အမှာ စာ
၂၀၀၆ ခုနှစ် ၊ ပခုက္ကူဦးအုံးဖေစာပေဆု
တစ်သက်တာစာပေဆု
ဒေါ်ခင်ဆွေ (ခင်ဆွေးဦး)
အဖေ စာရေး ဆရာကြီး မဟာဆွေ၊ အမိ ဒေါ်ကြည်ကြည်တို့မှ ၁၉၃၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် စစ်ကိုင်းမြို့၌ မွေးဖွားသည်။ ၁၉၅၆ ခုနှစ်တွင် မန္တလေးတက္ကသိုလ်မှ ၀ိဇ္ဇာဘွဲ့ရရှိခဲ့ သည်။ ၁၉၆၇ ခုနှစ် တွင် B.Ed ဘွဲ့ကို ရရှိခဲ့သည်။ ပထမဦးဆုံး လုံးချင်းဝတ္ထုမှာ တို့တိုင်းဋ္ဌာနီ ဖြစ် သည်။ ၁၉၅၂-၅၃ ခုနှစ် တွင် မြန်မာစာမဂ္ဂဇင်းတွင် တွဲ ဖက်စာတည်းအ ဖြစ် တာဝန်ယူခဲ့သည်။
ခင်ဆွေဦးကလောင်အမည် ဖြင့် ၁၉၄၆ ခုနှ်ထုတ် “သံတော် ဆင့်” သတင်းစာတွင် ကလေးကဏ္ဍ၌ ၀တ္ထုများ ၊ ဆောင်းပါးများ စတင်ရေး ခဲ့သည်။ သံတော် ဆင့် သတင်းစာတွင် ကလေး ကဏ္ဍစာတည်းအဖွဲ့ဝင်လည်း ဖြစ်ခဲ့သည်။ ထင်ရှားသော လုံးချင်းဝတ္ထုတချို့မှာ “အင်ကြင်း ရဂုံ” (၁၉၆၆)၊“တိမ်တောက်ချိန်”(၁၉၆၈) ”နေခြည်ဖြာတော့ နွေးလိမ့်မယ်” (၁၉၇၂) ”ချစ်ခြင်း ဆိုမယ်” (၁၉၇၃) ”ဘ၀နှင့်မုန်တိုင်း”၊ ”မြပုဝါ” ၊”ပုလဲငုံ”၊ ”စုံတောမြိုင်”၊ ”လွင်”၊”မြကေရှင်”၊ “ဥမ္မာ”၊ “မိုးနှင့်ရေ”၊ “မိုးပန်းဝေေ၀”၊ “ကံ့ကော်ဦး”၊”လှေတစ်စင်းနဲ့ ရွှက်လွင့်မယ်”၊တို့ ဖြစ်၏ ။ ၀တ္ထုတိုပေါင်း ချုပ်များ အ ဖြစ် “ခေတ်နှင့်အတူ” (၁၉၆၂)၊ “ငြိမ်းချမ်းပါစေ” (၁၉၆၃)၊ “အလှအပ”(၁၉၆၉) တို့ကို လည်း ထုတ်ဝေခဲ့သည်။
“ငြိမ်းချမ်းပါစေ” ၀တ္ထုတိုပေါင်းချုပ်ဖြင့် ၁၉၆၃ ခုနှစ် အတွက် အနုပညာစာပေဆိုင်ရာဆု (အမျိုးသားစာပေဆု) ကိုရရှိခဲ့သည်။
အမည် ရင်း - ဒေါ်ခင်ဆွေဦး ဖြစ်သည်။
နေရပ်လိပ်စာ - ၅၅၇၊ သရဖီလမ်း (၅) လမ်း ၃၄ ရပ်ကွက်၊ ဒဂုံမြောက်ပိုင်း၊
ရန်ကုန်တိုင်း။
အခန်း (၁)
ဆောင်းကား ကျွတ်လှလေပြီ……
နွေရာသီလည်း မပီတတ်သေး ၀ိုးတ၀ါးထွေးဆဲ…..
နေ့ပူလို့ ညချမ်း တပေါင်းလသရမ်းရယ်လို့ ဆိုရိုးရှိခဲ့လေရာ ညဥ့်အေး နေ့ပူ မှု န်မြူဝေဆိုင်း ၍ လေပြည်သိုင်း ၀ိုင်းဝန်းရစ်လျက် ခါသစ်ရတုသို့ ပြောင်းလဲလုပြီတည်း။
ထို့ကြောင့်လည်း ‘အင်ကြင်းရဂုံ’ ခြံထဲမှ အင်ကြင်းပွင့်တို့သည် အစွမ်းကုန် ဖူးပွင့်ရန် ဟန်ရေး တပြပြနှင့် ရှိလေသည်။ “ပွင့်တော့မယ်….ပွင့်တော့မယ်….အချိန်မကျသေးဘူးလား” ဟု ကြွေးကြော်နေသယောင်လည်း ရှိသည်။
ဥသြငှက်ငယ်၏ နွေဦးကို ကြိုဆိုသော တေးသံကို နားစွင့်လျက် မစောင့်ဘဲနေလျှင် ခဏ နှင့်ကုန်၍ စောင့်လျှင် ကြာတတ်လေသော ကိုရွှေအချိန် ကြီးကိုသာ စောင့်နေရလေတော့သည်။
အချိန်ဆိုသည်မှာ မကုန်စေချင်လျှင် မြန်မြန်ကုန်၍ ကုန်စေချင်လျှင် မကုန်နိုင်လေသော အရာတည်း။ တော် တော် ပင် ကန့်လန့်တိုက်နိုင်သော အရာပေတကား။
ကုန်ပဲ ကုန်စေချင်လှပြီ…..
သို့ သော် ကုန်လည်းမကုန်နိုင်။”သြော်…..အချိန်ရယ်” ဟူသာ မေသက်ခမျာ ငိုညည်းချင်ရှာ လေသည်။ ဒါတောင် ‘မေသက်’ သည် စိတ်ဓာတ်ကြံ့ခိုင်သော မိန်းမ တစ်ယောက် ဖြစ်လေသည်။ သူသည် အချိန်ကို လက်ချိုးရေတွက်၍ ဘယ်တော့မှ စိတ်မောခဲ့သူမဟုတ်ပေ။ လုပ်ချင်တာတွေ များ ခဲ့လွန်း၍ အချိန်ကုန်မှာ ကိုပင် စိုးရိမ်ခဲ့သူ ဖြစ်ပေသည်။
ယခင်ကဆိုလျှင် သူ၏ အင်ကြင်းရဂုံခြံထဲတွင် အင်ကြင်းပန်းတို့ဖူးပွင့်ရန် ‘တာစူ’ သည်ကို ဘယ်တော့မှ သတိပြုခဲ့သည်မဟုတ်။ သို့ သည်အခါတွင် ခရေပွင့်တို့ ငုံအားမွှေးမွှေး၊တဖွေးဖွေးနှင့် ပွင့်ကြသည်ကိုလည်း အမှတ်မထားမိခဲ့ပေ။ သင်းပျံ့ကြိုင်လှိုင်သော ခရေနံ့ကို လေညှင်းက သယ် ဆောင်ခဲ့လည်း မိမိ မသိခဲ့ပေ။ ယခုမူကား…..
နေ့စွဲ။ ၁၈-၂- ၅၈
သက်ရေ……
တိတ်တဆိတ်လူကြုံနဲ့ ပေးရအောင်လို့ အထူးသတိတရ စာရေး လိုက်တယ်။ ရန်ကုန်ကနေ မိုင် ၂၆၀ ကျော်ဝေးတဲ့ ပင်လယ်ရေပြင်ကြီးကို ၂၈ နာရီကြာလောက် ဖြတ် ကျော်ပြီး အကျဉ်းသမား စုဝေးရာ ဒီကျွန်းလေးကို ရောက်ခဲ့တယ်။
လမ်းမှာ မောင့်ရဲ့ ရဲဘော်အချို့တွေ ဟာ လှိုင်းမူးပြီး အန်ကြတယ်။တလိမ့်လိမ့်နဲ့ လှိုင်းရဲ့ ဒဏ်ဟာ အတော် ပြင်းထန်သားကွယ်။ မောင်တော့ ရီတီတီနဲ့ နည်းနည်း မူး ရုံက လွဲပြီး မအန်ဘူး။ တော် ပါသေးရဲ့ …..
