Cover

အခန်း(၁)

မပုံ့အကြောင်း

ဒုတိယအကြိမ်

ခင်ဆွေဦး

(၁)

မပုံ့ကို အဒေါ်ဆူတာ ညနေ ၆နာရီ ၁၁နာရီထိ ၅နာရီ တိတိကြာသည်။

နင့်ကို ငါမပြောချင်လို့ ကြည့်နေတာဆိုတာ ခဏခဏပါသည်။ မပြောချင်လို့ ကြည့်နေတာဆိုပြီး ပြောပြောဆူဆူလုပ်နေတာလည်း မရေတွက်နိုင်ပြီ။ နင့်ကိုငါ မကြည့်ချင်လို့ ပြောနေတာလို့ဘဲ ပြောရော ပေါ့ဟု စိတ်ထဲကလှောင်သလိုပြောသည်။

ဆူတဲ့အကြောင်းမေးပါဦး။ ဝတ္ထုဖတ်လို့တဲ့။ ကဗျာရေး လို့တဲ့။ ရည်းစားမထားတတ်တာ၊ ကျောင်းက လစ်ပြေးပြီး ရုပ်ရှင်ခိုးမကြည့်တတ်တဲ့အတွက် ချီးကျူးဘို့မကောင်းဘူးလားဟု အဒေါ်ကို မေးချင်သည်။ (၁ဝ)တန်းဖြေတာ သုံးခါရှိပြီ။ နောက်ထပ် ဘယ်နှစ် ခါ ဖြေအုံးမှာ လဲမေးတော့ မပုံ့ကလွတ်ခနဲ “ယောက်ျား မရမချင်း ဖြေတာပေါ့”ဟု ဖြေမိသည်။

သည်အဖြေကိုနှုတ်မှ တိုးတိုးလေးဖြေလျက်နှင့် ပင် ထင်းခွဲနေသော ဦးလေးက ကပ်ကပ် သပ်သပ် ကြားသည်။ သို့ ကြောင့် ထင်စနှင့် ထင်းစနှင့် အရိုက်ခံရတာ ကျောကော့သွားသည်။ မပုံ ကျောတွင် အရှိုးတွေ ဒဏ်ရာတွေ ထပ်သွားသည်။

အဒေါ်လုပ်သူက သည်လိုတောလည်း စိတ်မကောင်း။ မပုံ့ ကျောက ဒဏ်ရာတွေ ကို ပရုပ်ဆီနှင့် လှူးနယ်ပေးရင်း မျက်ရည်တွေ ကျနေသည်။ မပုံ့က တော့မငို၊ ထုံနေသလားမသိ၊ အသဲခိုက်အောင် စပ်နေသော ဒဏ်ရာတွေ အတွက်လည်း တချက်မှ စုတ်မသပ်၊ အံကြိတ်နေသည်။ အဒေါ်ကသာ ကရုဏာ ဒေါသော နှင့် “ နင်သိပ် ဒုက္ခပေးတာဘဲ” ညည်းနေသည်။

ဟင်ဆူတော့လဲ သူတို့၊ ရိုက်တော့လည်း သူတို့၊ နောက်ပြီး နင် သိပ်ဒုက္ခပေးတာဘဲတဲ့။ ငဖယ်က ပြောင်းပြန်။

အဒေါ်သည် သူ့ယောင်္ကျားကြီး အားရအောင် မကြာခဏ ဆူတက်သည်။ လူမှာ ဝဝလင်းမစားရ။ ကောင်းကောင်းမနေရ။ ကောင်းကောင်းမသွားရ။ ညကျောင်း၊ နေ့ကျူရှင်တွေ နှင့် အသက်ဘယ်လိုရှူလိုမှ မဝနိုင်တဲ့ ကျောင်းသားဘဝ။ ဘယ်သူကမှ စာနာခြင်းမရှိဟု မပုံတွေးသည်။

အဒေါ်က ပြောသေးသည်။ ဟိုဘက်ခြံမှ လေးလေးမိတို့များ မပုံနှင့် ရွယ်တူ၊ အသက် ၁၉နှစ် ။ မနှစ် က ဒီငါးလုံးနှင့် အောင်သည်။ ဒါတောင် မြန်မာစာက တစ်ပုဒ်လွဲဖြေလို့တဲ့။ နိုမဟုတ်လျင် ဂုဏ်ထူး ၆ခုရမှာ တဲ့။ ခုကြော့ကြော့မော့မော့နှင့် ဒေသကောလိပ်သို့ ရောက်နေပြီ။ မျက်စိရှေ့တွင် ဆရာဝန် ဖြစ်သွားမှာ ဘဲဟု အဒေါ်က ဝက်သားတုံးကြီး ဒူးခေါင်းလောက်ကို ပုံဖော်သည်။

