လှပသော မနက်ဖြန်တစ်ခု
နို့နှစ် ရောင် တောင်းအေ့စ် အလုံမှန်လုံကားလေးအတွင်းမှာ အဲကွန်းရဲ့ အအေးဓာတ်က စိမ့်ပျံ့ လွှမ်းခြုံထားသဖြင့် ပန်းလိုမွှေးက သဘောကျမိသည်။
မနေ့ကမှ ဝယ်လိုက်သော ကားသစ်လေးမို့ တောက်ပ သားနားနေသည် မဟုတ်လား။ ကူရှင်လေးတွေ ကလည်း နို့နှစ် ရောင် ရင့်ရင့်လေးတွေ ၊ ကြိုးစနှင့် စည်းနှောင်ထားတဲ့ ပြတင်းလိုက်ကာလေးတွေ ဟာလည်း ဇာအထူ နို့နှစ် ဆန်ဆန်မို့ အရောင် ကလည်း ပန်းလိုမွှေး ခရေဇီ ဖြစ်တဲ့ အရောင် လို့ပဲ ပြောရမည် ။
ဒီကားအတွက် ဒရိုင်ဘာ မခန့်ရခင် ရက်ကလေး အတွင်းမှာ ပန်းလိုက ကိုယ်တိုင်မောင်းပြီး ထွက်လာတာပါ။
ဒက်ရှ်ဘုတ်ပေါ်က ရေဘင် မျက်မှန်ဘူးထဲကနေ မျက်မှန် နက်ပြာလေးကို ထုတ်တပ်လိုက်သည်။
စူးရှနေသော ကတ္တရာလမ်းက ကြည်လင်ပြာလဲ့ပြီး အေးချမ်းသွား၏ ။ နေပူကျဲထဲမှာ နေကာမျက်မှန် တစ်လက်က အတော် လိုအပ်တာပဲ။
တကယ်တော့ ဒီအဖိုးတန် ရေဘင်မျက်မှန်လေးက ပန်းလိုမွှေး လက်ဆောင်ရထားတာ။ ဖိုင်ဘာမှန်သားက အလွန်ကောင်းသည်။ ရှေ့တူရူမှာ နေပူနေတာကို လသာနေသလားတောင် ထင်မှတ်မှားရသည်။
ပန်းလိုမွှေးရဲ့ နှုတ်ခမ်းလေးက ပြုံးတော့မရောင် အာအာလေး ဖြစ်သည်။ ပြီးတော့ ရွှန်းစိုတဲ့နှုတ်ခမ်းနီအရည် (Lip Gloss) ပန်းစတော် ဘယ်ရီရောင် ဖျော့ဖျော့လေးကို တင်ထားသဖြင့် နှုတ်ခမ်းလေးက ဖူးကြွနေသည်။
အသားအရေ ကတော့ ဖြူဆွတ်ဆွတ်မဟုတ်။ ညိုတိုတိုလည်း မဟုတ်ပါ။ ဝါနှစ် နှစ် ဝင်းဖန့်ဖန့်လေးဟု ဆိုရမည် ။ အသားအရေ စိုပြေလှပ ထင်ရှားသည်။ အရေပြားပေါ်မှာ အလင်းဓာတ်လေး တစ်မျိုး ဖြာကျပြီး ကြည်လင်ဝင်းစို တောက်ပနေတာမျိုး ဖြစ်သည်။
လိုးရှင်းလား ..… စွဲစွဲလန်းလန်း နှစ်သက် တာမျိုး မရှိပါဘူး။ ထုံးစံအတိုင်း လက်ဆောင်ရရင်တော့ လိမ်းလိုက်တာပေါ့။ တကူးတက လိုးရှင်း ဝယ်လူးတာတော့ မရှိပါဘူး။ အသားက သူ့ဘာသာ စိုနေတာ။ လိုးရှင်းလိမ်းဖို့ ဝါသနာ မပါပေမယ့် အသီးအရွက်နှင့် သစ်သီးမျိုးစုံ စားရတာ တော့ သူမက ကြိုက်၏ ။
မနက်မိုးလင်းရင် သစ်သီးဖျော်ရည်လေး အမြဲ သောက်တတ်သည်။
ကျန်းမာရေး ကောင်းမွန်တာတော့ ပုံလေးကို ကြည့်ရင် သိသာနေပါသည်။ ပုံလေးက ကျစ်လစ်စိုပြေပြီး လူက အမြဲတက်ကြွ လန်းဆန်း သွက်လက်နေတတ်သည်။
အခုလည်း ကားသစ်လေးကို ကြော့ကြော့မတ်မတ်စတိုင်လ်နှင့် မောင်းလာနေသည်။
ဆံနွယ်လေးတွေ က ညိုညိုစင်းစင်း ဝဲဝဲလေး။ ဒါပေမယ့် ပန်းလိုမွှေးက ဒီလိုအဖြောင့်စတိုင်လ်ကို သိပ်မကြိုက်တော့။ အခွေအလိပ် ခပ်ပြေပြေလေး၊ ဖွားရရာလေး ကောက်ချင်နေပြီ။ မျက်မှန်တပ်လိုက်သည့်အခါ ဆံပင်ကောက်ကလေး ဝဲဖြာနေရင် ပိုသားနား အဆင့်မြင့်သလား ထင်မိလို့ပါ။ တကယ်တမ်း ပန်းလိုမွှေးနှင့် ဆံပင်ခွေကောက်ကောက်နဲ့ လိုက်ဖက်မလား မသေချာ။
သူမရဲ့ ရှေ့မှာ မြင်နေရတဲ့ တစ်ယောက် ကတော့ အဲဒီ လို ဆံပင်ကောက်လေးနှင့် အရမ်း စတိုင်လ်ကျနေတာ အာကျမိသည်။ ဒါပေမယ့် သူနဲ့လိုက်ပေမယ့် ပန်းလိုနဲ့ လိုက်မလိုက် မသိနိုင်သေး။
ပန်းလိုမွှေးသည် သူမသွားရမည့်  စူပါမားကတ် တစ်ခုဆီသို့ ကားကို ဦးတည်ကာ ဖြေးဖြေးမှန်မှန်ပဲ မောင်းလာသည်။ ကားမောင်းကြမ်းတာ သူမ မကြိုက်။ ငြိမ့်ငြိမ့်ညောင်းညောင်းလေးပဲ မောင်းချင်သည်။
ဒီတောင်းအေ့စ် ကုမ္ပဏီရဲ့ စတစ်ကာ တံဆိတ်တွေ မကပ်ရသေးတော့ အဆင်ပြေသည်။ နောက်ရက်တွေ ကျ စတစ်ကာ သွားကပ်တော့မှာ ။ အဲဒီ ကျရင် အခုလို သာမန်ကားတစ်စီး မဟုတ်တော့ဘဲ ကုမ္ပဏီပိုင်ကား ဖြစ်သွားပြီလေ။
ပန်းလိုမွှေးလည်း မောင်းရတော့မှာ မဟုတ်။ သူ့ဒရိုင်ဘာနှင့် သူ ဖြစ်တော့မှာ ။
ထိုအချိန်မှာ ပင် မီးပွိုင့်ဧရိယာ မရောက်တရောက်မှာ Cileca ကား အနီရဲလေးတစ်စီးဟာ အိတ်ဇောမှ ဝူးဝူးနှင့် အသံကျယ်ကျယ် ထွက်ပေါ်ကာ အလျင်စလိုနှင့် ရှေ့က ကားတွေ ကို အတင်း ဖြတ်ကျော် တက်လာပါသည်။
သူ့ကိုယ်သူ ကွန်ပျူတာထဲက ပြိုင်ကားပဲ မောင်းနေသလိုလို ဟန်မျိုးဖြင့် ရှိသမျှ ကားတို့ကို မြွေလိမ်မြွေကောက် လှလှပပ ကျော်တက် မောင်းနှင်လာပါသည်။
ကားတွေ ချင်းအတူတူ သူက တမူထူးကဲပြီး ပညာပြချင်တဲ့ကား ဆိုတာ ပန်းလိုမွှေး ရိပ်မိသွားသည်။
ထို့ကြောင့် အဲဒီ ကားကို အကျောမပေး၊ အရှုံးမပေးဖို့ ဆုံးဖြတ်လိုက်သည်။
ပန်းလိုမွှေးရဲ့ ကားကိုတော့ သူ လူလည်ကျပြီး ကျော်တက်ဖို့ မစဉ်းစားနှင့် ။ ရှေ့ကနေ လုံးဝ လမ်းပိတ်ထားလိုက်မှာ ။
သူမက နှုတ်ခမ်းလေးတစ်ချက် ချွန်ရင်း ဘက်ခ်ကြည့်မှန်ထဲက ကြည့်သည်။
ကားအနီရဲလေးထဲက လူဟာ ကားလိုပဲ လူကလည်း ခပ်ဖြောင့်ဖြောင့်နှင့် လူငယ် စတိုင်လ်ပါပဲ။
တဖြေးဖြေးနှင့် သူမကားနံဘေး ဘေးချဉ်းယှဉ် ဝင်ရောက်လာပါသည်။
ရှေ့ကားတွေ တုန်းက အလွယ်တကူ လှစ်ခနဲ လှစ်ခနဲ ကျော်တက်ခွင့်ရလာပြီး ဒီကားကျမှ လှုပ်စိစိနှင့် နေရာမဖယ်ပေး။
သူက မီးပွိုင့်မရောက်ခင် ဒီလမ်းကြောထဲ ပြန်ဝင်ကို ဝင်ရမှာ မို့ တောင်းအေ့စ်ကို တစ်စီးဝင်မယ်ဟု လက်ပြ ခွင့်တောင်းလိုက်ပါသည်။
ဒါပေမယ့် သူ လက်ပြတာကို မြင်လျက်သားနှင့် မမြင်ချင်ယောင်ဆောင်ကာ ရှေ့ကိုတစ်စီး ဝင်ခွင့်မပေးဘဲ သူမရှေ့က ကားနှင့် တစ်ပေလောက် အကွာက ပုံသေ ကပ်လိုက်ထားသည်။
ဟ ….. ဘာလဲကွဟု အဂ္ဂ နည်းနည်း စိတ်တိုသွားရသည်။
ဒီဖက်ယာဉ်ကြောထဲ ဝင်လို့မရဘဲ ရှေ့ဆက်သွားရင် မီးပွိုင့်ကျ ဘယ်ချိုးကွေ့ရတော့မှာ ။ မ ဖြစ်။
