နတ်သံနှောပြောလိုက်ချင်ပါရဲ့
တံခါးဖွင့်ဖွင့်ချင်း အရင်ဆုံးတွေ ရသည့် ဖိနပ်တွေ ကြောင့် ဧည့်သည်တွေ ရောက်နေပြီဆိုတာ သိလိုက်လေ၏ ။ ဒီအချိန်မျိုးမှာ ဧည့်သည်လာတာ စိတ်အပျက်ဆုံးပဲဟု ဘာသာစိတ်ထဲမှာ ရေရွတ် ရင်း ဧည့်ခန်းဖက်လှမ်းကြည့်မိသည်။
တစ်ခါမှမမြင်ဖူးသည့် ဧည့်သည်နှစ် ယောက် ။ အထုတ်အပိုးတွေ နှင့် ယောက်ျားတစ် ယောက် ၊ မိန်းမ တစ်ယောက် ဆိုမှ လင်မယားပဲပေါ့။ လင်မယားဆိုတာနှင့် ရီမာကျော့်မျက်လုံးက အိမ်ခန်းထောင့်က အိမ်တွင်းစင်ဆီ အကြည့်ရောက်သွား၏ “လင်စုံမယားဖက် အိမ်ဦးခန်းမှာ မအိပ် ရဘူးနော်။ ဘယ်ဧည့်သည်လာလာ မသိပ်ရဘူးကြားလား။ တို့ရိုးရာက လက်မခံဘူး၊ မကြိုက်ဘူး၊ မှတ်ထားနော်သမီး” လို့ တစ်နေ့ ဆယ့်ခြောက်ခေါက်လောက် လာရင် ဆယ့်ခြောက်ခေါက်လောက် မှာ ထားသော အမေ့စကားများ က မင်္ဂလာဦးနေ့ရက်တွေ မှာ လက်ဖွဲ့ရသလိုတောင် ထင်ခဲ့မိသည် အထိ။
“ရီမာကျော် သေသေချာချာမှတ်နော်၊ နတ်နဲ့နဂါး မလှည့်စားနဲ့တဲ့၊ အိမ်ထောင်ဦးမှာ မိရိုး ဖလာ အိမ်တွင်းထားတာ အမေတို့ထုံးစံပဲ၊ စီးပွားလည်းတက်တယ်၊ ကျန်းမာရေး လည်း ကောင်း တယ်၊ ဘာပဲ ဖြစ် ဖြစ် အမေ ကတော့ အိမ်တွင်းကိုးကွယ်စေချင်တယ်။ ပြီးတော့ ညည်းယောက်ျားက လည်း သင်္ဘောသားမဟုတ်လား၊ သင်္ဘောသားဆိုတာ ဦးရှင်ကြီးတွေ ဘာတွေ တင်ရတယ်လေ”
“ဟာ…….အခု သင်္ဘောသားမဟုတ်တော့ပါဘူး အမေရယ်၊ ဒီမှာ ပဲ ကိုယ်ပိုင်လုပ်ငန်းလုပ် နေပါပြီ။ အမေ့သဘောပါ၊ သမီးတို့က ဘာမှနားမလည်ဘူးနော်၊ အမေလာလုပ်ပေးမှ ဖြစ်မှာ သမီး တော့ကြောက်တယ်၊ အမေ့သားမက်က အယုံအကြည်သိပ်ရှိတာမဟုတ်ဘူး တောပြောတောင် ပြော”
“အေးပေါ့ဟဲ့…….အမေလာလုပ်ပေးမယ်၊ ရိုရိုသေသေသာ ကိုးကွယ်ပါ။ ရိုးရာဆိုတာ မဖျောက်ကောင်းဘူး၊ ၀ါဝင်ဝါထွက် ကန်တော့ရတာ ပဲရှိတာ သူ့ဓလေ့နဲ့သူရှိတာ မပယ်ကောင်းဘူး”
သည်လိုနဲ့ ရီမာကျော်တို့အိမ်ထောင်ဦးမှာ အမေ့အားကိုးနှင့် မိရိုးဖလာကိုးကွယ်မှု စခဲ့ပါ သည်။ ရီမာကျော်က အမေ့သမီးပီပီ စိုးရိမ်တတ်၊ ကြောက်တတ်၍ အမေမှာ …….မှာ တဲ့အတိုင်း တသွေမတိမ်း လိုက်လုပ်လေ့ရှိရာ တစ်ခါတလေ ယောက်ျား၏ သွေးတိုးစမ်းစကားများ ကြောင့် ထိတ်ထိတ်လန့်လန့် ဖြစ်ရတာ လည်း အခါခါမ ကတော့ပေ။
“နတ်ထဲမှာ တော့ အိမ်ဦးနတ်က အကြီးဆုံးပဲထင်တယ်နော်…….မိန်းမ”
ဟုစတဲ့အခါမျိုးမှာ ရီမာကျော်ခမျာ သူ့ကိုဘာမှ မဖြေရှင်းနိုင်သေးခင် အိမ်တွင်းစင် ယပ်ပြေး ခတ်ရင်း
“ဘုရား…….ဘုရား၊ အိမ်တွင်းဖခင်ကြီး ဗွေမယူပါနဲ့၊ အမိုက်အမဲမို့ ခွင့်လွှတ်ပါ”
ဟု ယောက်ျားဖက် မျက်စောင်းထိုးလိုက် ပါးစပ်က တတွတ်တွတ်ရွတ်လိုက်နှင့် တော် တော် ကြီး ကြောက်လန့်တတ်သလို
“နေပါဦး မိန်းမရ ဦးရှင်ကြီးနဲ့ အိမ်တွင်းဖခင်ကြီးက အတူတူပဲ မဟုတ်လား” ဟုပြောတာမျိုး
“ပန်းပဲမောင်တင့်တယ်ကရော…….ဘယ်သူလဲ” ဟု မေးတာမျိုးများ ကြားရလို့ ကတော့ အဲဒီ နေ့ ရီမာကျော်နှင့် သူ့ယောက်ျား ကိုကိုဦးတို့ တစ်ပွဲတစ်လမ်း ရန် ဖြစ်ပြီသာမှတ်ပေတော့ပဲ။
“ပါးစပ်ကို ပိတ်ထားပါ၊ ရှင်ဘာတွေ လျှောက်မေးနေတာတုံး၊ မသိရင် မသိသလိုနေပါ။ ဆွေမျိုးစပ်တာမှားကုန်မှ ခက်ပေ့ ဖြစ်ကုန်ပါ့မယ်။ အဲဒါကြောင့် အမေကပြောတာ၊ ရိုးရာကို မနောက် ကောင်းဘူးနော်တဲ့” ဒီအခါမျိုးမှာ ကိုကိုဦးကလည်း မခေပြန်ချေပသည်။
“ဟ…….မနောက်ပါဘူး၊ တကယ်မသိလို့ မေးနေတာပေါ့”
“ဘာမှမတော် ဘူး၊ ဘာမှမတော် ဘူး။ တစ်ဦးစီ အဲလေ…….တစ်ပါးစီ တစ်ပါးစီ။ အို……. မ ဖြစ်သေးပါဘူး၊ မနက်ဖြန် လက်ဖက်ဆက်မှ ဖြစ်မယ်…….လက်ဖက်ဆက်မှ ဖြစ်မယ်”
ရီမာကျော်က အဲသလောက် ရိုးရာကို ရိုသေကိုးကွယ်သူမို့ အခုလို လင်စုံမယားဖက် ဧည့်သည်လာတာမျိုးကို နည်းနည်း လေးမှ သည်းမခံနိုင်ပေ။ ပြီးတော့ ဧည့်သည်က ကိုယ့်အမျိုး ဖြစ်ဖို့ လမ်းမမြင်၊ ကိုယ့်အမျိုးဆို၍ မူးလို့တောင်ရှူစရာမရှိသည့် ဘ၀။
“ဟော…….အဲဒါ ကိုကိုဦးမိန်းမလေ ရီမာကျော်တဲ့၊ သမီးရေ…….အဲ့ဒါ အမေကြည်တူမ ချိုချိုဆိုတာပေါ့”
ကျဉ်းတဲ့တိုက်ခန်းဆိုတာ ဖိနပ်ချွပ်နဲ့ ဧည့်ခန်းကလည်း လက်တစ်ဖောင်စာပဲ ဝေးတာ မဟုတ်လား။ စွေ့ခနဲ ဧည့်ခန်းရောက်၊ ခင်းထားတဲ့ဖျာပေါ်ထိုင်ချလိုက်ရုံနဲ့ ဧည့်သည်နှင့် ရီမာကျော် တို့ နဖူးတိုက်ဒူးတိုက် တွေ့ တော့မတတ် ကတ်ကတ်ဖဲ့ဖဲ့ ထိုင်ပေတော့ပဲ။
ဟုတ်ကဲ့…….သြော်နဲ့ပဲ ဆွေမျိုးစပ်ကြရလေတော့သည်။ ယောက္ခမ ဖြစ်သူက အပြောလည်း ချို၊ အနေလည်းနွဲ့ပါသည်။ ချွေးမ ဖြစ်သော ရီမာကျော်လို မာဆတ်ဆတ်မဟုတ်၊ အခြေအနေကို လိမ်မာပါးနပ်စွာ မီးစင်ကြည့်ကတတ်လေသည်။ သူ့သားကိုကိုဦးနှင့် သူ့ချွေးမ ရီမာကျော်တို့ လင်မယား စကားများ ရန် ဖြစ်ထားပြီး စကားမပြောတာ နှစ် ရက်၊ သုံးရက်မကချိန်မှာ ထိုဧည့်သည် က ဆိုင်းမဆင့်ဗုံမဆင့် ရောက်ချလာသည်။ ဆွေမျိုးရယ်လို့ တစ်ခါမှမမြင်ဖူးသည့် ယောင်းမ ဖြစ် နေသလို သူတို့ဆွေမျိုးချင်းတောင် မဆုံ ဖြစ်တာ မတွေ့ ဖြစ်တာ အနှစ် နှစ် ဆယ်ကျော် ကြာပြီဆိုပါ လား။ ဘာပဲ ဖြစ် ဖြစ် ရီမာကျော့်မှာ တာဝန်ရှိသည်။ အိမ်ရှင့်ဝတ္တရားတော့ အစွမ်းကုန်ကျေပွန်ရမည် သာ ဖြစ်၏ ။ ဒါပေမဲ့ ခက်တာက ဒီလင်မယားကို ဘယ်မှာ ညသိပ်ရမလဲဆိုတဲ့အချက်က အရမ်း အရေး ကြီးလေပြီ။
အခုအချိန်မှာ စကားမပြောဘဲ တင်းခံထားသည့်ယောက်ျားကိုပဲ တဆွေးတနွေး အရေး ပေါ်စကား ပြောရတော့မည့် ကိန်းဆိုက်နေ၏ ။ အို…….ဘာလို့ပြောရမှာ လဲ၊ ဒီကိစ္စ ကိုယ့်နည်းကိုယ့် ဟန်နှင့် ရှင်းမည် ။
“ဧည့်သည်တွေ ထမင်းစားပြီးပြီလား အမေကြည်”
နောက်ဖေး ထမင်းစားခန်းဘက်ဝင်လိုက်လာသည့် အမေကြည်ကို အင်္ကျီလဲနေရင်းက တိုးတိုးလေးမေးတော့ ကျွေးပြီးပြီတဲ့။ တော် ပါသေးရဲ့ ဘာနဲ့ကျွေးလဲတော့ မမေးတော့ပါ။ အိမ်မှာ အမေကြည်က သူ့ဘာသာအဆင်ပြေသလို ချက်ကျွေးထားမှာ သေချာပါသည်။ သားနှင့် ချွေးမကို အလိုလိုက်ရှာသလို မြေး တစ်ယောက် တည်းကို ထားစရာနေရာမရှိအောင်ချစ်ရှာသော ယေက္ခမကို တော့ ရီမာကျော်က ကြည်ဖြူသလို ချစ်လည်းချစ်ပါသည်။ ချွေးမနှင့်ယောက္ခမပေမယ့် ကွယ်ကွယ် ၀ှက်ဝှက်မရှိကြ။ ချွေးမအထာကိုသိနေသော ယောက္ခပီပီ ဧည့်ခန်းက သူ့ဆွေမျိုးမကြားအောင် တိုးတိုးလေး ပြောရှာလေ၏ ။
“သမီးရေ…….ဘာမှစိတ်မပူနဲ့သိလား အမေကြည့်တူမ လင်မယားကို တစ်ယောက် စီခွဲသိပ် လိုက်မယ်၊ ချိုချို့ကိုအမေကြည်နဲ့အိပ်ခိုင်းပြီး သူ့ယောက်ျားကို ကိုကိုဦးနဲ့ရုံးခန်းသွားအိပ်ခိုင်းလိုက် ရင် မကောင်းဘူးလားဟင်၊ တော် ကြာ ကိုကိုဦးလည်းပြန်ရောက်တော့မှာ အမေကြည် ဖုန်းဆက် ခေါ်ထားတယ်”
“ဒါဆိုလည်း ပြီးတာပါပဲ အမေကြည်ရယ်”
ကြိတ်ကြိတ်လေးကပ်ပြောရှာသော အမေကြည့်စကားကြားရမှ ရီမာကျော်အသက်ရှုဝ သွား၏ ။ တော် ပါသေးရဲ့ ဒီအစီအစဉ်ကောင်းလှပါသည်။ သူ့သားနဲ့ စကားမပြောပေမယ့် သူ့တူမ တွေ ကို ပစ်ပစ်ခါခါလုပ်မှာ မဟုတ်ဘူးဆိုတာ အမေကြည်ကသိနေသည့်အတိုင်း ရီမာကျော်လည်း ရှေး ဖြစ်ဟောင်း အောင်းမေ့ဖွယ်များ ကိုပြန်ပြောရင်း ဆွေမျိုးစပ်အလွမ်းသယ်ပွဲမှာ ဧည့်သည်နှင့် အလွမ်းပေါင်းသင်းခဲ့ရလေ၏ ။
