Cover

အခန်း(၁)

“ဟာ အလန်းကြီးပါလား”

“ဟမ် ဘာကြီးလဲ”

စည်းမစောင့်တတ်သော မျိုးကျော်ဝေဖန်မှု ကို စိတ်ဝင်စားကာ ကြယ်စင်ခ လည်လေး လိမ်သွား၏ ။ ပြူးကျယ်သွားသော မျက်ဝန်းအစုံထဲမှာ ပျစ်ထူနေသည့် သနပ်ခါးပါးကွက်ကြီးက အပြည့်ပြေးဝင်လာသည်။ အ၀တ်အစားဒီဇိုင်းက တောအထာမဟုတ်ပါဘဲ သနပ်ခါးကြိုက်တာ က သိသာလွန်း၏ ။

ခြေဆုံးခေါင်းဆုံး ဖွေးဖွေးလှုပ်နေကာ နက်မှော င်စင်းပျော့နေသည့်ဆံနွယ်များ က ကျော အလယ်မှာ ၀ဲခါလို့။

“အညာသူတဲ့၊ ပန်ဒါ ညီမ၀မ်းကွဲလို့ ပြောတယ်၊ နာမည် ကလည်း အလန်ပဲနော် ပုံပမာ တဲ့”

ခိုင်ထွန်းက သူ စပ်စုထားသလောက် ဖောက်သည်ချ၏ ။ ကြယ်စင်ခ နှာခေါင်းရှုံ့ကာ အေ့ခနဲ လေတက်ပြီးမှ

“ပန်ဒါနဲ့ အမျိုးတော် တာ မယုံနိုင်စရာဘဲ၊ နံ့သာဆီနဲ့ အီး”

“စကားပုံလှလှ ရွေးပြောစမ်းပါ ဆီနဲ့ရေ၊ စိန်နဲ့ကျောက်”

“ကွဲပြားတာက ကွဲပြားတာပါပဲကွာ၊ ပန်ဒါ ရောင် စုံမျက်နှာလေးက ကော်ပက်ရုပ်လေး လို လှတာ၊ ပုံပမာ တဲ့၊ ပုံးမဂျီက အစ်မခေါ်ရမယ်၊ ရောမရောက်ရင် ရောမလိုကျင့်တာမဟုတ် ဘူး။ သင်တန်းလာတက်တာပဲ။ သနပ်ခါးတွေ ခွာချခဲ့ပေါ့၊ အ၀တ်အစားတွေ ကလည်း ပန်ဒါ အိမ်နေရင်းဝတ်တဲ့ဟာတွေ လား မသိဘူး”

“မင်းကလည်း ပန်ဒါကို စင်ပေါ်တင်ချင်နေတာနဲ့ ပုံပမာက စင်အောက်က ခွေးချေးပုံ ဖြစ်နေပြီ”

ရှုတ်ချဝေဖန်ကြရင်း ပေါ့ပေါ့ပါးပါး ရယ် ဖြစ်ကြ၏ ။ ပန်ဒါက ပုံပမာလက်ကိုဆွဲလျက် သူတို့ဝိုင်းကို လျှောက်လာသည်။

“ဟဲ့ နင်တို့ကို ငါ့ညီမနဲ့ မိတ်ဆက်ပေးဖို့ ခေါ်လာတာ၊ နည်းနည်း လောက် စောင့်ရှောက် ပေးကြဦးနော်၊ ပုံပမာ တဲ့၊ ပုံပုံ ဒါ တို့သူငယ်ချင်းတွေ သူက မျိုးကျော်၊ ဟိုဘက်က ခိုင်ထွန်း၊ ကြယ်စင် ကတော့ တို့ ဘွိုင်းဖရန့်”

“ဟာ ပန်ဒါ နည်းနည်း အရစ်ကျ ပြန်လျှော့လေ၊ အဲဒီ အဆင့်ထိကို မရောက်သေးတာ”

“နောက်မှ လိုတိုးပိုလျှော့လုပ်လို့ ရပါတယ်ဟာ၊ အခုက အဆင်ပြေသလို မိတ်ဆက် ပေးရတာ နင်က နာရတယ်ရှိသေးလား”

“ဟား ဟား ပန်ဒါတို့က သူ့စိတ်ကြိုက်လုပ်ချလိုက်ပြန်ပြီ”

ပန်ဒါ့စကားကို ယောက်ျားလေးသုံးယောက် က လှောင်တာလား၊ ပြောင်တာလားမသိဘဲ တဟားဟား မျက်နှာပြောင်ကာ ရယ်နေကြတာမို့ ပုံပမာ နှာခေါင်းတရှုံ့ရှုံ့ စိတ်အိုက်သွားမိ၏ ။

ဒီလို ဗရုတ်သုတ်ခ ယောက်ျားလေးတွေ နှင့် ပုံပမာ မခင်ချင်ပါ။ ပန်ဒါ ဒီလိုနေတတ်တာ ကိုလည်း အထင်သေးချင်ချင်။

ကိုယ့်နယ်မှာ ဆိုလျှင် ငယ်ပေါင်းသူငယ်ချင်းမဟုတ်ပါက ယောက်ျားလေးတွေ နှင့် ထွေး ရောယှက်တင် ၀ရုန်းသုန်းကား မနေတတ်ကြပါ။ လူကြီးမိဘတွေ က ခွင့်မပြုသလို မိန်းကလေး တွေ ကလည်း ဂုဏ်သိက္ခာအတွက် ထိန်းသိမ်းဆင်ခြင်ကြသည်။

“ပန်ဒါ ငါ သင်တန်းခန်းထဲက စောင့်နေလို့ မရဘူးလား၊ ဒီမှာ မထိုင်ချင်ဘူး”

“သင်တန်းချိန်က လိုသေးတယ်လေ၊ ဒီမှာ တစ်ခုခု စားပြီးမှ အတူတူသွားတာပေါ့၊ ဟိုမှာ နင် တစ်ယောက် တည်း ကြောင်တောင်တောင် ထိုင်နေရမှာ ”

“ရပါတယ် ငါ နေတတ်ပါတယ် ဟို သွားမယ်နော်”

ပုံပမာ ဇွတ်အတင်း ထထွက်သွားတော့ ကြယ်စင်ခတို့ တစ်ယောက် နှင့် တစ်ယောက် ပခုံးချင်းတိုက်၍ မျက်ခုံးပင့်သွားကြ၏ ။

“ဘယ်လိုကြီးလဲ ပန်ဒါရ၊ နင့်ညီမက မိတ်ဆက်ပေးတာတောင် မတူမတန်သလိုကြီးပါ လား”

“အေးလေ လက်ဆွဲနှုတ်ဆက်ပြီးတောင် အသိအမှတ်မပြုဘူး။ ငါတို့ကိုများ မစား ကောင်းတဲ့အသီး၊ သူ့ရှေ့မှာ ချပေးလိုက်လို့ ရွံရှာသလိုပုံစံနဲ့”

“မင်းက မစင်ပုံကြီးနဲ့တူနေလို့ ဖြစ်မှာ ပေါ့ကွာ၊ ထားလိုက်စမ်းပါ ရင်ခုန်စရာလည်း မရှိပါ ဘူး”

တစ်ယောက် တစ်ပေါက်ပြောတော့ ပန်ဒါ အားနာသွားရ၏ ။ အထူးသဖြင့် ကြယ်စင်ခ ငြိုငြင်မှာ ကို မလိုလား။