“အော်… တူနိုင်မလား အဒေါ်ရယ်…”

မပုံ့ရင်ထဲတွင် စကားအဖြေတစ်ခုထပြောလိုက်သည်။ လေးလေးမိတွင် စာကျက်ရန်သာမဟုတ်၊ သူ့အတွက် စာကျက်ရန်၊ အလှပြင်ရန်၊ အိပ်စက် အနားယူရန်၊ အခန်းကျယ်ကြီး တစ်ခန်းသပ်သပ်ရှိသည်။ အားရှိရန် အဟာရ ဖြစ်စေမည့်  နို့၊ ထောပတ်၊ ကြက်ဥတွေ လည်း စားရသည်။ သွားရေး လာ ရေး အတွက်လည်း ကိုယ်ပိုင်ကားက နှစ် စီးတောင်။ ဗောက်(စ်) ဝက်ဂွန်း အဖြူလေးက တစ်စီး၊ လင့်ရိုဗာက တစ်စီး။ သူ့ညီမလေး နှစ် ခါလည်အရွယ်ကို ထိန်းဘို့နာနီက ငှားထားသေးသည်။

မပုံ့ညီမလေး နို့စို့အရွယ် မိပေါက်ကို ဘယ်သူထိန်းရမလဲ။ အဒေါ်ဈေးဝယ်ထွက်လျှင် သူဘဲသားသည်အမေလို ထိန်းကျောင်းရ။ ချီးသေးသုတ်ရ အဝတ်တွေ လျှော်ရသည်။ မိပေါက်က အငိုသန်၊ ငိုကြောရှည်။ မိပေါက်ငိုလျှင် ရတနာလမ်းတစ်ခုလုံး ကြွက်ကြွက်ညံ့သွားသည်။ အဒေါ်အသက်ကြီးမှ ရလာသော သားနှောင်း သား၊ မိပေါက်က ဆိုးလည်းဆိုးလှသည်။ မိပေါက်ကို ထမ်းလျှောက်ရင်း စာကျက်ခဲ့ရတာ တွေ ရော အဒေါ်မေ့နေပြီလား။

မေ့ပေါ့လေ။ မုန်းပါ မေ့ပါ ရက်စက်ပါ။ စိတ်သိပ်ညစ်သည့်အခါတွင် တော့ စိတ်ကိုဖြေလျော့ကာ ရယ်ချင်လာအောင် တောင်တွေးမြောက်တွေး တွေးသည်။ အဒေါ် ငါးနာရီကြာမျှ ဆူစဉ်တုန်းကလည်း ဟိုဟိုဒီဒီတွေးရင်း အဒေါ်ဆူနေသော ဝေါဟာရများ နားထဲမှလျံထွက်သွားသည်။ အဒေါ် စေတနာကိုတော့ နားလည်သည်။ သို့ သော်… မတက်နိုင်ပေ။

•••

အခန်း(၂)

(၂)

အတွက်ရယ်က သင်္ချာ

ကြင်နာတာက ဓါတ်လိုက်လို့၊

ရင်နာတာက မှော က်အိပ်လို့၊

အားလုံးခြုံကြည့်ရင်-

ဘာဘူစောင်က အကောင်းဆုံး။

ကိုရင်ပေးတဲ့ ရည်းစားစာ၊ ကြည့်ပါဦး။

ကိုရင့်နာမည် ရင်း ကတော့ မောင်လှထွန်း။ အသက်ကြီးမှ ရှင်ပြုပြီး ကိုရင် ဘဝမှလူထွက်တော့ (၁၀)တန်း ရောက်နေပြီ။ မပုံ့နှင့် အိမ်နီးချင်း ဖြစ်ရုံမက မပုံ့တို့လို အညာကျေးလက်သား။ တစ်အိမ်လုံးနှင့် သူငယ်ချင်းတွေ က ကိုရင်ခေါ်ပြီးနှုတ်ကျိုးနေပေပြီ။ ထို့ပြင် ကိုရင့်အမျိုးတော် သော ဆရာတော် ကုဏ္ဍလ အလိုကျ ၆လမျှသင်္ကန်းဆီးသည်။ လစ်လျှင်လစ်သလို ညနေစာခိုးစား သည်မျလွဲ၍ လိမ္မာသော ကိုရင်တစ်ပါးအ ဖြစ် နာမည် ကြီးသေးသည်။ ကိုရင့်အမေနှင့် မပုံ့တို့ ဦးလေးနှင့် အဒေးတို့ကအစ ကိုရင်။