မောင်တို့ဟာ (DETENUE) ခေါ်တဲ့ နိုင်ငံရေး အကျဉ်းသမား ဖြစ်ပေမယ့်လည်း ရာဇ၀တ်မှု ကျူးလွန်တဲ့ ရာဇ၀တ်သားများ လိုပဲ ခုဆက်ဆံကြတယ်။ လမ်းမှာ အလွန်မာတဲ့ လုံးတီးထမင်းနဲ့ ငါးပိကြော်(ပုဇွန်ခြောက်မပါ သဲရှပ်ရှပ်နဲ့ ) စားရတယ်။ ပေါင်မုန့်ကလည်း ကွာ…..မာခြောက် နေတာပဲ….။
သွားစညက မောင် တစ်ညလုံး အိပ်မပျော်ဘူး။ မောင့်တစ်သက်နဲ့ တစ်ကိုယ် ရင်မ ဟာစဖူး သိပ်ဟာတာပဲ။ မောင့်ရဲ့ ဇနီးရယ်၊ သမီးနဲ့ သားတို့ကို သိပ်လွမ်းမိတာပဲ။ ဒီတော့ မှပဲ မောင့်ရင်ထဲမှာ ရှိတဲ့ နှလုံးသားဟာ သွေးသားနဲ့ တည်ဆောက်ထားတဲ့ အစိုင်အခဲ ပါလားလို့ တွေးမိလာတယ်…။
ဆိုက်ထားတဲ့ နေရာကနေ (၇)မိုင်လောက်ဝေးတဲ့ထောင်ကို အတော် ပဲ ဟောင်းနွမ်း စုတ် ပြတ်နေတဲ့ လော်လီကားကြီး စီးသွားရတယ်။ လမ်း ကတော့ တောလမ်းသက်သက်ပဲ။ တစ်ဆင့် တက်သော် တစ်တောင်ကျော် ဆိုတာလို တောင်ဆင်းတောင်တက် မောင်းနှင် ရတယ်။ လမ်းဘေး နှစ် ဖက် မှာ လည်း သစ်ပင်ခြုံနွယ် စေးပျစ်ပင်တွေ လွှတ်ပေါတာပဲ…။
မောင်တို့ရဲ့ ကားဟောင်းကြီးကလည်း အရှိန်နဲ့ ဂျိုးဂျိုးဂျိမ့်ဂျိမ့် လှိမ့်လို့။မောင်တော့ ဖက်ဆစ်ဂျပန်တိုက်တုန်းကမသေ၊ ဒီတစ်ခါတော့ ကိုကိုးကျွန်းမှာ ကားမှော က်ပြီး ရေတိမ် နစ် သေရ ချည်ရဲ့ လေလို့ ရင်နာနာ တွေးမိတယ် သက်ရေ။
ဒါပေမဲ့ မောင်တို့ရဲ့ စိတ်ဓာတ်က မကျဘူး။ ဒီလို အပင်ပန်း ဆင်းရဲဒဏ်ကိုတော့ မောင်ခံ နိုင်ရည်ရှိပါတယ်။ ငဖယ်များ လိုပေါ့…ထုသား ပေသား ရသွားပြီ။ လမ်းတစ် လျှောက်လုံး မောင်တို့ သီချင်းတောင် တောက်လျှောက်ဆိုမိသေးတယ်။ ဆရာမြို့မ ငြိမ်းစပ်တဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး သီချင်း မှတ်မိသေးလား။ ပီကင်းမှာ ကျင်းပတဲ့ ပစိဖိတ်ဒေသ ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေး အစည်းအဝေးကြီး အတွက် ရေး ဖွဲ့ပေးတဲ့သီချင်းလေ…..။
ဒါနဲ့ ဆိုပါစို့…..ည ၉နာရီလောက်မှာ ထောင်ကိုရောက်ပြီး အဆောင်လွတ်တစ်ခုမှာ မောင် တို့ကို စုဝေးထားတယ်။ အဆောင်တွေ ဟာ မြေပေါ်မှာ တည်ဆောက်ထားတဲ့ တန်း လျားရှည်တွေ ပဲ။ ပတ်ပတ်လည်မှာ သံဆူးကြိုးကာရံထားတယ်…..။
ပင်လယ်ကမ်းခြေက လှိုင်းသံလေသံတွေ အမြဲမပြတ်လိုပဲ ကြားနေရတယ်။ တစ်ခါ တစ်ရံ ညှီဟောက်ဟောက် စိမ်းရွှင်ရွှင်အနံ့များ ရှူရှိုက်နေရတယ်။ အဆောင်ဝင်းထဲ က အိမ်သာအနံ့အ သက်က ဆိုးလှပါပေ့။ ပြီးတော့ ခြင်နဲ့ ကြမ်းပိုးပိုဆိုးတာ ကတော့ မောင် တို့နဲ့ ပုလဲနံပကိုသင့်လို့။ မောင်တို့ ငရဲတိုင်းပြည်ကို ရောက်ခဲ့ပါတယ် သက်ရယ်…။ ပင် လယ်လှိုင်းမူးလာလို့ မောင်တို့မှာ သိပ် အိပ်ချင်နေတာပဲ…။
ဒါထက် ဒီစာဟာ သက်ဆီကို လွယ်လွယ်ကူကူ ပေးရတဲ့စာ မဟုတ်ဘူး။ ကိုကိုး ကျွန်းပြန် သခင်ဖေအောင်နဲ့ တိတ်တဆိတ်ပါးလိုက်ရမယ့်စာပဲ။ ခမျာလည်း မောင်နဲ့ သက် ကို ငဲ့လွနု်းလို့သာပေါ့။
မောင်တို့ အဖို့ ကတော့ သား၊ မယားကို မတွေ့ ရတော့ဘဲ သံကြိုးနဲ့ သာ ဆက် သွယ်ရတော့ မယ်။ သံကြိုးအတွက် ကျသင့်ငွေကို မောင်တို့ပါ လာတဲ့ငွေထဲကပေးရတယ် ။သံကြိုးကလည်း တိုက်ရိုက် မပို့ရဘူး။ ထောင်ပိုင်က အကျဉ်းဋ္ဌာနမင်းကြီးဆီကို အစီရင်ခံစာသဘောမျိုး ပို့ရတယ်။
ခု ဒီသံကြိုးစာအတွက် ၆ ကျပ်နဲ့ ပြား ၄၀ ကျတယ်။ ဒီသံကြိုးစာရဲ့ မိတ္တူကို သက် ရ လောက်ပြီ ထင်တယ်။ အစီရင်ခံစာသဘောဆိုတော့ မိတ္တူပဲရလိမ့်မယ်လို့ မောင်တွက် ထား ပြီးသားပဲ…။
အကျဉ်းဌာနမင်းကြီး
ရန်ကုန်
ဦးထိန်ဝင်း ကျန်းမာကြောင်းကို အမှတ်(၁၀) အင်ကြင်းရဂုံခြံ ဘောက်ထော်နေ ဒေါ်မေ သက်အား အကြောင်းကြားပေးပါ။
ထောင်ပိုင်။
တဲ့။ ဟုတ်ရဲ့ လား သက်။ ကိုင်း…..မောင့်စာလည်း ရှည်သွားပြီ။သမီး လဲ့ဝင်းနဲ့ သား အောင်ကျော်ဝင်း တို့ကိုလည်း အထူးအောက်မေ့ လွမ်းဆွတ်ကြောင်းပြောပြပါ။ သူတို့ လိမ်မာရေး ခြားရှိအောင် သက်က ဂရုစိုက်ပါ။ သူတို့ လူ့အဖိုးတန်လေးများ ဖြစ်လာဖို့ အရေး ကြီးတယ်။
အားလုံး ရွှင်လန်းသာယာ အေးမြပါစေ။
ထိန်ဝင်း
အိမ်ပြတင်းပေါက် ခေါင်းရင်းဘက်နှင့် ကပ်လျက် ပေါက်ရောက်နေသော ခရေပင်မှ ခရေပွင့်ငယ်နှစ် ပွင့်သည် အသာအယာပင် လျှောခနဲ မြေထက်သို့ ကြွေကျ၍ ကျလာလေသည်။
မေသက်၏ မျက်ရည်နှစ် ပေါက်သည်လည်း ပြတင်းပေါက်တံခါးတောင် ပေါ်သို့ ကျကြွေလာ လေသည်။ မေသက်အဖို့ ဤမျက်ရည်ကျရခြင်းမှာ အလွန်ပျော့ညံ့သော အလုပ်ဟု အရင်က တွေးခဲ့မိလေသည်။ မှတ်မှတ်ရရ ယခု အသက် ၃၇ နှစ် အထိ မေသက် မငိုခဲ့ရသည်မှာ အတော် ကြာပေပြီ။
သားအငယ်ဆုံး ၅ လသားအရွယ်တွင် ဆုံးတာတောင် မျက်ရည်မကျခဲ့ပေ။ သည်တော့ အမေကပင် နာကျည်းစွာ …”ဟဲ့ ကျောက်ရုပ်မ၊ ပေထုံမ၊ ကွန်မြူနစ်မရဲ့ …..င့ါမြေးကို မသနား တော့ဘူးလား၊ နင့်ကြောင့် သေရတာ အမိုက်မရဲ့ …..” ဟု လူးလှိမ့်ငိုကာ စကားနှင့် ထေ့လေသည်။ သည်တော့ မေသက်သည် နှုတ်ခမ်းကွေးတယ်ဆိုရုံပဲ မဲ့၍ ရီဝေသော မျက်လုံးအစုံနှင့် အမေ ဖြစ်သူ အားလည်းကောင်း၊ သား၏ ရုပ်အလောင်းကို လည်းကောင်း ငေးကြောင်ကာ ကြည့်နေမိခဲ့သည်။
အမေပြောသလိုပင် မိမိစိတ် ထုံပေပေ နိုင်ခဲ့သည်မှာ အတော် ကြာပြီ ဖြစ်သည်။
သို့ သော ယခုမူကား ဤအမာခံစိတ်ဓာတ်တို့သည် အဘယ်သို့ လွင့်စင်ပြေးလေသနည်း။ စင်စစ် ကိုထိန်ဝင်းပြောသကဲ့သို့ ပင် မိမိတို့နှလုံးသားသည် သွေးနှင့်သားနှင့် တည်ဆောက်ထား သော အစိုင်အခဲပေတကား။ ချစ်ရွှင်သနားဟူသော ခံစားမှု များ ကို အဘယ်လူကား လွန်ဆန်ဝံ့ပါ မည် နည်း။
သို့ ကြောင့်……..
တကွချစ်သူ၊ ကွေကွင်မူလည်း၊
တယူတတ၊ သော ကဗျာပါ၊
ပြင်းစွာ နှိပ်စက်၊ ညဥ့်နက်သန်းကောင်၊
နှလုံးလောင်လျက်၊ သည်းခေါင်တုန်ရိုက်၊
ဖိုကျင်တိုက်သို့ ၊ လှိုက်လှိုက်လှဲလှဲ၊
မျက်ရည်ရွှဲနှင့် ၀မ်းကွဲ ထပ်လောင်း၊
တပျောင်းပျောင်းတည်း။
ဟု ဆိုရိုးရှိခဲ့သည် မဟုတ်ပါလော….။
နီလွင်လွင် စိန်ပန်းပွင့်တို့သည် တိမ်ရောင် စုံနောက်ခံလျက် ပွင့်နေကြသည်မှာ လှလည်းလှ ပ၊ လွမ်းလည်း လွမ်းဆွတ်ဖွယ်ရာကောင်းသော သဘာဝပန်းချီကားချပ်နှင့်သာ တူတော့သည်။
စိမ်းမြမြ မြက်ခင်းပြင်ပေါ်ဝယ် ငုရွှေဝါ၀ါ၊ ခရမ်းပြာပျဉ်းမပန်းနှင့် စိန်ပန်းနီနီတို့သည် လွင် လွင်ကျင်းလျက် ပန်းမွေ့ရာ ခင်းနေသည်။
ညနေ လေညှင်းအေးသည် ညင်သာစွာ တိုက်ခတ်လာသည်။ ဘက်မင်တန်ကစား ထားသော လဲ့ဝင်း၏ တစ်ကိုယ်လုံးမှာ ချွေးများ ရွှဲနစ်နေသည်။ စပို့ရှပ် အစိမ်းနုနု၊ ဘောင်းဘီ ဖြူရှည်နှင့်သူလေး၏ ကြော့ရှင်းသော ကိုယ်လုံးလေးမှာ များ စွာ တင့်တယ်လေသည်။
ဘက်တန်ကို ပခုံးထက်တွင် ထမ်းလျက် ရွက်ဖြူဖိနပ်ကို အသာမချွတ်ကာ ဧည့်ခန်းကို ဖြတ် ကျော်ပြီး စာကြည့်ခန်းထဲသို့ ၀င်လာခဲ့သည်။ စာကြည့်ခန်းထဲမှ တစ်စုံတစ်ဦး၏ စာရွက်များ တဖျပ်ဖျပ် လှန်လှောသံကို ကြားနေရသဖြင့် လဲ့ဝင်း၏ သီချင်းသံသည် ဗြုန်းခနဲ တိတ်သွားလေ သည်။
ခမ်းနားသေသပ်ကာ စာကြည့်ခန်းကား စာအုပ်ဗီရိုများ နှင့် ပြည့်နှက်နေသည်။ စာအုပ်တွေ မှာ အမျိုးပေါင်းစုံ ဗီရိုတိုင်း၌ ပြည့်နေပြန်သည်။
လဲ့ဝင်းသည် စာအုပ်စင်တစ်ခုရှေ့တွင် ရှိသော လူရွယ် တစ်ယောက် ၏ နောက်ကျောကို တွေ့ မြင်လိုက်ရသဖြင့် မျက်မှော င်ကြုတ်လိုက်မိလေသည်။ ကြမ်းပြင်အချို့တွင် စာအုပ်တေ ပြန့် ကျဲနေသည့်အပြင် ယခင်က သေသေသပ်သပ် စီထားခဲ့သော စာအုပ်များ ကား စင်ပေါ်တွင် ဖရိုဖရဲ နှင့်ပွနေသည်။
ထိုလူရွယ်ကား စာအုပ်တစ်အုပ်ကို သဲသဲမဲမဲ ဖတ်ကြည့်နေသည်။ ဘေးပတ်ဝန်းကျင်ကို အမူထားမိဟန်မတူ။
လဲ့ဝင်းသည် အတော် ပင် စိတ်ဆိုး၍ သွားမိလေသည်။ နှုတ်ခမ်းများ တင်းတင်းစေ့ကာ နောက်မှ…….
