Cover

ကက်ဆက်

သူ့ရှေ့တွင် ကက်ဆက်တစ်လုံး ရှိနေပါသည်။ ထိုကက်ဆက် အမျိုးအစားမှာ JVC အမျိုးအစား ဖြစ်ပြီး မြန်မာ့အသံအပါအ၀င် တိုင်းရင်းသားလိုင်းများ ပါ ဖမ်းယူရရှိသော ရေဒီယိုကက်ဆက်လည်း ဖြစ်သော ကြောင့် အသစ်ကျပ်ချွတ်ဆိုလျှင် တန်ဖိုးနည်းလှမည် မဟုတ်။

ယခုလို နှစ် အတော် ကြာသည့်တိုင်အောင် အသံခပ်အက်အက် ဖြစ်သည်မှလွဲ၍ ရေစိမ်ခံ၊ အကြမ်းခံ၊ တစ်ပေကျော်ကျော် အလျားနှင့် လေးထောင့်စပ်စပ် JVC ကက်ဆက်ကလေးသည် သူ့လို သီချင်းကြိုက်သော ၊ သတင်းကြိုက်သော သူ့အတွက်…. သူ့စာအုပ်ဆိုင်လေးတွင် ဣနြေ္ဒရှိရှိ နားဆင်နိုင်သော စက်ကိရိယာလည်း ဖြစ်နေပြန်ရာ သူအလွန်နှစ်သက် လှပေသည်။

သို့ သော် ယခုတစ်လော သူ့ကက်ဆက်လေးသည် ဝေဒနာမျိုးစုံ ခံစားနေရသော လူမမာလေးသဖွယ် အသံမျိုးစုံ ကြားနေရ၏ ။ အသံက တိုးလိုက်…. ကျယ်လိုက်။ ပုံမှန်မဟုတ်တော့။ သတင်းနားထောင်နေတုန်း ကျွီခနဲ မြည် တာမျိုး၊ မြန်မာ့အသံ အနှစ် နှစ် ဆယ်တေးမှ….

“ တစ်ယောက် နဲ့ တစ်ယောက် …. မိတ်ဆွေအပေါင်းအသင်း ဖြစ်သွားကြတာတွေ ဒီလိုအ ဖြစ်မျိုးထဲမှ… ချစ်ကျိုးနည်းရမှာ လား…….” ဆိုသည့် သီချင်းသံလေး လွင့်ပြန့်ပြီး တက္ကသိုလ်ကျောင်းက ငွေလမင်း သီချင်းထဲ မျောပါနေစဉ် ဗြုန်းခနဲ….ကလွီ…ကလွိ…..ဆိုသည့် အသံတွေ ပေါ်လာကာ ချိုပြုံး၏ အသံသာသာလေးကြား အလုအယက်ဖြတ်ပြေးတာမျိုးကို သူဘယ်လိုမှ သည်းမခံနိုင်။

တစ်ခါတစ်ခါများ နိုင်ငံခြားလိုင်းဖမ်းပြီး သူတို့ဘာတွေ ပြောကြသလဲဆိုတာတွေ ကြီးကြီးကျယ်ကျယ် မှတ်ချက်ပေးမလို့ နားထောင်နေတုန်း ငါးမိနစ်၊ ဆယ်မိနစ်မှ မပြည့်သေးဘူး။ ဆောင်းဘောက်ထဲမှ “တီ…တီ….တီ….တီ….တီ….” အသံတွေ က အချက်ပြသံတွေ လို ဆူညံတတ်သော အခါ သူ့ကက်ဆက်လေး၏ ချို့ယွင်းမှု အား သည်အတိုင်း ပစ်ပယ်ထား၍ မ ဖြစ်တော့ပါ။ ထို့ကြောင့် ပြင်ဆင်ရန်အတွက် ကက်ဆက်ပြင်ဆရာဆီ ပို့လိုက်သေး၏ ။ ကက်ဆက်ပြင်ဆရာက ဖုန်းနည်းနည်း ပါးပါးတက်နေသော အပြင်ပန်း အကာအရံများ ကို သုတ်သင်ရှင်းလင်းပေးပြီး ချောင်နေသော ခလုတ်လေးများ ကို ခပ်ကျပ်ကျပ် လုပ်ပေးပါသည်။ ထို့အပြင် ရေဒီယိုဖွင့်လျှင် သိပ်မသိသာသော်လည်း စတီရီယိုလိုင်းဖွင့်လျှင်မူ မီးအား သိပ်မတက်ချင်တော့သည့် ကက်ဆက် ဘယ်ဘက် မီးအားအတက်အကျပြ မီတာတံလေးမှာ လည်း မငြိမ်မသက်ရှိနေတာတွေ အားလုံး ကက်ဆက်ပြင်ဆရာက ရှင်းပြသည်။ ထို့နောက် အသံအက်နေသော ကိရိယာအစား အသစ်လဲထည့် တပ်ဆင်ပေးလိုက် ကြောင်း ချိုသာရည်မွန်စွာ ပြော၍ ငွေတစ်ရာ့ငါးဆယ်သာပေးပါရန် တန်းဖိုးတွက်ချက် တောင်းလေ၏ ။

ပေးဆိုတော့လည်း ပေးရတော့သည်ပေါ့။ သူက အချိန်ကျတာ နှင့် သတင်းဆာသူ၊ သီချင်းဆာသူ။ သူ့အကြိုက် သူ့အာဟာရအတွက် ထိုကက်ဆက်လေး ကောင်းနေမှ ဖြစ်မည် ။ အသစ်ဝယ်ရအောင်လည်း လက်တစ်ဝါးလောက် တစ်ယောက် တည်း နားထောင်ရသော ကက်ဆက်မျိုးပင် နှစ် ထောင် သုံးထောင်အထက်မှာ ရှိနေရာ အမျိုးအစားကောင်း ကက်ဆက်ငယ်လေးနှင့် သူတစ်ဦးတည်း အရသာခံ၍ ဖြစ်သည်ထားဦး။ သူ့စာအုပ်ဆိုင်လေးသို့ အငှားလာသော မိတ်ဆွေများ တစ်ခါတစ်ရံ နားထောင်ချင်တာလေးတွေ သူနဲ့ အတူ ပါဝင်ဆင်နွှဲ နားထောင်နိုင်မည့်  အခွင့်အရေး လျော့နည်း သွားပါလိမ့်မည် ။