“ချိုကလေ…….ယောင်းမအကြောင်း ကြားနေတာကြာပြီ။ ချို့မောင်လေးက သိပ်လိမ်မာ တာမဟုတ်လား။ မောင်လေးကို ငယ်ငယ်က ချိုတို့ထိန်းလာတာ၊ ချိုတို့လက်ပေါ် ကြီးလာတာလေ၊ မောင်လေးကို ချိုတို့ဖေဖေက သိပ်ချစ်တာ၊ ချို့ဖေဖေက အမေကြည်ရဲ့ အထက်ကလေ အစ်ကို ပေါ့၊ ချိုတို့မြို့လည်း လာလည်နော် ယောင်းမ၊ ချိုတို့က ခင်တတ်တယ်သိလား၊ ချိုတို့နယ်ရောက် လို့ ကတော့ ရှယ်ပြုစုမယ် စိတ်ချလာလည်ရမယ်နော်”
“ဟုတ်ကဲ့…….ဟုတ်ကဲ့”
အပြောချိုသလောက် အမူအရာတွေ လည်းချို၊ ရုပ်ရည်လည်း ချိုမြသော ချိုချိုကို ထိုနေ့က သိပ်မရောထွေးမိပေမယ့် လိုက်လိုက်လျောလျော စကားပြောနိုင်ခဲ့သေး၏ ။ ဒါတောင်မှ သွားကိုက် နေ၍ တစ်ချက်ခက် သူရယ်စရာပြောပေမယ့် ကိုယ်မရယ်နိုင်ခဲ့၏ ။ တအင်းအင်းလိုက်လုပ်နေ၍ ယောက်ျားက သူ့ကိုမကျေနပ်တုန်းပဲဟုမှတ်ကာ -
“လာ…….မမချိုတို့နှစ် ယောက် လုံး ကျွန်တော့် ရုံးခန်းမှာ လိုက်အိပ်ကြ၊ ဒါမှ စကားအကြာ ကြီးပြောရမှာ ။ ဟိုဖက်ရပ်ကွက်က ညလုံးပေါက် လက်ဖက်ရည်ဆိုင်ဖွင့်တယ်၊ ဒီည အပ်ထားတဲ့ အလုပ်တွေ လည်း လုပ်စရာရှိတာနဲ့ အတော် ပဲ”
လူစုခွဲနည်းအတတ်ပညာကို ကိုကိုဦးလှလှပပ သုံးလိုက်၏ ။
“ဟုတ်လား၊ အို…….လိုက်မယ် လိုက်မယ် မောင်လေးရေ။ မမချိုတိုပက ကိုယ့်မောင်လေး ကို သိပ်စကားပြောချင်တာ အတော် ပဲယောင်းမရေ……. ဟိုဖက်လိုက်အိပ်မယ်နော်”
“ကောင်းတာပေါ့၊ ဟိုမှာ ကျယ်ကျယ်ဝန်းဝန်းအိပ်ရမယ်၊ ဒီမှာ အခန်းကျဉ်းတော့ အားနာ တယ်”
ဘယ်သူက ဘယ်လိုအကွက်ချသည်မသိပေမယ့် ကျေနပ်သွားသူထဲမှာ ရီမာကျော် ထိပ်ဆုံးကပဲ ဖြစ်လေ၏ ။ သူတို့ကို အိမ်ဦးခန်းသိပ်လို့ကလည်း မ ဖြစ်၊ တည်းခိုခန်းပို့လို့ကလည်း ရိုင်းမှာ စိုး၊ ဟိုတယ်သွားတည်းကြပါလို့လည်း အာမမခံနိုင်။ ကိုယ်တောင် ဟိုတယ်မှာ ညအိပ် မတည်းဖူးပဲနဲ့။ ဟိုတယ်တစ်ညစာက ကိုယ့်အိမ်စရိတ် ဆယ်ရက်စာလောက်ရှိတာဆိုလား ကြားဖူး တာပဲ။ အခုလို ဘယ်ဖက်က ဦးဦးအလုပ်ခန်းသွားအိပ်ကြမည် ဆိုသည့် စကားကြားရတာ အကောင်းဆုံးပင်။ အလုပ်ခန်းမှာ က ဘုရားစင်ပဲရှိသည်။ ဘုရားခန်းမှာ တော့ အိပ်လို့မရတာ သေချာ၏ ။ အခြေအနေကို လှလှပပဖြေရှင်းသွားသည့်ယောက်ျားကို စိတ်ထဲကဖြင့် လှမ်းထောပနာ ပြုမိ၏ ။ အတော် ကြီးလည်း ၀မ်းသာနေမိ၏ ။
“ဘာလဲ…….ကျုပ် ကြောက်နေမှန်း ရှင်သိလို့မဟုတ်လား။ ရှင့်ကို ပြောပြီးသားလေ၊ အိမ်ဦးခန်းမှာ လင်မယားစုံတွဲ မသိပ်ကောင်းဘူးလို့၊ ဒီလောက်တော့ ကိုယ့်ယောက်ျားက အလိုက် သိရှာသားပဲ။ ပြန်တောင်ခေါ်ချင်ပြီ ယောက်ျားရေ”
သည်လို ဖြစ်မလာလို့ ကတော့ ဒီည ရီမာကျော် နှလုံး ရောဂါ ရမှာ သေချာလေ၏ ။
* * *
“ဘာ…….သူတို့လင်မယားက နှလုံး ရောဂါ သည် ဟုတ်လား”
“တိုးတိုးပြောစမ်းပါ မိန်းမရာ၊ ကိုယ်ပြောတဲ့ နှလုံးဆိုတာ နှလုံး…….သုံးလုံး……. တစ်လုံးတွေ ကို ပြောတာ”
“တစ်လုံး”
ဘာလဲ တစ်လုံး ကြားတောင်မကြားဖူးဘူး။
ဧည့်သည်စုံတွဲ က မနက်ဆိုထွက်သွားလိုက်၊ ညနေဆို ပြန်ရောက်လာလိုက်၊ ညဆို သူတို့ လုပ်ငန်းကိစ္စတွေ ပြောပြလိုက်၊ အဆင်ပြေတာ အဆင်မပြေတာတွေ ပြော ရန်ကုန်က ဟိုဖက် ဆွေမျိုး သည်ဖက်ဆွေမျိုးတွေ အကြောင်းက စကားဖောင်ဖောင်ပြောတတ်သည့် ချိုချို့ဆီမှ အားရ ပါးရ ကြားလာရသော ရက် ငါးရက်လောက် ဖြစ်လာသော အခါ ရီမာကျော် သွားတော် တော် ကိုက်လာ ပါတော့၏ ။ တကယ် သွားကိုက်တာပါ။
သွားကိုက်နေသော ရီမာကျော့်ခမျာ မခေါ်ချင့်ခေါ်ချင်နှင့် ယောကျာ်း ဖြစ်သူနှင့် ပြန်ခေါ်ရ လေတော့သည်။ ရော့…….ဆေးသောက်၊ ရော့…….ဆန်ပြုတ်သောက်လေ ဆားပြုတ်ရည် ငုံထား ပါလားမိန်းမရာနှင့် ရောသော ပေါသော စကားပြောရင်းမှ မသိမသာပြန်ခေါ်ချိန်မှာ တော့ သွားကိုက် ၍ မျက်နှာရှုံ့မဲ့နေသည့်ကြားမှ ရီမာကျော် မရရအောင်မေးမိတော့၏ ။
“သူတို့က ရန်ကုန်ကို ဘာလာလုပ်တာလဲ”
ဗလုံးဗထွေးပြောပေမယ့် ရီမာကျော်ဘာပြောသည်ကိုတော့ ကိုကိုဦးက ရိပ်မိ၏ ။ “နှလုံး ရောဂါ သည်တွေ ပေါ့ကွာ” ဟု အသံအုပ်အုပ်ပြောတာကို အလန့်တကြားထအော်မိတာ ရီမာကျော်၊ ပြီးမှ အားခနဲတစ်ချက်အော်ကာ သွားဖုံးရောင် နေရုံမက ပါးပါရောင် နေသော နေရာကို လက်ဖြင့် ဖွဖွလေးအုပ်ကာ တစ်တောင်လောက်ဝေးသော ဧည့်ခန်းမှ ပန်ကန်ဆေးတဲ့နောက်ဖေးဖက် ပြေး ထွက်ခဲ့ရ၏ ။
တော် သေးတာ အမေကြည်နဲ့ သား ဖြစ်သူက တီဗီကြည့်နေကြ၏ ။ ဧည့်သည်တွေ က တယ်လီဖုန်းဆက်နေကြ၏ ။ ရီမာကျော်ခမျာ မောရိယမန်းဆေးတွေ လူးထားသော ကြောင့် ပါးတစ် ဖက်ကလည်း ရောင် နေ သွားကလည်း ကိုက်နေ၊ ခေါင်းကလည်း ကိုက်နေသည့်ကြားမှ နှလုံး ရောဂါ နှင့် လာတွေ့ သော အခါ အတော် ကြီးငိုချင်သွားလေ၏ ။
“တစ်လုံးဆိုတာ ဘောလုံးပွဲလောင်းတာပြောတာ ပုံကြည့်လိုက်တော့လည်ပုံလည်ပေါက်နဲ့ ငတုံး၊ ဘာမှကိုမသိဘူး။ ချိုချိုတို့က သူတို့မှာ ဟိုကြွေးသည်ကြွေးတွေ ရှိလို့ ထင်တာပဲ။ ရန်ကုန်မှာ သော င်တင်နေတာ။ အရင်တုန်းက ဒီလိုမဟုတ်ဘူး။ သူ့ယောက်ျားက သိပ်ချမ်းသာတာ။ သူ့မြို့မှာ မြို့မျက်နှာဖုံး အခုဘာ ဖြစ်သွားလဲ မသိဘူး”
ယုံပါသည်။ မနေ့က ရုံးဆင်းပြန်လာတော့ သွားကိုက်စပြုနေပါပြီ။ သွားဆေးခန်းမ၀င်မိဘဲ အိမ်ပြန်ရောက်လာမှ သွားတဖြည်းဖြည်းကိုက်လာချိန်မှာ ချိုချို့ကိုတွေ့ လိုက်တော့ စိတ်ထဲက “ဟင်…….မပြန်ကြသေးဘူးလား” ဟု မေးမိသွား၏ ။ အခုကျမှ မထူးတော့ပါ။ အမေကြည့်ခမျာ ရီမာကျော်ကို အတော် ကြီးအားနာနေရှာလေပြီ။ သည်တော့ ရီမာကျော်ကပဲ အလိုက်တသိ သွား ကိုက်တာအောင့်ပြီး တဟင်းဟင်းတဟဲဟဲနှင့် စားပြီးပြီလား၊ ရေချိုးလေ၊ ချိုချို့အသားလေးတွေ ၀င်းအိနေတာပဲ၊ ငယ်ငယ်က တော် တော် ချောမှာ ပဲ၊ အခုတောင် ချောတုန်း အသားအရေတော် တော် စိုပြည်တယ်နော်၊ နယ်မြို့မှာ နေပေမယ့် နေပူမိပုံမရဘူး၊ အရိပ်ထဲမှာ ဇိမ်နဲ့နေရတယ်ထင် တယ်ဆိုတာတွေ ကို တစ်ရက်ခြားပြောနေကျအတိုင်း ပြောရပြန်၏ ။
ထို့အတူ ချို့ချို့ဖက်ကလည်း သူမတို့တစ်ချိန်က ရွှေထီးဆောင်းခဲ့ရသည်များ ကို ရီမာကျော် အားကျအောင် မစားရ၀ခမန်းပြောနေပြန်၏ ။ ကြားရတာ အားကျစရာကြီးများ ဖြစ်နေမလား။
“သိလားရီမာ၊ ချိုငယ်ငယ်ကဆို သိပ်စိတ်ကောက်တတ်တာ၊ ချို့ယောက္ခမက သိပ်ချမ်း သာတာ။ ထမင်းဆို ချက်စရာကိုမလိုဘူး၊ အလိုလည်းလိုက်တယ်၊ ချစ်လည်းချစ်တယ်။ ဒါတောင် ချိုက ဗိုလ်ကျတယ်၊ ချို့ကိုဆို စိန်နားကပ်တွေ စိန်လက်ကောက်တွေ ဆင်တာ။ အို ရွှေဆို တံတောင်ဆစ်ရောက်မတတ်ဘဲ၊ ချို့အတွက် အားလုံး ၀တ်ဖူး စားဖူးပြီးပါပြီ၊ ဘာမှမလိုတော့ပါဘူး။ ဒီမှာ ရစရာလေးတွေ ရှိတာ မပြတ်လို့နေနေရတာ ၊ ရီမာ့ကို အားတောင်နာနေပြီသိလား”
သိလား…….သိလားတွေ ကို ရီမာကျော်က လုံးဝမသိရှာပေ။
