"နောက်ကြောင်းပြန် အလင်းတန်း"
သည်အမှာ စာဟာ ကျွန်မရဲ့ ‘မိုးနဲ့ရေ’ လုံးချင်းဝတ္ထုအမှာ လို့ ဆိုရမှာ ထက် စာပေမှတ်တိုင် တစ်တိုင် ထူးခြားစွာ ထူလိုက်တဲ့ စာပေနယ် ထုတ်ဝေရေး အစီအစဉ်အတွက် အမှာ ဖြစ်ကြောင်း ဦးစွာ ပြောကြားလိုပါတယ်၊ စာပေရေစီးကြောင်းမျာ သင်္ဘောတည်ဆောက်ခုတ်မောင်းလာသူ၊ ဖောင်ဖွဲ့လာကြသူတွေ ၊ လှေကတို့လှော်ခတ်လာခဲ့ကြသူတွေ ၊ ဒိုက်သရောမှာ မျောလာသူတွေ ၊ ခေတ်အဆက်ဆက် ဖြတ်ကျော်လာခဲ့ကြပါတယ်။ ဆိုလိုတာက စာပေပုံစံအမျိုးမျိုး လက်ဆင့်ကမ်း ခေတ် စံချိန်သစ်တွေ မှာ ရေး ဖွဲ့ခဲ့ကြတာကို ဆိုလိုတာပါ။ လွန်ခဲ့တဲ့ (၁၀) နှစ် ကျော်တုန်းက ဂျပန်ပြည် တိုယိုတာကုမ္ပဏီက စာပေထုတ်ဝေသူ ကွယ်လွန်သူ မစ္စတာအီမူရာ (Mr.Inura) လည်း ပြောခဲ့ဖူးပါတယ်။ ကျွန်တော် တို့ဆီမှာ ဂျိမ်းဘွန်းလို စုံထောက်အချစ်ဝတ္ထုရေး ၊ ဆာမူရိုင်းဓားသိုင်း ၀တ္ထုတွေ ထွန်းကားတွင် ကျယ်ပေမယ့် ဂန္ထ၀င်ဆန်ဆန်ဝတ္ထုတွေ ဖတ်ရှုရမယ့် သီးခြားပရိသတ် လည်း ရှိနေပါတယ်တဲ့။ ဂန္ထ၀င်ဝတ္ထုတွေ ဟာလည်း ရေရှည်တည်တံ့ပြီး ခေတ်အဆက်ဆက် ဖတ်ရှု မို့ သူမိတ်နဲ့သူ ရှိနေတတ်ပါတယ်လို့ ကျွန်မတို့ မြန်မာစာရေး ဆရာများ ကလည်း ပြန်ဆွေးနွေးကြပါ တယ်။
ကျွန်မတို့ ခပ်ငယ်ငယ်ကျောင်းသူဘ၀တုန်းက ဖတ်ရှုစွဲလမ်းတွယ်ငြိခဲ့တဲ့ ကျွန်မတို့ အင်္ဂလိပ်စာဖတ်ပရိသတ်အခေါ် မော်ဒန်ဂန္ထ၀င်ခေါ်တဲ့ (Modern Classics) ဂျွန်စတိန်းဘစ် ပုလဲအရှေ့အီဒင်ဝတ္ထုများ သော်လည်း ဂျွိုင်းရဲ့ စစ်နှင့် ငြိမ်းချမ်းရေး ၊ ပါးလ်ဆက်ပ်ရဲ့ မြေပဒေသာ (Good Earth)၊ ဂျိုဘက်ကွန်ရဒ်ရဲ့ ဟေ့ချပ် (Lord Jin) စတဲ့ ၀တ္ထုတိုတွေ ကို မြန်မာဝတ္ထုတွေ မှာ လည်း ဂျာနယ်ကျော်မမလေးရဲ့ မုန်းမဟူ၊ ခင်နှင်းယုရဲ့ မွှေး၊ မိုးကျော်သူရဲ့ စိမ်းသင့်မှ စိမ်း၊ ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ သူငယ်ချင်းလို့ပဲ ဆက်၍ ခေါ်မည် ခိုင် စသည်ဖြင့် ကျွန်မနဲ့ သူငယ်ချင်း စာဖတ်သူတွေ ရဲ့ စွဲလမ်းခဲ့ကြတယ်။ သည်ဝတ္ထုတွေ မှာ မှတ်မှတ်ရရ တစ်ကြိမ်ရိုက် အုပ်ရေ ၅၀၀၀ ကနေ တစ်သော င်းကျော်၊ ဒုတိယ၊ တတိယ၊ စတုတ္ထအကြိမ်အထိ ရိုက်နှိပ်ထုတ်ဝေပြီး ဖြစ်ခဲ့ကြပါ တယ်။ ခုခေတ် ‘ဂျူး’ တို့၊ ‘နေနော်’ တို့၊ ကိုစိန်ဝင်း (ပုတီးကုန်း)၊ ငြိမ်းကျော်၊ နွမ်ဂျာသိုင်းတို့ လူအများ ဖတ်ရှုအားပေးကြတဲ့ ၀တ္ထုတွေ လို ဘက်(စ်)လဲလားခေါ်တဲ့ အရောင်းရအထူးတွင် ကျယ် တဲ့ ၀တ္ထုတွေ ဖြစ်ခဲ့တာလည်း အမှန်ပါပဲ၊ သူ့ခေတ်နဲ့တော့ သူတွင် ကျယ်တယ်ဆိုတာလိုပါပဲ၊ ကျွန်မ တို့ ကိုယ်ပိုင်စာအုပ်ထုတ်ဝေရေး လုပ်ခဲ့ကြတဲ့ အချိန်တွေ မှာ သူများ စာအုပ်တွေ ကုန်လို့ မုဒိတာပွား ရသလို ကိုယ့်စာအုပ်တွေ တစ်ပတ်မပြည့်ခင် ကုန်သွားတာတို့၊ မလောက်မင ဖြစ်သွားရတာ တွေ အတွက် ၀မ်းသာကြည်နူးခဲ့ရတာ အမှန်ပါပဲ။
နွေလယ်နေ့တစ်နေ့။ ခြံက ရွက်ကြွေတောရှေ့မှာ ကားဖြူလေးတစ်စီး ထိုးဆိုက်ပြီး ကျွန်မ တို့အိမ်ထဲကို အမျိုးသမီးနှစ် ဦး ၀င်လာခဲ့ကြပါတယ်။ တစ်ဦးက အသားဖြူဖြူ၊ တစ်ဦးက အသား လတ်၊ အရပ်မနိမ့်မမြင့်၊ အလုံးအရပ်အနေတော် ၊ အမျိုးသမီးနှစ် ဦးရဲ့ အပြုံးတွေ ဟာ တောက်လက် လို့နေပါတယ်။ ကျွန်မ နဂိုခင်မင်နေတဲ့ စာရေး ဆရာမ လေး မနှင်းဖွေး (ဘာသာပြန်ဌာန) က ဖြစ်ပြီး သူမိတ်ဆက်ပေးသူ ကတော့ မပြုံး (ခေါ်) ပြုံးပြုံးခင် (ပြုံးစာပေ) က ဖြစ်ပါတယ်။
‘သူက အရင်တုန်းက လုံးချင်းဝတ္ထုတွေ ၊ ရုပ်ပြထုတ်ဝေဖူးပါတယ်။ သူက ၀ါသနာအရ လုပ်ခဲ့တာဆိုတော့ လုံးချင်းတွေ ကလဲ သူကြိုက်လုပ်တော့ စီးပွားရေး အရ မကိုက်ဘူး မမရဲ့ ၊ အဲဒါ ခဏနားပြီး ခုပြန်လုပ်မှာ ’
မပြုံးက မနှင်းဖွေးရဲ့ စကားကိုဆက်ပြီး. . .
‘ကျွန်မက ပြန်လည်ဆန်းသစ်ခြင်း အစီအစဉ်မျိုးနဲ့ ထုတ်ဝေသွားမှာ ၊ ကျွန်မ ငယ်ငယ် တုန်းက စွဲလမ်းခဲ့တဲ့ ၀တ္ထုမျိုးတွေ ပေါ့ မမရယ်၊ ဒါကြောင့် မမ၀တ္ထဲလဲ ကျွန်မရချင်ပါတယ်၊ လောလောဆယ် အစီအစဉ်အရတော့ ဆရာမြသန်းတင့်ရဲ့ ‘ထားကျွန်မလင်’၊ မမစု (ခင်နှင်းယု) ရဲ့ ‘ပင်တိုင်စံ မဗျိုင်း’ အဲဒါ ပထမတစ်သုတ်၊ နောက် ဂျာနယ်ကျော် မမလေးရဲ့ ‘သူမ’၊ မမဦးရဲ့ ၀တ္ထု တစ်ခု၊ ဆရာသော်တာဆွေရဲ့ ‘ပုဂံခေတ်သူရဲကောင်းများ ’ ပထမနဲ့ ဒုတိယတွဲ ၊ ဒီလိုထုတ်ဝေဖို့ စီစဉ်ထားပါတယ်’
‘ဟုတ်လား၊ မမဦးရဲ့ ဘာဝတ္ထုလိုချင်တာလဲ၊ မမဦးလဲ ကိုယ့်ဝတ္ထုဟောင်းလေးတွေ ကိုယ်တိုင်ထုတ်တဲ့ အစီအစဉ်လဲ ရှိနေတယ်’
‘ကျွန်မလား၊ ကျွန်မလိုချင်တဲ့ ၀တ္ထုတွေ ကတော့. . . ’
သူက ကျွန်မ၀တ္ထု သူကြိုက်ခဲ့ဖူးတာတွေ ကို အလွတ်ရွက် သွားပါတယ်၊ မပြုံးနဲ့ ကျွန်မ အကြိုက်ချင်းကလဲ တူနေတယ်၊ အံ့သြစရာပါပဲ၊ ကျွန်မရဲ့ လုံးချင်းဝတ္ထု ၆၀ မှာ ကျွန်မအကြိုက်က ၁၀ အုပ်ပြည့်အောင် ထွက်လာတာမှ မဟုတ်ဘဲ၊ သူလိုချင်တာတွေ ကလဲ ကိုယ့်အကြိုက်ချင်း ညီတာတွေ ဖြစ်နေတယ်။