မြန်ချင်လို့ ကျော်တက်ပြီး ဝိုက်လာကာမှ သွားလိုရာ မရောက်ဘဲ ဘယ်ဖက်ခြမ်းကွေ့ရမယ်ဆိုရင်တော့ မဟုတ်သေး။
တောင်းအေ့စ် မောင်းနေတာက မိန်းကလေး။
ဒီတော့ ပိုအသည်းယားမိသည်။ မိန်းကလေး ဖြစ်ပြီး သူ လမ်းတောင်းတာကို မပေး။ မျက်နှာထားကလည်း ခပ်တင်းတင်း။
စပို့ရှပ်လက်ရှည် အနက်ရောင် နှင့် နေကာမျက်မှန် တပ်ထားပုံက မင်းသမီးလေး တစ်ယောက် လို တောက်ပဝံ့ကြွား စတိုင်လ်ကျလှသည်။ဒါပေမယ့် ချစ်စရာ ပုံစံလေးနဲ့မှ မလိုက်အောင် ခက်ထန်နေတဲ့ သူဌေးမလေး တစ်ယောက် ပဲ ဖြစ်မယ်။
သူမ စောင်းငဲ့အကြည့်မှာ အဂ္ဂက ကျော်ခွင့်ပေးဖို့ အမူအယာနှင့် တောင်းဆိုသည်။ သူမက နှုတ်ခမ်းလေးတစ်ချက် မဲ့ပြသည်။
မပေးနိုင်ဘူးဆိုတဲ့သဘော။
“ ကျွတ် ….. ဘာလဲကွာ”
သူ အသံထွက်ရေရွှတ်မိ၏ ။
“ ရင့်လှချည်လား”
ပန်းလိုမွှေးက ထိုလူ စိတ်တိုသွားတာ သိသည်။
သူများ ထက် နှာတဖျားသာချင်ဖို့ပဲ တွေးတဲ့သူ။ ပန်းလိုမွှေးကို ဒီလိုအချိုး လာချိုးလိုတော့ ဘယ်ရမလဲ။ သူ တစ်စီးစာ ကပ်သီးကပ်သပ် ဝင်ချင်ရင် နောက်ကားဆီက တောင်းချင်တောင်းပေါ့။ ပန်းလို ကတော့ ကိုယ့်ရှေ့ကနေ သူ့ကား ဝင်တန်းစီခွင့် မပေးနိုင်။
လူလည်ကျတာ ကြားဖြတ်တာကို မုန်းလွန်းလို့။
သူပဲ တော် တော် အရေး ကြီးနေသလား။
ပုံစံကကြည့်ဦး။
ဆံပင်တွေ မိုးပေါ်ထောင်ထားတဲ့ စတိုင်လ်နဲ့ နားကပ်ခပ်ကြီးကြီး တစ်ပွင့်လည်း ပန်ထားသေးတာ။ တီရှပ်အနက်ပေါ်က ဂျာကင်ပါးပါး အဖြူရောင် ကို ဇစ်ဖွင့်ပြီး ဝတ်ထားသည်။ ဘောင်းဘီက ဂျင်းရေညိုစိမ်းလိုလို။
လူပုံ ကတော့ လူချမ်းသာပုံပါ။ သားနား ကြော့မတ်နေသည်။ ဒါပေမယ့် စိတ်ဓာတ်ကိုတော့ မြင်တာနှင့် မကြိုက်။
“ တောက် ”
အဂ္ဂက တောက်တစ်ချက်ခတ်ရင်း သူမကားနောက်ကပဲ ဝင်လိုက်ဖို့ ကြိုးစားရပါတော့သည်။ ဘယ်ချိုးရမှာ ထက်စာလျှင်တော့ ကိုယ်ဝင်လိုတဲ့ ယဉ်ကြောကိုဝင်ဖို့က ပိုအရေး ကြီးတယ် မဟုတ်လား။
သူ့ကို တမင်ညစ်တဲ့ ဒီတောင်းအေ့စ်ကိုတော့ မှတ်မိသွားရပြီ။
ကားမောင်းသူမိန်းကလေးရဲ့ မေးစေ့ချွန်ချွန်လေး၊ ပါးမို့မို့လေးနှင့် ဆန်းပြား ကြည့်ကောင်းသော ပုံပန်းသဏ္ဌာန်ကိုလည်း သူ့အာရုံထဲ စွဲသွားရသည်။
နေနှင့် ဦးပေါ့ကွာ။
မင်းနဲ့ တွေ့ ဦးမှာ ပေါ့။
ချောချောလှလှ ထိုကောင်မလေးကို အလျှော့ပေးလိုက် ရတာ အဂ္ဂစိတ်ထဲ ခိုးလုခုလုနှင့် နေလို့မကောင်း။
ရှေ့လျှောက်လည်း သူ ကျော်တက်ဖို့ ကြိုးစားသေးသည်။ သို့ သော် လုံးဝမရ။
ကောင်မလေးက ပါးပါးနပ်နပ်နှင့် ကားမောင်း ကျွမ်းကျင်တာကိုတော့ စိတ်ထဲက ကြိတ်ပြီး ချီးမွမ်းရသည်။
နောက်မီးပွိုင့်တစ်ခုမှာ တော့ ထိုကောင်မလေးက မောင်းသွားခွင့်ရတာ သူ့ရှေ့မြင်ကွင်းမှ တောင်းအေ့စ်ကားလေး ပျောက်ကွယ် သွားပါတော့သည်။
ဗဟန်းမြို့နယ်ထဲက ဟိုတယ်ဆိုင်းဘုတ်ရှိရာ လမ်းကလေးထဲ အဂ္ဂက ကားကို ချိုးကွေ့ချလိုက်သည်။
ဟိုတယ်ဝင်းတံခါးမှ ချိုးဝင်လိုက်ရာ ဝေမိုးက ကားစတန်းမှာ အသင့် ရပ်စောင့်နေပါသည်။
သူ ကားရပ်လိုက်လျှင် လက်မှနာရီကို တစ်ချက်ကြည့်ကာ ဝေမိုးက …
“ ကြာလိုက်တာကွာ ”
“ ဟ ..… ဒါအမြန်ဆုံးမောင်းလာတာပဲ ”
“ နာရီဝက်လောက်ရှိပြီ၊ ရပ်စောင့်နေတာ ”
“ မင်းကို ဘယ်သူ ထွက်ရပ်ခိုင်းလဲ၊ အခန်းထဲမှာ ပဲနေပေါ့ ”
“ ပျင်းတယ်ကွ … မင်းပဲ အခုပဲ ထွက်လာပြီဆို ”
“ ဟ … မင်းအိမ်ကို လမ်းလျှောက်သွားပြီး ကားသွားယူရသေးတယ်လေ၊ လမ်းမှာ ဒီအချိန် ကားတွေ က ဂျမ့် ဖြစ်နေတာ၊ လမ်းမှာ တောင် တောင်းအေ့စ်တစ်စီးနဲ့ ငြိမလို့ ”
“ ဟာ … ငါ့ကားလေးတော့ ပစ်စလက်ခတ် မလုပ်နဲ့ လေကွာ ”
“ အရေး ထဲ ကားပဲ ဥစ္စာခြောက်နေတယ်၊ ငါပြောတာက ကားချင်းငြိတာပြောတာ မဟုတ်ဘူး၊ ကားထဲက မဒီလေးနဲ့ ”
“ လမ်းမှာ အီလာပြန်ပြီပေါ့၊ မင်းဆိုတဲ့ကောင် ကတော့ ကြောင်စရာမတွေ့ လိုက်နဲ့၊ တွေ့ လိုက်တာနဲ့ ကြောင်ပါပြီ ”
“ ကောင်မလေးက ချမ်းတယ် ထင်တယ် ”
“ အနွေးထည်ထူထူနဲ့ပေါ့ ”
“ မင်းဘကြီး အနွေးထည်ပါလား၊ ဘော့စ်ပုံစံလေး၊ အရမ်းမိုက်တယ် ”
“ လာပြန်ပြီ ”
ဒီကောင်အဂ္ဂက တော် တော် လောဘကြီးသည်။ မိန်းကလေးဆိုရင် ငယ်ရုံလှရုံနှင့် မပြီး။ ဘော့စ်ကျကျမှ သူ ကြိုက်ချင်တာ။ ကိုယ်ပိုင်ကားနှင့် သားသားနားနား မှ မျက်စိထဲ တွေ့ တတ်တဲ့ကောင်။
“ ကဲ … မင်း ကားပေါ်တက်မှာ လား … တက် ”
“ နေဦးကွ … စီးကရက်ဗူး ကျန်ခဲ့တယ်၊ သွားယူလိုက်ဦးမယ် ”
ဝေမိုးက သူ့ရဲ့ ငါးသုံးလုံး စီးကရက်ဗူးကို လက်ထဲက အပျောက်ခံတဲ့သူ မဟုတ်။ အမြဲတမ်း စီးကရက်လေး ဖွာနေရမှ နေပျော်တဲ့ကောင်။
ပြီးရင် ကလပ်သွားမည် ။ သီချင်းဆိုမယ်။
မနေ့ကလည်း ညအပြန် နောက်ကျတယ်ဆိုပြီး သူ့အိမ်ကို မသွားဘဲ ဒီဟိုတယ်မှာ ဝင်အိပ်လိုက်တာ။
ဝေမိုးအဖေက အရာရှိကြီး တစ်ယောက် ဖြစ်ပြီး စည်းကမ်းလည်း ကြီးသည် ဖြစ်ရာ ဝေမိုး တစ်ယောက် အိမ်ပြန်ညဥ့်နက်လို့ မရပါ။
ညဥ့်နက်ပြီဆိုရင် ဝေမိုး အိမ်မပြန်ရဲတော့။ သူ့ဒက်ဒီ ဆူမှာ ကြောက်ပြီး သူငယ်ချင်းအစ်ကို ပိုင်သော ဟိုတယ်မှာ အိပ်လိုက်တတ်သည်။
မနက်ကျမှာ ဖုန်းဆက်ပြီး ကားမှာ တာကြောင့် အဂ္ဂက ကားမောင်းပြီး လာပို့ရတာ ။ အဂ္ဂက သူများ ကားဆို သိပ်မမောင်းချင်ပေမယ့် ဝေမိုးပိုင်ကားဆိုရင်တော့ တရင်းတနှီး ယူသုံးတတ်သည်။ သူတို့ ဘော်ဒါအချင်းချင်းကြားမှာ အားနာစရာမလိုဘူးလေ။
အဂ္ဂ သွားစရာ အခမ်းအနား ပွဲလမ်းရှိပြီဆိုရင် ဝေမိုးကားကိုပဲ စွဲသုံးရတာ ။
ဝေမိုးက စီးကရက်ဗူးသွားယူပြီး ကားဆီ ပြန်လျှောက်လာ၏ ။ ထို့နောက် ကားရှေ့ခန်း အဂ္ဂနံဘေးမှာ ဝင်ထိုင်လိုက်သည်။
