော့၊ အိကေး မာစ်စကား၊ ဘုရားလေးမူရ၊ ဒေ့၊ တိုမာရု နော်ဒေးစကား (၀မ်းသာလိုက်တာ၊ ဆရာမ သွားလို့ ရပါ့မလား၊ ဘုရားလေးရွာမှာ ညအိပ်ရမှာလား . . .)’
မခင်ဝင်းမူက နံနက်စောစောသွားလျှင် ညမအိပ်ရဘဲ နေ့ချင်းပြန်နိုင်ကြောင်းကို မြန်မာစကားဖြင့် မပြောဘဲ ယုမိစံကဲ့သို့ပင် ဂျပန်စကားဖြင့် ပြန်ပြောလိုက်သည်။
‘ဟိုက် - ဟိုက်၊ ဒါဖြင့် နောက် စနေနေ့မှာ ဆရာမ သွားမယ်၊ မခင်ဝင်းမူ လိုက်နိုင်သလား’
မြန်မာလိုတစ်လှည့်၊ ဂျပန်လိုတစ်လှည့် ပြောဆိုနေသော ယုမိစံကို မခင်ဝင်းမူ ပါလာသော နုနုက ပြုံးလျက် ငေးစိုက် ကြည့်နေသည်။
‘ကြည့်သေးတာပေါ့ ဆရာမ၊ လိုက်နိုင်ရင် လိုက်ပါမယ်’
ခေါင်းပေါ်၌ ဆံထုံးနှင့် ဆံမြိတ်ရှည်လေး ချထားသော နုနုကို ယုမိစံက ‘နာမည် ဘယ်လိုခေါ်ပါသလဲ’ ဟု လှမ်းမေးလိုက်သည်။
ယုမိစံ မျက်စိထဲ၌ နုနုကို မြင်မြင်ချင်း သဘောကျနေသည်။ နုနု ဆင်ယင် ဝတ်စားထားခြင်းတို့သည် အနောက်တိုင်း ခေတ်ဆန်သူ မခင်ဝင်းမူနှင့် ကွဲလွဲခြားနားခြင်း ရှိသည်ကို သတိပြုမိသည်။
နုနုသည် ရှေ့က ဆံပင်များကို မကောက်မတွန့်၊ မြင့်မောက်အောင် ပုံမသွင်းဘဲ ထိပ်၌ ရှင်းရှင်းပိပိ ဖြီးထားလျက် တစ်ပတ်လျှို ဆံထုံးတွင် ဆံမြိတ်ရှည်ကလေး ချထားကာ ခါး၌ ဝတ်ထားသော ချိတ်ထဘီနှင့် လွန်စွာလိုက်ဖက်နေလျက် ဒါမှ မြန်မာ့အမူအရာ အစစ်ဟု နှစ်သက်သဘောကျခြင်း ဖြစ်သည်။
မြန်မာပြည်ရောက်မှ မြန်မာအမျိုးသမီးများ၏ ဆင်ယင်ထုံးဖွဲ့မှုကို အထူးသတိပြု၍ ကြည့်လေ့ကြည့်ထ ရှိလာခဲ့ရာတွင် နုနုကဲ့သို့ မြန်မာ့အမူအရာ၊ မြန်မာ့ဟန်ပန် ဝင်နေသော မြန်မာ့အလှကို ရံဖန်ရံခါများမှ တွေ့ရတတ်သည်။
မြန်မာစကားကို ဂျပန်စကားကဲ့သို့ မြန်မြန် ပြောဆိုတတ်မှုကြောင့် ယုမိစံ၏ မြန်မာစကားကို နေ့စဉ်ကြားနေကျ မခင်ဝင်းမူသာလျှင် လုံးစေ့ပတ်စေ့ နားလည်လိုက်သည်။
နုနုကား ရုတ်တရက် ယုမိစံ မေးခွန်းကို နားမလည်သေးသလိုဖြစ်နေသည်။
ယုမိစံသည် နုနု ကောင်းကောင်း နားမလည်လိုက်မှန်းသိ၍ ပြန်၍ ဖြည်းဖြည်းမေးတော့မှ နားလည်သွားသည်။
‘နုနုလို့ ခေါ်ပါတယ်’
‘သြော် . . . နုနု တက္ကသိုလ်မှာ ဘယ်ဘာသာ ယူပါသလဲ’
‘ဘီအေ နောက်ဆုံးနှစ်ပါ၊ သမိုင်း ယူပါတယ်’
‘တက္ကုသိုလ်မှာ နိုင်ငံခြားသားတွေ မြန်မာစာ ဘွဲ့လွန်သင်တန်း လာယူကြတာ ရှိတယ်နော်’
