Cover

မုဒိတာပန်းဖူး မောင်မခူးပါနဲ့

မြစ်ချောင်းရေတို့ လျှံသော လမှာ ရွာသို့ မောင်ပြန်လာသည်။

မောင်ပြန်လာသည့် သတင်းသည် တောင်ကျရေအဟုန်သို့ အရှိန်ပြင်းစွာ ရွာထဲသို့ ရိုက်ခတ်လေ၏ ။ ကျွတ်စီကျွတ်စီ မညံ့သော်လည်း တိုးတိတ်စကားသံသဲ့သဲ့တို့ တံတားကိုယ်စီ ကူးခဲ့ကြလေသည်။

ရွာထိပ်ဝမှာ ခွေရစ်စီးသော ချောင်းရေသည် ကျွန်မတို့အိမ်ကိုကွေ့ပတ်ကာ မောင်ရှိရာ အိမ်နံဘေးသို့ ဦးခိုက်ရင်း ရိုးမအရှေ့ဘက်ဆီ ခရီးဆက်လေ့ရှ၏ ။

ထိုချောင်းရေတိုးတိုင်း အိမ်အောက်တွေ ဗွက်ခင်းရေပြင် ဖြစ်စမြဲ။ တံတားထိုးမြဲ၊ ၀ဿန်ကာလ သည် ကျွန်မနေထိုင်ရာရွာ၏ မဆန်းသော ဖြစ်စဉ်ပဲ ဖြစ်လေ၏ ။

သို့ သော် ယခု ရက်ပိုင်းမှာ ဖြင့် မောင့်ကြောင့် နေမြဲ၊ စားမြဲရွာကလေးသည် မုန်တိုင်း မွှေသလို၊ လေပြင်းထန်သလို၊ ချောင်းရေလျှံသလို တော် တော် လေး လှုပ်လှုပ်ရှားရှား ဖြစ်လာပါ၏ ။

ထို့အတွက် ကျွန်မ စိတ်မကောင်းကြီးစွာ ဖြစ်ရပြန်လေပြီ။

* * * * ** * * * *




အပိုင်း(၁)

(၁)

‘ မောင်မောင်လတ် ပြန်လာပြီတဲ့ မုဒိတာ၊ ဘယ့်နှယ်လုပ်ကြမလဲ’

အိမ်နောက်ဖေး တံတား၌ မိုးတိတ်စ အချိန်လေးရွေးတိုင်ရင်။ ကြာရိုး သင်နေသော ကျွန်မသည် တစ်ဖက် ပျဉ်ထောင်အိမ် ပြတင်းပေါက်မှ အထိတ်တလန့် လှမ်းပြေသော စကားကြောင့် ဆက်ခနဲ တုန်သွားတော့၏ ။

ထိတ်လန့်ခြင်းတွေ ကျွန်မမှာ အပြည့်ရှိနေပါလျက် ထိန်းချုပ်ပြီး အိမ်သားများ နှင့် အတန်ငယ် ဝေးသော ထိုနေရာလေးသို့ တိတ်တိတ်ဆိတ်ဆိတ် လာနေရင်း အလုပ်ကို ဟန်ဆောင်ပြကာ အတွေးတွေ အဝေးလွင့်စဉ်နေဆဲ ရုတ်တရက် ပေါ်လာ သော အသံက ကျွန်မကို တံတားပေါင်မှ ယိုင်ကျမသွားအောင် မနည်း သတိထားစေလိုက်ရ၏ ။

တစ်ဖက်အိမ်မှ မဖြူသည် ကျွန်မအမေ၏ ညီမ၀မ်းကွဲ တော် သော်လည်း ကျွန်မနှင့် ရွယ်တူ ဖြစ်ပြီး တိုင်ပင်ဖော် တိုင်ပင်ဖက်လည်း ဖြစ်ပါသည်။

လှမ်းအော်လိုက်သော မဖြူအသံထဲမှ ဘယ်နှယ့် လုပ်ကြမလဲဆိုသည့် တိုင်ပင်သံမှာ ကျွန်မ တစ်ယောက် တည်းသာမက အများ အတွက်ကိုပါ စိုးရိမ်သည့် သဘော ဖြစ်နေ၏ ။

ထိုအများ ထဲ၌ မောင်မောင်လတ်လည်း ပါလေမည် လား မဆိုနိုင်။

ကျွန်မ ဆက်ခနဲ ခေါင်းခါကာ မဖြူဆီ ငေးကြည့် နေမိ၏ ။ မဖြူက ပြတင်းပေါက်မှ ကုန်း၍ ကျွန်မရှိရာသို့ လက်နှစ် ဖက် နှုတ်ခမ်းဝမှာ အုပ်ဆိုင်း၍ ခပ်အုပ်အုပ် ပြေလာပြန်၏ ။

‘ဟဲ့ မုဒိတာ၊ နင့်မောင်မောင်လတ် ရွာပြန်လာပြီတဲ့၊ ဘာလုပ်ကြမလဲ၊ ဦးလေး …. .ဦးလေး သိသွားပြီလား လုပ်ပါဦး’

နင့် မောင်မောင်လတ်ဟု မဖြူ ပြော၏ ။ ကျွန်မလက်ထဲမှ ကြာဆစ်ရိုးသည် အမျှင်တန်းလန်းနှင့် ဆန်ခါထဲ ကျသွားလေသည်။ ကျွန်မ ထပ်၍ ခေါင်းခါလိုက်စဉ် မျက်ရည်ကြည်တွေ ရစ်ဝဲ လာတော့သည်။ ဒီမျက်ရည်ကလည်း အရေး ထဲ ၀ဲပြန်ပြီ။

‘ အဖေမရှိဘူး၊ ပြသေးဘက် သွားတယ်၊ ညမှ ပြန်လာမှာ ၊ ကျွန်မဘာလုပ်မှာ လဲ၊ ဘာမှ မလုပ်တတ်ဘူး’

ကျွန်မ လက်တခါခါ၊ ခေါင်းတခါခါနှင့် အသံအက်အက် ပြန်ပြောမိ၏ ။

‘ငါတော့ သေချင်တာပဲ၊ ဒီကောင်ဘာလို့ ပြန်လာရတာ လဲဟင်၊ တကယ်ဆို သူပြန်မလာ သင့်ဘူး’

သိပ်ဟုတ်တာပေါ့ မဖြူရယ်၊ ကျွန်မလည်း ဒီအတိုင်းတွေးနေသည်။ တကယ်ဆို သူပြန်မလာ သင့်ဘူး၊ မသကာ ကျွန်မကို သနားတယ်ဆိုရင်ပေါ့။

