Cover

အခန်း (၁)

ဆောင်းဦးကာလ နေ့လည်ခင်းကလေးတစ်ခုသည် နေရောင် ဖျော့ဖျော့ဖြင့် နွေးထွေးလှပ နေသည်။

သူမရဲ့ ရှေ့တူရှုမှာ တမျှော်တခေါ် လှမ်းမြင်နေတာ ကတော့ အုန်းပင်တန်းများ ပါ။ အသီး များ ပြွတ်သိပ်နေသော အုန်းပင်ပေါင်းများ စွာ ကို ဖြတ်သန်းတိုက်ခတ်လာသော လေပြေသော့ သော့  ကလေးကို ရှူရှိုက်ရတာ လွမ်းမောဖွယ်ကောင်းသလို ထင်မိသည်။

ထိုမြင်ကွင်းများ သည် သူမအတွက် ဆန်းသစ်သော ခံစားချက်ကို ပေသည်။

လေးထောင့် မကျတကျ သည်ခြံကွက်ကျယ်ကြီးဟာ စိတ်လွတ်လပ်ခြင်းရဲ့ အရသာကို ကောင်းစွာ ပေးနိုင်ကြောင်း သူမ သတိထားမိခဲ့ပြီ။

အဖြူ အ၀ါ ဂန္ဓမာခင်းများ က သူမရဲ့ မျက်စပသာဒပါပဲ။ သူမက ဂန္ဓမာပန်းတွေ သဘောကျ တတ်သည်။

ထိုဖက်အစွန်ခြံထောင့်မှာ ခရေပင်တန်း ပုပုလေးတွ၊ ပြီးတော့ ကျွဲကော၊ ပန်းမာလကာ၊ သရက်၊ သင်္ဘောလို စားပင်တွေ ၊ ရေတမာလို ဗန်ဒါလို အပင်တွေ ၊ စက္ကူပန်း၊ ရွက်လှ၊ ကြက်မောက်ရှည်၊ ခရမ်း၊ ချဉ်ပေါင် အမျိုးစုံလှတော့၏ ။

သည်မျှ အပင်စုံအောင် နီးနီးကပ်ကပ် တစ်ခါမှ မမြင်ဖူး။ မထိတွေ့ ဘူးသော သူမအတွက် တော့ မမခရတို့ရဲ့ ခြံဝန်းကကြီးဟာ အင်မတန် စိတ်ဝင်စားဖွယ် ကောင်းနေပါသည်။

ခပ်ငယ်ငယ်ကတည်းက တိုက်ခန်းပေါ်ပဲ ကြီးပြင်းလာလေတော့ သူမကိုယ်သူမ သစ်ပင် ချစ်တတ်မှန်း မသိခဲ့ပါ။

ပိုပြီးနှစ် ခြိုက်မိတာ ကတော့ ဒီခြံတွေ အားလုံးရဲ့ အနောက်ဖက်မှာ တသွင်သွင်စီးဆင်းနေတဲ့ စမ်းချောင်းလေးရှိတာပဲ။

စမ်းချေင်းကလေးရဲ့ အစပ်ကို သွားနိုင်ဖို့ သစ်သားတံတားလေးရှိသေးတယ်။

‘ငေးလှချည်လား ငြိမ့်ကလေးရဲ့ . . .’

မိုးအေးငြိမ့်က မမခရေကို ပြုံးမော့ကြည့်လိုက်ရင်း. . .

‘ရှုခင်းတွေ က ဆန်းနေလို့ပါ မမခရေရဲ့ ’

‘အမယ်လေး. . . အဲဒါ အခုရောက်ကာစ မို့လို့ပါနော်။ နောက်မှ ပျင်းလှချည်ရဲ့ လို့ မညည်း နဲ့ ကလေးမရေ. . .’

‘ငြိမ့် ဒီမှာ ပျော်ပါတယ်’

‘ဒီလိုလေးပဲ ကြားချင်ပါတယ်ကွယ်. . . နောက်မှ ပြန်ပြေးမယ် မစဉ်းစားနဲ့. . . ’

ခရေက မိုးအေးငြိမ့် ပခုံးလေးကိုဖက်ကာ တောင်းဆိုလိုက်သည်။

မောင် သံယောဇဉ်ကြီးကြီး အခြေချထားတဲ့နေရာလေးမို့ ဒီစိုက်ပျိုးရေး ခြံကို ခရေကလည်း ပစ်မထားနိုင်ပါ။ တကယ်ဆို သူ နိုင်ငံခြားသွားနေတုန်း ခရေက အမေတို့အိမ် ပြန်နေရင်ရသားပဲ။

သို့သော် ဒီမှာ အလုပ်သမားတွေ ချည်း လွှတ်ထားလို့လည်း မ ဖြစ်။ မောင်မရှိခိုက် သူမက ဦးစီး ကွပ်ကဲနိုင်ချင်သည်။

အခုတော့ ပန်းပင်တွေ မြေဆွေးတွေ ကြားထဲ ခရေလည်း ပျော်နေရပါပြီ။

သို့သော် မောင် အဝေးရောက်နေတဲ့အခါ ဒီခြံမှာ ခရေ တစ်ယောက် ထဲ ဖြစ်နေတာမို့ ညီမ ၀မ်းကွဲ မိုးအေးငြိမ့်ကို နေပေးပါဟု သွားခေါ်ထားရတာ လေ။

ဒီတော့ ငြိမ့်ကလေး ပျင်းရိငြီးငွေ့ပြီး သူ့အိမ်ပြန်ပြေးမှာ ခရေ စိုးရိမ်လှသည်။

‘ချောင်းစပ်ကလေးကို ဆင်းကြည့်ချင်တယ်’

‘ကလေးကျနေတာပဲ ငြိမ့်ရယ်. . . ချောကျနေပါဦးမယ်’

ငြိမ့်က သစ်သားတံတားလေးပေါ် တက်လိုက်၏ ။ ခရေလည်း သူမနှင့် အတူ တံတားပေါ် ရောက်လာရပါသည်။

‘ပျော်စရာလေးနော် မမခရေ. . .’