မပုံ့ကလည်း “ကိုရင်” ဆိုတဲ့ အသုံးနှုန်းကိုချစ်လို့တဲ့။ ပြီးတော့လှထွန်းဆိုတဲ့ နာမည် ကြီးကလဲ တုံးလိုက်တာ။ မပုံ့ကြောင့် ပင် ညကျောင်းတစ်ကျောင်းလုံး ကိုရင်ဆိုတာ တွင် သွားသည်။

သည် ရည်းစားစာ မပေးခင် သူ့သူငယ်ချင်း မပုံ့နှင့် ဗေထိ၏ နာမည် ရင်းက ရွှေမိ။ ရွှေမိ (ဝါ) ဗေထိကလည်း ကိုရင်နှင့် မပုံ့တို့လို နှစ် ကြီးသမား။ သူငယ်ချင်းတစ်သိုက် ခပ်လောင်လောင်မို့ ဒီစာပေး ဖြစ်အောင် မြှောက်ပေးရုံမက ကဗျာကို ဖြည့်ရေး ပေးကြသေးသည်။

အတွက်ရယ်က သင်္ချာ

ကြင်နာတာက ဓါတ်လိုက်လို့၊

ရင်နာတာက မှော က်အိပ်လို့၊

အားလုံးခြုံကြည့်ရင်-

ဘာဘူစောင်က အကောင်းဆုံး။

အချုပ်အားဖြင့်ဆိုရရင် -

အင်းစိန်ထောင်ကအကျယ်ဆုံး။

မဆိုင်းမတွ ဇင်မမ လက်ထဲသို့ ရောက်သွားလေသည်။ဇင်မမမာနကြီလှတာကိုလည်း ချိုးချင်လို့တဲ့။ မရောက် ရောက်သည့်နည်းဖြင့် ပေးသည်။ မကြာလှပါချေ။ ဒီကဗျာသည် စာသင်နေသော ဆရာလက်ထဲသို့ ရောက်သွာသည်။

ကဗျာကို အတန်းထဲတွင် ဆရာကဖတ်ပြသည်။ တတန်းလုံး တဝါးဝါ ပွဲကျနေသော အခါ ကိုရင်ကနည်းနည်း မှ မရှက်။ သူကပါလိုက်ရယ်သည်။ သူရယ်သံက သူများ ထက် ပိုကျယ်သည်။

ကျောင်းသားတွေ ကို ရိုက်သည့်နေရာတွင် နာမည် ကြီးသော ဆရာက ကိုရင့်ကို ပေတံနှင့် ခေါ်ရိုက်သည်။ ကိုရင့်အဖို့ အယားဖျောက်သလိုရှိသည်။ သည်ကဗျာကို ဖြည့်ရေး ပေးသူ မပုံ့ကို ဆရာက ခေါ်ရိုက်သည်။

“နင် မိန်းကလေးတန်မဲ့နဲ့ သူများ ရည်စားစာပေးတဲ့ကြားထဲ ပါချင်အုံး”

“မိန်းကလေးမှ ပါလို့ကောင်း ဆရာ”

မပုံ့ပါးစပ်က ငြိမ်မနေနိုင်။ အားနှင့် ရိုက်လိုက်သော အခါ ဆရာ့ပေတံ မှာ ကျိုးသွားသည်။ မပုံ့၏ ညာလက်ဝါးမှာ နီသွားသော်လည်း ဦးလေးနှင့် အဒေါ်တို့ ရိုက်သလောက်မနာဟု မပုံ့ရင်ထကြ စိန်ခေါ်သော မပုံ့မျက်လုံးများ ကို လွှဲလိုက်ရသည်။ အာဂမာ မပုံ့ပေးတာကား။

“သုံးနှစ် ရှိပြီနော် မပုံ့”

“ဟုတ်ကဲ့ ဆရာ”

“နောက်နှစ် ဆိုရင်”

“လေးနှစ် ”

“အိမ်က ကျောင်း ဆက်ထားပါ့မလား”

“မသိဘူးဆရာ”

“မပုံ့ကရော ဆက်ဖြေမလား”

“ကျောင်းစရိတ်ပေးသရွေးတော့ ဖြေရမှာ ပေါ့”

“ဘယ်နှခါ ဖြေရမှာ လဲ”