သြော်….သူက သနားတတ်သူမှ မဟုတ်ဘဲ၊ ကျွန်မဘ၀မှာ မောင့်ညှာတာခြင်းနဲ့ လူ ဖြစ်ခဲ့ရသူမှ မဟုတ်ဘဲ၊ မောင့်မှာ သနားခြင်းသာရှိခဲ့ရင် ကျွန်မ အခုလို အိမ်နောက်ဖေးမှာ အလုပ်လုပ်နေသာယောင်နဲ့ အိမ်သားတွေ ကို ရှောင်စရာအကြောင်း ဘယ်ရှိပါ့မလဲကွယ်။

ကျွန်မက အိမ်သားတွေ ကို ရှောင်ရုံတင်မကပါဘူး၊ ရွာထဲကလူတွေ ဈေးဝယ်ရင်း၊ ဆေးလိပ် မီးညှိရင်း အိမ်ဝမှာ ၊ အမေရဲ့ ကုန်စုံဆိုင် တံဆိပ်နှိပ်ဖို့ချောင်းကြည့်နေမှာ ကိုလည်း မကြည့်ရဲလို့ ရှောင်နေတာပါ။

ကျွန်မလေ အခုနေမှာ မူးမေ့ပြီး ရေစီးထဲပါသွားမှာ စိုးလိုက်တာ၊ တကယ်လို့များ ကျွန်မသာ အခန့်မသင့်လို့ ဒီရေစီးထဲ မျှောသွားခဲ့ရင် မောင်မောင်လက် တစ်ယောက် ရွာပြင်ကသုသာန်မှာ ဒီတခါတကယ် ဇတ်ြ့ပုတ်တော့မည် လေ။ အဖေ့ရဲ့ ခွင့်မလွှတ်ခြင်းနဲ့သူ ထပ်ရင်ဆိုင်ရတော့မည် ။ မ ဖြစ်ဘူး။ ကျွန်မခံစားပြရင် ပိုးဆိုးကုန်မယ်။ ကျွန်မ စိတ်ကိုတင်းမှပဲ။

‘ မုဒိတာ . .. .. ငါလာခဲ့ရမလား ’

မဖြူသံတွင် စိုးရိမ်သံပါသည်။ ပူပန်သော က များ နေသည်။ ကျွန်မသည်အချိန်မှာ ဘာလုပ်၍ ဘာကိုင်ရမှန်း မသိအောင် စိတ်လှုပ်ရှားနေပါသည်။ ရင်တလှပ်လှပ်နှင့် ကြည့်နေသော ရေအရိပ်သည် လှိုင်းဂယက်များ ထလျက်ရှိပြီး ကျွန်မကိုယ်သည် ယိမ်းခါထိုးနေလေပြီဟု ထင်ရ၏ ။

‘လာခဲ’့

ကျွန်မပြန်ခေါ်သည့်အသံမှာ အားကိုးသံထက် ငိုချလိုက်ခါနီး ထိန်းချုပ်ထားသည့် အသံပါနေ၏ ။ ကြာရိုးခွေတွေ ထိပ်မှ ကြာဖူးပွင့်တွေ ကို မရမက ပွင့်အာအောင် လုပ်ကြည့်နေမိ၏ ။ ဘုရားပန်း တင်သော ကြာမဟုတ်သော ဟင်းချက်စားသော ကြာရိုးကြာပွင့်နွယ်ကို ကျွန်မ သိပ်ချစ်သည်။ ထိုစဉ်က မုဒိတာသည် ပန်းဖူးလည်ဆွဲနှင့် လှပတင့်တယ်သည်ဟု မောင်ပြောဖူးလေ၏ ။

မောင်မောင်လတ် ခူးသီပေးခဲ့သော ကြာနွယ်ပန်းဖူး လည်ဆွဲလေးသည် ကျွန်မဘ၀မှာ ပထမဆုံး ရဖူးသာ ချစ်သူလက်ဆောင် ဖြစ်ခဲ့သည်လေ၊ ထိုကြာဖူးပန်းကုံးလေးမှာ နွမ်းကြွေ၍ လွင့်ပစ် ချင်သော်လည်း မောင်ကကဗျာဆန်ဆန် သိမ်းထားခိုင်းသဖြင့် သိမ်းထားခဲ့ရ၏ ။

ကျွန်မသည် ချစ်သူပေးဖူးသော ပန်းကုံးလည်ဆွဲကိုပင် တခုတ်တရ သိမ်းထားရသူ ဖြစ်ပြီး မောင့်ကိုကျတော့ သိမ်းဆည်းနိုင်စွမ်းမရှိခဲ့။ ထို့ကြောင့် လည်းမောင် တစ်ယောက် ကျွန်မ အနားမှ ထွက်ခွာ သွားနိုင်တာ မဟုတ်ပါလားသည့်အတွက် ကျွန်မ နောင်တမရချင်ပါ။ ဘာနောင်တရစရာ ရှိပါသလဲ။ ကျွန်မဘက်မှ မည် သည့် ပြစ်မှု မှ မကျူးလွန်ပါဘဲ မောင့်သဘော မောင်ဆောင်၍ မောင်ဆုံးဖြတ် နေကျတဇောက်ကန်း တစ်ရှူးတိုး စိတ်ဓာတ်ကို အရင်းတည်ပြီး ကျွန်ကိုထားခဲ့တာ မဟုတ်လား။

ကျွန်မလေ…… မောင့်ကို လွှမ်းစိတ်နဲ့မျက်ရည်မကျသည့် တိုင်အောင် အဖေ့ကို အားနာစိတ် အမေ့ကို သနားစိတ်နဲ့ မျက်ရည်ဖြိုင်ဖြိုင်ကျခဲ့ရတာ ပါ မောင်လို့ အခုကျမှ ပြောမပြချင်တော့ပါဘူး။

‘မုဒိတာ နင်ငိုနေသလား’

ကျွန်မပခုံးကို ဖက်ပြီး တံတားပေါ်မှာ ကျွန်မနည်းတူခြေတွဲ လောင်း ချ၍ မဖြူဝင်ထိုင်ကာ မေး၏ ။ ဟင့်အင်း လို့ တိုးတိုးလေး ပြောရင်း ကျွန်မမျက်ရည်သုတ်လိုက်ပါသည်။