‘ပြုံးက စအကောင်အထည် ဖော်မယ့်သူဆိုတော့ ပြုံးကြိုက်တာရွေးပါ’ လို့ ဦးစားပေးလိုက် ရပါတယ်။ မပြုံးကလည်း ကျွန်မ စိတ်တိုင်းကျလောက်အောင် ကျေနပ်စရာကောင်းတာက သူက တကယ်ကို စာသမား၊ ၀တ္ထုထဲက ဇာတ်ကောင်တွေ ၊ အခန်းတွေ ၊ ဇာတ်လမ်းဇာတ်ကွက်တွေ ကို အကုန်အလွတ်ရနေတာ စာကျေညက်တဲ့ ထုတ်ဝေသူကို ကျွန်မ မငြင်းဆန်နိုင်ပါဘူး။ ကိုယ်ပိုင် ထုတ်ဝေမယ့် အစီအစဉ် လုံးချင်းဝတ္ထုတွေ ထဲက ‘မိုးနဲ့ရေ’ ဆိုတဲ့ ၀တ္ထုကို ပေးလိုက်ပါတယ်။ ကျွန်မ က စာမဖတ်ဖူးတဲ့ ထုတ်ဝေသူမျိုးကို ဆက်ဆံရမှာ ကို ၀န်လေးနေမိတတ်ပါတယ်။ ကျွန်မ ဖေဖေ ကလည်း ပြောခဲ့ဖူးတယ်။ သူ့ဆီရောက်လာတဲ့ ထုတ်ဝေသူတွေ ထဲက အချို့ဟာ ‘ယောက် မ’ တွေ တဲ့။ ဟင်းအိုးမွှေတဲ့ ယောက် မဟာ ဟင်းအရသာ မသိသလိုဘဲ၊ စာအုပ်ထုတ်ဝေသူတွေ အတော် များများ ဟာ စာအရသာ မသိကြဘူးလို့ မကြာ မကြာ ပြောသံကြားဖူးပါတယ်။ ဒါက စာရေး ဆရာနဲ့ ထုတ်ဝေသူတို့ရဲ့ ကြားခံဆက်သွယ်ရေး မှာ အရေး တကြီး လိုအပ်သလို စာပေတိုး တက်ရာ တိုးတက်ကြောင်း ဖြစ်တယ်ဆိုတာကို ကျွန်မ စဉ်းစားမိလို့ပါပဲ။
ကျွန်မတို့ စာအုပ်ဟောင်းတွေ ရှာဖွေရတဲ့ ပိုတိုစတက်ဆွဲတာ စိစစ်ရေး တင်ရတာ တွေ သိပ်ပြီး လက်ဝင်တဲ့အလုပ်တွေ ဖြစ်လည်း ပြုံး ညည်းသံ ညူသံ တစ်ချက်လေးမှ မကြားရဘူး။ ဘာလုပ်လုပ် ချွေးသံတွေ ကြားထဲ ပြေးပြေးလာပြီး အပြုံးမပျက်ရှာဘူး။ ဆရာမြသန်းတင့်နှင့် ကျွန်မ တို့ သူနဲ့ ဆုံမိကြရင် စိုးရိမ်ပူပန်နေကြတယ်။ ရုပ်မြင်သံကြားမှာ ယ ကြော်ငြာမယ်ဆိုတော့ ကြည့် လည်းလုပ်ဦးနော် ရှာဖွေထားတဲ့ ပိုက်ဆံတွေ ကုန်သွားဦးမယ်ဆိုပြီး ဆရာက သတိပေးပါတယ်။
ကျွန်မတို့ ရှာဖွေထားတဲ့ ငွေတွေ ရှုံးသွားရင် ဆရာကြီးတွေ ၊ ဆရာမ ကြီးတွေ ကို ပူဇော်ရာ ကျတာပေါ့ဆရာရယ်၊ သူက ကြံဖန်စေတနာထားသေးတာ။ ကျွန်မ ၀တ္ထုစိစစ်ရေး က မကျသေးခင် မှာ ပဲ ကျွန်မကို ဉာဏ်ပူဇော်ခ ငွေကန်တော့တော့ ‘နေပါဦး ပြုံးရယ်၊ ၀တ္ထုခွင့်ပြုချက် ရပါစေဦး’ တားမိသေးတယ်။ သူက မမရယ် အချိန်ပဲ စောင့်ရမှာ ပါ။ ကျွန်မ ရည်စူးထားပြီးသားမို့ပါ လက်ခံချင် အောင် ပြောပြီးပေးရှာတယ်။
သူ့အယူအဆ ကတော့ ကျွန်မတို့ စာရေး သူတွေ ရဲ့ အယူအဆနဲ့ မကွာခြားလှပါဘူး။ စာပေ နဲ့ပတ်သက်လို့ ‘ဒနာရစ်’ ဆိုတဲ့ စာရေး ဆရာတစ်ဦးပြောခဲ့ဖူးတာ အမှတ်ရနေမိသေးတယ်။
ကျယ်တဲ့အတွေးအခေါ် အယူအဆတွေ ဟာ အယောင်ဆောင်မှု တွေ ၊ ကောက်ကျစ်မှု တွေ ကြားက အမြဲတမ်း သစ္စာတရားတွေ နေမှာ ပဲ။ ဒီသစ္စာတရားဟာ နောက်ဆုံးမှာ တော့ အားလုံး ကောင်းကျိုးအတွက် မုချလွှမ်းမိုးလာမှာ ပဲ။
ဝတ္ထုထဲမှာ ရှာဖွေတွေ့ ရှိတဲ့ ‘သစ္စာ’ တရားတွေ ကို သူက ကနေ့လူငယ်စာဖက်သူတွေ ကြား ထဲ ရောက်အောင်ပို့ချင်တာတဲ့လေ။ သူ့ရဲ့ စေတနာပါပဲ။ ဆရာမြသန်းတင့်ရဲ့ ‘ထားကျွန်မလင်’ ဟာ ဖြန့်ချပြီး မကြာမီရက်ပိုင်းအတွင်းမှာ ပဲ ဈေးကွက်ဝင်ပြီး မလောက်မင ဖြစ်သွားသတဲ့။ နဂို ၇၀ တန် စာအုပ်ဟာ အပြင်မှာ ဈေးမြှင့်ရောင်းချနေတယ်လို့ကြားရပါတယ်။ မမစု (ခင်နှင်းယု) စာအုပ် အတွက်အမှာ လည်း ရိုက်နှိပ်ထားတဲ့ စောင်ရေထက် အဆများ စွာ ၀င်လာသတဲ့။ ဒါဟာ ဖြူစင်သန့် ရှင်းတဲ့ ၀ိညာဉ်နဲ့ စိတ်ရင်း စေတနာရင်းတွေ အကျိုးပေးသွားပုံပါပဲ။
စာရေး ဆရာ တော် စတွိုင်းနဲ့ ဂေါ်ကီတို့ မကြာမကြာရေး ဖူးတဲ့ အချက်တစ်ရပ်ရှိခဲ့ဖူးပါတယ်။ စိတ်ရင်းကောင်းရင် အနုပညာသည်ကောင်း တစ်ယောက် ဖြစ်သွားသတဲ့။ ခုတော့ ဒီအချက်ကို ထပ်ဆင့်ပွားကောက်ချက်ချရင် စိတ်ရင်း စေတနာကောင်းတော့ ထုတ်ဝေကောင်းအ ဖြစ် အောင်မြင်လာတာပေါ့။ သူက ရေစီးကြောင်းမှာ ရပ်နတဲ့ (သို့မဟုတ်) အခုတ်နှေးနေတဲ့ စာပေ ဖန်တီးသူတွေ ရဲ့ သင်္ဘောကြီးကို ပြင်ဆင်မွမ်းမံ၊ စက်ပြင်ဆေးသုတ်၊ ရွက်လွှင့်ထုတ်လိုက်တဲ့ သူကိုး။ ကျွန်မတို့ ဗုဒ္ဓဘာသာဝင်တွေ အတွက် ဘုရားဟောလည်း ရှိသားပဲ။
သဒ္ဒိသံ၊ ပါကံ ဇနေမိ။
အကြောင်းနှင့် တူသော အကျိုးကို ရရာ၏ လို့ဆိုပါတယ်။
(ခင်ဆွေဦး)
မှတ်ချက်။ ။ ‘မိုးနဲ့ရေ’ လုံးချင်းဝတ္ထုကို ၁၉၆၅ ခုနှစ် နှစ် ဦးပိုင်းမှအစပြုပြီး ၁၉၇၀နှောင်းပိုင်းအထိ သုံးကြိမ်တိုင်တိုင် ရိုက်နှိပ်ထုတ်ဝေပြီး ၁၉၇၈ ခုနှစ် မေလမှ သြဂုတ်လအထိ စံပယ်ဖြူမဂ္ဂဇင်းမှာ အခန်းဆက်ပါဝင်ခဲ့ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် စာ၏ အဆုံးပိုင်းအထိ မပါဝင်နိုင်ခဲ့တာမို့ စာဖတ်သူများ စာနှင့် အကြိမ်ကြိမ် ဖုန်းနှင့် တစ်တန်၊ လူကိုယ်တိုင် တွေ့ ဆုံပြီး လုံးချင်း ထုတ်ဝေဖို့ အကြံပေးခဲ့တာမို့ စီစဉ် ဖြစ်ပါတယ်။
နိဒါန်း
မိုးရွာလို့ ရေတွေ ဟာ မခမ်းမခြောက် ရေအ ဖြစ် ကမ္ဘာလောကကြီးမှာ တည်လာသလို ရေတွေ ဘာကြောင့် လဲ ‘မိုး’ ရယ်လို့ ဖြစ်လာရတယ်. . .
ဒီလိုပဲ နိုင်ငံသူ နိုင်ငံသားတွေ ကြောင့် ‘နိုင်ငံရေး ’ ဆိုတဲ့ သဘောတရား ပေါ်ပေါက်လာခဲ့ရ သလို၊ နိုင်ငံသူ နိုင်ငံသားတွေ ရဲ့ အေးချမ်းသာယာမှု ဟာ လျော်ကန်သင့်မြတ်တဲ့ နိုင်ငံ့အရေး အပေါ် မှာ တည်တယ် မေခင်. . .
ဒါကြောင့် ‘မောင်’ နိုင်ငံကောင်းကျိုးအတွက် အလုပ်လုပ်တဲ့ကိစ္စမှာ မေခင် မျက်ရည်မကျ လေနဲ့ကွယ်၊ မေခင့်မျက်ရည်ကြောင့် မောင် နောက်ဆံမတင်းပါရစေနဲ့. . .
ဤကား ‘မေခင်’ ၏ မောင် ပြောခဲ့သော စကားများ . . .