“ မင်း မမောင်းဘူးလား ဝေမိုး ”
“ မောင်းမှာ မောင်းစမ်းကွာ ”
အဂ္ဂပဲ စက်နှိုး မောင်းထွက်ရသည်။
“ ဘယ်သွားမှာ လဲ ”
ဝေမိုးက စီးကရက် ရှိုက်ဖွာနေသည်။ ချက်ချင်း မဖြေ။ အဂ္ဂက ဟိုတယ်ဝင်းထဲမှ ထွက်ကာ လမ်းကလေးအတိုင်း လမ်းမကြီးပေါ်သို့ ထွက်လာပါသည်။
“ လက်ဖက်ရည်ပေါ့ကျ ကောင်းကောင်း သောက်ချင်တယ်ကွာ၊ မော်ဒန်ကို အရင်ဝင် ”
ဝေမိုးစကားကြောင့် မော်ဒန် လက်ဖက်ရည်ဆိုင်ဆီ ဦးတည်လိုက်သည်။
ဝေမိုးက မျက်ခုံးကို ရှုံ့ထားရင်း …
“ ခေါင်းတွေ လည်း ကိုက်နေတယ်ကွာ၊ ဒီကပြန်ရင် ကိုးမိုင်ခြံကို ခဏသွားရဦးမယ်၊ မင်း လိုက်ခဲ့မလား ”
“ မလိုက်တော့ဘူး၊ ညနေ ချိန်းထားတဲ့ ကိစ္စလေးတွေ ရှိသေးတယ် ”
“ ပြီးရောလေ … ဒါဆို အပြန် မင်းကို လိုက်ပို့လိုက်မှာ ပေါ့ ”
ကားရပ်ပြီး မော်ဒန် ဆိုင်ထဲရောက်တဲ့အထိ သူတို့ စကားစ မပြတ်ဘဲ ရောက်တတ်ရာရာတွေ ပြောနေမိကြသည်။
“ ဆန်းဒေးကျရင် လာခဲ့ကွာ၊ ဘိလိယက် သွားမထိုးရတာ ကြာပြီ ”
“ အေး … ကောင်းတယ်၊ အိုကေ … လာခဲ့မယ် ”
ဝေမိုးနှင့် အဂ္ဂတို့က တစ်ရပ်ကွက်ထဲ နေကြတာချင်းတော့ တူပါသည်။ ဒါပေမယ့် ဝေမိုးတို့ တိုက်နှင့် ခြံက လမ်းမတန်းမှာ ၊ အဂ္ဂတို့က လမ်းအတွင်းထဲထိ အတော် ဝင်ရသည်။
သူဌေးရပ်ကွက်ဆိုပေမဲ့ သူတို့က ချောင်ကျကျမှာ မြေကွက် ကျဉ်းကျဉ်းနဲ့ သာမန် ပျဉ်ထောင်သွပ်မိုး အိမ်လေးနှင့် နေရတာ ဖြစ်သည်။ ကျောင်းတက်ကတည်းက ခင်လို့သာ ဝေမိုးလို သူဌေးသားနှင့် တွဲ ဖြစ်ပြီး သွား ဖြစ်လာ ဖြစ်တာ။
နှစ် ယောက် သား လွတ်လွတ်လပ်လပ်နှင့် စိတ်တူကိုယ်တူ ဝါသနာတူမို့ ပေါင်းမိကြတယ်ပဲပြောရမှာ ပါ … ။
နှစ် ယောက် စလုံးက ဂစ်တာတီးတာ၊ သီချင်းဆိုရတာ ကို စိတ်ဝင်စားသည် မဟုတ်လား။
အပျော်တမ်းတေးဂီတ Bomb လေးတစ်ခု ဖွဲ့ထားပြီး ဝေမိုးက ကပွဲခေါင်းဆောင်၊ အဂ္ဂက အဖွဲ့ဝင်။ သူတို့ဝိုင်းထဲမှာ နောက်ထပ် အဖွဲ့ဝင် မိန်းကလေးနှစ် ယောက် ရှိပါသေးသည်။ အဲဒီ မိန်းကလေးတွေ က သူတို့ဟာသူတို့လည်း နီးစပ်ရာမှ သီချင်းဆိုတာမျိုးတွေ လည်း ရှိသည်။
အဂ္ဂက ကိုယ့်အဖွဲ့ထဲက မိန်းကလေးတွေ ကိုတော့ မကြိုက်ပေ။ သူငယ်ချင်းလို သက်သက် ရင်းနှီးခင်မင်တာပဲရှိ၏ ။
ဒါတစ်ခုတော့ ဒီကောင်လိမ္မာသည်ဟု ဝေမိုးက မှတ်ချက်ချထားသည်။ အဂ္ဂကျော်လွှမ်း ဆိုတဲ့ ငနဲဟာ အိမ်ထောင်ရေး ၊ အချစ်ရေး နှင့် ပတ်သတ်လျှင် အင်မတန် ရည်မှန်းချက်ကြီးမားတယ်ဆိုတာ သူ ကောင်းကောင်းကြီး သဘောပေါက်ပါသည်။
ပန်းလိုမွှေးက ကားတံခါးကို လော့ခ်ချပြီးလျှင် ဆံပင်လေး တစ်ချက် ဆတ်ခနဲ မျက်နှာမော့၍ ပင့်တင်လိုက်ကာ သားရေအိတ်ကို လွယ်လျက် စူပါမားကတ်ရ် ဝင်ပေါက်ဖက်သို့ ကြော့ကြော့မတ်မတ်လေး လျှောက်လာပါသည်။
ပုံပန်းကျသော စတိုင်လ် ဂျင်းန်ပင်န် အပြာရင့်လေးဟာ သူမရဲ့ ကိုယ်လုံးသွယ်သွယ် ပြည့်ပြည့် အနေတော် လေးကို အလွန်ကြည့်ကောင်းအောင် ပံ့ပိုးပေးထား၏ ။
ခြေလှမ်းလေးတွေ တစ်လှမ်းချင်းဟာ ရင်ခုန်ဖို့ ကောင်းနေသည်။ မျက်မှန်ကို လက်ချောင်း သွယ်သွယ်လေး မြှောက်ကာပြီး အသာပင့်တင် လိုက်ဟန်ကပင် ကကြိုးကကွက် ဆန်းလေးကဲ့သို့ ငေးချင်စဖွယ် ဖြစ်နေရပါသည်။
ကားရပ်စရာနေရာက ဟိုဖက်ခြမ်းမှာ ပဲ ရတာ မို့ ဒီဖက်ကို နည်းနည်း လျှောက်လာရခိုက် အနီးအနားက မျက်ဝန်းပေါင်းများ စွာ က သူမထံ ငေးစိုက် ကျရောက်လာသည်။
ပန်းလိုမွှေး ကတော့ မည် သူ့ကိုမျှ မကြည့်ဘဲ သူမဘာသာ တည့်တည့်မတ်မတ် လျှောက်လာသည်။
အရင် ကတော့ ကုမ္ပဏီယူနီဖောင်းနှင့် မို့ ဒီလိုမလွတ်လပ်၊ ခုတော့ ကိုယ်ဝတ်ချင်တာ ဝတ်ထားပြီး ကားကို ကိုယ်တိုင်မောင်းရသဖြင့် လူက အလိုလို တက်ကြွ ကျေနပ်နေမိသည်။
ပန်းလိုမွှေးသည် နာမည် ကျော် ( Aprial Queen ) အေပရယ်ကွင်း ကော့စ်စမက်တစ် ကောင်တာကြီးရှိရာသို့ ဆက်လျှောက်ခဲ့၏ ။
“ သန္တာ ”
“ ဟယ် ”
ပစ္စည်းစာရင်းစစ်၊ ပစ္စည်းအပ်ဖို့ ရောက်နေသော ( AQ ) ၏ စူပါဘိုက်ဆာ သန္တာစောသည် နောက်ဖက်လှည့်ကြည့်ရင်းတအံ့တသြ မျက်လုံးလေး ဝိုင်း သွားပါသည်။
“ ပြီးပြီလား ”
ပန်းလိုမွှေးကို စေ့စေ့ကြည့်ရင်း မေးတာကို မဖြေသေးဘဲ …
“ ပန်းလိုရယ် … အရမ်းလှတာပဲ၊ သန္တာက ဘယ်သူများ လဲလို့၊ ဒီလောက် စတိုင်လ်မိုက်နေတော့ ပန်းလိုလို့တောင် မထင်ရဘူး ”
“ အဟင်း … ဟင်း၊ ပန်းလိုမဟုတ်လည်း ဂျေလိုပဲ ထားလိုက်ပေါ့ ”
ဂျေနီဖာလိုပက်ဇ်ကို သဘောကျနှစ်သက် သော ပန်းလိုက သူမကိုယ်သူမ ဥပမာ ပေးလိုက် သည်။
“ အခု … ဒါ ဘယ်လို ရောက်လာတာလဲ ”
“ သန္တာ့ကို လာကြိုတာ ”
“ ဟယ် … တကယ်၊ ဒီမနက် ကုမ္ပဏီကားက လိုက်ပဲပို့ပြီး ပြန်မကြိုဘူးဆိုလို့ သန္တာက စိတ်ညစ်နေတာ အတော် ပဲ၊ ပန်းလို ဘာကားနဲ့ လာတာလဲ ”
“ အပြင်ရောက်ရင် ကြည့်လိုက်ပေါ့ ”
“ဘာကားပဲ ဖြစ် ဖြစ် ကားနဲ့ပြန်ရရင် ပြီးရော၊ သင့်ခ်ယူပဲ ပန်းလိုရေ”
အခုတော့ ..… အရင်က ပန်းလိုရဲ့ နေရာ ကုမ္ပဏီရဲ့ စူပါဘိုက်ဆာနေရာကို သန္တာစောက ရသွားပြီလေ။ ပန်းလိုဟာ မနှစ် က အထိတော့ လခများများ ပိုင်ဆိုင်ခွင့်ရတဲ့ စူပါဘိုက်ဆာ ဆိုပါတော့။
ဒီနှစ် တော့ ကုမ္ပဏီပိုင်ရှင်သူဌေးမရဲ့ စက္ကထီဆန်ဆန်မို့ ရာထူးက ပိုမြင့်သွားပြီ။
“ ပြီးရင် … သွားကြမယ်နော် ”
“ အင်းပါ ”
ကောင်တာက ကောင်မလေးဆီက စာရင်းစာအုပ်ပြန်ယူ မှာ စရာရှိတာမှာ ပြီး သန္တာက ဝမ်းသာအားရ ပန်းလိုလက်ကလေးကို ဆွဲပြီး ပြန်ဖို့ ထွက်လာသည်။