‘အခုမှ နှစ် ရက်ပဲ ရှိသေးတာကိုး . . . ကြာလာရင် ဒီခြံကြီးထဲ ကြိုက်စရာလ်း ဘာမှမရှိဘူး ရိုးသွားပြီ။ တစ်နေ့တစ်နေ့ အချိန်ကုန်ဖို့ မလွယ်ဘူးဆိုပြီး ငြိမ့် စိတ်ညစ်မှာ မြင်ယောင်ပါသေး တယ်. . . ’

ချောင်းစပ်ကလေးဆီ ဆင်းလာရင်း မမခရေ ပြောတာ မဟုတ်လား. . . နောက်ရက် အနည်းငယ်ကြာရင် သူမ ငြီးငွေ့ကာ အိမ်ပြန်ချင်စိတ်ပေါက်မလား. . . မသိနိုင်တော့ပါ. . . ။

မနှစ် က အလုပ်ဝင်တဲ့ ကုမ္ပဏီပိတ်သိမ်းတော့မှာ မို့ တစ်ခြားအလုပ်တစ်ခု မ၀င်ခင်စပ်ကြား. . . ပြီးတော့ အဖေတို့ကို စိတ်ကောက်ချင်တာလည်း တစ်ကြောင်းမို့ ရန်ကုန်အစွန်အဖျားက မမခရေတို့ အုန်းခြံထဲရအောင်နေပြဖို့ ဆုံးဖြတ်ချက်နှင့် အိမ်က ထွက်လာခဲ့တာ။

ကိုယ့်ဆုံးဖြတ်ချက်နှင့် ကိုယ်မို့ လွယ်လွယ်နှင့် တော့ လက်လျော့ပြီး မပြန်ချင်ပါဘူး. . . ။

မမခရေလည်း သူ တစ်ယောက် တည်း ဖြစ်နေတော့ ငြိမ့်လာနေတာကို မယုံနိုင်အောင် ၀မ်းသာလုံဆို့နေရှာတာ။

သူလည်း ခင်ပွန်းသည် မရှိခိုက် အထီးကျန်လွမ်းဆွတ်နေတာ မဟုတ်လား။

ငြိမ့်ရှိတော့ ညီအစ်မနှစ် ယောက် အစစအရာရာတိုင်ပင်ဖော် ရတာ ပေါ့။

တစ်ဦးတည်းသော သမီးတွေ မို့ ၀မ်းကွဲညီအစ်မဆိုပေမယ့် ချစ်ခင်ကြင်နာမှု ရှိတာ အမှန်ပင်။

သို့သော် အိမ်ထောင်ကျပြီးကတည်းက မြို့စွန် မြို့ဖျားစိုက်ခင်းထဲမှ သွားနေနိုင်သော ခရေ့ ကို အားလုံးက အံ့သြထူးဆန်း လက်ဖျားခါခဲ့ရတာ ။

အလှမ်းဝေးတော့ အဆက်အသွယ်တွေ လည်း ပြတ်တောက်ခဲ့ရသည် မဟုတ်လား။

ငြိမ့်တောင်မှ စိတ်ညစ်ညစ်ရှိလို့သာ အ၀တ်အစားအိတ်ဆွဲပြီး လိုက်ချလာမိတာ။

သေသေချာချာ တွေးတောစဉ်းစားပြီး အေးအေးဆေးဆေးဆုံးဖြတ်ရင် ရောက်လာမှာ မဟုတ်ပါ။

‘ရေကူးချင်စိတ်တောင် ပေါက်တယ်ကွာ’

‘မလုပ်ပါနဲ့ ရှင်. . . ’

‘သြော်. . . တကယ် ဘယ်သူက ကူးမှာ လဲ၊ စိတ်ထဲရှိတာ ပြောတဲ့ဟာကို. . .’

‘တို့ ညီမ ကတော့ စိတ်ကူးယဉ်တယ်ဟေ့. . .’

‘ဒီလို သာယာတဲ့ နေရာလေးကို ရောက်လာ ဖြစ်လိမ့်မယ်လို့ မထင်မိဘူး. . .’

‘ကဲ. . . ပြန်ရအောင်. . . ရှင် တစ်ယောက် တည်း ဒီတံတားပေါ် ကျန်ခဲ့မှာ စိတ်မချဘူး. . .’

မမခရေက အသက်သုံးဆယ်ကျော်နှင့် ဘီးဆံပတ်ကြီးပတ်ကာ လူကြီးပုံဖမ်းထားတော့ သည်။

များ သော အားဖြင့် ပုံရိုးရိုး ဘလောက်စ်အင်္ကျီလက်ရှည်နှင့် ပါတိတ်လုံချည်သာ အ၀တ်များ တာမို့ ရှိရင်းစွဲ အသက်ထက် အများ ကြီးပိုရင့်ကာ လူကြီးဆန်နေရပါသည်။

‘အခုအလာ ဒေါ်စောနောက်ဖေးမှာ ဘူးသီးကြော်ဖိုပ ပြင်နေတာတွေ့ ခဲ့ခတယ်. . . အခု လောက်ဆို ကျက်နေရောပေါ့. . . သွားမြီးကြရအောင်’

‘အင်းပါ. . . ခဏလေး. . .’

မမခရေက နေ့လည်နေ့ခင်းဆို စားစရာ တစ်မျိုးမဟုတ် တစ်မျိုး စီစဉ်ပေးတတ်သည်။

တစ်နေ့တစ်နေ့ ပေါင်မုန့်ခြောက်တို့ ဘီစကစ်တို့ပဲ စားရတယ်ဆိုပြီး ငြိမ့်မျက်နှာရှုံ့မဲ့နေမှာ စိုးလို့ ထင်သည်။

ပြောင်းဖူးတို့ ပဲမြစ်တို့ ပြုတ်လိုက်၊ ကောက်ညှင်းကို မုန့်အမျိုးမျိုးလုပ်လိုက်နှင့် ငြိမ့်သဘောကျ လုပ်ပေးနေရှာတာလေ။

‘ဒါဆို. . . ခရေ သွားကြည့်လိုက်ဦးမယ်နော်. . . သိလား’

‘အင်း. . . အင်း’

မမခရေက ရှေ့ကနေ ပြေးလွှားထွက်သွားတော့၏ ။

သစ်သားအိမ် ခြေတံရှည်ရှည်လေးဆီ ဦးတည်လျက်။

ရေနံချေးရောင် ကျန်နေဆဲ ဒီသစ်သားအိမ်လေးက အတော် အိုမင်းနေပြီ။

သို့ပေမယ့် မမခရေလို အိမ်ရှင်မလေးရဲ့ မွမ်းမံမှု ဖြင့် အိမ်အတွင်းပိုင်းလေးက နေချင့်စဖွယ် သပ်ရပ်လှပနေတာတော သူမကိုယ်တိုင် တအံ့တသြ ငေးမောခဲ့ရတာ ။

မိုးအေးငြိမ့်သည် ရိုးတံကိုင်းခြောက်တစ်ခုကို ကောက်ယူဆော့ကစားရင်း ပန်းခင်းများ ကို ဖြတ်လာ၏ ။

ပြီးတော့ ပန်းမြင်ရင် အလွန်ခူးချင်သော ၀ါသနာကြောင့် ဂန္ဓမာအ၀ါလေးတစ်ပွင့်ကို ချိုးယူ လိုက်မိသည်။

နားရွက်ကြားထဲ ညှပ်ကာ ပြုတ်ကျမလား လက်ကလေးနှင့် ထိန်းထားဆဲ ငြိမ့်နားထဲ ကား ၀င်လာသံကို ကြားမိလေသည်။