“ဒီမယ်….ဒီမယ်…”
ခေါ်သော်လည်း လူရွယ်ကား လှုပ်တောင် မလှုပ်၊ စာအုပ်ကိုသာ စိုက်ကြည့်နေသည်။
“ဒီမယ်ရှင့်……ကျွန်မခေါ်တာ မကြားဘူးလား”
လူရွယ်ကား မလှုပ်။
“အို….ဘယ့်နှာလဲ….ကျွန်မ စာအုပ်တွေ လည်း ဖွထားတာ ကြည့်ပါဦး၊ ဖေဖေ့စာအုပ်တွေ ကို သေသေသပ်သပ်စီထားတာကို တစ်ခါထဲ တစ်အုပ်စီ ဆွဲကြည့်တာမဟုတ်ဘူး။ရှင် ဘယ်သူလဲ၊ ဒီမှာ ……ဒီမှာ …မကြားဘူးလားရှင့်…..”
လူရွယ်သည် ဣနြေ္ဒမပျက် နောက်သို့ အသာလှည့်ကြည့်လိုက်သည်။ သူ၏ ထူကဲသော မျက်မှန်အောက်မှ စူးရှတောက်ပြောင်သော မျက်လုံးအစုံကို တွေ့ မြင်ရလေသည်။ သူ၏ အ၀တ်များ ကား ပင်နီတစ်ပတ်နွမ်း၊ ပိတ်ဖြူရှပ်၊ အကွက်စိပ်စိပ် ချည်လုံချည်နှင့် နုန့်နဲ့ သော အဆင် အပြင်ကို တွေ့ မြင်ရလေသည်။
လူရွယ်သည် လှည့်ကြည့်ပြီးမှ တစ်ဖန် စာအုပ်ကို ပြန်၍ စိုက်ကြည့်နေပြန်သည်။
“ရှင် ဘယ်လိုလူလဲ…..ကျွန်မ ပြောနေတာကို နားမကြားဘူးလား”
လဲ့ဝင်းသည် စိတ်မရှည်တော့သလို ထိုသူ၏ ပခုံးကို ဘက်တံအဖျားနှင့် တအားဖိထိုးကာ အော်လိုက်သည်။
“ခဏလေးခင်ဗျာ…..ကျွန်တော် အာရုံပြတ်သွားမှာ စိုးလို့ အင်မတန် စိတ်ဝင်စားစရာ ကောင်းတဲ့ စာအုပ်တစ်အုပ်ပဲဗျာ…”
ထိုသူသည် နောက်သို့ လှည့်မကြည့်တော့ဘဲ လက်ကာပြကာ တည်ငြိမ်စွာ ပြောလိုက် လေသည်။ သူ၏ အသံသည် ခံညားသည်။ အသံသြဇာကောင်းလျက် ကြည်လည်းကြည်၊ ပီလည်းပီသသည်။ သွယ်နွဲ့သော လူဟန်နှင့် မလိုက်အောင်ပင် အသံ၏ လှိုင်းမှာ ကြီးမားလှသည်။ အသံမှာ လုံလည်းလုံသည်။
လဲ့ဝင်း၏ စိတ်ဆိုးကား မပြေနိုင်သေး။
“ကြည့်ရင်လည်း အသာ ဆွဲယူကြည့်ပါလားရှင်၊ဘာ ဖြစ်လို့ စာအုပ်တွေ ကို ပစ်စလက်ခတ် ဖွထားရတာ လဲ၊ ပြီးတော့ ခေါ်မကြား အော်မကြားနဲ့ ရှင် သိပ်ရိုင်းတဲ့လူပဲ…..”
“ရိုင်းတယ်”
ထိုသူသည် မျက်နှာနှင့် စာအုပ်ကို မခွာဘဲ လဲ့ဝင်းစကားကို ပဲ့တင်ထပ်လိုက်လေသည်။
“ဟုတ်တယ်……ရိုင်းတယ်”
လဲ့ဝင်းသည် ထိုသူနှင့် မျက်နှာချင်းဆိုင် ရပ်လျက်သား နေပြီး ဖွရရာနှင့် မသေမသပ် ဖြစ် နေသော ထိုလူ၏ ဆံပင်ကို ငေးကာကြည့်ရင်း ခတ်ဆတ်ဆတ်လေး ပြောလိုက်မိလေသည်။
“ရိုင်းတယ်ဆိုတာ ဘာကိုပြောတာလဲ”
“တော် တော် ဂွပြောတဲ့လူပဲ၊ ရိုင်းတယ်ဆိုတာ မယဉ်ကျေးတာကို ပြောတာ၊ ကဲ…သိပလား”
ထိုသူက ပြုံးနေသည်။ သို့ သော်လည်း စာအုပ်ကိုကား ကြည့်ပြပင်တည်း။
“ရှင် ဘာပြုံးတာလဲ၊ ကျွန်မကို လှောင်တာလား….”
“မလှောင်ပါဘူးဗျာ၊ ကျွန်တော် စဉ်းစားမိလို့ပါ”
“ဘာလဲ”
လဲ့ဝင်းက ရန်စွယ်ငေါငေါနှင့် ပြောလိုက်မိလေသည်။
“ဒီမှာ ဘယ်သူများ ရိုင်းနေသလဲဆိုတာ စဉ်းစားမိလို့ပါ။ လူတစ်ဖက်သားကို စိတ်အနှောင့် အယှက် ဖြစ်စေတဲ့လူဟာ ရိုင်းတဲလူပဲ မဟုတ်လား၊ ခင်ဗျား ကျွန်တော့် ကို အနှောင့်အယှက် ပေး နေပြီ…”
“အလို….ရှင်က ငါးဖယ်က ပြောင်းပြန် ပြောဦးမလို့လား၊ ရှင်…ရှင်ဟာ….”
“ရုပ်ကလေးနဲ့ မလိုက်အောင် ဒေါသ မထွက်ပါနဲ့ လေ…..ကျွန်တော် ဟာ ခင်ဗျားရဲ့ ရန်သူ မဟုတ်ပါဘူး…”
လဲ့ဝင်းက ထိုလူထူးလူဆန်းအား ပါးစပ်ဟ ငေးကာ တွေ ဝေဆဲတွင် ….
“အဲလေ……ကျွန်တော့် အနေနဲ့ ခင်ဗျားကို ရိုင်းမိသလို ဖြစ်သွားတယ်၊ ခင်ဗျားဘက်က ကျွန်တော့်ကို ရိုင်းတယ်ဆိုတာလည်း ၀န်ခံပေါ့ဗျာ…”
“အံမယ် ဘာလို့ ၀န်ခံရမှာ လဲ၊ ကျွန်မက ရှင့်ကို ဘာများ ရိုင်းပြလို့လဲ”
“ရှိပါစေလေ……မိန်းမဆိုတာ ၀န်ခံဖို့ အလွန်ဝန်လေးတဲ့ သတ္တ၀ါပဲ”
“နေစမ်းပါဦးရှင့်….ရှင် ဘယ်သူ့အခွင့်နဲ့ ကျွန်မ ဖေဖေရဲ့ စာကြည့်ခန်းကို ၀င်မွှေတာလဲ”
လဲ့ဝင်းက အောင်နိုင်သော စစ်သူကြီးလေသံမျိုးနှင့် မေးလိုက်လေသည်။
“ဆရာကတော် ဒေါ်မေသက်ဆီက ခွင့်ရပါတယ်….”
“စာအုပ်တွေ ဖရိုဖရဲလုပ်ထားတာကကော ဘာပြောဦးမလဲ……”
“ပြီးတော့ ကျွန်တော် ပြန်စီပေးမှာ ပေါ့ဗျာ။စာအုပ်တွေ ဖတ်ချင်တာများ ပြီး အမောတကော ဆွဲဆွဲပြီး ကြည့်မိလို့ ဒီလို ဖြစ်သွားရတယ်၊ လူတွေ မှာ လောဘအမျိုးမျိုးရှိတယ် မဟုတ်လားဗျ။ ငွေလောဘ၊ ဂုဏ်လောဘ၊ ကျွန်တော် တပ်မက်တာ ကတော့ စာအုပ်လောဘ…..”
“စာအုပ်လောဘ….”
“ဟုတ်တယ်…..ဒီစာအုပ်တွေ အားလုံးကို အငမ်းမရ ဖတ်ချင်လာတယ်။ ခု ကျွန်တော် ဖတ် နေတဲ့ Economic Analysis စာအုပ်ဟာ သိပ်အဖိုးတန်တာပဲ။ မြန်မာလိုတော့ ဘောဂဗေဒ စစ်တမ်းပေါ့ဗျာ။ ကက်နက်ဘို(လ်)ဒင်း ရေး တာလေ။ အဲဒါတော့ ခဏယူသွားခွင့်ပြုပါဗျာ။ ဆရာကတော် ဆီ ကတော့ အခွင့်ရခဲ့ပါပြီ။ ကျွန်တော် ဟာ စာအုပ်ကို ချစ်မြတ်နိုးသလို ကိုးလည်း ကိုးကွယ်ပါတယ်ဗျ…”
“အဲဒါ ဖေ့ဖေ့စာအုပ်တွေ ၊ ဖေဖေဟာ သူ့စာအုပ်တွေ ကို သိပ်ရိုသေတာရှင့်၊ ဒါကြောင့် ကျွန်မက ဒီစာကြည့်ခန်းကို တာဝန်ယူပြီး ရှင်းနေရတာ ပဲ။ စာအုပ်တွေ ကို ဖုံမတင်စေရဘူး။ မှိုစော်၊ ပိုးဟပ်ချေးစော် မနံစေရဘူး။ ဖေဖေ့စာအုပ်တွေ ဟာ အမြဲ ပရုတ်နံ့ သင်းနေတာပဲ…”
လဲ့ဝင်းသည် ခပ်ငေးငေး ပြောပြနေသည်။
“ပြီးတော့ ဆရာဟာ စာအုပ်တွေ ကို အလှပြင်ရုံတင် မကဘူး။ ဖတ်လည်း အလွန်ဖတ်သူပဲ။ ဖတ်သလောက် မှတ်လည်းမှတ်နိုင်တယ်။ ဆရာဟာ တော် တော့် ကို ကြည်ညိုလေးစားဖို့ကောင်း တဲ့လူ တစ်ယောက် ပါပဲ..”
