Cover

မိုးပြာရောင် အရုဏ်ဦး

ဂုဏ်လူက ထမင်းကို ငုံ့စားရင်း သူ့ကို မျက်လွှာလေး တစ်ချက်ပင် ပင့်မကြည့်သော မိန်မိန်ဖူးနီရဲ့ အေးစက်စက်ဟန်ပန်ကို သတိထားမိကာ ရင်ထဲ မချင့်မရဲ ဖြစ်နေမိသည်။

အရင်ကမှ သူအိမ်ကိုရောက်လာရင်“ကိုဂုဏ်ကြီး ဒီညမျှော်စင်ကျွန်းမှာ ရဲလေးရှိုးရှိတယ်၊ လိုက်ပို့ပေးမလား၊ဒက်ဒီက သူငယ်ချင်းတွေ နဲ့ဆို ညဥ့်နက်တဲ့အထိမသွားရဘူး၊ ဘာညာပြောနေလို့ သိလား” စသဖြင့် သူ့ဒက်ဒီနှင့် အခန့်မသင့် မပြေလည်သမျှဂုဏ်လူကို တိုင်တည်ရင်ဖွင့် အကူအညီတောင်းတတ်သေးသည်။

အပြင်သွားစရာမရှိဘူးဆိုလျှင်တောင် ဧည့်ခန်းမှာ သူနှင့်အတူ ဘောလုံးပွဲကြည့်ရင်း မုန့်လိုက်ကျွေးကြေး အလောင်းအစားလုပ်ရင်း ငြင်းခုန်တတ်တဲ့ ကလေးမပါ။

ဒီရှစ်နှစ် တာကာလအတွင်း ဂုဏ်လူနှင့်သူမဟာ အတော် အတန် ရင်းနှီးခဲ့တာလည်း အမှန်ပါ။

တကယ်တော့ ဂုဏ်လူရဲ့ အဖေ ဦးလူမောင်ဟာ အရင်က မိန်မိန့်ဒက်ဒီ ဦးမင်းရာဇာရဲ့ လုပ်ဖော်ကိုင်ဖက် တပည့် တစ်ယောက် ပါ။ အပြန်အလှန် လေးစားခင်မင်ရင်းနှီးခဲ့ကြသည်။

ဂုဏ်လူဟာ မူလတန်းအရွယ်ကတည်းက မိခင်ကွယ်လွန်သွားတာမို့ အဖေတစ်ခု သားတစ်ခုဘ၀နှင့် ရပ်တည်လာရသူ။

ဖေဖေက သူမကွယ်လွန်ခင် ကျန်းမာရေး ချွတ်ယွင်းလာကတည်းကပင် သူ့သားဂုဏ်လူကို ဦးမင်းရာဇာဆီ အပ်နှံခဲ့တာပါ။ သူမရှိသော အခါ တူသား တစ်ယောက် လို ကူညီစောင့်ရှောက်ဖို့ အကူအညီတောင်းခံခဲ့တာကြောင့် ဦးမင်းရာဇာက သူ့ကုမ္ပဏီရုံးမှာ ဂုဏ်လူကို မန်နေဂျာရာထူးနှင့် အလုပ်ပေးခဲ့သလို ဖေဖေရှိစဉ်ကတည်းက သူ့ကို တပည့်ရင်းလို အစစအရာရာ ကူညီစောင့်ရှောက် နေရာပေးခဲ့သူပါ။

ဒီမိသားစုရဲ့ ကျေးဇူးတွေ ဂုဏ်လူဆီမှာ အများ ကြီးရှိပါသည်။အန်ကယ်ရာဇာရော သူ့ဇနီး ဒေါ်မာလာဆွေရော၊ ကြီးကြီးမေခင်ရော သူ့ကို ချစ်ခင်ဂရုစိုက် အရေး ပေးခဲ့ကြသည်။

လွန်ခဲ့သော ခြောက်လခန့်ကမှ အန်ကယ်ရာဇာရဲ့ ဇနီး အန်တီမာလာ ကွယ်လွန်သွာခဲ့တာ ဖြစ်သည်။

အခုတော့ မိန်မိန့်ဒက်ဒီဟာ မုဆိုးဖို တစ်ယောက် လို့ ဆိုရမှာ ပေါ့လေ။

ကြီးမေရော အန်ကယ်ရော သူ့အပေါ် အရင်ကအတိုင်း မပြောင်းမလဲ နွေးထွေးခင်မင်ရုံ ဆိုလျှင် ဘာမှပြဿနာမရှိပေမဲ့ အခုတော့ သူတို့မှာ ဂုဏ်လူနှင့်ပတ်သက်၍ ရည်မှန်းချက် တစ်ခုရှိလာခဲ့ပေပြီ။

ဂုဏ်လူက ထမင်းတစ်ဇွန်းစား၊ ရေတစ်ငုံသောက်ကာ သက်ပြင်းတစ်ချက်ပါ ကြိတ်ရှိုက်မိ ၏ ။

မိန်မိန့်မျက်နှာ မသာယာသော အခါ သူ့မှာ နေမထိထိုင်မသာ။

စိတ်အနှောင့်အယှက် ဖြစ်နေတာကြောင့် ခါတိုင်း ထမင်း မောက်မောက်ပန်းကန် အသာကလေးပြောင်သွားသော ဂုဏ်လူက ဒီညနေတော့ ထမင်းမျိုမကျနိုင်အောင်ပင် နင်တင်တင် နှင့်ရင်ထဲ ခိုးလိုခုလု တစ်မျိုးကြီး ခံစားနေရသည်။

ဖူးနီရိပ်မြုံ၏ ထမင်းစားခန်းလေးမှာ ကျယ်ဝန်းသားနားပြီး တိတ်စိတ်လှပသော်လည်း ခါတိုင်းလို သက်တောင့်သက်သာမရှိပေ။

မိန်မိန့်ဖူးနီသည်လည်း ဒက်ဒီနှင့် ကြီးမေရှေ့မှာ မို့သာ ဣနြေ္ဒရရ ခပ်တည်တည်ဟန်လေး ဟန်မပျက် ထမင်းစားနေရပေမဲ့ ဒီလူကြီး ဦးဂုဏ်လူနှင့် မျက်နှာချင်းဆိုင်တာ မဟုတ်ပေ။

သူ့ကို အရင်က ခင်မင်သလိုရှိပေမဲ့ အခု မခင်ချင်တော့ပေ။

သင်းဟာ တော် ရုံရောင့်တက်တာကိုမဟုတ်။ သင်းရဲ့ အကြံဟာ ဆင်ကြံ။ တော် တော် ကြီး တဲ့ အကြံဥာဏ်။ ဒက်ဒီ့နားတကပ်ကပ်နှင့် ဘာမဆို ဟုတ်ကဲ့၊ ဟုတ်ကဲ့ လုပ်ကာ မျက်နှာချိုသွေးနေတာဟာ တကယ်တော့ သူ့မျှော်လင့်ချက်နှင့်သူကိုး။

သူ့မျှော်လင့်ချက်ကလည်း ကြည့်ဦးလေ။

သေးသေးမွှားမွှားမှ မဟုတ်ပဲ။

ဒက်ဒီမင်းရာဇာ၏ တစ်ဦးတည်းသော သမီးကို မှ အပိုင် မျှော်လင့်တာ။ အပီချဉ်းကပ်တာ။ အသေအညှာကိုင်တာ။ ဒီလူကြီးကို အရင်လို လျှော့တွက်ထားလို့ မရတော့။

မိန်မိန်သည် သူနှင့်တစ်ဝိုင်းတည်းအတူ ရှိနေရတာ ကို စိတ်ထဲ အောင့်သက်သက်။ မကျေမနပ်နှင့် စိတ်တွေ အတော် ကျဉ်းကြပ်နေမိသည်။

သူ့ကို မမြင်ချင်ပါဘူး။

ချက်ချင်း ထထွက်သွားရင် မကောင်းတတ်လို့သာ စိတ်မပါစွာ ထမင်းစားရင်း အချိန်ဖြုန်းနေရတာ ။

ဒက်ဒီက သူမမျက်နှာအရိပ်အကဲကို တစ်ချက်မော့ကြည့် စူးစမ်းသည်။

မိန်မိန်က ခေါင်းသာငုံ့ထား၏ ။

မိန့်မှာ ရည်းစားမရှိသေးတာနှင့်ပဲ သူ့မန်နေဂျာနှင့် သဘောတူစရာကျနေတာပဲ။

မာမီသာရှိနေရင် မိန့်ခံစားချက်၊ မိန့်ပြဿနာတွေ ကို ဖြေရှင်းပေးဖို့ အကူအညီ တောင်းနိုင်ဦးမည် ။

အခုတော့ မာမီက ထွက်သွားနှင့်ပြီ။ မိန်တို့သားအဖကို အေးစက်စွားချန်ထားရစ်ပြီး သူ့ရဲ့ သံသရာခရီးကို သူ တစ်ယောက် တည်း မတွေ ဝေဘဲ ခရီးဆက်ခဲ့ပြီ။

မာမီရယ်. . .။

ထမင်းကို ဆက်မျိုလို့မရအောင်ပင် မိန်မိန့်ရင်ထဲ တင်းကြပ်ဆို့နင့်သွားရပါသည်။

သာမန်အားဖြင့်ဆိုလျှင် ခြောက်လဆိုတဲ့အချိန်ဟာ ဆုံးသွားတဲ့လူ တစ်ယောက် အပေါ် တရားသဘောနှင့် ဖြေသိမ့်လိုက်ဖို့ လုံလောက်တဲ့ အချိန်အတိုင်းအတာတစ်ခုတဲ့။ ဖတ်ဖူးခဲ့တာပဲ။

ဒါပေမဲ့ မမေ့နိုင်ပါဘူး မာမီရယ်။

ပြီးတော့ ဒက်ဒီ။ အခုဘာလုပ်နေသလဲသိလား။

သူ့ရဲ့ တစ်ဦးတည်းသော ချစ်သမီးကလေးကို အိမ်မှာ အရှုပ်ထုပ်လို့ထင်နေပြီ။

မိန်မိန့်ကို အိမ်ထောင်ချပေးတော့မယ်တဲ့ မာမီ။

မိန် ဘာလုပ်ရမလဲဟင်။

မိန်မိန်ဖူးနီရဲ့ မျက်လုံးအိမ်မှာ ထိန်းမရစွာ မျက်ရည်ကြည်လေး ဝေ့၀ဲယှက်သန်းလာခဲ့ သည်။

မျက်တောင်းလေးကို တဖျပ်ဖျပ်ခပ်၍ သူမသိမ်းဆည်းမျိုသိပ်သည်။

ဟင့်အင်း…..အမိန် မငိုချင်ဘူး။

ပြဿနာတစ်ခုကို မျက်ရည်နဲ့ မဖြေရှင်ချင်ပါဘူး။ ပြဿနာရဲ့ အရင်းခံဟာ ဘယ်သူလဲ။

ဒီဂုဏ်လူဆိုတဲ့ လူကြီးကနေစတာပဲ။

သူ့ကြောင့်ပေါ့။ သူ ဒက်ဒီ့အနားမှာ ယုံကြည်စိတ်ချစရာ လူကောင်း တစ်ယောက် အ ဖြစ် ရှိနေလို့သာပေါ့။

မိန့်ကို ကလေး တစ်ယောက် လို သဘောထားပြီး အနွံတာခံ စိတ်ရှည်သဘောကောင်းလို့ သာ ဒက်ဒီက သူ့ကို မျက်စိကျလာခဲ့တာလေ။

သူသာကောင်းပြမနေရင် အရက်သောက်၊ လောင်းကစားနေ၊ ဒါမှမဟုတ် တစ်နေရာမှာ ပြစ်ချက်တစ်ခုရှိနေရင် ဒက်ဒီက ဒီလိုစိတ်ကူးမိမှာ မဟုတ်။

သူက ဒက်ဒီ့ရှေ့မှာ ဘာလို့သိပ်ကောင်းအောင် နေပြရတာ လဲ။

ရှင်းနေတာပဲလေ။

ဒီလိုရည်ရွယ်ချက် အစကတည်းက ရှိနေလို့သာ ဖြစ်မှာ ။

စေ့စေ့တွေးမိလေ မိန် သူ့ကို မျက်မုန်းကျိုးမိလေ။

“သမီး….မိန်မိန်”

ကြီးမေ၏ ခေါ်သံကြောင့် ဖျတ်ခနဲ မော့ကြည့်မိ၏ ။

“ဘာတွေ စဉ်းစားနေတာလဲ၊ စားစရာရှိတာစားလေ၊ မောင်ဂုဏ်လူကိုလည်း ဟင်းထည့်ပေး ဦး သမီး၊ ဆတ်သားခြောက် အကြွပ်ကြော်မွမွလေး မြည်းကြည့်စမ်း၊ စပ်စပ်ကလေးနဲ့ အရသာရှိ တယ်ကွဲ့”

ကြီးမေက ထုံးစံအတိုင်း သူစီမံချက်ပြုတ်ထားတဲ့ ဟင်းအမယ်တွေ ကို ညွှန်းရင်း မိန့်ကိုသာ ဂုဏ်လူ့ပန်းကန်ထဲ ခပ်ထည့်ခိုင်းပါသည်။

မိန်မိန်သည် စကားသိပ်မပြောချင်သဖြင့် သူမနားက ဆတ်သားအကြွပ်ပန်းကန်လုံးကို ဂုဏ်လူဖက် တိုးရွှေ့ပေးလိုက် သည်။

“ဟဲ့….ထည့်ပေးပါဆိုတာကို”

“ရပါတယ် ကြီ်းမေ”

သူက အားနာဟန်နှင့် လက်ကာသည်။ မိန်မိန်ဖူးနီက အမြင်ကပ်ကပ်နှင့် ဂုဏ်လူ့ပန်းကန်ထဲ သုံးလေးငါးဇွန်း ခပ်ထည့်ပေးလိုက် သည်။

“စား….စား ကြီးမေလက်ရာ အရမ်းကောင်းတာ”

ရွဲ့ပြောလိုက်တာ။ အမှန်က ကြီးမေက အစပ်တွေ ၊ အငံတွေ တအားသုံးစွဲလို့ မိန်တို့သားအဖတောင် မခံနိုင်။

“တော် ပြီ မိန်မိန်၊ ရပါပြီ”

ဂုဏ်လူက ထမင်းတစ်ဇွန်းနှင့် ခပ်ယူစားလိုက်ရာ

“အား”

သူအသံပင်ထွက်သွားရသည်။

“ဘာ ဖြစ်လို့လဲ ကိုဂုဏ်ကြီးရဲ့ ”

မိန်မိန်က ပြုံးပြုံးလေး မျက်စပစ်မေးလိုက်သည်။

“ဘာမှမ ဖြစ်ပါဘူး၊ နည်းနည်း စပ်လို့ပါ”

“သြော်….ဒါများ ရှင်ကလည်း ဒီလောက်လေးစပ်တာကိုများ ယောက်ျား ဖြစ်ပြီး ခံနိုင်ရည်မရှိပါလား”

“ဟဲ့….မိန်မိန် စကားများ နဲ့၊ ရေဖန်ခွက်အရင်ပေးလေ၊ သူက အရေး ထဲ အပြစ်တင်နေရ သေးတယ် ၊ မောင်ဂုဏ်လူ တအားစပ်သွားပြီထင်တယ်၊ သီဟိုဠ်ဆံကြော်လေး စားလိုက်သား၊ အစပ်ပြေအောင်”

ကြီးမေက သီဟိုဠ်ဆံကြော်ပန်းကန်ကို တိုးပေးပြန်၏ ။

လျှာတွေ ပူထူ တအားစပ်သွားသဖြင့် တစ်မျိုးတော့ အပြောင်းအလဲ ဖြစ်သွားသည်။

ခပ်ဆွေးဆွေး ဂုဏ်လူ့အာရုံတွေ ပြောင်းသွား ရပါသည်။

မိန်မိန်က သူ့ကိုကြည့်ပြီး နှုတ်ခမ်းလေးမဲ့ကာ ပြုံး၏ ။

အရင်ကဆိုရင် ကြီးမေပြောသလိုပဲ ကြည့်လိုက်ရင် လျှပ်စီးလက်လက်ထနေတာပဲဆိုတဲ့ စကားအတိုင်းပါပဲ။

မိန်မိန်ဖူးနီဟာ တစ်နေရာမှာ ငြိမ်ငြိမ်လေးနေတတ်သူ မဟုတ်ပါ။ လှုပ်လှုပ်ရှားရှား ခုန်ပေါက်ပြေးလွှား လက်လက်ထနေသူလေး။ ဂုဏ်လူ သူမကို စတင်တွေ့ ဖူးတုန်းကလည်း အဖြူအစိမ်းဝတ်စုံလေးနဲ့ အလယ်တန်းရောက်စ ကောင်မလေး တစ်ယောက် အ ဖြစ်နှင့်သာမို့ ခုထက်ထိလည်း သူ့မျက်စိထဲ ကလေးလို့သာ ထင်နေမိတုန်းပါ။

သူ ကတော့ အသက်နှစ် ဆယ်အရွယ် ကတည်းက အန်ကယ်ရာဇာကုမ္ပဏီမှာ အလုပ်ဝင်ခဲ့တာမို့ အခုလို နှစ် ဆယ့်ရှစ်နှစ် အရွယ်မှာ တော့ အတော် ကြီး တည်ငြိမ်ရင့်ကျက်နေပြီဟု ကိုယ့်ကိုယ်ကို ထင်မိတာပဲလေ။

“ဟား….ဂုဏ်ကြီးတော့ ရှူးရှူးရှားရှား ဖြစ်သွားပြီဟေ့၊ င့ါသမီး မင်းကိုပညာပေးလိုက် ပြီ”

“ရပါတယ် အန်ကယ်”

ဂုဏ်လူမှာ ရှက်ကိုးရှက်ကန်းနှင့် နည်းနည်း တော့ တစ်မျိုး ဖြစ်ရသည်။

မိန်မိန် သူ့ကို စေတနာမရှိတာ။ စေတနာမရှိတဲ့အပြင် အမြင်ကပ်ပုံပင်ပေါ်နေတာ သူရိပ်မိပါသည်။

လူကြီးတွေ စီစဉ်ပေးတဲ့အပေါ်မှာ သူ့ကို အမြင်စောင်းသွားတာပါ။

ကိုယ် ကတော့ အန်ကယ် စပြီးပြောတဲ့နေ့ကဆို အိပ်မပျော်နိုင်အောင်ပင် ရင်ခုန်တုန်လှုပ် ခဲ့ရသည်။

အန်ကယ်ရာဇာကိုယ်တိုင် သူ့သမီးနှင့် သဘောတူနေရာချပေးမယ်ဆိုတာ ဂုဏ်လူအတွက် နည်းနည်း နောနော ဂုဏ်ယူကျေနပ် စရာမဟုတ်ပါ။

အန်ကယ်ဟာ သူ့ကို မျက်စိတော် တော် တွေ့ လို့သာ သမီး ဖြစ်သူနှင့် ကြည်ဖြူလက်ဆက် စေချင်တာမဟုတ်လား။

သူ့မှာ မယုံမရဲကြီးနှင့် ပျော်လိုက်တာဆိုတာ။

တစ်သက်နှင့်တစ်ကိုယ် ဘ၀တစ်လျှောက်လုံး ဒီလောက်ပျော်ရွှင်ကြည်နူး ရင်ခုန်ရတာ တစ်ခါမှပင် မရှိခဲ့တာ။

သူ စိတ်ကူးမယဉ်ရဲတဲ့အရာ။ သူမမျှော်လင့်ရဲတဲ့ ဆုလာဘ်။

အခုတော့ အန်ကယ်ဦးရာဇာကိုယ်တိုင်က….