“ဒီလိုပါဟယ် ပုံပမာက နယ်မှာ ဆိုရင် ယောက်ျားလေးတွေ နဲ့ ရောရောယှက်ယှက်နေ တတ်တာမဟုတ်ဘူး။ တမင်သက်သက် မာနကြီးနေတာလည်း မဟုတ်ဘူးဟ၊ လူကြီးသူမတွေ သွန်သင်ဆုံးမမှု ကြောင့် အဲဒီ လိုပဲ နေတတ်ကြတာ၊ ငါတို့ ပုဂံကို အလည်သွားရင်လည်း အပိုး ကျိုးကျိုးနဲ့ သိမ်သိမ်မွေ့မွေ့ နေပြရတာ ပဲ”

“သူက ပုဂံသူပေါ့၊ ရာဇ၀င် သမိုင်းတော် ကြီးနဲ့ပါလား”

“ယဉ်ကျေးမှု တွေ ရန်ကုန်အထိ သယ်လာတာ ဖြစ်မယ်”

“အညတရတော့ မဟုတ်ဘူးနော်၊ သူ့အဖေက ယွန်းထည်လုပ်ငန်းနဲ့ နိုင်ငံတကာထိ ထိုးဖောက်အောင်မြင်တဲ့ ဟိုက်ဘော့(စ်)ကြီး၊ အမျိုးထဲမှာ အချမ်းသာဆုံးပဲ”

“ဒီကို ယဉ်ကျေးမှု တွေ ဖြန့်ဝေဖို့ ရောက်လာတာလား”

“နင်တို့ကလည်း အပြောင်အပျက်မပြောပါနဲ့၊ ပုံပမာ အဖေက ပညာရှင်အဆင့်နဲ့ နိုင်ငံ ခြားကို နှစ် နှစ် လောက် သွားနေရမှာ မို့ ပုံပမာကို ငါတို့အိမ်ထားခဲ့တာ၊ သူလည်း ဘွဲ့ရပြီးပြီနော်၊ အချဉ်တော့မဟုတ်ဘူး”

“အဟား အချဉ် ဖြစ်ရင်တောင် တို့စားဖို့ စိတ်ကူးမရှိပါဘူး။ တကယ့် တိုက်ဂေါ”

“တောဂိုဒ်ဆိုပေမယ့် တကယ့်ရှားပါး ပစ္စည်းနော်၊ မျိုးတုံးလုလု အချိန်မှာ သမိုင်းဝင် အ ဖြစ်နဲ့ ကျန်ရစ်ခဲ့တာ”

စကားနိုင်တွေ လုကြရင်းဖြင့် သူတို့စားသောက်ဝိုင်းလေးက စိုပြည်ဆူညံနေသည်။ တခြားဝိုင်းတွေ က ခပ်ကဲကဲတွေ ဟု ဝေဖန်မျက်စောင်းထိုးလည်း ဂရုစိုက်တတ်ကြတာမဟုတ်။

ဘ၀ကို ပေါ့ပေါ့လွယ်လွယ်ဖြတ်သန်းရင်း ဘာကိုမှလည်း အလေးအနက်မရှိ။

ကျောင်းပြီးလို့ ဘွဲ့တစ်ခုစီ ရထားကြသော်လည်း အတတ်ပညာချပြစရာ မရှိသလို ရည်ရွယ်ချက်ပန်းတိုင်ဆိုတာလည်း ဘာမှမသိကြ။

မိဘတွေ က အထိုက်အလျောက်ပြည့်စုံကြတာမို့ သွားသွားလာလာ စားစားသောက် သောက် ဖြုန်းတီးနေကြခြင်းပင်။

ယောက်ျားလေးသူငယ်ချင်းသာ ရွေးပေါင်းတတ်သော ပန်ဒါက ပုံပမာ အနားမှာ မရှိတာ ကို ပိုကြိုက်သည်။

“ပုံပမာလေးကို ဂရုစိုက်ပေးပါကွယ်၊ ဦးမောင်က မ ဖြစ်လို့သာ သွားရမှာ ၊ ပုဂံမှာ သူ တစ်ယောက် တည်း ထားခဲ့ရမှာ စိတ်မချဘူး။ ဟိုကနေ ပန်ဒါလေးအတွက် ဦးမောင် လက် ဆောင်တွေ ၀ယ်ပို့လိုက်ပါ့မယ်၊ သမီးတို့ ညီအစ်မ စီးဖို့ ကားတစ်စီးလည်း ၀ယ်ထားခဲ့မယ်နော်။ လိုအပ်တာလည်း လှမ်းမှာ ပေါ့”

ဦးမောင်က မက်လုံးတွေ ပေးပြီး သေသေချာချာ မှာ သွားခဲ့သည်။ ကားတစ်စီးရလိုက်တာ ကို ကိုယ့်အတွက် အပျော်ဆုံးပါ။ ဟိုအရင်ကတည်းက ကိုယ်ပိုင်ကားလေးကို ကိုယ်တိုင်မောင်း ပြီး ကျောင်းတက်ချင်ခဲ့တာ။

ဖေဖေက လုပ်ငန်းရှင် တစ်ယောက် ဆိုပေမယ့် ရှယ်ယာရှင်တွေ နှင့် တွဲ လုပ်ရသည့် လုပ်ငန်းသေးသေးလေးသာ ပိုင်သည်မို့ အိမ်မှာ ရှိသော ကားကို ဖေဖေ တစ်ယောက် သာ အသုံး ပြုသည်။

မေမေနှင့် သူမက တက္ကစီကိုသာ အားကိုးနေရတာ မို့ အပေါင်းအသင်းတွေ ကြားမှာ မျက်နှာငယ်လှ၏ ။

အခုတော့ ကားမမောင်းတတ်သော ပုံပမာက သူ့အဖေ၀ယ်ပေးထားသော ကားဆိုသော် လည်း မိမိလိုက်မပို့လျှင် ဘယ်မှသွားရတော့မှာ မဟုတ်။ ကိုယ် ကတော့ ကိုယ်ပိုင်ကားလိုပင် သွားချင်ရာသွား လုပ်ချင်လုပ်၊ ထည်ထည်ဝါ၀ါ။

“ဟ ပန်ဒါ တစ်ယောက် တည်းတွေးပြီး ရယ်နေပါလား၊ ရွာသာကြီးပို့မှ ဖြစ်တော့မယ် ထင်တယ်”

“မဟုတ်ဘူး သူတစ်ခုခု လိုချင်တာ ရပြီဆိုရင် အဲလို ပြုံးတတ်တယ်၊ ဘာရလဲ မေးကြည့် ပါဦး”

“မေးစရာမလိုပါဘူး၊ ဒီနေ့ ဘယ်ကကားကို ခိုးမောင်းလာလဲမသိဘူး၊ ကားနဲ့လာတာ ငါတွေ့ လိုက်တယ်၊ ဟိုမှာ လေ ဆိုင်ရှေ့မှာ ရပ်ထားတဲ့ ဇီးရောင် ကားလေး”

ခိုင်ထွန်းမေးငေါ့ပြရာ မျိုးကျော်နှင့် ကြယ်စင်ခ လှည့်ကြည့်ပြီး ပခုံးတွန့်သွားကြ၏ ။