ဆရာအမေးကို အဒေါ်မေးတုန်းကလို မဖြေလိုက်။ မပုံ့ ပါလိုက်သွားပြီ။ လေလံထိုင်းမှိုင်းသော ဆရာမျက်လုံးများ ကို စိုက်ကြည့်ရင်း ဆရာ့ကို သနားသွားသည်။ တော် နေ မြေဖြူတစ်ချောင်း၊ ပေတံတစ်ချောင်းနှင့် ဆရာ စာဆက်သင်ပေးဦးမည် ။ ဆရာ၏ နိုင်ငံသမိုင်းကို ဘယ်သူမှ စိတ်ဝင်စားခြင်းမရှိတော့ဘဲ ကျောင်းသားအုပ်စုဖွဲ့၍ နောက်နောက်ပြောင်ပြောင် လောင်သူလောင်ကြ အရုပ်ကာတွန်းရေး သူရေး ကြ၊ ကျားကွက်ချ ကစားသူကစားကြ၊ ဂဏန်းဗေဒင် တွက်သူတွက်ကြ၊ အတွဲ လေးတွေ စာအပြန်အလှန် ပေးသူပေးကြ၊ မှတ်စုစာအုပ်ရှေ့ချ၊ ဘောပင်ကိုင်ကာ ခေါင်းတညိတ်ညိတ် လုပ်ကြသူများ ထဲတွင် အယောင်ဆောင် တပည့်များ ကား ရာခိုင်နှုန်း (၇၀) မကပေးပြီ။

•••

အခန်း(၃)

(၃)

ညကျောင်းဝါရင့်လျက် အတွဲ မထားဘူးသော ဗေထိ၊ မပုံ့နှင့် ကိုရင်တို့ကို ဘယ်သူကမှ အမှတ်ပေးခြင်းလည်းမရှိ၊ နင်တို့က စွံမှမစွံဘဲဟု အတန်းသားတွေ က ချီးကျူးထောပနာ ပြုကြသည်။ ဒို့ဘာလို့ မစွံရမှာ လဲ။ ဗေထိက နှုတ်သီးချွန်ချွန်နှင့် ရန်ထောင်သည်။

အသားညိုသော်လည်း ဗေထိက တင်တင်ညို လုံးချောမလေး၊ မပုံ့က ဆွေဇင်ထိုက်နှင့် တူပြီး ကိုရင်က ကျော်ဟိန်းနှင့် တူသည်ဆိုပြီး ကိုယ်ဖာသာကိုယ်သတ်မှတ်ထားကြသည်။ ကိုရင်မှ ပုဆိုးချက်ပြုတ်လေးဝတ်ပြီး လိမ်ကျစ်လိမ်ကျစ်နှင့် လမ်းလျှောက်လျှင် ကျော်ဟိန်းပို့စ်လို အမိစားဆိုပြီး ကောင်မလေးတွေ က ကြိုက်ချင်ကြသည်တဲ့။

ကိုရင်ကြွားတာလဲ ဖြစ်နိုင်သည်။ ကိုရင်ရှိတ်နေသော ဇင်မမ ကတော့ ကိုရင့်ကို ဘယ်တော့မှ မကြည့်။ ကိုရင်ကို မစင်ထက်ရွံပုံရသည်။ မပုံ ကတော့ ရသေ့ စိတ်ပြေလားမသိ။

“လူ တစ်ယောက် ဟာ သူ့မျက်နှာ၊ အဝတ်အစားလှတာ ဘာလုပ်ဖို့လဲ၊ ဝိညာဉ်နဲ့ သူအတွေးအခေါ် လှရင်ပြီးရောပေါ့”

စကားကြီး စကားကျယ်တွေ ပြောရင်း ကိုရင့်ကို အားပေးသေးသည်။

“နောက်ပြီးတော့လဲ ၃နာရီ၊ ၂နာရီ မေးခွန်းတွေ က လူ တစ်ယောက် ရဲ့ အရည်အချင်းတွေ ကို မသတ်မှတ်နိုင်ပါဘူဟယ်”

ဗေထိက ဝင်ထောက်သည်။

“ငါ့ညီမတွေ စကားတော့ တကယ်တက်တယ်”

