အခန်း(၁)
နှုတ်ခမ်းပါးနှစ် လွှာကို တင်းနေအောင်စေ့ထားပြီး သံပြတ်ဖြင့် အသံကို တိခနဲ ပိုင်းပြတ်စွာ ပြောတတ်သည့် မိန်းမငယ်သည် သူ့ရှေ့၌ ဘယ်အရာကိုမှ ထီမထင်သည့် မျက်နှာဘေးနှင့် မာန၏ တောင်းဆိုမှု အတိုင်း စည်းချက် လှုပ်ရှားနေလေ၏ ။
``ငါ စေ့စပ်တော့မယ် သြဇာ´´
ထိုစကားလုံးတွေ ကို ဒုတိအကြိမ် ကြားချိန်၌ အစောပိုင်းကလောက် သူ မတုန်လှုပ်တော့ပါ။ သူနှင့် မျက်နှာချင်းဆိုင် ထိုင်နေသော မိန်းမ တစ်ယောက် သည် သူ့ကို လွန်စွာ ချစ်မြတ်နိုးခဲ့သော …၊ သူ့ကို လွန်စွာ သ၀န်တိုခဲ့သော … သူ့ကို လွန်စွာ ချုပ်ကိုင်လွှမ်းမိုးချင်ခဲ့သော …
သူ့ကို…
သူ့ကို…
အဲ့ဒီမိန်းငယ်ဟာ… သူ့အတွက် ကြေကွဲဝမ်းနည်းစရာကို သယ်ဆောင် ယူရက်လိမ့်မည် ဟုတော့ သြဇာ မထင်ခဲ့ပါ။ ဒါပေမယ့် သူ လက်ခံယုံကြည်ရမည် က သူ့ကို မျက်လုံးစိမ်းစိမ်း၊ ဆံပင်နီကျင်ကျင်ကို ပိုနီတေးစီးထားပြီး မျက်ခုံးတန်းများ မည်းမှော င်နေပေမယ့် ဖြူနုလှပသော အသားအရေး နှင့် မျက်လုံးဝိုင်းနက်နက်တို့က … ဒါဟာ… မိုးပန်းပွင့် အစစ်အမှန်ပါလို့ ပြောပြနေသည်ပဲ မဟုတ်လား။
``ဘယ်သူနဲ့လဲ´´
ရုတ်တရက် သူ့နှုတ်မှ ထွက်သွားသော အသံကို သူပင် ပြန်လန့်သွား၏ ။ သူ ခံပြင်စွာ ခေါင်းခါလိုက်မိ၏ ။ သူ့မျက်နှာပေါ်မှာ မယုံကြည်နိုင်ခြင်း အရေး အကြောင်းတွေ ကို သူမမြင်သွားမှာ စိုးရွံ့လှ၏ ။
ဘာ ဖြစ်လို့ ထိုမေးခွန်း မေးမိတာလဲ။ သူ့နှုတ်ခမ်းဝတင် `တောက်´ ခေါက်သံ ရပ်တန့်သွား၏ ။ မသိစိတ်၏ ဆန္ဒပြင်းပြမှု ကို သူ မဟန့်တာတော့။ သူ့မေးခွန်းက တိုတောင်းပေမယ့် မိုးပန်းပွင့်၏ ရယ်သံကို ရှည်လျားစေခဲ့၏ ။ ထိုရယ်သံကို သူမုန်းတီး၏ ။ ဒီ မိုးပန်းပွင့်၏ အလှတွေ ထဲမှာ ဒီလိုသူတစ်ပါးကို နာကျင်ထိခိုက်စေတဲ့ ရယ်သံဟာ ရုပ်အဆိုးဆုံးပဲ။
``ဘာ ဖြစ်လို့ သိချင်တာလဲ… မင်း စိတ်ဝင်စားလို့လား´´
သူ ထောင်းခနဲ ဒေါသထွက်သွားပြန်၏ ။ ကြည့်စမ်း… ဒါ သူ့ကို ချေပတာပဲ…။
``ငါက… ငါ့ကိုယ်ငါလောက် ဘယ်သူ့ကိုမှ စိတ်မ၀င်စားဘူး….´´
ဟု ပြောခဲ့ဖူးသော သူ့စကားတွေ အတွက် … အမှတ်လျော့လေရော့မည် ။ ဘယ်အရာကိုမှ တန်ဖိုးမထားတတ်သူ မလေးနက်တတ်သူ ဟူသော သူ့အပေါ် စွဲချက်တင်ထားသော မိုးပန်းပွင့်အတွက် ဘေးဆီးရန်ကာ စကားများ သူ မပြောလိုတော့ပါ။ သူ့ဖက်ကလည်း လှပစွာ တုံ့ပြန်စကား ဆိုတတ်ရမည် လေ…။
``ငါလား စိတ်ဝင်စားချင်ယောင် ဆောင်သင့်တာပေါ့… ဒါမှ နင့်ရဲ့ စိတ်နာမှု နဲ့ မာနကို မထိခိုက်မှာ ပေါ့´´
``တော် စမ်း သြဇာ… နင်က နင့်အရှုံးကို ကာကွယ်ချင်ရင် ကာကွယ်တယ် ပြောစမ်းပါ၊ ငါ့မာနက နင့်ကြောင့် ထိခိုက်ရပေါင်းများ လို့ ရိုးနေပြီ…´´
``ဒါက နင့်အထင်ကိုး… ငါ ဘာ ဖြစ်လို့ နင်စေ့စပ်မယ့်သူကို သိချင်တာလဲ… သိလား´´
သူ့စကားအတွက် မိုးပန်းပွင့်က မျက်တောင်ပင့်ရုံ အသိအမှတ်ပြု၏ ။ သူ့ရင်ထဲမှာ ဒေါသလား… သော ကလား… မာနာလားမသိ… ပူလောင်နေလေပြီ။ ဒါ အသည်းကွဲတာလား။ မ ဖြစ်နိုင်ဘူး။ ဒါ ခံပြင်းမှု ပဲ…။ ဒီ ခံပြင်းမှု မှာ သူ့ရဲ့ ယောက်ျားမာနပါနေ၏ ။
``ကိုင်း… ပြောကြည့်ပါဦး… ဘယ်လိုလူမျိုးလည်း ဆိုတာ´´
``မိုးပန်းပွင့် ရွေးချယ်တဲ့သူဟာ… ခပ်ညံ့ညံ့လူပေါ တစ်ယောက် တော့ မဟုတ်လောက်ပါဘူးနော်´´
``ဘာ´´
ကောင်းကွာ… သည်စကားအတွက် သူ အားရလိုက်တာ။
ကွက်ခနဲ ပျက်သွားသည့် မိုးပန်းပွင့်မျက်နှာက အခုမှ ပိုလှလာသလို ပါပဲ၊ ခပ်ညံ့ညံ့လူပေါဆိုသော စကားအသုံးအနှုန်းသည် ဒုံးကျည်တစ်စင်းကဲ့သို့ သူမရင်ကို ပစ်ခွင့်သွားခဲ့၏ ။ သြဇာကို ပြောဆိုနေကျ ထိုစကားလုံးအား အခုတစ်ကြိမ်၌ သြဇာက ပြန်အသုံးချဖို့ သတိရသွားခဲ့ပြီထင်။
``မှတ်ထား သြဇာ… ငါ ရွေးချယ်မယ့်လူဆိုတာ… နင့်လို ပေါ့တီးပေါ့ဆနိုင်တဲ့သူ မ ဖြစ်ရဘူး။ ငါ ရွေးချယ်မယ့်လူဆိုတာ နင့်လို အချစ်ကို တန်ဖိုးမထားတဲ့လူ မ ဖြစ်ရဘူး၊ ငါ ရွေးချယ်မယ့်လူဟာ … ပညာတတ်ရမယ်… ဂုဏ်သိက္ခာရှိရမယ်…. လောင်းကစား ၀ါသနာ မထုံရဘူး…´´