‘ရှိကြပါတယ်’
‘ဆရာမလည်း မြန်မာစာ ဘွဲ့လွန်သင်တန်း ယူချင်လိုက်တာ’
‘ဂျပန်မှာ မြန်မာစကားနဲ့ မြန်မာစာကို ဘယ်လောက်ကြာအောင် သင်ခဲ့ရပါသလဲ’
နုနုသည် ယုမိစံကို စိတ်ဝင်စားစွာဖြင့် မေးကြည့်သည်။
‘အိုစကာမြို့မှာ နိုင်ငံရပ်ခြား လေ့လာရေးတက္ကသိုလ်ကျောင်း ရှိပါတယ်၊ တိုကျိုမှာလည်း ရှိပါတယ်၊ ဒီကျောင်းမှာ ဘီအေလို ဒီဂရီအောင်ဖို့ လေးနှစ် သင်ရပါတယ်၊ ဘာသာရပ်ခြား ၁၅ မျိုးရှိတဲ့အနက်က စိတ်ကြိုက်ဘာသာ ယူရပါတယ်။ အိုစကာတက္ကသိုလ်မှာ ဆရာမ မြန်မာစာအဓိကယူပါတယ်၊ စပိန်နဲ့ ပြင်သစ်ဘာသာလည်း တွဲယူခဲ့ပါတယ်။ ဒီနှစ်ဘာသာကတော့ အဓိက ယူထားတဲ့ မြန်မာစာလောက် မများလည်း မများပါဘူး’
‘မြန်မာစာက ဘာစာတွေ သင်ပါသလဲ’
မခင်ဝင်းမူက အသေးစိတ် သိချင်၍ ဝင်မေးသည်။
‘ဘာသာစကား သင်ရုံသာမကဘဲ သမိုင်းနဲ့ ယဉ်ကျေးမှုတို့ကိုပါ ယူရပါတယ်။ သမိုင်းမှာ အနော်ရထာ၊ ကျန်စစ်သား၊ အလောင်းဘုရား၊ ဘုရင့်နောင်တို့အကြောင်း အကုန်သင်ရပါတယ်၊ တက္ကသိုလ်မှာ လေးနှစ်နေပြီး ဒီဂရီရရင် မြန်မာသတင်းစာ၊ မဂ္ဂဇင်းတွေ ကောင်းကောင်းကြီးဖတ်နိုင်ပါပြီ။ ဆရာမ အိုစကာတက္ကသိုလ်မှာ ဒီဂရီရပြီး ဘာသာဗေဒ (အမ်အေ) ဆက်တက်ပြီး ဆရာဖြစ်တော့ မြန်မာပြည်ကို လာနိုင်ဖို့ လျှောက်လွှာတင်ပြီး ကြိုးစားရပါတယ်။ ကိုယ်သင်ထားတဲ့ ဘာသာကြောင့် မြန်မာပြည်ကို သိပ်လာချင်ပါတယ်’
ယုမိစံစကားမှာ အဆုံးသတ်သွားပြီဟု ထင်မှတ်ရသော်လည်း အမှန် စင်စစ် ယုမိစံ ဆက်ပြောရမည့် “မောင်လေးတစ်ယောက်ကလည်း မြန်မာ ပြည်မှာ ရှိနေလို့ တွေ့ချင်ပါတယ်” ဆိုသော စကားကို စကားဖြင့် ထုတ်ဖော် ပြောဆိုနိုင်ခြင်း မရှိသေးသည့်အတွက် အိုးတိုးအမ်းတမ်း မျက်နှာကလေးဖြင့် ရပ်သွားသည်။
နုနုသည် ရွှင်လန်း တောက်ပသော မျက်လုံးကလေးဖြင့် ယုမိစံ၏ မျက်နှာကလေးကို ငေးစိုက်လျက် ကြည့်သည်။ နိုင်ငံရပ်ခြား တိုင်းတစ်ပါး အမျိုးသမီးတစ်ဦး၏ နှုတ်မှ ပြောလိုက်သော အနော်ရထာ၊ ကျန်စစ်သား၊ ဘုရင့်နောင် စကားလုံးများကို ကြားရခြင်းဖြင့်ပင် ပီတိဖြစ်မိသည်။ အိုစကာကောလိပ်ကျောင်း၌ မြန်မာစာကို အဓိကဘာသာအဖြစ် သင်ယူခဲ့သည်ဆိုခြင်းကြောင့် နုနု၏ မျက်စိထဲတွင် ယုမိစံအား ဂျပန်မလေးအသွင်မှ မြန်မာမလေး အသွင်သို့ပင် ပြောင်းကြည့်မိသည်။