“ရီမာတို့အခန်းက ကျဉ်းတယ်နော်။ ပြောတယ် ချို့အမျိုးသားက သူ့အမျိုးတွေ ရှိတဲ့ သုဝဏ္ဏ မှာ တည်းဖို့၊ မတည်းချင်ပါဘူးလို့၊ ချို့အမျိုးဖက်ပဲတည်းမယ်ဆိုပြီး ဇွတ်တည်းရတာ ၊ အို…….ကိစ္စ မရှိဘူး၊ ချိုတို့ကိုအားမနာနဲ့ လောကဓံကိုခံနိုင်နေပြီ။ နေဦး ခြံနဲ့ဝန်းနဲ့ မနေချင်ဘူးလား။ အဆင်ပြေ လို့ ကတော့ ချို့အမျိုးတွေ ကို သိန်းတစ်ထောင်တန် ခြံတစ်ခြံလောက်ဝယ်ပေးမယ် သိလား။ နယ်မှာ က ကိုယ့်ခြံကိုယ့်ဝန်းနဲ့ နေကြတာ”
ဘုရားရေလို့သာ တိမိတော့၏ ။ သွားတဆစ်ဆစ်ကိုက်နေတဲ့ကြားမှ သိန်းတစ်ထောင် ဆိုတာကြီး ဗြုန်းခနဲကြားလိုက်တော့ -
“ဟင်…….ဘယ်ကပိုက်ဆံနဲ့ ၀ယ်မှာ လဲ” ဟု မေး ဖြစ်အောင်မေးလိုက်မိလေ၏ ။ ရီမာကျော် ထိတ်ခနဲ ဖြစ်သွားတာ အမှန်။ ချိုချိုနောက်ပြောနေပုံမရ။ တကယ့်ကို အင်နှင့် အားနှင့် ပြောနေ၏ ။
“ချိုတို့မှာ ရစရာတွေ ရှိတယ်၊ အခုလောလောဆယ်သာ အဆင်မပြေသေးတာပါ၊ စိတ်ချ ချို ၀ယ်ပေးနိုင်မှာ ”
“ဟာ…….တော် ပြီ…….တော် ပြီ၊ ကိုယ့်မိသားစုနဲ့ကိုယ် ဒီအခန်းလောက်နဲ့ရတယ် မ၀ယ်ပေး နဲ့၊ ကိုယ့်ဘာသာကိုယ် ၀ယ်စမ်းပါ”
သွားကိုက်တယ်ဆိုတာ…….စိတ်ခံစားမှု တစ်မျိုးဟု သွားဆရာဝန်တစ်ချို့က မှတ်ချက်ချဖူး သည်။ ကျန်းမာရေး စာအုပ်တွေ မှာ လည်း ပါသလိုပဲ။ အခုမှ ပိုကိုက်လာ၏ ။
ကြွေးကြောက်သူပီပီ တစ်ဖက်က ပါးစပ်နဲ့ဝယ်ပေးနေချိန်မှာ တောင် ပါးစပ်နဲ့ “ကောင်း တာပေါ့” တစ်လုံးတောင်မပြောမိခဲ့။ စိတ်ထဲမှာ လည်း ၀မ်းမသာနိုင်ဘဲ လန့်တော့လန့်မိတာ အမှန် ပင်။ ဘယ့်နှယ့် သိန်းရာထောင်ဂဏန်းတွေ ဒီလို လွယ်လွယ်ပြော လွယ်လွယ်ဝတ်နိုင်တဲ့ လူတန်း စားရှိသေးလား၊ ပိုက်ဆံတွေ တွင်းထဲကနှိုက်…….နှိုက်…….အဲ…….ဒါဆို ရေနံတွင်းသူဌေးတို့၊ ကျောက်တွင်းသူဌေးတို့ရဲ့ အစွယ်တော် တွေ ဖြစ်မှာ ပေါ့။ တစ်ချိန်က ကျိကျိတက်ချမ်းသာခဲ့ပုံရလိမ့် မည် ။ ဒီခေတ်မှာ ဘာမို့လို့ ဒီလောက်ချမ်းသာနိုင်မှာ လဲ။
ရီမာကျော် တစ်ခုတွေးမိသည်။ ပြီးခဲ့တဲ့တစ်ပတ်က ဂျာနယ်တစ်စောင်ရဲ့ ဗေဒင်ဟောစာ တမ်းမှာ -
“မမျှော်လင့်ဘဲ အိမ်၊ ခြံ ၀င်တတ်သည်။ ကြီးစွာ သော အမွေမျိုး ရတတ်သည်။ အဝေးမှ စောင့်ရှောက်မည့် သူ ပေါ်လာနိုင်သည်”
ဟူသော စာတစ်ပိုဒ်အတိုင်း မှန်နေလေပြီလား။ ထိုအကြောင်း ရယ်မောပြီး “ရိုးရာမတာ ထင်တယ်” ဟု ကိုကိုဦးကို ပြန်ပြောပြတော့ အော်ရယ်သည်။
“ဘာရိုးရာမှ မမဘူး။ နှလုံး ရောဂါ မတာ ဖြစ်မယ်”
ထိုအကြောင်းကိုပဲ အမေကြည့်ပြောပြတော့ -
“အိမ်တွင်းအဖေကြီး မ တာထင်တယ်၊ ကိုယ်က ရိုသေတာကိုး၊ ဒီတော့ ကိုယ့်မိရိုးဖလာ ကလည်း ပြန်စောင့်ရှောက်တာ ဖြစ်ရမယ်”
အမေကြည်ကတောင် ထို့အတွက် မှတ်ချက်ပြောချိန်မှာ ချိုချိုတို့ပြန်သွားကြလေပြီ။ မောင်နှမသံယောဇဉ်နှင့် ကျေးဇူးတို့အတွက် နှမ်းတစ်စေ့၊ စပါးတစ်စေ့စာ ကြေလို့ကြေငြာ ကိုယ့် ချွေးနည်းစာထဲမှ ငွေသုံးသော င်းကန်တော့လိုက်ကြသေးတော့ ချိုချို့ခမျာ မျက်ရည်ဝဲမတတ် ကြည်နူးသွားရှာလေသည်။
လောလောဆယ် သူ့သိန်းတစ်ထောင်ထက် ကိုယ့်ငွေသုံးသော င်းက အဖိုးတန်နေခဲ့မှာ သေချာသလောက်ပါပဲဟု ရီမာကျော်ဘက်ကလည်း ပီတိ ဖြစ်နေတာမှ နှစ် ရက်မဆိုင်း ရီမာကျော့် အမေနှင့် ကိုကိုဦးအမေတို့က ထိုပီတိကို ဖျောက်ပစ်လိုက်လေတော့၏ ။
* * *
“ဘုရား…….ဘုရား၊ အိမ်တွင်းအရှင်ကြီး အမိုက်အမဲလေးတွေ မို့ ဗွေမယူနဲ့ ခွင့်လွှတ်တော် မူပါ။ အိမ်တွင်းအဖေကြီးကို အမြဲရိုသေပါတယ်၊ တနင်္လာသားနဲ့ ဗုဒ္ဓဟူးသမီး မိသားစုတို့က အမြဲ ရိုသေလေးစားလျက်ပါ၊ အတွင်းရန်များ အပြင်ကိုရောက်စေပြီး အပြင်ရန်များ ဤအိမ်အတွင်းသို့ မရောက်ရှိအောင် စောင့်ရှောက်ပေးတော် မူပါ၊ အခုလို နေရာအပြောင်းအလဲ ဖြစ်သွားတာ တပည့် တော် မတို့ မသိလိုက်ပါဘူး၊ ခွင့်လွှတ်ပါ…….အိမ်တွင်းအဖေကြီး”
“လက်ဖက်များ ၊ ပန်းများ ၊ အမွှေးနံ့သာများ နဲ့ ဆက်ကပ်ပါတယ်၊ အိမ်တွင်းအဖေကြီး စောင့် ရှောက်တော် မူပါ။ အမြဲရိုသေလေးစားတဲ့ မိသားစဟုပါ၊ ကလေးတွေ မသိနားမလည်တာ ခွင့်လွှတ် ပါ။”
ထိတ်ထိတ်လန့်လန့် ဖြစ်ရုံမက ပါးစပ်ကလည်း တတွတ်တွတ်နှင့် တောင်းပန်မဆုံး ဖြစ်နေ သော အမေနှစ် ယောက် ကို အားနာလိုက်တာမှ အရမ်းပါပဲဟု ရီမာကျော့်စိတ်ထဲမှ ပြောနေမိ၏ ။ ကြည့်စမ်းပါဦးတော့ကွယ်၊ အိမ်တွင်းစင်ရှေ့မှာ ရီမာကျော့်အမေက ယပ်သွင်းပြီး အမေကြည်က ထိုင်ကန်တော့နေ၏ ။ ပန်းနှင့် လက်ဖက်ပွဲကို အမေကမြှော က်သည်။ သေသေချာချာ တောင်းပန် သည်။
ထိုအချိန်မှာ ကိုကိုဦးနှင့် ရီမာကျော်က မျက်နှာငယ်လေးတွေ နှင့် အိမ်တွင်းစင်ရှေ့မှာ လက် အုပ်ကလေးတွေ ချီလို့ပေါ့။
ချီရပေမပေါ့၊ ဖြစ်ပုံက ဒီလိုပါ-
“အမေလေး…….ကြည်ကြည်ရေ လာပါဦး၊ နတ်အုန်းသီး ဘယ်လိုကြောင့် အပြင်ဘက် အညှာလှည့်နေရတာ လဲ”
နေ့တိုင်း အိမ်လာတတ်သည့် အမေ့အော်သံကြောင့် တစ်အိမ်သားလုံး နတ်စင်နားပြေး ရောက်သွားကြ၏ ။ “ဟင်…….ဟုတ်ပါရဲ့ ၊ ဘာ ဖြစ်တာလဲအမေ” အသံတိတ်သွားကြ၏ ။ တစ်ခါမှ မကြုံဖူးသည့်မြင်ကွင်း။ ရိုးရာကိုးကွယ်လာတာ အမေမှာ တဲ့အတိုင်း အိမ်တွင်းအုန်းဆွဲထားတာ၊ အိမ်တွင်းခန်းဖက် အညှာထားရသည်ကို ပုံသေနည်း သတ်မှတ်ထားသည်လေ။
“အညှာအပြင်မှာ ထားရင် ဘာ ဖြစ်လဲမမ” ဟု အမေကြည်ခမျာ တုန်တုန်ရီရီနှင့် အမေ့ကို မေးရှာ၏ ။ အမေကလည်း အတော် ကြီး ကြောက်လန့်တကြားနှင့် -
“ဘာ ဖြစ်ရမှာ လဲ ကြည်ကြည်ရယ်…….ကိုယ့်အိမ်စီးပွား အပြင်ထွက်တာပေါ့၊ တို့အယူအဆ ကတော့ စီးပွားလာဘ်လာဘရရင် အပြင်မရောက်ရအောင် စီးပွားတိုးတက်အောင်…….ကျန်းမာ ရေး ၊ လူမှု ရေး အတွက် ထားကြတာ၊ ဒါထုံးစံပဲ ဘယ်လိုကဘယ်လို ဘယ်သူလှည့်တာလဲ”
“ဟာ…….ရီမာတို့ ထိတောင်မထိဘူး”
“ကျွန်တော် က ပိုတောင်ဆိုးသေးတယ်၊ ဘာမှကိုနားမလည်လို့ အနားတောင်မကပ်ဘူး”
ကိုကိုဦးစကားကြားမှ ရီမာကျော်ဒေါပွသွား၏ ။ ဗြုန်းခနဲ စိတ်ထဲပေါ်လာတာ ချိုချို့မျက်နှာ ကြီး၊ ဒီအိမ်မှာ ဘယ်ဧည့်သည်မှ လာတာမဟုတ်၊ တစ်ချိန်လုံး တစ်နေ့လုံး ဘယ်သူမှလာမနေ၊ မထင်ကောင်း…….ထင်ကောင်း။ ဒါကြောင့် လွှတ်ခနဲပြောမိတာ၊ ရီမာကျော့်မှာ အပြစ်ရှိသလား။
“ချိုချို့ကြည့်ရတာ လျင်ပုံလည်ပုံ ပေါက်တယ်နော် သိပ်တော့ နုံနုံအအရုပ် မဟုတ်ဘူးနော်”
“ဟိုကလည်း ပြော သွားပါတယ်၊ ရီမာကျော်ပုံစံက သုံးဆယ့်ခုနစ်မင်း ပန်းမကိုင်ဘဲ ကျမယ့် ရုပ်တဲ့”
မခံချင်အောင်ပြောာသည့် ကိုကိုဦးကျောကုန်းကို ထိုနေ့က အုန်းခနဲထဂုံအပြင် အော်ရယ် နေသော ကိုယ့်ယောက်ျားကို စိတ်ဆိုးရကောင်းမှန်းမသိခဲ့။ အခုတော့ ဆိုးလိုက်သည့်စိတ်ဆိုတာ ရင်ထဲအသည်းထဲ ပြောင်းဆန်မတတ်ပါပဲ။
“ကိုင်း…….ပြောဦးလေ၊ ကျုပ်ကို သုံးဆယ့်ခုနစ်မင်း ပန်းမကိုင်ပဲကျသလေးဘာလေးနဲ့၊ ရှင့်အစ်မကမှ ခုနစ်ဆယ့်လေးမင်းလောက် ပန်းမကိုင်ဘဲကျတဲ့ရုပ်သိလား…….သိလား။ အခု ပြန် တောင်းပန်၊ အိမ်တွင်းဖခင်ကြီးကို လာတောင်းပန်လှည့်”