“င့ါသမီးနဲ့မင်းကို လက်ထပ်ပေးချင်တယ် ဂုဏ်ကြီး၊ အဖေ တစ်ယောက် အနေနဲ့ ငါ ပွင့်ပွင့်လင်းလင်း ရှင်းရှင်းပဲပြောတာ၊ မင်းဘက်ကရော င့ါသမီးကို လက်ထပ်ချင်သလား”

ဤသို့ မျက်နှာချင်းဆိုင် မေးခဲ့တုန်းက သူ့မှာ အံ့သြတကြီး ဘာပြန်ပြောရမှန်းတောင် မသိခဲ့ချေ။

နားနှင့်ဆတ်ဆတ် ကြားခဲ့ရပေမဲ့ ထိုစကားကို သူမယုံချင်ရင်တောင် တိတ်တခိုးအဆင့် ကတက်ဖို့ မရှိဘူးလို့ပဲ တစ်ချိန်လုံး ယူဆ စိတ်ဒုံးဒုံးချထားခဲ့တာပါ။

တစ်ခါတစ်ရံမှာ လိုချင်တဲ့ဆုလာဘ်၊ လိုချင်တဲ့အရာကို ပေးအပ်လိုက်ပုံက စဉ်းစားလို့မရအောင် ဆန်းကြယ်သည်။

“မိန်….မိန်မိန်ကရော အန်ကယ်၊ သူ ကျွန်တော့်ကို လက်ခံပါ့မလား၊ သူနဲ့ကျွန်တော် က အသက်ကွာတော့ ဟို”

“ဒါကို မင်းမပူနဲ့၊ သူ့ဖက်ကကိစ္စ င့ါတာဝန်ထား၊ ငါပြောမယ်၊ အဖေ တစ်ယောက် လုံး စီစဉ်တဲ့ကိစ္စ သူသဘောမတူလို့ရမလားကွ”

ဂုဏ်လူအနေနှင့် ကတော့ မိန်မိန်ဖူးနီကို အတင်းအကြပ်ဖိအားမပေးချင်တာအမှန်။

နုနယ်သော နှလုံးသားလေးမှာ ဒဏ်ရာမရှိစေချင်။

မချစ်ရင်တောင် မမုန်းတော့ မမုန်းစေချင်။

တကယ်တော့ မိန်မိန်သာလက်ခံရင် သူ့ဖက်က ဘာပြောစရာရှိဦးမှာ လဲ။

ဒီလောက် လှပပြည့်စုံသန့်စင်တဲ့ မိန်းကလေးမျိုးကိုမှ မလိုချင်ဘူးငြင်းရအောင် သူကဘာလဲ။

မငြင်းနိုင်ပါဘူး မိန်မိန်။

အန်ကယ့်စကားမို့ မငြင်းနိုင်တာထက်ကို ကိုယ်မင်းကို မြတ်မြတ်နိုးနိုး ချစ်နေမိလို့ပါ။ ဟိုးအရင်ကတည်းက ဒီရင်ဘတ်ထဲမှာ မင်းကို တိတ်တိတ်ဆိတ်ဆိတ်ချစ်နေခဲ့မိလို့ပါ။

သူ့ကိုမကြည့်ဘဲ မျက်လုံးချင်းအဆုံမခံဘဲ မျက်တောင် ရှည်ရှည်လေးတွေ နှင့် ကာကွယ်ထားတဲ့ သူကလေးကို ဂုဏ်လူ မချင့်မရဲလည်း ဖြစ်မိသည်။

စိတ်တွေ ရှုပ်နေတဲ့ကြားကပင် ချစ်စနိုးလည်း ဖြစ်မိပါသေးသည်။

မိန်းကလေးဟာ သူ့ရင်ထဲကို ခံစားချက်မျိုးစုံနှင့် ဗြောင်းဆန်သွားေးအာင် ဖန်တီးနိုင်သူ ဖြစ်သည်။

ဂုဏ်လူသည် ဇွန်းခက်ရင်းကိုချကာ ထမင်းစားခြင်းကို လက်စသတ်လိုက်သည်။

မိန်မိန်ကလည်း မရှေးမနှောင်းပြီးသွား၏ ။

သူတို့ သစ်သီးအချိုပွဲ၊ နာနတ်သီးတို့၊ ပန်းသီးတို့ စားနေဆဲမှာ မိန်မိန်ဖူးနီက ထမင်းစားပွဲမှ၊ ထထွက်သွား၏ ။

ကြီးမေက သူ့ကို အားမလိုအားမရ တစ်ချက်ကြည့်ကာ

“မောင်ဂုဏ်လူ မိန်မိန့်ကြည့်ရတာ မင်းကို ဘာစိတ်ခုနေသလဲမသိဘူး၊ မင်း သူနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြည့်မယ်ဆိုတာ ဆွေးနွေးပြီးပြီလား”

“မဆွေးနွေးရသေးပါဘူး ကြီးမေ၊ ခုတလော သူက ကျွန်တော့်ကို စကားတစ်ခွန်းမှကိုမပြော တာ”

“သြော်….သူမပြောလည်း မင်းပြောပေါ့၊ ဒီကောင်မလေးက ကလေးဆန်တယ်၊ မိန်မိန့်အကြောင်းလည်း မောင်ဂုဏ်လူသိသားနဲ့ကွယ်”

ကြီးမေသည် ဂုဏ်လူရဲ့ အေးတိအေးစက် တွန့်ဆုတ်ဆုတ်လုပ်နေပုံ၊ မိန်မိန့်မျက်နှာရိပ် မျက်နှာကဲကို တိတ်တဆိတ် မရဲတရဲ အကဲခတ်နေပုံတို့ကို ကြည့်ကာ ဘေးကနေ မနေနိုင်သဖြင့် ၀င်တိုက်တွန်းရခြင်း ဖြစ်သည်။

ဒီမှာ ဖအေလုပ်သူကလည်း သဘောတူသည်။ ကြီးမေကလည်းကြည်ဖြူသည်။ မိန်မိန်ကလည်း ကလန်ကဆန် ငြင်းပယ်နေတာမှမဟုတ်ဘဲ။ ဒီကလေးက ဘာကြောက်နေရ တာလဲ။

အိမ်ကို နေ့တိုင်းဝင်ထွက်နေပေမဲ့ ခုထက်ထိ လူငယ်ချင်း မဆွေးနွေးရသေးဘူးဆိုတာကို ပဲကြည့်။

ကြီးမေအနေနှင့် ကတော့ မောင်ဂုဏ်လူကို နှစ်သက် သဘောကျ ခင်မင်ပြီးသား။ ပညာအရည်အချင်း၊ အလုပ်အကိုင်၊ အကျင့်စာရိတ္တ၊အပြောအဆို အနေအထိုင်၊မိဘမျိုးရိုး၊မိသားစု ဘာမှကို ပြစ်ချက်မမြင်။

ဒီလို လူရိုးလူကောင်းလေး တစ်ယောက် ရဲ့ လက်ထဲကိုပဲ ကိုယ့်တူမကို စိတ်ချလက်ချ ထည့်ပေးချင်းသည်။

မိန်မိန်ဖူးနီ မတော် တရော်တွေ များ ကြီးမေ စိုးရိမ်သည်။ မိန်မိန်က ရည်စားမထားသေးဘူးပဲ ထား အိမ်မှာ ဒီလိုပဲနေမယ်ထား။

သူ့ဒက်ဒီ မင်းရာဇာက ဒီလိုပဲနေသွားမှာ မဟုတ်။ နောက်အိမ်ထောင်ပြုမှာ ။

တပင်လဲလို့ တစ်ပင်ထူမှာ မို့ သူ့အပြစ်လည်းမဆိုချင်။ နောက်ဆို ဒီအိမ်ပေါ်ကို ဒေါ်နွဲ့နွဲ့ဇော် ရောက်လာမှာ ကျိန်းသေ။ လူကြီးမို့ ကြီးမေက ခန့်မှန်းနိုင်သည်။

ဒီတော့ သမီးပျိုလေး၊ တူမပျိုလေးရဲ့ မင်္ဂလာကိစ္စကို အရင်ဦးစွာ စီမံပေးချင်သည်။

သူ့ဒက်ဒီကလည်း ဒီသဘောပဲရှိသည်။

မိန်မိန်ဖူးနီကို ဂုဏ်လူနှင့် လက်ထပ်ပေးလိုက် မည် ။ ပြီးလျှင် ကိုးမိုင်က ဆောက်ပြီးစ တိုက်ကလေးကို သူတို့နေဖို့ လက်ဖွဲ့လိုက်မည် ။ စီးစရာကားရော၊ အိမ်ထောင်ပရိဘောဂအပြည့် အစုံရောပိုင်ဆိုင်သင့်တဲ့ လက်ဝတ်ရတနာတွေ ပါ ပေးအပ်ပြီးပြီဆိုမှ ဦးမင်းရာဇာ အိမ်ထောင်ပြုချင် ပြုပစေ။

ကြီးမေခင်သည် စိတ်ကူးနှင့် အစီအစဉ်များ ရေး ဆွဲပြီးခဲ့ပြီ ဖြစ်သလို မိန်မိန့်ဒက်ဒီနှင့်လည်း တိုင်ပင် ညှိနှိုင်းပြီးပါပြီ။

လူငယ်တွေ ကိစ္စအချိန်မဆွဲဘဲ စီစဉ်ချင်သည်။

မိန်မိန်သည် တဇွတ်ထိုးဆန်ဆန်နှင့် တစ်ခါတစ်ရံ ခေါင်းမာတတ်တာကလွဲလျှင် လူကြီးသူမစကားကိုတော့ နာယူလက်ခံတတ်သူပါ။

ခုလည်းပဲ လိုလိုလားလား ခေါင်းညိတ်တာမဟုတ်ပေမဲ့ ကလန်ကဆန်တော့ မလုပ်ရှာပါ။

ကြီးမေ ကတော့ သူတိုပလူငယ်ချင်းပါ အဆင်ပြေပြေနှင့် ချစ်ခင်ပျော်ရွှင်နေတာ မြင်ချင်သည်။

လူကြီးမိဘ သဘောတူရုံမကဘဲ အချင်းချင်း မြတ်နိုးစုံမက်ကြလို့ လက်ထပ်တာမျိုး ဖြစ်စေချင်သည်။

“ကဲ….မင်းက သူ့နောက်လိုက်သွားလေ၊ မိန်မိန်ခြံထဲ ဆင်းသွားတယ်ထင်တယ်”

“ဟုတ်ကဲ့”

ဒီလိုပေါ်တင်ပြောမှပဲ မောင်မင်းကြီးသားက ငေါက်ကနဲ ၀မ်းသာအားရ ထသွားလေသည်။

“အင်း….ကြည့်ဦး၊ ရှင့်သမီး ကတော့ မောင်ဂုဏ်လူကို နိုင်စားမယ့်ပုံပဲ၊ မျက်နှာတစ်ချက် တင်းရင် သူ့ခမျာ ပျာနေတာ”

“အေးလေကွာ ဒီကောင်ကလည်း”

ဦးမင်းရာဇာသည် သမီးရှင်မို့ ဒီလောက်ပဲပြောကာ သစ်သီးပန်းကန်ကိုချ မျက်နှာပူပူနှင့် ထထွက်သွားလေသည်။

ထမင်းစားပွဲမှာ ကြီးမေခင် တစ်ယောက် သာ ပြုံးတုံ့တုံ့နှင့်ကျန်ခဲ့လေသည်။

* * *


မိန်မိန်ဖူးနီသည် တီရှပ်အဖြူလေးနှင့် အနားမှာ ဇာပွင့်လေးတွေ ပါသော ဒူးဆစ်ဖုံးစကဒ် ချည်သားပျော့ပျော့လေးကို ၀တ်ကာ ဒန်းပေါ်မှာ ခြေချိတ်ထိုင်နေ၏ ။

မျက်နှာလေးက သုန်မှု န်မှု န် စူကောက်ကောက်နှင့်။

ဂုဏ်လူက တိုက်ထဲကထွက်လာရင်း စူစူတင်းတင်း ဖြစ်နေတဲ့ သူကလေးမျက်နှာကို အဝေးကပင် လှမ်းအကဲခတ်၏ ။

သူမအနားကို သွားချင်ပေမယ့် ထိုပုံစံလေးကြောင့် အားလည်းလျော့သည်။

ကိုယ့်ကို မုန်းနေသလားကွာ။

ဦးမင်းရာဇာရဲ့ အစီအစဉ်ကို သိပ်ကျေနပ်ပုံမရတာ ကိုတော့ ဂုဏ်လူ ရိပ်မိသည်။

ဒါကြောင့်လည်း ခဏခဏ သက်ပြင်းနက်နက်တွေ ရှိုက်နေရတာ ။

သူတို့နှစ် ဦး ဘယ်လိုရှေ့ဆက်စခန်းသွားရမလဲ။

မိန်မိန်သည် သူ့ဆီ ခြေလှမ်းမှန်မှန်နှင့် ဦးတည်လျှောက်လာနေတဲ့ ဂုဏ်လူကို ကြည့်ပြီး ရင်ထဲ တစ်မျိုးတမည် နှင့် မနေတတ်သလို ဖြစ်ကာ မျက်ခုံးကို တွန့်ရှုံ့ထားမိသည်။

သူဒီလို ချက်ချင်း ထွက်လာမယ်မထင်လို့ မိန်က ခြံထဲဆင်းလာမိတာ။

အခုမှ သူ့ကို ဘယ်လိုရှောင်ပြေးရမလဲ မတွေးတတ်။

သူက မိန့်ထံ စေ့စေ့ကြည့်လို့ တဖြည်းဖြည်း တိုးကပ်လာသည်။

မိန့်အနီးရောက်လျှင် ခြေလှမ်းရပ်သွား၏ ။

“ရှင် ဒီကိုဘာလာလုပ်တာလဲ”

မေးပုံက ပမာမခန့်လေးနှင့်။

“ကြီးမေလွှတိုက်လို့”

“ဘာရယ်”

“ဆွေးနွေးစရာရှိရင် သွားဆွေးနွေးကြည့်တဲ့”

သူ့စကားကြောင့် မိန်မိန့်ရင်မှာ ရှုတ်ထွေးသွားရသည်။ မကြားချင်ပါဘူးဆိုမှ ဒီကိစ္စလေးကို ဆွေးနွေးဦးမှာ တဲ့လား။

စိတ်ညစ်လိုက်တာ။

ယောက်ျားများ မယူချင်သေးပါဘူး။

ဦးဂုဏ်လူကိုဖြင့် စိတ်ကိုမ၀င်စား။

တစ်ခါမှလည်း သူနှင့်မိန့်ကို ဒက်ဒီ ရည်မှန်းထားမည် ရယ်လို့ မတွေးဘူးခဲ့။

လောကကြီးမှာ မထင်မှတ်တာတွေ လာလာ ဖြစ်တတ်ပုံက ထူးဆန်းသည်။

“ကိုယ်ခဏထိုင်မယ်နော်”

သူခွင့်တောင်းပေမယ့် မိန်မိန်ဖူးနီက ခေါင်းလည်းမညိတ် ခေါင်းလည်းမခါ။

သူက မိန်မိန့်အနားမှာ အသာအယာ ထိုင်လိုက်သည်။

ပြီးလျှင် မိန့်ကို စူးစူးနစ်နစ်စိုက်ကြည့်၏ ။

လှလွန်းတဲ့ ကောင်မလေးကို နီးနီးကပ်ကပ် ထိုင်ကြည့်ရတော့ ဂုဏ်လူရင်တွေ ဖိုလာသည်။

ဖြူနုဝင်းပသော အသားအရေနှင့် စူလက်တောက်ပသော မျက်လုံးလေးတွေ ဟာ တကယ့်ကို အသက်ရှူမှားစေနိုင်လောက်အောင် ညှိုငင်နိုင်သည်။

ပြာလဲ့သော မျက်သားပေါ်မှာ နက်ရွှန်းသော မျက်နက်ဝန်းလေးဟာ တစ်ချက်ကြည့်မိတိုင်း ဂုဏ်လူအသည်းတွေ နွေးခနဲ လှိုက်ဖိုရသည်။

ဒါ အရင်ကတည်းကပါ။

တစ်ခါတလေ ခိုးကြည့်မိစဉ်ကတည်းက ဖြစ်ခဲ့ရတဲ့ စိတ်လှုပ်ရှားမှု ပါ။

ပန်းအဖူးအငုံလေးကို ချစ်စရာကောင်းတဲ့ ကောင်မလေးမို့ သူနှင့် သဘောတူကြည်ဖြူလိမ့် မယ်လို့ ကြိုတင်မတွေးအားရဲခဲ့ပါ။

အခုလည်း စိတ်ချလက်ချ မယုံရဲသေး။

သွေးရောင် လွှမ်းကာ ပန်းနုရောင် ဖြစ်နေသော နှုတ်ခမ်းထူထူ ဖူးဖူးအိအိလေးကိုဆိုလျှင် ဂုဏ်လူ ကြာကြာမကြည့်ရဲ။

အင်း….သူလေးကို အဖူးကလေးကို ငါလက်ထပ်မှာ တဲ့။

ကြည်နူးပီတိက တစ်ကိုယ်လုံးကို စိမ့်ပြန်သွားသည်။

ထို့အတူ စိတ်ပူပန်မှု တွေ နှင့် ရင်ထဲမောလာပါသည်။

“ကဲ ရှင်လာပြောမှာ လဲ ဦးဂုဏ်လူ၊ မိန့်ကို ဘာကိစ္စ စိုက်ကြည့်နေရတာ လဲ”

နှလုံးသာထဲထိ ထွင်းဖောက်တော့မလို သူ့ရဲ့ အကြည့်ငေးကို မိန် သိပ်မခံချင်။

ဒက်ဒီ သဘောတူတယ်ဆိုတာနှင့် မျက်လုံးအဓိပ္ပာယ်တွေ က ပြောင်းလဲစူးရဲလာတာကို မိန်မကြိုက်ပါဘူး။

သူပိုင်ဆိုင်ခွင့်ရတော့မယ့် အရုပ်တစ်ရုပ်ကို နှစ်သက် သလို အသာစီးနဲ့ ကြည့်နေတာလေ။

ရှင်ထင်သလိုလည်း မိန်က ရှင့်ဇနီး ဖြစ်ဦးမှလေ။

ဘာကိုမှ အပိုင်မတွက်ပါနဲ့ဦး ဦးဂုဏ်လူရေ။

တစ်ခါတစ်ခါ ကြိုတွက်တာတွေ က တက်တက်စင်အောင် မှားယွင်းတတ်ပါသေးတယ်။

“ကိုယ် မကြည့်ရဘူးလား”

“မကြည့်နဲ့”

မိန်မိန်ဖူးနီက မျက်စောင်းလေးတစ်ချက် ဆောင့်ခနဲရွယ်၏ ။ ဒီမျက်စောင်းလေးကြောင့် ဂုဏ်လူ့နှလုံးသားတွေ က ပိုတောင်လူးလွန့်ယိမ်းမူးသွားရသေးသည်။

“စကားပြောတာ မကြည့်ဘဲနဲ့ ဘယ်လိုပြောရမလဲ”

“ဒီတိုင်းပဲပြော”

“ကိုယ်ပြောချင်တာ ကိုယ်နဲ့မင်းနဲ့ကိစ္စ”

“အဲဒါ ဒက်ဒီနဲ့သွားပြော၊ မိန့် လာမပြောနဲ့”

“ဟာ….လက်ထပ်ရမှာ ကိုယ်နဲ့မင်းနဲ့လေကွာ”

“ရှင့်ကို ဘယ်သူက လက်ထပ်မယ်ပြောလို့လဲ၊ တော် ပြီ နားမထောင်ချင်ဘူး”

မိန်မိန်ဖူးနီက စိတ်တိုတို ရှက်တက်တက်နှင့် ဒန်းပေါ်ကနေ ဖျတ်ခနဲ ထရပ်ပြီး လှည့်ထွက်ဖို့ပြင်သည်။

“နေပါဦး မိန်မိန်၊ ဒီလိုမလုပ်ပါနဲ့”

ဟင်….ကြည့်စမ်း သူက ပိုင်စိုးပိုင်နင်း ရဲရဲတင်းတင်းနှင့် မိန့်လက်ကောက်ဝတ်ကို ဖျတ်ခနဲ လှမ်းဆွဲတား၏ ။

အရင်ကဆို မိန့်မျက်နှာကို ရဲရဲဝံ့ဝံ့ပင် သေချာမကြည့်ရဲသူဟာ အဆင့်တွေ ခုန်တက်လိုက် တာ ကြည့်ဦး။

မိန်မိန်ဖူးနီက သူမလက်ကလေးကို ဆတ်ခနဲရုန်း၏ ။

“ခဏလေးပြန်ထိုင်ပါဦးကွာ၊ ကိုယ် မင်းကို ဘာလုပ်မှာ မို့လို့လဲ၊ စကားပြောရုံလေးပဲ ပြောမှာ ”

“မောင်မာ စကားပြောရုံမပြောလို့ ရှင်က ဘာလုပ်ချင်သေးလို့လဲ”

