အခန်း(၁)
မိုးရွာတော့မယ်ဆိုတာကို. . . မိုးရနံ့ရလို့ ကျွန်မသိတယ်၊
ဒါပေမယ့်. . . မိုးစက်ကလေးတွေ ကိုကျွန်မမမြင်ဖူးဘူး. . .
ဆောင်းမှာ ကျလာတဲ့နှင်းပေါက်ကလေး တွေ အေးမြတာကို. . .
ကျွန်မခံစားလို့ရပါတယ်။
ဒါပေမယ့်. . . နှင်းပွင့်ကလေးတွေ ကိုလည်း ကျွန်မ မြင်ချင်တယ်. . .
ငှက်ကလေးတွေ တေးဆိုသံကို. . . ကျွန်မ ကြားရတော့ ကြည်နူးမိပါတယ်။
ဒါပေမယ့်. . . အဲဒီ ငှက်ကလေးတွေ ကို ကျွန်မမြင်ဖူးချင်သေးတာပေါ့နော်. . .
သာယာတဲ့သီချင်းသံဟာ ကျွန်မစိတ်ကို ကြည်မွေ့စေပါတယ်၊
သီချင်းစာသားလေးတွေ ကိုပါ ကျွန်မဖတ်နိုင်ရင် သိပ်ကောင်းမှာ ပဲ. . .
အရုပ်၊ အရောင် ၊ အရိပ်ဆိုသော အာရုံခံစားမှုများ ကို
သူမ လက်လွှတ်ဆုံးရှုံးခဲ့သည်မှာ . . . ဆယ်စုနှစ် တစ်ခု မကတော့ပါပြီ။
အရုပ်ဆိုတာဘာလဲ၊
အရောင် ဆိုတာ ဘယ်လိုလဲ။
အရိပ်ဆိုတာ ဘယ်လိုဟာမျိုးလဲ။
နှောင်းမသိတော့ပါ။
နှောင်းရဲ့ မျက်လုံးတွေ အမြင်ဓာတ် ပြန်ရတော့မယ်တဲ့။
မြင်တယ်ဆိုတာ ဘယ်လိုများ လဲကွယ် .. . .
လူမမယ်အရွယ်က မြင်ခဲ့ဖူးသော်လည်း နှောင်း မမှတ်မိတော့ပါ။
မျက်စိပြန်မြင်ခွင့်ရခဲ့ရင် နှောင်းအတွက် ဘာတွေ ထူးခြားလာမှာ လဲ . . .
တွေးရင်း နှောင်း ရင်ခုန်မိပေသည်။
အမြင်ဓာတ်ပြန်ရတဲ့ နှောင်းမျက်ဝန်းထဲမှာ စွဲထင်လာတဲ့ပုံရိပ်တွေ ဟာ. . . အစစ်အမှန်တွေ ချည်းပဲလား။ ပထမတော့ နှောင်းသည် မြင်ရ သမျှအရာ အားလုံးကို အစစ်အမှန်လို့ပဲ ထင်မှတ်ခဲ့ပေသည်။
သို့သော်. . . သူမမြင်နေရသော မိန်းကလေးသည် အခြားသူများ နှင့် တစ်သီးတခြား ဖြစ်နေပြီး၊ မိန်းကလေးရဲ့ ကိုယ်လုံးကို ဖောက်ထွင်း၍ အခြားသော အရာများ ကို မြင်နေရခြင်း၊ မိန်းကလေး၏ ခန္ဓာကိုယ်သည် ပုံသေမရှိပဲ. . . လွင့်မျောပျောက်ကွယ်သွားခြင်းတို့ကြောင့် နှောင်းအ တွက် အဆန်းတကြယ် ဖြစ်ခဲ့ရလေသည်။
နှစ် ပေါင်းများ စွာ အမြင်အာရုံဆုံးရှုံးခဲ့သော နှောင်းသည်. . . မိမိ ဘေးမှ မိန်းကလေးကို ဝိညာဉ်အရိပ်တစ်ခု ဖြစ်မှန်း မသိခဲ့ပါပေ။
သူမဘေးတွင် တွယ်ကပ်နေသော မိန်းကလေး၏ ပုံရိပ်ကို
နာနာဘာဝဝိညာဉ်တစ်ကောင်ဟု သိလိုက်ရချိန်မှစ၍
နှောင်းတွင် ထိတ်လန့် ချောက်ခြားဖွယ်. . .
ရင်ခုန်ကြောက်လန့်ဖွယ်အ ဖြစ်များ . . .
စတင်လာခြင်းပင် ဖြစ်တော့၏ ။
ဝိညာဉ်အရိပ်ဟာ ဘယ်သူလဲ။
နှောင်းကိုမျက်ကြည်လွှာပေးလှူခဲ့သူ၏ ပုံရိပ်ကိုယ်ပွားလား. . .
ယခင်ကတည်းက ဤအနီးပတ်ဝန်းကျင်တွင် ရှိနေသည့် ဝိညာဉ်တစ်ခုလား. . .
ချောက်လှန့်နေသော မကျွတ်မလွတ်သူတစ်ဦးလား. . .
သရဲတစ်ကောင်လား
တစ္ဆေတစ်ကောင်လား. . .
ဒီကနေ့ နှောင်းရဲ့ မျက်လုံးတွေ ကို ခွဲစိတ်တော့မည် ။ မမြင်ရဘူးဆိုတဲ့နှောင်းရဲ့ မျက်လုံးနှစ် လုံးမှာ အမြင်အာရုံပါတဲ့ မျက်ကြည် လွှာဆိုသည့်ပစ္စည်းအပိုတစ်ခုတပ်ပေးကြမယ်တဲ့။
မြင်တယ်ဆိုတာ ဘာလဲ။ အမြင်ဆိုတဲ့အာရုံနဲ့ပတ်သက်လို့ နှောင်း ဘာဆိုဘာမှမမှတ်မိတော့ပါ။ အမှော င်ထုထဲမှာ နှစ် ပေါင်း များ စွာ နေလာခဲ့ရသော နှောင်းသည် ဟိုငယ်စဉ်ကလေးဘဝက မြင်ခဲ့ရဖူးပါသည်ဆိုသော မျက်လုံးများ ၏ အမြင်ဓာတ်ကို မမှတ်မိတော့ပါ။
ခုတော့. . . နှောင်းဟာ မျက်မမြင်ဘဝက လွတ်မြောက်တော့မယ်တဲ့လေ။ ဒေါ်လေးရီနှင့်တကွ ပတ်ဝန်းကျင်တစ်ခုလုံးက နှောင်းအတွက် ဝမ်းသာနေကြသည်။ နိုင်ငံခြားကိုရောက်နေသော မမဆောင်းကလည်း နှောင်းအတွက် ဝမ်းသာခြင်းကတစ်ဖက်၊ စိုးရိမ် ခြင်းကတစ်ဖက်ဖြင့် ဖုန်းအကြိမ်ကြိမ်လှမ်းဆက်နေသည်။
နှောင်းမျက်လုံးကုသနိုင်ဖို့အတွက် နှောင်း၏ တစ်ဦးတည်းသော အစ်မ ခင်ဆောင်းဦးသည် စင်္ကာပူနိုင်ငံတွင် သွား၍ အလုပ်လုပ် လျှက်ရှိသည်။ ခုတော့. . . မမဆောင်းဆန္ဒတွေ ပြည့်ဝပေတော့မည် ။ ညီမလေးကို သာမန်လူသား တစ်ယောက် လိုမျက်စိမြင်စေချင်သော မမဆောင်း။ ခွဲစိတ်ကုသမယ့်ရက်ကို အမီမလာနိုင်ပေမယ့် အမြန်ဆုံးရောက်အောင်ပြန်လာခဲ့မည် ဟုဆိုသည်။
နှောင်းကိုယ်တိုင်လည်း မျက်စိပြန်မြင်ရတော့မည် ဆို၍ ရင်ခုန်လျှက်ရှိပါသည်။
ကျေးဇူးရှင်မမဆောင်း၊ အဒေါ် ဒေါ်လေးရီ၊ အစစအရာရာ ဖေးမစောင့်ရှောက်ပေးနေသော အိမ်နီးချင်းများ ၊ ပြီးတော့. . . ကိုဆက် ခေါ် ကိုငြိမ်းဆက်။ စတဲ့လူတွေ အားလုံးကို နှောင်းမြင်တွေ့ ချင်ပါသည်။
အသက်ငါးနှစ် အရွယ်ကတည်းက မျက်စိကွယ်ခဲ့ရသော နှောင်းသည် အပြင်လောကကြီး ဘယ်သို့ဘယ်ပုံရှိသည်ကို မမှတ်မိ တော့ပါ။ ငါးနှစ် အရွယ်လူမမယ် တစ်ယောက် ၏ ဦးနှောက်မှတ်ဥာဏ်ဖြင့် လူတို့၏ ပုံပန်းသဏ္ဍာန်ကိုလည်း မမှတ်မိတော့ပါ။
လူဆိုတာ ဘယ်လိုပုံစံမျိုးလဲ၊ အရောင် ဆိုတာ ဘာကိုခေါ်တာလဲ၊ နှောင်းတစ်ခုမှမမှတ်မိပေ။ မျက်စိပြန်မြင်ရင်တော့ ဒါတွေ ကိုပြန်ပြီးသင်ယူလေ့ကျင့်ရလိမ့်မည် ထင်သည်။
အရုပ်၊အရောင် ၊အရိပ်ဆိုတာကို နှောင်းမသိ။ နှောင်းသိတာက အသံနှင့်အနံ့အသက်သာ။ ပြီးတော့. . . အထိအတွေ့ ။
ခုတော့. . . နှောင်းသည် ကံကောင်းထောက်မစွာ ဖြင့် မျက်စိပြန်မြင်ရပါတော့မည် ။
မျက်ကြည်လွှာအစားထိုးကုသရန် စာရင်းတင်သွင်းထားသော နှောင်းကို စေတနာရှင်အလှူရှင်တစ်ဦး၏ မျက်ကြည်လွှာရရှိ၍ မျက်စိအထူးကုဆေးရုံမှ ဆင့်ခေါ်ခဲ့လေသည်။
နှောင်း၏ ၁၂နှစ် တိတိ အမြင်အာရုံကွယ်ပျောက်နေသော မျက်လုံးသည် မျက်ကြည်လွှာအစားထိုးခြင်းဖြင့် ပြန်ပြီးမြင်ရ ပါတော့မည် ။
နှောင်း၏ အိမ်နီးချင်းတွေ အားလုံး ဆေးရုံတက်နေသော နှောင်းဆီသို့ရောက်လာကြသည်။
မနက်ပိုင်းတွင် နှောင်းတို့နှင့်အခန်းချင်းကပ်ရက် အခန်းနံပါတ် (၃)မှ မဆစ်တိုနှင့် အခန်းနံပါတ်(၄)မှ ဆရာဦးအောင်မြတ်နှင့် ဆရာမ မခင်မွှေးတို့လင်မယားရောက်လာကြသည်။
နေ့လည်ပိုင်းတွင် နှောင်းကို မျက်ကြည်လွှာအစားထိုးကုသခြင်း ပြုလုပ်ပါသည်။
ညနေပိုင်း၌ ဘေးချင်းကပ်ရက်အခန်းနံပါတ်(၁)မှာ နေသော ကြီးကြီးမာနှင့် သူ့သမီးအေးမာဦးတို့က ရောက်လာခဲ့သည်။
သူတို့အားလုံးက နှောင်းမျက်စိပြန်မြင်တော့မည် ဆို၍ ပျော်နေကြလေသည်။
''နှောင်းရေ. . . ခုကတည်းက ခန့်မှန်းကြည့်စမ်း၊ ကြီးကြီးမာဟာ ဘယ်လိုပုံ ဖြစ်မလဲလို့''