“ဟား လန်းလှချည်လား၊ နောက်ဆုံးမော်ဒယ်တွေ ဘာတွေ နဲ့ နင့်အဖေက အဲလောက် တန်ဖိုးမြင့်တဲ့ကား ၀ယ်ပေးလောက်အောင် မချမ်းသာဘူးထင်တယ်နော်”

“နင်တို့တွေးတာ မှန်တယ်၊ ပုံပမာအဖေ ၀ယ်ပေးခဲ့တာ”

“ဘယ်သူ့အတွက်လဲ”

သူ့သမီးအတွက်ပေါ့၊ ဒါပေမဲ့ ပုံပမာက ကားမမောင်းတတ်ဘူးလေ၊ နောက်မှ သင်တန်း ပိတ်ရက်တွေ မှာ ကားမောင်းသင်မယ်တဲ့၊ အဟင်း ကားမောင်းသင်လည်း ရန်ကုန်မြို့ကြီးမှာ တော့ မမောင်းရပါဘူးလို့ ပြောနေတာပဲ”

“ငါသင်ပေးလိုက်ရမလား၊ ငါသင်ပေးလိုက် ရန် ကျွမ်းကျွမ်းကျင်ကျင် ဖြစ်သွားမှာ သေချာ တယ်”

“ကြယ်စင်”

ပန်ဒါက နားနားကပ်ကာ အော်လိုက်တာမို့ ကြယ်စင်ခ ယောင်ယမ်းကာ နားကိုပိတ် လိုက်ရ၏ ။ ပန်ဒါ၏ စူးကနဲအကြည့်မှာ မနာလိုဝန်တိုမှု တွေ နှင့် ။

“မိန်းကလေး တစ်ယောက် ကို ဂရုစိုက်ပြတာမျိုးနဲ့တော့ တို့ကို မနောက်နဲ့နော်၊ ကျန်တာ က ဘယ်လို ဖြစ် ဖြစ်ရတယ်၊ ဒါတော့ တို့ သည်းမခံနိုင်ဘူး”

“နင့်အစ်ကို ငြိမ်မှာ စိုးလို့လား”

“ဟ ဟုတ်မလား ကြယ်စင်ရ၊ ဘယ်ကောင်မလေးနဲ့မဆို မင်းကို သူသ၀န်တိုနေကြပဲ”

“ အဲဒီ အကန့်ဆိုရင်တော့ ဘော်ဒါကဏ္ဍမှာ စည်းကျော်ပြီး ရောသမမွှေရင် ကောင်းမယ် နော် ပန်ဒါ၊ တကယ်လို့ ဘောင်ကျော်သွားရင်တောင် ကိုယ်က အချုပ်ချယ်ခံမှာ မဟုတ်ဘူး”

“ငါတို့ တစ်သက်လုံး သူငယ်ချင်းလို့ပဲ သတ်မှတ်တော့မှာ လား ကြယ်စင်”

စိတ်မဆိုးဘဲ ပန်ဒါပြုံးမဲ့မဲ့လေး မေးတော့ ကြယ်စင်ခက မျက်ခုံးတစ်ချက်ပင့်ကာ ခေါင်း ညိတ်ပြ၏ ။

“ဒီအတိုင်းလေးက အရိုးစင်းဆုံး အကောင်းဆုံးပါပဲဟာ၊ ဘယ်လောက်ပေါ့ပါးလွတ်လပ် မှု ရှိလိုက်သလဲ”

“ငါ ကတော့ နင့်ရဲ့ ချည်နှောင်မှု ကို ခံချင်တယ် ကြယ်စင်၊ သူများ တွေ ထက်စာရင် ငါ့အပေါ်မှာ နင်လည်း သံယောဇဉ်ကြီးခဲ့တာပဲမဟုတ်လား၊ တစ်နေ့နေ့ နင့်ဘက်က ချစ်ခွင့် တောင်းလာမလားလို့ မျှော်လင့်နေတာ”

ပန်ဒါ၏ ပွင့်လင်းမှု ကြောင့် ပခုံးတွေ နဲ့ ကြောက်ရွံ့စလိုလုပ်ပြလိုက်သော်လည်း ကြားနေ ကြစကားမို့ သိပ်တော့ မတုန်လှုပ်တော့ပါ။

ပွင့်လင်းရင်းနှီးစွာ ပေါင်းသင်း ဖြစ်ကြသော သူငယ်ချင်းတွေ မို့ စိတ်ဆိုးစရာ ရှောင်တိမ်း နေစရာလည်း မလို။

ရှေ့မတိုး နောက်မဆုတ်ဘဲ ဒီအတိုင်းနေ ဖြစ်ခဲ့ကြရင်း…။

x x x

အခန်း(၂)

“ဒီအတိုင်းပဲနေပါ ပုံပမာရယ်၊ ကားမောင်းသင်ပြီး တစ်ခုခု ဖြစ်မှ ညည်းအဖေက ငါတို့ကို ပြဿနာရှာနေပါဦးမယ်၊ ခုလည်း ပန်ဒါက ညည်းသွားချင်တဲ့နေရာ လိုက်ပို့နေတာပဲမဟုတ် လား”

“ဟုတ်တော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ အမြဲတမ်းကြီးဆိုတော့ အားနာလို့”

“အားနာတယ်ဆိုပြီး ရန်ကုန်မြို့ထဲရေယ မောင်းရဲမှာ မို့လား”

“အဲလိုလည်း မောင်းရဲမယ်တော့ မထင်ဘူး။ ဟိုနား ဒီနားလောက်ပေါ့၊ ဟို ပြီးတော့ ကားမောင်းလည်း တတ်ထားချင်လို့ပါ”

“တတ်ထားချင်လည်း ညည်းအဖေပြန်လာမှပဲ သင်ပါတော့အေ။ ညည်းအဖေက သူ့သမီး ဆို သည်းသည်းလှုပ် အလကားနေ အမှု ပတ်ခံနေရမယ်”

ဒေါ်တင်မေထက် အကြောက်အကန်ပင် ဇွတ်အတင်း ငြင်းဆိုနေမိသည်။ တကယ်ဆို ပုံပမာအဖေ ဦးတိုးမောင်ကို ကြောက်လွန်းလို့တော့မဟုတ်၊ သမီးလေး ပန်ဒါ ကားအသစ်လေး နှင့် ဟန်ကျနေတာကို မြင်ချင်လို့ပါ။

ပုံပမာသာ ကားမောင်းတတ်သွားလျှင် ဒီကားကို ပန်ဒါက ကိုယ့်ရဲ့ ကိုယ်ပိုင်ကားလို မောင်းချင်တိုင်း မောင်းလို့ရနိုင်ပါဦးမလား။ ပုံပမာက ယောက်ျားဘက်က တော် စပ်ရသော တူမ မို့ သမီးရင်းလောက် ကောင်းမပေးနိုင်ပေ။

တခြားအကြောင်းအရာကိစ္စတွေ လည်း ရှိသေးတာမို့ ပုံပမာအပေါ် သွေးမသက်နိုင်ပါ။

“အစ်ကိုကြီးက သူ့သမီးကို ကားမောင်းသင်ပေးလိုက် ပါလို့ သေသေချာချာမှာ ခဲ့တာ၊ ဖြစ်ပါ့မလား မေရယ်၊ တော် ကြာ ကိုယ်တို့ကို တစ်မျိုးထင် သွားပါဦးမယ်”