‘တိတ်စမ်းပါ မုဒိတာရယ်….. ဒီမောင်မောင်လတ်ကြောင့် သာနင်ငိုရမယ်ဆိုရင် ငိုလို့ဆုံးမှာ မဟုတ်ဘူး၊ မငိုနဲ့ ငါဘာလုပ်ပေးရမလဲ၊ သူ့အိမ် လိုက်သွားပြီးသူ့ကို ရွာကပြန်ထွက်သွားဖို့ ပြောပေးရမလား’

မဖြူဆီကျွန်မအလန့်တကြား ကြည့်ရ့င်း အိမ်ရှေ့ဘက်ဆီလည်း ကဲကြည့်မိ၏ ။ ကျွန်မ ကိုယ်အငုံမှာ အိမ်နောက်ဘက်ဆီသို့ အမေလျှောက်လာတာနှင့် တိုး၍ ကျွန်မ ဆက်ခနဲ ခေါင်းထပ်ငုံ့ပစ်လိုက်စဉ် အမေလှမ်းအသံပြု၏ ။

‘ဟင်းခါးအိုးဆူနေပြီမုဒိတာ၊ ကြာရိုးခတ်တော့လေကွယ်၊ အမေထမင်းဆာပြီ’

ကျွန်မ အမေသည် တောရွာကျေးလက်သူ ဖြစ်ပေမယ့် မျက်နှာအရိပ်အကဲများ ပတ်ဝန်းကျင် အခြေအနေများ ကို ဣနြေ္ဒရရ ထည့်တွက်ဖြေရှင်းတတ်သူ ဖြစ်၏ ။

နားထောင်ကြည့်ပါဦး၊ အမေ့အသံထဲမှာ ရိုးရိုးသားသား အကြောင်းအရာတွေ သာပါပြီး အေးအေးဆေးဆေးဟန် ပေါ်နေ၏ ။

သို့ သော် ကျွန်မ အနေခက်အောင် ကျွန်မ အမေဟန်ဆောင်ကောင်းလိုက်ပြီ ကိုလည်း ဘာကြောင့် များ ဟောဒီ ရင်ဘတ်ထဲက သိလိုက်ရပြန်ပါလိမ့်။

ဆန်ခါခုံးလေးထဲမှ ကြာဆစ်ရိုးတွေ ဆုပ်ကိုင်ကာထည့်ထားသော မီးသွေးဖိုထဲမှ မီးကျီခဲများ က ရဲရဲတောက်လျက်။

ထိုစဉ် အမေ အိမ်ရှေ့ ပြန်ထွက်သွား၏ ။ ကျွန်မမီးဖိုနားမှာ ငုတ်တုတ်ထိုင်နေမိပြီး မဖြူကို ခေါင်းဆတ်ခနဲ ခေါ်လိုက်ရာ မဖြူအနားသို့ တိုးကပ်ထိုင်လေ၏ ။

‘ မဖြူ အမေဆိုင်နား ပြန်ရောက် သွားပြီလား၊ ကြည့်လိုက်ပါဦး’

အိမ်ရှေ့သို့ ကျောခိုင်းထားသော ကျွန်မသည် အမေ့ခြေသံ ဝေးသွားသော်လည်း စိတ်မချရဲသေး။ ကျွန်မ ပြောမည့်  စကားတွေ ကို ယခုအချိန်မှာ အိမ်သားတွေ မကြားစေချင်ပါ။

‘ ဈေးရောင်းနေပါပြီ၊ ပြော နင်ဘာပြောမလဲ’

ဟင်းခါးအိုးသည် ပွက်ပွက်ဆူကာ ငါးပိရောင် ကြာရိုးဖတ်လေးတွေ ဟိုပြေးသည်ပြေး ဖြစ်နေေ၏ ။ ၀ဲစုပ်ခံရ၍ မြုပ်တော့မည့်  လှေတစ်စင်းကဲ့သို့ ကြာရိုးတို့ မြုပ်ချည်ပေါ်ချည် ဖြစ်နေ၏ ။ ထိုကြာရိုးဖတ်လေးများ ထဲ၌ ကျွန်မလည်း မျောပေါနေပြီလားမသိ သက်ပြင်းကို ကျိတ်ချ၍ မဖြူကြားသာအောင် ကျွန်မပြောလိုက်ရပ်ပါသည်။

‘ကျွန်မ တစ်ခုပဲ စိုးရိမ်တယ်မဖြူ၊ သူပြန်လာတာ ကျွန်မကို ထပ်အရှက်ခွဲဖို့လား ဆိုတာပဲ၊ ဒီလိုသာထပ် ဖြစ်ရင် အဖေက သူ့ကို အသေလုပ်မှာ ရွာကိုသူပြန်လာတာ ကျွန်မရင်ထဲက စိတ်နာသမျှ ပြန်ပေါ်အောင် လုပ်ပေးသလိုပဲ မဖြူရယ်၊ ကျွန်မ သူ့ကိုသိပ်စိတ်နာတယ်။ ဒါပေမယ့် ချစ်လဲ ချစ်နေတုန်းပဲ မဖြူရဲ့ ’

မရှက်မကြောက် ကျွန်မ ပြောဝံ့သူသည် မဖြူသာရှိ၏ ။

မဖြူက ‘အေးပါ ငါသိပါတယ် မုဒိသာရယ်’ ဟုကျွန်မပခုံးကိုပုတ်ပြီး ဖြေသိမ့်ရှာ၏ ။ ကျွန်မမျက်ရည်ထပ်အ၀ဲမှာ ဟင်းခါးအိုးအောက်သို့ ချထားလိုက် ပြီးပါပြီ’

‘ဘာပဲ ဖြစ် ဖြစ် သူနင့်ကိုတွေ့ ဖို့ ကြိုးစားမှာ ပဲ။ ပြီးရင် အကြောင်းကောင်းကောင်း ပြမှာ ပဲ။ဒါဆိုနင်ဘယ်လို လုပ်မှာ လဲ’

မောင့်အကြောင်းက တစ်ရွာလုံးသိ၊ သူလုပ်ချင်သော အလုပ်ကို ဘယ်သူတားတား လုပ်တတသူ၊ ကျွန်မ တွေ ခနဲ ဖြစ်သွားပြီး ခေါင်းခါလိုက်မိ၏ ။

‘မ ဖြစ်ဘူး၊ကျွန်မ သူနဲ့ လုံးဝမတွေ့ ရဲ့ဘူး၊ တွေ့ လဲမတွေ့ ချင်တော့ဘူး၊ မတွေ့ အောင် ရွာထဲမထွက်တော့ဘူး မဖြူ၊ ဒါဆို အဖေ ကျေနပ်မှာ ပါနော်’