ကြီးကြီးမာတို့မိသားစုမှာ နှောင်းကို အနီးကပ်စောင့်ရှောက်ပေး နေသူများ ဖြစ်သည်။ နေ့လည်ခင်းမှာ ဒေါ်လေးရီရုံးသွားနေလျှင် နှောင်းအတွက်အဖော်မှာ ကြီးကြီးမာပဲ ဖြစ်လေသည်။ ကြီးကြီးမာက အိမ်ရှေ့ ဝရံတာတွင် ဈေးဆိုင်လေးဖွင့်ရောင်းသည်မို့ နံရံတစ်ချပ် သာခြားသော နှောင်းကို မြင်တွေ့ နေရသည်။ ကြီးကြီးမာရှိနေ၍ သာ ဒေါ်လေးရီကလည်း စိတ်ချလက်ချရုံးသွားနိုင်ခြင်း ဖြစ်သည်။
နှောင်းတို့သည် ဘေးပတ်ဝန်းကျင်မှစောင့်ရှောက်ပေးနေသူများ ရှိ၍ ငါးခန်းတွဲ တန်းလျားလေးတွင် မြဲနေကြခြင်း ဖြစ်ပါသည်။
နေ့လည်ခင်းတိုင်း နှောင်းက အိမ်ရှေ့ဝရံတာတွင် ထွက်ထိုင်နေလျှင် ဈေးရောင်းနေသော ကြီးကြီးမာက နှောင်းကိုတစ်ချိန်လုံး မြင်တွေ့ နေရသည်။ ကြီးကြီးမာသည် သူကြည့်ထားသော ဗီဒီယိုဇာတ်ကားများ အကြောင်းကို နှောင်းအားပြောပြနေတတ်၏ ။
စကားများ ပြီး အာဝဇွန်းရွှင်သော ကြီးကြီးမာက နှောင်းကို သူ့ပုံစံအားခန့်မှန်းခိုင်းကြည့်နေခြင်း ဖြစ်သည်။
''ကြီးကြီးမာကလည်း နှောင်းမှ ကြီးကြီးမာကိုမမြင်ဖူးသေးတာ၊ ဘယ်လိုခန့်မှန်းလို့ရမှာ လဲ''
''မမြင်ဖူးသေးလို့ခန့်မှန်းခိုင်းတာလေ၊ ကြီးကြီးမာကို နှောင်းက လှတယ်လို့ထင်သလား၊ ရုပ်ဆိုးတယ်လို့ ထင်သလား''
''အို. . . သဘောကောင်းတဲ့ကြီးကြီးမာဟာ လှမှာ ပါ၊ လူတွေ ဟာ စိတ်ထားကောင်းရင်လှတယ်ဆို''
''အေး. . . ဟုတ်တယ်ကွဲ့၊ ဟုတ်တယ်၊ ကြီးကြီးမာက မေသဉ္ဇာဦးနဲ့တူတယ်၊ သိလား''
ကြီးကြီးမာအပြောကြောင့် ဘေးမှဒေါ်လေးရီကော၊ ကြီးကြီးမာသမီးအေးမာဦးကပါ ရယ်မောနေကြသည်။
''ကြီးကြီးမာကလည်း၊ မေသဉ္ဇာဦးဆိုတာဘယ်သူလဲ၊ နှောင်းမှ မသိတာ၊ အဲ. . . မြင်လည်းမမြင်ဖူးဘူးလေ''
''မေသဉ္ဇာဦးဆိုတာ ကြီးကြီးမာပြောပြောပြနေတဲ့ဗီဒီယိုကားတွေ ထဲက မင်းသမီးလေကွယ်''
''ဟုတ်လား၊ မင်းသမီးဆိုတော့ ချောမှာ ပေါ့နော်''
''ကြီးကြီးမာအတိုင်းပါပဲကွယ်၊ နှောင်းလေးမျက်စိပြန်မြင်မှ ကြီးကြီးမာနဲ့မေသဉ္ဇာဦးကို ယှဉ်ပြရဦးမယ်''
တကယ်တော့ ပျော်တတ်သော ကြီးကြီးမာသည် ခွဲစိတ်ခံထားရသော နှောင်းကို စိတ်ပျော်ရွှင်အောင် ပြောနေခြင်း ဖြစ်ပါ၏ ။
''ကြီးကြီးမာ၊ မနက်က ဦးအောင်မြတ်တို့၊ အန်တီမွှေးတို့နဲ့အတူတူ မဆစ်တိုပါ လာသွားတယ်၊ အခန်းသုံးခန်းလုံးက လူစုံပြီ ကြီးကြီးမာ၊ ကိုဆက်. . . ကိုဆက်ကတော့ ခုထိမလာသေးဘူး''
''မောင်ဆက်ကို မတွေ့ တာ သုံးလေးရက်ရှိပြီကွဲ့၊ သူ ဆိုင်က ပြန်မလာဘူးထင်တယ်''
''အင်း. . . နှောင်း ဆေးကုခံနေတာကို ကိုဆက် ဘယ်သိမလဲနော်''
ကိုဆက်ဆိုသော ကိုငြိမ်းဆက်မှာ ငါးခန်းတွဲ တန်းလျား၏ ဘေးအစွန်ခန်းတွင် တစ်ဦးတည်းနေသူ ဖြစ်သည်။ နေ့လည်ခင်း များ မှာ နှောင်းနဘေးကိုလာ၍ ဂစ်တာတီးပြ သီချင်းဆိုပြလေ့ရှိသူ။ ကိုဆက်က စားသောက်ဆိုင်တစ်ခု၏ တီးဝိုင်းတွင် လိဒ်ဂစ်တာတီးသူ ဖြစ်သည်။ ညနေပိုင်းမှ အလုပ်ဆင်းရသူမို့ နေ့လည်ပိုင်းအားချိန်မှာ နှောင်းမပျင်းအောင် လာနေပေးတတ်သည်။
နှောင်းကိုဆေးရုံကခေါ်လိုက်သည့်အချိန်တွင် ကိုဆက်ရှိမနေ။ ထိုနေ့မတိုင်မီ တစ်ညကပင် အိမ်ပြန်မလာတာကို နှောင်းသတိ ထားမိနေသည်။
''ဒါဖြင့်. . . ကိုဆက်အိမ်ပြန်မလာတာ သုံးညတောင်ရှိပြီပေါ့ ကြီးကြီးမာ၊ ဘာ ဖြစ်လို့ပြန်မလာပါလိမ့်နော်''
''ဟုတ်လား၊ ကြီးကြီးမာတော့ မတွက်မိပါဘူး၊ လူပျိုလူလွတ်ဆိုတော့လည်း တစ်ခါတလေ ဆိုင်မှာ ပဲအိပ်လိုက်တာ ဖြစ်မှာ ပေါ့ကွယ်၊ နှောင်းမျက်စိပြန်မြင်ရတော့မယ်ဆိုတာသိရင် ပြေးလာပါလိမ့်မယ်ကွယ်''
''နှောင်းလေ. . . မျက်စိပြန်မြင်မြင်ချင်းအချိန်မှာ အိမ်နီးချင်းတွေ အကုန်လုံးကိုမြင်ချင်တယ်၊ မမဆောင်းကိုလည်း မြင်ချင်တယ်''
''မြင်ရမှာ ပေါ့ကွယ်၊ မမဆောင်းလည်း ပြန်လာနိုင်အောင် ကြိုးစားနေပါတယ်သမီးရဲ့ ၊ ပတ်တီးမဖြည်ခင် ရောက်လာလိမ့်မယ် ထင်တာပဲ၊ ခုလိုအချိန်မှာ စိတ်ကိုအေးအေးထားနော် သမီး''
နှောင်း၏ အဒေါ် ဒေါ်လေးရီက ဝင်ပြောလိုက်သည်။
''နှောင်းပြန်လာရင် တို့တွေ တန်းလျားတစ်ခုလုံးက နှောင်းကို ပွဲလုပ်ပြီးကြိုဖို့စီစဉ်ထားပြီးပြီညီမလေးရဲ့ ၊ သိလား''
အေးမာဦးက ပြောလိုက်ခြင်း ဖြစ်သည်။
အဲဒီ လို ကိုယ့်အပေါ်ဂရုဏာထားတဲ့အိမ်နီးချင်းတွေ ကို နှောင်း မြင်ချင်တွေ့ ချင်လှပါပြီရှင်. . .
နှောင်းအသက်ငါးနှစ် အရွယ်တွင် နှောင်းတို့နေထိုင်ခဲ့ရာရပ်ကွက်၌ မီးအကြီးအကျယ်လောင်ကျွမ်းခဲ့လေသည်။ တစ်မြို့လုံး တစ်နိုင်ငံလုံး ထိတ်လန့်သွားစေအောင်ပင် ရပ်ကွက်လုံးကျွတ် ခဏချင်း ပြာကျသွားအောင်လောင်ခဲ့သော မီးကြီး ဖြစ်ပါ၏ ။
ထိုအချိန်က အသက်ငါးနှစ် သမီးအရွယ် ခင်နှောင်းထွေးသည် အိမ်အပေါ်ထပ်တွင် အိပ်နေချိန် ဖြစ်ပါသည်။ နှောင်းဖေဖေသည် အိမ်အောက်ထပ်တွင် ဘက်ထရီးအိုးလုပ်ငန်းလုပ်ဆောင်ပါ၏ ။
မီးလောင်ချိန်တွင် မေမေက မမခင်ဆောင်းဦးကိုခေါ်ကာ ဈေးသွားနေချိန် ဖြစ်သည်။ ဖေဖေ့ညီမဒေါ်လေးရီမှာ ထိုစဉ်က တက္ကသိုလ်တက်နေချိန် ဖြစ်သည်။
မီးလောင်ချိန်၌ အိမ်တွင် ဖေဖေနှင့်နှောင်းတို့ပဲရှိသည်။
ဖေဖေသည် အိပ်ပျော်နေသော နှောင်းကို အသက်ဘေးလွတ်အောင်ကယ်တင်ခဲ့ပါသည်။
ဖေဖေအိမ်ပေါ်ထပ်သို့တက်လာကာ အိပ်နေသော နှောင်းကို ပွေ့ချီနေစဉ်တွင် မီးသည် နှောင်းတို့အိမ်ပတ်ပတ်လည်ကို ကူးစက် လောင်ကျွမ်းနေခဲ့ပြီ။
နှောင်းကိုပွေ့ချီကာ ဖေဖေလှေကားပေါ်မှဆင်းလာတော့ မီးစွဲနေသော လှေကားကြီးက နှောင်းတို့လှေကားအလည်လောက်မှာ ရှိစဉ် ပြုတ်ကျသွားလေသည်။ ဖေဖေရော နှောင်းပါ အောက်ထပ်ရှိဘက်ထရီ အိုးများ ပေါ်သို့ကျသွားသည်။ ဘက်ထရီအိုးထဲထည့်သည့် အက်စစ်ပုလင်းများ ကွဲထွက်ကာ နှောင်းကိုစင်ကုန်လေသည်။
ဖေဖေသည် ဒဏ်ရာရသွားသော်လည်း အားတင်းထကာ နှောင်းကိုပွေ့ချီ၍ အပြင်သို့မရောက်ရောက်အောင်ထွက်ခဲ့လေသည်။ ထိုအချိန်၌ ဖေဖေ့မှာ ရော နှောင်းမှာ ပါ အဝတ်အစားများ ကို မီးစွဲလောင်ကျွမ်းနေပေပြီ။
ကလေးကိုပွေ့ချီလာသော ဖေဖေ့ကိုမြင်လိုက်သော ကယ်ဆယ်ရေး အဖွဲ့များ က အလျင်အမြန်ကယ်ဆယ်လိုက်နိုင်ပါသည်။ သို့ရာ တွင် နှောင်း သူ့လက်မှလွတ်ကာ ကယ်ဆယ်သူများ လက်ထဲသို့ရောက်သွားသည်နှင့် စိတ်ကိုလျှော့လိုက်သော ဖေဖေသည် ထိုနေရာမှာ ပင် ကွယ်လွန်သွားခဲ့လေသည်။