ယုမိစံ ကိုယ်၌ ဝတ်ဆင်ထားသော ပိုးဂါဝန်တို အပြာကလေးသည် ယုမိစံ၏ သေးသွယ်သော ခါး၊ ပြည့်ဖြိုးသော တင်ပါးနှင့် ဖြူဝင်းချောမွတ်သော ခြေသလုံးသားတို့ကို အရှင်းသား ဖော်ပြထားသည်။ ဂါဝန်အပြာသည် ဖြူဆွတ်သော ယုမိစံ၏ အသားနှင့် ပနံစားလှသည်။ ဂျပန်အိမ်ပေါ်စီးလွှာချင်းဖိနပ်ကလေး စီးထားလျက် မတွန့်မကောက် နက်မှောင်သော ဆံပင်ကို ကုပ်၌ သားရေကွင်းဖြင့် စုချည်ထားသည်။ ရုတ်တရက် မြင်လိုက်သူတိုင်း ထင်းခနဲ မြင်မိနိုင်သည့် တောက်ပြောင် နက်မှောင်သော မျက်လုံးပေါ်တွင် ဖြောင့်တန်းသော နှာတံကြောင့် ပို၍ လှပလှသည်။ ထာ၀စဉ်ရွှင်ပျသော မျက်နှာထား ရှိခြင်းကြောင့် လှပသော မျက်နှာကလေးတွင် ကျက်သရေ ထပ်ဆောင်းထားသည့်အတွက် ဘယ်သူမဆို မြင်မြင်ချင်း ခင်မင်ကြပေလိမ့်မည်။
‘ပဲခူးကို ဆရာမ တစ်ခါမှ မရောက်ဖူးသေးပါဘူး၊ နုနု ပဲခူးကို နေ့စဉ်ပဲ ပြန်သွားသလား’
နုနုက ရယ်လိုက်သည်။
‘ပဲခူးကို နေ့စဉ်ပြန်လို့ မဖြစ်ပါဘူး။ တစ်ပတ်မှာ တစ်ခါ ပြန်ပါတယ်’
‘ပဲခူးနားက ဘုရားလေးရွာကို နုနု ရောက်သလား’
‘မရောက်ဖူးပါဘူး၊ နုနု ဖေဖေ့ဆီကိုလာတဲ့ ဖေဖေ့အသိတစ်ယောက် ဘုရားလေးရွာမှာ နေပါတယ်၊ သူ့ကို ဆရာမ သိချင်တဲ့ မထွေးထွေး အကြောင်း မေးကြည့်ရင် ရနိုင်မယ်လို့့ ထင်ပါတယ်’
‘နောက်စနေနေ့မှာ ပဲခူးကို ဆရာမ ဘယ်အချိန် သွားမလဲ၊ နုနုတို့ အိမ်ကို သွားဖို့ နုနုပါ အတူတူ လိုက်ခဲ့ပါ့မယ်’
‘အို . . . ဒီလိုဆိုရင် နံနက် ခြောက်နာရီမှာ သွားချင်ပါတယ်’
ဆရာမ မခင်ဝင်းမူနှင့် နုနုတို့ ပြိုင်တူ ရယ်မောလိုက်ကြသည်။ ယုမိစံသည် သူပြောသည့် စကားကို ဘာကြောင့် ပြိုင်တူ ရယ်ကြသလဲဟု တွေးလိုက်သည်။ ဆရာမ မခင်ဝင်းမူက ရယ်မောပြီးမှ ပြန်ပြောသည်။
‘ခြောက်နာရီက စောအားကြီးပါတယ် ဆရာမရယ်၊ ဒီလို လုပ်ပါ။ နံနက် ခုနစ်နာရီမှာ နုနုနဲ့ ကျွန်မ ကျောင်းကပဲ စောင့်နေမယ်၊ ကျောင်းကို ဆရာမ ခုနစ်နာရီ လာခဲ့ပေါ့၊ အဲ့ဒီမှာ ဆုံပေါ့’
ယုမိစံသည် မဖျောက်နိုင်သော သူ့စရိုက်အတိုင်း ‘ဟိုက် ဟိုက်’ ပြောမိပြီးမှ “ဆုံပေါ့” ဆိုတာ ဘာအဓိပ္ပာယ် ရှိသလဲ’ ဟု မေးလိုက်သည်။
အဓိပ္ပာယ် မကွဲပြားသော စကားလုံးတစ်လုံးကို ကြားသိရလျှင် မှတ်သားထားရန် ချက်ချင်း ပြန်မေးလေ့ရှိသည်။
‘ဆုံပေါ့ဆိုတာ အတူတူစုပြီး သွားဖို့အတွက် သုံးတဲ့စကားပါ’