ကြားဝင်ပြောလိုက်သော ဦးအောင်မြင့်ကြွယ်ကို ဒေါ်တင်မေထက် မျက်စောင်းဝင့်လိုက် ကာ

“ဘာတစ်မျိုးထင်မှာ လဲ ကိုအောင်၊ တစ်ခုခု ဖြစ်မှ ပိုပြီး အပြစ်ပြောခံရမှာ မဟုတ်ဘူးလား၊ မေက စေတနာနဲ့ တားနေတာပါ၊ ကားမောင်သင်တယ်ဆိုတာ မေတို့ မျက်စိရှေ့မှာ လည်း မဟုတ်ဘူး။ သူ့အဖေလာရင် ဘယ်လိုသင်သင်ပေါ့”

“ကဲပါကွာ ထားလိုက်ပါတော့ အစ်ကိုကြီး ဖုန်းဆက်မေးရင် ငါပဲ ကြည့်ပြောလိုက်ပါ့မယ်၊ ပုံပမာကရော ဘယ်လိုလဲ၊ သမီးဆန္ဒက သင်ချင်နေတယ်ဆိုရင်တော့ စိတ်ချရတဲ့ ကားမောင် သင်တန်းကို လိုက်အပ်ပေးပါ့မယ်”

“နေပါစေတော့ ဦးအောင်ရယ်၊ ဒေါ်လေးပြောသလိုပဲ ဖေဖေလာမှ သင်တာကောင်းပါ တယ်၊ သမီးတတ်ချင်တယ်ဆိုတာကလည်း ပန်ဒါကို အားနာလို့ပါ”

“ညီအစ်မချင်း အားနာစရာလား ပုံပမာရယ်၊ တို့က ကားမောင်းရတာ ကို ကြိုက်တော့ အပန်းမကြီးပါဘူး၊ ပြီးတော့ နင့်ကိုဂရုစိုက်ရင် တို့ကို လက်ဆောင်တွေ အများ ကြီးဝယ်ပေးမယ် လို့ ပြောထားတာ”

“သြော် အေးပါ အဲလိုဆိုလည်း ပြီးရော”

ပုံပမာလေး စိတ်ကျေနပ်မှု ရှိမှ ဦးအောင်မြင့်ကြွယ် သက်ပြင်းချနိုင်တော့သည်။ သူ့သမီး လေး မငြိုငြင်အောင် ဂရုစိုက်ပေးပါလို့ ဦးတိုးမောင် သေသေချာချာမှာ သွားခဲ့တာမဟုတ်ပါလား။

ကိုယ့်ဘက်က မလိုက်လျောလို့ မ ဖြစ်သည့် အကြောင်းအရာတွေ က ရှိနေသည်။ တကယ်ဆို လုပ်ငန်းလေးတစ်ခုနှင့် ကိုယ်တွေ ရပ်တည်နေနိုင်တာ ဦးတိုးမာင် ကျေးဇူးကြောင့် ပါ”

ဒါကို ဇနီး ဖြစ်သူ တင်မေထက်က နားမလည်။

“ညီအစ်ကို တစ်ဝမ်းကွဲဆိုတာလည်း အမျိုးအရင်းကြီးရှိပါသေးတယ်။ သူတို့အဆမတန် ချမ်းသာနေတာတောင် အကြွေးအကျန်အရိုးအရင်းလောက် အရင်းအနှီးထုတ်ပေးတာကို ရှင်က ကျေးဇူးရှင်ကြီးလို့ သတ်မှတ်နေလား”

“ဒါက အစ်ကိုကြီး ပိုင်တာတွေ မှ မဟုတ်တာ၊ မိန်းမဘက်က ဆွေစဉ်မျိုးဆက်ချမ်းသာ လို့ အစ်ကိုကြီးလည်း ကောင်းစားနေတာ”

သူ့မိန်းမက သေပြီလေ၊ ရှင့်အစ်ကိုကြီးပဲ ရရမှာ မဟုတ်ဘူးလား၊ မယားဥစ္စာ လင်ပိုင်တာ ပဲပေါ့”

“အေးလေ ပိုင်တော့ ပိုင်တာပေါ့၊ ဟိုဘက်က အကြီးသေတော့ အငယ်နဲ့ ထပ်ပေးစား တယ်၊ အဲဒီ အငယ်က ပုံပမာဆိုတဲ့ သမီးလေး တစ်ယောက် ပါတယ်”

“အဲဒါ သမီးအရင်းမှ မဟုတ်ာ၊ အမွေပစ္စည်းအကုန် ပေးစရာလိုသလား”

“အရင်မိန်းမနဲ့ အစ်ကိုကြီးပိုင်ဆိုင်တာထက်တောင် နောက်အငယ်က ပိုင်ဆိုင်မှု ပိုများ သေးတယ်ကွ၊ ပြောကြကြေးဆို အစ်ကိုကြီးက ငါတို့လိုပဲ ဘာကြွယ်ဝချမ်းသာမှု မှ ရှိတာမဟုတ် ဘူး၊ မိန်းမတွေ ဘက်က ပြည့်စုံမှု ကြောင့် အစ်ကိုကြီး ဒီလိုနေရတာ ၊ သူလည်း ဒီဘက်က အမျိုး အနွယ်တွေ အပေါ် ဘယ်လောက် သိတတ်ထားလဲ၊ အားလုံးကို အရင်းအနှီးတွေ ထုတ်ပေး လုပ် ငန်းတွေ လုပ်ခိုင်းနဲ့ ကျေးဇူးမတင်ချင်တောင် မစော်ကားသင့်ဘူး”

ကြုံကြိုက် တိုက်ဆိုင်မှု ရှိတိုင်း စကားများ နေရတာ အစ်ကိုကြီးကိုတောင် အားနာစရာ ကောင်းလှသည်။ ဟိုအရင် ငယ်ဘ၀တွေ ကတော့ ကိုယ်တွေ အသိုင်းအ၀ိုင်းက သူလို ငါလို ပြည့်စုံချမ်းသာမှု မရှိသည့် ၀န်ထမ်းအခစားသားသမီးတွေ ပါပဲ။

နောက်ပိုင်း ဆယ်တန်းအောင်ပြီးချိန်မှပဲ အစ်ကိုကြီးဦးတိုးမောင်က ယွန်းထည်ပညာကို စိတ်ဝင်စားပြီး ပုဂံကို ထွက်သွားခဲ့သည်။ ဘုန်းကြီးကျောင်းတွေ မှာ တည်းခိုပြီး ထိုပညာကို လေ့ လာလိုက်စား သင်ယူ၏ ။ တစ်ဖက်က မြင်းလှည်းမောင်းရင်းနှင့် လည်း ကြိုးစားမှု ရှိသည်။

အဲဒီ နောက်မှာ တော့ ယွန်းထည်လုပ်ငန်းရှင်ရဲ့ သမီးနှင့် မေတ္တာမျှကာ လက်ထပ်လိုက် သည်။ အစ်ကိုတိုးမောင်ရဲ့ ကြိုးစားမှု တွေ ကို သိပြီး ယောက္ခမက လုပ်ငန်းတွေ ခွဲပေး၊ အမွေ တွေ ပေးနှင့် ခဏချင်းမှာ ပင် အစ်ကိုတိုးမောင် လုပ်ငန်းရှင်သူဌေး တစ်ယောက် ဖြစ်လာသည်။