‘နင်ထင်သလား၊ မတော် တဆ မောင်မောင်လတ် အိမ်ပေါ်တက်လာရင်ရော၊ ဒီကောင်ပြေးလို့ရတာ မဟုတ်ဘူး၊ ခုတောင် ဖြုန်းခနဲ ပြန်လာတာတွေ့ လား’

‘ ဒါဆို ကျွန်မ မဖြူတို့အိမ်ဘက် ထွက်ပြေးလာ မှာ ပေါ့ ၊ ဟာ….. မ ဖြစ်သေးပါဘူး၊ ဖေဖေ ဓားနဲ့ ထွက်ခုတ်ရင် ဒုက္ခ၊သူသေမှာ ……. သူသေမှာ ’

‘ခုတ်မှာ ……. ခုတ်မှာ ၊ ဦးလေးက ကြိမ်ထားတယ်။ ဒီအကောင် ထွက်ပြေးတာ ကောင်းကောင်း မပြေးဘူး၊ ငါ့ကို သောက်မြင်ကပ်လို့ဆြို့ပီး ရွာထဲ သတင်းလွှင့်သွားတာ အသည်းနာတယ်တဲ့၊ ငါ့ကို ချိုးတာပါ ခံပြင်းတယ်၊ တွေ့ လို့ ကတော့ အသေပဲတဲ့ မုဒိတာရဲ့’

ကျွန်မ ပြန်ကြားရတာ ခြောက်လအတွင်း အကြိမ်ကြိမ်ရှိပြီ ဖြစ်သော်လည်း ကြားရတိုင်း ရင်မောစိတ်ထိခိုက်ရသော စကားကို မဖြူ ပြန်ပြောပြန်သည်။ ကျွန်မ ထမင်းပန်းကန်တွေ ဆေးပြီး ထမင်းခူးနေရာမှ ထမင်းမာမာလေးများ ကို လက်မနှင့် လက်ညှိုးကြားဖိညှစ်ပစ်လိုက်၏ ။

ထို ထမင်းစေ့လေးများ သည် လောလောဆယ်မှာ မောင်မောင်လတ် ဖြစ်ရချေ၏ ။ စိတ်မကောင်းပါဘူးမောင်ရယ်။

‘ကျွန်မလေ ကိုယ့်ကိုယ်ကိုယ် အားမွေးနေတာမှ မကြာသေးဘူး၊ အဲဒီ အားတွေ ဘယ်ပျောက်ကုန်ပြီလဲ မသိတော့ပါဘူး၊ အဖေ ပြန်လာပြီး ဒီသတင်းကြားဘာနဲ့ ဘာဆက် ဖြစ်ဦးမှာ လဲ မသိဘူး ’

မသိဘူး ဆိုသော စကားမှလွဲ၍ ယခုအချိန်မှာ ဘာစကားမှ မသုံးတတ်တော့ လောက်အောင် ကျွန်မစိတ်တွေ ထွေပြားနေလေ၏ ။ သွက်လက် ဖျက်လတ်သော ကျွန်မ၏ အားအင်တို့လည်း ရေစီးထဲ မျောပါသွားတာ ကြာလေပြီ။

‘ မုဒိတာရေ၊ ထမင်းစားဖို့ တော် ပြီလား၊ အမေထားရတော့မလား’

သတိထားနေသည့်ကြားမှ အမေ ထမင်းဆာတာကို ကျွန်မ မေ့ချင်ချင် ဖြစ်သွားသေး၏ ။ ကမန်းကတန်း ရပြီအမေ……ဟု ပြန်ဖြေရင်း မဖြူကို ဘာမှဆက်မပြောတော့ရန် ခေါင်းခါ မျက်စိမှိတ်ပြရသည်။

အမေက ဆေးပေါ့လိပ် မီးရဲရဲကို အားရပါးရဖွာပြီး ပြာခွက်ထဲထည့်ကာ ထမင်းစား ခုံဝိုင်းလေးဆီဝင်ထိုင်၏ ။ ထို့သို့ မထိုင်ခင်လေးမှ ကျွန်မတို့၏ တိုးတိုးတိတ်တိတ် ဆွေးနွေးပွဲကို မသိဟန်ပြုကာ အချက်ပေးခြင်းမို့ အမေကို ကျေးဇူးတင်မိ၏ ။ မဖြူက အမေ မလာချင် ဖျက်ခနဲ သူ့အိမ်ဘက် ပြန်ပြေးသွားလေ၏ ။

ယနေ့မနက်ထမင်းဝိုင်းသည် တိတ်ဆိတ်စွာ ပြီးဆုံးသွားပြီး ထမင်းမျိုချတိုင်း နင်နေသော ကျွန်မသည် ဟင်းခါး ခဏခဏ သောက်ရင်း မျှောခေရတော့၏ ။

ဒါတောင်မှ အဖေနဲ့ ကျွန်မ မျက်နှာ ချင်းမဆိုင်ရသေးပေ။ အဖေနဲ့ မျက်နှာ ချင်းဆိုင်ရမှာ ကြောက်လိုက်တာ။

* * * * ** * * * *


(၂)

တစ်ညနေလုံး တိတ်တိတ်ဆိတ်ဆိတ် ရှိနေသော ကျွန်မတို့၏ အိမ်သည် နေ၀င်ပြီးစ ညဦးခင်းမှ ဖြင့် အဖေ တစ်ယောက် တည်း စားနေသော ထမင်းဝိုင်းဆီမှ မာန်ပါပါ စကားသံဖြင့် ပြန်လည်သက်ဝင် လှုပ်ရှားလာပါ၏ ။

‘ ရွာထိပ်ကတည်းက သားဖြိုးပြောလိုက်လို့ငါကြားပြီးပါပြီ တင်မေရာ၊ မင်းက ဖာဖာထေးထေး ပြောမနေစမ်းပါနဲ့၊ ဒီအကောင် လှေဦးမှာ ခပ်မြူးမြူးပါလာတာတောင် သိသေး’

ဘက်ထရီ မီးချောင်း အောက်မှာ ဆူးပုပ်နှင့် ပဲကြီး ဟင်းရည်သောက်နေရင်း ထမင်းလုတ် တအားထိုးသွင်းနေသော အဖေသည် ကျွန်မခပ်ပေးနေသည့် ယပ်တောင် အနှေးအမြန်အား မကြာခဏ လှမ်းကြည့်ကာ အမေနှင့် အချေအတင် ဖြစ်နေ၏ ။ ထမင်းစားခါနီး စိတ်မကောင်း စရာကြားပြီး ထမင်းမစားနိုင်ဘဲ ဖြစ်မှာ စိုး၍ အဖေ ပြန်လာလာချင်း ဘာမှမပြောဘဲ အမေရော ကျွန်မပါ မသိဟန်ဆောင်ကာ စိုးတတိတ်တိတ် ဖြစ်နေခြင်းမှာ နာရီပိုင်းအတွင်း ပေါ်သွားတော့၏ ။