ဆရာမလေး မခင်ဝင်းမူက ယုမိစံ သဘောပေါက်အောင် ရှင်းပြောပြသည်။
‘မြန်မာစကားမှာ ဆင်တူတဲ့ အသံတွေ အများကြီးရှိတယ်၊ ဆရာမ မသိသေးတာတွေ အများကြီး ရှိသေးတယ်’
နုနုသည် ယုမိစံ၏ မပီတပီ ကြည်လင်ချိုမြသော အသံကလေးဖြင့် ပြောဆိုသော မြန်မာစကားကို နားထောင်၍ ကောင်းလိုက်တာဟု ထင်မိသည်။
မခင်ဝင်းမူက ဝင်၍ ပြောသည်။
‘ဆရာမ ဂျပန်က ရောက်လာစထက် အခု ၄-၅ လမှာ မြန်မာစကားပြောတာ ပိုပြီး ပီလည်းလာတယ်၊ သွက်လာတယ်၊ စကားလုံး အသစ်တွေလည်း အများကြီး ပြောတတ်နေတယ်၊ ဒီမှာကော မြန်မာဆရာနဲ့ စာဆက်သင်နေသေးလား’
‘စကားကောင်းကောင်း ပြောတတ်ဖို့အတွက်တော့ ဆရာ ခေါ်စရာမလိုပါဘူး မခင်ဝင်းမူ၊ ဆရာမမှာ သြဘားစံ ရှိပါတယ်။ ဆရာမကို စကားပီပီပြောတတ်အောင် နေ့တိုင်း သူ စောင့်ပြောပေးပါတယ်၊ မပီရင် ထပ်ကာ ထပ်ကာ ပီအောင် ပြောပြခိုင်းတယ်’
ယုမိစံသည် ပြောပြီး ချိုမြသော အသံကလေးနှင့် ရယ်မောလိုက်သည်။
‘ဟန်ကျတာပေါ့ ဆရာမ၊ ဒီမိန်းမကြီးက သူ့ကြည့်ရတာ ချစ်စရာကြီးပဲ၊ ဘယ်သူ ငှားပေးတာလဲ’
‘သံရုံး အကူအညီနဲ့ ရပါတယ်၊ သြဘားစံကိုရတာ ဆရာမကံကောင်းတာပဲ။ အိမ်အလုပ်လည်း ဘာတစ်ခုမှ ပြန်မကြည့်ရဘူး။ သိပ်လုပ်တတ်တာပဲ၊ သန့်ရှင်းတာကို ဆရာမ သိပ်ကြိုက်တယ်’
‘လခ ဘယ်လောက်ပေးရသလဲ’
နုနုက မေးကြည့်လိုက်သည်။
‘တစ်လ ၁၅၀ ကျပ် ပေးရပါတယ်’
‘လခ ကောင်းသားပဲ၊ ဟုတ်ပါရဲ့၊ အိမ်လည်း သန့်ပြောင်နေတာပဲ၊ သူတစ်ယောက်တည်း အိမ်အလုပ်တွေ အားလုံး လုပ်သလား ဆရာမ’
‘အဝတ်လျှော်တာ၊ အမှိုက်လှည်းတာ ကုလားမလား ငှားထားပါတယ်။ စျေးသွားတဲ့အလုပ်၊ ထမင်းချက်တဲ့အလုပ်၊ အိမ်အလှအပ ပြင်တဲ့ အလုပ်တွေကို သြဘားစံ လုပ်ပါတယ်။ ဆရာမ ဘာမှမလုပ်ရပါဘူး။ အဝတ်ချုပ်လည်း ကောင်းကောင်းတတ်တယ်’
‘ဟန်ပဲကျသေးတော့’ ဟု မခင်ဝင်းမူက နုနုကို လှမ်းပြောပြီးမှ ဆက်ပြောသည်။
‘ဆရာမ မြန်မာပြည်မှာ လာနေတုန်း မြန်မာအဒေါ်တစ်ယောက်လည်း ရတာ ပေါ့နော်’
‘သူ ရောက်စက ဆရာမကို အိမ်ရှင်လိုပဲ ဆက်ဆံတယ်၊ ဆရာမက သူ့ကို သြဘာစံခေါ်ပြီး သူက ပြန်ပြီး ဆရာမကြီး ခေါ်နေတာ မကြိုက်လို့ ဆရာမနာမည် ခေါ်ပါ ပြောရတယ်။ ဒါကြောင့် အခု ဆရာမကို မယုလို့ ခေါ်တယ်၊ မြန်မာနာမည် မကောင်းဘူးလား၊ ကောင်းတယ်နော်၊ တစ်ခါတစ်ခါလည်း မယ်မင်းကြီးမလေး ခေါ်တယ်’