‘မောင်’ သို့မဟုတ် ‘ကိုငွေခိုင်’ သည် မကြာခဏ ဤသို့ပြောခဲ့ဖူးလေသည်။
ကိုငွေခုငိင် မည် သို့ဆိုစေကာမူ မေခင်၏ ဘ၀တွင် ကိုငွေခိုင်အတွက် ငိုကြွေးခဲ့ရချည်းသာ တည်း။
ရံဖန်ရံခါတွင် ကိုငွေခိုင်သည် သည်မေခင်အား ဤသို့လည်း နှစ် သိမ့်တတ်ပေ၏ ။
‘လောကကြီးမှာ မောင်တို့ရဲ့ တိုင်းပြည်ကလွဲရင် မောင်အချစ်ဆုံးက မေခင်ပါပဲ၊ မိုးကြောင့် ရေ ဖြစ်လာရပြီး ရေကြောင့် မိုး ဖြစ်လာရသလို၊ မေခင့်ကြောင့် မောင့်ဘ၀ဟာ သာယာရွှင်လန်းရ တယ်၊ မောင့်ကြောင့် မေခင်ဟာလဲ ရပ်တည်နိုင်ခဲ့တယ်၊ မောင်တို့နှစ် ယောက် ဟာ တစ်ယောက် နဲ့ တစ်ယောက် အမှီသဟဲပြုနေကြရတဲ့ ‘မိုးနဲ့ရေ’ လိုပါပဲ မေခင်ရယ်’
ကိုငွေခိုင်က နှုတ်ရေး စကားတတ်နှင့် ဆိုလေသော စကားများ ကို မေခင် ဘယ်တော့မှ မမေ့။ မေခင်၏ သည်းပွတ်နှလုံးတွင် အမြဲတစေ ကမ္ဗည်းအက္ခရာတင်ပြီး ဖြစ်သတည်း။
(၁)
ကဆုန်လဆုတ်ရက်များ တွင် လျှပ်ပန်းလျှပ်နွယ်တို့ ပြိုးပြက်လျက် မိုးကျဲကျဲတို့ တဖွဲဖွဲ ပက်ဖျန်းလိုက်လေသည်။ စိန်ပွင့်၊ စိန်ခက်ပမာ မိုးပွင့်လေးများ မြေသို့ သဲသဲမဲမဲ ကြွေကျလာလေလျှင် မိုးသက်လေသည် ဝှေ့ယမ်းကာ တိုက်ခတ်လာလေ၏
‘မိုးတွေ လေတွေ လာပါလို့ ကဆုန်လပြည့်ကျော်’ ဟု ကလေးသူငယ်များ တေးသီချင်းလုပ် ဆိုဘိသကဲ့သို့ လေနှင့် အတူ မိုးပနန်းတို့သည် လန်းဆန်းရွှင်စွာ မြူးတူးကာ ကစားကြသည်။
ပုလဲငုံ စပယ်ဖြူတို့သည် မြညှာခက်တွင် မေးယှက်တင်ကာ တဝေေ၀ ဖူးပွင့်ခိုက် သင်္ကြန် ရက်က ကြွင်းရစ်သော ပိတောက်ပွင့်တို့သည်လည်း ရွှေရည်လူးကာ မိုးဦးကို လှမ်းလင့်ကြိုဆိုနေ ကြသည်။
စိန်ပန်းပွင့် နီရဲရဲတို့သည်လည်း ၎င်းတို့၏ တောက်ပသော ပတ္တမြားသွေးနှင့် ခရမ်းပြာ ပျဉ်းမပွင့်တို့၏ ဂေါ်မုတ်အသွေးကို အလှချင်းပြိုင် အနိုင်ယူလျက်ရှိလေသည်။
မိုးတစ်ပြိုက်၊ နှစ် ပြိုက်ရွာပြီးစ ညနေဆည်းဆာသည် လှပလေသည်။ သစ်ရွက်အညွန့်အဖူး အကျိတ်အစိုးတို့သည် မြရည်လိမ်းကာ စိမ်းစိမ်းဖန့်ဖန့်နှင့် နုပျိုသန့်စင်လျက်ရှိပေသည်။
ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်တစ်နေရာတွင် ကား ခံ့ထည်သော တိုက်ခံအိမ်လေးများ သည် သူ့ခြံသူ့ဝင်းနှင့် ရပ်တည်လျက်ရှိလေသည်။ ခြံများ ကား သိပ်လည်း မကျယ်ဝန်းလှပဲ ရာသီ အလိုက် ဖူးပွင့်တတ်လေသော ပန်းမျိုးစုံစီစွာ နှင့် သာသာယာယာ ရှိလေသည်။
ခြံတိုင်းလိုလိုပင် စိုက်ပျိုးထားလျက်ရှိသော ငုရွှေဝါတို့သည်လည်း စိန်ပန်း၊ ပျဉ်းမ၊ ပိတောက်တို့နှင့် အပြိုင်အဆိုင် ပင်လုံးကျွတ် ပွင့်ဖူးလို့နေခဲ့သည်။
မေခင်သည် ပျင်းပျင်းရှိသည်နှင့် ခြံထဲသို့ထွက်၍ လမ်းလျှောက်နေသည်။
ခြံစည်းရိုးကာထားသော ကြခတ်ဝါးပင်တို့သည် လဲ့လဲ့စိမ်းကာ ကိုက်ညှိထားသဖြင့် တိတိညီနေ၏ ။ ခရမ်းရောင် ပွင့်ကြွေရာ ပျဉ်းမပင်အောက်သို့ ရောက်လျှင် မေခင်သည် သဘာဝအလှတွင် မေ့မူးနေခိုက်. . .
‘ဒီမယ် ကလေးမ’
‘အမယ်လေး’
မေခင်သည် ရုတ်တရက်မို့ တစ်ဘက်လူ၏ အခေါ်တွင် လန့်ဖျပ်သွားမိလေသည်။
‘သြော်. . . လန့်သွားသလား’
တစ်ဖက်လူက ကြင်နာစွာ မေးလိုက်လေသည်။
‘ဟုတ်. . . ဟုတ်ကဲ့. . .’
မေခင်ကား အကြောက်မပြေနိုင်သေးဘဲ ရင်ထဲ ဖိုလှိုက်ကာ ဖြေလိုက်၏ ။ တစ်ဖက်ခြံမှ ကြခတ်ဝါးပင်များ ဘေးတွင် မားမားကြီးရပ်နေသူကား ကတုံးဆံတောက်နှင့် အသားညိုစိမ့်စိမ့် အရပ်ပျက်ပျက် တည်ကြည့်ခံ့ညား၍ ဣနြေ္ဒကြီးသော မျက်နှာရှင် လူရွယ်တစ်ဦးပင်တည်း။
‘ကိုယ်တောင်းပန်ပါတယ်နော်. . .’
ညင်ညင်သာသာ စကားဆိုလိုက်သူကို မေခင်ကား မည် သို့စကားပြန်ရမည် မသိပေ။ သူ၏ မျက်လုံးများ ကား စူးရှတောက်ပြောင်ဘိသည်။ သူ၏ မေးရိုးများ ကား ခိုင်မာလှသည်။ ပေါ်လွင် ဖြောင့်စင်းသော နှာတံကား သူ၏ ဥပတိရုပ်ကို ပို၍ ထင်ရှားစေသည်။ ကျယ်သော နဖူး၊ ကားသော နားရွက်များ ကား သူ၏ ထက်မြက်သော အသွင်ကို ပြသလျက်ရှိလေသည်။
ပိရိသေသပ်သော နှုတ်ခမ်းများ မှာ သူ၏ သန္နိဋ္ဌာန် ခိုင်မာသော စိတ်ကို ပြဟန်ရှိလေသည်။ အရပ်ပျက်သော်လည်း ခိုင်ခံ့သော လည်တံမှာ ကြီးမားသည့် လည်ဇလုတ်ကြီးများ နှင့် ယောက်ျား ဆန်လွန်းဟန်လည်း ရှိလေသည်။
အထူးခြားဆုံးကား သူ၏ ထူထဲသော ကျွဲကော်အနက်ကိုင်းတပ် မျက်မှန်အောက်မှ လူတစ်ဖက်သား၏ ရင်တွင်းသို့ ထိုးထွင်းကြည့်မိသကဲ့သို့ရှိသော မျက်လုံးများ ပင်တည်း။ ထူထဲ သော မျက်ခုံးအောက်မှ မျက်လုံး၏ မျက်နက်အိမ်မှာ ကြီး၍ တောက်ပနေသေည်။
‘ကိုယ့်စာအုပ်ကြားထဲက စာရွက်ကလေး လွင့်သွားလို့ ကျေးဇူးပြုပြီး ကောက်ပေးပါလား ညီမလေား’
ကတ်ထူဖုံးနှင့် ပြာလဲ့လဲ့အရောင် အင်္ဂလိပ်ဘာသာအားဖြင့် ရေး သားထားသော စာအုပ် တစ်အုပ်ကို ထောင်ပြရင်း ပြောလိုက်လေသည်။
‘ဟုတ်ကဲ့. . . ကောက်ပေးပါ့မယ်’
မေခင်သည် ပေါ့ပါးစွာ ပင် မြက်ခင်းပြင်တွင် တဖျတ်ဖျတ်လွင့်နေသော ဘလာစာရွက်ပိုင်း ကလေးကို ကောက်ပေးလိုက်၏ ။ စာရွက်ပေါ်တွင် လက်ရေး ခပ်သော့ သော့ နှင့် ရေး သားထား သော မှတ်စုများ ကို တွေ့ မြင်လိုက်ရလေသည်။
‘ကျေးဇူးတင်ပါတယ်’
‘ကိစ္စမရှိပါဘူး’
‘ညီမလေးနာမည် က ဘယ်လိုခေါ်သလဲ’
‘မေခင်’
‘မေခင်. . . မေခင်၊ တယ်လှတဲ့ နာမည် လေးပါလား၊ အခေါ်ရလဲ လွယ်တယ်နော်. . .’
မေခင်ကား ကြက်ခတ်ဝါးပင်များ ကို ဆော့ကစားရင်း ခေါင်းတစ်ချက်ညိတ်ပြလေသည်။
‘မေခင်တို့ ဒီပြောင်းလာတာ မကြာသေးဘူးနော်’
‘ဟုတ်ကဲ့၊ ဆယ်ရက်လောက်ပဲ ရှိပါသေးတယ်’
‘အိမ်သားနည်းပုံရတယ်’
‘နည်းပါတယ်၊ မေခင့်ဖေဖေရယ်၊ မေမေရယ်၊ မေခင်ရယ်၊ ထမင်းချက် ကိုဘရယ် ဒါပဲ’
‘မေခင့်မှာ မောင်နှမသားချင်း မရှိဘူးလား’
‘ဟင့်အင်း. . . မရှိပါဘူး၊ မေခင့်မေမေက မေခင် တစ်ယောက် တည်းပဲ မွေးပါတယ်’
‘မပျင်းဘူးလား’
‘ပျင်းဖို့အချိန် သိပ်မရှိပါဘူး၊ အားနေရင် ဖေဖေ့အတွက် မာဖလာ ထိုးပေးရတယ်၊ အိမ်မှု သိမ်းရတယ်၊ စန္ဒရားတီးတဲ့အခါ တီးတယ်’
‘သြ. . . ခုနက စန္ဒရားတီးတာ မေခင်လား’
‘ဟုတ်ကဲ့၊ မေခင်တီးနေတာ အဲ. . . အဲဒီ က’
‘ကိုယ့်နာမည် ငွေခိုင်’
‘ကိုငွေခိုင် ကြားရသလား’
‘ကြားရတယ်၊ မေရှင်ဆိုတဲ့ ရွှေဝါဖူးသီချင်းမဟုတ်လား. . . မေခင် တီးနေတ်ာလေ. . .’
‘ဟုတ်တယ်၊ ကိုငွေခိုင် သိသားပဲ’
‘သိတာပေါ့၊ မေရှင်ဟာ ကိုယ့်ရဲ့ ဖေဘရိတ်အဆိုတော် ပဲ၊ သူ့သီချင်းတွေ အားလုံး ကိုယ်ရ တယ်. . .’