“ ပန်းလို ”
“ ဟင် ”
“ နင်လေ ..… မမ လရောင် ဖြူလိုသာ ဆံပင်တွေ ကောက်ပစ်လိုက်ရင် သူ့စတိုင်လ်ကို မီတယ် သိလား၊ နင်က ရုပ်ရှိတယ် ပန်းလိုရဲ့ ၊ သူဌေးမကြီး အတိုင်းပဲ ”
“ သူဌေးမ ဖြစ်ဖို့ က သိပ် မနီးစပ်ဘူး၊ သူဌေးကတော် ဆိုရင်တော့ အလားအလာ ရှိနိုင်တယ် ….. ဟဲ ….. ဟဲ ”
ပန်းလိုကလည်း ပြန်ပြောင်လိုက်သည်။ ပြောပြီးတော့ ရယ်မိသည်။
မဆီမဆိုင် ခုန Cileca ကားနီလေး မောင်းလာတဲ့သူကိုလည်း ဖျပ်ခနဲ မြင်ယောင်မိသည်။ သူ့ကို လမ်းမဖယ်ပေးလို့ ဒေါကန်အံကြိတ်သွားတဲ့ ရုပ်ကြီးကို မမေ့။
အင်မတန် ရုပ်ဖြောင့် သားနားတဲ့သူ။ သူ့ပုံစံမှာ ကိုက အရှိန်အဝါ တစ်မျိုး ရှိနေတာ။
“ ဘယ်လိုပဲ ဖြစ် ဖြစ်ပေါ့ ပန်းလိုရယ် … နင်က ကောင်းစားမယ့်ရုပ်၊ ငါသိတယ် … ကတော် ရုပ်လေး ”
“ အံမယ်မယ် .. သူ့ကိုယ်သူ ဗေဒင်ဆရာမ ကျနေတာပဲ ”
သန္တာစောက အားလပ်ရက်ဆို ဗေဒင်လက္ခဏာသင်တန်း သွားသွားတက်နေသူမို့ ပန်းလိုက စ, လိုက်တာ ဖြစ်သည်။
“ ဖြစ်လာမှာ ပေါ့ ”
“ နင် ဟောခန်းဖွင့်ရင် ငါ့ကို အလကား ဟောပေးရမှာ နော် သန္တာ ”
ဘယ်ဆီနေမှန်း မသိသေတဲ့ ဟောခန်းအတွက် အခုကတည်းက ဘွတ်ကင်တင်ထားတဲ့သူက အသင့်ပါလား။
“ အေးပါ … နင် ကောင်းစားရင်သာ သန္တာတို့ကို မေ့မထားနဲ့ ”
သန္တာသည် သူမကို အလကားနေရင်း အထင်ကြီးနေသူ ဖြစ်သည်။ ဒေါ်လရောင် ဖြူက အရေး ပေးရုံ၊ အနားမှာ ခေါ်ထားရုံ၊ သူ့အိမ်ကို ခေါ်ခေါ်သွားတတ်ရုံနှင့် ပဲ ပန်းလိုမှာ နေရင်းထိုင်ရင်း နာမည် ကြီး နေရတာ ဖြစ်သည်။
“ စက္ကထရီလေး ဖြစ်ရုံနဲ့ ဘာတွေ ပိုထူးလာလို့လဲဟင် ”
“ အခုကြည့်လေ … ပန်းလို ဒီဇိုင်းတောင် ပြောင်းသွား ပြီ၊ မမလရောင် ကားကိုလည်း ယူမောင်းခွင့်ရနေပြီ ”
“ ဒါက … အလုပ်ကိစ္စကြောင့် ပါ ”
နှုတ်က ထိုသို့ ဆင်ခြင်ပေးမိသော်လည်း ပန်းလိုရင်ထဲမှာ တော့ မမလရောင် ဖြူကို အားကျအထင်ကြီး သဘောကျပြီး သူ့လိုပုံစံ၊ သူ့လိုဘဝကို လိုချင်မက်မောမိတာ အမှန်ပင်တည်း။
ဘယ်အချိန်ပဲ ကြည့်လိုက်ကြည့်လိုက် မင်းသမီးလေးတစ်ပါးလို ကြော့ရှင်းသပ်ရပ်ပြီး ကိုယ်ပေါ်မှာ စိန်ထည်လက်ဝတ်ရတနာတွေ တဖျပ်ဖျပ် ခါနေတဲ့ သဏ္ဌာန်ကို မမက်မောဘဲ ရှိမလား။ ဘေးကနေ ကပ်စီးခွင့်ရတာ တောင် မမလရောင် ဖြူရဲ့ (Land Cruiser ) ကားကြီးက ဒီလောက် ငြိမ့်ညောင်းပြီး စီးလို့ကောင်းတဲ့ဥစ္စာ။
“ ပြီးတော့ … ပန်းလို ယူလာတာ ဟိုတောင်းအေ့စ်လေးပါနော် ”
ပန်းလိုက ကားဆီ မေးဆက် ညွှန်ပြလိုက်သည်။
“ သြော် … ဒါလည်း မိုက်တာပဲ ”
သန္တာသည် မောင်းသူနံဘေးက ကူရှင်ပေါ် ကျကျနန မှီထိုင်လိုက်ရင်း …
“ ပန်းလို … အချိန်နည်းနည်း ရလား ”
“ ဘာလို့လဲ … ဘယ်သွားချင်လို့လဲ ”
“ မြို့ထဲဖက် ကားရှုပ်မလား၊ မင်းထိုက်တို့ ဆိုက်ဘာကဖေးကို ခဏဝင်ချင်လို့ ”
အရေး ထဲ သန္တာက သူရဲ့ ဘာညာအီစီကလီလေးဆီ ဝင်ချင်သေး၏ ။
အင်းလေ .. ပါရမီ ဖြည့်တာလည်း ကုသိုလ်တစ်မျိုးပေါ့။
“ သွာချင်သွားလေ … ရတာ ပဲ ”
“ သိပ်မကြာပါဘူး … ခဏ ဝင်နှုတ်ဆက်ရုံပါ ”
ပန်းလိုက ခေါင်းလေးဆတ်ရင်း ကားကို စက်နှိုးမောင်းထွက်ခဲ့သည်။
ရွှေဂုံတိုင်ပွိုင့်အရောက်မှာ ဟိုဖက်ကလာသော ပြိုင်ကားပုံစံ အနီလေးနှင့် တောင်းအေ့စ်တို့သည် အမှတ်မထင် ဆုံကြပြန်၏ ။
“ ကျွတ် … အဲဒီ ကားပေါ့ ”
“ ဘာလဲကွ ”
နံဘေးက ဝေမိုးက ဘုမသိဘမသိ လှမ်းကြည့်သည်။
တောင်းအေ့စ်မောင်းနေတဲ့ မိန်းကလေးကလည်း ဒီဖက်ကားကို လှမ်းကြည့်သည်။
“ ကောင်မလေး မောင်းတာကွ ”
“ အေးပါ … သိပါတယ်၊ အဲဒီ မိန်းမကိုပဲ ဒေါကန်တာ တစ်လမ်းလုံး သူပိုင်တာ ကျနေတာပဲ”
“ အဟော် … ဟော … မင်းနဲ့ ငြိခဲ့တယ်ဆိုတာ အဲဒါလေးလား ”
ဝေမိုးက သဘောပေါက်သွားပြီး ရယ်နေပါသည်။
ပန်းလိုမွှေးက ခပ်ဝေးဝေးကနေပင် မျက်စောင်းတစ်ချက် လက်ဆောင်ပေးလိုက် သေးသည်။
သူနဲ့ပဲ တိုက်တိုက်ဆိုင်ဆိုင် ဆုံရသေးတယ်၊ ကြည့်လေ။
စက်ဆီအကွက်တွေ ….. ရေတွေ ဗွက်တွေ ကို ဖိနပ်မပေအောင် သိုင်းကွက်နင်းကာ ဖွဖွလေး လျှောက်လာရင်း ပန်းလိုက သူမရဲ့ ကားနားသို့ တစ်ချက်လာကြည့်သည်။
ကားဘရိုက်တာ ချေးဆေးဖို့၊ ဖြုတ်ပြီး ဆေးရုံ၊ ပြန်တတ်ရုံပဲ သိပ်မကြာဘူးဆိုပေမယ့် အခုစောင့်ရတာ ဖြင့် တစ်နာရီတောင်မ ကတော့ပါ။
အိမ်ပြန်သွားရင်လည်း သက်သက်မဲ့ တက္ကဆီခ ကုန်ဦးမှာ မို့ ပန်းလိုက ဒီမှာ ပဲ ဟိုလျှောက်ဒီလျှောက် လုပ်ရင်း စောင့်နေလိုက်တာ။
“ ဦးရှမ်းလေးရေ ….. မပြီးသေးဘူးလား ”
“ ပြီးတော့မယ် ..… အစ်မလေးရေ၊ ဟေ့ကောင်တွေ ..… မြန်မြန်တပ်ပေးလိုက် တော့လေ ”
ကားဝပ်ရှော့က ကောင်လေးတွေ က ကြည့်နေ စောင့်မနေဘူးဆိုလျှင် ဒီကားကို ပစ်ထားပြီး တစ်ခြားကားတွေ သွားပြင်ပေးနေတာ၊ ပန်းလိုက အကြောင်းသိ။
ဒါကြောင့် ဘေးကနေ ရပ်စောင့်ပြီး အမြန် လောနေရတာ ။
ကာဘရိုက်တာ အဖုံးကို ဖွင့်ချထားပြီး အထဲက ပစ္စည်းတွေ ကို တစ်ခုချင်းဖြုတ်၊ ဇလုံထဲ စိမ်ကာ တိုက်ဆေးနေတာက မပြီးစီးနိုင်တော့။ ပြန်တပ်ကရော ဘယ်လောက်ကြာဦးမည် မသိနိုင်။
အခုလေးတင် ကော်ဖီဆိုင်က ထထွက်လာတာ။ တစ်ခေါက် ပြန်သွားထိုင်စောင့်ဖို့လည်း မ ဖြစ်နိုင်။ သို့ သော် … ပျင်းပျင်းရှိလာတာကြောင့် ဝပ်ရှော့ရုံရှိရာ လမ်းကလေးထဲကနေ အပြင် လမ်းမဖက် ပြန်ထွက်လာမိသည်။
ခွာချွန်ဒေါက်ဖိနပ် အဖြူလေးကို စီးလာမိလျက်သားမို့ ထုံးစံအတိုင်း ဖိနပ်မပေအောင် ပန်းလိုက ဘောင်းဘီစနှစ် ဖက်ကို မကာ အိတ်ကလေးလွယ်လျက် ဆတ်တောက် ဆတ်တောက် လျှောက်လာသည်။