သည့်ထက်ပြည့်စုံသော အပြောသည်ပင် သည်လောက် မပြည့်စုံနိုင်တော့ပါ။ သူ့ကို အလဲထိုးဖို့ လက်နက်စကားလုံး အကြီးကြီးတွေ ကို သူက အဆင်သင့် ပြင်ထားပါရောလား။ တကယ်တော့ မိုးပန်းပွင့်၏ ဦးတည်ချက်သည် သူမရှေ့တည့်တည့်မှ လူကိုသာ ဦးတည်နေပြီ။
နင့်လို… နင်လို… ဟု ပြောနေဘိအလား။ တစ်ချိန်က သူ့ရဲ့ Habbit မှန်သမျှ… အခုတော့ အပြစ်တွေ တဲ့လား မိုးပန်းရယ်။
ထိုသူဘယ်သူဆိုတာ သူ သိလိုက်ပါပြီ။ ထိုသူဟာ… မိုးပန်းပွင့်ထက် အနည်းဆုံး အသက် ၁၀ နှစ် လောက် ကြီးနိုင်ပြီး အတွေးအခေါ်အားဖြင့် ရင့်ကျက်တည်ငြိမ်နေလိမ့်မည် ။ ထိုသူသည် သူ့လောက်တော့ လွတ်လပ်ပေါ့ပါး လန်းဆန်းနေမည် မဟုတ်။
သူ့အတွေးထဲ၌ နားလည်ပေးနိုင်တာတစ်ခုပဲ ရှိပါသည်။ ဒါသည်… မိုးပန်းပွင့် သူ့ကို စိတ်ပျက်သွားပြီ ဆိုတာကိုပါပဲ။
သူကရော… သူ ကတော့ လက်ထဲမှာ လှပသည့် အရုပ်ကလေးတစ်ရုပ် သူများ ပေးလိုက်ရမည် ဆိုတော့ နှမြောလွမ်းဆွတ်သည်ပဲလား…။ ယောက်ျားမာနကို ထိခိုက်၍ ဒေါသအမျက် ချောင်းချောင်းထွက်နေသည်ပဲလား မဆိုနိုင် သေချာတာ ကတော့ သူ့ခေါင်းထဲ ပိနေသော ၀န်ထုပ်ဝန်ပိုးတစ်ခု လျော့ကျသွားပြီ ဆိုတာပါပဲ…။
အနိုင်းအရှုံး တွက်မည် ဆိုလျှင်တော့လည်း ဒီပွဲမှာ သူ ရှုံးသည် ဆိုပါတော့….။
``လာပြန်ပြီလား…. ဒီ အနိုင်အရှုံးကြီး၊ နင်ဟာလေး အမှတ်သည်းခြေကို မရှိဘူး…။ နင်နဲ့ မိုးပန်းရဲ့ အသည်းကွဲ ဇာတ်လမ်းမှာ နင်ကချည်း သနားစရာ ကောင်းနေတယ် ထင်လို့လား… ငါ တကယ်စိတ်ကုန်တယ် နင့်ကို…´´
ဒေါသနှင့် ကုန်းအော်သော ချိုမြိန်ကြောင့် သူ့ကိုယ်သူ ကိုယ်ရှိန်သတ်လိုက်ရ၏ ။ သူလည်း ဒေါသ ဖြစ်နေတာပါပဲ။ သူ့ဒေါသက ယောက်ျားမာနကို ထိပါးသည့်အတွက် ဖြစ်သည့်ဒေါသ၊ ချိုမြိန် ဒေါသက အနိုင်အရှုံး အမြဲတွက်သော သြဇာကို စိတ်ပျက်သည့် ဒေါသ။
``နင်က ဘာဒေါသ ဖြစ်ပြီး စိတ်ကုန်နေတာလဲ… အခု ဖြစ်တာ ငါ့ကိစ္စပဲဥစ္စာ…´´
``ဟင်… နင့်ကိစ္စဆို… ဘာလို့ ငါ့လာတိုင်တည်နေရတာ လဲ၊ မိုးပန်းကရော… နင် တစ်ယောက် တည်းနဲ့ ဆိုင်သလား… ငါနဲ့ရော ဘာတော် လဲ သူငယ်ချင်းလေဟဲ့.. သူငယ်ချင်း… ဟဲ့ သြဇာရဲ့ …´´
``နင်က မိုးပန်းပွင့်ရဲ့ ရဲဘော်ရဲဘက်ပေါ့ ဟုတ်လား… ဒါဆို ငါ့ရဲ့ သစ္စာဖောက်ပေါ့´´
သြဇာစိတ်ထဲ ထောင်းခနဲ ဒေါသထွက်သွား၏ ။ သူ့ဖက်မှာ ဘယ်သူမှ မရှိပါလား…။
``အမလေး… စကားကြီး စကားကျယ်တွေ နဲ့ မခြိမ်းခြောက်စမ်းပါနဲ့ သြဇာရယ်… နင်လည်း ငါ့သူငယ်ချင်းပါပဲ… ကဲ ပြန်ဟယ်… ငါ´´
ထိုအချိန်၌ ချိန်မြိန်လေး၏ ရင်ထဲ၌ … သြဇာကို စကားတွေ ပြောနေမိ၏ ။ ထိုစကားစုများ ကိုသာ သြဇာကြားခဲ့မည် ဆိုလျှင်… သူမ၏ ပစ္စုပ္ပန်အခြေအနေကို သူ နားလည်တန်ကောင်းလိမ့်မည် ထင်ပါရဲ့ …
ချိုမြိန့် ရင်ထဲကမူ…
`တကယ်တော့ သြဇာရယ်.. နင်က သူငယ်ချင်းမှ… ငါ့ရဲ့ ဟိုးကလေးဘ၀ကတည်းက… ငယ်သူငယ်ချင်းလေးပါ… ကစားရွယ် ငယ်ကတည်းက စွဲတဲ့အချစ်ကိုသာ ငါ ပြောခွင့်ရမယ်ဆိုရင် ပြောလိုက်ချင်ပါရဲ့ ။ ဒါပေမယ့် မိုးပန်းပွင့်က ငါ့ကျေဇူးရှင်ဆိုတော့ နင့်ထက် ပိုအလေးထားရမယ် မဟုတ်လားဟယ်…´ ဟုသာ ပြောလိုက်ချင်တော့သည်။
ကျေးဇူးရှင်တဲ့…
ထိုစကားလေး သုံးလုံးဟာ… ချိုမြိန့်ကို ဖိစီးခံစားစေခဲ့လိမ့်မည် ဟု ထိုအချန်က သူမ တွေးမထင်ခဲ့ပါ။ သြဇာကိုလည်း သူငယ်ချင်းရဲ့ သူငယ်ချင်းအ ဖြစ်နှင့် ရပ်တန့်နားလည်ခဲ့ရသည်ကို သြဇာကိုယ်တိုင်ပင် မသိခဲ့။ ဒါကြောင့် လည်း သြဇာ တစ်ယောက် အလိုက်ကန်းဆိုးမသိစွာ သူမအိမ်အထိ လိုက်လာပြီး ရင်ဖွင့်နေလေ၏ ။
သည်စရိုက်က သြဇာ၏ ပင်ကိုယ်စရိုက် သူ့ရင်ထဲက ခံစားချက်မှန်သမျှ အရင်ဆုံး သိခွင့်ရတာ ချိုမြိန်ပဲ ဖြစ်၏ ။ အရမ်းကို ပွင့်လင်းလွန်းပြီး ဘာကိုမှ အဝေးကြီး မတွေးတတ်သော ကြောင့် လည်း ``အမှားများ စွာ ကို ဖိတ်ခေါ်သူ´´ ဟု မိုးပန်းပွင့် ကင်ပွန်းတပ်တာလည်း ဘယ်ဆန်းပါ့မလဲ။ ငြိမ်ကျသွားသော ချိုမြိန့်ကို ကြည့်ပြီး မျက်နှာရှုံ့မဲ့သွားသည့် သြဇာမှာ သူငယ်ချင်းဖက်က အခမဲ့ ရှေ့နေလိုက်နေသော ချိုမြိန်ကို ဖိမည်းနေတော့၏ ။ ဒီအချိန်မှာ သူ့ရဲ့ ရင်ဖွင့်ဖော်ဟာ ချိုမြိန်သာ….။
``အပြစ်ရှာမယ်ဆိုရင်တော့ ငါက အရက်၊ အဲ ဘီယား နည်းနည်း သောက်တတ်တယ်။ စကားပြောရင် ပြောင်ချော်ချော် ပြောတတ်တယ်ဟာ အလေးအနက် မရှိဘူး။ ကတိ မတည်ဘူး။ ဒါပဲ မဟုတ်လား´´