ကြောက်တတ်သော အမေနှင့် ယောက္ခမအပြင် လန့်တတ်သော မိန်းမ ဖြစ်သူကြောင့် ကိုကိုဦး စိတ်အတော် ကြီးရှုပ်ထွေးသွားကာ တစ်အိမ်လုံး တန်းစီလက်အုပ်ချီသလို သူပါရောလက် အုပ်ချီကန်တော့လိုက်ရလေတော့၏ ။
ထိုအ ဖြစ်အပျက် ဖြစ်ပြီး တစ်လမျှကြာသော အခါ ကိုကိုဦးနှင့် ရီမာကျော်တို့ အထက်ဖက်မြို့ တစ်မြို့ဆီ အလှူတစ်ခုဖြင့် ရောက်သွားကြလေ၏ ။ ဆယ်စုနှစ် မက မရောက်တာကြာပြီ ဖြစ်သော မန္တလေးသို့ လည်းရောက်သည်။ သူငယ်ချင်းမိတ်ဆွေတွေ ဆီ ၀င်လည်ပြီး သူငယ်ချင်း တစ်ယောက် နေသော တောင်မြို့ဘက်သို့ လိုက်သွားခဲ့၏ ။ ခြေတံရှည်သစ်သား ပျဉ်ထောင်အိမ်လေးက ချစ်စရာ ကောင်းသလို နွားနို့ပူပူတိုက်တော့လည်း မလိုင်နှစ် တွေ က အရသာရှိလှ၏ ။
ရောကလေရာအိမ်မှာ ဘုရားစင်တွေ့ ရင် ရှိခိုးတတ်သော ရီမာကျော့်ထုံးစံအတိုင်း ကိုကိုဦး သူငယ်ချင်းအိမ်က ဘုရားစင်ကို သပ္ပာယ်စွာ တွေ့ တော့ အားရပါးရထိုင်ရှိခိုးပြီး မော့အကြည့် ရုတ်တရက်မြင်လိုက်ရသော မြင်ကွင်းကြောင့် ဟင်ခနဲ ဖြစ်သွား၏ ။
အဲဒီ အိမ်က အိမ်တွင်းစင်မှာ ထားသည့် နတ်အုန်းသီးအညှာက အိမ်ရှေ့ဘက်လှည့်လို့ပါ လား။
“အစ်မ…….အစ်မ…….ဒီအိမ်တွင်းအုန်းက ဘာ ဖြစ်လို့ အိမ်ရှေကဘက်အညှာလှည့်ထား တာလဲ”
ဘယ်လိုမှစိတ်မထိန်းနိုင်ဘဲ အားနာရကောင်းမှန်းမသိစွာ ဘဲ အိမ်ရှင်အစ်မကို မေးမိလေ၏ ။ ရီမာကျော်ရော ကိုကိုဦးပါ အလွန်အမင်းစိုးရိမ်ကြောင့်ကြ ခဲ့ရသော တအုံနွေးနွေးကိစ္စကြီးက ဘွား ခနဲပေါ်လာသော ဖြစ်ရပ်မှန်နှယ်။
“ဘာလဲ ရန်ကုန်မှာ အိမ်ခန်းဘက် အုန်းသီးအညှာလှည့်တယ် မဟုတ်လား၊ အစ်မတို့က လည်း ရန်ကုန်ကပြောင်းလာတာဆိုတော့ သိတယ်၊ ဒါပေမဲ့ ဒီမှာ နတ်ကတော် က ဒီဒေသဘက်မှာ ဒီလိုပဲထားရတယ်ဆိုလို့ ထားတာ၊ ဒီဘက်က ရိုးရာဓလေ့ပေါ့ ညီမရယ်”
“ဒါဖြင့် …….ဒါဖြင့် …….စီးပွားရေး တွေ ဘာတွေ ရော ကောင်းလား”
“ကောင်းသားပဲ၊ ဘာ ဖြစ်လို့လဲ”
“ဟင့်အင်း ဘာမှမ ဖြစ်ပါဘူး”
ကိုကိုဦးနှင့် ရီမာကျော်တို့ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ပြီး အားရပါးရပြုံးမိကြ ၏ ။
ရင်ထဲကပဟေဠိတစ်ပုဒ် အဖြေထွက်သွားသလိုပါပဲ။ စေတနာလောကွတ်ချော်ပြီး သူ့ဒေသ ဓလေ့ကို ကိုယ့်ဒေသဓလေ့နှင့် ပြင်ဆင်ပြောင်းလဲပေးသွားသော ချိုချို့စေတနာသည် အိမ်ရှင်ခွင့် မတောင်းဘဲ ပြုမိ၍ ထင်မိယောင်မှားနှင့် ဒေါမနသာပွား သော ကများ ခဲ့ရသော ရီမာကျော်တို့ မိသားစုအ ဖြစ်ကို ချိုချို ကတော့ သိမည် မထင်ပါ။
“အုန်းသီးအညှာတွေ က အင်တာနာတိုင်လို လျှောက်လှည့်နေတာ အိမ်တွင်းဖခင်ကြီးက ခွင့်လွှတ်တာပဲလား”
“တော် ပါတော့…….လျှောက်နောက်မနေနဲ့ ယောက်ျား”
ချိုချို့ရည်ရွယ်ချက်အမှန်က ဘယ်လိုဆိုတာ ချိုချိုသာသိလိမ့်မည် ဆိုသော်လည်း ချိုချို့ အပေါ် အာဃာတကြီးစွာ ဒေါသ ဖြစ်နေဆဲ ရီမာကျော့်ဒေါသအပေါင်းသည် ကောင်းကင်မှ မြေကြီး တိုင်ပြုတ်ကျသွားခဲ့လေတော့၏ ။ တော် ပါသေးရဲ့ ရိုးရာကယ်ပေလို့သာပေါ့။
အိမ်ပြန်ရောက်လျှင်ဖြင့် အမေစိတ်ချမ်းသာအောင် စကားလက်ဆောင် ပါးပေတော့မည် လေ။
“အမေရေ…….သူ့ဓလေ့ သူ့ရိုးရာရှိတယ်တဲ့၊ ဘာမှမကြောက်နဲ့၊ အိမ်တွင်းဖေကြီးက ခွင့်လွှတ်တယ် သိလား”
ဟုပြောရင်းနှင့် ဇာတ်လမ်းအစုံကို နတ်သံနှောပြောပြလိုက်ရပေတော့မည် ။
(ပန်းအလင်္ကာမဂ္ဂဇင်း၊ ၂၀၀၈၊ နိုဝင်ဘာလ)
အပေးအယူ
ဖုန်းထဲမှ ဗလုံးဗထွေးပြောသံ၏ အဆုံးသတ်မှာ “အန်တီလေး ရှင်းမှရမယ်သိလား၊ သူတို့က လျော်ခိုင်းနေတာ” နှင့် ပင် ပြီးသွား၏ ။ အလုပ်တွေ များ ပြီး စိတ်ရှုပ်ထွေးစရာများ နှင့် လုံးပမ်းနေမိ သော စက်တင်ဘာနောက်ဆုံးရက်များ ကို ကျွန်မဘယ်လိုကုန်ဆုံးစေချင်းမှန်း မသိကာမှပင် ထပ်ပြီး စိတ်ရှုပ်စရာအကြောင်းက ဖန်လာပြန်ပါသည်။ ထိုနေ့က ကျွန်မ ရန်ကုန်မြို့ထဲ၌ ရှိနေပြီး ကားလမ်းတွေ ပိတ်၍ အလုပ်ခန်းသို့ အပြန်နောက်ကျပါသည်။ အလုပ်ခန်းရောက်ရောက်ချင်း ကျွန်မ ကိုစောင့်နေရှာသော ကလေးတွေ မျက်နှာက ဇီးရွက်ထက်ပင် သေးငယ်နေတော့၏ ။ ဘာ ဖြစ်တာ လဲဟုမမေးသေးခင် အရင်အမောဖြေပြီးမှ နေ့ခင်းက ဖုန်းဇာတ်လမ်းကို ပြန်ဆက်ခိုင်းလိုက်ရ၏ ။
“ချုပ်တဲ့အင်္ကျီက ပုံစံပျက်သွားလို့ လျော်ခိုင်းတာလား သမီး၊ အန်တီ ဇာတ်ရည်လည်အောင် ရှင်းကြစမ်း၊ ဖုန်းနဲ့ပြောနေတာ သိပ်မရှင်းဘူး”
ကျွန်မ မမေးခင်ကပင် ပြောချင်လှပြီ ဖြစ်သော ကျွန်မတူမလေးက ဆိုင်ထဲမှ ဘယ်သူမှစ မပြောခင် သူက ဦးဆောင်ရှင်းပြပေးပါလေသည်။
“ဟိုနေ့ကအပ်သွားတဲ့ ပိုးထည်တွေ အန်တီလေးရယ်၊ ချုပ်တဲ့ပုံလည်း ကြိုက်တယ်၊ သူတို့ အပ်တဲ့ဒီဇိုင်းလည်းမှန်တယ်၊ ချုပ်ခလည်းမပြောဘူး။ ဒါပေမဲ့ အစက သူတို့အပ်တုန်းက ဒီလို မဟုတ်ဘူးတဲ့”
အဲဒီ ဒါပေမဲ့က စတာပါပဲ…….
ကျွန်မ ဒီလုပ်ငန်းကိုစလုပ်တာ တစ်လပဲရှိပါသေးသည်။ ငယ်ငယ်ကတည်းက အထည်စ တွေ ကိုစိတ်ဝင်စားတာ၊ အင်္ကျီချုပ်တာ ၀ါသနာပါတာမို့ အထည်ဒီဇိုင်းတွေ ကို စိတ်ကူးနှင့် ဆွဲခဲ့တာ လည်း အကြိမ်ကြိမ်။ လုပ်ငန်းတစ်ခုလုပ်မည် ဆိုတော့ ကိုယ့်ဝါသနာနှင့် တူ၊ စိတ်တူကိုယ်တူ ညီမ ဘရဏီနှင့် အလုပ်တွဲ လုပ် ဖြစ်သည်။ အလုပ်တစ်ခုလုပ်ပြီဆိုလျှင် အစပိုင်းမှာ အခက်အခဲလေးတွေ ရှိမှာ ပဲ။ ထိုအခက်အခဲလေးတွေ ကို ကျွန်မတို့ ဘယ်လိုရင်ဆိုင်ကျော်ဖြတ်မယ်ဆိုတာတောင် ညှိနှိုင်း တိုင်ပင်ပြီးသား။
ဒါပေမဲ့…….အဲ့ဒီ အခက်အခဲထဲမှာ ကိုယ်လာအပ်တဲ့ အထည်စက ဖြစ်ပေါ်လာတဲ့ပြောင်းလဲ မှု ကို အင်္ကျီချုပ်တဲ့ဒီဇိုင်နာဆီမှာ လျော်ကြေးလာတောင်းမယ်ဆိုတာ မတွေးခဲ့မိပေ။
“ဘယ်လို…….ဘယ်လို၊ အထည်စပေါ်မှာ ဖောင်းကြွလေးတွေ ပေါ်နေလို့ ပြန်လျော်ရမယ် ဟုတ်လား”
ကျွန်မ နားကိုမလည်နိုင်ပါ။ ပိုးထည်ဆိုတာ ပိုးထည်ရဲ့ သဘာဝအတိုင်းပဲလေ၊ ဘာများ ထူးဆန်းလို့လဲ။
“သူတို့ဝယ်လာတုန်းက ဒီလိုမဖောင်းဘူးတဲ့။ ချုပ်ပြီးမှ မီးပူတိုက်လိုက်လို့ ဖြစ်တာတဲ့၊ ရေထိ လို့တဲ့၊ သမီးတို့က မီးပူမတိုက်ဘဲချုပ်လို့ရတဲ့အင်္ကျီဆိုတာ မရှိပါဘူး။ အထည်ကိုက ဒီလိုအမျိုး အစားပါ၊ ပိုးထည်ဆိုတာ ကောင်းလေ ဒီလို ဖြစ်ပါတယ်ဆိုတာကို ပြောလို့မရဘူး။ ရေလည်း မထိရ ပါဘူး။ ရေထိလည်း ဒီလိုမ ဖြစ်တဲ့အထည်ပါ၊ ဒါ နဂိုအသားပါဆိုတာ ပြောပြရှင်းပြလို့မရဘူး။ အတင်းလျော်ပေးရမယ်တဲ့ အန်တီလေးနဲ့ပဲ ရှင်းမယ်တဲ့”
ဘုရားရေ……. ဒီလိုကိစ္စမျိုးရှိသလား၊ ကျွန်မ ပိုးထည်ကို ယူကြည့်သည်။ ပိုးသားချည်သား တွေ က အဝေးကကြည့်လျှင် ဖောင်းစစလေးတွေ ဖြစ်နေသော ပုံ ဒါနဲ့ပဲ သူတို့လာအပ်သည့် အခြား အထည်တွေ ယူကြည့်သည်။ ထိုနည်းအတိုင်း နောက်တစ်ခါ ကျွန်မတို့ဆီမှာ လာအပ်ထားသည့် အဆင်အသွေးတူ အခြားပိုးထည်တွေ ယူကြည့်သည်။ ထိုနည်းအတိုင်း ဘာမှားသလဲ၊ ဟင့်အင်း ……. ဘာမှမမှားဘူး။
သည်အချိန်မှာ ပဲ ဆိုင်ရှေ့သို့ ကားဖြူလေးတစ်စီး ထိုးဆိုက်လာသည်။ ကားထဲမှ ကောင် လေး တစ်ယောက် ၊ ကောင်မလေး တစ်ယောက် ဆင်းလာ၏ ။