ထိုအကြောင်းကို အဖေက ရွာထိပ် ကတည်းက သိလာတာတဲ့ ၊ကိုသာဖြိုးတို့များ လက်ထောက်ချတဲ့နေရာ၊ ရန်တိုက်ပေးတဲ့ နေရာမှာ သူမတူအောင် တော် ပါရဲ့ ကွယ်။ ကျွန်မမျက်နှာ ငုံ့၍ ခြင်မလာအောင်ယပ်တစ်ချောင်းနှင့် အလုပ်များ နေလိုက်ပါသည်။ အမေက ဆေးပေါ့လိပ် မီးရဲရဲနှင့် သူ့ကုန်စုံဆိုင် သိမ်းပြီးခါစ စာရင်းတွက်ရင်း ငွေရေနေရာမှ အဖေ့ကို လေပြေထိုး၏ ။

‘ ရှင်နှယ် ဘာဆိုင်လို့ ဖာထေးရမှာ လဲ။ ကျွန်မက မောင်မောင်လတ် အမေမှ မဟုတ်ဘဲတော့’

‘ဟ……. ဒီကောင့် အမေဆိုရင်လဲ မင်းကို ဒီအိမ်ပေါ်က ကန်ချမယ်’

ထမင်းစား မပျက်ဘဲ ဒေါသ ထွက်တတ်သော အဖေသည် အမေ့ဆီ ခြေဟန်နှင့် ပြီ၏ ။ အမေက မဖြူ။ ကျွန်မ တွန့်ခနဲ နေသွား၏ ။ အဖေ့ ဒေါသသည်လွန်ခဲ့သော ခြောက်လက ပထမဦးဆုံး ဖြစ်ပေါ်ခဲ့သော ဒေါသထက် ပို့ပြင်းထန်ပုံရပြီး ကျွန်မကိုမူ အရင်လို ဒေါသပုံ ထချင်တော့ပုံမရ။ တို့အတွက် စိတ်အနည်းငယ် အေး၏ ။ သို့ သော် အဖေ့ကို လုံးလုံး စိတ်မချဝံ့ပါ။

‘ ကဲ…….ကိုထွန်းခိုင် နောက်မှ ကျွန်မကို ကန်ချ၊ ရှင်ထမင်းမသီးအောင် သတိထားစား၊ ပြီးမှ ရှင့်ဒေါသထပ် ဖြစ်။ ဟဲ့ ….. မုဒိတာ နင့်အဖေ ဟင်းခါးအေးမယ်နော် ပူပူလေးနဲ့ လဲပေးလိုက် ဦး’

‘ ပူပါတယ် အမေ၊ ခုလေးတင် ထပ်ဖြည့် ထားတာပါ’

အဖေ့ ဒေါသကို အချိန်မီ အုပ်ဆိုင်းလိုက်သော အမေ့ကို ကျွန်မသိပ်ကျေးဇူးတင်မိ၏ ။ မဟုတ်လျှင် ထမင်းဝိုင်းမှမထဘဲ ဒေါသတကြီး ဖြစ်နေရတာ နှင့် ကျွန်မပိုအနေခက်ကာအဖေ့ ရှေ့တင်မျက်ရည်ကျမိနိုင်၏ ။ ထို့သို့ ဖြစ်ပါက အဖေပိုဒေါသကြီးလာနိုင်၏ ။

အမေက ဟင်းခါးအိုးကိုပူစေချင်တာထက် သူ့ယောက်ျား ဒေါသအား ဘယ်လာက်ပူကြောင်း သွယ်ဝိုက်ပြောလိုက်ခြင်းပဲ ဖြစ်သည်။

ကျွန်မမှာ လည်း ဟန်ကိုယ်ဖို့နင့်သာ နေရသော်လည်း ဒူးနှစ် လုံးရိုက်ချင်နေ၏ ။

ခဏအကြာ အဖေထမင်းစားပြီးသွား၏ ။ ကျွန်မအိုးခွကပန်းကန်ဆေးနေစဉ် အဖေက သူ့ဒေါသ လက်ကျန်ကို ဆက်လက်ရှင်းထုတ်နေတော့၏ ။

‘ ငါပြန်လာလာချင်း မေးတုန်းက သူ့အိမ်သူ ပြန်လာတာ ဘာဆန်းသလဲတော် လို့ ဘာကြောင့် ပြေရတာ လဲ တင်မေ၊ အဲဒါ မင်းဒီအကောင့် ဘက်က ဖာဖာထေးထေး ပြောတာပေါ့ကွ၊ တကယ်ဆို ဒီကောင်ပြန်လာတာကို မင်းလိုလားစရာမလိုဘူး၊ ထောက်ခံစရာ မလိုဘူး’

‘ခက်ပြီ…… ဒီမှာ ကိုထွန်းခိုင်၊ ရှင့်ကို ကျွန်မလေပြေသွေးတာရှင့် ၊ကိုယ် ယောကျာ်း ဒေါသကိုသိလို့ ကျွန်မက ဒေါသ ဖြစ်မပြရဲတာ၊ ဒီကောင်ပြန်လာတာကို လိုလားတာမဟုတ်ဘူးတော့၊ သာဖြိုးပြောသလိုတော့ သူလာဦးမှာ မြူးလာရဲမာမဟုတ်ပါဘူး ၊ သာဖြိုးပိုပြောတတ်တာရှင်အသိ၊ သူ့အိမ်သူပြန်လာတာကို ပြန်မလာနဲ့လို့တော့ ကျွန်မတို့မှာ တားပိုင်ခွင့်မှ မရှိထားဘဲ ကိုထွန်းခိုင်ရယ်’

အမေက ခြင်ဆေးခွေတွေ အိမ်အနှံ့ လိုက်ထွန်းရင်း။ မာဆတ်ဆတ်ပြန်ပြောသည်။ ဒါကို အဖေကမကျေနပ်။

‘ဟေ….သူ အရှက်မရှိပြန်လာတိုင်း ရွာထိပ်ကနေငါတို့က ပန်းကုံးစွပ်ကြိုရမှာ လား၊ လူဆိုတာ အရှက်ရှိတယ်ကွ၊ ဒီကောင်မျက်ခွက်ပြောင်တာ မင်းသိရဲ့ လား၊ ငါ့သမီးကသူ့ကြောင့် ရွာထဲမှာ မျက်နှာမဖော်ဝံ့အောင် အရှက်ကွဲခဲ့ရတာ ၊ ဒါတွေ ငါကမေ့ပစ်ရမလားမတင်မေ’