မိုးတွေ ကလည်းအုံ့လာပြီ။ ရွာဦးမှာ လား မသိပါဘူး။
ကောင်းကင်ကို တစ်ချက်မော့ကြည့်မိ၏ ။
စတိုင်လ်ပင်န် ကာကီရောင် ဖျော့ဖျော့နှင့် အပေါ်က ရှပ်အင်္ကျီခပ်သေးသေး ပုံစံ အင်္ကျီအကျပ် အဖြူရောင် ပေါ် အသားရောင် ပန်းခက်နွယ်လေးတွေ အဆင်ကို ခါးပတ်သေးသေး အဖြူလေး ပြန်ပတ်ပြီး ဝတ်ထားတဲ့ သူမသဏ္ဌာန်ဟာ တစ်ယောက် ထဲ ကားလာပြင်တာဟုပင်မထင်ရပါ။
ငါ့နှယ် … ဒီကားကို စောစောစီးစီး ရောင်းပစ်လိုက်ရင် အကောင်းသားဟု ပန်းလို မချင့်မရဲ တွေးမိသည်။
ပန်းလိုတို့က ငယ်စဉ် ကတော့ ချမ်းသာခဲ့ပါသည်။
မန္တလေးမှာ နေတုန်းကဆို အဖေက ကုန်တင်ကားတွေ ပိုင်ဆိုင်သည်။ အမေ ကတော့ ခပ်အေးအေး၊ အိမ်ရှင်မသက်သက်သာ လုပ်လာတာ။ သူတို့ရဲ့ တစ်ဦးတည်းသော သမီးလေးပန်းလိုမွှေးကို ရွှေပေါ်မြတင် အကြော့သားထားခဲ့တာပါ။
နောက်မှ အဖေ စီးပွားပျက်၊ ကျန်းမာရေး ချွတ်ယွင်းလာမှ ကုန်ကားတွေ တစ်စီးပြီးတစ်စီး ပြုတ်ကုန်တော့တာ။
မေမေကလည်း ယောက်ျားလုပ်သူကိုသာ အားကိုးပြီး နေလာတာမို့ ဘာမှလုပ်ကိုင်မစားတတ်။ စီးပွားရေး တွေ ဘာတွေ လည်း နားမလည်။
ပန်းလိုမွှေးဆိုတာကလည်း ကျောင်းတက်၊ စာကျက်၊ အလှပြင်ဖို့သာ နားလည်သေးတဲ့အရွယ်။
ကိုယ့်အိမ်အခြေအနေ၊ စီးပွားရေး အခြေအနေတွေ ကိုထည့်တွေးသုံးသပ်တတ်ခဲ့တာမဟုတ်။ အဖေ အိပ်ရာထဲ လဲသွားမှ မေမေရော၊ ကြီးကြီးမြရော မျက်လုံးမျက်ဆန်တွေ ပြူးကုန်တာ။
အဖေ့ကို အကြာကြီး ဆေးကုခဲ့ပေမယ့် နောက်ဆုံးတော့ လက်လွှတ်ခဲ့ရသည်။ အရင်က အရက်သောက်လာခဲ့တဲ့ဒဏ်တွေ လည်း ပါမှာ ပေါ့လေ။ အဆုပ် ရောဂါ နှင့် ကွယ်လွန်သွားခဲ့သည်။
ဒီတော့မှ မိန်းမသားတွေ ချည်း ဘဝကို ရုန်းကန်ရတော့တာ။ မေမေနှင့် ကြီိးမြက သူမကိုတော့ ဘဝအပူအပင်တွေ လောင်မြိုက်မှု တွေ မခံစားစေရပါ။ ဘာပဲ ဖြစ် ဖြစ် သူတို့ ရှေ့က ဖြေရှင်းကြသည်။
ပန်းလို တက္ကသိုလ်နောက်ဆုံးနှစ် မှာ အမေ ကွယ်လွန်ခဲ့သည်။
ဘဝမှာ ပင်ပန်းဆင်းရဲ အားကိုရာမဲ့ခဲ့ရတဲ့ မေမေဟာ သနားစရာ အလွန်ကောင်းသည်။ ပန်းလို ဘယ်အချိန် ပြန်တွေးတွေး မေမေ့ကိုသနားသည်။ သတိရရင် မျက်ရည်ရစ်ဝဲချင်သည်။ အမေ့ကို ကောင်းကောင်း ပြုစုကျွေးမွေးခွင့်၊ ကျေးဇူးဆပ်ခွင့်တောင် မရလိုက်ပါ။ ဒါကိုပဲ ပြန်တွေးတိုင်း နှမြောကြေကွဲရသည်။
ကြီးမြကိုထားပြီး ရန်ကုန်မှာ အလုပ်လာလုပ်ခဲ့တာ ခုဆို သုံးနှစ် ထဲတောင် ရှိပြီ။
ရောက်ကာစနှစ် က လက်ထဲရှိတဲ့ ငွေလေးနှင့် ဒီကားကို ဈေးချောင်တယ်ဆိုပြီး တစ်ကိုယ်တော် ဆုံးဖြတ်ချက်နှင့် ဝယ်ယူခဲ့တာ။
ပန်းလိုတို့က အိမ်မှာ ငယ်စဉ်က ကားအမြဲရှိတော့ ကားနှင့် မစိမ်း။ ကောင်းကောင်းလည်း မောင်းတတ်သည်။ အနည်းအကျဉ်းဆိုလည်း ကိုယ်တိုင် ပြင်တတ်သည်။
ဒါပေမယ့် … အခုတော့ ဒီကားလေးကို သံယောစဉ် ဖြတ်ပြီး ရောင်းလိုက်ဖို့ ပန်းလို စဉ်းစားထားပါပြီ။
မမလရောင် ဖြူက ကုမ္ပဏီပိုင်ကား တစ်စီးလောက် ပေးထားမည် ဟု ပြောသည်လေ။ ဒီတော့ ပန်းလိုပိုင်တဲ့ ကားလေးကို ရောင်းချပြီး ရွှေပဲ ဝယ်ထားမည် ဟု ဆုံးဖြတ်ကာမှ ခုတလော ကားက ခဏခဏ ဒုက္ခပေးနေတော့တာ။
ပန်းလိုသည် လမ်းထိပ်က ကွမ်းယာဆိုင် လှည်းကလေးရှေ့ရပ်ကာ ပီကေ တစ်ဘူး ဝယ်လိုက်သည်။ ပိုက်ဆံပေးပြီး ပီကေတစ်ခုကို ထုတ်ဝါးဖို့ ပါးစပ်ထဲထည့်ကာ လမ်းထဲ ပြန်ဝင်ဖို့ ခြေလှမ်း အစမှာ တင် …..
“ ဟောတော့ ”
လမ်းထဲ ဒရကြမ်းချိုးကွေ့ဝင်လာတဲ့ ဖက်ဖူးစိမ်းရောင် ဘောက်စ်ဝက်ဂွန်လေး တစ်စီးက ဗွက်အိုင်ထဲက ရေမည်းမည်းတွေ ထဲ မရှောင်ဘဲ ဖြတ်နင်း ချသွားသဖြင့် ရေညစ်တွေ က ပန်းလို ဘောင်းဘီကို လာစင်သည်။
“ ကြည့်စမ်း ….. လိပ်စုတ်ကများ ”
ပန်းလို ဒေါသနှင့် ခုန်စွခုန်စွ ဖြစ်သွားပေမယ့် ကားက ဝပ်ရှော့ရှိရာ မောင်းချသွားပြီးမို့ ဘာမှမတက်နိုင်။
“ တောက် ….. တွေ့ ရောပေါ့ ”
ကြုံးဝါးရင်း မောင်းသွားတဲ့ကားနောက်က လမ်းလျှောက်လိုက်ခဲ့သည်။
ကားအစိမ်းလေးထဲက ဆင်းလိုက်သူကို လှမ်းတွေ့ ရလျှင် သူမ မျက်ခုံးလေးပင့်ကာ အံ့သြသွားရ၏ ။
ဟိုက် … ဟိုလူပါလား။
မျက်စိမမှားပါဘူး … သေချာပါတယ်။
ဟိုနေ့ ကတော့ Celica ကားအကောင်းစားနဲ့။ ဒီနေ့တော့ လိပ်ကားခုံးလေးပဲ မောင်းလာပါလား။
“ ဒီမှာ … ရှင် ဘယ်လို ကားမောင်းလာတာလဲ ”
“ ဗျာ ”
ရုတ်တရက် အနားသို့ ရောက်လာတဲ့ သူမကြောင့် ဝပ်ရှော့ဆရာဆီ သွားဖို့ ခြေလှမ်းပြင်နေတဲ့ အဂ္ဂမှာ ခြေလှမ်း တုန့်သွားရ၏ ။
“ ဘာ ဗျာ လဲ ..… မသိချင်ယောင်မဆောင်နဲ့၊ ကျွန်မမှန်းသိလို့ ဗွက်အိုင်တွေ့ တာ မရှောင်ဘဲ တမင် ဖြတ်မောင်းချသွားတာ မဟုတ်လား၊ ဒီမှာ ပေသွားတာ မြင်လား ”
ရန်စွာ စွာ အပြောလေးကြောင့် သူ မှင်သက် အံ့သြကာ ငေးကြည့်နေမိသည်။
အိုင်းလိုင်နာမျှင်မျှင်လေးကို မျက်ခမ်းစပ်တစ်ဝိုက် ဂရုတစိုက် ဆွဲထားပုံလေးကြောင့် သူမမျက်လုံး နက်ရွှန်းရွှန်းဟာ အသည်းယားစရာ ရွှန်းလက်နေသည်။
မျက်နှာလေးဟာ ပြင်ထားမှန်း မသိသာဘဲနှင့် ကြွေရောင် လဲ့လဲ့လေး ပြေးနေတာ လှလိုက်တာ။
မျက်ခုံးထူထူ တန်းတန်းလေးကလည်း တစ်မျိုး ဆွဲဆောင်မှု ရှိသည်။
ဟိုတစ်ရက်က ကားချင်းဆုံပေမယ့် ဒီလောက်လှတဲ့ မျက်နက်ဝန်းလေးကို မြင်ခွင့်မရခဲ့။ အဲဒီ တုန်းက နေကာမျက်မှန်နှင့် ဖုံးကွယ် ထားခဲ့တာကိုး။