ဒါတွေ ကို မေမေပြန်ပြောပြ၍ နှောင်းသိရှိနေရခြင်း ဖြစ်ပါ၏ ။
နှောင်း၏ အာရုံထဲတွင် တော့ ထိုအ ဖြစ်ကိုပြန်တွေးသည့်အခါတိုင်း အလျှံငြီးငြီးတောက်လောင်နေသော မီးစွယ်မီးညွန့်များ ၊ ခန္ဓာ ကိုယ်အနှံ့ ပူလောင်နာကြင်မှုများ ၊ ငရဲပွက်သကဲ့သို့အော်ဟစ်နေသော လူသံများ ကိုသာ ကြားနေရသည်။ တိတိကျကျ မမှတ်မိတော့ပေ။
မီးလောင်ပြင်မှလွတ်လာသော နှောင်းသည် အသက်ဘေးမှ လွတ်ခဲ့သော်လည်း အက်စစ်များ မျက်လုံးထဲဝင်ကာ မျက်စိကွယ်ခဲ့ရ လေသည်။
လွန်ခဲ့သော ၁၂နှစ် ။ နှောင်းအသက်ငါးနှစ် အရွယ်က အ ဖြစ်အပျက်များ ဖြစ်ပါသည်။
အသက်ငါးနှစ် မှာ မျက်စိကွယ်ခဲ့ရသော နှောင်းသည် ငါးနှစ် အရွယ်အထိ မြင်တွေ့ ခဲ့ရသော အမြင်အာရုံများ ကို မမှတ်မိတော့ပါ။ စဉ်းစားလို့လည်း မရတော့ပါ။
မီးလောင်မှု ဖြစ်ပွားပြီးနောက် နဂိုနေရာတွင် ပြန်လည်နေထိုင်ခွင့်မရခဲ့ပါ။ သက်ဆိုင်ရာက မီးဘေးသင့်အိမ်ထောင်စုများ အား မြေနေရာအသစ်များ ချထားပေးခဲ့သည်။
မေမေသည် ရရှိသော မြေနေရာကို ပြန်ရောင်းစားကာ ယခုနေနေသော ငါးခန်းတွဲ တန်းလျားလေးတွင် အခန်းတစ်ခန်းငှားပြီး နေထိုင်ခဲ့ခြင်း ဖြစ်ပါသည်။
ဖေဖေရော စီးပွားရေး လုပ်ငန်းပါ မရှိတော့သည့်အတွက် မေမေသည် ကိုယ်တိုင်ဈေးထွက်ရောင်းရလေသည်။ လမ်းထိပ်တွင် မုန့်တီသုပ်ရောင်းသော ဆိုင်ကလေးဖွင့်ခဲ့ခြင်း ဖြစ်သည်။
အရင်းအနှီးအတွက် ထိုစဉ်က သက်ရှိထင်ရှားရှိသေးသော မေမေ၏ မိဘများ (နှောင်း၏ အဘိုးအဘွားများ )က အမွေအနှစ် အ ဖြစ် လက်ဝတ်ရတနာတချို့ခွဲပေးသော ကြောင့် အဆင်ပြေခဲ့လေသည်။
မုန့်တီဆိုင်လေးဖွင့်၍ ပင်ပန်းသော်လည်း မိသားစုစားဝတ်နေရေး တော့ ပြေလည်ခဲ့ပါသည်။
နှောင်းတို့နှင့်အတူနေသော ဖေဖေ့ညီမအငယ်ဆုံး မခင်သက်ရီမှာ ထိုစဉ်က တက္ကသိုလ်တွင် ဒုတိယနှစ် တက်နေချိန် ဖြစ်သည်။ မီးလောင်ပြီးစီးပွားရေး ကျဆင်းသွားချိန်တွင် ဒေါ်လေးရီကျောင်းထွက်လိုက်ရသည်။ အစိုးရရုံးတစ်ရုံးမှာ အောက်တန်းစာရေး ဝင်လုပ်ခဲ့ရ သည်။
နှောင်းအထက်က အစ်မခင်ဆောင်းဦးမှာ နှောင်းထက် အသက်၇နှစ် ပိုကြီးပါသည်။
မေမေသည် ဖေဖေမရှိသည့်နောက် ကိုယ်တိုင်ရုန်းကန်ရသော်လည်း မငြီးငြူခဲ့ပါ။ မေမေ့မှာ သော ကဟူ၍ တစ်မျိုးတည်းသာရှိပါ သည်။ သမီးအငယ်လေးနှောင်း၏ မျက်စိပြန်မြင်ရေး ကိစ္စ ဖြစ်သည်။
မေမေက နှောင်းကို ဆေးရုံဆေးခန်းစုံလင်အောင်ပြသခဲ့သည်။ မျက်စိအထူးကုပါရဂူကြီးများ ဆေးခန်းအထိရောက်ရှိကာ ငွေ ကုန်ခံ၍ ပြသခဲ့ပါသည်။ သို့သော်. . . ဆရာဝန်ကြီးများ ၏ မှတ်ချက်က တစ်မျိုးတည်း ထွက်လာခဲ့သည်။
နှောင်း၏ မျက်စိထဲကို ဘက်ထရီအိုးသုံးသော အက်စစ်ပျော့များ ဝင်ရောက်ခဲ့ခြင်းကြောင့် မျက်ကြည်လွှာပျက်စီးသွားခဲ့ပြီ။ ကုသ လို့ မရတော့ဟုဆိုသည်။ နောင်တစ်ချိန်တွင် မျက်ကြည်လွှာအစားထိုးကုသနိုင်ပါက မျက်စိပြန်မြင်ခွင့် ရကောင်းရနိုင်ကြောင်း မှတ်ချက် ပေးခဲ့ကြသည်။
နှောင်း အသက်ဆယ်နှစ် အရွယ်မှာ မေမေကွယ်လွန်သွားသော ကြောင့် မေမေသည် နှောင်းကို မျက်စိပြန်မြင်ခွင့်ရကြောင်း သိမသွားရှာတော့ပါ။
မေမေကွယ်လွန်ချိန်၌ မမဆောင်းမှာ ဆယ်တန်းအောင်ပြီးချိန် ဖြစ်သည်။ မမဆောင်းသည် တက္ကသိုလ်တစ်ဖက်တက်ရင်းမှ ကွန်ပြူတာစာရင်းကိုင်သင်တန်းကိုတက်ခဲ့သည်။ မမဆောင်းသည် ဝင်ငွေကောင်းကောင်းရသော အလုပ်တစ်ခုရဖို့ ကြိုးစားခဲ့လေသည်။ မမဆောင်း၏ ရည်ရွယ်ချက်မှာ နှောင်းမျက်စိပြန်မြင်ဖို့ပင် ဖြစ်ပါသည်။
တကယ်တော့ မမဆောင်းရော ဒေါ်လေးရီရော. . . သူတို့ဘဝကို နှောင်းအတွက်သာ မြှုပ်နှံထားကြသူများ ဖြစ်သည်။ အိမ်မီး လောင်ချိန်၌ ဒေါ်လေးရီသည် တက္ကသိုလ်ဒုတိယနှစ် ကျောင်းသူ ဖြစ်သည်။ ချစ်သူရှိပြီးသူ ဖြစ်သည်။ မီးလောင်လို့စီးပွားပျက်သွားတော့ ကျောင်းကထွက်လိုက်ရသည်။ ချစ်သူကိုအဆက်ဖြတ်ပစ်လိုက်သည်။ မျက်မမြင် ဖြစ်သွားသော တူမလေးကိုစောင့်ရှောက်နိုင်ဖို့ ဒေါ်လေးရီ က ချစ်သူကိုအဆက်ဖြတ်ပြီး အပျိုကြီးဘဝဖြင့်အရိုးထုတ်ခဲ့ခြင်း ဖြစ်ပါသည်။
မမဆောင်းကရော. . .။ ခင်ဆောင်းဦးစိတ်ထဲတွင် လည်း ညီမလေးနှောင်း တစ်နေ့မျက်စိပြန်မြင်ရမည် ဟု အားခဲထားသည်။ တတ်နိုင်လျှင် ညီမလေးကို နိုင်ငံခြားတွင် ဆေးသွားကုမည် ။ နှောင်းဆေးကုနိုင်ရန် ငွေများများ ရဖို့လိုသည်။ ခင်ဆောင်းဦးကြိုးစား နေသမျှသည် နှောင်းအတွက်ပင် ဖြစ်ပါသည်။
နှောင်းသည် ကိုယ့်အပေါ်မှာ စေတနာထားသော အဒေါ်နှင့်အစ်မ၏ မေတ္တာကို အပြည့်အဝခံယူခဲ့ရပါသည်။
မမဆောင်း တစ်ယောက် စင်္ကာပူကို အလုပ်ဖြင့်ထွက်ခွာခွင့်ရကာ အိမ်ကို ငွေပို့ထောက်ပံ့နိုင်သည့်အခြေအနေကိုရောက်ခဲ့ပါပြီ။
မျက်စိပြန်မြင်ချိန်မှာ ကျေးဇူးရှင်မမဆောင်းကို နှောင်းအဦးဆုံး တွေ့ မြင်ချင်လှပါသည်။ မမဆောင်းက အမြန်ပြန် ဖြစ် အောင်ပြန်လာမည် တဲ့။
နှောင်းပတ်တီးမဖြည်ခင် အရောက်ပြန်လာခဲ့ပါ မမဆောင်းရယ်. . .။
နှောင်းတို့လက်ရှိနေနေသော အိမ်ကလေးမှာ ငါးခန်းတွဲ တန်းလျား၏ အခန်းတစ်ခန်း ဖြစ်ပါသည်။ တစ်ထပ်တည်းရှိသော တန်းလျားရှည်ကြီး ဖြစ်သည်။
မျက်စိကွယ်ပြီးနောက်မှ ရောက်လာသည့်အတွက် အတူနေထိုင်သူများ ကို နှောင်းမမြင်ဖူးပါ။
တန်းလျားတွင် အတူနေသူများ က နှောင်း၏ အ ဖြစ်ကို ဂရုဏာသက်ကြသည်။ နှောင်းတို့မိသားစုကို တတ်နိုင်သမျှ စောင့် ရှောက်ခဲ့ကြသည်။
စောင့်ရှောက်သည်ဆိုရာတွင် လူမှုရေး အရ ဖေးမကူညီခြင်း၊ သာရေး နာရေး ၊နာမကျန်းကိစ္စများ မှာ တိုင်ပင်ဖော်ရခြင်းမျိုး သာ ဖြစ်ပါသည်။ တန်းလျားနေသူအားလုံးမှာ လက်လုပ်လက်စား အိမ်ငှားများ သာ ဖြစ်သည်မို့ ငွေရေး ကြေးရေး နဲ့တော့ မကူညီနိုင်ကြပေ။ မည် သို့ပင်ဆိုစေ မြန်မာလူမျိုးအိမ်နီးချင်းများ ပီသစွာ ရင်းနှီးနွေးထွေးစွာ ဆက်ဆံနေထိုင်ခဲ့ကြလေ၏ ။
နှောင်းတို့နေထိုင်ခဲ့သည့် ၁၂နှစ် အတွင်း တန်းလျားလေးတွင် အိမ်ထောင်စုအမျိုးမျိုးပြောင်းခဲ့ကြသည်။ ကြီးကြီးမာတို့ မိသားစုနှင့် ဦးအောင်မြတ်၊ဒေါ်ခင်မွှေးတို့မိသားစုကတော့ နှောင်းတို့မရောက်ခင်ကတည်းက နေထိုင်နေသူများ ဖြစ်ပြီး ယခုထိ နေထိုင် နေသူများ ဖြစ်ပါ၏ ။
လက်ရှိတွင် အခန်းငါးခန်း၌ . . .