‘အို. . . ဟုတ်လား’
မေခင်က ပြုံးရယ်ကာ နဖူးကြောလေးများ ကို ရှုံ့လိုက်သည်။
အသက် ၁၆ နှစ် မျှသာရှိသေး၍ ငယ်ရွယ်နုနယ်သော မေခင်၏ မျက်နှာအလှကို ကိုငွေခိုင်က တမေ့တမော ငေးကြည့်နေမိသည်။ အ၀ါဖျော့ဖျော့ မန္တလေးပိုး ရင်စေ့အင်္ကျီ၊ ပခုက္ကူ ပိုးထည် လုံချည်ကွက်စိတ် ခရမ်းရောင် နှင့် တောက်ပသော ညနေကို ဖက်ပြိုင်လျက်ရှိလေသည်။
အသားဝါ၀ါ၊ အရပ်မြင့်သွယ်သွယ်၊ လုံးကျစ်သော ကိုယ်လုံးကိုယ်ထည် ဘဲဥပုံသဏ္ဌာန် မျက်နှာလေးတွင် နဖူးပြေပြေ၊ မျက်လုံးဝန်းဝန်း၊ မထူမပါး မျက်ခုံးကွေးကွေးလေးများ ၊ နှာတံ မပေါ့် တပေါ်၊ လုံးဝန်းသော နှုတ်ခမ်းများ နှင့် မေခင်သည် ပါးလျလျ ယဉ်စစ ရုပ်သွင်ရှိလေသည်။
ဖွတ်မြီးထိုးကျစ်ထားသော ကျစ်ဆံမြီးဆံပင်မှာ တံကောက်ကွေးထိမျှ ရှည်လျားလေသည်။ နဖူးတွင် မခို့တရို့လေးချထားသော ဆံယဉ်လေးများ သည် ပျော့ပျောင်းနူးညံ့လှပေသည်။
ကိုငွေခိုင်၏ တမေ့တမောအငေးတွင် မေခင်က မျက်လွှာချကာနေ၏ ။ ညနေဆည်းဆာက လှပသလောက် မေခင့်အလှကလည်း တောက်ပလွန်းလှချေသည်။ ကိုယ်ရောင် ထွက်သည်ဆို သည်မှာ ဒါမျိုးလေလား၊ ကိုငွေခိုင်အဖို့ မိန်းကလေး၏ အလှအပကို ယခုမှ နီးနီးကပ်ကပ် မြင်ဖူး လေသည်။
တက္ကသိုလ်ဝန်းကျင်တွင် သူ တွေ့ မြင်ခဲ့ရသော အလှအပကား ဘီးဆံထုံးမြင့်မြင့်များ နှင့် မာနကြီးသော မျက်နှာထားဟန်ပန်များ သာတည်း။ ဤသို့ နုနယ်၍ အပြစ်ကင်းစင်သော အကလေး ပမာ၊ ကြောင်စီစီဖြူစင်သော မျက်နှာထားရှင်မျိုးကိုကား ယခု ၁၉ နှစ် သားအထိ မတွေ့ ဘူးခဲ့ပေ။
‘ဟော. . . မေခင့်မေမေ ခေါ်နေပြီ၊ မေခင်သွားဦးမယ်’
‘သွားလေ၊ မေခင်ပျင်းရင် ကိုယ်တို့အိမ်ကို လာလည်နိုင်ပါတယ်၊ ကိုယ်တို့အိမ်က မေခင့် အိမ်လိုတော့မဟုတ်ဘူး၊ အိမ်သားများ တယ်၊ ကိုယ်တို့ဖေဖေမေမေ ကိုယ့်ညီရွှေခိုင်ရယ်၊ ညီမ အထွေးဆုံး စမ်းယဉ်ရယ်၊ ဒေါ်ဒွေးရယ်၊ ဒိပြင် ဦးလေးတွေ ရယ်၊ ကိုယ့်သူငယ်ချင်းတွေ ရယ် သိုက် သိုက်ဝန်းဝန်းပဲ၊ ဒါပေမယ့် ကိုယ် ကတော့ အိမ်မမြဲတတ်ဘူး မေခင်. . .’
ဟု ကိုငွေခိုင်က အားပါးတရ ပြောပြနေမိသည်။
‘ဟုတ်ကဲ့. . .’
ဟု တစ်ခွန်းတည်းဆိုကာ မေခင်သည် သမင်မလေးကဲ့သို့ အိမ်ထဲအပြေးအလွှား ၀င်သွား လေသည်။
ကိုငွေခိုင်သည် မေခင်၏ နောက်ကျော်ကို ငေးစိုက်ကာ ကျန်ရစ်ခဲ့သည်။ ဟင်းခနဲ သက်ပြင်းတစ်ချက်ချကာ လက်ကိုနောက်ပစ်ရင်း ခြံထဲတွင် လမ်းလျှောက်နေမိသည်။
နေလုံးကြီးသည် တစ်စတစ်စ လောကကြီးမှ ပျောက်ကွယ်သွားလေ၏ ။ နေ၏ အရောင် ကား ကျန်ရှိဆဲတွင် ကြယ်ပွင့်ကလေးများ သည် ထွက်ပြူစပြုလာလေသည်။ ဆုတ်ခါစ လ၀န်းသည် လည်း ရောင် ၀ါ ပြဲ့ပြဲ့နှင့် တိမ်အကြားတွင် နွဲ့၍ နေသည်။
များ မကြာမီ မေခင်၏ စန္ဒရားလက်သံကို ကြားနေရသည်။
မေခင်သည် ‘ဖူးစာပိုင်’ သီချင်းကိုတီးနေ၏ ။ ကိုငွေခိုင်ကား မေခင်၏ တေးသံကိုလိုက်၍ တီးတိုးရွတ်ဆိုနေမိသည်။
‘မြင်ရမြင်ခြင်းပင်. . . တသင်းချစ်ရနံ့ ကြိုင်ကြိုင်စွဲမိပေါ့ ပျို့အသည်းညှာခိုင်. . . နှစ် ကံပြိုင် ဖူးစာပိုင်ထင်ရဲ့ . . . ခင်မင်တာ ကြင်နာတာ စေတနာပိုလို့မြိုင်. . .’
မေခင်၏ ဖြူဝင်းသွယ်လျသော လက်ကလေးများ သည် စန္ဒရားခလုတ်ကို အသာတို့ကစား သွားလေ၏ ။ သူ၏ စိတ်တို့ကား အဝေးသို့ ပျံ့လွင့်နေသည်။
ဤနေရာသို့ ပြောင်းလာရသည်မှာ လခလည်းနည်း သင့်တင့်လျောက်ပတ်လည်း ဖြစ်သော ကြောင့် ပင်တည်း။ မေခင်တို့အိမ်မှာ တစ်ထပ်တိုက်ပုလေးမျှသာ. . .
တစ်ဖက်ခြံတွင် နှစ် ထပ်တိုက်ခံအိမ်ကြီးမှ လူများ ကို မေခင်စိတ်ဝင်စားမိသည်မှာ ရောက်စကတည်းကပင်တည်း။ တစ်ဖက်အိမ်မှ လူတွေ မှာ သိုက်သိုက်ဝန်းဝန်းနှင့် ပျော်စရာချည်း ပင်။ ပရိက္ခရာသင်္ကန်းဆိုင်ရှင် ကုန်သည်ကြီး ဦးဘခိုင်-ဒေါ်ထားတို့မှ သားသုံးယောက် ဖြစ်သော ကိုစိန်ခိုင်၊ ကိုငွေခိုင်၊ ကိုရွှေခိုင်၊ သမီးထွေး မစန်းယဉ်တို့ ပေါက်ဖွားလေသည့်အပြင် ဆွေမျိုးညာတိ တို့ စုဝေးနေထိုင်သည်ကို အားကျစရာ တွေ့ မြင်ရလေသည်။
သူတို့ထဲတွင် ကိုငွေခိုင် တစ်ယောက် ကို အိမ်တွင် တွေ့ ရခဲသည်။ ‘ကိုယ် ကတော့ အိမ်မမြဲ တတ်ဖူး မေခင်’ ဟု ကိုငွေခိုင်၏ စကားကို ပြန်လည် ကြားယောင်မိလေသည်။
‘ကိုငွေခိုင် တစ်ယောက် အဘယ်ကြောင့် အိမ်တွင် မြဲမြဲမနေပါလိမ့်. . .’ ဟု မေခင့်စိတ်ထဲ တွင် စနောင့်စနင်းတွေးနေမိသည်။ ‘အသက်ကလေး ငယ်ငယ်နဲ့ တော် တော် လည်တတ်တဲ့လူပဲ’ ဟု တွေးကာ မေခင်သည် နှုတ်ခမ်းစူချင်လေသည်။
သို့တွေးရင်း တောရင်းပင် မေခင်၏ လက်ကလေးများ သည် အငြိမ်မနေနိုင် အပြေးအလွှား ခပ်သွက်သွက်ကလေး ကစားနေသည်။
ဘယ်သူဘယ်ဝါ ဖျက်တောင်မယိုင်. . . ပျို့အသည်းစွဲဖူးစာပိုင်. . . ခေမာသော င်ကမ်းတိုင်၊ ကူးမယ့်ကူး နှစ် ဦးတူပြိုင်. . .
(၂)
ဇီဇ၀ါပန်းရနံ့တို့သည် စံပါယ်ပွင့်များ နှင့် အတူ မွှေးကြိုင်နေသည်။ လေသင့်ရာ ကြူကြူမွှေး သလောက် နွေနှောင်းဝသန်တွင် စိန်ပန်းနီနီတို့သည် လေအဝှေ့မှာ ကြွေကျလျက် ပန်းမွေ့ရာ ခင်းကျင်းနေသည်။
‘စာဗျို့. . . စာ. . . စာ. . .’
မေခင်သည် အိမ်ရှေ့သို့ အပြေးအလွှားထွက်ကာ သံတံခါးမှ ၀မ်းသာအားရစာကို လှမ်းယူ လိုက်လေသည်။ မေခင်သည် မိတ်ဆွေသူငယ်ချင်းများ ထံမှ စာကို မျှော်မြဲပင်တည်း။ သူ့တွင် တစ်နေ့တစ်နေ့ ရှိရှိသမျှ မိတ်ဆွေများ ထံ စာရေး သည်နှင့် အချိန်ကုန်တော့သည်။
မေခင်သည် အချုပ်အလုပ်ဘက်တွင် လည်း နိုင်နင်းသည်။ ကလေးဂါဝန်ပုံဆန်းလေးများ ၊ ယောက်ျားရှပ်အင်္ကျီများ ချုပ်နိုင်သည်အထိ လာဘ်မြင်လေသည်။
စန္ဒရားဘက်တွင် လည်း ဂီတဆရာမ ကပြားကြီးတစ်ဦးထံမှ ‘ဒိုရေမီဖါ ဆိုဖါမီရေး ဒို’ ဟူသော သင်ရိုးဂီတ သင်ခန်းစာများ ကို သင်ယူပြီးသည့်နောက်၊ မြန်မာ ကာလပေါ် တေးသီခင်းများ ကို စမ်း၍ တီးတတ်လာလေသည်။
မေခင်၏ ဘ၀တွင် ဤအရာတွေ နှင့် ပြီးနေတော့သည်။ သူငယ်ချင်းများ ထံမှ စာများ ၊ ပြီးတော့ အချုပ်အလုပ်၊ စန္ဒယား၊ မေခင်၏ ကမ္ဘာလေးသည် ကျဉ်းမြောင်းသော ကမ္ဘာလေး ဖြစ်လေသည်။
သို့သော် မေခင်ပျော်ပါသည်။ အေးချမ်းသော သူ့ဘ၀လေးကို ဘယ်တော့မှ မမေ့နိုင်ပေ။ ညဘက်တွင် အိမ်တံခါးသော့ ပိတ်၍ မြို့ထဲ ထွက်လည်လေ့ရှိသော အခါ မေခင်၏ ဘ၀သည် သာယာစိုပြည်လျက် ရှိလေသည်။
မေခင်သည် ၀ါကျင့်ကျင့်နှင့် အပေါစား စာအိတ်ကလေးကို ထောင်၍ ကြည့်လိုက်မိသည်။
‘ဟင်. . . မေခင်ရဲ့ စာလဲ မဟုတ်ဘူး. . .’
မေခင်သည် စာအိတ်ကလေးပေါ်မှ နာမည် ကိုကြည့်ရင်း မျက်နှာလေးရှုံ့သွားလေသည်။ ‘သခင်ငွေခိုင်’ ဟူသော စာလုံးလေးများ က မေခင်အား လှောင်ပြေင်နေ၏ ။
‘သခင်ငွေခိုင်. . . သခင်ငွေခိုင်ဆိုပါလား၊ သူက သခင်ပဲ’
မေခင်က တီးတိုးရေရွက်မိသည်။ စာအိတ်ထောင့်တွင် ‘ထွန်းဦး’ ဟင်္သာတဟု ပေးသူ၏ အမည် နေရပ်ကို ရေး ထားသည်။ စာမှာ ဆိုင်ရာက ဖွင့်ဖတ်ထားဟန်တူသည်။ နဂိုနေ ချွတ်ယွင်း လျက် ကော်နှင့် ပြန်ကပ်ထားခြင်း ဖြစ်သည်။
သည်တော့မှပင် မေခင်သတိရကာ ကိုငွေခိုင်၏ စာပေးရန် ကိုငွေခိုင်တို့အိမ်ဘက်သို့ ကူးဖို့ စိတ်ကူးမိလေသည်။ ကိုငွေခိုင်တို့ အိမ်ဘက်သို့ သွားနေသည်မှာ ကြာပေပြီ။ မေမေက မလွှတ် သဖြင့် မသွားခဲ့ရ။ ခုတော့ အကြောင်းကိစ္စပေါ်လာပေပြီ။ အိမ်တွင် ခိုင်းစရာကိုဘလည်း သူ့ဆွေမျိုး များ ရှိရာ ‘ခရမ်း’ သို့ ပြန်သွားလေ၏ ။
‘အမိုးရေ. . . စာမှားပေးသွားလို့ မေခင် ဟိုဘက်အိမ် ကူးလိုက်ဦးမယ်နော်. . .’