“ဖေဖေနဲ့ကပ်ပေါင်းတဲ့ လူတိုင်းဟာ ဖေဖေ့ကို ဘယ်သူမှ မလေးစားဘဲ မနေနိုင်ဘူး….”
လဲ့ဝင်းသည် သူ့ဖေဖေအကြောင်း ပြောရင်းပင် မျက်လုံးများ မှာ ရီဝေလာလေသည်။ လူရွယ်သည် ဘောဂဗေဒစစ်တမ်း စာအုပ်ထူကြီးကို လက်ကြားညှပ်ကိုင်လျက် စာအုပ်စင်မှ ကုလားထိုင်ရှိရာသို့ လျှောက်လာကာ ထိုင်ချရင်း….
“ခင်ဗျားဟာ ဆရာရဲ့ သမီးအကြီးမဟုတ်လား၊ နာမည် က ဘယ်လိုခေါ်သလဲ….သြော်…. ရိုင်းတယ်လို့လည်း မထင်ပါနဲ့ နော်”
“လဲ့ဝင်း…..လဲ့ဝင်းက သံပြတ်နှင့် မဖြသည်။”
“သြော်….လဲ့ဝင်းတဲ့လား၊တော် တော် ချစ်ဖို့ကောင်းတဲ့ နာမည် ပဲ။”
“လူကလည်း ချစ်ဖို့ကောင်းတာပဲလေ….”
“ဘာ……”
သို့ သော် ထိုသူကား မဖြုံဟန်ရှိသည်။
“နာမည် ချစ်စရာကောင်းသလောက် လူလည်း ချစ်စရာကောင်းတယ်လို့ ပြောတာပါ…”ဟု အေးဆေးစွာ ပြောလိုက်သည်။
လဲ့ဝင်းသည် “လူ့ဂွစာ” ဟု ၀မ်းထဲမှ ရေရွတ်ရင်း မျက်စောင်းထိုးလိုက်လေသည်။
“ဆရာ့မှာ သား တစ်ယောက် ရှိသေးတယ် မဟုတ်လား”
“ရှိတယ်၊ နာမည် သိချင်သေးရင်တော့ အောင်ကျော်ဝင်း တဲ့….”
လဲ့ဝင်းက အရွဲ့တိုက် ပြောလိုက်လေသည်။
အောင်ကျော်ဝင်းဆိုတာ ကတော့ ဇာတ်ဟန်ပါသွားတယ်။
ထိုသူက အမှု မထားဟန်နှင့် ပြောလိုက်လေသည်။ ပြီးနောက် ထိုင်ရာမှ တဖန်ထကာ ဖရို ဖရဲ ဖြစ်နေသော စာအုပ်များ ကိုစီကာ ဗီရိုပေါ်တွင် ပြန်၍ နေသားတကျ ဖြစ်အောင် ထပ်နေသည်။ လဲ့ဝင်းသည် ထိုသူအား အကဲခတ် ငေးကြည့်နေရာမှ…..
“စာအုပ်တွေ ကျွန်မ စီထားတဲ့အတိုင်း ပြန်စီနော်….”
မဆီမဆိုင် ကြားဖြတ်မေးလိုက်သေးသည်။ ထိုသူသည် သူပြောချင်ရာများ ကို ဘာမဆို စွတ်ပြောတတ်ဟန်တူသော လူစား ဖြစ်လေသည်။
“ကျွန်မအသက်ကို ဘာလုပ်ဖို့ မေးတာလဲ”
“သြော်….ဆရာဦးထိန်ဝင်းမှာ ဒါလောက် ကြီးကြီးမားမား သားသမီးရှိတယ်လို့ မထင်ခဲ့ မိလို့ပါ….”
“ကျွန်မ အသက် ၁၆ နှစ် ရှိပြီ”
“၁၆ နှစ် ဆိုတော့ အပုံကြီးငယ်သေးတာပဲ။ ကျွန်တော့်ထက် ၉ နှစ် တောင်ငယ်တယ်၊ ကျွန် တော် က အသက် ၂၅ နှစ် ။ ဒါပေမဲ့ အသက်က အရေး မကြီးပါဘူးလေ။အသက်အလိုက် ဥာဏ်ဦးနှောက်က ဖွံ့ဖြိုးရင့်သန်ဖို့ အရေး ကြီးတာ။ ခုခေတ် ကလေးတွေ ဟာ လူကောင်နဲ့ အသက် ကြီးထွားသလောက် စိတ်ဓာတ်က မဖွံ့ဖြိုးဘူး။ ဆရာဦးထိန်ဝင်းဟာ ၁၆ နှစ် သားလောက်ကတည်း ကား(လ်)မတ်(စ်) ရဲ့ အရင်းကျမ်းတို့၊ အနုပဋိလောမ ရုပ်ဝါဒတို့ စဖတ်နေပြီ……”
“ဟုတ်တယ်….ဖေဖေဟာ စာကို တော် တော် ဖတ်နိုင်တဲ့ လူ တစ်ယောက် ပဲ…”
လဲ့ဝင်းသည် သူ့အဖေအကြောင်းကို ပြောရမည် ဆိုလျှင် မျက်လုံးများ တောက်ပ၍ လာလေ့ရှိသည်။ ထိုသူက ဆက်၍ ……
“ဖတ်သမှ စာမျိုးစုံဖတ်တာ ၊ ဗစ်တာဟူးဂိုးရဲ့ ဒုက္ခဘောင်၊ Les Miserable မာ့ခ်တွိုန်းရဲ့ နတ်ဘုံနဲ့ ငရဲ Heaven and Helli ဒစ်ကင်းရဲ့ ၀တ္တုတွေ ၊ တော့စတွိုင်း၊ သော မတ်(စ်) ဟာဒီရဲ့ ၀တ္တုတွေ ကို အတော် များများ လည်း အသက်၂၀ မကျော်တတ်ခင်က ဖတ်ဖူးခဲ့သည်။ ခုထိ ဒီစာတွေ ကို ကိုးကားနိုင်တုန်းပဲ။ ဒါပေမဲ့ ဟိုတုန်းက ဆရာ့အရွယ်၊ ခုခေတ်လူငယ်တွေ ကတော့ အဓိပ္ပာယ်မရှိ လမ်းသလားနေတယ်၊ သူတို့ ရှာဖွေ ဖတ်နေတဲ့ စာအုပ်တွေ ဟာ လိင်စာအုပ်နဲ့ စိတ် ကူးယဉ် အချစ်ဝတ္တုပဲ”
“ဖေဖေက ကျွန်မတို့ မောင်နှမကိုတောင် စာဖတ်ဖို့ အမြဲနှိုးဆော်တယ်။ခု ကျွန်မ ဖတ်ဖို့တဲ့ ဖေဖေရွေးပေးသွားတဲ့ စာအုပ်တွေ မနည်းဘူး။ ရဲဘော်သုံးကျိပ်၊ သခင်ထွန်းအုပ်ရဲ့ ကျွန်ုပ်၏ စွန့်စားခန်း၊မစ္စတာ မောင်မှိုင်ရဲ့ ဒေါင်းဋီကာ၊ မိလိန္ဒ၊ ဗိရ်ဗလ လျှောက်ထုံး၊ မောရစ်ကောလိပ်ရဲ့ စန္ဒမာလာ၊ ကောလင်းရဲ့ အတွေ့ အကြုံများ ၊ ဒေါ်အမာ ပြန်ထားတာတွေ လေ။ အို…အများ ကြီးပဲ…ကျွန်မ စာရင်းနဲ့ ကို ယူထားရတယ်….”
“ဖတ်ကော ဖတ်ရဲ့ လား”
“ကျွန်မကို ဘာများ အောက်မေ့နေသလဲ…..ဖတ်တာပေါ့ရှင်၊ဒီနွေမှာ ကျွန်မစာအုပ် တစ်ဆယ့်ခြောက်အုပ်တောင် ပြီးတယ်…..”
“ကျွန်တော် က စေတနာနဲ့ ပြောတာပါ၊ဆရာဟာ သူ့သားသမီးကို သိပ်တော် စေချင်တာ၊ ကျောင်းပညာသာ မဟုတ်ဘူးဗျ။ သူ့ကလေးတွေ ဟာ All Round Development အဖက်ဖက်က ပြည့်စုံ တိုးတက် ဖွံ့ဖြိုးမှု ရှိရမယ်တဲ့ဗျ။ ဥာဏ၊ ကာယ၊ မိတ္တ၊ စိတ်ဓာတ်အားလုံး ရင့်သန်စေရမတဲ့။ ကျွန်တော့် စိတ်ထဲမတော့ ဆရာ့သားသမီးတွေ ကို ဆရာ့လို တော် စေချင်တာပဲ….”
ကျွန်မကလည်း တော် အောင် ကြိုးစားနေတာပဲ၊ မိနစ်၊ နာရီ၊ ရွေ့တိုင်း ရွေ့တိုင်း အလဟာ သ အချိန်မကုန်စေရဘူးလို့ ဖေဖေက မှာ သွားတယ်။ ယုတ်စွအဆုံး ရုပ်ရှင်ပျော်ပွဲ ကြည့်တာတောင် အပျော်သဘောထက် ပညာမျက်စိနဲ့ ကြည့်ရမတဲ့၊ ကျွန်မလည်း ဖေဖေ့ပုံစံအတိုင်း လိုက်နိုင်ဖို့ကို အထူး သတိထားတယ်…
ဒီလို ကြားရတာ ၀မ်းသာပါတယ်ခင်ဗျာ။ ခင်ဗျားမေမေ ကိုယ်တိုင်ကလည်း အတော် အရည် အချင်းပြည့်စုံတဲ့ မိန်းမပါပဲ။ သူ့မှာ သာမန်မိန်းမစားအတွက် သာလွန်တဲ့ အစွမ်းသတ္တိတွေ ရှိတယ် လို့ ဆရာက ပြောဖူးတယ်….
ဟုတ်ကဲ့ရှင့်…..မေမေဟာ ဂျပန်တော် လှန်ရေး တုန်းက သေနတ်ကိုင်တိုက်ခဲ့တာတဲ့။ ပြီးတော့ ဖေဖေနဲ့အတူ အင်ကြင်းမြိုင်ပုံနှိပ်တိုက်လုပ်ငန်းကို ဦးစီးပြီး လုပ်လာခဲ့တာတဲ့။ အာရုဏ်ဦး သတင်းစာ ခုထက်ထိ ထွက်နိုင်နေတာလည်း ကျွန်မရဲ့ မေမေကြောင့်ပဲ။
ဟုတ်ပါတယ်…ဆရာကတော် ဟာ ခုထိ ယောက်ျားကြီး တစ်ယောက် လို မားမားမတ်မတ်နဲ့ ဦးဆောင်နေလို့ အာရုဏ်ဦး သတင်းစာဟာ အသက်ရှည်နေရတာ ပေါ့ဗျာ။ ဒါထက် လဲ့ဝင်း ဒီမှာ ကြည့်ပါဦး….ကျွန်တော် စီထားတဲ့ စာအုပ်တွေ ကောင်းရဲ့ လားလို့..