ကိုရင်က ကိုယ့်ငချဉ် ကိုယ်ချင်ရင်း သူ့ဖာသာသူလည်း နှစ် သိမ့်လေသည်။ သည်နှစ် စာမေးပွဲ ကျလျှင် ဈေးရောင်းခိုင်းမည် ဟု အမေးကကြိမ်းမောင်းသည်။ ဈေးရောင်းသည့် အလုပ်လောက် မလုပ်ချင်တာ ဘာမျှမရှိ။ ကိုရင်က အင်ဂျင်နီယာ ဖြစ်ချင်သူ။ (၁၀)တန်းအောင်လျှင် ဂျီတီအိုင် ဖြစ် ဖြစ် သွားမည် စိတ်ကူးသည်။ ရေဒီယို၊ နာရီ၊ စက်ပစ္စည်းတွေ ပြင်တာ၊ မော်တော် ကားစက်တို့။ မော်တော် ဆိုင်ကယ်စက်တို့ကို ကလိတာဝါသနာပါလှသည်။

ကိုရင် အပေါင်းအသင်းတွေ ကရော၊ အိမ်သာဆွေမျိုး ပတ်ဝန်ကျင်ကရော သူတို့ပစ္စည်းတွေ ပျက်လျှင် ကိုရင်မမြင်အောင် ဝှက်ကြသည်။ ကိုရင့်ကို “ဖျက်ကနစ်” ဟု လှောင်ကြသည်။ ကိုရင်ကလည်း နေသေးသပဟု ချုံထဲ ချိုသေါးတမြမြ။

“ငါတို့ မိသားစုမှာ စီးပွားရေး ကြပ်တဲတာက တမျိုး၊ ဒို့ဘဝက ဗူးလေးရာစင်ထိုးရတဲ့ဘဝ”

“ဗူးလေးရာ ဖရုံဆင့်ပါတယ်…နင်ကလည်း”

ဗေထိက ကိုရင့်စကားကို ပြင်ပေးရင်း ရယ်နေသည်။

“အဲ…အဲ ….. ဗူးလေးရာ ဖရုံဆင့်ပါတဲ့ ဘဝ”

ကိုရင်က စကားကို စကားပုံတွေ ၊ ဥပမာတွေ နှင့် အင်မတန်ပြောဆိုချင်တက်သသည်။ ပြောလိုက်လျင် တလွှဲတချော်။

တခါတုန်းကလည်း ကြုံးဘူးသည်။

မြန်မာစာသင်သော ဆရာမ က ကျောင်းသားတွေ မစုံသည့် ညတစ်ညက သင်ခန်းစာနှင့် ပတ်သက်သော ကျားနှင့် ပတ်သက်တဲ့ စကားပုံတွေ ပြောစမ်းဟု တစ်ယောက် တလှည့် ပြောစေတော့ “ ကျားမြီးဆွဲရသလို”၊ ကျားရှေ့မှော က်ရက်လဲ၊ ကျားကြီးခြေရာကြီး” စသည်တို့ ကျောင်းသားကျောင်းသူတွေ တစ်ယောက် တစ်မျိုးပြောကြသည်။

“သေချင်တဲ့ကျား အမြီးနှံ့”

တစ်တန်းလုံး ဝေါခနဲ ရယ်ကြသည်။ အစ ပထမသော် မပုံ့နှင့် ဗေထိတို့က ကိုရင် နောက်လိုက်သည်ဟု ထင်မိသေးသည်။ ကိုရင် ကတော့ အတည်ပေါက်။

“ဘာရယ်….”

ဆရာမ က ရယ်သံနှင့် မေးလိုက်သည်။

“သေချင်တဲ့ကျား အမြီးနှံ့”

ကိုရင်သူစကားပုံကို အတိမ်းအစောင်းမခံ။

သည်တိုင်းပဲ ကပ်ဖြေသည်။

“ လှထွန်းရယ်…… သေချင်တဲ့ ကျားတောပြောင်းပါဟယ်”

“သဘော ကတော့ အတူတူပါဘဲ ဆရာမ ရဲ့ ၊ ဆတ်ဆော့တဲ့ ကျားကိုသေမယ်လို့ ပြောတာ မဟုတ်လား။ တောပြောင်းတာလဲ ဆတ်ဆော့တာဘဲ၊ အမြီးနှံ့တာလဲ ဆတ်ဆော့တာဘဲ”

တအုံးအုံးနှင့် ရယ်မောကြပြန်သည်။

“ နင့်လိုပေါ့……”