ဒီကိုရောက်ပြီး နှစ် ရက်အတွင်း ကားစက်သံကို နီးနီးကပ်ကပ် မကြားမိသေးပါ။ နီးလာတော့ သီချင်းသံပါ ကြားရသည်။

မြေနီလမ်းကလေးအတိုင်း ဂျစ်ကားလေးတစ်စီး ၀င်လာတာ တွေ့ ရ၏ ။ ဂျစ်ကားဆိုပေမယ့် ခပ်စုတ်စုတ်ပါ။

ခမ်ကြမ်းကြမ်းမောင်းဝင်လာသော အမိုးဖွင့်ဂျစ်ကားဂျစ်ကားပေါ်၌ လူတစ်ဦးသာပါပြီး နံဘေးက ခြံထဲ ချိုးကွေ့ဝင်လာတာ တွေ့ မြင်ရသည်။

တစ်ခြံနှင့် တစ်ခြံဟာ စည်းရိုးတိတိကျကျကြီး ခတ်ထားတာမျိုးမဟုတ်ဘဲ ဆူးချုံတွေ မြက် ရိုင်းတွေ ကိုင်းပင်တွေ ရှုပ်ထွေးနေတဲ့နေရာဟာ ခြံနှစ် ခု၏ အနားသစ်စည်း ဖြစ်ပုံရသည်မို့ ဟိုဖက် ခြံ ကြီးကို လှမ်းမြင်နေရပါသည်။

ကားမောင်းသူသည် မောင်းလို့ရတဲ့နေရာအထိ ကားကို တဖြေးဖြေးသွင်းယူလာတာမို့ စိုက် ခင်းမြေပျော့ပျော့ဆီရောက်ဖို့ ဘယ်လောက်မှ မလိုတော့. . . ။

သူတို့ဖက်ခြံကျယ်ကြီးမှာ မြေင်းဘောင်တင်ထားသော အခင်းကျယ်ကြီးတွေ ဟိုတစ်ကွက် ဒီတစ်ကွက်နှင့် အဓိက ကတော့ ပန်းဂေါ်ဖီနှင့် မုံညင်းတွေ ပြွတ်သိပ်နေအောင် စိုက်ထားတာ။

မမခရေတို့ဘက်က ဂန္ဓမာခင်းများ လောက် မလှပေမယ့် သူလည်း သူ့အလျောက် စိမ်စုသာမောဖွယ် ကောင်းတာတော့ အမှန်ပါ။

ခြေတံရှည် အိမ်မြင့်လေးရဲ့ ပြတင်းပေါက်ကနေ ဟိုဖက် ဒီဖက် ခြံတွေ ဆီ ငေးမောစပ်စုပြီး ပြီမို့ ခုအခါ ၀င်လာသော ကားလေးကိုသာ အာရုံစိုက်မိတော့သည်။

Like a stubborn fool am I?

Waiting for a blue moon.

So far away in the dark is a bean.

Does it come out from you?

‘လမင်းချစ်သူ’ တေးသွားလေးက တိတ်ဆိတ်ခြောက်ကပ်နေသော နေ့လည်ခင်းကို မြူး ကြွသွားစေသည်။

သို့သော် ကားရပ်ပြီး မကြာခင် သီချင်းသံလေး ရပ်သွား၏ ။ ကားစက်သပ်. . . သော့ ဖြုတ် ကာ ဆင်းလာသော လူ တစ်ယောက် မှာ အင်္ကျီလက်ပြတ်နှင့် ဘောင်းဘီပွယောင်းယောင်းကြီး ၀တ် ဆင်ထားလျက် အရပ်မြင့်ပြီး ကိုယ်ဟန်ထွားကျိုင်းပုံမှာ အဝေးကပင် မားမားမတ်မတ်ထင်ရှားနေ လေသည်။

ဒီကားနှင့် ဒီလူကို ငြိမ့်တစ်ခါမှ မမြင်ဖူးသေးတာမို့ ခြေစုံရပ် ကြည့်မိလျက်သား။

သူကလည်း ကားပေါ်က ဆင်းပြီးပြီးချင်း ငြိမ့်ထံတစ်ချက် လှမ်းကြည့်သည်။

ပြီးတော့ ခြေတစ်လှမ်း နှစ် လှမ်းသွားပြီးမှ တစ်စုံတစ်ခုကို သတိရသလို ကားထဲပြန်ကိုင်း၍ ငုံ့၍ ရှာဖွေယူလိုက်သည်။

သူ့လက်ထဲ ပါလာသည်မှာ ဆေးလိပ်အစည်းကြီး။ အစည်းထဲမှ တစ်လိပ်ထုတ်ယူကာ အိတ်ကပ်ထဲက မီးခြစ်ကို စမ်းသည်။

ဟင်း. . . သူက ဆေးပေါ့လိပ်များ အရေး တကြီး. . .

ငြိမ့်က နှာခေါင်းလေး ရှုံ့လိုက်သည်။

ဆေးလိပ်ကို မီးညှိရှိုက်ဖွာရင်း သူ့အကြည့်များ က ငြိမ့်ထံ စူးစူးစမ်းစမ်း။

ဟိုဖက်စိုက်ခင်း အစပ်မှ စပန့်ဂါဝန်အ၀ါလေး တလွင့်လွင့်နှင့် ဆံပင်စင်းစင်းတို့ကို နောက်ဖက်မှာ ပိုးနီတေးချည်ပြီး ပန်းအ၀ါလေးတစ်ပွင့်ပါ ပန်ထားတဲ့ မိန်းကလေးတစ်ဦးကို မြင်ရ တဲ့မြင်ကွင်းဟာ သူ့အတွက်လည်း ဆန်းနေပါသည်။

ဒီနားတ၀ိုက် မိန်းကလေး ငယ်ငယ်လှလှကလေးများ ကြည့်ရှုစရာ ရှားပါးလှတာကို သူနှင့် ဖိုးရှုပ် ညည်းညူနေကျမို့ ဒါဟာ ဧည့်သည်ပဲလေဆိုတာ ဗညားတန်းခနဲ သိသည်။

ကောင်မလေးကလည်း သူ့ထံ စူးစူးစမ်းစမ်းကလေး စိုက်ကြည့်နေတော့ ဗညားခြေလှမ်း တွေ အိမ်ဆီလှည့်မရတော့. . . ။

‘ဟိတ်. . . ချာတိတ်. . . ပန်းဝယ်ဖို့လား’

ဆေးလိပ်သောက်ဖွာရင်း ခြေလှမ်းကျဲနှင့် လျှောက်လာပုံကြီးဟာ မုန်းစရာ။

လူပုံချောချင်ရဲ့ ကြမ်းတမ်းတဲ့ သဏ္ဌာန်မျိုး ဖြစ်နေတာ နှမြောစရာပင်။

အသံကလည်း ခပ်သြသြ ခပ်ကျယ်ကျယ်။

‘အိမ်ပေါ်က ကြားရအောင် အော်ခေါ်လေကွာ. . . မင်း ဒီနားရပ်နေလို့ ပြီးမလား. . . ဘာပန်လိုချင်တာလဲ. . . ဗင်ဒါလား. . . ’