နုနုနှင့် မခင်ဝင်းမူတို့သည် ယုမိစံ၏ နားထောင်ချင့်စဖွယ် ပြောပုံဆိုပုံ အမူအရာလေးနှင့်တကွ၊ စိတ်နေစိတ်ထား ယဉ်ကျေးမှုကို သဘောကျနေကြကာ ယုမိစံနှင့်ရော၍ တပျော်တပါးကြီး ရယ်မောနေကြသည်။
‘ရွှေတိဂုံပုံတော်ကြီးကား သပ္ပာယ်လိုက်တာ၊ ဒါ ဘယ်က ဝယ်တာလဲ၊ ဘယ်သူ့လက်ရာလဲဟင်’
မခင်ဝင်းမူက ယုမိစံ၏ ဧည့်ခန်း အဆင်အပြင်နှင့်တကွ၊ ဧည့်ခန်းထိပ်မှ ဘုရားပုံတော် ကားကြီးကို ကြည့်ကာ ကျက်သရေရှိလိုက်တာဟု စိတ်၌ ချီးကျူးလျက် ရှိသည်။
‘ဆရာမ ဆွဲတာပါ၊ သြဘားစံနဲ့ ဘုရားကို နေ့တိုင်းသွားကြပြီး ဆွဲနေတာ။ ပြီးတာ မကြာသေးဘူး’
‘အို . . . ဆရာမ ပန်းချီတတ်သကိုး၊ ပန်းချီ သိပ်တော်ပါလား’
မခင်ဝင်းမူက ထိုင်ရာမှ ထ၍ ပန်းချီကားကို ရပ်ကြည့်နေသည်။ နုနုလည်း ထ၍ ကြည့်သည်။ နုနုစိတ်ထဲ၌ ယုမိစံကို ခင်မင်ရာမှ လေးစားခြင်းရှိလာသည်။ ဂျပန်လူမျိုး၌ အထူးသဖြင့် ဂျပန်အမျိုးသမီးများ၌ အတုယူချင်ဖွယ်ရာ လေးစားအပ်သည့် အမျိုးသမီး အတတ်ပညာ အရပ်ရပ် ပြည့်စုံကြွယ်၀ တတ်မြောက်ကြသူတွေ များခြင်းမို့ အားကျမိသည်။
‘မြန်မာပြည်မှာ နေတဲ့အခိုက် ဆရာမ ပုံတွေ အများကြီး ဆွဲစရာရှိတယ်၊ ပုဂံ မန္တလေး ဆရာမ သွားရမယ်၊ မြန်မာ့ အနုပညာရပ်တွေကို အများကြီး စိတ်ဝင်စားပါတယ်’
သမိုင်းဘာသာ သင်ယူနေသော နုနုက သူ့ကိုသူ ဆန်းစစ်ကြည့်မိသည်။ ကိုယ့်နိုင်ငံ၌ ရှိသော အမွေအနှစ် အရပ်ရပ်ကို ယုမိစံလောက် စိတ်ဝင်စားမှု ရှိ မရှိ၊ လေ့လာတတ်မြောက်လိုမှု ရှိ မရှိ ဆန်းစစ်ကြည့်သည်။ ပေါ့ဆ လျော့ပါးလျက်ရှိသော သူ့စိတ်ကို ယုမိစံနှင့် တွေ့ရမှ ဆန်းစစ်ကြည့်မိ တွေ့ရှိလျက်၊ သူ့ကိုယ်သူပင် ပြန်၍ အားမရသလိုလို ဖြစ်မိသည်။ မရောက်ဖူးသေးသော ပုဂံသို့ ရောက်ဖူးမှ ဖြစ်မည်ဟု အသိဝင်လာသည်။
မခင်ဝင်းမူတို့ ပြန်သွားကြသည့် အခါ၌ ယုမိစံသည် ဧည့်ခန်းထဲ၌ ငြိမ်သက်စွာ ထိုင်လျက်ရှိသည်။ ယုမိစံ၏ မျက်နှာကလေးတွင် မျက်ခုံးရှုံ့၍ ရင်တဖိုဖိုဖြင့် စဉ်းစားနေဟန်လည်း ပေါ်၏ ။ မျက်ခုံးကိုချီ၍ ရွှင်လန်း ပြုံးချိုသည့် အသွင်သို့လည်း ပြောင်းသွား၏ ။
ယုမိစံသည် မောင်လေးသတင်းကို ထောက်လှမ်းနိုင်ရန် လမ်းစရလာခြင်းကြောင့် ပဲခူးသွားရမည့် အရေးကိုတွေးကာ ၀မ်းသာ ဖိုလှိုက်နေသည်။ မောင်လေးများ သူ့ကို အစ်မမှန်းသိလျှင် ဘယ်လိုနေမည်လဲ။