ထိုကြောင့် ကက်ဆက်အိုလေးကိုသာ ပြုပြင်နားထောင်ပါသည်။ ခဏခဏပျက်လာတော့လည်း သူသိပ်မပြင်ချင်တော့။ ငွေကုန်မည့်  အရိပ်အယောင်ကို သူရှောင်ချင်လာ၏ ။ မဆိုစလောက် အသံလှိုင်း မသဲကွဲရုံက လွဲ၍ လုံးဝပစ်လိုက်ရသည်အထိ မ ဖြစ်နိုင်မှန်းသိ၍ အသံကြည်လင်ပြတ်သားသထက် ပြတ်သားအောင် သူအချိန်ယူ၍ ပြင်ဆင်ရန် ဆုံးဖြတ်လိုက်ပါသည်။ ဘယ်ကက်ဆက်ပြင်ဆရာနဲ့ပဲ ပြင်ပြင် အနည်းဆုံးတစ်ရာထက် အထက် ကုန်မည့်  ငွေကို သူချွေတာလိုက်ရာလည်း ကျမည် မို့ တစ်နေ့ခင်းမှာ ဖြင့် အချိန်ကို အကျိုးရှိရှိ ကုန်အောင် သူ၏ ကက်ဆက် ပြင်ဆင်မွမ်းမံခြင်းလုပ်ငန်း စတင်လိုက်ပါသည်။

အိမ်ဦးခန်း၌ အကျအနထိုင်ကာ သူ၏ JVC ရေဒီယိုကက်ဆက်လေး၏ နောက်ဖုံးမှ ၀က်အူလေးများ ကို ၀က်အူရစ်ဖြင့် စနစ်တကျ ဖွင့်လိုက်၏ ။ သူတစ်ခါမှ ကက်ဆက်ကို ကိုယ်တိုင် မပြင်ဖူးသော ကြောင့် သူလက်တွေ ကို တွန့်စေ၏ ။ နောက်ဖုံးဖွင့်လိုက်သော ကြောင့် မြင်လိုက်ရသော မြင်ကွင်းသည် အသည်းယားစရာ။ အတွင်းဘက်၌ အသံလှိုင်းဖမ်း ၀ါယာကြိုးပေါင်းများ စွာ နန်းကြိုးမျှင်မျှင်လေးများ အရွယ် ယှက်လိမ်ကွေ့ဝိုက်နေလေသည်။ မီးခံကြေးပြားချပ်လေးများ ကလည်း နေရာတကျ ရှိနေ၏ ။ အမှတ်အသားပြ အနီစက်၊ အ၀ါစက်၊ အဖြူစက်၊ ပင်နယံလို ပစ္စည်းလေးတွေ မှု န်စီမှု န်မွှားလည်း တွေ့ ရသည်။ ကက်ဆက်တစ်လုံး၏ နောက်ပိုင်းတန်ဆာပလာများ သည် လျှပ်စစ် ပစ္စည်းမျိုးစုံနှင့် သူ့ဆက်သွယ်မှု နှင့် သူ အနုစိတ် လှလေသည်။ ထိုအထဲတွင် အချက်ပြမီးသီးလေးလည်း ရှိ၏ ။ ဓာတ်ခဲထည့်ရန် နေရာလည်းပါ၏ ။ ပလက်ကြိုးများ မသွယ်ဘဲ ဓာတ်ခဲဖြင့် ဖွင့်လျှင်လည်း မီးသီးလေးက ပွင့်သည်။ သူပစ္စည်းတွေ ကို တစ်စစီ ဖြုတ်ကြည့်ချင်သည်။ သို့သော် မဖြုတ်ဝံ့။ ပြန်မတပ်တတ်၍ ဖြစ်ပါသည်။ မဖြုတ်ပြန်လည်း ဘာပြင်ရမှန်းမသိ။ အရင်ဆုံး သူဘာလုပ်ရင် ကောင်းမလဲ။ စဉ်းစားရင်း သူလှုပ်ရှားနေသည်။

ကြောင်စီကြောင်ကျား အသံလှိုင်းတွေ ၊ မှန်ကန်ဖို့ ဆောင်းဘောက်ကို ဦးစွာ စစ်သည်။ ဆောင်းဘောက်ကို ပါးစပ်ဖြင့် မှု တ်ကြည့်ရာ ဖူးခနဲ မြည် ၏ ။ ဆောင်းဘောက်မှ လေလှိုင်းတွေ ဥဒဟိုဝင်နေ၍ ရေဒီယိုခလုတ်ဖွင့်လိုက်ရာ………. “မေ့ကွက်ကို ရှာ….ရှာသူမောင်ရေ….မေလည်း ဘယ်သူ့ကိုမှ အပြစ်လည်း မတင်ချင်ပေ။ ချစ်ပရိယာယ်ကို သိသလိုလိုနဲ့ ….. ချစ်ပြန်ဆိုတော့လည်း….. နှစ်သက် ယုံစားမိလို့ပဲလေ…. မေ့အပြစ်နဲ့မေသာ….ရှိစေတော့ မောင်ရေ…. မောင်ရေ……”

ဟောဗျာ။ တယ်ကောင်းတဲ့အသံပါလား။ သူအသံကို ကျယ်လိုက်၏ ။ လေလှိုင်းတွေ က တ၀ူးဝူးထအော်၏ ။ အဆိုတော် ၏ အသံက ၀ူးခနဲလေလှိုင်းကို ထိုးဖောက်၍ မေ့ကွက်ကို ရှာနေဆဲ။ သီချင်းနားထောင်ရင်း နေ့ကိုသတိထားတော့ သီချင်းပဒေသာ အစီအစဉ်လာသည့် အချိန်။ ပြီးတော့မှာ ပဲ။ ဒါပြီးရင် ကဏ္ဍပြောင်းမှာ ပဲ။

“ဘဘကြီး….ကက်ဆက်ဖွင့်ပေး”

ဝါယာကြိုးစတစ်စကို အသာလေး ဆွဲဖြုတ်အပြီးမှာ သူ့တူ ရဲရင့်အောင်အသံက စူးခနဲ ပေါ်လာပါပြီ။ သီချင်းအရမ်းကြိုက်သော ကလေး။ သူ့ညီ ကလေး။ ကက်ဆက်မြင်တာနှင့် သူ့ဆီတန်းပြေးလာပြီး ခလုတ်တွေ နှိပ်မည် ပြင်သည်။ သူကမန်းကတန်းကလေး လက်ကို ဖမ်းဆွဲထားရင်း

“ဟ…ဟ မလုပ်နဲ့…မလုပ်နဲ့…..ဘဘကြီး ကက်ဆက်ပြင်နေတယ်”

“ပေး….ကက်ဆက်ပေး”

သုံးနှစ် မပြည့်တပြည့် တူက အိမ်အလည်လာတိုင်း ထိုကက်ဆက်ကို ကိုင်ရထိရမှ ကျေနပ်သည်။ အခုလည်း ဒီလိုပဲ လုပ်ချင်နေသည်။ သူက အထိမခံဝံ့။ အလုပ်လုပ်နေမှန်း သိ၍ တူလေး အဖေနဲ့ အမေက အပြေးအလွှားလာခေါ်ကြသည်။

“သားလာ…လာ…ဘဘကြီး အလုပ်လုပ်နေတယ်….မရှုပ်ရဘူး”