ကောင်းပါတယ်…
ကျေကော ကျေနပ်ရဲ့ လား…
ကျေနပ်ပါတယ်…
လဲ့ဝင်း စကားဆုံးလျှင် ဆုံးချင်း ဗြုန်းဆို ထိုသူသည် လဲ့ဝင်းအပါးမှ ထွက်ခွာသွားလေ သည်။ ထိုသူမှာ ဘာမပြော ညာမပြောနှင့် စာကြည့်ခန်းထဲမှ ထွက်ခွာသွားကာ တစ်ခါတည်း ပြန် သွားဟန်တူသည်။ လဲ့ဝင်းအား လောကွတ်ပျူငှာ နှုတ်ဆတ်ခြင်း မပြုဘဲ ထွက်သွားခြင်း ဖြစ်သည်။
အို….ဘယ်လိုလူပါလိမ့်
လဲ့ဝင်းသည် တိတ်တဆိတ် ညည်းညူ၍ ကျန်ရစ်ခဲ့လေသည်။
(၅)
ညအချိန် ရောက်သည့်တိုင်အောင် လဲ့ဝင်း သည် ထိုလူထူးထူဆန်း အကြောင်းကို တွေးနေ မိသည်။ ထိုလူနှင့် အတန်ကြာအောင် စကားဖောင်ဖွဲ့ပြောလိုက်မိသော်လည်း ထိုသူကို ဘယ်သူ ဘယ်ဝါမှန်း မသိလိုက်ရပေ။
သူသည် လဲ့ဝင်း၏ အဖေ ဦးထိန်ဝင်းအား ဆရာ ဟု ရိုသေခေါ်ပြီး မေမေ့ကိုလည်း ဆရာက တော် ခေါ်၏ ။ ဖေဖေနှင့်မေမေကို အတော် ကြည်ညိုလေးစားဟန် ရှိသည်။ ပြီးနောက် အဖေ၊ အမေ နှင့် ပက်သက်ပြီး သူတို့သား သမီးကိုလည်း အတော် ပင် စိတ်ဝင်စားဟန်ပြသည်။
သူ၏ အဆင်အပြင်ကား သားနားသော စာကြည့်ခန်းနှင့် မလိုက်အောင်ပင် နုပ်လေသည်။ ဟောင်းနွမ်းနေသော ပင်နီတိုက်ပုံ အင်္ကျီ၊ချည်လုံချည်နှင့် သူ၏ ရုပ်ရည် ကတော့ သနားကမား အရပ် ၅ပေ ၇ လက်မ ခန့် မနိမ့်မမြင့်၊ သွယ်နွဲ့သော ကိုယ်ဟန်ရှိသည်။ သို့ သော် ခိုင်မာသော လည်တိုင်၊ ကျယ်ပြန့်သော ပခုံးကား ယောက်ျားတို့၏ ဥပဓိရုပ် ပီသသည်။
အသား အနည်းငယ် ညိုသယောင်ယောင်ရှိသော်လည်း သူ၏ အသားမှာ ကြည်လင်ဝင်းပ သည်။ ကျန်းမာသန့်စင်ဟန်ရှိသည်။ ကျယ်သော နဖူးပါးရရားကားသော နားရွက်များ အထူးပင် ကြည်လင်၍ စူးရှ တောက်ပြောင်သော မျက်လုံးများ ကား သူ၏ ထူးခြားသော ရုပ်ရည်လက္ခဏာ ပင်တည်း။ သူ၏ မျက်လုံးငယ်အိမ် လှုပ်ရှားမှု မှာ လျင်မြန်၏ ။ သူ၏ အကြည့်မှာ ဖျတ်လတ်သည်။ မြင့်မားသော နှာတံနှင့် မိန်းမများ လို သဘာဝ နီထွေးသော နှုတ်ခမ်းရှိသည်။
သူ၏ အ၀တ်များ နုနံ့နဲ့ မှေးမှိန်ကာ ဘိုကေဆံစများ မှာ လည်း ဖရိုဖရဲ ကောင်းမွန်စွာ ဖီးသင်ထားဟန် မတူ။ သို့ နှင့်ပင် ဤသားနားသော စာကြည့်ခန်းစာအုပ်စင်မှာ ဘိုလ်ဒင်းရေး သော ဘောဂဗေဒ စစ်တမ်း စာအုပ်ထူကြီးကို သဲသဲမဲမဲ ဖတ်နေသည်။ စကားပြောတော့ မပြော၊ ပြောမည့် ပြောတော့လည်း ရေပက်မ၀င်အောင် ပြောတော့သည်။
သူ၏ စကားများ ကို နားထောင်ရသည်မှာ တော် တော် ပင် ကန့်လန့် နိုင်သည်။
ရိုင်းတယ်ဆိုတာ ဘာကိုပြောတာလဲ
သူ၏ ဂွကျကျ အမေး။
လူတစ်ဖက်သားကို စိတ်အနှောင့်အယှက် ဖြစ်စေတဲ့သူဟာ ရိုင်းတဲ့လူပဲ မဟုတ်လား။ ခင် ဗျား ကျွန်တော့် ကို အနှောင့်အယှက်ပေးနေပြီ။
ထို့ပြင်…
ခင်ဗျားဘက်က ကျွန်တော့်ကို ရိုင်းတယ်ဆိုတာလည်း ၀န်ခံပေါ့ဗျာ။
ရှိပါစေလေ….မိန်းမဆိုတာ ၀န်ခံဖို့ အလွန်ဝန်လေးတဲ့ သတ္တ၀ါပဲ….
စသော သူ၏ ထင်မိထင်ရာ စကားလုံးများ
သြော်…..လဲ့ဝင်းတဲ့လား….တော် တော် ချစ်ဖို့ကောင်းတဲ့ နာမည် ပဲ၊ လူကလည်း ချစ်ဖို့ကောင်းတာပဲလေ…။
ဟူသော စကားတို့ကို အမှတ်ရနေမိသည်။
လူလည်း ချစ်ဖို့ကောင်းတာပဲလေ…..ဟူသော လူပျို၊ လူရွယ်က တစိမ်းမိန်းကလေးကို မပြောအပ်သည့် စကားကိုပင် လွယ်လွယ်ကူကူပြောချခဲ့လေသည်။ ပြီးတော့ သူ့မျက်နှာထားက တည်တည်ပင်၊ သူကား ဘာကိုမှ အမှု ထားဟန် မတူပေ။ ပတ်ဝန်းကျင်ကိုလည်း ဂရုမစိုက်၊ ဘယ်လို လူစားပေနည်း။
သူပြောချင်ရာများ ကို စွတ်ပြောခဲ့ပြီးမှာ သူ့ကိုယ်သူ ဘယ်သူဘယ်ဝါ ဆိုတာပင် ထုတ်ဖော် ပြောမသွားခဲ့ပေ။ လဲ့ဝင်းက မေးဖို့ သတိမရသည့်တိုင်အောင် “ကျွန်တော် ဟာ ဘယ်သူဘယ်ဝါပါ “ ဟု ပြောသွားဖို့တော့ သင့်သည်ဟု ထင်သည်။ ယခုတော့…..လဲ့ဝင်းအား စကားပြောရာမှ “ကျွန်တော့် ကို ပြန်ခွင့်ပြုပါဦးဗျာ” ဟူသော နှုတ်ဆတ်စကားကိုပင် ပြောသွားဖော်မရဘဲ ဗြုန်းဆို ပြန်သွားခဲ့လေသည်။
လဲ့ဝင်းသည် သူ့မေမေအား ထို လူထူးလူဆန်းအကြောင်းပြောပြရန် အခွင့်အရေး ကိုသာ စောင့်မျှော်နေသည်။ မေသက်ကား မအား၊ မေသက်မအားလပ်လျှင် လဲ့ဝင်းသည် အနားမကပ်ရဲ ပေ။ မေသက်သည် စားပွဲငယ်တစ်ခုပေါ်တွင် ခေါင်းမဖော်ဘဲ စာရေး နေသည်။ သတင်းစာခေါင်း ကြီး ရေး နေဟန်ရှိသည်။ ညအမှီ ရေး ရသည့်အတွက် ဆက်တိုက်ရေး နေသည်။ အောက်ထပ်တွင် ကားမောင်းသူ ကိုစံသည် တ၀ါးဝါးနှင့် သန်းရင်း စောင့်နေရှာသည်။
ခါတိုင်းတော့ သည်လောက်ကြာအောင် စောင့်ရလေ့မရှိ၊ မေသက်ကိုယ်တိုင် တိုက်သို့ သွား ရင်း ရေး ခဲ့သည်သာ ဖြစ်သည်။
လဲ့ဝင်းသည် သူ့မေမေ မေသက်အား စောင့်ရင်းပင် စာဖတ်နေရာမှ စာအုပ် ရင်ဘတ်ပေါ် တင်ပြီး တရှူးရှူးနှင့် အိပ်မောကျသွားတော့သည်။
“သူဟာ မေမေတို့ အရုဏ်ဦး သတင်းစာတိုက် ညအယ်ဒီတာပဲ။ လခလေးနည်းနည်း နဲ့ မေမေတို့တိုက်ကို အများ ကြီး အကူအညီပေးနေတဲ့ သူငယ်ပဲ။ သမီး သူ့ကို ခုလို ခပ်ထန်ထန် ဆက်ဆံလိုက်တာ သိပ်မှားတယ်”
မေသက်သည် လဲ့ဝင်း၏ ဆံပင်ကို ဖြီးပေးရင်း ပြောလိုက်လေသည်။ခေါင်းလျှော်ပြီးစ လဲ့ဝင်းဆံပင်သည် ပို၍ မဲနက် တောက်ပြောင်နေသည်။
အင်ကြင်းပင်အောက်တွင် မြေပေါ် အသေတိုင်စိုက်ကာ ပြုလုပ်ထားသော ခုံတန်းရှည်ပေါ် ၌ ထိုင်ချရင်း သားအမိနှစ် ယောက် လုံး စကားလက်ဆုံကျနေသည်။ မေသက်သည် လဲ့ဝင်း၏ ဖြူဝင်းသော အသား၊ ရှည်သွယ်သော အရပ်ကို ငေးကြည့်ကာ …….”သူ့အဖေရုပ်အတိုင်းပဲ” ဟု တွေးမိပြီး သက်ပြင်းချလိုက်လေသည်။
“သြော်……ခက်ပါဘိ သမီးရယ် ၊ သမီးက သူ့ကို တော် တော် မကျေနပ်နေတာကိုး…..”