အခန်း(၁)တွင် ကြီးကြီးမာနှင့်သူ့ခင်ပွန်းဦးတိုက်မောင်၊ သမီးနှစ် ယောက် ဖြစ်သည့် အေးမာဦးနှင့်ဇင်မာဦးတို့နေကြသည်။ ကြီးကြီးမာက အိမ်ရှေ့ဝရံတာတွင် အိမ်ဆိုင်လေးဖွင့်ထားသည်။ အေးမာဦးနှင့်ဇင်မာဦးက ဆေးလိပ်ခုံတစ်ခုတွင် အလုပ်လုပ်သည်။ အေးမာဦးရော၊ ဇင်မာဦးပါ နှောင်းထက် အသက်ကြီးကြပါသည်။
အခန်း(၂)မှာ နှောင်းတို့အခန်း ဖြစ်သည်။ မမခင်ဆောင်းဦး နိုင်ငံခြားသွားပြီးနောက်ပိုင်း ဒေါ်လေးခင်သက်ရီနှင့်နှောင်းတို့ တူဝရီး နှစ် ယောက် နေထိုင်နေပါသည်။
အခန်း(၃)မှ မဆစ်တိုတို့ပြောင်းလာသည်မှာ ငါးနှစ် ပဲရှိသေးသည်။ မဆစ်တိုက ရပ်ကွက်များ ထဲလည်၍ ကလေးကစားစရာ ပူဖောင်းရောင်းသော ဈေးသည် ဖြစ်သည်။ မဆစ်တိုအမေဒေါ်တင်တင်မှာ ပြောင်းလာကတည်းက လေဖြတ်နေသူ ဖြစ်သည်။ အိပ်ရာထဲမှာ ပဲ ထာဝစဉ်နေရသူ ဖြစ်၍ ဒေါ်တင်တင့်အသံကို တစ်ခါတစ်ရံမှသာ ကြားရတတ်ပါသည်။ မဆစ်တိုတို့အခန်းဖက်မှထူးခြားမှုမှာ စကား ပြောသံများ ကို အောက်နားဆီမှ ကြားရတတ်ခြင်းပင် ဖြစ်သည်။ နှောင်းသည် အသံကိုသာအားပြုရသူ ဖြစ်ရာ မဆစ်တိုရော သူ့အမေ ဒေါ်တင်တင်ရော စကားပြောလျှင် စကားသံများ က အောက်ဖက်ခပ်နိမ့်နိမ့်ဆီမှ ထွက်ပေါ်လာတတ်ကြောင်း သတိပြုမိ၏ ။ ဘာအတွက် ကြောင့်လဲတော့ မသိပါ။
အခန်း(၄)တွင် နေသည့် ဦးအောင်မြတ်နှင့်ဒေါ်ခင်မွှေးတို့မှာ နှစ် ယောက် စလုံး ကျောင်းဆရာများ ဖြစ်သည်။ အောင်အောင်နှင့် နွယ်နီဆိုသော သားသမီးနှစ် ယောက် ရှိသည်။ ကလေးများ မှာ နှောင်းတို့ရောက်မှမွေးသည့်အတွက် နှောင်းထက်ငယ်ရွယ်ကြသည်။ အောင်အောင်က အခုမှ ငါးတန်း၊ အသက်၁၁နှစ် ဖြစ်ကာ၊ နွယ်နီက သုံးတန်း၊ အသက်၉နှစ် ဖြစ်သည်။
အခန်း(၅)မှာ နေသူကတော့ ကိုဆက်ခေါ် ငြိမ်းဆက် ဖြစ်ပါသည်။ ကိုဆက်ပြောင်းလာတာ ၂နှစ် လောက်ပဲရှိသေးသည်။ အောင်လံမြို့က လာပြီးအလုပ်လုပ်နေသူဟုသိရသည်။ ကိုဆက်က စားသောက်ဆိုင်တစ်ဆိုင်မှ တီးဝိုင်းတွင် အလုပ်လုပ်သည်။ လိဒ် ဂီတာတီးသူ ဖြစ်ပါသည်။ လူပျို ဖြစ်ပြီး တစ်ယောက် တည်းပင်နေပါသည်။
လက်ရှိတွင် ငါးခန်းတွဲ တန်းလျားလေးရှိ အခန်းငါးခန်း၌ လူ၁၃ယောက် နေထိုင်လျှက်ရှိပါသည်။
တန်းလျားလေးတွင် နေသူအားလုံးက နှောင်းအပေါ်တွင် ဂရု ဏာထားကြ၊ စောင့်ရှောက်ကူညီကြပါသည်။
ခုလို နှောင်းဆေးရုံတက်နေတော့ အခန်းတိုင်းကရောက်လာကာ သတင်းမေးကြသည်။ နှောင်းမှာ ဆေးရုံတက်သည်ဆိုသော် လည်း ရုပ်ပျက်ဆင်းပျက်နာမကျန်း ဖြစ်ပြီး ဆေးရုံတက်ရတာ မျိုးမဟုတ်။ မျက်ကြည်လွှာအစားထိုးကုသရုံမို့ လူနာဆိုသော်လည်း ကျန်းကျန်းမာမာ ရွှင်ရွှင်လန်းလန်းပင်ရှိနေသည်။ လူနာလာမေးသူများ ကလည်း နှောင်း မျက်စိပြန်မြင်တော့မယ်ဆိုတာသိရလို့ ပျော်နေ ကြလေသည်။
လမ်းတကာလည်ဈေးရောင်းရ၍ မအားလပ်သော မဆစ်တိုလိုလူပင် ဆေးရုံကိုလိုက်လာခဲ့သည်။
ကိုဆက်. . .။ ကိုငြိမ်းဆက်ကတော့ ဘာလို့မလာတာပါလိမ့်။ နှောင်းမျက်စိပြန်မြင်ရင်ဝမ်းအသာဆုံးလူ ဖြစ်မယ်ဆိုတဲ့ ကိုဆက် ရယ်။ နှောင်းမျက်စိပြန်မြင်တော့မယ်ဆိုတာ သိမှသိပါရဲ့ လား။ ကိုဆက် ဘယ်ရောက်နေပါလိမ့်။
နှောင်းသည် အသက်ငါးနှစ် အရွယ်ကတည်းကမျက်စိကွယ်ခဲ့၍ စာမသင်ခဲ့ရပါ။ မျက်မမြင်ကျောင်းလိုကျောင်းများ ကိုလည်း နှောင်း တက်ခွင့်မရခဲ့ချေ။
နှောင်းအတွက် တေးဂီတနားဆင်ခြင်းသည်သာ တစ်ခုတည်းသော အပန်းဖြေရာ ဖြစ်ခဲ့သည်။ ဒေါ်လေးရီက တစ်ခါတရံတွင် သူဖတ်ပြီးသော ဝတ္ထုများ အကြောင်းကိုပြောပြတတ်သည်။ ဒေါ်လေးရီကတော့ စာအတော် ဖတ်သော အမျိုးသမီး တစ်ယောက် ဖြစ်သည်။ အိမ်တွင် ဒေါ်လေးရီ၏ စာအုပ်များ နှင့်ပြည့်နေသည်။ နှောင်းသည် စာအုပ်ဆိုသည့်အရာများ ကိုကိုင်ကြည့်ရင်း ထိုအရာထဲ၌ ဒေါ်လေး ရီပြောပြသော အကြောင်းအရာများ ပါဝင်နေခြင်းကို အံ့သြနေမိသည်။
တစ်ဖက်ခန်းမှ ကြီးကြီးမာကလည်း တီဗွီကလာသော ဇာတ်လမ်းတွဲ များ အကြောင်းနှင့် သူငှားကြည့်သော ဗီဒီယိုဇာတ်ကားများ အ ကြောင်း နှောင်းကိုပြောပြတတ်၏ ။ ကြီးကြီးမာပြောပြသော အရာအားလုံးကိုတော့ နှောင်းလည်းနားမလည်ပါ။ ကြီးကြီးမာဆီက မင်းသား မင်းသမီးနာမည် တွေ ၊ ကိုးရီးယားဇာတ်လမ်းအကြောင်းတွေ ကြားရသော်လည်း မမြင်နိုင်သော နှောင်းသည် ထိုအရာများ ကိုစွဲလမ်းမှု မရှိချေ။
ကြီးကြီးမာကတော့ နှောင်းအတွက် အရင်းနှီးဆုံးအဖော် ဖြစ်ခဲ့ပါ၏ ။ ဒေါ်လေးရီထက်ပင် အတူနေထိုင်ချိန်ပိုများ သည်ဟုဆိုနိုင် သည်။
နေ့လည်ခင်း ဒေါ်လေးရီရုံးသွားလျှင် နှောင်းသည် အိမ်ရှေ့ဝရံတာ၌ ထွက်ထိုင်နေတတ်သည်။ မီးလာချိန်ဆိုလျှင် ကက်ဆက် ကလေးကိုဖွင့်ကာ နားထောင်နေတတ်သည်။ ထိုအခါများ ၌ တစ်ဖက်ဝရံတာမှာ ဈေးဆိုင်ဖွင့်ထားသော ကြီးကြီးမာသည် ဝယ်သူပါးချိန်၌ နှောင်းကို စကားတွေ အလျင်မပြတ်လှမ်းပြောနေတတ်၏ ။
ကြီးကြီးမာပြောစကားများ ကိုအလုံးစုံနားမလည်သော်လည်း နှောင်းအတွက် အပျင်းပြေရပါသည်။
တကယ်တော့ မမဆောင်းစင်္ကာပူကိုအလုပ်သွားလုပ်ပြီးနောက်ပိုင်း နှောင်းတို့စီးပွားရေး မှာ ပြေလည်လာပြီ ဖြစ်၍ ကိုယ်ပိုင်တိုက် ခန်းလေးတစ်ခုတော့ ဝယ်နိုင်ပေပြီ။ မမဆောင်းက နှောင်းကိုကြည့်ရှုစောင့်ရှောက်နိုင်သူတွေ ရှိသည့်ပတ်ဝန်းကျင်လေးမို့ သည်တန်းလျား လေးမှာ ပဲ ဆက်နေစေခြင်း ဖြစ်သည်။ သီးခြားတိုက်ခန်းနှင့်ဆိုလျှင် နေ့လည်နေ့ခင်း နှောင်းကိုစောင့်ရှောက်ပေးမည့် အဖော် လိုအပ် လာမည် ။ သူစိမ်း တစ်ယောက် ကို ငှားရမ်းလျှင် စိတ်ချရလျှင်တော် ရဲ့ ၊ စိတ်မချရ ဖြစ်မည် ကိုစိုးရိမ်သည်။ တန်းလျားလေးမှာ က အခန်းချင်း နီးသည်မို့ ကြီးကြီးမာတို့လိုလူကြီးတွေ က နှောင်းကိုအချိန်ပြည့်မြင်နေရပြီး အလိုလိုစောင့်ရှောက်ပြီးသား ဖြစ်နေသည်မဟုတ်ပါလား။
နှောင်း၏ ဘဝသည် တစ်နေ့တစ်နေ့ အိမ်ရှေ့ဝရံတာလေးမှာ ထွက်ထိုင်ရင်း သီချင်းနားထောင်ရင်းဖြင့်သာ အချိန်ကုန်လွန်ခဲ့ ပါသည်။
ထိုသို့ ပုံမှန်လည်ပတ်မှုဖြင့် အချိန်ကုန်လွန်လာခဲ့သော နှောင်းဘဝလေးထဲသို့ ကိုဆက်ဆိုသူသည် လွန်ခဲ့သော ၂နှစ် ကပင် ဝင်ရောက်လာခဲ့ခြင်း ဖြစ်ပါသည်။
''တူလေးရှိရင် တဆိတ်လောက် ငှားပါဗျာ''
''ရှင်. . .''
တစ်နေ့ခင်းတွင် နှောင်းသည် ဝရံတာကိုထွက်ထိုင်ကာ သီချင်းညည်းနေခဲ့သည်။ နှောင်းဖွင့်ထားသော ကက်ဆက်ကလေးမှာ ဖွင့်ထားရင်းမီးပျက်သွားသော ကြောင့် သီချင်းသံတိတ်သွားခဲ့လေပြီ။
နှောင်းက နားထောင်လက်စသီချင်းလေးကို ဆက်ပြီး ညည်းနေမိခြင်း ဖြစ်ပါသည်။
ထိုစဉ်. . .
''တူလေးရှိရင် တဆိတ်လောက်ငှားပါဗျာ''-ဆိုသော အသံကြောင့် နှောင်းလန့်သွားမိ၏ ။
''တူ ခဏငှားချင်လို့ပါ၊ ကျွန်တော် က ဟိုဖက်အစွန်ဆုံးအခန်းကို ဒီနေ့မှပြောင်းလာတာပါ''
''ဟင်. . .''
''တူရှိရင် ခဏငှားပါညီမလေး''
''တူ၊ တူဆိုတာ ဘာလဲဟင်''
''ဗျာ. . .''
နှောင်းအမေးကြောင့် သူက အံ့သြသွားပုံပေါ်သည်။
တစ်ဖက်ခန်းမှ ကြီးကြီးမာအသံပေါ်ထွက်လာကာ နှောင်းတို့ အခက်အခဲကို ဖြေရှင်းပေးလိုက်သည်။
''ဟေ့- သူငယ်၊ မင်းက အခန်းငါးကိုပြောင်းလာတဲ့သူငယ်လား၊ လာ- လာ- တူလိုချင်ရင် ကြီးကြီးမာဆီမှာ လာယူ၊ နှောင်းက မျက်စိမမြင်ရှာဘူးကွဲ့၊ မင်းမသိသေးဘူးထင်တယ်''
''ဗျာ. . .''
လူစိမ်းထံမှ အံ့သြသော အသံထွက်ပေါ်လာသည်။
''သြော်. . . ညီမလေးက မျက်စိမမြင်ဘူးကိုး၊ ဆောရီးကွာ. . . အစ်ကိုမသိလို့ပါ''
လူစိမ်း၏ နှောင်းအနီးသို့လမ်းလျှောက်လာသံကိုကြားရသည်။ သူ နှောင်းကို သေချာကြည့်နေမှာ ကို သိနေသည်။ နှောင်းသည် လူစိမ်းကြည့်နေမှာ ကိုသိကာ မျက်နှာမထားတတ် ဖြစ်နေလေ၏ ။
''ဟေ့- သူငယ်၊ ရော့-ရော့- တူ''
ကြီးကြီးမာက အိမ်ထဲမှတူကိုဝင်ယူကာ သူ့ကိုပေးလိုက်သည်။
''ကျေးဇူးတင်ပါတယ်အန်တီ၊ ကျွန်တော့် နာမည် ငြိမ်းဆက်ပါ၊ ကျွန်တော် က နယ်ကပါ၊ အောင်လံကလာတာပါအန်တီ''
''ကျောင်းသားလား၊ အလုပ်လုပ်တာလား''
''အလုပ်လာလုပ်တာပါ၊ စားသောက်ဆိုင်တစ်ဆိုင်က တီးဝိုင်းမှာ ဂစ်တာတီးပါတယ်''
''အေး- ကြီးကြီးမာနာမည် က ဒေါ်အမာတဲ့၊ ကြီးကြီးမာလို့ပဲ ခေါ်ကြတယ်၊ မင်းကိုအခန်းငါးခန်းကလူတွေ နဲ့ မိတ်ဆက်ပေး ထားရဦးမယ်၊ ခုတော့. . . နေ့ခင်းပိုင်းဆိုတော့ အလုပ်သွားတဲ့လူသွား၊ ကျောင်းသွားတဲ့လူသွားပေါ့ကွယ်၊ နေ့ပိုင်းဆို ကြီးကြီးမာနဲ့ နှောင်းပဲရှိကြတာ''
''ကျွန်တော် ကတော့ ညနေပိုင်းအလုပ်ဆင်းပြီး မိုးကြီးချုပ်မှ ပြန်ရပါတယ်ကြီးကြီးမာ၊ ဒါနဲ့. . . ဒီညီမလေးနာမည် က နှောင်း နော်''
''ဟုတ်တယ်ကွယ်၊ မျက်စိမမြင်ရှာဘူး''
''မွေးရာပါလား နှောင်း''
နှောင်းနာမည် ခေါ်၍ မေးလိုက်သော ကြောင့် နှောင်းကိုဦးတည်မေးလိုက်ခြင်း ဖြစ်ပုံရသည်။
နှောင်းသည် လူတစိမ်းနှင့်မဆက်ဆံဖူး၍ ပြန်ပြောမထွက်ပဲ ကြောင်နေမိသည်။
''မွေးရာပါမဟုတ်ဘူးကွဲ့၊ အိမ်မီးလောင်လို့ ဖြစ်သွားတာ၊ အသက်ငါးနှစ် လောက်တုံးကတဲ့''
'' ဖြစ်ရလေဗျာ. . .''