မပုံ့က မကြားတကြားပြောသည်ကို မျက်စောင်းပစ်ထိုးလိုက်သည်။ ဇင်မမ၊ ဗိုလ်ဗိုလ်မောင်နှင့် လွင်မောင်ဦးတို့ အုပ်စုက ကိုရင့်ကို ကျော်ပြာလောင်ဟိန်းကွဟု နောက်ပြောင်ကြသည်။ ဒါကိုတမင်ရွဲ့ လျက် နောက်နေ့တွင် ကိုရင် တစ်ယောက် သူ့ဦးလေး၏ နေကာမျက်မှန်မည်း တလက်ကို တပ်လျက် ညကျောင်းတက်ရင် “သနားကြပါ ခင်ဗျာ…” အကိုကြီးတို့ အမကြီးတို့ ပြောပြန်တော့ “နင့်နှယ်ဟယ် … မွဲရတဲ့ ကြားထဲ နမိတ်မကောင်းလိုက်တာ” ဗေထိက သတိပေးသည်။

မပုံ့ ကတော့ ခုတလော ကိုရင် တဖြည်းဖြည်းပိန်လာတာကို သတိထားမိသည်။ မနက်ခင်း ထမင်းရေသောက်ပြီး ညနေကျမှ နှစ် နပ်ပေါင်း ထမင်းစားရသည်ဟုပြောတော့ ပါးစပ်က ပြောချင်သလို ပြောတက်သော ကိုရင် စကားကို မယုံလှ။ မပုံ့တို့အိမ်မှာ လည်း ခုတလော အဒေါ်က ထမင်းကို ဝေပုံကျ ကျွေးလျက် ကဇွန်းရွက်ကို ချဉ်ရေတစ်မျိုး၊ ကြော်ချက်တစ်မျိုး၊ သနပ်တစ်မျိုးထည်လဲ စားနေရသည်ကို မြင်တော့မှ ယုံချင်လာသည်။

သူငယ်ချင်းတို့ရေ…

နွေတစ်နွေတုန်းက

ဒို့တွေ (၁၀)တန်း နွံထဲ နစ်ခဲ့ကြတယ်နော်။

ဒို့ရင်ထဲက အပူဒီဂရီ တစ်ရာကျော်ခဲ့ပေါ.။

မုန်းတိုင်းလဲ ထန်လာတယ်။

ဒါပင်မဲ့ ဒို့ထက်ခက်တဲ့ အခက်

ခေါင်းရွက်ဗန်းနဲ့ ဈေးရောင်းရမှ

ထမင်းစားရတဲ့ ကလေးတွေ ၊

စာသက်နုဆဲဘဝက အဆက်ပြတ်လို့

ပညာငတ်တဲ့ ကလေးတွေ ၊

ငါး ပုဇွန်နှိုက်တဲ့ ကာလရှည်တွေ မှာ

အက္ခရာ လုံးဝစီခွင့်မရတဲ့ ကလေးတွေ ကို

ကြင်နာပိုလို့တွေးမိတယ်….။

မပုံ့ ကဗျာ ပရိတ်သတ်များ ဖြစ်ကြသော ဗေထိနှင့် ကိုရင်တို့ ကတော့ အပြတ်မိုက်တယ်ဟု ဆိုကြသည်။ တစ်နှစ် တုန်းက မပုံ့ကဗျာကို ကျောင်းနံရံကပ် စာစောင်တွင် ထည့်တော့ဘယ်သူမှ ကြိုက်နှစ်သက် ခြင်းမရှိ။

မပုံ့ကဗျာတွင် အရောင် လှလှ မပါ။ လသာတာ၊ ပန်းတွေ ပွင့်တာ၊ ငှက်တွေ တေးသီဖွဲ့တာ၊ နှင်းတို့စိုစွတ်သော မက်မုံသီးတို့၊ ချင်းတောင်ပန်းသီးတို့ စဗြစ်ခိုင်တို့၊ ဆိုဖီယာ အနမ်းတို့လည်းမပါ။ မပုံ့ကဗျာဟာ ဒိုက်(တော) ဆန်လိုက်တောဟု ထောမနာ ပြုကြသဖြင့် မပုံ့အသာ ငြိမ်ကုပ်နေရသည်။

မပုံ့ ဘယ်လိုမှ မငြင်းခဲ့ပါ။

မပုံ့တွင် ကဗျာအသဲနှလုံးမရှိဆုံး ဆိုငြားအံ့၊ သူတို့ ပြောတာကိုမှန်ပါသည်ဟုဝန်ခံရန် မသင့်။ မပုံ့ဘဝ လှပခြင်းမရှိတာကို ဘယ်သူ့ကိုမှပြန်မပြောချင်ပါ။ အနီးကပ်ဆုံး ဖြစ်သည့် ကိုရင်နှင့် ဗေထိတို့ပင် မသိ။(၁၀)တန်း ပထမနှစ် ရောက်စက မပုံ့ဆိုတာ မကြာခဏ ဖျားတက်သော ကျောင်းသူလေး တစ်ယောက် ။ မပုံကြည့်ရသည်မှာ အမြဲ ဖြူဖပ်ဖြူလျော်နှင့် သွေးအားနည်းသလို ဖျော့တော့နေသည်။