ပန်းလိုသည် သူ့ကို မော့ကြည့်ကာ ရန်တွေ့ လိုက်ပေမယ့် သူက ဘာမှ ပြန်မပြောဘဲ ပန်းလိုကို စူးစူးငေးငေး မမှိတ်မသုန် စိုက်ကြည့်နေတာကြောင့် ရင်ဖိုသလိုကြီးတောင် ဖြစ်သွားရပါသည်။
ရုတ်တရက် ညှို့ဆေးမိသွားသူလို ဘာဆက်ပြောရမှန်း မသိဘဲ မှင်သက်သွားမိသည်။
“ ဆောရီးပဲ … မင်းမှန်း ကိုယ်သိလို့ မဟုတ်ပါဘူး၊ ကိုယ်က နှေးတုံ့တုံ့ မောင်းရတာ စိတ်မရှည်တတ်လို့ပါ၊ မင်းကိုရွှံ့စင်သွားမှန်း ခုမှသိတာ ”
“ ရှင် ကလဲ့စားချေတာပေါ့လေ ”
“ မဟုတ်ရပါဘူးဗျာ … စွပ်စွပ်စွဲစွဲ ”
ပန်းလိုမွှေးက မကျေမနပ် မျက်စောင်းရွယ်လိုက်၏ ။
ထိုပုံစံလေးမှာ အငိုက်မိငေးမိသူက အဂ္ဂပါ။
“ ဒါနဲ့ … မင်းက ဘယ်ကိုလာတာလဲ ”
“ ဒီ ဝပ်ရှော့ကို လာတာပေါ့ ”
“ ဘာလုပ်ဖို့လဲ ”
“ ဝပ်ရှော့လာပါတယ်ဆိုမှ ကပ်သီးကပ်သပ် မေးနေတယ်၊ ကားပြင်ဖို့ပေါ့၊ ဟိုမှာ ကျွန်မကား၊ ကာဘရိုက်တာ ဆေးနေတာ၊ မတွေ့ ဘူးလား ”
“ ဟောဗျာ … ဘောက်စ်ဝက်ဂွန်၊ အဲဒါ ..… မင်းကား သူက လက်ညှိုးထိုးပြီး ရယ်ပါသည်။
“ ဘာရယ်တာလဲ ..… ရှင်က ”
ပန်းလိုကစူပုတ်ပုတ် ဂျစ်ကန်ကန် မေးသည်။
“ သဘောကျလို့ပါ ..… ကိုယ်နဲ့မင်းနဲ့ တူနေပြီ၊ ကိုယ့်ကားလည်း စက်သံမကောင်းလို့ တစ်ချက်လာဝင်ပြတာ”
“ ဒါ ..… ရှင့်ကား ”
“ အင်းလေ ”
“ ဟိုနေ့ ကတော့ ပြိုင်ကားနဲ့ ”
“ အထင်မကြီးနဲ့၊ အဲဒါ ဘောဒါ တစ်ယောက် ရဲ့ ကား ”
“ အောင်မာ ..… ဘယ်သူက အထင်ကြီးမှာ မို့လို့လဲ ”
“ ကိုယ့်ကိုကျမေးတယ် ….. မင်းရဲ့ အမိုက်စား တောင်းအေ့စ်လေးရော ”
“ အဲဒါ ကျွန်မသူဌေးရဲ့ ကား ”
“ သြော် ..… ဒီလိုလား ”
နှစ် ယောက် သားပြိုင်တူ ရယ်လိုက်မိကြသည်။ အမှန်ကို ရုတ်တရက် မြင်ရတော့ စိတ်ထဲက အတွေးကို ကိုယ်စီရယ်ချင်သွားတာ။
အင်း ..… အမြင်အတိုင်းပဲ ဆုံးဖြတ်လို့မရ။
ထို့နောက် သူ့ကားကိုလည်း ဝပ်ရှော့ဆရာ ကိုရှမ်းလေးက စစ်ဆေးကြည့်ရှုသည်။
ပန်းလိုကားကိုလည်း ကိုရှမ်းလေး တပည့်တွေ က ဆက်လက်ပြီး တပ်ဆင်နေကြသည်။ သူနှင့် ပန်းလိုကိုတော့ ပလပ်စတစ်ထိုင်ခုံတစ်လုံးစီ မြောင်းနံဘေးမှာ ချထားပေးတာမို့ အဲဒီ မှာ ပဲ ထိုင်ရင်း နှစ် ယောက် သား အဖော်ရသလို ဖြစ်သွားကြပါသည်။
“ မင်းကားက ဝယ်ထားတာ ကြာပြီလား ”
“ အင်း ..… သုံးနှစ် နီးပါး ရှိပြီ ”
“ ကိုယ် ဒါလေးစီးနေတာ ငါးနှစ် ၊ မင်းထက်သာသွားပြီ ”
သူ ရယ်ဟဟပြောပုံက အတော် ဆွဲဆောင်မှု ရှိသဖြင့် ပန်းလိုသည် သူ့မျက်နှာမှ အကြည့်မခွာနိုင်ဘဲ ဖြစ်နေသည်။
နှုတ်ခမ်းထူထူရဲရဲနှင့် စိုဖတ်ဖတ် သွေးရောင် လျှမ်းနေပုံဟာ သူမကို သာမက တွေ့ သမျှ လူတွေ ကို ဆွဲဆောင်ဖမ်းစားနိုင်မှာ သေချာသည်။ သူ့မျက်လုံးကလည်း စူးရှရှ ချိုရီသေးသည်။ မျက်နှာကျပုံက လေးထောင့်ဆန်ဆန် ယောက်ျားပီသချောမောသည်။ ရိပ်သင်ထားသော ပါသိုင်းမွေးတို့ကြောင့် မေးရိုးတလျှောက် စိမ်းဖန့်ဖန့်လေး ပြေးနေပုံကလည်း တစ်မျိုး ကြည့်ကောင်းတာပဲ။
မျက်နှာရော၊ ဆံပင်ပုံစံရော၊ ဝတ်စားထားပုံရောဟာ သာမန်ထက် အဆင့်မြင့်သေသပ်ပြီး ထူးခြားမှု တစ်ခုခု ပျော်ဝင်နေသည်ဟု ထင်ရသည်။
“ မင်းကြည့်ပုံက ကိုယ့်ကို အကဲခတ်နေသလိုပဲ ”
သူ ထိုသို့ ပြောလျှင် ပန်းလို ရှက်ရှက်နှင့် ပြုံးမိသည်။
“ အကဲခတ်တော့ ဘယ်လိုမြင်လဲ၊ ချောတယ်မို့လား ”
“ ချောပါ့ ”
မျက်စောင်းတစ်ချက်ခဲကာ ပြောတဲ့ပုံစံလေးကို အဂ္ဂကလည်း သဘောတကျ ရယ်မိသည်။ ကောင်မလေးက ထင်သလို မဆိုးပါဘူး၊ ခင်စရာ ကောင်းသားပဲ။
“ ချောဆို ..… ကိုယ်က မော်ဒယ်ဘွိုင်းလေ ”
“ အံမယ် ”
အဲဒီ တုန်းက ပန်းလို သူ့စကားကို နောက်ပြောင်တယ်ပဲ ထင်မိတာ။
သူရယ်တော့ ရောပြီး ရယ်နေမိသေးသည်။
“ မင်းကိုယ်မင်းလည်း မိတ်ဆက်ဦးလေ ”
“ ကျွန်မက ပန်းလိုမွှေး ”
“ တကယ်မွှေးလား ”
“ ဘာပြောတယ် ”
“ အဟဲ ..… စတာပါ၊ မင်းပုံစံလေးနဲ့ ပန်းပါတဲ့နာမည် လေးနဲ့ လိုက်ပါတယ်၊ ကိုယ်က မိန်းကလေးနာမည် မှာ ပန်းပါရင် သဘောကျတယ် ”
သူ့အပြောလေးကြောင့် ကိုယ့်အမည် ကို ကျေနပ်ရမလို ဖြစ် သွားပါသည်။
“ ကိုယ်က အဂ္ဂကျော်လွှမ်း၊ မှတ်ထားဦး ”
“ ကျွန်မက မေ့တတ်တယ် ”
“ ကိုယ် ကတော့ မင်းကို မေ့မှာ မဟုတ်ဘူး ”
“ ဘာကြောင့် ”
“ မင်းက အရမ်း ချစ်စရာကောင်းတယ် ”
“ ကပ်မြှောက်နေပြီ၊ မုန့်ကျွေးတော့မယ် ထင်တယ် ”
“ တကယ် ကျွေးချင်လား၊ စေတနာရှိရင် ကော်ဖီ လိုက်တိုက်လေ၊ ဘယ်လိုလဲ ”
သူက မဆိုင်းမတွ တောင်းဆိုလိုက်၏ ။ အခုမှသိပေမယ့် ပန်းလိုလည်း သူ့ကို ဘာကြောင့် ယုံကြည်မိမှန်းမသိ။ အသာအယာ ခေါင်းညိတ်မိသည်။ အဲဒီ နောက်တော့ စကားတပြောပြောနှင့် လျှောက်လာကာ ကော်ဖီရှော့လေးမှာ ထိုင်မိကြသည်။
ပန်းလိုမွှေးရင်ထဲမှာ သူနှင့် ယှဉ်တွဲ လျှောက်လာရတာ ကို နွေးထွေးမှု တစ်မျိုးနှင့် ရင်ထဲ ပျော်ရွှင် ပေါ့ပါးနေမိ၏ ။
အခုမှ သိကျွမ်းခင်မင်ရတဲ့ သူစိမ်းယောက်ျား တစ်ယောက် ဆိုပေမယ့် စိတ်ထဲမှာ စိမ်းမနေဘဲ တရင်းတနှီးနှင့် နှစ် လိုခြင်းတွေ သာ တဖွားဖွား ပေါ်နေသည်။ ကျောင်းက ခင်ပြီးသား သူငယ်ချင်းထဲက ကောင်လေးတွေ နှင့် အတူ သွားလာရတာ နှင့် တောင် မတူပါ။
ထိုခံစားချက်မှာ ဆန်းကြယ်နက်ရှိုင်းပြီး လှပနေတာ အမှန်ပဲ ဖြစ်သည်။
အဂ္ဂသည် သူမရဲ့ ကော့ရွှန်းတဲ့ မျက်တောင် စိပ်စိပ်လေးကို အလိုလို ငေးကြည့်နေမိသည်။
အဂ္ဂဟာ မိန်းကလေးတွေ နှင့် အလွယ်တကူ ခင်မင်ငြိတွယ်တတ်တယ် ဆိုပေမယ့် ပန်းလိုမွှေးဆိုတဲ့ မိန်းကလေးအပေါ်မှာ တော့ အနည်းငယ် ထူးဆန်းစွာ သူ့ခံစားချက်က အလေးအနက် ဆန်ဆန် ခင်မင်သက်ဝင်မိသည်။