နောက်ပိုင်းတွင် ကိုငြိမ်းဆက်သည် နေ့လည်ပိုင်း နှောင်းဝရံတာတွင် ထွက်ထိုင်နေသည့်အချိန်များ ၌ နှောင်းအနီးသို့ရောက်လာ တတ်လေသည်။
နှောင်းသီချင်းနားထောင်တတ်သည်ကိုသိကာ နှောင်းအတွက် တိတ်ခွေလေးများ ယူလာပေးတတ်သည်။
''နှောင်းက သီချင်းကြိုက်သလားဟင်''
''နှောင်းမှာ သီချင်းပဲကြိုက်စရာရှိပါတယ်ကိုဆက်၊ နှောင်းမှာ အကြားအာရုံတစ်ခုပဲ ခံစားစရာရှိတယ်လေ''
''သီချင်းကြိုက်ရင် ကိုယ်တိုင်သီချင်းတီးတတ်အောင်ကြိုးစားပါလားဟင်''
''ရှင်. . . ကိုယ်တိုင်သီချင်းတီးတတ်အောင်''
''ကိုယ်ဂစ်တာတီးသင်ပေးမယ်လေ၊ ဂစ်တာတီးတတ်တော့ နှောင်း ကိုယ့်ဘာသာကိုယ် ဂစ်တာတီးပြီးသီချင်းဆိုလို့ရတာ ပေါ့''
''မျက်စိမမြင်တဲ့လူက ဂစ်တာတီးလို့ တတ်ပါ့မလားကိုဆက်ရယ်''
''တူရိယာပစ္စည်းတွေ ကို အမြင်အာရုံချို့တဲ့သူတွေ က ပိုပြီးတောင်တီးခတ်နိုင်ကြပါသေးတယ်၊ တတ်ဖို့လည်း လွယ်ပါတယ် နှောင်း၊ မြန်မာ့ဂီတနယ်မှာ မျက်စိအာရုံချွတ်ယွင်းတဲ့ ဂီတပညာရှင်တွေ ၊ ဂီတစာဆိုကြီးတွေ အများ ကြီးပေါ်ထွန်းခဲ့ဖူးပါတယ်''
ကိုဆက်တိုက်တွန်းသော ကြောင့် နှောင်း ဂစ်တာအတီးသင်ခဲ့သည်။
ကိုဆက်က သူ့ဂစ်တာလေးကိုယူလာကာ ဂစ်တာကိုင်ပုံ၊ လက်အနေအထားယူပုံများ ကို သင်ပြပေးခဲ့၏ ။ နှောင်းသည် ယောကျာ်းသားဆို၍ ဘယ်ယောကျာ်းနှင့်မှ နီးနီးကပ်ကပ်မနေခဲ့ဖူးပါ။ စကားပြောဆို ဆက်ဆံခြင်းပင် မရှိခဲ့ဖူးပါ။
ကိုဆက်နှင့်အနီးကပ်ဆက်ဆံရတော့ နှောင်းရင်တွေ ခုန်နေသည်။ နှောင်းရင်မှာ မခံစားဖူးသော ခံစားမှုများ ဖြင့် လှိုက်ဖိုနွေးထွေး နေခဲ့သည်။
ကိုဆက်က ဂစ်တာတီးသင်ပေးရုံမက နှောင်းကို ဂစ်တာဖြင့် သီချင်းလေးတွေ ဆိုပြခဲ့လေသည်။
''မင်းရဲ့ မျက်လုံးလေးများ က ... ပုလဲနဲ့မဟူရာ ပေါင်းစပ်ထားသလိုနှယ် ... ကော့ညွှတ်သွယ် နှုတ်ခမ်းလေးများ က ... သိပ်လှအောင် ပတ္တမြားသွေးလိမ်းကာချယ် ... ရတနာလို လှဂုဏ်ကြွယ်သူရေ...''
ကိုဆက်အသံက လွင်၍ သြသော ယောကျာ်းပီသသည့်အသံမျိုး ဖြစ်ပေသည်။ ကိုဆက်ဆိုပြသော သီချင်းတိုင်းကိုတော့ နှောင်း နားမလည်ပါချေ။
''ပုလဲနဲ့မဟူရာပေါင်းစပ်ထားသလိုဆိုတာ ဘာကိုပြောတာလဲဟင်. . . ကိုဆက်''
''မျက်လုံးကိုတင်စားတာပေါ့နှောင်းရဲ့ ၊ မျက်လုံးရဲ့ မျက်ဆံအရောင် ကအနက်၊ အနက်ကိုမဟူရာနဲ့တင်စားပြီး၊ မျက်သားအဖြူ ရောင် ကိုပုလဲနဲ့ခိုင်းနှိုင်းထားတာလေ၊ နှုတ်ခမ်းနီနီလေးကတော့ ပတ္တမြားလေးလိုပဲတဲ့၊ ခင်မောင်တိုးရဲ့ ရတနာသူသီချင်း၊ မမိုက်ဘူးလား နှောင်း''
''အနက်ကမဟူရာ၊ အဖြူကပုလဲ၊ ပြီးတော့. . . ပတ္တမြားဆိုတာ အနီ၊ ဟုတ်လားကိုဆက်၊ နှောင်းမှ အဖြူတို့ အနက်တို့ အနီ တို့ကို မသိပဲကိုဆက်ရယ်. . .''
ကိုဆက်ထံမှ ဘာသံမှထွက်မလာပဲ ငြိမ်သက်သွားလေသည်။
အတန်ကြာမှ သက်ပြင်းချသံခပ်ပြင်းပြင်းထွက်ပေါ်လာသည်။
''ဆောရီးနှောင်း၊ ကိုယ်မှားသွားတယ်၊ ကိုယ်ဒီသီချင်းကို ဆိုမပြသင့်ဘူး၊ နှောင်းအနေအထားကိုမေ့ပြီး ကိုယ်ကြိုက်တာ ကိုဆိုပြလိုက်မိတယ်နှောင်းရယ်''
''အို. . . ကိစ္စမရှိပါဘူးကိုဆက်ရဲ့ ၊ နှောင်းကမျက်မမြင်ပဲ၊ အာလုံးကိုဘယ်နားလည်နိုင်မှာ လဲ၊ နှောင်း မသိလို့မေးတာပါ''
''နှောင်းကိုယ်နှောင်း မျက်မမြင်လို့မသုံးပါနဲ့ကွယ်၊ ကိုဆက် စိတ်မကောင်းဘူး၊ နှောင်းတစ်နေ့မျက်စိပြန်မြင်ရမှာ ပါ၊့ိုဆက် ယုံတယ်''
နောင်တော့. . . ကိုဆက်သည် နှောင်းနားလည်ဖို့မလွယ်ကူသော သီချင်းများ ကိုဆိုမပြတော့ပေ။
ကိုဆက်သင်ပေးသော ကြောင့် နှောင်းဂစ်တာကောင်းကောင်း တီးတတ်ခဲ့သည်။
ကိုဆက်က နှောင်းတီးဖို့ဆိုကာ ဂစ်တာလေးကို နှောင်းဆီမှာ ထားရစ်ခဲ့၏ ။ ကိုဆက်က ညနေလေးနာရီဆိုလျှင် သူအလုပ် လုပ်သည့် စားသောက်ဆိုင်ကို အလုပ်ဆင်းရပါသည်။ ညဆိုလျှင် ၁၂နာရီကျော်မှပင်ပြန်လာသံကြားရ၏ ။ ဆိုင်က ည၁၁နာရီမှ ပိတ်သည်ဟုသိရသည်။
ဂစ်တာတီးပြီးသီချင်းဆိုနေသော နှောင်းကိုအတွေ့ တွင် ရုံးမှပြန်လာသော ဒေါ်လေးရီ အံ့သြသွားသည်။
''ဂစ်တာဘယ်ကရတာ လဲနှောင်း၊ ဘယ်လိုတီးတတ်နေတာလဲ''
''ကိုဆက်ဂစ်တာပါဒေါ်လေးရီ၊ ကိုဆက်သင်ပေးထားတာလေ၊ နှောင်းဂစ်တာတီးတာ နားထောင်လို့ကောင်းရဲ့ လားဒေါ်လေးရီ''
''ကိုဆက်က နေ့တိုင်းဒီကိုလာသလား၊ ကိုဆက်နဲ့တော် တော် ရင်းနှီးနေပြီလားနှောင်း''
ဒေါ်လေးရီအသံတွင် စိုးရိမ်ကြောင့်ကျမှုများ ကို တွေ့ လိုက်ရ၏ ။
ကိုဆက်နှင့်ဒေါ်လေးရီမှာ အလုပ်အသွားနှင့်အပြန်က အချိန်ချင်းမတူသည်မို့ ဆုံတွေ့ ချိန်နည်းပါးပါသည်။ စနေ၊ တနင်္ဂနွေလို ရုံးပိတ်ရက်များ သာ ဆုံရတတ်သည်။ မျက်မမြင်တူမအပျိုလေးကို သူစိမ်းယောကျာ်း တစ်ယောက် နှင့် ဆိတ်ကွယ်ရာမှာ နှစ် ယောက် တည်း ရှိနေမှာ ကို ဒေါ်ခင်သက်ရီက စိုးရိမ်မိခြင်းပင် ဖြစ်ပါသည်။
ကြီးကြီးမာနှင့်ထိုအကြောင်းပြောဆိုကြတာကို နှောင်းကြားမိသည်။
''ဝရံတာမှာ ပဲထိုင်ပြီး သူတို့စကားပြောကြ၊ သီချင်းဆိုကြတာပါရီရီ၊ မမမာတစ်ချိန်လုံးမြင်နေရပါတယ်၊ မမမာလည်း စောင့် ကြည့်နေပါတယ်၊ မောင်ငြိမ်းဆက်က ရိုးသားပါတယ်၊ အဲဒီ အတွက်တော့ မစိုးရိမ်နဲ့ရီရီ၊ နှောင်းကို မမမာမျက်ခြေမပြတ်စောင့်ရှောက် ပါတယ်ကွယ်၊ တစ်ချိန်လုံး မမမာမျက်စိအောက်မှာ ပါ''
''ဟုတ်ကဲ့ပါမမမာ၊ အရီက ရုံးသွားနေရတော့ နှောင်းကိုတစ်ချိန်လုံးမကြည့်နိုင်လို့ပါ၊ မမမာစောင့်ရှောက်လို့လည်း အရီတို့ ဒီအိမ်လေးမှာ နှောင်းကို စိတ်ချလက်ချထားခဲ့နိုင်တာပါ၊ ကျေးဇူးတင်ပါတယ်မမမာ''
စနေ၊တနင်္ဂနွေဆုံသည့်အခါများ တွင် ဒေါ်လေးရီက ကိုငြိမ်းဆက်ကိုစောင့်ကြည့်အကဲခတ်ပြီး. . . ကိုဆက်၏ ရိုးသားဖြောင့်မတ်ပုံ ကို တွေ့ သွားမှပင် စိတ်ချလက်ချ ဖြစ်သွားလေသည်။
တစ်နေ့တော့ကိုဆက်က နှောင်းကို ထူးထူးခြားခြားစကားတစ်ခွန်းပြောလေသည်။
''ကိုယ်ဒီနေ့ ဘာလုပ်လာသလဲ သိလား နှောင်း''
''ရှင်. . . ကိုဆက်ဘာလုပ်ခဲ့တယ်ဆိုတာ ကိုဆက်မပြောပဲနဲ့ နှောင်း ဘယ်သိမှာ လဲကိုဆက်ရယ်''
''ဒါဆိုပြောပြမယ်၊ ဒီနေ့ ကိုယ် ကိုယ့်ရဲ့ မျက်ကြည်လွှာကို လှူခဲ့တယ်နှောင်း''
''ရှင်. . .''
''မျက်ကြည်လွှာလှူတာလေ၊ နှောင်းလို မျက်စိအာရုံစွန့်လွှတ်ထားရတဲ့လူတွေ ကို စာနာလို့ လှူခဲ့တာပါနှောင်း၊ အထူးသဖြင့်. . . နှောင်းကိုစာနာမိလို့ ဒီအလှူကို ကိုယ်လုပ်ခဲ့တာပါနှောင်းရယ်''
''ကိုဆက်ရယ်. . .''