သည်တော့ မေသက်သည် သက်ပြင်းတစ်ချက် ချလိုက်မိပြန်သည်။ လဲ့ဝင်း၏ ဖေဖေ ကိုထိန်ဝင်းကို ပြေး၍ သာ မြင်ယောင်မိတော့သည်။ နှစ် ခြိုက်သနည်းဆိုသော် သမီးလဲ့ဝင်းနှင့် ရည် မှန်းသည့် အထိပင်တည်း။ မေသက်မှလွဲ၍ ဘယ်သူမှ ထုတ်ဖော်မပြောသော်လည်း ကိုဥာဏ်ဦးကို အိမ်သို့ ခေါ်၍ သမီးနှင့် မိတ်ဆွေ ဖြစ်စေရန်ပင် ကြံသေးသည်။
ကိုထိန်ဝင်း ထောင်ကျပြီးသည့်နောက် သည်အကြံမှာ တမဟုတ်ချင်း ပျက်ပြယ်သွားခဲ့ သည်။
ယခုတော့မူ ထိုလူငယ်နှစ် ယောက် သည် ဆုံကာ ဆုံပါ၏ ။ သို့ သော် သူတို့အဖေ အလိုအတိုင်း မဟုတ်မူပဲ လဲ့ဝင်းက ကိုဥာဏ်ဦးအပေါ် အထင်အမြင်သေးခြင်း၊ မကျေနပ်ခြင်းဖြင့် သာ ရင်ဆိုင်နေရသည်။
ပြီးတော့……သူ့ကြည့်ရတာ တော် တော် လေးနွမ်းပါးပုံရတယ်….။
“နွမ်းပါးဆို မိဘလည်း မရှိဘူး၊ သူ့ဘကြီးက ကျောင်းထားပေးတာတဲ့……၊ ကိုးတန်းအောင် တော့ သူ့ဝမ်းသူကျောင်းပြီး ဆယ်တန်းဖြေရော၊ အင်္ဂလိပ်စာနဲ့ ဂဏာန်းသင်္ချာ ဂုဏ်ထူးရတယ်၊ ဒါ တောင် မြန်မာစာက အမှတ်ပေးနည်းလို့။ မြန်မာစာ အရေး သိပ်ကောင်းတယ်….ကဗျားလည်း နိုင် နင်းပုံရတယ်…..”
“ဒီလိုဆိုတော့ အတော် ထူးချွန်တာပေါ့…..”
“ထူးချွန်ဆိုရင် အိုင်အေတုန်းကလည်း လောဂျစ်ကို ဂုဏ်ထူးနဲ့ အောင်ပြန်ရော၊ ဒါတောင် သူ့ဝမ်းစာ သူ ကျောင်းနေရတာ နဲ့ ကျောင်းမှန်မှန် တက်ရတယ် မရှိဘူးတဲ့ကွယ်။ အဲဒီ လို ကိုယ့်ဒူးကိုယ်ချွန် အရည်အချင်းမျိုးကို သမီးဖေဖေက သိပ်သဘောကျတာ………”
မေသက်သည် ပြောပြီးနောက် တတိယမ္ပိ သက်ပြင်းချလိုက်မိပြန်သည်။ “သူတို့ အဖေသာရှိရင် …” ဟူသော အတွေးသည် ရင်ထဲ ခိုဝင်လာသည့်အပြိုင်နက် စိတ်များ လေးလံ၍ သွားလေသည်။
သည်အခါမျိုး၌ မေသက်သည် သူ့ယောက်ျားနှင့် ပက်သက်သော အကြောင်းအရာများ ကို တပုံတပင် တွေးဖို့ ဖြစ်လာလေတော့သည်။
(၇)
၁၉၃၆ ခုနှစ် …..
ဟောင်းရက်တွေ ရင့်ကြွေခဲ့ပြီ ဖြစ်သည်။ ကြာတော့ ကြာခဲ့ပြီ။ အနှစ် ၂၀ ကျော်ကျော် ဝေးစွာ သော အတိတ်ရပ်က အ ဖြစ်ဟောင်းပေတည်း။
ပြာဆိုဆုတ်၍ တပို့တွဲ ဆန်းသည် ဆိုလျှင်ပင် ရန်ကုန်တက္ကသိုလ်နယ်တစ်ခိုနှင့် မြန်မာပြည်အရပ်ရပ် အထက်တန်းကျောင်းများ သို့ လေမုန်တိုင်းကြီးတစ်ခု ကျရောက်ခဲ့လေသည်။ မုန်တိုင်းထန်၍ လှိုင်တံပိုး ထလာခဲ့လေသည်။
ကျောင်းသားခေါင်းဆောင်တို့သည် မြန်မာပြည် ကိုလိုနီပညာရေး စနစ်ကို အပြင်းအထန် တိုက်ကြလေသည်။ကိုလိုနီပညာကို “ကျွန်ပညာ” ဟု သတ်မှတ်ကာ ကျောင်းသားအပေါင်းက အတိုက်အခံ လုပ်ကြသည်။ ကျွန်ပညာ ဟု ဆိုလည်း ဆိုလောက်စရာပင်။
မြန်မာပြည်တွင် ကျောင်းအမျိုးအစားခွဲ၍ ကျောသား ရင်သား ခွဲသော ပညာ။
မြန်မာ၊ အင်္ဂလိပ် (Vernacu lar,Anglo Vernacular, English Schools) စသော ကျောင်းများ ကိုခွဲ၍ အင်္ဂလိပ်ဘာသာ တတ်ကျွမ်းသူမှ အရေး ပေးသော ပညာ။
သက်မွေးဝမ်းကျောင်း လုံလောက်အောင် မပေးသော ပညာ။
အင်္ဂလိပ်စာသာ အဓိက၊ အင်္ဂလိပ်စာသာ ကိုးကွယ်ရာ၊ အင်္ဂလိပ်စာသာ မြတ်နိုးရာဟု သတ်မှတ်ကြသော တစ်လမ်းသွားပညာ။
မျက်နှာကြီးရာ ဟင်းဖတ်ပါ၍ အင်္ဂလိပ်အလိုတော် ရိများ သာ အခွင့်သာခဲ့သော ပညာ။
စာမေးပွဲအောင်လျှင် မြို့အုပ်၊ ၀န်ထောက် အလွန်ဆုံး ဖြစ်၍ စာရေး ၊ စာချီ လခစားလုပ် ရကာ၊ အင်္ဂလိပ်အရာရှိများ ကို ရှိခိုးဦးတင်ပြုရသော ကျွန်ပညာ။
ဤကျွန်ပညာခေါ် ကိုလိုနီပညာကို ရှုံချသော အားဖြင့် ကျောင်းသားတို့ သပိတ်မှော က်ကြ လေသည်။
သပိတ်မှော က်ခေါင်းဆောင်များ သည် စာတန်းများ လိုက်လံဝေငှ၊နံရံကပ်လျက် ၊အနယ် နယ် အရပ်ရပ်သို့ လှည့်ကာ တရားဟော ထွက်ကြလေသည်။ သင်္ဘောဦးပိုင်းမှ ရေလှိုင်းသည် နှစ် ဖြာကွဲ၍ ရေစက်များ လွင့်စင် တက်လာလေသည်။
ရေပန်းများ သည် စိန်ပွင့်များ ပမာ။ပြိုးပြက်လျက် မေသက်၏ မျက်နှာကို လာ၍ စင်သည်။ ရေစက်နှင့် ထိတွေ့ ရသော မေသက်၏ မျက်နှာလေးမှာ လန်းဆန်းနေသည်။ မေသက်သည် မအူ ပင် ရုပ်ရှင်ရုံ၌ ပရိသတ်များ အား တရားဟောရန် စကားလုံးများ ကို ရှာဖွေနေသည်။ လက်တွင် ကိုင်ထားသော စာရွက်ငယ်မှ အချက်အလက် အတိုချုပ်ကိုလည်း မှတ်သားနေသည်။
“ဘယ့်နှယ် မမေသက်…..စကားလုံးတွေ ရွတ်ဖတ် နေပြီလား”
ကျောင်းသားခေါင်းဆောင် ကိုလှဖေက သင်္ဘောဦးပိုင်းသို့ လျှောက်လာကာ နှုတ်ဆတ်လေ သည်။
“ပွဲမတိုးဖူးတော့ ကြိုးစားရတယ်ရှင့်….”
“ကြိုးစားပေး……..ကြိုးစားပေး……မိန်းကလေးက ဟောတယ်၊ ပြောတယ်ဆိုတော့ ပိုထိ ရောက်တာပေါ့ဗျာ…..”
မေသက်သည် ကိုလှဖေနောက်မှ ပါလာသူကို အမှတ်မထင် လှမ်း၍ ကြည့်မိလေသည်။ထို သူသည် အဝေးကပင် မြင်နိုင်ပါသည် ဆိုသော ရုပ်ရည်မျိုး ဖြစ်သည်။ အရပ် ၅ ပေ ၁၁ လက်မခန့်ရှိ ၍ ၆ပေ ပြည့်ရန် ၁ လက်မသာ လိုတော့သော အတော် ပင်မြင့်သော အရပ်ရှိသည်။ အသားသည် ပန်းသွေးရောင် ထအောင် ဖြူရကား၊ အသားအတော် ညိုသော (၀ါ) မည်းသည်ဟု ဆိုနိုင်သော ကိုလှဖေနှင့် တခြားစီ ဖြစ်သည်။
“ကျွန်မစိတ် ကတော့ သိပ်သန်တာပဲ”
“ကောင်းပါတယ်ဗျာ…..ကျွန်တော် တို့က ခင်ဗျားကို တော် တော် အားကိုးတာ၊ ဒါထက် မိတ်ဆက်ပေးရဦးမယ်၊ ကျွန်တော် တို့ရဲ့ ခေါင်းဆောင်ကြီးကို ကိုထိန်ဝင်းဆိုတာလေ….သိတယ်မ ဟုတ်လား”
“သြော်….ကြားဖူးပါတယ်ရှင်၊ တွေ့ ရတာ ၀မ်းသာပါတယ်”
“ဒီနှစ် ခဏကျောင်းက ထွက်နေရတယ်….” ဟု ကိုလှဖေကဆိုဆဲ……
“ကျောင်းစရိတ် မတတ်နိုင်လို့ ဆိုပါတော့ဗျာ….”
ကိုထိန်ဝင်းက ပွင့်လင်းစွာ ပင် ကြားဖြတ် ၀င်၍ ပြောလိုက်လေသည်။
“သြော်…..သြော်”
မေသက်က ကရုဏာသက်စွာ ထိုသူအား ငေး၍ ကြည့်လိုက်သည်။ ပကတိ နီမြန်းသော မိန်းကလေးများ ၏ နှုတ်ခမ်းပမာ နီထွေးသော ထိုသူ၏ နှုတ်ခမ်းတွင် ညင်သာသော အပြုံးကို တွေ့ မြင်ရလေသည်။ထိုသူ၏ အပြုံးသည် သိမ်မွေ့၍ နှစ် လိုဖွယ် ရှိလေသည်။
“မမေသက် သူ့စာတွေ ဟာ ဖတ်ဖူးမှာ ပေါ့….မင်းကျော်ခေါင်နာမည် နဲ့ ဆောင်းပါးတွေ ရေး တယ်လေ”
“သြော်…..အဲဒီ က မင်းကျော်ခေါင် လား….ကျွန်မ အင်မတန် လေးစားတဲ့ ဆောင်းပါးရှင်ပါပဲ။လင်းအာရုဏ်ဦး ရယ်၊ ဒေါင်းကအိုးဝေ ဆိုတာရယ် ၀တ္တုရေး သေးတယ် မဟုတ် လား၊ ပြီးတော့ တက်လူ၊ ဒို့ပြေ ဒို့မြေ အရင်းစစ် အမြစ်မြေက ဆောင်းပါးတွေ ကိုလည်း ကျွန်မ သိပ်သဘောကျတာပဲ။ကျွန်မဖြင့် နဂါးနီတိုက်ကတစ်ဆင့် စာရေး မလို့ စိတ်ကူးနေတာ၊ တွေ့ ရတာ အတော် ပါပဲ….”