သစ်သားဆေးလိပ်ပြာခွက်ကို ထမင် ဆောင့်ခါရင်း အဖေပြောနေ၏ ။ အမေကလည်း အဖေ့လေသံအတိုင်း မာလာ၏ ။

တော့်  ကိုဘယ်သူက မေ့ခိုင်းနေလို့လဲ၊ ကျွန်မလဲမမေ့ဘူး၊ သမီးမုဒိတာလဲ မမေ့ဘူး၊ တစ်ရွာလုံးလဲမမေ့ဘူး။ မောင်မောင်လတလဲ မမေ့ဘူး။ ဒီကိစ္စမှာ ကျွန်မသမီးမှာ ဘာအပြစ်မှ မရှိဘူး။ ရှင်တို့ချင်း ဖြစ်တဲ့ ပြဿနာ၊ ရှက်တာ တစ်ခုကလွဲရင် ဘာကြောင့် ပဲ ဖြစ် ဖြစ် ကျွန်မတို့ ရင်ဆိုင်ကြရမှာ ပဲ မဟုတ်လား၊ ခုလဲ သူပြန်လာတာ ဘာအတွက်လဲဆိုတာ စပ်စုနေတာ ကျွန်မတို့က သူ့ကို အရေး မလုပ်ကြ အသိအမှတ် မပြုကြရင် ပြီးတာဘဲ’

‘မင်း ဒီလိုလွယ်လွယ် မပြောနဲ့၊ ဒီရွာမှာ လူတွေ နေတာ’

‘လူတွေ နေတော့ ဘာ ဖြစ်လဲ၊ ရှင်ဘာပြောမှာ လဲ’

‘လူနေရင် ပတ်ဝန်းကျင်လဲ နေနေတယ်၊ရှင်းပြီလား’

‘ပတ်ဝန်းကျင်နဲ့ နေလို့ ရှင့်ကို ငြိမ်ငြိမ်နေခိုင်းတာပေါ့ ၊ ရှင်းပြီလား’

အမေသည် သူ့ရွာကျောင်း၌ မူလတန်း ဆရာမ ဖြစ်ခဲ့ဖူးသလို အမေ့အဖေသည်လည်း အငြိမ်းစားတွဲ ဖက် အလကကျောင်းအုပ်ကြီး ဖြစ်ခဲ့ဖူးရာ အခြေအနေကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်တတ်၏ ။

ကျွန်မ အဖေကမူ သူ့ဘိုးစဉ်ဘောင်ဆက်ရွာလူကြီးမျိုးမို့ သူကြီးသား ဖြစ်ခဲ့ဖူးသော အဖေသည် သူ့လက်ထက်မှာ ရွာ၏ နာယကဂုဏ် ပြည့်သော အကြီးအကဲ များ တွင် လည်း နေရာယူနိုင်၏ ။

ကျွန်မကမူဤအဖေ ဤအမေက မွေးပြီးဆယ်တန်းကို မြို့ကျောင်းမှာ အောင်ပြီး အဝေးသင် တက္ကသိုလ်တက်လာ ရွာမှာ မူလတန်းဆရာမ ၀င်လုပ်ရင်း မောင်မောင်လတ်နှင့် ဆုံတွေ့ ခဲ့သူ ဖြစ်လေ၏ ။

ရေကပြင်မှ အတိုင်းသားကြားနေရသော အဖေနှင့် အမေတို့၏ အချီအချ စကားဝိုင်းသို့ ကျွန်မ မ၀င်ဝံ့ပါ။ ထို့ကြောင့် တိတ်တိတ်လေး လက်သုတ်ပြိး ခြေဖွနင်းကာ ကျွန်မအခန်းထဲသို့ ၀င်နေလိုက်၏ ။ ကျွန်မ အိပ်ရာထဲလှဲပြီး စိတ်မတည်ငြိမ ဖြစ်နေပါသည်။

* * * * ** * * * *


ယခုလို အချိန်မှာ ရွာပြန်ရောက်စ မောင့်ပုံစံကို ကျွန်မ မြင်ကြည့်ချင်လှ၏ ။ စွဲလမ်းတမ်းတ၍ တော့ဟုတ်မည် မထင်တော့။ သူ့အကြောင်း တွေးရတာ အသည်းနာလွန်း၍ ကျွန်မ မတွေးဝံ့ပါ။ သို့ သော်မောင့်ကို ပုံဖော်ရာတွင် ကျွန်မသာ ကွက်ကွက်ကွင်းကွင်း ပုံဖော်တတ်လိမ့်မည် ထင်ပါသည်။

မောင်သည် သူ့မူသူ့ဟန်အတိုင်း အရာရာကို ပေါ့တီးပေါ့ဆ ထားတာထက် အရွဲ့တိုက် တတ်သော ဂျစ်တစ်တစ် စိတ်ရိုင်းက သူ့ကို ဆိုးဂုဏ်ပေးထားလေ၏ ။

ဆံပင်ခပ်ဝဲ၀ဲ အသားညိုညို အရပရှည်ရှည်နှင့် မောင်မောင်လတ်သည် ကောလိပ် ကျောင်းသားနှင့် မတူဘဲ ရှစ်တန်းကျောင်းသားလောက်သာ လုပ်လေ့လုပ်ထရှိသော ကလေးဆန် သည့် အမူအကျင့် မှန်သမျှလုပ်တတ်လေ၏ ။

ကျွန်မ သူ့ကို သတိမရ။ စိတ်နာချင်လှသော်လည်း သူ့အကြောင်းတွေ ကိုမူ မေ့မရ။ မောင်မောင်လတ်၏ စရိုက်တွေ က မျက်လုံးထဲ ၊ အတွေးထဲမှာ ပုံနှိပ်ထားသလိုပဲ။

သူ့အဖေပိုင် အင်းထဲ ငါးခိုးပက်သည့်အဖွဲ့ထဲမှာ သူခေါင်းဆောင်ပါသည့် ကိစ္စမျိုးမှာ လုံးဝ မ ဖြစ်သင့်။ သို့ သော် မောင်မောင်လတ် ဦးဆောင်သော ငါးခိုးအဖွဲ့သည် သူ့အဖေ ဦးမြင့်သော င်ပိုင် အင်းထဲမှ ငါးများ အကျအနခိုးလေသည်။ ရက်စက်အခိုးခံရတော့ စောင့်ဖမ်းကြသည်။ မိတော့ ခပ်တည်တည်နှင့် ဟင်းချက်စားရုံပါဆိုပြီးသက်သေခံ ငါးတွေ အားလုံး နီးရာကန်ထဲ ပြန်ပစ်ချ လိုက်လေ၏ ။