“မိန်မိန် ဘာလို့စိတ်ညစ်နေတာလဲ”

“ရှင်မသိဘူးလား၊ ဒီလိုစိတ်တိုအောင် ဘယ်သူဖန်တီးတာလဲ”

“အဲဒါကိုပဲ ဆွေးနွေးမယ်လေ၊ ဆယ်မိနစ်လောက်နားထောင်ပေးပါ”

ဂုဏ်လူသည် ရိုးသလိုအသလိုနှင့် အတင့်ရဲမည့် ရဲတော့လည်း မိန့်လက်ကို မလွတ်ဘဲ ဒန်းပေါ်အတင်းပဲ ပြန်ထိုင်စေသည်။

“ပြေပြေလည်လည်ပေါ့ကွာ၊ ကိုယ်တို့က တော် ကြာ ဘ၀အဖော်တွေ ဖြစ်တော့မှာ ”

ပြောပုံကို မိန် အသည်းယားမိပေမဲ့ ပြန်ချေပဖို့ စကားလုံးရှာမရ။

“ထပ်မပြေနဲ့”

“မင်းသိတယ်မို့လား အဲဒီ ကိစ္စကို ဘယ်လိုသဘောထားသလဲ၊ ကိုယ့်ကို ပွင့်ပွင့်လင်းလင်း ပြော”

သူ ဤသို့ အလေးအနက် ခပ်တည်တည်ပြောလျှင် မိန်မိန်မျက်ခုံးလေးရှုံ့သွားသည်။

ဒီလူကြီးကို လက်ထပ်ရမယ်ဆိုတာ တွေးကြည့်လို့ကိုမရ သေးပါဘူး။

မိန်သိတာ အိမ်မှာ ကားဒရိုင်ဘာမရှိရင် သူ့ကို ဟိုလိုက်ပို့ ခိုင်း၊ ဒီလိုက်ပို့ခိုင်း၊ ထိုင်စောင့်ခိုင်း၊ မိန်လိုချင်တာဝယ်ခိုင်း၊ စားချင်တဲ့မုန့် သွားဝယ်ခိုင်း၊ ကားပျက်ရင် ဖုန်းနဲ့ခေါ်ပြီး လာပြင်ခိုင်း၊ နယ်ဂိမ်းဆိုင် ညဖက်အဖော်အစောင့်ခေါ်၊ အိမ်မှာ မိန်မိန် မေ့ကျန်ရစ်ခဲ့တဲ့ ပစ္စည်းတစ်ခုခုကို သွားယူပေး စသဖြင့် တောက်တိုမယ်ရ အားကိုးဖို့လောက်ပဲသိလား။

ဒီလိုကိုယ့်လက်အောက်က လူကို ဘာကြောင့် သားမက်လောင်းအရာထားပြီး ဘာကြောင့် များ မိန်နဲ့ လက်ထပ်ပေးချင်လာရတာ လဲ။

စဉ်းစားကြည့်လိုက်ရင် ၀မ်းနည်းစရာကောင်းသည်။

သူမရဲ့ ဘ၀ဟာ သိပ်ကို ပစ်စလက်ခတ် ဆန်သွားသလိုပင်။

ဂုဏ်လူသည် သူမမျက်နှာလေးကို မျက်စိမလွှဲဘဲ ကြည့်နေရာ စိတ်ပျက်ဟန်နှင့် ညှိုးသွားတဲ့ အရိပ်ကလေးကိုမြင်သည်။

သို့ သော် သူ့ကိုကြည့်တဲ့ မျက်ဝန်းလေးမှာ တင်းမာရိပ်။ မကျေနပ်ရိပ်က ရှိနေဆဲ။

“ရှင်းရှင်းပြောရရင် ဦးဂုဏ်လူကို ကျွန်မ လုံးဝစိတ်မ၀င်စားဘူး၊ ကြိုက်ဖို့ဆိုတာ အဝေးကြီးပဲ၊ လက်ထပ်ဖို့ ကတော့ ဒီထက်တောင်ပိုဝေးတယ်၊ ကိုဂုဏ်ကြီးကျွန်မ တောင်းပန်ပါတယ် မ ဖြစ်နိုင်ဘူးဆိုတာ ရှင်လည်းသိမှာ ပါ၊ ဒက်ဒီ့ကို မယူနိုင်ဘူးလို့သာ အပြတ်ငြင်း ပေးပါ”

ဟာ…ပြောတော့လွယ်လိုက်တာ။

“ဒါဆို မင်းကငြင်းမယ်ဆိုတဲ့သဘောလား”

“သြော်….ကျွန်မ ငြင်းလို့မရလို့ပေါ့၊ ရရင် ငြင်းပစ်လိုက်မှာ ပေါ့”

“အန်ကယ့်သမီးရင်း ဖြစ်တဲ့ မင်းကတောင် ငြင်းလို့မရဘူးဆိုရင် ကိုယ်လိုကောင်ကရော ဘယ်လိုငြင်းမလဲ၊ အန်ကယ့်ကျေးဇူးတွေ ကိုယ့်ဆီမှာ တစ်ပုံကြီး”

“သြော်….သြော် ဒါကြောင့် ရှင်က ဘ၀နဲ့ကိုရင်းပြီး ကျေးဇူးဆပ်ရမှာ ပေါ့လေ ဟုတ်လား”

သူမက ခပ်ငေါ့ငေါ့မေး၏ ။

“နားထောင်ကောင်းအောင် မရေရွှတ်ပါနဲ့ ဦးဂုဏ်လူ။ ရှင့်စိတ်ထဲက အကြံအစည်တွေ ကျွန်မမသိဘူးထင်နေလား၊ ရှင်က ကျွန်မကိုသာမက ကျွန်မဒက်ဒီရဲ့ စည်းစိမ်တွေ ပါ လိုချင်မက်မောနေတာမဟုတ်လား”

“ဟာ….မိန်မိန်ရယ်၊ဒီလိုတော့မစွပ်စွဲပါနဲ့”

သူမရဲ့ ခနဲ့သလို ရွဲ့သလိုကနေ တဲ့တိုးဆန်းလာသော စကားတွေ ကြောင့် ဂုဏ်လူ့မျက်နှာ နီမြန်းပြီးရှက်အမ်းအမ်း ထူပူသွားရပါသည်။

သူမခံချင်စိတ်လည်း ဖြစ်သွားမိသည်။

မိန်မိန် အထင်သေးတာကို ခံပြင်းမိတာအမှန်။

အံကိုတစ်ချက်ကြိတ်ပြီး

“မင်း ကိုယ့်ကို ဒီလိုမပြောသင့်ဘူး”

“ရှင့်စိတ်ထဲက အမှန်တရားကို ပြောတာလေ၊ နားခါးသွားလို့လား”

သူကမ မခိုးမခန့်လေး မျက်စပစ်လျှက်မေးသည်။

ဒီကောင်မလေးဆီမှာ သူ့အပေါ် အမျက်ဓာတ်ခံ၊ အမုန်းဓာတ်ခံ ရှိနေလိမ့်မယ်လို့ သူမထင်ခဲ့မိပါလား။

“နားခါးတယ်ဆိုတာထက် မင်းစကားက ကိုယ့်ကို စော်ကားနေတယ်”

“မကျေနပ်ဘူးလား၊ မကျေနပ်တော့ ရှင်ကဘာ ဖြစ်ချင်လဲ ပြောစမ်းပါ”

“ဘာ ဖြစ်ချင်လဲ ဟုတ်လား၊ ကိုယ့်ဆန္ဒက အန်ကယ် စီစဉ်တာကို လက်ခံချင်တယ်”

“ဘာ”

သူမ နှုတ်ခမ်းလေးမဲ့သွား၏ ။

ဒါက မတန်မရာစကားတစ်ခွန်း ဖြစ်နေသလိုပုံစံ။

“မင်းကိုလက်ထပ်ချင်တယ်”

ကောင်မလေးကို စေ့စေ့ကြည့်ပြီး ဂုဏ်လူက တစ်လုံးချင်း ဖြည်းဖြည်းလေး ပြောလိုက် သည်။

မိန်မိန်ဖူးနီ မျက်နှာလေးမှာ ရှက်စိတ်နှင့် နီမြန်းသွား၏ ။

သူဒီလိုပြောစရာလား။

“ကျွန်မ ကတော့ ရှင့်ကို ဘယ်တော့မှ လက်မထပ်ချင်ဘူး၊ ဆွေးနွေးတိုင်ပင်လည်း အလကားပဲ ကျွန်မမှ ရှင့်ကိုမချစ်တာ”

“အခုမချစ်ပေမယ့် နောက်တော့ ချစ်လာနိုင်တာပဲ”

“ဟင့်အင်း….ဝေးသေးတယ်၊ မမျှော်လင့်နဲ့၊ ရှင် အဲလို အခွင့်အရေး ယူရင် ပိုတောင် မုန်းသေးတယ်၊ ဟွန်း မှတ်ထား

မိန်မိန်ဖူးနီက ဆတ်ဆတ်ထိမခံ ဟန်ပန်လေးနှင့် ပြောပေမဲ့ ဂုဏ်လူ စိတ်မနာနိုင်ပါ။

အခွင့်အရေး သမားလို့ ထင်လည်းမတတ်နိုင်။

သူကလေးကို ပိုင်ဆိုင်ခွင့်ရမယ်ဆို ပိုင်ဆိုင်ချင်သည်။

ပြောပြောဆိုဆို မိန်မိန်က စကားဆုံးတာနှင့် လှစ်ခနဲထပေးဖို့ကြံသည်။

ဒါကိုသိတော့ ဂုဏ်လူက သူမပခုံးလေးတစ်ဖက်ကို လှမ်းဆုပ်ကိုင်ထားမိသေးသည်။

သို့ သော် မရ။ သူမက အမိမခံတဲ့အပြင် ဂုဏ်လူကိုပါ လက်နှင့်ပြန်တွန်းထုတ်ပြီး အငိုက်မိတုန်း အနားက ပြေးထွက်သွားလေသည်။

မျိုးပပသည် ကောင်တာမှရပ်ကာ ပိုက်ဆံရှင်းဖို့ စောင့်ရင်း မိန်မိန်ဖူးနီထိုင်နေရာ စားပွဲဆီသို့ နောက်ပြန်တစ်ချက် လှည့်ကြည့်လိုက်သည်။

ကော်ဖီဆိုင်ကလေးရဲ့ မှန်ချပ်ကြီးကနေတစ်ဆင့် မိန်မိန်အပြင်ဖက်ကို လက်ပေါ် မေးထောက်လျက်သား ငေးနေသည်။

ဖြူစင်ဝင်းမွတ်သော မျက်နှာလေးမှာ မျက်တောင်ကော့ကော့၊ ပါးဖောင်းဖောင်း၊ နှုတ်ခမ်းထူရဲရဲလေးနဲ့ အင်မတန်ချစ်စရာကောင်းတဲ့အပြင် မေးစေ့က အချိုင့်ကလေးဟာလည်း တစ်မျိုး ဆွဲဆောင်မှု ရှိတဲ့ ကလေးမ။

ဆံပင်စလေးတွေ ကို နှစ် ထပ်ခွဲ စည်းနှောင်ထားတာမို့ ဆံစလေးတချို့ မျက်နှာပေါ် ကပိုကရိုကျနေပြီး ပန်ထားတဲ့ အသဲပုံခပ်ကြီးကြီး နားစွဲကြည်ကြည်လေးနှင့် ဘယ်လိုချစ်စဖွယ် ကောင်းနေသလဲ မသိပါဘူး။

ဝတ်ထားတာက နောက်ဖက်မှာ ခါးစည်းကြိုး ချည်နှောင်ထားတဲ့ စကားဝါရောင် အင်္ကျီပါးပါး လွင့်လွင့်လေး။ ဘောင်ဘီက သရီးကွာတား အသားရောင် ပျော့ပျော့။ ဘောင်းဘီအနားက ဒူးဆစ်အောက်မှာ ကြိုးချည်အရှုံ့ကလေးပါသေးတော့ ကလေးဆန်လျက်။ စီးထားတဲ့ ဖိနပ်က ရွှေမင်ရောင် ရှူးဖိနပ်အပါးလေး။

ခြေနှစ် ဖက်ကို ချိတ်ထားဟန်က ကျော့ကျော့မော့မော့နှင့် မင်းသမီးလေးကို။

ဘယ်လိုပဲကြည့်ကြည့် တင့်တယ်လှပလွန်းတဲ့ ငေးချင်စရာ ရုပ်ကလေးကို တစ်ခါတစ်ရံတော့ မနာလိုပင် ဖြစ်မိသား။

မျိုးက ပင့်သက်ရှိုက်၏ ။

တကယ်တော့ ဒီကောင်မလေးနှင့် မျိုးက အသက်ကွာတဲ့ အပြင် ညီမနှစ် ၀မ်းကွဲလည်း တော် ပါသေးသည်။

မိနိမိန့်ဒက်ဒီ ဦးမင်းရာဇာက ဖေဖေ့ရဲ့ ညီတစ်ဝမ်းကွဲတော် သည်။

ဒီတော့ မိန်မိန်နှင့် မျိုြး ကတော့ နှစ် ၀မ်းကွဲညီအစ်မ ခေါ်ရမှာ ပေါ့။

အမျိုးထဲမှာ မိန်မိန်က တစ်ဦးတည်းသော သမီးလေးလည်း ဖြစ်၊ အမွေပေါင်းများ စွာ ပိုင်ဆိုင်သူလေးလည်း ဖြစ်သဖြင့် အားလုံးက ၀ိုင်းဝန်းအားကျငေးမောရသူပါ။

မျိုးက ဦးရာဇာကမ္ပဏီမှာ (Chief Accountnt) တစ်ယောက် အ ဖြစ် အလုပ်ဝင်ခဲ့တာ ငါးနှစ် ကျော်ပြီ။

တူမတော် တယ်ဆိုပေမဲ့ တကယ်တော့ သူ့ကုမ္ပဏီရဲ့ ၀န်ထမ်းပါပဲ။

မျိုးတို့က ကုမ္ပဏီပိုင်ရှင်ဦးလေးရဲ့ မျက်နှာကို ကြည့်ရသလို ဦးလေးရဲ့ သမီး မိန်မိန်ဖူးနီကိုလည်း အခြေအနေကြည့်ကာ အလိုလိုက် အကြိုက်ဆောင် မျက်နှာသာပေးရပါသည်။

မိန်မိန် ရုံးကိုလာလို့များ က ကော်ဖီဆိုင်ထွက်ထိုင်တာ။

ဒီကော်ဖီရှော့လေးက မျိုးတို့ရုံးနား မလှမ်းမကမ်းမှာ ရှိပြီး လမ်းတစ်ဖက် ကူးလိုက်ရုံနှင့် ရောက်တာမို့ ရုံးကလူတွေ ဧည့်သည်ဧည့်ခံစကားပြောစရာရှိတိုင်း ဒီကော်ဖီဆိုင်ကိုပဲ လာလိုက်တာများ သည်။

ကိုယ်တိုင်ယူစနစ်မို့ မိန်မိန့်ကို စားပွဲမှာ ထိုင်စေလျက် မျိုးပပက ဗန်းလာသယ်တာ။

တကယ်ဆိုရင် မျိုးက မိန်မိန့်ထက် ဆယ်နှစ် နီးပါး အသက်ပိုကြီးသည်။ဆံပင်ကို သပ်သပ်ရပ်ရပ် ထုံးဖွဲ့ပြီး ကုမ္ပဏီယူနီဖောင်းလည်း ၀တ်ထားတော့ မျက်နှာက ရှိရင်စွဲအသက်ထက် ပိုရင့်နေလိမ့်မည် ။

သို့ သော် ကလေးနှင့် တွက်ကပ်နေလို့ ဘယ် ဖြစ်မှာ လဲ။

မိန်မိန်ရုံးကို ယောင်မှားရောက်လာတိုင်း မျိုးက ပျာပျာသလဲ ဂရုစိုက် အရေး ပေးရသည် မဟုတ်လား။

စားချင်တဲ့မုန့်ရှိရင် ချစ်ခင်တွယ်တာချင်စရာလေးပါ။ မျိုးပပက ကော်ဖီဗန်းလေးနှင့် စားပွဲရှိရာ ပြန်ရောက်လာသည်။

“မိန်မိန်လေး ဘာတွေ ငေးနေတာလဲဟေ့”

“စိတ်ညစ်နေတာ မမျိုးရေ”

“ဟောတော့ ညည်းလေးမှာ များ စိတ်ညစ်စရာရှိသေးလား”

မျိုးပပက နှုတ်ကမေးရင်း ချော့ကလက်မစ်ရှိက် ဖန်ခွက်ကိုလည်း မိန်မိန်ဖူးနီရှေ့သို့ ထိုးပေးလိုက် သည်။

မိန်မိန် ချောကလက်ကြိုက်တာ မျိုးသိသည်လေ။

မုန့်ကလည်း ချောကလက်ဒိုးနတ်ပါပဲ။

“ရှိတာပေါ့လို့”

“အမယ်လေးနော်….ထူးထူးဆန်းဆန်း”

လိုလေသေးမရှိ ရွှေဘုံပေါ်က မင်းသမီးလေးကို စံစားနေတဲ့ ကလေးမကများ ညည်းညည်း ညူညူဆိုတော့ မျိုးက ပြုံးမိလေသည်။

“ကဲ ပြောစမ်းပါဦး၊ ဘာတွေ ရင်ဖွင့်မလို့လဲ”

မိန်မိန်သည် တစ်ခါတစ်ရံ စိတ်လိုလက်ရရှိလျှင် သူ့ကိုယ်ရေး ကိုယ်တာတချို့ကို မျိုးထံ လာတိုင်ပင်ပြောပြတတ်သည်။

မျိုးက သူလိုရာ အကူအညီပေးနိုင်တဲ့ အစ်မကြီး တစ်ယောက် လိုမျိုး ဖြေရှင်းပေးရတာ ။

ဤသို့ ဘော့စ်ဦးလေးရဲ့ သမီးနှင့် တရင်းတနှီးရှိတာကိုလည်း မျိုးက ဂုဏ်ယူသဘောကျမိ စမြဲပါ။

အိမ်မှာ ဆိုလည်း မျိုးက သမီးအကြီးမို့ အရာရာဦးဆောင်နေရတာ ။ မောင်ညီမတွေ ကိစ္စ ကူညီဖြေရှင်းပေးရတာ မဟုတ်လား။

ဒါပေမဲ့ မိန်မိန်ရဲ့ ပြဿနာလေးတွေ ကတော့ အမြဲတမ်း ချိုင်းပလေးဆန်ဆန်ပါ။

မဂ္ဂဇင်းမျက်နှာဖုံး အလှပုံရိုက်ချင်တာ သူ့ဒက်ဒီက ခွင့်မပြုတာတို့၊ ဟစ်ဟော့ အဆိုတော် ဆီ ဖုန်းနဲ့မိတ်ဆက်တာ အဆိုတော် ရဲ့ ရည်းစားက ဖုန်းကိုင်လို့ အခြေအတင်ပြောပစ်လိုက်တာတို့ ဗြူတီစပါးသွားပြီး တက်တူးရေး ဆွဲကြည့်ဖို့ အဖော်လိုက်ပေးရတာ တို့၊ သူငယ်ချင်းနဲ့စိတ်ကောက်ပြီး မခေါ်တာတို့ ဒါမျိုးလေးတွေ ပဲ ဖြစ်သည်။

ဘာမှကြီးကြီးမားမား ရေး ကြီးခွင်ကျယ်လည်း မဟုတ်ပါဘဲ ပေါက်ကရကိစ္စလေးတွေ နှင့်ပဲ ကွိကျိကွိကျိ ဖြစ်လာတတ်တာမျိုးက အကြောင်းသိလေ။

ဒါကြောင့် မိန်လေးကို အပြုံးနှင့်သာ ကြည့်နေမိရင်း

“ချော့ကလက်ရှိတ်လေး အရင်သောက်ဦး၊ ပြီးမှ အေးအေးဆေးဆေးပြောပြ ဟုတ်ပြီလား”

“ဒီတစ်ခါ အေးအေးဆေးဆေးမဟုတ်ဘူး မမျိုးရဲ့ ”

မိန်မိန်က နှုတ်ခမ်းလေးကို စူထော်ကာ…

“အစကတည်းက ရည်းစားထားမိရင် ကောင်းမှာ ”

“ဘာရယ်”