မေခင်သည် သူ့မေမေကို ‘အမိုး’ ဟု ခေါ်လေသည်။ ‘အမိုး’ က ကရင်အမျိုးသမီးတစ်ဦး ဖြစ် သည်။ ‘အမိုး’ တို့တစ်မျိုးလုံး ဗုဒ္ဓဘာသာဝင်များ ဖြစ်သော်လည်း၊ ‘အမိုး’ ငယ်စဉ်က အေဘီယံတွင် ကျောင်းအိပ်ကျောင်းစားအ ဖြစ်နှင့် နေကတည်းက ဘက်ပတစ်ခေါ် နှစ် ခြင်းခရစ်ယာန်ဘာသာဝင် ဖြစ်လာ၏ ။
မေခင်တို့ ဖေဖေနှင့် အကြောင်းပါသော အခါ ဗုဒ္ဓဘာသာ ဓမ္မသတ်အရ ရုံးတွင် လက်ထပ်ပြီး အမိုးမှာ ဗုဒ္ဓဘာသာဝင် ဖြစ်လာတော့သည်။ အမိုးအဖို့ ဘာသာရေး ကား အဓိကမဟုတ်။ စိတ်ထား ဖြူစင်၍ စေတနာသဒ္ဓါတရား ထက်သန်လျှင်၊ ဘယ်ဘုရားကိုပဲ ကိုးကွယ်ကိုးကွယ် ဘ၀ကူးကောင်း သည်ဟု ဆို၏ ။
‘ကမ္ဘာကြီးမှာ ဘုရားတစ်ဆူပဲ ပွင့်ပါတယ် ကိုအေးခင်ရယ်. . . ကောင်းတာလုပ်ရင် ကောင်း တဲ့ဆီ ရောက်မှာ ပဲ၊ မကောင်းတာလုပ်ရင် မကောင်းတဲ့ဆီသွာရမှာ ပဲ၊ ကျွန်မအဖို့တော့ ဘယ်ဘုရား ပဲ ကိုးကွယ်ကိုးကွယ် အတူတူပါပဲ. . .’ ဟု အမိုးက ပြောလေ့ရှိလေသည်။ အမိုးသည် ဂရိ အဘိ ဓမ္မာဆရာကြီး ဇိုရိုအက်စတာ၏ သဘောတရားများ ကို မသိရှိသော်လည်း ဇိုရိုအက်စတာ ဟောပြောခဲ့သော စကားများ ကို ထပ်တူပြောလေ့ရှိသည်။
‘နော်. . . အမိုး. . . ဟိုဘက်အိမ်ကို မေခင် သွားမယ်ဆိုတိုင်း အမိုးမှာ စဉ်းစားနေတာ ချည်းပဲ. . .’
မေခင်က နှုတ်ခမ်းစူကာ ပြောလေသည်။
‘ဟိုဘက်အိမ်က လူတွေ များ လွန်းလို့ မေခင်ကို လွှတ်သင့် မလွှတ်သင့် အမိုး စဉ်းစားနေ တာပါကွယ်. . .’
‘ဘာ ဖြစ်လဲ အမိုး. . . မေခင် ကလေးလေးမှ မဟုတ်တော့တာ’
‘ကလေးမဟုတ်လို့ အမိုးမလွှတ်ချင်တာပေါ့၊ သမီးဟာ အပျိုလေး တစ်ယောက် ဖြစ်လာပြီ မဟုတ်လား. . .’
မေခင်က အမိုးအား စိုက်ကြည့်နေလိုက်သည်။ အမိုးသည် အသားဝါ၀ါ အရပ်ပျက်ပျက်နှင့် ပြားသော ကိုယ်၊ ပြား၍ ၀ိုင်းသော မျက်နှာရှိလေသည်။ အမိုး၏ ရုပ်ရှည်မှာ ကရင်အမျိုးသမီးတို့တွင် တွေ့ ရတတ်သော အသွင်အပြင်မျိုးပင်တည်း။
‘အပျိုလေးကော ဘာ ဖြစ်သလဲ’
မေခင်က သူလိုရာကို ဇွတ်တိုး၍ ပြောလေသည်။
‘အပျိုလေး တစ်ယောက် ဟာ ယောက်ျားတွေ များများ ရှိတဲ့ နရာကို မသွားရဘူး’
‘သွားတော့ ဘာ ဖြစ်သလဲ၊ အမိုးက ခရစ်ယာန် ဖြစ်ခဲ့ပြီး သိပ်ရှေးဆန်တာပဲ၊ အမိုးတနုး ကတော့ သူနာပြုလုပ်ခဲ့ပြီးတော့’
‘သူနာပြုက အမိုးရဲ့ လုပ်ငန်းသဘောပဲဟာ’
အမိုးသည် အိမ်ထောင်မကျခင် စစ်စတာနာ့(စ်) ဖြစ်ခဲ့ဖူးသည်။ နောက် ဦးအေးခင်နှင့် ယူအပြီးတွင် နှမြောစွာ မိမိအလုပ်ကို စွန့်လွှတ်လိုက်ရလေသည်။
‘ခု မေခင် အလကားသွားမှာ မှ မဟုတ်ဘဲ၊ မေခင်တို့အိမ်ကို သခင်ငွေခိုင်ဆိုပြီး စာလာလို့ စာသွားပေးရမှာ ဒီလိုဆို အမိုးသွားပေးမလား’
မေခင်သည် အမိုးမျက်နှာအနီးသို့ စာထိုးပြရင်း ခပ်ဆောင့်ဆောင့်ကလေး ပြောလိုက်လေ သည်။
‘ဟင့်အင်း အမိုးမသွားချင်ပါဘူး’
အမိုးသည် ရိုးသားစွာ ပင် ဖြေလိုက်သည်။
‘အမိုးလဲ မသွားချင် ခင်မေကိုလဲ မလွှတ်ချင်နဲ့ ဒီစာကို လွှင့်သာပစ်လိုက် ပြီးရော’
သည်တော့ အမိုးသည် ပျာပျာသလဲ ဖြစ်လာလေသည်။ အမိုးကား အလွန်ရိုးသားသူပေ တည်။ လင်ယောက်ျား ရှေ့မှော က်တွင် ရော၊ မေခင့်ရှေ့မှော က်တွင် ပါ မျက်စိလေး ပုတ်ခတ်ပုတ် ခတ်နှင့် ယန်သူငယ်ပမာ ရှိတတ်လေသည်။
ယောက်ျားနှင့် သမီးပြောသရွေ့ မျက်စိမှိတ်ယုံကြည်တတ်သူလည်း ဖြစ်သည်။ တစ်ခါတစ်ရံ ဒေါသထွက်လာလျှင်မူ ဝေးဝေးကသာ ရှောင်ပြေးပေရော့။ မျက်နှာကြီး နီကာ လူတွေ ကို အစိမ်းလိုက်ဝါးစားမတတ်ရှိ၏ ။ ‘ကရင် ဒေါသဟေ့. . .’ ဟု ဖေဖေက အမိုးစိတ်ပြေလေ အောင် လှောင်ပြောင်ရယ်မောတတ်လေသည်။
‘အို. . . သူများ စာကို လွှင့်မပစ်ပါနဲ့ မေခင် သွားပေးချည်။ ဒါပေမယ့် သိပ်မကြာစေနဲ့နော်. . မေခင့်ကို အမိုး စိတ်မချဘူး၊ ခဏထိုင်ပါဥိးလို့ပြောရင် အဘွားကြီးရှိမှထိုင်၊ မရှိရင် မြန်မြန်သာ ပြန်ခဲ့၊ ထိုင်မနေနဲ့ ကြားလား’
အမိုးက တရားရေလွှတ် တတွတ်တွတ်နှင့် မှာ ကြားနေလေသည်။
‘ဟုတ်ကဲ့ပါ၊ အမိုးကလဲ သိပ်စိတ်ပူတတ်တာပဲ. . .’
မေခင်သည် မှန်ရှေ့ပြေးသွား၍ ခေါင်းကို ဘီးနှင့် တစ်ချက်နှစ် ချက် သပ်လိုက်ပြီး နောက် ကျောမှ အင်္ကျီစကို ဆွဲဆန့်ကာ ပြေးခုန်ကစားတတ်သော ကြောင်မလေးပမာ အိမ်အပြင်သို့ ထွက် လာလေ၏ ။
အိမ်အပြင်သို့ရောက်လျှင် မိုးပွင့်တစ်ပေါက် နှစ် ပေါက်ဖွဲခနဲကျလာသည်ကို ဂရုမပြုနိုင်ဘဲ တက်ဖက်ခြံသို့ လျက်မြန်သော ခြေလှမ်းနှင့် ကူးသွားလေသည်။
ခြံထောင့်တွင် နုစို၍ စိမ်းလန်းသော ၀ါးရုံပင်ကြီးများ သည် မိုးထိလုနီးပါး မြင့်မားစွာ ရှိလေ သည်။ ၀ါးရကွက်စိမ်းဖန့်ဖန့်တို့သည် မိုးအပြာနောက်ခံ၍ ခြံအ၀င် ဂုံးတံတားလေးကို သစ်သားကပ် ခုံးခုံးလေးမိုးလျက် လိမ္မောရောင် နှင့် မရမ်းရောင်း စက္ကူပန်းပွင့်များ တစ်နွယ်လုံးပွင့်နေသည်။
တိုက်ပန်းတို့သည် ခြံစည်းရိုးပတ်ပတ်လည် နွယ်ကာ မြက်ခင်းလွင်ပြင် စိမ်းလဲ့လဲ့ပေါ်တွင် ခရမ်းရောင် ပျဉ်းမပွင့်များ ကြွေကာ ကော်ဇောပမာ တန်ဆာဆင်လျက် ရှိလေသည်။
လက်ရာသေသပ်သော ပန်းချီဆရာတစ်ဦး၏ ရောင် စုံပန်းချီတကားချပ် တစ်ချပ်နှင့် တူအောင် သဘာဝ၏ အလှက ဖန်တီး၍ ထားလေသည်။
အိမ်တ့ခါးဝမှ လူခေါ်ဘဲ(လ်)ကို နှိပ်လိုက်လျှင် မိန်းမ၀၀ကြီးတစ်ဦးထွက်လာသည်။ သူ၏ အတော် ၀သော ခန္ဓာကိုယ်ကြီးကို မနည်းသယ်ယူကာ စိတ်က အမြန်သွာချင်ဇောနှင့် ခေါင်းရှေ့တိုး ပြီး တင်ပါးကြီးများ က နောက်တွင် ကျန်ရစ်ခဲ့သည်။
‘အလို. . . ဟိုဘက်အိမ်က ကလေးမလေးပါလား၊ လာ. . . လာ. . . အထဲဝင်ပါ. . .’