ထိုစဉ်က သူဌေးဦးမြင့်သော င် ဒေါသထွက်လွန်းလို့ မောင်မောင်လတ်ကို လက်သီးနှင့် ထိုးသည်။ ဖအေ့ လက်သီးကို ရှောင်ပြီး တခြားရွာမှ သုံးညလောက် သွားနေကာ ဖအေစိတ်ပြေ လောက်မှ ပြန်လာ၏ ။ ကျွန်မက ထိုသို့ မလုပ်သင့်ကြောင်း အပြင်းအထန် ကန့်ကွက်ပြောသော အခါ ‘ပျော်လို့ပါ မုဒိတာရာ’ ဟုပြောသလို ‘သူဌေး သားရဲ့ အဘိဓမ္မာသစ်ကို အဖေခံစားချက်လို့ပါ’ ဟု တက္ကသိုလ်ဘွဲ့ရ ပညာတတ် တစ်ယောက် ၏ မိဘအပေါ် သဘောထားသော မေတ္တာစိတ်ကို ကြားသိခဲ့ရ၏ ။

ကျွန်မ ကတော့ သူတို့သားအဖ သတင်းကို ရင်တထိတ်ထိတ်နှင့် နားထောင်နေရ၏ ။ သူနှင့် သူ့ အဖေ တစ်ခါက ရန် ဖြစ်ကြပုံမှာ လည်း ဘယ်လိုမှ ကြည့်မကောင်း။ ထိုနေ့က အ ဖြစ်အပျက် ကိုမြင်ရခြင်းဖြင့် ဘယ်သူ့အပြစ်လဲလို့ မမေးရပေ။ မောင်မောင်လတ်စသော သမိုင်းကြောင်းမှန်း လူတိုင်းသိသည်။ သူဌေးသား အုန်းသီးခွဲ၊ ရေခပ်ခြင်းက စသည့်သမိုင်း။

‘ဟိုကောင်……….ထွက်ခဲ့စမ်း၊ မင်းကို ငါသေနတ်နဲ့ ပစ်မယ်၊ အခုထွက်ခဲ့’

ညဦးယံ လသာချိန်တွင် ရွာထဲမှ မိသားစုများ ကိုယ့်တလင်းရှေ့ ကွပ်ပျစ်လေးတွေ မှာ စုထိုင် စကားဖွဲ့နေကျ ဖြစ်သည်။ ထိုအချိန်တွင် ကျွန်မက မဖြူနှင့် ဆီးသီးသုတ်စားရင်း ၀ါးတံတားထိပ် လရိပ်ပေါ်စ နေရာလေးမှာ မိန်းမပျိုဝိုင်းဖွဲ့စဉ်ပေါ့ကွယ်။

ဘာလို့ ထွက်ရမှာ လဲဗျ၊ အဖေ ကျွန်တော့် ကို သေနတ်နဲ့ ပစ်မှာ ဆို မထွက်နိုင်ဘူးဗျို့’

ဘုရား….အဲဒါ မောင်မောင်လတ် အသံ။

ကျွန်မ သန့်ပြီး ဆီးသီးစေ့ မျိုချမိသွား၏ ။ ကံကောင်းထောက်မစွာ ဆီးသီးစေ့ ကလည်း ချောင်းထဲလျှောကျပေလို့ပေါ့။ နို့မဟုတ်များ ကျွန်မ အသက်ရှူလမ်းကြောင်း ပိတ်ပြီးဒုက္ခရောက် သွားနိုင်သည်။

မဖြူက ဆတ်ခနဲ ထကြည့်သည်။

ရွာထဲက ဓာတ်မီးတိုင်များ အောက်မှာ သူဌေး ဦးမြင့်သော င် တစ်ယောက် ဘောပစ် သေနတ်ကြီးတချိန်ချိန်နှင့် လက်မှာ စိပ်ပုတီး အကြီးကြီး ပတ်လို့လေ။

ကျွန်မတို့ထိုင်နေရာနှင့် တစ်ဖာလုံလောက်ပဲ ဝေးပေမယ့် အသံတွေ က ငြိမ်သက်ချိန် ပိုကျယ်လောင်နေ၏ ။ ကျွန်မတို့ရွာ၏ အလယ် လမ်းမကြီးတစ်ဖက်တစ်ချက်ရှိ အိမ်ပြတင်းပေါက်များ က မပိတ်၇သေးချိန်မို့ ကိုယ်စီ ခေါင်းလေးတွေ ပြူထွက်လာကြသလို ဆေးဝါး ကွမ်းယာ….လက်ဖက်မြုံ့ ဘကြီးဘွားကြီးတွေ လည်း ဘာသံလဲဟ ဖြစ်ကုန်၏ ။

ကျွန်မအဖေ ဦးထွန်းခိုင်ကမူ ‘ လုပ်ပဟ ဟိုရမ်းကားသားအဖ’ ဟုရေရွတ်ရင်း ဆေးပေါ့လိပ် ဖွာကာ အိမ်ထဲဝင်သွား၏ ။ ထိုအခါ အမေက ကျွန်မဘက် တစ်ချက်စွေကြည့်၏ ။ ကျွန်မ အနေကျုံ သွားပါသည။် အမေ့ အကြည့်ထဲမှာ အဓိပ္ပာယ်ပါနေသည်လေ။

ကျွန်မနှင့် မောင်မောင်လတ်အကြောင်း အမေသိသည်။ သဘောတူခြင်း မတူုခြင်းအတွက် အမေဘာမှ မပြော။ ကျွန်မကို အမေက အလိုလိုက်သည်။ မောင်မောင်လတ်မှာ ကောင်းကွက်တွေ အ ဖြစ် ငွေကြေးပြည့်စုံခြင်း၊ ပညာတတ်ခြင်းနှင့် တစ်ပါးသူကို ကူညီတတ်ခြင်းတို့က ဘယ်သူမှ ငြင်းမရသည့် ခိုင်လုံသော အချက်တွေ ဖြစ်နေရာ အမေက အရက်သောက်တတ်တာကိုပဲ အပြစ် ပြောပြီး ရှေ့ဆုံးဖြတ်ချက် တိတိကျကျ မပေးချေ။ ကျွန်မကိုယ်တိုင်က သူ့ကို မှချစ်နေသော ကြောင့် အရက်သောက်တာ အပြစ်ကြီးမဟုတ်နိုင်ပါဟု ဖော့တွေးထား၏ ။