မောင်လေးနဲ့များ တွေ့ရလျှင် ဘယ်လိုနေမည်လဲ ဆိုသော အချက်သည် သူ့ခေါင်းထဲသို့ ဝင်လာတတ်စမြဲ ဖြစ်သည်။ သူက အစ်မဖြစ်ကြောင်း ဖွင့်ပြောလိုက်သောအခါ၌ ၀မ်းသာလွန်း၍ ငိုလေမည်လား။ စိတ်ထိခိုက်သွားမည်လား ဟူသော အတွေးတို့လည်း ပါဝင်၏ ။ တစ်မိ ၀မ်းတွင်းက ဆင်းသက်ကြသော မောင်နှမမဟုတ်ကြသော်လည်း ဖခင်မှာ တစ်ဖခင်တည်းဖြစ်ကြခြင်းကြောင့် သူ့ဘက်က အစ်မအနေဖြင့် ချစ်ခင်တွယ်တာမှု ရှိသကဲ့သို့၊ သူ့ကို တွေ့လျှင်လည်း သူကဲ့သို့ အလေးအနက် သံယောဇဉ်ရှိမည် မရှိမည် ဤအချက်ကိုလည်း တွေးကြည့်၏ ။
ယုမိစံသည် မောင်လေးအကြောင်းကို ဘယ်ဘက်က လှည့်တွေးတွေး သူနှင့် တစ်ဖအေတည်းဖြစ်သော သူ့မောင်မှ သူ့မောင်ပဲ ဖြစ်သည်။ သူနှင့် သူ့မောင်လေး စပ်ကြား၌ ရှိနေသော မထွေးထွေးမှာ၊ သူနှင့် သွေးစပ်၍ မရသော သူစိမ်းတစ်ရံဆံ တစယောက်ကဲ့သို့ပင် အောက်မေ့မှတ်ထင်သည်။ မောင်လေး အိမ်ထောင်များ ကျနေပြီလား၊ အလုပ်လုပ်နေပြီလား စသော အတွေးများမှာ ညနေစောင်း၍ မှောင်သွားပြီဖြစ်သော်လည်း ဧည့်ခန်းထဲ၌ ထိုင်တွေးလျက်ပင် ရှိလေသည်။
‘ရေချိုးပါတော့လား မယုလေး’
ဧည့်ခန်းထဲ၌ တစ်ယောက်တည်း ငုတ်တုတ်ထိုင်ကာ ငြိမ်သက်တိတ်ဆိတ်နေသော ယုမိစံအား အဝေးက တရစ်၀ဲ၀ဲလုပ်ရင်း၊ အကဲခတ်ရင်း ရေချိုးရန် ဒေါ်အောင်မေက လှမ်းသတိပေးလိုက်သည်။
ယုမိစံသည် ဒေါ်အောင်မေ၏ အသံကြားရတော့မှ ဒေါ်အောင်မေကို လှည့်ကြည့်လိုက်သည်။ လှည့်ကြည့်လိုက်မှ မောင်လေး၏ မိခင် မထွေးထွေး ကို ဖျတ်ခနဲ ဝိုးတဝါး မြင်လိုက်သလိုပင် စိတ်ထဲက ဖြစ်မိသည်။ ခုလောက် ဆိုရင် ဒေါ်အောင်မေ အသက်အရွယ်လောက် ရှိနေမလားဟု စဉ်းစားရင်း ဒေါ်အောင်မေကို စိုက်ကြည့်နေမိသည်။
ယုမိစံ အကြည့်သည် ခါတိုင်းနေ့များနှင့် မတူ၊ ထူးခြားမှု တစ်ခုခု ရှိသယောင်ယောင် စိတ်ထဲ၌ ထင်မိ၍ ဒေါ်အောင်မေက မေးလိုက်သည်။
‘မယု အကြာကြီးထိုင်ပြီး ဘာတွေများ စဉ်းစားနေသလဲရှင်’
‘သြဘားစံကို မေးပါရစေ၊ မြန်မာပြည်မှာ အဖေတူတယ် အမေကွဲတယ်၊ သူတို့သားသမီးတွေဟာ အဖေအတူ အမေအတူက သားသမီးတွေလိုပဲ တစ်ယောက်နဲ့တစ်ယောက် ချစ်ကြရဲ့လား၊ ယုမိ သိချင်တယ်’
ဒေါ်အောင်မေသည် ခေါင်းကို တဆတ်ဆတ်ညိတ်လျက် ပြုံးပြုံးကြီး နားထောင်လျက် နေသည်။