အခုနှစ် ပိုင်း မမခရေက သစ်ခွနည်းနည်း စမ်းစိုက်နေပြီမို့ တစ်ခါတစ်ရံ ပန်းလာဝယ်တတ် တာတွေ ရှိသည်။

ကောင်မလေးက ခပ်တည်တည်သာ ကြည့်နေသည်။

ဟ. . . ဘာလဲ. . . ကူညီချင်လို့ စေတနာနဲ့လည်း လာပြောပေးရသေးတယ် . . . မျက်နှာ ထားက တင်းနေပါလား။

ဗညား မျက်မှော င်ကုတ်လိုက်မိသည်။

သူ့ဆီက ဆေးလိပ်မီးခိုးနည်းနည်း ရှူရှိုက်မိမှာ ကို အင်မတန် ၀န်လေးလှသလို နောက်တစ် လှမ်း ဆုတ်လိုက်သေးသည်။

‘မင်းကွာ. . . ရုပ်ကလေး သနားကမားနဲ့ နားရောကြားရဲ့ လား. . .’

သူ့မေးပုံကြောင့် ငြိမ့်ဒေါသ ဖြစ်သွားမိ၏ ။

ဟင်း. . . သူ့ကိုယ်သူများ ဘာမှတ်နေသလဲ မသိပါဘူး။

ရုပ်ကိုက တောသား မြို့တက်လာတဲ့ရုပ်။

ပြန်မဖြေတဲ့အပြင် မျက်စောင်းအထိုးခံရတာ မို့ ဗညား တော် တော် အောင့်သွားရပါသည်။

‘ငါက ခြံချင်းနားနီးမို့လို့ ၀တ္တရားရှိလို့ မေးနေတာကွ။ နားလည်လား။ တချို့က ပန်းဝယ် မလိုလိုနဲ့ လစ်ရင်လာလာခိုးတတ်တယ်. . .’

‘ဟင်. . . ရှင် ဘာပြောတယ်. . .’

‘သြော်. . . ပန်းအခိုးခံရတာ များ ပြီလို့. . .’

ကောင်မလေး ဒေါပွားသွားတာကိုကြည့်ပြီး ဗညား ရယ်ချင်သွားမိ၏ ။

ကြည့်လေ. . . သူ့အလှည့်ကျတော့ ဆွေ့ဆွေ့ခုန်မတတ်ပဲ။

‘ဒီမှာ . . . ရုပ်ကို သေချာကြည့်ထား. . . ဒါ ပန်းခိုးမယ့် ရုပ်လား’

မျက်နှာလေးပင့်မော့လိုက်တော့ ပိုတောင်လှသေး. . . ။

ဗညားနည်းနည်း တောင် အသက်ရှူမှားချင်သည်။

မျက်နှာနုနုလေးသာမက ကြော့ရှင်းတဲ့ လည်တိုင်ကလေးပါ နီးနီးကပ်ကပ်တွေ့ ရတော့ မထင်မှတ်ဘ စိတ်လှုပ်ရှားမိတာ အမှန်ပင်။

‘ငါက တချို့တလေကိုပြောတာပါ. . . အဲဒီ တချို့တလေထဲမှာ ပါ မပါ မင်းကိုယ်မင်း စိတ် မလုံရင်တော ဖြေရှင်းပေါ့. . .’

‘အောင်မာ. . .’

ကောင်မလေးက ခါးထောက်ပြီး သူ့ကို စူးစူးရဲရဲ ဒေါသနှင့် ကြည့်သည်။

လှပတဲ့ကောင်မလေးရဲ့ မကျေမချမ်း မျက်လုံးတွေ ဟာ ပူပြင်းပေမယ့် မီတောက်တွေ လို လှပဆန်းကြယ်သည်။

ဗညား ပခုံးတွန့်လိုက်မိ၏ ။

‘မင်း မကျေနပ်ရင် ခြံရှင်ခေါ်လိုက်မယ်. . . ဗျို့. . . မမခရေ’

ပါးစပ်နား လက်ဝါးနှစ် ရံပြီး အိမ်ဆီဖက်သို့ အကျယ်ကြီး လှမ်းအော်လေသည်။

ငြိမ့်မျက်နှာလေး ကတော့ အတော် ရှုံ့မဲ့နေရပြီ။

မမခရေ ချက်ချင်း ဆိုသလို ၀ရံတာဆီ ပြေးထွက်လာပြီး. . .

‘ဟောတော့ . . . ဗညား. . .’

ပြောပြောဆိုဆို လှေကားက ပြေးဆင်းလာ၏ ။

‘ပျော်နေတာ ဘယ်ရက်ရှိပြီလဲ၊ အခုမှ ပြန်လာတာလား. . .’

‘ဟုတ်ကဲ့’

ခရေက ခုထိတင်းမာနေဆဲ ငြိမ့်မျက်နှာကလေးကို ကြည့်ကာ. . .

‘ဘာ ဖြစ်နေကြတာလဲ’

‘ငြိမ့်ကို ပန်းခိုးတယ်လို့ စွပ်စွဲနေတယ်. . .’

‘အဟင်း. . . ဟင်း. . . ဗညားရယ်. . . ဒါ ခရေ့ ညီမလေ. . . မိုးအေးငြိမ့်တဲ့. . . တို့အဖော် မရှိလွန်းလို့ အတင်းသွားခေါ်ထားရတာ . . .’

ဗညားက မျက်ခုံးပင့် ပြောင်စပ်စပ်လုပ်ပြီးမှ အလေးပြုဟန်လုပ်ကာ. . .

‘ဆောရီးပဲ. . . ဟဲ. . . ဟဲ’

‘ဘာ. . . ဟဲ. . . ဟဲလဲ’

‘တွေ့ လား. . . မမခရေညီမက စွာ တယ်ဗျာ. . . ဒီလိုစွာ တေး ညီမ တစ်ယောက် ရှိတာ ကျွန်တော် မှ မသိပဲဗျာ. . .’