“ဟော…….လာပြီ အန်တီလေး။ သူတို့လာပြီ”
“သြော်…….သူတို့ပဲ” ဟု ကျွန်မသိလိုက်ချိန်၌ စောစောက စိတ်ဖိစီးမှု အနည်းငယ်လျော့ သွား၏ ။ ဆိုင်ထဲဝင်လာတာနှင့် “ကဲ…….အန်တီ ဘယ်လိုလုပ်ပေးမလဲ” ဆိုတာက စပြောသူမှာ ယောက်ျားလေးဟုထင်ရသော ကလေးမလေးပင်။ သည်နေရာသို့ စတင်ခေါ်လာသူမှာ ထိုကလေး မပင် ဖြစ်ပြီး ထိုအထည်စများ ကို ၀ယ်ပေးသူမှာ လည်း ထိုကလေးမပင် ဖြစ်နိုင်ပါသည်။ ဦးဆောင်သူ ပါလာသော တကယ့်အင်္ကျီအပ်သူ ကလေးမလေးမှာ နောက်လိုက်ကောင်းပီပီ ခပ်ရွံ့ရွံ့နှင့် စိုးရိမ် နေပုံလေး -
ကျွန်မ အလှပဆုံး၊ အကြင်နာဆုံး ပြုံးပြပြီး “အေး…….အေး…….အန်တီတို့ အခုပဲ ဒီအကြောင်းပြောနေတာ” ဟု နှုတ်ဆက်လိုက်ပါသည်။ ပြေလည်ရာ ပြေလည်ကြောင်း ရှင်းပြ ပြောပြဖို့ပင် စိတ်ကူးပါသည်။
“အန်တီ စဉ်းစားကြည့်လေ၊ ဒါ ဘွဲ့ယူဖို့ချုပ်တာ၊ ရီဟာဇယ်နေ့မှာ ၀တ်ဖို့ဆိုပြီး ဈေးကြီးကြီး ပေးဝယ်လာတာ အချိန်မီအောင်တောင် အရင်ဆုံးလာအပ်ထားတာ၊ သမီးဆို မျက်ရည်တောင် ကျတယ်၊ ဒါ အန်တီတို့ဆီရောက်မှ ဖြစ်တာ၊ နဂိုက မတွေ့ ပါဘူးနော် မဟုတ်လား၊ သူတော့မသိ ဘူး သမီး ကတော့ သိပ်စိတ်မကောင်းတာ အမှန်ပဲ။ သမီးအဒေါ်တွေ ခုနစ်သော င်း ရှစ်သော င်းတန် တွေ ၀ယ်ချုပ်တာပဲ။ ဒီအထည်တွေ အခြောက်လျှော်ကြတာ အခုလို ရေထိတာမဟုတ်ဘူး။ ပြန်ကို ၀ယ်ရမှာ ပဲ အန်တီ ပြန်ဝယ်မှ ဖြစ်တာ၊ ဒါနာမည် ကြီး ပိုးထည်ဆိုင်က ၀ယ်တာမ ဖြစ်ဘူး ပြန်ဝယ်ရမှာ ပဲအန်တီ”
နေပါဦး ခဏလေး…….ခဏလေး၊ အန်တီရှင်းပြမယ်လို့တောင် ပြောခွင့်မသာ၊ ကျွန်မ သူတို့ကို ကြောင်ကြည့်နေမိ၏ ။ ကာယကံရှင်ကောင်မလေးက အားနာနေပုံရသည်။ ဘာပြောလို့ ဘာဆိုရမည် မှန်း မသိသည့်ပုံလေး။ သူ့အင်္ကျီလေးကို ကိုင်ကြည့်လိုက်၊ သူ့အချစ်တော် လေး မျက်နှာကိုငေးကြည့်လိုက်။ ကျွန်မကို မချိပြုံးလေးကြည့်လိုက်နှင့် သိသိကြီးနှင့် ငြင်းနေမှန်း သိသာ၏ ။
ကျွန်မ အလွန်အံ့အားသင့်နေ၏ ။ ပညာရပ်ဆိုင်ရာ အမြင့်ဆုံးဘွဲ့ကိုယူမည့်  ကလေးမလေး တစ်ယောက် ။ ထားပါတော့ သူမဟာ အင်ဂျင်နီယာမလေးပဲ ဆိုပါတော့……. အဲဒီ လို အင်ဂျင်နီယာ မလေးသာ ဖြစ်ခဲ့လျှင် သူများ ဆုံးဖြတ်သည့်အတိုင်း အမှား၊ အမှန်ကိုမခွဲခြားဘဲ ရောခေါင်းညိတ် ခေါင်းခါပြုပြီး သူမ၏ အလုပ်ခွင်၌ သဲသုံးဆ ဘိလပ်မြေတစ်ဆဆိုရင်တော့ မတွေးဝံ့စရာပါပဲ။ ပြိုကျ လိုက်မယ့်တိုက်တွေ ဆိုတာ။
“ကိုင်း…….ဒါဆို အန်တီဘာလုပ်ပေးရမလဲ”
ဒီမေးခွန်းပဲ မေးဖို့ရှိတော့သည့်အတွက် ထိုအတိုင်း မေးလိုက်တော့၏ ။ မထူးဘူးလေ။ ကျွန်မ ကလေးတွေ ရှင်းပြကတည်းက နားလည်ပြီးသားမို့ အခုလို ယောက်ျားလေးပုံစံနှင့် မိန်းကလေး တစ်ယောက် က သူ့ကိုယ်ပေါ် ၀တ်လေ့ဝတ်ထမရှိသော ပိုးထည်စအကြောင်းကို အခု လောက်လူတတ်ကြီးလုပ်ပြီး ရမ်းသန်းမှန်းဆပြောနေကတည်းက မထူးဘူးဆိုတာ ကျွန်မသိပြီး သား။ အက်ႌခ်ဳပ္ခ်ိန္မွာ အက်ႌေလ်ာ္တာပါဟု ပြောဖို့မလိုတာကို ရေထိလို့ အထည်ပျက်သွားတာ ပဲဟု တလွဲကြီးတွေးနေ၏ ။ လျော်ပဲလျော်ခိုင်းနေတာကိုက ကျွန်မတို့လုပ်ငန်းအပေါ် လေးစားမှု ရိုသေမှု ရှိနေတာပဲဟု ကျွန်မထင်သည်။ ဒါတောင်မှ ကျွန်မက သူတို့စိတ်ကျေနပ်အောင် ပိုသော အထည်စလေးကို ရေတောက်ပြီး မီးပူတိုက်ပြသည်။ ပြန့်နေလိုက်တာမှ ချောလို့။ ဖောင်းကြွကြွ လေးတွေ ကို မီးပူတိုက်ပြသည်။ ဒီအတိုင်းပဲ ပြန့်သည်။ ပြီးတော့ ပြန်ဖောင်းကြွသည်။ တခြား အထည်တွေ ကို ထုတ်ပြသည်။ ဒီအတိုင်း သူဘယ်လိုမှ မကျနပ်။ အတင်းပဲ ခံငြင်းနေ၏ ။
“ဒါ ၀ယ်လာတဲ့အထည်ဆိုင်ကိုပဲ ပြန်ပြောရမှာ သမီး။ အန်တီတို့နဲ့ လုံးဝမဆိုင်ဘူး။ ဒါပေမဲ့ အန်တီတို့က ကိုယ့်အလုပ်ရဲ့ ဂုဏ်သိက္ခာအရ သမီးတို့အမြတ်တနိုးယူမယ့်ဘွဲ့ကို ငဲ့သော အားဖြင့် လျော်လိုက်မယ်၊ ကဲ…….သွားပြန်ဝယ်၊ ပြီးရင် ဘောက်ချာလေးတော့ လာပေး၊ ဒါမှမဟုတ် အန်တီ လိုက်ဝယ်ပေးရမလား၊ သေချာတာက ဒီအထည်ကို ရေမထိလေအထိ အကောင်းဆုံးချုပ်ထားတာ တော့အမှန်ပဲ”
“ရတယ်…….ရတယ်”
“ဘယ်လောက်လျော်ရမလဲ…….ပြော”
“ငါးသော င်းရှစ်ထောင်ကျတယ်”
ဘုရားရေ…….ငါးသော င်းရှစ်ထောင်၊ ကိုင်း…….ရှိစေတော့။
“ငါးသော င်းပဲပေးမယ်”
ယတိပြတ် ကျွန်မပြောချလိုက်၏ ။
“ဟင်” ဆိုသည့်အသံက ကျွန်မအနောက်ဘက်နေ နှစ် သံလောက်ပေါ်လာ၏ ။ ကျွန်မ လှည့် မကြည့်တော့။ အိတ်ထဲမှာ ရှိနေသည့် ငွေငါးသော င်း ထုတ်ပေးလိုက်၏ ။ မြန်ဆန်လိုက်တဲ့လက်နှင့် ဆတ်ခနဲဆွဲ၏ ။ လက်ထဲကပါသွားသည့် တစ်ထောင်ကျပ်တန် ငွေငါးသော င်းကို နှမျောရကောင်း မှန်းမသိဘဲ အလုပ်တစ်လုပ်လုပ်တာပဲဟု သဘောထားချိန်၌ ယောက်ျားလေးပုံစံနှင့် ကောင်မလေး ၏ နှုတ်ထွက်စကားက ကျွန်မခေါင်းကို နောက်ကျိစေခဲ့ပြန်၏ ။
“မျက်နှာပူလိုက်တာ အန်တီရယ်၊ ရေခဲရေတောင် ပက်လိုက်ချင်ပါရဲ့ သမီးတို့ နောက် လည်းလာအပ်ပါဦးမယ်၊ အခု အပ်ထားတဲ့ ၂ ထည်လည်း ဆက်ချုပ်ပေးပါနော်”
“အေး…….အေး”
သူတို့ပြန်သွားချိန်၌ ကျွန်မစဉ်းစားသည်။ တစ်ကြိမ်တစ်ခါမှ မတွေးမိသည့် ဖြစ်စဉ်တစ်ခုပါ။ အင်္ကျီ၏ မူလအသားအပေါ် ငြင်းချက်ထုတ်ပြီး အလျော်တောင်းတာကို ပေးလိုက်ရတာ နည်းနည်း များ ရှက်စရာကောင်းနေသလား။ အို…….ဒါ တို့အလုပ်ရဲ့ ဂုဏ်သိက္ခာအပြင် ဘွဲ့ယူမယ့်ကလေး မလေးကို သမီးလေးလိုသဘောထားတဲ့ စိတ်စေတနာနဲ့ သူ့အခက်အခဲကို ဖြေရှင်းပေးလိုက်တာ ပါပဲ။
“အန်တီလေး…….ဟိုမှာ ”
အချိန်ဘယ်လောက်ကြာသွားမှန်း မသိခင်မှာ ပင် ကျွန်မတူမလေးက လက်အသာတို့၏ ။ ကျွန်မ မော့ကြည့်လိုက်၏ ။ မျက်ရိပ်ပြသော တူမလေးကြောင့် နောက်လှည့်ကြည့်လိုက်ရာ အပ်ချုပ် ခုံပေါ်မှာ မျက်ရည်တစ်ပေါက်ပေါက်ကျနေသော ကျွန်မ၏ ဒီဇိုင်နာညီမလေး ဘရဏီကို တွေ့ ရ လေ၏ ။
ကျွန်မ ချက်ချင်း ရိပ်မိလိုက်၏ ။ ဘရဏီ၏ ခံစားချက်ကို ကျွန်မ မေ့လျော့ခဲ့သည့်အ ဖြစ်ကို ပြန်သတိရသွား၏ ။ “ဘရဏီ” ဟု ကျွန်မလှမ်ခေါ်လိုက်တော့ မျက်ရည်တွေ ကြားက ပြုံးပြုံးလေး ပြန်ပြောသော ဘရဏီ့စကားက ကျွန်မကို ထိခိုက်ခံစားစေတော့သည်။
“ဒါ မတရားတာပဲ မမရယ်…….သူတို့ကို ဘာလို့လျော်ရမှာ လဲ၊ သမီးတို့ အမှားမှမဟုတ်ဘဲ၊ ဒါ အထည်ဆိုင်နဲ့ပဲဆိုင်တာ၊ ပြီးတော့ ဟိုမှာ သူတို့သွားငြင်းလည်း အထည်ဆိုင်က ငြင်းလွှတ်မှာ ၀ယ်ပြီးပစ္စည်းပြန်မှမလဲတာ၊ သမီးတို့က မီးပူတိုက်တာလည်း မဟုတ်၊ လျှော်တာလည်းမဟုတ်၊ ပုံစံ မှားတာလည်းမဟုတ်၊ ချုပ်တာမကောင်းတာလည်း မဟုတ်ဘဲနဲ့ သမီးတို့ရဲ့ ဂုဏ်သိက္ခာ ထိခိုက် တယ်”
ပြုံးပြုံးလေးနှင့် ပြောရင်း မျက်ရည်တွေ လှိမ့်ကျနေသော ကျွန်မရဲ့ ဘရဏီကိုကြည့်ရင်း ……. ကြည့်ရင်း…….ကျွန်မမျက်လုံးထဲ၌ မျက်ရည်တွေ ပြည့်လာ၏ ။ ဂုဏ်သိက္ခာတဲ့…….။ ဂုဏ်သိက္ခာတဲ့ လား။ ကျွန်မလန့်သွား၏ ။
“သမီး ဒီအလုပ်လုပ်လာတာ ငယ်ငယ်လေးကတည်းက တစ်ခါမှ ဒီလိုမ ဖြစ်ဖူးဘူး။ ပိုးထည် ဆိုတာ သမီးချုပ်နေကျပဲ။ ဒီလိုလည်း အတင်းမလျော်ခိုင်းပါဘူး။ ဒါနဲ့ သူတို့က သူဌေးတွေ ဆိုပြီး တော့ ဈေးကကွာနေတယ်”