ကလေးကို အတင်းဆွဲခေါ်ပေမယ့် ကလေးကလည်း အတင်း ရုန်းကန်ပြီး သူ့နားမှာ သာ ပေ၍ ထိုင်နေသည်။ ခေါ်မရသည့် အဆုံး သူ့ညီနဲ့ ကလေးအမေက နောက်ဘက်ခန်းသို့ သာ ၀င်သွားကြသည်။

“သား…ငြိမ်ငြိမ်လေး ထိုင်နေနော်။ မကိုင်ရဘူး ပျက်သွားမယ်ကွ”

သူ ထိုသို့ ပြောတာကို တူတော် မောင်က နားလည်သလို သွားကျဲလေးနှင့် ရယ်ပြပြီး တစ်မိနစ်ခန့် ငြိမ်သွားသည်။ ပြီးတော့ ကက်ဆက် ခလုတ်တွေ ဆီ လက်အသာလေး သွားထိ၏ ။ ဖုန်သုတ်ထားခါစမို့ လက်ရာမထင်။ သူ့တူလေးက သူ့မျက်နှာကို မ၀ံ့မရဲ ကြည့်ရင်း ကက်ဆက်မျက်နှာပြင်ကို ပွတ်သပ်လေသည်။ သူ့မျက်လုံးက တူလေးလက်ကိုအာရုံရောက်ရောက်သွား၏ ။ တူချစ်ပေမယ့် ကက်ဆက် ၀င်ကလိမှာ ကို ကြောက်နေ၏ ။

“ယူမယ်…ဘဘကြီး ကက်ဆက်ယူသွားမယ်”

စကားမပီတပီနှင့် ကက်ဆက်ယူသွားမယ်ကို ထပ်ကာထပ်ကာ ပြောနေသော တူတော် မောင်သည် အလည်လာတိုင်း မမီမကမ်းထားသော ကက်ဆက်စင်သို့ ခုံခု၍ တစ်မျိုး၊ ခြေဖျားထောက်၍ တစ်ဖုံ၊ သူ့အဖေနှင့် အမေကိုလည်း ချီပိုးခိုင်းပြီး တမြူးမြူးတကြွကြွနှင့် ဟိုခလုတ်နှိပ် သည်ခလုတ်ဖွင့် လုပ်တတ်သည်။

သူဖွင့်ပြ၍ သီချင်းသံကို အစီအစဉ်အလိုက် ကပြသည်။ ပြီးတော့ တခစ်ခစ်နှင့် သဘောကျ မဆုံး။ ပြီးလျှင် ဖင်လေးလှုပ်ကာလှုပ်ကာ ပခုံးလေးတွန့် မျက်လုံးလေးမှိတ်၍ ကက်ဆက်ထဲမှ တေးသွားအလိုက် ကနေတော့သည်။ ဒါကိုပဲ သူ့အမေနှင့် တခြားမိသားစုများ သဘောခွေ့ မဆုံး ဖြစ်နေကြပြီး တူလေးလာလည်တိုင်း ကက်ဆက်ဖွင့်ပေး၊ ကခိုင်းသည်။ သူရှိနေချိန်ဆိုလျှင် အမေက “ဟဲ့….ကက်ဆက် ဖွင့်ပေးလိုက်ပါ။ ကလေးက မလို့” ဟုပြောကာ ဖွင့်ခိုင်းသည်။

“အသံကြောင်နေတယ် အမေရ ဖွင့်လို့မရသေးဘူး” ဟု သူ့ဘက်က စေးနှဲတွန့်တိုစွာ ပြောမိလျှင်…“ရတဲ့ အသံနဲ့ ကလိမ့်မယ်…ဖွင့်သာ ဖွင့်ပေးလိုက် စမ်းပါကွယ်”ဟု မြေးဘက်က စောဒကတက်သည်။ မတတ်သာလွန်း၍ ဖွင့်ပေးရသော အခါတိုင်း ကက်ဆက်ကို သူမှလွဲ၍ သူများ ကိုင်တာ လုံးဝမကြိုက်သော ပုံစံပေါ်နေ၏ ။

ညီအငယ်ဆုံး ကတော့ ကက်ဆက်ကို မည် သို့ ထောမနာပြုသည် ဆိုလျှင်…..

“ကိုကြီး ကက်ဆက်က စုတ်နေပါပြီ ကိုကြီးရာ…. လွှင့်ပစ်လိုက်ပါတော့…. မပစ်ချင်လည်း ရဲရင့်အောင်ကိုသာ ပေးလိုက် ပါတော့…. ညီလေးကကက်ဆက်အသစ်ဝယ်မယ်… အမေထောက်ခံတယ်နော်”ဟု အမေ့ကို အဖော်ညှိ ပြောဖူးသည်။ အမေက ရောင့် ရဲတင်းတိမ်တတ်သူ ပီပီ ရယ်မော…. လက်ခါလေ၏ ။

“ပိုက်ဆံကုန်မယ့် အလုပ်ဆို ဘာအလုပ်မှ မထောက်ခံဘူး။ ရှိတဲ့ အဟောင်းကိုပဲ ပြင်နားထောင်…. ဒီအတိုင်းထားတောင် ကြည့်ကောင်းပါတယ်ကွယ်”

သူ့တစ်မိသားစုလုံးက ထိုကက်ဆက်ကို မျက်စိနောက်သူ နောက်သလို ဘာသိဘာသာဆန်သူလည်း ရှိ၏ ။ ရှေးဟောင်းပစ္စည်း မဟုတ်သည့်တိုင်အောင် ပေါ်ဦးစမှဆိုလျှင် သက်တမ်း (၂၀)နှစ် ကျော်တော့ ရှိသည့် လက်လွှဲလက်ပြောင်းများ သော စက္ကင်းဟမ်း ကက်ဆက်လေးသည် သူ့လက်ထဲရောက်စဉ်က အသစ်စက်စက် နီးပါး။ ယခုလို ပြင်ရဆင်ရတော့လည်း အသံမြည် နေသေး… လိုင်းဖမ်း၍ ရသေး…ချိုပြုံးတို့ လွမ်းနိုင်သေးသော ရေဒီယိုသံလေးကိုပါ သူ နှမြောသည်။

သူ့တူလေးက သူ့အနားမှာ လာထိုင်ပြီး ဘဘကြီး…. ကက်ဆက် ယူမယ်….. ကက်ဆက်ယူမယ် ပြောတိုင်း သူစိုးရိမ်နေ၏ ။ သူ မပေးနိုင်တဲ့ပစ္စည်းကို တောင်းလို့ စိတ်ဆိုးရအောင်ကလည်း ကလေးလေး ဖြစ်နေရာ ကလေးနှင့် ပြိုင် ရန် ဖြစ်၍ မ ဖြစ်သဖြင့် ချော့တစ်ခါ ခြောက်တစ်လှည့်သာ ပြုနေရ၏ ။ ဈေးမရနိုင်တော့သည့် သူ့ကက်ဆက်သည် မင်္ဂလာဈေး ကက်ဆက်တန်းမှ သူများ တွေ့  သွားပါက ဟာသ ဖြစ်ဦးတော့မည် ။ အရင်ထက် အဆပေါင်းများ စွာ ပစ္စည်းများ မြန်မာပြည်ထဲ ၀င်ရောက်နေတဲ့ကာလမှာ JVC ကက်ဆက်အိုက ဂျပန်အမှိုက် ပုံက ပစ္စည်းလောက်မှ အသုံးဝင်မည် မဟုတ်သော်လည်း…. သူ့တစ်ဦးတည်းအတွက်တော့ အဖိုးတန်နေသည်။