တွေ့ စတုန်းက အင်မတန် မာနကြီးလိမ့်မယ့်လို့ ထင်ခဲ့မိတဲ့ အဂ္ဂအထင်ဟာ သူမနှင့် သိကျွမ်းစကားပြောခွင့်ရပြီးတဲ့အခါ အလွန်မှားယွင်းနေကြောင်း တွေ့ ရသည်။
ပန်းလိုမွှေးဟာ ဖြူစင် အပြစ်ကင်းပြီး ဖော်ရွှေ သဘောကောင်းသော မိန်းကလေး တစ်ယောက် သာ ဖြစ်ကြောင်း လက်ခံရတော့သည်။
“ ဟိုတစ်ခေါက်က ပန်းလိုနဲ့ ကိုယ်တို့ ရွှေဂုံတိုင်ပွိုင့်မှာ ကားချင်း ပြန်ဆုံကြသေးတယ်နော် ..… တွေ့ လိုက်လား ”
“ တွေ့ သားပဲ ”
“ ကောင်မလေး တစ်ယောက် ပန်းလိုဘေးမှာ ပါလာတယ် ”
“ ရှင် တော် တော် မျက်စိလျှင်ပါလား ”
သူက ဟက်ခနဲ တစ်ချက်ရယ်လိုက်၏ ။
“ သူလည်း ခပ်လှလှကောင်မလေးပဲဆိုတော့ သတိထားမိသွားတာပါ ”
“ လှမှာ ပေါ့ ….. ကျွန်မတို့ကုမ္ပဏီမှာ ခန့်ထားသမျှက အချောအလှချည်းပဲ ”
“ ဟုတ်လား ..… ပန်းလိုက ကုမ္ပဏီမှာ အလုပ်ဝင်လုပ်တာလား ”
“ အင်း ….. Aprial Queen လေ၊ အသားအရေ ထိန်းသိမ်းတဲ့ပစ္စည်းတွေ တင်သွင်းတာ၊ ကြားဖူးလား ”
“ ဟာ ..… ကြားဖူးတာပေါ့၊ ဧပရယ်ကွင်းက နာမည် ကြီးပဲဗျာ ”
“ တစ်နေကုန် မျက်နှာလေးကို ရေဖျန်းထားသလိုမျိုး လန်းဆန်းစေတဲ့ ခရင်မ်တစ်မျိုး ဝင်လာပြီ၊ ယောက်ျားလေးတွေ လည်း သုံးလို့ရတယ်၊ နောက်တစ်ခါမှ ရှင့်ကို လက်ဆောင်ပေးရမယ် ”
“ ရပါတယ် ”
အဂ္ဂ ကတော့ လိုအပ်တဲ့အခါမှာ မျက်နှာပေါင်းတင်တာ၊ စကင်ကဲ သုံးစွဲတာမျိုးတွေ လုပ်ရသည်မဟုတ်လား။ ဒါပေမယ့် ယောက်ျားပီသရင် အဲဒါမျိုးတွေ မသုံးစွဲချင်ဘူးဟု အရင် ကတော့ ခေါင်းမာဖူးသည်။ သို့ သော် အလုပ်သဘော ဖြစ်လာတော့လည်း ငြင်းမရတော့ဘူပေါ့။
“ ပန်းလိုလည်း Skin Cure တွေ သုံးတယ်လို့ထင်တယ်၊ အသားအရေ တအား လှတယ်နော် ”
“ အံမယ် … ဒီလောက် မသုံးပါဘူး ”
သူစေ့စေ့ကြည့်ကာ ချီးမွမ်းတော့ အခုနလိုပဲ ရင်ထဲ ဖိုခနဲ နွေးထွေး သွားရပြန်သည်။
“ မျက်လုံးထဲမှာ အရောင် တောက်အောင် ဘာတွေ လုပ်ထားတာလဲ၊ မင်းကို သေချာစိုက်ကြည့်ရင် ရင်တွေ တောင် တုန်သွားသလိုပဲ ”
“ ရှင်နော် ”
သူ့ကြည့်ရတာ ပန်းလိုကို စချင် နောက်ချင်သလို ပုံစံမျိုး ဖြစ်နေပါသည်။ ရင်းနှီးမှု က အဆင့်ခုန်တက်သွားသလိုပဲ။
“ ပြောပြပါ ….. ဗဟုသုတပေါ့ ”
“ မသိရင် မှတ်ထားပေါ့၊ အဲဒါ ညှို့မျက်စိစဉ်းခတ်ထားတာ ”
သည်းခြေနဲ့ ရှားရှားပါးပါး ဖော်စပ်ထားတာ ထင်တယ်နော် ”
သူက ပေါက်ကရတွေ ပြောပြီး ပန်းလိုကို စနေတာ။ အဲဒါမျိုး ရယ်စရာ၊ စ, စရာ သဘောထားရမယ်လို့ သူ့ကို ဘယ်သူသင်ပေးလို့လဲ။ မိန်းကလေး တစ်ယောက် အပေါ် အထင်မကြီး တတ်တာကို ဖော်ပြနေတာဟု ပန်းလို ထင်သည်။
အမြင်ကပ်စရာနော် ..… ဘာလေးမှန်း မသိပါဘူး။
“ ရှင်ကုမ္ပဏီထောင်မှ အဲဒါမျိုး ဖော်စပ်ပြီး ဈေးကွက်တင်ရောင်းပေါ့ ”
“ အခုလောလောဆယ် ပန်းလိုဆီကပဲ အဲဒီ မျက်စဉ်းဝယ်မှ ဖြစ်မှာ ပေါ့၊ ဒါမှ ကိုယ်ညှို့ချင်တဲ့ ကောင်မလေးတွေ့ ရင် ညှို့ထားလို့ရမှာ ”
ဒါဟာ လူပျိုပါလို့ ကြေညာတဲ့သဘောလား။
“ ဘယ်နှစ် ယောက် လောက် ညှို့ထားချင်တာလဲ ”
“ တစ်ယောက် ထဲပါ ..… ဘာလုပ်ဖို့လဲ၊ ရည်စားများ ရင် ခေါင်းစားတယ် ”
“ ခေါင်းစားတဲ့ အတွေ့ အကြုံတွေ များ ပြီဆိုပါတော့”
“ ဒါပဲလေ ..… မနည်းပတ်ပြေးနေရတာ ”
“ ခင်ရတာ တောင် ကြောက်လာပြီ ”
“ခင်ပဲခင်မယ်ဆိုရင် ကြောက်စရာ မရှိပါဘူး ”
သူ့ပြောပုံလေးက မထိတထိမို့ ပန်းလိုမွှေးက မျက်စောင်းခဲသည်။
“ အံ့မယ် ..… ခင်တာထက်ရော ပိုလို့ရမယ် ထင်နေလား ”
“ ဟ ….. ဘာ ဖြစ်လို့လဲ၊ စင်ဂယ်လ်ပဲ မဟုတ်ဘူးလား”
“ ကျွန်မက အိမ်ထောင်သည်ပုံ ဖြစ်နေလို့လား ”
“ ဟာ ..… မဟုတ်ဘူးလေ၊ နည်းနည်း ပိုလို့တောင် မရဘူးဆိုပြီး ကြေညာထားတော့ စဉ်းစားစရာပေါ့ ”
“ ရုပ်က ပြောင်စပ်စပ်နဲ့၊ ဘာမှန်းလည်း မသိဘူး၊ ရှင့်ကို စ, တွေ့ တုန်းကဆို ဂျဲန်တဲမင်းဆန်တယ် လို့ ထင်မိတာ၊ အခုမှပဲ အကြောင်းသိတယ် ”
“ ဒါတောင် အကုန်မသိသေးလို့ ”
သူမက ပခုံးလေးကျုံ့ပြသည်။ ကြောက်ပါရဲ့ ဆိုတဲ့ ပုံစံလေးက ချစ်စရာ။
“ နောက်ကြုံခွင့်ရရင် ထပ်ပြောပြမယ် ”
သူရဲ့ နောက်ကြုံခွင့်ဆိုတဲ့ စကားလေးကို ပန်းလိုလည်း တိတ်တဆိတ် မျှော်လင့်မိတာ အမှန်။ သူမတို့နှစ် ယောက် ရဲ့ ခင်မင်မှု ကို ဒီလောက်နှင့် ပဲ ရပ်တန့်ပြီးစီး မသွားစေချင်ပါ။
နောက်ထပ် ကြုံချင်ဆုံချင် ပတ်သတ်ချင်ပါသေးသည်။
“ ပန်းလို အိမ်ပြောပြထားလေ၊ ကိုယ် ဝင်လာလည်မယ်”
“ စနေ၊ တနင်္ဂနွေပဲ ရှိတာနော်၊ ဒါတောင် အခုနောက်ပိုင်း ကျွန်မရဲ့ သူဌေးနဲ့ ဒင်နာတွေ ဘာတွေ လိုက်ရတော့ အရင်လိုမအားဘူး ”
“ ဖုန်းနံပါတ်ပေးပေါ့၊ ဆက်ပြီးမှ လာမယ် ”
ပန်းလိုမွှေးက ဖုန်းနံပါတ်တစ်ခု ရေရွတ်ပြလျှင် သူက မှတ်ထားလိုက်၏ ။ တဆက်တည်းမှာ ပင် ပန်းလိုက …
“ အဲဒါ အောက်ထပ်က လက်ဖက်ရည်ဆိုင်ရဲ့ ဖုန်းနော်၊ တစ်ဆင့်ခေါ်ပေးရမှာ ၊ ဒါပေမယ့် ကျွန်မက ဖတ်စ်ဖလော ( ပထမ ) ထပ်တင်ဆိုတော့ ဆင်းပြောရတာ မခက်ပါဘူး ”
ဟု အားနာပါနာလေး ဖြည့်စွက်သည်။
“ ရပါတယ် ကိစ္စမရှိဘူး၊ ခေါ်ပေးရင် ပြီးတာပဲ၊ ပန်းလိုအိမ်မှာ နောက်ထပ် ဘယ်သူတွေ ရှိသေးလဲ ”
“ ဟင့်အင်း ..… မရှိဘူး ”
“ တစ်ယောက် တည်းလား ”
“ သူဌေးပိုင်တဲ့ ရှစ်ထပ်တိုက်မှာ ကျွန်မတို့ကို အဆောင်သဘော လေးငါးခန်း ပေးထားတယ်၊ အဲဒီ တော့ ဘောဒါတွေ နဲ့ပဲ နေတာပေါ့ ”
“ ဟုတ်လား ..… မိသားစုကရော ”
ပန်းလိုက ပင့်သက်ကလေး တရှိုက်နှင့် …..