ကိုယ့်ပညာ ကိုယ့်အရည်အချင်းကို စော်ကားလေခြင်းဟု ခံစားနေရသော ဘရဏီ့မျက်ရည် များ က ကျွန်မကို ပူလောင်စေတော့၏ ။ တခြား စိတ်ဖိစီးမှု များ ဖြင့် ၀မ်းနည်းနေနှင့် သော ကျွန်မမှာ ဘရဏီကို ဘာစကားမှမပြောနိုင်ဘဲ မျက်ရည်တွေ ကျလာ၏ ။ ထိုစဉ် ဘရဏီက အထည်ဈေးနှုန်း ကပ်ထားသည့်စာရွက်ကို ပြ၏ ။
“အေးနော်…….မမတို့က ဘာလို့လျော်ရမှာ လဲ၊ နေ…….နေ…….မမ ပြန်ဖုန်းဆက်ပြီးညှိ မယ်၊ သူတို့သွားဝယ်မယ့်ဆိုင်ကို မမလိုက်သွားပြီး ရှင်းပြလိုက်မယ်။ သမီး စိတ်အေးအေးထား၊ သမီးဂုဏ်သိက္ခာ မထိခိုက်ပါဘူး၊ သူတို့က သူဌေးတွေ ပါ၊ ဒီလောက်နဲ့တော့ သူတို့ဂုဏ်သိက္ခာ လည်း အကျခံမှာ မဟုတ်ပါဘူး သမီးရယ် ပိုက်ဆံပြန်ရမှာ ပါ”
* * *
သို့ သော် ကျွန်အထင် တက်တက်စင်လွဲပါသည်။ ထိုနေ့က ဘရဏီကျသော မျက်ရည် ပြုံးပြုံးလေးကို အားနာလှစွာ နောက်တစ်နေ့၌ ထိုသူဌေးကောင်မလေးဟုဆိုသူထံ ဖုန်းဖြင့် ဆက် သွယ်လိုက်၏ ။ ကျွန်မကို လာတွေ့ ပါဦးဟု။ ဒါပေမဲ့ လာမတွေ့ ပါ။ နောက် သုံးရက်တစ်ခါလောက် ဆက်၏ ။ ဖုန်းနှင့် ပြန်ရှင်းပြလိုက်၏ ။ ကိုယ့်ဘက်က ငွေကျွံသွားပေမယ့် ဂုဏ်သိက္ခာတော့ အကျွံ မခံနိုင်ပါ။ ယဉ်ယဉ်ကျေးကျေးရှင်းပြလျှင် ဇာတ်ရည်လည်တန်ကောင်းပါရဲ့ ဟု အားတင်းပြီး ရှင်းပြ ပေမယ့် ကျွန်မ၏ မျှော်လင့်ချက်က သဲထဲရေသွန်။
“လေဘယ်လ်မှာ တပ်ထားတာ သုံးသော င်းရှစ်ထောင်တဲ့ သမီးရေ။ ပြီးတော့ အထည်ဖိုး လျော်ရရင် အထည်ထားခဲ့ရမှာ မဟုတ်လားသမီးရယ်၊ အခုရော ၀ယ်ပြီးပြီလား အန်တီတို့ကို လာခေါ်မယ်ဆို” နျင့်စပေမယ့် တစ်ဖက်က တုန့်ပြန်မှု က ရင့်သီးရိုင်းစိုင်းလှ၏ ။ မအားသေးဘူး၊ ဘယ်သူဘာ ဖြစ်လို့၊ မယုံဘူးလားနှင့် ရန်စကားချည်းပြောနေရာမှ ဒါ…….အန်တီတို့ကြောင့် ဖြစ် တာပဲ။ ပြန်မပေးနိုင်ဘူးဟု ယတိပြတ်ပြောလာ၏ ။ ပိုဆိုးတာက ၀ယ်တဲ့ပိုးထည်ဆိုင်လိုက်ခဲ့မယ် ဆိုတော့ အဲ့ဒီကိုမသွားတော့ဘူး စကော့ဝယ်တာတဲ့။ ဘယ်အထည်ကို ဘယ်မှာ ၀ယ်တာတောင် ကျွန်မတို့မရှင်းနိုင်တော့ ချုပ်ပြီးသား လက်ကျန်အထည် -၂စုံကို ဘာလုပ်ရမှန်းလည်းမသိ။ ထို အထည် ၂-စုံကရော ဘယ်လောက်တန်သလဲ။ ကျွန်မတို့အထင်တော့ နှစ် ထည်ပေါင်း ငါးသော င်း တန်မည် မထင်။ ချုပ်ခတွေ နှင့် နှုတ်လျှင် ကျွန်မတို့ဘက်က ပိုပိုရှုံးနေတော့၏ ။ ဖြစ်မှ ဖြစ်ရလေဟု တွေးပြီး ငွေပြန်ချော့တောင်းဖို့ပဲ ဦးတည်ရ၏ ။ ငွေပြန်လာပေးပါ၊ အထည်ကို ဒီအသား ဒီအစ လိုက် ၀ယ်ပေးပါမည် ဟုသာပြောပေမယ့် ထိုသူဌေးမလေး၏ အဖြေက ကျွန်အတွေးနှင့် လွဲသွားလေ တော့၏ ။
“ငါးသော င်းလောက်နဲ့ ဂရုမစိုက်ဘူးအန်တီ။ ငါးသိန်းလည်း ဂရုမစိုက်ဘူး။ သိန်းငါးဆယ် လည်းဂရုမစိုက်ဘူး၊ မအားလို့ဗျ…….မအားလို့။ ပြန်လာပေးမယ်ဗျာ၊ ကျန်တဲ့နှစ် ထည်လည်း ပြန် လာယူမယ် ဒါပဲ”
ထောင်းခနဲထွက်သွားသည့်ဒေါသကြောင့် ကျွန်မဘာပြန်ပြောလိုက်သည် ထင်ပါသလဲ။
“အေး…….မင်းမှန်တယ်ဆိုရင် လာခဲ့ပေါ့၊ ငါတို့ စောင့်နေမယ်”
ဘယ်ဘက်က ဖုန်းအရင်ချမိလဲ မသိပါ။ ဇာတ်လမ်းက ထိုနေရာမှာ ပြတ်သွား၏ ။ ဘယ် လောက်ထိ ပြတ်သွားလဲဆိုတော့ ပေါ်ကိုမလာတော့သည့်အ ဖြစ်။
ကျွန်မ၏ လုပ်ငန်းအတွေ့ အကြုံ စစချင်း ရလိုက်သည့်အမြတ်က ငွေငါးသော င်းရှုံးသွားခြင်း ပဲဟု ကျွန်မကလေးတွေ က ပြောကြသည်။ နှမျောစရာကြီးဟုပြောရင်း သူတို့လာမရွေးသည့် အထည်နှစ် စုံကို ကိုင်ကြည့်ကြသည်။ ဘယ်သူနှင့် မှမတော် ၍ အလှကြည့်နေရသည့် ၀တ်စုံနှစ် စုံကို လာရွေးလေမလား။ ငွေငါးသော င်းများ ပြန်ရလေမလားနှင့် တမျှော်မျှော်သာ မောရပါသည်။ သိန်း ငါးဆယ်ဂရုမစိုက်သည့် သူဌေးမလေးက လေဘ်လ်မှာ သုံးသော င်းရှစ်ထောင်ကျပ်ဟု ကပ်ထားပါ လျက် ငါးသော င်းရှစ်ထောင်ကျပ် တောင်းသွားတာကိုပဲ အားနာနေသလားမသိ။ ယူသွားသည့် ၀တ်စုံကို ပြန်မပေးချင်၍ များ ရှောင်နေလားမသိ။ ချုပ်ခတွေ မပေးချင်၍ များ ပုန်းနေရော့မသိ။ မသိ…….မသိ …….နှင့် ထိုသူဌေးမလေးနှင့် မြန်မာနိုင်ငံ၏ အမြင့်ဆုံးဘွဲ့ယူမည့်  ပညာရှင်မလေး တို့ ပေါ်ကိုမလာတော့ပါချေ။
ထိုအကြောင်းကို အခုလို လေးငါးလအကြာ ပြန်ပြောတိုင်း ကျွန်မညီမလေးဘရဏီက “သမီးတို့ရှုံးတာပေါ့ မမရယ်၊ နှမျောစရာကြီး” ဟု အမြဲပြောတတ်၏ ။
ထိုအခါ ရယ်ရင်းပြုံးရင်း ကျွန်မပြန်ပြောသော စကားများ ကလည်း ဘရဏီ့သိက္ခာအတွက် အားတက်စရာပင် ဖြစ်နေစမြဲပင်။
“မရှုံးပါဘူး သမီးရယ်၊ သူ့သိက္ခာ…….ကိုယ့်သိက္ခာကို ငွေငါးသော င်းလောက်နဲ့ အပေးအယူ စမ်းသပ်ခွင့်ရတာ ပဲ။ ထားခဲ့တဲ့ဝတ်စုံနှစ် စုံကို သူတို့က ငါးသော င်းနဲ့လဲလိုက်တယ်လို့ ယူဆမယ်။ ဒါဆို သူတို့မှားမှာ ပဲ။ အလှချိတ်ထားတဲ့ အဲဒီ ၀တ်စုံနှစ် စုံက မမတို့ရဲ့ ဂုဏ်သိက္ခာအတွက် တမြတ် တနိုးကိုထားပြီးချိတ်ထားမယ် အပေးအယူဆိုတာ ဒီလိုပဲရှိတယ် သမီးရဲ့ ”
ထိုနေ့ကတည်းက ချိတ်ဆွဲထားသော “ရောင်းရန်မဟုတ်ပါ” ဆိုသော စာတမ်းအထက်က ၀တ်စုံနှစ် စုံကိုမြင်သူတိုင်းက “ဘာကြောင့်လဲ” ဟု မေးလေတိုင်း ကျွန်မရယ်၍ သာ ရှိနေ၏ ။
(Fashion Image၊ ၂၀၀၈ ၊ ဖေဖော်ဝါရီလ)
ဒီလိုနဲ့ နှစ် သုံးဆယ်
တစ်ရုံးလုံးက သူ့ကို “မယ်သွင်” ဟုသာ ခေါ်ကြသည်။ သူကလည်း “မယ်သွင်” “မယ်သွင်” ဟုခေါ်လျှင် တ“ရှင်” “ရှင်” နှင့် ပြန်ထူးတတ်ပြီး မယ်သွင်ဆိုတာ သူ့နာမည် အရင်းလားဟုပင် ထင်မှတ်မိသည်။ တစ်ဌာနလုံး တစ်ရုံးလုံးနီးပါး သိရလောက်အောင် သူက ထင်ပေါ်သူ ဖြစ်သည်။ သူ့ထင်ပေါ်ကျော်ကြားခြင်း၏ အဓိကအကြောင်း ကတော့ အလုပ်မှာ ထူးချွန်သူ ဖြစ်ခြင်း၊ ရုပ်ရည် ချောမောခြင်း၊ အပျိုကလေး ဖြစ်ခြင်း၊ ငွေကြေးချမ်းသာကြွယ်ဝခြင်း၊ ရာထူးရာခံရှိခြင်း စသည့် အချက်တွေ နှင့်ပြည့်စုံ၍ မဟုတ်တာကဖြင့် သေချာလှပါသည်။ ထိုအကြောင်းအချက်တွေ က မယ် သွင်နှင့် ဆန့်ကျင်ဘက်မှာ ရှိနေ၏ ။
မယ်သွင်က ကလေးနှစ် ယောက် အမေ ဖြစ်သည်။ ပုံစံက ပိန်ပိန်ပါးပါးနှင့် အသားက ညိုတိုတိုမျှမက ဥပဓိရုပ်က သာမန်ကာရှန်ကာ ဖြတ်ကျော်သွားလို့ရသည့် အနေအထား၊ အသံ သြဇာ ကတော့ သြရှရှ မပွင့်တပွင့်။ စီးပွားရေး မှာ လည်း “အစ်မရေ” “အစ်မရေ” ဟု တွင် တွင် ခေါ်ရုံ မက “ဒီလကုန်ရင် ပြန်ပေးမယ်နော်” “မနက်ဖြန် အိုဗာတိုင်ကြေးလေးရတော့ ယူပါဟယ်” ဆိုတာ မျိုးလေးတွေ တွင် တွင် ပြောပြီး သူ့ထက်ပြေလည်သူတွေ ဆီကရော၊ အထက်အရာရှိ မမဆီကရော အပြုံးလေးနှင့် အချေးအငှားလုပ်ရတာ တစ်လမှာ သုံးလေးခါပါ။ ရာထူးကရော ခုထိ အကြီးတန်း စာရေး မကြီးကနေ တစ်ဖ၀ါးမှ မရွေ့လျားသေးပေ။ ဒါကိုလည်း မယ်သွင်တို့က ဤသို့ တင်စားထား ပါသည်။
“မေလည်း……..ဘယ်သူ့ကိုမှ x x အပြစ်လည်းမတင်ချင်ပင် x x x ရာထူး ပရိယာယ်ကို သိသလိုလိုနဲ့ x x x သိလို့ပုံအောဖို့ကလည်း x x x မယ့်မှာ ငွေမရွှင် x x x အဲလေ……..စာမရွှင်……..”