``နင့်မှာ ဒီတစ်ပြစ်ထဲ မဟုတ်ပါဘူး´´
``ပြောစမ်း… ဘယ်နှပြစ်လဲ´´
``ဘေးကမြင်ရတဲ့ ငါ ကတော့ နင်က မိုးပန်းပွင့်ရဲ့ မာနတွေ ကို ချိုးဖဲ့နေတဲ့သူလို့ မြင်တယ်။ ဒီလောက် မာနကြီးတဲ့ ငါ့သူငယ်ချင်းကို နင်မို့ ကပျက်ကချော် လျှောက်လုပ်နေတဲ့နောက် ဟိုက သည်းခံပါတော့မလား´´
သြဇာနှင့် ချိုမြိန် စကားနိုင်လုကြသည်။ သူ့အပြစ်တွေ ကို လက်ချိုးပြရသည့်အတွက် ချိုမြိန် စိတ်မကောင်း။ ဟုတ်တယ်။ မိုးပန်းမကြိုက်တာ ဒီအချက်တွေ ပဲ။ ပြီးတော့ နင့်မှာ မကောင်းတဲ့ဉာဉ်လည်း ရှိသေးတယ်။ အဲဒီ အချက်ကို မိုးပန်း အမုန်းဆုံးပဲ သိလား။
ဒါဟာ ဘယ်သူမှ ၀င်စေ့စပ် ညှိနှိုင်းလို့မရတဲ့ နင်တို့နှစ် ယောက် ရဲ့ ဆန့်ကျင်ဘက်ပဲပေါ့။
``ချစ်သူလို့ပြောပြီး ရန်သူလို ဆက်ဆံနေတဲ့ နင့်သူငယ်ချင်းကို ငါမကျေနပ်ဆုံးက ငါ့ကို လျှော့တွက်တာပဲ။ သူနဲ့ငါ ပြဿနာ ဖြစ်တဲ့ အဓိကအကြောင်းကို နင်အသိဆုံးပဲ နင်သက်သေပဲ။ ဘယ်သူလွန်လဲ… ဘက်မလိုက်ဘဲ ဖြေစမ်း ချိုမြိန်´´
ဒေါသကြောင့် နီမြန်းနေသော သြဇာကို မကြည့်ရက်ပါ။ ဒါဟာ အချစ်ကြောင့် လား။ သူငယ်ချင်းရယ်ဟု မမေးရက်။ ထိုနေ့က အ ဖြစ်အပျက်သည် သြဇာနှင့် မိုးပန်းတို့၏ လမ်းခွဲမှု ဆီ ဦးတည်လိမ့်မည် ဆိုလျှင် သူမသည် မိုးပန်းခေါ်ရာနောက်သို့ ကလေး တစ်ယောက် လို လိုက်သွားမိလိမ့်မည် မဟုတ် ယခုတော့ ချိုမြိန်က သက်သေတဲ့လား…။
အခန်း(၂)
ထိုနေ့က မိုးပန်းပွင့် ကျောင်းမတက်ပါ။
နေ့တိုင်း မိုးပန်းနှင့် ကျောင်းသွားနေကျမို့ ချိုမြိန် တစ်ယောက် တည်း ပျင်းပျင်းနှင့် ကျောင်းတက်လိုက်ရသည်။ ``နေမကောင်းဘူး ချိုမြိန်ရယ်၊ အိမ်မှာ ပဲ စာကျက်တော့မယ်၊ နင့်ဆီကပဲ ပြန်ကူးမယ်နော်။ အပြန်အိမ်ဝင်ခဲ့ဦး´´ ဟု မှာ လိုက်သော မိုးပန်းစကားကို ချိုမြိန်က တသွေမတိမ်း လိုက်နာပါသည်။ စာသင်ခန်းထဲရောက်လို့ ဆရာပင် မထွက်သေး။ နောက်ကျောကို စက္ကူမြားတွေ လာစိုက်သလို ထင်၍ နောက်သို့ ဆက်ခနဲ လှည့်ကြည့်မိ၏ ။
ဟင် သြဇာနဲ့ သူ့သူငယ်ချင်း ဒီပ။ ဒီကောင်တွေ ဘာနှောက်ဦးမလို့လဲ။ ဆရာကိုအားနာ၍ သူတို့ဖက် လက်သီးထောင်ပြရာ သြဇာကပင် အပြင်ထွက်ခဲ့ဖို့ချည်း အမူအရာ ပြနေလေ၏ ။ ချိုမြိန် မသိဟန်ဆောင်ပြီး ပြန်လှည့်လိုက်စဉ် `ချိုမြိန်´ ဟု အသံအကျယ်ကြီး လှမ်းခေါ်လိုက်၏ ။ သူမ တုန်သွား၏ ။ ဘုရား… ဘုရား… မ ဖြစ်ဘူး…ငါ အခန်းအပြင် မထွက်မချင်း အရှက်ကွဲနိုင်တယ်ဟု တွေးပြီး အခန်းထဲမှ အသာလေးလျှို၍ ထွက်ခဲ့ရ၏ ။ တစ်ခွန်းက တိုးတိုး `ချိုမြိန်´၊ တစ်ခွန်းက ကျယ်ကျယ် `ချိုမြိန်´ တစ်ခန်းလုံး ပြုံး၍ ကျန်ခဲ့ချိန်မှာ မျက်နှာပူစွာ နှင့် သြဇာနားသို့ သူမ ရောက်သွား၏ ။
ဒါပေမယ့် ချိုမြိန် ဘာမျှ မပြောလိုက်ရ။ သြဇာကသာ အရေး တကြီးနိုင်စွာ …
``အရေး ကြီးလို့ပါ ချိုမြိန်ရာ၊ ငါ့ကို ငွေနှစ် သော င်းလောက် ချေးစမ်းပါ´´
``ဘာ… ငွေနှစ် သော င်း…´´
``ဟာ နင်ကလည်း လန့်လိုက်တာ… ဒါလေးပြောတ လန့်စရာလား၊ ငွေနှစ် သော င်း ချေးတာလေးများ ´´
ချိုမြိန်ထံမှ `ဘာ´ ခနဲ အသံကို သြဇာကပြန်လှန့်သတဲ့။ ချိုမြိန်ဆီမှာ များ ငွေနှစ် သော င်း လာချေးရသတဲ့လား။ ဖြစ်မှ ဖြစ်ရလေဟယ်၊ သူမမှာ ငွေနှစ် သော င်းမပြောနဲ့ ငွေနှစ် ထောင်တောင် အနိုင်နိုင်။ ကျောင်းလခနှင့် ကျူရှင်လခတွေ ကို အမြဲ ကူညီစောင့်ရှောက်ပေးသည့် မိုးပန်းပွင့်မျက်နှာကြောင့် ဒင်းသက်သာတယ် မှတ်။ အလိုက်ကန်းဆိုး လုံးဝမသိသော သြဇာကို သူမ ရှင်းပြရဦးမှာ လား။
``ပါလား… ပေးစမ်းပါ ငါ ပြန်ပေးမှာ ပါ။ ရော့ ငါ့လက်စွပ် ခဏယူ´´
``ဟဲ့ မဟုတ်တာ၊ တော် စမ်းပါ သြဇာရယ်၊ ငါ့မှာ ဘယ်ကငွေနှစ် သော င်း ရှိရမှာ လဲ၊ ငွေနှစ် ထောင်တောင် မနည်း´´
ရှက်သည်ထက် မသိသား ဆိုးရွားလှသော သြဇာကို နရင်းသာ အုပ်ပစ်လိုက်ချင်တော့၏ ။ သြဇာ ကတော့ ကြက်တူရွေး စာရွတ်သလို တငင်ငင်။
``တကယ်ပြောတာ ငါပြန်ဆပ်ပါ့မယ်၊ အခု ငါ အလောင်းအစားတစ်ခုအတွက် ပြန်ကိုသွားမလို့၊ လမ်းစရိတ်လိုလို့ပါဟာ ချေးစမ်းပါ။ နင့်ကို အတိုးထောင့်ငါးရာ ပေးပါ့မယ်။ တကယ်… တကယ်…´´