“ကျေးဇူးတင်ပါတယ်ဗျာ……ဒီလို ဂရုတစိုက် ဖတ်တယ်ဆိုတော့ ၀မ်းသာစရာကြီးပဲ၊ ကျေးဇူးတင်ပါတယ်……”
သူသည် သူ၏ အောင်မြင်ပြတ်သားသော အသံဥသြကြီးနှင့် အားပါးတရ ပြောလိုက်လေ သည်။
“ကိုင်း….မမေသက်၊ ခင်ဗျားလိုချင်တဲ့ အချက်အလက်တွေ နဲ့ ပတ်သက်ပြီး ကိုထိန်ဝင်းနဲ့ ဆွေးနွေးပေတော့၊ ကျွန်တော် သွားလိုက်ဦးမယ်……”
ကိုလှဖေသည် လျင်မြန်ပေါ့ပါးစွာ ပင် သင်္ဘောပဲခန်းဖက်သို့ ထွက်ခွာသွားလေသည်။
“ဆို….ကျွန်တော် ဘာအကူအညီပေးရမလဲ…”
ကိုထိန်ဝင်းသည် မေသက်အား စူးစူးစိုက်စိုက်ကြည့်ကာ မေးလိုက်လေသည်။ ကိုထိန်ဝင်း ၏ မျက်လုံးများ သည် စူးရှတောက်ပြောင်လေသည်။နဖူး မကျဉ်းမကျယ်၊ မျက်ခုံး အနည်းငယ်ပါး သော်လည်း သွယ်တန်းမြင့်မားသော နှာတံရှိလေသည်။ ထူဝန်း၍ လုံးသော နှုတ်ခမ်းတို့အား ပက တိ နီထွေးနေသည်။
မေသက်သည် သူ့အား ဖျက်ခနဲ လှမ်းကြည့်ပြီး ရေပြင်ကို ငေးစိုက်နေလိုက်သည်။မြစ်ရေ မှာ ၀ါကျန့်ကျန့် နီကျင်ကျင်နှင့် နေရောင် အောက်တွင် ပြိုးပြက်တောက်ပနေသည်။ လှိုင်းဖြူဖွေးဖွေး သည် တလိမ့်လိမ့် ဂယက်ရိုက်လျက်၊ ဗေဒါပင်တို့သည် အစုလိုက် အပြုံလိုက် မျောလာသည်။
ခရမ်းပြာပြာ ပန်းဗေဒါတို့သည် ၀ဲဂယက်အကြားတွင် လူးလှိမ့်ကာ လှိုင်းစီးရင်း မြူးထူးနေဟန်ရှိသည်။
အလွန်ုဖြူသော အသားနှင့် မှိုင်တိုင်းတိုင်း ညီသော ပင်င်္နီမှာ လိုက်ဖက်ပေသည်။ ယောလုံ ချည်အနက်ကို ၀တ်လျက်ထားရာ အသားမှာ ပို၍ ပင် ပေါ်လွင်နေသည်။
မေသက်က သူ့အား အကဲခတ်သလို ကြည့်နေသော အခါ သူသည် ဆိပ်ကမ်းမှ တရိပ်ရိပ် ပြေးရင်း ကျန်ရစ်သော သစ်ပင်များ အား ငေးနေသည်။
“ကျွန်မတော့ ကိုလိုနီပညာရေး နဲ့ ပတ်သက်ပြီး လူငယ်လူရွယ်လေးတွေ နားလည်အောင် ဘယ်လို ဥပမာမျိုးတွေ ပေးရမလဲဆိုတဲ့ အကြံဥာဏ် လိုချင်တာပါပဲ…”
“ခင်ဗျား ဗျာ…….ရှည်ရှည်ဝေးဝေး မစဉ်းစားးနဲ့ ၊ နေ့စဉ် ကြုံတွေ့ နေရတဲ့ ပြဿနာတွေ ပဲ တင်ပြဦးတော့ဗျာ၊ ဥပမာ…အင်္ဂလိပ်စာတတ်မှ လူရာဝင်အောင် လုပ်ထားတော့ မြန်မာကမွေးတဲ့ မြန်မာသားသမီးတွေ ပေမယ့် လိမ္မော်သီးဖွင့်ပေးပါ၊ ဒိဥစ္စာ မြန်မာလို ဘာခေါ်ပါလိမ့်ဆိုတာတွေ ဖြစ်လာတာ၊ ရန်ကုန်မြို့မှာ ဆိုရင် အင်္ဂလိပ်စကား မပြောနဲ့ ဦး ….ကုလားစကား မတတ်ရင်တောင် လူရာဝင်တာ မဟုတ်ဘူးဗျ… ”
“သြော်….ဟုတ်ပြီ…..ဟုတ်ပြီ၊ ကျွန်မ အကြံရပြီ။ ပညာရေး ဆိုတာလည်း အုပ်ချုပ်ရေး နဲ့ တွဲ နေတော့ အင်္ဂလိပ်ကိုလိုနီအုပ်ချုပ်ရေး နဲ့ လျော်ကန်သင့်မြတ်တဲ့ ပညာရေး ကိုသာ သူတို့ အားပေးတာပေါ့၊ဒါကြောင့်သာ ဒီ ကျွန်ပညာရေး ကို သူတို့ အသက်သွင်းနေတာပဲ”
“ကျောင်းသားတွေ ပင်ကိုယ်အရည်အသွေး ဖော်ထုတ်ခွင့်မရဘူး၊ ဥပမာ-ဆိုပါတော့ဗျာ…. ကျွန်တော့် ကိုယ်တွေ့ ပါပဲ၊ ကျွန်တော် အိုင်အေ နှစ် တွေ တုန်းက စက်မှု လက်မှု အရေး တော် ပုံ သင် ရတာ ကိုဗျ။ သူတို့က အင်္ဂလန် တိုင်းပြည်ကြီးဟာ ဘယ်လောက် ထွန်းကားလာသလဲ၊ စက်မှု ထွန်း ကားလို့ ကြီးကျယ်လာတာပဲသင်တာ….”
“ဒါပေါ့ရှင်….သူတို့ ကြီးကျယ်တယ်ဆိုတာလောက်နဲ့ ကျောင်းသားရဲ့ အတတ်ပညာ ကုန်နေတာ….”
“ကျွန်တော် က ရာဇ၀င်လေ့ကျင့်ခန်းမှာ စက်မှု လက်မှု ထွန်းကားလို့ အင်္ဂလန်တိုင်းပြည် ဟာ လောဘကြီးလာတာ၊ နယ်ချဲ့တာ၊ နယ်ချဲ့စစ်ပွဲတွေ ပေါ်ပေါက်လာတာ၊ လက်အောက်ခံနိုင်ငံ များ သိမ်းသွင်းကြတာကို ရေး တော့ မျက်နှာဖြူဆရာဟာ မျက်နှာကြီးကိုနီပြီး ကျွန်တော့်ကို ယူဖူး(လ်) လို့ ဆဲရေး တော့တာပဲဗျာ….”
“ဒါလောက်တောင်ပဲလား….”
“ကျွန်တော် က နယ်ချဲ့စနစ် Colonism အရင်းရှင်စနစ် Capitalism ဆိုတဲ့ စကားလုံးတွေ ကို ရေလဲနဲ့ သုံးတာကို မှင်နီတားဖျက်လို့ဗျ။ ကျွန်တော် စာစီစာကုံးကို သုညပေး တော့တာပဲဗျို့။”
“ ဖြစ်မှ ဖြစ်ရလေရှင်……သိပ်သိတာပဲနော်…..”
“ကျွန်တော် ကလည်း ကျောင်းသားတွေ ရှေ့မှာ ပဲ သူ့ကိုထမှု တ်ခဲ့တယ်၊ ကျွန်တော် ရဲ့ အမြင် မှန်အပေါ် ခင်ဗျား ဆုချတာကို ကျေးဇူးတင်ပါတယ်” လို့။
မေသက်က ရယ်မောနေသည်။
တစ်ခဏချင်းပင် သူတို့နှစ် ဦးသည် ရင်နှီးသော မိတ်ဆွေများ ဖြစ်လာကြလေသည်။
“ဒီအချက်တွေ လည်း ကျွန်မ မှတ်ထားရမယ်”
“ခင်ဗျားကို ချီးကျူးပါတယ် မေသက်”
သူသည် အများ ခေါ်သလို မမေသက်ဟု မခေါ်ဘဲ မေသက် ဟုပင် ရင်းရင်းနှီးနှီး ခေါ်လေ သည်။
“ဘာ ဖြစ်လို့ပါလိမ့်ရှင်”
“သြော်…..မိန်းကလေး တစ်ယောက် အနေနဲ့ သပိတ်အတွက် အင်တိုက်အားတိုက် ပါဝင်ပြီး တာဝန်ထမ်းနေတာကို တွေ့ ရလို့ပါ….”
“ကျွန်မရဲ့ စိတ်က သိပ်ထက်သန်တယ်၊ ဒါပေမဲ့ …..”
“ဟုတ်ကဲ့…..ဆိုပါဦးဗျာ”
“မိန်းကလေးဆိုတော့ မလွတ်လပ်ဘူးရှင့်….”
“သြော်…..သြော်…..”
“ခုတောင် ညီမ၀မ်းကွဲကို အဖော်ထုတ်လိုက်တာရှင့်၊ ကျွန်မ လုပ်ချင်တဲ့ အလုပ်တွေ နဲ့ ခေတ်မမီတဲ့ မိဘတွေ နဲ့ တစ်ခါတစ်လေ သိပ် စိတ်ညစ်တာပဲ….”