ထိုမိန်းမ၀၀ကြီးသည် ကပျာကယာ သော့ ဖွင့်ပေးကာ သူ၏ အိစက်သော ကိုယ်ကြီးကို ရွေ့လျား၍ သော့ ကိုတိုင်တွင် ပြန်ချိတ်လိုက်လေသည်။ သူ၏ တင်ပါးဆုံကြီးများ သည် တစ်ဖက်မြင့် တုံနိမ့်တုံနှင့် မေခင်သည် ကလေးများ သီဆိုသော တေးသီချင်းကို သတိရ၍ ပြုံးမိလေသည်။ ‘မဘုတ်ဆုံ တင်ဆုံကြီး လှည်းလုပ်လို့စီး. . .’ ဟူ၏ ။
‘လာလေ ကလေးမ ထိုင်ပါအေ့၊ ညည်းကို တို့များ က ချစ်လွန်းလို့ အသိ ဖြစ်ချင်နေတာ’
ဟု မိန်းမကြီးက ဖော်ရွေစွာ ဖိတ်ခေါ်လေသည်။
မေခင်သည် အခန်းပတ်ပတ်လည် ငေးမောကြည့်ရှုလျက် မရွံ့တရွံ့ခြေလှမ်းနှင့် ဧည့်ခန်း ကုလားထိုင်တွင် အသာထိုင်လိုက်လေသည်။ မေခင်၏ ရင်ထဲတွင် တဒိတ်ဒိတ်ခုန်နေသည်။ တစ်ခါမှ မရောက်ဖူးသော နေရာသို့ လာရသဖြင့် စိတ်ထဲတွင် လှုပ်ရှားနေမိသည်။
‘ရဲရဲထိုင်ပါအေ၊ ဒေါ်ဒွေးတို့က ခင်မင်တတ်ပါတယ်၊ ညည်းနာမည် က ဘယ်သူတဲ့’
‘မေခင်ပါ’
‘အေး. . . အေး. . . မေခင်၊ ဟုတ်ပါရဲ့ မောင်ငွေခိုင်ပြောဖူးပါတယ်’
‘ဒီကနာမည် က ဒေါ်ဒွေးတဲ့၊ မှတ်ထားပေါ့၊ မောင်ငွေခိုင်တို့ အဒေါ်တော် တယ်၊ ဦးဘခိုင်ရဲ့ နှမ၀မ်းကွဲလေ’
‘သြော်. . . ဒေါ်ဒေါ်က ကိုငွေခိုင့်အဒေါ်ကိုး၊ ဒေါ်ဒေါ် ဈေးသွားသွားနေတာ တွေ့ ပါတယ်’
‘ဒေါ်ဒွေးပဲခေါ်ပါ မိန်းကလေးရယ်၊ ဒေါ်ဒေါ်ခေါ်တာ အသက်ကြီးလာသလိုပဲ၊ ဒေါ်ဒွေး အသက် ၄၀ ပေမယ့် ကိုယ့်ကိုယ်ကို ၂၀ လောက်မှတ်နေတာ၊ သူများ အသက်မေးရင် အသက် ၂၀နဲ့ လ ၂၄၀ လို့ ဖြေရတယ်၊ ဟဲ. . .ဟဲ. . .ဟဲ. . .’
ဒေါ်ဒွေးက ဟာသနှောကာ မျက်ပေါက်မရှီအောင် ရယ်မောနေသည်။ မေခင်မှာ နဂိုက ရယ်ချင်ချင်မို့ ဆည်းလည်းသံလွင်လွင်နှင့် ရယ်မိလေသည်။ ခေါင်းသေးသေး၊ ခန္ဓာကိုယ်ကြီးကြီး တွင် ပန်းထိုးထားသော ရင်စေ့အင်္ကျီဝတ်ကာ သနပ်ခါး ပါးကွက်ကွက်၍ ခေါင်းတွင် စံပယ်ပန်းဝေ ဝေနှင့် ဒေါ်ဒွေးမှာ နုပျိုလှပချင်ကြောင်း သိနိုင်ပေသည်။
ဒေါ်ဒွေးနှင့် စကားပြောရသည်မှာ ပျော်သလိုလိုပင်။
‘ဒေါ်ဒေါ်၊ အဲလေ. . . ဒေါ်ဒွေးက နုသားပဲ၊ မေခင့်စိတ်ထဲ ၃၀ ကျော်လောက် ထင်နေတာ’
‘ဟုတ်လား၊ ညီမလေး ဘာစားမလဲ’
မေခင်က ရယ်၍ သာနေသည်။
‘ဒါထက် မေခင်လာတဲ့အကြောင်း ပြောရဦးမယ်. . .’
‘အို. . . ဘာကိစ္စ’
‘ဒီအိမ်က ကိုငွေခိုင်ရဲ့ စာ မေခင်တို့အိမ်မှာ ပေးသွားလို့’
မေခင်က တည်ကြည်စွာ ပြောရင်း စာကို ဒေါ်ဒွေးလက်ထဲထည့်လိုက်လေသည်။ ဒေါ်ဒွေး သည် စာကို လှမ်းယူကာ စာအိတ်ကို ကြည့်ရင်း နှာခေါင်းတစ်ချက် ရှုံ့လိုက်လေသည်။
‘သခင်ငွေခိုင်. . . ဒီကောင်လေးဟာ သခင်ပေါက်စ ထောင်ခြောက်လပဲ၊ သိပ်ဆိုးတာ’
‘ဘာ ဖြစ်လို့လဲ’
‘မိဘစကားကို ဘယ်တော့မှ နားမထောင်လို့ပေါ. . . အစ်ကိုကြီးကဆိုရင် သူ့ကို နည်းနည်း မှ မျက်နှာကြောတဲ့တာ မဟုတ်ဘူး’
‘ဘယ်လိုကြောင့် ပါလဲ ဒေါ်ဒွေးရယ်’
မေခင်ကား လက်ကိုင်ပ၀ါလေးကို လက်နှင့် ကစားရင်းမေးလိုက်သည်။
‘မောင်ငွေခိုင်သည် ပညာသိပ်တော် တာ မေခင်ရဲ့ ၊ သူ ၁၀ တန်းအောင်တော့ ၁၅ နှစ် ပဲ ရှိသေးတယ်၊ ကောလိပ်ပို့တော့ အသက်လိမ်ပြီး စာရင်းသွင်းရတာ ၊ ဒီနှစ် ဒီဂရီရတယ်လေ၊ သူ့အဖေနဲ့ အမေ ဖြစ်စေချင်တာက အိုင်စီအက်စာမေးပွဲဖြေ၊ ဒါမှမဟုတ် မြို့အုပ်စာမေးပွဲတွေ ဘာတွေ ၀င်စေချင်တာ၊ ခုတော့ သူလုပ်တာက နိုင်ငံရေး တဲ့. . .’
‘ဘာလို့ သူ ဒီလိုလုပ်ပါလိမ့်. . .’
‘တိုင်းပြည်က အရေး ကြီးလို့တဲ့ကွယ်. . .’
‘အရေး ကြီးလို့. . .’
‘သူ့မယ် အမြဲအရေး ကြီးနေတာပဲကွယ်၊ သူ့ သူငယ်ချင်းတွေ တရုံးရုံးနဲ့ အိပ်မယ် စားလိုက် သောက်လိုက်နဲ့ မထားကလဲ မိခင်ဆိုတော့ သိပ်အလိုလိုက်တယ်၊ မိဘက သူ့ကိုထားတာ ရွှေပေါ် မြတင်၊ သူနေတော့ တေလေကြမ်းပိုလိုပဲ၊ ည အိမ်ပြန်တစ်ချက် မပြန်တစ်ချက်နဲ့၊ ဟိုတစ်နှစ် က ဆိုရင် ဗိုလ်အောင်ကျော်ဆုံးတုန်းကပေါ့၊ ခေါင်းမှာ ပုလိပ်ရိုက်တဲ့ ဒဏ်ရာရလာတယ်. . .’
‘ဟင်. . . ဟုတ်လား’
မေခင်ကား အကြားအမြင် ဝေးသူပီပီ၊ ကိုငွေခိုင်အား အံ့သြနေမိသည်။
‘သူ ကောလိပ်ရောက်တဲ့နှစ် ပေါ့၊ အိမ်သားတွေ ဖြင့် သူ့အတွက် စိတ်ပူလိုက်ရတာ ၊ ပြီးတော့ ရှိသေးတယ်၊ ညည အပြင်ထွက်ပြီး အပြန်ကျ ဘတ်စ်တို့ ဓာတ်ရထားတို့မရလို့ဆိုပြီး မြို့ထဲက ဒီကို လေးမိုက်လောက်ရှိတဲ့ခရီးကို ခြေလျင်လျှောက်လာရသတဲ့ကွယ်. . .’
‘မြို့ထဲက ဒီကို ခြေလျင်လျှောက်နိုင်သတဲ့လား၊ အဝေးကြီးပဲနော်. . .’
‘လူသေးသလောက် စိတ်အလွန်သန်မြန်တဲ့လူပါပဲ၊ မေခင်ရယ်၊ ခေါင်းလဲ သိပ်မာတယ်၊ သူ့အစ်ကိုကြီး စိန်ခိုင်ကျတော့ မိဘမျိုးရိုးအလိုက် ကုန်သည်လုပ်ပြီး မိဘပေးစားတဲ့ မိန်းမယူတယ်၊ အေအေးဆေးဆေးပဲ၊ ရွှေခိုင်လဲ ရိုးရိုးကုပ်ကုပ်ပဲ၊ ခများ မယ် တိုက်ဖွိုက် ရောဂါ ဖြစ်ပြီး ဦးနှောက် သိပ်မကောင်းလို့ ၁၀ တန်းကို ဘီကလပ်နဲ့ပဲ အောင်တာနဲ့ ကျောင်းထွက်လိုက်ရတယ်’
ဒေါ်ဒွေးကား စိတ်ရှည်လက်ရှည်နှင့် သူတို့အိမ်ထောင်စုအကြောင်းပြောပြနေသည်။ မေခင် ကလည်း စိတ်ပါဝင်စားစွာ နှင့် နားထောင်နေသည်။
မေခင်လည်း ‘အမိုး’ မှာ လိုက်သည်ကို သတိရ၍ လက်ကလေးကို ကိုင်မြှောက်ပြီး အမှတ် မထင် နာရီကို ကြည့်လိုက်လေသည်။
‘ပြန်ချင်ပြီလား၊ နေပါဦး မိန်းကလေးရဲ့ ၊ ဒေါ်ဌေး ကော်ဖီသွားဖျော်ပါရစေဦး. . .’
‘နေပါစေ ဒေါ်ဒွေးရဲ့ ၊ မေခင် အိမ်က ထမင်းစားခဲ့လို့ ဗိုက်ပြည့်နေပါပြီ’
‘ဒါဖြင့် သံပုရာရည်လေး ဖြစ် ဖြစ် သောက်သွား’
‘ဟင့်အင်း. . . ဟင့်အင်း. . . နေပါစေ၊ ဘာမှ မသောက်ချင်ဘူး’
မေခင်သည် ထိုင်ရာမှ ထလေသည်။
‘ဒါနဲ့ နေရာကထပြီ၊ နေပါဦး မိန်းကလေးရဲ့ ’
‘အမိုးက မြန်မြန်ပြန်ခဲ့လို့ မှာ လိုက်လို့ပါ’
‘အမိုးဆိုတာ မေခင်ရဲ့ မေမေလား’
‘ဟုတ်ပါတယ်၊ ကရင်အမျိုးသမီးမို့လို့ ကရင်လိုခေါ်တာပါ’
‘သြော်. . . သြော်. . .’