‘မြန်မာမှာက ဒီလိုရှိတယ် မယု၊ မအေတူ ဖအေတူက မွေးတဲ့သားသမီး ညီအစ်ကို မောင်နှမရင်းတွေ ချစ်တဲ့အချစ်နဲ့ ဖအေတူ မအေကွဲက မွေးတဲ့ ညီအစ်ကို မောင်နှမတွေ ချစ်တဲ့အချစ်က အချစ်ချင်း မတူဘူး၊ နည်းနည်းတော့ ကွာတယ်၊ သွေးခြားသွားတာကြောင့်ပဲ။ ဒါလည်း ဒီပုံစံအတိုင်းကြီးပဲ ပြောလို့မရဘူး၊ ညီအစ်ကိုမောင်နှမ များတာနဲ့ နည်းတာအပေါ်မှာ ကွာသွားသေးတယ်။ တကယ်လို့ ဖအေတူ မအေကွဲပေမယ့် ညီအစ်မနှစ်ယောက်တည်း ဖြစ်နေရင် ဒါမှမဟုတ် မောင်နှမနှစ်ယောက်တည်း ဖြစ်နေရင် တစ်ဖအေ တစ်မအေတည်းက မွေးသလို ချစ်ကြတာပဲ၊ ဂျပန်မှာကော ဘယ်လိုလဲ’
ယုမိစံက အားတက်သရော အသံကလေးဖြင့် ပြန်ပြောသည်။
‘ဂျပန်မှာ သေသွားပြီးမှ အိမ်ထောင်ထပ်ပြုလို့ရတဲ့ သားသမီးနဲ့ အရင်ရှိတဲ့ သားသမီးနဲ့ဟာ မောင်နှမအရင်းတိုင်းပဲ ချစ်ကြတာပဲ သြဘားစံ’
‘မြန်မာမှာလည်း ဂျပန်အတိုင်းပဲ မယုရဲ့၊ သေသွားပြီးမှ နောက်အိမ်ထောင်ကရတဲ့ သားသမီးနဲ့ အရင်အိမ်ထောင်ကရတဲ့ သားသမီးနဲ့ဟာ အရင်းလိုပဲ သဘောထားတတ်ပြီး ချစ်ကြတယ်။ သေတာ မဟုတ်ဘဲမယားကြီး မယားငယ် ပြိုင်တူက မွေးကြတာဆိုရင်တော့ ဘယ်လိုပဲ အဖေတူတူ အချစ်အခင်ပေါ့တာ၊ စိမ်းတာများတယ်’
ယုမိစံက နှစ်ခြိုက်သော အပြုံးဖြင့်၊ တောက်ပသော မျက်လုံးဖြင့် ပြန်မေးလိုက်သည်။
‘ဥပမာပြောမယ်၊ သြဘားစံအမေ သေသွားပြီးမှ သြဘားစံအဖေက နောက်အိမ်ထောင်ပြုတယ် ဆိုပါတော့။ သူကမွေးတဲ့ သားသမီးဆိုရင် သြဘားစံ မချစ်ဘူးလား’
‘အမေသေပြီးမှ နောက်အိမ်ထောင်က မွေးတာဆိုရင် ချစ်ရမှာပေါ့ မယုရဲ့။ တကယ်လို့များ သြဘားစံက သမီးတစ်ယောက်တည်း ဆိုပါတော့၊ နောက်အိမ်ထောင်က သားတစ်ယောက်မွေးတယ်ဆိုရင် မောင်နဲ့အစ်မ ဖြစ်လို့ မောင်နှမအဖြစ်က ပိုပြီး ချစ်လိမ့်ဦးမယ်’
ဒေါ်အောင်မေ၏ အဖြေသည် ဂွမ်းကို ဆီနှစ်လိုက်သလို ယုမိစံ၏ တစ်ကိုယ်လုံး ပီတိတွေ စိမ့်ဖြာသွားသော အဖြေဖြစ်သည်။
‘သြဘားစံ၊ ဒီမောင်နှမမှာ မောင်က အစ်မကို ပိုချစ်မလား၊ အစ်မက မောင့်ကို ပိုချစ်မလား ပြောစမ်းပါ’
ဒေါ်အောင်မေ၏ နှုတ်မှအဖြေကို ကြာကြာ မဆိုင်းနိုင်အောင် ကြားသိချင်စိတ်ဖြင့် ထိုင်ရာမှ ငေါကခနဲထ၍ ဒေါ်အောင်မေ ပခုံးနှစ်ဖက်ကို ကိုင်လှုပ်မေးကြည့်သည်။
ဒေါ်အောင်မေမှာ သူ့အား တရင်းတနှီး ဖက်လှဲတကင်းလုပ်ကာ မေးပုံကလေးကို သဘောကျလှကာ၊ ကလေးလေးနဲ့ တူလိုက်တာဟု ပို၍ ချစ်မိ ခင်မိသည်။ ဒေါ်အောင်မေကလည်း လေအေးအေးကလေးဖြင့် ပြန်ဖြေသည်။