‘ငြိမ့်ကလေးလည်း စိတ်မဆိုးနဲ့တော့နော်. . . ဒါ ဟိုဖက်ခြံက မောင့်သူငယ်ချင်းဆိုတာလေ ဗညားက သဘောကောင်းပါတယ်. . . တို့ကို ဘာမဆို ကူညီဖော်ရပါတယ်’

ခရေ့မှာ မိတ်ဆက်ပေးရင်း ဖျောင်းဖျရသေး၏ ။

ခဏလေး အိမ်ပေါ်တက်သွားတုန်း မရွှေငြိမ့်က ဗညားနှင့် ရန် ဖြစ်ထားနှင့် ပြီ။

ဒီ ကတော့ ဗညားပြန်ရောက်ရင် ညဖက် ဂစ်တာသံလေးကြားရတဲ့အခါ ငြိမ့်ကလေး စိတ်ဝင် စားပြီး အပျင်းပြေနိုင်ကောင်းရဲ့ ၊ အဖွဲ့ကျ နိုင်ကေင်းရဲ့ လို့ တိတ်တိတ်လေး မျှော်လင့်ထားတာ။

ထို့ကြောင့် ကတောက်ကဆ အခြေအနေမျိုးကို ဘယ်နည်းနှင့် မျှ မလိုလား။ မ ဖြစ်စေချင်။

‘ခရေလည်း သူ့ကို အခုပဲ လှမ်းခေါ်မလို့ ဗညားရဲ့ . . . ဘူးသီးကြော်ရပြီ. . . တက်ခဲ့တော့ လို့ အော်မလို့ ပါးစပ်ပြင်တုန်း ရှိသေး. . . ဗညားကို လှမ်းတွေ့ တော့ အံ့သြနေတာ. . . ကဲ အခု တော့ စစ်ပြေငြိမ်းလိုက်ကြပါရှင်. . . ဗညားလည်း အကြော်လိုက်စားပါဦးနော်’

‘နေပါစေ မခရေရာ. . .’

‘ဟဲ့. . . ဘာ ဖြစ်လို့တုန်း. . . ဒေါ်စောလက်ရာက အကြော်တွေ နင်အရမ်းကြိုက်တယ်ဆို ပြီး. . .’

‘အိမ်ရှင်က မျက်နှာပုတ်ထားတော့. . . အလိုက်သိရမှာ ပေါ့. . .’

ခရေက မိုးအေးငြိမ့်ကို စောင့်ငဲ့ကြည့်လိုက်မိသည်။

စူထော်ထော်နှုတ်ခမ်းလေး ကြည့်ရတာ စိတ်မပြေသေးတာတော့ အမှန်ပင်။

‘ငြိမ့်လေးက ဒီလိုသဘော မဟုတ်ပါဘူးဟယ်. . . နော်’

‘ငြိမ့်နဲ့ ဘာဆိုင်လို့လဲ’

မာဆတ်ဆတ် စကားသံလေးကို သဘောကျစွာ ဗညားပြုံးနေမိသည်။

သူဘာမှ မရည်ရွယ်မိခင် သူ့စိတ်တွေ ဟာ ဒီချာတိတ်မအပေါ် ဘာကြောင့် ချစ်စနိုး ဖြစ်မိသွားမှန်း မသိပါ။

ငြိမ့်မက ပြုံးမြမြ သူ့ဟန်ကို ကြည့်မရစွာ မျက်စောင်းတစ်ချက်ရွယ်ပြီး ရှေ့မှ ခပ်ဆောင့် ဆောင့် ထွက်သွားတော့သည်။

‘ခရေ ဖိတ်ပြီပဲ ဗညားရယ်. . . လာပါ. . . ငြိမ့်က ကလေးစိတ်ပါ. . . ဗွေမယူပါနဲ့ . . . သူက တစ်ဦးတည်းသော သမီး ဖြစ်နေတော့ အိမ်မှာ လည်း ဗိုလ်ကျဆိုးနွဲ့နေကျဆိုတော့ အကျင့်နည်း နည်းပါနေတာပါ. . . ဒါတောင် ကုမ္ပဏီမှာ တစ်နှစ် လောက် အလုပ်ဝင်လိုက်လို့ လူကြီးဆန်လာပြီ လို့ ပြောရမှာ . . . နို့မို့တို့လို အစွန်အဖျား စိုက်ခင်းထဲ အလည်လာဖို့တောင် ၀န်လေးရှုံ့မဲ့နေတာ ဟေ့. . . သိလား. . . အခုလည်း သူ့အိမ်နဲ့ စိတ်ကောက်နေလို့သာ တို့ဆီလာနေတာ. . . ဘယ် အချက်ပြန်ပြေးမလဲ မသိသေးဘူး. . . တို့မှာ သူစိတ်ချမ်းသာဖို့ အရိပ်ကြည့်နေရတာ . . . ဗညား ရေ. . . သူ့ကိုတော့ သည်းညည်းခံပေါးပါလို့ တစ်ဆက်တည်း တောင်းပန်းထားပါရစေ’

‘စိတ်ချပါ မခရေရာ. . . ကျွန်တော် သူ့ကို ခင်ပါတယ်’

ဗညားက မှန်သော စကားကို ဆိုလိုက်မိတာပါ။

မိုးအေးငြိမ့်ဆိုတဲ့ ကောင်မလေးဟာ သူ့ကို မြင်မြင်ချင်းပဲ ကြည်နူးနှစ် လိုခြင်းတွေ ပေးအပ် နိုင်သည်။

သူသည် ကားသော့ လေး ခါးကြားညှပ်လို့ မီးသေသွားပြီ ဖြစ်တဲ့ ဆေးပေါ့လိပ်ကို နှုတ်ခမ်းမှာ တေ့လျက် မခရေနှင့် အတူ ခြေတံရှည်သစ်သားအိမ်မြင့်လေးပေး လှမ်းတက်ခဲ့မိတော့သည်။

♥ ♥ ♥

အခန်း (၂)

‘လာပါငြိမ့်ရယ်. . . အကြော်လေး ပူတုန်း အတူတူစားရအောင်. . . ငြိမ့် ထွက်မလာရင် သူတစ်မျိုးထင်ပြီး စိတ်မကောင်း ဖြစ်နေပါ့မယ်’

‘အဲဒီ လူကြီး ကြည့်မရပါဘူးကွာ. . . သူ့ဘာသာ တစ်ယောက် ထဲ ပစ်ထးလိုက်. . .’

‘အို. . . ဘယ်ကောင်းပါ့မလဲ. . . နောင်လည်း ဟိုဖက်ခြံ ဒီဖက်ခြံ အမြဲဝင်ထွက် ခင်မင်နေ ကြတာ. . . ငြိမ့်ကလေးတို့ မခေါ်ကြရင် မျက်နှာပူ အားနာစရာကြီး. . . ငြိမ့်လည်း ပိုအနေကျုံ့မှာ စိုးတယ်. . . အခုကတည်းက ဘာမှမ ဖြစ်သလို ခင်မင်ရင်းနှီးထားလိုက်ရင် ပြီးရော. . . လာပါ. . . ဗညား စောင့်နေပြီ’

မမခရေက ပေကတ်ကတ်လုပ်နေတဲ့ ငြိမ့်ကို လက်ကလေးဆွဲကာ ဧည့်ခန်းဆီ ခေါ်ထုတ် လာပါသည်။

ဧည့်ခန်းက စားပွဲနိမ့်လေးဘေးမှာ သူက ခပ်အေးအေး သတင်းစာတစ်စောင်ကို လှန်လှော ကြည့်နေသည်။