မျက်နှာကလည်း အပိုးမကျိုး။ လူကလည်း လှုပ်ရွနေ၏ ။ ချိုမြိန်ကို လွတ်သွားမှာ စိုး၍ လွယ်အိတ်အတင်းဆွဲထားသေး၏ ။ ဘေးကမြင်ရတာ အထင်လွဲစရာ..။ ဘယ်သူမှ ဂရုစိုက်ပုံမရသည့် သြဇာက သူ့အရေး သာ ကမ္ဘာမှာ အရေး ကြီးဆုံး….။
``ဘာတွေ လျှောက်ပြောနေတာလဲ။ ငါ့မှာ ဒီလောက်ပိုက်ဆံ မရှိနိုင်ဘူးဆိုတာ နင် သိရဲ့ သားနဲ့ဟယ်… ငါ့ကို သက်သက် အရှက်လာခွဲနေတာလား…´´
``မထင်ပါဘူး သူငယ်ချင်းလေးရာ ငါ့သူငယ်ချင်းကိုဆို သူများ တွေ က ယုံတယ်လေ။ တစ်ယောက် ယောက် ဆီမှာ နင့်ကိုယ်နင် အပေါင်ထားပြီး ချေးပေးစမ်းပါ။ အဲ… မိုးပန်းကလွဲရင်ပေါ့… သူ မသိစေနဲ့နော်´´
သြဇာ တစ်ယောက် သူ့ဆန္ဒအတိုင်း လျှောက်ပြောနေပေမယ့် ချိုမြိန် ကတော့ စိတ်မောလာ၏ ။ ဒေါသလည်း ထွက်လာ၏ ။ ပြောချင်ရာပြော၊ ဆိုချင်ရာ ဆို၊ ဘာမှန်းကိုမသိသည့် သြဇာကို နိုင်စားနိုင်သူ တစ်ယောက် ပဲ ရှိသည်။ အဲဒါ မိုးပန်းပွင့်ပေါ့။ ထိုကိစ္စ သူမ သိပုံမရ။ ဒုက္ခပေးဖို့ဆို သြဇာ အရင်ဆုံးသတိရတာု ချိုမြိန်တဲ့လား။
သြဇာ ကတော့ ဘယ်နည်းနှင့်ရရ အခုချိန်မှာ ချိုမြိန်ဆီက ငွေနှစ် သော င်း လိုချင်နေ၏ ။ ဒီေ့ နေ့လည်ကားနှင့် ပြည်သို့ သူသွားမည် ။ ဟိုမှာ သူတို့ကိုစောင့်နေမည့်  တစ်ဖွဲ့နှင့် ပြန်အလွန် သီရခေတ္တရာရှိ မှော်ဇာရွာသို့သွားကာ ရှေးဟောင်းယဉ်ကျေးမှု ပြတိုက်မှာ စုံကြမည် ။ ရှေးဟောင်းယဉ်ကျေးမှု ပြတိုက်၌ ပျူဘုရင်မ `ပန်ထွာဘုရင်မ´ ၏ အုတ်ဂူတည်ရာ မြေပုံကားချပ်ရှိကြောင်း ပန်ထွာဘုရင်မသည် ဧရာဝတီမြစ် တစ်ဖက်ကမ်းမှာ မြို့မတည်ဘဲ ပြည်ဘက်ခြမ်းမှာ သာ နန်းစံရင် ဒွိတ္တိပေါင်မင်းကြီး လက်ထက်မှာ ပဲ ကွယ်လွန်သွားကြောင်း သူ သက်သေပြရမည် ။
သူတို့အချင်းချင်း ငြင်းခုန်မှု က အတိတ်သမိုင်းမှသည် ပစ္စုပ္ပန်ဆီ။ မယုံခဲ့ကြတာကို သက်သေပြဖို့ မင်းကိုယ်တိုင်လိုက်ပြဟု တောင်းဆိုထားကြသည်။ ထိုသက်သေမှန်ခဲ့လျှင် ခရီးစရိတ်ရော၊ တည်းစရိတ်၊ စားစရိတ်ရောအပြင် ငွေသုံးသော င်းလည်း အပိုပြန်ရမည် ဆိုပဲ။ သြဇာက ဒီလို လောင်းကစားလုပ်ရတာ ၀ါသနာထုံသည့်သူမျိုး။
သြဇာ အလောင်းအစား ၀ါသနာထုံတာကို အလွန်ရွံရှာမုန်းတီးသူက မိုးပန်းပွင့်။ အခုလည်း ပြည်မြို့သို့ ခရီးသွားမည့် ကိစ္စအတွက် ပြင်းပြင်းထန်ထန် ကန့်ကွက်ထားသော ကြောင့် မိုးပန်းပွင့်ဆီ နောက်တစ်ခေါက် သူ မသွားချင်ပါ။
သြဇာအတွက်က သမိုင်းလည်းမှန် သူလည်း အမြတ်ရသည့်ကိန်း။ မပိုင်ဘဲနှင့် တော့ သူ မလောင်းဝံ့ပါ။ သူဖတ်ထားသည့် မဟူရာမေတ္တာစာအုပ်ကို ကိုင်းကားရုံမက လက်တွေ့ ပါ ပေါင်းစပ်ပြလိုက်လျှင် သည်ပွဲမှာ သူအနိုင်ရဦးမည် ဟု ယုံကြည်နေ၏ ။ ဒါပေမယ့် ခက်တာ ခရီးစရိတ်။ သူဝတ်ထားသည့် လက်စွပ်ကို ပေါင်ဖို့က အနီးဆုံးလူ ချိုမြိန်ပဲ ရှိနေ၏ ။ ထိုလက်စွပ်လောက်တော့ သူအရင်းအနှီးလုပ်ရမည် ။
``ငါ့ကို တစ်နည်းနည်း နဲ့ ပိုက်ဆံချေးဟာ အိမ်မှာ ပိုက်ဆံဘီဒို သော့ ခတ်ထားလို့ ယူလို့ကို မရလို့ကွာ။ ဒီလိုလုပ်ပါလား… နင့်အိမ် ငါလိုက်ခဲ့မယ်လေ နင့်အမေဆီက ပိုက်ဆံချေးပေး။ ဒီလက်စွပ် အပေါင်ထားမယ်´´
``တော် … တော် နင်က သိပ်ပေါ့ဆဆ ပြောတာပဲဟယ်။ ငါ့အမေအိမ်က အပေါင်ဆိုင်မှ မဟုတ်တာဟဲ့´´
``အေးပါဟာ… သိပါတယ်၊ အပေါင်ဆိုင်က မြို့ထဲမှာ ပါ။ ပြန်လာရင် တကယ်ရွေးမှာ ဒါဆို ယုံကွာ´´
``နေစမ်းပါဦး ဒီကိစ္စက ဘယ်လောက်တောင် အရေး ကြီးလို့ နင်က ပြည်အထိတောင် သွားရမှာ လဲ၊ အဓိပ္ပါယ် မရှိတာ။ ပြည်မှာ နင် သင်္ကြန်လည်ဖို့မဟုတ်လား။ ဒီလောက်တော့ ငါ မအ,သေးပါဘူး သြဇာ´´
``လာပြန်ပြီး ဒုတိယ မိုးပန်းပွင့် ဟိုကလည်း ဒီလိုပဲ စွပ်စွဲလိုက်တယ်´´
``သြ နင် မိုးပန်းပွင့်ဆီက တပ်လန်ပြီး ပြန်လာတာကိုး၊ ဟိုက ဘာပြောလွှတ်လိုက်လဲ ပြော ငါ့ကိုပြော´´
``ဘာပြောရမှာ လဲ နင့်သူငယ်ချင်းပဲ ထုံးစံအတိုင်း စကားလုံးအကြီးကြီးတွေ လေ၊ စည်းကမ်းတွေ နည်းလမ်းတွေ စာရိတ္တတွေ လောင်းကစားတွေ နဲ့ ကိုင်ပေါက်ပြီး ရန်တွေ့ လွှတ်တာပဲ အဖတ်တင်တယ်။ မမိုက်ပါဘူး´´