“အခု မိန် ရည်းစားလိုချင်တယ်”

“ဘုရားရေ…ဒါ ဘယ်လို့ပြောတာလဲ၊ တိုးတိုးလုပ်စမ်းပါ မိန်းကလေးရယ်၊ သူများ တွေ ကြားသွားမှဖြင့်”

မျိုးပပက မျက်လုံးပြူးနှင့် ဟန့်မိသည်။

ပြောပုံကကြည့်လေ အခု ချက်ချင်း ရည်းစားရှာပေးရမယ့်ပုံ ဖြစ်နေပြီ။

“တကယ်ပြောတာ မမျိုးရဲ့ ၊ မိန့်မှာ ရည်းစားရှိမှ ဖြစ်တော့မှာ သိရဲ့ လား”

မျိုးသည် မထိတ်သာမလန့်သာဖြင့်

“ဘာ ဖြစ်လို့တုန်း”

မိန်မိန်က စိတ်မရှည်သလို

“ရည်းစားမရှိရင် သူတို့ပေးစားတဲ့သူ ယူရမယ်တဲ့”

“ဘယ်သူကလဲ”

“ဒက်ဒီကပေါ့”

မိန်မိန် ပြောပုံကြောင့် မျိုးပင် အလန့်တကြား ဖြစ်သွားရပါသည်။

“အစတုန်း ကတော့ သူတို့ပဲ ရည်စားမထားရဘူးဘာညာနဲ့ ပိတ်ပင်ထားပြီး အခုမှ မိန်လေးမှာ ချစ်သူမရှိရင် သူတို့သဘောတူတဲ့သူ လက်ခံရမယ်တဲ့”

“နေစမ်းပါဦး အန်ကယ်ရာဇာက ဘယ်သူနဲ့သဘောတူတာလဲ”

မိန်မိန်ဖူးနီက နှုတ်ခမ်းလေးကို ဖိကိုက်ငြိမ်သက်နေတာ ချက်ချင်း မဖြေ။

ဒက်ဒီရော ကြီးမေရော မှာ ထားတာက ဒီသတင်းကို လျှောက်မပြောနဲ့ဦးတဲ့။

မိသားစုအရေး ကိစ္စ အပြင်ကို မပေါက်ကြားစေနဲ့ဦးတဲ့။ ဒါပေမဲ့ မိန်တော့ မြုံမနေနိုင်ပါဘူး။

ပြောပြလိုက်မှာ ပဲ။

တစ်ခဏ စဉ်းစားပြီးတာနှင့် မိန်မိန်က မဖုံးကွယ်တော့ဘဲ

“ဘယ်သူရှိမလဲ ဟိုလူကြီးပေါ့”

“ဘယ်လူကြီးလဲ”

မျိုးရင်ထဲ ဒိန်းခနဲပင် တုန်သွားရသည်။ ရင်ထဲက နှလုံးသားက ပြင်းပြင်းထန်ထန်ပင် တုန်ခါလှုပ်ရှားသွားသည်။

သိချင်စိတ်ဖြင့် ဖွင့်လာမည့် မိန်မိန် နှုတ်ခမ်းလေးဆီ ရင်တထိတ်ထိတ် စောင့်ကြည့်နေမိသည်။

မ ဖြစ်နိုင်ပါဘူး။

သူဟာ မျိုးတို့နဲ့မှ အရွယ်တူ အတန်းတူ။ ရင့်ကျက်တည်ငြိမ်မှု ချင်း မကွာဟမှာ ။

ဆံပင်ကို ဂျဲနှင့် သပ်သပ်ရပ်ရပ်ဖြီးတတ်ပြီး ခန့်ညားချောမောတဲ့ မျက်နှာပိုင်ရှင်က မျိုးအာရုံထဲ အလိုလိုဝင်လာသည်။

အင်္ကျီဖြူလွှလွှနှင့် ပိုးချည်အရောပုဆိုးတို့ကို ၀တ်ဆင်တတ်တဲ့ ရှင်းရှင်းသန့်သန့် ကိုလူညိုချော။

သဘောကောင်းမွန်ရည်ပြီး အပြုံးလေးက ချိုသာဖော်ရွေလွန်းလို့ တစ်ရုံးလုံး ၀ိုင်းချစ်နေရတဲ့ မန်နေဂျာ ကိုရွှေချော။

မဟုတ်ပါစေနဲ့။ ဒီလိုမ ဖြစ်ပါစေနဲ့။

အမောတကော ဆုတောင်းနေဆဲ။

“ကြီးမေ ကတော့ လျှောက်မပြောရဘူးတဲ့၊ ဒါပေမဲ့ မိန်စိတ်ဆိုးလို့သေတော့မယ်၊ မမျိုးကိုတော့ ပြောပြလိုက်မယ်”

“အင်း….ပြောလေ”

မကြားရဲဘဲ အသက်အောင့်ထားမိ၏ ။

“ကိုဂုဏ်လူကြီးပေါ့”

“ဟင်”

မျိုးပပနှလုံးသားကို ဆွဲနှုတ်ခံလိုက်ရသလို အံ့အားတသင့် နာကျင်ကြွေမွသွားရပါသည်။

“ဂုဏ်ကြီးနဲ့ မိန်မိန်နဲ့ ဟုတ်လား”

မယုံနိုင်စွာ ထပ်မေးမိ၏ ။

“အင်းလေ….မ ဖြစ်နိုင်ဘူး၊ မအပ်စပ်ဘူး၊ တခြားစီတွေ နော်။ ဒက်ဒီ ဘာစိတ်ကူး ပေါက်တာလဲမသိဘူး၊ ဒီအရွယ်နဲ့ ဒီအရွယ် စီစဉ်စရာလား၊ မကြိုက်ပါဘူး၊ မိန်တော့ ဘယ်နည်းနဲ့မှ လက်မခံနိုင်ဘူး သိလား”

မျိုးပပသည် ဘာမှ ထပ်မပြောနိုင်ဘဲ ရင်တုန်ပန်းတုန်ကြီး ငြိမ်တွေ ကြည့်နေမိပါသည်။

သူတို့ပုံကလည်း ကလေးနှင့်လူကြီးကို ကွာနေတာ။

ပြီးတော့ ဂုဏ်လူဟာ မန်နေဂျာဆိုပေမဲ့ အန်ကယ်ရာဇာရဲ့ ကျေးဇူးခံကျေးဇူးစားပါ။ တန်းတူအခြေအနေတူထဲကမှ မဟုတ်တာ။

လှိုင်မြင့်မိုက အပေါ်ဆုံးထပ်တိုက်ခန်းလေးမှာ နေတာ။ စီးစရာကားက အန်ကယ်ရုံးက ပေးထားတဲ့ကား။ ပြီးတော့ အန်ကယ့် လခစားဝန်ထမ်း၊ မိဘမဲ့၊ အသိုင်းအ၀န်းလည်း ဘာမှ မတောင့်တင်း။

ပြောရမယ်ဆို သူ့ရဲ့ တစ်ဦးတည်းသော သမီးအတွက် ဂုဏ်သရေရှိ အဆင့်အတန်းတူ သူဌေးသားကို ရှာရမှာ မဟုတ်ဘူးလား။

ဦးမင်းရာဇာမှာ ဂရိတ်အပေါင်းအသင်း မိတ်ဆွေတွေ မှ အများ ကြီးပါ။

ဒါကို ဘာကြောင့် ဂုဏ်လူကိုမှ ပစ်မှတ်ထားမျက်စိကျရတာ လဲ။ လူယုံလူရင်းထဲက လက်အောက်ငယ်သားမို့လို့ ရွေးချယ်တာလား။

မျိုးပပရဲ့ အတွေးတွေ ရှုပ်ထွေးမွန်းကြပ်သွားရသည်။

“ကြည့်လေ….မမျိုးတောင် အံ့သြနေတယ်မဟုတ်လား”

အံ့သြတာထက် ရင်ကွဲပက်လက် မချိတင်ကဲ ဖြစ်သွားတာပါ ညီမလေးရယ်။

ဂုဏ်ကြီးနှင့် မျိုးဟာ ဘ၀အနေအထားချင်း မတိမ်းမယိမ်း တစ်ရုံးထဲမှာ လုပ်ဖော်ကိုင်ဖက်ချင်းမို့ ရင်းနှီးပြီး သံယောဇဉ် ဖြစ်နေတာလည်း နှစ် တွေ ကြာခဲ့ပြီ။

တစ်နေ့တစ်နေ့ တစ်ယေက်မျက်နှာ တစ်ယောက် ကြည့်ပြီး စကားတွေ ပြော၊ ထမင်းအတူစား၊ နွေးနွေးထွေးထွေးသာသာယာယာ ဖြတ်သန်းလာခဲ့ကြတဲ့ အချိန်တွေ မနည်းပါ။

တစ်ယောက် အကြောင်းလည်း တစ်ယောက် သိပြီးသား။

အသက်အရွယ်ချင်း၊ ရာထူးခြင်း၊ ဘ၀အနေအထားခြင်း မျှတသည်။ ဘာမှကွာဟချက်မရှိ။

တစ်ဦးအပေါ် တစ်ဦးလည်း နားလည်မှု ရှိသည်ဟု မျိုးထင်သည်။

မျိုးဖက်က မျက်လုံးချင်း နားလည်မှု တွေ နှင့် တိတ်ဆိတ်သော မျှော်လင့်ချက်တစ်ခု ရင်ထဲမှာ ပြင်းပြင်းထန်ထန် ရှိနေခဲ့တာ မညာချင်ပါ။

မျိုးက အမြင့်ကြီးရည်မှန်းတာလည်း မဟုတ်ပါ။

ဒါပေမဲ့ သူ ကတော့ အမြင့်ကြီး ရည်မှန်းသွားပြီလား။

ဒါကြောင့် အရင်ကတည်းက အန်ကယ်ရာဇာကို မျက်နှာလိုမျက်နှာရနှင့် အောက်ခြေသိမ်းကအစ မခိုင်းဘဲ အကုန်ဝင်လုပ်ပေးနေခဲ့တာလား

ဝန်ထမ်းထူးချွန်လက်မှတ်က သူပဲ နှစ် တိုင်းရသင့်နေတာ တစ်ရုံးလုံးက ပြောနေကျ ကိစ္စတစ်ခုလေ။

အခုတော့ ဘော့စ်ရဲ့ သားမက်နေရာပင် မျှော်မှန်းနိုင်ပြီ။

“သူ့ဘက်ကရော”

မျိုးဆီက မေးခွန်းတစ်ခု ခုန်ထွက်သွားမိ၏ ။

မိန်မိန်မူးရီက ခေါင်းယမ်းပြီးလျှင်…

“ဒါဆို ဘာမှတရားဝင်မကြေညာသေးဘူး၊ လူကြီးတွေ စဉ်းစားစီစဉ်တုန်းပေါ့၊ ဒီလိုလား”

မိန်မိန်သည် တကယ်တမ်း နှုတ်လွန်မှာ စိုးကာ တိတိကျကျလည်း မဖြေချင်လှပေ။

ကိုဂုဏ်လူကိုယ်တိုင် သူ့နှုတ်ကနေ “မိန်မိန့်ကို လက်ထပ်ခွင့်ရချင်တယ်” ဟုပြောခဲ့တာကို အလိုလိုထိန်ချန်ချင်မိ၏ ။

“ဂုဏ်ကြီးက ညီမလေးကို ဘာမှမပြောဘူးလားဟင်”

“ဟင့်အင်း”

မိန် ညာလိုက်သည်။ ဂုဏ်လူပါ လက်ခံပြီဆိုလျှင် သူမ လက်မခံတာဟာ သူမရဲ့ အပြစ် ဖြစ်သွားမှာ ပေါ့။

“ထင်သားပဲ၊ ဂုဏ်ကြီး ကတော့ မိန်မိန့်ကို ကလေးလိုပဲ မြင်နေမှာ ပေါ့၊ ဘယ်စဉ်းစားပါ့မလဲ၊ အန်ကယ်ရာဇာပြောရင်သာ ငြင်းလို့မကောင်းဘဲ မြုံစိစိကြီးငြိမ်နေမှာ ၊ မိန်မိန်လေးက သဘောမကျရင် ငြင်းလို့ရတာ ပဲ ဟုတ်တယ်မို့လား”

“မသိပါဘူး၊ မိန်တော့ ရည်စားရှိရင် ကောင်းမယ်လို့ပဲ တွေးမိတယ်”

“ဟယ်….ဘယ်လိုလေးလဲ၊ ချက်ချင်း လက်ငင်း ရည်းစားကောက်ထာ်းတော့မယ်ပေါ့”

“အင်းလေ”

“ဘယ်သူရှိမလဲ၊ သူငယ်ချင်းတွေ ဘာတွေ ထဲက ပရိုပို့စ် လုပ်ထားတာရှိတယ်ထင်တယ်၊ ကောင်မလေးနော် ပြောပုံကမရိုးဘူး၊ ဟင်း ဟင်း”

မျိုးပပသည် မိန်မိန်ဖူးနီ ချစ်သူရှိရေး ကို ချက်ချင်း ကြီး အားတက်သရော စိတ်ဝင်စားလာမိတာ ၀န်ခံပါသည်။ ဒါမှလည်း ဂုဏ် တစ်ယောက် ကျဉ်းထဲကျပ်ထဲက လွတ်လမ်းမြင်မှာ မိန်မိန်က အိမ်မှာ ဖူးဖူးမှု တ် အလိုလိုက်ခံရသူလေး ဖြစ်တာကြောင့် သူမမှာ သာ ချစ်သူရှိလို့ ကတော့ အိမ်ကသဘောတူတာကို ပြတ်ပြတ်သားသားငြင်းပယ်မှာ ပင်။

နောက်ဆုံး မရဘူးထင်လျှင်လည်း ခိုးရာလိုက်ပြေးတဲ့အထိ စွန့်စားဖို့ ၀န်လေးမှာ မဟုတ် ပေ။

လူငယ်လေး တစ်ယောက် ရဲ့ ရူးရူးမူးမူး စွန့်လွှတ်စွန့်စားမှု တွေ ၊ အားကြိုးမာန်တက် ကြိုးစားဖန်တီးမှု တွေ ကို ဘယ်သူကများ ကြာရှည်တားမြစ်ပိတ်ပင်ထားလို့ ရမှာ လဲ။

“ပရိုပို့စ်လုပ်ထားတဲ့ထဲက မိန်ကြိုက်တာမှမရှိတာ၊ အဲဒါကြောင့် ညစ်နေတာပေါ့ မျိုးရဲ့ ”

“မိန်းလေးက ဂုဏ်ကြီးကို လက်မခံနိုင်ဘူးဆိုတာ ပြောမပြလိုက်ဘူးလား”

“ပြောတာပေါ့၊ ရှင့်ကိုမုန်းတယ်၊ ကြည့်မရဘူးလို့ကိုပြောပစ်တာ”

မျိုးပပက မိန်မိန် ရှုံ့မဲ့ပြောပုံလေးကို ရယ်မိ၏ ။

အခုမှ စိတ်ထဲ နည်းနည်း ပေါ့သွားရသည်။

ဂုဏ်ကြီးကို သူမကြိုက်လို့ တော် ပါသေးရဲ့ ဟုလည်း ရင်တမမနှင့် ပင့်သက်ခိုးရှိုက်ရသည်။

“မိန်မိန် ငါတစ်ခုပြောမယ်၊ စိတ်မဆိုးနဲ့”

“အင်း….မဆိုးဘူး၊ ဘာလဲ”

သူမက စိတ်ဝင်တစား မျက်လုံးကလေးတွေ အရောင် ဖိတ်လဲ့လာသည်။

“မမျိုးသူငယ်ချင်းရဲ့ မောင်လေး တစ်ယောက် ရှိတယ်၊ မိတ်ဆက်ပေးရမလား”

“ဟင်….မမျိုးကလည်း”

မိန်ဖူးမျက်နှာလေးရဲကာ ရှက်တက်တက်လေး ရယ်မိ၏ ။

“သြော်….တကယ်မေးတာ”

“ဟဲ….ဟဲ ရှာပေးတော့မယ်ပေါ့”

“ကိုယ့်ညီမလေး စိတ်ဆင်းရဲနေတာ မကြည့်ရက်လို့ပါနော်”

“မိန်မိန်က ဂျေးထူတယ်နော်၊ သိတယ်မဟုတ်လား”

“သိပါ့”

“မမျိုးအသိက ချောလား”

“အမိုက်စားလေးပဲ”

“ဘယ်လိုပုံလဲ”

မိန်ဖူးက မျက်မှော င်ကုပ်ကာ ပြန်မေးသည်။ ရယ်ကျဲကျဲပြောင်စပ်စပ် ဖြစ်ချင်နေတဲ့ ပုံစံကို လည်း ထိန်းရသေးသည်။

ရှက်တော့လည်း ရှက်တာပေါ့နော်။

G Talk ပြောရင်း Chatting လုပ်ရင်း သိနေတဲ့သူတွေ လောက်မှ မချောရင်တော့ မိန်က စိတ်မကူးချင်ပေ။

အခုနေ ရည်းစား တစ်ယောက် အလိုရှိနေတာတော့ အမှန်ပင်။ ဂုဏ်လူရဲ့ ရိသဲ့သဲ့မျက်ဝန်း တွေ ကို တယ်မခံချင်ပေ။

“မိန်ကလေးအရွယ်ပဲ၊ ဒီဇိုင်းလေးက သန့်တယ်”

“သူက မိန့်ကိုမြင်ဘူးလား”

“သိတယ် မိန်ရဲ့ ၊YUFL ကမိန်မိန်ဖူးနီက နာမည် ကြီးပဲတဲ့၊ မိတ်ဆက်ပေးမလားလို့ မမျိုးကိုမေးတာ၊ အဲဒီ တုန်း ကတော့ ဟောက်လိုက်တာပေါ့၊ င့ါညီမကို ကြည့်တောင်မကြည့်နဲ့လို့ ပြောလိုက်တယ်”

“ဟား….ဟား”

မိန်ဖူးက ရယ်သည်။ဒီလိုပဲ နာမည် ကြားဖူးကာ ဦးမင်းရာဇာရဲ့ သမီးဆိုပြီး ဖြုံတဲ့သူကလည်း ဖြုံပါသည်။

“သူ့ဖက်က စိတ်ဝင်စားပြီးသား၊ မမျိုးကိုတောင်တွေ့ တိုင်းပူဆာနေတယ်၊ သူငယ်ချင်းမောင် ဆိုတော့လည်း ကိုယ့်မောင်လို အကြောင်းသိပါပဲ။ ကောင်လေးက ကွန်ပျူတာနဲ့ ကျောင်းပြီးသွားပြီ၊ နေတာက ဘောက်ထော်မှာ ၊ မိန်လေးတွေ့ ချင်ရင် တစ်ရက်မိတ်ဆက်ပေးမယ်”

“အို….အဲလိုဆိုအောက်တာပေါ့”

“ကိုယ့်ညီမလေး သိက္ခာထိခိုက်အောင် မမျိုးက လုပ်ပ့ါမလားဟယ်၊ ဒီတိုင်း မိတ်ဆက်ပေးတဲ့သဘောပဲ လုပ်မှာ ပါ”

မိန်ဖူးက မမျိုးမျက်နှာကို စိုက်ကြည့်နေမိသည်။

ဒက်ဒီ့ကိုကြောက်တဲ့သူဆိုတော့ ဒက်ဒီ့စကားနားထောင်ဖို့ပဲ တိုက်တွန်းနားချမယ်လို့ မိန်ကထင်တာ။

ရည်းစားထားမယ်ပြောရင် ဖျောင်းဖျချော့မော့ပြီး တားမြစ်မယ်လို့သာ တွက်ထားတာ။

အခု မမျိုးက မိန်ထင်သလိုမဟုတ်။

သူ့သူငယ်ချင်း မောင်နှင့်တောင် မိတ်ဆက်ပေးဦးမယ်တဲ့။ ကြည့်ဦး သဘောတွေ ကောင်း လိုက်တာ။

မိန်တို့နှင့် အသက်အရွယ်ကွာပေမဲ့ မမျိုးက လူငယ်တွေ အပေါ် နားလည်မှု ရှိသည်။

ဆယ်ကျော်သက်ဘ၀ ရင်ခုန်သံကို နားလည်သည်။

ခံစားတတ်ပေသည်။

မိန်တော့ ဘာပဲ ဖြစ် ဖြစ် မမျိုးကို ရင်ဖွင့်မိတာ မှန်သွားပြီလေ။

“ဘယ်လိုလဲ မိန်လေး”