ဒါပေမဲ့ အစ်ကိုတိုးမောင် အိမ်ထောင်ရဲ့ သာယာမှု ကို ကြာကြာမခံစားလိုက်ရပါ။ သား သမီးလည်း မရဘဲနှင့် ဆယ်နှစ် လောက်ပေါင်းသင်းပြီးချိန်မှာ ဇနီးသည် ဆုံးပါးသွားခဲ့သည။

ကိုယ်တွေ လည်း နာရေး ကိစ္စနှင့် ပုဂံကို တစ်ခေါက်သွားခဲ့ကြသေး၏ ။ ထိုအချိန်က သမီး လေး ပန်ဒါ ငါးနှစ် သမီးအရွယ်။

“ယောက္ခမတွေ က အစ်ကို့အပေါ် အရမ်းကောင်းကြပါတယ်၊ သားအရင်း တစ်ယောက် လို ကို ချစ်ကြတာ၊ အခု တင်တင်ရီဆုံးပြီး ကိုယ့်ကိုပါ စွန့်လွှတ်လိုက်ရမှာ စိုးရိမ်နေကြတယ်၊ အဲဒါ ကြောင့် ငါးနှစ် သမီးအရွယ် သမီးလေး တစ်ယောက် နဲ့ မုဆိုးမ ဖြစ်နေတဲ့ ခင်ခင်ရီနဲ့ ထပ်ပြီး လက် ထပ်ပေးဖို့ စီစဉ်နေကြတယ်၊ အရင်ကတည်းက ခင်ခင်ရီသမီး ပုံပမာလေးကို သမီးလေးလို့ ချစ် ခဲ့ရတာ ကြောင့် အစ်ကိုကြီးလည်း မငြင်းချင်ဘူး။ ပစ္စည်းဥစ္စာမက်လို့ မဟုတ်ပေမယ့် ခင်ခင်ရီနဲ့ သမီးလေးကို စောင့်ရှောက်ချင်တယ်၊ ပုဂံကိုလည်း သံယောဇဉ်တွယ်နေပြီဆိုတော့ အစ်ကို ရန်ကုန်ကို ပြန်မလာချင်တော့ပါဘူးကွာ”

အစ်ကိုတိုးမောင် သူ့ဘ၀သူ ရွေးချယ်ခဲ့တာ မှန်သည်ဟု ပြောရမည် ။ အိမ်ထောင်ရေး က မေတ္တာတွေ ကြောင့် ခိုင်မြဲသာယာသလို ပစ္စည်းဥစ္စာတွေ လည်း နှစ် ဆတိုးလို့ လူချမ်းသာ သူဌေး ကြီး ဖြစ်ခဲ့သည်။

“မင်းတို့လည်း သမီးလေး တစ်ယောက် မွေးထားတော့ ကိုယ်ပိုင်လုပ်ငန်းလေးနဲ့ ပြည့် ပြည့်စုံစုံလေး ရှိမှ ဖြစ်မယ်၊ ကားလုပ်ငန်းတစ်ခုမှာ ရှယ်ယာထည့်ဖို့ အစ်ကို ငွေအရင်းအနှီးထုတ် ပေးပါ့မယ်၊ အလုပ်ကိုတော့ ကြိုးကြိုးစားစားလုပ်ကွာ”

ထိုကျေးဇူးတွေ ဖြင့် အခုဆို တိုက်ခန်းလေးတစ်ခန်း၊ ကားတစ်ီးဖြင့် အဆင်ပြေပြေနေနိုင် ပြီမဟုတ်ပါလား။ အရင်လို ချို့ချို့တဲ့တဲ့ တဲကုပ်လေးနှင့် မနေရတော့တာ ကျေးဇူးတင်ဖို့ ဘယ် လောက်ကောင်းလိုက်သလဲ။

အခုတော့ ရလေလိုလေ အိုတစ္ဆေဆိုသလို မိန်းမတွေ လောဘက ကျေးဇူးရှင်ကိုတောင် ကျေးဇူးကန်းချင်နေပြီလား မသိ။ အခန်းထဲဝင်သွားသည့် ပုံပမာကို လိုက်ကြည့်ပြီး မျက်စောင်း တစ်ဝင့်ဝင့်။

“လူချမ်းသာ သားသမီးလို့သာပြောတာ၊ ၀တ်တာ စားတာကလည်း ပုံတုံးလိုက်တာ၊ အချိန်ပြည့် သနပ်ခါးက အဖွေးသားနဲ့ တောကလူတွေ နဲ့ အမျိုးတော် သလားလို့ အထင်ခံရရင် သိက္ခာကျတော့မှာ ပဲ”

“မင်းဘယ်လိုပြောလိုက်တာလဲ မေ၊ သနပ်ခါးဆိုတာ မြန်မာအမျိုးသမီးတွေ ရဲ့ ယဉ် ကျေးမှု အမွေအနှစ် ဓလေ့ထုံးစံကွ၊ ဘယ်လောက် ကျက်သရေရှိလဲ၊ မျက်နှာရဲ့ လှပမှု အရွယ် တင်မှု ကိုလည်း ထိန်းသိမ်းရာကျတယ်၊ မင်းတို့လို အမြဲတမ်း မျက်နှာပေါ် မိတ်ကပ်ရောင် စုံတင် နေတဲ့သူတွေ က အရွယ်ကျလွယ်ပြီး မျက်နှာမြန်မြန်ပျက်စီးတတ်တယ် သိရဲ့ လား”

“သြော ရှင်က ဘက်လိုက်တတ်တဲ့ မျိုးချစ်ပုဂ္ဂိုလ်ကြီးလား၊ ဆတ်ဆတ်ထိမခံနိုင် ဖြစ်ပြ နေလိုက်တာ”

“မင်း အဲလိုစကားကို မဆင်မခြင်မပြောနဲ့၊ ဟိုကကြားလို့ သူ့အဖေကို ပြန်တိုင်ရင် ဘာ ဖြစ်သွားမယ်ထင်လဲ၊ ဒီသနပ်ခါးလိမ်းတာလည်း ကိုယ်ဝယ်ပေးရတာ မှ မဟုတ်တာ၊ သူ့ဘာသာ အညာက ပါလာတ လိမ်းပစေပေါ့”

“ကျွန်မက ဘာပြောနေလို့လဲ၊ ဒီကို ရောက်တုန်း ဒီကအပြင်အဆင် အဆင့်အတန်းနဲ့ အညီ ပြုပြင်ဖို့ လိုတာပေါ့၊ အခုခေတ်က ယဉ်ကျေးသိမ်မွေ့နေလို့ လူရိုသေခံရတာ မဟုတ်ဘူး၊ ခေတ်နဲ့အညီ ပြောင်းလဲမှု လေးလည်း ရှိရတယ်၊ ကြည့်စမ်း ရှင်သမီး ဘယ်လောက်လှပပြီး စွဲဆောင်မှု ရှိလိုက်လဲ၊ ၀တ်တာ စားတာ နေတာထိုင်တာ ပြောတာဆိုတာက အစ”