‘ခု ဒေါ်ဒွေးတို့အိမ်မှာ ဘယ်သူမှ မရှိဘူးလား’
‘အစ်ကိုကြီးနဲ့ မထားတို့က ဆိုင်ကိုသွားကြတယ်၊ မောင်ရွှေခိုင်က မြို့ထဲကိုသွားတယ်၊ မစန်းယဉ်က အိပ်နေတယ်၊ မောင်ငွေခိုင် ကတော့ ထုံးစံအတိုင်း အိမ်မကပ်ဘူးလေ’
ဒေါ်ဒွေးက မျက်နှာမဲ့ကာ ပြောလိုက်လေသည်။ မေခင်သည် စားပွဲပေါ်မှ စာအုပ်တစ်အုပ် ကို ကောက်ကိုင်ကြည့်နေသည်။ စာအုပ်ပြာလဲ့လဲ့လေး ဖြစ်သည်။ အင်္ဂလိပ်ဘာသာအားဖြင့် ကား(လ်)မတ်၏ ‘အရင်း’ ကျမ်းစာအုပ်ပင်တည်း။
အိမ်၏ အခမ်းအနား အပြင်အဆင်မှာ မြန်မာဆန်ဆန်ပင်။ အပေအတေခံသော စိမ်းမှော င် မှော င် ခန်းဆီးများ ၊ ပြွတ်သိပ်နေသော မှန်ပေါင်းသွင်း ဓာတ်ပုံများ ၊ ကွမ်းအစ်၊ ထွေးခံကြီးများ ကို တွေ့ ရသည်။
အိမ်ခန်းတစ်လှည့်၊ စာအုပ်တစ်လှည့် ငေးကြည့်ရင်း မေခင်သည် စာအုပ်ထဲမှ ထွက်ကျလာ သော စာရွက်တစ်ရွက်ကို အမှတ်မထင် ကောက်ယူကြည့်မိလေသည်။ သေးသွယ်သော လက်ရေး သော့ သော့ ကို တွေ့ မြင်ရလေသည်။
‘လူသားတို့. . . သင်တို့နှင့် အတူ အကျွန် သွားပါအံ့၊ သင်တို့၏ ရှေ့ဆောင်အ ဖြစ် သင်တို့ အလွန်လိုအပ်သော အခါ သင်တို့ဘေးတွင် ရပ်၍ စောင့်ရှောက်နေပါအံ့. . .’
တစ်ဖန် အင်္ဂလိပ်ဘာသာအားဖြင့် တွေ့ ရသော စာစုများ ကား ဤသို့တည်း. . .
Everyman, I will go with thee, and be thy guide, in thy most need by thy side.
မေခင်သည် အဓိပ္ပာယ်ပေါက်စေရန် အခါခါ ဖတ်မိလေတော့သည်။
(၃)
အနောက်ဥရောပတိုက်တွင် ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားလျက်ရှိရာ ကမ္ဘာသူ ကမ္ဘာသားတို့ သည် လှုပ်လှုပ်ရွရွ ဖြစ်နေကြသော်လည်း သဘာဝ ကတော့ အေးချမ်းသာယာမြဲပင်တည်း။ ငွေလ သည် ၀င်းပပနှင့် သာမြဲသာလျက် လောကဓာတ် အလုံးကို ငွေရည်ပက်ဖျန်းနေသည်။
ကျူဝါးရုံသို့ လေတိုးသံသည် မေတ္တာတေးသံကို ကျူးရင့်လေသလော။ သို့နှင့် လူတို့သည် အဘယ်ကြောင့် အချင်းချင်း သတ်ဖြတ်နေရသနည်း။
ဗုဒ္ဓမြတ်ဘုရားရှင်သည် ဗြဟ္မစိုရ်မေတ္တာတရားကို ဟောကြားဘိသကဲ့သို့၊ ရေရှုခရစ်သည် လည်း လူလူချင်း မေတ္တာထားရန် ညွှန်ကြားခဲ့လေသည်။
မေခင့်အိမ်မှာ တော့ ကြေးစည်သံ လွင်လွင်ချိုဘိသကဲ့သို့ စန္ဒရားတေးသံကလည်း ဝေေ၀ ဆာမြဲပင်။
မေခင်သည် စန္ဒရားပေါ်တွင် တင်ထားသော ဇာကလေးတစ်စောင်ကို ဆွဲယူဖတ်နေမိ သည်။ သည်စာကို မေခင်ဖတ်သည်မှာ ၆ ကြိမ်ထက် မနည်းပေပြီ။
မေခင်. . .
နေ့လယ်က မေခင်လာပေးတဲ့စာကိုရလို့ ကျေးဇူးတင်ကြောင်း ပြောပါရစေ။
မနက်ဖြန် ဒီစာအရ ကိုယ် ဟင်္သာတသွားရမယ်၊ အရေး ပေါ်ကိစ္စပဲဆိုပါတော့၊ ဒီကိစ္စ ဟာ ကိုယ့်အရေး လဲ မဟုတ်ဘူး၊ ကိုယ့်အိမ်ထောင်စု အရေး လဲ မဟုတ်ဘူး၊ တစ်တိုင်းလုံး တစ်ပြည်လုံးရဲ့ အရေး . . . လူအများ စုရဲ့ အရေး ပါပဲ မေခင်။
ဟင်္သာတမှာ ဘယ်နှစ် ရက် ကြာမယ်ဆိုတာ မခန့်မှန်းနိုင်ဘူး၊ ခက်တာက ကိုယ့်အနေနဲ့ ဘာကိုမှ ကြိုတင်မှန်းဆနိုင်စွမ်း မရှိဘူး။
ကိုယ့်ကိုယ်ကိုလည်း ကိုယ်မပိုင်ဘူး၊ ကိုယ့်အသက်နဲ့ ခန္ဓာကိုယ်ကို တိုင်းပြည် လက်ထဲအပ်ထားလေတော့ တိုင်းပြည်ရဲ့ ကံကြမ္မာဟာ ကိုယ့်ရဲ့ ကံကြမ္မာပဲ၊ တိုင်းပြည်ရဲ့ အရေး ဟာ ကိုယ့်အရေး ပဲ မေခင်ရေ့. . .
ခဏမျှတွေ့ ရုံနဲ့ ခင်မင်မိတဲ့
ချစ်မိတ်ဆွေ
‘ငွေခိုင်’
မေခင်သည် စာကို ညင်သာစွာ ပြန်ခေါက်ပြီး စန္ဒရားပေါ် ပြန်တင်လိုက်သည်။
မေခင်မှာ ကိုငွေခိုင်၏ ဖျပ်လတ်သော လှုပ်ရှားမှု များ ကို တွေးနေမိသည်။ ကိုငွေခိုင်ကား သူ့ညီရွှေခိုင်နှင့် လည်း မတူ၊ အစ်ကို ကိုစိန်ခိုင်နှင့် လည်း မတူ။ အစ်ကို ကိုစိန်ခိုင်က သူ့အဖေ ဦးဘခိုင်လို ဖြူဖြူ၀၀ ဖြစ်သည်။ အေးဆေးသည်။ တစ်ကိုယ်ကောင်း ဆန်ပုံရသည်။
ညီ ကိုရွှေခိုင် ကတော့ ကိုငွေခုငိလို ရုပ်ရည်မျိုး၊ ညိုညိုအရပ်ပျက်ပျက်၊ မျက်မှန်တတ်မထား သည်ကလွဲ၍ ကိုငွေခိုင်နှင့် ရေး ရေး ဆင်သည်။ ကိုငွေခိုင်ထက် ပိုပိန်သည်။ သူလည်းအနေအေး သည်။ မစဉ်အမြဲ ပြုံးချိုနေတတ်သည်။ ကိုငွေခိုင်လို မျက်မှော င်ကြုတ်၍ မနေတတ်။
သူတို့နှမအထွေးဆုံး မစန်းယဉ် ကတော့ ကြားထဲတွင် မွေးသော ကလေးတွေ ဆုံးတာက တစ်ကြောင်း၊ ပျက်တာကတစ်ကြောင်းတို့ကြောင့် ၇ နှစ် မျှသာ ရှိသေးသည်။ အသားဖြူ၍ မိန်းမချောလေး ဖြစ်သည်။
သူတို့အိမ်ထောင်စုတွင် အလှုပ်ရှားဆုံးသော သူကား ကိုငွေခိုင်ပင်တည်း။ ကိုငွေခိုင်ကား ဒေါ်ဒွေးပြောသကဲ့သို့ ခေါင်းမာပုံရလေသည်။ ကိုငွေခိုင်ကား ဒေါ်ဒွေးပြောသကဲ့သို့ ခေါင်းမာပုံရလေ သည်။ သူ လုပ်ချင်သည့်အရာကို စွပ်လုပ်တတ်သည်။ နောက်ပိုင်းကို တကယ်လှည့်ကြည့်တတ်ပုံ မရ။
ကိုငွေခိုင်၏ မိခင် ဒေါ်ထားမှာ အမြဲပင် မျက်နှင့် မျက်ခွက် ဖြစ်သည်။ ဒေါ်ထားသည် ကိုငွေခိုင်ကဲ့သို့ပင် အသားညိုညို သေးသေးပျပ်ပျပ် ၀ိုင်းစက်လှပသော မျက်လုံး၊ ပေါ်လွင်သော နှာတံနှင့် အသားညိုချောပင်တည်။ ပဒုမ္မာအင်္ကျီ ဒိုဘီချနှင့် ရွှေတောင်ပိုးလုံချည်အကွက်များ ကို အမြဲဝတ်ဆင်တတ်သည်။ မြင့်မားသော ဘီးဆံထုံးတွင် စိန်ဆံထိုးထိုးလျက် ပါ၍ ကားသော စိန်နားကပ်ကြီးများ မှာ တဖျပ်ဖျပ်တောက်ပနေ၏ ။
ပြောင်းဖူးဖက်လိပ်ကို ရှိုက်ဖွာတတ်ကာ သူ၏ မာနကြီးဟန်မျက်နှာထားကား ကိုငွေခိုင်တို့ ညီအစ်ကိုသုံးယောက် နှင့်လည်း မတူ၊ ဦးဘခိုင်နှင့် လည်း မတူဘဲ တစ်မူထူးခြားလျက်ရှိသည်။
ဦးဘခိုင်ကား ဖြူဖြူ၀၀ ထောင်ထောင်မောင်းမောင်း၊ ကိုငွေခိုင်နှင့် သားအဖဆိုလျှင် ယုံနိုင် စရာမရှိပေ။ စိတ်သဘောထားချင်းလည်း ဘယ်တော့မှ မတိုင်ဆိုင်ခဲ့ပေ။ တစ်ယောက် ဖြူလျှင် တစ်ယောက် က မည်းမြဲသာတည်း။ သို့သော် ပညာတတ်သားသမီး ဖြစ်၍ ချစ်လည်းချစ်ခင်၊ လေးလည်းလေးစားပုံရလေသည်။
မေခင်သည် အားတိုင်းပင် ကိုငွေခိုင်နှင့် အတူ သူတို့၏ အိမ်ထောင်စုကို တွေးနေမိသည်။ မိမိအိမ်တွင် မိမိနှင့် တူသော အမြဲဆေးတံခဲ၍ ခြံထဲတွင် နှိုက်နေတတ်သည့် ဖခင်နှင့် ရာသီပူပူ အေးအေး လျှောစောင်ခြုံကာ မျက်မှန်ကို နှာခေါင်းလည်တွင် တပ်၍ နှစ် ချောင်းထိုးထိုးနေတတ် သော ‘အမိုး’ တို့က လွဲ၍ စဉ်းစားစရာ မရှိပေပြီ။
ကိုငွေခိုင် ဟင်္သာတမှ ပြန်လာသော နေ့ကား မိုးတွေ သဲသဲမဲမဲသွန်းချရွာဖြိုးသော နေ့ပင် တည်း။
ဝါဆို၊ ၀ါခေါင် ရေဖောင်ဖောင်တည်း။ လျှပ်ပန်းတို့သည် ကြောက်မက်ဖွယ်ရာ ပြိုးပြင်နေ သည်။ မိုးတိမ်တို့သည် ငိုချင်လှသူတို့၏ မျက်နှာထားပမာ ညို၍ နေသည်။ လေမုန်တိုင်းသည် ဒလ ကြမ်းတိုက်ခတ်လာသဖြင့် သစ်ပင်တို့သည် တရှဲရှဲမြည် နေသည်။
ညနေ နေ၀င်ရီသရောတွင် မေခင်တို့၏ အိမ်ရှေ့တွင် လူခေါ်ခေါင်းလောင်းတီးလှသည်။ မေခင်သည် အိမ်နောက်ဖေးတွင် ပန်းကန်ပြားဆေးနေရာမှ အပြေးအလွှား ထွက်လာလေသည်။
အိမ်ရှေ့တံခါးဝတွင် ကိုငွေခိုင်သည် မိုးရေတွေ ရွှဲရွှဲစိုလျက် ခိုက်ခိုက်တုန်ကာ ရပ်နေသည်။
‘ဟင်. . . ကိုငွေခိုင်’
‘သင်္ဘောပေါ့်အဆင်းကတည်းက မိုးတွေ ရွာချလိုက်တာ ကိုယ် အိမ်တောင်မရောက်သေး ဘူး. . .’