“အဲဒါတော့ မမျိုးသဘောပဲ၊ စကားပြောကြည့်လို့ ဖီလင် မလာရင်တော့ ဆောရီးပဲနော်၊ မမျိုးလူကို မိန် အားနာမှာ မဟုတ်ဘူး”

“အေးပါဟယ်….ငါသဘောပေါက်ပါတယ်”

မိန်က ကိုဂုဏ်ထင်သလို အတုံးအအမလေးမဟုတ်ဘူးဆိုတာ ပြချင်သည်။

သူတို့ဘာသာ အစီအစဉ်တွေ ဆွဲ၊ စိတ်ကူးယဉ်နေတုန်းမှာ မိန်က အရွဲ့တိုက်ပြီး ကောင်လေး တစ်ယောက် ယောက် နှင့် တွဲလိုက်ချင်တာပါပဲ။

ဒါကို မိန် ပါးစပ်ဟလိုက်တာနှင့် မမျိုးက ရိပ်မိသည်။

မိန့်မိန့်ရင်ထဲက ခံစားချက်ကို ထိုးထွင်းသိမြင်သည်။

သူငယ်ချင်းတွေ ကိုလည်း မိန်က ကြေညာထားပြီးသား။ အချိန်မဆွဲဘဲ ချစ်သူထားလိုက် တော့မည် ဆိုတာ ဖွင့်ပြောထားသည်။

“အိမ်ကသဘောတူတဲ့လူကြီး မယူချင်ဘူးဟာ၊ င့ါဘာသာ ကိုယ့်ကြိုက်တာ ကိုယ်သဘော ကျတာ ရှာချင်တယ်”

“နင်က ရှာစရာလိုသေးလား မိန်ဖူးရဲ့ ၊ နင့်နားမှာ ဒီလောက်ပတ်ချာလည်ဝိုင်းနေတဲ့ဥစ္စာ” ဟု သူငယ်ချင်းတွေ က မဲ့ရွဲ့ကြ၏ ။

ဝိုင်းတာက ၀ိုင်းတာပဲလေ။ ရွေးရခက်တာကလည်း ခက်နေတာပဲ။ သူတို့က မိန့်ကို သဘောမပေါက်လို့။

မိန်က ကိုယ်စိတ်ကျေနပ်မှု ရပြီး တကယ်ချစ်သွားတာလည်း လိုချင်သေးတာကိုး။

င့ါရင်ထဲက အရူးအမူး ချစ်မြတ်နိုးတာကိုမှ လက်ခံချင်တာဟု ထပ်ကွန့်လျှင် သူ့ကို အမြင်ကပ်ပြီး ၀ိုင်းအော်တော့မှာ ။

ဒီတော့ နှုတ်ဆိတ်နေလိုက်ရတာ ။

အခု မမျိုးကြ ကတော့ သူငယ်ချင်းမဟုတ်တော့ မိန်က အတွန့်တက်ရဲသည်။ အကဲပိုရဲသည်။

မိန်ဘာပြောပြော မမျိုးက မိန့်ကို ရှုံ့ချမယ့်သူမဟုတ်ဘူးလေ။

“ဒီစနေ မမျိုးဖုန်းဆက်မယ်၊ ကောင်းအစ်မနဲ့ လပြည့်ဝန်း သွားကြဖို့ ချိန်းထားတယ်၊ မမျိုးတို့အပြင်သွားရင် ကောင်းက လိုက်ပို့ ပေးနေကျလေ”

မမျိုးက အားတက်သရော ဆက်ပြော၏ ။

မိန်မိန် ကတော့ နှုတ်ခမ်းလေးချွန်လျက် ပခုံးတွန့်ပြလိုက်သည်။

“မတော် တဆလာဆုံသလိုပုံစံမျိုးနဲ့ ငါမိတ်ဆက်ပေးမယ် သိလား၊ စနေနေ့လည်ပိုင်း လောက်နော်၊ မိန်လေးမေ့နေဦးမယ်”

“အင်းပါ”

“မိန်းလေး GSM က အရင်ဟာပဲမဟုတ်လား”

“အင်း”

သူမ ပထမနှစ် စတက်ကတည်းက ဒက်ဒီက လက်ကိုင်ဖုန်းတစ်လုံး ၀ယ်ပေးခဲ့တာ ဖြစ်သည်။

ဆက်သွယ်ရေး ကတော့ အဆင်ပြေပါသည်။ ဘယ်နားရောက်နေနေ ကိစ္စမရှိ။

“သွားစရာတွေ ဘာတွေ ရှိသေးလား၊ စဉ်းစား”

“သူငယ်ချင်းမွေးနေ့တော့ရှိတယ်၊ ဒါပေမဲ့ အဲဒါက မနက်ပိုင်းလေးခဏပါ”

“မမျိုးက ကြိုပြောထားတာနော်၊ အစီအစဉ်ကို မိန်လေးဖက်က မပျက်နဲ့ဦး”

စိတ်မချလက်မချ မှာ နေသေးသည်။

ထူးထူးဆန်းဆန်း စိတ်ပါလက်ပါကြီးကို ကူညီနေချင်တော့တာ။

“မဖျက်ပါဘူး၊ မိန်လည်း တွေ့ ချင်ပါတယ်”

“အဲဒါဆို အိုကေ”

မျိုးပပက အခုမှပဲ သူ့ရဲ့ အိုက်စ်ကော်ဖီခွက်ကို ကောက်မော့ဖို့ သတိရသည်။

စိတ်ထဲမှာ တော့ အစီအစဉ်တွေ ဆက်ဆွဲနေမိ၏ ။

မိန်လေးက ကလေးမှမဟုတ်တော့ပဲ။ သူ့ဘာသာ ချစ်သူ ရွေးချယ်ချင်တာ သဘာဝ ကျတာပဲလေ မဟုတ်ဘူးလား။

* * *


စနေနေ့ရဲ့ နေ့လယ်ခင်းမှာ မိန်မိန်ဖူးနီက သူငယ်ချင်း ဖြစ်သူ သန္တာကျော်ကို အဖော်ခေါ်လျက် လပြည့်ဝန်းပလာဇာသို့ ရောက်လာခဲ့ပါသည်။

အောက်ထပ်က ကော်ဖီဆိုင်လေးထဲမှာ မမျိုးတို့လာရောက်နှင့်နေပြီ။

မိန်လေးက သန္တာကျော်လက်ကိုဆွဲကာ မမျိုးတို့စားပွဲကို မမြင်သလိုဟန်ဆောင်ရင်း ခပ်တည်တည်ပဲ ဆိုင်ကလေးထဲ ၀င်လာသည်။

ဂျင်းဘောင်းဘီအကျပ်ကလေးကို ခါးပတ်အပြားကြီးပတ်ကာ ၀တ်ထားပြီးအပေါ်အင်္ကျီက ဂုတ်ကြိုးသိုင်းလေး ချည်ထားရတဲ့ ဆွဲသားအဖြူပျော့ပျော့လေး။ နားကွင်းအဖြူအ၀ိုင်းကြီးက နားမှာ တလှုပ်လှုပ်နှင့် ဆံပင်တွေ အကုန်ထိပ်မှာ စုစည်းပင့်တင် စီးနှောင်ထားတဲ့ မိန်လေးဟန်ပန်က ရှော့ပပင်ထွက်လာတဲ့ဒီဇိုင်း။

ပခုံးမှာ လွယ်ထားတဲ့ ဖန်စီအိတ်က အစိမ်းပုပ်ရောင် ခင်ကြီးကြီး။ စီးထားတဲ့ လေဒီရှူးခွာချွန်လေးကလည်း အစိမ်းပုပ်ရောင် ။

လက်ကောက်ဝတ်မှာ လေးထောင့်ပုံစံ နာရီအဖြူလေးတစ်လုံးနှင့် ဖန်စီဆွဲကြိုး အရှည်ကြီးကိုလည်း ဆွဲထားသေးသည်။

နဂိုချောသော ကောင်မလေးမို့ ခေတ်မီမီပြင်ဆင်ခြယ်သထားသော အခါ မြင်သူငေးချင်စရာ သဏ္ဌာန်လေး ဖြစ်နေပါတော့သည်။

သူမနံဘေးက သန္တာကျော်သည် ချော့ကလက်ရောင် ဂါဝန်လေးနှင့် အဆင်ပြေ ကြည့်ကောင်းသော်လည်း မိန်လေးလို မထင်ပေါ်ပါ။

မိန်းကလေးပုံစံက ညှို့ဓာတ်အပြည့်နှင့် အင်မတန်ဆွဲဆောင်နိုင်သည်။

မိန်မိန်ဖူးနီက တခြားစားပွဲမှာ ထိုင်မလိုဟန်ပြင်ဆဲမှာ သန္တာက

“ဟဲ့….ဟိုမှာ မမျိုး”

“သြော်”

မိန်က အခုမှလှည့်ကြည့်သည်။

“ဟယ်တော့….မိန်လေးတို့ပါလား၊ ရှော့ပင်လာတာလား”

မမျိုးကလည်း အခုမှမြင်သယောင်နှင့် ကမန်းကတန်း ထနှုတ်ဆက်ပါသည်။

မမျိုးနှင့်အတူ မမျိုးတို့အရွယ် ခပ်ပြည့်ပြည့်ကိုယ်လုံး၀၀ အစ်မကြီး တစ်ယောက် နှင့် သူ့နံဘေးမှာ တော့ ပန့်ကေဆံပင်ဒီဇိုင်းနှင့် လူငယ်လေး တစ်ယောက် ။

ထိုလူငယ်လေးရဲ့ မျက်ဝန်းအစုံက သူမကိုတွေ့ တာနှင့် ငြိမ်သက်စိုက်တန့် ငေးမော သွားပါသည်။

မိန်ဖူးကလည်း မမျိုးတို့ စားပွဲရှိရာလှမ်းလာရင်း ထိုကောင်လေးနှင့် တစ်ခဏ အကြည့်ချင်းဆုံမိသည်။

ကောင်းမင်းသုန်သည် အစက ခိုးသာကြည့်ရသော မိန်းမငယ်လေးကို အခုလို နီးနီးကပ်ကပ် ဆုံခွင့်ရတုန်း မမှိတ်မသုန် စိုက်ကြည့်နေမိသည်။

ချစ်စရာလေးကွာ။

သူလေးကိုကြည့်နေရတာ ရင်ခုန်းချင်စရာကောင်းလိုက်တာ။

မိန်ကလည်း ထိုကောင်လေး ရုပ်သဏ္ဌာန်ကို မြင်မြင်ချင်း နှစ်သက် သွားရသည်။

သူ့ရဲ့ မျက်နှာ ဖွဲ့စည်းပုံက အတော် ဆွဲဆောင်မှု ပြင်းသည်။

မျက်ခုံးနက်နက်ထူထူ၊ နှာတံပေါ်ပေါ်နှင့် ပိရိသေသပ်သော နှုတ်ခမ်းပါးပါးတို့ဟာ အကြည့်မလွှဲချင်စရာ ညှို့အားကောင်းလှသည်။

သူမအား သူက စတင်ပြုံးပြလိုက်သော အခါမှာ နှလုံးသားတွေ လူးလွန့်လှုပ်ခါသွားရသည်။

အင်မတန် အပြုံးချိုတဲ့ကောင်လေးပဲ။

သူပြုံးလိုက်သော အခါ သူ့မျက်နှာလေးရဲ့ ဆွဲဆောင်မှု က ပိုမို၍ ပြည့်စုံ သွားပါသည်။

“ဒီမှာ ပဲထိုင်လိုက်လေ၊ ဒါမမျိုးသူငယ်ချင်း မခိုင်၊ ဒါက မခိုင်ရဲ့ မောင် ကောင်းမင်းသုန်တဲ့၊ ကောင် သူက မိန်မိန်ဖူးနီ သူကသန္တာ”

“မိန်ဖူးကို ကျွန်တော် သိပါတယ်၊ မမျိုးကို မိတ်ဆက်ပေးဖို့ ခဏခဏပူဆာတာဗျ၊ ဒီနေ့မှပဲ တိုက်တိုက်ဆိုင်ဆိုင် သိခွင့်ရတယ်”

သူက မိန့်မျက်နှာလေးဆီမှ အကြည့်မလွှဲဘဲ ၀မ်းသာအားရသံနှင့် ဆိုသည်။ နွေးထွေးသက်ဝင်လှသော သူ့အကြည့်ကပင် ဘေးမှာ ရှိသူတွေ ကို တစ်စုံတစ်ရာ သိသာနေစေသည်။

မိန်ရင်ထဲမှာ လည်း စူးစူးရှရှ ခံစားချက်အသစ်ကလေးတစ်ခု ၀င်ရောက်လာပါသည်။ သူ့ရဲ့ အကြည့်ငေးဟာ နှစလိုဖွယ်ရှိလွန်းမို့ မိန်လည်း သာယာပျော်ရွှင်မိသလိုလို ဖြစ်သွားသည်။

“မိန်လေး ဘာသောက်မလဲ၊ မှာ လေ”

“မိန်က အိုက်ကော်ဖီ”

“ဟဲ့….ဒီတစ်ခါ ကော်ဖီ ဖြစ်သွာပါလား၊ ချော့ကလက် မဟုတ်တော့ဘူးလား”

“ချော့ကလက်က ကလေးကြိုက်လေဗျာ”

“သြော်….င့ါညီမက ကလေးပဲဥစ္စာ”

“မမမျိုးနဲ့ မမခိုင်နော်၊ မိန်ဖူးကို အပျိုကြီးလိုင်းသွင်းဖို့တော့ မစဉ်းစားကြနဲ့”

“အောင်မာ….သူက ကြည့်စမ်း”

“ကောင်းနော်….ကောင်း”

မမျိုးက လက်ညှိုးတထောင်ထောင်ကြိမ်းသလို မမခိုင်ကလည်း သူ့မောင်အချိုးကို ရိပ်မိပုံပေါ်သည်။

“မိန်မိန် မမျိုးနဲ့ သိပ်မပေါင်းနဲ့ သိလား”

“နင်ဘာမှစိတ်ပူမနေနဲ့၊ မိန်လေးက ဒီလောက်ချစ်ဖို့ကောင်းတာ၊ ငါနဲ့ပေါင်းလည်း အပျိုကြီး ဖြစ်ဖို့ လမ်းမမြင်ပါဘူးဟယ်၊ နော် ခိုင်ခိုင်”

“အေးလေ”

မိန်သည် သူမကိုပဲ ၀ိုင်းကြည့် ၀ိုင်းစနှင့်မို့ ရင်ထဲမှာ ကျေနပ်ရွှင်ပျမိသည်။

“ဟာဗျာ….ဒါဆိုတော့လည်း တစ်မျိုးစိုးရိမ်ရပြန်ပြီ မိန်မိန်မှာ ရည်စားရှိနေပြီလား”

“သိချင်လို့မေးတာပေါ့ဗျ”

“ငါတို့ရှိသေးတယ် ကောင်စုတ်လေးရယ်၊ဣနြေ္ဒနည်းနည်း ဆယ်ထားဦး”

“ဟာဗျာ”

ကောင်းမင်းသုန်က ရှက်ရယ်ရယ်လိုက်၏ ။ မိန်လေးမျက်နှာမှာ ပူနွေးရှိန်းမြသွားရသည်။

“အေးလေ….နင့်ဟာနင် နောက်မှ ဖုန်းထဲမှာ မေးပါလား”

မမျိုးက ဖုန်းဆက်ဖို့လမ်းကြောင်းပေးနေပြန်ပြီ။

မိန်မိန့်ရင်ထဲမှာ တုန်တုန်ရီရီနှင့် တစ်မျိုး ဖြစ်နေသည်။

သူဟာ မိန့်စိတ်တွေ တစ်ထိုင်တည်းမှာ ဆွဲဆောင်သိမ်းပိုက်နိုင်သည်။

သူ့ရဲ့ ရယ်ဟဟပြောစကားတို့ကို မိန် စွဲလမ်းနှစ် ခြိုက်သွားမိပြီ။

“မိန်မိန် ကျွန်တော် ဖုန်းဆက်လို့ရမလား”

သူက ချက်ချင်း ခွင့်တောင်းသည်။

“ဆက်ချင်ဆက်ပေါ့”

မပွင့်တပွင့်လေး ပြန်ဖြေတော့ ကောင်းမင်းသုန် ပျော်သွားရ၏ ။

ဒီကောင်မလေးနှင့် ပတ်သက်ရင်းနှီးခွင့်ရချင်တာ ကြာပြီ။ ဒီနေ့မှပဲ သူတောင့်တချက်က ပြည့်စုံသွားတော့သည်။

အရင်ကဆိုရင် မမျိုး တစ်ယောက် က သူ့ညီမချောချောလေးနဲ့ ပတ်သက်ရင် စကားစတောင် ခံတာမဟုတ်။

“မိန်လေးကို ထိဖို့တော့ မစဉ်းစားနဲ့ဟေ့၊ သူ့ဒက်ဒီနဲ့ တွေ့ သွားလိမ့်မယ် ဘာမှတ်လဲ” ဟုခြိမ်းခြောက်တတ်သေးတာ။

အခုမှ ဘာကြောင့် လိုလိုလားလား မိတ်ဆက်ပေးသလဲမသိ။

ဘာပဲ ဖြစ် ဖြစ် သဘောကောင်းတဲ့ မမမျိုးကို ကျေးဇူးတင်ရမည် ။ ရှေ့ဆက်ပြီးတော့လည်း မမျိုးအကူအညီတွေ လိုပါသေးသည်။

သန္တာကျော်က အားတုံ့အားနာ ဟိုဒီငေးနေသလို မမခိုင်နှင့် မမမျိုးကလည်း သူတို့လေနှင့် သူတို့ပိနေကြတဲ့ အခိုက်အတန့် ကောင်းမင်းသုန်က သူမကို ပြောင်စပ်စပ်လေး မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။

ဒါဟာ ဘာစကားမှ ပြောစရာမလိုတဲ့ ရှေးဟောင်းသင်္ကေတတစ်ခုပဲလေ။

ကိုယ့်ဖက်က မရိုးဘူးဆိုတာ အလွယ်ကူဆုံးသိစေလိုက်တာ။

ထင်တဲ့အတိုင်း မိန်းလေးက မျက်စောင်းလေးတစ်ခုနှင့် တုံ့ပြန်သည်။“ရှင်မရိုးတာ သိသားပဲ၊ ဟွန်း လုပ်မနေနဲ့” ဆိုတဲ့ အဓိပ္ပာယ်လို့ သူကယူဆသည်။

ကောင်းရဲ့ အတွေး ကတော့ အင်တာနက်ခေတ်ကြီးထဲမှာ အဓကက အချိန်မဖြုန်းတီးဖို့ပဲ လေ။

စိတ်ဝင်စားရင် အဲဒါကို မြန်မြန်အသိပေး။ စောစောစီးစီးပရိုပို့စ်လုပ်၊ ရက်စ်အော်နိုး သိအောင် ကြိုးစား၊ပြီးရင် ကိုယ့်အစီအစဉ်နဲ့ကိုယ် ဆက်သွားတော့

ကောင်မလေး တစ်ယောက် ကို သဘောကျရက်နဲ့ ကြိတ်မြုံပြီး ထိုင်ကြည့်နေလို ကတော့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူးလေ။

အခွင့်သာရင် ရဲရဲတင်းတင်း ချဉ်းကပ်တတ်တာ ကောင်းရဲ့ အကျင့်ပါပဲ။

ကောင်းသည် စိတ်ထဲက အဆင့်တွေ ကျော်၊ စိတ်ကူးတွေ လွန်၊ အတင့်တွေ ရဲနှင့် မိန်မိန်ဖူးနီ နား ကပ်ချင်လှပြီ။ သူမရဲ့ နှုတ်ခမ်းလေးက ဖူးသစ်စ ပန်းငုံကလေးတစ်ငုံကို ကြည့်ရတာ နှင့်ပင် စွဲမက်ရင်ခုန်စရာကောင်းသည်။

ကောင်းရင်တွေ က ခုန်ချင်နေပြီ။

ကောင်မလေးကို ခပ်လောလောနှင့် မျက်နှာလုပ်ကာ ကော်ဖီခွက်ကို တိုးရွှေ့ပေးရင်း ဘယ်လိုကဘယ်လို သူ့ရဲ့ သောက်လက်စကော်ဖီခွက် တိုက်မိတယ်မသိပါဘူး။

“ဟောတော့”

မိန်လေးရေရွတ်သံမဆုံးခင်ပဲ ကော်ဖီရည်တွေ က စားပွဲမှတစ်ဆင့် သူမကိုယ်ပေါ် ဖိတ်စင်စီးကျကုန်၏ ။

“ဆောရီးပဲဗျာ”

မမခိုင်က မမျိုးကို မျက်ခုံးပင့်ပြ၏ ။ င့ါမောင်းလေးတော့ ပျာယာတွေ ခတ်နေပြီ။ ကယောင်ကတမ်းတွေ ဖြစ်နေပြီ ၊ တွေ့ လား ဆိုတဲ့ပုံစံ။

မမျိုးကလည်း သူ့ကို ရယ်ချင်ပြုံးတုံ့နှင့် တစ်ချက်ကြည့်သည်။

သို့ သော် ကောင်းသည် မမကြီးတွေ ကို ဂရုမစိုက်အားချေ။

မိန်လေးကိုသာ ဆက်ပြီး ပျာယာခတ်နေသည်။

“ပေကုန်ပြီထင်တယ်၊ အားနာလိုက်တာဗျာ”

တစ်သျှူးကို မြန်မြန်ဆွဲထုတ်ပြီး ပေသွားတဲ့အင်္ကျီပေါ်ကိုယ်တိုင်လာသုတ်ပေးတာမို့ မိန်လေးသည် သူ့ရဲ့ လက်မြန်ရဲတင်းပုံကို တွန့်ခနဲ ဖြစ်သွားရသည်။

မနေတတ်စွာ နောက်ဆုတ်ရင်း….