ယခုမူ အရက်မူးသော သားနှင့် ပုတီးစိပ်သော အဖေတို့၏ ရန်ပွဲက ရပ်ကျော်ရွာကျော် ကြားလို့မှမတော် ။

‘ မင်း အရှက်မရှိတိုင်း …… ကြောက်တိုင်း စွပ်အော်မနေနဲ့ မောင်မောင်လတ်၊ ငါ့ကို အရှက် ခွဲရဲ့ တဲ့ သတ္တိရှိရင် သေရဲတဲ့ သတ္တိလဲရှိပေါ့ကွ …… အခုထွက်ခဲ့’

သူဌေး ဦးမြင်သော င်သည် ကွမ်းဝါးသံနှင့် ကွမ်းတွေ သံကြားမှ ကွမ်းနင်သံကြီးဖြင့် အသံကုန် ခြစ်အော်နေ၏ ။ မောင်မောင်လတ် ဘယ်နားက အော်နေပါလိမ့်ဟု ကျွန်မထိတ်လန့်ပြီး အသံလာရာ လိုက်နားထောင်သော အခါ အနှီ မောင်မင်းကြီးသားက ကျွန်မတို့ နှစ် အိမ်ကျော်ရှိ ဘကြီးကြင် ကောက်ရိုးလင့်စင်ကို အကာအကွယ်ယူပြီး ထင်တိုင်းကြဲနေတာကိုး။

‘အဖေ…..ကျွန်တော့် ကို ငါးသူခိုးပြောလို့ ကျွန်တော် သူခိုးမဟုတ်ကြောင်းပြတာ ဘာအပြစ်ရှိလဲ’

‘ငါ့အင်းက ငါးခိုးတာထက် ကြီးတဲ့အပြစ် မင်းလုပ်ထားတာ ခွေးကောင်ရ၊ သူများ ရွာမှာ ကျွန်သွားလုပ်တာ ငါ့ကို အရှက်ခွဲတာမဟုတ်လို့ ထိုင်ရှိခိုးနေတာလား’

ဖြစ်ရပြန်ပြီ မောင်မောင်လတ်ရယ်လို့သာ ညည်းတွား ရေရွတ်လိုက်မိရဲ့၊ အော်ကြီးဟစ်ကျယ် ဖြစ်နေသော သားနှင့် အဖေ ဇာတ်လမ်းတွင် တရားခံသည် မောင်မောင်လတ်သာ ဖြစ်နေ၏ ။

တစ်ရွာလုံးက သူဌေးသားအဖ ရန်ပွဲကို အထူးတလည် စိတ်ဝင်စားနေသလို ကျွန်မကလည်း ကျွန်မချစ်သူ၏ ဗရုတ်သုတ်ခနိုင်မှု များ ကို ရှက်ကြောက်စွာ နားထောင်ရင်း မနက်ဖြန်မနက် အိမ်မှ ကျောင်းသို့ ဘယ်ခြေလှမ်း ဘယ်မျက်နှာဖြင့် ကျောင်းတက်ရပါ့မလဲဟု တွေးနေမိတော့၏ ။ ရှက်လိုက်တာလို့ ရင်ထဲမှာ ထပ်တလဲလဲပြောရင်း သူ့ကျောပြင် ဗြောတင်ထုချင် နေပြန်သေး၏ ။

‘ အုန်းသီးခွဲရေခပ်ပြီး ငွေရှာတာ သမ္မာအာဇီဝ အလုပ်ဗျ၊ ကျွန်သွားလုပ်တာ မဟုတ်ဘူးဗျို့’

ဗျို့ဟစ်ပြီးအော်နေသော ကျွန်မချစ်သူသည် ဘယ်အချိန်က ဘယ်ရွာကို သွားလေသည်မသိ။ ကျွန်မဆီသာမတွေ့ တာ သုံးလေးငါးရက်မက။ ကျွန်မကလည်း နားညည်းသက်သာ အေးသည် မှတ်ပြီး သည်လိုပဲ နေမိသည်။

ခုတော့ ဒင်းက ပြဿနာထမ်း ရွာပြန်လမ်းမှ ဖအေ ဖြစ်သူနှင့် တစခန်း ရန်ပွဲ ကျင်းပလေ ပြီကော။

ထိုညက ဦးမြင်သော င် ဒေါသ တော် တော် နှင့် မပြေ။ သေနတ်ကြီးတယမ်းယမ်းနှင့် သေနတ် မိုးပေါ်ထောင် ပစ်တော့မလို…..သူ့သားရှိရာပဲ မုန်းပစ်တော့မလိုလိုနှင့် အဝေးကကြည့်ရတာ ပင် အသည်းအေး ရင်တုန်လှ၏ ။ သူဌေး ဒေါသ ဖြစ်နေစဉ် ချက်သြဇာတိက္ကမ ကြီးမားသော ဘိုးဘဆိုင်နှင့် ဘကြီးအုန်းတို့ အတင်း ချော့မော့ထွက်ဆွဲမှ ပွဲပြီးသွားလေ၏ ။ သည်တော့မှ ရင်ထဲက အလုံးကြီး ပြုတ်ကျသွား၏ ။

ထိုရန်ပွဲကို ကြည့်နေသူတွေ လည်း အိမ်ထဲဝင်ကြ၊ စကားဆက်ကြ၊ ဆေးလိပ်ပြန့်ဖွားကြ၊ ကွမ်းယာကြပြန် ဖြစ်သွား၏ ။

ထိုအထဲတွင် မောင်မောင်လတ် သားအဖ၏ ရန်ပွဲအကြောင်းလည်း ပါဝင်ခဲ့လေပြီ။

ထို့အတွက်မောင်မောင်လတ် မရှက်ပေမယ့် ကျွန်မ ရှက်နေရင်းနှင့် ပင် ရင်မောနေမိတော့၏ ။

* * * * ** * * * *




ဝန်ဇင်းချစ်သူများ နှင်းဝေငြိမ်း ၏ “ မုဒိတာပန်းဖူး မောင်မခူးပါနဲ့ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


သင်ချစ်ရာကိုချစ်၍ သင်မုန်းရာကိုမုန်းသည်

ဗိုလ်အောင်ဒင်တို့မြို့ နှင့် အခြားဝတ္ထုတိုများ

အသံများ၏လျှို့ဝှက်ချက်နှင့် အခြားဝတ္တုတိုများ