ထို့ကြောင့် လည်း သူ့တူလေးက သူ့ကက်ဆက်နားက မခွာတော့ သူစောင့်ကြည့်မိသည်။ သူနှင့် သူ့တူလေးအလယ်တွင် အသံမြည် နေသော ကက်ဆက်တစ်လုံးရှိ၏ ။ သူက တရှူးရှူးနှင့် တူလေးလက်ကို ဖယ်ချပေမယ့် ကလေးက မျက်နှာချိုသွေးကာ လက်ကို တဖြည်းဖြည်း ပြန်တင်သည်။ သူက ကက်ဆက်ဝါယာကြိုးများ တစ်စချင်းဖြုတ်ရင်း နောက်သို့ အနည်းငယ်ဆုတ်သည်။

သူ့တူလေးကလည်းမခေ…. သူဆုတ်သော နေရာထိ လိုက်တိုးသည်။ သူ ကလေးကို မျက်လုံးပြူးပြကာ ကက်ဆက်ထဲမှ ဖြုတ်သင့်သည် ထင်တာဖြုတ်၊ တပ်သင့်သည် ထင်တာ တပ်၊ ဖြတ်သင့်သည်ထင်တာ ဖြတ်ပစ်လိုက်သည်။ ကလေးက သူ့ကို အထင်တကြီး ကြည့်နေ၏ ။ ကက်ဆက်သံက တရှဲရှဲမြည် နေရာမှ အသံဖြည်းဖြည်း….ဖြည်းဖြည်းတိုးသွား၏ ။ သူ့တူလေးကလည်း ကက်ဆက်နားမှ တစ်ဖ၀ါး မခွာဘဲ ဘကြီးပြင်၍ ကောင်းသွားတာနှင့် သူ့ကို ပေးလေးတော့မလား မျှော်လင့်ချက် ရှိနေ၏ ။

“သား….သွားတော့လေကွာ”

“ဆော့ဘူး ဒါပေး….”

“ပေးလို့မရဘူးကွ။ အပျက်ကြီး... ဘဘကြီးတောင် မနည်း ပြင်နေတာ။ သားဟိုကားလေးနဲ့ဆော့…”

နီးရာ စားပွဲခုံအောက်မှ ပလတ်စတစ်ကားကို လက်ညှိုးထိုးပြသေးရာ သူ့တူက ဆတ်ခနဲ လှည့်ကြည့်ပြီး အယူဘူး…အယူဘူး ကက်ဆက်ပေးဟုသာ ပြော၏ ။ ခက်တော့ခက်ပြီ။ ဇွတ်ကြီးပါလား။ သူချွေးပြန်နေရတဲ့အထဲ ကလေးက တဂျီဂျီ။ စိတ်တိုလာ၍ ဘာမှဆက်မပြောတော့။ အစောပိုင်းက မဖြုတ်ဝံ့သော ကိရိယာတွေ ကလေးရှေ့မှာ ဖြုတ်နေမိ၏ ။ ခပ်တည်တည် ပြင်နေသည်။ ကက်ဆက်ထဲမှ ၀ါယာကြိုးများ ဆက်သင့်သလိုဆက်၊ ဖြုတ်ထားသည့် မူလီလေးများ ပြန်တပ်၊ မီးလုံး ပြန်တပ်၊ ဓာတ်ခဲ ပြန်ထည့်နှင့် ပစ္စည်းတွေ သူ့နေရာသူ ပြန်ပို့သည်။ သို့ သော် မူလီလေးတွေ မှု န်မွှားအစလေးတွေ ကလည်း သုံးလေးစ ကျန်နေ၏ ။ ဘယ်က ပြုတ်၍ ဘယ်လို ထည့်မိမှန်းမသိတော့။

သူ ဖျတ်ခနဲ သူ့တူလေးကို ကြည့်လိုက်ရာ ကလေးက ဟီးခနဲ ရယ်၍ ကက်ဆက်ကို လက်နှင့် ထိထား၏ ။ သူခပ်တည်တည်ပဲ အသံခလုတ်ကို ဖွင့်လိုက်ရာ ဘာသံမှထွက်မလာ။ အသံတိုးကြည့်၏ ။ ဘာသံမှ ထွက်မလာ။ သူ့အိမ် အတွင်းခန်း လှမ်းကြည့်တော့ အိမ်သားတွေ က သူတို့လေနဲ့ သူတို့ မိနေသည်။ အသံမထွက်တော့သော ကက်ဆက်ဆီ အာရုံမရောက်…. သူ လေလှိုင်းတွေ နားထောင်ကြည့်ရာ ရှဲရှဲပင် မမြည် တော့။

အဲဒီ အချိန်မှာ သူ့တူလေးက မလျှော့သော ဇွဲလုံ့လဖြင့် ကက်ဆက်ပေါ် လက်ကလေး တင်ပြီး သူ၏ ကက်ဆက်ပေါ် လက်ကလေး တင်ပြီး သူ၏ ကက်ဆက်ပြင်ဆင်ခြင်း လုပ်ငန်းရပ်ဆိုင်လိုက်ခြင်းအား နားမလည်စွာ စောင့်ကြည့်နေတော့၏ ။

သူ ကတော့ သူ့တူလေးကို ထိုကက်ဆက် လက်ဆောင်ပေးရန် ယခုအချိန်ထိ စဉ်းစားထားခြင်း မရှိသေးပါ။ သူ့တူလေး ပြန်သွားလျှင် တစ်ကြိမ်ထပ် ပြင်ကြည့်ပါဦးမည် ။ သူပြင်လျှင် ထိုကက်ဆက်ကောင်းကို ကောင်းလာလိမ့်မည် ဟု သူယုံကြည်နေဆဲ။ ။

(မြန်မာ့ဓန၊ ၁၉၉၅ခုနှစ် ဒီဇင်ဘာ။)