“ရပါတယ်၊ မိန်လေးဘာသာသုတ်ပ့ါမယ်”

“ခဏလေး ကျွန်တော် လုပ်ပေးမယ်”

ဂရုတစိုက်နဲ့ ကြင်နာယူယဟန်ဖြင့် သူက အဲလိုလုပ်တော့ မိန်လည်း ရင်ထဲ ပရမ်းပတာ အနားအနေခက်မိတာပေါ့။

“အို….ရပါတယ်ဆိုကောင်းရယ်”

မိန် ရှက်စနိုးတားမြစ်ရင်း လက်ချင်းလည်း ထိမိကြ၏ ။ သူ့လက်ရဲ့ ဖျတ်ခနဲ အထိအတွေ့ က ထူးဆန်းစွာ မိန့်ရင်တွေ ကို လှိုက်ခနဲ ဖိုနွေးစေသည်။

အထိအတွေ့ လေးတစ်ခု အမှတ်တမဲ့ အကြုံဟာ သူမကို ဒီလိုဖျားယောင်းနိုင်လိမ့်မယ်ဟု ဘယ်တုန်းကမှ မထင်မိ။

သူ့မှာ သံလိုက်ဓာတ်တစ်မျိုးရှိတယ်လို့ပဲ ခေါ်နိုင်မလား မသိပါဘူး။

မိန်လေးနှလုံးသားတွေ လှုပ်ရှားတုန်ရီသွားသည်။ ဘေးမှာ ရှိနေသူတွေ ကို တခဏ မေ့လျော့သွားသည်။ ရင်ထဲမှာ ရေလှိုင်းစီးနေရသလို၊ ချားရဟတ်စီးနေရသလို တလှပ်လှပ်ဖို သွားရတာ ကို မိန် မမေ့နိုင်တော့ပါ။

မိန်မိန်ဖူးနီက အခန်းထဲသို့ ၀င်လာကာ မှန်ရှေ့မှာ တစ်ချက်ရပ်ကြည့်သည်။

အပြာနှင့်အဖြူ နှစ် ရောင် စပ် နှစ် ထပ်အင်္ကျီ အသားပျော့ပျော့လေးဟာ မိန်မိန်ကိုယ်ပေါ်မှာ ကွက်တိပါပဲ။

ဒီအင်္ကျီလေး လှတယ်ဆိုပြီး ကောင်းကိုယ်တိုင် ရွေးချယ်ပေးခဲ့တာ။

မိန်ဖူးသည် အင်္ကျီကိုမချွတ်လဲနိုင်သေးဘဲ နှုတ်ခမ်းလေးတွေ ပြုံးနေမိသည်။

နားထဲမှာ သန္တာစကားကိုလည်း ပီတိတသိမ့်သိမ့်နှင့် ပြန်ကြားယောင်မိသည်။

“နင်တို့နှစ် ယောက် ကိုကြည့်ရတာ ကိုရီးယားမင်းသားနဲ့ မင်းသမီးလေး ကျနေတာပဲဟာ၊ အရမ်းလိုက်တာပဲ၊ ပြီးတော့ သူက နင့်ကို တစ်ချိန်လုံးကြည့်နေတာနော်၊ မျက်လုံးတွေ ကလည်း ချိုမြိန်ပျော့ပျောင်းနေတာပဲ၊ နင်လည်း ရင်တွေ ခုန်နေတယ်မို့လား မိန်မိန် င့ါကိုမညာနဲ့နော်”

မိန်က သန္တာ့စကားကို မဖြေရှင်း မငြ်းဆန်ဘဲ ရယ်သာနေမိခဲ့သည်။

ရယ်နေတာဟာ ပျော်လို့ပေါ့။

ပျော်နေတာက ကြည်နူးစိတ်ချမ်းသာလို့။

အဲဒီ ကြည်နူးမှု တွေ ကို ပေးတာ ကတော့ ကောင်းမင်းသုန်ဆိုတဲ့ ကောင်းပေါ့။

မိန့်အင်္ကျီဖြူဖြူမှာ ကော်ဖီတွေ စွန်းပေသွားတာကို သသက အားတုံ့အားနာ ဖြစ်မဆုံး။

“အသ်စတစ်ထည် ၀ယ်လဲလိုက်ပါလား မိန်လေး၊ ကျွန်တော် အမှတ်တရ၀ယ်ပေးမယ်လေ” ဆိုတော့ မိန်က ခေါင်းခါငြင်းပါသေးသည်။

သို့ပေမဲ့ မမျိုးကရော မမခိုင်ကပါ အင်္ကျီစွန်းပေနေတာ ကြည့်မကောင်းတာမို့ လဲလှယ်ဖို့ အကြံပေးကြရာ လပြည့်ဝန်းပေါ်တက်ပြီး (LADNLASS) ဖက်ရှင်ဆိုင်ထဲကနေ ကောင်းကိုယ်တိုင် မိန့်ဖို့ အင်္ကျီတစ်ထည် ခပ်မြန်မြန်ဝယ်ပေးခဲ့သည်။

အဲဒီ အင်္ကျီကိုယူပြီး တွဲုင်းလက်စ်ထဲဝင်ကာ လဲလှယ်ရသေး၏ ။ ပြန်ထွက်လာတော့ ကောင်းက သူမကို ချစ်စနိုးဆီးကြိုးစောင့်စားကြည့်ရှုလေရာ မိန်မိန့်မှာ ရှက်ရင်ဖိုစွာ မနေတတ် ဖြစ်ရပြန်သည်။

ကောင်းနှင့် စတင်ဆုံစည်းပုံလေးက မမေ့နိုင်စရာ အမှတ်တရအ ဖြစ်အပျက်ကလေးများ နှင့် ပြည့်နှက်နေခဲ့သည်။

“သူ့အမူအရာက အရမ်းသိသာတယ်ဟာ၊ သူဘယ်တုန်းကစပြီးနင့်ကိုကြိုက်နေတာလဲ မိန်မိန်၊ အဲဒီ ကဏ္ဍ င့ါကိုလျှိုထားတာမဟုတ်လား” ဟု သန္တာက မကျေမနပ် မေးနေခဲ့သေးသည်။

သူဘယ်တုန်းကစပြီး စိတ်ဝင်စားနေသလဲ မိန် မသိပေမဲ့ မိန် ကတော့ သူ့မျက်နှာမြင် လိုက်ရကတည်းက ရင်ထဲ နွေးမြမြ ဖြစ်နေရတာ အခုထိပဲ။

သူ့အကြည့်၊ သူ့အမူအရာ၊မတော် တဆအ ဖြစ်အပျက်လေးတွေ အားလုံးကို အကြိမ်ကြိမ် ပြန်စဉ်းစားကာ ကြည်နူးနေမိသည်။

အင်္ကျီကိုချွတ်လဲပြီး တယူတယလေး ချိတ်မှာ ချိတ်ကာ သူ့လက်ဆောင်လေး ဟု မက်မောတန်ဖိုးထားကာ ကြည့်၍ မ၀။

“နင်လည်း အမူအရာပျက်နေပါတယ် မိန်မိန်ရယ်၊ စိတ်လှုပ်ရှားနေတာ သိသာပါတယ်”

သန္တာက ဤသို့ နောက်တစ်မျိုး စွပ်စွဲခဲ့သေး၏ ။

ဒါပေမဲ့ မိန် မငြင်းနိုင်။ စိတ်လှုပ်ရှားမိတာ ၀န်ခံပါသည်။

“သူက အရမ်းတော့ သွက်တယ်နော် နင်သတိထား”

“ဘာလို့လဲ”

“နင့်အသားကို ဖျတ်ခနီ ထိဖို့ဝန်မလေးဘူးလေ၊ အပေါ်တက်ဖို့ နင်ငြင်းတော့ စက်လှေကားဆီ လက်ဆွဲခေါ်လိုက်တာ ငါမြင်သားပဲ”

“အဲဒါ အမှတ်တမဲ့ပါဟယ်”

“သူ့ကြည့်ရတာ မိန်းကလေးတွေ အထာကို နပ်နေတဲ့ပုံပါ”

“သန္တာနော်….ကောင်းက သဘောကောင်းတာပါ”

သူမက ကာကာကွယ်ကွယ် ဖာထေးမိသည်။ အမှန်တော့သန္တာထောက်ပြသလိုပင် ကောင်းကိုကြည့်ရတာ မိန်းကလေးတွေ ကို ဘယ်လိုပြောဆိုဆက်ဆံရမယ်ဆိုတာ ကျွမ်းကျင် ပါး နပ်နေပုံ ရပါသည်။

အတွေ့ အကြုံရှိတာ သိသာနေသည်။

သို့ သော် ဒါကို မိန်က အပြစ်မမြင်။ ကောင်းအကြည့်၊ကောင်းအပြုအမူလေးတွေ က သူမနှလုံးသားကို ထိထိရှရှလေးပုတ်နှိုးလိုက်ပြီ မဟုတ်လား။

စွဲမက်ဖွယ် ပြုံးစစ နှုတ်ခမ်းများ က မိန့်အာရုံမှာ ယစ်မူးစရာ အသစ်အဆန်း ဖြစ်နေသည်။

ခဏခဏ ပြန်စဉ်းစားမြင်ယောင်နေမိသည်။

ခွဲခွာလာခဲ့လည်း ဆက်ပြီး သတိရတမ်းတမိတာဟာ ချစ်ခြင်းရဲ့ အစပထမနိဒါန်းပဲလား။

မချစ်ဘူးလို့ မိန် သေသေချာချာမသိ။

မမျိုးက ဘယ်လိုလဲဟု အခြေအနေမေးလျှင်“ဆောရီးပဲ၊ ထပ်မတွေ့ ချင်တော့ဘူး”ဟု ပေါ့ပေါ့ဆဆ ပြောနိုင်တော့မည် မထင်။

သူနှင့်မျက်လုံးချင်း ဆုံကြည့်ရစဉ်ခဏ မိန့်ရင်ထဲချမ်းမြေ့သာယာနေမိတာ ဘယ်လိုငြင်း မလဲနော်။

မိန်မိန်သည် အိမ်နေရင်း ပိုးသားဂါဝန် ပန်းနုရောင် လေးတစ်ထည်ကို လဲလှယ်ဝတ်ဆင်ကာ ခုတင်ပေါ်သို့ ပစ်လှဲချလိုက်သည်။

ကောင်းမျက်နှာလေးကို မျက်စိမှိတ်ကာ မြင်ယောင်ကြည့်လိုက်ဦးမယ်။

သူနှင့်မိန်တို့ မြန်မြန်ဆန်ဆန် သမီးရည်းစားေးတ်ာသွားမှာ လား။ တွေးကြည့်လိုက်တော့ ရင်ဖိုချင်စရာကောင်းပါဘိ။

ကောင်းမင်းသုန်းသည် ထိုညက အတော် ညဥ့်နက်နေမှ အိပ်မပျော်နိုင်သေးဘဲ စီးကရက်တစ်လိပ် ရှိုက်ဖွာရင်း မိန်မိန်ဖူးနီဆီ ဖုန်းဆက်သွယ်ကြည့်ဖို့ စိတ်ကူးလိုက်မိသည်။

ကောင်မလေးရဲ့ ချစ်စရာမျက်လုံး ရွှန်းတောက်တောက် လေးတွေ က သူ့ကို ဖိတ်ခေါ်နေသည်ဟု သူထင်သည်။

သူတွက်ရင် မမှားနိုင်ပါဘူး။

မိန်မိန်က ဖြူစင်ရိုးသားပုံလေးရသည်။ သူမစိတ်ထဲက လှုပ်ခတ်မှု လေးတွေ ကို သူကောင်းစွာ ရိပ်မိသည်။

မိန်မိန့်လို မိန်းကလေးမျိုးကို သူလိုအပ်နေတာကြာပြီ။

ကောင်းမင်းသုန်သည် ငယ်ရွယ်သော ၊ ချမ်းသာပြည့်စုံသော မိန်းမချောလေးတွေ ကိုသာ တောက်လျှောက်ရွေးချယ်တွဲလာခဲ့တာ။

အခုနောက်ဆုံးတွဲနေတဲ့ အိမ့်သက်ထားနှင့် ခုတလော အဆင်မပြေ။

အပေးအယူတွေ ညှိလို့မရဘူး ဖြစ်နေသည်။

မိန်နဲ့သာတွဲ ဖြစ်ရင်တော့ အိမ့်သက်ကို ခဏနားထားလိုက်မည် ဟု စိတ်ကူးသည်။

ဘာပဲ ဖြစ် ဖြစ် ဒီညတော့ ဖုန်းဆက်မည် ။

တွေ့ တာ သုံးရက်ရှိပြီလေ။ မိန်လေးလည်း သူဖုန်းဆက်လာမလား တမျှော်မျှော် တထိတ်ထိတ် ရှိနေရှာလိမ့်မည် ။

“ဟဲလို”

မိန်ဖူးရဲ့ ထူးသံတိုးဖျော့ဖျော့လေးက မရဲတရဲ။

“မိန်လေး”

“ကောင်းလားဟင်”

မေးရင်း လက်ဖျားကလေးပင် အေးစက်လာမိသည်။ သူ့အသံကိုကြားရတာ မိန့်ဆန္ဒတစ်ခုပြည့်ဝသွားသလိုပင်။

“ကျွန်တော် မှန်းသိတယ် ဟုတ်လား”

“သိတာပေါ့၊ ရှင့်အသံကို မှတ်မိသားပဲ”

သူသည် ကျေနပ်ရွှင်မြူးစွာ ဟက်ခနဲတစ်ချက်ရယ်ပြီး

“မိနိးလေးက အရမ်းဖြူစင်တယ်ကွာ၊ တခြားကော်မလေးတွေ ကို ပဲမများ ဘူး၊ ကျွန်တော် ကလည်း အဲဒါမျိုးပဲကြိုက်တာ”

သူ့စကားများ က မိန့်နှလုံးသားထဲသို့ ကြည်မွေ့စွာ တိုးဝှေ့သွားကြ၏ ။

“မိန်လေး…အသံကိုပဲ မှတ်မိတာလား၊ ကျွန်တော့် ကို သတိရောမရဘူးလား”

လူလည်လေးက တစ်ဆင့်တက်လာပါသည်။

မိန် တိတ်နေလျှင် သူက…

“ကျွန်တော် ကတော့ မိန်လေးကို အရမ်းသတိရတယ်၊ အခုလည်း အိပ်မပျော်တာနဲ့ ဆက်ကြည့်လိုက်တာ၊ အနှောင့်အယှက်တော့ မ ဖြစ်ပါဘူးနော်”

“ဟင့်အင်း…မ ဖြစ်ပါဘူး၊ မိန်မှ မအိပ်သေးတာ”

“အိပ်ပျော်နေရင်ရော ကျွန်တော့်ဖုန်းဆို မကိုင်ဘူးလား”

“အိပ်ပျော်နေရင် ဘယ်ကြားမလဲ၊ ဖုန်းပါ ပါဝါပိတ်လိုက်တာပေါ့၊ ဟင်း ဟင်း”

“ဟာ…အဲလိုမရဘူး၊ ဒီညကစပြီး ဖုန်းဖွင့်ထားတော့”

“ဘာလုပ်မလို့လဲ”

“သတိရရင် တရေး နိုးခေါ်ချင်တယ်”

“အဲလောက်တော့မလုပ်ပါနဲ့”

“ကျွန်တော် က ခင်ပြီဆိုရင် နည်းနည်း သည်းတယ်”

သူက ရယ်သံနှင့် ၀န်ခံသည်။

“မိန်ရော ကျွန်တော့်ကိုခင်လား”

“ကောင်းက ခင်စရာကောင်းတာပဲ”

“ဒါဆိုခင်တယ်ပေါ့”

“အင်း”

“ကျွန်တော် နဲ့ ခင်ခင်မင်မင်နေရင် သ၀န်တိုမယ့်သူရောရှိလား”

သူက သွယ်ဝိုက်မေးလျှင် မိန့်အာရုံထဲ ဖျတ်ခနဲဝင်လာသူက ကိုဂုဏ်လူပါပဲ။

ဂုဏ်လူသိရင် သ၀န်တိုမှာ လား။

သူမ ညကြီးသန်းခေါင် ကောင်လေး တစ်ယောက် နှင့် ဖုန်းအကြာကြီးပြောတာ သူသိလျှင် ၀န်တိုကန့်ကွက်မှာ လား။

အို….သူနဲ့ဘာဆိုင်တာမှတ်လို့။

“မိန် ဘာတွေ စဉ်းစားနေတာလဲ”

“ကောင်းက ဘာကိုမေးတာလဲ”

“မိန်လေးသိသားနဲ့ကွာ”

“သ၀န်တိုမယ့်သူဆိုတာဘာလဲ”

“ပတ်သက်တဲ့လူ၊ ဆိုင်တဲ့လူပေါ့၊ တစ်နည်းအားဖြင့် သက်ဆိုင်သူလေ၊ဟား ဟား”

“မရှိပါဘူး၊ ကောင်းမှာ သာ ရှိချင်ရှိမှာ ၊ မိန်က်လေးရှုပ်တဲ့ ပုံကြီးလေ၊ သိသားပဲ”

“ဟား….ဟား….ဟား ကျွန်တော့်ကို စွံတယ်လို့ အထင်ကြီးတယ်ပေါ့လေ ဟုတ်လား”

“ဟွန်း….ချောတယ်ဆိုပြီး မာနတက်မနေနဲ့”

“ကျွန်တော် တကယ်ချောလို့လားဗျ”

“သွား….မသိဘူး”

“ရှမ်းကြိုက်မှသာ နွားချောတာ၊ မိန်လေးကြိုက်မှ ကောင်းချောမှာ ”

“အံမယ်”

“မကြိုက်ဘူးလား”

“ဘာလို့ကြိုက်ရမှာ လဲ”

“ကျွန်တော် ကတော့ မြင်ကတည်းက စွဲသွားတာ”

“ဘာတွေ လျှောက်ပြောနေတာလဲ”

ရိသဲ့သဲ့စကားလေးများ ကြောင့် မိန်မိန် ရင်ဖိုရှက်နွေးနေရသည်။

သူမရဲ့ အသံလေးကလည်း မူနွဲ့နွဲ့ ဖြစ်သွားသည်။

“ခင်လို့နောက်ကြည့်တာပါ၊ စိတ်မဆိုးနဲ့”

မိန်မိန့်နှုတ်ခမ်းလေးမှာ စူထော်နေရ၏ ။

“ကျွန်တော် က မိန်နဲ့စကားပြောရတာ ပျော်လို့ပါ”

မိန်ကပဲ သူ့ကိုပျော်အောင် ဖန်တီးပေးနိုင်သလိုလို။

“နောက်ညတွေ လည်း ဖုန်းဆက်မယ်နော်၊ ရမလား”