မေသက်က ညှိုးငယ်စွာ ပြောလိုက်လေသည်။ ကိုထိန်ဝင်းသည် မေသက်အား ငိုင်ကာ ကြည့်နေမိသည်။
မိုးပြာရောင် ဟံဇားနုနုအင်္ကျီ၊ ပန်းရင့်ရောင် ပခုက္ကူလုံချည်ကို ၀တ်ထားသော မေသက်မှာ သွယ်သွယ်လျလျနှင့် နွဲ့နှောင်းသသော ကိုယ်ထည်ရှိလေသည်။ အသားညိုစိမ့်စိမ့်နှင့် နုထွတ်ချော မွတ်သော အရေပြား ရှိလေသည်။ သူ၏ နုဖူးမှာ ပြေပြစ်၍ မျက်လုံး မျက်ဖန် အလွန်လှသည်။ မျက် လုံးမှာ ၀ိုင်းစက်တောက်ပသည်။ မျက်ခုံးမှာ ကွေးကွေးလေး ခုန်းနေသည့်အပြင် မျက်တောင်များ မှာ ရှည်ကာ ၀န်းဝိုက် ကော့ထောင်နေသည်။
နှာတံသေးသွယ်၍ ဖြောင့်စင်းပေါ်လွင်လေသည်။ နှုတ်ခမ်းလေးများ သည် သွားမပေါ်ဘဲ လျက်ပင် အဖျားနှင့်ဖက်ကော့ကာ နှုတ်ခမ်းကို နဂိုပြုံးနေသည်ဟု ထင်ရလေသည်။ တစ်ခါတစ်ရံ မျက်မှော င်ကြုတ်ကာ နှုတ်ခမ်းကို ချွန်၍ စကားပြောတတ်သဖြင့် မဟုတ်မခံတတ်သော ဇက်ဇတ် ကျဲ ထက်မြက်သူဟူ အလွယ်တကူပင် ခန့်မှန်းနိုင်လေသည်။
“ခင်ဗျား ဒီနှစ် မှ ယူနီဗာစတီ ရောက်တာလား…”
“ဟုတ်ကဲ့ရှင်…..ကျွန်မဖွားအေနဲ့ အမေကဆိုရင် ကောလိပ်ပို့ရင် ပျက်ဆီးမယ်၊ ဘာမယ်ဆိုပြီး ကျောင်းတောင်မထားဘူးလို့ နေနေတာ၊ ကျွန်မက ကောလိပ်မတတ်ရရင် ထွက် ပြေးမယ် တကဲကဲလုပ်လို့ ပို့ထားတာ…. ”
“ခင်ဗျား ခုအသက် ဘယ်လောက်ရှိပြီလဲ။သြော် ….ရိုင်းတယ်လို့ မထင်ပါနဲ့နော်….”
“အသက် ၁၆ နစ် ပြည့်ပြီးပါပြီ”
“အသက်မှီသားပဲ၊ ကျွန်တော် ယူစီ လာခါစတုန်းက ၁၅ နှစ် ပဲ ရှိသေးလို့ အသက်လိမ်ဝင် တာ”
“ဒီနှစ် လည်း အသက်လိမ်ဝင်တာ ရှိသေးတယ် ထင်ပါရဲ့ ။ ကိုထိန်ဝင်းကျောင်းထွက်တော့ အသက် ဘယ်လောက်ရှိပြီလဲ”
“ကျွန်တော် ၁၈ နှစ် သားကျတော့ ဘီအေ ပထမနှစ်ရောက်ကရော၊ ခု ဆက်မနေနိုင်လို့ ထွက်တော့ နောက်ကျသွားပြီ။ နို့်မဟုတ်ရင် ၁၉ နှစ် နဲ့ ဂရက်ဂျူဝိတ် ဖြစ်မှာ ….”
“သိပ်နှမြောဖို့ကောင်းတာပဲ”
“ဘယ်နှယ်…ကျွန်ပညာကို အတိုက်အခံလုပ်ပြီးဟောမယ့် ဆရာမ ကြီး၊ ဒီကျွန်ပညာဟာ နှမြောစရာလားဗျာ…”
ကိုထိန်ဝင်းသည် ရယ်သွမ်းသွေးကာ ခနဲ့လေသည်။ မေသက်မှာ မျက်နှာနီလျက် အငိုက်မိ သွားကြောင်းဝန်ခံရန်……
“ဟုတ်တယ်…ကျွန်မ ကြောင်သွားတယ်။ ကျွန်ပညာ…ကျွန်ပညာ ၊ ဒါပေမဲ့လေ…အခွင့်သာရင် အဲဒီ ပညာကို ဆုံးခန်းတိုင်အောင် ယူဦးလေ။ နို့မဟုတ်ရင် ကျွန်မတို့မှာ ဒီဂရီမရှိသေးလို့ ကလော်တယ် ထင်နေဦးမယ်….”
ကိုထိန်ဝင်းကား စကားမပြန်ပေ။ တစ်စုံတစ်ခုကို လေးလေးနက်နက် စဉ်းစားနေပုံရလေသည်။သူ၏ အတွေးများ ကား အဘယ်မျှ လေးနက်သနည်း မသိ၊ အတန်ကြာပင် ငိုင်နေသည်။
ဒါပေမဲ့ ခုနေခါစမှာ ကျွန်တော် တို့ ကိုယ်ရေး ကိုယ်တာထက် ပိုအရေး ကြီးတဲ့ အကြောင်း တွေ က ရှိနေပြန်သည်။ ကျွန်တော် တို့ အများ အကျိုးအတွက် ကိုယ်ကျိုးကို ခေတ္တစွန့်လွှတ်ရလိမ့် မယ်။ ပြီးတော့ ကျွန်တော် တို့ အားလုံး မွန်မြတ်တဲ့ ရည်ရွယ်ချက်နဲ့ ချီတက်နေကြတယ် မဟုတ်လား။
ကိုထိန်ဝင်းက တည်ကြည်ခန့်ညားစွာ ပင် ဤသို့ ပြောလိုက်လေသည်။
မေသက်သည် ကိုထိန်ဝင်း၏ စကားကို လေးလေးနက်နက် စဉ်းစားနေမိသည်။ ယခုအတိုင်း သာဆိုလျှင် မိမိ၏ ကောလိပ်ပညာကို ဤတွင် တစ်ခန်းရပ်ရတော့မည် ထင်သည်။ အိမ်ကလူကြီး များ မျက်နှာကို ပြေး၍ သာ မြင်ယောင်မိတော့သည်။ ကောလိပ်ပညာကို သင်ချင်လှချေရဲ့ ဆို မရွှေ စာ၊ ခုတော့ ဒီပညာကိုပဲ ညည်းက သပိတ်မှော က်ရပြနသေး။ခုတစ်မျိုး ခုတစ်မျိုးနဲ့ ဘယ့်နှယ်လဲ အေ့…..ဘွားအေကြီးနှင့် အမေက ကက်ကက်လန် ပြောလိုက်မည့်  အမျိုး။
မေသက်…
မေသက်…မေသက်…ဘာတွေ များ စဉ်းစားနေသလဲ
ကိုထိန်ဝင်းခေါ်သည့်တိုင် ရုတ်တရက် မကြားဘဲ ရှိနေရာမှ မေသက်သည် လှုပ်လှုပ်ရွရွ ဖြစ်လာလေသည်။
ကျွန်မလား…
မေသက်က ရယ်နေသည်။
မေသက်၏ ခေါင်းထက် ဆံထုံးပုံ့ပုံ့တွင် သဇင်ခက် သုံးခက် သည် လှုပ်နေသည်။ သဇင်၏ ချိုမြမြရနံ့သည် သင်းပျံ့၍ လာလေသည်။
ကိုထိန်ဝင်းက ပြုံးလျက် မေသက်အား ငေးကြည့်နေသည်။
ကျွန်မ အခုလို ပညာတစ်ပိုင်းတစ်စ ဖြစ်သွားရင် ဘွားအေကြီးနဲ့ အမေ ဘီလူးဇာတ်ထွက်ြ ကတော့မှာ မြင်ယောင်လို့ အမေက ခုထိ စိတ်မထင်ရင် ထရိုက်တုန်း၊ ကျွန်မက လည်း တော် တော် ပေခဲ့တာ၊ အမေ ရိုက်ပြီလားဆိုရင် အံကြိတ်ပြီး မျက်ရည်တစ်ပေါက်မှ မကျပဲ နေ တာ၊ အို…အမေဆိုတာ ဒေါသထွက်လွန်းလို့ ဆွေ့ဆွေ့ခုန်နေတာပဲ။ အေးလေ….ကျွန်မကလည်း မကောင်းဘူး ထင်ပါရဲ့ …
ဒါ သားသမီး မိဘဆက်ဆံရေး မပြေပြစ်တာပေါ့။ ဘယ်သူ့အပြစ်မှ တော့မဟုတ်ဘူး။ ကျွန်တော် တို့ရဲ့ ဟောင်းနွမ်းဆွေးမြေ့တဲ့ ရှေးစနစ်တွေ ကြောင့်ပဲ။ မိဘဟာ သားသမီးကို နားလည်ရမယ်။သားသမီးရဲ့ အကောင်းဆုံးမိတ်ဆွေ ဖြစ်ရမယ်၊ ဟုတ်ရဲ့ လားဗျာ..။
ကိုထိန်ဝင်းသည် သူ၏ တွေးခေါ်ချက်ကို တင်ပြရင်း၊ တိုက်ပုံအင်္ကျီထဲမှ ဆေးပေါ့လိပ်ကို ထုတ်ကာ ပါးစပ်တွင် တပ်လိုက်သည်။
ဆေးလိပ်သောက်မယ်နော်…အနံ့ခံနိုင်ပါ့မလား….
ရပါတယ်…သောက်ပါ၊ ကျွန်မအနေနဲ့ အဘွားကဆို ဆေးပြင်းလိပ်တောင် သောက်တာ၊ကျွန်မ အမြဲ မီးညှိပေးရတယ်…
ဒါနဲ့ တောင် ဆေးလိပ် မသောက်တတ်ဘူးလား..
ဟင့်အင်း….မသောက်တတ်ပါဘူး၊ မိန်းကလေး ဆေးလိပ်သောက်တာလောက် ကျွန်မ မျက်စိထဲ ရိုင်းတာမရှိဘူး၊ဆေးပေါ့လိပ်သောက်ပြန်ရင်လည်း ရုပ်သိပ်ပျက်တာပဲ၊ ရုပ်အင်မတန်ရင့် စေတာ၊ ကျန်းမာရေး နဲ့ လည်း မကောင်းဘူး၊ စီးကရက် သောက်ပြန်ရင်လည်း သိပ်ကလက်တာပဲ၊ ကျွန်မ မကြိုက်ဘူး။
စကားလက်ဆုံ ကျနေဆဲမှာ ပင် မေသက်၏ ညီမ၀မ်းကွဲသည် ထမင်းစားရာမှ ပြန်လာလေ သည်။ မေသက်သည် သူ့ညီမ၀မ်းကွဲနှင့် ကိုထိန်ဝင်းကို မိတ်ဆတ်ပေးလေသည်။
ဝင်းဖန့်ဖန့် နေရောင် ခြည်သည် လင်းသည်ထက် လင်းလာလေသည်။ သင်္ဘောဦးပိုင်းတွင် လူများ တစ်စတစ်စ စည်ကားလာလေသည်။
![]() တေးသီလို့ ဖွဲ့မယ် | ![]() တစ်ခိုင် နှစ်ခိုင် နှင်းပန်းခိုင် | ![]() မပုံ့ အကြောင်း |