မေခင်သည် သံတံခါးကို ကပျာကရာဖွင့်ပေးလိုက်၏ ။
‘နေ. . . နေ. . . မဖွင့်နဲ့တော့ မိုးတွေ စိုလို့ ကိုယ် ပုစွန်ချဉ်လာပေးတာ၊ ဟင်္သာတကအပြန် လက်ဆောင်ပေါ့’
ဟု ဆက်၍ ပြောလိုက်၏ ။
‘သြော်. . . တကူးတက ယူလာတာကိုး၊ ကျေးဇူးတင်ပါတယ် ရှင်’
မေခင်က ပုစွန်ချဉ်ထုပ်များ လှမ်းယူကာ ၀မ်းသာအားရနှင့် ကျေးဇူးစကားဆိုလေသည်။ ရှပ်အင်္ကျီလက်တို အဖြူ၊ ချည်လုံချည်အဖြူခံတွင် အစိမ်းရောင် မန်ကျဉ်းစေ့ကွက်စိပ်၊ အိမ်တော် ရာဖိနပ်နှင့် ဘုန်းကြီးကျောင်းသားလေးပမာ ၀တ်ဆင်ထားသော ကိုငွေခိုင်အား ငေးကြည့်နေမိသည်။
ထိုခေတ် ထိုအခါက ကိုငွေခိုင်တို့အရွယ်မှ အသက်ကြီးပိုင်းအထိ ယောက်ျားများ သည် ပိုးဗန်ကောက်ပုဆိုးများ ဒုံးချဝတ်လေ့ရှိကာ အယ်လပါကားအနက် တိုက်ပုံအင်္ကျီ သို့မဟုတ် ဟာဗနာခေါ် ပိုးတိုက်ပုံအင်္ကျီစသည်တို့ကို ၀တ်ဆင်သော အလေ့အထ ရှိခဲ့လေသည်။ အပြင်ထွက် သည်နှင့် တိုက်ပုံအင်္ကျီပါမြဲပင်တည်း။
ယခုမူ ဘုရားစူးစေ့ တက္ကသိုလ်ကျောင်းထွက် ဖြစ်နေသည်။ သူ့ကို မြင်ရသော သူအား ကိုငွေခိုင်မှာ တက္ကသိုလ်ကျောင်းမှ ဒီဂရီရခဲ့သူပါဟု ဘူရားစူး ကျမ်းကျိန်ပြောလည်း အယုံခံရမည် မဟုတ်သော လူစားမျိုး ဖြစ်သည်။
မေခင်တွေ့ ဖူးသော တစ်ပါးသော လူပျိုလူရွယ်လေးနှင့် မတူသည်မှာ တော့ အမှန်ပင် တည်း။
‘ကျေးဇူးတင်စကား ပြောမနေပါနဲ့၊ ဒါလေးက မ ဖြစ်လောက်ပါဘူး၊ မေခင် ပုစွန်ချဉ်တော့ စားတယ်နော်’
‘ဟာ. . . မစားပါဘူး၊ အထုပ်လိုက် မြိုမှာ ’
မေခင်သည် သူ့ဘာသာသူ သဘောကျကာ ရယ်မောနေသည်။ ကိုငွေခိုင်သည် လိုက်၍ ရယ်မောနေရသည်။ ရယ်လိုက်သော အခါ အပြုံးပန်းပွင့်၍ ပိုကြည့်ကောင်းလာသော ကိုငွေခိုင်၏ မျက်နှာကို မေခင်က သတိပြုမိလေသည်။
ရေစက်စက် စိုနေသော မျက်မှန်ကိုချွတ်ကာ ကိုငွေခိုင်သည် သူ၏ လက်ကိုင်ပ၀ါနှင့် ပွတ်သုတ်နေသည်။
‘ပြန်ဦးမယ်. . . ကိုယ်လဲ ချမ်းလာပြီ’
မျက်မှန်ဒေါက်ညှပ်ရာ နှာခေါင်းရင်းနေရာတွင် ပိန်ချိုင့်၍ မျက်မှန်မပါသဖြင့် ကြောင်တောင် တောင် ဖြစ်နေသော ကိုငွေခိုင်၏ မျက်စိများ ကို အကဲခတ်ရင်း. . .
‘ပြန်လေ. . . ပြန်တော့. . . ဒါထက် ကိုငွေခိုင်ရဲ့ မျက်စိတွေ က သိပ်မှု န်နေတယ် ထင်တယ်နော်. . .’
ဟု မေခင်က တဆက်တည်း မေးလိုက်၏ ။
ကိုငွေခိုင်သည် မျက်မှန်ပြန်တပ်ကာ မေခင်အား ပြုံးကြည့်လျက်. . .
‘အဝေးရော. . . အနီးရော မှု န်တာ၊ မျက်မှန်ချွတ်ထာဒးရင် အကန်းလိုပဲ၊ အင်မတန် စိတ်ပျက်စရာကောင်းတယ်’
ဟု ညည်းညူလိုက်၏ ။
‘ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာလို့များ ဒါလောက်မှု န်ရပါလိမ့်မလဲနော်’
‘၁၂ နှစ် သားထဲက စာတွေ အလွန်အကျွံဖတ်တာ၊ နေ့ရော ညပါ အလပ်မပေးဘူး၊ ကြာတော့ အညောင်းမိပြီး ဆီးကိုင်လာတာပဲ၊ ယူနီဗာစီတီရောက်တဲ့နှစ် က ဆီး ရောဂါ ဆေးရုံ တစ်လလောက်တက်လိုက်ရသေးတယ်လေ၊ အဲဒီ က မျက်စိမှု န်ခဲ့တာ၊ ခု မျက်မှန်တပ်တာ ၄ နှစ် ကျော်ပြီ’
‘သြော်. . .’
မေခင်သည် ကရုဏာသက်စွာ ဖြင့် ကိုငွေခိုင်အား ငေးစိုက်ကြည့်နေမိသည်။
‘ကိုင်း. . . စကားတော့ ကောင်းပါရဲ့ ပြန်ဦးမယ်၊ ဟင်္သာတမှာ ၃ ရက်ပဲကြာခဲ့တယ်၊ သိပ်ကြာကြာနေလို့ မရဘူး၊ စုံထောက်နောက်ကလိုက်လို့ ခြေရာမနည်းဖျောက်ထားခဲ့ရတယ်၊ အိမ်မှာ တောင် ကြာကြာနေလို့မ ဖြစ်ဘူး’
‘အို. . . ဖြစ်ရလေ’
မေခင်ကား ကပျာကယာ ခပ်သုတ်သုတ်ပြောပြောဆိုဆို ထွက်သွားသော ကိုငွေခိုင်၏ ကျောပြင်ကို စိုက်ကြည့်ရင်းသက်ပြင်းတစ်ချက်ချကာ ကျန်ရစ်လေ၏ ။
ကိုငွေခိုင်သည် မေခင်အား ကျောခိုင်းကာ မိုးသည်းတွင် ပျောက်ကွယ်သွားလေသည်။
မေခင်သည် ပုစွန်ချဉ်ထုပ် လက်တွင် ကိုင်ကာ အတန်ကြာငိုင်နေသည်။ နောက်မှ သတိဝင် လာကာ သံတံခါးကို ဆွဲစေ့ပိတ်လိုက်လေသည်။
ဧည့်ခန်းကို ဖြတ်လာပြီး အလယ်ခန်းတွင် အပ်ချုပ်စက်ကို ထိုင်ပြင်နေသော ဖခင်အား တွေ့ ရသည်။
‘ဟဲ့. . . စောစောက သမီးနဲ့ စကားပြောနေတာ ဘယ်သူလဲ’
‘ကိုငွေခိုင်ပါ ဖေဖေ၊ ဟင်္သာတ ပြန်လာလို့ ပုစွန်ချဉ်လာပေးတာပါ’
မေခင်သည် ပုစွန်ချဉ်ထုပ်ကို မ၍ ပြရင်း ပြောလိုက်ရာ ဖေဖေက မေခင်အား မျက်မှန်ထူကြီး ပေါ်မှကျော်ကာ ကြည့်လိုက်လေသည်။
‘ဒီလိုတော့ သူငယ်လေးက တော် သားပဲ’
ဦးအေးခင်က သူ့အဓိပ္ပာယ်နှင့် သူ ထင်မြင်ချက်ကို ပေးနေသည်။
‘သူဟာ လူတော် တစ်ယောက် ပါပဲ ဖေဖေ’
မေခင်က လူကြီးသူမသဖွယ် တည်ကြည်စွာ ပြောလိုက်လေသည်။ မေခင်ကလည်း သူ့ အယူအဆနှင့် သူ ဖြစ်သည်။
‘ဒါပေမယ့် သူဟာ သူပုန်တဲ့ သမီးရဲ့ ၊ မနေ့က ဖေဖေ့မိတ်ဆွေ အက်(စ်)အိုင်ပီ တစ်ယောက် ကတောင် ပြောနေတယ်’
‘သူပုန်? ဟာ. . . မဟုတ်တာပဲ ဖေဖေရယ်၊ မဟုတ်ပါဘူး၊ သူဟာ တိုင်းပြည်အတွက် အလုပ်လုပ်နေတဲ့ လူ တစ်ယောက် ပါ၊ သူ့ကိုယ်အတွက်လဲ သူဘယ်တော့မှ မကြည့်ဘူး၊ နိုင်ငံရဲ့ အရေး ဟာ သူ့အရေး ပဲ ဖေဖေရဲ့ ’
မေခင်သည် ခေါင်းတညိတ်ညိတ် လည်တခါခါနှင့် ၀င့်ကြွားစွာ ဖခင် ဖြစ်သူအား ပြောပြနေမိ သည်။ သူ၏ ခံ့ညားသော စကားလုံးများ အတွက် မေခင်သည် များ စွာ ကျေနပ်နေမိသည်။ မေခင်၏ မျက်လုံးရွဲကြီးများ သည်လည်း အလိုလိုတောက်ပနေလေသည်။
မေခင်၏ ဖခင်ကား ခပ်မဆိတ်နေသည်။ မေခင်ပြောသည်ကို လက်ခံလို၍ လော၊ သို့မဟုတ် ဖက်ပြိုင်၍ မပြောလို၍ လော မေခင်မတွေးတတ်ပေ။
![]() ၀တ္ထုတို ပေါင်းချုပ် -၂ | ![]() Beloved Country | ![]() စစ်ကိုင်းသမီး ဒိုင်ယာရီ |