“ပြောစရာရှိရင် ဆက်ပေါ့”

“ပြောစရာတွေ ကတော့ တစ်သက်လုံးတောင် ကုန်မှာ မဟုတ်ဘူး”

“အဲလောက်တောင်များ တယ်”

“များ တာပေါ့ဗျာ၊ ရင်ထဲက အလိုလိုထွက်လာတဲ့ စကားလုံးတွေ လေဗျာ၊ ကုန်သွားတယ်လို့ ဘယ်ရှိမှာ လဲ”

“ကြောက်တောင်ကြောက်လာပြီ”

“ဘာကိုကြောက်တျာလဲ”

“ဖုန်းဘီလ်တက်မှာ ”

“ဟာကွာ….မိန်ကနောက်တယ်၊ ဒါကိုတော့မပူနဲ့ ပိုက်ဆံကုန်ရင်ကုန်ပါစေ ကျွန်တော် ပဲ အမြဲစခေါ်မှာ ပါ”

“မိန်က စတာပါနော်”

သူမက တိုးသဲ့သဲ့လေး ရယ်မောလိုက်သည်။ ရယ်သံချိုလေးက ကောင်းရင်ထဲထိရောက် သွားသည်။

“ဒါဆို တစ်ခါတလေတော့ မိန်လည်း ဖုန်းဆက်မှာ ပေါ့ နော် ဟုတ်လား”

“အင်း”

“သင့်ခ်ယူပါဗျာ၊ မိန်က သိပ်ချစ်ဖို့ကောင်းတာပဲ”

မိန်မိန့်နှလုံးသားများ ကြည်နူးစွာ လှပ်ခနဲနွေးသွား၏ ။ ဂွတ်နိုက်လို့နှုတ်ဆက်ပြီး သူဖုန်းပြောပြီးသွားတဲ့ထိ မိန် အိပ်မပျော်နိုင်ဘဲ အသည်းအိမ်မှာ တစ်ညလုံး နွေးထွေးစွာ ကျန်ရစ်သည်။

မျိုးပပသည် သူမတို့ ထမင်းစားနေကျ မှန်ပြတင်းပေါက်နားကပ်လျှက်က စားပွဲလေးမှာ ဂုဏ်ကြီးကို ထိုင်စောင့်နေမိသည်။

ဂုဏ်လူက အန်ကယ်ရာဇာ ခိုင်းထားသော ကိစ္စနှင့်ကုန်သွယ်မှု ဘဏ်ကို သွားနေတာမို့ တစ်နာရီထိုးခါနီး ထိ ပြန်ရောက်မလာသေး။

မျိုးက ဗိုက်ဆာနေသော လည်း သူပြန်အလာကို စောင့်နေမိပါသည်။

ဒီနေ့ ဂုဏ်ကြိုက်တတ်တဲ့ ပုဇွန်တန်ပူရာကြော်နှင့် ချီလီဆော့လေးလည်း ထည့်လာသည်။ ပြီးတော့ ဖန်ချည်းသီးနှင့် မွှေးနေအောင် ကြော်နှပ်ထားတဲ့ ကကတစ်ကြော်နှပ်လည်းပါသည်။

ဘူးသီးဟင်းချိုကိုလည်း အပူခံဗူးလေးထဲ ဂရုတစိုက်နှင့်ထည့်လာသည်။ သူကြိုက်တဲ့ မြင်းခွာရွက်သုပ်လည်းပါသေးသည်။

မျိုးသည် မှန်ချပ်ကြီးများ မှတစ်ဆင့် အောက်ဖက်ကားပါကင်မှာ ထိုးဆိုက်လာမည့် သူ့ကားကိုသာ ကြည့်နေမိ၏ ။

တစ်နာရီထိုးဖို့ ဆယ့်ငါးမိနစ်အလိုမှာ ဂုဏ်လူမောင်းတဲ့အာပလပ်စ် R+ အပြာလေးက ကုမ္ပဏီရုံးခန်းရှိရာ အထပ်မြင့် တာဝါရဲ့ အနောက်ဖက် ကားပါ့ခ်ကင်ထဲ မောင်းဝင်လာတာ အပေါ်ကနေ လှမ်းမြင်ရသည်။

သူက ရှပ်အင်္ကျီဖြူဆွတ်ဆွတ်နှင့် အုန်းခွံရောင် ပိုးချည်အရောပေါ် အနက်ရောင် အစက်အပျောက်လေးတွေ ပါတဲ့ ပုဆိုးကို သပ်ရပ်စွာ ၀တ်ထားသည်။

ကားရပ်ပြီးလျှင် ဖိုင်တွေ အိတ်တွေ ပိုက်ဆံထုပ်တွေ ကိုင်ကာ အပေါ်သို့ တက်လာသည်။

ဓာတ်လှေကားထဲကထွက်၊ ခန်းမကျယ်ထဲဝင်လာလျှင် ထောင့်စားပွဲက မျိုးကို သူလှမ်းပြုံးပြသည်။

မျိုးစောင့်နေမှန်းသိသော်လည်း မျိုးစားပွဲနားသို့ သူမလာနိုင်သေး။

အန်ကယ်လ်ရာဇာအနားသို့ အရင်ဝင်ကာ ဘီရိုထဲကို ဖိုင်တွေ အိတ်တွေ အရင်သွားသိမ်းပေးရသည်။

ပြီးမှ ချွေးစို့နေသော မျက်နှာနီနီဖြင့် မျိုးဆီလျှောက်လာသည်။

“စောင့်နေတာလား၊ စားနှင့်ရောပေါ့ မမျိုးရာ၊ ဒီမှာ ကျွန်တော် ဘဲကင်ဝယ်လာတယ်”

“ဟုတ်လား ဟင်း ဟင်း စောင့်ရကျိုးနပ်သွားပြီ”

“ဒီနေပ တအားကြာသွားတယ်ဗျာ”

“အင်းလေ ကြည့်ဦး၊ ချွေးတောင်ပျံနေပြီ၊ ရော့ လက်ကိုင်ပ၀ါ”

ဂုဏ်လူက နေပူထဲသွားလျှင် နဖူးချွေးထွက်တတ်၏ ။ ယောက်ျားကိုင် သဘက်သား လက်ကိုင်ပ၀ါကို အမြဲဆောင်ထားသော်လည်း ခဏခဏပျောက်တတ်သည်။

ဒါကိုသိသော မျိုးဆီမှာ သူ့အတွက် လက်ကိုင်ပ၀ါအဖြူလေးတွေ အမြဲအသင့်ရှိတတ်၏ ။

ဂုဏ်လူကမငြင်းဘဲ လှမ်းယူကာ နဖူးကို ပွတ်သုတ်လိုက်သည်။ အဲကွန်းခန်းထဲ ပြန်ရောက် လျှင် နေသာထိုင်သာတော့ ရှိ သွားပါပြီ။

“ကိုစိုးကျော်တို့ မမွှေးတို့ရော”

“ဒီနေ့ ရှင့်ကိုမစောင့်နိုင်လို့ ဆဲဗင်းစတားကို သွားနှင့်ကြပြီ ဂုဏ်ရေ၊ မေးမနေနဲ့”

သူနောက်ကျရင် နေ့လယ်စာထမင်းစားဖို့ ဗိုက်ဆာခံကာ စောင့်တတ်သူက မျိုး တစ်ယောက် ပဲရှိပါသည်။

ဂုဏ်လူကလည်း တစ်ယောက် တည်း ထမင်းထိုင်စားနေရမှာ အင်မတန်ပျင်းသည်။ ကိုယ့်ဘ၀ အထီးကျန်တယ်ဆိုတာ ခြောက်သွေ့နေတယ်ဆိုတာ သိပ်သိသာသလို ခံစားရသည်။

အစတုန်းက တိုက်ခန်းမှာ အဖော်သူငယ်ချင်းဝေယံရှိတော့ အဆင်ပြေသည်။ ရံဖန်ရံခါ ဘီယာလေးဘာလေး အတူသွားသောက်ကြနှင့် စိုပြေနေတာ။

ပြီးခဲ့တဲ့ကလ ဝေယံက သင်္ဘောတက်ဖို့ ထွက်ခွာသွားရာ အခုဆို အိမ်မှာ လည်း ဂုဏ်လူ တစ်ယောက် တည်းပဲ ရှိပါတော့သည်။

ရုံးမှာ တော့ သူ့မှာ အဖော်တွေ များ သည်။

ဒါပေမဲ့ ဒီနေ့တော့ မျိုးပပ တစ်ယောက် ပဲရှိ၏ ။ မမျိုးက သူ့အတွက် ကုတ်တစ်ဗူးဖွင့်ကာ ဖန်ခွက်ထဲထည့်ပေးသည်။

သူက ထမင်းစားရင် အအေးတစ်ခုခု စုပ်သောက်ရင်း စားတတ်သူမဟုတ်လား။

ဖန်ခွက်ထဲမှာ ပိုက်တံကလေးပါ အသင့်တပ်ပေးထား၏ ။

ဂုဏ်လူက ဖန်ခွက်ကိုကိုင်၍ ကုတ်အချိုရည်ကို စုပ်သောက်လိုက်သည်။

ပြီးလျှင် စကားတောင် သိပ်မပြော ဖြစ်ဘဲ ဗိုက်ဆာဆာနှင့် ထမင်းအရင်စားကြ၏ ။

ဂုဏ်လူက သူ့ပန်းကန်ထဲ မမျိုး ဟင်းထည့်ပေးသော အခါ ဟိုတစ်ရက်က ထမင်းဝိုင်းမှာ သူ့ကို ဆတ်သားအစပ်ကြော်ထည့်ပေးတဲ့ စူအောင့်စူအောင့် ပုံစံလေးနှင့် မိန်မိန့်ဟန်ပန်လေးကို ပြန်သတိရသည်။

သူ့အကျင့်က ဘာလေးပဲ ဖြစ် ဖြစ် မိန်မိန့်ထံ လှစ်ခနဲ အတွေးရောက်သွားတတ်တာပါပဲ။

ထူးတော့လည်း ထူးဆန်းသည်။

အဲဒီ ကလေးမကိုမြင်လျှင် ဂုဏ်လူ့နှလုံးသားတွေ က ထူးထူးခြားခြား တုန်လှုပ်လာတတ် တာ။

မမျိုးအနားမှာ ရှိတာ ထမင်းအတူစားရတာ ကြ သူဘာမှမ ဖြစ်။

တခြားရုံးက အမျိုးသမီးတွေ ကိုလည်း ဒီလိုရင်မခုန်တတ်။ သူရင်ခုန်ဖူးတာ မိန်မိန်လေး တစ်ယောက် ပဲ ရှိသည်။

မိန်မိန်ဖူးနီကိုမှ ဒီနှလုံးသားက ဘာလို့ တောင့်တသလဲ သူမစဉ်းစားတတ်။

ဘယ်တုန်းက စခဲ့တဲ့ဇာတ်လမ်းလည်းဆိုရင် အင်း သူ့အန်ကယ်ဆီ အလုပ်ဝင်ကာစ တစ်ရက်မှာ ခြံထဲကိုသွားခဲ့တုန်းကပေါ့။

မိန်မိန့်ကို စတင်မြင်ဖူးတာ။

မိန်မိန်က ကလေးသာသာအရွယ်ကလေး။ ဘာရှိဦးမလဲ ရွှေရင်သိမ်းသစ် ဆယ့်သုံးနှစ် လောက်ပဲထင်သည်။

အဲဒီ အချိန်က ဧပြီလဆန်းစ သင်္ကြန်နားတော့ နီးကပ်ပြီ။ ဒါပေမဲ့ သင်္ကြန်တော့မရောက် သေး။

ညဖက်က မိုးတဖွဲဖွဲလေးရွာချတော့ မနက်မှာ ပိတောက်ဖူးတွေ က တစ်ပင်လုံး ပွင့်သွားပြီ။

လမ်းထဲဝင်တာနှင့် ပိတောက်ရနဲ့တွေ မွေးမြကြိုင်သင်းနေသည်။

သာယာစိမ်းစိုနေသည်။လမ်းပေါ်မှာ လည်း ပိတောက်ပွင့်တွေ ကြွေနေသည်။ အဲဒီ တုန်းက အန်ကယ် သူ့ကို ကားမပေးထားသေး။

မိန်မိန်တို့ခြံရှိရာ သူလမ်းလျှောက်ပြီး ၀င်လာခဲ့တာမှတ်မိသည်။ သူမက ခြံရှေ့က ပိတောက်ပင်ကြီးအောက်မှာ ထမီတိုတိုလေးဝတ်ကာ လက်ထဲမှာ တံချူရှည်ရှည်တစ်ခု ကိုင်လျက်သား။

“ဟယ်….ကိုဂုဏ်ကြီးလာပြီ၊ အတော် ပဲ မိန့်ကို ပိတောက်ပန်းခူးပေး”

သူ့ကို အန်ကယ်က ဂုဏ်ကြီးဟုသာ အမည် တပ်သည်။

ဆံပင်နှစ် ဖက်ခွဲချည်ကာ စွပ်ကျယ်ပုံ ချိုင်းပြတ်အင်္ကျီလေး ၀တ်ထားတဲ့ သူမကိုကြည့်ရတာ အသည်းယားစရာလေး။ ဘယ်လိုကြောင့် ပါးကလေးတွေ ဆွဲလိမ်ချင်စိတ်ပေါက်မိမှန်း မသိတော့ပါ။

“အေးကွာ….ခူးပေးရတာ ပေါ့”

ဂုဏ်လူက သူမလက်ထဲက ၀ါးတံချူရှည်ရှည်ကို ယူလိုက်ပြီး ပိတောက်ခက်တွေ ကို ချိုးချ၏ ။

အကိုင်းအခက်ကြီးကြီး သုံးလေးခုလောက်က ရမှာ ပဲ။

“၀ုတ်….၀ုတ်”

“အမယ်လေး”

ခပ်လှမ်းလှမ်းခြံက တံခါးအဖွင့်မှာ ခွေးတစ်ကောင် ပြေးထွက်လာသည်။

ခွေးက အယ်လ်ဇေးရှင်းလောက် မကြီးပေမဲ့ အညိုရောင် ခပ်ထွားထွား ဖြစ်သည်။ လူလစ်တုန်း ခုန်ပေါက်ပြေးဆော့ပြီး ထွက်လာတာ ဖြစ်သည်။

ဒီဖက်ကို ပြေးလာသဖြင့် မိန်မိန်မျက်လုံးလေးပြူးကာ ထိတ်လန့်တကြား ဘာလုပ်ရမှန်းမသိ။

“ကိုဂုဏ်ကြီးရော မိန်ကြောက်တယ်၊လုပ်ပါဦး”

ခွေးကြည့်ရတာ ဆိုးမယ့်ရုပ်။ ကိုက်မယ့်ပုံဆိုတော့ ဂုဏ်လူလည်း ၀ါးတံချူကိုင်ကာ ရုတ်တရက် ဘာလုပ်ရမှန်းမသိ။

ခွေးဆိုတာကလည်း သခင်တွေ က ဘယ်လောက်ပဲထိန်းထိန်း ပြေးမကိုက်ပါဘူးဟု အာမခံနိုင်တာမဟုတ်။

ခြံထဲကနေ သူ့သခင် ဖြစ်ဟန်တူသူကလည်း အထိတ်တလန့် နောက်ကနေ ပြေးလိုက်လာ ပါသည်။

ကြောက်လန့်သွားတဲ့မိန်က သူ့နောက်ဖက်ပုန်းကာ သူ့ခါးကိုဖက်ပြီး ခုန်စွခုန်စွ ဖြစ်နေပါ သည်။

ခွေးကြီးက မျက်စိနောက်ပုံဖြင့် သူတို့ရှေ့မှ ရပ်သွားသည်။

နှာခေါင်းရှုံ့ကာ အနံ့ခံနေ၏ ။

လူစိမ်းဆိုတာတော့ ဒီကောင်သိပုံပင်။

“ဟေ့ကောင် ဒက်ဘီ၊ မလုပ်နဲ့နော်”

သခင်လုပ်သူရဲ့ ဟန့်တားသံက ပေါ်ထွက်လာသည်။

မိန်သည် သူ့ခါးကြီးကို အတင်းဖက်ရမ်းကာ သူ့နောက်ပါးမှာ နေစရာမရှိအောင် ရင်တုန်ထိတ်လန့်နေမိ၏ ။

အသက်ပင် မရှူရဲ။

“ဒက်ဘီ”

ခွေးသခင်က အချိန်မီလာထိန်းသိမ်း၏ ။

တော် ပါသေးရဲ့ ကွာ။

ဂုဏ်လူ့နှလုံးသားတွေ ဘယ်လိုအခုန်ကြမ်းသွားရသလဲမသိ။ အပျိုပေါက်စမလေး တစ်ယောက် က သူ့ခါးကို နောက်ကနေ အတင်းဖိကပ် ဖက်ထားခံရတာ လေ။

ငြိမ်သက်တောင့်တင်းပြီး လူက ဓာတ်လိုက်ခံရသလို ဘာ ဖြစ်သွားမှန်းမသိ။

ခွေးကြီးကို ပြန်ဆွဲခေါ်သွားတော့မှ မိန်မိန်က ရင်ဘတ်ကလေးဖိကာ လျှာတစ်လစ် လုပ်ပြသည်။

“ရင်တုန်လိုက်တာ ကိုဂုဏ်ကြီးရယ်”

သူကလေးက ခွေးကြောက်လို့ရင်တုန်တာ ဂုဏ်လူက ဘာကြောင့် ဒီလောက်ရင်ခုန်မြန် ရသလဲမသိ။

သူ ကတော့ ခွေးကိုက်မှာ ကြောက်လို့ မဟုတ်တာသေချာ၏ ။

“ဂုဏ်….ရှင်ဘာတွေ ပြုံးနေတာလဲ”

“ဗျာ….မဟုတ်ပါဘူး၊ ဟိုဟာ ဟင်းကကောင်းလို့ပါ”

“မျိုးချက်တဲ့ဟင်းတွေ တအားလေးနေလို့လား၊ မျိုး ကတော့ သူစားလို့မြိန်ပါစေဆိုပြီး ညနေကတည်းက ကိုယ်တိုင်ဈေးသွားပြီး ပြင်ဆင်ထားရတာ ၊ မနက်ကတည်း ငါးနာရီကတည်းက ထချက်ရတာ သိရဲ့ လား”

“ကောင်းပါတယ်ဗျာ၊ ကျွန်တော် က ဘာပြောလို့လဲ”

“ထမင်းစားရင်နဲ့ ဘယ်သူ့အကြောင်း တွေးနေတာလဲ”

“ဟာဗျာ….မမျိုးကလည်း မတွေးပါဘူး”

“ခုတလော ရှင်မရိုးဘူးနော် ဂုဏ်၊ ကျွန်မ အကဲခတ်နေတာကြာပြီ”

မမျိုးရဲ့ နှုတ်ခမ်းအမဲ့၊ မျက်စောင်းအ၀င့်ဟာ တစ်စုံတစ်ခုသော အဓိပ္ပာယ်များ ပါလေသလားဟု ဂုဏ်လူ သင်္ကာမကင်းတွေးသည်။

အန်ကယ်ရာဇာရဲ့ သဘောထားကို ရိပ်မိသွားပြီလား။ သူနှင့် မိန်မိန်တို့ကိစ္စက ရုံးထိပေါက်ကြားသွားပြီလား။

မသေချာသေးဘဲ သူက မသိစေချင်ပေ။

အန်ကယ် ကတော့ ဒီအကြောင်းကို အလကားနေရင်း ကြေညာမှာ မဟုတ်။

သူလည်း ရင်းနှီးတဲ့ဘော်ဒါတွေ ကိုပင် မဖွင့်ဟရသေး။

ဒါပေမဲ့ တစ်ခုတော့ရှိသည်။

ဒီရက်တွေ ထဲ မိန်လေး ကတော့ မမျိုးဆီလာသည်။

မမျိုးနှင့် တတွဲတွဲ ပလဲပနံသင့်နေတာ သူတွေ့ နေရသည်။ ကော်ဖီဆိုင်ကို ထွက်ထိုင်လိုက်၊ ရှော့ပင်အတူတူထွက်လိုက်ကြနှင့် ခုတလော မိန်လေး အလာစိပ်တာ သတိထားမိသည်။

သူတို့ကညီအစ်မနှစ် ၀မ်းကွဲလည်း တော် တယ်ဆိုတော့ မိန်မိန်က မမျိုးကိုများ လျှောက်ပြောသေးလား။