ထိုသီချင်းတေးသွားလေးအလိုက်နှင့် နေလာလိုက်ရာ ရာထူးစာမေးပွဲဖြေကြပြီဆိုလျှင် စာကျက်ပျင်းတာလည်းပါ။ အသက်ကြီးတာလည်းပါ၊ မေ့တာလျော့တာလည်းပါ၊ ပါနှင့် ပင် ရေး ဖြေ လေး ကပ်သီးကပ်သတ်အောင်တဲ့နှစ် ရှိတာတောင် နှုတ်ဖြေအလှည့်ကျရင် မယ်သွင့်မှာ အင်တာ ဗျူးခန်းထဲမ၀င်ခင် ဂနာမငြိမ် ဖြစ်လွန်းပြီး ကျက်ထားသည့်အလုပ်ထဲက ကိန်းဂဏန်းတေါ ခုနှစ် တွေ မေ့ရေချး မေ့ပစ်လိုက်ရုံမက ဆရာသမားတွေ ရှေ့မှာ ငူငူကြီးထိုင်ပြီးနေမိတဲ့အခါလည်းရှိလို့ အော်ဒါ ထွက်လာရင် မယ်သွင့်နာမည် နှင့် တူသမျှ “သွင်သွင်ဦး” ဆိုတာများ ၀ဆွဲလေးမှပင်တောင် မပါလာ တာ ဘယ်ဆန်းပါ့မလဲ။
ရာထူးမရလို့ သူများ တွေ စိတ်ညစ်နေကြသည့်အချိန်မျိုးမှာ မယ်သွင်က သိပ်ကိုစိတ်မညစ် မိတာလည်း အမှန်ပင်။ သူအောင်ထားသည့် ၀ိဇ္ဇာဘွဲ့ကလေးလောက်နှင့် ရထားသည့် ဒီရာထူး လောက်နှင့် လည်း မယ်သွင်က ကျေနပ်နိုင်ပေမယ့် သူနှင့် အသက်တူ၊ ပညာအရည်အချင်းတူ၊ ရာထူးတူသူ တချို့တလေ ရာထူးမရ၍ တအိအိနှင့် လှိမ့်ငိုနေတာမြင်လျှင် စိတ်ထဲက ဘာပြောမိ သည်ထင်ပါသလဲ။
“ဟဲ့……..ရာထူးမတက်တာ ပိုက်ဆံမကုန်ဘူးပေါ့ဟဲ့၊ နို့မို့ဆို တစ်ဌာနလုံးလည်း ကျွေးရ ဦးမယ်၊ လူကြီးတွေ လည်း ကန်တော့ရဦးမယ်၊ သူငယ်ချင်းတွေ ကလည်းနှစ် ကျော့ပြန်၊ သုံးကျော့ ပြန် ကျွေးပြီးရင်းကျွေးခိုင်းကြမှာ ။ လစာ သုံးလစာလောက်ပြုတ်မှာ နင်တို့စိတ်မပူဘူးလား၊ ငါတော့ သူများ ကျွေးတာလိုက်စားနေရတာ ကမှ ပိုကောင်းသေးတယ်၊ မဟုတ်ရင် ငါ့လည်ပင်းအထိ ကြွေးပိ နေမှာ သိလား မိန်းမတွေ ရဲ့ ၊ ဒါ ငိုစရာလား”
အပြင်ဘက်မှာ ငိုနေတဲ့ သူငယ်ချင်းတွေ ကို မျက်နှာငယ်လေးနှင့် သာကြည့်နေပြီး စိတ်ထဲက သိပ်ကိုတည်ငြိမ်နေသည့် မယ်သွင့်စိတ်ရင်းမှာ ဤသို့ ဖြစ်ကြောင်းသာ သူ့ဌာန အရာရှိမမသိလို့က တော့ မယ်သွင့်ကို ဒီနေညနေ အပြန်ကားခပေးတော့မည် မထင်ပါ။
“ရှင့်ကို ဈာက်ပါလို့ပြောရဲ့ နဲ့ အခု နှုတ်ဖြေမအောင်လို့ ရှင်ရာထူးမရတာ ပေါ့၊ ကြည့်စမ်း ဟိုဘက်ဌာနက မအုံးလှဆို ရှင်နဲ့အတူတူ အလုပ်ဝင်တာမဟုတ်လား၊ အခု ရာထူးတက်သွားပြီ၊ ရှင် တကယ် ၀ီရိယနည်းတယ်သိလား၊ ကျွန်မရှက်တယ်၊ ကိုယ့်သမီးအရွယ်လေးတွေ က လက်ထောက် မန်နေဂျာတွေ တောင် ဖြစ်နေပြီ။ အိုကြီးအိုမနဲ့ မသွင်ဦးရယ် ပင်စင်လစာလေး တိုးလိုတိုးငြား ဒီတစ် ခေါက် ကြိုးစားဖြေစမ်းပါ ကြားလား”
မယ်သွင့်မမကြီးက ဒေါသထွက်လာလေလေ တ “ရှင်” “ရှင်” နှင့် ဖိပြောလေပေါ့။
“ဟုတ်ကဲ့ မမကြီး၊ ကျွန်မလည်း ပင်စင်များများ လိုချင်ပါတယ်၊ ဒါပေမဲ့ ဟိုက မန်နေဂျာ မရွှေစုတို့လိုတော့ စာမကျက်နိုင်တာ ခက်တယ်”
ထိုဆင်ခြေမျိုးကို မမကြီးကိုသွားပေးမိတော့ အော်ခံရတာ အဖတ်တင်ကော-
“တော် ပါ……..ရှင်ပျင်းတိုင်း……..ဈေးလျှောက်ရောင်းချင်တိုင်း ဆင်ခြေမပေးနဲ့၊ ရယ်ဖြဲ ရယ်ဖြဲနဲ့ သူများ ကို မနာလိုရကောင်းမှန်းကို မသိဘူး၊ မခံချင်စိတ်ဆိုတာ ထားရတယ် မသွင်သွင်ဦး ရဲ့ ”
“ဟုတ်ကဲ့ မမကြီး၊ ဟုတ်ကဲ့ မမကြီး”
သည်တုန်းက ညိတ်လိုက်ရတဲ့ခေါင်းဆိုတာ မူးတောင်မူးရဲ့ ။ အဲဒါနဲ့များ ဒီတစ်ခေါက်လည်း ရာထူးနဲ့ ဝေးပြန်ရော့လားဟု မေးစရာမလိုပါချေ။ မယ်သွင်တို့က လူကသာ ရယ်ဖြဲဖြဲပါ မမကြီးရယ် ဟု သူ၏ အရာရှိမကြီးကို ပြောခွင့်ရလျှင် ပြောချင်ပါရဲ့ ။ ဟိုက မန်နေဂျာ မရွှေစုတို့ဆိုတာ သူတို့ နောက်မှ အလုပ်ဝင်လာတာပါ။ ဒါပေမဲ့ ငယ်ငယ်ရွယ်ရွယ် လှတပတလေးတွေ ဆိုတော့ မင်းကြီး ကြိုက်……..အဲလေ မဟုတ်ပေါင်……..အစ်ကို ကာလသားတွေ အကြိုက်လည်း နေတတ်ပါရဲ့ ၊ ရေး ဖြေစာတွေ ကိုလည်း ခွင့်တွေ နှစ် လ၊ သုံးလမှာ ဆေးခွင့်လိုလို ဘာခွင့်လိုလိုယူပြီးကို ကျက်ပစ် တာ မသိဘူးများ မှတ်နေကြသလားနော်။ ဒီအချိန်မျိုးမှာ မယ်သွင်တို့က မရွှေစုနှင့် ရာထူးတူပြီး စာမကျက်နိုင်ရှာပဲ ကုန်းရုန်းအလုပ်လုပ်နေရသော မမိုးဖြူတို့ခိုင်းသမျှ စာရင်းအင်းတွေ လုပ်လိုက် ရတာ ဆိုတာ ခါးချိမတတ်ပင်။
ဟော……..စာမေးပွဲလည်းဖြေရော ရေး ဖြေမှာ မရွှေစုတို့က နံပါတ်ဝမ်းဂဏန်းတစ်နှင့် ထိပ် ဆုံးက ပြေးပါလေရော။ အချိန်ပိုဆင်းရင်း မနိုင်အင်ကာစာကျက်ရသည့် မမိုးဖြူတို့က အလယ် အလတ်လောက်ကနေ ရင်တမမနှင့် နှုတ်ဖြေ၀င်ခဲ့ကြရတာ ကို ရာထူးငယ်ပေမယ့် အတွေ့ အကြုံ မငယ်တော့သည့် အိုကြီးအိုမ မမယ်သွင်က သိပါသတဲ့ဆိုတာကိုဖြင့် မမကြီးအရာရှိမကို မပြောပြ ၀ံ့ပါ။ ဒါပေသည့် ထိုအကြောင်းကို မယ်သွင်တို့တစ်ရုံးလုံး သိကြတာ မယ်သွင်ပြောလို့မဟုတ်ပါ ဆိုတာကိုလည်း ဘုရား သံဃာ သိပါလေသည်။
“နေစမ်းပါဦး၊ ဒီမရွှေစုတို့ကျတော့ ရာထူးလေးတစ်ခါဖြေ တစ်ခါရနဲ့ အခုပဲ လက်ထောက် မန်နေဂျာ ဖြစ်ပြီ။ သူ့ကုလားထိုင်က တစ်ဖ၀ါးမှမရွှေ့ရဘဲ စားပွဲသာအရာရှိစားပွဲ ဖြစ်ရော၊ ကုလား ထိုင်လည်း လက်တန်းနောက်မှီ ဖြစ်ကာမှ ဖြစ်ရော……..ပြီးတော့ နိုင်ငံခြားတောင် ဂျပန်လောက် သွားလိုက်ရသေးတယ် မဟုတ်လား……..ဒါကုသိုလ်ကံနဲ့ ဆိုတာပေါ့နော်ဟယ်”
“ဒါပေါ့ဟဲ့ ကံစီမံရာအတိုင်းပါလေ”
ရွဲ့ပြောလေသလား မေရယ်လို့ မမယ်သွင်တို့အုပ်စုက လက်ဖက်ရည်ဆိုင်မှာ ချော့မေးရ သည့်အထိ ဒေါသတွေ ပေါက်ကွဲခဲ့ရသည့် မမိုးဖြူနှင့် အဆင့်တူသူငယ်ချင်းတို့မှာ အခုထိ ဘယ် နိုင်ငံခြားမှလည်း မသွားခဲ့ရ၊ ရာထူးလည်း ရုံးအုပ်ကနေမတက်သေးဘဲ အလုပ်တွေ သာ ကုန်းရုန်း လုပ်ရပြီး ခင်ပွန်းကြီးဆယ်ပါးကို နေ့တိုင်း ရှိခိုးမေတ္တာပို့သသော အလုပ်ကိုသာ တွင် တွင် လုပ် နေရာက တစ်ချီတစ်မောင်း ဒေါသမျက်စောင်း အချောင်းချောင်းထွက်တာကို ပုထုဇဉ်သဘာဝမို့ အများ က ခွင့်လွှတ်ဖို့ကောင်းပါ၏ ။ ပါးစပ်သေနတ်နှင့် ပစ်နေတာလောက်ကိုလည်း ခွင့်လွှတ်ဖို့ ကောင်းပါ၏ ။
“နင်တို့က အရာရှိမ ဖြစ်ထိုက်သေးဘူးလေဟယ် အရာရှိ ဖြစ်ဖို့ဆိုတာ သူ့ကံနဲ့သူလာတာ ညီမလေးရဲ့ စိတ်လျှော့……..စိတ်လျှော့”
ထိုအချိန်မျိုးမှာ ဘုမသိ ဘမသိနှင့် ၀င်နှစ် သိမ့်သော မယ်သွင့်ကို ဒေါသတကြီးနှင့် “ဘာ” ခနဲနေလိုက်သော မမိုးဖြူက စိတ်ရှိတိုင်းသာ သူ့ရှေ့က အကြမ်းပန်းကန်နှင့် ကောက်ပေါက်လိုက် လို့ ကတော့ နဖူးဟက်တက်ကွဲရချေရဲ့ ။ အလိုက်ကန်းဆိုးမသိလေခြင်းဆိုပြီး နီးရာလူးက မယ်သွင့် ရင်ညွှန့်ကို တတောင်နှင့် ပိတ်တွတ်လိုက်မှ ကမန်းကတန်း လေသံပျော့လေးနှင့် မမိုးဖြူကို ချော့ရ ပြန်သည်။
“ဖွ……..ဖွ……..မှားလို့ အဲဒါ မယ်သွင်ပြောတာမဟုတ်ဘူး။ ဟိုဘက်ဌာနက ရာထူးရသွား တဲ့ မရွှေစုတို့အုပ်စုက ပြောတာ အဟင်း……..ဟင်း”
အလျှောက်ကောင်း၍ အထောင်းသက်သာပေမယ့် ရင်နာနေသော မမိုးဖြူတို့ခမျာ သူ့ရင်ထဲရှိတာ ပြိုကျအန်ထွက် အသည်းဟက်တက်ကွဲကာ အရက်နှင့် ပမာတူသော ရေနွေးကြမ်း အ၀ါရောင် ကိုသာ တွင် တွင် ကြီးသောက်ပြီး မူးယစ်ရမ်းကမ်းနေတာ ရုံးဘေးက လက်ဖက်ရည်ဆိုင် တစ်ဆိုင်လုံးသိမှာ စိုးလှ၍ မနည်းထိန်းနေရလေ၏ ။
“အဟော်……..ကံလား။ ဘာကံလဲ ၀န်ထမ်းဘ၀မှာ ကံကိုရိုးမယ်မဖွဲ့ဘူး။ သံသရာကြွေး မပါဖို့ဘဲ ကျွန်မတို့က အလုပ်လုပ်တယ်၊ နောင်ဘ၀ သင်းတို့နဲ့ မဆုံချင်လို့”
မဲ့မဲ့ငိုငို ပြောပြောဆိုဆို ပန်းကန်လုံးဆောင့်ချလိုက်ရာ ရေနွေးကြမ်းတွေ ဖိတ်ကုန်၏ ။ ကံကောင်းတာ ပန်းကန်လုံး ကွဲမသွားခြင်းပင်။ ပြောပါ……..ပြောပါ။ များများ ပြောမှ ရင်ပေါ့မှာ ပေါ့ မမိုးဖြူရယ်ဟု မယ်သွင်က နှစ် သိမ့်အားပေးစကားပြောရင်း သူများ တိုက်သည့် လက်ဖက်ရည်ကို အရသာသိပ်မရှိဘဲ သောက်ချလိုက်ရလေ၏ ။ ထိုနေ့လိုနေ့မျိုးမှာ တစ်ရုံးလုံးပတ်ပြီး သူရောင်းသည့် မုန့်ပဲသရေစာ နေ့လယ်စာကို မရောင်းရဲဘဲ လူကြီးမျက်စိမနောက်အောင် ကိုယ့်စားပွဲအသာချပြီး လက်သိပ်ထိုးဈေးရောင်းရလေ၏ ။ ညနေ ဟင်းဖိုးကြွေးဖိုးလေးရရင် တော် လိုက်ရသည်။ အလုပ်ကို လည်း သုံး၊ လေး၊ ငါးရက် လမ်းသလားထားစာပြေးလုပ်ရင်း ငြိမ်သက်စွာ ……..ငြိမ်သက်စွာ နှင့် ပရိုမိုးရှင်းထွက်ပြီး တစ်လလောက် အိနြေ္ဒရရ နေခဲ့ရစမြဲ။
သည်လိုနှင့် နောက်ငါးနှစ် မျှကြာသော အခါ……..