“အေး ဘယ်လိုနေနေ ယောက်ျားလေးအပေါင်းအသင်းများ တာတော့ ကိုယ်မကြိုက်ဘူး နော်၊ အမြဲလမ်းပေါ်မှာ တတွဲတွဲတွေ့ နေရတာ ပတ်ဝန်းကျင်မှာ မသင့်တော် ဘူး”

“အဲဒီ ကိစ္စ ကျွန်မ မဆင်ခြင်ခိုင်းဘူး ကိုအောင်၊ ရည်းစားတစ်ထောင် လင်ကောင်တစ် ယောက် တဲ့၊ ကိုယ်တွဲနေတဲ့လူတွေ ထဲကမှ ဘယ်သူက သင့်တော် တယ်၊ ဘယ်သူက မကောင်း ဘူးဆိုတာ ရွေးချယ်ရမှာ ပေါ့”

“မိန်းမကောင်းဆိုရင် လင်ကောင်မရှားပါဘူး၊ ကိုယ့်သိက္ခာကိုယ် မငဲ့တတ်သူအတွက် တော့ ကိုယ့်ကို တန်ဖိုးထားတဲ့လူကောင်း တစ်ယောက် ဘယ်တော့မှ မရနိုင်ဘူး အဲ ဟို”

စိတ်ရှိတိုင်းပြောလိုက်မိသော်လည်း လေသံမာမာပြင်းပြင်းထန်ထန်တော့ မဟုတ်ပါ။ တင်မေထက် တိုက်ခိုက်မှု တွေ ကို ကြောက်ရွံ့လို့ မဟုတ်ပေမယ့် ချစ်သည့်စိတ်ကြောင့် ဘယ် အချိန်တုန်းကမှ လွန်ဆန်တုံ့ပြန်ခဲ့ဖူးတာမှ မဟုတ်တာ။

အခုလည်း ဒေါ်တင်မေထက်ရဲ့ မျက်စောင်းကြောင့် လေသံတို့က လိုအပ်သည်ထက် ပိုမိုပျော့ကျသွားသလို စကားဆက်ဖို့လည်း တုန်တုန်ချိချိဆွံ့အသွားရသည်။

“ပုံပမာရောက်လာမှ ရှင့်လေသံ ရှင့်အချိုးတွေ ပြောင်းလဲလာတယ်နော်၊ နှိုင်းယှဉ်စရာ ရှိလာလို့ သမီးကို အပြစ်မြင်ချင်လာတာလား၊ ရှင်လည်း ခေတ်လူငယ်ရဲ့ အဖေပဲ နားလည်မှု ရှိမှပေါ့”

“အေးပါကွာ မင်းစောင့်ရှောက်မှု အောက်မှာ ရှိနေလို့ သမီးကိုရော ပုံပမာကိုရော ကိုယ် စိတ်ချပါတယ်၊ ဒါပေမဲ့ ပုံပမာဆန္ဒကိုတော့ မဆန့်ကျင်မိစေနဲ့ကွာ၊ အစ်ကိုကြီးနဲ့ အတိုက်အခံ ဖြစ်ရင် မကောင်းဘူး”

“ရှင်က အရမ်းတွေးပူတတ်လွန်းတယ် ကိုအောင်၊ ကျွန်မတို့က ဘာတွေ မကောင်းတာ လုပ်နေကြလို့လဲ၊ အခုလည်း ပုံပမာ လူဝင်ဆံ့ပြောင်းလဲလာအောင်လို့ပါ”

ဒေါ်တင်မေထက်လည်း လေသံလျှော့လိုက်ရသည်။ အမြဲတမ်းကျေးဇူးရှိသည့်အတွေး နှင့် ကြောက်ရွံ့သိမ်ငယ်နေတတ်သော ဦးအောင်မြင့်ကြွယ်ရှေ့မှာ ပုံပမာအကြောင်း မပြော ဖြစ် အောင် နေမှ ဖြစ်မည် ။

ဒီလို ရှေ့ကနေ ကာဆီးပိတ်ပင်နေလို့ ဖြစ်မလား။ အပြစ်သားလို ခေါင်းငုံ့ ရိုသေခဲ့ရတာ ဘယ်လောက် ကြာခဲ့ပြီလဲ။

ဦးတိုးမောင်ရောက်လာလျှင် အရေး တယူ ပျူပျူငှာငှာနှင့် ဖင်လျက်ဆားဖြူး လုပ်နေခဲ့ ရတာ မို့ ကိုယ်က ကျေးကျွန် တစ်ယောက် လို ဖြစ်နေခဲ့ရတာ ကို မကျေနပ်။ အကြီးအကဲတစ် ယောက် လို လေးစားရတာ ထက် အနေအစား ဆင်ခြင်ပြီး သိမ်ငယ်လွန်းသည်ဟု မြင်ခဲ့သည်။

အခု ဦးတိုးမောင်သမီး ပုံပမာရှေ့မှာ လည်း ဒီလိုနေရဦးမည် ဆိုလျှင်တော့ ကိုယ်တွေ က လေးဘက်ထောက်မစင်စားရုံသာ ရှိတော့၏ ။ ဖြစ်သင့်လို့လား။

ဦးတိုးမောင် ပြန်မလာခင် ပုံပမာကို အပိုးကျိုးအောင် လုပ်ထားမှ။

x x x

အခန်း(၃)

“အပိုးကျိုးအောင် မနေချင်ရင်တော့ မင်းအဖေနဲ့ စာရင်းရှင်းဖို့ပဲ ရှိတော့တယ် ကြယ်စင်၊ ဒီအိမ်မှာ ဒီအရွယ်ထိ ကျွေးမွေးလာခဲ့တာ ကျေးဇူးမတင်ရင်တောင် မစော်ကားသင့်ဘူး၊ အခုတော့ အချိန်မတော် မှ အိမ်ပြန်လာ၊ ကျောင်းပြီးတော့လည်း ဘာအလုပ်မှမလုပ်ဘဲ ဆန်ကုန် မြေလေးပဲ”

“စကားကို ဆင်ဆင်ခြင်ခြင်မပြောတတ်ဘူးလား ဒေါ်ဒေစီ”

စားပွဲခုံကို ဒုန်းခနဲထုချလိုက်ရင်း ကြယ်စင်မေးခွန်းထုတ်လိုက်၏ ။ ဒေါ်ဒေစီက မဲ့ရွဲ့ကာ စားပွဲခုံကို ပြန်ထုလိုက်ပြီး

“အမှန်တွေ ကို ပြောနေတာ၊ ငါကဘာကို ဆင်ခြင်ရမှာ လဲ၊ မိုးလင်းရင် အိမ်ကထွက်၊ မိုးချုပ်အချိန်မရှိမှ အိမ်ပြန်လာ၊ ဖအေဆီက လက်ဝါးဖြန့် သုံးဖြုန်းနေတဲ့သူကို ငါကရှိခိုးဦးတင် လုပ်နေစရာလား၊ မင်းအဖေ ငွေရှာခက်တယ်လို့ ညည်းညူနေတာ သနားတတ်ရင် မင်းအလုပ် တစ်ခုခုလုပ်ဖို့ကောင်းတယ်”

“ကျုပ်က ဘယ်သူကောင်းစားဖို့ နွားကျခံအလုပ်လုပ်ရမှာ လဲ၊ ခင်ဗျားမွေးချင်းမောင်နှမ တွေ အတွက် ဖေဖေ တစ်ယောက် လုံး နွားလို့ရုန်းနေတာတောင် မကျေနပ်သေးဘူးလား ဒေါ်ဒေစီ”