မမျိုးမျက်နှာကို စေ့စေ့ကြည့်ကာ ဂုဏ်လူက အဖြေရှာနေမိသည်။

မမျိုးရဲ့ အကြည့်က တစ်မျိုးထူးခြားနေကာ သရော်ရိပ်ကလေး စွန်းနေသလား။ သူကပဲ အလိုလိုထင်မိတာလား။

သိသွားပြီဆိုရင်တော့ မျက်နှာပူစရာပဲ။ ကြိုတင်သတင်းထွက်နေမှာ သူမလိုလားတာအမှန်။

မိန်လေးက သူ့ကို လက်ခံခေါင်းညိတ်သေးတာ မဟုတ်ဘူးလေ။ အန်ကယ်နှင့် ကြီးမေကသာ သူ့ဖက်က ရပ်တည်ထောက်ခံပေးနေတာ။

မိန်မိန် ဆက်ဆံရေး က အေးစက်မြဲအေးစက်နေသည်မို့ သူတောင် စိတ်ဓာတ်ကျချင်ချင်ပါ။

“ဂုဏ် ရှင်ဘာလို့စိုက်ကြည့်နေတာလဲ”

“မမျိုးက ကျွန်တော့်ကို မရိုးဘူးလို့ ဘာကြောင့်ပြောတာလဲ”

“ခုတလော ပျော်ရွှင်တက်ကြွနေသလားလို့”

မျိုးပပက သူတစ်ခုခု ဖွင့်ဟ၀န်ခံလာမှာ ကို ကြားချင်သည်။ ဥပမာ အန်ကယ်ရာဇာက စီစဉ်ပေမဲ့ သူ့မှာ ဒီလိုမျှော်လင့်ချက် မထားမိဘူးဆိုတာမျိုး။

“ဘာကိုပျော်ရမှာ လဲဗျာ”

“အံမယ်….မျိုးမသိဘူးထင်နေသလား”

“ဘာသိလဲ၊ ပြောကြည့်လေ”

“ရှင်က နှုတ်လုံလုံနဲ့ ပိရိပေမဲ့ ဟိုကလေးမက အရမ်းပွင့်လင်းတယ်၊ မျိုးကိုလည်း ချစ်တယ်လေ”

“ဗျာ”

ဂုဏ်လူ့မျက်နှာ ခပ်အမ်းအမ်း နွေးသွားရ၏ ။

မိန်မိန် တကယ်ပဲ လျှောက်ပြောထားပြီလား။ မျိုးပပကို ခင်မင်ရင်းနှီးပေမဲ့ သူ့ခံစားချက်ကို သူက အလွယ်တကူ ဖွင့်ပြောတတ်သူမဟုတ်။

ပွင့်လင်းဖို့မလိုအပ်ဘူးထင်လျှင် သူက ခပ်မြုံမြုံနှင့် ဘာကိုမှ မဟတတ်သူပါ။

“ရှင်ကသာ အေးတိအေးစက် ဖြစ်နေတာ မိန်လေးက အဲဒီ ကစ္စ တော် တော် စိတ်ညစ် နေရှာတာ”

သူကစကားက ဘာအဓိပ္ပာယ်လဲ။ ကိုယ်က ပျော်ရွှင်တယ်လည်း ဖြစ်၊ အေးစက်တယ် လည်း ဖြစ်နှင့်။

“ရှင်ပဲစဉ်းစားကြည့်လေ ဂုဏ်ရယ်၊ မိန်လေးက ကလေးလိုနေတာ၊ ဒီအရွယ်လေးနဲ့ အိမ်ထောင်ပြုချင်ပါ့မလား၊ အန်ကယ်က ဘာလို့ အရင်စလို အိမ်ထောင်ချပေးချင်တာလည်း မသိဘူးနော်၊ မိန်မိန် သနားပါတယ်”

မျိုးပပစကားကြောင့် ဂုဏ်လူမျက်နှာမထားတတ်အောင် ဖြစ်သွားရသည်။

သူကပဲ အန်ကယ်ပေးတဲ့ အခွင့်အရေး ကိုယူပြီး သိမ်းပိုက်တော့မည့်သဘော ဖြစ်မနေဘူး လား။

“အဓိကက ဒေါ်နွဲ့နွဲ့ဇော်ကြောင့်ပဲ”

“ဘယ်လို မမျိုး၊ အန်တီနွဲ့က ဘယ်လိုပါလာရတာ လဲ”

“ရှင်မသိဘူးလား၊ အန်ကယ်က အန်တီနွဲ့နဲ့ သိပ်မကြာခင် လက်ထပ်တော့မှာ ၊ ဒါကြောင့် အမွေကိစ္စတွေ ရှုပ်ထွေးကုန်မှာ စိုးလို့ ကြီးမေက မိန်လေးကို ဓားစာခံရှာတာ၊ မိန်လေး ရသင့်တာ တွေ စောစောလွှဲနိုင်အောင် စိတ်အေးရအောင် ဘာညာပေါ့လေ၊မိန်မိန့်ခမျာ ကြားထဲက မြေဇာပင် ဖြစ်နေတာ၊ သူ့ဟာသူ လွတ်လွတ်လပ်လပ်နေတာလေးကို သွားပြဿနာရှာနေတယ်”

“ဒီလိုတော့ မဟုတ်လောက်ပါဘူးဗျာ”

“ဒီလိုမဟုတ်ရင် ရှင့်လက်ထဲ ဘာကြောင့် လွယ်လွယ်ထည့်ပေးမှာ လဲ၊ အန်ကယ့်အာရုံ ထဲမှာ သူ့သမီးရှိတာမဟုတ်ဘူး၊ အန်တီနွဲ့ တစ်ယောက် ပဲရှိတာ၊ ဒါကြောင့် နီးစပ်ရာကြုံသလို စီစဉ်တာပေါ့၊ရှင်ဒါကို မရိပ်မိဘူးလား ဂုဏ်ရယ်၊ ရှင်က တစ်ခါတစ်ခါ လည်မလိုလိုနဲ့ သိပ်အပါလား”

မျိုးသည် သူ့ကို နှမျောလွမ်းဆွတ်စွာ ကြည့်ရင်း တမင်တကာ အားမလိုအားမရဟန်နှင့် ကျပ်ပေးလိုက်၏ ။

“ဟိုကောင်မလေးက အိမ်ထောင်ရေး ကိစ္စတွေ ဘာများ နားလည်ထိန်းသိမ်းတတ်ဦးမှာ လဲ၊ သူသိတာ ဂိမ်းဆော့ဖို့၊ ရှော့ပင်ထွက်ဖို့၊ သူငယ်ချင်းတွေ အများ ကြီးနဲ့ ဟေးဟေးဟားဟားလုပ်ဖို့ ဒါပဲသိတာ၊ ဒါလေးကို ရှင်သွားစဉ်စားရင် သေပြီပဲ၊ ဒါက ပြန်ပြင်လို့လည်း ရမှာ မဟုတ်ဘူး၊ တစ်ဘ၀လုံး နစ်သွားမှာ ၊ သူက သူဌေးသမီးဆိုတော့ လူတကာက သူ့ကို ဖူးဖူးမှု တ်ရမယ်ပဲ ခေါင်းထဲစွဲနေတာ၊ အချိုးပြေဖို့ ကတော့ ဝေးသေး၊ ဂုဏ်လည်း ဒါကိုတွေးမိမှာ ပဲလို့ မျိုး ထင်ပါတယ်လေ”

“ကျွန်တော် သိပါတယ် မမျိုးရာ၊ ကျွန်တော် မိန်လေးတို့အိမ်ရောက်တာ ရှစ်နှစ် လောက်ရှိပြီ ဆိုတော့ မိသားစုအရင်းအချာတွေ လို ဖြစ်နေပါပြီ၊ မိန်မိန်က ကလေးဆန်တာလေးတစ်ခုကလွဲရင် အရမ်းဖြူစင်ပါတယ်၊ လောကကြီးရဲ့ အကွေ့အကောက် အတိမ်အနက်တွေ ကို သူဘာမှမသိ သေးဘူး၊ ခုတလော မမျိုးဆီကို သူ ခဏခဏလာနေတာ ကျွန်တော် တွေ့ ပါတယ်၊ မမျိုးလည်း ရုံးလစ်လစ်ပြီး ထွက်သွားတယ်နော်၊ ကလေးကို ဘာတွေ မြှောက်ပေးနေသလဲတော့ မသိဘူး၊ ဒီကောင်မလေးလည်း ဆိုးလွန်းတယ်ဗျာ၊ အကုန်လျှောက်ဖွနေတယ်၊ အမှန်ဆိုရင် ဒါတွေ လျှောက်ပြောဖို့မှ မလိုသေးတာ”

ဂုဏ်သည် မိန်လေးအပေါ် မမျိုးရဲ့ ရှုံ့ချချအပြောအဆိုကို ဘ၀င်မကျသဖြင့် သူ့သဘော ထားကို သွယ်ဝိုက်၍ အသိပေးလိုက် သည်။

သူဟာ ဘယ်လိုအခြေအနေမှာ ပဲ ဖြစ် ဖြစ် အန်ကယ်ဖက်မှာ ပဲ ရှိနေမှာ ၊ အန်ကယ့်သမီး မိန်လေးဖက်ကပဲ ရပ်တည်မှာ ဖြစ်သည်။

သူ့ရှေ့မှာ အန်ကယ် မကောင်းကြောင်းပြောတာ မိန်လေးသိက္ခာထိခိုက်အောင် ဒါမျိုး ပြောဆိုဝေဖန်တာတွေ သူလက်ခံမှာ မဟုတ်ပါ။

မျိုးသည် သူ့မျက်နှာထား သူ့လေသံကြောင့် နည်းနည်း တော့ အရှိန်ပြန်လျှော့လိုက်ပါသည်။

“အင်းလေ….အန်ကယ်ရာဇာက အရမ်းအလိုလိုက်ထားလို့ သူဒီလိုဆိုးနေတာပါ၊ ရည်းစားရ အိမ်ထောင် ကျရင်လည်း ပြောင်းလဲရင် ပြောင်းလဲသွားဦးမှာ ပေါ့၊ သူ မျိုးကိုလာပြောတာ ကတော့ ဘာမှပြဿနာမရှိပါဘူး ဂုဏ်ရယ်၊ မျိုးက သူစိမ်းမှမဟုတ်တာ၊ ရှင့်ဖက်က လျှိုထားတာကို သူကဖော်ကောင်လုပ်လိုက်တော့ ဂုဏ် ရှက်သွားတာမို့လား၊ မရှက်ပါနဲ့၊ ဟင်း ဟင်း”

“ကျွန်တော် က ဘာမှရှက်စရာမရှိဘူး၊ သူ့ဖက်ကိုပဲ ကျွန်တော် တွေးတာပါ၊ ရုံးမှာ ဒီသတင်းတော့ မပျံ့စေနဲ့ဦး”

“မရပါဘူး၊ အကုန်လုံးကို ကြေငြာမှ”

“မမျိုးလည်း မိန်းကလေး တစ်ယောက် ပဲဗျာ၊ ကိုယ်ချင်းစာနာပါ”

မျိုးပပက မချိပြုံးလေး ပြုံးလိုက်ပါသည်။

ကိုယ့်နှလုံးသားကို ဖဲ့ခြွေနင်းချပစ်မယ့်သူကို မျိုး ကိုယ်ချင်းလည်း မစာနိုင်တော့ဘူး။

အခုဆိုရင် ရှင့်အကြောင်းလည်းသိပြီ။

ရှင်က ငယ်ရွယ်ချောမောပြီး ပြည့်စုံချမ်းသာတဲ့ မိန်လေးဖက်ကို အလွယ်တကူပါမယ့် သူလေ။

မိန်လေးနဲ့ ပတ်သက်ရင် အထိမခံ၊ အပြောမခံ အ ဖြစ်သည်းအကဲပါနေတာလည်း သိရပြီမို့ မျိုးရင်မှာ တဆစ်ဆစ်နှင့် နာကျင်စပြုလာသည်။ နာကျင်နေတဲ့ နှလုံးသားဟာ ရက်စက်မှု အခိုးအငွေ့တွေ အလိုလိုထွက်လာတတ်တယ်ဆိုတာ ရှင်မသိသေးဘူး ဂုဏ်ရဲ့ ။

ရှင်ကမှ တစ်ဖက်သတ်အချစ်အကြောင်း မခံစားဘူးတာ။

မျိုးပပသည် ဂုဏ်လူရဲ့ ဆွဲဆောင်မှု ရှိသော မျက်နှာကို ခပ်ငေးငေးကြည့်ကာ မိန် တစ်ယောက် ကောင်းကောင်းနှင့် မြန်မြန်နီးစပ်နှောင်ဖွဲ့သွားလျှင် အေးရောဟု စဉ်းစားနေမိ သည်။

ကောင်းဖက်ကိုတော့ သူမယုံသည်။

ကောင်းက ငသွက်လေး။ မိန်းကလေး တစ်ယောက် ကို အသာကလေး ဆွဲဆောင်စည်းရုံး သိမ်းသွင်းနိုင်လိမ့်မည် ။

မိန်မိန်ကလည်း အရိုးခံ မနူးမနပ်လေးဆိုတော့ အလွယ်တကူ ဖျားယောင်းနိုင်မှာ ပါ။

သူမဆန္ဒ ပြည့်မြောက်ဖို့ဟာ သိပ်မလို။

“ဂုဏ်က မျိုးကို ကိုယ်ချင်းမစာတတ်တဲ့မိန်းမလို့ ထင်နေတာပေါ့လေ”

“မဟုတ်ပါဘူးဗျာ၊ ဒီတိုင်းပဲသတိပေးတာပါ၊ ကျွန်တော် နဲ့ မိန်မိန်နဲ့ကိစ္စက ပြောဆိုညှိနှိုင်း တုန်းပါ၊ ဘာမှတရားဝင်မ ဖြစ်သေးဘူးလေဗျာ”

“သြော်…ဟင်း…ဟင်း ရှင်က တရားဝင် ဖြစ်ချင်ပြီပေါ့လေ ဟုတ်လား”

“ဟာ….မမျိုးကလည်းဗျား”

ဂုဏ်လူ ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်။ မျိုးပပက သူ့ရင်ထဲက အမှန်တရားကို အတင်းဖော်ထုတ်ကြည့်နေပါလား။

သူလည်း ဟန်မဆောင်တော့ဖို့ ဆုံးဖြတ်သည်။

သိချင်နေမှတော့ ပြောပြလိုက်တာ ပိုကောင်းမည် ။

မတော် တဆ သူ့အပေါ်များ တိတ်တခိုး မျှော်လင့်ချက်ရှိလည်း သူမဘာသာ အသာကလေး နောက်ဆုတ်ရုပ်သိမ်းသွားလို့ရတာ ပေါ့။

သို့ သော် ဂုဏ်လူ ကတော့ မျိုးပပနှင့် ပတ်သက်လျှင် ထိုသို့ မထင်မိပါ။ သူတို့နှစ် ယောက် က တစ်ရုံးထဲ လုပ်ဖော်ကိုင်ဖက်ချင်း ရင်းနှီးခင်မင်တဲ့ ပုံစံထက် ဘာမမလိုဟု သူယုံသည်။

သို့ သော် တစ်ခါတစ်ရံ ကိုစိုးကျော်တို့ မမွှေးတို့ မသိမသာစ,ချင်နောက်ချင်သည်။ ဂုဏ်လူက အစ,မခံ။

အမြဲတမ်း ဟန့်တားခဲ့သည်။

“အမှန်အတိုင်းပြောရရင် မိန်မိန့်အပေါ် ကျွန်တော် သံယောဇဉ် ဖြစ်မိတယ်၊ ကလေးသာသာ အရွယ် ကလေးထဲက ဖြစ်သွားမိတဲ့ သံယောဇဉ်ဆိုပါတော့ဗျာ”

“မိန်မိန့်ဖက်တော့ ဂုဏ်ကို အရေး လုပ် ခေါင်းထဲထားပုံမရပါဘူး”

မျိုးပပက ခါးသီးစွာ ပင် ထင်တဲ့အတိုင်း ပြောချလိုက်သည်။

ဟုတ်တယ်လေ မိန်းကလေးဖက်ကမှ သူ့ကို စိတ်မ၀င်စားတာ။

“ဒါ ကတော့ မျိုး ခန့်မှန်းတာပေါ့”

“အံမယ်….ခန့်မှန်းတာမဟုတ်ပါဘူး၊ မိန်မိန်ကိုယ်တိုင် ပြောတာ၊ရှင့်ကိုမုန်းတယ်တဲ့၊ ကြည့်မရဘူးတဲ့၊ သူ့ဒက်ဒီစီစဉ်တဲ့ ကိစ္စ သူအရမ်းစိတ်ဆိုးနေတာ မျိုး မျက်မြင်ပဲ၊ မျိုးကတောင် ကော်ဖီရှော့ခေါ်သွား၊ အပြင်ခေါ်သွားနဲ့ မနည်းချော့မော့နေရတာ ”

“သူနဲ့ကျွန်တော် က အသက်ချင်းကွာနေတော့ သူတမျိုး ဖြစ်နေတာပါ၊ ကြားကြားချင်းတော့ သိပ်လက်မခံချင်ဘူးပေါ့”

“နောက်ရော လက်ခံလာမှာ တဲ့လား၊ ဟင်းဟင်းမျိုးတော့ မထင်ဘူးနော်၊ ဒီကောင်မလေး စိတ်ထက်တာ မျိုးအသိဆုံး၊ ငယ်ငယ်ကတည်းက ဒါဆိုဒါပဲ၊ သူမလိုချင်တာလာမပေးနဲ့ ယူကိုမယူဘူး”

“ဒီအတွက်တော့ ကျွန်တော် မပူပါဘူး၊ သူဆန္ဒရှိသလို ဆုံးဖြတ်ပါစေ ကျွန်တော် က မိန်မိန် စိတ်ချမ်းသာပျော်ရွှင်နေတာကိုပဲ မြင်ချင်တဲ့သူပါ။ သူ့အပေါ် အမြတ်တနိုး စွဲလမ်းနေတာ မှန်ပေမဲ့ နီးစပ့်ခွင့်မရရင်လည်း ဘာတတ်နိုင်မလဲ”

အမြတ်တနိုး စွဲလမ်းနေတာ။

ဂုဏ်လူ့စကားက မျိုးရင်ထဲကို အရှိန်ပြင်းပြင်း ၀င်ဆောင့်သည်။

သူက မိန်မိန်ဖူးနီကို ချစ်မြတ်နိုးသတဲ့လား။

မျိုးထံ ပွင့်ပွင့်လင်းလင်း ၀န်ခံသတဲ့လား။

ထိုစကားသည် မျိုးအတွက်တော့ အဆိပ်သင့်သော စကားလုံးတွေ ပဲ ဖြစ်သည်။

ချစ်လေ…

သေအောင်ချစ်လိုက်စမ်းပါ။ ဟိုက ရှင့်ကို ဘယ်လိုတုံ့ပြန်မလဲ စောင့်ကြည့်လိုက်ပါဦး။

သိပ်မကြာခင် သူနဲ့ရွယ်တူ ချာတိတ်လေး တစ်ယောက် က သူ့နှလုံးသားကို သိမ်းပိုက်ခြွေယူ လိုက်တော့မှာ ရှင့် သိရဲ့ လား။

ရှင် သူ့ကို စွန့်လွှတ်နောက်ဆုတ်ရဖို့အချိန်က နီးကပ်နေပါပြီ။

သူများ လက်ဦးသွားတော့မှာ ။

တခြား တစ်ယောက် ရင်ခွင်ထဲကို ကျေကျေနပ်နပ်ကြီး တိုးဝင်သွားတော့မှာ ။

ရှင် နှမြောကြေကွဲခံစားရင်း ကျန်ရစ် ဖြစ်ရမှာ ဂုဏ်လူရဲ့ ။ မှတ်ထားစမ်းပါ။

* * *




ဝန်ဇင်းချစ်သူများ ဆုလေးနွယ် (ရန်ကုန်တက္ကသိုလ်) ၏ “ မိုးပြာရောင် အရုဏ်ဦး ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


အချစ်ရွာရဲ့တစ်နေရာ

ချစ်ခြင်းဖြင့်တိမ်များဆီ

အချစ်ပွင့်လေးများ နောက်တစ်ပွင့်