စိတ်ပျက်လက်ပျက်ပြောသော သြဇာကို ပိုစိုက်ကြည့်မိ၏ ။ ဘာကိုမှလည်း အလေးအနက် မထားတဲ့ သြဇာပါလား။
``အေးပါ ဘယ်သူမှ မမိုက်ဘူး။ နင်ပဲ မိုက်တာ၊ နင်က ကိုယ့်မှာ ချစ်သူရည်စား ရှိနေတာပဲ။ သူ့ကို ဂရုတစိုက် အလိုလိုက်ရမှာ ပေါ့။ သူ့စကားမှန်နေရင် သူ့စကားကို နားထောင်ပေးပေါ့´´
ပြောလည်းပြော ကားဂိတ်ဖက် လမ်းလျှောက်နေသည့် ချိုမြိန်နောက်သို့ သြဇာ လိုက်လာ၏ ။ ဟဲ့ မလိုက်နဲ့နော်ဟု ပြောနေသည့်ကြားက ကားဂိတ်မှာ ပေရပ်နေ၏ ။ ကျောင်းကနေ ဆယ်ငါးမိနစ်လောက် ကားစီးလျှင် ချိုမြိန်အိမ် ရောက်သည်။ သူ အေးအေးဆေးဆေးပဲ လိုက်လာ၏ ။ လေတောင်ချွန်လိုက်သေး။ အမလေး အဲဒီ လေချွန်သံကိုလည်း မိုးပန်းပွင့်က မုန်းသတဲ့။ မလွယ်ပါလား သြဇာရယ်။
``ဟဲ့ နင်က ဘယ်ကို လိုက်မလို့လဲ´´
လိုင်းကားကြီးပေါ် လှမ်းအတက် ဟောက်လိုက်သော ချိုမြိန်ကြောင့် သြဇာ ခြေလှမ်း တုံ့သွား၏ ။ သူ မကြားချင်ယောင်ဆောင်ပြီး ချိုမြိန်ကို လက်ဆွဲ၍ ကားပေါ်တွန်းတင်လိုက်၏ ။ ချိုမြိန် လန့်ပြီး ဘာမှမပြောရဲတော့ပဲ ကားပေါ်မျာ ငြိမ်သက်စွာ လိုက်လာခဲ့ရ၏ ။
ချိုမြိန် စိတ်ကျဉ်းကြပ်နေတာကို ကြည့်ပြီး ကြိတ်ရယ်နေတာ သြဇာ။ သူက ဒီလိုပါပဲ။ ဘာကိုမှ လေးလေးနက်နက် မရှိခဲ့ပါ။ ချိုမြိန် ပြောလည်း ပြောချင်စရာ ``မိုးပန်းပွင့်စိတ်နဲ့ နင်နဲ တခြားစီပဲဆိုတာ´´
မိုးပန်းပွင့်နှင့် သူ ချစ်သူ ဖြစ်တာများ လွယ်နေ၍ များ လား မသိ။ ငယ်သူငယ်ချင်းတွေ ကျောင်းသွားရင်းလာရင်း၊ စရင်း နောက်ရင်း ချစ်သူတွေ ဖြစ်ခဲ့ကြတာပါပဲ မဟုတ်လား။ သူ တစ်ခါမှ မိုးပန်းပွင့်ကို ဂရုစိုက်ပါမည် ဟု ကတိပေးမထားပါ။ သူ့မူ သူ့ဟန်အတိုင်း စရင်း နောက်ရင်းကနေ မိုးပန်းဆီ စာပေးခဲ့မိသည်။ မိုးပန်းက သေချာစဉ်းစားသည်။ သူကစာပေးပြီး နည်းနည်း တော့ ရင်ခုန်လာသလားပဲ။
ကားဂိတ်ရောက်၍ ချိုမြိန် ခပ်သွက်သွက်ဆင်းစဉ်မှာ တော့ သြဇာက ခြေတစ်လှမ်း ပိုသာနေ၏ ။ ချိုမြိန် အံကြိတ်ပြီး လက်သီးဆုပ် ပြ၏ ။
``ပိုက်ဆံမချေးဘူးနော်။ ငါပြန်လာတာ စာကျက်ချင်လို့ နင် အိမ်လိုက်ရင် ခြေညောင်း နေပူရုံပဲ ရှိမယ်´´
``ငါလည်း ငါ့အိမ်ပြန်တာပဲ နင်ကလည်း ပိုပြန်ပြီ´´
သြဇာ ပြုံးသည်။ သူ့အပြုံး၌ အဓိပ္ပါယ်များ စွာ ပါ၏ ။ သူ့စကားအတိုင်း သူနှင့် ချိုမြိန်က တစ်ရပ်ကွက်သားတွေ မို့ ဟုတ်တော့လည်း ဟုတ်နေသားဟု ချိုမြိန် အတွေးမှာ ပေါ်သွားမှန်း သြဇာသိသည်။ သူတို့နှစ် ယောက် လမ်းလျှောက်နေပုံက လူရယ်စရာ။ ကြည့်လေ.. တစ်ယောက် က ရှေ့ကနေ သုတ်သုတ်လျှောက်သလို တစ်ယောက် ကလည်း နောက်ကနေ သွက်သွက်လိုက်နေ၏ ။ ဘေးကမြင်ရင် ရည်းစားစကား လိုက်ပြောနေသလိုပင်။ သြဇာကိုယ်တိုင် တွေးရင်းပြုံးမိပြန်၏ ။ သဘောကောင်းလှသော သူ့သူငယ်ချင်းမ ချိုမြိန် ကတော့ သူ့ဒဏ်ကို အတော် လေး ခံရှာပါသည်။
``ဟဲ.. အစောကြီး ပြန်လာတယ် နေမကောင်းဘူးလား ချိုမြိန်´´
``မဟုတ်… မဟုတ်ဘူး အမေ သြဇာရယ် လိုက်လာလို့´´ ပြောမိပြောရာ ပြောရင်း ချိုမြိန် အခန်းထဲ တန်းဝင်သွား၏ ။ ဒီအထိတော့ ဒီကောင် လိုက်လာရဲမှာ မဟုတ်ဘူး။ နင်လည်း ဖြစ်ချင်ရာ ဖြစ်တော့ သြဇာ။ နင် အမေနဲ့သာ ကြည့်ရှင်းတော့။ တော် တော် စိတ်တိုဖို့ကောင်းတဲ့ သူငယ်ချင်းကို အမေသာ ကြည့်ရှင်းလိုက်ပါ အမေရယ်။ သမီးတော့ ရှင်းမပြရဲဘူး။ ပိုက်ဆံချေးတဲ့ အလုပ်ကို သြဇာက လွယ်တယ်များ ထင်နေလား မသိပါ။
ပိုက်ဆံချေးတဲ့အလုပ်ဆိုတာ လွယ်တာမဟုတ်ဘူးဟု ချိုမြိန်က ထင်ပေမယ့် သြဇာအတွက် ကတော့ လွယ်ကူချောမွေ့စွာ ချေးသွားနိုင်ခဲ့လေသည်။ ထိုကိစ္စအတွက် သူမက အပြစ်ရှိသော တရားခံ၏ ဖြောင့်ချက်နှယ် မိုးပန်းပွင့်ကို ရှင်းပြနေရတာ ကိုက စိတ်ညစ်စရာ ကောင်းလှ၏ ။
``ငါ မချေးရပါဘူး မိုးပန်းရယ်။ ငါ့မှာ မုန့်မိုးတစ်ထောင်တောင် မနည်းရှိတာပါ။ သြဇာက အမေ့ကို စည်းရုံးပြီး ချေးသွားတာ မယုံရင် အမေ့ မေးကြည့်ဟယ်´´
``အို နင်မတတ်နိုင်ဘူးပြောပြီးမှ သူ ပိုက်ဆံရသွားတာ ငါ သိပ်စိတ်ဆိုးတာပဲ။ ဒီပိုက်ဆံ သုံးသော င်းလောက်ကို ငါ ပေးနိုင်သားပဲ။ ဘာလို့ ပေးရမှာ လဲ။ သူ့လက်ထဲ ပိုက်ဆံရသွားရင် သင်္ကြန်တစ်တွင်းလုံး လည်တော့မှာ လျှောက်လေလွင့်လို့အားရမှ ရန်ကုန်ပြန်လာမှာ အဲဒါကို ငါ မကျေနပ်ဆုံးပဲ´´