ငြိမ့်တို့ကို မြင်တော့ သတင်းစာပေါ်က ကျော်ကာ ရယ်မြူးသော မျက်လုံးတို့နှင့် ကြည့်လိုက် သည်။

လူပုံကြမ်းသော်လည်း သူ့မျက်လုံးများ ကတော့ အတော် စိုနက်တောက်ပ ညှို့အားစူးရှ သည်မှာ မယုံနိုင်ဖွယ်ပင်။

သူကြည့်နေပုံကြောင့် ငြိမ့်တစ်မျိုး မနေတတ် ဖြစ်သွားရတာ ။ ဂါဝန်လေးကိုပဲ. . . ဆွဲချမိ တော့မလိုလို. . . ဘာမှန်း မသိ။

သူ့ကို ထပ်မကြည့်ဘဲ သင်ဖျူးဖျာကလေးပေါ် ထိုင်လိုက်မိ၏ ။

စားပွဲပေါ်မှာ အငွေ့တစ်ထောင်းထောင်း ဘူးသီးကြော်ပန်းကန်နှင့် အချဉ်ရည်၊ ဆလတ်၊ ဂေါ်ဖီ၊ ရေနွေးဓာတ်ဗူး၊ လက်သုတ်ပုဝါ၊ သောက်ရေအေး စုံလင်စွာ ချထားနှင့် ပြီ။

‘ဟဲ့. . . စားကြလေ. . . ဘာလို့ ငုတ်တုတ်ကြီးတွေ ငြိမ်နေကြတာလဲ. . . ဗညားနော်. . . နင်အစက ဘူးသီးကြော် တစ်ပန်းကန်ကို သုံးမိနစ်နဲ့ ပြောင်တာ မဟုတ်လား’

‘အဟား. . . မခရေက လုပ်ပြီ. . . အခု စံချိန်သစ်တင်မယ်ဗျာ. . . တစ်မိနစ်နဲ့ ၀ါးပြမယ်’

ဗညားက ပြောပြောဆိုဆို ပြောပြောဆိုဆို အကြော်တစ်ခုကို စတင်လှမ်းပေးသည်။

ငြိမ့်က မျက်လွှာလေးချ၍ ချည်ရည်နှင့် တို့ဖို့ လက်အရောက်ပန်းကန်ထဲ သူနှင့် လက်ချင်း လာဆုံးနေသည်။

ဖျက်ကနဲ လက်ကို ပြန်အရုပ် သူကလည်း အားနာပါးနာပြန်ရုပ်သိမ်းပေးတာမို့ နှစ် ယောက် စလုံး လက်တွေ မြောက်သွားကြပြီး ကိစ္စမရှိပါဘူးလေ. . . ဟု အချဉ်ရည်ထဲ ပြန်အချမှာ ကျပြန် တော့လည်း နှစ် ယောက် ပြိုင်တူ။

မခရေဆီက ရယ်သံထွက်လာ၏ ။

‘အဟင်း. . . ဟင်း. . . နင်တို့နှစ် ယောက် ကြည့်ရတာ သိပ်ရယ်ရတာ ပဲ. . .’

ငြိမ့်က မျက်စောင်း ဒိုင်းခနဲ ရွယ်သည်။

သူက မခရေနှင့် ရောပြီးရယ်လိုက်သေးသည် မဟုတ်လား။ ပြီးတော့ ငြိမ့်လက်ထဲက ဘူးသီးကြော်တစ်ချောင်း မကုန်ခင် ပန်းကန်ထဲက ဆလတ်ပင်စိမ်းစိမ်း အမောက်ကြီးဟာ တခဏ နှင့် ကုန်သွားပြီ။

ဒီဆလတ်တွေ များ စားနိုင်တာအံ့ရော. . . အခါးဘူးလား မသိ။ သူ့ကြည့်ရတာ အသီး အရွက်ကြိုက်ပုံရသည်။

ဒါကြောင့် များ သူ့အသားအရေဟာ ညိုနေတဲ့ကြားက ၀င်းစိုညက်ဖန့်နေတာလား မသိနိုင်။

ငြိမ့်သည် သူ့လက်ဖျံလက်မောင်းဆီကနေ မျက်နှာဆီ ဆက်ပြီးမော့မကြည့်ရဲပေ။

သူ့မျက်လုံးများ ဟာ ခက်ထန်မာကြောတဲ့ ငြိမ့်စိတ်တွေ ကို သိမ်မွေ့စွာ အကျဉ်းချနိုင်စွမ်း ရှိကြောင်း ငြိမ့်သိသွားရပြီ မဟုတ်လား။

‘စားလေ ငြိမ့်ငြိမ့်. . . ဘာလိုလဲ. . . ကျွန်တော့် ကို ရှက်နေလို့လား. . .’

‘အံမယ်. . . ဘာလို့ ရှက်ရမှာ လဲ’

နှုတ်ခမ်းက ခပ်စွာ စွာ ပြန်ပက်လိုက်ပေမယ့် သူခေါ်တဲ့ ငြိမ့်ငြိမ့်ဆိုတဲ့ အသံဟာ နားထဲ ဆန်း ပြားစွာ တိုးဝင်ရလေသည်။

မိုးအေးငြိမ့်ကို ငြိမ့်ငြိမ့်ရယ်လို့ ဘယ်မှမှ မခေါ်ဖူးပါ။

များ သော အားဖြင် မိုးအေးရေလို့သာ ခေါ်သံတွေ နားစွဲနေခဲ့ပြီ။

ငြိမ့်က သူ့အကြည့်တွေ မှ လွှဲကာ မျက်နှာခပ်ငုံ့ငုံ့နှင့် ရေနွေးတွေ သာ စွတ်သောက်နေမိ သည်။

ကုမ္ပဏီမှာ တုန်းက ယောက်ျားလေးတွေ နှင့် အလုပ်တာဝန်အရ သွားလာပတ်သက်ရတာ တွေ ရှိဖူးပါသည်။

ရင်းနှီးခင်မင် အသားကျတာမို့ ဘာမှည်း ရှိုးတို့ရှန့်တန်း မ ဖြစ်မိပါ။

ထမင်းအတူစားကြရင်တောင် နောက်နောက်ပြောင်ပြောင်း ဟင်းခွက်တွေ လုစားနေကျ။

ရှက်တတ်တယ်ဆိုတာ သူတို့နှင့် တုန်းက မ ဖြစ်ဖူးပါပဲ. . . အခုမှ သူပြောသလို ငြိမ့်အမူ အယာက ရှက်တက်တက် ဖြစ်နေရသလား. . . ။

ငြိမ့်နှုတ်ခမ်းကလေးကိုက်ကာ ဘာကိုမှန်းမသိ မကျေနပ်ချင်။ သူ့လို ဆေးလိပ်တိုနှင့် တော သားပုံကို မနှစ်သက် တာ သေချာပါရက်နှင့် သူစိုက်ကြည့်နေရင် ရင်တုန်တာ ကတော့ ပျော့ညံ့ရာ ကျလွန်းပြီ။

ငြိမ့်သည် ထီမထင်စွာ မှု န်တေတေလေး ပြန်ကြည့်ပစ်လိုက်သည်။

အနားမှာ မခရေရှိနေလို့လည်း ပြိုင်ကြည့်ရဲတာ ဖြစ်မည် ။ မမခရေလည်း ရေနွေးထပ်ဖြည့် ဖို့ထွက်သွားရော. . . ငြိမ့်လည်း ခံနိုင်ရည်မရှိ အကြည့်လွှဲမိရော. . . ။

ဟင်း. . . သူ့ကိုတော့ မရှုံးချင်ပါဘူးနော်။

♥ ♥ ♥

အခန်း (၃)

‘ငြိမ့်ရေ’

‘ရှင်’

‘ရေချိုးမယ်ဆို’

‘အင်း. . .’