‘အစ်မဆိုတာ မောင်ထက်အကြီး မဟုတ်လား၊ အကြီးဆိုတော့ အမေနဲ့ တူတူပဲ၊ အစ်မက မောင်ထက် ပိုချစ်ရမှာပေါ့ မယုရဲ့’
ယုမိစံသည် ထိုအဖြေကြောင့် နားချမ်းသာရုံမက စိတ်ပါချမ်းသာသွားကာ ‘မှန်တယ် . . . မှန်တယ်’ ဆိုလိုက်သည်။
ထို့နောက် ယုမိစံက ဆက်၍ ပြောသည်။
‘ဂျပန်နဲ့ မြန်မာနဲ့ အရှေ့တိုင်းသားချင်း ထုံးစံဓလေ့ တူတာတွေ အများကြီး ရှိတယ်နော်၊ ယုမိတို့ ဂျပန်မှာ အစ်ကိုကြီးဆိုရင် အဖေနေရာမှာ ရှိတယ်၊ အစ်မကြီးဆိုရင်လည်း အမေနေရာမှာ ရှိတယ်၊ ဂျပန်နဲ့ မြန်မာနဲ့ တူလိုက်တာနော်’
ဒေါ်အောင်မေသည် ယနေ့ညနေ ယုမိစံ မေးမြန်းစူးစမ်းသော မေးခွန်းတိုင်းကို ထူးထွေသည် မထင်မိ။ မြန်မာစရိုက် ဓလေ့ထုံးစံ မှန်သမျှ နေ့စဉ်နေ့တိုင်း တစ်မျိုးမဟုတ်တစ်မျိုး မေးမြန်းစူးစမ်းနေကျ ဖြစ်သည်။ ယုမိစံ နားလည်အောင် ဒေါ်အောင်မေက အဓိပ္ပာယ်အနက် ရှင်းပြစမြဲ ဖြစ်သည်။
‘ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့ အရှေ့တိုင်းသားတွေဟာ ဗုဒ္ဓဘာသာနွယ်ပြီး၊ ထုံးစံဓလေ့တွေလည်း ဆင်တူတာတွေ များတာပေါ့၊ မယုက အဖေ ချစ်လား . . . အမေချစ်လား’
‘ယုမိ အမေက ယုမိကို မွေးပြီးပြီးချင်း သေသွားတယ်၊ ယုမိမှာ အမေ မရှိပါဘူး၊ ယုမိက အဖေချစ်ပဲ၊ သြဘားစံကော’
ဒေါ်အောင်မေက ပြုံးပြီးမှ မဲ့၍ ပြောသည်။
‘သြဘားစံကတော့ အမေချစ်ပဲ၊ သြဘားစံငယ်ငယ်မှာ အဖေက မယားငယ် ယူသွားတော့ သြဘားစံ အဖေကို သိပ်မုန်းတာပဲ။ နောက်မယားငယ်က မွေးတာတွေကိုလည်း မျက်နှာချင်းတောင် ဆိုင်လို့မရဘူး’
ဒေါ်အောင်မေသည် ရယ်လိုက်သည်။ ရယ်မောပြီးမှ မျက်နှာပိုးသတ်ကာ ပြောလိုက်သည်။
‘ကိုင်း မယ်မင်းကြီးမလေး ရေချိုးပါတော့၊ အချိန် ၇ နာရီ ရှိပြီလေ’
ဒေါ်အောင်မေက ထုံးစံအတိုင်း အချိန်နှင့် ဇယားနှင့် စနစ်နှင့်ပြ၍ သြဇာပေးလာလျှင် ယုမိစံက နာခံသည့်သဘော ပြသည်။
အမှန်စင်စစ် ဒေါ်အောင်မေသည် ယုမိစံ၏ အိမ်ဖော်လည်း ဟုတ်၏ ။ ယုမိစံ၏ အဒေါ်လည်း ဆိုနိုင်၏ ။ ပို၍ မှန်ကန်မည်မှာက ကလေးလေး တစ်ယောက်ကို ထိန်းကျောင်းကြည့်ရှု မွေးမြူသော အထိန်းတော်ကြီး၊ နာနီ ကြီးနှင့် တူလေသည်။
***
![]() လက်ရွေးစင်ဝတ္ထုတိုများ(၁၉၄၁-၁၉၈၁) | ![]() ရွှေလင်းယုန် | ![]() မာလာရီ |