•••

အခန်း(၄)

(၄)

မပုံ့ ဖျားတဲ့အခါတွင် တော့ နားပူ နည်းနည်း သက်သာသည်။ အဒေါ် ဖြစ်သူ၏ အဆူမပူရော၊ ဦးလေး အရိုက်အနှက်ရော လွတ်သည်။ တစ်လတစ်လတွင် မပုံ့ဖျားရက်က အနည်းဆုံး လေးငါးရက်။

“ မပုံ့ ကလဲ ခဏခဏ ဖျားနေတာပဲဟာ”

ဗေထိက မပုံ့ကျန်းမာရေး အတွက် ပူပင်တတ်သည်။

“ငါလည်း မဖျားအောင်သတိထား နေတာဘဲ”

“နင်ခုမှ အသားပြည့်ရုံရှိသေးတာ၊ ရန်ကုန် ရောက်ခါစတုန်းကဆိုရင် ဖျော့တော့နေတာပဲ။ အဲဒါဘာ ဖြစ်လို့လဲ”

“မသိပါဘူးဟယ်”

မပုံ့သည် ကျူထရံကာ ထရံကိုဖောက်ထားသော ပြတင်းငယ်မှ အပြင်သို့ လှမ်းကာ ငေးကြည့် နေသည်။ အပြင်၌ နေခြည်လင်းပွင့်နေသည်။ လှိုင်လှိုင်ပွင့်နေကြသော တရုတ်စကားပွင့်တို့သည် ပင်းလုံးကျွတ် ညွတ်နေအောင် ပွင့်ကြရာ အရွက်တို့ တရွက်မျှပင်မရှိကြ။ သရက်ပွင့် နီနီတွေ နေရာတွင် အသီးအရင့်တွေ နေရာယူလာကြကုန်ပြီ ဖြစ်သည်။ သရက်နှင့် ပိန္နဲ အကိုင်းအခက်တို့သည် လေးလံသော ဝန်ထုပ်ဝန်ပိုတွေ နှင့် ကိုင်းညွတ်နေကြသည်။

စောစောက အဒေါ်ဖွင့်လိုက်သော ကျူထရံတခါးအိုးလေးတွင် ငြိတွယ် နေသော ပိုမြှင့်များ နှင့် အိမ်တို့သည် ပြတ်ကွဲကုန်လေသည်။ ကျူထရံတခါး၏ ရေနံချေး အရောင် တွေ ပင် ခြောက်သွေ့ကုန်လေပြီ။ ကြပ်ခိုးမြှင့်များ နှင့် မည်းနေသော အိမ်ခေါင်မိုး။ ဒါတွေ အားလုံးကို မကြည့်ချင်တာနှင့် ပြတင်းပေါက် သေးသေးလေးမှ အပြင်ဘက်သို့ လှမ်းကြည့်မိလိုက်ခြင်း ဖြစ်သည်။

နွေရက်တွေ ကုန်ဆုံးတော့မှာ မို့ မိုးရိပ်တွေ ယှက်သန်းစပြုနေပြီး မှိုင်းအုံ့နေလေသည်။ မကြာခင် မိုးရွာတော့မှာ ဘဲ။ ဖျားလျက်က ချွေးတွေ ရွဲလာကာ အိုက်စပ်စပ် ဖြစ်နေသည်။ အညာဘက်မှာ တော့ မိုးရိပ်သန်းနေသည်ကို သတိရနေသည်။

တဖန်…. လေးလံ ကိုင်းညွတ်နေသော သရက်ကိုင်းတွေ ကို တွေ့ မြင် နေရပြန်တော့ ထမ်းပိုးတပ် ရေနှစ် ပုံးနှင့် ရေသယ်နေသော မပုံ့၏ အမေ၊ မြေပဲ ကောက်နေသော အမ၊ ပြောင်းတွေ ချိုးနေသော အမေ၊ နွားစာစင်းနေသော အမေ၊ မီးဖိုးချောင် မီးခိုတအူအူတွင် မီးပြောင်းတချောင် လက်ကမချ ရဘဲ ဟင်းလျာစီမံနေတဲ့ အမေ၊ မြေပဲ အခွံချွတ်နေတဲ့အမေကို မြင်ယောင်လာမိသည်။