ဘုရားရေ မိုးပန်းမျက်လုံးအိမ်ထဲမှာ မျက်ရည်တွေ နဲ့ပါလား။ ဒီလောက်အထိ ဖြစ်ရသလား သူငယ်ချင်းရယ်။ နင် သူ့ကို ဒီလောက်ချုပ်ကိုင်ချင်နေတာ အချစ်ရဲ့ ခံစားမှု တစ်ခုတည်းကြောင်းလား။ ဆိုင်ပေမယ့် မပိုင်သေးတဲ့ဘ၀မှာ ဒီလို ဖိအားပေးတာမျိုးကို ယောက်ျားလေးတွေ နှစ်သက် ပါ့မလား သူငယ်ချင်းရယ်။
ဘာမှ အရေး မကြီးလောက်ဘူးဟု ထင်သည့် အကြောင်းအရာမျိုးကို အရေး တကြီး လုပ်တတ်သော မိုးပန်းပွင့်၏ ဟန်အတိုင်း အရာရာသည် စိတ်လှုပ်ရှားစရာတို့နှင့် ပြည့်နှက်နေတော့သည်။ သြဇာကို ငွေ ထုတ်ပေးလိုက်၍ အမေ့ကို စိတ်ကောက်မိမတတ် ချိုမြိန် ခံစားခဲ့ရတာ ကို မိုးပန်း ယုံပါ့မလား။
``ဘာလို့ ငွေချေးရတာ လဲ အမေရယ်၊ သမီးက အမေ့မှာ လည်း မရှိဘူးလို့ ပြောထားတာ၊ ဒီကောင်က တဇွတ်ထိုး လာလုပ်တိုင်း သမီးတို့က အလိုလိုက်သလို ဖြစ်နေပြီပေါ့´´
စိုးထိတ်ပူပန်မှု တွေ နှင့် သူမပြောသည့် စကားတွေ အား အမေက ခပ်ပြုံးပြုံးနှင့် ပြန်ရှင်းပြခဲ့လေသည်။ အမေပြောတာ ရှင်းပါသည်။
``သူက လက်စွပ်ကို အတင်းချွတ်ပေးပြီး တောင်းတာ၊ အမေက မရှိဘူးလို့ ညာလည်း မပြောချင်ဘူး၊ အိမ်သုံးစရိတ်ထဲက ခဏပေးလိုက်ရမှာ ပဲ။ သူ သိပ်ဆန္ဒပြင်းပြနေတဲ့ ကိစ္စမှာ အမေ သွားတားလို့လည်း ရမှာ မဟုတ်ဘူး၊ သူ့လက်စွပ်က တော် တော် တန်တာ။ လျှောက်ရောင်းပစ်မှ မိမွေဖမွေကွယ် ကုန် သွားပါဦးမယ်၊ သြဇာက ကတိတည်တဲ့ ကလေးပါ သမီးရယ်၊ ကိုယ့်သူငယ်ချင်းကို အကောင်းမြင်စမ်းပါ´´
ကဲ ဒီလိုမျိုး အမေက ပြောတယ်လို့ သူမက မိုးပန်းပွင့်ကို ရေရေရာရာ ရှင်းပြရမည် လား။ ဒေါသစိတ်ဖြင့် မူးဝေမတတ် ဖြစ်နေသော မိုးပန်းပွင့်မှာ သူမ ၀တ်ထားသည့် အနီရဲရဲ လက်ပြတ် စွယ်တာလေး၏ အလှအပေါ်မှာ ခံစားခြင်းမရှိတာ သေချာနေလေ၏ ။
``ဟဲ့ ချိုမြိန် ဒီတစ်ချိန်ပြီးရင် ကားဂိတ်ကိုသွားမယ်။ ငါ့မှာ ကားပါလာတယ်၊ သြဇာကို ရအောင်တားမယ်၊ နင်လိုက်ခဲ့ ဒါပဲ´´
စာသင်ချိန်တွင် ဘယ်လိုကုန်ဆုံးသွားမှန်း မသိလိုက်။ စိတ်နှင့် ကိုယ် မကပ်။ ချိုမြိန်ဘေးမှ မိုးပန်းပွင့်၏ ဒေါသသံစဉ်များ ကိုသာ နားထဲ၌ စွဲနေပြီး အရုပ်တစ်ရုပ်လို လိုက်ပါခဲ့လေ၏ ။ ``နင်လိုက်ခဲ့… ဒါပဲ´´ ဆိုတာနှင့် စွေ့ခနဲ ပါလာရသော ကြောင့် သူမကိုယ်သူမလည်း ဒေါသ ဖြစ်နေ၏ ။ ဒီနှစ် ယောက် ကြားမှာ ပုဏ္ဏားတိုင်အ ဖြစ် သူမ ရောက်နေရတာ ကို ဘယ်လိုရှောင်ကွင်းရမှာ ပါလိမ့်။
အခုလည်း ကြည့်ပါဦး ရင်ထဲ၌ တင်းကြပ်ဆို့နင်နေသူနှယ် မောပန်းစွာ စိတ်လှုပ်ရှားနေပေမယ့်လည်း ဒေါသကို လုံးဝမလျှော့သည့်အခါ၌ မိုးပန်းပွင့်၏ ပေါက်ကွဲရာသည် ချိုမြိန်သာ ဖြစ်ခဲ့ရ၏ ။
``နင် အခု လိုက်ခဲ့´´ ဆိုလည်း ခေါင်းညိတ်။
``နင်ကို ငါ ဒေါသထွက်တာပဲ´´ ဆိုလည်း ခေါင်းညိတ်ရယ်ပြုံး။
``နင်… သူ့ကို မခေါ်နဲ့´´ ဆိုလည်း အင်းလိုက်၊ ဟုတ်ကဲ့လိုက်၊ မဟုတ်သေးဘူးထင်တယ်ကွယ်။
``ဟိုရောက်ရင် ငါက ဒါဆိုဒါပဲ နင် ဘာမှ မရှည်နဲ့´´
ဟုပြောလည်း အေးပါ၊ တစ်ခွန်းအပြင် ချိုမြိန် ထပ်မကွန့်ရဲ။
ထို့ကြောင့် လည်း အဝေးပြေးဂိတ်သို့ ကားမောင်းနေစဉ် တစ်လျှောက်လုံး စကားလုံးများ သာ ကွဲပြာနေမည် ။ လေယူလေသိမ်းသာ ခြားနားနေမည် ။ အဓိပ္ပါယ် ကတော့ တစ်မျိုးတည်း အဖြေထွက်နေပါသည်။ သြဇာကို သူမ ရအောင်ပြန်ခေါ်လာမည် ဆိုတာပါပဲ။
ကားဂိတ်ဝင်းထဲ ၀င်လာပြီဆိုကတည်းက များ ပြားလှသည့် အဝေးပြေး အိပ်(စ)ပတ်(စ)ကားကြီးတွေ နှင့် ခရီးသည်များ ကို ပြာပန်းခတ်မတတ် တွေ့ ရရာ စိတ်တစ်ခုတည်းနှင့် လာခဲ့ပါသော ဤနေရာမှာ မိုးပန်းပွင့်နှင့် တစိမ်းဆန်လှကြောင်း ထင်ရှားလှလေ၏ ။ မိုးပန်းပွင့်လက်တွေ အေးစက်လာပြီး နှာသီးဖျားနှင့် နှုတ်ခမ်းအပေါ်တ၀ိုက်၌ ချွေးတွေ သီးလာ၏ ။ လူကြားတိုးဝှေ့ရတာ မကြုံဖူး၍ မူးဝေလာပုံရ၏ ။ ခြေဖျားလက်ဖျားတွေ အေးသထက် အေးလာပြီး အာငွေ့တွေ ပူလာ၏ ။ မိုးပန်းပွင့်အမူအရာကို မြင်နေရသော ချိုမြိန်သည် ကမန်းကတန်း သူမ လက်ဖ၀ါးများ ကို ဆုပ်လိုက်ရင်း….