“နင် မမိုက်ရိုင်းနဲ့ ကြယ်စင်၊ နင့်အဖေလို အသက်ကြီးကြီးအိုနေတဲ့သူကို ယူပြီး ငါ့မှာ ဒီလိုအခွင့်အရေး ရှိဦးမှပေါ့၊ ဒါလည်း မယူခင်ကတည်းက သူ့မှာ တာဝန်ရှိပါတယ်ဆိုပြီး သဘောတူ ကြည်ဖြူခဲ့ပြီးသား၊ အရင်က ငါ့မိသားစုအတွက် ငါ့ဘာသာရုန်းကန်ခဲ့တာ၊ အခု လည်း နင့်အဖေပါးစပ်က တာဝန်မယူနိုင်တော့ပါဘူးလို့ ပြောလာရင် ကွာရှင်းပြီး ငါ့မိသားစုကို ငါတာဝန်ယူရုံပဲ”

ဒေါ်ဒေစီက ငယ်နိုင်ကိုင်ဖို့ ကြိုးစား၏ ။ ဖေဖေဘယ်လိုမှ ကွာရှင်းမပေးနိုင်တာကို သိနေ လို့ပါ။

ဖေဖေက ဒေါ်ဒေစီကို အပျိုစင်အရွယ်ကောင်းလေး ရထားတာမို့ တုန်နေအောင်ချစ် သည်။ မေမေနှင့် တုန်းက မေမေက အသက်ကြီးပြီး ဖေဖေက ရှစ်နှစ် ခန့် ငယ်၏ ။

မေမေ့အပေါ် ဆိုးခဲ့သလောက် အသက်ဆယ့်ငါးနှစ် လောက်ငယ်သော ဒေါ်ဒေစီအပေါ် မှာ တော့ ဖူးဖူးမှု တ် အလိုလိုက် ချစ်တတ်လွန်းသည်။ ပင်ပင်ပန်းပန်း ဘာအလုပ်မှ မလုပ်ခိုင်း သလို နောက် မိသားစုအတွက်ပါ တာဝန်ကျေပေးခဲ့သည်။

“ဒေစီက သူ့အိမ်မှာ အကြီးဆုံး သားရဲ့ ၊ ဖအေ မအေလည်း ဆုံးပြီဆိုတော့ အစ်မကြီး အမိအရာပေါ့၊ မောင်တွေ ညီမတွေ ကို ရုန်းကန်ရှာဖွေကျွေးမွေးနေရှာတာ၊ ဖေဖေက သနားလို့ လက်ထပ်ခဲ့တာပါ၊ ဖေဖေ့ဝေယျာဝစ္စတွေ နဲ့ အိမ်ထောင်မှု ကိစ္စတွေ သူယူလိုက်တော့ ဖေဖေက လည်း သူ့မောင်တွေ ညီမတွေ အပေါ် တာဝန်ကျေပေးရမှာ ပေါ့၊ သူတို့လေးတွေ ကလည်း ဖေဖေ့ ကို လေးစားချစ်ခင်ကြပါတယ်”

ဖေဖေက တာဝန်တွေ ပခုံးပြောင်းယူရတာ ကို ပီတိတွေ နှင့် ကျေနပ်နေခဲ့သည်။ မိန်းမ မျက်နှာလေးကြည့်ပြီး ပင်ပန်းတယ်ဟုလည်း မထင်။ သူ ကတော့ မေမေလက်ထက်ပွားပစ္စည်း ဥစ္စာတွေ ဒေါ်ဒေစီကြောင့် တဖြည်းဖြည်း လုံးပါးပါး ဆုတ်ယုတ်လာတာမို့ မကျေနပ်နိုင်ပါ။

ဒါကြောင့် အရွဲ့တိုက်ကာ ဘာအလုပ်မှမလုပ်ဘဲ ဆန့်ကျင်ဆန္ဒပြသည်။ ကြုံရင် ကြုံသ လို တိုက်ခိုက်သည်။

ဖေဖေနှင့် ဒေါ်ဒေစီမွေးထားသော မီးမီးလေးကိုလည်း သူချစ်လို့ မရပါ၊ ကလေးမှာ အပြစ်မရှိမှန်းသိပေမယ့် ဒေါ်ဒေစီသွေးသားမို့

“ကိုကိုကြီး”

သူနှင့် ဒေါ်ဒေစီအခြေအတင်စကားများ နေစဉ်မှာ မီးမီးလေးက သူ့အနားလာကပ်ကာ ခေါ်သည်။ သူ့လက်ကို အကိုင်မခံဘဲ စိတ်လိုက်မာန်ပါ တွန်းထုတ်ပစ်လိုက်၏ ။

“ဖယ်စားပါ နင့်အမေဆီသွား”

“ဟဲ့ ကြယ်စင် နင် လူကမွေးရင် လူစိတ်ရှိမှာ ပေါ့ဟဲ့၊ ငါ့သမီးကို ဘာ ဖြစ်လို့ အော်ထုတ် ရတာ လဲ”

“မအော်စေချင်ရင် ခင်ဗျားသမီးကို ကျုပ်နားမလာစေနဲ့”

“ကလေးက ဘာနားလည်မှာ လဲ၊ ဒါ နင့်အဖေနဲ့မွေးထားတာ၊ နင်နဲ့ မောင်နှမတော် တယ် နော်”

“သွားစမ်းပါ တောမှာ သွားပြော၊ ဖေဖေ့သွေးလည်း ကျုပ် ကတော့ အသိအမှတ်မပြုဘူး၊ ဖေဖေတောင်မှ ကျုပ်ကို သား တစ်ယောက် လို အသိအမှတ်ပြုပြီး အလေးအနက်ရှိတော့တာမှ မဟုတ်တာ”

“ကြည့်စမ်း ကြည့်စမ်း ဖအေ ကျွေးတာစားနေတဲ့ကောင်က ခွေးလို ပြန်ကိုက်နေတယ်၊ ငရဲအိုး ဂျိုးကပ်မယ့်ကောင်”

ဒေါ်ဒေစီက အသံတွေ တုန်လာအောင်ကို ဒေါသ ဖြစ်၍ အော်ပြောသည်။ ကြယ်စင်က စားပွဲခုံတစ်ခါထုရင်း ဒေါ်ဒေစီကလည်း တစ်ခါထု၏ ။

ပန်းကန်တစ်ချပ်ခွဲလျှင် လိုက်ခွဲတတ်ပြီး ဆုံးရှုံးမှု ကိုလည်း နှမြောတတ်တာမျိုးမဟုတ် တာမို့ နေရာက ၀ုန်းဒိုင်းကျဲ၍ သာ ထထွက်လာခဲ့ရသည်။ တုဖက်ပြိုင်ဖို့လ်ညး မရှက်တတ်၊ အပြိုင်အဆိုင် ၀ုန်းဒိုင်းကျဲဖို့လည်း ၀န်မလေး။

ဘယ်သူ့ရှေ့မှလည်း ဆင်ခြင်ဖို့ စဉ်းစားဥာဏ်မရှိ။

ဒီလို မိထွေးကို သူ ဘယ်လို နားလည်လက်ခံပေးရမလဲ။ ဖေဖေကလည်း သူ့ဘက်ကို အာရုံမစိုက်တော့တာမို့ သူ့ဘက်ကလည်း ဘယ်သူ့ကိုမှ နွေးထွေးမှု နှင့် မဆက်ဆံနိုင်။