''ကိုယ့်ရဲ့ မျက်ကြည်လွှာဟာ ကိုယ်သေရင် အမြင်အာရုံချို့တဲ့သူ တစ်ယောက် ယောက် အတွက် အလှူဒါန ဖြစ်မှာ ပေါ့နှောင်း၊ တကယ်တော့. . . ကိုယ်လေ. . . ကိုယ့်ရဲ့ ဟောဒီမျက်လုံးနှစ် လုံးထဲက တစ်လုံးကို နှောင်းမြင်ရအောင် မသေခင်အခုအချိန်ကတည်းက ဖောက်ထုတ်ပေးချင်တာပါနှောင်းရယ်''
''ကိုဆက်ရယ်. . . မ ဖြစ်နိုင်တာ''
''မ ဖြစ်နိုင်လို့ပေါ့၊ လူမသေပဲ မျက်လုံးကိုဖောက်ထုတ်ပေးတဲ့အလုပ်မျိုးကို တားမြစ်ထားလို့သာပေါ့၊ ပေးလို့များ ရရင် နှောင်း အတွက် ကိုယ့်မျက်လုံးကိုဖောက်ထုတ်ပေးချင်ပါတယ်ကွယ်''
''ကိုဆက်စေတနာကိုလေးစားပါတယ်၊ နှောင်းမျက်ကြည်လွှာ အစားထိုးကုသဖို့ စာရင်းပေးထားပါတယ်ကိုဆက်၊ မျက်ကြည် လွှာဒါနပြုတဲ့သူတွေ လည်း အများ ကြီးရှိနေပြီတဲ့၊ နှောင်းနဲ့သင့်တော် မယ့်မျက်ကြည်လွှာရရင် မျက်စိကုဆေးရုံက နှောင်းကိုအစားထိုး ကုသပေးမယ်တဲ့ ကိုဆက်၊ နှောင်းအတွက် မျှော်လင့်စရာရှိပါသေးတယ်ကိုဆက်''
နှောင်းကို အမြန်မျက်စိပြန်မြင်စေချင်သော ကိုဆက်။ နှောင်းမျက်စိကုသခံနေပြီဆိုတာကို သိမှသိပါရဲ့ လား။ နှောင်းကိုမျက်ကြည် လွှာအစားထိုးကုသဖို့ ဆေးရုံကမခေါ်မီတစ်ရက်ကပင် ကိုဆက်အိမ်ကိုပြန်မလာခဲ့ပေ။ ဆေးရုံကလာအကြောင်းကြားတာကို ကိုဆက်မသိ သေး။ ဒီနေ့ထိပင်အိမ်ပြန်မလာသေးဘူးဆိုတော့ ကိုဆက်ဘယ်များ သွားနေပါလိမ့်။
နှစ် နှစ် အတွင်းမှာ ကိုဆက် သူ့ဇာတိမြို့ကို တစ်ကြိမ်ပဲပြန်တာ ကြုံဖူးသေးသည်။ အဲဒီ တုန်းကတော့ မြို့ပြန်မယ်ဆိုတာကို နှောင်းကို ပြောသွားခဲ့သည်။ ခုလို ရုတ်တရက်ပျောက်သွားတာကတော့ ဘယ်ကိုသွားနေလို့ပါလိမ့်။
ကိုဆက်ရေ နှောင်းကိုခွဲစိတ်ကုသပြီးပြီ။ နှောင်းမျက်စိပြန်မြင်ဖို့ ၇၅ရာခိုင်နှုန်းသေချာတယ်တဲ့။ ဒါကို ကိုဆက်သိစေချင်လိုက် တာ။ နှောင်းမျက်စိပြန်မြင်ရတဲ့အချိန်မှာ ကိုဆက်ကိုမြင်ချင်လိုက်တာကိုဆက်ရယ်။
မနက်ဖန်ဆိုလျှင်ပဲ နှောင်းမျက်လုံးတွင် စည်းနှောင်ထားသော ပတ်တီးများ ကိုဖြည်ရပါတော့မည် ။
နှောင်းသည် နောက်ဆုံးအဆင့်ကုသမှုကိုတွေးကာ ရင်ခုန်ထိတ်လန့်နေခဲ့သည်။ ဒီလိုအချိန်မျိုးမှာ မမဆောင်းရော၊ ကိုဆက် ရော နှောင်းအနားမှာ ရှိနေရင် ဘယ်လောက်ကောင်းမလဲရှင်. . .။
ယနေ့နေ့လည် ၁၂နာရီအချိန်တွင် နှောင်းကိုပတ်တီးများ ဖြည်ပေးပါတော့မည် ။ ကုသမှု၏ နောက်ဆုံးအဆင့်လည်း ဖြစ်လေသည်။
နှောင်းကိုခွဲစိတ်ခန်းထဲသို့ခေါ်သွားခဲ့သည်။
''ပတ်တီးဖြည်တော့မယ်သမီး၊ စိတ်ကိုအေးအေးထားပါ''
ဆရာဝန်ကြီးကပြောသည်။
စိတ်အေးအေးထားပါဆိုသော်လည်း ဘဝတစ်ခုလုံးအပြောင်းအလဲ ဖြစ်တော့မည့် ကာလအပိုင်းအခြားလေးတွင် နှောင်းစိတ်ကို တည်ငြိမ်အောင်မထားနိုင်ပါ။ လူကဣနြေ္ဒမပျက်သော်လည်း စိတ်ကလှုပ်ရှားနေ၏ ။
ဆရာဝန်ကြီးက နှောင်းမျက်စေ့တဝိုက်ကို ပိတ်ကာထားသည့် ဂွမ်းစများ ကို အသာအယာဖယ်ရှားသည်။
ပတ်တီးစများ ကွာ သွားပါပြီ။
''မျက်လုံးကို ဖြည်းဖြည်းဖွင့်ကြည့်မယ်သမီး၊ ဖြည်းဖြည်းလေး၊ ဖြည်းဖြည်းလေးချင်းဖွင့်မယ်''
နှောင်းက မျက်ခွံကိုဖွင့်ရန်ကြိုးစားသော်လည်း ပွင့်မလာ။ မျက်ခွံကိုပင့်တင်လိုက်ရမှာ ကို ကြောက်နေမိခြင်း ဖြစ်သည်။ ကြောက် စိတ်ဖြင့် မျက်ခွံက တဆတ်ဆတ်တုန်ကာ ပွင့်မလာပဲရှိနေသည်။
''စိတ်ငြိမ်ငြိမ်ထားသမီး၊ ဆရာကြီးကူပြီးဖွင့်ပေးမယ်နော်''
ဆရာဝန်ကြီးက သူ့လက်ဖြင့် နှောင်း၏ မျက်ခွံတစ်ဖက်စီကို ပင့်တင်ပေးသည်။
နှောင်းမျက်လုံးများ ပွင့် သွားပါပြီ။
ဘုရားသခင်. . . နှောင်း ဘာမှမမြင်ရပါလား။ ခွဲစိတ်ကုသမှု မအောင်မြင်ဘူးလား။
''ဖြည်းဖြည်းလေးအာရုံစိုက်ကြည့်၊ မျက်တောင်ခတ်ကြည့်လိုက် သမီး''
နှောင်းမျက်တောင်ခတ်လိုက်သည်။
နှောင်းအမြင်အာရုံထဲမှာ ဝေဝေဝါးဝါးအရိပ်များ ထင်ဟပ်လာ၏ ။
''အရင်မလိုနဲ့၊ ဖြည်းဖြည်းလေးအာရုံစိုက်ကြည့်၊ ကြည့်၊ ရှေ့တည့်တည့်ကိုကြည့်''
နှောင်းမျက်နှာမူထားရာဆီမှာ ပိန်းပိတ်သော အမှော င်ထုကြီး မဟုတ်တော့ပါ။ မတူသော အရောင် နှစ် ခုကို ဝေဝါးစွာ မြင်ရသည်။ ဘာရယ်လို့သဲသဲကွဲကွဲမဟုတ်ပဲ ရောယှက်နေသော အရာများ လှုပ်ရှားယိမ်းရွေ့နေသည်ကို မြင်လာရသည်။
''မြင်ရလားသမီး၊ မြင်ရပြီလား''
ဆရာကြီး၏ အမေးအဆုံးတွင် မျက်စိရှေ့မှ လုံးဝန်းဝန်းအရာက အနည်းငယ်ရွေ့လျားသွားလေသည်။ အသံသည် ထိုအရာဆီမှ ထွက်ပေါ်လာခြင်း ဖြစ်၏ ။ လူ တစ်ယောက် ၏ ဦးခေါင်းပုံသဏ္ဍာန်ကို နှောင်း မှတ်မိလိုက်သည်။
''အို. . . ဆရာကြီး၊ အဲဒါဆရာကြီးလားဟင်၊ သမီးရှေ့ကလူက ဆရာကြီးပေါ့နော်''
''သမီးမြင်ရပြီနော်၊ ဒီမှာ ကြည့်ပါဦးကွဲ့၊ ဆရာကြီးလက်ထောင်ပြထားတယ်၊ ဆရာကြီးလက်ကိုမြင်လား''
ဆရာဝန်ကြီးက သူ့လက်ကို နှောင်းမျက်နှာရှေ့တွင် ထောင်ပြကာမေးလိုက်သည်။ လက်ဝါးဖြန့်၍ ထောင်ထားခြင်း ဖြစ်သည်။
''မြင်-မြင်ရပါတယ်ဆရာကြီး၊ ဒါ-ဒါပေမယ့်. . . အင်း. . . သဲသဲကွဲကွဲကြီးမဟုတ်ဘူးဆရာကြီး''
''ကိစ္စမရှိဘူးသမီး၊ ဒါလောက်မြင်ရတဲ့အဆင့်ဟာ သိပ်အခြေအနေကောင်းလို့ပဲ၊ သမီး ခဏနေရင် အားလုံးကို သဲသဲကွဲကွဲမြင် လာရလိမ့်မယ်၊ ဆရာကြီးလက်ထောင်ပြထားတာ ဘယ်နှချောင်းလဲ၊ သေချာကြည့်ပါဦးကွယ်''
''အားလုံး၊ အားလုံးပါဆရာကြီး''
''ဘယ်လို''
''အားလုံးပဲလေ၊ လက်မ၊ လက်ညှိုး၊ လက်သန်း. . . အဲ. . . လက်ချောင်းတွေ . . . လက်ချောင်းတွေ အားလုံးပဲ''
''ဟား ဟား ဟား. . . လက်ငါးချောင်းလို့ပြောရတယ်သမီးရဲ့ ၊ သမီးအခြေအနေသိပ်ကောင်းတယ်ကွယ်၊ တချို့လူတွေ ဒါလောက်မမြန်ဘူး၊ ငါ့သမီးကံကောင်းတယ်ဟေ့''
''တကယ်လား ဆရာကြီးရယ်''
နှောင်းမေးလိုက်စဉ်မှာ ပင် ဆရာကြီးဦးခေါင်းဆီ၌ မျက်လုံး၊ နှာတံ၊ ပါးစပ်ပေါက်များ ကို တဖြည်ဖြည်းမြင်လာရလေ၏ ။
''သမီး၊ သမီး ဝမ်းသာလိုက်တာဆရာကြီး၊ သမီးမြင်ရပြီ၊ တဖြည်းဖြည်းနဲ့ ပိုပိုပြီးမြင်ရပြီ၊ ဆရာကြီးရယ်. . . သမီး. . .''
ပြောရင်း နှောင်းအသံများ က တုန်ခိုက်ကာ ငိုသံပါလာ၏ ။
''သိပ်စိတ်မလှုပ်ရှားနဲ့သမီး၊ ငိုလည်းမငိုလိုက်နဲ့၊ အားလုံးပြီးပြီ၊ အောင်မြင်ပြီ၊ သမီးကို ဆရာမ က အခန်းလိုက်ပို့လိမ့်မယ်နော်၊ ညနေကျ ဆရာကြီးတစ်ခေါက်ထပ်လာကြည့်မယ်''
လူ တစ်ယောက် က နှောင်းကိုဖေးမကာ လက်တွန်းကုလားထိုင်ပေါ်တင်ပေးလိုက်သည်။ နှောင်းမော်ကြည့်လိုက်တော့ မိန်းမ တစ်ယောက် ။ ဒါ ဆရာမ ပဲပေါ့။
''ဆရာမ ၊ ဆရာမ က ဆရာမ ပေါ့နော်''
''ဟုတ်ပါသတဲ့ရှင်၊ ခင်နှောင်းထွေးရဲ့ အခြေအနေက သိပ်ကိုကောင်းတယ်၊ ဝမ်းသာစရာပဲခင်နှောင်းထွေး''
ဝမ်းသာအားရပြောနေသော သူနာပြုဆရာမ ကို နှောင်းက ငေးကြည့်နေမိ၏ ။ ဆရာမ သည် မိန်းမ ဖြစ်သည်။ ဆရာကြီးသည် ယောကျာ်း ဖြစ်သည်။ အမြင်အာရုံဝိုးတဝါးပြန်ရလိုက်သော နှောင်းက ယောကျာ်းမိန်းမ ခွဲခြားတတ်နေ၍ ကိုယ့်ကိုကိုယ် ကြေနပ်သွား လေသည်။
နှောင်းက ခွဲစိတ်ခန်းပတ်ပတ်လည်ကို မျက်စိဝဲ၍ ကြည့်လိုက်လေသည်။
ထိုအချိန်မှစ၍ နှောင်းသည် ''သူမ''ကိုတွေ့ မြင်ခဲ့ခြင်းပဲ ဖြစ်ပါသည်။
''သူမ''သည် ခွဲစိတ်ခန်းအဝင်ဝတွင် မတ်တပ်ရပ်နေသည်။ ''သူမ''က နှောင်းကို ကြည့်နေသည်။ ညှိုးလျော်နွမ်းလျသော အသွင်အပြင်ဖြင့်ကြည့်နေပုံကို နှောင်းတွေ့ မြင်ခံစားရသည်။
''သူမ'' ခွဲစိတ်ခန်းထဲကို ဘာလို့ရောက်နေပါလိမ့်။ သူမ၏ အသွင်သဏ္ဍာန်သည် ဆေးခန်းတွင် တာဝန်ရှိသည့်ဝန်ထမ်း တစ်ယောက် နှင့်မတူညီပါပေ။ သူမဝတ်စားထားသော အဝတ်အစားအရောင် မှာ တောက်ပလွန်းပေသည်။ ဘာရောင် ဆိုတာကို နှောင်း မသိပါ။
ဆရာမ က လက်တွန်းလှည်းကို အခန်းဝဆီသို့ တွန်းလာသည်။ သူမက အခန်းဝတည့်တည့်တွင် ရပ်နေ၏ ။ ဆရာမ က သူမ ကိုမြင်ပုံမရပါ။ သူမရှေ့တည့်တည့်ကိုတွန်းလှည်းဖြင့် တိုးဝင်လိုက်သည်။ နှောင်းထိုင်၍ လိုက်ပါလာသော တွန်းလှည်းသည် သူမကိုယ်ထဲကို ဖြတ်ဝင်သွားသည်။
လက်တွန်းလှည်းက သူမခန္ဓာကိုယ်ထဲမှ ကျော်လွန်၍ လာခဲ့သည်။
နှောင်းက သူမကို လည်ပြန်လှည့်ကြည့်လိုက်၏ ။သူမက ညှိုးလျော်နွမ်းလျသော အကြည့်ဖြင့် နှောင်းကိုစိုက်ကြည့်နေမြဲပင်။ သူမဟာ ဘယ်သူပါလိမ့်။
ဆရာမ သည် အခန်းတခါးကိုတွန်းဖွင့်ကာ အခန်းအပြင်သို့ ထွက်လိုက်လေသည်။
''နှောင်း. . . တူမလေး''
အခန်းအပြင်ရောက်သည်နှင့် ဒေါ်လေးရီအသံကြားလိုက်ရလေသည်။ နှောင်းက အသံထွက်လာရာဆီသို့လှည့်ကြည့်လိုက်၏ ။
နှောင်းကို စိုးရိမ်ကြောင့်ကျသော မျက်လုံးများ ဖြင့်ကြည့်နေသည့် မိန်းမ တစ်ယောက် ။
''ဒေါ်လေးရီ၊ ဒေါ်လေးရီ''
''အမလေး၊ နှောင်းရယ်. . .''