♥ ♥ ♥


တစ်ဝါ၀င် တစ်ဝါထွက်

မင်္ဂလာခန်းမထဲ ခြေစလှမ်းလိုက်တာနှင့် တစ်ပြိုင်နက်တည်း ညီအစ်မတွေ တစ်ယောက် မျက်နှာ

တစ်ယောက် လှမ်း ကြည့်မိလျက်သား ဖြစ်သွားကြ၏ ။ အားကြိုးမာန်တက်လှမ်းလာသည့် ခြေလှမ်းတွေ လည်း တုန့်ခနဲ ဖြစ်သွားကြပါသည်။ အစ်မအကြီးဆုံး ကျွန်မကို လှမ်းကြည့်လိုက်သည့် ညီမနှစ် ယောက် လက်ကို ဆတ်ခနဲ ဆွဲ၍ ခန်းမ လှေကားထစ်အား အရဲစွန့်တက်လိုက်မိ၏ ။ ကျွန်မတို့ ညီအစ်မ သုံးယောက် စလုံး ခြေဖျားလက်ဖျားတွေ လိုတာထက် ပိုအေးနေပါရော့လား။ အို ကိစ္စမရှိပါဘူးလေ။ ဒါ ကျွန်မတို့ ကိုကိုရဲ့ မင်္ဂလာဆောင်ပဲ ဥစ္စာ။ ကျွန်မတို့ အားလုံးရဲ့ အားကိုးအားထားရာ အစ်ကိုအကြီးဆုံးရဲ့ မင်္ဂလာပွဲပဲ။ ကျွန်မတို့ ဘာကို အားငယ်ရမှာ လဲကွယ်။

ကိုယ့်ဘာသာကိုယ် အားပေး၍ ညီမလေးတွေ ကို ခပ်ဟဟရယ်ပြကာ ခန်းမအပေါ်ဆုံးထပ် သတို့သမီး သတို့သား အလှဆင်သည့် အခန်းသို့ ရင်ကလေးကော့ကာ တက်လာခဲ့ကြ၏ ။ ကျွန်မတို့ နောက်မှာ တော့ ကျွန်မအမေဘက်က ကျွန်မအဖေဘက်က အဒေါ်တို့ ဦးလေးတို့ ညီမတွေ မောင်တွေ တစ်သီတစ်တန်းကြီး။

ကျွန်မက ဦးဆောင်ပြီး ကိုကို့ကို တွေ့ ရန် ကြိုးစားစဉ်မှာ ပဲ လှေကားထိပ်မှ ပိတ်ရပ်လိုက်သည့် အရိပ်များ ကြောင့် ကြောင်အမ်းအမ်း ဖြစ်သွားရလေ၏ ။

` “ဟဲ့….ဟဲ့…. ဒီအထိ မတက်ရဘူးလေ… ဧည့်သည်တွေ ခန်းမထဲမှာ ပဲ နေရမှာ …. ဒါဘာလာလုပ်ကြတာတုံး”

ကျွန်မတို့ကို ကြည့်ပြီး အထိတ်ထိတ် အလန့်လန့် ကုန်းအော်လိုက်သော အမျိုးသမီးအုပ်စုသည် အလွန်တရာလှပလွန်းချေ၏ ။ ကျွန်မ ရင်ထဲ ထိတ်သွားပေမယ့် အပြုံးလေးနှင့် ပင် ရှင်းပြလိုက်ပါသည်။

“ကျွန်မတို့ ကိုကို့ဆီသွားချင်လို့ပါ။ ကိုကိုက လာခဲ့ပါလို့ ပြောထားလို့ပါ”

“ဘာလဲ…ကိုမင်းသော်ညီမတွေ လား”

“ဟုတ်တယ်…ဟုတ်တယ်လေ၊ ကျွန်မတို့က ကိုမင်းသော် ညီမအရင်းတွေ ၊ ဒါက ကိုကို့ဦးလေးအဒေါ်တွေ ….”

နောက်ဘက်လှည့်ပြီး ကျွန်မအမျိုးတွေ ကို အပေါ်အထက်အဆင့်မှာ ရပ်နေသော ကောင်မလေးချောချောလေးတွေ နှင့် အားရ၀မ်းသာ မိတ်ဆက်ပေးမိ၏ ။ ကျွန်မအမျိုးတွေ ခမျာလည်း လှေကားရင်းမှာ အပေါ်တက်ခွင့်ရဖို့ တမျှော်တလင့်။ သို့ သော် သူတို့မျှော်လင့်ချက် မပြည့်ဝလိုက်ပါ။

“တစ်မျိုးလုံး တစ်ဆွေလုံး တက်လို့ ဘယ် ဖြစ်မလဲ။ တော် ကြာ အောက်ဆင်းလာမှပဲ တွေ့ ချင် ညီမအရင်းတွေ ပဲ တွေ့ ပေါ့။ ဆင်းဆင်း အောက်မှာ စောင့်ကြ…..”

“ဟို…ဟိုလေ….ကျွန်မတို့ ခဏလေးပဲ”

“သြော်…ခက်လိုက်တာ၊ မမြင်ဖူး၊ မတွေ့ ဖူးတဲ့သူတွေ နဲ့ လာတွေ့ နေတယ်။ ဒါ ဟိုတယ်… လူဝင်လူထွက်ရှုပ်လို့ မရဘူး သိလား၊ ဒီအထာတွေ မြင်လို့ မီးတို့အဖွဲ့ ဂျူတီစောင့်နေတာ။ မမကြီး ဟေဇယ်က ဘယ်သူမှ တက်မလာစေနဲ့တဲ့ မှာ ထားတယ်”

ကျွန်မ ဘာဆက်ပြောရမှန်းမသိဘဲ ဦးလေးနဲ့ အဒေါ်တွေ ဘက် လှည့်လိုက်ရာ ကျွန်မအမျိုးတွေ ခမျာ ခပ်ကုပ်ကုပ် ရယ်ကျဲကျဲလေးတွေ နှင့် ”အေး…အေး မသိလို့ပါ။ အောက်ကပဲ စောင့်ပါ့မယ်”လို့ ပြောပြော ဆင်းဆင်းသွားကြလေတော့၏ ။ ကျွန်မတို့ ညီအစ်မသုံးယောက် သာ ခပ်ရို့ရို့နှင့် ကိုကို့ကို သွားတွေ့ ရလေ၏ ။

ကိုကို့ကို မြင်လိုက်ပြန်တော့လည်း အလာတုန်းက စိတ်ကသိကအောက်တွေ ပျောက်သွားပြီး ကိုကို့ကိုယ်ပေါ်မှ သတိုသား ၀တ်စုံလှလှလေးနှင့် မမဟေဇယ်ပြင်ဆင်ထားသော သတို့သမီးဝတ်စုံနှင့် အလှတို့ကိုသာ လိုက်ကာကြားမှ ချောင်းကြည့်ရင်း ကျေနပ် ပျော်ရွှင် သွားရလေသည်။

ကိုကိုက “လာ….လာ…ညီမတို့”ဟု ခေါ်ပေမယ့် ကျွန်မတို့က အလိုက်သိတတ်ရန် အသင့်ပြင်ထာြး ကတော့၏ ။ ရတယ် ကိုကိုဟု ပြောကာ မေမေပေးလိုက်သော ဖေဖေ့လက်စွပ်ကိုသာ လှမ်းပေး၍ အောက်ထပ်သို့ ခပ်သုတ်သုတ်ပြန်ဆင်းခဲ့ကြ၏ ။ အောက်ထပ်ရှိ မင်္ဂလာ လက်ဖွဲ့ စာရင်းရေး ရန် အစောကြီးကတည်းက နေရာချထားခဲ့၏ ။ ထို့ကြောင့် လည်း ပန်းကမ်းရန် နေရာသို့ နေရာယူရန် ကျွန်မတို့ ရောက် သွားပါသည်။