အမေ သို့ မဟုတ် ဆင့်ဆင့်။ အမေဟု ဘယ်တော့မှ မခေါ် ဖြစ်။ အမေ့နာမည် မမြဆင်ဆင့်ကို အဖျားဆွတ်ခေါ်ရင် နှုတ်ကျိုးနေပေပြီ။ မမြဆင့်ကိုရွာက ကလေးလူကြီး အားလုံးကပင် “ ဆင့်ဆင့်” ဟုခေါ်ကြသည်။ ဆင့်ဆင့်ညီမနှင့် မောင်လေးကလည်း ဆင့်ဆင့်တဲ့။

တချိန်တုန်းကမပုံ့ အမုန်းကြီး မုန်းတီးခဲ့ဘူးသော ဆင့်ဆင့်။ မပုံ့ပက်ပက်စက်စက် ရန်ထောင်ခဲ့ ဘူးသော ဆင့်ဆင့်။ ဆင့်ဆင့်ကို အထင်သေး အမြင်သေ ဖြစ်ခဲ့သည်။ ဆင့်ဆင့်ဘဝကို မပုံ့ နားမလည်ခဲ့တာ အမှန်ပင်။ နားလည်းစပြုသော အချိန်ကျတော့မှ ဆင့်ဆင့်နှင့် ခွဲခဲ့ရသည်။ မပုံ့ နဝမတန်းကုန်ဆုံးခါနီး ကျမှ ဆင့်ဆင့်ခါနီး ကျမှ ဆင့်ဆင့်ကိုစတင် ကရုဏာ ထားစပြုလေသည်။

မပုံ့ရန်ကုန်ရောက်တာ ၁၀တန်း၊ သို့ မဟုတ် အခြေခံအထက်တန်း။ စင်စစ် ဆင့်ဆင့်သည် ကျောက်ပန်းတောင်းသို့ ကုန်တင်ကားတစ်စီးနှင့် လိုက်လာသည်။ ဘူတာရုံကို လိုက်မလာပါနင့်တော့ ဆင့်ဆင့်ရယ် ….. လို့မှာ ခဲ့ လည်းမရ။ မ ဖြစ် ဖြစ်အောင် ဘူတာသို့ ဆင်းပို့သည်။

ရထားအထွက်ကို ဆင့်ဆင့်မမှီ။ လက်ထဲတွင် သနပ်ခါးတုံး တစ်စီးထန်းလျက်ထုပ်လေးတွေ ကိုင်ကာငိုင်လျက်ရပ်နေရင်း ကျန်ရစ်သည်။ ဘူတာရုံကို ဒလကြမ်းအမှီ ရောက်လာပုံရသော ဆင့်ဆင့်ကိုကြည်ရသည်မှာ ဖရိုဖရဲနှင့် ။ ဆံပင်တွေ မှာ ပခုံးပေါ်သို့ ပြေလျှောကျနေသည်။

“ ဆင့်ဆင့်ရေ၊ မပုံ့ပြန်လာမယ်”

“ကျောင်းပိတ်ရက်တွေ မှာ မပုံ့ပြန်လာမယ်”

“နေခဲ့တော့”

“နေ့ခဲ့တော့”

လှမ်းသာ အော်ပစ်ခဲ့သည်။ ဆင့်ဆင့် ကြားပါလေရဲ့ လား မသိ။ မပုံသည် ရထား ပြတင်းဘောင်ပေါ် လက်ထောက်မှီရပ်ရင်း မျက်ရေတွေ ကျလာသည်။ လက်ထောက်မှီရပ်ရင်း မျက်ရေတွေ ကျလာသည်။ အဒေါ်သည် မပုံလက်ကို ဆွဲလျက်ထိုင်စေကာ နေအပူ သက်သာစေရန် တံခါး ထပိတ်လိုက်သည်။ မပုံ့၏ ရင်ထဲတွင် ပါ အမှော င်ချကျလာသည်။

ဆင့်ဆင့်နှင့် ပတ်သက်သော ပန်းချီကားချပ် တစ်ချပ်။ ပန်းချီကားတွေ မှာ ဝိုးတဝါးမဟုတ် ဘယ ဆေးစက်ကျရာတွေ မှာ ပီပီပြင်ပြင်နှင့် အထင်အရှား။

•••


ဝန်ဇင်းချစ်သူများ ခင်ဆွေဦး ၏ “ မပုံ့ အကြောင်း ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


နှင်းဆီကမွှေး

ဓမ္မအလင်း ပျံ့နှံစေ

မိုးနှင့်ရေ