ဒေါ်လေးရီက နှောင်းကိုပြေးဖက်လိုက်သည်။
''ဒေါ်လေးရီ၊ ဒေါ်လေးရီက သိပ်ချောတာပဲနော်၊ နှောင်း- နှောင်း ဒေါ်လေးရီကို မြင်မြင်ချင်း ဒေါ်လေးရီမှန်းသိတယ်''
''နှောင်းရယ်၊ တူမလေးရယ်၊ ဒေါ်လေးဝမ်းသာလိုက်တာကွယ်''
ဒေါ်လေးရီမျက်ရည်များ က နှောင်းအပေါ် ပိုးပိုးပေါက်ပေါက်ကျလာသည်။
''ရှင့်တူမခွဲစိတ်မှုအောင်မြင်ပါတယ်၊ ကျွန်မတို့ အခန်းထဲကို သွားကြစို့''
ဆရာမ က တွန်းလှည်းကိုတွန်းလိုက်သည့်အချိန်မှာ ပင် နှောင်းဘေးနားတွင် လာရပ်သော ''သူမ''ကို ဖြတ်ကနဲမြင်တွေ့ လိုက်ရ လေသည်။
''သူမ''သည် နှောင်းတို့နှင့်အတူ လိုက်ပါလာခဲ့လေသည်။ သူမ ဘယ်သူပါလိမ့်။
အခန်းထဲရောက်တော့ သူနာပြုဆရာမ က နှောင်းသောက်ရမည့် ဆေးများ ကို ဒေါ်လေးရီအားညွှန်ကြားပေးခဲ့ကာ ပြန်ထွက်သွား သည်။
ဒေါ်လေးရီက နှောင်းမျက်စိမြင်ရပုံကို အမျိုးမျိုးစစ်ဆေးကြည့်နေသည်။
''ဒါ. . .ဘာခေါ်လဲ သိလား နှောင်း''
ဒေါ်လေးရီက စားပွဲပေါ်မှပစ္စည်းတစ်ခုကိုပြ၍ မေးသည်။
နှောင်းမသိပါ။
''နှောင်းကိုင်ကြည့်မှသိမယ်ဒေါ်လေး''
နှောင်းက မျက်စိကိုမှိတ်ကာ ထိုအရာကိုကိုင်ကြည့်ရင်းပုံဖော်ကြည့်လိုက်သည်။
''အို. . . ဒါရေဗူးပဲ၊ ဟုတ်တယ်နော်ဒေါ်လေးရီ''
ဒေါ်လေးရီက ရယ်မောနေသည်။
''ဟုတ်ပါတယ်နှောင်းရယ်''
နှောင်းသည်အမြင်ဓာတ်ပြန်ရသော်လည်း ပစ္စည်းပစ္စယများ ကိုမြင်ရုံနှင့် ဘာဆိုတာ မသိနိုင်သေးပါ။ တစ်သက်လုံး လက်ဖြင့် စမ်းသပ်ပြီးမှသုံးစွဲလာခြင်း ဖြစ်ရာ လက်ဖြင့်စမ်းသပ်ပုံဖော်ပြီးမှ ပြောဆိုနိုင်ခြင်း ဖြစ်သည်။
တချို့ပစ္စည်းများ ကိုတော့ နှောင်းက ခန့်မှန်းခြေဖြင့်ပြောနိုင်လေသည်။ မျက်နှာကျက်တွင် လည်ပတ်နေသော ဒလက်ကြီးကို ခုမှ မြင်ဖူးသော်လည်း ထိုအရာဆီမှ အေးသော လေများ ရနေသော ကြောင့် ပန်ကာဆိုတာကိုသိလိုက်သည်မျိုး။
စားပွဲပေါ်တင်ထားသော ဗူးကဲ့သို့အရာလေးကိုတော့ နှောင်း မသိပါ။ ဒေါ်လေးရီကိုမေးကြည့်မှ နာရီဆိုတာ သိလိုက်ရ၏ ။
ဒေါ်လေးရီက နှောင်းကို အခန်းထဲတွင် ရှိသည့်ပစ္စည်းများ ကိုပြ၍ သင်ပြပေးနေသည်။ စားပွဲ၊ ကုလားထိုင်၊ ကုတင်၊ ခေါင်းအုံး၊ ရေခဲဗူး၊ ဓာတ်ဗူး. . . စသည်များ ။
နှောင်းသည် မျက်စိပြန်မြင်ရပြီဆိုသော်လည်း အရာဝတ္ထုများ သည် ကြည့်နေရင်းမှ ဝေဝါးသွားခြင်းမျိုး၊ ရွဲ့စောင်းသွားခြင်းမျိုး၊ ပျောက်ကွယ်သွားခြင်းမျိုးတော့ ရှိသေးသည်။ အမြင်အာရုံတည်ငြိမ်မှုမရသေးပါ။
ထို့ကြောင့်. . . နှောင်းသည် ''သူမ''ကိုလည်း တကယ်ရှိသည့် ''အစစ်အမှန်''အရာတစ်ခုဟုထင်ခဲ့မိလေသည်။ နှောင်းမျက်စိ ထဲတွင် ပျောက်သွားလိုက်၊ ပေါ်လာလိုက်၊ ဝေဝါးသွားလိုက်၊ ယိမ်းယိုင်သွားလိုက်နှင့်မြင်နေရသော သူမကို. . . အရာဝတ္တုများ ကိုမြင်ရ သည့်နည်းတူ မြင်နေသည်ဟုထင်ခဲ့မိသည်။
နှောင်းနှင့်ဒေါ်လေးရီ စကားပြောနေစဉ်မှာ ပင် သူမပုံရိပ်က နှောင်းရှေ့ခပ်လှမ်းလှမ်းမှာ ဖြတ်ကနဲပေါ်လာပြန်သည်။ သူမသည် နှောင်းကိုညှိုးငယ်သော အသွင်ဖြင့် စိုက်ကြည့်နေပြန်သည်။
''နှောင်းရေ. . . နှောင်းမျက်လုံးတွေ တော့ ကောင်းကောင်းပြန်မြင်တော့မယ်ဆိုတာ စိတ်ချရပြီ၊ ဒေါ်လေး. . . ဆောင်းဆီကိုဖုန်း ဆက်ပြောလိုက်ဦးမယ်နော်၊ အိပ်ရာပေါ်လှဲပြီး နားနေလိုက်ဦး''
ဒေါ်လေးရီက စင်္ကာပူရှိ ခင်ဆောင်းဦးထံဖုန်းဆက်ရန်အတွက် အခန်းထဲမှထွက်သွားလေသည်။
အခန်းထဲ၌ နှောင်းနှင့်သူမ နှစ် ယောက် တည်းကျန်ခဲ့သည်။
သူမက ကုတင်ခြေရင်းတွင် ရပ်ရင်း နှောင်းကိုကြည့်နေသည်။ ဝမ်းနည်းပူဆွေးသော အကြည့်ဖြင့်ကြည့်နေသည်။ နှောင်းကို တစ်ခုခုပြောချင်သည့်အကြည့်မျိုးလို့ နှောင်းထင်သည်။ သို့သော်. . . သူမသည် နှောင်းအနီးသို့တိုးမလာခဲ့ပါ။
နှောင်းအမြင်၌ သူမသွင်ပြင်သည် အမျိုးမျိုးပြောင်းလဲနေခဲ့သည်။ သူမအသွင်က ဝေဝါးသည့်အခါ ဝေဝါးသွားသည်။ ယိမ်းယိုင် သည့်အခါ ယိမ်းယိုင်သွားသည်။ နှောင်းမျက်စိထဲမှ ပျောက်ကွယ်သွားသည့်အခါမျိုးလည်းရှိသည်။ သူမတစ်ကိုယ်လုံးကိုဖောက်ထွင်း၍ နောက်ဖက်ဆီမှအရာဝတ္ထုများ ကိုမြင်နေရသည်မျိုးလည်းရှိသည်။
''သူမ'' ဘယ်သူပါလိမ့်။
သူမကိုကြည့်နေရင်း နှောင်း တရေး ရေး ဖြင့်အိပ်ချင်လာခဲ့သည်။ သောက်ဆေးများ ကြောင့်ပင် ဖြစ်မည် ထင်သည်။ နှောင်းသည် တဖြည်းဖြည်းဖြင့် အိပ်ပျော်သွားလေ၏ ။
အိပ်မပျော်ခင်အချိန်အထိ ကုတင်ခြေရင်းတွင် ရပ်ကြည့်နေသော သူမကို မြင်နေရဆဲ။
''နှောင်း နိုးပြီလား၊ ညနေစောင်းနေပြီနှောင်း၊ ခဏနေရင် ဆရာဝန်ကြီးလာကြည့်လိမ့်မယ်''
အိပ်ပျော်ရာမှ နိုးလာသော နှောင်းကို ဒေါ်လေးရီက ဖေးမရင်း ဆွဲထူလိုက်သည်။
''ဆောင်းနဲ့ ဖုန်းပြောလို့ရတယ်နှောင်း၊ သူ့သူဌေးက သူ့ကို ခွင့်တစ်ပတ်ပေးတယ်တဲ့၊ တစ်ရက်နှစ် ရက်နေရင် ဆောင်း ရောက်လာလိမ့်မယ်''
''ခွင့်က တစ်ပတ်ဆိုတော့ ၇-ရက်ပေါ့နော်၊ အသွားအပြန်ရက်နဲ့ဆိုတော့ မမဆောင်း သုံးလေးရက်ပဲနေနိုင်မှာ ပေါ့''
''ဟုတ်တယ်၊ အလုပ်တွေ များ နေလို့တဲ့၊ ဒါတောင် လူမှုရေး မို့လို့ ဆောင်းကို အထူးအခွင့်အရေး ပေးတာတဲ့၊ ကဲ- ကဲ- နှောင်း ကို ဒေါ်လေးရီမျက်နှာသစ်ပေးမယ်နော်''
''နှောင်းဘာသာသစ်ကြည့်ပါရစေဒေါ်လေးရီ၊ နှောင်းမြင်နေရပြီပဲ၊ ဒေါ်လေးရီ နှောင်းနဲ့လိုက်ခဲ့လေ''
မျက်နှာသစ်ကြွေဇလုံရှိရာသို့ထွက်ခဲ့သည်။
ကြွေဇလုံအထက်မှာ ကပ်ထားသော မှန်ထဲတွင် နှောင်းပုံရိပ်ကပေါ်လာသည်။ မှန်ထဲတွင် ပေါ်လာသော မိန်းကလေးပုံရိပ်ကိုမြင် လိုက်၍ နှောင်းရုတ်တရက်ကြောင်သွား၏ ။ ထိုမိန်းကလေးနောက်မှ ဒေါ်လေးရီ ပုံရိပ်ကိုလည်း မြင်လိုက်ရလေသည်။
''နှောင်း. . . ဒါ မှန်လေ၊ မှန်ထဲမှာ ပေါ်နေတာ နှောင်းပုံပေါ့''
''အို. . . အဲဒါနှောင်းလား၊ အို. . . နှောင်းအတွက်တော့ တစိမ်း တစ်ယောက် လိုပဲဒေါ်လေးရီရယ်၊ ဒေါ်လေးရီပါ ဘေးမှာ ရှိနေ လို့သာ နှောင်း ယုံလိုက်ရတာ ''
''နှောင်းမျက်စိမြင်တုံးက တကယ့်ကလေးလေးရှိသေးတာလေ၊ ဟိုတုံးကပုံနဲ့တော့ နှိုင်းယှဉ်လို့ ဘယ်ရတော့မလဲကွယ်၊ ခုဆို နှောင်းက အသက်၁၇နှစ် ၊ အပျိုကြီးလုံးလုံး ဖြစ်နေပြီ၊ အရမ်းလည်းလှနေပြီ၊ ကြည့်ပါလားမှန်ထဲမှာ ၊ နှောင်းဟာ သိပ်လှတဲ့မိန်းကလေး တစ်ယောက် ကွဲ့''
''အဲဒါ. . . လှတာလားဒေါ်လေးရီ၊ လှတာတွေ မလှတာတွေ နှောင်း မခွဲတတ်သေးပါဘူးလေ''
နှောင်းက မျက်နှာသစ်ရန်အတွက် ဘေစင်မှ ရေထွက်မောင်းတံလေးကို လှည့်လိုက်သည်။ ရေတွေ ထွက်ကျလာသည်ကိုကြည့် ပြီး နှောင်းသဘောကျသွားသည်။
နှောင်းက ကိုယ့်ဘာသာပင် မျက်နှာသစ်လိုက်၏ ။
မျက်နှာသစ်ပြီး ခေါင်းကိုမော်လိုက်သည်နှင့် မှန်ထဲတွင် မိမိပုံရိပ်နောက်ဖက်၌ ''သူမ''ကိုမြင်တွေ့ လိုက်ရလေသည်။
နှောင်းက ရုတ်တရက် နောက်ကိုလှည့်ကြည့်လိုက်၏ ။
သူမက ထုံစံအတိုင်း နွမ်းလျညှိုးလျော်သော အသွင်ဖြင့် နှောင်းကိုစိုက်ကြည့်နေလေသည်။
''ဘာ ဖြစ်လို့လဲနှောင်း''
''သူ. . . သူဘယ်သူလဲဟင်၊ ဒေါ်လေးရီ သူ့ကိုသိသလား''
''ဘာ- ဘာပြောတယ်၊ ဘယ်သူ့ကိုပြောတာလဲနှောင်း၊ ဒီနားမှာ ဘယ်သူမှမရှိပဲနဲ့''
''သူ- သူလေ၊ နှောင်းခွဲခန်းထဲကထွက်လာကတည်းက နှောင်းတို့နောက်ကိုလိုက်လာတာ''
''နှောင်း-''
ဒေါ်လေးရီထံမှအသံက အထိတ်တလန့်ထွက်လာသည်။
''ဒီတစ်ခန်းလုံးမှာ ဒေါ်လေးရီနဲ့နှောင်း နှစ် ယောက် တည်းပဲရှိတယ်နှောင်း၊ လူပိုမရှိဘူး၊ နှောင်းမျက်စိထဲမှာ ဘာကိုမြင်နေရ လို့လဲ''
''မိန်းမ- အဲ. . . မိန်းကလေး တစ်ယောက် ဒေါ်လေးရီ၊ သူ-သူ. . . နှောင်းအနားမှာ အမြဲပဲရှိနေတယ်၊ ဒေါ်လေးရီ မမြင်ရဘူး လား ဟင်''
''ဘုရား. . . ဘုရား. . .''