အိပ်ရာပေါ် ခွေလှဲနေဆဲ ငြိမ့်ကို မမခရေက အခန်းဝမှ လာကြည့်သည်။

‘နေမကောင်းလို့လား ငြိမ့်လေး. . . ညနေစောင်းရင် ချမ်းမယ်နော်. . . စောစောချိုးလေ’

‘အေးပါ. . .’

‘အင်းပါဆိုလည်း လုပ်လေကွာ. . . အပျင်းထူမလေး. . . ကဲ. . . ထပါဦး’

အနားကို လာထူပြီမို့ ငြိမ့်က ကိုယ်ကလေးကို တွန့်လိမ်ညည်းညူလိုက်ရင်း. . .

‘မမခရေ. . .’

‘ဟင်. . . ဘာလဲ’

‘ဟိုဖက်အိမ်ကနေ ဒီကို မြင်နေရလား. . .’

ခရေ မျက်ခုံးလေး ပင့်သွားရသည်။

ငြိမ့်မျက်နှာလေးကို ကြည့်ရုံနှင့် သူမ သိလိုက်ပါပြီ။

ငြိမ့်ကလေး လာနေမည် ဆိုကတည်းက ဒီအခက်အခဲတွေ ကို စဉ်းစားမိပြီးသားပါ။

ဒီမှာ က အိမ်ပေါ်မှာ ရေချိုးခန်း ဘာညာမှ မရှိတာ။

ရေချိုးရင် ရေတွင်း သွားချိုးရတာ ။

အဲဒီ ရေတွင်းကလည်း အိမ်ကတေန ပေတစ်ရာကျော်တော့ အနည်းဆုံးဝေးတဲ့ နေရာမှာ တည်ရှိလေတော့. . . ။

ခရေ ပင့်သက်ရှိုက်မိ၏ ။

‘မမြင်ရပါဘူး. . . ဗညားကလည်း ဒီဖက်ကို ကြည့်နေမယ်တော့ မထင်ပါဘူးဟယ်. . .’

‘အို. . . အဲဒါ ပြောတာမှ မဟုတ်ပဲ’

ငြိမ့်မျက်နှာလေး နီချင်၏ ။

‘ငြိမ့်လေး. . . ရေတွင်းမှာ သွားမချိုးရဲလို့ မဟုတ်လား။ ဒါဖြင့် လည် အိမ်ပေါ်က စည်ထဲက ချိုးလေ. . . ရသားပဲ. . .’

‘ဟင့်အင်း. . .’

ငြိမ့်က ခေါင်းယမ်းလိုက်သည်။

‘မချိုးချင်ပါဘူး. . . အိမ်ပေါ်မှာ ချည်းတော့ . . . ကိုယ်က အခွင့်ထူးခံယူသလို ဖြစ်နေမှာ ပေါ့. . .’

မမခရေတောင် သဘက်ကလေးလွှမ်းပြီး ရေတွင်းမှာ ပဲ သွားချိုးတဲ့ဥစ္စာ. . . ။

ရောမရောက်ရင်တော့ ရောမလိုကျင့်နိုင်တာ အကောင်းဆုံးပဲ မဟုတ်လား။

မနေ့တုန်း ကတော့ ဒီအခက်အခဲကို ပြဿနာရယ်လို့ မမြင်ပဲ ပျောစရာအထူးအဆန်းလို့ သဘောထားနိုင်ခဲ့ပြီး ဒီနေ့မှပဲ ငြိမ့်စိတ်က ဘာ ဖြစ်တာတုန်း မသိပါဘူးကွယ်။

တကယ်ဆို ရေတွင်းအနီးမှာ အ၀တ်လျှော် ကျောက်ပြားနှင့် ကျောက်ရေစည်တစ်ခုလည်း ရှိပြီး အဲဒီ နေရာကို သစ်ပင်နှစ် ကြား ကြိုးတန်းကနေ ပလပ်စတစ်ထူထူကြီး လှမ်းပြီးကာကွယ်ထား ပြီးသား။

ဟိုဖက်အခြမ်းကလည်း ၀ါးရုံတွေ စိပိစိပ်ပေါက်နေတော့ တော် ရုံလှမ်းကြည့်လို့တော့ ဘာမှ မသဲကွဲပါဘူး။

ဒါပေမယ့် ဟာလာဟင်းလင်းကြီး ရေချိုးရတာ ချိုးစမရှိတော့ ဘယ်လိုကြီးမှန်း မသိ။

တွင်းရေက အေးစိမ့်ကြည်မြပြီး အနံ့အသက်ကင်းတာမို့ ချိုးလို့ကောင်းတာတော့ အမှန်ပါ။

စိတ်တွေ လန်းဆန်းအေးမြသွားတတ်တဲ့ ခံစားမှု ကို နှစ် ခြိုက်မိတာလည်း မငြင်းလိုပါ။

သို့သော် အိမ်မြင့်ပေါ်က အဆင်းတစ်ချက်မှာ သဘက်ခြုံထားတဲ့ ငြိမ့်ပုံစံကို သူလှမ်းမြင်မှာ ရှက်သည်။

ဒီလူကြီးက ဘာရယ်မဟုတ် လှမ်းကြည့်ချင် ကြည့်နေမှာ ပေါ့။

ဘယ်လိုလုပ်ရပါ့မလဲ စဉ်းစားရင်း ညနေစောင်းသွားပြီလေ။

‘ဒါဖြင့် ဘာတွေ စိတ်ရှုပ်နေတာလဲ ငြိမ့်လေးရဲ့ . . .’

မှု န်ကုပ်ကုပ်မျက်နှာလေးကို ငြိမ့်ပင်လိုက်ကာ. . .

‘မရှုပ်ပါဘူး. . . ငြိမ့်သွားချိုးမှာ ပါ. . .မမခရေရယ်. . .’

‘တို့ညီမလေးကို အားနာလိုက်တာ. . . အစကတည်းက နေရေး ထိုင်ရေး ခက်မှာ ကိုပဲ စိတ်ပူတာ. . .’