``ဟင် နင့်လက်တွေ အေးလှချည်လား၊ မိုးပန်း ဖျားချင်ပြီထင်တယ်၊ လာ လာ ပြန်ကြမယ်´´
``လူရှုပ်တဲ့ဒဏ် ငါ မခံနိုင်ဘူး ချိုမြိန်´´
``နင်ကလည်းဟယ် ဒီလောက် ဒေါသကြီးရသလား သြဇာကိစ္စ၊ ပြန်ကြရအောင်´´
``အို ဘယ် ဖြစ်မလဲ၊ သြဇာကို ငါ လွှတ်ထားလို့ မ ဖြစ်ဘူ၊ သူ့ကို အကြပ်ကိုင်မှရမှာ ´´
စိတ်ရှိတိုင်း မလိုက်နိုင်သည့် ခန္ဓာကိုယ်အကြောင်း မိုးပန်းပွင့် ထည့်မစဉ်းစားပါ။ သူမအာရုံက သြဇာကို တွေ့ ရရေး သာ။ ကားဂိတ်တွေ ကို တစ်ခုပြီးတစ်ခု ကျော်ဖြတ်ပြီး သြဇာ စီးမည့် ကားဂိတ်ကို ရအောင်ရှာခဲ့ကြသည်။ ကားဂိတ်မှာ လူစုံသလောက်မို့ မကြာခင် အဝေးပြေးကားကြီး ထွက်လာတော့မည် ။ ထိုအချိန်မှာ အော်ဟစ်ရယ်မောနေသော သြဇာရယ်သံကို အရင်ဆုံး ကြားလိုက်ရလေ၏ ။ သူ့ဘေးမှာ သူနှင့်ထပ်တူ ရယ်မောနေသော သူငယ်ချင်းသုံးယောက် ။ စိတ်တူ၊ ကိုယ်တူတွေ ထင်ပါရဲ့ ။ မြူးကြွသွက်လက်နေလိုက်ကြတာ။ ဘာနောက်ဆံ ဘာအပူအပင်မှ မရှိသည့် အတိုင်း။
``သြဇာ´´
ဆောင့်အော်လိုက်သော မိုးပန်းပွင့်အသံက အတော် ကျယ်သည်။ စိတ်ကို ထိန်းမရတော့လောက်အောင် သူမ ဒေါသ ဖြစ်နေ၏ ။ ဗြုန်းခနဲ ထိုအသံကို ကြားလိုက်ရ၍ ရယ်သံတွေ တိတ်သွား၏ ။ ကားဂိတ်မှလူတွေ ချာခနဲ လှည့်ကြည့်ကြ၏ ။ ကားပေါ်ခရီးသည် အတင်အချလုပ်နေသော စပယ်ယာတောင် လန့်ပြီး အထုတ်ပြန်ချလိုက်၏ ။ ခရီးသည်တွေ ကြားမှာ မိုးပန်းကို မြင်လိုက်ရ၍ သြဇာ တော် တော် လေး လန့်သွား၏ ။ မိုးပန်းပွင့်ကို သူမြင်ကတည်းက ``ငါတော့ပြဿနာ တက်ပြီ´´ ဟု အတတ်သိလိုက်၏ ။
ဘေးမှာ ပါလာတာတော့ မိုးပန်းပွင့်၏ ငယ်နိုင် ချိုမြိန်။ ဒင်းပဲ နတ်လမ်းညွှန်လုပ်နေတာ။ နေဦးပေါ့ကွာ၊ ပြဿနာကို မီးထွန်းရှာချင်တဲ့ ဟာမလေးတွေ ။ ငါဘာသာ ခရီးကောင်းကောင်း မသွားရဘူး။ လိုက်နှောင့်ယှက်ပြန်ပြီဟု သူတွေးပေမယ့် မျက်နှာကိုတော့ အတင်းကာရော ပြုံးနေလိုက်၏ ။ မတော် မိုးပန်းပွင့်က ဘရိတ်ရှိတာ မဟုတ်ဘူး။ အချိုသတ်မှ ဖြစ်မည် ။
``သြော် မိုးပန်းနဲ့ ချိုမြိန် နင်တို့ ဘယ်ကလာတာလဲ´´
ကြည့်စမ်း ပြောပုံဆိုပေါက်က တလွဲချည်းပဲ။ ဘယ်ကလာရမှာ လဲ နင့်ဆီဟု ချိုမြိန်က မေးဆတ်ပြပေမယ့် သြဇာက မမြင်ဟန်ဆောင်လိုက်၏ ။
``နင့်ဆီလာတာ ဘယ်သွားမလို့လဲ သြဇာ´´
``ပြည်ဘက် ခဏပါဟာ နင်တို့ လာနှုတ်ဆက်တာလား။ ပင်ပန်းပါတယ် ပြန်… ပြန်´´
သြဇာ သူ့ပါးစပ်ထဲရှိသမျှ၊ ချော်လဲရောထိုင် လုပ်ချလိုက်ရာ၊ မိုးပန်းပွင့်မျက်နှာ ကွက်ခနဲ ပျက်သွားရုံမက ပြန်နှင်ထုတ်ခံရသလို ခံစားလိုက်ရလေ၏ ။ သူမ မကြိုက်တာ အဲဒီ လို ပေါ့တီးပေါ့ဆ လုပ်တတ်တာကိုပဲ။ ဒီအချိန်မှာ သူမ ဖြစ်ချင်တာကို ဖြစ်အောင်လုပ်မည် ။ ဘယ်သူ့မျက်နှာကိုမှ ထောက်စရာ မလိုဟု သူမထင်သည်။
``နင် ဘယ်မှ သွားစရာ မလိုဘူး သြဇာ။ အခု ငါနဲ့ ပြန်လိုက်ခဲ့ ဒါပဲ´´
မာကြောခက်ထန်လှသော မိုးပန်းပွင့် စကားကြောင့် သြဇာအပါအ၀င် သူငယ်ချင်းအားလုံး မျက်နှာပျက်ကုန်၏ ။ ``ဘာလဲဟ´´ ဟု တစ်ယောက် က ပြော၏ ။
နောက် တစ်ယောက် က ``အိုကြီးပဲ´´ဟု ပြောသည်။ ထိုအသံတွေ ကို ချိုမြိန် ကြား ဖြစ်အောင် ကြားလိုက်၏ ။ မျက်နှာပူပူနှင့် မိုးပန်းကို ဟဲ့ ဟဲ့ ဟု တားသေး၏ မရ။
``တယ်ပိုင်ပါလား´´ ဟု ခပ်မာမာပြောသံဆီသို့ ဆတ်ခနဲ လှည့်ကြည့်သော မိုးပန်းပွင့်၏ စိတ်အထာအား သြဇာ လိုက်ညှိရန် ကြိုးစားပါသေး၏ ။ သူ ဒီအချိန်မှာ အရှက်ကွဲ၍ မ ဖြစ်။ အသာငြိမ်နေပြီး…
``ဟာ.. နင်ကလည်း´´ နှင့်စကားကို ဖော့ပစ်ပေမယ့် မရခဲ့။
``ဘာ ဟာလဲ၊ ဘယ်သူက ဆွယ်တရားဟောဟော၊ အဲဒီ ခရီးကို ငါသဘောမတူဘဲ နင် လိုက်စရာ မလိုဘူး၊ နင် သင်္ကြန်တွင်း ဘယ်မှလည်ဖို့ စိတ်မကူးနဲ့ ငါ့အနားမှာ ပဲ ရှိရမယ် ဒါပဲ´´