ကျွန်မကို မြင်တာနှင့် ထောင့်တစ်ထောင့် စုပြုံတိုးရပ်နေသော ကျွန်မညီမလေးတွေ ပြေးလာ၏ ။ သူတို့မျက်နှာလေးတွေ လည်း ငိုမဲ့မဲ့နှင့် ။ ကျွန်မမှာ လည်း ပြင်ဆင်ထားရင်း အအေးခန်းမကြီး အလယ်မှာ ချွေးတွေ ပင် စို့လာ၏ ။ ဘာ ဖြစ်ကြတာလဲဟု မေးမှမမေးရသေးခင် အသွက်ဆုံး ညီမငယ်လေးက ဆီးပြော၏ ။

“မမကြီးရေ… ဟိုဘက်က လက်ဖွဲ့နေရာမှာ သမီးတို့ မထိုင်ရဘူးတဲ့။ သူတို့ ထိုင်မှာ ဆိုပြီး အတင်းနှင်ထုတ်ကြတယ်”

“ဟယ်… ဘယ်သူက ပြောတာလဲ။ ကိုကိုမှာ ထားတာလို့ ပြောလေ…”

“ပြောတာပဲ မရဘူး၊ သမီးတို့ ပန်းလည်း မကမ်းရဘူးတဲ့”

ကျွန်မအံ့အားသင့်ပြီး လက်ဖွဲ့နေရာသို့ ဆတ်ခနဲ လှမ်းကြည့်လိုက်မိ၏ ။ လက်ဖွဲ့နှင့် ပန်းကမ်းရန် နေရာတွင် ကိုကို့ဇနီးလောင်း မဟေဇယ်၏ ညီမတွေ ရောက်နေ၏ ။ အပေါ်ထပ်တုန်းကလည်း သူတို့တွေ ပဲ အပေါ်ပေးမတက်တာပေါ့။ ကျွန်မရင်ထဲ ဒေါသတွေ စုလာပေမယ့် အတင်းကာရော မြိုသိပ်ထားလိုက်ရင်း ညီမတွေ ဘက်သာ လေပြည်သွေးရပါသည်။

“ဒါဆိုလည်း သမီးတို့ ဧည့်သည်တွေ ကို ကြိုပေါ့။ ဧည့်သည်တွေ ဧည့်ခံဖို့လေ ပိုအရေး ကြီးတာ၊ ပန်းမကမ်းရတော့ တာဝန်အေးတာပေါ့နော်”

“ဟာ…မမကြီးကလည်း….”

ထို “ဟာ” နောက်၌ ကျွန်မညီမလေးတွေ ၏ မျက်လုံးအိမ်ထဲတွင် မျက်ရည်ကြည်တွေ ၀ိုင်းဝိုင်းလည်သွားပြီ ဖြစ်၏ ။ ကျွန်မ မသိမသာ သက်ပြင်းချရင်း အစွမ်းကုန်အလှပြင်လာသည့် ညီမလေးတွေ ၏ အလှကို ဧည့်ခံခြင်းတွင် သာ အသုံးပြုရန် ကြိုးစားရပါလေသည်။ ကျွန်မသည့်ထက် စောဒကတက်ရန် မ ဖြစ်သင့်တော့ပါ။

အခြေအနေက မင်္ဂလာခန်းမကြီးတစ်ခုလုံး ကိုကို့ဇနီးလောင်း၏ အမျိုးအဆွေတွေ အောက်၌ ပြားပြားမှော က်လျက်။ ကျွန်မသည် ထိုအခြေအနေကို ရွှေ့ပြောင်းခွင့် ရှိသူထဲ၌ လည်းမပါဝင်ရာ ကိုကို၏ အားကိုးဖွယ် အကြည့်များ အတိုင်း မင်္ဂလာပွဲလှပစွာ ပြီးစီးရေး တွင် သာ တစ်တပ်တစ်အား ပါဝင်ပေးရုံမှတစ်ပါး အခြားမရှိသော ကြောင့် ညီမလေးတွေ ကို ခန်းမထဲသို့ သာ ဇွတ်အတင်းခေါ်လာခဲ့မိ၏ ။ ကျွန်မ ဦးလေးတွေ အဒေါ်တွေ ဘယ်နားရောက်နေပြီလဲဟု သတိတရလိုက်ရှာသော အခါမှာ လည်း ထင်သည့်အတိုင်း ခန်းမကြီး၏ အစွန်ဆုံးထောင့်တစ်နေရာတွင် ရိုရိုကျိုးကျိုးလေးတွေ နှင့် မျက်စိသူငယ် နားသူငယ်လေးတွေ ပါလား။

သူတို့အနားရောက်သွားတော့ ၀မ်းသာလိုက်ကြတာ။ ကျွန်မ ပြန်ဝမ်းမသာနိုင်ပါ။ စိတ်ထဲမှာ က ကိုကို အဆင်မှပြေပါ့မလား။ ကျွန်မကို ဘာခိုင်းချင်မလဲဆိုတာတွေ နှင့် အပြိုင်။ တဖိတ်ဖိတ်တလက်လက် ဧည့်သည်များ မှာ အများ စုက ကိုကို့ဘက်မှ မဟုတ်တန်ရာတွေ ကြောင့် အလိုလို အားငယ်စိတ်တွေ ပင် ၀င်လာလေ၏ ။ ထိုအချိန်မှာ ပင် အခါတော် ပေးတီးလုံးသံကို ကြားလိုက်ရသော ကြောင့် ကျွန်မအခန်းပေါက်ဝနား ပြေးရပ်ကာ ကိုကို့အလာကိုသာ မျှော်ငေးမိတော့၏ ။ ကျွန်မကိုကိုသည် ကျွန်မတို့ တစ်မိသားစုလုံး၏ အားကိုးအားထားရာမှသည် မမဟေဇယ်၏ …

“မမကြီး၊ မမကြီး….ကိုကိုတို့နောက်က မလိုက်ဘူးလား”

ကျွန်မ ဘယ်လောက်ငေးမောနေမိသည်မသိ။ ကိုကိုတို့ စုံတွဲ ပွဲထွက်လာသည့်နောက်မှ တစ်သီတစ်တန်းကြီး ပါလာသော မမဟေဇယ်အမျိုးတွေ ကိုသာ ရေတွက်မဆုံးနိုင်ခင် ကျွန်မညီမလေးက ဆယ်ကျော်သက်အရွယ်လေးပီပီ လုပ်ချင်ရာလေးတွေ အနားတိုးကပ် ပြောလေ၏ ။ ကျွန်မ အသာခေါင်းယမ်းပြလိုက်ပါသည်။ ကျွန်မတို့ ကိုကို့ နောက်မှလိုက်ပါဖို့ ဘာအကြောင်းကြောင့် မှ မလိုအပ်ပါချေ။ ကိုကို ကတော့ ကျွန်မကို အားရပါးရ ပြုံးပြပါသည်။ ဒါပေမဲ့ ကိုကို့ အပြုံးက ဖျော့တော့လွန်းနေ၏ ။