* * *
“နောင်ဘ၀ သင်းတို့နဲ့ မဆုံချင်ပေလို့သာပဲ၊ အချိန်တန်တော့လည်း ရုံးတက်၊ ရုံးဆင်း၊ ရုံး နှစ် ရက်ပိတ် သင်္ကြန် တရားစခန်းလေးဝင်၊ ဟော……..နောက်တော့ ရုံးပြန်တက်ရ၊ ဒီမျက်နှာတွေ ကို မမြင်ချင်လည်း မြင်နေရပြီး၊ ဆုံနေရတာ ကံစီမံရာအတိုင်းမဟုတ်လို့ ဘာလဲ မမိုးဖြူရဲ့ ”
“အင်းနော်……..ကျွန်မတို့လုပ်သက် နှစ် အစိတ်ကျော်ပြီနော်” ဌာနပေါင်းစုံ၊ လူပေါင်းစုံနှင့် အနယ်နယ်အရပ်ရပ်က ရုံးခွဲများ က သတင်းစကားများ ကို ထမင်းစားရင်း၊ စာရင်းတွက်ရင်း၊ လူစု ပြီး အသုပ်ကလေး သုပ်စားရင်း၊ စိတ်ကြည်လင်တဲ့အချိန်မှာ ပြောမိ ဆိုမိကြပြန်သည့်အခါ သံသရာ ဆိုတာကြီးက ပါလာကြောင်း ပြုံးပြုံးလေး ချိုစကားဖွဲ့ကြပြန်လေ၏ ။
စိတ်ကလေး ကြည်ကြည်သာသာ အပြုံးကလေး လင်းလင်းပပနှင့် ပြောနေကြတာလည်း အကြောင်းရှိပါ၏ ။ သူတို့တစ်တွေ ဒီတစ်နွေမှာ ရုံးဆယ်ရက်အပိတ် တရားစခန်းလေး ပြေးဝင်ထား သော ကြောင့် မိုးကုတ်ဆရာတော် ဘုရားကြီး၏ ပဋိစ္စသမုပ္ပါဒ် လည်ပုံကိုသိပြီး ဒုက္ခသစ္စာ၊ သမုဒယ သစ္စာ၊ နိဒြေ္ဒသစ္စာ၊ မဂ္ဂသစ္စာ တရားလေးနှလုံးသွင်းပြီး ဇာတိ ဇရာ ဗျာဒိ မရဏကိုလည်း ရှုမှတ် ထားတဲ့အတွက် အပ္ပမာဒေထ၊ သမ္မာဒေနရယ်လို့ မမေ့မလျော့ သတိကပ်ကာ တရားသဘောတွေ နှင့် ကိုယ့်ကိုကိုယ်ရှုမှတ်တော့ ဘယ်မှာ သူများ ကို အပြစ်ပြောဝံ့ပါတော့မည် နည်း။
“ရှင်တို့ကို လူကြီးတွေ က ရာထူးပေးချင်လွန်းလို့ အောင် အောင်ဖြေပါ၊ မျက်နှာလေးပြပါ ဆိုတဲ့နှစ် ကလည်း ကလေးမီးဖွားလို့ တစ်ခါလွတ်တာ ခုနစ်နစ်လောက်ကြာမှ ရာထူးစာမေးပွဲလာ တော့ လိုက်လေပြေးလေဆိုသလို ကိုယ့်အဆင့်တူတွေ က ခုန်ပေါက်ပြီး ရာထူးတက်ပြီး ကိုယ်က ကျန်ခဲ့တာ ဘယ်သူ့အပြစ်လဲ မမယ်သွင်”
မမယ်သွင်၏ မမကြီးအရာရှိမစကားကို တရားမှတ်ရင်း ပြန်ကြားတော့ သူများ ကို မနာလို တိုရှည်မိသော ကိုယ့်စိတ်ကိုယ့်နှလုံးကို ပြန်ရှက်ပြီး ဘုရား……..ဘုရား……..ငါတော့ ကုသိုလ်မရ တော့မယ့်ကိစ္စတွေ လုပ်မိပြန်ပြီဆိုသည့်အတွေးတွေ စုဝေးကာ ရုံးအတက်မှာ ကိုယ့်တရားကိုယ် မှတ်ပြီး ပြစ်မှားမိသော အရာရှိမင်းအပေါင်းကို စိတ်မှန်းနှင့် တောင်းပန်ရုံအပြင် ကိုရီးယားကားတွေ ထဲကလို “ပါးစပ်ဆယ်ပေါက်ရှိတောင် ပြောစရာစကားမရှိပါဘူးလို့” နှုတ်တိုက်ရွတ်ပြီး နောက်များ မဝေဖန်တော့ပါဘူး၊ အကုသိုလ်များ လွန်းလို့ဟုသာ ဖြေသိမ့်တွေးလိုက်ရာ အတော် ကြီးနေသာ ထိုင်သာရှိသွားလေ၏ ။
“ရာထူးဆိုတာ ရူးတာပါ ညီမတို့ရယ်၊ တရားနဲ့တွေးကြည့်ရင် ဒါဟာ လောဘပဲ၊ အစွဲပဲ။ ဒါဟာ ဒိဌိမပြုတ်သေးတာ၊ မဂ်ကလေး ဘာလေးရအောင် ကြိုးစားဦးမှပါဟယ်”
မမယ်သွင်ပြောသမျှ ခေါင်းတညိတ်ညိတ်လုပ်နေသော သူငယ်ချင်းတွေ က “မဂ်” ဆိုသော စကားလည်းပါလာရော အားလုံးခေါင်းထောင်ကုန်ကြ၏ ။ အစောပိုင်း ကတော့ တရားမှတ်နေကြ သည့်ဟန်နှင့် အသံသိပ်မကြားရသော ရုံးခန်းလေးမှာ ချက်ချင်း အသက်ဝင်သွား၏ ။
“ဟဲ့……..ဟဲ့……..ဘာမဂ်လည်း မမယ်သွင်၊ ရှင်က မဂ်ရချင်သေးတယ်ဟုတ်လား”
မမိုးဖြူက ရှေ့စားပွဲကနေ အလန့်တကြား လှမ်းပြော၏ ။ နွဲ့နွဲ့ကလည်း ရာထူးနှင့် ပတ်သက် လျှင် “နားမှလေသံ မကြားလိုပါ” ဆိုသည့် စိတ်နာခြင်းမျိုးဖြင့် စိတ်နာနေသူမို့ စိတ်ဆင်းရဲတိုင်း တရားစခန်းဝင်ပါသည်။ အခုလို ပြန်ထွက်လာချိန်မှာ အလွန်ငြိမ်သက်နေတတ်၏ ။ “မဂ်” ဆိုသည့် အသံကြောင့် သူလည်း လှုပ်ရှားနိုးကြားသွားလေသည်။
“တော် စမ်းပါ မမယ်သွင်ရယ်၊ မဂ်ရရအောင် ရှင်က ဘယ်လိုထူးခြားနေလို့လဲ”
“အို……..နွဲ့နွဲ့ကလည်း ငါတို့မှာ သည်းခံနိုင်စွမ်း အပြည့်ရှိနေပြီလေဟယ်။ အသက်ကြီး လာလို့လား မသိပါဘူး၊ လောဘလည်း မရှိတော့ဘူး၊ ဒေါသလည်း နည်းသွားပြီလေ။ ခံနိုင်ရည် သတ္တိအပြည့်ရှိပြီး မတုန်မလှုပ်နေနိုင်တာ မဂ်ရလို့ပဲ ဖြစ်မှာ ပေါ့”
ထိုအခါမျိုးမှာ မမယ်သွင် စိတ်ကူးပေါက်ပြီးပြောသမျှ တကယ်မှတ်ပြီး နားထောင်နေသူ တွေ ထံမှဝါးခနဲရယ်သံကြားရပြီသာမှတ်။
“ဒါဆိုရင်တော့ တစ်နိုင်ငံလုံး မဂ်ရနေပြီ မမယ်သွင်ရေ သိလား၊ တော် တော် ပေါက်ကရ ပြော”
“နို့……..မဟုတ်ဘူးလား”
မနေ့တစ်နေ့ကမှ တရားစခန်းကပြန်လာပြီး ဆရာမ ကြီးလေသံနှင့် တရားလေးရောနှော ပြောမိပါသည်။ လွဲပြန်ပြီပေါ့တစ်ချီ ဖြစ်ရပြန်၏ ။ မဂ်တရား၊ ဖိုရ်တရားမရခင် နွဲ့နွဲ့တရားက ပြတ် သားလှလေ၏ ။
“သည်းခံတယ်ဆိုတာ အတိုင်းအတာရှိတယ် မမယ်သွင်ရဲ့ ။ အဲ……..ဒါပေမဲ့ အချင်းချင်း တစ်မူးပိုရှူပြီး ကိုယ့်ရပိုင်ခွင့်ထဲက ဖဲ့ယူသွားတတ်တဲ့ မရွှေစုတို့လိုသူမျိုးအတွက်တော့ သည်းမခံ ချင်ဘူး မမယ်သွင်။ ရှင့်ဟာမတွေ က လူလည်ပန်ကာမတွေ အတ္တဇာတ်ကောင်တွေ အစစ်”
တရားထဲက ဇာတိပြနေသော နွဲ့နွဲ့ကို ဘာပြန်ပြောရမှန်းမသိဘဲ မမယ်သွင် ရယ်ကျဲကျဲ လုပ်နေမိ၏ ။ အလုပ်လုပ်လျှင် အလွန်တိကျသလောက် လက်ရေး လက်သားလည်း ကောင်းလှ သော စည်းကမ်းလည်းရှိသော ရုံးချိန်လည်းမှန်သော နွဲ့နွဲ့ကိုတော့ သူမယှဉ်ဝံ့ပါ။ နွဲ့နွဲ့ ဘာလို့ ရာထူးမတက်သေးဘာလဲဆိုတာကိုဖြင့် မမယ်သွင် မစဉ်းစားတတ်တော့ပေ။
“တစ်ခုတော့ ရှိတာပေါ့လေ၊ ကျွန်မတို့က သူတို့လောက် ရုံးအပေါ် မခင်တွယ်ကြဘူး။ အချိန်တန်ရင် အိမ်ပြန်ကြတယ်၊ လေးနာရီခွဲဆိုတာနဲ့ ကားဂိတ်ပြေးပြီ။ သူတို့က ရုံးပိတ်ရက်ပါ အိုဗာတိုင်ဆင်းဆို ဆင်းကြတာ။ ဘယ်လူကြီးကခိုင်းခိုင်း သူတို့မလုပ်တတ်တာ မရှိဘူး။ ငြင်းလည်း မငြင်းကြဘူး။ ရှင်တို့ ကျွန်မတို့က အဲသလောက်တော့ မပေးဆပ်နိုင်ကြဘူး မဟုတ်လား၊ ဒါအဖြေ ပဲပေါ့”
မမိုးဖြူက ထိုသို့ ရှင်းပြတော့လည်း ရှင်းခနဲ လင်းခနဲပါပဲကွယ်။ မမိုးဖြူစကားကို ထောက်ခံ ရပါမည် ။ ရုံးလုပ်သက်တစ်လျှောက်လုံး မင်းပွဲစိုးပွဲဆိုလျှင် အခမ်းအနားတွေ ဆိုလျှင် မရှိမ ဖြစ်၊ ဘယ်သူဘယ်ဝါတွေ ကြားမှာ ဘယ်မှာ လဲ မယ်သွင်တို့ရဲ့ လုပ်ဆောင်မှု စွမ်းရည်တွေ ၊ ပြန်တွေး ကြည့်စရာမလိုအောင် ဆယ့်နှစ် လရာသီပွဲတော် များ စီးရီးဆွဲကြည့်လိုက်ပါလား စနစ်တကျ စီမံ ခန့်ခွဲမှု အတတ်ပညာတွေ က အဲဒီ အုပ်စုဆီမှာ အရည်အချင်းပြည့်မီလျက် ရှိလေ၏ ။
“ဒါ ကတော့ မခိုင်းလို့ မတတ်တာပေါ့ဟယ် ခိုင်းကြည့်ပါလား၊ သူလည်းခေါင်းတစ်လုံး လက် နှစ် ဖက်ပဲပါတာပဲ။ တစ်မူးပိုရှူလို့ရကြေးလား”
လွန်ခဲ့သည့် လေးငါးနှစ် လောက်က မမိုးဖြူ ထိုသို့ ပြောပေမယ့် အခု ဤသို့ စိန်မခေါ်ဝံ့ပါ ချေ။ အကြောင်းရှိပါသည်။ ဘယ်ဌာနက ဘယ်သူဆိုလား၊ ရုံးဝါဆိုသင်္ကန်းကပ်ပွဲမှာ သူလုပ်တတ် တယ်……..သူလုပ်တတ်တယ်နှင့် ၀င်လုပ်လိုက်ရာ ဟင်းမလောက်လို့ ဆိုင်က ပြေးဝယ်ရပါရော လား။ အ ဖြစ်မျိုးကြုံဖူးသွားကတည်းက နောင် သင်းတို့အုပ်စုကို မလွှမ်းမိုးနိုင်တော့တာ ဘာများ ဆန်းပါတော့မလဲ၊ ဒါမျိုးပေါ့ သင်ခန်းစာပေးခံရတယ်ဆိုတာ၊ ယှဉ်ကို မယှဉ်ရြဲ ကတော့သည့်အ ဖြစ် မျိုး ကြုံဖူးသူတိုင်းက သူတို့ရာထူးရထိုက်ပါသည်ဟု အဆိုပြုထောက်ခံကြလေတော့သည်။ မထောက်ခံလို့မှ မရတာ လေ။
“အသက်ကြီးပါပြီကွယ်……..လုပ်သက်လည်း နှစ် သုံးဆယ် ရှိတော့မယ်။ ဒီအဆင့်လောက် နဲ့ တိုးလာတဲ့လစာလေးနဲ့ ကျန်းကျန်းမာမာ အလုပ်လုပ်ရင်း ပင်စင်လေးယူချင်ပါပြီဟယ်”
မမယ်သွင်က ထိုဝိုင်းအတွက် အမြဲလိုလို ထိုနိဂုံးချုပ်စကားလေးပြောပြီး ကိုယ့်အလုပ်ကိုယ် လုပ်ရင်း အတန်းကြီးလာသော ကလေးတွေ အတွက် ကျူရှင်စရိတ်၊ အ၀တ်အစား၊ ကားခစရိတ်၊ စရိတ် စသည်တွေ အတွက် တွေးတောရင်း ဟိုကချေး သည်ကိုပြန်ဆပ် အပြန် ရုံးအရာရှိမမကြီးထံ ကားခလေးတောင်းပြီး အိမ်အပြန် အချို့အချောင်ရတာ လေးတွေ ဈေးအကွဲမှာ ပြေးဝယ်ဖို့သာ တွေး ရင်း ရုံးဆင်းချိန်ရောက်ပြီလားဟု နာရီကို လှမ်းကြည့်မိလေ၏ ။
(Life Style မဂ္ဂဇင်း၊ ၂၀၁၁ ၊ မေလ)
![]() ပါဆယ်ဂိမ်း နှင့် အခြားဝတ္ထုများ | ![]() မုဒိတာပန်းဖူး မောင်မခူးပါနဲ့ | ![]() ပြဋ္ဌာန်းမထားသောအချစ်နှင့် ပဋိညာဉ်မလိုသောမျက်ရည် |