အသားဆတ်ဆတ်တုန်နေသော မိုးပန်းပွင့်သည် သူမပတ်ဝန်းကျင်ကို မကြည့်ဘဲ မျက်စိစုံမှိတ်ကာ ပြောသင့်မှန်း မပြောသင့်မှန်း မသိသော စကားတွေ ကို ပြောချလိုက်တော့၏ ။ သူမစကားကြောင့် သြဇာဘေးမှ သူငယ်ချင်းတွေ က ``ပတ်ရမ်းနေပြန်ပြီ´´ ဟု ပြောပြီး ပေစောင်းစောင်းတွေ နှင့် ကားပေါ် တက်သွားကြလေတော့သည်။
သူသွားမည့်  ခရီးအထိ သည်အထိ စွန့်စွန့်စားစား လိုက်လာပြီး လာရောက်တားမြစ်ရဲသည့် မိုးပန်းပွင့်၏ သတ္တိကို အံ့အားသင့်နေသလို သူမ သည်လောက် အနုစိတ်လိမ့်မည် ဟု မထင်ပါ။ လေယာက်ျားလေး တစ်ယောက် အပေါ် မပိုင်ခင်မှာ ပင် နိုင်ချင်ဇောများ နေသည့် မိုးပန်းပွင့်အား သြဇာ ပညာပေးချင်လာ၏ ။
တစ်စုံတစ်ရာ လှုပ်ခတ်စေခြင်းဖြင့် မိုးပန်းပွင့် ချပစ်လိုက်သော သူ့ယောက်ျားသိက္ခာကို ပြန်ဆယ်ရပေမည် ။
``ဟာ… ဘာတွေ လာပြောနေတာလဲ ငါ့ကိစ္စနဲ့ ငါသွားမယ့်ခရီး နင်လာမရမ်းနဲ့ ဒါ ဘာအရေး ကြီးလဲ´´
``အို ဘယ်သူ့အတွက် အရေး ကြီးကြီး မကြီးကြီး ငါ့အတွက် အရေး ကြီးတယ်၊ ငါ ပြောနေတယ်နော် နင် နေခဲ့´´
``မနေခဲ့ဘူးဟာ သွားမယ်၊ ဘာလုပ်ချင်လဲ´´
မိုးပန်းပွင့်ကို ကြည့်ရတာ ကမ်းမမြင် လမ်းမမြင်ပုံပင်။ သူမဆန္ဒသာ အဓိက ဘာတွေ ပြောနေမိမှန်းပင် မသိသည့်အခြေအနေ။
ဘေးကလိုက်လာသော ချိုမြိန်ခမျာ တားရမ ဆီးမရနှင့် စိတ်အညစ်ကြီး ညစ်နေတော့၏ ။ ဒေါသမာန်ဖီနေသော မိုးပန်းပွင့်ကို ဂျစ်တိုက်ပြန်ပြောသော သြဇာကလည်း ခပ်ရွတ်ရွတ်ပင်။ လှည့်မကြည့်ဘဲ ကားပေါ်တက်မည့်  အလုပ် လက်မြန်လှသော မိုးပန်းပွင့်က သြဇာကျောပိုးအိတ်ကို ဆောင့်ဆွဲမိရက်သား ဖြစ်နေတော့၏ ။
ပြဿနာက အရှက်တရားက စသည်။ မိုးပန်းပွင့် စိတ်ရှိတိုင်း ဒေါသထွက်နေလေပြီ။ ပြဿနာသေးသေးလေးကနေ ကြီးကျယ်လာ၏ ။ နှစ် ယောက် စလုံး အလျှော့ပေးမည့် ဟန် မပေါ်။
``နင် မိုက်ကန်းကန်း မလုပ်နဲ့နော် သြဇာ၊ ငါ့စိတ်ကို နင် သိတယ်နော်´´
``ဘာစိတ်လဲ၊ တော် စမ်းပါ မိန်းကလေးပီပီသသ မလုပ်စမ်းပါနဲ့ နင်ပြန်ရင် အကောင်းဆုံးပဲ´´
ဝိုင်းအုံကြည့်နေသော မျက်လုံးများ စွာ ကို သြဇာ မြင်တွေ့ နေရ၏ ။ သူ ရှက်နေသည့်အတွက် ခပ်ငေါက်ငေါက် ပြောပစ်လိုက်၏ ။ သူ ကျောပိုးအိတ်ကို ပြန်ဆောင့်ဆွဲလိုက်ရာ မိုးပန်းပွင့် ယိုင်ခနဲ လဲကျမလိုပင် ဖြစ်သွားရှာလေ၏ ။ မျက်လုံးထဲမှာ ကြယ်တွေ ၊ လတွေ မြင်လိုက်သလို ၀င်းခနဲ လက်ခနဲ ဖြစ်သွားပြီး ဒေါသနှင့် အရှက်တို့ စုသွားသည့်အခါ မိုးပန်းပွင့်သည့် မိုးလိုမအေးပဲ ပန်းပွင့်လေးလိုလည်း မလှပ မလန်းဆန်းတော့ပေ။
ထောင်းခနဲ ဒေါသစိတ်ဖြင့် ခပ်ကျယ်ကျယ် တောက်ခေါက်လိုက်ရင်း အစွန်းရောက်စကားကို သြဇာ ကြားသာရုံ ပြောမိသွား၏ ။ သြဇာ အနားတိုးကပ်လိုက်သော သူမအသံများ အေးစက်မာကြောနေ၏ ။
``ကောင်းပြီ သြဇာ ငါ မကျေနပ်ဘဲ သွားတဲ့ခရီးမှာ နင် ဘာမှ မ ဖြစ်ပါစေနဲ့ ဖြစ်ရင် ငါ မသနားဘူး၊ ငါ ရယ်နေမယ် သိလား´´
``ဘာ´´
``ဟယ် မိုးပန်း´´
ရုတ်တရက် ပြောချပြီး ချိုမြိန်လက်ကိုဆွဲကာ သြဇာရှေ့မှ ချာခနဲ လှည့်ထွက်သွားသော မိုပန်းပွင့်အား ဘာတုံ့ပြန်မှု မှ မလုပ်လိုက်ရသလို ဘာစကားမှလည်း ပြန်မပြောလိုက်ရပေ။ သူ မထင်မှတ်ထားသော နှုတ်ထွက်စကား။
သူ လုံးဝ မထင်မှတ်ထားသော စကား။ သူတစ်ကိုယ်လုံး လေဟာနယ်ထဲ ရောက်သွားသည့်နှယ်။ ခရီးသွားမည့် သူ တစ်ယောက် အပေါ် သူ့ချစ်သူကောင်မလေး၏ နှုတ်ဆက်စကားက ဤမျှ ရက်စက်ရသတဲ့လား။
သြဇာ တစ်ကိုယ်လုံး ပူထူသွားလိုက် အေးခနဲ ဖြစ်သွားလိုက်နှင့် အရှက်ကြီး ရှက်နေချိန်၌ သူမျက်စိရှေ့မှ မိုးပန်းပွင့် ပျောက်ကွယ်သွားလေ၏ ။
မကြာခင် ကားထွက်တော့မည် ။
![]() မင်္ဂလာဆောင်ရအောင်အချစ်ရယ် မြန်မာလိုပျော်ကြရအောင်ဝတ္ထုများ | ![]() မုဒိတာပန်းဖူး မောင်မခူးပါနဲ့ | ![]() ပြဋ္ဌာန်းမထားသောအချစ်နှင့် ပဋိညာဉ်မလိုသောမျက်ရည် |