ထိုဖျော့တော့သော အပြုံးများ ကို မင်္ဂလာပွဲချိန်အထိ ကျွန်မ မြင်နေရဦးတော့မှာ ပါလား….။

ကိုကိုရယ်….ကိုကို့ရွေးချယ်မှု အတွက် အားတင်းထားပါနော်။

မင်္ဂလာပွဲပြီးချိန်အထိ အားတင်းထားရသော ကျွန်မမှာ မင်္ဂလာပွဲ ပြီးပြီဟု သိချိန်မတော့ အတော် ကြီး လန်းဆန်းသွားလေ၏ ။ ကျွန်မတို့ဘက်မှ အမျိုးအဆွေတွေ ကို ကျွန်မတို့စီစဉ်ထားသော ကားနှစ် စီးဖြင့် အပြန်ပြန်အလှန်လှန် အပို့အကြို လုပ်စရာမလိုပါဘဲ တစ်ကြိမ်တည်း အိမ်သို့ ပြန်ပို့လိုက်လေသည်။ အငယ်ဆုံးညီမလေးတွေ ကို အိမ်အမြန်ပြန်ရန်နှင့် ကိုကိုတို့ အိမ်လိုက်မှာ သိထား၍ စီစဉ်စရာတွေ စီစဉ်ထားပါရန် မှာ လိုက်လေ၏ ။ ကျွန်မကိုတော့ ကိုကိုက သတို့သမီးအိမ်အထိ လိုက်ခဲ့ရန် မျက်လုံးနှင့် ရော အပြုံးနှင့် ရော အသံနှင့် ပါ အတန်တန်မှာ သော ကြောင့် ကျွန်မခေါင်းညိတ်လိုက်ရလေသည်။

ကိုကို့ခမျာလည်း သတို့သားဆို၍ သာ သတို့သား ဖြစ်နေပေမယ့် စိတ်နှင့် ကိုယ် ကပ်ဟန်မတူ၊ သတို့သမီးအိမ်သွားရာလမ်းတစ်လျှောက် နောက်ကားမှ ပါလာသော ကျွန်မတို့ဆီသာ ကွက်ကြည့်ကွက်ကြည့်နှင့် ကိုကို့သူငယ်ချင်းတွေ ကတော့ အားကိုးလောက်သည့်အတိုင်း တစ်နိုင်တစ်ပိုင် ကူညီမှု တွေ နှင့် ပြေးကြလွှားကြ၊ ဗီဒီယိုရိုက်ကြ၊ ဓာတ်ပုံရိုက်ကြ၊ လက်ဖွဲ့တွေ သယ်ကြလို့ပေါ့။

“လက်ဖွဲ့အားလုံး ဟေဇယ်တို့ အိမ်သယ်မှာ နော်”

မင်္ဂလာခန်းမအထွက် ခပ်မြူးမြူးအသံနှင့် သတိပေးလိုက်သော ကိုကို့မဟေသီ၏ စကားကို မည် သူမှ သွေဖည်ခြင်းခြင်း မရှိပါဘဲ ကားစင်းလုံးတိုက် လက်ဖွဲ့အားလုံး သတို့သမီးအိမ်ရှိရာသို့ ဦးတည်လိုက်ပါသွားလေ၏ ။

ကျွန်မမှာ ကိုကို့မျက်နှာနှင့် သတို့သမီးအိမ်သို့ လိုက်ပါလာခဲ့ရသော ကြောင့် ကိုကိုခိုင်းသမျှ နှမ တစ်ယောက် ၏ တာဝန် ကျေပွန်အောင်လုပ်ပေးမည် ဟုသာ တွေးပြီး လက်ငင်းဒိဋ္ဌ ဆွံ့အ နားမကြားသူ တစ်ယောက် ဖြစ်ပစ်လိုက်ပါတော့သည်။

ကျွန်မတို့ ကိုကိုသည်လည်း သတို့သမီးခြေလှမ်းအတိုင်းလှမ်း၊ သတို့သမီးလက်လှမ်းအတိုင်း လှမ်းရင်း၊ သတို့သမီးအိမ်ထက်၌ အိတ်ကပ်ထဲပါသမျှ မင်္ဂလာလက်ဆောင် တုံ့ပြန်စာအိတ်လေးတွေ ခုန်ခုန်ပေါက်ပေါက်။

ထိုမြင်ကွင်းကို ခပ်ငေးငေးကြည့်နေရင်း တိုက်အစွန်ဆုံး ထောင့်တစ်ထောင့်မှာ ရပ်နေရာမှ လက်ပတ်နာရီကြည့်မိတော့ အချိန်ကလင့် လုပြီ။ အိမ်မှာ အမေမျှော်လှရော့မည် ။ အမေ့ကိုကန်တော့ဖို့ ကိုကို့မှာ တာဝန်ရှိသေးသည်လေ။ ထို့ကြောင့် လူအုပ်ကြီးအလယ်မှာ မွန်းကျပ်ချွေးပြန်နေသော ကျွန်မအစ်ကိုနားသို့ အတင်းတိုးဝှေ့ကာ တိုးတိုးလေး သတိပေးရလေ၏ ။

“ကိုကို…မေမေ မျှော်နေပြီ”

“ဟာ… အေး…အေး….လိုက်မယ် ညီမ”

ကျွန်မသတိပေးမှ ကိုကို ကမန်းကတန်း ထရပ်ကာ သူ့ဇနီးလောင်းကို ကပ်ပြော၏ ။ သည်တော့လည်း မဟေဇယ်က ပျာပျာသလဲပါပဲ။ ကျွန်မကို လက်ပြ၍ ကားဆီသွားခိုင်း၏ ။ ကိုကို့လက်ကို အတင်းတွဲ ကာ “ဟိုဘက်အိမ် သွားရဦးမယ်” ဟု ပြောရင်း ကားထဲဝင် ထိုင်၏ ။

ကိုကို ကားပေါ်တက်ထိုင်တာနှင့် ကျွန်မက ရှေ့မှဦးဆောင်ကာ ကျွန်မတို့ အိမ်ရှိရာသို့ ကားကို ဦးတည် မောင်းခိုင်းရတော့သည်။ အခုအချိန်ဆို အမေက သူ့သား မလာသေးလို့ မျက်ရည်လေးဝိုင်းပြီး မျှော်နေလေတော့မည် လေ။

စိတ်ချပါအမေ။ အမေ့သား ကျွန်မတို့ ကိုကိုကို အမေ့ရှေ့ရောက်ခေါ်ခွင့်ရသရွေ့ခေါ်ခဲ့ပါမည် ။ ကိုကို လိုက်နေသရွေ့ပေါ့။