‘ရပါတယ်. . . ဒါခက်တယ် မခေါ်ပါဘူး. . . နေသးမကျသေးတာလေးတစ်ခုပါ. . . ကဲ. . . ငြိမ့် အခုပဲ ပြေးချိုးလိုက်တော့မယ်နော်. . . ကြာတယ်. . . ’

ငြိမ့်က ပြောရင်း မှန်တင်ခုံရှေ့သွားရပ်. . . ဆံနွယ်တွေ ဘီးကုပ်နှင့် သိမ်းတန်သိမ်း. . . ထုံး တန်ထုံးရင်းနှင့် ရေချိုးဖို့ပြင်ဆင်လိုက်တော့၏ ။

သွယ်ပျောင်းချပ်ရပ်သော ငြိမ့်ကိုယ်လုံး မပိန်မ၀လေးကို ခရေပင် အမှတ်မထင် ငေးစိုက် မိ၏ ။

‘ခရေလည်းပျင်းနေတယ်. . . ရေတွင်းနာထိ လိုက်စကားပြောမယ်နော်. . . သိလား’

‘အင်း. . .’

ငြိမ့်က မြန်မြန်ခေါင်းညိတ်ပြသည်။

တစ်ယောက် ထဲ အိမ်ပေါ်က ဆင်းလျှောက်သွားရမှာ ထက်စာလျှင် မမခရေပါတော့ ပိုအဆင်ပြေတာပေါ့။

မမခရေက ဆပ်ပြာခွက်၊ သွားပွတ်တံ၊ သွားတိုက်ဆေး လိုအပ်တာတွေ အားလုံး စုထည့်ပြီး သူပဲကိုင်ခဲ့ပေးသည်။

ငြိမ့်သည် လှေကားလက်ရန်းလေးကိုကိုင်တွယ်ဆင်းခဲ့ရင်း ဟိုဖက်ခြံထဲ မလုံမလဲကြည့် လိုက်မိသေး၏ ။

လူရိပ်လူယောင်ပင် မတွေ့ ပါ။

ဂျစ်ကားလေး ကတော့ ရှိနေသည်။

‘ဗညား တစ်ယောက် ဘာတွေ လုပ်နေသလဲ မသိဘူး။ ဖိုးရှုပ် ဟင်းမချက်တတ်လို့ ကိုယ်တိုင်ဝင်ချက်နေသလား မပြောတတ်ဘူး. . . မီးဖိုခန်းထဲက မီးခိုးငွေ့တွေ တော့ တွေ့ ရ တာပဲ. . .’

‘သူက ဟင်းချက်တတ်လို့လား. . .’

‘အဟင်း. . . ဟင်း. . . တစ်ခါတလေတော့ ၀င်ချက်တာပဲ. . . တို့ကိုတောင် ကောင်း၊ မကောင်း အတင်းမြည်းခိုင်းတတ်တာ. . .’

‘ဟင်းချက်တတ်ရင် မကြိုက်ပါဘူး. . . မိန်မဆန်တယ်’

‘ဟဲ့. . .’

‘ကြားဖူးတာပြောတာပါ မမခရေရယ်’

‘ငြိမ့်လေး သူ့ကို အမြင်ကပ်နေပြီဟေ့’

‘ကြည့်မရတာ တော့ အမှန်ပဲ. . .’

‘ဘာကြောင့် . . .’

‘မသိဘူး’

‘ဗညားက ခင်စရာကောင်းပါတယ်ဟယ်. . . ရိုးရိုးသားသား သဘောထားပြည့်တာ. . . ဒီခေတ်လူငယ်တွေ ထဲမှာ ရှားပါး၊ ဟန်လည်း မဆောင်ဘူး၊ ပွင့်ပွင့်လင်းလင်းပဲ. . . ဒါကြောင့် သူ့ပုံစံ တမျိုး ဖြစ်နေတာ. . . စိုက်ပျိုးရေး တက္ကသိုလ်ဆင်း. . . ၀ါသနာပါလို့လာ ခြံစိုက်နေတာ. . . သူ့မိဘ တွေ က ပြည့်စုံပါတယ်. . . ကမ္ဘာအေးဘုရားလမ်းမှာ နေတာ. . . ငြိမ့်ရဲ့ . . . တစ်ခါတစ်ခါ သူ့အိမ် ပြန်သွားရင်. . . တို့မှာ စကားပြောဖော်မရှိပဲ ပျင်းခြောက်သွားရော. . .’

မမခရေ ညွှန်းတာကို ငြိမ့်က နှာခေါင်းလေး ရှုံ့လိုက်သည်။

‘ဘာလို့ မဲ့နေတာလဲ. . . တကယ်ပြောနေတဲ့ ဥစ္စာ’

‘မမဲ့ပါဘူးနော်’

‘ကဲ. . . ချိုးတော့. . . ရေဖြည့်ပြီးသားရှိတယ် မဟုတ်လား. . . ပါလာတဲ့အင်္ကျီ တို့ကိုပေး. . ဒီဖက်ျွှာ လျှော်လိုက်ရအောင်’

‘ဟင့်အင်း. . . ငြိမ့်ဘာသာ လျှော်မယ်. . .’

‘ပေးစမ်းပါ . . . တို့လည်း အလကားရပ်နေရတာ ပျင်းတယ်’

ငြိမ်းရဲ့ ဂါဝန်အင်္ကျီကို အတင်းဆွဲယူ လျှော်ဖွတ်ဖို့ပြင်တာမို့ ငြိမ့်လည်း ရေဖလားလေးနှင့် စည်ထဲက ရေကို ခပ်ချိုးလိုက်တော့သည်။

တစ်ကိုယ်လုံး အေးစိမ့်လန်းဆန်းသွားကာ သီချင်းပင် အော်ဆိုချင်စိတ် ပေါက်သည်။

အိမ်မှာ ဆို ငြိမ့်က ရေချိုးရင်း သီချင်းတကြော်ကြော်အော်ရင်အော် ဒါမှမဟုတ် အကျယ်ကြီး ညံနေအောင် ဖွင့်ထားရမှ။

အခုတော့ စားစား၊ သွားသွား၊ နေနေ အရာရာဟာ ယခင်နှင့် မတူ။ တမျိုးထူးဆန်းနေတာ ထိုအတွေ့ အကြုံသစ်၌ ကိုယ်ဘယ်လောက်ခုံမင်သွားလဲ မသိနိုင်တော့ပါ။

♥ ♥ ♥


ဝန်ဇင်းချစ်သူများ ဆုလေးနွယ် (ရန်ကုန်တက္ကသိုလ်) ၏ “ ချစ်ခြင်းဖြင့်တိမ်များဆီ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


လှပသော မနက်ဖြန်တစ်ခု

မိုးပြာရောင် အရုဏ်ဦး

ပြန်မပြောကြေး