“ ကျွန်မရဲ့ မိသားစုဆိုတာ မေမေ့အစ်မ ကြီးကြီး တစ်ယောက် ပဲ ရှိတာ၊ မိဘတွေ က မရှိတော့ဘူး၊ အဲဒီ ကြီးကြီးကလည်း မန္တလေးမှာ ပါ”
“ သြော် ..… ဟုတ်လား၊ ဆောရီးနော်၊ ကိုယ်နဲ့ ပန်းလိုက နီးစပ်ပါတယ်၊ ကိုယ်လည်း အမေတစ်ခု သားတစ်ခုပဲ၊ ကိုယ်ကလွဲရင်အိမ်မှာ အမေပဲရှိတယ်၊ ကိုယ့်အိမ်တော့ ဖုန်းရှိတယ်၊ အဲဒီ ဖုန်းပဲ မှတ်ထားလိုက်ပေါ့၊ လိုအပ်ရင် ဘာမဆို ပြောပါ၊ မင်းအတွက် သူငယ်ချင်း တစ်ယောက် ၊ အစ်ကို တစ်ယောက် လို သဘောနှင့် ကိုယ့်ကိုလိုတဲ့ အကူအညီရှိရင် ပွင့်ပွင့်လင်းလင်း တောင်းလို့ရတယ်နော်၊ ဘာမှ အားမနာနဲ့ ”
သူက ဒီလိုကျပြန်တော့လည်း တလေးတနက် ဆိုတတ်၏ ။
ပန်းလိုမှာ ချက်ချင်း လက်ငင်း အားကိုး တစ်ယောက် ရသွားသကဲ့သို့ ပင် ထင်မိသည်။
“ ကျေးဇူးပါပဲ၊ ရှင် လမ်းကြုံတဲ့အခါ ကျွန်မတို့ရုံးကိုလည်း လာလည်လို့ ရပါတယ်၊ ရုံးဖုန်းနံပါတ် ကတော့ ကျွန်မဆီမှာ ကဒ်ပါတယ် ”
ပန်းလိုမွှေးက ကုမ္ပဏီရုံးခန်းတည်ရှိရာ ခြံနံပါတ်နှင့် လိပ်စာကဒ် ရွှေရောင် သားသားနားနားလေး ကို သူမပိုက်ဆံအိတ် ဘေးဇစ်လေးကိုဆွဲကာ ရှာဖွေ ထုတ်ပေးလိုက် သည်။
သူမရဲ့ ခမ်းနားမှု က ဒီအလုပ်အကိုင် ပါပဲ။
မမလရောင် ဖြူရဲ့ ကျေးဇူးတွေ ကြောင့် သာ ရန်ကုန်မှာ ခုလို နေစရာ၊ စားစရာ ပူစရာမလိုဘဲ ခပ်ကြော့ကြော့လေး နေခွင့်ရခဲ့တာ ဖြစ်သည်။
အဂ္ဂက ကဒ်ကို တစ်ချက်ဖတ်ကြည့်ကာ သူမထံ ပြန်ကြည့်ကာ အဓိပ္ပာယ်ပါပါ ပြုံးသည်။
ပါစင်နယ် မန်နေဂျာ ဆိုတာကို ပြုံးတာနေမှာ ။
ပန်းလိုရဲ့ ရာထူးကို သူက ရယ်ချင်ဟန် ပြုံးစစ ဖြစ်နေတာ။ ဘယ်လောက်ပဲ ကြီးမြတ်တဲ့ရာထူး ဖြစ်ပါစေ၊ သူ ဒီလိုပဲ ချစ်စနိုး ပြုံးတုံ့ကြည့်နေမှာ ပဲ ထင်သည်။
“ အင်းပေါ့ ….. နာရီဝက်ကျော်ကျော် စကားထိုင်ပြော ဖြစ်သွားတယ် ”
သန္တာက မျက်ခုံးကို ခပ်ပင့်ပင့်နှင့် …..
“ ဘာတွေ ဒီလောက်ပြောကြတာလဲ ”
“ ဟိုအကြောင်း ဒီအကြောင်းပေါ့၊ ဒီလိုပါပဲ ….. ”
ဗုဒ္ဓဟူးနေ့ ညပိုင်းမို့ တီဗွီကလာတဲ့ လူရွှင်တော် ရွှေဖလား အစီအစဉ်ကြည့်ပြီးနောက် ဧည့်ခန်းမှာ ပဲ ဖျာတစ်ချပ်ခင်းကာ လဲလျောင်းရင်း သန္တာ့ကို နေ့ခင်းက အဂ္ဂနဲ့ သိကျွမ်းလာခဲ့ပုံတွေ ပြန်ပြောပြမိခြင်းပါ။
“ သူက ခင်စရာတော့ အကောင်းသားပ၊ဲ စကားပြောပုံက ပွင့်လင်းတယ် ”
“ ကြည့်မရဘူးဆိုပြီး ခင်သွားပြီပေါ့လေ ”
“ အင်း … ဟင်း … ဟင်း ”
ပန်းလိုမွှေးက ရှက်ကြည်နူးစွာ ရယ်လိုက်သည်။ သူ့အကြောင်း ပြန်ပြောရတာ ပင် ရင်ထဲနွေးပြီး တစ်မျိုးလေး သာယာမိတာ ဘာကြောင့် ပါလိမ့်။ ထူးတော့ ထူးဆန်းနေသည်။
သူစိမ်းယောက်ျားလေး တစ်ယောက် အကြောင်းကို ခုလို ပြန်ပြောနေမိတာ ပထမဦးဆုံးပါ။ တစ်ယောက် ယောက် ကို ထိုင်ပြောနေချင်တာမျိုး ..… ဘာရယ်တော့ မဟုတ်။
“ သူ့မှာ အရှိန်အဝါတစ်မျိုး ရှိတယ်၊ သိလား သန္တာ၊ သူစကားပြောနေရင် မျက်လုံး မလွှဲချင်ဘူး၊ နှုတ်ခမ်း ဖွင့်တာ၊ ပိတ်တာ၊ ပြုံးတာ၊ ရယ်တာ မျက်ခုံးပင့်လိုက်တာ၊ အကုန်လုံး ကြည့်လို့ကောင်းတယ်၊ ဆွဲဆောင်မှု အရမ်းရှိတာပဲ ”
“ ဟုတ်မှာ ပါ ..… သန္တာခဏလေး လှမ်းမြင်လိုက်တာနဲ့ ချောတယ်လို့ ပြောသားပဲ ”
“ ချောတာသက်သက် မဟုတ်ဘူး၊ သူ့နားနေရရင် အလိုလို ပျော်စရာ ကောင်းတာ ”
“ ဒါ ကတော့ ပိုပါပြီ ပန်းလိုရယ် ”
“ သြော် ..… တကယ်ပါဆိုနေ ကြုံရင် သန္တာနဲ့ မိတ်ဆက်ပေးမယ် ”
“ အောင်မယ် ….. ရှေ့ဆက်ရန်ရှိသေးသည်ပေါ့လေ ”
“ ဟား ..… ဟား၊ သူက ပြောတယ်၊ သူငယ်ချင်းလို အစ်ကိုလို သဘောထားတဲ့ ”
“ အဲဒါ ပန်းလိုရင်ထဲက မရိုးတာကို ရိပ်မိလို့ ဖြစ်မှာ ပေါ့ ”
“ ဟင် ..… ကြည့်စမ်း၊ ငါ့ကိုများ မိန်းမနောက်ပိုးကျနေတာပဲ၊ ပြောရက်လိုက်တာ ”
“ ပန်းလိုရယ် ..… မညာပါနဲ့၊ နင်ခုလို တဖွဖွ ပြောနေတာ နောက်ထပ် ဘယ်သူများ ရှိသေးလို့လဲ ”
“ တဖွဖွ ပြောတာတော့ မဟုတ်ပါဘူး ”
“ ခဏခဏ တသသနဲ့ အမြတ်တနိုး ……. ”
“ သွား … တော် ပြီ၊ မပြောတော့ဘူး ”
ပန်းလိုက မျက်နှာချင်းဆိုင် လဲလျောင်းနေရာက သန္တာ့ကို ကျောခိုင်းပစ်လိုက်သည်။
သန္တာက တဟီးဟီးရယ်ရင်း သူမကို ကျောဖတ်ကနေ အတင်းသိုင်းဖက်ပြီး ပြန်ချော့၏ ။
“ ပန်းလိုတို့ ဇာတ်လမ်းက နားထောင်ကောင်းပါတယ်၊ ဆက်ပြော ”
“ တော် ပြီ ”
“ သူက ဘာလုပ်တယ်တဲ့လဲ၊ ကျောင်းပြီးပြီလား ”
“ ပြီးရောပေါ့ ”
ပန်းလိုက အမှတ်တမဲ့ ဆက်ပြောမိသွား၏ ။
“ မမေးလိုက်ဘူးလား ”
“ အဲဒါ မေးဖို့ မေ့နေတယ် ”
“ အလုပ်အကိုင်ကရော ”
“ မော်ဒယ်ဘွိုင်းလိုတော့ ပြောတာပဲ၊ နောက်တာလား မသိပါဘူး၊ ခဏလေး စကားပြော ဖြစ်တာ၊ သူ့အကြောင်းတော့ ဘာသိဦးမှာ လဲ ”
“ သိထားဖို့တော့ လိုတာပေါ့ ”
“ သူ့ပုံ ကတော့ ရိုးသားပါတယ် ”
“ အဟင်း …… အမှတ်တွေ စွတ်ပေးနေပါလား ”
“ အမှတ်ပေးတာ မဟုတ်ပါဘူး၊ အကဲခတ်မိတာ ”
“ မိန်းမရှိပြီးသား ဖြစ်နေရင်ရော၊ ခုခေတ်ယောက်ျားလေးတွေ က ယုံရတာ မဟုတ်ပါဘူး ”
“ သူက တမင်ကြီးရောတဲ့ပုံမျိုး မဟုတ်ပါဘူး၊ ဒီတိုင်းခင်သွားတာ၊ မိန်းမရှိရင်ရှိတယ်လို့ ပြောမှာ ပေါ့၊ သားအမိနှစ် ယောက် ထဲ နေတာတဲ့ ”
“ ရော် ….. ပြောသမျှ ယုံနေပါလား ”
“ ညာမယ့်ပုံမှ မရှိတာ ”
“ ဘာပဲ ဖြစ် ဖြစ် ထပ်လေ့လာပါဦး ပန်းလိုရယ် ”
သန္တာစိုးရိမ်ပုံကို သူမ ရယ်ချင်မိသည်။
အဂ္ဂကျော်လွှမ်းအပေါ် သူမကဖြင့် သံသယတစ်စက်ကလေးမှ မရှိ။ သူ့ဆီမှာ လိမ်ညာလှည့်ဖျား ကွေ့ကောက်မည့်  ပုံစံမျိုးမှ မတွေ့ ရတာ ။ ပြီးတော့ ကိုယ့်အပေါ်လည်း ရိုးသားနေတာပဲ။
“ ကိုယ်နဲ့ ပတ်သတ်ဆက်နွယ်မှု ရှိလာပြီဆိုရင် အကြောင်းသိထားဖို့တော့ အရေး ကြီးတယ်၊ သန္တာတို့တွေ က မိဘမောင်ဘွား အကာအကွယ်နဲ့နေရတာ မဟုတ်ဘူး၊ ကိုယ့်ဘာသာကိုယ်ပဲ ကာကွယ်စောင့်ရှောက်ရတာ မဟုတ်လား ”
“ သိပါတယ်ဟယ်၊ အဂ္ဂက သန္တာထင်သလို လူစားမျိုးလုံးဝ မဟုတ်ဘူး၊ သူပန်းလိုအပေါ် အမြဲကောင်းမှာ သေချာပါတယ်၊ သူ့ကို ပန်းလို ယုံကြည်တယ် ”
အဂ္ဂကျော်လွှမ်းရဲ့ မျက်နှာသွင်ပြင် ဟန်ပန်မူယာကို မြင်ယောင်ရင်း သူမက ရဲရဲကြီးပင် အာမခံနေလိုက်မိ၏ ။
![]() ၀ိုင်နီမမ.... သို့ မဟုတ် | ![]() လျှို့ဝှက်သော အချစ်ရောင် | ![]() ချစ်တဲ့ကမ္ဘာ |