ကျွန်မတို့အိမ်ရှေ့ လမ်းမပေါ်သို့ ကားထိုးဆိုက်လိုက်တာနှင့် တစ်ရပ်ကွက်လုံးမှ အသိမိတ်ဆွေတွေ ၏ ကောင်းချီးသြဘာသံများ စတင်ကြားလိုက်ရလေ၏ ။ ကိုကို အိမ်ပေါ်တက်မရအောင် ၀ိုင်းပိတ်ဆို့ကာ ခဲဖိုးတောင်ြး ကတော့၏ ။ ကိုကို့မှာ ခဲဖိုးပေးစရာ မရှိတော့။ သတို့သမီးအိမ်မှာ ကုန်ခဲ့ပြီလေ။ ကိုကိုနှင့် ကိုကို့ဇနီးလောင်းကို ပတ်ချာလည်ဝိုင်းကာ ခဲဖိုးပေးခိုင်းသော အသိမိတ်ဆွေ သူငယ်ချင်းညီမများ ၏ အပျော်တို့မပျက်သုဉ်းရလေအောင် ကျွန်မမကြိုတင်စီစဉ်ထားသည့် ခဲဖိုး စာအိတ်လေးများ ကို ကိုကို့ဆီ ကမ်းပေးလိုက် မှ ကိုကိုဝမ်းသာသွားရှာ၏ ။ မဟေဇယ် ကတော့ နှာခေါင်းလေးပိတ်ကာ လူအုပ်ကြားမှ ရုန်းထွက်၍ အိမ်ပေါ်သို့ ပြေးတက်လေ၏ ။

အိမ်ပေါ်မှာ တော့ ကျွန်မတို့မိသားစုအစီအစဉ်ဖြင့် ဧည့်သည်များ အားလုံး ထမင်းကျွေးရန် အဆင်သင့် ဖြစ်နေပါပြီ။ ကိုကို့ သူငယ်ချင်းတွေ အားလုံး ထမင်းဆာတာ ဟန်ပင်မဆောင်နိုင်တော့။ တစ်နေ့လုံး မောပန်းထားသမျှ ကျွန်မတို့ အိမ်ကျဉ်းကျဉ်းလေးထဲမှာ ရယ်သံတွေ ပလူပျံလို့လေ။ အမေ့ကို မင်္ဂလာဦးဇနီးမောင်နှံကန်တော့တော့ အမေက အိပ်ရာထဲကနေ ဆုတွေ ပေးမဆုံး။

မဟေဇယ်က ကန့်တော့ပြီးတာနှင့် အိမ်ပေါ်မှာ ခွာမြင့်ဖိနပ်လေး အသံမြည် အောင် နင်းလျက် အိမ်ပြန်ရန် နာရီတကြည့်ကြည့်။

“သား နောက်နေ့လာခဲ့မယ် အမေ”ဟု ကန်တော့ရင်း ပြောသော ကိုကို့အသံတွင် အင်အားမပြည့်ဝသော ကြောင်း ကျွန်မတို့သိသည့်နည်းတူ အမေက ပို၍ နားလည်ရိပ်စားမိဟန်တူပါသည်။ ကိုကိုခေါင်းကို အသာအယာပွတ်သပ်၍ ….“နေပစေ သားကြီး နေပစေ…ကိစ္စရှိရင် မင်းညီမတွေ လွှတ်လိုက်မယ်…သား တခြားကိစ္စတွေ လုပ်”ဟု ပျာပျာသလဲ ပြောလေသည်။

ကျွန်မရင်ထဲ နင့်ခနဲ ဖြစ်သွား၍ နေရာမှထရပ်ရင်း အိမ်ရှေ့ပြတင်းပေါက်နားတိုးရပ်လိုက်စဉ် ကျွန်မလက်နှင့် ဓာတ်ပုံမှန်ဘောင် ခိုက်မိသွား၍ မှန်ဘောင်ကို ပြန်တည့်ပေးလိုက် ရာ မှန်ဘောင်ထဲရှိ ဓာတ်ပုံကြီးက ကျွန်မကို အစွမ်းကုန် ပြုံးပြနေသော အခါ ကျွန်မပို၍ ငိုချင် သွားပါတော့၏ ။

ဓာတ်ပုံထဲမှာ ကိုကိုက ဘွဲ့ဝတ်စုံဖားဖားကြီးနဲ့ အမေ့ကို ဖက်ထားလို့လေ။

သြော်…အမေ၊ အခုလိုအချိန်မှာ စကားသွက်သွက်တွေ ကို ဓားထက်ထက်လို အသုံးမချဘဲ ရေငုံနှုတ်ပိတ်နေနိုင်အောင် ကြိုးစားထားပါလားနော်။ ဒါပေမယ့် အမေရယ်…..။ သမီးရင်ထဲမှာ အမေပြောနေကျ စကားတွေ ကြားနေရတယ်။ အထူးသဖြင့် ကိုကို လက်ထပ်တော့မယ် ဆိုကတည်းက ကိုကို့ပစ္စည်းတွေ အကုန်ပေးခိုင်းတာ နားမလည်တဲ့ ကျွန်မကို အမေပြောလိုက်တဲ့ စကားတခွန်း ခုထိကြားယောင်တုန်း အမေ။

“တစ်ဝါ၀င် တစ်ဝါထွက်နဲ့ အမေ့သားတွေ အိမ်ပြန်ခက်ခက်လာမှာ ကို ကြိုမြင်လို့ သမီးရေ…။ သားမွေးထားတဲ့ အမေဆိုတာ ခံနိုင်ရည် ရှိရမယ်သမီးရဲ့”

လေဖြတ်ပြီး အိပ်ရာထဲလဲနေတဲ့ မိခင် တစ်ယောက် ရဲ့ သတ္တိဟာ ဒါလားအမေ။ ဟင့်အင်း….ကျွန်မ မခံစားရက်လိုက်တာအမေရယ်….။

အခုအချိန်မှာ ကျွန်မလေ အမေ့ကို လှည့်မကြည့်ဝံ့ပါဘူး။ ကျွန်မ လှည့်ကြည့်ချိန်မှာ အမေ့မျက်လုံးအိမ်မှာ မျက်ရည်စတွေ ရှိမနေဘူးလို့ ကျွန်မ မယုံကြည်ဘူးအမေရယ်…..။

(ရုပ်ရှင်အောင်လံမဂ္ဂဇင်း၊ ၁၉၉၇ခုနှစ် ၊ အောက်တိုဘာလ။)

♥ ♥ ♥




ဝန်ဇင်းချစ်သူများ နှင်းဝေငြိမ်း ၏ “ အသံများ၏လျှို့ဝှက်ချက်နှင့် အခြားဝတ္တုတိုများ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


မိုးပန်းပွင့်ရဲ့ သင်္ကေတ

သင်ချစ်ရာကိုချစ်၍ သင်မုန်းရာကိုမုန်းသည်

ဖီးနစ်