ဒေါ်လေးရီက ရင်ပတ်ကိုဖိရင်း ဘုရားတလိုက်သည်။
''အမြင်အာရုံတွေ မတည်ငြိမ်သေးလို့ မြင်မိမြင်ရာမြင်တာမျိုးများ လားမသိ၊ ဒေါ်လေးရီတော့ နှောင်းပြောတဲ့မိန်းကလေးကို မမြင်ဘူး၊ ဘယ်သူမှလည်း မရှိဘူးနှောင်း၊ ဆရာကြီးလာမှ ပြောပြသေးတာပေါ့''
ဒေါ်လေးရီမမြင်ရသော်လည်း နှောင်းကမူ မြင်နေရဆဲ ဖြစ်လေသည်။ သူမသည် နှောင်းကိုစိုက်ကြည့်နေသည်။ သူမ တစ်ခုခု ပြောချင်သည့်ဟန်မျိုးလို့ နှောင်းထင်သည်။
''မျက်နှာကို ပဝါနဲ့သုတ်လိုက်ဦးနှောင်း၊ ခဏနေ ဆရာဝန်ကြီးရောက်လာတော့မယ်''
ဆရာဝန်ကြီးက နှောင်းကိုစစ်ဆေးကာ အခြေအနေကောင်းမွန်ကြောင်းပြောသည်။ သောက်လက်စဆေးများ ကို ဆက်သောက်ဖို့ ညွှန်ကြားသည်။
''ဆရာကြီး၊ နှောင်းကိုမျက်ကြည်လွှာလှူတဲ့လူဟာ ဘယ်သူလဲ သိနိုင်ပါသလားရှင်''
ဒေါ်လေးရီက မေးလိုက်သည်။
''ဘာကြောင့်သိချင်ရတာ လဲ၊ သိခွင့်မရှိပါဘူး၊ ဆရာလည်း မသိရပါဘူး၊ မိန်းကလေးနဲ့သင့်တော် တဲ့မျက်ကြည်လွှာရလို့ အစား ထိုးပေးလိုက်တာပဲရှိတယ်၊ အလှူရှင်ဘယ်သူဆိုတာ ဆရာလည်း မသိပါဘူး''
''ကျွန်မတို့ အလှူရှင်ကိုရည်စူးပြီး ကောင်းမှုကုသိုလ်လုပ်ချင်လို့ပါ''
''မျက်ကြည်လွှာလှူဒါန်းတဲ့အလှူဟာ သိပ်မွန်မြတ်တဲ့အလှူဒါနတစ်ခုပါ၊ အလှူရှင်ဟာ သူကိုးကွယ်ရာ ဘာသာအလျှောက် ကောင်းမွန်ရာဘုံဌာနကို ရောက် သွားလောက်ပါပြီ၊ ခင်ဗျားတို့အမျှအတန်းဝေချင်ရင်လည်း စိတ်ထဲကရည်ရွယ်ပြီးတော့သာ အမျှဝေပေ တော့''
နှောင်းနှင့်ဒေါ်လေးရီ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်မိကြသည်။
''အလှူရှင်က ယောကျာ်းလား မိန်းမလား၊ အဲဒီ လောက်မှ သိခွင့်မရဘူးလားဆရာကြီး''
''ဘာများ ထူးခြားမှုရှိလို့လဲ၊ ဆရာ့ကို ပွင့်ပွင့်လင်းလင်းပြောပါ''
''ဟို. . . ဟို. . . ကျွန်မတူမလေးက မိန်းကလေး တစ်ယောက် ကို သူ့မျက်စိထဲမှာ မြင်နေရတယ်တဲ့၊ အဲဒါ''
ဆရာဝန်ကြီး၏ အကြည့်က နှောင်းအပေါ်သို့ ကျရောက်လာသည်။ ဆရာကြီး၏ စူးရှသော အကြည့်ဒဏ်ကြောင့် နှောင်းက မျက်လွှာချလိုက်သည်။
''ဟုတ်သလားသမီး''
''ဟုတ်- ဟုတ်ပါတယ်''
''ဘယ်လိုမြင်နေရတာ လဲ''
''သူ. . . သူ. . . နှောင်းအနားမှာ ရှိနေတယ်၊ နှောင်းကိုကြည့်နေတတ်တယ်ဆရာကြီး''
''အခုရှိနေသေးလား''
နှောင်းက အခန်းဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။
သူမကို မတွေ့ မြင်ရတော့ချေ။
''အခုတော့ မမြင်ရပြန်ဘူးဆရာကြီး''
''ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကို တစ်ယောက် က တစ်ယောက် ပြောင်းပြီးတပ်ဆင်တဲ့နေရာမှာ မူလပိုင်ရှင်ရဲ့ အရှိန်အဝါ ရိုက်ခတ်မှုကို တစ်နည်းမဟုတ်တစ်နည်းခံစားရတတ်ပါတယ်၊ သမီးမြင်နေရတဲ့ရုပ်ပုံလွှာဟာ ကွယ်လွန်သူမျက်ကြည်လွှာပိုင်ရှင် စွဲလမ်းခဲ့ တဲ့ လူ တစ်ယောက် ယောက် ဖြစ်ချင် ဖြစ်နေမှာ ပေါ့၊ ဘာမှစိုးရိမ်စရာ ကြောက်လန့်စရာမရှိပါဘူး၊ အစွဲအလမ်းမထားပါနဲ့''
ဆရာဝန်ကြီးက နှစ် သိမ့်မှုပေးရင်း နှောင်းကိုအကဲခတ်ကြည့်သည်။ ဇဝေဇဝါ ဖြစ်နေသော နှောင်းမျက်နှာပေးကိုကြည့်ကာ နှောင်းစိတ်ရှုပ်ထွေးနေဆဲ ဖြစ်ကြောင်း ရိပ်မိသွားဟန်တူပေသည်။
''မျက်ကြည်လွှာဟာ သမီးမျက်လုံးအိမ်ထဲမှာ တပ်ဆင်ပြီးပေမယ့် ၂၄နာရီတောင်မကြာသေးဘူးလေ၊ နဂိုပိုင်ရှင်ရဲ့ မျက်လုံးအိမ်နဲ့ နှစ် ပေါင်းများ စွာ တွဲ ပြီးနေခဲ့တာမဟုတ်လား၊ အံဝင်ဂွင်ကျမ ဖြစ်သေးလို့ပါ၊ အချိန်ကြာလာတာနဲ့အမျှ မျက်ကြည်လွှာပိုင်ရှင်အစစ်ဟာ သမီး ဖြစ်သွားလိမ့်မယ်၊ အဲဒီ အချိန်ကျ သမီးထင်ယောင်ထင်မှားမြင်တွေ့ နေတာတွေ ပျောက် သွားပါလိမ့်မယ်''
''ဟုတ်-ဟုတ်ကဲ့ပါဆရာကြီး''
''သမီးရဲ့ အခြေအနေဟာ သိပ်ကောင်းတယ်၊ တခြားလူနာတွေ ဆိုရင် ကြည်ကြည်လင်လင်မြင်ရဖို့ သုံးလေးရက်စောင့်ရတယ်၊ မနက်ဖြန် သမီးကိုဆေးရုံကဆင်းခွင့်ပေးမယ်''
ဆရာဝန်ကြီးပြန်ထွက်သွားသည်။
''ကြားလားနှောင်း၊ ဆရာကြီးက စိုးရိမ်စရာမလိုဘူးလို့ပြောသွားတယ်၊ ဒါမျိုးက ဖြစ်တတ်တယ်ထင်ပါရဲ့ အေ၊ ပျော်ပျော်နေပါ နှောင်းရယ်၊ ခုဆို နှောင်းဟာ ဘဝအသစ်တစ်ခုကိုရလိုက်ပြီလေ''
''ဟုတ်ကဲ့ပါဒေါ်လေး၊ နှောင်းပျော်ပါတယ်''
''အခု ဟိုမိန်းကလေးကိုမမြင်ရတော့ဘူးမဟုတ်လား''
''မမြင်ရတော့ပါဘူးဒေါ်လေး''
''အမြင်အာရုံတွေ ထွေးပြားနေလို့ပါကွယ်၊ မမြင်ရတော့ဘူးဆိုတော့လည်း ပြီးသွားတာပဲ၊ တော် ပါသေးရဲ့ အေ''
ဒေါ်လေးစကားအဆုံးမှာ ပင် သူမသည် ဖြတ်ကနဲပေါ်လာလေ၏ ။ ဒေါ်လေးရီနောက်ကျောဖက်မှပေါ်လာပြီး ဒေါ်လေးရီပခုံးကို ကျော်ကာ နှောင်းကိုကြည့်နေပေသည်။
နှောင်းသည် ဒေါ်လေးရီစိုးရိမ်ထိတ်လန့်သွားမှာ စိုး၍ မပြောတော့ပေ။ ဒေါ်လေးရီမရိပ်မိအောင် သူမကို မသိမသာအကဲခတ် ကြည့်နေမိသည်။ သူမက နှောင်းကိုညှိုးငယ်စွာ စိုက်ကြည့်နေလေ၏ ။ သူမ နှောင်းကိုတစ်ခုခုပြောချင်နေပုံရသည်။
သူမဘယ်သူလဲ။ သူမဘာပြောချင်နေတာလဲ။
![]() ကမ္ဘာတုန်တဲ့ည | ![]() သည်းခြေပျက်တဲ့လ | ![]() နေကိုကျောခိုင်းတဲ့လ |