ကိုယ့်ကိုယ်ကိုယ် လွန်သလားလို့လည်း မတွေးမိဘဲ အရွဲ့တိုက်ဖို့ တုံ့ပြန်တိုက်ခိုက်ဖို့ သာ ပြင်ဆင်နေခဲ့သည်။

“ဟား”

စိတ်တွေ မကြည်လင်စွာ ထွက်လာခဲ့ရတာ မို့ သင်တန်းတက်ချင်စိတ်လည်း မရှိ၊ အိတ် ကို စလွယ်သိုင်းရင်း ခြေလှမ်းတွေ က ဒေါသအလျောက် မြန်ဆန်သွက်လက်နေသည်။

လမ်းဘေးဖုန်းကနေ ခိုင်ထွန်းတို့နှင့် ကစားကွင်းသွားဖို့ ချိန်းလိုက်သည်။ တစ်ဆက် တည်းမှာ ဖေဖေ့ကို ဟန်းဖုန်းဝယ်ခိုင်းဖို့လည်း ဆုံးဖြတ်လိုက်၏ ။

“တီ တီ”

“တောက်”

အနားကပ် ဟွန်းတီးသံကြောင့် လူက တုန်ခနဲ ဖြစ်သွားလျက် ဒေါသဖြင့် တက်ခေါက်ရင်း နောက်လှည့်ကြည့်လိုက်သည်။

“ဟင် ပန်ဒါ”

ပန်ဒါက လမ်းဘေးကျကျကားထိုးရပ်လိုက်ပြီး သူ့အနားဆင်းရပ်၏ ။ ပုံပမာက ကား အောက်မဆင်းဘဲ မျက်နှာခပ်လွှဲလွှဲ။

“ဘာတွေ ကွိုင်လာတာလဲ၊ မျက်နှာက သုန်မှု န်လို့ပါလား”

“ပန်ဒါ ငါ့ကို ကားခဏငှားလို့ ရမလား”

“ဟင် နင်က ဘာလုပ်မလို့လဲ သင်တန်းမတက်ဘူးလား”

“မတက်ဘူး ခိုင်ထွန်းတို့နဲ့ ချိန်းထားလို့၊ ကဲပါ ကားငှားမှာ လား မငှားဘူးလား ဒါပဲပြော”

“ငှားလို့ ရပါတယ်၊ သင်တန်းနဲ့လည်း နီးနေပြီဆိုတော့ ငါတို့က လမ်းလျှောက်သွားလို့ ရပါတယ်”

“အေး အဲဒါဆိုလည်း ကားပေါ်က တိုက်ဂေါကို အောက်ချလိုက်ဦး”

ကြယ်စင်ခ ပြောမှ ပုံပမာအနား ပန်ဒါလျှောက်သွားလိုက်သည်။ သူတို့တွေ ပြောနေသံ ကြားကတည်းက ပုံပမာကားသော့ ကို ဖြုတ်ယူထားပြီး ဖြစ်နေ၏ ။

“ပုံပမာ ဟို ကြယ်စင်ကို ကားခဏငှားလိုက်မယ်နော်၊ ငါတို့ လမ်းလျှောက်သွားလိုက်ရ အောင်”

“ငါ့ကားကို ဘယ်ယောက်ျားလေးမှ မငှားဘူး ပန်ဒါ”

“ဟင် နင်ကလည်း အဲလိုမလုပ်ပါနဲ့၊ ကြယ်စင်က ငါ့ဘော်ဒါပါ”

“နင့်ဘော်ဒါလည်း ငါအားမနာနိုင်ဘူး ပန်ဒါ၊ အဲလို ဗရုတ်သုတ်ခမျိုး ငါမကြိုက်ဘူး”

ပုံပမာ အပြတ်ပြောတော့ ပန်ဒါမျက်နှာ ညိုမည်းသွားပြီး ကြယ်စင်ခလည်း ကားနား ရောက်လာသည်။

“ပန်ဒါ မညက်ညောပါလား၊ နင်က ဒါလေးတောင် မပိုင်ဘူးဆိုတဲ့သဘောပေါ့၊ နင့်အမျိုး ပုံပမာ ဒီလောက် ဆက်ဆံရေး ကျဲမယ်မထင်ဘူး”

“ ဟို နေ နေပါဦးဟယ် ငါပြောပေးပါ့မယ်၊ ပုံပမာ ခဏလောက်ငှားမယ့်ဥစ္စာ နင်က ဘာ ဖြစ်နေတာလဲ၊ ငါ့ကားမဟုတ်တာ လူတွေ သိအောင် မဏ္ဍပ်တိုင် တက်ပြနေတာလား”

“နင်နဲ့ မဆိုင်ပါဘူး၊ အဲလိုသဘောလည်း မဟုတ်ဘူး၊ ကြယ်စင်ခကိုပဲ ကားမငှားချင် တာ”

မတူမတန်အပြောကြောင့် ကြယ်စင် လက်သီးဆုပ် တင်းခနဲ ဖြစ်သွား၏ ။ အိမ်က မကြည် လင်မှု က မျက်နှာမှာ တင်းထန်မာကျောမှု တို့ မပြေပျောက်သေးတာမို့ ပို၍ မိုက်တိမိုက်ကန်း ဖြစ် နေမှာ သေချာသည်။

“မင်း မာနကြီးတာလား၊ ဘ၀င်မြင့်နေတာလား ပုံပမာ”

“ရှင်နဲ့ ဘာအကြောင်းမှ ပြောစရာ မရှိပါဘူး၊ ကိုယ့်လမ်း သွားပါ”

“ပုံပမာ နင်အဲလို မပြောပါနဲ့”

“ပြောပါစေ သူအဲလို ပြောတတ်တာ နားထောင်လို့ ကောင်းသားပဲ၊ အဟင်း ငါ့ရင်ထဲမှာ အမှတ်တရတောင် ဖြစ်သွားတယ်၊ ဒီမယ် ပုံပမာ တခြား ယောက်ျားတွေ ကို အဲလိုသွားပြီး ရန်မစ မိစေနဲ့နော်၊ ကြီးကျယ်တဲ့ မိန်းမတွေ ကို ယောက်ျားတွေ မကြိုက်ဘူး”

ပုံပမာ မျက်နှာလေးတည့်တည့် လက်ညှိုးလက်မကွေးပြီး သေနတ်လို ပစ်ခဲ့ပြီးမှ မဲ့ပြုံး များ နှင့် ကြယ်စင်ခ လှည့်ထွက်သွားသည်။

ပုံပမာကလည်း နှုတ်ခမ်းဖူးဖူးလေးကို တမင်အရုပ်ဆိုးအောင် မဲ့၍ မျက်နှာကို ဆတ်ခနဲ လွှဲပစ်လိုက်၏ ။

အကြောင်းရေစက် ဆုံစရာမှ မရှိတာအေးဆေးပေါ့။

x x x



ဝန်ဇင်းချစ်သူများ လုံမ ၏ “ အသည်းကွဲအောင်လက်မှတ် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ခြယ်သမမီ တိမ်ပန်းချီ

ပြောဖို့လိုသေးလား

အနာတရလေပြည်